Latest Entries »

၂၀၁၃ ဇန်န၀ါရီ ၂၄ ကတော့ အမေရိကန်စစ်သမီးတွေအတွက် ကျား/မ တန်းတူ အခွင့်အရေး ရတဲ့နေ့လို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန် ပန်နက်တာက ၁၉၉၄ က ပြဌာန်းခဲ့တဲ့ အမျိုးသမီးစစ်သည်တွေကို ရှေ့တန်းမပို့ဖို့ ပြဌာန်းထားတဲ့ ဥပဒေကို လက်မှတ်ထိုး ရုပ်သိမ်းလိုက်လို့ပါပဲ။

Image

 

သမ္မတအိုဘားမားကလည်း ကာကွယ်ရေးဝန်ကြီးရဲ့ လုပ်ဆောင်ချက်ကို ကြိုဆိုလိုက်ပါတယ်။ အမေရိကန်တပ်ဟာ ပိုပြီး အင်အားကြီးလာတော့မယ်။ ကျွန်တော်တို့ရဲ့ အမေတွေ၊ အမတွေ၊ ဇနီးတွေနဲ့ သမီးတွေဟာ ကျွန်တော်တို့ချစ်တဲ့ ပြည်ထောင်စုကြီးကို အဓိက အခန်းကဏ္ဍကနေ ကာကွယ်နိုင်ခွင့် ရကြပါပြီလို့ သမ္မတအိုဘားမားက ပြောပါတယ်။

 

စစ်သားဆိုတာ ကျားကျားလျားလျား ရှိရမယ်ဆိုတာ မဟုတ်တော့ပါဘူး။ ကျားကျားမမ အဆင်ပြေပါပြီ။

စစ်သားဆိုတာ ကျားကျားလျားလျား ရှိရမယ်ဆိုတာ မဟုတ်တော့ပါဘူး။ ကျားကျားမမ အဆင်ပြေပါပြီ။

အမေရိကန်ကြည်းတပ်မှာ စစ်သား ၅၆၅၄၆၃ ရှိတာမှာ အမျိုးသမီးစစ်သည် ၇၆၆၉၄ ရှိပြီး ၁၃.၆ ရာခိုင်နှုန်း ရှိတယ်။ မရိန်းတပ်မှာတော့ စစ်သားစုစုပေါင်း ၂၀၁၁၅၇ ရှိပြီး အမျိုးသမီးစစ်သည် ၁၃၆၇၇ နဲ့ ၆.၈ ရာခိုင်နှုန်း ရှိပါတယ်။ ရေတပ်မှာတော့ စစ်သည် ၃၂၅၁၂၃ ရှိပြီး အမျိုးသမီးစစ်သည် ၅၃၃၈၅ နဲ့ ၁၆.၄ ရာခိုင်နှုန်း ရှိပါတယ်။ လေတပ်မှာတော့ စုစုပေါင်း စစ်သည် ၃၃၃၃၇၀ မှာ အမျိုးသမီးစစ်သည် ၆၃၅၅၂ နဲ့ ၁၉.၁ ရာခိုင်နှုန်း ရှိပါတယ်။

 

အခုတော့ အမေရိကန် အမျိုးသမီးစစ်သည်တွေ ရှေ့တန်းမှာ အမျိုးသား စစ်သည်တွေနဲ့အတူ တန်းတူ ရင်ဘောင်တန်း တာဝန်ထမ်းဆောင်နိုင်ပါပြီ။ ဒါကို အခုကစလို့ တဖြည်းဖြည်း ဆောင်ရွက်သွားမှာဖြစ်ပြီး ၂၀၁၆ လောက်ဆိုရင်တော့ အသားကျသွားလောက်မယ်လို့ မှန်းထားကြပါတယ်။

 

အမျိုးသမီးနဲ့ အမျိုးသားတန်းတူ အခွင့်အရေးရဖို့ကို အမျိုးသမီးအခွင့်အရေး လှုပ်ရှားဆောင်ရွက်သူတွေက နှစ်ပေါင်းများစွာ တောင်းဆိုခဲ့ကြတာမှာ ဒီအမျိုးသမီးစစ်သည်တွေအနေနဲ့ ရှေ့တန်းမှာ အမျိုးသားစစ်သည်တွေနဲ့တန်းတူ တာဝန်ထမ်းဆောင်နိုင်ဖို့ကလည်း တခု အပါအ၀င် ဖြစ်ပါတယ်။ အခုတော့ ရှေ့တန်း စစ်မျက်နှာတွေမှာ ကျား/မ တန်းတူ ထမ်းဆောင်နိုင်ပါတော့မယ်။ ဒါပေမဲ့လည်း အမျိုးသမီးစစ်သည်တွေဟာ အမျိုးသားစစ်သည်တွေလောက် စွမ်းဆောင်နိုင်ပါ့မလား ဆိုတာကလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

 

လောကဓမ္မတာအရ လက်ခံထားကြတာဆိုရင် အမျိုးသမီးတွေဆိုတာက အကာအကွယ်ပေးခံရသူတွေဖြစ်ပြီး အမျိုးသားတွေက ကာကွယ်ကြရတာ  ဖြစ်ပါတယ်။ ဒီတော့ ရှေ့တန်းမှာ တိုက်ပွဲဖြစ်နေဆဲမှာ အမျိုးသမီးစစ်သည်ကို အကာအကွယ်ပေးနေရရင် တိုက်ပွဲကို အားကောင်းမောင်းသန် မတိုက်နိုင်ဘဲ နောက်ဆံတင်းသလို ဖြစ်နေမယ်လို့ တွေးတောကြတာတွေလည်း ရှိနေပြန်ပါတယ်။

 

နောက်တခုကလည်း တိုက်ပွဲအတွက်ကို ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ရုံတင်မကဘဲ စိတ်ပိုင်းဆိုင်ရာလည်း တောင့်တင်းကြံ့ခိုင်ဖို့နဲ့  စိတ်ခံစားမှုတွေ ရှိမနေဖို့လည်း လိုအပ်ပါတယ်။  စစ်တမ်းတွေအရ အမျိုးသားစစ်သည်တွေမှာ စိတ်ပူနေရတာ တခုကလည်း ရှိပါသေးတယ်။ အမျိုးသမီးစစ်သည်တွေနဲ့ ရှေ့တန်းမှာ အတူတာဝန်ထမ်းဆောင်တဲ့အခါ အမျိုးသမီးစစ်သည်ရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စတွေကြောင့် စစ်သားချင်းကြားမှာ  စိတ်ဝမ်းကွဲမှုတွေ ဖြစ်သွားနိုင်တယ်လို့ ထောက်ပြပါတယ်။

 

နောက်တခုကလည်း အမျိုးသားစစ်သည်ချင်းဆို ဆဲဆိုလို့ ပြောချင်သလို ပြောနေတာတွေ၊ လုပ်နေတဲ့ အမူအရာတွေဟာ ဘယ်လိုမှ မနေပေမယ့် အမျိုးသမီးစစ်သည်တွေနဲ့ အတူတာဝန်ထမ်းထောင်တဲ့အခါ ပြောလိုက်တဲ့စကား၊ လုပ်လိုက်တဲ့ အမူအရာတွေက သူတို့ကို လိင်မှုဆိုင်ရာ မတော်မတရား လုပ်ပါတယ်၊ ထိပါးစော်ကားပါတယ်ဆိုတာမျိုး ဖြစ်သွားမလားဆိုပြီး အမျိုးသားစစ်သည်တွေမှာ ပူပန်မှုတွေလည်း ရှိနေကြပါတယ်။

 

ကာကွယ်ရေးဝန်ကြီးရဲ့ အခုလို အမျိုးသမီးစစ်သည်တွေကို ရှေ့တန်းမှာ တာဝန်ထမ်းဆောင်ခွင့် ပြုလိုက်တာကြောင့် အမျိုးသမီးတွေအတွက် အလုပ်အကိုင် အခွင့်အရေး ၂၃၇၀၀၀ ဟာ ပထမဆုံးအကြိမ် ထွက်ပေါ်လာတော့မှာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာက ရှေ့တန်းမှာ တာဝန်ထမ်းဆောင်ဖို့ ကျားဖြစ်ဖြစ်၊ မဖြစ်ဖြစ် အခွင့်အရေး ရှိရမှာ ဖြစ်ပေမယ့် လူတိုင်းတော့ ရှေ့တန်းမသွားလိုကြပါဘူးလို့ ပြောပါတယ်။ လောလောဆယ်တော့ အထူးတပ်ဖွဲ့နဲ့ ထောက်ပို့လို တပ်တွေမှာသာ အမျိုးသမီးစစ်သည်တွေ တာဝန်ထမ်းဆောင်နေကြရတာ ဖြစ်ပါတယ်။

 

အမေရိကန်တွေ ၀င်တိုက်ခဲ့တဲ့ အီရတ်နဲ့ အာဖဂန်နစ္စတန် စစ်ပွဲတွေ အတွင်းမှာ အမျိုးသမီးစစ်သည် နှစ်သိန်း ရှစ်သောင်းကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၅၀ ဦး ကျဆုံးပြီး၊ ၁၀၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

 

မရိန်းတပ်စစ်တမ်းတခုကတော့ အမျိုးသမီးစစ်သည် ၃၁ ရာခိုင်နှုန်းက ရှေ့တန်းသွားချင်တယ်လို့ ဆိုပါတယ်။ အမျိုးသမီးမရိန်း(ငြိမ်း) တယောက်ကတော့ အမျိုးသမီးတချို့ပဲ ရှေ့တန်းသွားဖို့ ရဲလိမ့်မယ်လို့ သူထင်တဲ့အကြောင်းနဲ့ အောင်ပါစေလို့လည်း ဆုတောင်းပါကြောင်း ပြောပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသမီးတွေ လိုချင်တဲ့ တန်းတူအခွင့်အရေးကတော့ အမေရိကန်တပ်မှာ ရခဲ့ပါပြီလို့ ဆိုပါရစေ။

 

အမျိုးသမီးစစ်သည်တွေ တာဝန်ထမ်းတဲ့ တခြားတပ်တချို့အကြောင်း တစေ့တစောင်း

 

ယူကေ- ယူကေစစ်တပ်မှာ အမျိုးသမီးစစ်သည်တွေကို တာဝန်ထမ်းဆောင်ခွင့်ပြုထားပေမယ့် ရန်သူကို ဆိုင်ရ၊ သတ်ရမယ့် ရှေ့တန်းကိုတော့ မပို့ရဘူးလို့ တားမြစ်ထားပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ ကာကွယ်ရေး ၀န်ကြီးဌာနက လေ့လာသုံးသပ်မှုတခု လုပ်ခဲ့ပေမယ့် အဖြေကို ပိုင်းပိုင်းဖြတ်ဖြတ် အပြတ် မပြောခဲ့ပါဘူး။ အဲဒီမှာတော့ အများကြားမှာ လက်ခံထားကြတာကို ထည့်တွက်တာ မဟုတ်ဘဲ လက်တွေ့ အခြေအနေတွေအရ ကျား/မ ရောထားတဲ့ ရှေ့တန်းတပ်တွေရဲ့ စွမ်းဆောင်ရည်ဟာ ကျားချည်းရှိတဲ့ တပ်လောက် စွမ်းဆောင်ရည် မကောင်းဘူးလို့ ယေဘူယျ သုံးသပ်တဲ့ အဖြေထုတ်ထားပါတယ်။

 

အစ္စရေး- အစ္စရေးစစ်တပ်ဟာ ကမ္ဘာပေါ်က တခုထဲသော အမျိုးသမီးတွေ စစ်မှုမထမ်းမနေရ စစ်တပ်ဖြစ်ပါတယ်။ အစ္စရေးစစ်တပ်တခုလုံး (ကြည်း၊ ရေ၊ လေ) ရဲ့ အရာရှိ ထက်ဝက်ကျော် (၅၁ ရာခိုင်နှုန်း) ဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ရှေ့တန်းစစ်မျက်နှာမှာတော့ စုစုပေါင်းစစ်သည်တွေရဲ့ သုံးရာခိုင်နှုန်းသာ အမျိုးသမီးစစ်သည်တွေ ဖြစ်ပါတယ်။

 

ကနေဒါ- လူအခွင့်အရေးအက်ဥပဒေ ၁၉၈၉ နဲ့ ကြားနာပြီးနောက် ခုံရုံးဆုံးဖြတ်ချက်နောက်ပိုင်း အာဖဂန်နစ္စတန်နဲ့ အီရတ်မှာ တာဝန်ထမ်းဆောင်တဲ့ ကနေဒါတပ်တွေရဲ့ ရှေ့တန်းထွက် တိုက်ပွဲဝင်တပ်တွေထဲမှာ အမျိုးသမီးစစ်သည်တွေ ပါဝင်ထမ်းဆောင် ကြပါတယ်။

 

နော်ဝေ- ရေတပ်ရဲ့ ရေငုပ်သင်္ဘောတွေမှာ အမျိုးသမီးစစ်သည်တွေကို ထမ်းဆောင်စေတာ နော်ဝေဟာ ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်ပါတယ်။  ၁၉၈၅ ကထဲက အမျိုးသမီးစစ်သည်တွေကို အမျိုးသားစစ်သည်တွေ ထမ်းဆောင်နိုင်တဲ့ နေရာတိုင်းမှာ တန်းတူညီ တာဝန်ထမ်းဆောင်ခွင့် ပြုခဲ့ပါတယ်။ အမျိုးသမီးတဦးကနေ ကာကွယ်ရေးဝန်ကြီး ဖြစ်ခဲ့ဖူးတဲ့ ခရစ္စတင်း ဒီဗိုး လက်ထက်မှာ အမျိုးသမီးစစ်သည် ဖြစ်လောက်မယ့် မိန်းကလေးတွေကို ပစ်မှတ်ထားပြီး အီးမေးလ်နဲ့ တယ်လီဖုန်း မတ်ဆေ့ခ်ျတွေ ပို့ပြီး တပ်သားသစ် စုဆောင်းခဲ့ပါသေးတယ်။

 

လစ်ဗျား- လစ်ဗျားမှာ အာဏာရှင် ဗိုလ်မှူးကြီး ကဒါဖီ ဖြုတ်ချပြီး မသတ်ဖြတ်ခံရခင်က သူ့ကိုယ်ရံတော်တပ်ဖွဲ့ကို အမျိုးသမီးတွေနဲ့ချည်း ဖွဲ့စည်းထားခဲ့ပါတယ်။ အမျိုးသမီး ၅၀၀ ကို စိတ်ကြိုက် ရွေးချယ်ပြီး နောက်ဆုံးပေါ် လက်နက်တွေ တပ်ဆင်ပေးလို့ သတ်ဖြတ်ခံ အာဏာရှင်ဟောင်းကြီးကို ကာကွယ်ပေးခဲ့ရပါတယ်။

 

၂၀၁၃ ဖေဖော်ဝါရီ ၄၊ ည ၁၁ နာရီ။

လန်ဒန်။

 

Source: The Independent (26th, Jan 2013) and 

Women in Combat: Lifting the Ban for Better or Worse? By Kylie Schultz

(http://www.theinternational.org/articles/329-women-in-combat-lifting-the-ban-for-bett)

သတင်းထောက်တယောက်ဟာ စာရေးဆရာတွေလို ဖွဲ့နွဲ့ပြီး ရေးတတ်ချင်မှ ရေးတတ်မယ်၊ ရေးတတ်ချင်ရင်လည်း ရေးတတ်မယ်။ အဓိက က သူ သိထားတာ၊ မေးမြန်းစုံစမ်းထားတာတွေကို သတင်းဖတ်သူ၊ သတင်းသိလိုသူတွေ အနေနဲ့ ရှင်းရှင်းလင်းလင်း သိမြင် နားလည် သဘောပေါက် သွားအောင် ပြောတတ်၊ ရေးတတ်ရပါတယ်။

ဟိုတရက်က ဘီဘီစီရဲ့ နာမည်ကြီး သတင်းထောက်နဲ့ ဘီဘီစီ ကမ္ဘာ့ရေးရာ အယ်ဒီတာ ဂျွန် ဆင်ပဆင်ရဲ့ စာအုပ်ပါးလေးကို ပြန်လှန်မိတယ်။ သူက အခု အသက် ၆၈ နှစ် ရှိပြီ၊ သူ့အသက် ၂၆ နှစ် က စလို့ ဘီဘီစီတခုထဲမှာပဲ သတင်းထောက်လုပ်လာလိုက်တာ အခုဆို သတင်းထောက်လုပ်သက်က နှစ်ပေါင်း ၄၀ ကျော်နေပြီ။ နိုင်ငံပေါင်း ၁၂၀ ကျော် သွားလို့ သတင်းတွေ လိုက်တယ်၊ ကမ္ဘာ့ခေါင်းဆောင်တွေကို အင်တာဗျူး လုပ်တယ်။

ဂျွန်က စစ်ဖြစ်နေတဲ့ နေရာ သုံးဆယ်ကျော်ကိုလည်း ရောက်ခဲ့တဲ့ သူ… အင်မတန် အတွေ့အကြုံ များသူပေါ့။ သူ့စာအုပ်ဆိုတာကအ Twenty Tales from the War Zone တဲ့။ စစ်ဇုန်ထဲက ဖြစ်ရပ် ၂၀ ဆိုပါစို့… စာအုပ်က တခြား အင်္ဂလိပ်စာအုပ်တွေထက် စာရင် ၁၀ ပုံ တပုံလောက်သာ ရှိတာပါ၊ တကယ့်ပါးပါးလေး… စာအုပ်အထူကြီးတွေကို မုန်းတဲ့ ကျွန်တော့်အတွက်တော့ အံကျပေါ့။

အဲဒါလေးတွေ ဖတ်ပြီးတော့ ဒါမျိုးလေးတွေ ငါလည်း ရေးတတ်လိုက်ချင်တာပေါ့၊ သူ ရေးတာလေးတွေက တကယ့်ပေါ့ပေါ့ပါးပါးလေး။ တကယ်တော့ ဂျာနယ်လစ် လုပ်တဲ့သူဟာ အမှတ်အသား ကောင်းဖို့ လိုတယ်၊ ကျွန်တော့်လို ဂျာနယ်လစ်လည်း လုပ်၊ စာတွေလည်း ရေးထုတ်ချင်တယ် ဆိုရင်တော့ ပိုလို့တောင် မှတ်မှတ်သားသား လုပ်ဖို့ လိုတယ်။ မှတ်တမ်းမှတ်ရာတွေ စနစ်တကျ ထားရမယ်။ ကျွန်တော်က အဲဒီလို မဟုတ်… ပေါ့လွန်းတယ်။

မမှတ်ထားပေမယ့် တခြားလူတွေလိုပဲ ရင်ကိုခတ်လာတဲ့ အကြောင်းအရာလေးတွေကျတော့ ဘယ်အချိန် စဉ်းစားစဉ်းစား မှတ်မိနေတတ်တယ်။ ဘီဘီစီက တိုက်ဆိုင်လာတဲ့ အခါတိုင်း အထူးအစီအစဉ်တွေ လုပ်နေရတာဆိုတော့ အမျိုးသမီးများ အကြမ်းဖက်ခံရမှုမှ ဆန့်ကျင်ကာကွယ်ရေး Violence Against Women အတွက် အထူး အစီအစဉ်လေးတခု ကျွန်တော် လုပ်ဖူးတယ်၊ မှတ်မိနေတယ်။

“အားကိုးရတဲ့သူ (အဖွဲ့အစည်း) ရှိရင် သူ့အခက်တွေကို ဖွင့်ဟတိုင်ပင်ချင်တယ်“ လို့ သူနာပြု ဆရာမလေး တယောက်က အထူးအစီအစဉ်အတွက် ကျွန်တော့်ကို ပြောပြတယ်။ ဆရာမလေးက အချစ်ကို တွေ့တယ်၊ အချစ်ကို ခံစားတယ်၊ နောက်တော့ အချစ်ကို ကိုးကွယ်လိုက်တယ်။ အချစ်ကို သူက ဆေးလို့ ထင်တယ်၊ တကယ်တမ်း ဘေးကျတော့ သူ မခံစားနိုင်တော့ဘူး။ သူများကို ဝေဒနာသက်သာအောင် ပြုပေးနေသူက အချစ်ဆေးစားမှားလို့ ဝေဒနာတွေ မခံမရပ်နိုင်လောက်အောင် ဆင့်ကာဆင့်ကာ တိုးခဲ့တယ်။ အဆုံးမတော့… မအောင်မြင်တဲ့ အိမ်ထောင်ရေးမှာ သူအကြီးအကျယ် ဖျားနာနေခဲ့တယ်။

အချစ်တခုရဲ့ သက်တမ်းဟာ အိမ်ထောင်မကျခင်မှာ ဆွဲနိုင်သလောက် ဆန့်ထားနိုင်ပေမယ့်လို့ အိမ်ထောင်ကျတဲ့အခါ အချစ်ဟာ လုံးပါးပါးပြီး ဆုံးပါးသွားတတ်တယ်လို့ အချစ်ရှုံးသမားတချို့က ဆိုကြတယ်၊ အိမ်ထောင်ဟာ အချစ်ရဲ့ သင်္ချိုင်းလို့တောင် တချို့က စုတ်ချက်ကြမ်းကြမ်း ရေးထားတဲ့ ပန်းချီကားတချပ်လို ဖွဲ့ဆိုကြတတ်သေးတယ်။

မြန်မာအမျိုးသမီးတဦးဟာ သူ ချစ်တဲ့သူကို တရားဝင် အတူနေခြင်းဆိုတဲ့ ကစားပွဲ (အိမ်ထောင်ပြုခြင်း) နဲ့ မိမိကံတရားနဲ့ ကိုယ်စိတ်နှစ်ပါးကို အလဲအထပ်ပြုပြီး လောင်းကစားလိုက်တဲ့အခါ အောင်တဲ့အခါ တော်ပါသေးရဲ့၊ အရင်းကျတဲ့အခါ မထောင်းသာသေးဘဲ ရှုံးတဲ့အခါမှာတော့ မျက်ရည်နဲ့မျက်ခွက် ဖြစ်သွားတတ်ပါတယ်။ ကုန်ရှုံး တခေါက်၊ လင်ကုန်ရှုံး တသက်လုံးမှောက်လို့ စကားပုံထားတွေ ရှေးက ရှိခဲ့တယ်။

မြန်မာပြည်မှာက ၂၀၁၀ ရွေးကောက်ပွဲအပြီးကျမှသာ အဘက်ဘက်က ပွင့်လင်းမှုတွေ တဖြည်းဖြည်းချင်း လန်းဆန်းလာခဲ့တယ်၊ အစိုးရအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ လှုံ့ဆော်ရေးမှူးတွေ၊ အနုပညာရှင်တွေ၊ စာပေပညာရှင်တွေနဲ့ သတင်းစာဆရာတွေက မှန်တယ်ထင်တာကို ရဲရဲဝံ့ဝံ့လုပ်ခွင့် ရခဲ့ကြတယ်။ ဒါတောင် မလုပ်ရဲသူတွေ၊ အရိုးစွဲကြောက်နေသူတွေ၊ ချင့်ချိန်စောင့်ကြည့်နေသူတွေကလည်း အများကြီးမှ အများကြီး ကျန်နေကြသေးတယ်။

ဒီအချိန်မှာ လုပ်ရဲသူ၊ စွမ်းတဲ့သူတွေက အမျိုးသမီး အခွင့်အရေးတွေကို တွင်တွင်ကျယ်ကျယ် ပြောလာဆိုလာကြတော့ မြန်မာအမျိုးသမီးတွေရဲ့ အိမ်တွင်းအကြမ်းဖက်ခံရမှုဆိုတဲ့ အကြောင်းအရာဟာလည်း ကျွဲကူးရေပါဆိုသလို ဒီအပြောင်းအလဲ ရေစီးမှာ ပါလာခဲ့တယ်၊ အသံတွေ ထွက်လာကြတယ်။ မိန်းမတွေက မိန်းမတွေအကြောင်း ပြောကြဆိုကြတော့ တခါတခါ အသံတွေက ထွက်လွန်လွန်းလို့ ညံလာသလိုတောင် ဖြစ်ခဲ့တယ်။

ကိုယ့်အမျိုးသမီးက တပါးသူနဲ့ ဖောက်ပြားနေရင်တောင် (မျောက်မထား) ရှူးရှူးဒိုင်းဒိုင်းနဲ့ သတ်မယ်ဖြတ်မယ် လုပ်စရာ မလိုပါဘူး၊ စည်းကမ်းနည်းလမ်းတကျ အေးအေးဆေးဆေး ဖျောင်းဖျ ဒါမှမဟုတ် လမ်းခွဲဖို့ကို ပြောရမယ်၊ သူ့အခွင့်အရေး လူ့အခွင့်အရေးတွေ ရှိတယ်လို့ ဟောပြော သွန်သင်တာတွေကို လက်မခံဘူးလို့ ပြောဆိုတဲ့ ယဉ်ကျေးမှုသစ်ကို စိုးရွံ့သူတွေလည်း ရှိကြတယ်။

မြန်မာ့ယဉ်ကျေးမှုမှာက “သားကို သခင်၊ လင်ကို ဘုရား“ ဆိုတဲ့ ကျားလွှမ်းမိုးမှုကို အားပေးထားတဲ့၊ လက်ခံထားတဲ့ အယူအဆ ရှိတယ်။ ကျားတွေက ဒါကို သဘောကျကြပေမယ့် မိန်းမတွေ အများစုကလည်း ဒါကို သည်းသည်းသန်သန် မပယ်လိုပါဘူး။ ဒါပေမဲ့ လွန်ကျူး စော်ကားတာမျိုးကိုတော့ သူတို့ ဘယ်လိုမှ နှစ်မြို့မှု မရှိကြဘူး။ အခုတော့ အိမ်တွင်းအကြမ်းဖက်မှုကို အမျိုးမျိုး အစားစား ခွဲကြပြန်လေတော့ အကြမ်းဖက်မှုတွေက အများကြီးမှ အများကြီး ရှိလာတယ်။

အိမ်တွင်းအကြမ်းဖက်မှုတွေကို တချို့ကလည်း သိသိနဲ့ လုပ်ကြတယ်၊ တချို့ကလည်း မသိလို့ လုပ်ကြတယ်။ မိန်းမတွေဘက်ကျ တချို့က သိရက်နဲ့ အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကို အကြောင်းကြောင်းကြောင့် ထောက်ထားပြီး သကာလ ဘာမှ ခွန်းတုံ့မပြန်ဘဲ ဒူးနဲ့မျက်ရည် သုတ်ကြတယ်၊ တချို့ကျလည်း ကိုယ်ခံနေရလို့ ခံနေရမှန်းတောင် မသိကြဘူး။

အခုမှ တချို့က အသံတွေ ထွက်လာတယ်၊ အော်ဟစ် ထုတ်ဖော်လာကြတယ်၊ ဆိုင်ရာတွေကို တိုင်တန်းလာကြတယ်။ အခုဆို အမျိုးသမီးတွေကိုယ်တိုင် မြန်မာ့အရိုးစွဲ ယဉ်ကျေးမှု အဟောင်းတွေကနေ သစ်လွင်တဲ့ ယဉ်ကျေးမှုဘက် (ကောင်းတဲ့ ယဉ်ကျေးမှုသစ်) ဆီ ချီတက်ကြဖို့ ကြံဆလာကြတယ်။ အမျိုးသမီး အခွင့်အရေးအတွက် အမျိုးသမီးတွေ ကိုယ်တိုင်ကသာ ပါဝင် ဆောင်ရွက် တောင်းဆိုကြမယ်ဆို မရနိုင်စရာမှ မရှိတာဘဲ…၊ ကိုယ့်အခွင့်အရေး ကိုယ်သိလို့ ကိုယ်တောင်းဖို့ပဲ ရှိတာ မဟုတ်ပါလား။

မိန်းမတယောက်ဟာ ခင်ပွန်းဆိုးနဲ့ ကံဆိုးစွာ နေထိုင်ခဲ့ရပြီးနောက် သူရဲ့ မူလလူသားအခွင့်အရေး ပြန်ရနိုင်ဖို့ ကံကောင်းသွားချိန်၊ ဘုရားသခင်နဲ့ မိဘဆရာသမားတွေ စောင့်ရှောက်လာချိန်၊ မိတ်ဆွေ မောင်ဘွားတွေရဲ့ ကူညီမှု ရသွားချိန်မှာ အဲဒီ လင်ယောက်ျားနဲ့ ကွာရှင်းခွင့် ရသွားခဲ့လို့ ပထမဆုံး အိပ်စက်ရတဲ့ ညဟာ အင်မတန်မှကို နှစ်နှစ်ခြိုက်ခြိုက် ရှိလွန်းလှသတဲ့။ ကိုယ်ကာယအားဖြင့်သော် လည်းကောင်း၊ စိတ်အားဖြင့်သော် လည်းကောင်း နှိပ်စက်ခံရတဲ့ ဘေးဒဏ်ကနေ လွတ်မြောက်ခဲ့ရသူတိုင်းက ဒီအရသာကို နားလည်နိုင်မယ်လို့ ထင်ပါတယ်။

မိန်းမတွေရဲ့ အခွင့်အရေးဟာ လူ့အခွင့်အရေးပါပဲ၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ တန်းတူ ပါဝင် ဆောင်ရွက်ခွင့်၊ ဘဏ္ဍာရေး လွတ်လပ်ခွင့်နဲ့ ယောက်ျားတွေ ဆောင်ရွက်နိုင်တဲ့ ကိစ္စတော်တော်များများကို လူသားတယောက် အနေနဲ့ တန်းတူဆောင်ရွက်ခွင့် ရဖို့၊ ယူဖို့ပဲ ဖြစ်ပါတယ်။

ထပ်ဆင့်ဆိုရရင် ပညာတန်းတူ သင်ကြားခွင့် (သတ်မှတ် အမှတ်တန်းတူနဲ့ တက္ကသိုလ် ဘာသာရပ် ရွေးချယ် လျှောက်ထားပိုင်ခွင့်)၊ အရည်အချင်းညီရင် အလုပ်အကိုင် ရာထူး၊ လုပ်ခ/ လစာ တန်းယူ ရယူပိုင်ခွင့်၊ အရိုးစွဲ ယဉ်ကျေးမှုကြောင့် နောက်ချန်နေရာကနေ ယဉ်ကျေးမှုသစ်မှာ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး နေရာစုံမှာ တန်းတူ အနေအထားတူ ရယူပိုင်ခွင့်တွေ ရကြရမယ် မဟုတ်ပါလား။

ယဉ်ကျေးမှုတရပ်၊ တော်လှန်ရေးတရပ်ဟာ ဘယ်သောအခါမှ လွယ်ကူခဲ့တာတော့ မရှိပါဘူး။ အတွန်းအတိုက်၊ အထိုးအခုတ်၊ အပြေးအလွှားနဲ့ သွေး၊ ချွေး၊ ကိုယ်ဒုက္ခ၊ စိတ်ဒုက္ခတွေ ရင်းနှီး၊ ပေးဆပ်၊ ကျော်လွှား ဖြတ်သန်းရတာချည်း ဖြစ်ပါတယ်။ ရောင်နီ မလာခင် ညဥ့်နက်တွေ ဖြတ်ကျော်ရတာ သဘာဝကြီးထဲက သဘာဝလေးတခုပါ။

ယဉ်ကျေးမှုတွေ၊ နှုန်းစံတွေ၊ တရားဥပဒေတွေ၊ သဘာဝတွေ၊ အမြင်တွေ၊ အယူတွေဟာ လူတွေက ပြဌာန်းလို့ လူတွေကိုယ်တိုင်က လိုက်နာ ကျင့်သုံးကြတာမျိုးပါ။ ဒါတွေကို ပြောင်းဖို့က လူတွေကပဲ ပြောင်းရမှာ မဟုတ်ဘူးလား။ မြန်မာဟာ ယဉ်ကျေးတဲ့ လူမျိုး၊ ညှာတာ ထောက်ထား၊ သနားကြင်နာတတ်တဲ့ လူမျိုး၊ သဘောဖြူ အူစင်းတဲ့ လူမျိုး၊ မိခင်ကို ရိုသေ လေးစားတဲ့ လူမျိုးဆိုရင် အမျိုးသမီးတွေကိုလည်း တန်းတူထား လေးစားကြရမှာ မဟုတ်ဘူးလား။

