Category: အတွေးအခေါ်


by Myo Tha Htet on Wednesday, 8 February 2012 at 08:47·

ပညာတတ်တဲ့သူက ကြောင်တယ်၊ ပညာမဲ့သူက ကြောက်တယ်၊ ပညာမတတ်တတ်က ကြဲတယ်။ အကျယ်ရှင်းပါဦးအံ့… ပညာတတ်တဲ့သူက သူ့တတ်သလောက်ကိုပဲ တော်တော်ကြီးတတ်ပြီလို့ မှတ်ပြီး တခုခုဆို အဲဒီတတ်တဲ့ ပညာတွေနဲ့ ချိန်စက် ဆင်ခြင်နေရတော့ အလုပ်က မတွင်တော့ဘူး၊ မပြတ်ဘူး ဖြစ်တတ်တယ်။ ဒါကြောင့် ကြောင်တယ်လို့ ပြောတာပါ။ အခု ကျွန်တော် ပြောတာက ယေဘူယျ သဘောပါ၊ ပညာတတ်ပေမယ့် အလုပ်ဖြစ်တဲ့၊ အလုပ်ပြတ်တဲ့၊ သဘောရှင်းတဲ့ လူတွေလည်း ဒုနဲ့ဒေးပါပဲ။

ပညာမဲ့က ကြောက်တယ် ဆိုတာကတော့ အထူးရှင်းစရာ မလိုဘူး ထင်ပါတယ်။ ပညာမဲ့သူ အများစုက သိမ်ငယ်တတ်တယ်၊ လူတော မတိုးရဲဘူး၊ မပြောမဆိုရဲဘူး။ ပညာမဲ့သူတချို့က ရိုးသားတယ်၊ ဒါကိုပဲ တချို့က အသုံးချသွားတတ်ကြတယ်။ သူတို့က ကိုယ့်အခွင့်အရေး၊ ကိုယ်ရပိုင်ခွင့်ကိုတောင် မတောင်းဆို၊ မတင်ပြရဲဘူး။ ဥပဒေပါ အခွင့်အရေးတွေ၊ အခြေခံ လူ့အခွင့်အရေးတွေကို မလေ့လာ၊ မဖတ်ရှုဘူးတော့ နားမလည်ကြဘူး။ ဒီတော့ ကြောက်ကြတယ်။ ဒါကလည်း အကြမ်းသဘောပါ၊ ပညာမတတ်ပေမယ့် ရဲသမှ တောက်တောက်ထွန်းလို့ ဆိုရမယ့်သူတွေလည်း အများကြီးမှ အများကြီး…။

ပညာမတတ်တတတ်က ကြဲ ဆိုတာကတော့ ထင်တိုင်းကြဲတတ်တာကို ပြောတာပါ။ သူက နည်းနည်းသိနေတော့ ပညာမဲ့လောက်လည်း မကြောက်ဘူး၊ တတ်သလားဆိုတော့ ပညာတတ်လောက်လည်း မတတ်ဘူး၊ ဒါကြောင့် မကြောင်ဘူး။ မကြောက်လည်း မကြောက်၊ မကြောင်လည်း မကြောင်ဘူးဆိုတော့ ထင်တိုင်းကြဲတော့တာပါပဲ။ စကားပုံအရဆိုရင်တော့ ငါ့လှေငါ့ထိုး သမားတွေ၊ ငါ့မြင်းငါ့စိုင်းဆိုတဲ့ သူတွေပေါ့။ သူတို့က မြန်မာပြည်မှာဆို လူတန်းစားတရပ်နဲ့ကို ရှိတယ်လို့ ပြောလို့ရပါတယ်။ စဉ်းစားကြပါကုန်…။

ပညာတတ်နဲ့ ပညာမဲ့တို့ အလုပ်ဖြစ်ပုံနဲ့ မဖြစ်ပုံကို ကျွန်တော် ငယ်ငယ်ကထဲက ခဏခဏ စဉ်းစားမိပြီး၊ အခုထက်ထိတိုင်လည်း မှန်နေဆဲလို့ ထင်တဲ့အကြောင်းအရာ တခုရှိပါတယ်။ ရပ်ကွက် ဆွမ်းသိမ်းပွဲ၊ ဆွမ်းလောင်းပွဲနဲ့ လွတ်လပ်ရေးပွဲ ကျင်းပချိန်တွေမှာပါ။ အဲဒီပွဲတွေကို မှန်မှန်ကန်ကန်နဲ့ တရပ်လုံးပါပြီး ဒါနပြုကြ၊ ပူးပေါင်းဆောင်ရွက်ကြ၊ ပျော်ကြရွှင်ကြအောင် အာကျယ်ပါကျယ်နဲ့ ဦးဆောင် ဦးရွက်ပြု လုပ်ဆောင်သွားကြတာက ကျွန်တော့် အမြင်မှာ ပညာမတတ်တဲ့သူတွေ၊ သာမန်လက်လုပ်လက်စားတွေ၊ ဆိုက္ကားသမားတွေပါ။

ကျွန်တော်က ကျွန်တော့်ကိုယ်ကျွန်တော် ပညာတတ်လို့ (ပညာတတ်တို့ သဘောအတိုင်း) သတ်မှတ်ထားလေတော့ ဒီပွဲတွေလောက်က ငါ့နဲ့ မတန်လောက်ပါဘူးလို့ ထင်ခဲ့ပါတယ်။ ဒီတော့ ဘာမှ မပါခဲ့ပါ။ မပါလို့ ပြီးရောပေါ့လို့… ပြောလိုက်လို့ ရပါတယ်။ မပြီးသေးပါဘူး။ ပညာတတ်တို့ ထုံးစံအတိုင်း ဒီအတိုင်း မနေပါဘူး။ တတ်သလောက် မှတ်သလောက်လေးနဲ့ ဝေဖန် လေကန်ရေး လုပ်ပါတယ်။ ဟာကွာ… ဒီကောင်တွေ အော်လံကြီးကို ဘယ်လို လှဲ့ထားတယ်၊ မိုက်ကရိုဖုန်းကို ဘယ်လို သုံးနေတယ်၊ အလှူငွေ ကောက်တာက ပုံစံ မကျဘူး။ ဆွမ်းလောင်းတဲ့ ပုံစံအမှန်က ဘယ်လို ဖြစ်သင့်တာ… ဆုကြေးငွေ ခွဲဝေပုံက နည်းလမ်း မမှန်ဘူး စသဖြင့် ကျွန်တော် တောက်လျှောက်ကို သူတို့ လုပ်တာတွေ ကြည့်ပြီး ကိုယ့်ဘာသာ သုံးသပ်လို့ ဝေဖန်နေခဲ့ပါတယ်။

တကယ်က ကျွန်တော် အဲဒီလို ဝေဖန်သလို တကယ်လည်း လမ်းသူလမ်းသားတွေနဲ့အတူ ရပ်ကွက်သူ ရပ်ကွက်သားတွေနဲ့အတူ ကိုယ်တတ်တဲ့ အကြံကို တင်ပြလို့ ပါဝင် ဆောင်ရွက်သင့်ပါတယ်။ အကြံပေး၊ လမ်းပြလို့ ဖြစ်နိုင်ရင် ခုန ပြောခဲ့တဲ့ မတတ်တဲ့သူ၊ မသိတဲ့ သူတွေက လက်ခံလို့ ကိုယ့်ကို ခေါင်းဆောင်တင်ခဲ့ရင်လည်း ဦးဆောင် လုပ်ကိုင်ပြသင့်ပါတယ်။ သူတို့တွေလည်း နည်းမှန်လမ်းမှန် တတ်သွားအောင် သင်ပေး ပြပေးသင့်ပါတယ်။ ဒါပေမဲ့ ပညာတတ်ကြီးလို့ ကိုယ့်ကိုယ်ကိုယ် ထင်ခဲ့တဲ့ ကျွန်တော် နှစ်တိုင်း ဝေသာဖန်တယ်၊ တခါမှ မပါဝင် မလုပ်ခဲ့ဖူးပါ။ နိုင်ငံအဆင့် ကြီးကျယ်မှသာ ၀င်ပါမယ်လို့ ထင်တလုံးနဲ့သာ ရှိနေခဲ့ဆဲပါပဲ။ ဒါဟာ အင်မတန်ကို အောက်ခြေကျတဲ့ ရပ်ရေးရွာရေး၊ အခြေခံ နိုင်ငံရေးမှာတောင် ပညာတတ်တယောက် အနေနဲ့ ခေါင်းရှောင်ခဲ့၊ ကြောင်ခဲ့တဲ့ အဖြစ်တခုပါ။

အခြေခံနိုင်ငံရေးက တက်လိုက်လို့ လူထု တရပ်လုံး အခြေပြုရတဲ့၊ လူထုတရပ်လုံး ထောက်ခံမှုနဲ့ အစိုးရဖွဲ့စည်း လုပ်ကိုင်မှုတွေကိုလည်း တချက်ကြည့်ကြပါဦးစို့… နိုင်ငံတနိုင်ငံကို ဦးဆောင်လို့ လူထုတွေကို ဘယ်လို အုပ်ချုပ်နိုင်ပါသလဲ။ အခြေခံဥပဒေပါအတိုင်း အဖွဲ့အစည်းတွေနဲ့ အာဏာသုံးရပ်ခွဲဝေ အုပ်ချုပ်တာက တပိုင်းပါ။ တိုင်းပြည်တိုးတက်ဖို့ စနစ်တကျ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေမှာ လူထုကို လှုံ့ဆော်စည်းရုံးလို့ ဒါမှမဟုတ် လူထုတရပ်လုံး ပါဝင်လာဖို့ နည်းနှစ်နည်းနဲ့ လုပ်ကိုင် ဆောင်ရွက် မောင်းနှင်နိုင်ပါတယ်။

တခုက အာဏာသုံး အမိန့်ပေး၊ ခိုင်းစေ ဆောင်ရွက်မှုပါ၊ လူထုက အမိန့်အာဏာဆိုတော့ ကြောက်တော့ ပြောတဲ့အတိုင်း လုပ်ရတာပေါ့။ မလိုက်နာရင် နောက်ဆုံး သေဆုံးတဲ့အထိ ဒုက္ခရောက်နိုင်တာကိုး… နောက်တနည်းကတော့ လူထုရဲ့ ထောက်ခံမှု၊ ချစ်ခင်မှုနဲ့ ပြောဆို စည်းရုံးရတာမျိုးပါ။ ဒါကျတော့ လူထုက တကယ်ချစ်တဲ့၊ နှစ်နှစ်ကာကာကို ထောက်ခံတဲ့ ခေါင်းဆောင်မျိုးတွေမှ စွမ်းနိုင်တာမျိုးပါ။

အာဏာရှိသူကျတော့ ပညာတတ်၊ ပညာမဲ့၊ ပညာမတတ်တတတ် ဘယ်သူမဆို အာဏာရှိရင် ဆောင်ရွက်နိုင်ပါတယ်။ ဒီလိုပါပဲ လူထု ချစ်ခင်သူ ခေါင်းဆောင်ကလည်း ပညာတတ်လည်း ဖြစ်နိုင်သလို ပညာမဲ့နဲ့ ပညာမတတ်တတတ်လည်း ဖြစ်နိုင်ပါတယ်။ ဒီနေရာရောက်မှ နည်းနည်း ထပ်ရှင်းလိုတာက “ပညာ“ကို ဒီဆောင်းပါးမှာ ဆိုလိုတာက ဆင်ခြင်နိုင်တဲ့ ပညာ၊ ထိုးထွင်းသိတဲ့ ပညာထက် အတန်းပညာ၊ ကျောင်းပညာ၊ တက္ကသိုလ်တွေမှာ စနစ်တကျ သင်ကြားခဲ့ရတဲ့ ပညာမျိုးကို ဆိုလိုပါတယ်။ ယေဘူယျအနေနဲ့တော့ အတန်းပညာကို ဆိုလိုကြောင်းပါ။

ပညာတတ်ဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပညာတတ်လို့ ထင်နေသူ ဒါမှမဟုတ် တက္ကသိုလ်ကြီးတွေမှာ စနစ်တကျ သင်ခဲ့ရသူတွေကို ဆိုလိုပါတယ်။ ပညာမတတ်တတ်ကတော့ တက္ကသိုလ်ပညာတော့ သင်ခဲ့ရတယ်၊ ဒါပေမဲ့ ဘာသာရပ်တခုကို စနစ်တကျ သင်ခဲ့ရသူတွေ မဟုတ်ဘူး။ ဘွဲ့၊ ဒီဂရီတွေ ရချင်တော့ ရမယ်၊ သေချာ စနစ်တကျ မတတ်လို့ ပညာမတတ်မတတ်လို့ ဆိုလိုပါတယ်။ ပညာမဲ့ကတော့ အခွင့်အရေး မရလို့ဖြစ်ဖြစ်၊ မကြိုးစားခဲ့လို့ပဲဖြစ်ဖြစ်၊ အခြားအခြေအနေ အကြောင်းတခုခုကြောင့်ဖြစ်ဖြစ် အတန်းပညာ မရလိုက်သူ ဒါမှမဟုတ် တက္ကသိုလ်တခုခုက ဘွဲ့မရလိုက်သူကို ဆိုလိုပါတယ်။

ဆက်ပါဦးမယ်…။ အာဏာနဲ့ ခိုင်းစေတာနဲ့ လူထုရဲ့ချစ်ခင်မှုကို ရယူဆောင်ရွက်သူတွေရဲ့ လူထုပါဝင်ဆောင်ရွက်မှုကို စေခိုင်းတာကို ဥပမာတခုနဲ့ ပြောပြချင်ပါတယ်။ လူထု ချစ်ခင်မှုကို ရထားတဲ့ သူက လူထု စည်းဝေးပွဲတခုမှာ ဆိုပါတော့… သူက စင်မြင့်ထက်ကနေ ဟောပြောမယ်၊ အောက်က ပရိသတ်က မီတာ ၁၀၀ ပတ်လည်ရှိတဲ့ လူထုဆိုပါတော့ (ပေ ၃၀၀ ကျော် ပတ်လည် ရှိတဲ့ အုပ်စုလို့ မျက်စိထဲ မြင်ပေးပါ)။

လူထုချစ်ခင်မှုကို ရထားတဲ့သူက တခွန်းပဲ ပြောပါတယ်။ “ရှေ့ကလူတွေက နောက်ကလူတွေ မြင်ရအောင် ထိုင်ပေးကြပါ၊ ရှေ့ကလူက နောက်ကလူကို ညှာပါ“။ လူထုက ချစ်တဲ့သူက အဲဒီလို ပြောတော့ လူထုက ချက်ချင်းပဲ ထိုင်လိုက်ကြတယ်၊ ဟုတ်တယ် သူပြောတာ မှန်သားလို့လည်း တွေးမိကြတယ်။ အဲ… အာဏာရှိသူက ပြောမှာကလည်း ရှင်းပါတယ်။ ရှေ့ကလူတွေ ထိုင်ကြကွာ…၊ ဒါပဲ။ သူ့ကျတော့ ကြောက်တော့ ထိုင်ရတာပေါ့။ အာဏာရှိကြောင်း ပြတဲ့ သင်္ကေတတွေ ပါတယ်ဆိုရင် ပိုတောင် မြန်မြန်ထိုင်လိုက်ကြဦးမယ်။

လူထုလည်း မချစ်၊ အာဏာလည်း မရှိတဲ့ ပညာတတ်ဆိုရင်တော့ (နောက်တာ မဟုတ်ပါဘူး၊ သူ ဒီလို ပြောနိုင်ပါတယ်)။ “ခင်ဗျားတို့ စဉ်းစားကြည့်ပါ၊ မြင်ကွင်းတခု ဆိုတာက မီတာ ၃၀ ကျော် (ပေ ၁၀၀ လောက်) ဆို ၀ါးသွားတတ်ပါတယ်။ နောက်ပြီး လူတွေက သိပ်ပူးကပ်ပြီး တဆက်ဆက်တည်း ရှိနေရင် လေ၀င် လေထွက်ကလည်း မကောင်းတတ်ပါဘူး။ ဒီတော့ ကျွန်တော့် သဘော ပြောရရင်… လိုက်နာဖို့ကလည်း အင်မတန် သင့်တယ်လို့ မှတ်ပါတယ်… ကျန်းမာရေးအရလည်း မူးမော်တာတွေ၊ လဲကျတာတွေလည်း အများကြီး လျော့သွားနိုင်ပါတယ်။ ဒါကြောင့် စင်ကနေ မီတာ ၃၀ တွင်း (ပေ ၁၀၀) လောက်က လူတွေကတော့ ထိုင်လိုက်သင့်ပါတယ်။ ဒါဟာ မှန်ကန်ပါလိမ့်မယ်“

ကဲ… သူ ပြောတာ မမှန်ဘူးလား၊ ပညာတတ် နည်းလမ်း မကျဘူးလား။ လူထုအတွက် မကောင်းဘူးလား။ စည်းမျဉ်း ဥပဒေ ကျင့်ထုံးနဲ့ မညီဘူးလား။ သူလည်း ဒါမျိုးပဲ သင်ခဲ့ရတယ်လေ။ ဒါပေမဲ့ လူထုအတွက်တော့ အင်မတန် စိတ်ညစ်စရာ ကောင်းမယ်လို့ ထင်ပါတယ်။ ပညာတတ်ဆိုသူက ကိုယ့်ကိုယ်ကိုယ် ပညာတတ်လို့ ထင်ထားတဲ့ ကျွန်တော့်ကို အဲဒီလို လာပြောရင်တောင် ကျွန်တော်တော့ ကြိုက်မှာ မဟုတ်သလို လိုက်နာဖို့လည်း တက်ကြွမိမှာ မဟုတ်ပါဘူးလို့ တွေးမိတာပါပဲ။

ဒီတော့ အဆုံးမသတ်ခင် ကျွန်တော် မေးခွန်းလေးတခု မေးချင်ပါတယ်။ အသိဥာဏ်ရှိတဲ့ လူထုကို ဘယ်လိုလူတွေက စည်းရုံး အုပ်ချုပ်သင့်ပါသလဲ။ အခုလို အခွင့်အလမ်းတွေ ပေါကြွယ်ဝနေတယ်လို့ ပြည်တွင်းကရော ပြည်ပကပါ သုံးသပ်လို့ မြန်မာပြည်ထဲကို ဥဒဟို ၀င်ထွက်လာတဲ့ (ဟိုတယ်တွေတောင် ဘွတ်ကင် အမြဲပြည့်နေတဲ့) မြန်မာပြည်ကြီးမှာ မြန်မာလူထုကို ပညာတတ်၊ ပညာမဲ့၊ ပညာမတတ်မတတ် ဘယ်သူတွေက အုပ်ချုပ်သင့်တယ်၊ ဘယ်လိုပုံ အုပ်ချုပ်သင့်တယ်လို့ ထင်မှတ်ကြပါသလဲဗျာ။ ကြောင်၊ ကြောက်၊ ကြဲတွေနဲ့ ဘယ်လို စခန်းသွားသင့်ပါသလဲ။ ကျွန်တော်ကတော့ တနေ့တနေ့ ကြောင်တောင်တောင်နဲ့ စဉ်းစားမိနေဆဲပါ။

၂၀၁၂ ဖေဖော်ဝါရီ ၈၊ ဗုဒဟူး။ မွန်းလွဲ နှစ်ချက်တီး။

ဘန်ကောက်။

မြင့်မောင်က နှုတ်ခမ်းကြီးကို စူထားလိုက်တယ်၊ သူတခုခုကို မကျေနပ်ရင် ဒါမှမဟုတ် လေးလေးနက်နက် စဉ်းစားစရာရှိရင် အဲဒီလိုမျိုး လုပ်တတ်တယ်။ အခုရော… စိတ်ဆိုးနေတာလား၊ စဉ်းစားနေတာလား။

ပြဿနာက သူက မျက်နှာတည်ကြီးနဲ့လည်း နေတတ်တယ်၊ တခါတခါတော့ ကွယ်လွန်သူ ရုပ်ရှင်မင်းသားကြီး ၀င်းဦးလိုလို အိုက်တင် လုပ်တတ်ပြန်သေးတယ်။ ဟန်ပန်က အစ လက်ကလေးပင့်၊ ကိုယ်လုံးလေး ၀င့်ပြီး လုပ်ပြတတ်တယ်။ စကားပြောရင်လည်း နည်းနည်းခေါချင်နေတဲ့ အပေါ်သွားတွေကို အပေါ်နှုတ်ခမ်းနဲ့ပဲ လုံအောင်ကာပြီး မပွင့်တပွင့် ပြောတတ်တော့ သူ့ကြည့်ရတာ ၀င်းဦးကို အတင်းကြီးရော အဓမ္မပါ တုပသလို ဖြစ်နေသေးတော့တယ်။

တခါ မြင့်မောင်က တကယ်တော့ ဘာကြောင့်မှန်း မသိပါဘဲ အင်္ဂလိပ် ပရီးမီးယားလိဂ်က ချယ်လ်ဆီးအသင်းကို အားပေးတယ်။ ပထမတော့ မော်ရင်ဟို မန်နေဂျာ လုပ်တုန်းက သဘောကျပြီး အားပေးခဲ့တာလို့ ပြောတတ်ပါတယ်။ နောက်တော့လည်း မော်ရင်ဟို မရှိပေမယ့်လည်း သူ ချယ်လ်ဆီးကိုပဲ ဆက်အားပေးနေတာပါ။

ချယ်လ်ဆီး ကစားသမားတွေက တွန်းတွန်းတိုက်တိုက် ကစားလို့များလား…။

အဲဒါက နှုတ်ခမ်းကြီး စူထားတဲ့ မြင့်မောင် စဉ်းစားနေတဲ့ အကြောင်းလား…။

မြင့်မောင်က အရပ်ကလန်ကလားနဲ့ ငယ်ငယ်ကတည်းက ဘောလုံးကန်ခဲ့တယ်၊ လူချတယ်၊ ကြမ်းတယ်။ သူကစားတာက အကွက်လည်း သိပ်တော့ မရှိပါဘူး။ ပြေးတယ်၊ ကန်တယ်၊ နင်းတယ်၊ ကျော်တယ်၊ အရပ်ရှည်တာကို အခွင့်အရေး အနေနဲ့ သုံးပြီး တွန်းတွန်းတိုက်တိုက် ကစားတာပါပဲ။ ဥာဏ်မပါပါဘူး… မလှပါဘူး။ အဲ… အဲဒီလို ကစားရတာကိုပဲ သူ့ဟာသူတော့ ပျော်နေတတ်တယ်။

အခုတော့ အသက်ကြီးလာတဲ့ မြင့်မောင်တယောက် နည်းနည်းပါးပါး ပြေးရလွှားရတာကိုပဲ မောတတ်နေပါပြီ၊ ဘောလုံးကန်ဖို့ ဆိုတာကတော့ ဝေလာဝေးပေါ့လေ…။ ဒါပေမဲ့ မြင့်မောင်က နည်းနည်းလည်တော့ ဘောလုံးပွဲ ကြည့်တာပေါ့… ဘောလုံးပွဲမှ သူက အင်္ဂလိပ် ပရီးမီးယားလိဂ်ကို ကြည့်ပါတယ်။

အားပေးတာကတော့ ခုန ပြောသလို တွန်းတွန်းတိုက်တိုက် ကစားတတ်တဲ့ ချယ်လ်ဆီးအသင်း… နည်းနည်းကြမ်းတဲ့ အသင်းပေါ့။ ပြီးတော့ အဲဒီ အသင်းက သူကြိုက်တဲ့ အရောင်ဖြစ်တဲ့ အပြာရောင် အင်္ကျီဝတ်ပြီး ကစားကြတယ်။

မြင့်မောင်က နှုတ်ခမ်းကြီး စူထားဆဲပါပဲ… တခုခုကို မကျေနပ်နေပုံတော့ ရပါတယ်။ လူတွေဟာ ပျော်နေချိန်မှာ မပြုံးတောင် ကြည့်ပျော် ရှုပျော် ရုပ်ခံရှိတတ်ကြတယ်မို့လား၊ အခုက နှုတ်ခမ်းကြီး ထော်လို့ စူထားတော့ မြင့်မောင် ပျော်နေတာ မဟုတ်ဘူး ဆိုတာကတော့ သိသာပါတယ်။

ရုပ်ကလည်း နဂိုကထဲကမှ ကြည့်ကောင်းလှတဲ့သူ မဟုတ်တော့ မြင်ယောင်သာ ကြည့်လိုက်စမ်းပါဗျာ… ဘယ်လိုမှ မလှတဲ့ရုပ်… သနားစရာ ကုလားမသာလို့တောင် ပြောလို့ မရပါဘူး။

သူ စဉ်းစားနေတာကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဘာတဲ့… ဘောလုံး ဖျောက်ပြီး လူတွေ တွန်းတွန်းတိုက်တိုက် လုပ်နေကြတာ ဘာကြောင့်လဲဆိုလား။

ဘောလုံးကွင်းဆိုတဲ့ သတ်မှတ်စည်းကမ်းနဲ့ သတ်မှတ်ဧရိယာရှိတဲ့ နေရာတခုမှာ ဘောလုံးဆိုတဲ့ မြင်သာတဲ့ အရာတခုကို အားထုတ်မှုရှိတဲ့ ပြေးလွှား လုယူမှု ပေါင်းထည့်ပြီး ရည်ရွယ်ချက်ဆိုတဲ့ ဂိုးထဲရောက်အောင် (ဒါမှမဟုတ် မရောက်အောင် မ၀င်အောင်) ခြေညီ အားညီ ကြိုးစားနေကြတာကို ဘောလုံး ဖျောက်ကြည့်လိုက်တော့ ဘယ်လို ဖြစ်သွားမလဲဆိုတာ…။

နည်းနည်းတော့ ဂေါက်ပါတယ်ဆိုတာကတော့ အထူး ပြောစရာတောင် မလိုတော့ပါဘူး။ ဒါပေမဲ့ တချို့နေရာတွေမှာ တချို့အချိန်တွေမှာ တချို့ လူတွေဟာ အဲဒီလို တွန်းတွန်းတိုက်တိုက် လုပ်နေကြသလားလို့ မြင့်မောင်က စဉ်းစားတာ…။

အလဲ့… တယ်ဟုတ်ပါလားလို့တော့ အတွေးမစော၊ အချီးကျူး မစောလိုက်ပါနဲ့…။ သူ စဉ်းစားတာက ဟုတ်မလိုလိုနဲ့ မဟုတ်ပါဘူး။ တကွက် လိုနေပါသေးတယ်။

တွန်းတယ် တိုက်တယ် ဆိုတာက ဘောလုံးကစားနည်း တခုတည်းမှာမှ ရှိတာမှ မဟုတ်တာလေ… ဒီတချက်ကို မြင့်မောင် ချော်တွေးနေတာက ပြဿနာတခုပါ။ သူ့မှာက ဘောလုံးအတွေ့အကြုံလောက်သာ ခိုင်ခိုင်မာမာ ရှိနေတာကိုး…။

တချို့ကိစ္စတွေက ဘောလုံးပွဲမှ မဟုတ်တာ…။

ဒီနေရာမှာ တွန်းတွန်းတိုက်တိုက်ဆိုတဲ့ စကားလုံးကိုယ်၌ကိုက စိတ်ဝင်စားဖို့ မကောင်းဘူးလားဗျာ။

တွန်းတယ်… ရွေ့အောင်လုပ်တာ၊ ဖယ်ပစ်တာ၊ သူများကို ဒုက္ခရောက်အောင်လုပ်တာ၊ အားထည့်လုပ်တာ… ဒီလိုတွေ ရှိတယ်မဟုတ်လား။

တိုက်တယ်ဆိုတာကတော့ ရှင်းပါတယ်။ တိုက်ခိုက်တာ၊ ထိုးတာ၊ တွန်းပစ်တာ၊ မညီညွတ်အောင်လုပ်တာ၊ ဒုက္ခပေးတာ၊ တည့်တည့်တိုးတာ ဆိုတော့ နည်းနည်းတော့ ပြင်းထန်တဲ့ အဓိပ္ပာယ်တွေ ရှိနေတာပေါ့လေ။

တကယ်တော့ မြင့်မောင်က တွန်းတွန်းတိုက်တိုက် ဆိုတာကို ကစားတာမှာ ကြိုက်ခဲ့သူပဲ… ဒါဆို ဘယ်အရာမှာ မကြိုက်တာလဲ…။

ဝင်းဦးနဲ့တူအောင် တခါတခါ လုပ်တတ် ပြောတတ်တဲ့ မြင့်မောင်ကတော့ နှုတ်ခမ်းကြီးကို စူထားဆဲပါပဲ…။

ဘယ်လိုမှ ကြည့်လို့ မကောင်းပုံများလေ…။

ပြချင်လိုက်တာဗျာ…။

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်။
မနက် ၁ နာရီ၊ ဘန်ကောက်။

အမေက ချစ်ရည်လျှမ်းတဲ့ မျက်လုံးတွေနဲ့ ၀အောင်ကြည့်ပြီး ခေါ်လိုက်တဲ့ နာမည်ကြားရတိုင်း အေးမင်း အမေ့ကို အလွန်စိတ်ဆိုးပါတယ်။ ဟုတ်တယ်လေ… သူ့ကို ဘာကြောင့် ဒီနာမည်ကြီး လာလာခေါ်နေမှန်းကို မသိဘူး၊ ကြားရတဲ့ တခြားအိမ်သားတွေကလည်း သူ မကြိုက်မှန်း သိလို့ ၀ါးလုံးကွဲ မရယ်တောင် ပြုံးစိစိတော့ လုပ်ကြတာချည်း။ ဘာတဲ့… မြောက်အိုးကွဲတဲ့။

ခက်တော့လည်း ခက်ပါတယ်၊ စိတ်ညစ်လို့ ပြောမိတာပါ။ အေးမင်းတို့ ဆွေမျိုးသားချင်းတသိုက် နေထိုင်ကြတဲ့ နှစ်ဆောင်ပြိုင် ပျဉ်ထောင် အိမ်ကြီးရဲ့ နောက်ဖေး မီးဖိုဆောင် အကူးနေရာမှာ သောက်ရေအိုး နှစ်အိုး ချထားပါတယ်။ ကလေးအိုး၊ လူကြီးအိုး ခွဲခြားတာ မဟုတ်ပါဘူး။ မိသားစုများလို့ သောက်ရေအိုး နှစ်အိုးထားတာပါ၊ ဒါကလည်း ပြဿနာ မဟုတ်ပါဘူး။ ပြဿနာက တောင်ဘက်မှာ ထားတဲ့ အိုးကို တောင်အိုး၊ မြောက်ဘက်မှာ ထားတဲ့ အိုးကို မြောက်အိုးလို့ လူကြီးတွေက သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။

