အခုနောက်ပိုင်း သတိထားမိတာ တစ်ခုကတော့ ကျွန်တော် စာရေးရင် တစ်ပုဒ်တည်းနဲ့ ဖြတ်မရဘဲ အပိုင်းပိုင်းတွေ ဖြစ်ကုန်တယ်။ တန်းလန်း တန်းလန်း ပေါ့လေ။ မြင်းစီးတဲ့အကြောင်း အတွေ့အကြုံလေးတွေ ပြန်ရေးပြနေတာ ဒီတစ်ပိုင်းမှာတော့ အပြတ် ဖြတ်ပါတော့မယ်။

ကျွန်တော်ဟာ နေ့စဉ် နေထိုင်မှု၊ လုပ်ငန်းခွင်နဲ့ ငွေကြေးသုံးစွဲမှု စတာတွေမှာ ကြိုတင် ပြင်ဆင်၊ သေချာ တွက်ချက်၊ သတိထား လုပ်ကိုင် ဆောင်ရွက်ခဲ့ပေမယ့် အမြဲဆိုသလို သတိလွတ်လွတ် သွားတတ်တာကြောင့် စိတ်ကသိကအောင့် ဖြစ်ရတာတွေ၊ လွဲချော်တာတွေ၊ အပိုကုန်ကျမှုတွေ ဖြစ်တတ်ပါတယ်။ အဆိုးဆုံး တစ်ခုကတော့ အလုပ်တွေ တန်းလန်း ဖြစ်တတ်တာပါ။

အလုပ်တန်းလန်းဖြစ်တော့ ဘာဖြစ်သလဲဆိုရင် အချိန်တစ်ခါ ပြန်ပေးရတယ်၊ ပြန်လုပ်ရတယ်၊ စိတ်ပင်ပန်းတယ်။ စာရေးတာမျိုးဆိုရင် မုဒ်မတူတဲ့အတွက် flow လို့ ခေါ်တဲ့ စကားလုံး သုံးစွဲပုံနဲ့ တင်ပြပုံတွေ မတူတော့ဘူး ဖြစ်တတ်ပါတယ်။

သတိမလွတ်အောင် ကိုယ်တိုင် မွေးရာပါစရိုက်အရရော၊ ဘာသာရေး အဆုံးအမအရပါ နေထိုင် ကျင့်ကြံပေမယ့်လည်း ပုထုဇဉ်ပီပီ အမှားလေးနဲ့၊ အလွဲလေးနဲ့၊ သတိမေ့တာလေးတွေနဲ့ ကြုံနေရဆဲ ဖြစ်ပါတယ်။

မြင်းထိန်းမလေးတွေနဲ့ ညစာ

မက်ဂီ လာခေါ်လို့ ညစာ စားဖို့ သွားလိုက်တဲ့အခါ စားပွဲမှာ ကောင်မလေး လေးယောက်က စောင့်နေပါတယ်။ ကောင်မလေးတွေက အချောလေးတွေပါပဲ။

ဟော်လန်သူလေးနှစ်ယောက် အန်း နဲ့ ဂျက်စမင်း အငယ်

ဒီမှာ ကျွန်တော့် ပြဿနာတစ်ခုက မိန်းကလေးတွေကို စေ့စေ့ကြည့်ရဲတဲ့သူ မဟုတ်လေတော့ အခု လန်ဒန်ရောက်ပြီး တစ်နှစ်ကျော် ကြာလာတဲ့အထိ ကောင်မလေးတွေ မြင်ရင် အင်္ဂလိပ်မလား၊ ဂျာမန်မလား၊ ပြင်သစ်မလား၊ ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေ၊ ဖင်လန် စကင်ဒီ နေဗီးယန်း ဘက်ကလား…၊

ဒါမှမဟုတ် အာဖရိကမှာ ပထမအကြိမ် ကျင်းပတဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတုန်းက ကွင်းထဲ ၀င်ကဲခဲ့ကြတဲ့ လိမ္မော်ရောင် ၀တ်စုံအလန်းတွေနဲ့ ဘော်ဒီလှလှ ဟော်လန်မတွေလား ဆိုတာကို သေချာ မခွဲခြား နိုင်ပါဘူး။

