မွေးချင်းတွေထဲမှာ အကြီးဆုံး ဖြစ်ရတာကို ကျွန်တော် အလွန် နှစ်ကြိုက် မိပါတယ်၊ မိဘ ဘိုးဘွား ဆရာသမားတွေရဲ့ ဦးစားပေး၊ ပစားပေးတာကို ခံရလို့ ဖြစ်ပါတယ်။ သားကြီး၊ အကိုကြီး၊ အကြီးကောင် အမည်နာမ အမျိုးမျိုး အခေါ်ခံရတာကိုလည်း သဘောကျတယ်၊ အကြီးဖြစ်ရတာကိုလည်း ကြိုက်တယ်။
မိဘက တိုင်ပင်တယ်၊ ဘိုးဘွားက လက်ကတုံး တောင်ဝှေးလို အားကိုးတယ်၊ ဆရာသမားတွေက တန်ဖိုးထားတယ်၊ ညီနဲ့ ညီမက ထိုက်သင့်သလောက် လေးစားကြတာကိုးဗျာ။
မွေးချင်းမဟုတ်တဲ့ သူတွေနဲ့ကြတော့ မမတွေက မြင်ခဏမှာ ကျွန်တော့်ကို ခင်ကြတယ်၊ အကြောင်းသေချာ သိတော့မှ ခေါင်းခါခါ ဖြစ်ကြပါတော့တယ်။
၇တန်း ၈ တန်း လူပျိုပေါက်ရောက်တော့ ကိုယ့်အထက် အသက်ကြီးတဲ့ မမတွေကို သဘောကျခဲ့မိတယ်၊ အထက်တန်းကျောင်းသူကြီးတွေ ဖြစ်တဲ့ မမအရွယ်တွေ ကျောင်းဆင်းချိန်မှာ ရိုးရိုးတမျိုး ဆန်းဆန်းတသွယ်၊ ခိုးခိုးပြီးကြည့် ဗြောင်ကျကျကြည့်… အဲဒီလိုနဲ့တင် ရင်တွေ ခုန်ခဲ့ဖူးတယ်။
မြောင်းမြက မမ
၁၀ တန်း စာမေးပွဲပြီးတော့ အဖွားက ကျိုက်ထီးရိုးဘုရား လိုက်ပို့ပေးတယ်။ အဖွားရယ်၊ ညီမရယ်၊ ကျွန်တော်ရယ် သုံးယောက်သား ဘုရားဖူးကားနဲ့ ရန်ကုန်ကနေ မနက်ဖက် လိုက်ပါလာတယ်။ မွန်းလွဲလောက်မှာ ကင်ပွန်းစခန်း တောင်ခြေရောက်တယ်။
ခဏ အပန်းဖြေ နားပြီးတော့ တောင်ပေါ် စတက်ကြတယ်၊ အဲဒီတုန်းက တောင်ပေါ်ကို အခုလို မော်တော်ကားနဲ့ တက်လို့ မရသေးဘူး။ ၁၉၉၃ ခုနှစ်က ဖြစ်တယ်။ ပထမတော့ အဖွားရော၊ ညီမကိုပါ စောင့်ခေါ်ပြီး ဖြည်းဖြည်း ဖြည်းဖြည်း တက်ကြတယ်။ ကျွန်တော်တို့လိုပဲ အခြားတက်တဲ့ သူတွေလည်း ရှိတော့ အဖွားက ဖြတ်သမျှ လူတွေနဲ့ စကားပြောရင်း အဖွဲ့ကြနေကြတယ်။
ကျွန်တော်က အဖွားနဲ့ ညီမကို စောင့်စောင့် တွဲခေါ်နေရတာကို စိတ်မရှည်တော့ဘူး၊ ဒါနဲ့ အဖွားကို ကျွန်တော်ရှေ့က တက်နှင့်တော့မယ် ဆိုပြီး ခပ်သွက်သွက် အားကုန် တက်ပါတော့တယ်။ ၁၅၊ ၁၆ အရွယ် ကောင်လေး တယောက် ဆိုတော့ ညနေခင်း တဖြည်းဖြည်း အေးလာချိန်မှာ လေ၀၀ရှုပြီး တက်လိုက်တာ ဘာပြော ကောင်းမလဲ မှောင်စမှာပဲ ဘုရားရင်ပြင်ပေါ် ရောက်သွားခဲ့ပါတယ်။
