လူရယ်လို့ဖြစ်လာကတည်းက အဲဒီလူသားတွေရဲ့ ရာခိုင်နှုန်းပြည့်နီးပါးမှာ မိသားစုရှိကြပါတယ်။ သိပ်ကံမကောင်းတဲ့ သနားစဖွယ်ကလေးငယ်တချို့သာ မွေးမွေးပြီးချင်း စွန့်ပစ်ခံရလို့ မိသားစုမဲ့၊ မိမဲ့ဘမဲ့ ရှင်သန်လာကြရတာဖြစ်ပါတယ်။

မိသားစုဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ မိဆိုတဲ့ မိဘရယ်၊ သားဆိုတဲ့ သားသမီးရယ်ပါဝင်ပါတယ်။ ဇနီးမောင်နှံ နှစ်ဦးတည်းနဲ့ မိသားစုလို့ခေါ်လို့မရပါဘူး။ သား သို့မဟုတ် သမီး သို့မဟုတ် သားရောသမီးပါ ပါမှ မိသားစုဖြစ်လာတာပါ။

မိသားစုတစ်စုလို့ အခြေခံသတ်မှတ်ဖို့ဆိုရင် မိဘရယ် သားသမီးရယ်ပါဝင်ပြီး၊ အဘိုးအဘွားနဲ့ မြေးမြစ်တွေပါ ပါလာပြီဆိုရင်တော့ မိသားစုကြီးလို့ ခေါ်ရမှာပါ။ ဒီလိုဆို ပိုလို့နွေးထွေးပြီး အမြင်စုံ ခံစားမှုစုံတဲ့ နားလည် မျှဝေ မှုတွေကို ရရှိနိုင်ကြမှာဖြစ်ပါတယ်။

မိသားစုတန်ဖိုးဆိုတာလည်း ရှိပါတယ်။ နေ့စဉ်ရှင်သန်နေထိုင်ရတဲ့ ဘ၀မှာ လွတ်လပ်မှုရှိပြီး စိတ်ထဲရှိသမျှ လက်တွေ့ ထုတ်ဖော်တင်ပြနိုင်တာက မိသားစုမှာပါ။ ကိုယ့်မိသားစုနေထိုင်တဲ့ အိမ်မှာပါ။ တခြားနေရာတစ်နေရာ မှာဆိုရင်တော့ ကိုယ့်ခံစားချက်၊ ကိုယ့်ထင်မြင်ယူချက်၊ ကိုယ်ဖြစ်နေတာတွေကို အပြည့်အ၀ ထုတ်ဖော်နိုင်ခြင်း မရှိပါဘူး။ နည်းနည်းလေးတော့ မပေါ့မပါးနဲ့ ဟန်ဆောင်ပန်ဆောင် နေရပါတယ်။ အလိုက်အထိုက်လုပ်ရပါတယ်။

မိသားစုမှာတော့ အဲဒီလို လုပ်စရာမလိုပါဘူး။ ကိုယ်ပျော်ရင် ပျော်သလို၊ စိတ်ညစ်ရင် စိတ်ညစ်သလို၊ ၀မ်းနည်းရင် ၀မ်းနည်းသလို၊ ရယ်စရာရှိ အားရပါးရရယ်သလို စိတ်ကြိုက်နေထိုင်လို့ ရပါတယ်။ မိသားစုကလည်း လိုက်ပါခံစားလို့ ပျော်ပေး၊ စိတ်ညစ်ပေး၊ ၀မ်းနည်းပေး၊ ရယ်ပေးကြပါတယ်။ မိသားစု မဟုတ်ရင်တော့ ကိုယ့်ခံစားချက်ကို အပြည့်အ၀ လိုက်ပါခံစားနှစ်သိမ့်ပေးနိုင်မှာ မဟုတ်ပါဘူး။

