Category: အတွေ့အကြုံ


by Myo Tha Htet on Friday, 11 May 2012 at 23:19·

ကျွန်တော့်မှာ ပြည်ပမှာနေထိုင်လို့ သုံးနှစ်လောက် အလုပ် လုပ်ကိုင်လိုက်တဲ့အခါ ပြင်ပမှာ တွေ့ဆုံ ခင်မင် ရင်းနှီးတဲ့ မိတ်ဆွေတွေထက် ခေတ်ကာလရဲ့ စေစားမှုအတိုင်း ဖေ့စ်ဘုတ်မိတ်ဆွေက ပိုများ လာပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာက အဲဒီ မိတ်ဆွေ အများစုဟာ မိန်းကလေးတွေ ဖြစ်ကြပါတယ်။ မိန်းကလေးတွေနဲ့ သူငယ်ချင်း ဖြစ်ရတာ ကျွန်တော်က ပိုသဘောကျပေမယ့်လို့ သူတို့ စိတ်ကိုတော့ ကျွန်တော့်မှာ ခန့်မှန်းရ ခက်လှပါတယ်။

ဥပမာအားဖြင့် တချို့က ကျွန်တော့်ကို လေးလေးစားစား ခင်မင်ကြပုံ ရပါတယ်၊ ဒါပေမဲ့ ခဏလည်း နေရော ကျွန်တော်က မိန်းမတွေကို စိတ်ဝင်စားသူမှန်း သိသွားတဲ့အခါမှာ “အော်… ဒီလူက နှာဘူးပဲ“ လို့ ထင်သွားကြပြီး ရှိရင်းစွဲ လေးစားသမှုလေးကို ဘယ်နားသွားထား ရမှန်းမသိ ဖြစ်သွားတတ်ပြန်ပါတယ်။

တချို့ကျတော့လည်း အမြင်က တမျိုးဖြစ်ပြန်ပါတယ်၊ လူကို ခင်မင် ရင်းနှီးလာရာကနေ နှာဘူး ကြီးကြီးထစေချင်ပေမယ့် ကျွန်တော်က သိပ်မလှုပ်တဲ့အခါ မြင်းက မလှုပ်၊ ခုံက လှုပ်ဆိုသလို ဖြစ်လာတတ်ပြီး ဒီလူကိုလည်း မကျေနပ်၊ သူ့ကိုယ်သူလည်း မကျေနပ် ဖြစ်လာပြီးနောက်မှာ အခုလို မြည်တွန်တတ်ပြန်ပါတယ်။ “ဒီလူဟာ အခြောက်ကြီး ဖြစ်လိမ့်မယ်“ တဲ့။

ကိစ္စတော့ မရှိ၊ လူတခု ပူမှုရယ်တဲ့ ဆယ်ကုဋေမဟုတ်လားဗျာ။ သူ့စိတ် ကိုယ့်စိတ်၊ သူ့အပူ ကိုယ့်အပူ မတူ ဖြစ်တတ်တာမျိုးက ရှိတတ်တယ် မဟုတ်လားဗျာ။ တချို့တလေကလည်း စကားပြောဆို မိတ်ဆက်ရတာကို စိတ်ဝင်စားတယ်၊ သူငယ်ချင်းလို ခင်မင်လိုကြတယ်။ ခင်ပေါ့… ကောင်းတာပေါ့။ ဒါပေမဲ့လို့ တခါတလေ ကျွန်တော်က အလုပ်များလို့ စကားဖက်ပြိုင် မပြောနိုင်တဲ့အခါ မာနကြီးသူလို့ ထင်ကြပြန်တယ်။ ကျွန်တော့်မှာ မာနမင်းသား တံဆိပ်ကပ် ခံရပြန်ပေါ့။ မင်းသား ကျော်သူတော့ မဟုတ်…။

ခါတလေများကြတော့ ကံကုသိုလ်ထူးပုံက တမျိုးပါ။ ကိုယ့်မှာ အလုပ်လေးက ပါး၊ အချိန်အားလေးက ရှိ၊ စိတ်ကလေးလည်း ရွှင်ဆိုတော့ စိတ်လိုလက်ရလေး သူငယ်ချင်းများနဲ့ စကားလေး ဘာလေး ပြောလို့ အာရိုက်ချင်တာပေါ့။ ဒီအခါမှာ သွက်သွက်လက်လက်နဲ့ လက်က စာရိုက်လို့ အာရိုက်မိတဲ့အခါ တဖက်က မိတ်ဆွေများက စကားနာထိုးလို့ ဒီလို မေးခွန်း တက်လာပြန်ပါ့သဗျာ။ “မသထ အစစ်မှ ဟုတ်ကဲ့လား“ တဲ့။

မဖြေရေးချ မဖြေပါလေ…။

အခုတော့ ကျွန်တော့်အသက်က နေရမယ့် သက်တမ်းရဲ့ ထက်ဝက်ကျော်လာတဲ့အခါ ပြင်ပမိတ်တွေဖြစ်ဖြစ်၊ ဖေ့စ်ဘုတ်မိတ်ဆွေဖြစ်ဖြစ် ခင်ခင်မင်မင် နေလိုတဲ့ စိတ်ကူးလေးက ရှိလာပါတယ်။ နေရတဲ့ တနေ့ကို အချည်းနှီးမဲ့ မကုန်ဆုံး စေချင်ပါဘူး၊ တယောက်ယောက်ကို နိုင်သလောက် ကူညီလိုက်ရတာပဲဖြစ်ဖြစ်၊ ကိုယ့်ကြောင့် တယောက်ယောက် အကျိုးရှိ ဒါမှမဟုတ် စိတ်ချမ်းသာ ဖြစ်သွားတာမျိုးပဲဖြစ်ဖြစ်နဲ့ ကုန်လွန်စေချင်ပါတယ်။

နေရတဲ့ ကျွန်တော့် အသက်တရက်ကို ကျွန်တော် ကျေနပ်ချင်တဲ့ စိတ်ကလေး… လောဘစိတ်ကလေးလို့ ခေါ်ရမလား… ရှိလာပါတယ်။ နေရတဲ့ တရက်ဟာ နောင်တရက် တရက် မဖြစ်ချင်ခဲ့တော့တာပါ။ ခဏနေ သေတော့မယ်လို့ မဆိုလိုပါဘူး၊ ဒါပေမဲ့ နေရက်တွေကိုတော့ စိတ်တိုင်းကျချည်း ကျော်ဖြတ်ချင်နေမိတော့တယ်။

ကျွန်တော်ဟာ ကျွန်တော်ပဲ ဖြစ်ချင်ခဲ့တော့တယ်။ တခြားလူ မဖြစ်ချင်ဘူး၊ သူများ မဖြစ်ချင်ဘူး။ ဒီနေရာမှာ ကျွန်တော် လေးစားအားကျတဲ့ သတင်းစာဆရာကြီး ၀ါရင့်နိုင်ငံရေးသမားကြီး ဟံသာဝတီ ဦးဝင်းတင်ကတော့ သူများအတွက် စိတ်ထားလေးနဲ့ သူ အသက်ရှင်နေပါသတဲ့၊ ကျွန်တော်ကတော့ သူများ မဖြစ်ချင်ဘူး၊ ကျွန်တော်ဟာ ကျွန်တော် ဖြစ်တယ်ဆိုတဲ့ စိတ်ထားလေးနဲ့ အသက်ရှင်ချင်ပါတယ်။

ဒီတော့ ကျွန်တော်ဟာ ကျွန်တော်ဖြစ်တဲ့အကြောင်း နေတယ်၊ ပြောတယ်၊ ပြတယ်။ ဟန်မဆောင်ထားဘူး၊ အကျိုးဆက်က နေရတာ ပျော်တယ်၊ ပေါ့တယ်။ သူငယ်ချင်းကောင်းတယောက်ကတော့ မနေနိုင် မထိုင်နိုင်လို့ ဆုံးမတယ်။ လူ့ရပ်ရွာထဲ နေရင် ဟန်ဆောင်တတ်ရတယ်၊ ဟန်ဆောင်ကောင်းရတယ်တဲ့။ ကျွန်တော်က ပြန်ပြောလိုက်တယ်… ခုန ပြောခဲ့သလိုပေါ့။ “ငါ… သူများ မဖြစ်ချင်ဘူး“ လို့…။

ကျွန်တော်က သိထားတာတွေကို မေးလာရင် ပြောပြချင်တယ်၊ တိုင်ပင်လာရင် အတိုင်ပင်ခံ လုပ်ချင်တယ်။ အဲ… ရန်မူလာရင်တော့ ရင်ဆိုင်ရတာကို သဘောကျပြန်တယ်။ လွယ်လွယ်နဲ့ နိုင်လိုက်တာမျိုးကို မကြိုက်တတ်သူလည်း ဖြစ်တယ်။ ခက်ခက်ကိုမှ လိုချင်တယ် ဆိုတဲ့ အမျိုးထဲမှာ ကျွန်တော်လည်း ပါတယ်။

လွယ်တော့ ပေါတယ်လို့ တချို့က ထင်ကြပြန်တယ်၊ စိတ်ရင်းအတိုင်းနေသူမို့ တချို့က မှန်းဆရ လွယ်တယ်လို့ ထင်ကြတယ်။ မိန်းကလေး သူငယ်ချင်းတွေနဲ့က သူတို့ သဘောဖမ်းခက်၊ အကဲဆုပ်ခက်ပေမယ့် ယောက်ျားလေး သူငယ်ချင်းများနဲ့တော့ ကျွန်တော်က ရင်းပြန်တယ်။ အဖွင့်စိတ်နဲ့ဆို ပေါင်းရတာ လွယ်တယ်မို့လား။

ခင်မင်တဲ့ အကိုကြီးတယောက်က ကျွန်တော့်မျက်နှာကို တည့်တည့်ကြည့်ပြီး ပြောလာတယ်။ “ငါက အင်္ဂ၀ိဇ္ဇာ ကောင်းကောင်း ကြည့်တတ်တယ်ကွ၊ မင်းမျက်နှာကို ကြည့်ပြီး ငါ… ပိုင်ပိုင်နိုင်နိုင် ပြောနိုင်တာ တခုရှိတယ်၊ ပြောပြရမလား“ တဲ့။ အမယ်မင်း… ကံကောင်းလို့ ဗေဒင်ဆရာနဲ့ တည့်တည့်တိုးပါပေါ့လားလို့ ကျွန်တော် အဦး တွေးတယ်၊ ပြီးတော့ ဖြေလိုက်တယ်၊ ပြောပြပါပေါ့…။

“မင်းက နှာဘူး“ ပဲတဲ့။

ကျွန်တော့်မျက်နှာ ရဲကနဲဖြစ်… ဟန်မဆောင်တတ်သူမို့ ရှက်ကလည်း ရှက်၊ ဟုတ်ကလည်း ဟုတ်နေတော့ ခက်ကပြီ။ မတရား ပြောတာလည်း မဟုတ်…၊ ဟဲ ဟဲ… ဒါပေမဲ့ တရားဆိုတာကြီးကလည်း တရားတိုင်း သိပ်ကောင်းတာတော့ မဟုတ်…။ ကျွန်တော့်မှာ အမှန်ကို အမှန်အတိုင်း ရင်မဆိုင်ဝံ့သူကြီး တခဏဖြစ်လို့…။

အဲဒီလို ယောက်ျားလေး သူငယ်ချင်းတွေနဲ့ အဆင်ပြေတဲ့ ကျွန်တော်…။ ညီငယ်လေးတွေက ကျွန်တော့်ကို အားကျကြတယ် ထင်ပါရဲ့… မေးခွန်းတွေ မေးကြတယ်၊ တိုင်ပင်စရာ ရှိ တိုင်ပင်ကြတယ်။ ဒီတော့ ကျွန်တော်ကလည်း အာစရာရှိ အာ၊ ပြောစရာရှိ ပြော၊ သင်စရာရှိ သင်လုပ်လေတော့ တချို့ကလည်း ခင်ကြတယ်။ အဲ… အာ၊ ပြော၊ သင်သာ လုပ်တာ… ဆက်ဆံရေးကြတော့ ကြိုးတချောင်းကို သိပ်မရင်းနှီးလေအောင် ကာတတ်တဲ့ အကျင့်ကလည်း ကျွန်တော့်မှာ ရှိပြန်တော့ ဆက်ဆံရေးက တရင်းတနှီး မဟုတ်တော့ဘဲ တရင်းမနှီး ဖြစ်သွားတော့တာပါပဲ။

ညီလေးလိုခင်တဲ့ သူငယ်ချင်းတယောက်ကဆို သူ နေထိုင်မကောင်းလို့ စိတ်အညစ်ကြီး ညစ်နေချိန်မှာ အခုလို စကားပြောလာတယ်။

“အကို… ကျွန်တော် လေနေတယ်၊ ဆေးစစ်ကြည့်တော့ အခြေအနေ မကောင်းဘူး ပြောတယ်။ အသက်ရှည်ချင်ရင် လိမ်လိမ်မာမာ နေရမယ်တဲ့“

ကျွန်တော်က ခပ်ဟဟလေး ရယ်တယ်။ သူ့ကိုလည်း ကျွန်တော့်လိုပဲ ရယ်စေချင်တယ်။

“မင်း အသက် ဘယ်လောက်ရှိပြီလဲကွ“

“၂၆ အကို“

“သေမယ်ဆို သေလို့ ရနေပါပြီကွာ… မဟုတ်ဘူးလား၊ သိပ်လည်း ကြောက်မနေပါနဲ့…“

“ဗျာ…“

သူ့ခမျာ… ဗျာသာ ဗျာနေရတာ အတော်တော့ လန့်သွားမယ်ဆိုတာ ကျွန်တော် သိပါတယ်။ လူတယောက်က နေမကောင်းလို့ စိတ်မကောင်းဖြစ်ပြီး စိတ်ဆင်းရဲနေချိန်မှာ ကျွန်တော် ပြောခဲ့တဲ့ စကားတွေက အားရစရာ တခုမှ မရှိတဲ့အပြင် ရေနစ်သူ ၀ါးကူ ထိုးသလို ဖြစ်ခဲ့မှာပါ။ ဒါပေမဲ့ သူ့ကို ကျွန်တော် စိတ်မဆင်းရဲစေချင်ဘူး။ လူတယောက်ဟာ ဘ၀မှာ တခြားလည်း ထူးထူးခြားခြား လုပ်စရာ မရှိဘူး၊ ရည်မှန်းချက်လည်း ကြီးကြီး မရှိဘူးဆိုရင် သေရမှာက သူ့အတွက် အခက်ခဲဆုံးနဲ့ ကြောက်စရာ အကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ်။

သေလိုက်ပါတော့ကွာ… သေဖို့ တန်နေပါပြီလို့ တွက်မိသွားရင်တော့ ကျန်တာကို ဘာကိုမှ ဂရုစိုက်မှာ မဟုတ်တော့ပါဘူး၊ အဲဒီစိတ်ကလေး တခုကို ကျက်မိအောင်၊ သွင်းထားတတ်အောင် ကျွန်တော်က ညီလေးလို ခင်ရတဲ့ မိတ်ဆွေကလေးကို ပြောပြလိုက်တာ ဖြစ်ပါတယ်။ “ငါသည် မုချ သေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်“ လို့ မိုးကုတ် ဆရာတော် ဘုရားကြီးက သူ့တပည့် ဒကာဒကာမတွေကို စိတ်ထဲစွဲအောင် သင်ကြားပို့ချခဲ့တယ် မဟုတ်လားဗျာ။

ရန်လိုမနေနဲ့… မနာလိုနေနဲ့… ခဏနေ သေတော့မှာ…၊ ပျော်အောင်နေ… တန်အောင်နေ… တရက်နေ တရက်သေသလို မဖြစ်စေနဲ့လို့ ကျွန်တော့်မှာ မနက်မိုးလင်းတိုင်း ကိုယ့်ကိုယ်ကိုယ် ဆုံးမရတယ်။ တခါတခါတော့ နှာဘူးစိတ်ကလေး မရှိသေးခင်မှာ ဘုန်းကြီးလိုလို ဘာလိုလို…။

သူငယ်ချင်းတချို့က မေးတယ်၊ “ခင်ဗျား ဂိုးလ်က ဘာလဲ“ တဲ့။ ဂိုးလ်ဆိုတာ ရည်မှန်းချက်ကို ပြောတာပါ။ ကျွန်တော်က မျက်နှာအေးအေးနဲ့ အခုလို ဖြေတယ်။

“ဘုန်းကြီး“

မေးသူတွေ အများစုက ဟက်ဟက်ပက်ပက် ရယ်တယ်။ “ခင်ဗျားဗျာ… အတော်နောက်တဲ့လူ“ လို့ ပြောတဲ့လူက ပြောတယ်။ “ဟုတ်လဲဟုတ်ဘဲနဲ့… လျှောက်ပြောနေတယ်“ လို့ ဆိုသူက ဆိုတယ်။ ကျွန်တော်ကတော့ ကျွန်တော့်အဖြေအတွက် ကျွန်တော် တျေနပ်နေဟန်နဲ့ ရယ်ကျဲကျဲ လုပ်နေမိတယ်။

ခုန စကားက ပြတ်သွားလို့ ပြန်ဆက်ရရင် တချို့ ချာတိတ်တွေက အခုလို မေးတတ်ပြန်တယ်။

“အကို့ကို အားကျတယ်ဗျာ၊ အကို့လိုဖြစ်အောင် ဘယ်လိုလုပ်ရမလဲ“ တဲ့။

ကျွန်တော်က အခုလို ပြန်ဖြေတော့ သူတို့က ကျွန်တော့်ကို မယုံကြပြန်ဘူး။

“ဟာဗျာ… ခင်ဗျားကတော့ လုပ်ပြီ။ ကျွန်တော်က ခင်ဗျားတို့ကို အားကျနေတာပါ။ လူငယ်ပဲဗျာ… စိတ်ထဲ လုပ်ချင်တာသာ လုပ်စမ်းပါ၊ ရှေ့နောက် ဘာမှကို မစဉ်းစားနဲ့ဗျာ… လုပ်ချင်တာသာ လုပ်လိုက်စမ်းပါ။ အားလုံးဟာ အတွေ့အကြုံတွေချည်း မှတ်ပါ။ ရဲရဲသာ လုပ်လိုက်စမ်းပါ… ကျွန်တော် မလုပ်ခဲ့ရလို့ပါ“

ကျွန်တော်က အဲဒီလို ပြန်ပြောတော့ သူတို့က ကျွန်တော့်ကို အံ့အားသင့်တဲ့ပုံစံ ပြကြ၊ ပြောကြတယ်။ ဒီလူကြီး တို့ကို ကျပ်နေတာလားလို့ မယုံမရဲ ရှိသူတွေက ရှိကြတယ်။ ကျွန်တော်ကလည်း တွန်းလိုက်တာကိုးဗျာ၊ တွန်းတယ်ဆိုတာ အားထည့်ပြီး ရွေ့အောင် လုပ်လိုက်တာတော့ မှန်ပါတယ်၊ ဒါပေမဲ့ အရွေ့မှန်အောင်၊ ကိုယ်လိုတဲ့ဘက် ရောက်အောင် လမ်းကြောင်းထိန်းရမှာတော့ သူတို့ ကိုယ်တိုင် မဟုတ်ဘူးလားဗျာ။

“အချိန်ဆိုတာ တံတားအောက်ကို စီးဆင်းသွားတဲ့ ရေတွေလိုပါပဲ၊ စက်ဝိုင်းပုံ လှည့်ပတ်စီးဆင်းနေအောင် လုပ်မထားဘူးဆိုရင် ဒီတံတားအောက်ကို ဖြတ်စီးသွားတဲ့ရေဟာ ဒီတကြိမ်ပဲ ဖြစ်မှာပါပဲ။ ဒီလိုပါပဲ… ကျွန်တော်တို့ ပိုင်ဆိုင်ထားတဲ့ အချိန်တွေဟာလည်း နှစ်ခါ ပြန်မရနိုင်တော့မယ့် အချိန်တွေပဲ ဖြစ်ပါတယ်။ တန်ဖိုးကြီးပါတယ်၊ မကြောက်တမ်း မရွံတမ်း ဒီအချိန်တွေကို သုံးဖို့ လိုသလို ကုန်သွားတဲ့ အချိန်တွေ အတွက်လည်း ကျေနပ်ဖို့ လိုပါတယ်၊ ပျော်ဖို့ လိုပါတယ်“

ကျွန်တော်က ကျွန်တော့်မိတ်ဆွေတွေကို ဆရာကြီးလုပ်ပြီး အခုလိုပဲ ခပ်တည်တည် ရွှီးပါတယ်။ တချို့လည်း လေးလေးစားစားပေါ့၊ တယ်ဟုတ်ပါလား… ဒီလူ အိုင်ဒီယာမဆိုးဘူးတဲ့…၊ တချို့ကလည်း ဒီလူက လူပေါကြီးပါကွာတဲ့…။ ဘယ်လို လုပ်မလဲ… ဒီစကားလုံးတွေပဲ… ဒီအရွယ်တွေကိုပဲ ပြောတာ… အကောင်း ပြောတဲ့သူ ရှိသလို… ဖောက်ပြောတဲ့သူလည်း ရှိတာပါပဲ။

ကျွန်တော် အခြေစိုက်ပြီး အလုပ်လုပ်ရတဲ့ ဒေသတခုကနေ တခြားဒေသတခုကို ပြောင်းပြီး နှစ်ဝက်လောက် အလုပ်လုပ်ဖူးတယ်။ သတ်မှတ်ဒေသမှာ သတ်မှတ်အချိန်ပြည့်တော့ မူလ အခြေစိုက်တဲ့ ဒေသကို ပြန်ပြောင်းရွှေ့လို့ ရောက်လာပြန်တယ်။ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့ ပြန်တွေ့မှာမို့ ကျွန်တော် ပျော်တယ်။

လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့ ပြန်တွေ့တဲ့ ပထမဆုံးနေ့ပေါ့…။ အမျိုးသမီး လုပ်ဖော်ကိုင်ဖက်နှစ်ယောက်က အခုလို နှုတ်ဆက်တယ်။

“အို… မင်း… ပြန်လာပြီပဲ၊ ကြည့်စမ်းပါဦး… ၀ လာလိုက်တာ…။ ဟိုမှာ အတော် ပျော်ခဲ့တယ်နဲ့ တူတယ်“

စက္ကန့်ပိုင်းခြားပြီး နောက်တယောက်က နှုတ်ဆက်ပြန်တယ်။

“ဟင်… မသထ ပြန်ရောက်နေပါလား၊ နေမကောင်းဘူးလား… ပိန်သွားလိုက်တာ လွန်လို့…“

ကျွန်တော် ဘာပြောရမလဲ၊ ပြုံးရမှာလား… မဲ့ရမှာလား…။ ကျွန်တော် တချက်တော့ ရယ်လိုက်မိတယ်…။

တကယ်တော့… အားလုံးဟာ ကျွန်တော့် မိတ်ဆွေတွေ ပါပဲလေ…။

၂၀၁၂၊ မေ ၁၁။ ည ၁၁ နာရီ။

လန်ဒန်။

by Myo Tha Htet on Thursday, 3 May 2012 at 18:06·

ခုတလော တလအတွင်း ဘန်ကောက်-ရန်ကုန် နှစ်ခေါက်လောက် သွားဖြစ်လိုက်ပြီး၊ ဘန်ကောက်မှာ တာဝန်ချိန် ပြီးဆုံးသွားလို့ လန်ဒန် ပြန်ရောက် လာခဲ့ပါတယ်။ ရန်ကုန်-ဘန်ကောက်-လန်ဒန် ခရီးလမ်းပိုင်းက ကွာခြားချက်တွေကို ရုပ်ရှင်ကားထဲက အမြန်ပြကွက်တွေလို ခု ရက်ပိုင်းအတွင်းမှာပဲ လက်တွေ့၊ မျက်တွေ့ တဖျပ်ဖျပ် မြင်လိုက်ရတာမို့ စာလေး တပုဒ်လောက် အမှတ်တရ ရေးထုတ်ထားလိုက်ရင် ကောင်းမယ်လို့ ယူဆပြီး ဒီနုတ်ကလေးကို ရေးပါတယ်။

ပထမဆုံး လန်ဒန်ပြန်ရောက်တော့ ကိုယ့်မွေးရပ်မြေ မြန်မာနိုင်ငံက သန့်ရှင်းသပ်ရပ်တဲ့ ကျေးလက်က ရပ်ရွာလေးကို ပြန်ရောက်သွားသလို ခံစားလိုက်ရတယ်လို့ ပြောရင်တော့ လွန်နေမလားတော့ မသိပါဘူး။ လန်ဒန်ရဲ့ နွေရာသီ မေလဆန်း ဖြစ်ပေမယ့်လို့ မိုးက ရွာနေပါတယ်၊ အေးတာပေါ့လေ။ မြက်ခင်းတွေက စိမ်း… သစ်ပင်ကြီးတွေက များနဲ့ ကျွန်တော် ငယ်ငယ်က မွေးဖွား ကြီးပြင်းခဲ့တဲ့ ရန်ကုန်၊ တာမွေ၊ ကျောက်မြောင်းရပ်ကို သွားသတိရမိတယ်။

ကျွန်တော်တို့ ငယ်ငယ် ၁၉၇၉-၈၀ ကာလ တာမွေ ဘိုးလိန်းလမ်းမကြီးဟာ လမ်းလယ်ကျွန်းကြီးတွေက အကြီးကြီးတွေပါ၊ မျက်စိထဲ မြင်အောင် ပြောရရင် အခု ဦးဝိစာရလမ်းအတိုင်းပေါ့၊ အဲဒီထက်တောင် ကျယ်ပါလိမ့်ဦးမယ်။ ကျွန်းပေါ်မှာ မြက်ခင်းရှိတဲ့ နေရာရှိ၊ မြေကြီးပဲ ရှိတဲ့နေရာရှိ၊ ကျွန်းလယ်မှာတော့ သစ်ပင် နည်းနည်းပါးပါး ရှိတာလည်း ရှိတယ်။ ကျွန်းရဲ တဖက်တချက်မှာတော့ တောင်မြောက် ဖောက်လုပ်ထားတဲ့ ဘတ်စ်ကားတွေ ပြေးတဲ့ ပေတရာလမ်းမကြီးတွေပေါ့။

အဲဒီ ပေတရာ လမ်းမပေါ်မှာ ဘတ်စ်ကားတွေက စစ်ကျန်ကား ဒါမှမဟုတ် ချက်ပလက်လို့ခေါ်တဲ့ ဗိုက်ပူကားကြီးတွေပေါ့၊ ဖြည်းဖြည်းပဲ မောင်းနေကြပါတယ်။ လူတွေဟာ ဖြည်းဖြည်း သက်သာပဲ ခရီးသွားကြတယ်။ ဝေးတဲ့ ခရီးမို့သာ ကားစီးကြတာလေ။ ကားတွေကလည်း ဖြည်းဖြည်း၊ ကားစပယ်ယာတွေကလည်း ခရီးသည်တွေကို လေးလေးစားစား ဆက်ဆံကြတယ်။ အဲဒီ ကျွန်းတွေပေါ်မှာက ကလေးတွေ၊ လူငယ်တွေက ကစားနေကြတာလေ… စွန်လွှတ်သူက လွှတ်၊ လိုက်တမ်းပြေးတမ်း ကစားသူက ကစား၊ တချို့လည်း မိဘပါ၊ တချို့လည်း မိဘမပါ။ ဘယ်ကားကမှ တိုက်တယ်ပြုတယ်လို့ ကျွန်တော် မမှတ်မိဘူး။

ကျွန်တော်တခါက… အဲဒီတုန်းက ကျွန်တော့်အသက်က လေးနှစ်လောက် ရှိမှာပေါ့။ အမေက ဗိုလ်အုန်းသီး စက်ဘီး ၀ယ်ပေးထားတယ်။ ဗိုလ်အုန်းသီး စက်ဘီးဆိုတာ သိတယ်ဟုတ်… ကျွန်တော်တို့ ငယ်ငယ်ကတော့ အလွန်ခေတ်စားခဲ့တာပါပဲ။ သုံးဘီး စက်ဘီလေးပါ။ အရှေ့က တယောက်က ထိုင်းပြီး နင်းရတယ်၊ နောက်က ၀က်ခြံလို ထိုင်ခုံလေးမှာ ကလေးငယ်တယောက်က ထိုင်လိုက်လို့ရတယ်။ အဲဒီ စက်ဘီးအရောင်းဆိုင်ကလည်း အောင်မင်္ဂလာလမ်းထိပ်မှာလား ရှိတယ်၊ ကျွန်တော် မှတ်မိသေးတယ်။ ဒီတော့ ကျွန်တော်က အသက် သုံးနှစ်ရှိတဲ့ ညီငယ်ကို နောက်မှာတင်ပြီး ရှေ့က နင်းတယ်။ ခုနင်က ပေတရာလမ်းမကြီးတလျှောက် နင်းသွားတာပါပဲ။ ဘယ်သွားတာလဲ ဆိုတော့ ၁၄၈ လမ်းမှာရှိတဲ့ ကျွန်တော်တို့ အိမ်ကနေ အမေသွားတဲ့ ၁၄၆ လမ်းက အမေ့ဆရာအိမ်ကို အဲဒီ ပေတရာလမ်းမကနေ နင်းချသွားတယ်။ ဘာကားမှ မတိုက်ပါဘူး။ ကလေးကို နတ်စောင့်လို့တော့ ဆိုရမလား မသိဘူးပေါ့လေ။

အခုတော့ အဲဒီဘိုးလိန်းလမ်းက လမ်းလယ်ကျွန်းကြီးလည်း မရှိခဲ့တာကြာပေါ့။ လမ်းလယ်ကျွန်းပေါ်က သစ်ပင်တွေရော၊ ပေတရာလမ်းမဘေး ပလက်ဖောင်းပေါ်က သစ်ပင်ကြီးတွေရော၊ ရပ်ကွက်ထဲက ရပ်ကွက်ကို စိမ်းလန်းစိုပြေ အရိပ်ရစေတဲ့ အပင်တွေရော အားလုံးကုန်ပေါ့။ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ အမြော်အမြင် မရှိမှုကြောင့်ရော၊ ပြည်သူတွေရဲ့ ကိုယ့်ပိုင်ရာကို ရဲရဲဝံ့ဝံ့ မကာကွယ်နိုင်တာရော၊ ခေတ်ကာလနဲ့အညီ လမ်းဖောက်၊ တိုက်ဆောက် ပြုပြင်ပြောင်းလဲမှုတွေကြောင့်ပါ လန်ဒန်မှာ ကျွန်တော်မြင်တွေ့နေတဲ့ ကျွန်တော်တို့ ရန်ကုန်မှာ ကျွန်တော် ငယ်ငယ်က မြင်ခဲ့ဖူးတဲ့ စိမ်းလန်း စိုပြေမှုတွေဟာ ပျောက်ကွယ်ခဲ့တာကို တကယ် စိတ်မကောင်း ဖြစ်မိပါတယ်။

ဒါတောင် တနေ့ကဆို ကျွန်တော့် သူဌေးဟောင်း တယောက်က သူ့ဖေ့စ်ဘုတ်မှာ ဦးဝိစာရလမ်းက လမ်းလယ်ကျွန်းတွေကို ဖယ်ရှားနေတဲ့ အကြောင်း စိတ်ပူပူနဲ့ ရေးထားတာကို ဖတ်လိုက်မိပြီး စိတ်မကောင်း ဖြစ်ရသေးတယ်။ ကျွန်တော်တို့ ဘာလုပ်လုပ် အနာဂတ်အတွက် သေသေချာချာ စဉ်းစားဖို့ လိုနေပါပြီ။ အရင်က မသိခဲ့လို့ လုပ်ခဲ့တယ်ဆိုရင် ထားလိုက်လို့ ရပါသေးတယ်၊ ဒီနေ့ခေတ်မှာတော့ ကျွန်တော်တို့ သေသေချာချာ သိသင့်နေပြီ။ မသိဘဲနဲ့ အာဏာပိုင်တွေက မိုက်မိုက်ကမ်းကမ်း လုပ်နေတယ်ဆိုရင် ကျွန်တော်တို့အတွက် ကျွန်တော်တို့ သားသမီး မြေးမြစ်တွေအတွက် အော်ရပါမယ်၊ မဟုတ်တာ မလုပ်ဖြစ်အောင် တားရပါတော့မယ်။

ဘန်ကောက်မှာလည်း မြို့လယ်ကောင် မိုးထိတိုက်တာကြီးတွေ၊ မိုးပျံကားလမ်းတွေ၊ ရထားလမ်းတွေ ဆောက်ထားပေမယ့်လို့ ပန်းခြံတွေ သေသေချာချာ လုပ်ထားပါတယ်။ မြို့လယ်ကောင်က ကျွန်တော်တို့ ရုံးကနေ လှမ်းကြည့်ရင် တမိုင်တောင် မရှိတဲ့ အကွာအဝေး အတွင်းမှာပဲ စိမ်းလန်းစိုပြေနေတဲ့ ဂေါက်ကွင်းကြီးတခု ရှိပါတယ်။ ကျွန်တော် နေရတဲ့ မြို့စွန်နားက အိမ်နားမှာဆိုရင် သစ်ပင်တွေ အများကြီးရှိတယ်၊ အဲဒီသစ်ပင်တွေမှာနေတဲ့ ရှဉ့်ကလေးတွေတောင် ရှိပါတယ်။ ကျွန်တော်တို့ ရန်ကုန်မှာကျတော့ အဲဒီလို ရှိခဲ့တာတွေကို ကျွန်တော်တို့ ပျောက်အောင် လုပ်ခဲ့ကြပါတယ်။

ဒုတိယ အကြောင်းအရာကတော့ တက္ကစီ ဖြစ်ပါတယ်။ လန်ဒန်မြို့ကို ကျွန်တော် ပြန်ရောက်တော့ တက္ကစီကို အွန်လိုင်းကနေ မှာထားပြီးသားဖြစ်လို့ လေဆိပ်မှာ ကျွန်တော့်နာမည်ပါတဲ့ ဆိုင်းဘုတ်လေးနဲ့ လာကြိုနေပါတယ်။ ကြိုတဲ့သူ နောက်ကို လိုက်သွားတော့ ကားစတင်း (ကားရပ်တဲ့နေရာ) ကို ရောက်ပါတယ်။ လေယာဉ်က နာရီဝက် နောက်ကျပြီးမှ ဆိုက်လို့ လေဆိပ် ရောက်တာနဲ့ ကိုတိကျ ကျွန်တော်က တက္ကစီကို နာရီဝက် နောက်ဆုတ်ပြီး လာကြိုဖို့ ဖုန်းဆက်လိုက်မိပါတယ်။ ဒီတော့ ကျွန်တော်လည်း ကားစတင်းမှာ ၁၅ မိနစ် စောင့်မှ ကားက ရောက်လာပါတော့တယ်။ ခရီးသည် ကြိုဆိုသူက ကားဆရာကို မင်း ဘာလို့ အချိန်အတိုင်း မလာတာလဲလို့ စကားနာ ထိုးတော့ ကုမ္ပဏီက ငါ့ကို နာရီဝက် နောက်ကျပြီးမှ ကြိုပါလို့ ဖုန်းဝင်လာလို့ပါတဲ့။ ကျွန်တော် ကိုယ့်ဘာသာကိုယ်ပဲ အပြစ်တင်လိုက်မိပါတော့တယ်။

ဒီနေရာမှာ ကျွန်တော် ပြောချင်တာက ကားဆရာက ကျွန်တော့်အိတ်တွေကို ကားပေါ်ကို သူကိုယ်တိုင် တင်ပါတယ်။ ကျွန်တော့်မလဲ ဘန်ကောက်မှာ ခြောက်လနေပြီး လန်ဒန်ကို ပြန်လာတာမို့ ပစ္စည်းက များပါတယ်။ အိတ်က သုံးအိတ်ပါ။ အိတ်ကြီးက ကီလို ၂၉ ရှိတယ်၊ အိတ်သေး နှစ်လုံး ၁၃ နဲ့ ၁၅ ကီလို အသီးသီး ရှိပါတယ်။ ကားဆရာက အဘိုးကြီးပါ။ အနည်းလေး အသက် ခြောက်ဆယ် ရှိပါတယ်။ သူ့နာမည် မေးကြည့်တော့ Ray လို့ ပြောပါတယ်။ ရောင်စဉ်ပေါ့ကွာတဲ့။ မြန်မာပြည်မှာလိုပါပဲ… လန်ဒန်မှာလည်း ကားမောင်သူတချို့က အရင်တုန်းက ကုန်သည် လုပ်ဖူးသူတွေ၊ ဘဏ်ဝန်ထမ်းဟောင်းတွေ၊ စစ်သားဟောင်းကြီးတွေ ဖြစ်ပါတယ်။ ကားဆရာ (တက္ကစီ ၀န်ဆောင်မှု ပေးသူဟာ) ကားကို ကြော့ကြော့လေး မောင်းရုံတင် မကပါဘူး၊ ခရီးသည်ကို ကူဖို့၊ စိတ်ချမ်းသာစေဖို့၊ အဆင်ပြေစေဖို့ ၀န်ဆောင်မှု ပေးရတာ ဖြစ်ပါတယ်။

ကားဆရာက သူကိုယ်တိုင် အငှားလိုက်တာပဲဖြစ်ဖြစ်၊ ကုမ္ပဏီကနေတဆင့် အလုပ်ရလို့ မောင်းပို့ရတာပဲဖြစ်ဖြစ် ထိုက်သင့်တဲ့ကြေး ရပြီး ဖြစ်လို့ အလုပ်ပေးသူကို ကျေးဇူးရှင် ၀ါ ပိုက်ဆံပေးသူလို့ သဘောထားပြီး အကောင်းဆုံး ၀န်ဆောင်မှု ပေးရတာ ဖြစ်ပါတယ်။ ဒါဟာ အလွန် အခြေခံကျတဲ့ သဘောတရားပဲ ဖြစ်ပါတယ်။ လန်ဒန်ဆိုတော့ ကားတွေကတော့ အထူး ပြောစရာ မလိုတော့ပါဘူး၊ အသင့်အတင့် ကောင်းတဲ့ကားနဲ့ သေသေချာချာ ကောင်းတဲ့ ကားတွေပါပဲ။ ရန်ကုန်မှာတော့ အဲဒီလို မဟုတ်ပါဘူး။ တက္ကစီ ဆိုတဲ့ ကားတွေကလည်း တော်တော် စုတ်ပါတယ်။ တခါက ကျွန်တော် ငှားစီးတဲ့ ကား… မောင်းနေရင်း မတ်တပ် ၀ါယာရှော့ဖြစ်ပြီး မီးခိုးတွေ ထွက်လာပါတယ်။ ကားဆရာကလည်း သူ့ပိုက်ဆံ မပေးဘဲ ဆင်းသွားမှာစိုးလို့ ကားကို မရပ်ဘဲ အတင်းမောင်းပါတယ်။ ကားပေါ်ပါသူ ခရီးသည် ထိတ်လန့်နေမှာ၊ ခရီးသည်ရော သူရဲ့ အသက်အန္တရယ်ကိုပါ မကြည့်တော့ပါဘူး။ အတင်းပြောမှ ကားရပ်ပြီး ပြင်ပါတယ်၊ ပြင်တယ်ဆိုတာလည်း ဖြစ်သလို လုပ်ထည့်လိုက်ပြီး ဆက်မောင်းတာပါပဲ။

တချို့ကားတွေက တံခါးဖွင့်မရပါဘူး၊ တချို့ကားတွေက ပစ္စည်း ကိရိယာ အစုံအလင် မရှိတော့ပါဘူး။ ကားက ထားလိုက်ပါတော့… နိုင်ငံ ဆင်းရဲလို့… လူတွေ မချမ်းသာလို့လို့ ဖော့တွေးလိုက်လို့ ရပါတယ်…။ ကျွန်တော်လည်း မြန်မာပဲမို့ ဖော့တွေး၊ လျှော့တွေး၊ ဖြည့်တွေးတာတွေက အကျင့်လိုတောင် ဖြစ်နေပါပြီလေ…။ အဲ… ရန်ကုန်က အဲဒီ ကားဆရာတွေကရော… ကားငှားစီးသူ ထမင်းရှင်ကို ၀ါ ပိုက်ဆံပေးသူကို လူလို့ရယ်လို့တောင် သတ်မှတ်ပါလေစလို့ ဆိုတာကတော့ တကယ့်ကို တွေးစရာပါ။ အိတ်ဝိုင်းမဆွဲပါဘူး၊ ပစ္စည်း အတင်အချ ၀ိုင်းမကူပါဘူး။ ငါက ကားမောင်းတာလေ… မင့်ပစ္စည်း အတင်အချကို လုပ်ရမှာလားလို့ စိတ်ထဲမှတ်ထင်နေသူတွေပါ။ “ဟေ့ကောင် အချဉ်မထင်နဲ့…၊ ကိုယ်ပိုင်ကားနဲ့ မောင်းနေတာကွ“ လို့ ပြောကောင်းပြောနိုင်ပါတယ်။ ဒါမှမဟုတ် ၀န်ထမ်းအကြီးအကဲ ညွှန်ကြားရေးမှူးအဆင့်ကနေ အငြိမ်းစားယူပြီး တခြားလည်း မလုပ်ချင်တာနဲ့ ကားမောင်းစားနေတာလို့လည်း ပြောချင်ပြောနိုင်ပါသေးတယ်။ ဒါမှမဟုတ် ကုန်သည်လုပ်နေရင်း တခြားအလုပ်တွေက ခေါင်းစားတာမို့ ကားမောင်းနေတာလို့ ဆိုချင်ဆိုပါလေ။ ဒါပေမဲ့ အခု ကားမောင်းစားနေပြီ မဟုတ်လား၊ ကားစီးသူ ခရီးသည်ကို အကောင်းဆုံး ၀န်ဆောင်မှု ပေးဖို့ လိုပါတယ်။