အိမ်တွင်းအကြမ်းဖက်မှုတွေ မရှိတဲ့နိုင်ငံ၊ အမျိုးသမီးတွေကို ထိပါးစော်ကားတာ ဘာလဲဆိုတာ မသိတဲ့နိုင်ငံ၊ အဖြူရောင် ချစ်ခြင်းမေတ္တာတွေကို အရောင်မဆိုးတဲ့နိုင်ငံ၊ ရွှေရောင်သစ်တဲ့ အနာဂတ်အတွက် ခွန်အားပြည့်တဲ့ ပြည်သူတွေကို မွေးထုတ်မယ့် အဖိုးထိုက်တဲ့ ၀မ်းကြာတိုက်ပိုင်ရှင်တွေ ပျော်ရွှင်စွာ နေထိုင်ကြတဲ့ နိုင်ငံဖြစ်စေဖို့ဆိုရင် သူနာပြုဆရာမလေးလို သူကလေးတွေ စိတ်လက် အေးချမ်းစွာ ရှင်သန်နေကြဖို့ လိုတယ် မဟုတ်လားဗျာ။ သူတို့ ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာ အိပ်စက်နားနေနိုင်မယ်ဆို ကျွန်တော်တို့ ချမ်းသာတာ မဟုတ်ဘူးလား၊ ကျွန်တော်တို့ တိုင်းပြည် ချမ်းသာတာ မဟုတ်ပါလားဗျာ။

၂၀၁၃ ဧပြီ ၂၂၊ မွန်းလွဲ ၂ နာရီ။
လန်ဒန်။
Image

မြန်မာ့ဒီမိုကရေစီပန်းဖူးနဲ့အတူ အပြိုင်ဖူးရုံမက ပွင့်လို့ အာလို့ ကြွေဖို့တောင် တာဆူနေတာက သတင်းသမားတွေထဲက သတင်းသမားတွေပေါ့။ ဒါဆိုရင် အအာလွန်လို့ ကြွေသွားခဲ့ရင် အစားထိုးဖို့ ပြင်ဆင်ထားဖို့ လိုပေလိမ့်မယ်။ ဘယ်သူ သတင်းထောက် လုပ်ကြမလဲ၊ တကယ်တော့ ဘယ်သူမဆို သတင်းထောက် လုပ်နိုင်သားပဲ မဟုတ်လား။ ကြည့်ကြရအောင်ဗျာ။

 နှစ်နှစ်ရွယ်ကစလို့ စကားစမ်းတယ်ဆိုပါစို့…၊ ပေပေ… မေမေနဲ့ စလိုက်ခဲ့ရင် နောက်တော့ ဖိုးဖိုး ဖွားဖွား ရလာလိမ့်မယ်၊ စားမယ်၊ သွားမယ်၊ ကောင်းတယ်ကနေ ကြိုက်ဘူး၊ ခါးတယ် အလယ်ထားလို့ ဒါဘာလဲ၊ ဘာဖြစ်တာလဲ အဆုံး မေးခွန်းတွေနဲ့ ထွေးလုံးလာတော့မယ်။ မဖြေနိုင်ရင် ဒါမှမဟုတ် စိတ်မရှည်တဲ့ မိခင်ငယ်လေးမျိုးက ကလေးငယ်လေး ခေါင်းကို တိန်ကနဲမည်အောင် ခေါက်လို့ “လျှာရှည်ဦး သေနာလေး… နင့်အဖေကို စိတ်ဆိုးရတဲ့အထဲ…“ ပြောတာမျိုးလည်း ဖြစ်သွားနိုင်တယ်။

 ဆိုချင်တာက လူရယ်လို့ ဖြစ်လာရင် စကားပြောတတ်စ အရွယ်ကထဲက သူများပြောတဲ့ စကားတွေကို နားထောင်တယ်၊ မရှင်းရင် မေးတယ် ဒါမှမဟုတ် သိချင်တာကို မေးတယ်။ လက်မခံရင် ငြင်းတယ်။ သတင်းထောက်ကလည်း သတင်းရင်းမြစ် ပြောတာကို နားထောင်တယ်၊ မကျေလည်ရင် ထောက်တယ်။ မပြောသေးတာကို နှိုက်တယ်၊ လိမ်ညာပြောနေရင် အမှန်က ဒီလို မဟုတ်လားလို့ စောဒက တက်တယ်။

 ဒါဆို ဘယ်သူမဆို သတင်းထောက် လုပ်လို့ မရဘူးလား။ လုပ်လေ… ရနိုင်တာပေါ့။ ဒီနေ့ခေတ်လို မြန်မာပြည်မှာ သတင်းစာတွေ၊ သတင်းဂျာနယ်တွေ၊ သတင်းနည်းနည်း စလွှင့်နေတဲ့ အက်ဖ်အမ် ရေဒီယိုလိုင်းတွေ၊ တိုက်ရိုက်တောင် မကြာခဏ ထုတ်လွှင့်လာနေပြီဖြစ်တဲ့ အစိုးရနဲ့ အစိုးရ-ပုဂ္ဂလိကဆက်စပ် ရုပ်သံလိုင်းတွေ များလွန်လွန်းလို့ သတင်းထောက်တွေ လိုမှလို၊ ကောင်းတဲ့ တော်တဲ့ လူတွေ မရလို့တောင် ရတဲ့လူနဲ့ လုပ်နေကြရတာ မြင်နေ/ ကြားနေရသားပဲ မဟုတ်လား။

 အဲ… သတင်းထောက် အလုပ်ဆိုတာက ဆော့သလိုတော့ လုပ်ကောင်းတဲ့အရာ မဟုတ်ပြန်ပေဘူး။ တခါ သတင်းထောက် ဖြစ်သွားရင် တသက်လုံး သတင်းထောက် ဖြစ်တတ်တယ် ဆိုတဲ့ ဆိုရိုးစကားတခု ကြားဖူးတယ်။ စွဲစေတတ်တဲ့ အလုပ်တွေထဲမှာ သတင်းထောက် အလုပ်ကလည်း ပါပေတယ်။ စိတ်မပါလို့… စိတ်တွေ နောက်ကျိ ရှုပ်ထွေးလောက်အောင် ဖိအားတွေ များလာလို့ “တော်ပါပြီ၊ စိတ်ကုန်တယ်၊ တောထဲက သစ်ပင်ပေါ်မှာ သွားနေမယ်“ ဆိုတာမျိုးက တနှစ်မှာ တခါ၊ နှစ်ခါ (တချို့လည်း အခါခါပေါ့) ဖြစ်တတ်ပေမယ့် တခြား အလုပ်ကိုလည်း ဘယ်လိုမှ မလုပ်နိုင်လောက်အောင် စွဲလောက်ပါတယ်လို့ဆိုရင် မောင်ရာ… လွန်တာပေါ့ကွာလို့ ပြောကြမလားတော့ မသိပါဘူး။

 မယုံရင် စမ်းကြည့်ပေါ့လို့ စိန်တော့ မခေါ်ဝံ့ပါဘူး၊ ဆက်ပါရစေဦး။ ဒီနေ့ခေတ်မှာက အင်တာနက်ကြောင့် ကွန်ပျူတာရှိသူတွေ၊ အခုဆို လက်ကိုင်တယ်လီဖုန်း ကောင်းကောင်းရှိသူတွေဟာ သတင်းအချက်အလက်တွေကို မြန်မြန်နဲ့များများ ရနေကြပါတယ်။ ဒီတော့ သတင်းကြောနပ်လာသလို၊ သတင်းပါးလည်း ၀လာကြပါတယ်။ ပြည်တွင်းရော နိုင်ငံတကာ သတင်းတွေကိုပါ အကြိမ်ကြိမ် အထပ်ထပ် ဖတ်နေ ကြည့်နေနိုင်တဲ့အတွက် တော်ရုံ သတင်းထက်ကို သုံးသပ် ဝေဖန် ပိုင်းခြားမှုတွေကိုလည်း သိလို ကြားလိုသလို ပြောခဲ့သလို ကြာလာတဲ့အခါမှာ ကိုယ်တိုင်လည်း မသိမသာကနေ သိသိသာသာ ပိုင်းခြားဝေဖန်သူ ဖြစ်လာပါတော့တယ်။

 သတင်းထောက်အဆင့်သာမကတော့ဘဲ သတင်းကို ပိုင်းခြားဝေဖန်နိုင်သူအဆင့်အထိ တက်လာတာဟာ သတင်းကို စောင့်ကြည့်နေတဲ့အကျိုးနဲ့ စူးစမ်းစိတ်ဖြာ အားသန်မှုတို့ကြောင့် ဖြစ်ပါတယ်။ ဒီနေ့ခေတ်လို ၀က်ဘ် တူးပွိုင့် ဇီးရိုးခေတ်မှာ သတင်းထောက်ပေးတဲ့ သတင်းကို ယူရုံတင်မဟုတ်တော့ဘဲ ကိုယ်တိုင်ကပါ ပိုင်းခြား ဝေဖန် တုန့်ပြန်မှုတွေကို ချက်ချင်း လက်ငင်း လုပ်လာနိုင်တဲ့ အကျိုးဆက်တခုကလည်း ရှိလာပါတယ်။ သတင်းဌာနတွေ၊ သတင်းစာတွေ၊ ဂျာနယ်တွေ ကိုယ်တိုင်ကကို ပရိသတ်ကို အဲဒီ အခွင့်အလမ်း ပေးလာရပါတယ်။

 နဂိုက ကိုယ်ချည်းပြောတယ်၊ ပေးတယ်။ အခုကျ ယူသူဘက်က အကောင်း/အဆိုး၊ ကျေနပ်၏/မကျေနပ်၏၊ လက်ခံတယ်/လက်မခံပါ ဆိုတာတွေကိုလည်း တပြိုင်နက်တည်း ပြန်လို့ လက်ခံလာရပါတယ်။ ဒီတော့ သတင်းဝိုင်းဟာ ပိုမြိုင်လာတယ်၊ မြိုင်လာသလို ဆူညံသံတွေလည်း ပါလာပါတယ်။ ရင်ထဲအရိုးခံ ဝေဖန် သုံးသပ်သူ ပါသလို၊ ဟုတ်ဟုတ် မဟုတ်ဟုတ် အော်မယ့်သူလည်း ၀င်လာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သတင်းနဲ့စပ်လို့ အသံတွေ ပိုများလာတာကတော့ သေချာပါတယ်၊ အရင်နဲ့ကို လုံးဝ မတူတော့ပါဘူး။

 ဟုတ်ပြီ၊ ဒီတော့ အခုလို အသံစုံတဲ့ခေတ်မို့ စောနပြောခဲ့သလို သတင်းကို လက်ခံယူနေကြတဲ့ သူတွေရော သတင်းထောက် အလုပ်ကို မလုပ်နိုင်ဘူးလား။ သိပ်လုပ်နိုင်တာပေါ့၊ တချို့လည်း လုပ်နေကြပါတယ်။ နိုင်ငံသားသတင်းထောက် အင်္ဂလိပ်လို စီတီဇင် ဂျာနယ်လစ် စီ-ဂျေတွေ ပေါမှပေါ မဟုတ်ဘူးလား၊ တခါတလေ သူတို့ကတောင် မြန်လွန်လွန်းလို့ အံ့သြလေးစားနေကြရတယ်။ ဒါပေမဲ့ သူတို့က သူတို့ တတ်သလောက်၊ မှတ်သလောက် လုပ်တာဖြစ်လို့ ဆိုခဲ့ပါအတိုင်း ပိုင်းခြားဝေဖန်မှုနဲ့ ချင့်ချိန်ဆက်စပ် စဉ်းစားရမယ့် တာဝန်ဟာ လက်ခံသူ၊ ယူသူမှာ ရှိလာတတ်တယ်။ ဒါက တပိုင်း…။

 ဒုတိယတပိုင်းကကျတော့ စီ-ဂျေ လုပ်တာမျိုး မဟုတ်ဘဲ တကယ့် သတင်းထောက်တွေ ကိုယ်တိုင်ကိုက ပိုင်းခြား ဝေဖန်မှု၊ သုံးသပ် ပြောဆိုမှုအထိ မသွားပါနဲ့ဦး…၊ ကိုယ်လိုက်ခဲ့တဲ့ သတင်းတပုဒ်၊ ရေးထုတ်လိုက်တဲ့ စာတပုဒ်ကိုပဲ ဖတ်သူ စိတ်ဝင်စားအောင်၊ အငြင်းထွက် စဉ်းစားတတ်အောင်၊ လက်ခံမှု/ငြင်းပယ်မှုတွေနဲ့ ငြိတွယ်သွားအောင် ရေးတတ်ဖို့မှာကိုပဲ အားနည်းနေသေးတာကို တွေ့တွေ့နေရပါတယ်။

 ရေဒီယိုနဲ့ ရုပ်သံသတင်းထောက်တချို့ဆို ပိုဆိုးသေးပေါ့၊ ပြောခဲ့သလို လူနဲ့ အလုပ်မှာ အလုပ်နေရာ လိုအပ်ချက်က ပိုနေပြီး လူက ရှားနေလေတော့ သတင်းရွှေခေတ်လို့ ဆိုနိုင်တဲ့ ဒီချိန်ဒီခါမှာ တီဗီကင်မရော ရှေ့မှောက်မှာတောင် စကားလုံးကွဲ ပီပီပြင်ပြင် ခရားရေလွှတ် မပြောနိုင်သေးတာ တွေ့ရပါတယ်။ သတင်းထောက်ဝါ အနည်းဆုံး လေးငါးနှစ် ရှိပြီးသူတွေတောင် အဲဒီလို မပြောတတ်ဘူးဆိုရင် မနေ့တနေ့ကမှ ၀င်လုပ်တဲ့ သူတွေဆို ဘယ်လိုလုပ်ကြမလဲလို့ စဉ်းစားစရာ ကောင်းပါတယ်။

 လူတိုင်းတော့ လုပ်နိုင်တယ်၊ ဒါပေမဲ့ နေရာရပြီးသူတောင် သပ်သပ်ရပ်ရပ် မလုပ်နိုင်သေးတာ တွေ့ရတော့… အခုတလော စိတ်ထဲ အာသီသ ပေါ်မိတာကတော့ ဖေ့စ်ဘုတ်ပေါ်ကနေ တည့်တည့်ရော ဆင်ခြင်သိနဲ့ပါ ကျွန်တော် ပညာယူနေရတဲ့ လူငယ်၊ လူလတ်၊ လူကြီးတွေများ ဒီနေရာတွေ ၀င်ပြီး၊ လစ်နေ လပ်နေတဲ့ မီဒီယာတာဝန်ကို ဦးထမ်းပဲ့ထမ်းလိုက်ကြရင် ဘယ်လောက် ကောင်းလေမလဲလို့ ရိုးရိုးသားသား ဖြစ်မိတာပါပဲ။

 တော်တဲ့သူဟာ ဘာလုပ်လုပ် ဖြစ်အောင်/ကောင်းအောင်/ထူးချွန်အောင် လုပ်တတ်ပါတယ်။ ဒီတော့ ကျွန်တော် မြင်နေရတဲ့လူတွေလည်း လုပ်ရင် ဖြစ်ကြမှာပါပဲ။ ဒီလောက်ကြီး မဟုတ်တဲ့ လူတွေတောင် လုပ်လို့ ဖြစ်သေးတယ်ဆိုရင် အများကြီး တတ်ထား၊ မှတ်ထား၊ လေ့လာထားတဲ့ သူတွေ အခြေခံ သတင်းထောက် လုပ်ဆောင်ချက်ကိုပဲ နည်းနည်းလောက် ဆ၀ါးကြည့်လိုက်ရင်ပဲ လုပ်လို့ ဖြစ်ကြမှာပါလို့ ဆိုချင်ပါတယ်။ တကယ်သာ လုပ်နိုင်ကိုင်နိုင်သူ ဖြစ်ပါစေလေ၊ အခွင့်အလမ်းနဲ့ ခံစားခွင့်တွေက တခြားအလုပ်တွေအောက် မလျော့ဘူး ဆိုတာကိုလည်း အာမခံနိုင်ပါတယ်။

 ကျွန်တော် ယုံပါတယ်၊ စကားပြောတတ်သူ နားကြားသူ စာရေးစာဖတ်တတ်သူတိုင်း လေ့လာ ကြိုးကုတ်မှုနဲ့ အားထုတ် ဖန်တီးမှု ရှိမယ်ဆို သတင်းထောက်ကောင်း ဖြစ်နိုင်ပါတယ်။ စိတ်ဝင်စားလို့ လုပ်မယ်ဆိုရင်တော့ သေချာ စဉ်းစား ဆုံးဖြတ်လိုက်ပါလေ… တခုတော့ ထပ်ပြီး သတိပေးလိုက်ပါရစေ… ဒီအလုပ်က စွဲတတ်ပါသလေ။

 

၂၀၁၂ နိုဝင်ဘာ ၂၂၊ ည ၁၁ နာရီခွဲ။လန်ဒန်။

အသံပေးပုံ ဟန်သွေးပုံလေး ကြိုက်တယ်

ဝတ်ပုံစားပုံ နေထိုင်ပုံလေး ကြိုက်တယ်

ကလက်အရောင် ရှက်သယောင်လေး ကြိုက်တယ်

မျက်လုံးဝင့်ပုံ မျက်ကုတ်မှောင်လေး ကြိုက်တယ်

အငွေ့ဝေးဝေး မှုတ်ထုတ်လိုက်တဲ့ နှုတ်ခမ်းဝလေး ကြိုက်တယ်

စိတ်လိုက်မာန်ပါ စာဖတ်တာလေး ကြိုက်တယ်

ခြေထောက်လိမ်ပုံ ကိုယ်လုံးထုတ်ပုံလေး ကြိုက်တယ်

ပျော့မနေတဲ့ လမ်းလျှောက်ဟန်လေး ကြိုက်တယ်

ဆံပင်ထားပုံ ထုံးဖွဲ့ဟန်လေး ကြိုက်တယ်

မျက်နှာကျပုံ ဖြူစင်ဟန်လေး ကြိုက်တယ်

စိတ်မဆိုးဘူး မပျက်ဟန်လေး ကြိုက်တယ်

အတ္တဖယ်ခွာ လူညှာတာလေး ကြိုက်တယ်

မင်းသမီးပဲ နတ်သမီးလေး ကြိုက်တယ်

အမှတ်ယူပုံ အကွက်ချုပုံလေး ကြိုက်တယ်

ထပ်မပြောဘူး ကြိုက်တယ် ကြိုက်တယ် ကြိုက်တယ်…။

တခုပါပဲ တခုထဲပါ အဲ့ တခုပဲ…

မကြိုက်ဘူး…။

 

၂၀၁၂ နိုဝင်ဘာ ၂၀၊ မနက် ၀၀း၃၄ နာရီ။

လန်ဒန်။

ဂီတဆရာလည်း တွေ့ရဲ့…

တေးသံသာတွေ ဖန်တီးသူပေါ့။

 

စကားတွေလည်း ဖောင်ဖွဲ့နေလေရဲ့…

သားရေးသမီးရေး ဆွေရေးမျိုးရေး

သူ့အကြောင်း လူ့အကြောင်းလည်း ပါမှာပေါ့။

 

နေရာလိုချင်သူတွေလည်း ရှိရဲ့…

အညောင်းပြေ အညာပြေ သက်သာအောင်ပေါ့။

 

စာဖတ်နေသူလည်း ပါရဲ့…

သတင်းတွေ၊ အတင်းတွေ၊ အပျင်းဖြေတာလည်း ဖြစ်မှာပေါ့။

 

အလုပ် လုပ်နေသူလည်း ရှိရဲ့…

အိမ်စာ၊ ရုံးစာ၊ အလုပ်စာ၊ အရှုပ်စာတွေနဲ့ပေါ့။

 

အော်ဟစ်သံတွေလည်း ဆူညံနေလေရဲ့…

လူငယ်တွေ၊ လူကြီးတွေ၊ မူးနေသူတွေနဲ့ ရူးနေသူတွေပေါ့။

 

ဘယ်လိုလဲ၊ ဘယ်ကိုလဲ…

ရထားကြီးကတော့ တဘူတာပြီး တဘူတာပေါ့။

 

ရပ်လိုက်၊ တက်လိုက်၊ ထွက်လိုက်၊ ရပ်လိုက်

မောင်းသူက မောင်း၊ စီးသူက စီး

တက်သူက တက်၊ ထွက်သူက ထွက်

သူလည်း တခါ၊ ကိုယ်လည်း တလှည့်ပေါ့။

 

အတွေးက တောင်ရောက် မြောက်ရောက်

အရှေ့ အနောက် ကွဲပြားမှု စဉ်းစားခန်းနဲ့

ရထားသံနဲ့ လူသံ၊ ကြားလိုက် မကြားလိုက်

ကျွန်တော်ကတော့ တယောက်ထဲပေါ့။

 

နိုဝင်ဘာ ၃၊ ၂၀၁၂။ နံနက် ၈ နာရီ ၁၅ မိနစ်။

လန်ဒန်။

သေးကျစ်တဲ့ ရင်အုံနဲ့

ကမ္ဘာသစ်ထဲ ထိုးခွဲလို့ မရနိုင်ဘူး၊

နှလုံးသား အဆမတန်ကြီးပါမှ

ခံစားမှု နည်းလိမ့်မယ်၊

အရာရောက်ချင်ရင်

အရေးကြီးတာကို သိရမယ်၊

ပမာမခန့်မျက်နှာ တပ်ထားရုံနဲ့

လောကကြီးက ကြောက်မသွားဘူး စိတ်ချ…၊

အားပါတဲ့ တရားတွေ ပြည့်ပါမှ

မနက်ရောင်နီတွေဟာ တောက်လိမ့်မယ်၊

ထုတ်ယူပါတော့ နုတ်ယူလော့…။

 

၂၀၁၂၊ အောက်တိုဘာ ၁၅၊ ည ၁၁ နာရီ။

လန်ဒန်။

by Myo Tha Htet on Thursday, 11 October 2012 at 21:52·

ကျွန်တော့်မှာ ထီးတချောင်း ရှိတယ်၊ အမေ ပေးခဲ့တာ ဖြစ်ပါတယ်။ သုံးဆစ်ချိုးမို့ မိန်းမဆောင်းထီးလို့ ပြောနိုင်ပါတယ်။ အနက်ရောင်ဖြစ်ပြီး အဖြူရောင်လိုင်းနဲ့ လေးကွက်ကျားဒီဇိုင်းမို့ မိန်းမတော့ သိပ်မဆန်ဘူးလို့ ထင်ရတာပါပဲ။ ရန်ကုန်ကနေ လန်ဒန်ကို အလာမှာ မိုးရွာရင် ဆောင်းရအောင် ပေးလိုက်တာလည်း ဖြစ်ပါတယ်။ ပထမတော့ မိုးရွာရင် ဆောင်းမယ်ဆိုပြီး ရုံးသွားတဲ့အခါ အိတ်ထဲထည့် ယူယူလာပါသေးတယ်။ နောက်တော့ ကျွန်တော့်မှာ လန်ဒန်မိုးရဲ့ ဖွဲဖွဲညင်းညင်း အေးအေးအရသာကို ကြိုက်မိပြီး ထီးကို ထုတ်မဆောင်း ဖြစ်ရာကနေ သယ်ရတာ လေးပါတယ်ဆိုပြီး ဆောင်တောင် မထားတော့ပါဘူး။

ဒါပေမဲ့ လန်ဒန်မှာလည်း တခါတခါ မိုးက မဖွဲဘဲ သည်းတဲ့ဘက်ကိုလည်း မရောက်ဘဲ ဖွဲပိုသည်းလျော့ ရွာတတ်ပြန်လေတော့ ထီးက ဆောင်းရပြန်ပါတယ်။ နို့မို့ရင် အိမ်နဲ့ဘူတာကြား ဒါမှမဟုတ် ဘူတာနဲ့ရုံးကြားကို ထီးအလွတ် လျှောက်လိုက်မိရင် တော်တော် ရွှဲစိုသွားနိုင်ပါတယ်။ ဒီတော့လည်း ဒီထီးလေးကို ဆောင်းရပြန်ပါတယ်။ မလိုရင် ပစ်ထားလိုက်၊ လိုရင် ထုတ်သုံးလိုက်နဲ့ ထီးက ကြာလာတော့ အရောင်နည်းနည်း မွဲလာပါတယ်။ အနက်ရောင်က မွဲရင် ဖြူရော်ရော် ဖြစ်လာပြန်ပါတယ်။ မိုးစိုပြန်ရင်တော့ အရောင်က စိုသွားပြန်ပါတယ်။

တလောက နယူးယောက်ကို သွားရတော့ ဒီထီးကို ထည့်ယူသွားဖို့ မသွားဖို့ ကျွန်တော် သုံးကြော့လောက် စဉ်းစားပါသေးတယ်၊ နောက်တော့ သယ်ရမှာတွေက တအား များတာနဲ့ ဒီထီးကို ထားခဲ့ဖို့ ဆုံးဖြတ်လိုက်မိတယ်။ ပထမရက်တွေမှာတော့ ကျွန်တော့် ဆုံးဖြတ်ချက်ဟာ မမှားပါဘူး ဆိုတာကို စဉ်းစားမိပြီး သဘောကျခဲ့ပေမယ့် နောက်နှစ်ရက် ကြာတော့ ငါ့ ထီးကလေး ယူခဲ့ရင် အကောင်းသားလို့ တွေးမိပါတော့တယ်၊ အကြီးအကျယ်လည်း နောင်တရမိပါတော့တယ်။

တည ဟိုတယ်ကနေ အပြင်ထွက်လို့ ညစာသွားစားတဲ့အခါ မိုးက နည်းနည်းစကျပါတယ်၊ အော်… ဒီမှာလည်း မိုးရွာတာပဲလို့ တွေးရင်း လန်ဒန်လို အောက်မေ့လို့ စိတ်အေးလက်အေးပဲ မိုးထဲမှာ ဆက်ထွက်ခဲ့ပါတယ်။ ဆိုင်ရောက်တော့ မိုးက တအားကုန် သည်းပါလေရော… ရန်ကုန်မိုးလိုပဲ အညှိုးကြီးကြီးနဲ့ကို ရွာတာ ဖြစ်ပါတယ်။ ဆိုင်ပေါက်ကနေ မိုးကို ကြည့်ပြီး သဘောကျတာကတော့ ပြောမနေပါနဲ့တော့… မိုးတွင်းမှာ ဖွားခဲ့သူလေးမို့ မိုးကို ချစ်တာကလည်း ကျွန်တော်ဟာ နှစ်ယောက်မရှိတဲ့သူပါ။

ကျွန်တော်က မိုးကို ချစ်သလောက် မိုးက ကျွန်တော့်ကို မချစ်ခဲ့ပါဘူး။ မိုးနည်းနည်း အသည်းလျော့ချိန်မှာ ဟိုတယ်ကို ပြန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဟိုတယ်ရောက်ချိန်မှာတော့ မိုးရေ တော်တော် ထိသွားခဲ့ပါပြီ။ ကျွန်တော် မှားသွားခဲ့တာက ရေချိုးချပစ်လိုက်ရမှာပါ၊ ဒါပေမဲ့ တကယ့်တကယ်ကျ ရေမချိုးဘဲ ဒီအတိုင်း အ၀တ်လဲပြီး နေလိုက်တော့ မကြာပါဘူး၊ ကိုယ်တွေ ပူတက်လာပြီး နေမထိ ထိုင်မသာ ဖြစ်တော့တာပါပဲ။

ပုံမှန်ဆိုရင်တော့ ကျွန်တော်ဟာ နေမကောင်း ဖြစ်ခဲပါတယ်၊ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် အားပျော့ချိန်မှာ နယူးယောက်မိုးက ကျွန်တော့်ကို ဆော့သရမ်းသွားပါတယ်။ ဘာဆိုဘာမှ မတတ်နိုင်တော့ဘဲ ကျွန်တော့်မှာ ခံရတဲ့ဘက်မှာပဲ ရှိခဲ့ပါတော့တယ်။ ပထမဆုံး မိုးကို စိတ်ဆိုးမိသလို ကျွန်တော့်ရဲ့ ထီးကလေးကိုလည်း ပိုလို့ သတိရခဲ့ပါတယ်။ ထီးကလေးအပေါ် လွမ်းစိတ်ကလေးတောင် ဖြစ်လို့… ဘာမဆိုင် ညာမဆိုင်…။

ကျွန်တော့်မှာ ထီးကလေး တချောင်း ရှိတယ်၊ ဒါပေမဲ့ ကျွန်တော် သူ့ကို ပစ်လို့ ထားခဲ့တယ်။ အရေးအကြောင်းကျ (သူ့ကို ကျွန်တော် လိုအပ်တဲ့ အချိန်မှာ) သူက အဝေးမှာ ရောက်နေတော့ ကျွန်တော့်ကို မကူနိုင်ဘဲ ဖြစ်သွားခဲ့တယ်။ တကယ်တော့ ထီးကလေးက သုံးဆစ်ချိုး ထီးကလေးသာရယ်ပါ၊ လူကြီး လက်တဆုပ်ပဲ ရှိတဲ့ သေးသေးသာသာ ထီးကလေး ဖြစ်ပါတယ်။ ထီးကလေးသေးပေမယ့်လို့ အလုံးအထည်ကြီးတဲ့ ကျွန်တော့်ကို သဘာဝ ဘေးဒဏ်ကနေ ကာကွယ်ပေးနိုင်စွမ်းတွေ လောက်လောက်လာလား ရှိနေတာကို ကျွန်တော် သဘောပေါက်သွားပါတယ်။

နယူးယောက်မှာက နောက်ရက်မှာလည်း မိုးက ရွာတာပါပဲ။ ကြယ်ပွင့်အရေအတွက်များတဲ့ ဟိုတယ်တွေမှာကျတော့ သပ်သပ်ရပ်ရပ် ဆေးနဲ့ သူ့ဟိုတယ် နာမည် ရိုက်နှိပ်ထားတဲ့ ချာလီထီးပုံစံ ခေါက်ချိုးလို့လည်း မရတဲ့ ဖဲထီးရှည်ကြီးတွေကို သူ့ဧည့်သည်တွေကိုရော သူ့ဧည့်သည်ရဲ့ ဧည့်သည်တွေကိုပါ ဖောဖောသီသီ ပေးပါတယ်။ ထီးအသစ်တွေ ထည့်ထားတဲ့ စက္ကူကတ်ပုံးလိုက် ပုံးလိုက်ကို ယူထုတ်လာပြီး ထီးတွေကို လိုသူတွေအတွက် ဝေပါတယ်။ ဒါနဲ့ ကျွန်တော့်မှာ ကံအကြောင်း သင့်ပြန်တော့ တုတ်ကောက်ပုံစံ ထီးရိုးရှည်တချောင်း ရလာပြန်ပါတယ်။

ဒီတော့ မိုးရွာတဲ့အခါ ဖွင့်ဆောင်းတယ်၊ မိုးမရွာတဲ့အခါ (ဒါမှမဟုတ် ဆောင်းဖို့ မလိုလောက်အောင် မိုးမသည်းတဲ့အခါ) ထီးရွက်တွေကို လိပ်ပတ်ချည်ပြီး တုတ်ကောက်ပုံစံ ကျွန်တော် သုံးတယ်။ နယူးယောက်မှာပဲ တရက်တော့ မြန်မာဝတ်စုံကို အကျအန၀တ်ပြီး (မိုးကလည်း မရွာတာနဲ့) ထီးထမ်း လမ်းလျှောက်နေခဲ့တယ်။ အဲဒီတော့မှ ကျွန်တော် ကိုယ့်ပုံစံအမှန်ကို ကိုယ်ပြန်ကြည့်မိပြီး သဘောပေါက်တော့တယ်။ လိုတဲ့အခါ သုံးဖို့ ကျွန်တော့်မှာ ထီးတချောင်း လိုနေခဲ့တာပဲ။

