ကိုယ်မစွံတာကို ကိုယ်ကိုယ်တိုင်တစ်ယောက်တည်း သိတာမဟုတ်ပါဘူး၊ အိမ်ကမိသားစုကော သူငယ်ချင်းတွေကပါ သိကြပါတယ်။

အဲဒီတော့ အခုလိုအချစ်ပါတဲ့ ခပ်နုနုဇာတ်လမ်းလေးတစ်ပုဒ် ရေးလိုက်မယ်ဆိုရင် ဘယ်သူကမှ အဖက်လုပ်ပြီး ယုံကြမှာ မဟုတ်တာကို ကြိုသိတဲ့အတွက် ခေါင်းစဉ်ကို ဇာတ်ကူးယဉ်ဇာတ်လမ်းလို့ပဲ ပေးပါတယ်။ တကယ်လည်း စိတ်ကူးယဉ်သကိုးဗျာ။

တကယ်တော့ ဇာတ်လမ်းနာမည်က မီရှယ်လ် ဖြစ်ရမှာပါ။ ဇာတ်လမ်းထဲမှာပါတဲ့ ဇာတ်လိုက်ကောင်မလေးရဲ့ နာမည်က မီရှယ်လ်ကိုဗျ၊ ဇာတ်လမ်းလေးက ဒီလို….။

ဝတ္တုရေးကြည့်ချင်တာ ၁၀ တန်းအောင်ပြီးနောက် ဂျီတီအိုင်တက်ကတည်းက ဆိုပါတော့၊ ၁၉၉၅၊ ၁၉၉၆ လောက်ကပေါ့။ ဒါနဲ့ရေးကြည့်တယ်၊ ဆရာမတွေနဲ့ သူငယ်ချင်းတွေကို ပေးဖတ်တယ်။

အဲဒီမှာ ကိုယ်ကိုယ်တိုင်ခံစားပြီး ရေးထားတဲ့ ကိုယ့်ရဲ့အချစ်ဇာတ်လမ်းလေးဟာ ရယ်စရာဖြစ်ဖြစ်သွားတယ်။ အဲဒီတုန်းက အကြည်တော်တောင် မပေါ်သေးဘူး။ အချစ်ဇာတ်လမ်းမလုပ်တော့ဘဲ ကိုယ့်ခံစားချက်ကို စတေးလို့ ရယ်စရာအဖြစ်ပဲ သဘောထားပြီး စာအုပ်ထုတ်ဝေဖြစ်ခဲ့ရင် ကိုယ်ကတောင် အရင်နာမည်ကြီးခဲ့ဦးမှာ၊ ထားပါတော့။

ကိုယ့်ခံစားချက်တွေအားလုံး သဲထဲရေသွန်၊ ဒါနဲ့ပဲ စိတ်ဓါတ်ကျပြီး အချစ်ဇာတ်လမ်း လုံးဝမရေးတော့ဘူး။ စာရေးချင်လွန်းတဲ့ လက်ကိုလည်း ဒဏ်ခတ်နဲ့အနေနဲ့ တခြားနေရာမှာပဲ သုံးခွင့်ပေးလိုက်တော့တယ်။ အဖြစ်က အဲဒီလို….။

နောက်ပိုင်း ၂၀၀၁ ခုနှစ်လောက်ကျတော့ စိတ်ကူးထဲ ဇာတ်လမ်းတစ်ခုက အမြဲရောက်ရောက်လာတယ်၊ စိတ်ဝင်စားဖို့လည်း ကောင်းတယ်။ အခုလက်ရှိအခြေအနေတွေရဲ့ နိမိတ်များလားတောင် မသိပါဘူး။ အဲဒီတုန်းက တော့ ဘာနားလည်မှာလဲ၊ ထူးဆန်းတာပဲ သိခဲ့တာ။ အခုတော့ အော် အဲဒီလိုလား မသိဘူး၊ တော်တော် တိုက်ဆိုင်တာပဲဆိုပြီး ပြန်စဉ်းစားမိတာပါပဲ။

မြေနီတောင်ကုန်းကလေးတစ်ခုပေါ် အပြေးတပိုင်း ရယ်ရယ်မောမော ပြေးတက်နေတဲ့ စုံတွဲတစ်တွဲ၊ တစ်ယောက်က ဘိုမလေး၊ တစ်ယောက်ကတော့ ကုလားမင်းသားလို အရှည်ရပ်ရပ် အသားညိုညို။ တောင်ကုန်းကလေးထိပ်မှာ စေတီတစ်ဆူရှိတယ်၊ ဘုန်းကြီးကျောင်းရှိတယ်၊ ဘုန်းတော်ကြီးတစ်ပါးရှိတယ်။

