Latest Entries »

by Myo Tha Htet on Sunday, 2 September 2012 at 21:41·

ငယ်ငယ်က ဇာတ်ပွဲတွေကြည့်တော့ ဇာတ်သိမ်းခန်း (၀ါ) ဇာတ်ပေါင်းခန်း ရောက်လာရင် ဆိုင်ရာအခန်း အသီးသီးက ကခဲ့ကြတဲ့ သရုပ်ဆောင်တိုင်းက ဇာတ်စင်ရှေ့ ပြန်ထွက်လာကြပြီး ပရိသတ်ကို လက်အုပ်ချီမိုး နှုတ်ဆက်ကြတယ်။ အားပေးချီးမြှင့်ပါတဲ့ အတွက် ကျေးဇူးတင်ပါတယ်ပေါ့၊ ထမင်းရှင်ကြီးများကို ဂါရ၀တရား၊ မေတ္တာတရားထားလို့ သာပါစေကြောင်း၊ မာစေကြောင်း ဆုတောင်းမွန်ခြွေ ပြုတတ်ကြပါတယ်။

အခုလည်း အစိုးရသစ်သက်တမ်း စလိုက်တဲ့ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ကနေ စရေတွက်လိုက်မယ်ဆိုရင် ပြီးခဲ့တဲ့လကုန် သြဂုတ် ၃၀ ကဆို ၁၇ လ တင်းတင်း ပြည့်ခဲ့ပြီပေါ့။ ၁၇ လ ကြာ မနားတမ်း အသုံးတော်ခံ၊ စွမ်းဆောင် လုပ်ကိုင်၊ ပြောဆို ဝေဖန်၊ တွေးခေါ် ကြံဆ၊ ကျရာနေရာ ကြုံရာ အခန်းကနေ ပါဝင်ခဲ့ကြသူတွေ ဇာတ်ပေါင်းခန်း ရောက်ပြီလားလို့ တွေးမိပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ မျက်မှောက်မြန်မာ့နိုင်ငံရေးမှာ ထဲထဲဝင်ဝင်ပါနေကြတဲ့ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီတွေ၊ ပွင့်လင်း လူမှုဝန်းကျင် ထွန်းကားရေး ကြိုးပမ်းဆောင်ရွက်နေသူတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံတကာက သံတမန်တွေ၊ နိုင်ငံတကာက အဖွဲ့အစည်းတွေ၊ ပြည်ပနေ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေ၊ မီဒီယာတွေ၊ စာဟောဆရာတွေ သူ့ထောင့်သူနေရာကနေ ပါဝင်သူတွေ အားလုံး ဒါမှမဟုတ် အားလုံးနီးပါးဟာ ရန်ကုန်မှာ ဆုံကြပြုကြ၊ ပြောကြဆိုကြ၊ ဆွေးနွေးကြ တိုင်ပင်ကြ လုပ်နေကြပါပြီ။

တလက်စထဲမှာပဲ အရင့်အရင်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ၊ သဘောကွဲမှုတွေ၊ လမ်းခွဲမှုတွေ၊ ကိုယ်ပေါင်း စိတ်ခွာ၊ စိတ်ပေါင်း ကိုယ်ခွာ၊ တမြေခြားနေတဲ့ ညီအကိုတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ရဲဘော်ရဲဘက်တွေ၊ ရန်ဘက်ကန်ဘက်တွေ အစုံတကာ့အစုံဆုံးလို့ ပြောနိုင်မယ့် အနေအထားတခု ဖြစ်လာခဲ့ပါပြီ။

ဒါဟာ အချိန်ကျလို့ ဖြစ်လာခဲ့တာလား၊ အချိန်ကျစေဖို့ ဖြစ်စေခဲ့တာလား ဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရှင်းရလင်းရမယ့် ကိစ္စတွေ ရှိနေသလို၊ အဲဒါတွေကို ဘေးဖယ်လို့ အဖြစ်နိုင်ဆုံးနဲ့ အဖြစ်သင့်ဆုံးကနေ စတင် လှမ်းလျှောက်ရမယ့် လုပ်ငန်းတွေကလည်း ရှိနေမှာ ဖြစ်ပါတယ်။ အားလုံးပေါင်းလုပ်မှရမယ့် အရေးကြီးလွန်းတဲ့ ကိစ္စတွေ ရှိနေသလို၊ ကိုယ်နဲ့ဆိုင်ရာ ကိုယ်ကျွမ်းကျင်ရာ ကိုယ်လိမ္မာရာကနေ ထမ်းရွက်ရမယ့် အလုပ်သဘောတွေလည်း ပါနေတယ်လို့ ဆိုနိုင်ပါတယ်။

ဒါကိုပဲ ဇာတ်ပေါင်းခန်းလားလို့ တွေးထင်မိပေမယ့် အခုမှ ဇာတ်လမ်းက စတာလို့ ပြောဆိုမယ့်သူလည်း ရှိနေနိုင်ပါတယ်။ အဓိက မျက်နှာမူ သင့်တာကတော့ တမော့မော့နဲ့ တသက်တာလုံး စောင့်ခဲ့ရတဲ့ ပွဲကြည့်သူ ပြည်သူပါပဲ။ ပွဲခွင်ဟာ နိုင်ငံလို့ဆိုရင် ပွဲကြည့်သူဟာ ပြည်သူပါပဲ။

ဒီကနေ့ ဒီမိုကရေစီ ဇာတ်ပေါင်းခန်းထဲ ပါလာကြတဲ့ ခေါင်းဆောင်တွေ၊ ပရိသတ်အမာခံ ရှိသူတွေ၊ ပန်းကုံးတွေ လည်ဆွဲ ဆုတံဆိပ်တွေ ဆွဲထား၊ ချိတ်ထားသူတွေဟာ ပြည်သူတွေ မော့နေ (ဒါမှမဟုတ် ၀ရံတာပါတဲ့ အထပ် အဆင့်ဆင့် ဇာတ်ရုံအမြင့်ကြီးက ကြည့်တယ်ဆို ငိုက်(စိုက်)ကြည့်နေ) တာကိုတော့ သိကြရမှာပါ။

ဇာတ်သမားကတော့ မှတ်သားစရာတွေ ထားခဲ့ပေမယ့် စာချုပ်ကြေးတွေ၊ ၀င်ကြေးတွေ၊ ဂရုဏာကြေး၊ မေတ္တာကြေး၊ လက်ဆောင်ကြေးတွေ ယူထားပြီးပြီမို့ လက်ဆယ်ဖြာအုပ်မိုးလို့ ရှိခိုးဦးတင် နှုတ်ဆက်ရင်း နောက်နှစ်ခါ ဆက်ဆက် ဆုံကြပါစေကြောင်း အသာအပို စကားချိုတွေနဲ့ လက်ပြနှုတ်ဆက်သွားကြမှာပါ။ ဇာတ်ပွဲလာ ပရိသတ်ကလည်း ဒီအကြော နောကျေအောင် သိပင်သိငြား ဒီတညမှာဖြင့် စိတ်ကျေနပ်ခဲ့ပြီမို့ ကိုယ်တိုင်ကပင် ၀မ်းမြောက်စွာ တုန့်ပြန် နှုတ်ဆက် နိုင်ကြမှာ ဖြစ်ပါတယ်။

အဲ… တကယ့် ဒီမိုကရေစီဇာတ်ပေါင်းခန်းကျတော့ ဒီလို မဟုတ်ပေဘူး။

ဒါကြောင့်…

“အားလုံးက အမျှော်လင့်ကြီး မျှော်လင့်ထားခဲ့ရသူတွေ

တခါ တိုင်းပြည်နဲ့ လူထု အကျိုးအတွက်

အချုပ်၊ ထောင်၊ တန်း

အဟုတ်ရှောင် ဇာတိလွမ်းတွေနဲ့

၂၀ ကျော် နှစ်ကာလတွေ ခြားအောင်

မြန်မာမြေမှာ ပွင့်ကာပ ဒီလမ်းဖွင့်ဖို့

ဒီမိုကရေစီပင်ပျိုပန်းကိုလ

အသက်၊ သွေး၊ ချွေး ထွေထွေ ကမ်းလို့ရယ်

စိုက်ခဲ့ကြတယ်။

ဒီတော့…

ဒီတကြိမ် ဖူးမယ် ကြံပြီမို့…

အနှောင့်အယှက် ဘေးဘယက်တွေ

အဝေးထွက်စေဖို့

စာပန်းချီ ခြယ်သူ ဒီမောင်က…

ကြောင့်ကြရယ် တောင့်တရယ် နှစ်ထွေယှက်ပါလို့…

ဆုမွန်ခါခါတောင်း…

ဒီမိုကရေစီ တရာအလီလီ သာစေကြောင်း…။

၂၀၁၂ စက်တင်ဘာ ၂၊ ည ၉ နာရီ။

လန်ဒန်။

by Myo Tha Htet on Saturday, 1 September 2012 at 11:57·

“လောကမှာ လူရယ်လို့ ဖြစ်လာရင် လူတိုင်းမှာ ဘ၀ကိုယ်စီ ရှိကြတာမို့ သူ့ဘ၀ သူပိုင်သလို၊ သူ့ဆုံးဖြတ်ချက်နဲ့သူ ရပ်တည် ရှင်သန်ခွင့် ရှိဖို့ ကောင်းပါတယ်။ ဒီလိုပါပဲ ထမင်းအောက်က ချိုး(ဂျိုး) ကလည်း ထမင်းပါပဲ။ ချိုးကြိုက်တဲ့သူက စားပေမပေါ့“

တလောက ဖေ့စ်ဘုတ်မှာ အမျိုးသားဝတ်စုံနဲ့ ယောက်ျားနှစ်ယောက်တွဲပြီး မင်္ဂလာဆောင်တဲ့ ဓာတ်ပုံကို တွေ့လိုက်ရတော့ ထူးဆန်းနေခဲ့တယ်။ ထခါ ယောက်ျားနှစ်ယောက် အဓိက သရုပ်ဆောင်တဲ့ လိင်တူချစ် ကမ္ဘာကျော် ရုပ်ရှင် ဇာတ်ကားတွေလည်း ကြည့်ခဲ့ဖူးပေမယ့် တယောက်ကတော့ မိန်းမနေရာက နေမှာပဲလို့ ထင်ခဲ့မိပါတယ်။ တကယ်တော့ ကျွန်တော့် အသိထက် ပိုနေတာတွေကလည်း ရှိနေပြန်တယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က အင်္ဂလိပ်စာ အတူ သင်ယူခဲ့ဖူးတဲ့ ညီငယ် တယောက်နဲ့ မထင်မှတ်ဘဲ စကား ပြောမိတော့ ယောက်ျားချင်း အတူ အပေးအယူ ညီမျှတဲ့၊ အပြန်အလှန် ထောက်ပံတဲ့ ချစ်ခြင်းမျိုးတွေလည်း ရှိနေသေးပါတယ်လို့ သူက ပြောပြလာတယ်။

ဟုတ်တာပေါ့။ ညီအကိုချင်း၊ သူငယ်ချင်းချင်း ရှိနိုင်တာပေါ့။ ဒါပေမဲ့ အခုဟာက ဒီထက်တော့ ပိုတယ်၊ တစိမ်း ယောက်ျားသား နှစ်ဦးကနေ တဖြည်းဖြည်း ရင်းနှီးခင်မင် ချစ်ကြင်လာပြီး နှစ်ဦး တဘ၀ တည်ဆောက်ကြမယ့် ကိန်းပေါ့။ ညီငယ်ကတော့ သူ့ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ပြောထားပါတယ်။ အင်္ဂလိပ် ဘာသာစကား ကျွမ်းကျင်တဲ့ သူမို့ သူက အင်္ဂလိပ် ၀ါကျတွေနဲ့ ရေးထားပါတယ်။

ကျွန်တော်က စိတ်ဝင်စားလို့ ဖတ်ကြည့်မိတယ်၊ ကျန်တဲ့ သူတွေလည်း ဖတ်ပြီး သူ့အမြင် သူ့အတွေးတွေကို စဉ်းစား ဆင်ခြင် ဝေဖန်နိုင်အောင်လို့ ဘာသာပြန်ပေးလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ် လောက်ကတော့ အဲဒီ ညီငယ်လေး ဘာလိင်လဲ ဆိုတာကို မသိခဲ့ပါဘူး၊ ရုပ်တော့ အတော်ဖြောင့်တဲ့ ချာတိတ်ပဲလို့ အလွယ် မှတ်ခဲ့တယ်။ အခုတော့ သူက ပြောပါတယ်၊ သူဟာ လိင်တူချစ်သူ တယောက်ပါတဲ့။ ဒီတော့ သူ့အတွေးနဲ့ သူ့ပတ်ဝန်းကျင်ကို သူ ပြောထားတာလေး နားထောင် (အဲ… ဖတ်ကြည့်) ပါဦး။

The people who we are living with are still need to be educated. Many of them doesn’t understand of human rights and human sexuality. Sexuality can be different from one person to another. Why there’s so much debate about “Pre Gay Wedding Picture”? I think we should have the rights of our own if everyone have theirs. If anybody can marry, then why not we can? I call for emergency improvement to all of our civil society. This is the duty for all of the people who are working for “Human Rights”. As long as we are human, we deserve to have our own rights.

“ကျွန်တော်တို့ ၀န်းကျင်က လူတွေကို ပညာပေးဖို့ လိုနေပါသေးတယ်၊ သူတို့တွေထဲက အများစုဟာ လူ့အခွင့်အရေးကို နားမလည်ကြသေးသလို လူသားရဲ့ လိင်စိတ်ကိုလည်း နားမလည်ကြသေးပါဘူး။ လိင်စိတ်ဆိုတာက တယောက်နဲ့ တယောက် တူနိုင်တာမှ မဟုတ်တာဘဲ။“

ဒီနေရာမှာ တခု ကြားဖြတ် ပြောဖို့ လိုတာက အစပိုင်းမှာ ပြောပြခဲ့တဲ့ ဖေ့စ်ဘုတ်က အမျိုးသားဝတ်စုံဝတ် ယောက်ျားသားနှစ်ဦး ယှဉ်တွဲလို့ မင်္ဂလာဆောင်တဲ့ ပုံစံ ဓာတ်ပုံရိုက်ထားတာကို ဒီညီငယ်က ကိုယ်တိုင်လည်း ထောက်ခံသလို ၀မ်းမြောက်ကြောင်းကိုလည်း တရားဝင် ထုတ်ဖော် ပြောခဲ့သူပါ။

အဲဒီ ဓာတ်ပုံနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ၊ မှတ်ချက်စကားတွေကိုလည်း သူ စိတ်ညစ်ပုံရပါတယ်။ သူ ဆက်ပြောထားတာလေး ဖတ်ကြည့်ပါဦး။

“ဒီဓာတ်ပုံနဲ့ ပတ်သက်ပြီး ဘာဖြစ်လို့ လူတွေက စကားတွေ အများကြီး ပြောနေကြတာလဲ။ လူတိုင်းကိုယ်စီမှာ လူ့အခွင့်အရေး ရှိတယ်ဆိုရင် ကျွန်တော်တို့မှာလည်း ကျွန်တော်တို့ အခွင့်အရေးဆိုတာ ရှိရမှာပေါ့။ လူတိုင်းဟာ ကိုယ်နှစ်သက်သူနဲ့ အိမ်ထောင်ပြုခွင့် ရှိတယ်ဆိုရင် ကျွန်တော်တို့မှာလည်း ဘာကြောင့် မရှိနိုင်ရမှာလဲ“

ညီငယ်က သူ့ မကျေနပ်ချက်ကို ထုတ်ဖော် ပြောဆိုရုံနဲ့ မပြီးသေးပါဘူး။ သူ့အမြင်အရ ပတ်ဝန်းကျင်ကို (သူဆိုလိုချင်ပုံရတဲ့) ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ကိုလည်း တိုက်တွန်းတဲ့၊ တောင်းဆိုတဲ့ သဘောပါတဲ့ အခု ပြောဆိုချက်ကို ဆက်ပြောပါတယ်။

“လူမှုအဖွဲ့အစည်းတွေ အားလုံးကို ကျွန်တော် အခုပဲ ချက်ချင်း တောင်းဆိုချင်ပါတယ်၊ လူ့အခွင့်အရေးအတွက် အားကြိုးမာန်တက် ဆောင်ရွက်နေသူတွေ အားလုံးမှာ တာဝန်ရှိနေပါတယ်။ ကျွန်တော်တို့ဟာ လူသားတွေ ဖြစ်နေသရွေ့ ကျွန်တော်တို့နဲ့ ထိုက်တန်တဲ့ အခွင့်အရေးတွေ ရရပါမယ်“

ဒါနဲ့လည်း သူ့ဟာက မပြီးသေးပါဘူး။ သူတို့တွေ အနေနဲ့ သူတို့ ပတ်ဝန်းကျင်က လူ့အဖွဲ့အစည်းရဲ့ ရှေးရိုးစွဲအမြင်တွေကို ရိုက်ခတ် ခံစားရတုန်းနဲ့ တူပါတယ်။ (ဥပမာ ကျွန်တော်ကိုယ်တိုင်ကိုက ယောက်ျားချင်း ချစ်ကြတာကို အမျိုးအမည် ဘယ်လောက်များများ ရှိနိုင်တယ်ဆိုတာကို ထွေထွေပြားပြား ဖြစ်တုန်းပါပဲ)။

ကြည့်စမ်းပါဦး…၊ သူ့တောင်းဆိုချက်ကတော့ ခေတ်မီပါတယ်။ လွှတ်တော်ခေတ်မို့လည်း လွှတ်တော်စကား ပြောတယ်နဲ့ တူပါရဲ့…။

I urge a call to Parliament to take down the panel 377 code in Burma. I also call for to have that gay men will have same rights as other people does. We know that we can’t say that everyone has the human rights in Burma but gay men are suffering more than anybody else. I call for zero stigma and discrimination to all gay men in Burma and have the equal rights as other people.

“ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၇ မှာ ပြဌာန်းထားတဲ့ ပြဌာန်းချက်ကို ပယ်ဖျက်ပေးဖို့ လွှတ်တော်ကို တောင်းဆိုပါတယ်။ လိင်တူချစ်သူ အမျိုးသားတွေဟာ တခြားလိင်စိတ်ရှိသူတွေလိုပဲ အခွင့်အရေး တန်းတူညီမျှ ရနိုင်ဖို့ကိုလည်း အလားတူ တောင်းဆိုပါတယ်။“

ညီငယ်ဟာ သူတို့တတွေရဲ့ လက်ရှိ ခံစားမှု ဖြစ်ထွေကိုလည်း မဖုံးကွယ်ပါဘူး။ ဒါကြောင့် ထပ်ထပ်ခါခါ ဆိုသလို သူတို့ ပတ်ဝန်းကျင်က လူ့အဖွဲ့အစည်းကို တောင်းဆိုမှုတွေ အကြိမ်ကြိမ် လုပ်ပါတယ်။ ညီငယ်က သူတို့ကို လူ့အဖွဲ့အစည်းကြီး တခုလုံးက လက်ရေတပြင်တည်း ရှိကြဖို့ အဆုံးစွန် အခုလို တောင်းဆိုပါတယ်။

“မြန်မာပြည်က မြန်မာတိုင်းမှာ လူ့အခွင့်အရေးတွေ ရနေကြပြီလို့ မဆိုနိုင်ဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ လိင်တူချစ်သူတွေကတော့ အဆိုးတကာ့အဆိုးဆုံး ခံစားနေကြရတာပါ။ ဒါကြောင့် လိင်တူချစ်သူတွေနဲ့ ပတ်သက်ပြီး မြန်မာပြည်မှာ ခွဲခြားဆက်ဆံတာတွေ မလုပ်ကြဖို့၊ ရှေးရိုးစွဲအမြင်နဲ့ ခံစားချက်တွေကို ဖျောက်ဖျက်ပစ်ကြဖို့နဲ့ တခြားလူ တပါးသူတွေလို တန်းတူ အခွင့်အရေး ပေးကြဖို့ ကျွန်တော် အနေနဲ့ တောင်းဆိုပါတယ်“

ညီငယ်ကတော့ ပြောပါပြီ။

အဲ… ကျွန်တော်ကိုယ်တိုင်ကလည်း ငယ်ငယ်ကတော့ လိင်တူချစ်သူတွေကို ခါးခါးသီးသီး သဘောမတွေ့ခဲ့ပါဘူး။ အခု အသက်ကလေး နည်းနည်းရလာတော့… အင်း… သူတို့ဘ၀နဲ့ သူတို့အကြောင်း၊ သူတို့အဖြစ်နဲ့ သူတို့အချစ်၊ သူတို့အချင့်အတွေးနဲ့ သူတို့အခွင့်အရေးပဲလို့ နားလည်လာခဲ့ပါတယ်။ ရာခိုင်နှုန်းပြည့်လားဆိုတော့လည်း မဟုတ်သေးပါဘူး။

စာဖတ်သူတွေကရော…။

၂၀၁၂ စက်တာဘာ ၁၊ မနက် ၁၁ နာရီ။

လန်ဒန်။

by Myo Tha Htet on Tuesday, 28 August 2012 at 22:09·

ခုတလော ဖေ့စ်ဘုတ် သုံးရတာ အရသာ တွေ့လှပါတယ်။ ၀မ်းသာစရာ သတင်းများကလည်း ဆက်တိုက်ဆိုသလို ကြားရပါတယ်။ သူများ ဒုက္ခရောက်လို့ ၀မ်းသာတာမျိုးတော့ မဟုတ်ပါဘူး၊ အများအတွက် ရေရှည်မှာ ပိုကောင်းလေမလားဆိုတဲ့ စဉ်းစားချက်နဲ့ ၀မ်းမြောက်မှုမျိုးပါ။

ဖေ့စ်ဘုတ်အရသာဆိုတာက ဒီလိုပါ။ တချို့ကလည်း ဖေ့စ်ဘုတ်နိုင်ငံရေး၊ ဖေ့စ်ဘုတ် လွှတ်တော်လို့ ခေါ်ဝေါ်လာကြပါတယ်။ မဟုတ်ဘူးလား ဆိုတော့… ဟုတ်သပေါ့ဗျာ၊ လွှတ်တော်ရုံးက ဖေ့စ်ဘုတ်ပေါ်မှာ ရှိနေပါတယ်။ ပြည်သူ့လွှတ်တော် နာမည်နဲ့ အကောင့်ဖွင့်ထားပြီး လွှတ်တော်တွင်း တင်ပြ၊ ဆွေးနွေးသမျှတွေကို အချိန်မဆိုင်းဘဲ တင်ပြနေတာက စောင့်ဖတ်စရာတောင် ကောင်းလှပါတယ်။

တခါ သမ္မတရုံး ညွှန်ကြားရေးမှူးကလည်း ခုရက်ပိုင်း ၀န်ကြီးတွေ အပြောင်းအလဲကို သမ္မတကြီးက ပြည်သူတွေရဲ့ သုံးသပ် ပြောဆိုမှုတွေအပေါ် တုန့်ပြန်တာပါလို့ ပြောထည့်လိုက်တော့ ပြည်သူ့အသံကို သမ္မတကြီးက ဖေ့စ်ဘုတ်ကနေ နားထောင်နေသလားရယ်လို့တောင် အတွေးပွားမိပါသေးတယ်။

တလက်စတည်း ဖေ့စ်ဘုတ်က နိုင်ငံရေးသုခမိန်တချို့ ပြောကြတာတွေကိုလည်း ပြန်စဉ်းစားမိပြန်ပါတယ်။ ၀န်ကြီးတွေ အပြောင်းအလဲကိုပဲ ကြည့်ပါ၊ အဲ… အမျိုးသမီး ဘယ်နှယောက်တော့ ၀န်ကြီးတွေ (ဒုဝန်ကြီး) တွေ ဖြစ်လာပြန်ပြီဟဲ့…၊ ဘယ်ဌာနတွေမှာတော့ ၀န်ကြီးတွေ လစ်လပ်သွားတာပေါ့၊ ဟို ဒုတိယ ၀န်ကြီးတွေက ၀န်ကြီးတွေ ဖြစ်လာလိမ့်မယ်လား။

သမ္မတအစား နိုင်ငံရေးကျားကွက် ၀င်ရွှေ့ပေးနေတဲ့ လူတွေကို ဖေ့စ်ဘုတ်မှာ တွေ့လာရတာကတော့ ပညာတွေ တိုးတဲ့အပြင် ၀မ်းအသာကြီး သာမိပါတယ်။ တကယ်တမ်း ပြောရရင်တော့ မြန်မာတွေက တခြားနိုင်ငံသားတွေထက် နိုင်ငံရေး နိုးကြားမှု၊ တက်ကြွမှု ပိုတယ်/များတယ်လို့ အကဲခတ်တချို့က သုံးသပ်တာတွေကို ကြားဖူးခဲ့ပါတယ်။

တခါတလေတော့လည်း သူတို့ သုံးသပ်ချက်တွေ ဟုတ်ရဲ့လားလို့ သံသယဖြစ်မိပေမယ့် တကယ့်တကယ်တမ်းတော့ နှစ်ပေါင်း ၅၀ လောက် တင်းကျပ်တဲ့ ဖိနှိပ်မှုအောက် နေခဲ့စားခဲ့၊ ပါးစပ်ပိတ် နားပိတ် သေခဲ့ရတော့ အခုလို နိုင်ငံရေးနယ်ပယ်နဲ့စပ်လို့ အများကြီး တက်တက်ကြွကြွ ရှိနေတာဟာ ကျေနပ်စရာပါ။ မကြောက်ရတဲ့ခေတ်မို့ အော်တယ်ဆိုဦးတော့ ကြောက်ကြတဲ့ခေတ်က ငြိမ်တာထက်တော့ သာတယ်လို့ တွေးမိပါတယ်။

လက်ရှိကာလအထိတော့ အပြောင်းအလဲတွေကို အပေါ်ပိုင်း အပြောင်းအလဲလို့ပဲ သတ်မှတ်ကြပါသေးတယ်။ အောက်ခြေကို မထိသေးဘူး၊ အောက်ခြေဟာ မပြောင်းသေးဘူးလို့ အများစုက သုံးသပ်ကြပါတယ်။ အပြောင်းအလဲတွေကို စောကြောကြတဲ့ ပညာရှင်တချို့ကလည်း ဒါကို လက်ခံတယ်၊ ဟုတ်တယ်… အပြောင်းအလဲဆိုတာ အထက်က အရင်ပြောင်းရတယ်၊ သူတို့က ပြောင်းနိုင်တာကိုး… ပြောင်းခွင့်ရှိတာကိုး။ အဲဒီကနေမှ အောက်ခြေကို တဆင့်ချင်း၊ တဖြည်းချင်း ရောက်တယ်လို့ သူတို့က ပြောတတ်ကြတယ်။

ဒီတော့ အထက်ပြောင်းကို လက်ခံပြီဆို… ဘယ်သူက ပြောင်းနေသလဲကို ကြည့်ရဦးမယ်။ ခေါင်းဆောင်က ပြောင်းနေတယ်၊ ပြောင်းမယ်လို့ ပြောခဲ့ပြီးပြီမို့ ပြောင်းနေတယ်။ ပြောလည်း ပြောခဲ့ပြီးသားပေပဲ… ပုံစံအသစ်နဲ့ သွားမယ်၊ ရှေးရိုးစွဲတွေ အပြောင်းအလဲကို ခုခံနေသူတွေကို ထားခဲ့မယ်လို့ သမ္မတက ပြောခဲ့တယ်။ အခုတော့ သူ တကယ် လုပ်လိုက်ပြီပေါ့။

သမ္မတရဲ့ ၀န်ကြီးအပြောင်းအလဲ သတင်းတွေဖတ်ပြီး၊ ဖေ့စ်ဘုတ်က သုံးသပ်ဝေဖန်ချက်တွေမှတ်ပြီး အကြီးအမှူး ၀ါ ခေါင်းဆောင်ဆိုတာကို အတွေးနယ်ချဲ့ခဲ့မိတယ်။

အကြီးအမှူးဆိုတာကို မြန်မာအဘိဓာန်ကတော့ ရိုးရိုးပဲ အနက်ပေးပါတယ်။ အကြီးအကဲတဲ့… ခေါင်းဆောင်တဲ့…။

အကြီးအကဲတွေမှာ နာယကဂုဏ်တွေ ရှိတယ်။ ငယ်ငယ်ကထဲက အလွှတ်ကျက်ခဲ့ရတယ်။ “ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်၊ ထောက်ရှု ဤခြောက်ခု“တဲ့။ တကယ့် အကြီးအကဲ ဟုတ်မဟုတ်ကို ဒါတွေနဲ့ တိုင်းတာလို့ ရနိုင်ပါတယ်။

အကြီးအမှူးဆိုတာ သာမန်အားဖြင့်တော့ အဆဲခံရတဲ့ အလုပ်ကို လုပ်တဲ့သူပဲလို့ ထင်ခဲ့မိတယ်။ လူမျိုးတမျိုးနဲ့တမျိုးတော့ အကြီးအမှူးကို ရှုမြင်ပုံ ကွာခြားပါလိမ့်မယ်။ သင်ဖူးတဲ့ စီမံခန့်ခွဲမှုစာအုပ်ထဲမှာတော့ စီမံအုပ်ချုပ်သူဆိုတာ လူတွေနဲ့ အလုပ်ပြီးအောင် လုပ်တဲ့သူလို့ ပြောထားတော့ လူပေါင်းစုံနဲ့ လူအများ အကျိုးများတဲ့ အလုပ်ကို အဆင်ပြေအောင် လုပ်နိုင်တဲ့သူဟာ အောင်မြင်တဲ့ စီမံအုပ်ချုပ်သူပေါ့။

လူများတော့ အတွေးစုံပါတယ်။ တချို့ကျလည်း လူကြီး ပြောတဲ့အတိုင်း လုပ်ကြတယ်၊ တချို့ကျလည်း လူကြီး ပြောတာကို အခြေခံပြီး ကိုယ့်ပုံစံနဲ့ လုပ်တတ်တယ်၊ တချို့ကျတော့ လူကြီးပြောတာထက် ကိုယ့်စိတ်ကြိုက်လုပ်တယ်။ ဒီတော့ အကြီးအမှူးက ဂုဏ်တွေကို ညှိပြီး အလုပ်ဖြစ်အောင် စီမံခန့်ခွဲနိုင်မှ တော်ကာကြပါတယ်။

ဝေဖန်ရတာက လွယ်ပါတယ်၊ လက်တွေ့ လုပ်ရတာက ခက်ပါတယ်။ ပရီးမီးယားလိဂ်က မန်နေဂျာတွေကတော့ ပွဲရလဒ် အခြေအနေတွေ မကောင်းတာနဲ့ ပြုတ်စော်နံပါတယ်။ စိတ်မရှည်တဲ့ သူဌေးမျိုးနဲ့ဆို ချက်ချင်းတောင် ပြုတ်ပါတယ်။ ကစားသမားထဲမှာ စွာသူပါနေရင်လည်း မန်နေဂျာက ပါးပါးနပ်နပ်နဲ့ ကိုင်တတ်ရပါတယ်၊ မီဒီယာတွေကလည်း ကြည့်နေပါတယ်၊ နာမည်ရဖို့ထက် နာမည်ပျက်ဖို့က ပိုများပါတယ်။

မြန်မာပြည်မှာတော့ အကြီးအမှူးတချို့က နေရာများများ ယူချင်ပါတယ်။ ငါ့တပည့်ကြီး လုပ်ပစ်ချင်သူတွေက မရှားပါဘူး။ ၀န်ကြီးကလည်း ဒုတိယ၀န်ကြီးကစလို့ သူ့ဝန်ကြီးဌာနရဲ့ အောက်ဆုံးအဆင့် သန့်ရှင်းရေးသမားအထိကို သူ့တပည့်လို့ချည်း ထင်တတ်ပါတယ်၊ ဘာမှလည်း မဆိုင်ပါဘူး။ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာဆိုလည်း ဂျာနယ်တစောင်လုံး၊ မဂ္ဂဇင်းတစောင်လုံးက လူတွေကို သူ့တပည့်ချည်း ထင်တတ်တဲ့ အယ်ဒီတာချုပ်မျိုးလည်း တွေ့ဖူးပါတယ်။ ဘာဖြစ်လို့များ အကြီးအမှူးတချို့က အဲဒီလိုတွေ တွေးတတ်ကြသလဲတော့ မသိပါဘူး။

