ပထမတော့ လန်ဒန်အတွေ့အကြုံတွေ ချရေးမယ်ဆိုပြီး ဘလော့ဂ်လေး ပုံမှန်ရေးကြည့်နေတာ၊ လေးငါးပုဒ်လည်း ရေးပြီးရော လန်ဒန်အကြောင်းထက် ကိုယ့်အကြောင်း၊ ကိုယ့်မိသားစုအကြောင်း၊ ကိုယ့်သူငယ်ချင်းတွေအကြောင်း ရေးချင်လာတာနဲ့ ချရေးဖြစ်နေခဲ့တယ်။

ဒါကိုပဲ စာဖတ်သူ သူငယ်ချင်းတချို့က လန်ဒန်အကြောင်း၊ လန်ဒန်မှာ နေထိုင်စားသောက်ရတဲ့အခြေအနေ၊ လန်ဒန်မှာ ရုန်းကန်လှုပ်ရှားမှုတွေကို အဓိက ဖတ်ချင်ပါတယ်လို့ ဆိုလာတာကြောင့် အင်း…ဒါလည်း ဟုတ်ပြန်တာပဲလို့ တွေးမိပါတယ်။ ကိုယ့်အကြောင်းသိပြီးသူတချို့အတွက်တော့ ဒါတွေဒါတွေပဲ ထပ်နေတော့ ဘယ်ပြန်ဖတ်ချင်ပါတော့မလဲလေ။

ဒါနဲ့ လန်ဒန်မှာ နေထိုင်ရှင်သန်ရတဲ့ တစ်နေ့တာအကြောင်းလေး ရေးကြည့်ရင် ကောင်မလားလို့စိတ်ကူးရတယ်။ လန်ဒန်တစ်နေ့တာဟာလည်း ရန်ကုန်တစ်နေ့တာလိုပဲ ရုန်းကန်ရတာပါပဲ။ သက်သောင့်သက်သာ မရှိတာတော့ အမှန်ပါ။

အခုတစ်နေ့တာကိုတော့ ရုံးတက်အလုပ်လုပ်ရတဲ့ တစ်နေ့တာအကြောင်း ပြောပြမှာဖြစ်ပါတယ်။

၆ နာရီထ

မနက်ဆို ၆ နာရီဝန်းကျင်ထရပါတယ်၊ တစ်ခါတလေ ထရင် ၆ နာရီမထိုးတတ်သေးဘူး။ ပြန်အိပ်လိုက်ရင် ကိုယ်က အနည်းဆုံး ၂ နာရီလောက်ကြာသွားတတ်သမို့ စနေ၊ တနင်္ဂနွေကလွဲလို့ ပြန်မအိပ်ရဲပါဘူး။
ထပစ်လိုက်ရပါ တယ်။ အခုတော့ အကျင့်ဖြစ်နေလို့ တနင်္လာ-သောကြာဆို အလိုလို နံနက် ၆ နာရီဝန်းကျင်မှာ နိုးထလာပါတယ်။ စနေ-တနင်္ဂနွေဆိုရင် အလိုလို အိပ်နေတတ်ပါတယ်။ ခန္ဓာကိုယ်ကြီးက သူ့ဟာသူ အလိုလို ချိန်ညှိထိန်းကျောင်းနေပါတယ်။

နောက်တစ်ခုက ကိုယ်က ညဘက်ကို အစာလျှော့စားထားလို့ အိပ်ချိန်ကိုလည်း သိပ်ယူစရာမလိုတော့ပါဘူး၊ ကိုယ့်အတွေ့အကြုံအရဆိုရင် ညဘက် အစာများများ စားထားရင် အိပ်စက်အနားယူချိန်လည်း ပိုသွားတာကို သတိပြုမိပါတယ်။ ဒီတော့ ညဘက် အစာကို လျှော့စားပြီး ရေ၀၀သောက်ပြီး အိပ်လိုက်တဲ့အခါ နံနက် ၆ နာရီဝန်းကျင် အေးအေးဆေးဆေး နိုးနိုင်တာပါပဲ။