တစ်ခုသိထားတာက အင်္ဂလိပ်မတွေက စည်းကမ်းကြီးတယ်၊ ခုနပြောတဲ့ ဆွီဒင်တို့၊ ဖင်လန်တို့၊ ဖင်လန်တို့၊ ဒိန်းမတ်တို့ စကင်ဒီ နေဗီးယန်း ဘက်က ကောင်မလေးတွေက ပြောင်းဖူးမွှေး (ရွှေရောင်) ဆံပင် ရှိတယ်လို့တော့ အကြမ်းဖျင်း သိထားတယ်။ ဒါပေမဲ့ အခုခေတ်ကလည်း သိတဲ့အတိုင်း ဆံပင်အရောင်က ကြိုက်တဲ့ အရောင် ဆိုးနိုင်သေးတာဆိုတော့ သေချာ မသိဘူးလို့ ပြောတာပဲ ကောင်းပါတယ်။

ဂျက်စမင်း အကြီး နဲ့ ရဘက်ကာ

ထားပါလေ…၊ ညစာက ကြက်သားရင်ပုံတွေကို အခြမ်း ၂၀ လောက် အင်္ဂလိပ်ပုံစံ ချက်ထားတယ်၊ ဂေါ်ဖီရွက်ပြုတ်တစ်ခွက်၊ အားလူးပြုတ်တစ်ခွက်။ ဒါပဲ။ နာနတ်ဖျော်ရည် ရမယ်။ စားပေတော့ပဲ။ မက်ဂီက ကောင်မလေးတွေနဲ့ တစ်ယောက်ချင်း သူက ဘယ်သူ၊ သူက ဘယ်က စသဖြင့် မိတ်ဆက် ပေးသွားပေမယ့် ရုတ်တရက်ဆိုတော့ ချက်ချင်းဆိုသလို မေ့သွားတယ်။

နောက်မှ ပြန်လေ့လာလိုက်တော့ လေးယောက်ထဲမှာ အကြီးဆုံး ကောင်မလေးက သြစတြေးလျသူလေး ဂျက်စမင်းတဲ့၊ ဒုတိယက ဂျာမန်သူလေး ရဘက်ကာ၊ အငယ်နှစ်ယောက်က ဟော်လန်သူလေးတွေ အကြီးတစ်ယောက်က အန်း တဲ့၊ အငယ်တစ်ယောက်ကတော့ ဂျက်စမင်း ပဲတဲ့။ အမှန်တော့ သူတို့နာမည်တွေက ဟော်လန် နာမည်တွေပါ၊ အသံထွက်ရခက်တော့ ကြည့်ရတာ ဂျက်စမင်းတို့၊ ရဘက်ကာတို့က သူတို့ကို ခေါ်လို့လွယ်တဲ့ အင်္ဂလိပ်နာမည် ပေးထားပုံရပါတယ်။

သူတို့ကိုလည်း ကိုယ်က ပြန်မိတ်ဆက်လိုက်ပြီး ဘယ်မှာ လုပ်တယ်လို့ ပြောလိုက်တော့ သူတို့က စိတ်ဝင်စား သွားတယ်။ လူကို မဟုတ်ပါဘူး၊ အလုပ် နာမည်ကို ကြားလိုက်လို့ပါ။ အဲဒါတော့ တစ်ခုကောင်းတယ်၊ အလုပ်ရဲ့ ဘရန်းက သိပ်ကြီးတော့ ဘယ်သူ့ပြောပြော လူတွေက ချက်ချင်း သိတယ်။

ဒါနဲ့ စကားတွေလည်း အပြန်အလှန်ပြောကြရင်း ဗိုက်လည်း ပြည့်အောင် နှက်ကြတယ်။ ဗိုက်ဆာလို့လား မသိပါဘူးဗျာ၊ ကြက်သား သုံးပိုင်းလောက်နဲ့ ဂေါ်ဖီရွက်ပြုတ်ပူပူတွေ တော်တော် စားပစ်လိုက်တယ်။ အာလူးကတော့ အပြုတ်သိပ်မကြိုက်ဘူး၊ ကြက်ကြော်နဲ့ တွဲစားရတဲ့ French Fried အာလူးကြော်မှ ကြိုက်တော့ အာလူးပြုတ် မစားဖြစ်ဘူး။ နောက်တော့ စတော်ဘယ်ရီနဲ့ ရေခဲမုန့် ကျွေးသေးတယ်။ ကောင်မလေးတွေက ပြင်ကျွေးတာဗျ။