အခုတော့ အဲဒီလို မဟုတ်ပါဘူး။ ကားဒက်ရှ်ဘုတ်ပေါ်မှာ “ဆေးလိပ်မသောက်ရ“ လို့ လိုင်စင် ၀င်တုန်းက အတင်းရောင်းပြီး ကပ်ခိုင်းထားလို့ ကပ်ထားရတဲ့ စာတမ်းကြီး ရှိနေပါရက်နဲ့ ကားဆရာက ရှေ့ကနေ ဆေးပေါ့လိပ်ကြီး ခဲနေ သောက်နေပါတယ်။ အဲ… ပိုဆိုးတာက ကားနောက်ခန်းမှာက ကားငှားစီးတဲ့ အမျိုးသမီးတွေ၊ ကလေးတွေပါမယ်ဆိုရင် အဲဒီ ရှေ့က ကားဆရာ အတ္တဘောကြီး သောက်သမျှကို ထိုင်ရှုပေတော့ပဲ၊ နောက်ပြီး တချို့ကားတွေရဲ့ ကားနောက်ခန်း မှန်တွေက အသေပါ၊ တင်လို့ချလို့ ဖွင့်မရပါဘူး။ သေပါလေတော့… သေပါတော့ပဲ။

ကားဆရာတွေနဲ့ ၀တ်ပုံစားပုံနဲ့ နေထိုင်ပုံတွေကလည်း အများစုက စိတ်ပျက်စရာပါပဲ။ မြန်မာပြည်က လူတွေ အားလုံး ဖိစီးမှုတွေ၊ စိတ်လက် မချမ်းသာမှုတွေနဲ့ ပြည့်နှက်နေတယ် ဆိုတာကို ကျွန်တော်လည်း မြန်မာတယောက်ပေမို့ ကောင်းကောင်း သိပါတယ်။ ဒါပေမဲ့ ကိုယ်က တပါးသူကို ၀န်ဆောင်မှုပေးပြီး စားရသောက်ရသူ ဆိုရင် ၀န်ဆောင်မှု ကောင်းကောင်းပေးဖို့ လိုပါတယ်၊ စော်ကားတဲ့ အပေါက် မဖြစ်ဖို့ လိုပါတယ်။ ကိုယ့်မိသားစုမှ အရေးစိုက်ရမှာ မဟုတ်ပါဘူး၊ ကိုယ့်ပိုက်ဆံပေးတဲ့ ကိုယ့်ကျေးဇူးပြုတဲ့ ဘယ်သူ့ကိုမဆို ထိုက်တန်တဲ့ ၀န်ဆောင်မှု ပေးဖို့ လိုအပ်ပါတယ်။

အောင်မင်္ဂလာ အဝေးပြေးကွင်းကများ အိမ်ပြန်ဖို့ တက္ကစီ စီးရရင်တော့ ပြောမနေပါနဲ့တော့ဗျာ၊ ငရဲပြည်ကို အရှင်လတ်လတ် ရောက်သွားသလိုပါပဲ။ တကြောင်းထဲနဲ့ သူဌေးဖြစ် ကြံစည်ချင်တဲ့ ကိုရွှေတက္ကစီ ဆရာတွေကို မေတ္တာပို့ရင်းနဲ့ပင် မလောက်ချင်တော့ဘဲ ထိုးချင် ကြိတ်ချင် ရိုက်နှက်ချင်လောက်တဲ့အထိ ဖြစ်သွားပါလိမ့်မယ်။ မြန်မာချင်း အတော့်ကို ရင့်သီး ရိုင်းစိုင်းသူတွေလို့ ကျွန်တော်တော့ လွန်လွန်ကျူးကျူးကို ပြောချလိုက်ချင်ပါတယ်။ ပရိုက်ဗိတ် တက္ကစီဆိုတာ သီးသန့်သဘော၊ ကိုယ်လိုရာနေရာကို တိတိကျကျ ရောက်အောင် သွားနိုင်ဖို့ ငှားစီးတာ ဖြစ်ပါတယ်။ ဟိုပတ်မောင်း ဒီပတ်မောင်း ဟိုလူ့ ဟိုနေရာချ၊ ဒီလူ့ ဒီလမ်းထိပ်ချနဲ့ ဖြစ်သလို ပစ်ချခဲ့ရတာမျိုး မဟုတ်ပါဘူး။ ဒါတွေဟာ စာတတ်တာ၊ ပညာတတ်တာတွေနဲ့လည်း မဆိုင်ဘူးလို့တော့ ကျွန်တော် ထင်ပါတယ်လေ၊ လူ့ အသိတရားလေး နည်းနည်းလေး ရှိတာနဲ့တင်ကို သဘောပေါက်နိုင်တာမျိုးလို့ ကျွန်တော်တော့ ယူဆတာပါပဲ။

ဘန်ကောက်မှာတော့ တက္ကစီတွေက ကောင်းမှကောင်းပါပဲ။ ကားထဲ ၀င်လိုက်ရင် အေးလည်း အေးပါတယ်၊ ကားတွေကလည်း နေ့စဉ် ကြံ့ခိုင်ရေး စစ်ထားလို့ ကောင်းမှကောင်းပါပဲ။ ဒါပေမဲ့ ဘန်ကောက်ကလည်း ရန်ကုန်နဲ့ အနီးအနားမို့ ရန်ကုန်ဓာတ်ကူးတယ်လို့ ဆိုရမလား မသိပါဘူး၊ ယုတ်တာလေးတွေ ရှိပါတယ်။ သူတို့ဆီမှာက တက္ကစီက တက်တာနဲ့ ၃၅ ဘတ်က ချိုးပြီး ဖြစ်တာမို့ နည်းနည်း ဝေးရင် မလိုက်ချင်ပါဘူး။ သူက နီးတဲ့ခရီးဆို ၃၅ ဘတ် နှစ်ခါ ချိုးလို့ ရနေတာကိုးဗျာ။

နောက်တခုက ခရီးတခုကို အသွားအပြန် တခါထဲ ငှားစီးတယ်ဆိုရင်… ရှင်းအောင် ပြောရရင် ပွိုင့် အေ ကနေ ပွိုင့် ဘီ ကို သွားတယ် ဆိုပါစို့။ ပွိုင့် အေ က ထွက်လို့ တခါ ၃၅ ဘတ် ချိုးလိုက်ပြီး ပွိုင့် ဘီ ရောက်လို့ တယောက် ဆင်းပြီး ပွိုင့် အေ ဘက် ပြန်လှည့်တာနဲ့ နောက်ထပ် တခါ ၃၅ ဘတ် ထပ်ချိုး ပြန်ပါတယ်။ အဲဒီလိုပါ…။ “ဟ… မင်း ကားကို ငါ တောက်လျှောက် ငှား ထားတာပဲ“ ဆိုလည်း မရပါဘူး။ အဲ… ညဘက်ကျရင်တော့ တချို့ကားတွေက မီတာကို ပိတ်ထားလိုက်ပြီး ပါးစပ်ထဲ ပေါ်တဲ့ ဈေးကို တောင်းပါတယ်။ ခုန ပြောတဲ့ ခရီးသည်ကို ကူတာ၊ ၀န်ဆောင်မှု ပေးတာကတော့ ကမ္ဘာလှည့်များပေမယ့် ရန်ကုန်နဲ့ နီးလို့လား မသိပါဘူး။ ကူတဲ့ ကားဆရာက ကူတတ်ပြီး မကူတဲ့ ကားဆရာကတော့ ရန်ကုန်က တက္ကစီ ဆရာတွေလိုပါပဲ… မကူကြပါဘူး။

ဈေးဝယ်တဲ့ အကြောင်းလေးလည်း နည်းနည်းတော့ ပြောကြည့်ရအောင်ဗျာ။ လန်ဒန်ပြန်ရောက်ရောက်ချင်းဆိုတော့ စားဖို့သောက်ဖို့က ဘာမှ မရှိလေတော့ ဈေးဝယ်ရပါတယ်။ ဈေးဝယ်တော့လည်း မြန်မာပြည်သားပဲဗျာ… သက်သာတဲ့ ဆိုင်မှာ ၀ယ်တာပေါ့လေ။ ဘာဝယ်ဝယ် တပေါင်ဆိုတဲ့ ဆိုင်တွေက ကျွန်တော် နေတဲ့ အရပ်မှာ များမှများပါပဲ။ ဒါနဲ့ ကျွန်တော်လည်း လိုအပ်တဲ့ ကော်ဖီ၊ ဘီစကွတ်၊ ခေါက်ဆွဲခြောက်၊ ဖျော်ရည်၊ အားလူးကြော်၊ တခါ တကိုယ်ရည် သန့်ရှင်းရေးအတွက် လိုအပ်တဲ့ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာ၊ မုတ်ဆိတ်ရိတ်ဓား၊ ခံတွင်းသန့်ရှင်းဆေးရည်၊ အိမ်သာသုံးစက္ကူ၊ ဘာညာ သာရကာ ၀ယ်ရတာပေါ့လေ။ အများစုကတော့ ဆိုခဲ့ပါအတိုင်း တခုယူ တပေါင်ပေးပေါ့။ ဒါနဲ့ ပစ္စည်းတွေ အိုင်တမ်(item) ပေါင်း ၂၀ ကျော် ၀ယ်ပြီး သကာလ ပိုက်ဆံပေးပြီး ထွက်လာခဲ့တယ်။ အိမ်ရောက်မှ ၀ယ်လာတဲ့ စာရင်းကို ဘာကြောင့်မှန်း မသိ ပြန်ကြည့်တော့ ကောင်တာက ဆရာက ပိုက်ဆံပိုယူလိုက်တာကို သတိထားမိတယ်။ (ပုံမှန်ဆို ကျွန်တော်က ၀ယ်ပြီး ပြီးရော… ထားလိုက်တတ်သူပါ၊ ဒီတခေါက်တော့ ငါ့ဆီက ပိုက်ဆံများ ပိုယူလိုက်သလားလို့ စိတ်ထဲက ထင်တာနဲ့ သေချာ စစ်ကြည့်လိုက်တာ… အဟုတ်ပါပဲ၊ ပိုယူလိုက်ပါတယ်)။

စိတ်ထဲ ထောင်းကနဲ ဒေါသထွက်သွားသလို တဖက်ကလည်း ချက်ချင်း စိတ်ပြန်ထိန်းပြီး “ဒါ… မင်းညံ့တာပဲ၊ မင်း ၀ယ်ပြီးတာနဲ့ ကောင်တာက အထွက်မှာ ပြန်စစ်ရမှာ မဟုတ်လား။ အခု အိမ်ရောက်မှ စစ်တော့ ဘာတတ်နိုင်မလဲ။ ပြီးတော့ သုံးပေါင်တောင် မပြည့်တာ ထားလိုက်ပါတော့၊ သင်ခန်းစာပေါ့“ လို့ ကိုယ့်ကိုယ်ကိုယ် နောက်တကိုယ်က ကိုယ်ခွဲပြီး ဆုံးမပါသေးတယ်။ ဒါပေမဲ့လို့ မရပါဘူး။ မူလကိုယ် အော်ရီဂျင်နယ်ကိုယ်က အင်မတန် ခေါင်းမာပြီး တဇွတ်ထိုး လုပ်တတ်သူ ဖြစ်လေတော့ ဈေးဆိုင်ကို ပြန်သွားသင့် မသင့် အဖန်ဖန် စဉ်းစားပြီး ပြန်သွားပါတယ်။ ပြန်သွားတာမှာ အကြောင်းနှစ်ချက် ရှိပါတယ်။ တချက်က ကိုယ်က သူ့ဆိုင်မှာ ၀ယ်ရင် ဈေးသင့်တယ်၊ ဒါမှမဟုတ် သက်သာတယ်ထင်လို့ ၀ယ်တာ… အခုလို ပတ်တီးချခံလိုက်ရတော့ ဘာထူးတော့မလဲ။ ဒီလိုဆိုရင် နဂိုကထဲက စိန့်စ်ဘူရီတို့၊ တက္ဆကိုတို့မှာ ၀ယ်မှာပေါ့လို့ တွေးမိတာကတကြောင်း၊ နောက်တခုကတော့ အခုလို ပြန်သွားပြောရင် သူတို့ ဘယ်လို ဖြေရှင်းပေးမလဲလို့ သိချင်တာကတကြောင်း… အကြောင်းနှစ်ကြောင်းနဲ့ ပြန်သွားခဲ့ပါတယ်။

ကံက ဆိုးချင်တော့ ဆိုင်က ပိတ်သွားပါပြီ။ Wilkinson ဆိုင်မို့ တနင်္လာကနေ စနေနေ့အထိ ည ၇ နာရီမှာ ဆိုင်ပိတ်တာ ဖြစ်ပါတယ်။ ကျွန်တော်က ဒီအတိုင်း တင်းတင်းနဲ့ ထွက်ခဲ့တော့ အချိန် ဘယ်လောက် ရှိနေမှန်းလည်း မသိပါဘူး။ ကိုယ့်ဘာသာကိုယ်တော့ စောသေးတယ် ထင်ခဲ့တာပေါ့။ ဆိုင်ရှေ့ကို ၇ နာရီ ၁၀ မိနစ်လောက် ရောက်သွားပေမယ့်လို့ သူတို့က ဆိုင်ကို အလုံပိတ်ပြီး ပစ္စည်းနဲ့ ငွေစာရင်း ရှင်းလင်းရေးတွေ လုပ်နေပြီ ဖြစ်ပါတယ်။ ဒီဘက်မှာက အချိန်နဲ့ စည်းကမ်းကို သိပ်တိကျပြီး လိုက်နာကြတော့ အဲဒီကနေ ဘာကိုမှ ကျော်မလုပ်ဘူး ဆိုတာကိုလည်း သိထားတော့ ကျွန်တော်လည်း မနက်ဖြန်မှ လာတာပေါ့ကွာဆိုပြီး စိတ်ပျက်လက်ပျက်နဲ့ ကိုယ့်တပ် ကိုယ်ခေါက်ပြီး ပြန်လာခဲ့ရပါတော့တယ်။

နောက်တရက်ကျတော့ မိုးလင်းတာနဲ့ ဆိုင်ဖွင့်ချိန်စောင့်ပြီး ကျွန်တော် သွားပါတယ်။ ရုံးဖွင့်ရက်မို့ ဆိုင်မှာကလည်း လူရှင်းနေပါတယ်။ ဈေးဝယ်ကလည်း တယောက်၊ နှစ်ယောက်ပဲ ရှိပါတယ်။ ကျွန်တော်က စတွေ့တဲ့ ၀န်ထမ်းတယောက်ကို မနေ့က ဈေးဝယ်တာ… ပိုက်ဆံ ပိုယူလိုက်ပါတယ်။ အဲဒါ ပိုက်ဆံ ပြန်လိုချင်ပါတယ်လို့ ပြောလိုက်တော့ သူက နှစ်မိနစ်စောင့်ပေးပါ၊ စီစီတီဗီ ပြန်ကြည့်လိုက်ပါမယ်။ ပြီးတာနဲ့ ရှင်းပေးပါမယ်ဆိုပြီး ကျွန်တော့်ကို စောင့်ခိုင်းပြီး သူကတော့ စီစီတီဗီ ဖိုင်တွေကို ပြန်ကြည့်ဖို့ ထွက်သွားပါတယ်။ လုပ်ငန်း မကျွမ်းတာပဲလား၊ သေချာပဲ စစ်ဆေးနေလို့လား မသိပါဘူး။ သူက နှစ်မိနစ်လို့ ပြောသွားပေမယ့် ၁၀ မိနစ်ကြာမှ ပြန်ရောက်လာပါတယ်။ ပြီးတော့ ကျွန်တော် ပြောတဲ့ အိုင်တမ် နှစ်ခုမှာ ပိုယူတယ်ဆိုတာ မဟုတ်ဘဲ တခုမှာပဲ ပိုယူလိုက်တာပါ၊ တခုကတော့ သူတို့ မှန်ပါတယ်လို့ ပြောပါတော့တယ်။ အဲဒီမှာ ကျွန်တော်လည်း ငိုမဲ့မဲ့နဲ့ စိတ်ပိုတိုသွားပြီး “ဟေ့လူ ကျုပ်က သေချာ စစ်ဆေးလာတာ…၊ ခင်ဗျားတို့ ပစ္စည်းနှစ်ခုမှာ အရေအတွက်ကို ပိုပြပြီး ပိုက်ဆံပိုယူလိုက်တယ်“ လို့ အော်တော့မှ အလုပ်ကြပ် ဖြစ်ဟန်တူသူ နောက်တယောက် ရောက်လာပြီး “ကျွန်မ ရှင်းပေးပါ့မယ်၊ နှစ်မိနစ်လောက် ထပ်စောင့်ပါ“ ဆိုပြီး သူလည်း သွားပြန်ကြည့်ပြန်ပါတယ်။

အဲ… အဲဒီတယောက်ကတော့ သုံးမိနစ်အကြာမှာ ပြန်ရောက်လာပါတယ်။ ဒီတခါတော့ ကျွန်တော်က အရင် အော်ထားတော့တာပါပဲ။ “မင်းတို့ဆိုင်က ဈေးသင့်တယ်လို့ ငါက ယူဆပြီး ဈေးလာဝယ်တာပဲ၊ အခုတော့ မင်းတို့ကို ငါ မယုံတော့ဘူး။ ရေရေလည်လည် စိတ်ပျက်ဖို့ ကောင်းတယ်“ လို့ ကျွန်တော်က ပြောလိုက်တော့… အဲဒီ အမျိုးသမီးက ကျွန်တော့်ကို သူတို့ ပိုယူလိုက်တဲ့ ပိုက်ဆံ ပြန်အမ်းဖို့ ပြင်ရင်း “ကျွန်မ တောင်းပန်ပါတယ်ရှင်၊ ကောင်တာ ၀န်ထမ်းက အာရုံစိုက်မှု လျော့နည်းသွားလို့ ဖြစ်သွားတာပါ။ တောင်းပန်ပါတယ်ရှင်“ လို့ နှစ်ခါလောက် ပြောပါတယ်။ ကျွန်တော်လည်း စိတ်ဆင်းရဲရတာနဲ့ အချိန်ကုန်တာနဲ့စာရင် မကာမိပေမယ့်လို့ ဒီလို သူတို့ အမှားကို ကိုယ်က ပြန်တောင်းဆိုခဲ့ရင် ဘယ်လို ရှင်းလင်းသလဲ ဆိုတာကို သိချင်လို့ သွားခဲ့တာဖြစ်ပြီး သူတို့ ပိုယူထားခဲ့တဲ့ ပိုက်ဆံကိုတော့ ပြန်ရအောင် ယူလာနိုင်ခဲ့ပါတယ်။ အခု ကျွန်တော့်ကိစ္စက ပိုက်ဆံပိုယူလိုက်လို့ သွားပြန်တောင်းခဲ့တာပါ၊ အဲဒီဆိုင်က ပစ္စည်းကို ၀ယ်ပြီးမှ မကြိုက်တော့ရင် တလအတွင်း ပြန်ပေးလို့ရပြီး သူတို့က အဲဒီ ပစ္စည်းတန်ဖိုးကို ပြန်အမ်းပေးပါတယ်။

ရန်ကုန်မှာ ဈေးဝယ်ရင်ရော… “၀ယ်ပြီး ပစ္စည်း ပြန်မလဲပါ“ “ပစ္စည်း၊ ပိုက်ဆံ စစ်ပြီး ယူပါ၊ ဒီကောင်တာမှ ထွက်ရင် တာဝန်မယူပါ“ လို့ ရေးထားတဲ့ စာတွေကို တွေ့ရမှာ ဖြစ်တဲ့အပြင် သူတို့ဆီက တခုခု ၀ယ်လို့ သုံးလို့ အဆင်မပြေလို့၊ ပျက်လို့ ပြုလို့ ရှိခဲ့ရင်လည်း ဘာ တာဝန်မှ မယူပေးပါဘူး။ ရောင်းပေးတာကိုပဲ ကျွန်တော်တို့တတွေက ကျေးဇူးတင်နေရမှာပါ။ အမှန်က ဈေးဝယ်က ကျေးဇူးရှင် ဒါမှမဟုတ် ကိုယ့်ကို အမြတ်အစွန်းတွေ လာပေးသူ မဟုတ်ဘူးလား။ မြန်မာတွေဟာ သူတပါး ကျေးဇူးကို အထူးသိတတ်တယ်၊ ကျေးဇူးရှင်ကို အမြဲ မေတ္တာပို့ပြီး စောင့်ရှောက် ဆက်ဆံတယ်ဆို… တကယ်တော့ မဟုတ်ပါဘူးလို့တောင် ဆိုရမလားပါပဲ။ အခြေခံနယ်ပယ်တွေမှာတောင် လိုက်နာ ကျင့်ကြံမှုအား နည်းပါးလွန်းလှပါတယ်။

ဘန်ကောက်ကတော့ ဈေးဝယ်ကောင်းတဲ့မြို့၊ ဈေးဝယ်ထွက်တဲ့မြို့မို့ အထူး မပြောလိုတော့ပါဘူး။ ပစ္စည်းတွေကို စိတ်တိုင်းကျ ရွေးချယ် ၀ယ်ယူနိုင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က အပေါစား ကင်မရာ တလုံးဝယ်တာမှာ ဆိုင်က ချာတိတ်လေးက VAT ပြန်ရဖို့ အပါအ၀င် လုပ်ကိုင်ပေးနေလိုက်တာ ၀ယ်တဲ့သူတောင် အဲဒီလောက် စိတ်မရှည်တော့ပါဘူး။ သူတို့က အဲဒီလို စိတ်ရှည်လက်ရှည်နဲ့ကို ရောင်းပါတယ်။ အာမခံကတ်တွေလည်း ပေးပါတယ်။ သူငယ်ချင်းတယောက် လက်ကိုင်ဖုန်း ၀ယ်တာမှာလည်း ရောင်းတဲ့ မိန်းမက ချိုလိုက်တာမှ သကြားက အမ ခေါ်ရလောက်ပါပေတယ်။ ကိုယ့်ကို ပိုက်ဆံလာပေးတဲ့သူ အမြတ်အစွန်း လာပေးတဲ့သူကို ဘယ်လို ဆက်ဆံရတယ် ဆိုတာကို သူတို့တွေ ကောင်းကောင်း နားလည်ကြပါတယ်။ အဲ… ပြောခဲ့သလိုပါပဲ… ဘန်ကောက်ကလည်း ရန်ကုန်နဲ့နီးလေတော့လေ… ရန်ကုန်မှာ တွေ့ရတဲ့ စိတ်ဓာတ်နဲ့ ဈေးရောင်းသူတွေကိုလည်း တခါတခါမှာတော့ တွေ့ရတတ်ပါကြောင်းဗျာ။

၂၀၁၂၊ မေ ၃၊ ညနေ ၅ နာရီ။

လန်ဒန်။

by Myo Tha Htet on Thursday, 22 March 2012 at 19:26·

ကျွန်တော်က တခါတလေ စိတ်ပါရင် စာတွေ ရေးတတ်တယ်။ ဘယ်သူဖတ်ဖတ် မဖတ်ဖတ် ရေးတာပါပဲ။ ရေးရတာကလည်း အကြောင်း နှစ်ကြောင်း ရှိပါတယ်။ တကြောင်းက ကျွန်တော် ရေးချင်လို့…၊ ဒုတိယက မှတ်မှတ်သားသားလေး ရှိချင်လို့ပါ။ အသက်က ကြီးလာတော့ ခံစားမှုတွေက တဖြည်းဖြည်း မတူတော့ဘူး၊ မှတ်ထားရမှာတွေကျ မေ့သွားတတ်ပြန်တယ်။ ဒီတော့ ငါ အရင်က ဒီလိုလေး ခံစားခဲ့ရဖူးတယ်၊ ဒီလိုလေး ဖြစ်ခဲ့ဖူးတယ် ဆိုတာတွေကို နောင်အခါ ကိုယ့်ဘာသာ ကိုယ်ပြန်ဖတ်နေရင် မှတ်မိနေစေဖို့ပါ။

ဖေ့စ်ဘုတ်က သူငယ်ချင်းတချို့က ကျွန်တော် ရေးတဲ့ နုတ်တွေကို ဖတ်ကြတယ်ဆိုတော့လည်း သဘောကျမိတာပါပဲ။ တချို့လည်း ဖတ်ပြီး သဘောကျတော့ ကောင်းတယ်လို့ ပြောကြတယ်။ တချို့ကျလည်း အလုပ်တွေက များကြတော့ ဖတ်ဖို့ အချိန် မရကြဘူးနဲ့ တူပါရဲ့…။ ဘာမှ ပြောမလာဘူး။ ကျွန်တော့်လိုပေါ့၊ စာဖတ်ဖို့ အမြဲခေါင်းထဲ ထည့်ထားပေမယ့် အားမှသာ ဖတ်ဖြစ်တော့တယ်။

ကျွန်တော်က တကယ်ပြောတာပါ၊ အချစ်ဇာတ်လမ်းလေးတွေ၊ ခံစားမှုပါတဲ့ စာလေးတွေ တခါတခါ သိပ်ဖတ်ချင်တာပါပဲ။ တခါလောက်များ ဖတ်လိုက်ရရင်ကို ကျွန်တော့်မှာ အာသာပြေသွားတော့တာပါပဲ။ (ကြီးပွား တိုးတက်ဦးမယ့် အတိတ် နိမိတ်တွေပေါ့လေ…)။

တခါ ဖတ်ပြီးတဲ့ သူငယ်ချင်းတချို့က ဖတ်ပြီး နေရုံနဲ့ အားမရပြန်ဘူး ထင်ပါရဲ့… ဒါမှမဟုတ် ကျွန်တော့်ကိုလည်း မယုံကြည်လို့နဲ့ တူပါရဲ့… နည်းနည်းတော့ တောက်ကြည့်ဦးမှဆိုပြီး ထောက်ကြည့်ချင်တဲ့အတွက် မေးခွန်းတချို့ မေးကြတယ်။ အထူးသဖြင့် အကြောင်းသိတွေပေါ့လေ၊ “မင်းကွာ ဟုတ်ရဲ့လား“ တဲ့။ “အဲဒါက တကယ်လား“ တဲ့။

မေးခွန်းတွေ့ရင် ကျွန်တော်က ပြုံးမိတယ်။ ပြီးတော့ “ကျွတ် ကျွတ်“ လို့ စုတ်သပ်လိုက်တယ်။

“အေး… ဒါဖြင့်လည်း ပြီးတာပဲကွာ၊ မင်းက ကိုယ့်ကိုယ်ကိုယ် သိပ်ထင်နေလည်း နေပေါ့“ လို့တော့ ကျွန်တော့်ကို မထားခဲ့လိုက်ပါနဲ့ဦးနော်…။ အဲဒါလေး ရေးပြချင်သေးလို့ ထပ်ပြောဦးမယ်လေ။

ကျွန်တော်က သူတို့ကို ပြောပြတယ်၊ အခု လက်ရှိ အလုပ်ကို လုပ်နေပြီးနောက်မှာတော့ မေးရတာက ကျွန်တော့် အလုပ် ဖြစ်နေတယ်။ ဖြေရတာက ကျွန်တော့် အလုပ် မဟုတ်တော့ဘူး၊ ဒါကြောင့် မဖြေနိုင်ပါဘူးလို့ ပြောမိတယ်။ သိချင်လို့ မေးတာကို မဖြေနိုင်ပါဘူး ဆိုတော့ ကျွန်တော် အပါအ၀င် ဘယ်သူမှတော့ ကြိုက်ကြမှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ မတတ်နိုင်ဘူး။

ဒီတော့ တချို့ကလည်း ပြောတယ်။ “မင်းဟာက အင်ကြီးပါကွာ“ တဲ့။ တချို့ကျတော့ “အင်း… သိပါတယ်နော်“ တဲ့။ တချို့ကတော့ မျှမျှတတ မြင်တတ်ပုံရတဲ့ သူလားတော့ မသိပါဘူး၊ “ငါးဆယ် ငါးဆယ်မို့လား“ တဲ့။ ကဲ… ကျွန်တော် ဘယ်လို ဖြေရမလဲ… ပြော…။ ဘယ်လို ဖြေမှ ကြိုက်မှာလဲ ပြော…။ ပြောခိုင်းတာနော်…၊ ကျွန်တော် ဖြေမယ်လို့ ပြောတာ မဟုတ်ပါဘူး။

အဓိက က… ကျွန်တော် ရေးချင်တာလေးတွေ ရေးနေတာက ရင်ခုန်နေအောင် ရေးတာပါပဲ။ မနက်ဖြန်တွေမှာ ရင် ဆက်ခုန်နေအောင် ရေးတာပါပဲ။ ဒီအရွယ်အသက်မှ ရင်ခုန်သံတွေ နှေးသွား အေးသွားမယ်ဆိုရင် ဘ၀ဟာ ရွှင်ဖို့ မကောင်းတော့ပါဘူး။ ဒါကြောင့် သူများတော့ မသိ… ကျွန်တော့် ရင်တွေ ခုန်နေစေဖို့ ဒီစာလေးတွေ ရေးရပါတယ်။ မိန်းကလေး ချောချောလေးတွေရဲ့ ဓာတ်ပုံလေးတွေလည်း ကြည့်ရပါတယ်။ ရင်ခုန်နေစေဖို့လေ…။

ပြီးတော့လည်း တယောက်တည်း ရင်ခုန်နေရတာလည်း မတရားဘူးလို့ တွေးမိပြန်တာကြောင့် ဒီကနေ့ခေတ် လူမှုကွန်ရက် ၀က်ဘ်ဆိုက်ဖြစ်တဲ့ ဖေ့စ်ဘုတ်မှာ ရှယ်ဖြစ်ပြန်ပါတယ်။ မျက်စိတော့ နောက်ကြပေလိမ့်မယ်၊ ဒါပေမဲ့ ရင်ခုန်ဖို့တော့ လိုတယ် မဟုတ်လားဗျာ…။

ကျွန်တော် စာရေးပုံကလည်း အဆန်းပါ။ ပတ်ဝန်းကျင်ကို မျက်စိနဲ့ မြင်အောင် ကြည့်တယ်၊ မြင်တာတွေကို စိတ်နဲ့ ခံစားတယ်၊ ရင်နဲ့ခံစားတယ်၊ ပြီးရင် ဦးနှောက်ကို ပို့ပြီး လက်ကနေ ကွန်ပျူတာပေါ် ရိုက်ချလိုက်တယ်။ ပတ်ဝန်းကျင်ကို မြင်အောင်ကြည့်တဲ့ အချိန်က ကြာတယ်၊ စိတ်နဲ့ ခံစားတာက မြန်တယ်။ ဦးနှောက်က (စိစစ်ပြီး) ရှင်းအောင် လုပ်လိုက်ပြီး လက်ကနေ ထုတ်လိုက်တာကတော့ အရင်ထက်တော့ အခု မြန်လာပြီလို့ ပြောလို့ ရပါတယ်။

မြင်အောင်ကြည့်ပြီး ရေးတာတော့ ဟုတ်ပါပြီ၊ မင်းက နားတော့ ဘာလို့ မထောင်လဲလို့ မမေးထိုက်ဘူးလား။ မေးပါ… ရပါတယ်။ မမေးလည်း ဒီတခါတော့ ကျွန်တော့်မှာတော့ အဖြေက အဆင်သင့်ပါ။ ကျွန်တော်ရဲ့ အာရုံ ခံစားမှု နားမကောင်းလို့ မြင်တာကိုသာ ခံစားနိုင်ပါတယ်လို့…။ ဒီတော့ တွေ့ပါလိမ့်မယ်။ ကျွန်တော့် စာတွေမှာ မြင်သာမြင်နိုင်ပြီး မကြားရသလို ဖြစ်နေပါတယ်။ အသံတွေ လိုနေတာပေါ့။ အဲဒါဟာ အဖြေတခုဆိုရင် မေးခွန်းတွေ ကျွန်တော်ရတာ နည်းသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်က တကယ်တော့ မဖြေချင်သူပါ။

မေးခွန်းတွေ မေး၊ စကားတွေ ဖောင်အောင် ပြောတတ်တဲ့ ကျွန်တော်က စကား စကား ပြောပါများ၊ စကားထဲက (စာထဲက) ဇာတိပြ ဆိုသလို ဖြစ်နေပြန်တော့ ကျွန်တော့်စာ ဖတ်တဲ့ လူကြီး၊ သူမတွေကတော့ သဘောပေါက်ကြတာပေါ့။ ဒီကောင် ဘာရေးသလဲ၊ ဒီကောင် ဘာပြောသလဲ ဆိုတာ ချက်ချင်း ဆိုသလို သဘောပေါက် ခြုံမိကြတာပေါ့။ အဲဒီလို ကျတော့ တခါတလေတော့လည်း ရှက်များတောင် ရှက်မိပါတယ်။

စကားထဲက ဇာတိပြဆိုလို့ မသိသေးရင်တော့ ပြောပြလိုက်ချင်ပါသေးတယ်။ ရန်ကုန်ကပါ…။ ရန်ကုန် အကြွား…၊ မန္တလေး စကား…၊ မော်လမြိုင် အစား… ဆိုတဲ့ စကားပုံလိုလို ဇာတိချင်းပြိုင် ဂုဏ်ချင်းပြိုင်တဲ့ အဆိုတခုကလည်း ရှိနေသေးတော့ကာ ဒီအဆိုပါ မှန်မယ်ဆိုရင် ကျွန်တော် ရန်ကုန်သားဆိုတာ ပေါ်လွင်လှမယ်လို့လည်း မှတ်ပါတယ်လေ…။

မနက်ဖြန်အတွက် ခံစားမှု မသေအောင် ရင်ခုန်နေအောင်လို့ စာရေးတတ်တဲ့ ကျွန်တော်က မပျော်တာ တခုကတော့ စိတ်ထဲပေါ်တိုင်း လက်က မရေးနိုင်တာကိုပါ။ ဦးနှောက်က စိစစ်ရေး လုပ်နေတာကိုးဗျ။ စိတ်နဲ့က ခံစားနိုင်ပြီ၊ လှနေပြီ ဖြစ်ပေမယ့်လို့ လက်က လိုက်မရေးနိုင်တာဟာ ဦးနှောက်ရဲ့ အင်အားက ကြီးနေလို့ပဲ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်မှာ ခံစားမှု အနုအရွ၊ အလှအပလေးတွေ ရှိပါတယ်။ မြင်အောင်လည်း ကြည့်နိုင်တာမို့ စိတ်ထဲမှာရော ရင်ထဲမှာပါ တလှပ်လှပ်နဲ့ ခံစားလို့ အလွန်ကောင်းပါတယ်။ သဘောလေး အမြည်းပြောရရင် လေထဲမှာ ပျံနေရသလိုလို… ရေထဲမှာ မျောနေသလိုလို… နေထဲမှာ ဖြာရွှန်းနေသလိုလို… တောက်ပ လွင့်မျော လှိုက်ဖိုစရာပါ။ ဒါပေမဲ့ ဦးနှောက် ဆင်ဆာ မပေးတော့ သူတို့ကို လက်က ထုတ်မပေးနိုင်ပါဘူး။ ဒီတော့ ဦးကြီးတို့၊ ဒေါ်လေးတို့လည်း မဖတ်နိုင်တော့ဘူးပေါ့။

မဖတ်ရတော့လည်း ကောင်းတာပေါ့ဗျာ၊ မှုတ်ဘူးလား… မျက်စိညောင်း အချိန်ကုန် သက်သာတာပေါ့။ တခုပဲ ရှိတယ်၊ ကျွန်တော့်မှာတော့ ရင်ခုန်ခွင့် မသာတော့ဘူးပေါ့။

ကျွန်တော်ကတော့ ဖြစ်နိုင်ရင် ဘယ်သူ့ကိုမှန်းမသိ တိုင်တည်လို့ ခပ်တည်တည် ခပ်မိုက်မိုက် အကြောင်းအား ဘာမှ မပြဘဲ အကျိုးဆု တခုကို တောင်းဆိုပါတယ်၊ မနက်ဖြန်တွေအတွက် ကျွန်တော့်ကို ရင်ခုန်ခွင့်ပြုပါ။

၂၀၁၂ မတ် ၂၃၊ နံနက် ၁ နာရီ။

ဘန်ကောက်။

by Myo Tha Htet on Wednesday, 21 March 2012 at 20:33·

ဒီညလည်း မနေ့ညကအတိုင်း သန်းခေါင်ကပ်လု… ရထားပေါ်မှာပဲ သန်းခေါင်တီးသွားမှာပဲလို့ ကျွန်တော် တွေးလိုက်သေးတယ်။ တခါတလေတော့ လူက လန်းနေသေးရင် အိတ်ထဲက စာတအုပ်ကို ကျွန်တော် ထုတ်ဖတ် နေတတ်တယ်။ ဒီညတော့ မလန်းတာလည်း မဟုတ်၊ လန်းတာလည်း မဟုတ်… လူကလည်း တခုခု လိုနေသလိုလို၊ ဒီကနေ့ လုပ်လို့ပြီးရမယ့် အလုပ်တခု မပြီးပြတ်ခဲ့လို့လား…၊ တခုခုတော့ တခုခုပါပဲ။

ရထားပေါ်မှာပဲ ဟိုကြည့်ဒီကြည့်နဲ့ ခြောက်မှတ်တိုင်ပြည့်အောင် ၁၂ မိနစ်လောက်တော့ သည်းခံစီးရမှာပဲလေ… ဒီလိုမျိုး ညတိုင်းလည်း စီးနေကြပါပဲ၊ အထူးတော့ မဟုတ်…။ တခါတခါ လူသိပ်ပါးနေရင်တော့ Ghost ဇာတ်ကားထဲက ဇာတ်ဝင်ခန်း တချို့ကို ကျွန်တော် သတိရနေမိတယ်။

ဇာတ်ကားထဲက မင်းသားက ရုတ်တရက် သေဆုံးပြီး သရဲ ဖြစ်သွားတယ်။ နောက်တော့ သူ့ချစ်သူရဲ့ အနားကပ်ရုံတင် အားမရတော့ ကိုင်ချင် ထိချင်လာတယ်။ အဲဒီမှာ အရာဝတ္ထုတွေ၊ လူတွေကို ထိလို့ရအောင် သူက ကျင့်ရတာကိုးဗျ၊ အဲဒီမှာ သရဲဆရာကြီး တယောက်ဆီကနေ သူက သင်ယူရတာပေါ့လေ။ ဘူတာက ရှင်းရှင်း၊ ဆရာကြီးကလည်း ဂျစ်ကန်ကန်… သူကလည်း ကျားကုတ်ကျားခဲ ကြိုးစားသင်…။

နည်းနည်းတတ်တာတော့ ဘူတာရုံကနေ ရထားထဲ ၀င်လိုက်ထွက်လိုက် လုပ်တယ်၊ အဲဒီလိုမျိုးများ သရဲတယောက်ယောက်က ၀င်လာပြီး ကိုင်လိုက်မလားလို့ ကျွန်တော့်မှာ တခါတခါ စိတ်ပူတတ်သေးတယ်။ မီးရောင်တွေ ရှိပေမယ့် သန်းခေါင်ညဆိုရင် သရဲတွေ ထွက်လာတတ်တယ်မို့လား။ ကျွန်တော့်မှာတော့ သန်းခေါင်ညတိုင်းကို ကြုံလို့…။

အိမ်နားက ဘူတာရုံရောက်လာတာနဲ့ ဘူတာကနေ အထွက်… ပိုက်ဆံအိတ်ထဲက ခရီးစဉ် အရေအတွက်အလိုက် ၀ယ်ထားတဲ့ ကတ်နဲ့ ထိလိုက်တော့ အော်တိုမစ်တစ် ဆင်နားရွက်တခါးလေးက ပွင့်သွားတယ်။ အပြေးအလွှားလေး အထွက်… နောက်ကနေ ဖတ်ဖတ်ဖတ် အသံနဲ့ အတူ ထပ်ချပ်မခွာ တယောက်ယောက်က လိုတာထက်ပိုပြီး အပြေးအလွှား ပုံစံ ကပ်လိုက်လာတာကို ချက်ချင်း သိလိုက်တယ်။

လူက ပင်ပန်းနေပေမယ့် အာရုံတွေကို နိုးကြားမှု အဆင့် ၁၀၀ မှာ အပြည့်ထားလိုက်တယ်။ နာနာဘာဝ ၀ိနာဘာဝလား၊ ဘာကြောင့် နောက်က ကပ်လိုက်လာတဲ့ အသံက လိုတာထက် ပိုပြီး နားထဲမှာ အကျယ်ကြီး ကြားနေရတာလဲ။ သတိကို ကြီးကြီးထားထားလို့ နောက်လို့ လှည့်ကြည့်လိုက်တော့ လိမ္မော်ရောင် တောက်တောက်နဲ့
မိန်းမတယောက်…။

မိန်းမတယောက်ကို ကြည့်တဲ့အခါ ယောက်ျားတယောက် အနေနဲ့ လက်ခံလို့ ရလောက်တဲ့ ရုပ်ရည် အနေအထား ရှိမရှိ ပထမဆုံး ကြည့်တတ်ကြတဲ့ ထုံးစံအတိုင်း ကျွန်တော် သူ့မျက်နှာကို ကြည့်လိုက်တယ်။ ယောက်ျားတွေက ဒီလိုပဲ… မိန်းကလေးတယောက်ကို ကြည့်တတ်ကြတယ် မဟုတ်လား။ လက်ခံလောက်တဲ့ ရုပ်မျိုး မဟုတ်ဘူးဆိုရင် သူတို့ ဆက်မကြည့်တော့ဘူး၊ စိတ်မ၀င်စားတော့ဘူး။

ကျွန်တော် ကြည့်လိုက်တဲ့ တခဏမှာလည်း လိမ္မော်ရောင် တောက်တောက်ပဲ သတိထားလိုက်မိတယ်။ ကျန်တာကတော့ ဘာမှ သတိမထားမိ… မျက်နှာတောင် ချက်ချင်းကို မမှတ်မိတော့… သေချာတာကတော့ ချောမောသူတယောက် လုံးဝ မဟုတ်…။ ကျွန်တော် တချက် ရပ်လိုက်တယ်၊ သူလည်း လိုက်ရပ်တယ်။ ပြဿနာပဲ…။

