Category: အထိမ်းအမှတ်


by Myo Tha Htet on Saturday, 8 September 2012 at 23:48·

“သားကို အရပ်မြင့်မြင့် မွေးပေးထားတာ တခုနဲ့တင် ကျေးဇူးဆပ်လို့ မကုန်တော့ပါဘူး အမေ၊ ဒီ့အတွက် သားမွေးနေ့ အကြိုမှာ လက်ဆယ်ဖြာ ထိပ်မှာမိုးလို့ ရှိခိုးဦးချ ကန်တော့လိုက်ပါတယ်“

ဟုတ်ပါတယ်၊ ဒီတခုထဲနဲ့တင် ကျွန်တော်တော့ အမေ့သား ဖြစ်ရတာ တော်တော်တန်နေပြီလို့ အကြိမ်ကြိမ် တွေးမိပါတယ်။ ကျွန်တော်က အရပ်မြင့်ရတာကို ကြိုက်တယ်။ သိပ်အမြင့်ကြီးလည်း မဟုတ်ဘူး၊ လက်ရှိ အမြင့်လောက်ပဲ ဘ၀မှာ လိုချင်ခဲ့တယ်။ အခု အဲဒီ အရပ်နဲ့ လူလုပ်နေရတယ်၊ အဲဒါနဲ့တင် အမေ့ကျေးဇူးက တော်တော်ကြီးနေပါပြီ။

အမေက အဝေးရောက်သားကို အမြဲ သတိရတယ်လို့ ပြောတယ်။ အခု မွေးနေ့အတွက်လည်း ကြိုပြီး ဆရာတော် သမားတော်တွေကို သင်္ကန်းကပ်လှူပေးတယ်၊ လိုအပ်တဲ့ သူတွေကို သားကိုယ်စား လှူဒါန်ပေးတယ်။ ပြီးတော့ “မင်းက အဲဒီက သာဓုခေါ်ကွဲ့“ လို့လည်း ကုသိုလ်ကောင်းမှုတွေ ထပ်တူရဖို့ ပြောဆို ဆုံးမ အမျှပေးဝေပြန်တယ်။

ငယ်ငယ်ကထဲက ဘုရားကို ဘုရားမှန်း၊ တရားကို တရားမှန်း၊ သံဃာကို သံဃာမှန်း၊ မိဘကို မိဘမှန်း၊ ဆရာသမားကို ဆရာသမားမှန်း သိအောင် ပြောဆို၊ ဆုံးမ သွန်သင်ပြပေးခဲ့တယ်။ ဆွေမျိုး၊ မိတ်ဆွေ၊ ရပ်ကွက် ၀န်းကျင်နေသူတွေကို နိုင်သမျှ ကူရမယ်လို့လည်း ပြောဆိုခဲ့သလို ကိုယ်တိုင်လည်း ကူပြ၊ လမ်းပြ၊ ရှေ့ဆောင်ပြခဲ့တယ်။

တခါ ဘုရားရှိခိုးဖို့၊ တရားနိုင်သလောက်ထိုင်ဖို့၊ အခါကြီးရက်ကြီးမှာ ဘုရားကျောင်းကန် ဘုန်းတော်ကြီးကျောင်းသွားပြီး ဝေယျာဝစ္စ ကုသိုလ်ယူဖို့တွေကိုလည်း သားသမီးတွေကို တိုက်တွန်း၊ နှိုးဆော်သလို ကိုယ်တိုင်လည်း ရှေ့ကနေ အဦးအစ လုပ်ဆောင်ပြခဲ့တယ်။ “ငါ ပြောသလို လုပ်၊ ငါ လုပ်သလို မလုပ်နဲ့“ ဆိုတာမျိုး မဟုတ်ဘဲ “ငါ ပြောသလို လုပ်၊ ငါလည်း ရှေ့က လုပ်ပြမယ်“ ဆိုတဲ့ ဆရာနဲ့တူတဲ့ မိဘမျိုး ဖြစ်ပါတယ်။

တခါတလေ သားသမီးက အရွယ်ငယ်၊ အသိမကြွယ်လေတော့ ပင်ပန်းတယ်၊ ပျင်းတယ်၊ မလုပ်ချင်ဘူးလို့ အရွဲ့တိုက်၊ ဆိုးမိုက် လုပ်နေရင်လည်း ချော့တန်ချော့၊ ခြောက်တန်ခြောက်၊ ကြမ်းတန်ကြမ်း လုပ်ပစ်လိုက်တဲ့ အမေ့ကို ကျွန်တော်ကတော့ ကြောက်လည်း ကြောက်သလို ချစ်လည်း ချစ်ရပါတယ်။ ဆယ်တန်းတုန်းကဆို စာမကြည့်ဘဲ ယောင်တောင်တောင် လုပ်နေလို့ ဆံပင်ကိုဆွဲပြီး နံရံနဲ့ ဆောင့်ထည့်လိုက်တာ အလစ်အငိုက် (မလုပ်လောက်ဘူးလို့ ထင်နေတာကိုး) ခံလိုက်ရတယ်။

အမေ့ကို တခုကြိုက်တာက စကားများများ မပြောဘဲ ပြောသင့်သလောက်ပဲ ပြောပြီး၊ ကျွေးစရာရှိ ကျွေး၊ ပေးစရာရှိ ပေး၊ ခွေသွားအောင် သမစရာရှိ သမပစ်တာပါ။ အဲဒီတုန်းကတော့ အမေဟာ သားကို မချစ်ဘဲ ဘာဖြစ်လို့ ဒီလို ရိုက်နှက်တာလဲလို့ စိတ်မကောင်း ဖြစ်ခဲ့ဖူးပေမယ့် ဒီကနေ့မှာတော့ အမေ ဒီလိုတွေ ရိုက်နှက်ဆုံးမ၊ တွန်းတင်ထိုးတင်၊ မီးထိုးလွန်းခဲ့လို့သာ အခုလို အခြေအနေဘ၀ ရောက်ခဲ့တာပဲလို့ ဆင်ခြင်မိပြီး ကျေးဇူး အထပ်ထပ်တင်၊ ဦးအကြိမ်ကြိမ် ချမိပါတော့တယ်။

အမေ့အကြောင်း ပြောရရင်တော့ စာရေးဆရာ ချစ်စံဝင်းလိုပဲ စာတအုပ် ရမှာပါပဲ။ အများကြီးတော့ မပြောတော့ပါဘူး။ ၁၀ ချက်လောက်ပဲ ချုံးပြီး ပြောကြည့်ပါ့မယ်။

၁။ အမေက အလုပ်တဖက်နဲ့ အိမ်ထောင်ဦးစီး ထိန်းသိမ်းရသူဆိုတော့ သားသမီး ငယ်တုန်းကသာ သားသမီးတွေကို သေသေချာချာ ထိန်းသိမ်း စောင့်ရှောက်သလို အိမ်မှုကိစ္စတွေကိုလည်း ကိုယ်တိုင်လုပ်ခဲ့ရပေမယ့်လို့ ရှေ့နေ အလုပ်မို့ အလုပ်က များတဲ့အခါ အဖွားနဲ့ပဲ လွှဲထားတာ များပါတယ်။ ဒါပေမဲ့ အမေက ၀က်သားဟင်းချက် သိပ်ကောင်းတယ်။ အမေချက်တဲ့ ၀က်သနီချက်ဟာ အလွန်ကာင်းတယ်။ ဘာသာရေးကြောင့်လား မသိ၊ အမေဟာ ၀က်သားကို အဖေ့လောက် မက်မက်စက်စက် မရှိပေမယ့်လို့ သားသမီးတွေအတွက် ငယ်ငယ်က ချက်ကျွေးခဲ့တာကို ကျေးဇူးတင်မိတယ်။

၂။ အမေဟာ အလုပ် ဘယ်လောက်များများ ဘုရားစင် သန့်ရှင်းရေးကို အထူးပြု ဆောင်ရွက်တယ်။ ဘုရားပန်းကို အညှိုးနွမ်းမခံဘဲ ပုံမှန် ရေလဲတယ်၊ ပန်းအသစ် ၀ယ်ကပ်တယ်။ ရာသီအလိုက် ပေါ်တဲ့ သစ်သီးတွေကို ဆွမ်းကပ်လှူလေ့ ရှိတယ်။ လပြည့်နေ့တွေမှာ ပွဲထိုးပြီး ဆုတောင်းတယ်၊ သားသမီးတွေကိုလည်း တခုတ်တရခေါ်ပြီး ဘုရားအတူ ရှိခိုးခိုင်းတယ်၊ ထိုင်နိုင်သလောက် (ကြာကြာတော့ ထိုင်စေချင်ပုံရတယ်) တရားထိုင်ခိုင်းတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။

၃။ အမေဟာ သူ အလုပ် ဘယ်လောက် ပင်ပန်းပင်ပန်း အိမ်ကို တတ်နိုင်သလောက် သန့်ရှင်းအောင် ထားတယ်။ မိဘနှစ်ပါး၊ ကလေးသုံးယောက်ကို လောက်ငှအောင် ရှာဖွေကျွေးမွေးရတဲ့ အမေဟာ မိန်းမတယောက်တန်မဲ့ အလုပ်ကို တော်တော် လုပ်နိုင်တယ်။ မိန်းမတယောက်က လူခြောက်ယောက်စာ ရှာဖွေ ကျွေးမွေးရတာ ဘယ်လောက်တောင်မှ ပင်ပန်းနေမလဲဆိုတာ အလုပ်လုပ်နေတဲ့ ကျွန်တော် ကောင်းကောင်း သိပါတယ်။ ဒါပေမဲ့ အမေဟာ အိမ်ဖော် မထားဘူး၊ သားသမီးတွေကို တချို့ခိုင်းတယ်၊ တံမြက်စည်း သူကိုယ်တိုင် ကိုင်လှည်းတယ်၊ ကြမ်းကို သူကိုယ်တိုင် တိုက်တယ်၊ ရေအိမ်ကို ပြောင်လက်နေအောင် အမြဲတိုက်တယ်။ သားသမီးကိုလည်း လုပ်တတ်ဖို့ ခိုင်းတယ်။ ဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။

၎။ အမေက ပညာရေးကို အားပေးတယ်၊ ပညာရေးကိုသာ အမွေအဖြစ် ပေးနိုင်တယ်လို့ ခဏခဏ ပြောတယ်။ မင်းတို့ ဘွဲ့တွေ၊ ဂုဏ်ထူးတွေ ရအောင် လုပ်ကြ၊ အင်္ဂလိပ်စာကို တတ်အောင် သင်ကြဆိုတဲ့ စကားကို ကျွန်တော် လေး၊ ငါးတန်း လောက်ကနေ မနေ့၊ တနေ့ကအထိ ပြောနေတုန်းပါ။ ပညာရေးကို အင်မတန်မှ အမေ အားပေးတယ်။ ကျွန်တော် ကောလိပ်တက်ရင်း ကျောင်းတွေက ပိတ်လိုက်/ဖွင့်လိုက်နဲ့ တန်းလန်း ဖြစ်နေတုန်း ဘယ်နေ့ ပြန်ဖွင့်မယ်မှန်း မသိတဲ့ ကျောင်းကို စောင့်ရင်း ဟိုယောင်ယောင်/ဒီယောင်ယောင် လုပ်နေတော့ အမေက ဗြိတိသျှကောင်စီ စာကြည့်တိုက်သွားပြီး စာဖတ်ခိုင်းတယ် (ကျွန်တော်က မဖတ်ဘူး)၊ အမေရိကန်စင်တာ သွားပြီး အင်္ဂလိပ်စာ သင်တန်း တက်ခိုင်းတယ် (ကျွန်တော်က မတက်ဘူး)။ အမျိုးသားရေး စိတ်ဓာတ်အပြည့်နဲ့ အစိုးရ ကောလိပ်ကိုပဲ ဖွင့်တဲ့အထိ စိတ်ရှည်ရှည် စောင့်ပြီး အတန်းပြီးအောင် တက်ခဲ့တယ်။

ဒီတော့ ကျွန်တော် နောက်ပိုင်းမှာ အများကြီး ရုန်းကန် ကြိုးစားခဲ့ရတယ်။ အမေက ကြိုမြင်လို လမ်းပြတယ်၊ အတင်း တွန်းလျှောက် ခိုင်းတယ်။ သားက ခေါင်းမာတယ်၊ ခေါင်းခါတယ်။ အမေကလည်း မလျှော့လိုက်ဘဲ ဇွဲနပဲနဲ့ ဆင့်ကာဆင့်ကာ ထပ်ခါထပ်ခါ ပြောတော့ နောက်ဆုံးမှာ ခေါင်းအလွန်မာတဲ့ သားဟာ တဖြည်းဖြည်းနဲ့ လှုပ်လာပြီး လုပ်လာတယ်၊ သင်လာတယ်၊ တတ်လာတယ်။ ဒီအတွက်လည်း အမေ့ကို ကျေးဇူးတင်ပါတယ်။

၅။ အမေဟာ သားကို အင်မတန် မျှော်မှန်းတယ်။ မွေးပြီး မကြာခင်မှာပဲ သူ့သားဟာ ကြီးတဲ့အခါ ဆရာဝန် ဖြစ်ရမယ်လို့ ရည်မှန်းချက် ထားသတဲ့။ အမေလေ… မနေဘူး၊ ကြွားတာပေါ့။ သူ့သားဟာ ကြီးတဲ့အခါ ဆရာဝန် ဖြစ်စေရမယ်တဲ့…။ ပတ်ဝန်းကျင်က မေးငေါ့ကြတာပေါ့၊ ကြည့်ပါဦး… စားဖို့တောင် အတန်တန် ရုန်းနေကြရတာ… သူ့သားများ ကြီးတဲ့အခါ ဆရာဝန် ဖြစ်မတဲ့…။ ဒီလိုတွေ ပြန်ကြားတဲ့ အခါမှာလည်း အမေက မမှုပါဘူး၊ သူ့ ယုံကြည်ချက်နဲ့ သူ… ဒါပေမဲ့ သားက မတော်ဘူး၊ မကြိုးစားဘူး၊ ဒီတော့ ဆရာဝန် မဖြစ်ခဲ့ဘူး။

မကြိုးစားတဲ့ သားဟာ ဘယ်လိုမှ ဆရာဝန် မဖြစ်နိုင်မှန်း သိပြန်တော့ လက်တွေ့ကျတဲ့ အမေက တဆင့် လျှော့ပြန်တယ်။ မင်းက ဥာဏ်လည်း ကောင်းပါရဲ့နဲ့ အပျင်းက ထူ၊ လူက ယောင်ချင်တယ်။ တခေါက်လောက် ကြိုးစားစမ်းကွာတဲ့… စက်မှုတက္ကသိုလ်တော့ တက်ပြီး အင်ဂျင်နီယာလောက်တော့ လုပ်သင့်ပါတယ်တဲ့။ သားမောင် ကြောင်တောင် ယောင်တောင်ကတော့ စက်မှုတက္ကသိုလ်လည်း မတက်ချင်ပါဘူး၊ တကယ်ဆို ဘာကိုဘာမှ လုပ်ချင်ခဲ့သူ မဟုတ်ပါဘူး။ ဘ၀ဆိုတာ အခက်အခဲတွေ များလှတဲ့… ဆူးငြောင့်တွေပေါတဲ့ ခရီးလမ်းရှည်ကြီး ဆိုတာကိုလည်း ကြီးကြီးကျယ်ကျယ် မတွေးခဲ့မိပါဘူး။

ကျောင်းစာ မဟုတ်တဲ့ စာမှန်သမျှကို စိတ်ဝင်စားခဲ့သူ အငမ်းမရ ဖတ်ခဲ့သူ၊ ယောင်တောင်ပေါင်တောင် အတွေးနဲ့ တောင်ရေးမြောက်ရေး စာတွေ ရေးခဲ့သူ၊ နိုင်ငံရေးသမား ဖြစ်ချင်သလိုလို အတွေးအခေါ် ပညာရှင် ဖြစ်ချင်သလိုလို ဝေခွဲမရခဲ့တဲ့သူ… အမေဟာ သူ့သားကို ဘယ်လို လမ်းကြောင်းတည့်ရမလဲလို့ ဘယ်နှညတောင် စဉ်းစားခဲ့ရသလဲ၊ အိပ်မရတဲ့ ညတွေ အမေ့မှာ ဘယ်လောက် ရှိခဲ့သလဲ။ အမေဟာ တခြားနေရာသာ စကားမပြောရင်နေမယ်၊ သားပညာရေးအတွက်ကတော့ အဆက်မပြတ် တတွတ်တွတ်နဲ့ ပြောနေခဲ့တယ်၊ အကြံတွေ၊ ဥာဏ်တွေ ပေးနေခဲ့ပါတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။

၆။ ဒီလိုနဲ့ပဲ လိမ်ဖယ်လိမ်ဖယ်နဲ့ သားဟာ ကောလိပ်ပြီးခဲ့တယ်။ အလုပ်ဝင်ဖို့ ရှိလာတယ်။ အမေက ရှေ့နေဆိုတော့ သားကိုတော့ အနိမ့်ဆုံး ရှေ့နေတယောက်တော့ ဖြစ်စေချင်ခဲ့တယ်။ မလိမ္မာခဲ့တဲ့ သားဟာ ဥပဒေဘာသာရပ်နဲ့ တက္ကသိုလ်တက်ဖို့အတွက် အနိမ့်ဆုံး အမှတ်ကိုတောင် ၁၀ တန်းမှာ မဖွေရှာပေးခဲ့နိုင်ဘူး။ ဒီတော့လည်း နဂို ၀ါသနာပါရာ စာရေးသူ/ အယ်ဒီတာဖြစ်ဖို့ ကြိုးစား အလုပ်ရှာ/ အလုပ်ဝင်တော့လည်း တွန့်ဆုတ်လို့ မနေခဲ့ပါဘူး။ အတွန်းအတိုက်၊ အထုအထောင်း၊ လောကဓံ လှိုင်းတန်ပိုးမှာ မြုပ်မနစ်သွားဘဲ အလိုက်သင့် ပေါလောမျောနိုင်စေဖို့ ကာယခွန်အား၊ ဥာဏခွန်အား၊ စိတ္တခွန်အားတွေနဲ့ နောက်ကနေ နိုင်သလောက် ထောက်တည်ပေးခဲ့တယ်။ အမေ့ကြောင့် သားဟာ အားတွေချည်း တက်ခဲ့ရတယ်။ ကျေးဇူးတင်ပါတယ် အမေ…။

၇။ စာရေးတာ၊ ဘာသာပြန်တာ၊ အယ်ဒီတာလုပ်တာတွေကို ၀ါသနာပါတဲ့ သားကို ထပ်ဆင့် မြင့်စေဖို့ တခြားတပါး နိုင်ငံတွေသွားပြီး ပညာသင်ဖို့မှာလည်း အမေဟာ သွားမယ့် သားထက်ကို တက်ကြွနေခဲ့ပြန်တယ်။ တိုက်တိုက်တွန်းတွန်းနဲ့ အားတွေပေး၊ ပိုက်ဆံတွေ ပေး၊ တောင်းသမျှ မညည်းညူဘဲ ထောက်ပံ့လို့ချည်း ပေးနေခဲ့တယ်။ ရွာအပြင်ထွက်ဖို့ကို အမေကသာ များများ မသင်ပြခဲ့ရင် အပျင်းကြီး၊ အနေတတ်တဲ့သား ပေကပ်ခါ နေခဲ့ဦးမှာပါလေ။ အခုတော့ နားကြီး၊ မျက်စိကြီးရုံမက ခေါင်းကြီးပါ ကြီးကြီးလာလို့ တခါတခါ ဖြုတ်ထုတ်ပြီး ထားလိုက်ရတယ် အမေ…။ အရွှန်းအဖောက် ပြောတတ်ပေမယ့် သား ဒီတခါတော့ မနောက်တော့ပါဘူး အမေ…၊ ကျေးဇူးတင်ပါတယ်လေ။

၈။ အမေက ပညာရေး တိုးတက်ဖို့ အပြင်ထွက် စာသင်ဖို့ ပြောခဲ့ဖူးတယ်၊ တကြိမ်မှာတော့ အခွင့်သာလိုက်တဲ့အခါ အပြင်မှာသွား အလုပ် လုပ်ဖို့ ဖြစ်လာခဲ့တယ်။ အမေက ချစ်တဲ့သား၊ အမေ့ကို ချစ်တဲ့သား ခွဲခွာလို့ ကွဲကွာဖို့ ဖြစ်လာတဲ့ အခါမှာလည်း အမေက တွန့်ဆုတ် မနေပါဘူးလေ…။ ဘယ်မိဘကများ သားသမီးကို ကိုယ့်ရင်အုပ်ထဲကနေ ခွဲထုတ်လို့ သွားစေချင်ပါ့မလဲ။ ဒါပေမဲ့ ဒါဟာ သားအတွက် အားဆက်မယ့် ဇာတ်လမ်းဆိုတာကို အမေဟာ မကြည့်ဘဲ သိနေတာပဲလေ။ အမေက အမြဲ ပြောတတ်တယ်၊ “နင်တို့ အကြောင်းကို နင့်တို့ထက် ငါက ပိုသိပါတယ်လေ“ တဲ့။ ဘယ်ကနေ ဘယ်လို သိသွားသလဲ ဆိုတာကိုတော့ ကျွန်တော်လည်း မိဘ မဖြစ်ဘူးသေးတော့ မသိသေးဘူးပေါ့ အမေ၊ ဘာပဲဖြစ်ဖြစ် စွန့်လို့ ထွက်သွားတဲ့သားကို အမေ အားပေးခဲ့တာကိုလည်း ကျေးဇူးတင်ပါတယ် အမေ…။

၉။ အဝေးရောက်နေပေမယ့်လည်း သားက အမေ့ကို မမေ့ခဲ့ပါဘူး။ သားကတောင် မမေ့ဘူးဆိုမှတော့ အမေကတော့ အဆ ထောင်၊ သောင်း၊ သိန်း၊ သန်း ဘယ်လိုမှန်းမလဲလေ အမေ…။ ကျွန်တော် သိပါတယ်၊ “နေ့ဆိုရင် သတိရ၊ ညဆိုရင် မေ့လို့မရ“ ဆိုတာ ကျွန်တော်တို့ အိမ်မှာ ခဏခဏ ဖွင့်ခဲ့ဖူးတဲ့ သီချင်းတပုဒ်ထဲက စာသားလေးတကြောင်း ဖြစ်ပေမယ့်လို့ အမေကလည်း ကျွန်တော့်ကို အမြဲ သတိရ၊ မေ့မထားဘူးဆိုတာကို အမေကိုယ်တိုင် ကျွန်တော့်ကို ပြောပြလို့လည်း သိတယ်၊ စိတ်နဲ့လည်း ခံစားမိပါတယ် အမေ…၊ အဲဒီအတွက်ကိုလည်း ကျေးဇူးတင်ပါတယ် အမေ…။

၁၀။ အဲ… ရေးပဲရေးလာလိုက်တာ အမေ့အကြောင်းက ကုန်ဘဲမကုန်နိုင်ဘူး၊ နံပါတ် ၁၀ တော့ ထိုးသွားခဲ့ပြီ။ ဒါနဲ့ ကျွန်တော် စဉ်းစားတယ်။ အမေ ကိုးလလွယ် ဆယ်လဖွား သားအတွက် ပင်ပန်းဆင်းရဲခဲ့ရတယ်။ ရုံးအလုပ် သွားတဲ့အချိန် တနာရီ၊ ရုံးအပြန် တနာရီ… အိမ်နဲ့ရုံးကြား တနေ့ နှစ်နာရီလောက်သာ သယ်ရတဲ့ ရုံးလွယ်အိတ်ကလေးကိုလေ… အမေ့ထက် အရပ်တပေလောက် ပိုမြင့်ပြီး အမေ့ထက် ကိုယ်အလေးချိန် တဆခွဲလောက်ပိုလေးတဲ့ ယောက်ျားဘသား အမေ့ရဲ့သားကြီးက တခါတခါ လေးသလိုလို ဖြစ်လို့ ပစ်လို့တောင် ချထားလိုက်ချင်တဲ့ စိတ် တခါမက ဖြစ်ခဲ့ဖူးတယ် အမေ…။

အမေ့မှာတော့ လေး၊ ငါး ပေါင်မက လေးတဲ့ အသက်ပါတဲ့ အသားတုံး အသားစိုင်ခဲကြီးကို သားအမှတ်နဲ့ မိဘမေတ္တာအပြည့်နဲ့ ချစ်ခင်နေပြီး အစားအသောက် ရှောင်ရ၊ အထိုင်အထ ကြည့်ရ၊ ဘုရားစာတွေ ရွတ်လို့ အင်္ဂါခြေလက်စုံအောင် ဆုတောင်းရနဲ့ ပင်ပန်းကြီးလှပါပကောဗျာ။

အဲဒီအလုပ်တွေ လုပ်ရမှာစိုးလို့ ဒီအချိန် ဒီအရွယ်အထိ အပူရှောင် အူကြောင်ကြောင်လုပ်လို့ နေတတ်သလို ကျွန်တော် နေခဲ့တယ် အမေ…။ အမေကတော့ မနေခဲ့ဘူး၊ ဒီသားဦးကို အမေ မွေးခဲ့တယ်။ အမေ့ကြောင့် ကျွန်တော် ဖြစ်ခဲ့တယ် (အဲ… အဖေ တော်တာလည်း ပါတာပေါ့ အမေရယ်…) အဲဒီ ကျေးဇူးအဖုံဖုံ ဂုဏ်အ၀၀ကို သားမောင် မှန်းဆ တမ်းတလို့ အဝေးကနေပဲ စိတ်မှန်းနဲ့ အမေ့ ခြေအစုံမှာ ကျွန်တော့်မျက်နှာအပ်လို့ ရိုရိုကျိုးကျိုး ရှိခိုးကန်တော့လိုက်ပါတယ် အမေ၊ ကျေးဇူးကြီးလှပါတယ် အမေ…။

အမေ ကျန်းမာ ချမ်းသာပါစေ၊ ခန္ဓာကိုယ်ရဲ့ မမြဲခြင်းသဘော၊ ဆင်းရဲခြင်းသဘော၊ မဆိုင်မပိုင် အစိုးမရခြင်းသဘောတွေလည်း သိအောင် မိအောင် ကြိုးစား အားထုတ်နိုင်ပါစေလို့ ဆုမွန်တောင်းအပ် ဆက်လို့ကပ်ပါတယ် အမေ…။

၂၀၁၂ စက်တင်ဘာ ၈၊ ည ၁၁ နာရီ။

လန်ဒန်။

by Myo Tha Htet on Saturday, 4 February 2012 at 07:29·

“ဘုရားရေ… ကျွန်မမှာ ကိုယ်ဝန်ရှိပေါ့၊ ကလေးအဖေ ဘယ်သူပါလိမ့်“ ကျွန်တော်က အဲဒီလိုလေး ရွတ်ရင်း ကြော့ကို ပြုံးပြီး ကြည့်တော့ သူ မရယ်…၊ တမင်ပင် ခပ်မဲ့မဲ့ ရွဲ့လိုက်သေးတယ်။ ဟား ဟား… ကြော့က တကယ့် ကလေးလိုပါပဲ။ အရင်တုန်းကတော့ ဒီကောလိပ်ကျောင်းသူလေးရဲ့ တော်ချက်ကို ကျွန်တော်တို့ အတူ ချီးကျူးခဲ့ဖူးတယ်။ ကျွန်တော်တို့ နှစ်ယောက်အတွက် ရယ်စရာ ဟာသလေး ဖြစ်ခဲ့ဖူးတယ်။

အခုတော့ အခြေအနေတွေက မတူတော့ပါလေ… ပြောမယ့်သာ ပြောရတာပါ၊ ကျွန်တော်က ကိုယ့်ဘာသာ ရယ်စရာအဖြစ် ပြောလိုက်တာ ဖြစ်ပေမယ့် ကြော့နဲ့ ကျွန်တော် မခေါ်ကြသေး…။ ကြော့က မချော့၊ ကျွန်တော်က ခပ်လျော့လျော့ပေမယ့် မပျော့၊ နှစ်ယောက်လုံးက ခပ်ကော့ကော့ မော့နေကြတယ်။

မခေါ်ကြချိန်မှာ တယောက်အကြောင်းတယောက် ပိုတွေးဖြစ်သလားမသိပါဘူး။ ကျွန်တော်မှတ်မိသေးတယ်… ကြော့ကို တခါက ကျွန်တော် ကန်စွန်းဥနှစ်ဥ ကျွေးဖူးတယ်။ စေတနာနဲ့ပါ… ရွှေကန်စွန်းဥတော့ မဟုတ်… ငချိတ်။ ဘာကြောင့်မှန်း မသိ၊ ကြော့က မစား… မစားတဲ့အပြင် ခုနင်ကလိုပဲ မဲ့လိုက်ရွဲ့လိုက်သေးတယ်။

ကျွန်တော်က အကောင်းနဲ့ ကျွေးခဲ့တာ ဖြစ်ပေမယ့် ကြော့က သူ့ဟာသူ ဘာအတွေးတွေ ပေါက်သလဲတော့ မသိ၊ ကျွန်တော့်ကိုလည်း ပြောလိုက်သေးတယ်… မဲ့ရွဲ့တဲ့ ကြားထဲကပဲပေါ့၊ ယောက်ျားလေးတန်မဲ့ ဥသိပ်ကြိုက်သလားတဲ့။ အဲဒီလိုခက်တဲ့ ကြော့။

သူက ချောကလက်စားချင်ပုံပေါ်ရဲ့… ဟဲ ဟဲ… ဆိုင်ဆိုင်မဆိုင်ဆိုင် ၁၄ ရက်ကလား နီးလာမင့်ကိုး…။ ကျွန်တော်ကတော့ မကြိုက်၊ ကြော့လိုပင် ကျွန်တော်လည်း ရွဲ့ချင်မဲ့ချင်တတ်တယ်။ ၁၄ ရက်နေ့ကျရင် ချောကလက်ထုပ်လို ထင်ရအောင် ထန်းလျက်တွေကို ထုပ်ပြီး ပေးရင်ကောင်းမလားလို့ ကျွန်တော် စဉ်းစားခဲ့တယ်။

အဲဒီလိုလုပ်ခဲ့ရင်တော့ ကျွန်တော်နဲ့ကြော့ကြားက ရှိစုမဲ့စု သံယောဇဉ်လေး အသေအချာ ပြတ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် အတပ် မပြောနိုင်… စမ်းသပ်ကြည့်ရင် ကောင်းမလားလို့တော့ ကျွန်တော် စဉ်းစားမိဖူးတယ်။ ကြော့က ထန်းလျက်ကော ကြိုက်ရဲ့လား… သူ ကြံသကာ ကြိုက်တယ်လို့တော့ တခါက ပြောဖူးတယ်။ ဘာတဲ့… ကြော့တို့ ငယ်ငယ်တုန်းက ထမင်းပူပူကို ဆီဆမ်း ဆားဖြူးပြီး ကြံသကာနဲ့ လွေးခဲ့ရတာ သိပ်ကောင်းဆိုပဲ…။

တကယ်တော့ ကြော့က မလှပါ။ ဒါဖြင့်ရင် လှတာကို အလွန်အမက် ကြိုက်တဲ့ ကျွန်တော်က ကြော့ကို ဘာဖြစ်လို့ တခုတ်တရ ဖြစ်နေတာလဲလို့ မေးစရာ ရှိပါတယ်။ ကျွန်တော့်မှာ အဖြေ အဆင်သင့် ရှိပါတယ်။ ကြော့က သတ္တိရှိလို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်က လှတဲ့ မိန်းကလေးတွေကို အလွန် သဘောကျသလို သတ္တိရှိတဲ့ မိန်းကလေးကိုတော့ တမြတ်တနိုး လေးစားတတ်ပြန်တယ်။

မိန်းမတယောက်ကို လေးစားပြီး ချစ်နေရတာက တကယ်တမ်းကျတော့ သိပ်မမိုက်ပြန်… ယောက်ျားမာန ကျိုးရလေတယ်။ အခုပဲကြည့်… ကြော့က ခေါင်းမာနေပြီလေ။ မခေါ် မပြော အရေးမလုပ်… ဒီရင်နုနု နာလုပြီ။ ရယ်သွမ်းသွေးရင်း ငိုချင်လာနေမိ…။ ကြော့ကို ကျွန်တော် မုန်းလိုက်ရ ကောင်းမလား…။

စောစောပိုင်းကတော့ ကျွန်တော့် သူငယ်ချင်း မိန်းကလေးတွေကို ယောက်ျားယူဖို့ချည်း၊ အရွယ်ကောင်းတုန်း ကလေးမွေးဖို့ချည်း ကျွန်တော် တောက်လျှောက် တိုက်တွန်းနေခဲ့မိပါတယ်။ မိန်းကလေးတယောက်က အရွယ်တော် တဆိတ်ဟိုင်းလောက်တဲ့အထိ ပိုက်ဆံတွေရှာ၊ ပညာတွေသင်၊ အလုပ်တွေ ပိနေအောင်လုပ်… ဘာလုပ်မှာလဲလို့ ကျွန်တော် တွေးခဲ့ဖူးတယ်။

တင့်တောင့်တင့်တယ် ကိုယ့်ကို ထားနိုင်မယ့် အမျိုးကောင်းသား ယောက်ျားတယောက်ကို ယူ၊ ကလေးတွေ မွေး၊ ပျော်စရာ မိသားစု ဘ၀လေး တည်ဆောက်နိုင်ရင် မကောင်းဘူးလားလို့ သူတို့ကို မေးခွန်းထုတ်ခဲ့ဖူးတယ်။ မိန်းမတယောက်ဟာ သိပ်တော်ဖို့ မလိုပါဘူး၊ ယောက်ျားတယောက်ကို သူဟာ မိန်းမတယောက်ရဲ့ အခိုင်းခံနေရမှန်း မသိရလောက်အောင် ပါးပါးနပ်နပ် စည်းရုံး ပြောဆို သိမ်းသွင်းထားနိုင်တဲ့ အိမ်ထောင်ရှင်မဘ၀ဟာ မလုံခြုံ မအေးဆေးဘူးလားလို့ သူတို့ကို ကျွန်တော် ပြောဆိုခဲ့ဖူးတယ်။

အခုတော့ ဒီလိုအမေး၊ ဒီလိုအတွေးတွေကို ကျွန်တော် ပြောင်းလိုက်ရတော့မှာလား။ ကြော့ဟာ ဘယ်လိုမိန်းမမျိုးလဲ… ကျွန်တော်ဖြင့် တခါမှတော့ မတွေ့ဖူးသေးဘူး မှတ်တာပဲ။ တခုပဲ ကျွန်တော် ပြောနိုင်တာက ကြော့ဟာ သတ္တိရှိတယ်။ သတ္တိရှိတဲ့ မိန်းကလေး… ဒါပဲ… ဒီတလုံးထဲ ကျွန်တော် ပြောနိုင်တယ်။

တကယ်တော့ ယောက်ျားတယောက်နဲ့ မိန်းမတယောက်တို့ ချစ်ကြပြီဆိုရင် ဘာတွေ ပြိုင်သင့်တာလဲ။ အချစ်တွေ၊ အကြင်နာတွေ၊ အထွေးအပွေ့ အယုအယတွေ ပြိုင်သင့်တာ မဟုတ်ဘူးလား။ နားလည်မှုတွေ၊ စာနာမှုတွေ၊ ဖြည့်ဆည်းပေးမှုတွေ ကဲလွန် ပြိုင်ဆရမှာ မဟုတ်ဘူးလား။

ကျွန်တော်တို့က ဘာကြောင့် ပညာတွေ ပြိုင်နေကြရတာလဲ။ ဘာကြောင့် တယောက်နဲ့တယောက် မဲ့ရွဲ့ သွမ်းသွေးနေကြတာလဲ။ ကြော့ကပဲ သိပ်ရဲနေတာလား၊ ကျွန်တော်ကပဲ သိပ်ကဲနေတာလား။ ဘာဖြစ်လို့ နှစ်ယောက်စလုံးကလည်း ဒီပုံစံကိုပဲ ကြိုက်နေကြရတာလဲ။ ကြော့ မမောသေးဘူးလားတော့ မသိ၊ ကျွန်တော်ဖြင့် တခါတခါ ပန်းလှပြီ။

ကြော့က ကျွန်တော့်ကို ချော့မယ်လို့ မထင်တော့ပါ။ ကျွန်တော်ကလည်း ကျွန်တော့်ကိုယ်ကျွန်တော် အလွန် အထင်ကြီးတဲ့ကောင် ဖြစ်ပါတယ်။ ကျွန်တော်တို့ကြားက သံယောဇဉ်ကြိုးလေးတွေ အမျှင်လေးတွေမှာ လျော့ဖို့ မမြင်တော့ပါ။ ပြတ်လုလုပင် တင်းမာနေခဲ့ပြီလား မသိပါ။ နှစ်ယောက်စလုံးက မရှိသင့်တဲ့ မာနတွေကို ပြိုင်နေကြတာဟာ ချစ်သူတွေလို့တောင် ပြောဖို့ ခပ်ခက်ခက် ဖြစ်ပါတယ်လေ…။

ကျွန်တော့်ကိုယ်ကျွန်တော်လည်း အားမရ၊ ကြော့ကိုလည်း ဘာမှမပြောသာ… သောင်မတင်ရေမကျ ဘ၀ဟာ နေရခက်လှပါသဗျာ…။ တခုတော့ ရှိပါတယ်။ ကြော့ကို လှပ နူးညံ့တဲ့ မိန်းကလေးအသွင် ရောက်အောင် အဖ ဘုရားသခင်က ပြောင်းလဲပေးပါမယ်လို့ မဟာဂရုဏာတော်နဲ့ စိတ်ဆင်းရဲနေတဲ့ ကျွန်တော့်ကို မိန့်မြွက်လာရင်တောင် ဘုရားသခင်ကို တောင်းပန်တိုးလျှိုးလို့ ကျွန်တော် ပယ်လျှောက်ပါလိမ့်မယ်။

ကြော့ကို သတ္တိပဲ ရှိစေချင်ပါတယ်။ သတ္တိရှိတဲ့ မိန်းကလေးပဲ ဖြစ်စေချင်ပါတယ်။ ကျွန်တော့်ကို မခေါ်တော့လည်း နေပါစေတော့…၊ ကျွန်တော့်ကို မချော့လေလည်း ရှိပါစေတော့… ကျွန်တော့်ဘ၀နဲ့ ကျွန်တော်ပဲ ထားလိုက်ပါတော့… ကြော့ ရင်ကလေး ကော့နေပါစေ၊ ကြော့ ခေါင်းကလေး မော့နေပါလေ…။

၂၀၁၂ ဖေဖော်ဝါရီ ၄၊ မွန်းလွဲ နှစ်ချက်တီး

ဘန်ကောက်။

ကျွန်တော်က ကဗျာဆရာကြီး ဒဂုန်တာရာကို သဘောကျတယ်။ သူက စကားလုံးတွေ တီထွင်တယ်၊ စကားလုံး အလှတွေ သုံးတယ်၊ ကဗျာစပ်တယ်။ ဘ၀ကို နူးနူးညံ့ညံ့လေး နေထိုင်တယ်။ ငြိမ်းချမ်းရေးကို လိုလားတယ်။ စန္ဒရား တီးခတ်တယ်။ ဆရာကြီးကို လေးစား အားကျတဲ့ တပည့်တပန်းတွေက များလှတယ်၊ တချို့လည်း မကြိုက်ကြဘူး၊ ဝေဖန်ကြတယ်။

ဆရာကြီးက အနုအရွ အလှအပ ကြိုက်ပေမယ့် အိမ်ထောင်တော့ မပြုဘူး၊ လူပျိုကြီးဘ၀နဲ့ပဲ နေထိုင်တယ်။ ကိုယ့်စာ ကိုယ့်အတွေး ကိုယ့်အရေးနဲ့ပဲ ဆရာကြီးမှာ ချာလည်ပတ်လည် ဖြစ်နေတာမို့ နောက်တယောက်အတွက် နေရာမပေးနိုင်တော့ဘူးလို့ ထင်မိတာပဲ။ နောက်တခုက သူက မျက်မှန်အထူကြီးနဲ့ ဖြစ်နေတယ်၊ ဆံပင်အရှည် ထားတယ် (မဂ္ဂဇင်းတွေမှာ တွေ့ဖူးတာပါ၊ အပြင်မှာ တခါမှ မတွေ့ဖူးပါဘူး)၊ သူ့ကို ကြည့်တာနဲ့တင် ကဗျာဖြစ်နေတယ် ထင်တာပဲ။

ရေဒီယိုမှာ သူ့ကို အင်တာဗျူးမေးတာ ဖြေတာတွေ ကြားရတော့ လူကသာ နုပုံ၊ အနုပညာဆန်ပုံ ရပေမယ့် စကားပြော မပျော့ဘူး၊ သူ ပြောချင်တာကို ထိထိမိမိ ပြောတတ်တယ်၊ သူ ပြောတဲ့ အကြောင်းအရာတွေအတွက် သူ့မှာ အကြောင်းပြချက်တွေ ရှိနေပြီးသား ဖြစ်နေတယ်။ ကိုယ့်တာကိုယ်လုံအောင် လုပ်ထားတတ်သူလို့ သတိထားမိတယ်။