ဒါနဲ့ အချိုတည်းနေတုန်းမှာပဲ ဒါပြီးရင် မင်းတို့ ဘာလုပ်မှာလဲလို့ မေးလိုက်တော့ ဂျာမန်မလေးက ငါတို့ ရုပ်ရှင်ကြည့်ကြမယ်၊ မင်းကော ကြည့်မလားတဲ့။ အင်း… အဲ… နဲ့ ကိုယ်က မူနေတယ်။ တကယ်တော့ ကိုယ်က အိပ်ချင်နေပြီ။ ကောင်မလေးတွေနဲ့ နောက်ထပ် တစ်နာရီခွဲ နှစ်နာရီလောက် ဆက်ပြီး ထိုင်မနေချင်တော့ဘူး။ သူက ခေါ်သလို မေးနေတာမို့ ငြင်းဖို့ကလည်း မငြင်းချင်တာနဲ့ ရယ်နေမိတယ်။

အဲဒီမှာပဲ သူတို့လေးယောက်ထဲက အသက်အကြီးဆုံး ဂျက်စမင်း (သူတို့ထဲမှာတော့ အကြီးဆုံး၊ ကိုယ့်အောက်တော့ ၁၀ နှစ်မက ငယ်တယ်) က သူတော့ ဒီနေ့ ပင်ပန်းလွန်းလို့ အိပ်တော့မယ်လို့ ဆိုလိုက်တော့ ဂျာမန်မလေးက သူတို့ ဗျစ်တောက်ဗျစ်တောက် ပြောနေတုန်းမှာပဲ ကိုယ်လည်း အသာလေး လစ်လာ ခဲ့လိုက်တော့တယ်။

ဒုတိယနေ့…

မနေ့ညက စောစောအိပ်ရာ ၀င်လိုက်တာ မှန်သွားတယ်။ ဗိုက်ပြည့်တော့ ချက်ချင်း အိပ်ပျော်သွားတယ်။ နောက်တစ်ခုကလည်း ကျွန်တော့် ညက ဘ၀က လန်ဒန်က အခန်းလေးလို အခန်း ကျဉ်းကျဉ်း ကုတင်သေးသေးလေးပေါ်မှာ ကလန်ကလား အရပ်ကြီးကို အတင်းဆန့်အောင် အိပ်ရတာမျိုး မဟုတ်ဘဲ၊ နှစ်ယောက်အိပ် ကုတင်ကြီးပေါ်မှာ ဆန့်ဆန့်ရန့်ရန့် အိပ်လိုက်ရတာကြောင့်လည်း ဖြစ်မယ်။ မနက် ၆ နာရီကျော်မှ နိုးလာတယ်။

မက်ဂီရဲ့ ခွေးကလေး၊ ခြံထဲရောက်တော့ ကျွန်တော့်ကို အရင်ဆုံး လာနှုတ်ဆက်တာ ဒီခွေးကလေး ဖြစ်ပါတယ်

မျက်နှာသစ်၊ သွားတိုက်ပြီး မနက် ၈ နာရီမှာ မက်ဂီ အိမ်မကြီးမှာ မနက်စာ စားတယ်။ မနက်စာ ပြင်ဆင်တာကို မက်ဂီနဲ့အတူ ဂျက်စမင်း အကြီးက ၀ိုင်းကူ လုပ်နေတာကို တွေ့ရတယ်။ ညက တွေ့ခဲ့တဲ့ သူတို့လေးယောက်က မက်ဂီ့ဆီမှာ အလုပ်လာလုပ်နေသူတွေ ဖြစ်ပါတယ်။

ဂျက်စမင်း အကြီးက သြစကြေးလျမှာ ဂျော်ကီတွေ စီးတဲ့ မြင်းတွေရဲ့ အနိမ့်ဆုံး အပြေး စံချိန်ကို ပြည့်မီအောင် လေ့ကျင့် ပေးရတဲ့ ထရိန်နာ ဖြစ်ပါတယ်။ ဒီမှာ မြင်းထိန်း၊ မြင်းမွေး၊ မြင်းစီမံခန့်ခွဲရတဲ့ ပညာကို လက်တွေ့သင်ရင်း အလုပ်လာလုပ်နေတာ ဖြစ်ပါတယ်။

ရဘက်ကာ ကတော့ အင်္ဂလန်မှာ တစ်နှစ်လောက် ခဏ နေချင်လို့ အလုပ်လျှောက်ရင်း ဒီအလုပ်ရတာနဲ့ ၀င်လုပ်နေတာပါတဲ့။ သူကလည်း ဂျာမနီမှာ မြင်း ၁၀ နှစ်လောက် စီးခဲ့ဖူးတယ်လို့ ဆိုပါတယ်။ တက္ကသိုလ် ဆက်တက်ဦးမယ်လို့ဆိုပြီး စီးပွားရေးပညာ သင်ယူချင်တယ်လို့ ပြောပြပါတယ်။