အိပ်ရာထတဲ့အခါ လန်းဆန်းနေအောင် လေ့ကျင့်ရပါတယ်၊ တစ်နေကုန် ဖိအားတွေနဲ့ အလုပ်လုပ်ရတော့မှာမို့ မလန်းဆန်းလို့ မရပါဘူး။ ဒီမှာ ဇင်ဗုဒ္ဓဘာသာအကြောင်းအရာတွေရေးတဲ့ ဆရာတော် သစ်နက်ဟန် မိန့်ကြားသလို အပြုံးတစ်ဝက်နဲ့ နိုးထဖို့လည်း လိုပြန်ပါတယ်။ ကိုယ်ကတော့ ထေရ၀ါဒဗုဒ္ဒဘာသာဝင်ပါပဲ။

မနက်ကို လန်းလန်းဆန်းဆန်း အပြုံးနဲ့ထကြည့်ရင် ကောင်းတယ်ဆိုတော့ အပြုံးနဲ့ထကြည့်တာပါပဲ၊ သတိရတဲ့ အခါ ပြုံး၊ မေ့သွားလည်း သတိရတဲ့အခါ ပြန်ပြုံးပေါ့လေ။ ပုံမှန်လေ့ကျင့်ပြီး ထကြည့်ရင်တော့ အကျိုးနည်းနည်း ဖြစ်ဖြစ်ပေးမယ်ထင်တာပါပဲ။

အိပ်ရာထပြီးရင် ကိုယ်လက်သန့်စင်၊ ရေချိုးမယ်ဆိုလည်း ချိုးပေါ့၊ တစ်ပြိုင်နက်တည်းမှာ လုပ်ရတာနှစ်ခုက တီဗီဖွင့်ပြီး သတင်းကြည့်ရတာနဲ့၊ အီးမေးလ်တစ်ချက်ကြည့်လိုက်တာပါ။ လန်ဒန်နဲ့ရန်ကုန်နဲ့အချိန်က လောလောဆယ် ၅ နာရီခွဲကွာနေတော့ ကိုယ်အိပ်ရာထချိန် နံနက် ၆ နာရီဟာ ရန်ကုန်မှာ နေ့လယ်စာ စားချိန် နံနက် ၁၁ နာရီခွဲနေပါပြီ။ ရန်ကုန်မှာ ရုံးတက်သူတွေဆို အီးမေးလ်တွေဘာတွေ ကောင်းကောင်းသုံးပြီးနေပြီပေါ့။

ပုံမှန်ဆိုရင်တော့ လန်ဒန်နဲ့ရန်ကုန်နဲ့က ၆ နာရီခွဲကွာပါတယ်။ နွေရာသီဆို အချိန်ပြောင်းပြီး တစ်နာရီစောယူထား တာပါ။ အခုတော့ ဆောင်းဝင်လာပြီမို့ မကြာခင်ပုံမှန်အချိန်ကို ပြန်ရွှေ့ပါတော့မယ်။ အဲဒါဆို နောက်ထပ်တစ်နာရီ စောထရဦးမှာဖြစ်ပါတယ်။

မနက် ၆ နာရီထတယ်ဆိုပေမယ့် အခုလက်ရှိအချိန်ရဲ့ နံနက် ၅ နာရီမှာ ထရသလို ဖြစ်သွားပါမယ်။ ဆောင်းတွင်းဆို ရာသီဥတုကလည်း အင်မတန်အေး၊ အချိန်ကလည်း တစ်နာရီထပ်စော ထရဦးမှာဆိုတော့ ကျွတ်ရချည်သေးရဲ့ စိတ်ထဲတွေးပြီး မရဲဖြစ်နေပါတော့တယ်။

ပြန်ဆက်ရရင် တီဗီကြည့်ရတာက အကြောင်းရှိတယ်၊ ရုံးရောက်ရင် ရေဒီယိုမှာ ပြောရမယ့် နိုင်ငံတကာ သတင်းတွေထဲမှာပါမယ့် မြို့နာမည်တွေ၊ နိုင်ငံ့ခေါင်းဆောင်နာမည်တွေ အသံထွက်မှန်အောင်လို့ရယ်၊ ရုံးရောက်ရင် ဖတ်ရမယ့် သတင်းတွေကို အကြမ်းဖျင်းနားလည်ပြီး ဖြစ်အောင်ရယ် ကြည့်ရတာပါ။

အရေးအကြီးဆုံး ကြည့်ရတဲ့အချက်ကတော့ ကိုယ်စီးမယ့်ရထားလမ်းကြောင်း ကောင်းရဲ့လား၊ အပြင်မှာ ရာသီဥတုအခြေအနေဘယ်လိုရှိသလဲဆိုတာကို ကြည့်တာဖြစ်ပါတယ်။