မိသားစုနဲ့အနီးစပ်ဆုံး ခံစားမျှဝေပေးနိုင်တာကတော့ မိတ်ဆွေသူငယ်ချင်းတွေပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ ကိုယ်တို့တတွေဟာ အနာဂတ်ရေး၊ မိသားစုရေး မျှော်ကာတွေးလို့ ကိုယ့်ရဲ့မူရင်းမိသားစုကို ခွဲခွာပြီး အခြားတစ်ပါး ရပ်ရွာဒေသတွေမှာ သွားရောက်နေထိုင် လုပ်ကိုင်စားသောက်ရတာတွေ ရှိလာပါတယ်။ ဒီအချိန်မှာတော့ ကောင်းမွန်တဲ့မိတ်ဆွေအပေါင်းအသင်း ရရှိရေးဟာ အလွန်အရေးကြီးပါတယ်။

မိသားစုတွင်း အစည်းအဝေး၊ ပြဿနာတစ်ခုပေါ်ပေါက်လာရင် ၀ိုင်းဝန်းညှိနှိုင်းတိုင်ပင်ရတဲ့ ကိစ္စ၊ အထိမ်းအမှတ်တစ်ခုကို အတူတူပူးတွဲဝေမျှခံစားကြတာ၊ တစ်ယောက်နဲ့တစ်ယောက် ဖေးဖေးမမ စာစာနာနာ မျှဝေခံစားပေးနိုင်တာတွေဟာ မိသားစုရဲ့အရေးအကြီးဆုံး အစိတ်အပိုင်းနဲ့တန်ဖိုးတွေပဲဖြစ်ပါတယ်။

မနေ့ကတော့ အိမ်နဲ့စကားပြောဖြစ်ပါတယ်။ အမေ၊ နှမနဲ့ ညီငယ်တို့နဲ့ စကားပြောဆိုတိုင်ပင်ဆွေးနွေး မျှဝေဖြစ်ခဲ့ကြပါတယ်။ အိမ်ကိစ္စတစ်ခုကို အရေးတကြီးတိုင်ပင်ကြတာပါ။

အရေးကြီးတဲ့နေရာ တစ်နေရာရောက်တဲ့အခါ မျက်နှာကြောတွေ တင်းမာသွားတဲ့အထိ အကြိတ်အနှယ်ဆွေးနွေးရပါတယ်။ နောက်တစ်ခါ ရယ်စရာပေါ်လာတဲ့အခါမှာလည်း အားရပါးရ ရယ်မောလိုက်ကြတာ မျက်ရည်တွေပါတွေ ထွက်တဲ့ အထိပါပဲ (မျက်ရည်ပဲထွက်တာပါ)။

အဲဒီလို တစ်နာရီလောက်စကားပြောပြီးချိန်(ခံစားချက်တွေ အပြန်အလှန်သွန်ချ ဝေမျှပြီးချိန်)မှာ သက်သောင့်သက်သာဖြစ်သွားတဲ့ ခံစားချက်ဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး။ မိသားစုအရသာဆိုတာ အဲဒါပါပဲ။ လူသားတွေအတွက် အလွန်ပွင့်လင်းလွတ်လပ်တဲ့နေရာတစ်နေရာ ရှာကြည့်မယ်ဆိုရင် မိသားစုအပြင်ဘက်မှာ သိပ်တွေ့နိုင်မှာ မဟုတ်ပါဘူး။ ဒီလိုအရသာ ဒီလိုခံစားမှုကို မိသားစုထဲမှာပဲ ရအောင်ကြိုးစားရှာဖွေ ကြရမှာဖြစ်ပါတယ်။

လုပ်ငန်းခွင်မှာလည်း ဒီပုံစံမျိုး ပြဌာန်းလုပ်ကိုင်လို့ရပါတယ်၊ တကယ်စစ်မှန်တဲ့လုပ်ငန်းခွင်၊ မိသားစုဆန်တဲ့လုပ်ငန်းတွေမှာ ခုနပြောခဲ့သလိုမျိုး စစ်စစ်မှန်မှန်တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ တကယ်လုပ်နိုင်မယ်ဆိုရင်တော့ သိပ်ကောင်းပါတယ်။