အဖွားနဲ့ ညီမကတော့ ဘယ်နားပြတ်ကျန်ခဲ့တယ် မသိတော့ပါဘူး၊ ကျိုက်ထိုသူ အဖွားဟာ အနည်းဆုံး အကြိမ် တစ်ဒါဇင်လောက်တော့ ကျိုက်ထီးရိုးဘုရားဖူး တောင်တက်ထားသူမို့… နောက်ပြီး ညီမလေးလည်း အနားမှာပါတော့ တဖြည်းဖြည်းတော့ ရောက်လာမှာပဲလို့ ကျွန်တော် တွေးမိတယ်။
ကျိုက်ထီးရိုးဘုရားကြီးကို မျက်ဝါးထင်ထင် ဖူးမျှော်ပြီးပေမယ့် အဖွားနဲ့ ညီမငယ်ကို စောင့်နေရတာ တော်တော်နဲ့ ပေါ်မလာကြတော့ စိတ်တောင် တဖြည်းဖြည်း ပူလာမိတယ်။ ဗိုက်ကလည်း ဆာလာပြီ၊ စားစရာတချို့က အဖွားရဲ့ ဆွဲခြင်းထဲမှာ… ကျွန်တော်က စောင်တို့၊ အခင်းတို့၊ အ၀တ်အစားတို့ ထည့်ထားတဲ့ ကျောပိုးအိတ်ကြီး တလုံး ကျောပိုးပြီးသာ တက်လာခဲ့တာ ဆိုတော့ စောင့်ပေါ့၊ တယောက်တည်း ငတက်ကြွ လုပ်ချင်အုံး ဆိုပြီး စိတ်မကောင်း ဖြစ်ရုံပဲ ရှိတော့တယ်။
တစ်နာရီမကတော့ဘူး စောင့်ရတာ… ဟာ ငါစောစော ရောက်လာလည်း မပျော်ရပါလားဆိုပြီး စိတ်မကောင်း ဖြစ်နေတုန်း… ကျွန်တော်ထိုင်နေတဲ့ ဘေးနားကို မမတယောက် ရောက်လာတယ်။ သိပ်အချောအလှကြီး မဟုတ်ပေမယ့် ကျွန်တော့်အတွက်တော့ တောင့်တောင့်ဖြောင့်ဖြောင့် အမကြီးပါလားလို့ တွေးနေတုန်း… သူက မောင်လေး တယောက်တည်းလား… အမေတို့ရော မလာသေးဘူးလား၊ ဘာလား ညာလားနဲ့ စကားတွေ တောက်လျှောက် ပြောချလာတယ်။
သူ့ကို သေချာကြည့်တော့လည်း ကျွန်တော် မသိဘူး၊ သူက ပြောနေရင်းနဲ့ နောက်ဘက်ကို လှည့်ကြည့်လှည့်ကြည့် လုပ်နေတော့ နောက်ဘက်မှာ ယောက်ျား နှစ်ယောက်က ရစ်သီရစ်သီ လုပ်နေတာ တွေ့ရတယ်။ တယောက်ကဆို အနားကပ်လာပြီး ညီလေး ထမင်းချက်ပေးရမလားလို့ လာမေးသေးတယ်။ ဗျာ… မချက်ပါဘူးလို့ ပြန်ပြောလိုက်ရတယ်။
