လူ့လောကကို မွေးဖွားခြင်းဆိုတဲ့ အစမှတ်ကနေ ၀င်လာပြီး သေဆုံးခြင်းဆိုတဲ့ အဆုံးမှတ်ကို ပြန်မထွက်မီ အဲဒီခရီးကို ဘ၀လို့ ဆိုပါရင် လူတစ်ဦးချင်းစီ ဖြတ်သန်း နေရတဲ့ ခရီးအကွာ အဝေးအလိုက် မှတ်တိုင်တွေကိုလည်း တစ်တိုင်ပြီး တစ်တိုင် ဖြတ်ကျော် ရပြန်ပါတယ်။

ယေဘူယျအားဖြင့် တစ်နှစ်ကြာမြင့်တဲ့ ကာလတစ်ခုကို မှတ်တိုင်တစ်ခုလို့ ကျွန်တော်တို့ အများ လက်ခံထားကြတယ်၊ မွေးတဲ့နေ့ကနေ တစ်နှစ်ပြည့်ရင် မှတ်တိုင်တစ်ခု ဖြတ်သန်းတယ်၊ ဒါကိုပဲ မွေးနေ့ရောက်ပြီလို့ သိကြပြန်တယ်။ ဆိုတော့ တစ်နှစ် တခါ မွေးနေ့ရောက်လိုက်၊ ကိုယ်ကိုယ်တိုင်နဲ့ အများက အသိအမှတ်ပြုလိုက် ဖြတ်သန်းလိုက်… ဒီလိုနဲ့ပဲ တစ်နှစ်ပြီးတစ်နှစ် သေဆုံးခြင်း အဆုံးမှတ်ကို အပြုံးပန်းတဝေေ၀နဲ့ သွားနေကြတယ်။

လူ့ဘ၀ဟာ သေဆုံးခြင်းမှာ အဆုံးသတ်တယ်၊ ဘယ်လိုနေမလဲ ဘယ်လိုသေမလဲ

လူတွေက အလုပ်တွေ လုပ်နေကြတယ်၊ ဒီနေ့ခေတ်မှာ ပိုလုပ်လာရတယ်။ ပြည်တွင်းက အိမ်ကို ခွဲခွာပြီး တစ်နယ်တစ်ကျေးက အိမ်တစ်ခုမှာ သွားနေရတယ်၊ အလုပ်ပိုလုပ် ၀င်ငွေ ပိုရှာ ရုန်းကန် နေကြရတယ်။ ဒါနဲ့ပဲ ရုန်းလိုက် ကန်လိုက် ကုန်းလိုက် ခံလိုက်နဲ့ လောကဓံတွေကို ဖြတ်သန်းနေရတယ်၊ အဲဒီမှာလည်း မှတ်မှတ် သားသားဖြစ်ဖြစ် မေ့မေ့လျော့လျော့ဖြစ်ဖြစ် မွေးနေ့တွေကို ဖြတ်ရပြန်တယ်၊ မှတ်တိုင်တစ်ခုကို ကျော်ရပြန်တယ်။ တချို့ အဲဒီမှာ ဗုံးကနဲလဲ ဒုံးကနဲ သေသွားကြတယ်။

ကျွန်တော်လည်း ပြီးခဲ့တဲ့ တစ်ရက်က မွေးနေ့တစ်ခု မှတ်တိုင်တစ်တိုင်ကို ဖြတ်လိုက်ရတယ်။ မွေးနေ့မတိုင်ခင်ကပဲ လာမယ့်မွေးနေ့ကို အချိန်ယူဖြတ်သန်းဖို့ ကျွန်တော် ပြင်ဆင်ခဲ့တယ်။ အားလပ်ရက် ယူတယ်၊ ထူးထူးခြားခြား တစ်ခုခုလုပ်ဖို့ စဉ်းစားကြည့်တယ်။ လူ့သက်တမ်းကို (မြန်မာတွေအတွက်) ၆၀ တန်း၊ ၇၀ တန်း လို့ တွက်ပါရင် ကျွန်တော် အသက်က သက်တမ်းတစ်ဝက် ကျိုးလာပြီ။ ကျွန်တော် စဉ်းစားကြည့်တယ်။ ဘ၀ကို ကျေနပ်သလား…။