ကျွန်တော်က ဆရာကြီး ဒဂုန်တာရာအကြောင်းကို ပြောမှာ မဟုတ်ပါဘူး။ ကျွန်တော့်အကြောင်းကို ပြောမှာပါ။ အခုတလော စာဖတ်ဖို့ ကြိုးစားပေမယ့် စာအုပ် ကိုင်လိုက်တာနဲ့ တခုခု ရေးချင်စိတ်က ပေါ်ပေါ်လာတယ်၊ အမှန်က များများဖတ် နည်းနည်းရေး ဖြစ်ရမှာ… ၀မ်းစာပြည့်မှ စာကောင်းထွက်မှာ မဟုတ်လား။ အခုက တွေးချင်စိတ်နဲ့ ရေးချင်စိတ်က များနေတယ်။ ဒါမျိုးက တခါတခါမှ ဖြစ်တတ်တော့လည်း မုဒ်လေးဝင်တုန်း ရေးမှဆိုပြီး စာအုပ်တွေ၊ သတင်းစာတွေ ဘေးချပြီး အတွေးလေးတွေကို စီကာစဉ်ကာ ရေးချမိတော့တာပေါ့။

ကျွန်တော်က ငယ်ငယ်ကတည်းက အတွေးသမား ဖြစ်လေတော့ ကဗျာဆရာ သိပ်ဖြစ်ချင်ခဲ့ပါတယ်။ ကဗျာဆရာဘ၀ဟာ တော်တော်လေးကို လှပမယ်လို့လည်း ထင်ခဲ့ပါတယ်။ ရှစ်တန်း၊ ကိုးတန်းလောက်မှာတော့ တောင်တွေးမြောက်တွေး တောင်ရေးမြောက်ရေး ရေးတတ်နေပါပြီ။ မှတ်မှတ်ရရ ဂျီတီအိုင် တက်တဲ့အခါမှာတော့ ကဗျာဆရာ စာရေးဆရာတယောက်နဲ့ အဖွဲ့ကျပြီး ကဗျာတွေ များများရေးဖြစ်လာပါတယ်။ သူကလည်း လက်ဖက်ရည်ဝိုင်းမှာ ကျွန်တော်တို့ သူငယ်ချင်းတွေကို ပို့ချတာပေါ့လေ။

သူက မော်ဒန်က ဘာ… ပို့စ်မော်ဒန်က ဘာ… ဆာရီရယ်လစ်ဇင်က ဘာ… အိတ်ဇစ်စတန်ရှယ်လစ်ဇင်က ဘာ… စသဖြင့်ပေါ့။ ကျွန်တော်တို့ကလည်း စာသင်ခန်းထဲမှာတော့ ကျောင်းစာ လက်ချာလိုက်၊ လက်ဖက်ရည်ဝိုင်းမှာတော့ ကဗျာဆရာရဲ့ လက်ချာလိုက်ပေါ့။ တခါတလေလည်း ပြန်ဆွေးနွေးရင်း မေးခွန်းတွေ ပြန်လှန်ထုတ်ရင်း တပည့်များဖြစ်ကြတဲ့ ကျွန်တော်တို့က ကဗျာဆရာနဲ့ပြိုင်ပြီး အငြင်းအခုံပြုလို့ပေါ့။ အင်းစိန်ဂျီတီအိုင်ကြီးရဲ့ မျက်နှာစာတန်း လက်ဖက်ရည်ဆိုင် (နာမည်တော့ မမှတ်မိတော့ဘူး)မှာ ခုံပုလေးတွေနဲ့ ထိုင်လို့တမျိုး၊ ခုံမြင့်နဲ့ တခါတခါ ထိုင်လို့တဖုံ အမျိုးမျိုး ပြောဆိုခဲ့ကြတာတွေဟာ အခုအချိန်မှာ ကဗျာတပုဒ် ဖြစ်နေခဲ့ပြီပေါ့။

အဲဒီလို ကဗျာမုဒ်သွင်းပေးခဲ့တဲ့ ကဗျာဆရာ ဦးဆောင်တဲ့ စကားဝိုင်းတွေဟာ အင်မတန် အရသာရှိနေခဲ့တာကို အဲဒီအချိန်ကတည်းက ကျွန်တော် ကောင်းကောင်း ခံစားမိခဲ့တယ်။ ကဗျာဆရာဟာလည်း ဆရာကြီး ဒဂုန်တာရာကို ချစ်တယ်ထင်ပါရဲ့… အင်မတန် နူးနူးညံ့ညံ့လေး နေထိုင်တယ်၊ စကားအပြောအဆို အင်မတန် ညင်သာတယ်၊ ဒေါသထွက်ခဲတယ်။ ကဗျာဆရာကိုယ်၌က ကဗျာဆန်နေတာပါ။ ကျွန်တော် သိပ်ကံကောင်းခဲ့တာပေါ့။ ကဗျာဆရာက သိသင့်သိထိုက်တာတွေကို ပို့ချရင်း သူ ရေးထားတဲ့ ကဗျာတွေကို ဖတ်ခိုင်းတတ်တယ်၊ ဒါက မော်ဒန်ပေါ့၊ ဒါကတော့ ပို့စ်မော်ဒန်ပေါ့၊ ဒါကတော့ အိတ်ဇစ်စတန်ရှယ်လစ်ဇင်ပေါ့၊ ဒါကတော့ ဆာရီရယ်ပေါ့။

နောက် ကျွန်တော်တို့ နည်းနည်းနားရည်ဝလာတော့… ပြီးတော့ သူ့လိုပဲ လိုက်ရေးနိုင်လာတော့ ကဗျာဆရာက ကျွန်တော်တို့ သူငယ်ချင်းတွေကို ရန်ကုန်မြို့လယ် ၃၃ လမ်း (အထက်) ဓမ္မာရုံရှေ့ မျက်နှာစာလေးမှာ ဖွင့်ထားတဲ့ လေထန်ကုန်းလို့ခေါ်တဲ့ လက်ဖက်ရည်ဆိုင်လေးကို ခေါ်လာခဲ့တယ်။ အဲဒီမှာ ကဗျာဆရာတွေ၊ စာရေးဆရာတွေ ထိုင်ကြတယ်၊ လေကန်ကြတယ်၊ တွေ့ဆုံပြီး ကဗျာတွေ၊ စာမူတွေ အပြန်အလှန်ပြကြ၊ ဖတ်ကြ၊ ငြင်းခုံကြ၊ စာမူပေးကြ၊ စာမူခယူကြ၊ မဂ္ဂဇင်း ဂျာနယ်တွေ စာအုပ်တွေ လက်ဆောင်ပေး၊ ယူကြပေါ့။

ကျွန်တော်တို့လည်း စားပွဲတ၀ိုင်းယူပြီး လက်ဖက်ရည်ကျစိမ့် တခွက်စီ မှာယူကြတယ် (ကျစိမ့်ကလည်း ကဗျာဆရာတွေ သောက်ကြတာ များတယ်လို့ ကဗျာဆရာက ဆိုသေးတာကိုး)၊ ကဗျာဆရာကတော့ စီးကရက်သောက်သေးတယ် ထင်တယ်၊ ကျွန်တော်က မသောက်ဘူး၊ ဒီလိုနဲ့ ကျွန်တော်တို့လည်း ရောက်တတ်ရာရာ ပြောဆိုကြတာပေါ့။

အဲဒီအချိန်က ကဗျာဆရာက မြှားနတ်မောင်မဂ္ဂဇင်းမှာ ကဗျာလေးတွေ ပါနေပြီ၊ ခံစားမှုဆောင်းပါးလေးတွေလည်း ပါတတ်တယ်။ တခြား မဂ္ဂဇင်းတွေကိုလည်း စာမူတွေ ပို့တဲ့အခါ ပို့တတ်တယ်လို့ ဆိုတယ်။ အဲဒီလိုပို့လို့ ပါတဲ့အခါကျရင်လည်း ကျောင်းကို သူ့စာမူတွေ၊ ကဗျာတွေပါတဲ့ မဂ္ဂဇင်းတွေ ယူလာပြီး ကြွားရတာ ကဗျာဆရာမှာ မောမဆုံး ပြောမဆုံးပေါ့။ သူငယ်ချင်းတွေဖြစ်တဲ့ ကျွန်တော်တို့ကလည်း ကဗျာဆရာနဲ့အတူ ၀ိုင်းပျော်ရ၊ အားကျကြနဲ့ပေါ့။

ပြောချင်တာက အဲဒီလို ကဗျာပါဖူး စာပါဖူးတဲ့ ကဗျာဆရာဟာ အယ်ဒီတာတချို့၊ စာရေးသူတချို့နဲ့လည်း သိနေတာပေါ့၊ လေထန်ကုန်းမှာ ထိုင်ကြတော့ ဟိုဘက်ဝိုင်း ဒီဘက်ဝိုင်းမှာ ကဗျာဆရာနဲ့ သိတဲ့သူတွေဆိုရင် သူက ထထနှုတ်ဆက်တယ်၊ ကျွန်တော်တို့နဲ့လည်း မိတ်ဆက်ပေးတယ်။ တချို့လည်း နာမည်ကြီးတွေပါ၊ တချို့လည်း ကဗျာဆရာ မိတ်ဆက်ပေးမှ ကြားဖူးတဲ့ ဆရာတွေလည်း ပါတာပေါ့လေ။

ကဗျာဆရာတွေ စာရေးဆရာတွေကလည်း ချာတိတ်တွေ၊ ကျောင်းသားတွေဆိုတော့ ပြုံးပြနှုတ်ဆက်ပြီး သူတို့ဘာသာသူတို့ စကားဆက်ပြော၊ အလုပ်ဆက်လုပ်ပေါ့လေ။ ကျွန်တော်တို့လည်း စကားဆက်ပြောကြတာပေါ့။ အဲဒီလို လေထန်ကုန်းထိုင်ပြီး စကားပြောရတာကလည်း အရသာတခုလို့ ကဗျာဆရာက ပြောထားတော့ ကျွန်တော်တို့လည်း လက်ဖက်ရည်လေး သောက်လိုက်၊ စကားပြောလိုက်နဲ့ အရသာ ခံတာပေါ့လေ။ ကျွန်တော်က အဲဒီအခါကလည်း အရသာ ခံခဲ့တာပါပဲ။

အဲဒီလို စာပေလောကထဲက စာရေးဆရာတွေ ကဗျာဆရာတွေနဲ့ နှုတ်ဆက် ခင်မင်တဲ့အထဲမှာ ကျွန်တော် မှတ်မှတ်ရရ ရှိနေတဲ့ တယောက်ကတော့ တမျက်နှာ ၀တ္ထုတို အရေးကောင်းတဲ့ ကိုမြင့်အောင်ပါ (နောက်တော့ သူက သူ့သားလေး နာမည်ဖြစ်တဲ့ မောင်မိုးဦးနဲ့ အရေးများတယ်)၊ သူက တကယ့်ကို နူးညံ့တဲ့သူပါ၊ ဘ၀ကို ရိုးရိုးလေး မြင်တတ်၊ ကြည့်တတ်သူလို့ အဲဒီကတည်းက ကျွန်တော် ခံစားရတယ်။ သူ့စိတ်က လှနေတယ်လို့ ကျွန်တော်ထင်တယ်။

ကဗျာဆရာရဲ့ စိတ်ကလည်း ချိုချိုလေးပဲ… ကျွန်တော်တို့ သူငယ်ချင်းတသိုက် ကံကောင်းကြတာပေါ့။ ကိုမြင့်အောင်က ကျွန်တော်တို့ကျောင်းလည်း တခါ လိုက်လာဖူးတယ်၊ ကျွန်တော်တို့ကို ကျောင်းသားဆိုပြီး ချာတိတ်တွေလို့ သူ မတွက်ဘူး၊ လေးလေးစားစား ဆက်ဆံတယ်။ ကျွန်တော်မေးလို့ ၀တ္ထုတို (တမျက်နှာဝတ္ထု) ရေးပုံကို ပြောပြဖူးတယ်။

ကျွန်တော်တို့ သူငယ်ချင်းတသိုက်ထဲမှာ အားလုံးကလည်း ကိုယ့်နည်းကိုယ်ဟန်နဲ့ ကဗျာလေးတွေ ရေးကြတယ်။ ကဗျာဆရာကတော့ အများဆုံး ရေးနိုင်တာပေါ့၊ နောက်ပြီး သူရေးတဲ့ ကဗျာတွေက ကျွန်တော်တို့ လိုက်မီခံစားရသလောက် အလွန်ကောင်းတဲ့ ကဗျာတွေပဲ။ နောက် သူငယ်ချင်းတွေထဲကဆို ကောင်းညွန့်ဝင်းတို့၊ ကိုကျော်မင်းဦးတို့ ရှိတယ်။ ကောင်းညွန့်ဝင်း ကဗျာလေးတွေက နူးညံ့တယ်၊ လှတယ်၊ ပူးကပ်ခံစားနိုင်စွမ်းရှိတယ်။ ကိုကျော်မင်းဦး ကဗျာတွေက ရဲတယ်၊ ပြတ်တယ်လို့ ကျွန်တော်ထင်တယ်၊ သူက နည်းနည်းပဲ ရေးတယ်၊ ရေးတာလေးတွေကလည်း ကောင်းတယ်။

ကျွန်တော်ကတော့ ကဗျာဆရာကို လိုက်တုရေးတာပေါ့လေ၊ များများလည်း ရေးတယ်၊ မော်ဒန်ပုံစံထွက်အောင်လည်း ရေးတယ်။ ကျွန်တော် အခုထက်ထိ မှတ်မိနေတဲ့ ကျွန်တော်ကဗျာတကြောင်းက ဒီလို… “ပြိုကျသွားတဲ့ သဲနံရံကြီး ပြန်ထောင်ဖို့ လှေကားတစင်း လိုပါတယ်“ တဲ့။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ကျွန်တော် ရေးခဲ့တဲ့ စာတကြောင်း ကျွန်တော် အခုထက်ထိ မှတ်မိနေတယ်။ အဲဒီကဗျာလေး အပါအ၀င် ကျွန်တော့်ကဗျာ သုံးပုဒ်လား ကျွန်တော်တို့ ထုတ်တဲ့ ကဗျာစာအုပ်ထဲမှာ ပါခဲ့တယ်။

အဲဒီကဗျာစာအုပ် အဖုံးကို ကဗျာဆရာကပဲ လုပ်တယ်၊ အဖုံးဒီဇိုင်းက ကောက်ကြောင်းတွေနဲ့ ရေးထားတယ်။ ကောက်ကြောင်းတွေကြားမှာ အရောင်တွေ (ရောင်စုံ) ဖြည့်ရတယ်။ ဆော့ပင်တကတ် ၀ယ်ပြီး တယောက်တလှည့် ဖြည့်ကြတာပဲ။ တယောက်ကို ၁၀ ဖုံးစီလောက် အရောင်ဖြည့်ခွင့်ရတယ်၊ ကျန်တာကိုတော့ ကဗျာဆရာက လုပ်တယ်။ ကဗျာစာအုပ် မျက်နှာဖုံးကိုက မော်ဒန်ဖြစ်နေတာလေ… အဖုံးက တအုပ်နဲ့တအုပ် လုံးဝ မတူဘူး။ ကျွန်တော်တို့ အုပ် ၁၀၀ လောက် ထုတ်တယ်မှတ်တာပဲ၊ မမှတ်မိတော့ဘူး (၅၀ လောက်တော့ မဖြစ်နိုင်ပါဘူး)။

ကဗျာလည်း ကိုယ့်ဘာသာရေး၊ စာရိုက်ခ၊ စက္ကူခ၊ မိတ္တူကူးခတွေလည်း အားလုံး အချိုးကျ ၀ိုင်းထည့်ပြီး လုပ်ကြတာပါ၊ ပျော်စရာကောင်းပါတယ်။ နောက်တော့ ကုန်ကျစရိတ်ကို အချောထွက်လာမယ့် စာအုပ်အရေအတွက်နဲ့ စားပြီး၊ စာအုပ်တန်ဖိုး တွက်ချက်သတ်မှတ်လို့ ရောင်းချကြပါတယ်။ မားကတ်တင်းပိုင်းလည်း မကျွမ်းကျင်ပါဘူး။

ဒါပေမဲ့လည်း သိတဲ့အတိုင်း ကျွန်တော်တို့ သူငယ်ချင်း ကောင်မလေးတွေက ဒီကောင်တွေ (ကျွန်တော်တို့) ဘာတွေများ ပေါက်တတ်ကရ ရေးထားမလဲလို့ ဖတ်ကြည့်ချင်တာနဲ့ တယောက်တအုပ် ၀ယ်ကြတာပါပဲ။ ဒါတောင် ၀ယ်ချင်တဲ့သူက ၀ယ်ချင်တာတောင် ကျွန်တော်တို့မှာ တုန်တုန်ယင်ယင်နဲ့ ကောင်မလေးတွေ ထိုင်နေတဲ့ နေရာကို မသွားရဲ၊ မရောင်းရဲ ဖြစ်ကြသေးတယ်။ နောက်တော့လည်း ရှေ့မျက်နှာ နောက်ထား ရောင်းလိုက်တော့လည်း ပြီးသွားတာပါပဲ။

ကဗျာစာအုပ်နာမည်က “ခရမ်းရောင် မြစ်တစင်း တည်ဆောက်ခြင်း“ ဆိုလား။ ကဗျာဆရာပေးတဲ့ နာမည်ပါပဲ။ ကဗျာဆရာက တော်တော်များများကို ဦးဆောင်လုပ်သွားပါတယ်။ သူက အတွေ့အကြုံရှိတာကိုး။ ကျွန်တော်တို့ကတော့ သူ့နောက်လိုက်… သူခိုင်းတာကို လုပ်ပေါ့။ လိုအပ်တဲ့ အကြံဥာဏ်နဲ့ ဖြည့်စွက်ချင်တာလေးတွေကိုတော့ ကျွန်တော်တို့က ပြောပြကြတာပေါ့။

ကဗျာဆရာက ကောင်းတာက အဲဒီကတည်းက ဒီမိုကရေစီကို ကျင့်သုံးတယ်၊ လူ့အခွင့်အရေးကို ပြဌာန်းပေးတယ်။ သူက ခေါင်းဆောင် ဆိုပေမယ့် လုပ်ချင်တာ မလုပ်ဘူး၊ ကျွန်တော်တို့ကို သေချာရှင်းပြတယ်။ ထောက်ခံလား၊ သဘောတူလား သေချာမေးတယ်။ ကျွန်တော်တို့ကိုလည်း နေရာစုံမှာ နည်းနည်း နည်းနည်းစီ ပါဝင်ခွင့်ပေးတယ်။ ကျွန်တော်တို့ကို ပြောရေးဆိုခွင့်ပေးတယ်။ ကဗျာဆရာဟာ တကယ်နူးညံ့တယ်၊ ကျွန်တော်တို့ကို ကဗျာအကြောင်းတွေတင် မကဘူး၊ နူးညံ့မှုကိုပါ သင်ပေးလိုက်တယ်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို သူ တရားမဟောဘူး၊ လက်တွေ့ကျင့်သုံးပြသွားတယ်။

ကျွန်တော်ဟာ ကဗျာဆရာကို အများကြီး လေးစားအားကျခဲ့တယ်။ သူ့လိုဖြစ်ချင်ခဲ့တယ်။ သူနဲ့ပတ်သက်ပြီး လှပတဲ့ နောက်ခံ ဇာတ်ကြောင်း တခုကလည်း မှတ်မှတ်ရရ ရှိနေသေးတယ်။ သူ့မိသားစုနဲ့ သူကိုယ်တိုင်က ကဗျာဆရာဟာ စစ်အတွင်းက သေတဲ့ ဂျပန်ဝင်စားတာလို့ ယုံကြည်တယ်။ ဂျပန်ကပြား အနုပညာရှင် တဦးဖြစ်တဲ့ အဆိုတော် ခင်ဝမ်းကိုလည်း ကဗျာဆရာဟာ အားကျပုံရတယ်။ ကဗျာဆရာကတော့ အသည်းညိုသူ မည်းသူဆိုတော့ ဂျပန်ဝင်စားတာ ဆိုရင်တောင် ဂျပန်မည်းပဲ ဖြစ်မယ်လို့ ကျွန်တော် အခု စာရေးနေရင်း တွေးမိတယ်။ အဲဒီတုန်းကတော့ သူ့ကို ဂျပန်ဖြူ (ဂျပန်ပါပဲ… ကျွန်တော်က ခပ်တည်တည် ဂျပန်ဖြူတွေဘာတွေ လုပ်နေမိတယ်) မှတ်ခဲ့တာပါပဲ။

ကဗျာဆရာက မှော်ဘီမှာ နေသူ ဖြစ်တယ်။ မှော်ဘီကနေ အင်းစိန်ကို နေ့ချင်းပြန် ကျောင်းလာတက်ရတဲ့ ကဗျာဆရာဟာ အတော်ပင်ပန်းမှာပါပဲ။ သူက ကျောင်းအားရက်တွေမှာ ဂျပန်ကင်ဒို(ဓား) ကစားတယ်လို့ ပြောပြဖူးတယ်။ ဒီတော့ ကဗျာဆရာဆိုတာ လိုအပ်လာရင်လည်း ရဲရင့်နေဖို့ ထက်မြက်နေဖို့ စိတ်ဓာတ်အင်အား သာမကဘဲ ရုပ်ပိုင်းဆိုင်ရာလည်း တောင့်တင်း ကြံ့ခိုင်နေဖို့ လိုတယ်လို့ ကဗျာဆရာက မသင်ဘဲ သင်ပြနေသလို ကျွန်တော် ခံစားရပြန်တယ်။

ပိုပြီးထူးဆန်းတာက ကဗျာဆရာဟာ သူ့ဆံပင်ပုံစံကို ဂျပန်ဆာမူရိုင်းပုံစံ ထားလိုက်တာပါပဲ။ ဂျပန်ဆာမူရိုင်းပုံစံက ဘယ်လိုပါပဲ၊ ဆံပင်ကို ခေါင်းလုံးအလယ် တည့်တည့်လောက်ကနေ နဖူးစပ်အထိ ဆံပင်ကို ကတုံး ရိပ်ထားရတယ်၊ ခေါင်းကို ကတုံးတခြမ်း ရိတ်ထားတာပါပဲ၊ နောက်စေ့ပါတဲ့ ခေါင်းရဲ့ နောက်ဘက်ခြမ်းမှာသာ ဆံပင်ရှိတယ်။ အဲဒီ နောက်က ဆံပင်တွေက လည်ပင်းအထိ ရှည်လျားကျနေမယ်၊ နားရွက်ကို ဖုံးထားလိမ့်မယ်။

ရှေ့ဘက်ကနေ ကြည့်လိုက်ရင်တော့ ကတုံး၊ နောက်ဘက်ကနေ ကြည့်ရင် ဆံပင်ရှည်ပုံစံဖြစ်နေတယ်၊ အဲဒါ ဂျပန်ဆာမူရိုင်းတွေ ထားတဲ့ ဆံပင်ပုံစံပဲ၊ ပြီးရင် ကီမိုနိုဝတ်ပြီး ကင်ဒိုကို ကိုင်ပြီး ပြေးမယ်၊ ဂျပန်ဆာမူရိုင်းကားတွေ ကြည့်ဖူးတယ် မဟုတ်လား၊ ကဗျာဆရာဟာ အဲဒီ ဆံပင်ပုံစံနဲ့ ကျောင်းကို အပြီးအထိ တက်သွားတယ်။ တော်ရုံ ယုံကြည်မှု၊ တော်ရုံ သတ္တိနဲ့ မှော်ဘီ-အင်းစိန် နေ့တိုင်း သွားလာနေဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ လမ်းသွားနေတုန်းတော့ သူ ဦးထုပ် ဆောင်းထားတတ်တယ်လို့ မှတ်ပါတယ်။ ကဗျာဆရာက ယုံကြည်တာကို သတ္တိရှိရှိလုပ်ဖို့ မပြောဘဲ ကျွန်တော့်ကို ပြောပြန်ပါတယ်။

ကျွန်တော်ဟာ ကဗျာဆရာဖြစ်ဖို့ကို အကြိမ်ကြိမ် တွေးခဲ့ဖူးပါတယ်။ ကဗျာလေးတွေလည်း ကျွန်တော်ရေးတတ်သလို ပုံစံနဲ့ ရေးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ လေထန်ကုန်းမှာ ခဏခဏ ထိုင်ခဲ့ဖူးတဲ့ ကျွန်တော်၊ ကဗျာဆရာတွေကို အနီးကပ် တွေ့ခဲ့ဖူးတဲ့ ကျွန်တော်၊ အယ်ဒီတာတွေနဲ့ စကားပြောခဲ့ဖူးတဲ့ ကျွန်တော်… ကဗျာဆရာ လုပ်ဖို့ကို စိုးကြောက်ခဲ့ပါတယ်။ ကဗျာဆရာဆိုတာ တော်ရုံသတ္တိနဲ့ လုပ်လို့မရပါဘူး။ အထူးသဖြင့် ကျွန်တော် စိတ်ပူတာကတော့ ငွေကြေးအားဖြင့် လုံးဝ မခိုင်တဲ့ ကိစ္စပါပဲ။

မိသားစုမှာ သားကြီးဖြစ်တဲ့ ကျွန်တော့်မှာ မိသားစုအတွက်၊ အိမ်အတွက် လုပ်ကိုင်ရှာဖွေ ကျွေးမွေးရမယ့် တာဝန်က ရှိပါတယ်။ ဒီတော့ ငွေကြေး ခိုင်မာတဲ့ သေချာတဲ့ အလုပ်တခု လုပ်မှ ဖြစ်မှာပါလို့ တွေးမိလိုက်တိုင်း ကျွန်တော် ကဗျာဆရာ ဖြစ်ဖို့ကို ကြောက်ကြောက် သွားပါတယ်။ ကျွန်တော် ဆိုလိုတာက ကဗျာဆရာအဖြစ် လုံးဝ ခံယူနေထိုင်ဖို့ကို ကျွန်တော် မရဲဘူးလို့ ပြောတာပါ။

ကဗျာဆရာတယောက်မှာ ကျွန်တော်သဘောကျတဲ့ အပိုင်းကတော့ အတွေးရှင် ဖြစ်နေတာကိုပါ။ အတွေးမှာ မျောနေ လွင့်နေရတဲ့ အရသာက အင်မတန်မှ ကောင်းမွန်လွန်းပါတယ်။ နောက်သဘောကျတဲ့ အချက်တခုကတော့ စကားလုံးတွေနဲ့ ဆော့ကစားခွင့် ရှိနေတာပါ။ တော်ရုံလူ ပုံမှန်စာရေးဆရာမှာ အဲဒီအခွင့်အရေး မရထားပါဘူး။ အတွေးကို ကြိုက်သလို တွေးနိုင်ပြီး စကားလုံးကို စိတ်ကြိုက် သုံးနှုန်း စေစားပိုင်ခွင့်ရှိတဲ့ ဘ၀ကို ကျွန်တော် တမ်းတမိတာ အပြစ်မဟုတ်လောက်ပါဘူးနော်။

“မညာပါနဲ့ မေ“

ပြည့်ပြည့်လေး ပဲတင်းနေပါ
စွေ့စွေ့လေး လျှောက်လာလှမ်းလေ
ဘောလုံးပုံ သစ်ပင်တန်းတွေမှာ
မောင် ကန်းနေလိုက်မယ်… ဘာမှ မဖြစ်ဘူး။

မြက်ခင်းပြင် အကျယ်ကြီးမှာမှ
ဒီပန်းတွေ ခရမ်းရောင် ရင့်ပုံက
မောင့်နန်းကို စိန်ခေါ်နေသလိုပ…
ဆဲပစ်ချင်ပေမယ့် ဒီလူက ပြောမထွက်ပြန်ဘူး။

မပြေးပါနဲ့လေ စိတ်ထဲမှာ မရှိဘူးဆိုလည်း
ရင်ထဲမှာ မစိဘူးဆိုလည်း
ဒီလမ်းကို နောက်ပြန်လှမ်းလိုက်မယ်
မျက်နှာအထူကြီးနဲ့ ကိုယ့်ကိုယ်ကိုယ် အသိဆုံး…။ ။

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်။
ည ၉ နာရီ။

ဘ၀ဆိုတာ အချိန်ပဲလို့ နာမည်ကျော် စာရေးဆရာ စာဟောဆရာ အောင်သင်းက ပြောဖူးပါတယ်။ အချိန်မရှိရင် ဘ၀မရှိ… ဒါကြောင့် ဘ၀ကို တန်ဖိုးရှိချင်ရင် အချိန်ကို တန်ဖိုးရှိအောင် လုပ်ဖို့ ဆရာ အောင်သင်းက ကျွန်တော်တို့ လူငယ်တွေကို မှာပါတယ် ပြောပါတယ်၊ စိတ်ပူပါတယ်။

ဟုတ်ပါတယ်၊ မွေးရာကနေ မသေခင်ကြား အချိန်တခုကို ကျွန်တော်တို့ ပိုင်ဆိုင်ရတယ်၊ အဲဒါ ဘ၀တခုပါပဲ။ တချို့က အချိန်ကြာကြာ ရတယ်၊ တချို့က တိုတို… ဘယ်လိုပဲဖြစ်ဖြစ် ဘ၀တခုတော့ ကျွန်တော်တို့ ရကြတယ်။

ကျွန်တော် အခု လန်ဒန်မှာ နေလာတာ နှစ်နှစ်ပြည့်ပြီ၊ နှစ်နှစ်စခန်းလို့ ဆိုချင်ပါတယ်။ ဘာတွေ တိုးတက်ခဲ့သလဲ၊ ဘာတွေ သိမြင်လာခဲ့သလဲ၊ ဘာတွေ လုပ်နိုင်ခဲ့သလဲ။ နိုင်ငံကျော် ရွာစား စိန်ဗေဒါကတော့ ဒီကနေ့ စိန်ဗေဒါဟာ မနေ့က စိန်ဗေဒါထက် သာရမယ်လို့ ပြောခဲ့၊ ကျင့်ခဲ့ ဖူးတယ်လို့ ကျွန်တော် ကြားဖူးနားဝ ရှိပါတယ်။ ကျွန်တော်ရော နှစ်နှစ်တာ ကာလအတွင်း ဘာတွေ ကျင့်ခဲ့၊ သာခဲ့ပြီလဲ။ မွေးခွန်းထုတ်စရာ မကောင်းဘူးလား။

နှစ်နှစ်အတွင်း ကျွန်တော် ဘာ ပြောင်းလဲခဲ့သလဲ၊ ရုပ်ပိုင်းဆိုင်ရာပေါ့…။ အင်္ဂလိပ်တွေလို နဖူး ပိုပြောင်လာတယ်၊ ဆံပင် ပါးသွားတယ်၊ ကိုယ်တွေလက်တွေ ကိုက်ခဲနာကျင်လာတတ်တယ်၊ ခန္ဓာကိုယ်ရဲ့ ဖောက်ပြန် ပြောင်းလဲမှုတွေကို နည်းနည်း နည်းနည်း စပြီး သိလာခဲ့တယ်။ ပင်ပန်းတတ်လာတယ်။ အရင် သတင်းဂျာနယ် အယ်ဒီတာဘ၀မှာ ၃၆ နာရီ ဆက်တိုက် ကျွန်တော် မအိပ်ဘဲ အလုပ်လုပ်ဖူးတယ်။ အခု မရတော့ဘူး၊ အဲဒီလို မလုပ်နိုင်တော့ဘူး။

ကျွန်တော်က ဘာနက္ခတ်နဲ့ မွေးလိုက်သလဲတော့ မသိဘူး၊ အမြဲ စဉ်းစားတတ်တဲ့ တွေဝေတတ်တဲ့သူ တယောက်ဖြစ်တယ်။ ကျွန်တော်ဟာ အတတ်နိုင်ဆုံး ရိုးရိုးသားသား ပြောဆို ဆက်ဆံ ပေါင်းသင်း တတ်တယ်၊ ဒါပေမဲ့ ကျွန်တော် အယုံ မလွယ်ဘူး။ ကျွန်တော်ဟာ အတတ်နိုင်ဆုံး ပျော့ပြောင်း ချိုသာစွာ ပြောဆို ဆက်ဆံ တတ်တယ်၊ ဒါပေမဲ့ ယဉ်ကျေးသူ တယောက်တော့ မဟုတ်ဘူး။

ကျွန်တော်ဟာ နှစ်ခွစိတ်ထား၊ နှစ်ဘက်နှစ်ခြမ်း၊ နှစ်မျိုးသဘော၊ အကြိုက်နှစ်ခု၊ ရွေးချယ်စရာ နှစ်သွယ် နှစ်လမ်းတွေနဲ့ ပေါင်းစပ်ထားတဲ့သူ၊ တွေဝေတတ်တဲ့သူ… ဒါဆို ဒီလူရဲ့ နှစ်နှစ်စခန်းကရော…။

ရန်ကုန်မှာ ဘာသာပြန်တွေရေး၊ အင်တာဗျူး၊ အယ်ဒီတာလုပ် စသဖြင့် လုပ်ကိုင်ခဲ့တာ ၁၀ နှစ် နီးပါးလောက် ရှိလာချိန်မှာ နေရထိုင်ရ လုပ်ရကိုင်ရတာ မပျော်တော့ဘူး၊ ပျင်းလာတယ်၊ သူငယ်ချင်းတွေကလည်း တယောက်ပြီး တယောက် နိုင်ငံရပ်ခြား ထွက်လို့ ကျောင်းတွေ တက်ကြတယ်၊ ကျွန်တော်လည်း သူတို့လို နိုင်ငံတကာ ကျောင်းတခုမှာ ကျောင်း တက်ချင်တယ်၊ သူတို့ကလည်း သူငယ်ချင်းကောင်း ပီသစွာ ငယ်တုန်းရွယ်တုန်း အချိန်ရှိတုန်း သူတို့လို ကျောင်းတခုခု တက်ဖို့ တိုက်တွန်းကြတယ်။

ဒါနဲ့ ကျွန်တော် ကြိုးစားကြည့်တယ်၊ မလွယ်လှပါဘူး။ နိုင်ငံရပ်ခြားက အဆင့်မြင့် တက္ကသိုလ်တခုခု၊ ကျောင်းတခုခုမှာ အဆင့်မီမီ စာသင်နိုင်ဖို့ဆိုတာ ကျွန်တော့် အတွက်တော့ တော်တော့်ကို မလွယ်တဲ့ ကိစ္စပါ။ အင်္ဂလိပ်စာက ထိပ်တန်းအဆင့်မှာ ရှိမနေ၊ ကောလိပ်ကလည်း တကယ့်ကို တက်ခဲ့ရ၊ သင်ယူခဲ့ရတာမျိုး မဟုတ်ဘဲ အတန်းအောင်ရုံလောက် ဖြတ်သန်းခဲ့ရတာ ဆိုတော့ ကျွန်တော် ကျောင်းတွေ၊ သင်တန်းတွေ၊ အစီအစဉ်တွေ အများကြီး လျှောက်ခဲ့ပေမယ့် အပယ်ခံရတာပါပဲ။

နောက်တခုကလည်း ကျွန်တော်က ကျွန်တော့်ရဲ့ တကယ့်အရည်အချင်းကြောင့် ရတာမျိုးကိုပဲ အလိုရှိတာပါ၊ တဦးတယောက်ကြောင့် ရမယ့် အခွင့်အရေးမျိုးကို သိပ်ပြီး မလိုချင်ပါဘူး၊ ခက်တာကလည်း အဲဒီလိုမှ မယူရင်လည်း တချို့အခွင့်အရေးတွေက မရနိုင်တဲ့ ခေတ်ပါ။ ဒီတော့ နောက်ဆုံးမှာ ကျွန်တော် အခွင့်အရေး တခု ရပါတယ်။ အမေရိကမှာ ကျောင်းသွားတက်ဖို့ပါ။

ဟိုဘက်ဒီဘက်လွန်ဆွဲတတ်တဲ့ ကျွန်တော့်ဘ၀မှာ အမြဲလိုလို အခွင့်အရေးနှစ်ခုက တပြိုင်နက်တည်း ရတတ်ပါတယ်။ ရှစ်တန်းတုန်းက သင်္ချာကျူရှင် တက်တော့ အတန်းထဲက တရုတ်မလေးတယောက်ကို သူ့ နှုတ်ခမ်းဖူးဖူးလေးကို ကြည့်ကြည့်မိပြီး ကျွန်တော် သဘောကျမိပါတယ်၊ အဲ… သူနဲ့အတူ ကျူရှင် လာတက်တဲ့ သူ့သူငယ်ချင်း ကုလားမလေးကိုလည်း မျက်ခုံးလေးကို စွဲမိပြီး သဘောကျပြန်ပါလေရော… ဒါနဲ့ပဲ နှစ်ယောက်စလုံးကို ဆက်ပြီး သဘောမကျဖို့ ဇွတ် အတင်း ဆုံးဖြတ်လိုက်ရပါတယ်။

ဒါပေမဲ့ တရုတ်မလေးကိုတော့ လမ်းမှာတွေ့ရင် မစဘဲ မနေနိုင်ပါဘူး၊ သူကလည်း အစွာကလေးပါ… ကျွန်တော့်ကို ပြစ်ပြစ်နှစ်နှစ် နာနာကျင်ကျင် ပြောပါတယ်။ သူ့ကြောင့်ပဲ နောက်နောင် ဘယ်ကောင်မလေးကိုမှ မစရဲတော့ပါဘူး။ ကျွန်တော်က ကျွန်တော့်ကို နာနာကျင်ကျင် ဖြစ်အောင် ပြောလာရင် ဘယ်လောက်ချောချော အရေးမစိုက်တော့ပါဘူး။

ကျွန်တော် အမေရိကကို သွားဖို့ပဲ ရှိတယ်လို့ ထင်ခဲ့ပေမယ့် လန်ဒန်ကို ရောက်လာခဲ့ပါတယ်။ ဥရောပကို အရင်က မရောက်ခဲ့ဖူးပါဘူး။ ဥရောပကို ရောက်မယ်ဆိုလည်း အလည်လောက်ပဲ ရောက်မယ်လို့ ထင်ထားခဲ့ပေမယ့် လန်ဒန်ကို အလုပ်လုပ်ဖို့ ရောက်လာခဲ့တာဟာ ကျွန်တော် ပြောခဲ့တဲ့ ကျွန်တော့်ဘ၀ရဲ့ ရွေးချယ်စရာ နှစ်ခု တပြိုင်နက်ရတတ်တဲ့ သဘောထဲက တခုပါပဲ။

မိန်းမ မရတာလည်း ဒါကြောင့်ပဲလို့ ထင်ပါတယ်၊ တယောက်ကို ထားခဲ့ရမှာပဲ ဆိုတဲ့ စိတ်ကြမ်းကြမ်း လူကြမ်းကြမ်းကြီး မလုပ်နိုင်သေးလို့ ဖြစ်ပါလိမ့်မယ်။ (ဟဲ ဟဲ…)။

ဒီတော့ နှစ်နှစ်စခန်းမှာ ထူးခြားတာ ဘာတွေရှိပါသလဲ။ ဒီနေရာမှာ ထပ်ကြွားစရာ တခုရှိပြန်ပါတယ်။ ကျွန်တော်က ကျွန်တော့်အသံကို တော်တော် ကောင်းတယ်လို့ ထင်ထားတာပါ၊ “ဒီအသံမျိုး ရေဒီယိုမှာ သုံးလိုက်လို့ကတော့ကွာ“ ဆိုပြီး အမြဲတမ်း တကြိမ်းကြိမ်း ကြိမ်းထားခဲ့သူပါ။ တကယ်တော့လည်း အလုပ်က စတား ပရီစင်တာတွေနဲ့ သူတင်ကိုယ်တင် ပြောကြည့်တဲ့အခါ ကျွန်တော့်အသံက ဘယ်လိုမှ လိုက်မမီတော့တာကိုတော့ ရှက်ရှက်နဲ့ ၀န်ခံရမှာပါပဲ။

လန်ဒန်ကို ရွေးချယ်ခဲ့တဲ့ တချက်ကလည်း ကိုယ် တလေးတစား နားထောင်ခဲ့ရတဲ့ ဒီ စတား ပရီစင်တာတွေနဲ့ အလုပ်အတူ လုပ်ခွင့်ရမှာမို့ပါ။ ကျွန်တော့်မှာ ထင်ပေါ် ကျော်ကြားလိုတဲ့ စိတ်ကလေး နည်းနည်းရှိတယ် ဆိုတာကိုတော့ ၀န်ခံရမှာပါပဲ။ ကျွန်တော်က ကျွန်တော်လုပ်နေတဲ့ အလုပ်တခုကို လူတွေက သိနေတာ၊ လေးစားနေတာ၊ သဘောကျ အားပေးနေတာ… ဆိုတဲ့ အာရုံစိုက်ခံရမှု (၀ါ) အသိအမှတ်ပြုခံရမှုကို လိုချင်တတ်တဲ့ သူမျိုးပါ။ တခြားလူတွေကတော့ အဲဒီလိုမျိုး တောက်လျှောက် မျက်စိထောင့်ထောက် ကြည့်ခံနေရတာမျိုးကို မလိုလားကြပါဘူး၊ စိတ်အနှောင့်အယှက်တောင် ဖြစ်တတ်ကြတယ်လို့ ဆိုပါတယ်။ ကျွန်တော်ကတော့ အဲဒါမျိုးကို ကြိုက်တတ်တာပါ။