ဘိုမလို့ပြောရတာက ငယ်ငယ်ကတည်းက ညီမလေးကစားတဲ့ ဘိုမရုပ်ကလေး တွေ့ဖူးတယ်။ ပိန်ပိန်ရှည်ရှည် အသားဖြူဖြူ၊ ဆံပင်အနီရောင်(ရွှေအိုရောင်လည်းဖြစ်ချင်ဖြစ်မှာပေါ့)၊ အပြုံးကလေးနဲ့ ဘလောက်စ်အင်္ကျီနဲ့ ဒူး ခေါင်းလောက်ရောက်တဲ့ စကတ်ကလေးနဲ့၊ အင်္ကျီနဲ့စကတ်က ဆင်တူ၊ အဖြူရောင်ပေါ်မှာ ခရမ်းရောင်နဲ့ အစိမ်းရောင် သစ်သီးလေးတွေ အပွင့်လေးတွေပါတဲ့ အရှုပ်အရှက်ဒီဇိုင်းလေးနဲ့၊ ဒီလောက်ပဲမှတ်မိတော့တယ်။ ညီမလေးရဲ့ ဘိုမအရုပ်ကလေး ပြောပါတယ်။

အခု အသံရှုသံပြင်းပြင်းကြားလောက်အောင် မောမောနဲ့အပြေးတစ်ပိုင်းတက်နေတဲ့ ဘိုမလေးကတော့ အနက်ရောင် တိုက်စကတ်(ကုမ္ပဏီဝန်ထမ်းအမျိုးသမီးတွေဝတ်တဲ့စကတ်)၀တ်ထားတယ်၊ ဘလောက်စ်မ၀တ်ဘဲ အတွင်းခံဝတ်ပြီး ကောင်လေးရဲ့အဖြူရောင်ရှပ်အင်္ကျီတစ်ထည်ကို ၀တ်ထားတယ်။ အောက်ပိုင်းက ကိုယ်လုံးလေးပေါ်အောင် သပ်သပ်ရပ်ရပ်လေးဖြစ်နေပေမယ့် အပေါ်ပိုင်းကတော့ ရှပ်အင်္ကျီက သူနဲ့ပွနေတာမို့ ခပ်ချောင်ချောင်နဲ့ ကပိုကရိုလေးဖြစ်နေတယ်။ ကောင်လေးရဲ့မျက်စိထဲမှာတော့ အဲဒီကပိုကရိုပုံစံလေးကပဲ တစ်မျိုးချစ်စရာကောင်းနေတယ်လို့ မြင်ပုံရတယ်။ ခြေထောက်ကတော့ Nike လား၊ Adidas လား မသိဘူး၊ ရှုးစီးထားတယ်။

ဒီနေရာမှာ ပြောစရာရှိတာက သူ့ကို ဘိုမကလေးနဲ့တူတယ်လို့ပဲ သိနိုင်တယ်။ အင်္ဂလိပ်လား၊ အမေရိကန်လား၊ သြစတြေးလျကလား၊ တခြားဥရောပနိုင်ငံတစ်ခုခုကလား၊ ရုရှကလားဆိုတာ မသိနိုင်ဘူး။

အခု ကိုယ်ကိုယ်တိုင် လန်ဒန်ရောက်နေပေမယ့်လည်း အသားဖြူဖြူ ဆံပင်ရွှေရောင်နဲ့ ကောင်မလေးတွေ တွေ့ရင် အင်္ဂလိပ်မလား၊ ပြင်သစ်မလား၊ စပိန်မလား၊ ရုရှမလား၊ ဥရောပ အရှေ့ပိုင်းကလား မခွဲနိုင်သေးဘူး။ ရုံးကလူတွေကတော့ ခွဲနိုင်ကြတယ်ပြောတယ်။ ကိုယ့်အတွက်တော့ အားလုံးဟာ ညီမလေးကစားခဲ့တဲ့ ဘိုမရုပ်ကလေးတွေလိုပါပဲ။ ၀၀ပုပုဗိုက်ပူပူဘိုမနဲ့ အရုပ်ကလေးလို ပိန်ပိန်ရှည်ရှည်ဘိုမ ဒါပဲကွာတယ်။

