Category: အချစ်


by Myo Tha Htet on Friday, 17 August 2012 at 14:12·

မေ၊ မိုး၊ မာ တို့ မဆုံတာ အတော်ကြာပေါ့၊ အခုတော့ နွေပီပီ ရာသီဥတု ကောင်းကောင်း… ၀ိုင်ဖြူခွက် ကိုယ်စီနဲ့ လောက အရသာကို ခံစားနေကြတာ သဘာဝနဲ့ ဣတ္ထိယတို့ အလှပြိုင်ကြသလို…။ အသက်တွေက လေးဆယ်ကျော် လာပေမယ့် လှနေကြတုန်း… ကလေးတွေ ကိုယ်စီ မွေးထားကြပေမယ့်လည်း ခန္ဓာကိုယ် လေ့ကျင့်ခန်း ပြင်းပြင်းတွေ သေချာ လုပ်ထားကြလေတော့ “ငါတို့က တောင့်တုန်းဖြောင့်တုန်း ၄၃“ လို့ အချင်းချင်း စကြတယ်။

မေ က စာရေးဆရာမ ဆိုတော့ အနုအရွ အလှအပ သမုဒယ စာလေးတွေ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ထုတ် ဘ၀ကို ခပ်ပျော်ပျော် ဖြတ်သန်းနေသူပါ၊ သူ့မှာ အပူအပင် စိတ်ရှုပ်ထွေးစရာ မရှိဘူးလား ဆိုရင်တော့ တပုံရယ်နဲ့မှ အိုတပင်လို့တောင် ပြောရပါလိမ့်မယ်။ ဒါပေမဲ့ ကိုမောင်မြင့်နဲ့ နှစ်ကိုယ် ကြင်ခဲ့ကြပြီးနောက် ကလေးနှစ်ယောက်တောင် ရလို့ လောကရယ်ကို ခါးစောင်းတင်နိုင်ခဲ့ပြီလို့ပဲ ဘ၀အတွေ့အကြုံတွေနဲ့ ဆိုလင့်ရတော့မယ်။

ကိုမောင်မြင့်က အပါး၊ မယားအလှကို ရှေ့မှာတင်ဆို… မယားစကား မပယ်ရှား… မယားဆုံးဖြတ်ချက် အမှန်… ဒီလို ယောက်ျားမျိုး မင်း တသက် မဟုတ်၊ ဆယ်သက် ရှာစမ်းကွာလို့ ဆိုတတ်လေတော့ စာတတ် ပေတတ် စကားကပ် စကားတတ် မေတောင် အယောင်ယောင် အမှားမှား ဖြစ်လို့ သူလေ ပြောတတ်တယ်လို့ပဲ ဆိုနိုင်ပါတော့တယ်။ ရိုင်းရိုင်း ပြောရရင် ကိုမောင်မြင့်က မယားကြော နပ်သူလို့တောင် ပြောရလေမလားလို့ မေ စဉ်းစားဖူးတယ်။

အဲဒီ… ကိုမောင်မြင့်ပဲပေါ့၊ ကြူကြူသက်ဆိုတဲ့ ကျောင်းဆရာမ အပျိုကြီးတယောက်ကို အီစီဂလီလုပ်ရင်း ကြိုက်ခဲ့ပြန်သတဲ့။ အပျိုကြီး ဆရာမ… ကျောင်းသားတွေကိုပဲ ဗိုလ်ကျတတ်တာ မဟုတ်ဘူး၊ ကိုမောင်မြင့်ကိုလည်း အအူ အအ မှတ်ပြီး ဗိုလ်ကျ ရမယ်လို့ အထင်နဲ့ အိလေးဆွဲ အထာနပ်တဲ့ တမယား နှစ်ယောက်ကလေး အဖေကို (ဟိုလူကလည်း လိမ်ထားလို့ ဖြစ်ချင် ဖြစ်မှာပေါ့လေ) မျက်စိလည် လမ်းမှားပြီး အချစ်လမ်းကြောင်းပြန် မောင်းလို့ ကြိုက်ခဲ့ဖူးသတဲ့လေ…။