ပြိုင်ရဆိုင်ရ စိန်ခေါ်ရတာမျိုးကိုလည်း ကြိုက်တဲ့သူပါ၊ ဘာသာပြန်ပေါက်စ ဘ၀က ကျွန်တော် ဘာသာပြန်လိုက်တဲ့ အမှားတခုကို သူငယ်ချင်း အယ်ဒီတာ တယောက်က ဝေဖန်ပါတယ်၊ မှားနေတာကို ထောက်ပြပြီး အမှားကို ခံယူလို့ ပြင်ဆင်စေပါတယ်။ သူက စေတနာနဲ့ ပြောပြတာပါ၊ အသာလေး နေလိုက်တယ်ဆိုရင် လည်း ကျွန်တော်က ကျွန်တော့်ဘာသာ မှန်နေတယ်ထင်ပြီး ဆက်မှားနေဦးမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ချာတိတ်ဖြစ်တဲ့ ကျွန်တော်က ငယ်သေးတော့ သွေးနားထင် ရောက်နေတဲ့အချိန်… သူငယ်ချင်းကို ကျေးဇူးတင်ကြောင်း၊ နောက်နောင် ထပ်မမှားတော့ဘဲ ပြင်ဆင်လိုက်မယ့်အကြောင်း ပြောရမယ့်အစား အဲဒီလို မပြောတဲ့အပြင် လကဖက်ရည်ဝိုင်းက တခြားသူငယ်ချင်းတွေ ရှေ့မှာပဲ “ဒါဆို… ခင်ဗျားနဲ့ ကျွန်တော် အင်္ဂလိပ်စာတပုဒ်ကို လက်တန်း ဘာသာပြန်ရအောင်… မှားတဲ့စာမူကို မီးရှို့ကြေး“လို့ မလိုအပ်ပါဘဲ အပိုတွေ ပြောမိခဲ့ပါတယ်။

ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးတာက မကောင်းသလို ကိုယ့်ကိုယ်ကိုယ် အားငယ်နေတတ်တာကလည်း မကောင်းပါဘူး။ တော်တဲ့လူ ကြိုးစားတဲ့လူတွေဟာ ငါလုပ်ရင် ဖြစ်ရမယ်၊ ငါက လုပ်နိုင်တယ်လို့ အမြဲ တွေးကြပြီး လူတွေရဲ့ ဝေဖန်တာ၊ ပြောဆိုတာတွေကိုလည်း သိပ်အာရုံ မထားတတ်ကြပါဘူး။ ဒါဟာလည်း တဖက်စွန်း ရောက်ပြန်ပါတယ်။

တော်တဲ့ ထက်မြက်တဲ့ စည်းရုံးရေးကောင်းတဲ့ ခေါင်းဆောင်တွေကျတော့ ဝေဖန်တာကို လေးစားပါတယ်၊ တန်ဖိုးထားပါတယ်၊ ကောင်းကောင်းမွန်မွန် အချိန်ပေး နားထောင်ပြီးမှ တုန့်ပြန် ပြောဆို ဆုံးဖြတ် လုပ်ကိုင်ပါတယ်။ ခေါင်းဆောင်ဆိုတာမျိုးက ကိုယ်ကချည်း ပြောရတာမျိုး မဟုတ်ဘဲ နားထောင်စွမ်းရည် ထက်မြက်ဖို့ ကလည်း အရေးကြီးပါတယ်၊ သမ္မတ အိုဘားမားဟာ နားထောင်စွမ်းရည် အလွန်ကောင်းတယ်လို့ ချီးကျူးခံရပါတယ်။

လန်ဒန်မှာ နေခဲ့တဲ့ နှစ်နှစ်အတွင်း ပြောစရာတွေကတော့ အများကြီး ရှိပါတယ်။ တချို့ကိုလည်း ရေးပြပြောခဲ့တာတွေ ရှိခဲ့ပါတယ်။ မတူတဲ့ ဘာသာစကား ၃၅၀ ကျော်ကို ပြောဆို နေထိုင်နေကြတဲ့ ကမ္ဘာတ၀န်းက လာကြတဲ့ လူမျိုးစုံ အရောင်စုံ အသွေးစုံ အလှစုံနဲ့ ပြည့်နှက်နေတဲ့ လန်ဒန်မြို့တော်ဟာ အင်္ဂလိပ်တွေ မြို့ကွက်ချ တည်ဆောက်ခဲ့တဲ့ ရန်ကုန်မြို့နဲ့ တူတယ်လို့တော့ ကျွန်တော် ခံစားရပါတယ်။

အိမ်တအိမ်မှာရှိတဲ့ အခန်းတွေမှာ ကမ္ဘာအရပ်ရပ်က လာကြတဲ့ လူမျိုးမတူ၊ ယဉ်ကျေးမှု ခြားနားတဲ့ လူတွေ အေးအေးသက်သာ စည်းကမ်းရှိရှိ နေထိုင်နိုင်ကြတာကို အံ့သြမိပါတယ်။ ဘာအန္တရာယ်မှ မရှိ၊ ဘာပစ္စည်းမှ ပျောက်ဆုံးမှု မရှိဘဲ မေးထူး ခေါ်ပြောနေမလား၊ ရင်းရင်းနှီးနှီးနေမလား… အဲဒီလို ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေနေနိုင်တာတခုကိုတော့ လန်ဒန်မှာ ကျွန်တော် အကြိုက်ဆုံးပါပဲ။

ကျွန်တော်ဆို နှစ်နှစ်အတွင်း မြန်မာချင်း နေဖူးသလို ရုရှ၊ အီရန်၊ အီတလီ၊ တရုတ်၊ ပြင်သစ်၊ အိန္ဒိယ၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ အာဖရိက၊ အင်္ဂလန်၊ သြစတြေးလျ၊ ဟောင်ကောင်၊ ရိုမေးနီးယားစတဲ့ (ကျန်ပါသေးတယ်… တချို့ဆို ကျွန်တော် မမှတ်မိတော့ပါဘူး) အရပ်ဒေသတွေက လာကြတဲ့ သူတွေနဲ့ တအိမ်တည်းမှာ အတူနေဖူးပါတယ်။ ဒါတောင် နှစ်နှစ်အတွင်းမှာ ကျွန်တော် အိမ် နှစ်အိမ်ပဲ ပြောင်းပါတယ် (တနှစ် တအိမ်ပေါ့လေ…) ခုန ပြောတဲ့ သူတွေကတော့ အချိန်ကာလ နှစ်ပတ်ကနေ သုံးလ၊ ခြောက်လ စသဖြင့် နေကြတာပေါ့။ ကျွန်တော် ရောက်စကတော့ အလုပ်က စီစဉ်ပေးတဲ့ အဆောင်မှာ ခဏနေခဲ့ရပါသေးတယ်။

အရင်က တက္ကသိုလ်ကျောင်းသားတွေ ယောက်ျားလေး၊ မိန်းကလေး တအိမ်ထဲ အတူနေတာကို အထူးအဆန်း ဖြစ်ခဲ့တဲ့ ကျွန်တော်… အခုလို ကမ္ဘာအရပ်ရပ်ကနေ လန်ဒန်မှာ ကျောင်းလာတက်၊ အလုပ်လာလုပ်ကြတဲ့သူတွေ တအိမ်ထဲ အတူနေ၊ မီးဖိုချောင်၊ ဧည့်ခန်းနဲ့ ရေချိုးခန်း အတူသုံးကြတဲ့ လှလှပပ ပေါင်းစည်းမှုကို အလွန် သဘောကျမိပါတယ်။ ချစ်ခင်စရာကောင်းပြီး သွက်လက်ဖျတ်လတ်တဲ့ တယောက်တည်းသမားတွေဆိုရင် တအိမ်တည်း အတူနေရင်းနဲ့ကို အတွဲတွေတောင် ဖြစ်နိုင်ခွင့် ရှိပါတယ်။

ရုပ်ကလည်း ဆိုး၊ သဘောကလည်း မကောင်း၊ အပြောကလည်း ညောင်ညည့်ညည့် (ပျော့စိစိ၊ ချည့်နဲ့နဲ့) ဆိုတော့ ကျွန်တော်မတော့ တကိုယ်တည်း လာနေကြတဲ့ မိန်းမချောလေးပေါင်းများစွာနဲ့ ဆုံစည်းလိုက်ရပေမယ့်လို့ တခါမှကို မတခါရသေးပါဘူး။ ဒါပေမဲ့နော်… ကျွန်တော် လက်မလျှော့သေးပါဘူး။

အစားအသောက်ကရော နှစ်နှစ်အတွင်း ဘာတွေ စားသောက်ခဲ့သလဲ၊ ကျွန်တော်က ငယ်ငယ်ကတည်းက အရသာခံ စားတာထက်ကို များများနဲ့ မြန်မြန်စားတတ်တဲ့ သူပါ။ ဒါက အဖေ့ဆီက ရတာနဲ့ တူပါတယ်။ ငယ်ငယ်က ထမင်းစားရင် စစ်ထဲမှာ ပြေးလွှားဖူးတဲ့ အဖွားက မြန်မြန်စားခိုင်းပါတယ်၊ “ဟဲ့… စစ်ဖြစ်ရင် ပျော့တိ ပျော့ဖတ် လုပ်နေလို့ မရဘူး“တဲ့။ အဖေကလည်း သူနဲ့အတူ စားရင် သူ့အရှိန် လိုက်မီအောင် စားရတော့ ကျွန်တော့် ထမင်းစားနှုန်းက မြန်ပါတယ်။

ငံပြာရည်နဲ့ နယ်ထားတဲ့ ထမင်းတဇလုံ၊ ဟင်းရည်နှစ်ဇွန်း၊ ကြက်သားတတုံး ငါးမိနစ်အတွင်း ကုန်သွားတတ်ပါတယ်။ ဒါတောင် လက်နဲ့ ဇလုံဆေးပြီးတဲ့ အချိန်အထိပါ။ နောက်တော့ “ငါက သားသမီးတွေထဲမှာ အကြီးဆုံးပဲ…၊ လူကောင်ကလည်း ထွားတယ်၊ ကြက်သားတတုံးတည်းနဲ့ ကျေနပ်နေလို့ ဘယ်ဖြစ်မလဲ“ ဆိုပြီး တွေးမိလို့ ကျွန်တော့်ကို အကြီးဆုံးမို့ နှစ်တုံးပေးပါလို့ အဖွားကို တောင်းဆို တိုက်ပွဲဝင်ရပါတယ်။

အဖွားက ကျွန်တော့်ကို မြေးဦးမို့ အချစ်ဆုံးပါ၊ ဒါပေမဲ့ မနက်၊ ည တိုင်းထွာ ချက်ထားရတာမို့ သူက မပေးနိုင်ပါ၊ ဟင်းရည်လောက်သာ အဆစ် ပေးပါတယ်… ဒီတော့ ကျွန်တော်က ထမင်းစ စားတာနဲ့ ကြက်သားကို အရင် စားပစ်လိုက်ပါတယ်၊ နောက်တော့မှ ထမင်း၊ ဟင်းရည်နည်းနည်းနဲ့ ငံပြာရည် နယ်ထားတဲ့ တဇလုံကို ဒီအတိုင်း စားပါတယ်၊ အဖွားမြင်အောင်လည်း အဲဒီလို စားပြပါတယ်။

အဖွားက သူ ချစ်တဲ့ မြေး ထမင်းနဲ့ ဟင်းရည်နယ်ထားတာချည်း တဇလုံ စားနေတော့ ဘယ်စိတ်ကောင်းပါ့မလဲ၊ နောက်တော့ နင် တော်တော်ဆိုးတာပဲ ဆိုပြီး ကြက်သား နောက်တတုံး ထပ်ပေးပါတယ်၊ ကျွန်တော့် မျက်နှာကို မြင်ယောင်ကြည့်ပါ၊ မျက်လုံးတွေ ၀င်းလက်တောက်ပြောင်ပြီး အားပါးတရ ပျော်ရွှင်သွားတာပါ။ အဘွားကတော့ ညစာမှာ ထမင်းနဲ့ ဟင်းရည်ကိုပဲ နယ်စားလိုက်ရသလား ဆိုတာကိုတော့ အဲဒီတုန်းက ငယ်သေးတဲ့ ကျွန်တော် မသိတတ်ခဲ့ပါဘူး။

ကျွန်တော်လိုချင်တာကို ဖြစ်အောင် တောင်းဆို တိုက်ပွဲ ၀င်နိုင်ခဲ့တာကိုပဲ ကျွန်တော်က ကျေနပ်ခဲ့မိပါတယ်။ အဖွား ဒါမှမဟုတ် မိဘလုပ်သူတွေဘက်မှာလည်း ပြဿနာက အကြီးကို လိုက်လျောရင် အငယ်တွေကလည်း အလားတူ တောင်းဆိုလာနိုင်မယ်ဆိုတဲ့ အချက်ပါ၊ အဲဒါတွေကိုလည်း ကျွန်တော် မတွေးတတ်ခဲ့ပါဘူး။

တော်သေးတာက ကျွန်တော့်ညီငယ်က ငယ်ငယ်ကတည်းက အိမ်အပေါ်ကို သိတတ်ခဲ့ပြီး အစားအသောက်ဆိုလည်း သူက အမြဲ လျှော့စားပါတယ်၊ ကျွန်တော့်ဆိုလည်း အကိုကြီးမို့ဆိုပြီး ဦးစားပေးခဲ့ပါတယ်၊ နောက်တယောက်ကလည်း ညီမငယ်မို့ မိန်းကလေးဆိုတော့ အဖွားပြောဆိုတာကို အထွန့်မတက်ရဲပါဘူး။ သူကလည်း ခေါင်းကတော့ ကျွန်တော့်လိုပဲ မာတဲ့သူပါ။

အမှန်က ကျွန်တော်က ကြက်သားချည်း အရင်စားပစ်ပြီး ထမင်းနဲ့ ငံပြာရည်နယ်ကို အေးအေးဆေးဆေး စားပြတယ်ဆိုတာ ကျွန်တော်ကလည်း စားနိုင်လို့ပါ၊ ကျွန်တော် ထမင်းစားတာက အရသာခံဖို့ထက် ဗိုက်ပြည့်ဖို့ စားတာပါ၊ ကျွန်တော်က ငယ်ငယ်ကထဲက အဲဒီလို ခပ်တည်တည် ခပ်ပေါပေါ အကျင့်မျိုးတွေကို အများကြီး (ဥပမာ မွေ့ရာပေါ် မအိပ်ဘဲ ကြမ်းပြင်ပေါ် ဖျာခင်းအိပ်ခဲ့တာမျိုး) ကျင့်တတ်ခဲ့တဲ့သူပါ။

အဖွားဆီက တောင်းဆိုတာကလည်း ငါက ကြီးတဲ့သူမို့ ပိုရရမယ်လို့ ခေါင်းထဲ ဘယ်က ဘယ်လို ပေါ်လာတဲ့ စိတ်ကူးလဲတော့ မသိပါဘူး၊ အဲဒီ စိတ်ကူးကို ကျွန်တော်က လက်တွေ့ အကောင်အထည် ဖော်ခဲ့တာပါ၊ နည်းနည်းကြီးလာမှ ကျွန်တော် သိတာက ကြီးတဲ့သူက အောက်ကလူ ငယ်တဲ့သူကို ညှာရမယ် ဆိုတာကိုပါ။

ဒါမှ ခေါင်းဆောင်ကောင်း လူကြီးလူကောင်း ဖြစ်မှာကိုးဗျာ၊ ကိုယ်ကချည်း အသားချည်း စားချင်ပြီး အောက်ကလူ ငယ်တဲ့သူကို တောင်ပံရိုးလေးလောက်၊ လည်ချောင်းရိုးလေးလောက်မှ မပေးချင်တဲ့ လူကြီးတွေလည်း ရှိတယ်ဆိုတာ သိလာတော့ ကျွန်တော်လည်း ငယ်ငယ်က ကျွန်တော့် အဖြစ်ကို ပြန်စဉ်းစား မိတတ်ပါတယ်။

ကျွန်တော့် စိတ်ထားကတော့ ရှင်းပါတယ်၊ ကျွန်တော်က အရိုးကိုက်တာ ၀ါသနာ ပါပေမယ့် ကျွန်တော်လည်း အသားစားချင်တယ်၊ သူများကိုလည်း အသားပဲ စားစေချင်ပါတယ်၊ ကျွန်တော်ကိုယ်တိုင်တော့ အသားစားနိုင်အောင် လုပ်နိုင်ပါပြီ၊ သူများတွေ အသားစားနိုင်အောင်တော့ ကျွန်တော် တတ်နိုင်သလောက် ကူညီပေးနေပါတယ်၊ ဒီထက်ပိုပြီး ကူညီပေးဖို့ လိုမယ်ဆိုတာကိုလည်း အမြဲခေါင်းထဲထည့်ထားပါတယ်။

ပြောချင်တာက လန်ဒန်မှာ နေရတဲ့ နှစ်နှစ်အတွင်းမှာ အစားအသောက်ကြောင့် ကျွန်တော် စိတ်ညစ်ရတာ၊ စိတ်ဆင်းရဲရတာမျိုး မဖြစ်ခဲ့ပါဘူးလို့ ဆိုလိုတာပါ။ အိမ်နားက ကုလားဆိုင်တွေမှာပဲ စားရမလား၊ ကြက်ကြော် အာလူးကြော် ဟမ်ဘာဂါ စားမလား၊ ရောက်စကလို နွားနို့တွေ လီတာလိုက်သောက်ပြီး ပေါင်မုန့် အထုပ်လိုက် ၀ယ်၊ ကြက်ဥ အကတ်လိုက် ၀ယ်… စားမလား၊ တရုတ်တန်းမှာ သွားစားမလား၊ ထိုင်းဆိုင်မှာ စားမလား။

တခါ ရုံးက အမတွေ အကိုတွေ ဦးဦး ဒေါ်ဒေါ်တွေ ချက်ပြုတ်လာတာကို ကပ်စားမလား၊ ရုံးမှာ ဖွင့်ထားပေးတဲ့ စားသောက်ဆိုင်ကနေ ၀ယ်စားမလား၊ အိမ်က တရုတ်မ တခါတခါ ခေါ်ကျွေးတာကို စားမလား (သူကလည်း တယောက်တည်းဆိုတော့ တခါတခါ ချက်စားပါတယ်၊ ချက်စားတိုင်းလည်း မင်း မစားရသေးရင် စားပါဆိုပြီး ကျွေးပါတယ်၊ ကျွန်တော်ကလည်း အင်း… မစားရသေးဘူးဆိုပြီး အမြဲလိုလို စားပါတယ်) စတိုးဆိုင်တွေမှာ အသင့်ချက်ပြုတ် ရောင်းချတာတွေ စားမလား၊ ကျွန်တော် ကြိုက်တာ ကြိုက်သလို စားနိုင်ပါတယ်။ အစားအသောက်က လုံးဝ ပြဿနာ မရှိခဲ့ပါဘူး။

အနေ အစားပြီးတော့ အလုပ်…၊ အလုပ်ကတော့ ကျွန်တော် လုပ်ချင်တဲ့အလုပ် လုပ်ရတာမို့ အထူးပြောစရာ မရှိပါဘူး။ အလုပ်လုပ်တဲ့နေ့တိုင်း ဖိအားတွေနဲ့ ဆုံးဖြတ်စရာတွေကို မဖြစ်မနေ ရင်ဆိုင် ဖြတ်သန်း လုပ်ကိုင်ရတာက လွဲလို့ အမြဲ အဆင်ပြေနေခဲ့တာပါပဲ။ နှစ်နှစ်အတွင်း လုပ်တာကိုင်တာ အရည်အသွေးကတော့ နည်းနည်း နည်းနည်း တက်လာတယ်လို့ ကိုယ့်ဘာသာ အကောင်းမြင် တွေးမိပါတယ်။ သင်ယူစရာတွေ၊ ဖြတ်သန်းစရာတွေကလည်း သင့်သလောက်တော့ ကျန်ပါသေးတယ်။ နောက်တခု ပြောစရာက ဟိုးအရင် အဝေးက နားထောင်ရင်း လေးစား အားကျခဲ့ရတဲ့ စတား ပရီစင်တာတွေနဲ့အတူ ကျွန်တော် အခု လက်တွေ့ လုပ်ကိုင်နေရပြီ မဟုတ်လားဗျာ။

အနားယူတာကော… လန်ဒန်မှာတော့ တပတ်ကို နှစ်ရက် ကျွန်တော် နားပါတယ်၊ ရောက်စက ရုပ်ရှင်ရုံတွေမှာ အချိန်ကုန်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကိုယ့်အခန်းလေးထဲမှာပဲ စာရေး၊ စာဖတ်၊ ရုပ်ရှင်ကြည့်၊ သတင်းကြည့်နဲ့ အချိန်ကုန်ပါတယ်။ တနှစ်ကို တလရတဲ့ အားလပ်ရက်မှာ ဥရောပဘက် သွားခဲ့ပါတယ်၊ ယူကေထဲမှာလည်း ကိုယ် မရောက်ဖူးသေးတဲ့ လန်ဒန် အပြင်ဘက် မြို့ရွာတွေကို သွားပါတယ်၊ အမေ့ရှိတဲ့ ရန်ကုန်ကို တခေါက်ပြန်ပါတယ်။

နှစ်နှစ်စခန်းဟာ ကျွန်တော့်အတွက်တော့ လန်းလန်းဆန်းဆန်း ရှိနေဆဲပါ၊ ဟုတ်ကဲ့… ကျွန်တော် နေကောင်းပါတယ်၊ စိတ်လည်း ကောင်းပါတယ်။

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၄ ရက်။
မွန်းလွဲ ၂ နာရီ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ၂၀၁၁ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့မှာ အသက် ၆၆ နှစ် ပြည့်ပါတယ်။ နှစ်စုံကျတာကတော့ ထူးခြားတာပေါ့။ ဗြိတိန်မှာဆိုရင် အခု ပင်စင်ယူတဲ့ အသက်က ယောက်ျား/မိန်းမ ၆၅ နှစ် ဖြစ်သွားပြီ (၆၆ နှစ်ကို တိုးဖို့ လုပ်နေပါတယ်) ဆိုတော့ ယူကေမှာလည်း နေဖူးတဲ့ ဒေါ်စု တယောက် ပင်စင်ယူမယ်ဆိုရင် ယူလို့ ရတဲ့ အသက် ဖြစ်နေပါပြီ။ ဒါပေမဲ့ မယူနိုင်သေးဘူး၊ မြန်မာ့ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေရတုန်း ဖြစ်ပါတယ်။

မြန်မာပြည်မှာ တောနယ်ဘက်မှာ အသက် ၄၀ လောက်ကို အဖွားကြီး၊ အမယ်ကြီးလို့ ခေါ်တဲ့ တခေတ်ရှိခဲ့ပါတယ်။ ဗြိတိသျှကိုနီလိုခေတ်လောက်ကပေါ့၊ အဲဒီအသက်နဲ့ တွက်မယ်ဆိုရင်တော့ ဒေါ်စုဟာ အတော် အသက်ကြီးနေပါပြီ။ နားနားနေနေ အေးအေးချမ်းချမ်း နေရမယ့် အရွယ်ဖြစ်နေပါပြီ။ မြန်မာအမျိုးသမီးကြီးတွေ သားသမီးတွေ အထောက်အပံ့ ကောင်းကောင်းနဲ့ ပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာ နေနေတာတွေ တွေ့နေမြင်နေရတော့ ဒေါ်စုကို ပိုလို့တောင် နေစေချင်ပါသေးတယ်။

ဒါပေမဲ့ ဒေါ်စုမှာ မနေနိုင်အားဘူး၊ ပြည်သူတွေရဲ့ မျှော်လင့်ချက်၊ တိုင်းပြည်ရဲ့ အားထားရာ၊ တိုင်းရင်းသားတွေရဲ့ ယုံကြည်ကိုးစားရာ ဖြစ်လေတော့ သူတယောက်တည်း မားမားမတ်မတ် ရှေ့ကထွက် ရပ်နေရတယ်။ သူ့ကို ခဏ ဖယ်ကြည့်လိုက်လည်း ဒေါ်စုလောက် စွမ်းဆောင်နိုင်မယ့်သူတော့ မမြင်မိပါဘူး။

တကယ်တော့ အခုလက်ရှိ သမ္မတ ဦးသိန်းစိန်ဟာလည်း ၁၉၄၅ ခုနှစ်ဖွား (source: wikipedia) ဖြစ်လေတော့ ဒေါ်စုနဲ့ အသက်တူ ၆၆ နှစ်ပါပဲ။ သမ္မတက ဧပြီ ၂၀ မွေးတာဆိုတော့ နှစ်လပဲ အသက်ကြီးပါတယ်။ တယောက်က သမ္မတဖြစ်နေပြီး တယောက်က အတိုက်အခံခေါင်းဆောင် ဖြစ်နေရတယ်။ ဒီဘက် အနောက်နိုင်ငံက ဗြိတိန်တို့၊ အမေရိကတို့က အသက်ငယ်ငယ် ထက်ထက်မြက်မြက် ခေါင်းဆောင်တွေနဲ့ ယှဉ်မယ်ဆိုရင်တော့ မြန်မာခေါင်းဆောင်တွေက မျိုးဆက်တဆက်လောက် အသက်ကြီးတဲ့ ခေါင်းဆောင်တွေ ဖြစ်နေပါပြီ။

ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့တဲ့ ခုနစ်လက အကျယ်ချုပ်ကနေ လွတ်မြောက်လာတော့ ကမ္ဘာ့ပါဝါအာဏာအကြီးဆုံး သမ္မတဖြစ်တဲ့ အမေရိကန်သမ္မတ အိုဘားမားက ဒေါ်စုဟာ သူ့ရဲ့ သူရဲကောင်းတယောက်ဖြစ်ပြီး ကမ္ဘာနဲ့မြန်မာပြည်က လူ့အခွင့်အရေး လှုပ်ရှားမှုတွေအတွက် တွန်းအားပေးတဲ့ အဓိက အင်အားကြီး ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

မြန်မာပြည်က အရင် စစ်အစိုးရ အဆက်ဆက် ခေါင်းဆောင်တွေကိုရော လက်ရှိသမ္မတကိုပါ ဘယ် အမေရိကန် သမ္မတကမှ သူတို့ရဲ့ သူရဲကောင်းပါလို့ မပြောတဲ့အပြင် အမြဲလိုလို ပြစ်တင် ပြောကြားခဲ့တာကိုပဲ ကြားခဲ့ရပါတယ်။ ဒါဆို ဒေါ်စုဟာ ဘယ်လိုလူမျိုးလဲ…။

အမေကို ချစ်တဲ့ သားလိမ္မာတယောက်လို့ ခံယူထားတဲ့ ကျွန်တော့်အနေနဲ့ ပွင့်ပွင့်လင်းလင်း တခွန်းပဲ ပြောရမယ်ဆိုရင်တော့ ဒေါ်စုဟာ အမေ့ထက်တော်တဲ့ အမျိုးသမီးကြီးပါပဲ။ ကျွန်တော်က ကျွန်တော့်အမေဟာ အင်မတန်တော်တဲ့ ထက်တဲ့ တခြား ဘယ်သူနဲ့မှ မနှိုင်းသာတဲ့ အမျိုးသမီးတယောက်လို့ တလျှောက်လုံး သတ်မှတ်ထားခဲ့ပေမယ့် ဒေါ်စုနဲ့ ယှဉ်လိုက်ရင်တော့ ဒေါ်စုက အဆများစွာ သာလွန်ထက်မြက်နေတာကိုတော့ ၀န်ခံရမှာပါပဲ။

နောက်တခုကလည်း အမေဟာ ၁၉၅၀ ဖွားဖြစ်ပြီး ဒေါ်စုအောက် ငါးနှစ်လောက် ငယ်ပါတယ်၊ ဒါ့အပြင် ရှေ့နေအလုပ်ကလည်း မလုပ်သလောက် နားနေပြီး ဘုရား၊ တရားဘက် အချိန်ပိုပေးလို့ သားနဲ့ သမီးနဲ့ မြေးနဲ့ ဘ၀ရဲ့ ကျန်တဲ့ လက်ကျန် အချိန်တွေကို တတ်အားသလောက် တန်ဖိုးရှိစွာနဲ့ အသုံးချနေချိန်မှာ ဒေါ်စုကတော့ မြန်မာ့ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတွေ တိုးတက်ရဖို့အတွက် အချိန်ပြည့် အာရုံသွင်းလို့ ကြိုးပမ်းလုပ်ကိုင်နေရပါတယ်။

တတိုင်းပြည်လုံး၊ ပြည်သူအားလုံးအတွက် ဒေါ်စုဟာ သူ့ဘ၀ကို ရင်းနှီးမြှုပ်နှံထားရပါတယ်။ အားလုံးရဲ့ ချစ်ခင်မှု၊ လေးစားမှု၊ တန်ဖိုးထားမှု၊ ယုံကြည်မှုတွေကို ရရှိထားသူဟာ ဒီလူတွေရဲ့ ကိုးစားမှုတွေအတွက် အပြည့်အ၀ မဟုတ်သေးတောင် သူ နိုင်သလောက် ဖြည့်စွမ်းပေးနေတာ ဘယ်လောက် ပင်ပန်းနေမလဲဆိုတာကို တနေ့ ၁၀ နာရီလောက် အလုပ်လုပ်ရတာကိုပဲ အတော် ပင်ပန်းလှပြီလို့ ထင်နေတဲ့ ကျွန်တော် ကောင်းကောင်း သဘောပေါက်ပါတယ်။

ဒေါ်စုကို ထောက်ခံအားပေး ချစ်ခင်သူက အများစု ဆိုပေမယ့် သူ့ကို အမနာပ ပြောမယ့်သူ၊ မကြိုက်မယ့်သူတွေလည်း ရှိနိုင်ပါတယ်။ ကျွန်တော်တို့ အားလုံး ရိုသေ လေးစား ကိုးကွယ်ကြတဲ့ ဗုဒ္ဓမြတ်စွာတောင်မှ ဘုရားဖြစ်ပြီးကာမှ လုပ်ကြံခံရတာ၊ အမနာပ ပြောဆို စွပ်စွဲတာ အမျိုးမျိုး ခံခဲ့ရသေးတာ၊ ပုထုဇဉ် ခေါင်းဆောင် တယောက်ဖြစ်တဲ့ ဒေါ်စုလည်း အနည်းနဲ့ အများတော့ လုပ်ကြံဖို့ ကြိုးစားတဲ့သူ၊ အပုပ်ချ ပြောဆိုသူတွေ ရှိခဲ့တာ၊ ရှိနေမှာ မဆန်းပါဘူး။

အထူးသဖြင့် အရည်အချင်းရော (လုပ်ယူလို့ရ) ပြည်သူရဲ့ လှိုက်လှိုက်လှဲလှဲ ချစ်ခင်မှု (လုပ်ယူဖို့မရ) ပါ စသဖြင့် အဘက်ဘက်က ဘယ်လိုမှ မယှဉ်နိုင်တဲ့အခါ ဒါမျိုးတွေ ဖြစ်တာ မထူးဆန်းဘူးလို့ ကျွန်တော်တော့ ယုံကြည်ပါတယ်။ ဒေါ်စုကို ထောက်ခံတဲ့ အထဲမှာ တောနေပြည်သူချည်းသက်သက် မဟုတ်ပါဘူး၊ တကယ့်ကို ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိပညာ၊ အတတ်ပညာနဲ့ ပြည့်စုံသူတွေ အများကြီးပါတယ် ဆိုတာကို အထူးအထွေ ပြောနေစရာ မလိုပါဘူး။

တခါက ဒေါ်စုရဲ့ ခင်ပွန်းဖြစ်သူ (ကွယ်လွန်)က လာလို့မရလို့ လှမ်းပို့ပေးတဲ့ အတွင်းခံက အစ၊ ချောကလက်အဆုံး စာရင်းအတိအကျနဲ့ သတင်းစာထဲ ဖော်ပြလို့ သတင်းမဟုတ်တဲ့ အတင်းတွေ ရေးထည့်တာကို ချာတိတ်တယောက်ဖြစ်တဲ့ ကျွန်တော့်အနေနဲ့ အတော် စိတ်ပျက်ခဲ့ဖူးပါတယ်။ မြန်မာပြည်မှာ မိန်းမတယောက်ကို သေနတ်တွေ ခါးကြားထိုးထားတဲ့ ယောက်ျားကြီးတွေက ကြောက်နေရတာတော့ အင်မတန်မှ ရှက်ဖို့ ကောင်းပါတယ်လို့ပဲ တွေးခဲ့ဖူးပါတယ်။

အဲဒီယောက်ျားကြီးတွေနဲ့ သူတို့ကို ထောက်ခံသူတွေကပဲ ပြောကြတာက ဒေါ်စုဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးမို့လို့ ဒီလိုနေရာ ရတာပါလို့ ပြောကြပါသေးတယ်။ နိုင်ငံ့ခေါင်းဆောင်၊ တိုင်းပြည်ခေါင်းဆောင်၊ တိုင်းပြည်တည်ထောင်သူတွေရဲ့ သားသမီးတိုင်း ဒီလိုနေရာ မရကြပါဘူး။ ရတယ်ဆိုရင်လည်း ဘာမှ ကန့်ကွက်စရာ မရှိပါဘူး။ အဖေက ကောင်းတာမွန်တာတွေ လုပ်ခဲ့လို့ သူ့သား/သမီးကလည်း တိုင်းပြည်အတွက် ကောင်းတာမွန်တာတွေ လုပ်မှာပဲလို့ တိုင်းပြည်နဲ့ ပြည်သူတွေက ကိုးစား ယုံကြည်လို့ နေရာရတာ ဖြစ်ပါတယ်။

စင်ကာပူမှာ၊ အင်ဒိုနီးရှားမှာ၊ ဖိလစ်ပိုင်မှာ၊ အိန္ဒိယမှာ၊ ထိုင်းမှာ ဒီလိုပဲ နေရာရကြတာပါပဲ။ ဒါပေမဲ့ သူတို့ကိုယ်၌ကလည်း ရိုးသားတာ၊ ထက်မြက်တာ၊ လေ့ကျင့်ထားတာ စသဖြင့် တခုခုကြောင့်သာ နေရာ ရလာတာပါ။ ဒီလို တိုင်းပြည်အတွက် တကယ် ကြိုးကြိုးစားစား ရိုးရိုးသားသား လုပ်ကိုင်ဆောင်ရွက်မှာကို ဘယ်ပြည်သူကမှ မကြိုက်ဘဲ နေမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ခေတ်ပြိုင် ထင်ရှားကျော်ကြားတဲ့ နိုင်ငံရေးသမားကြီးတွေ၊ တိုင်းပြည်ခေါင်းဆောင်တွေ အများကြီးလည်း ရှိပါတယ်။ သူတို့တွေရဲ့ သားသမီးတွေကျတော့ ဒေါ်စုလို ဘာကြောင့် ပြည်သူတွေက အူလှိုက်သည်းလှိုက် မချစ်တာပါလဲလို့ မေးစရာ ရှိပါတယ်။ အဲဒီအဖြေက ဒီနေ့ ဒေါ်စု ဘာကြောင့် ဒီနေရာ ရနေသလဲဆိုတဲ့ ကိစ္စကို အများကြီး အထောက်အပံ့ ဖြစ်စေမှာပဲလို့ ယူဆပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည်အတွက် ကြိုးပမ်းဆောင်ရွက်ရင်း ငယ်ငယ်ရွယ်ရွယ်နဲ့ မသမာသူတွေကြောင့် ကျဆုံးသွားတယ်။ ဒေါ်စုဟာ အသက် နှစ်နှစ်ပဲ ရှိသေးတယ်။ အဖမဲ့ဘ၀နဲ့ မိခင်ရဲ့ အုပ်ထိန်းမှုနဲ့ ကိုယ့်ကိုယ်ကိုယ် ပျိုးထောင် ကြိုးစား သင်ယူလာခဲ့တဲ့ ကိုယ့်ဒူးကိုယ်ချွန် မြန်မာအမျိုးသမီးတဦး ဖြစ်တယ်လို့ ကျွန်တော် ထင်တယ်။ လက်ရှိ တိုင်းပြည်က အစိုးရအကြီးအကဲတွေရဲ့ သားသမီးတချို့ မိဘတွေရဲ့ အရှိန်အ၀ါနဲ့ ထင်သလို လုပ်နေစားနေ ချမ်းသာနေသလိုမျိုး ဒေါ်စုမှာ မဖြတ်သန်းခဲ့ရပါဘူး။

နိုင်ငံတကာသတင်းတွေမှာ သူများတိုင်းပြည်က ခေါင်းဆောင်တွေ အားကြိုးမာန်တက်နဲ့ ပြောဟယ်ဆိုဟယ် လုပ်ဟယ်ကိုင်ဟယ်ဆိုရင် ကျွန်တော့်တိုင်းပြည်က ခေါင်းဆောင်ကိုလည်း အဲဒီလို ဖြစ်စေချင်တာပါပဲ။ အဲဒီလိုခေါင်းဆောင်မျိုးလည်း ရှိနေပါရက်လို့… အမြဲတမ်း စဉ်းစားမိတိုင်းလည်း အလိုမကျမှုတွေ ဖြစ်ရပါတယ်။

မြန်မာလူငယ်၊ လူလတ်တွေဟာ ကိုယ်ကိုယ်တိုင် တိုးတက်ဖို့၊ မိသားစုပြည့်စုံဖို့၊ တိုင်းပြည်ချမ်းသာဖို့ တဖက်တလမ်းကနေ စွမ်းအားရှိသလောက် ရုန်းကန် ကြိုးစားနေရမယ့်အစား တခုခုကို အမြဲလိုလို စိုးရိမ်ထိတ်လန့်နေရပြီး မပြောရဲမဆိုရဲ၊ ကိုယ့်အခွင့်အရေး ကိုယ်မတောင်းဆိုရဲတဲ့ ဘ၀တွေမှာ နှစ်ပေါင်းများစွာ နေနေရတော့ ကျွန်တော် ၀မ်းနည်းမိတာ အမှန်ပါပဲ။

အထူးသဖြင့် ကျွန်တော်တို့ထက် အဆများစွာ ပညာတွေ၊ အတွေ့အကြုံတွေ ကုံလုံပြည့်ဝနေသူတွေတောင် မင်းလိုလိုက် မင်းကြိုက်ခစား နေရသလို ပဒေသရာဇ်ခေတ် ပုံစံတွေနဲ့ နေထိုင်နေကြရတော့ အဲဒီ ကုန်ဆုံးသွားတဲ့ အချိန်တွေ၊ ပညာတွေအတွက် အလွန်ပဲ နှမျောလှပါတယ်။ ဒါတွေဟာ ဘယ်လိုမှ အစားထိုး ပြန်ရဖို့ မလွယ်တော့ပါဘူး။

တိုင်းပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ တိုးတက်ရဖို့ဆိုတာ နေရာတကာ တပ်ပုံစံ အမိန့်နဲ့ လေ့ကျင့်ယူလို့ ရတာ မဟုတ်ပါဘူး။ တိုင်းပြည် ငြိမ်းချမ်းဖို့ ဆိုတာလည်း တိုင်းပြည်ဘဏ္ဍာတွေ နင်းကန်သုံးနေတဲ့ စစ်တပ်ရှိမှ မဟုတ်ပါဘူး။ ဒီလို အခွင့်အရေးတွေ ရဖို့ဆိုတာ တိုင်းပြည်ကို လူမှန်နေရာမှန် အုပ်ချုပ်တဲ့၊ အားလုံးအတွက် သင့်တော်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ ပြည်သူတွေ (အုပ်ချုပ်ခံတွေ) ကို စည်းရုံးနိုင်မယ့် အစွမ်းအစရှိတဲ့ ခေါင်းဆောင်မျိုးတွေ ရှိဖို့ပဲ လိုတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

မြန်မာပြည်မှာ အမျိုးသမီးအခွင့်အရေး(ကျား/မ တန်းတူ အခွင့်အရေး) အပြည့်အ၀ ရှိတယ်ဆိုရင် သူတို့ကို အ၀တ်အစား စိတ်ကြိုက်ဝတ်ခွင့်ပြုရုံ၊ မိန်းမစကားကို နားထောင်တဲ့ အမျိုးသား (ယောက်ျား) ခေါင်းဆောင်တွေကို ဥပမာပေးရုံနှင့် မလုံလောက်ပါဘူး။ အဲဒီ အမျိုးသမီးမှာ နိုင်ငံ့ခေါင်းဆောင် ဖြစ်ထိုက်တဲ့ အရည်အချင်း ရှိနေတယ်ဆိုရင် အခွင့်အရေးပေးနိုင်တဲ့ တကယ့်ယောက်ျားတို့ စိတ်နေသဘောထားမျိုး ရှိရမယ်လို့ ကျွန်တော် နားလည်ပါတယ်။

ကဲ… မြန်မာပြည်မှာ နိုင်ငံတကာအဆင့်မီ စံပြုထိုက်တဲ့ တန်းဝင်ခေါင်းဆောင်မျိုး မြန်မာအမျိုးသမီးတယောက်ကို ရွေးထုတ်ပါလို့ဆိုရင်… ပြောကြည့်ကြပါဦး။