ကျွန်တော် ခပ်သွက်သွက် လျှောက်လိုက်တယ်၊ သူလည်း သွက်သွက် လိုက်လျှောက်တယ်။ ဘေးဘီကို ကျွန်တော် ကြည့်လိုက်တော့လည်း ဘယ်သူမှ မရှိ… ဒုက္ခပဲ။ သန်းခေါင်ကျော် ကာလ ဘန်ကောက်မြို့လယ်ခေါင် တည့်တည့် မဟုတ်တဲ့ တနေရာမှာ…။

ကျွန်တော် လှေကား ဆင်းရတော့မယ်…။ ဒီလှေကားက ကျွန်တော် နေ့တိုင်း တက်လိုက် ဆင်းလိုက် လုပ်နေကြ…။ အမေ တခါက ကျွန်တော့်ဆီ လာလည်တုန်းကလည်း ဒီကပဲ တက်ဆင်းခဲ့ရသေးတယ်။ အမေက လိုက်ပို့တဲ့နေရာတွေ၊ သားအမိ နှစ်ယောက် စားသောက်ကြတာတွေ အကုန် သဘောကျတယ်။ ဒီလှေကားကြီးကို ခြေလွတ်နဲ့ ဆင်း၊ တက် ရတာတော့ တယ်မကြိုက်လှခဲ့ဘူး။

ကျွန်တော်ကတော့ ကြိုက်တယ်၊ ကျွန်တော့်မှာ လေ့ကျင့်ခန်းဆိုလို့ တနေ့ အတက် တခေါက်၊ အဆင်း တခေါက် တက်ဆင်းရတဲ့ လေ့ကျင့်ခန်း ဒီတခုပဲ ရှိတယ်။ အတက်က ၄၇ ထစ်၊ အဆင်းက ၄၇ ထစ်၊ တနေ့ကို ကျွန်တော် ၉၄ ထစ်ကို တက်ဆင်း လုပ်နေတာ ဖြစ်တယ်။ တက်ဆင်းလိုက်တိုင်း ကောင်းကောင်း တက်ဆင်း မလုပ်ဘူး။ ပေါ့ပေါ့ပါးပါး ဖြစ်အောင် ကိုယ်ကို ဖော့ပြီး တက်ဆင်း လုပ်တယ်။ ခန္ဓာကိုယ်ကြီးက သယ်ရလေးတယ်လေ။ ဒီတော့ ကျွန်တော် ကိုယ်ဖော့ပညာ သင်ထားရတယ်။

ဒီကြားထဲ ကျွန်တော်က ဦးလေးလို ခင်ရတဲ့ လူကြီးတယောက်က ဒီကနေ့ပဲ ပြောပြပြန်တယ်။ “မင်း… လှေကားတက်တဲ့အခါ တင်ပါးကို လက်နဲ့မပြီး တက်ရင် ခန္ဓာကိုယ်ဟာ မလေးဘဲ သယ်ရသက်သာတယ်“ တဲ့။ လိုအပ်သလောက်ပဲ တင်ပါးရှိပြီး ချောမောတဲ့ မိန်းကလေးတွေ ဆိုရင်ရော လှေကားတက်တဲ့အခါ အဲဒီလိုကြီး အောက်ကနေ ပင့်လို့ လက်ကြီးနဲ့ မပြီး တက်နေကြရင် သင့်တော်ပါ့မလား။ ကျွန်တော့် တင်ပါးကရော ပင့်ဖို့ လိုနေပြီလား။

ကျွန်တော် နည်းနည်း စိတ်ညစ်သွားတယ်။ တကယ် ထိရောက်လို့ လူတွေကများ လိုက်နာ ကျင့်သုံးကြမယ်ဆိုရင် စဉ်းစားကြည့်ပါဦးဗျာ… လှေကားတက်တဲ့အခါ ခန္ဓာကိုယ် သယ်ရပေါ့အောင်လို့ ကိုယ့်ဖင်(တင်ပါး) ကိုယ်မပြီး တက်နေကြပုံတွေ…။ ကျွန်တော်တော့ အဲဒီလို လုပ်ဖို့ စဉ်းစားပါဦးမယ်၊ ဒါပေမဲ့လို့ အခုတလော ကျွန်တော့် ခန္ဓာကိုယ်ကြီး လေးလံလာတယ်လို့ ထင်နေမိတယ်။

အခုတခေါက်လည်း ကျွန်တော် ကိုယ်ကို အတတ်နိုင်ဆုံး ဖော့လိုက်ပြီး လှေကား တထစ်ချင်း ဆင်းလာခဲ့တယ်။ ကျွန်တော်ကတော့ ပေါ့နေတယ် ထင်တာပါပဲ။ တကယ်တမ်း ပေါ့မပေါ့ ဆိုတာကိုတော့ သာမန် အချိန်မှာ လေးတဲ့ ကျွန်တော့်ရဲ့ ကိုယ်အလေးချိန်နဲ့ ကိုယ်ဖော့ထားချိန်မှာ လေးတဲ့ ကိုယ်ခန္ဓာ အလေးချိန် နှစ်ခုကို နှိုင်းယှဉ် မကြည့်ထားလို့ သေချာတော့ ကျွန်တော် မပြောနိုင်ပါဘူး။

လိမ္မော်ရောင်လည်း အနောက်နေ လိုက်လာတုန်းပဲ…။ လှေကားအရင်းက ပလက်ဖောင်းပေါ် ရောက်ပြီ။ ကျွန်တော့် အပါ့မင့်ဘက် သွားမယ့် လမ်းဘက် ကွေ့လိုက်တယ်၊ သူကလည်း နောက်က တလှမ်းသာသာ ခွာပြီး လိုက်လာတုန်းပဲ။ အို့… ဘယ်နှယ့်လုပ်ရပါ့မလဲ။ ကျွန်တော် စဉ်းစားတယ်၊ ကျွန်တော့် အကြိုက် မိန်းကလေး တယောက်ဆိုရင်တော့ အဲဒီလို လိုက်နေရင် ကမ္ဘာအပြင်အထိ ထွက်ရပါစေ… အဲဒီညမှာပဲ ကျွန်တော် ထွက်သွားမှာ ဖြစ်ပါတယ်။ အခုက အဲဒီလို မဟုတ်ဘူးလေ…။

ဒီတော့ ကျွန်တော် ရပ်လိုက်တယ်၊ လှည့်လိုက်တယ်။ ပြီးတော့ မေးကြည့်တယ်။

“ဘာဖြစ်လို့လဲ၊ ဘာလိုလို့လဲ“

ကျွန်တော်က အင်္ဂလိပ်လို မေးတာပေါ့၊ what? what do u want?

သူက ခေါင်းခါတယ်။ ဒါနဲ့ ကျွန်တော် ပြောင်းမေးရပြန်တယ်။

“ဘာလုပ်ပေးရမလဲ“

အင်္ဂလိပ်လိုပါပဲ။ ဒါပေမဲ့ ကျွန်တော့် မေးခွန်းက မြန်မာလိုဆိုရင်တော့ တမျိုး အဓိပ္ပာယ် ပေါက်နေသလိုလိုလို့ ကိုယ့်ဘာသာ တွေးမိသွားပြန်တယ်။ how can i help you?

သူက ခေါင်းပဲ ခါတတ်တယ်နဲ့ တူပါတယ်။ ခေါင်းခါပြန်တယ်။ သတိတော့ ထားရမယ်ဗျ။

“ကုလားတွေ ခေါင်းခါက သဘောတူတာဗျ“ လို့ ကုလားအကြောင်း ကျင်လည်သူ တယောက်ကလည်း ကျွန်တော့်ကို ပြောထားဖူးသေးတယ်။ ဒီတော့ ဒီ လိမ္မော်ရောင်ကြီး ခါနေတာက နားမလည်တာလား၊ သဘောတူတာလား။ ကျွန်တော်တော့ နားလည်း မလည်တော့ဘူး၊ သူ လိုက်နေတာကိုလည်း သဘောမတူဘူး ဖြစ်နေပါတော့တယ်။

ငါ ပြောတာလည်း သူ နားမလည်၊ သူ (ခေါင်း) ခါနေတာလည်း ငါ အဓိပ္ပာယ် မသိ…။ ဒီတော့ ငါ ဘာလုပ်ရမလဲလို့ ကျွန်တော် စဉ်းစားတယ်။ ယောက်ျားတို့ ထုံး၊ နှလုံးမူလို့ပေါ့လေ…။ ပြီးတော့ ပြေးတာပဲဗျို့…။ တကယ်ကို ကျွန်တော် လုပ်ခဲ့တာပါ။

ကျွန်တော်က တွေးတာက ယောက်ျားတယောက်ရဲ့ အပြေးနှုန်းကိုတော့ မိန်းမတယောက်က မီအောင် မလိုက်နိုင်လောက်ဘူးလို့ တွေးမိတာကိုးဗျာ၊ နည်းနည်းလည်း စကြောက်လာတာလည်း ပါတာပေါ့လေ။ ကြိုက်ရင်တော့ ဘယ်လောက် မှောင်မှောင် မကြောက်ဘူးပေါ့လေ၊ ခုက ကြိုက်လည်းမကြိုက်၊ မှောင်ကလည်း နက်သထက်နက် လာပြီ ဆိုတော့ ပြေးတာက အကောင်းဆုံးလို့ တွေးထင်ခဲ့တာကိုး…။

ကျွန်တော်က ဘာလေ့ကျင့်ခန်းမှ ကြိုမလုပ်ထားပါဘဲ အခုမှ အသားကုန် ပြေးလိုက်တော့ မောလိုက်တာဗျာ၊ မပြောပါနဲ့တော့…။ အဝေးကြီး ကျန်ခဲ့လောက်ပါပြီလို့ ထင်ရတဲ့ အချိန်လောက်မှာ လှည့်ကြည့်တော့ သူက လက်တကမ်းတောင် မဝေးတဲ့ အကွာက…။ အမလေး… လန့်သွားလိုက်တာ မပြောပါနဲ့တော့…။ ပြီးတော့ သူ့ ကြည့်ရတာ မောပုံလည်း မရ၊ လှုပ်လိုက်ရတဲ့ ပုံတောင် မပေါ်… အေးအေးစက်စက်…။ ညက မအေးတော့တဲ့ အချိန်မို့ တော်တော့တယ်။

ကျွန်တော် ဆက်မပြေးရဲတော့ဘူး။ အသာ အရှိန်လျှော့လို့ ခဏနေတော့ ပုံမှန်ပဲ လမ်းလျှောက်နေလိုက်တယ်။ ရှေ့နားရောက်တော့ လမ်းဆုံတခု တွန်းလှည်းလေးနဲ့ မီးချောင်းလေးတွေ ထွန်းလို့ ရောင်းနေတဲ့ အစားအသောက် ရောင်းတဲ့ ဆိုင်တဆိုင် တွေ့တယ်။ တကယ်တော့ ဒီဘက်ကို ကျွန်တော် တခါမှ မရောက်ဖူးပါဘူး။ ကျွန်တော့် အပါ့မင့်ဘက်လည်း ကျော်လာခဲ့ပါပြီ။ တမင်ကို ကျွန်တော့် အပါ့မင့်ဘက် မသွားခဲ့တာပါ။ ကျော်ပြီး လာခဲ့တော့ ကျွန်တော် အရင်က မရောက်ဖူးတဲ့ နေရာတခုကို ရောက်လာခဲ့တယ်။

ဆိုင်ကို ရောက်တယ်။ ဆိုင်ကလူတွေကို အရင်ကြည့်ရသေးတယ်။ သန်းခေါင်က ကျော်နေပြီလေ…။ ဒါပေမဲ့ သူတို့က လူတွေပါ။ တရုတ်လိုလို ထိုင်းလိုလိုပါပဲ…။ မြန်မာပြည်မှာ ဆိုရင်တော့ ညှပ်ခေါက်ဆွဲကြော်လိုလိုဟာပေါ့။ သူတို့က ဖတ်ထိုင်းလို့ ခေါ်တာပေါ့လေ။ ကြက်သား၊ ကြက်ဥ၊ ပုစွန် စသဖြင့် မစို့မပို့လေး ထည့်လို့ ညှပ်ခေါက်ဆွဲ၊ ပဲပြား၊ မြေပဲ၊ ပဲပင်ပေါက်၊ ကြက်သွန်မိတ်၊ ဟိုနည်းနည်း ဒီနည်းနည်း ဆီမနည်းမများနဲ့ ပလာတာ ကျော်တဲ့ ဒယ်ပြားပေါ်မှာ ကျော်ထားတာပါ။

ငှက်ပျောအူတို့၊ ကြက်သွန်မိတ်တို့၊ ပဲပင်ပေါက်တို့နဲ့ အုပ်ထည့်(စား)ရတယ်။ ကျွန်တော်က ကြိုက်ပါတယ်။ ငန်ပြာရည် နည်းနည်းထပ်ထည့်၊ ငရုတ်သီး အကျက်မှုန့်ထည့်ပြီး သံပရာ တစိတ်ညှစ်လို့ အုပ်ထည့်လိုက်ရင် ချွေးပြိုက်ပြိုက် ကြရတယ်။ ပြီးရင် ရေခဲများများနဲ့ အရောင်ပါတဲ့ အချိုရည် ပျော့ပျော့ကို ရွှေတိဂုံ ဘုရားမှာ ဥပုသ်နေ့ အအေးလှူသလို ဒန်ချိုင့်ကြီးနဲ့ ထည့်ထားတဲ့ အထဲက ပလတ်စတစ်ခွက်နဲ့ တခွက် ခပ်သောက်လိုက်ရရင် အင်မတန်မှကို အရသာ ရှိလှပါတယ်ဗျာ။ ပြီးတော့ ဘတ် ၃၀ လောက် ပေးရတာပါ။ စားလို့လည်း ဗိုက် ၀တယ်၊ ဈေးလည်း မများဘူး။

ကျွန်တော့်မှာ ဆိုင်ထဲ ၀င်ထိုင်လို့ လက်ညှိုးတညှိုးထောင်လို့ တပွဲမှာစားနေရပေမယ့် အရင်တခါတွေလို စားလို့လည်း မကောင်းပါဘူး။ ကြောက်ကလည်း ကြောက်နေသေးတာမို့ ထင်ပါရဲ့…။ လိမ္မော်ရောင်ကိုတော့ မမြင်ရတော့ဘူး။ ကျွန်တော်လည်း စားနေရင်းနဲ့ ဟိုလှည့်ဒီလှည့်တော့ ကြည့်သေးတယ်။ မတွေ့တော့ဘူး။ အဲ… ပိုက်ဆံပေးပြီးလို့ ထခါနီးကျမှ အို့… ဟိုဘက် ကားလမ်းကူးလို့ ကျွန်တော့်ကို စောင့်ကြည့်နေသေးတာပဲ။ ဒုက္ခတော့ လှလှတွေ့ပါပေါ့။

ကျွန်တော် ဆုံးဖြတ်လိုက်တယ်၊ အပါ့မင့်တော့ ပြန်လို့ မဖြစ်ဘူးလို့…။ တနေရာတော့ သွားမှဖြစ်မယ်။ လူတွေ အုပ်လိုက် ရှိတဲ့ တနေရာကို သွားမှ ဖြစ်မယ်။ တကယ်တော့ မနက်ဖြန်လည်း ရုံးတက်ရဦးမှာမို့ ဒီလို ကြားရက်တွေမှာ ကျွန်တော် ညဘက် အပြင်ထွက်လေ့ မရှိပါဘူး။ အခုကတော့ ထိတ်လန့်စရာ ကောင်းတဲ့၊ မယုံနိုင်စရာ အဖြစ်အပျက်တခု ဖြစ်နေပြီလေ။

ကျွန်တော့် အပါ့မင့်က သူဌေးတွေ နေတဲ့ ခြံဝင်းတွေနဲ့ နီးတယ်၊ အရာရှိ အရာခံကြီးတွေလည်း နေကြပုံရတယ်။ နိုင်ငံတော် အလံတွေ၊ ဘာတွေ လွှင့်ထားတာ… ကားကြီး ကားကောင်းတွေ ၀င်ထွက်နေတာကို တွေ့ရတာကိုး…။ ဒီတော့ နည်းနည်း လူပြတ်တယ်။ ညကလည်း မှောင်တယ်။ အဲဒီနားမှာတော့ ကျွန်တော် အမြဲဖြတ်နေကြ ကလပ်တခုတော့ ရှိတယ်။ လူကုံထံတွေ လာကြတဲ့ ကလပ်လည်း ဖြစ်တယ်။

ကျွန်တော် သတိထားမိတာတခုလည်း ရှိသေးတယ်ဗျ။ ဘန်ကောက်မှာက ကားသမားတွေ၊ ဆိုင်ကယ်သမားတွေက ရန်ကုန်က တချို့ကားဆရာ၊ ဆိုင်ကယ် ဆရာတွေလိုပဲ တအားမောင်းတယ်၊ လမ်းပေါ် ပလက်ဖောင်းပေါ်က လူကို မညှာဘူး။ ပလက်ဖောင်းပေါ်မှာ ဆိုင်ကယ်တွေ ကြိုက်သလို မောင်းနေကြတော့ ရောက်စက ကျွန်တော့်မှာ နောက်ကျော မလုံဘူး ဖြစ်နေတယ်။ နောက်က ဆိုင်ကယ်က ငါ့ကို သမသွားမလားလို့တဲ့ စိုးစိတ်ကြီးနဲ့ ကြောက်နေခဲ့ရတယ်။

နောက်တော့ ကျွန်တော် လူမိုက် အလုပ်လုပ်တယ်၊ တိုက်ရဲတိုက်ကြည့်စမ်းဆိုပြီး… လမ်းလည်း မဖယ်တော့ဘူး၊ ခပ်တည်တည်နဲ့ ဆက်လျှောက်နေတော့တယ်။ ဟုတ်တယ်လေ… ပလက်ဖောင်းဆိုတာ လူလျှောက်ဖို့ ထားတာ မဟုတ်လား။ ဈေးရောင်းဖို့ မဟုတ်သလို ဆိုင်ကယ် မောင်းဖို့လည်း မဟုတ်ဘူးလေ…။

အဲဒီ ကလပ်ရှေ့တိုင်းက ဖြတ်တိုင်းတော့ ကျွန်တော့်မှာ ကျေနပ်တဲ့ အရသာကို ရခဲ့တယ်။ “အော်… လူချမ်းသာတွေဟာ လူတင် ချမ်းသာတာ မဟုတ်ပါလား၊ စိတ်ပါ ချမ်းသာကြပါလား“ လို့လည်း တွေးမိတယ်။ အဲဒီကလပ်ကို ၀င်ထွက်တဲ့ ကားတွေဟာ တကယ့်ကို အကောင်းစား ကားကြီးတွေပါ။ မောင်းလာတဲ့ လူတွေကလည်း သက်လတ်ပိုင်း လူတွေ ဖြစ်ပါတယ်။

ကျွန်တော့်ကို တွေ့တာနဲ့ ၀င်တဲ့ကားဖြစ်ဖြစ်၊ ထွက်တဲ့ကားဖြစ်ဖြစ် ရပ်ပေးပါတယ်။ ကျွန်တော် ဖြတ်လျှောက်ပြီးမှ သူတို့ ၀င်ထွက်ပါတယ်။ ကျွန်တော်တော့ သိပ်သဘောကျတာပါပဲ။ သူ ချမ်းသာတယ်၊ ကားလည်း သိပ်ကောင်းတယ်၊ ဒါပေမဲ့ လမ်းပေါ်က လူကို သူ လေးစားတယ်၊ နေရာပေးတယ်။ ဒါကို ကျွန်တော် ကြိုက်တယ်။ ကားလမ်းပေါ် အတင်းမောင်းတဲ့ ကားတွေ၊ ပလက်ဖောင်းပေါ် မောင်းချင်သလို မောင်းနေတဲ့ ဆိုင်ကယ်တွေနဲ့ မောင်းသူတွေ အတွက်ကိုတော့ ကျွန်တော့်မှာ ကောင်းတဲ့ ခံစားချက် မရှိပါဘူး။

ကျွန်တော် အဲဒီကလပ်ထဲ ၀င်ဖို့ စဉ်းစားကြည့်တယ်။ ဒါပေမဲ့ မဖြစ်နိုင်ဘူး။ ပထမတချက်က ကျွန်တော့်မှာ ပိုက်ဆံ အလုံ အလောက် မရှိဘူး။ ဒီကလပ်တွေ သွားဖို့ ပိုက်ဆံ
အများကြီး သုံးဖို့ လိုသလို အ၀တ်အစားကလည်း ကျကျနန အနောက်တိုင်းဆန်ဆန် ၀တ်စားရမယ်။ ကျွန်တော့်လို အလုပ်က ပြန်လာတဲ့ ရွဲနေတဲ့ ပုံစံမျိုးနဲ့ လုံးဝ မဖြစ်နိုင်ဘူး။

ဒုတိယတချက်က ဒီကလပ်တွေက ကောင်းကောင်း ကတတ်ရမယ်။ တန်ဂိုဆိုလည်း တန်ဂို၊ တခြား အကတွေဆိုလည်း အကျေအလည် ကတတ်မှ ဖြစ်မယ်။ ကျွန်တော်က စည်းချက်အတိုင်း စိတ်ပါသလို လှုပ်တတ်တဲ့ကောင်ဆိုတော့ မဖြစ်လောက်ဘူး။ ဒီနှစ်ချက်ကြောင့် အဲဒီထဲ ၀င်ဖို့လည်း ကျွန်တော် ရှောင်လိုက်ပါတယ်။

အခုက ရေးပြလိုက်လို့သာ… ကျွန်တော့်အဖြစ်က တခုပြီးတခု ဖြစ်နေပုံ ပေါ်တာပါ။ တကယ်တော့ အဲဒီအရာအားလုံးဟာ သန်းခေါင်ကျော် ၄၅ မိနစ်အတွင်းလောက်မှာ ဖြစ်ပျက်ခဲ့တာပါ။ နောက်ဆုံးတော့ ကျွန်တော် ဖြစ်ချင်ရာဖြစ်ဆိုပြီး အပါ့မင့်ကို လာခဲ့ပါတော့တယ်။ ညဥ့်သန်းခေါင်ကျော်လို့ တချက်တောင် တီးတော့မယ်။ ကျွန်တော်လည်း ပန်းနေပြီ၊ နားချင်နေပြီ။

ကိုယ့်အခန်း၊ ကိုယ့်အိမ်လောက် ဇိမ်ရှိတဲ့နေရာက လောကမှာ မရှိဘူးမို့လား။ ပြီးတော့လည်း အပါ့မင့်က လုံခြုံရေးတွေ ဘာတွေလည်း ရှိတယ်ဆိုတော့ ရှင်းလို့ ရလောက်ပါတယ်လို့လည်း ကျွန်တော့် အတွေးက လင်းကနဲ ဖြစ်သွားတယ်။

“ဘာကြောက်စရာ ရှိသလဲ“ လို့ စိတ်ထဲ တင်းပြီး အသက်ကို ပုံမှန်ရှုလိုက်တယ်၊ ကျွန်တော် ဖြည်းဖြည်းချင်း လျှောက်လာခဲ့တယ်။ နောက်ကိုလည်း ကျွန်တော် ပြန်လှည့်မကြည့်တော့ဘူး။ ဒီအခါမှာ ကျွန်တော် လမ်းလျှောက်ရတာက ပေါ့လည်း မနေဘူး၊ လေးလည်း မနေဘူး၊ မြန်လည်း မမြန်ဘူး၊ နှေးလည်း မနှေးဘူး။ ပန်းရာကနေ တဖြည်းဖြည်း လန်းလာသလိုတောင် ဖြစ်လာတယ်။

ကတ္တရာလမ်းမကနေ အပါ့မင့်ထဲ ၀င်တဲ့လမ်းအတိုင်း ကျွန်တော် ကွေ့ဝင်ပြီး လျှောက်လိုက်တယ်၊ နောက်တော့ လှည့်မကြည့်တော့ဘူး။ နောက် မီတာ ၁၀၀ ဆိုရင် ကျွန်တော့် အပါ့မင့်ရှေ့ရောက်ပြီ။ လမ်းနဲ့ မှန်တံခါးကြားမှာတော့ ၁၀ ပေ အကျယ်လောက်အတွက် ခင်းထားတဲ့ ကျောက်ပြားကွက်တွေ ရှိတယ်။ အဲဒါတွေကို ဖြတ်ပြီး လျှောက်လို့ မှန်တံခါးကို တွန်းလို့ ၀င်လိုက်ရင် ကျွန်တော့်အပါ့မင့် အဆောက်အဦထဲ ရောက်သွားပြီ။ လုံခြုံမှု အပြည့် ကျွန်တော်ရပြီ။

မှန်တံခါးဆီ မသွားခင်မှာ ကျွန်တော် နောက်ကို တချက် လှမ်းကြည့်လိုက်တယ်။ ဟိုး… အဝေး မီတာ ၁၀၀ လောက်မှာ လူတယောက် ရပ်နေတယ်။ လိမ္မော်ရောင်လိုလို အပြာရောင်လိုလိုနဲ့… လမ်းမီးတိုင်တွေ ရှိပေမယ့် ညဘက် မှောင်နေတာရော မီတာ ၁၀၀ လောက် ဝေးတာကြောင့် ရောမို့… မမှတ်မိထားတဲ့ မျက်နှာ… သေချာ မမြင်ရဘူး။ ဒါပေမဲ့ သူ ရယ်နေတယ်လို့တော့ ကျွန်တော် ခံစားလိုက်ရတယ်။ ဟုတ်တယ်… သူ အဝေးကြီးကနေ ကျွန်တော့်ကို ကြည့်ပြီး ရယ်နေသလိုပဲ…။

ကျွန်တော်လည်း တချက် ပြုံးလိုက်တယ်။ ဒါဟာ တနာရီအတွင်းမှာ ကျွန်တော် ပထမဆုံး ပြုံးနိုင်ခဲ့တာပဲ…။ ငါးလှမ်း ခြောက်လှမ်းလောက် လှမ်းအပြီးမှာတော့ ကျွန်တော် မှန်တံခါးကို တွန်းဖွင့်လို့ ၀င်လိုက်တယ်။ နောက်မှန်တံခါး တချပ်… ပိုက်ဆံအိတ်ကို တံခါး လက်ကိုင်နေရာ (တွန်းတဲ့နေရာ) နားက ဆန်ဆာမှာ ကပ်လိုက်မှ ပွင့်တယ်။ နောက်တော့ ဓာတ်လှေကားစီးလို့ ကျွန်တော့် အခန်းဆီ လာခဲ့တယ်။ တံခါးဖွင့်ပြီး ၀င်လိုက်တယ်၊ မီးဖွင့်လိုက်တယ်။

ရုတ်တရက်… တိုင်ကပ်နာရီက“ဒေါင်“ လို့ တချက်မြည်တယ်။

ကျွန်တော် အရမ်း လန့်ဖျပ်သွားတယ်။

၂၀၁၂ မတ် ၂၂၊ မနက် ၂ နာရီ။

ဘန်ကောက်။

by Myo Tha Htet on Tuesday, 20 March 2012 at 21:42·

ကျွန်တော်က ကျွန်းပိုင်ရှင်တယောက်ပါ။ ကာရစ်ဘီယံ ကျွန်းစုထဲက ကျွန်းတွေကို ပိုင်တာလား ဆိုရင်တော့ ကျွန်တော် ခပ်တည်တည် ငြ⁠င်းရပါလိမ့်မယ်။ ဒါဖြင့်ရင် အင်ဒိုနီးရှား ဘာလီကျွန်းစုထဲကလား ဆိုရင်လည်း ကျွန်တော် ဟင့်အင်း လုပ်မှာပါပဲ။ ဒါဖြင့်ရင် ဘယ်နေရာက ကျွန်းလဲလို့ မေးလာရင်တော့ ကျွန်တော် အေးအေးဆေးဆေး ဖြေပါ့မယ်။ ကျွန်တော့် လက်ဖ၀ါးပေါ်က လက္ခဏာရေးကြောင်းပေါ်က… ပွင့်ပွင့်လင်းလင်း ပြောရ⁠ရင် နှလုံးလမ်းကြောင်းပေါ်က ကျွန်းတွေပေါ့လေ…။

အဆိုတော် စိုင်းထီးဆိုင်က အဲဒီသီချင်း ဆိုတယ်မို့လား… လက္ခဏာဆရာက ပြောတယ်မေရယ်… နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်… မိန်းမနဲ့ ပတ်သက်လာရင် အမြဲတမ်းပဲ ကံဆိုးနေမယ်… အခန့်မသင့်ရင် အချစ်အရေးအတွက် ကိုယ့်အသက်တောင် ရန်ရှာလိမ့်မယ်… မျက်ကန်း အချစ်သမားရယ်တဲ့…။

အရင်ကတော့ ကျွန်တော့်လက်ဖ၀ါးလေးတွေက သေးသေးလေးတွေပေါ့၊ အခုတော့ သမုဒ္ဒရာ ၀မ်းတထွာဆိုတဲ့ အရေးတွေကြောင့် လက်ဖ၀ါးလေးကလည်း လက်ဖ၀ါးကြီးဖြစ်လို့… နုထွေးတဲ့ လက်ဖ၀ါးလေးကလည်း ကြမ်းထော်လို့ ရင့်ရော်ခဲ့ပြီပေါ့လေ…။ ထူးခြားတာကတော့ အရေးအကြောင်းတွေပေါ်က ကျွန်းတွေကတော့ ပျောက်မသွားပါဘူး။ ကြီးတောင်လာခဲ့မှကော…။

ကျွန်တော်က ဗေဒင်လေး၊ လက္ခဏာလေးကလည်း နည်းနည်းပါး⁠ပါး မေးတ⁠တ်မြန်းတ⁠တ်တော့ မေးကြည့်ပါတယ်။ “ဟ… ဆရာသမားက ရုပ်ရည်ကလေးကတော့ သနားကမားနဲ့ နှလုံးလမ်းကြောင်းက ဖျက်နေတယ်တဲ့။ ဒါကြောင့် အသည်းကွဲရင်ကွဲ… မကွဲရင် သေမှာပဲ“ တဲ့…။ ကျွန်တော့်မှာ ကြောက်တာပေါ့လေ…။ ဒါဖြင့်ရင် ယကြာလေး ဘာလေး ချေလို့ မရဘူးလားလို့ ဆက်မေးရတော့တာပေါ့ဗျာ။

ရသမှ သိပ်သိပ်ရဆိုပြီး ဗေဒင်ဆရာတွေ၊ လက္ခဏာဆရာတွေ မျက်နှာတွေ ၀င်းလက်သွားတာများ နေ့ခင်ကြီး လမင်းတွေ ထွက်ပြူလာသလိုပါပဲဗျာ။ ဒီလိုနဲ့ ကျွန်တော် ယကြာဖိုးတွေ တော်တော်ကုန်ခဲ့ပေါ့။ ယကြာတွေပဲ စွမ်းလို့လား… ဗေဒင်နဲ့ လက္ခဏာဆရာတွေကပဲ သူတော်ကောင်းကြီးမို့ စောင့်ရှောက်လိုက်လေသလားတော့ မသိပါဘူးဗျာ…၊ အခုထက်ထိတော့ မာမာချာချာ ရှိနေတုန်းပါပဲ။

ဒီလိုနဲ့ ကြာလာတော့ ကျွန်တော် ယကြာ ဆက်မချေဖြစ်တော့ပါဘူး။ အသည်းကွဲမယ့်တူ⁠တူ သေသော်မှတည့် သြော်ကောင်း၏လို့ ပိုင်းဖြတ်ပြီး သကာလ ကျွန်တော် အေးအေးပဲ နေပါတော့တယ်။ တခုတော့ ကျွန်တော် လုပ်ပါတယ်။ ကျွန်တော့် လက်ဖ၀ါးပြင်ပေါ်က ကျွန်းတွေကို ပိုင်းခြားလေ့လာပြီး သူတို့ရဲ့ သက်တမ်းကို စိတ်မှန်းနဲ့ ကျွန်တော် တွက်ချက်ကြည့်တော့တာပါပဲ။ ကျွန်တော် ငယ်ငယ်က သင်္ချာတော်တယ်လေ… ဒါဆို တွက်နိုင်ရမှာပေါ့လို့ ကိုယ့်ကိုယ်ကိုယ် အားတင်းလို့ တွက်ကြည့်ပါတယ်။

ကျွန်တော့်နှလုံးလမ်းကြောင်းက လက်သန်း အခြေအောက် တလက်မ မရှိတရှိကနေ လက်ခလည်အောက် တည့်တည့် တလက်မ မရှိတရှိ အထိ ရှိနေတာမို့ နှလုံးလမ်းကြောင်းက အသက် ၅၅ နှစ်လောက်အထိ အလုပ်ဖြစ်မယ့် သဘောတော့ ရှိနေပါတယ်။ ဒါက ယေဘူယျ ကောက်ချက်ချကြည့်တဲ့ သဘောပါပဲ။ ဒီတော့ ကျွန်းတွေကို စီတန်းလို့ တွက်လိုက်မယ် ဆိုရင်တော့ ၁၀ ကျွန်း မက ရှိနေတယ်၊ ဒီတော့ တကျွန်းကို သုံးနှစ်နဲ့ တွက်မယ်ဆိုရင် ၃၆ နှစ်အထိကတော့ ကျွန်းခံတုန်းပါပဲ။ ဒါဆိုရင် သင်္ချာဗေဒအရ စီးကြည့်ရင်တော့ ၃၆ အလွန်မှာ ၃၇ ရှိတယ်။ ဒီတော့ ၃၇ က စပြီး ကျွန်းပျောက်ပြီလို့ ကျွန်တော် လက်ခမောင်း ခတ်လိုက်တယ်။

ဒါက ကျွန်တော့်ဘာသာ တွက်ထားတာပါ။ မှန်ချင်လည်း မှန်တယ်၊ မမှန်ချင်လည်း မှားမှာပေါ့။ မှားလည်းမှားပေါ့လေ… ဘာအရေးလဲ။ ကျွန်တော်က ပိုက်ဆံယူပြီး ဟောစားတဲ့ ဗေဒင်ဆရာလည်း မဟုတ်ဘူးလေ… ပြဿနာက ဟောစားပြီး မမှန်တဲ့ ဗေဒင်ဆရာတွေလည်း ရှိသေးတာပါပဲ။

ကျွန်တော် ငယ်ငယ်က အမေက သားကြီးမို့ ပညာရေး ကောင်းစေချင်တယ်။ ကန်တော်လေးက ဗေဒင်ရော လက္ခဏာပါ ရတဲ့ နာမည်ကျော် ဗေဒင်ဆရာကြီး တယောက်ဆီမှာ သွားမေးတယ်။ အဲဒီတုန်းက အခုလောက် ဗေဒင်တို့ ဘာတို့ ကျွန်တော် မယုံသေးဘူး။ ကိုယ် လုပ်မှ ကိုယ်ဖြစ်တာဆိုပြီး ခပ်မာမာ သဘောထား ရှိတဲ့ အချိန်ပေါ့။

အဲဒီဆရာက ကျွန်တော့် မွေးနေ့ တောင်းပြီး တွက်လိုက်တယ်၊ လက္ခဏာလည်း တချက် ဖမ်းကြည့်လိုက်သေးတယ်။ ပြီးတော့ ခပ်တည်တည် ဟောချလိုက်တယ်။ မင်း ပညာရေး ဆုံးခန်း မတိုင်ဘူးတဲ့။ အမေ့မှာ မျက်ရည်လေး ဘာလေး ၀ဲပေါ့ဗျာ၊ ကျွန်တော်က ရယ်နေတယ်။ ကျွန်တော့်လောက် စာတော်တဲ့ ကောင်ကိုမှ ဒီဆရာ တလွဲဟောတယ်လို့…။

ဒါပေမဲ့ ဟုတ်တုတ်တုတ်တော့ ပြောရမလား မသိပါဘူးဗျာ၊ ၁၀ တန်းအောင်ပြီး ၁၀ နှစ်ကြာမှ ဘွဲ့တခု ရခဲ့ပါတယ်။ အမေ့ ယကြာတွေများ ကောင်းသွားလို့လားလည်း မဆိုနိုင်ပါဘူး။ အဲဒီ ဆရာကပဲ ဆက်ဟော သေးသဗျာ… “ဟ… မင်းက နိုင်ငံခြား သွားမယ့် ကောင်ပဲ“ တဲ့…။ ကျွန်တော်ကလည်း ကိုယ့် အဖေ အရွယ်လောက် ရှိတဲ့ ဗေဒင်ဆရာ ဆိုပေမယ့် ခပ်ရွတ်ရွတ်သမား ဆိုတော့ “ဟုတ်လားဆရာ… နိုင်ငံခြား ဘယ်လို သွားရမှာလဲ“ လို့ ပြန်မေးတာပေါ့။

ကျွန်တော် မေးတာက ကျောင်းသွားတက်ရမှာလား၊ သင်္ဘောတက်ရမှာလား (ကျွန်တော်တို့ခေတ်က သင်္ဘောသား ခေတ်စားတယ်လေ၊ ကျွန်တော့် သူငယ်ချင်းတွေ တော်တော်များများက ၁၀ တန်းအောင်ပြီး ခဏနေတော့ သင်္ဘောတက်ကုန်ကြတာပဲလေ)၊ ဘာသွားလုပ်ဖို့ နိုင်ငံခြား သွားရမှာလဲပေါ့၊ အဲဒီလို မေးမိတာပါ။ အဲဒါကို ဆရာက ပိုင်နိုင်တဲ့ အာလုပ်သံကြီးနဲ့ ရွဲ့တာလားတော့ မသိပါဘူး၊ ခပ်တည်တည် ပြန်ဖြေပါတယ်… အခုလို…။

“နိုင်ငံခြားကို လေယာဉ်စီးသွားရတယ်“ တဲ့။ ကျွန်တော်က မျက်လုံးပြူးပြီး တခွန်းပဲ ပြောနိုင်လိုက်တယ်။

“ဟင်“ လို့…။ အဲဒီလို ဟောစားတဲ့ ဗေဒင်ဆရာမျိုးလည်း ကျွန်တော် ကြုံဖူးပါတယ်။ သူကပဲ ဟောပါသေးတယ်၊ မင်း အခုနှစ်ထဲ (၁၉၉၃) နိုင်ငံခြား သွားရမှာတဲ့။ ကျွန်တော့်မှာ ရင်တွေပန်းတွေတောင် ခုန်ခဲ့ရသေးတယ်။ စိတ်ထဲကတော့ ဟုတ်မှလည်း လုပ်ပါဆရာရာလို့ ပြန်ပြောလိုက်မိသေးတယ်။ လူက ၁၀ တန်းလောက် ရှိသေးတာကိုးဗျ။

အဲ… တခုတော့ ရှိတယ်၊ ကျွန်တော်တို့ တိုက်ခန်း အောက်ဆုံးထပ်က သင်္ဘော အင်ဂျင်နီယာ ရခိုင်သားကြီးကလည်း ကျွန်တော့်ကို နိုင်ငံခြားသွားဖို့ တအားကို အားပေးနေချိန်ဆိုတော့ ကျွန်တော့်မှာ တကယ်ပဲ ငါများ နိုင်ငံခြား သွားရတော့မှာလားလို့လည်း တွေးမိသေးတယ်။

ရခိုင်ကြီးက ဒီလို… တညနေခင်းမှာ သူက ရက်ဒ်လေး ဖြည်းဖြည်းသောက်လို့ ကောင်းနေပုံရပါတယ်။ သူ့အခန်းရှေ့က ဖြတ်တော့ လှမ်းခေါ်တယ်။ ဒါနဲ့ သူ့အိမ်ထဲ ၀င်သွားတော့ သူ့မိန်းမက သူ့ဘေး မလှမ်းမကမ်းမှာ ထိုင်နေတယ်။ သူတို့မှာက သားသမီးငယ်လေးတွေလည်း ရှိပုံရပါတယ်။

သူက ပြောတယ်။ “မင်း အရပ်အမောင်းနဲ့ဆို သင်္ဘောသား လုပ်လို့ကောင်းတယ်“ တဲ့။

“ဟ… ဘာမှလည်း မဆိုင်ပါလားကွ“ လို့ ကျွန်တော့်စိတ်ထဲ တွေးတယ်။

သူက မေးပြန်တယ်။ “မင်းအသက် အခု ဘယ်လောက်လဲ“ တဲ့။

“၁၇“ ကျွန်တော်က ဖြည်းဖြည်း ဖြေတယ်။

“ဟ… ကောင်းလိုက်တာကွာ“ တဲ့။ ရခိုင်သားကြီးက နည်းနည်းတော့ တကယ်ကောင်းနေပုံလည်း ရပါတယ်။

ပြီးတော့ ဆက်ပြန်တယ်။

“မင်း စဉ်းစားကြည့်လေ… ဒီအရွယ်လောက်ကနေ စပြင်ဆင်ပြီး သင်္ဘော တက်လိုက်မယ်ဆိုရင် ပထမတခေါက် သုံးနှစ်၊ မင်းပြန်လာ စာမေးပွဲ ဖြေ၊ နောက်တခေါက်တက် သုံးနှစ်၊ ပြန်လာ စာမေးပွဲ ဖြေ၊ ဘယ်လောက် ရှိသွားပြီလဲ“

ကျွန်တော့်မှာ ဒုက္ခရောက်ပါတော့တယ်။ သူက သင်္ဘောသားလည်း ကျွန်တော့်ကို ဖြစ်စေချင်ပုံ ရတယ်။ အင်ဂျင်နီယာပီပီ သင်္ချာတွေလည်း အတင်းတွက်ခိုင်းပါတော့တယ်။

တကယ်တော့ ကျွန်တော်က သင်္ဘောတက်ရမှာကို အသေကြောက်နေတာပါ။ ဒီလောက် ပင်လယ်ပြင် အကျယ်ကြီးထဲမှာဗျာ… သင်္ဘောက ဘယ်လောက်ကြီးကြီး ပိစိကွေးလေးပဲ မဟုတ်လား၊ လှိုင်းတွေ လေတွေထဲ သွားနေတာ တခုခု ဖြစ်သွားရင် ကျွန်တော် ရှောမှာလေ… ဥစ္စာကံစောင့် အသက်ဥာဏ်စောင့် မဟုတ်လား၊ ကျွန်တော်တော့ မချမ်းသာချင်ရင်လည်း နေပါစေ၊ သင်္ဘောသားတော့ မလုပ်ဘူးလို့ တွေးပြီး ကြောက်နေတယ်။ ဒါနဲ့ ကျွန်တော့်ဆီက အဖြေ အမှားရော အမှန်ပါ တခုမှ မရတော့ ရခိုင်သားမို့လားဗျာ၊ သူ့ဟာသူ ရအောင်တွက်ပါတယ်။

