ကျွန်တော်က မေ့တတ်တယ်၊ ဒါပေမဲ့ ပြန်သတိရတတ်တယ်။ အသက်ကလေးက စကားပြောလာပြီ ထင်ပါတယ်။ မေ့လိုက်… သတိရလိုက်ပေါ့။ ချိုချဉ်မျက်နှာကို မူလကတည်းက သုံးပုဒ်ရေးမယ်လို့ တေးထားခဲ့တယ်။ နှစ်ပုဒ်ရေးပြီးတော့ တတိယနဲ့ နောက်ဆုံးအပုဒ်ဖြစ်လာမယ့် အခုအပုဒ်ကို မေ့သွားတယ်။ တခြားစာလေးတွေ ကြားမှာ ကြိုကြားကြိုကြား ရေးဖြစ်တယ်။ ချိုချဉ်မျက်နှာ ၃ ရေးဖို့ကိုတော့ မေ့နေခဲ့တယ်။ အခုတော့ သတိရပြီ။

ငယ်ငယ်ကတည်းက လူကြီး၊ မိဘ၊ ဆရာသမားတွေ ဆိုဆုံးမရင် မျက်လုံးလေး ကလယ်ကလယ်နဲ့ ဖြစ်နေတတ်တာက ကျွန်တော်ပါ။ ငယ်ငယ်ကတော့ လူကြီးစကား နားမထောင်မိတာ မှားလေခြင်းလို့ ဖြစ်မိတယ်၊ ၀မ်းနည်းတတ်တယ်။ နောက်တခါဆိုရင်တော့ မမိုက်တော့ဘူး၊ ငါ့ကို ဒီလောက် လူကြီးသူမ မိဘဆရာသမားတွေက စေတနာ ရှေ့ထား၊ မေတ္တာ ပွားကြလို့ ဆုံးမတာပဲ… ဒီလူကြီးတွေရဲ့ စေတနာကို အသိအမှတ် ပြုတဲ့ အနေနဲ့ ငါ လိမ္မာတော့မယ်လို့ သံဝေဂတွေရ၊ အကြီးအကျယ် ဆင်ခြင်မိတာလည်း ကျွန်တော်ပါပဲ။ အဲဒီလို စဉ်းစားတတ်ခဲ့တာ… အသက် ၈ နှစ်၊ ၉ နှစ် လောက်ကတည်းကပါ။

ဒါဖြင့် လိမ္မာလိုက်တာလို့တော့ ကျွန်တော့်ကို အချီးကျူး မစောကြပါနဲ့ဦး ပရိသတ်ကြီးတို့… အချိန်ခဏလေး အတွင်းမှာသာ မျက်ရည်လေးဝဲ၊ ခေါင်းကလေး ညိတ်၊ ရိုရိုသေသေ ကုပ်ကုပ်ကလေး နေခဲ့တဲ့ ကျွန်တော်ဟာ ခဏနေတော့လည်း ဒုံရင်းဒုံရင်း ပြန်ရောက်လို့ ကိုယ်လုပ်ချင်တာ လုပ်ခဲ့တာ ဒီကနေ့ အထိပါပဲ။

လူကြီး၊ မိဘ၊ ဆရာသမားတွေ ရှေ့မှာတော့ ကျွန်တော်ဟာ အင်မတန် ပိရိတယ်၊ ဟန်ဆောင်ကောင်းတယ်၊ အကယ်ဒမီ ရလောက်တယ်။ ဆိုဆုံးမတဲ့ လူကြီး၊ မိဘ၊ ဆရာသမားတွေကလည်း ၀မ်းတွေ သာပေါ့… ဒီကောင်ကလေး စာဖတ်ပုံရတယ် ထင်ပါ့၊ ကြည့်စမ်း… ပြည့်ဝလိုက်တာပေါ့။ အလွယ်ပြော တကယ် နားလည်တဲ့ ကလေးပဲပေါ့…။