တကယ်တမ်း အကြီးအမှူး ကောင်း/မကောင်းကို အကြီးအမှူး ကိုယ်တိုင်က ပြောရတာမျိုး မဟုတ်ဘဲ သူ့လက်အောက်မှာ အမှုထမ်းဖူးတဲ့သူ၊ သူနဲ့အတူ အလုပ်လုပ်ဖူးသူတွေက ပြောရတာမျိုးဆိုတာကို အဲဒီအကြီးအမှူးတွေ ဘာဖြစ်လို့ မသိကြတာလဲ ဆိုတာကို စဉ်းစားလို့ မရပါဘူး။ မြန်မာအကြောင်း ပြောရင် နိုင်ငံခြားနဲ့ပဲ ယှဉ်ပြောရတာကတော့ မကောင်းပါဘူး။

နိုင်ငံတချို့မှာဆို ကျောင်းဆရာ လုပ်တဲ့သူကတောင် အမြဲဆရာ လုပ်မနေပါဘူး။ သူ ယူစရာရှိရင် တပည့်ဆီကလည်း ပြန်ယူတာပါပဲ။ ဒီကောင့်ဆရာ ငါကွလို့လည်း ဘယ်သူကမှ ပလွှားမနေပါဘူး။ သူ့အလုပ်သူလုပ် ကိုယ့်အလုပ်ကိုယ်လုပ်လို့ပဲ ခံယူထားကြသူတွေပါ။ နိုင်ငံတချို့မှာဆိုရင် တပည့်လုပ်သူတွေက ဆရာတွေအပေါ် မယဉ်ကျေးလွန်းလို့တောင် အံ့သြရတာမျိုး ရှိဖူးပါတယ်။

တကယ်တော့ အကြီးအမှူးရဲ့ တာဝန်က လက်အောက်ငယ်သားကို ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်ကို ပံ့ပိုးပေးရတာ၊ စောင့်ရှောက်ပေးရတာ၊ ကျောသားရင်သား မခွဲခြားဘဲ အခွင့်အရေး ပေးရတာမျိုး ဖြစ်ပါတယ်။ တချို့ကျတော့ ခိုင်းစရာရှိ အောက်ကို ဖိခိုင်းပြီး၊ အခွင့်အရး ယူစရာရှိ ကိုယ်ပဲယူ၊ စားစရာရှိ ကိုယ်ပဲစား ဆိုတာမျိုးကြတော့ အကြီးအမှူးလို့ မပြောထိုက်သူတွေပါ။

အရည်အချင်းကြောင့် လုပ်ငန်း အခြေအနေအလိုက် အကြီးအမှူး လုပ်သူတွေက လစာ၊ အယောင်အဆောင်နဲ့ ခံစားခွင့်တွေ ရတာမျိုးတော့ ရှိတတ်ပါတယ်။ အစိုးရ အကြီးအကဲတွေ၊ ကော်ပိုရိတ် လုပ်ငန်းကြီးတွေရဲ့ ထိပ်တန်း အရာရှိကြီးတွေ၊ ဘဏ်သူဌေးတွေကြီးဟာ ခံစားခွင့် ကြီးမားလှပါတယ်။ အကြီးအမှူးဟာ လိုတာထက် ယူတာ၊ စားတာ များရင်တော့ ဝေဖန်ခံရတတ်ပါတယ်။

ဒါပေမဲ့ အကြီးအမှူးဟာ ချိနဲ့သူ၊ ပျော့ညံ့သူတော့လည်း မဖြစ်ရပါဘူး။ ထက်မြက်သူ၊ ရဲတင်းသူ၊ အားမာန်ကြီးသူ ဖြစ်ရပါတယ်။ နောက်လိုက်က အားကိုးချင်လောက်တဲ့၊ အမိန့်ခံယူထိုက်လောက်တဲ့ သူတော့ ဖြစ်ရပါမယ်။ ကိုယ့်ခေါင်းဆောင်ကို ကိုယ်သဘောကျနေတဲ့ နောက်လိုက်တွေ ဖြစ်အောင်လို့ အကြီးအမှူးမှာ စွမ်းရည် ရှိရပါမယ်။

အကြီးအမှူး လုပ်ရတာ တကယ်တော့ မလွယ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတွေအများကြီးကို ကောင်းစွာ စီမံအုပ်ချုပ်နိုင်မှ အကြီးအမှူးကောင်း ဖြစ်တာပါ။ သနားတတ်ရသလို သည်းခံတတ်ရပါတယ်၊ ဒါပေမဲ့ ကိုယ့်ခေါင်းပေါ်လည်း အတက်မခံရပါဘူး။ ပြောစရာရှိ ပြော၊ ဆိုစရာ ဆို၊ ဆဲစရာရှိ ဆဲ၊ ဆုချစရာရှိ ဆုချ သင့်သလို ဝေဖန်ထောက်ပြ ချီးပရတာမျိုးလည်း လုပ်ရပါတယ်။

အကြီးအမှူးကောင်းတို့မည်သည် ကိုယ့်အတွက်ထက် အများအကျိုးကို ကြည့်ကြရပါတယ်။ သမ္မတကစလို့ အစိုးရ ၀န်ကြီးဌာန အကြီးအကဲဟောင်း/သစ်တို့ ကျန်းမာချမ်းသာစွာနဲ့ တိုင်းပြည်နဲ့ လူထုအကျိုး သယ်ပိုး ဆောင်ရွက်ရင်း နောက်လိုက်တွေနဲ့ အများပြည်သူရဲ့အဆဲပေါ့ အမုန်းလျော့ပြီး၊ ချီးပသံတွေ ညံ့လို့ ချစ်ခင်မှုတွေ တိုးရကြပါစေကြောင်း ဆုမွန်တောင်းလိုက်ရပါတယ်။

၂၀၁၂ သြဂုတ် ၂၈၊ ည ၁၀ နာရီ။

လန်ဒန်။

by Myo Tha Htet on Monday, 27 August 2012 at 22:37·

လူတိုင်း လွတ်လပ်မှုကို မြတ်နိုးကြတယ်။ ဟုတ်တယ်… မလွတ်လပ်တာကို ဘယ်သူမှ မကြိုက်ဘူး။ ကလေးလည်း မကြိုက်ဘူး၊ ခွေးလည်း မကြိုက်ဘူး။ ဒါပေမဲ့ ဘာမှန်းမသိ၊ေ၀၀ါးထွေပြားသူတချို့ ရှိနိုင်တာမို့ ပိုရှင်းသွားအောင် လွတ်လပ်မှုအတွက် အဓိပ္ပာယ် ဖွင့်ဖို့ လိုတယ်။ လွတ်လပ်တယ်ဆိုတာ ဘာလဲ။ ဘယ်သူတွေက လွတ်လပ်နေသလဲ။ မြန်မာ အဘိဓာန်ကတော့ “အနှောင်အဖွဲ့ အချုပ်အချယ်ကနေ ကင်းတာ လွတ်လပ်မှုပဲ“ တဲ့။ ရှင်းနေတာပဲ။

အနုပညာရှင်တွေက လွတ်လပ်တာကို ကြိုက်တယ်၊ အဲ… ဒါပေမဲ့ ဒီနေရာမှာ တခုတော့ ပြောစရာ ရှိသင့်တယ်၊ ဒါမှမဟုတ် ရှိရမယ်။ တန်းဝင် နန်းဝင် စံတခု ဖြစ်ဖြစ် သဘောပေါ့။ ဘယ်သူမဆို အခြေခံကိုတော့ စည်း၊ ဘောင် ကလနားနဲ့ သင်ယူလေ့လာ ဆည်းပူးခဲ့ရမယ်၊ ဒါမှမဟုတ် လေ့လာ ဆည်းပူးခဲ့သင့်တယ်။ တကယ့် အနုပညာရှင်ကျတော့ အဲဒီ စည်း၊ ဘောင်၊ ကလနားတွေကို ချိုးဖျက်ပစ်လိုက်ပြီ။ လွတ်လပ်မှုဆီ သူသွားပြီ၊ ဒါမှမဟုတ် သူ့အနုပညာကို လွှတ်လိုက်ပြီ။

မတတ်ဘဲနဲ့ လွတ်လပ်မှုကိုတော့ ယူလို့ မရဘူး။ အကြောင်းမဲ့ လုပ်ချင်တာ လုပ်တာ၊ ပြောချင်တာ ပြောတာက လွတ်လပ်မှု မဟုတ်ဘူး။

လွတ်လပ်မှုဟာ အကြောင်းသိတယ်၊ အကြောင်းရှိတယ်။

လွတ်လပ်မှုဟာ အကျိုးလည်း ဖြစ်တယ်၊ အကြောင်းလည်း ဖြစ်တယ်။ လွတ်လပ်မှု အကြောင်းကြောင့် လွတ်လပ်မှု အကျိုး ဖြစ်တာပဲ။ ကြက်ဥနဲ့ ကြက်မလိုပဲ… ဘယ်သူက အရင်ဖြစ်တယ်ဆိုတာ ရှာရခက်တယ်၊ ငြင်းရခက်တယ်။

ရယ်စရာ ပြောရရင်တော့ ကြက်ဥမှာရော ကြက်မမှာပါ ကြက်ပါသလိုပဲ… လွတ်လပ်မှုအကြောင်းမှာရော လွတ်လပ်မှုအကျိုးမှာပါ လွတ်လပ်မှု ဆိုတာ ပါနေတာပဲ။

ဒါဆို လွတ်လပ်မှုက ဘာလဲ၊ အချုပ်အနှောင် ကင်းတယ်လို့ ပြောတယ်။ လုပ်ချင်တာ လုပ်တာကလည်း လွတ်လပ်မှု မဟုတ်ဘူးလို့ ဆိုတယ်။ ဒါဖြင့် လွတ်လပ်မှုက ဘာကို ခေါ်တာလဲ။

မလွတ်လပ်မှုကနေ ကင်းနေတာက လွတ်လပ်မှုပဲ။

စည်း၊ ဘောင်နဲ့ တားကာ ထားတယ်။ ဒါမလုပ်နဲ့ ဟိုဟာ မလုပ်နဲ့လို့ ပြောတယ်။ ဒီသံတိုင်နောက်မှာနေ… ရှေ့ကို မထွက်နဲ့လို့ ပိတ်ပင်ထားတယ်။ ဒါဟာ မလွတ်လပ်မှု၊ ဖိနှိပ်မှု၊ ချုပ်ချယ်မှုပဲ…။ ဒါကို ဖောက်ထွက်တယ်၊ ချိုးဖျက်တယ်၊ ကန့်ကွက်တယ်။

လွတ်လပ်မှုကို တောင်းဆိုတယ်၊ မြည်တမ်းတယ်၊ ဟစ်ကြွေးတယ်။

အဲဒီမှာ လွတ်လပ်မှုကို ရတယ်၊ ဒါမှမဟုတ် လွတ်လပ်မှုလို့ ထင်ရတဲ့ အရာတခုကို ရတယ်။

လွတ်လပ်မှုရဲ့ စိတ်အနေအထားက ဘယ်လိုလဲ။ အထိန်းအအုပ်အောက်နေ လွတ်နေတာပဲ။ စိတ်တခုအောက်က စိတ်တခု ဖြစ်နေရတဲ့ အနေအထားကနေ လွတ်မြောက်တာပဲ။

ကိုယ့်ဘောင်၊ ကိုယ့်အုပ်၊ ကိုယ့်စည်းထဲကနေ ကိုယ်သန်တာ၊ ကိုယ်မှန်တာ၊ ကိုယ်ယုံတာလေးကို ပြောပြ၊ ရေးပြ၊ ခံစားပြရတာ လွတ်လပ်မှုပါပဲ။ လွတ်လပ်မှုဟာ သူတပါးကို ပေါက်ပန်းဈေး ဆဲတာမျိုး မဟုတ်ဘူး။ အယုတ္တအနတ္တ မပြောဘူး။

ကိုယ်လုပ်ချင်တာလေး ကိုယ်လုပ်တယ်၊ ကိုယ်စားချင်တာလေး ကိုယ်စားတယ်၊ ကိုယ်ဖန်တီးချင်တာလေး ကိုယ်ဖန်းတီးတယ်။

ကိုယ့်စိတ်ကလေးကို ပျော်အောင်ထားတာ ဒါမှမဟုတ် ပျော်သယောင်ထားတာဟာ လွတ်လပ်မှုကို ပွေ့ထားတာ ဒါမှမဟုတ် ချီပိုးတာပါ။

လွတ်လပ်မှုဆိုတာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တခု ဖြစ်သလို ရုပ်ပိုင်းဆိုင်ရာ ရှုစားချက်လည်း ဖြစ်ပါတယ်။ ဘာလို့ဆို စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှု ရှိတဲ့သူ၊ ရုပ်ပိုင်းဆိုင်ရာ လွတ်လပ်မှု ရှိတဲ့သူကို မြင်ရုံနဲ့ သိပါတယ်၊ ကြည့်ရုံနဲ့ သိပါတယ်။

လွတ်လပ်မှုဟာ အသားအရေပါ၊ လွတ်လပ်မှုဟာ အသွေးအသားပါ၊ လွတ်လပ်မှုဟာ နှလုံးသားပါ၊ လွတ်လပ်မှုဟာ ခွန်အားပါ။

ကျွန်တော် လွတ်လပ်မှုကို တွေ့တယ်၊ လွတ်လပ်မှုက ကျွန်တော့်ကို တခါတခါ တွေ့တယ်။

(လွတ်လပ်မှု ခံစားခြင်း ညနေခင်း အမှတ်တရ…)။

၂၀၁၂၊ သြဂုတ် ၂၇။ ည ၁၀ နာရီခွဲ။

လန်ဒန်။

by Myo Tha Htet on Friday, 17 August 2012 at 14:12·

မေ၊ မိုး၊ မာ တို့ မဆုံတာ အတော်ကြာပေါ့၊ အခုတော့ နွေပီပီ ရာသီဥတု ကောင်းကောင်း… ၀ိုင်ဖြူခွက် ကိုယ်စီနဲ့ လောက အရသာကို ခံစားနေကြတာ သဘာဝနဲ့ ဣတ္ထိယတို့ အလှပြိုင်ကြသလို…။ အသက်တွေက လေးဆယ်ကျော် လာပေမယ့် လှနေကြတုန်း… ကလေးတွေ ကိုယ်စီ မွေးထားကြပေမယ့်လည်း ခန္ဓာကိုယ် လေ့ကျင့်ခန်း ပြင်းပြင်းတွေ သေချာ လုပ်ထားကြလေတော့ “ငါတို့က တောင့်တုန်းဖြောင့်တုန်း ၄၃“ လို့ အချင်းချင်း စကြတယ်။

မေ က စာရေးဆရာမ ဆိုတော့ အနုအရွ အလှအပ သမုဒယ စာလေးတွေ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ထုတ် ဘ၀ကို ခပ်ပျော်ပျော် ဖြတ်သန်းနေသူပါ၊ သူ့မှာ အပူအပင် စိတ်ရှုပ်ထွေးစရာ မရှိဘူးလား ဆိုရင်တော့ တပုံရယ်နဲ့မှ အိုတပင်လို့တောင် ပြောရပါလိမ့်မယ်။ ဒါပေမဲ့ ကိုမောင်မြင့်နဲ့ နှစ်ကိုယ် ကြင်ခဲ့ကြပြီးနောက် ကလေးနှစ်ယောက်တောင် ရလို့ လောကရယ်ကို ခါးစောင်းတင်နိုင်ခဲ့ပြီလို့ပဲ ဘ၀အတွေ့အကြုံတွေနဲ့ ဆိုလင့်ရတော့မယ်။

ကိုမောင်မြင့်က အပါး၊ မယားအလှကို ရှေ့မှာတင်ဆို… မယားစကား မပယ်ရှား… မယားဆုံးဖြတ်ချက် အမှန်… ဒီလို ယောက်ျားမျိုး မင်း တသက် မဟုတ်၊ ဆယ်သက် ရှာစမ်းကွာလို့ ဆိုတတ်လေတော့ စာတတ် ပေတတ် စကားကပ် စကားတတ် မေတောင် အယောင်ယောင် အမှားမှား ဖြစ်လို့ သူလေ ပြောတတ်တယ်လို့ပဲ ဆိုနိုင်ပါတော့တယ်။ ရိုင်းရိုင်း ပြောရရင် ကိုမောင်မြင့်က မယားကြော နပ်သူလို့တောင် ပြောရလေမလားလို့ မေ စဉ်းစားဖူးတယ်။

အဲဒီ… ကိုမောင်မြင့်ပဲပေါ့၊ ကြူကြူသက်ဆိုတဲ့ ကျောင်းဆရာမ အပျိုကြီးတယောက်ကို အီစီဂလီလုပ်ရင်း ကြိုက်ခဲ့ပြန်သတဲ့။ အပျိုကြီး ဆရာမ… ကျောင်းသားတွေကိုပဲ ဗိုလ်ကျတတ်တာ မဟုတ်ဘူး၊ ကိုမောင်မြင့်ကိုလည်း အအူ အအ မှတ်ပြီး ဗိုလ်ကျ ရမယ်လို့ အထင်နဲ့ အိလေးဆွဲ အထာနပ်တဲ့ တမယား နှစ်ယောက်ကလေး အဖေကို (ဟိုလူကလည်း လိမ်ထားလို့ ဖြစ်ချင် ဖြစ်မှာပေါ့လေ) မျက်စိလည် လမ်းမှားပြီး အချစ်လမ်းကြောင်းပြန် မောင်းလို့ ကြိုက်ခဲ့ဖူးသတဲ့လေ…။

စကားတတ်တဲ့ မေ က သူ့ သူငယ်ချင်းတွေကို အခုလို ဖောက်သည်ချသတဲ့…။

“ငမောင်မြင့်ကွာ… မကောင်းဘူး၊ ဆရာမ တယောက်ဆီ သွားသွားနေသတဲ့၊ ကျုပ် အထိန်း လိုက်ခဲ့ရသေးတယ်“

ရေကူးကန် နဘေးက သူတို့ဟာ အေးအေးသက်သာ ရှိလှတဲ့ ပတ်ဝန်းကျင် အလှကို စိတ်ညစ်ညူးမှုတွေ ခေါ်ဆောင်လိုက်ကြတယ်။ မိုးက စီးကရက်ငွေ့တွေကို အနီရောင် ဆိုးထားတဲ့ နှုတ်ခမ်းလှလှလေးကနေ ဝေးသထက် ဝေးအောင် မှုတ်ထုတ်လိုက်တယ်။ သူ့မှာကလည်း သူ့ အကြောင်းနဲ့သူ စိတ်ညစ်စရာတွေက ရှိနေတာကိုး…။ ခု သူငယ်ချင်း မေ စကားကို သူ အသာ နားစိုက်မိတယ်။ မေတယောက် ဘာများ ဒုက္ခကြီးသလဲပေါ့။

မိုးက နိုင်ငံရေးပါတီတခုရဲ့ စည်းရုံးရေးမှူး၊ လာမယ့် ရွေးကောက်ပွဲမှာ အမတ်လောင်းအဖြစ် ပြိုင်မယ့်သူ၊ တိုင်းပြည်ရေးအတွက် စွမ်းစွမ်းတမံ လုပ်မယ်လို့ အားခဲထားသလို လုပ်လည်း လုပ်နေပေမယ့်လည်း ကိုယ့်မိသားစုရေးကတော့ မအောင်မြင်ဘူးလို့ ပြောရမယ်။ ကိုလူအောင်က ကလေးသုံးယောက် မွေးပြီးကထဲက ဘာဖြစ်မှန်းမသိတော့ဘူး၊ နိုင်ငံရေးလည်း မလုပ်… စီးပွားရေးလည်း မလုပ်… ဘ၀ အောင်မြင်ရာ တိုးတက်ကြောင်း ဘာတခုမှ မဟုတ်တော့ဘဲ အရက်ချည်း လှိမ့်သောက်နေတာ ဘယ်နတ်ဆရာ၊ ယတြာမှလည်း မနိုင်တော့တာ အခုထိ…၊ မိဘ ဘိုးဘွား ဘိုးစဉ်ဘောင်ဆက် ချမ်းသာလို့ပဲ တော်ပေတော့တယ်။

သားသုံးယောက်ကလည်း နိုင်ငံခြား သွားလိုက်၊ သီချင်းဆိုလိုက် ပန်းချီရေးလိုက် သူတို့ကိုယ် သူတို့တော့ ခေတ်သစ် အနုပညာရှင် ပေါက်စတွေလို… မကြာခင် မြန်မာပြည်ကြီး ကမ္ဘာ့တန်းဝင် နိုင်ငံကြီး ဖြစ်မှာက သူတို့ အနုပညာ အဆန်းပလန်းတွေကြောင့်လို့ ထင်မှတ်နေကြသူတွေ… ဒီတော့ ဒီမိသားစုကို လက်လွှတ်လို့ မိုးကတော့ စိတ်ဒုံးဒုံးချ… နိုင်ငံရေးပဲ လုပ်တော့မယ်လို့ ဆုံးဖြတ်ထားသူ… တခါတခါတော့ အခုလို ရင်ဘတ်ချင်းတူသူ ငယ်ပေါင်းမဟုတ် ကြီးဖော်တွေနဲ့ ဆုံတတ်ကြတယ်။

မိုးဟာ သူ့လူကြီးကိုလည်း တချက် သတိရ… ပြီးတော့… တခါထဲ စိတ်လည်း ပျက်သွားမိတယ်။

ဆယ်ကျော်သက်တွေ မဟုတ်ကြတော့လို့လည်း ယောက်ျားတွေကို ဖမ်းမထားချင်တော့ဘူး၊ ဒါပေမဲ့ လမ်းလွဲသွားမှာကိုလည်း စိုးထိတ်ဗျာပါ ရှိနေတာမို့ မေ့စကားကို မိုး ထောက်လိုက်ရတယ်။

“ဆရာမလေးက မင်း ရှိမှန်း မသိဘူးလားတဲ့ကွာ“

မေ က နှုတ်ခမ်းလေး တွန့်ရယ်တယ်။ သူတို့ သုံးယောက်ထဲမှာ မေ တယောက်ပဲ အဲဒီလိုမျိုး အလှဆုံး လုပ်တတ်တယ်။ ပြီးမှ ၀ိုင်ခွက်ကို မလို့ တငုံ စုပ်တယ်။ နှုတ်ခမ်းလေးကို စူအောင် ချွန်လိုက်ပြီးမှ ၀ိုင်အရသာခံရင်း…

“ငနဲသားက ဘာတွေ ပြောထားမှန်းမှ မသိတာကွ၊ ဆရာမလေးကို အငယ်ကောင်လေး လက်ဆွဲလို့ သွားတွေ့တော့… သူ့ တပည့် မဟုတ်တဲ့ ကလေးတယောက်ရဲ့ အမေကို အံ့နေတာပေါ့ကွာ“

“ဒီတော့…“

“မေပဲလေ… အရှုပ်ထဲမှာ ရှင်းအောင်နေတဲ့သူပဲ၊ ဗြောင်ပဲ ပြောချလိုက်တာပေါ့။ ကိုမောင်မြင့် မိန်းမကြီးပါပေါ့“

“ဟင်… မေက မိန်းမကြီးဆိုတော့…“

နိုင်ငံရေးသမား မိုးက ပြည်သူ့ပြဿနာ သူ့ပြဿနာလို့ အမြဲလိုလို မှတ်နေတာမို့ မေ့ ပြဿနာကိုလည်း သူ့ပြဿနာလို့ပဲ ချက်ချင်းလက်ငင်း မှတ်လိုက်သလို ကျောင်းဆရာမ ပြဿနာကိုလည်း သူ့ပြဿနာလို့ မှတ်နေပြန်တာကြောင့် လတ်တလော အတွင်းမှာပဲ ပြဿနာပေါင်းစုံ သူ့ခေါင်းပုံ ဖြစ်သွားပါတော့တယ်။

“ဒီလိုလေကွာ… သာသာနဲ့ နာနာနှက်ရတာပေါ့၊ ကိုယ်က မိန်းမကြီးဆိုတော့ သူကလေး ဘာဖြစ်သွားမလဲ…၊ နည်းနည်း ဦးနှောက်လေး သုံးပြီး စဉ်းစားလိုက်စမ်းပါ မိန်းမရာ…“

“ဟီး ဟီး ဟီး…“

မလှပတဲ့ ရယ်သံကြီးတခု ဟိန်းထွက်လာပါတယ်။ မိန်းမတယောက်ဆီက ဒီလို ရယ်သံမျိုး မထွက်သင့်မှန်း သိပေမယ့် မေ့စကားကို သဘော အကျကြီး ကျသွားသူက မာ…။ သူ့ရယ်သံ မလှမှန်း သိပေမယ့်လည်း သူ ဘယ်လိုမှ အောင့်နေလို့ မရတော့ဘူး။ ၀ိုင်ကလည်း အခုမှ နှစ်ခွက်ထဲ ရှိသေးတာ… ၀ိုင်ကြောင့်တော့ လုံးလုံး မဟုတ်ဘူး။ မေ့စကားကြောင့် သက်သက်သာ…။

မာ က အက ဆရာမ၊ မြန်မာရော နိုင်ငံတကာ အကတွေပါ ကျွမ်းကျွမ်းကျင်ကျင် ပိုင်နိုင်လှပစွာ ကတတ်သလို ကိုယ်တတ်သလို သူများတွေ တတ်အောင်လည်း သင်တန်းဖွင့် သင်ကြားပေးနေသူ။ အနုပညာလောကမှာ ထွန်းပေါက်နေသူတချို့က မာ့သင်တန်းဆင်းတွေ ပါပါတယ်။ ကိုယ်ကိုယ်တိုင်က အက ဆရာမို့ ခန္ဓာကိုယ် အချိုးအဆက် အဆစ်အပေါက်က အင်မတန် လှသလောက် အသံကတော့ ဇော်ဝင်းထွဋ်အမေ ထားလို မဟုတ်ဘူး၊ ဆိုးမှဆိုး ဆူမှဆူ… ရယ်လိုက်ရင် လူမိ မခံဝံ့သူ…။

အခုတော့ သူ မေ့ကြောင့် မလှမပ ရယ်မိပြီ၊ မလှမပက အရေးမကြီးဘူး… အားပါးတရ ရယ်မိတယ်။ တကယ်တော့ မေ့ကြောင့် သက်သက်လည်း မဟုတ်ပြန်ဘူး၊ သူ့အတွေးနဲ့ သူ…။ မေက ပြောတယ်လေ… သူက “မိန်းမကြီး“ လို့ ဆရာမလေးကို ခပ်ကြွားကြွား ပြောလိုက်သတဲ့။ စကားတတ် မေ စာရေးဆရာမ မေ… ဆိုလိုတာက သူက မိန်းမကြီး ဖြစ်ရင် ဆရာမလေးက မိန်းမငယ်ပေါ့၊ မေ့ စကားအသွားအလာရဆိုရင် မယားငယ်ပေါ့ (နှိမ်တဲ့ သဘောပေါ့)။

မာ တွေးမိ ရယ်မိတာက ဒီလိုမှ မဟုတ်တာဘဲ… ဆရာမလေးက “ဒါဖြင့်လည်း ထိုင်ပါဦး မမရယ်… ကိုမောင့် မိန်းမကြီးကို တွေ့ရလို့ ၀မ်းသာမိပါရဲ့… နို့… စကားမစပ် ကိုမောင့် မိန်းမလတ်တို့၊ မိန်းမငယ်တို့ရော ရှိသေးပါရဲ့လား၊ ဘယ်သူတွေပါလဲ ရှင်“ လို့ ဆရာမပီပီ ကျောင်းသား ဒါမှမဟုတ် ကျောင်းသားမိဘ တွေ့လို့ အခွင့်ရတုန်း စစ်မေးနေရင် မခက်လားလို့ စီးကရက်တရှိုက် ရှုသွင်းရင်း မာ့ အရွှင်စိတ် လင်းမိတာ အပြစ်လား…၊ အတော်ကြာလာတောင် အရယ်မရပ် အပြုံးမပျက် သေးတဲ့ မာက အဲဒီလို တွေးမိ ရယ်မိခဲ့တယ်။

“ဘာရယ်တာလဲ အမာမ…“

“ဟဲ ဟဲ… ဟုတ်ပါဘူး မေရယ်… ကိုယ့်အတွေးနဲ့ ကိုယ်မို့ပါ၊ ဒါနဲ့ ဆရာမလေးက မင်းကို ဘာပြန်ပြောသလဲကွ“

မာ က မျက်နှာပိုး မသပ်တသပ်နဲ့ ဘရိတ်မမိတဲ့ကား အခါခါ ဘရိတ်နင်းခဲ့ပေမယ့် နောက်ဆုံးတော့ ကားက အရှိန်ကုန်လို့ သူ့ဘာသူ ရပ်သွားသလို အနေအထားဖြစ်အောင် ထိန်းရင်း စကားထောက်လိုက်ရတယ်။

“မင်း ရယ်နေတာနဲ့ ကိုယ့်စကားတောင် ဘယ်နား ရောက်သွားမှန်း မသိတော့ဘူး။ ဘာဖြစ်ရမလဲကွ… မျက်နှာငယ်ငယ်လေးနဲ့ နောက်ဆုံးတော့ မေ့ကို သူ တောင်းပန်တာပေါ့။ ဒီတော့ ကိုယ်ကလည်း အေး… သိပါတယ်၊ ဆရာမ မသိလို့ မှားတယ်ဆိုတာ သိလိုက်ပါတယ်လို့…။ အခုတော့ သိရင် အမှန်ကို ပြင်ပါတော့လို့ ဆရာမကို ဆရာလုပ်ပြီး ပြန်ခဲ့တာပေါ့ကွာ“

ခုနက သိပ်ကို အရေးကြီးလွန်းတဲ့ ပုံစံမျိုးနဲ့ စိတ်ဝင်စားနေတဲ့ မိုးခမျာ… မေ့စကားနောက် မျောနေတာရော… မာ့ အရယ်အပြုံးတွေ ဖောက် ၀င်လာတာကြောင့်ပါ စိတ်ပိုနှောက်သွားပုံ ရပေမယ့် အခုလို မေ့ဇာတ်လမ်း မြန်မြန် စခန်းသိမ်းသွားတော့ ဇာတ်ရည်လည်သွားခဲ့ပြီး ရွှင်သွားပါတယ်။ ၀ိုင်ပုလင်းကို သတိထားကိုင်ပြီး သူ တခွက် ထပ်ထည့်တယ်။ ပြီးမှ ပြီတည်တည် မျက်နှာထားရယ်နဲ့ မေ့ ကို စတယ်။

“ဒီတော့ မေက ကိုမောင်မြင့်ကို အပိုင် ပြန်ချည်လိုက်ပြီပေါ့၊ ကိုယ့်ဆရာက ရုန်းချင်သေးသလားကွ“

သူတို့စကား သူတို့ပဲ သိတယ်ဆိုတဲ့ အထာနဲ့ ပြောနေကြပေမယ့် ရင့်ကျက်တဲ့ ဘ၀ကို တက်လှမ်းလာနေကြတဲ့ ထက်မြက်တဲ့ မိန်းမတွေပီပီ ဟန်ကလေး၊ မာန်ကလေးတွေ ရှိနေကြတယ် ဆိုတာကိုတော့ သူတို့ အသံလေးတွေမှာ ရောစွက်ပါနေတဲ့ ပြောပြရခက်တဲ့ အနားသပ် အဖျားခတ် စကားလုံးလေးတွေက ဘေးက ကြားမိသူတွေကို သတိပြုမိစေမှာ ဖြစ်ပါတယ်။