အဲ… တကယ်တော့ ကျွန်တော့်မှာ ထီးတချောင်း ရှိပါတယ်။ အဲဒီထီးကို အမေ ပေးခဲ့တာ ဖြစ်ပါတယ်။

၂၀၁၂ အောက်တိုဘာ ၁၁၊ ည ၉ နာရီ။

လန်ဒန်။

by Myo Tha Htet on Saturday, 6 October 2012 at 23:50·

အောက်တိုဘာ ၅ သောကြာ

ဒီတညကို ကျွန်တော် စောင့်နေခဲ့တာ ၄၇ ရက် ကြာခဲ့ပြီ။ ဘာရယ်မဟုတ် ညာရယ်မဟုတ် ဒီအရသာကို မွတ်သိပ်ခဲ့မိသူ…၊ လောကကို အလှဆင်တာ ဂီတ မဟုတ်လား။ မိုးတညမှာ ကျွန်တော် နိုးထဖြစ်ခဲ့ပြီ။ ဖိုလှိုက်ရင်မော မတီးဘဲနှင့် ကြားနှင့်ပြီ။ အဖော်မခေါ် တကိုယ်တီးရယ်နှင့် မိုးတညမှာ လွင့်လွင့်မျောခဲ့…။

မိုးက ပွဲသွားခါနီးမှ သည်းလှတယ်၊ လန်ဒန်မိုးကို ကျွန်တော်က ဂရုမစိုက်တတ်… ရွာချင်သလို ရွာပါစေ ထီးကိုမဆောင်၊ လန်ဒန်ရဲ့ ဒီမိုးဒီလေကြားမှာပဲ ထီးကို မကြင်ခဲ့တာ သုံးနှစ်တောင် လွန်ခဲ့မှပေါ့။ ဒီညတော့ မိုးဖျက်ပြီထင်ပါ့၊ မိုးက စွတ်ရွာနေတယ်လေ။ ကျွန်တော်ကလည်း ဇွတ်မိုက်တတ်သူမို့ မိုးသည်းထဲမှာပဲ အပြေးရှိခဲ့တယ်။ အောက်တိုဘာ ၅၊ သောကြာညဟာ ပိုပြီး မှောင်သလောက် ရက်စက်တယ်။

ဗိုလ်အောင်ဒင်ဟာ အဖြူအမည်းရုပ်ရှင်ထဲမှာပဲ ရှိတာ မဟုတ်ပါဘူး၊ သောကြာညထဲက ၀ါတာလူးဘူတာ အထွက်မှာ ရှိခဲ့တယ်၊ မိုးသည်းသည်းထဲက ၀ါတာလူး တံတားပေါ်မှာ ရှိခဲ့တယ်။ ရှူးပြောင်ပြောင်ဟာလည်း ရေစိုသွားခဲ့ပြီ၊ ဘိုကေမကျတကျ ဆံပင်တိုတိုတွေလည်း မိုးတွေစွတ်ခဲ့ပြီ။ မာဖလာတော့ မပါဘူး၊ ကုတ်အင်္ကျီနက်ပြာရောင်မှာလည်း ရေတွေခိုခဲ့ပြီ။ ဒါပေမဲ့ ကျွန်တော် မနားဘူး၊ ဂီတတခုဆီ အပြေးနှင်နေဆဲ… အိုဘယ့် သြခက်စတြာ…။

ည ၇ နာရီ ၃၀ မိနစ်

တော်ဝင် သဘင် ခန်းမ Royal Festival Hall ကို ကျွန်တော် ၀င်လိုက်ချိန်မှာ ၇ နာရီနဲ့ ၂၅ မိနစ်၊ စိုနစ်နေတဲ့ အပေါ်က ကုတ်အင်္ကျီကို ချွတ်တယ်။ အတွင်းက ရှပ်အင်္ကျီတထည်ရယ်၊ သိုးမွှေးတထပ် ကိုယ်ကျပ်စွယ်တာရယ်ကြောင့် ပရိသတ် ၂၇၀၀ ကျော် ၀င်ဆံ့တဲ့ ခန်းမကြီးထဲမှာ ရုတ်ချည်း နွေးထွေးသွားတယ်။ ရေစိုနေတဲ့ ဆံပင်တွေဟာ မိနစ်ပိုင်း အတွင်းမှာပဲ ကြမ်းတမ်း ခြောက်သွေ့လာတယ်။ (ဒီခန်းမကြီးထဲမှာပဲ ၂၀၁၂ ဇွန် ၂၂၊ သောကြာ တရက်မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယူကေနိုင်ငံရောက် မြန်မာ လူထုက ကြိုဆို နှုတ်ဆက်ခဲ့ကြဖူးတယ်၊ မေးမြန်း စကား ဆွေးနွေးခဲ့ကြဖူးတယ်)။

နေရယူပြီး ခန်းမကြီးရဲ့ မီးရောင်စုံ၊ လူရောင်စုံတွေကြားက အလှအပ ပသာဒကို ကျွန်တော် ခံစားနေတုန်းမှာပဲ ရုရှသြခက်စတြာ တီးဝိုင်းက လူတွေ ၀င်လာတာ လူပေါင်း ၁၅၀ လောက် ရှိရော့မယ်။ မင်းပရိသတ်အလယ်က တီးဝိုင်း သမားတွေဟာ ကြိုးတပ်တူရိယာ၊ လေမှုတ်တူရိယာ၊ သားရေကြက်တူရိယာ၊ စည်သာ လင်းကွင်း၊ ကြေးအိုး စတဲ့ အသံစုံထွက်အောင် တီးခတ်ရတဲ့ တူရိယာအစုံအလင်နဲ့ ပွဲစဖို့ အဆင်သင့် ဖြစ်နေကြပြီပေါ့။

ကျွန်တော်ဟာ ဘာမှလည်း မဟုတ်ပါဘူး၊ ဂီတကို ခံစားတတ်သူ…၊ အမြင့်ကြီးတွေလည်း မသိပါဘူး၊ ရင်ကို ထိတာလေးကိုပဲ ဆ၀ါးတတ်သူ၊ ကြွားဝါတတ်သူလည်း မဟုတ်ပါဘူး၊ ဟဒယမှာ သွားငြိတာလေးတွေကိုပဲ မျှဝေတတ်သူ၊ အများကြီးလည်း မသိပါဘူး၊ ကြားမိသလောက် မြင်သိသလောက်ကိုပဲ အာလူး အဆာပလာနဲ့ ရေးပြတတ်သူ…၊ ကျွန်တော့်ကို ယုံရမယ်လို့လည်း မပြောပါဘူး၊ ချင့်ရုံဖို့ ဆော်သြတတ်သူ သက်သက်မျှသာရယ်ပါ…။

တူရိယာတွေ အသံစုံထွက်ကုန်ပေါ့

သြခက်စတြာကို မြန်မာမှုပြုတော့ သံစုံတီးဝိုင်းတဲ့၊ နိုင်ငံတော် သံစုံတီးဝိုင်း ဆိုတာတော့ မြန်မာပြည်မှာ ရှိတယ်။ တယောကိုတင်ရီတို့လည်း သြခက်စတြာ လုပ်ဖူးတယ် ထင်ပါတယ်။ ကျွန်တော်တော့ လန်ဒန်က မိတ်ဆွေ ဦးဇော်ကြီး တိုက်တွန်းချက်နဲ့ လက်မှတ်ဝယ်ဖြစ်ပြီး အခုတော့ ရုံထဲရောက်နေပြီ၊ ဒီရုရှသြခက်စတြာနဲ့ အိမ်ရှင် လန်ဒန် ဂီတချစ်သူများ သြခက်စတြာတို့ရဲ့ ပူးပေါင်း တင်ဆက်မှုကို ဂီတဈာန်ဝင်စားတော့မယ်။ ပထမဈာန်ဖြစ်ဖြစ်၊ ဒုတိယဈာန်ဖြစ်ဖြစ် ရောက်နိုင်သရွေ့ပေါ့လေ…။

နေရာယူပြီးစ ပရိသတ် နှစ်ထောင်ကျော်ဟာ (ကျွန်တော်ထင်ပါတယ်၊ တော်ဝင် သဘင် ခန်းမကြီးရဲ့ ထိုင်ခုံပြည့်မဟုတ်တောင် ၉၉ ရာခိုင်နှုန်းကျော် လိမ့်မယ်) ငြိမ်သက်သွားကြတယ်။ သြခက်စတြာဝိုင်း ခေါင်းဆောင်ရဲ့ တုတ်တံလေး ညာလက်က ကိုင်လို့ လက်ဟန်သာမက တကိုယ်လုံး တုန်တက်အောင် ညွှန်ကြားချက်ကို ဆိုင်ရာ ဂီတပညာရှင်တွေက ကိုယ်သန်ရာ တူရိယာကို လိုက်ပါ တီးခတ်သံတွေ/ဟန်တွေက ကျွန်တော့်မျက်လုံးနဲ့ နားတွေကတဆင့် ခန္ဓာကိုယ်ထဲ စိမ့်ဝင်စီးမျောနေပုံက ကျွန်တော့်မှာ ထိုင်ရက် သေနေသလို… တုတ်တုတ်မျှ မလှုပ်…။

သတိတချက်ဝင်လို့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တဲ့အခါမှာလည်း Ghost ဇာတ်ကားထဲက သရုပ်ဆောင်မင်းသား ပက်ထရစ် ဆွေဇီ ကားတိုက်ခံရလို့ သေပြီးနောက် ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ရသလို…၊ ပရိသတ်အပေါ် မီးအမှောင်ချထားပြီး… သြခက်စတြာတီးဝိုင်းကိုပဲ ထိန်ထိန်လင်းလင်းအောင် မီးတွေပေးထားတဲ့ ဒီတော်ဝင် သဘင် ခန်းမကြီးထဲမှာ ဂီတံသံစုံတွေကြား ကျွန်တော် မျောနေ/ မောနေခဲ့တော့တယ်။

အနက်ရောင် ဂါဝန်တွေနဲ့ အရပ်ခြောက်ပေမက မြင့်တဲ့ ရုရှမတွေရဲ့ ကိုယ်လုံးကိုယ်ထည်က အရုပ်မလေးတွေလို ပိန်ပိန်ပါးပါး၊ တယောနဲ့ ဘိုးတံကို မြှောက်လိုက်ထိုးလိုက် ဆော့လိုက် ဆိတ်လိုက်လုပ်နေတာများ ကြည့်နေရင်းကို ရင်မှာ ဖိုလှိုက် မောဟိုက်နေရတဲ့သူမှာ ကျွန်တော်…။

ကွန်ဒက်တာလို့ ခေါ်တဲ့ သြခက်စတြာဝိုင်းခေါင်းဆောင်ကတော့ ကျွန်တော်တို့ကို ကျောပေးထားပြီး သူ့ဝိုင်းသားတွေကိုပဲ ဟိုဟာထိုးလိုက် ဒီဟာတီးလိုက်လို့ အချက်ပြနေပါတယ်။ သူ့ကိုယ်လုံးကိုယ်ပေါက်ကလည်း ဘဲလေးအကသမားထက် မလျော့ပါဘူး၊ ကျစ်လစ်သန်မာဟန်နဲ့ သူက ဆံပင်အရှည်နဲ့ဆိုတော့ အနုပညာသမားဟန်လည်း ပေါက်နေတဲ့အတွက် မိန်းကလေးတယောက်အတွက်တော့ အနောက်က မြင်နေရလည်း စတိတ်စင်မြင့်ထက်ကတခါ ခြောက်လက်မ အမြင့်ထက်က သူ့ဟန်ပန်က စွဲမက်စရာ ကောင်းတဲ့ပုံပါ။

မျောချင်ရာ မျောပါစေလေ…

ခန်းမကြီးထဲ ၀င်ကထဲက လက်ကိုင်တယ်လီဖုန်းတွေကို ပိတ်ပေးထားဖို့ မိုဘိုင်းလ်ပေါ်မှာ ခရော့စ်လုပ်ထားတဲ့ ပုံကြီးနှစ်ပုံကို လူအများမြင်သာတဲ့ နေရာကြီးမှာ ၁၀ ပေမက ပေ ၂၀ လောက်ရှိတဲ့ စလိုက်ကြီးနှစ်ခုနဲ့ ထိုးပြထားပါတယ်။ သူတို့ တီးခတ်ရာ သံစုံတွေအတိုင်း လိုက်ပါမျောသွားလို့ကတော့ နတ်ပြည်မရောက်တောင် တနေရာတော့ ရောက်သွားနိုင် ပါတယ်။ ကျွန်တော်တော့ တခါ ခေါင်းဆတ်ကနဲ တချက်ဖြစ်အောင် ငိုက်သွားပါတယ်။

သူတို့ ခေါ်ဆောင်ရာ ဂီတဗိမာန်ကို အလွန်အကျူး ခံစားလိုက်တော့ တရားငြိမ်နေအောင် မှတ်ပြီး ကိုယ့်ဟာကိုယ် တမဂ်ရသွားသလိုလို ဖြစ်နေတဲ့ စိတ်ဟာ တကယ်တော့ ငြိမ်းအေး တည်ငြိမ် သန့်စင်တဲ့ အရသာလိုလို ဖြစ်နေတဲ့ စိတ်သာဖြစ်ပြီး အမှန်တော့ တမဂ်မဟုတ်ဘဲ တချက် ငိုက်သွားတာသာ ဖြစ်ကြောင်း တရားစစ်မေး ဘုန်းတော်ကြီးက စစ်ဆေးပေးသလို ကျွန်တော့်မှာတော့ ဘယ်သူကမှ မစစ်ရပါဘဲ ငါ သံသာတဏှာနောက် မဟားတရား လိုက်ပါသွားခဲ့ပါလားလို့ပဲ စောကြောမိပါတော့တယ်။

ကျွန်တော်ကသာ ဂီတသံသာမှာ အစီးမျောလွန်သလို ဖြစ်သွားပေမယ့် ရှေ့ခုံက ဂျပန်ကောင်လေးကတော့ သူ့ဘေးက အင်္ဂလိပ်မကြီးဘက် ခေါင်းကြီးထိုးပြီး ငိုက်ကျသွားလို့ အမျိုးသမီးကောင်းကြီးခမျာ ကမန်းကတမ်း ရှောင်ထွက်လိုက်ရသလို၊ ဘယ်ဘက်ခြမ်း လေးငါးဆယ်ခုံကွာက အမျိုးကောင်းသားကြီးရဲ့ ဟောက်သံတချက်တောင် အကျယ်ကြီး ထိုးထွက်လာခဲ့တာကိုလည်း နားနဲ့ဆတ်ဆတ် ကြားလိုက်ရပါတယ်။ သောကြာညမို့ လူတချို့က ရုံးမှာ/ အလုပ်မှာ တနေကုန် အလုပ်လုပ်ပြီးမှ လာ…၊ တယောသံတွေကလည်း ချွဲအီချိုသာလွန်း နေတာမို့ ငိုက်ခြင်းအလုပ်သာ ရှိပါပေတော့တယ်လို့ ပြောရမလိုလို…။

ဝိုင်ခန်းရောက်ပြန်ပါပေါ့…

တကယ်တော့ အင်္ဂလိပ်ဆန်လှတဲ့ ဒီလိုပွဲကြီးပွဲကောင်းမျိုးကို တကြိမ်တခါမှ ပီပီပြင်ပြင် မခံစားဘူးသေးပါ၊ အခုမှသာ ပထမအကြိမ်အဖြစ် ဦးဇော်ကြီးရဲ့ နားလည်လည်မလည်လည် သွားသာ နားထောင်ကြည့်စမ်းပါ ငါ့လူရာ… ဆိုလို့ ကျွန်တော်လည်း ဒီဘ၀ ဒီဌာနမှာတော့ ဒီလိုအရသာ ခံစားဖူးထိုက်တယ်လို့ အရဲစွန့်ပြီး လာရောက်ကြည့်ရှုတာ ဖြစ်ပါတယ်။

ည ၇ နာရီခွဲက စတင်လိုက်တဲ့ သြခက်စတြာဝိုင်းမှာ ပထမတပုဒ်က ၁၅ မိနစ်လောက် ကြာပါတယ်၊ ဂီတပညာရှင်တွေ ၀င်လာခိုက်ကတခါ လက်ခုပ်သြဘာသံတွေ အံဘနန်း ချီးမြှင့်ကြသလို ၁၅ မိနစ်ကြာ တီးခတ်ပြီးချိန်မှာလည်း လက်ခုပ်တွေ အားပါးတရ ချီးမြှင့်ပါတယ်။ နောက်တခါ တယောပညာရှင် လူငယ်တယောက်က တယောတီးပြတာကို နောက်ကနေ ၁၅ ယောက်က လိုက်ဖြည့်တီးပေးတာကလည်း နောက်ထပ် ၁၅ မိနစ်လောက် ကြာပါတယ်။ အဲဒီလူရဲ့ တယောသံဟာ အလွန်ကောင်းလှပါတယ်။

အဲဒီလို နှစ်ကြိမ်နှစ်ခါ တီးခတ်ပြီးချိန်မှာ တီးခတ်မှုတွေကို ခေတ္တခဏနားပါတယ်။ ရွှေပွဲလာ လူကြီးလူကောင်းတွေက ခန်းမအပြင်ကို ပြန်ထွက်ကြပြီး ၀ိုင်ကို သောက်သုံးကြပါတယ်။ ၀ိုင်တွေကို ခန်းမတွင်း မ၀င်ခင်ကထဲက ၀ယ်ယူထားကြတာမှာ ငွေရှင်းဘောက်ချာစာရွက်နဲ့ ၀ိုင်ခွက်တွေကို ဒီအတိုင်း စားပွဲပေါ်မှာ တန်းစီ တင်ပေးထားပါတယ်။ ကိုယ်မှာထားတာကို ကိုယ်ယူသောက်ရုံပါပဲ။ ကျွန်တော့်မှာတော့ မြန်မာပြည်ပေါက် အတွေးလေးနဲ့ “ဟ… ဒီလိုချထားတော့… ခပ်တည်တည်နဲ့ ယူသောက်ကုန်ကြရင် ဘယ်နှယ့်လုပ်ကြမတုံး“ လို့ ခပ်ရိုင်းရိုင်းလေး တွေးမိပါသေးတယ်။

ဝိုင်ကို ကြိုမ၀ယ်ထားလည်း တန်းစီပြီး တိုးဝယ်လို့လည်း ရပါတယ်၊ အဲဒီကနေ ၀ိုင်ခွက်ကို ကိုင်လို့ မှန်တံခါးအပြင်ကို ထွက်လိုက်ရင် ၀ရံတာကို ရောက်သွားမှာဖြစ်ပြီး ချမ်းစီးနေတဲ့ ညအမှောင်ထဲက လန်ဒန်မြို့ကြီးကို ခွေရစ်လို့ တသွင်သွင်စီးနေတဲ့ သိမ်းမြစ်ကြီးနဲ့ မီးရောင်စုံ (တကယ်တော့ အပြာရောင်လေးတွေ များပါတယ်) လင်းတချက်ချက်ကို ကြည့်ရတာ တကယ်ကို အရသာရှိမှာ ဖြစ်ပါတယ်။ ကျွန်တော်တောင် တချက်ထွက်ကြည့်လိုက်ပြီး ချမ်းစိမ့်လာလို့ အမြန်ပြေးဝင်ခဲ့ရပါတယ်။

အင်္ဂလိပ်သြဘာ ရွှေသြဘာ

ခုနပြောပြခဲ့တဲ့ တယောသမားလက်သံဟာ အင်မတန်မှကို ကောင်းမွန်ပါတယ်။ တယောကြိုးကို ဘိုးတံနဲ့ မထိုးဘဲ ဘိုးတံကိုင်ထားတဲ့ ညာဘက်လက်နဲ့ပဲ ကြိုးတွေကို ဆော့ကစားရင်း ထွက်တဲ့အသံကလည်း ဆယ့်ခြောက်နှစ်မ ရင်ခုန်လို့ သေသွားလောက်ပါတယ်။ ဂီတသံဟာ ညှို့သံလို ဖြစ်နေတော့တာဟာ ရင်ခုန်သံ မနိုင်သေးတဲ့ ကျွန်တော့်ကိုတော့ အကြီးအကျယ် ခြောက်လှန့်နိုင်ခဲ့ပါတယ်။

အဲဒီလူက ရှေ့က ပြေးတီး၊ သူ့ကို ထောက်ကူဝိုင်းမတဲ့ သူတွေက နောက်က လိုက်တီး၊ သူက ပြေးတီး… ဟိုလူတွေက ဘေ့စ်အပါအ၀င် နောက်က လိုက်တီး၊ ပြေးလိုက် လိုက်လိုက်… ဂီတကို ထင်သလို ဆော့နေတာများ… အမေ့နို့ကောင်းကောင်း စို့ထားတဲ့ အားကြီးနေတဲ့ မောင်ဖိုးဝ လက်ထဲက အရုပ်လေးလို ပျော့ဖပ်ဖပ်လေး ဖြစ်သွားအောင်ကို လုပ်ပစ်လိုက်သလို သူတို့ကို ကြည့်နေသူ (နားဆင်နေသူ) ကျွန်တော့်မှာ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဘာမှ မတတ်နိုင်ဘဲ ကိုယ့်အရပ် နှစ်ရပ်မက မြင့်နေပြီဖြစ်တဲ့ မီးတောက်မီးလျှံတွေကို ငြိမ်းသတ်ဖို့ ကြိုးစားချင်သေးတဲ့ ရေပုံးလေးတပုံးကိုင် ကြည့်နေရတဲ့ ပြည်သူတယောက်လို ဖြစ်သွားပါတော့တယ်။

ကျွန်တော် အသက်မရှုမိတော့… မျက်လုံးကြီးပြူးပြီး နားကလည်း အားမစိုက်ပါဘဲ ကြားနေရတယ်။ ကျွန်တော့် နှလုံးသည်းပွတ်ကို ခုနကလူရဲ့ ဘိုးတံဟာ ပွတ်ဆွဲနေသလို ခံစားရတယ်။ သွေးကြောထဲမှာလည်း သူ့ဂီတံသံတွေ (တယောသံတွေ) စီးဆင်းခဲ့ပြီ။ ကျွန်တော်ဟာ ဂီတကို ထဲထဲဝင်ဝင် နားမလည်ပေမယ့် အားကုန်အင်ခမ်း ဖြစ်မတတ် မျောပါ ဖိုလှိုက်ဖြစ်ခဲ့ပြီ။ ဒီလူဟာ ဂီတတစ္ဆေဖြစ်ပြီး ကျွန်တော်ဟာ အခြောက်ခံရသူ (ရိုးရိုးတွေးပါကုန်…) ဖြစ်ခဲ့တော့တယ်။

တီးခတ်မှုပြီးတော့ အဲဒီလူကို သြဘာပေးကြတယ်။ တီးပြီးပြီးချင်းမှာပဲ အားလုံးက လက်ခုပ်သြဘာ အဆုံးမသတ်အောင် တီးခတ်ကြတော့တယ်။ လူကြီးလူကောင်းဆန်သူလို့ ကိုယ့်ကိုယ်ကိုယ် ထင်မှတ်သူတချို့က (ကျွန်တော့်အထင် သက်သက်သာ ဖြစ်ပါတယ်) မတ်တပ်ရပ်လို့ လက်ခုပ်သြဘာ တီးကြတယ်။ အဆန်းဖြစ်ရတာက အဲဒီလူဟာ ဇာတ်စင်ဘေးပေါက်ကို ခဏပြန်ဝင်သွားတယ်။ တခါ သူစင်ရှေ့ကို ပြန်လျှောက်လာပြန်တယ်။ လက်ခုပ်သြဘာတွေ မရပ်မနား တီးကြပြန်တယ်။ တခါ ၀င်သွားပြန်တယ်၊ တခါ ပြန်ထွက်လာတယ်။ လက်ခုပ်သြဘာသံဟာ သူဂီတကို ဖန်တီးပြခဲ့သလောက် ဆတူညီတူ ပြန်ပေးနေရော့လေသလားလို့တောင် အောက်မေ့ရပါတယ်။ တကယ့်ကို ချီးမြှောက်တတ်တဲ့ လူကြီးလူကောင်းတွေ ပေါတဲ့နိုင်ငံပေပဲ။

နောက်ဆုံးပိတ် အိတ်နဲ့လွယ်

ဆက်ရရင် ၀ိုင်ခန်း ခေတ္တနားပြီးချိန်မှာ သြခက်စတြာ ဒုတိယပိုင်းကို ဆက်ပါတယ်။ ဒီတချီတော့ သေချာမှတ်ထားလိုက်တာ ဆင်ဖိုနီ ၇ ကို တီးခတ်ကြတာ ဖြစ်ပါတယ်။ ကြည့်ရှုနားဆင် ရတာ အီလောက်တောင် တီးခတ်တာလည်း ဖြစ်ပါတယ်။ ကျွန်တော် အမှတ်မမှားဘူးဆိုရင် ဆင်ဖိုနီ ၇ ကို တနာရီကျော်ကြာအောင် တီးပါတယ်။ ကြည့်ရင်းနဲ့ကို ပျင်းကို လာပါတော့တယ်။

ပထမတော့ ၀ိုင်းခန်း အနားယူချိန်မှန်း မသိတော့ ဟ… မတန်လှချည်လား၊ စောစောနဲ့ ပြီးပါရော့လားလို့ တကိုယ်ထဲ ကြိတ်တွေးခဲ့မိတာ မှားသွားမှန်း သိခဲ့ရပါတယ်။ ဆင်ဖိုနီ ၇ ဟာ အလွန်ကောင်းသလောက် အကြာကြီး ဇိမ်ယူ နားဆင်ရတာမျိုးဖြစ်လေတော့ ကျွန်တော်နဲ့ မကိုက်မှန်း သိလာရပါပြီ။ ဆင်ဖိုနီ ၇ က ကြာကြာလည်း တီးရတော့ တူရိယာအစုံကိုတော့ တီးသွားတာ တွေ့ရပါတယ်။ တရုတ်တွေ တီးတဲ့ ဗျက်စောင်းလို ဟာကြီးက လူတရပ်မက မြင့်ပါတယ်။

ဆက်ဆိုဖုန်းတွေ၊ ကလဲရီနက်တွေ၊ ပလွေတွေ တီးကြမှုတ်ကြတာကလည်း ချိုလိုက် အီလိုက် ဖိုလိုက် လှိုက်လိုက်နဲ့ ကျွန်တော်ကိုယ်တိုင် လေထဲ ပျံနေ ၀ဲနေသလိုကို ခံစားရပါတယ်။ ဖရဲသီး(ပုံစံ)ကို ထက်ခြမ်းခြမ်းပြီး သားရေကြက်ထားပုံရတဲ့ ဒရမ်တွေကို ရန်ကုန်က သရက်သီး/ ရှောက်သီး အချဉ်ပေါင်းရောင်းတဲ့ တွန်းလှည်းတွန်းသူတွေရဲ့ လူခေါ်/ ဈေးခေါ် တီးတတ်တဲ့ မောင်းတံ(ရှည်ရှည်) လောက်နဲ့ တီးလိုက်၊ အသံလိုတာထက် ပိုပြီး ဝေထွက်မနေအောင် လက်နဲ့ဖိပြီး အသံအုပ်လိုက်/ ဖျောက်လိုက် လုပ်ပစ်တာကလည်း ကြည့်ကောင်းကောင်းပါ။

လင်းကွင်းကြီးကို တချက်တချက် တချွမ်းချွမ်း၊ တဂွမ်းဂွမ်းနဲ့ ထရိုက်တာကလည်း မိုက်မှမိုက်ပါပဲ။ လင်းကွင်းကြီးတွေက ကြေးသားအစစ်နဲ့ အရောင်လက်နေအောင် ပြုလုပ်ထားပြီး အချင်းက နှစ်ပေလောက်ထိ ကြီးပြီး လေးတာမို့ လင်းကွင်းတင်စင်ဆီ အသံမထွက်အောင် ပြန်ထည့်ထားရတာကလည်း ပညာသားပါတဲ့ အလုပ်တခုပါလားလို့ ကြည့်နေရင်းနဲ့ကို တွေးမိပါတယ်။

ကျွန်တော်အကြိုက်ဆုံးကတော့ အသံထွက်လှတဲ့ ကြေးအိုးတွေကို တီးတာပါ။ နှုတ်ခမ်းသား ကြေးသားထူထူနဲ့ ကြေးအိုးကြီးတွေက လှလည်းလှ၊ ကြီးလည်း ကြီးပါတယ်။ အဲဒါတွေကို ဒို၊ ရေ၊ မီ၊ ဖာ စသဖြင့် အသံမှန် အသံထွက်လှအောင် တီးသွားတာဟာ အလွန်လက်ဝင်ပြီး ခက်ခဲမယ်လို့ ထင်ပါတယ်။ ဒုတိယမ္ပိ အကြိုက်ဆုံးကတော့ ချယ်လိုလို့ ခေါ်မလား ကြမ်းပြင်ပေါ် ထောင်မတ်ပြီး တီးခတ်ရတဲ့ ဘေ့စ်သံရအောင် တီးရတဲ့ တယောကြီးတွေရဲ့ ကြိုးကို လက်နဲ့ ဆွဲခါပြီး အသံရအောင် တီးသွားတာကလည်း တကယ့်ကို ဟာမိုနီကာပါပဲ၊ အသံထွက် အတော်လှပြီး ရှေ့က ခေါ်တီးတာကို နောက်က လိုက်ဖြည့်ပေးသလို အချိတ်အဆက်မိပြီး အသံကြွယ်လှပါတယ်။

ဆင်ဖိုနီ ၇ ကို ကြောက်စရာကောင်းအောင် အပီတီးပါတယ်၊ ကျွန်တော်သာ တခုချင်းလိုက်ပြီး ဆစ်ပိုင်း မခံစားခဲ့ဘူးဆိုရင် ဒီလောက် အကြာကြီး ထိုင်နေနိုင်ခဲ့မှာ မဟုတ်ပါဘူး။ တနာရီကျော်ကြာ တီးရတာမို့ တီးသူတွေရော၊ ကွန်ဒက်တာပါ အတော်ကြီးကို ပင်ပန်းသွားကြပါတယ်။ အပြီးလည်းကျရော သြခက်စတြာဝိုင်းခေါင်းဆောင်နဲ့ ၀ိုင်းသားတွေကို ပရိသတ် အားလုံးနီးပါးက ထပြီး လက်ခုပ်သြဘာမိုး ရွာလိုက်ကြတာ အပြင်ကမိုးနဲ့အပြိုင် စဲကိုမစဲတော့ပါဘူး။ ၀ိုင်းခေါင်းဆောင်ကလည်း စောစောကပြောပြခဲ့တဲ့ တယောသမားလို ဇာတ်စင်ဘေးဘက်ကို ၀င်သွားလိုက်၊ ထွက်လာလိုက်လုပ်တာ သူကတောင် တကြိမ်ပိုပါသေးတယ်။

နောက်ဆုံးတခေါက် သြခက်စတြာဝိုင်းခေါင်းဆောင် ပြန်ထွက်လာမှ ၀ိုင်းသား ၁၅၀ လောက်ရှိတဲ့ သူ့ဝိုင်းသားတွေနဲ့ တီးခတ်တဲ့ တူရိယာအလိုက် တစုစီ၊ တစုစီ ပရိသတ်ကို မိတ်ဆက် ပေးပါတယ်။ ပရိသတ်တွေကလည်း ကျွန်တော် အပါအ၀င် မစဲနိုင်တဲ့ သြဘာလက်ခုပ်တွေ ချီးမြှင့်ရတာပေါ့။ ဘယ်လောက်တောင် တီးလိုက်ရသလဲဆိုရင် အခုထိကို လက်တွေက နာနေပါသေးတယ်။

