Category: ဆောင်းပါး


by Myo Tha Htet on Saturday, 6 October 2012 at 23:50·

အောက်တိုဘာ ၅ သောကြာ

ဒီတညကို ကျွန်တော် စောင့်နေခဲ့တာ ၄၇ ရက် ကြာခဲ့ပြီ။ ဘာရယ်မဟုတ် ညာရယ်မဟုတ် ဒီအရသာကို မွတ်သိပ်ခဲ့မိသူ…၊ လောကကို အလှဆင်တာ ဂီတ မဟုတ်လား။ မိုးတညမှာ ကျွန်တော် နိုးထဖြစ်ခဲ့ပြီ။ ဖိုလှိုက်ရင်မော မတီးဘဲနှင့် ကြားနှင့်ပြီ။ အဖော်မခေါ် တကိုယ်တီးရယ်နှင့် မိုးတညမှာ လွင့်လွင့်မျောခဲ့…။

မိုးက ပွဲသွားခါနီးမှ သည်းလှတယ်၊ လန်ဒန်မိုးကို ကျွန်တော်က ဂရုမစိုက်တတ်… ရွာချင်သလို ရွာပါစေ ထီးကိုမဆောင်၊ လန်ဒန်ရဲ့ ဒီမိုးဒီလေကြားမှာပဲ ထီးကို မကြင်ခဲ့တာ သုံးနှစ်တောင် လွန်ခဲ့မှပေါ့။ ဒီညတော့ မိုးဖျက်ပြီထင်ပါ့၊ မိုးက စွတ်ရွာနေတယ်လေ။ ကျွန်တော်ကလည်း ဇွတ်မိုက်တတ်သူမို့ မိုးသည်းထဲမှာပဲ အပြေးရှိခဲ့တယ်။ အောက်တိုဘာ ၅၊ သောကြာညဟာ ပိုပြီး မှောင်သလောက် ရက်စက်တယ်။

ဗိုလ်အောင်ဒင်ဟာ အဖြူအမည်းရုပ်ရှင်ထဲမှာပဲ ရှိတာ မဟုတ်ပါဘူး၊ သောကြာညထဲက ၀ါတာလူးဘူတာ အထွက်မှာ ရှိခဲ့တယ်၊ မိုးသည်းသည်းထဲက ၀ါတာလူး တံတားပေါ်မှာ ရှိခဲ့တယ်။ ရှူးပြောင်ပြောင်ဟာလည်း ရေစိုသွားခဲ့ပြီ၊ ဘိုကေမကျတကျ ဆံပင်တိုတိုတွေလည်း မိုးတွေစွတ်ခဲ့ပြီ။ မာဖလာတော့ မပါဘူး၊ ကုတ်အင်္ကျီနက်ပြာရောင်မှာလည်း ရေတွေခိုခဲ့ပြီ။ ဒါပေမဲ့ ကျွန်တော် မနားဘူး၊ ဂီတတခုဆီ အပြေးနှင်နေဆဲ… အိုဘယ့် သြခက်စတြာ…။

ည ၇ နာရီ ၃၀ မိနစ်

တော်ဝင် သဘင် ခန်းမ Royal Festival Hall ကို ကျွန်တော် ၀င်လိုက်ချိန်မှာ ၇ နာရီနဲ့ ၂၅ မိနစ်၊ စိုနစ်နေတဲ့ အပေါ်က ကုတ်အင်္ကျီကို ချွတ်တယ်။ အတွင်းက ရှပ်အင်္ကျီတထည်ရယ်၊ သိုးမွှေးတထပ် ကိုယ်ကျပ်စွယ်တာရယ်ကြောင့် ပရိသတ် ၂၇၀၀ ကျော် ၀င်ဆံ့တဲ့ ခန်းမကြီးထဲမှာ ရုတ်ချည်း နွေးထွေးသွားတယ်။ ရေစိုနေတဲ့ ဆံပင်တွေဟာ မိနစ်ပိုင်း အတွင်းမှာပဲ ကြမ်းတမ်း ခြောက်သွေ့လာတယ်။ (ဒီခန်းမကြီးထဲမှာပဲ ၂၀၁၂ ဇွန် ၂၂၊ သောကြာ တရက်မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယူကေနိုင်ငံရောက် မြန်မာ လူထုက ကြိုဆို နှုတ်ဆက်ခဲ့ကြဖူးတယ်၊ မေးမြန်း စကား ဆွေးနွေးခဲ့ကြဖူးတယ်)။

နေရယူပြီး ခန်းမကြီးရဲ့ မီးရောင်စုံ၊ လူရောင်စုံတွေကြားက အလှအပ ပသာဒကို ကျွန်တော် ခံစားနေတုန်းမှာပဲ ရုရှသြခက်စတြာ တီးဝိုင်းက လူတွေ ၀င်လာတာ လူပေါင်း ၁၅၀ လောက် ရှိရော့မယ်။ မင်းပရိသတ်အလယ်က တီးဝိုင်း သမားတွေဟာ ကြိုးတပ်တူရိယာ၊ လေမှုတ်တူရိယာ၊ သားရေကြက်တူရိယာ၊ စည်သာ လင်းကွင်း၊ ကြေးအိုး စတဲ့ အသံစုံထွက်အောင် တီးခတ်ရတဲ့ တူရိယာအစုံအလင်နဲ့ ပွဲစဖို့ အဆင်သင့် ဖြစ်နေကြပြီပေါ့။

ကျွန်တော်ဟာ ဘာမှလည်း မဟုတ်ပါဘူး၊ ဂီတကို ခံစားတတ်သူ…၊ အမြင့်ကြီးတွေလည်း မသိပါဘူး၊ ရင်ကို ထိတာလေးကိုပဲ ဆ၀ါးတတ်သူ၊ ကြွားဝါတတ်သူလည်း မဟုတ်ပါဘူး၊ ဟဒယမှာ သွားငြိတာလေးတွေကိုပဲ မျှဝေတတ်သူ၊ အများကြီးလည်း မသိပါဘူး၊ ကြားမိသလောက် မြင်သိသလောက်ကိုပဲ အာလူး အဆာပလာနဲ့ ရေးပြတတ်သူ…၊ ကျွန်တော့်ကို ယုံရမယ်လို့လည်း မပြောပါဘူး၊ ချင့်ရုံဖို့ ဆော်သြတတ်သူ သက်သက်မျှသာရယ်ပါ…။

တူရိယာတွေ အသံစုံထွက်ကုန်ပေါ့

သြခက်စတြာကို မြန်မာမှုပြုတော့ သံစုံတီးဝိုင်းတဲ့၊ နိုင်ငံတော် သံစုံတီးဝိုင်း ဆိုတာတော့ မြန်မာပြည်မှာ ရှိတယ်။ တယောကိုတင်ရီတို့လည်း သြခက်စတြာ လုပ်ဖူးတယ် ထင်ပါတယ်။ ကျွန်တော်တော့ လန်ဒန်က မိတ်ဆွေ ဦးဇော်ကြီး တိုက်တွန်းချက်နဲ့ လက်မှတ်ဝယ်ဖြစ်ပြီး အခုတော့ ရုံထဲရောက်နေပြီ၊ ဒီရုရှသြခက်စတြာနဲ့ အိမ်ရှင် လန်ဒန် ဂီတချစ်သူများ သြခက်စတြာတို့ရဲ့ ပူးပေါင်း တင်ဆက်မှုကို ဂီတဈာန်ဝင်စားတော့မယ်။ ပထမဈာန်ဖြစ်ဖြစ်၊ ဒုတိယဈာန်ဖြစ်ဖြစ် ရောက်နိုင်သရွေ့ပေါ့လေ…။

နေရာယူပြီးစ ပရိသတ် နှစ်ထောင်ကျော်ဟာ (ကျွန်တော်ထင်ပါတယ်၊ တော်ဝင် သဘင် ခန်းမကြီးရဲ့ ထိုင်ခုံပြည့်မဟုတ်တောင် ၉၉ ရာခိုင်နှုန်းကျော် လိမ့်မယ်) ငြိမ်သက်သွားကြတယ်။ သြခက်စတြာဝိုင်း ခေါင်းဆောင်ရဲ့ တုတ်တံလေး ညာလက်က ကိုင်လို့ လက်ဟန်သာမက တကိုယ်လုံး တုန်တက်အောင် ညွှန်ကြားချက်ကို ဆိုင်ရာ ဂီတပညာရှင်တွေက ကိုယ်သန်ရာ တူရိယာကို လိုက်ပါ တီးခတ်သံတွေ/ဟန်တွေက ကျွန်တော့်မျက်လုံးနဲ့ နားတွေကတဆင့် ခန္ဓာကိုယ်ထဲ စိမ့်ဝင်စီးမျောနေပုံက ကျွန်တော့်မှာ ထိုင်ရက် သေနေသလို… တုတ်တုတ်မျှ မလှုပ်…။

သတိတချက်ဝင်လို့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တဲ့အခါမှာလည်း Ghost ဇာတ်ကားထဲက သရုပ်ဆောင်မင်းသား ပက်ထရစ် ဆွေဇီ ကားတိုက်ခံရလို့ သေပြီးနောက် ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ရသလို…၊ ပရိသတ်အပေါ် မီးအမှောင်ချထားပြီး… သြခက်စတြာတီးဝိုင်းကိုပဲ ထိန်ထိန်လင်းလင်းအောင် မီးတွေပေးထားတဲ့ ဒီတော်ဝင် သဘင် ခန်းမကြီးထဲမှာ ဂီတံသံစုံတွေကြား ကျွန်တော် မျောနေ/ မောနေခဲ့တော့တယ်။

အနက်ရောင် ဂါဝန်တွေနဲ့ အရပ်ခြောက်ပေမက မြင့်တဲ့ ရုရှမတွေရဲ့ ကိုယ်လုံးကိုယ်ထည်က အရုပ်မလေးတွေလို ပိန်ပိန်ပါးပါး၊ တယောနဲ့ ဘိုးတံကို မြှောက်လိုက်ထိုးလိုက် ဆော့လိုက် ဆိတ်လိုက်လုပ်နေတာများ ကြည့်နေရင်းကို ရင်မှာ ဖိုလှိုက် မောဟိုက်နေရတဲ့သူမှာ ကျွန်တော်…။

ကွန်ဒက်တာလို့ ခေါ်တဲ့ သြခက်စတြာဝိုင်းခေါင်းဆောင်ကတော့ ကျွန်တော်တို့ကို ကျောပေးထားပြီး သူ့ဝိုင်းသားတွေကိုပဲ ဟိုဟာထိုးလိုက် ဒီဟာတီးလိုက်လို့ အချက်ပြနေပါတယ်။ သူ့ကိုယ်လုံးကိုယ်ပေါက်ကလည်း ဘဲလေးအကသမားထက် မလျော့ပါဘူး၊ ကျစ်လစ်သန်မာဟန်နဲ့ သူက ဆံပင်အရှည်နဲ့ဆိုတော့ အနုပညာသမားဟန်လည်း ပေါက်နေတဲ့အတွက် မိန်းကလေးတယောက်အတွက်တော့ အနောက်က မြင်နေရလည်း စတိတ်စင်မြင့်ထက်ကတခါ ခြောက်လက်မ အမြင့်ထက်က သူ့ဟန်ပန်က စွဲမက်စရာ ကောင်းတဲ့ပုံပါ။

မျောချင်ရာ မျောပါစေလေ…

ခန်းမကြီးထဲ ၀င်ကထဲက လက်ကိုင်တယ်လီဖုန်းတွေကို ပိတ်ပေးထားဖို့ မိုဘိုင်းလ်ပေါ်မှာ ခရော့စ်လုပ်ထားတဲ့ ပုံကြီးနှစ်ပုံကို လူအများမြင်သာတဲ့ နေရာကြီးမှာ ၁၀ ပေမက ပေ ၂၀ လောက်ရှိတဲ့ စလိုက်ကြီးနှစ်ခုနဲ့ ထိုးပြထားပါတယ်။ သူတို့ တီးခတ်ရာ သံစုံတွေအတိုင်း လိုက်ပါမျောသွားလို့ကတော့ နတ်ပြည်မရောက်တောင် တနေရာတော့ ရောက်သွားနိုင် ပါတယ်။ ကျွန်တော်တော့ တခါ ခေါင်းဆတ်ကနဲ တချက်ဖြစ်အောင် ငိုက်သွားပါတယ်။

သူတို့ ခေါ်ဆောင်ရာ ဂီတဗိမာန်ကို အလွန်အကျူး ခံစားလိုက်တော့ တရားငြိမ်နေအောင် မှတ်ပြီး ကိုယ့်ဟာကိုယ် တမဂ်ရသွားသလိုလို ဖြစ်နေတဲ့ စိတ်ဟာ တကယ်တော့ ငြိမ်းအေး တည်ငြိမ် သန့်စင်တဲ့ အရသာလိုလို ဖြစ်နေတဲ့ စိတ်သာဖြစ်ပြီး အမှန်တော့ တမဂ်မဟုတ်ဘဲ တချက် ငိုက်သွားတာသာ ဖြစ်ကြောင်း တရားစစ်မေး ဘုန်းတော်ကြီးက စစ်ဆေးပေးသလို ကျွန်တော့်မှာတော့ ဘယ်သူကမှ မစစ်ရပါဘဲ ငါ သံသာတဏှာနောက် မဟားတရား လိုက်ပါသွားခဲ့ပါလားလို့ပဲ စောကြောမိပါတော့တယ်။

ကျွန်တော်ကသာ ဂီတသံသာမှာ အစီးမျောလွန်သလို ဖြစ်သွားပေမယ့် ရှေ့ခုံက ဂျပန်ကောင်လေးကတော့ သူ့ဘေးက အင်္ဂလိပ်မကြီးဘက် ခေါင်းကြီးထိုးပြီး ငိုက်ကျသွားလို့ အမျိုးသမီးကောင်းကြီးခမျာ ကမန်းကတမ်း ရှောင်ထွက်လိုက်ရသလို၊ ဘယ်ဘက်ခြမ်း လေးငါးဆယ်ခုံကွာက အမျိုးကောင်းသားကြီးရဲ့ ဟောက်သံတချက်တောင် အကျယ်ကြီး ထိုးထွက်လာခဲ့တာကိုလည်း နားနဲ့ဆတ်ဆတ် ကြားလိုက်ရပါတယ်။ သောကြာညမို့ လူတချို့က ရုံးမှာ/ အလုပ်မှာ တနေကုန် အလုပ်လုပ်ပြီးမှ လာ…၊ တယောသံတွေကလည်း ချွဲအီချိုသာလွန်း နေတာမို့ ငိုက်ခြင်းအလုပ်သာ ရှိပါပေတော့တယ်လို့ ပြောရမလိုလို…။

ဝိုင်ခန်းရောက်ပြန်ပါပေါ့…

တကယ်တော့ အင်္ဂလိပ်ဆန်လှတဲ့ ဒီလိုပွဲကြီးပွဲကောင်းမျိုးကို တကြိမ်တခါမှ ပီပီပြင်ပြင် မခံစားဘူးသေးပါ၊ အခုမှသာ ပထမအကြိမ်အဖြစ် ဦးဇော်ကြီးရဲ့ နားလည်လည်မလည်လည် သွားသာ နားထောင်ကြည့်စမ်းပါ ငါ့လူရာ… ဆိုလို့ ကျွန်တော်လည်း ဒီဘ၀ ဒီဌာနမှာတော့ ဒီလိုအရသာ ခံစားဖူးထိုက်တယ်လို့ အရဲစွန့်ပြီး လာရောက်ကြည့်ရှုတာ ဖြစ်ပါတယ်။

ည ၇ နာရီခွဲက စတင်လိုက်တဲ့ သြခက်စတြာဝိုင်းမှာ ပထမတပုဒ်က ၁၅ မိနစ်လောက် ကြာပါတယ်၊ ဂီတပညာရှင်တွေ ၀င်လာခိုက်ကတခါ လက်ခုပ်သြဘာသံတွေ အံဘနန်း ချီးမြှင့်ကြသလို ၁၅ မိနစ်ကြာ တီးခတ်ပြီးချိန်မှာလည်း လက်ခုပ်တွေ အားပါးတရ ချီးမြှင့်ပါတယ်။ နောက်တခါ တယောပညာရှင် လူငယ်တယောက်က တယောတီးပြတာကို နောက်ကနေ ၁၅ ယောက်က လိုက်ဖြည့်တီးပေးတာကလည်း နောက်ထပ် ၁၅ မိနစ်လောက် ကြာပါတယ်။ အဲဒီလူရဲ့ တယောသံဟာ အလွန်ကောင်းလှပါတယ်။

အဲဒီလို နှစ်ကြိမ်နှစ်ခါ တီးခတ်ပြီးချိန်မှာ တီးခတ်မှုတွေကို ခေတ္တခဏနားပါတယ်။ ရွှေပွဲလာ လူကြီးလူကောင်းတွေက ခန်းမအပြင်ကို ပြန်ထွက်ကြပြီး ၀ိုင်ကို သောက်သုံးကြပါတယ်။ ၀ိုင်တွေကို ခန်းမတွင်း မ၀င်ခင်ကထဲက ၀ယ်ယူထားကြတာမှာ ငွေရှင်းဘောက်ချာစာရွက်နဲ့ ၀ိုင်ခွက်တွေကို ဒီအတိုင်း စားပွဲပေါ်မှာ တန်းစီ တင်ပေးထားပါတယ်။ ကိုယ်မှာထားတာကို ကိုယ်ယူသောက်ရုံပါပဲ။ ကျွန်တော့်မှာတော့ မြန်မာပြည်ပေါက် အတွေးလေးနဲ့ “ဟ… ဒီလိုချထားတော့… ခပ်တည်တည်နဲ့ ယူသောက်ကုန်ကြရင် ဘယ်နှယ့်လုပ်ကြမတုံး“ လို့ ခပ်ရိုင်းရိုင်းလေး တွေးမိပါသေးတယ်။

ဝိုင်ကို ကြိုမ၀ယ်ထားလည်း တန်းစီပြီး တိုးဝယ်လို့လည်း ရပါတယ်၊ အဲဒီကနေ ၀ိုင်ခွက်ကို ကိုင်လို့ မှန်တံခါးအပြင်ကို ထွက်လိုက်ရင် ၀ရံတာကို ရောက်သွားမှာဖြစ်ပြီး ချမ်းစီးနေတဲ့ ညအမှောင်ထဲက လန်ဒန်မြို့ကြီးကို ခွေရစ်လို့ တသွင်သွင်စီးနေတဲ့ သိမ်းမြစ်ကြီးနဲ့ မီးရောင်စုံ (တကယ်တော့ အပြာရောင်လေးတွေ များပါတယ်) လင်းတချက်ချက်ကို ကြည့်ရတာ တကယ်ကို အရသာရှိမှာ ဖြစ်ပါတယ်။ ကျွန်တော်တောင် တချက်ထွက်ကြည့်လိုက်ပြီး ချမ်းစိမ့်လာလို့ အမြန်ပြေးဝင်ခဲ့ရပါတယ်။

အင်္ဂလိပ်သြဘာ ရွှေသြဘာ

ခုနပြောပြခဲ့တဲ့ တယောသမားလက်သံဟာ အင်မတန်မှကို ကောင်းမွန်ပါတယ်။ တယောကြိုးကို ဘိုးတံနဲ့ မထိုးဘဲ ဘိုးတံကိုင်ထားတဲ့ ညာဘက်လက်နဲ့ပဲ ကြိုးတွေကို ဆော့ကစားရင်း ထွက်တဲ့အသံကလည်း ဆယ့်ခြောက်နှစ်မ ရင်ခုန်လို့ သေသွားလောက်ပါတယ်။ ဂီတသံဟာ ညှို့သံလို ဖြစ်နေတော့တာဟာ ရင်ခုန်သံ မနိုင်သေးတဲ့ ကျွန်တော့်ကိုတော့ အကြီးအကျယ် ခြောက်လှန့်နိုင်ခဲ့ပါတယ်။

အဲဒီလူက ရှေ့က ပြေးတီး၊ သူ့ကို ထောက်ကူဝိုင်းမတဲ့ သူတွေက နောက်က လိုက်တီး၊ သူက ပြေးတီး… ဟိုလူတွေက ဘေ့စ်အပါအ၀င် နောက်က လိုက်တီး၊ ပြေးလိုက် လိုက်လိုက်… ဂီတကို ထင်သလို ဆော့နေတာများ… အမေ့နို့ကောင်းကောင်း စို့ထားတဲ့ အားကြီးနေတဲ့ မောင်ဖိုးဝ လက်ထဲက အရုပ်လေးလို ပျော့ဖပ်ဖပ်လေး ဖြစ်သွားအောင်ကို လုပ်ပစ်လိုက်သလို သူတို့ကို ကြည့်နေသူ (နားဆင်နေသူ) ကျွန်တော့်မှာ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဘာမှ မတတ်နိုင်ဘဲ ကိုယ့်အရပ် နှစ်ရပ်မက မြင့်နေပြီဖြစ်တဲ့ မီးတောက်မီးလျှံတွေကို ငြိမ်းသတ်ဖို့ ကြိုးစားချင်သေးတဲ့ ရေပုံးလေးတပုံးကိုင် ကြည့်နေရတဲ့ ပြည်သူတယောက်လို ဖြစ်သွားပါတော့တယ်။

ကျွန်တော် အသက်မရှုမိတော့… မျက်လုံးကြီးပြူးပြီး နားကလည်း အားမစိုက်ပါဘဲ ကြားနေရတယ်။ ကျွန်တော့် နှလုံးသည်းပွတ်ကို ခုနကလူရဲ့ ဘိုးတံဟာ ပွတ်ဆွဲနေသလို ခံစားရတယ်။ သွေးကြောထဲမှာလည်း သူ့ဂီတံသံတွေ (တယောသံတွေ) စီးဆင်းခဲ့ပြီ။ ကျွန်တော်ဟာ ဂီတကို ထဲထဲဝင်ဝင် နားမလည်ပေမယ့် အားကုန်အင်ခမ်း ဖြစ်မတတ် မျောပါ ဖိုလှိုက်ဖြစ်ခဲ့ပြီ။ ဒီလူဟာ ဂီတတစ္ဆေဖြစ်ပြီး ကျွန်တော်ဟာ အခြောက်ခံရသူ (ရိုးရိုးတွေးပါကုန်…) ဖြစ်ခဲ့တော့တယ်။

တီးခတ်မှုပြီးတော့ အဲဒီလူကို သြဘာပေးကြတယ်။ တီးပြီးပြီးချင်းမှာပဲ အားလုံးက လက်ခုပ်သြဘာ အဆုံးမသတ်အောင် တီးခတ်ကြတော့တယ်။ လူကြီးလူကောင်းဆန်သူလို့ ကိုယ့်ကိုယ်ကိုယ် ထင်မှတ်သူတချို့က (ကျွန်တော့်အထင် သက်သက်သာ ဖြစ်ပါတယ်) မတ်တပ်ရပ်လို့ လက်ခုပ်သြဘာ တီးကြတယ်။ အဆန်းဖြစ်ရတာက အဲဒီလူဟာ ဇာတ်စင်ဘေးပေါက်ကို ခဏပြန်ဝင်သွားတယ်။ တခါ သူစင်ရှေ့ကို ပြန်လျှောက်လာပြန်တယ်။ လက်ခုပ်သြဘာတွေ မရပ်မနား တီးကြပြန်တယ်။ တခါ ၀င်သွားပြန်တယ်၊ တခါ ပြန်ထွက်လာတယ်။ လက်ခုပ်သြဘာသံဟာ သူဂီတကို ဖန်တီးပြခဲ့သလောက် ဆတူညီတူ ပြန်ပေးနေရော့လေသလားလို့တောင် အောက်မေ့ရပါတယ်။ တကယ့်ကို ချီးမြှောက်တတ်တဲ့ လူကြီးလူကောင်းတွေ ပေါတဲ့နိုင်ငံပေပဲ။

နောက်ဆုံးပိတ် အိတ်နဲ့လွယ်

ဆက်ရရင် ၀ိုင်ခန်း ခေတ္တနားပြီးချိန်မှာ သြခက်စတြာ ဒုတိယပိုင်းကို ဆက်ပါတယ်။ ဒီတချီတော့ သေချာမှတ်ထားလိုက်တာ ဆင်ဖိုနီ ၇ ကို တီးခတ်ကြတာ ဖြစ်ပါတယ်။ ကြည့်ရှုနားဆင် ရတာ အီလောက်တောင် တီးခတ်တာလည်း ဖြစ်ပါတယ်။ ကျွန်တော် အမှတ်မမှားဘူးဆိုရင် ဆင်ဖိုနီ ၇ ကို တနာရီကျော်ကြာအောင် တီးပါတယ်။ ကြည့်ရင်းနဲ့ကို ပျင်းကို လာပါတော့တယ်။

ပထမတော့ ၀ိုင်းခန်း အနားယူချိန်မှန်း မသိတော့ ဟ… မတန်လှချည်လား၊ စောစောနဲ့ ပြီးပါရော့လားလို့ တကိုယ်ထဲ ကြိတ်တွေးခဲ့မိတာ မှားသွားမှန်း သိခဲ့ရပါတယ်။ ဆင်ဖိုနီ ၇ ဟာ အလွန်ကောင်းသလောက် အကြာကြီး ဇိမ်ယူ နားဆင်ရတာမျိုးဖြစ်လေတော့ ကျွန်တော်နဲ့ မကိုက်မှန်း သိလာရပါပြီ။ ဆင်ဖိုနီ ၇ က ကြာကြာလည်း တီးရတော့ တူရိယာအစုံကိုတော့ တီးသွားတာ တွေ့ရပါတယ်။ တရုတ်တွေ တီးတဲ့ ဗျက်စောင်းလို ဟာကြီးက လူတရပ်မက မြင့်ပါတယ်။

ဆက်ဆိုဖုန်းတွေ၊ ကလဲရီနက်တွေ၊ ပလွေတွေ တီးကြမှုတ်ကြတာကလည်း ချိုလိုက် အီလိုက် ဖိုလိုက် လှိုက်လိုက်နဲ့ ကျွန်တော်ကိုယ်တိုင် လေထဲ ပျံနေ ၀ဲနေသလိုကို ခံစားရပါတယ်။ ဖရဲသီး(ပုံစံ)ကို ထက်ခြမ်းခြမ်းပြီး သားရေကြက်ထားပုံရတဲ့ ဒရမ်တွေကို ရန်ကုန်က သရက်သီး/ ရှောက်သီး အချဉ်ပေါင်းရောင်းတဲ့ တွန်းလှည်းတွန်းသူတွေရဲ့ လူခေါ်/ ဈေးခေါ် တီးတတ်တဲ့ မောင်းတံ(ရှည်ရှည်) လောက်နဲ့ တီးလိုက်၊ အသံလိုတာထက် ပိုပြီး ဝေထွက်မနေအောင် လက်နဲ့ဖိပြီး အသံအုပ်လိုက်/ ဖျောက်လိုက် လုပ်ပစ်တာကလည်း ကြည့်ကောင်းကောင်းပါ။

လင်းကွင်းကြီးကို တချက်တချက် တချွမ်းချွမ်း၊ တဂွမ်းဂွမ်းနဲ့ ထရိုက်တာကလည်း မိုက်မှမိုက်ပါပဲ။ လင်းကွင်းကြီးတွေက ကြေးသားအစစ်နဲ့ အရောင်လက်နေအောင် ပြုလုပ်ထားပြီး အချင်းက နှစ်ပေလောက်ထိ ကြီးပြီး လေးတာမို့ လင်းကွင်းတင်စင်ဆီ အသံမထွက်အောင် ပြန်ထည့်ထားရတာကလည်း ပညာသားပါတဲ့ အလုပ်တခုပါလားလို့ ကြည့်နေရင်းနဲ့ကို တွေးမိပါတယ်။

ကျွန်တော်အကြိုက်ဆုံးကတော့ အသံထွက်လှတဲ့ ကြေးအိုးတွေကို တီးတာပါ။ နှုတ်ခမ်းသား ကြေးသားထူထူနဲ့ ကြေးအိုးကြီးတွေက လှလည်းလှ၊ ကြီးလည်း ကြီးပါတယ်။ အဲဒါတွေကို ဒို၊ ရေ၊ မီ၊ ဖာ စသဖြင့် အသံမှန် အသံထွက်လှအောင် တီးသွားတာဟာ အလွန်လက်ဝင်ပြီး ခက်ခဲမယ်လို့ ထင်ပါတယ်။ ဒုတိယမ္ပိ အကြိုက်ဆုံးကတော့ ချယ်လိုလို့ ခေါ်မလား ကြမ်းပြင်ပေါ် ထောင်မတ်ပြီး တီးခတ်ရတဲ့ ဘေ့စ်သံရအောင် တီးရတဲ့ တယောကြီးတွေရဲ့ ကြိုးကို လက်နဲ့ ဆွဲခါပြီး အသံရအောင် တီးသွားတာကလည်း တကယ့်ကို ဟာမိုနီကာပါပဲ၊ အသံထွက် အတော်လှပြီး ရှေ့က ခေါ်တီးတာကို နောက်က လိုက်ဖြည့်ပေးသလို အချိတ်အဆက်မိပြီး အသံကြွယ်လှပါတယ်။

ဆင်ဖိုနီ ၇ ကို ကြောက်စရာကောင်းအောင် အပီတီးပါတယ်၊ ကျွန်တော်သာ တခုချင်းလိုက်ပြီး ဆစ်ပိုင်း မခံစားခဲ့ဘူးဆိုရင် ဒီလောက် အကြာကြီး ထိုင်နေနိုင်ခဲ့မှာ မဟုတ်ပါဘူး။ တနာရီကျော်ကြာ တီးရတာမို့ တီးသူတွေရော၊ ကွန်ဒက်တာပါ အတော်ကြီးကို ပင်ပန်းသွားကြပါတယ်။ အပြီးလည်းကျရော သြခက်စတြာဝိုင်းခေါင်းဆောင်နဲ့ ၀ိုင်းသားတွေကို ပရိသတ် အားလုံးနီးပါးက ထပြီး လက်ခုပ်သြဘာမိုး ရွာလိုက်ကြတာ အပြင်ကမိုးနဲ့အပြိုင် စဲကိုမစဲတော့ပါဘူး။ ၀ိုင်းခေါင်းဆောင်ကလည်း စောစောကပြောပြခဲ့တဲ့ တယောသမားလို ဇာတ်စင်ဘေးဘက်ကို ၀င်သွားလိုက်၊ ထွက်လာလိုက်လုပ်တာ သူကတောင် တကြိမ်ပိုပါသေးတယ်။

နောက်ဆုံးတခေါက် သြခက်စတြာဝိုင်းခေါင်းဆောင် ပြန်ထွက်လာမှ ၀ိုင်းသား ၁၅၀ လောက်ရှိတဲ့ သူ့ဝိုင်းသားတွေနဲ့ တီးခတ်တဲ့ တူရိယာအလိုက် တစုစီ၊ တစုစီ ပရိသတ်ကို မိတ်ဆက် ပေးပါတယ်။ ပရိသတ်တွေကလည်း ကျွန်တော် အပါအ၀င် မစဲနိုင်တဲ့ သြဘာလက်ခုပ်တွေ ချီးမြှင့်ရတာပေါ့။ ဘယ်လောက်တောင် တီးလိုက်ရသလဲဆိုရင် အခုထိကို လက်တွေက နာနေပါသေးတယ်။

ချိုရှပူပြင်း လွင့်မျောမိုးတိမ်

ဂီတအရသာ ဖမ်းစားချက်က ကြောက်ဖွယ်လန့်ဖွယ်ပါပဲ။ နောက်တခေါက် ဒါမျိုးကြည့်ဖို့ကိုတော့ စဉ်းစားလို့ နေရပါဦးမယ်။ ကျွန်တော့်အသည်းနုရဲ့ ခံစားချက်ဒီဂရီကို စနစ်တကျ မွန်းမံပြုပြင်ရပါလိမ့်ဦးမယ်။ အပြင်ထွက်လို့ ဘူတာဘက်ပြန်လျှောက်ခဲ့တော့ မိုးစက်တွေကတော့ သူတို့နဲ့ ကျွန်တော့်ခံစားမှု ဝေဒနာ လားလားမှ မဆိုင်သလို လုံးလုံး မကူမဖက် ခံစားမပေးဘဲ စိတ်ဆိုးဒေါသထွက်ဟန်နဲ့ အညှိုးတကြီးနဲ့တောင် ကျွန်တော့်ကိုယ်ပေါ်ကို မိုးစက်တွေ ဖြန်းပက်လို့ နေပါတော့တယ်။ သုံးနှစ်အတွင်း စိုခဲ့တဲ့ မိုးတွေထဲမှာ ဒီတညမိုးဟာ အညှိုးပါ အသည်းမာလွန်းလှပါတယ်။

ဝယ်ယူရတဲ့ ကိုယ့်ဒုက္ခကိုယ်ရသကို ကျွန်တော့်မှာ တယောက်ထဲ ခံစားပြီး ရထားအဆင့်ဆင့်ပြောင်းလို့ တနာရီတွင်း နေအိမ်ခန်းကို အရောက်ပြန်ခဲ့ရတယ်။ နေအိမ်တံခါးပေါက်တွင်း ချင်းနင်းဝင်တဲ့အထိ မိုးစက်တွေက အတူပဲ ကပ်ပါလာနေတုန်း…၊ မိုးကိုချစ်တဲ့ ကျွန်တော့်ကို မိုးကမုန်းနေတာ ဘာကြောင့်များပါလိမ့်လို့ စဉ်းစားလည်း အဖြေမထွက်ခဲ့ပါဘူး။ တခုပဲ ယူဆစရာရှိတာက… သူ့ကို ရှောင်ဖယ်လို့ ဂီတကို ပူးမိသွားလို့လား။ မညာပါနဲ့ မိုးရယ်… မညာပါနဲ့ မိုးရယ်… လို့ပဲ ကျွန်တော် တေးလေးဆိုလို့ နောက်မှ ချော့မေး မေးရဦးမယ်လေ။

အခုတော့ အခန်းတွင်း မြန်မြန်ဝင်၊ စိုနေတဲ့ ကုတ်အင်္ကျီကို ချွတ်၊ အိမ်နေ အ၀တ်အစားလဲ… မိုးက အရှိန်နဲ့ အေးနေဆဲ… ကျွန်တော် ဘာလုပ်ရမလဲ။ စိတ်တွေကို ငြိမ်အောင်ထား… အမှတ်ရသလောက် ဟိုလူ့ တယောသံတွေ ပြန်ခံစား… ချိုရှပူပြင်း တခွက်… လွင့်မျောမိုးတိမ် တဖက်နဲ့… ဂီတသက်သက်နဲ့ပဲ ကျွန်တော့်ရဲ့ နတ်သမီးမပါတဲ့ ည…။

၂၀၁၂၊ အောက်တိုဘာ ၆၊ ညဥ့်သန်းခေါင်လုလု။

လန်ဒန်။

by Myo Tha Htet on Thursday, 4 October 2012 at 21:40·

လန်ဒန်ကို လွန်ခဲ့တဲ့ သုံးနှစ်ကျော်က စရောက်တော့ ဘယ်လိုမှ ထူးပြီးမနေခဲ့ပါ၊ ရန်ကုန်အသေးလေးကနေ ရန်ကုန်အကြီးကြီးဆီ ရောက်လာတယ်လို့ပဲ အလွယ်မှတ်လိုက်ပါတယ်။ ၀န်ဆောင်မှု ကွာတာတွေတော့ ရှိတာပေါ့၊ တယ်လီဖုန်းကို အလွယ်ဝယ်လို့ ရတယ်၊ လမ်းပန်းဆက်သွယ်ရေးက ကောင်းတယ်၊ အစားအသောက်တွေ သန့်သန့်ပြန့်ပြန့်ရောင်းတဲ့ စတိုးဆိုင်ကြီးတွေ ပေါတယ်။ အ၀တ်အစားတွေ ကောင်းကောင်းကန်းကန်း (ဈေးတော့ကြီးတာပေါ့) ၀ယ်ဝတ်နိုင်တယ်။ ဒါပေမဲ့ ရန်ကုန်သားအတွက် လန်ဒန်ဟာ အသားကျလွယ်တယ်။

တလောကတော့ အလုပ်ကိစ္စနဲ့ နယူးယောက်ကို ၁၀ ရက်လောက် ရောက်ခဲ့ရတယ်။ နယူးယောက်က မန်ဟန်တန် အရပ်မှာ နေရ၊ သွားရ၊ လာရ၊ စားရ၊ သောက်ရတော့ မန္တလေးမြို့ကြီးကို သတိရတယ်။ နယူးယောက်ဟာ မန္တလေးနဲ့ တူလှချည်လားလို့ စိတ်ထဲက ဖြစ်မိတယ်။ ဟိုနားဒီနား လိုက်ပို့ပေး၊ လိုသမျှကို ထောက်ကူပေးတဲ့ အကို ဖိုးထောင်နဲ့ မေးစမ်းကြည့်တော့လည်း “အေး… မင်း အထင်လည်း မမှားပါဘူး“ လို့ သူက ပြန်ပြောတယ်။

မန္တလေးနဲ့တူတယ်လို့ ဘာကြောင့် ပြောသလဲဆိုတော့ နယူးယောက်မြို့ကွက် (မန်ဟန်တန်အပိုင်းပေါ့လေ) က စတုဂံကွက် ဖော်ထားတာ ဖြစ်တယ်၊ လမ်းတွေက မန္တလေးလိုပဲ ရက်ဖောက်ထားတယ်။ တက္ကစီငှားပြီး တနေရာသွားမယ်ဆို ဘယ်လမ်းနဲ့ ဘယ်လမ်းထောင့်လို့ အလွယ်ပြောနိုင်တယ်။ အဲဒါဆို တန်းတန်းမတ်မတ်ကို ရောက်သွားတော့တာပါပဲ။ မန်ဟန်တန်မှာတော့ အပိုင်းနှစ်ပိုင်းရှိတယ်၊ ပဉ္စမရိပ်သာလမ်းက အရှေ့အနောက်ကို ပိုင်းခြားထားပြီး ကျန်တာကတော့ ရိပ်သာလမ်းတွေရယ်၊ နံပါတ်နဲ့ လမ်းတွေရတယ် ရှိတယ်။

လွန်လေတဲ့ သမ္မတဟောင်းနာမည်ပေးထားတဲ့ နယူးယောက်၊ ဂျေအက်ဖ်ကေ လေဆိပ်ကနေ နယူးယောက်၊ မန်ဟန်တန်ကို လာရင် မြစ်ကြီးတစင်းကို ဖြတ်ကျော်လာခဲ့ရတယ်။ ဒီမြစ်ကြီးကပဲ နယူးယောက်ကို ခွေရစ်ပြီး စီးဆင်းနေတယ်။ လေဆိပ်ကနေ ပထမ တံတားကို ကျော်ဖြတ်ပြီး မြစ်ကို ဖြတ်လာတဲ့အခါ အရှေ့အရပ်မှာရှိလို့ အရှေ့မြစ် East River လို့ ခေါ်သတဲ့၊ ဒီမြစ်ကြီးပဲ အနောက်ဘက်ကို ရောက်သွားတော့ ဟတ်ဆန်မြစ်လို့ ခေါ်သတဲ့။

နယူးယောက်က တက္ကစီတွေက အ၀ါရောင်တွေ ဖြစ်တယ်၊ Yellow Cab လို့ ခေါ်ကြတယ်။ လန်ဒန်မှာတော့ တက္ကစီတွေက အနက်ရောင်တွေ ဖြစ်တယ်၊ Black Cab လို့ ခေါ်ကြတယ်။ ရန်ကုန်နဲ့ မန္တလေးက တက္ကစီတွေကတော့ အရောင်စုံတွေပဲ ဖြစ်တယ်။ ဒါတောင် မန္တလေးက လေးဘီးတွေ သုံးတော့ အပြာရောင်တွေ များတယ်လို့ ပြောလို့ရတယ်။ Blue Cab ပေါ့။