စကားတတ်တဲ့ မေ က သူ့ သူငယ်ချင်းတွေကို အခုလို ဖောက်သည်ချသတဲ့…။

“ငမောင်မြင့်ကွာ… မကောင်းဘူး၊ ဆရာမ တယောက်ဆီ သွားသွားနေသတဲ့၊ ကျုပ် အထိန်း လိုက်ခဲ့ရသေးတယ်“

ရေကူးကန် နဘေးက သူတို့ဟာ အေးအေးသက်သာ ရှိလှတဲ့ ပတ်ဝန်းကျင် အလှကို စိတ်ညစ်ညူးမှုတွေ ခေါ်ဆောင်လိုက်ကြတယ်။ မိုးက စီးကရက်ငွေ့တွေကို အနီရောင် ဆိုးထားတဲ့ နှုတ်ခမ်းလှလှလေးကနေ ဝေးသထက် ဝေးအောင် မှုတ်ထုတ်လိုက်တယ်။ သူ့မှာကလည်း သူ့ အကြောင်းနဲ့သူ စိတ်ညစ်စရာတွေက ရှိနေတာကိုး…။ ခု သူငယ်ချင်း မေ စကားကို သူ အသာ နားစိုက်မိတယ်။ မေတယောက် ဘာများ ဒုက္ခကြီးသလဲပေါ့။

မိုးက နိုင်ငံရေးပါတီတခုရဲ့ စည်းရုံးရေးမှူး၊ လာမယ့် ရွေးကောက်ပွဲမှာ အမတ်လောင်းအဖြစ် ပြိုင်မယ့်သူ၊ တိုင်းပြည်ရေးအတွက် စွမ်းစွမ်းတမံ လုပ်မယ်လို့ အားခဲထားသလို လုပ်လည်း လုပ်နေပေမယ့်လည်း ကိုယ့်မိသားစုရေးကတော့ မအောင်မြင်ဘူးလို့ ပြောရမယ်။ ကိုလူအောင်က ကလေးသုံးယောက် မွေးပြီးကထဲက ဘာဖြစ်မှန်းမသိတော့ဘူး၊ နိုင်ငံရေးလည်း မလုပ်… စီးပွားရေးလည်း မလုပ်… ဘ၀ အောင်မြင်ရာ တိုးတက်ကြောင်း ဘာတခုမှ မဟုတ်တော့ဘဲ အရက်ချည်း လှိမ့်သောက်နေတာ ဘယ်နတ်ဆရာ၊ ယတြာမှလည်း မနိုင်တော့တာ အခုထိ…၊ မိဘ ဘိုးဘွား ဘိုးစဉ်ဘောင်ဆက် ချမ်းသာလို့ပဲ တော်ပေတော့တယ်။

သားသုံးယောက်ကလည်း နိုင်ငံခြား သွားလိုက်၊ သီချင်းဆိုလိုက် ပန်းချီရေးလိုက် သူတို့ကိုယ် သူတို့တော့ ခေတ်သစ် အနုပညာရှင် ပေါက်စတွေလို… မကြာခင် မြန်မာပြည်ကြီး ကမ္ဘာ့တန်းဝင် နိုင်ငံကြီး ဖြစ်မှာက သူတို့ အနုပညာ အဆန်းပလန်းတွေကြောင့်လို့ ထင်မှတ်နေကြသူတွေ… ဒီတော့ ဒီမိသားစုကို လက်လွှတ်လို့ မိုးကတော့ စိတ်ဒုံးဒုံးချ… နိုင်ငံရေးပဲ လုပ်တော့မယ်လို့ ဆုံးဖြတ်ထားသူ… တခါတခါတော့ အခုလို ရင်ဘတ်ချင်းတူသူ ငယ်ပေါင်းမဟုတ် ကြီးဖော်တွေနဲ့ ဆုံတတ်ကြတယ်။