ရထားလမ်းပြင်တဲ့နေ့၊ ဘူတာပိတ်တဲ့နေ့၊ အလုပ်သမားသပိတ်မှောက်တဲ့နေ့ စသဖြင့် ရှိတတ်လို့ ခုနလို ခရီးသွား သတင်းကြည့်မထားဘူးဆိုရင် ပြင်ဆင်ချိန်မရလို့ အလုပ်နောက်ကျနိုင်ပါတယ်။ အလုပ်ကို အကြောင်းအကျိုးနဲ့ တင်ပြလို့ရပေမယ့် အလုပ်ဘက်ကလည်း တခြားတစ်ယောက် အစားထိုးပြင်ဆင်ချိန်ရအောင် ကိုယ့်ဘက်က ကြိုတင်ကြည့်ရှုနေထိုင်လုပ်ကိုင်ရတာဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ မိုးလေ၀သ အခြေအနေပါ၊ ဒီက မိုးလေ၀သသတင်းတွေက သိပ်မှန်ပါတယ်။ တစ်နာရီ တစ်ခါ ပြောင်းလဲသွားတဲ့ အပူချိန်တွေဆို အဲဒီအတိုင်းလုံးဝမှန်ပါတယ်။ ၁၀ ဒီဂရီစင်တီဂရိတ်အေးမယ်ဆို အဲဒီ အတိုင်းအေးပါတယ်။ မိုးရွာမယ်ဆို ပြောတဲ့အချိန်အတိုင်းရွာပါတယ်။

လန်ဒန်ရာသီဥတုက ဆိုးတယ်လို့ နာမည်ကြီးတာကြောင့် မိုးလေ၀သ သတင်းကိုတော့ မဖြစ်မနေကြည့်ရပါ တယ်။ မိုးလေ၀သသတင်းအလိုက် ၀တ်စားပြီး အပြင်ထွက်တော့ ကိုယ့်အတွက် အလွန်အဆင်ပြေပါတယ်။ မလိုဘဲနဲ့ ကုတ်အင်္ကျီသယ်ရတဲ့ ဒုက္ခက ကင်းဝေးသလို ဂျက်ကတ်ဝတ်မလာမိလို့ တဂတ်ဂတ်နဲ့ တုန်နေရတဲ့ အဖြစ်မျိုးလည်း မဖြစ်တော့ပါဘူး။

နံနက်စာ စား

၆ နာရီကနေ ၇ နာရီအတွင်း ကိုယ်လက်သုတ်သင်၊ နံနက်စာ ကိုယ့်ဘာသာကိုယ် ပြင်ဆင်စားသောက်ရပါတယ်။ နံနက်စာအတွက်ကိုတော့ ကိုယ်က လိမ္မော်ရည်ရယ်၊ နို့ရယ်၊ ကော်ဖီရယ်၊ ပေါင်မုန့်နဲ့ ချိစ်ရယ်၊ ဒါမှမဟုတ် ကိတ် မုန့်ရယ် စားသောက်ပါတယ်။

တစ်ခါတလေ စပျစ်သီးနဲ့ သစ်သီးအစေ့အဆံ အခြောက်အခြမ်းလေးတွေ ၀ယ်ထားပါတယ်။ လိမ္မော်ရည်တို့၊ နို့တို့၊ ကိတ်မုန့်၊ ပေါင်မုန့်တို့ကိုတော့ အောက်ထပ်က ကိုယ့်အတွက်နေရာရှယ်ယာ(ကိုယ်တာ)ရထားတဲ့ ရေခဲသေတ္တာ တစ်ထပ်တစ်ထပ်မှာ ထည့်ထားရပါတယ်။

မိုးလင်းတာနဲ့ နွားနို့နဲ့ မုန့်တွေကို အောက်ဆင်းယူပြီး နည်းနည်း အအေးလျော့အောင်ထား၊ အခန်းထဲမှာပဲ ရေနွေးတည်တဲ့ဘူးလေး kattle နဲ့ ရေနွေးလေးနည်းနည်းတည်၊ ကော်ဖီကြမ်းလေးနှပ်၊ ခုန အအေးလျှော့ (ရေခဲသေတ္တာထဲက စောထုတ်ပြီး အအေးနည်းနည်းလျော့အောင်လုပ်)ထားတဲ့ နွားနို့ကလေးရောလိုက်ရင် သကြားမထည့်ထားတဲ့ ကိုယ့်လျှာနဲ့အတော်ပဲဖြစ်တဲ့ ကော်ဖီတစ်ခွက်ရမယ်။