“မင်း ၂၃၊ ၂၄ ဆို အရာရှိ ဖြစ်ပြီ၊ စဉ်းစားလေ… သင်္ဘောကုန်းပတ် အရာရှိ လုပ်မလား၊ ငါ့လို အင်ဂျင်နီယာလိုင်း လိုက်မလား။ ကြိုက်တာရွေးပေါ့။ မင်း စာမေးပွဲတွေ တခုပြီးတခု အောင်ရင် ၃၀ ကျော်မှာပဲ သင်္ဘော ကပ္ပတိန်ဖြစ်မယ်။ ဘယ်လောက်ကောင်းသလဲ“

သူကတော့ တကယ့်တွက်ကိန်းနဲ့ တကယ်လည်း ကောင်းနေပါတယ်။ ကျွန်တော့်မှာတော့ ပင်လယ်ရေပြင် အပြာကြီးကို စိတ်နဲ့ပဲ မြင်အောင် ကြည့်ပြီး ကြောက်နေပါပြီ။ ပင်လယ်ပြင်ကိုလည်း ကြောက်တယ်၊ ဒီရခိုင်ကြီးနဲ့လည်း နောက်တခါ မတွေ့အောင် ရှောင်မှလို့ ကိုယ့်ကိုယ်ကိုယ် သတိလည်း ပေးရင်းနဲ့ ပြန်ဖို့ လုပ်ရတယ်။

“ဟုတ်ကဲ့၊ ကောင်းပါတယ်ခင်ဗျာ။ အမေနဲ့လည်း တိုင်ပင်ကြည့်ပါဦးမယ်။ အမေက သားကြီးဆိုတော့ အားကိုးတယ် ထင်ပါရဲ့ဗျာ။ ဘယ်မှ ဝေးဝေးကွာကွာ မသွားစေချင်ဘူး ထင်ပါရဲ့“ လို့ အမေ့ဘက် လွှဲချပြီး ကျွန်တော်လည်း အသာထလာခဲ့မိတယ်။

“အေး အေး… ငယ်တုန်းကြိုးစားကွ၊ မင်း တကယ် တက်မယ်ဆို ငါ့ ကုမ္ပဏီကနေ သေချာ စီစဉ်ပေးမယ်၊ ဟုတ်လား“ တဲ့။ ရခိုင်ကြီးကား အဲဒီညနေက အကြီးအကျယ် စိတ်ကောင်းဝင်နေခဲ့ပုံ ပေါ်ပါတယ်။ ပိန်ပိန်ရှည်ရှည် ကလန်ကလား ကျားကျားယားယားမို့ သူ့ဘာသာသူ ကျွန်တော့်ကြည့်လို့ အားရနေပြီး ကျွန်တော့် အနာဂတ်ရေး အခမဲ့ လမ်းညွှန်ပေးခဲ့သူ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ အာဂယောက်ျားပီပီ သင်္ဘောတက်ဖို့ အလွန် ကြောက်ခဲ့ပါတယ်။

အခန်းအပေါ်ထပ် ပြန်တက်ခဲ့ပြီးနောက်မှာတော့ အမေ့ကို ပြောပြရပါတယ်။ အမေရေ… အောက်ထပ်က သင်္ဘော အင်ဂျင်နီယာကြီးကတော့ ဒီလိုဒီလို ပြောတယ်ပေါ့။ ကျွန်တော် စဉ်းစားပေါ့၊ သင်္ဘောတက်မယ်ဆို သူ သေချာ ကူညီပေးမယ်လို့ ပြောတယ်ပေါ့၊ ကျွန်တော်က အမေ့ကို ပြန်ဖောက်သည် ချလိုက်တယ်။ အမေဆိုတော့ သားကို ချစ်တယ်မို့လား၊ မလုပ်ပါနဲ့ကွယ်… အန္တရာယ် များပါတယ်… ဘာညာ သရကာ အချိုအချော့လေးများ ကြားရမယ် မှတ်ထားတာပေါ့လေ။ အမေလေ… ကျွန်တော့် အမေလေ… သိတယ်မို့လား။ တကယ်ပါပဲဗျာ။

“မင်း သဘောပဲလေ၊ လုပ်ချင်လုပ်ပေါ့၊ ယောက်ျားပဲကွာ“ တဲ့။

ကျွန်တော့်မှာတော့ “ဟာ… ဒုက္ခပါပဲ“ လို့ စိတ်အတော်ကြီးကို ဆင်းရဲသွားပါတော့တယ်။ ကြောက်ပါတယ်ဆိုမှ ဖြဲခြောက်သလိုကြီး ဖြစ်နေတာပေါ့ဗျာ။ အဲဒီလို ကျွန်တော်ပါ၊ ပင်လယ်လည်း မသွားရဲ ကျွန်းတွေကိုလည်း မကပ်ရဲခဲ့သူ တယောက် ဖြစ်ပါတယ်။

အဲဒီလို နိုင်ငံခြားသွားဖို့ အခွင့်အလမ်း ပေါ်ခဲ့ပေမယ့် ကြောက်နေတဲ့ (မျိုးချစ်စိတ်ကြောင့် တိုင်းပြည်က မခွာတာ မဟုတ်ပါ၊ သင်္ဘောတက်ရမှာ ကြောက်လို့ပါ) ကျွန်တော်ဟာ ၁၉၉၃ မှာ နိုင်ငံခြား သွားရမယ်လို့ ဟောလာတဲ့ ဗေဒင်ဆရာကို အယုံအကြည် မရှိခဲ့ပါ။ လူကဲခတ် မညံ့တဲ့ ဗေဒင်ဆရာကလည်း ကျွန်တော့် သူ့မယုံတာ (သူ့စကားကို မယုံတာ) ကို သိပါတယ်။ သူက ဆက်ပြန်ပါတယ်။

“ထပ်ပြောလိုက်မယ်ကွာ… ၉၃ မှာ မသွားရရင် ၉၄ မှာ သွားရလိမ့်မယ်၊ ကျိန်းသေပဲ“ တဲ့။

ပြောလည်း ပြော၊ ကျွန်တော့်လက်ကိုလည်း တချက် ဆွဲယူပြီး ထပ်ကြည့်လိုက်သေးတယ်။ ကျွန်တော်ကလည်း လူပျိုပေါက် သိပ်ရစ်တတ်တဲ့ အရွယ်လေဗျာ။ အမေ ထိန်းရခက်နေတဲ့ အရွယ်ပေါ့။ ဒါနဲ့ ကျွန်တော်က ဗေဒင်ဆရာကို အငေါ်တူးလိုက်တယ်။

“၉၄ မှာ မသွားရရင်ကော ဆရာ“

ဗေဒင်ဆရာဟာ အင်မတန်လည်ပါတယ်၊ လျင်လည်း လျင်ပါတယ်။ ဧကန္တတော့ ကျွန်တော့်လို အချဉ်လေးတွေ အရင်ကလည်း တယောက်မက တွေ့ခဲ့ပြီးပြီ ထင်ပါတယ်။ လူရွှင်တော် နှစ်ယောက် အချီအချ အတိုင်အဖောက်နဲ့ ဟာသတွေကို တလုံးပြီးတလုံး ပြက်ပြီး ပရိသတ် တဟားဟား ဖြစ်အောင် လုပ်နေသလိုပါပဲ။ ပက်ကနဲ ကျွန်တော့်ကို ပြန်ပြောပါတယ်။

“၉၅ ပေါ့ဗျာ“ တဲ့…။ သေရော…။

ကျွန်တော်လည်း ပညာထပ်မစမ်းတော့ပါဘူး။ ကျွန်တော် ငြိမ်ခံလိုက်တာတော့ မဟုတ်ပါဘူး။ ကျွန်တော် ဗေဒင်ဆရာကို အစွမ်းကုန် စိတ်ကုန်သွားလို့ပါ။ ကျွန်တော့်အနေနဲ့ အမြန်ဆုံး ဗေဒင်ဆရာအခန်းကနေ ထွက်ခွာချင်နေပါပြီ။ ဆုတ်ခွာခြင်းပေါ့လေ။ ကျွန်တော် မရှုမလှ ရှုံးနေပြီကိုးဗျာ။

ကျွန်တော် လျှော့လိုက်မှန်းသိတော့ ဗေဒင်ဆရာက ထပ်အနိုင်ယူပါတယ်။ သူက ဒီလို ဆက်ဟောပါတယ်။

“မင်း သေချာ မှတ်ထားလိုက်စမ်းပါကွာ… ၉၅ မဟုတ်ရင် ၉၆၊ ၉၆ မှ မဟုတ်သေးရင် ၉၇၊ ၉၇ မဟုတ်ရင် ၉၈ ကွာ… ၉၈ မဟုတ်ရင် ၉၉။ ငါ ကိန်းတွေ မြင်လို့ တကယ် ဟောနေတာပါကွာ၊ မင်း တကယ် နိုင်ငံခြား သွားရမှာပါ“ တဲ့။

ကျွန်တော်ကတော့ ဗေဒင်ဆရာဟာ လူရွှင်တော်လုပ်ရင် ကိုဇာဂနာတို့လို သိပ်အောင်မြင်မှာပဲလို့ တွေးမိပါတယ်။ ဟုတ်တယ်လေ… ကျွန်တော်တို့ ငယ်ငယ် အရေးအခင်းကြီးပြီးစက ဇာဂနာတို့၊ အရိုင်းတို့ အတွဲက သိပ်နာမည်ကြီးပြီး ရယ်ရတာကိုးဗျာ။ မိုးဒီနဲ့ မော့စ်တို့ အတွဲကလည်း ရှိသေးတယ်။ အခု ဗေဒင်ဆရာကလည်း အဲဒီလိုပါပဲ၊ အင်မတန် ရယ်ရပါတယ်။

ကျွန်တော် စိတ်ညစ်ညစ်နဲ့ ဘာမှလည်း မပြောတော့ပါဘူး၊ ဘာမှလည်း ပြောချင်စိတ်လည်း မရှိတော့ပါဘူး။ ဗေဒင်ဆရာရှေ့ကနေ အသာထလို့ အခန်းပြင် ထွက်ခဲ့ပါတယ်။ ဧည့်ခန်းမှာ ခဏထိုင်ပြီး စာတအုပ် ဆွဲယူဖတ်နေလိုက်ပါတယ်။ အမေကတော့ ကျွန်တော့် အောက်က အငယ်နှစ်ယောက်အတွက် ဆက်မေးနေတုန်း…။

ကျွန်တော့်ကို ခုနစ်နှစ်ဆက်တိုက် တနှစ်မဟုတ်တနှစ် နိုင်ငံခြားသွားရမယ်လို့ အတင်းဟောတဲ့ ဗေဒင်ဆရာရဲ့ အဟော တမင်တကာ မမှန်အောင်လို့ ကျွန်တော် နိုင်ငံခြား မထွက်တာတော့ မဟုတ်ပါဘူး။ တကယ်ကို မသွားခဲ့ရပါဘူး။ ၉၉ အထိလည်း နိုင်ငံခြားဆိုတာ ဘာမှန်း မသိပါဘူး။ ၂၀၀၀ ပြည့်နှစ်မှာလည်း မထွက်ရပါဘူး။

9/11 လို့ ထင်ရှားတဲ့ ၂၀၀၁ စက်တင်ဘာ အမေရိကန် ပြည်ထောင်စု၊ နယူးယောက်ခ်မြို့က ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ အမြွာမျှော်စင်ကြီးကို ဘင်လာဒင်တို့ တိုက်ခိုက်ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ ကျွန်တော့်ရဲ့ ပထမဆုံး နိုင်ငံခြား ခရီးဖြစ်တဲ့ ကမ္ဘောဒီယားကို ထွက်ခဲ့ရပါတယ်။ အဲဒီအချိန်မှာတော့ ဗေဒင်ဆရာကိုလည်း ကျွန်တော် မမှတ်မိတော့ပါဘူး။

အဲဒီလို ကျွန်းကို ရှောင်လို့ ပင်လယ် မထွက်ရဲခဲ့သူ၊ ကံကြမ္မာကို ဗေဒင်ဆရာနဲ့ ဆော့ကစားခဲ့သူ ကျွန်တော်ဟာ အခုတလောမှာတော့ လက်ဖ၀ါးပြင်ပေါ်က အရေးအကြောင်း နိမိတ်တွေကို တွက်ချက် စစ်ဆေးနေမိပါတော့တယ်။ အဆိုးအပြစ် အကျိုးအဖြစ်တွေကိုလည်း သင်္ချာနည်းနာတွေနဲ့ ခုနှစ်ရစ်ပိုင်းလို့ ဂဏန်းပြန်ကိုင်နေမိပါတယ်။

ဗေဒင်ဆရာကို ရစ်ခဲ့တာတွေက ၀ဋ်ပြန်လည်ပြီးလားတော့ မသိပါဘူး… ကျွန်တော့်ကို ကျွန်တော်လည်း ဟောခဲ့တာတွေ တနှစ်ပြီးတနှစ်သာ ကုန်လာတယ်၊ တခါမှတော့ မမှန်သေးပါဘူး။ သင်္ဘောအင်ဂျင်နီယာ ရခိုင်ကြီးကို နောက်တောက်တောက် လုပ်ခဲ့တာတွေကလည်း အကျိုးပေးလာပြီ ထင်ပါရဲ့… ပြေးမရတော့ဘူး…။ အခုတော့ ကျွန်တော် ကျွန်းပိုင်ရှင်ကြီး…။

တခါတခါတော့ ကျွန်တော် ဘာကြောင့်မှန်း မသိဘူး… ယူကျူ့ကို ရောက်ရောက်သွားတတ်တယ်။ ပြီးတော့ သီချင်းလေးတပုဒ်ကို ရှာလို့ ဖွင့်လိုက်တယ်။ ဟုတ်ပါတယ်… ကျွန်တော်တို့လို့ ချာတိတ်တွေ အတွက်တော့ ဘိုဖြူပေါ့…။

လက္ခဏာဆရာက ပြောတယ်မေရယ်… နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်… မိန်းမနဲ့ ပတ်သက်လာရင် အမြဲတမ်းပဲ ကံဆိုးနေမယ်… အခန့်မသင့်ရင် အချစ်အရေးအတွက် ကိုယ့်အသက်တောင် ရန်ရှာလိမ့်မယ်… မျက်ကန်း အချစ်သမားရယ်တဲ့…။

၂၀၁၂ မတ် ၂၁၊ မနက် ၃ နာရီ။

ဘန်ကောက်။

by Myo Tha Htet on Thursday, 16 February 2012 at 10:51·

စွံတာ ဟိုမှာဘက် ရောက်သွားတဲ့သူကို စွံပလွန်လို့ ကျွန်တော် ခေါ်ချင်တယ်။ သူများကို မဟုတ်… ကိုယ့်ကိုယ်ကိုယ်။ တကယ်တော့ မစွံ၊ မစွံတာမှ လုံးလုံးကို မစွံ… ကျွန်တော် စွံပလွန်…။

အသက်က ကြီးလာ၊ ကိုင်စရာ တွယ်စရာ မှီခိုအားထားရာက မရှိသေး။ ဒီတော့ ဟိုလိုလို ဒီလိုလိုနဲ့ အူကြောင်ကြောင်ဖြစ်… တောင်တွေး မြောက်တွေး၊ တောင်ရေး မြောက်ရေး…။ အသက်က လူ့သက်တမ်း ထက်ဝက်ကျိုးလာပြီ၊ ရည်းစားလေးတယောက်တောင် မရှိသေးတဲ့အဖြစ်… ဒါဆို ဘယ်နှယ့်စွံပလွန်လို့ ခေါ်နိုင်မလဲလို့ မေးစရာ မကောင်းဘူးလား။ သိပ်ကောင်းပေါ့။

မိန်းကလေးဆို ဘယ်အရွယ်မဆို ကြိုက်တတ်တဲ့ ကျွန်တော့်ကို သူငယ်ချင်းတွေကတော့ ပြောကြပါတယ်။ ပိုက်ကွန်ပစ်သလို ငါးမဖမ်းဖို့နဲ့ တကောင်ဆိုတကောင်ပဲ ငါးမျှားချိတ်နဲ့ ဖမ်းဖို့ သူတို့က ဆိုကြတယ်။ ဘယ်နှယ့်ဟာတွေမှန်း မသိပါဘူး၊ မိန်းမနဲ့ ငါး မဟုတ်က ဟုတ်က နှိုင်းပြကြတယ်။

ဒီလိုနဲ့ လူတကာ အစခံရ၊ အနောက်ခံရတဲ့ ကျွန်တော့်မှာ ရပ်ထဲလည်း ရပ်ထဲအလျောက်၊ အလုပ်မှာလည်း အလုပ်မှာအလျောက် သနားနေကြတဲ့ မျက်ဝန်းတွေ အောက်မှာ ရှင်သန် ရုန်းကန်နေရတယ်။ ကျွန်တော် မခံချင်ဘူးလေ၊ ကျွန်တော်လည်း စွံပါတယ်ဆိုတာကို ကြွားချင်နေမိတယ်။

နေပါဦးလေ… မကြွားခင်မှာ ရုံးက ဘေးချင်းကပ်ရက်ထိုင် အလုပ်လုပ်တဲ့ ရွယ်သူ သူငယ်ချင်း ဗီယက်နမ်မလေးက အကြံကောင်းတခု ပေးလာတယ်။ အကြောင်းရင်းကစလို့ ပြန်ပြောရရင် သူက ဟို ဖေဖော်ဝါရီ လလယ်ပိုင်း တရက်မှာ ဟ… မင်း ဒီနေ့ ဘယ်မှ မသွားဘူးလား၊ ပန်းလည်း မ၀ယ်၊ ချောကလက်လည်း မဆောင်… မင်း ဘာကောင်လဲလို့ မေးလာတာနဲ့ “မင်း မသိလို့ပါ…၊ ဒီနေ့အတွက် ငါ့မှာ ဘာမှလုပ်စရာ မရှိဘူး။ ငါ့ ဘ၀က သနားစရာပါ“ လို့ မျက်နှာသေလေးနဲ့ ပြောလိုက်တော့ သူက ခုလို အကြံပေးလာပါတယ်။

“မျိုး… မင်း မိန်းကလေးတွေရဲ့ ရင်းနှီးမှုကို ရချင်သလား၊ သူတို့ရဲ့ အတိုင်ပင်ခံလို ရင်းရင်းနှီးနှီး ဖြစ်ချင်သလား“

ကျွန်တော် တော်တော် အားတက်သွားတယ်။ သူ့ကိုလည်း ရွှန်းရွှန်းစားစား ကြည့်လိုက်တဲ့ ကျွန်တော့် မျက်လုံးတွေ အရောင်တောက်နေမယ်ဆိုတာ ကျွန်တော် အတပ်သိတယ်။ သူ ကိုယ်တိုင်ကလည်း မိန်းကလေး ဖြစ်တဲ့အပြင် ကျွန်တော့်ကိုလည်း တကယ် ခင်မင်ပုံ ရတာကြောင့် မိန်းမချင်းရဲ့ လျှို့ဝှက်ချက်တခုခုကို ကျွန်တော့်ကို ပြောတော့မယ်လို့ ထင်တာပေါ့။ ဒါနဲ့ ကျွန်တော် အလွန်ချိုပြုံးနဲ့ မျက်နှာနဲ့ သူ့ကို ပြန်ပြောလိုက်တယ်။

“ဟ… မင်း တကယ်ပြောတာလား၊ ဖြစ်ချင်တာပေါ့။ ဘာလုပ်ရမှာလဲ“

သူက ဟက်ကနဲ တချက် ရယ်တယ်။ ပြီးတော့ မျက်နှာ ပြန်တည်လိုက်တယ်။ ဘယ်လောက် အရေးတကြီး လျှို့ဝှက်ချက်လည်းတော့ မသိ။ ပြောသင့် မသင့် တချက် စဉ်းစားနေပုံလည်း ရပါတယ်။ ပြီးမှ ကျွန်တော့် စိတ်ဓာတ် ခိုင်မာ၊ မခိုင်မာ စမ်းသပ်ချင်သေးတယ် ထင်ပါရဲ့… သေချာအောင် ထပ်မေးပြန်တယ်။

“မင်း တကယ်ရော လုပ်နိုင်ပါ့မလား၊ ငါ တကယ် ပြောရမှာလား“

ကျွန်တော် အလွန် သိချင်နေပြီ၊ မိန်းကလေးတွေက ဘာကို ကြိုက်တာလဲ။ ကျွန်တော့်ကို ကြိုက်အောင် ကျွန်တော် ဘာတွေ ပြင်ဆင်ရမှာလဲ။ သူ ပြောတာ လုပ်ရင် မိန်းကလေးတွေက ကျွန်တော့်ကို တကယ်ပဲ ကြိုက်ကြမှာလား။ ကျွန်တော် စိတ်လှုပ်ရှားနေပြီ။ ပြောစမ်းပါ၊ ပြောလိုက်စမ်းပါကွာ… ဈေးကိုင် မနေပါနဲ့တော့လို့ ကျွန်တော့် ရင်ထဲမှာ အော်ဟစ်နေမိပြီ။ သူက ပြုံးလိုက်ပြီး တဖြည်းဖြည်းချင်း ပါးစပ်လှုပ်လာတယ်။

“ဒီလိုကွ မျိုးရ… မင်း အခြောက်လို လုပ်လိုက်… မိန်းကလေးတွေက အခြောက်တွေဆို ပိုခင်ကြတယ်“

“ဟင်“

ကျွန်တော် အတော် စိတ်ညစ်သွားပါတယ်၊ ပါးစပ်ကြီး ပိတ်ပြီး ကျွန်တော် ဘာမှ ဆက်မပြောနိုင်တော့ဘူး။ အလွန်လည်း စိတ်မကောင်း ဖြစ်သွားတယ်။ သူ ပြောပုံကိုလည်း ကြည့်ဦး၊ မိန်းကလေးတွေရဲ့ ရင်းနှီးမှုရအောင် ကျွန်တော် အခြောက်လုပ်ရမတဲ့။

“တကယ် ပြောတာ မျိုးရ… မိန်းကလေးတွေက အခြောက်တွေဆို ပိုရင်းနှီး ခင်မင်တယ်ကွ၊ အဲ… မင်းနဲ့ ရင်းနှီးလာတဲ့ အခါကျမှ လှုပ်ရှားလိုက်ပေါ့“

ဟ… သူ ပြောတာတော့ တကယ်လွယ်လှတယ်။ ကျွန်တော့်မှာ အခြောက်ဖြစ်ရမယ့် ကိန်း… ကျွန်တော် တော်တော် စိတ်ပျက်သွားတယ်။ သူ့ကို စကား ဆက်မပြောတော့ဘူး။ ကျွန်တော့်ကို အခြောက်တိုက် နှိမ်တာလို့လည်း ခံစားလိုက်ရပြီး ၀မ်းနည်းသွားမိတယ်။

တကယ်တော့ ကျွန်တော် စွံပါတယ်။ ဒီလောက် အရပ်ကလန်းကလားနဲ့ ထွားထွားကြီးဟာ မကြိုက်တဲ့သူ မရှိဘူးဆိုတာ ဘယ်သူမှ မယုံနိုင်။ ၂၀၁၃ ခုနှစ်က စပြီး မြန်မာနိုင်ငံကနေ လပေါ် တယောက်ကို မြန်မာငွေ ကျပ် ၁၀၀၀ နဲ့ သွားနိုင်တယ်၊ လပေါ်ကဟိုတယ်မှာ တညတောင် တည်းခိုခွင့် ရှိမယ်ဆိုတာကိုတောင်မှ ယုံချင်ယုံလိုက်ကြဦးမယ်။ ကျွန်တော့်မှာ ရည်းစား မရှိပါဘူးလို့ ပြောတာကိုတော့ ဘယ်သူမှ ယုံကြမှာ မဟုတ်ပါဘူး။ ကျွန်တော် ဒါကို သေချာ သိပါတယ်။

ကျွန်တော် စွံပလွန်ပါလို့ ပြောခဲ့သားပဲ… ကဲ… မရှက်တော့ပါဘူး။ ရှေ့မျက်နှာ နောက်ထားလို့ ဖွင့်ထုတ် ပြောလိုက်ပါတော့မယ်။

ခုနစ်တန်း၊ ရှစ်တန်းထဲက ကျွန်တော် စွံခဲ့တယ်။ မိန်းကလေးတွေနဲ့တော့ မဟုတ်၊ ဟဲ ဟဲ… ဘယ်သူ ကျန်သေးလဲ။ ဂေါ်တေးလို့ ခေါ်ရမယ့် ဂေးတွေပေါ့။ တခါက နာမည်ကျော် စာရေးဆရာ အတ္တကျော်က အဲဒီလို အကြောင်းတွေ ရေးပြတော့ ကျွန်တော် ပြုံးမိသေးတယ်။ ကျွန်တော်ကတော့ ဆရာ့လောက် မသွက်၊ ကြောက်ကလည်း ကြောက်တတ်တယ်။ သူတို့က လူမြင်ရင် ခင်ချင်နေတာကတော့ ကျွန်တော့် ကုသိုလ်လို ပြောရမလား မသိပါဘူး။ တလွဲကုသိုလ်…။

လိုင်းကားပေါ်မှာလည်း သူတို့က ကျွန်တော့်ကို ခင်ကြတယ်။ ရုပ်ရှင်ရုံမှာလည်း တခါတခါ အတင်း လိုက်လို့ ပြေးရတယ်။ အလုပ်ခွင်ထဲ ရောက်တာတောင် လုပ်ငန်းလုပ်ဖော်ချင်း ခရီးတွေထွက်ကြတော့ ကျွန်တော့်မှာ မလွတ်… အံ့ပင် သြရတယ်။ ဘယ်နှယ့်ကြောင့်များ ကောင်မလေးတွေက မကြိုက်ဘဲ ဂေါ်တေးကြီးတွေက ကြိုက်ရသလဲပေါ့။ ပြီးတော့ ကျွန်တော့်ကြိုက်သူတွေက အခုနောက်ပိုင်း ဖေ့စ်ဘုတ်မှာ တွေ့ရတဲ့ မိန်းမရှုံးလောက်တဲ့ လေဒီဘွိုင်းတွေလို ချောချောမောမောလေးတွေ မဟုတ်… ကျားကျားလျားလျား ဗလမောင်ကြီးတွေ…။

“တို့ကို မင်း အချစ်တွေ ပေးရင်ပေး… မပေးချင်လို့ ပြေးရင်တော့ သေပြီသာ မှတ်“ ဆိုသလို ဟာမျိုးကြီးတွေ ဆိုတော့ ကျွန်တော့်မှာ မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ ချော့မော့လို့ ချွေးသိပ်ပြီး လစ်ရပါတယ်။ ကျွန်တော့်အဖြစ်က တကယ့်ကို မလွယ်ခဲ့တာပါပဲ။

တခါသား ကောလိပ်ကျောင်းသားဘ၀က အင်းစိန်ဘက်ကနေ မြို့လယ် ဆူးလေရပ်က ကျွန်တော့်အိမ်ကို ပြန်လာတဲ့ လိုင်းကားပေါ်မှာ ဂေါ်တေးကြီး တယောက်နဲ့ ဆုံကြလေတော့တယ်။ တကယ့် ဗလကြီး၊ အင်မတန်မှကို ကြည့်လို့ ကောင်းအောင် ချောတဲ့ လူကြီး၊ ဂေး မဟုတ်လို့ကတော့ မင်းသားတောင် လုပ်လို့ ရတယ်။ (အဲ… ဂေး ဖြစ်တော့ရော… အင်း… လုပ်လို့ ရသေးတာပဲ မဟုတ်လား)။

လိုင်းကားကလည်း အကြီးကြီး မဟုတ်ပါဘူး၊ ၄၈ လိုင်း ဟိုင်းလပ်စ်ကားပါ။ ကားကကျပ်ကျပ် သူနဲ့ကိုယ်နဲ့က ဘေးချင်းကပ်ရပ်၊ တဖြည်းဖြည်းနဲ့ ကိုယ့်ဆရာက အချစ်စိတ်တွေ ရုတ်တရက် နိုးလာတယ် ထင်ပါ့။ သူရဲ့ သန်မာတဲ့ ညာဖက်လက်တွေက ကိုယ့်ရဲ့ တနေရာကို ဦးတည်လိုနေတယ်။ ရှောင်မရ ပြုမရ… ကျွန်တော့်မှာ ဆောင်းတွင်းကြီး ချွေးတွေ ပြန်လာပါတယ်။

တနေ့ကပဲ သတင်းတပုဒ် ဖတ်လိုက်ရတယ်။ ရန်ကုန်မှာ အမျိုးသမီး သီးသန့် ဘတ်စ်ကားတွေ စမ်းသပ် ပြေးဆွဲ နေသတဲ့။ အမျိုးသမီးတွေက ၀မ်းမြောက်ကြပြီး အားပေးကြသတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ကားကျပ်ကျပ်တွေပေါ်မှာ အမျိုးသားတချို့ရဲ့ နှောင့်ယှက် စော်ကားမှုတွေကနေ လွတ်ပြီဆိုပြီး ကျေနပ်အားရကြသတဲ့။ စမ်းသပ်ပြေးဆွဲတဲ့အဆင့်ကနေ အမြဲပြေးဆွဲပေးဖို့ လိုလားသတဲ့။

ကျွန်တော်တို့လို ဂေါ်တေးကြီးတွေအကြိုက် ရုပ်ဖြောင့်ဖြောင့် အမျိုးသားလေးတွေ ကျတော့ရောလို့ ကျွန်တော် စိတ်ထဲက မေးခွန်း ထုတ်လိုက်မိတယ်။ အမျိုးသမီးတွေက ထောက်လှမ်းရေးကို ကြောက်သတဲ့…။ ကျွန်တော်ကတော့ စမ်းသပ်ရေးသမားတွေကို အဲဒီ အချိန်တွေက သိပ်လန့်ခဲတာပေါ့။

နောက်ပြီး တခုရှိတာက ငယ်ငယ်တုန်းက ကျွန်တော်က ဂေါ်တေးတွေကို သိပ်မုန်းခဲ့တယ်၊ လူကလည်း ရင့်ကျက်မှု မရှိသေးဘူးလေ။ အခုတော့ မမုန်းတော့ပါဘူး။ သူတို့လည်း ကိုယ့်လိုပါပဲဆိုတဲ့ တန်းတူစိတ်ကို ထားနိုင်နေပါပြီ။ ပြောချင်တာက အဲဒီတုန်းက သည်းသည်းလှုပ်မုန်းနေချိန်ဆိုတော့ အဲဒီလို ဂေါ်တေးကြီးတွေက တကယ့်ကို မုန်းစရာ ကောင်းခဲ့ပါတယ်။

ကိုယ်ကသာ မုန်းနေတာ စောနပြောတဲ့ ၄၈ ဟိုင်းလပ်စ်ပေါ်က မင်းသားကြီးကတော့ စမ်းလိုက်သပ်လိုက်နဲ့ ကျွန်တော့်မှာ ပြေးပေါက်ပိတ်နေခဲ့တယ်။ ကျွန်တော် အော်လိုက်ရင် ကောင်းမလားလို့လည်း စဉ်းစားခဲ့တယ်၊ ဟ… အော်လိုက်ရင် ရှက်စရာကြီးလို့လည်း တွေးမိပြန်တယ်။ ဒီလူကြီးကလည်း အကိုင်အတွယ် ကျင်လည်နေတော့ စဉ်းစားသာ ကြည့်ပါတော့ဗျာ။ ချွေးတွေဆိုတာ နစ်လို့…။

စွံပလွန်လေး ကျွန်တော် အဲဒီလို ဗလကြီးတွေနဲ့ မကြာမကြာ ဆုံခဲ့ပြန်တယ်။ ကျွန်တော် ဘာလုပ်သလဲ၊ တန်းနေအောင် ပြေးတာပါပဲ။ မပြေးနိုင်ရင်လည်း ပေးမကိုင်ပါဘူး…။ တကယ်ပါ၊ အဟုတ်ပါ… ယုံကြည်ပါ။

ကျွန်တော် စွံပလွန်သက်သက်… ယိုထိုးပစ်ချင်သူတွေအတွက် အစမ်းသပ်ခံ မဟုတ်ဘူးလေ… နော်…။

၂၀၁၂ ဖေဖော်ဝါရီ ၁၆၊ ကြာသပတေး။

မွန်းလွဲ တချက်တီး။

ဘန်ကောက်။

မှတ်ချက်။ တကယ့်စွန်ပလွံသီးက အခုရေးခဲ့သလို စာလုံးပေါင်းပါတယ်၊ ကျွန်တော်က စွံပလွန်လို့ ပေါင်းခဲ့ပါတယ်။ စာလုံးပေါင်းအမှန်က စွန်ပလွံဖြစ်ပါတယ်။

by Myo Tha Htet on Tuesday, 14 February 2012 at 10:39·

ချစ်သူများနေ့ဟာ ချစ်သူခင်သူတွေအတွက်တော့ အမှတ်ရစရာ ဖြစ်ပါတယ်။ ကျွန်တော့်အတွက် အမှတ်ရချက်ကတော့ တဘ၀စာပါပဲ။ ဒါတောင် တချက်တချက် မေ့ချင်ချင် ဖြစ်သွားတတ်ပါသေးတယ်။ သေသောသူ ကြာရင်မေ့ ဆိုတဲ့ စကားဟာ တကယ်များ သက်ဝင်ခဲ့ပြီလား။ ၁၉၉၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျွန်တော့်ရဲ့ ကျေးဇူးရှင် ဖခင်ကြီး ဆုံးပါးသွားခဲ့ပါတယ်။ လူပျိုပေါက်အရွယ် ကောလိပ်ပြီးလုလု ကျောင်းသားလေး ကျွန်တော် အသက် ၂၃ နှစ်၊ မျက်ရည်တွေ ခင်းကျင်းထားတဲ့ မမေ့နိုင်စရာ နေ့ကလေး တနေ့ပါပဲ။

အဖေ

ကလေးအရွယ်မှာ အဖေ့ကို ကျွန်တော် ချစ်ခဲ့တဲ့၊ အားကျခဲ့တဲ့ အကြောင်းအရာတွေ အတော်များများ ရှိခဲ့ပါတယ်။ မှတ်မိသလောက် ပြောရရင်တော့ ပထမဆုံး အဖေ့လက်ဖ၀ါးကြီးတွေကို ကျွန်တော် သဘောကျခဲ့တယ်။ ကျွန်တော့် အသက် ၅ နှစ်လောက် ရှိဦးမှာပေါ့။ ကျွန်တော့် လက်ဖ၀ါးလေးတွေက သေးသေးလေးတွေပေါ့၊ အဖေ့လက်ဖ၀ါးကြီးကို ကိုင်ကြည့်ပြီး အဖေ့လိုပဲ လက်ဖ၀ါး အကြီးကြီး ရှိချင်ခဲ့တယ်။ အဖေ့လက်ဖ၀ါးကြီးတွေကို ကိုင်ကြည့်လိုက်တဲ့ အခိုက်အတန့်မှာ ကျွန်တော့်ဆီမှာ အင်အားတွေ အများကြီး ရှိသွားသလိုပါပဲ။

အသက် ၇ နှစ်၊ ဒုတိယတန်းလောက်မှာတော့ အဖေ့ကို ကျွန်တော့် အားကျချက်က တောက်မယ့်မီးခဲ တရဲရဲ ဆိုသလိုပေါ့… အဖေ ဆေးပေါ့လိပ် သောက်တာကို အားကျခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သောက်ရပါမလဲလေ၊ အဗျင်းခံရမှာပေါ့။ ဒါနဲ့ပဲ အတုခိုးလို့ရတဲ့ဟာကို အတုခိုးခဲ့ ပါတယ်။

အဲဒါကတော့ မနက်မိုးလင်းတာနဲ့ အဖေက မျက်နှာသစ်ပြီး စောင့်နေချိန် သတင်းစာပို့သမား စက်ဘီး အနင်းမပျက် ပစ်ထည့်သွားတဲ့ သတင်းစာကို တနာရီလောက် ကြာအောင် မှင်နီ၊ မှင်ပြာနဲ့ တားရင်း ဖတ်တတ်တဲ့ အဖေ့အကျင့်ကို အတုခိုးခဲ့တာပါ။ ပထမတော့ စာလုံးပေါင်းဖတ်ပေါ့၊ နောက်ပိုင်းမှာတော့ သတင်းစာကို ခပ်သွက်သွက် ကျွန်တော် ဖတ်လာနိုင်ပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌကြီး ဦးနေ၀င်း၊ နိုင်ငံတော် သမ္မတကြီး ဦးစန်းယု စသဖြင့် နိုင်ငံတော်အဆင့် ခေါင်းဆောင်တွေ၊ ပြည်နယ်/တိုင်းအဆင့် ခေါင်းဆောင်တွေကို အဲဒီအချိန် ကထဲက ကျွန်တော်ရင်းနှီး ကျွမ်းဝင်နေခဲ့ပါပြီ။

အဖေက မအောင်မြင်တဲ့ နိုင်ငံရေးသမား၊ ရည်မှန်းချက်ပြင်းပြင်း မရှိတဲ့ သာမန်စာပေသမား ဖြစ်တာမို့ လေသာ များတယ်၊ အလုပ် မဖြစ်ဘူးလို့ ကျွန်တော် သုံးသပ်ခဲ့ပါတယ်။ အဖေ့ကိုလည်း ကျွန်တော် ဝေဖန်နိုင်စွမ်းရှိတဲ့ အသက်အရွယ်ကစလို့ ဝေဖန်ခဲ့ပါတယ်။ အဖေဆိုတော့ ပေါ်တင်ကြီးတော့ ပြောလို့ မရဘူးပေါ့လေ၊ ဟိုလိုလို ဒီလိုလို ပြောတာပေါ့။ သားပါးစပ် ဟလိုက်တာနဲ့ အူဘယ်နှခွေ ရှိတယ် ဆိုတာကို သိတဲ့အဖေက စကားပိတ် တခွန်းပြောလိုက်ရင် ကျွန်တော် အမြဲလိုလို ဇက်ပုသွားရပါတယ်။ “မင်းက အဖေလား၊ ငါက အဖေလား“ တဲ့။

အမေ့သားကျွန်တော်

တကယ်တော့ အမေနဲ့အဖေက ကျွန်တော် ၁၃ နှစ်သားမှာ ကွဲသွားကြတာပါ၊ သားကြီးဖြစ်တဲ့ ကျွန်တော်အပါဝင် သားသမီးသုံးယောက်က အမေနဲ့ အတူနေထိုင်ပြီး၊ အဖေကတော့ သူ့မိခင်ကြီးအိမ်မှာ အခန်းလေး တခုယူလို့ တယောက်ထဲ နေထိုင်ရတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ မပီပြင်တဲ့ နိုင်ငံရေးသမားနဲ့ အသည်းကွဲ စာပေသမားကြီးဟာ အရက်ကိုသာ ပဓာနအဖော်အဖြစ် မှီဝဲရင်း တကိုယ်တော်ဘ၀မှာ ၁၀ နှစ်ကြာ ရွက်လွှင့်ခဲ့ပြီး ဆုံးပါးခဲ့ပါတယ်။

အမေ့ရဲ့ အဖေ့ကို မုန်းတဲ့ အမုန်းတွေ၊ ခပ်ရဲရဲ ဝေဖန်သုံးသပ်ချက်တွေကို နေ့စဉ်ကနေ အမြဲလိုလို ကြားခဲ့ရတဲ့ သားကြီး ကျွန်တော်ကတော့ ယောက်ျားတယောက်ဟာ မအောင်မြင်ရင် ဂွမ်းပြီဆိုတဲ့ အသိတခုကိုတော့ ငယ်ငယ်လေးကထဲက ပိုင်ပိုင်နိုင်နိုင် ရရှိခဲ့ပါတယ်။ အဖေ့ကို အားမလို အားမရ ဖြစ်ခဲ့တဲ့ ကျွန်တော်ဟာ အမေ့ပုံစံ၊ အမေ့ဟန်တွေကိုပဲ အားကျခဲ့ပါတော့တယ်။ အဖေ့သားထက် အမေ့သား ကျွန်တော် ဖြစ်ခဲ့ပါတော့တယ်။

သားရယ် ဂုဏ်ယူစမ်းပါရစေကွာ

အဖေဟာ မအောင်မြင်သူမှန်း သူ့ကိုယ်သူလည်း သိပါတယ်။ သူဟာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာလည်း ဖတ်နိုင်၊ ရေးသားနိုင်ပါတယ်၊ အပြော အဟောလည်း ကောင်းပါတယ်၊ အရေးအသားကလည်း မညံ့တဲ့ထဲကပါ၊ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဘာကြောင့်လဲလို့ သားဖြစ်သူ ကျွန်တော့်အနေနဲ့ သုံးသပ်ကြည့်တော့ အဖေ့မှာ ပြင်းပြတဲ့ ရည်မှန်းချက် မရှိတာရယ်၊ တခုခု တဘက်ဘက်မှာ ပေါက်မြောက်အောင် ဆက်တိုက် အလုပ် မလုပ်ခဲ့တာရယ်ကို တွေ့မိပါတယ်။