ထားပါတော့… ကျွန်တော့်ဆိုလိုရင်းက စကားပလ္လင်ခံတာနဲ့ ပျောက်သလောက် ဖြစ်နေပြီ။ ကျွန်တော် ပြောချင်တာက ကျွန်တော်ဟာ လူကြီး၊ မိဘ၊ ဆရာသမားတွေနဲ့ အကျွမ်းဝင်တယ်၊ သူတို့က ကျွန်တော့်ကို ချစ်ခင်ကြတယ် ဆိုတာပါပဲ။ အထူးသဖြင့် အသက်ကြီးတဲ့ လူကြီးတွေပေါ့၊ ကျွန်တော့် ပါရမီကလည်း ကျွန်တော့်ထက် အသက်ကြီးတဲ့ လူကြီးသူမတွေနဲ့ ရေလိုက်ငါးလိုက် နေတတ် ထိုင်တတ်တဲ့ နေရာမှာ ရှိတယ်လို့ ဆိုနိုင်ပါတယ်။ လူကြီးတွေက ကျွန်တော့် အနေအထိုင်၊ အပြောအဆိုကို သဘောကျတတ်တယ်၊ နှစ်သက်တတ်ကြတယ်။ လူကြီးချစ်တဲ့ ချာတိတ်ကလေးလို့ ဆိုချင်ဆို…။

တရက်သားတော့ ကျွန်တော် ရုံးက ပြန်လာတာ ညဘက် ၉ နာရီခွဲ၊ ၁၀ နာရီလောက် ရှိပြီ။ ခရစ္စမတ် မတိုင်ခင် တပတ်လောက်က ထင်ပါတယ်။ ရုံးက တင်ဆက်တဲ့ ပြဇာတ်တခုမှာ ကျွန်တော်က ဇာတ်ကောင် တနေရာက ပါရမယ်၊ မင်းသားအောက်ဆွဲ ဇာတ်ပို့နေရာကပေါ့ဗျာ၊ ဇာတ်လမ်းတပုဒ်လုံးမှာမှ သုံးလေးကြောင်း ၀င်ပြောရုံတင်ပါ။

အဲဒီမှာ ကိုယ့်ကိုယ်ကိုယ် အမြဲ အထင်ကြီးတတ်တဲ့ ကျွန်တော်… ဒီလောက်တော့ ငါ ပိုင်ပါတယ်ကွာဆိုပြီး လုပ်ကြည့်တာ… တကယ်လုပ် အဟုတ်ခက်နေတာကို တွေ့ရောပဲဗျို့။ ဘယ်နေလိမ့်မလဲ… ပြင်ဆင်ပြီပေါ့ဗျာ ဒီငနဲ ကျွန်တော်… နဂိုကမှ လူကြီးကြိုက်အောင် နေတတ်တဲ့ဥစ္စာ…။ ဒါနဲ့ နောက်တရက် ပြောဆိုရမယ့် စာကြောင်းလေးတွေ အပြောပိုင်ပိုင် ပြောနိုင်ဆိုနိုင် အက်တင်လုပ်နိုင်အာင် ကျင့်မှလို့ ဆိုတဲ့ပြီး ကျွန်တော့်အတွက် ရထားတဲ့ ဇာတ်ညွှန်းစာအုပ်ကို အိမ်အထိ မလို့ ယူလာတယ်။ ရထားပေါ်မှာ ဖတ်မယ်ပေါ့။

ရထားပေါ်ရောက်တော့ နေရာလေးတခုရှာတယ်၊ အမယ် ခရစ္စမတ်နား နီးလို့လား မသိဘူး၊ လူတွေ တယ် အသွားအလာ များပါလားဗျာ၊ ည ၁၀ နာရီ ထိုးလုနီးတောင် ကျွန်တော် တက်လိုက်တဲ့ ရထားတွဲမှာက ထိုင်စရာ နေရာ အလွတ်က များများ မရှိဘူးဗျ။ ဒါနဲ့ သင့်တော်တဲ့ နေရာတခု ရွေးလို့ ထိုင်၊ လွယ်အိတ်ထဲက ဇာတ်ညွှန်းစာအုပ်လေး ထုတ်၊ ကိုယ့် အခန်းလေးကို ဇာတ်ရည်အောင် ဖတ်နေတာပေါ့ဗျာ။ ရေဒီယို ဇာတ်လမ်းဆိုတော့ အသံနဲ့သာ သရုပ်ဆောင် ရမှာမို့ အသံ အက်တင်ကလည်း လိုသေးဗျာ။