နယူးယောက်မြို့ကြီးက တကယ်တော့ အပိုင်းငါးပိုင်းနဲ့ ဖွဲ့စည်းထားတာ ဖြစ်တယ်။ မန်ဟန်တန်၊ ဘရောင့်စ်၊ ကွင်းစ်၊ ဘရွတ်ကလင်းနဲ့ စတိတ်တန်အိုင်လန်းတို့ ဖြစ်တယ်။ ကျွန်တော်တော့ ၁၀ ရက် အတွင်းမှာ မန်ဟန်တန်နဲ့ ကွင်းစ်ကိုပဲ သွားခဲ့လာခဲ့ရတယ်။ နယူးယောက်ဟာ လူဦးရေ ၈ သန်းကျော် မှီတင်းနေထိုင်ပြီး ၀ီကီပီဒီးယား အဆိုအရ ဘာသာစကားပေါင်း ၈၀၀ လောက်ကို ပြောဆိုသူတွေ နေကြတယ်လို့ ဆိုပါတယ်။

လန်ဒန်ကလည်း လူဦးရေ ၈ သန်းကျော် နေထိုင်ပြီး ဘာသာစကားပေါင်း ၃၀၀ ကျော်ကို ပြောဆိုကြတယ်။ ရန်ကုန်ကတော့ အခုဆို လူဦးရေ ၆ သန်းနီးပါး နေထိုင်လာကြပြီလို့ ဆိုတယ်။ ရန်ကုန်မှာ မတူတဲ့ ဘာသာစကားကွဲ ဘယ်နှမျိုးလောက် ပြောဆိုကြမလဲ။ အလွန်ဆုံး လေးငါးဆယ်ပေါ့၊ ကျွန်တော်တို့မှာ တိတိကျကျ စာရင်းကောက်ယူထားတာတော့ မရှိသေးဘူး။ မန္တလေးကရော… နေထိုင်သူဦးရေ နှစ်သန်းဝန်းကျင် ဒါမှမဟုတ် နှစ်သန်းအောက် ရှိမယ်လို့ ခန်းမှန်းရတယ်။ ဘာသာစကားပေါင်း ဘယ်နှမျိုးလောက် ပြောဆိုကြသလဲ၊ သေသေချာချာ မပြောနိုင်ဘူး (ကျွန်တော် မသိဘူး)။

နယူးယောက်မှာဆို တိုင်းစကွဲယား၊ ကုလသမဂ္ဂ အဆောက်အဦး၊ လေဘာတီရုပ်၊ အခုနောက်ပိုင်း ၉/၁၁ တာဝါကြီး စသဖြင့် တိုးရစ်တွေ သွားလာကြည့်ကြတဲ့ နေရာတွေ ရှိတယ်။ လန်ဒန်မှာဆိုလည်း ပါလီမန်၊ လန်ဒန်နာရီစင်၊ ၀န်ကြီးချုပ်နေအိမ် (အမှတ် ၁၀၊ ဒေါင်းနင်းလမ်း)၊ လန်ဒန်ရဟတ်ကြီး၊ မဒမ်တူးဆော့ ဖယောင်းပြတိုက်၊ ဂရင်းနစ်စံတော်ချိန်နာရီ စသဖြင့် သွားလာ လည်ပတ်စရာ နေရာတွေ ရှိတယ်။ အဲဒါတွေကို ကြည့်ဖို့ပြုဖို့ တိုးရစ်တွေ သန်းပေါင်းများစွာ တနှစ်တနှစ် လာနေကြတယ်။

ရန်ကုန်မှာဆိုရင်တော့ အထွတ်အမြတ် ရွှေတိဂုံစေတီတော်မြတ်ကြီး၊ ရန်ကုန်ဆိပ်ကမ်း (ဒလဘက်ကမ်း)၊ အင်းလျားကန်/ ကန်တော်ကြီး၊ (ရန်ကုန်တက္ကသိုလ်ကရော ပါရဲ့လားမသိ)၊ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ (၀န်ကြီးများရုံးလည်း မပါလောက်သေးဘူး)၊ တချို့ ဧည့်လမ်းညွှန်တွေကတော့ အခုနောက်ပိုင်း ကမ္ဘာကျော် ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အိမ်ကို လိုက်ပြရတယ်လို့ ပြောကြတယ်။

မန္တလေးရော… မန္တလေးကမှ ပြစရာ၊ ကြည့်စရာ ပိုများတယ်လို့ ထင်မိတယ်။ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၊ မန္တလေးတောင်၊ မန္တလေးနန်းနဲ့ ကျုံး၊ ဦးပိန်တံတား၊ ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီး၊ တခြား အနုအမွတ် ကျောင်းတိုက်ကြီးတွေ၊ နှုတ်ခမ်းမွှေး လူပြက်ညီအကိုတွေ စသဖြင့် ပြစရာ/ ပြောစရာ၊ ရှင်းပြစရာတွေ များမယ်လို့ ထင်မိတယ်။ ခြေမျက်စိ မရောက်တရာက်အထိ ထဘီဝတ်ပြီး ရွှေခြေချင်း ၀တ်ထားတဲ့ မန္တလေးသူတွေကိုရော တိုးရစ်တွေ တွေ့ရဦးမှာလား၊ သိပ်တော့ မတွေ့ရနိုင်တော့ဘူး။

နယူးယောက်ကို ကုလသမဂ္ဂ နှစ်ပတ်လည် အစည်းအဝေးကျင်းပချိန်သွားတော့ ဟိုတယ်ခန်းတွေက အင်မတန်ကျတယ်/ ကျပ်တယ်။ ဟိုတယ်ခန်းရဖို့တောင် မနည်းရှာခဲ့ရတယ်။ ၁၀ ပေ ပတ်လည်လောက် စားပွဲ၊ ကုလားထိုင်မပါ အခန်းလေး (အိမ်သာ/ ရေချိုးခန်းက အများနဲ့ မျှဝေ သုံးစွဲရတယ်) ကို တည ဒေါ်လာ ၂၀၀ နီးပါးတောင် ကျသင့်တယ်။ ရေသန့်သောက်ချင်ရင် စက်ကနေ ၀ယ်သောက်ရတယ်။ ရေဗူးသေးတဗူးကို ဆင်ဂယ်နုတ်လို့ခေါ်တဲ့ တဒေါ်လာပေးပေတော့ပဲ။

အမေရိကန်စတိုင်လို့ ခေါ်ရမယ့် အားလုံးကို ကိုယ်တိုင်လုပ်ပေပဲ၊ ဟိုတယ်နေတယ်ဆိုပေမယ့် ဘာမှကို ၀န်ဆောင်မှု အပိုတောင်းလို့ မရဘူး။ ဟိုတယ်က ခပ်သေးသေးဆိုတော့ ဟိုတယ်တခုလုံးကို ကောင်တာက လူတယောက်ထဲထိုင်ပြီး စီမံခန့်ခွဲနေတယ်။ သောက်ရေရမလားလို့ မေးရင် အောက်ဆုံးထပ် (မြေအောက်ထပ်မှာ) ရေသန့်၊ အချိုရည် ရောင်းတဲ့ စက်ထားထားတယ်၊ အဲဒီမှာ ကိုယ်တိုင်ဝယ်ပါလို့ ပြောတယ်။

အခန်းကို သန့်ရှင်းရေး ၀င်လုပ်ပြီး ရေချိုးတဲ့အခါ သုံးဖို့ တဘက်တွေ ထားမသွားဘူး၊ တယ်လီဖုန်း ဆက်ပြီး တောင်းတဲ့အခါ “ငါ… လာ မပေးနိုင်ဘူး၊ မင်း အောက်ရောက်တဲ့အခါ ယူပါ“ တဲ့။ မနက် ဘယ်နှနာရီ ကားမှာထားချင်တယ်ဆိုတော့ “မင်း ဘယ်အချိန်သွားမှာလဲ၊ အဲဒီအချိန် လမ်းပေါ်က yellow cab တားလိုက်ရုံပဲတဲ့၊ yellow cab က ၂၄ နာရီ အလုပ် လုပ်ပါတယ်“ တဲ့။ မိုက်တယ်၊ အားလုံးက ကိုယ့်အားကိုယ်ကိုး ကိုယ့်အလုပ်ကိုယ်လုပ်ပဲ။ ဟိုတယ်နေတယ်ဆိုပြီး စိတ်ကူးယဉ်ဖို့ မကြံလေနဲ့ပဲ။

တခုတော့ ကောင်းတယ်၊ အားလုံး ကိုယ့်ဘာသာ လုပ်ရတော့ ၀န်ဆောင်ခ မပေးရတော့ဘူး။ မဟုတ်ရင် အမေရိကမှာက ဘာစားစား၊ ဘယ်သွားသွား၊ ဘာလုပ်လုပ် ၀န်ဆောင်မှု တခုခုကို ယူလိုက်တိုင်း ကျသင့်ငွေရဲ့ ၁၀ ကနေ ၁၅ ရာခိုင်နှုန်းအထိကို ၀န်ဆောင်ခဆိုပြီး သက်သက်ပေးရသေးတယ်။ ဥပမာ တက္ကစီငှားစီးလို့ ၁၀ ဒေါ်လာ ကျင့်သင့်တယ်ဆို အနည်ဆုံး ၁၁ ဒေါ်လာ ပေးရမယ်။ အစားအသောက် တခုခုမှာစားလို့ ဒေါ်လာ ၃၀ ကျသင့်တယ်ဆို ပိုက်ဆံရှင်းတဲ့အခါ ၃၅ ဒေါ်လာလောက် ပေးရမယ်။ အဲဒီလို ရှိတယ်။

တချို့လည်း အကြောင်းမသိတော့ ၀န်ဆောင်ခ ၁၀ ကနေ ၁၅ ရာခိုင်နှုန်း မပေးမိကြဘူး၊ ဒါမှမဟုတ် ပေးဖို့ လက်တွန့်ကြတယ်။ ဒီတော့ ရောင်းသူ/ ၀န်ဆောင်မှုပေးသူက ဘာလုပ်သလဲ ဆိုတော့ အူတူတူမှန်း/ အထာမသိမှန်း သိရင် ဘေလ်တောင်းတဲ့အခါ တခါထဲ ၀န်ဆောင်ခပါ ရေးချထားလိုက်တယ်။ ရန်ကုန်နဲ့ မန္တလေးမှာက အများစုက ပေးမှ မပေးရဘဲ၊ အရက်သောက်တဲ့အခါမှသာ စားပွဲထိုးက အလိုက်သိပြီး အပြုအစုကောင်းနေရင် ပြန်တဲ့အခါ ကျပ် ၅၀၀ မျိုး၊ ၁၀၀၀ မျိုး ပေးတာပဲ ရှိတာ မဟုတ်လား။ ဒါတောင် ပေးချင်မှ ပေးတာပါ၊ မပေးလည်း ဘာမှမဖြစ်ပါဘူး။

အမေရိက ကတော့ မရဘူး၊ ပေးကို ပေးရတယ်။ ၂၀၀၇ က တခါ အမေရိကန်- အာဆီယံ ဆက်ဆံရေး နှစ် ၃၀ ပြည့် အမေရိကန် နိုင်ငံခြားရေးဌာနက ဖိတ်ကြားလို့ တခေါက်သွားဖူးတယ်။ မသွားခင်ကထဲကကို ရန်ကုန်က အမေရိကန်သံရုံးက သေချာမှာပါတယ်၊ အမေရိက ရောက်တဲ့အခါ အဲဒီလို ၀န်ဆောင်ခများကို ချီးမြှင့်ပေးကမ်းဖို့ လိုတယ်လို့ သေသေချာချာ မှာကြားလိုက်ပါတယ်။

လန်ဒန်မှာတော့ ကျွန်တော်စားတဲ့ ဆိုင်လေးတွေက သေးတာကတကြောင်း၊ တယောက်ထဲ သွားစားဖြစ်တာကတကြောင်းမို့ ၀န်ဆောင်ခက ထူးပြီး ပေးစရာ မလိုပါဘူး။ အဲ… လန်ဒန် တရုတ်တန်းက တရုတ်စားသောက်ဆိုင်မှာတော့ တယောက်ထဲစားရင် ပေးစရာ မလိုပေမယ့် နှစ်ယောက်ကနေအထက် စားရင်တော့ သူလည်း အနည်းဆုံး ၁၀ ရာခိုင်နှုန်းလောက်တော့ ၀န်ဆောင်ခ ပေးခဲ့မှ ကိုရွှေစားပွဲထိုးတွေက မျက်နှာထားကြည်ပါပေတယ်။

ရန်ကုန်၊ မန္တလေးက တချို့ဆိုင်တွေက ၀န်ဆောင်မှု ကောင်းပေမယ့်လို့ ဆိုင်တချို့ကတော့ ၀န်ဆောင်မှုညံ့ပါတယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် သူရောင်းတဲ့ဈေး/ တောင်းတဲ့ဈေးလည်း ပေးစား (၀န်ဆောင်မှု ရယူ) ပါရက်နဲ့ တခါတခါ ပေးတဲ့ ၀န်ဆောင်မှုတွေက တော်တော်ဆိုးပါတယ်။ ဥပမာ အစားအသောက်မှာရင် ပူပူလောင်လောင် ဖြစ်မနေတာ၊ စားပွဲထိုးတွေရဲ့ မျက်နှာထား အချိုးအပိုးနဲ့ စားသုံးသူကို မလေးမစား လုပ်တာမျိုးတွေ တွေ့ရတတ်ပါတယ်။ အဆိုးဆုံးတခုကတော့ မြန်မာချင်းကို ပမာမခန့်လုပ်ပြီး နိုင်ငံခြားသားကျတော့ လိုတာထက် ပိုပြီး ၀န်ဆောင်မှုတွေ ပေးနေတာမျိုး ဖြစ်ပါတယ်။

တကယ်တော့ နိုင်ငံခြားသားတိုင်းက ပိုက်ဆံသုံးနိုင်တာ မဟုတ်ပါဘူး။ တကယ်တမ်းဆိုရင် မြန်မာတွေကမှ ပိုက်ဆံပိုကျတာပါ၊ ပိုက်ဆံပိုသုံးတာပါ။ တကယ်တမ်းသာ ၀န်ဆောင်မှု ကောင်းကောင်းပေးပါ၊ မြန်မာတွေက ကျပ် ၅၀၀၊ ၁၀၀၀ ပေးဖို့ဆိုတာ ဘယ်လိုမှ မနေပါဘူး။ ကျွန်တော့် သူငယ်ချင်းတချို့ဆို တခါတလေများ သူတို့နဲ့ သွားလာတဲ့အခါ ကျပ် ၃၀၀၀၊ ၅၀၀၀ ဒီအတိုင်း ပေးပစ်နေတာမျိုး တွေ့ဖူးပါတယ်။ အဲ… နည်းနည်းလေးတော့ ၀င်ထား/ သောက်ထားတဲ့အခါမျိုးတွေမှာပေါ့လေ။

တကယ်တော့ အထူးအထွေလုပ်ပြီး ရေးစရာလည်း များများစားစား မရှိပါဘူး၊ ကြုံတွေ့ခံစားရတာလေးတွေကို သူများမြို့နှစ်မြို့၊ ကိုယ့်မြို့နှစ်မြို့ ယှဉ်ပြီး ရေးကြည့်ချင်စိတ် ပေါ်လာတာနဲ့ ရေးချလိုက်မိတာပါ။ လန်ဒန်ကို နေရထိုင်ရတာ အေးဆေး တည်ငြိမ်တယ်ဆိုပြီး ကျွန်တော် နှစ်သက်မိပါတယ်၊ ဒါပေမဲ့ ကိုယ့်ဇာတိဖြစ်တဲ့ ရန်ကုန်ကိုတော့ ပိုချစ်ပါတယ်။ နယူးယောက်ကိုတော့ လန်ဒန်ထက်စာရင် လှုပ်ရွ ရင်ဖိုစေတယ်ဆိုပြီး သဘောကျမိပါတယ်။ ဒါပေမဲ့ အနုအလှ အယဉ်အကျေး ပြည့်တဲ့ မန္တလေးကိုတော့ ပိုကြိုက်ပါတယ်။

၂၀၁၂၊ အောက်တိုဘာ ၄။ ည ၉ နာရီခွဲ။

လန်ဒန်။

by Myo Tha Htet on Wednesday, 3 October 2012 at 01:16·

နယူးယောက်ကို ရောက်ဖူးချင်ခဲ့တယ်၊ နောက်တော့ ရောက်ဖူးခဲ့ရတယ်။ သတင်းသမားဘ၀ရဲ့ သဘောကျစရာ တချက်က လမ်းဘေးဈေးသည် အစ၊ ပြည့်တန်ဆာမ အလယ်၊ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တိုင်းပြည် ခေါင်းဆောင်အဆုံး သတင်းကိစ္စနဲ့ဆို ထွေးလုံး ရစ်ပတ်ခွင့် ရှိနေတယ်။ သမိုင်းစက်ဝန်းထဲ သူတို့ လှည့်ပတ်နေသလို သူတို့ကို လိုက်ကြည့်ရင်း ကိုယ်ပါ သမိုင်းစက်ဝန်းထဲ တို့ထိ ပါဝင်ခွင့် ရနေတယ်။ တချို့ကိစ္စတွေက ကိုယ့်မျက်စိရှေ့တင် မြင်နေ၊ ကြားနေ၊ သိနေ၊ ထိနေရတယ်။ အခုတခေါက်တော့ နယူးယောက်ကို ရောက်ခဲ့တယ်။

နယူးယောက်ကို ရောက်သူတွေထဲမှာ ခေါင်းဆောင်နှစ်ဦးလည်း ပါတယ်။ တဦးက နှစ်ပေါင်း ၅၀ ကျော်အတွင်းမှာ နယူးယောက်က ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ မိန့်ခွန်း တက်ပြောတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်၊ တဦးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်၊ သူ့အသက် ၂၀ ကျော်က အလုပ်လုပ်ခဲ့ဖူးတဲ့ ကုလသမဂ္ဂဆီ တကြော့ပြန် ရောက်လာတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၁ က ကုလသမဂ္ဂ အဆောက်အအုံကို ဒေါ်အောင်ဆန်းစုကြည် ရောက်လာတယ်။ တိုက်တိုက်ဆိုင်ဆိုင် စက်တင်ဘာ ၂၁ ဟာ နိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးနေ့ International Peace Day ဖြစ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်…။ အဲဒီနေ့ မနက်က ကုလသမဂ္ဂ အဆောက်အအုံရှိတဲ့ ပရ၀ဏ်ထဲမှာပဲ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေရဲ့ အလံတွေ ကိုင်ဆောင်ထားတဲ့ ကျောင်းသူ/ ကျောင်းသားတွေ ၀န်းရံလို့ နိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးနေ့ကို ကျင်းပခဲ့တယ်၊ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မိန့်ခွန်း မြွက်ကြားတယ်။

ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတွင်းရေးမှူးချုပ်တို့ တွေ့ဆုံ နှုတ်ဆက် စကားပြောဆို ဆွေးနွေးကြပြီး သတင်းစာ ရှင်းလင်းပွဲ ကျင်းပတယ်။ အဲဒီ ရှင်းလင်းပွဲ အခမ်းအနားမှာ မြန်မာ သတင်းထောက် သုံးဦး ရှိကြတော့ မြန်မာသတင်းထောက် တယောက်ယောက် မေးခွန်း မေးခွင့်သာရင် ကောင်းမှာပဲလို့ တွေးမိကြတယ်။ ထုံးစံအတိုင်း ကျန်သူတွေက ကျွန်တော့်ကို ဦးစားပေးလို့ ကျွန်တော့်မှာ မြန်မာ သတင်းသမား တယောက်အနေနဲ့ မေးမယ်လို့ တွေးဆထားခဲ့တယ်။

ရှင်းလင်းပွဲစတော့ အတွင်းရေးမှူးချုပ်က မြန်မာ့ မျက်မှောက် နိုင်ငံရေး အပြောင်းအလဲတွေအတွက် သမ္မတ ဦးသိန်းစိန်ကိုရော ဒေါ်အောင်ဆန်းစုကြည်ကိုပါ ဂုဏ်ပြု ချီးကျူး စကား ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကုလသမဂ္ဂကို ပြန်လာလည်တဲ့အတွက် ကြိုဆိုပါတယ်လို့ ပြောတယ်၊ တခါ နိုင်ငံတကာမှာလည်း မြန်မာပြည်လို အပြောင်းအလဲနဲ့ အခွင့်အရေးတွေ ရဖို့ နိုင်တဲ့ဘက်က ကူပါဦးလို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်မဏ္ဍကပြုတယ်။ ပြီးတော့ သတင်းထောက်တွေ မေးကြပါဆိုတော့ ကုလ အတွင်းရေးမှူးချုပ်ရဲ့ အရာရှိကြီးက သူနဲ့ မျက်မှန်းတန်းနေကြ အေပီနဲ့ ဗီအိုအေ သတင်းယောက် နှစ်ယောက်ကို မေးမြန်းခွင့်ပြုပြီး သတင်းစာ ရှင်းလင်းပွဲကို အဆုံးသတ်လိုက်တော့တယ်။

ဒီတော့ ကျွန်တော်လည်း အော်ရတော့တာပေါ့၊ မြန်မာသတင်းထောက်တွေလည်း တက်တာမို့ မြန်မာသတင်းထောက် အနေနဲ့ မေးခွင့်ပြုဖို့ ပြောရတော့တာပေါ့။ ဟုတ်တယ်လေ… “ကုလသမဂ္ဂဟာ ခင်ဗျားတို့ အိမ်“ United Nations is your Home လို့ ရေးထားတဲ့ ဆောင်ပုဒ်ကြီးကို ကျွန်တော်က ဖတ်ထားမိမှကိုး…။ ဒီလို အော်လိုက်တော့လည်း မေးခွင့်ပြု ပါတယ်။ ဒါနဲ့ စောစောက ကျွန်တော် တင်ပြခဲ့တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးနေ့မှာ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် ကုလသမဂ္ဂ ရောက်နေတာမို့ ဘာများ အထူး ပြောစရာ ရှိသလဲပေါ့လေ… အဲဒီလို သဘောပါတဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်ကို အင်္ဂလိပ်ဘာသာနဲ့ မေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်ပီပီ “လူတွေရဲ့ နှလုံးသားကနေ အမုန်းတရားတွေကို အကုန်အစင် ထုတ်ပယ်နိုင်မှ ငြိမ်းချမ်းရေးဆိုတာ ရှိမယ့် အကြောင်း“ ပီပီပြင်ပြင် ဖြေကြားခဲ့ပါတယ်။ ငြိမ်းချမ်းရေးနေ့နဲ့ လိုက်ဖက်တဲ့ ငြိမ်းချမ်းရေးစကားကို ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်က ပြောလိုက်တာပဲ ဖြစ်ပါတယ်။ ကျွန်တော်က အဓွန့်တက်လို့ နောက်မေးခွန်းတခုပါ မေးဖို့ ကြိုးစားပါသေးတယ်။ နဂိုကထဲက ပြီးနေတဲ့ကြားက ကျွန်တော်က အော်ပြီး မေးထားတာဆိုတော့ တခွန်းထဲ ဖြေမယ်ဆိုလည်း ဘာမှ မတတ်နိုင်တော့ပါဘူး။

သတင်းစာ ရှင်းလင်းပွဲပြီးတော့ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ အရာရှိကြီးက ကျွန်တော့်ကို ကြည့်နေတာနဲ့ ကျွန်တော်လည်း သူ့နား ရောက်သွားပါတယ်။ မေးခွန်းမေးခွင့် ပြုတဲ့အတွက် ကျေးဇူးတင်ကြောင်းကိုလည်း ပြောလိုက်ပါတယ်။ ဒီလူဟာ ဘယ်လောက်ပါးတဲ့ သံတမန်ပီသတဲ့ သူလည်း ဆိုတာ အဲဒီမှာ ကျွန်တော် တွေ့လိုက်ပါတယ်။ ကျွန်တော် အဓွန့်တက် မေးခွန်းမေးတာကို သူမကြိုက်ခဲ့ပါဘူး၊ ဒါပေမဲ့ သူက အခုလို ပြောပါတယ်။

“သူ ကျွန်တော့်ကို ရက်စက်သလို ဖြစ်သွားတာကို တောင်းပန်ပါတယ်တဲ့၊ အခြေအနေအရပါ“ လို့ ဆိုပါတယ်။ ကျွန်တော်ကလည်း မေးခွန်းတောင် မေးလို့ပြီးခဲ့မှဟာ ဘယ်လိုမှ သဘောမထားပါဘူးလို့ ပြန်ပြောလိုက်ပါတယ်။ တလက်စထဲ စဉ်းစားမိတာကတော့ ကျွန်တော်တို့ မြန်မာပြည်မှာလည်း နောင်ဆို အာဆီယံ ထိပ်သီးစည်းဝေးပွဲတွေ၊ တခြား စည်းဝေးပွဲတွေ၊ တွေ့ဆုံမှုတွေ ရှိလာတော့မှာမို့ အဲဒီလိုများ သတင်းစာ ရှင်းလင်းပွဲတွေ ကျင်းပတဲ့ အခါမှာ မြန်မာသတင်းထောက်တွေကို သတင်းစာ ရှင်းလင်းပွဲ စီစဉ်သူ အနေနဲ့ အခွင့်အရေး ပိုပေးဖို့ လိုမလား၊ တန်းတူပဲ မေးခွင့်ပြုမလားလို့လည်း အတွေးပိုမိပါတယ်။

အဲ… ကျွန်တော် မမေးလိုက်ရတဲ့ ဒုတိယ မေးခွန်းလေးကတော့ “ဒေါ်အောင်ဆန်းစုကြည် (စက်တင်ဘာ ၂၁ ဆို) အမေရိက ရောက်နေတာလည်း လေး/ငါး ရက် ရှိပြီ၊ ကွန်ဂရက်က ရွှေတံဆိပ်ဆုလည်း လက်ခံရယူပြီးပြီ။ သမ္မတ အိုဘားမားနဲ့လည်း တွေ့ပြီးပြီဆိုတော့ ဒီ လေး/ငါး ရက်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိက ခရီးစဉ်အတွင်း အောင်မြင်မှုတွေက ဘာပါလဲ“ လို့ မေးချင်တာပါ။ မဖြေတော့ဘူးဆိုတော့လည်း ပြီးတာပဲပေါ့လို့ တွေးမိတယ်။ ဘာပဲဖြစ်ဖြစ် ရှားရှားပါးပါး မေးခွန်းတခွန်းတော့ မေးလိုက်နိုင်လို့ ကျေနပ်မိတယ်။

အဲဒီအခမ်းအနားမှာပဲ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူးလို့ ညွှန်းဆို သုံးနှုန်းသွားလို့ ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်ကို မေးခွင့်ရတဲ့အခါမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥက္ကဌအနေနဲ့ ဆိုပြီး ညွှန်းဆို မေးမြန်းလိုက်တော့ အတွင်းရေးမှူးချုပ်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိ ရာထူးအမှန်ကို တည့်မတ် ပြင်ဆင် ပေးပြီးသား ဖြစ်သွားတယ်လို့ ကိုယ့်ဟာကိုယ် သဘောကျ ကျေနပ်မိပါတယ်။

အဲဒီလိုမျိုး အရင်က ပြန်ကြားရေးဝန်ကြီးကိုလည်း တခါ ပြင်ပေးဖူးတာ အမှတ်ရမိတယ်။ တခါက ပြန်ကြားရေးဝန်ကြီးက ကျွန်တော်တို့ကို ခင်ဗျားတို့ ဂျာနယ်လစ်ဇင်တွေ… ခင်ဗျားတို့ ဂျာနယ်လစ်ဇင်တွေလို့ သုံးသုံးနေလို့… ၀န်ကြီး တခွက်/ နှစ်ခွက်ချပြီး အပေါ့သွားတဲ့အခါ ရေအိမ် အပြင်ဘက်ကနေ သွားစောင့်နေပါတယ်။ ၀န်ကြီးလည်း အပြင်ထွက်လာရော… “၀န်ကြီးခင်ဗျာ… ဂျာနယ်လစ်ဇင်က ပညာရပ် ဖြစ်ပါတယ်၊ လူကို ညွှန်းဆိုလိုရင်ဖြင့် ဂျာနယ်လစ်လို့ သုံးရပါတယ်။ ၀န်ကြီးက ကျွန်တော်တို့ကို ဂျာနယ်လစ်ဇင်လို့ ပြောပြောနေတာ လွဲနေပါတယ်“ လို့ ခပ်တည်တည် သွားပြောဖူးပါတယ်။ ၀န်ကြီးကတော့ ပြုံးပြီး ထွက်သွားပါတယ်။ မှန်မလား မှတ်ပါတယ်၊ နောက်တော့လည်း ခင်ဗျားတို့… ဂျာနယ်လစ်ဇင်လို့ပဲ ဆက်ညွှန်းပြီး ပြောပါတယ်။

နယူးယောက် ခရီးစဉ်မှာပဲ ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့လုံခြုံရေးနဲ့ မူဝါဒရေးရာဆိုင်ရာ မဟာဗျူဟာမြောက် အကြံပေး၊ အကြံပြု အဖွဲ့အစည်းကြီးဖြစ်တဲ့ အတ္တလန္တိတ်ကောင်စီက ချီးမြှင့်ပေးအပ်တဲ့ ကမ္ဘာ့နိုင်ငံသားဆု Global Citizen Awards ပေးပွဲ တက်ရောက်ပါတယ်။ အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိက ခရီးစဉ်တခုလုံးမှာ အလှဆုံးဝတ်စုံကို ၀တ်ထားတယ်လို့ ထင်မှတ်မိတာပါပဲ။ အစိမ်းရောင် အင်္ကျီနဲ့ ပုလဲပုတီး နှစ်ဆင့်ဆွဲလို့… မိတ်ကပ်ရောင် နှင်းဆီ သုံးပွင့် ဆင့်ပန်ပြီး နှုတ်ခမ်းနီရဲရဲ ဆိုးထားတာ အလွန်ကို ကျက်သရေရှိပြီး တင့်တယ်လှပနေတာပါပဲ။

ကံကောင်းချင်တော့ ဆုပေးပွဲ မပြီးခင် ည ၁၀ နာရီလောက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြန်နှင့်ပါတယ်။ နောက်တနေ့ မနက်မှာလည်း နယူးယောက်က မြန်မာမိသားစုတွေနဲ့ တွေ့ရမှာမို့ ပြင်ဆင်စရာရှိတာ ပြင်ရအောင်လို့ စောစောပြန်တယ်လို့ပဲ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပြန်နဲ့ ကျွန်တော်ကလည်း အောက်အဆင်း ပက်ပင်းတိုးတော့ ဓာတ်ပုံရိုက်ပါရစေလို့ ခွင့်တောင်းပြီး ဓာတ်ပုံရိုက်တော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြုံးပြီး ခွင့်ပြုပါတယ်။ ကံမကောင်းချင်တော့ ညဘက်ထားရမယ့် ကင်မရာဆက်တင်ကို သေချာ မလုပ်ထားတော့ ဓာတ်ပုံရိုက်ခွင့် ရလိုက်ပေမယ့် ဓာတ်ပုံကောင်းကောင်းတော့ မရလိုက်ပါဘူး။

တခါ နယူးယောက်ကို သမ္မတဦးသိန်းစိန် ရောက်တဲ့နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က နောက်တကြော့ ပြန်ရောက်လာပြီး သမ္မတကို သူ တည်းခိုရာ ဟိုတယ်မှာ လာနှုတ်ဆက်ပါတယ်။ ဒီသတင်းကလည်း မြန်မာတွေ အားလုံး ၀မ်းသာရမယ့် သတင်း ဖြစ်တာမို့ သတင်းဓာတ်ပုံ ရိုက်ခွင့်ရရင် ကောင်းမှာပဲလို့ တွေးမိပြီး စောင့်စားနေခဲ့ပါတယ်။

တကယ်တမ်းကျတော့ စောင့်နေတဲ့ကြားက ဒေါ်အောင်ဆန်းစုကြည်က လေအလျင်လို ဟိုတယ်ထဲ ၀င်ရောက်လာလို့ (အသက်အရွယ်နဲ့ မမျှအောင် တကယ်မြန်ပါတယ်) ဓာတ်ပုံ ရိုက်ချိန်တောင် မရလိုက်ပါဘူး။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်ရှု စောင့်ရှောက်ကြတဲ့ အမေရိကန် အထူး ထောက်လှမ်းရေးအဖွဲ့ဟာ တကယ့်ကို အသေးစိတ် လုံခြုံရေး ယူပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အင်မတန်ကိုမှ သွက်တဲ့သူဆိုတော့ သူတို့ဟာ တောက်လျှောက်ကို အထူး စောင့်ရှောက်ကြရပါတယ်။ နောက်ဆုံး ရေအိမ် ၀င်တာကိုတောင် သူတို့က အရင်ဝင်၊ စစ်ဆေးပြီး စိတ်ချရမှ ၀င်စေတယ်လို့ မျက်မြင်တယောက်က ပြောပြပါတယ်။

ကျွန်တော့် ကိုယ်တွေ့ကတော့ သမ္မတဦးသိန်းစိန်ဆီ လာတာ အဲဒီ အမေရိကန် ထောက်လှမ်းရေးကြီးတွေက အရပ်အမောင်း မြင့်မြင့်မားမားနဲ့ ကွယ်ထားကြတော့ ဓာတ်ပုံရိုက်ပေမယ့် သူတို့ ကျောကုန်းတွေသာ ထင်တဲ့ ပုံတွေပဲ ရပါတော့တယ်။ တော်ပါသေးရဲ့… သမ္မတအခန်းထဲထိ ၀င်ရိုက်ခွင့်သာတဲ့ ပြန်ကြားရေးနဲ့ စကိုင်းနက်က အကိုတွေ စောင်မမှုနဲ့ ဓာတ်ပုံတွေ ရလို့ ကျွန်တော့် သတင်းဌာနရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ရှယ်ခွင့်ရခဲ့ပါတယ်။

တခါ သမ္မတဦးသိန်းကိုလည်း သတင်းထောက် တယောက်အနေနဲ့ မေးမြန်းခွင့် ရခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်က အမေရိက ခရီးစဉ်မပြီးဆုံးခင် တရက်မှာ မြန်မာသတင်းထောက်တွေနဲ့ သီးသန့်တွေ့ဆုံပြီး မေးသမျှတွေကို စိတ်ရှည်လက်ရှည် ဖြေပေးပါတယ်။ ဒါဟာ တကယ့်ကို ကောင်းတဲ့ အစီအစဉ် ဖြစ်ပါတယ်။ သတင်းထောက်တွေဆိုတာက သာမန်သူကိုတောင် မေးမြန်းချင်နေတာ… နိုင်ငံတော် သမ္မတကို မေးရမယ်ဆိုတော့ ဘယ်လောက်တောင် ၀မ်းသာမလဲ ဆိုတာ အလွယ် စဉ်းစားလို့ ရပါတယ်။

မြန်မာနိုင်ငံရဲ့ ခေတ်အဆက်ဆက်သော ခေါင်းဆောင်တွေက မီဒီယာတွေနဲ့ ရင်းနှီးမှု အားနည်းပါတယ်။ ဖဆပလခေတ်က ၀န်ကြီးချုပ် ဦးနုကတော့ မီဒီယာသမားတွေ၊ သတင်းစာဆရာတွေနဲ့ ရင်းနှီးပါတယ်။ ဘယ်လောက်တောင် ရင်းနှီးသလဲဆိုတော့ ၀န်ကြီးချုပ်အိမ် သတင်းထောက် ဆိုတာတောင် ရှိတယ်လို့ ကြားဖူးပါတယ်။ အမေရိကမှာလည်း အိမ်ဖြူတော် သတင်းထောက်ဆိုတာ ရှိပါတယ်။ သတင်းတွေ အမြဲထုတ်နေတော့ လူထုနဲ့လည်း ခေါင်းဆောင်ဟာ ရင်းနှီးနေပြီး တသားထဲ ရှိနေတာပေါ့လေ။ အခု သမ္မတဦးသိန်းစိန်က အဲဒီလောက်အထိ မဟုတ်သေးပေမယ့် နှစ်ပေါင်း ငါးဆယ် အတွင်းမှာ မီဒီယာတွေနဲ့ အရင်းနှီးဆုံး နိုင်ငံ့ခေါင်းဆောင်လို့ ပြောနိုင်မလား၊ ပြောဖို့ နည်းနည်း စောသေးလားတော့ မသိပါဘူး။

ဒါမှမဟုတ် ၂၀၁၁ ဘာလီ အာဆီယံ ထိပ်သီး အစည်းအဝေးအပြီး ပြည်တွင်းသတင်းထောက်တချို့ ပြောသလို… (အဲဒီတုန်းကလည်း သမ္မတဦးသိန်းစိန်က အာဆီယံထိပ်သီး အစည်းအဝေးပွဲ ကျင်းပရာ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းက သူ တည်းခိုရာ ဟိုတယ်အခန်းမှာ မြန်မာသတင်းထောက်တွေနဲ့ တွေ့ပါတယ်) “သမ္မတက ခင်ဗျားတို့သာ ရင်းနှီးတာဗျ၊ ကျုပ်တို့ကျ ဘယ်နားရှိမှန်းတောင် သိတာမဟုတ်ဘူး၊ ဘာမှလည်း မေးလို့မရဘူး“ လို့များ ပြောကြမလား မသိပါဘူး။

စက်တင်ဘာ ၂၈ မှာ ကျင်းပတဲ့ သမ္မတဦးသိန်းစိန်နဲ့ မြန်မာသတင်းထောက်တွေ တွေ့ဆုံပွဲမှာတော့ လတ်တလော ဖြစ်နေတဲ့ မြန်မာပြည်တွင်းက အရေးတကြီး ကိစ္စတွေကို မေးမြန်းခွင့် သာခဲ့ပါတယ်။ ဒါကြောင့် ခုတလော ပြည်သူတွေကြား စိတ်ဝင်တစား ရှိကြတဲ့ လက်ပံတောင်း ကြေးနီတောင် စီမံကိန်းကို မြစ်ဆုံစီမံကိန်းလို သမ္မတကြီး ဦးဆောင်ပြီး တခုခု ဆောင်ရွက်ပေးနိုင်မလားလို့ ကျွန်တော် မေးဖြစ်ပါတယ်။

သမ္မတက ဒီကိစ္စမှာ ပယောဂတွေ ပါတယ်လို့ ပြောပါတယ်။ နောက်တခုက ကျေနပ်တဲ့ ရွာသားတွေ ရှိသလို၊ ရွာ သုံးရွာလောက်ကတော့ မကျေနပ်မှုတွေ ရှိနေတယ်။ သူ အမေရိက မထွက်လာခင်လေးမှာပဲ အတတ်နိုင်ဆုံး ပြေလည်အောင် ဆောင်ရွက်ပေးဖို့နဲ့ ဘယ်လို ဆောင်ရွက်နိုင်တယ်ဆိုတဲ့ အကြောင်းတွေကိုလည်း ပြောထားခဲ့တယ်လို့ ပြန်ဖြေခဲ့ပါတယ်။

တခါ ကချင်ပြည်နယ်မှာ တိုက်ခိုက်နေကြတာကို သမ္မတအနေနဲ့ ဘယ်လို ဆောင်ရွက်ပေးနိုင်မလဲလို့ မေးကြည့်ပြန်တော့ ကချင်ဒေသက စစ်မက်ဖြစ်ပွားနေတာကိုလည်း အတတ်နိုင်ဆုံး ငြိမ်းချမ်းရေးရဖို့ ထိန်းသိမ်း ဆောင်ရွက်နေတဲ့ အကြောင်းနဲ့၊ ကေအိုင်အေ/ ကေအိုင်အိုဘက်ကလည်း ကိုယ့်တပ်တွေကို အပစ်ရပ်ဖို့ အမိန့်ထုတ်ပြန်ဖို့ လိုအပ်တဲ့ အကြောင်း သမ္မတက ထောက်ပြ ပြောဆိုခဲ့ပါတယ်။