အဲဒီလို အဖေက လူပျိုပေါက် ဖြစ်တော့မယ့် သားကြီးကို ဆုံးမဖို့ကျတော့ သူကိုယ်တိုင် မယုံမရဲ ဖြစ်နေခဲ့ပုံရပါတယ်။ အမေက အဖေနဲ့ တွေ့တာကို မကြိုက်ပေမယ့် သားဆိုတာမျိုးက အဖေကို အားကျတတ်တဲ့ အမျိုးဆိုတော့ ကျွန်တော်တို့ ညီအကိုဟာ အလှည့်ကျ ဆိုသလို အဖေနဲ့ ခိုးခိုးတွေ့တတ်ပါတယ်။ ညီငယ်ကတော့ အဖေ့လိုပဲ အပြောကောင်း၊ အဟောကောင်းဆိုတော့ သူတို့ ဘယ်လိုတွေ စကားပြောသလဲ ဆိုတာတော့ ကျွန်တော် မသိပါဘူး။ ကျွန်တော်နဲ့ ဆိုရင်တော့ အဖေက အင်မတန် လေးနက်နေပြီး၊ တခုခုကို ခံစားနေရတဲ့ အသွင်လည်း ဆောင်နေတတ်ပါတယ်။

ကျွန်တော်ကရော ဘာထူးဦးမှာလဲ၊ ကျွန်တော်ကလည်း အဖေနဲ့ တွေ့တဲ့အခါ ကြက်ကြီး လည်လိမ်ခံထားရသလို ခံစားနေရတာပေါ့…၊ စိတ်ထဲမှာ တွေးမိတာကတော့ ငါတို့ သားအဖ ကံနှယ်… ဆိုးလိုက်တာ၊ ဘာဖြစ်လို့များ ဒီလို အခြေအနေတွေ ဖြစ်လာတာလဲပေါ့။

နောက်ပြီးတော့ ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်တခုမှာ သားအဖ နှစ်ယောက် တွေ့ကြတာဆိုတော့ ရပ်ကွက်ထဲက လူတွေကလည်း ကျွန်တော်တို့ မိသားစု အကြောင်း သိနေကြတာပေါ့။ ဒီတော့ သူတို့ကလည်း ဂရုဏာသက်တဲ့ မျက်လုံးတွေနဲ့ ရှိကြတာပေါ့။ တကယ့်ကို အဆင့်မြင့် မြန်မာဗီဒီယိုဇာတ်ကားထဲက မျက်ရည်ချု ဇာတ်ကွက်တကွက်ပါပဲ။

အဖေကတော့ သူ့ရှိစုမဲ့စုလေးနဲ့ သား လက်ဖက်ရည်သောက်၊ အီကြာကွေးစား၊ မုန့်တွေ စားဖို့ ပြောတာပေါ့။ ကျွန်တော့်မှာတော့ အမေ မသိအောင် အချိန်လေး ခိုးပြုပြီး လာရတာ၊ အဖေ ပြောစရာရှိ ပြော၊ ကျွန်တော့်ကို ဆုံးမစရာ ရှိလည်း နားထောင်မယ်ပေါ့။ လူငယ်ဆိုတော့ စိတ်မကောင်းတာကတပိုင်း၊ စားစရာရှိတာလည်း ကြိတ်လိုက်တာပေါ့လေ။ ပြီးတော့ ငူတူတူနဲ့ ပါးစပ်လေး ဟပြီး အဖေ့ကို ကြည့်နေတာပေါ့။

အဖေက ပြောတယ်၊ ဆုံးမတယ် ဆိုတာတွေကလည်း အရင်တခေါက်တွေ အတိုင်းပါပဲ။ လိမ်လိမ်မာမာနေဖို့၊ အမေ စိတ်ဆိုးအောင် ဂျစ်ကန်ကန်တွေ မလုပ်ဖို့၊ ညီနဲ့ ညီမငယ်လေးကို အကိုကြီးပီပီ ကြည့်ရှုစောင့်ရှောက်ဖို့နဲ့ နောက်ဆုံးတခုကိုတော့ သူ လေသံတိုးတိုး အားလျော့လျော့နဲ့ ပြောတာပါ။ အဲ… တခုခု အကူအညီလိုရင် သူ့ကို ပြောဖို့ပေါ့၊ အဖေ မတတ်နိုင်ဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒီတော့ ဘယ်ပြောပါ့မလဲဗျာ… ဒါပေမဲ့ အဖေဆိုတော့လည်း သူ့အနေနဲ့ ပြောစရာရှိတာတွေတော့ ပြောတာပေါ့။

ပြောနေရင်းတန်းလန်းနဲ့ “သားကြီးကလဲကွာ… အဲဒီလို ပါးစပ်ကြီးဟပြီး မနေစမ်းနဲ့ကွာ… အဖေ မကြိုက်ဘူး“ တဲ့။ ပြီးတော့ အဖေဟာ တဖက်ကို လှည့်ပြီး ၀မ်းနည်းလာတဲ့ စိတ်ကို ထိန်းလိုက်ပုံ ရပါတယ်။ ပြီးတော့ ဆက်ပြောတယ် “နှုတ်ခမ်းကို တင်းတင်းစေ့ထားစမ်းကွာ၊ ယောက်ျားဆိုတာ ဘာမဆို လုပ်နိုင်ရတယ်ကွ၊ နောက်တခါ အဖေနဲ့ တွေ့တဲ့အခါ ပါးစပ်ကြီးဟပြီး ငေးနေတာမျိုး မတွေ့ချင်ဘူး“ တဲ့။ ကျွန်တော် တော်တော် အံ့သြသွားပါတယ်။

အဖေဟာ သူ့ ရင်ထဲမှာ သည်းလှိုက်အူလှိုက် ၀မ်းပန်းတနည်း ခံစားနေရပြီး ကျွန်တော့်ကို ပြောတာကျတော့ ဗိုလ်ချုပ်တယောက်က သူ့တပ်သားသစ်တယောက်ကို အမိန့်ပေးသလို ခိုင်းနေတာမျိုးပါ။ သူ့ သားကြီးကို ငေးငေးငိုင်ငိုင် ယောင်တောင်တောင် အားပျော့ပျော့ ချာတိတ်တယောက် ဖြစ်သွားမှာကိုတော့ သူလုံးဝကို မလိုလားပါဘူး။ ဒါကို ကျွန်တော် အဖေ့ဆီမှာ တွေ့လိုက်ရလို့ ၀မ်းသာပါတယ်။ အဖေ့ကိုလည်း တအားချစ်သွားပါတယ်။

အဲဒီကထဲကနေ ၁၄/၅ နှစ်သားလေးဟာ ကျွန်တော်ဟာ လိုအပ်လည်း တည်၊ မလိုအပ်လည်း တည်ပြီး နေခဲ့မိပါတော့တယ်။ အဖေ ငါ့ကို မြင်တိုင်း ဂုဏ်ယူ အားကိုးလောက်တဲ့ ယောက်ျားမျိုးပုံစံ ပေါက်နေစေရမယ်လို့လည်း ကိုယ့်ဘာသာ ဆုံးဖြတ်ခဲ့ပါတော့တယ်။

အဖေဟာ မဆုံးခင် တနှစ်၊ နှစ်နှစ်အတွင်းမှာတော့ အတော်ကြီးကို ကျသွားခဲ့ပါပြီ။ အသက် ၅၇၊ ၅၈ တွင်းလည်း ရောက်လာချိန်မှာပေါ့။ အဖေနဲ့အမေဟာ အရပ် ၅ ပေစီပဲ ရှိပါတယ်။ ကျွန်တော်တို့ မောင်နှမတွေက မျိုးဆက်တဆက် ခုန်ကျော်တဲ့ ဗီဇကို ရလို့ ထင်ပါတယ်။ သားသမီးတွေကျတော့ နှစ်ဘက် အဖိုးအဖွားတွေအတိုင်း အရပ်မြင့်ကြပါတယ်။ ကျွန်တော်ဆို ၅ ပေနဲ့ ၁၀ လက်မ မြင့်ပါတယ်။

ကျွန်တော့်အရပ်ကို ကြွားတာ မဟုတ်ပါဘူး။ ပြောပြချင်တာက ခုနလို တော်တော်ကျသွားတဲ့ အဖေဟာ သူ့ဆီ သွားလည်တဲ့အခါကျရင် သူ့သားကြီး ကောလိပ်ကျောင်းသားကို ဖြတ်သန်းသွားလာနေကြတဲ့ ရပ်ကွက်ထဲက သူ့မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ အမျိုးတွေကို ကြွားတတ်ပါတယ်။ ဒီကောင်က ကောလိပ်တက်နေတာ… ကျွန်တော့် သားကြီးပေါ့၊ စာသိပ်တော်တဲ့ကောင်ဆိုပြီး ကြွားတော့တာပါပဲ။

အမှန်က ကျွန်တော် ဒီလောက် မတော်ဘူးဆိုတာ ကျွန်တော်သာ အသိဆုံးပါ။ နောက်ပြီး အသက် ၅၀ ကျော် အဖိုးကြီးပေါက်စက အဲဒီလို စကားတွေ ပြောနေတာမှာ သူ့ဟာသူ ဘယ်လိုမှ မနေတဲ့အပြင် ပျော်နေတာကို တွေ့ရပါတယ်။ အသက် ၂၀ ၀န်းကျင် လူပျိုပေါက် ကျွန်တော်ကတော့ ရှက်နေပါတယ်။ အဖေ့ကို ကြောက်လို့သာ ဘာမှ မပြောတာပါ၊ ပြောခွင့်သာရင်တော့ အဖေရယ်၊ လျှောက်မပြောပါနဲ့ဗျာလို့ ပြောလိုက်ချင်တာပါ။

ဒါပေမဲ့ သုံးခေါက်လောက် အဖေ အဲဒီလို လုပ်ပြီးချိန်မှာ ကျွန်တော် စိတ်ပြောင်းသွားပါတယ်၊ ရှက်တဲ့ စိတ်လည်း မရှိတော့ပါဘူး။ နဂိုကလို ရယ်ကျဲကျဲ၊ မချိတိတိလည်း မလုပ်တဲ့အပြင် အဲဒီလူတွေကိုတောင် ကျွန်တော် နှုတ်ဆက်စကား ပြောလိုက်ပါသေးတယ်။ အဖေ့ကိုလည်း ခပ်တင်းတင်း ဖက်လိုက်မိပါတယ်။ အဖေ့ဦးခေါင်းဟာ ကျွန်တော့်ရင်ဘတ်ထဲမှာ ဖြစ်နေခဲ့ပါပြီ…။

အဖေက တကြိမ်မှာ ကျွန်တော့်ကို မေးခဲ့ဖူးပါတယ်။ မင်းက အဖေလား၊ ငါက အဖေလားတဲ့။ အခုတော့ အဖေ့ဟာ ကလေးလေး တယောက်လောက်ပဲ ရှိပါလားလို့ ကျွန်တော် တွေးခဲ့မိပါတယ်။ အဖေကတော့ နှုတ်ခမ်းတင်းတင့်စေ့ထားတဲ့အပြင် ထွားထွားကြိုင်းကြိုင်းကြီး ဖြစ်နေတဲ့ သူ့သားကြီးအတွက် အင်မတန်မှကို ဂုဏ်ယူနေခဲ့ပါတယ်။

ချစ်သူများနေ့ အဖေထွက်ခွာ

ကျွန်တော်ဟာ တနေ့သော ရက်တခုကို စိတ်တထင့်ထင့်နဲ့ စောင့်နေခဲ့ဖူးပါတယ်။ အဲဒါကတော့ တယောက်တည်း အထီးကျန်နေထိုင် နေရတဲ့ အဖေတယောက် ဆုံးပါးမယ့် အချိန်ပါ။ ကျွန်တော်တို့ မြန်မာရုပ်ရှင်တွေမှာ ကြည့်ဖူးသလို (စကားမစပ် ငယ်ငယ်က ကျွန်တော် မြန်မာရုပ်ရှင်ကားတွေ အကြည့်များခဲ့ပါတယ်) တယောက်ယောက်က “မင်း… အဖေ ဆုံးပြီ“ လို့ သတင်းစကား ပါးလာမယ့်နေ့ပါ။ အဖေနဲ့ ကျွန်တော်တို့ တနေရာစီ နေကြရတော့ အဖေဆုံးပြီဆိုရင် တယောက်ယောက်က အဲဒီလို ပြောလာမှာပဲဆိုပြီး စိတ်ပူပင်စွာနဲ့ စောင့်နေခဲ့တာပါ။

တကယ်ပဲ အဲဒီနေ့ဟာ ရောက်လာခဲ့ပါတယ်။ တညမှာ (၉ နာရီသာသာလောက်မှာ) အဖေ့မိတ်ဆွေ လူငယ်တယောက်က လမ်းထဲမှာ ကျွန်တော့် နာမည်ကို အကျယ်ကြီး အော်ခေါ်နေပါတယ်။ ပထမတော့ အိပ်မက် မက်နေတယ်လို့တောင် ထင်တာပါ။ နောက်မှ အမေက ဟဲ… နင့်နာမည် အော်နေတာပဲ၊ ထွက်ကြည့်စမ်းဆိုတော့မှ ကြောင်တောင်တောင် ဖြစ်နေရာကနေ ထွက်ပြီး မေးစမ်းကြည့်တော့ အဲဒီ အကိုက “မင်း အဖေ… အခြေအနေ မကောင်းတော့ဘူး၊ အမြန်လိုက်ခဲ့… ဆေးရုံတော့ ပို့သင့်တယ်“ လို့ ပြောပါတယ်။

ကျွန်တော်ကလည်း အသက် ၂၀ ကျော် အရွယ်သာဆိုတော့ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိဘူးပေါ့ဗျာ၊ နောက်ပြီး အဖေဟာ သူ့အမေအိမ်မှာ နေတာပဲ၊ ဘာဖြစ်လို့ အဲဒီအိမ်က လူတွေက မကြည့်တာလဲ၊ ဆေးရုံတွေ ဘာတွေ ဘာလို့ မပို့တာလဲလို့ တွေးမိပါတယ်။ အမှန်တော့ အဖေ့ မိခင်ကြီး၊ အဖေ့ အမ အပျိုကြီးတွေက ဆုံးပါးသွားပါပြီ။ ညီတွေ၊ ညီမတွေကလည်း စောစောပိုင်းက ကြည့်ကြပေမယ့် ကြာလာတော့ သူတို့လည်း မကြည့်ရှု၊ မစောင့်ရှောက်တော့ပါဘူး။

ဒီတော့ အဖေက သူ့တကိုယ်စာ စားလောက်အောင် သူ့သူငယ်ချင်း မုန့်ဖိုကနေ မုန့်ဟင်းခါးနဲ့ ခေါက်ဆွဲဖတ်တွေ ယူပြီး သူ့အခန်းလေး ရှေ့မှာ ရောင်းရပါတယ်။ သူ့အတွက်တော့ စားလောက်တာပေါ့လေ။ အခုလို သေရေး၊ ရှင်ရေးဖြစ်တော့ အဖေ့ ညီတွေ၊ ညီမတွေကလည်း သူတို့ ပိုက်ဆံကုန်မှာစိုးလို့ ထင်ပါတယ်၊ ဘာမှ မလုပ်ပေးကြပါဘူး။ သူတို့တွေကလည်း သားသမီးတွေ များပြီး သိပ်လည်း ပြေလည်ကြသူတွေ မဟုတ်တော့ ကျွန်တော်လည်း ဘယ်သူ့အပြစ်တင်ရမှန်း မသိတော့ပါဘူး။

နောက်တော့ အမေက ပိုက်ဆံတွေ ထုတ်ပေးပြီး “ကဲ… မင်းက သားကြီးပဲ၊ လိုက်သွား… မင်း အဖေကို ဆေးရုံပို့ပေါ့“ တဲ့။ ကျွန်တော်လည်း အမေ့ကို ကျေးဇူးတင်တဲ့ အကြည့်နဲ့ ကြည့်ပြီး ပိုက်ဆံကို လွယ်အိတ်တလုံးနဲ့ ထည့်လို့ လာခေါ်တဲ့ အကိုနဲ့အတူ အဖေ့အခန်း ပြန်ပြေးလာပြီး အဖေ့ကို ဆေးရုံတင်ရပါတော့တယ်။

အရက်တွေ သောက်တာများပြီး၊ ဦးနှောက်သွေးကြော ပြတ်သွားပုံရတဲ့ အဖေဟာ ဆေးရုံသွားနေတဲ့ အငှားကားပေါ်မှာပဲ သတိ မရှိတော့ပါဘူး။ “အဖေရေ… အဖေရေ… အားတင်းထားပါဦးဗျာ၊ အဖေအားကိုးတဲ့ သားကြီး အဖေ့ဘေးမှာ ရှိနေပြီလေ“လို့ အသံထွက်တဲ့အထိ ပြောပေမယ့်လည်း အဖေကြားမကြား ကျွန်တော် မသိတော့ပါဘူး။ အဖေဟာ မျက်စိလည်း မဖွင့်တော့ပါဘူး၊ အသိလည်း မရှိတော့ပါဘူး။

အဖေ့ကို ရန်ကုန်ဆေးရုံကြီး အရေးပေါ်တင်၊ နောက်တော့ ဦးနှောက်နဲ့ အာရုံကြောရောက်… အဖေ့ဟာ သတိပြန်မလည်လာတော့ဘဲနဲ့ သုံးရက်မြောက်နေ့မှာ ထင်ပါတယ်၊ ဆုံးပါးသွားပါတော့တယ်။ အဲဒီနေ့ဟာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ပါ။ ကျွန်တော့်ဘ၀ထဲက စိတ်အထိခိုက်ရဆုံး နေ့တနေ့ပါပဲ။

မနေ့ညကတော့ အမေနဲ့ အွန်လိုင်းမှာ တွေ့လို့ စကားပြောကြပါတယ်။ သာကြောင်းမာကြောင်းပြောဆိုပြီး အမေက အွန်လိုင်းကနေ ဆင်းသွားပါတယ်၊ ခဏနေတော့ အမေ ပြန်တက်လာပြန်ပါတယ်။ ဘာများ အရေးတကြီး ပြောစရာ ကျန်နေပါလိမ့်လို့ ကျွန်တော် စိတ်ထင့်သွားပါတယ်။ ဒါပေမဲ့ အမေ ပြောတာက ကျွန်တော် မေ့နေတဲ့ အဖေ့ အကြောင်းပါ။

“သားကြီး… မနက်ဖြန် မင်းအဖေ နှစ်ပတ်လည်ပဲ၊ အဖေ့ကို သတိတရ ရှိခိုးပြီး၊ မင်း ပြုခဲ့သမျှ ကုသိုလ်တွေကို အဖေ အမျှယူပါလို့ အမျှဝေပါ“ တဲ့။ အမေက ဒါပဲ ပြောပြီး အွန်လိုင်းကနေ ပြန်ဆင်းသွားပါတယ်။

အင်း… ကျွန်တော်လည်း တော်တော်ဆိုးတဲ့ သားပဲ၊ အဖေ့ကို မေ့သွားတယ်။ သေသောသူ ကြာရင် မေ့တဲ့၊ တကယ်တော့ မကြာသေးပါဘူး… လွန်ခဲ့တဲ့ ၁၃ နှစ်ကပါပဲ။ ကျွန်တော် အဖေ့အကြောင်း ပြန်စဉ်းစားလိုက်တိုင်း အဖေနဲ့ပတ်သက်တဲ့ အကြောင်းအရာတိုင်းဟာ လတ်လတ်ဆတ်ဆတ်ကြီးကို ခံစားနေရပါသေးတယ်။ အဖေရေ… သားကြီး တောင်းပန်ပါတယ်၊ ရိုရိုကျိုးကျိုးလည်း အဖေ့ကို ရှိခိုးပါတယ်၊ ကျွန်တော်ပြုခဲ့သမျှ ကောင်းမှုကုသိုလ်တွေအတွက်လည်း အမျှယူပါခင်ဗျာ။

၂၀၁၂ ဖေဖော်ဝါရီလ ၁၄ ရက်၊ ချစ်သူများနေ့။

မွန်းလွဲ တချက်တီး၊ အင်္ဂါနေ့၊ ဘန်ကောက်။

by Myo Tha Htet on Friday, 10 February 2012 at 05:43·

ကျွန်တော်က အပြောကောင်းသူ မဟုတ်၊ ပွင့်ပွင့်လင်းလင်း ဆိုရပါရင် ပါးစပ်မကောင်းသူ တယောက်။ ဒုတ်ဒုတ်ထိ ဒါမှမဟုတ် တုတ်ထိုးအိုးပေါက် ပြောတတ်သူ။ ပရိယာယ်ေ၀၀ုစ် နားမလည်၊ လူတွင် ထွန်းတဲ့ စကားကြီး ဆယ်မျိုးကိုလည်း မကျွမ်းကျင်။ ဒီတော့ လူသားပီပီ ကိုယ့်မှာ မရှိတဲ့အရာ အားကျ လိုချင် ဆိုသလို စကားပြောကောင်းတဲ့ လူတွေများ တွေ့ခဲ့ရင် ငေးမော အားကျလို့ သူတို့လို ဖြစ်ချင်ခဲ့တယ်။

ငယ်ငယ်ကထဲက အဖေ့ကို အားကျတယ်။ အဖေက စကားပြောကောင်းတယ်။ နိုင်ငံရေးသမားလို့လည်း သူ့ကိုယ်သူ ထင်နေတော့ ပွဲကျ ပြောတတ်တယ်။ တခါဖူးမှတော့ အလုပ်မဖြစ်၊ အာဏာလည်း တခါဖူးမှ ရတယ်လို့ မရှိ။ ဒါပေမဲ့ အဖေ စကားပြောရင် လူတွေ ၀ိုင်းနေတတ်တယ်။ ငေးမော နားထောင်တတ်ကြတယ်။ (တခုတော့ ရှိတယ်၊ အပါးလူတွေက အဖေတိုက်တဲ့ လက်ဖက်ရည်သောက်၊ ကျွေးတဲ့ ထမင်းစားပြီး အပြန်အလှန် ကျေးဇူးပြုကြတာလည်း ဖြစ်နိုင်တယ်၊ ဒါ ကျွန်တော် အရွယ်ရောက်မှ စဉ်းစားမိတတ်တာပါ)။

အမေကတော့ ဒီလို မဟုတ်ဘူး။ စကားပြောပြတ်တယ်၊ စိတ်ထဲရှိတာကို ပြောတယ်၊ ဘယ်တော့မှ အားနာတယ်ရယ်လို့လည်း မရှိဘူး။ ကျွန်တော်က အမေနဲ့ တူသွားပုံရတယ်။ အဲ… အမေ့မိတ်ဆွေတချို့ကတော့ စကားပြော ကောင်းတယ်။ ကျွန်တော့်ကို ငယ်ငယ်ကထဲက ဆုံးမစကားတွေ ပြောကြတယ်။ ကျွန်တော့်မှာ သူတို့ ချက်ကျလက်ကျ ပြောပြီး ဆုံးမရင် အမြဲတမ်း မျက်ရည်ကျရ စိတ်မကောင်းဖြစ်ရ တာပါပဲ။ သူတို့တွေက လူကြီးတွေလည်း ဖြစ်ပြန်၊ ကလေးစိတ်ပညာကိုလည်း သိတော့ ဟတ်ထိအောင် ပြောချလိုက်ကြရင် ဒီကောင် ငြိတော့တာပေါ့ဗျာ။

ဒါက စောစောပိုင်းကာလက အပြောကောင်းကြသူတွေ အကြောင်းပါ။ နောက်တော့ ဘ၀ပေး အခြေအနေအရ ကျွန်တော် အလုပ် လုပ်ရတော့ ဘာသာပြန်လေး ရေး၊ စာတိုပေစလေး ရေးဖြစ်တော့ ကဗျာဆရာတွေ၊ စာရေးဆရာတွေနဲ့ တွေ့လာရ၊ လက်ဖက်ရည် အတူသောက်ကြ၊ အရက်အတူသောက်ကြတဲ့အခါ အပြောကောင်းတဲ့ စာရေးဆရာတွေ၊ ကဗျာဆရာတွေနဲ့ ဆုံရကြုံရပြန်ပါတယ်။ အပြောကောင်းကို နားထောင်ရတာ ကြိုက်တဲ့ ငနဲ ကျွန်တော် နာရီပေါင်း များစွာ မထတမ်း နားထောင်မိပြန်ပါတယ်။ တချို့က အရေးကောင်း၊ အပြောမကောင်းဘူး။ တချို့က နာမည်လည်း မကြီး၊ အရေးလည်း ဒီလောက် မကောင်းဘူး၊ အပြောကတော့ ရွှေမန်းလို့ ဆိုရမယ့် သူတွေ…။ ခိုက်ခဲ့တယ်။

နောက်တဆင့်တက်လို့ နိုင်ငံ့ခေါင်းဆောင်တွေကို ကြည့်တဲ့အခါ စကားပြောကောင်းသူတွေကို တွေ့ပြန်တယ်။ တချို့က ကျအောင် ပြောတယ်၊ တချို့က ကြိုက်အောင် ပြောတယ်။ တချို့ကျ စွဲအောင်ပြောတယ်။ တချို့က ပြောတာ လန်းတယ်။ ဒီဘက်ပိုင်း ၂၁ ရာစုမှာ ကျွန်တော် ဓာတ်ကျတဲ့ နိုင်ငံ့ခေါင်းဆောင်နဲ့ နိုင်ငံရေး ခေါင်းဆောင်တွေလို့ ပြောရရင် (ကျွန်တော် လက်လှမ်းမီသလောက် ပေါ့လေ) ကမ္ဘာမှာ ဆိုရင်တော့ အမေရိကန် သမ္မတ အိုဘားမား၊ မြန်မာပြည်မှာ ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်…။

သမ္မတ အိုဘားမား ပြီးခဲ့တဲ့ ဇန်န၀ါရီအတွင်းက အမေရိကန် ကွန်ဂရက်မှာ ပြောခဲ့တဲ့ နိုင်ငံအခြေပြ မိန့်ခွန်းပြောဖို့ ပြင်ဆင်တဲ့ ဗီဒီယို ကလစ်လေး ကျွန်တော် ကြည့်ရတယ်။ သမ္မတမှာ မိန့်ခွန်းရေးသူတွေ ရှိတယ်၊ နိုင်ငံတော်နဲ့ ဆိုင်တဲ့ ကိန်းဂဏန်းတွေကို ပံ့ပိုးပေးရတဲ့ အဖွဲ့အစည်းတွေ၊ ဗျူရိုတွေ ရှိတယ်။ သူတို့တွေနဲ့ သမ္မတက တခန်းထဲ အတူထိုင်ပြီး မိန့်ခွန်း ရေးတယ်၊ ဆွေးနွေးတယ်၊ တည်းဖြတ်တယ်၊ ပြန်ရေးတယ်။ ဒီလိုနဲ့ အကြိမ်ကြိမ် ရေးလိုက်တဲ့အခါ နိုင်ငံတော်အတွက် တကယ် အကျိုးရှိနိုင်တဲ့ ပေါ်လစီတွေပါတဲ့ မိန့်ခွန်းလည်း ဖြစ်သွားတယ်၊ ပြည်သူ သည်းခြေခိုက်မယ့် စကားလုံးတွေပါတဲ့ မိန့်ခွန်းလည်း ဖြစ်သွားတယ်။

သမ္မတ အိုဘားမားဟာ မှတ်ဥာဏ်အလွန်ကောင်းပြီး၊ စကားပြောကလည်း သူမတူအောင် ကောင်းပြန်တော့ အဲဒီ အေဖိုး စာရွက်နဲ့ ၁၀ မျက်နှာလောက် (မကဘူးလည်း ဖြစ်ချင်ဖြစ်မယ်) ကို ခေါင်းထဲ ထည့်လိုက်တယ်။ ကွန်ဂရက် တနာရီကျော်ကြာ မိန့်ခွန်းပြောတော့ အလွတ်ပြောတဲ့အပြင် ဟန်နဲ့ပန်နဲ့၊ မျက်နှာရိပ် မျက်နှာကဲနဲ့၊ လေသံအတိုးအကျယ်နဲ့၊ အိုက်တင် အပြည့်နဲ့ ပြောသွားလိုက်တာ အမေရိကန်တွေ ခိုက်မခိုက်တော့ မသိဘူး။ ကျွန်တော့်ဖြင့် ခိုက်လိုက်တာမှ လဲသေမတတ်ပါဘဲ (အဲ… ထိုင်ရက်ကြည့်နေတော့ ခေါက်ကနဲ ခွေသေမတတ်ပါဘဲ…)။

စကားစပ်လို့ ပြောရရင် အဲဒီလို စကားပြောကောင်းတဲ့လူတွေ တွေ့တော့ အဲဒီလိုမျိုး ကျွန်တော်လည်း ပြောတတ်ချင်လိုက်တာဗျာလို့ ကျွန်တော့် ဆရာသမားတဦးကို ရင်ဖွင့်ဖူးတယ်။ သူက အမေရိကန် တက္ကသိုလ်တခုကနေ လေ့ကျင့်ပေးမှု ရခဲ့တဲ့သူ ဖြစ်ပါတယ်။ ဆရာက ခင်ဗျားလေ့ကျင့်လို့ ရပါတယ်လို့ ပြောတယ်။ သူ့လိုပဲ အမေရိကန်က တက္ကသိုလ်တခုခုကို သွားလို့ လေ့ကျင့်ဖို့လည်း တိုက်တွန်း ပါတယ်။

အမေရိကမှာက အထက်တန်းကျောင်းလောက်ကနေ စပြီး ဒါမျိုးတွေက ပြောဆို၊ စည်းရုံးခဲ့ရတာကိုးဗျာ။ တချို့များ မူလတန်းလောက် ကထဲက ဒါမျိုးတွေ တတ်နေပါပြီ။ သမ္မတ ကလင်တန်ဟာ သူ ငယ်ငယ် ၁၆ နှစ်သားက ကျောင်းသားအမတ် အဖြစ်နဲ့ အိမ်ဖြူတော်ကို အလည်ရောက်တော့ သမ္မတ ဂျွန် အက်ဖ် ကနေဒီကို လက်ဆွဲ နှုတ်ဆက်ပြီး တချိန်ကျ သူ့လိုမျိုး ဖြစ်အောင် လုပ်မယ်လို့ ဆုံးဖြတ်ချက် ချခဲ့ဖူးသတဲ့။ ဆိုချင်တာက အဲဒီလို ဆယ်ကျော်သက် အရွယ်ကထဲက သူတို့မှာ နိုင်ငံရေးကို အားပါးတရ စိတ်ပါပြီး ကျောင်းသား ကိုယ်စားလှယ်၊ ကျောင်းသားအမတ် စသဖြင့် အပြော၊ အဟောကောင်းဖို့ လေ့ကျင့်ပြီးနေပြီ။

လေ့ကျင့်ထားတယ်ဆိုတာ စနစ်တကျ လေ့ကျင့်ထားတာပါ။ အချိန်ဘယ်လောက်အတွင်း (ဘယ်နှမိနစ်အတွင်း) ဘာသတင်းစကားကို ထိမိအောင် ပြောမယ်။ မျက်နှာအမူအရာ၊ လေယူလေသိမ်းက ဘယ်လိုရှိမယ်၊ ကင်မရာကို ဘယ်အချိန်ကြည့်မယ်။ ပရိသတ်တွေကို ဘယ်လိုကြည့်မယ်။ လက်ခုပ်သံကို ဘယ်လိုစောင့်မယ်၊ ရေသောက်မယ်၊ စကားပြောနေတာကို ခဏရပ်မယ်။ တက္ကသိုလ်မှာ ဆိုရင်တော့ စကားပြောခိုင်း၊ ကင်မရာနဲ့ ရိုက်ထား၊ ဆရာက ပြန်ကြည့်ပြီး ဝေဖန်သုံးသပ်၊ အဲဒါကိုပဲ တခါ ပြန်ပြောခိုင်း… အဲဒီလို စနစ်တကျ သင်ထား ရတာတဲ့။ သေရော… ကျွန်တော် ထင်သလို မလွယ်ပါဘူး။ ဒါဟာ မွေးရာပါ ပါလာတာ မဟုတ်ဘူး၊ လေ့ကျင့်ထားလို့ ရတယ် ဆိုတာတော့ ဆရာ ပြောပြလို့ သိခဲ့ရပါတယ်။

အဲ… ကျွန်တော် အံ့သြတာက အခုမှ လာမယ်။ ကျွန်တော် ငယ်ငယ်ထဲက သိသလောက် စစ်တပ်ထဲမှာက အမိန့်၊ အာဏာနဲ့ ထက်အောက် ဆင့်ကဲ အုပ်ချုပ်ရတာဆိုတော့ ကြမ်းကြမ်းတမ်းတမ်း ပြောဆို၊ ဆဲဆို (လိုအပ်လာရင် ရိုက်နှက် ကန်ကြောက်) ကြရတော့ စစ်သား၊ စစ်ဗိုလ်တွေဟာ အပြောမကောင်းဘူး၊ အပြောကြမ်းတယ်လို့ ယေဘူယျ သိထားပါတယ်။ ကျွန်တော်တို့ လူငယ်တွေ လေးစား အားကျတဲ့ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေ မှတ်သား၊ ဖတ်၊ ကြား ရတဲ့အခါမှာလည်း ဗိုလ်ချုပ်ပြောတာတွေက နားဝင် မချိုပါဘူး၊ ကြမ်း လှပါသဗျာ။ စာရေးဆရာကြီး ဒဂုန်တာရာက ဗိုလ်ချုပ်ရဲ့ ရုပ်ပုံလွှာအဖွဲ့ကို အောင်ဆန်း (သို့) အရိုင်း ဆိုပြီး ရေးပါတယ်။

အခုတနှစ်အတွင်း ကျွန်တော် တွေ့ဖူး၊ ကြားဖူးတာကြတော့ မြန်မာ သမ္မတရယ်၊ လွှတ်တော် ဥက္ကဌတွေရယ်၊ အစိုးရ၀န်ကြီးတချို့ရယ် ဟာ စကားပြော အင်မတန်ကောင်းလှပါတယ်။ ဘယ်လောက် အပြောကောင်းသလဲဆိုရင် ကျွန်တော့် ဟတ်ကို ထိတဲ့အထိ၊ ကြွေတဲ့အထိပါပဲ။ နဂိုကထဲကမှ ကိုယ့်မှာ မရှိတဲ့ အရည်အချင်းဖြစ်တာမို့ စကားပြော ကောင်းတဲ့လူတွေ တွေ့ရင် သဘောတွေကျနေတဲ့ ကျွန်တော် ပျော်မိတာပါပဲ။ အလုပ်ကောင်းဖို့ အပြောကောင်းနဲ့ စရမှာကိုးဗျာ။ (ခြွင်းချက်တော့ ရှိတာပေါ့လေ၊ အပြောဆိုး သဘောဆိုးပေမယ့် လက်တွေ့ မျက်တွေ့ ကူညီ စောင်မတတ်သူတွေလည်း ရှိတတ်ပါတယ်)။

သူများနိုင်ငံက သူတွေ စကားပြော ကောင်းတာ မကောင်းတာကတော့ အားကျရုံသက်သက်ပါပဲ၊ အတုယူ အတုခိုးရုံလောက်ပါပဲ။ အကြီးအကျယ် ကျွန်တော့်ကို မထိခိုက်လောက်ပါဘူး။ အခု ကျွန်တော့် စိတ်ထဲ တောင့်တောင့်တတ ဖြစ်မိတာကတော့ ဒီ မြန်မာ ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံတချို့က အစိုးရခေါင်းဆောင်တွေလို တိုင်းပြည် လမ်းကြောင်းမှန်ပေါ်ကနေ တကယ်တိုးတက်ဖို့ဆိုရင် ရာထူး ပြုတ်ပြုတ်၊ အချင်းချင်းကြား မနာလို တွန်းထိုးမှုတွေ ရှိရှိ၊ ထောက်ခံမှုတွေ ကျကျ (တိုင်းပြည်နဲ့ လူမျိုးအတွက်ဆိုတဲ့ စိတ်နဲ့ပဲ ရှေးရှုရင်း) ဖြောင့်ဖြောင့်တန်းတန်း နောက်မဆုတ်တမ်း လုပ်ကိုင်ဆောင်ရွက်စေချင်တာပါပဲ။

ကျွန်တော်တော့ အခုနောက်ပိုင်း ဘုရားရှိခိုးတိုင်း ဆုတခုကို ထည့်သွင်းတောင်းနေမိပါတော့တယ်။ ဘုရားတပည့်တော် ကျွန်တော်မျိုး စကားပြော ကောင်းရပါလို၏ ဘုရား လို့တော့ မဟုတ်ပါဘူးဗျာ (အဲဒါက လေ့ကျင့်လို့ ရတာကိုး)။ ကျွန်တော် ထည့်သွင်းတောင်းတဲ့ ဆုကတော့ အပြောကောင်းကြသူတွေ အလုပ်ပါကောင်းလို့ အဲဒီ အလုပ်တွေရဲ့ အကျိုးခံစားခွင့်တွေကို ဆင်းရဲနွမ်းပါး အောက်ခြေ လူတန်းစားက စလို့ လက်တွေ့၊ မျက်တွေ့ ခံစားနိုင်ကြပါစေကြောင်းပါခင်ဗျာ။

၂၀၁၂ ဖေဖော်ဝါရီ ၁၀၊ သောကြာ။ နေမွန်းတည့်။

ဘန်ကောက်။

by Myo Tha Htet on Wednesday, 8 February 2012 at 08:47·

ပညာတတ်တဲ့သူက ကြောင်တယ်၊ ပညာမဲ့သူက ကြောက်တယ်၊ ပညာမတတ်တတ်က ကြဲတယ်။ အကျယ်ရှင်းပါဦးအံ့… ပညာတတ်တဲ့သူက သူ့တတ်သလောက်ကိုပဲ တော်တော်ကြီးတတ်ပြီလို့ မှတ်ပြီး တခုခုဆို အဲဒီတတ်တဲ့ ပညာတွေနဲ့ ချိန်စက် ဆင်ခြင်နေရတော့ အလုပ်က မတွင်တော့ဘူး၊ မပြတ်ဘူး ဖြစ်တတ်တယ်။ ဒါကြောင့် ကြောင်တယ်လို့ ပြောတာပါ။ အခု ကျွန်တော် ပြောတာက ယေဘူယျ သဘောပါ၊ ပညာတတ်ပေမယ့် အလုပ်ဖြစ်တဲ့၊ အလုပ်ပြတ်တဲ့၊ သဘောရှင်းတဲ့ လူတွေလည်း ဒုနဲ့ဒေးပါပဲ။

ပညာမဲ့က ကြောက်တယ် ဆိုတာကတော့ အထူးရှင်းစရာ မလိုဘူး ထင်ပါတယ်။ ပညာမဲ့သူ အများစုက သိမ်ငယ်တတ်တယ်၊ လူတော မတိုးရဲဘူး၊ မပြောမဆိုရဲဘူး။ ပညာမဲ့သူတချို့က ရိုးသားတယ်၊ ဒါကိုပဲ တချို့က အသုံးချသွားတတ်ကြတယ်။ သူတို့က ကိုယ့်အခွင့်အရေး၊ ကိုယ်ရပိုင်ခွင့်ကိုတောင် မတောင်းဆို၊ မတင်ပြရဲဘူး။ ဥပဒေပါ အခွင့်အရေးတွေ၊ အခြေခံ လူ့အခွင့်အရေးတွေကို မလေ့လာ၊ မဖတ်ရှုဘူးတော့ နားမလည်ကြဘူး။ ဒီတော့ ကြောက်ကြတယ်။ ဒါကလည်း အကြမ်းသဘောပါ၊ ပညာမတတ်ပေမယ့် ရဲသမှ တောက်တောက်ထွန်းလို့ ဆိုရမယ့်သူတွေလည်း အများကြီးမှ အများကြီး…။

ပညာမတတ်တတတ်က ကြဲ ဆိုတာကတော့ ထင်တိုင်းကြဲတတ်တာကို ပြောတာပါ။ သူက နည်းနည်းသိနေတော့ ပညာမဲ့လောက်လည်း မကြောက်ဘူး၊ တတ်သလားဆိုတော့ ပညာတတ်လောက်လည်း မတတ်ဘူး၊ ဒါကြောင့် မကြောင်ဘူး။ မကြောက်လည်း မကြောက်၊ မကြောင်လည်း မကြောင်ဘူးဆိုတော့ ထင်တိုင်းကြဲတော့တာပါပဲ။ စကားပုံအရဆိုရင်တော့ ငါ့လှေငါ့ထိုး သမားတွေ၊ ငါ့မြင်းငါ့စိုင်းဆိုတဲ့ သူတွေပေါ့။ သူတို့က မြန်မာပြည်မှာဆို လူတန်းစားတရပ်နဲ့ကို ရှိတယ်လို့ ပြောလို့ရပါတယ်။ စဉ်းစားကြပါကုန်…။

ပညာတတ်နဲ့ ပညာမဲ့တို့ အလုပ်ဖြစ်ပုံနဲ့ မဖြစ်ပုံကို ကျွန်တော် ငယ်ငယ်ကထဲက ခဏခဏ စဉ်းစားမိပြီး၊ အခုထက်ထိတိုင်လည်း မှန်နေဆဲလို့ ထင်တဲ့အကြောင်းအရာ တခုရှိပါတယ်။ ရပ်ကွက် ဆွမ်းသိမ်းပွဲ၊ ဆွမ်းလောင်းပွဲနဲ့ လွတ်လပ်ရေးပွဲ ကျင်းပချိန်တွေမှာပါ။ အဲဒီပွဲတွေကို မှန်မှန်ကန်ကန်နဲ့ တရပ်လုံးပါပြီး ဒါနပြုကြ၊ ပူးပေါင်းဆောင်ရွက်ကြ၊ ပျော်ကြရွှင်ကြအောင် အာကျယ်ပါကျယ်နဲ့ ဦးဆောင် ဦးရွက်ပြု လုပ်ဆောင်သွားကြတာက ကျွန်တော့် အမြင်မှာ ပညာမတတ်တဲ့သူတွေ၊ သာမန်လက်လုပ်လက်စားတွေ၊ ဆိုက္ကားသမားတွေပါ။