မေကတော့ သူ့ မူပိုင် အလှဆုံး နှုတ်ခမ်းလေးကို ဒီညနေခင်းလေးအတွက် တတိယပ္ပိ တွန့်ပြန်တယ်။ ကျေနပ်နှစ်သိမ့်မှု အပြုံးလေးကလည်း စွက်လို့…။

“မရုန်းတဲ့အပြင် ကိုယ့်ဆရာက သူ့ နွားသတ်ရုံ ပို့တော့မှာကို သိနေတဲ့ ငညိုကြီးလို လုပ်နေလို့ ကိုယ့်မှာ အသနား ပိုလွန်ကုန်မိပြီး ကိုယ့်ကိုယ်ကိုယ်တောင် မယုံမကြည် ဖြစ်နေရတာမို့ မင်းတို့ကို ပြောပြနေတာပေါ့ကွ“

“မိန်းမက ဘာ ထပ်လုပ်မိပြန်တာတုံး“

ဒီတခါတော့ မာ က မရယ်မပြုံးတဲ့အပြင် ရုတ်ချည်းဆိုသလို ကောင်တာ (ပြန်ထောက်) မေးခွန်းကို ကောက်ကာငင်ကာ မေးချလိုက်တော့တယ်။

“ဒီလိုလေ… ကိုမောင်မြင့်က ဆရာမဆီတော့… တို့ သွားတွေ့တာ သိသွားပြီးနောက်မှာ မသွားတော့ဘူးလေ၊ မသွားတဲ့အပြင် လူကို အကြင်နာတွေ ပိုပြီး အကယ်ဒမီရှော့တွေချည်း လုပ်နေလို့ ကဲ… ဖယ်ပါဦး၊ တော်ပါတော့ လို့ နွဲ့နွဲ့မူ အိုက်တင်တွေ ကျူပ်မှာ လုပ်နေရတယ်၊ ကလေးတွေနဲ့လည်း သူ အချိန် ပိုပေးလာပါတယ်၊ အဲ… တခုပဲ…“

မိုးရော မာပါ စိတ်ဝင်စားနေကြတယ်။ ဇာတ်လမ်းက ဇာတ်သိမ်းရောက်ခါနီး တမ်ပို (ဇာတ်ရှိန်မြင့်တဲ့နေရာ) ကို ဆွဲတင် လိုက်သလို ဖြစ်သွားတာကိုး…။ ဒီတခါတော့ မိုးနဲ့ မာ မျက်လုံးချင်း တဲ့ဆိုင်ကြည့်ပြီး မပြုံးမရယ်ကြဘဲ ရှိနေကြပြီး နောက်မှာမှ… မိုးက မေးတယ်။

“မိန်းမ… ဘာ အဲတာလဲ၊ ကိုမောင်မြင့် ဘာဖြစ်လို့လဲ“

ဒီတော့မှ မေက ပြောသင့် မပြောသင့် စဉ်းစားနေတဲ့… ဒါပေမဲ့ ပြောကလည်း ပြောကို ပြောရမှာ ဖြစ်တာမို့… မကျွမ်းကျင်တဲ့ကြားက စကားလုံး ရွေးနေရတဲ့ ရွာသူကြီးလိုမျိုး ပုံစံဖမ်းရင်း တဖက်ကလည်း အပျိုမတမ်းလေး ပထမဆုံး ရည်းစားစကား အပြောခံရသလို… ခုန်ပေါက်လည်း မပျော်နိုင်၊ လူမသိအောင် ထိန်းပြီးလည်း ဟန်မဆောင်နိုင်၊ မလုံမလဲ အိုးတိုးအမ်းတမ်း ကြည်လည်းကြည်နူး ရှက်ကလည်း ရှက်၊ အခက်တွေ့နေပေမယ့် မ၀ှက်နိုင်တဲ့ ကြာမျက်နှာနဲ့ပဲ သူ့သူငယ်ချင်းနှစ်ယောက်ကို အခုလို ပြောချလိုက်ပါတယ်။

“ကိုယ်တော်က မလိမ္မာတခါမိုက် ဖိုးသူတော် ဖြစ်သွားတယ်လေ၊ ဆရာမဆီလည်း သူ မသွားတော့ပါဘူးတဲ့။ တခါတလေတော့ သူ့ဟာမ သတိရလို့ ထင်ပါ့၊ တမှိုင်မှိုင် တအီအီတော့ ဖြစ်သား… တနေ့ကတော့ ကိုယ့်နား သုံးလေးခါ လာ…၊ ဖက်လိုက် နမ်းလိုက်…၊ အူကြောင်ကြောင်တွေ လုပ်လိုက်… အဲဒီလိုတွေ ခဏခဏ လုပ်ပြီးမှ တောင်းဆိုတဲ့ စကားတခွန်း ရွံ့တွန့်တွန့်နဲ့ ပြောလာတယ်“

“ဘာတဲ့လဲ“

မိုးနဲ့ မာ ဆီက သံပြိုင် ထွက်သွားတယ်။ သူတို့ သိပ် သိချင်နေကြတယ်လေ။

မေကတော့ အတွေ့အကြုံရှိတဲ့ သူကြီး… နောက်ဆုံးတော့ ဘာပဲဖြစ်ဖြစ် ပြောချလိုက်တော့မယ်ဆိုတဲ့ ပုံစံ၊ တခါ… မယုံနိုင်လောက်အောင် အချစ်တွေ ထုံမွမ်းထားတဲ့ အပျိုမလေးဟန်၊ တကိုယ်လုံး ကော့တော့လန်ပြန်နေတဲ့ ပုံစံမျိုးနဲ့ တဖက်သားကို မရိုးမရွဖြစ်အောင် လုပ်နေရင်း နာကြားဖို့ အသင့်စောင့်နေတဲ့ မိုးနဲ့ မာ ကိုတောင် အားမနာဘဲ အတန်ကြာ ပြုံးတုံးတုံး လုပ်ပြီးကာမှ…

“လာမယ့် စနေနေ့က ဆရာမရဲ့ မွေးနေ့တဲ့ရှင့်… အဲဒါ သေမလို ကြွေနေတဲ့ ဘဲကြီးက သူ့အစား ကျုပ်ကပဲ ဆရာမကို သွားတွေ့ပြီး မွေးနေ့ လက်ဆောင်ပေးရင်း တခုခု ကျွေးပေးပါတဲ့“။

အရယ်၊ အပြုံးလေးတွေနဲ့ ဆူညံခဲ့တဲ့ ညနေခင်းလေး တခုပေါ့…။

၂၀၁၂ သြဂုတ် ၁၇၊ မွန်းလွဲ နှစ်ချက်တီး။

လန်ဒန်။

by Myo Tha Htet on Friday, 27 July 2012 at 07:57·

ခေတ်က မြန်တဲ့ ခေတ်… ဒါမှမဟုတ် ခေတ်မြန်ကြီး

ဒီတော့ မြန်မြန်ချစ်၊ မြန်မြန်ယူ၊ ကြာကြာမစောင့်ဘဲ တခါကွဲ…

ကားဝယ်ဖို့ကမှ အချိန်ပိုယူကြဦးမယ်၊ အတူနေဖို့က နောင်ခါလာ နောင်ခါဈေး သဘောထားပြီး မြန်မြန်နေလိုက်ချင်ကြတယ်။

မနက် ရုံးသွားတိုင်း သတင်းစာ နာရီဝက်လောက် ကျွန်တော့်မှာ ဖတ်မိတော့ စိတ်ဝင်စားစရာလေးများ တွေ့မိရင် သူငယ်ချင်းတွေကိုလည်း မျှချင်မိတယ်။

ယူကေ က အိမ်ထောင်ရေး အကြောင်းတွေပေါ့၊ အမယ် သူတို့က စာရင်းဇယား ကောင်းတဲ့ နိုင်ငံ ဆိုတော့ကာ အမျိုးသား (နိုင်ငံတော် အဆင့်) စာရင်းရုံးက ဒီလူမှုရေးနဲ့ ဆိုင်တဲ့ စာရင်းဇယားတွေကို သေချာ ပြုစုထားတာ တွေ့ရတယ်။ မြန်မာနိုင်ငံမှာလည်း အခုလို သပ်သပ်ရပ်ရပ် စာရင်းတွေ ပြုစုနိုင်ရင် ကောင်းမှာပဲလို့လည်း အတွေးပေါက်မိတယ်။ လုပ်ချင်လည်း လုပ်ထားကြမှာပေါ့လေ၊ ကျွန်တော် မသိတာလည်း ဖြစ်နိုင်ပါတယ်။

တကယ်တော့ အချစ်နဲ့ အိမ်ထောင်ရေးဆိုတာ ဒင်္ဂါးတချပ်ရဲ့ ခေါင်းနဲ့ပန်း လိုပါပဲ၊ တခုမပါဘဲ ဒင်္ဂါး မဖြစ်နိုင်ပါဘူး။ ယူကေမှာတော့ တမျိုးတဲ့… ကွဲတာပြဲတာ မပါဘဲ ချစ်လည်း မချစ်ကြဘူး၊ အိမ်ထောင်လည်း မတည်ကြပါဘူးတဲ့။ ချစ်ပြီးရင် ကွဲ… အိမ်ထောင်ပြုပြီးရင် အဲ… ကွဲကြကွာကြတာများတယ်တဲ့။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ က စာရင်းတွေနဲ့ လက်ရှိ စာရင်းနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ဗြိတိန်မှာ အိမ်ထောင်ကွဲတာတွေ ပိုများလာပေမယ့် ၂၀၀၈ စီးပွားရေး ပျက်ကပ်နောက်ပိုင်းမှာတော့ အဖြေက တမျိုး ဖြစ်နေပြန်ပါတယ်။ အိမ်ထောင်ကွဲမှုနှုန်း နည်းနည်းလေး ကျသွားသတဲ့။ ဘာဖြစ်လို့လဲ။

ဘာဖြစ်လို့လဲဆိုတော့ စီးပွားရေးတွေ ကျပ်ကြတော့ အလုပ်အကိုင်တွေက အဆင်မပြေဘူး၊ ဒီတော့ ၀င်ငွေတွေက နည်းလာကြတယ်။ နှစ်ယောက်အတူနေရာကနေ ကွဲကြပြဲကြပြီး တယောက်ထဲ နေမယ်ဆိုရင် ၀င်ငွေနဲ့ ကုန်ကျစရိတ်က မကာမိကြတော့ ကွဲလိုခွာလို ပေမယ့်လည်း မချစ်သော်လည်း အောင့်ကာနမ်းနေရတဲ့ အဖြစ်တွေ ဖြစ်ကုန်ကြတယ်။

အိမ်ထောင်ကွဲ ပြဿနာတွေကို အကြံပေး ဖြေရှင်းပေးနေတဲ့ ချစ်မှုရေးရာနဲ့ ဆက်ဆံရေး ဂုရုကြီး တာရီ ဘိုဒဲလ် ကတော့ အိမ်ထောင်ရေး ဆိုတာ ပြင်ရန် ခက်တဲ့ အမျိုးပါ၊ အတော်ကြီး မြော်မြင် ပြင်ဆင် ကြိုးစားကာပါမှ အဆင်ပြေရုံ ရှိနိုင်တာမျိုးကို လူအများက လွယ်လွယ်နဲ့ အိမ်ထောင်ပြု၊ သည်းမခံဘဲ ချက်ချင်းကွဲ ဆိုတာတွေမျိုးတွေက များနေပါတယ်လို့ မှတ်ချက်ပေးပါတယ်။

ဒီတော့ အဆင်မပြေတော့မှ ကွဲကလည်း ကွဲချင်နေပြီ၊ ဘယ်လိုမှ ဆက်လက် ပေါင်းသင်းကြဖို့ မဖြစ်နိုင်တော့ဘူး။ တဖက်ကလည်း စီးပွားရေးတွေက မကောင်းတော့ ရင်ဆိုင်ရတော့မယ့် ကုန်ကျစရိတ်တွေကြောင့် တသီးတခြားလည်း ခွဲထွက်နေကြဖို့က မဖြစ်နိုင်တော့ကာ ဒီ အိမ်ထောင်ရေးမျိုးဟာ စိတ်ချမ်းသာမလား စိတ်ဆင်းရဲနေမလားလို့ သူက မေးခွန်း ထုတ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တချို့တွေကတော့ မရရအောင် အဆင်မပြေတော့တဲ့ သူတို့ရဲ့ အိမ်ထောင်ရေးကို အဆုံးသတ်လိုက်ကြပါတယ်။ သူတို့က ဒီနည်းလမ်းကသာ အကောင်းဆုံး ဖြစ်မယ်၊ ပြဿနာတွေ အားလုံး ပြီးသွားလိမ့်မယ်လို့ တွေးထင်တတ်ကြပါတယ်။

တကယ်တော့ ဒီလို ပြဿနာတွေ ဘာကြောင့် ဖြစ်သလဲ ဆိုတာကို အရင်းစစ်ကြည့်ရင်တော့ အခုလို တွေ့ရမှာ ဖြစ်ပါတယ်။ လူအများစုက အချစ်ကို ရှာကြတယ်၊ အချစ်ကို မြည်းစမ်းခွင့် ရတဲ့အခါ ဟာ… ငါတော့ အချစ်စစ်ကို တွေ့ပြီ၊ ကော်တာပဲလို့ တွေးကြပြီး ဒီအချစ်နဲ့ တသက်မခွဲ အတူလက်တွဲ ကြင်နာကြဖို့ ခပ်သွက်သွက် ဆုံးဖြတ်တတ်ကြပါတယ်။ အချစ်ကို ကိုယ့်ဘေးကနေ ပြေးမထွက်သွားစေချင်တော့ဘူး။ သေသေချာချာ ဂဃနဏ ခွဲခြမ်းစိတ်ဖြာ အချိန်ယူ သုံးသပ် လေ့လာ အကဲခတ် ဆုံးဖြတ်ကြည့်ဖို့ကို မလုပ်ချင်ကြတော့ဘူးလို့ အချစ်ဂုရု ဆရာမကြီး တာရီက ပြောပါတယ်။

တကယ်တော့ အိမ်ထောင်ရေးဆိုတာ ယုံကြည်မှု ကြိုးတချောင်း မဟုတ်ပါလား၊ ဒီ ကြိုးစည်းနှောင်အား ကောင်းသလောက် မြဲနေမယ်။ အဲ… ကြိုးက လျော့ရဲလာမယ်၊ ဒါမှမဟုတ် တင်းအားများလို့ ပြတ်တောက် သွားမယ်ဆိုရင် ပွဲက ပြီးဆုံးသွားပြီ မဟုတ်ပါလား။

တာရီကတော့ ကြိုးမချည်ကြခင် စစ်စစ်ပိုင်းပိုင်း မေးခွန်းတွေ မေးကြဖို့ကို ပြောခဲ့တာ ဖြစ်ပါတယ်။ အရမ်းကာရော ယုံကြည်တာမျိုး မဟုတ်ဘဲ မေးခွန်းတွေ ထုတ်လို့ ကျေလည်မှသာ ယုံတာမျိုးကို သူက ဆိုလိုတာ ဖြစ်ပါတယ်။ ဘာသာတရားကို ယုံကြည်တာမျိုးနဲ့တော့ မရောထွေးပါနဲ့လို့ သူက သတိပေးပါတယ်။

သူဆိုလိုတာက အိမ်ထောင်ကျပြီးနောက်မှာ ၀န်းကျင်သစ်က ဘယ်လို ဖြစ်လာမှာလဲ၊ လူတွေရဲ့ ကိုယ့်အပေါ် လက်ရှိ ဆက်ဆံရေးက ပုံစံအသစ်မှာ ဘယ်လို ဖြစ်သွားမှာလဲ၊ ကလေးယူမှာလား… ကလေးကို ဘယ်လို ပုံစံမျိုးနဲ့ တာဝန် ခွဲယူ ပျိုးထောင်ကြမလဲ၊ နှစ်ယောက်စလုံး ပရော်ဖက်ရှင်နယ် အလုပ်တွေကို ဆက်လုပ်ကြမှာလား၊ ဘယ်လို ပုံစံနဲ့ နေထိုင်ကြမှာလဲ (မယ်တရွာ မောင်တမြို့လား) စသဖြင့်ပေါ့လေ… မေးခွန်းတွေက အများကြီး ရှိလာနိုင်တာပဲလို့ တာရီက ထောက်ပြပါတယ်။

ဒီမေးခွန်းတွေကို နှစ်ယောက်စလုံး ယုံကြည်စွာနဲ့ အမှတ်ပြည့် မဟုတ်တောင် အောင်မြင်အောင် ဖြေဆိုထားရမယ် မဟုတ်ဘူးလား။

အချစ်ဂုရုကြီးကတော့ လက်တွေ့ကျကျ သုံးသပ်သူလို့ ပြောရမလား မသိပါဘူး။ “စီးပွားရေး ကန်ထရိုက် စာချုပ်တခု ချုပ်သလိုပေါ့“ လို့ ပြောပါတယ်။

ကွဲကြပြဲကြတာတွေရဲ့ တခုထဲသော အကြောင်းကတော့ စာချုပ် ပျက်သွားလို့ပါ၊ ဒါမှမဟုတ် ကြိုးပြတ်သွားလို့ပါ။ နှစ်ဘက်ကြား သဘောတူညီမှု ပျက်တယ်၊ စည်းနှောင်မှု မရှိတော့ဘူး ဆိုရင်တော့ အားလုံး ဘာဆိုဘာမှ မရှိတော့ဘူးပေါ့လို့ သူက ဆိုပါတယ်။

၂၀၁၂ ဇူလိုင် ၂၇၊ မနက် ၇ နာရီ။

လန်ဒန်။

ရည်ညွှန်း- London’s Metro Newspaper , July 26, 2012.

by Myo Tha Htet on Thursday, 26 July 2012 at 01:01·

ဒီလူကို ကြည့်နေတာ ကြာပြီ၊ သေနေပြီလား မသိဘူး။ ကျွန်တော် ဆက်ကြည့်နေတယ်၊ လှုပ်လည်း မလှုပ်တော့ဘူး။ မနေ့ညကတော့ အဲဒီလူကို အခုလိုပဲ ကျွန်တော် စောင့်ကြည့်ခဲ့သေးတယ်။ ကွန်ပျူတာကြည့်လိုက် နည်းနည်းရေးလိုက်နဲ့ အလုပ်ရှုပ်နေပုံပေါက်ပါတယ်။ အခုတော့ သေသွားပြီ ထင်တယ်၊ မလှုပ်မယှက် ဖြစ်နေပြီ။ ဟုတ်လောက်ပါတယ်၊ ဒီလူ သေသွားပြီ။

အင်း… ဘာတွေ ဖြစ်ကုန်ပြီလဲတော့ မသိပါဘူး၊ လင်းရောင်ထွက်တာ ကြာပေါ့၊ နေတောင် ပြင်းပြင်းပူလာပြီပဲ။ ဟိုလူတော့ သေနေတုန်းပဲ၊ အင်း… ဒီလူပြောလိုက် ဟိုလူပြောလိုက်နဲ့ ကျွန်တော့်မှာ အဲဒီလူရဲ့ မျက်နှာကို ကြည့်မိတော့လည်း ကျွန်တော်နဲ့ တူနေတာကို တွေ့ရတယ်။ ကျွန်တော်က သေမှ မသေတာပဲ၊ သူက သေနေတာပဲ။ ဒါဆို ဘယ်လိုမှ ကျွန်တော်က သူ မဖြစ်နိုင်ဘူး။

သေတယ်ဆိုတာ ဘာလဲ။ အဖေက ငယ်ငယ်တုန်းက ပြောဖူးတာကတော့ သေတယ်ဆိုတာ အသက် မရှုတော့တာတဲ့။ အသက်မရှုတော့ အသက်မရှိတော့ဘူး၊ အသက်မရှင်တော့ဘူးတဲ့၊ အဲဒါကို သေတယ်လို့ ခေါ်တယ်တဲ့။ အသက်မရှုရင် သေသတဲ့၊ အဲဒီလိုပဲ ကျွန်တော် တသက်လုံး မှတ်ခဲ့ဖူးတယ်။

နောက် ကျွန်တော် အရွယ်နည်းနည်း ရလာတော့ အသက်ရှုပေမယ့် သေနေတဲ့ လူတွေလည်း ရှိသေးတယ် ဆိုတာကို တွေ့လာ ရပြန်တယ်။ သူတို့ကတော့ နာမည်သေသွားသူတွေ၊ ဘ၀သေသွားသူတွေနဲ့ အလုပ်သေသွားသူတွေ ဖြစ်တယ်။ သူတို့ဟာ နာမည်ကောင်းကို ဘယ်လိုမှ ပြန်တည်ဆောက်လို့ မရတော့ဘူး၊ သူတို့ဘ၀ဟာ တသက်လုံး မူလကလို မရှင်သန်တော့ဘူး၊ သူတို့ လုပ်ကိုင်ခဲ့ဖူးတဲ့ လုပ်ငန်းခွင်တွေထဲမှာ ဆက်လက် ရပ်တည် ရှင်သန်လို့ မရတော့ဘူး။

အခုကတော့ ဒီလူက ဒါမျိုးတော့ မဟုတ်လောက်ဘူး ထင်တယ်၊ တကယ် သေသွားတာလို့ ကျွန်တော် ထင်နေတယ်။ နေက တော်တော်တောင် ပြင်းလာမှပဲ။ ကျွန်တော့် မျက်လုံးတွေတောင် နေအရောင်ကြောင့် ပြာမှောင်လာတယ်။ ကျွန်တော့်အသက်က ဒီလောက်လည်း မကြီးသေးပါဘူး၊ ဘာဖြစ်လို့ နေရောင်ကို ကျွန်တော် ရင်မဆိုင်နိုင်သလဲ၊ နေပူလာရင် အလင်းရောင်များရင် ကျွန်တော့် အမြင်တွေ ဘာကြောင့် ၀ါးကုန်သလဲ။

သေလူကို ကြည့်ရင်း ကျွန်တော့်အဖြစ်ကို ပြန်ဆင်ခြင်နေတုန်း နှလုံးခုန် ရပ်မတတ် လန့်သွားတယ်။ အမယ်… ဟိုလူ တချက် လှုပ်သွားပါလား၊ ကျွန်တော့် မျက်လုံးကပဲ ၀ါးလေသလား၊ ဒါမှမဟုတ် စိတ်ကပဲ ထင်ယောင်မြင်ယောင်လိုက်တာလား၊ မထိတ်သာ မလန့်သာ ရှိလိုက်တာ… ကျွန်တော် ငယ်ငယ်က လမ်းထဲက လူပျို ကာလသားခေါင်းတွေ ပြောကြတာ ကြားဖူးတယ်လေ၊ မသာအိမ်မှာ ဖဲဝိုင်းလုပ် ဖဲရိုက်နေကြတုန်း မသာကြီးက ထထိုင်တယ်ဆိုတာမျိုး၊ ကျွန်တော်တို့မှာ အဲဒီအခါက လန့်လိုက်တာ မပြောပါနဲ့…။

အကိုကြီးတယောက်က ရှေ့ကနေ အပြောပိုင်ပိုင်နဲ့ ပြောနေတုန်း… ကျွန်တော်တို့ ချာတိတ်တွေကလည်း သူ့ စကားထဲ မျောပါ မိန်းမောနေတုန်း… ရင်ထဲမှာလည်း တုန်လှုပ်လို့ အသည်းတထိတ်ထိတ် ဖြစ်နေတုန်းပေါ့… အဲဒီမှာ စတတ်နောက်တတ်တဲ့ နောက်အကိုတယောက်က ကျွန်တော်တို့ ချာတိတ်တွေထဲက တယောက်ယောက်ရဲ့ ခြေထောက်ကို ရုတ်တရက် ဆွဲကိုင်လိုက်လို့ကတော့ အမေရေ့… ဆိုပြီး ခုနစ်သံချီ အော်ဟစ်ခဲ့ရတာတွေကို သတိရနေတုန်းပါပဲ။ ကျွန်တော်တို့ အမြဲတမ်း ခံရတယ်၊ နောက်တကြိမ် အဲဒီလို အခါကြုံတဲ့အခါလည်း ကျွန်တော်တို့ အငယ်တွေထဲက တယောက်မဟုတ် တယောက်ခံခဲ့ရတာချည်းပါပဲ။

အဲဒီလို ငယ်ငယ်က ကြောက်ခဲ့ဖူးတဲ့ အရှိန်က ဒီအရွယ်ကျမှ ကျွန်တော့်ဆီ ပြန်လာဟပ်လေသလား။ မဟုတ်ဘူး… တကယ်… ဟော ဟော ဒီလူက လှုပ်ရုံတင် မကဘူး၊ ထလာနေပြီပဲ။ အမယ်… ဒီလူ့ရုပ်က ကျွန်တော့်ရုပ်နဲ့ တထပ်တည်း ကျနေပါရော့လား။ ကျွန်တော့် အမေဟာ ကျွန်တော့်ကို မွေးဖွားခဲ့တုန်းက အမြွာမွေးတယ်ရယ်လို့လည်း မကြားမိပါဘူး။ ဒီတော့ ကျွန်တော့်မှာ ထလာတဲ့ သေလူလို့ ထင်ခဲ့ရသူလို့ တထိတ်တလန့်ကြည့်ရင်း ခေါင်းက ဆံပင်တွေ ထိုးထောင်လာနေတဲ့ကြားက မဟုတ်မဟပ်တွေ လျှောက်တွေးနေခဲ့မိတယ်။

ထလာတဲ့ သေလူကတော့ ကျွန်တော့်ကိုမှ ယောင်လို့တောင် ရှိတယ် မထင်ပါဘူး။ ပြေလျော့နေတဲ့ သူ့ပုဆိုးကို ပြင်ဝတ်ပြီး အ၀တ်ဗီရို တံခါးက အနံ တပေ၊ အလျား ခြောက်ပေလောက်ရှိတဲ့ မှန်ချပ်ကို တချက် လှမ်းကြည့်လိုက်ပြီး အခန်းတံခါးဖွင့်လို့ အပြင်ထွက်သွားတယ်။ အခန်းတံခါးကနေ တွက်ရင် ခြေလှမ်း သုံးလှမ်းထက် မပိုတဲ့ အကွာအဝေးက နောက်အခန်းတခုထဲကို ၀င်သွားပြီး သူတံခါး ပိတ်လိုက်တယ်၊ ပြီးတော့ အနက် တပေလောက်ရှိမယ့် အိုးတလုံးထဲ အပေါ်ကနေ ရေသွန်ချသလို အသံမျိုးကြားရပြီးနောက်မှာ အဲဒီအိုးထဲမှာ ရေတွေ အရှိန်တခုနဲ့ မွှေလိုက်သလိုမျိုး ကြားလိုက်ရသေးတယ်။

ခဏနေတော့ အဲဒီလူပြန်ဝင်လာပြန်တယ်၊ ပြီးတော့ သူ သုံးနေကြ ဖြစ်ပုံရတဲ့ တဘက်ကြီး အုပ်ထားတဲ့ ပြတင်းပေါက် အပြင်ဘက်ကို တချက်ချောင်းကြည့်လိုက်တာကို တွေ့ရတယ်။ အဲ… နောက်တော့ ကုတင်ပေါ်ကို မှောက်ရက်ကြီး ပြန်အိပ်သွားပြန်တယ်။ ဟ… ကျွန်တော့်ကို သရဲခြောက်တာလား မသိပါဘူး။ ထွက်သွားတယ်၊ ပြန်ဝင်လာတယ်၊ မှောက်သွားတယ်၊ မလှုပ်တော့ပြန်ဘူး။ အခုမှ တကယ် သေသွားပြီထင်ပါတယ်။

ကျွန်တော်လည်း ဒီလူ့မျက်နှာနဲ့ လှုပ်ရှားပုံကို ကြည့်ပြီး အတော်လေး အံ့သြသင့်နေမိတယ်။ ဘယ်နှယ့်လုပ် ကျွန်တော်နဲ့ ချွတ်စွပ်တူတဲ့ လူတယောက် ရှိနေပါလိမ့်လို့ စဉ်းစားမိတယ်။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် သေသွားရင် ဘယ်လို ဖြစ်မှာလဲ။ သရဲဖြစ်မလား၊ တစ္ဆေဖြစ်မလား၊ ပြိတ္တာပဲဖြစ်မလား၊ တခါတခါ စဉ်းစားနေတတ်တယ်။ အခုတော့ ပြဿနာတက်နေပြီ၊ ကျွန်တော်က မသေရဘဲ သေသူကို ကျွန်တော်က တွေ့နေသလို ဖြစ်နေတယ်။

ဒါပေမဲ့ အဲဒီလူက တကယ်သေတာလည်း မဟုတ်ပြန်ဘူး၊ မလှုပ်လိုက် လှုပ်လိုက် ဖြစ်နေတာမျိုးလို့ ပြောရမယ် ထင်ပါတယ်။ ကျွန်တော့် စကားက ရယ်စရာ ကောင်းနေသလားတော့ မပြောတတ်ဘူး။ တကယ်ခံစားရသလို ပြောလိုက်လို့ အူကြောင်ကြောင်တော့ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ခက်တာက… ကျွန်တော် ခုနလူကို ကြည့်ပြီး ကြောက်တောက်တောက် တုန်တုန်လှုပ် ဖြစ်နေပေမယ့် အဲဒီလူ ကျွန်တော့်ရှေ့ လုပ်သွားတဲ့ ဟာတွေ အားလုံးကို ကျွန်တော် အရင်ကလည်း အကြိမ်များစွာ တွေ့ဖူးပြီးသားလို ဖြစ်နေတယ်။ အဲဒါက ကျွန်တော့်ကို စဉ်းစားစရာ ဖြစ်စေခဲ့တယ်။

ကျွန်တော့်မှာ အဲဒီလို စဉ်းစားစရာ ဖြစ်စေခဲ့တဲ့ အကြိမ်ပေါင်းက အကြိမ်ပေါင်း များခဲ့ပြီ မဟုတ်လား၊ ဥပမာ ဆိုပါစို့ရယ်၊ ဒီကနေ့ထုတ် သတင်းစာတစောင်ကို ကောက်ဖတ်လိုက်တယ် ဆိုပါတော့… အဲဒီ သတင်းက လွန်ခဲ့တဲ့ တနှစ်လောက်က ကျွန်တော် ဖတ်ဖူးပြီးသား သတင်းတပုဒ် ဖြစ်နေခဲ့တယ်။ ဒီစာမျက်နှာမှာပဲ၊ ဒီလိုခေါင်းနဲ့ပဲ၊ ဒီလိုပဲ ကော်လံခွဲထားပြီး သတင်းဓာတ်ပုံကတောင် တိုက်တိုက်ဆိုင်ဆိုင် ဒီလိုပုံပါပဲ။

တခါကလည်း တခါမှ မတွေ့ဖူးသေးဘူးလို့ ထင်ရတဲ့ လူတယောက်ကို တခြားလူ တယောက်က မိတ်ဆက်ပေးလို့ ကျွန်တော် လက်ဆွဲနှုတ်ဆက်လိုက်တယ်၊ ခဏနေတော့ ကျွန်တော့် အတွေးထဲမှာ လူတယောက် ပြန်ပေါ်လာတယ်၊ အဲဒီလူပဲ… ခုနက ကျွန်တော် လက်ဆွဲ နှုတ်ဆက်ခဲ့တဲ့သူဟာ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ကျွန်တော်နဲ့ သိခဲ့တဲ့သူပဲ။

ကျွန်တော် တခါက ခရီးထွက်ရင်း ဆိုင်တဆိုင်မှာ ထမင်း ၀င်စားဖြစ်တယ်၊ သိပ်ကောင်းတဲ့ ဆိုင်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဆာနေလို့လား မသိဘူး၊ စားလို့ကောင်းတယ်။ ကျွန်တော် စားမယ်ဆို နောက်ထပ် တပန်းကန်လောက်ဖြစ်ဖြစ် ထပ်စားလို့ ရသေးတယ်၊ ခရီးသွားလာရင်း စားသောက်တာဖြစ်လို့ ကျွန်တော့်ရဲ့ အစာရမ္မက် လိုအင်ဆန္ဒကို အသာချိုးနှိမ်ပြီး ကျွန်တော် ရပ်တန့်လိုက်တယ်။