ငြိမ်းချမ်းရေး ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖို့ ကမ်းလှမ်း မလားလို့ မေးတာကိုတော့ သမ္မတက ၀န်ကြီး ဦးအောင်မင်းတို့ ဆောင်ရွက်နေတဲ့ ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း သိတဲ့အကြောင်းနဲ့ ထိုက်သင့်တဲ့ အကြံပေး ပြောဆိုမှုတွေ ရှိတဲ့ အကြောင်းကို ဖြေကြားပေးပါတယ်။

ဝန်ကြီး ဦးစိုးသိန်းကလည်း စက်တင်ဘာ ၂၉ နယူးယောက် မြန်မာမိသားစုတွေနဲ့ တွေ့စဉ်က ကချင်ငြိမ်းချမ်းရေး ကိစ္စအတွက် ၀န်ကြီး ဦးအောင်မင်းဟာ အသက်ကိုပင် ပဓာန မထားဘဲ ရဲရဲဝံ့ဝံ့ ကေအိုင်အေ/ ကေအိုင်အို ထိန်းချုပ် နယ်မြေတွေအထိ သွားပြီး၊ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်။ တောလမ်း ခရီးသွားရတာဖြစ်လို့ ပင်ပန်း ဆင်းရဲမှုတွေ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အသက်ထောက်လာပြီဖြစ်လို့ အဲဒီလိုတွေ သွားလာဖို့ မဖြစ်နိုင်ဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း သိတယ်၊ ဒါပေမဲ့ ငြိမ်းချမ်းရေးကိစ္စ အစိုးရက ဆောင်ရွက်နေတာတွေကို ဒေါ်အောင်ဆန်းစုကြည်လည်း အကုန်အစင် သိနေတယ်လို့ မြန်မာ မိသားစုတွေကို ဦးစိုးသိန်းက ရှင်းပြပါတယ်။

ဝန်ကြီး ဦးစိုးသိန်းရဲ့ နယူးယောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံ ရှင်းလင်းမှုတွေဟာ ဒီမိုကရေစီခေတ်ကို သွားနေတဲ့ အစိုးရရဲ့ ၀န်ကြီးတပါးအနေနဲ့ တော်တော်လေး ပွင့်ပွင့်လင်းလင်း ရှိတာကို သတိထားမိတယ်။ ဘယ်လောက်ပဲ သိထားတဲ့ ၀န်ကြီးဖြစ်ဖြစ် ဒီလို ပွင့်ပွင့်လင်းလင်း ပြောတာမျိုး ရှားတယ်။ အစိုးရအဖွဲ့ထဲမှာ ဦးစိုးသိန်းတို့၊ ဦးအောင်မင်းတို့လို ဗြောင်ကျကျ ပြောတတ်/ဆိုတတ်တဲ့ ၀န်ကြီးတွေ ရှိပေမယ့်လို့ လက်ချိုးရေလို့ ရသေးတယ်။

နောက်တခုက ၀န်ကြီး ဦးစိုးသိန်းတို့၊ ဦးအောင်မင်းတို့ဟာ ဒီနေ့ခေတ် အပြောင်းအလဲတွေကို သိမီနေသလို၊ လူထုက ဘယ်လို စကားမျိုး ကြိုက်တယ်ဆိုတာကိုလည်း သိထားပြီး၊ အဲဒါတွေနဲ့ လိုက်ဖက်ညီအောင် ကိုယ်တိုင် ပြင်ယူ/ ပြောင်းယူတာမျိုး တွေ့ရတယ်။

ပွင့်လင်းတဲ့ တခြားဝန်ကြီးတချို့တောင် စကားတော့ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်ပေမယ့်၊ ရင်ထဲက အခု/အခံတွေကတော့ အရင်အတိုင်းပဲ ရှိသေးတာမျိုးလည်း တွေ့ရတယ်။ တကယ် ခေတ်ပြောင်းတယ်ဆိုရင် သူတို့တွေရဲ့ ရင်ထဲက အခု/ အခံတွေကိုလည်း ရှင်းထား/ ပြောင်းထား ရမယ် မဟုတ်ဘူးလား။

မီဒီယာတွေနဲ့ ရင်းနှီးမှု ဘယ်လောက်ရှိရှိ၊ ဒါမှမဟုတ် အတွေ့အကြုံ များသူတွေမို့ စကားပြော ဘယ်လောက်ကောင်းကောင်း ရင်ထဲက အခု/ အခံတွေကို မရှင်းထားသေးဘူး၊ နဂို အစွဲအတိုင်း ရှိသေးတယ် ဆိုရင်တော့ ဟန်ဆောင်မှုတွေဟာ တကြိမ်မှာတော့ ပေါ်လာတတ်တာပဲ ဆိုတာကို နယူးယောက်မှာ ၁၀ ရက်အတွင်း မြင်ခဲ့၊ တွေ့ခဲ့၊ သတင်းလိုက်ခဲ့တုန်းမှာ သတင်းထောက် တယောက်အနေနဲ့ ဆိုခဲ့သလို ဆ၀ါးမိပါတယ်လို့ စကားပို မပြောဘဲ အရင်းအတိုင်း ဖွင့်ချလိုက်ပါတယ်။

၂၀၁၂၊ အောက်တိုဘာ ၃၊ နံနက် ၁ နာရီ။

လန်ဒန်။

by Myo Tha Htet on Tuesday, 4 September 2012 at 22:29·

ခေါင်းစဉ်ကိုကြည့်ပြီး မဟုတ်တရုတ် ပြောတော့မယ်လို့တော့ မထင်လိုက်ပါနဲ့၊ တကယ် တကယ်… တိုက်ဆိုင်ပုံများရယ်လို့ပဲ ပြောရမှာပါ။ သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးမှာ တွန့်ဆုတ် ကျောက်ကန်နေသူတွေကို ထားခဲ့မယ်လို့ ပြောခဲ့ပြီးနောက်ပိုင်း အချိန်ကျတဲ့အခါ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေကို ကျားကွက်ရွှေ့သလို အပြောင်းအလဲ လုပ်ပစ်လိုက်ပါတယ်။

အများစု ထင်ကြေးပေး တွက်ဆထားတဲ့အတိုင်း ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကို နေရာရွှေ့ပစ်လိုက်တယ်။ ခပ်ရွတ်ရွတ် စကားပြောခဲ့တဲ့ လျှပ်စစ်(၁)၀န်ကြီး ဦးဇော်မင်းကို အနားယူစေလိုက်တယ်။ လွှတ်တော်နဲ့စပ်ပြီး ပြဿနာတက်ခဲ့တဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးလွန်းမောင်လည်း နားသွားရတယ်။

အရပ်စကား၊ ၀ိုင်းစကားပြောရရင်တော့ သန့်ရှင်းရေး လုပ်ပစ်လိုက်တာ… အိမ်သန့်လိုက်တာ ဖြစ်ပါတယ်။ ဘာပဲပြောပြော ဘေးထိုင်ကြည့်နေသူတွေ သဘောကျသွားတယ်။ ပိုကောင်းတာက အစိုးရဟာ ဆက်သွယ်ရေး နည်းပညာကို တကယ်ကို အသုံးချလာတာပါပဲ။

အရင်ကဆို မသိမသာ ပြောင်းလိုက်တာ၊ သတင်းစာ အမြဲဖတ်နေသူသာ ရာထူး အတိုး၊ အဆုတ်ကို သိလိုက်တာမျိုး မဟုတ်ဘဲ သမ္မတရုံး ညွှန်ကြားရေးမှူးရဲ့ ဖေ့စ်ဘုတ်ကနေ သတင်းတွေ တက်နေလိုက်တာမှ မသိရင် ဖေ့စ်ဘုတ်သုံးနေသူတွေဟာ အစိုးရအဖွဲ့ထဲ ပါနေသလိုကို ထင်သွားရပြီး နာရီမဆိုင်းဘဲနဲ့ကို ဝေဖန်သုံးသပ်နိုင်ခဲ့ကြပါတယ်။ နိုင်ငံ့အရေး ကိုယ့်အရေးဟာ တကယ်ဖြစ်နေတော့တာပါ။

တိုက်တိုက်ဆိုင်ဆိုင် ဒီကနေ့ စက်တင်ဘာ ၄ မှာပဲ ဗြိတိသျှ အစိုးရကလည်း အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေကို အပြောင်းအလဲ လုပ်လိုက်ပါတယ်။ မသန့်ရှင်းသူ၊ စွမ်းဆောင်ရည်နည်းသူတွေကို နေရာရွှေ့ပြောင်း ဒါမှမဟုတ် ဖယ်ရှားပစ်လိုက်ပြီး စွမ်းရည်ပြခဲ့သူတွေ၊ တင်းတင်းရင်းရင်း လုပ်မယ့်သူတွေကို နေရာပေးလိုက်ပါတယ်။

ဒါကို ဘီဘီစီရဲ့ နိုင်ငံရေးဆိုင်ရာ အယ်ဒီတာ နစ် ရောဘင်ဆင်က ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းဟာ စီးပွားရေး ခေါင်းဆောင် တယောက်လို တွက်ချက်ပြီး အစိုးရရဲ့ အားနည်းချက်ကို ပြင်ဖို့ အခုလို လုပ်လိုက်တာဖြစ်တယ်၊ ၀န်ကြီးချုပ်က အလုပ်ဖြုတ်တယ်၊ အလုပ်ခန့်တယ် ဒါကို လုပ်လိုက်တယ်လို့ ၀ါရင့် သတင်းစာဆရာကြီး နိုင်ငံရေး ပရောဟိတ်က တွက်ချက် ဝေဖန်ပါတယ်။

တကယ်တော့ သမ္မတ ဦးသိန်းစိန်လိုပဲ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကလည်း သူ့အစိုးရ မူဝါဒတွေ တင်းရင်းအောင် ပြုပြင်ရင်း လက်ကျန် သက်တမ်းကို ဆက်လျှောက်ဖို့ ပြင်လိုက်တာပါ။ တခုပဲ ရှိတယ်၊ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက တပါတီထဲ လွတ်လွတ်ကျွတ်ကျွတ် အစိုးရ ဖြစ်နေတာ မဟုတ်ဘူး၊ သူက ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ် မနိုင်ခဲ့တော့ လစ်ဘရယ် ဒီမိုကရက်ပါတီနဲ့ ပေါင်းပြီး အစိုးရ ဖွဲ့ထားရတာ… သမ္မတ ဦးသိန်းစိန်ကတော့ အပြတ်အသတ် နိုင်ထားခဲ့တော့ လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်က ဗိုလ်ချုပ်ကြီးတွေ ပေါင်းပြီး အစိုးရ ဖွဲ့ထားကြတာ… ဒီတခုတော့ ကွာပါတယ်။

နောက်တခု ကွာတယ်လို့ ပြောနိုင်တာက ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်း (၄၅ နှစ်) က အစိုးရအဖွဲ့ခေါင်းဆောင် အနေနဲ့ တာဝန်ယူပြီး ၂၈ လ အကြာမှာ အစိုးရအဖွဲ့ဝင်တွေကို အပြောင်းအလဲ လုပ်လာဖြစ်ပြီး၊ သမ္မတ ဦးသိန်းစိန် (၆၈ နှစ်) ကတော့ အစိုးရအဖွဲ့ ခေါင်းဆောင် အနေနဲ့ တာဝန်ယူပြီး ၁၇ လ အကြာမှာ အပြောင်းအလဲ လုပ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာအစိုးရနောက်က လိုက်လုပ်တဲ့ နောက်တချက်လို့ သုံးသပ်နိုင်တာက သမ္မတ ဦးသိန်းစိန်က သူ့အစိုးရအဖွဲ့ထဲ စွမ်းရည်ပြခဲ့တဲ့ ၀န်ကြီးလေးဦးကို (သမ္မတရုံး ၀န်ကြီးတွေအဖြစ်) သူ့နားခေါ်လိုက်တာပါ၊ ဒါဟာ သူ့ပြုပြင်လမ်းကြောင်းရဲ့ တိုက်စစ်မှူးတွေအဖြစ် ရုပ်လုံးဖော်လိုက်တာလို့လည်း ယေဘူယျ တွက်ဆနိုင်ပါတယ်။ သမ္မတရုံး ၀န်ကြီးတွေ ဖြစ်လာသူတွေကတော့ ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးတင်နိုင်သိန်းနဲ့ ဦးလှထွန်းတို့ပဲ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကလည်း သူ့အစိုးရရဲ့ မူဝါဒ မောင်းနှင်အား ဒါမှမဟုတ် အမာခံ ခေါင်းဆောင်တွေ ဖြစ်တဲ့ ၀န်ကြီးလေးဦး… ဘဏ္ဍာရေးဝန်ကြီး ဂျော့ အော့စဘွန်း၊ ပြည်ထဲရေးဝန်ကြီး ထရီဇာ မေ၊ နိုင်ငံခြားရေးဝန်ကြီး ၀ီလီယံ ဟိဂ်နဲ့ ကာကွယ်ရေးဝန်ကြီး ဖိလစ် ဟမ်မန်းတို့ကို လက်ကျန် အစိုးရ သက်တမ်းမှာ အပြည့်အ၀ အသုံးချဖို့ ဆက်ထားလိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန်က ၀န်ကြီးဦးကျော်ဆန်း အပါအ၀င် လေးဦးကို ခပ်ပြင်းပြင်း ဖယ်ရှား ရှင်းလင်းလိုက်သလို ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကလည်း ၀န်ကြီးငါးဦးနေရာကို ခပ်ကြမ်းကြမ်း အပြောင်းအလဲ လုပ်ပစ်လိုက်ပါတယ်။ ကျန်းမာရေးစနစ် ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး စွမ်းရည်မပြနိုင်တဲ့ ကျန်းမာရေးဝန်ကြီး အင်ဒရူး လန့်စ်လေကို ဖယ်ပြီး သူ့နေရာမှာ လန်ဒန်အိုလံပစ် ၂၀၁၂ ကို တခမ်းတနား ဖြစ်အောင် ဦးဆောင်ကျင်းပခဲ့တဲ့ ယဉ်ကျေးမှုဝန်ကြီး ဂျရယ်မီ ဟန့်ကို ခန့်အပ်လိုက်ပါတယ်။

စီးပွားရေး တိုးတက်ရေးကို တနည်းတလမ်းနဲ့ ထောက်ကူဖို့နဲ့ ဥရောပရဲ့ အကြီးဆုံးနဲ့ အကောင်းဆုံး ခရီးသည်ဝန်ဆောင်မှုပေး လေဆိပ်ကြီး အဖြစ် ဆက်ရပ်တည်နိုင်ဖို့ လန်ဒန်က ဟီးသရိုးလေဆိပ်ကြီးမှာ ပြေးလမ်း နံပါတ်သုံး တိုးဆောက်/မဆောက် အခြေအတင် ပြဿနာမှာ အရေးကြီးတဲ့ နေရာက ရှိနေတဲ့ ပို့ဆောင်ရေး ၀န်ကြီးကို ဖယ်ပြီး ပါတီလှုံ့ဆော်ရေးမှူး ပက်ထရစ် မက်လော့လင်းနဲ့ အစားထိုး ခန့်အပ်လိုက်ပါတယ်။ တရားရေးဝန်ကြီးကိုလည်း လဲပစ် လိုက်သလို ပါတီ ဥက္ကဌ ဘယ်ရိုနက်စ် ၀ါစီကိုလည်း (အစိုးရ အသုံးစရိတ် အလွဲသုံးမှု စွပ်စွဲချက်တွေ ရှိခဲ့သူ) ဖယ်ရှားပစ်လိုက်ပါတယ်။

ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း ပြန်ပြင်ဖွဲ့လိုက်တဲ့ အစိုးရမှာ ဌာနလက်ကိုင်မဲ့ ၀န်ကြီးတဦးနဲ့ ရှေ့နေချုပ် အပါအ၀င် ၂၇ ဦး http://www.bbc.co.uk/news/uk-politics-19475248 ပါဝင်လာတာကို တွေ့ရပါတယ်။ ၂၂ ဦးက သူတို့ပါတီက ဖြစ်ပြီး၊ ကျန် ၅ ဦးကတော့ ဒုတိယ ၀န်ကြီးချုပ် နစ် ကလက်ခ်ျရဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီက ဖြစ်ပါတယ်။

မြန်မာကို အတုခိုးတယ်လို့ ပြောနိုင်တဲ့ နောက်တချက်က ပြုပြင်ပြောင်းလဲ ၀န်ကြီးစာရင်းတွေကို ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက သူ့ရဲ့ တွစ်တာ အကောင့်ကနေ လူထုကို အသိပေးခဲ့တာပါ။ ဒါကို“ တွစ်တာ အပြောင်းအလဲ“ လို့တောင် သတင်းစာတစောင်က ခေါ်ဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာအစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ အပြောင်းအလဲကိုလည်း ဖေ့စ်ဘုတ်မှာ သမ္မတရုံး ညွှန်ကြားရေးမှူးက တောက်လျှောက် တင်နေခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ကတော့ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းလို တွစ်တာရော မြန်မာလူထုတချို့ မက်မက်စက်စက် သုံးကြတဲ့ ဖေ့စ်ဘုတ်ကိုပါ ကိုယ်တိုင် သုံးသေးပုံ မရပါဘူး။ သူ့နာမည်နဲ့ အကောင့် မတွေ့သေးပါဘူး။ ဗြိတိန်မှာတော့ ၀န်ကြီးတွေက သူတို့ ၀န်ကြီး ဒါမှမဟုတ် ရာထူး အပြောင်းအလဲ ဖြစ်တာကို ပြောင်းတာနဲ့ ချက်ချင်း ဆိုသလို တင်ကြပါတယ်။ ပါတီ ဥက္ကဌ ရာထူးကနေ နားရတဲ့ ၀ါစီဆို ပါတီဥက္ကဌဆိုတဲ့ အကောင့်နာမည်ကနေ သူ့နာမည်နဲ့ အကောင့်ကို ပြောင်းလိုက်တဲ့အကြောင်း တွစ်တာကနေ ပြောခဲ့ပါတယ်။

သူတို့က နောက်မှ လုပ်တာပါ၊ မြန်မာပြည်က ပြန်ကြားရေး ဒုတိယ၀န်ကြီး ဖြစ်လာတဲ့ ဦးရဲထွဋ်က အရင် လုပ်ခဲ့တာပါ။ ညွှန်ကြားရေးမှူးချုပ်ကနေ ဒုတိယ ၀န်ကြီး ဖြစ်သွားပေမယ့် သူ့ရဲ့ ဖေ့စ်ဘုတ် အကောင့်ကို ဆက်ထားမှာ ဖြစ်တဲ့ အကြောင်းနဲ့ သမ္မတကြီးက ချီးမြှင့် မြှောက်စားတာကို ကျေးဇူးတင်ကြောင်း၊ တာဝန်များကို အသေအချာ ဆက်လက် ထမ်းဆောင်ပါမယ်ဆိုတဲ့ အကြောင်း ပြောခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာအစိုးရလောက်တောင် မဟုတ်မဟပ် တွေ့ရတာက ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက အမျိုးသမီး သုံးဦးကို အစိုးရအဖွဲ့ထဲကနေ ဖယ်လိုက်ပါတယ်။ သူတို့ကတော့ ခုန ပြောခဲ့တဲ့ ပါတီ ဥက္ကဌရယ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ကယ်ရိုလင်း စပယ်မန်းနဲ့ ဝေလပြည်နယ်ဝန်ကြီး ချယ်ရီ ဂီလန်းတို့ပဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ သမ္မတ ဦးသိန်းစိန်က ဒုတိယ၀န်ကြီးနေရာမှာ အမျိုးသမီးတွေကို ထပ်တိုးလို့ ခန့်ခဲ့ပါသေးတယ်။ ဒါကြောင့် မြန်မာကတောင် ခပ်သာသာရယ်လို့ ပြောလိုက်ချင်ပါတယ်။

အဲ… အဆုံးမသတ်ခင်လေး စိတ်ဝင်စားစရာတခု ပြောပြချင်တာကတော့ မြန်မာပြည်ကို လာသွားခဲ့တဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေးဝန်ကြီး အင်ဒရူး မစ်ချယ်ကတော့ ပါတီရဲ့ လှုံ့ဆော်ရေးမှူး နေရာကို ပြောင်းရွှေ့ခြင်း ခံလိုက်ရပါတယ်။ ၀ါရင့် နိုင်ငံရေးသမားတဦးလည်း ဖြစ်တဲ့ အင်ဒရူး မစ်ချယ်ဟာ မြန်မာ့အရေးကို စိတ်ဝင်စားသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းရဲ့ လူယုံတဦးလို့လည်း ဆိုကြပါတယ်။

၂၀၁၂ စက်တင်ဘာ ၄၊ ည ၁၀ နာရီ။

လန်ဒန်။

ရည်ညွှန်း- http://www.bbc.co.uk/news, London Evening Standard newspaper (September 4, 2012).

by Myo Tha Htet on Sunday, 2 September 2012 at 21:41·

ငယ်ငယ်က ဇာတ်ပွဲတွေကြည့်တော့ ဇာတ်သိမ်းခန်း (၀ါ) ဇာတ်ပေါင်းခန်း ရောက်လာရင် ဆိုင်ရာအခန်း အသီးသီးက ကခဲ့ကြတဲ့ သရုပ်ဆောင်တိုင်းက ဇာတ်စင်ရှေ့ ပြန်ထွက်လာကြပြီး ပရိသတ်ကို လက်အုပ်ချီမိုး နှုတ်ဆက်ကြတယ်။ အားပေးချီးမြှင့်ပါတဲ့ အတွက် ကျေးဇူးတင်ပါတယ်ပေါ့၊ ထမင်းရှင်ကြီးများကို ဂါရ၀တရား၊ မေတ္တာတရားထားလို့ သာပါစေကြောင်း၊ မာစေကြောင်း ဆုတောင်းမွန်ခြွေ ပြုတတ်ကြပါတယ်။

အခုလည်း အစိုးရသစ်သက်တမ်း စလိုက်တဲ့ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ကနေ စရေတွက်လိုက်မယ်ဆိုရင် ပြီးခဲ့တဲ့လကုန် သြဂုတ် ၃၀ ကဆို ၁၇ လ တင်းတင်း ပြည့်ခဲ့ပြီပေါ့။ ၁၇ လ ကြာ မနားတမ်း အသုံးတော်ခံ၊ စွမ်းဆောင် လုပ်ကိုင်၊ ပြောဆို ဝေဖန်၊ တွေးခေါ် ကြံဆ၊ ကျရာနေရာ ကြုံရာ အခန်းကနေ ပါဝင်ခဲ့ကြသူတွေ ဇာတ်ပေါင်းခန်း ရောက်ပြီလားလို့ တွေးမိပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ မျက်မှောက်မြန်မာ့နိုင်ငံရေးမှာ ထဲထဲဝင်ဝင်ပါနေကြတဲ့ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီတွေ၊ ပွင့်လင်း လူမှုဝန်းကျင် ထွန်းကားရေး ကြိုးပမ်းဆောင်ရွက်နေသူတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံတကာက သံတမန်တွေ၊ နိုင်ငံတကာက အဖွဲ့အစည်းတွေ၊ ပြည်ပနေ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေ၊ မီဒီယာတွေ၊ စာဟောဆရာတွေ သူ့ထောင့်သူနေရာကနေ ပါဝင်သူတွေ အားလုံး ဒါမှမဟုတ် အားလုံးနီးပါးဟာ ရန်ကုန်မှာ ဆုံကြပြုကြ၊ ပြောကြဆိုကြ၊ ဆွေးနွေးကြ တိုင်ပင်ကြ လုပ်နေကြပါပြီ။

တလက်စထဲမှာပဲ အရင့်အရင်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ၊ သဘောကွဲမှုတွေ၊ လမ်းခွဲမှုတွေ၊ ကိုယ်ပေါင်း စိတ်ခွာ၊ စိတ်ပေါင်း ကိုယ်ခွာ၊ တမြေခြားနေတဲ့ ညီအကိုတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ရဲဘော်ရဲဘက်တွေ၊ ရန်ဘက်ကန်ဘက်တွေ အစုံတကာ့အစုံဆုံးလို့ ပြောနိုင်မယ့် အနေအထားတခု ဖြစ်လာခဲ့ပါပြီ။

ဒါဟာ အချိန်ကျလို့ ဖြစ်လာခဲ့တာလား၊ အချိန်ကျစေဖို့ ဖြစ်စေခဲ့တာလား ဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရှင်းရလင်းရမယ့် ကိစ္စတွေ ရှိနေသလို၊ အဲဒါတွေကို ဘေးဖယ်လို့ အဖြစ်နိုင်ဆုံးနဲ့ အဖြစ်သင့်ဆုံးကနေ စတင် လှမ်းလျှောက်ရမယ့် လုပ်ငန်းတွေကလည်း ရှိနေမှာ ဖြစ်ပါတယ်။ အားလုံးပေါင်းလုပ်မှရမယ့် အရေးကြီးလွန်းတဲ့ ကိစ္စတွေ ရှိနေသလို၊ ကိုယ်နဲ့ဆိုင်ရာ ကိုယ်ကျွမ်းကျင်ရာ ကိုယ်လိမ္မာရာကနေ ထမ်းရွက်ရမယ့် အလုပ်သဘောတွေလည်း ပါနေတယ်လို့ ဆိုနိုင်ပါတယ်။

ဒါကိုပဲ ဇာတ်ပေါင်းခန်းလားလို့ တွေးထင်မိပေမယ့် အခုမှ ဇာတ်လမ်းက စတာလို့ ပြောဆိုမယ့်သူလည်း ရှိနေနိုင်ပါတယ်။ အဓိက မျက်နှာမူ သင့်တာကတော့ တမော့မော့နဲ့ တသက်တာလုံး စောင့်ခဲ့ရတဲ့ ပွဲကြည့်သူ ပြည်သူပါပဲ။ ပွဲခွင်ဟာ နိုင်ငံလို့ဆိုရင် ပွဲကြည့်သူဟာ ပြည်သူပါပဲ။

ဒီကနေ့ ဒီမိုကရေစီ ဇာတ်ပေါင်းခန်းထဲ ပါလာကြတဲ့ ခေါင်းဆောင်တွေ၊ ပရိသတ်အမာခံ ရှိသူတွေ၊ ပန်းကုံးတွေ လည်ဆွဲ ဆုတံဆိပ်တွေ ဆွဲထား၊ ချိတ်ထားသူတွေဟာ ပြည်သူတွေ မော့နေ (ဒါမှမဟုတ် ၀ရံတာပါတဲ့ အထပ် အဆင့်ဆင့် ဇာတ်ရုံအမြင့်ကြီးက ကြည့်တယ်ဆို ငိုက်(စိုက်)ကြည့်နေ) တာကိုတော့ သိကြရမှာပါ။

ဇာတ်သမားကတော့ မှတ်သားစရာတွေ ထားခဲ့ပေမယ့် စာချုပ်ကြေးတွေ၊ ၀င်ကြေးတွေ၊ ဂရုဏာကြေး၊ မေတ္တာကြေး၊ လက်ဆောင်ကြေးတွေ ယူထားပြီးပြီမို့ လက်ဆယ်ဖြာအုပ်မိုးလို့ ရှိခိုးဦးတင် နှုတ်ဆက်ရင်း နောက်နှစ်ခါ ဆက်ဆက် ဆုံကြပါစေကြောင်း အသာအပို စကားချိုတွေနဲ့ လက်ပြနှုတ်ဆက်သွားကြမှာပါ။ ဇာတ်ပွဲလာ ပရိသတ်ကလည်း ဒီအကြော နောကျေအောင် သိပင်သိငြား ဒီတညမှာဖြင့် စိတ်ကျေနပ်ခဲ့ပြီမို့ ကိုယ်တိုင်ကပင် ၀မ်းမြောက်စွာ တုန့်ပြန် နှုတ်ဆက် နိုင်ကြမှာ ဖြစ်ပါတယ်။

အဲ… တကယ့် ဒီမိုကရေစီဇာတ်ပေါင်းခန်းကျတော့ ဒီလို မဟုတ်ပေဘူး။

ဒါကြောင့်…

“အားလုံးက အမျှော်လင့်ကြီး မျှော်လင့်ထားခဲ့ရသူတွေ

တခါ တိုင်းပြည်နဲ့ လူထု အကျိုးအတွက်

အချုပ်၊ ထောင်၊ တန်း

အဟုတ်ရှောင် ဇာတိလွမ်းတွေနဲ့

၂၀ ကျော် နှစ်ကာလတွေ ခြားအောင်

မြန်မာမြေမှာ ပွင့်ကာပ ဒီလမ်းဖွင့်ဖို့

ဒီမိုကရေစီပင်ပျိုပန်းကိုလ

အသက်၊ သွေး၊ ချွေး ထွေထွေ ကမ်းလို့ရယ်

စိုက်ခဲ့ကြတယ်။

ဒီတော့…

ဒီတကြိမ် ဖူးမယ် ကြံပြီမို့…

အနှောင့်အယှက် ဘေးဘယက်တွေ

အဝေးထွက်စေဖို့

စာပန်းချီ ခြယ်သူ ဒီမောင်က…

ကြောင့်ကြရယ် တောင့်တရယ် နှစ်ထွေယှက်ပါလို့…

ဆုမွန်ခါခါတောင်း…

ဒီမိုကရေစီ တရာအလီလီ သာစေကြောင်း…။

၂၀၁၂ စက်တင်ဘာ ၂၊ ည ၉ နာရီ။

လန်ဒန်။

by Myo Tha Htet on Saturday, 1 September 2012 at 11:57·

“လောကမှာ လူရယ်လို့ ဖြစ်လာရင် လူတိုင်းမှာ ဘ၀ကိုယ်စီ ရှိကြတာမို့ သူ့ဘ၀ သူပိုင်သလို၊ သူ့ဆုံးဖြတ်ချက်နဲ့သူ ရပ်တည် ရှင်သန်ခွင့် ရှိဖို့ ကောင်းပါတယ်။ ဒီလိုပါပဲ ထမင်းအောက်က ချိုး(ဂျိုး) ကလည်း ထမင်းပါပဲ။ ချိုးကြိုက်တဲ့သူက စားပေမပေါ့“

တလောက ဖေ့စ်ဘုတ်မှာ အမျိုးသားဝတ်စုံနဲ့ ယောက်ျားနှစ်ယောက်တွဲပြီး မင်္ဂလာဆောင်တဲ့ ဓာတ်ပုံကို တွေ့လိုက်ရတော့ ထူးဆန်းနေခဲ့တယ်။ ထခါ ယောက်ျားနှစ်ယောက် အဓိက သရုပ်ဆောင်တဲ့ လိင်တူချစ် ကမ္ဘာကျော် ရုပ်ရှင် ဇာတ်ကားတွေလည်း ကြည့်ခဲ့ဖူးပေမယ့် တယောက်ကတော့ မိန်းမနေရာက နေမှာပဲလို့ ထင်ခဲ့မိပါတယ်။ တကယ်တော့ ကျွန်တော့် အသိထက် ပိုနေတာတွေကလည်း ရှိနေပြန်တယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က အင်္ဂလိပ်စာ အတူ သင်ယူခဲ့ဖူးတဲ့ ညီငယ် တယောက်နဲ့ မထင်မှတ်ဘဲ စကား ပြောမိတော့ ယောက်ျားချင်း အတူ အပေးအယူ ညီမျှတဲ့၊ အပြန်အလှန် ထောက်ပံတဲ့ ချစ်ခြင်းမျိုးတွေလည်း ရှိနေသေးပါတယ်လို့ သူက ပြောပြလာတယ်။

ဟုတ်တာပေါ့။ ညီအကိုချင်း၊ သူငယ်ချင်းချင်း ရှိနိုင်တာပေါ့။ ဒါပေမဲ့ အခုဟာက ဒီထက်တော့ ပိုတယ်၊ တစိမ်း ယောက်ျားသား နှစ်ဦးကနေ တဖြည်းဖြည်း ရင်းနှီးခင်မင် ချစ်ကြင်လာပြီး နှစ်ဦး တဘ၀ တည်ဆောက်ကြမယ့် ကိန်းပေါ့။ ညီငယ်ကတော့ သူ့ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ပြောထားပါတယ်။ အင်္ဂလိပ် ဘာသာစကား ကျွမ်းကျင်တဲ့ သူမို့ သူက အင်္ဂလိပ် ၀ါကျတွေနဲ့ ရေးထားပါတယ်။

ကျွန်တော်က စိတ်ဝင်စားလို့ ဖတ်ကြည့်မိတယ်၊ ကျန်တဲ့ သူတွေလည်း ဖတ်ပြီး သူ့အမြင် သူ့အတွေးတွေကို စဉ်းစား ဆင်ခြင် ဝေဖန်နိုင်အောင်လို့ ဘာသာပြန်ပေးလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ် လောက်ကတော့ အဲဒီ ညီငယ်လေး ဘာလိင်လဲ ဆိုတာကို မသိခဲ့ပါဘူး၊ ရုပ်တော့ အတော်ဖြောင့်တဲ့ ချာတိတ်ပဲလို့ အလွယ် မှတ်ခဲ့တယ်။ အခုတော့ သူက ပြောပါတယ်၊ သူဟာ လိင်တူချစ်သူ တယောက်ပါတဲ့။ ဒီတော့ သူ့အတွေးနဲ့ သူ့ပတ်ဝန်းကျင်ကို သူ ပြောထားတာလေး နားထောင် (အဲ… ဖတ်ကြည့်) ပါဦး။

The people who we are living with are still need to be educated. Many of them doesn’t understand of human rights and human sexuality. Sexuality can be different from one person to another. Why there’s so much debate about “Pre Gay Wedding Picture”? I think we should have the rights of our own if everyone have theirs. If anybody can marry, then why not we can? I call for emergency improvement to all of our civil society. This is the duty for all of the people who are working for “Human Rights”. As long as we are human, we deserve to have our own rights.

“ကျွန်တော်တို့ ၀န်းကျင်က လူတွေကို ပညာပေးဖို့ လိုနေပါသေးတယ်၊ သူတို့တွေထဲက အများစုဟာ လူ့အခွင့်အရေးကို နားမလည်ကြသေးသလို လူသားရဲ့ လိင်စိတ်ကိုလည်း နားမလည်ကြသေးပါဘူး။ လိင်စိတ်ဆိုတာက တယောက်နဲ့ တယောက် တူနိုင်တာမှ မဟုတ်တာဘဲ။“

ဒီနေရာမှာ တခု ကြားဖြတ် ပြောဖို့ လိုတာက အစပိုင်းမှာ ပြောပြခဲ့တဲ့ ဖေ့စ်ဘုတ်က အမျိုးသားဝတ်စုံဝတ် ယောက်ျားသားနှစ်ဦး ယှဉ်တွဲလို့ မင်္ဂလာဆောင်တဲ့ ပုံစံ ဓာတ်ပုံရိုက်ထားတာကို ဒီညီငယ်က ကိုယ်တိုင်လည်း ထောက်ခံသလို ၀မ်းမြောက်ကြောင်းကိုလည်း တရားဝင် ထုတ်ဖော် ပြောခဲ့သူပါ။

အဲဒီ ဓာတ်ပုံနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ၊ မှတ်ချက်စကားတွေကိုလည်း သူ စိတ်ညစ်ပုံရပါတယ်။ သူ ဆက်ပြောထားတာလေး ဖတ်ကြည့်ပါဦး။

“ဒီဓာတ်ပုံနဲ့ ပတ်သက်ပြီး ဘာဖြစ်လို့ လူတွေက စကားတွေ အများကြီး ပြောနေကြတာလဲ။ လူတိုင်းကိုယ်စီမှာ လူ့အခွင့်အရေး ရှိတယ်ဆိုရင် ကျွန်တော်တို့မှာလည်း ကျွန်တော်တို့ အခွင့်အရေးဆိုတာ ရှိရမှာပေါ့။ လူတိုင်းဟာ ကိုယ်နှစ်သက်သူနဲ့ အိမ်ထောင်ပြုခွင့် ရှိတယ်ဆိုရင် ကျွန်တော်တို့မှာလည်း ဘာကြောင့် မရှိနိုင်ရမှာလဲ“

ညီငယ်က သူ့ မကျေနပ်ချက်ကို ထုတ်ဖော် ပြောဆိုရုံနဲ့ မပြီးသေးပါဘူး။ သူ့အမြင်အရ ပတ်ဝန်းကျင်ကို (သူဆိုလိုချင်ပုံရတဲ့) ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ကိုလည်း တိုက်တွန်းတဲ့၊ တောင်းဆိုတဲ့ သဘောပါတဲ့ အခု ပြောဆိုချက်ကို ဆက်ပြောပါတယ်။

“လူမှုအဖွဲ့အစည်းတွေ အားလုံးကို ကျွန်တော် အခုပဲ ချက်ချင်း တောင်းဆိုချင်ပါတယ်၊ လူ့အခွင့်အရေးအတွက် အားကြိုးမာန်တက် ဆောင်ရွက်နေသူတွေ အားလုံးမှာ တာဝန်ရှိနေပါတယ်။ ကျွန်တော်တို့ဟာ လူသားတွေ ဖြစ်နေသရွေ့ ကျွန်တော်တို့နဲ့ ထိုက်တန်တဲ့ အခွင့်အရေးတွေ ရရပါမယ်“

ဒါနဲ့လည်း သူ့ဟာက မပြီးသေးပါဘူး။ သူတို့တွေ အနေနဲ့ သူတို့ ပတ်ဝန်းကျင်က လူ့အဖွဲ့အစည်းရဲ့ ရှေးရိုးစွဲအမြင်တွေကို ရိုက်ခတ် ခံစားရတုန်းနဲ့ တူပါတယ်။ (ဥပမာ ကျွန်တော်ကိုယ်တိုင်ကိုက ယောက်ျားချင်း ချစ်ကြတာကို အမျိုးအမည် ဘယ်လောက်များများ ရှိနိုင်တယ်ဆိုတာကို ထွေထွေပြားပြား ဖြစ်တုန်းပါပဲ)။

ကြည့်စမ်းပါဦး…၊ သူ့တောင်းဆိုချက်ကတော့ ခေတ်မီပါတယ်။ လွှတ်တော်ခေတ်မို့လည်း လွှတ်တော်စကား ပြောတယ်နဲ့ တူပါရဲ့…။

I urge a call to Parliament to take down the panel 377 code in Burma. I also call for to have that gay men will have same rights as other people does. We know that we can’t say that everyone has the human rights in Burma but gay men are suffering more than anybody else. I call for zero stigma and discrimination to all gay men in Burma and have the equal rights as other people.

“ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၇ မှာ ပြဌာန်းထားတဲ့ ပြဌာန်းချက်ကို ပယ်ဖျက်ပေးဖို့ လွှတ်တော်ကို တောင်းဆိုပါတယ်။ လိင်တူချစ်သူ အမျိုးသားတွေဟာ တခြားလိင်စိတ်ရှိသူတွေလိုပဲ အခွင့်အရေး တန်းတူညီမျှ ရနိုင်ဖို့ကိုလည်း အလားတူ တောင်းဆိုပါတယ်။“

ညီငယ်ဟာ သူတို့တတွေရဲ့ လက်ရှိ ခံစားမှု ဖြစ်ထွေကိုလည်း မဖုံးကွယ်ပါဘူး။ ဒါကြောင့် ထပ်ထပ်ခါခါ ဆိုသလို သူတို့ ပတ်ဝန်းကျင်က လူ့အဖွဲ့အစည်းကို တောင်းဆိုမှုတွေ အကြိမ်ကြိမ် လုပ်ပါတယ်။ ညီငယ်က သူတို့ကို လူ့အဖွဲ့အစည်းကြီး တခုလုံးက လက်ရေတပြင်တည်း ရှိကြဖို့ အဆုံးစွန် အခုလို တောင်းဆိုပါတယ်။

“မြန်မာပြည်က မြန်မာတိုင်းမှာ လူ့အခွင့်အရေးတွေ ရနေကြပြီလို့ မဆိုနိုင်ဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ လိင်တူချစ်သူတွေကတော့ အဆိုးတကာ့အဆိုးဆုံး ခံစားနေကြရတာပါ။ ဒါကြောင့် လိင်တူချစ်သူတွေနဲ့ ပတ်သက်ပြီး မြန်မာပြည်မှာ ခွဲခြားဆက်ဆံတာတွေ မလုပ်ကြဖို့၊ ရှေးရိုးစွဲအမြင်နဲ့ ခံစားချက်တွေကို ဖျောက်ဖျက်ပစ်ကြဖို့နဲ့ တခြားလူ တပါးသူတွေလို တန်းတူ အခွင့်အရေး ပေးကြဖို့ ကျွန်တော် အနေနဲ့ တောင်းဆိုပါတယ်“

ညီငယ်ကတော့ ပြောပါပြီ။

အဲ… ကျွန်တော်ကိုယ်တိုင်ကလည်း ငယ်ငယ်ကတော့ လိင်တူချစ်သူတွေကို ခါးခါးသီးသီး သဘောမတွေ့ခဲ့ပါဘူး။ အခု အသက်ကလေး နည်းနည်းရလာတော့… အင်း… သူတို့ဘ၀နဲ့ သူတို့အကြောင်း၊ သူတို့အဖြစ်နဲ့ သူတို့အချစ်၊ သူတို့အချင့်အတွေးနဲ့ သူတို့အခွင့်အရေးပဲလို့ နားလည်လာခဲ့ပါတယ်။ ရာခိုင်နှုန်းပြည့်လားဆိုတော့လည်း မဟုတ်သေးပါဘူး။

စာဖတ်သူတွေကရော…။

၂၀၁၂ စက်တာဘာ ၁၊ မနက် ၁၁ နာရီ။

လန်ဒန်။

by Myo Tha Htet on Tuesday, 28 August 2012 at 22:09·

ခုတလော ဖေ့စ်ဘုတ် သုံးရတာ အရသာ တွေ့လှပါတယ်။ ၀မ်းသာစရာ သတင်းများကလည်း ဆက်တိုက်ဆိုသလို ကြားရပါတယ်။ သူများ ဒုက္ခရောက်လို့ ၀မ်းသာတာမျိုးတော့ မဟုတ်ပါဘူး၊ အများအတွက် ရေရှည်မှာ ပိုကောင်းလေမလားဆိုတဲ့ စဉ်းစားချက်နဲ့ ၀မ်းမြောက်မှုမျိုးပါ။

ဖေ့စ်ဘုတ်အရသာဆိုတာက ဒီလိုပါ။ တချို့ကလည်း ဖေ့စ်ဘုတ်နိုင်ငံရေး၊ ဖေ့စ်ဘုတ် လွှတ်တော်လို့ ခေါ်ဝေါ်လာကြပါတယ်။ မဟုတ်ဘူးလား ဆိုတော့… ဟုတ်သပေါ့ဗျာ၊ လွှတ်တော်ရုံးက ဖေ့စ်ဘုတ်ပေါ်မှာ ရှိနေပါတယ်။ ပြည်သူ့လွှတ်တော် နာမည်နဲ့ အကောင့်ဖွင့်ထားပြီး လွှတ်တော်တွင်း တင်ပြ၊ ဆွေးနွေးသမျှတွေကို အချိန်မဆိုင်းဘဲ တင်ပြနေတာက စောင့်ဖတ်စရာတောင် ကောင်းလှပါတယ်။

တခါ သမ္မတရုံး ညွှန်ကြားရေးမှူးကလည်း ခုရက်ပိုင်း ၀န်ကြီးတွေ အပြောင်းအလဲကို သမ္မတကြီးက ပြည်သူတွေရဲ့ သုံးသပ် ပြောဆိုမှုတွေအပေါ် တုန့်ပြန်တာပါလို့ ပြောထည့်လိုက်တော့ ပြည်သူ့အသံကို သမ္မတကြီးက ဖေ့စ်ဘုတ်ကနေ နားထောင်နေသလားရယ်လို့တောင် အတွေးပွားမိပါသေးတယ်။

တလက်စတည်း ဖေ့စ်ဘုတ်က နိုင်ငံရေးသုခမိန်တချို့ ပြောကြတာတွေကိုလည်း ပြန်စဉ်းစားမိပြန်ပါတယ်။ ၀န်ကြီးတွေ အပြောင်းအလဲကိုပဲ ကြည့်ပါ၊ အဲ… အမျိုးသမီး ဘယ်နှယောက်တော့ ၀န်ကြီးတွေ (ဒုဝန်ကြီး) တွေ ဖြစ်လာပြန်ပြီဟဲ့…၊ ဘယ်ဌာနတွေမှာတော့ ၀န်ကြီးတွေ လစ်လပ်သွားတာပေါ့၊ ဟို ဒုတိယ ၀န်ကြီးတွေက ၀န်ကြီးတွေ ဖြစ်လာလိမ့်မယ်လား။

သမ္မတအစား နိုင်ငံရေးကျားကွက် ၀င်ရွှေ့ပေးနေတဲ့ လူတွေကို ဖေ့စ်ဘုတ်မှာ တွေ့လာရတာကတော့ ပညာတွေ တိုးတဲ့အပြင် ၀မ်းအသာကြီး သာမိပါတယ်။ တကယ်တမ်း ပြောရရင်တော့ မြန်မာတွေက တခြားနိုင်ငံသားတွေထက် နိုင်ငံရေး နိုးကြားမှု၊ တက်ကြွမှု ပိုတယ်/များတယ်လို့ အကဲခတ်တချို့က သုံးသပ်တာတွေကို ကြားဖူးခဲ့ပါတယ်။

တခါတလေတော့လည်း သူတို့ သုံးသပ်ချက်တွေ ဟုတ်ရဲ့လားလို့ သံသယဖြစ်မိပေမယ့် တကယ့်တကယ်တမ်းတော့ နှစ်ပေါင်း ၅၀ လောက် တင်းကျပ်တဲ့ ဖိနှိပ်မှုအောက် နေခဲ့စားခဲ့၊ ပါးစပ်ပိတ် နားပိတ် သေခဲ့ရတော့ အခုလို နိုင်ငံရေးနယ်ပယ်နဲ့စပ်လို့ အများကြီး တက်တက်ကြွကြွ ရှိနေတာဟာ ကျေနပ်စရာပါ။ မကြောက်ရတဲ့ခေတ်မို့ အော်တယ်ဆိုဦးတော့ ကြောက်ကြတဲ့ခေတ်က ငြိမ်တာထက်တော့ သာတယ်လို့ တွေးမိပါတယ်။

လက်ရှိကာလအထိတော့ အပြောင်းအလဲတွေကို အပေါ်ပိုင်း အပြောင်းအလဲလို့ပဲ သတ်မှတ်ကြပါသေးတယ်။ အောက်ခြေကို မထိသေးဘူး၊ အောက်ခြေဟာ မပြောင်းသေးဘူးလို့ အများစုက သုံးသပ်ကြပါတယ်။ အပြောင်းအလဲတွေကို စောကြောကြတဲ့ ပညာရှင်တချို့ကလည်း ဒါကို လက်ခံတယ်၊ ဟုတ်တယ်… အပြောင်းအလဲဆိုတာ အထက်က အရင်ပြောင်းရတယ်၊ သူတို့က ပြောင်းနိုင်တာကိုး… ပြောင်းခွင့်ရှိတာကိုး။ အဲဒီကနေမှ အောက်ခြေကို တဆင့်ချင်း၊ တဖြည်းချင်း ရောက်တယ်လို့ သူတို့က ပြောတတ်ကြတယ်။

ဒီတော့ အထက်ပြောင်းကို လက်ခံပြီဆို… ဘယ်သူက ပြောင်းနေသလဲကို ကြည့်ရဦးမယ်။ ခေါင်းဆောင်က ပြောင်းနေတယ်၊ ပြောင်းမယ်လို့ ပြောခဲ့ပြီးပြီမို့ ပြောင်းနေတယ်။ ပြောလည်း ပြောခဲ့ပြီးသားပေပဲ… ပုံစံအသစ်နဲ့ သွားမယ်၊ ရှေးရိုးစွဲတွေ အပြောင်းအလဲကို ခုခံနေသူတွေကို ထားခဲ့မယ်လို့ သမ္မတက ပြောခဲ့တယ်။ အခုတော့ သူ တကယ် လုပ်လိုက်ပြီပေါ့။

သမ္မတရဲ့ ၀န်ကြီးအပြောင်းအလဲ သတင်းတွေဖတ်ပြီး၊ ဖေ့စ်ဘုတ်က သုံးသပ်ဝေဖန်ချက်တွေမှတ်ပြီး အကြီးအမှူး ၀ါ ခေါင်းဆောင်ဆိုတာကို အတွေးနယ်ချဲ့ခဲ့မိတယ်။

အကြီးအမှူးဆိုတာကို မြန်မာအဘိဓာန်ကတော့ ရိုးရိုးပဲ အနက်ပေးပါတယ်။ အကြီးအကဲတဲ့… ခေါင်းဆောင်တဲ့…။

အကြီးအကဲတွေမှာ နာယကဂုဏ်တွေ ရှိတယ်။ ငယ်ငယ်ကထဲက အလွှတ်ကျက်ခဲ့ရတယ်။ “ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်၊ ထောက်ရှု ဤခြောက်ခု“တဲ့။ တကယ့် အကြီးအကဲ ဟုတ်မဟုတ်ကို ဒါတွေနဲ့ တိုင်းတာလို့ ရနိုင်ပါတယ်။

အကြီးအမှူးဆိုတာ သာမန်အားဖြင့်တော့ အဆဲခံရတဲ့ အလုပ်ကို လုပ်တဲ့သူပဲလို့ ထင်ခဲ့မိတယ်။ လူမျိုးတမျိုးနဲ့တမျိုးတော့ အကြီးအမှူးကို ရှုမြင်ပုံ ကွာခြားပါလိမ့်မယ်။ သင်ဖူးတဲ့ စီမံခန့်ခွဲမှုစာအုပ်ထဲမှာတော့ စီမံအုပ်ချုပ်သူဆိုတာ လူတွေနဲ့ အလုပ်ပြီးအောင် လုပ်တဲ့သူလို့ ပြောထားတော့ လူပေါင်းစုံနဲ့ လူအများ အကျိုးများတဲ့ အလုပ်ကို အဆင်ပြေအောင် လုပ်နိုင်တဲ့သူဟာ အောင်မြင်တဲ့ စီမံအုပ်ချုပ်သူပေါ့။

လူများတော့ အတွေးစုံပါတယ်။ တချို့ကျလည်း လူကြီး ပြောတဲ့အတိုင်း လုပ်ကြတယ်၊ တချို့ကျလည်း လူကြီး ပြောတာကို အခြေခံပြီး ကိုယ့်ပုံစံနဲ့ လုပ်တတ်တယ်၊ တချို့ကျတော့ လူကြီးပြောတာထက် ကိုယ့်စိတ်ကြိုက်လုပ်တယ်။ ဒီတော့ အကြီးအမှူးက ဂုဏ်တွေကို ညှိပြီး အလုပ်ဖြစ်အောင် စီမံခန့်ခွဲနိုင်မှ တော်ကာကြပါတယ်။

ဝေဖန်ရတာက လွယ်ပါတယ်၊ လက်တွေ့ လုပ်ရတာက ခက်ပါတယ်။ ပရီးမီးယားလိဂ်က မန်နေဂျာတွေကတော့ ပွဲရလဒ် အခြေအနေတွေ မကောင်းတာနဲ့ ပြုတ်စော်နံပါတယ်။ စိတ်မရှည်တဲ့ သူဌေးမျိုးနဲ့ဆို ချက်ချင်းတောင် ပြုတ်ပါတယ်။ ကစားသမားထဲမှာ စွာသူပါနေရင်လည်း မန်နေဂျာက ပါးပါးနပ်နပ်နဲ့ ကိုင်တတ်ရပါတယ်၊ မီဒီယာတွေကလည်း ကြည့်နေပါတယ်၊ နာမည်ရဖို့ထက် နာမည်ပျက်ဖို့က ပိုများပါတယ်။

မြန်မာပြည်မှာတော့ အကြီးအမှူးတချို့က နေရာများများ ယူချင်ပါတယ်။ ငါ့တပည့်ကြီး လုပ်ပစ်ချင်သူတွေက မရှားပါဘူး။ ၀န်ကြီးကလည်း ဒုတိယ၀န်ကြီးကစလို့ သူ့ဝန်ကြီးဌာနရဲ့ အောက်ဆုံးအဆင့် သန့်ရှင်းရေးသမားအထိကို သူ့တပည့်လို့ချည်း ထင်တတ်ပါတယ်၊ ဘာမှလည်း မဆိုင်ပါဘူး။ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာဆိုလည်း ဂျာနယ်တစောင်လုံး၊ မဂ္ဂဇင်းတစောင်လုံးက လူတွေကို သူ့တပည့်ချည်း ထင်တတ်တဲ့ အယ်ဒီတာချုပ်မျိုးလည်း တွေ့ဖူးပါတယ်။ ဘာဖြစ်လို့များ အကြီးအမှူးတချို့က အဲဒီလိုတွေ တွေးတတ်ကြသလဲတော့ မသိပါဘူး။

တကယ်တမ်း အကြီးအမှူး ကောင်း/မကောင်းကို အကြီးအမှူး ကိုယ်တိုင်က ပြောရတာမျိုး မဟုတ်ဘဲ သူ့လက်အောက်မှာ အမှုထမ်းဖူးတဲ့သူ၊ သူနဲ့အတူ အလုပ်လုပ်ဖူးသူတွေက ပြောရတာမျိုးဆိုတာကို အဲဒီအကြီးအမှူးတွေ ဘာဖြစ်လို့ မသိကြတာလဲ ဆိုတာကို စဉ်းစားလို့ မရပါဘူး။ မြန်မာအကြောင်း ပြောရင် နိုင်ငံခြားနဲ့ပဲ ယှဉ်ပြောရတာကတော့ မကောင်းပါဘူး။

နိုင်ငံတချို့မှာဆို ကျောင်းဆရာ လုပ်တဲ့သူကတောင် အမြဲဆရာ လုပ်မနေပါဘူး။ သူ ယူစရာရှိရင် တပည့်ဆီကလည်း ပြန်ယူတာပါပဲ။ ဒီကောင့်ဆရာ ငါကွလို့လည်း ဘယ်သူကမှ ပလွှားမနေပါဘူး။ သူ့အလုပ်သူလုပ် ကိုယ့်အလုပ်ကိုယ်လုပ်လို့ပဲ ခံယူထားကြသူတွေပါ။ နိုင်ငံတချို့မှာဆိုရင် တပည့်လုပ်သူတွေက ဆရာတွေအပေါ် မယဉ်ကျေးလွန်းလို့တောင် အံ့သြရတာမျိုး ရှိဖူးပါတယ်။

တကယ်တော့ အကြီးအမှူးရဲ့ တာဝန်က လက်အောက်ငယ်သားကို ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်ကို ပံ့ပိုးပေးရတာ၊ စောင့်ရှောက်ပေးရတာ၊ ကျောသားရင်သား မခွဲခြားဘဲ အခွင့်အရေး ပေးရတာမျိုး ဖြစ်ပါတယ်။ တချို့ကျတော့ ခိုင်းစရာရှိ အောက်ကို ဖိခိုင်းပြီး၊ အခွင့်အရး ယူစရာရှိ ကိုယ်ပဲယူ၊ စားစရာရှိ ကိုယ်ပဲစား ဆိုတာမျိုးကြတော့ အကြီးအမှူးလို့ မပြောထိုက်သူတွေပါ။

အရည်အချင်းကြောင့် လုပ်ငန်း အခြေအနေအလိုက် အကြီးအမှူး လုပ်သူတွေက လစာ၊ အယောင်အဆောင်နဲ့ ခံစားခွင့်တွေ ရတာမျိုးတော့ ရှိတတ်ပါတယ်။ အစိုးရ အကြီးအကဲတွေ၊ ကော်ပိုရိတ် လုပ်ငန်းကြီးတွေရဲ့ ထိပ်တန်း အရာရှိကြီးတွေ၊ ဘဏ်သူဌေးတွေကြီးဟာ ခံစားခွင့် ကြီးမားလှပါတယ်။ အကြီးအမှူးဟာ လိုတာထက် ယူတာ၊ စားတာ များရင်တော့ ဝေဖန်ခံရတတ်ပါတယ်။

ဒါပေမဲ့ အကြီးအမှူးဟာ ချိနဲ့သူ၊ ပျော့ညံ့သူတော့လည်း မဖြစ်ရပါဘူး။ ထက်မြက်သူ၊ ရဲတင်းသူ၊ အားမာန်ကြီးသူ ဖြစ်ရပါတယ်။ နောက်လိုက်က အားကိုးချင်လောက်တဲ့၊ အမိန့်ခံယူထိုက်လောက်တဲ့ သူတော့ ဖြစ်ရပါမယ်။ ကိုယ့်ခေါင်းဆောင်ကို ကိုယ်သဘောကျနေတဲ့ နောက်လိုက်တွေ ဖြစ်အောင်လို့ အကြီးအမှူးမှာ စွမ်းရည် ရှိရပါမယ်။

အကြီးအမှူး လုပ်ရတာ တကယ်တော့ မလွယ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတွေအများကြီးကို ကောင်းစွာ စီမံအုပ်ချုပ်နိုင်မှ အကြီးအမှူးကောင်း ဖြစ်တာပါ။ သနားတတ်ရသလို သည်းခံတတ်ရပါတယ်၊ ဒါပေမဲ့ ကိုယ့်ခေါင်းပေါ်လည်း အတက်မခံရပါဘူး။ ပြောစရာရှိ ပြော၊ ဆိုစရာ ဆို၊ ဆဲစရာရှိ ဆဲ၊ ဆုချစရာရှိ ဆုချ သင့်သလို ဝေဖန်ထောက်ပြ ချီးပရတာမျိုးလည်း လုပ်ရပါတယ်။

အကြီးအမှူးကောင်းတို့မည်သည် ကိုယ့်အတွက်ထက် အများအကျိုးကို ကြည့်ကြရပါတယ်။ သမ္မတကစလို့ အစိုးရ ၀န်ကြီးဌာန အကြီးအကဲဟောင်း/သစ်တို့ ကျန်းမာချမ်းသာစွာနဲ့ တိုင်းပြည်နဲ့ လူထုအကျိုး သယ်ပိုး ဆောင်ရွက်ရင်း နောက်လိုက်တွေနဲ့ အများပြည်သူရဲ့အဆဲပေါ့ အမုန်းလျော့ပြီး၊ ချီးပသံတွေ ညံ့လို့ ချစ်ခင်မှုတွေ တိုးရကြပါစေကြောင်း ဆုမွန်တောင်းလိုက်ရပါတယ်။

၂၀၁၂ သြဂုတ် ၂၈၊ ည ၁၀ နာရီ။

လန်ဒန်။

by Myo Tha Htet on Friday, 27 July 2012 at 07:57·

ခေတ်က မြန်တဲ့ ခေတ်… ဒါမှမဟုတ် ခေတ်မြန်ကြီး

ဒီတော့ မြန်မြန်ချစ်၊ မြန်မြန်ယူ၊ ကြာကြာမစောင့်ဘဲ တခါကွဲ…

ကားဝယ်ဖို့ကမှ အချိန်ပိုယူကြဦးမယ်၊ အတူနေဖို့က နောင်ခါလာ နောင်ခါဈေး သဘောထားပြီး မြန်မြန်နေလိုက်ချင်ကြတယ်။

မနက် ရုံးသွားတိုင်း သတင်းစာ နာရီဝက်လောက် ကျွန်တော့်မှာ ဖတ်မိတော့ စိတ်ဝင်စားစရာလေးများ တွေ့မိရင် သူငယ်ချင်းတွေကိုလည်း မျှချင်မိတယ်။

ယူကေ က အိမ်ထောင်ရေး အကြောင်းတွေပေါ့၊ အမယ် သူတို့က စာရင်းဇယား ကောင်းတဲ့ နိုင်ငံ ဆိုတော့ကာ အမျိုးသား (နိုင်ငံတော် အဆင့်) စာရင်းရုံးက ဒီလူမှုရေးနဲ့ ဆိုင်တဲ့ စာရင်းဇယားတွေကို သေချာ ပြုစုထားတာ တွေ့ရတယ်။ မြန်မာနိုင်ငံမှာလည်း အခုလို သပ်သပ်ရပ်ရပ် စာရင်းတွေ ပြုစုနိုင်ရင် ကောင်းမှာပဲလို့လည်း အတွေးပေါက်မိတယ်။ လုပ်ချင်လည်း လုပ်ထားကြမှာပေါ့လေ၊ ကျွန်တော် မသိတာလည်း ဖြစ်နိုင်ပါတယ်။

တကယ်တော့ အချစ်နဲ့ အိမ်ထောင်ရေးဆိုတာ ဒင်္ဂါးတချပ်ရဲ့ ခေါင်းနဲ့ပန်း လိုပါပဲ၊ တခုမပါဘဲ ဒင်္ဂါး မဖြစ်နိုင်ပါဘူး။ ယူကေမှာတော့ တမျိုးတဲ့… ကွဲတာပြဲတာ မပါဘဲ ချစ်လည်း မချစ်ကြဘူး၊ အိမ်ထောင်လည်း မတည်ကြပါဘူးတဲ့။ ချစ်ပြီးရင် ကွဲ… အိမ်ထောင်ပြုပြီးရင် အဲ… ကွဲကြကွာကြတာများတယ်တဲ့။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ က စာရင်းတွေနဲ့ လက်ရှိ စာရင်းနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ဗြိတိန်မှာ အိမ်ထောင်ကွဲတာတွေ ပိုများလာပေမယ့် ၂၀၀၈ စီးပွားရေး ပျက်ကပ်နောက်ပိုင်းမှာတော့ အဖြေက တမျိုး ဖြစ်နေပြန်ပါတယ်။ အိမ်ထောင်ကွဲမှုနှုန်း နည်းနည်းလေး ကျသွားသတဲ့။ ဘာဖြစ်လို့လဲ။

ဘာဖြစ်လို့လဲဆိုတော့ စီးပွားရေးတွေ ကျပ်ကြတော့ အလုပ်အကိုင်တွေက အဆင်မပြေဘူး၊ ဒီတော့ ၀င်ငွေတွေက နည်းလာကြတယ်။ နှစ်ယောက်အတူနေရာကနေ ကွဲကြပြဲကြပြီး တယောက်ထဲ နေမယ်ဆိုရင် ၀င်ငွေနဲ့ ကုန်ကျစရိတ်က မကာမိကြတော့ ကွဲလိုခွာလို ပေမယ့်လည်း မချစ်သော်လည်း အောင့်ကာနမ်းနေရတဲ့ အဖြစ်တွေ ဖြစ်ကုန်ကြတယ်။

အိမ်ထောင်ကွဲ ပြဿနာတွေကို အကြံပေး ဖြေရှင်းပေးနေတဲ့ ချစ်မှုရေးရာနဲ့ ဆက်ဆံရေး ဂုရုကြီး တာရီ ဘိုဒဲလ် ကတော့ အိမ်ထောင်ရေး ဆိုတာ ပြင်ရန် ခက်တဲ့ အမျိုးပါ၊ အတော်ကြီး မြော်မြင် ပြင်ဆင် ကြိုးစားကာပါမှ အဆင်ပြေရုံ ရှိနိုင်တာမျိုးကို လူအများက လွယ်လွယ်နဲ့ အိမ်ထောင်ပြု၊ သည်းမခံဘဲ ချက်ချင်းကွဲ ဆိုတာတွေမျိုးတွေက များနေပါတယ်လို့ မှတ်ချက်ပေးပါတယ်။

ဒီတော့ အဆင်မပြေတော့မှ ကွဲကလည်း ကွဲချင်နေပြီ၊ ဘယ်လိုမှ ဆက်လက် ပေါင်းသင်းကြဖို့ မဖြစ်နိုင်တော့ဘူး။ တဖက်ကလည်း စီးပွားရေးတွေက မကောင်းတော့ ရင်ဆိုင်ရတော့မယ့် ကုန်ကျစရိတ်တွေကြောင့် တသီးတခြားလည်း ခွဲထွက်နေကြဖို့က မဖြစ်နိုင်တော့ကာ ဒီ အိမ်ထောင်ရေးမျိုးဟာ စိတ်ချမ်းသာမလား စိတ်ဆင်းရဲနေမလားလို့ သူက မေးခွန်း ထုတ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တချို့တွေကတော့ မရရအောင် အဆင်မပြေတော့တဲ့ သူတို့ရဲ့ အိမ်ထောင်ရေးကို အဆုံးသတ်လိုက်ကြပါတယ်။ သူတို့က ဒီနည်းလမ်းကသာ အကောင်းဆုံး ဖြစ်မယ်၊ ပြဿနာတွေ အားလုံး ပြီးသွားလိမ့်မယ်လို့ တွေးထင်တတ်ကြပါတယ်။

တကယ်တော့ ဒီလို ပြဿနာတွေ ဘာကြောင့် ဖြစ်သလဲ ဆိုတာကို အရင်းစစ်ကြည့်ရင်တော့ အခုလို တွေ့ရမှာ ဖြစ်ပါတယ်။ လူအများစုက အချစ်ကို ရှာကြတယ်၊ အချစ်ကို မြည်းစမ်းခွင့် ရတဲ့အခါ ဟာ… ငါတော့ အချစ်စစ်ကို တွေ့ပြီ၊ ကော်တာပဲလို့ တွေးကြပြီး ဒီအချစ်နဲ့ တသက်မခွဲ အတူလက်တွဲ ကြင်နာကြဖို့ ခပ်သွက်သွက် ဆုံးဖြတ်တတ်ကြပါတယ်။ အချစ်ကို ကိုယ့်ဘေးကနေ ပြေးမထွက်သွားစေချင်တော့ဘူး။ သေသေချာချာ ဂဃနဏ ခွဲခြမ်းစိတ်ဖြာ အချိန်ယူ သုံးသပ် လေ့လာ အကဲခတ် ဆုံးဖြတ်ကြည့်ဖို့ကို မလုပ်ချင်ကြတော့ဘူးလို့ အချစ်ဂုရု ဆရာမကြီး တာရီက ပြောပါတယ်။

တကယ်တော့ အိမ်ထောင်ရေးဆိုတာ ယုံကြည်မှု ကြိုးတချောင်း မဟုတ်ပါလား၊ ဒီ ကြိုးစည်းနှောင်အား ကောင်းသလောက် မြဲနေမယ်။ အဲ… ကြိုးက လျော့ရဲလာမယ်၊ ဒါမှမဟုတ် တင်းအားများလို့ ပြတ်တောက် သွားမယ်ဆိုရင် ပွဲက ပြီးဆုံးသွားပြီ မဟုတ်ပါလား။

တာရီကတော့ ကြိုးမချည်ကြခင် စစ်စစ်ပိုင်းပိုင်း မေးခွန်းတွေ မေးကြဖို့ကို ပြောခဲ့တာ ဖြစ်ပါတယ်။ အရမ်းကာရော ယုံကြည်တာမျိုး မဟုတ်ဘဲ မေးခွန်းတွေ ထုတ်လို့ ကျေလည်မှသာ ယုံတာမျိုးကို သူက ဆိုလိုတာ ဖြစ်ပါတယ်။ ဘာသာတရားကို ယုံကြည်တာမျိုးနဲ့တော့ မရောထွေးပါနဲ့လို့ သူက သတိပေးပါတယ်။

သူဆိုလိုတာက အိမ်ထောင်ကျပြီးနောက်မှာ ၀န်းကျင်သစ်က ဘယ်လို ဖြစ်လာမှာလဲ၊ လူတွေရဲ့ ကိုယ့်အပေါ် လက်ရှိ ဆက်ဆံရေးက ပုံစံအသစ်မှာ ဘယ်လို ဖြစ်သွားမှာလဲ၊ ကလေးယူမှာလား… ကလေးကို ဘယ်လို ပုံစံမျိုးနဲ့ တာဝန် ခွဲယူ ပျိုးထောင်ကြမလဲ၊ နှစ်ယောက်စလုံး ပရော်ဖက်ရှင်နယ် အလုပ်တွေကို ဆက်လုပ်ကြမှာလား၊ ဘယ်လို ပုံစံနဲ့ နေထိုင်ကြမှာလဲ (မယ်တရွာ မောင်တမြို့လား) စသဖြင့်ပေါ့လေ… မေးခွန်းတွေက အများကြီး ရှိလာနိုင်တာပဲလို့ တာရီက ထောက်ပြပါတယ်။

ဒီမေးခွန်းတွေကို နှစ်ယောက်စလုံး ယုံကြည်စွာနဲ့ အမှတ်ပြည့် မဟုတ်တောင် အောင်မြင်အောင် ဖြေဆိုထားရမယ် မဟုတ်ဘူးလား။

အချစ်ဂုရုကြီးကတော့ လက်တွေ့ကျကျ သုံးသပ်သူလို့ ပြောရမလား မသိပါဘူး။ “စီးပွားရေး ကန်ထရိုက် စာချုပ်တခု ချုပ်သလိုပေါ့“ လို့ ပြောပါတယ်။

ကွဲကြပြဲကြတာတွေရဲ့ တခုထဲသော အကြောင်းကတော့ စာချုပ် ပျက်သွားလို့ပါ၊ ဒါမှမဟုတ် ကြိုးပြတ်သွားလို့ပါ။ နှစ်ဘက်ကြား သဘောတူညီမှု ပျက်တယ်၊ စည်းနှောင်မှု မရှိတော့ဘူး ဆိုရင်တော့ အားလုံး ဘာဆိုဘာမှ မရှိတော့ဘူးပေါ့လို့ သူက ဆိုပါတယ်။

၂၀၁၂ ဇူလိုင် ၂၇၊ မနက် ၇ နာရီ။

လန်ဒန်။

ရည်ညွှန်း- London’s Metro Newspaper , July 26, 2012.

by Myo Tha Htet on Wednesday, 25 July 2012 at 21:25·

အသက် ၄၀ မှာ အချစ်ကို တွေ့တယ်၊ ၄၅ မှာ အချစ်က စွန့်သွားတယ်။ ဘာဖြစ်လို့ စွန့်သွားသလဲ…၊ ၂၅ နှစ် အရွယ် ကောင်မလေးနောက် ကောက်ကောက်ပါအောင် သူ လိုက်သွားခဲ့တယ်။ ဒီတော့ ဘ၀မှာ နဂိုနေ ပြန်ရောက်ဖို့ အချိန် တနှစ်ကျော် ပြန်ယူလိုက်ရတယ်။ ဒါပေမဲ့ အချစ်စစ်ကို တခေါက် ထပ်ရှာဖို့ စိတ်ထက်သန်နေတုန်းပဲ။ ဥာဏ်ထက်တယ်၊ အောင်မြင်တယ်၊ ကျန်းမာတယ်၊ ဆွဲဆောင်မှု ရှိတယ်၊ အဲ… ဒါပေမဲ့ တဖြည်းဖြည်း ဟိုင်းလာနေတဲ့ ထက်မြတ်တဲ့ မိန်းမတယောက်ကို ဘယ်သူကများ လိုချင်ပါဦးမလဲ။

မိတ်ဆွေ အပေါင်းအသင်းတွေက တဆင့် အချစ်ကို ရှာဖို့ကလည်း အများစုက ချာတိတ်မ ငယ်ငယ်ကို ကြိုက်တဲ့သူ ကြိုက်၊ မျိုးဆက်သစ် အတွက် ကလေးမွေးဖို့အထိ မျှော်မှန်းသူက မျှော်နဲ့ တကယ့်ကို စိတ်ညစ်ဖို့ ကောင်းပါတယ်။ ဒီတော့ လက်ရှိ ကျွန်မကို အတည်ကြံလို့ ချစ်မယ့်သူရော ရှိနိုင်ပါဦးမလား၊ အသက် ၄၅ နှစ် ကျော်လာတဲ့ မိန်းမတယောက်ဟာ သူ့ကို တကယ် ချစ်မယ့်သူ တယောက်ကိုရော ဒီဘ၀မှာ တွေ့နိုင်ပါဦးမလား။

၄၀ ကျော် မိန်းမတယောက်အတွက် အဖြေ

အချစ်ဟောင်းက ပေးတဲ့ ဝေဒနာကလည်း အတော်ကြီးသကိုးဗျာ၊ ကမ္ဘာကျော် မီတာ ၁၀၀ အပြေးသမား ရွှေတံဆိပ်ဆုရှင် ယူစိန် ဘို့ က သူ့စံချိန်ကို သူ ပြန်မရလို့ ဒုက္ခရောက်နေပုံနဲ့ တူနေပါလားဗျာ။ ပိုပြီး ခက်နေတာက ဘာမဆို ဖြစ်နိုင်တယ် ဆိုတာကိုတောင် ကိုယ်ကိုယ်တိုင်က သိပ်ပြီး မယုံမကြည် ဖြစ်သွားပုံ ရနေတယ်လို့ “ချစ်မှုရေးရာ နည်းပဒေသာ“ စာအုပ်ကို ရေးတဲ့ ဂျိမ်းစ် မက်ကောနယ်ချီ က ပြောပါတယ်။

ဒါပေမဲ့ ထောက်ပြတဲ့ အချက်လေးကတော့ ဒီကနေ့ခေတ် လူ့အသိုင်းအ၀ိုင်းက ယေဘူယျအားဖြင့် လက်ခံထားကြပြီး နှစ်လိုကြတဲ့ ပုံစံမျိုးလည်း ဖြစ်နေပါတယ်။ ဘာတဲ့… ယောက်ျားဆို အာဏာရင်လည်း ရှိမှ၊ ငွေရင်လည်း ရှိမှ မဟုတ်လား။ မိန်းမဆို ချောမှငယ်မှ၊ သားသမီး မွေးနိုင်ဖွားနိုင် ထွားထွားစိုစို နုနုပျိုပျိုဖြစ်မှလို့ ပြောကြတယ် မဟုတ်လား။

မိန်းမတယောက် ချောတယ်လှတယ် တော်တယ်ပြုတယ်ဆိုတာ ဒီမိန်းမဟာ ငယ်လည်းငယ်၊ အိမ်ထောင် သားမွေး ပြုနိုင်တယ် ဆိုတာကိုလည်း ဂုဏ်တရပ် အနေနဲ့ ထည့်တွက်ကြတယ် မဟုတ်လား။ မိန်းမတယောက်ရဲ့ ရုပ်သွင်ကို ကြည့်တဲ့အခါမှာ ခါးသေး ရင်ချီ ပဒုံမနီ ရင်ဖွံ့ထွားထွားနဲ့ သားကောင်းတို့ အမေ ဖြစ်နိုင်လေသလားလို့ တွက်ဆကြပုံကိုလည်း မက်ကောနယ်ချီက ပြောပါတယ်။

ဒါပေမဲ့ သေချာတာတခု ပြောနိုင်တာကတော့ အသက်အရွယ် ၄၅ ကျော်လို့ မတော်တဲ့ အရွယ်၊ တဆိတ်ဟိုင်းလို့ဆိုလည်း တခါ ဘဏ်စာရင်းမှာ ငွေမရှိ၊ ယောက်ျားကြိုက် ဘရာဆိုဒ် မဟုတ်ပေမယ့်လည်း အချစ်ဆိုတာကတော့ တွေ့နိုင်သားလို့ သူက ဆက်ပြောပါတယ်။

ကျွန်တော် သိသလောက်တော့ တချစ်၊ နှစ်ချစ်၊ သုံးချစ် စသဖြင့် အချစ်ကို သုံးလေးခါ ချစ်ဖူးခဲ့ကြသူတွေဟာ ဘ၀မှာ လက်ကျန် အချိန်တွေကို ဘယ်လို ကောင်းကောင်း အသုံးချရမလဲ၊ ဘယ်လို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး နေကြမလဲ ဆိုတာကို သိသူတွေပါလို့ “ကျားရဲ့ ကမ္ဘာ“ စာအုပ် အပါအ၀င် အချစ်၊ အလွမ်း၊ အကြမ်း ၀တ္ထုစာအုပ် တဒါဇင်ကျော် ရေးခဲ့တဲ့ ရူးပတ် စမစ် က ပြောပါတယ်။

သူ့သူငယ်ချင်းမ တယောက်ဆို ငါးဆယ်ကျော်မှ ကံပေါ်တယ်လို့ ဆိုချင်လည်း ဆိုစရာတဲ့၊ စိတ်တူကိုယ်တူ မိတ်ဆွေတယောက်ကို ဆုံခဲ့မိလို့ အဲဒီ အတွဲဆို ဆယ်ကျော်သက်တွေလို ပျော်လိုက်ရွှင်လိုက် တွဲလိုက်ကဲလိုက်သမှ လေးငါးနှစ်တောင် ချီလာပြီလို့ စမစ် က ပြောပါတယ်။

ဆက်ဆံရေး ပါရဂူ ဒေါက်တာ စစ္စလီယာ ဒီ ဖလစ်ကတော့ “၂၁ ရက် အတွင်း လူအသစ် တယောက်လို“ ဆိုတဲ့ ဖတ်ရှုပြီး ကိုယ်တိုင် လိုက်နာ ကျင့်ကြံနိုင်တဲ့ လူမှု ဆက်ဆံရေး စာအုပ်ကို ရေးခဲ့သူပါ။ လူတယောက်ကို ဘယ်လိုလူမျိုး ဖြစ်မလဲ ဆိုတာကို သိချင်ရင် သူ အရင် ဘာတွေ လုပ်ခဲ့သလဲ ဆိုတာကို လေ့လာကြည့်ပါလို့ ဒေါက်တာ စစ္စလီယာ က ပြောပါတယ်။

(ချို(ဂျို)ပါတဲ့ အကောင်က ဝှေ့နေတတ်သလို) အချစ်ကို တွေ့ဖူး၊ ခံစားဖူသူဟာလည်း နောက်တခါ ထပ်ပြီး ချစ်နိုင်၊ ခံစားနိုင်တာမျိုးပါလို့ သူက ဥပမာ ပေးပါတယ်။ ကိုယ်ကိုယ်တိုင်က ငါဟာ အချစ်သစ်ရှာဖို့ သိပ်ကို ကြီးလွန်းသွားပါပြီလို့ ထင်မှတ်နေရင် အချစ်သစ်ကို မတွေ့နိုင်တဲ့ ကမ္ဘာထဲ ရှင်သန်နေဖို့ ကိုယ့်ကိုယ်ကိုယ် ထည့်သွင်းထားသလို ဖြစ်နေမယ်လို့ စိတ်ပညာရှင်လည်း ဖြစ်တဲ့ ဒေါက်တာ မမက ပြောပါတယ်။

အပြင်မရှာခင် အတွင်းကို အရင်ကြည့်၊ သူများကို ထပ်မချစ်ခင် ကိုယ့်ဘာသာ အရင်ပြင်ဆင်ထားဖို့ကိုလည်း ဒေါက်တာ စစ္စလီယာ က ထောက်ပြပါတယ်။

အသက် ၄၀ မှာမှ အချစ်ကို တွေ့ခဲ့တယ်လို့ ပြောတယ်၊ ဘာကြောင့် ဒီလောက်အထိ စောင့်နေခဲ့တာလဲ၊ ကိုယ့်ကို ဘယ်သူကမှ မကြိုက်ကြဘူးလို့ ထင်နေခဲ့တာလားလို့ ဒေါက်တာ မမက ပုစ္ဆာရှင်ကို မေးခွန်း ထုတ်လိုက်ပါတယ်။ ကိုယ့်ဟာကိုယ် ကိုယ့်အတွေးထဲ ဘာကြောင့် ဖွက်နေမှာလဲ၊ ဘာကြောင့် အိုမှာကို ကြောက်နေသလဲလို့လည်း မေးရင်း တွန်းပေးပါတယ်။