အေးမင်းကို အဲဒီအိမ်ကြီးမှာပဲ မွေးခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အေးမင်း လူ့လောထဲကို အထွက်၊ ဘာကြောင့်မှန်းလည်း မသိပါဘဲ မြောက်အိုးကြီးက ဂွမ်းကနဲနဲ့ကို ကျကွဲသွားခဲ့ပါတယ်။ အဲဒီကနေစလို့ ယောက်ျားလေးဖြစ်တဲ့ အေးမင်းဟာ အေးမင်းဆိုတဲ့ နာမည်မရခင်ကတည်းက အိမ်နာမည် မြောက်အိုးကွဲ ဖြစ်ခဲ့ရပါတော့တယ်။

မြောက်အိုးကွဲလို့ သူငယ်ချင်းတွေက မခေါ်ကြလို့တော့ အေးမင်းတယောက် စိတ်ချမ်းသာခဲ့ရပါတယ်။ ဒါပေမဲ့ ဒီစိတ်ချမ်းသာမှုကလည်း အကြာကြီးတော့ မဟုတ်ပြန်ပါဘူး။ စိုးထိတ် တိုးတိတ်နဲ့ ကြောက်နေရတာမျိုးပါ။ ဘယ်အချိန်များ လူကြားထဲ အမေက ငါ့ကို အဲဒီ နာမည် ခေါ်လိုက်မလဲလို့ အေးမင်း အမြဲ စိတ်ပူတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေဟာ လူကြားထဲရောက်ရင် ပါးစပ်တပြင်ပြင်နဲ့ တော်တော်ကြာအောင် လုပ်ပြီးမှ အေးမင်းကို အေးမင်းလို့ ခေါ်တတ်ပါတယ်၊ အမေ့ဆီက အေးမင်းလို့ ပီပီသသ အသံ ထွက်မလာမချင်း အေးမင်းဟာ ငရဲကျနေတာပါပဲ။

ပိုဆိုးပြန်တာက အေးမင်းက အဖုတ်လည်း ကြိုက်ပြန်ပါသေးတယ်။ ယောက်ျားလည်း တန်မဲ့ ခရမ်းသီးမီးဖုတ်တို့၊ ပြောင်းဖူးဖုတ်တို့၊ တညင်းသီးမီးဖုတ်တို့ အလွန်ကြိုက်ပါတယ်။ အမေက စပြန်ပါတယ်။ အဖုတ်ကြိုက်ကလေးတဲ့…။ တခါတခါ အမေ စိတ်ဆိုးရင် အေးမင်းကို “မြောက်အိုးကွဲ အဖုတ်ကြိုက်“လို့ ခပ်တည်တည်ကြီး ခေါ်တတ်ပါတယ်။

ဇ ကလေးနဲ့ လူလို့တော့ အေးမင်းကို မပြောကြပါနဲ့…၊ အေးမင်းဟာ ငယ်ငယ်ကလေးတည်းက အဖုတ်ကြိုက်တာပါ။ မီးကျည်ခဲ နီနီရဲပေါ် တင်ထား ကင်ထားရာကနေ ချလိုက်တာနဲ့ အေးမင်းလက်က လှမ်းနေပြီ ပြင်နေပြီ ဖြစ်တာကြောင့် ငယ်ငယ်ကထဲက လက်ကိုရော လူကိုပါ အမေက ရိုက်တတ်ပါတယ်။

“မြောက်အိုးကွဲ ကောင်လေးက တော်တော် အဖုတ်ကြိုက်တာပဲဟဲ့…၊ ကြီးလာမှ အဖုတ် စားစမ်းပါ လူကလေးရယ်၊ အဖုတ်စားတယ် ဆိုတာ အပူလောင် တတ်တယ်။ လက်ပူ အာပူ ဖြစ်တတ်တဲ့ ဟာကို… နင်ပဲ ကြိုက်ကြိုက်လွန်းတယ်“ လို့ အမေက အေးမင်းကို ခရား ရေလွှတ် ပြောတတ်တယ်။

အေးမင်းကလည်း ပြောတုန်း ခဏသာ လက်ရော၊ ပါးစပ်ပါ ငြိမ်နေလိုက်တာ… လူလည်းလစ်ရော သူကြိုက်တဲ့ ဟာ… သူ စားတော့တာပါပဲ။ အမေ့ စကားနဲ့ဆိုရင်တော့ မြောက်အိုးကွဲ အဖုတ်ကြိုက်ကလေးပေါ့လေ။

တကယ်တော့ လူဆိုတာက လူတကိုယ် အကြိုက်တမျိုး မဟုတ်လား။ အဖုတ်ကြိုက်တဲ့သူ ရှိသလို၊ အပြုတ်ကြိုက်တဲ့သူလည်း ရှိနိုင်တာပဲ။ ဒီလိုပဲ တချို့က အကြော် ကြိုက်တယ်၊ တချို့က အလှော်ကို မက်တယ်။ တချို့က အစိမ်းစားတယ်၊ တချို့က အပျော်အပြဲမှ စားတယ်။ ကြိုက်ကြပေါ့၊ ကိုယ်ကြိုက်တာ ကိုယ်စားကြပေါ့… အေးမင်းကတော့ အဲဒီလိုပဲ ခံယူထားပါတယ်။

အဲဒီကြားကမှ တခါ အေးမင်းချစ်ရတဲ့ ယုယခင်က အသုတ်ကြိုက်တယ်။ အသုတ်ကိုမှ စားတဲ့အခါ ရှူးရှူးရှဲရှဲ အသံမြည်အောင် စပ်မှ စားလို့ရတဲ့ အသုတ်မျိုးကို ကြိုက်တယ်။ အစပ်စားချက်က ရက်စက်တယ်၊ နောက်တနေ့ မနက်အထိ ဝေဒနာ ခံစားရတာမျိုးကို အလိုရှိသူလို့ ပြောလည်း စိတ်ဆိုးတတ်သူ မဟုတ်…။

ဒီလို ချစ်သူမျိုး ချစ်ရတာ နည်းနည်းတော့ ကြောက်စရာ ကောင်းတယ် မဟုတ်လား။ သူ စားသလို ကိုယ်လိုက်စားလို့ကတော့ ကိုယ်ပါ ရင်ရော ဘာရော ညာရော ပူရမယ့် အဖြစ်…မြောက်အိုးကွဲ အချစ် နံပါတ်တစ်က အသုတ်ကြိုက်သူ ဖြစ်နေတော့ တခါတခါ အေးမင်းမှာ ဘာမှ မစားရပါသေးဘဲ ဟိုနေရာက ပူနေသလို ဒီနေရာက ပူနေသလို ဖြစ်ဖြစ်နေရတတ်တယ်။

ပူတဲ့အထိ ချစ်ရသူ ယုယခင်ကို တချိန်မှာ ယောက္ခမ တော်ရမယ့် အေးမင်းမအေကလည်း ချစ်ရှာပါတယ်။ ယုယခင်ကလေးကလည်း ဖင်ပေါ့ စကားတတ်ကလေးဆိုတော့ အဖွားကြီးက အရည်လည်တဲ့အထိ မျက်လုံးထဲ အပြုံးတွေပေါ်အောင် ပြုံးပြီး သမီး သမီးနဲ့ နေတာပါပဲ။

မသိရင်ဘဲ ချွေးမလောင်းနဲ့ ယောက္ခမလောင်း ချန်ပီယံလုဖို့ ပညာပြိုင်နေသလား အောက်မေ့ရပါတယ်၊ အေးမင်းကတော့ ပျော်တပြုံးပြုံး၊ မော်မဆုံးပေါ့လေ…။ သူတို့နှစ်ယောက် အဆင်ပြေလေ… ငါ အနေချောင်လေပဲလို့ တွေးတတ်သူပါ။ အေးမင်းနဲ့အတူ အိမ်ပါလာတိုင်းလည်း ယုယခင်ခမျာ အဖွားကြီးနဲ့ပဲ အချိန်ကုန်တာ များပါတယ်။ ဘာလုပ်ကြသလဲ သိလား၊ မိန်းမနှစ်ယောက် အသုတ် တမျိုးမျိုး သုတ်နေကြတော့တာပါပဲ။

အဲဒီနေရာမှာပဲ ရပ်နေရင် အေးမင်းက ၀မ်းသာမိမှာပါပဲ၊ ဒါပေမဲ့ အမေလေ… အမေ သိတယ်မို့လား၊ ချွေးမကို လက်သိပ်ထိုးလေး သင်ရှာတယ်၊ သူ့သားကလေးက ဘယ်လို အဖုတ်ကြိုက်ကြောင်းပေါ့လေ၊ ငယ်ငယ်လေးထဲက အဖုတ်ကို ဘယ်လို ကြိုက်ခဲ့တာ စသဖြင့်ပေါ့လေ…။ ပြီးတော့လည်း သမီးယောက္ခမ တဟီးဟီး တဟားဟားနဲ့ ရယ်လိုက်ကြသေးတယ်။ အဲဒီလို ရယ်သံကြားရင် မြောက်အိုးကွဲ အေးမင်းကလည်း နပ်ပြီးသားပါ၊ ဒါဟာ သူ့အကြောင်းကလွဲလို့ တခြားလူအကြောင်း ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးဆိုတာ…။

အဲ… ယုယခင်လေး ပြန်သွားရင်တော့ အမေက သားကို စကားလာပြောတတ်တယ်။ မင်း ကောင်မလေးက မဆိုးပါဘူး ဘာညာလည်း လုပ်တတ်တယ်။ သဘောကျကြောင်းလည်း စကားအပြင် အမူအရာနဲ့လည်း ပြောတတ်တယ်။ အဲဒီအထိ အေးမင်းကလည်း သွားရည်ကျ မတတ် သဘောတွေ ကျလို့ပေါ့။ အဲဒီနောက်ဆုံး အမေ့ ကောက်ချက်ကြားမှသာ ဟာ… အမေကလဲ ဖြစ်ဖြစ်သွားတတ်တာပါ။

မြောက်အိုးကွဲလေးက အဖုတ်ကနေ အသုတ်ကြိုက်ကြိုက်လာပြီဟဲ့… သိကြရဲ့လား၊ သူ့ကောင်မလေးက အသုတ် သုတ်တာ သိပ်ကောင်းတာပဲ။ စပ်လိုက်တာလည်း လွန်လို့…၊ ရှက်လိုက်တာလည်း စွံဖို့၊ တတ်လိုက်တာလည်း ချွန်လို့ လို့ ပြောတတ်တယ်။ ငါကတော့ ကောင်မလေးကို သူ့နာမည် ခေါ်ရတာထက် အသုတ်လေးလို့ပဲ ခေါ်ချင်တော့တယ်။ မြောက်အိုးကွဲရဲ့ အသေးခလုတ်ပေါ့။ အသေးခလုတ်ဆိုတာ အသုတ်က(ခ)လေးလို့ အမေက နောက်တာပါ။

ရယ်တော့ ရယ်ရတယ်၊ အိမ်မှာဆို ပွဲစားအဖေထက် ပွဲစားကတော် အမေက ပိုပြီး နှုတ်ရေးနှုတ်ရာ ကျွမ်းကျင်တယ်။ အဖေကတော့ မယားသဘော မယားသဘောနဲ့ အလကားပြောလည်း စကားတောထဲ ကျွံဝင်မှောက်တက်နေတတ်တယ်။ အေးမင်း အမေဟာ အေးအေးကလေးနဲ့ အေးမင်း အဖေကို ကိုင်ထားသလို ဖြစ်နေတော့တယ်။

အခုတလောတော့ အေးမင်းမှာ ရပ်ကွက်ထဲ တယောက်ထဲ အထီးကျန်နေသလို ခံစားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့သူငယ်ချင်းတွေက သူ့ကို အပြုတ်တိုက်နေကြလို့ပါ။ အပြုတ်တိုက်တယ်ဆိုတာ သီတင်းကျွတ်မှာ သူငယ်ချင်းတွေ အလှူအတန်း လုပ်ဖို့ ကြိုတင်စဉ်းစား ထားတဲ့အတိုင်း မိဘမဲ့ကျောင်း တကျောင်းမှာ အုန်းနို့ ဆန်ပြုတ် တိုက်ကျွေးတဲ့ အလှူလုပ်ကြရင်း အလှူရှင်တွေပါ ၀ိုင်းသောက်ကြတော့ အေးမင်းကိုလည်း အပြုတ်တပွဲ သောက်ပါလားလို့ သူငယ်ချင်းတွေက မေးတာကို မင်းတို့ကလည်းကွာ ကလေးတွေ အတွက်ဟာကိုလို့ ပြောမိသွားတာနဲ့… သူ့ကို ၀ိုင်းဆဲကြပါရောလား။

အမှန်တော့ တက္ကသိုလ် တက်တဲ့ တောက်လျှောက်မှာ ခေါက်ဆွဲပြုတ်ချည်း ဖိသောက်ခဲ့ရတဲ့ အေးမင်းက အပြုတ်သောက်တာတို့၊ အပြုတ်တိုက်တာတို့ကို အင်မတန် စိတ်ကုန်ခဲ့သူပါ။ အခု သူငယ်ချင်းတွေက အပြုတ်တိုက်လာတော့ သူ စိတ်မကောင်းတောင် ဖြစ်လို့…၊ သူက အဖုတ်ကြိုက်သူ၊ ငယ်ငယ်ကလေးထဲကကို အဖုတ်ကြိုက်သူလို့ဆိုရင် သူငယ်ချင်းမတွေက မျက်စောင်းထိုးဦးမလား မသိပါဘူး။

နောက်တခု အပြုတ်တိုက်တာကို မကြိုက်တဲ့တခုက နိုင်ငံရေးပဲလုပ်လုပ်၊ လူမှုရေးပဲလုပ်လုပ်၊ သာရေးနာရေး ဘာပဲလုပ်လုပ် အေးမင်း မြင်ရတဲ့ လူတွေက မအောင်မြင်ခင် နာမည်မရခင်ကတော့ တွန်းလုပ် ထိုးလုပ် အတင်းကာရော လုပ်တဲ့ကြပြီး နာမည်လေးထွက် နေရာလေးလည်း ရရော သူလုပ်လို့ ငါလုပ်လို့နဲ့ ကွဲချင် ပြဲချင် ဖြစ်လာကြ၊ ကွဲကြ ပြဲကြ အဲဒီထက် ဆိုးတာက တယောက်ရဲ့ ငယ်ကျိုး ငယ်နာ တယောက် ဖော်လို့ နောက်ဆုံး အပြိုင်ချကြ အပြုတ်တိုက်ကျတာတွေ ဖြစ်လာတော့ အဲဒါတွေကို မြင်ရ ကြားရ ကြည့်ရတိုင်းမှာ အေးမင်းမှာ ခေါင်းတခါခါ လည်တခါခါကို ဖြစ်လို့…။

ဒီကြားထဲ အကြော်ဇယား အဖန်ဇယားတွေက ရှိပါသေးတယ်။ အေးမင်း ဖခင်ကြီး ပွဲစားကြီး ဦးဌေးမင်းဆိုလည်း အကြော်အလှော် သိပ်ကြိုက်သလို သူကိုယ်တိုင်ကလည်း အကြော်အလှော် ရပါတယ်။ အိမ်မှာဆို အေးမင်းဟာ အမေ ချက်တာ စားရတာထက် အဖေချက်တာကို စားရတာက ပိုများပါတယ်။

အဖေဟာ အပြင်မှာ ပိုက်ဆံရှာတဲ့အခါ ပွဲစားမို့ ပါးစပ်နဲ့ ကြော်တယ်၊ လှော်တယ်။ ပွဲညွှန့်စားတယ်၊ ဈေးတင်ရိုက်တယ်၊ ဖြတ်တယ်၊ ခုတ်တယ်၊ ကြော်တယ်၊ လှော်တယ်… အကုန်လုပ်ပါတယ်။ အိမ်မှာကျတော့ အိမ်ရှင်မကောင်း မပီသတဲ့ အမေ့ကို ချစ်လွန်လွန်းလို့ ကြော်ရ၊ လှော်ရပြန်ပါတယ်။ အကြော်ဇယားကျသူဟာ အကြော်မတတ်ပေမယ့် ကြံတတ်တဲ့ မယားကျတော့ ခံရတဲ့ဘက်မှာပဲ ရှိနေတာကတော့ ဘယ်သူ့ဘယ်သူမှ ဂိုးမသွင်းနိုင်သေးပါဘူးလို့တော့ ပြောလို့ မရပါဘူး။ အေးမင်းတို့ မောင်နှမ ငါးယောက် ထွက်ခဲ့တာကိုသာ ကြည့်ကြပါတော့…။

အေးမင်းရဲ့ အကိုကြီး ကိုရာဇာကျတော့ အစိမ်းစားတတ်တယ်။ သူကျတော့ မကျက်လည်း ရတယ်၊ မချက်လည်း ရတယ်။ ကိုရာဇာက ဘယ်လိုမှကို မနေပါဘူး။ သူက စားမယ်ဆိုတာချည်းပါပဲ… အစိမ်းလေးက ပိုတောင် လတ်ဆတ်သေးလို့ သူက ဆိုတတ်တယ်။ ဟင်းသီး ဟင်းရွက်တွေ၊ သစ်သီး သစ်ဥတွေများ တခါတခါ ရေတောင် မဆေးတော့ဘဲ ဂျိုးဂျွက် ဂိုးဂွက်နဲ့ ၀ါးထည့်လိုက်လို့ အမေက သူချစ်တဲ့ သားကြီးကို ရိုက်ပြုပြီး နင့်ဟာက ရေလေးတော့များ ဆေးစမ်းပါဦးဟဲ့လို့ ပြောရတဲ့သူပါ။

မနှင်းစန္ဒာကတော့ အေးမင်းရဲ့ အထက်က အမပါ၊ ရုပ်ချောသလောက် သူကျတော့ အပျော့အပြဲ လူမကြိုက်တာမျိုးကိုမှ အဟုတ်မှတ်လို့ အရသာတွေ့တတ်သူပါ။ ထမင်းတောင် ပျော့တဲ့နေ့ဆို သူက ပျော်ပါတယ်။ အသီးအနှံတွေ ၀ယ်တာများပြီး စားတာနည်းလို့ စားမကုန်တဲ့အခါ ပျော့သွား ပျော်သွားတာမျိုးကို အများက မကြိုက်ချိန်မှာ မစန္ဒာက ပျော်ပျော်ကြီး စားတဲ့သူပါ။

လူစုံ စရိုက်စုံတွေ ပြည့်နေတဲ့ အေးမင်းတို့အိမ်ကလေးက ပျော်စရာပါ။ နောက်ဆို ပိုတောင် ပျော်ရဦးမယ်လို့ အေးမင်းထင်ပါတယ်။ နောင်များ ကံကောင်းလို့ သူ ကလေးရခဲ့ရင် သားကလေးတယောက်နဲ့ သမီးကလေးတယောက် သူရချင်တယ်လို့ တွေးမိတယ်။

သူ့သားကလေးဟာလည်း သူ့လိုပဲ အဖုတ်ကြိုက်လာပြီး သူ့သမီးလေးဟာလည်း သူ့အမေဖြစ်လာမယ့် သူကလေးလို အသုတ်တွေ ကြိုက်နေဦးမှာလို့ သူ့ဟာသူ တယောက်ထဲ တွေးပြီး အဲကွန်းကို အအေးဆုံးဖွင့်ပြီး တညလုံး အိပ်လိုက်တာ မနက်ကျတော့ မြောက်အိုးကွဲလေး အေးမင်းဟာ… လေဖြတ်ပါလေရောဗျို့…။

အဲဒီကတည်းက အေးမင်းဟာ အဖုတ်တွေ မစားနိုင်တော့ပါဘူး၊ အစပ်လည်း မစားနိုင်တော့ပါဘူး…။ ဒါပေမဲ့ သွားရည်တွေတော့ ကျလို့…။

၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်။
မနက် ၁ နာရီ။

“ကိုယ့်စိတ်တောင် ကိုယ်မယုံရတာ ဘယ်သူ့ကို ယုံရမှာလဲ“။

ကျွန်တော့်အတွက် အဓိက အားနည်းချက်တခုမှာ လူတွေကို ယုံလွယ်တတ်တာပင် ဖြစ်ပါတယ်။ ဒီတော့ အဲဒီလူတွေက သူတော်ကောင်းတွေ ဖြစ်နေရင် ပြဿနာ မရှိပါ၊ မဟုတ်ရင်တော့ အနည်းနဲ့အများဆိုသလို ကျွန်တော် ခံစားရပါတယ်။

ခက်တာက ကျွန်တော်ကလည်း သူတော်ကောင်း မဟုတ်၊ ဒီတော့ လူတွေ သူတော်ကောင်း မဟုတ်တော့လည်း ကျွန်တော့်မှာ အပြစ်ပြောပိုင်ခွင့် မရှိ။ ခက်တော့ဖြင့် နေပါပြီ။ ပိုခက်တာက ခုန ကျွန်တော်ပြောခဲ့သလို ကိုယ့်စိတ်တောင် ကိုယ်မယုံရတာ ဘယ်သူ့ကိုများ ယုံရဦးမှာလဲ။

ယုံတယ်ဆိုတာ ဘာပါလဲ၊ ယုံတယ်ဆိုတာ မှန်တယ်လို့ ယူဆတာ၊ ယုံကြည်တာ၊ စိတ်ချတာပေါ့။ လက်တွေ့ဘ၀မှာတော့ ကျွန်တော်တို့ ယုံကြည်ရသူ တဦးဦးကို ကိုယ့်ရဲ့ ကိစ္စ၀ိစ္စတွေ ထုတ်ဖော်ပြောပြ တိုင်ပင်တာ၊ အကြံဥာဏ်ယူတာ၊ ကိုယ့်ရဲ့ အတွေ့အကြုံ၊ ဖြတ်သန်းမှု ပျော်စရာ၊ ၀မ်းနည်းစရာတွေကို ဝေမျှခံစားတာကို ပြောတာပါ။ ယုံမှ ကြည်တယ်ဆိုတဲ့ စကားကလည်းရှိတော့ လူတယောက်နဲ့တယောက် ယုံကြည်မှုရှိနေမှ တယောက်အထာ တယောက်နားလည်တာ၊ အတူနေလို့ လက်တွဲ အလုပ်လို့ရတာ တွေဟာ ယုံကြည်မှုကနေ ပေါက်ပွားလာတဲ့ နောက်ဆက်တွဲတွေပေါ့။

တခြားတဖက်မှာတော့ ကိုယ့်စိတ်တောင် ကိုယ်မယုံကြည်ရတဲ့ အဖြစ်အပျက်တွေကလည်း ရှိတာပါပဲ။ ဥပမာဗျာ… အရက်မသောက်တော့ဘူးလို့ စိတ်ထဲ ပိုင်းဖြတ်ထားတယ်၊ အဲ… အရက်ကို တွေ့တော့လည်း မနေနိုင်ဘူး၊ သောက်လိုက်တယ်။ ပိုင်းဖြတ်ထားတဲ့ စိတ်ကို ဖောက်ပြန်လိုက်တာပဲ၊ ချိုးဖျက်လိုက်တာပဲ။ ကိုယ့်စိတ်ကို ကိုယ့်ဘာသာ အလွဲသုံးစားပြုလိုက်တာပဲ။

ကဲ… ဘယ်လိုလုပ်မလဲ။ ကိုယ့်စိတ်ကိုတောင် ကိုယ်မယုံကြည်ရရင်၊ ဖောက်လွဲဖောက်ပြန်ပြုဖြစ်ခဲ့ရင် ပြီးတဲ့အခါ ကျွန်တော်တို့ မအီမသာ ခံစားရတယ်။ ကိုယ့်ဟာနဲ့ ကိုယ်တောင် ခံစားရရင် တခြားလူလုပ်တာကို အပြစ်ပြောနေဦးမှာလား။ တခြားလူက ကိုယ့်ယုံကြည်မှုကို အလွဲသုံးသွားတာ၊ သုံးနေတာကို စိတ်ဆိုးနေဦးမှာလား။ ပြဿနာတွေ ဖြစ်နေဦးမလား။

ခက်တာက ဒီနေ့ခေတ်မှာ လုပ်ငန်းကိုင်ငန်းတွေ တော်တော်များများက ခေါင်းတလုံးထဲနဲု့လုပ်တာထက်စာရင် ခေါင်းတွေ အများကြီး ပေါင်းထည့်ပြီး အပြိုင်အဆိုင် လုပ်နေကြရတာ ဖြစ်တယ်၊ ဒီတော့ ထိုက်သင့်တဲ့ ယုံကြည်မှုတွေ (အနိမ့်ဆုံး ယုံကြည်မှုလို့ ဆိုကြစို့ရယ်) ထားပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ လုပ်နေကြရတာဖြစ်တယ်။

တခုစဉ်းစားရမှာကတော့ အနိမ့်ဆုံးယုံကြည်မှုထက် သာလွန်ကဲတဲ့ ယုံကြည်မှုတွေ ထားသင့်သလားဆိုတာပါပဲ။ တကယ်တမ်းလက်တွေ့မှာတော့ ယုံကြည်မှုများလေ၊ အလုပ်ခွင်တွေမှာ တက်ကြွပျော်ရွှင်ရလေပါပဲ။ ကိုယ်က အလုပ်ရှင်နေရာမှာရှိလို့ ကိုယ့်အလုပ်သမားတွေနဲ့ ကိုယ်ရဲ့ ယုံကြည်မှုက အပြန်အလှန်ရှိပြီး အမြင့်ဆုံးမှာ ရောက်နေရင် အလုပ်သမားတွေက ကိုယ့်အတွက် အလုပ်လုပ်ပေးနေရတာ ပျော်နေသလို ကိုယ်ကလည်း အလုပ်သမားတွေရဲ့ လိုအင်တွေ ဖြည့်ဆည်းပေးနေရတာကို ပျော်နေ၊ ပေးချင်နေလေပါပဲ။

ကိုယ်က အလုပ်သမားနေရာမှာရှိပြီး အလုပ်ရှင်အတွက် အလုပ်လုပ်ပေးနေရလည်း နှစ်ဘက်ကြား ယုံကြည်မှုတွေ အကောင်းမွန်ဆုံး ရှိနေတယ်ဆိုရင် အလုပ်ရှင်အတွက်၊ လုပ်ငန်းအတွက် အလုပ်လုပ်ရတယ်၊ ပင်ပန်းတယ် နစ်နာတယ်လို့ကို မထင်တော့ဘဲ အလုပ်တွေ အများကြီး လုပ်နေမိပါတယ်။ လုပ်ငန်းနဲ့ အလုပ်ရှင်အပေါ် ဒါမှမဟုတ် ကိုယ့်ကို တိုက်ရိုက်ကြီးကြပ်သူအပေါ် ယုံကြည်မှု ကျဆင်းလာတယ်ဆိုရင်တော့ လုပ်ငန်းခွင်မှာ မပျော်တော့သလို ကိုယ့်တက်ကြွမှုနဲ့ အလုပ်အင်အားကလည်း မသိမသာ ကနေ သိသိသာသာ ကျဆင်းလာတတ်ပါတယ်။

နောက်တခုကတော့ ပေါင်းဆင်းဆက်ဆံရေးထဲက ယုံကြည်မှုပါ၊ ဒါက သားအမိ၊ ဆရာတပည့်၊ သူငယ်ချင်း၊ ချစ်သူ စတဲ့ အပြန်အလှန်ရှိတဲ့ ဆက်ဆံရေးတိုင်းမှာ ဒီယုံကြည်မှုတွေ ဖြစ်ထွန်းတတ်ပါတယ်။ မိဘနဲ့သားသမီးကြား ယုံကြည်မှုကတော့ အပြောင်းအလဲ တော်တော်နည်းပါတယ်။ အလွန်ကို ဆိုးရွားလွန်းမှသာ ယုံကြည်မှု ပျောက်တတ်တာမျိုးပါ။
ှိ
ဆရာတပည့် ယုံကြည်မှုကတော့ ဆရာ့အရည်အချင်းပေါ်မှာ တည်သလို တပည့်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ နားလည်တတ်ကျွမ်းမှုပေါ်မှာလည်း မူတည်တတ်ပါတယ်။ မည်ကာမတ္တဆရာမျိုးကို ဘယ်တပည့်ကမှ ကာလရှည်ကြာ ယုံကြည်လေးစားမှု မရှိတတ်ပါဘူး။ ဆရာဘက်ကလည်း အဲဒီလိုပါပဲ… ကြိုးစားအားထုတ်မှုမရှိတဲ့ တပည့်၊ ကြိုးစားတယ်ဆိုပေမယ့်လည်း နားလည်တတ်ကျွမ်းမှု မရှိတဲ့ တပည့်ဆိုရင် အလကားပါပဲ။ ယုံကြည်မှု မရှိတော့ပါဘူး။

သူငယ်ချင်းနဲ့ ချစ်သူရည်းစားကြား ဆက်ဆံရေးကတော့ ယုံကြည်မှု ဒီဂရီတွေ ရှိမယ်လို့ ထင်ပါတယ်။ သူငယ်ချင်း အများကြီးထဲကမှ သူငယ်ချင်းတယောက်ကို ပိုခင်နေတတ်တယ်၊ လူတွေအများကြီးထဲကမှ ဒီတယောက်ကို ချစ်ခင်နေတတ်တယ် ဆိုတော့ ယုံကြည်မှုဒီဂရီက သူ့တယောက်တည်းပေါ်မှာ သိသိသာသာ ပိုလွန်သက်ရောက်နေတဲ့ သဘောဖြစ်ပါတယ်။

အဲ… ယုံကြည်မှုပျက်ရင်တော့ ဆက်ဆံရေး ပျက်တော့တာပါပဲ။ သူငယ်ချင်းအပေါ် ခုနပြောခဲ့တဲ့ ယုံကြည်မှု ဒီဂရီလျှော့ချလိုက်တာနဲ့ သူငယ်ချင်းချင်း ဆက်ဆံရေး လျော့သွားပါတယ်။ ချစ်သူချင်းဆိုရင်တော့ ခွာပြဲသွားနိုင်ပါတယ်။ ယုံကြည်မှုဆိုတဲ့နေရာမှာ ကိုယ့်ခံစားချက်တွေ၊ လျှို့ဝှက်ချက်တွေ၊ ပျော်ရွှင်မှုတွေ၊ မျှဝေခံစားလိုမှုတွေ အကုန်ပါနေတာကိုးဗျာ။

လူတယောက်ရဲ့ အောင်မြင်မှု၊ ရှုံးနိမ့်မှု၊ ၀မ်းမြောက်မှု၊ ၀မ်းနည်းမှု၊ စိတ်လှုပ်ရှားမှု စတာတွေကို သူတို့ ယုံကြည်ရတဲ့ လူနဲ့သာ ဝေမျှခံစားကြတာမို့ ကျွန်တော်တို့ ဘယ်သူ့ကို ယုံလို့ မျှဝေခံစားမလဲဆိုတာ ရွေးချယ်လာရပါတယ်။