ငှက်ကလေးတွေ တေးဆိုသံလည်း မြင်းခြံထဲမှာ ကျွန်တော် ကြားခဲ့ရတယ်

ဟော်လန်သူလေး နှစ်ယောက် ထဲက အကြီးတစ်ယောက် (ညီအစ်မတော့ ဟုတ်ဟန်မတူပါ) ကတော့ တိရစ္ဆာန်ဆိုင်ရာ သူနာပြု ဖြစ်ချင်တာတဲ့။ ဒါကြောင့် ဒီမှာ လက်တွေ့ လာလေ့လာရင်း အလုပ်လုပ်နေတာလို့ ဆိုပါတယ်။ သူ့စိတ်ကူးက တော်တော် လေးနက်သားပဲ၊ ဘာဖြစ်ချင်တယ်ဆိုတာကို တိတိကျကျ သိသားပဲလို့တောင် ကိုယ့်စိတ်ထဲက ချီးကျူးမိပါသေးတယ်။

အငယ်ဆုံးမလေး ဂျက်စမင်း အငယ်လေးကတော့ အခုမှ ၁၅ နှစ်လား၊ ၁၆ နှစ်လား ရှိသေးတော့ သူ့ အနာဂတ်မှာ ဘာလုပ်ချင်တယ်၊ ဘာဖြစ်ချင်တယ် ဆိုတာကို မသိသေးဘူးလို့ ပြောပါတယ်။ အဲဒီကောင်မလေးက အငယ်ဆုံးဆိုပေမယ့် အရပ်က လေးယောက်ထဲမှာ သူ အမြင့်ဆုံး၊ ပြီးတော့ ချစ်စရာလေး…။

အဲ… ဆက်ရမယ်ဆိုရင်တော့ မနက်စာကတော့ ဗိုက်အပြည့် စားလိုက်ပါတယ်။ English Breakfast ကလည်း မစားတာ ကြာပြီ ဆိုတော့လေ။

မက်ဂီခြံကြီးက တော်တော် လှပ ထည်ဝါပါတယ်

English Breakfast ဆိုတာက တခြားတော့ မဟုတ်ပါဘူးလေ၊ Corn flakes လို့ ခေါ်တဲ့ ပြောင်းကနေ လုပ်ထားတဲ့ မုန့်ဆန်းလို ဟာလေးတွေကို နွားနို့နဲ့ ရောပြီး စား၊ လိမ္မော်ရည် သောက်၊ စတော်ဘယ်ရီ ဒိန်ချဉ်ဗူး တစ်ခု စား၊ ပြီးရင်တော့ ပေါင်မုန့် မီးကင် နှစ်ချပ် (များများစားနိုင်လည်း စားပေါ့)၊ ကြက်ဥ မကျက်တကျက်ကြော် တစ်လုံး (တချို့ကလည်း နှစ်လုံးလောက် စားကြတယ်)၊ ၀က်ပေါင်ခြောက်ကြော် နှစ်ခု၊ Sausage လို့ခေါ်တဲ့ ၀က်သားလုံးကြော်၊

နောက် စည်သွပ်ဗူးထဲက ဖောက်ထားတဲ့ ပဲကို ပြန်ပူပူ လုပ်ထားတာ… စားပွဲပေါ်မှာတော့ စတော်ဘယ်ရီယိုတို့ ဘာတို့ ရှိတာပေါ့လေ။ နောက် အင်္ဂလိပ် လက်ဖက်ရည် အိုးတစ်လုံးဆိုတော့ အဲ… အကုန်လုံး သေချာ စားလိုက်မယ်ဆိုရင် တော်တော်ကြီးကို ၀အီသွားစေပါတယ်။

ဒါနဲ့ စားသောက်ပြီးတော့ အခန်းပြန်နားပြီး မနက် ၁၁ နာရီမှာ မြင်းပြန်စီးရတယ်။ မနေ့က အတိုင်းပဲ ပထမ တစ်နာရီကို သင်ခန်းစာ ယူရပါတယ်။ မြင်းလမ်းလျှောက် (walk) နဲ့ မြင်းအကြော့ပြေး (trot) ပေါ့လေ။