မိုးဟာ သူ့လူကြီးကိုလည်း တချက် သတိရ… ပြီးတော့… တခါထဲ စိတ်လည်း ပျက်သွားမိတယ်။

ဆယ်ကျော်သက်တွေ မဟုတ်ကြတော့လို့လည်း ယောက်ျားတွေကို ဖမ်းမထားချင်တော့ဘူး၊ ဒါပေမဲ့ လမ်းလွဲသွားမှာကိုလည်း စိုးထိတ်ဗျာပါ ရှိနေတာမို့ မေ့စကားကို မိုး ထောက်လိုက်ရတယ်။

“ဆရာမလေးက မင်း ရှိမှန်း မသိဘူးလားတဲ့ကွာ“

မေ က နှုတ်ခမ်းလေး တွန့်ရယ်တယ်။ သူတို့ သုံးယောက်ထဲမှာ မေ တယောက်ပဲ အဲဒီလိုမျိုး အလှဆုံး လုပ်တတ်တယ်။ ပြီးမှ ၀ိုင်ခွက်ကို မလို့ တငုံ စုပ်တယ်။ နှုတ်ခမ်းလေးကို စူအောင် ချွန်လိုက်ပြီးမှ ၀ိုင်အရသာခံရင်း…

“ငနဲသားက ဘာတွေ ပြောထားမှန်းမှ မသိတာကွ၊ ဆရာမလေးကို အငယ်ကောင်လေး လက်ဆွဲလို့ သွားတွေ့တော့… သူ့ တပည့် မဟုတ်တဲ့ ကလေးတယောက်ရဲ့ အမေကို အံ့နေတာပေါ့ကွာ“

“ဒီတော့…“

“မေပဲလေ… အရှုပ်ထဲမှာ ရှင်းအောင်နေတဲ့သူပဲ၊ ဗြောင်ပဲ ပြောချလိုက်တာပေါ့။ ကိုမောင်မြင့် မိန်းမကြီးပါပေါ့“

“ဟင်… မေက မိန်းမကြီးဆိုတော့…“

နိုင်ငံရေးသမား မိုးက ပြည်သူ့ပြဿနာ သူ့ပြဿနာလို့ အမြဲလိုလို မှတ်နေတာမို့ မေ့ ပြဿနာကိုလည်း သူ့ပြဿနာလို့ပဲ ချက်ချင်းလက်ငင်း မှတ်လိုက်သလို ကျောင်းဆရာမ ပြဿနာကိုလည်း သူ့ပြဿနာလို့ မှတ်နေပြန်တာကြောင့် လတ်တလော အတွင်းမှာပဲ ပြဿနာပေါင်းစုံ သူ့ခေါင်းပုံ ဖြစ်သွားပါတော့တယ်။

“ဒီလိုလေကွာ… သာသာနဲ့ နာနာနှက်ရတာပေါ့၊ ကိုယ်က မိန်းမကြီးဆိုတော့ သူကလေး ဘာဖြစ်သွားမလဲ…၊ နည်းနည်း ဦးနှောက်လေး သုံးပြီး စဉ်းစားလိုက်စမ်းပါ မိန်းမရာ…“

“ဟီး ဟီး ဟီး…“

မလှပတဲ့ ရယ်သံကြီးတခု ဟိန်းထွက်လာပါတယ်။ မိန်းမတယောက်ဆီက ဒီလို ရယ်သံမျိုး မထွက်သင့်မှန်း သိပေမယ့် မေ့စကားကို သဘော အကျကြီး ကျသွားသူက မာ…။ သူ့ရယ်သံ မလှမှန်း သိပေမယ့်လည်း သူ ဘယ်လိုမှ အောင့်နေလို့ မရတော့ဘူး။ ၀ိုင်ကလည်း အခုမှ နှစ်ခွက်ထဲ ရှိသေးတာ… ၀ိုင်ကြောင့်တော့ လုံးလုံး မဟုတ်ဘူး။ မေ့စကားကြောင့် သက်သက်သာ…။