အက်တင်ဆိုတာကလည်း အပြောအက်တင် ဆိုတော့ သီချင်းဆိုသလို ကိုယ်တယောက်တည်းနဲ့ ပြီးတာ မဟုတ်ဘူးဗျ၊ အပေးအယူ အထောက်အမ အပံ့အပိုး ဟိုဘက်ဒီဘက် အသွားအလာ ဒီလို ပြောဆို ရတာကိုး… ဒီတော့ ကိုယ်နဲ့ အပြန်အလှန် ပြောဆိုမယ့် အဓိက ဇာတ်ကောင်၊ တခြား ဇာတ်ကောင်တို့ ပြောမယ့် ဆိုမယ့် အကြောင်းအရာနဲ့ စကားလုံးကိုလည်း ကြည့်ရ ဖတ်ရ ရွတ်ကြည့်ရသေးတာကိုးဗျာ။

သူတို့ အော်မလား၊ ပျော်မလား၊ ဖော့မလား၊ လျှော့မလား။ ကိုယ်က အခံပြောရမလား၊ အမာ ပြောရမလား၊ လှောင်ရမှာလား၊ ဟောင်ရမှာလား၊ ကလိရမှာလား၊ ညှိရမှာလား စသဖြင့် ဆန်းစစ်ဖတ်ရှုထားဖို့ လိုတယ်မို့လားဗျာ။ ဒါနဲ့ စာရွက်လေး ဟိုဘက်လှန်လိုက် ဒီဘက်လှန်လိုက်နဲ့ ဖတ်တာပေါ့ဗျာ။ နာမည်ကျော် မင်းသား နေတိုးတို့တောင် ကျွန်တော့်လောက် ကြိုးစားကြပါ့မလား မသိဘူးလို့ မဆီမဆိုင် တွေးလိုက်မိသေးတယ်။ ကျွန်တော် ဖတ်နေတဲ့ အေဖိုး စာရွက်ဖြူဖြူပေါ်မှာက အကိုတို့၊ အမတို့ အခုဖတ်နေရတဲ့ စာလုံးတွေလိုမျိုး စာလုံးဝိုင်းဝိုင်းလေးနဲ့ ရေးထားတဲ့ မြန်မာစာပေါ့ဗျာ။

အဲဒီမှာ ဘေးမှာ ထိုင်နေတဲ့ ဘွားတော်က (၆၀ လောက်ရှိရောပေါ့) “ဟိတ်… ကိုရမ် ဖတ်နေတာလား“ လို့ လုပ်ပါရောဗျ။ ကျွန်တော့်ရုပ်ကြည့်ပြီး နက္ခတ်ဗေဒင် ဆယ်နှစ်ဆယ်မိုး သင်ထားတဲ့ ပညာရှင်နဲ့ ၀ါသနာရှင် စပ်ထားတဲ့ ဟိတ်ဟန်နဲ့ ဘွားတော်က မပြုံးမရယ် ခပ်တည်တည် လုပ်လို့ ကျွန်တော့် နားနားကပ် ပြောလာတဲ့အခါ ကျွန်တော် နည်းနည်းတော့ ကြောင်သွားပါတယ်။ သူငယ်ချင်းတချို့က ကျွန်တော့်ကို ပြောဖူးတယ်လေ၊ ဟို… ဘောလီးဝုဒ်က ကမ္ဘာကျော် မင်းသား ရှာရွတ်ခန်းနဲ့ တူတယ်ဆိုလား၊ ထားပါ… ကြွားရာကျနေပါမယ်။

ဆက်ရရင် ကြောင်သွားတဲ့ ကျွန်တော်က စိတ်ထဲကနေ ဟာ… ခက်တော့ဖြင့် နေပြီ။ မှားပါတယ်… ခုန ထိုင်ခုံမှာ စထိုင်ကတည်းက ဘီယာနံ့စူးစူးရတာ ရှေ့ကလူဆီက မှတ်တာ၊ ဘွားတော်ဆီက ဖြစ်နေတာကိုးလို့ အဲဒီတော့မှ သေချာ သိလိုက်ပါတယ်။ ဘေးဘီကို ထောက်လှမ်းစူးစမ်းတဲ့ နေရာမှာ အင်မတန် တော်တဲ့ ကျွန်တော်…။ ဒါနဲ့ ကျွန်တော်လည်း တချက်ပြုံးရယ်ပြပြီး ဇာတ်ညွှန်းကို ကျွန်တော် ဆက်ဖတ်နေတော့ ခုန သူ မေးတဲ့ မေးခွန်းကို ကျွန်တော် မကြားဘူး အောက်မေ့လို့နဲ့ တူပါတယ်… ဘွားတော်က ထပ်မေးပြန်တယ်။