ခရီးသွားတယ်ဆိုတာ လူရော အစာအိမ်ပါ ပေါ့ပေါ့ပါးပါးနဲ့ သွားတာ ကောင်းတယ် မဟုတ်လား၊ တဖြဲနှစ်ဖြဲ စားသောက်ပြီး လေးပင် ငိုက်မြည်းနေမယ်ဆို တစုံတခု ဘေးအန္တရာယ် ရုတ်တရက် ပေါ်တဲ့အခါ ဒါမှမဟုတ် မမျှော်လင့်ဘဲ တခုခုကို ရင်ဆိုင်ရတဲ့အခါ ရုတ်တရက် ပြေးလွှားရှောင်တိမ်းဖို့ အတွက်မှာ ဒုက္ခရောက်နိုင်တယ် မဟုတ်လား။ ရုတ်စွအဆုံး အစားများပြီး အလေးအပင် သွားချင်လို့ နေရာလွယ်လွယ် မတွေ့ရင် မခက်ပါလားဗျာ။

ဒါကြောင့် ကျွန်တော် ခရီးသွားတဲ့အခါ အတတ်နိုင်ဆုံး ဗိုက်ထဲ မဆာဘဲ ပြည့်နေလောက်ရုံပဲ စားတယ်၊ အင့်သွားအောင် မစားဘူး။ ခက်တာက အဲဒီလိုမျိုး သတ်သတ်မှတ်မှတ်တွေးလို့ စားသောက်မိလိုက်တဲ့အခါတိုင်း ဟာ… ဒါမျိုးတွေကို ဒီနေရာမှာ ဒီလိုတွေးလို့ ဒီအစားအစာတွေ စားသောက်ခဲ့ဖူးနေပါလားလို့ အကြိမ်ကြိမ် ဖြစ်ဖူးတယ်၊ တိုက်ဆိုင်လိုက်တာများဗျာလို့လည်း ဟစ်ဟော့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်လို ရေရွတ်မိတတ်တယ်။

အဲဒီလို အချိန်တိုင်းမှာ ကျွန်တော့် နဘေးမှာများ သူငယ်ချင်း၊ မိတ်ဆွေ တယောက်ယောက် ပါလာခဲ့ရင် သူတို့တွေက ကြောင်တောင်တောင်နဲ့ ကျွန်တော့်ကို ကြည့်တတ်ကြတယ်၊ ကျွန်တော်ကတော့ ဆရာပေးတဲ့ သင်္ချာပုစ္ဆာတပုဒ်ကို နည်းပေါင်းစုံနဲ့ အမျိုးမျိုး စဉ်းစားတွက်ချက်ပြီးမှ နောက်ဆုံး ဖြေရှင်းနည်း အမှန်ကို တွေ့လို့ အဖြေထွက်သွားတဲ့ ကျောင်းသားတယောက်လို ရှင်းရှင်းလင်းလင်း အားရကျေနပ်မှုနဲ့ ကျန်ရစ်ခဲ့ရတာ အကြိမ်ကြိမ်…။

ကျွန်တော် အတွေးတွေ တော်တော်လွန်သွားခဲ့တယ်၊ အချိန်တွေ ဘယ်လောက်တောင် ကြာသွားသလဲတောင် မသိဘူး၊ အပြင်ဘက်မှာ မိုးတွေ ရွာနေတာကို ကြားရတယ်။ အစောပိုင်းက မြင်ခဲ့ရတဲ့ အလင်းတွေနေရာမှာ ကောင်းကင်ဟာ မှိုင်းမှုန်နေခဲ့ပြီ၊ ပြတင်းပေါက် အပြင်ဘက်မှာ မိုးစက်တွေ တွဲခို စီးကျနေကြတယ်။ တကယ်တော့ ကျွန်တော်က မိုးချစ်သူပါ၊ အမှိုင်းချစ်သူတော့ မဟုတ်ဘူး၊ မိုးအခါ အေးအေးမှာ အရိုင်းစိတ်တွေ ကြွရွခဲ့ဖူးတယ်။

ကျွန်တော်ဟာ အဝေးကို စိတ်နဲ့ပြေးလိုက်၊ အတိတ်ကို အပြင်းစား ဆွေးလိုက်၊ မိုးကို တွေ့လို့ ပျော်လိုက်၊ ဟိုးအဝေးကြီးကို မဟုတ်တဲ့ ကျွန်တော့် ဘေးက ဟိုလူကိုပဲ တချက်တချက် ငေးပြီး ကြောက်စိတ် ၀င်လိုက်နဲ့ ဖြစ်နေခဲ့တယ်။ ကြောက်ပါတယ်ဆိုကာမှ ဒီတယောက်က လှုပ်လာပြန်တယ်။ ခုနလိုပဲ ထတယ်၊ အခုတခါတော့ ပြတင်းအပြင်ဘက်ကို အရင်ကြည့်တယ်၊ ပြတင်းတံခါးက ခပ်ဟဟ ဖြစ်နေတာမို့ သူက ခပ်ပြင်းပြင်း တချက် ဆွဲစိလိုက်သေးတယ်။

ဒီလူ မိုးအေးတဲ့ ဒဏ်၊ လေတိုးတဲ့ ဒဏ်ကို မခံနိုင်လို့ လူးလွန့်လှုပ်ရှား ထလာပုံရတယ်။ ပြီးတော့ အခန်းပြင်ထွက်သွားတယ်၊ ဒီမနက်ပိုင်းက ကျွန်တော် ကြားခဲ့ရတဲ့ ပုံစံလိုပဲ အိုးတခုထဲ ရေသွန်၊ ရေမွှေတာတွေကို ကြားရပြန်တယ်။ ဒီတခေါက် အခန်းထဲ ပြန်ဝင်လာတော့ အဲဒီလူက ကျွန်တော့်ရှေ့က ဖြတ်လျှောက်သွားပြီး စာရေးစားပွဲနောက်က ကုလားထိုင်မှာ ထိုင်ပြီး သူ့ ကွန်ပျူတာခလုတ်ကို နှိပ်လို့ ဖွင့်လိုက်တယ်။ တအောင့်စောင့်မှ ဖေ့စ်ဘုတ်ဆိုတာလား ပေါ်လာပြီး ကြည့်နေတယ်၊ သတင်းတွေ၊ ဓာတ်ပုံတွေကို သူ့ကြည့်နေတယ်။ တချက်တချက် ပြုံးလိုက်၊ ပြန်ကြည့်လိုက်၊ တခုခု ရေးလိုက်နဲ့ အဲဒီလူ အလုပ်တော့ ရှုပ်နေပြန်တယ်။ ဒါဆို ဒီလူ မသေဘူးပေါ့။ ကျွန်တော့် အမြင်တွေ၊ အတွေးတွေ တောက်လျှောက် မှားနေခဲ့တာပေါ့။

ခဏကြာတော့ အဲဒီလူက ရေနွေးတအိုး တည်နေတယ်၊ ရေနွေးရတဲ့အခါ အတော်ကြာနေလောက်မှ အသင့်သောက်သုံးနိုင်တဲ့ ကော်ဖီတခွက် ဖျော်လေတယ်။ သူ ကော်ဖီဖျော်တာက ဘယ်လို ပုံစံလဲ… သိသလား။ ကျွန်တော် တွေ့တာတော့ ကော်ဖီမှုန့် ဖောက်ထည့်၊ ရေနွေး ကြက်သီးနွေး ထည့်ပြီး မွှေလိုက်ရင်ရတဲ့ ကော်ဖီမျိုးလေ၊ ကြာကြာသောက်ရင် ကျန်းမာရေး ထိခိုက်နိုင်တယ်လို့ တခါတခါ ကျန်းမာရေး သတင်းတွေမှာ ဖတ်ရတတ်တဲ့ ကော်ဖီမျိုးပေါ့။

ဒီလူက သူ ကိုယ်တိုင် ဖျော်တဲ့ အဲဒီ ကော်ဖီကို သောက်တဲ့ပြီး ကျွန်တော်တို့ ငယ်ငယ်က စားခဲ့ဖူးတဲ့ ပြည်သူ့ကုန်တိုက်မှာ ၀ယ်လို့ရတဲ့ ကျိုက္ကဆံ ဘီစကစ်လိုမျိုးလေ… ဆယ်ချပ်လောက် ရှိမယ် ထင်ပါတယ်၊ တထပ်ကြီး ထုတ်စားနေတယ်။ ဘီစကစ် စားလိုက်၊ ကော်ဖီ သောက်လိုက်၊ ကွန်ပျူတာ ကြည့်လိုက်နဲ့… သူ့ပုံစံ ကြည့်ရတာ အထပ်ထပ် လေ့ကျင့်ထားပြီး ပွဲပေါင်း ရာထောင်ချီ ကဖူးထားတဲ့ ပြဇာတ်သရုပ်ဆောင် တယောက်လို… ကြည့်ပင်ကောင်းလို့ နေသေးတော့တယ်လို့ ပြောရနိုင်ပါတယ်။

နောက်တော့ မိုးက စုံးစုံးချုပ်သွားတယ်၊ ကွန်ပျူတာ မျက်နှာပြင်က ကန်လင်းနေတဲ့ အလင်းအားဟာ အဲဒီလူရဲ့ မျက်လုံးကို စူးစေတယ် ထင်ပါရဲ့… အခန်းရဲ့ တလုံးထဲတော့ မီးသီးကို လင်းလာအောင် သူ ထဖွင့်လိုက်တယ်။ ကွန်ပျူတာရှေ့ ပြန်ရောက်လာတဲ့အခါ အဲဒီလူက တခြား ၀က်ဘ်ဆိုက်တခုကို ဖွင့်လိုက်တယ်။ အရုပ်တွေ လှုပ်ရှားနေတယ်၊ တခါတခါ အသံထွက်တယ်။ အဆက်မပြတ် လှုပ်ရှားမှုနဲ့ အသံတွေ… ဘာတွေမှန်းကို မသိပါဘူး၊ အဲဒီလူ အဲဒါတွေကို သည်းသည်းမည်းမည်း ကြည့်နေတယ်။ ကျွန်တော်က ဘေးတစောင်း အနေအထားနဲ့ ဆိုတော့ ကောင်းကောင်း မမြင်ရဘူး။

အချိန်လည်း တော်တော်ကြာသွားပြီ၊ ညကလည်း တော်တော်မှောင်မည်းနေပြီ။ အသံကလည်း တခါတခါမှ ဖြတ်မောင်း ခုတ်မောင်းသွားတဲ့ ရထားသံကလွဲလို့ ဘာမှ မကြားရတော့ဘူး။ အပြင်မှာ မိုးလည်း မရွာတော့ဘူး မှတ်ပါတယ်။ ကျွန်တော်လည်း အပြင်ကို မမြင်ရတော့ သေချာမသိဘူးပေါ့။ ဒီလိုနဲ့ ကျွန်တော့်မှာ ရီဝေေ၀နဲ့ အိပ်ချင်သလိုတောင် ဖြစ်လာပြီ။ တကယ်က ကျွန်တော့်အတွက် အိပ်စရာ မလိုဘူးလို့ ထင်တာပဲ၊ အမယ်… ဒီညကျမှ ကျွန်တော့်မှာ ထူးထူးဆန်းဆန်း… လူက အိပ်ချင်သလိုလို ဘာလိုလို…။

ခုနလူရော… ဟုတ်ပ… ခုနလူရော…

အို… အဲဒီလူ သေသွားတယ်၊ ဟုတ်တယ်… သူ သေနေတာပဲ။

ဟင်…

အို့… သူ့ ကွန်ပျူတာက ဖွင့်ရက်ကြီးပါလား။

၂၀၁၂ ဇူလိုင် ၂၅၊ ညသန်းခေါင်။

လန်ဒန်။

by Myo Tha Htet on Wednesday, 25 July 2012 at 21:25·

အသက် ၄၀ မှာ အချစ်ကို တွေ့တယ်၊ ၄၅ မှာ အချစ်က စွန့်သွားတယ်။ ဘာဖြစ်လို့ စွန့်သွားသလဲ…၊ ၂၅ နှစ် အရွယ် ကောင်မလေးနောက် ကောက်ကောက်ပါအောင် သူ လိုက်သွားခဲ့တယ်။ ဒီတော့ ဘ၀မှာ နဂိုနေ ပြန်ရောက်ဖို့ အချိန် တနှစ်ကျော် ပြန်ယူလိုက်ရတယ်။ ဒါပေမဲ့ အချစ်စစ်ကို တခေါက် ထပ်ရှာဖို့ စိတ်ထက်သန်နေတုန်းပဲ။ ဥာဏ်ထက်တယ်၊ အောင်မြင်တယ်၊ ကျန်းမာတယ်၊ ဆွဲဆောင်မှု ရှိတယ်၊ အဲ… ဒါပေမဲ့ တဖြည်းဖြည်း ဟိုင်းလာနေတဲ့ ထက်မြတ်တဲ့ မိန်းမတယောက်ကို ဘယ်သူကများ လိုချင်ပါဦးမလဲ။

မိတ်ဆွေ အပေါင်းအသင်းတွေက တဆင့် အချစ်ကို ရှာဖို့ကလည်း အများစုက ချာတိတ်မ ငယ်ငယ်ကို ကြိုက်တဲ့သူ ကြိုက်၊ မျိုးဆက်သစ် အတွက် ကလေးမွေးဖို့အထိ မျှော်မှန်းသူက မျှော်နဲ့ တကယ့်ကို စိတ်ညစ်ဖို့ ကောင်းပါတယ်။ ဒီတော့ လက်ရှိ ကျွန်မကို အတည်ကြံလို့ ချစ်မယ့်သူရော ရှိနိုင်ပါဦးမလား၊ အသက် ၄၅ နှစ် ကျော်လာတဲ့ မိန်းမတယောက်ဟာ သူ့ကို တကယ် ချစ်မယ့်သူ တယောက်ကိုရော ဒီဘ၀မှာ တွေ့နိုင်ပါဦးမလား။

၄၀ ကျော် မိန်းမတယောက်အတွက် အဖြေ

အချစ်ဟောင်းက ပေးတဲ့ ဝေဒနာကလည်း အတော်ကြီးသကိုးဗျာ၊ ကမ္ဘာကျော် မီတာ ၁၀၀ အပြေးသမား ရွှေတံဆိပ်ဆုရှင် ယူစိန် ဘို့ က သူ့စံချိန်ကို သူ ပြန်မရလို့ ဒုက္ခရောက်နေပုံနဲ့ တူနေပါလားဗျာ။ ပိုပြီး ခက်နေတာက ဘာမဆို ဖြစ်နိုင်တယ် ဆိုတာကိုတောင် ကိုယ်ကိုယ်တိုင်က သိပ်ပြီး မယုံမကြည် ဖြစ်သွားပုံ ရနေတယ်လို့ “ချစ်မှုရေးရာ နည်းပဒေသာ“ စာအုပ်ကို ရေးတဲ့ ဂျိမ်းစ် မက်ကောနယ်ချီ က ပြောပါတယ်။

ဒါပေမဲ့ ထောက်ပြတဲ့ အချက်လေးကတော့ ဒီကနေ့ခေတ် လူ့အသိုင်းအ၀ိုင်းက ယေဘူယျအားဖြင့် လက်ခံထားကြပြီး နှစ်လိုကြတဲ့ ပုံစံမျိုးလည်း ဖြစ်နေပါတယ်။ ဘာတဲ့… ယောက်ျားဆို အာဏာရင်လည်း ရှိမှ၊ ငွေရင်လည်း ရှိမှ မဟုတ်လား။ မိန်းမဆို ချောမှငယ်မှ၊ သားသမီး မွေးနိုင်ဖွားနိုင် ထွားထွားစိုစို နုနုပျိုပျိုဖြစ်မှလို့ ပြောကြတယ် မဟုတ်လား။

မိန်းမတယောက် ချောတယ်လှတယ် တော်တယ်ပြုတယ်ဆိုတာ ဒီမိန်းမဟာ ငယ်လည်းငယ်၊ အိမ်ထောင် သားမွေး ပြုနိုင်တယ် ဆိုတာကိုလည်း ဂုဏ်တရပ် အနေနဲ့ ထည့်တွက်ကြတယ် မဟုတ်လား။ မိန်းမတယောက်ရဲ့ ရုပ်သွင်ကို ကြည့်တဲ့အခါမှာ ခါးသေး ရင်ချီ ပဒုံမနီ ရင်ဖွံ့ထွားထွားနဲ့ သားကောင်းတို့ အမေ ဖြစ်နိုင်လေသလားလို့ တွက်ဆကြပုံကိုလည်း မက်ကောနယ်ချီက ပြောပါတယ်။

ဒါပေမဲ့ သေချာတာတခု ပြောနိုင်တာကတော့ အသက်အရွယ် ၄၅ ကျော်လို့ မတော်တဲ့ အရွယ်၊ တဆိတ်ဟိုင်းလို့ဆိုလည်း တခါ ဘဏ်စာရင်းမှာ ငွေမရှိ၊ ယောက်ျားကြိုက် ဘရာဆိုဒ် မဟုတ်ပေမယ့်လည်း အချစ်ဆိုတာကတော့ တွေ့နိုင်သားလို့ သူက ဆက်ပြောပါတယ်။

ကျွန်တော် သိသလောက်တော့ တချစ်၊ နှစ်ချစ်၊ သုံးချစ် စသဖြင့် အချစ်ကို သုံးလေးခါ ချစ်ဖူးခဲ့ကြသူတွေဟာ ဘ၀မှာ လက်ကျန် အချိန်တွေကို ဘယ်လို ကောင်းကောင်း အသုံးချရမလဲ၊ ဘယ်လို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး နေကြမလဲ ဆိုတာကို သိသူတွေပါလို့ “ကျားရဲ့ ကမ္ဘာ“ စာအုပ် အပါအ၀င် အချစ်၊ အလွမ်း၊ အကြမ်း ၀တ္ထုစာအုပ် တဒါဇင်ကျော် ရေးခဲ့တဲ့ ရူးပတ် စမစ် က ပြောပါတယ်။

သူ့သူငယ်ချင်းမ တယောက်ဆို ငါးဆယ်ကျော်မှ ကံပေါ်တယ်လို့ ဆိုချင်လည်း ဆိုစရာတဲ့၊ စိတ်တူကိုယ်တူ မိတ်ဆွေတယောက်ကို ဆုံခဲ့မိလို့ အဲဒီ အတွဲဆို ဆယ်ကျော်သက်တွေလို ပျော်လိုက်ရွှင်လိုက် တွဲလိုက်ကဲလိုက်သမှ လေးငါးနှစ်တောင် ချီလာပြီလို့ စမစ် က ပြောပါတယ်။

ဆက်ဆံရေး ပါရဂူ ဒေါက်တာ စစ္စလီယာ ဒီ ဖလစ်ကတော့ “၂၁ ရက် အတွင်း လူအသစ် တယောက်လို“ ဆိုတဲ့ ဖတ်ရှုပြီး ကိုယ်တိုင် လိုက်နာ ကျင့်ကြံနိုင်တဲ့ လူမှု ဆက်ဆံရေး စာအုပ်ကို ရေးခဲ့သူပါ။ လူတယောက်ကို ဘယ်လိုလူမျိုး ဖြစ်မလဲ ဆိုတာကို သိချင်ရင် သူ အရင် ဘာတွေ လုပ်ခဲ့သလဲ ဆိုတာကို လေ့လာကြည့်ပါလို့ ဒေါက်တာ စစ္စလီယာ က ပြောပါတယ်။

(ချို(ဂျို)ပါတဲ့ အကောင်က ဝှေ့နေတတ်သလို) အချစ်ကို တွေ့ဖူး၊ ခံစားဖူသူဟာလည်း နောက်တခါ ထပ်ပြီး ချစ်နိုင်၊ ခံစားနိုင်တာမျိုးပါလို့ သူက ဥပမာ ပေးပါတယ်။ ကိုယ်ကိုယ်တိုင်က ငါဟာ အချစ်သစ်ရှာဖို့ သိပ်ကို ကြီးလွန်းသွားပါပြီလို့ ထင်မှတ်နေရင် အချစ်သစ်ကို မတွေ့နိုင်တဲ့ ကမ္ဘာထဲ ရှင်သန်နေဖို့ ကိုယ့်ကိုယ်ကိုယ် ထည့်သွင်းထားသလို ဖြစ်နေမယ်လို့ စိတ်ပညာရှင်လည်း ဖြစ်တဲ့ ဒေါက်တာ မမက ပြောပါတယ်။

အပြင်မရှာခင် အတွင်းကို အရင်ကြည့်၊ သူများကို ထပ်မချစ်ခင် ကိုယ့်ဘာသာ အရင်ပြင်ဆင်ထားဖို့ကိုလည်း ဒေါက်တာ စစ္စလီယာ က ထောက်ပြပါတယ်။

အသက် ၄၀ မှာမှ အချစ်ကို တွေ့ခဲ့တယ်လို့ ပြောတယ်၊ ဘာကြောင့် ဒီလောက်အထိ စောင့်နေခဲ့တာလဲ၊ ကိုယ့်ကို ဘယ်သူကမှ မကြိုက်ကြဘူးလို့ ထင်နေခဲ့တာလားလို့ ဒေါက်တာ မမက ပုစ္ဆာရှင်ကို မေးခွန်း ထုတ်လိုက်ပါတယ်။ ကိုယ့်ဟာကိုယ် ကိုယ့်အတွေးထဲ ဘာကြောင့် ဖွက်နေမှာလဲ၊ ဘာကြောင့် အိုမှာကို ကြောက်နေသလဲလို့လည်း မေးရင်း တွန်းပေးပါတယ်။

ကိုယ့်ဘာသာ ကျေနပ် ပျော်ရွှင်နေတတ်တဲ့ သူတယောက် အတွက်ကတော့ အချစ်ဆိုတာ ရှာရခက်နေဦးမှာပဲလို့ သူက ထောက်ပြ သတိပေးခဲ့ပါတယ်။

ကဲ… အပေါ်မှာ ပြောခဲ့တာတွေ အားလုံးကို နားလည်ပြီး ဖြေရှင်းနိုင်မယ် ဆိုရင်တော့ အချစ်ရှာဖို့ သဘောထား အသစ် ရလာလိမ့်မယ်လို့ တနေ့ကို ယောက်ျား ၆၀ လောက်နဲ့ တယ်လီဖုန်းကနေ အခယူပြီး ချက်တင် ပြောပေးနေတဲ့ ဂျန်နီ အိန်းစလီ တန်နာက ပြောပါတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ မိန်းမမျိုးကိုတော့ ယောက်ျားတွေက သဘောကျကြပါတယ်၊ အဲ…မောက်မာတာ၊ အဆိုးမြင်တာကိုတော့ မကြိုက်ကြဘူးလို့ ဂျန်နီက ပြောပါတယ်။

ဒီတော့ ရှင်းရှင်း အကြံပေးရရင် ဘ၀ကို တစ်က ပြန်စပါ၊ လူတွေကြားမှာ နေပါ၊ ပွဲတွေ တက်ပါ၊ သူငယ်ချင်း မိန်းမချင်း နေတာကို လျှော့ပြီး ကိုယ်နဲ့ စိတ်တူတဲ့ လူတယောက်ကို မြန်နိုင်သမျှ မြန်မြန်ရှာပြီး မျှဝေ ခံစားပါ။ နူးညံ့စွာနဲ့ ပွေ့ဖက်လာမယ့် သူ့လက်တစုံကြောင့် ကိုယ့်ပခုံးလေးက ဂုဏ်ယူနေပါစေ (ရှင်းရှင်း ပြောရရင် များများ အဖက်ခံပါလို့ ပြောတာပါ) လို့ သူက ဆက်ပြောပါတယ်။

ယောက်ျားဘသား အများစုကတော့ မိန်းမငယ် မိန်းမချောတွေကို ကြိုက်ကြတာပါ၊ အဲ… ကိုယ်က အဲဒီ အများစုထဲ ပါနေဖို့ မလိုပါဘူး။ တကယ်လိုတာက တခုထဲပါ။ အသိဥာဏ် ထက်မြတ်တဲ့၊ အောင်မြင်နေတဲ့၊ ကျန်းမာတဲ့၊ ဆွဲဆောင်မှုရှိတဲ့ မိန်းမတယောက်ကို ရလိုက်တဲ့ ငါကွလို့ အမြဲ ဂုဏ်ယူနေတတ်မယ့် ယောက်ျားတယောက်ကို တွေ့လိုက်ဖို့ပါလို့ မက်ကောနယ်ချီ က ပြောပါတယ်။

၂၀၁၂ ဇူလိုင်၂၅၊ ည ၉ နာရီ။

လန်ဒန်။

ရည်ညွှန်း- London’s Metro Newspaper, Monday, July 23, 2012.

by Myo Tha Htet on Tuesday, 24 July 2012 at 22:07·

လန်ဒန်နွေက ပူလှပါတယ်။ ဒီနေ့ဆို အတော်လေး ပူပါတယ်၊ ၃၀ ဒီဂရီ စင်တီဂရိတ်တော့ အပျော့ ရှိမယ်လို့ ကဖိုးမှတ် (ကိုဖိုးမှတ်) တွေးလိုက်တယ်။ ဒီထက်ပိုပူတာက ဟဒယထဲ လောင်မြိုက်ပူနေတာ ဖြစ်ပါတယ်။ နေရထိုင်ရ ခက်လှသဗျာလို့ ညည်းချည်းနေတယ်။ ဘာနဲ့ တူသလဲဆိုတော့ တိုင်းရေးပြည်ရေးကို ဦးစီးဦးဆောင် လက်သီးလက်မောင်းတန်း ဆောင်ရွက် လုပ်ကိုင်နေတဲ့ နိုင်ငံရေး ခေါင်းဆောင်တဦး သူ့ သမီးချော လင်နောက် လိုက်သွားလို့ တအုံနွေးနွေး ခံစားနေရသလို ဖြစ်နေတယ်။

ဒီလိုမှ မျက်လုံးထဲ မပေါ်သေးဘူးဆိုလည်း တိုက်ပွဲတွေ အလီလီ အောင်ထားတဲ့ ရန်ဆိုးရန်ညှောင့်၊ လူဆိုး သူခိုးတွေကို ဓားချက်အောက် အသက်ပျောက်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ သူရဲကောင်းကြီးတယောက် ပိုးဟပ်ဖြူ တွေ့လို့ ထခုန်လိုက်တာကို မြင်ကြတဲ့ ငယ်သားတွေက အသံမထွက်၊ ကြိတ်ပြီး ပြုံးရယ်ကြတာကို မခံစားနိုင်ဘဲ အရှက်သလို ဖြစ်နေတာမျိုးလို့ ကဖိုးမှတ် နောက်တမျိုး တွေးကြည့်တယ်။ ဘယ်တခုမှ မကောင်းဘူး၊ စိတ်ညစ်ဖို့ပဲ ကောင်းတယ်။

ကိုဖိုးမှတ် လန်ဒန်ရောက်လို့ ဘာမှ မကြာပါဘူး၊ သူများ အားလပ်ရက် ခရီးထွက်ကြတယ်ဆို သူ လိုက်ထွက်ချင်တယ်။ သူများတွေ ဒီဇိုင်နာ (နာမည်ကျော် ကုန်အမှတ်တံဆိပ်ပါ အ၀တ်အထည်) မှ ၀တ်တယ်ဆို သူ လိုက်ဝတ်ချင်တယ်။ သူများက ဒီလိုဆိုင်မှာ စားတယ်ဆို သူ လိုက်စားချင်တယ်။ ဟိုလို ဒီလို နိုင်သလောက် လုပ်ပြီးနောက်မှာ သူများတွေ ကိုင်ကြတဲ့ လပေး နှစ်ချုပ် ကန်ထရိုက်ဖုန်း တလုံး သူ ၀ယ်ကိုင်လိုက်တယ်။ တလကိုတော့ နည်းနည်းချင်းပေးပေါ့၊ သတ်မှတ်ကာလက နှစ်နှစ် ကန်ထရိုက် စာချုပ် ချုပ်ရတယ်။

လန်ဒန်ဆိုတာတော့ သိတော်မူကြတဲ့အတိုင်း ဒီမိုကရေစီ ဘိုးအေကြီး ဖြစ်တဲ့ ဗြိတိသျှတို့ရဲ့ မြို့တော်၊ အရင်းရှင်းတွေ စီးပွားဖြစ်တဲ့ မြို့တော်၊ တကမ္ဘာလုံး စီးပွားကပ်ဆိုက်လို့ ဖြူကာပြာကာ ကျတာတောင်၊ ဘဏ္ဍာရေး အဖွဲ့အစည်းကြီးတွေ ယိုင်ထိုး ပြိုဆင်း မသွားအောင် အစိုးရတွေက ကျားကန် ကူထောက် ပေးတာကိုတောင် အဲဒီ အနှီ ဘဏ်သူဌေးကြီးတွေက ရသင့်ရထိုက်တဲ့ အပိုဆုကြေးငွေတွေကို တနင့်တပိုး ခံစားကြလို့ မီဒီယာတွေက ဆဲဟယ်ဆိုဟယ်နဲ့ ထောက်ပြ ဝေဖန်ရပါကောဗျာ၊ ကဖိုးမှတ် အဲဒါတွေကိုလည်း သတိလည် အမှတ်ရလာပြီး ဒေါသက ထွက်လာပြန်တယ်။

“သိတဲ့အတိုင်းပေါ့လေ၊ ဒီမိုကရေစီ ကျင့်သုံးတယ် ဆိုတော့ကာ လူ့အခွင့်အရေးကလည်း အပြည့်အ၀ ရတာကိုး… လူ့အခွင့်အရေးတို့၊ လူမျိုးရေး ခွဲခြားမှုတို့ နည်းနည်းလေးမှ သွားမထိပါးလိုက်နဲ့… ကွိကနဲ အဖမ်းအဆီးတောင် ခံရကိန်း ရှိတယ်လို့ မှတ်ရမယ်ကွဲ့… ကဖိုးမှတ်ရဲ့…“ စနစ်က အဲဒီလိုပါ… ဆရာတော်ကြီး တရားဟောနည်းနဲ့တောင် သင်ပေးလိုက်လို့ ရသေးတယ်။ ဒီမိုကရေစီ မရှိ၊ လူ့အခွင့်အရေး မဲ့တဲ့ ခေတ်ကာလမှာ မွေးဖွားလာခဲ့တဲ့ ကဖိုးမှတ်လည်း ဒါတွေကို အရှင်းအလင်း ဘယ်သိပါ့မလဲလေ၊ သူလည်း အဲဒါတွေကို ကြိုက်တယ်ဆိုတာပဲ သိတဲ့လူပါ၊ ဘယ်လို ထဲထဲဝင်ဝင် အရသာခံ ကြိုက်ရတယ် ဆိုတာမျိုးတော့ ဘယ်သိပါ့မလဲလေ။

အခုတော့ အရသာ တွေ့ပြီ၊ အရသာက တကယ့် အရသာပါပဲ။ ကောင်းမှကောင်းလို့ အော်နေရအောင် ကောင်းတဲ့ အရသာပါပဲ။ ခုန ပြောခဲ့တဲ့ ဘဏ်စနစ်တွေက ကောင်း၊ ခေတ်မီ ဆက်သွယ်ရေးဖြစ်တဲ့ ဆန်းပြား ခေတ်မီတဲ့ လက်ကိုင်တယ်လီဖုန်း၊ မြန်ဆန် လွယ်ကူတဲ့ အင်တာနက် ဆက်သွယ်ရေး ဘာလေး လိုချင်ချင်၊ ဘာလေး ၀ယ်ချင်ချင် တယ်လီဖုန်းလေး တချက်ထိုး၊ ကွန်ပျူတာလေး တချက်ခေါက်နဲ့ ရနိုင် သုံးနိုင်နေတဲ့ ခေတ်ကိုး…၊ အထာ မကျသေးလို့ ဆိုင်တွေအထိ ခြေတိုအောင် သွားလာ လှည့်ပတ် ကြည့်ရှုပြီးမှ ၀ယ်တတ်တဲ့ ကဖိုးမှတ်တောင် တယ်လီဖုန်းကနေ မှာတာတို့၊ အွန်လိုင်းကနေ ၀ယ်တာတို့ ဖြစ်လာခဲ့တယ်။