ကျွန်တော်ကတော့ တယောက်ပဲ မြင်ပါတယ်။

ကျွန်တော့် အမေထက်တော်တဲ့ ထက်မြက်တဲ့ စည်းရုံးရေးစွမ်းရည်ပြည့်ဝတဲ့ လူထုရဲ့ လှိုက်လှိုက်လှဲလှဲ ချစ်ခင်မှုကို ရထားတဲ့ ဒီကနေ့ အသက် ၆၆ နှစ် ပြည့်ပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ နှစ်ယောက်မရှိနိုင်တဲ့သူပါ။

၂၀၁၁ ခုနှစ်၊ ဇွန်လ ၁၉ ရက်။

အမေက စည်းကမ်းကြီးသူ တယောက် ဖြစ်ပါတယ်။ ပိုက်ဆံရှိပေမယ့်လည်း သားသမီး သုံးယောက်စလုံးကို တော်တော့ကို တင်းတင်းကျပ်ကျပ် အုပ်ချုပ်ပါတယ်။ ကျောင်းစာကို တော်အောင် ကြိုးစားစေပြီး၊ တခြား အပျော်အပါးတွေနဲ့ အချိန်ကုန်မှာကို မလိုလားခဲ့ပါဘူး။ အပျိုပေါက် လူပျိုပေါက်ဖြစ်မှ ရုပ်သံစက် ၀ယ်ပေး ပါတယ်။

ငယ်ငယ်ကတော့ သူများအိမ်က ရုပ်သံစက်ကို အိမ်တံခါး အပြင်ဘက်ကနေ သွားသွားမော့ ကြည့်ကြရပါတယ်၊ အိမ်ရှင်တွေက တခါတခါ စိတ်ကောင်းဝင်တဲ့ အချိန်မျိုးမှာ တံခါးလေး ဖွင့်ပေးတတ်လို့ အဲဒါအခါဆိုရင် ကျေးဇူးတင်နဲ့ မျက်နှာလေးနဲ့ ခပ်ရို့ရို့ ထိုင်ကြည့်ကြရတယ်။

ကျွန်တော်က ရုပ်ရှင် အလွန်ကြိုက်တဲ့သူမို့ အဲဒီလိုပဲ ဖြစ်သလို ရပ်ကြည့်လိုက်၊ ကပ်ကြည့်လိုက်လုပ်ရင်း အမေ့နှယ်… ချမ်းသာပြီးတော့ ရုပ်သံစက်လေး တလုံးတောင် ၀ယ်မပေးဘူး၊ သားသမီးတွေကို တော်တော် ရက်စက်တာပဲလို့ တွေးခဲ့ဖူးတယ်။ စိတ်မကောင်းလည်း ဖြစ်ရတယ်။ ဒါပေမဲ့ ခဏပါပဲ၊ ရုပ်ရှင် ဇာတ်လမ်းထဲ မျောသွားခဲ့ပြီး မျက်ရည်လေး စမ်းလို့ ခိုးသုတ်ရင်း ပြန်ခဲ့ရတာချည်းပါပဲ။

ရုပ်ရှင်ကြည့်လိုက်တိုင်းလည်း ကိုယ်က မင်းသားချည်း ဖြစ်ဖြစ်သွားတာကိုးဗျာ၊ ငါ့နှယ်… ယောက်ျားဖြစ်ပြီး မျက်ရည်တွေ ဘောက်မဲ့ ကျသတုံးလို့ ကိုယ့်ဘာသာ စိတ်ဆိုးရင်းလည်း ကြည့်တိုင်း ကျခဲ့တာ များပါတယ်။ မင်းသားတွေကလည်း အကောင်းတွေကိုးဗျာ၊ ကောလိပ်ဂျင်နေ၀င်းတို့၊ ညွန့်ဝင်းတို့၊ ကျော်ဟိန်းတို့ဆိုတာ ဇာတ်ကောင်စရိုက် အတော်ပိုင်နိုင်ပေသကိုး…။

အဲ… တော်ပါသေးရဲ့ လူပျိုပေါက်ကာလမှာ သူများအိမ်တံခါးနား ကြိုက်မှန်းမသိ မကြိုက်မှန်းမသိ သွားသွားရပ်ပြီး ကြည့်ရတဲ့ ဘ၀က လွတ်ထွက်သွားခဲ့လို့…၊
ထိုစဉ်တုန်းကတော့ သူများတွေရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တို့ Privacy တို့ ဆိုတာမျိုးလည်း နားမလည်သေးခဲ့တာကိုးဗျာ။

နောက်ပိုင်းတော့ အမေက သူ့ဆုံးဖြတ်ချက်ကို ပြင်ပြီး ရုပ်သံစက်တလုံး ၀ယ်ပေးခဲ့ပါတယ်၊ အမေ့ အမှုသည်တယောက် အဆက်နဲ့ ၀ယ်ပေးခဲ့တာပါ။ အမေ့ မူလ ဆုံးဖြတ်ထားချက်က သားသမီးသုံးယောက်စလုံး ၁၀ တန်း အောင်ပြီးမှ ၀ယ်ပေးမယ်ဆိုတာပါ။

နောက်တော့ သူ့အမေ ကျွန်တော့်အဖွားက ပြောလွန်းမက ပြောပြီး (ကိုယ်က အဖွားကို တောက်လျှောက် ကြပ်ပေးနေတာကိုးဗျာ) ရုပ်သံစက်ကလေး ကြည့်ရရင် သေပျော်ပါပြီ သမီးရယ် (အကယ်ဒမီလျှော့) လုပ်လိုက်တော့ အမေ့ခမျာ သူ့အမေ ရုပ်သံစက် မကြည့်လိုက်ရဘဲ သေသွားရင် သူ့အပြစ် ဖြစ်မှာစိုးလို့ ထင်ပါရဲ့ မူလဆုံးဖြတ်ချက်ကို ပြင်ပြီး ရုပ်သံစက်တလုံး စ၀ယ်ပေးလာပါတယ်။

ဆက်ရရင် ရုပ်သံစက် အပိုင်ရတော့ မနေတတ် မထိုင်တတ်အောင် ပျော်တာပေါ့ဗျာ၊ ကြည့်မ၀နိုင်ဘူးပဲ၊ ပထမဆုံး ၀ယ်ပေးတာက Hitachi ဆိုတဲ့ ဂျပန်ကထုတ်တဲ့ တီဗီ အနီရောင်လေး၊ အသစ် မဟုတ်ဘူး၊ သူများ သုံးပြီးသားကြီးပါ။ ဂျပန်က ထုတ်တဲ့စက်ဆိုတော့ သုံးစွဲတဲ့ လျှပ်စစ် ယူနစ်က မတူတော့ အတုံးတတုံးက ခံရသေးတယ်။

မူလ ဗို့အား ၁၁၀ ကနေ မြန်မာနိုင်ငံမှာ သုံးတဲ့ ဗို့အား ၂၂၀ ထွက်အောင် လုပ်တဲ့ စနစ်သုံးရင်း ခဏနေတော့ မီးအား မမှန်တာနဲ့ ကျွန်တော်တို့ ကောင်းကောင်း မကိုင်တတ်တာနဲ့ တီဗီက ရက်ပိုင်းပဲ ခံပြီး ကြွတော့တာပါပဲ။ နောက်တော့ မထူးပါဘူးဆိုပြီး အမေက Toshiba လက်မ ၂၀ အသစ်စက်စက်တလုံး ၀ယ်ပေးတယ်။ မှတ်မိသေးတယ်၊ မဟာဗန္ဓုလပန်းခြံလမ်းနဲ့ ကုန်သည်လမ်းထောင့်က Toshiba Center ကနေကို အမေက ၀ယ်ချလာတာ၊ အဲဒီတုန်းကတော့ တော်တော် ဈေးကြီးပါလိမ့်မယ်။

တီဗီရပြီးနောက်မှာတော့ နှစ်သစ်ကူးညတွေမှာ ပြတတ်တဲ့ မြန်မာ့ရုပ်သံကလာတဲ့ အထူးအစီအစဉ်တွေကို မတ်မတ်စက်စက် ကြည့်ရင်းနဲ့ပဲ နှစ်သစ်လွန်မြောက်ခဲ့ ရတာပါပဲ။ တနှစ်တနှစ် အဲဒါလေးကြည့်ဖို့ကိုပဲ စောင့်နေခဲ့ရတာပါ။ အမေကလည်း လူပျိုပေါက်သားတွေ ညဘက်အပြင်ထွက်မှာကို မလိုလားခဲ့ပါဘူး။

ကျွန်တော် ကောလိပ်ပြီးလို့ အလုပ်ဝင်တော့မှ ပထမဆုံး နှစ်သစ်ကူးညမှာ ဘ၀ရဲ့ ပထမဆုံး အိမ်ပြင်ပ နှစ်သစ်ကူးပွဲ ဆင်နွှဲခဲ့ရပါတယ်။ အလုပ်ကလည်း အယ်ဒီတာ အလုပ်ဆိုတော့ ညအိပ်ညနေ အလုပ်တွေ စလုပ်နေရပါပြီ။ အမေကတော့ သားကြီးကို အိမ်ပြင်ပမှာ ညအိပ်ညနေ မရှိစေချင်ပေမယ့် အလုပ်ဆိုတော့လည်း ဘာမှ မပြောသာခဲ့ပါဘူး။

အဲဒီအချိန် ကျွန်တော့်အသက်က ၂၃ နှစ် ဖြစ်နေပါပြီ။ ပုံမှန်ဆို အသက် ၂၀ မတိုင်ခင်မှာ ကောလိပ်ပြီးရမှာ ဖြစ်ပေမယ့် တနိုင်ငံလုံး အုံကြွပြီး မဆလ အစိုးရကို ဖြုတ်ချတော်လှန်ခဲ့တဲ့ ၈၈၈၈ အရေးအခင်းကြီးနဲ့တခါ၊ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုနဲ့တခါ နှစ်ခါတိတိကြုံခဲ့ရပြီး ကျောင်းတွေ၊ ကောလိပ်တွေလည်း ပိတ်ခဲ့တာမို့ ကောလိပ်ပြီးချိန်လည်း နောက်ကျခဲ့ရပါတယ်။

ဒါကြောင့် အခုခေတ် လူငယ်တွေနဲ့ ယှဉ်ရင်တော့ အတွေ့အကြုံ နည်းခဲ့ပါတယ်၊ အခုခေတ် လူငယ်တွေက အသက် ၂၀ မတိုင်ခင်မှာလည်း ကောလိပ်ပြီးသလို အသက်ငယ်ငယ်နဲ့လည်း မဟာဘွဲ့တွေ၊ ဒေါက်တာဘွဲ့တွေ ရနိုင်ကြပါတယ်။ တခါ အခုခေတ် လူငယ်တွေခမျာ ၁၀ တန်းအောင်ပြီးချိန်ကတည်းက မိဘကူလို့ အလုပ်ဝင်နေကြ ရပြီမို့လည်း ဘ၀အတွေ့အကြုံက ကျွန်တော်တို့ထက် ပိုလို့ စုံလင်လာတာကို သတိပြုမိပါတယ်။

ပထမဆုံး အိမ်ပြင်ပ နှစ်သစ်ကူးကြိုညကလည်း အမှတ်ရစရာပါ၊ ဘာဖြစ်လို့လဲဆိုတော့ ရာစုသစ် အကူးအပြောင်းလဲ ဖြစ်နေတာမို့ပါ။ ၁၉၉၉ ကနေ ၂၀၀၀ ပြည့်နှစ်ကို ပြောင်းမှာမို့ ရာစုနှစ် အကူးအပြောင်းညလို့ ပြောတာပါ။ ရာစုသစ်တခု အပြောင်းအလဲကို နှစ် ၁၀၀ တိတိ စောင့်ရမယ် မဟုတ်လားဗျာ။

အဲဒီမတိုင်ခင်မှာလည်း ပြဿနာတွေ အမျိုးမျိုး၊ သတင်းတွေ အမျိုးမျိုး၊ ခန့်မှန်းထားချက်တွေ အမျိုးမျိုး ထွက်လာပါသေးတယ်။ ကိုယ်တိုင်လည်း ဘာသာပြန် သတင်းတွေ ရေးထားခဲ့ရတာမို့ သိနေခဲ့တာပါ။ အဆိုးဝါးဆုံး စိုးရိမ်မှုကတော့ ကွန်ပျူတာတွေရဲ့ ရက်စွဲတွေ ဘယ်လို ပြောင်းလဲသွားနိုင်မလဲ ဆိုတဲ့ စိုးရိမ်မှုပါ။

ဘယ်လောက်အထိ စိုးရိမ်ခဲ့ကြသလဲဆိုရင် ကွန်ပျူတာနဲ့ ထိန်းချုပ်ထားတဲ့ နျူကလီယားလက်နက်တွေ ပစ်ခတ်လိုက်မိသလို ဖြစ်သွားနိုင်တယ်ဆိုတဲ့ အထိ စိုးရိမ်ခဲ့ပါတယ်။ နောက်တခုက ကွန်ပျူတာတွေများ အကုန်ပျက်သွားနိုင်မလား၊ ရက်စွဲတွေ မှားကုန်ပြီး ဘဏ်တွေ အပါအ၀ငှ်ုကွန်ပျူတာနဲ့ လုပ်ငန်း လုပ်ဆောင် နေကြသူတွေ အကုန်လုံး အရှုံးတွေ ပေါ်ကုန်မလား၊ ဟက်ကာတွေ ၀င်နှောက်ပြီး လုပ်ချင်တာတွေ လုပ်သွားမလား ဆိုပြီး အမျိုးမျိုး စိုးရိမ်ခဲ့ကြပါတယ်။

တခါ ရာစုသစ် အကူးအပြောင်း ဟုတ်၊ မဟုတ်ဆိုတာနဲ့ ပတ်သက်ပြီးလည်း ကမ္ဘာ့ပညာရှင်၊ မြန်မာ့ပညာရှင်တွေကြားမှာ အငြင်းပွားမှုတွေလည်း ရှိခဲ့ပြန်ပါတယ်။ ပညာရှင်တချို့က ရာစုသစ် အပြောင်းအလဲ အမှန်ဟာ ၁၉၉၉ ကနေ ၂၀၀၀ ကို ကူးတာ မဟုတ်ဘူး၊ ၂၀၀၀ ကနေ ၂၀၀၁ ကို ကူးတာကမှ အမှန်လို့ ပြောပါတယ်။

သူတို့က ၁ နဲ့စပြီး သုညနဲ့ ဆုံးမှ နှစ် ၁၀၀ ပြည့်တာလို့ ပြောခဲ့ကြပါတယ်။ အဲဒီတုန်းကလည်း အပြန်အလှန် အကြောင်းအကျိုး တင်ပြချက်တွေနဲ့ ငြင်းခုန် ရေးသားတာတွေကို ဖတ်ရတာ အင်မတန် သဘောကျစရာ ကောင်းပါတယ်။

ဒါပေမဲ့လည်း ခေတ်က နည်းပညာခေတ်၊ ကွန်ပျူတာခေတ် ဖြစ်လာနေတာမို့ ကွန်ပျူတာ ရက်စွဲပြောင်းမယ့် ကိစ္စ (၉၉ ကနေ ၀၀ ပြောင်းမယ့်ကိစ္စ) ကနေ ရာစုနှစ်သစ် ကူးပြီရယ်လို့ တကမ္ဘာလုံးနီးပါးက သတ်မှတ်လိုက်ကြမှတော့ ကျွန်တော်တို့လည်း ရာစုသစ် ကူးတယ်ဆိုတဲ့ ဘက်ကို လိုက်ပြီး ပျော်ပျော်ပါးပါး ကူးလိုက်ကြပါတော့တယ်၊ ကျွန်တော့်အတွက်ကတော့ ပိုလို့ ထူးနေတောပေါ့ဗျာ၊ အလုပ်ဝင်နေတဲ့ လူကြီးဘ၀နဲ့ အိမ်ပြင်ပမှာ နှစ်သစ်ကူးရမှာက ရာစုနှစ်ကူးကြီး ဖြစ်နေတာကိုးဗျာ။

တကယ့်တကယ်တော့ အဲဒီညက ဘာမှ မဖြစ်ခဲ့ပါဘူး၊ တကမ္ဘာလုံး ထိတ်ထိတ်လန့်လန့်နဲ့ ရာစုသစ်ကို ကြိုခဲ့ကြပေမယ့် အားလုံး အဆင်ပြေချောမွေ့စွာနဲ့ ကူးပြောင်းခဲ့ပါတယ်။ ကျွန်တော်ရဲ့ ပထမဆုံး အိမ်ပြင်ပ နှစ်သစ်ကူးပွဲကလည်း အတော်ပျော်စရာ ကောင်းခဲ့ပါတယ်။

ကျွန်တော် အိမ်ရော၊ အလုပ်ရောက မြို့လယ်ခေါင်မှာ ရှိပါတယ်၊ အလုပ်မှာက သူငယ်ချင်းတွေ အကုန်စုပြီး ထမင်းဟင်း ချက်စားကြပါတယ်။ အဲဒီမှာ ရုံးမန်နေဂျာ ဖြစ်နေတဲ့ ကိုတင့်က ထမင်း၊ ဟင်း အလွန် အချက်ကောင်းပါတယ်။ လက်ဖက်ရည်ဆိုင်တောင် ကိုယ်ပိုင် ကိုယ်တိုင် ဖွင့်ခဲ့ဖူးသူဆိုတော့ အတော် အချက်အပြုတ် အစီအမံ ထူးချွန်တဲ့သူပါ။

ထုံးစံအတိုင်း ယမကာလေးလည်းပါ၊ ကိုတင့်ကလည်း ငါးခေါင်းဟင်းတို့၊ ၀က်သားဟင်းတို့ ချက်ပြုတ်ပေးတော့ အားရပါးရသောက်၊ အားရပါးရစား၊ မြို့ထဲ တ၀ီဝီ လှည့်ပတ်မောင်းနှင်ပြီး Happy New Year လို့ အော်နေကြတဲ့ လူငယ်တွေ အော်တာ နားထောင်၊ အခန်းထဲ စားသောက်ပြီး နည်းနည်းပျင်းလာရင် အပြင်ထွက် လမ်းလျှောက်၊ လေနုနု အေးအေးလေးတွေ မျက်နှာကို ဖျန်းပက်လာတာကို ခံယူနဲ့ အတော်ကို သဘောတွေ့နေကြပါတယ်။

ညဥ့်သန်းခေါင် မတိုင်ခင်လေးမှာမှ မဟာဗန္ဓုလပန်းခြံလမ်းနဲ့ မဟာဗန္ဓုလမ်းထောင့်မှာရှိတဲ့ ဧမာနွေလနှစ်ချင်း ဘုရားကျောင်းကို အုပ်စုလိုက် ချီတက်ကြပြီး၊ ဘုန်းတော်ကြီးနဲ့အတူ ၀ိုင်းပြီး ဆုတောင်းကြတာတွေက ပျော်စရာ၊ အမှတ်ရစရာ ကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ အများစုက ခရစ်ယာန်တွေ မဟုတ်ကြပေမယ့်လည်း ရာစုသစ်ကိုတော့ ကောင်းကောင်းမွန်မွန် ၀ိုင်းပြီး ကြိုခဲ့ကြပါတယ်။

မနှစ်ကတော့ လန်ဒန်မှာတခါ နှစ်သစ်ကို ကြိုခဲ့ဖူးပြန်ပါတယ်။ London Eye မှာ မီးရှုးမီးပန်းတွေ ပစ်ဖောက်တာကို တကမ္လာလုံးက လာကြည့်ကြတဲ့ ကမ္ဘာသူ ကမ္ဘာသား ဆွေမျိုးများနဲ့ တိုးဝှေ့ကြည့်ရှုရတာ ပျော်စရာကောင်းခဲ့ပါတယ်။ အမှတ်တရ နှင်းလေးတွေတောင် တဖွားဖွား ကျလာသေးတာကို မှတ်မိနေပါတယ်။

အော်… ရန်ကုန်မှာ လွန်ခဲ့တဲ့ ၁၁ နှစ်က လူကြီးဘ၀နဲ့ အိမ်ပြင်ပမှာ နှစ်သစ်ကူးခဲ့တာ ၁၁ နှစ်တောင် ရှိခဲ့မှကိုးဗျာ။ အခုတော့ မနက်ဖြန်၊ သဘက်ဆိုတခါ ၂၀၁၀ ကနေ ၂၀၁၁ ကို ကူးပြန်ဦးမပေါ့။

လွမ်းလည်းလွမ်းတယ်၊ ချမ်းလည်းချမ်းတယ်လို့ ဆိုရင်း နောက်ထပ် နှစ်သစ်ကူးကြိုည တခုကို ကျွန်တော် ဖြတ်သန်းရဦးပြန်မှာပေါ့…။

မင်္ဂလာနှစ်သစ် ၂၀၁၁ ဖြစ်ကြပါစေဗျာ။

၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၉ ရက်။
နံနက် ၉ နာရီခွဲ။

၂၀၀၉ ကနေ ၂၀၁၀ ကို ၀င်တော့ “လာပဟေ့… ၂၀၁၀ ဟာ ငါ့နှစ်ပဲ“ လို့ တွက်ခဲ့ဖူးပါတယ်။ ၂၀၁၀ မှာ ဘာလုပ်ပစ်မယ် ညာလုပ်ပစ်မယ်၊ ဘာဖြစ်စေရမယ်၊ ညာဖြစ်စေရမယ်ဆိုပြီး စိတ်ကြီးဝင်ခဲ့ဖူးတယ်၊ အတွေးလေလုံး ကြီးခဲ့ဖူးတယ်။ အခုတော့ ဖြတ်ကနဲ ကုန်ပြန်ပဟေ့လို့ အော်ရတော့မှာပါပဲ။ ကုန်သွားပြန်ပါပြီ။

တနှစ်အတွင်း ဘာတွေလုပ်ဖြစ်ခဲ့သလဲ၊ ဘာတွေချော်သွားခဲ့သလဲ။ ပြန်စဉ်းစားကြည့်မိတယ်။

သူငယ်ချင်း နှစ်ယောက်၊ သုံးယောက်က တနှစ်ကုန်ရင် အီးမေးလ်လေးတစောင် တစောင် ပို့တတ်တယ်။ ဘာရေးထားသလဲဆိုတော့ တနှစ်အတွင်း သူ့အကြောင်း၊ သူ့တို့ မိသားစုအကြောင်း တိုးတက်တာ၊ ဆုတ်ယုတ်တာတွေ ရေးထားတယ်။ ကလေးတယောက် ထပ်မွေးရင် ကလေးဓာတ်ပုံလေးပါ ထည့်ပေးလိုက်တာပေါ့။ အဲဒီ အီးမေးလ်လေးတွေ ရတတ်တယ်။

ဒါဆို ငါလည်း ဒါမျိုး စာတပုဒ်ရေးနိုင်သားပဲလို့ စိတ်ကူးပေါ်မိတယ်။ ဒါနဲ့ပဲ ရုပ်ရှင်ဇာတ်ကားထဲ နောက်ကြောင်းပြန်သလို ဇန်န၀ါရီကနေ စလို့ ၂၀၁၀ ကို ပြန်ကြည့်မိတယ်။

၂၀၁၀ မှာ အကြီးမားဆုံး ဆုံးရှုံးမှုလို့ ပြောနိုင်တာကတော့ စာတအုပ်ကို ဖြစ်ဖြစ်မြောက်မြောက် ဆုံးအောင် မဖတ်ဖြစ်ခဲ့တာပါပဲ။ စာတအုပ်ကို စိတ်ဝင်စားသလောက် ကောက်ဖတ်လိုက်၊ ပစ်ချထားလိုက်၊ နှစ်လလောက်ခြားပြီးမှတခါ ဖတ်ချင်ရင် ပြန်ဖတ်လိုက်နဲ့၊ တော်တော် အလုပ်မဖြစ်ခဲ့တာပါ။ စာအုပ်သာ တွေ့ရင် ၀ယ်ဖြစ်တယ်၊ မဖတ်ဖြစ်ခဲ့ပါ။

တခါ စာလည်း ထင်သလောက် မရေးဖြစ်ခဲ့ပါ၊ လန်ဒန်ရောက်ပြီးပြီးခြင်းမှာ ဇာတိကို လွမ်းမိလို့လား မသိပါ၊ ကိုယ့်ဘာသာကိုယ်တော့ မလွမ်းဘူး ထင်တာပါပဲ။ ဒါပေမဲ့ မသိစိတ်ကတော့ လွမ်းချင်လွမ်းနေမှာပေါ့လေ၊ အဲဒါမှာ ဘာထူးခြားသလဲဆိုတော့ ရောက်ရောက်ချင်းမှာ စာတော်တော် ရေးဖြစ်လိုက်ပါတယ်။ ဘလော့ဂ်မှာ ရေးတာကို ပြောတာပါ။ ၂၀၁၀ တွင်းမှာတော့ စာရေးနည်းခဲ့ပါတယ်။ တော်တော် စိတ်ပေါက်မှပဲ ရေးဖြစ်ပြီး ဒါတောင် တော်တော်အချိန်ဆွဲပြီးမှ ရေးဖြစ်ခဲ့တာပါ။

ရေးဖြစ်တော့လည်း ရေးတုန်းသာ ကြိုက်ပြီး၊ နည်းနည်းကြာလာတော့ မကြိုက်တော့ပါ။ ဘာ့ကြောင့်မှန်းလည်း မသိပါ။ ရေးဖြစ်သွားတဲ့အတွက်ပဲ ကျေနပ်မိပါတယ်၊ စာအရည်အသွေးကိုတော့ အားမရပါ။

၂၀၁၀ နောက်ပိုင်း ခြောက်လမှာတော့ သူငယ်ချင်းတွေနဲ့ ချက်တင် စကားပြောတာ တော်တော့ကို နည်းသွားပြီး၊ ဖေ့စ်ဘုတ်မှာ အချိန် တော်တော် ကုန်လာတာကို သတိထားမိပါတယ်။ ဖေ့စ်ဘုတ်မှာ သူငယ်ချင်းတွေ များလာတာကိုတော့ သဘောကျမိပါတယ်။ လူအစုံ စိတ်အစုံနဲ့ ပေါင်းသင်းကြည့် နိုင်တာကိုးဗျာ။

လူတွေနဲ့ စကားပြောရတဲ့ အလုပ်က စိတ်ဝင်စားစရာ ကောင်းတယ် မဟုတ်လားဗျာ။ ဖေ့စ်ဘုတ်ကနေ ရင်းနှီးပြီး အလုပ်အတွက် အကူအညီတွေလည်း ရခဲ့ပါတယ်။ ဖေ့စ်ဘုတ်ကိုလည်း ကျေးဇူးတင်ရပါတယ်။

၂၀၁၀ မှာတော့ အလုပ်တွေ ပိုလုပ်ဖြစ်ခဲ့ပါတယ်၊ ရောက်ကာစထက် အလုပ်ပိုလုပ်နိုင်လာတာကလည်း အကြောင်းတခု ဖြစ်ပါတယ်။ စကားအပြောအဆိုလည်း နည်းနည်း ပါးနပ်လာတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်မိပါတယ်။ ဒါပေမဲ့ မူရင်း အကျင့်ကတော့ ဖျောက်နိုင်ခဲပါတယ်။ လာထိလို့ကတော့ ချပစ်မယ်ဆိုတာကတော့ အငုံ့စိတ် ရှိနေတုန်းပါပဲ။ ကြိုးစား ဖျောက်ရပါဦးမယ်။

ဘာသာတရားလုပ်ကိုင်တာ၊ တရားထိုင်တာကတော့ ၂၀၁၀ နောက်ပိုင်းနှစ်ဝက်မှာ မလုပ်ဖြစ်တော့သလောက်တောင် နည်းသွားခဲ့ပါတယ်။ အဲဒါကိုတော့ အားမရပါ၊ မကြိုက်ပါ။ အလုပ်များတာ၊ ပင်ပန်းတာကို အကြောင်းပြပြီး ခန္ဓာကိုယ်ကြီးကို ကိုယ့်ဘာသာကိုယ် ညှာတာပြီး အနားပေးလိုက်တာပါပဲ။ အလုပ်က တော်တော် ပင်ပန်းတော့ ပြိုင်းသွားပါတယ်။

ကောင်းတာတွေဘက်ကို နည်းနည်းပြန်ကြည့်မယ်ဆိုရင်တော့ ၂၀၁၀ နှစ်သစ်ကို စိတ်ကူးထားတဲ့အတိုင်း လန်ဒန်မြို့မှာ ကူးနိုင်ခဲ့ပါတယ်။ မတ်လ အားလပ်ရက်မှာ ဥရောပကို ပထမအကြိမ်အဖြစ် သွားနိုင်ခဲ့ပါတယ်။ ပါရီမြို့ကို သွားလည်နိုင်တာဟာ အိပ်မက်ကို အကောင်အထည် ဖော်ခွင့်ရခဲ့လိုက်တာလို့ ပြောနိုင်ပါတယ်။ ဒီနေ့ခေတ် လူငယ်တွေအတွက်ကတော့ ဒါဟာ အိပ်မက် မဟုတ်တော့ပါဘူး၊ မလွယ်ပေမယ့် တကယ်ဖြစ်နိုင်တဲ့ ကိစ္စတခုပါပဲ။

ဥရောပကအပြန် စကော့တလန်ကို ဆက်သွားခဲ့ပါတယ်၊ အအေး စရော့လာတဲ့ အချိန်မို့ ခရီးသွားလို့တော့ ကောင်းပါတယ်။ ကိုယ်ရောက်ဖူးချင်တဲ့ နေရာတွေကို သွားလိုက်ရတာမို့လည်း ကျေနပ်မိပါတယ်။ ပိုက်ဆံတွေတော့ အတော်လေး ကုန်သွားတာပေါ့လေ။

တခါ လန်ဒန်မှာလည်း သွားချင်တဲ့နေရာလေးတွေ သွားဖြစ်ခဲ့သလို ရုပ်ရှင်ကိုလည်း နှစ်ဝက်ပထမပိုင်း တော်တော်လေး ကြည့်ဖြစ်လိုက်ပါတယ်။ ဒုတိယနှစ်ဝက် အားလပ်ရက် တခါရပြန်တော့ ရုပ်ရှင်တွေထဲကလို မြင်းစီးချင်တာကြောင့် လန်ဒန်ကနေ တနာရီသာသာ သွားရတဲ့ Berkshire နယ်မှာ မြင်းသွားစီး ဖြစ်သလို ငယ်ငယ်က ကျောင်းစာထဲ သင်ခဲ့ဖူးတဲ့ ဝေလမင်းသား အပိုင်စားတဲ့ ဝေလနယ်ဘက်လည်း ခရီးဆန့် ဖြစ်ခဲ့ပါတယ်။

ရောက်အောင်သွားဖို့ အားခဲခဲ့တဲ့ မြောက်အိုင်ယာလန်တော့ မရောက်ဖြစ်သေးပါဘူး။ နောက်တကြိမ်မှ သွားဖို့ စိတ်ကူးထားပါတယ်။ အိုင်ယာလန် သမ္မတနိုင်ငံကို သွားမယ်ဆိုရင်တော့ ဗီဇာ ထပ်ယူရမှာ ဖြစ်ပါတယ်။

တခြားအမှတ်ရစရာတွေကို စွက်ရမယ်ဆိုရင်တော့ စိတ်ကူးယဉ်ခဲ့ဖူးတဲ့ အာဆင်နယ် အသင်းပိုင်တဲ့ အမ်းမရိတ်ဘောလုံးကွင်းမှာ ဘောလုံးပွဲ ကြည့်ဖူးတာရယ်၊ အဆိုတော်ကြီး မာမာအေးနဲ့ ရင်းရင်းနှီးနှီး စကားပြောခွင့် ရခဲ့တာရယ်၊ န၀မမြောက် တိပိဋကဆရာတော် ဦးဂန္ဓမာလာ လင်္ကာရကို နီးနီးကပ်ကပ် ဖူးတွေ့ခွင့် ရတာရယ်၊ ရန်ကုန်မှာ ရင်းနှီး ခင်မင်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေကို ယူကေမှာ ပြန်ဆုံခွင့် ရတာရယ်၊ သူငယ်ချင်းတွေနဲ့အတူ နှစ်ခါ သုံးခါ ထမင်းချက်ပြုတ် စားသောက်တာရယ်တို့ ပါရမှာပါ။

မိသားစုရေး ထူးခြားချက်ကတော့ ညီမငယ်လေးက သမီးလေးတယောက် မွေးတာမို့ ဦးကြီး ဖြစ်လာခဲ့တာပါပဲ။ ကိုယ် မစွမ်းတော့ ညီမက ကျော်တက်သွားပြီး အမေ့အတွက် မြေးဦးကို ညီမက မွေးပေးခဲ့တာပေါ့လေ။

စိတ်ဝင်စားပြီး လုပ်ဖြစ်သွားတာ လုပ်ဖို့ အခွင့်အလမ်း ပေါ်သွားတာကတော့ ကိုယ့်မွေးနေ့မှာ သင်္ချိုင်းထဲမှာ နေ့တ၀က်သာသာ သွားနေဖြစ်ခဲ့တာနဲ့ ရေဒီယိုပြဇာတ် တခုမှာ ပါဝင်ခွင့် ရခဲ့တာပါပဲ။

အမှတ်တရ ဖြစ်ခဲ့တာကတော့ တနှစ်အတွင်း ကြုံခဲ့ရတဲ့ ဆောင်းတွင်းနှစ်ခုမှာ နှင်းတွေနဲ့ ဆက်တိုက် ကြုံခဲ့ရသလို ရောက်နေတဲ့ နိုင်ငံရော၊ ကိုယ့်ဇာတိနိုင်ငံရောရဲ့ ရွေးကောက်ပွဲတွေကို ကိုယ်တိုင် သတင်းလိုက် တင်ပြခွင့် ရခဲ့တာပါပဲ။

ဗြိတိန်မှာတော့ ၁၃ နှစ်ကြာ အာဏာ ရယူထားတဲ့ လေဘာအစိုးရ ပြုတ်ကျသွားပြီး၊ ပါတီနှစ်ခုရဲ့ ခေါင်းဆောင် လူငယ်လူလတ်နှစ်ဦး ဦးဆောင်တဲ့ ညွန့်ပေါင်း အစိုးရတက်လာတာကို မျက်ဝါးထင်ထင် မြင်ခွင့် ရခဲ့ပေမယ့်၊ ဇာတိနိုင်ငံမှာတော့ ၂၂ နှစ်ကျော် အာဏာ ယူထားပေမယ့် တခါ စနစ်ပြောင်းဖို့ ဘောင်းဘီချွတ်ပြီး ခေါင်းပေါင်း ပြောင်းဆောင်းတဲ့ ပုံစံတွေ့ခွင့် ရခဲ့တာပါပဲ။ ပညာရှင်တို့ မှန်းချက်နဲ့ နိုင်ငံရေးသမားတချို့ရဲ့ ထင်မြင်ချက်တွေ လွဲကုန်တာကိုလည်း သေသေချာချာ သိခွင့်ရခဲ့ပါတယ်။

ဂုဏ်ယူရတဲ့ အလုပ်တခု လုပ်ဖြစ်ခဲ့တာကတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်နဲ့ တယ်လီဖုန်းကနေတဆင့် ဆက်သွယ် မေးမြန်းခွင့် ရခဲ့တာပါပဲ။

ကိုယ့်ဘာသာကိုယ် ကျေနပ်မိတာကတော့ လူငယ်တချို့နဲ့ စကားပြောဖြစ်တဲ့အခါ သူတို့နဲ့ ယုံကြည်မှုရအောင် တည်ဆောက် နိုင်ခဲ့တာပါ။

စကားကို အပိုအလို (များများ) မပြောဖြစ်အောင် လေ့ကျင့်တာကလည်း နည်းနည်း ခရီးပေါက်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ စကားဆိုတာက များများပြောရင် မှားနိုင်ချေ ပိုများနိုင်တယ် မဟုတ်လားဗျာ။

စိတ်ကူးယဉ်အတွေးတွေကတော့ စိတ်ကူးယဉ်တုန်း အဆင့်ပါပဲလေ၊ အဲဒီစိတ်ကူးတွေကတော့ ချိုသမို့ ပျော်ပျော်ကြီး ၂၀၁၁ ဆီ သယ်ယူပါ့မယ်လေ…။

၂၀၁၀ ကို စာရင်းချုပ်ရင်တောာ့ ကျေနပ်စရာကောင်းတဲ့ ရလဒ်မျိုးတွေကို လက်ဆုပ်လက်ကိုင် မပြနိုင်ပေမယ့် အရင်းရှုံးတဲ့ ဟာမျိုးတော့ မဟုတ်ဘူးလို့ ကောက်ချက် ချနိုင်ပါတယ်။

တနှစ်စာကို တခဏ အချိန်ပေး ပြန်စဉ်းစားရင်း ကျွန်တော် မကြာမကြာ တွေးခဲ့ဖူးတဲ့ အတွေးက ခေါင်းထဲတခါ ပြန်ရောက် လာပြန်တယ်။

ဘ၀ဆိုတာက ရေးပြီးသား စာအုပ်တအုပ်လား၊ တရွက်ချင်းစီကို တနေ့ချင်း လှန်ဖတ်နေရတာလား။

ဟုတ်တယ်လို့ ကျွန်တော် အပြတ် ထောက်ခံ မပြောနိုင်သလို မဟုတ်ဘူးလို့လည်း ကျွန်တော် နင်းကန် မငြင်းရဲပါဘူး။

တဖက်ဖက်ကနေ အပြတ်ပြောနိုင်တယ်ဆိုရင်တော့ ကျွန်တော့်လည်း လက်တို့ လိုက်ပါဦးလေ။

ကျေးဇူးတင်ပါတယ်။

၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၅ ရက်၊ စနေည။ (ခရစ္စမတ်နေ့)
ည ၈ နာရီ။

အမေနဲ့ တနေ့က ဂျီတော့ခ်ကတဆင့် ဖုန်းပြောဖြစ်တော့ မင်း အဖိုးအဖွားဆုံးတာ ၁၅ နှစ်ပြည့်ပြီ၊ အမျှအတန်း ပေးဝေအုံးလို့ ဆိုလာပါတယ်။ အလုပ်တွေက များနေတာနဲ့ မေ့သလို ဖြစ်နေခဲ့တယ်။ အော်… ၁၅ နှစ်တောင် ရှိသွားပါပြီလား။ အမေကတော့ သူ့အမေနဲ့ အဖေကို တနေ့မှ မမေ့ဘူးလို့ ဆိုပါတယ်။ တကယ့် သမီးအလိမ္မာလေးပါပဲ။

တဦးတည်းသောသမီးက မိဘနှစ်ပါးကို အလွန်ချစ်တယ်၊ မိဘနှစ်ပါးကလည်း တဦးတည်းသော သမီးလေးကို အင်မတန် အားကိုးခဲ့ကြတယ်။ ဒီကနေ့တော့ အမေက သူ့မိဘနှစ်ပါးကို ရည်စူးလို့ သံဃာတော်တွေ အိမ်ပင့်ဖိတ် ဆွမ်းလုပ်ကျွေးပြီး ကုသိုလ်ပြု အမျှဝေတယ်လို့ ဆိုတယ်။

အမေက တက္ကသိုလ် ပထမနှစ်မှာ ကျွန်တော့်ကို၊ ဒုတိယနှစ်မှာ ညီလေးကို၊ စတုတ္ထနှစ်မှာ ညီမလေးကို မွေးတယ်။ ကျောင်းတဖက်နဲ့မို့ ၄၅ ရက်သားမှာပဲ ကျွန်တော့်ကို အဖိုးအဖွားဆီ ပို့လိုက်တယ်။ မြေးဦး ယောက်ျားလေးဖြစ်တဲ့ ကျွန်တော့်ကို အဖိုးအဖွားက သည်းသည်းလှုပ် ဖြစ်ခဲ့ ချစ်ခဲ့ကြတယ်။

စကားပြောတတ် အသံထွက်တတ်လာတော့ အဖိုးကို ဘာပူးလို့ ခေါ်ရတယ်၊ အဖွားကို မေကြီးလို့ ခေါ်ခဲ့ရတယ်။ အဖွားက သင်ပေးတာ ဖြစ်မှာပါ။ အဖေနဲ့ အမေက သူတို့ သားကြီးကို သတိရလို့ လာကြည့်တဲ့အခါ အဖိုးအဖွားက ကလေးကို ပြန်ခေါ်သွားမှာစိုးလို့ အဲဒါ တစိမ်းတွေ သိပ်မရောနဲ့လို့ ပြောတယ်တဲ့။ မမှတ်မိတော့ဘူးလေ… အမေပြန်ပြောပြလို့ သိခဲ့ရတာ…။