ကျွန်တော့် ရှေ့၊ နောက်၊ ၀ဲ၊ ယာမှာလည်း လူတွေက ရှိတယ်။ သိတဲ့အတိုင်း ဒီနိုင်ငံမှာက လူတွေက မြန်မာပြည်က လူတွေလို စိတ်ဖြူ၊ သဘောကောင်းတွေ ဟုတ်ဟန် မတူဘူး။ ဘေးနား ဒါမှမဟုတ် မျက်ဆိုင်သာ ထိုင်ချင်ထိုင်နေမယ်၊ ဒါပေမဲ့ ကြည့်ချင်မှလည်း ကြည့်မယ်၊ စိတ်လည်း ၀င်စားကြတာလည်း မဟုတ်ဘူး။ ဒီတော့ ဘွားတော် ကျွန်တော့်ကို စကားလာပြောနေတာကို သူတို့က တချက်တော့ ကြည့်လိုက်တယ်၊ နောက်တော့ သူတို့က အေးဆေးပဲ… မအေးဆေးတာက ကျွန်တော်။

ထိုင်ခုံကလည်း နှစ်ယောက် ကပ်ထိုင်ထားတယ်၊ ကျွန်တော့် လက်ထဲက စာလုံးလေးတွေကလည်း ချစ်ဖို့ကောင်းတဲ့ စာလုံးလေးတွေ (မြန်မာစာ)၊ တခါ ဘွားတော်ကလည်း ရဲတင်းစေတတ်သော အရည်တခုကို ပမာဏတခုအထိ သောက်သုံးထားလေသူ ဖြစ်လေတော့ ယုတ္တိဗေဒနည်းနဲ့ စဉ်းစားလိုက်ရင် အကိုတို့၊ အမတို့ သိမှာပါလေ… ကျွန်တော် ဘာလုပ်မလဲဆိုတာ… လူကြီး၊ မိဘ၊ ဆရာသမား အထာ နပ်တဲ့ ချာတိတ်လေးလေ။

“ဒီလိုပါ၊ ကျွန်တော်က မြန်မာပါ၊ မြန်မာနိုင်ငံက ပါခင်ဗျာ၊ နောက်ပြီး ကျွန်တော် ဖတ်နေတာက မြန်မာစာပါ… ကိုရမ် မဟုတ်ပါဘူး“ လို့ ပြောတော့ ဘွားတော်က ကျွန်တော် ပြောတာရော၊ ကျွန်တော့် နိုင်ငံကိုရော သေချာ မကြား၊ မသိဘူး ထင်ပါတယ်။

“ကိုရမ်တော့ မဖတ်ပါနဲ့ကွာ… ရထားပေါ်မှာ“လို့ ပြန်ပြောပါတယ်။ ကျွန်တော် ရိပ်မိလိုက်ပါပြီ။ ဘွားတော် နည်းနည်းတော့ ရေချိန်ကိုက်နေပြီ ဆိုတာပါ။ အဲ… ကျွန်တော်ကလည်း နည်းနည်း ဖောင်းခဲ့တာ ရှိပါတယ်။ ခုန ကျွန်တော် ဇာတ်ညွှန်း စာကြောင်းတွေ ဖတ်နေတုန်းက မဆိုစလောက်လေး အသံထွက်မိသွားပါတယ်။ ဒါပေမဲ့ အရက်သောက်ထားတဲ့ လူပဲဗျာ၊ သိပ် အကဲဆတ်နေချိန်ပေါ့… ဘွားတော်က ကျွန်တော့်အသံကို ကောင်းကောင်းကြားသွားပါတယ်။ ဒီတော့ သူက တန်းကနဲ ဆုံးဖြတ် ပြောချလိုက်တော့တာက… ကျွန်တော် ကိုရမ် ဖတ်နေပါတယ်လို့…။