အရင်းရှင် ဘဏ်အကြောင်း အရင် ပြောသင့်တယ်။ စီးပွားတွေကျလို့ လုပ်ငန်းတွေရပ်၊ အလုပ်သမားတွေ လျှော့ချိန်မှာ စံချိန်တင်တောင် အမြတ်တွေ ရခဲ့တာကတော့ ဘဏ်ကြီးတွေပါပဲ။ တလောကဆို ဘဏ်ဘဏ်ချင်း ချေးငွေနှုန်းတွေကို အမျိုးမျိုးယူပြီး ကစားခဲ့ကြလို့ ဘဏ်ဝန်ဆောင်မှု ယူသူတွေအထိ နစ်နာကိန်းတွေ ရှိလာတာမို့ နိုင်ငံတကာဘဏ်ကြီး တဘဏ်ဖြစ်တဲ့ ဘာကလေဘဏ်က ဘဏ်သူဌေးတွေ တယောက်ပြီးတယောက် နုတ်ထွက်ရပါရောလား။

ကဲ… သတင်းပြောတာထက် အရင်းကျတဲ့ ကဖိုးမှတ် အကြောင်း ဆက်ရရင် ကဖိုးမှတ်လည်း တခါက ဟောလီးဒေးထွက်ရင်း ညဘက် အပျင်းထတာမို့ ဒင်းက… အွန်လိုင်းကနေ ဟိုဒင်းဟိုဟာတွေ ကြည့်သတဲ့၊ တခါကြည့် တပေါင်… အရင်းကလည်း မများလှတာမို့ ကြည့်ပြီးမှတခါ ခြောက်လကြာ တလ ပေါင် ၂၀ လောက် သူ့ငွေစာရင်းထဲကနေ ဖြတ်ယူနေတာနဲ့ သိတဲ့အခါ ဘဏ်ကို သွားပြောတော့ ၀န်ဆောင်မှု ပေးသူက ကဖိုးမှတ်ဆီကနေ ပိုက်ဆံ ဆက်မယူတော့ပါဘူးပြောမှ သူတို့ဘဏ်က လစဉ် နုတ်ပယ်နေတာတွေကို ရပ်ဆိုင်းမယ်လို့ ဘဏ်က အကြောင်းပြန်ပါသတဲ့။

ဒါနဲ့… ငါက မင်းတို့ ဘဏ်ဝန်ဆောင်မှု ယူထားတဲ့ ကပ်စတန်မာ၊ ငါက ဒီဆိုက်တွေ ငါ့ဆီက မတရား အလကား ပိုက်ဆံယူနေတာမို့ ရပ်လိုက်ပါလို့ ပြောတာတောင် မင်းတို့က မရပ်နိုင်ပါဘူး၊ တပါးသူ မကျေနပ်ဘဲ ဒီလို လုပ်လို့ မရပါဘူး၊ ဘာညာနဲ့ ပြောနေတာ တရားသလားကွ… ဘာညာနဲ့ ခုနစ်သံချည်ဟစ်မှ ပွန်းဆိုက်ကို လိမ်ညာလှည့်ဖြားသူလို့ လက်ခံပြီး လျှို့ဝှက်နံပါတ် ပြောင်းထားတဲ့ ဘဏ်ကတ်ကို ပြောင်းပေးခဲ့ပါသတဲ့။ အဲဒီလို ဒီမိုကရေစီနိုင်ငံမို့ လက်ဖျားခါရတယ်လို့ ကဖိုးမှတ် တခါက မကျေမချမ်း ပြောဖူးတယ်။

အခုတော့ အစောက ပြောခဲ့သလို လူတွင်ကျယ် လုပ်ချင်လို့ နှစ်ချုပ် လပေး ကန်ထရိုက်ဖုန်းလေး ၀ယ်ကိုင်လိုက်တာ နှစ်နှစ်စေ့ရော ဆိုပါတော့လေ၊ နှစ်နှစ်လည်း စေ့ရော အရင်းရှင် စီးပွားရေး ဈေးကွက် လည်လိုက်သမှ ပါးနေတာဆိုတော့ တရက်တောင် အစွန်း မခံဘူး၊ ဖုန်းကို ဖြတ်ပစ်လိုက်ပါလေရော… တင်ကြိုလည်း စာလေးနဲ့တောင် အကြောင်းမကြားဘူး။ ကဖိုးမှတ်လည်း ဖုန်းမရတော့မှ လန့်ဖြန့်ပြီး စုံစမ်းကြည့်တော့ အမယ် သူ့ဖုန်းကို အပ်ဂရိတ် (အဆင့်မြှင့်တင်) လိုက်သတဲ့။

ဘယ်သူက မြှင့်တင်လိုက်တာလဲလို့ သူ ၀န်ဆောင်မှု ရယူသုံးစွဲနေတဲ့ မိုဘိုင်းလ် ၀န်ဆောင်မှုပေးတဲ့ အောရင့်မိုဘိုင်းလ် ၀န်ဆောင်မှုကို ကဖိုးမှတ် မေးကြည့်တော့မှ သူကိုယ်တိုင်ပဲလို့ သိလိုက်ရပါတယ်။ ဒီတော့ ကဖိုးမှတ်လည်း သူ မယူတဲ့ အကြောင်း၊ ဘာ အပ်ဂရိတ်မှ မလုပ်တဲ့ အကြောင်းတွေ ငြင်းရ၊ ရှင်းရတော့တာပေါ့။ သူ့နာမည်၊ သူ့အကောင့်နဲ့ ယူသွားတာကလည်း ကြည့်ပါဦး၊ အိုင်ပက်က တလုံး၊ အိုင်ဖုန်း ဖိုး က တလုံးတဲ့။ ကဖိုးမှတ် မျက်လုံး၊ မျက်ဆံ ပြူးထွက် ကျယ်ပြော သွားတာများ… မြင်လို့တောင် မကောင်းပါဘူး။

ဒါနဲ့ ကဖိုးမှတ်လည်း တောင်မင်းမြောက်မင်း ကယ်ပါဦးလို့ လုပ်တာပေါ့လေ။ ခမျာလေး ကြည့်ရတာ “အားပေးကြပါဦးရှင်၊ အကိုကြီးများရဲ့ မိမော်လွင်“ အကလေးနဲ့လိုပေါ့လေ။ ဟိုဘက်ပြေးလိုက်… မေးလိုက်၊ ဒီဘက် ပြေးလိုက် တွေးလိုက်နဲ့… ငါ့ဟာတွေတော့ ကုန်ပါပြီပေါ့ ဆိုတဲ့ အထာမျိုးနဲ့… အတော်လေး သနားစရာ ကောင်းနေပါတယ်။ အော်… ဥစ္စာဓနများ… တယ်ကြောက်ဖို့ ကောင်းပါလားလို့… နည်းနည်းလေးများ ဖဲ့ပါသွားတာကိုများ ခံစားနေလိုက်တာ ကြည့်လို့တောင် မကောင်းပါလား ကဖိုးမှတ်ရယ်လို့ ပြောယူရနိုင်ပါတယ်။

ကဖိုးမှတ် မိတ်ဆွေတွေကလည်း အားပေးရှာပါတယ်။ “ဟုတ်တယ်ကွ… ဒီမိုဘိုင်းလ်ဖုန်း ၀န်ဆောင်မှု ပေးတဲ့ ကုမ္ပဏီတွေက နှစ်ဘက် ချုပ်ထားတဲ့ ကန်ထရိုက် ကုန်သွားလည်း ကန်ထရိုက်ကို ဆက်သွားနေတတ်တယ်၊ လှမ်းသာ မပိတ်ရင် ကန်ထရိုက်အသက် ဆက် ရှင်နေသလို ဖြစ်နေလိမ့်မယ့် ကိုယ့်လူ…“လို့ ပြောသူက တမျိုး ဝေဖန်ချက်ပေးတယ်။

ဒါဆိုလည်း ဘယ်သူမှန်းမသိ ယူသွားသူအတွက် လစဉ် ကိုယ့်အကောင့်ထဲက ဖြတ်လာတော့မယ့် ငွေအတွက် မယူနိုင်အောင် ဘဏ်ကနေ ပိတ်ပင်တားမယ်ဆိုရင်ကော… ကဖိုးမှတ် အမေး… သူ့ပါးစပ်မှ မစေ့ခင်ကို “အဲဒီလိုလည်း အရမ်းမလုပ်နဲ့ မောင်ရင်… အကျေအလည် ရှင်းပြီးမှ ကိုယ့် အကောင့်ထဲက မဖြတ်နဲ့တော့လို့ ပြောမှ ဖြစ်လိမ့်မယ်၊ ရမ်းပြီး ကြိုပိတ်လိုက်လို့ အရင်းသာမက အတိုးပါ ပေးနေရမယ်၊ ကန်ထရိုက် စာချုပ်လေးလည်း ပြန်ဖတ်ပါဦး“ လို့ အကြံပြုတာက တဖုံနဲ့မို့ နဂိုကမှ နွေနေပူမှာ ခေါင်းခြောက်ခြောက် လူကြောက်ကြောက် ဖြစ်နေတဲ့ ကဖိုးမှတ်မျက်ခွက် ဆီးရွက်တောင်မဟုတ်၊ ဆီးစေ့လောက် ရှိတော့သာရယ်ပေါ့။

ဒါနဲ့ နောက်ဆုံးတော့ အောရင့် မိုဘိုင်းလ် ၀န်ဆောင်မှု ကုမ္ပဏီကို အကြိမ်ကြိမ် တယ်လီဖုန်းဆက်၊ စက်သမား (အသံသွင်း ဖြေကြားစက်) နဲ့ အကြိမ်ကြိမ် ပြောပြီးနောက် ၀ိပဿနာ တရားထူး ပေါက်နိုင်လောက်အောင် အလွန်တရာ စိတ်ရှည်ပါမှ လူသား စင်စစ်နဲ့ စကားပြောခွင့် ရတဲ့အခါ ကဖိုးမှတ်က ဒီလို ပြောရှာသတဲ့။

“ငါက မဟုတ်တာ လုပ်တာကို ခံရတာကွ၊ ငါလည်း ကန်ထရိုက် သက်တမ်းတိုးတာ မဟုတ်ဘူး။ ဘာပစ္စည်းမှလည်း ထပ်မရပါဘဲ မင်းတို့က ငါကပဲ သက်တမ်းတိုးတယ်၊ ပစ္စည်းကလည်း နှစ်ခုတောင် ယူသွားတယ်လို့ ပြောနေတော့ ရဲတိုင်မယ်“ လို့ ကဖိုးမှတ်က ကြံရာမရ ဖြစ်တဲ့အခါ အဲဒီလို ထုတ်ကြိမ်းလိုက်သတဲ့။

အောရင့် မိုဘိုင်းလ် သုံးစွဲသူ ၀န်ဆောင်မှု ပေးသူကလည်း “သူလည်း ဘာမှ မတတ်နိုင်ဘူး၊ လိမ်ညာခံရတဲ့အတွက် စုံစမ်း စစ်ဆေးရေး ဌာနကို သတင်းပို့ပေးမယ်၊ လတ်တလောမှာတော့ သူ လုပ်ပေးနိုင်တာ ဒါ အကုန်ပဲ… ခုန ဆရာသမား ပြောသလို ရဲစခန်း သွားမယ် ဆိုလည်း ကောင်းပါတယ်၊ သွားတိုင်ပါ“ လို့ ပင့်မ ပေးလိုက်လေတော့ “ယောက်ျားစကား… ထွက်ပြီးသား နှုတ်ထွက်၊ တည်ရမယ်ဟေ့“ လို့ ကဖိုးမှတ် ကြွေးကြော်မိသတဲ့။

တခုကလည်း ဒီလန်ဒန်ရဲတွေဟာ အတော်အားကိုးရတယ်လို့ ကဖိုးမှတ်က မှတ်ထင်ထားတာကိုး…၊ အဲ… မှတ်သာ ထင်တယ်၊ တကြိမ်ကလည်း အချိုးအပိုး မကျတဲ့ပုံ ပေါက်ခဲ့လို့လား မသိ၊ ကဖိုးမှတ် လန်ဒန်မှာ ရဲဆွဲတာ တခါ ခံရသေးတယ်။ အဲဒီတုန်းက အကြမ်းဖက်သမားတွေ လန်ဒန်ရောက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတုန်းပေါ့။ အင်း… ပြီးခဲ့တာတွေ… ပြီးပါစေလေ… အခုကတော့ တကယ့်ကို အကူအညီ လိုနေပြီ၊ အောရင့်မိုဘိုင်းလ် သုံးစွဲသူ ၀န်ဆောင်မှု ပေးသူကလည်း ရဲစခန်း သွားလိုက်ပါလေလို့ ချွန်ထားလေတော့ အားကိုးတကြီးနဲ့ နီးရာရဲစခန်း စုံစမ်းမေးမြန်းလို့ ကဖိုးမှတ် သွားလိုက်သေးလို့ ဆိုပါတယ်။

ရဲစခန်းရောက်တော့ သူ့ရှေ့မှာက တိုင်ကြားနေသူ မိသားတစုရယ်၊ မြို့လယ်မှာ ဈေးဝယ်နေရင်း မုန့်စားနေတုန်း အိပ်ပျောက်သွားတဲ့ ခရီးသွားတစုရယ်၊ လင်စုံမယားဘက် လန်ဒန်အလည်ထွက်ရင်း မိန်းမပျောက်သွားလို့ တယောက်ထဲ ယောင်လည်လည်နဲ့ ဘယ်မှလည်း မသွားတတ်၊ အင်္ဂလိပ်စကားလည်း မပြောတတ်တဲ့ ဘရာဇီးက အဖိုးကြီးတယောက်ရယ်၊ အဖိုးကြီးကို ကူပေးနေတဲ့ အင်္ဂလိပ်စကားတတ်ပြီး ဘရာဇီး အဖိုးကြီး ပြောတတ်တဲ့ ပေါ်တူဂီစကားကို မတတ်တဲ့ အင်္ဂလိပ် မဟုတ်တဲ့ ဥရောပ အရှေ့ပိုင်းက အမျိုးသမီး တယောက်ရယ်နဲ့ မစည်ကားသင့်တဲ့ နေရာလို့ မြန်မာတို့ ယူမှတ်တတ်ကြတဲ့ ရဲစခန်းလေးဟာ လူမျိုးစုံ၊ ဘာသာစကားစုံ၊ အရှုပ်ထုပ်အစုံနဲ့ ရှုပ်ရှုပ်ထွေးထွေး ရပ်ဝန်းလေးတခု ဖြစ်နေခဲ့ပါတယ်။

ရုံးအဆင်း ညနေစောင်းမှာ ရဲစခန်း ရောက်သွားခဲ့တာမို့ အဲဒီအချိန်မှာ တာဝန်ကျနေသူတွေကတော့ ရဲ၀၀ အမျိုးသမီးချည်း သုံးဦးဖြစ်ပြီး၊ တဦးကတော့ ယောက်ျားလျာ (ယောက်ကျယှာလို့ အသံထွက်ပါတယ်) ပုံစံပေါက်ပါတယ်။ သူတို့ရှေ့က အင်္ဂလိပ်စကား မတတ်တဲ့သူတွေအတွက် ကမ္ဘာ့မြို့တော်ကြီး ဖြစ်တဲ့အတိုင်း ရဲစခန်းက စကားပြန် လှမ်းခေါ်ပေးပေမယ့်လည်း ရတဲ့ပုံ မပေါ်ပါဘူး။ အိတ်ပျောက်တဲ့ အမျိုးသမီးအုပ်ကလည်း တယောက်ထဲသော အင်္ဂလိပ်စကားတတ်သူ အမျိုးသမီး အကူအညီနဲ့ ဘယ်နားမှာ ပျောက်ခဲ့တယ်၊ အိတ်က ဘယ်လိုပုံစံ၊ ဘာညာ ပြောဆို တိုင်ကြားပြီး ပြန်သွားကြတယ်။

ဘရာဇီး အမျိုးသားကြီးကလည်း ဘာစကားမှ မပြောတတ်လေတော့ သူ့အိတ်ထဲ ပါလာတဲ့ တည်းခိုခန်းသော့ရယ်၊ တည်းခိုခန်းက ယူလာပုံရတဲ့ လန်ဒန်မြို့တွင်း နေ့ချင်းသွားလာလည်ပတ်နိုင်တဲ့ နေရာတွေကို ပြောထားတဲ့ ကြော်ငြာစာရွက်တွေ ထင်ပါတယ်၊ အဲဒါတွေကို ထုတ်ပြပြီး အကူအညီ တောင်းနေတော့ ရဲမေတယောက်က အဖိုးကြီး တည်းနိုင်ပုံရတဲ့ တည်းခိုခန်းတွေကို တယ်လီဖုန်း တောက်လျှောက် ဆက်နေပါတယ်။

ဒါပေမဲ့ ရဲတွေ လုပ်ကိုင်နေပုံတွေ အားလုံးက အလျှင်လိုခြင်း အလျဉ်းမရှိဘဲ အေးအေးဆေးဆေးပါပဲ၊ မျက်စိထဲမြင်အောင် ပမာထပ်ပြရရင် မြန်မာရဲတွေနဲ့ အတူတူပဲလို့ ကဖိုးမှတ် ခံစားလိုက်ရတယ်။ သူ့အလှည့်ရောက်ဖို့ မိနစ် ၂၀ မက စောင့်လိုက်ရတယ်။ တလောတကြီး လုပ်ကိုင်ဆောင်ရွက်တတ်တဲ့ ကဖိုးမှတ်အတွက် တကမ္ဘာလောက် ကြာသွားတယ် အောက်မေ့ရတယ်လို့ ဆိုပါတယ်။

ရဲမေဆီမှာ တိုက်ချက်ဖွင့်ပုံရတဲ့ မိသားစု ပြန်သွားလို့ ချက်ချင်းဝင်လိုက်တော့ ရဲမေက အေးအေးဆေးဆေးပုံစံနဲ့ “ငါ… အဆင်သင့် မဖြစ်သေးဘူး၊ ငါ ခေါ်မှ ၀င်လာပါလို့“ ပြောပြန်လို့ တအောင့်နေမှ ၀င်ရတဲ့အခါ ကဖိုးမှတ်မှာ “ကူညီပါရစေ“ လို့ ဆောင်ပုဒ်ထောင် ကူညီတတ်တဲ့ မြန်မာ့ရဲသားကြီးတွေကို ပြန်လည် လွမ်းဆွတ် မြင်ယောင်လာခဲ့တယ်လို့ ပြောပါတယ်။

ရဲမေမမ အခေါ်လွှတ်မှ ခစားသလို ၀င်ရောက်ခဲ့ရတဲ့ ကဖိုးမှတ်ဟာ ရဲမေနဲ့ ၁၅ မိနစ်လောက် စကားတွေ ပြောခဲ့ရပေမယ့် အဆင်မပြေဘူးလို့ ဆိုပြန်ပါတယ်။

“ဘာဖြစ်သလဲ ဆရာသမား၊ ဘာကူညီရမလဲ“

ရဲမေမမက အဲဒီလို ကူညီပါရစေလို့ မေးလာတဲ့အခါ ကဖိုးမှတ်က အခုလို ဇာတ်စုံခင်းသတဲ့။

“ကျွန်တော့် နာမည် ကဖိုးမှတ်ပါ၊ စက်ဝိုင်းနားမှ လုပ်ပါတယ်။ ဖုန်းတလုံးကို နှစ်နှစ်သုံးတယ်၊ အခုတော့ အသစ်တိုးလာတယ်။ အဲဒီ ကန်ထရိုက် ကျွန်တော် မတိုးပါ၊ ရှင်းရှင်းပြောရင်… အိုင်ပက် တလုံးနဲ့ အိုင်ဖုန်း တလုံး ကျွန်တော် မသိဘဲ ပါသွားတယ်“ လို့ ရက်ပါ မျိုးကျော့မြိုင် အလိုက်နဲ့ တောက်လျှောက်ကို ရှင်းပြလိုက်သတဲ့။

ရဲမေမမ ၀၀လှလှက သေချာ နားထောင်ပြီး မင်း ပိုက်ဆံ ပါသွားပြီလားလို့ ကဖိုးမှတ်ကို မေးတယ်၊ အောရင့် မိုဘိုင်းလ် ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီကိုလည်း ဆက်ပြီးပြီလားလို့ မေးတယ်၊ အိုင်ပက်နဲ့ အိုင်ဖုန်း မင်းယူသလားလို့လည်း ထပ်မေးတယ်။ ကဖိုးမှတ်ကလည်း အဖြေတွေ အားလုံးကို နိုးလို့ ဖြေလိုက်တယ်တဲ့။

“အေးလေ… ဒါဖြင့် မင့် အပြစ်မှ မဟုတ်တာ… အောရင့်နဲ့ ဆိုင်တဲ့ ကိစ္စပဲ။ ဒါ ရဲ အလုပ်လည်း မဟုတ်ဘူး၊ ရဲကလည်း ဘာမှ လုပ်လို့ မရဘူး“ လို့ ပြောတယ်။ ကဖိုးမှတ်ကိုလည်း ပြန်စေချင်ပုံရတယ်တဲ့။

ကဖိုးမှတ်ကလည်း အလုပ်ကြီး အကိုင်ကြီး လုပ်တဲ့သူဆိုတော့ ဘယ်ခံပါ့မလဲ။ ပြန်ပက်တာပေါ့။

“အေး… မင်းတို့ကို အားကိုးတကြီးနဲ့ ငါ လာခဲ့တာ… အခုက ငါ့မှာက ကူကယ်ရာမဲ့ ဖြစ်နေတယ်။ ဘာပစ္စည်းမှလည်း ငါ မယူဘူး၊ ဘာကန်ထရိုက်မှလည်း ငါ မချုပ်ဘူး၊ အခုတော့ ငါ့ အကောင့်ထဲက ပိုက်ဆံတွေ တလတကြိမ် အလှူကြီးပေးသလို ထွက်တော့မယ်၊ ငါ ပထမ သတင်းပေး တိုက်ချက် (အက်ဖ်အိုင်အာ) ဖွင့်လို့ မရဘူးလား“

ရဲမေမမ စိတ်ရှုပ်ထွေးသွားတယ်။ ပြီးတော့ ကဖိုးမှတ်ကို ငေါက်ပါတော့တယ်တဲ့။

“ဒီမယ်… ဒါ ရဲ အရေးပိုင်တဲ့ ကိစ္စ မဟုတ်ဘူးလို့ ပြောနေတယ်။ ရှင့် ဖုန်း ပျောက်သလား“

ကဖိုးမှတ်က ဖြေရပြန်တယ်။

“မပျောက်ဘူး“

“ရှင့် ပိုက်ဆံတွေ ပါသွားပြီလား“

ကဖိုးမှတ် မျက်လုံးကြီး ပြူးပြီး ပြန်ပြောရပြန်တယ်။

“အခုတော့ မပါသေးဘူးပေါ့၊ နောက် ပါသွားရင် ဘယ်နှယ့် လုပ်မလဲ၊ အောရင့်ကလည်း ရဲစခန်းသွားလို့ လွှတ်လိုက်တာပဲ“

ရဲမေက မျက်နှာ စူပုပ်ပုပ်နဲ့ ကဖိုးမှတ် ထိုးပေးထားတဲ့ အောရင့် မိုဘိုင်းလ်ဖုန်း ကုမ္ပဏီနဲ့ အရင်နှစ်နှစ်က ချုပ်ထားတဲ့ ကန်ထရိုက် စာချုပ်ရယ်၊ အောရင့်က နောက်ဆုံးလာတဲ့ ဘီလ်စာရွက်ရယ်ကို ကိုင်ပြီး အောရင့်ကို ဖုန်းလှမ်းဆက်တယ်။ ကဖိုးမှတ်ကတော့ အားကိုးရပြီဆိုတဲ့ မျက်နှာငယ်လေးနဲ့ ရဲမေမမကြီးကို ကြည့်နေခဲ့တယ်တဲ့။

ရဲမေမမ လုပ်ပုံကိုင်ပုံကလည်း ရဲပီပီ ညနေစောင်းလာလို့ အားလျော့လာပုံရပါတယ်။ တယ်လီဖုန်းကို မဆက်ချင် ဆက်ချင်နဲ့ ဆက်တယ်။ ပြော… မင်း ဖုန်းနံပါတ်ပြောဆိုပြီး ကဖိုးမှတ်ကို မေးပြီး ပြန်ပြောတယ်။ သိတဲ့အတိုင်း စက်နဲ့ စကားပြောရတာဆိုတော့ ရဲမေလည်း ကြောင်တောင်တောင်တွေဖြစ်ပြီး ငါ့ကို စကားတောင် ကောင်းကောင်း ပြန်မပြောဘူးဆိုပြီး ဖုန်းချလိုက်တယ်။ ကဖိုးမှတ်ကို လန်ဒန်ရဲမေကြီးက သူ ကူညီကြောင်း ပြလိုက်ပုံ ရပါတယ်။ အရပ်စကားနဲ့ ပြောရရင်တော့ ချွေးသိပ်လိုက်ပုံပါပဲ။ ချွေးသိပ်တာနဲ့ပင် ပြီးသွားရင်တော့ ကောင်းပါတယ်၊ လူပါ ထမသိပ်ခင် ကဖိုးမှတ် ရဲစခန်းထဲကနေ ထွက်ပြေးလာခဲ့ရသတဲ့။

“ကဲ… ငါ ဖုန်းလည်း ဆက်ပြီးပြီ၊ မရဘူး။ မင်းကို ဒါဟာ ရဲအရေးမပိုင်တဲ့ အမှုလို့လည်း ပြောပြီးပြီ၊ မင်းကလည်း အောရင့်ကို အကြောင်းစုံ သတင်းပို့ပြီးပြီလို့ ဆိုတယ်၊ ဒါဆို သူတို့ ဘာသာ ဆက်လက် စုံစမ်း စစ်ဆေး အဖြေရှာဖို့ပဲ လိုတော့တယ်၊ ဟုတ်ပြီနော်“

ရဲမေမမက စိတ်မရှည်တဲ့ပုံနဲ့ ကဖိုးမှတ်ကို ပြောလာတယ်။ ပြီးတော့ သူကိုယ်တိုင်လည်း စိတ်ရှုပ်ထွေးနေဟန်တူတယ်။ ကဖိုးမှတ်နဲ့ ရဲမေတို့ အခြေအတင် ပြောကြဆိုကြတုန်းမှာ စောနက ပြောပြခဲ့တဲ့ ယောက်ျားလျာက ရဲမေမမ ၀၀နောက်နားမှာ မယောင်မလည်နဲ့ လာထိုင်နေတယ်။ ကဖိုးမှတ်က သူတို့ပြောတဲ့ စကား ကောင်းကောင်း နားမထောင်ရင် သူ့ရဲမေဘက်ကနေ ၀ိုင်းဗျင်းမလို့လားတော့တောင် ကဖိုးမှတ် ယောင်ရမ်းတွေးလိုက်သေးတယ်တဲ့။

သူ တွေးနေတုန်းမှာပဲ နောက်က ထိုင်နေတဲ့ ယောက်ျားလျာ ရဲက ရုတ်တရက်ထလာလို့ ကဖိုးမှတ်တောင် ရွံ့တွန့်တွန့် ဖြစ်သွားသေးတယ်ဆိုပဲ။ နောက်မှ သူ ပြောလိုက်တဲ့ စကားကြားလို့ နည်းနည်း အကြောက်သက်သာသွားခဲ့တယ်လို့ ဆိုတယ်။

“လက်ဖက်ရည် သွားဖျော်ဦးမယ်၊ တခွက် သောက်မလား“ တဲ့။

ကဖိုးမှတ်ကို မေးတာ မဟုတ်ပါဘူး၊ ကဖိုးမှတ်နဲ့ စကားပြောနေတဲ့ ရဲမေမမ ၀၀လှလှကို မေးတာပါတဲ့။

ရဲမေမမ ၀၀လှလှကလည်း ကဖိုးမှတ်ကို ပြောတဲ့အသံမျိုးနဲ့ မဟုတ်ဘဲ ပြန်ပြောလိုက်တယ်ဆိုပဲ။

“အေးကွယ်… တခွက်လောက် သောက်ရရင် ကောင်းမှာပဲ“ တဲ့။

သူတို့ကတော့ အားကိုးတကြီးလာသူကို တည်တည်ကြီး ရှေ့မှာထားလို့ လက်ဖက်ရည်တောင် ပျော်ပျော်ကြီး သောက်ကြတော့မယ်။ ကဖိုးမှတ် ဘာလုပ်ရမလဲ၊ ဘာလုပ်ခဲ့လေသလဲ။ ရှေ့နေရှေ့ရပ်တွေ၊ တရားခွင် တရားရုံးတွေနဲ့လည်း အကျွမ်းဝင်ခဲ့တဲ့သူမို့ ကဖိုးမှတ် တခု စဉ်းစားမိတယ်၊ စဉ်းစားမိတဲ့အတိုင်းလည်း ချက်ချင်း ရဲကို ပြောလိုက်တယ်တဲ့။

“ရဲစခန်းကို ကျွန်တော် လာတယ်၊ ရဲစခန်းက ငါတို့နဲ့ မဆိုင်သေးဘူး၊ မကူနိုင်ဘူးလို့ ပြောတယ်။ ဒါဆို ကျွန်တော့် ပိုက်ဆံတွေ ပါသွားပြီးမှ ပြေးလာရမယ်… အဲဒီလိုလား၊ ဟုတ်သလား“ လို့ ကဖိုးမှတ်က မေးတယ်လို့ ဆိုတယ်။ ရဲမေကလည်း လူထု ဆက်ဆံရေး ဘာသာရပ်မှာ ဂုဏ်ထူးထွက်ခဲ့ဖူးသူမို့လား မသိပါဘူး။

“မင်း… ငါ မေးတာတွေ မဖြေဘဲ ပြောချင်တာတွေ လျှောက်ပြောနေတယ်၊ ပြန်တော့… ပြန်တော့“ လို့ ကဖိုးမှတ်ကို ကြိမ်းပါတော့တယ်။

ကဖိုးမှတ်ကလည်း တကယ့် ကဖိုးမှတ်ပါပဲ၊ အင်မတန်ကို မှတ်တတ်သားတတ်တဲ့သူပါ။ ဒါနဲ့ ရဲကို ပြန်ပက်လိုက်တယ်တဲ့။

“မနေစေချင်လို့ ပြန်ဆိုလည်း ပြန်ပါ့မယ်၊ မနေပါဘူး။ အဲ… တချိန်တခါကျမှ အမှုအခင်းတွေ ဖြစ်လာခဲ့ရင် ကျွန်တော့်ဘက်က တင်ပြနိုင်အောင်လို့ ဒီနေ့ ဒီရက် ဒီအချိန်မှာ ရဲစခန်းကို အားကိုးတကြီးနဲ့ ကျွန်တော် ရောက်လာပြီး အဖြစ်သနစ်စုံကို တင်ပြခဲ့ပါတယ်ဆိုတဲ့ စာတစောင် ရေးပေးပါ“ လို့ ကဖိုးမှတ်က အသနားခံတဲ့ မျက်နှာသေလေးနဲ့ တောင်းဆိုလိုက်တယ်တဲ့။