အုပ်စုလိုက် စီးရတာလည်း ပါတယ်

အခုတစ်ခေါက်ကတော့ အုပ်စုလိုက် သင်ခန်းစာဖြစ်ပြီး ကိုယ်က ဒုတိယအကြိမ် စီးတာဖြစ်ပြီး၊ ကျန်တဲ့ ကောင်မလေး လေးယောက် (နောက်ဧည့်သည်တွေ) က ဒီနေ့မှ စစီးတာ ဖြစ်လေတော့ ကိုယ်က နည်းနည်း သွက်နေပါတယ်။

တစ်နာရီ သင်ခန်းစာကို ပြပေးတာကလည်း ရှားလော့နဲ့ ကောင်မလေးတချို့ပါပဲ။ မနေ့ညက တွေ့ခဲ့တဲ့ ဂျက်စမင်း အငယ်နဲ့ အန်းတို့ ပါတာတွေ့ရတယ်။

တောလမ်းလေးထဲ ဖြတ်စီးရတာလည်း ပါတယ်

နောက်တော့ ဒုတိယ တစ်နာရီအတွက် သစ်တောအုပ်ကြားထဲ ဖောက်ထားတဲ့ လမ်းလေးထဲ မြင်းတွေနဲ့ ရှေ့နောက် တန်းစီပြီး လမ်းလျှောက်ကြတယ်။ တောအုပ်ထဲဆိုတော့ ရာသီဥတုက နည်းနည်း အေးသွားတာပေါ့လေ။ မြင်းတွေရဲ့ ခွာသံတွေကို တောလမ်းတိတ်တိတ်ထဲ နားဆင်ရတာလည်း အရသာ တစ်မျိုးပါပဲ။

တောလမ်းလေးကလည်း ကုန်းဆင်း ကုန်းတက်နဲ့ဆိုတော့ မြင်းကိုလည်း ကုန်းဆင်း ကုန်းတက် ထိန်းတတ်သွားတာပေါ့။ မြင်းက ကုန်းဆင်းဆိုရင် လူက နောက်ကို နည်းနည်းလန်ပေးထားရတယ်။ ဒါမှ မြင်းနဲ့လူ ဆုံချက်ညီပြီး မြင်းလည်း လိုတာထက် မပန်းမှာ ဖြစ်ပါတယ်။ ကုန်းတက်ဆိုလည်း ကိုယ်က မြင်းဂုတ်ပေါ်ကို နည်းနည်း ငုံ့ကပ်ပေးပေါ့လေ။ ဒါလေးတွေ ထပ်သိလိုက်တယ်။

မြက်ခင်းစိမ်းတွေ တွေ့တော့ သဘောကျသွားတယ်

နာရီဝက်လောက် တောလမ်းကဖြတ်ပြီး ထွက်လိုက်တဲ့အခါ အလွန်ကျယ်ပြောတဲ့ မြက်ခင်းစိမ်းစိမ်းတွေကို ရုတ်တရက် မြင်ရတော့ သဘောကျလိုက်တာ မပြောပါနဲ့တော့။ အဲဒီမြက်ခင်းတွေပေါ်က ဖြတ်ရတာ အရသာ… လေကလည်း လန်းဆတ် စိမ်းစိုလို့… တကယ့် အရသာပါပဲ။ ဟိုးအဝေးက မြက်ခင်းစိမ်း တစ်ခုရဲ့ ကုန်းပေါ်ကို လှမ်းကြည့်လိုက်တော့ ဒုန်းစီးနေကြတဲ့ မြင်းနှစ်ကောင်နဲ့ လူနှစ်ယောက်။ တကယ့်ကို ကျွန်တော် စီးချင်တဲ့အတိုင်း သူတို့ စီးနေကြတာ… လေးညှို့က ပစ်လွှတ်လိုက်တဲ့ မြားတစ်စင်းလို…။

မြက်ခင်းစိမ်းပေါ်မှာ ၁၀ မိနစ်လောက် ဖြတ်ပြီးတော့ နောက်လမ်းတစ်လမ်း (ကားလမ်းမနဲ့ နီးတဲ့ဘက်) ကနေ မြင်းဇောင်းဘက်ကို ပြန်လာခဲ့ကြတယ်။ လမ်းမှာလည်း မြင်းတစ်ကောင်ချင်း ရပ်ခိုင်းလိုက်၊ ရှေ့ဆုံးက ဦးဆောင်သွားတဲ့ မြင်းကို နောက်ဆုံးမှာ သွားစဉ်ခိုင်းလိုက် အမျိုးမျိုး လုပ်ခိုင်းခဲ့တယ်။ တစ်နာရီ လုံးလုံးကို မပျင်းမရိဘဲ ကုန်သွားအောင်နဲ့ မြင်းဇက်ကိုလည်း နိုင်သည်ထက် နိုင်လာအောင် လုပ်တာပဲ ဖြစ်နိုင်ပါတယ်။