တော်ပါသေးရဲ့ ကုလားမ(အိန္ဒိယသူ)ရယ်၊ ဂျပန်မရယ်၊ တရုတ်မရယ်၊ ထိုင်းမရယ်၊ မြန်မာမရယ်ကိုတော့ ခွဲခြားသိလို့၊ ဒါတောင် ရုပ်ချည်း အားကိုးလို့ မရဘူး၊ စကားသံလေးပါ နားထောင်ခွဲမှ ရတယ်။ မိန်းမကျမ်း အဲဒီလို ကျေတဲ့သူ။ အဟတ် ဟတ် ဟား။

ဇာတ်လမ်းပြန်ဆက်ရရင် အနောက်တိုင်းကောင်မလေးက အသက် ၂၇၊ ၂၈ လောက်ရှိမယ်၊ လှတယ်။ ကိုယ့်မျက်စိထဲ လှတယ်ပြောတယ်။ အလှတရားဆိုတာကလည်း ကြည့်ရှုခံစားသူပေါ်မှာလည်း မူတည်တယ်လို့ ဆိုတာကိုးဗျနော်၊ ဒါကြောင့် ကိုယ့်မျက်စိထဲလှတယ်လို့ပြောထားတာ။

အဲ..ကောင်မလေးနဲ့ အတူရှိနေတဲ့ နောက်တစ်ယောက်ကတော့ ကိုယ်ပဲ။ ကိုယ့်စိတ်ကူးထဲက ဇာတ်လမ်းမှာ ကိုယ်ကိုယ်တိုင် မင်းသားဖြစ်တာကတော့ မဆန်းပါဘူးနော်။ တော်ပြီ မဖတ်တော့ဘူးလို့တော့ မလုပ်ပါနဲ့ဗျာ။ တကယ့်အဖြစ်အပျက်ကို ပြန်ရေးပြနေတာပါ။ ဖတ်ကြည့်ပါဦး။

ဒီလိုလေ တကယ့်အဖြစ်အပျက်ဆိုတာ ၀တ္ထုရေးချင်တဲ့စိတ်နဲ့ ဒီဇာတ်လမ်းက အမြဲပေါ်ပေါ်လာပြီး မြင်ယောင်နေတယ်လို့ ဆိုတာပါ။

ဆက်ပြောပါရစေဦး..ကိုယ်က စိတ်ကူးထဲမှာ အသက် ၂၅၊ ၂၆ လောက်ရှိမယ်။ ကောင်မလေးအောက် ၂ နှစ်လောက်ငယ်တယ်။ မမနဲ့မောင်လေးဇာတ်လို့ ပြောလည်းရတယ်။ ဇာတ်လမ်းထဲက ကိုယ့်ရုပ်ရည်အကြောင်း ပြောဖို့လိုသေးတယ်။ ကိုယ်ကတော့ အင်း… ဘယ်လိုပြောရမလဲ၊ ကိုယ့်အကြောင်း စာဖတ်သူ ပြောပြရတာ သိပ်မကောင်းပါဘူး။ ကြွားသလိုဖြစ်မှာလည်း စိုးရတယ်၊ မပြောပြန်လည်း ဇာတ်လမ်းက မပီပြင်တော့ဘူး ဖြစ်နေမယ်၊ ဇာတ်လမ်းမှာ ဇာတ်လိုက်မင်းသားနဲ့ ဇာတ်လိုက်မင်းသမီးနှစ်ဦးလုံးကို ပရိသတ်က ကောင်းကောင်း သိမှ ဖြစ်မှာကိုးနော့ဗျာ။

ကိုယ်ကတော့ အလွယ်ပြောရရင် အဲ.. ကုလားမင်းသားပဲထားပါ၊ ပိန်ပိန်ရှည်ရှည် အသားညိုလိုပေါ့ဗျာ၊ ကုလားမင်းသားဆိုတာ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးမပါတဲ့ မင်းသားကို ပြောတာနော်၊ တော်ကြာ စိတ်ထဲ မြင်ကြည့်လို့ ဟာ..အမွှေးတွေနဲ့ဆိုပြီး ရုပ်ဆိုးတယ်ထင်သွားရင် မကောင်းဘူး။ စောစောစီးစီး ဇာတ်နာသွား နိုင်တယ်။