ဘာပူး နဲ့ မေကြီး

တကယ်တော့ ဘာပူးဆိုတာ ဟိန္ဒီဘာသာနဲ့ အဖေလို့ ခေါ်တာပါ။ ဆစ်ခ်ပန်ချာပီဖြစ်တဲ့ အဖိုးကို အမေက ဘာပူးလို့ ခေါ်တယ်။ အမေခေါ်သလိုပဲ ကျွန်တော်က လိုက်ခေါ် ခဲ့ပါတယ်။ အဖွားက အဲဒီလို သင်ပေးခဲ့ပုံရတယ်။ ကုလားလူမျိုးတွေက တရုတ်လူမျိုးတွေလိုပဲ ယောက်ျားလေးကို ပိုတန်ဖိုးထား အားကိုးကြတော့ မြေးဦး ယောက်ျားလေးဖြစ်တဲ့ ကျွန်တော့်ကိုလည်း အဖွားနဲ့ အဖိုးက သူတို့ သားငယ်ငယ်လေးလို့ ထင်နေသလားတော့ မသိပါဘူး။

အထူးသဖြင့် အဖွားက ပိုပြီး သည်းသည်းလှုပ်တော့ ဖြစ်တန်ရာပါတယ်။ သူ့ကိုလည်း မေကြီးလို့ ခေါ်ခိုင်းခဲ့ပါတယ်။ ကျွန်တော်တို့ မောင်နှမ သုံးယောက်စလုံး ကလည်း အဖွားလက်ပေါ် ကြီးပြင်းလာရတာ ဆိုတော့ အဖွားကို မေကြီးလို့ပဲ ခေါ်ခဲ့ပါတယ်၊ အဲဒီလို ခေါ်ရတာလည်း ကြိုက်ခဲ့ကြပါတယ်။

ဒီတော့ ကျွန်တော်က အမေ့ကိုတော့ ငယ်ငယ်က မေမေလို့ ခေါ်ခဲ့ပြီး လူပျိုပေါက် ဖြစ်လာတော့ မေမေလို့ ခေါ်ရတာ ခပ်ပျော့ပျော့နဲ့ ရှက်စရာပဲဆိုပြီး မားသားလို့ ခေါ်ပါတယ်၊ အမေ နည်းနည်း အသက်ကြီးလာတော့ ရာထူးထပ်တိုးပေးပြီး မားသားကြီးလို့ ခေါ်ခဲ့ပါတယ်။

အခုတော့ ချစ်ရတဲ့ အထူးသဖြင့် ကျွန်တော့်ကို အလွန်ချစ်ခဲ့တဲ့ အဖိုးနဲ့အဖွား ဘာပူးနဲ့ မေကြီးတို့ဟာ ကွယ်လွန်ခဲ့တာ ၁၅ နှစ်တောင် ရှိသွားခဲ့ပြီကိုး။

အဖိုးက ၁၉၉၅ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့မှာ ဆုံးသွားတယ်။ မြို့တော်ခန်းမကြီးနဲ့ ဆူးလေဘုရားရှေ့ မဟာဗန္ဓုလလမ်းနဲ့ မဟာဗန္ဓုလပန်းခြံလမ်းထောင့် ဧမာနွေလ ခရစ်ယာန် ဘုရားရှိခိုးကျောင်း မျက်နှာဝဘေး ပလက်ဖောင်းပေါ်က ရေစုပ်စက်လေး ဘေးနားမှာ ထိုင်ရက်နဲ့ အသက်ထွက်သွားခဲ့ပုံ ရပါတယ်။

အဖိုးက မြို့လယ်ခေါင် ၃၆ လမ်းနေတော့ ရန်ကုန်ဆိပ်ကမ်း ကမ်းနားဘက် နေအေးစ ညနေစောင်းလေး လမ်းလျှောက်ထွက်ရင်း လေသင်တုန်း (ကိုယ်ခန္ဓာ အစိတ်အပိုင်း စောင်းရွဲ့ခြင်း၊ အကြောသေခြင်း၊ ရုတ်တရက် အသက်သေခြင်းတို့ကို ဖြစ်စေတတ်သော ကိုယ်တွင်းလေတမျိုး) ဖြတ် အသက်ဆုံးပါးပုံ ရတယ်။ ချက်ချင်းဆိုသလို လေက ဆောင့်တက်ပြီး အသက်ကို နုတ်ယူလိုက်ပုံရတယ်။ ရုတ်တရက်တော့ အဖိုး တော်တော် ခံစားလိုက်ရမှာပဲ…။

အဖိုးဆုံးတော့ အဖိုးအသက်က ၇၉ နှစ်၊ ကျွန်တော့် အသက်က ၁၉ နှစ်။ အဖိုးနဲ့မြေး အသက် ၆၀ လောက် ကွာတယ်။ ကျွန်တော် ငယ်ငယ်တုန်းက အဖိုးက တကယ့် လူထွားကြီး၊ ခေါင်းကြီး လန်သွားအောင် မော့ကြည့်ခဲ့ရတယ်။ အဖိုးက အဖိုးကြီး ဖြစ်သွားတော့ ကျွန်တော့်အရပ်က အဖိုးကို ပြန်မိုးသွားတယ်။ အမေက အဲဒါကို ကြည့်ပြီး တခါတခါ စိတ်မကောင်း ဖြစ်တတ်တယ်။ ငါ့အဖေက အသက်ကြီးတော့ အရိုးတွေ ပြန်ကျုံ့ဝင်ပြီး ခါးကလည်း ကုန်းသွားတော့ သူ့မြေးထက်တောင် အရပ်နိမ့်သွားပါပေါ့လားတဲ့…။

အဖိုးလမ်းဘေး ဆုံးနေတာကို ဘယ်သူမှ ဘာမှ မလုပ်ပေးကြဘူးလေ၊ အဖိုးရဲ့ မိတ်ဆွေတယောက်က အိမ်လာပြောမှ အပြေးအလွှား လိုက်ကြရတယ်။ အဖိုးနဲ့ အဖွားက မြို့ထဲ နေတယ်၊ အမေနဲ့ ကျွန်တော်တို့ မောင်နှမ သုံးယောက်က ကျောက်မြောင်းမှာ နေကြတယ်။ အဖွားက တခါတခါ ကျွန်တော်တို့နဲ့ လာနေတော့ အဖိုးက မြို့ထဲအိမ်မှာ တယောက်တည်း နေရတာများတယ်။ သူ့ဘာသာသူ ချက်ပြုတ်စားသောက်တယ်။ အဖိုးက ထမင်းဟင်းချက်တာလည်း ကောင်းတယ်။

မှတ်မှတ်ရရ အဖိုးဆုံးတဲ့နေ့က သူစားဖို့ ထမင်းအိုးသစ် တလုံးတည်ထားတယ်၊ ကြက်ဥကြော်ထားတယ်။ အဖိုးကြော်တဲ့ ကြက်ဥကြော်က သိပ်စားလို့ ကောင်းတယ်။ ကြက်ဥသုံးလေးလုံးကို ဖောက်၊ ခေါက်၊ မွှေနှောက်ထား…၊ ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း ပါးပါးလှီးပြီး အဲဒါတွေကို ဆီထဲ ထည့်ကျော်၊ ကြက်လာပြီဆို ကြက်ဥခေါက်ထားတာကို ထည့်၊ ဆားထည့်၊ မဆလာ နည်းနည်းထည့်၊ အဲဒီကြက်ဥကြော်နဲ့ ထမင်းဖြူနဲ့ စားလိုက်လို့ကတော့ လျှာလည်သွားတာပါပဲ။

အဖိုး ကြက်ဥကြော်ထားတာကို တွေ့တိုင်း ယူစားမိတယ်။ အဖိုးလုပ်နေ ကိုင်နေ ကြော်နေတာကို သေချာ အစအဆုံး လိုက်ကြည့်ထားပြီး လိုက်ကြော်စားလည်း အဖိုးကြော်တဲ့ လက်ရာကိုတော့ မမှီတာ အမှန်ပါပဲ။ အဖိုးဟာ ထမင်းအိုးတည်ခဲ့၊ ကြက်ဥကြော်ခဲ့ပြီးမှ အပြင်ထွက်သွားပုံရတယ်၊ ပြန်လာမှ စားမယ့်ပုံလည်း ရှိခဲ့တယ်။ ဒါပေမဲ့ အဖိုးနောက်ဆုံး ချက်သွားတဲ့ ညစာကို အဖိုး မစားလိုက်ရဘူး။ မြေးကြီးဖြစ်တဲ့ ကျွန်တော်ပဲ ရင်နာနာနဲ့ မျက်ရည် နည်းနည်းဝဲပြီး နောက်ဆုံးအကြိမ် စားပစ်ခဲ့တယ်။

ဆက်ရရင်… အသက်ကြီးလာတော့ အဖိုးနဲ့ အဖွားဟာ စကားပြောဆိုတာ သိပ်အဆင်မပြေတော့ဘူး၊ ဒီတော့ အဖွားက သူ့မြေးတွေဖြစ်တဲ့ ကျွန်တော်တို့နဲ့ လာနေတယ်။ ရုပ်ရှင်ကြည့်၊ ဗီဒီယိုတွေကြည့်နဲ့ အဖွဲ့ကျနေတတ်တယ်။ အဖိုးကလည်း မြို့ထဲနေတော့ သူငယ်ချင်းတွေ အိမ်ခေါ်ပြီး သောက်ကြစားကြ၊ စကားပြောဆိုကြနဲ့ အဆင်ပြေသလို နေထိုင်တတ်တယ်။

ကျွန်တော်က မြို့ထဲ ကျူရှင်တို့ ဘာတို့ လာတဲ့အခါ အမေက သူ့အဖေကို ၀င်ကြည့်ခိုင်းလို့ပဲဖြစ်ဖြစ်၊ ကိုယ့်ဘာသာဝင်ပြီး မုန့်ဖိုးတောင်းဖို့ဖြစ်ဖြစ်၊ အဖိုး ချက်ပြုတ်ထားတာ စားချင်လို့ဖြစ်ဖြစ် အဖိုးဆီကို ၀င်လာတတ်တယ်၊ စားသောက်တတ်တယ်။ အဖိုးကလည်း အဲဒီလိုလာရင် သဘောကျတတ်တယ်။

အခုတော့ အဖိုးဆုံးပြီ။ ခုနပြောခဲ့သလို အဖိုး လမ်းဘေးမှာ ဆုံးပါးသွားခဲ့တာကို ကျောက်မြောင်းအိမ် လာပြောတော့မှ သမီးနဲ့ မြေးဦးက အပြေးအလွှား ကားငှားပြီး လိုက်ကြရတယ်။ အဖိုးဆီရောက်တော့ မြို့လယ်ခေါင် လူမြင်ကွင်း လမ်းပေါ် လူသေနေတာမို့ လူတွေက ၀ိုင်းအုံကြည့်နေ ကြတာပေါ့၊ အမေက လူအုပ်ထဲ ပြေးတိုးတယ်၊ အဖေ… အဖေဆိုပြီး အော်တယ် ထင်ပါရဲ့…၊

အချိန်က ညနေဆည်းဆာ ဖြစ်နေပြီ၊ လမ်းမီးတိုင်တွေ စလင်းလာပြီ၊ နေရောင်က တဖြည်းဖြည်း ဆုတ်သွားပြီ၊ ညက တဖြည်းဖြည်း တိုးဝင်လာပြီ။ တကယ့်ကို အလွမ်းဇာတ်ပါပဲ၊ အမေ ငိုသလား… ကျွန်တော် သေချာမသိဘူး။ ကျွန်တော်တော့ မျက်ရည်ဝဲမိတယ် ထင်တယ်၊ ငိုတော့ မငိုဖြစ်ဘူးလား မသိဘူး၊ အံ့သြနေတာပဲ ရှိတယ်၊ အဖိုး တကယ် သေသွားတာပဲ။

ကျွန်တော်လည်း အမေ့နောက်က ကပ်ရပ်လိုက်ပြီး လူအုပ်ထဲ ၀င်တိုးလို့ အဖိုးကို ကိုင်ကြည့်၊ စမ်းကြည့်၊ ဖက်ကြည့် လုပ်ရတာပေါ့။ အဖိုးဟာ ဒီအတိုင်း ထိုင်နေသလိုပါပဲ…၊ အသားဖြူဖြူ အရပ်မြင့်မြင့် အဖိုးဟာ သေတာတောင် ကြည့်လို့ ကောင်းနေတယ်လို့ ကျွန်တော် ထင်တယ်။

ထုံးစံအတိုင်း လူသေပြီး အတော်ကြာမှ ကျောက်တံတားရဲစခန်းက ရဲတယောက်လား၊ နှစ်ယောက်လား ရောက်လာတယ်။ ရဲအတွက်တော့ လူသေတယ်ဆိုတာ သိပ်ဆန်းမှာ မဟုတ်ပါဘူးလေ၊ ဆန်းတာက ကျွန်တော့်အတွက် ဆန်းတာ၊ အသက် ၁၀ သားလောက်ကတခါ အဖွားရဲ့အမေ အဘွား အိမ်မှာပဲ ဆုံးတယ်။ အသက် ၉၀ ကပ်နေပြီ ထင်ပါရဲ့… သေချာတော့ မမှတ်မိတော့ဘူး၊ ၈၉ လား မသိဘူး။ နောက်သုံးလေးနှစ်ကြာတော့ အဖွားအမ ဆုံးတယ်။ အဲဒီလောက်ပဲ မြင်ဖူးထားတော့ အဖိုး ဆုံးသွားတာ… ထူးဆန်းနေတယ်။ နောက်ပြီး လမ်းပေါ်မှာ…။

အဖိုးအလောင်းဘေးနားထိုင်ပြီး အမေကတော့ ရဲတွေနဲ့ စကားပြောနေတယ်၊ ဆေးရုံ ရေခဲတိုက်ပို့ဖို့ ရဲတွေကို ကားခေါ်ဖို့၊ ဘာဖို့ညာဖို့ပေါ့ ပြောနေတယ်။

ကျွန်တော်ကတော့ ရုပ်ရှင်ကားတကား ကြည့်နေရသလို… တကယ့်ရုပ်ရှင်ထဲက ဇာတ်ကောင်တွေလို ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ရင်း သေခြင်းတရားဆိုတာ ဒါလား… ဒီလို လွယ်လွယ်လေး သေသလားလို့ စဉ်းစားနေခဲ့မိတယ်။ အဲဒီတုန်းက ၁၉ နှစ်သားဆိုတော့ ဘာသိဦးမှာလဲ။ ဒါပေမဲ့ အဖိုးသေတာ ဆန်းနေတယ်၊ ဇာတ်ဆန်နေတယ်လို့ ထင်ခဲ့မိတယ်။

နောက်တော့ ဆေးရုံက အလောင်းသယ်တဲ့ကား ရောက်လာတယ်။ ပေါင်မုန့်ကားလို့ ရပ်ကွက်ထဲ ခေါ်ကြတဲ့ ဘောက်စ်ဝက်ဂွန်ကားပါပဲ။ ဆေးရုံက လူတွေက အလောင်းကို သယ်၊ ကားပေါ်တင်… ရဲအရာရှိက အမေ့ကို ခေါ်တယ်… ရှေ့ခန်းမှာ ထိုင်ခိုင်းတယ်။ ကျွန်တော်က အလောင်းသယ်တဲ့ လူတယောက်နဲ့ အဖိုး အလောင်းဘေးမှာပဲ ခပ်ကျပ်ကျပ် လိုက်ရတယ်။

အဲဒီအချိန်အထိ အဖိုးသေတယ်ဆိုတာ ထူးဆန်းတယ်လို့ပဲ ထင်နေတယ်။ အဖိုးလက်ကလေးကို ကိုင်ကြည့်တယ်၊ ပျော့ပျော့နွေးနွေးလေး ဖြစ်နေတုန်းပဲ၊ ငါ့မှာသာ အစွမ်းရှိရင် အဖိုး အသက်ပြန်ရှင်အောင် လုပ်နိုင်မယ်လို့လည်း တချက်တွေးလိုက်မိသေးတယ်။ ရုတ်တရက်များ အဖိုး မျက်လုံးတွေ ပြန်ပွင့်လာရင် ဘယ်လောက် ကောင်းမလဲလို့လည်း တွေးမိတယ်။ ဟိုလူတော့ ကြောက်ချင်ကြောက်သွားနိုင်တယ်၊ ငါကတော့ ပျော်မှာပဲလို့လည်း တွေးမိတယ်။

အမေက သမီးမိန်းကလေးမို့ သူ့အဖေကို ပိုချစ်တယ်ထင်တယ်။ အဖေကလည်း အားကိုးရတာကိုးဗျ၊ နော်။ ငယ်ငယ်ကတည်းကနေ တက္ကသိုလ်ရောက်တဲ့အထိ ထောက်ပံ့ပေးခဲ့သလို သားသမီးတွေရလာပြန်တော့လည်း ဒီအဖေကပဲ သားသမီးတွေကို အ၀တ်အစား ၀ယ်ပေး၊ ကျောင်းထားပေး လုပ်ခဲ့တာကိုး…။

အဖိုးကို ဆေးရုံက ရေခဲတိုက်ထဲ ထည့်တယ်၊ အမေက သူ့အဖေ ဘာကြောင့်သေတယ် ဆိုတာကို ခွဲစိတ် စစ်ဆေးပေးဖို့ ပြောတယ်၊ လမ်းပေါ် ဆုံးပါးတာဖြစ်တဲ့ အတွက် ရဲကလည်း စစ်ဆေးရမယ့် တာဝန်ရှိနေတယ်။ အမေဟာ သူ့အဖေကို သိပ်ချစ်တော့ ညအမှောင်ထဲမှာပဲ ရေခဲတိုက်ထဲမှာ သားကြီးနဲ့အတူ မကြောက်ဘဲ ရှိနေတယ်။

ဆေးရုံက ရန်ကုန်မြို့လယ်ခေါင် ဘုန်းကြီးလမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့် သရက်တောဘုန်းကြီးကျောင်းဝိုင်းတွေရှေ့က ဂျပန်ဆေးရုံလို့ခေါ်တဲ့ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၊ အဲဒီဆေးရုံရဲ့ ရေခဲတိုက်၊ ဆေးရုံကြီးက ကြီးမား ခမ်းနားလှတယ်။ လျှပ်စစ်မီးတွေက ဆေးရုံကြီးထဲ ထိန်ထိန်လင်း နေတယ်။ လူနာတွေ၊ လူနာစောင့်တွေ၊ သန့်ရှင်းရေးဝန်ထမ်းတွေ၊ အစောင့်တွေ၊ အငှားကားတွေ၊ သူနာပြုတွေ၊ ဆရာဝန်ကြီးငယ်တွေလည်း အလုပ်လုပ်နေ၊ အလုပ်ရှုပ်နေကြတယ်။

ဆေးရုံရောက်တော့ ဆရာဝန်က စစ်ဆေးပြီး ရေခဲတိုက်ကို ပို့လိုက်တယ်၊ အမေက ခွဲစိတ်စစ်ဆေးပေးဖို့ ပြောတယ်ထင်ပါရဲ့…။ နောက်တော့ ရေခဲတိုက်ကို လိုက်ကြရတယ်။ လွယ်လွယ်တော့ မဟုတ်ပေဘူး၊ ထုံးစံအတိုင်း အဆင့်ဆင့် ကျော်ဖြတ်ပြီးမှ ရေခဲတိုက်ကို ရောက်တယ်။ ဆေးရုံကြီးနဲ့ စာရင်တော့ ရေခဲတိုက်လေးက သေးတယ်လို့ ဆိုရမယ်။ ဆေးရုံက လူသိပ်မသေဘူးလို့ နာမည်ကောင်း လိုချင်လို့လား မသိပါဘူးလေ။

ရေခဲတိုက် ရင်ခွဲရုံက တထပ်တိုက်လေး၊ အဲဒီမှာ မီးလုံးလေး တလုံးတလေပဲ ထွန်းထားတယ်၊ ကြောက်စရာတောင် ကောင်းတယ်။ ခွေးလည်း တကောင် နှစ်ကောင်လောက် ရှိတယ်မှတ်တယ်။ ကိုယ့်အပူနဲ့ ကိုယ်ဆိုတော့ အမေ့ခမျာ မိန်းမသား ဖြစ်ပေမယ့်လည်း မကြောက်အားဘူး ထင်ပါရဲ့… အဖေရှိတဲ့ ရေခဲတိုက်ထဲ ကိုယ်တိုင် ၀င်တယ်။ ခွဲစိတ်မယ့် ဆရာသမားက အရက်သောက် သွားနေတယ်ဆိုလား… တော်တော်ကြာအောင် စောင့်ရတယ်။

ခွဲစိတ်တယ်ဆိုလို့ ဆရာဝန်တွေ၊ သူနာပြုတွေ မထင်လိုက်ပါနဲ့… အလောင်းခွဲစိတ် ကျွမ်းကျင်တဲ့ ကုလားလေးပါပဲ။ အဲ… ၁၉ နှစ်သား ကျွန်တော့် အတွက်တော့ ကုလားလတ်လို့ ပြောရမယ် ထင်တယ်။ ကျွန်တော်ကတောင် ယောက်ျားလေးတန်မဲ့ မရဲတရဲ မ၀ံ့တ၀ံ့ ဖြစ်နေသေးတယ်။ အမေဟာ သူ့အဖေဆိုတဲ့ စိတ်တခုတည်းနဲ့ လုံးဝကို အကြောက်အလန့် မရှိဘူး။

ဒီလိုပဲ စိတ်ရှည်ရှည် စောင့်ဆိုင်းပြီးတဲ့အခါ လက်ဖက်ရည်ဖိုး (အဲ.. မှားလို့ အရက်ဖိုး)လည်း ပေးပေါ့လေ၊ အဖိုးကို ရင်ဘတ်ကနေ ထက်ခြမ်း ခွဲချလိုက်တယ်၊ ဟာ… ဓားတွေကလည်း ကောင်းလိုက်တာ… လူတယောက်လုံးကို ၀က်တွေ၊ ဆိတ်တွေလိုပဲ ရင်ဘတ်ကို ထက်ခြမ်း ခွဲလိုက်တာပဲ။ နဖူးကနေ ဆီးစပ်အထိ ခွဲချလိုက်တာပဲ။ အူတွေဆိုတာ အထွေးလိုက် အရောင် ဖြူဖြူ ပြာပြာ ညိုညို မည်းမည်း သွေးသံရဲရဲတောင် သိပ်မတွေ့ရဘူး မှတ်တယ်။ အဖိုးကို တစစီ လုပ်နေတာပဲလို့ ကျွန်တော်တွေးတယ်။

ခွဲချလိုက်ပြီးတော့ ဆရာဝန်ကြည့်ပေးတယ် ထင်တယ်။ မိုးကလည်း တဖြည်းဖြည်း ချုပ်လာပြီ။ ၈ နာရီကျော် ၉ နာရီလောက်တောင် ဖြစ်လာပြီထင်တယ်။ ခွေးတွေကလည်း တခါတခါ အူတယ်။ သာမန်အချိန်ဆို သွားကြည့်ရဲမယ်၊ နေရဲမယ် မထင်ပါဘူး။ အမေကလည်း သူ့အဖေဆိုတဲ့ စိတ်နဲ့ ဇောနဲ့၊ ကိုယ်ကလည်း အမေ့ကို စောင့်ရှောက်ရမယ့် သားကြီး၊ နောက် ကိုယ်ချစ်ရတဲ့ အဖိုး၊ ကိုယ့်ကို အလွန်ချစ်ခဲ့ ဂရုစိုက်ခဲ့တဲ့ အဖိုးဆိုပြီးတော့ ဘာကြောင့်ဆုံးတာလဲဆိုတဲ့ အဖြေ သိချင်နေလို့ ခွဲစိတ်တာကို ကြည့်နေ စောင့်နေခဲ့တာ ဖြစ်မယ်။

နောက်တော့ သူများတွေ လုပ်ကြံတာတို့၊ ဘာတို့ကြောင့် မဟုတ်ပါဘူး။ ရိုးရိုး လေသင်တုန်းတို့၊ နှလုံးရောဂါတို့ကြောင့် ဆုံးတယ်ဆိုတဲ့ အဖြေလောက်ပဲ ရပါတယ်။ ဒါတောင် တိတိကျကျ ပြောဆိုတာမျိုး မဟုတ်ဘဲ အကြောင်းတခုခု ပြလိုက်တာပဲ ထင်ပါတယ်။ အမေစိတ်ပူသလို အဆိပ်ခပ်တာတို့၊ အကြောင်း တခုခုနဲ့ သူများ လုပ်တာတို့တော့ မဟုတ်ခဲ့ပါဘူးလေ…။

နောက်တော့ အဖိုးကို ခွဲစိတ်ထားတဲ့ ရင်ကို ပြန်ချုပ်လိုက်တယ်၊ ဒီလိုဆိုတော့လည်း အဖိုးရဲ့ ပုံပန်းက နဂိုအတိုင်း ပြန်ဖြစ်သွားပြန်ရော… မခွဲထားသလိုလို ဘာလိုလိုနဲ့… သေချာကြည့်မှသာ ချုပ်ရိုးကို မြင်ရတာ…၊ ကုလားလေးဟာ ခွဲတာ ချုပ်တာ တော်တော် ကျွမ်းကျင်ပုံရတယ်။

နောက်ဆုံးတော့ အဖိုး ဆုံးပါးသွားခဲ့ပြီပေါ့လေ၊ အမေဟာ ဆေးရုံမှာ တော်တော်ညည့်နက်တဲ့အထိ နေပြီးမှ ပြန်ခဲ့တယ်။ သူ့အဖေကို ဆေးရုံ ရေခဲတိုက်မှာ ထားလိုက်ခဲ့ရပြီကိုး…။

အဖိုးဆုံးတော့ အဖွားခမျာ စိတ်ကောင်းမယ် မထင်ဘူး၊ လူကြီးတွေဆိုတာ တယောက်ဆုံးပါးရင် နောက်တယောက်လည်း လိုက်ပါဆုံးပါး တတ်တယ်လို့ ကြားဖူးထားတာကိုးဗျ။ အဖွားက အဖိုးအောက် ၁၂ နှစ်လောက် ငယ်တယ်။ အဖိုးဆုံးတော့ အဖွားကြည့်ရတာ ပိုလို့တောင် လွတ်လပ်သွားတယ်လို့ ထင်ရတယ်။

ဗီဒီယို ခွေကြည့်လိုက်၊ မြေးတွေနဲ့ ဆော့လိုက်၊ စားလိုက်၊ ရန်ဖြစ်လိုက် ပျော်ပျော်ကြီးနေရင်း မတ်တပ်မှာပဲ တညမှာ အဖွား အကြီးအကျယ် ဖျားတယ်။ သွေးတိုးတယ် ထင်ပါတယ်။ နှလုံးလည်း ရှိတယ် ထင်ပါတယ်။ သိတဲ့အတိုင်း ဖြစ်မှသာ ခံကြရ၊ ထိကြတာကိုး… ပုံမှန် ကျန်းမာရေး စစ်ဆေးတယ် ဆိုတာမျိုးမှ မရှိတာကိုး…။

အမေကတော့ သူ့အမေကို အမြဲ ပြောပါတယ်။ ပိုက်ဆံယူသွားပြီး ဆေးစစ်ဖို့၊ လုပ်ဖို့ပြုဖို့… သူကိုယ်တိုင်ကတော့ အိမ်ရဲ့ ၀င်ငွေရှာဖို့၊ သားတွေသမီးတွေ ပညာရေး၊ သွန်သင်ဆုံးမရေး၊ ဘာရေးညာရေးနဲ့ အလုပ်က သိပ်များတာကိုးဗျာ။ အဖွားကလည်း ဆေးရုံဆေးခန်း သွားရမှာ အင်မတန် ကြောက်တော့ အဲဒီမှာပဲ ဆေးစစ်တာတွေ ဘာတွေက မလုပ်ဖြစ်ခဲ့ဘူး။

ဒါနဲ့… အဲဒီတညမှာ အဖွား အကြီးအကျယ် အန်တယ်။ ညည့်သန်းခေါင်ကြီးမို့ ဆေးရုံသွားဖို့ပဲ ရှိတယ်။ အဖွားကလည်း အန်လိုက်ရင် သက်သာသွားမယ်၊ ဆေးရုံတော့ ငါ မသွားချင်ဘူး ပြောတာနဲ့… အန်..အန်..အန် တော်တော် အန်ပြီးနောက်မှာ ပင်ပန်းလို့ ထင်ပါရဲ့…၊ အဖွား ခဏတော့ အိပ်ပျော်သွားတယ်။

ဒါနဲ့ပဲ မိုးလင်းသွားတော့ အဖွားကြည့်ရတာ နည်းနည်း သက်သာသလို တွေ့ရတယ်။ မနက် ၁၀ နာရီလောက်ကျတော့ အမေက အတင်းလွတ်တာနဲ့ အဖွားနဲ့ ကျွန်တော် ရပ်ကွက် သမ၀ါယမ ဆေးခန်းကို သွားပြကြတယ်။ အဖိုးပြနေကြ ဆေးခန်းပေါ့…။ အမေလည်း လိုက်လာတယ် ထင်ပါတယ်။

ဆရာဝန်နဲ့ ပြတယ်။ သွေးပေါင်ချိန်၊ နှလုံးစမ်း လုပ်လိုက်တော့ သွေးတွေ တိုးနေတယ်။ သွေးတိုးကျဆေး ပေးလိုက်မယ်တဲ့။ ဆရာဝန်မ ပြောတဲ့ သွေးတိုးကျဆေးက မရှိဘူး။ စာရေးမက ဆရာဝန်မကို ဟိုဆေးပေးလိုက်ပါလားလို့ ပြောတယ်၊ နောက်ဆေးတမျိုးပေါ့… ဆရာဝန်မကလည်း အေး… ပေးလိုက်တဲ့။ ဒါနဲ့ စာရေးမ ပြောတဲ့ ဆေး ယူလာ၊ ဘယ်အချိန် ဘယ်အချိန် တိုက်ရမယ်ဆိုတာ ကျွန်တော်က မှတ်သား…။ ပြန်လာကြတာပေါ့။

အဖွားက အဲဒီအချိန်တည်းက တော်တော်ဖြစ်နေပြီ ထင်ပါတယ်။ ဆေးရုံတက်လိုက်ရင် ကောင်းမယ်ထင်တယ်။ ဒါပေမဲ့ အဖွားက ဆေးရုံဆေးခန်း ကြောက်တော့ မသွားဖြစ်ခဲ့ဘူး၊ အခုတောင် သမီးရော မြေးရော အတင်းပြော အတင်းခေါ်လို့ လိုက်လာရတဲ့ သဘော…။

အဲဒီမှာပဲ ဆေးတိုက်တဲ့ တာဝန်ယူထားတဲ့ ကျွန်တော်ကလည်း နားမလည် ပါးမလည်နဲ့ သွေးကျဆေးတွေ အဖွားကို နင်းကန် တိုက်ပါလေရော… အဖွားကို မြန်မြန် ကောင်းစေချင်တဲ့ စေတနာပေါ့လေ။ လေးနာရီခြား တခါ တိုက်ရမှာကို လေးနာရီ မထိုးခင်ကတည်းက တိုက်လိုတိုက်တွေ ဘာတွေ လုပ်ပစ်လိုက်တော့ အဖွားမှာ ဆေးသောက် နေရင်းကနေ ကောင်းမလာဘဲ သွေးပေါင်ချိန် လုံးဝကျသွားပြီး အဲဒီညမှာပဲ မျက်ဖြူဆိုက်လုလု ဖြစ်သွားပါတယ်။

အဲဒီတော့မှ အိမ်နဲ့ အနီးဆုံးဖြစ်တဲ့ အဲဒီတုန်းက စိန်ပေါလ်ကျောင်းမှာ ဖွင့်ထားတဲ့ ပုဂ္ဂလိက ဆေးရုံဆီကိုပြေးကြတယ်၊ ဆေးရုံကလည်း သွေးပေါင်ချိန်တွေ အလွန်ကျနေတဲ့ လူနာကို ဂလူးကို့စ်သွင်းဖို့ အရေး၊ သွေးစစ်ဖို့ပြော၊ ပိုက်ဆံတောင်း၊ သွေးစစ်၊ အဖြေထုတ်နဲ့ အဲဒီမှာပဲ အချိန်တွေကြာ၊ ဂလူးကို့စ် သွင်းနေရင်း အခြေအနေ မကောင်းတော့မှန်းလည်း သိရော… သူ့ဆေးရုံမှာ ဆုံးပါးမှာ စိုးလို့ ထင်ပါရဲ့ (ဂလူးကို့စ်တော့ သွင်းလိုက်ပါသေးတယ်) ရန်ကုန်ဆေးရုံကြီးသာ သွားပါတော့လို့ ပြောလာပါတယ်။ အဲဒါလည်း ညနေဆည်းဆာပါပဲ၊ တဖြည်းဖြည်း နေ၀င်သွားပြီး အမှောင်ထုက တဖြည်းဖြည်း စိုးမိုးလာခဲ့ပါပြီ။

အဲဒါနဲ့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ရောက်၊ အဲဒီကနေ အထူးကြပ်မတ်ဆောင် ရောက်ပါတယ်၊ အဖွားဟာ တော်တော် သန်မာသူပါ။ ဆေးရုံဆေးခန်းကို ကြောက်တတ်ပေမယ့် ခံနိုင်ရည် ရှိပါတယ်။ အရေးပေါ် ရောက်ချိန်မှာ သွေးပေါင်ချိန် သုည ဖြစ်နေတာတောင် သတိ ရှိပါတယ်။ အရေးပေါ်ကနေ ဆေးရုံ အ၀တ်အစားတွေ လဲပြီး အထူးကြပ်မတ်စောင် ခေါ်ဖို့လုပ်တော့ သူဝတ်စားထားတဲ့ ရွှေထည်တွေကို သမီးနဲ့ မြေးကို ချွတ်ယူထားဖို့ ပြောနေခဲ့ပါသေးတယ်။

အဲဒီညမှာကတည်းက အဖွားဟာ တော်တော် ခံစားနေရပါပြီ။ ဆီးစပ်က မတရားနာနေတယ်လို့ ပြောပါတယ်။ တယောက်တလှည့် နှိပ်ပေးနေမှ အဖွားမှာ နည်းနည်း နေသာတယ် ထင်ပါတယ်။ သူချစ်တဲ့ မြေးကြီး၊ သမီးတို့နဲ့ နာရီပိုင်းအတွင်းမှာ ခွဲခွာရတော့မယ် ဆိုတာကိုလည်း သိနေပုံပါပဲ။ ဒီလိုနဲ့ပဲ နောက်တရက်မှာ အဖွားဆုံးပါး ပြန်ပါတယ်။ ၁၉၉၆ ခုနှစ်၊ ဇန်န၀ါရီလ ၁၄ ရက်ပါ။ အဖွားဆုံးတော့ အသက်က ၆၇ နှစ်၊ ကျွန်တော်ကတော့ ၁၉ နှစ်ပါပဲ။ အဖွားနဲ့ ကျွန်တော်က အသက် ၅၀ နီးပါး ကွာပါတယ်။ အဖိုးနဲ့ အဖွားဟာ တစ်လနဲ့ တစ်ပတ်တိတိပဲ ခြားပြီး ဆုံးပါးသွားပြန်ပါတယ်။

အမေဟာ မရူးရုံတမယ် ဖြစ်ကျန်ရစ်ပါတယ်။ တဦးတည်းသော သမီးဖြစ်တဲ့ သူ့ကို သူသိပ်ချစ်တဲ့ အဖေနဲ့ အမေတို့ဟာ တစ်လနဲ့ တစ်ပတ်သာ ခြားပြီး ရှေ့ဆင့် နောက်ဆင့် ကွယ်လွန်သွားကြ ပါတယ်။ အမေဟာ တရားဖက်ထားလို့သာ ဒီလို နေနိုင်တာ ဖြစ်ပါတယ်။ အဖေနဲ့ အမေ ဆုံးပါးပြီးနောက်မှာ နောက်တခါ ဆုံးပါးမယ့်သူဟာ သူပဲ ဆိုပြီး တရား သံဝေဂတွေရ၊ သေခြင်းတရားဟာ နီးနီးလေးပါလားလို့ ပိုသဘောပေါက်လာပြီး အလှူအတန်းနဲ့ ဘာသာရေးကို ဇောင်းပေးပြီး ပိုလုပ်လာတာ သတိထားမိပါတယ်။

ဒါပေမဲ့ တကယ်တမ်းဆုံးပါးသွားတာကတော့ အမေ မဟုတ်ပါဘူး။ သူ့ ခင်ပွန်း တော်စပ်ခဲ့ဖူးတဲ့ ကျွန်တော့် အဖေဖြစ်ပါတယ်။ အမေနဲ့ အဖေဟာ ကျွန်တော် အသက် ၁၃ နှစ် အရွယ်မှာ စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ ကွာရှင်းပြတ်စဲ ခဲ့ကြပါတယ်။ အမေက သားသမီး သုံးယောက်ကို ကြက်မကြီးလို ရင်အုပ်မကွာ ကာကွယ် စောင့်ရှောက်ခဲ့ပြီး၊ တကိုယ်တည်း အိမ်ပေါ်က ဆင်းသွားတဲ့ အဖေကတော့ သူ့မိခင် (အဖွား) အိမ်မှာ ပြန်နေထိုင်ခဲ့ပါတယ်။ အဲဒီလို နေရင်းကနေ အထီးကျန်ဖြစ်၊ အသည်းကွဲ ဝေဒနာသည်ကြီးဟာ အရက်သောက်တာ သိပ်များသွားတဲ့ တညနေမှာ ဦးနှောက် သွေးကြောပြတ်သွားခဲ့ပုံ ရပါတယ်။

အဲဒါကလည်း ဆည်းဆာပါပဲ၊ ညနေခင်းစောစော ထမင်းစားပြီးလို့ ကုတင်ပေါ် စာဖတ်နေရင်း ကျွန်တော့်နာမည်ကို လမ်းမပေါ်ကနေ ကျယ်ကျယ် အော်ခေါ်သံ ကြားရပါတယ်။ ကျွန်တော် မျှော်လင့် ထိတ်လန့်နေတဲ့ အသံနဲ့ အချိန်လည်း ဖြစ်ပါတယ်။ ရုပ်ရှင် သိပ်ဆန်နေပေမယ့် ဒါ တကယ်ဖြစ်ခဲ့တာပါ။ တကယ့် အဖြစ်အပျက်ပါ။

အဖွားအိမ်မှာနေတဲ့ အဖေ ဦးနှောက်သွေးကြောပျက်ပြီး သေအံ့မူးမူး ဖြစ်နေတာကို အိမ်မကြီးထဲ အတူနေ ညီအစ်ကို မောင်နှမတွေက မကြည့်ပေး၊ ဆေးရုံ မပို့ပေးကြဘဲ ပစ်ထားကြတော့ အဖေ့ကို ခင်မင်ရင်းနှီးပြီး အဖေကလည်း မှာထားပုံရတဲ့ သောက်ဖော်သောက်ဖက်လည်း ဖြစ်ပုံရတဲ့ အစ်ကိုကြီးတယောက်က (အဖေပြောထားပုံရတဲ့ လမ်းနံပါတ်နဲ့ အိမ်နံပါတ်လောက်ကို မှန်းပြီး) အိမ်ရှေ့နားလောက်က လာအော်နေတာပါ။

ကျွန်တော့်နာမည် ခေါ်သံကြားတော့ အိမ်ရှေ့ ကမန်းကတမ်းထွက်၊ ဘာဖြစ်လို့ အော်နေတာလဲလို့ မေးကြည့်တော့ “မင်း အဖေ သေတော့မယ်၊ ဘယ်သူမှ ကြည့်မယ့်သူ မရှိဘူး၊ မင်း လိုက်ခဲ့“ လို့ သူက ၀မ်းနည်းသံကြီးနဲ့ ပြောပါတယ်။ ကျွန်တော်လည်း ချက်ချင်းဝမ်းနည်းသွားပြီး အမေ့ကို ကြည့်တော့ အမေက ချက်ချင်း မျက်နှာတင်းပြီး “မင်း အဖေပဲလေ၊ လိုက်သွားပေါ့၊ ငါ ပိုက်ဆံပေးလိုက်မယ်၊ အကောင်ဆုံးဖြစ်အောင် မင်းလုပ်ပေါ့၊ မင်းလူကြီး ဖြစ်နေပြီပဲ“လို့ ပြောပါတယ်။ အမေဟာ သူနဲ့ သံယောဇဉ် တဖက်ကမ်း အပြတ်ဖြတ်ပြီးသား ဖြစ်ပေမယ့် သူ့သားကြီးနဲ့ သားသမီးတွေ မျက်နှာငယ်သွား ညှိုးသွားမှာကိုတော့ လုံးဝ လိုလားသူ မဟုတ်ပါဘူး။ သူနိုင်သလောက် ဒါမှမဟုတ် အဲဒါထက်ပိုပြီး အမြဲဖြည့်ဆည်းပေးနေတဲ့သူ ဖြစ်ပါတယ်။

ဒီလိုနဲ့ အမေပေးတဲ့ ပိုက်ဆံကို ယူ၊ ကားငှားပြီး အဖေ့ဆီ အမြန်ပြေး (အဲဒီအချိန် ကျွန်တော်တို့က အဖိုးအဖွား ဆုံးပါးပြီး ဖြစ်တော့ မြို့ထဲက အဖိုးအဖွားအိမ်မှာ ပြောင်းနေ နေကြပါပြီ) အဖေက ကျောက်မြောင်းက အဖွားအိမ်မှာ ဆိုတော့ ကျောက်မြောင်းကို ပြန်ပြေး ရတာပေါ့။ အဖိုးဆုံးတုန်းက ကျောက်မြောင်းကနေ မြို့ထဲကို အပြေးအလွှား လာခဲ့ကြရပြီး၊ အဖေဆုံးတော့ ကျွန်တော့်မှာ မြို့ထဲကနေ ကျောက်မြောင်းကို ပြန်ပြေးရပြန် ပါတယ်။