ဇာတ်လမ်းက မပြီးသေးဘူးဗျ၊ ဘွားတော်က ကျွန်တော့်ကို စိုက်စိုက်ကြည့်ပြီး ခင်လာပုံ ရပါတယ်။ သေရည်လေးကလည်း ၀င်ထားတာကိုးဗျာ။ သူ့နာမည်နဲ့ (ကျွန်တော် မေ့သွားပြီ) မိတ်ဆက်ပြီး ဂျာမနီကပါလို့ ပြောပါတယ်။ သူငယ်ချင်းတွေက ဖိတ်လို့ ခရစ္စမတ် မိတ်ဆုံပွဲ (အမှန်တော့ ခရစ္စမတ် မရောက်သေးပါဘူး) သွားစားခဲ့ပြီး ပြန်လာတာပါတဲ့။ ငါ နည်းနည်းတော့ သောက်ခဲ့တယ်တဲ့။ ကျွန်တော်က အဲဒီလို “ငါ နည်းနည်းတော့ သောက်ခဲ့တယ်“လို့ ပြောတတ်တဲ့ လူကြီးတွေ အများကြီး တွေ့ထားဖူးတော့… ဟဲ ဟဲ… ပြန်ပြုံးပြလိုက်ပြီး ရပါတယ်လို့ လုပ်လိုက်တာပေါ့။

ဒီတော့ ကျွန်တော်လည်း ဇာတ်ညွှန်းစာအုပ်လေး အသာပိတ်လို့ သူနဲ့ စကားပြောရတာပေါ့။ ကျွန်တော်ကလည်း ကျွန်တော့်နာမည် “မျိုး“ ပါပေါ့၊ မြန်မာနိုင်ငံကပါပေါ့။ ဒါနဲ့ ခင်ဗျား မြန်မာနိုင်ငံဆိုတာ သိသလားလို့ မေးတော့… သိပ်သိတာပေါ့ မောင်ရာလို့ ဘွားတော်က ပြန်ပြောတယ်ဗျ။ ကျွန်တော်တော့ အတော်လေး ၀မ်းသာသွားမိတယ်။ ကျွန်တော်နဲ့ စကားပြောဖူးတဲ့ နိုင်ငံခြားသား တော်တော်များများက မြန်မာလို့ပြောရင် (Burma ပြောပြော၊ Myanmar ပြောပြော) မသိကြပါဘူး။ ဘွားတော်က သိတယ်လို့ ပြောတော့ မူးလို့များ ပြောလေသလားပေါ့ ကျွန်တော့်မှာ မယုံတယုံ…။

သူက မြန်မာကို သိတယ်၊ အရှေ့တောင်အာရှက နိုင်ငံတခုဆိုတာလည်း သိတယ်။ ဒါပေမဲ့ ထိုင်းရယ်၊ မလေးရှားရယ်၊ အင်ဒိုနီးရှားရယ်၊ ဖိလစ်ပိုင်ရယ်နဲ့ မြန်မာကို ဘယ်သူ့ဘယ်နားဆိုတာကို နည်းနည်းေ၀၀ါး နေပုံရတယ်။ သောက်ထားတဲ့ အရှိန်ကြောင့်လည်း ဖြစ်ရင်ဖြစ်မယ်၊ ဒါမှမဟုတ် ကျောင်းတုန်းက သင်ခဲ့ဖူးတဲ့ သမိုင်းစာကို မေ့တေ့တေ့ ဖြစ်နေတာလည်း ဖြစ်ရင်ဖြစ်မယ်၊ ဒါမှမဟုတ် သိပ်မသိတတ်သေးတဲ့ ကလေးအရွယ်လောက်မှာ အာရှဘက်တခေါက် ရောက်ဖူးခဲ့လို့လည်း ဝေေ၀၀ါးဝါး မှတ်မိနေတာလည်း ဖြစ်ချင်ဖြစ်မယ်။

သူများကို ဆရာလုပ်ဖို့… ရှင်းလင်းစေဖို့ သိပ်ဝါသနာထုံတဲ့ ကျွန်တော်က ခပ်သွက်သွက်ပဲ အေဖိုးအရွယ် စက္ကူတွေနဲ့ ချုပ်ထားတဲ့ ဇာတ်ညွှန်းစာအုပ် နောက်ကျော ဘက်ကို လှန်ပြီး စက္ကူဖြူပေါ်မှာ လွယ်အိတ်ထဲက ဘောလ်ပင်ထုတ်ပြီး မြေပုံအကြမ်း ဆွဲလိုက်တယ်။ ပြီးတော့ အင်္ဂလိပ်လို နာမည်တွေ ရေးပြီး ရှင်းပြလိုက်တယ်။