ဇာတ်လမ်းထဲက မင်းသားမင်းသမီး မွှန်းပြီးရင် ဇာတ်ကို ပြန်ပြောရမယ်။ ဇာတ်လမ်းက ဒီလို…။

ဝတ္ထုဇာတ်လမ်းရေးဖို့ စိတ်ကူးထဲ ၂၀၀၁ ခုနှစ်လောက်ကစပြီး အမြဲပေါ်နေတဲ့ ဇာတ်လမ်းကို အခု ပြောပြနေတာနော်။ တကယ့်အဖြစ်အပျက် မဟုတ်ဘူး။ ဟိုက် ရှလပတ်…ဆိုပြီး အထင်တွေကြီးနေမှာစိုးလို့ နှစ်ကြိမ်မြောက် ပြန်သတိပေးလိုက်တာ။

အသားဖြူဖြူဘိုမရုပ်လိုကောင်မလေးနဲ့ ကုလားမင်းသားလိုကောင်ကလေးတို့ဟာ တောင်ကုန်းပေါ်ပြေးတက်လာ တယ်။ သူတို့လာတဲ့လိုရင်းက နံနက်စောစော နေအထွက်မှာ အဲဒီတောင်ကုန်းပေါ်ကနေ ပတ်ဝန်းကျင် ရှုခင်းတွေ ကို ကြည့်ချင်တာကြောင့်ပဲ။

ရာသီဥတုက မိုးအကုန်ဆောင်းအကူး၊ မိုးလည်း နည်းနည်းကျန်သေးတော့ တစ်ခါတခါ ရွာသေးတယ်၊ ညဘက်ကျလည်း တော်တော်အေးလာပြီ၊ လွမ်းချင်လွမ်းစရာကောင်းပြီး စုံတွဲတွေအတွက်လည်း ရာသီဥတုက ဘောလုံးသမားတွေ အကြိုက်ပေါ့ခင်ဗျာလို့ ပြောရမယ့်အနေအထား။

နေရာက တောတောင်တွေရှိတဲ့ ကျေးလက်တောဘက်၊ ကျေးလက်ကလည်း မြေနီလမ်းကလေးတွေနဲ့၊ တည်းခိုခန်းလိုနေရာတချို့၊ ဆေးရုံ၊ မူလတန်းကျောင်းနဲ့ ရုံးအဆောက်အဦတချို့နဲ့ ကြေးရတတ်ရွာမျက်နှာဖုံး တချို့ရယ်သာ ဒေသလုပ်အုတ်နဲ့ ဆောက်ထားတဲ့ တိုက်လိုအဆောက်အဦတွေမှာ နေနိုင်တာ၊ အများစုကတော့ ၀ါးတိုင်၊ မဒမတိုင်တို့နဲ့ တိုင်ထောင် ၀ါးကပ်ကာ၊ ဓနိမိုး၊ ထန်းရွက်မိုး အိမ်ပုံစံတွေပါပဲ။

ရွာလမ်းကလေးက မြေနီလမ်းကလေးဆိုတော့ မိုးကလေးစပ်စပ်ရွာရင် ရွံ့ဖြစ်သွားလို့ လမ်းသွားရင် ချော်မလဲအောင် သတိထား သွားကြရတယ်။ ကလေးတွေကတော့ ဘာအရေးအလဲ ပြေးကြလွှားကြသွားလာ ကြပေါ့။

စိတ်ကူးယဉ်ဇာတ်လမ်းဆိုတော့ ဟိုရောက်ဒီရောက်တော့ နည်းနည်းဖြစ်တတ်တယ်၊ သည်းခံပေးပါ။ ဇာတ်ကိုသိုင်းနေ၀ိုင်းနေရတော့ တစ်ခါတလေဒီလိုပဲဖြစ်တတ်တယ်။ ကိုယ်ကတော့ ကာယကံရှင်ဆိုတော့ အကုန်သိတာပေါ့လေ၊ စာဖတ်သူတို့ အသိနည်းနည်းလိုသွားမှာ၊ ပြည့်ပြည့်၀၀မခံစားနိုင်မှာ၊ မတင်မကျဖြစ်သွားမှာကို စိတ်ပူမိလို့ သတိရတိုင်း ပြန်ပြန်ဖြည့်ပြောပေးနေတာပါ။ အပိုလို့ မထင်ကြပါနဲ့။