တခါ ယုံကြည်မှု ဆိုတာကလည်း အပြန်အလှန် သဘောရှိတာမို့ အယုံမလွယ်ဖို့လည်း လိုသလို အရာအာလုံးကို မယုံမကြည် ဖြစ်မနေဖို့လည်း လိုပါတယ်ခင်ဗျာ။

၂၀၁၁ ခုနှစ်၊ မေလ ၂၈ ရက်။ စနေနေ့။
ညနေ ၅ နာရီ။

လူ့လောကကို မွေးဖွားခြင်းဆိုတဲ့ အစမှတ်ကနေ ၀င်လာပြီး သေဆုံးခြင်းဆိုတဲ့ အဆုံးမှတ်ကို ပြန်မထွက်မီ အဲဒီခရီးကို ဘ၀လို့ ဆိုပါရင် လူတစ်ဦးချင်းစီ ဖြတ်သန်း နေရတဲ့ ခရီးအကွာ အဝေးအလိုက် မှတ်တိုင်တွေကိုလည်း တစ်တိုင်ပြီး တစ်တိုင် ဖြတ်ကျော် ရပြန်ပါတယ်။

ယေဘူယျအားဖြင့် တစ်နှစ်ကြာမြင့်တဲ့ ကာလတစ်ခုကို မှတ်တိုင်တစ်ခုလို့ ကျွန်တော်တို့ အများ လက်ခံထားကြတယ်၊ မွေးတဲ့နေ့ကနေ တစ်နှစ်ပြည့်ရင် မှတ်တိုင်တစ်ခု ဖြတ်သန်းတယ်၊ ဒါကိုပဲ မွေးနေ့ရောက်ပြီလို့ သိကြပြန်တယ်။ ဆိုတော့ တစ်နှစ် တခါ မွေးနေ့ရောက်လိုက်၊ ကိုယ်ကိုယ်တိုင်နဲ့ အများက အသိအမှတ်ပြုလိုက် ဖြတ်သန်းလိုက်… ဒီလိုနဲ့ပဲ တစ်နှစ်ပြီးတစ်နှစ် သေဆုံးခြင်း အဆုံးမှတ်ကို အပြုံးပန်းတဝေေ၀နဲ့ သွားနေကြတယ်။

လူ့ဘ၀ဟာ သေဆုံးခြင်းမှာ အဆုံးသတ်တယ်၊ ဘယ်လိုနေမလဲ ဘယ်လိုသေမလဲ

လူတွေက အလုပ်တွေ လုပ်နေကြတယ်၊ ဒီနေ့ခေတ်မှာ ပိုလုပ်လာရတယ်။ ပြည်တွင်းက အိမ်ကို ခွဲခွာပြီး တစ်နယ်တစ်ကျေးက အိမ်တစ်ခုမှာ သွားနေရတယ်၊ အလုပ်ပိုလုပ် ၀င်ငွေ ပိုရှာ ရုန်းကန် နေကြရတယ်။ ဒါနဲ့ပဲ ရုန်းလိုက် ကန်လိုက် ကုန်းလိုက် ခံလိုက်နဲ့ လောကဓံတွေကို ဖြတ်သန်းနေရတယ်၊ အဲဒီမှာလည်း မှတ်မှတ် သားသားဖြစ်ဖြစ် မေ့မေ့လျော့လျော့ဖြစ်ဖြစ် မွေးနေ့တွေကို ဖြတ်ရပြန်တယ်၊ မှတ်တိုင်တစ်ခုကို ကျော်ရပြန်တယ်။ တချို့ အဲဒီမှာ ဗုံးကနဲလဲ ဒုံးကနဲ သေသွားကြတယ်။

ကျွန်တော်လည်း ပြီးခဲ့တဲ့ တစ်ရက်က မွေးနေ့တစ်ခု မှတ်တိုင်တစ်တိုင်ကို ဖြတ်လိုက်ရတယ်။ မွေးနေ့မတိုင်ခင်ကပဲ လာမယ့်မွေးနေ့ကို အချိန်ယူဖြတ်သန်းဖို့ ကျွန်တော် ပြင်ဆင်ခဲ့တယ်။ အားလပ်ရက် ယူတယ်၊ ထူးထူးခြားခြား တစ်ခုခုလုပ်ဖို့ စဉ်းစားကြည့်တယ်။ လူ့သက်တမ်းကို (မြန်မာတွေအတွက်) ၆၀ တန်း၊ ၇၀ တန်း လို့ တွက်ပါရင် ကျွန်တော် အသက်က သက်တမ်းတစ်ဝက် ကျိုးလာပြီ။ ကျွန်တော် စဉ်းစားကြည့်တယ်။ ဘ၀ကို ကျေနပ်သလား…။

အရင်ကလည်း ဒါကို အချိန်ရတိုင်း စဉ်းစားနေခဲ့ပါတယ်။ ကျွန်တော် ဘာဖြစ်ချင်တာလဲ၊ ဘာတွေ လုပ်မှာလဲ၊ ဘယ်တော့ ရပ်မှာလဲ…။

ကျွန်တော့်ထက် အသက်ကြီးသူတွေက ကျွန်တော့်ကို ငယ်ငယ်လေး ရှိပါသေးတယ်လို့ ပြောကြတယ်။ ဟုတ်တာပေါ့၊ သူတို့အောက် အသက်ထက်ဝက်လောက် ငယ်နေမှတော့ ငယ်ငယ်လေး ရှိသေးတာပေါ့။ သူငယ်ချင်း ကောင်မလေးတွေက ခင်ဗျား အသက် သိပ်မကြီးသေးပါဘူးဗျာလို့ ပြောတယ်၊ ဟုတ်တာပေါ့၊ သူတို့ထက် လေး ငါး ဆယ်နှစ်လောက်ပဲ ကြီးတာကိုး…၊ ဒါပေမဲ့ ၁၀ တန်း အောင်တဲ့ ၁၉၉၃ ခုနှစ်ကနဲ့ တွက်ရင်တော့ အခု ကျွန်တော် အသက် နှစ်ဆတိတိ ကြီးသွားခဲ့ပြီ။ အဲဒါကိုတော့ ကျွန်တော် အသိဆုံးပဲလေ…။

အသက်ကြီးလာတယ်ဆိုလည်း ကြီးလာတယ်ပေါ့…။ ကျွန်တော်လုပ်ချင်တာတွေ လုပ်ခဲ့ပြီလား၊ ဖြစ်ချင်တာတွေ ဖြစ်ခဲ့ပြီလား၊ ဘာတွေ ဆက်လုပ်ဖို့ ကျန်သေးလဲ၊ ဘာတွေ ဆက်ဖြစ်ချင်သေးလဲ။ မေးခွန်းပေါင်းများစွာအတွက် ဖြစ်နိုင်ချေ အဖြေပေါင်းများစွာကို ကျွန်တော် စဉ်းစားကြည့်မိတယ်။

မွေးဖွားခြင်းကို ပြန်စစ်ကြည့်ကြပါစို့ရယ်…

မွေးနေ့ မနက် အိပ်ရာနိုးတော့ အမေ့ကို စိတ်ကနေမှန်း လှမ်းကန်တော့တယ်။ ကျွန်တော့်ကို မွေးတော့ အမေ အလွန်နာခဲ့၊ အော်ခဲ့၊ ဒုက္ခများခဲ့ရတယ်။ အသံစူးစူး၊ ပါးစပ်တပြင်ပြင်၊ ခြေဆံလက်ဆံရှည်ရှည်နဲ့ ကလေးလေးဟာ နာရီ ၂၀ လောက် အမေ့ကို အပြင်းအထန် နာကျင်စေပြီးမှ လူ့လောကကို ရောက်လာခဲ့တယ်။

တလောလေးကပဲ ကလေးတစ်ယောက် လူ့လောကကို ဘယ်လို ရောက်လာသလဲဆိုတဲ့ ဗီဒီယိုကလစ်လေးတစ်ခု ကျွန်တော်ကြည့်ထားတယ်။ အားပါးပါး… မလွယ်ပါလားဗျ။ မိန်းကလေးတွေနဲ့ အမျိုးသမီးတွေ (မေတ္တာမိခင် ကျေးဇူးရှင်တွေ) ကို အဲဒီ ကလေးမွေးတဲ့ ကိစ္စတစ်ခုတည်းနဲ့တင် ကျွန်တော် အလွန် လေးစား ချစ်ခင် သွားပါတယ်။

ကလေးတစ်ယောက် ဖြစ်လာမယ့် သန္ဓေသားလောင်းကနေ မွေးတဲ့အထိ ၉ လ ကျော်၊ ၁၀ လ နီးပါး ကိုယ်ဝန်ဆောင်ထားရပြီး၊ အဲဒီကနေ မွေးထုတ်လိုက် ရတာဟာ တော်ရုံသတ္တိနဲ့တော့ မဖြစ်နိုင်ပါဘူး။ ဒါမွေးရုံပဲ ရှိပါသေးတယ်။

အဲဒီကနေ ချေး၊ သေးက အစ သန့်စင် သုတ်သင်၊ ကျွေးမွေး ပြုစုပြီး ကိုယ့်ခြေကိုယ့်လက်နဲ့ လုပ်ကိုင်နိုင်တဲ့ အရွယ်အထိ စောင့်ရှောက်ဖို့ ဆိုတာ ကြီးမားတဲ့ မေတ္တာတွေနဲ့ ပေးဆပ်ခဲ့ကြ တယ်ဆိုတာ အထင်အရှားပါ။ တချက်ကလေး စောင်းငဲ့ကြည့်ရုံနဲ့ မြင်နိုင်တဲ့ သိသာ ထင်ရှားတာ မျိုးပါ။

ဗီဒီယိုကလစ်လေးကို လေးငါးခါလောက် ကျွန်တော် ပြန်ပြန်ကြည့်ပါတယ်၊ မိခင်ရဲ့ မိန်းမကိုယ်ထဲကနေ တင်းနစ်ဘောလုံးအရွယ် သာသာလောက်ရှိတဲ့ ကလေးခေါင်းလေးဟာ အတင်းကို တိုးထွက်နေပါတယ်၊ အပေါက်က သေးလေတော့ တော်တော်ရုန်းကန်ရပါတယ်။ မိခင်ကလည်း တညည်းညည်း တညူညူနဲ့ ညှစ်ပေး တွန်းပေးပေါ့လေ။ အဲဒီမှာ မိခင်က အားတော်တော် စိုက်ရပါတယ်။

ကျွန်တော်ကတော့ မွေးနေ့ဖြစ်လာမယ့် ကျွန်တော်တို့ရဲ့ ပထမနေ့ကို အသေအချာ ကြည့်နေပါတယ်။

လူသေးသေးလေးဟာ လောကထဲ ၀င်ရောက်ဖို့ အတင်းရုန်းထွက် နေရပါတယ်။ လူ့လောကကို အ၀င်မှာကတည်းက အားမာန်အပြည့်နဲ့ စရုန်းနေရပါပြီ။ ထွက်လာမယ့် လူကလေးရော၊ သူ့မိခင်ပါ ရေကုန်ရေခမ်းကို စရုန်းနေရပါပြီ။ မတော်လို့များ တစ်ယောက်ယောက်က အားနည်းခဲ့ရင် မြန်မြန်ခွဲမွေးရင် မွေး၊ မမွေးရင်တော့ မိခင် ဒါမှမဟုတ် ကလေး ဒါမှမဟုတ် နှစ်ယောက်စလုံး အသက်ဆုံးပါးနိုင်ကိန်းပါ။

ဒီလိုပဲ ကလေးမွေးရင်း ကလေး ဒါမှမဟုတ် မိခင် ဒါမှမဟုတ် ကလေးရော မိခင်ပါ သေဆုံးသွားခဲ့တာတွေ အများကြီးရှိခဲ့ပါပြီ။

ဘ၀အစ လူ့လောကအ၀င်မှာပဲ တော်တော် ရုန်းကန်ပြီးမှ ထွက်လာပြီး ကလေးလေးဟာ အော်ပါတယ်၊ ငိုပါတယ်။

“ငါ လာပြီဟေ့“ လို့ ပြောတယ်ပဲ ဆိုပါစို့…။

အဲဒီကနေ နို့မစို့ရလို့ ငို၊ မုန့်မစားရလို့ ငို၊ ကျောင်းမတက်ချင်လို့ ငို၊ စာမရလို့ ငို၊ စာမေးပွဲ မအောင်မှာ ကြောက်လို့ ငို၊ ကျောင်းမပြီးမှာ ပူပန်လို့ ငို၊ အလုပ်မရမှာ စိုးလို့ စိတ်ပူ၊ အလုပ်ရာထူး တိုးဖို့၊ ပိုကောင်းတဲ့ အလုပ် ရဖို့၊ ပိုက်ဆံပို ၀င်ဖို့၊ နိုင်ငံခြား သွားရဖို့ အို… တစ်ခုပြီးတစ်ခု ငိုလိုက်၊ အော်လိုက်၊ ကြောက်လိုက်၊ မှောက်လိုက် အမျိုးမျိုး ရုန်းကန်ခဲ့ရတာ အခုလို မှတ်တိုင်တွေ တစ်ခုပြီးတစ်ခု ကျော်ဖြတ်ရင်းပေါ့။

မှတ်တိုင်တွေ ကျော်ခဲ့ရင်း ကောင်းတာလေးတွေ၊ ၀မ်းသာစရာလေးတွေ မရှိတော့ဘူးလား၊ မကောင်းတာတွေချည်းပဲလားဗျာလို့ မေးပါဦးလား။

ရှိတာပေါ့၊ မိသားစုတွေ ဘုရားသွား ကျောင်းတက်ကြတာ၊ ပန်းခြံတွေ ရုပ်ရှင်တွေ အတူ သွားကြတာ၊ ဈေးဝယ်ထွက်ပြီး ချက်ပြုတ် စားသောက်ကြတာ၊ အ၀တ်အစား အသစ်တွေ ၀တ်ကြတာ၊ အပန်းဖြေခရီးတွေ၊ ကမ်းခြေတွေ သွားကြတာ၊ အလှူအတန်းတွေ လုပ်ကြတာ၊ အိမ်အသစ် ကားအသစ်တွေ ၀ယ်ကြတာ…

ရာထူးတွေတက် နိုင်ငံခြားတွေ ထွက်ကြတာ၊ ဂုဏ်ပြု ချီးကျူး ခံရတာ၊ ချစ်သူ ရည်းစားလေး ရတာ၊ မင်္ဂလာဆောင်ကြတာ၊ ဟော ခုနပြောသလို မိခင်ရဲ့ ပီတိတွေနဲ့ ကလေးလေး မွေးလိုက်တာ… ပျော်စရာတွေပေါ့။ ဒါပေမဲ့ ၁၀၀ ရာခိုင်နှုန်း အပြည့် ပျော်စရာချည်းလားဆိုတော့… ဒီလိုတော့ မဟုတ်ပြန်ပေဘူး။ ပြင်ဆင်ရတာတွေနဲ့၊ စိတ်ပူပန်ရတာတွေနဲ့၊ စိတ်ဆင်းရဲရတာတွေနဲ့၊ ငိုလိုက်ရတာတွေနဲ့… အဲဒီလိုဟာတွေက တွဲဖက်ပါလာသေးတာကိုးဗျ။

“ဘယ်အရာမှ အလကား မရဘူး“၊ “ဘယ်အရာမှ အကောင်းချည်း မရှိဘူး“ ဆိုတဲ့ စကားတွေ၊ တရားတွေလိုပါပဲ။ တစ်ခုလိုချင်ရင် တစ်ခုပေးရတာပါပဲ၊ အကောင်းလိုချင် အဆိုးပါ တွဲယူရတာပါပဲ၊ သံယောဇဉ်ဖြစ်ရင် ချည်နှောင် ခံရတာပါပဲ၊ ပျော်ချင်ရင် မောလည်းမောရတာပါပဲ၊ ရုန်းကန်မှုတွေက အနည်းနဲ့ အများဆိုသလို တွဲဖက်ပါနေတော့တာပါပဲ။

ပုံစံအမျိုးမျိုးနဲ့ သေသွားသူတွေ များခဲ့ပြီ

အဲဒီတော့ မွေးရာကနေ ရုန်းလိုက်ကြ ရတာ သေတော့ရော… ဟား ဟား သေတော့လည်း ရုန်းရပြန်တာ ပါပဲဗျာ။ လွယ်လွယ်နဲ့ သေတယ်များ အောက်မေ့ ပါသလား။ ဘယ်လွယ်လိမ့် မလဲဗျာ၊ မသေ သေးဘူး၊ အိုလာ ရတယ်၊ အခု အသား အရေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က အသား အရေမျိုး မဟုတ်တော့ဘူး၊ အခု ရုပ်ရည်ဟာ လွန်ခဲ့တဲ့ နှစ်အပိုင်း အခြားက ရုပ်ရည် မဟုတ် တော့ဘူး၊ အခုသွားတွေ၊ နားတွေ၊ မျက်စိတွေဟာ အရင်လိုတော့ မကောင်း တော့ဘူး။

ပြီးတော့ အနာရောဂါတွေ တဖြည်းဖြည်း ဖိစီးလာတာကို ခံစားမယ်၊ ငယ်ငယ်တုန်း ဆိုးရင် ဆိုးခဲ့သလောက်၊ ဇိမ်ခံခဲ့ရင် ဇိမ်ခံခဲ့သလောက် နည်းနည်း နာမယ်၊ များများ နာမယ်၊ ဆေးရုံဆေးခန်း ပုံမှန်သွားရမယ်၊ အကြိမ်ကြိမ် သွားရမယ်။

အိုလာမယ်၊ နာလာမယ်ဆိုတော့ အဲဒီမှာ ပြုစုမယ့်သူ၊ ဂရုစိုက်မယ့်သူ ရှိတယ်ဆိုရင် တော်ပါသေးရဲ့…၊ ဂရုစိုက်မယ့်သူလည်း မရှိ၊ ပိုက်ဆံကလည်း မရှိ၊ ဆေးဝါးကလည်း မရှိဘူး ဆိုရင်တော့ သေဖို့သာ ပြင်…။

ဟုတ်ပြီ သေတော့မယ်။ ညဘက် မပျော့်တပျော်အိပ်ရင်း မနက်ခင်းလင်းတုန်း တစ်ချက် အိပ်မောအကျမှာ သေသွားမယ်လို့များ ထင်ပါသလား။ မဟုတ်ပါဘူး။ တရားပီပီပြင်ပြင် မလုပ်ထားဘူး၊ ကုသိုလ်ကောင်းမှု များများ မပြုထားဘူး၊ သတိ၊ သမာဓိ ကောင်းကောင်း မရှိထားဘူး ဆိုရင်တော့ ကောင်းကောင်းမွန်မွန် သေပါလိမ့်မယ်… အားကြီးကြီး…။

ကျွန်တော် အဲဒါတွေကို မွေးနေ့မှာ စဉ်းစားဖြစ်တယ်၊ သေတဲ့သူတွေကို မြှုပ်နှံထားတဲ့ သင်္ချိုင်းမှာ သွားစဉ်းစားတယ်။ တချို့က ငယ်ငယ်နဲ့ သေတယ်၊ တချို့က သက်တမ်းစေ့မှ သေတယ်။ တချို့က ဂုဏ်သတင်းမွှေးပြီး သေတယ်။ တချို့က လောဘ၊ ဒေါသတွေနဲ့ သေတယ်။ တချို့က အများအကျိုး၊ နိုင်ငံ့အကျိုး သယ်ပိုးရင်း သေတယ်။

ကျွန်တော်ရော ဘယ်လို သေမလဲ၊ သေလို့ ရနေပြီလား။ သင်္ချိုင်းမှာတော့ ကျွန်တော့်မွေးနေ့မှာ သေတဲ့သူကို တွေ့ခဲ့တယ်၊ ကျွန်တော့်အသက်မှာပဲ သေနှင့်တဲ့ သူကို မြင်ခဲ့ပြီ။ ကျွန်တော်က အခုမှ ငါလည်း သေရမှာပါလားလို့ စဉ်းစားနေတုန်း ရှိသေးတယ်။ ကျွန်တော်ကမှ သေရမှာကို စဉ်းစားနေသေးတယ်။ ကျွန်တော့် သူငယ်ချင်းတွေ မိတ်ဆွေတွေ အများစုကတော့ ဘယ်သူမှ ငါတို့ သေတော့မှာပဲလို့ စဉ်းစားတဲ့သူ များများ မတွေ့ မကြားမိပါဘူး။

တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော် သင်္ချိုင်းကုန်းက ပြန်လာပြီး နောက်တစ်ရက်မှာပဲ ရန်ကုန်က ဘဏ်လုပ်ငန်းပညာရှင်နဲ့ စီးပွားရေးပညာရှင် ဆရာဦးဝင့်ကျော် ဆုံးတယ်လို့ ကြားတယ်။ ကျွန်တော်က သင်္ချိုင်းက ပြန်လာပြီး နောက်တစ်ရက်မှာမှ ဆောင်းပါးရေးတာပေါ့လို့ ထားလိုက်ပြီး၊ နောက်နေ့ကျတော့ ကွန်ပျူတာ ဖွင့်၊ ဖေ့စ်ဘုတ်ကြည့်တုန်းမှာပဲ ဆရာဦးဝင့်ကျော် ကွယ်လွန်ကြောင်း မတ်ဆေ့ဂ်ျ တွေ့လိုက်ရတယ်။

လူတိုင်းကတော့ သေမှာချည်းပါပဲ၊ ဒါပေမဲ့ လူတော်တော် များများက ဒီနေ့တော့ ငါ မသေလောက်သေးပါဘူးလို့ မျှော်လင့်တတ်ကြပါတယ်။

ကျွန်တော်လည်း မျှော်လင့်တာပါပဲ၊ မျှော်လင့်လို့ပဲ နောက်တစ်ရက်မှ ရေးတာပေါ့ကွာဆိုပြီး နောက်တစ်ရက် ဆိုင်းလိုက်တာပေါ့။ တကယ်လို့များ သင်္ချိုင်းကုန်း သွားရင်း ကျွန်တော် သေသွားခဲ့ရင် ဒါမှမဟုတ် အိမ်ပြန်လာပြီး ချက်ချင်းပဲ သေသွားခဲ့ရင်လည်း ဒီစာတွေကို အခု ဖတ်ရတော့မှာ မဟုတ်ပါဘူး။

ကျွန်တော်ကိုယ်တိုင်လည်း သေမလို သုံးလေးခါတော့ အနည်းလေး ဖြစ်ခဲ့ဖူးပါပြီ။ အချိန်မရွေး သေနိုင်တယ်ဆိုတာကိုလည်း အပြောမဟုတ်၊ လက်တွေ့ နီးနီးစပ်စပ် သိထားပါတယ်။ သတိမကပ်၊ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားရင်တော့ မြန်မြန်သေနိုင်တယ် ဆိုတာကတော့ သေချာပါတယ်၊ အဲဒီလို သေသွားသူတွေလည်း ရှိနေ မြင်နေ ကြားနေရပါတယ်။

အ၀င်ထက် အထွက်ဟာ ခက်လိမ့်မယ်

သင်္ချိုင်းကုန်း သွားတာ ဘာထူးသလဲ ဆိုရင်တော့ လူတွေ ဘယ်လို သေခဲ့ပြီလဲ၊ ကျန်ရစ်သူ တွေက ဘယ်လို စိတ်တွေ ထားကြသလဲ၊ ကြီးကျယ် မြင့်မြတ်စွာ သေတဲ့သူတွေ၊ လူတွေကို ကောင်းစေချင် ကောင်းအောင် လုပ်ပေးခဲ့သူတွေ ဘယ်လို ဂုဏ်ပြုခံရ သလဲ၊ သူတို့ကို ကျန်ရစ်သူ တွေက ဘယ်လို လွမ်းဆွတ် ကြသလဲ ဆိုတာကို ကျွန်တော် နည်းနည်း ပိုရိပ်စား မိလာပါတယ်။

သေရင်တော့ ပြီးသွားပြီလို့ လူမိုက်တွေ က ထင်တတ်ကြပါတယ်၊ မြန်မာစကားပုံမှာလည်း “သေသောသူ ကြာရင်မေ့“ ဆိုတဲ့ စကားရှိပါတယ်။

ဒါပေမဲ့ ဗုဒ္ဓ နောက်က လူတွေ သန်းထောင်နဲ့ချီ သေသွားခဲ့ပြီပဲ၊ သခင်ယေရှု နောက်က၊ တမန်တော် မိုဟာမက် နောက်က လူတွေ သေခဲ့ကြပြီပဲ။ သူတို့ကို ကိုးကွယ် ဆည်းကပ်နေကြတုန်းပဲ။ သူတို့ ဟောပြော ဆုံးမ လမ်းညွှန်ခဲ့တာတွေကို အရိုအသေပြု လိုက်နာနေကြတုန်းပဲ။ ဘာဖြစ်လို့ပါလဲ…။

အေဗရာဟမ်လင်ကွန်းတို့၊ မာတင်လူသာကင်းတို့၊ မာသာထရီဇာတို့၊ ဂန္ဓီတို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့ အိုင်းစတိုင်းတို့၊ စကားတွေ၊ တရားတွေကို သုံးစွဲနေကြတုန်းပဲ။ သေတဲ့အထိ မြင့်မြတ်နေကြဆဲ သူတွေ…။ ဘာဖြစ်လို့ပါလဲ၊ သေရင် မပြီးသေးဘူး ဆိုတာကို သူတို့ပြသွားခဲ့တာပါပဲ။

ဒီတော့ ချုပ်ရရင် လောကထဲ ကျွန်တော်တို့ ရုန်းရင်းကန်ရင်း ၀င်ခဲ့ကြပြီ၊ ပျော်ရင်းမောရင်း တွန်းရင်းတိုက်ရင်း ရှင်သန်နေခဲ့ကြပြီ။

အဆုံးအမှတ်ကိုလည်း အကန်းဘ၀နဲ့ လုံးလုံးမိုက်မိုက် ထွက်သွားမလား၊ ပေါ့ပေါ့ဆဆနဲ့ ရေစုန်မျောလိုက်မလား၊ ဖြစ်ချင်ရာဖြစ်ဆိုပြီး မိုက်ချင်သလို မိုက်လိုက်ကြမလား။ ကျွန်တော်ကတော့ စဉ်းစားနေပါတယ်၊ အချိန်အားရတိုင်း အသေအချာကို စဉ်းစားနေပါတယ်။

အ၀င်ထက် အထွက်ဟာ ပိုခက်လိမ့်မယ်လို့တော့ ထင်တာပါပဲဗျာ….။

၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၂ ရက်။ ည ၈ နာရီ။

ငယ်ငယ်ကထဲက (အသက် ၁၀ နှစ် ၀န်းကျင်လောက်ပေါ့) မနက်ဆို အဆိုတော် မာမာအေးရဲ့ မင်္ဂလာ ၁၂ ပါး သီချင်းနဲ့ အိပ်ရာထပါတယ်။ အဖေက ကြာနီကန်ဆရာတော်ရဲ့ တရားခွေ အရင်ဖွင့်တယ်။ ဆရာတော်ကလဲ အပြော အဟောက ကောင်းဆိုတော့ နိုးနေပေမဲ့ မထသေးဘဲ အိပ်ရာထဲကနေပဲ တရားနာ(နားထောင်နေတယ်)။ အဲ..မာမာအေးရဲ့ မင်္ဂလာ ၁၂ ပါး သီချင်းမှာတော့ လုံးဝ နိုးထ လာခဲ့ပါပြီ။

မြန်မာသံတီးလုံးလေးကလဲ ကောင်းမှကိုးဗျာ။ အခုတော့ အဲဒါလေး နားမထောင်ရတာ နှစ် ၂၀ နီးပါးလောက်တောင် ရှိမှပေါ့။ အခု ၂၀၁၀ ပြည့်နှစ်၊ မေလထုတ် အပျိုစင် မဂ္ဂဇင်းမှာ စာရေးဆရာ မောင်ကောင်းမြင့်ရေးတဲ့ “တစ်ခုသော စိန်ရတု၊ ရွှေရတု“ ဆောင်းပါးမှာ မင်္ဂလာ ၁၂ ပါး ထည့်ရေးထားတာ တွေ့တာနဲ့ ပြန်ကူးပြရပါတယ်။ မြန်မာဆိုရင် ကိုယ်လုပ်ကိုင် ဆောင်ရွက်လို့ ရတဲ့ မင်္ဂလာတွေ သိထားတော့ ကောင်းတာပေါ့လေ။

၁။ ဂဗ္ဘသာဝက မင်္ဂလာ (ပဋိသန္ဓေစွဲသည့်နေ့ကစပြီး အခါအားလျော်စွာ ပြုရသော မင်္ဂလာ)

၂။ ၀ိဇာတ မင်္ဂလာ (ဖွားမြင်သောအခါ ပြုရသော မင်္ဂလာ)

၃။ အာဟာရ ပရိဘောဂ မင်္ဂလာ (ထမင်းခွံ့ရသောအခါ ပြုရသော မင်္ဂလာ)

၎။ တမ္ဗုလ ဘတ္တ မင်္ဂလာ (ကွမ်းခွံ့သောအခါ ပြုရသော မင်္ဂလာ)

၅။ ဒေါဠာကရဏ မင်္ဂလာ (ဧယာဉ်ပုခက်လွှဲသောအခါ ပြုရသော မင်္ဂလာ)

၆။ ကေသစ္ဆ ဒန မင်္ဂလာ (ဆံပင်ပယ်သောအခါ ပြုရသော မင်္ဂလာ)

၇။ ဂေဟာ ကရဏ မင်္ဂလာ (အိမ်သစ်တက် မင်္ဂလာ)

၈။ သာမဏေရ ပဗ္ဗဇ မင်္ဂလာ (ရှင်ပြု မင်္ဂလာ)

၉။ ကဏ္ဏ ၀ိဇ္ဈန မင်္ဂလာ (နားသ မင်္ဂလာ)

၁၀။ ဒုဿာ ဂဟန မင်္ဂလာ (ပုဆိုး ထဘီ ၀တ်သောအခါ ပြုရသော မင်္ဂလာ)

၁၁။ စူဠဂဟန မင်္ဂလာ (ဆံထိုး ဦးသျှောင် ထုံးသောအခါ ပြုရသော မင်္ဂလာ)

၁၂။ အာဝါဟ ၀ိဝါဟ မင်္ဂလာ (လက်ထပ် မင်္ဂလာ)