ဆည်းဆာနေ၀င်ချိန်မှာ အဖေ့ဆီရောက်တော့ အဖေနားမှာ ဘယ်သူ့မှလည်း မရှိပါလား၊ ဘယ်သူ့ကို အပြစ်တင်ရမလဲ၊ ဘယ်သူ့ကို တောက်ခေါက်ရမလဲ…။ ကျွန်တော် အပြစ်တင်နေ မအားဘူး၊ ဒေါသထွက်ဖို့လည်း အချိန်မရခဲ့ပါဘူး။ ငှားစီးလာခဲ့တဲ့ ကားနဲ့ပဲ အသိ မရှိတော့တဲ့ အဖေ့ကို ကားပေါ်တင် ရန်ကုန်ဆေးရုံကြီးကို မောင်းရပါတယ်။ အရေးပေါ်ကိုပေါ့…။ ကားက ကျောက်မြောင်းကနေ ကန်တော်ကြီးကို ဖြတ်ပြီး ရန်ကုန်ဆေးရုံကြီးဆီ မောင်းနေပါတယ်။

ကန်တော်ကြီးကန်ပတ်လမ်းမှာ လေတဖြူးဖြူး တိုက်တယ်၊ ကျွန်တော် အဲဒီတော့မှ လေရှုဖြစ်တယ်။ အဖေရေ… လေတ၀ ရှုလိုက်စမ်းပါဗျာ၊ အမူးပြေလိုက် စမ်းပါ၊ အဖေ့သား ကျွန်တော် အဖေ့ဘေးမှာ အဖေ့ကို ပွေ့ထားပါတယ်လို့ ကျွန်တော် အော်နေတယ်။ အသံတွေ မထွက်တော့ဘူး။ ကျွန်တော် ဦးနှောက်နဲ့ စိတ်ထဲမှာ စကားလုံးတွေ အပြည့်… ဒါပေမဲ့ အပြင်ကိုတော့ ဘယ်လိုမှ မထွက်နိုင်ခဲ့ကြဘူး။

အဖေကလည်း ကျွန်တော့်ကို တော်တော် အားကိုးခဲ့တယ်။ ငယ်ငယ်ကတည်းက အနေတည်တဲ့ အဖေဟာ ကျွန်တော် အသက် ၁၃ နှစ် အမေနဲ့ ခွဲခွာနေထိုင်ပြီး နောက်ကျတော့ သားသမီး သံယောဇဉ်ကြောင့် ကျွန်တော်တို့ကို ကျောင်းမှာ လာတွေ့၊ ရပ်ကွက်ထဲ လူကြုံနဲ့ စာပေးလို့ သူ့ကို လာတွေ့ဖို့ ခေါ်နဲ့ တွေ့ပါတယ်။

အမေကလည်း အဖေနဲ့ တွေ့တာကို မကြိုက်တာမို့ ခိုးကြောင်ခိုးဝှက် တွေ့ကြရင်း အချိန်တွေ လွန်လာလိုက်တာ ကျွန်တော်အသက် ၂၀ လောက်မှာ အဖေနဲ့ အရက် အတူသောက်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေ ဆွေးနွေးဖြစ်တော့ သူ့သားကို အားရနေပုံများ ကျွန်တော့်မျက်လုံးထဲက အခုထက်ထိ မထွက်ပါဘူး။

တယောက်တည်းနေ၊ အထီးကျန် တကိုယ်တော် အရက်သမားကြီး အလွမ်းအဆွေး သမားကြီး အဖေဟာ တဖြည်းဖြည်း ပိန်လှီလာလိုက်တာ ကျွန်တော် ပွေ့ထားရင် ကျွန်တော့်ရင်ဘတ်ထဲ မြုပ်နေတာပေါ့။ သားကို မော့ကြည့်ပြီး လမ်းသွားလမ်းလာ မှန်သမျှကို ဒါ… ကျွန်တော့် သားကြီးလေးလို့ ပြောတဲ့အခါ လူပျိုပေါက် ဂိုက်ပေးကြမ်းကြမ်း ကျွန်တော်က ပထမပိုင်း ရှက်တတ်နေပေမယ့် နောက်ပိုင်းကြတော့ အသားကျသွားခဲ့ပါတယ်။

အခုတော့ အဖေ့ပါးနဲ့ ကျွန်တော့်ပါး ကပ်၊ အဖေ့တကိုယ်လုံးကို နွေးသွားအောင် ထွေးပွေ့၊ အဖေ သတိပြန်လည် လာပါ၊ အဖေ မသေပါနဲ့ဦး… ကျွန်တော် အော်နေပေမယ့် ကျွန်တော့် အသံတွေလည်း ထွက်မလာ၊ အဖေလည်း မကြားတော့ပါဘူးလေ…။ ကျွန်တော် ဒီရက်ကို ရွံ့ရွံ့နဲ့ စောင့်နေတာ… အဖေ၊ တကယ်ကို ရောက်လာပါရောလားဗျာ။

ဒီလိုနဲ့ ဆေးရုံရောက်၊ အရေးပေါ်ကနေ အဖေ့ကို သုံးထပ်ကို ထမ်းတင်ကြ၊ တခါ ဦးနှောက်နဲ့ အာရုံကြောဘက် ရောက်… အဖေ ဘာမှ မသိတော့ပါဘူးလေ။ တရက် နှစ်ရက် သုံးလေးရက် နေတော့ အဖေ သေပြန်ပါပေါ့။ ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှာ အဖေဆုံးပါးသွားတယ်။ အဖေဆုံးတော့ အသက်က ၅၉ နှစ်၊ ကျွန်တော်က ၂၃ နှစ်။ အဖေနဲ့ ကျွန်တော်က အသက် ၃၆ နှစ် ကွာတယ်။ အဖေနဲ့ အမေက ၁၁ နှစ် ကွာတယ်။

သေခြင်းတရားဆိုတာ မဆန်းပါဘူး၊ နေ့တိုင်း လူတွေ သေနေကြတာပဲလေ။ ကျွန်တော့်အတွက်တော့ နည်းနည်းဆန်းတယ်။ ပုံမှန်အားဖြင့် ဆည်းဆာတွေဟာ လှတယ်၊ ရင့်ကျက်မှု အလှတရားရှိတယ်။ အခုတော့ ဆည်းဆာတွေမှာ ကျွန်တော့် အဖိုး၊ အဖွား၊ အဖေတို့ သေခဲ့ပြီပေါ့။

ဒီကနေ့တော့ အဖိုး ရုတ်တရက် ကွယ်လွန်ခဲ့တာ ၁၅ နှစ်ပြည့်တယ်။ အဖိုးနဲ့ အဖွား ကွယ်လွန်ခြင်း ၁၅ နှစ်ပြည့်အတွက် အမေက အလှူအတန်း လုပ်ပြီး သူ့မိဘတွေ အတွက် အမျှအတန်း ပေးဝေတယ်။ သားကြီး မြေးဦးဖြစ်တဲ့ ကျွန်တော့်ကိုလည်း ကျေးဇူးတရားတွေကို ရည်မျှော် အောက်မေ့လို့ အဖိုးအဖွားတို့ကို ရည်စူး အမျှဝေဖို့ အမေက လှမ်းသတိပေးတယ်။

သားချစ်တဲ့ ဘာပူးနဲ့ မေကြီးရေ… သားပြုတဲ့ ကုသိုလ်ကောင်းမှုတွေအတွက် အမျှ… အမျှ… အမျှ… ပေးဝေပါတယ်။ ရောက်ရာအရပ် ရောက်ရာဘ၀ကနေ ကြားသိလို့ သာဓုခေါ်ကြပါခင်ဗျာ…။

သားကြီးချစ်တဲ့ အဖေရေ… သားပြုတဲ့ ကုသိုလ်ကောင်းမှုတွေအတွက် အမျှ… အမျှ… အမျှ… ပေးဝေပါတယ်။ ရောက်ရာအရပ် ရောက်ရာဘ၀ကနေ ကြားသိလို့ သာဓုခေါ်ပါခင်ဗျာ…။

၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၇ ရက်။
ည ၉ နာရီခွဲ။
=========================================================================================
ဆည်းဆာ/ဆီးဇာ/န-၁၊ နေ၀င်ချိန်။ ၂၊ သာမန်အားဖြင့် တရက်အတွင်း အကူးအပြောင်း အချိန်လေးရပ် (နံနက်ဆည်းဆာ၊ မွန်းတည့်ဆည်းဆာ၊ ညနေဆည်းဆာ၊ သန်းခေါင်ဆည်းဆာ)

ကျွန်တော့် ဆည်းဆာကတော့ နေ၀င်ဆည်းဆာပေါ့ဗျာ၊ နေမင်းကြီးတွေ ကွယ်သွားခဲ့တဲ့ ဆည်းဆာတွေပေါ့…။

လူ့လောကကို မွေးဖွားခြင်းဆိုတဲ့ အစမှတ်ကနေ ၀င်လာပြီး သေဆုံးခြင်းဆိုတဲ့ အဆုံးမှတ်ကို ပြန်မထွက်မီ အဲဒီခရီးကို ဘ၀လို့ ဆိုပါရင် လူတစ်ဦးချင်းစီ ဖြတ်သန်း နေရတဲ့ ခရီးအကွာ အဝေးအလိုက် မှတ်တိုင်တွေကိုလည်း တစ်တိုင်ပြီး တစ်တိုင် ဖြတ်ကျော် ရပြန်ပါတယ်။

ယေဘူယျအားဖြင့် တစ်နှစ်ကြာမြင့်တဲ့ ကာလတစ်ခုကို မှတ်တိုင်တစ်ခုလို့ ကျွန်တော်တို့ အများ လက်ခံထားကြတယ်၊ မွေးတဲ့နေ့ကနေ တစ်နှစ်ပြည့်ရင် မှတ်တိုင်တစ်ခု ဖြတ်သန်းတယ်၊ ဒါကိုပဲ မွေးနေ့ရောက်ပြီလို့ သိကြပြန်တယ်။ ဆိုတော့ တစ်နှစ် တခါ မွေးနေ့ရောက်လိုက်၊ ကိုယ်ကိုယ်တိုင်နဲ့ အများက အသိအမှတ်ပြုလိုက် ဖြတ်သန်းလိုက်… ဒီလိုနဲ့ပဲ တစ်နှစ်ပြီးတစ်နှစ် သေဆုံးခြင်း အဆုံးမှတ်ကို အပြုံးပန်းတဝေေ၀နဲ့ သွားနေကြတယ်။

လူ့ဘ၀ဟာ သေဆုံးခြင်းမှာ အဆုံးသတ်တယ်၊ ဘယ်လိုနေမလဲ ဘယ်လိုသေမလဲ

လူတွေက အလုပ်တွေ လုပ်နေကြတယ်၊ ဒီနေ့ခေတ်မှာ ပိုလုပ်လာရတယ်။ ပြည်တွင်းက အိမ်ကို ခွဲခွာပြီး တစ်နယ်တစ်ကျေးက အိမ်တစ်ခုမှာ သွားနေရတယ်၊ အလုပ်ပိုလုပ် ၀င်ငွေ ပိုရှာ ရုန်းကန် နေကြရတယ်။ ဒါနဲ့ပဲ ရုန်းလိုက် ကန်လိုက် ကုန်းလိုက် ခံလိုက်နဲ့ လောကဓံတွေကို ဖြတ်သန်းနေရတယ်၊ အဲဒီမှာလည်း မှတ်မှတ် သားသားဖြစ်ဖြစ် မေ့မေ့လျော့လျော့ဖြစ်ဖြစ် မွေးနေ့တွေကို ဖြတ်ရပြန်တယ်၊ မှတ်တိုင်တစ်ခုကို ကျော်ရပြန်တယ်။ တချို့ အဲဒီမှာ ဗုံးကနဲလဲ ဒုံးကနဲ သေသွားကြတယ်။

ကျွန်တော်လည်း ပြီးခဲ့တဲ့ တစ်ရက်က မွေးနေ့တစ်ခု မှတ်တိုင်တစ်တိုင်ကို ဖြတ်လိုက်ရတယ်။ မွေးနေ့မတိုင်ခင်ကပဲ လာမယ့်မွေးနေ့ကို အချိန်ယူဖြတ်သန်းဖို့ ကျွန်တော် ပြင်ဆင်ခဲ့တယ်။ အားလပ်ရက် ယူတယ်၊ ထူးထူးခြားခြား တစ်ခုခုလုပ်ဖို့ စဉ်းစားကြည့်တယ်။ လူ့သက်တမ်းကို (မြန်မာတွေအတွက်) ၆၀ တန်း၊ ၇၀ တန်း လို့ တွက်ပါရင် ကျွန်တော် အသက်က သက်တမ်းတစ်ဝက် ကျိုးလာပြီ။ ကျွန်တော် စဉ်းစားကြည့်တယ်။ ဘ၀ကို ကျေနပ်သလား…။

အရင်ကလည်း ဒါကို အချိန်ရတိုင်း စဉ်းစားနေခဲ့ပါတယ်။ ကျွန်တော် ဘာဖြစ်ချင်တာလဲ၊ ဘာတွေ လုပ်မှာလဲ၊ ဘယ်တော့ ရပ်မှာလဲ…။

ကျွန်တော့်ထက် အသက်ကြီးသူတွေက ကျွန်တော့်ကို ငယ်ငယ်လေး ရှိပါသေးတယ်လို့ ပြောကြတယ်။ ဟုတ်တာပေါ့၊ သူတို့အောက် အသက်ထက်ဝက်လောက် ငယ်နေမှတော့ ငယ်ငယ်လေး ရှိသေးတာပေါ့။ သူငယ်ချင်း ကောင်မလေးတွေက ခင်ဗျား အသက် သိပ်မကြီးသေးပါဘူးဗျာလို့ ပြောတယ်၊ ဟုတ်တာပေါ့၊ သူတို့ထက် လေး ငါး ဆယ်နှစ်လောက်ပဲ ကြီးတာကိုး…၊ ဒါပေမဲ့ ၁၀ တန်း အောင်တဲ့ ၁၉၉၃ ခုနှစ်ကနဲ့ တွက်ရင်တော့ အခု ကျွန်တော် အသက် နှစ်ဆတိတိ ကြီးသွားခဲ့ပြီ။ အဲဒါကိုတော့ ကျွန်တော် အသိဆုံးပဲလေ…။

အသက်ကြီးလာတယ်ဆိုလည်း ကြီးလာတယ်ပေါ့…။ ကျွန်တော်လုပ်ချင်တာတွေ လုပ်ခဲ့ပြီလား၊ ဖြစ်ချင်တာတွေ ဖြစ်ခဲ့ပြီလား၊ ဘာတွေ ဆက်လုပ်ဖို့ ကျန်သေးလဲ၊ ဘာတွေ ဆက်ဖြစ်ချင်သေးလဲ။ မေးခွန်းပေါင်းများစွာအတွက် ဖြစ်နိုင်ချေ အဖြေပေါင်းများစွာကို ကျွန်တော် စဉ်းစားကြည့်မိတယ်။

မွေးဖွားခြင်းကို ပြန်စစ်ကြည့်ကြပါစို့ရယ်…

မွေးနေ့ မနက် အိပ်ရာနိုးတော့ အမေ့ကို စိတ်ကနေမှန်း လှမ်းကန်တော့တယ်။ ကျွန်တော့်ကို မွေးတော့ အမေ အလွန်နာခဲ့၊ အော်ခဲ့၊ ဒုက္ခများခဲ့ရတယ်။ အသံစူးစူး၊ ပါးစပ်တပြင်ပြင်၊ ခြေဆံလက်ဆံရှည်ရှည်နဲ့ ကလေးလေးဟာ နာရီ ၂၀ လောက် အမေ့ကို အပြင်းအထန် နာကျင်စေပြီးမှ လူ့လောကကို ရောက်လာခဲ့တယ်။

တလောလေးကပဲ ကလေးတစ်ယောက် လူ့လောကကို ဘယ်လို ရောက်လာသလဲဆိုတဲ့ ဗီဒီယိုကလစ်လေးတစ်ခု ကျွန်တော်ကြည့်ထားတယ်။ အားပါးပါး… မလွယ်ပါလားဗျ။ မိန်းကလေးတွေနဲ့ အမျိုးသမီးတွေ (မေတ္တာမိခင် ကျေးဇူးရှင်တွေ) ကို အဲဒီ ကလေးမွေးတဲ့ ကိစ္စတစ်ခုတည်းနဲ့တင် ကျွန်တော် အလွန် လေးစား ချစ်ခင် သွားပါတယ်။

ကလေးတစ်ယောက် ဖြစ်လာမယ့် သန္ဓေသားလောင်းကနေ မွေးတဲ့အထိ ၉ လ ကျော်၊ ၁၀ လ နီးပါး ကိုယ်ဝန်ဆောင်ထားရပြီး၊ အဲဒီကနေ မွေးထုတ်လိုက် ရတာဟာ တော်ရုံသတ္တိနဲ့တော့ မဖြစ်နိုင်ပါဘူး။ ဒါမွေးရုံပဲ ရှိပါသေးတယ်။

အဲဒီကနေ ချေး၊ သေးက အစ သန့်စင် သုတ်သင်၊ ကျွေးမွေး ပြုစုပြီး ကိုယ့်ခြေကိုယ့်လက်နဲ့ လုပ်ကိုင်နိုင်တဲ့ အရွယ်အထိ စောင့်ရှောက်ဖို့ ဆိုတာ ကြီးမားတဲ့ မေတ္တာတွေနဲ့ ပေးဆပ်ခဲ့ကြ တယ်ဆိုတာ အထင်အရှားပါ။ တချက်ကလေး စောင်းငဲ့ကြည့်ရုံနဲ့ မြင်နိုင်တဲ့ သိသာ ထင်ရှားတာ မျိုးပါ။

ဗီဒီယိုကလစ်လေးကို လေးငါးခါလောက် ကျွန်တော် ပြန်ပြန်ကြည့်ပါတယ်၊ မိခင်ရဲ့ မိန်းမကိုယ်ထဲကနေ တင်းနစ်ဘောလုံးအရွယ် သာသာလောက်ရှိတဲ့ ကလေးခေါင်းလေးဟာ အတင်းကို တိုးထွက်နေပါတယ်၊ အပေါက်က သေးလေတော့ တော်တော်ရုန်းကန်ရပါတယ်။ မိခင်ကလည်း တညည်းညည်း တညူညူနဲ့ ညှစ်ပေး တွန်းပေးပေါ့လေ။ အဲဒီမှာ မိခင်က အားတော်တော် စိုက်ရပါတယ်။

ကျွန်တော်ကတော့ မွေးနေ့ဖြစ်လာမယ့် ကျွန်တော်တို့ရဲ့ ပထမနေ့ကို အသေအချာ ကြည့်နေပါတယ်။

လူသေးသေးလေးဟာ လောကထဲ ၀င်ရောက်ဖို့ အတင်းရုန်းထွက် နေရပါတယ်။ လူ့လောကကို အ၀င်မှာကတည်းက အားမာန်အပြည့်နဲ့ စရုန်းနေရပါပြီ။ ထွက်လာမယ့် လူကလေးရော၊ သူ့မိခင်ပါ ရေကုန်ရေခမ်းကို စရုန်းနေရပါပြီ။ မတော်လို့များ တစ်ယောက်ယောက်က အားနည်းခဲ့ရင် မြန်မြန်ခွဲမွေးရင် မွေး၊ မမွေးရင်တော့ မိခင် ဒါမှမဟုတ် ကလေး ဒါမှမဟုတ် နှစ်ယောက်စလုံး အသက်ဆုံးပါးနိုင်ကိန်းပါ။

ဒီလိုပဲ ကလေးမွေးရင်း ကလေး ဒါမှမဟုတ် မိခင် ဒါမှမဟုတ် ကလေးရော မိခင်ပါ သေဆုံးသွားခဲ့တာတွေ အများကြီးရှိခဲ့ပါပြီ။

ဘ၀အစ လူ့လောကအ၀င်မှာပဲ တော်တော် ရုန်းကန်ပြီးမှ ထွက်လာပြီး ကလေးလေးဟာ အော်ပါတယ်၊ ငိုပါတယ်။

“ငါ လာပြီဟေ့“ လို့ ပြောတယ်ပဲ ဆိုပါစို့…။

အဲဒီကနေ နို့မစို့ရလို့ ငို၊ မုန့်မစားရလို့ ငို၊ ကျောင်းမတက်ချင်လို့ ငို၊ စာမရလို့ ငို၊ စာမေးပွဲ မအောင်မှာ ကြောက်လို့ ငို၊ ကျောင်းမပြီးမှာ ပူပန်လို့ ငို၊ အလုပ်မရမှာ စိုးလို့ စိတ်ပူ၊ အလုပ်ရာထူး တိုးဖို့၊ ပိုကောင်းတဲ့ အလုပ် ရဖို့၊ ပိုက်ဆံပို ၀င်ဖို့၊ နိုင်ငံခြား သွားရဖို့ အို… တစ်ခုပြီးတစ်ခု ငိုလိုက်၊ အော်လိုက်၊ ကြောက်လိုက်၊ မှောက်လိုက် အမျိုးမျိုး ရုန်းကန်ခဲ့ရတာ အခုလို မှတ်တိုင်တွေ တစ်ခုပြီးတစ်ခု ကျော်ဖြတ်ရင်းပေါ့။

မှတ်တိုင်တွေ ကျော်ခဲ့ရင်း ကောင်းတာလေးတွေ၊ ၀မ်းသာစရာလေးတွေ မရှိတော့ဘူးလား၊ မကောင်းတာတွေချည်းပဲလားဗျာလို့ မေးပါဦးလား။

ရှိတာပေါ့၊ မိသားစုတွေ ဘုရားသွား ကျောင်းတက်ကြတာ၊ ပန်းခြံတွေ ရုပ်ရှင်တွေ အတူ သွားကြတာ၊ ဈေးဝယ်ထွက်ပြီး ချက်ပြုတ် စားသောက်ကြတာ၊ အ၀တ်အစား အသစ်တွေ ၀တ်ကြတာ၊ အပန်းဖြေခရီးတွေ၊ ကမ်းခြေတွေ သွားကြတာ၊ အလှူအတန်းတွေ လုပ်ကြတာ၊ အိမ်အသစ် ကားအသစ်တွေ ၀ယ်ကြတာ…

ရာထူးတွေတက် နိုင်ငံခြားတွေ ထွက်ကြတာ၊ ဂုဏ်ပြု ချီးကျူး ခံရတာ၊ ချစ်သူ ရည်းစားလေး ရတာ၊ မင်္ဂလာဆောင်ကြတာ၊ ဟော ခုနပြောသလို မိခင်ရဲ့ ပီတိတွေနဲ့ ကလေးလေး မွေးလိုက်တာ… ပျော်စရာတွေပေါ့။ ဒါပေမဲ့ ၁၀၀ ရာခိုင်နှုန်း အပြည့် ပျော်စရာချည်းလားဆိုတော့… ဒီလိုတော့ မဟုတ်ပြန်ပေဘူး။ ပြင်ဆင်ရတာတွေနဲ့၊ စိတ်ပူပန်ရတာတွေနဲ့၊ စိတ်ဆင်းရဲရတာတွေနဲ့၊ ငိုလိုက်ရတာတွေနဲ့… အဲဒီလိုဟာတွေက တွဲဖက်ပါလာသေးတာကိုးဗျ။

“ဘယ်အရာမှ အလကား မရဘူး“၊ “ဘယ်အရာမှ အကောင်းချည်း မရှိဘူး“ ဆိုတဲ့ စကားတွေ၊ တရားတွေလိုပါပဲ။ တစ်ခုလိုချင်ရင် တစ်ခုပေးရတာပါပဲ၊ အကောင်းလိုချင် အဆိုးပါ တွဲယူရတာပါပဲ၊ သံယောဇဉ်ဖြစ်ရင် ချည်နှောင် ခံရတာပါပဲ၊ ပျော်ချင်ရင် မောလည်းမောရတာပါပဲ၊ ရုန်းကန်မှုတွေက အနည်းနဲ့ အများဆိုသလို တွဲဖက်ပါနေတော့တာပါပဲ။

ပုံစံအမျိုးမျိုးနဲ့ သေသွားသူတွေ များခဲ့ပြီ

အဲဒီတော့ မွေးရာကနေ ရုန်းလိုက်ကြ ရတာ သေတော့ရော… ဟား ဟား သေတော့လည်း ရုန်းရပြန်တာ ပါပဲဗျာ။ လွယ်လွယ်နဲ့ သေတယ်များ အောက်မေ့ ပါသလား။ ဘယ်လွယ်လိမ့် မလဲဗျာ၊ မသေ သေးဘူး၊ အိုလာ ရတယ်၊ အခု အသား အရေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က အသား အရေမျိုး မဟုတ်တော့ဘူး၊ အခု ရုပ်ရည်ဟာ လွန်ခဲ့တဲ့ နှစ်အပိုင်း အခြားက ရုပ်ရည် မဟုတ် တော့ဘူး၊ အခုသွားတွေ၊ နားတွေ၊ မျက်စိတွေဟာ အရင်လိုတော့ မကောင်း တော့ဘူး။

ပြီးတော့ အနာရောဂါတွေ တဖြည်းဖြည်း ဖိစီးလာတာကို ခံစားမယ်၊ ငယ်ငယ်တုန်း ဆိုးရင် ဆိုးခဲ့သလောက်၊ ဇိမ်ခံခဲ့ရင် ဇိမ်ခံခဲ့သလောက် နည်းနည်း နာမယ်၊ များများ နာမယ်၊ ဆေးရုံဆေးခန်း ပုံမှန်သွားရမယ်၊ အကြိမ်ကြိမ် သွားရမယ်။

အိုလာမယ်၊ နာလာမယ်ဆိုတော့ အဲဒီမှာ ပြုစုမယ့်သူ၊ ဂရုစိုက်မယ့်သူ ရှိတယ်ဆိုရင် တော်ပါသေးရဲ့…၊ ဂရုစိုက်မယ့်သူလည်း မရှိ၊ ပိုက်ဆံကလည်း မရှိ၊ ဆေးဝါးကလည်း မရှိဘူး ဆိုရင်တော့ သေဖို့သာ ပြင်…။

ဟုတ်ပြီ သေတော့မယ်။ ညဘက် မပျော့်တပျော်အိပ်ရင်း မနက်ခင်းလင်းတုန်း တစ်ချက် အိပ်မောအကျမှာ သေသွားမယ်လို့များ ထင်ပါသလား။ မဟုတ်ပါဘူး။ တရားပီပီပြင်ပြင် မလုပ်ထားဘူး၊ ကုသိုလ်ကောင်းမှု များများ မပြုထားဘူး၊ သတိ၊ သမာဓိ ကောင်းကောင်း မရှိထားဘူး ဆိုရင်တော့ ကောင်းကောင်းမွန်မွန် သေပါလိမ့်မယ်… အားကြီးကြီး…။

ကျွန်တော် အဲဒါတွေကို မွေးနေ့မှာ စဉ်းစားဖြစ်တယ်၊ သေတဲ့သူတွေကို မြှုပ်နှံထားတဲ့ သင်္ချိုင်းမှာ သွားစဉ်းစားတယ်။ တချို့က ငယ်ငယ်နဲ့ သေတယ်၊ တချို့က သက်တမ်းစေ့မှ သေတယ်။ တချို့က ဂုဏ်သတင်းမွှေးပြီး သေတယ်။ တချို့က လောဘ၊ ဒေါသတွေနဲ့ သေတယ်။ တချို့က အများအကျိုး၊ နိုင်ငံ့အကျိုး သယ်ပိုးရင်း သေတယ်။

ကျွန်တော်ရော ဘယ်လို သေမလဲ၊ သေလို့ ရနေပြီလား။ သင်္ချိုင်းမှာတော့ ကျွန်တော့်မွေးနေ့မှာ သေတဲ့သူကို တွေ့ခဲ့တယ်၊ ကျွန်တော့်အသက်မှာပဲ သေနှင့်တဲ့ သူကို မြင်ခဲ့ပြီ။ ကျွန်တော်က အခုမှ ငါလည်း သေရမှာပါလားလို့ စဉ်းစားနေတုန်း ရှိသေးတယ်။ ကျွန်တော်ကမှ သေရမှာကို စဉ်းစားနေသေးတယ်။ ကျွန်တော့် သူငယ်ချင်းတွေ မိတ်ဆွေတွေ အများစုကတော့ ဘယ်သူမှ ငါတို့ သေတော့မှာပဲလို့ စဉ်းစားတဲ့သူ များများ မတွေ့ မကြားမိပါဘူး။

တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော် သင်္ချိုင်းကုန်းက ပြန်လာပြီး နောက်တစ်ရက်မှာပဲ ရန်ကုန်က ဘဏ်လုပ်ငန်းပညာရှင်နဲ့ စီးပွားရေးပညာရှင် ဆရာဦးဝင့်ကျော် ဆုံးတယ်လို့ ကြားတယ်။ ကျွန်တော်က သင်္ချိုင်းက ပြန်လာပြီး နောက်တစ်ရက်မှာမှ ဆောင်းပါးရေးတာပေါ့လို့ ထားလိုက်ပြီး၊ နောက်နေ့ကျတော့ ကွန်ပျူတာ ဖွင့်၊ ဖေ့စ်ဘုတ်ကြည့်တုန်းမှာပဲ ဆရာဦးဝင့်ကျော် ကွယ်လွန်ကြောင်း မတ်ဆေ့ဂ်ျ တွေ့လိုက်ရတယ်။

လူတိုင်းကတော့ သေမှာချည်းပါပဲ၊ ဒါပေမဲ့ လူတော်တော် များများက ဒီနေ့တော့ ငါ မသေလောက်သေးပါဘူးလို့ မျှော်လင့်တတ်ကြပါတယ်။

ကျွန်တော်လည်း မျှော်လင့်တာပါပဲ၊ မျှော်လင့်လို့ပဲ နောက်တစ်ရက်မှ ရေးတာပေါ့ကွာဆိုပြီး နောက်တစ်ရက် ဆိုင်းလိုက်တာပေါ့။ တကယ်လို့များ သင်္ချိုင်းကုန်း သွားရင်း ကျွန်တော် သေသွားခဲ့ရင် ဒါမှမဟုတ် အိမ်ပြန်လာပြီး ချက်ချင်းပဲ သေသွားခဲ့ရင်လည်း ဒီစာတွေကို အခု ဖတ်ရတော့မှာ မဟုတ်ပါဘူး။

ကျွန်တော်ကိုယ်တိုင်လည်း သေမလို သုံးလေးခါတော့ အနည်းလေး ဖြစ်ခဲ့ဖူးပါပြီ။ အချိန်မရွေး သေနိုင်တယ်ဆိုတာကိုလည်း အပြောမဟုတ်၊ လက်တွေ့ နီးနီးစပ်စပ် သိထားပါတယ်။ သတိမကပ်၊ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားရင်တော့ မြန်မြန်သေနိုင်တယ် ဆိုတာကတော့ သေချာပါတယ်၊ အဲဒီလို သေသွားသူတွေလည်း ရှိနေ မြင်နေ ကြားနေရပါတယ်။

အ၀င်ထက် အထွက်ဟာ ခက်လိမ့်မယ်

သင်္ချိုင်းကုန်း သွားတာ ဘာထူးသလဲ ဆိုရင်တော့ လူတွေ ဘယ်လို သေခဲ့ပြီလဲ၊ ကျန်ရစ်သူ တွေက ဘယ်လို စိတ်တွေ ထားကြသလဲ၊ ကြီးကျယ် မြင့်မြတ်စွာ သေတဲ့သူတွေ၊ လူတွေကို ကောင်းစေချင် ကောင်းအောင် လုပ်ပေးခဲ့သူတွေ ဘယ်လို ဂုဏ်ပြုခံရ သလဲ၊ သူတို့ကို ကျန်ရစ်သူ တွေက ဘယ်လို လွမ်းဆွတ် ကြသလဲ ဆိုတာကို ကျွန်တော် နည်းနည်း ပိုရိပ်စား မိလာပါတယ်။

သေရင်တော့ ပြီးသွားပြီလို့ လူမိုက်တွေ က ထင်တတ်ကြပါတယ်၊ မြန်မာစကားပုံမှာလည်း “သေသောသူ ကြာရင်မေ့“ ဆိုတဲ့ စကားရှိပါတယ်။

ဒါပေမဲ့ ဗုဒ္ဓ နောက်က လူတွေ သန်းထောင်နဲ့ချီ သေသွားခဲ့ပြီပဲ၊ သခင်ယေရှု နောက်က၊ တမန်တော် မိုဟာမက် နောက်က လူတွေ သေခဲ့ကြပြီပဲ။ သူတို့ကို ကိုးကွယ် ဆည်းကပ်နေကြတုန်းပဲ။ သူတို့ ဟောပြော ဆုံးမ လမ်းညွှန်ခဲ့တာတွေကို အရိုအသေပြု လိုက်နာနေကြတုန်းပဲ။ ဘာဖြစ်လို့ပါလဲ…။

အေဗရာဟမ်လင်ကွန်းတို့၊ မာတင်လူသာကင်းတို့၊ မာသာထရီဇာတို့၊ ဂန္ဓီတို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့ အိုင်းစတိုင်းတို့၊ စကားတွေ၊ တရားတွေကို သုံးစွဲနေကြတုန်းပဲ။ သေတဲ့အထိ မြင့်မြတ်နေကြဆဲ သူတွေ…။ ဘာဖြစ်လို့ပါလဲ၊ သေရင် မပြီးသေးဘူး ဆိုတာကို သူတို့ပြသွားခဲ့တာပါပဲ။

ဒီတော့ ချုပ်ရရင် လောကထဲ ကျွန်တော်တို့ ရုန်းရင်းကန်ရင်း ၀င်ခဲ့ကြပြီ၊ ပျော်ရင်းမောရင်း တွန်းရင်းတိုက်ရင်း ရှင်သန်နေခဲ့ကြပြီ။

အဆုံးအမှတ်ကိုလည်း အကန်းဘ၀နဲ့ လုံးလုံးမိုက်မိုက် ထွက်သွားမလား၊ ပေါ့ပေါ့ဆဆနဲ့ ရေစုန်မျောလိုက်မလား၊ ဖြစ်ချင်ရာဖြစ်ဆိုပြီး မိုက်ချင်သလို မိုက်လိုက်ကြမလား။ ကျွန်တော်ကတော့ စဉ်းစားနေပါတယ်၊ အချိန်အားရတိုင်း အသေအချာကို စဉ်းစားနေပါတယ်။

အ၀င်ထက် အထွက်ဟာ ပိုခက်လိမ့်မယ်လို့တော့ ထင်တာပါပဲဗျာ….။

၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၂ ရက်။ ည ၈ နာရီ။

စာမရေးဖြစ်တာ လနဲ့တောင် ချီသွားပါပေါ့လား၊ ဒီနေ့တော့ နိုင်ငံတကာအမေနေ့ ဖြစ်တာမို့ အမေ့အကြောင်းလေး ရေးမယ်ဆိုပြီး “မေမေ“လို့ ခေါင်းစဉ်တပ် လိုက်ပါတယ်။

“မေမေ“လို့သာ တပ်လိုက်တာ၊ ပြောရဦးမယ်။ မေမေ့ကို မေမေလို့ အသက် ၁၀ နှစ် မတိုင်ခင်အထိတော့ ခေါ်ခဲ့ဖူးတယ်ထင်တယ်။ အဲဒီနောက်တော့ ကိုယ့်ကိုယ်ကိုယ် လူကြီး အတင်းလုပ်ပြီး၊ မေမေ့ကို မေမေလို့ ခေါ်တာ ငါဟာ နုလိုက်တာ၊ ငါက လူကြီးဖြစ်နေပြီပဲ၊ တင်းပြတ်တဲ့ အခေါ်အဝေါ်နဲ့ ခေါ်မှတင့်တယ်မယ်ဆိုပြီး အမေလို့ ခေါ်တယ်။ ဟား ဟား..ကိုယ့်ဘာသာကိုယ် တွေးခေါ်ပြီး လူတတ်လုပ်တာလေ။

နောက်ထပ် ငါးနှစ်၊ ခြောက်နှစ်လာရှိလာပြန်တော့လဲ အမေဆိုတာက နည်းနည်းပျော့နေပြန်တယ်။ ဒီတော့ အင်္ဂလိပ်ဘာသာစကား Mother ကို တိုက်ရိုက် စကားလုံး ဖလှယ်ပြီး မားသားလို့ ခေါ်ပြန်ပါတယ်။ အမေကတော့ သူ့ကို ဘယ်လိုခေါ်ခေါ် ဘာမှ မပြောပါ၊ သူက ဘယ်လိုအခေါ်ခံချင်တယ်လို့လဲ မတောင်းဆိုပါ။

မေမေကလဲ မိန်းမသားအများအပြားလို သိပ်နူးညံ့တဲ့ မိန်းမတစ်ယောက်တော့ မဟုတ်ပါ၊ ခပ်မာမာ ခပ်ပြတ်ပြတ်ပါပဲ။ လိုတာထက်ပိုပြီး စကားပြောသူမဟုတ်တော့ စိတ်ကြည်လင်တဲ့အခါ ကိုယ်တို့ ညီအစ်ကိုကို သားကြီး၊ သားငယ်လို့ ခေါ်တတ်ပေမဲ့ ပုံမှန်ဆက်ဆံတဲ့ အခါမျိုးမှာဆိုရင် သူပေးထားတဲ့(မှည့်ခေါ်ထားတဲ့) နာမည်ရင်းအတိုင်းပဲ ခေါ်ပါတယ်။ ကိုယ်ကလဲ အဲဒီလိုခေါ်တာကို ကြိုက်ပါတယ်။ ပြတ်သားတာကို ကြိုက်တဲ့သူဆိုတော့ အမေနဲ့သားဟာ အခေါ်အဝေါ်မှာ သိပ်ပြင်တည့်နေစရာ မလိုခဲ့ပါဘူး။

နောက်တော့ အခြေအနေတွေအရ သားကြီးနဲ့ မေမေဟာ ပိုရင်းနှီးလာခဲ့ပါတယ်။ ဆိုးတိုင်ပင်ကောင်းတိုင်ပင် ဖြစ်လာတဲ့အခါ သားကိုလဲ ဓားတစ်လက် အနေနဲ့ တစ်မျိုး၊ အားကိုးစရာ တိုင်ပင်စရာ အကြံပေးတစ်သွယ်ထားလာတာကြောင့် သားကြီးလို့ ခေါ်တာများလာသလို ကျွန်တော်ကလဲ မားသားကနေ မားမားလို့ ခပ်ချိုချို ပျော့ပျော့ ခေါ်လာပါတယ်။

အခုထက်ထိလဲ မားမားလို့ခေါ်တာများပါတယ်၊ မေမေလို့တော့ မခေါ်ချင်သေးပါဘူး။ သိပ်မနုချင်လို့ပါ။ ထားတော့ ဒါက အခေါ်အဝေါ်ကိစ္စ။

အမေနေ့ကိစ္စကတော့ wiki သွားကြည့်တဲ့အခါ မြန်မာကိုလဲ နိုင်ငံတကာ အမေများနေ့မှာ နိုင်ငံအများစုလက်ခံထားတဲ့ မေလ ဒုတိယပတ် တနင်္ဂနွေထဲ ထည့်ထားတာ တွေ့ရပါတယ်။ အဲဒီ နိုင်ငံ ၇၇ နိုင်ငံစာရင်းထဲမှာ မြန်မာက သဘောတူပြီးပါတာလား၊ သဘောမတူဘဲပါတာလား ဘယ်လိုပါတာလဲတော့ မသိ၊ ပါဝင်နေပါတယ်။ ကျန်နိုင်ငံတွေကတော့ သူ့နေ့နဲ့သူ သတ်မှတ်ထားကြတာ တွေ့ရပါတယ်။ နေ့တစ်နေ့ကိုပဲ အတူတူ ၀ိုင်းသတ်မှတ်ထားတဲ့ နိုင်ငံစုတွေလဲ တွေ့ပါတယ်။

မြန်မာနိုင်ငံမှာတော့ ရုပ်ရှင်ဒါရိုက်တာကြီး၊ စာရေးဆရာကြီး၊ လူမှုရေးသမားကြီး ဦးသုခ ဦးဆောင်လှုပ်ရှားပြီး မြန်မာပြက္ခဒိန်က ပြာသိုလပြည့်နေ့ကို အမေနေ့လို့ သတ်မှတ်ထားပါတယ်။ နှစ်စဉ် နိုင်ငံတကာသုံးပြက္ခဒိန်အရဆိုရင်တော့ နှစ်ဆန်း ဇန်န၀ါရီလထဲ ကျရောက်မှာပေါ့လေ။ြ