အရင်ကလည်း ဒါကို အချိန်ရတိုင်း စဉ်းစားနေခဲ့ပါတယ်။ ကျွန်တော် ဘာဖြစ်ချင်တာလဲ၊ ဘာတွေ လုပ်မှာလဲ၊ ဘယ်တော့ ရပ်မှာလဲ…။

ကျွန်တော့်ထက် အသက်ကြီးသူတွေက ကျွန်တော့်ကို ငယ်ငယ်လေး ရှိပါသေးတယ်လို့ ပြောကြတယ်။ ဟုတ်တာပေါ့၊ သူတို့အောက် အသက်ထက်ဝက်လောက် ငယ်နေမှတော့ ငယ်ငယ်လေး ရှိသေးတာပေါ့။ သူငယ်ချင်း ကောင်မလေးတွေက ခင်ဗျား အသက် သိပ်မကြီးသေးပါဘူးဗျာလို့ ပြောတယ်၊ ဟုတ်တာပေါ့၊ သူတို့ထက် လေး ငါး ဆယ်နှစ်လောက်ပဲ ကြီးတာကိုး…၊ ဒါပေမဲ့ ၁၀ တန်း အောင်တဲ့ ၁၉၉၃ ခုနှစ်ကနဲ့ တွက်ရင်တော့ အခု ကျွန်တော် အသက် နှစ်ဆတိတိ ကြီးသွားခဲ့ပြီ။ အဲဒါကိုတော့ ကျွန်တော် အသိဆုံးပဲလေ…။

အသက်ကြီးလာတယ်ဆိုလည်း ကြီးလာတယ်ပေါ့…။ ကျွန်တော်လုပ်ချင်တာတွေ လုပ်ခဲ့ပြီလား၊ ဖြစ်ချင်တာတွေ ဖြစ်ခဲ့ပြီလား၊ ဘာတွေ ဆက်လုပ်ဖို့ ကျန်သေးလဲ၊ ဘာတွေ ဆက်ဖြစ်ချင်သေးလဲ။ မေးခွန်းပေါင်းများစွာအတွက် ဖြစ်နိုင်ချေ အဖြေပေါင်းများစွာကို ကျွန်တော် စဉ်းစားကြည့်မိတယ်။

မွေးဖွားခြင်းကို ပြန်စစ်ကြည့်ကြပါစို့ရယ်…

မွေးနေ့ မနက် အိပ်ရာနိုးတော့ အမေ့ကို စိတ်ကနေမှန်း လှမ်းကန်တော့တယ်။ ကျွန်တော့်ကို မွေးတော့ အမေ အလွန်နာခဲ့၊ အော်ခဲ့၊ ဒုက္ခများခဲ့ရတယ်။ အသံစူးစူး၊ ပါးစပ်တပြင်ပြင်၊ ခြေဆံလက်ဆံရှည်ရှည်နဲ့ ကလေးလေးဟာ နာရီ ၂၀ လောက် အမေ့ကို အပြင်းအထန် နာကျင်စေပြီးမှ လူ့လောကကို ရောက်လာခဲ့တယ်။

တလောလေးကပဲ ကလေးတစ်ယောက် လူ့လောကကို ဘယ်လို ရောက်လာသလဲဆိုတဲ့ ဗီဒီယိုကလစ်လေးတစ်ခု ကျွန်တော်ကြည့်ထားတယ်။ အားပါးပါး… မလွယ်ပါလားဗျ။ မိန်းကလေးတွေနဲ့ အမျိုးသမီးတွေ (မေတ္တာမိခင် ကျေးဇူးရှင်တွေ) ကို အဲဒီ ကလေးမွေးတဲ့ ကိစ္စတစ်ခုတည်းနဲ့တင် ကျွန်တော် အလွန် လေးစား ချစ်ခင် သွားပါတယ်။