ကိုယ့်ဘာသာ ကျေနပ် ပျော်ရွှင်နေတတ်တဲ့ သူတယောက် အတွက်ကတော့ အချစ်ဆိုတာ ရှာရခက်နေဦးမှာပဲလို့ သူက ထောက်ပြ သတိပေးခဲ့ပါတယ်။

ကဲ… အပေါ်မှာ ပြောခဲ့တာတွေ အားလုံးကို နားလည်ပြီး ဖြေရှင်းနိုင်မယ် ဆိုရင်တော့ အချစ်ရှာဖို့ သဘောထား အသစ် ရလာလိမ့်မယ်လို့ တနေ့ကို ယောက်ျား ၆၀ လောက်နဲ့ တယ်လီဖုန်းကနေ အခယူပြီး ချက်တင် ပြောပေးနေတဲ့ ဂျန်နီ အိန်းစလီ တန်နာက ပြောပါတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ မိန်းမမျိုးကိုတော့ ယောက်ျားတွေက သဘောကျကြပါတယ်၊ အဲ…မောက်မာတာ၊ အဆိုးမြင်တာကိုတော့ မကြိုက်ကြဘူးလို့ ဂျန်နီက ပြောပါတယ်။

ဒီတော့ ရှင်းရှင်း အကြံပေးရရင် ဘ၀ကို တစ်က ပြန်စပါ၊ လူတွေကြားမှာ နေပါ၊ ပွဲတွေ တက်ပါ၊ သူငယ်ချင်း မိန်းမချင်း နေတာကို လျှော့ပြီး ကိုယ်နဲ့ စိတ်တူတဲ့ လူတယောက်ကို မြန်နိုင်သမျှ မြန်မြန်ရှာပြီး မျှဝေ ခံစားပါ။ နူးညံ့စွာနဲ့ ပွေ့ဖက်လာမယ့် သူ့လက်တစုံကြောင့် ကိုယ့်ပခုံးလေးက ဂုဏ်ယူနေပါစေ (ရှင်းရှင်း ပြောရရင် များများ အဖက်ခံပါလို့ ပြောတာပါ) လို့ သူက ဆက်ပြောပါတယ်။

ယောက်ျားဘသား အများစုကတော့ မိန်းမငယ် မိန်းမချောတွေကို ကြိုက်ကြတာပါ၊ အဲ… ကိုယ်က အဲဒီ အများစုထဲ ပါနေဖို့ မလိုပါဘူး။ တကယ်လိုတာက တခုထဲပါ။ အသိဥာဏ် ထက်မြတ်တဲ့၊ အောင်မြင်နေတဲ့၊ ကျန်းမာတဲ့၊ ဆွဲဆောင်မှုရှိတဲ့ မိန်းမတယောက်ကို ရလိုက်တဲ့ ငါကွလို့ အမြဲ ဂုဏ်ယူနေတတ်မယ့် ယောက်ျားတယောက်ကို တွေ့လိုက်ဖို့ပါလို့ မက်ကောနယ်ချီ က ပြောပါတယ်။

၂၀၁၂ ဇူလိုင်၂၅၊ ည ၉ နာရီ။

လန်ဒန်။

ရည်ညွှန်း- London’s Metro Newspaper, Monday, July 23, 2012.

by Myo Tha Htet on Tuesday, 24 July 2012 at 22:07·

လန်ဒန်နွေက ပူလှပါတယ်။ ဒီနေ့ဆို အတော်လေး ပူပါတယ်၊ ၃၀ ဒီဂရီ စင်တီဂရိတ်တော့ အပျော့ ရှိမယ်လို့ ကဖိုးမှတ် (ကိုဖိုးမှတ်) တွေးလိုက်တယ်။ ဒီထက်ပိုပူတာက ဟဒယထဲ လောင်မြိုက်ပူနေတာ ဖြစ်ပါတယ်။ နေရထိုင်ရ ခက်လှသဗျာလို့ ညည်းချည်းနေတယ်။ ဘာနဲ့ တူသလဲဆိုတော့ တိုင်းရေးပြည်ရေးကို ဦးစီးဦးဆောင် လက်သီးလက်မောင်းတန်း ဆောင်ရွက် လုပ်ကိုင်နေတဲ့ နိုင်ငံရေး ခေါင်းဆောင်တဦး သူ့ သမီးချော လင်နောက် လိုက်သွားလို့ တအုံနွေးနွေး ခံစားနေရသလို ဖြစ်နေတယ်။

ဒီလိုမှ မျက်လုံးထဲ မပေါ်သေးဘူးဆိုလည်း တိုက်ပွဲတွေ အလီလီ အောင်ထားတဲ့ ရန်ဆိုးရန်ညှောင့်၊ လူဆိုး သူခိုးတွေကို ဓားချက်အောက် အသက်ပျောက်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ သူရဲကောင်းကြီးတယောက် ပိုးဟပ်ဖြူ တွေ့လို့ ထခုန်လိုက်တာကို မြင်ကြတဲ့ ငယ်သားတွေက အသံမထွက်၊ ကြိတ်ပြီး ပြုံးရယ်ကြတာကို မခံစားနိုင်ဘဲ အရှက်သလို ဖြစ်နေတာမျိုးလို့ ကဖိုးမှတ် နောက်တမျိုး တွေးကြည့်တယ်။ ဘယ်တခုမှ မကောင်းဘူး၊ စိတ်ညစ်ဖို့ပဲ ကောင်းတယ်။

ကိုဖိုးမှတ် လန်ဒန်ရောက်လို့ ဘာမှ မကြာပါဘူး၊ သူများ အားလပ်ရက် ခရီးထွက်ကြတယ်ဆို သူ လိုက်ထွက်ချင်တယ်။ သူများတွေ ဒီဇိုင်နာ (နာမည်ကျော် ကုန်အမှတ်တံဆိပ်ပါ အ၀တ်အထည်) မှ ၀တ်တယ်ဆို သူ လိုက်ဝတ်ချင်တယ်။ သူများက ဒီလိုဆိုင်မှာ စားတယ်ဆို သူ လိုက်စားချင်တယ်။ ဟိုလို ဒီလို နိုင်သလောက် လုပ်ပြီးနောက်မှာ သူများတွေ ကိုင်ကြတဲ့ လပေး နှစ်ချုပ် ကန်ထရိုက်ဖုန်း တလုံး သူ ၀ယ်ကိုင်လိုက်တယ်။ တလကိုတော့ နည်းနည်းချင်းပေးပေါ့၊ သတ်မှတ်ကာလက နှစ်နှစ် ကန်ထရိုက် စာချုပ် ချုပ်ရတယ်။

လန်ဒန်ဆိုတာတော့ သိတော်မူကြတဲ့အတိုင်း ဒီမိုကရေစီ ဘိုးအေကြီး ဖြစ်တဲ့ ဗြိတိသျှတို့ရဲ့ မြို့တော်၊ အရင်းရှင်းတွေ စီးပွားဖြစ်တဲ့ မြို့တော်၊ တကမ္ဘာလုံး စီးပွားကပ်ဆိုက်လို့ ဖြူကာပြာကာ ကျတာတောင်၊ ဘဏ္ဍာရေး အဖွဲ့အစည်းကြီးတွေ ယိုင်ထိုး ပြိုဆင်း မသွားအောင် အစိုးရတွေက ကျားကန် ကူထောက် ပေးတာကိုတောင် အဲဒီ အနှီ ဘဏ်သူဌေးကြီးတွေက ရသင့်ရထိုက်တဲ့ အပိုဆုကြေးငွေတွေကို တနင့်တပိုး ခံစားကြလို့ မီဒီယာတွေက ဆဲဟယ်ဆိုဟယ်နဲ့ ထောက်ပြ ဝေဖန်ရပါကောဗျာ၊ ကဖိုးမှတ် အဲဒါတွေကိုလည်း သတိလည် အမှတ်ရလာပြီး ဒေါသက ထွက်လာပြန်တယ်။

“သိတဲ့အတိုင်းပေါ့လေ၊ ဒီမိုကရေစီ ကျင့်သုံးတယ် ဆိုတော့ကာ လူ့အခွင့်အရေးကလည်း အပြည့်အ၀ ရတာကိုး… လူ့အခွင့်အရေးတို့၊ လူမျိုးရေး ခွဲခြားမှုတို့ နည်းနည်းလေးမှ သွားမထိပါးလိုက်နဲ့… ကွိကနဲ အဖမ်းအဆီးတောင် ခံရကိန်း ရှိတယ်လို့ မှတ်ရမယ်ကွဲ့… ကဖိုးမှတ်ရဲ့…“ စနစ်က အဲဒီလိုပါ… ဆရာတော်ကြီး တရားဟောနည်းနဲ့တောင် သင်ပေးလိုက်လို့ ရသေးတယ်။ ဒီမိုကရေစီ မရှိ၊ လူ့အခွင့်အရေး မဲ့တဲ့ ခေတ်ကာလမှာ မွေးဖွားလာခဲ့တဲ့ ကဖိုးမှတ်လည်း ဒါတွေကို အရှင်းအလင်း ဘယ်သိပါ့မလဲလေ၊ သူလည်း အဲဒါတွေကို ကြိုက်တယ်ဆိုတာပဲ သိတဲ့လူပါ၊ ဘယ်လို ထဲထဲဝင်ဝင် အရသာခံ ကြိုက်ရတယ် ဆိုတာမျိုးတော့ ဘယ်သိပါ့မလဲလေ။

အခုတော့ အရသာ တွေ့ပြီ၊ အရသာက တကယ့် အရသာပါပဲ။ ကောင်းမှကောင်းလို့ အော်နေရအောင် ကောင်းတဲ့ အရသာပါပဲ။ ခုန ပြောခဲ့တဲ့ ဘဏ်စနစ်တွေက ကောင်း၊ ခေတ်မီ ဆက်သွယ်ရေးဖြစ်တဲ့ ဆန်းပြား ခေတ်မီတဲ့ လက်ကိုင်တယ်လီဖုန်း၊ မြန်ဆန် လွယ်ကူတဲ့ အင်တာနက် ဆက်သွယ်ရေး ဘာလေး လိုချင်ချင်၊ ဘာလေး ၀ယ်ချင်ချင် တယ်လီဖုန်းလေး တချက်ထိုး၊ ကွန်ပျူတာလေး တချက်ခေါက်နဲ့ ရနိုင် သုံးနိုင်နေတဲ့ ခေတ်ကိုး…၊ အထာ မကျသေးလို့ ဆိုင်တွေအထိ ခြေတိုအောင် သွားလာ လှည့်ပတ် ကြည့်ရှုပြီးမှ ၀ယ်တတ်တဲ့ ကဖိုးမှတ်တောင် တယ်လီဖုန်းကနေ မှာတာတို့၊ အွန်လိုင်းကနေ ၀ယ်တာတို့ ဖြစ်လာခဲ့တယ်။

အရင်းရှင် ဘဏ်အကြောင်း အရင် ပြောသင့်တယ်။ စီးပွားတွေကျလို့ လုပ်ငန်းတွေရပ်၊ အလုပ်သမားတွေ လျှော့ချိန်မှာ စံချိန်တင်တောင် အမြတ်တွေ ရခဲ့တာကတော့ ဘဏ်ကြီးတွေပါပဲ။ တလောကဆို ဘဏ်ဘဏ်ချင်း ချေးငွေနှုန်းတွေကို အမျိုးမျိုးယူပြီး ကစားခဲ့ကြလို့ ဘဏ်ဝန်ဆောင်မှု ယူသူတွေအထိ နစ်နာကိန်းတွေ ရှိလာတာမို့ နိုင်ငံတကာဘဏ်ကြီး တဘဏ်ဖြစ်တဲ့ ဘာကလေဘဏ်က ဘဏ်သူဌေးတွေ တယောက်ပြီးတယောက် နုတ်ထွက်ရပါရောလား။

ကဲ… သတင်းပြောတာထက် အရင်းကျတဲ့ ကဖိုးမှတ် အကြောင်း ဆက်ရရင် ကဖိုးမှတ်လည်း တခါက ဟောလီးဒေးထွက်ရင်း ညဘက် အပျင်းထတာမို့ ဒင်းက… အွန်လိုင်းကနေ ဟိုဒင်းဟိုဟာတွေ ကြည့်သတဲ့၊ တခါကြည့် တပေါင်… အရင်းကလည်း မများလှတာမို့ ကြည့်ပြီးမှတခါ ခြောက်လကြာ တလ ပေါင် ၂၀ လောက် သူ့ငွေစာရင်းထဲကနေ ဖြတ်ယူနေတာနဲ့ သိတဲ့အခါ ဘဏ်ကို သွားပြောတော့ ၀န်ဆောင်မှု ပေးသူက ကဖိုးမှတ်ဆီကနေ ပိုက်ဆံ ဆက်မယူတော့ပါဘူးပြောမှ သူတို့ဘဏ်က လစဉ် နုတ်ပယ်နေတာတွေကို ရပ်ဆိုင်းမယ်လို့ ဘဏ်က အကြောင်းပြန်ပါသတဲ့။

ဒါနဲ့… ငါက မင်းတို့ ဘဏ်ဝန်ဆောင်မှု ယူထားတဲ့ ကပ်စတန်မာ၊ ငါက ဒီဆိုက်တွေ ငါ့ဆီက မတရား အလကား ပိုက်ဆံယူနေတာမို့ ရပ်လိုက်ပါလို့ ပြောတာတောင် မင်းတို့က မရပ်နိုင်ပါဘူး၊ တပါးသူ မကျေနပ်ဘဲ ဒီလို လုပ်လို့ မရပါဘူး၊ ဘာညာနဲ့ ပြောနေတာ တရားသလားကွ… ဘာညာနဲ့ ခုနစ်သံချည်ဟစ်မှ ပွန်းဆိုက်ကို လိမ်ညာလှည့်ဖြားသူလို့ လက်ခံပြီး လျှို့ဝှက်နံပါတ် ပြောင်းထားတဲ့ ဘဏ်ကတ်ကို ပြောင်းပေးခဲ့ပါသတဲ့။ အဲဒီလို ဒီမိုကရေစီနိုင်ငံမို့ လက်ဖျားခါရတယ်လို့ ကဖိုးမှတ် တခါက မကျေမချမ်း ပြောဖူးတယ်။

အခုတော့ အစောက ပြောခဲ့သလို လူတွင်ကျယ် လုပ်ချင်လို့ နှစ်ချုပ် လပေး ကန်ထရိုက်ဖုန်းလေး ၀ယ်ကိုင်လိုက်တာ နှစ်နှစ်စေ့ရော ဆိုပါတော့လေ၊ နှစ်နှစ်လည်း စေ့ရော အရင်းရှင် စီးပွားရေး ဈေးကွက် လည်လိုက်သမှ ပါးနေတာဆိုတော့ တရက်တောင် အစွန်း မခံဘူး၊ ဖုန်းကို ဖြတ်ပစ်လိုက်ပါလေရော… တင်ကြိုလည်း စာလေးနဲ့တောင် အကြောင်းမကြားဘူး။ ကဖိုးမှတ်လည်း ဖုန်းမရတော့မှ လန့်ဖြန့်ပြီး စုံစမ်းကြည့်တော့ အမယ် သူ့ဖုန်းကို အပ်ဂရိတ် (အဆင့်မြှင့်တင်) လိုက်သတဲ့။

ဘယ်သူက မြှင့်တင်လိုက်တာလဲလို့ သူ ၀န်ဆောင်မှု ရယူသုံးစွဲနေတဲ့ မိုဘိုင်းလ် ၀န်ဆောင်မှုပေးတဲ့ အောရင့်မိုဘိုင်းလ် ၀န်ဆောင်မှုကို ကဖိုးမှတ် မေးကြည့်တော့မှ သူကိုယ်တိုင်ပဲလို့ သိလိုက်ရပါတယ်။ ဒီတော့ ကဖိုးမှတ်လည်း သူ မယူတဲ့ အကြောင်း၊ ဘာ အပ်ဂရိတ်မှ မလုပ်တဲ့ အကြောင်းတွေ ငြင်းရ၊ ရှင်းရတော့တာပေါ့။ သူ့နာမည်၊ သူ့အကောင့်နဲ့ ယူသွားတာကလည်း ကြည့်ပါဦး၊ အိုင်ပက်က တလုံး၊ အိုင်ဖုန်း ဖိုး က တလုံးတဲ့။ ကဖိုးမှတ် မျက်လုံး၊ မျက်ဆံ ပြူးထွက် ကျယ်ပြော သွားတာများ… မြင်လို့တောင် မကောင်းပါဘူး။

ဒါနဲ့ ကဖိုးမှတ်လည်း တောင်မင်းမြောက်မင်း ကယ်ပါဦးလို့ လုပ်တာပေါ့လေ။ ခမျာလေး ကြည့်ရတာ “အားပေးကြပါဦးရှင်၊ အကိုကြီးများရဲ့ မိမော်လွင်“ အကလေးနဲ့လိုပေါ့လေ။ ဟိုဘက်ပြေးလိုက်… မေးလိုက်၊ ဒီဘက် ပြေးလိုက် တွေးလိုက်နဲ့… ငါ့ဟာတွေတော့ ကုန်ပါပြီပေါ့ ဆိုတဲ့ အထာမျိုးနဲ့… အတော်လေး သနားစရာ ကောင်းနေပါတယ်။ အော်… ဥစ္စာဓနများ… တယ်ကြောက်ဖို့ ကောင်းပါလားလို့… နည်းနည်းလေးများ ဖဲ့ပါသွားတာကိုများ ခံစားနေလိုက်တာ ကြည့်လို့တောင် မကောင်းပါလား ကဖိုးမှတ်ရယ်လို့ ပြောယူရနိုင်ပါတယ်။

ကဖိုးမှတ် မိတ်ဆွေတွေကလည်း အားပေးရှာပါတယ်။ “ဟုတ်တယ်ကွ… ဒီမိုဘိုင်းလ်ဖုန်း ၀န်ဆောင်မှု ပေးတဲ့ ကုမ္ပဏီတွေက နှစ်ဘက် ချုပ်ထားတဲ့ ကန်ထရိုက် ကုန်သွားလည်း ကန်ထရိုက်ကို ဆက်သွားနေတတ်တယ်၊ လှမ်းသာ မပိတ်ရင် ကန်ထရိုက်အသက် ဆက် ရှင်နေသလို ဖြစ်နေလိမ့်မယ့် ကိုယ့်လူ…“လို့ ပြောသူက တမျိုး ဝေဖန်ချက်ပေးတယ်။

ဒါဆိုလည်း ဘယ်သူမှန်းမသိ ယူသွားသူအတွက် လစဉ် ကိုယ့်အကောင့်ထဲက ဖြတ်လာတော့မယ့် ငွေအတွက် မယူနိုင်အောင် ဘဏ်ကနေ ပိတ်ပင်တားမယ်ဆိုရင်ကော… ကဖိုးမှတ် အမေး… သူ့ပါးစပ်မှ မစေ့ခင်ကို “အဲဒီလိုလည်း အရမ်းမလုပ်နဲ့ မောင်ရင်… အကျေအလည် ရှင်းပြီးမှ ကိုယ့် အကောင့်ထဲက မဖြတ်နဲ့တော့လို့ ပြောမှ ဖြစ်လိမ့်မယ်၊ ရမ်းပြီး ကြိုပိတ်လိုက်လို့ အရင်းသာမက အတိုးပါ ပေးနေရမယ်၊ ကန်ထရိုက် စာချုပ်လေးလည်း ပြန်ဖတ်ပါဦး“ လို့ အကြံပြုတာက တဖုံနဲ့မို့ နဂိုကမှ နွေနေပူမှာ ခေါင်းခြောက်ခြောက် လူကြောက်ကြောက် ဖြစ်နေတဲ့ ကဖိုးမှတ်မျက်ခွက် ဆီးရွက်တောင်မဟုတ်၊ ဆီးစေ့လောက် ရှိတော့သာရယ်ပေါ့။

ဒါနဲ့ နောက်ဆုံးတော့ အောရင့် မိုဘိုင်းလ် ၀န်ဆောင်မှု ကုမ္ပဏီကို အကြိမ်ကြိမ် တယ်လီဖုန်းဆက်၊ စက်သမား (အသံသွင်း ဖြေကြားစက်) နဲ့ အကြိမ်ကြိမ် ပြောပြီးနောက် ၀ိပဿနာ တရားထူး ပေါက်နိုင်လောက်အောင် အလွန်တရာ စိတ်ရှည်ပါမှ လူသား စင်စစ်နဲ့ စကားပြောခွင့် ရတဲ့အခါ ကဖိုးမှတ်က ဒီလို ပြောရှာသတဲ့။

“ငါက မဟုတ်တာ လုပ်တာကို ခံရတာကွ၊ ငါလည်း ကန်ထရိုက် သက်တမ်းတိုးတာ မဟုတ်ဘူး။ ဘာပစ္စည်းမှလည်း ထပ်မရပါဘဲ မင်းတို့က ငါကပဲ သက်တမ်းတိုးတယ်၊ ပစ္စည်းကလည်း နှစ်ခုတောင် ယူသွားတယ်လို့ ပြောနေတော့ ရဲတိုင်မယ်“ လို့ ကဖိုးမှတ်က ကြံရာမရ ဖြစ်တဲ့အခါ အဲဒီလို ထုတ်ကြိမ်းလိုက်သတဲ့။

အောရင့် မိုဘိုင်းလ် သုံးစွဲသူ ၀န်ဆောင်မှု ပေးသူကလည်း “သူလည်း ဘာမှ မတတ်နိုင်ဘူး၊ လိမ်ညာခံရတဲ့အတွက် စုံစမ်း စစ်ဆေးရေး ဌာနကို သတင်းပို့ပေးမယ်၊ လတ်တလောမှာတော့ သူ လုပ်ပေးနိုင်တာ ဒါ အကုန်ပဲ… ခုန ဆရာသမား ပြောသလို ရဲစခန်း သွားမယ် ဆိုလည်း ကောင်းပါတယ်၊ သွားတိုင်ပါ“ လို့ ပင့်မ ပေးလိုက်လေတော့ “ယောက်ျားစကား… ထွက်ပြီးသား နှုတ်ထွက်၊ တည်ရမယ်ဟေ့“ လို့ ကဖိုးမှတ် ကြွေးကြော်မိသတဲ့။

တခုကလည်း ဒီလန်ဒန်ရဲတွေဟာ အတော်အားကိုးရတယ်လို့ ကဖိုးမှတ်က မှတ်ထင်ထားတာကိုး…၊ အဲ… မှတ်သာ ထင်တယ်၊ တကြိမ်ကလည်း အချိုးအပိုး မကျတဲ့ပုံ ပေါက်ခဲ့လို့လား မသိ၊ ကဖိုးမှတ် လန်ဒန်မှာ ရဲဆွဲတာ တခါ ခံရသေးတယ်။ အဲဒီတုန်းက အကြမ်းဖက်သမားတွေ လန်ဒန်ရောက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတုန်းပေါ့။ အင်း… ပြီးခဲ့တာတွေ… ပြီးပါစေလေ… အခုကတော့ တကယ့်ကို အကူအညီ လိုနေပြီ၊ အောရင့်မိုဘိုင်းလ် သုံးစွဲသူ ၀န်ဆောင်မှု ပေးသူကလည်း ရဲစခန်း သွားလိုက်ပါလေလို့ ချွန်ထားလေတော့ အားကိုးတကြီးနဲ့ နီးရာရဲစခန်း စုံစမ်းမေးမြန်းလို့ ကဖိုးမှတ် သွားလိုက်သေးလို့ ဆိုပါတယ်။

ရဲစခန်းရောက်တော့ သူ့ရှေ့မှာက တိုင်ကြားနေသူ မိသားတစုရယ်၊ မြို့လယ်မှာ ဈေးဝယ်နေရင်း မုန့်စားနေတုန်း အိပ်ပျောက်သွားတဲ့ ခရီးသွားတစုရယ်၊ လင်စုံမယားဘက် လန်ဒန်အလည်ထွက်ရင်း မိန်းမပျောက်သွားလို့ တယောက်ထဲ ယောင်လည်လည်နဲ့ ဘယ်မှလည်း မသွားတတ်၊ အင်္ဂလိပ်စကားလည်း မပြောတတ်တဲ့ ဘရာဇီးက အဖိုးကြီးတယောက်ရယ်၊ အဖိုးကြီးကို ကူပေးနေတဲ့ အင်္ဂလိပ်စကားတတ်ပြီး ဘရာဇီး အဖိုးကြီး ပြောတတ်တဲ့ ပေါ်တူဂီစကားကို မတတ်တဲ့ အင်္ဂလိပ် မဟုတ်တဲ့ ဥရောပ အရှေ့ပိုင်းက အမျိုးသမီး တယောက်ရယ်နဲ့ မစည်ကားသင့်တဲ့ နေရာလို့ မြန်မာတို့ ယူမှတ်တတ်ကြတဲ့ ရဲစခန်းလေးဟာ လူမျိုးစုံ၊ ဘာသာစကားစုံ၊ အရှုပ်ထုပ်အစုံနဲ့ ရှုပ်ရှုပ်ထွေးထွေး ရပ်ဝန်းလေးတခု ဖြစ်နေခဲ့ပါတယ်။

ရုံးအဆင်း ညနေစောင်းမှာ ရဲစခန်း ရောက်သွားခဲ့တာမို့ အဲဒီအချိန်မှာ တာဝန်ကျနေသူတွေကတော့ ရဲ၀၀ အမျိုးသမီးချည်း သုံးဦးဖြစ်ပြီး၊ တဦးကတော့ ယောက်ျားလျာ (ယောက်ကျယှာလို့ အသံထွက်ပါတယ်) ပုံစံပေါက်ပါတယ်။ သူတို့ရှေ့က အင်္ဂလိပ်စကား မတတ်တဲ့သူတွေအတွက် ကမ္ဘာ့မြို့တော်ကြီး ဖြစ်တဲ့အတိုင်း ရဲစခန်းက စကားပြန် လှမ်းခေါ်ပေးပေမယ့်လည်း ရတဲ့ပုံ မပေါ်ပါဘူး။ အိတ်ပျောက်တဲ့ အမျိုးသမီးအုပ်ကလည်း တယောက်ထဲသော အင်္ဂလိပ်စကားတတ်သူ အမျိုးသမီး အကူအညီနဲ့ ဘယ်နားမှာ ပျောက်ခဲ့တယ်၊ အိတ်က ဘယ်လိုပုံစံ၊ ဘာညာ ပြောဆို တိုင်ကြားပြီး ပြန်သွားကြတယ်။

ဘရာဇီး အမျိုးသားကြီးကလည်း ဘာစကားမှ မပြောတတ်လေတော့ သူ့အိတ်ထဲ ပါလာတဲ့ တည်းခိုခန်းသော့ရယ်၊ တည်းခိုခန်းက ယူလာပုံရတဲ့ လန်ဒန်မြို့တွင်း နေ့ချင်းသွားလာလည်ပတ်နိုင်တဲ့ နေရာတွေကို ပြောထားတဲ့ ကြော်ငြာစာရွက်တွေ ထင်ပါတယ်၊ အဲဒါတွေကို ထုတ်ပြပြီး အကူအညီ တောင်းနေတော့ ရဲမေတယောက်က အဖိုးကြီး တည်းနိုင်ပုံရတဲ့ တည်းခိုခန်းတွေကို တယ်လီဖုန်း တောက်လျှောက် ဆက်နေပါတယ်။

ဒါပေမဲ့ ရဲတွေ လုပ်ကိုင်နေပုံတွေ အားလုံးက အလျှင်လိုခြင်း အလျဉ်းမရှိဘဲ အေးအေးဆေးဆေးပါပဲ၊ မျက်စိထဲမြင်အောင် ပမာထပ်ပြရရင် မြန်မာရဲတွေနဲ့ အတူတူပဲလို့ ကဖိုးမှတ် ခံစားလိုက်ရတယ်။ သူ့အလှည့်ရောက်ဖို့ မိနစ် ၂၀ မက စောင့်လိုက်ရတယ်။ တလောတကြီး လုပ်ကိုင်ဆောင်ရွက်တတ်တဲ့ ကဖိုးမှတ်အတွက် တကမ္ဘာလောက် ကြာသွားတယ် အောက်မေ့ရတယ်လို့ ဆိုပါတယ်။

ရဲမေဆီမှာ တိုက်ချက်ဖွင့်ပုံရတဲ့ မိသားစု ပြန်သွားလို့ ချက်ချင်းဝင်လိုက်တော့ ရဲမေက အေးအေးဆေးဆေးပုံစံနဲ့ “ငါ… အဆင်သင့် မဖြစ်သေးဘူး၊ ငါ ခေါ်မှ ၀င်လာပါလို့“ ပြောပြန်လို့ တအောင့်နေမှ ၀င်ရတဲ့အခါ ကဖိုးမှတ်မှာ “ကူညီပါရစေ“ လို့ ဆောင်ပုဒ်ထောင် ကူညီတတ်တဲ့ မြန်မာ့ရဲသားကြီးတွေကို ပြန်လည် လွမ်းဆွတ် မြင်ယောင်လာခဲ့တယ်လို့ ပြောပါတယ်။

ရဲမေမမ အခေါ်လွှတ်မှ ခစားသလို ၀င်ရောက်ခဲ့ရတဲ့ ကဖိုးမှတ်ဟာ ရဲမေနဲ့ ၁၅ မိနစ်လောက် စကားတွေ ပြောခဲ့ရပေမယ့် အဆင်မပြေဘူးလို့ ဆိုပြန်ပါတယ်။

“ဘာဖြစ်သလဲ ဆရာသမား၊ ဘာကူညီရမလဲ“

ရဲမေမမက အဲဒီလို ကူညီပါရစေလို့ မေးလာတဲ့အခါ ကဖိုးမှတ်က အခုလို ဇာတ်စုံခင်းသတဲ့။

“ကျွန်တော့် နာမည် ကဖိုးမှတ်ပါ၊ စက်ဝိုင်းနားမှ လုပ်ပါတယ်။ ဖုန်းတလုံးကို နှစ်နှစ်သုံးတယ်၊ အခုတော့ အသစ်တိုးလာတယ်။ အဲဒီ ကန်ထရိုက် ကျွန်တော် မတိုးပါ၊ ရှင်းရှင်းပြောရင်… အိုင်ပက် တလုံးနဲ့ အိုင်ဖုန်း တလုံး ကျွန်တော် မသိဘဲ ပါသွားတယ်“ လို့ ရက်ပါ မျိုးကျော့မြိုင် အလိုက်နဲ့ တောက်လျှောက်ကို ရှင်းပြလိုက်သတဲ့။

ရဲမေမမ ၀၀လှလှက သေချာ နားထောင်ပြီး မင်း ပိုက်ဆံ ပါသွားပြီလားလို့ ကဖိုးမှတ်ကို မေးတယ်၊ အောရင့် မိုဘိုင်းလ် ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီကိုလည်း ဆက်ပြီးပြီလားလို့ မေးတယ်၊ အိုင်ပက်နဲ့ အိုင်ဖုန်း မင်းယူသလားလို့လည်း ထပ်မေးတယ်။ ကဖိုးမှတ်ကလည်း အဖြေတွေ အားလုံးကို နိုးလို့ ဖြေလိုက်တယ်တဲ့။

“အေးလေ… ဒါဖြင့် မင့် အပြစ်မှ မဟုတ်တာ… အောရင့်နဲ့ ဆိုင်တဲ့ ကိစ္စပဲ။ ဒါ ရဲ အလုပ်လည်း မဟုတ်ဘူး၊ ရဲကလည်း ဘာမှ လုပ်လို့ မရဘူး“ လို့ ပြောတယ်။ ကဖိုးမှတ်ကိုလည်း ပြန်စေချင်ပုံရတယ်တဲ့။

ကဖိုးမှတ်ကလည်း အလုပ်ကြီး အကိုင်ကြီး လုပ်တဲ့သူဆိုတော့ ဘယ်ခံပါ့မလဲ။ ပြန်ပက်တာပေါ့။

“အေး… မင်းတို့ကို အားကိုးတကြီးနဲ့ ငါ လာခဲ့တာ… အခုက ငါ့မှာက ကူကယ်ရာမဲ့ ဖြစ်နေတယ်။ ဘာပစ္စည်းမှလည်း ငါ မယူဘူး၊ ဘာကန်ထရိုက်မှလည်း ငါ မချုပ်ဘူး၊ အခုတော့ ငါ့ အကောင့်ထဲက ပိုက်ဆံတွေ တလတကြိမ် အလှူကြီးပေးသလို ထွက်တော့မယ်၊ ငါ ပထမ သတင်းပေး တိုက်ချက် (အက်ဖ်အိုင်အာ) ဖွင့်လို့ မရဘူးလား“

ရဲမေမမ စိတ်ရှုပ်ထွေးသွားတယ်။ ပြီးတော့ ကဖိုးမှတ်ကို ငေါက်ပါတော့တယ်တဲ့။

“ဒီမယ်… ဒါ ရဲ အရေးပိုင်တဲ့ ကိစ္စ မဟုတ်ဘူးလို့ ပြောနေတယ်။ ရှင့် ဖုန်း ပျောက်သလား“

ကဖိုးမှတ်က ဖြေရပြန်တယ်။

“မပျောက်ဘူး“

“ရှင့် ပိုက်ဆံတွေ ပါသွားပြီလား“

ကဖိုးမှတ် မျက်လုံးကြီး ပြူးပြီး ပြန်ပြောရပြန်တယ်။

“အခုတော့ မပါသေးဘူးပေါ့၊ နောက် ပါသွားရင် ဘယ်နှယ့် လုပ်မလဲ၊ အောရင့်ကလည်း ရဲစခန်းသွားလို့ လွှတ်လိုက်တာပဲ“

ရဲမေက မျက်နှာ စူပုပ်ပုပ်နဲ့ ကဖိုးမှတ် ထိုးပေးထားတဲ့ အောရင့် မိုဘိုင်းလ်ဖုန်း ကုမ္ပဏီနဲ့ အရင်နှစ်နှစ်က ချုပ်ထားတဲ့ ကန်ထရိုက် စာချုပ်ရယ်၊ အောရင့်က နောက်ဆုံးလာတဲ့ ဘီလ်စာရွက်ရယ်ကို ကိုင်ပြီး အောရင့်ကို ဖုန်းလှမ်းဆက်တယ်။ ကဖိုးမှတ်ကတော့ အားကိုးရပြီဆိုတဲ့ မျက်နှာငယ်လေးနဲ့ ရဲမေမမကြီးကို ကြည့်နေခဲ့တယ်တဲ့။

ရဲမေမမ လုပ်ပုံကိုင်ပုံကလည်း ရဲပီပီ ညနေစောင်းလာလို့ အားလျော့လာပုံရပါတယ်။ တယ်လီဖုန်းကို မဆက်ချင် ဆက်ချင်နဲ့ ဆက်တယ်။ ပြော… မင်း ဖုန်းနံပါတ်ပြောဆိုပြီး ကဖိုးမှတ်ကို မေးပြီး ပြန်ပြောတယ်။ သိတဲ့အတိုင်း စက်နဲ့ စကားပြောရတာဆိုတော့ ရဲမေလည်း ကြောင်တောင်တောင်တွေဖြစ်ပြီး ငါ့ကို စကားတောင် ကောင်းကောင်း ပြန်မပြောဘူးဆိုပြီး ဖုန်းချလိုက်တယ်။ ကဖိုးမှတ်ကို လန်ဒန်ရဲမေကြီးက သူ ကူညီကြောင်း ပြလိုက်ပုံ ရပါတယ်။ အရပ်စကားနဲ့ ပြောရရင်တော့ ချွေးသိပ်လိုက်ပုံပါပဲ။ ချွေးသိပ်တာနဲ့ပင် ပြီးသွားရင်တော့ ကောင်းပါတယ်၊ လူပါ ထမသိပ်ခင် ကဖိုးမှတ် ရဲစခန်းထဲကနေ ထွက်ပြေးလာခဲ့ရသတဲ့။

“ကဲ… ငါ ဖုန်းလည်း ဆက်ပြီးပြီ၊ မရဘူး။ မင်းကို ဒါဟာ ရဲအရေးမပိုင်တဲ့ အမှုလို့လည်း ပြောပြီးပြီ၊ မင်းကလည်း အောရင့်ကို အကြောင်းစုံ သတင်းပို့ပြီးပြီလို့ ဆိုတယ်၊ ဒါဆို သူတို့ ဘာသာ ဆက်လက် စုံစမ်း စစ်ဆေး အဖြေရှာဖို့ပဲ လိုတော့တယ်၊ ဟုတ်ပြီနော်“

ရဲမေမမက စိတ်မရှည်တဲ့ပုံနဲ့ ကဖိုးမှတ်ကို ပြောလာတယ်။ ပြီးတော့ သူကိုယ်တိုင်လည်း စိတ်ရှုပ်ထွေးနေဟန်တူတယ်။ ကဖိုးမှတ်နဲ့ ရဲမေတို့ အခြေအတင် ပြောကြဆိုကြတုန်းမှာ စောနက ပြောပြခဲ့တဲ့ ယောက်ျားလျာက ရဲမေမမ ၀၀နောက်နားမှာ မယောင်မလည်နဲ့ လာထိုင်နေတယ်။ ကဖိုးမှတ်က သူတို့ပြောတဲ့ စကား ကောင်းကောင်း နားမထောင်ရင် သူ့ရဲမေဘက်ကနေ ၀ိုင်းဗျင်းမလို့လားတော့တောင် ကဖိုးမှတ် ယောင်ရမ်းတွေးလိုက်သေးတယ်တဲ့။

သူ တွေးနေတုန်းမှာပဲ နောက်က ထိုင်နေတဲ့ ယောက်ျားလျာ ရဲက ရုတ်တရက်ထလာလို့ ကဖိုးမှတ်တောင် ရွံ့တွန့်တွန့် ဖြစ်သွားသေးတယ်ဆိုပဲ။ နောက်မှ သူ ပြောလိုက်တဲ့ စကားကြားလို့ နည်းနည်း အကြောက်သက်သာသွားခဲ့တယ်လို့ ဆိုတယ်။

“လက်ဖက်ရည် သွားဖျော်ဦးမယ်၊ တခွက် သောက်မလား“ တဲ့။

ကဖိုးမှတ်ကို မေးတာ မဟုတ်ပါဘူး၊ ကဖိုးမှတ်နဲ့ စကားပြောနေတဲ့ ရဲမေမမ ၀၀လှလှကို မေးတာပါတဲ့။

ရဲမေမမ ၀၀လှလှကလည်း ကဖိုးမှတ်ကို ပြောတဲ့အသံမျိုးနဲ့ မဟုတ်ဘဲ ပြန်ပြောလိုက်တယ်ဆိုပဲ။

“အေးကွယ်… တခွက်လောက် သောက်ရရင် ကောင်းမှာပဲ“ တဲ့။

သူတို့ကတော့ အားကိုးတကြီးလာသူကို တည်တည်ကြီး ရှေ့မှာထားလို့ လက်ဖက်ရည်တောင် ပျော်ပျော်ကြီး သောက်ကြတော့မယ်။ ကဖိုးမှတ် ဘာလုပ်ရမလဲ၊ ဘာလုပ်ခဲ့လေသလဲ။ ရှေ့နေရှေ့ရပ်တွေ၊ တရားခွင် တရားရုံးတွေနဲ့လည်း အကျွမ်းဝင်ခဲ့တဲ့သူမို့ ကဖိုးမှတ် တခု စဉ်းစားမိတယ်၊ စဉ်းစားမိတဲ့အတိုင်းလည်း ချက်ချင်း ရဲကို ပြောလိုက်တယ်တဲ့။