ခက်တာက လုပ်ငန်းခွင်တွေမှာက တစ်ခါတလေအပြိုင်အဆိုင်တွေ၊ ကိုယ့်တာကိုယ် ကာကွယ်ရတာတွေ၊ တစ်ယောက်နဲ့တစ်ယောက် အလိုလို မကျေမနပ်ဖြစ်နေတာတွေ၊ မုဒိတာမပွားနိုင်တာတွေ ရှိနေနိုင်တာမို့ ခုနပြောတဲ့ မိသားစုလို အပြည့်အ၀ မရနိုင်တာ ဖြစ်ပါတယ်။

မိသားစုမှာတော့ အချင်းချင်း သနားကြင်နာမှု၊ မေတ္တာထားမှု၊ မုဒိတာပွားမှု၊ စေတနာထားမှု၊ တိုးတက်ဖြစ်ထွန်း ကြီးပွားစေလိုမှု၊ အားရကျေနပ်မှု၊ မျှဝေခံစားပေးနိုင်မှု စတာတွေတာ ထွန်းကားနေတာကြောင့် ပိုပြီးလွတ်လပ် ပိုပြီးအရသာရှိနေတာဖြစ်ပါတယ်။

မိသားစုမှာ ဒီလိုတရားတွေ ထွန်းကားအောင် မိဘတွေက ပြုစုပျိုးထောင်ပေးရသလို သားသမီးတွေကလည်း လိုက်နာကျင့်သုံးရပါတယ်။ ဒါပေမယ့် အခိုက်အတန့်ဆိုသလို မိသားစုတွင်းမှာလည်း မပြေလည်မှုတွေ၊ စိတ်ဆိုးနာကျည်းမှုတွေ၊ နောက်ဆုံး ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့အဆုံး ခွဲခွာ ကွဲထွက်သွားတာတွေလည်း ရှိနိုင်ပါတယ်။

အတ္တဗဟိုပြုထားတဲ့ လူသားတွေပီပီ ကိုယ့်အတ္တကို အနိမ့်ဆုံးနှိမ့်ချထားခဲ့ပါရက်နဲ့ အဲဒီအောက်အထိ ထပ်မံတာင်းဆိုတာကိုခံခဲ့ရပြီဆိုရင်တော့ လူသားဟာပေါက်ကွဲသွားနိုင်ပြီး ခွဲထွက်ဖို့လမ်းကို ရွေးချယ်သွားနိုင်တယ်ဆိုတာကိုလည်း သဘောပေါက်ထားရမှာဖြစ်ပါတယ်။

နောက်တစ်ခု စိတ်ဝင်စားဖို့ကောင်းတာကတော့ မိသားစုဆိုတာကလည်း တစ်မိသားနဲ့ တစ်မိသားပေါင်းစပ်ပြီး နောက်ထပ်မိသားစုတစ်ခု ဖြစ်တည်လာတာဖြစ်ပါတယ်။ ဆိုတော့ ပေါင်းစပ်မှုမှာ အခြေခံကောင်းတဲ့ ခိုင်မာတဲ့ ပေါင်းစပ်မှုမျိုးမဟုတ်ရင် တစ်ခါတလေမှာ ဘယ်လိုမှ ဆက်စပ်လို့မရနိုင်တော့ဘဲ အခြေတစ်ရပ်မှာ ကွဲကွာ သွားနိုင်ကြပါတယ်။ ဒါလေးကိုလည်း သတိထားကြရမှာဖြစ်ပါတယ်။

လုပ်ငန်းခွင်တွေ၊ အသင်းအဖွဲ့တွေ၊ နောက်ဆုံး အစိုးရဖွဲ့စည်းတဲ့အထိ မိသားစုတန်ဖိုးတွေကို အခြေခံပြီး ဖွဲ့စည်းနိုင်ခဲ့မယ်ဆိုရင် အလွန်ကောင်းမွန်တဲ့ အကျိုးရလဒ်ကို ခံစားရမယ်ဆိုတာကိုတော့ နှစ်နှစ်ကာကာ ယုံကြည်မိပါကြောင်းပါခင်ဗျာ။

မွန်းတည့် ၁၂ နာရီ၊ အောက်တိုဘာ ၁၁၊ ၂၀၀၉။