ကလေးတစ်ယောက် ဖြစ်လာမယ့် သန္ဓေသားလောင်းကနေ မွေးတဲ့အထိ ၉ လ ကျော်၊ ၁၀ လ နီးပါး ကိုယ်ဝန်ဆောင်ထားရပြီး၊ အဲဒီကနေ မွေးထုတ်လိုက် ရတာဟာ တော်ရုံသတ္တိနဲ့တော့ မဖြစ်နိုင်ပါဘူး။ ဒါမွေးရုံပဲ ရှိပါသေးတယ်။

အဲဒီကနေ ချေး၊ သေးက အစ သန့်စင် သုတ်သင်၊ ကျွေးမွေး ပြုစုပြီး ကိုယ့်ခြေကိုယ့်လက်နဲ့ လုပ်ကိုင်နိုင်တဲ့ အရွယ်အထိ စောင့်ရှောက်ဖို့ ဆိုတာ ကြီးမားတဲ့ မေတ္တာတွေနဲ့ ပေးဆပ်ခဲ့ကြ တယ်ဆိုတာ အထင်အရှားပါ။ တချက်ကလေး စောင်းငဲ့ကြည့်ရုံနဲ့ မြင်နိုင်တဲ့ သိသာ ထင်ရှားတာ မျိုးပါ။

ဗီဒီယိုကလစ်လေးကို လေးငါးခါလောက် ကျွန်တော် ပြန်ပြန်ကြည့်ပါတယ်၊ မိခင်ရဲ့ မိန်းမကိုယ်ထဲကနေ တင်းနစ်ဘောလုံးအရွယ် သာသာလောက်ရှိတဲ့ ကလေးခေါင်းလေးဟာ အတင်းကို တိုးထွက်နေပါတယ်၊ အပေါက်က သေးလေတော့ တော်တော်ရုန်းကန်ရပါတယ်။ မိခင်ကလည်း တညည်းညည်း တညူညူနဲ့ ညှစ်ပေး တွန်းပေးပေါ့လေ။ အဲဒီမှာ မိခင်က အားတော်တော် စိုက်ရပါတယ်။

ကျွန်တော်ကတော့ မွေးနေ့ဖြစ်လာမယ့် ကျွန်တော်တို့ရဲ့ ပထမနေ့ကို အသေအချာ ကြည့်နေပါတယ်။

လူသေးသေးလေးဟာ လောကထဲ ၀င်ရောက်ဖို့ အတင်းရုန်းထွက် နေရပါတယ်။ လူ့လောကကို အ၀င်မှာကတည်းက အားမာန်အပြည့်နဲ့ စရုန်းနေရပါပြီ။ ထွက်လာမယ့် လူကလေးရော၊ သူ့မိခင်ပါ ရေကုန်ရေခမ်းကို စရုန်းနေရပါပြီ။ မတော်လို့များ တစ်ယောက်ယောက်က အားနည်းခဲ့ရင် မြန်မြန်ခွဲမွေးရင် မွေး၊ မမွေးရင်တော့ မိခင် ဒါမှမဟုတ် ကလေး ဒါမှမဟုတ် နှစ်ယောက်စလုံး အသက်ဆုံးပါးနိုင်ကိန်းပါ။

ဒီလိုပဲ ကလေးမွေးရင်း ကလေး ဒါမှမဟုတ် မိခင် ဒါမှမဟုတ် ကလေးရော မိခင်ပါ သေဆုံးသွားခဲ့တာတွေ အများကြီးရှိခဲ့ပါပြီ။