ဘ၀ါဘ၀က ခါးသီးခြင်း၊ မုန်းတီးခြင်း၊ ရက်စက်ခြင်း၊ ရေစက်တွေရယ် ပေါင်းစုလိုက်ရင် ရန်ကုန်က ကန်တော်ကြီးလောက်များ များခဲ့လို့လား မသိပါဘူး။ လန်ဒန်က ရဲမေကတော့ သူ့စားပွဲအောက်က ခလုတ်ကို နှိပ်လိုက်ပြီး စစ်ဆေးနေတဲ့ အခန်းတံခါးကို ဖွင့်လိုက်တယ်။ ပြီးတော့ ကဖိုးမှတ်ကို အော်ငေါက် မောင်းထုတ်ပါတော့တယ်တဲ့။

“ကဲ… ကဲ… လူကြီးမင်း ကြွတော့၊ မြန်မြန်လစ်တော့… ဘယ်လိုဟာနဲ့ လာတွေ့နေမှန်း မသိဘူး“ လို့ ပြောပြီး ကဖိုးမှတ်ကို ဒရောသောပါး ပြန်ပါလေတော့… ပြန်ပေတော့လို့ လုပ်လိုက်ပါတော့တယ်။ နောက်ပြီးမှ သူ့နောက်က ယောက်ျာလျာဘက်လှည့်ပြီး နာမည်ခေါ်လို့ ငါ့ကို ပါရာစီတမောလေး ဘာလေး ရှိရင် ပေးစမ်းပါလို့ ပြောလိုက်တာကို ကဖိုးမှတ် ကြားဖြစ်အောင် ကြားခဲ့သေးတယ်တဲ့။

ကဖိုးမှတ်လည်း စိတ်လျှော့ပြီး အိမ်ပြန်လာခဲ့လိုက်တယ်တဲ့၊ သူ လုပ်စရာရှိတာလည်း စွမ်းသလောက် လုပ်ခဲ့ပြီးပြီပဲတဲ့။ အိမ်ရောက်တော့လည်း သူ့ဘဏ်အကောင့်ကို အွန်လိုင်းကနေ တိုက်ရိုက် လစဉ် ပေးနေတာတွေကို ရပ်ဆိုင်းပစ်လိုက်တယ်တဲ့။ ဘယ်သူမှန်း မသိရတဲ့ အိုင်ပက်နဲ့ အိုင်ဖုန်း ယူသွားသူတွေကတော့ ပျော်နေလေမလား၊ သူတို့တွေဟာ သူများ နာမည်နဲ့ ဘဏ်အကောင့်ကို မတရားသုံးစွဲပြီး အချောင်ရယူသွားကြတဲ့ သူခိုးတွေ မဟုတ်ဘူးလား။

ဒီမိုကရေစီကို အဦးအဖျား ကျင့်သုံးခဲ့တဲ့ နိုင်ငံ၊ ဘာသာစကား အမျိုးပေါင်း ၃၅၀ ကျော် ပြောတဲ့ တကမ္ဘာလုံးက လူတွေ နေထိုင်နေတဲ့ မြို့တော်၊ အိမ်တလုံးထဲမှာ တယောက်နဲ့တယောက် တခါမှ မသိမကျွမ်း မခင်မင်တဲ့ လူတွေ ဘာပြဿနာမှ မဖြစ်ဘဲ ကိုယ်နေတဲ့ အခန်းတံခါးတွေလည်း သော့မပိတ်ဘဲ ဘာပစ္စည်းမှ မပျောက်မရှ မယုတ်မလျော့ နေလို့ရတဲ့ လူအချင်းချင်း လွတ်လပ် ယုံကြည်မှုတွေ ကြီးစိုး လွှမ်းမိုးတဲ့ အခြေအနေမှာ ဒီလို သူခိုးတွေလည်း ရှိသေးသလား။

အောရင့်မိုဘိုင်းလ် ၀န်ဆောင်မှု ကုမ္ပဏီကလည်း လုံခြုံရေး ဒီလောက်တောင် ညံ့ဖျင်းသလား၊ ကာယကံရှင် မဟုတ်တဲ့ လူတယောက်က ဒါမျိုးတွေ လုပ်ချသွားတာကို လက်ခံသလား။ ဒါမှမဟုတ် ကဖိုးမှတ်ပဲ ညံ့သလား၊ ဖျင်းသလား။ သူခိုးတွေပဲ လူ့အခွင့်အရေးတွေ အပြည့် ရနေတဲ့ ခေတ်လေလား၊ သူခိုးက လူဟစ်နိုင်တဲ့ အချိန်အခါလား။ ဒီမိုကရေစီရဲ့ အခက်၊ အရင်းရှင်တို့ အချက် ဖြစ်လေသလား။ ဘာပဲဖြစ်ဖြစ် ကဖိုးမှတ် အဖြစ်ကတော့ မနှစ်ကနဲ့ မတူဆိုသလို ရိုးဆန်း နှစ်ထွေနဲ့ ကိုးစင်းနေ ထွက်သလိုကို ပူလောင်နေတာကတော့ အမှန်ပါပဲဗျာ။

၂၀၁၂ ဇူလိုင် ၂၄၊ ည ၉ နာရီ။

လန်ဒန်။

by Myo Tha Htet on Sunday, 15 July 2012 at 00:58·

ကျွန်တော်က ငယ်ငယ်ကထဲက ဘောလုံးအားကစားပြီးရင် ဒုတိယ အကြိုက်ဆုံးက လက်ဝှေ့ပဲ…၊ ငယ်ငယ်က လွတ်လပ်ရေးနေ့ ပွဲတွေ ကျင်းပတော့ တခါတခါ လက်ဝှေ့ပွဲ ထည့်တယ်။ ၀င်ထိုးမယ်လို့ စဉ်းစားပေမယ့် ပြိုင်ဘက်အဖြစ် စိန်ခေါ်လာတဲ့ သူက ကျွန်တော့်ထက်လည်း အသက်ကြီး၊ လူကောင်ကလည်း ထွားလို့ မထိုးချင်ပါဘူးဗျာလို့ ရယ်ရယ်မောမော ငြင်းခဲ့ဖူးတယ်။ အဲဒီကထဲက ကျွန်တော်ဟာ လူပါးတယောက်ဖြစ်တာကို ကျွန်တော် သိခဲ့တယ်။ ဟုတ်တယ်လေ… ထိုးရင်လည်း ကိုယ်ပဲ ခံရမယ်၊ အသားနာမယ်လေ…။

ဒါပေမဲ့ လက်ဝှေ့ကို ချစ်တဲ့ အချစ်ကတော့ မလျော့ခဲ့ပါဘူး။ ရန်ကုန်မှာ ရှိတုန်းကတော့ လက်ဝှေ့ပွဲတွေ ကြုံတာပေါ့။ သွားခွင့်လည်း ရှိတယ်၊ အလကား ကြည့်လို့လည်း ရတယ်၊ ဒါပေမဲ့ အလုပ်က မအားတော့ မသွားဖြစ်ဘူး။ အခုတော့ ဒေးဗစ် ဟေး နဲ့ ဒဲရစ် ချစ်ဆိုရာ တို့ ထိုးကြတဲ့ ကမ္ဘာ့ချန်ပီယံ လက်ဝှေ့ပွဲကို ကြည့်ဖူးတယ်ရှိအောင် လန်ဒန်မှာ ကြည့်ဖြစ်ခဲ့တယ်။ ဇူလိုင်လ ၁၄ ရက်နေ့မှာ လန်ဒန် အရှေ့ပိုင်းက West Ham United အားကစားကွင်းထဲမှာ ကြည့်ခဲ့တယ်။

ထုံးစံအတိုင်း လန်ဒန်ရာသီဥတုက အစိုးမရဘူး၊ မိုးတွေ ရွာခဲ့တယ်။ ဒီတော့ ပိုက်ဆံကလည်း အများကြီး ပေးထားရတာမို့ မိုးထဲရေထဲမှာပဲ ကြည့်ခဲ့ရတယ်။ ဒီပွဲမှာ အင်္ဂလိပ်နှစ်ယောက် ထိုးကြတာ ဖြစ်ပေမယ့် ခါးပတ်နှစ်ခု WBO နဲ့ WBA အတွက် ထိုးတာဖြစ်တာကြောင့် စိတ်ဝင် စားဖို့တော့ ကောင်းတယ်။

ဒေးဗစ် ဟေး က ၃၁ နှစ်၊ အရင် WBA ဟဲဗီးဝိတ် ချန်ပီယံဟောင်းဖြစ်ပြီးတော့ သူ့ရဲ့ နာမည်ပြောင်က ဟေး မိတ်ကာ တဲ့…၊ ဒဲရစ်ကတော့ အသက် ၂၈ နှစ် ဖြစ်ပါတယ်၊ သူလည်း ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း ဖြစ်ပါတယ်။ ဇင်ဘာဘွေမှာ မွေးခဲ့ပြီး ၁၆ နှစ်သားလောက်မှာမှ အင်္ဂလိပ်မြေကို ခြေချခဲ့သူလည်း ဖြစ်ပါတယ်။ သူက နည်းနည်းလောက် မောက်မာပုံရပါတယ်။ အင်္ဂလိပ် ပရိသတ်တွေကတော့ ဒေးဗစ် ဟေးကိုပဲ အားပေးကြပါတယ်။

ဟဲဗီးဝိတ် လက်ဝှေ့ပွဲ မစခင်မှာ ပွဲငယ်လေးတွေ လေးပွဲလောက် ထိုးကြပါတယ်။ ပရိသတ်ကတော့ သိပ်စိတ်မ၀င်စားပါဘူး။ သူတို့က ဒေးဗစ် ဟေးတို့ ထိုးသတ်မယ့် ဟဲဗီးဝိတ်ကိုသာ စောင့်နေကြတာပါ။ လေးနာရီခွဲလောက် ကထဲက West Ham United အားကစားကွင်း ပြင်ပမှာ စောင့်နေကြတဲ့ ပရိသတ်ဟာ ငါးနာရီခွဲကာမှ ကွင်းအတွင်း ၀င်ရပြီး သူတို့ ကြည့်ချင်နေတဲ့ ဟေးတို့ပွဲကို ည ၁၀ နာရီ ကျော်မှသာ စကြည့်ရပါတယ်။

တကယ်ထိုးတော့လည်း ဟေးက ငါးချီမှာ ဒိုင်ပွဲရပ်ဖြစ်အောင် ဒဲရစ်ကို ထိုးချပစ်လိုက်ပါတယ်။ လေးချီအထိကိုတော့ ဒဲရစ်ကပဲ ဒေးဗစ်ကို ကြိုးဝိုင်းထောင့်ဆီ ပို့ပြီး ဖိထိုးနေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပွဲချီပြည့် ကြည့်ရမယ်လို့ ထင်ထားပေမယ့် စောစောစီးစီး ဒေးဗစ် ဟေးက ပွဲသိမ်းလိုက်တာကိုလည်း သဘောကျမိပါတယ်။ ဘာကြောင့်ဆို မနက်ဖြန် အလုပ်လုပ်ရမှာဆိုတော့ မနက်ဖြန် အိပ်ရာထ နောက်ကျမှာကို စိတ်ပူနေမိလို့ပါ။

ငါးချီနဲ့ ဒိုင်ပွဲရပ် ဖြစ်သွားတော့ ကွင်းတခုလုံးက ပရိသတ်အများစုက ဒေးဗစ် ဟေးကို သောင်းသောင်းဖျဖျ အားပေးကြပါတယ်။ ကျွန်တော်ကတော့ ဒဲရစ် ချစ်ဆိုရာကို နိုင်စေချင်ပါတယ်။ ဒဲရစ်က လက်ဝှေ့စင်ပေါ် တက်ဖို့ ထွက်လာတော့လည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ လျှို့ဝှက်တဲ့ တီးလုံးမျိုးကို တီးခိုင်းပြီး စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် မျက်နှာကို ဖုံးအုပ်လို့ သိုသိုသိပ်သိပ် ထွက်လာတာဟာ အင်မတန်မှ သဘောကျဖို့ ကောင်းပါတယ်။

ဒေးဗစ် ဟေးကတော့ ပေါ်ပေါ်တင်တင် စိတ်မပါ့တပါပုံစံနဲ့ စင်ပေါ်တက်ဖို့ ထွက်လာပါတယ်၊ သူ့တီးလုံးကတော့ အမိုက်စား အပျံစား ဖြစ်ပါတယ်။ ဒေးဗစ် ဟေး ပုံစံကို ကြည့်မိတဲ့အခါမှာ ဒီလူတော့ ရှုံးမှာပဲလို့ တွက်ခဲ့မိပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာကျ အစောန ပြောခဲ့သလို ငါးချီနဲ့ ဒဲရစ်ကို ကြမ်းပြင်ပေါ် နှစ်ခါ လှဲသိပ်အပြီးမှာတော့ ဒိုင်ပွဲရပ်နဲ့ ဒေးဗစ် ဟေးကို အနိုင်ပေးခဲ့လိုက်လို့ ခါးပတ်နှစ်ခုစလုံးကို ဒေးဗစ် ဟေးက ရသွားပါတယ်။

ဒဲရစ်က စင်ပေါ်တက်လာတော့ ပထမ ခေါင်းအထိ ဖုံးအုပ်စွပ်ထားတဲ့ လက်ဝှေ့သမားတွေ ၀တ်ဆင်တတ်တဲ့ ၀တ်ရုံကြီးကို ချွတ်လိုက်တဲ့အခါ အာဖရိကသည်သာ အနာဂတ် African is the Future စာတမ်းရေးထားတဲ့ တီရှပ်ကို ၀တ်ဆင်ပြခဲ့ပါတယ်။ ပွဲကြည့်သူ သုံးသောင်းထဲမှာ တယောက်အပါအ၀င် ဖြစ်ခဲ့တဲ့ ကျွန်တော်တောင် ကြောင်သွားပါတယ်။ ကျွန်တော် သိထားတာက အာရှဟာ ကမ္ဘာ့ အနာဂတ် ဖြစ်တယ်၊ ဒါကြောင့် ဒဲရစ်ကတော့ လုပ်ပြန်ပြီလို့ စိတ်ကူးပေါက်မိပါတယ်။

ညနေ လေးနာရီထဲက အိမ်ကထွက်လို့ အားကစားကွင်းရှေ့ကို လေးနာရီခွဲလောက် ကထဲက ရောက်နေတဲ့ ကျွန်တော်ဟာ လက်ဝှေ့ပွဲပြီးတဲ့ ည ၁၀ နာရီခွဲကနေ ဟဲဗီးဝိတ် ချန်ပီယံ ခါးပတ်နှစ်ခုရ ဒေးဗစ် ဟေး လျှောက်လမ်းကနေ ပြန်ထွက်လာမလားလို့ မိနစ် ၂၀ လောက် စောင့်ကြည့်ခဲ့ပေမယ့် ကိုယ်တော်ချောက အင်တာဗျူးတွေကို ကြိုးဝိုင်းပေါ်မှာတင် ပေးနေပုံ ရတာကြောင့် မစောင့်တော့ဘဲ ပြန်ခဲ့ပါတော့တယ်။ အိမ်ရောက်တော့ ည ၁၁ နာရီတောင် ခွဲလုပေါ့…။

ဝက်စ်ဟမ်း ဘောလုံးကွင်းထဲ ကျင်းပတဲ့ ကမ္ဘာ့ ဟဲဗီးဝိတ် ချန်ပီယံ ခါးပတ်လုပွဲကို ပရိသတ် သုံးသောင်းလောက် လာအားပေးတာမို့ အပြန် ခရီးမှာလည်း လူတွေက ပြည့်ကျပ်သပ်နေပါတယ်။ ကားလမ်းပေါ်မှာ ကားတွေက ရပ်ပေးထားပြီး လူတွေက ကားလမ်းပေါ်ကနေ လျှောက်လှမ်းလို့ မြေအောက်ရထား ဘူတာရုံကို လာသူလာ၊ ဘတ်စ်ကားဂိတ်ကို သွားသူသွားနဲ့ လူအုပ်ကြီးက ကြီးမား လှပါတယ်။

လမ်းပေါ်မှာလည်း ဘီယာပုလင်းကွဲတွေ၊ အရက်ပုလင်းကွဲတွေ ရှိနေတာကြောင့် ရှောင်ပြီး လျှောက်ရပါတယ်။ ၀က်စ်ဟမ်းကွင်းမှာ လုပ်တဲ့ ပွဲပီပီ ငကြောင် ပရိသတ်တွေကလည်း ရှိပြန်ပါတယ်။ ဒါကြောင့် ကွင်းထဲမှာလည်း လုံခြုံရေးက ဆွဲခေါ်သွားရတဲ့ လူတွေ ရှိသလို ကွင်းပြင်မှာလည်း မြင်းစီးတဲ့ ရဲအပါအ၀င် ရဲတအုပ်က ထိန်းကျောင်းပေးနေတာလည်း တွေ့ပါတယ်။

ငါးချီနဲ့ ပွဲပြတ်သွားလို့ စောစောပြန်နိုင်ခဲ့တာကို သဘောကျပေမယ့်လို့ ကျွန်တော်ကတော့ ကုန်ခဲ့ရတဲ့ ပိုက်ဆံကို မတန်ဘူးလို့တောင် ထင်မိပါတယ်။ အဲ… ဒါပေမဲ့လည်း အင်္ဂလိပ်ချင်း ဖိုက်တယ် ဆိုပေမယ့် ကမ္ဘာ့ ဟဲဗီးဝိတ် လက်ဝှေ့ ချန်ပီယံပွဲတပွဲတော့ ကြည့်ဖူးသွားတာပေါ့လို့ အကောင်းဘက်က တွေးမြင်လိုက်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီညမှာပဲ အိုင်းရင်းခရော့စ်ကလည်း လန်ဒန်မှာ ပွဲလုပ်ပါတယ်၊ လက်မှတ်က အလကားရနိုင်ချေ ရှိတာတောင် ကျွန်တော်က ဟဲဗီးဝိတ် လက်ဝှေ့ပွဲကို အားပေးခဲ့တာမို့ အိုင်စီပွဲကို လက်လွတ်ခဲ့ရပါတယ်။ အိုင်စီက ရန်ကုန်မှာလည်း ကြည့်ခဲ့ဖူးတယ် မဟုတ်ပါလားဗျာ။

ဒီနေ့ တပွဲလုံး သတိရတာဆိုလို့ လက်ဝှေ့ကြိုးဝိုင်းထဲ ၀င်လို့ နောက်အချီအတွက် နံပါတ်ထိုးပြတဲ့ ကောင်မလေးတွေ၊ ဗြိတိသျှ နံပါတ်တစ် တင်းနစ်သမား အင်ဒီမာရေးနဲ့ မိုးရွာထဲမှာ ကမ္ဘာ့ ဟဲဗီးဝိတ် လက်ဝှေ့ပွဲကို ငါးချီ နာရီဝက်လျော့လျော့ မတ်တပ်ရပ် ကြည့်ခဲ့ရတဲ့ အရသာလေး ဖြစ်ပါကြောင်း မှတ်တမ်းတင်ထားလိုက်ရပါတယ်ဗျာ။

၂၀၁၂ ဇူလိုင် ၁၄၊ ည သန်းခေါင်။

လန်ဒန်။

by Myo Tha Htet on Friday, 13 July 2012 at 20:06·

ကျွန်တော့် စိတ်တွေ နောက်ကျိ ရှုပ်ထွေးနေတယ်၊ နေလို့ မကောင်းဘူး။ ထမင်းလည်း မစားချင်ဘူး၊ ဘာမှလည်း မလုပ်ချင်တော့ဘူး။ စာလည်း မဖတ်ချင်ဘူး၊ ရုပ်ရှင်လည်း မကြည့်ချင်ဘူး။ စိတ်ပန်းနေတယ်၊ လူပင်ပန်းတာက နားလိုက်ရင် သက်သာသွားပေမယ့်လို့ စိတ်ပန်းတာက ကုစားရခက်တယ်။ စိတ်အနာဟာ ဘယ်လို ဆေးစား၊ ဆေးသောက်နိုင်မလဲ။ ကျွန်တော် တွေးတယ်။

ဘကြီးကတော့ တရားနာဖို့ ပြောတတ်တယ်၊ တကယ်တော့ စိတ်ပင်ပန်းချိန်မှာ တရားလည်း မနာနိုင်ဘူး။ တရားထဲမှာလည်း စိတ်ဟာ မရှိတော့ဘူး၊ ဒါပေမဲ့ တခါတခါ သက်သာလိုငြား တရားနာကြည့်တယ်။ အဲဒီအခါ ကျွန်တော်ဟာ တရားသံကိုတော့ ကြားတယ်၊ ဒါပေမဲ့ နာယူနေတာ မဟုတ်တော့ဘူး။ ဘုန်းတော်ကြီးက ဘာတွေ ပြောဟောနေမှန်းလည်း ကျွန်တော် မသိတော့ဘူး။ ကျွန်တော် အနားယူဖို့ လိုပြီ၊ စိတ်ရှင်းသွားအောင် အနားယူသင့်ပြီ။

ကျွန်တော့်မှာ ဘကြီးလို ခင်ရတဲ့ လူတယောက်ရှိတယ်။ သူ့နာမည်က ကိုကျော်မိုးပါ၊ ဒါပေမဲ့ အပြောအဟော ကောင်းတယ်၊ လူစကား လူနားလည်အောင် ပြောတတ်တယ်။ ဒါနဲ့ ကျွန်တော်က သူနဲ့ စကားပြောရတာကို ပျော်တယ်၊ လေးလည်း လေးစားတယ်။ အသက် မကွာပေမဲ့လို့ သိက္ခာနဲ့ အတွေးအခေါ် ကွာတာမို့ ဦးကြီး၊ ဘကြီးလို စိတ်ထဲ ထင်မိတယ်။ ဒီလိုနဲ့ ကျွန်တော်က ကိုကျော်မိုးကို ဘကြီး၊ ဘကြီးနဲ့ ခေါ်မိတယ်။

အခုလည်း စိတ်တွေက မတည်ငြိမ်လောက်အောင် နောက်ကျိနေတာမို့ စိတ်အနားရအောင် အကြံကောင်းလေး တချက် ထွက်နိုင်ကောင်းရဲ့လို့ အတွေးပေါက်ပြီး ဘကြီးဆီ စကားပြောဖို့ ထွက်ခဲ့တယ်။ ကျွန်တော်တို့ နှစ်ယောက်အိမ်က မဝေးသမို့ လမ်းလျှောက်ရင်းနဲ့ ရောက်ခဲ့တယ်။ ကံဇာတာ စန်းလဂ် ထွန်းတက်ဖို့ ရှိသလား၊ ဒါမှမဟုတ် တကယ်ပဲ မြန်မကြာ စိတ်အနားရဖို့ ကံဖန်လေးသလားတော့ မသိပါဘူး၊ ဘကြီးနဲ့ အရန်သင့် တိုးတယ်။

ဒါနဲ့ပဲ ဘကြီးကို နှုတ်ဆက်၊ ကိုယ့်ရှေ့ တွေ့တဲ့ အကြမ်းတခွက်ကို မော့ချလိုက်ပြီး စိတ်ထဲ ခံစားနေရတဲ့ အမောအပန်းတွေ ပြေပျောက်သွားနိုင်ဖို့ ကျွန်တော် သိလိုနေတဲ့ အဖြေအတွက် အခုလို မေးခွန်းကို လိုရင်း တဲ့တိုး မေးချလိုက်မိတယ်။

“ဘကြီး… စိတ်အနားယူတယ်ဆိုတာ ဘာလဲဗျ“

ဘကြီးက နည်းနည်း အံ့သြတဲ့ အကြည့်နဲ့ ကျွန်တော့်ကို တချက်ကြည့်တယ်၊ ဒါပေမဲ့ သူ့ အကြည့်က လေးနက်ပါတယ်။ ပြီးတော့ ဒီလို ဖြေတယ်။

“ကိုယ်ခန္ဓာကြီး အနားရဖို့ သက်သောင့်သက်သာဖြစ်ဖို့ လဲလှောင်း၊ အိပ်စက် အနားပေးရတယ်မို့လား၊ ဒီလိုပဲပေါ့… စိတ်ကိုလည်း အနားပေးရတာပေါ့ကွ။ အဲဒါကို စိတ်အနားယူတယ်လို့ ပြောနိုင်တာပေါ့“

ဘကြီးက ဖြေပေမယ့် ကျွန်တော် မရှင်းပါဘူး၊ သူက ကိုယ်နဲ့ စိတ်ကို ယှဉ်ပြတာပဲ မဟုတ်လား။ အဖြေမှ မဟုတ်တာ…။

“စိတ်ကို ဘယ်လို အနားပေးရသလဲ၊ ကျွန်တော့် စိတ်ကတော့ အခုတလော တယ်မငြိမ်ဘူး။ အမြဲ လှုပ်နေတာပဲ“

ဘကြီးက တချက် သူ့ခေါင်းကို ညိတ်တယ်၊ ပြီးတော့ စဉ်းစားတယ်။ ကျွန်တော်က စောင့်နေရတယ်။ ဘကြီးဟာ စာလည်း ဖတ်ပုံရပါတယ်၊ အတွေ့အကြုံလည်း များပုံရတယ်။ သူ စကားပြောတဲ့အခါ အကိုးအကား တခါတခါမှ ပါတတ်ပေမယ့် စကားပြော ရှင်းတယ်၊ ကျွန်တော်က အဲဒါကို သဘောကျတယ်။ သူက စကားကိုလည်း စောင့်ပြီး ပြောတတ်တယ်၊ ပြောရပြီးရော စွတ်မပြောဘူး။ နားလည်း ထောင်တယ်၊ ပြောလည်း ပြောတတ်တယ်။ ဒါကြောင့် ကျွန်တော်က ဘကြီးနဲ့ စကားပြောရတာကို သဘောကျတာပါ။ ဒါပေမဲ့ သူ အဲဒီလောက် စကားရှင်းရှင်း ပြောတတ်ပေမယ့် ကျွန်တော့်အတွက်တော့ တခါတခါ သူ ပြောတာတွေကို လွယ်လွယ်နဲ့ နားမလည်ပါဘူး။

ဘကြီးက သူ့စကားကို ဆက်တယ်။

“စိတ်ကို အနားပေးနည်း သုံးနည်း ရှိတယ်ဗျ၊ ၀င်စားတာရယ်၊ စေစားတာရယ်၊ လွှတ်ထားတာရယ်…“

“ဟုတ်လား၊ သုံးနည်းတောင်မှလားဗျ“

ခန္ဓာကိုယ်ကို အနားပေးဖို့ တရက် ၂၄ နာရီရဲ့ သုံးပုံတပုံ ၈ နာရီ အိပ်စက်သင့်တယ်လို့ ယေဘူယျအားဖြင့် ကျွန်တော် နားလည်ထားတယ်။ ကျွန်တော်တို့လို ကွန်ပျူတာကို တရက် ၁၀ နာရီကနေ ၁၂ နာရီလောက် ကြည့်နေတဲ့ သူတွေက ပိုလို့တောင် အိပ်စက်သင့်တယ်လို့ ကျွန်တော် မှတ်ဖူးတယ်။ မျက်စိကို များများသုံးရင် ပိုပြီး အနားပေးရမယ်တဲ့…။ ခန္ဓာကိုယ်ကိုလည်း အသုံးများရင် အနားပေးရတာပေါ့။

ဒါဖြင့် စိတ်ကိုရော အဲဒီလို အိပ်စက်ခိုင်းလိုက်လို့ မရဘူးလား။ ဘကြီးကတော့ စိတ်ကို နည်းသုံးနည်းနဲ့ အနားပေးရမယ်တဲ့။ စိတ်ဝင်စားစရာတော့ ကောင်းလာပြီ။ တကယ်တော့ ကျွန်တော်က စိတ်ထက်စာရင် ရုပ်ဝတ္ထုကို ပိုစိတ်ဝင်စားသူ ဖြစ်ပါတယ်။ စိတ်က မမြင်သာတဲ့ ကိစ္စ၊ ရုပ်က မြင်သာတဲ့ ကိစ္စ။ လူပြိန်းလို့ ဆိုချင်ဆို ကျွန်တော်က မြင်သာတာတွေ၊ အကောင်အထည် ရှိတာတွေကို ပိုလို့ သဘောကျတယ်၊ ရှင်းတယ်လို့လည်း မြင်တယ်။ အခုတော့ ဘကြီးက စိတ်အကြောင်း ကျွန်တော့်ကို ဟောလေပြီ။

“၀င်စားတာက ရှင်းရှင်းပြောရရင်တော့ ၀ါသနာတခုခုကို လုပ်ဆောင်တာပေါ့ဗျာ၊ အပန်းဖြေရင်းပေါ့။ တချို့က ပန်းချီရေးရင်း စိတ်ကို ထွက်ပေါက် ပေးလိုက်တယ်၊ အနားပေးတယ်ပေါ့။ ကျွန်တော်တို့ ပြောတတ်တယ်မို့လား စိတ်ဝင်စားတယ်လို့… အဲဒါပေါ့ဗျ“

“ဟင်… ဒါဆို ကျွန်တော် ဖြူဖြူ့ကို စိတ်ဝင်စားတယ်ဆိုတာကရော… စိတ်အနားပေးတာပဲလား၊ စိတ်အပန်းဖြေတာပဲလား။ တူသလား“

ကျွန်တော်က ဘကြီးကို အခုလို ခွ(ဂွ)တိုက်တဲ့ မေးခွန်းတွေကို မေးလေ့ရှိတယ်။ ဖောက်တယ်လို့ ပြောရမလား။ ဘကြီးက ရယ်တယ်။ ပြီးတော့မှ နှိုင်းနှိုင်းဆဆနဲ့ ပြန်ပြောတယ်။

“ဒါလည်း မောင်ရင့် အပေါ်မှာ တည်တာပေါ့၊ သူ့ကို စိတ်ဝင်စားတာ အပန်းဖြေဖို့လား၊ စိတ်အနားရဖို့လား။ သူ့အပေါ် ကိုယ့်စိတ်ကလေး ရှိနေရတာကို ကိုယ်က သာယာသလား၊ အေးဆေးသလား၊ စိတ်ကြည်သလား၊ သက်သာသလား… ဒါဆိုရင် ဟုတ်တယ်၊ တူတယ်လို့ ကိုယ် ဖြေရမှာပေါ့“

“ဟဲ ဟဲ… သူ့အကြောင်း စဉ်းစားတုန်းတော့ စိတ်ကြည်နူးတယ်ဗျ။ ရင်တောင် ခုန်လာပြီဗျာ“

ကျွန်တော် ဖြူဖြူ့ကို သတိရသွားပါတယ်။ ဘကြီးက ၀င်စားမှုက စိတ်အပန်းပြေစေတယ်လို့ ပြောတော့ ကျွန်တော်တို့ အလုပ်တခုခုကို စိတ်ဝင်စားပြီး လုပ်မိနေတယ်ဆိုရင် ပင်ပန်းတယ်လို့ မမြင်တော့ဘဲ စိတ်လက်ကြည်နူးနေတတ်တယ် ဆိုတာကိုလည်း ပြန်အမှတ်ရလိုက်တယ်၊ ဟုတ်ပေသားပဲလို့လည်း တွေးလိုက်မိတယ်။ ဒါနဲ့ စေစားတယ်ဆိုတဲ့ အပိုင်းကို ဆက်မေးဖို့ ပြင်ရပြန်တယ်။

“၀င်စားတာကတော့ ရှင်းပြီဗျာ၊ စေစားတာက…“

“စေစားတယ်ဆိုတာက ၀င်စားတာထက် နောက်တဆင့် မြင့်သွားတယ်ဗျ၊ အထူးပြုလုပ် ခိုင်းစေတာပေါ့ဗျာ“

ဘကြီးက ရှင်းအောင် ပြောပေမယ့် ကျွန်တော် နားရှုပ်သွားတယ်။ စိတ်ကို အနားပေးပါတယ်ဆိုကာမှ အထူးပြုလုပ် ခိုင်းစေတာပေါ့ ဆိုတော့ ပန်းနေလို့ နားစေပါတယ်ဆိုမှ ခိုင်းစေတယ်ဆိုတော့ကာ…မရှုပ်လားဗျာ။