မာ က အက ဆရာမ၊ မြန်မာရော နိုင်ငံတကာ အကတွေပါ ကျွမ်းကျွမ်းကျင်ကျင် ပိုင်နိုင်လှပစွာ ကတတ်သလို ကိုယ်တတ်သလို သူများတွေ တတ်အောင်လည်း သင်တန်းဖွင့် သင်ကြားပေးနေသူ။ အနုပညာလောကမှာ ထွန်းပေါက်နေသူတချို့က မာ့သင်တန်းဆင်းတွေ ပါပါတယ်။ ကိုယ်ကိုယ်တိုင်က အက ဆရာမို့ ခန္ဓာကိုယ် အချိုးအဆက် အဆစ်အပေါက်က အင်မတန် လှသလောက် အသံကတော့ ဇော်ဝင်းထွဋ်အမေ ထားလို မဟုတ်ဘူး၊ ဆိုးမှဆိုး ဆူမှဆူ… ရယ်လိုက်ရင် လူမိ မခံဝံ့သူ…။

အခုတော့ သူ မေ့ကြောင့် မလှမပ ရယ်မိပြီ၊ မလှမပက အရေးမကြီးဘူး… အားပါးတရ ရယ်မိတယ်။ တကယ်တော့ မေ့ကြောင့် သက်သက်လည်း မဟုတ်ပြန်ဘူး၊ သူ့အတွေးနဲ့ သူ…။ မေက ပြောတယ်လေ… သူက “မိန်းမကြီး“ လို့ ဆရာမလေးကို ခပ်ကြွားကြွား ပြောလိုက်သတဲ့။ စကားတတ် မေ စာရေးဆရာမ မေ… ဆိုလိုတာက သူက မိန်းမကြီး ဖြစ်ရင် ဆရာမလေးက မိန်းမငယ်ပေါ့၊ မေ့ စကားအသွားအလာရဆိုရင် မယားငယ်ပေါ့ (နှိမ်တဲ့ သဘောပေါ့)။

မာ တွေးမိ ရယ်မိတာက ဒီလိုမှ မဟုတ်တာဘဲ… ဆရာမလေးက “ဒါဖြင့်လည်း ထိုင်ပါဦး မမရယ်… ကိုမောင့် မိန်းမကြီးကို တွေ့ရလို့ ၀မ်းသာမိပါရဲ့… နို့… စကားမစပ် ကိုမောင့် မိန်းမလတ်တို့၊ မိန်းမငယ်တို့ရော ရှိသေးပါရဲ့လား၊ ဘယ်သူတွေပါလဲ ရှင်“ လို့ ဆရာမပီပီ ကျောင်းသား ဒါမှမဟုတ် ကျောင်းသားမိဘ တွေ့လို့ အခွင့်ရတုန်း စစ်မေးနေရင် မခက်လားလို့ စီးကရက်တရှိုက် ရှုသွင်းရင်း မာ့ အရွှင်စိတ် လင်းမိတာ အပြစ်လား…၊ အတော်ကြာလာတောင် အရယ်မရပ် အပြုံးမပျက် သေးတဲ့ မာက အဲဒီလို တွေးမိ ရယ်မိခဲ့တယ်။

“ဘာရယ်တာလဲ အမာမ…“

“ဟဲ ဟဲ… ဟုတ်ပါဘူး မေရယ်… ကိုယ့်အတွေးနဲ့ ကိုယ်မို့ပါ၊ ဒါနဲ့ ဆရာမလေးက မင်းကို ဘာပြန်ပြောသလဲကွ“

မာ က မျက်နှာပိုး မသပ်တသပ်နဲ့ ဘရိတ်မမိတဲ့ကား အခါခါ ဘရိတ်နင်းခဲ့ပေမယ့် နောက်ဆုံးတော့ ကားက အရှိန်ကုန်လို့ သူ့ဘာသူ ရပ်သွားသလို အနေအထားဖြစ်အောင် ထိန်းရင်း စကားထောက်လိုက်ရတယ်။