အဲဒီ မင်္ဂလာ ၁၂ ပါး သီချင်းနဲ့ နိုးထခဲ့ရတဲ့ မနက်ခင်းတိုင်းဟာ မင်္ဂလာ ရှိနေသလိုပါပဲ။ အသက် ၁၀ နှစ်သား လောက်ပဲ ရှိသေးတဲ့ ကိုယ်ဟာ အတော်လေး တက်ကြွ လန်းဆန်း ခဲ့ဖူးပါတယ်။ အဆိုတော် မာမာအေးရဲ့ အသံကလဲ ကောင်းမှ ကောင်းကိုဗျာ။

ဒီမင်္ဂလာတွေထဲမှာ တချို့ဟာတွေကတော့ ကုလား ယဉ်ကျေးမှုကနေ ကော်ပီတွေ ဖြစ်ကောင်း ဖြစ်မှာပါ။ ဒါပေမဲ့ မြန်မာမှာလဲ ဒီလို ယဉ်ကျေးမှုတွေ ရှိပါလားဆိုပြီး သိရတာပေါ့ဗျာ။

အခုက ဂျပန်နိုင်ငံမှာ လူကြီးဖြစ်ပွဲတို့၊ လက်တင်အမေရိကမှာတော့ Quinceañera လို့ခေါ်တဲ့ အသက် ၁၅ နှစ်ပြည့် မြောက်သူ မိန်းကလေးတွေရဲ့ (အပျိုဖြစ်ပွဲလို့ ခေါ်ရမလားမသိ) ဆုံတွေ့ပွဲ၊ နောက် အိန္ဒိယမှာပဲ သမီးအပျိုဖြစ်ပွဲတွေကို ဖတ်နေ၊ ကြားနေ၊ မြင်နေရတော့ ဟာ ဒို့မှာလဲ ဒါတွေ ရှိတာပဲ၊ မြန်မာမှန်ရင် ဒါတွေ သိထားသင့်တာပဲလို့ ယုံကြည်လို့ ပြန်မျှဝေ လိုက်ရတာပါ။

မြန်မာတွေက မင်္ဂလာရှိတာကို တန်ဖိုးထားကြတာမို့ ပဋိသန္ဓေစတည်ပြီဆိုတာနဲ့ အဖေရော၊ အမေရော၊ အဖိုးတွေ၊ အဖွားတွေ၊ ဆွေမျိုးတွေရော အလွန်ဝမ်းသာပြီး အဲဒီအိမ်ဟာ မင်္ဂလာတွေ ရှိကုန်တော့တာပါပဲ၊ အဲဒီအိမ်တင် မကပါဘူး၊ အိမ်နီးနားချင်းတွေ၊ လမ်းထဲက လူတွေကပါ မင်္ဂလာတွေ ရှိကုန်ပြီး တချို့ဆို ထီတွေ ဘာတွေ ထိုးကြတာတောင် ရှိပါတယ်။

ထမင်းခွံ့၊ ကွမ်းခွံ့တာ…ဒါကတော့ ကုလားဆီက လာတာများလားလို့ ထင်မိပါတယ်။ ပုခက်လွှဲတာတို့၊ ဆံပင် ပယ်တာတို့ကျတော့ နန်းတွင်းက လာတယ်ထင်ပါရဲ့။

အိမ်သစ်တက်တာကြတော့ တရုတ်ဆီကပဲ လာသလား၊ မြန်မာအစစ်ပဲလား သေချာမသိပါဘူး။ တရုတ်တွေကတော့ ဖွင့်ပွဲတို့၊ လုပ်ငန်းသစ်တို့ စပြီဆိုရင် ကြီးကြီးကျယ်ကျယ်ဖွင့်လှစ်တတ်ကြတာကလားဗျာ။

ရှင်ပြု၊ နားသကတော့ ချစ်စရာအရွယ် သားလေးတွေ၊ သမီးလေးတွေကို မင်းသား၊ မင်းသမီးလေးတွေလို ၀တ်စား ဆင်ယင်ပေးပြီး သာသနာ့အရေးဆက်နွယ်လို့ ဆောင်ရွက်ကြတာ ကုသိုလ်လဲရ၊ ပျော်လည်းပျော်ရ၊ ကြည်နူးစရာလဲ ကောင်းပါတယ်။ တချို့မိဘတွေဆို သားရှင်ပြုပွဲ ကျင်းပနိုင်ဖို့အရေး ပဋိသန္ဓေတည်တာနဲ့ တပြိုင်နက် သားလေး မွေးဖို့ ဆုတောင်းကြပါသတဲ့။ ကျွန်တော့်မေမေလဲ သားလေး(ကျွန်တော်)မွေးတော့ အတော် ၀မ်းသာခဲ့သတဲ့လေ။

ပုဆိုး၊ ထဘီ ၀တ်တာကတော့ ခုနပြောခဲ့တဲ့ ၁၅ နှစ်ပြည့်ပွဲတို့၊ လူကြီးဖြစ်ပွဲတို့နဲ့များ တူသလားမသိ၊ အရင်က ပုဆိုးဆိုတာက ယောက်ျားလေးဆို အတောင် ၂၀ ၀တ်ရတာကိုးဗျာ…နော်။ ၁၅ နှစ်လောက်ကြမှသာ ခွန်အားဗလ ဖြိုးကြွယ်လို့ အတောင် ၂၀ ကို ပတ်ထားနိုင်မှာကိုးနော်…။ မိန်းကလေးတွေကလဲ ဗလာထဘီလိုမျိုး ပတ်ထားရတာ ပါပဲ။ သူတို့လဲ အဲဒီလောက်မှ နိုင်နိုင်နင်းနင်း ပတ်နိုင် ဆီးနိုင်မှာပေါ့လေ။

ဆံထုံး၊ ဦးသျှောင်ထုံး တာကတော့ နည်းနည်း အရွယ်တင့်လာတဲ့အချိန်လို့ ထင်တာပဲ၊ လူကြီးပီပီဖြစ်ပြီပေါ့လေ။ မင်္ဂလာဆောင်ဖို့ ရယ်ဒီမိတ်ဖြစ်တဲ့အရွယ်လို့ ပြောရမလားမသိပါဘူး။ ဒီခေတ်ကတော့ ယောက်ျားလေးရော၊ မိန်းကလေးတွေပါ ဆံပင်တွေ ဖြတ်ပစ်ကြတဲ့ခေတ်(အပြေးအလွှား သွားလာလုပ်ကိုင်ရတဲ့ခေတ်၊ ရာသီဥတု အလွန်ပူတဲ့ခေတ်)ဆိုတော့ ဒီမင်္ဂလာ ကတော့ ခေတ္တဆိုင်းငံ့ရမဲ့ သဘောရှိပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုကနေ ကမ္ဘာကြီးအေးချမ်းသွားမှုဆီရောက်မှပဲ ပြန်လည်ဆင်နွှဲနိုင်တော့မယ်ထင်ပါ့ဗျာ။

အဲ..နောက်ဆုံးကတော့ အာဝါဟ ၀ိဝါဟ ထိမ်းမြားမင်္ဂလာဆောင်နှင်းကြတာပေါ့ဗျာ။ ဒါက အရေးကြီးတယ်လေ… လူ့မျိုးရိုးမျိုးဆက် မတိမ်ကောဖို့ဆိုတာ ဒီမင်္ဂလာရှိမှ ဖြစ်မှာကိုးဗျနော်။ တစ်ခါ ဒီမင်္ဂလာနဲ့ စလိုက်မှပဲ နံပါတ်တစ် မင်္ဂလာဆီ တကြော့ပြန်သွားနိုင်မှာကိုးဗျ။ သံသရာအစ မင်္ဂလာလို့ ခေါ်ရမလားမသိ။

အဲ…စကားမစပ် အခုတော့ အမေရိက က သိပ္ပံပညာရှင်က မိဘမပါဘဲ(အာဝါဟ ၀ိဝါဟ မင်္ဂလာမပြုပါဘဲ) လူလုပ်ဖို့ ကြံနေတာ အောင်မြင်မှု လမ်းစ တွေ့နေပြီပြောပါတယ်။

သပ္ပုရိသ(သူတော်ကောင်းအပေါင်း)တို့…နံပါတ် ၁၂ မင်္ဂလာကို အောင်အောင်မြင်မြင် ပြုချင်ရင်တော့ ဒီသိပ္ပံပညာရှင် စမ်းသပ်မှု မအောင်မြင်ခင် မြန်မြန် ဆောင်နှင်းနိုင်မှ တော်ကာ ကြပါလိမ့်မယ်။ မဟုတ်ရင် ဒီမင်္ဂလာဟာ ပေါ့ပျက်ပျက် ဖြစ်သွားနိုင်ပါတယ်။

မင်္ဂလာ နံပါတ် ၁၂ ကနေ မင်္ဂလာ နံပါတ် ၁ ကို တကြော့ပြန် လည်သွားခဲ့ပေမဲ့…မင်္ဂလာ ၁၂ ကနေ ကျော်လွန် လိုက်ရင် တော့ ဇရာ(အို) ဗျာဓိ(နာ) မရဏ(သေ)ဖို့ကလဲ ရှိနေပြန်ပါသေးတယ်။ အဲဒါကျတော့ မြန်မာတွေက လည်သဗျာ။ မင်္ဂလာမဟုတ်တော့ဘူး…အမင်္ဂလာတဲ့။

အို့…မင်းသားကြီး ကိုကျော်သူကျတော့ အမင်္ဂလာတွေလို့ လူတွေဆိုကြတဲ့ နာရေးကူညီမှုတွေကို စိတ်နှလုံး ကောင်းကောင်းနဲ့ တတ်စွမ်းသမျှကူညီနေပြီး မင်္ဂလာရှိအောင် နေထိုင်ပြနေပြန်တော့ ဘယ်ဟာက အဓိက မင်္ဂလာ၊ ဘယ်ဟာက သာမညမင်္ဂလာလဲ ဆိုတာကိုတော့ သပ္ပုရိသအပေါင်းကပဲ ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစားဆုံးဖြတ်တော် မူကြပါ ခင်ဗျာ။

စာဖတ်သူအပေါင်း မင်္ဂလာများ တိုးပွားပြီး သကာလ အာယု(အသက်ရှည်ခြင်း)၊ ၀ဏ္ဏ(အဆင်းလှခြင်း)၊ သုခ(ချမ်းသာ ကြီးခြင်း)၊ ဗလ(ခွန်အားကြီးခြင်း)၊ ပဋိဘာန(ဥာဏ်ပညာကြီးခြင်း)တို့နဲ့ ပြည့်စုံကြပါစေခင်ဗျာ။

က္ကဿာ၊ မစ္ဆရိယ(မနာလိုခြင်း၊ ၀န်တိုခြင်း) ကင်းစင်ပြီး ဖြူသောနှလုံးနဲ့ စင်သောစိတ်(မုဒိတာ)ထား ပွားနိုင်ကြပါစေ ခင်ဗျာ။

၂၀၁၀ ပြည့်နှစ်၊ မေလ ၂၁ ရက်။ သောကြာ မွန်းလွဲ ၂ နာရီ။

တရား မတရား
လူအများသိပါစ
သူများသိသိ မသိသိ
ကိုယ်တိုင်သိပါ၏လေ…။

ဥပဒေအထက် မည်သူမျှမစွက်ရ
ခုတော့…
ဥပဒေဆိုတာ ရယ်စရာကောင်း…
ကောင်းသပေါ့
ဥပဒေဆိုတာ ငါလုပ်တာကွလို့အော်
မိုက်လို့ဆော်တာ ဘာဖြစ်သလဲလုပ်
အော်…ထိုက်သူစံသတဲ့လားကွယ်
ဘုရားကလဲ ခုထိ မရိုက်သေးဘူး…။

တပ်သားတစ်သင်းတစ်အုပ်နဲ့နေ
လက်နက်ခဲယမ်းမီးကျည်အပြည့်
မျက်နှာတွေ မဲ့ကာရွဲ့ကာ
မတူမတန်သလိုလုပ်
စကားများရင် ဧည့်လာမလုပ်နဲ့ကွာလို့
ဗြောင်ကိုဆော်ထည့်မှတော့
မှတ်ပလားကွ…ဒါ ငါဒို့ ဗမာ(မြန်မာ)လို့ ကြံဖန်ပဲ ဂုဏ်ယူရတော့မလို
ကမ္ဘာ့အလယ် အာဏာငမ်းသူတွေကြောင့်
ရှက်ပါဘိ အော့နှလုံးနာမိ…။

မြင်သမျှဟာ ရွှင်ပြစရာ တစ်ကွက်မှမရှိ
မိန်းမသားတစ်ယောက်အတွက်နဲ့
ယောက်ျားကြီးတွေ…
ဘောင်းဘီချွတ်ရ
တစ်ခါ ဥပဒေစကားလုံး လှိုင်လှိုင်သုံးလို့
သူခိုးလူလူ ဟစ်…
အင်း…လုပ်သမျှဖြစ်နေတဲ့ခေတ်ဆိုတော့လဲ
ရိုင်းကြစမ်းပေါ့ကွာ…။

လူမိုက်ထုတ်တဲ့ မိုက်ကြေးခွဲဥပဒေရယ်
မလိုက်နာရင် ရိုက်မယ်ပုတ်မယ် ညှင်းဆဲမယ်ဆိုတဲ့
စိတ်ကြိုက်အသာစီး လိုရာဆွဲတဲ့ဟာကို
ဒီကမ္ဘာမယ် မင်း ရှာကြည့်ဦးဆိုတော့…
ကောသလ္လအိပ်မက်ကယ်
ပြည်မြန်မာဝယ် ထွန်းပြီထင်ပါ့
လူမိုက်များ ကောင်းစားလို့
ပညာရှင်တို့ ရိုင်းသူထံမှောက် အခစားရောက်ပါပေါ့လေး…။

မိန်းမသားကို နေရာပေး
မိခင်လောင်းလေးတွေ ချစ်တဲ့နေရာမှာ
မြန်မာထက်သာတဲ့နိုင်ငံ…
ဟိုတုန်းကလဲ မရှိခဲ့၊ ခုထိလဲ ရှိအုံးမမြင်
ဒင်းတစ်သိုက်သာ ရိုင်းမိုက်တဲ့အကြံနဲ့
နှမချင်းလဲမစာနာ၊ မိခင်လိုမြင်ဖို့တော့ ဝေးလာဝေး
ဘာများသုံးစားရမလဲ၊ ဘယ်လိုများထိုးကျွေးရမလဲ
ခေါင်းခြောက်အောင်စဉ်းစား
ရန်များလိုက်တာကဖြင့်…
က္ကဿာ၊ မစ္ဆရိယ ကြောက်စရာကောင်းပုံများ
သူတို့တွေ မြန်မာမှဟုတ်ပါလေစ…
ဗုဒ္ဓတရားထွန်းကားတဲ့နိုင်ငံတဲ့
ဟား ဟား ဟား လို့တောင် ရယ်လိုက်ချင်သပဗျာ…။

ကြည့်ပါဦး ဒီနိုင်ငံ…
မိုးနဲ့မြေနှိုင်းစရာလားလို့ မပြောပါနဲ့
သေနာများက လုပ်ချင်ရာလုပ်ရင်တော့ နိုင်ငံတကာနဲ့နှိုင်း
ယှဉ်ကြည့်ကြစမ်းပါလေ…ဒို့လုပ်တာလွန်သလားတဲ့
အဲ…နိုင်ငံတကာနဲ့ပဲ ပြန်နှိုင်းပြီး ဒါလေးတော့ ပေးပါဗျာလို့တောင်းရင်…
ခုမှ ဒီမို(ကရေစီ)အစမို့ ဒါတွေတောင်းတော့ လွန်သပေါ့တဲ့လေ
မိုက်ခဲတို့ သားရေကွင်းဥပဒေ
လိပ်ဥပဒေ တောဥပဒေလို့ပဲ ခေါ်ဖို့ကောင်း
အားကြီးသူနိုင် ကိုယ့်ဖက်အပိုင်လုပ်ထားမှတော့…
ဝင်ပြိုင်သူ တစ်အိမ်လို ဖဲဝိုင်း ၀င်ထိုင်သလိုပ…။

ပြောပါရစေဦး
ဒီမှာများ…မနေ့ကအထိ ပြိုင်ဘက်
ထိုးချက်နှက်ချက် အပြတ်အသတ်ကိုလုပ်တာ
အဲ..နောက်တစ်ရက်ကျတော့
ညွန့်ပေါင်းအစိုးရ အတူဖွဲ့သတဲ့
David နဲ့ Nick အပြုံးမပျက် အလုပ်အတူလုပ်နိုင်သတဲ့
နိုင်ငံ့အကျိုး ပြည်သူ့အကျိုးကြည့်သတဲ့
တည်ငြိမ် အားကောင်းတဲ့ အစိုးရဖြစ်ဖို့တဲ့လေ…။

အော်…အရင်ကတော့ ကောင်းသွားမှာပါလေ
ကြောင်ကြာကြာ ရေမငုပ်ပါဘူး
မုန်တိုင်းပြီးရင် လေပြည်လာမှာပါနဲ့…
အကောင်းမြင်သမား လုပ်လိုက်ရတာ
အစိုးရများ ထိခိုက်စကားပြောလာရင်
ကြားကနေ စိတ်မကောင်းဖြစ်လိုက်ရတာ
ရုပ်ကြမ်းစိတ်ကြမ်းတွေမို့
စကားချိုချို အပျော့ဆွဲနဲ့ ဆက်ဆံကြည့်ဖို့ တိုက်တွန်းကြည့်ခဲ့ရတာ…။

ခုတော့…
မှားပေါ့..မှားပါပေပေါ့
ကျောချမှ ဓားပြမှန်းသိပါပေါ့
ဝါးရင်းတုတ်စာမိမှ တကယ်ရိုက်ပါပေါ့
ကျည်ဆန်တွေဖောက်ကာဝင်မှ တကယ်ပစ်ပါပေပေါ့နဲ့
မြန်မာ့ရာဇ၀င်မှာ မသတီစရာ စာတင်အောင်ရိုင်းမဲ့ ဗြောင်လိမ်တွေ…
မိအေးအော်တာသာ သိတယ်
ဒီမောင်တွေရိုင်းချက် ဆိုးညစ်ချက် အချက်ရာထောင် ပလီပလာ ရယ်စရာတွေကို
သားတရာကျမှသိမဲ့ ယောင်တွေလို မဖြစ်စေဖို့
အဖြူအမဲကွဲကြဖို့အရေး
ဒီကဗျာစီကာ ဖွဲ့ရပါကြောင်း…မြန်မာတို့…။

၂၀၁၀ ပြည့်နှစ်၊ မေလ ၁၅ ရက်။ စနေ ည ၉ နာရီ။

ဘယ်ယောက်ျားက ယောက်ျားကောင်းလဲ၊ ဘယ်မိန်းမက မိန်းမကောင်းလဲဆိုတာ အမြဲစဉ်းစားထားပြီးသားမို့ စကားလုံး တစ်လုံးစီနဲ့ အပြီးဖြေပစ်လို့ရပါတယ်၊ ယုံ…။

တန်ဖိုးရှိတဲ့ယောက်ျား၊ အရည်အချင်းရှိတဲ့ ယောက်ျားဆိုတာကို စကားတစ်လုံးတည်းနဲ့ပြောဆိုရင် တည်ကြည်တဲ့ ယောက်ျားဟာ တန်ဖိုးရှိတာပဲ၊ အရည်အချင်းရှိ တာပဲ၊ ယောက်ျားကောင်းပဲ။ ဒီတစ်လုံးပဲ “တည်ကြည်“၊ ကိစ္စ ပြတ်ပြီ။

မြန်မာအဘိဓာန်မှာ တည်ကြည်ကို ဒီလိုအဓိပ္ပာယ်ဖွင့်တယ်။

တည်ကြည်-ကြိ-စိတ်ဓာတ်ဖြောင့်မတ် တည်ငြိမ်သည်၊ သိက္ခာသမာဓိရှိသည်။ ပြီးပြီ။ အဲဒါ ယောက်ျားကောင်းပဲ။

စိတ်ဓာတ်ဖောက်ပြန်တတ်တဲ့သူ၊ ခုတစ်မျိုး တော်ကြာတစ်မျိုးလုပ်သူ၊ စိတ်ရော ကိုယ်ပါ ဂဏှာမငြိမ်သူ၊ ယောက်ယက်ခတ်သူ၊ မတည်ငြိမ်သူ၊ သိက္ခာမရှိသူ၊ ကတိ မတည်သူ၊ အချိန်မလေးစားသူ၊ ပျံ့လွင့်သူ၊ စိတ်သဘောထား သေးသိမ်သူ၊ မရိုးဖြောင့်သူ အဲဒီလူတွေဟာ ယောက်ျားအင်္ဂါသာ ပါချင်ပါမယ်၊ ယောက်ျားကောင်းတွေ မဟုတ်ဘူး။

မိန်းမ…အရည်အချင်းရှိတဲ့မိန်းမ၊ တန်ဖိုးရှိတဲ့မိန်းမ၊ မိန်းမကောင်း ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုမလဲ။
မိန်းမကောင်းအင်္ဂါ ဘာညာသရကာတွေနဲ့ တိုင်းတာနေစရာမလိုဘူး၊ တိုင်းတာလို့လည်း တိုင်းတာသူကိုယ်တိုင်က ဘယ်လိုတိုင်းတာရမလဲ သိချင်မှသိမယ်။ စကား တစ်လုံးတည်းနဲ့ပြီးတယ်၊ မိန်းမကောင်း ဟုတ်မဟုတ်ဆိုတာ၊ ယုံ..။

ဘယ်သူလဲ မိန်းမကောင်း….မပျင်းတဲ့ မိန်းမ။ ပြီးပြီ…စကားတစ်လုံးတည်းပဲ။

မြန်မာအဘိဓာန်က ဒီလိုအဓိပ္ပာယ်ဖွင့်တယ်။

ပျင်း-ကြိ-အလုပ်မလုပ်ချင်ဖြစ်သည်၊ ငြီးငွေ့သည်။ မပျင်းဘူးဆိုတာကျတော့ ဆန့်ကျင်ဘက် အနက်ယူလိုက်ပေါ့။ အလုပ်လုပ်ချင်သည်၊ မငြီးငွေ့…။

ဘာတွေလုပ်ချင်တာလဲ၊ ဘာကို မငြီးငွေ့တာလဲ။

အဲဒါမပြောခင် မိန်းမဆိုတာ ဘာလဲဆိုတာ အရင်ပြောပြရမယ်။ မိန်းကလေး ဖြစ်နေပြီး ကိုယ်ဘာလုပ်ရတယ်ဆိုတာ မသိတဲ့သူတွေလည်း ပြန်သတိရအောင်ပေါ့။

မိန်းမဆိုတာ…
မိန်းမဖြစ်လာရင် လုပ်ရတဲ့အလုပ်၊ ကျော်ဖြတ်ရတဲ့အဆင့်တွေ ရှိတယ်။ အဲဒါ မိန်းမသားဖြစ်မှ ခံစားခွင့်ရှိတယ်။ ယောက်ျားတွေက ခံစားခွင့်မရဘူး၊ အတုလုပ်လို့ မရဘူး။ ဒါကို အာဝေဏိကဒုက္ခလို့ ခေါ်တယ်။ ဘယ်မိန်းမ မဆို ဒါတွေဖြစ်တယ်၊ ဘယ်နိုင်ငံက မိန်းမ မဆိုဖြစ်တယ်။

အာဝေဏိကဒုက္ခ-မိန်းမတို့သာ ခံစားရသော ဒုက္ခဆင်းရဲ

၁။ ဥတုလာခြင်း(တစ်လတစ်ကြိမ် မိန်းမသဘာဝအရဖြစ်သော ကိစ္စ)

၂။ လင်၏အိမ်သို့လိုက်ရခြင်း (အိမ်ထောင်ကျတဲ့အခါ၊ အခုခေတ်ကတော့ အို…မလိုက်ပါဘူး၊ ကိုယ့်အိမ်ခေါ်မှာပေါ့ ဆိုလည်း ခေါ်ပေါ့၊ အိမ်ထောင်ကျရင် ပြောပါတယ်)

၃။ ကိုယ်ဝန်ဆောင်ရခြင်း (မိန်းမတစ်ယောက်ရဲ့ ပိုင်ခွင့်ရှိတဲ့အထဲက အကြီးမားဆုံးတန်ဖိုးပါပဲ)

၎။ သားဖွားရခြင်း (ကိုယ်တိုင် နောက်ထပ် ကိုယ့်လို လူသားတစ်ယောက် လောကထဲ ရောက်လာအောင် ရင်နဲ့လွယ်ပြီး အသက်နဲ့ရင်းလို့ ဖန်တီးနိုင်တဲ့ ဗိသုကာ၊ ပန်းပုဆရာ၊ ဖန်ဆင်းရှင်)

၅။ လင်ကိုပြုစုရခြင်း (ဟာ…ဘာလို့ပြုစုရမှာလဲ၊ သူက ပြုစုရမှာပေါ့ဆိုလည်း သဘောပေါ့၊ ပြုစုကြရင်သာ ပြီးတာပါပဲ)
အဲဒီငါးမျိုးကို မိန်းမတွေသာ ပိုင်ခွင့်ရှိတယ်၊ ဖြည့်ဆည်းနိုင်စွမ်းကြတယ်။

ဆိုတော့ ဘာမှမလုပ်ပါနဲ့ဦး၊ မိန်းမတစ်ယောက်ဖြစ်လာပြီးရင် စောစောသာ အနိစ္စသဘောနဲ့ ကိစ္စမချောခဲ့ဘူးဆိုရင် အဲဒီငါးမျိုးကိုသာ လုပ်ကြည့်ပါဦး။ ကဲ..ပျင်းတဲ့ မိန်းမ ဘယ်လို လုပ်နိုင်မလဲ။ ပျင်းပျင်းလေးနဲ့ လုပ်တာပေါ့ကွာလို့ ပြောမလား။

ဒီနေ့ခေတ်လို ကိုယ်တိုင်လည်း ပညာတွေ သင်ပြီးရင်း သင်၊ အလှလည်း ပြင်၊ ၀င်ငွေလည်း များများရှာ၊ သားသမီးလည်း ကျောင်းကောင်းကောင်း ထားနိုင်အောင် ကြိုးစား၊ ကိုယ့်လင်ယောက်ျားကိုလည်း တခြားယောက်ျားတွေထက် ခေါင်းတစ်လုံး မြင့်စေချင်၊

အိမ်ကိုလည်း သန့်ရှင်းတောက်ပြောင်နေစေချင်၊ မိဘ ဆွေမျိုးတွေကိုလည်း တာဝန်ကျေချင်၊ ဘာသာ သာသနာကိုလည်း ပစ်ပယ်မထားဘဲ ဆည်းကပ်ကိုးကွယ် ရိုကျိုးသူဖြစ်ချင်၊ အဓိဌာန်လေးဝင် ကံကောင်း ဥာဏ်ကောင်း သမာဓိကောင်းအောင် ပုံမှန် တရားဓမ္မလေးကလည်း ရှုမှတ်ပွားများချင်၊

သူငယ်ချင်း မိတ်ဆွေ အသိုင်းအ၀ိုင်းကြားမှာလည်း သူတို့ အားလပ်ရက် ခရီးသွားရင် ကိုယ်သွားချင်၊ သူတို့ နိုင်ငံခြား ဈေးဝယ်သွားရင် ကိုယ်သွားချင်၊

အသက်ကြီးလာပေမဲ့ အလုံးအဆစ်လေးတွေ မပျက်စီးဘဲ နေသားတကျ ရှိနေစေဖို့(ဆက်လက် ထိန်းသိမ်းထားရေး) အားကစားလေ့ကျင့်ကွင်း အပြေးအလွှား လည်း သွားလိုက်ချင်ဆိုတာမျိုးတွေ လုပ်မဲ့မိန်းမတစ်ယောက်ဟာ ပျင်းနေလို့ကတော့ ဘယ်လိုမှ မဖြစ်ဘူးဆိုတာကို ပြောလိုက်ချင်ပါတယ်။

မိန်းမကောင်းတစ်ယောက်ရဲ့ အင်္ဂါရပ်တွေက တကယ်တော့ အများကြီး မဟုတ်ပါဘူး။ ကျွန်မက ပျင်းတတ်တဲ့သူ မဟုတ်ပါဘူးဆိုတာ တစ်ခုတည်းနဲ့ကို အပိုမဆို အကြွားမပါ စကားနာထိုးစရာမလိုဘဲ ချေပ ပြောဆိုပြီး ဖြစ်ပါတယ်လို့ စေတနာကောင်းနဲ့ ဒီမောင်က ချစ်ခင် လေးစားစွာနဲ့ ပြောပြလိုက်ရပါတယ်ဗျာ။

၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၁၂ ရက်၊ ည ၁၁ နာရီ။

၂၀၁၀ ဟာ ဖျတ်ကနဲရောက်လာခဲ့တယ်၊ သတိတောင် မထားမိလိုက်နိုင်အောင်ပါပဲ။ နေရာသစ်မှာ အခြေကျဖို့ ဟိုရွှေ့ဒီရွှေ့နဲ့ အထိုင်ချနေတုန်းမှာပဲ ၂၀၁၀ ရောက်လာခဲ့တယ်။

သူ့ကို ကောင်းကောင်းမကြိုဆိုအားလိုက်ဘူး၊ သူ့အတွက် ဖွယ်ဖွယ်ရာရာ မပြင်ဆင်ထားလိုက်နိုင်ဘူး။ မူလကတော့ အဲဒီလို မဟုတ်ခဲ့ဘူး။ ၂၀၁၀ ကို အများကြီး လေးလေးစားစားကြိုဖို့ လုပ်ထားတာလေ။

ဝ(သုည)နဲ့ဆုံးတဲ့နှစ်တွေကို ပြည့်နှစ်လို့ခေါ်ကြတယ်၊ ၂၀၁၀ ဆိုတော့ သူလည်းပြည့်နှစ်ပဲလေ။ ပြည့်ဝခြင်းတွေကို ယူဆောင်လာတဲ့နှစ်လို့ မူလက ရင်ခုန်ခဲ့တာပေါ့။ သိပ်ချစ်ခဲ့တာပေါ့။

အခုကျတော့ ရုတ်တရက်ရောက်လာခဲ့တယ်လို့ ခံစားနေရဆဲမို့ တစိမ်းတွေလိုပါပဲလားလို့ ဆိုရလောက်အောင် ၂၀၁၀ နဲ့ ကိုယ်ဟာ စိမ်းစိမ်းကားကားပဲ ရှိနေပါသေးတယ်။ သူ့ခမျာလည်း အလွန်လို့တော့ မဆိုသာပါဘူး။ သူလာရမဲ့အချိန်မို့ ရောက်လာတာပါကလား၊ ကိုယ့်ဘက်ကသာ အဆင်မပြေဖြစ်သွားခဲ့တာကိုး။