ဘ၀အစ လူ့လောကအ၀င်မှာပဲ တော်တော် ရုန်းကန်ပြီးမှ ထွက်လာပြီး ကလေးလေးဟာ အော်ပါတယ်၊ ငိုပါတယ်။

“ငါ လာပြီဟေ့“ လို့ ပြောတယ်ပဲ ဆိုပါစို့…။

အဲဒီကနေ နို့မစို့ရလို့ ငို၊ မုန့်မစားရလို့ ငို၊ ကျောင်းမတက်ချင်လို့ ငို၊ စာမရလို့ ငို၊ စာမေးပွဲ မအောင်မှာ ကြောက်လို့ ငို၊ ကျောင်းမပြီးမှာ ပူပန်လို့ ငို၊ အလုပ်မရမှာ စိုးလို့ စိတ်ပူ၊ အလုပ်ရာထူး တိုးဖို့၊ ပိုကောင်းတဲ့ အလုပ် ရဖို့၊ ပိုက်ဆံပို ၀င်ဖို့၊ နိုင်ငံခြား သွားရဖို့ အို… တစ်ခုပြီးတစ်ခု ငိုလိုက်၊ အော်လိုက်၊ ကြောက်လိုက်၊ မှောက်လိုက် အမျိုးမျိုး ရုန်းကန်ခဲ့ရတာ အခုလို မှတ်တိုင်တွေ တစ်ခုပြီးတစ်ခု ကျော်ဖြတ်ရင်းပေါ့။

မှတ်တိုင်တွေ ကျော်ခဲ့ရင်း ကောင်းတာလေးတွေ၊ ၀မ်းသာစရာလေးတွေ မရှိတော့ဘူးလား၊ မကောင်းတာတွေချည်းပဲလားဗျာလို့ မေးပါဦးလား။

ရှိတာပေါ့၊ မိသားစုတွေ ဘုရားသွား ကျောင်းတက်ကြတာ၊ ပန်းခြံတွေ ရုပ်ရှင်တွေ အတူ သွားကြတာ၊ ဈေးဝယ်ထွက်ပြီး ချက်ပြုတ် စားသောက်ကြတာ၊ အ၀တ်အစား အသစ်တွေ ၀တ်ကြတာ၊ အပန်းဖြေခရီးတွေ၊ ကမ်းခြေတွေ သွားကြတာ၊ အလှူအတန်းတွေ လုပ်ကြတာ၊ အိမ်အသစ် ကားအသစ်တွေ ၀ယ်ကြတာ…

ရာထူးတွေတက် နိုင်ငံခြားတွေ ထွက်ကြတာ၊ ဂုဏ်ပြု ချီးကျူး ခံရတာ၊ ချစ်သူ ရည်းစားလေး ရတာ၊ မင်္ဂလာဆောင်ကြတာ၊ ဟော ခုနပြောသလို မိခင်ရဲ့ ပီတိတွေနဲ့ ကလေးလေး မွေးလိုက်တာ… ပျော်စရာတွေပေါ့။ ဒါပေမဲ့ ၁၀၀ ရာခိုင်နှုန်း အပြည့် ပျော်စရာချည်းလားဆိုတော့… ဒီလိုတော့ မဟုတ်ပြန်ပေဘူး။ ပြင်ဆင်ရတာတွေနဲ့၊ စိတ်ပူပန်ရတာတွေနဲ့၊ စိတ်ဆင်းရဲရတာတွေနဲ့၊ ငိုလိုက်ရတာတွေနဲ့… အဲဒီလိုဟာတွေက တွဲဖက်ပါလာသေးတာကိုးဗျ။