ဂျူ့စ်(လိမ္မော်ရည်)လေးတစ်ခွက် သောက်မယ်။ ကိတ်လေး နှစ်ချပ် သုံးချပ်လောက်စားမယ်။ ဒါမှမဟုတ် ပေါင်မုန့်လေးချပ်နဲ့ ချိစ်ညှပ်စားမယ်။ စပျစ်သီးလေးတွေ ရှိရင်စားမယ်။ ကိုယ်က အချဉ်လေးကြိုက်တော့ စပျစ်သီးကြိုက်တယ်။ သိပ်ချိုရင်တောင် မကြိုက်လှဘူး။ ဒီမှာ စပျစ်သီးတွေက တစ်ကီလိုကို ၂ ပေါင်ကနေ ၅ ပေါင်လောက်အထိပေးရတယ်။ ဈေးကြီးပေမယ့် ကြိုက်တော့ ၀ယ်စားမိတာပါပဲ။

နွားနို့က ဈေးသက်သာတယ်။ ၂ လီတာကိုမှ တစ်ပေါင်ပဲ ပေးရတယ်။ နွားနို့ကြိုက်တဲ့ကိုယ့်အတွက်တော့ အလွန်ကောင်းတာပေါ့။ ပိုးမွှားသန့်စင်ပြီး အသင့်သောက်သုံးနိုင်တဲ့ နွားနို့မှာတောင် နှစ်မျိုး ခွဲထားသေးတယ်။

whole milk လို့ခေါ်တဲ့ နွားနို့က အရသာပြည့်၊ ကယ်လိုရီပြည့်ပါတာက တစ်စား (ကိုယ်တို့ကြိုက်တဲ့ဟာပေါ့၊ အဲဒါသောက်မှ ထိတယ်၊ ငယ်ငယ်ကတည်းက အဘိုးနွားခြံမှာ အဘိုးနဲ့အတူနေရင်း ကြီးလာတာဆိုတော့ နွားနို့သိပ်ကြိုက်သလို တော်တော်ကောင်းတဲ့ နွားနို့မှလည်း သောက်တတ်တယ်)

နောက်တစ်ခုက semi-sုkimmed milk ဆိုတာပဲ။ သူက အဆီကို 1.7 % ပဲ ပါအောင်လုပ်ထားတယ်။ ခုန ကိုယ်ကြိုက်တဲ့ whole milk ဆို အဆီက နှစ်ဆလောက် 3.3 % ပါနေတယ်။ သွေးကြောပိတ်မှာစိုးတဲ့သူတွေ၊ အဆီတက်မှာကြောက်တဲ့သူတွေက semi-skimmed ပဲ သောက်ကြတယ်။

ကိုယ်ကတော့ semi-skimmed က မထိလို့ whole milk ပဲသောက်တယ်။ ဒါတောင် တံဆိပ်ရွေးသေးတယ်။ Watsons တံဆိပ်ကိုမှ ကြိုက်နေတယ်။ အဲဒီလို ရွေးချယ်ခွင့်များတာကိုတော့ သဘောကျမိတယ်။

ကိတ်မုန့်ကတော့ အလွန်ကြိုက်တဲ့သူဖြစ်တယ်။ ကိတ်ထဲမှာ ထောပတ်ကိတ် (butter cake) ကို အကြိုက်ဆုံးပဲ၊ နောက်မှ ပလိန်းကိတ်၊ နောက်မှ သစ်သီးကိတ် အဲဒီလိုကြိုက်တယ်။

သစ်သီးကိတ်ကို ဒီရောက်မှ အကြိုက်တွေ့နေတာက ပန်းသီးကိတ်နဲ့ ဂျင်ဂျာ(ဂျင်းတက်ထည့်လုပ်တဲ့)ကိတ်
တွေပဲ။ ကိတ်က တစ်ပေါင်ခွဲကနေ နှစ်ပေါင်ခွဲလောက်ပေးရတယ်။