ကျွန်တော် မတ်တပ်ရပ်ပြီး မောင်းကြည့်သေးတယ်

နံနက် ၁၁ နာရီကနေ မွန်းလွဲ ၁ နာရီအထိ နှစ်နာရီကြာ မြင်းတရစပ် စီးလိုက်ကြတော့ ဗိုက်တွေလည်း တော်တော်ဟာ သွားကြပါတယ်။ ကျွန်တော်တို့ အုပ်စုထဲက ၄၀ တန်း မမတစ်ယောက်ကတော့ သူတို့ ကွတော့မှာပဲလို့ ပြောပါတယ်။ နောက်တစ်နေ့လည်း ရုံးသွားရဦးမယ်လို့ ပြောနေတယ်။ တော်ပါသေးရဲ့… ကိုယ်က အားလပ်ရက် ရက်ရှည်နဲ့မို့…။

ခဏနေတော့ မက်ဂီချက်ပြုတ်ထားတဲ့ နေ့လယ်စာကို လွေးကြပါတယ်။ အများစုအတွက်တော့ Beef Mince အမဲသားကို ကျွေးပေမယ့် ကျွန်တော်က အမဲသား မစားဘူးဆိုတော့ ကြက်သားနဲ့ တစ်ခွက် သက်သက် လုပ်ပေးပါတယ်။ နာနတ်ဖျော်ရည်သောက်၊ ရေခဲမုန့် စား၊ လက်ဖက်ရည်သောက် လုပ်ပြီး ကိုယ့်အခန်း ကိုယ်ပြန်နား ကြပါတယ်။ မွန်းလွဲ ၃ နာရီမှာ မြင်း တစ်နာရီ ထပ်စီးရဦးမှာ ဖြစ်ပါတယ်။

နေ့ချင်းပြန် မြင်းလာစီးသူတွေကတော့ အခုလို အရိပ်ကလေးမှာ နားမယ်ဆိုလည်း နားနိုင်ပါတယ်

ဒီနေ့တစ်ရက်ပဲ မြင်းလာစီးကြသူတွေကတော့ အရိပ်ရတဲ့ သစ်ပင်တွေအောက် ထားပေးထားတဲ့ ခုံတွေနဲ့ ထိုင်ပြီး စကားစမြည် ပြောကြပေါ့လေ။ ဆေးလိပ်သောက်တတ်တဲ့ သူကလည်း ကိုယ့်ကားထဲ ကိုယ်ပြန်ပြီး သောက်ကြပေါ့။ မက်ဂီကတော့ သူ့ခြံထဲ မီးဘေး စိုးရိမ်လို့ ဆေးလိပ် မသောက်ဖို့ တားထားသလို စာတမ်းတွေလည်း ထင်ထင်ရှားရှား ရေးထားပါတယ်။

ကျွန်တော်လည်း အခန်း ခဏပြန်နားပြီး မွန်းလွဲ ၃ နာရီမှာ မြင်းစီးဖို့ ထွက်လာခဲ့ပါတယ်။ အခုလည်း အုပ်စုလိုက် စီးရတာပါပဲ။ ဒီတစ်ခေါက် လေ့ကျင့်ပေးမှာ ကတော့ အမျိုးသားပါ။ Mark မာ့က် လို့ ခေါ်တယ်လို့ သိရပါတယ်။ သူကတော့ လေ့ကျင့်ပေးတာ တစ်မျိုးပါ။ ယောက်ျားဆိုတော့ ပိုသွက်ပြီး အပြောလည်း ကောင်းတော့ ပျော်ရွှင်စရာပါပဲ။