ချိုရှပူပြင်း လွင့်မျောမိုးတိမ်

ဂီတအရသာ ဖမ်းစားချက်က ကြောက်ဖွယ်လန့်ဖွယ်ပါပဲ။ နောက်တခေါက် ဒါမျိုးကြည့်ဖို့ကိုတော့ စဉ်းစားလို့ နေရပါဦးမယ်။ ကျွန်တော့်အသည်းနုရဲ့ ခံစားချက်ဒီဂရီကို စနစ်တကျ မွန်းမံပြုပြင်ရပါလိမ့်ဦးမယ်။ အပြင်ထွက်လို့ ဘူတာဘက်ပြန်လျှောက်ခဲ့တော့ မိုးစက်တွေကတော့ သူတို့နဲ့ ကျွန်တော့်ခံစားမှု ဝေဒနာ လားလားမှ မဆိုင်သလို လုံးလုံး မကူမဖက် ခံစားမပေးဘဲ စိတ်ဆိုးဒေါသထွက်ဟန်နဲ့ အညှိုးတကြီးနဲ့တောင် ကျွန်တော့်ကိုယ်ပေါ်ကို မိုးစက်တွေ ဖြန်းပက်လို့ နေပါတော့တယ်။ သုံးနှစ်အတွင်း စိုခဲ့တဲ့ မိုးတွေထဲမှာ ဒီတညမိုးဟာ အညှိုးပါ အသည်းမာလွန်းလှပါတယ်။

ဝယ်ယူရတဲ့ ကိုယ့်ဒုက္ခကိုယ်ရသကို ကျွန်တော့်မှာ တယောက်ထဲ ခံစားပြီး ရထားအဆင့်ဆင့်ပြောင်းလို့ တနာရီတွင်း နေအိမ်ခန်းကို အရောက်ပြန်ခဲ့ရတယ်။ နေအိမ်တံခါးပေါက်တွင်း ချင်းနင်းဝင်တဲ့အထိ မိုးစက်တွေက အတူပဲ ကပ်ပါလာနေတုန်း…၊ မိုးကိုချစ်တဲ့ ကျွန်တော့်ကို မိုးကမုန်းနေတာ ဘာကြောင့်များပါလိမ့်လို့ စဉ်းစားလည်း အဖြေမထွက်ခဲ့ပါဘူး။ တခုပဲ ယူဆစရာရှိတာက… သူ့ကို ရှောင်ဖယ်လို့ ဂီတကို ပူးမိသွားလို့လား။ မညာပါနဲ့ မိုးရယ်… မညာပါနဲ့ မိုးရယ်… လို့ပဲ ကျွန်တော် တေးလေးဆိုလို့ နောက်မှ ချော့မေး မေးရဦးမယ်လေ။

အခုတော့ အခန်းတွင်း မြန်မြန်ဝင်၊ စိုနေတဲ့ ကုတ်အင်္ကျီကို ချွတ်၊ အိမ်နေ အ၀တ်အစားလဲ… မိုးက အရှိန်နဲ့ အေးနေဆဲ… ကျွန်တော် ဘာလုပ်ရမလဲ။ စိတ်တွေကို ငြိမ်အောင်ထား… အမှတ်ရသလောက် ဟိုလူ့ တယောသံတွေ ပြန်ခံစား… ချိုရှပူပြင်း တခွက်… လွင့်မျောမိုးတိမ် တဖက်နဲ့… ဂီတသက်သက်နဲ့ပဲ ကျွန်တော့်ရဲ့ နတ်သမီးမပါတဲ့ ည…။

၂၀၁၂၊ အောက်တိုဘာ ၆၊ ညဥ့်သန်းခေါင်လုလု။

လန်ဒန်။

by Myo Tha Htet on Thursday, 4 October 2012 at 21:40·

လန်ဒန်ကို လွန်ခဲ့တဲ့ သုံးနှစ်ကျော်က စရောက်တော့ ဘယ်လိုမှ ထူးပြီးမနေခဲ့ပါ၊ ရန်ကုန်အသေးလေးကနေ ရန်ကုန်အကြီးကြီးဆီ ရောက်လာတယ်လို့ပဲ အလွယ်မှတ်လိုက်ပါတယ်။ ၀န်ဆောင်မှု ကွာတာတွေတော့ ရှိတာပေါ့၊ တယ်လီဖုန်းကို အလွယ်ဝယ်လို့ ရတယ်၊ လမ်းပန်းဆက်သွယ်ရေးက ကောင်းတယ်၊ အစားအသောက်တွေ သန့်သန့်ပြန့်ပြန့်ရောင်းတဲ့ စတိုးဆိုင်ကြီးတွေ ပေါတယ်။ အ၀တ်အစားတွေ ကောင်းကောင်းကန်းကန်း (ဈေးတော့ကြီးတာပေါ့) ၀ယ်ဝတ်နိုင်တယ်။ ဒါပေမဲ့ ရန်ကုန်သားအတွက် လန်ဒန်ဟာ အသားကျလွယ်တယ်။

တလောကတော့ အလုပ်ကိစ္စနဲ့ နယူးယောက်ကို ၁၀ ရက်လောက် ရောက်ခဲ့ရတယ်။ နယူးယောက်က မန်ဟန်တန် အရပ်မှာ နေရ၊ သွားရ၊ လာရ၊ စားရ၊ သောက်ရတော့ မန္တလေးမြို့ကြီးကို သတိရတယ်။ နယူးယောက်ဟာ မန္တလေးနဲ့ တူလှချည်လားလို့ စိတ်ထဲက ဖြစ်မိတယ်။ ဟိုနားဒီနား လိုက်ပို့ပေး၊ လိုသမျှကို ထောက်ကူပေးတဲ့ အကို ဖိုးထောင်နဲ့ မေးစမ်းကြည့်တော့လည်း “အေး… မင်း အထင်လည်း မမှားပါဘူး“ လို့ သူက ပြန်ပြောတယ်။

မန္တလေးနဲ့တူတယ်လို့ ဘာကြောင့် ပြောသလဲဆိုတော့ နယူးယောက်မြို့ကွက် (မန်ဟန်တန်အပိုင်းပေါ့လေ) က စတုဂံကွက် ဖော်ထားတာ ဖြစ်တယ်၊ လမ်းတွေက မန္တလေးလိုပဲ ရက်ဖောက်ထားတယ်။ တက္ကစီငှားပြီး တနေရာသွားမယ်ဆို ဘယ်လမ်းနဲ့ ဘယ်လမ်းထောင့်လို့ အလွယ်ပြောနိုင်တယ်။ အဲဒါဆို တန်းတန်းမတ်မတ်ကို ရောက်သွားတော့တာပါပဲ။ မန်ဟန်တန်မှာတော့ အပိုင်းနှစ်ပိုင်းရှိတယ်၊ ပဉ္စမရိပ်သာလမ်းက အရှေ့အနောက်ကို ပိုင်းခြားထားပြီး ကျန်တာကတော့ ရိပ်သာလမ်းတွေရယ်၊ နံပါတ်နဲ့ လမ်းတွေရတယ် ရှိတယ်။

လွန်လေတဲ့ သမ္မတဟောင်းနာမည်ပေးထားတဲ့ နယူးယောက်၊ ဂျေအက်ဖ်ကေ လေဆိပ်ကနေ နယူးယောက်၊ မန်ဟန်တန်ကို လာရင် မြစ်ကြီးတစင်းကို ဖြတ်ကျော်လာခဲ့ရတယ်။ ဒီမြစ်ကြီးကပဲ နယူးယောက်ကို ခွေရစ်ပြီး စီးဆင်းနေတယ်။ လေဆိပ်ကနေ ပထမ တံတားကို ကျော်ဖြတ်ပြီး မြစ်ကို ဖြတ်လာတဲ့အခါ အရှေ့အရပ်မှာရှိလို့ အရှေ့မြစ် East River လို့ ခေါ်သတဲ့၊ ဒီမြစ်ကြီးပဲ အနောက်ဘက်ကို ရောက်သွားတော့ ဟတ်ဆန်မြစ်လို့ ခေါ်သတဲ့။

နယူးယောက်က တက္ကစီတွေက အ၀ါရောင်တွေ ဖြစ်တယ်၊ Yellow Cab လို့ ခေါ်ကြတယ်။ လန်ဒန်မှာတော့ တက္ကစီတွေက အနက်ရောင်တွေ ဖြစ်တယ်၊ Black Cab လို့ ခေါ်ကြတယ်။ ရန်ကုန်နဲ့ မန္တလေးက တက္ကစီတွေကတော့ အရောင်စုံတွေပဲ ဖြစ်တယ်။ ဒါတောင် မန္တလေးက လေးဘီးတွေ သုံးတော့ အပြာရောင်တွေ များတယ်လို့ ပြောလို့ရတယ်။ Blue Cab ပေါ့။

နယူးယောက်မြို့ကြီးက တကယ်တော့ အပိုင်းငါးပိုင်းနဲ့ ဖွဲ့စည်းထားတာ ဖြစ်တယ်။ မန်ဟန်တန်၊ ဘရောင့်စ်၊ ကွင်းစ်၊ ဘရွတ်ကလင်းနဲ့ စတိတ်တန်အိုင်လန်းတို့ ဖြစ်တယ်။ ကျွန်တော်တော့ ၁၀ ရက် အတွင်းမှာ မန်ဟန်တန်နဲ့ ကွင်းစ်ကိုပဲ သွားခဲ့လာခဲ့ရတယ်။ နယူးယောက်ဟာ လူဦးရေ ၈ သန်းကျော် မှီတင်းနေထိုင်ပြီး ၀ီကီပီဒီးယား အဆိုအရ ဘာသာစကားပေါင်း ၈၀၀ လောက်ကို ပြောဆိုသူတွေ နေကြတယ်လို့ ဆိုပါတယ်။

လန်ဒန်ကလည်း လူဦးရေ ၈ သန်းကျော် နေထိုင်ပြီး ဘာသာစကားပေါင်း ၃၀၀ ကျော်ကို ပြောဆိုကြတယ်။ ရန်ကုန်ကတော့ အခုဆို လူဦးရေ ၆ သန်းနီးပါး နေထိုင်လာကြပြီလို့ ဆိုတယ်။ ရန်ကုန်မှာ မတူတဲ့ ဘာသာစကားကွဲ ဘယ်နှမျိုးလောက် ပြောဆိုကြမလဲ။ အလွန်ဆုံး လေးငါးဆယ်ပေါ့၊ ကျွန်တော်တို့မှာ တိတိကျကျ စာရင်းကောက်ယူထားတာတော့ မရှိသေးဘူး။ မန္တလေးကရော… နေထိုင်သူဦးရေ နှစ်သန်းဝန်းကျင် ဒါမှမဟုတ် နှစ်သန်းအောက် ရှိမယ်လို့ ခန်းမှန်းရတယ်။ ဘာသာစကားပေါင်း ဘယ်နှမျိုးလောက် ပြောဆိုကြသလဲ၊ သေသေချာချာ မပြောနိုင်ဘူး (ကျွန်တော် မသိဘူး)။

နယူးယောက်မှာဆို တိုင်းစကွဲယား၊ ကုလသမဂ္ဂ အဆောက်အဦး၊ လေဘာတီရုပ်၊ အခုနောက်ပိုင်း ၉/၁၁ တာဝါကြီး စသဖြင့် တိုးရစ်တွေ သွားလာကြည့်ကြတဲ့ နေရာတွေ ရှိတယ်။ လန်ဒန်မှာဆိုလည်း ပါလီမန်၊ လန်ဒန်နာရီစင်၊ ၀န်ကြီးချုပ်နေအိမ် (အမှတ် ၁၀၊ ဒေါင်းနင်းလမ်း)၊ လန်ဒန်ရဟတ်ကြီး၊ မဒမ်တူးဆော့ ဖယောင်းပြတိုက်၊ ဂရင်းနစ်စံတော်ချိန်နာရီ စသဖြင့် သွားလာ လည်ပတ်စရာ နေရာတွေ ရှိတယ်။ အဲဒါတွေကို ကြည့်ဖို့ပြုဖို့ တိုးရစ်တွေ သန်းပေါင်းများစွာ တနှစ်တနှစ် လာနေကြတယ်။

ရန်ကုန်မှာဆိုရင်တော့ အထွတ်အမြတ် ရွှေတိဂုံစေတီတော်မြတ်ကြီး၊ ရန်ကုန်ဆိပ်ကမ်း (ဒလဘက်ကမ်း)၊ အင်းလျားကန်/ ကန်တော်ကြီး၊ (ရန်ကုန်တက္ကသိုလ်ကရော ပါရဲ့လားမသိ)၊ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ (၀န်ကြီးများရုံးလည်း မပါလောက်သေးဘူး)၊ တချို့ ဧည့်လမ်းညွှန်တွေကတော့ အခုနောက်ပိုင်း ကမ္ဘာကျော် ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အိမ်ကို လိုက်ပြရတယ်လို့ ပြောကြတယ်။

မန္တလေးရော… မန္တလေးကမှ ပြစရာ၊ ကြည့်စရာ ပိုများတယ်လို့ ထင်မိတယ်။ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၊ မန္တလေးတောင်၊ မန္တလေးနန်းနဲ့ ကျုံး၊ ဦးပိန်တံတား၊ ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီး၊ တခြား အနုအမွတ် ကျောင်းတိုက်ကြီးတွေ၊ နှုတ်ခမ်းမွှေး လူပြက်ညီအကိုတွေ စသဖြင့် ပြစရာ/ ပြောစရာ၊ ရှင်းပြစရာတွေ များမယ်လို့ ထင်မိတယ်။ ခြေမျက်စိ မရောက်တရာက်အထိ ထဘီဝတ်ပြီး ရွှေခြေချင်း ၀တ်ထားတဲ့ မန္တလေးသူတွေကိုရော တိုးရစ်တွေ တွေ့ရဦးမှာလား၊ သိပ်တော့ မတွေ့ရနိုင်တော့ဘူး။

နယူးယောက်ကို ကုလသမဂ္ဂ နှစ်ပတ်လည် အစည်းအဝေးကျင်းပချိန်သွားတော့ ဟိုတယ်ခန်းတွေက အင်မတန်ကျတယ်/ ကျပ်တယ်။ ဟိုတယ်ခန်းရဖို့တောင် မနည်းရှာခဲ့ရတယ်။ ၁၀ ပေ ပတ်လည်လောက် စားပွဲ၊ ကုလားထိုင်မပါ အခန်းလေး (အိမ်သာ/ ရေချိုးခန်းက အများနဲ့ မျှဝေ သုံးစွဲရတယ်) ကို တည ဒေါ်လာ ၂၀၀ နီးပါးတောင် ကျသင့်တယ်။ ရေသန့်သောက်ချင်ရင် စက်ကနေ ၀ယ်သောက်ရတယ်။ ရေဗူးသေးတဗူးကို ဆင်ဂယ်နုတ်လို့ခေါ်တဲ့ တဒေါ်လာပေးပေတော့ပဲ။

အမေရိကန်စတိုင်လို့ ခေါ်ရမယ့် အားလုံးကို ကိုယ်တိုင်လုပ်ပေပဲ၊ ဟိုတယ်နေတယ်ဆိုပေမယ့် ဘာမှကို ၀န်ဆောင်မှု အပိုတောင်းလို့ မရဘူး။ ဟိုတယ်က ခပ်သေးသေးဆိုတော့ ဟိုတယ်တခုလုံးကို ကောင်တာက လူတယောက်ထဲထိုင်ပြီး စီမံခန့်ခွဲနေတယ်။ သောက်ရေရမလားလို့ မေးရင် အောက်ဆုံးထပ် (မြေအောက်ထပ်မှာ) ရေသန့်၊ အချိုရည် ရောင်းတဲ့ စက်ထားထားတယ်၊ အဲဒီမှာ ကိုယ်တိုင်ဝယ်ပါလို့ ပြောတယ်။

အခန်းကို သန့်ရှင်းရေး ၀င်လုပ်ပြီး ရေချိုးတဲ့အခါ သုံးဖို့ တဘက်တွေ ထားမသွားဘူး၊ တယ်လီဖုန်း ဆက်ပြီး တောင်းတဲ့အခါ “ငါ… လာ မပေးနိုင်ဘူး၊ မင်း အောက်ရောက်တဲ့အခါ ယူပါ“ တဲ့။ မနက် ဘယ်နှနာရီ ကားမှာထားချင်တယ်ဆိုတော့ “မင်း ဘယ်အချိန်သွားမှာလဲ၊ အဲဒီအချိန် လမ်းပေါ်က yellow cab တားလိုက်ရုံပဲတဲ့၊ yellow cab က ၂၄ နာရီ အလုပ် လုပ်ပါတယ်“ တဲ့။ မိုက်တယ်၊ အားလုံးက ကိုယ့်အားကိုယ်ကိုး ကိုယ့်အလုပ်ကိုယ်လုပ်ပဲ။ ဟိုတယ်နေတယ်ဆိုပြီး စိတ်ကူးယဉ်ဖို့ မကြံလေနဲ့ပဲ။

တခုတော့ ကောင်းတယ်၊ အားလုံး ကိုယ့်ဘာသာ လုပ်ရတော့ ၀န်ဆောင်ခ မပေးရတော့ဘူး။ မဟုတ်ရင် အမေရိကမှာက ဘာစားစား၊ ဘယ်သွားသွား၊ ဘာလုပ်လုပ် ၀န်ဆောင်မှု တခုခုကို ယူလိုက်တိုင်း ကျသင့်ငွေရဲ့ ၁၀ ကနေ ၁၅ ရာခိုင်နှုန်းအထိကို ၀န်ဆောင်ခဆိုပြီး သက်သက်ပေးရသေးတယ်။ ဥပမာ တက္ကစီငှားစီးလို့ ၁၀ ဒေါ်လာ ကျင့်သင့်တယ်ဆို အနည်ဆုံး ၁၁ ဒေါ်လာ ပေးရမယ်။ အစားအသောက် တခုခုမှာစားလို့ ဒေါ်လာ ၃၀ ကျသင့်တယ်ဆို ပိုက်ဆံရှင်းတဲ့အခါ ၃၅ ဒေါ်လာလောက် ပေးရမယ်။ အဲဒီလို ရှိတယ်။

တချို့လည်း အကြောင်းမသိတော့ ၀န်ဆောင်ခ ၁၀ ကနေ ၁၅ ရာခိုင်နှုန်း မပေးမိကြဘူး၊ ဒါမှမဟုတ် ပေးဖို့ လက်တွန့်ကြတယ်။ ဒီတော့ ရောင်းသူ/ ၀န်ဆောင်မှုပေးသူက ဘာလုပ်သလဲ ဆိုတော့ အူတူတူမှန်း/ အထာမသိမှန်း သိရင် ဘေလ်တောင်းတဲ့အခါ တခါထဲ ၀န်ဆောင်ခပါ ရေးချထားလိုက်တယ်။ ရန်ကုန်နဲ့ မန္တလေးမှာက အများစုက ပေးမှ မပေးရဘဲ၊ အရက်သောက်တဲ့အခါမှသာ စားပွဲထိုးက အလိုက်သိပြီး အပြုအစုကောင်းနေရင် ပြန်တဲ့အခါ ကျပ် ၅၀၀ မျိုး၊ ၁၀၀၀ မျိုး ပေးတာပဲ ရှိတာ မဟုတ်လား။ ဒါတောင် ပေးချင်မှ ပေးတာပါ၊ မပေးလည်း ဘာမှမဖြစ်ပါဘူး။

အမေရိက ကတော့ မရဘူး၊ ပေးကို ပေးရတယ်။ ၂၀၀၇ က တခါ အမေရိကန်- အာဆီယံ ဆက်ဆံရေး နှစ် ၃၀ ပြည့် အမေရိကန် နိုင်ငံခြားရေးဌာနက ဖိတ်ကြားလို့ တခေါက်သွားဖူးတယ်။ မသွားခင်ကထဲကကို ရန်ကုန်က အမေရိကန်သံရုံးက သေချာမှာပါတယ်၊ အမေရိက ရောက်တဲ့အခါ အဲဒီလို ၀န်ဆောင်ခများကို ချီးမြှင့်ပေးကမ်းဖို့ လိုတယ်လို့ သေသေချာချာ မှာကြားလိုက်ပါတယ်။

လန်ဒန်မှာတော့ ကျွန်တော်စားတဲ့ ဆိုင်လေးတွေက သေးတာကတကြောင်း၊ တယောက်ထဲ သွားစားဖြစ်တာကတကြောင်းမို့ ၀န်ဆောင်ခက ထူးပြီး ပေးစရာ မလိုပါဘူး။ အဲ… လန်ဒန် တရုတ်တန်းက တရုတ်စားသောက်ဆိုင်မှာတော့ တယောက်ထဲစားရင် ပေးစရာ မလိုပေမယ့် နှစ်ယောက်ကနေအထက် စားရင်တော့ သူလည်း အနည်းဆုံး ၁၀ ရာခိုင်နှုန်းလောက်တော့ ၀န်ဆောင်ခ ပေးခဲ့မှ ကိုရွှေစားပွဲထိုးတွေက မျက်နှာထားကြည်ပါပေတယ်။

ရန်ကုန်၊ မန္တလေးက တချို့ဆိုင်တွေက ၀န်ဆောင်မှု ကောင်းပေမယ့်လို့ ဆိုင်တချို့ကတော့ ၀န်ဆောင်မှုညံ့ပါတယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် သူရောင်းတဲ့ဈေး/ တောင်းတဲ့ဈေးလည်း ပေးစား (၀န်ဆောင်မှု ရယူ) ပါရက်နဲ့ တခါတခါ ပေးတဲ့ ၀န်ဆောင်မှုတွေက တော်တော်ဆိုးပါတယ်။ ဥပမာ အစားအသောက်မှာရင် ပူပူလောင်လောင် ဖြစ်မနေတာ၊ စားပွဲထိုးတွေရဲ့ မျက်နှာထား အချိုးအပိုးနဲ့ စားသုံးသူကို မလေးမစား လုပ်တာမျိုးတွေ တွေ့ရတတ်ပါတယ်။ အဆိုးဆုံးတခုကတော့ မြန်မာချင်းကို ပမာမခန့်လုပ်ပြီး နိုင်ငံခြားသားကျတော့ လိုတာထက် ပိုပြီး ၀န်ဆောင်မှုတွေ ပေးနေတာမျိုး ဖြစ်ပါတယ်။

တကယ်တော့ နိုင်ငံခြားသားတိုင်းက ပိုက်ဆံသုံးနိုင်တာ မဟုတ်ပါဘူး။ တကယ်တမ်းဆိုရင် မြန်မာတွေကမှ ပိုက်ဆံပိုကျတာပါ၊ ပိုက်ဆံပိုသုံးတာပါ။ တကယ်တမ်းသာ ၀န်ဆောင်မှု ကောင်းကောင်းပေးပါ၊ မြန်မာတွေက ကျပ် ၅၀၀၊ ၁၀၀၀ ပေးဖို့ဆိုတာ ဘယ်လိုမှ မနေပါဘူး။ ကျွန်တော့် သူငယ်ချင်းတချို့ဆို တခါတလေများ သူတို့နဲ့ သွားလာတဲ့အခါ ကျပ် ၃၀၀၀၊ ၅၀၀၀ ဒီအတိုင်း ပေးပစ်နေတာမျိုး တွေ့ဖူးပါတယ်။ အဲ… နည်းနည်းလေးတော့ ၀င်ထား/ သောက်ထားတဲ့အခါမျိုးတွေမှာပေါ့လေ။

တကယ်တော့ အထူးအထွေလုပ်ပြီး ရေးစရာလည်း များများစားစား မရှိပါဘူး၊ ကြုံတွေ့ခံစားရတာလေးတွေကို သူများမြို့နှစ်မြို့၊ ကိုယ့်မြို့နှစ်မြို့ ယှဉ်ပြီး ရေးကြည့်ချင်စိတ် ပေါ်လာတာနဲ့ ရေးချလိုက်မိတာပါ။ လန်ဒန်ကို နေရထိုင်ရတာ အေးဆေး တည်ငြိမ်တယ်ဆိုပြီး ကျွန်တော် နှစ်သက်မိပါတယ်၊ ဒါပေမဲ့ ကိုယ့်ဇာတိဖြစ်တဲ့ ရန်ကုန်ကိုတော့ ပိုချစ်ပါတယ်။ နယူးယောက်ကိုတော့ လန်ဒန်ထက်စာရင် လှုပ်ရွ ရင်ဖိုစေတယ်ဆိုပြီး သဘောကျမိပါတယ်။ ဒါပေမဲ့ အနုအလှ အယဉ်အကျေး ပြည့်တဲ့ မန္တလေးကိုတော့ ပိုကြိုက်ပါတယ်။

၂၀၁၂၊ အောက်တိုဘာ ၄။ ည ၉ နာရီခွဲ။

လန်ဒန်။

by Myo Tha Htet on Wednesday, 3 October 2012 at 01:16·

နယူးယောက်ကို ရောက်ဖူးချင်ခဲ့တယ်၊ နောက်တော့ ရောက်ဖူးခဲ့ရတယ်။ သတင်းသမားဘ၀ရဲ့ သဘောကျစရာ တချက်က လမ်းဘေးဈေးသည် အစ၊ ပြည့်တန်ဆာမ အလယ်၊ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တိုင်းပြည် ခေါင်းဆောင်အဆုံး သတင်းကိစ္စနဲ့ဆို ထွေးလုံး ရစ်ပတ်ခွင့် ရှိနေတယ်။ သမိုင်းစက်ဝန်းထဲ သူတို့ လှည့်ပတ်နေသလို သူတို့ကို လိုက်ကြည့်ရင်း ကိုယ်ပါ သမိုင်းစက်ဝန်းထဲ တို့ထိ ပါဝင်ခွင့် ရနေတယ်။ တချို့ကိစ္စတွေက ကိုယ့်မျက်စိရှေ့တင် မြင်နေ၊ ကြားနေ၊ သိနေ၊ ထိနေရတယ်။ အခုတခေါက်တော့ နယူးယောက်ကို ရောက်ခဲ့တယ်။

နယူးယောက်ကို ရောက်သူတွေထဲမှာ ခေါင်းဆောင်နှစ်ဦးလည်း ပါတယ်။ တဦးက နှစ်ပေါင်း ၅၀ ကျော်အတွင်းမှာ နယူးယောက်က ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ မိန့်ခွန်း တက်ပြောတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်၊ တဦးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်၊ သူ့အသက် ၂၀ ကျော်က အလုပ်လုပ်ခဲ့ဖူးတဲ့ ကုလသမဂ္ဂဆီ တကြော့ပြန် ရောက်လာတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၁ က ကုလသမဂ္ဂ အဆောက်အအုံကို ဒေါ်အောင်ဆန်းစုကြည် ရောက်လာတယ်။ တိုက်တိုက်ဆိုင်ဆိုင် စက်တင်ဘာ ၂၁ ဟာ နိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးနေ့ International Peace Day ဖြစ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်…။ အဲဒီနေ့ မနက်က ကုလသမဂ္ဂ အဆောက်အအုံရှိတဲ့ ပရ၀ဏ်ထဲမှာပဲ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေရဲ့ အလံတွေ ကိုင်ဆောင်ထားတဲ့ ကျောင်းသူ/ ကျောင်းသားတွေ ၀န်းရံလို့ နိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးနေ့ကို ကျင်းပခဲ့တယ်၊ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မိန့်ခွန်း မြွက်ကြားတယ်။

ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတွင်းရေးမှူးချုပ်တို့ တွေ့ဆုံ နှုတ်ဆက် စကားပြောဆို ဆွေးနွေးကြပြီး သတင်းစာ ရှင်းလင်းပွဲ ကျင်းပတယ်။ အဲဒီ ရှင်းလင်းပွဲ အခမ်းအနားမှာ မြန်မာ သတင်းထောက် သုံးဦး ရှိကြတော့ မြန်မာသတင်းထောက် တယောက်ယောက် မေးခွန်း မေးခွင့်သာရင် ကောင်းမှာပဲလို့ တွေးမိကြတယ်။ ထုံးစံအတိုင်း ကျန်သူတွေက ကျွန်တော့်ကို ဦးစားပေးလို့ ကျွန်တော့်မှာ မြန်မာ သတင်းသမား တယောက်အနေနဲ့ မေးမယ်လို့ တွေးဆထားခဲ့တယ်။

ရှင်းလင်းပွဲစတော့ အတွင်းရေးမှူးချုပ်က မြန်မာ့ မျက်မှောက် နိုင်ငံရေး အပြောင်းအလဲတွေအတွက် သမ္မတ ဦးသိန်းစိန်ကိုရော ဒေါ်အောင်ဆန်းစုကြည်ကိုပါ ဂုဏ်ပြု ချီးကျူး စကား ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကုလသမဂ္ဂကို ပြန်လာလည်တဲ့အတွက် ကြိုဆိုပါတယ်လို့ ပြောတယ်၊ တခါ နိုင်ငံတကာမှာလည်း မြန်မာပြည်လို အပြောင်းအလဲနဲ့ အခွင့်အရေးတွေ ရဖို့ နိုင်တဲ့ဘက်က ကူပါဦးလို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်မဏ္ဍကပြုတယ်။ ပြီးတော့ သတင်းထောက်တွေ မေးကြပါဆိုတော့ ကုလ အတွင်းရေးမှူးချုပ်ရဲ့ အရာရှိကြီးက သူနဲ့ မျက်မှန်းတန်းနေကြ အေပီနဲ့ ဗီအိုအေ သတင်းယောက် နှစ်ယောက်ကို မေးမြန်းခွင့်ပြုပြီး သတင်းစာ ရှင်းလင်းပွဲကို အဆုံးသတ်လိုက်တော့တယ်။

ဒီတော့ ကျွန်တော်လည်း အော်ရတော့တာပေါ့၊ မြန်မာသတင်းထောက်တွေလည်း တက်တာမို့ မြန်မာသတင်းထောက် အနေနဲ့ မေးခွင့်ပြုဖို့ ပြောရတော့တာပေါ့။ ဟုတ်တယ်လေ… “ကုလသမဂ္ဂဟာ ခင်ဗျားတို့ အိမ်“ United Nations is your Home လို့ ရေးထားတဲ့ ဆောင်ပုဒ်ကြီးကို ကျွန်တော်က ဖတ်ထားမိမှကိုး…။ ဒီလို အော်လိုက်တော့လည်း မေးခွင့်ပြု ပါတယ်။ ဒါနဲ့ စောစောက ကျွန်တော် တင်ပြခဲ့တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးနေ့မှာ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် ကုလသမဂ္ဂ ရောက်နေတာမို့ ဘာများ အထူး ပြောစရာ ရှိသလဲပေါ့လေ… အဲဒီလို သဘောပါတဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်ကို အင်္ဂလိပ်ဘာသာနဲ့ မေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်ပီပီ “လူတွေရဲ့ နှလုံးသားကနေ အမုန်းတရားတွေကို အကုန်အစင် ထုတ်ပယ်နိုင်မှ ငြိမ်းချမ်းရေးဆိုတာ ရှိမယ့် အကြောင်း“ ပီပီပြင်ပြင် ဖြေကြားခဲ့ပါတယ်။ ငြိမ်းချမ်းရေးနေ့နဲ့ လိုက်ဖက်တဲ့ ငြိမ်းချမ်းရေးစကားကို ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်က ပြောလိုက်တာပဲ ဖြစ်ပါတယ်။ ကျွန်တော်က အဓွန့်တက်လို့ နောက်မေးခွန်းတခုပါ မေးဖို့ ကြိုးစားပါသေးတယ်။ နဂိုကထဲက ပြီးနေတဲ့ကြားက ကျွန်တော်က အော်ပြီး မေးထားတာဆိုတော့ တခွန်းထဲ ဖြေမယ်ဆိုလည်း ဘာမှ မတတ်နိုင်တော့ပါဘူး။