နောက်ပေါင်မုန့်ကတော့ တစ်ပေါင်ဖိုး တစ်ထုပ်ဝယ်ထားလိုက်ရင် ၁၄/၅ ချပ်ပါတာမို့ စားပါလေ့ သုံးလေးရက် အနည်းဆုံး။ ချိစ်ကတော့ အမျိုးအစားအလိုက် ဈေးရှိတယ်။ ကိုယ်ကတော့ ဘူးသေးတစ်ဘူး တစ်ပေါင်အောက် လောက်တန်ပဲ ၀ယ်စားပါတယ်။

လိမ္မော်ရည် ဒါမှမဟုတ် လိမ္မော်ရည်နဲ့ သရက်သီးရည်ရောကို ကိုယ်ကကြိုက်တယ်။ ပစ္စည်းဆို ပထမတန်းစား ချည်း သုံးချင်သူဆိုတော့ကာ လိမ္မော်ရည်မှာ Tropicana တံဆိပ်မှ သောက်ချင်တယ်။ သူက ဈေးနည်းနည်း များတယ်။ တစ်လီတာကို နှစ်ပေါင်နီးနီးလောက် ပေးရတယ်။ တစ်ခါတလေ တစ်ထိုင်တည်းသောက်ချင်သောက် ပစ်လိုက်တယ်။

တို့တိတို့တိ ဘိုဆန်ဆန်စားတတ်တော့ အဲဒီလို တစ်ခါတစ်ခါစားတာကလည်း တရုတ်ဆိုင် ထမင်းတစ်ခါ စားသလောက် ကုန်ကုန်သွားတာပါပဲ။

အခုပြောပြလို့သာ သေချာရေးပြနေရတာပါ။ တကယ်ကတော့ နံနက်ပိုင်းမှာ နံနက်စာကို မြန်မြန်ဆန်ဆန် ပြင်ဆင်ပြီး မြန်မြန်စားလို့ ကိစ္စပြီးလိုက်ရတာပါပဲ။

နောက် ၇ နာရီကနေ ၈ နာရီအတွင်းမှာတော့ အင်တာနက် နည်းနည်းကြည့်၊ သတင်းနည်းနည်း ရှာဖတ်၊ ဟိုလှည့်ဒီလှည့်နဲ့ အချိန်ကုန်သွားတာ များပါတယ်။ ရေချိုးတဲ့နေ့ဆို အချိန်က ပိုတောင် အကုန်မြန်သေးတယ်။

ရာသီဥတုကအေးတော့ ရေကတော့ နေ့တိုင်းမချိုးနိုင်ဘူးလေ၊ ဟုတ်ပါတယ်၊ ရေနွေးနဲ့ချိုးလို့ ရပါတယ်။ အချိန် မကုန်ချင်တာရော အေးတာရောအကြောင်းပြပြီး ရေကတော့ နေ့တိုင်းမချိုးပါဘူး။ ညစ်ပတ်တယ်လို့ ဆိုချင်ဆိုပါတော့။

ရုံးသွားပြီ

နံနက် ၈ နာရီဆိုရင်တော့ အိမ်ကနေ ထွက်မှရတယ်။ အခန်းတံခါးသော့ခတ်ပြီး အမြန်လစ်ပေတော့ပဲ။ အိမ်ကနေ ရုံးအထိ (သူတို့က door to door လို့ခေါ်တယ်) တစ်နာရီတိတိ သွားရတယ်။ ဒါတောင် မြေအောက်ရထားနဲ့ မို့လို့၊ double ducker လို့ခေါ်တဲ့ နှစ်ထပ်ဘတ်စ်ကားကြီးတွေစီးပြီးသွားရင် ဒီထက်ပိုကြာတယ်။

အိမ်ကနေ ရုံးဆို စိတ်ထင် ၁၅ မိုင်လောက်တော့ ရှိမယ်ထင်တာပဲ။ တစ်နာရီဆိုတာ ရထားလမ်းလည်းကောင်းမှ၊ တခြားဘာမှလည်း အခက်အခဲမရှိမှ တစ်နာရီကြတာဖြစ်ပါတယ်။

အိမ်ကနေ ဘူတာရုံကို ၁၂ မိနစ်ကနေ ၁၅ မိနစ် လျှောက်ရတယ်။ လျှောက်ကာစက ၁၇ မိနစ်တောင် မနည်းလျှောက်ရတယ်။ အခုတော့ ၁၄ မိနစ်က ပုံမှန်၊ မြန်မြန်လျှောက်ရင် ၁၁ မိနစ်ခွဲကနေ ၁၂ မိနစ်ကြာတယ်။ မြန်မြန်လျှောက်တော့ ခြေသလုံးကြွက်သားတွေ နာတယ်။