ပြန်ဆက်ပါဦးမယ်။ နှစ်ယောက်သား မောမောနဲ့ပြေးတက်ပေါ့လေ…လေကလေးတစ်ချက်တစ်ချက် သုတ်လိုက်ရင် အပန်းပြေတာပေါ့။ လေအတိုက်မှာ တစ်ခါထွက်လာတဲ့ ဆည်းလည်းသံလေးကလည်း ဘာသာတရားနဲ့စပ်ဆိုင်တဲ့ အသံလို့ဆိုပေမယ့် သူတို့နှစ်ဦးကို အပန်းပြေ လန်းရွှင်သွားစေတယ်တဲ့။

ကောင်မလေးက ပထမတော့ မသိဘူး။ ဟိုဒီမော့ကြည့်ပြီး တစ်ခုခုကို လိုက်ရှာနေပုံလုပ်နေတော့ နောက်ပိုင်းကျမှ ကောင်လေးက သဘောပေါက်သွားပြီး ပြောပြလိုက်တယ်။ ကောင်မလေးက အဲဒါကို သိပ်သဘောကျတယ်။

သူတို့နှစ်ဦးလား၊ အင်္ဂလိပ်လိုပြောကြတာပေါ့။ ဘိုမလေးပါဆိုမှ ဘယ်လိုလုပ် တခြားစကားတတ်မလဲ။ တချို့သင်ထားသူတွေကတော့ တတ်မှာပေါ့လေ။ သူကတော့ မတတ်ဘူး။ သူတို့နှစ်ယောက် အင်္ဂလိပ်လိုပဲ ပြောကြတယ်။

သူတို့နှစ်ယောက် အပြေးအလွှားလေးတက်လိုက်၊ ဖြည်းဖြည်းလှမ်းလျှောက်လိုက်လုပ်နေပြီး တစ်ခါတခါ တစ်ယောက်နဲ့တစ်ယောက် လက်တွဲထားကြတယ်။ လက်ချင်းကိုင်ထားကြတယ်လို့ပြောတာ၊ နောက်ပြီး တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီး ပြုံးကြတယ်။ နောက်တစ်ခါ လက်ဖြုတ်လိုက်ပြီး ခပ်သွက်သွက်ပြေးကြပြန်တယ်။

နောက် ခဏနေတော့ အမောဖြေလမ်းလျှောက်တက်တဲ့အခါ လက်ချင်းပြန်တွဲလိုက်ပြန်တယ်။ ကောင်မလေးက ကောင်လေးကို အားကိုးတဲ့ပုံစံနဲ့တော့ နေထိုင်ပြနေတာပဲ၊ ကြည့်ရတာလေ…ရွှန်းရွှန်းစားစား ကြည့်ပုံတွေ၊ လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်လိုက်ပုံတွေကလေ။

ကောင်လေးကတော့ အေးအေးသက်သာပုံပဲ၊ ဒီအနေအထား ဒီအခိုက်အတန့်လေးလောက်ကိုပဲ သူက ကျေနပ်အားရနေပုံ ရတယ်။ သူတို့နှစ်ယောက်လုံးကို မဟုတ်ဘဲ ကောင်းလေးတစ်ယောက်ထဲကိုသာ ဂရုတစိုက်ကြည့်နေရင် ကောင်လေးရဲ့ရင်ဘတ်(ရင်အုပ်)ဟာ မသိမသာကနေ တဖြည်းဖြည်းကော့လာနေတဲ့ ပုံစံမျိုး၊ ရှင်းရှင်းပြောရရင် အမြင်ကတ်စရာ ငါကွဆိုတဲ့ ပုံစံမျိုးဖြစ်လာနေတယ်။

စိတ်ကူးယဉ်တယ်ဆိုတာ မျက်စိထဲပေါ်လာအောင်မြင်ကြည့်ပြီး စိတ်နဲ့နောက်က အသေးစိတ်လိုက်ပြန်ကြည့် တာကိုးဗျ၊ ဒါကြောင့် အကုန်လုံးစေ့စေ့စပ်စပ်တွေ့နေရတာပေါ့။

နောက်ဆုံးတော့ သူတို့တောင်ကုန်းကလေးထိပ်ရောက်သွားတယ်။ ဘုန်းတော်ကြီးကျောင်းတွေ့တော့ ၀င်သွားကြတယ်၊ တစ်ခါ ကပ္ပိယတွေကနေတဆင့် ဘုန်းတော်ကြီးကို သွားရောက် ၀တ်ချကန်တော့ကြပြီး ဘုန်းတော်ကြီးနဲ့စကားစမြည်ပြောကြတယ်။