လွန်ခဲ့တဲ့ ၉ လ ဒီအချိန်မှာ ကိုယ်ဟာ သင်္ကန်းဝတ်နဲ့ ရှိနေခဲ့တယ်၊ အဲဒီတုန်းကတော့ နောက်တစ်နှစ်မှာ ဘာတွေဖြစ်လာမလဲလို့ ကိုယ်သေချာ မတွေးဖြစ်ခဲ့ဘူး၊ တရားပဲ နိုင်သလောက် မှတ်ခဲ့တယ်။

ကမ္ဘောဒီးယားနိုင်ငံရဲ့ မြောက်ဘက်ပြည်နယ်တစ်ခုဖြစ်တဲ့ ရတနာဂီရိပြည်နယ်က နည်းနည်းခေါင်တဲ့ ရွာလေးတစ်ရွာရဲ့ ဘုန်းကြီးကျောင်းထဲက တစ်ပါးနေ အခန်းလေးထဲမှာ ကိုယ်ရောက်နေခဲ့တယ်လေ။

နောက်တစ်ခါ ရန်ကုန်ပြန်ရောက်တယ်၊ အယ်ဒီတာအလုပ်ကို လုပ်နေခဲ့တယ်။

နောက်တစ်နှစ် ဘာတွေဖြစ်လာမလဲဆိုတာကို ကိုယ်သေချာ မစဉ်းစားနိုင်ခဲ့ဘူး။ ကိုယ့်အလုပ်တွေကိုပဲ မှန်မှန်လေး လုပ်နေခဲ့တယ်။ ဒါပေမယ့် ခဏနေတော့ ကိုယ်တဖြည်းဖြည်း အာရုံရလာတာက ၂၀၁၀၊ ပြည့်ဝသောနှစ်တစ်နှစ်ဟာ ရောက်လာတော့မယ်ဆိုတာပါပဲ။

လာခြင်းကောင်းသောနှစ်ကလေးကို ကြိုခြင်းကောင်းသောကြိုဆိုခြင်းနဲ့ ကြိုနိုင်ရင်သိပ်ကောင်းမှာပဲ၊ သူလည်းဝမ်းသာ ကိုယ်လည်းချမ်းသာ ဖြစ်မှာပဲလို့ တွေးခဲ့မိတယ်။

အခုတော့ ၂၀၁၀ ရေ၊ မင်းအတွက် ကိုယ်အဆင်သင့်မဖြစ်ခဲ့တဲ့အတွက် နည်းနည်းစိတ်မကောင်းဖြစ်ရပါတယ်၊ ကိုယ်အလုပ် သိပ်များသွားလို့ပါကွာ လို့တော့ မပြောချင်တော့ပါဘူး။ ဘယ်လိုပဲကြိုဆိုကြိုဆို ဧည့်သည်ကတောင် အိမ်ထဲရောက်နှင့်နေမှကိုးနော်ကွယ်။

ဒါဆို မင်းနဲ့ငါ ဘာလုပ်ကြမလဲ၊ ၂၀၁၀ ရေ…မင်းကတော့ ထုံးစံအတိုင်း အလှပဆုံးမာယာတွေ ထုတ်သုံးလို့ ကိုယ့်ကို ညှို့ယူဖမ်းစားတော့မယ်ဆိုတာကိုတော့ ကိုယ်သံသယဖြစ်မထားပါဘူး။ မင်းနဲ့ပေါင်းသင်းဖို့ ကိုယ့်တာကိုယ်လုံအောင်တော့ ပြင်ဆင်ထားရမယ်ဆိုတာကိုလည်း ယုံကြည်ပြီးသားပါ။ ဒါဆို ငါ ဘာတွေလုပ်ရမလဲ။

မင်းနဲ့အတူ ရှိနေရခိုက်မှာတော့ မင်းကို စိတ်ကျေနပ်မှုတွေ ပေးစွမ်းခွင့်ရချင်သလို ငါကိုယ်တိုင်လည်း ကိုယ့်အောင်မြင်မှုတွေ ကိုယ်ပြန်ကြည့်ပြီး ပီတိဖြစ်နေချင် တာကိုတော့ မရှက်တမ်းဝန်ခံပါတယ်ကွာ။

ဒီလိုနဲ့ပဲ ခဏနေရင်တော့ မူယာမာယာ ပလီပလာ တီတီတာတာလုပ်လို့ မင်းထွက်သွားဦးမယ်ဆိုတာကိုလည်း ငါ ယုံကြည်ထားပါတယ်။ ဒါဆို ငါ ဘာလုပ်ရမလဲ၊ ငါ ဘာ လုပ် ရ မှာ လဲ။

ငါတို့ အလုပ်က တစ်ရက်ပြီးတစ်ရက် ကုန်တာသိပ်မြန်တယ်၊ မင်းကို ဘယ်လောက်ပဲ စိတ်ထဲထည့်ထားတယ်ဆိုဦးတော့ ငါ့နာရီတွေ ငါရောင်းနေရဦးမှာပဲလေ။ ငါ ဘာလုပ်ရမလဲ၊ ငါ ဘာ လုပ် ရ မ လဲ။

ငါ သိပ်သဘောကောင်းတာ၊ စိတ်ဖြောင့်တာ၊ သိပ်ချစ်တတ်တာကိုလည်း မင်းမသိတာမှ မဟုတ်တာပဲလေ၊ ဒါပေမဲ့ ခက်တာက ငါ ဘယ်က စလုပ်ရမလဲဆိုတာကို မသိတာပဲကွ။ ငါ ဘာလုပ်ရမလဲ၊ ငါ ဘာ လုပ် ရ မ လဲ။

သူငယ်ချင်းတွေကလည်း ငါ့ကို စကြ၊ နောက်ကြဦးမှာပဲ၊ ငါကလည်း သူငယ်ချင်းတွေကို ခေါ်လိုက် ကောက်လိုက်လုပ်ဦးမှာပါပဲ။ ဒါနဲ့တစ်ခါ မင်းက ငါ့ကြည့်လိုက်၊ ငါက မင့်သတိရလိုက်နဲ့ မဖြစ်ဘူး ၂၀၁၀ ရေ၊ ငါ ဘာလုပ်ရမလဲ၊ ငါ ဘာ လုပ် ရ မ လဲ ကွာ။

၂၀၁၀…မင်း ငါပြင်ဆင်ချိန်နည်းနေတုန်းမှာပဲ အလစ်ဝင်လာခဲ့တယ်၊ အခု မင်းက ငါ့အိမ်ထဲကိုတောင် ရောက်နေခဲ့ပြီ၊ ငါ့ကိုလည်း ပြုံးပြုံးပြီး ခဏခဏ ကြည့်နေတယ်၊ မင်း ငါ့ကို အိမ်ပေါ်တက် အနိုင်ကျင့်နေပြီလား။ ဒါဆို ငါ ဘာလုပ်ရမလဲ။ ငါ ဘာ လုပ် ရ မ လဲ။

ပရိသတ်ရေ…ကျွန်တော် ဘာ လုပ် ရ မ လဲ။

ဇန်န၀ါရီလ ၁၅ ရက်၊ ၂၀၁၀ ပြည့်နှစ်။ ည ၁၀ နာရီ၊ ၁၀ မိနစ်။

တကယ်တော့ ဒီခေါင်းစဉ်ကို ရေးရတာ စိတ်တောင် မသန့်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် သူငယ်ချင်းတွေအတွက် သူငယ်ချင်းကောင်း တစ်ယောက်ဖြစ်ပြီလို့ မယူဆထားလို့ပါပဲ။

မိတ်ဆွေဆိုတဲ့သဘောကလည်း အပြန်အလှန်ကောင်းရတာမျိုး မဟုတ်လား၊ ဒီတော့ သူငယ်ချင်းကောင်းတွေရချင်ရင် သူငယ်ချင်းတွေအကြောင်း ရင်းရင်းနှီးနှီး ပြောချင်ရင် ကိုယ်ကိုယ်တိုင်ကလည်း သူငယ်ချင်းကောင်းတစ်ယောက် အရင် ဖြစ်ရမယ် မဟုတ်လား။

တကယ်တော့ ကျွန်တော်ကိုယ်တိုင်က သူငယ်ချင်းကောင်း မဟုတ်ခဲ့ပါဘူး။

ငယ်ငယ်ကတည်းက သူငယ်ချင်းများများစားစား မရှိခဲ့သလို သူငယ်ချင်းများများနဲ့ ရုံးစုရုံးစုနေထိုင်ရတာမျိုးကိုလည်း မနှစ်သက်ခဲ့ပါဘူး။ ဆိုလိုတာက လိုအပ်တာထက် သူငယ်ချင်းကို ပိုမခင်ခဲ့ဘူး၊ သူငယ်ချင်း မမင်တတ်ဘူးလို့ ပြောချင်တာပါ။ အထီးကျန်နေရတာကိုလည်း နှစ်မျို့ပြီး တွေးနေ၊ ငေးနေရတာမျိုးကို ကြိုက်ခဲ့သူပါ။

ညီဖြစ်တဲ့သူကတော့ ပြောင်းပြန်ပါ၊ သူက သူငယ်ချင်းတွေအပေါ် အလွန်ကောင်းသလို သူငယ်ချင်းတွေကလည်း သူ့ကို ချစ်ကြပါတယ်။ ကိုယ်ကတော့ ညီငယ်လောက်ကို သူငယ်ချင်း မခင်တတ်ဘူးဆိုတာကို ငယ်ငယ်ကတည်းက ရိပ်စားမိခဲ့ပါတယ်။

နောက်တစ်ခုကတော့ ကိုယ့်ရဲ့ပင်ကိုယ်စရိုက်လို့ ဆိုရမယ်ထင်ပါတယ်။ ကိုယ်က အပြန်အလှန်လေးစားတာမျိုးကို သဘောကျပါတယ်။ ပညာတတ်တွေ အပြန်အလှန်လေးစားသလိုမျိုးပေါ့။ ကွယ်ရာမှာ မကောင်းပြောချင်ပြောမယ်၊ ညစ်ပတ်မယ်၊ ဒုက္ခပေးမယ်၊ ရှေ့တင်ကျတော့ မျက်နှာလေး ပြုံးရွှင်ပြီးသကာလ အလွန်ယဉ်ကျေးတဲ့ ပုံစံမျိုးပေါ့၊ သိပ်ကြည့်လို့ကောင်းတာပဲလို့ ငယ်ငယ်ကတည်းက သဘောကျခဲ့ပါတယ်။

ဒါပေမယ့် ပညာတတ်တွေရဲ့လေးစားတာ ယဉ်ကျေးတာကိုပဲ ယူပါတယ်။ ပညာပြတာ၊ ပညာတတ်ညစ် ညစ်တာတွေကိုတော့ မယူခဲ့ပါဘူး။ ကိုယ့်ကို အဲဒီလို လုပ်လာရင်လည်း အလွယ်တကူ သိတတ်၊ ခံစားတတ်ပြီး စိတ်မကောင်းဖြစ်လို့ နေတတ်ပါတယ်။

သူငယ်ချင်းတွေ ရုံးစုရုံးစုလုပ်၊ ပြောချင်တာပြော ဆိုချင်တာဆို၊ နေချင်သလိုနေ၊ သိပ်ပွင့်လင်းကြ။ ဒီခေတ် အိုင်တီခေတ်မှာ ပိုဆိုးတာပေါ့၊ သူငယ်ချင်းဆိုပြီး အီးမေးလ်အကောင့် လဲသုံးတယ်၊ ယောက်ျားလေး မိန်းကလေး နေထိုင်ပုံက ရည်းစားမက ပုံစံဖြစ်နေတယ်။ မဟုတ်တာမှန်သမျှ အကုန်လုပ်တယ်။ ထင်ရာမြင်ရာ စွတ်ပြောတာ မဟုတ်ရပါဘူးဗျာ၊ မျက်မြင်ရယ်၊ ကိုယ်တွေ့ရယ်ပေါင်းပြီး ပြောတာပါ။

ခက်တာက ကိုယ်ကိုယ်တိုင်ပါပဲ။ သူများတွေ အဲဒီလိုနေတာကို မကြိုက်သလို ကိုယ်တိုင်လည်း မနေတတ်တော့ သူငယ်ချင်းတွေနဲ့ သိပ်ပွင့်လင်းမှု မရှိဘူးလို့ ၀န်ခံရမှာပါ၊ နောက်တစ်ခုက ကိုယ့်ကိုလေးစားမှုလျော့လာတယ်လို့ ခံစားလိုက်တာနဲ့ တပြိုင်နက် အဲဒီသူငယ်ချင်းကို ခပ်တန်းတန်းနေပစ်တော့တာပါပဲ။

ဒီတော့ ကျွန်တော့်မှာ သူငယ်ချင်းနည်းတယ်ပေါ့ဗျာ၊ မူလတန်းကနေ ကောလိပ်ပြီးတဲ့အထိ သူငယ်ချင်းက လက်ချိုးရေလို့ရတဲ့ အနေအထားမှာ ရှိခဲ့ပါတယ်။ အဲ…ကောလိပ်ပြီးလို့ အလုပ်လုပ်တော့ စာရေးဆရာ/အယ်ဒီတာ လုပ်ဖြစ်တော့တာပါပဲ။ အဲဒီမှာကျတော့ အလုပ်သဘောကိုက မိတ်ဆွေတွေ များလာပါတော့တယ်။

ကိုယ့်တိုက်ကို စာမူလာပေးတဲ့သူတွေနဲ့ တဖြည်းဖြည်းခင်လာရသလို ကိုယ်က သူများတိုက်မှာ ရေးချင်လို့ ရေးပြီးလို့ စာမူသွားပေးတဲ့အခါမှာလည်း တခြားတိုက်က ဆရာတွေ ဆရာမတွေနဲ့ ခင်လာတော့တာကလား၊ နောက်ပိုင်း သတင်းစာဆရာဖြစ်လာတော့ ပြောဆိုဆက်ဆံရသူတွေ ပိုများလာတာပေါ့လေ။

ငယ်တော့ သူငယ်ချင်း၊ ကြီးတော့ မိတ်ဆွေပေါ့လေ။ ရှေ့ကပြောခဲ့သလိုပါပဲ၊ သူငယ်ချင်းတို့ မိတ်ဆွေတို့ဆိုတာက အပြန်အလှန်ပေါင်းသင်းရတာမျိုးပါ၊ တစ်ဖက်သတ်သွားလို့ မရပါဘူး။ ကိုယ့်လိုဘက်ကြီးပဲ သွားလို့မရသလို သူ့ကိုချည်းပဲလည်း ကိုယ်က အမြဲတမ်းဖြည့်ဆည်းပေးနေနိုင်တာ မဟုတ်ပါဘူး။ ဟိုသီချင်းထဲကလို သူငယ်ချင်းချစ်သူလေးရာ…ဆိုရင်တော့လည်း မသိပေဘူးပေါ့ဗျာ။ ကိုယ်ကချည်း အမြဲဖြည့်ဆည်း နေမလားပါပဲ။

ဒီတော့ ကျွန်တော်နဲ့သူငယ်ချင်းတွေရဲ့ ဆက်ဆံရေးက လေးစားမှုပေါ် အခြေတည်တယ်၊ တည်ငြိမ်မှုကို ဇောင်းပေးတယ်။ ခံစားမှုကို ရှေ့တန်းမှာ ထားတယ်။

လူဆိုတာက ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်တောင် အမြဲတမ်း အစေးကပ်တာမဟုတ်တာမို့၊ မိဘကတောင် သားသမီးကို တစ်ခါတလေ စိတ်တိုင်းမကျတဲ့အခါ မကျေနပ်တာမို့ သူငယ်ချင်းဆိုတာနဲ့လည်း အမြဲတမ်းတော့ အဆင်ပြေနေတာမျိုး မဟုတ်ပါဘူး။

ကိုယ်က စိတ်ကြည်လင်နေတဲ့အချိန် သူက စိတ်ကြည်လင်ချင်မှ ကြည်လင်မယ်။ ကိုယ်အားနေတဲ့အချိန် သူက အလုပ်တွေ ရှုပ်ချင်ရှုပ်နေမယ်။ ဒါကို သိရပါမယ်၊ သူ့စည်းကိုယ့်စည်း၊ သူ့နဲ့ကိုယ် အပြန်အလှန်လေးစားမှုရှိရပါမယ်။ မဟုတ်ရင်တော့ ကြာရှည်ခံတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်မှာ မဟုတ်တာကို သတိထားရပါတယ်။

မီဒီယာအလုပ်လုပ်တဲ့အခါ သူငယ်ချင်း မိတ်ဆွေတွေရဲ့ ယုံကြည်မှု၊ လေးစားမှုက ပိုအရေးကြီးလာပါတယ်။ ယုံကြည်လေးစားမှု အခြေခံမှ အလုပ်ဖြစ်မယ့် အနေအထားဖြစ်နေတာကိုး။ နောက်တီးနောက်ချာလုပ်ခဲ့တယ်ဆိုရင် ဘယ်လိုမှ လေးစားမှုက ပေါ်လာမှာ မဟုတ်တော့ပါဘူး။

ဒီမှာတစ်ခုပြောစရာရှိတာက လေးစားတိုင်းလည်း နှစ်ဖက်ဆက်ဆံရေးကောင်းတာတော့ မဟုတ်ပါဘူး၊ ခုနပြောခဲ့သလို အပြန်အလှန် စောင့်ရှောက်ကူညီမှု၊ နှုတ်အား၊ လူအား၊ အကြံဥာဏ်အားဖြင့် အားပေးမှုတွေကလည်း လိုပါသေးတယ်။ ဒါမှသာ ရေရှည်ကောင်းတဲ့ ခိုင်ခံတဲ့ ဆက်ဆံရေးဖြစ်မှာပါ။

လူ့လောကမှာ အထူးသဖြင့် ဒီကနေ့ခေတ်မှာ မိတ်ဆွေ သူငယ်ချင်းကောင်းတွေရှိနေတာ သိပ်ကို အကျိုးများပါတယ်။ နိုင်ငံတကာကူးလူးဆက်ဆံမှုတွေကလည်း များလာတဲ့အခါ နည်းပညာအထောက်အပံ့တွေ ကောင်းလာတဲ့အခါ မိတ်ဆွေတွေရဲ့ ဆက်ဆံရေးဟာ ပိုရင်းနှီးခွင့် ပိုမိုကောင်းမွန်ခွင့်များလာပါတယ်။

ဒီနေ့ခေတ်လို မိတ်ဆွေတွေအချင်းချင်း သတင်းတွေ၊ ပညာရပ်တွေ၊ ခံစားချက်တွေ ဖလှယ်ဖို့၊ ဆွေးနွေးဖို့၊ တိုင်ပင်ဖို့ကောင်းတာ အဆင်ပြေတာ ဘယ်ခေတ်ကမှ ရှိခဲ့တာမဟုတ်ပါဘူး။

အခုတော့ ကိုယ်ကိုယ်တိုင်လည်း သူငယ်ချင်းကောင်း/မိတ်ဆွေကောင်း ဖြစ်အောင် ကြိုးစားနေပြီး မိတ်ကောင်းဆွေကောင်းတွေကိုလည်း တမ်းတနေမိတတ်တော့ တာပါကလားခင်ဗျာ။

ဇန်န၀ါရီ ၁၅၊ ၂၀၁၀။ ည ၉ နာရီခွဲ။

ကျွန်တော့်ထက် သုံးနှစ်တိတိကြီးတဲ့ အစ်ကိုလေးတစ်ယောက် ကျွန်တော့်မှာရှိတယ်၊ သဘောဖြူ အူစင်း စိတ်ထဲရှိ ရှိတဲ့အတိုင်း ပြောတတ်ဆိုတတ် ခင်မင်တတ်သူမို့ ကျွန်တော် အလွန်ခင်တယ်။ ကျွန်တော့်ကိုလည်း ညီလေးလို ချစ်ပြီး သင်စရာသင် ဆုံးမစရာရှိဆုံးမ၊ သူမှားလည်း ထောက်ပြကွာလို့ ဆိုတတ်တာကြောင့် အလွန်လေးစား အားကျခဲ့တယ်။

အခုတော့ ဒီငနဲကြီးဖောက်ပြန်ရောထင့်၊ ပုံစံမကျ နည်းလမ်းမမှန် ဆင်ခြေနဲ့ ဟန်တွေလည်း များလာတာမို့ သူ့ကို ဆက်ပေါင်းဖို့ မပေါင်းဖို့ ကျွန်တော်စောကြောရတော့မယ်။ ဘုရားမှတ်လို့ ကိုးကွယ်၊ ဖွတ်ထွက်မှ တောင်ပို့မှန်း သိရင် မခက်ပါလား၊ ရဟန်းမှတ်လို့ ဆည်းကပ်ပါတယ်၊ သမီးပါသွားမှ အရည်းကြီးပါလားဆိုပြီး ရဲတိုင်လည်း သမီးက အကောင်းပြန်မဖြစ်တော့ဘူးမို့လား ခင်ဗျာ။

သတ္တ၀ါတွေထဲကြောက်ဖို့အကောင်းဆုံးကလည်း လူပဲဖြစ်နေတာမို့ ကျွန်တော်တော့ အစ်ကိုလေးကို အစ်ကိုလေးအဖြစ် ဆက်လက်ထားရှိ ပေါင်းသင်းဖို့ အများကြီးပြန်စဉ်းစားမှဖြစ်ပါတော့မယ်။

ပထမတော့ ကျွန်တော်တို့ အစ်ကိုလေးဟာ စိတ်ထားအင်မတန်ကောင်းသူ၊ ကူညီတတ်သူ၊ နိမ့်ကျသူများကို ဖေးမဆက်ဆံသူ၊ အခွင့်အရေးမတောင်းဆိုတတ်သူ၊ အားနာတတ်သူ၊ ကြိုးစားသူ၊ ပညာတော်သူ၊ တီထွင်တွေး တတ်သူဖြစ်ပါတယ်။ အဲဒီလိုပဲ မြင်ခဲ့ကြပါတယ်။

ဒါကြောင့်လည်း ကျွန်တော်အပါအ၀င် ကျွန်တော့်သူငယ်ချင်းတွေတစ်သိုက်က အစ်ကိုလေးကို အစ်ကိုလို၊ ဆရာလို တိုင်ပင်အားထား လေးစားအားကျ အတုခိုးလိုက်နာခဲ့ကြသလို၊ အစ်ကိုလေးက မလုပ်နဲ့ဆို အကုန်လုံးပစ်ချပြီး အဲဒီမှာပဲ ရပ်လိုက်ခဲ့တယ်။ အစ်ကိုလေးက ဒါလုပ်ဆို အစ်ကိုလေးကပဲ တော်ပါတော့ကွာ၊ နားကြပါဦးဆိုမှ နားတတ်ကြတာမျိုးပါ၊ အဲဒီလောက်ထိ လေးစားချစ်ခင်ပြီး ယုံကြည်ခဲ့ကြတာမျိုးပါ။

အခုတော့ ဒီငနဲကြီးက ကျွန်တော်တို့ကောင်းစားလည်း မနာလို၊ သူ့ထက်သာသွားမှာစိုးလို့ ထင်ပါရဲ့၊ ဖောက်ပြန်တဲ့ ပုံရိပ်တွေကို တွေ့လာရသလို ကိုယ်တိုင်လည်း ခံစားလာရတာကြောင့် ပြန်စစ်ဆေးဖို့ လိုလာပြီကောဗျာ။

ဒီမှာ ဘာကိုသွားတွေ့ပြီး သတိထားလိုက်မိသလဲဆိုတော့ “အစ်ကိုလေးဟာ တို့များ နိမ့်ပါးတုန်းကတော့ ညီလေးတို့ ကြိုးစားကြကွ၊ အချိန်မဖြုန်းနဲ့ကွ၊ ငယ်တုန်းကြိုးစားမှ ကြီးလာတော့ အေးအေးသက်သာနေနိုင်မှကွ “ဆိုပြီး သူပဲ ပြောခဲ့ဟောခဲ့တယ်။

တကယ်တမ်းကြိုးစားပြီး သူနဲ့တန်းတူ၊ သူ့ထက်ကျော်ချင်သလိုလေး ဖြစ်လာတော့ ပုံစံပြောင်းပြီး “ချာတိတ်တွေ အချိုးမပြေပါဘူးကွာ၊ ငါက ခင်သလောက် သူတို့က တယ်အရိုအသေတန်ပါလားဟေ့“ဆိုပြီး ခပ်ခွာခွာနေတာ
တွေ၊ အဖက်မလုပ်သလို နေတာတွေဟာ ငနဲကြီး မူမမှန်တော့ဘူးဆိုတာ ကျွန်တော်တို့သဘောပေါက်လာပါပြီ။

အော် လူ့သဘာဝများ နိမ့်ပါးတုန်းတော့ ဆရာလုပ်ချင်လိုက်တာ၊ ကယ်ချင်ကူချင်လိုက်တာ၊ သူတော်ကောင်းကြီး လုပ်ချင်လိုက်တာ။ အခုများကျတော့ စိတ်ရင်းတွေပေါ်လို့ မနာလိုတာတွေ၊ အူတိုတာတွေ၊ မစ္ဆရိယတွေ၊ ဣဿာတွေ တလှေတွေပေါ်လာတော့တာကလားဗျာ။ ငနဲကြီး အတော်ဟန်ဆောင်ကောင်းလှပါလား၊

မင်းသားခေါင်း ဆောင်းထားတဲ့ဘီလူးဆိုတာ လူလစ်တာနဲ့သားတစ်ကိုက်မှတွေ့လိုက်တာပါလားဗျာ။ အံ့လှချည်ရဲ့၊ ကြောက်ရချည်ရဲ့၊ ရွံပါရဲ့ဗျာ၊ အသိရနောက်ကျလေခြင်းဆိုပြီး ရင်တောင်နာမိပါရဲ့ဗျာ။

တော်သေးတာပ၊ သူဌေးမှား တစ်ဘ၀စာ၊ ဆရာမှား တစ်သံသရာဆိုသလို ဒုက္ခကပ်ကြီးဆိုက်တော့မလို့၊ အလေ့အလာ သတိကြီးကြီးကြပ်နေပေလို့ဆိုပြီး စိတ်ခါးသက်သက်ကြားက ပျားရည်တစ်စက်ထွက်ဆိုသလို အငိုမျက်လုံးတွေကြားက အပြုံးတစ်ချက်လက်နိုင်သေးလို့ ၀မ်းသာရသေးတယ်။ မိဘ ဆရာသမားတွေကျေးဇူးနဲ့ ကံကြီးပေလို့သာပေါ့။

လူဆိုတာ အောင်မြင်နေရင် ပျော်မိတာပဲ၊ တက်ကြွရွှင်လန်းနေတာပဲလေ၊ ဒါ သဘာဝပဲပေါ့။ အဆင်လည်း မပြေရော၊ ဒုက္ခလည်း ကြုံရော၊ တစ်ခုခုလည်း အရှုံးနဲ့ ရင်ဆိုင်တွေ့ရော ၀မ်းနည်းမိတယ်၊ ခံပြင်းမိတယ်၊ နာကျည်းမိတယ်။ ခုနလို ငနဲကြီးလုပ်သလိုပေါ့၊ ဘယ်လိုမှ မခံစားနိုင်ဘူးဖြစ်သွားတယ်။

ဟော နောက်တစ်ခုမှတ်သားမိတာက လူဆိုတာ အမြဲပျော်နေတာမဟုတ်ဘူး၊ စိတ်ညစ်ရတာတွေ စိတ်ဆင်းရဲရတာ တွေ ကိုယ်မထင်မှတ်တာတွေ ဖြစ်တတ်တယ်ဆိုတာလည်း သိရပြန်တယ်။ ဘယ်သူ့ကိုမှလည်း လောက်လောက် လားလား ယုံလို့မရတော့ဘူးဆိုတာ သိလာပြန်တယ်။

တကယ်တော့ နှစ်ပေါင်းများစွာ ပေါင်းလာသင်းလာ၊ ပညာယူလာတာမို့ အစ်ကိုလေးကို အခင်အမင်မပျက် ဆက်ရှိနေချင်တာပါ၊ ချစ်ချစ်ခင်ခင် ဆက်ပေါင်းချင်တာပါ။ သူကိုယ်က မဟုတ်တာ၊ လူကြီး မဆန်တာ၊ မုဒိတာမပွားနိုင်တာလို့ အကြိမ်ကြိမ် တွေးမိပြီး အတော်မကျေနပ်ဖြစ်မိတယ်။

သူကိုယ်၌လည်း ဘာမှလုပ်ပေးရတာ မဟုတ်ပါဘဲနဲ့၊ သူကိုယ်တိုင်လည်း ယူလို့ရတဲ့ အခွင့်အရေးမျိုးဟုတ်ပါဘဲနဲ့ ဘာဖြစ်လို့များ စိတ်ပုပ်ရတာလဲလို့ အကြိမ်ကြိမ်တွေးရင်း စိတ်အပျက်ကြီး ပျက်နေမိတော့တယ်။

အစ်ကိုလေး စိတ်တွေပြန်မှန်ပြီး၊ အရှိအရှိအတိုင်း အမှန်အမှန်တိုင်းမြင်ကာ နာယကဂုဏ်ခြောက်ပါးလည်းစုံ(၁။ ခမာ-သည်းခံခြင်း၊ ၂။ ဇာဂရိယ-နိုးကြားခြင်း၊ ၃။ ဥဋ္ဌာန-ထကြွလုံ့လရှိခြင်း၊ ၄။ သံဝိဘာဂ-ခွဲခြမ်းဝေဖန်ခြင်း၊ ၅။ ဒယာ-သနားကြင်နာခြင်း၊ ၆။ ဣက္ခနာ-မြော်မြင်ဆင်ခြင်ခြင်း)၊ ဆရာ့ဂုဏ်လည်းထုံ(အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပံမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ဖို့ ဆရာတို့ ကျင့်ဖို့ ၀တ်ငါးဖြာ)လို့ နွေးနွေးထွေးထွေးဆက်ဆံတဲ့ မုဒိတာပွား ကရုဏာထားတတ်တဲ့ တို့အားလုံးရဲ့အစ်ကိုလေးအဖြစ်နဲ့ ပြန်မြင်ရပါစေလို့ ဆုတောင်းရုံမှတစ်ပါး အခြားမရှိပြီ။