မိန်းကလေးတွေနဲ့ ပြိုင်ရတာဆိုတော့ ပိုပိုသာသာလေးတော့ အစွမ်းပြမိတာပေါ့

သူ သင်တာလည်း လမ်းလျှောက်တာနဲ့ အကြော့ပြေးတာပဲ ဖြစ်ပေမယ့် မြင်းနဲ့ ရင်းအောင်ဆိုပြီး မြင်းလည်တိုင်နဲ့ ကိုယ့်ရင်ဘတ်ကို ကုန်းကပ်ထားခိုင်းပြီး မြင်းကို မောင်းစေတယ်။ နောက် မြင်းကျောပေါ်ကို ကိုယ့်ကျောပြင်ကြီးကို လှန်ချခိုင်းတယ်။ သံခြေကွင်းပေါ် မတ်တပ်ရပ်ခိုင်းပြီး စီးခိုင်းတယ်။ ပထမတော့ မလုပ်ရဲ လုပ်ရဲပေါ့၊ ကျွန်တော့်ကို များများ လုပ်ခိုင်းလာတော့ မိန်းကလေးတွေရှေ့ဆိုတော့ ခပ်ရဲရဲ လုပ်လိုက်တာ ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေပြေ လုပ်နိုင်ခဲ့ပါတယ်။

ဂျက်စမင်း အငယ်လေးက ခေါင်းကုတ်နေတယ်

ဒီလိုနဲ့ ၄၅ မိနစ်လောက် ကုန်လာခဲ့ပြီးနောက်မှာ နောက်ထပ် တောလမ်းလေး တစ်ခုကို သွားခိုင်းပြီး သင်ခန်းစာကို အဆုံးသတ်လိုက်ပါတယ်။ အဲဒီတောလမ်းမှာက ကန့်လန့်ဖြတ် သစ်လုံးတွေ ချထားပါတယ်။ ကိုယ်က မြင်းနဲ့ ကျော်ဖြတ်ပေါ့လေ။ ကျွန်တော်စီးတဲ့ ဟစ်ပိုကြီးက အတွေ့အကြုံပဲ များလို့လား၊ အသက်ကြီးလို့ လည်လာတာပဲလား မသိပါဘူး။ သစ်လုံးကို မကျော်ဘဲ ဘေးက ကွေ့သွားဖို့ လုပ်တော့ မာ့က် က “ဟေ့ ဟေ့… သစ်လုံးပေါ်က ကျော်လေ“ လို့ဆိုတော့ အပေါ်က ကျော်ဖြတ်ရပါတယ်။ ပျော်စရာကောင်းပါတယ်။

ဒါနဲ့ ခဏနေတော့ မြင်းဇောင်းပြန်လာ၊ ကုန်းနှီးဖြုတ်သိမ်း၊ မြင်းကို ကွင်းထဲမှာ သွားပြန်လှန်၊ ပြီးတော့ အခန်းပြန်လာ၊ ရေနွေးစိမ် ရေချိုး၊ ဘုရားရှိခိုး၊ သတင်းလေး ကြည့်နေတုန်း… ဂျက်စမင်း အကြီးနဲ့ ရဘက်ကာ ရောက်လာတယ်။

“ဟိတ်… ငါတို့ Barbecue အသားကင်မယ်၊ စားမှာလား“ တဲ့။

“စားမှာပေါ့“ ဆိုတော့ ဂျက်စမင်းက “မင်း… အဆင့်သင့်ပဲလား၊ မင်းသိလား… ဘယ်ကို သွားရမယ်ဆိုတာ၊ အဆင်သင့်ဆိုရင် အခုသွားမယ် လိုက်ခဲ့“ တဲ့။

ဒါနဲ့ လိုက်သွားတော့ မက်ဂီနေတဲ့ အိမ်မကြီးနောက်ဘက် ခြံဝန်းတစ်ခုထဲက ရေကူးကန်ဘေးမှာ အသားကင်တာကိုးဗျ။ ရေကူးကန်က ရေနွေးကန်တဲ့ဗျ။ အခုတော့ ဓာတုပစ္စည်းတွေ ရေထဲပါနေလို့ မကူးရဘူးတဲ့။ ပြန်ပြင်ဖို့ လုပ်နေတယ်၊ စုစုပေါင်း ပေါင် တစ်သန်းလောက် ကုန်မှာတဲ့၊ မက်ဂီက ပြောပြတယ်။

“အား… အင်္ဂလိပ်တွေ တယ်လည်း ဇိမ်ခံလှချည်လား“ လို့ ကိုယ့်ဘာသာ တွေးမိတယ်။ ကောင်မလေးတွေက “ရေကူးကန် ဘယ်တော့ ကောင်းမှာလဲ၊ သူတို့ ကူးချင်တယ်“လို့ ပြောနေတယ်။ ဒီရက်ပိုင်းအတွင်း ပြင်တော့မှာ၊ ရေကူးကန် ဆောက်တဲ့၊ ထိန်းသိမ်းတဲ့၊ ပြင်တဲ့ ကုမ္ပဏီက လာကြည့်လိမ့်မယ်လို့ မက်ဂီ ပြန်ပြောတာ ကြားရတယ်။