“ဘယ်အရာမှ အလကား မရဘူး“၊ “ဘယ်အရာမှ အကောင်းချည်း မရှိဘူး“ ဆိုတဲ့ စကားတွေ၊ တရားတွေလိုပါပဲ။ တစ်ခုလိုချင်ရင် တစ်ခုပေးရတာပါပဲ၊ အကောင်းလိုချင် အဆိုးပါ တွဲယူရတာပါပဲ၊ သံယောဇဉ်ဖြစ်ရင် ချည်နှောင် ခံရတာပါပဲ၊ ပျော်ချင်ရင် မောလည်းမောရတာပါပဲ၊ ရုန်းကန်မှုတွေက အနည်းနဲ့ အများဆိုသလို တွဲဖက်ပါနေတော့တာပါပဲ။

ပုံစံအမျိုးမျိုးနဲ့ သေသွားသူတွေ များခဲ့ပြီ

အဲဒီတော့ မွေးရာကနေ ရုန်းလိုက်ကြ ရတာ သေတော့ရော… ဟား ဟား သေတော့လည်း ရုန်းရပြန်တာ ပါပဲဗျာ။ လွယ်လွယ်နဲ့ သေတယ်များ အောက်မေ့ ပါသလား။ ဘယ်လွယ်လိမ့် မလဲဗျာ၊ မသေ သေးဘူး၊ အိုလာ ရတယ်၊ အခု အသား အရေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က အသား အရေမျိုး မဟုတ်တော့ဘူး၊ အခု ရုပ်ရည်ဟာ လွန်ခဲ့တဲ့ နှစ်အပိုင်း အခြားက ရုပ်ရည် မဟုတ် တော့ဘူး၊ အခုသွားတွေ၊ နားတွေ၊ မျက်စိတွေဟာ အရင်လိုတော့ မကောင်း တော့ဘူး။

ပြီးတော့ အနာရောဂါတွေ တဖြည်းဖြည်း ဖိစီးလာတာကို ခံစားမယ်၊ ငယ်ငယ်တုန်း ဆိုးရင် ဆိုးခဲ့သလောက်၊ ဇိမ်ခံခဲ့ရင် ဇိမ်ခံခဲ့သလောက် နည်းနည်း နာမယ်၊ များများ နာမယ်၊ ဆေးရုံဆေးခန်း ပုံမှန်သွားရမယ်၊ အကြိမ်ကြိမ် သွားရမယ်။

အိုလာမယ်၊ နာလာမယ်ဆိုတော့ အဲဒီမှာ ပြုစုမယ့်သူ၊ ဂရုစိုက်မယ့်သူ ရှိတယ်ဆိုရင် တော်ပါသေးရဲ့…၊ ဂရုစိုက်မယ့်သူလည်း မရှိ၊ ပိုက်ဆံကလည်း မရှိ၊ ဆေးဝါးကလည်း မရှိဘူး ဆိုရင်တော့ သေဖို့သာ ပြင်…။

ဟုတ်ပြီ သေတော့မယ်။ ညဘက် မပျော့်တပျော်အိပ်ရင်း မနက်ခင်းလင်းတုန်း တစ်ချက် အိပ်မောအကျမှာ သေသွားမယ်လို့များ ထင်ပါသလား။ မဟုတ်ပါဘူး။ တရားပီပီပြင်ပြင် မလုပ်ထားဘူး၊ ကုသိုလ်ကောင်းမှု များများ မပြုထားဘူး၊ သတိ၊ သမာဓိ ကောင်းကောင်း မရှိထားဘူး ဆိုရင်တော့ ကောင်းကောင်းမွန်မွန် သေပါလိမ့်မယ်… အားကြီးကြီး…။

ကျွန်တော် အဲဒါတွေကို မွေးနေ့မှာ စဉ်းစားဖြစ်တယ်၊ သေတဲ့သူတွေကို မြှုပ်နှံထားတဲ့ သင်္ချိုင်းမှာ သွားစဉ်းစားတယ်။ တချို့က ငယ်ငယ်နဲ့ သေတယ်၊ တချို့က သက်တမ်းစေ့မှ သေတယ်။ တချို့က ဂုဏ်သတင်းမွှေးပြီး သေတယ်။ တချို့က လောဘ၊ ဒေါသတွေနဲ့ သေတယ်။ တချို့က အများအကျိုး၊ နိုင်ငံ့အကျိုး သယ်ပိုးရင်း သေတယ်။