အဲဒီ အမကလည်း မချက်ဘူး၊ ဒီမှာ ပါတယ် ဘယ်နှခါ ပြောရမလဲလို့ လေသံခပ်မာမာနဲ့ ပြန်ပြောတာကို ကြားလိုက်ရတယ်။
အာ… အဲဒီတော့မှ ငါးဆင့် စတီးချိုင့်ကြီးကို ကျွန်တော် မြင်လိုက်ရသလို၊ ပြုံးစစ ကြာကြည့်ကြည့်နေတဲ့ ကြာကူလီရုပ်နဲ့ လူနှစ်ယောက်ကိုလည်း သေချာ သတိထားမိ သွားတော့တယ်။
၁၀ တန်းလောက်ကလည်း ရောက်နေ၊ မြန်မာရုပ်ရှင်ကားတွေကိုလည်း တော်တော်များများ ကြည့်ထားတဲ့သူဆိုတော့ အဲဒီအမနဲ့ ဟိုလူနှစ်ယောက်ရဲ့ ပြဿနာကို ကျွန်တော် ချက်ချင်း ရိပ်စားမိလိုက်တယ်။
အဲဒီမှာ ကျွန်တော် ဘာလုပ်တယ် ထင်ပါသလဲ…။ အဲဒီအမနား ပိုပြီး တိုးကပ် ထိုင်လိုက်ပြီး အမကလည်း ဘယ်သွားနေတာလဲ၊ ကျွန်တော် စောင့်နေတာ ကြာပြီ၊ ဘာညာနဲ့ လေသံကျယ်ကျယ် ပြောလိုက်မိတယ်။ ပြီးတော့ ဒီလူကြီးတွေ ရန်ကနေ ဒီအမကို ငါကယ်တင် ရမယ်ဆိုပြီး သူတို့ကိုလည်း ခပ်စူးစူး စိုက်ကြည့်လိုက်သေးတယ်။
အမှန်တော့ ကျွန်တော်က အသက် ၁၅၊ ၁၆ နှစ်အရွယ် ချာတိတ် ပေါက်စပဲ ရှိသေးတယ်၊ အရပ်မြင့်လို့ နည်းနည်း ထွားသလို ဖြစ်နေတာ… ဟိုလူတွေက အနည်းဆုံး အသက် အစိတ်၊ သုံးဆယ်လောက်တော့ ရှိနေလောက်ပြီ။ ဘုရားပေါ်မှာ တောင့်တောင့်ဖြောင့်ဖြောင့် ကောင်မလေးတယောက်ကို တွေ့လို့ ထမင်းချက်ပေးရမလား၊ နေဖို့ နေရာယူမလား ဘာညာ လုပ်ပြီး ခွင်ဖန်နေတာဗျ။
လွန်ခဲ့တဲ့ ၁၇ နှစ်ကျော်ကာလ အဲဒီအချိန်တုန်းက စားသောက်ဆိုင်တွေကလည်း အခုလို ကန်ထရိုက်တွေယူပြီး အပြိုင်အဆိုင်ဖွင့်၊ အိပ်စရာတွေကလည်း ပေါတာမျိုး မဟုတ်ဘူးလေ၊ မိသားစုလိုက် လာတဲ့လူတွေက တောင်ပေါ်မှာ ခုနလာစပ်တဲ့ လူတွေကို ထမင်းအိုးတလုံး ချက်ခိုင်းတတ်တယ်၊ ရေနွေးတအိုး ကျိုခိုင်းတတ်တယ်၊ အခြောက်အခြမ်း ယူလာတာလေးတွေနဲ့ စားကြတယ်။ ကိုယ်ကလည်း တတ်နိုင်လို့ တောင်ပေါ်က ရတဲ့ အသားတို့ ဘာတို့ ရောင်းရင်လည်း ၀ယ်ခြမ်း ချက်ခိုင်းလိုက်ပေါ့လေ… အဲဒီလို လုပ်ကြတာကိုးဗျ။ ကလေးတွေနဲ့၊ အမျိုးတွေနဲ့ဆိုတော့ အတော့်ကို ပျော်ပျော်ပါးပါး ရှိကြတာ တွေ့မြင်ရတယ်။