“နားပါတယ်ဆိုမှ ခိုင်းစေတယ်ဆိုတော့ စိတ်က အနားရပါတော့မလားဗျ“

ဘကြီးက ပြုံးတယ်၊ ဒီ ငနဲလေးကတော့ လုပ်ပြန်ပြီဆိုတဲ့ အထာနဲ့… ကျွန်တော်ကလည်း မရှင်းဘဲနဲတော့ အင်း မလိုက်ချင်သူ…။

“စေစားတယ်ဆိုတာ စိတ်ကို အလုပ် ထပ်ပေးလိုက်တာ၊ ထပ်ဆင့် ခိုင်းလိုက်တာ… ဆိုတာကတော့ ဟုတ်ပါတယ်ဗျာ။ ဒါပေမဲ့ စိတ်ဆိုတာ မွေ့နေရင် ပန်းတယ်လို့ကို မထင်တော့ဘူးဗျ။ တနေရာထဲ တည်တည်ထားလို့ စေစားထားနိုင်သလို… ဥပမာ တရားမှတ်တာပေါ့ဗျာ… ဒါမှမဟုတ်လည်း ဆင့်ကဲ တွေးတောတာမျိုး… ဥပမာ ဥာဏ်ကစားနေတာမျိုး… အဲဒီလို စေစားနိုင်တယ်ဆိုရင် သိပ်ကို နှစ်သက်ဖွယ်၊ စိတ်ချမ်းသာဖွယ် ဖြစ်တယ်လို့ ဆိုကြသဗျ“

ဘကြီးက ဆိုကြသဗျနဲ့ စကားကို ပိတ်တယ်၊ ဆိုလိုတာက သူ့ အတွေ့ မဟုတ်ဘူးလို့ စကားပလ္လင်ခံတဲ့ သဘော…။ ဘကြီးက စကား ရှင်းအောင် ပြောတတ်ပေမယ့် သူ့ကိုယ်သူတော့ တခါတခါ ဖွက်ထားလေ့ ရှိတယ်။ သူက တရားလည်း ထိုင်တတ်တယ်၊ စဉ်းစားမှုလည်း အားကြီးတယ်။ ဒါပေမဲ့ စကားကိုတော့ ရှောင်ပြော၊ လျှော့ပြောလေ့ ရှိတယ်။ ဒါကို သူနဲ့ စကား အကြိမ်ကြိမ် ပြောဖူးတဲ့ ကျွန်တော်က ရိပ်စားမိတယ်။

“ဆိုကြသဗျ ဆိုတော့ ဘကြီး အကြုံအတွေ့တော့ မဟုတ်ဘူးပေါ့၊ ဒီလိုလား…။ စေစား ရှင်းပြတာတော့ ရှင်းလှသဗျာ“

ကျွန်တော်က ဘကြီးကို မေးခွန်း ပြန်လှန်ထုတ်ရင်း သူ ရှင်းပြတာကို သဘောကျကြောင်း ပြောလိုက်တော့ ဘကြီးက ပြုံးပြန်တယ်။ တခြားတော့ ဘာမှ ထပ်မပြောဘူး။ ကဲ… အချိန်မလင့်ခင် လက်ကျန်တခုကို သိရဖို့ ကျွန်တော့် အမေး ဆက်ရပါတယ်။

“ကဲဗျာ… လွှတ်ထားတယ်ဆိုတာကရော… အင်း… အနားရဖို့ စိတ်ကို လွှတ်ထားပါလို့ ပြောတာက ဆိတ်ကျောင်းသလိုမျိုးလား“

ကျွန်တော်က ဖောက်လိုက်တယ်၊ ကျွန်တော်က စကားပြောရင် အမြဲဆိုသလို အရွှန်းအဖောက် ပြောတတ်တယ်။ အဲ… တခါတခါ တည်တည် ပြောတယ်၊ တခါတလေ ကြည်ကြည်လင်လင် ပြောတတ်တယ်။ အဲဒီမှာ ပြဿနာ တက်တော့တာပဲ…၊ တဖက်သားက မပါးတဲ့အခါ ကျွန်တော် ဖောက်နေမှန်း မသိဘူး၊ ရုပ်ခံနဲ့ စိတ်ဟန်ကို ကြည့်ပြီး အတည်မှတ်လို့ သူတို့အတွေး တည်တတ်ကြတယ်။ အဲဒီအခါကျ ဖောက်သာဖောက်လိုက်ရတယ်၊ မရွှင်ရဘဲ ပြန်မောနေတတ်တာက ကျွန်တော် ကိုယ်တိုင်ပါပဲ။ ဘကြီးကတော့ အပါးဆုံးလူ၊ ကျွန်တော့်လောက်တော့ အပျော့လောက် မှတ်ထားသူ…။

“ခင်ဗျားက အဖောက်ပြောပေမယ့် အခေါက်သဘော ယူရင်တော့ ရတယ်ဗျ၊ အနှစ်သဘောကတော့ ကျွန်တော် အဆစ်ပြောမှ ရမယ်“ လို့ ဇာတ်သံလေးနဲ့တောင် စီကာစဉ်ကာနဲ့ ကျွန်တော့်ကို ပက်ရင်း ရှင်းတယ်။

“ဒီလိုလေဗျာ… ဆိတ်ကျောင်းတယ် ဆိုတာကလည်း ဆိတ်တွေကို ကိုယ်လိုရာဆီ ပို့တာပဲ မဟုတ်လား၊ လိုရာရောက်တော့ အလုပ်ပြီးတယ်၊ သဘောကျတယ် မဟုတ်လား။ အဲ… တခါတခါတော့ ဆိတ်ဆိုး တကောင်တလေ ပါတဲ့အခါ ပြေးရလိုက်ရ ခြောက်ရငေါက်ရတာတော့ ရှိနိုင်တာပေါ့လေ။ ပုံမှန်ဆိုရင်တော့ သူတို့က ရှေ့က အေးအေးသွား၊ ကိုယ်က နောက်က ဖြည်းဖြည်း မျှောလိုက်သွားရုံပဲ ရှိတာမို့လားဗျာ“

ဘကြီးက ရှည်ရှည် ရှင်းတယ်၊ ကျွန်တော်က ၀င်စားပြီး နားထောင်နေတယ်။ တချိန်ထဲမှာပဲ စေစားပြီး ဥာဏ်ဆင့်လို့ သုံးသပ်ကြည့်တယ်။ အခုအခံမရှိ စိတ်ကို လွှတ်ပေးထားလို့ရတယ်။ နားထောင်လို့ ကောင်းလိုက်တာဗျာ… ချောနေတာပါပဲ။ ဘကြီးက ဆက်ပြန်တယ်။

“စိတ်ကိုလည်း ဒီလို လွှတ်ပေးထားလို့ရတယ်၊ မျောချင်ရာ မျောပါစေပေါ့။ အတွေးတန်းပေါ့ဗျာ… လူဆိုတာ အတ္တကြီးတဲ့ သတ္တ၀ါမို့ ခံစားလို့ ကောင်းတာ၊ ကိုယ် အသာရတာ၊ ကိုယ် အောင်မြင်တာမျိုးကိုဆို ကျေနပ် သဘောကျပြီး အတွေးထဲမှာ နစ်နေတတ်တယ်ဗျ။ အခုအခံ မရှိဘဲ ဒီလို တွေးနေ၊ ကိုယ့်လုပ်ရပ် ကိုယ်ပြန်စဉ်စားပြီး ကျေနပ်နေရတဲ့ အရသာမျိုးကလည်း စိတ်ကို ကြည်လင်စေတယ်ဗျ“

ကျွန်တော့်ရဲ့ ဘကြီးတရားကတော့ အရင်အခေါက်တွေလိုပါပဲ၊ ကောင်းလေစွကို ပါဠိလို “သာဓု“ လို့ ခေါ်သလို အခုလည်း သူ့ဟောပြောမှုအတွက် သာဓုသုံးကြိမ်မျှ ခေါ်ဖို့ ရှိတာပါပဲ။ ဒါပေမဲ့ ဘုန်းကြီးတရား မဟုတ်လေတော့ သာဓုလို့ ကျွန်တော် မခေါ်ဘဲ ကောင်းလေစွလို့ ပြောပြီး စကားဝိုင်းသိမ်း ကျွန်တော့် ကျေနပ်မှုကို ငြိမ်းစေမှပဲလို့ အတွေး ပေါက်လာတာမို့ နှုတ်ဆက်စကား ဆိုလိုက်ရပါတယ်။

“ကောင်းလိုက်တာဗျာ၊ ရှင်းလိုက်တာ ဘကြီးရာ… ဒါကြောင့် ကျွန်တော်က ဘကြီးနဲ့ စကား အမြဲ ပြောချင်နေတာဗျ။ ကျေးဇူးတင်ပါတယ်ဗျာ။ ကဲ… အချိန်လည်း လင့်နေပြီမို့ စကားအရှိန်ကို သင့်ပြီလို့ တွေးမှတ်ပါသဖြင့် ဘကြီးရေ… လစ်ပြီဗျို့“ လို့ ကျွန်တော်လည်း ဘကြီးကို ဇာတ်သံနှောလို့ အရွှန်းဖောက်ရင်း အိမ်ဘက် ပြန်လျှောက်ခဲ့ပါတော့တယ်။

ကျွန်တော့်စိတ်တွေ လန်းရွှင်ကြည်လို့…

၂၀၁၂ ဇူလိုင် ၁၃၊ သောကြာ။ ည ၈ နာရီ။

လန်ဒန်။

by Myo Tha Htet on Friday, 13 July 2012 at 17:39·

သူက မုန်းတယ်ဆိုပြီး လှည့်ထွက်သွားတယ်၊ အကြိမ်ကြိမ် အမုန်းခံထားရနှင့်သူမို့ ထူးပြီးတော့ မအံ့သြ… မျက်လုံးစိုရုံတော့ ၀မ်းနည်းသွားမိတယ်။ ချစ်ခင်မှုကို ကံကောင်းချိန်က တကြိမ် ကြုံခဲ့ရပေမယ့် မုန်းတီးမှုကတော့ လွယ်လည်းလွယ် မြန်လည်းမြန်တာမို့ ဒီသဘော သိနှင့်ထားပြီးသူ အနေနဲ့ ထူးပြီး တွေမနေတော့ပါဘူး၊ ကံလို့သာ ယုံလိုက်တယ်။

ကျွန်တော် ရှင်းမပြတော့ဘူး၊ မုန်းသူဟာ ရှင်းချက်တွေကိုလည်း စိတ်ဝင်စားမှာ မဟုတ်တော့ဘူးလေ…။ အမုန်းလွယ် အချစ်ခက် ဒီလောကဟာ ရယ်စရာတောင် ကောင်းသေးဗျာ၊ နာမည်ကျော် စာရေးဆရာမ ဂျူးရဲ့ စာတအုပ် ရှိတယ်လေ “အမုန်းကြောင့်ဖြစ်သော စစ်ပွဲများ“ ဆိုလား။ မကြေညာတဲ့ စစ်မှာ ကျွန်တော် ရှုံးနိမ့်ခဲ့မင့်ပဲ။

မအောင်မြင်ခင်မှာ အကြောက်၊ အလန့်၊ အမုန်းတွေကို သင်ယူခဲ့ရသလို အောင်မြင်ပြန်တော့လည်း အကြောက်၊ အလန့်နဲ့ အမုန်းတွေကို ရင်ဆိုင်ရတတ်တဲ့ အနုပညာရှင် တယောက်တော့လည်း ကျွန်တော် မဟုတ်ပါဘူး။ ကိုယ့် ရိက္ခာလေးနဲ့ ကိုယ်၊ ကိုယ့်ရေဗူးလေးနဲ့ ကိုယ် နွေကန္တာကို ဖြတ်ကျော်နေသူ တယောက်… အချစ်မရှိတော့လို့ မချစ်တတ်တော့တဲ့သူကို သူ့အနာဂတ်လမ်းမှာ ထစ်ငေါ့ မနေစေချင်ပါဘူး၊ ကိုယ့်ဘ၀နဲ့ ကိုယ်လို့ပဲ ယုံထားလိုက်တယ်။

တခုတော့ ရှိတယ်၊ ကျွန်တော် မလွမ်းတတ်ဘူး။ ပြတ်သားတတ်သူ မဟုတ်ပေမယ့် ယုံမှားတတ်သူတော့ မဟုတ်ပြန်ဘူး။ အချစ်နဲ့ အမုန်းကို ကောင်းစွာ ခွဲခြားတတ်သူ မဟုတ်ပေမယ့် ခံစားတတ်သူ တယောက် ဖြစ်တာမို့ အချဉ် အခါး၊ အကျင် အခက်ကိုတော့ ရင်မှာ သိခဲ့ပြီ။ ဖွယ်ဖွယ်ရာရာ မပြောတတ်ပေမယ့် သိနေခဲ့သူမို့ ဒီအမုန်းဟာ ဒီတကြိမ် အဆုံးသတ်ပါတော့လို့ပဲ မယုံမကြည်နဲ့ တောင်းဆုချည်…။

လူတွေမှာကလည်း ကိုယ့်အမှန်တရားတွေ ကိုယ်စီ ရှိတယ်မို့လား၊ သဘောကျရင်… နှစ်သက်ရင်… ကြိုက်ရင်… ချစ်မယ်။ အလိုမကျရင် ဒါမှမဟုတ်ရင် အပိုကွလို့ မြင်ရင် အချစ်မ၀င်ဘဲ နေနိုင်တာပဲလေ။ ဒီထက် တဆင့်တိုးလို့ ချစ်ခဲ့မိသူမို့ ရုန့်ရင်းကြမ်းတမ်းတဲ့ ဖရုသ၀ါစာ နတ်မကြိုက်တဲ့ စကားလည်း ပြောထွက်ချင် ထွက်မယ်၊ လူပီပီမို့ လူလိုပဲ ဒေါသတော့ တခါတခါ ထွက်နိုင်ကြသားပဲ…။ အမြဲရှုံးစေဖို့ အသည်းနှလုံးတွေ ကြွေလို့ အတင်းအဓမ္မ မုန်းထည့်လိုက်ရတာမျိုး မဖြစ်ကြဖို့ဘဲ လိုတယ် မဟုတ်လား။ အားလုံးဟာ ကိုယ့်သဘောနဲ့ ကိုယ်…။

သူ့ဆန်စား ရဲရတဲ့သူကိုမှ မုန်းတယ်၊ မုန်းတယ်၊ မုန်းတယ်ချည်း အခါခါ ပြောလာချိန်မှာ နာတဲ့ နှလုံးသားဟာ အကာမဲ့မို့ သူ့အရိပ်တွေ မိုးထားပေမယ့်လည်း ဝေ့၀င်လာတဲ့ ဒေါသတွေပါတဲ့ မောဟလေတွေက အေးစေတခါ လောင်စေတလှည့်နဲ့ မနားတမ်း တိုက်ခတ်လာတဲ့အခါ သံသရာ ဒီစခန်းမှာ ဒီတလမ်းသာ ထွက်ပေါက်ရှိတယ်လို့ ဆိုချင်ဆို… နောက်ဆုတ်တော့ မပြေးဘူးဗျာ။ တသက်မှာ တခါပဲ ချစ်တတ်ခဲ့သူမို့…။

ဆဲတာက လွယ်ပါတယ်၊ ရဲဖို့သာ မလွယ်တာ မဟုတ်လားဗျာ။ ခံနိုင်တာ သတ္တိတဲ့ဗျ။ အလွယ်မုန်း… အလွယ်သုံး… အလွယ်ပေး… အလွယ်လေးတွေနဲ့… အလွယ်တွေ လွယ်တဲ့ခေတ်မှာ ကျွန်တော်က မလွယ်တဲ့ ရဲခြင်းကိုမှ နှစ်သက်သူ၊ ရဲရဲတောက် ရှုံးသူမို့ စိတ်ညစ်စရာတော့ အကောင်းသား… မျက်နှာမည်းပေမယ့် အတွင်းက ရဲအောင်လို့ ကြိုးစားနေပါတယ်… မုန်းသူရေ…။

အမုန်းတွေ အမြဲရခဲ့တယ်၊ အခုလည်း အမုန်းတွေ ချထားခဲ့တယ်။ နောင် အနာဂတ်မှာလည်း တခြား အမုန်းတွေ ရလာဦးမှာမို့ အမုန်းဆိုတာရယ် မကြားလိုပြန်တယ်လို့လည်း မဟုတ်ပါဘူး။ မမုန်းတတ်သူတွေကိုတော့ ဒီတသက် တွေ့ချင်ဖူးတာ အမှန်ပါဗျာ။ တုတ်ပြီးဓားပြီးထားသူတွေလို ကျွန်တော်က အမုန်းပြီးထားတဲ့သူလည်း မဟုတ်လေတာမို့ ဒီ အမုန်းဒဏ်တွေအောက် စိတ်မဖောက်ဘဲ နေနိုင်ဖို့ ကျွန်တော် အသက်တော့ ၀၀ရှုပါရစေဗျာ…၊

မုန်းချင်လည်း မုန်းလေ… ကျွန်တော် ရှင်းမပြတော့ဘူး…။

၂၀၁၂ ဇူလိုင် ၁၃၊ သောကြာ။ ညနေ ၅ နာရီခွဲ။

လန်ဒန်။

by Myo Tha Htet on Friday, 13 July 2012 at 16:44·

တရုတ်ကြီး နာမည်တော့ မဟုတ်၊ ကျွန်တော် ၀င်စားသော အကြောင်းအရာတခု…။ အောင်မြင်သူတွေဟာ အချိန်ကို တန်ဖိုးထားသူများ၊ ကောင်းစွာ အသုံးချတတ်သူများတဲ့၊ အင်း… ဟုတ်တာပေါ့။ ကျွန်တော်လည်း အတတ်နိုင်ဆုံး ကြိုးစားလိုက်နာကြည့်တယ်။ အကြောင်းမဲ့ အချိန်တွေ မကုန်အောင် အခု နောက်ပိုင်း သတိထား နေထိုင်ခဲ့တယ်။ အချိန်တိုင်း အဖိုးတန်အောင်နေတော့ ပင်ပန်းတာပေါ့။

အားချိန်၊ နားချိန် နည်းသွားတာပေါ့။ လူပင်ပန်း စိတ်ပင်ပန်းမှုတွေ များတဲ့အခါ အနားယူဖို့ လိုတယ် မဟုတ်လားဗျာ။ ကျွန်တော် ဆိုလိုတာက စိတ်ရော ကိုယ်ပါ အနားယူတာမျိုးပါ။ တခွက်တဖလားလောက် သောက်တတ်သူက သောက်၊ သီချင်း အေးအေး နားထောင်သူက ထောင်၊ တကြော်ကြော် ဟစ်ကြွေးတတ်သူက အော်… ဒီလိုဆို အချိန်တွေ ဖြုန်းတယ်လို့ မှတ်ရမလား။ ကိုယ့်ဟာကိုယ် ၀ါးတားတားနဲ့ မကွဲမပြား ဖြစ်ခဲ့ဖူးချိန်လည်း ရှိခဲ့တယ်။

တခါ တရားဘက် လှည့်ကြည့်ဖြစ်တော့လည်း “ငါသည် မုချ သေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်၊ အသေ မဦးခင် ဥာဏ်ဦးအောင် အားထုတ်ပါတော့မည်“ ဆိုတဲ့ မိုးကုတ်ဆရာတော် ဘုရားကြီး အဆုံးအမမှာ သေဖို့က အချိန်ပိုင်းပဲ လိုတော့တာတဲ့။ ဟုတ်တာပေါ့… ဆန့်သောလက် မကွေးခင်၊ ကွေးသောလက် မဆန့်ခင် သေသွားနိုင်တယ်လို့ ပညာရှိတွေကလည်း မိန့်ဆိုထားတာကိုး…။ ဒါကြောင့် ပညာရှိကြီးက ကြံကို အရင်းက အရင် စုပ်စားခဲ့တယ်မို့လား။

ပညာရှိတွေကြားမှာလည်း အမျိုးမျိုးကွဲဦး မပေါ့ဗျာ၊ ကြံဖျား အရင် စားမလား၊ ကြံရင်း မဆွ စားမလားလို့ တွေးကောင်း တွေးနိုင်ပါတယ်။ ကျွန်တော်ကလည်း ကြံရင်း အဦးစားမယ့်ထဲက ပါပဲ…၊ ဒါကိုပဲ ရင့်ရင့်သီးသီး ပြောကြမယ်ဆိုရင်တော့ အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစားလို့ ပြောရမယ် ထင်ပါရဲ့…။ တကယ်တော့ လျှော့ပြော ချော့ပြောရင်တော့ အချိန်သိသူ၊ အရှိန်မိသူလို့ ဆိုနိုင်သားကလား…။

ဒီနေရာမှာ ကျွန်တော့်ဘာသာ တခါခါေ၀၀ါးနေတတ်ပြန်တာက အချိန်ဆိုတာ စီရင်ပြီးသား အမိန့်တွေပါပဲလို့… ဒီအချိန်မှာ ဒါဖြစ်လို့ ဟိုအချိန်မှာ ဟိုဟာ ဖြစ်မယ်ဆိုတာကိုပေါ့။ ဒီအချိန်မှာ ဟိုဟာ မဖြစ်ဘဲ ဟိုအချိန်မှာ ဒါတွေ မဖြစ်ခဲ့တာတွေကို ထောက်လို့ မှန်းဆ ကြည့်မိတာပါ။ မျက်ရမ်းမှန်းဆလို့ ဆိုချင်ဆိုပါ၊ ယူဆမိတဲ့ အယူအဆ တရပ်မို့ တရားသေလို့လည်း အပြတ်တော့ မပြောနိုင်ပါဘူး။

ဒါဖြင့်ရင် အချိန်ကို ဘယ်သူ ပိုင်ပါသလဲ၊ တရုတ်ကြီး အချိန်ကိုတော့ သူ့မိန်းမ ပိုင်ချင် ပိုင်နိုင်ပေမယ့် ကျွန်တော့် အချိန်တွေကိုတော့ ကျွန်တော် ပိုင်ရမယ် မဟုတ်ဘူးလား။ ကျွန်တော့် အချိန်တွေကို ငွေအဖြစ် လဲတန်လဲမယ်၊ ကျွန်တော့်ဘ၀အတွက် တိုးတက်ရေး သုံးတန် သုံးမယ်၊ အပျော်အပါးအတွက် တချို့သုံးမယ်၊ သူငယ်ချင်းနဲ့ လူမှုရေးအတွက်လည်း သုံးမယ်။ လူတိုင်း တနေ့ ၂၄ နာရီ တူတူ ရထားတာမို့ ကိုယ့် ၂၄ နာရီကိုတော့ စိတ်ကြိုက် စီမံခန့်ခွဲနိုင်မယ် မဟုတ်ဘူးလား။

ဒါပေမဲ့ ဒီ တရက် ၂၄ နာရီတွေထဲမှာလည်း သူ့အချိန်နဲ့ ကိုယ့်အချိန် တိုက်တာတွေ၊ ဒါမှမဟုတ် ကြိုတင် ကိုက်ထားရချိန်တွေကြောင့် တူတာတွေ ရှိသလို ကွဲတာတွေလည်း ရှိနေပြန်တော့ ငါ့အချိန် ၂၄ နာရီ၊ ဘယ်သူ့မှ လာမထိနဲ့လို့ ကာထား ကွေထားလို့ မရနိုင်တာကလည်း ပြဿနာရင်း တခု ဖြစ်ပြန်ပါတယ်။

အချိန်ကို သတ်မှတ်တာကလည်း စဉ်းစားစရာ ရှိပြန်ပါတယ်။ ခေတ်က ၂၄ နာရီ ပတ်လုံး ပြောင်းလဲနေတဲ့ ခေတ်ဖြစ်တာမို့ ၂၄ နာရီချင်း တွန်းတိုက်တိုးရင်း နည်းနည်းကွာကနေ ဝေးဝေးကွာကလည်း ရှိပြန်လေတော့ ကိုယ့် နေ့ပိုင်း အချိန်တွေက သူများရဲ့ ညပိုင်း အချိန်တွေ ဖြစ်နေပြန်ပါတယ်။ သူ့အချိန် ကိုယ့်အချိန် တိုက်မိချိန်တွေကလည်း ဆွေးနွေးစရာ ဖြစ်ပြန်ပါတယ်။

တကယ်တော့ အချိန်ဆိုတာက အရွေ့သဘာဝပါ၊ ရပ်မနေတဲ့ သဘောလည်း ရှိပါတယ်။ ဒီတော့ ကိုယ်က ရပ်နေမယ်၊ မရွေ့တော့ဘူးဆိုရင် အချိန်နဲ့ အသားကျဖို့က မလွယ်ပါဘူး။ အချိန်က ကိုယ့်ကို မစောင့်ပါဘူး၊ ကိုယ်ကသာ အချိန်ကို စောင့်ရတာမျိုး ရှိတာပါ။ အချိန်ကို စောင့်ခဲ့ရင်တောင်မှ အတိအကျ တွေ့ဖို့ဆိုတာက ခက်နိုင်တာမျိုးပါ။ အချိန်ကို စေစားနိုင်ဖို့ဆိုတာ ကျွမ်းကျင်မှုနဲ့လည်း ဆိုင်ပြန်ပါတယ်။ မဟုတ်ရင် အချိန်အောက်မှာပဲ ပြားပြားမှောက်ရမယ့် သဘောရှိပါတယ်။

ကျွမ်းကျင်သူတွေမှာလည်း စောင့်ရတဲ့ အခိုက်အတန့်တွေ ရှိပြန်ပါတယ်၊ ကိုယ်ကချည်း ကျွမ်းနေလို့ ရတာမျိုး မဟုတ်ဘဲ ကျင်သူတွေ၊ လည်သူတွေနဲ့လည်း ချိတ်ဆက်လို့ အချိန်ကိုက် လုပ်ဆောင်ရတာမျိုးတွေ ရှိနေပြန်ပါတယ်။ အချိန်က ဘုံ၊ လည်သူတွေက လာဆုံရတာမျိုး၊ တိုင်ပင်တခုလို အ၀င်အထွက်နဲ့ ကခုန်ရတာမျိုး၊ စကားနာထိုးနေပေမယ့် သည်းခံရတာမျိုးတွေဟာ အချိန်နဲ့ ဆိုင်ပါတယ်။

အချိန်ဆိုတာ လုပ်ယူရတာမျိုးပါလို့ အတွေ့အကြုံများသူတချို့ကလည်း ဆိုပြန်ပါတယ်။ ကျွန်တော်တို့လို့ အွန်လိုင်းမှာ အချိန်ကုန်သူတွေက လုပ်ယူဖို့ လုပ်နေတုန်းမှာပဲ ကုန်ကုန်သွားတတ်ပါတယ်။ ဆိုချင်တာက ပြင်ပကမ္ဘာမှာ သူငယ်ချင်း အပေါင်းအသင်းနဲ့ တွေ့ချိန်၊ မိဘနဲ့ တွေ့ချိန်၊ ချစ်သူ ရည်းစား သမီးသား မယားကြင်ယာနဲ့ တွေ့ချိန် ဆုံချိန်တွေဟာ တခါတခါ လုပ်ယူရတာမျိုး မဟုတ်လားဗျာ။

နာမည်ကျော် အိုင်းရစ် ပြဇာတ်ဆရာကြီး ဂျော့ ဘားနတ် ရှောက အချိန်နဲ့ ပတ်သက်ပြီး ပြောထားတာလေး တခုက မိုက်ပါတယ်။ “လူတိုင်းဟာ ဘာမဆို ဖြစ်နိုင်ပါတယ်တဲ့၊ စောစော ဖြစ်မှာနဲ့ နောက်ကျတာပဲ ကွာတာပါတဲ့… အဲ… လုံလောက်တဲ့ အချိန်ရှိဖို့တော့ လိုတယ်“ တဲ့။

မူရင်းက ဒီလိုပါ…

Everything happens to everybody sooner or later if there is time enough.