သတင်းစာ ရှင်းလင်းပွဲပြီးတော့ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ အရာရှိကြီးက ကျွန်တော့်ကို ကြည့်နေတာနဲ့ ကျွန်တော်လည်း သူ့နား ရောက်သွားပါတယ်။ မေးခွန်းမေးခွင့် ပြုတဲ့အတွက် ကျေးဇူးတင်ကြောင်းကိုလည်း ပြောလိုက်ပါတယ်။ ဒီလူဟာ ဘယ်လောက်ပါးတဲ့ သံတမန်ပီသတဲ့ သူလည်း ဆိုတာ အဲဒီမှာ ကျွန်တော် တွေ့လိုက်ပါတယ်။ ကျွန်တော် အဓွန့်တက် မေးခွန်းမေးတာကို သူမကြိုက်ခဲ့ပါဘူး၊ ဒါပေမဲ့ သူက အခုလို ပြောပါတယ်။

“သူ ကျွန်တော့်ကို ရက်စက်သလို ဖြစ်သွားတာကို တောင်းပန်ပါတယ်တဲ့၊ အခြေအနေအရပါ“ လို့ ဆိုပါတယ်။ ကျွန်တော်ကလည်း မေးခွန်းတောင် မေးလို့ပြီးခဲ့မှဟာ ဘယ်လိုမှ သဘောမထားပါဘူးလို့ ပြန်ပြောလိုက်ပါတယ်။ တလက်စထဲ စဉ်းစားမိတာကတော့ ကျွန်တော်တို့ မြန်မာပြည်မှာလည်း နောင်ဆို အာဆီယံ ထိပ်သီးစည်းဝေးပွဲတွေ၊ တခြား စည်းဝေးပွဲတွေ၊ တွေ့ဆုံမှုတွေ ရှိလာတော့မှာမို့ အဲဒီလိုများ သတင်းစာ ရှင်းလင်းပွဲတွေ ကျင်းပတဲ့ အခါမှာ မြန်မာသတင်းထောက်တွေကို သတင်းစာ ရှင်းလင်းပွဲ စီစဉ်သူ အနေနဲ့ အခွင့်အရေး ပိုပေးဖို့ လိုမလား၊ တန်းတူပဲ မေးခွင့်ပြုမလားလို့လည်း အတွေးပိုမိပါတယ်။

အဲ… ကျွန်တော် မမေးလိုက်ရတဲ့ ဒုတိယ မေးခွန်းလေးကတော့ “ဒေါ်အောင်ဆန်းစုကြည် (စက်တင်ဘာ ၂၁ ဆို) အမေရိက ရောက်နေတာလည်း လေး/ငါး ရက် ရှိပြီ၊ ကွန်ဂရက်က ရွှေတံဆိပ်ဆုလည်း လက်ခံရယူပြီးပြီ။ သမ္မတ အိုဘားမားနဲ့လည်း တွေ့ပြီးပြီဆိုတော့ ဒီ လေး/ငါး ရက်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိက ခရီးစဉ်အတွင်း အောင်မြင်မှုတွေက ဘာပါလဲ“ လို့ မေးချင်တာပါ။ မဖြေတော့ဘူးဆိုတော့လည်း ပြီးတာပဲပေါ့လို့ တွေးမိတယ်။ ဘာပဲဖြစ်ဖြစ် ရှားရှားပါးပါး မေးခွန်းတခွန်းတော့ မေးလိုက်နိုင်လို့ ကျေနပ်မိတယ်။

အဲဒီအခမ်းအနားမှာပဲ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူးလို့ ညွှန်းဆို သုံးနှုန်းသွားလို့ ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်ကို မေးခွင့်ရတဲ့အခါမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥက္ကဌအနေနဲ့ ဆိုပြီး ညွှန်းဆို မေးမြန်းလိုက်တော့ အတွင်းရေးမှူးချုပ်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိ ရာထူးအမှန်ကို တည့်မတ် ပြင်ဆင် ပေးပြီးသား ဖြစ်သွားတယ်လို့ ကိုယ့်ဟာကိုယ် သဘောကျ ကျေနပ်မိပါတယ်။

အဲဒီလိုမျိုး အရင်က ပြန်ကြားရေးဝန်ကြီးကိုလည်း တခါ ပြင်ပေးဖူးတာ အမှတ်ရမိတယ်။ တခါက ပြန်ကြားရေးဝန်ကြီးက ကျွန်တော်တို့ကို ခင်ဗျားတို့ ဂျာနယ်လစ်ဇင်တွေ… ခင်ဗျားတို့ ဂျာနယ်လစ်ဇင်တွေလို့ သုံးသုံးနေလို့… ၀န်ကြီး တခွက်/ နှစ်ခွက်ချပြီး အပေါ့သွားတဲ့အခါ ရေအိမ် အပြင်ဘက်ကနေ သွားစောင့်နေပါတယ်။ ၀န်ကြီးလည်း အပြင်ထွက်လာရော… “၀န်ကြီးခင်ဗျာ… ဂျာနယ်လစ်ဇင်က ပညာရပ် ဖြစ်ပါတယ်၊ လူကို ညွှန်းဆိုလိုရင်ဖြင့် ဂျာနယ်လစ်လို့ သုံးရပါတယ်။ ၀န်ကြီးက ကျွန်တော်တို့ကို ဂျာနယ်လစ်ဇင်လို့ ပြောပြောနေတာ လွဲနေပါတယ်“ လို့ ခပ်တည်တည် သွားပြောဖူးပါတယ်။ ၀န်ကြီးကတော့ ပြုံးပြီး ထွက်သွားပါတယ်။ မှန်မလား မှတ်ပါတယ်၊ နောက်တော့လည်း ခင်ဗျားတို့… ဂျာနယ်လစ်ဇင်လို့ပဲ ဆက်ညွှန်းပြီး ပြောပါတယ်။

နယူးယောက် ခရီးစဉ်မှာပဲ ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့လုံခြုံရေးနဲ့ မူဝါဒရေးရာဆိုင်ရာ မဟာဗျူဟာမြောက် အကြံပေး၊ အကြံပြု အဖွဲ့အစည်းကြီးဖြစ်တဲ့ အတ္တလန္တိတ်ကောင်စီက ချီးမြှင့်ပေးအပ်တဲ့ ကမ္ဘာ့နိုင်ငံသားဆု Global Citizen Awards ပေးပွဲ တက်ရောက်ပါတယ်။ အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိက ခရီးစဉ်တခုလုံးမှာ အလှဆုံးဝတ်စုံကို ၀တ်ထားတယ်လို့ ထင်မှတ်မိတာပါပဲ။ အစိမ်းရောင် အင်္ကျီနဲ့ ပုလဲပုတီး နှစ်ဆင့်ဆွဲလို့… မိတ်ကပ်ရောင် နှင်းဆီ သုံးပွင့် ဆင့်ပန်ပြီး နှုတ်ခမ်းနီရဲရဲ ဆိုးထားတာ အလွန်ကို ကျက်သရေရှိပြီး တင့်တယ်လှပနေတာပါပဲ။

ကံကောင်းချင်တော့ ဆုပေးပွဲ မပြီးခင် ည ၁၀ နာရီလောက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြန်နှင့်ပါတယ်။ နောက်တနေ့ မနက်မှာလည်း နယူးယောက်က မြန်မာမိသားစုတွေနဲ့ တွေ့ရမှာမို့ ပြင်ဆင်စရာရှိတာ ပြင်ရအောင်လို့ စောစောပြန်တယ်လို့ပဲ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပြန်နဲ့ ကျွန်တော်ကလည်း အောက်အဆင်း ပက်ပင်းတိုးတော့ ဓာတ်ပုံရိုက်ပါရစေလို့ ခွင့်တောင်းပြီး ဓာတ်ပုံရိုက်တော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြုံးပြီး ခွင့်ပြုပါတယ်။ ကံမကောင်းချင်တော့ ညဘက်ထားရမယ့် ကင်မရာဆက်တင်ကို သေချာ မလုပ်ထားတော့ ဓာတ်ပုံရိုက်ခွင့် ရလိုက်ပေမယ့် ဓာတ်ပုံကောင်းကောင်းတော့ မရလိုက်ပါဘူး။

တခါ နယူးယောက်ကို သမ္မတဦးသိန်းစိန် ရောက်တဲ့နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က နောက်တကြော့ ပြန်ရောက်လာပြီး သမ္မတကို သူ တည်းခိုရာ ဟိုတယ်မှာ လာနှုတ်ဆက်ပါတယ်။ ဒီသတင်းကလည်း မြန်မာတွေ အားလုံး ၀မ်းသာရမယ့် သတင်း ဖြစ်တာမို့ သတင်းဓာတ်ပုံ ရိုက်ခွင့်ရရင် ကောင်းမှာပဲလို့ တွေးမိပြီး စောင့်စားနေခဲ့ပါတယ်။

တကယ်တမ်းကျတော့ စောင့်နေတဲ့ကြားက ဒေါ်အောင်ဆန်းစုကြည်က လေအလျင်လို ဟိုတယ်ထဲ ၀င်ရောက်လာလို့ (အသက်အရွယ်နဲ့ မမျှအောင် တကယ်မြန်ပါတယ်) ဓာတ်ပုံ ရိုက်ချိန်တောင် မရလိုက်ပါဘူး။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်ရှု စောင့်ရှောက်ကြတဲ့ အမေရိကန် အထူး ထောက်လှမ်းရေးအဖွဲ့ဟာ တကယ့်ကို အသေးစိတ် လုံခြုံရေး ယူပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အင်မတန်ကိုမှ သွက်တဲ့သူဆိုတော့ သူတို့ဟာ တောက်လျှောက်ကို အထူး စောင့်ရှောက်ကြရပါတယ်။ နောက်ဆုံး ရေအိမ် ၀င်တာကိုတောင် သူတို့က အရင်ဝင်၊ စစ်ဆေးပြီး စိတ်ချရမှ ၀င်စေတယ်လို့ မျက်မြင်တယောက်က ပြောပြပါတယ်။

ကျွန်တော့် ကိုယ်တွေ့ကတော့ သမ္မတဦးသိန်းစိန်ဆီ လာတာ အဲဒီ အမေရိကန် ထောက်လှမ်းရေးကြီးတွေက အရပ်အမောင်း မြင့်မြင့်မားမားနဲ့ ကွယ်ထားကြတော့ ဓာတ်ပုံရိုက်ပေမယ့် သူတို့ ကျောကုန်းတွေသာ ထင်တဲ့ ပုံတွေပဲ ရပါတော့တယ်။ တော်ပါသေးရဲ့… သမ္မတအခန်းထဲထိ ၀င်ရိုက်ခွင့်သာတဲ့ ပြန်ကြားရေးနဲ့ စကိုင်းနက်က အကိုတွေ စောင်မမှုနဲ့ ဓာတ်ပုံတွေ ရလို့ ကျွန်တော့် သတင်းဌာနရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ရှယ်ခွင့်ရခဲ့ပါတယ်။

တခါ သမ္မတဦးသိန်းကိုလည်း သတင်းထောက် တယောက်အနေနဲ့ မေးမြန်းခွင့် ရခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်က အမေရိက ခရီးစဉ်မပြီးဆုံးခင် တရက်မှာ မြန်မာသတင်းထောက်တွေနဲ့ သီးသန့်တွေ့ဆုံပြီး မေးသမျှတွေကို စိတ်ရှည်လက်ရှည် ဖြေပေးပါတယ်။ ဒါဟာ တကယ့်ကို ကောင်းတဲ့ အစီအစဉ် ဖြစ်ပါတယ်။ သတင်းထောက်တွေဆိုတာက သာမန်သူကိုတောင် မေးမြန်းချင်နေတာ… နိုင်ငံတော် သမ္မတကို မေးရမယ်ဆိုတော့ ဘယ်လောက်တောင် ၀မ်းသာမလဲ ဆိုတာ အလွယ် စဉ်းစားလို့ ရပါတယ်။

မြန်မာနိုင်ငံရဲ့ ခေတ်အဆက်ဆက်သော ခေါင်းဆောင်တွေက မီဒီယာတွေနဲ့ ရင်းနှီးမှု အားနည်းပါတယ်။ ဖဆပလခေတ်က ၀န်ကြီးချုပ် ဦးနုကတော့ မီဒီယာသမားတွေ၊ သတင်းစာဆရာတွေနဲ့ ရင်းနှီးပါတယ်။ ဘယ်လောက်တောင် ရင်းနှီးသလဲဆိုတော့ ၀န်ကြီးချုပ်အိမ် သတင်းထောက် ဆိုတာတောင် ရှိတယ်လို့ ကြားဖူးပါတယ်။ အမေရိကမှာလည်း အိမ်ဖြူတော် သတင်းထောက်ဆိုတာ ရှိပါတယ်။ သတင်းတွေ အမြဲထုတ်နေတော့ လူထုနဲ့လည်း ခေါင်းဆောင်ဟာ ရင်းနှီးနေပြီး တသားထဲ ရှိနေတာပေါ့လေ။ အခု သမ္မတဦးသိန်းစိန်က အဲဒီလောက်အထိ မဟုတ်သေးပေမယ့် နှစ်ပေါင်း ငါးဆယ် အတွင်းမှာ မီဒီယာတွေနဲ့ အရင်းနှီးဆုံး နိုင်ငံ့ခေါင်းဆောင်လို့ ပြောနိုင်မလား၊ ပြောဖို့ နည်းနည်း စောသေးလားတော့ မသိပါဘူး။

ဒါမှမဟုတ် ၂၀၁၁ ဘာလီ အာဆီယံ ထိပ်သီး အစည်းအဝေးအပြီး ပြည်တွင်းသတင်းထောက်တချို့ ပြောသလို… (အဲဒီတုန်းကလည်း သမ္မတဦးသိန်းစိန်က အာဆီယံထိပ်သီး အစည်းအဝေးပွဲ ကျင်းပရာ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းက သူ တည်းခိုရာ ဟိုတယ်အခန်းမှာ မြန်မာသတင်းထောက်တွေနဲ့ တွေ့ပါတယ်) “သမ္မတက ခင်ဗျားတို့သာ ရင်းနှီးတာဗျ၊ ကျုပ်တို့ကျ ဘယ်နားရှိမှန်းတောင် သိတာမဟုတ်ဘူး၊ ဘာမှလည်း မေးလို့မရဘူး“ လို့များ ပြောကြမလား မသိပါဘူး။

စက်တင်ဘာ ၂၈ မှာ ကျင်းပတဲ့ သမ္မတဦးသိန်းစိန်နဲ့ မြန်မာသတင်းထောက်တွေ တွေ့ဆုံပွဲမှာတော့ လတ်တလော ဖြစ်နေတဲ့ မြန်မာပြည်တွင်းက အရေးတကြီး ကိစ္စတွေကို မေးမြန်းခွင့် သာခဲ့ပါတယ်။ ဒါကြောင့် ခုတလော ပြည်သူတွေကြား စိတ်ဝင်တစား ရှိကြတဲ့ လက်ပံတောင်း ကြေးနီတောင် စီမံကိန်းကို မြစ်ဆုံစီမံကိန်းလို သမ္မတကြီး ဦးဆောင်ပြီး တခုခု ဆောင်ရွက်ပေးနိုင်မလားလို့ ကျွန်တော် မေးဖြစ်ပါတယ်။

သမ္မတက ဒီကိစ္စမှာ ပယောဂတွေ ပါတယ်လို့ ပြောပါတယ်။ နောက်တခုက ကျေနပ်တဲ့ ရွာသားတွေ ရှိသလို၊ ရွာ သုံးရွာလောက်ကတော့ မကျေနပ်မှုတွေ ရှိနေတယ်။ သူ အမေရိက မထွက်လာခင်လေးမှာပဲ အတတ်နိုင်ဆုံး ပြေလည်အောင် ဆောင်ရွက်ပေးဖို့နဲ့ ဘယ်လို ဆောင်ရွက်နိုင်တယ်ဆိုတဲ့ အကြောင်းတွေကိုလည်း ပြောထားခဲ့တယ်လို့ ပြန်ဖြေခဲ့ပါတယ်။

တခါ ကချင်ပြည်နယ်မှာ တိုက်ခိုက်နေကြတာကို သမ္မတအနေနဲ့ ဘယ်လို ဆောင်ရွက်ပေးနိုင်မလဲလို့ မေးကြည့်ပြန်တော့ ကချင်ဒေသက စစ်မက်ဖြစ်ပွားနေတာကိုလည်း အတတ်နိုင်ဆုံး ငြိမ်းချမ်းရေးရဖို့ ထိန်းသိမ်း ဆောင်ရွက်နေတဲ့ အကြောင်းနဲ့၊ ကေအိုင်အေ/ ကေအိုင်အိုဘက်ကလည်း ကိုယ့်တပ်တွေကို အပစ်ရပ်ဖို့ အမိန့်ထုတ်ပြန်ဖို့ လိုအပ်တဲ့ အကြောင်း သမ္မတက ထောက်ပြ ပြောဆိုခဲ့ပါတယ်။

ငြိမ်းချမ်းရေး ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖို့ ကမ်းလှမ်း မလားလို့ မေးတာကိုတော့ သမ္မတက ၀န်ကြီး ဦးအောင်မင်းတို့ ဆောင်ရွက်နေတဲ့ ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း သိတဲ့အကြောင်းနဲ့ ထိုက်သင့်တဲ့ အကြံပေး ပြောဆိုမှုတွေ ရှိတဲ့ အကြောင်းကို ဖြေကြားပေးပါတယ်။

ဝန်ကြီး ဦးစိုးသိန်းကလည်း စက်တင်ဘာ ၂၉ နယူးယောက် မြန်မာမိသားစုတွေနဲ့ တွေ့စဉ်က ကချင်ငြိမ်းချမ်းရေး ကိစ္စအတွက် ၀န်ကြီး ဦးအောင်မင်းဟာ အသက်ကိုပင် ပဓာန မထားဘဲ ရဲရဲဝံ့ဝံ့ ကေအိုင်အေ/ ကေအိုင်အို ထိန်းချုပ် နယ်မြေတွေအထိ သွားပြီး၊ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်။ တောလမ်း ခရီးသွားရတာဖြစ်လို့ ပင်ပန်း ဆင်းရဲမှုတွေ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အသက်ထောက်လာပြီဖြစ်လို့ အဲဒီလိုတွေ သွားလာဖို့ မဖြစ်နိုင်ဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း သိတယ်၊ ဒါပေမဲ့ ငြိမ်းချမ်းရေးကိစ္စ အစိုးရက ဆောင်ရွက်နေတာတွေကို ဒေါ်အောင်ဆန်းစုကြည်လည်း အကုန်အစင် သိနေတယ်လို့ မြန်မာ မိသားစုတွေကို ဦးစိုးသိန်းက ရှင်းပြပါတယ်။

ဝန်ကြီး ဦးစိုးသိန်းရဲ့ နယူးယောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံ ရှင်းလင်းမှုတွေဟာ ဒီမိုကရေစီခေတ်ကို သွားနေတဲ့ အစိုးရရဲ့ ၀န်ကြီးတပါးအနေနဲ့ တော်တော်လေး ပွင့်ပွင့်လင်းလင်း ရှိတာကို သတိထားမိတယ်။ ဘယ်လောက်ပဲ သိထားတဲ့ ၀န်ကြီးဖြစ်ဖြစ် ဒီလို ပွင့်ပွင့်လင်းလင်း ပြောတာမျိုး ရှားတယ်။ အစိုးရအဖွဲ့ထဲမှာ ဦးစိုးသိန်းတို့၊ ဦးအောင်မင်းတို့လို ဗြောင်ကျကျ ပြောတတ်/ဆိုတတ်တဲ့ ၀န်ကြီးတွေ ရှိပေမယ့်လို့ လက်ချိုးရေလို့ ရသေးတယ်။

နောက်တခုက ၀န်ကြီး ဦးစိုးသိန်းတို့၊ ဦးအောင်မင်းတို့ဟာ ဒီနေ့ခေတ် အပြောင်းအလဲတွေကို သိမီနေသလို၊ လူထုက ဘယ်လို စကားမျိုး ကြိုက်တယ်ဆိုတာကိုလည်း သိထားပြီး၊ အဲဒါတွေနဲ့ လိုက်ဖက်ညီအောင် ကိုယ်တိုင် ပြင်ယူ/ ပြောင်းယူတာမျိုး တွေ့ရတယ်။

ပွင့်လင်းတဲ့ တခြားဝန်ကြီးတချို့တောင် စကားတော့ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်ပေမယ့်၊ ရင်ထဲက အခု/အခံတွေကတော့ အရင်အတိုင်းပဲ ရှိသေးတာမျိုးလည်း တွေ့ရတယ်။ တကယ် ခေတ်ပြောင်းတယ်ဆိုရင် သူတို့တွေရဲ့ ရင်ထဲက အခု/ အခံတွေကိုလည်း ရှင်းထား/ ပြောင်းထား ရမယ် မဟုတ်ဘူးလား။

မီဒီယာတွေနဲ့ ရင်းနှီးမှု ဘယ်လောက်ရှိရှိ၊ ဒါမှမဟုတ် အတွေ့အကြုံ များသူတွေမို့ စကားပြော ဘယ်လောက်ကောင်းကောင်း ရင်ထဲက အခု/ အခံတွေကို မရှင်းထားသေးဘူး၊ နဂို အစွဲအတိုင်း ရှိသေးတယ် ဆိုရင်တော့ ဟန်ဆောင်မှုတွေဟာ တကြိမ်မှာတော့ ပေါ်လာတတ်တာပဲ ဆိုတာကို နယူးယောက်မှာ ၁၀ ရက်အတွင်း မြင်ခဲ့၊ တွေ့ခဲ့၊ သတင်းလိုက်ခဲ့တုန်းမှာ သတင်းထောက် တယောက်အနေနဲ့ ဆိုခဲ့သလို ဆ၀ါးမိပါတယ်လို့ စကားပို မပြောဘဲ အရင်းအတိုင်း ဖွင့်ချလိုက်ပါတယ်။

၂၀၁၂၊ အောက်တိုဘာ ၃၊ နံနက် ၁ နာရီ။

လန်ဒန်။

by Myo Tha Htet on Tuesday, 2 October 2012 at 23:36·

ကြိုးတွေနဲ့ ဆွဲထားတယ်၊ ဆွဲတဲ့အတိုင်း လှုပ်ရတယ်၊ လှုပ်လိုက်မှ အလုပ်ဖြစ်တယ်၊ အဲဒါကိုပဲ အလုပ်လို့ခေါ်တယ်။ ကြိုးဆိုင်းတွေနဲ့ လူတယောက်ရှိတယ်။

သူ့မှာ အသက်မရှိဘူး၊ ဒီအတိုင်းတိုင်းဆို လှုပ်မှ မလှုပ်ဘဲ… ဒါကြောင့် အသက်မရှိဘူးလို့ ပြောတာပါ။ တခါ အရှက်လည်း မရှိပြန်ဘူး။ ပြောဆို ပြောတယ်၊ အော်ဆို အော်တယ်၊ ထိုင်ဆိုထိုင် ထဆိုထ… အရှက်ဆိုတာ ဘာလဲလို့တောင် ပြန်မေးမယ့်သူ… တစက်ကလေးမှကို မရှက်တတ်တဲ့သူ။ တခါ အခွက် မရှိဘူး၊ အဲ… မျက်ခွက်ကို ပြောင်လွန်လွန်းလို့ အဲဒီလိုတောင် ပြောကြတယ်။ မျက်ခွက်ဆိုတာ ဘယ်မှာ ထားထားမှန်းကို မသိတဲ့သူပါ။ အကပ် မရှိဘူး၊ ဒါကတော့ ထူးသလို ဆန်းသလို ရှိတယ်၊ ခိုင်းတာတွေ လုပ်ပေမယ့်လည်း တကယ်ဖြစ်ရင်တော့ သူပဲ ခံနေရတယ်၊ ဘယ်သူ့မှလည်း ကပ်မထားဘူး၊ ဘယ်သူ့ကမှလည်း သူ့ကို အကပ်မခံကြဘူး။

ခိုင်းတာလုပ်ဖို့ စိတ်တခုထဲနဲ့ သူ၊ သူ့ကို ကြည့်ရတာ ဘယ်တော့မှလည်း စိတ်ချမ်းသာမယ့်ပုံ မရှိဘူး။ အခုတော့ သူ နေမကောင်းရှာဘူး။ ချောင်းတွေက တဟွတ်ဟွတ်နဲ့… ဆေးကလည်း သောက်ပုံမရဘူး။ ဆေးလိပ်ကတော့ သောက်ပုံရတယ်။ သူ့ကို ကြည့်လိုက်ပါ၊ မသိရင် စက်ရုံခေါင်မိုးကြီး ဆောင်းထားသလိုလို…။ သေတော့မယ်နဲ့ တူပါရဲ့…။ သေသွားတော့လည်း အေးတာပဲလို့ သူ့ခမျာ တွေးထားပုံရတယ် ထင်ပါရဲ့…။ သူ့ကြည့်ရတာ ကြောင်တောင်တောင်နဲ့… ဘာခံစားမှုမှလည်း ရှိပုံ မရဘူး။ သူ့ဘေးက ကြိုးတွေကိုသာ တခါတခါ ၀ါးစားလိုက်၊ တခါတခါ ဖြည်နေလိုက်နဲ့ ကြိုးတွေနဲ့ပဲ အတူနေ၊ ရယ်လိုက် မောလိုက်… မြင်ရတာကိုက တကယ်ကို စိတ်ညစ်စရာ ကောင်းလှပါတယ်။

သူဟာ ကျောက်တုံးမျက်နှာပေးနဲ့ လူတွေကို တခါတခါ ကြည့်တတ်တယ်။ ကျောက်တုံးဆိုတော့ သိတဲ့အတိုင်း ထူထူထဲထဲ၊ လေးလေးပင်ပင်ကြီးပေါ့။ ဘာမှလည်း ခံစားချက်မရှိဘူး။ လူလို့သာ ပြောရတယ်၊ လူနဲ့လည်း တကယ်မတူတဲ့သူပဲ။ ဖြတ်သွားဖြတ်လာတွေက သူ့ကို ကြည့်ကြတယ်၊ စိတ်ညစ်ကြတယ်၊ နှာခေါင်းရှုံ့ကြတယ်။ သူကတော့ တခါတခါ မျက်လုံးကြီး ပြူးပြီးကြည့်တယ်၊ တခါတခါ ရယ်သလိုလို ပြုံးသလိုလို လုပ်တယ်၊ တခါတခါတော့ စသလို နောက်သလိုတောင် ပြန်လုပ်တယ်။ အရူးကြီးတယောက်လို ဖြစ်နေတဲ့သူပေါ့။

ဒါက သူ့ကို အများက မြင်နေရတဲ့ကိစ္စ၊ ကျွန်တော်လည်း အဲဒီလို မြင်သလို ကိုဖိုးထောင်လည်း ကျွန်တော့်လိုပဲ မြင်တာပဲ…၊ မခင်မိလည်း အလားတူ မြင်တာပါပဲ။ ရှင်းရှင်းသိသာတဲ့ အချက်ကတော့ သူဟာ ကြိုးဆွဲမှ ကတဲ့သူ ဖြစ်နေတယ်၊ ခိုင်းမှ လုပ်တယ်။ မဟုတ်ရင် ထူထူအအ၊ ကြောင်တောင်တောင်ပဲ… သူ့ဟာသူ တခုခု လုပ်တယ်ဆိုတာ ဘာမှမရှိဘူး။ ဘာမှလည်း မသိဘူး။ လူတယောက်နဲ့ တကယ်ကို မတူတဲ့လူ…။

ကျွန်တော်က သူ့ကို နောက်ဆုံးမှ တွေ့ဖူးမြင်ဖူးတာမို့ ကောင်းကောင်းမသိဘူး။ သွားရင်းလာရင်း တွေ့ဖူးတာလောက်ပဲ ရှိသေးတယ်။ သူ့ဘ၀ သူ့အကြောင်း ရှေ့ဘက်က ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာကိုလည်း ဟိုကြားဒီကြားပဲ ရှိတာ… သေသေချာချာ မသိပါဘူး။ ဒါပေမဲ့ သူ့ကို တွေ့တွေ့လာရတဲ့အခါ စိတ်ထဲ တမျိုးတမည်ဖြစ်ပြီး၊ အမျိုးအမည်မသိတဲ့ ဝေဒနာတခု ခံစားလာရသလို ရှိတယ်။ ကျွန်တော့်ရဲ့ လွန်ပြီဖြစ်တဲ့ အဘနဲ့ပဲ တူသလိုလို၊ ဦးကြီးညိုထွေးနဲ့ပဲ ဆင်သလိုလို၊ ကိုယ့်မျိုးကိုယ့်ရင်းထဲက တယောက်လိုလို စိတ်ထဲ ဖြစ်မိတယ်။

ဒါကြောင့် တဖြည်းဖြည်းနဲ့ သူ့ကို စိတ်ဝင်စားမှု ပိုလာတယ်ဆိုတာကိုတော့ ၀န်ခံချင်ပါတယ်။ ဘယ်သူ့ကမှ စိတ်မ၀င်စားတဲ့ လူတဦးကို ကျွန်တော်က ဘာကြောင့် စိတ်ဝင်စားနေတာလဲ၊ စိတ်ဝင်စားတော့ရော ဘာတွေ အကျိုးရှိမှာလဲလို့ ပြန်စဉ်းစားကြည့်မိတယ်။ တခါတခါ ကျွန်တော့်မှာလည်း စိတ်ရူးတခု ရှိတတ်တယ်။ ထင်ရာမြင်ရာ စွတ်တရွတ် လုပ်တတ်တဲ့အကျင့်ပဲ၊ ဘယ်တော့မှာလည်း ပြင်လို့ရမှာမဟုတ်တဲ့ အကျင့်ပါ။ စိတ်ဝင်စားချင်တာကို စိတ်ဝင်စားတယ်၊ အလဟဿ အချိန်ကုန်ခံနိုင်တယ်၊ အပင်ပန်းခံနိုင်တယ်။

ဒါနဲ့ ကျွန်တော် တနေ့တော့ ချောင်းပြီး အဲဒီကြိုးဆိုင်းတွေနဲ့လူကို စကားပြောကြည့်ဖြစ်တယ်။ သူက အဲဒီနေ့က နည်းနည်းသန့်နေသလိုပါပဲ၊ ပုံမှန်ဆိုရင်တော့ ဒီလူကြီး ကြည့်ရတာ အင်မတန်မှကို အကျည်းတန်လွန်းပါတယ်။ မဖြီးသင်တဲ့ ဆံပင်၊ မသုတ်သင်ထားတဲ့ မုတ်ဆိတ်၊ မျက်ပေါက်မှေးမှေးနဲ့ အလိုမပြည့်တဲ့ လူတယောက်လို အစဉ်အမြဲ ရှိနေသူ တယောက်ကို မြင်သူတိုင်းက မနှစ်မြို့ကြတာ အထူးအဆန်းလုပ် မပြောသင့်တဲ့ ကိစ္စပါ။ ဒါပေမဲ့ ကျွန်တော်နဲ့ စကားပြောဖြစ်တဲ့ နေ့ကတော့ သူဟာ တော်တော့်ကို လန်းလန်းဆန်းဆန်း ရှိနေပါတယ်။

“ဦးလေး… ကျွန်တော့်နာမည် မောင်ချိုလို့ ခေါ်ပါတယ်၊ တာဝတိန်သာလမ်းမှာ နေပါတယ်“

သူက ကျွန်တော့်ဘက်ကို လှည့်ပြီး ကြည့်တယ်၊ မျက်မှောင်တချက် ကုတ်တယ်။ ပြီးတော့ တဘက် ပြန်လှည့်သွားပြီး ကျောပေးရက်ကနေ စကားပြန်ပြောတယ်။

“မင်းနာမည်နဲ့ နေရပ်ပြောတော့ ငါက ဘာလုပ်ရမှာလဲ၊ ရှုပ်ရှုပ်ရှက်ရှက်…“

“ဒီလိုပါ၊ ကျွန်တော်က မိတ်ဆက်တာပါ၊ ဦးလေးကို ကျွန်တော့်အမျိုးတယောက်လို စိတ်ထဲ ခံစားရလို့ စကားလာပြောကြည့်တာပါ၊ ဦးလေးက ဘာဖြစ်လို့ ကြိုးဆိုင်းတွေနဲ့ ဖြစ်နေရတာလဲ“