ဒါနဲ့ ဇာတ်လမ်းဆက်ရရင် အမကလည်း ကျွန်တော်က ခပ်ရဲရဲ စကားပြန်ပြောတဲ့ အားတက်သွားပုံပဲ၊ ရွံ့တွန့်တွန့်ဖြစ်ပြီး ဟိုလူတွေကို ဒေါသတွေ ထွက်နေတာတွေ တဖြည်းဖြည်း ပျောက်ကုန်ပြီး မျက်နှာလေး ၀င်းလာတာ တွေ့ရတယ်။
မိန်းမတယောက်ကြောင့် ကျွန်တော်ဟာ လူစွမ်းကောင်းကြီး လုပ်ချင်နေပါလား ဆိုတာကို အဲဒီအချိန်မှာပဲ ကျွန်တော် စဉ်းစားတတ်ခဲ့တယ်။
အမှန်တော့ ကျွန်တော့်မှာ အဖွားနဲ့ ညီမကို စိတ်ပူနေတာ၊ ဗိုက်ကလည်း ဆာလာလို့ ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်နေတာ၊ မှောင်ကလည်း သိပ်မှောင်နေပြီကိုး၊ အဖွားတို့ လမ်းမှာ မီးရောင်မှ ရှိပါ့မလား… ညီမလေး ကြောက်များ နေမလားနဲ့ အောက်ပဲ ပြန်ဆင်း လိုက်ရမလို… လမ်းမှာ လွဲသွားရင် ဒုက္ခပဲလို့ ချင့်ချိန် နေရသလို ဖြစ်နေချိန်မှာ အမနဲ့ လာတွေ့ပြီးတဲ့နောက် “ဟိတ်… ကောင်မလေးကို လွှတ်လိုက်…“ ဆိုပြီး မင်းသားလိုလို ဘာလိုလို မြောက်ကြွမြောက်ကြွ စိတ်တွေနဲ့ တွေးနေ လုပ်နေမိခဲ့တယ်။ အဲဒီခဏမှာတော့ အဖွားနဲ့ ညီမကို ခဏ မေ့သွားခဲ့တယ်။
နောက်တော့ အဲဒီ အမ ပြောပြမှ အမယ် သူကလည်း ကျွန်တော့်လိုပဲ မိသားစုလိုက် မြောင်းမြကနေ ကျိုက်ထီးရိုး ဘုရားလာဖူးကြတာ၊ သူက ရှေ့ကနေ ကျွန်တော်လိုပဲ ထမင်းချိုင့်ကြီး ဆွဲပြီး ခပ်သွက်သွက် တက်လာလိုက်တာ၊ တော်တော်ကြာတဲ့အထိ သူ့မိဘတွေ၊ အဒေါ်တွေ မရောက်လာကြသေးလို့ ချိုင့်ကြီးနဲ့ ဟိုနားရပ် ဒီနားရပ် တွေတွေဝေေ၀ လုပ်နေတုန်း ခုန လူတွေက ရိသဲ့သဲ့ လာလုပ်နေတာလို့ ပြောပြတယ်။
မြန်မာလူမျိုး ဗုဒ္ဓဘာသာတွေ အထွတ်အမြတ်ထားတဲ့ ဘုရားရင်ပြင်မှာ ဒီလိုကိစ္စတွေ ရှိနေတာ အမှန်တော့ ရှက်စရာကောင်းတဲ့ ကိစ္စပါ၊ တမျိုးသားလုံးအတွက် အနုတ် လက္ခဏာပါပဲ။ အဲဒီ အမဟာ တက္ကသိုလ် ကျောင်းသူ တယောက်ဖြစ်ပြီး၊ သနပ်ခါး လိမ်းထားတဲ့ မျက်နှာနဲ့ အသားလတ်လတ် ပြည့်ပြည့်တင်းတင်း ရှိတာက လွဲလို့ ပညာတတ် မိကောင်းဖခင် သားသမီးပုံစံ ဘလောက်စ်အင်္ကျီနဲ့ ထဘီအရှည်နဲ့ပါ။ အခုခေတ်လို ပျံလန်အောင် မျက်နှာ ဆေးဆိုး ပန်းရိုက်လုပ်ပြီး ဘောင်းဘီတို စကပ်တိုနဲ့ ပုံစံမျိုးလည်း မဟုတ်ပါဘူး။