ဘုန်းတော်ကြီးဆိုပေမယ့် ဘုန်းကြီးက အသက်သိပ်မကြီးသေးဘူး။ သက်တော် ၄၀ ၀န်းကျင်လောက်ပဲရှိသေး တယ်။ ခေတ်ပညာတတ်၊ အိန္ဒိယမှာဆိုလား စာသွားသင်ထားတာ၊ မဟာဘွဲ့တွေ ဘာတွေယူထားပုံရတယ်။ ဒီတော့ အင်္ဂလိပ်လိုပြောလို့ဆိုလို့ရပြန်တာပေါ့။

ဘုန်းကြီးနဲ့ကောင်လေးကတော့ ကောင်းကောင်းမွန်မွန် ဆရာဒကာပုံစံအချီအချ ပြောဆိုကြတယ်။ သံဃာနဲ့ စကားပြောရင် မေးမြန်းလျှောက်ထားရင် လေးလေးစားစား ရိုရိုသေသေနဲ့ ပုံစံတစ်မျိုးနဲ့ပြောဆိုရတယ်မို့လား။

ကောင်မလေးကတော့ ဘေးကနေကြည့်ပြီး သဘောကျနေတယ်။ သူသိချင်တာရှိရင် အင်္ဂလိပ်လို ၀င်ပြောတယ်၊ မေးတယ်။ ဘုန်းကြီးကလည်း သူ့ဆီ ဒီလိုမျိုး နိုင်ငံခြားသားတစ်ခါမှ မလာဘူးတော့ သဘောကျနေပုံရတယ်။

အရင်ကတော့ လာတော့လာဖူးမယ်လေ၊ အခု ဆရာတော် ကျောင်းထိုင်ဖြစ်ပြီးမှတော့ လာဖူးပုံမပေါ်ဘူး။ အေးအေးဆေးဆေး နေပါလားတို့ဘာတို့တောင်ပြောနေသေးတယ်။ နောက်ပြီး သူ့ဝေယျာဝစ္စဒကာ ဒကာမတွေ ခေါ်ပြီး ဧည့်သည်တွေကို ကျွေးမွေးပါဦးဟဲ့ဆိုပြီး အတင်းကျွေးခိုင်းနေတယ်။

နေထွက်ချိန်နေတက်ချိန်လောက်ရောက်သွားတာဖြစ်တော့ ဘုန်းကြီးက နံနက်အာရုဏ်ပွဲကျတွေလားမသိပါဘူး၊အတင်းကို ထမင်းတွေဟင်းတွေ စားခိုင်းနေပေမယ့် ကောင်မလေးကော ကောင်မလေးကြောင့် ကောင်လေးကကော ကော်ဖီနဲ့ ဘီစကစ်မုန့်လေး တစ်ခုနှစ်ခုလား စားကြပါတယ်။

ကောင်မလေးက ကောင်လေးကို ဘုန်းကြီးကို တစ်ခုခု မလှူဘူးလားလို့ မေးနေပြောနေပါသေးတယ်။ သူတို့နှစ်ယောက်က နံနက်စောစော လမ်းလျှောက်လာကြရင်း တောင်ကုန်းလေးပေါ် တက်လာကြတာဖြစ်တော့ ပိုက်ဆံတွေဘာတွေလည်း ပါလာကြပုံမရပါဘူး။

ဒီတော့ ကောင်လေးက အသာနေပါ၊ ရပါတယ်။ ဘုန်းကြီးဆိုတာ ဒီလိုပဲ၊ တပည့် ဒကာဒကာမတွေကို ကျွေးတယ်၊ ဘာမှမဖြစ်ဘူး။ စိတ်ထဲ ဘယ်လိုမှ မနေပါနဲ့လို့ ကောင်မလေးကို ပြောရတယ်။

ဘုန်းကြီးကလည်း ကောင်လေးနဲ့ကောင်မလေးကို ခင်မင်လို့ သူ့ ဒကာဒကာမတွေကို ဧည့်ခံကျွေးမွေးခိုင်းတာ ဖြစ်ပုံရပါတယ်။ တခြားဘာမျှော်လင့်ချက်မှ ရှိပုံမရပါဘူး။