George Bernard Shaw

ကျွန်တော်တော့ ဘာမှ မဖြစ်ချင်တော့ပါဘူး။ အချိန်မှန်တဲ့ နာရီတလုံးပဲ ဖြစ်ချင်တော့တယ်။

အချိန်မှန်တဲ့ နာရီဟာ လူတွေကို စားစေချိန် စားစေသလို စေစားချိန် စေစားတယ် မဟုတ်လား… ဗျာ။

၂၀၁၂၊ ဇူလိုင် ၁၃။ သောကြာ။

ညနေ ၄ နာရီခွဲ။

by Myo Tha Htet on Saturday, 2 June 2012 at 15:41·

ခုတလော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သတင်းကို မီဒီယာသမားတွေ၊ သတင်းထောက်တွေက ကာဗာလုပ်ရင်းနဲ့ဖြစ်ဖြစ်၊ ၂၄ နှစ်တာကာလအတွင်း ပြည်ပကို ပထမဆုံးသွားတဲ့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နဲ့ပဲဖြစ်ဖြစ် ဝေဖန်မှုတွေကို ကြားလာ၊ ဖတ်လာရတော့ ကျွန်တော် ပြောချင်နေတဲ့အချက် တချို့နဲ့ ညီနေလို့ သဘောကျမိပါတယ်။

ဒါပေမဲ့ အခက်အခဲဆိုတာက သူ့ဘက်ကိုယ့်ဘက် ရှိတတ်တာမို့ အပြုသဘော ထောက်ပြကြဖို့ပဲ စိတ်ထဲ ရှိမိပါတယ်။ ပြီးခဲ့တဲ့ တလောက ဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးနဲ့ စပ်လို့ သတင်းထောက်နဲ့ လုံခြုံရေး တာဝန်ယူသူတွေကြား ပြဿနာ တက်ခဲ့တာက စလို့ အခု ထိုင်းနိုင်ငံ ခရီးစဉ်အဆုံး ကြားလာရတဲ့ အသံတွေကတော့ NLD ပါတီ အနေနဲ့ ပါးပါးနပ်နပ် စီမံခန့်ခွဲနိုင်မှု အားနည်းနေတယ် ဆိုတာကို တွေ့ရပါတယ်။

လူပေါင်းများစွာ၊ အဖွဲ့အစည်းများစွာနဲ့ ဆက်ဆံနေရတာမို့ တယောက်၊ တဖွဲ့ရဲ့ မကျေနပ်မှုတွေက ရှိကောင်းရှိနိုင်မှာ ဖြစ်ပေမယ့် အဲဒီလို တယောက်၊ တဖွဲ့တွေ များလာရင်တော့ မကျေနပ်ခြင်း ခံရတဲ့ ပါတီ၊ အဖွဲ့အစည်းအတွက်တော့ ရေရှည်မှာ ကောင်းတဲ့ ရလဒ် ဖြစ်နိုင်မယ် မထင်ပါဘူး။

ပြဿနာတခု ဖြစ်လာရင် ဘယ်လို အကောင်းဆုံး ဖြေရှင်းရင် ရနိုင်မလဲ ဆိုတာကို လိုက်စဉ်းစားတတ်တဲ့ ကျွန်တော့် ဗီဇကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခု ဖြစ်နေတဲ့ ပြဿနာတွေကို ပြေလည်စေဖို့ ဆိုရင် လက်ရင်းသုံးနေရတဲ့ သူတွေကို အခုထက် ပိုပြီး ကောင်းစွာ စီမံခန့်ခွဲ လုပ်ဆောင်နိုင်ဖို့ အရည်အချင်း မြှင့်ပေးရင် ပေးရပါလိမ့်မယ်၊ မဟုတ်ရင်လည်း အရည်အချင်း ရှိပြီးသားလည်း ဖြစ်၊ ကိုယ့်အတွက်လည်း အားတက်သရော ကူညီ ဆောင်ရွက်ပေးနိုင်မယ့် သူတွေကို စည်းရုံး ခေါ်ယူ လက်တွဲ ဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။

တဖက်ကလည်း NLD ပါတီဟာ နှစ်ပေါင်းများစွာ ပိတ်ထား၊ တားထားတဲ့ ကြားကနေ ရပ်တည် ရှင်သန် ခဲ့ရတော့ကာ အခုလို ပွင့်ပွင့်လင်းလင်းနဲ့ များများစားစား အင်တိုက်အားတိုက် ဆောင်ရွက်စရာတွေ ရှိလာတဲ့အခါ အားနည်းတတ်တာကိုတော့ ထည့်သွင်း စဉ်းစားစရာ ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခေတ်နဲ့ အံဝင်အောင် စီမံခန့်ခွဲရေး နည်းလမ်းတွေကိုတော့ ပြောင်းလဲ ကျင့်သုံး ဆောင်ရွက် ရတော့မှာ ဖြစ်ပါတယ်။

အခုလည်း NLD ပါတီက အမတ်တွေက ပြည်ပနိုင်ငံတွေကို ဆက်တိုက် ဆိုသလို ထွက်ခွာနေပြီး သင်ယူ လေ့လာမှုတွေ လုပ်လာတာကိုတော့ မြင်လာရပါပြီ။ ထို့အတူပါပဲ… ပါတီကြီးတခုလုံး အစိုးရတရပ်လို စနစ်တကျ အလုပ်လုပ်နိုင်ဖို့လည်း အလားတူ ပြည်ပထွက် လေ့လာမှုတွေ၊ စနစ်တကျ တက္ကသိုလ် တခုခုမှာ သင်ယူမှုတွေ၊ သင်တန်းတက်လာတွေ လုပ်ရပါတော့မယ်။ ဒါမှလည်း မလိုလားအပ်တဲ့ ဘေးထွက် ဆိုးကျိုးတွေ မရှိတော့မှာ ဖြစ်ပါတယ်။

အဲဒီလို ပြည်တွင်းမှာရော ပြည်ပကပါ လာရောက်ကြပြီး ပါတီနဲ့ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်သွယ် တွေ့ဆုံ ဆွေးနွေး ပြောဆိုလာမယ့် မီဒီယာသမားတွေ၊ နိုင်ငံရေးသမားတွေ၊ နိုင်ငံခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့ဝင်တွေ၊ စီးပွားရေးပညာရှင်တွေ၊ တက္ကသိုလ် ပါမောက္ခတွေ စသဖြင့် အဆင့်အတန်းပေါင်းစုံနဲ့ ဆက်ဆံနိုင်ဖို့ဆိုတာ NLD ပါတီမှာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ ကောင်းစွာ ကျွမ်းကျင်ပြီး၊ လူထုဆက်ဆံရေး အထူးအားကောင်းတဲ့ လူတွေက ၀န်းရံ လုပ်ကိုင်ပေးဖို့ လိုနေပါတယ်။

လူထုဆက်ဆံရေးသမားကောင်းတွေ ၀န်းရံနေရုံနဲ့ ပြီးရောလားဆိုတော့လည်း မပြီးသေးပြန်ပါဘူး။ ဘာသာရပ်အလိုက် ကျွမ်းကျင်သူတွေရဲ့ ထောက်မကူညီမှုတွေ၊ အကြံပေး လမ်းညွှန်မှုတွေကလည်း လိုပြန်ပါသေးတယ်။ ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်က အမြဲဆိုသလို လက်ရေ တပြင်တည်း ဆွေးနွေးနိုင်တယ် ဆိုပေမယ့်လို့ ဘာသာရပ်အလိုက် ဆွေးနွေးရမယ့် ကိစ္စတွေ၊ ဆိုင်ရာနယ်ပယ်က လူတွေနဲ့ ထဲထဲဝင်ဝင် ထိတွေ့ ဆက်ဆံ ဆွေးနွေးနိုင်ဖို့ကြတော့ အထူးပြု လေ့လာထားသူတွေက ထောက်မ ကူပံ့ကြရင် ကောင်းပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာသာစကားများစွာကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သလို ဘာသာရပ်ဆိုင်ရာ တော်တော်များများကိုလည်း တီးမိခေါက်မိကနေ ကျွမ်းကျင်ကောင်း ကျွမ်းကျင်နိုင်ပေမယ့်လို့ အရာအားလုံးကို လိုက်လုပ်နေဖို့ကျတော့လည်း အလုပ်တွင်ဖို့ရာမှာ ထိခိုက်နိုင်ပါတယ်။

ဘာသာရပ်ဆိုင်ရာဆိုတဲ့ အထဲမှာ အဓိကတော့ နိုင်ငံခြားဆက်ဆံရေး၊ ပြန်ကြားရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ အလုပ်သမားအရေး၊ သဘာဝန်းကျင် ထိန်းသိမ်းရေး၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကနေ အကြောင်းအရာပေါင်း မြောက်များစွာ ရှိနေပါတယ်။ ဒါကြောင့် တချို့တာဝန်တွေကိုလည်း အထူးပြုကျွမ်းကျင်သူတွေကို လွှဲပေး၊ တာဝန်ပေးဖို့တွေ လိုလာမှာ ဖြစ်ပါတယ်။

ခေါင်းဆောင်ကောင်းဆိုတာ ကိုယ်မရှိလည်း ပါတီ အဖွဲ့အစည်းတရပ် ကောင်းစွာ ရှင်သန်နိုင်အောင် ဆောင်ရွက်ထားနိုင်တဲ့သူ ဆိုတဲ့ ဆောင်းပါးရှင် ကိုဇေယျသူ ရေးပြခဲ့တဲ့ အကြောင်းအရာမျိုးက တကယ်ကောင်းတဲ့ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲနိုင်စွမ်း ဖြစ်ပါတယ်။ ဒါမျိုးကို လုပ်နိုင်ဖို့ ကောင်းပါတယ်။ ကပ်ရပ်က ရှိနေတဲ့ လူတွေကလည်း ဒေါ်အောင်ဆန်းစုကြည် အနား မီသထက်မီနိုင်အောင် ကြိုးစားရပါလိမ့်မယ်။

ယူကေနိုင်မှာတော့ ရှဲဒိုးအစိုးရအဖွဲ့ဆိုတာ ရှိပါတယ်။ သူက တိုင်းပြည်ကို တကယ်အုပ်ချုပ်နေတဲ့ အစိုးရကို ကပ်ပြီး ကြည့်ထားတာပါ။ ရှဲဒိုအစိုးရဆိုတာ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်တို့လို အတိုက်အခံပါတီက ဖွဲ့စည်းထားတာဖြစ်ပြီး အစိုးရရဲ့ လုပ်ဆောင်ပုံတွေကို စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ အစိုးရ လုပ်တာ တခုခု လွဲချော်ရင် (ဒါမှမဟုတ် လွဲချော်တာတွေ လုပ်ဖို့ ကြံနေရင်) ရှဲဒိုး အစိုးရ၀န်ကြီးတွေက မီဒီယာတွေကနေတဆင့် ကောင်းကောင်း ပြစ်တင် ဝေဖန်ပါတော့တယ်။

အဲ… အဲဒီလို ဝေဖန်နိုင်ဖို့ကျတော့ လေချည်းသက်သက် ဝေဖန်လို့ မရတော့ပါဘူး။ အကျိုးအကြောင်းပြပြီး ဝေဖန်ရတာမျိုး ဖြစ်သလို လိုအပ်လာရင်လည်း ကိုယ့်မှာ အဲဒီထက် ကောင်းတဲ့ အစီအစဉ် သို့မဟုတ် မူဝါဒပါ ရှိကြောင်း ပြောဆိုနိုင်ဖို့လည်း လိုပါတယ်။ ဒါကြောင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ဖြစ်ဖို့ လိုတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

အဲဒါဆိုရင် ကိစ္စရပ်တိုင်း အသေးလေးကနေ အကြီးကြီးအထိ အကုန်လုံး ဒေါ်အောင်ဆန်းစုကြည် တယောက်ထဲ တာဝန်ယူ ပြောနေရတဲ့ အပိုင်းကဏ္ဍက လျော့သွားမှာ ဖြစ်သလို မြန်မာကနေ… ဒေသတွင်း… ဒေသတွင်းကနေ ကမ္ဘာ့အဆင့်ထိ အကြောင်းအရာကြီးတွေကို ပိုင်ပိုင်နိုင်နိုင် ပြောဆို ထောက်ပြနိုင်ဖို့ မြန်မာပြည်ရဲ့ ကမ္ဘာ့အဆင့် ခေါင်းဆောင် အဆင့်အတန်းအထိ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

NLD ပါတီမှာလည်း ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့တဲ့တခေါက် အကျယ်ချုပ်က မလွတ်ခင်ကနေ လွတ်လာစ လောက်ကစပြီး စီးပွားရေး၊ ပညာရေးပိုင်း၊ ကျန်းမာရေးပိုင်ဆိုင်ရာ တာဝန်ခွဲဝေ လေ့လာမှုတွေ၊ သုံးသပ်မှုတွေ လုပ်နေတယ် ဆိုတာမျိုးတွေ ကြားရပေမယ့် ဒီထက်ပိုပြီး ထိထိရောက်ရောက် လေ့လာလုပ်ကိုင်ဖို့ လိုတယ်လို့တော့ ထင်မိပါတယ်။

ကိုယ်တိုင်က အတိုက်အခံ ပါတီလောက်မှာပဲ ရှိသေးတယ်၊ အစိုးရမှ မဟုတ်သေးတာ… အများကြီးတော့ ဘယ်လိုလုပ် လုပ်နိုင်မလဲ ဆိုပေမယ့်လို့ လူထု ထောက်ခံမှုများရင် နောက်တကြိမ် ရွေးကောက်ပွဲ ဖြတ်သန်းတဲ့အခါ အစိုးရ ဖြစ်လာကောင်း ဖြစ်လာနိုင်တာမို့ အခု ကထဲကနေ ပါတီကို စနစ်တကျ ဖွဲ့စည်း တည်ဆောက် ထားဖို့လိုနေပါတယ်။

ပါတီရဲ့ ပြောခွင့်ရသူ လွှတ်တော်အမတ် ဦးအုန်းကြိုင် ပြောခဲ့တဲ့ အရဆိုရင်လည်း ဒီနှစ်ကုန်ပိုင်းမှာ ပါတီရဲ့ အထွေထွေ ညီလာခံ ကျင်းပဖို့ ရှိတယ်ဆိုတာကိုလည်း သိထားရတာကြောင့် NLD ပါတီဟာ စနစ်ကျတဲ့၊ တခြားပါတီတွေ အတုယူနိုင်မယ့် သက်တမ်းရင့် ပါတီကြီးတခု အဖြစ် ပြောင်းလဲ ပြင်ဆင် ဖွဲ့စည်းနိုင်မလား၊ ဘယ်လို ပုံစံမျိုးကို လာမယ့် နှစ်အနည်းငယ် အတွင်းမှာ တွေ့လာရလိမ့်မလဲ ဆိုတာကတော့ ကျွန်တော်တို့ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

ကိုးကား-

လုပ်ဖော်ကိုင်ဖက် ဘန်ကောက် အခြေစိုက် ဘီဘီစီသတင်းထောက် ဦးဝင်းမြင့်နဲ့ ဆွေးနွေး ပြောဆိုချက်များ၊ သည်ဗွိုင့်စ် ဝီးကလီး ဒုတိယ အယ်ဒီတာချုပ် ကိုဇေယျသူ ရေးတဲ့ “မရှိလည်းဖြစ်သူ“ ဆောင်းပါး၊ နဲ့ ကိုမင်းဇင်ရေးတဲ့ It’s time for Aung San Suu Kyi to get serious about management

ကိုမင်းဇင်း ဆောင်းပါးကို ဒီလင့်ခ်မှာ ဖတ်ပါ။ http://transitions.foreignpolicy.com/posts/2012/06/01/it_s_time_for_aung_san_suu_kyi_to_get_serious_about_management#.T8nohpAd4cE.facebook

ကိုဇေယျသူ ဆောင်းပါးကို ဒီလင့်ခ်မှာ ဖတ်ပါ။ https://www.facebook.com/notes/pann-ei-phyu/%E1%80%99%E1%80%9B%E1%80%BD%E1%80%AD%E1%80%9C%E1%80%8A%E1%80%B9%E1%80%B8%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%9E%E1%80%B0/153411878125784

၂၀၁၂၊ ဇွန်လ ၂ ရက်၊ မွန်းလွဲ ၃ နာရီ။

လန်ဒန်။

by Myo Tha Htet on Sunday, 13 May 2012 at 12:43·

မျက်နှာရဲ့ ဘယ်ဘက်ခြမ်း မျက်ခုံးမွှေး သုံးလေးပင်က လိုတာထက် ပိုရှည်နေပြီး မျက်လုံးရှေ့မှာ လာကျနေတော့ ကျွန်တော် ကွန်ပျူတာ ကြည့်တဲ့အခါ ရှုပ်သလို ခံစားရပါတယ်။ မျက်ခုံးမွှေးက ဒီလောက်တောင် ရှည်လာပြီ ဆိုတာဟာ အသက်ကြီးလာတာကိုလည်း တနည်းတလမ်းနဲ့ ခန္ဓာကိုယ်က ထုတ်ပြလိုက်တယ်လို့ ကျွန်တော် ထင်ပါတယ်။

တကယ်တော့ ကျွန်တော့် မျက်ခုံးမွှေးတွေကို ၂၀၀၉ သင်္ကြန်ကာလ ကမ္ဘောဒီယားနိုင်ငံ၊ မြို့တော် ဖနွမ်းပင်မှာ သင်္ကန်းဆီးတုန်းက ရိပ်လိုက်ရပါသေးတယ်။ (သူတို့ အယူအဆအရ သာသနာ့ဘောင် ၀င်တဲ့အခါမှာ ခေါင်းမွှေးရော မျက်ခုံးမွှေးပါ ရိပ်ရပါတယ်၊ အမွှေးနည်းလေ တဏှာ ရာဂပါးလေလို့ တွက်ဆကြသလားတော့ မသိပါဘူး)။ အဲဒီမတိုင်ခင်ကလည်း ကျွန်တော့် မျက်ခုံးမွှေးတချို့ နည်းနည်း ရှည်နေတာကိုတော့ သတိထားခဲ့မိပါတယ်။

ကျွန်တော်ငယ်ငယ်ကတော့ ဒီလို မျက်ခုံးမွှေးတွေ လိုတာထက် ပိုရှည်နေတဲ့ အဖိုးကြီးတွေ၊ နားရွက်ထဲက အမွှေးရှည်ကြီးတွေ ထွက်နေတဲ့ အဖိုးကြီးတွေကို တွေ့ခဲ့ဖူးပြီး၊ သဘောကျခဲ့ဖူးပါတယ်။ ငါလည်း တနေ့တော့ ဒီလိုပဲ ဖြစ်လာမှာပဲလို့လည်း ထင်ခဲ့မိပါတယ်။ အခုတော့ မျက်ခုံးမွှေး သုံးလေးပင်က သာမန်ထက်ပိုပြီး ရှည်နေတော့ မြင်ကွင်းမှာ ကန့်လန့်ခံနေသလို ဖြစ်လာပါတယ်။

ကျွန်တော့်မှာ ကိုယ့်ကိုယ်ကိုယ် ငါ အသက်ကြီးလာရင် ဘယ်လိုပုံပေါက်မလဲ၊ ဘယ်လို နေထိုင် စားသောက်မလဲလို့ အမြဲ စဉ်းစားပါတယ်။ ငယ်ငယ်ကထဲကနေ ရင်းရင်းနှီးနှီး နေခဲ့ဖူးတဲ့ ယောက်ျားသားတွေကလည်း များများစားစားတော့ မရှိ။ အဖိုး၊ အဖေ၊ ဦးလေးနဲ့ ကိုးကွယ်တဲ့ ဆရာတော်ဘုရားကြီး လူလေးဦးကို သွားတွေ့ပါတယ်။

အဖိုးက ဆစ်ခ်ပန်ချာပီမို့ အရပ်ခြောက်ပေလောက် မြင့်ပါတယ်။ လူကလည်း ပေါင် ၂၀၀ လောက် (မကချင်သာ နေပါလိမ့်မယ်) ရှိတော့ ငယ်ငယ်လေးတုန်းကဆို အဖိုးကို မော့ကြည့်ရတာ အလွန်မြင့်တဲ့ လူကြီးလို့ ထင်ခဲ့မိပါတယ်။ အဖေနဲ့အမေက အရပ် ငါးပေစီသာ မြင့်တာမို့ ကျွန်တော်တို့ မောင်နှမတွေ အခုလို အရပ်မြင့်နေတာဟာ အဖိုးဆီကနေ ဂျင်းန်(မျိုးရိုး)တဆင့် ခုန်ပျံကျော်လွှားလာတာ ဖြစ်နိုင်ပါတယ်။

အဖိုးဟာ အဖိုးကြီး ဖြစ်လာတော့ သူ့အရိုးအဆစ်တွေ ပြန်တိုသွားပုံ ရပါတယ်။ ဖြစ်ပုံက အရိုးအဆစ်တွေ တခုနဲ့တခု ကြားမှာ ထောက်မ ပင့်ထားတဲ့ အကြောတွေ၊ အဆီတွေ၊ အရည်တွေက ခမ်းလာ ပျောက်လာတော့ အရိုးချင်းထိကုန်ပြီး သွားလာရင်လည်း ပန်းတယ်၊ နာတယ် ဖြစ်ကုန်ပါတယ်။ အရပ်လည်း နိမ့်သွားပါတယ်၊ ခါးကလည်း ကုန်းလာပြီး လူကလည်း ပိန်ကျသွားပါတယ်။

အလုပ်တခုခု အားစိုက်လုပ်ရရင် (အိမ်အလုပ်တခုခုကို ပြောပါတယ်) အဖိုးဟာ မောနေပြီး ပါးစပ်ဟထား ရပါတယ်၊ အဲဒီအခါမှာ သွားရည်တွေလည်း ကျလာတတ်ပါတယ်။ ပုဆိုးဝတ်ပြီး ဆောင့်ကြောင့်ထိုင်လို့ နေတဲ့အခါမှာလည်း အောက်စတွေ ဘာတွေ လွတ်လာပါတယ်။ ထမင်းလည်း အများကြီး မစားနိုင်တော့တာကို သတိထားမိပါတယ်။

ငယ်ငယ်တုန်းက အမေနဲ့အဖွား ပြောတာ ကြားဖူးတာကတော့ အဖိုးဟာ ငယ်ငယ်က ဆိတ်သားဟင်းတွေ ဘာတွေဆိုရင် အများကြီးကို (ဟင်းတအိုးလုံး) စားပစ်လိုက်နိုင်တယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ အရွယ်ရောက်လို့ အဖိုးဆီ ထမင်း၊ ဟင်း သွားပို့ရင် ဖြစ်ဖြစ်၊ အဖိုးက အိမ်လာလည်လို့ ထမင်းကျွေးရင် ဖြစ်ဖြစ် အဖိုးဟာ ထမင်းတပန်းကန်ကိုတောင် တော်တော့်ကို အားစိုက်ရပြီး ဖြည်းဖြည်းချင်း စားတာကို တွေ့ပါတယ်။ အဖိုးဆုံးတော့ အသက်က ၇၉ နှစ် ဖြစ်ပါတယ်။

အဖိုးက စီးပွားရှာဖွေ လုပ်ကိုင်ခဲ့ဖူးတဲ့ သာမန်လူတဦးသာဖြစ်ပြီး အဖိုးနဲ့အသက် နည်းနည်းကြီးတဲ့ နောက်တဦးကတော့ ကျွန်တော်တို့ ကိုးကွယ်တဲ့ ဆရာတော် ဘုရားကြီး ဖြစ်ပါတယ်။ ဆရာတော်ကြီးက ကျွန်တော်တို့ ညီအကိုကို တခါတခါ သူ့ကျောင်းသားအဖြစ် ခေါ်ထားလေတော့ ဆရာတော့်နားမှာ ခြေဆုပ်လက်နယ်ပြုလို့ ၀တ်ဖြည့်ရပါတယ်။ တခါတခါလည်း ဆရာတော်ကြီးက မေးမြန်းတဲ့အခါ စကားလည်း ဘာလေး ပြောရပါတယ်။

ဆရာတော်ကြီးကျတော့ ငယ်ဖြူလည်းဖြစ်၊ အကျင့်သီလနဲ့လည်း ပြည့်စုံတော့ သက်တော် ၈၀၊ ၀ါတော် ၆၀ လောက်အထိကို သတိ အလွန်ကောင်းပြီး၊ တပည့်သားမြေးတွေအတွက် လောကီလောကုတ် နှစ်ဖြာသော အကျိုးတွေ ပြည့်ဝအောင် နိုင်သလောက် ဆိုဆုံးမ တာတွေ၊ လုပ်ကိုင် ဆောင်ရွက်ပေးတာတွေ တွေ့ခဲ့ရပါတယ်။ သာမန်လူနဲ့ အကျင့်သိက္ခာ ပြည့်ဝသူရဲ့ ကွာခြားချက်ကတော့ မိမိကိုယ် ထိန်းချုပ်နိုင်မှုနဲ့ သတိရှိတဲ့နေရာ ကွာတာကို ကျွန်တော် သတိထားမိခဲ့ပါတယ်။

ဆရာတော်ကြီးကို ကျွန်တော့်အဖိုးလို အနေအထိုင်မျိုး၊ မောနေတာမျိုး၊ လေးနေတာမျိုး တခါမှ မတွေ့ခဲ့ဖူးပါဘူး။ ဆရာတော်ကြီးဟာလည်း သက်တော် ၈၇ မှာ ပျံလွန်သွားတယ်လို့ မှတ်မိနေပါတယ်။

နောက်တဦးကတော့ အဖေ၊ အဖေက အရပ် ငါးပေသာမြင့်ပြီး ငါးပေနဲ့ လိုက်ဖက်တဲ့ ခန္ဓာကိုယ် အလေးချိန် ရှိပေမယ့်လို့ နောက်ပိုင်းမှာ ကံကြမ္မာမုန်တိုင်း တိုက်ခဲ့ပြီးနောက် အရက်ကို အဖော်အဖြစ် မှီဝဲခဲ့ရင်း နေထိုင်ခဲ့လေတော့ အသက် ၅၀ ကျော် အရွယ်မှာပဲ ခန္ဓာကိုယ် အလေးချိန်တွေ ကျဆင်းကာ သေးသေးကွေးကွေးလေး ဖြစ်လာတယ်လို့ ကျွန်တော်တော့ ထင်တာပါပဲ။

အဖိုးကြီးပုံပေါက်လာတဲ့ အဖေဟာ ကျွန်တော့်မျက်စိထဲ ပိုချစ်ဖို့ ကောင်းလာတယ်လို့ ထင်မိပေမယ်လို့ သွားတွေက မကောင်းတော့ပါဘူး၊ မျက်စိကလည်း တဖြည်းဖြည်း မွဲလာပါတယ်။ လူကလည်း အဟာရပြည့်ပြည့်၀၀ မစားရလေတော့ ခန္ဓာကိုယ်မှာ ခုခံနိုင်စွမ်း အင်အားက ယုတ်လျော့ကျဆင်းလာခဲ့ပြီး တခုသော ညမှာတော့ အရက်ကို အလွန်အကျွံ သောက်မိလိုက်ပုံ ရပါတယ်။ ဦးနှောက် သွေးကြောပြတ်ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ကွယ်လွန်ခဲ့ပါတယ်။ အဖေဆုံးတော့ ၅၉ နှစ်။

နောက်တဦးကတော့ ကျွန်တော့် ဦးလေးတယောက် ဖြစ်ပါတယ်။ ကျွန်တော်တို့ ညီအကိုကိုလည်း များစွာ ဂရုစိုက် စောင့်ရှောက်ခဲ့သူ ဖြစ်ပါတယ်။ သူလည်း ငယ်ငယ်က အားကစားကို အင်မတန် လိုက်စားခဲ့သလို၊ အလုပ်အကိုင်တခုကိုလည်း ကိုယ်တိုင် ဦးဆောင် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ဒါပေမဲ့ အရွယ်ကလည်း ၅၀ ကျော်လာ၊ အလုပ်အကိုင်တွေကလည်း အရင်လို အဆင် မပြေခဲ့ချိန်မှာတော့ ကံဆိုးစွာနဲ့ တီဘီရောဂါကပါ ဘယ်ကနေ ဘယ်လို ရောက်လာတယ် မသိပါဘူး၊ တီဘီရောဂါ ရပါတော့တယ်။

အရက်ကို တခါတခါမှသာ သောက်တတ်ပြီး ဆေးလိပ်လည်း မသောက်တဲ့ ဦးလေးဟာ တီဘီရောဂါပျောက်အောင် ဆေးရုံကိုသွားလို့ တီဘီဆေးတွေကို စနစ်တကျ စားပါသောက်ပါသော်လည်း ကောင်းမလာခဲ့ဘဲ ဆေးဒဏ်နဲ့ တဖြည်းဖြည်း ပိန်ချုံးလာခဲ့ပါတယ်။ နောက်ဆုံးတော့လည်း ဆုံးပါးသွားပါတော့တယ်။ အားကစားသမားတယောက်လို နေခဲ့တဲ့ ဦးလေးဟာ ပိန်ချုံးသွားချိန်မှာ အတော့်ကို အဖိုးကြီးပုံ ပေါက်သွားပါတော့တယ်။ ဦးလေးလည်း ၅၅ နှစ်လောက်မှာ ဆုံးပါးသွားခဲ့တယ်။

ဒါကတော့ ကျွန်တော်သိခဲ့တဲ့ ကျွန်တော့်ဘ၀ရဲ့ ရင်းရင်းနှီးနှီး အဖိုးကြီးတချို့ပါပဲ။ ကျွန်တော်တို့ လောကရဲ့ အဖိုးကြီးတွေထဲမှာတော့ ကျွန်တော် သဘောအကျဆုံးက သတင်းစာဆရာကြီး၊ ၀ါရင့်နိုင်ငံရေးသမားကြီး ဟံသာဝတီ ဦးဝင်းတင်ပဲ ဖြစ်ပါတယ်။ ဆရာကြီးဟာ အင်မတန်မှ စိတ်ဓာတ် မာကြောသူ တယောက် ဖြစ်ပါတယ်။ ရင်းရင်းနှီးနှီး မရှိပေမယ့်လို့ သူ့ ခံယူချက်၊ ပြောပုံဆိုပေါက်၊ စာအရေးအသားတွေကို ဖတ်ပြီး အဲဒီလို အဖိုးကြီးမျိုးတော့ ဖြစ်ချင်ခဲ့ပါတယ်။ အများကြီးတော့ ကြိုးစားရပါဦးမယ်။

နောက်တယောက် အဖိုးကြီးကို ပြပါဆိုရင်တော့ ကျွန်တော့် အင်္ဂလိပ်စာ ဆရာတဦးဖြစ်တဲ့ ဆရာဦးသိန်းလွင် (အင်္ဂလိပ်စာ) ပါပဲ။ ဆရာက သူ့ကို အဖိုးကြီးထဲ ထည့်ထားလို့ စိတ်ဆိုးနေမလားတော့ မသိပါဘူး။ ဆရာက အမေ့ရဲ့ဆရာလည်း ဖြစ်တာမို့ အဖိုးဆရာနေရာမှာ ဖြစ်နေလေတော့ အဖိုးကြီးလို့ ပြောလည်း မမှားလောက်ဘူး ထင်တာပါပဲ။

ဆရာက အသက်ကြီးမှ ဘာသာပြန်စာအုပ်တွေကို သူ့ကျောင်းသားတွေနဲ့ စာဖတ်သူတွေ လေ့လာကြလို့ ဗဟုသုတတွေ ရကြအောင် အင်္ဂလိပ်-မြန်မာနှစ်ဘာသာတွဲလို့ တွန်းရေး တွန်းထုတ်ပါတယ်။ ကျွန်တော် အမှတ်မမှားဘူးဆိုရင် ၁၀ နှစ်ကျော်အတွင်းမှာကို အုပ်ရေ ၁၀၀ ကျော် ရေးထုတ်ပစ်ပါတယ်။ (အခုဆိုရင်တော့ အုပ်ရေ ၁၅၀ လောက်တောင် ဖြစ်နေပြီလို့ ထင်ပါတယ်)။ တဖက်မှာ အင်္ဂလိပ်စာ သင်တန်းတွေကို ပို့ချနေရင်းကို တဖက်ကနေလည်း စာအုပ်တွေကို ဟောတအုပ် ဟောတအုပ် ရေးထုတ်နိုင်လောက်အောင် လုံလ ၀ီရိယ ကြီးကြီးနဲ့ကို အလုပ်လုပ်နိုင်တဲ့အတွက် ကျွန်တော် လေးစားပါတယ်။ ဆရာကတော့ တကယ့်အဖိုးကြီးတဲ့ အဖိုးကြီးပါပဲ။

နိုင်ငံရေးလောကမှာတော့ အဖိုးကြီးတဦးဖြစ်တဲ့ ပ-မ-ည-တ အမတ်ဟောင်း ၀ိဓူရ သခင်ချစ်မောင်ကို ရင်းနှီးဖူးခဲ့ပေမယ့် သူကျတော့ အသက်က သိပ်ကြီးသွားတော့ (ကျွန်တော်နဲ့ဆို အသက်က မတရား ကွာသွားလေတော့…) သေချာ မလေ့လာနိုင်ခဲ့ပါဘူး။ အခုတော့ သခင်ချစ်မောင်လည်း ဆုံးပါးသွားပါပြီ။ ဒါပေမဲ့ သူ့ကြည့်ရတာတော့ အနေအေးအေး၊ စိတ်ကြည်ကြည်၊ အတွေးရှင်းရှင်း ရှိပုံတော့ ပေါက်တယ်လို့ တွေးခဲ့မိဖူးတယ်။

ဒီမှာတော့ ရထားတွေ၊ ကားတွေစီးရင်းဖြစ်ဖြစ်၊ ပါ့ဘ်တွေ ဘာတွေမှာပဲဖြစ်ဖြစ် အဖိုးကြီးတွေကို တွေ့တဲ့အခါ သူတို့ဟာသူတို့ ဘ၀ကို အငြိမ်းစားယူရင်း အေးအေးဆေးဆေး ဖြတ်ကျော်နေတာကို တွေ့ရပါတယ်။ သူတို့ချင်း စမတ်ကျကျ ၀တ်စားဆင်ယင်လို့ သောက်ကြ၊ စားကြ၊ သွားကြ၊ လာကြနဲ့ မဆုံးပါးခင်မှာ ဘ၀ကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေကြပါတယ်။ ချမ်းသာသူတွေကလည်း ဖောင်ဒေးရှင်းတွေ ထူထောင်လို့ လူမှုအကျိုးပြု လုပ်ငန်းတွေ လုပ်ကြပါတယ်။

တလောကဆို ပါရဂူဘွဲ့ နှစ်ခုရ ပညာတတ် လူပျိုကြီး အဖိုးကြီးက ကျောင်းသားငယ်လေးတွေ လမ်းဖြတ်ကူးဖို့ ကားတားပေးတဲ့ အလုပ်ကို လုပ်ကိုင်နေသတဲ့။ ဘယ်လောက်မိုက်သလဲဗျာ။

ဒီတော့ ကျွန်တော် စဉ်းစားမိတယ်…၊ အသက်ကြီးလာတိုင်း အဖိုးကြီး ဖြစ်တာ မဟုတ်ဘူး၊ အသက်ကြီးလာသလို မသေဆုံးခင် ကျန်တဲ့ အချိန်တွေမှာလည်း အဖိုးတန်တဲ့ အလုပ်ကိုလုပ်မှ တကယ့်အဖိုးကြီး ဖြစ်မှာ မဟုတ်လား။ ကျွန်တော်လည်း ခဏနေတော့ အသက်ကြီးတဲ့ လူကြီးတယောက် ဖြစ်လာမှာပါပဲ။ အဖိုးလိုဖြစ်မလား၊ အဖေ့လိုဖြစ်မလား၊ ဘယ်လို အဖိုးကြီးဖြစ်မလဲ ဆိုတာကိုတော့ စိတ်ဝင်စားနေမိတယ်။

၂၀၁၂ မေ ၁၃၊ မွန်းတည့်။

လန်ဒန်။