ပြာသိုလဟာ အေးချမ်းတဲ့လမို့ အမေ့မေတ္တာဟာလဲ အေးချမ်းတာမို့ ရက်ရွေးတဲ့အခါ ပြာသိုလပြည့်နေ့ကို ရွေးပါတယ်လို့ ဦးသုခ ပြောဖူးသလား မသိပါ၊ ကျွန်တော်မှတ်မိနေသလိုပါပဲ။ လပြည့်ကတော့ အမေ့မေတ္တာ၊ အမေ့မျက်နှာပေါ့လေ၊ ပြည့်ပြည့်ဝန်းဝန်းကြီးပေါ့။ ကျွန်တော်တော့ ဦးသုခရဲ့ အမေနေ့ကို ပိုသဘောကျပါတယ်။

အမေနဲ့ပတ်သက်ပြီး အမှတ်ရဆုံးတွေ၊ ဆုံးမတာတွေကို ဒီနေ့ ပြန်စဉ်းစားတော့ အများကြီး ဖြစ်နေပါတယ်။ အခု ကိုယ်က အမေနဲ့အဝေးမှာ ရောက်နေသူဆိုတော့ အမေ အမြဲ လှမ်းလှမ်းမှာတတ်တာတွေထဲက ခေါင်းထဲ အရင်ဆုံး ပြေးလွှားဝင်ရောက်လာတာက “သား…လူတွေကို မယုံပါနဲ့“ တဲ့။

သား.. လူတွေကို မယုံနဲ့…

ခက်ပြီ၊ ကိုယ်က လူတွေကို အလွန်ယုံတယ်။ ယုံလို့ ခံရတာတွေလဲ မနည်းတော့…။ ကိုယ်လုပ်နေရတဲ့ အလုပ်ကလဲ လူတွေကို ယုံမှ လုပ်လို့ရတဲ့ အလုပ်။ နောက်တစ်ခု ယုံကြည်မှုဆိုတာက အပြန်အလှန် သွားတာ(ရှိတာ)မျိုးပါ။ သူ့ယုံမှ ကိုယ့်ယုံမှာပါ။ သူ့မှ ကိုယ်မယုံရင် ကိုယ့်ကိုလဲ သူယုံမှာ မဟုတ်တော့ပါ။

အမေက ကိုယ့်ထက် အသက်နှစ်ဆလောက် ကြီးတယ်၊ ဘ၀အတွေ့အကြုံများတယ်၊ ပညာလဲ ပိုတတ်တယ်၊ သတ္ဆိလဲ ပိုရှိတယ်။ အဲဒီလိုလူက လူတွေ မယုံနဲ့ လို့ပြောတာဟာ အကြောင်းမဲ့တော့ မဖြစ်တန်ရာ…၊ သူ့သားအကြောင်း သိလို့လဲ ဖြစ်မယ်။ သူ့သားက လူသိပ်ယုံတာကိုးနော်။

နောက်တစ်ခု အမေထပ်မှာတာက (ခဏခဏမှာတာက) တရားထိုင်ဖို့နဲ့ ဘာလုပ်လုပ် သတိလေး ကပ်ထားဖို့ပါ။

ကိုယ့်အလုပ်က ခေါင်းမဖော်နိုင်အောင် လုပ်ရတာ ဖြစ်ပါတယ်။ တစ်နေကုန် အလုပ် လုပ်ပြီးတဲ့အခါမှာ လူက နောက်အလုပ်တစ်ခုမှာ အာရုံမစိုက်နိုင်တော့ လောက်အောင် ဒေါင်း သွားပါပြီ။

တရားထိုင်တယ်ဆိုတာကလဲ စိတ်လက် ကြည်လင် လန်းဆန်းနေမှ သမာဓိကောင်းတာမျိုး၊ ဝေဒနာကို နည်းနည်းခံနိုင်ရည်ရှိပြီး ဖြစ်ပျက်ကို ဥာဏ်နဲ့ လိုက်ကြည့်နိုင်တာမျိုးပါ၊ မဟုတ်ဘဲ အတင်းထိုင်မယ်ဆိုရင် ထိုင်ရက် အိပ်ပျော်ရင်ပျော်၊ မဟုတ်ရင်လဲ ထိုင်တောင် မထိုင်နိုင်တော့ဘဲ ထိုးအိပ်ဖြစ်တော့တာပါပဲ။

တတိယတစ်ခု နားထဲပြန်ဝင်လာတာကတော့ ကျန်းမာရေးပါပဲ၊ ကျန်းမာရေးကို ဂရုစိုက်ဖို့ပါ။ သားက တစ်ယောက်ထဲ အဝေးမှာရောက်နေတာမို့ စိတ်ပူပုံရပါတယ်။ အမြဲ ဒါကိုပဲ မှာနေပါတယ်။ ကိုယ်ကလဲ စိတ်မပူဖို့ အမြဲပြန်ပြောဖြစ်ပါတယ်။

အမေဆိုတာက သားသမီး ဘယ်အရွယ်ရွယ်ရောက်ရောက် သူတို့အတွက်ကတော့ ကလေးလေးပါပဲ၊ ချာတိတ်လေးပါပဲ၊ မလိမ်မိုးမလိမ်မာလေးပါပဲ။ အမြဲမှာကြား ဆုံးမနေမှ တော်ကာကြတယ်လို့ ထင်မှတ်နေကြပါတယ်။

ကိုယ်ကတော့ ကိုယ့်ဘာသာကိုယ် သားလိမ္မာလို့ ခံယူထားပေမဲ့ ကိုယ်တိုင်မိဘဘ၀ မရောက်သေးတာမို့တကြောင်း၊ အသက်အရွယ် ငယ်ရွယ်သေးတာမို့တကြောင်း၊ အကြောင်းနှစ်ရပ်အရင်းတည်လို့ အမေနဲ့တော့ ထပ်တူစိတ်မျိုး မရှိသေးပါဘူး။ တစ်ခါတလေတော့ အမေ့နှယ် ပူတတ်ရန်ကောလို့ စိတ်ထဲတွေးမိတတ်ပါတယ်၊ ထုတ် တော့မပြောပါဘူး။

အမေပြောတဲ့ အဓိက သုံးခုကို ပြန်ချုပ်ရရင် လူတွေ မယုံနဲ့ဆိုတာက ပေါင်းသင်းဆက်ဆံရေးအတွက် ဆုံးမတာပါ။ သူ့သားဟာ တနယ်တကျေးမှာ သူ့မျက်ကွယ်မှာ လုပ်ကိုင်စားသောက်နေရသူဖြစ်တော့ ဒါကို သူပြောတာပါ။ ရင်းနှီးပြီးသူတွေနဲ့ကော၊ ခုမှတွေ့တဲ့ သူစိမ်းတစ်ရံဆံတွေနဲ့ကော မဖြစ်မနေ ပေါင်းသင်းဆက်ဆံနေ ရမှာပဲ၊ အတူတကွ ပြောဆိုလုပ်ကိုင်နေရမှာပဲဆိုပြီး စိတ်ပူလို့ မှာပုံရပါတယ်။ လူဆိုကလဲ ကြာကြာပေါင်းကြည့်မှ သေချာသိလေဆိုတဲ့အမျိုးဆိုတာကို သူက ဘ၀ကို နှစ်ပေါင်းများစွာ တင်ကြိုဖြတ်သန်း သိနှင့်ထားနှင့်တာကိုးဗျာ..နော်။

တရားထိုင်ဖို့မှာတာကတော့ လူတွေဟာ အသက်ငယ်ငယ် ကြီးကြီး အချိန်မရွေး ကွယ်လွန်နိုင်တာမို့ အနည်းဆုံးတော့ တရားထိုင်ထားရင်၊ ရုပ်နာမ်ကွဲလို့ ဖြစ်ပျက်လေးများ သိထားရင် သူ့သားလေးဟာ အပ္ပါယ်ငရဲတော့ မကျနိုင်လောက်တော့ဘူးရယ်လို့ တွေးထားပြီး စိတ်ပူပန်လို့ မှာပုံရပါတယ်။ သားရဲ့ လောကုတ္တရာရေးအတွက် တင်ကြိုပြီး အခါမလပ် သတိပေးနေတာကိုးဗျနော်။

ကျန်းမာရေးအတွက်မှာတာကတော့ အခုလို တနယ်တကျေးမှာ လုပ်ကိုင်စားသောက်နေရတဲ့ခါ ကိုယ်ကျန်းမာ စိတ်ကျန်းမာနေမှ အလုပ်ကို ထိထိရောက်ရောက် ပီပီ ပြင်ပြင်လုပ်နိုင်မယ်မဟုတ်လားဗျာ။ အနီးကပ်နေကြတာဆိုရင် အရေးလား၊ အင်း…နေမကောင်းဘူး၊ အင်း…ဆေးခန်းမသွားချင်ဘူး၊ အင်း…ဟိုဟာ စားချင်တယ်၊ အင်း…စကားလာမပြောပါနဲ့ စသဖြင့် နေထိုင်မကောင်းရင် အင်မတန် ဂဂျီဂဂျောင်ကျတတ်တဲ့ သူ့သားကို ပြောပြောဆိုဆိုနဲ့ အမြန်နေကောင်းအောင် ပြုစုနေကြမို့ အခုဒီသားဟာ အဝေးမှာရောက်နေတာဆိုတော့ စိတ်ပူပုံရပါတယ်။

နိုင်ငံတကာအမေများနေ့မှာ အမေ့အတွက် တစ်ခုခုရေးချင်တာနဲ့ (အမေ့ကိုတော့ နေ့တိုင်းသတိရနေတာပါပဲလေ) အမေနဲ့စကားပြောဖြစ်တိုင်း ကိုယ့်ကိုဆုံးမတဲ့ အမြဲ အထပ်ထပ် သတိပေးပြောနေတဲ့ အမေ့အမှာစကားသုံးခွန်းကို သတိရပြီး ပြန်ရေးပြရပါတယ်။ အမေကျန်းမာ ချမ်းသာလို့ တရားဓမ္မတွေ ပွားစီးနိုင်ပြီး စိတ်ကြည်လင် အေးချမ်းနေပါစေ၊ တရားအရသာ မေတ္တာဓာတ်တွေနဲ့ နေနိုင်ပြီး ရန်ကုန်အပူဒဏ်ကို ကျော်လွှားနိုင်ပါစေလို့ လက်ဆယ်ဖြာ ယှက်ဖြာ အုပ်မိုးလို့ ဆုတောင်း ကန်တော့ လိုက်ပါတယ်အမေ။

သားမောင်။

၂၀၁၀ ပြည့်နှစ်၊ မေလ ၉ ရက်။ တနင်္ဂနွေနေ့ မွန်းလွဲ ၂ နာရီ။

(ကိုယ့်မှာ အရင်းနှီးဆုံး အစ်ကိုနှစ်ယောက်ရှိခဲ့တယ်။ သားချင်းအရင်းတွေတော့ မဟုတ်၊ ဒါပေမဲ့ သားချင်းအရင်းတွေလိုပဲ ဖြစ်ခဲ့တယ်။ အထူးသဖြင့် ကိုယ်စိတ်ညစ်ရင်၊ စိတ်ရှုပ်ရင် ဒါမှမဟုတ် ကိစ္စတစ်ခုခု ဖွင့်အန်ချင်ရင် တိုင်ပင်အကြံဥာဏ်ယူချင်ရင် တွေ့ဆုံ၊ ဆွေးနွေးပြောဆိုနိုင်တဲ့ အလုပ်ချင်း၊ ခံစားချက်ချင်း…ပြောရရင် ရင်ချင်းနီးတဲ့ အစ်ကိုတွေပေါ့။ နှစ်ယောက်စလုံးက ကိုယ့်ထက် ၁၀ နှစ်နီးပါးလောက်ကြီးတော့ အစ်ကိုကြီးတွေလို့ ပြောလို့ရတယ်။ ကိုယ်ကတော့ “အစ်ကို“လို့ခေါ်တယ်။ အခုတော့ အဝေးကနေမို့ အားရပါးရ ကိုကြီးကျော်ရေလို့ ခေါ်ကြည့်လိုက်မလားလို့။ ဒီလို….။)

အစ်ကို…

ကော်ဖီဆိုင်ရောက်ဖြစ်သေးလား၊ တစ်ယောက်တည်းလား၊ အဖော်နဲ့လား။ ထိုင်နေကျ စားပွဲလေးမှာပဲလား၊ ဘေးဝိုင်းက ဆေးလိပ်သောက်သူတွေနဲ့မို့ အပေါ်ဝိုင်း ရွှေ့ထိုင်နေသလား။ အစ်ကို့ကို သတိရတယ်။

ကျွန်တော်တို့ မျက်စိထဲရောက်ခဲ့တဲ့ ကောင်မလေးတွေကော ရှိနေတုန်းပဲလား၊ လှနေတုန်း ချောနေတုန်းပဲလား။ တချို့တချို့တော့ ၀ လာနေပြီထင်ပါတယ်။

ဒီရောက်စမှာတော့ အဖြူမတွေ သိပ်လှတယ်လို့ ထင်ခဲ့မိတယ်။ သူတို့ကို ကြည့်လိုက်တိုင်း ဘယ်သူ့ကြည့်ကြည့် အကုန်လုံးက ဟောလီးဝုဒ်ဇာတ်ကားတွေထဲက မင်းသမီးတွေအတိုင်း လှတယ်လို့ထင်ခဲ့မိတာချည်းပဲ။

အခုတော့ ၆ လကျော် ၇ လအတွင်း ရောက်ခဲ့လို့လား မသိဘူးဗျာ။ တွေ့ရ မြင်ရ ကြည့်ရတာ ရိုးအီလာတယ်။ အစ်ကို့ညီကပဲ အခု စာကလေးကြော်၊ အခု ဆီထမင်း လုပ်တာလားတော့ မသိပါဘူးဗျာ။

အခု ဘာဖြစ်ချင်နေသလဲသိလား။ မြန်မာမလေးတွေကို တွေ့ချင်မြင်ချင်နေမိတယ်ဗျာ။ တကယ်တော့ မြန်မာမလေးတွေက လှတယ်ဗျသိလား။ မြင်းတပြေးတို့၊ ကွမ်းတညက်တို့ အလှမဟုတ်ဘူး…၊ ဖိုးကာပြောသလို တစိမ့်စိမ့်ကြည့် အလှဗျ။ အဖြူမတွေကတော့ ရေစိမ်တော့ ခံပါရဲ့၊ ဖွေးဖွေးကြီးတွေလို့ပဲ ပြောရတော့မလား မသိပါဘူး…အစ်ကိုရေ့။

အစ်ကိုက အစ်ကိုကြိုက်တဲ့ဘက်က ခုံမှာထိုင်၊ ကျွန်တော်က ကျွန်တော်ကြိုက်တဲ့ဘက်က ခုံမှာထိုင်မယ်။ ကော်ဖီတစ်ခွက်စီ မှာသောက်မယ်။ များသောအားဖြင့် ကျွန်တော်က သောက်တာကြာတယ်။ အစ်ကိုက ရေနွေးကြမ်းတစ်ခွက်စီ ထပ်မှာမယ်။ ပြီးတော့ အလုပ်အကြောင်း၊ ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေ၊ ဖြည့်ဆည်းရမဲ့ အချက်တွေ၊ နောက်ဆုံး နိုင်ငံ့ကောင်းကျိုးအတွက် ပြောတာတွေ အထိပေါ့။ သတိရတယ်ဗျာ။

အစ်ကိုရေ..အဓိက ပြောချင်တာက ဟိုတစ်နေ့ကတော့ ကျွန်တော်ကော်ဖီဆိုင်ကလေးတစ်ဆိုင် သွားထိုင်ဖြစ်တယ်ဗျ၊ ဟုတ်တယ်…အဲဒီအကြောင်းလေး ပြောချင်လို့ ဒီစာရေးရတာပဲ။

ကျွန်တော်တို့အကြောင်းလည်း အစ်ကိုသိသားပဲ၊ မိန်းကလေးတွေကို ကြည့်ရင်သာ ခါးတုတ်လည်း မျက်ဝန်းထဲတော့ နည်းနည်းသိမ်ကြည့်ပေးလိုက်တာ၊ ဗိုက်ကလေးပူလည်း ချစ်စရာလေးလို့ ဖြည့်တွေးပေးလိုက်တာ၊ အရပ်ကလေးပုလည်း လုံးလုံးကလေးနဲ့ လှသားပဲလို့ ပြောကြတာမဟုတ်လား။

အဲ…ကော်ဖီဆိုရင်တော့ ဇီဇာအကြောင်ကြသား မဟုတ်လားဗျာ။ ကော်ဖီကလည်း ကောင်းပါမှ၊ နေရာအခင်းအကျင်းကလည်း စကားလည်း ပြောဖို့ကောင်းအောင် သိပ်ဆူမနေဖို့၊ မျက်လုံးအမြင်ပိုမိုကြည်လင်ဖို့ကလည်း အခြေအနေပေးထားပါမှ…ဒီလိုမဟုတ်လားဗျာ။

ကျွန်တော်လည်းဗျာ၊ အဲဒီနေ့က မွန်းလွဲပိုင်းလူတစ်ယောက်နဲ့ ချိန်းထားပြီး သွားတွေ့တာ အဆင်မပြေတော့ တော်တော်စိတ်ညစ်သွားတယ်၊ စိတ်လည်း ဆိုးသွားတယ်။ ကျွန်တော်တို့ ညီအစ်ကိုတွေ စိတ်ညစ်၊ စိတ်ရှုပ်ရင် ဘာလုပ်ကြသလဲ၊ ကော်ဖီဆိုင်ထိုင်တာပဲ မဟုတ်လား။ ဒီတော့ ကျွန်တော်လည်း ကော်ဖီဆိုင် ခဏထိုင်ပြီး ကော်ဖီတစ်ခွက်သောက်လို့ စိတ်ငြိမ်အောင် လုပ်ဦးမှလို့ တွေးတယ်။

ဒီမှာရှိတဲ့ကော်ဖီဆိုင်တွဲတွေထဲမှာ နာမည်ကျော်ဆိုင်တွေကတော့ Starbucks, EAT, Costa, Pret a Manger, Caffe Nero, Coffee Republic စသဖြင့် ရှိတဲ့အထဲမှာ ကျွန်တော်သောက်လေ့ရှိတာကတော့ Starbucks ဆိုင်တွေပါပဲ။ ဒါတောင် ကျွန်တော်ကြိုက်တဲ့ဆိုင်ကလေးတစ်ဆိုင်တွေ့ထားတာက ရုံးနဲ့နည်းနည်းဝေးတော့ ရုံးက အစ်ကိုကြီးတွေကို အဲဒီအထိလမ်းလျှောက်ခိုင်းလို့ မကောင်းတာနဲ့ သူတို့နဲ့ထိုင်ရင် အနီးအနားက Starbucks မှာပဲ ထိုင်လိုက်ရတယ်။

သူတို့နဲ့ကျတော့ အစ်ကိုနဲ့ကျွန်တော့်လို့ ဖီလင်မရှိကြဘူးလို့ ပြောလို့ရမယ်ထင်တယ်။ သိတဲ့အတိုင်း ဒီမှာက အချိန်က သိပ်စကားပြောတော့ “ကော်ဖီဆိုင်ထိုင်ကြမလား၊ အေး ခဏထိုင်မယ်၊ ကော်ဖီဝယ်မယ်၊ သောက်မယ်။ ဆေးလိပ်သောက်တဲ့သူက ဆေးလိပ်တစ်လိပ်သောက်မယ်၊ ပြီးရင် သွားကြမယ်၊ ပြန်ကြမယ်“ဆိုတော့ ကျွန်တော်တို့လို အေးအေးသက်သာ မရှိတာတော့ အမှန်ပါပဲ။

နို့ပြီး သူတို့က မိသားစုနဲ့၊ သားနဲ့မယားနဲ့ဆိုတော့ အိမ်ပြန်ချင်ကြပြီ။ ကျွန်တော်က အဲဒီအချိန်ကျမှ အေးအေးဆေးဆေးနေချင်တာလေ။ နောက်ပြီး ကျွန်တော်က ကော်ဖီဆိုင်ထဲ နွေးနွေးထွေးထွေးသောက်နေရတာနဲ့စာရင် ကော်ဖီဆိုင်အပြင် ပလက်ဖောင်းပေါ်မှာ ရာသီဥတုအေးအေးထဲမှာပဲ ချမ်းချမ်းလေးနဲ့ သောက်ချင်တာလေဗျာ။ ဒီတော့ ခက်တာပေါ့။ အများနဲ့ဆိုတော့ ညှိရတာပေါ့။ တစ်ယောက်တည်းဆိုရင်တော့ ကိုယ်ကြိုက်တဲ့ဆိုင် သွားသောက်တာပါပဲ။

အဲဒီနေ့ကလည်းဗျာ၊ ဘယ်လိုဖြစ်သွားတယ်မသိဘူး။ ကျွန်တော် Starbucks မှာ မသောက်ချင်ဘူးဖြစ်သွားတယ်။ တခြားဆိုင်လည်း မသောက်ချင်ဘူး၊ ကျွန်တော် သောက်ချင်တဲ့ ကော်ဖီဆိုင်မျိုးလေးမှာ ထိုင်ချင်တဲ့စိတ်က ရုတ်တရက်ပေါ်လာတယ်။ အမှန်တော့ ကျွန်တော်က ထိုင်ချပြီး ကော်ဖီတစ်ခွက် မြန်မြန်သောက်သင့်နေပါပြီ။ ဒါပေမဲ့ ကျွန်တော့်အာရုံထဲက ကော်ဖီဆိုင်လေးမှာပဲ သောက်ချင်စိတ်ဖြစ်လာတယ်။ ဘယ်လိုလုပ်မလဲ..အစ်ကို၊ ကျွန်တော်ရှာရတာပေါ့။

ဘယ်လိုလုပ်သလဲ သိလား၊ ကျွန်တော်သောက်ချင်တဲ့ ကော်ဖီဆိုင်လေးကို အရင်စိတ်ကူးနဲ့ ဖော်ကြည့်လိုက်တယ်။ မြင်ရတယ်…သစ်ပင်တွေကြားထဲက သစ်သားအိမ်ကလေး၊ တကယ်တော့ ကော်ဖီဆိုင်ပေါ့။ ကျွန်တော်က သစ်လုံးအိမ်ကလေးထဲမှာ ကော်ဖီဝင်ဝယ်၊ ပြီးရင် အိမ်အပြင်ဘက်ထွက် ကားတွေသွားနေတဲ့ လမ်းမကြီးကို ကြည့်၊ ကော်ဖီသောက်ပေါ့။ ကျွန်တော်စိတ်ကူးရပြီဆိုတော့ လိုက်ရှာရတယ်။ ဖေဖော်ဝါရီလ ၁၁ ရက် မွန်းလွဲပိုင်းမှာပေါ့။

ကျွန်တော် တစ်နာရီကျော်လောက် လမ်းလျှောက်နေရတယ်၊ ရှာတယ်။ ခြေထောက်တွေလည်း သိပ်ညောင်းလာပြီ။ လူကလည်း အရမ်းအေးနေပြီ။ ခြေဖ၀ါးတွေဆိုလည်း ကျင်နေပြီ၊ နာနေပြီ။ အစ်ကိုသိတဲ့အတိုင်း ဒီမှာက အပြင်မှာဘယ်သူမှ လမ်းအကြာကြီးလျှောက်ကြတာ မဟုတ်ဘူး။ အေးတာကိုးဗျ။ ကျွန်တော်ကသာ ကိုယ့်စိတ်ကိုယ့်အာရုံနဲ့မို့ ခပ်တည်တည်လျှောက်လုပ်နေတာ၊ ခန္ဓာကိုယ်ကြီးက ပင်ပန်းနေပြီကိုးဗျနော်။

Starbucks ဆိုင်တွေသာ ၆ ဆိုင်၊ ၇ ဆိုင် ကျွန်တော်ဖြတ်ခဲ့ပြီ။ အီတလီကော်ဖီဆိုင်လေးတစ်ဆိုင်တွေ့တော့ ၀င်သောက်ဦးမလား စိတ်ကူးတယ်။ ဒါပေမဲ့ ကော်ဖီဆိုင်က အခုမှ စဖွင့်တာလား၊ ပိတ်ဖို့လား မသိဘူး။ လူက နည်းနည်းပဲ ရှိနေတာ တွေ့တာကတကြောင်း၊ သူက လမ်းထောင့်ကဆိုင်ဆိုတော့ လေက တအားတိုက်နေတော့ ကျွန်တော်ထိုင်ချင်သလို အပြင်မှာကြာကြာထိုင်နိုင်မှာ မဟုတ်ဘူးလို့ ချက်ချင်းတွေးမိတာကတကြောင်းမို့ အဲဒီဆိုင်ထဲမ၀င်ဖို့ ချက်ချင်းဆုံးဖြတ်ပြီး ဆက်လျှောက်လာခဲ့တယ်။

အစ်ကိုရေ…ကျွန်တော်က ဒီရောက်တာ ၆ လ၊ ၇ လ လောက်သာရှိပြီ။ အိမ်နဲ့ရုံး၊ ရုံးနဲ့အိမ်မို့ ဘယ်မှလည်း ကောင်းကောင်းသွားတတ်တာ မဟုတ်။ အခုလည်း လျှောက်သာလျှောက်နေတာ ဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိ။ ဒီလိုနဲ့ဆက်လျှောက်လာတော့ ကမ်းနားကိုရောက်လာတယ်။ အော်…ဒီတော့မှ ကျွန်တော် လမ်းပြန်တွေ့တယ်။

ကျွန်တော်ရောက်နေတာ သိမ်းမြစ်ကမ်းဘေး၊ ဟုတ်ပြီ။ ရာသီဥတုကတော့ အေးနေပြီဗျို့။ ကမ်းနားလမ်းက Starbucks ဆိုင် တစ်ဆိုင်ဆိုင်တွေ့လို့ကတော့ ထိုင်ပြီးသားပဲလို့ စိတ်ထဲဆုံးဖြတ်လိုက်တယ်။ ၀ါတာလူးတံတားကြီးအောက်ကဖြတ်ပြီး ကျော်သာလာတယ်။ ကော်ဖီဆိုင်က မတွေ့ဘူး၊ ခက်ပြီ။

“မိန်းကလေးတစ်ယောက်ကို ဒီပုံနဲ့ဆို ဘယ်နှယ့်ကြိုက်မတုန်း၊ ကော်ဖီတစ်ခွက်အတွက်နဲ့တောင် ဒီလောက်ဇီဇာကြောင်နေရင်“။ ကိုယ့်ဘာသာကိုယ်တွေးရင်း စိတ်ထဲလေးလံသွားတယ်။ ဟုတ်ပ၊ ငါဘာကြောင့်များ ဒီလောက်ကြောင်ရတာလဲလို့ ကိုယ့်ကိုယ်ကိုယ် ဒေါသလေးတောင် နည်းနည်းဖြစ်မိတယ်။

မတတ်နိုင်ပေဘူး၊ ဆက်လျှောက် ကိုယ်လူ့…စိတ်ကူးသိပ်ယဉ်တတ်တဲ့လူ ဆက်လျှောက်လို့ ကိုယ့်ကိုယ်ကိုယ်အားပေးရင်း ဆက်လျှောက်လာတော့ အစ်ကိုရေ…တိုက်ဆိုင်တယ်လို့ဆိုရမလား၊ ကျွန်တော်ကံကောင်းတယ်လို့ဆိုရမလား။ ကျွန်တော်ထိုင်ချင်တဲ့ ကော်ဖီဆိုင်လေး တွေ့ပါရောဗျို့။ ဒါကြောင့် ဘာလုပ်လုပ် ယုံယုံကြည်ကြည်လုပ်၊ ခိုင်မာတဲ့သနိဋ္ဌာန်နဲ့လုပ်ရင် အဆုံးသတ်မတော့ အောင်မြင်တာပဲလို့ အမေက ကျွန်တော့်ကို အမြဲဆုံးမတာ နေမှာဗျ။

ကော်ဖီဆိုင်လေးက Victoria Embankment Gardens ထဲက Embankment Cafe တဲ့ဗျ၊ လမ်းမကနေ လှေကား ခုနစ်ထစ်လောက်တက်ရတယ်။ တကယ့် စိတ်ကူးထဲက ကော်ဖီဆိုင်လေးပါဗျာ။ ဘာပဲဖြစ်ဖြစ် ကိုယ်ထိုင်ချင်တဲ့ဆိုင်ကလေးတွေ့တော့ ပျော်သွားတယ်၊ ဒါပေမဲ့ နေရာက သိပ်ကောင်းနေတော့ ကော်ဖီများ ဈေးသိပ်ကြီးနေမလား၊ ဒါမှမဟုတ် နေရာသာကောင်းပြီး ကော်ဖီက ခပ်ညံ့ညံ့ဖြစ်နေမလားလို့ တပြိုင်နက်တည်း တွေးဖြစ်သွားတယ်ဗျ။

မတတ်နိုင်ပေဘူး၊ စမ်းကြည့်ရမှာပဲလို့ တွေးလိုက်တယ်။ လူကလည်း သိပ်ပင်ပန်းနေပြီဆိုတော့ ထိုင်ချင်နေပြီဗျာ။ ကိုယ်ထိုင်ချင်တဲ့ ကော်ဖီဆိုင်ကလည်း တွေ့နေပြီ ဥစ္စာ။ ဒါနဲ့ ကော်ဖီဆိုင်ထဲကိုဝင်၊ စိတ်ကူးထဲကအတိုင်း မှန်ပြတင်းလှလှလေးတွေနဲ့ သစ်သားအိမ်ကလေးပေါ့။ ကော်ဖီဖျော်တဲ့ကောင်မလေးကလည်း ချစ်စရာလေး၊ ပန်းကန်တွေ ဆေးနေတယ်။ ကော်ဖီဆိုင်ပိုင်ရှင်ဖြစ်ဟန်တူတဲ့ အဒေါ်ကြီးကလည်း ခပ်ချောချောဗျ။ တခြားအဒေါ်ကြီးတစ်ယောက်နဲ့ စကားပြောနေတယ်။ အဖိုးကြီးနှစ်ယောက်က စားပွဲတစ်လုံးမှာ မျက်နှာချင်းဆိုင်ထိုင်ပြီး ကော်ဖီသောက်ရင်း စကားပြောနေကြတယ်။

ကျွန်တော်ဝင်သွားတော့ ပန်းကန်ဆေးနေတဲ့ကောင်မလေးကော၊ အဒေါ်ကြီးကပါ ဘာများသောက်မလဲလို့ လှမ်းမေးကြပါတယ်။ အဒေါ်ကြီးက စကားပြောနေလက်စမို့ ကျွန်တော်က ကောင်မလေးကိုပဲ ကြည့်ပြီး ကျွန်တော်သောက်နေကျ ကော်ဖီကိုမှာတယ်။ သူက ကိတ်မုန့်တစ်လုံးပါယူပါလား၊ ဒါဆို ဘယ်လောက်ပဲကျမယ်ပေါ့ ပြောတယ်။

ကျွန်တော်ကလည်း လမ်းလျှောက်လာရတာ နည်းနည်းများသွားတော့ ပင်ပန်းနေတာကတကြောင်း၊ ခန္ဓာကိုယ်က သိပ်အေးနေတာကတကြောင်း ခန္ဓာကိုယ်ထဲ အချိုဓာတ် ပြန်ထည့်ဖို့လိုနေတာပဲလို့ တွေးပြီး “ဟုတ်ကဲ့၊ ကိတ်မုန့်လည်း ယူပါမယ်“လို့ ပြောလိုက်တယ်။ ဈေးကလည်း တော်ပါတယ်၊ ဈေးမကြီးပါဘူး။ “အလဲ့၊ တယ်ဟုတ်ပါလား“လို့ စိတ်ထဲပျော်သွားတယ်ဗျ။

ဒါနဲ့ ကောင်မလေးဖျော်ပေးတဲ့ ကော်ဖီခွက်ကိုယူ၊ စက္ကူပန်းကန်ပြားတစ်ချပ်နဲ့ တစ်ရှုးကိုလည်း ကောင်မလေးက ထပ်ပေးတော့ယူပြီး ကျွန်တော် အပြင်ဘက်မှာ သွားထိုင်သောက်မယ်လို့ပြောတော့ ကောင်မလေးက ရပါတယ်လို့ပြောတယ်။ ဒါနဲ့ လက်နှစ်ဖက်မှာ ကော်ဖီခွက်တစ်ဖက်၊ ကိတ်မုန့်ထည့်ထားတဲ့ စက္ကူပန်းကန်ကတစ်ဖက်ဆိုတော့ အပြင်ဘက်ထိုင်ဖို့အထွက် တံခါးက ဖွင့်မရဘူး။

အဲဒီမှာ စကားပြောနေတဲ့အဒေါ်ကြီးက တွေ့သွားပြီး “ငါ မင်းကို ကူညီပြီး တံခါးဖွင့်ပေးပါရစေ“လို့ ပြောလာတော့ သူဖွင့်ပေးတံခါးကနေထွက်ပြီး ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်တယ်။

ကော်ဖီခွက်နဲ့ ကိတ်မုန့်ကို စားပွဲပေါ်ချ၊ ကုလားထိုင်မှာ ကျကျနနထိုင်၊ ခေါင်းကို သစ်သားအိမ်နံရံမှာ မှီလိုက်ရင်း ခုနကော်ဖီဆိုင်ရှာခဲ့ရတာကို ပြန်စဉ်းစားရတယ်။ စိတ်ကူးထဲက ကော်ဖီဆိုင်လေးမှာ ငါ အခု ထိုင်နေရပါလားဆိုပြီး သိပ်ကျေနပ်ပီတိဖြစ်လို့ ပင်ပန်းတာတွေလည်း ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားတယ် အစ်ကိုရေ..။

ကျွန်တော်ထိုင်တဲ့နေရာက အဲဒီကော်ဖီဆိုင်အတက် လှေကားထိပ်က စားပွဲပဲ၊ လှေကားကနေ ညာဖက်ချိုးပြီးဝင်ရင် ကော်ဖီဆိုင်ထဲ ၀င်လို့ရမယ်၊ ဘယ်ဘက်ချိုးပြီး သွားရင် ရေအိမ်ရောက်မယ်။ ကော်ဖီဆိုင်ထဲမှာသောက်လည်း မိုက်တယ်။ နွေးနွေးထွေးထွေးရှိပြီး စကားကောင်းကောင်းပြောလို့ရတယ်။ မှန်ပြတင်းကွက်တွေကနေတဆင့် အပြင်ဘက်ကိုလည်း ကြည့်ချင်ကြည့်နိုင်တယ်။ နောက်တစ်ခုက ပန်းခြံထဲကဆိုင်ဖြစ်နေတော့ သစ်ပင်တွေကလည်း ကော်ဖီဆိုင်ပတ်လည်မှာ ရှိနေတယ်။ စိမ်းစိမ်းစိုစိုတွေကြားက သစ်လုံးအိမ်ကော်ဖီဆိုင်ကလေးပေါ့ဗျာ။ မမိုက်ဘူးလား.. အစ်ကို။

ကျွန်တော် သေချာထိုင်လိုက်ပြီးမှ ပတ်ဝန်းကျင်ကို ကြည့်တယ်။ ကျွန်တော်နဲ့တစ်လံအကွာက ခြံစည်းရိုးချုံပေါ်မှာ ခိုကလေးတစ်ကောင်…၊ကျွန်တော့်ကို ကြည့်နေတယ်။ ကျွန်တော်လည်း ပြန်ကြည့်လိုက်တော့ ခိုကလေးက ကျွန်တော့်အကြည့် မခံနိုင်လို့လား မသိဘူး၊ ပျံသွားတယ်အစ်ကိုရေ့။

ဒါနဲ့ လမ်းမကို ကြည့်တော့ ကားတွေက တ၀ီဝီနဲ့သွားနေတယ်၊ လူတွေကတော့ တစ်ခါတခါမှသာ တစ်ယောက်စ နှစ်ယောက်စ ဖြတ်သွားတယ်။ လူတော့ နည်းနည်းပြတ်တယ်။ သိမ်းမြစ်ပြင်ကို အပေါ်စီးကနေကြည့်ရသလိုဖြစ်တော့ လှိုင်းကြက်ခွပ်ကလေးတွေ မြင်ရတယ်ဗျ။ သင်္ဘောတွေ၊ ရှပ်ပြေးယာဉ်တွေ မောင်းနေတာ တွေ့ရတယ်။ ကမ်းနားမှာ ကပ်ထားတဲ့ သင်္ဘောတွေကတော့ ရေလှိုင်းနဲ့အတူ လှုပ်နေတယ်။

မိုးကောင်းကင်ကြီးကတော့ ပြာလဲ့နေတာပဲ၊ အဲဒီနေ့က ရာသီဥတုကောင်းတယ်လို့ဆိုရမယ်။ နေလည်းပွင့်နေတယ်။ ဒီမှာက နေပွင့်ရင် နေရောင်ရှိရင် ရာသီဥတုကောင်းတယ်လို့ ဆိုကြတယ်ဗျ။ ကော်ဖီဆိုင်အပြင်မှာထိုင်နေရတာဆိုတော့ တဖြည်းဖြည်းတော့ အေးလာတယ်ဗျ။

နေဦး…ကောင်မလေးဖျော်ပေးတဲ့ ကော်ဖီအရသာလေးကလည်း မဆိုးပါဘူးဗျ။ ကျွန်တော်က သူဖျော်နေတုန်းက နည်းနည်းခါးပေးပါလားလို့ ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက် အမြဲလုပ်နေသလို ပြောဖို့စိတ်ကူးပေမယ့် အားနာတာလား၊ ကြောက်တာလား ဘာဖြစ်တာလဲ… ကိုယ့်ကိုယ်ကိုယ် သေချာမသိပါဘူး၊ မပြောဖြစ်လိုက်ဘူး။

ဒါပေမဲ့ ကျွန်တော် ပထမတစ်ငုံစုပ်ယူလိုက်တော့ ခါးသက်သက်ကလေး…ဟား ဟား ကောင်မလေး ကျွန်တော့်စိတ်ကို ဖတ်ယူနိုင်လိုက်သလားလို့ တွေးမိလိုက်တယ်။ နို့ကို အမြှုပ်များများထအောင် ထည့်ထားတော့ ကော်ဖီက သိပ်တော့မပူတော့ဘူး။ နောက်တစ်ခုက ကျွန်တော်ဝင်သွားကတည်းက ကောင်မလေးက ပန်းကန်တွေ ဆေးကြောနေတာဆိုတော့ ကော်ဖီဆိုင် သိပ်မကြာခင် ပိတ်မယ်ဆိုတာ ကျွန်တော်ရိပ်မိလိုက်တယ်။

သိတဲ့အတိုင်းလေ…အစ်ကို၊ ဆိုင်ပိတ်ခါနီးဖျော်တဲ့ လက်ဖက်ရည်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေဆိုတာ သိပ်မကောင်းတတ်ဘူး မဟုတ်လား။ ကျွန်တော်တော့ တော်တော်ကံကောင်းတယ်လို့ ပြောရမယ်လေ၊ ကော်ဖီကလည်း ကျွန်တော်သောက်ချင်နေတဲ့အတိုင်းဖြစ်နေတယ်လေ။ ကျွန်တော် ချေး(ဂျီး)များတာ အစ်ကိုလည်း သိတဲ့အတိုင်းလေ၊ ကျွန်တော်တကယ့်ကိုကြိုက်လို့ ကောင်းတယ်လို့ပြောတယ်ဆိုတာကို။ ဒီတော့ အေးကလည်းအေးနေတော့ ကျွန်တော်ကော်ဖီနဲ့ကိတ်မုန့်ကို မြန်မြန်စားသောက်လိုက်တယ်။ ပြီးတော့မှ ပတ်ဝန်းကျင် အလှအပကို ပြန်ငေးတယ်၊ ခံစားတယ် အစ်ကိုရေ့။

ခဏနေတော့ ကျွန်တော် မနေနိုင်ပြန်ဘူး၊ အခုခံစားနေရတဲ့ ခံစားမှုလေးကို ကဗျာလေးတစ်ပုဒ်လောက် ရေးထုတ်ရင်ကောင်းမယ်လို့ စိတ်ကူးတယ်၊ ပြီးတော့ စိတ်ကူးကနေ စကားလုံးလေးတွေအဖြစ် ရွေးချယ်ပြောင်းကြည့်တယ်။ အဲဒီမှာ ဒါလေးကို ကျွန်တော်ရေးဖြစ်တယ်အစ်ကို…ဖတ်ကြည့်ပါဦး။

“စိတ်ကူးယဉ်တဲ့နေ့“

ပြာလွင်တဲ့ကောင်းကင်ရယ်
သက်သက်ကလေး လှုပ်နေတဲ့လှိုင်း
သွားနေတဲ့ကားတွေ
ဖြတ်သွားတဲ့ လူတချို့ကိုကြည့်လို့
လူတစ်ယောက် ထိုင်နေတယ်။

ခိုကလေးတစ်ကောင်
ပျံသန်းနေတဲ့ ငှက်ကလေးတွေ
ကုန်နေတဲ့ကော်ဖီခွက်
ဟိုတစ်ပြောက် ဒီတစ်ပြောက်ကျနေတဲ့ နေရောင်အောက်မှာ
သူ့ဟာသူ သီကြွေးတဲ့ တေးသံတွေနဲ့
ယဉ်လိုက်တဲ့ စိတ်ကူးတွေ
အခုတော့ ဒီလူ ချမ်းနေတယ်။

ဘယ်လိုနေလဲ အစ်ကို၊ အစ်ကိုကတော့ ကျွန်တော်ရေးတာဆိုတော့ ကောင်းပါတယ်ကွာလို့ လုပ်ဦးမှာပါပဲ။ ထူးဆန်းတာပြောရဦးမယ် အစ်ကို။

ကျွန်တော် အဲဒါရေးပြီး ခဏနေတော့ ပြန်မှပါကွာလို့လုပ်တော့ ကော်ဖီဆိုင်ရဲ့စားပွဲထိုးဖြစ်ပုံရတဲ့သူက ကျွန်တော့်ဘေးစားပွဲက ထိုင်ခုံတွေကို လိုက်သိမ်းနေပြီ အစ်ကို။ ဒါနဲ့ ကျွန်တော်က “ဆိုင်က ပုံမှန်ဆို ဘယ်အချိန်ပိတ်ပါသလဲ“လို့ မေးကြည့်တော့ မွန်းလွဲ ၄ နာရီတဲ့ဗျ။ ဒါဆို နောက် ၁၀ မိနစ်ဆို ကျွန်တော် ဒီနေရာကနေ ထရတော့မှာပဲလို့ ကျွန်တော်တွေးလိုက်တယ်။ ကျွန်တော်ကလည်း အေးလို့ပြန်ချင်နေပြီဆိုတော့ အတော်ပါပဲဗျာ။

အဲဒီညက ကျွန်တော်က ရုံးမှာ ညဘက်ဂျူတီပြန်ဝင်ရတယ်လေ။ ဒါနဲ့ ကျွန်တော် တစ်နေကုန်ပင်ပန်းတာတွေကို အဲဒီကော်ဖီဆိုင်လေးမှာ ထိုင်ပြီးသကာလ ရုံးကို စောစောဝင်ခဲ့ပါတယ်။ ပုံမှန်အတိုင်းဆို ညဂျူတီဆိုတော့ နည်းနည်းနောက်ကျမှ ၀င်ရပါတယ်။ အခုတော့ ကော်ဖီဆိုင်ကနေဆိုတော့ ရုံးနဲ့ကလည်း နီးနေပြီဆိုတော့ ရုံးကိုပဲ တန်းသွားခဲ့ပါတယ်။

ရုံးရောက်တော့ စောသေးတာနဲ့ သတင်းစာတွေ ကျွန်တော်ကောက်လှန်ကြည့်နေပါတယ်။ အဲဒီမှာ ဒီမှာထုတ်ဝေတဲ့ The Guardian သတင်းစာထဲမှာ လက်ဆောင်ပါလာတဲ့ နာမည်ကျော် အင်္ဂလိပ်အချစ်ကဗျာဆရာ ရှယ်လီ (Percy Bysshe Shelley, 4 August 1792 – 8 July 1822) ရဲ့ The Romantic poets “အချစ်ကဗျာများ“ဆိုတဲ့ အသည်းကွဲရောင်စာအုပ်ပါးလေးတစ်အုပ် တွေ့တယ်ဗျ။

ဖေဖော်ဝါရီလ ၁၄ ရက်နီးလာတော့ ဒီက သတင်းစာတွေကလည်း ပရိသတ်အကြိုက် ဒီလိုလေးတွေ လုပ်ပေးတယ်ထင်ပါတယ်ဗျာ။ လွတ်လပ်ရေးနေ့တို့၊ အာဇာနည်နေ့တို့နီးရင် အထူးဆောင်းပါးတွေ အစ်ကိုတို့ ရေးသလိုထင်ပါတယ်ဗျာ။ အင်္ဂလိပ်ကဗျာတွေက ခက်တော့ သိတဲ့အတိုင်း ကောင်းကောင်း မဖတ်နိုင်ပါဘူး အစ်ကိုရာ…။

ဒါပေမဲ့ ဟိုလှန်ဒီလှန် လှန်ရင်း ကဗျာလေးတစ်ပုဒ်သွားတွေ့တယ်၊ အပိုဒ်ငါးပိုဒ်ပါတဲ့ ကဗျာလေးပေါ့။ Stanzas Written in Dejection, Near Naples ဆိုတဲ့ ကဗျာလေးရဲ့ ပထမပုဒ်က ကျွန်တော်ခုနလေးတင် ရေးခဲ့တဲ့ ကျွန်တော့်စိတ်ကူးလေးနဲ့ ဆင်တူနေတာကို ထူးထူးဆန်းဆန်းတွေ့လိုက်ရလို့ ကျွန်တော် ရင်တွေတောင် ခုန်သွားတယ် အစ်ကို။ ပြောရရင် အခုထိတောင် ရင်တွေ ခုန်နေတုန်း အစ်ကိုရ။

အစ်ကိုဖတ်ရအောင် ကျွန်တော် အဲဒီအပိုဒ်လေးကို ပြန်ပြောပြမယ်။ တကယ် တကယ်….စိတ်ဝင်စားဖို့ကောင်းတယ်ဗျာ။

The sun is warm, the sky is clear,
The waves are dancing fast and bright,
Blue isles and snowy mountains wear
The purple noon’s transparent might:
The breath of the moist earth is light
Around its unexpanded buds;
Like many a voice of one delight
The winds, the birds, the ocean-floods;
The city’s voice itself is soft like Solitude’s.