“မင်း ရယ်နေတာနဲ့ ကိုယ့်စကားတောင် ဘယ်နား ရောက်သွားမှန်း မသိတော့ဘူး။ ဘာဖြစ်ရမလဲကွ… မျက်နှာငယ်ငယ်လေးနဲ့ နောက်ဆုံးတော့ မေ့ကို သူ တောင်းပန်တာပေါ့။ ဒီတော့ ကိုယ်ကလည်း အေး… သိပါတယ်၊ ဆရာမ မသိလို့ မှားတယ်ဆိုတာ သိလိုက်ပါတယ်လို့…။ အခုတော့ သိရင် အမှန်ကို ပြင်ပါတော့လို့ ဆရာမကို ဆရာလုပ်ပြီး ပြန်ခဲ့တာပေါ့ကွာ“

ခုနက သိပ်ကို အရေးကြီးလွန်းတဲ့ ပုံစံမျိုးနဲ့ စိတ်ဝင်စားနေတဲ့ မိုးခမျာ… မေ့စကားနောက် မျောနေတာရော… မာ့ အရယ်အပြုံးတွေ ဖောက် ၀င်လာတာကြောင့်ပါ စိတ်ပိုနှောက်သွားပုံ ရပေမယ့် အခုလို မေ့ဇာတ်လမ်း မြန်မြန် စခန်းသိမ်းသွားတော့ ဇာတ်ရည်လည်သွားခဲ့ပြီး ရွှင်သွားပါတယ်။ ၀ိုင်ပုလင်းကို သတိထားကိုင်ပြီး သူ တခွက် ထပ်ထည့်တယ်။ ပြီးမှ ပြီတည်တည် မျက်နှာထားရယ်နဲ့ မေ့ ကို စတယ်။

“ဒီတော့ မေက ကိုမောင်မြင့်ကို အပိုင် ပြန်ချည်လိုက်ပြီပေါ့၊ ကိုယ့်ဆရာက ရုန်းချင်သေးသလားကွ“

သူတို့စကား သူတို့ပဲ သိတယ်ဆိုတဲ့ အထာနဲ့ ပြောနေကြပေမယ့် ရင့်ကျက်တဲ့ ဘ၀ကို တက်လှမ်းလာနေကြတဲ့ ထက်မြက်တဲ့ မိန်းမတွေပီပီ ဟန်ကလေး၊ မာန်ကလေးတွေ ရှိနေကြတယ် ဆိုတာကိုတော့ သူတို့ အသံလေးတွေမှာ ရောစွက်ပါနေတဲ့ ပြောပြရခက်တဲ့ အနားသပ် အဖျားခတ် စကားလုံးလေးတွေက ဘေးက ကြားမိသူတွေကို သတိပြုမိစေမှာ ဖြစ်ပါတယ်။

မေကတော့ သူ့ မူပိုင် အလှဆုံး နှုတ်ခမ်းလေးကို ဒီညနေခင်းလေးအတွက် တတိယပ္ပိ တွန့်ပြန်တယ်။ ကျေနပ်နှစ်သိမ့်မှု အပြုံးလေးကလည်း စွက်လို့…။

“မရုန်းတဲ့အပြင် ကိုယ့်ဆရာက သူ့ နွားသတ်ရုံ ပို့တော့မှာကို သိနေတဲ့ ငညိုကြီးလို လုပ်နေလို့ ကိုယ့်မှာ အသနား ပိုလွန်ကုန်မိပြီး ကိုယ့်ကိုယ်ကိုယ်တောင် မယုံမကြည် ဖြစ်နေရတာမို့ မင်းတို့ကို ပြောပြနေတာပေါ့ကွ“

“မိန်းမက ဘာ ထပ်လုပ်မိပြန်တာတုံး“

ဒီတခါတော့ မာ က မရယ်မပြုံးတဲ့အပြင် ရုတ်ချည်းဆိုသလို ကောင်တာ (ပြန်ထောက်) မေးခွန်းကို ကောက်ကာငင်ကာ မေးချလိုက်တော့တယ်။