ဒါနဲ့ ဘ၀တူတွေ ဖြစ်နေကြတော့ ကျွန်တော်ကလည်း ပြောပြတာပေါ့၊ အဖွားနဲ့ ညီမနဲ့ အတူလာတာ… ကျွန်တော်လည်း ပထမဆုံး ရောက်ဖူးတာပဲ၊ ဘုရားကန်တော့ပြီး စောင့်နေတာ ကြာပြီ၊ မှောင်လဲ မှောင်လာပြီ၊ အဖွားနဲ့ ညီမအတွက် စိတ်ပူတယ်လို့ ပြောပြတာပေါ့။ အမကလည်း စိတ်မပူပါနဲ့ပေါ့၊ လာမှာပါပေါ့၊ အမတို့ တူတူစောင့်တာပေါ့ဆိုပြီး စကားတပြောပြောနဲ့ စောင့်နေကြတာပေါ့။
နောက်မှ သူက မင်း ဗိုက်ဆာလားလို့ မေးတယ်၊ ကျွန်တော်ကလည်း နာရီဝက်လောက်လည်း စကားပြောပြီးပြီမို့ ရင်းနှီးသွားပြီး တကယ့်မောင်တယောက်လိုပဲ ဆာတယ်လို့ပဲ ပြောလိုက်မိတယ်၊ တကယ်လည်း ဆာနေတာကိုး၊ ခပ်သွက်သွက် မမောမပန်း တက်လာတာရော၊ တောင်ပေါ်မှာ ညည့်နက်လာလေ အေးလာလေရော ဆိုတော့ ခန္ဓာကိုယ် အင်အားနဲ့ အနွေးဓါတ်အတွက် အစာအိမ်ထဲကို တခုခု ဖြည့်တင်းဖို့ လိုနေပြီလေ။
ပိုက်ဆံကလည်း အဖွားဆီမှာ… ကျွန်တော့်မှ တပြားမှ မရှိဘူး၊ အဖွားတို့ကလည်း ဘယ်အချိန်မှ ရောက်လာကြမယ် မသိဘူး။ ဒီတော့ အမမှာလည်း ချိုင့်ကြီးနဲ့ ဆိုတော့ ဆာတာကို ဆာတယ်လို့ပဲ ကျွန်တော်က ပြောလိုက်မိတော့တယ်၊ နောက်တခုက ခုမှ တွေ့ကြ၊ စကားပြောကြပေမယ့် အလိုလို ရင်းနှီးပြီးသားလိုလည်း စိတ်ထဲ ထင်မိတယ်။ ဆာတယ်လို့ ပြောလိုက်ပေမယ့် အဖွားလာမှ စားမယ်လို့လည်း အိုက်တင်က ချက်ချင်း ခံလိုက်သေးတယ်။
စစချင်း လာ စကားပြောတုန်းကတော့ သူနောက်က လူတွေကိုလည်း သတိမထားမိတာမို့ ငါ့ ဘာများ ခွင်လာရိုက်ပါလဲပေါ့၊ ချာတိတ်တယောက်တည်းဆိုပြီး ဒီမိန်းမ ဘာလာလုပ်သလဲ မသိဘူးလို့ တွေးမိလိုက်သေးတယ်။ သံသယစိတ်ကတော့ အမြဲရှိနေတတ်တာမို့ မတတ်နိုင်ပေဘူး။