အစ်ကိုလေး အမြဲစိတ်မှန်လို့ ကျန်းမာချမ်းသာပါစေ။

ည ၈ နာရီ၊ နိုဝင်ဘာ ၂၊ ၂၀၀၉။

ဇာတ်လမ်းကတော့ ဟာသဇာတ်ပဲ၊ ဒါပေမယ့် ငိုလိုက်ရတယ်ဆိုသလို ကိုယ့်အဖြစ်ကလည်း သတိသံဝေ ဆင်ခြင်စရာပါ။

ခုတလော အေးလာတာရယ်၊ အင်္ဂလန်ရဲ့ဘောလုံးသမား နာမည်ကျော်စတား ဒေးဗစ်ဘက်ခမ်းကို အားကျတာရယ်ပေါင်းပြီး နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး မရိတ်ဘဲထားလိုက်တာ နှစ်ပတ်လောက်ရှိလာတော့ တော်တော်များလာတာပေါ့။ အဲဒီမှာ ဘာသွားတွေ့သလဲဆိုတော့ မုတ်ဆိတ်မွှေးဖြူနှစ်ချောင်း။

တွေ့တွေ့ချင်းတော့ သဘောကျပြီး ရယ်မိတယ်။ “အမယ် မုတ်ဆိတ်မွှေးအဖြူတောင် ပေါက်လာပြီ“ပေါ့။ မနှစ်ကလည်း ဆံပင်ဖြူတစ်ချောင်း ခေါင်းမှာစတွေ့တော့ ပထမတော့ အံ့သြသွားတယ်။ နောက်တော့ “အော် အသက်ရယ် ၃၀ ကျော်လာမှတော့ ဆံပင်ရယ် စဖြူပြီထင်ပါ့“လို့ တွေးမိပါတယ်။

အခုပြောနေရေးနေတာက အသက်ကြီးလာတာကို ရေးချင်တာလည်း မဟုတ်ဘူး၊ ဆံပင်ဖြူ မုတ်ဆိတ်ဖြူတာကို ရေးချင်တာလည်း မဟုတ်ဘူး။ ခန္ဓာကိုယ်ရဲ့ တုန့်ပြန်ပြောင်းလဲမှုတွေဟာ သူ့အသက်အရွယ်နဲ့သူပြောင်းလဲနေတာ၊ တားဆီးလို့မရဘူးဆိုတာကိုလည်း သိထားတယ်။ ခန္ဓာကိုယ်ကြီး က နေ့စဉ်အိုမင်းပျက်စီးနေတာ၊ သေဖို့တစ်ရက်တစ်ရက်နီးလာနေတယ်ဆိုတာကိုလည်း သိထားပြီးသားဆိုတော့ ဒီဖြူတဲ့ကိစ္စက ဘာမှမဟုတ်ပါ ဘူး။

ဟုတ်တာက ကိုယ့်ကိုယ်ကိုယ် သဘောကျနေတာ၊ ကလေးကနေ လူငယ်၊ လူငယ်ကနေ လူကြီးဖြစ်လာနေတဲ့ ကိုယ့်ဟာ အခုထိ ကလေးလို တွေးတုန်း၊ ကလေးလို စဉ်းစားတုန်း၊ ကလေးလို နေထိုင်တုန်းဆိုတာပါပဲ။

စားချင်တာရှိရင် စားမယ်၊ လိုချင်တာမရရင် စိတ်ဆိုးမယ်၊ မကျေနပ်တာရှိရင် ထုတ်ပြောမယ်ဆိုတော့ ကလေး ဒါမှမဟုတ် ကလေးသာသာလေး ရှိနေသေးပါလားဆိုပြီး ကိုယ့်ကိုယ်ကိုယ်ပြန်မြင်ကြည့်တော့ ခုနပြောသလို သဘောလည်းကျ၊ အားလည်း မရလှဘူး။

ဘ၀ဟာ နေသာထိုင်သာကောင်းရုံလေးရှိလာတယ်လို့ပြောရပေမယ့် အချိန်မရွေးလည်း ရှောဘရားသားပြသွားနိုင်တာကိုး၊ သူငယ်ချင်းတစ်ယောက် တလောက ဆုံးတယ်၊ နောက်ထပ် သူငယ်ချင်းတစ်ယောက် နှလုံးရောဂါနဲ့ အသည်းအသန်ဖြစ်နေတယ်။ ကိုယ်က ဆုတောင်းပေးတာမျိုးပဲ လုပ်နိုင် တယ်။ ခဏနေရင် ကိုယ်လည်း ဒီလိုပဲ နာကျင်ခံစားရတော့မယ်၊ ပြီးရင် သေတော့မယ်။ ဘ၀ဆိုတာ နောက်တီးနောက်ချာလုပ်လို့မရဘူးပဲ။

မိုးကုတ်ဆရာတော်ဘုရားကြီးကတော့ တရားထိုင်မယ့်ယောဂီကို တရားမထိုင်ခင် ဆင်ခြင်စေတာက…

“ငါသည် မုချ သေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်။ အသေမဦးခင် ဥာဏ်ဦးအောင် အားထုတ်ပါတော့မည်“တဲ့။

အချိန်မရွေး သေသွားနိုင်တာပါကလား။

မုတ်ဆိတ်လေးနှစ်ပင် ဖြူတာများကွာ၊ သေဖို့အထိတွေးပြီး ကြောက်နေတာကတော့ ရယ်ချင်စရာကောင်းပါတယ်လို့ ပြောကောင်းပြောနိုင်ပါတယ်။

ဒီလိုမဟုတ်ပါဘူး။

ဘ၀ဆိုတာ မွေးဖွားလာခြင်းနဲ့ သေဆုံးခြင်းကြား ခဏတဖြုတ်ရကြတဲ့ အပိုင်းအခြားလေးဖြစ်ပါတယ်၊ အဲဒီမှာ မရသေးတာတွေ ရအောင်ကြိုးစားရ ပြီး လိုချင်တာတွေရလာတော့ သေဆုံးသွားတာမျိုးဆိုရင် တန်ပါ့မလားဆိုတာ တွေးမိလို့ပါ။ တချို့များ အဲဒီလိုတွေးတောင် မတွေးနိုင်လိုက်ပါဘူး။ ကြိုးစားရင်း လမ်းတစ်ဝက်မှာပဲ သေဆုံးသွားကြပါတယ်။

ဒီနေရာမှာ ဘာတွေကို ဘယ်လောက်ကြိုးစားနေမှာလဲ။ ရတုန်းရခိုက် ဘ၀အချိန်တိုလေးအတွင်း လုပ်ချင်တာတွေ လုပ်သင့်တာတွေ လုပ်သွားနိုင်ဖို့ ထည့်တွက်ဖို့ကို သတိရကြဖို့လိုပါတယ်။

လောဘ၊ ဒေါသ၊ မောဟတွေရှိနေတဲ့ လူသားဟာ အမှန်မြင်ဖို့ မလွယ်ပါဘူး။ မြင်ချင်ယောင်ဆောင်လို့ရပေမယ့် တကယ်မြင်တဲ့သူနဲ့ မြင်ချင်ယောင် ဆောင်ထားတဲ့လူရဲ့အသွင်ဟာ သိသိသာသာကွဲပြားနေတာကို တွေ့ရပါတယ်။

ဒါဖြင့်ရင် ကျွန်တော်တို့ဟာ ဘ၀မှာ ရှင်အောင်နေဖို့ လိုအပ်လာပါတယ်။ အသက်ရှုသူတိုင်း ရှင်သန်နေတာ မဟုတ်ပြန်ဘူးဆိုတာကို နားလည်ရင် ကျွန်တော်ဘာပြောချင်တာဆိုတာကို အလွယ်ပဲရိပ်စားမိနိုင်ပါတယ်။

မုတ်ဆိတ်ဖြူနှစ်ပင်ဟာ နောက်ပိုင်းမှာ လေးပင်၊ ရှစ်ပင်၊ တစ်ဆယ့်ခြောက်ပင်အထိ အချိန်ကိုက်တဖြည်းဖြည်း တိုးပွားရာကနေ ကျွန်တော့် တစ်မျက်နှာလုံးကို သိမ်းပိုက်လိုက်တော့မှာပါ၊ တစ်မျက်နှာလုံး သူတို့ မသိမ်းပိုက်ခင်မှာလည်း ကျွန်တော့်ကို သေမင်းက အရင်သိမ်းပိုက်သွားနိုင် တာပါပဲ။

သေရတာကလည်း တကယ်တော့ အဆန်းမဟုတ်ပြန်ပါဘူး။ ဘ၀များစွာ သေလာခဲ့ပြီးတဲ့အကြောင်းကို ဘုရားဟောအရကော၊ ဘုရားသားတော် သံဃာတော်တွေ ဟောကြားတဲ့တရားတော်တွေမှာပါတာအရကော ကျွန်တော်တို့သိပြီးသားပဲ။ သေတာဟာ ကျွန်တော်တို့လိုချင်တဲ့ အဖြေမဟုတ် ပါဘူး။

ကျွန်တော်တို့ နေ့စဉ်အသက်ရှုခြင်းတွေကို ရှင်သန်ခြင်းလို့ မှတ်ယူရပါရင် အမှန်တကယ် ရှင်သန်ခြင်းဖြစ်ဖို့ တန်ဖိုးသင့်ရပါတယ်။ အဲဒီမှာဆို အတ္တ ကို ဖယ်ခွာနိုင်ရေး အလွန်အရေးကြီးပါတယ်။ ငါကနေ နောက်တစ်ယောက်ကို ချစ်ဖို့၊ ငါကိုဖယ်ပြီး အများအတွက်ကြည့်ဖို့၊ ငါ့တစ်ယောက်ကနေ မိသားစုဖြစ်ဖို့၊ ငါပျောက်ပြီး သတ္တ၀ါတွေအကျိုးဆောင်ရွက်ဖို့ ဆိုတာတွေကို စဉ်းစားဖို့၊ လက်တွေ့လုပ်ဖို့ လိုလာပါတယ်။

ဒီလိုလုပ်နိုင်ဖို့မှာ အရေးကြီးတဲ့ အရင်းအနှီးက မေတ္တာပါ၊ မေတ္တာအရင်းမတည်ထားရင် ငါကို ဘယ်လိုမှ ဘေးတွန်းဖယ်လို့ မရပါ။ မေတ္တာကလည်း တကယ်တော့ အဝေးကြီးမှာ ရှိနေတာ မဟုတ်ပြန်ပါဘူး။ ငါဆီကနေပဲ လာတာဖြစ်ပြန်ပါတယ်။ ကာယကံ ၀စီကံ မနောကံတွေနဲ့ မေတ္တာထားနိုင်ပြီ ဆိုရင်တော့ လက်ပမ်းပေါက်ခတ်ပြီး လောကကြီးမှာ နေရသလောက် ၀င့်ဝင့်ကြွားကြွား ရှင်သန်နိုင်ပြီလို့ ယုံကြည်ကြောင်းပါ။

မုတ်ဆိတ်ဖြူနှစ်ပင်က ပေးသောအတွေးရသ သင်ခန်းစာ။

ည ၁၁ နာရီ ၄၅ မိနစ်၊ အောက်တိုဘာ ၁၇၊ ၂၀၀၉။

ဒီအကြောင်းအရာသုံးခုကို သုံးပုဒ်ခွဲရေးသင့်တာပါ၊ ဒါပေမယ့် အကြောင်းအရာသုံးခုကို တပြိုင်နက်စဉ်းစားမိတာက တကြောင်း၊ ဆက်စပ်နေမယ်လို့ ယူဆတာကကြောင်းတို့ကြောင့် တစ်ပုဒ်ထဲမှာပဲ ပေါင်းရေးလိုက်ပါတယ်။

အခုရက်ပိုင်းမှာပဲ ရန်ကုန်က ကိုယ့်အိမ်ရှိတဲ့လမ်းထဲက လမ်းသားတစ်ယောက်၊ အလုပ်လုပ်ခဲ့ဖူးတဲ့ လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက် တစ်ယောက်၊ တက်ခဲ့ဖူးတဲ့ကျောင်းက ဆရာတစ်ယောက် ဆုံးပါတယ်။

နေ့စဉ်လုပ်နေရတဲ့ အလုပ်ကလည်း တစ်နေ့တစ်နေ့ ဒါပဲလုပ်နေရတော့ သုံးလလောက်ကြာလာတဲ့အခါမှာ ဘ၀ဆိုတာ ဘာလဲကွဆိုတဲ့ ဒေါသကလေး ထွက်လာတာကို သတိထားမိတယ်။

တစ်ချိန်တည်းမှာပဲ ငယ်စဉ်က အားကျလေးစားချစ်ခဲ့ရတဲ့ ဖခင်ကြီးကိုလည်း သတိရသွားတယ်။ ဒါနဲ့ပဲ ဒါကို ရေးဖြစ်တယ်လို့ ဆိုရမှာပါပဲ။

သေခြင်းတရား

မိဘဆွေမျိုးအရင်းထဲက ကိုယ့်မျက်စိရှေ့တင် ဆုံးပါးသွားတာတွေက အဘွား(အဖွားအမေ)၊ အမေကြီး(အဖွား)၊ အဖေတို့ဖြစ်ပြီး ဆုံးဆုံးချင်းရောက်ဖြစ်တာကတော့ အဘိုးနဲ့ အမေကြီးအစ်မတို့ပဲဖြစ်ပါတယ်။

အားလုံးက အသက် ၆၀ နဲ့ အသက် ၆၀ အထက်တွေဖြစ်လို့ အရွယ်တွေရနေပြီပဲလို့ ပြောလို့ရပေမယ့် အလွန်စိတ်မကောင်းဖြစ်ရပါတယ်။ ကိုယ်အနားရင်းရင်းနှီးနှီးနေပြီး ကိုယ့်ကို အလွန်ချစ်တဲ့ အမေကြီး ဆုံးသွားတုန်းက တော်တော်စိတ်မကောင်းဖြစ်ခဲ့ပါတယ်။ ခဏ ခဏလည်း သတိရခဲ့ပါတယ်။

အဖေဆုံးတုန်းကတော့ အဖေမရှိတော့ဘူးဆိုတဲ့စိတ်နဲ့ စိတ်မကောင်းဖြစ်ခဲ့ရဖူးသလို အားငယ်ရပါတယ်။

ဒီလိုပါပဲ အမေ့မိတ်ဆွေသူငယ်ချင်းတွေ၊ ကိုယ်ကျောင်းပိတ်တိုင်း သွားပြီး ဘုန်းကြီးကျောင်းသားလုပ်ခဲ့ရတဲ့ ဘုန်းကြီးကျောင်းက ခင်မင်ရင်းနှီးခဲ့ရတဲ့ မိတ်ဆွေသင်္ဂဟတွေ၊ လမ်းထဲက လမ်းသူလမ်းသားတွေ ဆုံးတိုင်းလည်း တစ်ယောက်တော့ သွားပြန်ပြီဆိုပြီး စိတ်မကောင်းဖြစ်ရ၊ သေခြင်းတရားကို သတိတစ်ခါရ ဖြစ်ရပါတယ်။

အခုလည်း တစ်ခါ သေခြင်းတရားကို ဆင်ခြင်ရပြန်ပါတယ်။ ကိုယ့်အလှည့်လည်း အနှေးနဲ့အမြန်ဆိုသလို ရောက်လာတော့မှာဖြစ်တယ်လို့ တွေးမိပါတယ်။ သေခြင်းက အသက်အရွယ်မရွေးဘူး၊ ကျန်းမာတယ် မကျန်းမာဘူး မရွေးဘူးဆိုတာကိုလည်း ရိပ်စားမိလာပါတယ်။

ဒါကြောင့် တတ်နိုင်သမျှ အချိန်လေးရအောင် ရှာပြီး “မင်း သေဖို့အဆင်သင့်ဖြစ်သလား၊ သေရမှာကြောက်လား“လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြန်မေးပါတယ်။

ဘာဖြစ်လို့လဲတော့ မသိပါ၊ သေရမှာကိုလည်း ကြောက်မနေပါ၊ အခုသေသွားလည်း ဘာမှ မဖြစ်ပါလို့လည်း ရဲတင်းနေတတ်ပါတယ်။ ဒါပေမယ့် မသေခင် အချိန်ကလေးတစ်ခုမှာတော့ ကိုယ်လုပ်ချင်သေးတဲ့ အလုပ်လေးတွေလုပ်ချင်တယ်လို့တော့ ဖြေလျော့တွေးမိပါတယ်။

ဘ၀အဓိပ္ပာယ်

အလုပ်လုပ်လာတာ ၁၀ နှစ်ကျော်လာတဲ့အခါ ဘယ်အရွယ်အထိ အလုပ်လုပ်ရမှာလဲလို့ တွေးမိပါတယ်။ အခု ဒီမှာက Tory လို့ခေါ်တဲ့ ကွန်ဆာဗေးတစ်ပါတီက မဲဆွယ်နေတဲ့အခါ ပင်စင်အသက်ကို လက်ရှိ ၆၅ ကနေ ၂၀၁၆ ခုနှစ်ကစပြီး ၆၆ အထိ တိုးမြင့်ဖို့လုပ်နေပါတယ်။

ဒီအနောက်နိုင်ငံတွေမှာ လူတွေက အသက်တွေရှည်လာကြပြီး အခုမွေးတဲ့မျိုးဆက်တွေဆို အသက် ၁၀၀ အထိ နေကြရမှာလို့ သတင်းစာ တစ်စောင်မှာ တစ်နေ့ကပဲ ဖတ်လိုက်ရပါတယ်။

ဒီမှာ အသက်တွေရှည်လာတာနဲ့အမျှ ဘ၀ဟာ အလုပ်လုပ်ဖို့ အချိန်တွေများလာပြီး ပျင်းလောက်အောင်နေရတော့မှာဖြစ်ပါတယ်။

ကိုယ်တွေးမိတာကတော့ နေ့စဉ်နဲ့အမျှ တိုးတက်အောင်ကြိုးစား၊ လိုအပ်ချက်တွေ ပြည့်မှီအောင်လိုက်ဖြည့်နဲ့ ကြိုးစားလိုက် ဖြည့်လိုက် လိုက်လိုက်နဲ့ ဘယ်တော့မှ မပြည့်လောက်အောင် များလာနေပါတယ်။ ဒါကို ဒီအတိုင်းလိုက်နေရင်တော့ ဘယ်တော့မှ ပြည့်မှာမဟုတ်သလို ကျေနပ်အားရမှာလည်း မဟုတ်ပါဘူး။

ဒီတော့ ကိုယ်လိုချင်တဲ့ ဘ၀တစ်ခုကို ကိုယ့်ဘာသာ ပိုင်းခြားသတ်မှတ်မှ ရပါတော့မယ်ဆိုပြီး ဆုံးဖြတ်လိုက်မှပဲ မျက်နှာမှာရှိတဲ့ အရေးအကြောင်းတွေက လျော့လာပြီး ပြုံးရွှင်လာနိုင်ပါတော့တယ်။

လူတိုင်းဟာ သူဖြစ်ချင်တာ ဖြစ်ခွင့်ရှိပေမယ့် အဲဒီလိုဖြစ်အောင်လည်း သူကိုယ်တိုင်ပဲ လုပ်ယူရတာဖြစ်ပါတယ်။ ပိုလိုချင်လည်း သူကိုယ်တိုင်ပဲ ထပ်လုပ်ရတာပဲဆိုတော့ အားလုံးဟာ သူကိုယ်တိုင်ရဲ့အပေါ်မှာပဲ မူတည်နေတာကို တွေ့ရပါတယ်။

အဖေ့အကြောင်း

အဖေနဲ့ ကိုယ်တို့ နီးနီးကပ်ကပ် နေခွင့်ရတဲ့အချိန်တွေက နည်းလှပါတယ်။ ငယ်ငယ်ကတော့ ကိုယ်ဂျီကျနေတာနဲ့ အဖေက မြေကြီးက လှေကားနှစ်ဆင့် တက်ရတဲ့ ပျဉ်ထောင်အိမ်ထဲကနေ မြေကြီးပေါ်ရောက်တဲ့အထိ ဆွဲယူလွှင့်ပစ်လိုက်ဖူးတယ်တဲ့၊ ကိုယ်တိုင်ခံလိုက်ရတာ ဖြစ်ပေမယ့် ငယ်လွန်းတော့ မမှတ်မိတော့သလို နည်းနည်းသိတတ်လာလို့ အမေပြောပြတော့လည်း အဖေ့ကို လုံးဝစိတ်မဆိုးခဲ့ပါဘူး။

အဖေ့ကိုတော့ အားနာလို့ “အဲဒီတုန်းက တကယ်လုပ်လိုက်တာလား အဖေ“လို့ နောက်ပိုင်း ကိုယ် အသက်ကြီးလာတော့လည်း ထပ်မမေးတော့ပါ။ ငါ ဆိုရင်လည်း ကလေး သိပ်ဂျီကျလာရင် ဒီလိုပဲလုပ်ဖြစ်မှာပဲလို့ တွေးမိလို့ပါ။

ကိုယ်အသက် ၇ နှစ်လောက်မှာတော့ အမေနဲ့အဖွားက မြန်မာပြည်အနှံ့ ဘုရားဖူးထွက်ကြတဲ့အခါ အဖေက သားသမီးသုံးယောက်နဲ့အတူ အိမ်စောင့်ကျန်ရစ်ပါတယ်။ အဖေက သားသမီးတွေကို ထမင်းဟင်းချက်ကျွေးရပြီး တစ်ကြိမ်မှာတော့ အဖေက ထမင်းကိုပဲ မြေပဲဆံနဲ့ ဆီနဲ့ ရောနယ်ပြီး ကျွေးပါတယ်။ အဲဒီအရသာကို အခုထက်ထိမှတ်မိနေသလို သတိရနေမိပါတယ်။

(အမေကြီးကလည်း တစ်ခါတခါ အဲဒီလိုပဲ ထမင်းနဲ့ ငါးပိရည်ခပ်စပ်စပ်ငန်ငန်ကို ရောနယ်ပြီး ကျွေးတဲ့အရသာကို စွဲနေအောင် မှတ်မိနေ ပါတယ်။)

အဖေနဲ့ ကိုယ်က အသက် ၁၃ နှစ်အထိပဲ အတူနေခဲ့ဖူးပါတယ်။ အဲဒီအချိန်တွေမှာလည်း အတော်ကြောက်ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖေက အနေတည်လို့ဖြစ်ပါတယ်။ တစ်ခါတခါကျမှပဲ ထွေးလားလုံးလား သားအဖတွေ ကုတင်နဲ့ ကွပ်ပစ်ပေါ် ကစားဖူးပါတယ်။ အဲဒါကလည်း သိပ်ကို တစ်ခါနှစ်ခါတည်း ဖြစ်ပါတယ်။

၁၃ နှစ်ကစပြီး အမေတစ်ယောက်ထဲနဲ့ အတူနေကြီးပြင်းလာရတဲ့အခါ တစ်ခါတခါတော့ စိတ်အားငယ်ခဲ့ရသလို “ငါ ပိုကြိုးစားရမယ်၊ ဒါမှ ငါ့မိသားစုကို ငါ တာဝန်ယူစောင့်ရှောက်နိုင်မယ်“ဆိုတဲ့ စိတ်ကောင်းကလေး တစ်ခါတခါ ၀င်လာတတ်ပါတယ်။

ဒါပေမယ့်လည်း လူငယ်ဆိုတော့ စားလိုက်သောက်လိုက် ပျင်းလိုက်ပျော်လိုက်နဲ့ နေခဲ့ပြီး၊ တော်တော်ကြီးနောက်ကျမှ မိခင်တစ်ယောက်ရဲ့ အင်အားတွေ စောင့်ရှောက်မှုတွေ၊ မျှော်လင့်ချက်တွေကို သိလိုက်ရတဲ့အခါကျတော့ နောက်တီးနောက်ချာ မလုပ်ဝံ့တော့ပါဘူး။

ကိုယ့် အသက် ၂၃ (အဖေမဆုံးမီ) အထိတော့ အဖေနဲ့ တစ်ခါတခါ တွေ့ရတတ်ပါတယ်။ အဖေနဲ့ စကားပြောတဲ့အခါ ပါးစပ်လေးဟပြီး နားထောင်နေတတ်တဲ့သားကို “သားရယ်… မင့် နှုတ်ခမ်းကို တင်းတင်းစေ့ထားစမ်းကွာ၊ ခန္ဓာကိုယ်ကို မတ်မတ်ထိုင်ပြီး စကားတည်တည် တန့်တန့်ပြောစမ်းကွာ“ဆိုပြီး အားမရစွာနဲ့ ဆုံးမပါတယ်။

ကိုယ့်မျက်နှာလျော့ကျသွားတိုင်း အဖေ ကိုယ့်မျက်လုံးတည့်တည့်ကို ကြည့်ပြီး ပြောခဲ့(ဆုံးမ)တာကို သတိရ၊ အဖေပြောခဲ့တဲ့စကားလုံးတွေကို သတိရပြီး တင်းထားရတဲ့မျက်နှာဟာ အပြုံးတော်တော်လျော့ပါးသွားခဲ့တာ ကိုယ်ကိုယ်တိုင်သာ အသိဆုံးဖြစ်ခဲ့ပါတယ်။

နောက်ပိုင်းမှာ အဖေ့အားကိုးနဲ့ စည်းကမ်းတင်းကျပ်ပြီး ပဒေသရာဇ်ဆန်တယ်ဆိုတဲ့ယူဆချက်ကို ကိုင်စွဲလို့ အမေ့ကိုတော်လှန်ပြီး အိမ်ပေါ်က ဆင်းတဲ့အခါ မျက်ရည်တွေတွေတွေကျနေတဲ့ အဖေ့မျက်နှာ၊ ခေါင်းငုံ့ထားရတဲ့ ကျောက်ရုပ်ခံစားမှုတွေဟာ ခါးသီးလှသလို ရုပ်ရှင်ဆန်လွန်းလှ ပါတယ်။

အကယ်ဒမီ ရလောက်အောင်ကောင်းတဲ့ စစ်မှန်တဲ့သရုပ်ဆောင်ချက်တွေဟာ တကယ့်ဘ၀တွေထဲက လာတာပါ။ ကိုယ်တို့မှာလည်း အဲဒီလို ရသမြောက်လှတဲ့ အချိန်တွေ ရှိခဲ့ဖူးတာပေါ့။ အဆိုးတွေဆို မေ့တတ်လိုက်တဲ့ လူ့စရိုက်ကြောင့်သာ အတိတ်မှာ မသိချင်ယောင်ဆောင် ထားပစ်လိုက်ခဲ့ကြတာပေါ့။

အဲဒီတုန်းကတော့ အားပြတ်လုဖြစ်သွားခဲ့ဖူးတဲ့ အဖေ့ကို အားမရစွာကြည့်မိရင်း စိတ်ထဲဝင်လာမိတာက “မင်းမလိမ္မာရင် မင်းခွေးဖြစ်သွားမယ် ချာတိတ်လေး“ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ဆုံးမဖူးခဲ့တဲ့ အတွေးလေးပါပဲ။

ကိုယ် ကောလိပ်ရောက်တဲ့အခါ အဖေဟာ တော်တော်အိုစာသွားပါပြီ။ အရပ် ၅ ပေပဲရှိတဲ့ အဖေဟာ အရပ် ၅ ပေ ၈ လက်မလောက်ရှိလာပြီ ဖြစ်တဲ့ လူပျိုထွားသားကြီးကို ကြည့်ပြီး အားရနေပါတယ်။

“ဒါ…ငါ့သားကြီးကွ“ဆိုပြီး တခြားဘာအရည်အချင်းမှ မကြည့်တော့ဘဲ အရပ်က သူ့ထက် ခေါင်းတစ်လုံးပိုမြင့်ပြီး သူ့ထက်ကိုယ်အလေးချိန် ပိုကာ ထွားကျိုင်းနေတဲ့သားကိုကြည့်ပြီး အားရနေတာကို အဖေ့မျက်လုံးတွေမှာ တွေ့ခဲ့ရပါတယ်။

အဖေ့ဆီသွားလည်တဲ့အခါ အဖေက ဖြတ်သွားဖြတ်လာ သူ့သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကို “ဒါ…ကျွန်တော့် သားကြီးလေ“ဆိုတာ ကြွားရတာအမောပေါ့။

အသက် ၂၀ ၀န်းကျင်အရွယ်သားဟာ ပထမတော့ သိပ်ရှက်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ “ဟုတ်ကဲ့၊ ကျွန်တော့် အဖေ့သားပါ၊ အဖေ့ဆီ လာလည်တာပါ“လို့ ရဲရဲဝင့်ဝင့် အလိုလို ပြောတတ်လာတာ၊ ပြောထွက်လာတာဟာ “အဖေ့ကို ကျွန်တော်ချစ်ပါတယ်“လို့ ပြောတာထက် အများကြီးပိုတာသွားတယ်လို့ နောက်ပိုင်းမှာ သိသွားခဲ့လို့ပါပဲ။

အဖေဟာ ညနေကျရင် အရက်သောက်တတ်ပြီး တစ်ခါတလေ ကိုယ်က အဖေပုလင်းဖွင့်ချိန်ရောက်သွားရင် အစပိုင်းတော့ အဖေက ပုလင်းကို အပြေးအလွှား ဖွက်လိုက်တတ်ပေမယ့် နောက်ပိုင်းကျတော့ အဖေလည်း အကြာကြီး ဟန်မဆောင်နိုင်တော့သလို ကိုယ့်ကိုလည်း အဖေက သားတစ်ယောက်ထက် သူ့ရဲ့အရင်းနှီးဆုံးနဲ့အားအကိုးဆုံး မိတ်ဆွေတစ်ယောက်အဖြစ် သတ်မှတ်လိုက်တဲ့အခါ “မင်း နည်းနည်း သောက်မလား“လို့ မေးလာပါတော့တယ်။

ကိုယ်ဟာ အသက် ၂ နှစ် ၃ နှစ်သားလောက်ကတည်းက အဖိုးမိတ်ဆက်ပေးလို့ အရက်ဆိုတာကို ကြိုက်တတ်သောက်တတ်နေတဲ့သူ၊ အဖေကလည်း အရက်ကြိုက်တဲ့သူ၊ နောက်ပြီး ကိုယ်က အဲဒီတုန်းက ဂျီတီအိုင်ကျောင်းလေးကိုလည်း တက်ရောက်နေသူမို့ အရက်ဆိုတာကို တော်တော်ကြီးရင်းနှီးနေသမို့ လက်ချိုးရေလို့ရတဲ့ ညနေခင်းတချို့မှာ အဖေနဲ့သားဟာ ၀ိုင်းဖွဲ့ခဲ့ဖူးပါတယ်။