ဒါက တရုတ်၊ ဒါက အိန္ဒိယ အဲဒီနိုင်ငံကြီး နှစ်ခုကြားက နိုင်ငံ… အဲဒါ ကျွန်တော်တို့ရဲ့ မြန်မာ၊ ဒီဘက်က ဒေါ်ဒေါ်ပြောတဲ့ ထိုင်းလန်း၊ ဒီအောက်က မလေးရှား၊ ဒီဘက်က အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် စသဖြင့် ပြောလိုက်တော့… သောက်ထားသူတွေရဲ့ ထုံးစံအတိုင်း… “ငါ သိပါတယ်ကွ“ဆိုပြီး ကျွန်တော့်ကို သေချာ စိုက်ကြည့်လို့… “မင်းက… ခင်ဖို့ ကောင်းတယ်ကွ“ ဆိုပြီး လှမ်းဖက်လို့ ကျွန်တော့်မှာ အလိုက်သင့်လေး နေပေးလိုက်ရသေးတယ်။ ဘီယာချဉ်စူးစူးနံ့တော့ ခံရတာပေါ့လေ။

စိတ်ထဲမှာတော့ “ငါ့ကံကလည်းကွာ၊ ဘွားတော့်မြေး အရွယ်လေးလောက်နဲ့တော့ ဒီလိုခင်ခင်မင်မင် မနေရဘူး၊ ဘွားတော်ကြီးနဲ့မှ အတင်းလာခင်နေရတယ်“လို့ မဆီမဆိုင် တွေးမိပြီး ကိုယ်ဖြစ်ချင်တာလေးကို လှမ်းတမ်းတလိုက်မိပါသေးတယ်။ ကျွန်တော့်အဖြစ်က ကံက ကောင်းပေမယ့် တလွဲကောင်းတဲ့ပုံ ဖြစ်နေပါတယ်။

ကျွန်တော်နဲ့ ဘွားတော်နဲ့ ချက်ချင်း အဖွဲ့ကျပြီး အော်ကြီးဟစ်ကျယ် ပြောဆိုနေတာကို မျက်နှာချင်းဆိုင် ထိုင်နေတဲ့ ကုလားလေး နှစ်ယောက်ကတော့ သဘောတွေ ကျနေတယ်။ ကျန်တဲ့လူတွေကလည်း ဒီနှစ်ယောက် အဖွဲ့ကျသွားပြီလို့ တွေးထင်နေကြပုံပဲ။ ကျွန်တော်လည်း ရထားပေါ်မှာ သူများတွေ (အထူးသဖြင့် ကုလားတွေ၊ အာဖရိကန်တွေ) အော်ကြီးဟစ်ကျယ် စကားပြောရင် မကြိုက်သလောက်၊ ကျွန်တော်လည်း မပြောရဲသလောက် ဖြစ်ပေမယ့် အဲဒီညကတော့ ဘွားတော်ကို ခင်မင်မိသွားပြီး ကိုယ့်အသံ ဘယ်လောက် ကျယ်နေမှန်းတောင် သတိမထားမိတော့ဘဲ စကားတွေ ပြောနေမိတယ်။

ဇာတ်လမ်းက မပြီးသေးဘူး… နည်းနည်း ကျန်သေးတယ်ဗျ၊ ရထားက ရုံးနားက ဘူတာကနေ အိမ်နားက ဘူတာအထိ ၃၅ မိနစ်လောက် စီးရတာမို့ ကျွန်တော်တို့ နှစ်ယောက်သား စကား တော်တော် ပြောဖြစ်လာခဲ့တယ်။ ဒါတောင် ဘွားတော်က သောက်ထားတဲ့သူတွေရဲ့ ထုံးစံအတိုင်း မင်းဖတ်တာ ကိုရမ် မဟုတ်ပါဘူးနော်လို့ ထထ လုပ်သေးတယ်။