“ရဲစခန်းကို ကျွန်တော် လာတယ်၊ ရဲစခန်းက ငါတို့နဲ့ မဆိုင်သေးဘူး၊ မကူနိုင်ဘူးလို့ ပြောတယ်။ ဒါဆို ကျွန်တော့် ပိုက်ဆံတွေ ပါသွားပြီးမှ ပြေးလာရမယ်… အဲဒီလိုလား၊ ဟုတ်သလား“ လို့ ကဖိုးမှတ်က မေးတယ်လို့ ဆိုတယ်။ ရဲမေကလည်း လူထု ဆက်ဆံရေး ဘာသာရပ်မှာ ဂုဏ်ထူးထွက်ခဲ့ဖူးသူမို့လား မသိပါဘူး။

“မင်း… ငါ မေးတာတွေ မဖြေဘဲ ပြောချင်တာတွေ လျှောက်ပြောနေတယ်၊ ပြန်တော့… ပြန်တော့“ လို့ ကဖိုးမှတ်ကို ကြိမ်းပါတော့တယ်။

ကဖိုးမှတ်ကလည်း တကယ့် ကဖိုးမှတ်ပါပဲ၊ အင်မတန်ကို မှတ်တတ်သားတတ်တဲ့သူပါ။ ဒါနဲ့ ရဲကို ပြန်ပက်လိုက်တယ်တဲ့။

“မနေစေချင်လို့ ပြန်ဆိုလည်း ပြန်ပါ့မယ်၊ မနေပါဘူး။ အဲ… တချိန်တခါကျမှ အမှုအခင်းတွေ ဖြစ်လာခဲ့ရင် ကျွန်တော့်ဘက်က တင်ပြနိုင်အောင်လို့ ဒီနေ့ ဒီရက် ဒီအချိန်မှာ ရဲစခန်းကို အားကိုးတကြီးနဲ့ ကျွန်တော် ရောက်လာပြီး အဖြစ်သနစ်စုံကို တင်ပြခဲ့ပါတယ်ဆိုတဲ့ စာတစောင် ရေးပေးပါ“ လို့ ကဖိုးမှတ်က အသနားခံတဲ့ မျက်နှာသေလေးနဲ့ တောင်းဆိုလိုက်တယ်တဲ့။

ဘ၀ါဘ၀က ခါးသီးခြင်း၊ မုန်းတီးခြင်း၊ ရက်စက်ခြင်း၊ ရေစက်တွေရယ် ပေါင်းစုလိုက်ရင် ရန်ကုန်က ကန်တော်ကြီးလောက်များ များခဲ့လို့လား မသိပါဘူး။ လန်ဒန်က ရဲမေကတော့ သူ့စားပွဲအောက်က ခလုတ်ကို နှိပ်လိုက်ပြီး စစ်ဆေးနေတဲ့ အခန်းတံခါးကို ဖွင့်လိုက်တယ်။ ပြီးတော့ ကဖိုးမှတ်ကို အော်ငေါက် မောင်းထုတ်ပါတော့တယ်တဲ့။

“ကဲ… ကဲ… လူကြီးမင်း ကြွတော့၊ မြန်မြန်လစ်တော့… ဘယ်လိုဟာနဲ့ လာတွေ့နေမှန်း မသိဘူး“ လို့ ပြောပြီး ကဖိုးမှတ်ကို ဒရောသောပါး ပြန်ပါလေတော့… ပြန်ပေတော့လို့ လုပ်လိုက်ပါတော့တယ်။ နောက်ပြီးမှ သူ့နောက်က ယောက်ျာလျာဘက်လှည့်ပြီး နာမည်ခေါ်လို့ ငါ့ကို ပါရာစီတမောလေး ဘာလေး ရှိရင် ပေးစမ်းပါလို့ ပြောလိုက်တာကို ကဖိုးမှတ် ကြားဖြစ်အောင် ကြားခဲ့သေးတယ်တဲ့။

ကဖိုးမှတ်လည်း စိတ်လျှော့ပြီး အိမ်ပြန်လာခဲ့လိုက်တယ်တဲ့၊ သူ လုပ်စရာရှိတာလည်း စွမ်းသလောက် လုပ်ခဲ့ပြီးပြီပဲတဲ့။ အိမ်ရောက်တော့လည်း သူ့ဘဏ်အကောင့်ကို အွန်လိုင်းကနေ တိုက်ရိုက် လစဉ် ပေးနေတာတွေကို ရပ်ဆိုင်းပစ်လိုက်တယ်တဲ့။ ဘယ်သူမှန်း မသိရတဲ့ အိုင်ပက်နဲ့ အိုင်ဖုန်း ယူသွားသူတွေကတော့ ပျော်နေလေမလား၊ သူတို့တွေဟာ သူများ နာမည်နဲ့ ဘဏ်အကောင့်ကို မတရားသုံးစွဲပြီး အချောင်ရယူသွားကြတဲ့ သူခိုးတွေ မဟုတ်ဘူးလား။

ဒီမိုကရေစီကို အဦးအဖျား ကျင့်သုံးခဲ့တဲ့ နိုင်ငံ၊ ဘာသာစကား အမျိုးပေါင်း ၃၅၀ ကျော် ပြောတဲ့ တကမ္ဘာလုံးက လူတွေ နေထိုင်နေတဲ့ မြို့တော်၊ အိမ်တလုံးထဲမှာ တယောက်နဲ့တယောက် တခါမှ မသိမကျွမ်း မခင်မင်တဲ့ လူတွေ ဘာပြဿနာမှ မဖြစ်ဘဲ ကိုယ်နေတဲ့ အခန်းတံခါးတွေလည်း သော့မပိတ်ဘဲ ဘာပစ္စည်းမှ မပျောက်မရှ မယုတ်မလျော့ နေလို့ရတဲ့ လူအချင်းချင်း လွတ်လပ် ယုံကြည်မှုတွေ ကြီးစိုး လွှမ်းမိုးတဲ့ အခြေအနေမှာ ဒီလို သူခိုးတွေလည်း ရှိသေးသလား။

အောရင့်မိုဘိုင်းလ် ၀န်ဆောင်မှု ကုမ္ပဏီကလည်း လုံခြုံရေး ဒီလောက်တောင် ညံ့ဖျင်းသလား၊ ကာယကံရှင် မဟုတ်တဲ့ လူတယောက်က ဒါမျိုးတွေ လုပ်ချသွားတာကို လက်ခံသလား။ ဒါမှမဟုတ် ကဖိုးမှတ်ပဲ ညံ့သလား၊ ဖျင်းသလား။ သူခိုးတွေပဲ လူ့အခွင့်အရေးတွေ အပြည့် ရနေတဲ့ ခေတ်လေလား၊ သူခိုးက လူဟစ်နိုင်တဲ့ အချိန်အခါလား။ ဒီမိုကရေစီရဲ့ အခက်၊ အရင်းရှင်တို့ အချက် ဖြစ်လေသလား။ ဘာပဲဖြစ်ဖြစ် ကဖိုးမှတ် အဖြစ်ကတော့ မနှစ်ကနဲ့ မတူဆိုသလို ရိုးဆန်း နှစ်ထွေနဲ့ ကိုးစင်းနေ ထွက်သလိုကို ပူလောင်နေတာကတော့ အမှန်ပါပဲဗျာ။

၂၀၁၂ ဇူလိုင် ၂၄၊ ည ၉ နာရီ။

လန်ဒန်။

by Myo Tha Htet on Sunday, 15 July 2012 at 00:58·

ကျွန်တော်က ငယ်ငယ်ကထဲက ဘောလုံးအားကစားပြီးရင် ဒုတိယ အကြိုက်ဆုံးက လက်ဝှေ့ပဲ…၊ ငယ်ငယ်က လွတ်လပ်ရေးနေ့ ပွဲတွေ ကျင်းပတော့ တခါတခါ လက်ဝှေ့ပွဲ ထည့်တယ်။ ၀င်ထိုးမယ်လို့ စဉ်းစားပေမယ့် ပြိုင်ဘက်အဖြစ် စိန်ခေါ်လာတဲ့ သူက ကျွန်တော့်ထက်လည်း အသက်ကြီး၊ လူကောင်ကလည်း ထွားလို့ မထိုးချင်ပါဘူးဗျာလို့ ရယ်ရယ်မောမော ငြင်းခဲ့ဖူးတယ်။ အဲဒီကထဲက ကျွန်တော်ဟာ လူပါးတယောက်ဖြစ်တာကို ကျွန်တော် သိခဲ့တယ်။ ဟုတ်တယ်လေ… ထိုးရင်လည်း ကိုယ်ပဲ ခံရမယ်၊ အသားနာမယ်လေ…။

ဒါပေမဲ့ လက်ဝှေ့ကို ချစ်တဲ့ အချစ်ကတော့ မလျော့ခဲ့ပါဘူး။ ရန်ကုန်မှာ ရှိတုန်းကတော့ လက်ဝှေ့ပွဲတွေ ကြုံတာပေါ့။ သွားခွင့်လည်း ရှိတယ်၊ အလကား ကြည့်လို့လည်း ရတယ်၊ ဒါပေမဲ့ အလုပ်က မအားတော့ မသွားဖြစ်ဘူး။ အခုတော့ ဒေးဗစ် ဟေး နဲ့ ဒဲရစ် ချစ်ဆိုရာ တို့ ထိုးကြတဲ့ ကမ္ဘာ့ချန်ပီယံ လက်ဝှေ့ပွဲကို ကြည့်ဖူးတယ်ရှိအောင် လန်ဒန်မှာ ကြည့်ဖြစ်ခဲ့တယ်။ ဇူလိုင်လ ၁၄ ရက်နေ့မှာ လန်ဒန် အရှေ့ပိုင်းက West Ham United အားကစားကွင်းထဲမှာ ကြည့်ခဲ့တယ်။

ထုံးစံအတိုင်း လန်ဒန်ရာသီဥတုက အစိုးမရဘူး၊ မိုးတွေ ရွာခဲ့တယ်။ ဒီတော့ ပိုက်ဆံကလည်း အများကြီး ပေးထားရတာမို့ မိုးထဲရေထဲမှာပဲ ကြည့်ခဲ့ရတယ်။ ဒီပွဲမှာ အင်္ဂလိပ်နှစ်ယောက် ထိုးကြတာ ဖြစ်ပေမယ့် ခါးပတ်နှစ်ခု WBO နဲ့ WBA အတွက် ထိုးတာဖြစ်တာကြောင့် စိတ်ဝင် စားဖို့တော့ ကောင်းတယ်။

ဒေးဗစ် ဟေး က ၃၁ နှစ်၊ အရင် WBA ဟဲဗီးဝိတ် ချန်ပီယံဟောင်းဖြစ်ပြီးတော့ သူ့ရဲ့ နာမည်ပြောင်က ဟေး မိတ်ကာ တဲ့…၊ ဒဲရစ်ကတော့ အသက် ၂၈ နှစ် ဖြစ်ပါတယ်၊ သူလည်း ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း ဖြစ်ပါတယ်။ ဇင်ဘာဘွေမှာ မွေးခဲ့ပြီး ၁၆ နှစ်သားလောက်မှာမှ အင်္ဂလိပ်မြေကို ခြေချခဲ့သူလည်း ဖြစ်ပါတယ်။ သူက နည်းနည်းလောက် မောက်မာပုံရပါတယ်။ အင်္ဂလိပ် ပရိသတ်တွေကတော့ ဒေးဗစ် ဟေးကိုပဲ အားပေးကြပါတယ်။

ဟဲဗီးဝိတ် လက်ဝှေ့ပွဲ မစခင်မှာ ပွဲငယ်လေးတွေ လေးပွဲလောက် ထိုးကြပါတယ်။ ပရိသတ်ကတော့ သိပ်စိတ်မ၀င်စားပါဘူး။ သူတို့က ဒေးဗစ် ဟေးတို့ ထိုးသတ်မယ့် ဟဲဗီးဝိတ်ကိုသာ စောင့်နေကြတာပါ။ လေးနာရီခွဲလောက် ကထဲက West Ham United အားကစားကွင်း ပြင်ပမှာ စောင့်နေကြတဲ့ ပရိသတ်ဟာ ငါးနာရီခွဲကာမှ ကွင်းအတွင်း ၀င်ရပြီး သူတို့ ကြည့်ချင်နေတဲ့ ဟေးတို့ပွဲကို ည ၁၀ နာရီ ကျော်မှသာ စကြည့်ရပါတယ်။

တကယ်ထိုးတော့လည်း ဟေးက ငါးချီမှာ ဒိုင်ပွဲရပ်ဖြစ်အောင် ဒဲရစ်ကို ထိုးချပစ်လိုက်ပါတယ်။ လေးချီအထိကိုတော့ ဒဲရစ်ကပဲ ဒေးဗစ်ကို ကြိုးဝိုင်းထောင့်ဆီ ပို့ပြီး ဖိထိုးနေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပွဲချီပြည့် ကြည့်ရမယ်လို့ ထင်ထားပေမယ့် စောစောစီးစီး ဒေးဗစ် ဟေးက ပွဲသိမ်းလိုက်တာကိုလည်း သဘောကျမိပါတယ်။ ဘာကြောင့်ဆို မနက်ဖြန် အလုပ်လုပ်ရမှာဆိုတော့ မနက်ဖြန် အိပ်ရာထ နောက်ကျမှာကို စိတ်ပူနေမိလို့ပါ။

ငါးချီနဲ့ ဒိုင်ပွဲရပ် ဖြစ်သွားတော့ ကွင်းတခုလုံးက ပရိသတ်အများစုက ဒေးဗစ် ဟေးကို သောင်းသောင်းဖျဖျ အားပေးကြပါတယ်။ ကျွန်တော်ကတော့ ဒဲရစ် ချစ်ဆိုရာကို နိုင်စေချင်ပါတယ်။ ဒဲရစ်က လက်ဝှေ့စင်ပေါ် တက်ဖို့ ထွက်လာတော့လည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ လျှို့ဝှက်တဲ့ တီးလုံးမျိုးကို တီးခိုင်းပြီး စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် မျက်နှာကို ဖုံးအုပ်လို့ သိုသိုသိပ်သိပ် ထွက်လာတာဟာ အင်မတန်မှ သဘောကျဖို့ ကောင်းပါတယ်။

ဒေးဗစ် ဟေးကတော့ ပေါ်ပေါ်တင်တင် စိတ်မပါ့တပါပုံစံနဲ့ စင်ပေါ်တက်ဖို့ ထွက်လာပါတယ်၊ သူ့တီးလုံးကတော့ အမိုက်စား အပျံစား ဖြစ်ပါတယ်။ ဒေးဗစ် ဟေး ပုံစံကို ကြည့်မိတဲ့အခါမှာ ဒီလူတော့ ရှုံးမှာပဲလို့ တွက်ခဲ့မိပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာကျ အစောန ပြောခဲ့သလို ငါးချီနဲ့ ဒဲရစ်ကို ကြမ်းပြင်ပေါ် နှစ်ခါ လှဲသိပ်အပြီးမှာတော့ ဒိုင်ပွဲရပ်နဲ့ ဒေးဗစ် ဟေးကို အနိုင်ပေးခဲ့လိုက်လို့ ခါးပတ်နှစ်ခုစလုံးကို ဒေးဗစ် ဟေးက ရသွားပါတယ်။

ဒဲရစ်က စင်ပေါ်တက်လာတော့ ပထမ ခေါင်းအထိ ဖုံးအုပ်စွပ်ထားတဲ့ လက်ဝှေ့သမားတွေ ၀တ်ဆင်တတ်တဲ့ ၀တ်ရုံကြီးကို ချွတ်လိုက်တဲ့အခါ အာဖရိကသည်သာ အနာဂတ် African is the Future စာတမ်းရေးထားတဲ့ တီရှပ်ကို ၀တ်ဆင်ပြခဲ့ပါတယ်။ ပွဲကြည့်သူ သုံးသောင်းထဲမှာ တယောက်အပါအ၀င် ဖြစ်ခဲ့တဲ့ ကျွန်တော်တောင် ကြောင်သွားပါတယ်။ ကျွန်တော် သိထားတာက အာရှဟာ ကမ္ဘာ့ အနာဂတ် ဖြစ်တယ်၊ ဒါကြောင့် ဒဲရစ်ကတော့ လုပ်ပြန်ပြီလို့ စိတ်ကူးပေါက်မိပါတယ်။

ညနေ လေးနာရီထဲက အိမ်ကထွက်လို့ အားကစားကွင်းရှေ့ကို လေးနာရီခွဲလောက် ကထဲက ရောက်နေတဲ့ ကျွန်တော်ဟာ လက်ဝှေ့ပွဲပြီးတဲ့ ည ၁၀ နာရီခွဲကနေ ဟဲဗီးဝိတ် ချန်ပီယံ ခါးပတ်နှစ်ခုရ ဒေးဗစ် ဟေး လျှောက်လမ်းကနေ ပြန်ထွက်လာမလားလို့ မိနစ် ၂၀ လောက် စောင့်ကြည့်ခဲ့ပေမယ့် ကိုယ်တော်ချောက အင်တာဗျူးတွေကို ကြိုးဝိုင်းပေါ်မှာတင် ပေးနေပုံ ရတာကြောင့် မစောင့်တော့ဘဲ ပြန်ခဲ့ပါတော့တယ်။ အိမ်ရောက်တော့ ည ၁၁ နာရီတောင် ခွဲလုပေါ့…။

ဝက်စ်ဟမ်း ဘောလုံးကွင်းထဲ ကျင်းပတဲ့ ကမ္ဘာ့ ဟဲဗီးဝိတ် ချန်ပီယံ ခါးပတ်လုပွဲကို ပရိသတ် သုံးသောင်းလောက် လာအားပေးတာမို့ အပြန် ခရီးမှာလည်း လူတွေက ပြည့်ကျပ်သပ်နေပါတယ်။ ကားလမ်းပေါ်မှာ ကားတွေက ရပ်ပေးထားပြီး လူတွေက ကားလမ်းပေါ်ကနေ လျှောက်လှမ်းလို့ မြေအောက်ရထား ဘူတာရုံကို လာသူလာ၊ ဘတ်စ်ကားဂိတ်ကို သွားသူသွားနဲ့ လူအုပ်ကြီးက ကြီးမား လှပါတယ်။

လမ်းပေါ်မှာလည်း ဘီယာပုလင်းကွဲတွေ၊ အရက်ပုလင်းကွဲတွေ ရှိနေတာကြောင့် ရှောင်ပြီး လျှောက်ရပါတယ်။ ၀က်စ်ဟမ်းကွင်းမှာ လုပ်တဲ့ ပွဲပီပီ ငကြောင် ပရိသတ်တွေကလည်း ရှိပြန်ပါတယ်။ ဒါကြောင့် ကွင်းထဲမှာလည်း လုံခြုံရေးက ဆွဲခေါ်သွားရတဲ့ လူတွေ ရှိသလို ကွင်းပြင်မှာလည်း မြင်းစီးတဲ့ ရဲအပါအ၀င် ရဲတအုပ်က ထိန်းကျောင်းပေးနေတာလည်း တွေ့ပါတယ်။

ငါးချီနဲ့ ပွဲပြတ်သွားလို့ စောစောပြန်နိုင်ခဲ့တာကို သဘောကျပေမယ့်လို့ ကျွန်တော်ကတော့ ကုန်ခဲ့ရတဲ့ ပိုက်ဆံကို မတန်ဘူးလို့တောင် ထင်မိပါတယ်။ အဲ… ဒါပေမဲ့လည်း အင်္ဂလိပ်ချင်း ဖိုက်တယ် ဆိုပေမယ့် ကမ္ဘာ့ ဟဲဗီးဝိတ် လက်ဝှေ့ ချန်ပီယံပွဲတပွဲတော့ ကြည့်ဖူးသွားတာပေါ့လို့ အကောင်းဘက်က တွေးမြင်လိုက်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီညမှာပဲ အိုင်းရင်းခရော့စ်ကလည်း လန်ဒန်မှာ ပွဲလုပ်ပါတယ်၊ လက်မှတ်က အလကားရနိုင်ချေ ရှိတာတောင် ကျွန်တော်က ဟဲဗီးဝိတ် လက်ဝှေ့ပွဲကို အားပေးခဲ့တာမို့ အိုင်စီပွဲကို လက်လွတ်ခဲ့ရပါတယ်။ အိုင်စီက ရန်ကုန်မှာလည်း ကြည့်ခဲ့ဖူးတယ် မဟုတ်ပါလားဗျာ။

ဒီနေ့ တပွဲလုံး သတိရတာဆိုလို့ လက်ဝှေ့ကြိုးဝိုင်းထဲ ၀င်လို့ နောက်အချီအတွက် နံပါတ်ထိုးပြတဲ့ ကောင်မလေးတွေ၊ ဗြိတိသျှ နံပါတ်တစ် တင်းနစ်သမား အင်ဒီမာရေးနဲ့ မိုးရွာထဲမှာ ကမ္ဘာ့ ဟဲဗီးဝိတ် လက်ဝှေ့ပွဲကို ငါးချီ နာရီဝက်လျော့လျော့ မတ်တပ်ရပ် ကြည့်ခဲ့ရတဲ့ အရသာလေး ဖြစ်ပါကြောင်း မှတ်တမ်းတင်ထားလိုက်ရပါတယ်ဗျာ။

၂၀၁၂ ဇူလိုင် ၁၄၊ ည သန်းခေါင်။

လန်ဒန်။

by Myo Tha Htet on Friday, 13 July 2012 at 16:44·

တရုတ်ကြီး နာမည်တော့ မဟုတ်၊ ကျွန်တော် ၀င်စားသော အကြောင်းအရာတခု…။ အောင်မြင်သူတွေဟာ အချိန်ကို တန်ဖိုးထားသူများ၊ ကောင်းစွာ အသုံးချတတ်သူများတဲ့၊ အင်း… ဟုတ်တာပေါ့။ ကျွန်တော်လည်း အတတ်နိုင်ဆုံး ကြိုးစားလိုက်နာကြည့်တယ်။ အကြောင်းမဲ့ အချိန်တွေ မကုန်အောင် အခု နောက်ပိုင်း သတိထား နေထိုင်ခဲ့တယ်။ အချိန်တိုင်း အဖိုးတန်အောင်နေတော့ ပင်ပန်းတာပေါ့။

အားချိန်၊ နားချိန် နည်းသွားတာပေါ့။ လူပင်ပန်း စိတ်ပင်ပန်းမှုတွေ များတဲ့အခါ အနားယူဖို့ လိုတယ် မဟုတ်လားဗျာ။ ကျွန်တော် ဆိုလိုတာက စိတ်ရော ကိုယ်ပါ အနားယူတာမျိုးပါ။ တခွက်တဖလားလောက် သောက်တတ်သူက သောက်၊ သီချင်း အေးအေး နားထောင်သူက ထောင်၊ တကြော်ကြော် ဟစ်ကြွေးတတ်သူက အော်… ဒီလိုဆို အချိန်တွေ ဖြုန်းတယ်လို့ မှတ်ရမလား။ ကိုယ့်ဟာကိုယ် ၀ါးတားတားနဲ့ မကွဲမပြား ဖြစ်ခဲ့ဖူးချိန်လည်း ရှိခဲ့တယ်။

တခါ တရားဘက် လှည့်ကြည့်ဖြစ်တော့လည်း “ငါသည် မုချ သေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်၊ အသေ မဦးခင် ဥာဏ်ဦးအောင် အားထုတ်ပါတော့မည်“ ဆိုတဲ့ မိုးကုတ်ဆရာတော် ဘုရားကြီး အဆုံးအမမှာ သေဖို့က အချိန်ပိုင်းပဲ လိုတော့တာတဲ့။ ဟုတ်တာပေါ့… ဆန့်သောလက် မကွေးခင်၊ ကွေးသောလက် မဆန့်ခင် သေသွားနိုင်တယ်လို့ ပညာရှိတွေကလည်း မိန့်ဆိုထားတာကိုး…။ ဒါကြောင့် ပညာရှိကြီးက ကြံကို အရင်းက အရင် စုပ်စားခဲ့တယ်မို့လား။

ပညာရှိတွေကြားမှာလည်း အမျိုးမျိုးကွဲဦး မပေါ့ဗျာ၊ ကြံဖျား အရင် စားမလား၊ ကြံရင်း မဆွ စားမလားလို့ တွေးကောင်း တွေးနိုင်ပါတယ်။ ကျွန်တော်ကလည်း ကြံရင်း အဦးစားမယ့်ထဲက ပါပဲ…၊ ဒါကိုပဲ ရင့်ရင့်သီးသီး ပြောကြမယ်ဆိုရင်တော့ အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစားလို့ ပြောရမယ် ထင်ပါရဲ့…။ တကယ်တော့ လျှော့ပြော ချော့ပြောရင်တော့ အချိန်သိသူ၊ အရှိန်မိသူလို့ ဆိုနိုင်သားကလား…။

ဒီနေရာမှာ ကျွန်တော့်ဘာသာ တခါခါေ၀၀ါးနေတတ်ပြန်တာက အချိန်ဆိုတာ စီရင်ပြီးသား အမိန့်တွေပါပဲလို့… ဒီအချိန်မှာ ဒါဖြစ်လို့ ဟိုအချိန်မှာ ဟိုဟာ ဖြစ်မယ်ဆိုတာကိုပေါ့။ ဒီအချိန်မှာ ဟိုဟာ မဖြစ်ဘဲ ဟိုအချိန်မှာ ဒါတွေ မဖြစ်ခဲ့တာတွေကို ထောက်လို့ မှန်းဆ ကြည့်မိတာပါ။ မျက်ရမ်းမှန်းဆလို့ ဆိုချင်ဆိုပါ၊ ယူဆမိတဲ့ အယူအဆ တရပ်မို့ တရားသေလို့လည်း အပြတ်တော့ မပြောနိုင်ပါဘူး။

ဒါဖြင့်ရင် အချိန်ကို ဘယ်သူ ပိုင်ပါသလဲ၊ တရုတ်ကြီး အချိန်ကိုတော့ သူ့မိန်းမ ပိုင်ချင် ပိုင်နိုင်ပေမယ့် ကျွန်တော့် အချိန်တွေကိုတော့ ကျွန်တော် ပိုင်ရမယ် မဟုတ်ဘူးလား။ ကျွန်တော့် အချိန်တွေကို ငွေအဖြစ် လဲတန်လဲမယ်၊ ကျွန်တော့်ဘ၀အတွက် တိုးတက်ရေး သုံးတန် သုံးမယ်၊ အပျော်အပါးအတွက် တချို့သုံးမယ်၊ သူငယ်ချင်းနဲ့ လူမှုရေးအတွက်လည်း သုံးမယ်။ လူတိုင်း တနေ့ ၂၄ နာရီ တူတူ ရထားတာမို့ ကိုယ့် ၂၄ နာရီကိုတော့ စိတ်ကြိုက် စီမံခန့်ခွဲနိုင်မယ် မဟုတ်ဘူးလား။

ဒါပေမဲ့ ဒီ တရက် ၂၄ နာရီတွေထဲမှာလည်း သူ့အချိန်နဲ့ ကိုယ့်အချိန် တိုက်တာတွေ၊ ဒါမှမဟုတ် ကြိုတင် ကိုက်ထားရချိန်တွေကြောင့် တူတာတွေ ရှိသလို ကွဲတာတွေလည်း ရှိနေပြန်တော့ ငါ့အချိန် ၂၄ နာရီ၊ ဘယ်သူ့မှ လာမထိနဲ့လို့ ကာထား ကွေထားလို့ မရနိုင်တာကလည်း ပြဿနာရင်း တခု ဖြစ်ပြန်ပါတယ်။

အချိန်ကို သတ်မှတ်တာကလည်း စဉ်းစားစရာ ရှိပြန်ပါတယ်။ ခေတ်က ၂၄ နာရီ ပတ်လုံး ပြောင်းလဲနေတဲ့ ခေတ်ဖြစ်တာမို့ ၂၄ နာရီချင်း တွန်းတိုက်တိုးရင်း နည်းနည်းကွာကနေ ဝေးဝေးကွာကလည်း ရှိပြန်လေတော့ ကိုယ့် နေ့ပိုင်း အချိန်တွေက သူများရဲ့ ညပိုင်း အချိန်တွေ ဖြစ်နေပြန်ပါတယ်။ သူ့အချိန် ကိုယ့်အချိန် တိုက်မိချိန်တွေကလည်း ဆွေးနွေးစရာ ဖြစ်ပြန်ပါတယ်။

တကယ်တော့ အချိန်ဆိုတာက အရွေ့သဘာဝပါ၊ ရပ်မနေတဲ့ သဘောလည်း ရှိပါတယ်။ ဒီတော့ ကိုယ်က ရပ်နေမယ်၊ မရွေ့တော့ဘူးဆိုရင် အချိန်နဲ့ အသားကျဖို့က မလွယ်ပါဘူး။ အချိန်က ကိုယ့်ကို မစောင့်ပါဘူး၊ ကိုယ်ကသာ အချိန်ကို စောင့်ရတာမျိုး ရှိတာပါ။ အချိန်ကို စောင့်ခဲ့ရင်တောင်မှ အတိအကျ တွေ့ဖို့ဆိုတာက ခက်နိုင်တာမျိုးပါ။ အချိန်ကို စေစားနိုင်ဖို့ဆိုတာ ကျွမ်းကျင်မှုနဲ့လည်း ဆိုင်ပြန်ပါတယ်။ မဟုတ်ရင် အချိန်အောက်မှာပဲ ပြားပြားမှောက်ရမယ့် သဘောရှိပါတယ်။

ကျွမ်းကျင်သူတွေမှာလည်း စောင့်ရတဲ့ အခိုက်အတန့်တွေ ရှိပြန်ပါတယ်၊ ကိုယ်ကချည်း ကျွမ်းနေလို့ ရတာမျိုး မဟုတ်ဘဲ ကျင်သူတွေ၊ လည်သူတွေနဲ့လည်း ချိတ်ဆက်လို့ အချိန်ကိုက် လုပ်ဆောင်ရတာမျိုးတွေ ရှိနေပြန်ပါတယ်။ အချိန်က ဘုံ၊ လည်သူတွေက လာဆုံရတာမျိုး၊ တိုင်ပင်တခုလို အ၀င်အထွက်နဲ့ ကခုန်ရတာမျိုး၊ စကားနာထိုးနေပေမယ့် သည်းခံရတာမျိုးတွေဟာ အချိန်နဲ့ ဆိုင်ပါတယ်။

အချိန်ဆိုတာ လုပ်ယူရတာမျိုးပါလို့ အတွေ့အကြုံများသူတချို့ကလည်း ဆိုပြန်ပါတယ်။ ကျွန်တော်တို့လို့ အွန်လိုင်းမှာ အချိန်ကုန်သူတွေက လုပ်ယူဖို့ လုပ်နေတုန်းမှာပဲ ကုန်ကုန်သွားတတ်ပါတယ်။ ဆိုချင်တာက ပြင်ပကမ္ဘာမှာ သူငယ်ချင်း အပေါင်းအသင်းနဲ့ တွေ့ချိန်၊ မိဘနဲ့ တွေ့ချိန်၊ ချစ်သူ ရည်းစား သမီးသား မယားကြင်ယာနဲ့ တွေ့ချိန် ဆုံချိန်တွေဟာ တခါတခါ လုပ်ယူရတာမျိုး မဟုတ်လားဗျာ။

နာမည်ကျော် အိုင်းရစ် ပြဇာတ်ဆရာကြီး ဂျော့ ဘားနတ် ရှောက အချိန်နဲ့ ပတ်သက်ပြီး ပြောထားတာလေး တခုက မိုက်ပါတယ်။ “လူတိုင်းဟာ ဘာမဆို ဖြစ်နိုင်ပါတယ်တဲ့၊ စောစော ဖြစ်မှာနဲ့ နောက်ကျတာပဲ ကွာတာပါတဲ့… အဲ… လုံလောက်တဲ့ အချိန်ရှိဖို့တော့ လိုတယ်“ တဲ့။

မူရင်းက ဒီလိုပါ…

Everything happens to everybody sooner or later if there is time enough.

George Bernard Shaw

ကျွန်တော်တော့ ဘာမှ မဖြစ်ချင်တော့ပါဘူး။ အချိန်မှန်တဲ့ နာရီတလုံးပဲ ဖြစ်ချင်တော့တယ်။

အချိန်မှန်တဲ့ နာရီဟာ လူတွေကို စားစေချိန် စားစေသလို စေစားချိန် စေစားတယ် မဟုတ်လား… ဗျာ။

၂၀၁၂၊ ဇူလိုင် ၁၃။ သောကြာ။

ညနေ ၄ နာရီခွဲ။

by Myo Tha Htet on Saturday, 2 June 2012 at 15:41·

ခုတလော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သတင်းကို မီဒီယာသမားတွေ၊ သတင်းထောက်တွေက ကာဗာလုပ်ရင်းနဲ့ဖြစ်ဖြစ်၊ ၂၄ နှစ်တာကာလအတွင်း ပြည်ပကို ပထမဆုံးသွားတဲ့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နဲ့ပဲဖြစ်ဖြစ် ဝေဖန်မှုတွေကို ကြားလာ၊ ဖတ်လာရတော့ ကျွန်တော် ပြောချင်နေတဲ့အချက် တချို့နဲ့ ညီနေလို့ သဘောကျမိပါတယ်။

ဒါပေမဲ့ အခက်အခဲဆိုတာက သူ့ဘက်ကိုယ့်ဘက် ရှိတတ်တာမို့ အပြုသဘော ထောက်ပြကြဖို့ပဲ စိတ်ထဲ ရှိမိပါတယ်။ ပြီးခဲ့တဲ့ တလောက ဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးနဲ့ စပ်လို့ သတင်းထောက်နဲ့ လုံခြုံရေး တာဝန်ယူသူတွေကြား ပြဿနာ တက်ခဲ့တာက စလို့ အခု ထိုင်းနိုင်ငံ ခရီးစဉ်အဆုံး ကြားလာရတဲ့ အသံတွေကတော့ NLD ပါတီ အနေနဲ့ ပါးပါးနပ်နပ် စီမံခန့်ခွဲနိုင်မှု အားနည်းနေတယ် ဆိုတာကို တွေ့ရပါတယ်။

လူပေါင်းများစွာ၊ အဖွဲ့အစည်းများစွာနဲ့ ဆက်ဆံနေရတာမို့ တယောက်၊ တဖွဲ့ရဲ့ မကျေနပ်မှုတွေက ရှိကောင်းရှိနိုင်မှာ ဖြစ်ပေမယ့် အဲဒီလို တယောက်၊ တဖွဲ့တွေ များလာရင်တော့ မကျေနပ်ခြင်း ခံရတဲ့ ပါတီ၊ အဖွဲ့အစည်းအတွက်တော့ ရေရှည်မှာ ကောင်းတဲ့ ရလဒ် ဖြစ်နိုင်မယ် မထင်ပါဘူး။

ပြဿနာတခု ဖြစ်လာရင် ဘယ်လို အကောင်းဆုံး ဖြေရှင်းရင် ရနိုင်မလဲ ဆိုတာကို လိုက်စဉ်းစားတတ်တဲ့ ကျွန်တော့် ဗီဇကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခု ဖြစ်နေတဲ့ ပြဿနာတွေကို ပြေလည်စေဖို့ ဆိုရင် လက်ရင်းသုံးနေရတဲ့ သူတွေကို အခုထက် ပိုပြီး ကောင်းစွာ စီမံခန့်ခွဲ လုပ်ဆောင်နိုင်ဖို့ အရည်အချင်း မြှင့်ပေးရင် ပေးရပါလိမ့်မယ်၊ မဟုတ်ရင်လည်း အရည်အချင်း ရှိပြီးသားလည်း ဖြစ်၊ ကိုယ့်အတွက်လည်း အားတက်သရော ကူညီ ဆောင်ရွက်ပေးနိုင်မယ့် သူတွေကို စည်းရုံး ခေါ်ယူ လက်တွဲ ဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။

တဖက်ကလည်း NLD ပါတီဟာ နှစ်ပေါင်းများစွာ ပိတ်ထား၊ တားထားတဲ့ ကြားကနေ ရပ်တည် ရှင်သန် ခဲ့ရတော့ကာ အခုလို ပွင့်ပွင့်လင်းလင်းနဲ့ များများစားစား အင်တိုက်အားတိုက် ဆောင်ရွက်စရာတွေ ရှိလာတဲ့အခါ အားနည်းတတ်တာကိုတော့ ထည့်သွင်း စဉ်းစားစရာ ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခေတ်နဲ့ အံဝင်အောင် စီမံခန့်ခွဲရေး နည်းလမ်းတွေကိုတော့ ပြောင်းလဲ ကျင့်သုံး ဆောင်ရွက် ရတော့မှာ ဖြစ်ပါတယ်။

အခုလည်း NLD ပါတီက အမတ်တွေက ပြည်ပနိုင်ငံတွေကို ဆက်တိုက် ဆိုသလို ထွက်ခွာနေပြီး သင်ယူ လေ့လာမှုတွေ လုပ်လာတာကိုတော့ မြင်လာရပါပြီ။ ထို့အတူပါပဲ… ပါတီကြီးတခုလုံး အစိုးရတရပ်လို စနစ်တကျ အလုပ်လုပ်နိုင်ဖို့လည်း အလားတူ ပြည်ပထွက် လေ့လာမှုတွေ၊ စနစ်တကျ တက္ကသိုလ် တခုခုမှာ သင်ယူမှုတွေ၊ သင်တန်းတက်လာတွေ လုပ်ရပါတော့မယ်။ ဒါမှလည်း မလိုလားအပ်တဲ့ ဘေးထွက် ဆိုးကျိုးတွေ မရှိတော့မှာ ဖြစ်ပါတယ်။

အဲဒီလို ပြည်တွင်းမှာရော ပြည်ပကပါ လာရောက်ကြပြီး ပါတီနဲ့ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်သွယ် တွေ့ဆုံ ဆွေးနွေး ပြောဆိုလာမယ့် မီဒီယာသမားတွေ၊ နိုင်ငံရေးသမားတွေ၊ နိုင်ငံခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့ဝင်တွေ၊ စီးပွားရေးပညာရှင်တွေ၊ တက္ကသိုလ် ပါမောက္ခတွေ စသဖြင့် အဆင့်အတန်းပေါင်းစုံနဲ့ ဆက်ဆံနိုင်ဖို့ဆိုတာ NLD ပါတီမှာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ ကောင်းစွာ ကျွမ်းကျင်ပြီး၊ လူထုဆက်ဆံရေး အထူးအားကောင်းတဲ့ လူတွေက ၀န်းရံ လုပ်ကိုင်ပေးဖို့ လိုနေပါတယ်။

လူထုဆက်ဆံရေးသမားကောင်းတွေ ၀န်းရံနေရုံနဲ့ ပြီးရောလားဆိုတော့လည်း မပြီးသေးပြန်ပါဘူး။ ဘာသာရပ်အလိုက် ကျွမ်းကျင်သူတွေရဲ့ ထောက်မကူညီမှုတွေ၊ အကြံပေး လမ်းညွှန်မှုတွေကလည်း လိုပြန်ပါသေးတယ်။ ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်က အမြဲဆိုသလို လက်ရေ တပြင်တည်း ဆွေးနွေးနိုင်တယ် ဆိုပေမယ့်လို့ ဘာသာရပ်အလိုက် ဆွေးနွေးရမယ့် ကိစ္စတွေ၊ ဆိုင်ရာနယ်ပယ်က လူတွေနဲ့ ထဲထဲဝင်ဝင် ထိတွေ့ ဆက်ဆံ ဆွေးနွေးနိုင်ဖို့ကြတော့ အထူးပြု လေ့လာထားသူတွေက ထောက်မ ကူပံ့ကြရင် ကောင်းပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာသာစကားများစွာကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သလို ဘာသာရပ်ဆိုင်ရာ တော်တော်များများကိုလည်း တီးမိခေါက်မိကနေ ကျွမ်းကျင်ကောင်း ကျွမ်းကျင်နိုင်ပေမယ့်လို့ အရာအားလုံးကို လိုက်လုပ်နေဖို့ကျတော့လည်း အလုပ်တွင်ဖို့ရာမှာ ထိခိုက်နိုင်ပါတယ်။