ရထားက ပုံမှန်ဆို နံနက် ၈ နာရီ ၁၉ မိနစ်မှာ ဘူတာကို ၀င်လာတယ်။ ဒီတော့ ဘူတာမှာ လေးမိနစ်ကနေ ငါးမိနစ်အထိ နားနိုင်တယ်။ ဘူတာဝင်ဝင်ချင်း (တနင်္လာမှသောကြာနေ့များသာ) Metro သတင်းစာတစ်စောင် ကောက်ဆွဲထားလိုက်ပြီး ရထားစောင့်ရင်းဖတ်၊ ရထားပေါ်လည်း ဖတ်၊ ဟိုဘက်ဘူတာဆင်းဖို့အချိန်ဆို သတင်းစာ အကြမ်းကြည့်ပြီး ကိုယ့်ဖတ်ချင်တဲ့ သတင်းတစ်ပုဒ်နှစ်ပုဒ်ဖတ်ပြီး ဖြစ်သွားတယ်။

သတင်းစာကို ဒီအတိုင်းပဲ ရထားပေါ်မှာ ထားခဲ့လိုက်ရင် နောက်တစ်ယောက်ကတွေ့တော့ ကောက်ဖတ်လိုက်မှာပဲ။ ကိုယ့်သတင်းစာကို ဘူတာအဆင်းအထိ ဆက်ယူခဲ့ပြီး ပြန်သုံးဖို့ Recycle လုပ်မယ့် ပုံးထဲပစ်ထည့်လိုက်လည်းရတာပါပဲ။ ကိုယ်ကတော့ တစ်ခါတလေမှ အဲဒီလို ယူလာပြီးထည့်လိုက်တတ်တယ်၊ အများအားဖြင့်တော့ ရထားပေါ်မှာပဲ နောက်တစ်ယောက် ဖတ်လို့ရအောင် ထားခဲ့လိုက်တာပါပဲ။

ရထားက ၂၅ မိနစ်လောက်ပဲ စီးရတယ်။ ဘူတာ ၁၂ ဘူတာဖြတ်စီးရတာဖြစ်တော့ တစ်ဘူတာနဲ့တစ်ဘူတာ ပျှမ်းမျှ ၂ မိနစ်မောင်းတယ်လို့တွက်ရတယ်။ အိမ်ကနေ ဘူတာအထိ လမ်းလျှောက်လာတုန်းကတော့ အေးလို့ ဂျက်ကတ်တွေ ဘာတွေဝတ်လာခဲ့ရပေမယ့် ရထားထဲမှာတော့ နွေးတယ်။

တစ်ခါတလေ ကိုယ်က ရထားထဲမှာ အိုက်တောင်အိုက်နေသေးတယ်။ အများအားဖြင့်တော့ ရထားထဲမှာ ခဏတဖြုတ်ပဲမို့ ဘယ်သူကမှ အပေါ်အင်္ကျီတွေ ပြန်ချွတ်မနေကြတော့ပါဘူး၊ ဒီအတိုင်းပဲ ဆက်ဝတ်ထားကြတာ များပါတယ်။ ဆောင်းတွင်းဆိုရင်တော့ ရထားက သိပ်ကောင်းတယ်၊ နွေးနေတာပဲလို့ပြောကြပါတယ်။

ရုံးက မြို့လယ်မှာရှိတော့ ရုံးနဲ့အနီးဆုံးဘူတာမှာ ဆင်းပြီး လမ်းလျှောက်ရင် နောက်ထပ် ၁၂ မိနစ်ကနေ ၁၅ မိနစ်လောက် လျှောက်ရပြန်တယ်။ ဒီတော့ ကိုယ်က အလွယ်တွက်ရင် နံနက်အိမ်ကနေ ရုံးသွားဖို့ နာရီဝက် လမ်းလျှောက်ပြီး နာရီဝက် ရထားစီးရတယ်။ ရထားစောင့်ချိန်ပါထွက်တွက်လိုက်တာကိုး။ လေ့ကျင့်ခန်းလို့ပဲ သဘောထားလိုက်ပါတယ်။