ကျွန်တော်က ကျွန်တော့်ကိုယ်ကျွန်တော် ပညာတတ်လို့ (ပညာတတ်တို့ သဘောအတိုင်း) သတ်မှတ်ထားလေတော့ ဒီပွဲတွေလောက်က ငါ့နဲ့ မတန်လောက်ပါဘူးလို့ ထင်ခဲ့ပါတယ်။ ဒီတော့ ဘာမှ မပါခဲ့ပါ။ မပါလို့ ပြီးရောပေါ့လို့… ပြောလိုက်လို့ ရပါတယ်။ မပြီးသေးပါဘူး။ ပညာတတ်တို့ ထုံးစံအတိုင်း ဒီအတိုင်း မနေပါဘူး။ တတ်သလောက် မှတ်သလောက်လေးနဲ့ ဝေဖန် လေကန်ရေး လုပ်ပါတယ်။ ဟာကွာ… ဒီကောင်တွေ အော်လံကြီးကို ဘယ်လို လှဲ့ထားတယ်၊ မိုက်ကရိုဖုန်းကို ဘယ်လို သုံးနေတယ်၊ အလှူငွေ ကောက်တာက ပုံစံ မကျဘူး။ ဆွမ်းလောင်းတဲ့ ပုံစံအမှန်က ဘယ်လို ဖြစ်သင့်တာ… ဆုကြေးငွေ ခွဲဝေပုံက နည်းလမ်း မမှန်ဘူး စသဖြင့် ကျွန်တော် တောက်လျှောက်ကို သူတို့ လုပ်တာတွေ ကြည့်ပြီး ကိုယ့်ဘာသာ သုံးသပ်လို့ ဝေဖန်နေခဲ့ပါတယ်။

တကယ်က ကျွန်တော် အဲဒီလို ဝေဖန်သလို တကယ်လည်း လမ်းသူလမ်းသားတွေနဲ့အတူ ရပ်ကွက်သူ ရပ်ကွက်သားတွေနဲ့အတူ ကိုယ်တတ်တဲ့ အကြံကို တင်ပြလို့ ပါဝင် ဆောင်ရွက်သင့်ပါတယ်။ အကြံပေး၊ လမ်းပြလို့ ဖြစ်နိုင်ရင် ခုန ပြောခဲ့တဲ့ မတတ်တဲ့သူ၊ မသိတဲ့ သူတွေက လက်ခံလို့ ကိုယ့်ကို ခေါင်းဆောင်တင်ခဲ့ရင်လည်း ဦးဆောင် လုပ်ကိုင်ပြသင့်ပါတယ်။ သူတို့တွေလည်း နည်းမှန်လမ်းမှန် တတ်သွားအောင် သင်ပေး ပြပေးသင့်ပါတယ်။ ဒါပေမဲ့ ပညာတတ်ကြီးလို့ ကိုယ့်ကိုယ်ကိုယ် ထင်ခဲ့တဲ့ ကျွန်တော် နှစ်တိုင်း ဝေသာဖန်တယ်၊ တခါမှ မပါဝင် မလုပ်ခဲ့ဖူးပါ။ နိုင်ငံအဆင့် ကြီးကျယ်မှသာ ၀င်ပါမယ်လို့ ထင်တလုံးနဲ့သာ ရှိနေခဲ့ဆဲပါပဲ။ ဒါဟာ အင်မတန်ကို အောက်ခြေကျတဲ့ ရပ်ရေးရွာရေး၊ အခြေခံ နိုင်ငံရေးမှာတောင် ပညာတတ်တယောက် အနေနဲ့ ခေါင်းရှောင်ခဲ့၊ ကြောင်ခဲ့တဲ့ အဖြစ်တခုပါ။

အခြေခံနိုင်ငံရေးက တက်လိုက်လို့ လူထု တရပ်လုံး အခြေပြုရတဲ့၊ လူထုတရပ်လုံး ထောက်ခံမှုနဲ့ အစိုးရဖွဲ့စည်း လုပ်ကိုင်မှုတွေကိုလည်း တချက်ကြည့်ကြပါဦးစို့… နိုင်ငံတနိုင်ငံကို ဦးဆောင်လို့ လူထုတွေကို ဘယ်လို အုပ်ချုပ်နိုင်ပါသလဲ။ အခြေခံဥပဒေပါအတိုင်း အဖွဲ့အစည်းတွေနဲ့ အာဏာသုံးရပ်ခွဲဝေ အုပ်ချုပ်တာက တပိုင်းပါ။ တိုင်းပြည်တိုးတက်ဖို့ စနစ်တကျ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေမှာ လူထုကို လှုံ့ဆော်စည်းရုံးလို့ ဒါမှမဟုတ် လူထုတရပ်လုံး ပါဝင်လာဖို့ နည်းနှစ်နည်းနဲ့ လုပ်ကိုင် ဆောင်ရွက် မောင်းနှင်နိုင်ပါတယ်။

တခုက အာဏာသုံး အမိန့်ပေး၊ ခိုင်းစေ ဆောင်ရွက်မှုပါ၊ လူထုက အမိန့်အာဏာဆိုတော့ ကြောက်တော့ ပြောတဲ့အတိုင်း လုပ်ရတာပေါ့။ မလိုက်နာရင် နောက်ဆုံး သေဆုံးတဲ့အထိ ဒုက္ခရောက်နိုင်တာကိုး… နောက်တနည်းကတော့ လူထုရဲ့ ထောက်ခံမှု၊ ချစ်ခင်မှုနဲ့ ပြောဆို စည်းရုံးရတာမျိုးပါ။ ဒါကျတော့ လူထုက တကယ်ချစ်တဲ့၊ နှစ်နှစ်ကာကာကို ထောက်ခံတဲ့ ခေါင်းဆောင်မျိုးတွေမှ စွမ်းနိုင်တာမျိုးပါ။

အာဏာရှိသူကျတော့ ပညာတတ်၊ ပညာမဲ့၊ ပညာမတတ်တတတ် ဘယ်သူမဆို အာဏာရှိရင် ဆောင်ရွက်နိုင်ပါတယ်။ ဒီလိုပါပဲ လူထု ချစ်ခင်သူ ခေါင်းဆောင်ကလည်း ပညာတတ်လည်း ဖြစ်နိုင်သလို ပညာမဲ့နဲ့ ပညာမတတ်တတတ်လည်း ဖြစ်နိုင်ပါတယ်။ ဒီနေရာရောက်မှ နည်းနည်း ထပ်ရှင်းလိုတာက “ပညာ“ကို ဒီဆောင်းပါးမှာ ဆိုလိုတာက ဆင်ခြင်နိုင်တဲ့ ပညာ၊ ထိုးထွင်းသိတဲ့ ပညာထက် အတန်းပညာ၊ ကျောင်းပညာ၊ တက္ကသိုလ်တွေမှာ စနစ်တကျ သင်ကြားခဲ့ရတဲ့ ပညာမျိုးကို ဆိုလိုပါတယ်။ ယေဘူယျအနေနဲ့တော့ အတန်းပညာကို ဆိုလိုကြောင်းပါ။

ပညာတတ်ဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပညာတတ်လို့ ထင်နေသူ ဒါမှမဟုတ် တက္ကသိုလ်ကြီးတွေမှာ စနစ်တကျ သင်ခဲ့ရသူတွေကို ဆိုလိုပါတယ်။ ပညာမတတ်တတ်ကတော့ တက္ကသိုလ်ပညာတော့ သင်ခဲ့ရတယ်၊ ဒါပေမဲ့ ဘာသာရပ်တခုကို စနစ်တကျ သင်ခဲ့ရသူတွေ မဟုတ်ဘူး။ ဘွဲ့၊ ဒီဂရီတွေ ရချင်တော့ ရမယ်၊ သေချာ စနစ်တကျ မတတ်လို့ ပညာမတတ်မတတ်လို့ ဆိုလိုပါတယ်။ ပညာမဲ့ကတော့ အခွင့်အရေး မရလို့ဖြစ်ဖြစ်၊ မကြိုးစားခဲ့လို့ပဲဖြစ်ဖြစ်၊ အခြားအခြေအနေ အကြောင်းတခုခုကြောင့်ဖြစ်ဖြစ် အတန်းပညာ မရလိုက်သူ ဒါမှမဟုတ် တက္ကသိုလ်တခုခုက ဘွဲ့မရလိုက်သူကို ဆိုလိုပါတယ်။

ဆက်ပါဦးမယ်…။ အာဏာနဲ့ ခိုင်းစေတာနဲ့ လူထုရဲ့ချစ်ခင်မှုကို ရယူဆောင်ရွက်သူတွေရဲ့ လူထုပါဝင်ဆောင်ရွက်မှုကို စေခိုင်းတာကို ဥပမာတခုနဲ့ ပြောပြချင်ပါတယ်။ လူထု ချစ်ခင်မှုကို ရထားတဲ့ သူက လူထု စည်းဝေးပွဲတခုမှာ ဆိုပါတော့… သူက စင်မြင့်ထက်ကနေ ဟောပြောမယ်၊ အောက်က ပရိသတ်က မီတာ ၁၀၀ ပတ်လည်ရှိတဲ့ လူထုဆိုပါတော့ (ပေ ၃၀၀ ကျော် ပတ်လည် ရှိတဲ့ အုပ်စုလို့ မျက်စိထဲ မြင်ပေးပါ)။

လူထုချစ်ခင်မှုကို ရထားတဲ့သူက တခွန်းပဲ ပြောပါတယ်။ “ရှေ့ကလူတွေက နောက်ကလူတွေ မြင်ရအောင် ထိုင်ပေးကြပါ၊ ရှေ့ကလူက နောက်ကလူကို ညှာပါ“။ လူထုက ချစ်တဲ့သူက အဲဒီလို ပြောတော့ လူထုက ချက်ချင်းပဲ ထိုင်လိုက်ကြတယ်၊ ဟုတ်တယ် သူပြောတာ မှန်သားလို့လည်း တွေးမိကြတယ်။ အဲ… အာဏာရှိသူက ပြောမှာကလည်း ရှင်းပါတယ်။ ရှေ့ကလူတွေ ထိုင်ကြကွာ…၊ ဒါပဲ။ သူ့ကျတော့ ကြောက်တော့ ထိုင်ရတာပေါ့။ အာဏာရှိကြောင်း ပြတဲ့ သင်္ကေတတွေ ပါတယ်ဆိုရင် ပိုတောင် မြန်မြန်ထိုင်လိုက်ကြဦးမယ်။

လူထုလည်း မချစ်၊ အာဏာလည်း မရှိတဲ့ ပညာတတ်ဆိုရင်တော့ (နောက်တာ မဟုတ်ပါဘူး၊ သူ ဒီလို ပြောနိုင်ပါတယ်)။ “ခင်ဗျားတို့ စဉ်းစားကြည့်ပါ၊ မြင်ကွင်းတခု ဆိုတာက မီတာ ၃၀ ကျော် (ပေ ၁၀၀ လောက်) ဆို ၀ါးသွားတတ်ပါတယ်။ နောက်ပြီး လူတွေက သိပ်ပူးကပ်ပြီး တဆက်ဆက်တည်း ရှိနေရင် လေ၀င် လေထွက်ကလည်း မကောင်းတတ်ပါဘူး။ ဒီတော့ ကျွန်တော့် သဘော ပြောရရင်… လိုက်နာဖို့ကလည်း အင်မတန် သင့်တယ်လို့ မှတ်ပါတယ်… ကျန်းမာရေးအရလည်း မူးမော်တာတွေ၊ လဲကျတာတွေလည်း အများကြီး လျော့သွားနိုင်ပါတယ်။ ဒါကြောင့် စင်ကနေ မီတာ ၃၀ တွင်း (ပေ ၁၀၀) လောက်က လူတွေကတော့ ထိုင်လိုက်သင့်ပါတယ်။ ဒါဟာ မှန်ကန်ပါလိမ့်မယ်“

ကဲ… သူ ပြောတာ မမှန်ဘူးလား၊ ပညာတတ် နည်းလမ်း မကျဘူးလား။ လူထုအတွက် မကောင်းဘူးလား။ စည်းမျဉ်း ဥပဒေ ကျင့်ထုံးနဲ့ မညီဘူးလား။ သူလည်း ဒါမျိုးပဲ သင်ခဲ့ရတယ်လေ။ ဒါပေမဲ့ လူထုအတွက်တော့ အင်မတန် စိတ်ညစ်စရာ ကောင်းမယ်လို့ ထင်ပါတယ်။ ပညာတတ်ဆိုသူက ကိုယ့်ကိုယ်ကိုယ် ပညာတတ်လို့ ထင်ထားတဲ့ ကျွန်တော့်ကို အဲဒီလို လာပြောရင်တောင် ကျွန်တော်တော့ ကြိုက်မှာ မဟုတ်သလို လိုက်နာဖို့လည်း တက်ကြွမိမှာ မဟုတ်ပါဘူးလို့ တွေးမိတာပါပဲ။

ဒီတော့ အဆုံးမသတ်ခင် ကျွန်တော် မေးခွန်းလေးတခု မေးချင်ပါတယ်။ အသိဥာဏ်ရှိတဲ့ လူထုကို ဘယ်လိုလူတွေက စည်းရုံး အုပ်ချုပ်သင့်ပါသလဲ။ အခုလို အခွင့်အလမ်းတွေ ပေါကြွယ်ဝနေတယ်လို့ ပြည်တွင်းကရော ပြည်ပကပါ သုံးသပ်လို့ မြန်မာပြည်ထဲကို ဥဒဟို ၀င်ထွက်လာတဲ့ (ဟိုတယ်တွေတောင် ဘွတ်ကင် အမြဲပြည့်နေတဲ့) မြန်မာပြည်ကြီးမှာ မြန်မာလူထုကို ပညာတတ်၊ ပညာမဲ့၊ ပညာမတတ်မတတ် ဘယ်သူတွေက အုပ်ချုပ်သင့်တယ်၊ ဘယ်လိုပုံ အုပ်ချုပ်သင့်တယ်လို့ ထင်မှတ်ကြပါသလဲဗျာ။ ကြောင်၊ ကြောက်၊ ကြဲတွေနဲ့ ဘယ်လို စခန်းသွားသင့်ပါသလဲ။ ကျွန်တော်ကတော့ တနေ့တနေ့ ကြောင်တောင်တောင်နဲ့ စဉ်းစားမိနေဆဲပါ။

၂၀၁၂ ဖေဖော်ဝါရီ ၈၊ ဗုဒဟူး။ မွန်းလွဲ နှစ်ချက်တီး။

ဘန်ကောက်။

by Myo Tha Htet on Sunday, 5 February 2012 at 07:41·

“နှုတ်ခမ်းစူ မူတာ မိန်းကလေးတွေရဲ့ ရှေးရိုး အကျင့်စရိုက်လေးပါ“ (ဟေမာနေ၀င်း- ခွင့်လွှတ်နော်)။

သီချင်းလေး လိုက်နားထောင်ရင်း ကိုကို့ကို သတိရနေမိတယ်။ ဒီအချိန်ဆို ကိုကိုတယောက် ဘာလုပ်နေမှာပါလိမ့်…။ ပိုပိုတယောက်ထဲ တွေးမိပြီး ၀မ်းနည်းသလိုလို လွမ်းသလိုလို ဖြစ်လာတယ်။ ကိုကို့ကို ပိုပို ခဏခဏ နှုတ်ခမ်းစူ၊ စိတ်ကောက်လုပ်ခဲ့တာပဲ။ ဒါပေမဲ့ ဒီလူကြီးရဲ့ အချစ်ကို တစိတ်တသားမှ လျှော့လို့မရနိုင်ခဲ့… ကိုယ်ဆိုးလေ၊ သူက တိုးချစ်လေလား မသိပါဘူး။ တခါကဆို… သူ့ကို အပြတ်ကို မချစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ဖူးတယ်။

“ကိုကျော်လင်း… ကျွန်မတို့ ဒီနေရာမှာ ရပ်လိုက်ရင် ကောင်းမယ်။ ရှေ့ဆက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ နောက်ဆို… မခေါ်ပါနဲ့တော့လေ“

“ဘာဖြစ်လို့လဲ… ချစ်လေးရာ၊ ကိုယ် ဘာများ အမှားလုပ်မိလို့လဲ“

“အမှားတွေ၊ မမှားတာတွေ ပြောမနေပါနဲ့တော့… ကျွန်မတို့ လုပ်နေတာတွေ ရပ်မှဖြစ်မယ်။ အဖေသိသွားရင် မလွယ်ဘူး။ အဖေက ဘယ်နည်းနဲ့မှ သဘောတူမှာ မဟုတ်ဘူး“

“ချစ်လေး… ဘာတွေ ဖြစ်နေတာလဲ၊ နေမကောင်းပြန်ဘူးလား။ ရုတ်တရက်ကြီး ဘာတွေ ဖြစ်သွားတာလဲ။ နောက်မှ တွေ့ကြမလား၊ နားလိုက်မလား…၊ ဒါဆို ဘိုင်ဘိုင်လေ… နော်…၊ စာတွေချည်း တအားလုပ်မနေပါနဲ့… ကုလားကားလေး ဘာလေး သွားကြည့်ပါလား။ ပြီးခဲ့တဲ့ တပတ်က ရှာရွတ်ခန်ကားအသစ် ရုံတင်တယ်ဆို…“

“ကိုကျော်လင်း… လျှောက်မပြောနေနဲ့… ကျွန်မတို့ ဇာတ်လမ်းပြတ်ပြီ… ဒါပဲ“

ပိုပိုတို့ အွန်လိုင်းကနေ ဗီဒီယိုချက်တင် လုပ်နေကြတာပါ။ ကိုကိုလို့လည်း ပိုပိုက နာမ်စား မသုံး၊ ကိုကျော်လင်းလို့ ကိုကို့နာမည် အရင်းအတိုင်း ခေါ်ဆိုပြောဆိုမိခဲ့တယ်။ ပိုပို သိပ်များ တစိမ်းဆန်လို့ ရိုင်းသွားပြီလား။ တကယ်တော့ ပိုပိုလည်း ဆုံးဖြတ်ပြီးသားမို့ ကိုကို့ကို အပြတ်ပြောသာပြောလိုက်ရတယ်။ စိတ်ထဲမှာတော့ မကောင်း… ဒီနေ့ မိုးမရွာလို့ လိုင်းကြည်နေတာကြောင့် ကိုကို့မျက်နာကိုလည်း ကွန်ပျူတာ စကရင်မှာ အထင်းသား မြင်နေရပါတယ်။ သူ့မျက်နှာက ရွာတော့မယ့် မိုးလို မှိုင်းညို့လို့… တခါ သူ့ မျက်နှာလေး ဖြစ်ပျက်နေတာများ ဆီးရွက်လောက် ရှိတော့တယ်။ ပြောနေရင်းနဲ့ ပိုပိုလည်း တချက်တချက် မိုက်ကနဲ ဖြစ်ချင်နေတယ်။

ဒါပေမဲ့လို့ သံယောဇဉ်တွေ ဒီထက် တိုးလို့ မဖြစ်နိုင်တော့ဘူးလို့ ဆုံးဖြတ်ပြီး ဖြစ်တာကြောင့် ပိုပို အခုလို အပြတ်ကော၊ အပြတ်ပြောနေ ရတာ ဖြစ်ပါတယ်။ ကိုကိုက မေးလာပြန်တယ်။

“ချစ်လေးရယ်… ပြဿနာတိုင်းမှာ အဖြေဆိုတာ ရှိပါတယ်။ ဘာဖြစ်တာလဲဆိုတဲ့ အကြောင်းခံကို မပြောဘဲ နင်းကန်ကြီးကို မဖြစ်တော့ပါဘူး၊ ဇာတ်လမ်း ဒီတင် ရပ်ပါပြီလို့ ပြောနေတာ ဘာတွေများ ဖြစ်ကုန်လို့လဲ။ တခြားတယောက်များ တွေ့ထားနေလို့လား။ အိမ်က ဘာတွေများ လှမ်းပြောလို့လဲ… ဒီလူကို ဘာကြောင့် ဒီလောက် ရုတ်တရက် ခါးခါးသီးသီး ဖြစ်နေရတာလဲ။ ကိုယ့်မှာ ဘာအပြစ်ရှိလို့လဲ ချစ်လေးရာ… ပြောပြလို့ရရင် ပြောပြစမ်းပါလေ“

အို… ကိုကို့ အသံတွေ တုန်ယင်ဆို့နစ်နေပါလားလို့ ပိုပိုတွေးရင်း စိတ်မကောင်း ပိုဖြစ်မိတယ်။ ကမ္ဘာရဲ့ တခြားတဖက်မှာ ရှိနေတဲ့ ကိုကို တော်တော်ကြီးကို ခံစားနေရပါလားလို့လည်း ပိုင်ပိုင်ကြီး ပိုပို သဘောပေါက်လိုက်တယ်။ ဒီလူကြီးကိုက ခက်နေပါပြီ။ ဒီရင် အူနုကို သူ့ချစ် ကျွဲဂျိုကြီးနဲ့ ခတ်ချနေပါရော့လား။ အို့… ကိုကို ငိုလို့တောင် နေပါရော့လားရှင်… စိတ်မကောင်းလိုက်တာ…။

ပိုပို့ဘ၀မှာ မေမေရယ်၊ အဒေါ်တွေရယ် ကြားမှာသာ ကြီးပြင်းလာခဲ့တယ်။ ယောက်ျားသားဆိုလို့… ခပ်တန်းတန်း နေတတ်တဲ့ အဖေရယ်၊ သူ့ဟာနဲ့သူ အလုပ်တွေ ရှုပ်နေတတ်တဲ့ အကိုကြီးရယ်၊ တခြားတနေရာမှာနေတဲ့ အဖိုးရယ်… ဒီသုံးယောက်ပဲ ရင်းရင်းနှီးနှီး တွေ့မြင်ဖူး တာကိုး…။ ပြီးတော့ သူတို့တွေကို တခါဖူးမှ မျက်ရည်ကျတာမျိုး မတွေ့ဖူးခဲ့ဘူး။ အဖေဆို မာလိုက်သမှ အမြဲတမ်း ဟောက်ချည်းနေလို့ “အဖေရယ်… သမီး အချောအလှလေးကို မချစ်ဘူးလား“ လို့တောင် တွေးခဲ့မိသေးတယ်။ ကြားဖူးသမျှ အဖေတွေက သမီးတွေဆို ပိုလို့ ချစ်သတဲ့ ဆိုတာကိုးရှင်။

အခုတော့ ကိုကိုလို့ ပိုပိုက ခေါ်တတ်တဲ့ ကိုကျော်လင်းကြီးက မျက်ရည်တွေ တွေတွေကျလို့ စကားတွေတောင် မပီမသ ပြောနေပါပြီကိုး၊ ရင်ထဲ တဆစ်ဆစ်နာကျင်လို့… ခက်လှပါသရှင်။ ဒီလူကြီးတော့ ပိုပို့ဘ၀လေးကို လွှမ်းမိုးခြယ်လှယ်အား ကြီးတော့မယ် ထင်ပါရဲ့…။ ဘုရားသခင် ကယ်တော်မူပါ… ဒီလူဟာ တပည့်တော်မရဲ့ ဖူးစာဖက်ပါလား၊ ဒီလူကြီးဆီ အချစ်ဒီဂရီ ရေစီးတွေ တဖြည်းဖြည်းနဲ့ ကူးလူး စီးဆင်းနေပါပကော ဘုရား…။

ပိုပို သိလိုက်ပါပြီ။ ဒီနေ့ ကိုကိုနဲ့ ပြောဆိုမိတဲ့ စကားတွေဟာ မှားခဲ့တယ်ဆိုရင်တောင် တဘ၀စာအတွက် မှန်တဲ့ဘက်ကို ရောက်ဖို့ ဖြစ်သွားခဲ့ပြီဆိုတာ… ဒီလူကြီးရဲ့ အချစ်တွေဟာ ပိုပို့ကို လွှမ်းမိုးခဲ့ပြီ။ ဒီလူကြီးကို မုန်းဖို့၊ မေ့ဖို့၊ ပြတ်ဖို့၊ ဖြတ်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုတာ ပိုပိုသိလို့သွားပါပြီ။ ဒီလူဟာ ပိုပို့ရဲ့ တခြားတ၀က်ပေပဲ… ဘ၀ရဲ့ တခြားတ၀က်ကို တွေ့ခဲ့ပြီ။ ပိုပို တချက်ပြုံးလိုက်တယ်… ချစ်ရည်တွေ ၀လို့… စိတ်ထဲမှာလည်း တော်တော်ကြီးကို သက်သောင့်သက်သာ ရှိသွားတယ်။ တဘ၀မှာ တခါသာ ခံစားဖူးတဲ့ အရသာမျိုး…။ ကျေနပ် နှစ်သက်မှု အပြည့်…။

“ဟေ့… လူကြီး၊ မရှက်ဘူးလား… ယောက်ျားကြီးဖြစ်ပြီး မျက်ရည်တွေ ကျလို့… နှပ်တွေ သုတ်ပစ်ပါဦး… ရွံဖို့ကောင်းလိုက်တာ…“

မျက်လုံးကြီးပြူးလို့ ပိုပို့ကို မယုံမရဲ ကြည့်နေတဲ့ ကိုကို… အူကြောင်ကြောင်ဖြစ်လို့…၊ တကယ်ချစ်ဖို့ ကောင်းတဲ့ လူကြီး…။ ပိုပို ဘာမှ မတွေးနိုင်တော့… ကွန်ပျူတာ စကရင်ကြီးကို ကုန်းနမ်းလိုက်တော့တယ်။ တကယ်ဆိုးတဲ့ လူကြီး… ဒီရင်မှာ ဗြောင်းဆန်ကုန်ပြီ။
+++

မျက်ဝန်းလှ

ပြုံးတစဖြင့်

လွှမ်းမိုးခြယ်လှယ်

ငါ့တွေးနယ်သို့…

ကွန်ပျူတာ စကရင်က vzo အကောင့် ဗီဒီယိုချက်ကို မလုပ်ချင်လုပ်ချင်နဲ့ ကိုကျော်လင်း တယောက် sign out လုပ်လိုက်ရတယ်။ တယောက် တနိုင်ငံစီ ရောက်နေရတဲ့ ဘ၀ ဆိုးလှသဗျာ။ ဘေးနားမှာ ရှိနေတဲ့ ချစ်သူဆိုရင်တော့ နှာခေါင်းတခုလုံး ကျိုးကျေသွားပါစေ သူ့ပါးမှာအပ်ပြီး အနမ်းတွေ အားပါးတရ ချွေမိမှာပဲ။ အချစ်သူခိုးမလေး… အရမ်းဆိုးတာပဲ… ဒီလူကို စိတ်ဆင်းရဲအောင် လုပ်ရက်တယ်။ သူကိုယ်တိုင်လည်း ရှောင်ခွာပြေးနိုင်တာ မဟုတ်ဘဲနဲ့ ဘယ်သူ မြှောက်ပေး သင်ပေးလိုက်တဲ့ စကားတွေမှန်း မသိ… ဒီလူကြီး ရင်ကွဲအောင် ပြောရက်တယ်၊ ပြောထွက်တယ်။

ကိုယ်တိုင်လည်း ဘာကြောင့်မှန်း မသိ၊ အ၀မ်းနည်းကြီး ၀မ်းနည်းလို့ မျက်ရည်တွေဟာ တပေါက်ပေါက်ကျကုန်တယ်။ ဘ၀မှာ တခါမှ ဒီလို မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် မကျခဲ့ဖူးဘူး။ ကိုယ်တိုင်လည်း ထူးဆန်းနေသလို သဘောအကျကြီးလည်း ကျလို့… အချစ်ရဲ့စေ့ဆော်မှု၊ အချစ်ရဲ့တွန်းအား၊ အချစ်ရဲ့ စေစားမှုများ… မြားနတ်မောင်ရယ်… ဘာကြောင့်များ နှလုံးအိမ်ကို မပစ်ဘဲ မျက်လုံးကြီးကို ထိုးခတ်ခွင်းရက်သလဲ… ကွန်ပျူတာ စကရင်ရှေ့မှာ ကျသွားခဲ့တာဟာ မျက်ရည်တွေလား… နှလုံးသွေးစက်တွေလား…။

လွန်ခဲ့တဲ့ သုံးနှစ်ကျော်ကာလ ချစ်လေးနဲ့ ပထမဆုံး တွေ့တဲ့ အခိုက်အတန့်… ပိုင်စိုးမှု ဧကရီ အလှနတ်ဘုရားလေးတပါး…။ခုနက ရုတ်တရက် နှုတ်ထွက် ရွတ်ခဲ့တဲ့ ကဗျာလေးရဲ့ ပိုင်ရှင် အရှင်သခင်… ဒီမျက်နက်ဝန်းလေး၊ သွားဖွေးဖွေးလေးတွေပါတဲ့ အပြုံးလေး တကွက်၊ ဆံနွယ်လေးတွေ အ၀ဲ… ဘလောက်စ် အင်္ကျီလေးနဲ့ ဒူးအထက်တက်နေတဲ့ စကပ်တိုလေး… အဖြူရောင် ၀မ်းဆက်နဲ့ သန့်စင်တဲ့ နတ်သမီးလေးဟာ ပိုပိုဆိုတဲ့ ကျွန်တော်ရဲ့ ချစ်သူလေးပေါ့။

“ကိုကျော်လင်း… ငိုင်လှချည်လား၊ ဘာတွေ စဉ်းစားနေတာလဲ“

ကားမောင်းနေတဲ့ အကိုကြီးရဲ့ အမေးတခွန်းနဲ့ စကားပြောလာမှ ခေါင်းကို တချက် ခပ်သွက်သွက်ရမ်းရင်း ရယ်ကျဲကျဲနဲ့ နတ်သမီးအိပ်မက်ထဲက နိုးထွက်လိုက်ရတယ်။ စက္ကန့်ပိုင်းလောက် အခိုက်အတန့်လေးမှာကို နေ့ခင်းကြောင်တောင်ကြီး နွေလယ် အိပ်မက် ရုတ်တရက် မက်သွားခဲ့တာကိုး…။

“မဟုတ်ပါဘူး… အကိုကြီး၊ အို… ဟို ဟို… ကောင်မလေးက အချောလေးပဲဗျ… ချစ်စရာလေး“

“ကိုကျော်လင်း သဘောကျလား။ သူ့မိဘတွေက သူ့ကို အိမ်ထောင်ချပေးမလို့တဲ့“

“အော်…“

ကိုကျော်လင်းနဲ့ အကိုကြီးတို့ ဆိုတာက ညနေပိုင်း မဟာဘွဲ့တန်း အတူတက်ရင်း ကျောင်းသွားဖက်၊ စာဆွေးနွေးဖက် သူငယ်ချင်းတွေ ဖြစ်သလို အကိုကြီးက ပိုပိုလေးနဲ့လည်း တခြား သင်တန်းတခုမှာ အတူတက်နေကြသတဲ့။ စာအုပ်တအုပ် သွားငှားမလို့ လိုက်ခဲ့ပါဆိုတာနဲ့ ကိုကျော်လင်းက လိုက်လာဖြစ်ရင်း ပိုပိုလေးကိုတွေ့တော့ ဘ၀ါဘ၀က အဆက်ဆက် ပေါင်းဖက်ခဲ့တဲ့ ချစ်သူကို ပြန်တွေ့ရသလိုမျိုး ကိုကျော်လင်းမှာ ခံစားခဲ့ရတယ်။

အခုတော့ အိမ်ထောင်ချပေးမလို့ သူ့မိဘတွေက စီစဉ်နေကြတယ်ဆိုတဲ့ အကိုကြီးရဲ့ သတင်းစကားနောက်မှာ အော် တလုံးသာ သူ လိုက်နိုင်တော့တယ်။ တခုခုကို ဆုံးရှုံးရတော့မှာမို့ စိတ်ပူမိသလိုမျိုးလည်း တခါထဲ ခံစားလိုက်ရပြီး ကိုကျော်လင်းရဲ့ ဦးခေါင်းတခုလုံးဟာ အိုးထိန်းစက်လို ချာချာကို လည်လို့…။

“ကျွန်တော် သူ့ကို သဘောကျတယ် အကိုကြီးရာ…“

ဒီလို စကားမျိုး ပြောခဲတဲ့ ကိုကျော်လင်း သူ့နှုတ်က ရုတ်တရက် ထွက်သွားတာကို ကိုယ်တိုင်လည်း အံ့သြလို့… အကိုကြီးကလည်း ကားမောင်းရင်း ဘရိတ်ကိုတောင် ရုတ်တရက် ဆောင့်နင်းလိုက်ပြီး အံ့သြလို့…။ ပြီးမှ စားသောက်ကြဖို့ တခုခု ၀ယ်သွားရင် ကောင်းမလားလို့ လို့ မဆီမဆိုင် စကားတွေ ပြောလာတယ်။ လူကြီးဆိုတော့ ရယ်ကျဲကျဲ…။

ကိုကျော်လင်းမှာလည်း ပြီးခဲ့တဲ့ နာရီပိုင်းက အကောင်း… ခုတော့ မအီမသာ၊ မအီမလည်၊ မအီ… အို ဘာမှန်းလို့တောင် မပြောတတ်တော့ပါဘူး ဆိုတာလိုဖြစ်လို့…။ အို… ရှင်းသန့်တဲ့ နတ်သမီးလေးရယ်… ဘုံကြိုးပြတ်လို့ လူ့ပြည် ၀င်စားလေရော့သလားကွယ်…။

နောက်တော့ အကိုကြီးကောင်းမှု အကြောင်းပြုလို့ ကိုကျော်လင်းနဲ့ ပိုပိုတို့ ရင်းနှီးမှုဇာတ်လမ်း တစခန်းထဖို့ အကြောင်းဖန်လာတယ်။ အချစ်စစ်ရဲ့တန်ခိုးလို့ဆိုဆို… သူတော်ကောင်း နတ်ကောင်းမတယ်လို့ပြောပြော… မှန်ကန်တဲ့ အကြောင်းချင်းရာတွေ ဖြစ်လာတာကို ကိုကျော်လင်း ၀မ်းပန်းတသာကြိုဆို ပျော်မြူးနေခဲ့မိတယ်…။

ပိုပိုက ကလေးတွေကို အင်္ဂလိပ်စာပြတဲ့ ဆရာမ… အခုတော့ သူလေးက တနိုင်ငံ တရပ်ခြားမှာ ကိုကျော်လင်းတို့၊ အကိုကြီးတို့ သင်ယူနေတဲ့ မဟာဘွဲ့ကို သွားယူမတဲ့။ သူ့အဒေါ်တယောက်ကလည်း အဲဒီနိုင်ငံမှာ တာဝန်ကျနေတယ်ဆိုလား… အဲဒီကျောင်းဝင်ခွင့် အောင်မြင်ဖို့ ကိုကျော်လင်းက စာပြပေးရမယ်တဲ့။ ကိုကျော်လင်းခမျာ ပျော်လွန်လွန်းလို့ အစိုးရ အောင်ဘာလေထီ မင်္ဂလာစုံတွဲ ၁၂ တွဲ ဆက်တိုက် ပေါက်တယ်လို့ အောက်မေ့တာပါပဲ။ ဗြဟ္မာ့ပြည်က အပ်တစင်း လွှတ်ချခဲ့လို့ လူ့ပြည်က အပ်တစင်းနဲ့ ထိချင်ထိသွား နိုင်တယ်လေ… ဒီလို အခွင့်အရေးမျိုး ရဖို့ဆိုတာက မလွယ်မှ မလွယ်နိုင်တာကိုးဗျ။

“အိပ်မက်ဟာ တကယ် ဖြစ်လာတာ…“ လို့ သီချင်းပဲ ဆိုရမလို၊ အကိုကြီးလို ဂုဏ်သရေရှိ လူကြီးမျိုးနဲ့ ကျောင်းအတူတက်ခွင့်၊ ရင်းနှီး ခင်မင်ခွင့် ပေးထားတဲ့ ကံတရားကိုပဲ ကောင်းချီးပေးရမလိုလို ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ… မျောက်အုန်းသီးရတဲ့ ပျော်ရွှင်မှုမျိုးနဲ့… ကိုကျော်လင်းခမျာ… အကိုကြီး မဟုတ်တဲ့ တခြားလူတယောက်က တွေ့ရင်… ဥပမာ သူတို့ သူငယ်ချင်းတွေထဲက ရုပ်ချောသလောက် အပြောကောင်းတဲ့ ကိုမျိုးဆွေ တယောက်များ အခုလို ဖြစ်နေတဲ့ ကိုကျော်လင်းကြီးကို တွေ့ရင် အကိုကြီး ကားသော့ အပြေးတောင်းပြီး ရွာသာကြီး ပို့မယ်လို့ အတင်းလုပ်မှာ…။
++++

၁၅၀၀ သင်ခန်းစာ

ပိုပို့ကျောင်းဝင်ခွင့် အောင်မြင်ဖို့အတွက် စာပြပေးရမယ့် ပထမဆုံးနေ့ သင်ခန်းစာအတွက် နေရာက အကိုကြီးရုံးခန်း…၊ အိမ်က ကားကို အကို ယူသွားတာနဲ့ ကားငှားစီးလို့ အကိုကြီး ရုံးလာခဲ့တာ ကားခက မြန်မာငွေ ၁၅၀၀ ကျပ်တောင်းတော့ အတိတ်နမိတ်ကောင်းလို့ ယူဆပြီး လူပျိုကြီး ကိုကျော်လင်း ပြုံးပြုံးကြီး ဈေးမဆစ်တော့ဘဲ ပေးပစ်ခဲ့တာ… အဲဒီအပြုံးကြီးက တက္ကစီကားလေး အကိုကြီးတို့ ရုံးဖွင့်ထားတဲ့ ခြံထဲကို ၀င်လာတဲ့အထိ…။

အမယ် ဆရာ ကိုကျော်လင်း မရောက်ခင် ဆရာမ-တပည့်မလေးက ရောက်နေလို့ အကိုကြီးနဲ့ စကားတွေ ပြောနေကြတယ်။ ဆရာမ-တပည့်မလို့ ပြောရတာက အကြောင်းရှိတယ်။ သူ့ဟာသူဆို ကလေးတွေ အင်္ဂလိပ်စာသင်တဲ့ ဆရာမ၊ အခု ကိုကျော်လင်းနဲ့တွေ့တော့ သူကလေးက တပည့်မ။

တကယ်တော့ ကိုကျော်လင်းအတွက်လည်း သူကလေးက… ရှင်းသန့်နတ်သမီးလေးက ဆရာမလေးပါပဲ။ ဒီလူကြီး ရင်တွေ ခုန်လှုပ်အောင် အချစ်တွေ တဖန်နိုးကြားအောင် နှလုံးသား သင်ခန်းစာ အသစ်တွေ တက်ဖြစ်အောင် မျက်ဝန်းကြိမ် တရွှမ်းရွှမ်း၊ အပြုံးကြိမ်း တဟမ်းဟမ်းနဲ့ တွန်းထိုး သင်ကြားတော့မယ့်… မထင်မှတ်ချိန် စာမေးပွဲ စစ်မေးတော့မယ့် အချစ်ဆရာမလေးပါပဲ။ အနာဂတ်ဘ၀ရဲ့ လမ်းညွှန်ဆရာမလေးပါပဲ။ ဆရာမလေးရဲ့ဆရာ ကိုကျော်လင်းအတွေးတွေ လူကျွံဘော ဖြစ်နေပြီလားတော့ မသိ…။

ဒီလိုနဲ့ အကိုကြီးက ဘေးကနေ နားထောင်နေ… ကိုကျော်လင်းနဲ့ ပိုပိုတို့က သင်ခန်းစာ စာအုပ် လှန်လိုက်၊ ဖတ်လိုက်၊ ရှင်းလိုက်၊ တွက်လိုက် လုပ်နေကြတာပေါ့။ တကြိမ်မှာတော့ စီမံအုပ်ချုပ်မှုပညာနဲ့ ပတ်သက်လို့ စကားစပ်မိကြပြီး ကိုကျော်လင်းက မေးခွန်းထုတ် လိုက်တယ်။ အလွယ်တကူတော့ မဟုတ်… အသည်းတယားယား ရင်တလှပ်လှပ်နဲ့… သူ မနေနိုင်တော့ဘူး။ ဒီယုန်မြင်လို့ ဒီချုံထွင်မိပြီ။

စာတွေသာ သင်နေ၊ ရှင်းနေရတာကိုး… အချစ်အရှိန်တွေ ဇောတွေက ရွပိုးထိုး ကြွနေတော့ ရှင်းသန့်သူလေးသာ မသိရင်နေရော့မယ်။ ဒီလူမှာ နေမထိ ထိုင်မသာ ဖြစ်နေပြီလေ။ အသက်အရွယ်အရသာ ဟန်ကိုယ့်ဖို့ မာန်သူ့ဖို့ ထိန်းနိုင်မယ်၊ အချစ်တွန်းအား တန်ခိုးရှိန်ဝါကိုတော့ သူမလိမ်နိုင်တော့ဘူး။ စကားသံတွေလည်း တုန်လာပြီ၊ မျက်လုံးချင်းလည်း ဆိုင်မကြည့်ရဲတော့ဘူး… ရိပ်မိသွားလို့ နောက်နေ့တွေ မသင်တော့ဘူးဆိုရင် အခက်…။

“ပိုပို… ဒေတာနဲ့ အင်ဖော်မေးရှင်း ဘာကွာလဲ… သိသလား“

အင်္ဂလိပ်စာသင်နေတဲ့ ဆရာမလေးကို ပညာစမ်းမိပါပြီကော…။ Data နဲ့ Information…။ ဒီလူကြီး ဘာကြောင်တာလဲဆိုတဲ့ အကြည့် တချက်ထိတယ်။ ဒါပေမဲ့ အင်္ဂလိပ်စာသင်တဲ့ မြန်မာဆရာမလေးကလည်း သိသလိုလိုနဲ့ သေချာမသိ ဆိုသလို ဆရာ ကိုကျော်လင်းကို ဘာအဖြေ ပြန်ပေးရမှန်း မသိ၊ ပြူးလို့ကြည့်…၊ ပြီးတော့ ဒီလူကြီး ရင်တုန်လှုပ်ရှားအောင် ခေါင်းလေးခါလို့ ငုံ့ကနဲ တချက်အရယ်… အဖြူရောင် မြားလေးတွေ ဒီရင်ကို စိုက်ပြန်ပေါ့။