ဘာသာရပ်ဆိုင်ရာဆိုတဲ့ အထဲမှာ အဓိကတော့ နိုင်ငံခြားဆက်ဆံရေး၊ ပြန်ကြားရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ အလုပ်သမားအရေး၊ သဘာဝန်းကျင် ထိန်းသိမ်းရေး၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကနေ အကြောင်းအရာပေါင်း မြောက်များစွာ ရှိနေပါတယ်။ ဒါကြောင့် တချို့တာဝန်တွေကိုလည်း အထူးပြုကျွမ်းကျင်သူတွေကို လွှဲပေး၊ တာဝန်ပေးဖို့တွေ လိုလာမှာ ဖြစ်ပါတယ်။

ခေါင်းဆောင်ကောင်းဆိုတာ ကိုယ်မရှိလည်း ပါတီ အဖွဲ့အစည်းတရပ် ကောင်းစွာ ရှင်သန်နိုင်အောင် ဆောင်ရွက်ထားနိုင်တဲ့သူ ဆိုတဲ့ ဆောင်းပါးရှင် ကိုဇေယျသူ ရေးပြခဲ့တဲ့ အကြောင်းအရာမျိုးက တကယ်ကောင်းတဲ့ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲနိုင်စွမ်း ဖြစ်ပါတယ်။ ဒါမျိုးကို လုပ်နိုင်ဖို့ ကောင်းပါတယ်။ ကပ်ရပ်က ရှိနေတဲ့ လူတွေကလည်း ဒေါ်အောင်ဆန်းစုကြည် အနား မီသထက်မီနိုင်အောင် ကြိုးစားရပါလိမ့်မယ်။

ယူကေနိုင်မှာတော့ ရှဲဒိုးအစိုးရအဖွဲ့ဆိုတာ ရှိပါတယ်။ သူက တိုင်းပြည်ကို တကယ်အုပ်ချုပ်နေတဲ့ အစိုးရကို ကပ်ပြီး ကြည့်ထားတာပါ။ ရှဲဒိုအစိုးရဆိုတာ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်တို့လို အတိုက်အခံပါတီက ဖွဲ့စည်းထားတာဖြစ်ပြီး အစိုးရရဲ့ လုပ်ဆောင်ပုံတွေကို စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ အစိုးရ လုပ်တာ တခုခု လွဲချော်ရင် (ဒါမှမဟုတ် လွဲချော်တာတွေ လုပ်ဖို့ ကြံနေရင်) ရှဲဒိုး အစိုးရ၀န်ကြီးတွေက မီဒီယာတွေကနေတဆင့် ကောင်းကောင်း ပြစ်တင် ဝေဖန်ပါတော့တယ်။

အဲ… အဲဒီလို ဝေဖန်နိုင်ဖို့ကျတော့ လေချည်းသက်သက် ဝေဖန်လို့ မရတော့ပါဘူး။ အကျိုးအကြောင်းပြပြီး ဝေဖန်ရတာမျိုး ဖြစ်သလို လိုအပ်လာရင်လည်း ကိုယ့်မှာ အဲဒီထက် ကောင်းတဲ့ အစီအစဉ် သို့မဟုတ် မူဝါဒပါ ရှိကြောင်း ပြောဆိုနိုင်ဖို့လည်း လိုပါတယ်။ ဒါကြောင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ဖြစ်ဖို့ လိုတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

အဲဒါဆိုရင် ကိစ္စရပ်တိုင်း အသေးလေးကနေ အကြီးကြီးအထိ အကုန်လုံး ဒေါ်အောင်ဆန်းစုကြည် တယောက်ထဲ တာဝန်ယူ ပြောနေရတဲ့ အပိုင်းကဏ္ဍက လျော့သွားမှာ ဖြစ်သလို မြန်မာကနေ… ဒေသတွင်း… ဒေသတွင်းကနေ ကမ္ဘာ့အဆင့်ထိ အကြောင်းအရာကြီးတွေကို ပိုင်ပိုင်နိုင်နိုင် ပြောဆို ထောက်ပြနိုင်ဖို့ မြန်မာပြည်ရဲ့ ကမ္ဘာ့အဆင့် ခေါင်းဆောင် အဆင့်အတန်းအထိ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

NLD ပါတီမှာလည်း ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့တဲ့တခေါက် အကျယ်ချုပ်က မလွတ်ခင်ကနေ လွတ်လာစ လောက်ကစပြီး စီးပွားရေး၊ ပညာရေးပိုင်း၊ ကျန်းမာရေးပိုင်ဆိုင်ရာ တာဝန်ခွဲဝေ လေ့လာမှုတွေ၊ သုံးသပ်မှုတွေ လုပ်နေတယ် ဆိုတာမျိုးတွေ ကြားရပေမယ့် ဒီထက်ပိုပြီး ထိထိရောက်ရောက် လေ့လာလုပ်ကိုင်ဖို့ လိုတယ်လို့တော့ ထင်မိပါတယ်။

ကိုယ်တိုင်က အတိုက်အခံ ပါတီလောက်မှာပဲ ရှိသေးတယ်၊ အစိုးရမှ မဟုတ်သေးတာ… အများကြီးတော့ ဘယ်လိုလုပ် လုပ်နိုင်မလဲ ဆိုပေမယ့်လို့ လူထု ထောက်ခံမှုများရင် နောက်တကြိမ် ရွေးကောက်ပွဲ ဖြတ်သန်းတဲ့အခါ အစိုးရ ဖြစ်လာကောင်း ဖြစ်လာနိုင်တာမို့ အခု ကထဲကနေ ပါတီကို စနစ်တကျ ဖွဲ့စည်း တည်ဆောက် ထားဖို့လိုနေပါတယ်။

ပါတီရဲ့ ပြောခွင့်ရသူ လွှတ်တော်အမတ် ဦးအုန်းကြိုင် ပြောခဲ့တဲ့ အရဆိုရင်လည်း ဒီနှစ်ကုန်ပိုင်းမှာ ပါတီရဲ့ အထွေထွေ ညီလာခံ ကျင်းပဖို့ ရှိတယ်ဆိုတာကိုလည်း သိထားရတာကြောင့် NLD ပါတီဟာ စနစ်ကျတဲ့၊ တခြားပါတီတွေ အတုယူနိုင်မယ့် သက်တမ်းရင့် ပါတီကြီးတခု အဖြစ် ပြောင်းလဲ ပြင်ဆင် ဖွဲ့စည်းနိုင်မလား၊ ဘယ်လို ပုံစံမျိုးကို လာမယ့် နှစ်အနည်းငယ် အတွင်းမှာ တွေ့လာရလိမ့်မလဲ ဆိုတာကတော့ ကျွန်တော်တို့ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

ကိုးကား-

လုပ်ဖော်ကိုင်ဖက် ဘန်ကောက် အခြေစိုက် ဘီဘီစီသတင်းထောက် ဦးဝင်းမြင့်နဲ့ ဆွေးနွေး ပြောဆိုချက်များ၊ သည်ဗွိုင့်စ် ဝီးကလီး ဒုတိယ အယ်ဒီတာချုပ် ကိုဇေယျသူ ရေးတဲ့ “မရှိလည်းဖြစ်သူ“ ဆောင်းပါး၊ နဲ့ ကိုမင်းဇင်ရေးတဲ့ It’s time for Aung San Suu Kyi to get serious about management

ကိုမင်းဇင်း ဆောင်းပါးကို ဒီလင့်ခ်မှာ ဖတ်ပါ။ http://transitions.foreignpolicy.com/posts/2012/06/01/it_s_time_for_aung_san_suu_kyi_to_get_serious_about_management#.T8nohpAd4cE.facebook

ကိုဇေယျသူ ဆောင်းပါးကို ဒီလင့်ခ်မှာ ဖတ်ပါ။ https://www.facebook.com/notes/pann-ei-phyu/%E1%80%99%E1%80%9B%E1%80%BD%E1%80%AD%E1%80%9C%E1%80%8A%E1%80%B9%E1%80%B8%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%9E%E1%80%B0/153411878125784

၂၀၁၂၊ ဇွန်လ ၂ ရက်၊ မွန်းလွဲ ၃ နာရီ။

လန်ဒန်။

by Myo Tha Htet on Thursday, 3 May 2012 at 18:06·

ခုတလော တလအတွင်း ဘန်ကောက်-ရန်ကုန် နှစ်ခေါက်လောက် သွားဖြစ်လိုက်ပြီး၊ ဘန်ကောက်မှာ တာဝန်ချိန် ပြီးဆုံးသွားလို့ လန်ဒန် ပြန်ရောက် လာခဲ့ပါတယ်။ ရန်ကုန်-ဘန်ကောက်-လန်ဒန် ခရီးလမ်းပိုင်းက ကွာခြားချက်တွေကို ရုပ်ရှင်ကားထဲက အမြန်ပြကွက်တွေလို ခု ရက်ပိုင်းအတွင်းမှာပဲ လက်တွေ့၊ မျက်တွေ့ တဖျပ်ဖျပ် မြင်လိုက်ရတာမို့ စာလေး တပုဒ်လောက် အမှတ်တရ ရေးထုတ်ထားလိုက်ရင် ကောင်းမယ်လို့ ယူဆပြီး ဒီနုတ်ကလေးကို ရေးပါတယ်။

ပထမဆုံး လန်ဒန်ပြန်ရောက်တော့ ကိုယ့်မွေးရပ်မြေ မြန်မာနိုင်ငံက သန့်ရှင်းသပ်ရပ်တဲ့ ကျေးလက်က ရပ်ရွာလေးကို ပြန်ရောက်သွားသလို ခံစားလိုက်ရတယ်လို့ ပြောရင်တော့ လွန်နေမလားတော့ မသိပါဘူး။ လန်ဒန်ရဲ့ နွေရာသီ မေလဆန်း ဖြစ်ပေမယ့်လို့ မိုးက ရွာနေပါတယ်၊ အေးတာပေါ့လေ။ မြက်ခင်းတွေက စိမ်း… သစ်ပင်ကြီးတွေက များနဲ့ ကျွန်တော် ငယ်ငယ်က မွေးဖွား ကြီးပြင်းခဲ့တဲ့ ရန်ကုန်၊ တာမွေ၊ ကျောက်မြောင်းရပ်ကို သွားသတိရမိတယ်။

ကျွန်တော်တို့ ငယ်ငယ် ၁၉၇၉-၈၀ ကာလ တာမွေ ဘိုးလိန်းလမ်းမကြီးဟာ လမ်းလယ်ကျွန်းကြီးတွေက အကြီးကြီးတွေပါ၊ မျက်စိထဲ မြင်အောင် ပြောရရင် အခု ဦးဝိစာရလမ်းအတိုင်းပေါ့၊ အဲဒီထက်တောင် ကျယ်ပါလိမ့်ဦးမယ်။ ကျွန်းပေါ်မှာ မြက်ခင်းရှိတဲ့ နေရာရှိ၊ မြေကြီးပဲ ရှိတဲ့နေရာရှိ၊ ကျွန်းလယ်မှာတော့ သစ်ပင် နည်းနည်းပါးပါး ရှိတာလည်း ရှိတယ်။ ကျွန်းရဲ တဖက်တချက်မှာတော့ တောင်မြောက် ဖောက်လုပ်ထားတဲ့ ဘတ်စ်ကားတွေ ပြေးတဲ့ ပေတရာလမ်းမကြီးတွေပေါ့။

အဲဒီ ပေတရာ လမ်းမပေါ်မှာ ဘတ်စ်ကားတွေက စစ်ကျန်ကား ဒါမှမဟုတ် ချက်ပလက်လို့ခေါ်တဲ့ ဗိုက်ပူကားကြီးတွေပေါ့၊ ဖြည်းဖြည်းပဲ မောင်းနေကြပါတယ်။ လူတွေဟာ ဖြည်းဖြည်း သက်သာပဲ ခရီးသွားကြတယ်။ ဝေးတဲ့ ခရီးမို့သာ ကားစီးကြတာလေ။ ကားတွေကလည်း ဖြည်းဖြည်း၊ ကားစပယ်ယာတွေကလည်း ခရီးသည်တွေကို လေးလေးစားစား ဆက်ဆံကြတယ်။ အဲဒီ ကျွန်းတွေပေါ်မှာက ကလေးတွေ၊ လူငယ်တွေက ကစားနေကြတာလေ… စွန်လွှတ်သူက လွှတ်၊ လိုက်တမ်းပြေးတမ်း ကစားသူက ကစား၊ တချို့လည်း မိဘပါ၊ တချို့လည်း မိဘမပါ။ ဘယ်ကားကမှ တိုက်တယ်ပြုတယ်လို့ ကျွန်တော် မမှတ်မိဘူး။

ကျွန်တော်တခါက… အဲဒီတုန်းက ကျွန်တော့်အသက်က လေးနှစ်လောက် ရှိမှာပေါ့။ အမေက ဗိုလ်အုန်းသီး စက်ဘီး ၀ယ်ပေးထားတယ်။ ဗိုလ်အုန်းသီး စက်ဘီးဆိုတာ သိတယ်ဟုတ်… ကျွန်တော်တို့ ငယ်ငယ်ကတော့ အလွန်ခေတ်စားခဲ့တာပါပဲ။ သုံးဘီး စက်ဘီလေးပါ။ အရှေ့က တယောက်က ထိုင်းပြီး နင်းရတယ်၊ နောက်က ၀က်ခြံလို ထိုင်ခုံလေးမှာ ကလေးငယ်တယောက်က ထိုင်လိုက်လို့ရတယ်။ အဲဒီ စက်ဘီးအရောင်းဆိုင်ကလည်း အောင်မင်္ဂလာလမ်းထိပ်မှာလား ရှိတယ်၊ ကျွန်တော် မှတ်မိသေးတယ်။ ဒီတော့ ကျွန်တော်က အသက် သုံးနှစ်ရှိတဲ့ ညီငယ်ကို နောက်မှာတင်ပြီး ရှေ့က နင်းတယ်။ ခုနင်က ပေတရာလမ်းမကြီးတလျှောက် နင်းသွားတာပါပဲ။ ဘယ်သွားတာလဲ ဆိုတော့ ၁၄၈ လမ်းမှာရှိတဲ့ ကျွန်တော်တို့ အိမ်ကနေ အမေသွားတဲ့ ၁၄၆ လမ်းက အမေ့ဆရာအိမ်ကို အဲဒီ ပေတရာလမ်းမကနေ နင်းချသွားတယ်။ ဘာကားမှ မတိုက်ပါဘူး။ ကလေးကို နတ်စောင့်လို့တော့ ဆိုရမလား မသိဘူးပေါ့လေ။

အခုတော့ အဲဒီဘိုးလိန်းလမ်းက လမ်းလယ်ကျွန်းကြီးလည်း မရှိခဲ့တာကြာပေါ့။ လမ်းလယ်ကျွန်းပေါ်က သစ်ပင်တွေရော၊ ပေတရာလမ်းမဘေး ပလက်ဖောင်းပေါ်က သစ်ပင်ကြီးတွေရော၊ ရပ်ကွက်ထဲက ရပ်ကွက်ကို စိမ်းလန်းစိုပြေ အရိပ်ရစေတဲ့ အပင်တွေရော အားလုံးကုန်ပေါ့။ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ အမြော်အမြင် မရှိမှုကြောင့်ရော၊ ပြည်သူတွေရဲ့ ကိုယ့်ပိုင်ရာကို ရဲရဲဝံ့ဝံ့ မကာကွယ်နိုင်တာရော၊ ခေတ်ကာလနဲ့အညီ လမ်းဖောက်၊ တိုက်ဆောက် ပြုပြင်ပြောင်းလဲမှုတွေကြောင့်ပါ လန်ဒန်မှာ ကျွန်တော်မြင်တွေ့နေတဲ့ ကျွန်တော်တို့ ရန်ကုန်မှာ ကျွန်တော် ငယ်ငယ်က မြင်ခဲ့ဖူးတဲ့ စိမ်းလန်း စိုပြေမှုတွေဟာ ပျောက်ကွယ်ခဲ့တာကို တကယ် စိတ်မကောင်း ဖြစ်မိပါတယ်။

ဒါတောင် တနေ့ကဆို ကျွန်တော့် သူဌေးဟောင်း တယောက်က သူ့ဖေ့စ်ဘုတ်မှာ ဦးဝိစာရလမ်းက လမ်းလယ်ကျွန်းတွေကို ဖယ်ရှားနေတဲ့ အကြောင်း စိတ်ပူပူနဲ့ ရေးထားတာကို ဖတ်လိုက်မိပြီး စိတ်မကောင်း ဖြစ်ရသေးတယ်။ ကျွန်တော်တို့ ဘာလုပ်လုပ် အနာဂတ်အတွက် သေသေချာချာ စဉ်းစားဖို့ လိုနေပါပြီ။ အရင်က မသိခဲ့လို့ လုပ်ခဲ့တယ်ဆိုရင် ထားလိုက်လို့ ရပါသေးတယ်၊ ဒီနေ့ခေတ်မှာတော့ ကျွန်တော်တို့ သေသေချာချာ သိသင့်နေပြီ။ မသိဘဲနဲ့ အာဏာပိုင်တွေက မိုက်မိုက်ကမ်းကမ်း လုပ်နေတယ်ဆိုရင် ကျွန်တော်တို့အတွက် ကျွန်တော်တို့ သားသမီး မြေးမြစ်တွေအတွက် အော်ရပါမယ်၊ မဟုတ်တာ မလုပ်ဖြစ်အောင် တားရပါတော့မယ်။

ဘန်ကောက်မှာလည်း မြို့လယ်ကောင် မိုးထိတိုက်တာကြီးတွေ၊ မိုးပျံကားလမ်းတွေ၊ ရထားလမ်းတွေ ဆောက်ထားပေမယ့်လို့ ပန်းခြံတွေ သေသေချာချာ လုပ်ထားပါတယ်။ မြို့လယ်ကောင်က ကျွန်တော်တို့ ရုံးကနေ လှမ်းကြည့်ရင် တမိုင်တောင် မရှိတဲ့ အကွာအဝေး အတွင်းမှာပဲ စိမ်းလန်းစိုပြေနေတဲ့ ဂေါက်ကွင်းကြီးတခု ရှိပါတယ်။ ကျွန်တော် နေရတဲ့ မြို့စွန်နားက အိမ်နားမှာဆိုရင် သစ်ပင်တွေ အများကြီးရှိတယ်၊ အဲဒီသစ်ပင်တွေမှာနေတဲ့ ရှဉ့်ကလေးတွေတောင် ရှိပါတယ်။ ကျွန်တော်တို့ ရန်ကုန်မှာကျတော့ အဲဒီလို ရှိခဲ့တာတွေကို ကျွန်တော်တို့ ပျောက်အောင် လုပ်ခဲ့ကြပါတယ်။

ဒုတိယ အကြောင်းအရာကတော့ တက္ကစီ ဖြစ်ပါတယ်။ လန်ဒန်မြို့ကို ကျွန်တော် ပြန်ရောက်တော့ တက္ကစီကို အွန်လိုင်းကနေ မှာထားပြီးသားဖြစ်လို့ လေဆိပ်မှာ ကျွန်တော့်နာမည်ပါတဲ့ ဆိုင်းဘုတ်လေးနဲ့ လာကြိုနေပါတယ်။ ကြိုတဲ့သူ နောက်ကို လိုက်သွားတော့ ကားစတင်း (ကားရပ်တဲ့နေရာ) ကို ရောက်ပါတယ်။ လေယာဉ်က နာရီဝက် နောက်ကျပြီးမှ ဆိုက်လို့ လေဆိပ် ရောက်တာနဲ့ ကိုတိကျ ကျွန်တော်က တက္ကစီကို နာရီဝက် နောက်ဆုတ်ပြီး လာကြိုဖို့ ဖုန်းဆက်လိုက်မိပါတယ်။ ဒီတော့ ကျွန်တော်လည်း ကားစတင်းမှာ ၁၅ မိနစ် စောင့်မှ ကားက ရောက်လာပါတော့တယ်။ ခရီးသည် ကြိုဆိုသူက ကားဆရာကို မင်း ဘာလို့ အချိန်အတိုင်း မလာတာလဲလို့ စကားနာ ထိုးတော့ ကုမ္ပဏီက ငါ့ကို နာရီဝက် နောက်ကျပြီးမှ ကြိုပါလို့ ဖုန်းဝင်လာလို့ပါတဲ့။ ကျွန်တော် ကိုယ့်ဘာသာကိုယ်ပဲ အပြစ်တင်လိုက်မိပါတော့တယ်။

ဒီနေရာမှာ ကျွန်တော် ပြောချင်တာက ကားဆရာက ကျွန်တော့်အိတ်တွေကို ကားပေါ်ကို သူကိုယ်တိုင် တင်ပါတယ်။ ကျွန်တော့်မလဲ ဘန်ကောက်မှာ ခြောက်လနေပြီး လန်ဒန်ကို ပြန်လာတာမို့ ပစ္စည်းက များပါတယ်။ အိတ်က သုံးအိတ်ပါ။ အိတ်ကြီးက ကီလို ၂၉ ရှိတယ်၊ အိတ်သေး နှစ်လုံး ၁၃ နဲ့ ၁၅ ကီလို အသီးသီး ရှိပါတယ်။ ကားဆရာက အဘိုးကြီးပါ။ အနည်းလေး အသက် ခြောက်ဆယ် ရှိပါတယ်။ သူ့နာမည် မေးကြည့်တော့ Ray လို့ ပြောပါတယ်။ ရောင်စဉ်ပေါ့ကွာတဲ့။ မြန်မာပြည်မှာလိုပါပဲ… လန်ဒန်မှာလည်း ကားမောင်သူတချို့က အရင်တုန်းက ကုန်သည် လုပ်ဖူးသူတွေ၊ ဘဏ်ဝန်ထမ်းဟောင်းတွေ၊ စစ်သားဟောင်းကြီးတွေ ဖြစ်ပါတယ်။ ကားဆရာ (တက္ကစီ ၀န်ဆောင်မှု ပေးသူဟာ) ကားကို ကြော့ကြော့လေး မောင်းရုံတင် မကပါဘူး၊ ခရီးသည်ကို ကူဖို့၊ စိတ်ချမ်းသာစေဖို့၊ အဆင်ပြေစေဖို့ ၀န်ဆောင်မှု ပေးရတာ ဖြစ်ပါတယ်။

ကားဆရာက သူကိုယ်တိုင် အငှားလိုက်တာပဲဖြစ်ဖြစ်၊ ကုမ္ပဏီကနေတဆင့် အလုပ်ရလို့ မောင်းပို့ရတာပဲဖြစ်ဖြစ် ထိုက်သင့်တဲ့ကြေး ရပြီး ဖြစ်လို့ အလုပ်ပေးသူကို ကျေးဇူးရှင် ၀ါ ပိုက်ဆံပေးသူလို့ သဘောထားပြီး အကောင်းဆုံး ၀န်ဆောင်မှု ပေးရတာ ဖြစ်ပါတယ်။ ဒါဟာ အလွန် အခြေခံကျတဲ့ သဘောတရားပဲ ဖြစ်ပါတယ်။ လန်ဒန်ဆိုတော့ ကားတွေကတော့ အထူး ပြောစရာ မလိုတော့ပါဘူး၊ အသင့်အတင့် ကောင်းတဲ့ကားနဲ့ သေသေချာချာ ကောင်းတဲ့ ကားတွေပါပဲ။ ရန်ကုန်မှာတော့ အဲဒီလို မဟုတ်ပါဘူး။ တက္ကစီ ဆိုတဲ့ ကားတွေကလည်း တော်တော် စုတ်ပါတယ်။ တခါက ကျွန်တော် ငှားစီးတဲ့ ကား… မောင်းနေရင်း မတ်တပ် ၀ါယာရှော့ဖြစ်ပြီး မီးခိုးတွေ ထွက်လာပါတယ်။ ကားဆရာကလည်း သူ့ပိုက်ဆံ မပေးဘဲ ဆင်းသွားမှာစိုးလို့ ကားကို မရပ်ဘဲ အတင်းမောင်းပါတယ်။ ကားပေါ်ပါသူ ခရီးသည် ထိတ်လန့်နေမှာ၊ ခရီးသည်ရော သူရဲ့ အသက်အန္တရယ်ကိုပါ မကြည့်တော့ပါဘူး။ အတင်းပြောမှ ကားရပ်ပြီး ပြင်ပါတယ်၊ ပြင်တယ်ဆိုတာလည်း ဖြစ်သလို လုပ်ထည့်လိုက်ပြီး ဆက်မောင်းတာပါပဲ။

တချို့ကားတွေက တံခါးဖွင့်မရပါဘူး၊ တချို့ကားတွေက ပစ္စည်း ကိရိယာ အစုံအလင် မရှိတော့ပါဘူး။ ကားက ထားလိုက်ပါတော့… နိုင်ငံ ဆင်းရဲလို့… လူတွေ မချမ်းသာလို့လို့ ဖော့တွေးလိုက်လို့ ရပါတယ်…။ ကျွန်တော်လည်း မြန်မာပဲမို့ ဖော့တွေး၊ လျှော့တွေး၊ ဖြည့်တွေးတာတွေက အကျင့်လိုတောင် ဖြစ်နေပါပြီလေ…။ အဲ… ရန်ကုန်က အဲဒီ ကားဆရာတွေကရော… ကားငှားစီးသူ ထမင်းရှင်ကို ၀ါ ပိုက်ဆံပေးသူကို လူလို့ရယ်လို့တောင် သတ်မှတ်ပါလေစလို့ ဆိုတာကတော့ တကယ့်ကို တွေးစရာပါ။ အိတ်ဝိုင်းမဆွဲပါဘူး၊ ပစ္စည်း အတင်အချ ၀ိုင်းမကူပါဘူး။ ငါက ကားမောင်းတာလေ… မင့်ပစ္စည်း အတင်အချကို လုပ်ရမှာလားလို့ စိတ်ထဲမှတ်ထင်နေသူတွေပါ။ “ဟေ့ကောင် အချဉ်မထင်နဲ့…၊ ကိုယ်ပိုင်ကားနဲ့ မောင်းနေတာကွ“ လို့ ပြောကောင်းပြောနိုင်ပါတယ်။ ဒါမှမဟုတ် ၀န်ထမ်းအကြီးအကဲ ညွှန်ကြားရေးမှူးအဆင့်ကနေ အငြိမ်းစားယူပြီး တခြားလည်း မလုပ်ချင်တာနဲ့ ကားမောင်းစားနေတာလို့လည်း ပြောချင်ပြောနိုင်ပါသေးတယ်။ ဒါမှမဟုတ် ကုန်သည်လုပ်နေရင်း တခြားအလုပ်တွေက ခေါင်းစားတာမို့ ကားမောင်းနေတာလို့ ဆိုချင်ဆိုပါလေ။ ဒါပေမဲ့ အခု ကားမောင်းစားနေပြီ မဟုတ်လား၊ ကားစီးသူ ခရီးသည်ကို အကောင်းဆုံး ၀န်ဆောင်မှု ပေးဖို့ လိုပါတယ်။

အခုတော့ အဲဒီလို မဟုတ်ပါဘူး။ ကားဒက်ရှ်ဘုတ်ပေါ်မှာ “ဆေးလိပ်မသောက်ရ“ လို့ လိုင်စင် ၀င်တုန်းက အတင်းရောင်းပြီး ကပ်ခိုင်းထားလို့ ကပ်ထားရတဲ့ စာတမ်းကြီး ရှိနေပါရက်နဲ့ ကားဆရာက ရှေ့ကနေ ဆေးပေါ့လိပ်ကြီး ခဲနေ သောက်နေပါတယ်။ အဲ… ပိုဆိုးတာက ကားနောက်ခန်းမှာက ကားငှားစီးတဲ့ အမျိုးသမီးတွေ၊ ကလေးတွေပါမယ်ဆိုရင် အဲဒီ ရှေ့က ကားဆရာ အတ္တဘောကြီး သောက်သမျှကို ထိုင်ရှုပေတော့ပဲ၊ နောက်ပြီး တချို့ကားတွေရဲ့ ကားနောက်ခန်း မှန်တွေက အသေပါ၊ တင်လို့ချလို့ ဖွင့်မရပါဘူး။ သေပါလေတော့… သေပါတော့ပဲ။

ကားဆရာတွေနဲ့ ၀တ်ပုံစားပုံနဲ့ နေထိုင်ပုံတွေကလည်း အများစုက စိတ်ပျက်စရာပါပဲ။ မြန်မာပြည်က လူတွေ အားလုံး ဖိစီးမှုတွေ၊ စိတ်လက် မချမ်းသာမှုတွေနဲ့ ပြည့်နှက်နေတယ် ဆိုတာကို ကျွန်တော်လည်း မြန်မာတယောက်ပေမို့ ကောင်းကောင်း သိပါတယ်။ ဒါပေမဲ့ ကိုယ်က တပါးသူကို ၀န်ဆောင်မှုပေးပြီး စားရသောက်ရသူ ဆိုရင် ၀န်ဆောင်မှု ကောင်းကောင်းပေးဖို့ လိုပါတယ်၊ စော်ကားတဲ့ အပေါက် မဖြစ်ဖို့ လိုပါတယ်။ ကိုယ့်မိသားစုမှ အရေးစိုက်ရမှာ မဟုတ်ပါဘူး၊ ကိုယ့်ပိုက်ဆံပေးတဲ့ ကိုယ့်ကျေးဇူးပြုတဲ့ ဘယ်သူ့ကိုမဆို ထိုက်တန်တဲ့ ၀န်ဆောင်မှု ပေးဖို့ လိုအပ်ပါတယ်။

အောင်မင်္ဂလာ အဝေးပြေးကွင်းကများ အိမ်ပြန်ဖို့ တက္ကစီ စီးရရင်တော့ ပြောမနေပါနဲ့တော့ဗျာ၊ ငရဲပြည်ကို အရှင်လတ်လတ် ရောက်သွားသလိုပါပဲ။ တကြောင်းထဲနဲ့ သူဌေးဖြစ် ကြံစည်ချင်တဲ့ ကိုရွှေတက္ကစီ ဆရာတွေကို မေတ္တာပို့ရင်းနဲ့ပင် မလောက်ချင်တော့ဘဲ ထိုးချင် ကြိတ်ချင် ရိုက်နှက်ချင်လောက်တဲ့အထိ ဖြစ်သွားပါလိမ့်မယ်။ မြန်မာချင်း အတော့်ကို ရင့်သီး ရိုင်းစိုင်းသူတွေလို့ ကျွန်တော်တော့ လွန်လွန်ကျူးကျူးကို ပြောချလိုက်ချင်ပါတယ်။ ပရိုက်ဗိတ် တက္ကစီဆိုတာ သီးသန့်သဘော၊ ကိုယ်လိုရာနေရာကို တိတိကျကျ ရောက်အောင် သွားနိုင်ဖို့ ငှားစီးတာ ဖြစ်ပါတယ်။ ဟိုပတ်မောင်း ဒီပတ်မောင်း ဟိုလူ့ ဟိုနေရာချ၊ ဒီလူ့ ဒီလမ်းထိပ်ချနဲ့ ဖြစ်သလို ပစ်ချခဲ့ရတာမျိုး မဟုတ်ပါဘူး။ ဒါတွေဟာ စာတတ်တာ၊ ပညာတတ်တာတွေနဲ့လည်း မဆိုင်ဘူးလို့တော့ ကျွန်တော် ထင်ပါတယ်လေ၊ လူ့ အသိတရားလေး နည်းနည်းလေး ရှိတာနဲ့တင်ကို သဘောပေါက်နိုင်တာမျိုးလို့ ကျွန်တော်တော့ ယူဆတာပါပဲ။

ဘန်ကောက်မှာတော့ တက္ကစီတွေက ကောင်းမှကောင်းပါပဲ။ ကားထဲ ၀င်လိုက်ရင် အေးလည်း အေးပါတယ်၊ ကားတွေကလည်း နေ့စဉ် ကြံ့ခိုင်ရေး စစ်ထားလို့ ကောင်းမှကောင်းပါပဲ။ ဒါပေမဲ့ ဘန်ကောက်ကလည်း ရန်ကုန်နဲ့ အနီးအနားမို့ ရန်ကုန်ဓာတ်ကူးတယ်လို့ ဆိုရမလား မသိပါဘူး၊ ယုတ်တာလေးတွေ ရှိပါတယ်။ သူတို့ဆီမှာက တက္ကစီက တက်တာနဲ့ ၃၅ ဘတ်က ချိုးပြီး ဖြစ်တာမို့ နည်းနည်း ဝေးရင် မလိုက်ချင်ပါဘူး။ သူက နီးတဲ့ခရီးဆို ၃၅ ဘတ် နှစ်ခါ ချိုးလို့ ရနေတာကိုးဗျာ။

နောက်တခုက ခရီးတခုကို အသွားအပြန် တခါထဲ ငှားစီးတယ်ဆိုရင်… ရှင်းအောင် ပြောရရင် ပွိုင့် အေ ကနေ ပွိုင့် ဘီ ကို သွားတယ် ဆိုပါစို့။ ပွိုင့် အေ က ထွက်လို့ တခါ ၃၅ ဘတ် ချိုးလိုက်ပြီး ပွိုင့် ဘီ ရောက်လို့ တယောက် ဆင်းပြီး ပွိုင့် အေ ဘက် ပြန်လှည့်တာနဲ့ နောက်ထပ် တခါ ၃၅ ဘတ် ထပ်ချိုး ပြန်ပါတယ်။ အဲဒီလိုပါ…။ “ဟ… မင်း ကားကို ငါ တောက်လျှောက် ငှား ထားတာပဲ“ ဆိုလည်း မရပါဘူး။ အဲ… ညဘက်ကျရင်တော့ တချို့ကားတွေက မီတာကို ပိတ်ထားလိုက်ပြီး ပါးစပ်ထဲ ပေါ်တဲ့ ဈေးကို တောင်းပါတယ်။ ခုန ပြောတဲ့ ခရီးသည်ကို ကူတာ၊ ၀န်ဆောင်မှု ပေးတာကတော့ ကမ္ဘာလှည့်များပေမယ့် ရန်ကုန်နဲ့ နီးလို့လား မသိပါဘူး။ ကူတဲ့ ကားဆရာက ကူတတ်ပြီး မကူတဲ့ ကားဆရာကတော့ ရန်ကုန်က တက္ကစီ ဆရာတွေလိုပါပဲ… မကူကြပါဘူး။

ဈေးဝယ်တဲ့ အကြောင်းလေးလည်း နည်းနည်းတော့ ပြောကြည့်ရအောင်ဗျာ။ လန်ဒန်ပြန်ရောက်ရောက်ချင်းဆိုတော့ စားဖို့သောက်ဖို့က ဘာမှ မရှိလေတော့ ဈေးဝယ်ရပါတယ်။ ဈေးဝယ်တော့လည်း မြန်မာပြည်သားပဲဗျာ… သက်သာတဲ့ ဆိုင်မှာ ၀ယ်တာပေါ့လေ။ ဘာဝယ်ဝယ် တပေါင်ဆိုတဲ့ ဆိုင်တွေက ကျွန်တော် နေတဲ့ အရပ်မှာ များမှများပါပဲ။ ဒါနဲ့ ကျွန်တော်လည်း လိုအပ်တဲ့ ကော်ဖီ၊ ဘီစကွတ်၊ ခေါက်ဆွဲခြောက်၊ ဖျော်ရည်၊ အားလူးကြော်၊ တခါ တကိုယ်ရည် သန့်ရှင်းရေးအတွက် လိုအပ်တဲ့ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာ၊ မုတ်ဆိတ်ရိတ်ဓား၊ ခံတွင်းသန့်ရှင်းဆေးရည်၊ အိမ်သာသုံးစက္ကူ၊ ဘာညာ သာရကာ ၀ယ်ရတာပေါ့လေ။ အများစုကတော့ ဆိုခဲ့ပါအတိုင်း တခုယူ တပေါင်ပေးပေါ့။ ဒါနဲ့ ပစ္စည်းတွေ အိုင်တမ်(item) ပေါင်း ၂၀ ကျော် ၀ယ်ပြီး သကာလ ပိုက်ဆံပေးပြီး ထွက်လာခဲ့တယ်။ အိမ်ရောက်မှ ၀ယ်လာတဲ့ စာရင်းကို ဘာကြောင့်မှန်း မသိ ပြန်ကြည့်တော့ ကောင်တာက ဆရာက ပိုက်ဆံပိုယူလိုက်တာကို သတိထားမိတယ်။ (ပုံမှန်ဆို ကျွန်တော်က ၀ယ်ပြီး ပြီးရော… ထားလိုက်တတ်သူပါ၊ ဒီတခေါက်တော့ ငါ့ဆီက ပိုက်ဆံများ ပိုယူလိုက်သလားလို့ စိတ်ထဲက ထင်တာနဲ့ သေချာ စစ်ကြည့်လိုက်တာ… အဟုတ်ပါပဲ၊ ပိုယူလိုက်ပါတယ်)။

စိတ်ထဲ ထောင်းကနဲ ဒေါသထွက်သွားသလို တဖက်ကလည်း ချက်ချင်း စိတ်ပြန်ထိန်းပြီး “ဒါ… မင်းညံ့တာပဲ၊ မင်း ၀ယ်ပြီးတာနဲ့ ကောင်တာက အထွက်မှာ ပြန်စစ်ရမှာ မဟုတ်လား။ အခု အိမ်ရောက်မှ စစ်တော့ ဘာတတ်နိုင်မလဲ။ ပြီးတော့ သုံးပေါင်တောင် မပြည့်တာ ထားလိုက်ပါတော့၊ သင်ခန်းစာပေါ့“ လို့ ကိုယ့်ကိုယ်ကိုယ် နောက်တကိုယ်က ကိုယ်ခွဲပြီး ဆုံးမပါသေးတယ်။ ဒါပေမဲ့လို့ မရပါဘူး။ မူလကိုယ် အော်ရီဂျင်နယ်ကိုယ်က အင်မတန် ခေါင်းမာပြီး တဇွတ်ထိုး လုပ်တတ်သူ ဖြစ်လေတော့ ဈေးဆိုင်ကို ပြန်သွားသင့် မသင့် အဖန်ဖန် စဉ်းစားပြီး ပြန်သွားပါတယ်။ ပြန်သွားတာမှာ အကြောင်းနှစ်ချက် ရှိပါတယ်။ တချက်က ကိုယ်က သူ့ဆိုင်မှာ ၀ယ်ရင် ဈေးသင့်တယ်၊ ဒါမှမဟုတ် သက်သာတယ်ထင်လို့ ၀ယ်တာ… အခုလို ပတ်တီးချခံလိုက်ရတော့ ဘာထူးတော့မလဲ။ ဒီလိုဆိုရင် နဂိုကထဲက စိန့်စ်ဘူရီတို့၊ တက္ဆကိုတို့မှာ ၀ယ်မှာပေါ့လို့ တွေးမိတာကတကြောင်း၊ နောက်တခုကတော့ အခုလို ပြန်သွားပြောရင် သူတို့ ဘယ်လို ဖြေရှင်းပေးမလဲလို့ သိချင်တာကတကြောင်း… အကြောင်းနှစ်ကြောင်းနဲ့ ပြန်သွားခဲ့ပါတယ်။