ကျွန်တော်ရော ဘယ်လို သေမလဲ၊ သေလို့ ရနေပြီလား။ သင်္ချိုင်းမှာတော့ ကျွန်တော့်မွေးနေ့မှာ သေတဲ့သူကို တွေ့ခဲ့တယ်၊ ကျွန်တော့်အသက်မှာပဲ သေနှင့်တဲ့ သူကို မြင်ခဲ့ပြီ။ ကျွန်တော်က အခုမှ ငါလည်း သေရမှာပါလားလို့ စဉ်းစားနေတုန်း ရှိသေးတယ်။ ကျွန်တော်ကမှ သေရမှာကို စဉ်းစားနေသေးတယ်။ ကျွန်တော့် သူငယ်ချင်းတွေ မိတ်ဆွေတွေ အများစုကတော့ ဘယ်သူမှ ငါတို့ သေတော့မှာပဲလို့ စဉ်းစားတဲ့သူ များများ မတွေ့ မကြားမိပါဘူး။

တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော် သင်္ချိုင်းကုန်းက ပြန်လာပြီး နောက်တစ်ရက်မှာပဲ ရန်ကုန်က ဘဏ်လုပ်ငန်းပညာရှင်နဲ့ စီးပွားရေးပညာရှင် ဆရာဦးဝင့်ကျော် ဆုံးတယ်လို့ ကြားတယ်။ ကျွန်တော်က သင်္ချိုင်းက ပြန်လာပြီး နောက်တစ်ရက်မှာမှ ဆောင်းပါးရေးတာပေါ့လို့ ထားလိုက်ပြီး၊ နောက်နေ့ကျတော့ ကွန်ပျူတာ ဖွင့်၊ ဖေ့စ်ဘုတ်ကြည့်တုန်းမှာပဲ ဆရာဦးဝင့်ကျော် ကွယ်လွန်ကြောင်း မတ်ဆေ့ဂ်ျ တွေ့လိုက်ရတယ်။

လူတိုင်းကတော့ သေမှာချည်းပါပဲ၊ ဒါပေမဲ့ လူတော်တော် များများက ဒီနေ့တော့ ငါ မသေလောက်သေးပါဘူးလို့ မျှော်လင့်တတ်ကြပါတယ်။

ကျွန်တော်လည်း မျှော်လင့်တာပါပဲ၊ မျှော်လင့်လို့ပဲ နောက်တစ်ရက်မှ ရေးတာပေါ့ကွာဆိုပြီး နောက်တစ်ရက် ဆိုင်းလိုက်တာပေါ့။ တကယ်လို့များ သင်္ချိုင်းကုန်း သွားရင်း ကျွန်တော် သေသွားခဲ့ရင် ဒါမှမဟုတ် အိမ်ပြန်လာပြီး ချက်ချင်းပဲ သေသွားခဲ့ရင်လည်း ဒီစာတွေကို အခု ဖတ်ရတော့မှာ မဟုတ်ပါဘူး။

ကျွန်တော်ကိုယ်တိုင်လည်း သေမလို သုံးလေးခါတော့ အနည်းလေး ဖြစ်ခဲ့ဖူးပါပြီ။ အချိန်မရွေး သေနိုင်တယ်ဆိုတာကိုလည်း အပြောမဟုတ်၊ လက်တွေ့ နီးနီးစပ်စပ် သိထားပါတယ်။ သတိမကပ်၊ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားရင်တော့ မြန်မြန်သေနိုင်တယ် ဆိုတာကတော့ သေချာပါတယ်၊ အဲဒီလို သေသွားသူတွေလည်း ရှိနေ မြင်နေ ကြားနေရပါတယ်။