“ဒီလိုလေ… ကိုမောင်မြင့်က ဆရာမဆီတော့… တို့ သွားတွေ့တာ သိသွားပြီးနောက်မှာ မသွားတော့ဘူးလေ၊ မသွားတဲ့အပြင် လူကို အကြင်နာတွေ ပိုပြီး အကယ်ဒမီရှော့တွေချည်း လုပ်နေလို့ ကဲ… ဖယ်ပါဦး၊ တော်ပါတော့ လို့ နွဲ့နွဲ့မူ အိုက်တင်တွေ ကျူပ်မှာ လုပ်နေရတယ်၊ ကလေးတွေနဲ့လည်း သူ အချိန် ပိုပေးလာပါတယ်၊ အဲ… တခုပဲ…“

မိုးရော မာပါ စိတ်ဝင်စားနေကြတယ်။ ဇာတ်လမ်းက ဇာတ်သိမ်းရောက်ခါနီး တမ်ပို (ဇာတ်ရှိန်မြင့်တဲ့နေရာ) ကို ဆွဲတင် လိုက်သလို ဖြစ်သွားတာကိုး…။ ဒီတခါတော့ မိုးနဲ့ မာ မျက်လုံးချင်း တဲ့ဆိုင်ကြည့်ပြီး မပြုံးမရယ်ကြဘဲ ရှိနေကြပြီး နောက်မှာမှ… မိုးက မေးတယ်။

“မိန်းမ… ဘာ အဲတာလဲ၊ ကိုမောင်မြင့် ဘာဖြစ်လို့လဲ“

ဒီတော့မှ မေက ပြောသင့် မပြောသင့် စဉ်းစားနေတဲ့… ဒါပေမဲ့ ပြောကလည်း ပြောကို ပြောရမှာ ဖြစ်တာမို့… မကျွမ်းကျင်တဲ့ကြားက စကားလုံး ရွေးနေရတဲ့ ရွာသူကြီးလိုမျိုး ပုံစံဖမ်းရင်း တဖက်ကလည်း အပျိုမတမ်းလေး ပထမဆုံး ရည်းစားစကား အပြောခံရသလို… ခုန်ပေါက်လည်း မပျော်နိုင်၊ လူမသိအောင် ထိန်းပြီးလည်း ဟန်မဆောင်နိုင်၊ မလုံမလဲ အိုးတိုးအမ်းတမ်း ကြည်လည်းကြည်နူး ရှက်ကလည်း ရှက်၊ အခက်တွေ့နေပေမယ့် မ၀ှက်နိုင်တဲ့ ကြာမျက်နှာနဲ့ပဲ သူ့သူငယ်ချင်းနှစ်ယောက်ကို အခုလို ပြောချလိုက်ပါတယ်။

“ကိုယ်တော်က မလိမ္မာတခါမိုက် ဖိုးသူတော် ဖြစ်သွားတယ်လေ၊ ဆရာမဆီလည်း သူ မသွားတော့ပါဘူးတဲ့။ တခါတလေတော့ သူ့ဟာမ သတိရလို့ ထင်ပါ့၊ တမှိုင်မှိုင် တအီအီတော့ ဖြစ်သား… တနေ့ကတော့ ကိုယ့်နား သုံးလေးခါ လာ…၊ ဖက်လိုက် နမ်းလိုက်…၊ အူကြောင်ကြောင်တွေ လုပ်လိုက်… အဲဒီလိုတွေ ခဏခဏ လုပ်ပြီးမှ တောင်းဆိုတဲ့ စကားတခွန်း ရွံ့တွန့်တွန့်နဲ့ ပြောလာတယ်“