တစ်ပိုဒ်ထဲထုတ်ပြတာမို့ ကျွန်တော်နားလည်သလောက် ခံစားကြည့်ရရင်…။

နေမင်းက နွေးနွေးထွေး၊ ကောင်းကင်က ကြည်ကြည်လင်
ရေလှိုင်းငယ်တို့ ကဆုန်ပေါက် အရောင်တောက်
ကျွန်းပြာငယ်တွေနဲ့ နှင်းဖုံးတောင်တန်းကြီးတို့
မရမ်းရောင်မွန်းလွဲပိုင်းအောက် ရောက်လို့…။

ပွင့်သစ်တို့ ဖူးပွင့်ဖို့
ရေငွေ့ရိုက် မြေကြီးရနံ့ကို ရှိုက်
ကျေနပ်နှစ်သိမ့်တဲ့ အသံတစ်သံ
လေသံ
ငှက်သံ
လှိုင်းသံ
မြို့တော်ရဲ့အသံကိုယ်၌ အထီးကျန်တစ်ယောက်လို ပျော့လျော့။

ဟုတ်ရဲ့လား အစ်ကို။ ဘယ်လိုသဘောရလဲ။ ကဲ စာလည်း အတော်ရှည်ပြီမို့၊ ကျွန်တော်ပြောချင်တာတွေလည်း ပြောပြီးပြီမို့ ဒီတင်ရပ်မယ်ဗျာ၊ အစ်ကို့ကို အမြဲသတိရပါတယ်။ အထူးသဖြင့်တော့ ကော်ဖီသောက်တိုင်းပေါ့။

ညီငယ်။

၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်။ နံနက် ၀၀:၁၁ နာရီ။

ဇာတ်လမ်းကတော့ ဟာသဇာတ်ပဲ၊ ဒါပေမယ့် ငိုလိုက်ရတယ်ဆိုသလို ကိုယ့်အဖြစ်ကလည်း သတိသံဝေ ဆင်ခြင်စရာပါ။

ခုတလော အေးလာတာရယ်၊ အင်္ဂလန်ရဲ့ဘောလုံးသမား နာမည်ကျော်စတား ဒေးဗစ်ဘက်ခမ်းကို အားကျတာရယ်ပေါင်းပြီး နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး မရိတ်ဘဲထားလိုက်တာ နှစ်ပတ်လောက်ရှိလာတော့ တော်တော်များလာတာပေါ့။ အဲဒီမှာ ဘာသွားတွေ့သလဲဆိုတော့ မုတ်ဆိတ်မွှေးဖြူနှစ်ချောင်း။

တွေ့တွေ့ချင်းတော့ သဘောကျပြီး ရယ်မိတယ်။ “အမယ် မုတ်ဆိတ်မွှေးအဖြူတောင် ပေါက်လာပြီ“ပေါ့။ မနှစ်ကလည်း ဆံပင်ဖြူတစ်ချောင်း ခေါင်းမှာစတွေ့တော့ ပထမတော့ အံ့သြသွားတယ်။ နောက်တော့ “အော် အသက်ရယ် ၃၀ ကျော်လာမှတော့ ဆံပင်ရယ် စဖြူပြီထင်ပါ့“လို့ တွေးမိပါတယ်။

အခုပြောနေရေးနေတာက အသက်ကြီးလာတာကို ရေးချင်တာလည်း မဟုတ်ဘူး၊ ဆံပင်ဖြူ မုတ်ဆိတ်ဖြူတာကို ရေးချင်တာလည်း မဟုတ်ဘူး။ ခန္ဓာကိုယ်ရဲ့ တုန့်ပြန်ပြောင်းလဲမှုတွေဟာ သူ့အသက်အရွယ်နဲ့သူပြောင်းလဲနေတာ၊ တားဆီးလို့မရဘူးဆိုတာကိုလည်း သိထားတယ်။ ခန္ဓာကိုယ်ကြီး က နေ့စဉ်အိုမင်းပျက်စီးနေတာ၊ သေဖို့တစ်ရက်တစ်ရက်နီးလာနေတယ်ဆိုတာကိုလည်း သိထားပြီးသားဆိုတော့ ဒီဖြူတဲ့ကိစ္စက ဘာမှမဟုတ်ပါ ဘူး။

ဟုတ်တာက ကိုယ့်ကိုယ်ကိုယ် သဘောကျနေတာ၊ ကလေးကနေ လူငယ်၊ လူငယ်ကနေ လူကြီးဖြစ်လာနေတဲ့ ကိုယ့်ဟာ အခုထိ ကလေးလို တွေးတုန်း၊ ကလေးလို စဉ်းစားတုန်း၊ ကလေးလို နေထိုင်တုန်းဆိုတာပါပဲ။

စားချင်တာရှိရင် စားမယ်၊ လိုချင်တာမရရင် စိတ်ဆိုးမယ်၊ မကျေနပ်တာရှိရင် ထုတ်ပြောမယ်ဆိုတော့ ကလေး ဒါမှမဟုတ် ကလေးသာသာလေး ရှိနေသေးပါလားဆိုပြီး ကိုယ့်ကိုယ်ကိုယ်ပြန်မြင်ကြည့်တော့ ခုနပြောသလို သဘောလည်းကျ၊ အားလည်း မရလှဘူး။

ဘ၀ဟာ နေသာထိုင်သာကောင်းရုံလေးရှိလာတယ်လို့ပြောရပေမယ့် အချိန်မရွေးလည်း ရှောဘရားသားပြသွားနိုင်တာကိုး၊ သူငယ်ချင်းတစ်ယောက် တလောက ဆုံးတယ်၊ နောက်ထပ် သူငယ်ချင်းတစ်ယောက် နှလုံးရောဂါနဲ့ အသည်းအသန်ဖြစ်နေတယ်။ ကိုယ်က ဆုတောင်းပေးတာမျိုးပဲ လုပ်နိုင် တယ်။ ခဏနေရင် ကိုယ်လည်း ဒီလိုပဲ နာကျင်ခံစားရတော့မယ်၊ ပြီးရင် သေတော့မယ်။ ဘ၀ဆိုတာ နောက်တီးနောက်ချာလုပ်လို့မရဘူးပဲ။

မိုးကုတ်ဆရာတော်ဘုရားကြီးကတော့ တရားထိုင်မယ့်ယောဂီကို တရားမထိုင်ခင် ဆင်ခြင်စေတာက…

“ငါသည် မုချ သေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်။ အသေမဦးခင် ဥာဏ်ဦးအောင် အားထုတ်ပါတော့မည်“တဲ့။

အချိန်မရွေး သေသွားနိုင်တာပါကလား။

မုတ်ဆိတ်လေးနှစ်ပင် ဖြူတာများကွာ၊ သေဖို့အထိတွေးပြီး ကြောက်နေတာကတော့ ရယ်ချင်စရာကောင်းပါတယ်လို့ ပြောကောင်းပြောနိုင်ပါတယ်။

ဒီလိုမဟုတ်ပါဘူး။

ဘ၀ဆိုတာ မွေးဖွားလာခြင်းနဲ့ သေဆုံးခြင်းကြား ခဏတဖြုတ်ရကြတဲ့ အပိုင်းအခြားလေးဖြစ်ပါတယ်၊ အဲဒီမှာ မရသေးတာတွေ ရအောင်ကြိုးစားရ ပြီး လိုချင်တာတွေရလာတော့ သေဆုံးသွားတာမျိုးဆိုရင် တန်ပါ့မလားဆိုတာ တွေးမိလို့ပါ။ တချို့များ အဲဒီလိုတွေးတောင် မတွေးနိုင်လိုက်ပါဘူး။ ကြိုးစားရင်း လမ်းတစ်ဝက်မှာပဲ သေဆုံးသွားကြပါတယ်။

ဒီနေရာမှာ ဘာတွေကို ဘယ်လောက်ကြိုးစားနေမှာလဲ။ ရတုန်းရခိုက် ဘ၀အချိန်တိုလေးအတွင်း လုပ်ချင်တာတွေ လုပ်သင့်တာတွေ လုပ်သွားနိုင်ဖို့ ထည့်တွက်ဖို့ကို သတိရကြဖို့လိုပါတယ်။

လောဘ၊ ဒေါသ၊ မောဟတွေရှိနေတဲ့ လူသားဟာ အမှန်မြင်ဖို့ မလွယ်ပါဘူး။ မြင်ချင်ယောင်ဆောင်လို့ရပေမယ့် တကယ်မြင်တဲ့သူနဲ့ မြင်ချင်ယောင် ဆောင်ထားတဲ့လူရဲ့အသွင်ဟာ သိသိသာသာကွဲပြားနေတာကို တွေ့ရပါတယ်။

ဒါဖြင့်ရင် ကျွန်တော်တို့ဟာ ဘ၀မှာ ရှင်အောင်နေဖို့ လိုအပ်လာပါတယ်။ အသက်ရှုသူတိုင်း ရှင်သန်နေတာ မဟုတ်ပြန်ဘူးဆိုတာကို နားလည်ရင် ကျွန်တော်ဘာပြောချင်တာဆိုတာကို အလွယ်ပဲရိပ်စားမိနိုင်ပါတယ်။

မုတ်ဆိတ်ဖြူနှစ်ပင်ဟာ နောက်ပိုင်းမှာ လေးပင်၊ ရှစ်ပင်၊ တစ်ဆယ့်ခြောက်ပင်အထိ အချိန်ကိုက်တဖြည်းဖြည်း တိုးပွားရာကနေ ကျွန်တော့် တစ်မျက်နှာလုံးကို သိမ်းပိုက်လိုက်တော့မှာပါ၊ တစ်မျက်နှာလုံး သူတို့ မသိမ်းပိုက်ခင်မှာလည်း ကျွန်တော့်ကို သေမင်းက အရင်သိမ်းပိုက်သွားနိုင် တာပါပဲ။

သေရတာကလည်း တကယ်တော့ အဆန်းမဟုတ်ပြန်ပါဘူး။ ဘ၀များစွာ သေလာခဲ့ပြီးတဲ့အကြောင်းကို ဘုရားဟောအရကော၊ ဘုရားသားတော် သံဃာတော်တွေ ဟောကြားတဲ့တရားတော်တွေမှာပါတာအရကော ကျွန်တော်တို့သိပြီးသားပဲ။ သေတာဟာ ကျွန်တော်တို့လိုချင်တဲ့ အဖြေမဟုတ် ပါဘူး။

ကျွန်တော်တို့ နေ့စဉ်အသက်ရှုခြင်းတွေကို ရှင်သန်ခြင်းလို့ မှတ်ယူရပါရင် အမှန်တကယ် ရှင်သန်ခြင်းဖြစ်ဖို့ တန်ဖိုးသင့်ရပါတယ်။ အဲဒီမှာဆို အတ္တ ကို ဖယ်ခွာနိုင်ရေး အလွန်အရေးကြီးပါတယ်။ ငါကနေ နောက်တစ်ယောက်ကို ချစ်ဖို့၊ ငါကိုဖယ်ပြီး အများအတွက်ကြည့်ဖို့၊ ငါ့တစ်ယောက်ကနေ မိသားစုဖြစ်ဖို့၊ ငါပျောက်ပြီး သတ္တ၀ါတွေအကျိုးဆောင်ရွက်ဖို့ ဆိုတာတွေကို စဉ်းစားဖို့၊ လက်တွေ့လုပ်ဖို့ လိုလာပါတယ်။

ဒီလိုလုပ်နိုင်ဖို့မှာ အရေးကြီးတဲ့ အရင်းအနှီးက မေတ္တာပါ၊ မေတ္တာအရင်းမတည်ထားရင် ငါကို ဘယ်လိုမှ ဘေးတွန်းဖယ်လို့ မရပါ။ မေတ္တာကလည်း တကယ်တော့ အဝေးကြီးမှာ ရှိနေတာ မဟုတ်ပြန်ပါဘူး။ ငါဆီကနေပဲ လာတာဖြစ်ပြန်ပါတယ်။ ကာယကံ ၀စီကံ မနောကံတွေနဲ့ မေတ္တာထားနိုင်ပြီ ဆိုရင်တော့ လက်ပမ်းပေါက်ခတ်ပြီး လောကကြီးမှာ နေရသလောက် ၀င့်ဝင့်ကြွားကြွား ရှင်သန်နိုင်ပြီလို့ ယုံကြည်ကြောင်းပါ။

မုတ်ဆိတ်ဖြူနှစ်ပင်က ပေးသောအတွေးရသ သင်ခန်းစာ။

ည ၁၁ နာရီ ၄၅ မိနစ်၊ အောက်တိုဘာ ၁၇၊ ၂၀၀၉။

အောက်တိုဘာ ၁၅

“ဒီနေ့ဟာ ဘာနေ့ပါလိမ့်“လို့ တစ်နေ့လုံး ခဏခဏ စဉ်းစားဖြစ်တယ်။ ဒီနေ့ဟာ တစ်ခုခုတော့ ထူးပါတယ်လို့ လည်း စိတ်ထဲဖြစ်မိတယ်။

အလုပ်တွေနဲ့ ချာလပတ်ရမ်းနေတဲ့ လောကီထုပ္ပတ်လူ့တို့ဇာတ်မို့ သားမောင်ခမျာ မွေးမိခင် မာတာသခင် ကျေးဇူးရှင်ကြီးရဲ့ မွေးနေ့ကိုတောင် အမှတ်မရနိုင်ခဲ့ဘူးဖြစ်ခဲ့တယ်။

အလုပ်ကနေ အိမ်ပြန်ရောက်လို့ သေသေချာချာ အေးအေးဆေးဆေး စဉ်းစားတော့မှ “ဟာ.. ဒီနေ့ မားမား (မေမေ့ကို မားမားလို့ခေါ်ပါတယ်)မွေးနေ့ပဲ“ဆိုပြီး သိမှတ်လိုက်ရပါတယ်။

ရေမိုးချိုးပြီး ဘုရားရှိခိုး၊ မွေးမိခင်ကို မှန်းရော်ရည်မှတ် ရှိခိုးဦးတင်၊ မေတ္တာပို့သ ဆုမွန်ကောင်းတောင်း၊ တရားမှတ်ရှု ထိုထိုကုသိုလ်အမှုတွေအတွက်လည်း အမျှဝေငှလိုက်ရပါတယ်။

ဂုဏ်ယူစရာ မိခင်မာတာ

မိခင်ဟာ ကိုယ့်အတွက်တော့ သူရဲကောင်းပဲ၊ လေးစား အားကျ အတူယူစရာ စံပြပုဂ္ဂိုလ်(Role Model)ပဲ ဖြစ်ခဲ့ပါတယ်။

မိခင်ဆီက ဘာတွေ သင်ယူခဲ့သလဲ၊ ဘာတွေအတုခိုးခဲ့သလဲဆိုရင်…

၁။ ဘာသာတရားကို ရိုသေလေးစား ကိုင်းရှိုင်းဖို့
၂။ စည်းကမ်းရှိဖို့နဲ့ မပျင်းဖို့
၃။ ငွေကြေးစစ်စီသုံးစွဲဖို့
၎။ အစားအသောက် အအိပ်အနေ မလွန်ကျုးဖို့
၅။ လိမ္မာယဉ်ကျေးဖို့
၆။ (ဒါပေမယ့်) မကြောက်ဖို့
၇။ တော်အောင် ကြိုးစားဖို့
၈။ အင်္ဂလိပ်စာတော်အောင်လုပ်ဖို့
၉။ မိဘရိုသေဖို့
၁၀။ ဆွေမျိုးမိတ်ဆွေ ကျေးဇူးရှင်တွေကို သိတတ်စောင့်ရှောက်ဖို့
စသဖြင့် ၁၀ ချက်လောက်တော့ ရုတ်ချည်း မှတ်မိ၊ ချရေးနိုင်ပါတယ်။ တတွတ်တွတ်နဲ့ အမြဲပြောဆို ဆုံးမနေတတ်တာမို့ တခြားအချက်တွေလည်း အများကြီး ကျန်ရှိပါသေးတယ်။

မားမားက အခုတော့ ၆၀ တွင်းကို ချင်းနင်းဝင်ရောက်လာပြီ၊ အဝေးရောက်တော့ ပိုလို့တောင် လွမ်းလှ၊ သတိရလှတယ်။

မားမား ကြိမ်းမောင်းဆဲဆို ဆွဲတင်တွန်းထိုး အားထည့်မြှင့်တင်မြှောက်စားလို့ သားမောင်အခုလို တောက်ကြွားခဲ့တဲ့ အကြောင်းတွေကိုလည်း အမြဲဆင်ခြင်အောက်မေ့မိတယ်။

မားမား ကျန်းမာချမ်းသာပြီး ဘေးဘယာဝေးကွာလို့ ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောဖော်ညွှန်ပြ ဆိုဆုံးမထားတဲ့ မဂ္ဂင်ရှစ်ရပ်အကျင့်မြတ်တရားတွေကိုလည်း တတ်နိုင်သမျှ အားထည့်လိုက်နာကျင့်သုံးဖို့ကိုလည်း ဆုတောင်းပေး တယ်။

မားမားဟာ သူ့မွေးနေ့မှာ အဝေးရောက်နေတဲ့ သူ့သားကြီးကို သတိရနေမှာပဲဆိုတာကိုလည်း ခြွင်းချက်မရှိယုံ တယ်။ မွေးနေ့မှာ ဒါန၊ သီလ၊ ဘာဝနာကောင်းမှုကုသိုလ်တွေကိုလည်း တတ်အားသမျှ ပြုနေမှာပဲဖြစ်တယ်။

မားမားမွေးနေ့ကို သတိရပြီးနောက် တစ်ဆက်တည်းမှာပဲ ဆက်တွေးကြည့်ပြန်တော့ စိတ်ဝင်စားစရာကောင်းပြန် တယ်။

လွန်ခဲ့တဲ့ ၆ လတိတိ အခုလိုအချိန် ဧပြီ ၁၅ ရက်မှာ ကိုယ်ဟာ သင်္ကန်းဝတ်ကြီးနဲ့ ကမ္ဘောဒီးယားနိုင်ငံ၊ အရှေ့မြောက်ပိုင်းက ရတနာဂီရိ(ရတနာထွက်တဲ့တောင်၊ သူတို့အခေါ် ကီရိ၊ မြန်မာအခေါ် ဂီရိက တောင်ပေါ့လေ) ပြည်နယ်အစွန်က ရွာလေးတစ်ရွာရဲ့ ဘုန်းကြီးကျောင်းလေးတစ်ကျောင်းမှာ ဒုလ္လဘရဟန်းအဖြစ်ရှိနေခဲ့တယ်။

ဖနွမ်းပင်မြို့တော်မှာ ရဟန်းဖြစ်မြောက်ခဲ့ပြီး၊ ရွာစွန်လေးရဲ့ ဘုန်းကြီးကျောင်းထဲက တစ်ပါးတည်းသီတင်းသုံးရတဲ့ အခန်းထဲမှာ တတ်အားသရွေ့တရားရှုမှတ်ပြီးနေခဲ့တယ်။ ဆရာတော်ဘုရားရဲ့မိန့်မှာချက်နဲ့ ခမာလင်မယားဟာ ဆွမ်းချက်ကပ်လို့ စားသောက်နေထိုင်ပြီး တရားဓမ္မကို ကြိုးစားအားထုတ်ခဲ့တယ်ဆိုတာကို ပြန်မှတ်မိလာတယ်။

ဘယ်သူကမှ ကမ္ဘောဒီးယားကိုသွား တရားအားထုတ်လို့ပြောတာ မဟုတ်ပါဘူး၊ သူ့အချိန်ကျ သူ့ဟာသူ (ကံဇာတ်ဆရာအလိုလို့ပြောရမလား) အဆင်ပြေပေါ်ပေါက်လာပြီး ဖြစ်သွားတာပါ။ အဲဒီ့အရင်ကဆို ရတနာဂီရိက ရွာကလေးမှာ ဘုန်းကြီးအဖြစ် တရားအားထုတ်ရလိမ့်မယ်လို့ တွေးထင်ထားခဲ့တာမျိုး လုံးဝမရှိခဲ့ပါဘူး။

အဲဒီမှာတရားအားထုတ်ပြီးနောက်လည်း နောက်ထပ် ၆ လလောက်ကြာတဲ့အခါ လန်ဒန်မြို့ရောက်လို့ အလုပ်တွေလုပ်နေရလိမ့်မယ်လို့လည်း သေသေချာချာမတွေးခဲ့ပါဘူး။ ပြန်စဉ်းစားကြည့်တော့ ဘ၀ဆိုတာ ရေးပြီးသားစာအုပ်တစ်အုပ်လို၊ ရေးပြီးသားစာတွေကို ပြန်လှန်ဖတ်နေရတာလားမသိဘူးဆိုတာပါပဲ။

ဒါပေမယ့် တစ်ခုသေချာတာကတော့ စာအုပ်တစ်အုပ်လို နားမလည်လို့ပဲဖြစ်ဖြစ် ပြန်အရသာခံချင်လို့ပဲဖြစ်ဖြစ် ပြန်လှန်ဖတ်လို့(နောက်ပြန်ဖတ်လို့) မရတော့ပါဘူး။ ရှေ့သို့(ရှေ့စာမျက်နှာ)ကိုပဲ ဆက်လှန်ဆက်ဖတ်ရတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် ကံတရားကို အရင်းခံပြောရရင်ဖြင့် သူ့ဟာသူဖြစ်လာတာတွေရှိသော်ငြားလည်း အရာအားလုံးကိုတော့ သူ့ဟာသူဖြစ်လာမှာပါပဲဆိုပြီး စိတ်ကိုလျှော့ထား၊ ဖော့ထားကာနဲ့ သက်သာအောင်နေလို့တော့မဖြစ်ပါဘူး။

တန်ဖိုးရှိတဲ့ဘ၀တိုတိုလေးအတွင်းမှာ စိတ်ပိုင်းကိုယ်ပိုင်းနာကျင်ထိခိုက်အောင် အမှားမခံဘဲ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကိုတော့ ကုန်စင်အောင်(ဒါမှမဟုတ် နိုင်သလောက်)လုပ်ခဲ့ဖို့လိုမယ်လို့ တွေးမိကြောင်းပါခင်ဗျား။

မားမားမွေးနေ့အမှတ်တရ။

ည ၁၁ နာရီ၊ အောက်တိုဘာ ၁၅၊ ၂၀၀၉။

မွေးသမိခင် ကျေးဇူးရှင် အတွက် ကျေးဇူးတင် စကား ၃၃ ခွန်း

(၃၃ နှစ် ပြည့် မြောက်တဲ့ မွေးနေ့မှာ ကျေးဇူး ထပ်လောင်း ဆိုပါ၏။)

မေမေ…

သားကို လူဖြစ်အောင် မွေးခဲ့တဲ့ အတွက် ကျေးဇူး တင်ပါတယ်။

တပြွတ်ပြွတ်နဲ့ ငယ်ငယ် ကတည်းက ငတ်တဲ့ သားကို နို့ချို တိုက်ကျွေး ခဲ့တဲ့ အတွက် ကျေးဇူး တင်ပါတယ်။

လေးငါးနှစ် ကတည်းက ဂျီကျ စိတ်ဆိုး အတောင်း အဆို များတဲ့ သားကို ချစ်တဲ့ အတွက် ကျေးဇူး တင်ပါတယ်။

ပညာတတ်ကြီး ဖြစ်အောင် ရည်မှန်းချက် ကြီးကြီးထား ပညာ သင်ပေးခဲ့တဲ့ အတွက် ကျေးဇူး တင်ပါတယ်။

ကျောင်းထားလိုက်ပေမယ့် စိတ်ပူ နေပြီး အနီးကပ် ကြည့်နေ၊ လိုတာတွေ ထပ်သင် ပေးခဲ့တဲ့ အတွက် ကျေးဇူး တင်ပါတယ်။

ဘာသာရေး ကိုင်းရှိုင်းအောင် ငယ်စဉ် ကတည်းက ပုံသွင်း ဆုံးမခဲ့တဲ့ အတွက် ကျေးဇူး တင်ပါတယ်။

ငယ်စဉ် ကတည်းက လိမ္မာ ယဉ်ကျေးပြီး ဘုန်းတော်ကြီး တွေနဲ့ ပြောဆို ဆက်ဆံ တတ်အောင် သင်ပေးခဲ့တဲ့ အတွက် ကျေးဇူး တင်ပါတယ်။

တရား မှတ်ရမယ်၊ တရား ထိုင်ရမယ်လို့ ငယ်ငယ် ကတည်းက တရား စခန်းပို့၊ လက်တွေ့ သင်ကြား ပေးခဲ့တဲ့ အတွက် ကျေးဇူး တင်ပါတယ်။

ဘယ်လောက် သင်သင်၊ အရွယ် ငယ်သေး လူဆိုးလေးမို့၊ နည်းမျိုးစုံ သုံး ဆုံးမ ပေးခဲ့တဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။

လူပျိုပေါက် ဖြစ်လာ၊ တောင်တောင် အီအီ ထင်ရာ လုပ်တတ်တာမို့ စိတ်ပူ ထိန်းသိမ်း ခဲ့တဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။

ဆယ်တန်း နှစ်ချင်း ပေါက်အောင်ဖို့ အတင်း တိုက်တွန်း၊ အတင်း တွန်းထိုး ခဲ့တဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။

သားလူတော် ငပျင်းကို အမြဲတမ်း မီးထိုး ကြိမ်းမောင်း နေပေမယ့် မေတ္တာ စစ်စစ် ထားခဲ့တဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။

တချိန်ကျရင် မင်းအတွက် သိပ် လိုအပ်မယ် ဆိုပြီး အင်္ဂလိပ်စာကို အတင်း သင်ခိုင်း ခဲ့တဲ့ အတွက် ကျေးဇူး တင်ပါတယ်။

အလုပ် လုပ်တော့လည်း အခက်အခဲတွေ တွေ့ရင် စိတ်ဓါတ် မကျဖို့ အမြဲ ဆုံးမ အားပေးခဲ့တဲ့ အတွက် ကျေးဇူး တင်ပါတယ်။

သူ့သားမောင် လုပ်ဖော် ကိုင်ဖက်တွေနဲ့ အဆင်ပြေစေကြောင်း အမြဲ မေတ္တာပို့၊ ဆုတောင်း ပေးခဲ့တဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။

သားကို အမြဲတမ်း တိုးတက် စေချင်နေတဲ့ အတွက် အမြဲ ထောက်ပြ ဝေဖန် နေခဲ့တဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။

ဘမျိုး ဘိုးတူ ဇ ကလေးနဲ့မို့ အမြဲ သတိပေး ဆုံးမပေးတဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။

သူ့ သားမောင်ကို အမြဲ အားကိုး၊ အမြဲ အထင်ကြီး၊ အမြဲ ချီးမွမ်း အားပေးခဲ့တဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။

သားမောင် နိုင်ငံရပ်ခြား ပညာသင် သွား၊ အလုပ်အကိုင် အတွက် သွား၊ အဲဒီလို သွားလာ ရတာတွေ အတွက် ဂုဏ်ယူ တတ်လို့လည်း ကျေးဇူး တင်ပါတယ်။

လူတွေ ထူတိုင်း မိဘ ကျေးဇူး သိတတ်တဲ့ သား၊ အိမ်ကို စောင့်ရှောက်တဲ့ သား ဆိုပြီး ထုတ်ဖော် ဂုဏ်ပြု ပြောကြားတဲ့ အတွက် ကျေးဇူး တင်ပါတယ်။

အနီးနေနေ အဝေး ရောက်ရောက် အမြဲ မေတ္တာ ဖြန့်ကျက်၊ လွှမ်းခြုံ ပေးထား နွေးထွေးထားတဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။

မေမေ…

စံပြ အမျိုးသမီး တစ်ယောက် အဖြစ် နေထိုင် ပြခဲ့တဲ့ အတွက် ကျေးဇူး တင်ပါတယ်။

အနန္တဂိုဏ်းဝင် ကျေးဇူးရှင် မိခင် တစ်ယောက် အသွင် ပီပီပြင်ပြင် ပြဆိုခဲ့တဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။

အဘိုးအဘွားတို့ကို ချစ်ခင် စောင့်ရှောက်၊ ရှေ့နေ အဖြစ် ရှေ့က မားမား မတ်မတ် ရပ်တည်ခဲ့တဲ့ အတွက် ကျေးဇူး တင်ပါတယ်။

မိဘဆိုတာ ဒီလို စောင့်ရှောက် ရတယ်ကွဲ့လို့ ပြသခဲ့ လို့လည်း ကျေးဇူး တင်ပါတယ်။

မိတ်ဆွေ အပေါင်းအသင်း ဆိုတာ ဒီလို ပေါင်းသင်း စောင့်ရှောက် ရတယ်လို့ ပြသ ပြောဆို သင်ပြခဲ့တဲ့ အတွက် ကျေးဇူး တင်ပါတယ်။

ဆရာသမားဆို ဒီလို ကျေးဇူး သိတတ် စောင့်ရှောက် ရတယ်လို့ လက်တွေ့ ပြသ စောင့်ရှောက် ခဲ့တဲ့အတွက် ကျေးဇူး တင်ပါတယ်။

အနားယူရမယ့် အရွယ် အထိ မိသားစုကို ဦးဆောင် လမ်းညွှန် နေဆဲ ဖြစ်တဲ့ အတွက် ကျေးဇူး တင်ပါတယ်။

ဘာသာတရား အဆုံးအမ တွေကို လိုက်နာ ကျင့်ကြံ ပြတဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။

မေတ္တာတရား သစ္စာတရား ဂရုဏာတရား ဥပေက္ခာတရား တို့ကို လက်တွေ့ ကျင့်ကြံ ပြခဲ့တဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။

သားသမီးတွေကို အလွန် ချစ်ပြီး အလွန် စောင့်ရှောက်တဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။

အဖေ့ကို ယူခဲ့တဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။

သားမောင်ရဲ့ မာတာ မိခင် ကျေးဇူးရှင် ဖြစ်နေတဲ့ အတွက်လည်း ဂုဏ်ယူ ၀မ်းမြောက် ကျေးဇူး တင်ပါတယ်… မေမေ။

ချစ်ခင် လေးစားစွာဖြင့်

သားမောင် မျိုးသာထက်

၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။
နံနက် ၆ နာရီ ၅၅ မိနစ်။
(၃၃ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် မွေးမိခင်ကို ကျေးဇူး တင်သဖြင့် ခံစား ရေးဖွဲ့သည်။)

တွေးကြည့်သော် ကိုးနှစ် မကြာလှတဲ့အဖြစ် 

ခဏချင်းတွင်းကုန်ဆုံး အကုန်လုံးတောင် မမှတ်မိတော့

အော် ဖြစ်သမျှရယ် အိပ်မက်နှယ်

လှပတဲ့ပြကွက်နည်း ရိုးချည်းများခဲ့ပေါ့။

 

လွန်ခဲ့တဲ့ ကိုးနှစ် နိုဝင်ဘာ ၂၀၊ ၁၉၉၉ က

ရန်ကုန်မြို့လယ် လမ်းတစ်ခု(ဆိပ်ကမ်းသာလမ်း အလယ်)ထဲ

မြန်မာသစ်လို့ ခေါ်တဲ့ဂျာနယ်တိုက်အသစ်မှာ

ဘာမှမတတ်သေးတဲ့ အယ်ဒီတာလို့ခေါ်တဲ့

အသက် ၂၃ နှစ်ပြည့်ကာစ လူငယ်တစ်ယောက်ထိုင်နေတယ်။

မြန်မာသစ်ဂျာနယ်ဟာ အဲဒီနေ့မှာ စထွက်တယ်၊

အတွဲ(၁) အမှတ်(၁)ပေါ့၊

ကျော်မင်းထွန်းတည်ထောင်သည်လို့ ရေးထားတယ်၊

ဂျာနယ်စထွက်တဲ့နေ့မှာပဲ အလုပ်စဆင်းရတယ်၊

အဲဒီတော့ အမှတ်(၁)နဲ့ ကိုယ်ဟာဘာမှမဆိုင်ပေါ့၊

အမှတ်(၂)ကစပြီး စရေးတယ်၊ ဘာသာပြန်သတင်းနှစ်ပုဒ်လား ပါတယ်၊

ပျော်လို့မဆုံးပါဘူး။

အားရမိတယ်။ 

တက်ကြွလှတယ်။

နောက်ပိုင်းမှာ တိုးတိုးပြီး အလုပ်တွေ လုပ်ခဲ့သလို

နေရာတွေ အခွင့်အရေးတွေလည်း ရလာတယ်။

အခက်အခဲတွေကတော့ အများနည်းတူ ရှိခဲ့တာချည်းပါပဲ

ဒီအလုပ်ကို လုပ်ချင်လို့လုပ်ခဲ့ပေမယ့်

ကိုယ်နဲ့မကိုက်ဆိုပြီး ပြန်ပြေးထွက်ချင်တာလည်း အကြိမ်ကြိမ်ပါပဲ

တော်တော်ကြီးကို စိတ်ဆင်းရဲ စိတ်ပျက်ခဲ့တာကလည်း

အခုဆို(ကိုးနှစ်အတွင်း) ရာတောင်ချီခဲ့ပြီပေါ့

ပြန်ပြောင်းတွေလိုက်ရင်

လောကမှာပျော်ရွှင်စွာနေချင်တဲ့စိတ်တွေဟာ ပြောင်းပြန်ကိုဖြစ်သွားခဲ့တယ်

ဘ၀ဟာ အလကားပါပဲ

လူတွေဟာ အလကားပါပဲ

အလုပ်တွေဟာ အလကားပါပဲ

တန်ဖိုးရှိတာဟာ ဘာလဲ၊ အလကားမဟုတ်တာဘာလဲ

စဉ်းစားရင်းနဲ့ အဖြေမထွက်ခဲ့ဘူး

စဉ်းစားရင်းနဲ့ ခေါင်းတွေမူး

မခံစားနိုင်ဘူးဖြစ်ခဲ့တယ်

ကြိတ်ဝမ်းနည်း ကြိတ်ဆွေး တိတ်တိတ်လေးနေခဲ့ရတာတွေ ဘယ်သူမှလည်း မသိခဲ့

ကိုယ်ကိုယ်တိုင်လည်း မမှတ်မိတော့ဘူး

ဘ၀ဟာ ရိုးရိုးလေးနဲ့ တယ်ရိုင်းတာပဲ

တချို့တ၀က်ဇတ်လမ်းတွေဟာ ကိုယ်ထင်တာတွေနဲ့ ပြောင်းပြန်

တချို့တ၀က်ဇာတ်လမ်းတွေဟာ ပြန်ပြောင်းတွေးချင်စရာမကောင်းအောင် ကြမ်းတယ်

မခံနိုင်ဘူး မချန်နိုင်ဘူးဆိုလည်း ဒီကိုးနှစ်အတွင်းမှာ ထားခဲ့ရတာပဲ၊ ထားခဲ့ရမှာပဲ

သဘက်ခါဆို ကိုးနှစ်ပြည့်ပြီပေါ့

ခပ်ပျော်ပျော်ရှိခဲ့တာ အကြိမ်ကိုးဆယ် မရောက်ခဲ့ပါဘူး

မော့ပြီးမောခဲ့တဲ့အကြိမ်ပေါင်းကတော့ ကိုးရာမက

ထိုးရာတွေကတော့ ကြိုးပါကျအောင် ဒေါသတွေထွက်ခဲ့ရပေါ့

ကိုးရာတွေကလည်း ကိုယ်ကိုယ်တိုင်ကလွဲလို့ တခြားမရှိဘူး

ထိုးခါချတာတွေကိုလည်း ရိုးရာအရ ရှောင်ရင်းသာရင်း

အကွက်သာရရင် ကြိတ်ကြိတ်သာရယ်

ဖြိုးဝါ၀လာပါပေါ့

ကိုးဝါရကိုယ်တော်လေးလို မိမိကိုယ်ကို ထင်လာသလို

ပြုံးတစ်ချက် ပျော်မိ

ရှုံးတစ်ကွက် အော်မိ

အော် အရမ်းထိတဲ့ ကိုးရာသီပြောင်းခဲ့ပြီမို့

ပြန်ပြောင်းကြည့်လို့ ပြောင်းပြန်တွေးမိတယ်

ဒီညမှာ။

 

နိုဝင်ဘာ ၁၈၊ ၂၀၀၈။