အ၀င်ထက် အထွက်ဟာ ခက်လိမ့်မယ်

သင်္ချိုင်းကုန်း သွားတာ ဘာထူးသလဲ ဆိုရင်တော့ လူတွေ ဘယ်လို သေခဲ့ပြီလဲ၊ ကျန်ရစ်သူ တွေက ဘယ်လို စိတ်တွေ ထားကြသလဲ၊ ကြီးကျယ် မြင့်မြတ်စွာ သေတဲ့သူတွေ၊ လူတွေကို ကောင်းစေချင် ကောင်းအောင် လုပ်ပေးခဲ့သူတွေ ဘယ်လို ဂုဏ်ပြုခံရ သလဲ၊ သူတို့ကို ကျန်ရစ်သူ တွေက ဘယ်လို လွမ်းဆွတ် ကြသလဲ ဆိုတာကို ကျွန်တော် နည်းနည်း ပိုရိပ်စား မိလာပါတယ်။

သေရင်တော့ ပြီးသွားပြီလို့ လူမိုက်တွေ က ထင်တတ်ကြပါတယ်၊ မြန်မာစကားပုံမှာလည်း “သေသောသူ ကြာရင်မေ့“ ဆိုတဲ့ စကားရှိပါတယ်။

ဒါပေမဲ့ ဗုဒ္ဓ နောက်က လူတွေ သန်းထောင်နဲ့ချီ သေသွားခဲ့ပြီပဲ၊ သခင်ယေရှု နောက်က၊ တမန်တော် မိုဟာမက် နောက်က လူတွေ သေခဲ့ကြပြီပဲ။ သူတို့ကို ကိုးကွယ် ဆည်းကပ်နေကြတုန်းပဲ။ သူတို့ ဟောပြော ဆုံးမ လမ်းညွှန်ခဲ့တာတွေကို အရိုအသေပြု လိုက်နာနေကြတုန်းပဲ။ ဘာဖြစ်လို့ပါလဲ…။

အေဗရာဟမ်လင်ကွန်းတို့၊ မာတင်လူသာကင်းတို့၊ မာသာထရီဇာတို့၊ ဂန္ဓီတို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့ အိုင်းစတိုင်းတို့၊ စကားတွေ၊ တရားတွေကို သုံးစွဲနေကြတုန်းပဲ။ သေတဲ့အထိ မြင့်မြတ်နေကြဆဲ သူတွေ…။ ဘာဖြစ်လို့ပါလဲ၊ သေရင် မပြီးသေးဘူး ဆိုတာကို သူတို့ပြသွားခဲ့တာပါပဲ။

ဒီတော့ ချုပ်ရရင် လောကထဲ ကျွန်တော်တို့ ရုန်းရင်းကန်ရင်း ၀င်ခဲ့ကြပြီ၊ ပျော်ရင်းမောရင်း တွန်းရင်းတိုက်ရင်း ရှင်သန်နေခဲ့ကြပြီ။

အဆုံးအမှတ်ကိုလည်း အကန်းဘ၀နဲ့ လုံးလုံးမိုက်မိုက် ထွက်သွားမလား၊ ပေါ့ပေါ့ဆဆနဲ့ ရေစုန်မျောလိုက်မလား၊ ဖြစ်ချင်ရာဖြစ်ဆိုပြီး မိုက်ချင်သလို မိုက်လိုက်ကြမလား။ ကျွန်တော်ကတော့ စဉ်းစားနေပါတယ်၊ အချိန်အားရတိုင်း အသေအချာကို စဉ်းစားနေပါတယ်။

အ၀င်ထက် အထွက်ဟာ ပိုခက်လိမ့်မယ်လို့တော့ ထင်တာပါပဲဗျာ….။

၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၂ ရက်။ ည ၈ နာရီ။