ဘူတာကနေ ရုံးကို လမ်းလျှောက်သွားတဲ့လမ်းမှာ Tesco တို့၊ Mark & Spencer တို့စတဲ့ စတိုးဆိုင်တွေ ရှိသေးတော့ ရုံးကို မုန့်တွေဘာတွေ ၀ယ်သွားမယ်ဆိုလည်း ဖြစ်တယ်။ အဲဒါကိုလည်း သဘောကျတယ်။ လန်ဒန်မြို့လယ်မှာကတော့ ဒီလိုစတိုးဆိုင်တွေ အများကြီးပါပဲ။

ရုံးချိန်

ရုံးချိန်ကတော့ ပုံမှန် ၉ နာရီကနေ ၅ နာရီပါပဲ။ ဒါပေမယ့် လုပ်ရင်းကိုင်ရင်း စကားပြောရင်း ၆ နာရီထိုးသွားတာ က များပါတယ်။ ကိုယ်က ဖြည်းဖြည်းအေးအေး လုပ်တတ်တော့ ည ၇ နာရီထိုးသွားတတ်တယ်။

ရုံးဆင်းလို့ အိမ်ပြန်ချိန်ဆိုလည်း အလာတုန်းကလို တစ်နာရီလောက် ကြာတာပါပဲ။ ဘူတာအ၀င်မှာ Lite ညနေသတင်းစာလေး တစ်စောင်ယူလိုက်ပြီး ဖတ်သွားလိုက်ရင် အိမ်နားက ဘူတာပြန်ရောက်သွားတာပါပဲ။

ဘူတာကနေ အိမ်ကိုလျှောက်တဲ့လမ်းပေါ်မှာလည်း ကုလား(အိန္ဒိယတိုက်သား)တွေ ဖွင့်ထားတဲ့ စတိုးဆိုင်တွေ ရှိသေးတော့ ညစာအတွက်ပဲဖြစ်ဖြစ် ကိုယ်လိုချင်တာပဲဖြစ်ဖြစ် ၀ယ်ပြီးပြန်လို့ရတယ်။ ရုံးအလာလမ်းပေါ်က စတိုးဆိုင်တွေမှာ ၀ယ်ခဲ့လည်းရတယ်။ ကိုယ်ကတော့ အဆင်ပြေသလို ၀ယ်တာပါပဲ။ ကိုယ်ကြိုက်တဲ့ပစ္စည်း အမယ်တွေကလည်း တစ်ဆိုင်မှာတစ်မျိုးမို့ ဆိုင်အစုံမှာ ၀ယ်ဖြစ်ပါတယ်။

၈ နာရီအစောဆုံး

မနက် ၈ နာရီက ကိုယ့်အခန်းလေးကနေ အပြေးအလွှားထွက်သွားလိုက်တာ ကိုယ့်အခန်း (၁၀ပေပတ်လည်၊ ငယ်ငယ်က ကျောင်းမှာသင်ခဲ့ရတဲ့ ရေနံမြေသပိတ်ထဲက ရေနံမြေက အလုပ်သမားမိသားစုတွေနေတဲ့
၁၀ ပေပတ်လည် အခန်းကျဉ်းလေးထဲမှာ ကိုယ်ကတော့ တစ်ယောက်တည်းနေရလို့ ကံကောင်းတယ်ပဲ ဆိုရမှာလားမသိ) ကိုယ်ပြန်ရောက်တော့ အစောဆုံးက ည ၈ နာရီ။

ရောက်ရောက်ချင်းတော့ တစ်နေကုန်ဝတ်ထားရတဲ့ ရှုးဖိနပ်ချွတ်၊ အ၀တ်အစားလဲ ခဏနား၊ အီးမေးလ်ကြည့်၊ တီဗီဖွင့် သတင်းကြည့်၊ နောက်မှ မျက်နှာသစ်၊ သွားတိုက်၊ ခြေလက်ဆေး။ နောက် ကော်ဖီဖျော်…အောက်ဆင်း နွားနို့ယူ၊ စားစရာတစ်ခုခုယူ၊ အခန်းထဲရှိတဲ့ ၀ယ်ခြမ်းထားတာထဲက စားချင်တာလေးတွေဖြေစားပြီး ဗိုက်ကို ဖြည့်တင်းလိုက်ပါတယ်။ ဒီလိုနဲ့ ည ၉ နာရီခွဲ ၁၀ နာရီကို ရောက်သွားတာပါပဲ။