သစ်ပင်တချို့ကို ချုံဖြစ်လုနီး စိုက်ပျိုးထားတဲ့ အဖေ့ပန်းခြံလေးထဲမှာ ၀က်ဆီဖတ်၊ ငါးမုန့်ကြော်၊ မုန့်ဟင်းခါးဟင်းရည်တို့နဲ့ မြည်းရတဲ့ အရက်တစ်ခွက်နှစ်ခွက်ကို သားအဖနှစ်ယောက် သောက်ကြပြီး ဘ၀အကြောင်း၊ စာပေအကြောင်း၊ နိုင်ငံရေးအကြောင်း ပြောရတာတွေ၊ ကိုယ်သိချင်တာတွေ အဖေ့ကို မေးရတာတွေ၊ အဖေက သူ့ဘ၀နဲ့ယှဉ်ပြီး ကိုယ့်ကို ဆုံးမတာတွေဟာ ဘာနဲ့မှလဲလို့မရတဲ့ ဘ၀ခံစားမှုနဲ့ အတွေ့အကြုံတွေပါပဲ။

အဖေဟာ တစ်ဘ၀လုံးတော့ သူ့မိခင်၊ သူ့အစ်မကြီးတွေ၊ ညီအစ်ကိုမောင်နှမတွေကို တတ်နိုင်သလောက်စောင့်ရှောက်ခဲ့သလို သူ့မောင်နှမတွေကလည်း သူ့ကို နိုင်သလောက်ပြန်စောင့်ရှောက်ခဲ့ကြပါတယ်။ အဖေဟာ သူ့ဘ၀ကို သူ့မိသားစုထက် သူ့မိတ်ဆွေ သူငယ်ချင်းတွေအတွက် ပိုပေးဆပ်ခဲ့တယ်လို့တော့ ကိုယ်ကတော့ ထင်တာပါပဲ၊ အဲဒီလိုစိတ်မျိုးတွေကို ကိုယ့်ညီငယ်ဆီမှာလည်း တွေ့နေရပါတယ်။

ယောက်ျားတစ်ယောက်ဟာ အောက်ဆုံးအထိရောက်အောင် ကျဆုံးနေဦးတော့ ယောက်ျားမာနတော့ ရှိနေပါသေးတယ်။ အဖေ့မျက်နှာမှာ အဖေ့မျက်လုံးထဲမှာ အဲဒီမာနတွေကို တွေ့နေရသေးတဲ့အခါ “ဒါမှ ငါ့အဖေကွ“လို့ စိတ်ထဲက ရဲရဲကြီးကျေနပ်နေမိပါတော့တယ်။

အဖေဟာ တစ်ခါတခါ သူ့အနာဂတ်ကို ပြောပြတတ်တယ်၊ သားသမီးတွေနဲ့ပတ်သက်တဲ့ သူ့မျှော်မှန်းချက်ကို ပြောပြတတ်တယ်။

ကိုယ်က အဲဒီအချိန်ကတည်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေတာက တကြောင်း၊ စပြီး အဖေ့ကို ပြောရဲဆိုရဲ မေးခွန်းထုတ်ရဲနေပြီဖြစ်တာက တကြောင်းမို့ ပြန်လှန်မေးခွန်းတွေ မေးတတ်နေပါပြီ။ အဖေပြောတာအားလုံးကို ကြောက်ကြောက်ရွံ့ရွံ့နားထောင်ရတဲ့ သားတစ်ယောက် မဟုတ်ခဲ့တော့ပါဘူး။

အဲဒါကိုပဲ အဖေက အားရနေတတ်ပါပြီ၊ “မင်းကိုတော့ အားရတယ်ကွာ“ဆိုတဲ့ စကားမျိုး ပြောလာပါပြီ။ အဖေ့ဆီက ဒီစကားမျိုး ကြားရဖို့ ကိုယ့်မျက်နှာဟာတင်းခဲ့ရပြီး ကိုယ့်နှုတ်ခမ်းတွေဟာ တင်းတင်းစေ့ခဲ့ရတာကြာခဲ့ပေါ့၊ အထူးသဖြင့် အဖေ့ရှေ့ရောက်တိုင်း မျက်လုံးက အရောင်တွေလက်နေရပြီး ခန္ဓာကိုယ်ကလည်း စစ်သားတစ်ယောက်ကို တောင့်မတ်ထားရတာ အသားသေတဲ့အဆင့်တောင်ရောက်ခဲ့ပေါ့။

နောက်ပိုင်း အဖေ့ဆီ ကိုယ်သွားလည်တဲ့အခါ တော်တော်ဟောင်းနေပြီဖြစ်တဲ့ အညိုရောင်တက်ထရွန် လေးထောင့်ကွက်ကြီး ပုဆိုးတိုတိုနဲ့ စစ်ရောင်စွပ်ကျယ်ဂျိုင်းပြတ်လေး ၀တ်ထားတဲ့ ဆေးပေါ့လိပ်လက်ကြားညပ်ထားတဲ့ အသားညိုခြောက်ခြောက် ခပ်ပိန်ပိန် အသားခပ်ပျော့ပျော့ ဖြစ်နေတဲ့ အဖေဟာ အမေဆင်ထားတဲ့ ဂျင်းဘောင်ဘီရှည်နဲ့ ရှပ်အင်္ကျီအပေါ်က ထပ်ဝတ်ထားတဲ့ဂျာကင်အင်္ကျီနဲ့ဆိုတော့ ကုလားမင်းသားနဲ့ တူနေတဲ့ အရပ်မြင့်မြင့်သားကို မျက်လုံးမှုန်ဝါးဝါးနဲ့ ကြည့်နေတဲ့ မြင်ကွင်း၊ “ဟာ သားကြီး“လို့ ခေါ်လိုက်တဲ့အသံတို့ဟာ အခုထိ မြင်ယောင်ကြားယောင်ဆဲပါ။

ကိုယ်ကတော့ “အဖေ…ကျွန်တော်“လို့ ပြောပြီး အဖေ့ပခုံးကို ပွေ့ဖက်လိုက်တဲ့အခါ အဖေဟာ ကိုယ့်ရင်ခွင်ထဲမှာ ညီအငယ်ဆုံးလေး တစ်ယောက်လို ရှိနေပါတော့တယ်။ ကိုယ်က ထွားထွားလူကြီးဖြစ်လာပြီး အဖေက သေးသေးလူလေးဖြစ်သွားပါလားလို့ စိတ်ထဲမကောင်းပါဘူး။ အဖိုးနဲ့လည်း တစ်ခါ အဲဒီလိုစိတ်မျိုးဖြစ်ဖူးပါတယ်။

အမေ့အဖေ(အဖိုး)ဟာ အရပ် ၆ ပေလောက်မြင့်ပါတယ်။ ငယ်ငယ်ကဆို အဖိုးကို ကိုယ်တို့ခေါင်းကြီးလန်သွားတဲ့အထိ မော့ကြည့်ခဲ့ရတာပါ။ အဖိုးနဲ့ငယ်ငယ်ကတည်းကအတူနေ၊ အဖိုးက ငယ်ငယ်ကတည်းက ကိုယ်တို့ကို ကျွေးမွေးစောင့်ရှောက်၊ အဖိုးကပဲ ကျောင်းထားပေး၊ အဖိုးကြောင့်ရှင်သန်လာခဲ့ရတဲ့ ကိုယ်တို့မိသားစုဟာ အဖိုးကို တစ်ခါပြန်စောင့်ရှောက်ရတဲ့အခါမှာလည်း အမေဟာ သူ့အဖေနဲ့အမေကို အစွမ်းကုန်ပြုစုစောင့်ရှောက်ပါတယ်။ သူ့မိဘတွေရှေ့က အမေဟာ မားမားမတ်မတ်နဲ့ အမြဲရပ်တည်ခဲ့ပါတယ်။

တစ်ရက်တော့ အဖိုးဟာ ကန်ထရိုက်တိုက် ၃ လွှာမှာရှိတဲ့ ကိုယ်တို့အိမ်ကို အလည်လာပါတယ်။ အဲဒီတုန်းက ကိုယ်က ၁၀ တန်း၊ အဖိုးက ၇၇ နှစ်။ အသက်ကြီးလာရင် အရိုးတွေဟာ ပြန်ကျုံ့ဝင်သွားပါတယ်။ အဖိုးကို ကားဂိတ်ပြန်လိုက်ပို့တဲ့အခါ အမေက အိမ်ပေါ် ၀ရံတာကနေ ကြည့်နေပါတယ်။

ငယ်ငယ်တုန်းက မော့ကြည့်ခဲ့ရတဲ့အဖိုးဟာ ခါးလေးကုန်းသွားတာမို့ အဖိုးပခုံးဟာ ကိုယ့်ပခုံးအောက်နိမ့်သွားပြီလို့ အမေက ကိုယ်ပြန်လာတော့ ပြောပြပါတယ်။ “အဖေဟာ ခါးကုန်းသွားပြီ၊ မင်းက အဖေ့ထက် မြင့်သွားပြီ“လို့ သူ့အဖေအတွက် စိတ်မကောင်းစွာနဲ့ အမေဟာ ပြောရှာပါ တယ်။

အဖိုးနဲ့ အဖေတို့ရဲ့ ဘ၀တွေကို စောကြောလေ့လာ နားလည်အောင်ကြည့်တဲ့အခါ၊ ကွယ်လွန်သွားပြီဖြစ်တဲ့ အဖိုး၊ အဖေနဲ့ ဦးချစ်(ကိုယ့်ဘ၀ထဲ က ကျေးဇူးရှင်တစ်ဦး)အပါအ၀င် ကွယ်လွန်သွားတဲ့သူတွေကို အောက်မေ့တဲ့အခါ၊ သေခြင်းကို သတိရရနဲ့ဆင်ခြင်မိတဲ့အခါ၊ ကိုယ်နေ့စဉ် ရှင်သန်နေထိုင်နေရတဲ့ဘ၀ကို တစ်ခါတခါ မကျေမနပ်ဖြစ်တဲ့အခါ၊ “မင်း…ဘာလဲကွ“လို့ ကိုယ့်ကိုယ်ကိုယ်မေးခွန်းတွေ တရစပ်မေးမိတဲ့အခါ၊ ကျွန်တော် ဒီလိုစာလေးရေးဖြစ်သွားပါတယ်။ သက်သာလို သက်သာငြားပေါ့။

လူကြီးမင်းရော လက်ရှိနေထိုင်နေရတဲ့ နေ့စဉ်ဘ၀မှာ အဆင်ပြေပါရဲ့လား။ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။

အောက်တိုဘာ ၈ ၂၀၀၉၊ ည ၉ နာရီခွဲ။

ဆရာဖြစ်သင်တန်း မတက်ဖြစ်တော့တဲ့နောက်မှာ အမေ တရားရုံးသွားရင် အမေ့အိတ်ဆွဲအဖြစ် လိုက်ပါကူညီရပါတယ်၊ အမှုသည်တွေ တိုက်တဲ့ လက်ဖက်ရည်သောက်၊ ထမင်းစား၊ အမေတို့ စကားပြောတာနားထောင်၊ တရားခွင်မှာ အမှုစစ်တာကြည့်၊ အမေခိုင်းတာတွေ ကူလုပ်နေရပါတော့တယ်။

တစ်နေ့တော့ သတင်းစာမှာ “ဘာသာပြန်အယ်ဒီတာများ အလိုရှိသည်“ဆိုတဲ့ အလုပ်ခေါ်စာ ကြော်ငြာတွေ့တော့ လိုအပ်တဲ့စာရွက်စာတမ်းတွေ ပြင်ဆင်ပြီး သွားလျှောက်ပါတယ်။ နတ်၊ သိကြားတွေ မစလို့ ငါ လုပ်ချင်တဲ့ အလုပ်တော့ ပေါ်ပေါက်လာပြီလို့ စိတ်ထဲတွေးမိပါတယ်။ သွားလျှောက်ရင် ကျိန်းသေရမှာပဲလို့လည်း ယုံကြည်ခဲ့ပါတယ်။

ထိုင်းနိုင်ငံက ဘန်ကောက်ပို့စ်တို့၊ သည်နေရှင်းသတင်းစာတို့လို အပတ်စဉ်မြန်မာဂျာနယ်တစ်စောင်ထုတ်ဖို့အတွက် လူတွေ လိုလို့ခေါ်တာပါ။ လျှောက်လွှာထားခဲ့ပြီး လူတွေ့အင်တာဗျူးလုပ်ဖို့ချိန်းထားတဲ့နေ့ကျတော့ မသွားဖြစ်တော့ပါဘူး။ အမေ့နောက် လိုက်ရလို့လား၊ တခြားအရေးကြီးတဲ့အကြောင်းကြောင့်လား မမှတ်မိတော့ပါဘူး၊ အင်တာဗျူး မသွားဖြစ်လိုက်ဘူး။ မသွားဖြစ်တော့ စိတ်မကောင်းဘူးပေါ့လေ။

တစ်နေ့တော့ “ဟာ..မဖြစ်ဘူး၊ အမေ့နောက်ပဲ လိုက်ပြီး အချိန်ကုန်နေလို့တော့ မဖြစ်ဘူး။ ငါ အလုပ်တော့ ထပ်လျှောက်ဦးမှ၊ အဲ လျှောက်လွှာအတွက် ပြင်ဆင်ရတာတွေက ပိုက်ဆံကုန်ဦးမယ်၊ ဒီတော့ အင်တာဗျူးမသွားလိုက်ရတဲ့အလုပ်အတွက် ငါ့ လျှောက်လွှာ သွားပြန်တောင်းကြည့်ဦးမယ်“ဆိုပြီး စိတ်ထဲဖြစ်လာတဲ့အတွက် လျှောက်လွှာသွားပြန်တောင်းပါတယ်။

ဒီနေရာမှာ တစ်ခုပြောစရာရှိတာက ကိုယ်က မြို့လယ် ၃၆ လမ်းမှာ နေပါတယ်၊ အလုပ်ခေါ်တာက လွစ္စလမ်း(ဆိပ်ကမ်းသာလမ်း)မှာ ရုံးခန်းဖွင့်ထားတဲ့ ဂျာနယ်သစ်ထုတ်ဝေဖို့ ပြင်ဆင်နေတဲ့လူငယ်တွေက ခေါ်တာပါ။ လူငယ်တွေလို့ ပြောရတာက အဲဒီဂျာနယ်တိုက်သစ်မှာ အယ်ဒီတာချုပ်လုပ်မယ့်သူက အသက် ၂၆နှစ်၊ သူ့ကိုဝိုင်းဝန်းကြမယ့်လူတွေက သူနဲ့သက်တူရွယ်တူတွေ၊ သူ့အောက်ငယ်သူတွေပဲ။ ကိုယ်က ၂၃ နှစ်။

အမှန်တော့ အသက် ၂၀ လောက်မှာ ကောလိပ်ပြီးပြီဆိုရင် အလုပ်ဝင်လို့ရမှာဖြစ်ပြီး အခုတော့ ကျောင်းပိတ်တာ ၂ ကြိမ်ကြုံလိုက်ရတော့ အလုပ်စတင်လျှောက်ချိန်မှာ အသက်က ၂၃ တောင် ဖြစ်နေပါပြီ။

ပြန်ဆက်ရရင် ရုံးနဲ့က နီးနေတာကတကြောင်း၊ ကပ်စေးနှဲတာကလည်းတကြောင်းမို့ လျှောက်လွှာသွားတောင်းတဲ့အခါ ရုံးက စာရေးမလို့ထင်ရသူ(နောက်မှသိရတာက သူက ကိုယ့်ကို ငွေအမြဲထုတ်ပေးမယ့် စာရင်းကိုင်မမဖြစ်နေတာပဲ)က ပြန်ရှာရမှာ အလုပ်ရှုပ်သလိုလို ဘာလိုလိုနဲ့ လုပ်နေလို့ လုပ်ပါဗျာ၊ ကူညီနိုင်ကူညီပါလို့ အတင်းပြောမှ ပြန်ရှာပေးတယ်။ လျှောက်လွှာစာရွက်တွေယူမလို့လုပ်နေတုန်းမှာ အခန်းထဲကနေ လူတစ်ယောက်ထွက်လာတာ ကိုယ့်ညီရဲ့ သူငယ်ချင်း ဖြစ်နေပါတယ်။

သူကလည်း “ဟာ..အစ်ကိုကြီး၊ ဘာလာလုပ်တာလဲ´´ ဘာညာနဲ့ မေးမြန်းနှုတ်ဆက်တော့ စာရေးမက ကြောင်တက်တက်ဖြစ်သွားပေမယ့် ကိုယ်ကတော့ ၀မ်းသာသွားတယ်။ “အေးကွာ၊ အလုပ်လျှောက်ပြီးမှ အင်တာဗျူးနေ့က မလာဖြစ်လိုက်ဘူး၊ အဲဒါနဲ့ကွာ အလုပ်လျှောက်လွှာလေး လာပြန်တောင်းတာ“လို့ သူ့ကို လေအေးအေးလေးနဲ့ ရှင်းပြလိုက်ပါတယ်။

အမှန်တော့ ညီ့သူငယ်ချင်းက ကိုယ့်ထက်တောင် အသက်ကြီးပါဦးမယ်။ သူကလည်း ကိုယ့်ညီရဲ့ သူငယ်ချင်းအရင်းလို့ ခံယူထား၊ ကိုယ်ကလည်း ကိုယ့်ညီသူငယ်ချင်းအားလုံးကို ၀ါအားဖြင့် ကိုယ့်အောက်ငယ်သူတွေပဲလို့ သဘောထားပါတယ်။

အမှန်တော့ ကိုယ့်ညီက ၁၀ တန်းအောင်အောင်ချင်း ၁၉၉၄ မှာ ယဉ်ကျေးမှုတက္ကသိုလ်တက်ပြီး စာပေလောက၊ အနုပညာလောကထဲကို စောရောက်သွားပါတယ်။ သူက နာမည်ကျော် စာရေးဆရာ၊ ကဗျာဆရာ၊ ဒီဇိုင်းဆရာတွေနဲ့ ၁၉၉၄၊ ၉၅ လောက်မှာပဲ စတင် ပေါင်းဖော်မိနေပါပြီ၊ အရက်အတူသောက်ပြီး ကောင်းကောင်းစကားပြောဆိုနေပါပြီ။ သူက အခုလို အမြဲပြောတတ်ပါတယ်။ “ဟေ့ကောင်၊ ငါက ဒီလောကကို မင်းထက် နှစ်အများကြီးစောပြီး အရင်ရောက်တာပါကွာ´´တဲ့။ ညီငယ်က ကိုယ့်ဆရာသမားတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့အကြံဥာဏ်တွေ၊ သူ့အဆူအဆဲတွေကိုလည်း ခံယူခဲ့ရပါတယ်။

ခုနတွေ့တဲ့ တစ်ယောက်ကလည်း ညီ့သူငယ်ချင်းပါပဲ၊ ဂျာနယ်သစ်အတွက် စာရိုက်ဒီဇိုင်းကူတာဝန်နဲ့ သူက ရောက်နေတာ အတော်တောင် ကြာပါပြီ။ ဂျာနယ်တစ်စောင် ထုတ်ဖို့ ပြင်ဆင်တယ်ဆိုတာ အခုလိုပဲ ၂လ၊ ၃လ (တစ်ခါတလေ ၆ လလောက်အထိ) ကြိုတင်ပြင်ဆင်နေရတာပါ၊ စာရိုက်နှုန်းကျင့်၊ ဒီဇိုင်းထိုင်တဲ့နှုန်းကျင့်၊ ဘာသာပြန် သတင်းရေးချိန်ကျင့်၊ သတင်းတွေရှာချိန်၊ စာပေစိစစ်ရေးတင်ချိန်ကျချိန်၊ ဖလင်ထုတ်ချိန်၊ ပုံနှိပ်စက်ပို့ချိန် ရိုက်ချိန်၊ ရန်ကုန်နဲ့နယ်အနှံ့ဖြန့်ချိချိန် စတဲ့လုပ်ငန်းစဉ်တွေကို အကြိမ်ကြိမ် ကြိုတင်လေ့ကျင့်လေ့လာ၊ အမှားတွေကနေ သင်ယူ၊ လုပ်ကိုင် စသဖြင့် လုပ်ကြရပါတယ်။ လူငယ်တွေက မန္တလေးက အဖွဲ့တွေပါ။ ညီ့သူငယ်ချင်းက မန္တလေးထဲက ချိတ်မိပြီးပါလာတာ ဖြစ်ပါတယ်။

ညီ့သူငယ်ချင်းက ပြောပါတယ်။ “ကိုကြီးကလဲ…လျှောက်လွှာပြန်ယူမနေပါနဲ့၊ အယ်ဒီတာချုပ်အပေါ်မှာရှိတယ်၊ တက်တွေ့သွား၊ ကျွန်တော်သွားပြောလိုက်မယ်“ဆိုပြီး သူက သွားပြောပေးတယ်။ အယ်ဒီတာချုပ်ကလည်း စာဖတ်နေတာလား မသိပါဘူး၊ တွေ့မယ်ဆိုပြီး လက်ခံတွေ့တယ်။ အင်တာဗျူးတယ်။

ခုနောက်ပိုင်း ကံ ကို ယုံလာတယ်ဆိုတာ အဲဒါပြောတာပါ။ သွားတာက လျှောက်လွှာသွားပြန်တောင်းတာ၊ ဖြစ်ချင်တော့ သီးသန့်အင်တာဗျူးတောင် ဖြစ်သွားပါသေးတယ်။ အယ်ဒီတာချုပ်နဲ့ အေးအေးဆေးဆေး စကားပြောခွင့်ကြုံတယ်။ အယ်ဒီတာချုပ်ကလည်း ဘာသာပြန်နဲ့ပတ်သက်လို့၊ စာပေဆိုင်ရာ ဗဟုသုတပိုင်းနဲ့ပတ်သက်လို့၊ နိုင်ငံရေးအတွေးအခေါ်နဲ့ပတ်သက်လို့ စေ့စေ့စပ်စပ်မေးမြန်းတယ်။ သတင်းတစ်ပုဒ်ကို ချက်ချင်းဘာသာပြန်ခိုင်းတယ်။ နောက်အကြောင်းပြန်မယ်ဆိုပြီး ပြန်လွှတ်လိုက်တယ်။

ညီ့သူငယ်ချင်းနဲ့ စာရေးမကို နှုတ်ဆက်ပြီး ပြန်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အားတွေရနေလို့၊ အော် တစ်ခါတလေတော့ လောကကြီးက သာယာပါလားလို့တွေးမိတယ်။

ဒီနေရာမှာ ပြောစရာရှိတာက ကံဆိုတာ အလုပ်ပါပဲ။ အလုပ်ရဖို့ ကံကောင်းနေပေမယ့်လည်း အလုပ်ပေးမယ့်ရုံးခန်း၊ လူပုဂ္ဂိုလ်တွေဆီ မသွားခဲ့ဘူးဆိုရင် အလုပ်ရမှာ မဟုတ်ပါဘူး။ ထက်သန်တဲ့စိတ်၊ တက်ကြွတဲ့ဟန်ပန် ရှိဖို့လည်း လိုပါတယ်။ နောက်တစ်ခုက မိတ်ဆွေအပေါင်းအသင်းဆိုတာ အလွန်အရေးကြီးပါတယ်။ ကိုယ် အကူအညီလိုတဲ့အခါ ပေးနိုင်တဲ့၊ ကူညီနိုင်တဲ့ မိတ်ဆွေတွေ ရှိနေဖို့ အရေးကြီးပါတယ်။

အရည်အချင်းလည်း ရှိမယ်၊ ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းမယ်၊ အခြေအနေ အချိန်အခါကိုလည်း နားလည်သဘောပေါက်တယ်၊ သည်းခံရင့်ကျက်တယ်၊ စိတ်ရှည်ဇွဲသန်တယ်ဆိုရင် အဲဒီ့လူကို ဘယ်အလုပ်ရှင်မဆို လိုချင်ကြပါတယ်။ ကိုယ်က သိပ်တော်နေပြီး လုပ်ငန်းတစ်ခုမှာ မရှိမဖြစ် အနေအထားဖြစ်သွားပြီဆိုရင်တော့ တခြားအရည်အချင်းတွေ လျော့လည်း ပြဿနာတော့ မရှိပါဘူး။ ဒါပေမယ့် တကယ်တော့ မရှိမဖြစ်ဆိုတာ အမြဲတမ်းမဟုတ်ဘူးဆိုတာကို နားလည်သဘောပေါက်ဖို့နဲ့ ဆက်ဆံရေးကောင်းတဲ့သူကို လူတွေက ပိုပြီးခင်ချင်၊ ပေါင်းချင်၊ အတူလက်တွဲလုပ်ကိုင်ချင်ကြတယ်ဆိုတာကို ၁၀ နှစ်ကြာ အလုပ်အကိုင်အတွေ့အကြုံနဲ့ ဘ၀ဖြတ်သန်းခဲ့မှုတွေကနေ နားလည်ခဲ့ရပါတယ်။

ပြောရပါဦးမယ်၊ ဂျာနယ်သစ်အတွက် လူရွေးချယ်လိုက်တော့ ကိုယ် မပါလာခဲ့ပါဘူး။ စိတ်ဓါတ်လည်း ကျသွားပါတယ်။ ဂျာနယ်တိုက်တစ်ခုလုံးမှာ ပါဝင်လုပ်ကိုင်နေတဲ့သူတွေက မန္တလေးက ဖြစ်ပြီး၊ ရန်ကုန်ကနေ ရွေးချယ်ပြီး ဘာသာပြန်အယ်ဒီတာတွေအဖြစ် ခန့်လိုက်တာက မိန်းကလေးတွေပါ။ ဥစ္စာပေါ ရုပ်ချော ကိုယ်ပိုင်ကားနဲ့ ရုံးတက်တဲ့ အပျိုမလေးတွေဖြစ်ပါတယ်။ ဆိုတော့ တကယ့်တကယ်တမ်း ဂျာနယ်အတွက် ရုန်းကြတော့ လူတွေ ထပ်လိုလာပါတယ်။ ပထမဆုံးဂျာနယ်သစ်ထွက်တဲ့နေ့မှာပဲ နောက်ထပ် ဘာသာပြန်အယ်ဒီတာ ယောက်ျားလေး သုံးယောက်ထပ်ခန့်လိုက်တာမှာ ကိုယ် ပါဝင်လာပါတော့တယ်။

နောက်တစ်ပတ် ၁၀ ရက်လောက်အကြာမှာ နောက် ယောက်ျားလေးအယ်ဒီတာတစ်ယောက် ထပ်ရောက်လာပါတယ်။ စုစုပေါင်း ရန်ကုန်ကနေ ခန့်လိုက်တာက ၇ ယောက်ဖြစ်သွားပါတယ်။ ၇ ယောက်ထဲမှာ အခုထက်ထိ ဂျာနယ်လစ်အဖြစ် ဆက်တိုက် လုပ်ကိုင်နေတာ ကိုယ်နဲ့ နောက်တစ်ယောက် (နာမည်ကျော်စာရေးဆရာကြီးတစ်ဦးရဲ့သား)ပဲ ကျန်ပါတော့တယ်။ သူက ဒီဂျာနယ် မရောက်ခင်ကလည်း စာနယ်ဇင်းသမားအဖြစ် လုပ်ကိုင်ခဲ့သူပါပဲ။ နောက်တစ်ယောက်ကတော့ ၀င်လုပ်လိုက် ပြန်ထွက်သွားလိုက်နဲ့ အခုတော့ နာမည်ကျော် ဂျာနယ်ကြီးတစ်စောင်မှာ နာမည်ရ ဘာသာပြန်အဖြစ် လုပ်ကိုင်နေပြန်ပါတယ်။ ကျန်သူတွေက လုပ်ငန်းတွေပြောင်းသွားကြပြီး အိမ်ထောင်တွေလည်း ကျကုန်ပါပြီ။

နိဂုံးသပ်ရရင်တော့ ဒီအလုပ်မှ မလုပ်ရရင် တခြားဘာအလုပ်မှ မလုပ်ဘူးဆိုတဲ့ စိတ်ထားခဲ့တယ်။ ဒီအလုပ်မရခဲ့ရင်လည်း ဒီလိုအလုပ်တစ်ခု ပြန်လျှောက်မှာပါပဲ။ အဲဒီဂျာနယ်ရပ်နားသွားပြီးနောက်မှာလည်း နောက်ဂျာနယ်တစ်စောင်မှာ အလုပ်ပြန်လျှောက်ပြီး လုပ်ခဲ့တာပါပဲ။ ဒီအလုပ်မှ မလုပ်ရရင် မနေနိုင်တာပါ။ အဲဒီလို စိတ်မျိုးနဲ့လုပ်ခဲ့တာပါ။

စာရေးဆရာ နဲ့ ဂျာနယ်လစ်

လုပ်ချင်ခဲ့တာကတော့ စာရေးဆရာပါ။ စိတ်ကူးထဲမှာရှိတာတွေ စိတ်ကူးဥာဏ်ကွန့်မြူးတာတွေကို စာရေးခြင်းအတတ်ပညာနဲ့ ပရိသတ်ဆီကို တင်ဆက်နိုင်ဖို့ ကြိုးစားချင်တာပါ။ စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်တို့လို တကယ့်ဇာတ်အိမ်ကောင်းကောင်းနဲ့ ၀တ္ထုကြီးတွေ ရေးနိုင်ဖို့ ကြိုးစားမယ်ဆိုတဲ့ စိတ်နဲ့ပါ။ တစ်ချိန်တော့ ဖြစ်အောင်လုပ်မယ်လို့ ကြံစည်ထားပါတယ်။

ကံအကြောင်းကောင်းမှုကြောင့် ကိုယ်အလုပ်ဝင်တဲ့အချိန်မှာ ဂျာနယ်တွေက အများကြီး ထွက်ပေါ်လာပါတယ်။ ဒါနဲ့ပဲ ဂျာနယ်လိုင်းရောက်ပြီး နာမည်ကြီးခဲ့တဲ့ ဂျာနယ်တစ်စောင်မှာ မျိုးဆက်သစ်ဂျာနယ်လစ်အဖြစ် တင့်တင့်တယ်တယ် တောက်တောက်ကြွားကြွား လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။

နောက်ပိုင်းမှာလည်း အသွေးရှိသူလို့ ဆရာသမားက ထင်မြင်ယူဆခဲ့တာကြောင့် အကွက်ဖော်အရောင်တင်မယ်ဆိုပြီး မြှောက်စားလိုက်ပါတယ်။ အဲဒီမှာ ပြည်ပထွက် ပညာသင်ခွင့်တွေ့ရ၊ အမြင်ကျယ်လို့ ဘ၀င်မယ် ငါ လုံးလုံးပြောင်းမှဖြစ်မယ်ဆိုပြီး အခွင့်အရေးတွေ ရသမျှဖွေရှာလိုက်တာမှာ တဖြည်းဖြည်းနဲ့ မြောက်မြောက်လာတယ်လို့ပဲ ဆိုချင်တော့တာပါပဲ။