ဘုန်းကြီးဆို လှူရမယ်ချည်း ထင်နေသူတွေလည်း ရှိတာကိုးဗျနော်။ ဘုန်းကြီးကလည်း တပည့်ကျောင်းသားနဲ့ လိုအပ်နေသူတွေကို ပြန်ပြီးချီးမြှောက်ထောက်ပံ့တာတွေ ရှိပါတယ်။

ရှေးရှေးဆရာတော်ကြီးတွေဆို ကိုယ်နဲ့ဘာမှ ကြာကြာမထားဘူး၊ ရသမျှ လှူသမျှကို ပြန်လည်ဝေငှ ပေးလှူပစ်လိုက်တာပဲ။ ရှိနေရင် ဒုက္ခဆိုတာကို ဆရာတော်ကြီးတွေက ကောင်းကောင်းသိတာပေါ့။

ဆရာတော်ကြီးတွေပဲ ဒီတရားတွေ ဟောကြားဆုံးမနေတဲ့ဥစ္စာ။ လုပ်သမျှ ဒုက္ခ၊ ရှာသမျှ ဒုက္ခ၊ ရသမျှ ဒုက္ခ ဆိုပြီး ဒုက္ခနဲ့ ဘာမှ မကင်းပုံတွေကို ဆရာတော်ကြီးတွေပဲ နိဗ္ဗာန်ရောက်ကြောင်းတရားတွေ ဟောတဲ့အခါ အမြဲထည့်ပြီး ဟောနေတာပဲဥစ္စာ။

ကောင်လေးက ဘုန်းကြီးကျောင်းသားလည်း လုပ်(စား)ဖူးတော့ ဒါတွေလည်း သူက သိနေတာပါပဲ။ ကောင်မလေးကတော့ ဘိုမလေးဆိုတော့ သူများ(ဘုန်းကြီး)ကျွေးတာ အလကားစားရတာ အားနာနေတယ်။

ဟဲ ဟဲ သူတို့လည်း အားနာတတ်တာပဲနော်။ ကောင်လေး သိထားတာက နိုင်ငံခြားသားတွေရဲ့ အဘိဓာန်မှာ အားနာတယ်ဆိုတဲ့ စကားလုံးမရှိဘူးတဲ့။ အခုတော့ သူ့ကောင်မလေး ဘုန်းကြီးကို အားနာနေတာကို ကြည့်ပြီး သူက သဘောတောင် ကျနေသေးတယ်။

ဆိုရရင်တော့ဗျာ၊ ကိုယ့်ဇာတ်လမ်းလေးကို အနားပြန်သီရရင် ကောင်လေးနဲ့ကောင်မလေးဟာ နေခြည်ဖြာ နံနက်ခင်းကလေးမှာ တစ်ယောက်နဲ့တစ်ယောက် ကြင်နာမြတ်နိုးခြင်းတွေကိုပြလို့ အသက်ရှုသံတွေပြင်းလာတဲ့ အထိ တောင်ကုန်းကလေးပေါ် အပြေးတစ်ပိုင်းတက် ကြတယ်။

အပေါ်ရောက်တဲ့အခါ ဘုရားထီးတော်ကမြည်တဲ့ ဆည်းသည်းသံလေးတွေ ကြားရလို့ ၀မ်းမြောက်ဝမ်းသာဖြစ်ပြီး ရွှင်လန်းမှုတွေရကြတယ်။ နောက်ပြီး တက်လာတဲ့ နေမင်းကြီးကို ကြည့်ကြ၊ ပတ်ဝန်းကျင် ရှုခင်းတွေကို ကြည့်ကြတယ်။

တောင်ကုန်းတောင်တန်းတစ်ဝိုက် မိုးရွာထားလို့ စိမ်းမြလန်းဆန်းနေတဲ့သစ်ပင်တွေကို နေမင်းကြီးက ရွှေရောင်တွေ ပက်ဖြန်းယှက်သန်းပေးလိုက်တဲ့အခါ ၀ါဝါစိုစိုဖြစ်သွားတဲ့ ပတ်ဝန်းကျင်ရှုခင်းတွေဟာ ကြည့်မ၀အောင် သိပ်လှတာပါပဲ။