“ဘာတဲ့လဲ“

မိုးနဲ့ မာ ဆီက သံပြိုင် ထွက်သွားတယ်။ သူတို့ သိပ် သိချင်နေကြတယ်လေ။

မေကတော့ အတွေ့အကြုံရှိတဲ့ သူကြီး… နောက်ဆုံးတော့ ဘာပဲဖြစ်ဖြစ် ပြောချလိုက်တော့မယ်ဆိုတဲ့ ပုံစံ၊ တခါ… မယုံနိုင်လောက်အောင် အချစ်တွေ ထုံမွမ်းထားတဲ့ အပျိုမလေးဟန်၊ တကိုယ်လုံး ကော့တော့လန်ပြန်နေတဲ့ ပုံစံမျိုးနဲ့ တဖက်သားကို မရိုးမရွဖြစ်အောင် လုပ်နေရင်း နာကြားဖို့ အသင့်စောင့်နေတဲ့ မိုးနဲ့ မာ ကိုတောင် အားမနာဘဲ အတန်ကြာ ပြုံးတုံးတုံး လုပ်ပြီးကာမှ…

“လာမယ့် စနေနေ့က ဆရာမရဲ့ မွေးနေ့တဲ့ရှင့်… အဲဒါ သေမလို ကြွေနေတဲ့ ဘဲကြီးက သူ့အစား ကျုပ်ကပဲ ဆရာမကို သွားတွေ့ပြီး မွေးနေ့ လက်ဆောင်ပေးရင်း တခုခု ကျွေးပေးပါတဲ့“။

အရယ်၊ အပြုံးလေးတွေနဲ့ ဆူညံခဲ့တဲ့ ညနေခင်းလေး တခုပေါ့…။

၂၀၁၂ သြဂုတ် ၁၇၊ မွန်းလွဲ နှစ်ချက်တီး။

လန်ဒန်။

by Myo Tha Htet on Friday, 27 July 2012 at 07:57·

ခေတ်က မြန်တဲ့ ခေတ်… ဒါမှမဟုတ် ခေတ်မြန်ကြီး

ဒီတော့ မြန်မြန်ချစ်၊ မြန်မြန်ယူ၊ ကြာကြာမစောင့်ဘဲ တခါကွဲ…

ကားဝယ်ဖို့ကမှ အချိန်ပိုယူကြဦးမယ်၊ အတူနေဖို့က နောင်ခါလာ နောင်ခါဈေး သဘောထားပြီး မြန်မြန်နေလိုက်ချင်ကြတယ်။

မနက် ရုံးသွားတိုင်း သတင်းစာ နာရီဝက်လောက် ကျွန်တော့်မှာ ဖတ်မိတော့ စိတ်ဝင်စားစရာလေးများ တွေ့မိရင် သူငယ်ချင်းတွေကိုလည်း မျှချင်မိတယ်။

ယူကေ က အိမ်ထောင်ရေး အကြောင်းတွေပေါ့၊ အမယ် သူတို့က စာရင်းဇယား ကောင်းတဲ့ နိုင်ငံ ဆိုတော့ကာ အမျိုးသား (နိုင်ငံတော် အဆင့်) စာရင်းရုံးက ဒီလူမှုရေးနဲ့ ဆိုင်တဲ့ စာရင်းဇယားတွေကို သေချာ ပြုစုထားတာ တွေ့ရတယ်။ မြန်မာနိုင်ငံမှာလည်း အခုလို သပ်သပ်ရပ်ရပ် စာရင်းတွေ ပြုစုနိုင်ရင် ကောင်းမှာပဲလို့လည်း အတွေးပေါက်မိတယ်။ လုပ်ချင်လည်း လုပ်ထားကြမှာပေါ့လေ၊ ကျွန်တော် မသိတာလည်း ဖြစ်နိုင်ပါတယ်။

တကယ်တော့ အချစ်နဲ့ အိမ်ထောင်ရေးဆိုတာ ဒင်္ဂါးတချပ်ရဲ့ ခေါင်းနဲ့ပန်း လိုပါပဲ၊ တခုမပါဘဲ ဒင်္ဂါး မဖြစ်နိုင်ပါဘူး။ ယူကေမှာတော့ တမျိုးတဲ့… ကွဲတာပြဲတာ မပါဘဲ ချစ်လည်း မချစ်ကြဘူး၊ အိမ်ထောင်လည်း မတည်ကြပါဘူးတဲ့။ ချစ်ပြီးရင် ကွဲ… အိမ်ထောင်ပြုပြီးရင် အဲ… ကွဲကြကွာကြတာများတယ်တဲ့။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ က စာရင်းတွေနဲ့ လက်ရှိ စာရင်းနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ဗြိတိန်မှာ အိမ်ထောင်ကွဲတာတွေ ပိုများလာပေမယ့် ၂၀၀၈ စီးပွားရေး ပျက်ကပ်နောက်ပိုင်းမှာတော့ အဖြေက တမျိုး ဖြစ်နေပြန်ပါတယ်။ အိမ်ထောင်ကွဲမှုနှုန်း နည်းနည်းလေး ကျသွားသတဲ့။ ဘာဖြစ်လို့လဲ။