ဆက်ရရင် ကျွန်တော်တို့က ဘုရားရင်ပြင်ရဲ့ ညောင်ပင်နားက ထိုင်ဖို့ လုပ်ပေးထားတဲ့ နေရာလေးမှာ ထိုင်ရင်း ရင်ပြင်ဆီ စ၀င်လာနေတဲ့ လူတွေကြားထဲကို လှမ်းလှမ်းကြည့်နေကြတာ၊ ဘုရားရင်ပြင်မှာတော့ မီးအရောင်ရှိတယ်၊ ရင်ပြင်ရှေ့ သစ်တောဓမ္မာရုံတို့၊ တခြား အဆောက်အဦးတွေမှာလည်း မီးလုံးလေးတွေ ထွန်းထားတယ်။
ဒီလိုနဲ့ နောက်ထပ် နာရီဝက်လောက်နေတော့ အဲဒီအမရဲ့ မိသားစုတွေ ရောက်လာကြတယ်၊ အဖွားနဲ့ ညီမကတော့ တော်တော်နဲ့ မရောက်လာသေးဘူး။ ကျွန်တော်က ညနေ ၆ နာရီ မထိုးခင်လောက်မှာ ရင်ပြင်ပေါ် ရောက်တယ်ဆိုရင် အဖွားတို့က ည ၈ နာရီလောက်အထိ မရောက်လာကြသေးဘူးလေ…။
အမကတော့ သူ့မိသားစုကို ပြေးတွေ၊ စကားတွေ အပြန်အလှန်ပြောကြ ၀မ်းသာကြဖြစ်ပြီး သူ့အမေဖြစ်ပုံရတဲ့ သူကို ကျွန်တော့်ဘက် လှမ်းပြပြီး စကား နည်းနည်း ပြောနေတာ တွေ့ရတယ်။ ပြီးတော့ ကျွန်တော့်ဆီ ပြန်လာပြီး သူ သူ့အမေတို့နဲ့ ခဏ လိုက်သွား လိုက်မယ်။ နေရာချပြီးရင် ပြန်လာမယ်လို့ ဆိုတယ်။
ကျွန်တော်ကလည်း ဘာပြောနိုင်မလဲ၊ ဟာ ခင်ဗျားကလည်း စောင့်တုန်းကတော့ အတူ စောင့်နေပြီးတော့ မရဘူး၊ အဖွားတို့ လာတဲ့အထိ ကျွန်တော်နဲ့ စောင့်ပေးလို့ ပြောလို့မှ မရတာလေ၊ ဟုတ်ကဲ့ပေါ့၊ သွားပါပေါ့ ပြောရတာပေါ့။ အမှန်တော့ နည်းနည်းတောင် ၀မ်းနည်းသွားသလိုပဲ။
ကျွန်တော်လည်း အဖွားတို့ကို ဆက်စောင့်နေတယ်၊ ခဏနေတော့ အဲဒီ အမ ပြန်လာတယ်။ လာဆိုပြီး ကျွန်တော့်လက်ကို ဆွဲလို့ ရှေ့ ဓမ္မာရုံထဲ ခေါ်သွားတယ်။ နောက် သူယူလာတဲ့ ချိုင့်ခွက်လေးထဲမှာ ထမင်းနည်းနည်း ဟင်းနည်းနည်း ပါလာတာကို စားလို့ ကျွေးတယ်။ ကျွန်တော်လည်း ဟန်တောင် ဆောင်မနေတော့ပါဘူး၊ စားလိုက်ပါတယ်။ စားလို့ ကောင်းလိုက်တာဗျာ။ ငါးသလောက်တို့၊ ၀က်သားတို့၊ လက်ဖက်တို့နဲ့ ကြိတ်လိုက်ရတာကိုးဗျ။
အမှန်တော့ ကြုံတုန်း ကြော်ငြာထိုးရရင် သူများ ကျွေးတိုင်း စားတဲ့ အစားထဲကတော့ မဟုတ်ပါဘူးဗျာ၊ အဲဒီ အမကျွေးတာကိုတော့ ယုံယုံကြည်ကြည် စားလိုက်မိပါတယ်။