တစ်ခါ သူတို့ဟာ ဘုန်းတော်ကြီးနဲ့တွေ့လို့ ဆရာဒကာ စကားပြောကြ၊ မေးမြန်းလျှောက်ထားကြ၊ ဆရာတော်တိုက်ကျွေးတဲ့ ကော်ဖီနဲ့မုန့်စားကြတယ်။

နောက် သူတို့နှစ်ယောက် ဘုန်းကြီးကျောင်းဝိုင်းကလေးကို လှည့်ပတ်ကြည့်ကြသလို ကျောင်းက ဒကာဒကာမတွေနဲ့လည်း စကားပြောကြတယ်။ ကောင်လေးကတော့ ပိုပြောနိုင်တာပေါ့လေ၊ ကောင်မလေးကတော့ တစ်ချက်တစ်ချက်ပြောလိုက်၊ မေးလိုက်၊ သူ့ကောင်လေးကိုပဲ ရွှန်းရွှန်းစားစားကြည့်လိုက်ပေါ့လေ။ ဒါပဲလုပ်နေတာတွေ့ရတယ်။

နေအတော်မြင့်လာတော့ ပူလာပြီ၊ ဆောင်းအ၀င်မှာတောင် နေပူလာတဲ့အခါ နေလို့မကောင်းတော့ဘူး၊ ဒါတောင် သူတို့က အေးတဲ့တောင်ပေါ်နေရာလေး ရောက်နေတာနော်။

သူတို့နေရာပြန်ရောက်တဲ့အထိဆို တော်တော်ပြန်ဆင်းရဦးမှာမို့ ကောင်မလေးက သွားရအောင်လို့ပြောတယ်။ ကောင်လေးကလည်း လက်ခံပြီး အားလုံးကို နှုတ်ဆက်တယ်။ ဘုန်းတော်ကြီးကိုတော့ ခုနပဲ သူတို့သေချာဝတ်ဖြည့်ခဲ့ကြပြီးသား။ ဖိနပ်(ရှုး)တွေ လည်း ၀တ်ပြီးကြပြီမို့ ဘုန်းတော်ကြီးဆီ နောက်တစ်ခေါက်ပြန်မသွားလိုကြတော့ဘူး။

ဒါနဲ့ ကောင်လေးနဲ့ ကောင်မလေးတို့ နှစ်ယောက်သား တဖြည်းဖြည်းပြန်ဆင်းလာကြတယ်။ ကောင်မလေးက ကောင်လေးဘယ်ဘက်လက်မောင်းကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ဖက်တွယ်ထားလို့။

ကောင်လေးက ကောင်မလေးဘက် ခေါင်းကလေးငဲ့ကြည့်လိုက်ရင် သူ့ကို မော့ပြီး မျက်ဆန်လေး အရည်လဲ့လို့ ကြည့်နေတဲ့ ကောင်မလေးမျက်ဝန်းလေးတွေ တွေ့ရတယ်။

ဇာတ်လမ်းက အဲဒီမှာပဲ ဆုံးသွားတယ်။ စိတ်ကူးက အဲဒီနားမှာ ပြတ်သွားတယ်။ ဘာမှဆက်ပြီး မပေါ်တော့ဘူး။ ဘာမှလည်း ဆက်စဉ်းစားလို့ မရတော့ဘူး။

အဲဒီရသလောက်လေးနဲ့ ဘာများရေးလို့ ရမလည်းဆိုပြီး ကြံဖန်ကြည့် စဉ်းစားကြည့်တာလည်း အကြိမ်ကြိမ်ပဲ။ ဘာမှ ဆက်လုပ်လို့မရဘူး။ ပြောပြကြည့်ပါဦး၊ အကြံပေးကြည့်ပါဦး…ပရိသတ်ကြီးရယ်။

တစ်ခါမှတော့ အခုလို ချမရေးကြည့်ဖူးပါဘူး။ အခုမှ ကိုယ်ပိုင် နှစ်နဲ့ချီ သိမ်းထုပ်ထားတဲ့ဇာတ်လမ်းကို ပရိသတ်ကြီးကို ခင်လို့ဝေငှလိုက်တာပါ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

စိတ်ကူးယဉ်/ကြိယာ/ဖြစ်ချင်သောအရာတို့ကို တွေးတောသည် (မြန်မာအဘိဓာန် ဝေါဟာရဖွင့်ဆိုချက်)

ည ၁၀ နာရီ မိနစ် ၄၀၊ အောက်တိုဘာ ၁၁၊ ၂၀၀၉။