နောက်တော့ တာဝန်အရ ဘာစာလေးများ ဖတ်ရမလဲ၊ ဘာဖတ်စရာရှိလဲ။ ဖတ်ရမှာလေးတွေ အပြေးအလွှား ဖတ်ကြည့်။ facebook လေး ဘာလေး အပြေးအလွှားသုံး၊ ပြုံးပြုံးနဲ့ တစ်ခါတလေလုပ်၊ comment တွေပေးနဲ့ ဟဲ ဟဲ အလုပ်တွေ ရှုပ်ပေါ့။

တစ်ခါတလေတော့လည်း အခုလို အော်…ဘလော့ဂ်တောင် မရေးတာကြာပြီ၊ ဘလော့ဂ်လေးမှာ ပို့စ်လေးတစ်ခု တော့ ရေးဦးမှဆိုပြီးရေး၊ ရေးဖြစ်အောင် ကြိုးစားပြီးရေး၊ တကယ်တော့ တစ်နေကုန်အလုပ်လုပ်နေရတာဆိုတော့ ပင်ပန်းနေပြီ။ ဒီလိုပဲ ပင်ပန်းပါတယ်ဆိုပြီး မရေးဖြစ်ရင် နောက်လည်း အမြဲပင်ပန်းနေဦးမှာမို့ ရေးဖြစ်တော့မှာ မဟုတ်ဘူးဆိုပြီး အတင်းဖြစ်ညစ်ရေး၊ တစ်ခါတလေ ဖတ်တဲ့သူတွေတော့ ဘယ်လိုခံစားရလဲ မသိဘူး။ ကိုယ့်စာ ကိုယ်ပြန်ဖတ်ရင်း ကိုယ့်ဟာကိုယ်တော့ သဘောတွေကျလို့၊ ဟီးဟီး ဟားဟားနဲ့တောင်ဖြစ်လို့။

တစ်ခါတလေတော့ ဘလော့ဂ်မရေးဖြစ်ဘဲ ရန်ကုန်က အမေနဲ့မိသားစုတွေ၊ ဆွေမျိုးတွေ၊ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေ ကျန်းမာချမ်းသာကြပါစေကြောင်း မေတ္တာပို့၊ ရထားတဲ့ ခန္ဓာကိုယ်ကြီးကို ဆင်ခြင်ပြီး တရားလေး ဘာလေး အာရုံရသလောက် သည်းခံနိုင်သလောက် ခဏထိုင်ကြည့်၊ သည်းမခံနိုင်ရင်တော့ ပြန်ထ။

ဒီလိုနဲ့ တစ်နေကုန်သယ်မထားရတဲ့ ခန္ဒာကိုယ်ကြီးဟာ ည ၁၁ နာရီကျော် ၁၂ နာရီမထိုးမီ စပ်ကူးမတ်ကူးမှာ ဘယ်လိုမှ ဆက်လက်ထောင်မတ်ခြင်းငှာ မစွမ်းဆောင်နိုင်တော့ဘူးလို့ ပြောလာသလိုပါပဲ။

ဒီလိုနဲ့ ခန္ဒာကိုယ်ကို မခင်တွယ်ပေမယ့် စစဦးက ဆိုခဲ့သလို မနက်ဖြန်လုပ်ရဦးမဲ့ ဖိအားပါသော အလုပ်တွေ အတွက် လန်းလန်းဆန်းဆန်းရှိရဦးမယ့်အကြောင်းကြောင့် နားဦးမှလို့ တွေးမိပြီး၊ အပေါ့အပါးသွား၊ ရေအ၀သောက်၊ နွေးနွေးထွေးထွေးဖြစ်အောင် ၀တ်စား၊ လျှပ်စစ်မီးလုံးကိုပိတ်လို့ တစ်နေ့တာ ပိတ်သိမ်းကုန်ဆုံးစေကာ ဒူဗေး duvet လို့ခေါ်တဲ့ ခြုံလွှာအောက် ၀င်ရောက် ခန္ဓာကိုယ်ကိုနွေးထွေးစေပြီး သကာလ မျက်လုံးမှိတ်လို့ အိပ်စက်လိုက်ရကြောင်းပါ။

လူကြီးမင်းတို့လည်း ဒီည အိပ်စက်တဲ့အခါ အိပ်မက်လှလှမက်ပါစေဗျာ။

နောက် ပြောကြဆိုကြသေးတာပါ့။

ည ၁၁ နာရီ ၄၅ မိနစ်၊ အောက်တိုဘာ ၁၂၊ ၂၀၀၉။