အမက တခါ မင်း အဖွားတို့ကလည်း မလာသေးပါလားတဲ့၊ လာမှာပါကွာတဲ့ မပူပါနဲ့တဲ့…၊ စားသောက်ပြီးတော့ ကဲ… မောင်လေး မမလည်း ပြန်တော့မယ်တဲ့၊ မင်း ဒီမှာပဲ အိပ်နေပေါ့တဲ့…၊ မင်းအဖွားလာရင် လိုက်ရှာမှာပေါ့တဲ့…၊ ကျွန်တော် အဲဒီ အမ စကားတွေကို ပြန်မငြင်းဖြစ်ဘူး၊ ဟုတ်ကဲ့လို့ တခွန်းပဲ ပြောတယ် ထင်တယ်။
နောက်တော့ ကဲ… မင်း အိတ်ထဲ ဘာတွေ ပါလဲဆိုပြီး ကျွန်တော့် အိတ်ပါ ဖွင့်ပြီး အခင်းတွေ၊ စောင်တွေ ထုတ်လို့ ကျွန်တော် အိပ်ဖို့ကို အဲဒီ အမက အိပ်ရာ ခင်းပေးတယ်။ အဖွားနဲ့ အမေတို့ ခင်းပြုပေးတာပဲ ကြုံဖူးတဲ့ ကျွန်တော်က သဘောကျ သလိုလို ဖြစ်နေတယ်၊ ဒါပေမဲ့ ကျွန်တော့်မှာ အဖွားနဲ့ ညီမဆီပဲ စိတ်က ရောက်နေတယ်။
အင်း… ဟုတ်တာပဲ၊ အဖွားတို့လာလည်း ဒီလမ်းကနေပဲ လာရမှာပဲ၊ ရင်ပြင်မှာ မတွေ့ရင် ဒီလို ဓမ္မာရုံတွေထဲ လိုက်ကြည့်လိုက်ရင် ငါ့ကို တွေ့မှာပဲလို့ တွေးလိုက် မိတယ်။ အဲဒီမှာပဲ လူကလည်း ပင်ပန်း၊ ထမင်း တပန်းကန်လောက်ကလည်း စားပြီးသွားတဲ့ ကျွန်တော်ဟာ အမ ခင်းပေးတဲ့ အိပ်ရာလေးပေါ် လှဲချပြီး ကျေးဇူးတင်ပါတယ် ခင်ဗျာလို့ ပြောလို့ မျက်လုံးလေးတွေ မှိတ်ထား လိုက်တယ်။
အေး… မမလည်း သွားတော့မယ်၊ မင်း အဖွား ခဏနေ လာတော့မှာပဲ ဆိုပြီး သူလည်း ထွက်သွား တော့တယ်။ ကျွန်တော်လည်း အဖွားနဲ့ ညီမလေး အန္တရာယ် ကင်း၊ ဘေးရှင်းပြီး ရောက်လာပါစေလို့ ဆုတောင်း နေရင်း အိပ်ပျော် သွားလိုက်တာ အဖွား လာနှိုးမှပဲ နိုးတော့တယ်။ ည ၁၀ နာရီတောင် ကျော်နေပြီ် ထင်တယ်။
အဖွားက သူနဲ့ ညီမလေးတို့ သူတို့လိုပဲ လူကြီးတွေ၊ ကလေးတွေပါတဲ့ အုပ်စု တစုနဲ့ အဖွဲ့ကျပြီး ဖြည်းဖြည်းချင်း တက်လာ ကြတယ်၊ မီးတုတ်တွေ ကိုင်ပြီး တက်လာ ရတယ်၊ အသက်ကြီးတော့ နားနားပြီး တက်ရတယ်၊ မင်းကို မတွေ့တော့လို့ စိတ်ပူနေတာလို့ ပြောပါတယ်။ သူတို့လည်း အဲဒီ အဖွဲ့နဲ့တူတူ ထမင်းဆိုင် တဆိုင်မှာ စားသောက်ရင်း အဲဒီမှာ အခန်းလေး အခန်း ယူထား လိုက်တယ်၊ အလကားနေလို့ ရတယ်လို့ အဖွားက သူ့မြေးကြီး ကျွန်တော့်ကို သေသေချာချာ ရှင်းပြနေ ပါတယ်။