မရှိတဲ့ သမာဓိကို ဆရာဂုဏ်ဆိုတဲ့ ကြားဖူးနားဝကြီးနဲ့ ကြိုးစားထိန်း… သူ့အသံကို တည်ငြိမ်အောင် လုပ်ပြီး သကာလ ကိုကျော်လင်းက မေးခွန်းတွေနဲ့ စကားစတယ်။

“ပိုပို… ကျွန်တော် မေးတာတွေကို ဖြေကြည့်ပါ၊ ပြီးရင် ရှင်းသွားလိမ့်မယ်။ ကဲ… စမယ်၊ ပိုပိုတို့ နေတဲ့ ရပ်ကွက်က…“

“မေခအိမ်ရာ၊ ခြံနံပါတ် ++၊ သင်္ဃန်းကျွန်းမြို့နယ်“

“ဟုတ်ပြီ၊ မိဘတွေ အမည်၊ အလုပ်အကိုင်… မွေးချင်းတွေ အမည်၊ အလုပ်အကိုင်“

“ဦးစိုးပိုင်၊ ဒေါ်ခင်ပို၊ အကိုက ကိုထင်ပေါ်… အဖေနဲ့အကိုက ဆရာဝန်၊ အမေက အိမ်ရှင်မ“

“ပိုပိုနာမည်ရင်းနဲ့ အလုပ်အကိုင်လည်း ပြောလေ၊ အသက်ပါ ပြောလို့ရရင် ပြောပါ“

“ပိုပိုပိုင်၊ အလွတ် အင်္ဂလိပ်စာပြဆရာမ၊ အသက်က တကယ် ပြောရမှာလား… မပြောလို့ မရဘူးလား“

“ပြောပါ၊ အကြောင်းရှိလို့ပါ…“

“အင်း… ၂၆“

“ရည်းစားရော ရှိသလား“

“ရှင်…“

အကိုကြီးက ငိုက်နေလေပြီ။ ပိုပိုလေးကလည်း အံ့သြလို့… ရုတ်တရက် မျက်နှာကြီး နီမြန်းလာပြီး ရှက်နေလေပြီ။ ပိုလို့ မျက်နှာကြီး နီမြန်း ရှက်ရမ်းနေတာက ကိုကျော်လင်း…။ ဒါပေမဲ့ ဆရာဂိုက်နဲ့ မာန်တင်းထားဆဲ…။

“မဟုတ်ပါဘူး… ဒေတာနဲ့ အင်ဖော်မေးရှင်း ဘယ်လို ခြားနားသလဲ ဆိုတဲ့ အကြောင်း ပြောမလို့လေ… ကဲ ကဲ… ခုနင်ကဟာလေး ဖြေပြီးရင် ရှင်းတော့မယ်“

“ဟို ဟို… အဲ.. ဟဲ.. မ… ရည်းစားကလေ… မရှိသေးပါဘူး“

“ဟုတ်ပြီ၊ ရပြီ… အဲဒါလေး ရှင်းရှင်းလင်းလင်း ဖြစ်သွားရင် ရှင်းပြတော့မလို့ပါ“

ကိုကျော်လင်း အပျော်၊ အပြုံးက ဖုံးမရ ဖိမရ… လူပျိုကြီးတွေများ မိန်းကလေးတွေနဲ့ တွေ့ရင် ကြောင်တာ၊ ပြုတာ သိပ်သိသာတာပါပဲ ဆိုတာ ကွက်တိဖြစ်နေပါပြီ။

“ခုန ပိုပို ပြောသွားတာတွေက… အချက်အလက်တွေပေါ့လေ၊ ဒေတာလို့ ခေါ်သပေါ့။ ပိုပို့ရဲ့ အချက်အလက်တွေ၊ ဒေတာတွေကို ဒီအတိုင်းထားရင် ဒါမှမဟုတ် မသုံးတဲ့သူ၊ မလိုတဲ့သူဆီ သွားပေးထားရင်… ဥပမာ ကျွန်တော် ခုန ၁၅၀၀ ပေး စီးလာတဲ့ တက္ကစီသမားကို သွားပြောရင်… သူကလည်း ပိုပိုလေးကို သာမန် လူသားတယောက်လို့ပဲ သဘောထားရင် ဒါဟာ အချက်အလက်သက်သက်ပဲ၊ ရိုးရိုးဒေတာပဲ… ဟုတ်တယ်နော်…“

“အင်း…“

ပိုပိုက အင်းတလုံးလိုက်တယ်။ တကယ်ရော သဘောပေါက်ရဲ့လား မသိ။ ၁၅၀၀ တက္ကစီ… သူ့မှာ ရည်းစား ရှိ၊ မရှိ မေးခွန်း… အသုံးမတည့်သူကို ပေးရင် ဒေတာတဲ့… ထားပါတော့…။

“အဲ… ပိုပိုပြောတာတွေက ကျွန်တော့်အတွက်ကျတော့ တဆင့်မြင့်သွားပြီ။ ကျွန်တော်က အဲဒီဒေတာတွေကို သုံးမှာကိုး… ဒေတာကို သုံးတော့ အင်ဖော်မေးရှင်း ဖြစ်သဗျ။ ရှင်းသလား“

“ဟင်… ဘယ်ဒေတာတွေကို သုံးမှာလဲ။ ဘာလုပ်မှာလဲ“

“အမ်… ဘာမှ မလုပ်ဘူးလေ၊ ဒေတာနဲ့ အင်ဖော်မေးရှင်း ခြားနားတာကို ရှင်းပြတာလေ…။ သဘောပါရဲ့လား“

ဖြူစင်ရှင်းသန့်သူလေးက ကြောင်တိကြောင်တောင်… ပီဘိချစ်စရာလေး…. မိုးနတ်မင်းကြီးရေ… သားတော်ကြီးကို ကောင်းကောင်း စောင့်ရှောက်ပါပေတယ်၊ ကျေးဇူးကြီးပါပေတယ်။ ပိုပိုလေး ရှင်း၊ မရှင်းတော့ သူ့စိတ်ထဲ ကိုယ်လည်း ၀င်ကြည့်လို့ မရနိုင်တာမို့ ကိုကျော်လင်း သေချာ မသိနိုင်… သူကတော့ ကျိန်းသေပေါက် ရှင်းသွားပါတယ်လေ။ ရှင်းသန့် နတ်သမီးလေးမှာ ရည်းစား မရှိဘူးတဲ့…။

ကိုကျော်လင်းနဲ့ ပိုပိုတို့ ဒေတာနဲ့ အင်ဖော်မေးရှင်း ရှင်း၊ မရှင်း အငြင်းအခုံက နည်းနည်းညံသွားလို့လားတော့ မသိ၊ ငိုက်နေတဲ့ အကိုကြီး မျက်လုံးပြူးကြောင်လို့ သူတို့ နှစ်ယောက်ကို ကြည့်တယ်။ ခဏနေတော့ သူ့ဟာသူ ရှင်းသွားတဲ့ပုံနဲ့ ပြန်ငိုက်သွားပြန်တယ်။

ကိုကျော်လင်းကတော့ သူ့ဟာနဲ့သူ ကောင်းကောင်းကြီးကို ရှင်းလို့… အဲဒီလို ရှင်းလိုက်ရတာကိုလည်း အသံတွေ တုန်နေတဲ့ ကြားက ၀မ်းတွေသာလို့…။ ပိုပိုလေးကလည်း ဒီလူကြီး တခုခုတော့ တခုခုပဲ ဆိုတာကို ရိပ်မိသလိုလို ဖြစ်သွားပါပြီ… ရည်းစားဆိုတာကို တခါဖူးမှ မတခါဖူးရသေးတော့ ရိပ်မိသလိုလိုလောက်ပဲ ပိုပိုပြောနိုင်တာပေါ့။
++++

ခွင့်လွှတ်နော်

ဟေမာနေ၀င်းရဲ့ “ခွင့်လွှတ်နော်“ သီချင်းသံလေးက ပိုပို့အခန်းထဲမှာ ပျံ့လွင့်နေတယ်။ ကိုကို့ကိုလည်း သတိတွေရလို့… ညကျမှ တခေါက် တွေ့ရဦးမယ်။ နှစ်ယောက် နှစ်ကမ္ဘာ နှစ်နိုင်ငံ ခြားနေတော့ အချိန်တွေကလည်း နေ့တ၀က်လောက် ကွာနေလေတော့ ချစ်ရတာ ကိန္ဒရီ ချောင်းခြား… စိတ်ညစ်ဖို့ ကောင်းပါဘိ…။

စိတ်ညစ်နေတုန်းမှာပဲ စိတ်ကူးတွေကလည်း ရောက်ချင်ရာ ရောက်သွားပြန်တယ်။ ဒီလူကြီးတယောက် ဒီပြင့်ကောင်မလေးတွေနဲ့များ အကြည်ဆိုက်နေလေရော့သလား။ စကားပြောတတ်၊ စာသင်တတ်နဲ့ တပည့်မလေးတွေများ ထပ်များ ရနေလေရော့သလား။

ကိုကိုရေ… တူတူနေချင်လှပါပြီကော… တူတူနေရမှ ရင်ခွင်ထဲက မထွက်တမ်း ဖက်ထားလိုက်မယ်။ ကိုကိုသွားသမျှ လည်ဟီးခိုလို့ လိုက်မယ်၊ အပေါ့သွားရင်ကော… အို… ကိုရီးယားကားတွေထဲကလို ကျောကုန်းပေါ် ခွခုန်တက်ပြီး လိုက်မှာပေါ့။ ကြာလို့ ရိုးအီလို့များ “ဟာ… မင်းကလည်းကွာ… ခဏ ဝေးဝေးနေစမ်းပါလို့“ အော်ရဲဟစ်ကြည့်ပါလား… နှုတ်ခမ်းစူလို့ ခြေဆောင့်ပစ်လိုက်မှာပေါ့။

ဒီလူကြီး မျက်ရည်တွေကျအောင် အကြာကြီး မခေါ်လို့ ပစ်ထားလိုက်မှာပေါ့… နောက်ဆုံး ကုန်ကုန်ပြောမယ်… “ရှင့်ကို မချစ်ဘူးလို့“ အော်ကြီးဟစ်လိုက်မှာပေါ့လို့ ပိုပိုတယောက်ထဲ အတွေးခေါ်ရာနောက် လိုက်နေမိတယ်။တွေးရတာနဲ့တင် ပျော်ဖို့ကောင်းလိုက်တာ… သိပ်ချစ်တာပဲ ကိုကိုရယ်…၊ အို… ဟေမာနေ၀င်း အသံကလည်း ညံလိုက်တာ… သူချည်း ရှိနေတာ ကျနေတာပဲ။ ဘာတဲ့…။

“နှုတ်ခမ်းစူ မူတာ မိန်းကလေးတွေရဲ့ ရှေးရိုး အကျင့်စရိုက်လေးပါ“

၂၀၁၂ ဖေဖော်ဝါရီ ၅၊ နှစ်ချက်တီး တနင်္ဂနွေ။

ဘန်ကောက်။

by Myo Tha Htet on Sunday, 29 January 2012 at 20:12·

ဂျွန် မက်ကိန်း (John McCain)

ဂျွန် မက်ကိန်း
ဂျွန် မက်ကိန်းဟာ ၁၉၈၆ ခုနှစ်မှာ အမေရိကန် အထက်လွှတ်တော်အမတ်အဖြစ် အရွေးခံရပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ ရီပတ်ဘလေကန် ပါတီရဲ့ သမ္မတလောင်းအဖြစ်နဲ့ လက်ရှိ သမ္မတ အိုဘားမားနဲ့ ယှဉ်ပြိုင် ရွေးချယ်ခံခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။

ဒီ့အရင်ကတော့ အမေရိကန် ရေတပ်မှာ အမှုထမ်းခဲ့ပြီး၊ ကွန်ဂရက်အမတ်လည်း နှစ်ကြိမ် ဖြစ်ခဲ့ပါတယ်။ ဂျွန် မက်ကိန်းမှာ သားသမီး ခုနစ်ယောက်နဲ့ မြေး လေးယောက် ရှိပါတယ်။ ဇနီးသည် စင်ဒီနဲ့အတူ ဖီးနစ်မြို့လေး (Phoenix) မှာ နေထိုင်ကြပါတယ်။

(မြန်မာ့အရေးကို စိတ်ဝင်စားတဲ့ အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်းဟာ မကြာခင်ကတော့ မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်ခဲ့ပြီး၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ဆုံခဲ့ပါတယ်။

အမေရိကန်တို့ မြန်မာအပေါ် ကန့်သတ် အရေးယူ ထားတာတွေ (ဆန်ရှင်) ကို လာမယ့် ဧပြီ ၁ ကြားဖြတ် ရွေးကောက်ပွဲ အခြေအနေပေါ် မူတည်ပြီး ရုတ်သိမ်း မသိမ်း ဆုံးဖြတ်မယ့် အချက်တချက်အဖြစ် မှတ်ယူသွားမယ်လို့ ဂျွန် မက်ကိန်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။)

ကျောက်ဆူးနဲ့ သံလိုက်အိမ်မြှောင် (Moorings and a Compass)

ကျွန်တော့် အထက်တန်းကျောင်းသား ဘ၀တုန်းက ဆရာဖြစ်တဲ့ ၀ီလီယံ ရာဗင်နယ်လ် (William Ravenel) ဟာ ကျွန်တော့်ဘ၀ကို ပြောင်းလဲခဲ့သူပါ။ ကျွန်တော်အဖေ့ဟာ ရေတပ်ဗိုလ်တယောက်ဖြစ်ပြီး အရွယ်ငယ်ငယ်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။

ကျွန်တော်ဟာ တောင်ပိုင်းက ငွေကြေးပြည့်စုံတဲ့ မိသားစုတွေက သားတွေ အများစု တက်ရောက်တဲ့ ယောက်ျားလေး ကျောင်းမှာ ကျောင်းအိပ် ကျောင်းစားနေတုန်းမှာပဲ ဆရာ ၀ီလီယံနဲ့ တွေ့ခဲ့တာပါ။ ဆရာက ကျွန်တော့်ကို ကျောက်ဆူးတွေနဲ့ သံလိုက်အိမ်မြှောင်လေးတခု ပေးခဲ့ပါတယ်။

ဆရာက အတော်လေး ရည်မွန်ပြီး သဘောကောင်းသူ ဖြစ်ပါတယ်။ ဆရာဟာ ငယ်စဉ်က ဘောလုံး ကစားခဲ့သလို ဒုတိယ ကမ္ဘာစစ် အတွင်းမှာလည်း ဗိုလ်ချုပ်ကြီး ပက်တွန် (General Patton) ရဲ့ တင့်ကားတပ်မှာ အမှုထမ်းခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာလည်း အမေရိကန် အရန်တပ်မှာ တပ်ဖွဲ့ဝင်အဖြစ် ဆက်လက် အမှုထမ်းခဲ့ပါသေးတယ်။

ဆရာ ၀ီလီယံဟာ ကျွန်တော်တို့ ကျောင်းအားကစားအဖွဲ့ ဂျုနီယာတန်းရဲ့ နည်းပြလည်း ဖြစ်ပြီး၊ ဆရာကိုင်တဲ့ အသင်းမှာ ကျွန်တော်က အသင်းသားတယောက် ဖြစ်ပါတယ်။ ယုံချင်မှ ယုံပါလေ… ဆရာက ကမ္ဘာကျော် စာဆိုတော်ကြီး ရှိတ်စပီးယား ပုံစံမျိုးလည်း ကျွန်တော်တို့ကို သရုပ်ဆောင်ပြတတ်ပါသေးတယ်။

ဆရာဟာ ကျွန်တော်တို့ကို အင်္ဂလိပ်စာတင် သင်ပြရုံမကဘဲ လူတယောက်အတွက် တန်ဖိုးတွေ၊ စံနှုန်းတွေ၊ နီတိတွေ သင်ပေးပါတယ်။ ဆရာဟာ တပည့်တွေကြားမှာ ဖြူစင် ရှင်းသန့်သူမို့ တပည့်အားလုံးက ဆရာ့ကို အားကျ၊ ဆရာ့လို ဖြစ်ချင်ခဲ့ကြပါတယ်။

ကျွန်တော်တို့ ကျောင်းဟာ ယောက်ျားလေးကျောင်း ဆိုပေမယ့်လို့ ဆရာ ၀ီလီယံဟာ ကျွန်တော်တို့ကို ဂုဏ်သိက္ခာရှိတဲ့ ကျောင်းတော်သားကြီးတွေ ဖြစ်အောင် ဂန္ထ၀င် ၀တ္ထုတွေကို သေချာသင်ရင်း စနစ်တကျကို ပုံသွင်းခဲ့ပါတယ်။

ဂန္ထ၀င်စာတွေထဲက တကယ့်လူ့အဖိုးတန်တွေကို မိတ်ဆက်သင်ကြားပေးရုံမကဘဲ ဒီလူတွေ ဘယ်လိုမျိုး ရှင်သန် ကြီးပြင်း လာတယ် ဆိုတာကိုပါ စိတ်ဝင်စားအောင် ပြောပြတော့ ကျွန်တော်တို့အတွက် တကယ့်ကို တန်ဖိုးရှိတဲ့ သင်ခန်းစာတွေ ဖြစ်သွားတော့တာပေါ့…။

ကျွန်တော်ကလည်း ဆရာနဲ့ ဘာမဆို တိုင်ပင် အကြံဥာဏ်ယူတတ်သူ တယောက် ဖြစ်ခဲ့ပါတယ်။ ဆရာနဲ့အတူ အားကစားတင် မကဘူး၊ ကမ္ဘာကျော် အင်္ဂလိပ် စာရေးဆရာကြီး ဆမ္မား ဆက်မွန်ရဲ့ စာတွေအကြောင်း ပြောကြတယ်။ ဆရာရဲ့ ဒုတိယ ကမ္ဘာစစ်အတွင်းက တိုက်ပွဲ အတွေ့ အကြုံတွေကို ကျွန်တော် စိတ်ဝင်တစား နားထောင်သလို ကျွန်တော့် အနာဂတ်ကို ဘယ်လို ပုံဖော်သင့်သလဲ ဆိုတာကို ဆရာနဲ့ မေးမြန်း အကြံဥာဏ်တွေ ယူခဲ့တယ်။

ဆရာဟာ ကျောင်းမှာ ကျွန်တော် ယုံကြည်အားထားခဲ့ရတဲ့ သူတွေထဲက တယောက်ဖြစ်ခဲ့ပြီး၊ ကျွန်တော် စစ်တက္ကသိုလ် တက်ဖို့တို့၊ ရေတပ်ထဲ ၀င်ဖို့တို့ကိုလည်း တိုင်ပင်ခဲ့ရသူပါ။ ကျွန်တော့် အနာဂတ်ရေး စိတ်ကူး အိပ်မက်တွေကိုလည်း ဆရာ့ပဲ ပြောပြခဲ့ရတာပါ။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အမြင့်ဆုံး ရသွားခဲ့တဲ့ နေ့တနေ့ကို ကျွန်တော် အမှတ်ရနေဆဲပါ။ အဲဒါကလည်း ဆရာ့ကြောင့်ပါပဲ။ ကျွန်တော်တို့ ကျောင်းဝင်ကထဲက ကျောင်းအားကစားအဖွဲ့မှာ ပါပါ့မယ်၊ လေ့ကျင့်ခန်းလည်း ပုံမှန် ဆင်းပါ့မယ် ဆိုတာကို လက်မှတ်ထိုး ရသလို တကယ်တမ်းလည်း လုပ်ကြရပါတယ်။

ကျွန်တော် စီနီယာတန်း ရောက်တော့ ဂျူနီယာ ဘောလုံးအသင်းက ကျောင်းသားလေး တယောက်က အသင်း လေ့ကျင့်ခန်း ဆင်းဖို့ ပျက်ကွက်တဲ့အတွက် အသင်းကနေ အထုတ်ခံရဖို့ ရှိနေပါတယ်။ ကျောင်းစည်းကမ်းအရ သူ့ကို ထုတ်ရမယ်လို့ ကျန်တဲ့ အသင်းသားတွေက ပြောကြတာကြောင့် ဆရာလည်း ခေါင်းခဲပြီး အသင်းအစည်းအဝေးကို ခေါ်ရပါတယ်။

ကျွန်တော်ကတော့ အသင်းသားတွေရဲ့ တောင်းဆိုမှုဟာ မျှတတယ်လို့ကို မထင်ခဲ့ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ စွပ်စွဲခံထားရတဲ့ ကျောင်းသားကို မေးစမ်းကြည့်တဲ့အခါ အဲဒီ ကျောင်းသားလေးဟာ ကျွန်တော်တို့လို မဟုတ်ခဲ့ဘဲ ကျောင်းဝင် ကထဲက ဒီ အသင်း လေ့ကျင့်ခန်း ပုံမှန်ဆင်းဖို့ စည်းကမ်းတွေကို လိုက်နာပါ့မယ် ဆိုတာကို သူက လက်မှတ်ထိုးဖို့ ငြင်းခဲ့သလို တကယ်တမ်းလည်း မထိုးထားခဲ့ပါဘူး။

ဒီတော့ ကျွန်တော်က သူ့ကို သက်ညှာတဲ့ ပြစ်ဒဏ်မျိုးသာ ပေးသင့်တယ်လို့ အဆို တင်ပါတယ်။ ကျွန်တော့်ရဲ့ အသင်းသားတွေ အားလုံး နီးပါးကတော့ သူ့ကို လုံးဝ ထုတ်ပစ်ရမယ်လို့ ၀ိုင်းပြောကြပါတယ်။

ကျွန်တော်က အဲဒီမှာ စောဒကတက်တော့တာပါပဲ။ ဒီကျောင်းသားဟာ သူလိုက်နာပါ့မယ်လို့ လက်မှတ် မထိုးထားတဲ့ စည်းကမ်းကို မလိုက်တာနာဟာ အပြစ်ကြီး ပေးလောက်တဲ့ ကိစ္စ မဟုတ်ဘူး။ ဒါကြောင့် အသင်းက ထုတ်ဖို့ မလိုဘူး၊ အသင်းသားတွေကို တောင်းပန်ရုံနဲ့ ကိစ္စပြီးပြတ်တယ်။ သူဟာ ကျွန်တော်တို့နဲ့ အတူတူပဲဖြစ်တယ်။ ကျွန်တော်တို့ကတော့ နဂိုကထဲက လိုက်နာပါ့မယ်လို့ လက်မှတ်ရေးထိုးထားလို့ စည်းကမ်းကို လိုက်နာကြတာ မဟုတ်လား။

ကျွန်တော်က အဲဒီလို ချက်နဲ့လက်နဲ့ ထောက်ပြပြောဆိုလိုက်တဲ့အခါ ကျောင်းသား ၂၀၊ ၃၀ လောက်က ဟုတ်သားပဲ ဆိုပြီး လက်ခံ သွားကြပါတယ်။ တခါ ဆရာ ၀ီလီယံကလည်း ကျွန်တော့်အဆိုကို ထောက်ခံလိုက်ပြန်တာကြောင့် အသင်းသား စည်းဝေးပွဲဟာ ကျွန်တော့် ဆုံးဖြတ်ချက်အတိုင်းနဲ့ပဲ ပြီးဆုံးသွားပါတော့တယ်။

အသင်း အစည်းအဝေးလည်း ပြီးရော ဆရာ ၀ီလီယံက ကျွန်တော့်ကို လက်ဆွဲ နှုတ်ဆက်ပြီး၊ စိတ်သက်သာရာ ရသွားတဲ့ လေသံနဲ့ ကျွန်တော့်ကို ကျေးဇူးတင်တဲ့အကြောင်းနဲ့ ကျွန်တော်တို့ ချလိုက်တဲ့ ဆုံးဖြတ်ချက်ဟာလည်း အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ချီးကျူးပြောပါတယ်။

ဆရာက ဒီပြဿနာ ပြေလည်သွားလိမ့်မယ် ဆိုတာကို သူ သိနေခဲ့ပေမယ့် ဘယ်လို ပြေလည် နိုင်မလဲ ဆိုတာကိုတော့ စိတ်ပူပန်နေခဲ့ပုံ ရပါတယ်။ နောက်ပြီး ဒီကိစ္စအတွက်လည်း ဆုံးဖြတ်ချက်တခုကို သူ ဆုံးဖြတ်ပေးတာမျိုး မဟုတ်ဘဲ ကျွန်တော်တို့ ကျောင်းသားတွေ ကိုယ့်ဘာသာ ဆုံးဖြတ် ပြေလည်တာမျိုးကိုလည်း လိုချင်ခဲ့တာပါ။ ကျွန်တော့်ကြောင့် ပြဿနာက ပြေလည်သွားတော့ ဆရာက ကျွန်တော့်ကို ဂုဏ်ယူချီးမွမ်းခဲ့တဲ့ အချက်ဟာ ကျွန်တော့်ဘ၀မှာ တော်တော့်ကို အရေးပါခဲ့ပါတယ်။

အဲဒီတုန်းက ဆရာရဲ့ အသိအမှတ်ပြု ချီးကျူးမှုကို ရလိုက်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တအား တက်သွားတာကို ကျွန်တော် ဘယ်တော့မှ မမေ့ပါဘူး။ အဲဒီလို လူပုံအလယ်မှာ ရဲရဲကြီး အသိအမှတ်ပြု ချီးကျူးခဲ့တဲ့ ဆရာ ၀ီလီယံကိုလည်း ဘယ်တော့မှ မမေ့ခဲ့ပါဘူး။

နောက်ပိုင်းမှာတော့ ကျွန်တော် ဗီယက်နမ် စစ်မြေပြင်မှာ အဖမ်းခံရတယ်။ အဖမ်းခံရတုန်းကလည်း ဆရာ့ကို သတိရလိုက်တာ မပြောပါနဲ့တော့ဗျာ…။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူဝင့်ကြွားစွာ ရှင်သန်ဖို့ကို ဆရာ ၀ီလီယံက ကျွန်တော့်ကိုယ်ထဲ၊ စိတ်ထဲ၊ နှလုံးထဲ ရိုက်သွင်းပေးခဲ့သူ မဟုတ်လားဗျာ။

ဗီယက်နမ်မှာ အဖမ်းခံရပြီးနောက်မှာ ဆုံးဖြတ်ချက်တွေ တသီကြီး ကျွန်တော် ချခဲ့ရပြီး အဲဒီထဲက တခုကတော့ ကျွန်တော့်ကို စောစော ပြန်လွှတ်ပေးမယ်လို့ အပေးအယူနဲ့ ဗီယက်နမ်တွေက ကျွန်တော့်ကို ကမ်းလှမ်းလာပါတယ်။

ကျွန်တော့်ဆရာ ၀ီလီယံဟာလည်း ဒုတိယ ကမ္ဘာစစ်တုန်းက တိုက်ခဲ့ခိုက်ခဲ့သူပါပဲ၊ ကျွန်တော်လည်း အခု သူ့လို အခြေအနေမျိုးမှာ ရောက်နေပြီ။ တခါ အခု ကမ်းလှမ်းမှုကို ရနေပြီ၊ ဒါပေမဲ့ ကျွန်တော် ဗီယက်နမ်တွေရဲ့ ကမ်းလှမ်းမှုကို ငြင်းလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာမကြိုက်မယ့် ဂုဏ်သိက္ခာမရှိတဲ့ ကမ်းလှမ်းချက်တခု ဖြစ်နေလို့ပါပဲ။

နောက်တခု ဆရာ ၀ီလီယံကို ကျွန်တော် သဘောကျတာက ဆရာဟာ သူ့ခံစားချက်တွေကို ဘယ်တော့မှ ထုတ်မပြတတ်ဘူး။ လူပဲဗျာ… ခံစားချက်တော့ ရှိမှာပေါ့၊ ဒါပေမဲ့ ဆရာရဲ့ ခံစားမှုကို ကျွန်တော် ဘယ်တုန်းကမှ မတွေ့ခဲ့ရဘူး၊ အဲဒါကို ကျွန်တော် အခိုက်ဆုံးပဲ။ ဆရာ့လိုပဲ ကျွန်တော် ဖြစ်ချင်ခဲ့တယ်။

ကျွန်တော် အဖမ်းခံခဲ့ရာကနေ လွတ်မြောက်ပြီး အိမ်ပြန်ရောက်လာတော့ မိသားစုအပြင်က အတွှေ့ချင်ဆုံး လူတယောက်ကတော့ ဆရာ ၀ီလီယံပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်လုပ်ရပ်တွေနဲ့ ပတ်သက်လာရင် ကောင်း၏၊ ဆိုး၏ ဝေဖန်စောကြောမှုကို အဖေကလွဲရင် ဆရာ ပြောတာကို ကျွန်တော် အနာခံချင်ဆုံးမို့ပါပဲ။

ဆရာဟာ ဘာပဲဖြစ်ဖြစ် ကျွန်တော် ပြောသမျှကို ယုံကြည့်စွာ နားစိုက်ထောင်ပေးပြီး အကောင်း၊ အဆိုး ဝေဖန်ပေးမှာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော့်ဆရာနဲ့ ပတ်သက်လို့ ဆရာ့အပေါ် တပည့်တယောက်ဖြစ်တဲ့ ကျွန်တော့်ရဲ့ အကောင်းဆုံး ဂုဏ်ယူဝင့်ကြွားမှုတခုပါပဲ။ ဒါပေမဲ့ ဆရာ သေကာသာသွားရော… ကျွန်တော့် ၀င့်ကြွားဂုဏ်ယူမှုတွေကို ဆရာသိအောင် ကျွန်တော် မပြောပြလိုက်ရပါဘူး။ အဲဒီအတွက်လည်း ကျွန်တော် စိတ်မကောင်း ဖြစ်ရပါတယ်။

ဆရာဟာ ကျွန်တော် ပြန်မလွတ်ခင် နှစ်နှစ်လောက်ကထဲက နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာမို့ ကျွန်တော် အိမ်ပြန်ရောက်ချိန်မှာ ဆရာက တမလွန် ရောက်နေပါပြီ။ ဆရာဆုံးတော့ အသက် ၅၃ နှစ်သာ ရှိပါသေးတယ်။

ဆရာဆုံးပါးသွားတဲ့အတွက် သူ့မိသားစု၊ မိတ်ဆွေနဲ့ ကျောင်းသားတွေအတွက်တင် ဆုံးရှုံးမှုကြီး ဖြစ်တာမျိုး မဟုတ်ဘဲ ဆရာ့ရဲ့ အကြံဥာဏ်နဲ့ စောင့်ရှောက်မှုတွေကို ရခဲ့သူအားလုံးအတွက် မဟာ့မဟာ ဆုံးရှုံးမှုကြီး ဖြစ်ပါတယ်။ ကျွန်တော့်အတွက်ကတော့ တကယ့်ကို မပြောပြနိုင်လောက်အောင် ၀မ်းနည်းကြေကွဲခဲ့ရပါတယ်။

ကျွန်တော့်ရဲ့ အထက်တန်းကျောင်းသားဘ၀ကို ပြန်တွေးမိတိုင်း စိတ်ထဲ မှတ်မှတ်ထင်ထင် စွဲနေသူကတော့ နှစ်ယောက်မရှိတဲ့ ဆရာ ၀ီလီယံပါပဲ။ ကျွန်တော့်ဘ၀ရဲ့ အပျော်ရွှင်ဆုံးနဲ့ အမှတ်ရဆုံး အကောင်းဆုံး အချိန်တွေဟာလည်း ဆရာနဲ့ အတူ ရှိနေခဲ့ရတဲ့ အချိန်တွေပါပဲ။ ဆရာဟာ တကယ့်ကို မီးရှုးတန်ဆောင်ပါပဲ၊ ကျွန်တော့်တယောက်ထဲ အတွက်တင် မဟုတ်ခဲ့ပါဘူး၊ အားလုံးရဲ့ ကြယ်ဓူဝံကြီး ဖြစ်ခဲ့ပါတယ်။

ဆရာဟာ ကျွန်တော့်ကို အတော်လေး လွှမ်းမိုးခဲ့တာပါ။ ဒါကို လူတော်တော်များများက သိချင်မှ သိမှာ ဖြစ်ပေမယ့် ကျွန်တော့် မိသားစုကတော့ အသေအချာကို သိကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာကောင်းတပည့် ပန်းကောင်းပန်ဆိုသလို ကျွန်တော့်ကြောင့် ကျွန်တော့် မိသားစုဟာလည်း ဂုဏ်ယူဝမ်းမြောက်ခဲ့ရတယ် မဟုတ်လားဗျာ။

တကယ်တော့ လမ်းညွှန်ဆရာကောင်းဆိုတာဟာ ကျွန်တော်တို့ ဘ၀မှာ အခက်အခဲတွေ ရှိလာရင် ကျော်လွှား လွန်မြောက်နိုင်အောင် လမ်းညွှန်ပေးတတ်သူ ဖြစ်ပြီး၊ အမှား အမှန်ကိုလည်း ကွဲပြားစွာ ခွဲခြားသိစေသူလည်း ဖြစ်ပါတယ်။

ကျွန်တော်တို့ ရှင်သန်ကြီးပြင်းရတဲ့ ခေတ်နဲ့စာရင် ဒီကနေ့ခေတ် ကလေးတွေရဲ့ ဘ၀ဟာ အတော့်ကို ခေတ်မီ ရှုပ်ထွေးစွာနဲ့ ရှင်သန် ကြီးထွားနေကြရတာ ဖြစ်ပါတယ်။ ဒီလိုခေတ်မျိုးမှာ လမ်းညွှန်ဆရာကောင်းတွေ ပိုလိုအပ်ပါတယ်။ ဂုဏ်ယူ အားကျလောက်တဲ့ လမ်းညွှန် ဆရာကောင်းနဲ့ တွေ့လိုက်ရတဲ့ တပည့်မျိုးမှ ဆရာ့အတုယူလို့ ကောင်းစားမှာ ဖြစ်ပါတယ်။

ကျွန်တော့်ဘ၀နဲ့ယှဉ်လို့ ရလာတဲ့ အသိကို ပြောရရင် ဒီနေ့ခေတ် လူငယ်တွေဟာ ကိုယ် ယုံကြည်၊ လေးစား၊ တန်းဖိုးထား၊ မျှဝေ၊ မေးမြန်း၊ တိုင်ပင်၊ ဆွေးနွေးလို့ ရလောက်တဲ့ လမ်းညွှန်ဆရာမျိုးတယောက် ရှိထားသင့်ပြီး၊ အဲဒီလို ရှိထားရင် သူတို့ဘ၀အတွက် သိပ်ကောင်းမယ် ဆိုတာပါပဲ။

မှတ်တမ်းမှတ်ရာတွေ သုတေသနပြုချက်တွေအရ ကျွန်တော်တို့ သိထားတာကလည်း လမ်းညွှန်ဆရာကောင်းကြောင့် လူငယ်တယောက်ရဲ့ ဘ၀ကို အင်မတန် ပြုပြင် ပြောင်းလဲစေသတဲ့။ အထက်မှာ ပြောခဲ့သလိုပါပဲ… ဆရာ ၀ီလီယံဟာ ကျွန်တော့်ကို ပြောင်းလဲစေခဲ့သူပါ၊

ဒါပေမဲ့ ဆရာရဲ့ လွှမ်းမိုးမှု၊ သက်ရောက်မှုကြောင့် ကျွန်တော် ဘယ်လောက်တောင် ပြောင်းလဲခဲ့သလဲ ဆိုတာကို ကျွန်တော် ဗီယက်နမ်မှာ အကျဉ်းကျနေတဲ့အထိ သေသေချာချာ မသိခဲ့ပါဘူး။ ဂုဏ်သရေနွမ်းစေမယ့် ကမ်းလှမ်းမှုနဲ့ ဗီယက်နမ်တွေ ကမ်းလှမ်းတာကို ဆရာ့အမြင်နဲ့ သုံးသပ် စဉ်းစားပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်လိုက်တဲ့ အချိန်မှာ ကျွန်တော် လင်းကနဲ ဖြစ်သွားခဲ့ပါတယ်။ အဲဒီလောက်တောင် ဆရာ့အားတွေ ကျွန်တော့်အပေါ် သက်ရောက်ခဲ့တာပါကလားဗျာ…။

ဂျွန် မက်ကိန်း

by Myo Tha Htet on Saturday, 28 January 2012 at 17:33·

ရိုစီ အို ဒေါ်နယ်လ် (Rosie O’Donnell)

ရိုစီ အို ဒေါ်နယ်လ်
ရိုစီ အို ဒေါ်နယ်လ်ဟာ ထင်ရှားတဲ့ သရုပ်ဆောင် တယောက် ဖြစ်ပါတယ်။ A League of Their Own နဲ့ Sleepless in Seattle ရုပ်ရှင်ကားတွေမှာ ပါဝင် သရုပ်ဆောင်ဖူး ပါတယ်။

The Rosie O’Donnell Show ရုပ်သံ အစီအစဉ်ကိုလည်း ခြောက်နှစ်ကြာ တင်ဆက်ခဲ့ပြီး အဲဒီ အချိန်မှာပဲ Find Me ဆိုတဲ့ ပထမဆုံး ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ်ကို ရေးသားခဲ့ပါတယ်။

ရိုစီဟာ ကလေးအခွင့်အရေး ကာကွယ်ရေး လုပ်ငန်းတွေကိုလည်း မမောနိုင် မပန်းနိုင် လုပ်ကိုင်ခဲ့ပြီး၊ သူတို့လေးတွေအတွက် For All Kids Foundation နဲ့ Rosie’s Broadway Kids တွေကို တည်ထောင်ခဲ့ပါတယ်။

အခုတော့ Rosie’s Radio နဲ့ Sirius နေ့စဉ် ရေဒီယို အစီအစဉ်တွေကို တင်ဆက်နေပြီး သူ့ မူပိုင်ရေးဟန်နဲ့ နာမည်ကျော် ဘလော့ဂါ တဦးလည်း ဖြစ်ပါတယ်။ သူရဲ့ ၀က်ဘ်ဆိုက်ကတော့ Rosie.com ဖြစ်ပါတယ်။

မစ္စ မရာဘဲလ် (Maravel)