ကျွန်တော် မြင်းစီး ခရီးသည်

ဒါနဲ့ပဲ အေးချမ်းလှတဲ့ ညချမ်းလေးမှာ မက်ဂီရယ်၊ ကောင်မလေး လေးယောက်ရယ်၊ အသားတွေကင်တဲ့ ဟင်နရီဆိုတဲ့ ဘိုးတော်ကြီးရယ်၊ ကိုယ်ရယ် ၀ိုင်ခွက်လေးတွေနဲ့ အသားကင်လေးတွေ စားခဲ့ကြတယ်။ အငယ်ဆုံးကောင်မလေး နှစ်ယောက်ကတော့ အသက်မပြည့်သေးလို့ ၀ိုင် သောက်လို့ မရဘူး။ ရဘက်ကာ ကတော့ ၀ိုင်ကို မကြိုက်လို့ မသောက်ဘူးတဲ့။ ကိုယ်နဲ့ ဟင်နရီက ၀ိုင်နီ သောက်ပြီး၊ မက်ဂီနဲ့ ဂျက်စမင်း အကြီးက ၀ိုင်ဖြူ သောက်ကြတယ်။

ဝက်သား ကြက်သား အကင်တွေရယ်၊ ၀ိုင်တန်ခိုးရယ်ကြောင့် အဲဒီညကလည်း အိပ်လို့ကောင်းခဲ့ပြန်ပါတယ်။

နောက်နေ့မနက်ကြတော့လည်း ဒီလိုပဲ မနက်စာ စား၊ နံနက် ၁၁ နာရီမှာ မြင်းတစ်ကြိမ် ပြန်စီး၊ ရေမိုးချိုး နေ့လယ်စား စား၊ ရထားချိန် ညနေ ၅ နာရီအတွက် အသင့်ပြင်… မက်ဂီကို ပေးစရာ ရှိတာပေး စတာတွေ လုပ်ပြီးသကာလ ၅ နာရီထိုးတော့ မက်ဂီကိုယ်တိုင် ဘူတာရုံကို ကားမောင်း လိုက်ပို့ပေးတယ်။

ကျေးဇူးတင်ကြောင်းပြောပြီး ရထားလာတာနဲ့ လန်ဒန်ပြန်ခဲ့တယ်။ ဟစ်ပိုကြီးကိုတော့ သတိတွေရလို့…။

အဲ… ကျွန်တော် တန်းလန်း ဆိုလို့… မေ့သွားတာ တစ်ခုကတော့ တစ်ထပ်တိုက်ပုလေးရဲ့ သော့ကို မက်ဂီကို ပြန်မပေးခဲ့တာပဲ။

အဲဒါတောင် ချက်ချင်း မသိသေးဘူး၊ လန်ဒန်ရောက်ပြီး သူငယ်ချင်းတစ်ယောက်အိမ်မှာ အုန်းနို့ခေါက်ဆွဲ ချက်မယ်ဆိုလို့ သွားစား၊ အဲဒီမှာပဲ အိပ်။

နောက်တစ်ရက်နေမှ ဂျက်ကက် အင်္ကျီအိတ်ထဲက စက္ကူနဲ့ ပစ္စည်းတွေ ထုတ်လိုက်တော့မှ သော့က ထွက်လာတာပါ။

ဒါနဲ့ မက်ဂီဆီ ဖုန်းဆက်ပြီး “မက်ဂီရေ… ဆောရီးပါ၊ သော့ ပါလာပါတယ်“ လို့ ပြောလိုက်တော့ သူက “အေး… ငါသိတယ်၊ စာတိုက်ကနေ ပြန်ပို့ပေးပါ“တဲ့။ သူက အေးအေး ဆေးဆေး ပဲ ပြောလာတော့ နောက်တစ်ရက်မှာ ပြန်ပို့ပေးလိုက်တယ်။ သော့ဆိုတာကလည်း တန်းလန်းအမျိုး မဟုတ်လားဗျာ။ အဲ… ကျွန်တော်ကလည်း…။

ကျန်းမာ ချမ်းသာကြပါစေ။

၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ ၈ ရက်၊ ည ၉ နာရီ။