ခဏနေတော့ ကဲ.. ထ သွားရအောင်လို့ ပြောပါတယ်။ ထမင်းရော စားပြီးပြီလားတဲ့ အဖွားက မေးတယ်၊ ကျွန်တော်က စားပြီးပြီလို့ ပြောတော့ အဖွားက ဘာမှ ဆက် မပြောတော့ဘူး၊ ကျွန်တော်လည်း ချက်ချင်း ဘာမှ မပြောပြဘူး။ ပြန်လာကြပြီး ချမ်းချမ်းစီးစီးနဲ့ မြေးအဖွား သုံးယောက် ပူးပူးကပ်ကပ် အိပ်လိုက် ကြတယ်။
နောက်နေ့ မနက်ကျတော့ အဖွားနဲ့ ဘုရားဖူး၊ ဓါတ်ပုံရိုက် လုပ်နေတုန်း… အမကို လှမ်းတွေ့ လိုက်တယ်၊ အမက ကျွန်တော့်ကို လှမ်းကြည့် နေတာဗျ။ နောက်တော့ ကျွန်တော့်နား ရောက်လာတယ်။ ကျွန်တော့်လက်ထဲ တော်ဖီလား၊ ချိုချဉ်လား နှစ်ခု သုံးခု ထည့်ပေးတယ်။ ကျေးဇူးတင်တယ်… သိလားတဲ့၊ ပြောတယ်။ အဖွားက လှမ်းကြည့်ပြီး ရယ်နေတယ်၊ အဖွားက သူ့မြေးကြီးဖြစ်တဲ့ ကျွန်တော့်ဆို သိပ်ချစ်တာ… အခု အမအရွယ် တယောက်က လာစကား ပြောနေတာကို သူက သဘောကျနေပုံပဲ။
အဲဒီတုန်းက အသက် ၂၀ လောက် ရှိပုံရတဲ့ အဲဒီ အမက မြောင်းမြ ရောက်ရင် လာလည်တဲ့… အဲဒီလိုလည်း ပြောတယ်။ လိပ်စာလည်း ရေးပေးတယ် ထင်တယ်။ ကျွန်တော်လည်း ရန်ကုန် ပြန်ရောက်ပြီး တော်တော်ကြာမှ စာတောင် တစောင် ထည့်လိုက်သေးလား မသိဘူး။ မမှတ်မိတော့ဘူး…။
ကျွန်တော်တော့ ဘုရားနားမှာ ဥစ္စာစောင့်တွေ ရှိတယ်၊ ညဖက် ဘုရားဖူးရင် သိပ်ချော သိပ်လှတဲ့ မိန်းကလေးတွေ တွေ့ရတတ်တယ်။ စိတ်မခိုင်ရင် သေတတ်တယ် ဆိုတာမျိုးတွေ မင်းသိင်္ခ ၀တ္ထုတွေ ဖတ်ရင်း ကြားဖူးထားတာတွေ ရှိတယ်။ ကျွန်တော် ကျိုက်ထီးရိုးမှာ တွေ့ခဲ့တာကတော့ တကယ့် လူပါပဲ၊ ဥစ္စာစောင့် မဟုတ်ဘူး။ ခပ်ဖြောင့်ဖြောင့် မမတယောက်ပါပဲ။
၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၉ ရက်။
နံနက် ၁ နာရီ။