စကားအပိုတွေ မပြောတတ်တဲ့ ကျွန်တော့်ဝသီအတိုင်း တိုက်ရိုက်ပဲ ပြောချလိုက်တယ်၊ ဟုတ်တယ်လေ… ဒီလူကြီးကို အထူးအထွေ ကျွန်တော် အချိန်ပေး မနေနိုင်ဘူး။ စကားပြောလို့ရရင် ပြောမယ်၊ မေးစရာရှိ မေးမယ်။ မဟုတ်ရင်လည်း ထားလိုက်ရုံပဲ၊ အဝေးကနေပဲ စိတ်ဝင်စားလိုက်ရုံပဲ။ ကျွန်တော့်ကိုလည်း ကျွန်တော်ဝေခွဲမရနိုင်ဘူး။ ကျွန်တော်ဟာ ဘာကြောင့် စိတ်မရှည်သူတယောက် ဖြစ်နေတာလဲ။ ကျွန်တော်ဟာ ဘယ်တော့မှ သည်းမခံနိုင်ဘူး။ ဘာကိုမဆို ချက်ချင်းတုန့်ပြန်တတ်တဲ့သူ ဖြစ်နေတတ်တယ်။

လူကြီးက ကျွန်တော့်ကို ကျောပေးရက်ကနေ လှည့်လာပြန်တယ်၊ ပြီးတော့ ကျွန်တော့်ကို တည့်တည့်ကြည့်တဲ့ပြီး…

“မင်းက ငါ့ကို ဘာဖြစ်လို့ စိတ်ဝင်စားရတာလဲ၊ ကြိုးဆိုင်းတွေနဲ့လူဟာ အရုပ်ပေါ့ကွာ… ငါဟာ အရုပ်တရုပ်ပေါ့ကွာ“ လို့ ပြန်ဖြေတယ်။

အရုပ်၊ အရုပ်… လူအရုပ်…။ လူဟာ အရုပ်လား၊ အရုပ်လို လူလား။ ကြိုးဆိုင်းတွေနဲ့ လူကြီးက သူဟာ အရုပ်တရုပ်ပါလို့ ပြောတယ်။ ကျွန်တော် သိတာကတော့ အရုပ်ဆိုတာ အရုပ်ပဲ၊ လူက လူပဲ။ အရုပ်နဲ့လူက တူမှ မတူတာပဲ။ အရုပ်ကို ကလေးတွေက ကစားကြတယ်။ လူကြီးတွေကတော့ ကြည့်ကြတယ်၊ သဘောကျတဲ့ အရုပ်ဆို သဘောကျစရာ ကောင်းတယ်လို့ ပြောကြတယ်။ သဘောမကျတဲ့ အရုပ်တွေဆို သူတို့ မကြည့်ချင်ကြဘူး။ ဒီလောက်ပဲ။ ဒီလူကြီးကတော့ အရုပ်တဲ့၊ ဒါပေမဲ့ စကားလည်း ပြောတယ်၊ အစားလည်း စားတယ်၊ ဆေးလိပ်တောင် တခါတလေ သောက်တာကို တွေ့ဖူးတယ်။

“ကြိုးတွေနဲ့ ဆိုင်းထားတဲ့ လူမို့ အရုပ်လို့ ပြောတာလား၊ ရုပ်သေးရုပ်လို ဖြစ်နေတဲ့ လူမို့ အရုပ်လို့ ပြောတာလား“

ကျွန်တော်က စိတ်ထဲ မရှင်းတာနဲ့ အဲဒီလိုပဲ မေးချလိုက်တော့တယ်။ သူက မျက်လုံးကြီးပြူးပြီး ကျွန်တော့်ကို ကြည့်တယ်။ ကျွန်တော် တွေးတာတွေဟာ သမားရိုးကျ အတွေးတွေထဲက ဖောက်မထွက်နိုင်သေးဘူးလို့များ ထင်နေသလား မသိပါဘူး။ (သူ တကယ် အဲဒီလို တွေးခဲ့ရင်လည်း ကျွန်တော် မတတ်နိုင်ဘူး၊ ကျွန်တော်က အချက်အလက်အပေါ် အခြေခံရတဲ့ အလုပ်လုပ်နေသူဆိုတော့ ကျွန်တော် ဖတ်ထား၊ မှတ်ထား၊ သိထားတာတွေ အပေါ်မှာပဲ သုံးသပ် ဆုံးဖြတ်တတ်တယ်၊ မေးခွန်းတွေ ဆင့်ကာဆင့်ကာ ထုတ်တတ်တယ်)။

“အရုပ်ဆိုကထဲက ရှင်းနေပြီးသားပဲ၊ ကိုယ်တိုင် မလှုပ်နိုင်ဘဲ သူများ လှုပ်ပေးမှ လုပ်နိုင်တာကို ခေါ်တာပဲကွ။ ကြိုးတွေနဲ့ ဆိုင်းထားတယ် ဆိုတာကလည်း အဲဒီလို လှုပ်နိုင်အောင် လုပ်နိုင်ဖို့ အတွက်ပဲ မဟုတ်လား။ ရှင်းနေတာတွေကို မင်းက ဘာကြောင့် ရှုပ်ချင်တာလဲ မောင်ချိုရ…“

ကျွန်တော် မိတ်ဆက်ထားတဲ့ နာမည်ကို ပထမဆုံး စခေါ်လာပြီ၊ ဒါဟာ ကျွန်တော့် အောင်မြင်မှုလို့ပဲ ကျွန်တော် တွေးတယ်။ လူတယောက်နဲ့ လူတယောက် နာမည်ခေါ်ပြီး ပြောဆိုလာကြပြီဆိုရင် ဒါဟာ တယောက်နဲ့တယောက် ချိတ်ဆက်မိသွားပြီလို့ ကျွန်တော် ယူဆတယ်။ ဒါဆိုရင် ဒီအရုပ်လူကြီးနဲ့ ကျွန်တော်လည်း ချိတ်ဆက်မိသွားကြပြီလား။ ချိတ်ဆက်တာ/ မချိတ်ဆက်တာ နောက်ထားရမယ့် အလုပ်ပဲ၊ တကယ့်အလုပ်က သူက ကျွန်တော့်ကို မေးခွန်းထုတ်နေပြီ၊ ရှင်းနေတာတွေကို ဘာကြောင့် ရှုပ်ဖို့ လုပ်သလဲတဲ့။

တချို့ကိစ္စတွေဟာ ဒီလူကြီး ပြောသလို ရှင်းနေသားပဲလို့ လူတွေက အထင်ရောက်တတ်ပါတယ်။ တကယ်ကတော့ ကျွန်တော့် အတွေ့အကြုံအရဆို… အဲဒါတွေဟာ တကယ် မရှင်းပါဘူး။ “မရှုပ်ပါဘူးလို့ ကျွန်တော်တို့က သက်သေ မပြမချင်း ရှင်းနေသားပဲ“ လို့ အလွယ်တကူ ပြောလို့ မရတတ်ပါဘူး။ ဒါကို အရှင်း/ အရှုပ်အကြောင်း ကောင်းကောင်းသိတဲ့ သူတွေ သိပါတယ်။ ကျွန်တော်လည်း သိပါတယ်၊ တချို့တော့ မသိကြဘူး။ အဲဒါကိုတော့ ကျွန်တော် သိနေပါတယ်။

ကျွန်တော် ဘာပြန်ဖြေရမလဲ၊ ကျွန်တော့်မှာ အဖြေရှိသလား။ ကျွန်တော်လည်း အရုပ်တရုပ်လား။ လှုပ်တဲ့သူရှိမှ လုပ်တဲ့သူလား။ ဒီအဖိုးကြီးဟာ ကျွန်တော့်ကို မေးနေပြီ၊ ကျွန်တော်ဟာ အင်မတန် စိတ်မြန်တဲ့သူ ဖြစ်တယ်၊ ယောက်ျားလေးတန်မဲ့ ဆတ်ဆတ်ထိ မခံတတ်သူလည်း ဖြစ်တယ်။ အရာရာကို တတ်သိနားလည်သူလို့လည်း အထင်ရောက်တတ်သူ ဖြစ်တယ်။ တချို့ကိစ္စတွေဆို သူများတွေ မသိခင် အရင်သိနေတတ်သူလို့လည်း ဂုဏ်ယူခဲ့ဖူးတယ်။ အခုတော့ ကျွန်တော် အခက်တွေ့ပြီ၊ ခက်နေပါပြီ။ ဘာတခုများ ကျွန်တော် ဖြေနိုင်ပါ့မလဲ။

ကြိုးဆိုင်းတွေနဲ့ လူကြီးကတော့ ကျွန်တော့်ကို ပြုံးပြုံးကြီးကြည့်ပြီး ဟိုဘက် ပြန်လှည့်သွားပြီ၊ သူ့ခေါင်းနားဆီကနေ မီးခိုးငွေ့တွေတောင် ထွက်လာတာကို ကျွန်တော် တွေ့နေရတယ်။ ဆေးလိပ် သောက်နေတာ ထင်ပါရဲ့…။ ခဏနေတော့ ချောင်းတွေ တဟွတ်ဟွတ်ဆိုးသံ ကြားရတယ်။ ကျွန်တော့်မှာတော့ ဆွံအနေဆဲ… အနေမတတ်၊ အထိုင်မတတ်၊ ဟိုစပ်စပ် ဒီစပ်စပ်လူ၊ ကိုယ့်ကိုယ်ကိုယ် သိပ်သွက်တယ်လို့ ထင်ခဲ့မိသူ၊ အခုတော့ ကိုယ့်ဒုက္ခနဲ့ကိုယ်… ကျွန်တော့်ပါးစပ်ဟာ စေးကပ်နေတယ်။

အဖြေကတော့ ရှင်းခဲ့ပြီ။ အော် ဟော် ဟော်… ကျွန်တော်ကိုယ်တိုင်သည်လည်း ကြိုးဆိုင်းတွေနဲ့ လူ…။

၂၀၁၂ အောက်တိုဘာ ၂၊ ည ၁၁ နာရီ။

လန်ဒန်။

by Myo Tha Htet on Saturday, 8 September 2012 at 23:48·

“သားကို အရပ်မြင့်မြင့် မွေးပေးထားတာ တခုနဲ့တင် ကျေးဇူးဆပ်လို့ မကုန်တော့ပါဘူး အမေ၊ ဒီ့အတွက် သားမွေးနေ့ အကြိုမှာ လက်ဆယ်ဖြာ ထိပ်မှာမိုးလို့ ရှိခိုးဦးချ ကန်တော့လိုက်ပါတယ်“

ဟုတ်ပါတယ်၊ ဒီတခုထဲနဲ့တင် ကျွန်တော်တော့ အမေ့သား ဖြစ်ရတာ တော်တော်တန်နေပြီလို့ အကြိမ်ကြိမ် တွေးမိပါတယ်။ ကျွန်တော်က အရပ်မြင့်ရတာကို ကြိုက်တယ်။ သိပ်အမြင့်ကြီးလည်း မဟုတ်ဘူး၊ လက်ရှိ အမြင့်လောက်ပဲ ဘ၀မှာ လိုချင်ခဲ့တယ်။ အခု အဲဒီ အရပ်နဲ့ လူလုပ်နေရတယ်၊ အဲဒါနဲ့တင် အမေ့ကျေးဇူးက တော်တော်ကြီးနေပါပြီ။

အမေက အဝေးရောက်သားကို အမြဲ သတိရတယ်လို့ ပြောတယ်။ အခု မွေးနေ့အတွက်လည်း ကြိုပြီး ဆရာတော် သမားတော်တွေကို သင်္ကန်းကပ်လှူပေးတယ်၊ လိုအပ်တဲ့ သူတွေကို သားကိုယ်စား လှူဒါန်ပေးတယ်။ ပြီးတော့ “မင်းက အဲဒီက သာဓုခေါ်ကွဲ့“ လို့လည်း ကုသိုလ်ကောင်းမှုတွေ ထပ်တူရဖို့ ပြောဆို ဆုံးမ အမျှပေးဝေပြန်တယ်။

ငယ်ငယ်ကထဲက ဘုရားကို ဘုရားမှန်း၊ တရားကို တရားမှန်း၊ သံဃာကို သံဃာမှန်း၊ မိဘကို မိဘမှန်း၊ ဆရာသမားကို ဆရာသမားမှန်း သိအောင် ပြောဆို၊ ဆုံးမ သွန်သင်ပြပေးခဲ့တယ်။ ဆွေမျိုး၊ မိတ်ဆွေ၊ ရပ်ကွက် ၀န်းကျင်နေသူတွေကို နိုင်သမျှ ကူရမယ်လို့လည်း ပြောဆိုခဲ့သလို ကိုယ်တိုင်လည်း ကူပြ၊ လမ်းပြ၊ ရှေ့ဆောင်ပြခဲ့တယ်။

တခါ ဘုရားရှိခိုးဖို့၊ တရားနိုင်သလောက်ထိုင်ဖို့၊ အခါကြီးရက်ကြီးမှာ ဘုရားကျောင်းကန် ဘုန်းတော်ကြီးကျောင်းသွားပြီး ဝေယျာဝစ္စ ကုသိုလ်ယူဖို့တွေကိုလည်း သားသမီးတွေကို တိုက်တွန်း၊ နှိုးဆော်သလို ကိုယ်တိုင်လည်း ရှေ့ကနေ အဦးအစ လုပ်ဆောင်ပြခဲ့တယ်။ “ငါ ပြောသလို လုပ်၊ ငါ လုပ်သလို မလုပ်နဲ့“ ဆိုတာမျိုး မဟုတ်ဘဲ “ငါ ပြောသလို လုပ်၊ ငါလည်း ရှေ့က လုပ်ပြမယ်“ ဆိုတဲ့ ဆရာနဲ့တူတဲ့ မိဘမျိုး ဖြစ်ပါတယ်။

တခါတလေ သားသမီးက အရွယ်ငယ်၊ အသိမကြွယ်လေတော့ ပင်ပန်းတယ်၊ ပျင်းတယ်၊ မလုပ်ချင်ဘူးလို့ အရွဲ့တိုက်၊ ဆိုးမိုက် လုပ်နေရင်လည်း ချော့တန်ချော့၊ ခြောက်တန်ခြောက်၊ ကြမ်းတန်ကြမ်း လုပ်ပစ်လိုက်တဲ့ အမေ့ကို ကျွန်တော်ကတော့ ကြောက်လည်း ကြောက်သလို ချစ်လည်း ချစ်ရပါတယ်။ ဆယ်တန်းတုန်းကဆို စာမကြည့်ဘဲ ယောင်တောင်တောင် လုပ်နေလို့ ဆံပင်ကိုဆွဲပြီး နံရံနဲ့ ဆောင့်ထည့်လိုက်တာ အလစ်အငိုက် (မလုပ်လောက်ဘူးလို့ ထင်နေတာကိုး) ခံလိုက်ရတယ်။

အမေ့ကို တခုကြိုက်တာက စကားများများ မပြောဘဲ ပြောသင့်သလောက်ပဲ ပြောပြီး၊ ကျွေးစရာရှိ ကျွေး၊ ပေးစရာရှိ ပေး၊ ခွေသွားအောင် သမစရာရှိ သမပစ်တာပါ။ အဲဒီတုန်းကတော့ အမေဟာ သားကို မချစ်ဘဲ ဘာဖြစ်လို့ ဒီလို ရိုက်နှက်တာလဲလို့ စိတ်မကောင်း ဖြစ်ခဲ့ဖူးပေမယ့် ဒီကနေ့မှာတော့ အမေ ဒီလိုတွေ ရိုက်နှက်ဆုံးမ၊ တွန်းတင်ထိုးတင်၊ မီးထိုးလွန်းခဲ့လို့သာ အခုလို အခြေအနေဘ၀ ရောက်ခဲ့တာပဲလို့ ဆင်ခြင်မိပြီး ကျေးဇူး အထပ်ထပ်တင်၊ ဦးအကြိမ်ကြိမ် ချမိပါတော့တယ်။

အမေ့အကြောင်း ပြောရရင်တော့ စာရေးဆရာ ချစ်စံဝင်းလိုပဲ စာတအုပ် ရမှာပါပဲ။ အများကြီးတော့ မပြောတော့ပါဘူး။ ၁၀ ချက်လောက်ပဲ ချုံးပြီး ပြောကြည့်ပါ့မယ်။

၁။ အမေက အလုပ်တဖက်နဲ့ အိမ်ထောင်ဦးစီး ထိန်းသိမ်းရသူဆိုတော့ သားသမီး ငယ်တုန်းကသာ သားသမီးတွေကို သေသေချာချာ ထိန်းသိမ်း စောင့်ရှောက်သလို အိမ်မှုကိစ္စတွေကိုလည်း ကိုယ်တိုင်လုပ်ခဲ့ရပေမယ့်လို့ ရှေ့နေ အလုပ်မို့ အလုပ်က များတဲ့အခါ အဖွားနဲ့ပဲ လွှဲထားတာ များပါတယ်။ ဒါပေမဲ့ အမေက ၀က်သားဟင်းချက် သိပ်ကောင်းတယ်။ အမေချက်တဲ့ ၀က်သနီချက်ဟာ အလွန်ကာင်းတယ်။ ဘာသာရေးကြောင့်လား မသိ၊ အမေဟာ ၀က်သားကို အဖေ့လောက် မက်မက်စက်စက် မရှိပေမယ့်လို့ သားသမီးတွေအတွက် ငယ်ငယ်က ချက်ကျွေးခဲ့တာကို ကျေးဇူးတင်မိတယ်။

၂။ အမေဟာ အလုပ် ဘယ်လောက်များများ ဘုရားစင် သန့်ရှင်းရေးကို အထူးပြု ဆောင်ရွက်တယ်။ ဘုရားပန်းကို အညှိုးနွမ်းမခံဘဲ ပုံမှန် ရေလဲတယ်၊ ပန်းအသစ် ၀ယ်ကပ်တယ်။ ရာသီအလိုက် ပေါ်တဲ့ သစ်သီးတွေကို ဆွမ်းကပ်လှူလေ့ ရှိတယ်။ လပြည့်နေ့တွေမှာ ပွဲထိုးပြီး ဆုတောင်းတယ်၊ သားသမီးတွေကိုလည်း တခုတ်တရခေါ်ပြီး ဘုရားအတူ ရှိခိုးခိုင်းတယ်၊ ထိုင်နိုင်သလောက် (ကြာကြာတော့ ထိုင်စေချင်ပုံရတယ်) တရားထိုင်ခိုင်းတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။

၃။ အမေဟာ သူ အလုပ် ဘယ်လောက် ပင်ပန်းပင်ပန်း အိမ်ကို တတ်နိုင်သလောက် သန့်ရှင်းအောင် ထားတယ်။ မိဘနှစ်ပါး၊ ကလေးသုံးယောက်ကို လောက်ငှအောင် ရှာဖွေကျွေးမွေးရတဲ့ အမေဟာ မိန်းမတယောက်တန်မဲ့ အလုပ်ကို တော်တော် လုပ်နိုင်တယ်။ မိန်းမတယောက်က လူခြောက်ယောက်စာ ရှာဖွေ ကျွေးမွေးရတာ ဘယ်လောက်တောင်မှ ပင်ပန်းနေမလဲဆိုတာ အလုပ်လုပ်နေတဲ့ ကျွန်တော် ကောင်းကောင်း သိပါတယ်။ ဒါပေမဲ့ အမေဟာ အိမ်ဖော် မထားဘူး၊ သားသမီးတွေကို တချို့ခိုင်းတယ်၊ တံမြက်စည်း သူကိုယ်တိုင် ကိုင်လှည်းတယ်၊ ကြမ်းကို သူကိုယ်တိုင် တိုက်တယ်၊ ရေအိမ်ကို ပြောင်လက်နေအောင် အမြဲတိုက်တယ်။ သားသမီးကိုလည်း လုပ်တတ်ဖို့ ခိုင်းတယ်။ ဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။

၎။ အမေက ပညာရေးကို အားပေးတယ်၊ ပညာရေးကိုသာ အမွေအဖြစ် ပေးနိုင်တယ်လို့ ခဏခဏ ပြောတယ်။ မင်းတို့ ဘွဲ့တွေ၊ ဂုဏ်ထူးတွေ ရအောင် လုပ်ကြ၊ အင်္ဂလိပ်စာကို တတ်အောင် သင်ကြဆိုတဲ့ စကားကို ကျွန်တော် လေး၊ ငါးတန်း လောက်ကနေ မနေ့၊ တနေ့ကအထိ ပြောနေတုန်းပါ။ ပညာရေးကို အင်မတန်မှ အမေ အားပေးတယ်။ ကျွန်တော် ကောလိပ်တက်ရင်း ကျောင်းတွေက ပိတ်လိုက်/ဖွင့်လိုက်နဲ့ တန်းလန်း ဖြစ်နေတုန်း ဘယ်နေ့ ပြန်ဖွင့်မယ်မှန်း မသိတဲ့ ကျောင်းကို စောင့်ရင်း ဟိုယောင်ယောင်/ဒီယောင်ယောင် လုပ်နေတော့ အမေက ဗြိတိသျှကောင်စီ စာကြည့်တိုက်သွားပြီး စာဖတ်ခိုင်းတယ် (ကျွန်တော်က မဖတ်ဘူး)၊ အမေရိကန်စင်တာ သွားပြီး အင်္ဂလိပ်စာ သင်တန်း တက်ခိုင်းတယ် (ကျွန်တော်က မတက်ဘူး)။ အမျိုးသားရေး စိတ်ဓာတ်အပြည့်နဲ့ အစိုးရ ကောလိပ်ကိုပဲ ဖွင့်တဲ့အထိ စိတ်ရှည်ရှည် စောင့်ပြီး အတန်းပြီးအောင် တက်ခဲ့တယ်။

ဒီတော့ ကျွန်တော် နောက်ပိုင်းမှာ အများကြီး ရုန်းကန် ကြိုးစားခဲ့ရတယ်။ အမေက ကြိုမြင်လို လမ်းပြတယ်၊ အတင်း တွန်းလျှောက် ခိုင်းတယ်။ သားက ခေါင်းမာတယ်၊ ခေါင်းခါတယ်။ အမေကလည်း မလျှော့လိုက်ဘဲ ဇွဲနပဲနဲ့ ဆင့်ကာဆင့်ကာ ထပ်ခါထပ်ခါ ပြောတော့ နောက်ဆုံးမှာ ခေါင်းအလွန်မာတဲ့ သားဟာ တဖြည်းဖြည်းနဲ့ လှုပ်လာပြီး လုပ်လာတယ်၊ သင်လာတယ်၊ တတ်လာတယ်။ ဒီအတွက်လည်း အမေ့ကို ကျေးဇူးတင်ပါတယ်။

၅။ အမေဟာ သားကို အင်မတန် မျှော်မှန်းတယ်။ မွေးပြီး မကြာခင်မှာပဲ သူ့သားဟာ ကြီးတဲ့အခါ ဆရာဝန် ဖြစ်ရမယ်လို့ ရည်မှန်းချက် ထားသတဲ့။ အမေလေ… မနေဘူး၊ ကြွားတာပေါ့။ သူ့သားဟာ ကြီးတဲ့အခါ ဆရာဝန် ဖြစ်စေရမယ်တဲ့…။ ပတ်ဝန်းကျင်က မေးငေါ့ကြတာပေါ့၊ ကြည့်ပါဦး… စားဖို့တောင် အတန်တန် ရုန်းနေကြရတာ… သူ့သားများ ကြီးတဲ့အခါ ဆရာဝန် ဖြစ်မတဲ့…။ ဒီလိုတွေ ပြန်ကြားတဲ့ အခါမှာလည်း အမေက မမှုပါဘူး၊ သူ့ ယုံကြည်ချက်နဲ့ သူ… ဒါပေမဲ့ သားက မတော်ဘူး၊ မကြိုးစားဘူး၊ ဒီတော့ ဆရာဝန် မဖြစ်ခဲ့ဘူး။

မကြိုးစားတဲ့ သားဟာ ဘယ်လိုမှ ဆရာဝန် မဖြစ်နိုင်မှန်း သိပြန်တော့ လက်တွေ့ကျတဲ့ အမေက တဆင့် လျှော့ပြန်တယ်။ မင်းက ဥာဏ်လည်း ကောင်းပါရဲ့နဲ့ အပျင်းက ထူ၊ လူက ယောင်ချင်တယ်။ တခေါက်လောက် ကြိုးစားစမ်းကွာတဲ့… စက်မှုတက္ကသိုလ်တော့ တက်ပြီး အင်ဂျင်နီယာလောက်တော့ လုပ်သင့်ပါတယ်တဲ့။ သားမောင် ကြောင်တောင် ယောင်တောင်ကတော့ စက်မှုတက္ကသိုလ်လည်း မတက်ချင်ပါဘူး၊ တကယ်ဆို ဘာကိုဘာမှ လုပ်ချင်ခဲ့သူ မဟုတ်ပါဘူး။ ဘ၀ဆိုတာ အခက်အခဲတွေ များလှတဲ့… ဆူးငြောင့်တွေပေါတဲ့ ခရီးလမ်းရှည်ကြီး ဆိုတာကိုလည်း ကြီးကြီးကျယ်ကျယ် မတွေးခဲ့မိပါဘူး။

ကျောင်းစာ မဟုတ်တဲ့ စာမှန်သမျှကို စိတ်ဝင်စားခဲ့သူ အငမ်းမရ ဖတ်ခဲ့သူ၊ ယောင်တောင်ပေါင်တောင် အတွေးနဲ့ တောင်ရေးမြောက်ရေး စာတွေ ရေးခဲ့သူ၊ နိုင်ငံရေးသမား ဖြစ်ချင်သလိုလို အတွေးအခေါ် ပညာရှင် ဖြစ်ချင်သလိုလို ဝေခွဲမရခဲ့တဲ့သူ… အမေဟာ သူ့သားကို ဘယ်လို လမ်းကြောင်းတည့်ရမလဲလို့ ဘယ်နှညတောင် စဉ်းစားခဲ့ရသလဲ၊ အိပ်မရတဲ့ ညတွေ အမေ့မှာ ဘယ်လောက် ရှိခဲ့သလဲ။ အမေဟာ တခြားနေရာသာ စကားမပြောရင်နေမယ်၊ သားပညာရေးအတွက်ကတော့ အဆက်မပြတ် တတွတ်တွတ်နဲ့ ပြောနေခဲ့တယ်၊ အကြံတွေ၊ ဥာဏ်တွေ ပေးနေခဲ့ပါတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။

၆။ ဒီလိုနဲ့ပဲ လိမ်ဖယ်လိမ်ဖယ်နဲ့ သားဟာ ကောလိပ်ပြီးခဲ့တယ်။ အလုပ်ဝင်ဖို့ ရှိလာတယ်။ အမေက ရှေ့နေဆိုတော့ သားကိုတော့ အနိမ့်ဆုံး ရှေ့နေတယောက်တော့ ဖြစ်စေချင်ခဲ့တယ်။ မလိမ္မာခဲ့တဲ့ သားဟာ ဥပဒေဘာသာရပ်နဲ့ တက္ကသိုလ်တက်ဖို့အတွက် အနိမ့်ဆုံး အမှတ်ကိုတောင် ၁၀ တန်းမှာ မဖွေရှာပေးခဲ့နိုင်ဘူး။ ဒီတော့လည်း နဂို ၀ါသနာပါရာ စာရေးသူ/ အယ်ဒီတာဖြစ်ဖို့ ကြိုးစား အလုပ်ရှာ/ အလုပ်ဝင်တော့လည်း တွန့်ဆုတ်လို့ မနေခဲ့ပါဘူး။ အတွန်းအတိုက်၊ အထုအထောင်း၊ လောကဓံ လှိုင်းတန်ပိုးမှာ မြုပ်မနစ်သွားဘဲ အလိုက်သင့် ပေါလောမျောနိုင်စေဖို့ ကာယခွန်အား၊ ဥာဏခွန်အား၊ စိတ္တခွန်အားတွေနဲ့ နောက်ကနေ နိုင်သလောက် ထောက်တည်ပေးခဲ့တယ်။ အမေ့ကြောင့် သားဟာ အားတွေချည်း တက်ခဲ့ရတယ်။ ကျေးဇူးတင်ပါတယ် အမေ…။

၇။ စာရေးတာ၊ ဘာသာပြန်တာ၊ အယ်ဒီတာလုပ်တာတွေကို ၀ါသနာပါတဲ့ သားကို ထပ်ဆင့် မြင့်စေဖို့ တခြားတပါး နိုင်ငံတွေသွားပြီး ပညာသင်ဖို့မှာလည်း အမေဟာ သွားမယ့် သားထက်ကို တက်ကြွနေခဲ့ပြန်တယ်။ တိုက်တိုက်တွန်းတွန်းနဲ့ အားတွေပေး၊ ပိုက်ဆံတွေ ပေး၊ တောင်းသမျှ မညည်းညူဘဲ ထောက်ပံ့လို့ချည်း ပေးနေခဲ့တယ်။ ရွာအပြင်ထွက်ဖို့ကို အမေကသာ များများ မသင်ပြခဲ့ရင် အပျင်းကြီး၊ အနေတတ်တဲ့သား ပေကပ်ခါ နေခဲ့ဦးမှာပါလေ။ အခုတော့ နားကြီး၊ မျက်စိကြီးရုံမက ခေါင်းကြီးပါ ကြီးကြီးလာလို့ တခါတခါ ဖြုတ်ထုတ်ပြီး ထားလိုက်ရတယ် အမေ…။ အရွှန်းအဖောက် ပြောတတ်ပေမယ့် သား ဒီတခါတော့ မနောက်တော့ပါဘူး အမေ…၊ ကျေးဇူးတင်ပါတယ်လေ။

၈။ အမေက ပညာရေး တိုးတက်ဖို့ အပြင်ထွက် စာသင်ဖို့ ပြောခဲ့ဖူးတယ်၊ တကြိမ်မှာတော့ အခွင့်သာလိုက်တဲ့အခါ အပြင်မှာသွား အလုပ် လုပ်ဖို့ ဖြစ်လာခဲ့တယ်။ အမေက ချစ်တဲ့သား၊ အမေ့ကို ချစ်တဲ့သား ခွဲခွာလို့ ကွဲကွာဖို့ ဖြစ်လာတဲ့ အခါမှာလည်း အမေက တွန့်ဆုတ် မနေပါဘူးလေ…။ ဘယ်မိဘကများ သားသမီးကို ကိုယ့်ရင်အုပ်ထဲကနေ ခွဲထုတ်လို့ သွားစေချင်ပါ့မလဲ။ ဒါပေမဲ့ ဒါဟာ သားအတွက် အားဆက်မယ့် ဇာတ်လမ်းဆိုတာကို အမေဟာ မကြည့်ဘဲ သိနေတာပဲလေ။ အမေက အမြဲ ပြောတတ်တယ်၊ “နင်တို့ အကြောင်းကို နင့်တို့ထက် ငါက ပိုသိပါတယ်လေ“ တဲ့။ ဘယ်ကနေ ဘယ်လို သိသွားသလဲ ဆိုတာကိုတော့ ကျွန်တော်လည်း မိဘ မဖြစ်ဘူးသေးတော့ မသိသေးဘူးပေါ့ အမေ၊ ဘာပဲဖြစ်ဖြစ် စွန့်လို့ ထွက်သွားတဲ့သားကို အမေ အားပေးခဲ့တာကိုလည်း ကျေးဇူးတင်ပါတယ် အမေ…။