ဂျာနယ်မှာလုပ်ခဲ့တော့ ဂျာနယ်လစ်ဖြစ်သွားပါတယ်။ ဂျာနယ်လစ်ကို သတင်းစာဆရာ၊ သတင်းထောက်၊ အယ်ဒီတာစသဖြင့် စကားလုံးတွေ ဖလှယ်သုံးလို့ ရသလို ဂျာနယ်လစ်လို့ခေါ်ရင်လည်း ဒီခေတ်မှာ နားလည်လာပါပြီ။

အင်္ဂလိပ်လိုတော့ သတင်းစာ၊ ရေဒီယို၊ တီဗီ၊ အွန်လိုင်းစတဲ့ မီဒီယာတွေမှာ လုပ်တဲ့သူတွေကို reporter, journalist, correspondent, presenter, stringer, editor စသဖြင့် အမျိုးမျိုးခေါ်ဆိုပါတယ်။

အခုတော့ ဂျာနယ်လစ်ဖြစ်နေတာ ၁၀ နှစ်တောင် ရှိနေခဲ့ပါပြီ။ ဒီအလုပ်ပဲ လုပ်ချင်လို့၊ တခြားဘာအလုပ်မှ မလုပ်နိုင်ဘူးလို့ ဆိုခဲ့တာ အခုကော ၁၀ နှစ်အကြာမှာ စိတ်ပြောင်းပါပြီလား။ ဒီလိုတကယ်မေးလာရင်တော့ အမှန်အတိုင်းပြောရရင်ဖြင့် စိတ်ကတော့ မပြောင်းလဲပါဘူး။ ဒါပေမယ့် ဟိုစဉ်အရွယ်ခပ်ငယ်ငယ် လွန်ခဲ့တဲ့ ၁၀ နှစ်ကလောက်တော့ မတက်ကြွတော့တာ အမှန်ပါပဲ လူကြီးမင်းရယ်လို့ ဖြေရမှာပါပဲ။ ဟိုယခင်ငယ်နုစဉ်ကတော့“ငါ မကယ် ငါ့ တိုင်းပြည် နာဖွယ်ရှိတယ်“ဆိုတဲ့ ပြင်းပြင်းထန်ထန် ရဲရဲတောက်စိတ်ထားနဲ့ ၀င့်ကြွားခဲ့ဖူးကြောင်းပါ ပရိသတ်မင်းတို့ခင်ဗျား။

အခုတော့…

အော် ဟော ဟော၊ အချိန် မနည်းတော့တာကတကြောင်း၊ နောက်လည်း ဆုံကြဦးမှာမို့ အဟဲ ဆက်ပြောကြသေးတာပေါ့ဗျာ..ရဲ့နော်။

စက်တင်ဘာ ၂၆၊ ညနေ ၆ နာရီ မိနစ် ၄၀။

အဖေက နိုင်ငံရေးလုပ်ခဲ့ဖူးတယ်၊ မြို့နယ်အဆင့် ပါတီ(မဆလ)မှာ လှုပ်ရှားခဲ့တယ်၊ အဖေက စာပေ ဖတ်ရှုတာ အလွန်ဝါသနာထုံတယ်၊ နိုင်ငံရေးသမားဆိုတော့လည်း စာဖတ်ရတာပေါ့။ ငယ်ငယ်က ကိုယ်အိပ်ရာနိုးရင် နံနက်စောစော စက်ဘီးနဲ့ လိုက်ပို့တဲ့ သတင်းစာသမားက စက်ဘီးစီး မပျက်ဘဲ ပစ်ထည့်သွားတဲ့ သတင်းစာကို ပက်လက်ကုလားထိုင်ပေါ် ဆေးပေါ့လပ်တစ်လိပ်နဲ့ ထိုင်ဖတ်နေတတ်တဲ့ အဖေ့ကို တွေ့ရင် သိပ်သဘော ကျတယ်။ ငါလည်း တစ်နေ့ကျရင် အဖေ့လိုပဲ ဒီလိုကုလားထိုင်ပေါ်မှာ ဒီလိုဆေးလိပ်လေး ဖွာရင်း ထိုင်ဖတ်နိုင်မှာပဲလို့ တွေးခဲ့ဖူးတယ်။ လူကြီး မြန်မြန်ဖြစ်ရင် ကောင်းမယ်လို့ ခဏ ခဏတွေးခဲ့ဖူးတာပေါ့။

အဖေက သတင်းစာဖတ်ရင် တစ်နာရီလောက်ကြာတယ်၊ တစ်စောင်လုံးအကုန်ဖတ်တာ၊ ပြည်တွင်းပြည်ပသတင်း၊ ပါတီခေါင်းဆောင်တွေ၊ ကောင်စီ လူကြီးတွေ၊ မြို့တော်စည်ပင် ဆောင်ရွက်မှုသတင်းတွေ အကုန်ဖတ်တာကိုး၊ စိတ်ဝင်စားရင် လိုအပ်ရင် ဘောလ်ပင်နဲ့တောင် မျဉ်းသားတာတွေ  ဘာတွေလုပ်သေးတယ်။

အမေကတော့ မိုးလင်းလာတာနဲ့ ဘာမှ မလုပ်ဘဲ အဲဒီလို သတင်းစာ ထိုင်ဖတ်နေတဲ့ အဖေ့ကို သိပ်သဘောတွေ့တာတော့ မဟုတ်ပါဘူး။ အိမ်ထောင်ဦးစီး ယောက်ျားဟာ အလုပ်လုပ်ရမယ်၊ စီးပွားရေး ကြီးပွားရေး တိုးတက်ရေး တွေးတော ကြံဆနေရမယ်၊ ဒီလိုသတင်းစာကို ကျေညက်အောင် ဖတ်နေလည်း ဘာမှ မထူးပါဘူးလို့ အမေက တွေးတတ်တယ်။

ကိုယ်ကတော့ အဖေ့ကို သိပ်အားကျတော့ လူကြီးဖြစ်အောင်တောင် စောင့်မနေတော့ပါဘူး၊ မနက်စာ စားပြီးရင် အဖေချသွားတဲ့ သတင်းစာကို ကောက်ဖတ်တော့တာပါပဲ၊ အဲဒီတုန်းက ကိုယ်က ၂ တန်းကျောင်းသားပဲ ရှိသေးတယ်။ ဒါပေမယ့် နိုင်ငံတော်အဆင့်လူကြီးတွေ၊ တိုင်းအဆင့်လူကြီးတွေ၊ ပါတီကောင်စီကလူတွေနဲ့ နာမည်တွေကို အကုန်သိနေ၊ ရင်းနှီးနေပါပြီ။ အဖေတို့ လူကြီးတွေ စကားဝိုင်းဖွဲ့ပြောရင်၊ နိုင်ငံရေးဆွေးနွေးပြောဆိုကြရင်လည်း ဘေးကနေ ကောင်းကောင်းနားထောင်တတ်လာပါပြီ။

နောက်တစ်ခုက အဖေက စာဖတ်တာများလာတော့ စာတွေလည်း ရေးလာခဲ့တယ်၊ သူ့ဖြစ်ချင်တာတွေ မြင်ချင်တာတွေကို လက်တွေ့တော့ ဖြစ်အောင် မလုပ်နိုင်ပေမယ့် စိတ်ကူးယဉ်တာတွေ စိတ်ကူးနဲ့ ရေးတာတွေရှိလာခဲ့တယ်။ ရေးတာတွေကို သိမ်းထားလိုက် ထုတ်ဖတ်လိုက် ဆက်ရေးလိုက်နဲ့ ရှိပေမယ့် မဂ္ဂဇင်းတွေ စာအုပ်တိုက်တွေကို ပို့ပြီး ပါအောင်လုပ်တာ၊ စာအုပ်အဖြစ်ထုတ်ဝေတာမျိုးကို လုပ်ခဲ့တာတော့ မရှိခဲ့ဘူး။ သူ့ညီတစ်ယောက် အယ်ဒီတာချုပ်လုပ်တဲ့ မဂ္ဂဇင်းမှာတော့ တစ်ခါလား နှစ်ခါလား ပါဖူးတယ်ထင်တာပဲ။ ဒီလောက်ပဲ အားထုတ်မှုရှိခဲ့တယ်။

အမေကတောင် သူ့အသက်ငါးဆယ်ပြည့် ရွှေရတုအထိမ်းအမှတ်ဆိုပြီး ရောင်းတန်းဝင်စာအုပ်တစ်အုပ် ကိုယ်တိုင်ထုတ်ဝေနိုင်ခဲ့သလို ညီငယ်ရဲ့ အချစ်ဟာသ ၀တ္ထုစာအုပ် သုံးအုပ်ကိုလည်း ထုတ်ဝေသူအဖြစ်ထုတ်ဝေပေးခဲ့ပါတယ်။

အမေက သိပ်လက်တွေ့ကျတယ်၊ သဘောတရားတွေ ပြောဆိုဝေဖန်လေကန်နေတာကို သိပ်သဘောမကျဘူး၊ ဘာလုပ်ရင် ဘာဖြစ်မလဲ ဆိုတာပဲ ကြိုက်တယ်။ ရှေ့နေလည်းဖြစ်တော့ သက်သေခံအထောက်အထားမရှိဘဲ တွေးဆ မျှော်လင့်နေတာမျိုးကို သူက လက်မခံတတ်ဘူး။ လုပ်ရင်ဖြစ်ရမယ်၊ မဖြစ်ဘူးဆိုရင် လုပ်တာမှားနေလို့ ဆိုတာမျိုး သူက မြင်တယ်။

အမေနဲ့ အဖေ နှစ်ဘက်မှာ ကိုယ်က စာပေစိတ်ဝင်စားတာ၊ နိုင်ငံရေးစိတ်ဝင်စားတာမှာ အဖေနဲ့တူပြီး လက်တွေ့ကျတာ ဖြစ်အောင်လုပ်တာမှာ အမေနဲ့တူနေတာဟာ သိပ်ကံကောင်းသွားတယ်လို့ ပြောရမှာပါ။

ကျောင်းဆရာ နဲ့ စာရေးဆရာ

ငယ်ငယ်ကတည်းက ခေါင်းဆောင်လုပ်ရတာ၊ အကြီးအကဲလုပ်ရတာ၊ ဆရာလုပ်ရတာ၊ ဝေဖန်ပြောဆိုရတာ၊ ကိုယ့်ကိုအာရုံစိုက်လာအောင် တစ်ခုခုလုပ်ပြ ပြောပြရတာတွေမှာ စိတ်ဝင်စားခဲ့ပါတယ်။ စောင့်စားအောင့်ထားခဲ့ရတဲ့ ကောလိပ်ပြီးဆုံးချိန်မှာတော့ အလုပ်လုပ်ဖို့ သင့်ပြီလို့ ကိုယ်တိုင်ဆုံးဖြတ်ပြီး ဘာအလုပ်လုပ်မလဲလို့ အကြိမ်ကြိမ် စဉ်းစားတဲ့အခါ တစ်ဘ၀လုံးအတွက် လုပ်ချင်တဲ့အလုပ်က နှစ်ခုပဲ တွေ့ပါတယ်။

ဒီအလုပ်နှစ်ခုက လွဲလို့ ဒီဘ၀မှာ တခြားဘာမှ မလုပ်နိုင်ပါဘူး။ အခုတော့ နောက်အလုပ်တစ်ခုလုပ်ဖို့ ထပ်စဉ်းစားမိလာပြန်ပါတယ်။ အဲဒါကတော့ ဘုန်းကြီးလုပ်ဖို့ပါ။ ဆရာသမားတွေကတော့ မလွယ်ကူတဲ့အလုပ်မို့ သေချာစဉ်းစားဖို့နဲ့ နောက်တီးနောက်ချာမလုပ်ဖို့ ပြောပါတယ်။ အဲဒီလို ဝေဖန်ထောက်ပြပေးတဲ့ ဆရာသမားတွေကို ကျေးဇူးတင်ရပါတယ်။ အဲဒီအကြောင်းကတော့ နောက်ကြုံတဲ့အခါ ရေးပါဦးမယ်။

လုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ အလုပ်နှစ်ခုဆိုတာ ကျောင်းဆရာအလုပ်နဲ့ စာရေးဆရာအလုပ်ပါ၊ ဖအေတူလေးမို့ ကြီးပွားတိုးတက်ချမ်းသာမယ့် အလုပ်ကိုလုပ်ဖို့ တစ်ခါမှ စိတ်မကူးခဲ့ပါ။ အမေ့မိတ်ဆွေတွေက နိုင်ငံခြားမှာ ကျောင်းသွားတက်ရင်း အလုပ်လုပ်ဖို့၊ သင်္ဘောတက်ဖို့တွေကို ပြောပြတယ်၊ ကူညီပေးမယ်လို့ ပြောဆိုခဲ့ ကြပေမယ့် လုံးဝ စိတ်မ၀င်စားခဲ့ပါဘူး။

နောက်တစ်ခုက လုပ်ချင်တဲ့အလုပ် နှစ်ခုဖြစ်နေတာကတော့ မွေးဇာတာနဲ့လည်း ဆိုင်သလားတော့ မသိပါ၊ ကံကိုက တစ်ခုတည်းကို အပြီးအပြတ် မရွေးနိုင်ဘဲ ဟိုတစ်ခုလည်း လုပ်ချင် နောက်တစ်ခုလည်း ဖြစ်ချင်ဆိုတာမျိုး၊ ဒီတစ်ယောက်လည်း သဘောကျ ဟိုတစ်ယောက်လည်း ဘယ်လို ပြောရမလဲ နှစ်သက်မိတာမျိုး၊ အခွင့်အရေးဆိုလည်း နှစ်ခု တပြိုင်နက် ရတတ်တဲ့ ကံမျိုးကို ပိုင်ဆိုင်ထားတဲ့လူဆိုတော့ နှစ်ခုနှစ်ခွ အမြဲတွေးတတ် ပြောတတ် လုပ်တတ်ပါတယ်။

ဆက်ရရင် ကံကောင်းချင်တော့ အဲဒီလို အလုပ်လုပ်ဖို့ ဆုံးဖြတ်ပြီး မကြာခင်မှာပဲ ကောလိပ်အောင်စာရင်းထွက်ပါတယ်၊ အဆင့်မြင့်မြင့်နဲ့ အောင်တဲ့သူတွေထဲမှာပါလို့ ဆရာဖြစ်သင်တန်းဆက်တက်ခွင့်ရပြီး ၂ နှစ်စာချုပ်ချုပ် လခနဲ့ကျောင်းတက်၊ ကျောင်းပြီးရင် ဆရာဖြစ်မယ်ဆိုတဲ့လမ်းကို လျှောက်လှမ်းဖို့ အတန်းထဲက စာအတော်ဆုံးသူငယ်ချင်းတစ်ယောက်နဲ့ နှစ်ယောက်အတူ တိုင်ပင်ပြီး ရွေးချယ်ခဲ့ကြပါတယ်။

အမေကလည်း မကန့်ကွက်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အမေက သူ့သားသမီး သုံးဦးထဲမှာ တစ်ဦးကိုတော့ အစိုးရ၀န်ထမ်း လုပ်စေချင်ပါသတဲ့။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရ၀န်ထမ်းဆိုတာ အနယ်နယ်အရပ်ရပ်သွားရတယ်၊ အသက်အရွယ်ရ ရာထူးဌာနန္တရ ရလာရင် မိတ်ဆွေ အပေါင်းအသင်းများလာသလို တပည့်တပန်းတွေလည်း များလာမှာဖြစ်တယ်တဲ့၊ ဒီလိုဆို လိုအပ်လာရင် အပြန်အလှန်အကူအညီ အများကြီးရမယ်တဲ့။

ကိုယ်ကတော့ ကောလိပ်မှာဆရာဖြစ်ခွင့်ရမယ့်ကိစ္စဟာ ကိုယ့်အိပ်မက်ပဲ၊ ကိုယ်ဖြစ်ချင်တဲ့ကိစ္စ၊ ကိုယ်လုပ်ချင်တဲ့အလုပ်ဖြစ်တာမို့ သဘောကျသလို အမေ့စိတ်ကူးနဲ့လည်း ကိုက်ညီနေတာမို့ ၀မ်းသာပါတယ်။ သူငယ်ချင်းနဲ့အတူ ဆရာဖြစ်သင်တန်းကို သတင်းပို့ရမယ့် နောက်ဆုံးရက်မှာ အထုပ်ကိုယ်စီ အိပ်ရာလိပ်ကိုယ်စီနဲ့ အဆင်သင့်ဖြစ်ပြီး တက်ကြွနေပါတယ်။

အဲဒီမှာ အမေက စကားတစ်ခွန်းပြောလာပါတယ်၊ စိတ်ပြောင်းသွားသလား၊ ဒါမှမဟုတ် သူ့သားအတွက် သူသဘောတူလိုက်တဲ့ကိစ္စ မမှားဘူးဆိုတာ အတည်ပြုချင်လို့လားမသိပါ။ အမေပြောတာက “ငါ့သား မင်း သင်တန်းကို မသွားခင် ငါတို့ ကိုးကွယ်ဆည်းကပ်ရိုသေရတဲ့ ဆရာတော်ကြီးကိုတော့ မင်းလျှောက်ထားသင့်တယ်၊ သွားကန်တော့ရမယ်“လို့ ပြောလာပါတယ်။ “ဟုတ်တာပေါ့၊ သွားရမှာပေါ့၊ ကန်တော့ရမှာပေါ့“ လို့ အမေ့ကို ပြောပြီး သူငယ်ချင်းကိုပါ “ငါတို့ ဆရာတော်ကြီး သွားကန်တော့ရအောင်၊ မင်းပါ လိုက်ခဲ့ကွာ“ ဆိုပြီး ဆရာတော့်ကျောင်း ထွက်ခဲ့ကြပါတယ်။

၃ ၄ တန်းကတည်းက စနေ တနင်္ဂနွေတိုင်း၊ နွေရာသီကျောင်းပိတ်တိုင်း၊ ၁၉၉၆ ကျောင်းတွေပိတ်တဲ့အချိန်ပါမကျန် ရောက်ဖြစ်တာကတော့ ဆရာတော်ကြီးကျောင်းပါ၊ ကျောင်းအိပ်ကျောင်းစားနေရင်း ဘုန်းကြီးကျောင်းသား လုပ်ရပါတယ်။ တန်ခိုးကြီးတဲ့ ဘုန်းတော်ကြီးကျောင်းမို့ ကျောင်းမှာ ဘုန်းကြီးကျောင်းသားအဖြစ်နေချင်တဲ့သူတွေ အများကြီးပါပဲ။ ဆရာတော်ကြီးကလည်း တပည့်တိုင်းကို သူ့အနားခေါ်မထားပါဘူး၊ တော်တော် စည်းကမ်းသေ၀ပ် အပိုးကျိုးပြီး ဘာသာတရားလေးစားတဲ့သူ၊ နေ့နံသင့်ပြီး ဥပဓိကောင်းတဲ့သူမှ သူ့အနားထား၊ ၀တ်ဖြည့်ခွင့်ပြုပါတယ်။ ဆရာတော်ကြီးနား တစ်ခါလား နေဖူးပါတယ်။ တော်တော်ကို ဖိအားများပြီး တော်ရုံလုပ်ကိုင်လို့ မရပါဘူး။

အဲဒီနေ့ကတော့ ဆရာတော်ကြီးက ကျန်းမာရေးမကောင်းလို့ အနားယူနေပါတယ်၊ ဘယ်ဒကာ ဒကာမကိုမှ အဖူးတွေ့ မခံပါဘူး။ ဆရာတော်ကြီးက သက်တော်လည်း ၇၀ တော်တော် စွန်းလို့ ၈၀ ကပ်နေပြီ၊ တပည့်ဒကာ ဒကာမတွေကလည်း အလွန်များတဲ့ တန်ခိုးကြီး ဆရာတော်ကြီးမို့ တစ်ခါတခါတော့ အနီးကပ်တပည့်တွေရဲ့ တိုက်တွန်းမှုနဲ့ နာရီပိုင်းလောက် ဘယ်သူနဲ့မှ မတွေ့တော့ဘဲ နားနေတတ်ပါတယ်။

ကျောင်းက သံဃာတွေ၊ ကပ္ပိယတွေကလည်း ဆရာတော်ကြီးနားနေတဲ့အချိန် ကိုယ်ရောက်လာတာဆိုတော့ ကိုယ်ရောက်လာတဲ့အကြောင်း ဆရာတော်ကြီးကို သွားပြီးလျှောက်ထားပေးဖို့ မ၀ံ့ရဲကြပါဘူး။ သူတို့က ကိုယ့်ကို ပြန်ပုတ်ထုတ်ပါတယ်။ မင်းလည်း ကျောင်းသားလုပ်ခဲ့တာပဲ၊ ဒီအခြေအနေ၊ ဒီလိုအချိန်အခါ ဘယ်လိုနေရတယ်၊ ဘာလုပ်ရတယ်ဆိုတာ သိသားနဲ့လို့ ပြောကြတော့ ကိုယ်လည်း ဘယ်လိုမှ မတတ်သာဘူး ဖြစ်နေပါတယ်။

ခက်ပြီ၊ ကိုယ်ကလည်း ခဏနေ သင်တန်းကို သွားရတော့မယ်။ ဆရာတော်ကြီးကလည်း ဘယ်သူ့မှ အတွေ့ မခံဘူးဆိုတော့ ဘယ်လိုလုပ်ရပါ့မလဲ။ “အိုကွာ ငါက ဆရာတော့် ကျောင်းသားဖြစ်ခဲ့ဖူးတာပဲ၊ အခုဟာကလည်း ငါ့ဘ၀အတွက် အရေးကြီးတဲ့ အဆုံးအဖြတ် ဖြစ်နေတယ်၊ အမေကလည်း လွှတ်လိုက်တယ်၊ ဆရာတော်ကြီးကိုတော့ မဖြစ်မနေ လျှောက်ထားရမှာပဲ“လို့ တွေးတောဆုံးဖြတ်ပြီး ဆရာတော့်ကျောင်း လှေကားသုံးဆင့်တက် ပြတင်းတံခါးကနေ ကျောင်းအတွင်းကို ချောင်းပြီး“ဆရာတော်ကြီးဘုရား၊ ဆရာတော်ကြီးဘုရား“လို့ တကြော်ကြော်အော်ပြီး “တပည့်တော် ပန်ချာပီပါ“လို့ လျှောက်ထားလိုက်ပါတယ်။

တအောင့်ကြာတော့ ဆရာတော်ကြီးက ပြတင်းနား ကြွလာရှာပါတယ်။ တပည့်ကျော်ကို မျက်မှောင်ကုပ်ကြည့်တဲ့ပြီး “ဟကောင် ဘာလဲ“ လို့ မေးပါတယ်။ ဆရာတော်ကြီးဟာ နေကောင်းပုံမရပါဘူး။ အနားယူရင်း တရားမှတ်နေပုံရပါတယ်။ ပြတင်းနားမှာပဲ အကျိုးအကြောင်း လျှောက်ထားတော့ ဆရာတော်ကြီးက ကျောင်းတံခါးဖွင့်ပေးပါတယ်။ သူငယ်ချင်းပါခေါ်ပြီး ကျောင်းပေါ်တက်သွားပါတယ်။ ထပ်မံပြီး အကျိုးအကြောင်း ထပ်ဆင့်လျှောက်ထားတော့ ဆရာတော်ကြီးက သေချာနားထောင်ပေးပါတယ်။ ကိုယ့်ကိုလည်း သေချာကြည့်ပါတယ်။ သင်တန်းနဲ့ပတ်သက်ပြီးလည်း မေးပါတယ်၊ သင်တန်းပြီးရင် ဘယ်သွားရမှာလဲ၊ ဘာလုပ်ရမှာလဲ စတာတွေပေါ့လေ။ သူငယ်ချင်းကိုလည်း ဘယ်နယ်ကလဲ ရန်ကုန်ရောက်တာဘယ်လောက်ကြာပြီလဲ စသဖြင့် နည်းနည်းမေးပါတယ်။

ခဏကြာတော့ ဆရာတော်ကြီးက “အေးကွာ၊ အမေ့နား နေပါ၊ မင်းအမေက တစ်ယောက်တည်း (အဖေက ဆုံးသွားပါပြီ)၊ မင်းက သားကြီး ဖြစ်တယ်၊ ရှာဖွေကျွေးမွေးဖို့၊ မင်းအမေကို စောင့်ရှောက်ဖို့ မင်းမှာ တာဝန်ရှိတယ်“လို့ မိန့်ကြားပါတယ်။ သူငယ်ချင်းကိုလည်း “မင်းကကော ဘယ်လိုလုပ်မလဲ“လို့ မေးပါတယ်။ သူငယ်ချင်းကတော့ ရယ်နေပါတယ်၊ ဆရာတော်ကြီးကို ဘာမှ ပြန်မပြောပါဘူး။

သူငယ်ချင်းနှစ်ယောက်လည်း ဆရာတော်ကြီးကို ရှိခိုးဦးချကန်တော့ပြီး ကျောင်းက သံဃာတွေ၊ ကပ္ပိယကာရကတွေကို ဂါရ၀ပြုနှုတ်ဆက်လို့ ပြန်ခဲ့ကြပါတယ်။ လမ်းရောက်တော့ သူငယ်ချင်းကို ကိုယ်က “ဇာနည်ရာ..ငါတော့ ဆရာတော်ကြီး စကားနားထောင်မှဖြစ်မယ်၊ ဆရာတော်ကြီးက လေးလေးနက်နက်မိန့်ကြားတာကွ၊ ငါ သင်တန်းမသွားတော့ဘူးကွာ“လို့ ပြောလိုက်ပါတယ်။ သူငယ်ချင်းက အံ့သြသွားပုံ ရပါတယ်။ သေချာရဲ့လားဆိုပြီး ကိုယ့်ကို ကြည့်သလို မေးလည်းမေးပါတယ်။

ကိုယ်က ဆရာတော်ကြီးဟာ တန်ခိုးကြီးတဲ့ ဆရာတော်ကြီးဖြစ်တယ်၊ အကြောင်းမဲ့ မိန့်ကြားတာမျိုး မရှိဘူး။ တပည့်ဒကာ ဒကာမတွေက ဆရာတော်ကြီးကို သိပ်ကြည်ညိုကြသလို ယုံကြည်ကြတယ်။ ကပ္ပိယတွေ စကားဝိုင်းဖွဲ့ပြီး ဆရာတော်ကြီးရဲ့ ထူးခြားမှုတွေ၊ ကျောင်းတိုက်ရဲ့ထူးခြားမှုတွေ ပြောကြရင် အမြဲကြားနေရတော့ ကိုယ်က ဆရာတော်ကြီးကို ယုံကြည်တယ်လို့ သူငယ်ချင်းကို ဖြေရှင်းပြောပြပါတယ်။

တစ်ခါသားမှာ သူတပည့်တရုတ်လူမျိုးတစ်ယောက် နိုင်ငံခြားထွက်ဖို့ မထွက်ခင် ဆရာတော်ကြီးကို လာကန်တော့တာမှာ ဆရာတော်ကြီးက “မင်း အဲဒီလက်မှတ်ပါရင် ငါ့လှူစမ်းကွာ“ဆိုတော့ ဆရာတော်ကြီးကို သိပ်ကြည်ညိုယုံကြည်တဲ့ တပည့်က ချက်ချင်းပဲ လှူပါတယ်။ အကြောင်းမဲ့ မဟုတ်ဘူးဆိုလည်း သိနေကြတာကိုး။ အဲဒီ လက်မှတ်ခရီးစဉ်က လေယာဉ်ဟာ ပျက်ကျခဲ့တယ်လို့ ကြားဖူးတာမျိုးရှိပါတယ်။

အခု ကိုယ့်အတွက် ဆရာတော်ကြီး မိန့်ကြားတာကတော့ မိခင်ကြီးကို စောင့်ရှောက်ဖို့ အလေးကဲပုံ ရပါတယ်။ တခြား ဆရာတော်ကြီးအနေနဲ့ ကိုယ့်ကို ဘာတွေ ကြိုမြင်ထားပါသလဲ။ “သတင်းစာလေး“လို့ ခေါ်ခေါ်ပြီး ဓာတ်ပေးတာမျိုးတော့ ရှိခဲ့ပါတယ်။ ဓာတ်ပေးတယ်ဆိုတာ တစ်ခုခုကောင်းရာမွန်ရာဖြစ်အောင် အောင်မြင်အောင် နိမိတ်ပေးတာ၊ အားတစ်ခုခုပေးတာပေါ့။ အဆင်သင့်ုတော့လည်း အဲဒီအကြောင်းလေး ရေးပါဦးမယ်။

ဒီတော့ သူငယ်ချင်းလည်း ကိုယ်က သင်တန်းမသွားတော့ဘူးဆိုတော့ သူလည်း တစ်ယောက်တည်းဆိုရင် မသွားတော့ဘူးဆိုပြီး ဆရာဖြစ်သင်တန်းတော့ သူငယ်ချင်းနှစ်ယောက်စလုံး မသွားဖြစ်တော့ဘူး။ အဲဒီတုန်းက သူငယ်ချင်းက ဆရာဖြစ်သင်တန်းမသွားခဲ့ပေမယ့် သူက ထိပ်ဆုံးနံပါတ်တစ် Roll 1 နဲ့ အောင်တဲ့သူဆိုတော့ တက္ကသိုလ်ဆက်သွားပါတယ်၊ နောက်ပိုင်းမတွေ့ဖြစ်ကြတော့ပေမယ့် သူက စာအလွန်တော်သူဆိုတော့ အခုဆို ပါရဂူဘွဲ့တွေ ဘာတွေတောင် ရနေပြီထင်ပါတယ်။

သင်တန်းသွားခဲ့တဲ့ တခြားသူငယ်ချင်းတွေကလည်း ကောလိပ်မှာ ကျောင်းအုပ်တို့၊ ဌာနမှူးတို့တောင် ငယ်ငယ်ရွယ်ရွယ်နဲ့ ဖြစ်လာတယ်လို့ ကြားပါတယ်။ သူငယ်ချင်းတွေအတွက် ၀မ်းသာမိပါတယ်။ အရည်အချင်းရှိတဲ့ ဆရာတွေဖြစ်ကြပါစေလို့ပဲ ဆုတောင်းပေးရပါတယ်။

ဟုတ်ပြီ၊ ဆရာဖြစ်သင်တန်းတော့ မသွားဖြစ်တော့ဘူး၊ ဒါနဲ့ ဘာဆက်ဖြစ်လာသလဲ။ ဆက်ပါဦးမယ်။

စက်တင်ဘာ ၂၆၊ မွန်းလွဲ ၁၂ နာရီခွဲ။