ကံက ဆိုးချင်တော့ ဆိုင်က ပိတ်သွားပါပြီ။ Wilkinson ဆိုင်မို့ တနင်္လာကနေ စနေနေ့အထိ ည ၇ နာရီမှာ ဆိုင်ပိတ်တာ ဖြစ်ပါတယ်။ ကျွန်တော်က ဒီအတိုင်း တင်းတင်းနဲ့ ထွက်ခဲ့တော့ အချိန် ဘယ်လောက် ရှိနေမှန်းလည်း မသိပါဘူး။ ကိုယ့်ဘာသာကိုယ်တော့ စောသေးတယ် ထင်ခဲ့တာပေါ့။ ဆိုင်ရှေ့ကို ၇ နာရီ ၁၀ မိနစ်လောက် ရောက်သွားပေမယ့်လို့ သူတို့က ဆိုင်ကို အလုံပိတ်ပြီး ပစ္စည်းနဲ့ ငွေစာရင်း ရှင်းလင်းရေးတွေ လုပ်နေပြီ ဖြစ်ပါတယ်။ ဒီဘက်မှာက အချိန်နဲ့ စည်းကမ်းကို သိပ်တိကျပြီး လိုက်နာကြတော့ အဲဒီကနေ ဘာကိုမှ ကျော်မလုပ်ဘူး ဆိုတာကိုလည်း သိထားတော့ ကျွန်တော်လည်း မနက်ဖြန်မှ လာတာပေါ့ကွာဆိုပြီး စိတ်ပျက်လက်ပျက်နဲ့ ကိုယ့်တပ် ကိုယ်ခေါက်ပြီး ပြန်လာခဲ့ရပါတော့တယ်။

နောက်တရက်ကျတော့ မိုးလင်းတာနဲ့ ဆိုင်ဖွင့်ချိန်စောင့်ပြီး ကျွန်တော် သွားပါတယ်။ ရုံးဖွင့်ရက်မို့ ဆိုင်မှာကလည်း လူရှင်းနေပါတယ်။ ဈေးဝယ်ကလည်း တယောက်၊ နှစ်ယောက်ပဲ ရှိပါတယ်။ ကျွန်တော်က စတွေ့တဲ့ ၀န်ထမ်းတယောက်ကို မနေ့က ဈေးဝယ်တာ… ပိုက်ဆံ ပိုယူလိုက်ပါတယ်။ အဲဒါ ပိုက်ဆံ ပြန်လိုချင်ပါတယ်လို့ ပြောလိုက်တော့ သူက နှစ်မိနစ်စောင့်ပေးပါ၊ စီစီတီဗီ ပြန်ကြည့်လိုက်ပါမယ်။ ပြီးတာနဲ့ ရှင်းပေးပါမယ်ဆိုပြီး ကျွန်တော့်ကို စောင့်ခိုင်းပြီး သူကတော့ စီစီတီဗီ ဖိုင်တွေကို ပြန်ကြည့်ဖို့ ထွက်သွားပါတယ်။ လုပ်ငန်း မကျွမ်းတာပဲလား၊ သေချာပဲ စစ်ဆေးနေလို့လား မသိပါဘူး။ သူက နှစ်မိနစ်လို့ ပြောသွားပေမယ့် ၁၀ မိနစ်ကြာမှ ပြန်ရောက်လာပါတယ်။ ပြီးတော့ ကျွန်တော် ပြောတဲ့ အိုင်တမ် နှစ်ခုမှာ ပိုယူတယ်ဆိုတာ မဟုတ်ဘဲ တခုမှာပဲ ပိုယူလိုက်တာပါ၊ တခုကတော့ သူတို့ မှန်ပါတယ်လို့ ပြောပါတော့တယ်။ အဲဒီမှာ ကျွန်တော်လည်း ငိုမဲ့မဲ့နဲ့ စိတ်ပိုတိုသွားပြီး “ဟေ့လူ ကျုပ်က သေချာ စစ်ဆေးလာတာ…၊ ခင်ဗျားတို့ ပစ္စည်းနှစ်ခုမှာ အရေအတွက်ကို ပိုပြပြီး ပိုက်ဆံပိုယူလိုက်တယ်“ လို့ အော်တော့မှ အလုပ်ကြပ် ဖြစ်ဟန်တူသူ နောက်တယောက် ရောက်လာပြီး “ကျွန်မ ရှင်းပေးပါ့မယ်၊ နှစ်မိနစ်လောက် ထပ်စောင့်ပါ“ ဆိုပြီး သူလည်း သွားပြန်ကြည့်ပြန်ပါတယ်။

အဲ… အဲဒီတယောက်ကတော့ သုံးမိနစ်အကြာမှာ ပြန်ရောက်လာပါတယ်။ ဒီတခါတော့ ကျွန်တော်က အရင် အော်ထားတော့တာပါပဲ။ “မင်းတို့ဆိုင်က ဈေးသင့်တယ်လို့ ငါက ယူဆပြီး ဈေးလာဝယ်တာပဲ၊ အခုတော့ မင်းတို့ကို ငါ မယုံတော့ဘူး။ ရေရေလည်လည် စိတ်ပျက်ဖို့ ကောင်းတယ်“ လို့ ကျွန်တော်က ပြောလိုက်တော့… အဲဒီ အမျိုးသမီးက ကျွန်တော့်ကို သူတို့ ပိုယူလိုက်တဲ့ ပိုက်ဆံ ပြန်အမ်းဖို့ ပြင်ရင်း “ကျွန်မ တောင်းပန်ပါတယ်ရှင်၊ ကောင်တာ ၀န်ထမ်းက အာရုံစိုက်မှု လျော့နည်းသွားလို့ ဖြစ်သွားတာပါ။ တောင်းပန်ပါတယ်ရှင်“ လို့ နှစ်ခါလောက် ပြောပါတယ်။ ကျွန်တော်လည်း စိတ်ဆင်းရဲရတာနဲ့ အချိန်ကုန်တာနဲ့စာရင် မကာမိပေမယ့်လို့ ဒီလို သူတို့ အမှားကို ကိုယ်က ပြန်တောင်းဆိုခဲ့ရင် ဘယ်လို ရှင်းလင်းသလဲ ဆိုတာကို သိချင်လို့ သွားခဲ့တာဖြစ်ပြီး သူတို့ ပိုယူထားခဲ့တဲ့ ပိုက်ဆံကိုတော့ ပြန်ရအောင် ယူလာနိုင်ခဲ့ပါတယ်။ အခု ကျွန်တော့်ကိစ္စက ပိုက်ဆံပိုယူလိုက်လို့ သွားပြန်တောင်းခဲ့တာပါ၊ အဲဒီဆိုင်က ပစ္စည်းကို ၀ယ်ပြီးမှ မကြိုက်တော့ရင် တလအတွင်း ပြန်ပေးလို့ရပြီး သူတို့က အဲဒီ ပစ္စည်းတန်ဖိုးကို ပြန်အမ်းပေးပါတယ်။

ရန်ကုန်မှာ ဈေးဝယ်ရင်ရော… “၀ယ်ပြီး ပစ္စည်း ပြန်မလဲပါ“ “ပစ္စည်း၊ ပိုက်ဆံ စစ်ပြီး ယူပါ၊ ဒီကောင်တာမှ ထွက်ရင် တာဝန်မယူပါ“ လို့ ရေးထားတဲ့ စာတွေကို တွေ့ရမှာ ဖြစ်တဲ့အပြင် သူတို့ဆီက တခုခု ၀ယ်လို့ သုံးလို့ အဆင်မပြေလို့၊ ပျက်လို့ ပြုလို့ ရှိခဲ့ရင်လည်း ဘာ တာဝန်မှ မယူပေးပါဘူး။ ရောင်းပေးတာကိုပဲ ကျွန်တော်တို့တတွေက ကျေးဇူးတင်နေရမှာပါ။ အမှန်က ဈေးဝယ်က ကျေးဇူးရှင် ဒါမှမဟုတ် ကိုယ့်ကို အမြတ်အစွန်းတွေ လာပေးသူ မဟုတ်ဘူးလား။ မြန်မာတွေဟာ သူတပါး ကျေးဇူးကို အထူးသိတတ်တယ်၊ ကျေးဇူးရှင်ကို အမြဲ မေတ္တာပို့ပြီး စောင့်ရှောက် ဆက်ဆံတယ်ဆို… တကယ်တော့ မဟုတ်ပါဘူးလို့တောင် ဆိုရမလားပါပဲ။ အခြေခံနယ်ပယ်တွေမှာတောင် လိုက်နာ ကျင့်ကြံမှုအား နည်းပါးလွန်းလှပါတယ်။

ဘန်ကောက်ကတော့ ဈေးဝယ်ကောင်းတဲ့မြို့၊ ဈေးဝယ်ထွက်တဲ့မြို့မို့ အထူး မပြောလိုတော့ပါဘူး။ ပစ္စည်းတွေကို စိတ်တိုင်းကျ ရွေးချယ် ၀ယ်ယူနိုင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က အပေါစား ကင်မရာ တလုံးဝယ်တာမှာ ဆိုင်က ချာတိတ်လေးက VAT ပြန်ရဖို့ အပါအ၀င် လုပ်ကိုင်ပေးနေလိုက်တာ ၀ယ်တဲ့သူတောင် အဲဒီလောက် စိတ်မရှည်တော့ပါဘူး။ သူတို့က အဲဒီလို စိတ်ရှည်လက်ရှည်နဲ့ကို ရောင်းပါတယ်။ အာမခံကတ်တွေလည်း ပေးပါတယ်။ သူငယ်ချင်းတယောက် လက်ကိုင်ဖုန်း ၀ယ်တာမှာလည်း ရောင်းတဲ့ မိန်းမက ချိုလိုက်တာမှ သကြားက အမ ခေါ်ရလောက်ပါပေတယ်။ ကိုယ့်ကို ပိုက်ဆံလာပေးတဲ့သူ အမြတ်အစွန်း လာပေးတဲ့သူကို ဘယ်လို ဆက်ဆံရတယ် ဆိုတာကို သူတို့တွေ ကောင်းကောင်း နားလည်ကြပါတယ်။ အဲ… ပြောခဲ့သလိုပါပဲ… ဘန်ကောက်ကလည်း ရန်ကုန်နဲ့နီးလေတော့လေ… ရန်ကုန်မှာ တွေ့ရတဲ့ စိတ်ဓာတ်နဲ့ ဈေးရောင်းသူတွေကိုလည်း တခါတခါမှာတော့ တွေ့ရတတ်ပါကြောင်းဗျာ။

၂၀၁၂၊ မေ ၃၊ ညနေ ၅ နာရီ။

လန်ဒန်။

by Myo Tha Htet on Tuesday, 20 March 2012 at 21:42·

ကျွန်တော်က ကျွန်းပိုင်ရှင်တယောက်ပါ။ ကာရစ်ဘီယံ ကျွန်းစုထဲက ကျွန်းတွေကို ပိုင်တာလား ဆိုရင်တော့ ကျွန်တော် ခပ်တည်တည် ငြ⁠င်းရပါလိမ့်မယ်။ ဒါဖြင့်ရင် အင်ဒိုနီးရှား ဘာလီကျွန်းစုထဲကလား ဆိုရင်လည်း ကျွန်တော် ဟင့်အင်း လုပ်မှာပါပဲ။ ဒါဖြင့်ရင် ဘယ်နေရာက ကျွန်းလဲလို့ မေးလာရင်တော့ ကျွန်တော် အေးအေးဆေးဆေး ဖြေပါ့မယ်။ ကျွန်တော့် လက်ဖ၀ါးပေါ်က လက္ခဏာရေးကြောင်းပေါ်က… ပွင့်ပွင့်လင်းလင်း ပြောရ⁠ရင် နှလုံးလမ်းကြောင်းပေါ်က ကျွန်းတွေပေါ့လေ…။

အဆိုတော် စိုင်းထီးဆိုင်က အဲဒီသီချင်း ဆိုတယ်မို့လား… လက္ခဏာဆရာက ပြောတယ်မေရယ်… နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်… မိန်းမနဲ့ ပတ်သက်လာရင် အမြဲတမ်းပဲ ကံဆိုးနေမယ်… အခန့်မသင့်ရင် အချစ်အရေးအတွက် ကိုယ့်အသက်တောင် ရန်ရှာလိမ့်မယ်… မျက်ကန်း အချစ်သမားရယ်တဲ့…။

အရင်ကတော့ ကျွန်တော့်လက်ဖ၀ါးလေးတွေက သေးသေးလေးတွေပေါ့၊ အခုတော့ သမုဒ္ဒရာ ၀မ်းတထွာဆိုတဲ့ အရေးတွေကြောင့် လက်ဖ၀ါးလေးကလည်း လက်ဖ၀ါးကြီးဖြစ်လို့… နုထွေးတဲ့ လက်ဖ၀ါးလေးကလည်း ကြမ်းထော်လို့ ရင့်ရော်ခဲ့ပြီပေါ့လေ…။ ထူးခြားတာကတော့ အရေးအကြောင်းတွေပေါ်က ကျွန်းတွေကတော့ ပျောက်မသွားပါဘူး။ ကြီးတောင်လာခဲ့မှကော…။

ကျွန်တော်က ဗေဒင်လေး၊ လက္ခဏာလေးကလည်း နည်းနည်းပါး⁠ပါး မေးတ⁠တ်မြန်းတ⁠တ်တော့ မေးကြည့်ပါတယ်။ “ဟ… ဆရာသမားက ရုပ်ရည်ကလေးကတော့ သနားကမားနဲ့ နှလုံးလမ်းကြောင်းက ဖျက်နေတယ်တဲ့။ ဒါကြောင့် အသည်းကွဲရင်ကွဲ… မကွဲရင် သေမှာပဲ“ တဲ့…။ ကျွန်တော့်မှာ ကြောက်တာပေါ့လေ…။ ဒါဖြင့်ရင် ယကြာလေး ဘာလေး ချေလို့ မရဘူးလားလို့ ဆက်မေးရတော့တာပေါ့ဗျာ။

ရသမှ သိပ်သိပ်ရဆိုပြီး ဗေဒင်ဆရာတွေ၊ လက္ခဏာဆရာတွေ မျက်နှာတွေ ၀င်းလက်သွားတာများ နေ့ခင်ကြီး လမင်းတွေ ထွက်ပြူလာသလိုပါပဲဗျာ။ ဒီလိုနဲ့ ကျွန်တော် ယကြာဖိုးတွေ တော်တော်ကုန်ခဲ့ပေါ့။ ယကြာတွေပဲ စွမ်းလို့လား… ဗေဒင်နဲ့ လက္ခဏာဆရာတွေကပဲ သူတော်ကောင်းကြီးမို့ စောင့်ရှောက်လိုက်လေသလားတော့ မသိပါဘူးဗျာ…၊ အခုထက်ထိတော့ မာမာချာချာ ရှိနေတုန်းပါပဲ။

ဒီလိုနဲ့ ကြာလာတော့ ကျွန်တော် ယကြာ ဆက်မချေဖြစ်တော့ပါဘူး။ အသည်းကွဲမယ့်တူ⁠တူ သေသော်မှတည့် သြော်ကောင်း၏လို့ ပိုင်းဖြတ်ပြီး သကာလ ကျွန်တော် အေးအေးပဲ နေပါတော့တယ်။ တခုတော့ ကျွန်တော် လုပ်ပါတယ်။ ကျွန်တော့် လက်ဖ၀ါးပြင်ပေါ်က ကျွန်းတွေကို ပိုင်းခြားလေ့လာပြီး သူတို့ရဲ့ သက်တမ်းကို စိတ်မှန်းနဲ့ ကျွန်တော် တွက်ချက်ကြည့်တော့တာပါပဲ။ ကျွန်တော် ငယ်ငယ်က သင်္ချာတော်တယ်လေ… ဒါဆို တွက်နိုင်ရမှာပေါ့လို့ ကိုယ့်ကိုယ်ကိုယ် အားတင်းလို့ တွက်ကြည့်ပါတယ်။

ကျွန်တော့်နှလုံးလမ်းကြောင်းက လက်သန်း အခြေအောက် တလက်မ မရှိတရှိကနေ လက်ခလည်အောက် တည့်တည့် တလက်မ မရှိတရှိ အထိ ရှိနေတာမို့ နှလုံးလမ်းကြောင်းက အသက် ၅၅ နှစ်လောက်အထိ အလုပ်ဖြစ်မယ့် သဘောတော့ ရှိနေပါတယ်။ ဒါက ယေဘူယျ ကောက်ချက်ချကြည့်တဲ့ သဘောပါပဲ။ ဒီတော့ ကျွန်းတွေကို စီတန်းလို့ တွက်လိုက်မယ် ဆိုရင်တော့ ၁၀ ကျွန်း မက ရှိနေတယ်၊ ဒီတော့ တကျွန်းကို သုံးနှစ်နဲ့ တွက်မယ်ဆိုရင် ၃၆ နှစ်အထိကတော့ ကျွန်းခံတုန်းပါပဲ။ ဒါဆိုရင် သင်္ချာဗေဒအရ စီးကြည့်ရင်တော့ ၃၆ အလွန်မှာ ၃၇ ရှိတယ်။ ဒီတော့ ၃၇ က စပြီး ကျွန်းပျောက်ပြီလို့ ကျွန်တော် လက်ခမောင်း ခတ်လိုက်တယ်။

ဒါက ကျွန်တော့်ဘာသာ တွက်ထားတာပါ။ မှန်ချင်လည်း မှန်တယ်၊ မမှန်ချင်လည်း မှားမှာပေါ့။ မှားလည်းမှားပေါ့လေ… ဘာအရေးလဲ။ ကျွန်တော်က ပိုက်ဆံယူပြီး ဟောစားတဲ့ ဗေဒင်ဆရာလည်း မဟုတ်ဘူးလေ… ပြဿနာက ဟောစားပြီး မမှန်တဲ့ ဗေဒင်ဆရာတွေလည်း ရှိသေးတာပါပဲ။

ကျွန်တော် ငယ်ငယ်က အမေက သားကြီးမို့ ပညာရေး ကောင်းစေချင်တယ်။ ကန်တော်လေးက ဗေဒင်ရော လက္ခဏာပါ ရတဲ့ နာမည်ကျော် ဗေဒင်ဆရာကြီး တယောက်ဆီမှာ သွားမေးတယ်။ အဲဒီတုန်းက အခုလောက် ဗေဒင်တို့ ဘာတို့ ကျွန်တော် မယုံသေးဘူး။ ကိုယ် လုပ်မှ ကိုယ်ဖြစ်တာဆိုပြီး ခပ်မာမာ သဘောထား ရှိတဲ့ အချိန်ပေါ့။

အဲဒီဆရာက ကျွန်တော့် မွေးနေ့ တောင်းပြီး တွက်လိုက်တယ်၊ လက္ခဏာလည်း တချက် ဖမ်းကြည့်လိုက်သေးတယ်။ ပြီးတော့ ခပ်တည်တည် ဟောချလိုက်တယ်။ မင်း ပညာရေး ဆုံးခန်း မတိုင်ဘူးတဲ့။ အမေ့မှာ မျက်ရည်လေး ဘာလေး ၀ဲပေါ့ဗျာ၊ ကျွန်တော်က ရယ်နေတယ်။ ကျွန်တော့်လောက် စာတော်တဲ့ ကောင်ကိုမှ ဒီဆရာ တလွဲဟောတယ်လို့…။

ဒါပေမဲ့ ဟုတ်တုတ်တုတ်တော့ ပြောရမလား မသိပါဘူးဗျာ၊ ၁၀ တန်းအောင်ပြီး ၁၀ နှစ်ကြာမှ ဘွဲ့တခု ရခဲ့ပါတယ်။ အမေ့ ယကြာတွေများ ကောင်းသွားလို့လားလည်း မဆိုနိုင်ပါဘူး။ အဲဒီ ဆရာကပဲ ဆက်ဟော သေးသဗျာ… “ဟ… မင်းက နိုင်ငံခြား သွားမယ့် ကောင်ပဲ“ တဲ့…။ ကျွန်တော်ကလည်း ကိုယ့် အဖေ အရွယ်လောက် ရှိတဲ့ ဗေဒင်ဆရာ ဆိုပေမယ့် ခပ်ရွတ်ရွတ်သမား ဆိုတော့ “ဟုတ်လားဆရာ… နိုင်ငံခြား ဘယ်လို သွားရမှာလဲ“ လို့ ပြန်မေးတာပေါ့။

ကျွန်တော် မေးတာက ကျောင်းသွားတက်ရမှာလား၊ သင်္ဘောတက်ရမှာလား (ကျွန်တော်တို့ခေတ်က သင်္ဘောသား ခေတ်စားတယ်လေ၊ ကျွန်တော့် သူငယ်ချင်းတွေ တော်တော်များများက ၁၀ တန်းအောင်ပြီး ခဏနေတော့ သင်္ဘောတက်ကုန်ကြတာပဲလေ)၊ ဘာသွားလုပ်ဖို့ နိုင်ငံခြား သွားရမှာလဲပေါ့၊ အဲဒီလို မေးမိတာပါ။ အဲဒါကို ဆရာက ပိုင်နိုင်တဲ့ အာလုပ်သံကြီးနဲ့ ရွဲ့တာလားတော့ မသိပါဘူး၊ ခပ်တည်တည် ပြန်ဖြေပါတယ်… အခုလို…။

“နိုင်ငံခြားကို လေယာဉ်စီးသွားရတယ်“ တဲ့။ ကျွန်တော်က မျက်လုံးပြူးပြီး တခွန်းပဲ ပြောနိုင်လိုက်တယ်။

“ဟင်“ လို့…။ အဲဒီလို ဟောစားတဲ့ ဗေဒင်ဆရာမျိုးလည်း ကျွန်တော် ကြုံဖူးပါတယ်။ သူကပဲ ဟောပါသေးတယ်၊ မင်း အခုနှစ်ထဲ (၁၉၉၃) နိုင်ငံခြား သွားရမှာတဲ့။ ကျွန်တော့်မှာ ရင်တွေပန်းတွေတောင် ခုန်ခဲ့ရသေးတယ်။ စိတ်ထဲကတော့ ဟုတ်မှလည်း လုပ်ပါဆရာရာလို့ ပြန်ပြောလိုက်မိသေးတယ်။ လူက ၁၀ တန်းလောက် ရှိသေးတာကိုးဗျ။

အဲ… တခုတော့ ရှိတယ်၊ ကျွန်တော်တို့ တိုက်ခန်း အောက်ဆုံးထပ်က သင်္ဘော အင်ဂျင်နီယာ ရခိုင်သားကြီးကလည်း ကျွန်တော့်ကို နိုင်ငံခြားသွားဖို့ တအားကို အားပေးနေချိန်ဆိုတော့ ကျွန်တော့်မှာ တကယ်ပဲ ငါများ နိုင်ငံခြား သွားရတော့မှာလားလို့လည်း တွေးမိသေးတယ်။

ရခိုင်ကြီးက ဒီလို… တညနေခင်းမှာ သူက ရက်ဒ်လေး ဖြည်းဖြည်းသောက်လို့ ကောင်းနေပုံရပါတယ်။ သူ့အခန်းရှေ့က ဖြတ်တော့ လှမ်းခေါ်တယ်။ ဒါနဲ့ သူ့အိမ်ထဲ ၀င်သွားတော့ သူ့မိန်းမက သူ့ဘေး မလှမ်းမကမ်းမှာ ထိုင်နေတယ်။ သူတို့မှာက သားသမီးငယ်လေးတွေလည်း ရှိပုံရပါတယ်။

သူက ပြောတယ်။ “မင်း အရပ်အမောင်းနဲ့ဆို သင်္ဘောသား လုပ်လို့ကောင်းတယ်“ တဲ့။

“ဟ… ဘာမှလည်း မဆိုင်ပါလားကွ“ လို့ ကျွန်တော့်စိတ်ထဲ တွေးတယ်။

သူက မေးပြန်တယ်။ “မင်းအသက် အခု ဘယ်လောက်လဲ“ တဲ့။

“၁၇“ ကျွန်တော်က ဖြည်းဖြည်း ဖြေတယ်။

“ဟ… ကောင်းလိုက်တာကွာ“ တဲ့။ ရခိုင်သားကြီးက နည်းနည်းတော့ တကယ်ကောင်းနေပုံလည်း ရပါတယ်။

ပြီးတော့ ဆက်ပြန်တယ်။

“မင်း စဉ်းစားကြည့်လေ… ဒီအရွယ်လောက်ကနေ စပြင်ဆင်ပြီး သင်္ဘော တက်လိုက်မယ်ဆိုရင် ပထမတခေါက် သုံးနှစ်၊ မင်းပြန်လာ စာမေးပွဲ ဖြေ၊ နောက်တခေါက်တက် သုံးနှစ်၊ ပြန်လာ စာမေးပွဲ ဖြေ၊ ဘယ်လောက် ရှိသွားပြီလဲ“

ကျွန်တော့်မှာ ဒုက္ခရောက်ပါတော့တယ်။ သူက သင်္ဘောသားလည်း ကျွန်တော့်ကို ဖြစ်စေချင်ပုံ ရတယ်။ အင်ဂျင်နီယာပီပီ သင်္ချာတွေလည်း အတင်းတွက်ခိုင်းပါတော့တယ်။

တကယ်တော့ ကျွန်တော်က သင်္ဘောတက်ရမှာကို အသေကြောက်နေတာပါ။ ဒီလောက် ပင်လယ်ပြင် အကျယ်ကြီးထဲမှာဗျာ… သင်္ဘောက ဘယ်လောက်ကြီးကြီး ပိစိကွေးလေးပဲ မဟုတ်လား၊ လှိုင်းတွေ လေတွေထဲ သွားနေတာ တခုခု ဖြစ်သွားရင် ကျွန်တော် ရှောမှာလေ… ဥစ္စာကံစောင့် အသက်ဥာဏ်စောင့် မဟုတ်လား၊ ကျွန်တော်တော့ မချမ်းသာချင်ရင်လည်း နေပါစေ၊ သင်္ဘောသားတော့ မလုပ်ဘူးလို့ တွေးပြီး ကြောက်နေတယ်။ ဒါနဲ့ ကျွန်တော့်ဆီက အဖြေ အမှားရော အမှန်ပါ တခုမှ မရတော့ ရခိုင်သားမို့လားဗျာ၊ သူ့ဟာသူ ရအောင်တွက်ပါတယ်။

“မင်း ၂၃၊ ၂၄ ဆို အရာရှိ ဖြစ်ပြီ၊ စဉ်းစားလေ… သင်္ဘောကုန်းပတ် အရာရှိ လုပ်မလား၊ ငါ့လို အင်ဂျင်နီယာလိုင်း လိုက်မလား။ ကြိုက်တာရွေးပေါ့။ မင်း စာမေးပွဲတွေ တခုပြီးတခု အောင်ရင် ၃၀ ကျော်မှာပဲ သင်္ဘော ကပ္ပတိန်ဖြစ်မယ်။ ဘယ်လောက်ကောင်းသလဲ“

သူကတော့ တကယ့်တွက်ကိန်းနဲ့ တကယ်လည်း ကောင်းနေပါတယ်။ ကျွန်တော့်မှာတော့ ပင်လယ်ရေပြင် အပြာကြီးကို စိတ်နဲ့ပဲ မြင်အောင် ကြည့်ပြီး ကြောက်နေပါပြီ။ ပင်လယ်ပြင်ကိုလည်း ကြောက်တယ်၊ ဒီရခိုင်ကြီးနဲ့လည်း နောက်တခါ မတွေ့အောင် ရှောင်မှလို့ ကိုယ့်ကိုယ်ကိုယ် သတိလည်း ပေးရင်းနဲ့ ပြန်ဖို့ လုပ်ရတယ်။

“ဟုတ်ကဲ့၊ ကောင်းပါတယ်ခင်ဗျာ။ အမေနဲ့လည်း တိုင်ပင်ကြည့်ပါဦးမယ်။ အမေက သားကြီးဆိုတော့ အားကိုးတယ် ထင်ပါရဲ့ဗျာ။ ဘယ်မှ ဝေးဝေးကွာကွာ မသွားစေချင်ဘူး ထင်ပါရဲ့“ လို့ အမေ့ဘက် လွှဲချပြီး ကျွန်တော်လည်း အသာထလာခဲ့မိတယ်။

“အေး အေး… ငယ်တုန်းကြိုးစားကွ၊ မင်း တကယ် တက်မယ်ဆို ငါ့ ကုမ္ပဏီကနေ သေချာ စီစဉ်ပေးမယ်၊ ဟုတ်လား“ တဲ့။ ရခိုင်ကြီးကား အဲဒီညနေက အကြီးအကျယ် စိတ်ကောင်းဝင်နေခဲ့ပုံ ပေါ်ပါတယ်။ ပိန်ပိန်ရှည်ရှည် ကလန်ကလား ကျားကျားယားယားမို့ သူ့ဘာသာသူ ကျွန်တော့်ကြည့်လို့ အားရနေပြီး ကျွန်တော့် အနာဂတ်ရေး အခမဲ့ လမ်းညွှန်ပေးခဲ့သူ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ အာဂယောက်ျားပီပီ သင်္ဘောတက်ဖို့ အလွန် ကြောက်ခဲ့ပါတယ်။

အခန်းအပေါ်ထပ် ပြန်တက်ခဲ့ပြီးနောက်မှာတော့ အမေ့ကို ပြောပြရပါတယ်။ အမေရေ… အောက်ထပ်က သင်္ဘော အင်ဂျင်နီယာကြီးကတော့ ဒီလိုဒီလို ပြောတယ်ပေါ့။ ကျွန်တော် စဉ်းစားပေါ့၊ သင်္ဘောတက်မယ်ဆို သူ သေချာ ကူညီပေးမယ်လို့ ပြောတယ်ပေါ့၊ ကျွန်တော်က အမေ့ကို ပြန်ဖောက်သည် ချလိုက်တယ်။ အမေဆိုတော့ သားကို ချစ်တယ်မို့လား၊ မလုပ်ပါနဲ့ကွယ်… အန္တရာယ် များပါတယ်… ဘာညာ သရကာ အချိုအချော့လေးများ ကြားရမယ် မှတ်ထားတာပေါ့လေ။ အမေလေ… ကျွန်တော့် အမေလေ… သိတယ်မို့လား။ တကယ်ပါပဲဗျာ။

“မင်း သဘောပဲလေ၊ လုပ်ချင်လုပ်ပေါ့၊ ယောက်ျားပဲကွာ“ တဲ့။

ကျွန်တော့်မှာတော့ “ဟာ… ဒုက္ခပါပဲ“ လို့ စိတ်အတော်ကြီးကို ဆင်းရဲသွားပါတော့တယ်။ ကြောက်ပါတယ်ဆိုမှ ဖြဲခြောက်သလိုကြီး ဖြစ်နေတာပေါ့ဗျာ။ အဲဒီလို ကျွန်တော်ပါ၊ ပင်လယ်လည်း မသွားရဲ ကျွန်းတွေကိုလည်း မကပ်ရဲခဲ့သူ တယောက် ဖြစ်ပါတယ်။

အဲဒီလို နိုင်ငံခြားသွားဖို့ အခွင့်အလမ်း ပေါ်ခဲ့ပေမယ့် ကြောက်နေတဲ့ (မျိုးချစ်စိတ်ကြောင့် တိုင်းပြည်က မခွာတာ မဟုတ်ပါ၊ သင်္ဘောတက်ရမှာ ကြောက်လို့ပါ) ကျွန်တော်ဟာ ၁၉၉၃ မှာ နိုင်ငံခြား သွားရမယ်လို့ ဟောလာတဲ့ ဗေဒင်ဆရာကို အယုံအကြည် မရှိခဲ့ပါ။ လူကဲခတ် မညံ့တဲ့ ဗေဒင်ဆရာကလည်း ကျွန်တော့် သူ့မယုံတာ (သူ့စကားကို မယုံတာ) ကို သိပါတယ်။ သူက ဆက်ပြန်ပါတယ်။

“ထပ်ပြောလိုက်မယ်ကွာ… ၉၃ မှာ မသွားရရင် ၉၄ မှာ သွားရလိမ့်မယ်၊ ကျိန်းသေပဲ“ တဲ့။

ပြောလည်း ပြော၊ ကျွန်တော့်လက်ကိုလည်း တချက် ဆွဲယူပြီး ထပ်ကြည့်လိုက်သေးတယ်။ ကျွန်တော်ကလည်း လူပျိုပေါက် သိပ်ရစ်တတ်တဲ့ အရွယ်လေဗျာ။ အမေ ထိန်းရခက်နေတဲ့ အရွယ်ပေါ့။ ဒါနဲ့ ကျွန်တော်က ဗေဒင်ဆရာကို အငေါ်တူးလိုက်တယ်။

“၉၄ မှာ မသွားရရင်ကော ဆရာ“

ဗေဒင်ဆရာဟာ အင်မတန်လည်ပါတယ်၊ လျင်လည်း လျင်ပါတယ်။ ဧကန္တတော့ ကျွန်တော့်လို အချဉ်လေးတွေ အရင်ကလည်း တယောက်မက တွေ့ခဲ့ပြီးပြီ ထင်ပါတယ်။ လူရွှင်တော် နှစ်ယောက် အချီအချ အတိုင်အဖောက်နဲ့ ဟာသတွေကို တလုံးပြီးတလုံး ပြက်ပြီး ပရိသတ် တဟားဟား ဖြစ်အောင် လုပ်နေသလိုပါပဲ။ ပက်ကနဲ ကျွန်တော့်ကို ပြန်ပြောပါတယ်။

“၉၅ ပေါ့ဗျာ“ တဲ့…။ သေရော…။

ကျွန်တော်လည်း ပညာထပ်မစမ်းတော့ပါဘူး။ ကျွန်တော် ငြိမ်ခံလိုက်တာတော့ မဟုတ်ပါဘူး။ ကျွန်တော် ဗေဒင်ဆရာကို အစွမ်းကုန် စိတ်ကုန်သွားလို့ပါ။ ကျွန်တော့်အနေနဲ့ အမြန်ဆုံး ဗေဒင်ဆရာအခန်းကနေ ထွက်ခွာချင်နေပါပြီ။ ဆုတ်ခွာခြင်းပေါ့လေ။ ကျွန်တော် မရှုမလှ ရှုံးနေပြီကိုးဗျာ။

ကျွန်တော် လျှော့လိုက်မှန်းသိတော့ ဗေဒင်ဆရာက ထပ်အနိုင်ယူပါတယ်။ သူက ဒီလို ဆက်ဟောပါတယ်။

“မင်း သေချာ မှတ်ထားလိုက်စမ်းပါကွာ… ၉၅ မဟုတ်ရင် ၉၆၊ ၉၆ မှ မဟုတ်သေးရင် ၉၇၊ ၉၇ မဟုတ်ရင် ၉၈ ကွာ… ၉၈ မဟုတ်ရင် ၉၉။ ငါ ကိန်းတွေ မြင်လို့ တကယ် ဟောနေတာပါကွာ၊ မင်း တကယ် နိုင်ငံခြား သွားရမှာပါ“ တဲ့။

ကျွန်တော်ကတော့ ဗေဒင်ဆရာဟာ လူရွှင်တော်လုပ်ရင် ကိုဇာဂနာတို့လို သိပ်အောင်မြင်မှာပဲလို့ တွေးမိပါတယ်။ ဟုတ်တယ်လေ… ကျွန်တော်တို့ ငယ်ငယ် အရေးအခင်းကြီးပြီးစက ဇာဂနာတို့၊ အရိုင်းတို့ အတွဲက သိပ်နာမည်ကြီးပြီး ရယ်ရတာကိုးဗျာ။ မိုးဒီနဲ့ မော့စ်တို့ အတွဲကလည်း ရှိသေးတယ်။ အခု ဗေဒင်ဆရာကလည်း အဲဒီလိုပါပဲ၊ အင်မတန် ရယ်ရပါတယ်။

ကျွန်တော် စိတ်ညစ်ညစ်နဲ့ ဘာမှလည်း မပြောတော့ပါဘူး၊ ဘာမှလည်း ပြောချင်စိတ်လည်း မရှိတော့ပါဘူး။ ဗေဒင်ဆရာရှေ့ကနေ အသာထလို့ အခန်းပြင် ထွက်ခဲ့ပါတယ်။ ဧည့်ခန်းမှာ ခဏထိုင်ပြီး စာတအုပ် ဆွဲယူဖတ်နေလိုက်ပါတယ်။ အမေကတော့ ကျွန်တော့် အောက်က အငယ်နှစ်ယောက်အတွက် ဆက်မေးနေတုန်း…။

ကျွန်တော့်ကို ခုနစ်နှစ်ဆက်တိုက် တနှစ်မဟုတ်တနှစ် နိုင်ငံခြားသွားရမယ်လို့ အတင်းဟောတဲ့ ဗေဒင်ဆရာရဲ့ အဟော တမင်တကာ မမှန်အောင်လို့ ကျွန်တော် နိုင်ငံခြား မထွက်တာတော့ မဟုတ်ပါဘူး။ တကယ်ကို မသွားခဲ့ရပါဘူး။ ၉၉ အထိလည်း နိုင်ငံခြားဆိုတာ ဘာမှန်း မသိပါဘူး။ ၂၀၀၀ ပြည့်နှစ်မှာလည်း မထွက်ရပါဘူး။

9/11 လို့ ထင်ရှားတဲ့ ၂၀၀၁ စက်တင်ဘာ အမေရိကန် ပြည်ထောင်စု၊ နယူးယောက်ခ်မြို့က ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ အမြွာမျှော်စင်ကြီးကို ဘင်လာဒင်တို့ တိုက်ခိုက်ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ ကျွန်တော့်ရဲ့ ပထမဆုံး နိုင်ငံခြား ခရီးဖြစ်တဲ့ ကမ္ဘောဒီယားကို ထွက်ခဲ့ရပါတယ်။ အဲဒီအချိန်မှာတော့ ဗေဒင်ဆရာကိုလည်း ကျွန်တော် မမှတ်မိတော့ပါဘူး။

အဲဒီလို ကျွန်းကို ရှောင်လို့ ပင်လယ် မထွက်ရဲခဲ့သူ၊ ကံကြမ္မာကို ဗေဒင်ဆရာနဲ့ ဆော့ကစားခဲ့သူ ကျွန်တော်ဟာ အခုတလောမှာတော့ လက်ဖ၀ါးပြင်ပေါ်က အရေးအကြောင်း နိမိတ်တွေကို တွက်ချက် စစ်ဆေးနေမိပါတော့တယ်။ အဆိုးအပြစ် အကျိုးအဖြစ်တွေကိုလည်း သင်္ချာနည်းနာတွေနဲ့ ခုနှစ်ရစ်ပိုင်းလို့ ဂဏန်းပြန်ကိုင်နေမိပါတယ်။

ဗေဒင်ဆရာကို ရစ်ခဲ့တာတွေက ၀ဋ်ပြန်လည်ပြီးလားတော့ မသိပါဘူး… ကျွန်တော့်ကို ကျွန်တော်လည်း ဟောခဲ့တာတွေ တနှစ်ပြီးတနှစ်သာ ကုန်လာတယ်၊ တခါမှတော့ မမှန်သေးပါဘူး။ သင်္ဘောအင်ဂျင်နီယာ ရခိုင်ကြီးကို နောက်တောက်တောက် လုပ်ခဲ့တာတွေကလည်း အကျိုးပေးလာပြီ ထင်ပါရဲ့… ပြေးမရတော့ဘူး…။ အခုတော့ ကျွန်တော် ကျွန်းပိုင်ရှင်ကြီး…။

တခါတခါတော့ ကျွန်တော် ဘာကြောင့်မှန်း မသိဘူး… ယူကျူ့ကို ရောက်ရောက်သွားတတ်တယ်။ ပြီးတော့ သီချင်းလေးတပုဒ်ကို ရှာလို့ ဖွင့်လိုက်တယ်။ ဟုတ်ပါတယ်… ကျွန်တော်တို့လို့ ချာတိတ်တွေ အတွက်တော့ ဘိုဖြူပေါ့…။

လက္ခဏာဆရာက ပြောတယ်မေရယ်… နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်… မိန်းမနဲ့ ပတ်သက်လာရင် အမြဲတမ်းပဲ ကံဆိုးနေမယ်… အခန့်မသင့်ရင် အချစ်အရေးအတွက် ကိုယ့်အသက်တောင် ရန်ရှာလိမ့်မယ်… မျက်ကန်း အချစ်သမားရယ်တဲ့…။

၂၀၁၂ မတ် ၂၁၊ မနက် ၃ နာရီ။

ဘန်ကောက်။