၉။ အဝေးရောက်နေပေမယ့်လည်း သားက အမေ့ကို မမေ့ခဲ့ပါဘူး။ သားကတောင် မမေ့ဘူးဆိုမှတော့ အမေကတော့ အဆ ထောင်၊ သောင်း၊ သိန်း၊ သန်း ဘယ်လိုမှန်းမလဲလေ အမေ…။ ကျွန်တော် သိပါတယ်၊ “နေ့ဆိုရင် သတိရ၊ ညဆိုရင် မေ့လို့မရ“ ဆိုတာ ကျွန်တော်တို့ အိမ်မှာ ခဏခဏ ဖွင့်ခဲ့ဖူးတဲ့ သီချင်းတပုဒ်ထဲက စာသားလေးတကြောင်း ဖြစ်ပေမယ့်လို့ အမေကလည်း ကျွန်တော့်ကို အမြဲ သတိရ၊ မေ့မထားဘူးဆိုတာကို အမေကိုယ်တိုင် ကျွန်တော့်ကို ပြောပြလို့လည်း သိတယ်၊ စိတ်နဲ့လည်း ခံစားမိပါတယ် အမေ…၊ အဲဒီအတွက်ကိုလည်း ကျေးဇူးတင်ပါတယ် အမေ…။

၁၀။ အဲ… ရေးပဲရေးလာလိုက်တာ အမေ့အကြောင်းက ကုန်ဘဲမကုန်နိုင်ဘူး၊ နံပါတ် ၁၀ တော့ ထိုးသွားခဲ့ပြီ။ ဒါနဲ့ ကျွန်တော် စဉ်းစားတယ်။ အမေ ကိုးလလွယ် ဆယ်လဖွား သားအတွက် ပင်ပန်းဆင်းရဲခဲ့ရတယ်။ ရုံးအလုပ် သွားတဲ့အချိန် တနာရီ၊ ရုံးအပြန် တနာရီ… အိမ်နဲ့ရုံးကြား တနေ့ နှစ်နာရီလောက်သာ သယ်ရတဲ့ ရုံးလွယ်အိတ်ကလေးကိုလေ… အမေ့ထက် အရပ်တပေလောက် ပိုမြင့်ပြီး အမေ့ထက် ကိုယ်အလေးချိန် တဆခွဲလောက်ပိုလေးတဲ့ ယောက်ျားဘသား အမေ့ရဲ့သားကြီးက တခါတခါ လေးသလိုလို ဖြစ်လို့ ပစ်လို့တောင် ချထားလိုက်ချင်တဲ့ စိတ် တခါမက ဖြစ်ခဲ့ဖူးတယ် အမေ…။

အမေ့မှာတော့ လေး၊ ငါး ပေါင်မက လေးတဲ့ အသက်ပါတဲ့ အသားတုံး အသားစိုင်ခဲကြီးကို သားအမှတ်နဲ့ မိဘမေတ္တာအပြည့်နဲ့ ချစ်ခင်နေပြီး အစားအသောက် ရှောင်ရ၊ အထိုင်အထ ကြည့်ရ၊ ဘုရားစာတွေ ရွတ်လို့ အင်္ဂါခြေလက်စုံအောင် ဆုတောင်းရနဲ့ ပင်ပန်းကြီးလှပါပကောဗျာ။

အဲဒီအလုပ်တွေ လုပ်ရမှာစိုးလို့ ဒီအချိန် ဒီအရွယ်အထိ အပူရှောင် အူကြောင်ကြောင်လုပ်လို့ နေတတ်သလို ကျွန်တော် နေခဲ့တယ် အမေ…။ အမေကတော့ မနေခဲ့ဘူး၊ ဒီသားဦးကို အမေ မွေးခဲ့တယ်။ အမေ့ကြောင့် ကျွန်တော် ဖြစ်ခဲ့တယ် (အဲ… အဖေ တော်တာလည်း ပါတာပေါ့ အမေရယ်…) အဲဒီ ကျေးဇူးအဖုံဖုံ ဂုဏ်အ၀၀ကို သားမောင် မှန်းဆ တမ်းတလို့ အဝေးကနေပဲ စိတ်မှန်းနဲ့ အမေ့ ခြေအစုံမှာ ကျွန်တော့်မျက်နှာအပ်လို့ ရိုရိုကျိုးကျိုး ရှိခိုးကန်တော့လိုက်ပါတယ် အမေ၊ ကျေးဇူးကြီးလှပါတယ် အမေ…။

အမေ ကျန်းမာ ချမ်းသာပါစေ၊ ခန္ဓာကိုယ်ရဲ့ မမြဲခြင်းသဘော၊ ဆင်းရဲခြင်းသဘော၊ မဆိုင်မပိုင် အစိုးမရခြင်းသဘောတွေလည်း သိအောင် မိအောင် ကြိုးစား အားထုတ်နိုင်ပါစေလို့ ဆုမွန်တောင်းအပ် ဆက်လို့ကပ်ပါတယ် အမေ…။

၂၀၁၂ စက်တင်ဘာ ၈၊ ည ၁၁ နာရီ။

လန်ဒန်။

by Myo Tha Htet on Saturday, 8 September 2012 at 11:34·

ကျွန်တော့်မွေးနေ့ကား နီးလာလေချေပြီ၊ အော်… အသက်တနှစ် ထပ်ကြီးရဦး ပြန်မှာလားလို့… စဉ်းစားမိပါတယ်။ တလက်စထဲ အရွယ်တော် တဆိတ်ဟိုင်းလို့ ၂၀ ကျော် အစိတ်ပိုင်းထဲ ရောက်လာတဲ့ ကိုယ့်အသက်နဲ့အတူ ဘ၀လမ်းကြောင်းကိုလည်း ပြန်ကြော့ကြည့်မိသွားပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ညီငယ်ကလည်း ထုံးစံအတိုင်း (နှစ်စဉ်) မွေးနေ့အကြိုလက်ဆောင် ကဗျာတပုဒ် ပို့လာလို့ ဖတ်ကြည့်လိုက်တော့ အကိုဖြစ်သူကို သူက အသာအထိုးလေး ချီးပ ရေးထားပေးတာ တွေ့ရပါတယ်၊ ၀မ်းသာမိပါတယ်။

ဒါနဲ့ ညီငယ့်အကြောင်းလည်း ပြန်တွေး၊ ကိုယ့်အကြောင်းလည်း ပြန်စစ်ဆေး… ငယ်ဘ၀တွေကို ရောက်သွားပါတော့တယ်။ ဒီအခါ ကဗျာဥာဏ်၊ စာဥာဏ်ထက်တဲ့ ညီငယ်က ကျွန်တော့်ကို ပေးခဲ့တဲ့ နာမည်တွေကို အမှတ်တမဲ့နဲ့ ပြန်တူးဖော်မိပါတော့တယ်။ ဒါတွေဟာ လူသိနည်းနဲ့ ကိစ္စတွေမို့ ဖေ့စ်ဘုတ်မှာပဲ တိုးတိုးတိတ်တိတ် ဖတ်သူတွေ သိစေဖို့ လက်တို့ (အဲ… စာတို့) ကာ ပြောလိုက်ရပါတယ်။

ကျွန်တော် ခုနစ်တန်းလောက်က ထင်ပါတယ်၊ အားကစား နည်းနည်းလုပ်တယ်။ အဲဒါကတော့ အထက်တန်းကျောင်းဆင်းချိန် မိုးရွာရင် အိမ်ရှေ့ လမ်းပေါ် ဘောလုံးကန်ကြတာပါ။ ဘေးအိမ်က သူငယ်ချင်းတွေရယ်၊ ကျွန်တော်တို့ ညီအကိုရယ် ဟိုဘက်ဒီဘက် နှစ်သင်းခွဲပြီး ကန်ကြတာပေါ့။ ဒီတော့ ဘောလုံးကန်ရင်း ပြေးကျင့်လွှားကျင့် ရှိခဲ့ပါတယ်။

တခါသားမှာတော့ ဇန်န၀ါရီလဆန်းမှာ ကျွန်တော်တို့ရပ်ကွက်က လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ကျင်းပပါတယ်။ အမှန်တော့ နှစ်တိုင်းကျင်းပ နေတာပါ။ ကျွန်တော် ၀င်ပြိုင်မယ့် ပွဲမို့လို့ အထူးပြုပြီး ပြောနေတာပါ။ တာဝေးပေါ့လေ၊ ရပ်ကွက်သုံးပတ် ပြိုင်ရပါတယ်။ ရပ်ကွက်က ရန်ကုန်မြို့တော်ရဲ့ လမ်းမကြီး နှစ်လမ်းရဲ့ကြားမှာ ရှိပြီး၊ လမ်းသွယ် သုံးလမ်း၊ ရပ်ကွက်လမ်းမကြီးက တလမ်း ပါဝင်ဖွဲ့စည်း ထားပါတယ်။

လမ်းအလိုက် လူပျိုပေါက်တွေ (လူကြီးတန်းတော့ မဟုတ်ပါဘူး၊ လူလတ်တန်းပေါ့) ပြေးကြမယ့် တာဝေးပြိုင်ပွဲဆိုတော့ အရပ်မြင့်တဲ့ ကျွန်တော်နဲ့ ဘေးအိမ်က သူငယ်ချင်းနှစ်ယောက်က ကျွန်တော်တို့လမ်း ကိုယ်စား ၀င်ပြိုင်ဖို့ စာရင်းပေးလိုက်ပါတယ်။ အရပ်အမောင်းအရ ဆိုရင်တော့ ကျွန်တော်က အားလုံးမှာ အမြင့်ဆုံးထဲ ပါပါတယ်။

ပြေးဖို့ လေ့ကျင့်ထားတာ မဟုတ်ပေမယ့်လည်း လူငယ် ငတက်ကြွဆိုတော့ ရပ်ကွက်သုံးပတ်လောက်ကတော့ ဘာဝေးတာမှတ်လို့လို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသလို၊ ရပ်ကွက်ထဲက ရွယ်တူတွေကိုလည်း ဒီကောင်တွေ သုံးလှမ်း ငါ နှစ်လှမ်းပေါ့လို့ စိတ်ကြီးကလည်း ၀င်မိပါသေးတယ်။ ဒီလိုနဲ့ ဘာမှ လေ့ကျင့်ပြင်ဆင်မှု မရှိတဲ့ ကျွန်တော်… အလှည့်ကျတော့လည်း မနွဲ့စတမ်း ၀င်ပြေးပါတော့တယ်။

တကယ်တမ်းမှာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲ ဆိုတော့လည်း ကျွန်တော် ထင်ပါတယ်၊ ဘယ်သူမှ ထူးပြီးတော့ လေ့ကျင့်မထားကြပါဘူး။ ကန်တော်ကြီးနဲ့နီးတဲ့ ကျွန်တော်တို့ ရပ်ကွက်ထဲက လူကြီးတချို့သာ ဆောင်းတွင်း မနက် စောစောစီးစီး ကျန်းမာရေးအတွက် လမ်းထလျှောက်ကြတာမျိုးလောက်ပဲ ရှိပါတယ်။

ဆက်ရရင် ဘယ်မှာ သွားသိသာသလဲဆိုတော့ ကျွန်တော်နဲ့ ရွယ်တူတွေ၊ ကျွန်တော်နဲ့ အရွယ်တူပေမယ့် အသက်နည်းနည်း ကြီးနေသူတွေက အဲဒီအချိန်မှာ သူတို့ ပညာရေးက သိပ်မကောင်းတော့လို့ စပယ်ယာလုပ်သူက လုပ်၊ ရေထမ်းရောင်းသူက ရောင်း၊ လက်သမားလုပ်သူက လုပ်နဲ့ သူတို့က အတော်မာကြော သန်မာနေကြပါပြီ။ ကျွန်တော်မှာတော့ ကျောင်းနဲ့ အိမ် (ကျောင်းကလည်း အိမ်ကနေ မီတာ ၁၀၀ လျှောက်ရင်ပဲ ရောက်တဲ့ အကွာအဝေးမှာ)၊ အိမ်အလုပ်ဆိုတာကလည်း အိမ်ရှေ့စည်ပိုင်းထဲက ဒါမှမဟုတ် ရေပိုက်ခေါင်းက ရေဖွင့်ပြီး နောက်ဘက် ရေအိမ်သုံးဖို့ ဆွဲထည့်တာလောက်ပဲ လုပ်ထားတဲ့သူဆိုတော့ အကြီးအကျယ် ကွဲပါလေတော့တယ်။

ဒီလိုနဲ့ ရပ်ကွက်လူကြီးနေတဲ့ လမ်းထဲက တာထွက်ရာကနေ ခရာမှုတ်လို့ စပြေးလိုက်တာ သုံးလှမ်းလားပဲ ကျွန်တော် ရှေ့က ပြေးနိုင်လိုက်ပါတယ်။ လူ နှစ်ဆယ်၊ အစိတ်လောက်ဟာ အားလုံး ကျွန်တော့်ကို ကျော်ဖြတ် ကုန်ပါတယ်။ ဒါပေမဲ့ အားကစားဆိုတာ အရှုံးအနိုင်ထက် ယှဉ်ပြိုင်ခြင်းက အဓိကကျတယ် မဟုတ်လား (အဲဒီတုန်းက အဖေ မြှောက်ပေးထားတာကိုလည်း ယုံခဲ့မိတာကိုးဗျ)၊ ဒီတော့ ကျွန်တော်က နောက်ဆုံးကနေလိုက်ပြီး မပြေးကလည်း မပြေးနိုင်၊ တရပ်ကွက်လုံးကလည်း ထွက်ကြည့်နေကြတာဆိုတော့ ရှက်ရှက်နဲ့ မောမောကြီးပဲ ပြေးနေရပါတယ်။

ရပ်ကွက်ပတ်ပြေးတော့ သူများလမ်းတွေဘက် ပြေးနေတုန်း သိပ်ကိစ္စ မရှိပေမယ့် ကျွန်တော့်လမ်းဘက်ရောက်တော့ ဘယ်ထားရမှန်း မသိတဲ့မျက်နှာနဲ့ ခေါင်းကြီးငုံ့ပြီး ပင်ပန်းနေတဲ့ကြားက ခပ်သွက်သွက်ပြေးရပြန်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးကတော့ နောက်ဆုံးနေရာပါပဲ။

ဒီကြားထဲ ရှက်နေပါတယ်ဆိုမှ အမေအပါအ၀င် ညီ၊ နှမလေးနဲ့ အိမ်နီးနားချင်းတွေက လက်ခုပ်တီး အားပေးရင်း ပြေးထားကွ၊ ပြေးထားကွ လုပ်နေကြလို့ ကျွန်တော့်မှာ ဒေါသလည်းထွက်၊ ရှက်လည်းရှက်နဲ့ ကိုယ့်ဟာကိုယ်ယားပြီး ၀င်ပြေးခဲ့မိတာကို နောင်တရလို့ မဆုံးပါဘူး။

ချုပ်လိုက်ရင်တော့ ကျွန်တော်ရှေ့က တယောက်နဲ့ ကျွန်တော်ဟာ ပေ ၃၀ လောက် ပြတ်ပြီးမှ ကျွန်တော်တို့ ဘိတ်ချီးနှစ်ယောက်ဟာ ကျွန်တော်တို့ ရှေ့က ပန်းဝင်ခဲ့သူထက် သုံးမိနစ်လောက် အချိန် ပိုပြီးမှ ပန်းဝင်ခဲ့ကြပါတယ်။ ရပ်ကွက်လူကြီးကောင်းလို့ ဇွဲဆုဆိုလား ချိုချဉ်ထုပ် တထုပ်ရခဲ့တဲ့ သူဟာ ကျွန်တော်ပါ။ ကျွန်တော် အခုမှသာ စာရေးရင်း ရယ်နိုင်တာပါ၊ အဲဒီတုန်းကတော့ အဲဒီရပ်ကွက်ထဲမှာ ဆက်တောင် မနေချင်တော့ဘူးလို့ စိတ်ထဲ ဖြစ်ခဲ့မိပါတယ်။

ဒါနဲ့ ချိုချဉ်ထုပ်ကလေး ကိုင်ပြီး ငိုမဲ့မဲ့နဲ့ အိမ်ကို ပြန်လာတော့ လမ်းမှာပဲ ကျွန်တော့်ကို တောက်လျှောက် အားပေးခဲ့တဲ့ (မထင်ရင်လည်း မထင်သလို ဝေဖန်တတ်တဲ့) ညီငယ်က “မင်းကလည်းကွာ… ဘောလေးနေတာကိုးတဲ့၊ မြန်မြန်ပြေးတာ မဟုတ်ဘူး“ တဲ့။ “မင်းဟာ ဘောကြီးပဲ“ တဲ့။

ကျွန်တော် ဘယ်လောက် စိတ်ဆိုးသွားမလဲ စဉ်းစားကြည့်ပါ၊ တရပ်ကွက်လုံး လှည့်ပတ် မျက်မှာပြပြီး အရှက်ကွဲ ခံခဲ့ရပြီးပြီ။ အဲဒါကို ညီဖြစ်သူက အားမပေးတဲ့အပြင် ကျွန်တော့်ကို ဘောကြီးလို့ ပြောနေတော့ ကျွန်တော် စိတ်ဆိုးပြီး ညီငယ်ကို လိုက်ထိုးပါတော့တယ်။ ညီဆိုတော့လည်း နိုင်တာကိုးဗျ၊

ဒါပေမဲ့ ဒီကောင်က ပေါ့တော့ လှစ်ကနဲ ပြေး၊ ကျွန်တော့်မှာလည်း ရှက်ရှက်နဲ့သာ ရပ်ကွက်သုံးပတ် ပတ်ထားရတာ…၊ လူက ကိုယ့်ကိုယ်ကိုယ်တောင် မသယ်ချင်လောက်အောင် ပင်ပန်းနေတာမို့ ညီငယ့်ကို မိအောင် မလိုက်နိုင်ခဲ့ပါဘူး။ မမှီလေ သူက ဘောကြီး… ဘောကြီးနဲ့ အော်ပြေးဆိုတော့ ကျွန်တော့် သူငယ်ချင်းတချို့ပါ ကြားပြီး၊ လမ်းထဲက အကိုကြီးတချို့က ကျွန်တော့်ကို ဘောကြီးလို့ တခါတခါ ခေါ်ကြပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး ယူပေးခဲ့တဲ့ ကိုဘောကြီးကတော့ ကျွန်တော် အခု အသက်ကြီးလာမှ ကြားသိလာရတာပါ။ ကျွန်တော်နဲ့ သူ… ဘယ် ဘောကြီးက အရင်စောသလဲတော့ မသိပါဘူး။ အသက်အရွယ်အရဆိုရင်တော့ ကိုဘောကြီးက အပုံကြီးစောမယ်လို့တော့ ထင်တာပါပဲဗျာ။ ဒါက ဘောကြီးကိစ္စပါ။

ဒီညီငယ်ကပဲ ကျွန်တော့်ကို နောက်နာမည်တခု ဖျက်ပြန်ပါတယ်။ အဲဒါကတော့ ကျွန်တော်က ငယ်ငယ်ကထဲက လုပ်ဇာတ်နဲ့ အတ္ထုပ္ပတ်တွေကို ရုတ်ချည်း ပြင်တတ် ပြောတတ်ပါတယ်။ ရယ်စရာလည်း ပြောတတ်သလို၊ အမူအရာလည်း လုပ်တတ်ပါတယ်။ အိမ်မှာ အဲဒီလို လုပ်တတ် ပြောတတ်တော့ကာ မောင်နှမ သုံးယောက်မှာ အကြီးဆုံး ဖြစ်တဲ့ ကျွန်တော့်ကို ညီငယ်နဲ့ နှမကလေးက ပုံမှန်ဆို ကြောက်ပေမယ့်လို့ ကျွန်တော်ကိုယ်တိုင်က ပေါလွန်းတဲ့အခါ သူတို့က တခါတလေတော့လည်း နောက်တတ်ကြပါတယ်။

ကိုကြီး၊ ကိုလတ်၊ ညီမလေးဆိုပြီး မောင်နှမ သုံးယောက်ကို အဲဒီလို ခေါ်ဖို့ အမေက သင်ထားပေမယ့် ကျွန်တော် အပေါ၊ အပေါ့၊ အပျော်၊ အပြက်တွေကြောင့် ကိုကြီးပေါလို့ သူတို့က စိတ်ကောင်းဝင်ရင် ခေါ်ကြပြီး စိတ်ဆိုးရင်တော့ ငပေါကြီးလို့ ခေါ်ကြပြန်ပါတယ်။ အခု အသက်ကလည်း ကြီးလာ၊ အလုပ်ကလည်း တည်တည်တံ့တံ့ကလေးနဲ့ဆိုတော့ ဦးကြီးပေါ ဒါမှမဟုတ် ဦးပေါကြီးလို့ ခေါ်ကြပါတယ်။

ခေါ်စကတော့ အင်မတန် စိတ်ဆိုးလို့ လိုက်ထိုးခဲ့ပေမယ့် အခုတော့ ဒါလေးကိုက အရသာ ဖြစ်နေခဲ့ပါတယ်။ အဲဒါကိုလည်း သူ့ဟာသူသာ သိပ်ဖြစ်ထွန်းအောင် လုပ်ကိုင်လေ့ မရှိပေမယ့် ကျွန်တော့်ကို အမြဲစောင့်ကြည့် ဝေဖန်နေတတ်တဲ့ ကျွန်တော့်ညီငယ် (ကျွန်တော့်ဆရာ) ကပဲ ပေးခဲ့တာပါ။

နောက်တခုကတော့ ကျွန်တော်က ငယ်ငယ်ကထဲက ရပ်ကွက်ထဲမှာရော၊ ကျောင်းတုန်းက သူငယ်ချင်းတွေ ကြားမှာရော၊ နောက် လုပ်ငန်းခွင်ရောက်လို့ အလုပ်ထဲမှာရော ဘယ်နယ်ဖြစ်ဖြစ်ပါ ရင်းရင်းနှီးနှီး စိတ်ပေါင်းကိုယ်ပေါင်း ပေါင်းတဲ့ အပေါင်းအသင်း နည်းပါတယ်။

ရပ်ကွက်ထဲမှာတော့ ညီဖြစ်သူနဲ့ အတွဲညီပေမယ့်လို့ ကျောင်းမှာကျ ကိုရဲဆိုတဲ့ သူငယ်ချင်းတယောက်နဲ့ပဲ အတည်တကျ ပေါင်းပါတယ်။ စကားတူ၊ အတွေးတူ၊ အဂေါက်တူလို့ ပြောရမလားပါပဲ။ သူကလည်း ကမ္ဘာ့အဆင့်မီ မြန်မာ့ဂုဏ်ဆောင် သိပ္ပံပညာရှင်တယောက် ဖြစ်ဖို့လောက် မှန်းထားသူပါ။ ဒီတော့ အတန်းထဲမှာ ပြောလိုက်ရင် သူငယ်ချင်းချင်း နားမလည်တဲ့ စကားတွေနဲ့ အတွေးတွေကို သူက ပြောတတ်ပါတယ်။ အဲ… သူ့စကားကို နားလည်သူက တယောက်ထဲပါ၊ ဟုတ်ကဲ့… ကျွန်တော်ပါပဲ။

ဒီတော့ ဒီလို သူငယ်ချင်းနှစ်ယောက်မှ မရင်းရင် ဘယ်သူတွေက အခင်ဆုံး သူငယ်ချင်း ဖြစ်နိုင်မလဲလေ။ နောက်တော့လည်း သူ့အဖြစ်မှန် သူ သိသွားလို့လား မသိပါဘူး၊ ကိုရဲက ကျွန်တော် ကောလိပ်ပြီးလို့ အလုပ်ဝင်စမှာပဲ သင်္ဘော သုံးလေးခေါက် ဆင်းပြီးတဲ့ (သူက ၁၀ တန်း အောင်ပြီး ကထဲက အဝေးသင် တနှစ်လား တက်ပြီး သင်္ဘော တက်သွားတာကိုး၊ ကျွန်တော့်မှာသာ ပိတ်လိုက်ဖွင့်လိုက် ကျောင်းကြီးကို စိတ်ရှည်ရှည်နဲ့ စောင့်ပြီး မပြီးပြီးအောင် တက်နေခဲ့တာကိုးဗျ) ဓနရှင်ပေါက်စလိုလို ဖြစ်ပြီး အိမ်ထောင်ကျသွားပါတယ်။ အခုတော့ သားသမီးတွေ ပွားစီးလို့ အဖိုးကြီးပေါက်စ ဖြစ်နေပြီ ထင်ပါတယ်။

ဆိုချင်တာက ကျွန်တော်ဟာ သူများတွေ မပေါင်းနိုင်တဲ့သူကို ရင်းရင်းနှီးနှီး ပေါင်းလို့ ရပါတယ်။ သူများတွေ ကြောက်တဲ့ လူကိုလည်း ကျွန်တော်က မကြောက်တတ်ပါဘူး။ အလိုက်သင့် အလျားသင့် ကျွန်တော် နေတတ်၊ ဖြေတတ်၊ ပူးတတ်၊ ခွာတတ်ပါတယ်။ လူပေါင်းစုံနဲ့ အဆင်ပြေအောင် ပေါင်းသင်းတတ်တဲ့ လူတယောက်ဖြစ်အောင် လေ့ကျင့်ထားပါတယ်။ (တခါတလေ အတည်ပေါက်နဲ့ စတတ်/နောက်တတ်တာက လွဲလို့ပေါ့လေ)။

တချို့ကျလည်း ကျွန်တော့်ကို အချဉ်လို့ တွက်တော့ ကျွန်တော်ကလည်း ချဉ်ချဉ်လေးပဲ နေလိုက်ရပါတယ်။ တချို့ကလည်း အချိုမှတ်လို့ ကျွန်တော့်မှာ ချိုပျစ်လိုက်ပါတယ်။ တချို့ကလည်း အဖန်လေးမှတ်ပြီး ဖန်ကြည့်တော့ ကျွန်တော်ဟာ ဖန်သွားပြန်ပါတယ်။ ဒီလိုပဲ အစပ်၊ အငန်… ကြိုက်သလို အရသာနဲ့ အသုံးတော် ခံနိုင်သလို တချို့ကျတော့လည်း ဆက်ဆံလို့ လက်လန်သွားတဲ့ခါ ခါးခါးသီးသီး ဖြစ်သွားကြပါတယ်။ ကျွန်တော်က အဲဒီလို အရသာ ခြောက်ပါးနဲ့ ပြည့်စုံတဲ့ ချာတိတ်ကလေးဖြစ်အောင် ကြိတ်ကျင့်နေတဲ့သူလည်း ဖြစ်ပါတယ်။

အဲ… အဲဒါကို တခြားလူ မရိပ်မိပေမယ့် ကျွန်တော့်ဆရာ ညီငယ်က သိနေပြန်ပါတယ်။ ဒီငနဲက တခြားနေရာသာ မတော်ရင်နေမယ်၊ သူ့အကို ကျွန်တော့်ကိုတော့ မျက်စိထောင့်ထောက်ကြည့်နေတာဆိုတော့ သိသွားပြန်ပါတယ်။ မင်းက ငဖောပဲတဲ့…၊ အကုန်လုံးကို လိုက်ဖောနေတာပဲလို့ ကောင်းချီးပေးပါတယ်။ ဒီလိုနဲ့ ကျွန်တော်ဟာ ငဖော ဒါမှမဟုတ် ကိုဖောဖြစ်ခဲ့ပြန်ပါတယ်။

ကျွန်တော့်မှာ ဒီနာမည်တွေ ရှိခဲ့တယ်ဆိုတာ သိသူ နည်းပါတယ်၊ အခုတော့ လူလည်း ဆုံပြီမို့ (ပြည်တော်ပြန်များနဲ့ မဆိုင်ပါ) မွေးနေ့လည်း အသစ်တဖန် ရောက်လို့ လာတော့မယ့်အခါမှာ ဆရာသမား ညီငယ်ကို သတိရလို့ (သူ့ကဗျာလေး ဖတ်ပြီးနောက်မှာလည်း တခုခု ရေးချင်လာလို့) အလွမ်းအဆွေးနဲ့ ရေးလိုက်ရပါတယ်ခင်ဗျာ။

ညီငယ် ကျန်းမာ ချမ်းသာလို့ အလုပ်အကိုင်တွေ အဆင်ပြေပါစေ၊ အမေ့ကိုလည်း စောင့်ရှောက်နိုင်ပါစေဗျာ။

၂၀၁၂ စက်တင်ဘာ ၈၊ နံနက် ၁၁ နာရီ။

လန်ဒန်။

by Myo Tha Htet on Friday, 7 September 2012 at 15:10·

ဟာသလေးတခု ရေးပြမလို့ပါ၊ ရိုင်းလိုက်တာလို့ ထင်မှတ်ခဲ့ပါရင် ဒီကောင် အခုတလော ဖေ့စ်ဘုတ်က စာတွေ တအား ဖတ်နေတာပဲလို့ မှတ်ပြီး နားနဲ့မနာ ဖ၀ါးနဲ့ နာကြပါလို့ တန်ပေါင်း (တောင်းပန်) ပါတယ်။ ဖ၀ါးနဲ့ နာဆိုတာ ပြောပြတဲ့ ဒီပါးစပ် (အဲ… ရေးပြတဲ့ ဒီရွှေလက်) ကို ဖနောင့်နဲ့ ပေါက်ခိုင်းတာတော့ မဟုတ်ဘူးလို့ မှတ်စေချင်ပါတယ်။

ရွာတရွာ… အဲ… မိုးဗြဲရွာ ဆိုပါတော့… လက်ဖက်ရည်ဆိုင် တဆိုင်ရှိတယ်။ ဆိုင်ရှင်က မြို့ကျောင်းတက်ပြီး တက္ကသိုလ်ရောက်၊ အဲဒီကနေ ဘွဲ့ရ၊ နောက်တော့ မြို့မှာ အလုပ်လေး၊ ဘာလေး ၀င်လုပ်ပြီးနောက်မှာ အဆင်မပြေတာနဲ့ ကိုယ့်ရပ်ကိုယ်ရွာမှာ အိမ်ထောင်ပြုရင်း အေးအေး လူလူ နေမယ်ဆိုပြီး မိုးဗြဲပြန်လာတယ် ဆိုပါတော့။

သူ့အစီအစဉ်အတိုင်း တနှစ်အတွင်းမှာပဲ ငယ်စာရင်းက သူငယ်ချင်းဖြစ်ခဲ့တဲ့ မချောမေနဲ့ အိမ်ထောင်ကျပြီးနောက် တခြားလည်း မလုပ်ချင်တာနဲ့ တခါ ကိုယ်လည်း သောက်ချင်နေတာနဲ့ လက်ဖက်ရည်လေး ဖွင့်လို့ လုပ်ကိုင် စားသောက်နေခဲ့တယ်။ အဲ… ဆိုင်ရှင် နာမည်က ကိုဖိုးရှုပ်တဲ့။

ကိုဖိုးရှုပ် လက်ဖက်ရည်ဆိုင်ဖွင့်စက သူ့လက်ဖက်ရည်ကို ဘယ်သူမှ မကြိုက်ကြပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ထန်းလျက်စား အကြမ်းသောက် နေတဲ့ ရွာမှာ မြို့ပုံစံ လက်ဖက်ရည်ဆိုင် ဖွင့်တော့ မကြိုက်ကြတာတော့ မဆန်းပါဘူး။ ဆန်းတာက ဒီလို… သူက သူ့ လက်ဖက်ရည် အရသာကို မပြောင်းလဲဘဲ ရွာလူတွေကိုပဲ မြို့အရသာ ခံစားတတ်အောင် ပြောင်းလဲပစ်လိုက်တာပါ။ လွယ်တော့ မလွယ်ဘူးပေါ့။