မစ္စ မရာဘဲလ်… နှစ်ဆယ်ကျော် ဆန်းသစ်တဲ့ အလှရှင်

ဂေါ်လီ သင်္ချာဆရာမ

မစ္စတာ ပစ်နဲ့ စေ့စပ်ထားသူပေါ့

ဆရာပစ်က တီးဝိုင်းဆရာ ကျွန်မ အသည်းကျော်…။

ဆရာမ မရာဘဲလ်

ကျွန်မကို ဖမ်းတယ်

ကျောင်းသားကတ်မပါဘဲ ကျောင်းလာလို့တဲ့

ခုနစ်တန်း တက်စ၊ ရက်သုံးဆယ် ပြည့်ရက်ကပေါ့။

“မင်း… အံဆွဲကို ဖွင့်၊ စာအုပ်တွေကို ထုတ်“ တဲ့

ကျွန်မမှာ အငေးသား… ကြောင်တောင် လိုက်လုပ်

နောက်တော့ ကျွန်မ အံဆွဲကို သူ ဆောင့်ပိတ်

“နောက်တခါ နာမယ်မှတ်၊ အခု သွားတော့“တဲ့

ဒါ ကျွန်မတို့ရဲ့ ပထမဆုံး တွေ့ဆုံမှု

“မင်္ဂလာပါ ဆရာမ“ ဆိုတာ မပါ…။

ဆရာမ မရာဘဲလ် ပြီးခဲ့တဲ့ အပတ်ထဲမှာ ဆုံး

ကျွန်မတို့ ထူအမ်းအမ်း ဆက်ဆံရေးစပြီး နှစ် ၃၀ အကြာ

ဆရာမကို ကနေ့ပဲ အသုဘချ

ကျွန်မက ရှေ့ဆုံးတန်းမှာ ထိုင်လို့…

ငယ်ငယ်က ကျွန်မကို ဆရာမ နေရာချခဲ့သလိုမျိုး

ကျွန်မအတွက်တော့ ဆိုင်ချင်ဆိုင် မဆိုင်ချင်နေ

ကိုယ့်မိသားစုဝင် တယောက်လို…။

ကျွန်မဟာ နှစ်ခါမွေးဖွားခဲ့သလိုမျိုး

ပထမတခေါက်က ၁၉၆၂

အမေဟာ မွေးပြီးမကြာမီမှာပဲ ကျွန်မကို ထားရစ်ခဲ့

အမေ့အကြောင်းဆိုလို့ နာမည်လေး တလုံးသာ သိခဲ့

ဓာတ်ပုံလေး တချို့နဲ့

ဒါ အမေ့မျက်နှာလေးလို့ပေါ့…။

ဒုတိယတခေါက် ၁၉၇၅ မှာ ပြန်မွေးဖွား

ဒုတိယအမေဟာ ဆရာမ မရာဘဲလ်

သူဟာ ကျွန်မကို မထားရက်ခဲ့ဘူး။

အမေ မရာဘဲလ်ဟာ ကျွန်မဘ၀ကို ရှင်ပြန်ထစေခဲ့

ကျွန်မအတွက်တော့ တကယ့်အား၊ သံမဏိအား

ရှေ့ဆောင်လမ်းပြ ကြယ်ဓူဝံ

သူ တဘ၀စာ နေခဲ့တယ်။

ကျွန်မကို ဘာကြောင့် စောင့်ရှောက်ခဲ့သလဲလို့ မမေးမိခဲ့

ဒီခွေးမလေးကို ကယ်ခဲ့သူ

အမိမဲ့ မေတ္တာငတ်မလေးကို ရှင်စေခဲ့သူ

ဘာမှမဟုတ်တဲ့ ကောင်မလေးကို ချစ်ခဲ့သူ…။

ကျွန်မကို ဘာ့အတွက်နဲ့ ချစ်ခဲ့သလဲ ဟင်…။

ဆရာမကို ကျွန်မ ဆိုးခဲ့တယ်၊ စမ်းခဲ့တယ်

မယုံခဲ့ဘူး… ဒါကို အခုထိ ကျွန်မ ခံစားနေရတုန်း

ဒါပေမဲ့ ကျွန်မ မအောင်မြင်ခဲ့ဘူး

ဘယ်လောက်စမ်းစမ်း

ဘယ်လောက်ဆိုးဆိုး

ဆရာမအတွက် အဆိုးဆုံးကလေးလေး ကျွန်မကို

သူ အမြဲပြောတယ်

အဲ… ပြောခဲ့တယ်

အတိတ်ဖြစ်ရပ် အနေနဲ့ ပြောရမှာကိုး…

မွန်းကြပ်လိုက်တာ

အမေ့ကို ညွှန်းတာတွေ ရပ်လိုက်ရမလား

ကျွန်မဟာ လီဆာလေးဖြစ်လို့

လ နဲ့ ဆ ပါတယ် ဟုတ်…

ထပ်ပြော ပြရရင်

ကျွန်မ အရူးအိုမ…။

အမေ နေမကောင်းရင်

ကျွန်မက ဘာဘရာ့အမေ နေမကောင်းရင်လို့ တွေးမိတယ်

ဒေါက်တာ ဂျွန်နီ ကာဆင်ကို သူ သွားပင့်မပေါ့

အိမ်နီးချင်းတွေကို တယောက် တဒေါ်လာ ကူကြပါရှင်လို့ အော်ပြီး

ဆေးဝယ်ပေမပေါ့

ဒီလိုနဲ့ သူ့အမေ မသေတော့ဘူးပေါ့…။

အဲဒီလို ကျွန်မ ယုံချင်ပေမယ့်

အဖြစ်မှန်က အဲဒီလို မဟုတ်ခဲ့ဘူး…။

အခုတော့ ကျွန်မ ချမ်းသာနေ

သို့ပေမင့် ဒုတိယ အမေကို မကယ်နိုင်ခဲ့

ဥုံဖွဆေး မသေဆေး ဆိုတာမှ မရှိတာဘဲ…။

“ငါ သေတော့မယ်လို့ နင် ထင်သလား“ တဲ့

ပြီးခဲ့တဲ့ ဒီဇင်ဘာက အမေက မေးခဲ့တယ်

“ထင်တယ်“ လို့ ကျွန်မ ဖြေ

“ငါလည်း ထင်သား“ လို့ အမေက ပြော…။

ခဏကြာတော့လေ…

“ရို… ငါသေရင် နင်တော့ ဒုက္ခ“ တဲ့

ကျွန်မလေ… ဟက်ကနဲရယ်… ဖျတ်ကနဲ “ဟယ်“ လို့ အော်

“အမေ့ကို မချစ်ရတော့ဘူးပေါ့၊

ဒါပေမဲ့ အမေ့သား နှစ်ယောက်ကို ကျွန်မ ကြည့်ပါမယ်“ လို့ ကတိပေး

အမေက မျက်မှန်ကို တပ်၊ ကျွန်မကို ကြည့်… အဲဒါ နောက်ဆုံးအကြည့်

ကျွန်မ မျက်နှာကို သူ့လက်ထဲမှာ ထား

ကဲ ကဲ… “သွားတော့“ လို့ ပြော

ကျွန်မ ထွက်(လာ)ခဲ့တယ်။

ဘုရားသခင်ဟာ နောက်တတ်တယ်ထင်ပါ့

ကျွန်မကို အမေ နှစ်ယောက် အလိုတော်ရှိတယ်

အမေနှစ်ယောက်လုံး ရင်သားကင်ဆာနဲ့ ဆုံးတယ်

အမိမဲ့ဖြစ်တိုင်း ပြောပြလို့ မရအောင် ယူကျုံးမရ ခံစားရတယ်။

အမေ ဆရာမဟာ မိခင်မေတ္တာကို သင်ပေးခဲ့တယ်

လွတ်လပ်မှုနဲ့ မိသားစုအကြောင်းကို ပြောပြခဲ့တယ်

သည်းခံမှု၊ တောင်းဆိုမှုနဲ့ ဂရုဏာတရားကို ပြဆိုခဲ့တယ်

ဘ၀မှာ ဘယ်လိုနေရမယ်၊ တပါးသူတွေကို ဘယ်လို မေတ္တာထားရမယ်

လောကကို ဘယ်လို တုန့်ပြန် ပေးဆပ်ရမယ် ဆိုတာတွေကို အမေ သင်ခဲ့တယ်

အမြင်ကျယ်တဲ့ စိတ်နဲ့ အတွေးအခေါ်သစ်တွေ အမေ့မှာ ရှိခဲ့တယ်

ဆရာဝန်တွေရဲ့ ခန့်မှန်းချက်ထက် ကျော်ပြီး အမေ ရှင်ခဲ့တယ်။

ကျွန်မ ကိုယ်သရုပ်ဆောင်ခဲ့တဲ့ ကား ကိုယ်ပြန်ကြည့်တော့

မိဘဆိုတာ ဘာ… ဆိုတဲ့ အခန်းမှာ

ဒီကနေ့ ကြည့်… ဒီကနေ့(မှ) သိလိုက်တာက

ကျွန်မဟာ အမေ မရာဘဲလ်ဖြစ်လို့

ကလေးတွေကို ကျွန်မ စကားပြောနေပုံက

အမေ ကျွန်မကို ပြောဆိုခဲ့သလိုမျိုး…။

အမေ သေခါနီးတော့…

စကားတောင် ဖြောင့်ဖြောင့် မပြောနိုင်တော့ဘူး

အမေ့ကျောင်းသားတွေပုံ ရှစ်လက်မ၊ ၁၀ လက်မ ဆိုဒ် ဓာတ်ပုံ

အမေ့ပြဖို့ ယူခဲ့တယ်

အမေဟာ ခပ်ယဲ့ယဲ့ပြုံးလို့…

သို့ပေမင့် အမေ့အပြုံးဟာ အမေ့အပြုံးပါပဲ။

ဓာတ်ပုံလေးကို မှန်တင်ခုံပေါ် ကျွန်မတင်

ပြတင်းနားမှာ ကွက်ကွက်ကွင်းကွင်း

တနာရီလောက်နေမှ အမေ တခွန်းပြော

ဒီတော့ ကျွန်မ ပြန်ဖို့ ထ…။

အမေဟာ ကျွန်မကို စူးစူးရဲရဲ ကြည့်

တခုခု ပြောချင်နေပုံရရဲ့

ဒါတော့ ကျွန်မ အသေအချာ သိ

ဓာတ်ပုံကို အမေကြည့် ခေါင်းတငြိမ့်ငြိမ့်…။

“ဓာတ်ပုံ၊ စာသင်နေတာလား“

အမေ ခေါင်းငြိမ့်…

ဓာတ်ပုံကို ဆွဲ၊ အမေ့ကို ပေး

ကျွန်မ ရင်တလှပ်လှပ်၊ အမေ တတွေတွေ ဝေ

“ကျောင်းသားတွေ ပြန်ဆုံချင်သလား… အမေ“

ကျွန်မကို မျက်လုံး လှန်ကြည့်…

အငြင်းစကား ပြတင်းများ

အမေ ရယ်ခဲ့ပြီ။

အဲဒီ ဓာတ်ပုံဟာ အမေ့ မြင်ကွင်းကို ပိတ်ဖုံးခဲ့

ငှက်ကလေးများ သစ်ပင်တွေများ အမေ မမြင်တော့

ကျွန်မ သိပြီ၊ အမေရယ်ပါစေတော့ ရယ်စေတော့…

သူငယ်ချင်း ဂျွိုင်း၊ ဒေါ်လရီနဲ့ ဂျက်ဆီတို့ကို

ဒီအကြောင်း အမေ့ရှေ့ ပြန်ပြောတိုင်း

အကြိမ်တိုင်း ကျွန်မ အမေ ရယ်လေပြီ

အမေ့အတွက် နောက်ဆုံးပိတ်ဟာသ ဖြစ်ခဲ့ပြီ။

အမေ့ကို အရမ်းလွမ်းတယ်

အခုဆို ပိုလွမ်းတယ်

အထူးသဖြင့် ကျွန်မကိုယ်ကျွန်မ တကယ့်မိန်းမကြီးလို့ ထင်မိတဲ့အခါတိုင်း

အမေ့ကို ထပ်လွမ်းတယ်။

ဘာဘရာ ဝေါ်လ်တာစ်လား… တခါ ကျွန်မကို မေးတယ်

အမေဟာ ကျွန်မအတွက် ဂုဏ်ယူနေမလားတဲ့…။

အမေလား… ယူတာပေါ့၊ ယူတာပေါ့။

အမေလေ… မစ္စ မရာဘဲလ်ဆိုတဲ့ အမေလေ…

“ဂုဏ်ယူတာပေါ့ သမီးရယ်“ လို့ ပြောခဲ့ဖူးတဲ့ အမေပေါ့။

ရိုစီ အို ဒေါ်နယ်လ်

by Myo Tha Htet on Saturday, 28 January 2012 at 15:35·

ဗိုလ်ချုပ်ကြီး ကောလင်း ပါဝဲလ် (General Colin L. Powell)

ဗိုလ်ချုပ်ကြီး ကောလင်း ပါဝဲလ်
ဗိုလ်ချုပ်ကြီး ကောလင်း ပါဝဲလ်ဟာ ၂၀၀၁ ဇန်န၀ါရီ ကနေ ၂၀၀၅ ဇန်န၀ါရီအထိ အမေရိကန် ပြည်ထောင်စုရဲ့ ၆၅ ယောက်မြောက် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး မဖြစ်ခင်က အမေရိကန် စစ်တပ်မှာ ၃၅ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့ပြီး၊ နောက်ဆုံး ရာထူးက ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီး ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး ရာထူးနဲ့ ၁၉၈၉ ကနေ ၁၉၉၃ ခုနှစ်အထိ ပူးတွဲစစ်ဦးစီးချုပ်အဖွဲ့ ဥက္ကဌ တာဝန်ကိုလည်း ထမ်းဆောင်ခဲ့ပါတယ်။ ကောလင်း ပါဝဲလ်ဟာ သမ္မတ ရော်နယ်လ် ရေဂင် လက်ထက်မှာလည်း သမ္မတရဲ့ နိုင်ငံတော် လုံခြုံရေး အကြံပေး အရာရှိ အဖြစ် အမှုထမ်းခဲ့ပါသေးတယ်။

သူဟာ ရောင်း အကောင်းဆုံး ကိုယ်တိုင်ရေး အတ္ထုပတ္တိစာအုပ် “ကျွန်တော့်ရဲ့ အမေရိကန် ခရီးစဉ်“ (My American Journey) ကိုလည်း ရေးခဲ့သူပါ။ ဗိုလ်ချုပ်ကြီး ကောလင်း ပါဝဲလ်ဟာ သူငယ်ငယ်က ပညာဆည်းပူးခဲ့တဲ့ နယူးယောက်ခ်မြို့ စီးတီးကောလိပ်မှာ မူဝါဒ လေ့လာရေးဆိုင်ရာ ကောလင်း ပါဝဲလ် စင်တာကိုလည်း တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။

လူတယောက်ကို လေ့လာခြင်း (The measure of a Man)

ကျွန်တော် တောင်ပိုင်း ဘရော့န်စ်မှာ ကြီးပြင်းခဲ့တော့ အဖေဟာ ကျွန်တော့်ရဲ့ လေးစား အားကျရတဲ့ ပုဂ္ဂိုလ်ကြီးပါပဲ။ အမေ့လိုပဲ အဖေဟာလည်း အမေရိကကို ကူးပြောင်း အခြေချခဲ့တဲ့ ဂျမေကန် တယောက်ဖြစ်ပြီး၊ မန်ဟန်တန်ရပ်က အထည်ချုပ်စက်မှုဇုန်မှာ ဖိုမင်(အလုပ်ကြပ်) ရာထူးရတဲ့အထိ ကြိုးစား လုပ်ကိုင်ခဲ့သူ တယောက် ဖြစ်ပါတယ်။

ကျွန်တော့်အဖေ လူသာ ပါဝဲလ် (Luther Powell) ဟာ ဂျမေကန်မို့လို့ မထည်ဝါသူမို့လို့ ဆိုပြီး ကိုယ်ရည်ကိုယ်သွေး ဘယ်တော့မှ မနိမ့်ခဲ့သူပါ။

ကာရေဘီယံကျွန်းစုထဲက အရင် ဗြိတိသျှ ကိုလိုနီ လက်အောက်ခံ နိုင်ငံတွေကနေ ပြောင်းရွှေ့ ထွက်လာခဲ့ကြတဲ့ တခြား အနောက်ပိုင်းသား အင်ဒီယန်းတွေဟာလည်း အဖေ့လိုပဲ အမေရိကကို လက်မဲ့ဘ၀နဲ့ ရောက်လာခဲ့ကြတာပါ။ သူတို့တွေ အားလုံးဟာ မနက်စောစောဆိုရင် ဘူတာရုံကို အပြေးအလွှား သွားကြပြီး၊ အဲဒီကနေ တနေကုန် ခွေးလိုနွားလို အလုပ်လုပ်ရပါတယ်။ ညရှစ်နာရီလောက်မှ အိမ်ပြန်ရောက်ကြပြီး အဲဒီက ရတဲ့ ပိုက်ဆံနဲ့ မိသားစုကို ရှာဖွေကျွေးမွေးရ၊ သားသမီးတွေကို ကျောင်းထားပေးကြရပါတယ်။

သူတို့တောင် အဲဒီလို ရုန်းကန် ရှင်သန်နိုင်ခဲ့ရင် ဘယ်သူတွေကများ ငါတို့ဘ၀ဟာ သူများတွေနဲ့ မတူဘဲ သိပ်ကို အောက်ကျနောက်ကျ နိုင်လှချည်ရဲ့လို့ ညည်းကြဦးမလဲဗျာ။ အဖေဟာ ပြောခဲ့သလို မာတယ်၊ ဒူပေနာပေခံတယ်။ အဖေ့သား ကျွန်တော်ဟာလည်း အဖေ့လိုပဲ မာခဲ့တာပေါ့။

အဖေဟာ ဆော်လမွန် (Solomon) လို့ ခေါ်တဲ့ ပညာရှိ ရပ်ကွက်လူကြီးရဲ့ အိမ်နီးချင်း ဖြစ်ခဲ့တယ်။ ဆော်လမွန်ဆီကို ရပ်ရေးရွာရေး ကိစ္စတွေ တိုင်ပင်ချင်တဲ့အခါ ရပ်ကွပ်ထဲက လူတွေ လာကြတယ်၊ ရပ်ကွက်သားချင်း ပြဿနာဖြစ်ရင် ဆော်လမွန်က ရှင်းပေးရတယ်၊ အလုပ်လိုချင်တဲ့သူလည်း ဆော်လမွန်ဆီ လာတာပါပဲ။

အဖေဟာ သူ အလုပ်လုပ်တဲ့ စက်ရုံက ရွေးကျတွေ (အပယ်တွေ) ဖြစ်တဲ့ အထည်တွေ၊ ဖျင်တွေကို ရပ်ကွက်ထဲ ပြန်ယူလာပြီး ဈေးပေါပေါနဲ့ ရောင်းပေးတယ်၊ မ၀ယ်နိုင်တဲ့ လူတွေကို အလကား ပေးပစ်တယ်။

ကျွန်တော့်အဖေဟာ ရာထူးတွေ၊ နေရာတွေ၊ အခမ်းအနားတွေကို သိပ်ဂရုစိုက်လှသူ မဟုတ်ဘူး။ တခါက ကျွန်တော် ကင်တပ်ကီပြည်နယ်၊ ဖော့တ် ကမ့်ဘဲလ်မှာ အခြေချ ဗျူဟာမှူး ဗိုလ်မှူးကြီး ဖြစ်တုန်းက ကျေးဇူးတော်နေ့ ညစာ စားပွဲကို အဖေနဲ့ အမေ့ကို ဖိတ်လိုက်တယ်။

အဲဒီတုန်းက အဖေဟာ ကျွန်တော့်ရဲ့ ဗိုလ်ချုပ်ကြီးတွေနဲ့ စကားတွေ ဖောင်နေလိုက်တာကလည်း မသိရင် သူနဲ့ တသက်လုံး အတူ လက်တွဲ အလုပ်လုပ်လာတဲ့ သူတွေလိုပါပဲ၊ အဲ… နောက်တော့ ရဲဘော်တွေနဲ့ ဟောခန်းမထဲမှာ တ၀ိုင်းပြီး တ၀ိုင်းကူးလို့ ပြောနေဆိုနေ လိုက်တာများ ကျွန်တော်တို့ရဲ့ လွန်လေတဲ့ ကြယ်ငါးပွင့် ဗိုလ်ချုပ်ကြီး တိုက်ခိုက်ရေး သူရဲကောင်းကြီး အိုမာ ဘရက်ဒ်လေ (Omar Bradley) စစ်မထိုးခင် သူ့ရဲဘော်တွေနဲ့ ရင်းရင်းနှီးနှီး အဖွဲ့ကျနေသလိုမျိုး… အဖေ့ကို ကြည့်ပြီး ကျွန်တော့်မှာ အံ့တွေသြလို့…။

ကျွန်တော့်အဖေ လူသာ ပါဝဲလ်ဟာ ဘယ်နေရာမှာမဆို မကြောက်မရွံ့ လူသားပီပီ ရှင်သန် နေထိုင်သွားခဲ့သူ ဖြစ်ပါတယ်။ တကယ်တော့ အဖေဟာ ပုပျပ်ပျပ် လူတယောက်ရယ်ပါ၊ ငါးပေနဲ့ နှစ်လက်မပဲ မြင့်ပါတယ်။ ဒါပေမဲ့ ပြင်သစ် စစ်ဘုရင်ကြီး နပိုလီယံလိုပေါ့၊ အဖေဟာ ကျွန်တော့အတွက်တော့ တကယ့် သူရဲကောင်းကြီးပါပဲ။

ဗိုလ်ချုပ်ကြီး ကောလင်း ပါဝဲလ်

by Myo Tha Htet on Tuesday, 24 January 2012 at 20:25·

ဟူပီ ဂိုးလ်ဘာ့ဂ် (Whoopi Goldberg)

ဟူပီ ဂိုးလ်ဘာ့ဂ်
ဟူပီ ဂိုးလ်ဘာ့ဂ်ဟာ လက်ချိုးရေလို့ရတဲ့ အလွန်ထူးချွန်တဲ့ ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်တွေထဲက တယောက်ပါ။ အဲဒီ အနုပညာရှင်တွေဟာ ဖျော်ဖြေရေး အနုပညာ လောကထဲက အမြင့်ဆုံး၊ အထူးချွန်ဆုံး ဆုတွေဖြစ်တဲ့ ဂရမ်မီ၊ အကယ်ဒမီ၊ ရွှေကမ္ဘာလုံးဆု၊ အမ်မီနဲ့ တိုနီဆု စသဖြင့် ဆုတွေကို အစုံရထားသူတွေ ဖြစ်ပါတယ်။

ဟူပီ ဂိုးလ်ဘာ့ဂ်ကို မြန်မာတွေကတော့ Ghost ရုပ်ရှင်ကားထဲမှာ တမလွန်ကို ရောက်သွားတဲ့ မင်းသားနဲ့ လက်ရှိ ဘ၀ထဲက မင်းသမီးတို့ ထိတွေ့ပေါင်းဖက်နိုင်အောင် ကူညီရတဲ့ ဗဟိဒ္ဓလောကနဲ့ ပရလောက ချိတ်ဆက်ပေးရသူ မှော်ဆရာမကြီးအဖြစ် ပီပီပြင်ပြင် သရုပ်ဆောင် နိုင်ခဲ့သူအဖြစ် သိကြပါတယ်။ (စကားမစပ် ကျွန်တော့် သူငယ်ချင်းမတွေထဲမှာ ဟူပီ ဂိုးလ်ဘာ့ဂ်နဲ့ အင်မတန်မှကို ရုပ်ချင်းဆင်သူ တဦးရှိနေတာကို ကျွန်တော် အလွန် ဂုဏ်ယူပါတယ်)။

ကမ္ဘာကျော် သရုပ်ဆောင်ဟာ ကလေးတွေ၊ အိမ်ရာမဲ့တွေအတွက် လူသားချင်း စာနာမှုနဲ့ ကူညီဆောင်ရွက်ပေးသလို ပညာရေး၊ လူ့အခွင့်အရေး မြှင့်တင်ရေး၊ အကြမ်းဖက် နှောင့်ယှက် စော်ကားမှုတွေ လျော့ပါးရေးနဲ့ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး စတဲ့ ပရဟိတလုပ်ငန်းတွေမှာ ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ပါတယ်၊ တခါ အလားတူ လုပ်ငန်းတွေ လုပ်နိုင်ဖို့ ရန်ပုံငွေ ရှာတဲ့ပွဲတွေမှာလည်း အလွန်အင်မတန် တက်တက်ကြွကြွ ဆောင်ရွက်သူတဦး ဖြစ်ပါတယ်။

ဒီလို ကမ္ဘာနဲ့ချီပြီး လုပ်ငန်းတွေ၊ အများအကျိုးတွေ ဆောင်ရွက်တာကြောင့် ကုလသမဂ္ဂကလည်း ဂုဏ်ထူးဆောင် သံအမတ်ကြီးအဖြစ် သတ်မှတ်ခန့်အပ်ထားပါတယ်။

ကောင်းတာတွေချည်း စု (All the Right ingredients)

“ကိုယ့်ကိုယ်ကိုယ် တိုးတက်ပြောင်းလဲနေအာင် ကြိုးစားပြီး၊ ရှေ့ကို အမြဲလှမ်းနေဖို့က သိပ်အရေးကြီးပါတယ်၊ ကိုယ်ချမှတ်ထားတဲ့ ရည်မှန်းချက်ကို မရောက်ဘူး ဆိုရင်တောင် ကြိုးစားခဲ့မှုကြောင့် အတွေ့အကြုံတွေ၊ သင်ခန်းစာတွေ၊ နည်းလမ်းတွေ သိလိုက်ရတယ် ဆိုတာကိုက အင်မတန် ၀မ်းမြောက်စရာပါ။ အရှုံးဆိုတာ အဆုံးသတ် မဟုတ်ပါဘူး၊ ရှေ့ဆက်ဖို့ တွန်းအားတရပ်သာ ဖြစ်ပါတယ်“__ ဟူပီ ဂိုးလ်ဘာ့ဂ်။

ကျွန်မအမေ အမ်မာ (Emma) က အင်မတိအင်မတန်တော်တဲ့ အမျိုးသမီးတယောက်ပါ၊ သမီးတယောက်ဖြစ်တဲ့ ကျွန်မကို ပုံသွင်းဖို့ အမေ့မှာ ကောင်းတဲ့ အရည်အချင်းတွေ အကုန်ရှိပါတယ်။ ကောင်းတာတွေချည်း စု နေတဲ့သူပါ။

ကျွန်မတို့ ကလေးတအုပ် ကျောင်းလေ့လာရေး ခရီးထွက်တော့ အမေက အုပ်ထိန်းသူလုပ်ပြီး ကားမောင်းလို့ လိုက်ပို့ပါတယ်။ ကလေးတွေနဲ့ချည်း သွားရတော့ အုပ်စုလေးတွေ ခွဲကြတဲ့အခါ ကျွန်မက လူတော်တွေပါတဲ့ အုပ်ထဲ သေလောက်အောင် ပါချင်ခဲ့ပါတယ်။

ဒီလိုနဲ့ လေ့လာရေး ခရီးထွက်တဲ့အခါ ကျွန်မ တကယ်ပဲ လူတော်အုပ် တအုပ်ထဲ ရောက်ခဲ့ပြီး ပျော်လိုက်တာလည်း မပြောပါနဲ့တော့လေ၊ ဒါပေမဲ့ ကားပေါ်မှာ ကျွန်မ သူငယ်ချင်း ကောင်လေးတယောက်ကို ကားပေါ်က ကျောင်းသားတွေက ၀ိုင်းစကြတော့ ကျွန်မက ဘာမှ မပြော၊ မဟန့်ခဲ့ပါဘူး။ အဲဒီလို မတား၊ မပြုတဲ့အပြင် ကျွန်မကတောင် သူ့ကို ၀င်စ ခဲ့ပါသေးတယ်။

ကားမောင်းနေတဲ့ အမေဟာ တလုံးမှ မပြောဘဲ အသာနေခဲ့ပါတယ်၊ လေ့လာရေးခရီးပြီးလို့ အိမ်ရောက်တော့မှ အမေက ကျွန်မကို ကားပေါ်က ကောင်ကလေးဟာ ဒီနေ့တော့ ကံဆိုးတာပဲ၊ တကားလုံးက ကလေးတွေက အဲဒီကောင်လေးကို ဒုက္ခပေးကြတယ်၊ သူ အအံ့သြဆုံးကတော့ ကျွန်မက ကောင်လေးကို ဘာမှ မကူညီဘဲ နေခဲ့တာကိုပဲတဲ့… အမေက အဲဒီလို ကျွန်မကို ထောက်ပြတယ်။

“သမီးကို လူတွေက စ ရင်၊ စိတ်မကောင်းဖြစ်အောင် လုပ်ရင် အဲဒီလို လုပ်တဲ့ သူတွေကို သမီး ဘယ်လောက် မုန်းတီးသလဲ ဆိုတာ အမေ သိပါတယ်၊ ဒါပေမဲ့ အမေ အံ့သြတာက သမီးကလည်း သူများကို နာကျင်အောင် အဲဒီလိုပဲ လုပ်တတ်တာပါကလားလို့…“ ဆိုပြီး အမေက ပြောတော့ ကျွန်မဟာ ကိုယ့်ခေါင်းကို ဘေ့စ်ဘော တုတ်ကြီးနဲ့ အရိုက်ခံလိုက်ရသလို ခံစားခဲ့ရပါတယ်။

အဲဒီ အမေပေးတဲ့ အခြေခံသင်ခန်းစာဟာ ကျွန်မရင်ထဲ အသည်းထဲ နှလုံးထဲ စွဲသွားပြီး၊ နှစ်ပေါင်းများစွာ မာယာများတဲ့ လောကကြီးရဲ့ အရှုပ်အထွေးပေါင်းများစွာထဲမှာ ဖြတ်သန်းရင်း ကျွန်မနဲ့အတူ ရှိနေခဲ့ပါတယ်။

လူတွေနဲ့အတူ တွေ့ဆုံ၊ ပြောဆို၊ လုပ်ကိုင်၊ ဆက်ဆံရတဲ့ အခါတိုင်းမှာ ကိုယ့်ကို ပြုမူ ပြောဆို ဆက်ဆံစေချင်သလို သူတပါးကိုလည်း အလားတူ ပြုမူ၊ ပြောဆို၊ ဆက်ဆံဖို့ လိုပါတယ်။

ကျွန်မ မက်ဒီဆင်-ဖဲလီစီယာ (Medison-Felicia) နွေရာသီစခန်းကို တကြိမ်နဲ့ နယူးယောက်၊ ပိခ်စကေးလ် (Peekskill)က စခန်းတွေကို ရောက်ခဲ့ဖူးပြီး အလွှာစုံက လူပေါင်းစုံနဲ့ တွေ့ဆုံ ကြုံကြိုက် ရင်းနှီးခွင့်ရတာဟာ မဟာ့မဟာ အခွင့်အရေး ဖြစ်ပါတယ်။

ဒါဟာ ကျွန်မဘ၀အတွက် လူမှန်တွေကို အချိန်ကိုက် တွေ့ခွင့် ရခဲ့တာ ဖြစ်ပြီး၊ အများစုဟာ အခုထက်ထိ ကျွန်မရဲ့ သူငယ်ချင်းကောင်းတွေ အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

အဲဒီအချိန်တွေနဲ့ အဲဒီသူငယ်ချင်းတွေအကြောင်း ပြန်စဉ်းစားမိတိုင်း ကျွန်မ ဒီနေ့ ဒါကြောင့် ဒီလိုနေရာမှာ ရှိနေတာပါလား ဆိုတာကို သတိပြုမိသွားပါတယ်။ ဒီလူတွေဆီက ကောင်းတဲ့ အရည်အချင်းတွေအကုန် ကျွန်မဆီ စုနေတာပါကလားရယ်လို့ ကျွန်မ တွေးမိပါတယ်။

သူတို့ဟာ ကျွန်မကို ကူတယ်၊ ကျွန်မကို ကယ်တယ်။ ကျွန်မရဲ့ ပျော်ရွှင်တဲ့ အချိန်၊ နိမ့်ပါးတဲ့ အချိန် သူတို့နဲ့အတူ မျှဝေခံစားလို့ ရတယ်။ ကျွန်မနဲ့ သူတို့အတူ ရှိကြတယ်။ သူတို့ အကူအညီလိုလည်း ကျွန်မ ကြိုးစားပြီး မရောက်ရောက်အောင် သွားခဲ့တယ်၊ အားပေးခဲ့တယ်။

နှစ်တွေလည်း လွန်ခဲ့ပါပြီလေ… ဒါပေမဲ့ သူငယ်ချင်းအများစုက ဒီအတိုင်းပဲ ရှိခဲ့တယ်၊ ကျွန်မကို နည်းပေး၊ လမ်းပြ၊ သင်ကြားပေးကြတုန်း ရှိသေးတယ်။ ကျွန်မအတွက် အကောင်းဆုံး သင်ခန်းစာတခု မှတ်မှတ်သားသား ဖြစ်ခဲ့တာကတော့ “လူတယောက်ဟာ ဖြစ်ချင်တာ ဖြစ်အောင် လုပ်နိုင်စွမ်း ရှိတယ်“ဆိုတာပါပဲ။

ဘယ်လို လုပ်နိုင်မလဲ၊ ကြိုးစားရင်းပေါ့… မဖြစ်မနေ ကြိုးစားရင်း… ကြိုးစားရင်း ဖြစ်သွားတာပေါ့။ တခါတခါတော့ ရည်မှန်းချက် မပေါက်မြောက်ဘူးဆိုတာ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ တကယ့်လိုရင်းက မဖြစ်ဖြစ်အောင် ကြိုးစားဖို့ပါပဲ…။

ကိုယ့်ကိုယ်ကိုယ် တိုးတက်ပြောင်းလဲနေအာင် ကြိုးစားပြီး၊ ရှေ့ကို အမြဲလှမ်းနေဖို့က သိပ်အရေးကြီးပါတယ်၊ ကိုယ်ချမှတ်ထားတဲ့ ရည်မှန်းချက်ကို မရောက်ဘူး ဆိုရင်တောင် ကြိုးစားခဲ့မှုကြောင့် အတွေ့အကြုံတွေ၊ သင်ခန်းစာတွေ၊ နည်းလမ်းတွေ သိလိုက်ရတယ် ဆိုတာကိုက အင်မတန် ၀မ်းမြောက်စရာပါ။ အရှုံးဆိုတာ အဆုံးသတ် မဟုတ်ပါဘူး၊ ရှေ့ဆက်ဖို့ တွန်းအားတရပ်သာ ဖြစ်ပါတယ်။

ဒီသင်ခန်းစာကို အမေ့ဆီကနဲ့ သူငယ်ချင်းတွေဆီကနေ ရခဲ့တာပါ၊ ဒီလို အသိမျိုးရအောင် ကူပံ့ခဲ့ကြတဲ့ အမေနဲ့ သူငယ်ချင်းတွေကို ကျွန်မ အလွန်တရာ ကျေးဇူးတင်ပါတယ်၊ အမှန်တကယ် ကျေးဇူးတင်ပါတယ်။

ဟူပီ ဂိုးလ်ဘာ့ဂ်

by Myo Tha Htet on Tuesday, 24 January 2012 at 18:45·

စင်ဒီ ကရောဖို့ဒ် (Cindy Crawford)

စင်ဒီ ကရောဖို့ဒ်
စင်ဒီ ကရောဖို့ဒ်ဟာ သဘာဝကျတဲ့ စူပါမော်ဒယ်တဦးဖြစ်ပြီး၊ အောင်မြင်နေတဲ့ ဖက်ရှင်မော်ဒယ်တွေ ကြားထဲမှာမှ တခေတ်တယောက် ထွန်းပေါက်ခဲ့သူ ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀ ကျော်ကြာ ကမ္ဘာ့ထိပ်တန်း မော်ဒယ်အဖြစ် ရှိခဲ့တာကြောင့် အလွန်အောင်မြင်သူလို့ ပြောနိုင် ပါတယ်။ သူ ကြော်ငြာတဲ့ အလှကုန်တွေ၊ ဖက်ရှင်၊ ကိုယ်ခန္ဓာ ကြံ့ခိုင်ရေး ပစ္စည်းတွေနဲ့ အိမ်သုံးပစ္စည်းတွေဟာ သုံးစွဲသူတွေကြားမှာ ယုံကြည်မှု ရပြီး ရောင်းကောင်းခဲ့ပါတယ်။

လမ်းညွှန်ဆရာများကို ကျေးဇူးတင် (Thanks for the Mentoring)

ကျွန်မဟာ ဘ၀မှာ ကံကောင်းခဲ့တယ်၊ ဘာဖြစ်လို့လဲဆိုတော့ အခုလို အောင်မြင်ခဲ့အောင် ဘ၀မှာ ကြုံခဲ့သမျှ သူတွေက ကျွန်မ မြင့်သထက် မြင့်၊ သာသထက် သာ၊ ချွန်သထက် ချွန်အောင် ကူညီအားပေး ထောက်ပံ့ခဲ့ကြလို့ပါ။

ဦးဆုံး ကျေးဇူးတင်ရမှာကတော့ ကျွန်မကို အမြဲနွေးထွေး အားပေး မြှင့်တင် ပေးခဲ့တဲ့ မေမေပါပဲ၊ မေမေ့ဆီက ရခဲ့တဲ့ မာတဲ့ စိတ်ဓာတ်၊ မေမေ့ရဲ့ သမီးအပေါ် အပြည့်အ၀ ယုံကြည်မှုနဲ့ မြှောက်ပင့်တွန်းထိုးတဲ့ အားတွေကြောင့်ပဲ ကျွန်မ အိပ်မက်တွေက လက်တွေ့ ဖြစ်လာခဲ့ ပါတယ်။

ဖေဖေနဲ့ကွဲကွာသွားချိန်မှာတောင်မှ မေမေဟာ ဘ၀အပေါ် လောကအပေါ် အကောင်းဘက်က တွေးမြင် ကြည့်ရှုတတ်သူပါ။ မေမေက ကျွန်မကို အဓိပ္ပာယ်ဖွင့်ဆိုချက် တခုနဲ့ အခုလို သင်ဖူးတယ်။ “အကောင်းဆုံး လုပ်တယ်ဆိုတာ မရှုံးနိမ့်အောင် ကြိုးစားတာပဲတဲ့။ အိမ်ကို အချိန်မရွေး ပြန်လာခဲ့တဲ့… မကြိုးစားတော့ဘူး ဆိုရင်တော့ ရှုံးပြီလို့ မှတ်တဲ့…“ မေမေက အဲဒီလို ပြောခဲ့တယ်။

ဖေဖေကလည်း ကျွန်မအပေါ် တော်တော်လွှမ်းမိုးမှု ရှိခဲ့ပါတယ်၊ သင်ယူလိုစိတ်ရှိဖို့နဲ့ ရည်မှန်းချက်ကြီးဖို့ အဖေ့ဆီက ကျွန်မ အမွေရလိုက်တယ်။ ကျွန်မကို ဖေဖေ အမြဲမြှောက်ပေးတာက မိန်းကလေးတွေဟာ ယောက်ျားလေးတွေနဲ့ တန်းတူ ဒါမှမဟုတ် ပိုပြီးတောင် စွမ်းဆောင်နိုင်ရည် ရှိတယ်လို့ ပြောပေးနေခဲ့တာပါပဲ။

ကျောင်းနေစဉ်တုန်းကလည်း အတန်းတိုင်းမှာ ဆရာကောင်းတွေနဲ့ချည်း ဆုံဆည်းခွင့် ရခဲ့ခြင်းကလည်း ကျွန်မ ကံကောင်းတာပါပဲ၊လေးတန်းတုန်းက ကောလိပ်ကျောင်းသူတယောက် ကျွန်မတို့ ကျောင်းမှာ ဆရာမ လာလုပ်တုန်းက သူက အတန်းထဲက ကျောင်းသားတွေကို နာမည်ပြောင်လေးတွေ ပေးတယ်။ ဆရာမက ကျွန်မကိုတော့ “အနာဂတ် မယ်အမေရိက“တဲ့။

ဆရာမက ကျွန်မတို့ ဇာတိမြို့လေးရဲ့အပြင်ဘက်မှာ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်နိုင်တဲ့ အပြောကျယ်တဲ့ ကမ္ဘာကြီး ရှိတယ်ဆိုတာကို သဘောပေါက်အောင် ပြောပြခဲ့တယ်။

ကဲကုလသင်္ချာသင်တဲ့ မစ္စတာ ဟဲလ်ဗာဆင် (Halvorson) က တကယ်တော်တဲ့ ဆရာပါ။ ဆရာ့ကို ကြောက်လည်း ကြောက်ရတယ်၊ သူငယ်ချင်းလိုလည်း ပေါင်းလို့ရတယ်။ ဆရာကလည်း ကမ္ဘာကြီးဟာ ကျွန်မတို့ ရပ်ကွက်ထက် အများကြီး ကြီးကျယ်ကြောင်း စိတ်ဝင်စားဖွယ်ရာတွေနဲ့ ပြောပြတယ်။ ဆရာပြောပြတာတွေက တက်ကြွ၊ စိတ်လှုပ်ရှားဖို့ ကောင်းပြီး အနာဂတ် ခန့်မှန်းချက်တွေလည်း ပါပါတယ်။

ဆရာ ဟဲလ်ဗာဆင် သင်ပေးတဲ့ အကောင်းဆုံး သင်ခန်းစာကတော့ “ဘ၀မှာ သင်ယူရတာ ပျော်စရာ ကောင်းပါတယ်“တဲ့။

ကျွန်မရဲ့အလုပ် မော်ဒယ်လ်လောကကို ပြန်ကြည့်မယ် ဆိုရင်တော့ နှစ်အလိုက် အများကြီး ပြောင်းလဲခဲ့ပြီး အဲဒီ အပြောင်းအလဲ အရွေ့ထဲမှာ ကျွန်မလည်း အပ်ကျမပ်ကျ ပါခဲ့တယ် ဆိုတာပါပဲ။

ရှီကာဂိုက ဓာတ်ပုံဆရာ ဗစ်တာ ရွှင်ဗန်းစကီး (Victor Skrebneski) ဟာ ကျွန်မဘ၀ထဲက လူများစွာအနက် ကျွန်မကို ထိပ်တန်း ရောက်အောင် တွန်းပို့ခဲ့သူ တယောက် ဖြစ်ပါတယ်။ ကျွန်မ ၁၈ နှစ် သမီးမှာပဲ ကျွန်မရဲ့ အစွမ်းအစကို သူ သတိထားမိခဲ့ပြီး တဘ၀စာ အကြံဥာဏ်တွေ၊ အတွေးအခေါ်တွေ ကျွန်မကို ပေးခဲ့ပါတယ်။

ပထမဆုံး ဗစ်တာ ကျွန်မကို ပြောတာက မော်ဒယ်အလုပ်ဆိုတာ ပရော်ဖက်ရှင်နယ် အလုပ်တခု ဖြစ်တယ်၊ ဘ၀နေမှု စတိုင်လ်တခု မဟုတ်ဘူးတဲ့။ ဒုတိယတခု စိတ်ထဲစွဲအောင် ပြောတာက မော်ဒယ်ရဲ့အလုပ်က ကိုယ်ဝတ်ပြတဲ့ ဒီဇိုင်နာရဲ့အ၀တ် လူစွဲအောင် အကောင်းဆုံး ၀တ်ပြဖို့ လိုတယ်တဲ့။

ဒီတော့ ဗစ်တာ ပြောတာကို ချုပ်ရရင် မော်ဒယ်ဆိုတာ အလုပ်၊ ကိုယ့်ကိုယ်ကိုယ် ကြော်ငြာနေသူ မဟုတ်ဘူး… ကျွန်မ တခါထဲ စွဲသွားခဲ့ပါတယ်။

ကျွန်မ အသက် ၂၀ မှာတော့ ပိုအောင်မြင်တဲ့ အဆင့်ကို တက်လှမ်းနိုင်ဖို့ နယူးယောက်ခ်ကို လာခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မဟာ ထိုက်သင့်တဲ့ အသိရော၊ သင်ခန်းစာတွေပါ ရှိနေခဲ့ပြီ။ ကျွန်မဟာ စိတ်ကမ်းရှိတယ်၊ အချိန်တိကျတယ်၊ အကောင်းဆုံးလုပ်တယ်။ အဲဒီ အရည်အချင်းတွေရှိရင် စင်ဒီ ကရောဖို့ဒ်လို့ မှတ်ပါ။ အလုပ်ကောင်းကောင်းလုပ်ရင် ၀င်ငွေကောင်းကောင်း ရတာပါပဲရှင်…။

ကျွန်မဘ၀မှာ လူတော်၊ လူထက်၊ လူချွန်တွေနဲ့ချည်း တွေ့ခဲ့၊ ကြုံခဲ့၊ အတူလက်တွဲ အလုပ်လုပ်ခွင့် ရခဲ့တာကြောင့် ကျွန်မ ကံကောင်းတယ်လို့ ပြောခဲ့ပါတယ်။ သူတို့တွေရဲ့ ကျွန်မအပေါ် လွှမ်းမိုးမှုတွေ၊ အခွင့်အရေးပေးမှုတွေ၊ တွန်းအားတွေကြောင့် ကျွန်မ အရည်အချင်းတွေ တိုးပြီး အောင်မြင်မှုတွေ ဆင့်ကဲရခဲ့ပါတယ်။

အားပေးထောက်ပံ့မှုတွေ၊ တန်ဖိုးရှိတဲ့ အကြံဥာဏ်နဲ့ ခွန်အားတွေ ကျွန်မလိုတဲ့ အချိန်တိုင်း မရခဲ့တဲ့ နှစ်ဆိုတာ တနှစ်မှ မရှိခဲ့ပါဘူး။ ဒီလူတွေကြောင့်ပဲ ဒီကနေ့ ကျွန်မ စင်ဒီ ကရောဖို့ဒ် ဖြစ်လာခဲ့တာပါ။

စင်ဒီ ကရောဖို့ဒ်