ထားပါတော့… ခုနတုန်းက မြေပုံရေးတုန်းကဗျာ… စာရွက်နဲ့ ဘောလ်ပင် တွေ့သွားတော့ကာ… ဘွားတော်က “မင်းနဲ့ငါ… ကျားနဲ့ကြယ် ကစားရအောင်“ လို့ ပြောပါတယ်။ ဒီနေရာမှာ ကျွန်တော် နည်းနည်း ရွှီးတာပါ၊ သူက နာမည် တခုပြောတယ်၊ ကျွန်တော်က မသိပါဘူး။ ဒါနဲ့ ဘာကစားနည်းလဲပေါ့… ပြန်မေးတယ်။ သူက ထပ်ပြောတယ်၊ ပြောရင်းကနေပဲ စိတ်မရှည်တော့ဘဲ ကျွန်တော့် လက်ထဲက ဘောလ်ပင်ကို ဆွဲလုပြီး ဗေဒင်ဆရာတွေ မဟာဘုတ်တိုင်ထူဖို့ အကွက်ချသလို အကွက်ရေးပြီး တကွက်မှာ သုည စထည့်လိုက်တယ်။ အဲဒီမှာ ကျွန်တော်က အခုလို နာမည် ကောက်ပေးလိုက်တာပါ။ “ကျားနဲ့ကြယ်“… မလှဘူးလားဗျာ။

ကျွန်တော်တို့ ကစားခဲ့ကြတယ်

ကျွန်တော် သိလိုက်ပါပြီ၊ အဲဒါ ကျွန်တော် ငယ်ငယ်က စကားခဲ့တဲ့ ကစားနည်းပဲ။ ကျောင်းမှာ သူငယ်ချင်းချင်း ကစားရင် အမြဲရှုံးနေကျ၊ အိမ်မှာတော့ ညီလေးနဲ့ ညီမလေးကို နိုင်အောင် ကစားပြီး ကိုယ့်ကိုယ်ကိုယ် သိပ်တော်တဲ့သူလို့ ထင်ထားခဲ့တဲ့ ကျွန်တော်ပဲ၊ ဘယ်ရလိမ့်မလဲ… ချက်ချင်းဆိုသလို ဘွားတော်ဆီက ဘောလ်ပင် ပြန်ယူလိုက်ပြီး တခြားတကွက်မှာ ကြက်ခြေခတ်လိုက်တယ်။ ဘွားတော်က ကျွန်တော့်လက်ထဲက ဘောလ်ပင် ပြန်ယူ… တခြားတကွက်မှာ ၀လုံး ဆွဲတယ်။

နောက်တကွက်မှာ ကျွန်တော် ကြက်ခြေခတ်တယ်၊ ဘွားတော် ဇီးရိုးထည့်တယ်။ ကျွန်တော် ကြက်ခြေခတ်တယ်။ ဘွားတော် ၀လုံးထည့်… ဟာ.. ဘွားတော် နိုင်သွားတယ်ဗျ။ အဲဒီမှာ ကျွန်တော် နည်းနည်း လန့်သွားတယ်။ အသက်က ကြီးနေပြီ၊ ရေချိန်မှန်အောင် သောက်ထားတယ်၊ ကျွန်တော်က ဥာဏ်ထက်နေတဲ့ လူငယ်… ဒီကစားနည်းကလည်း ကျွန်တော် ကျွမ်းတဲ့ ကစားနည်း၊ နိုင်သွားတော့ ဘွားတော်ဆိုတော့ ဟာ… ဘွားတော်က ဆရာကြီးပေပဲလို့… နာမည်ကျော် တက္ကသိုလ်ကြီးတခုက သင်္ချာပါမောက္ခများလားလို့တောင် ကျွန်တော် ယောင်တောင်တောင် တွေးဖြစ်သွားတဲ့အထိ…။

ဘွားတော်က စိတ်မကောင်းပါဘူးကွာ… နောက်တပွဲ မင်းကံကောင်းရင် နိုင်ချင်နိုင်မှာပါလို့ အားပေးတဲ့ အကြည့်၊ ရင်းနှီးနွေးထွေးနဲ့ အနှစ်အသိမ့်လေးနဲ့ နောက်တပွဲအတွက် အကွက်ချပြန်တယ်။ ဘွားတော် နိုင်ပြန်ရော… နောက်တပွဲ… ဘွားတော်ပါပဲ။

ကျွန်တော် စိတ်ညစ်သွားတယ်၊ ဘယ်နှယ့်ဖြစ်ပါလိမ့်ပေါ့… ငါ လက် တော်တော်ပျက်နေတာပဲလို့လည်း တွေးလိုက်မိသေးတယ်။ တကယ်တော့ ဒီကစားနည်းကို ကျွန်တော် မကစားဖြစ်တော့တာ နှစ် ၂၀ ကျော် သွားပြီ။ ဘွားတော်လည်း ကျွန်တော့်လိုပဲ ငယ်ငယ်ကသာ ကစားဖူးတာမှန်ရင် အနှစ် ၄၀ မက ကျော်နေလောက်ပြီ။

ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့ စိတ်ကလေးက အမြဲရှိလေတော့… အင်း လက်ပျက်တာနဲ့ တူပါတယ်လို့ပဲ လျှော့တွေးလိုက်မိတယ်။ စောင်းသမား စောင်းနဲ့ကွာသလို၊ လေးသမား လေးနဲ့ကွာသလိုပေါ့လေ၊ ကျွန်တော်လည်း လက်ပျက်တာပဲ ဖြစ်မှာပါ။ အဲဒီလိုနဲ့ နောက် နှစ်ပွဲလောက် သရေကျပြီးနောက်မှာ ကျွန်တော်ချည်းနိုင်တော့တာက… အေဖိုးစာရွက် လေးငါးရွက်ပေါ်က အကွက်တိုင်းမှာ ဖြစ်လာတယ်။

ဘွားတော်က သူ့လက်ရည်ကို တမင်ပဲ လျှော့ချလိုက်လေသလား၊ ကျွန်တော်ပဲ တကယ့်လက်ရည်(ဥာဏ်ရည်)အမှန် ပြန်ရလာလေသလား ဆိုတာကိုတော့ ဘွားတော်ပဲ သိမှာပါ။ ကျွန်တော် သိတာကတော့ ကျွန်တော် နိုင်လိုက်တိုင်း… “မင်းက သိပ်တော်တာပဲကွာ၊ နည်းနည်းတော့ ငါ့ကို ညစ်သလားလို့ ခံစားရတယ်“ဆိုပြီး လှမ်းလှမ်းဖက်၊ ပါးချင်းအပ်(ကပ်)တာကို ခံရတာပါပဲ၊ အဲဒီအခါတိုင်းမှာလည်း ဘီယာနံ့စူးစူးကို ကျွန်တော် ရှုလိုက်ရတယ်။ ဘီယာနံ့ကိုတော့ ကျွန်တော်က ဘာမှ မဖြစ်ပါဘူးလေ… ကျွန်တော်လည်း ကြိုက်တဲ့ဟာပဲ၊ မကြိုက်တာက ဘွားတော်ကြီး ဖြစ်နေတာကိုပါ။

နောက်တော့ ကျွန်တော် ဆင်းရမယ့် ဘူတာ ရောက်လာတယ်၊ အဲ… ဘွားတော်ကလည်း ကျွန်တော့်နောက်က လိုက်ထလာပြီး ငါလည်း ဆင်းရမှာလို့ ပြောတယ်။ ကျွန်တော် နည်းနည်း ကြောက်သွားတယ်၊ ဟာ… ပြဿနာပဲ၊ လိုက်လာမလား မသိဘူးလို့ တွေးမိတယ်။ ဒါပေမဲ့ ဘွားတော်က ထိုင်ခုံက ထလိုက်တဲ့ အချိန်ကစပြီး သူ့ကိုယ်သူ အကောင်းဆုံး ထိန်းသိမ်း တည့်မတ်လိုက်တယ်။ အားလုံးကို သတိအနေအထားနဲ့ ရှိနေလိုက်တာကို ကျွန်တော် သတိထားလိုက်မိတယ်။

ဘူတာဆိုက်လို့ ရထား တံခါးလည်း ဖွင့်ရော… ဘွားတော်က အရင် အပြေးကလေး ထွက်လိုက်တယ်၊ ပြီးတော့ လှေကားကို ခပ်သွက်သွက် တက်သွားတယ်။ ကျွန်တော်က သူ့နောက်က ခြေလှမ်း သုံးလှမ်းလောက်ကနေ လိုက်ကြည့်ရင်း လိုက်ကြည့်ရင်းနဲ့ပဲ ဘွားတော်က ကားလမ်းကူးပြီး ထိုးဆိုက်လာတဲ့ ဘတ်စ်ကားနီနီကြီးပေါ်ကို ပြေးတက်သွားတယ်။

ကျွန်တော်ကတော့ ကျွန်တော့်အခန်းကျဉ်းကျဉ်းလေးဆီကို ဖြည်းဖြည်းချင်း ပြန်လျှောက်လာခဲ့တယ်၊ ရင်ထဲမှာတော့ ပျော်သလိုလို…။

၂၀၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်၊ ကြာသပတေးနေ့။
မနက်စောစော ၁ နာရီ။