အဲဒါက လက်ဖက်ရည်ဆိုင်မှာ ဆိုင်ထိုင်သူတွေကို မြို့ကလိုပဲ ဂျာနယ်တွေ ဖတ်စေပြီး၊ ဝေဖန်ရေးနဲ့ လေကန်ရေးတွေကို လုပ်ခိုင်းလိုက်တာပါပဲ။ သူ့ဆိုင်က ရွာဆိုင်ကလေးဆိုတော့ ဂျာနယ်အသစ်တွေတော့ ဘယ်ဝယ်နိုင်ပါ့မလဲ။ မြို့ကို တပတ်တခါတက် လက်ဖက်ခြောက်တို့၊ ဆေးလိပ်တို့၊ နို့ဆီ၊ သကြား အခြောက်အခြမ်းတွေ အ၀ယ်ထွက်ရင်း လမ်းဘေးပုံထဲက အလတ်ဆုံး ဂျာနယ်တွေ ဆယ့်လေးငါးစောင် ၀ယ်ချလာခဲ့တာပါပဲ။

ကိုဖိုးရှုပ်က မြို့မှာက ဒါတွေ လုပ်ခဲ့တာဆိုတော့ အဲဒီ အရသာကို ရွာလူတွေ သိအောင် ထိအောင် ကြိုက်အောင် လုပ်ထည့်လိုက်တာပေါ့။ ပထမတော့ သူပဲဖတ်၊ သူပဲပြော ဒိုင်ခံလုပ်နေရာကနေ နောက်တော့ ရွာသားတွေလည်း အထောင်နားသက်သက်နဲ့ မခံနိုင်တော့အဆုံး မိဘပေးထားတဲ့ ပါးစပ်တွေကို ဟန်ပါပါ ပြောဆိုရာမှာ အသုံးချနိုင်ဖို့ ဂျာနယ်တွေ လိုက်ဖတ်ကြရတော့တာပေါ့။ ကိုဖိုးရှုပ်ကတော့ ဆိုင်စည် ပြီးရော၊ လာထိုင်သူ ဘယ်သူ့မဆို အလကား ပေးဖတ်တာပါပဲ။

ဒီလိုနဲ့ ကိုဖိုးရှုပ်ရဲ့ “ချော“ လက်ဖက်ရည်ဆိုင်ကလေးမှာ မနက်၊ နေ့ခင်း၊ ညနေ လူစည်တယ်ဆိုပါတော့…။ ချောကို တချို့ကလည်း ရှောလို့ ပြောကြတယ်၊ ဘာကြောင့်မှန်းတော့ မသိ။ ဥပမာ ကျွန်တော်က သံချောင်းအိမ် သွားရင် သံချောင်းအမေက ထွက်ကြည့်တဲ့ပြီး မင်းကောင်… ရှောသွားတယ်လို့ ပြောတယ်။ ကျွန်တော်က ပထမတော့ လန့်ဖြန့်သွားတာပေါ့။ မျက်လုံးကြီးပြူးသွားတာပေါ့၊ ကျွန်တော် ပြူးတော့… သံချောင်းအမေကလည်း လိုက်ပြူးတယ်။ နှစ်ယောက် ပြိုင်ပြူးကြပြီး အတန်ကြာမှ သံချောင်း ဘာဖြစ်တယ်လို့ ထပ်မေး၊ သူ့အမေက ရှောသွားတယ် ပြော… နောက်မှ လက်ဖက်ရည်ဆိုင် သွားတာလေဟယ်… မောင်တောက် ဘာဖြစ်နေတာလဲလို့ ဟောက်မှ ကျွန်တော်လည်း ဇာတ်ရည်လည်တော့တယ်။ အဲဒီလို နှစ်မည်ရ လက်ဖက်ရည်ဆိုင်ပါ။ အဲ… ကိုဖိုးရှုပ်တို့ဆိုင်။

ကျွန်တော်တို့ ချာတိတ်တွေက လက်ဖက်ရည်ဆိုင် ထိုင်တယ်ဆိုတာ ဘာရယ်တော့ မဟုတ်ပါဘူး၊ ကျောင်းပိတ်ရက်တွေဆို တခြားလည်း လုပ်စရာ မရှိ၊ လျှောက်သွားနေရင်လည်း နေကပူတော့ ကိုဖိုးရှုပ် လက်ဖက်ရည်ဆိုင် ၀င်ထိုင်၊ ပိုက်ဆံရှိလည်း သောက်၊ မရှိတော့လည်း ရေနွေးသောက်ပြီး သူတို့ အာပေါင်အာရင်းသန်သန် ဆွေးနွေးငြင်းခုန်တာတွေကို နားထောင်ရတာပေါ့လေ။ အရသာပါပဲ။

တရက်တော့ ကျောင်းဆရာ ကိုမြသာရယ်၊ ကျောင်းသားမောင် ဒိုးပတ်ဝိုင်းက ၀ိုင်းခေါင်းဆောင် ကိုဖေသန်းရယ်၊ ဦးလေးတင်မောင်တို့၊ ဦးမြကြီးတို့၊ ဦးဖင်နီတို့ စကားဝိုင်း ကောင်းနေကြတာကို တွေ့ရတယ်။ သူတို့က လာမယ့် သီတင်းကျွတ်ကျရင် ရွာဦးကျောင်းမှာ ခင်းကျင်းမယ့် ကထိန်ပွဲအကြောင်း ဆွေးနွေးနေကြတာပါ။ ကျောင်းသားမောင်နဲ့ တီးကြခတ်ကြမယ့် အစီအစဉ်လေး ပါတာကိုး။ နှစ်တိုင်းလည်း ထည့်နေကြတာပါ၊ မဆန်းပါဘူး။ ကျောင်းသားမောင် ဖွဲ့ထားတာလည်း ကြာမင့်ဟာ၊ ကျွန်တော်တို့ အဖေ လက်ထက်ထဲက ထင်ပါရဲ့…။

ပြဿနာက ကျောင်းသားမောင်ရဲ့ ၀ါးလက်ခုပ်တီး ကိုမြအောင်က ပြီးခဲ့တဲ့နှစ် ကထိန်အပြီးကလေးကပဲ မလေးရှားကို အလုပ်လုပ်ဖို့ ထွက်သွားခဲ့တာဆိုတော့ ၀ါးလက်ခုပ် ဘယ်သူတီးမလဲဆိုတဲ့ လူရွေးမှုကို လုပ်နေတာပါ။ အဲဒီမှာ ကျောင်းဆရာ ကိုမြသာရဲ့ဘေးက တချိန်လုံး ငြိမ်ပြီး နားထောင်နေတဲ့ မျက်နှာစိမ်းတယောက်ရဲ့ ခေါင်းက ဆတ်ကနဲ ထောင်မတ်လို့ မျက်လုံးတွေလည်း အရောင်တောက်တောက်နဲ့ လက်ဖက်ရည်ဝိုင်းက လူတွေကို လိုက်ကြည့်နေတာ ကျွန်တော် တွေ့လိုက်တယ်။ သူ ဘယ်သူလဲ။

နောက်မှ သိရတာက သူက ရွာအလည်လာနေတဲ့သူ၊ ကျွန်တော်က အဲဒါကို မသိလိုက်ဘူး။ ဒီနေ့ ဆိုင်လာမိမှ သိတာပါ။ ဆရာမြသာရဲ့ သူငယ်ချင်းတဲ့၊ မြို့ကလာတာဖြစ်ပြီး စာရေးဆရာလို့ သိရတယ်။ သူ့နာမည်က အရိန္ဒမာသစ္စာဆိုလား မသိပါဘူး။ ကျွန်တော်ဖြင့် တခါမှ မကြားဖူးပါဘူး။ ဒီလိုနဲ့ ငြိမ်ပြီး နားထောင်ကြည့်လိုက်တော့ ကထိန်ပွဲ ကျောင်းသားမောင် ၀ိုင်းအတွက် အဲဒီ စာရေးဆရာကို ၀ါးလက်ခုပ်တီး အနေနဲ့ပါဖို့ ခွင့်ပြုလိုက်ကြတယ်။ ဒါပေမဲ့ ခြွင်းချက်တခု ထားတယ်။

ဘာလဲဆိုတော့ ကိုမြအောင်က မလေးရှားမှာ အဆင်မပြေဘူးလိုလို ဖြစ်နေတယ်တဲ့၊ မပြောဘူးဆိုလား သတင်းစကားတွေ ကြားတော့ သူ့မိဘတွေကလည်း ပြန်လာခဲ့၊ လယ်မရွေးနိုင်လည်း ဖြစ်သလို လုပ်ကိုင်စားကြမယ်၊ မပူမပင်နဲ့ ပြန်လာခဲ့လို့ လှမ်းပြောထားကြတော့ သူက ကထိန်ပွဲအမီ ပြန်လာချင်လည်း ပြန်လာမယ်တဲ့။ ဒီတော့ ကိုမြအောင် ပြန်လာရင်တော့ ကျောင်းသားမောင်ဝိုင်းရဲ့ ပင်တိုင် ၀ါးလက်ခုပ်တီးပီပီ သူပဲ တီးလိမ့်မယ်၊ အဲ အချိန်မီ ပြန်မရောက်ရင်တော့ ဆရာကိုမြသာရဲ့ သူငယ်ချင်းက ၀င်တီးပေးလိမ့်မယ်။

အဲဒီမှာ ဆိုင်းမဆင့်ဗုံမဆင့်ဘဲ လက်ဖက်ရည်ဆိုင် တခုလုံး တုန်ထွက်သွားအောင် ရယ်သံကြီး သွန်ကျခဲ့တယ်။ အဲဒီ စာရေးဆရာက ဟာသ စာရေးဆရာလား မသိပါဘူး၊ စောန ပြောခဲ့သလို ဆုံးဖြတ်ချက်လည်း ပြီးရော သူက လက်ဖက်ရည်ဝိုင်းက လူတွေကို ပိုပြီး ရင်းနှီးသွားအောင်လား မသိဘူး၊ ပြုံးစစနဲ့ “အင်း… ကိုမြအောင် အချိန်မီ ပြန်မရောက်ခဲ့မှ ကျွန်တော်က တီးရမှာဆိုတော့ ကျွန်တော်က ကိုလိုတီးပေါ့နော်“ လို့ ပြောလိုက်ပါတယ်။

အဲဒီမှာ လေးလေး တင်မောင်က “ဗျာ…“ လို့ အကျယ်ကြီး အော်ရင်း မျက်လုံးကြီးပြူးလို့ စာရေးဆရာကို ကြည့်တယ်။ ပြီးတော့မှ ဘယ်လို ရယ်စရာတွေ ရေးနေမှန်း မသိရပေမယ့် ကြောင်အမ်းအမ်း ဖြစ်နေတဲ့ စာရေးဆရာကို ကြည့်ပြီးရင်းကြည့်လို့ “ကိုလိုတီး… ကိုလိုတီး“ လို့ ရွတ်ရွတ်ပြီး ရယ်တော့တာပါပဲ။ ပထမတော့ ၀ိုင်းထဲပါနေတဲ့ ဆိုင်ရှင် ကိုဖိုးရှုပ် အပါအ၀င် အားလုံး ကြောင်နေကြပေမယ့် နောက်မှ အကြာကြီး တည်ထားတဲ့ အမဲနှပ်အိုးလို တဖြည်းဖြည်း နပ်လာတဲ့ အရသာကို မိသွားလို့ သဘောပေါက်ကုန်ပြီး ရယ်လိုက်ကြတာ ပြောပြခဲ့သလို ဆိုင်ကြီးတခုလုံး တုန်ခါသွားမလား အောက်မေ့ရပါတယ်။

ကျွန်တော်လည်း တအောင့်နေမှ သဘောလိုက်ပေါက်ပြီး ရယ်မိပါတယ်၊ ဧည့်သည်စာရေးဆရာလည်း သူ့စကား အမြီးအမောက် မတည့်မှန်း သိသွားပေမယ့်လို့ တယောက်ထဲမို့လား မသိပါဘူး၊ ဇွတ်အတင်း လိုက်ပြင်မနေတော့ဘဲ သူလည်း လိုက်ရယ်နေပါတော့တယ်။

အဲ… ကထိန်ခင်းတဲ့နေ့ကျတော့ မထင်မှတ်တာနှစ်ခု ဖြစ်လာပါတယ်။ နဂိုစောင့်မျှော်နေတဲ့အတိုင်း ကိုမြအောင် မလေးရှားက အချိန်မီ ပြန်ရောက်လာခဲ့ပေမယ့်လို့ ရွာလုံးကျွတ် ကထိန်နဲ့ အလုပ်ရှုပ်နေရတဲ့ အချိန်မှာ ကိုမြအောင်က နှစ်ဘက်မိဘ သဘောတူသလို မတူသလို ဖြစ်နေတဲ့ သူ့ချစ်နေတဲ့ မနှင်းအေးကို ခိုးပြေးလိုက်တာပါ။ ခိုးပြေးတာက အရေးမကြီးပါဘူး၊ လူကြီးတွေ နောက်မှ ရှင်းရမယ့် ကိစ္စပါ။ အရေးကြီးတာက ကထိန်ပွဲကြီးအတွက် ကျောင်းသားမောင် ဒိုးပတ်ဝိုင်းအတွက် ၀ါးလက်ခုပ်တီး လိုနေတော့တဲ့ ကိစ္စပါ။

ဒီတော့ ခြေပေါ့လက်ပေါ့ရှိတဲ့ ချာတိတ်တွေထဲက ချာတိတ်တယောက်ဖြစ်တဲ့ ကျွန်တော့်ကို ၀ိုင်းခေါင်းဆောင် ကိုဖေသန်းက ကျောင်းဆရာ ကိုမြသာရဲ့ သူငယ်ချင်း စာရေးဆရာကို ၀ါးလက်ခုပ်တီးဖို့ အပြေးခေါ်ခိုင်းတာပါ။ ကျွန်တော်လည်း ခိုင်းတော့ ပြေးရတာပေါ့၊ ကိုမြသာ လှမ်းအော် ပြောတာကို မကြားတ၀က်ကြားတ၀က်ပါ။ ဘာတဲ့… သူ့သူငယ်ချင်း ၀မ်းတွေသွားလို့ လှဲနေတယ်ဆိုလား။ မတတ်နိုင်ဘူးလေ၊ တနာရီသာသာလောက် ၀ါးလက်ခုပ်တီးတာတော့ မသေနိုင်လောက်ဘူးလို့တော့ ထင်တာပါပဲ။

ကျွန်တော့်မှာ ဆရာမြသာ အိမ်ရှေ့ကို ဒုန်းစိုင်းပြေးလာပြီးလို့ လှမ်းအော်ခေါ်နီးကာမှ သူ့နာမည်ကို မေ့လို့နေပါတော့တယ်။ ဒုက္ခပါပဲ။ ဒါနဲ့ မထူးဘူးဆိုပြီး အခုလို အကျယ်ကြီး အော်ခေါ်မိပါတယ်။

“ဆရာ ကိုလိုတီး… ဗျို့… ဆရာကိုလိုတီး…“

ဘာမှ ပြန်မထူးသေး… ဒါနဲ့ အသံကို ပိုမြှင့်ပြီး…

“ဆရာကိုလိုတီး… ကျောင်းသားမောင် ၀ိုင်းဆရာက ၀ါးလက်ခုပ်တီးဖို့ အပြေးလာပါတဲ့ဗျ“

ကျွန်တော် တော်တော်အော်မှ အင်္ကျီ၊ ပုဆိုးလဲပြီး အိမ်ထဲက ပြေးထွက်လာတဲ့ စာရေးဆရာကို တွေ့တယ်။

“ဆရာကိုလိုတီး… ၀ါးလက်ခုပ်တီးဖို့ လာခေါ်တာပါ“ လို့ ထပ်ပြောလိုက်တော့…

“အေးပါကွ… လခွီးတဲ့မှပဲ၊ မင်းက စွတ်အော်နေတာပဲ“ လို့ သူက ပြောရင်း ကျွန်တော်က ရှေ့က ခြေလှမ်းသွက်သွက်နဲ့ အပြေးအလွှား၊ သူကလည်း ခပ်လှမ်းလှမ်းကနေ ယိုင်ထိုးလို့ လိုက်ပါလာပါတော့တယ်။

အဲဒီတော့မှ ကျွန်တော်လည်း တာဝန်ကျေပြီဆိုပြီး ပြုံးမိပါတော့တယ်။

ဟုတ်ပါရဲ့… ကျွန်တော်က သူ့ဘာသာ ပေးပြီး၊ သူ မကြိုက်တဲ့ နာမည်ကိုမှ အကျယ်ကြီး အော်ခဲ့မိတာကိုး…၊ ဟဲ ဟဲ…။

၂၀၁၂ စက်တင်ဘာ ၇၊ မွန်းလွဲ ၃ နာရီ။

လန်ဒန်။

by Myo Tha Htet on Tuesday, 4 September 2012 at 22:29·

ခေါင်းစဉ်ကိုကြည့်ပြီး မဟုတ်တရုတ် ပြောတော့မယ်လို့တော့ မထင်လိုက်ပါနဲ့၊ တကယ် တကယ်… တိုက်ဆိုင်ပုံများရယ်လို့ပဲ ပြောရမှာပါ။ သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးမှာ တွန့်ဆုတ် ကျောက်ကန်နေသူတွေကို ထားခဲ့မယ်လို့ ပြောခဲ့ပြီးနောက်ပိုင်း အချိန်ကျတဲ့အခါ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေကို ကျားကွက်ရွှေ့သလို အပြောင်းအလဲ လုပ်ပစ်လိုက်ပါတယ်။

အများစု ထင်ကြေးပေး တွက်ဆထားတဲ့အတိုင်း ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကို နေရာရွှေ့ပစ်လိုက်တယ်။ ခပ်ရွတ်ရွတ် စကားပြောခဲ့တဲ့ လျှပ်စစ်(၁)၀န်ကြီး ဦးဇော်မင်းကို အနားယူစေလိုက်တယ်။ လွှတ်တော်နဲ့စပ်ပြီး ပြဿနာတက်ခဲ့တဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးလွန်းမောင်လည်း နားသွားရတယ်။

အရပ်စကား၊ ၀ိုင်းစကားပြောရရင်တော့ သန့်ရှင်းရေး လုပ်ပစ်လိုက်တာ… အိမ်သန့်လိုက်တာ ဖြစ်ပါတယ်။ ဘာပဲပြောပြော ဘေးထိုင်ကြည့်နေသူတွေ သဘောကျသွားတယ်။ ပိုကောင်းတာက အစိုးရဟာ ဆက်သွယ်ရေး နည်းပညာကို တကယ်ကို အသုံးချလာတာပါပဲ။

အရင်ကဆို မသိမသာ ပြောင်းလိုက်တာ၊ သတင်းစာ အမြဲဖတ်နေသူသာ ရာထူး အတိုး၊ အဆုတ်ကို သိလိုက်တာမျိုး မဟုတ်ဘဲ သမ္မတရုံး ညွှန်ကြားရေးမှူးရဲ့ ဖေ့စ်ဘုတ်ကနေ သတင်းတွေ တက်နေလိုက်တာမှ မသိရင် ဖေ့စ်ဘုတ်သုံးနေသူတွေဟာ အစိုးရအဖွဲ့ထဲ ပါနေသလိုကို ထင်သွားရပြီး နာရီမဆိုင်းဘဲနဲ့ကို ဝေဖန်သုံးသပ်နိုင်ခဲ့ကြပါတယ်။ နိုင်ငံ့အရေး ကိုယ့်အရေးဟာ တကယ်ဖြစ်နေတော့တာပါ။

တိုက်တိုက်ဆိုင်ဆိုင် ဒီကနေ့ စက်တင်ဘာ ၄ မှာပဲ ဗြိတိသျှ အစိုးရကလည်း အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေကို အပြောင်းအလဲ လုပ်လိုက်ပါတယ်။ မသန့်ရှင်းသူ၊ စွမ်းဆောင်ရည်နည်းသူတွေကို နေရာရွှေ့ပြောင်း ဒါမှမဟုတ် ဖယ်ရှားပစ်လိုက်ပြီး စွမ်းရည်ပြခဲ့သူတွေ၊ တင်းတင်းရင်းရင်း လုပ်မယ့်သူတွေကို နေရာပေးလိုက်ပါတယ်။

ဒါကို ဘီဘီစီရဲ့ နိုင်ငံရေးဆိုင်ရာ အယ်ဒီတာ နစ် ရောဘင်ဆင်က ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းဟာ စီးပွားရေး ခေါင်းဆောင် တယောက်လို တွက်ချက်ပြီး အစိုးရရဲ့ အားနည်းချက်ကို ပြင်ဖို့ အခုလို လုပ်လိုက်တာဖြစ်တယ်၊ ၀န်ကြီးချုပ်က အလုပ်ဖြုတ်တယ်၊ အလုပ်ခန့်တယ် ဒါကို လုပ်လိုက်တယ်လို့ ၀ါရင့် သတင်းစာဆရာကြီး နိုင်ငံရေး ပရောဟိတ်က တွက်ချက် ဝေဖန်ပါတယ်။

တကယ်တော့ သမ္မတ ဦးသိန်းစိန်လိုပဲ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကလည်း သူ့အစိုးရ မူဝါဒတွေ တင်းရင်းအောင် ပြုပြင်ရင်း လက်ကျန် သက်တမ်းကို ဆက်လျှောက်ဖို့ ပြင်လိုက်တာပါ။ တခုပဲ ရှိတယ်၊ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက တပါတီထဲ လွတ်လွတ်ကျွတ်ကျွတ် အစိုးရ ဖြစ်နေတာ မဟုတ်ဘူး၊ သူက ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ် မနိုင်ခဲ့တော့ လစ်ဘရယ် ဒီမိုကရက်ပါတီနဲ့ ပေါင်းပြီး အစိုးရ ဖွဲ့ထားရတာ… သမ္မတ ဦးသိန်းစိန်ကတော့ အပြတ်အသတ် နိုင်ထားခဲ့တော့ လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်က ဗိုလ်ချုပ်ကြီးတွေ ပေါင်းပြီး အစိုးရ ဖွဲ့ထားကြတာ… ဒီတခုတော့ ကွာပါတယ်။

နောက်တခု ကွာတယ်လို့ ပြောနိုင်တာက ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်း (၄၅ နှစ်) က အစိုးရအဖွဲ့ခေါင်းဆောင် အနေနဲ့ တာဝန်ယူပြီး ၂၈ လ အကြာမှာ အစိုးရအဖွဲ့ဝင်တွေကို အပြောင်းအလဲ လုပ်လာဖြစ်ပြီး၊ သမ္မတ ဦးသိန်းစိန် (၆၈ နှစ်) ကတော့ အစိုးရအဖွဲ့ ခေါင်းဆောင် အနေနဲ့ တာဝန်ယူပြီး ၁၇ လ အကြာမှာ အပြောင်းအလဲ လုပ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာအစိုးရနောက်က လိုက်လုပ်တဲ့ နောက်တချက်လို့ သုံးသပ်နိုင်တာက သမ္မတ ဦးသိန်းစိန်က သူ့အစိုးရအဖွဲ့ထဲ စွမ်းရည်ပြခဲ့တဲ့ ၀န်ကြီးလေးဦးကို (သမ္မတရုံး ၀န်ကြီးတွေအဖြစ်) သူ့နားခေါ်လိုက်တာပါ၊ ဒါဟာ သူ့ပြုပြင်လမ်းကြောင်းရဲ့ တိုက်စစ်မှူးတွေအဖြစ် ရုပ်လုံးဖော်လိုက်တာလို့လည်း ယေဘူယျ တွက်ဆနိုင်ပါတယ်။ သမ္မတရုံး ၀န်ကြီးတွေ ဖြစ်လာသူတွေကတော့ ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးတင်နိုင်သိန်းနဲ့ ဦးလှထွန်းတို့ပဲ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကလည်း သူ့အစိုးရရဲ့ မူဝါဒ မောင်းနှင်အား ဒါမှမဟုတ် အမာခံ ခေါင်းဆောင်တွေ ဖြစ်တဲ့ ၀န်ကြီးလေးဦး… ဘဏ္ဍာရေးဝန်ကြီး ဂျော့ အော့စဘွန်း၊ ပြည်ထဲရေးဝန်ကြီး ထရီဇာ မေ၊ နိုင်ငံခြားရေးဝန်ကြီး ၀ီလီယံ ဟိဂ်နဲ့ ကာကွယ်ရေးဝန်ကြီး ဖိလစ် ဟမ်မန်းတို့ကို လက်ကျန် အစိုးရ သက်တမ်းမှာ အပြည့်အ၀ အသုံးချဖို့ ဆက်ထားလိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန်က ၀န်ကြီးဦးကျော်ဆန်း အပါအ၀င် လေးဦးကို ခပ်ပြင်းပြင်း ဖယ်ရှား ရှင်းလင်းလိုက်သလို ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကလည်း ၀န်ကြီးငါးဦးနေရာကို ခပ်ကြမ်းကြမ်း အပြောင်းအလဲ လုပ်ပစ်လိုက်ပါတယ်။ ကျန်းမာရေးစနစ် ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး စွမ်းရည်မပြနိုင်တဲ့ ကျန်းမာရေးဝန်ကြီး အင်ဒရူး လန့်စ်လေကို ဖယ်ပြီး သူ့နေရာမှာ လန်ဒန်အိုလံပစ် ၂၀၁၂ ကို တခမ်းတနား ဖြစ်အောင် ဦးဆောင်ကျင်းပခဲ့တဲ့ ယဉ်ကျေးမှုဝန်ကြီး ဂျရယ်မီ ဟန့်ကို ခန့်အပ်လိုက်ပါတယ်။

စီးပွားရေး တိုးတက်ရေးကို တနည်းတလမ်းနဲ့ ထောက်ကူဖို့နဲ့ ဥရောပရဲ့ အကြီးဆုံးနဲ့ အကောင်းဆုံး ခရီးသည်ဝန်ဆောင်မှုပေး လေဆိပ်ကြီး အဖြစ် ဆက်ရပ်တည်နိုင်ဖို့ လန်ဒန်က ဟီးသရိုးလေဆိပ်ကြီးမှာ ပြေးလမ်း နံပါတ်သုံး တိုးဆောက်/မဆောက် အခြေအတင် ပြဿနာမှာ အရေးကြီးတဲ့ နေရာက ရှိနေတဲ့ ပို့ဆောင်ရေး ၀န်ကြီးကို ဖယ်ပြီး ပါတီလှုံ့ဆော်ရေးမှူး ပက်ထရစ် မက်လော့လင်းနဲ့ အစားထိုး ခန့်အပ်လိုက်ပါတယ်။ တရားရေးဝန်ကြီးကိုလည်း လဲပစ် လိုက်သလို ပါတီ ဥက္ကဌ ဘယ်ရိုနက်စ် ၀ါစီကိုလည်း (အစိုးရ အသုံးစရိတ် အလွဲသုံးမှု စွပ်စွဲချက်တွေ ရှိခဲ့သူ) ဖယ်ရှားပစ်လိုက်ပါတယ်။

ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း ပြန်ပြင်ဖွဲ့လိုက်တဲ့ အစိုးရမှာ ဌာနလက်ကိုင်မဲ့ ၀န်ကြီးတဦးနဲ့ ရှေ့နေချုပ် အပါအ၀င် ၂၇ ဦး http://www.bbc.co.uk/news/uk-politics-19475248 ပါဝင်လာတာကို တွေ့ရပါတယ်။ ၂၂ ဦးက သူတို့ပါတီက ဖြစ်ပြီး၊ ကျန် ၅ ဦးကတော့ ဒုတိယ ၀န်ကြီးချုပ် နစ် ကလက်ခ်ျရဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီက ဖြစ်ပါတယ်။

မြန်မာကို အတုခိုးတယ်လို့ ပြောနိုင်တဲ့ နောက်တချက်က ပြုပြင်ပြောင်းလဲ ၀န်ကြီးစာရင်းတွေကို ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက သူ့ရဲ့ တွစ်တာ အကောင့်ကနေ လူထုကို အသိပေးခဲ့တာပါ။ ဒါကို“ တွစ်တာ အပြောင်းအလဲ“ လို့တောင် သတင်းစာတစောင်က ခေါ်ဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာအစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ အပြောင်းအလဲကိုလည်း ဖေ့စ်ဘုတ်မှာ သမ္မတရုံး ညွှန်ကြားရေးမှူးက တောက်လျှောက် တင်နေခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ကတော့ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းလို တွစ်တာရော မြန်မာလူထုတချို့ မက်မက်စက်စက် သုံးကြတဲ့ ဖေ့စ်ဘုတ်ကိုပါ ကိုယ်တိုင် သုံးသေးပုံ မရပါဘူး။ သူ့နာမည်နဲ့ အကောင့် မတွေ့သေးပါဘူး။ ဗြိတိန်မှာတော့ ၀န်ကြီးတွေက သူတို့ ၀န်ကြီး ဒါမှမဟုတ် ရာထူး အပြောင်းအလဲ ဖြစ်တာကို ပြောင်းတာနဲ့ ချက်ချင်း ဆိုသလို တင်ကြပါတယ်။ ပါတီ ဥက္ကဌ ရာထူးကနေ နားရတဲ့ ၀ါစီဆို ပါတီဥက္ကဌဆိုတဲ့ အကောင့်နာမည်ကနေ သူ့နာမည်နဲ့ အကောင့်ကို ပြောင်းလိုက်တဲ့အကြောင်း တွစ်တာကနေ ပြောခဲ့ပါတယ်။

သူတို့က နောက်မှ လုပ်တာပါ၊ မြန်မာပြည်က ပြန်ကြားရေး ဒုတိယ၀န်ကြီး ဖြစ်လာတဲ့ ဦးရဲထွဋ်က အရင် လုပ်ခဲ့တာပါ။ ညွှန်ကြားရေးမှူးချုပ်ကနေ ဒုတိယ ၀န်ကြီး ဖြစ်သွားပေမယ့် သူ့ရဲ့ ဖေ့စ်ဘုတ် အကောင့်ကို ဆက်ထားမှာ ဖြစ်တဲ့ အကြောင်းနဲ့ သမ္မတကြီးက ချီးမြှင့် မြှောက်စားတာကို ကျေးဇူးတင်ကြောင်း၊ တာဝန်များကို အသေအချာ ဆက်လက် ထမ်းဆောင်ပါမယ်ဆိုတဲ့ အကြောင်း ပြောခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာအစိုးရလောက်တောင် မဟုတ်မဟပ် တွေ့ရတာက ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက အမျိုးသမီး သုံးဦးကို အစိုးရအဖွဲ့ထဲကနေ ဖယ်လိုက်ပါတယ်။ သူတို့ကတော့ ခုန ပြောခဲ့တဲ့ ပါတီ ဥက္ကဌရယ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ကယ်ရိုလင်း စပယ်မန်းနဲ့ ဝေလပြည်နယ်ဝန်ကြီး ချယ်ရီ ဂီလန်းတို့ပဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ သမ္မတ ဦးသိန်းစိန်က ဒုတိယ၀န်ကြီးနေရာမှာ အမျိုးသမီးတွေကို ထပ်တိုးလို့ ခန့်ခဲ့ပါသေးတယ်။ ဒါကြောင့် မြန်မာကတောင် ခပ်သာသာရယ်လို့ ပြောလိုက်ချင်ပါတယ်။

အဲ… အဆုံးမသတ်ခင်လေး စိတ်ဝင်စားစရာတခု ပြောပြချင်တာကတော့ မြန်မာပြည်ကို လာသွားခဲ့တဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေးဝန်ကြီး အင်ဒရူး မစ်ချယ်ကတော့ ပါတီရဲ့ လှုံ့ဆော်ရေးမှူး နေရာကို ပြောင်းရွှေ့ခြင်း ခံလိုက်ရပါတယ်။ ၀ါရင့် နိုင်ငံရေးသမားတဦးလည်း ဖြစ်တဲ့ အင်ဒရူး မစ်ချယ်ဟာ မြန်မာ့အရေးကို စိတ်ဝင်စားသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းရဲ့ လူယုံတဦးလို့လည်း ဆိုကြပါတယ်။

၂၀၁၂ စက်တင်ဘာ ၄၊ ည ၁၀ နာရီ။

လန်ဒန်။

ရည်ညွှန်း- http://www.bbc.co.uk/news, London Evening Standard newspaper (September 4, 2012).

Follow

Get every new post delivered to your Inbox.

Join 765 other followers