ဘာဖြစ်လို့လဲဆိုတော့ စီးပွားရေးတွေ ကျပ်ကြတော့ အလုပ်အကိုင်တွေက အဆင်မပြေဘူး၊ ဒီတော့ ၀င်ငွေတွေက နည်းလာကြတယ်။ နှစ်ယောက်အတူနေရာကနေ ကွဲကြပြဲကြပြီး တယောက်ထဲ နေမယ်ဆိုရင် ၀င်ငွေနဲ့ ကုန်ကျစရိတ်က မကာမိကြတော့ ကွဲလိုခွာလို ပေမယ့်လည်း မချစ်သော်လည်း အောင့်ကာနမ်းနေရတဲ့ အဖြစ်တွေ ဖြစ်ကုန်ကြတယ်။

အိမ်ထောင်ကွဲ ပြဿနာတွေကို အကြံပေး ဖြေရှင်းပေးနေတဲ့ ချစ်မှုရေးရာနဲ့ ဆက်ဆံရေး ဂုရုကြီး တာရီ ဘိုဒဲလ် ကတော့ အိမ်ထောင်ရေး ဆိုတာ ပြင်ရန် ခက်တဲ့ အမျိုးပါ၊ အတော်ကြီး မြော်မြင် ပြင်ဆင် ကြိုးစားကာပါမှ အဆင်ပြေရုံ ရှိနိုင်တာမျိုးကို လူအများက လွယ်လွယ်နဲ့ အိမ်ထောင်ပြု၊ သည်းမခံဘဲ ချက်ချင်းကွဲ ဆိုတာတွေမျိုးတွေက များနေပါတယ်လို့ မှတ်ချက်ပေးပါတယ်။

ဒီတော့ အဆင်မပြေတော့မှ ကွဲကလည်း ကွဲချင်နေပြီ၊ ဘယ်လိုမှ ဆက်လက် ပေါင်းသင်းကြဖို့ မဖြစ်နိုင်တော့ဘူး။ တဖက်ကလည်း စီးပွားရေးတွေက မကောင်းတော့ ရင်ဆိုင်ရတော့မယ့် ကုန်ကျစရိတ်တွေကြောင့် တသီးတခြားလည်း ခွဲထွက်နေကြဖို့က မဖြစ်နိုင်တော့ကာ ဒီ အိမ်ထောင်ရေးမျိုးဟာ စိတ်ချမ်းသာမလား စိတ်ဆင်းရဲနေမလားလို့ သူက မေးခွန်း ထုတ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တချို့တွေကတော့ မရရအောင် အဆင်မပြေတော့တဲ့ သူတို့ရဲ့ အိမ်ထောင်ရေးကို အဆုံးသတ်လိုက်ကြပါတယ်။ သူတို့က ဒီနည်းလမ်းကသာ အကောင်းဆုံး ဖြစ်မယ်၊ ပြဿနာတွေ အားလုံး ပြီးသွားလိမ့်မယ်လို့ တွေးထင်တတ်ကြပါတယ်။

တကယ်တော့ ဒီလို ပြဿနာတွေ ဘာကြောင့် ဖြစ်သလဲ ဆိုတာကို အရင်းစစ်ကြည့်ရင်တော့ အခုလို တွေ့ရမှာ ဖြစ်ပါတယ်။ လူအများစုက အချစ်ကို ရှာကြတယ်၊ အချစ်ကို မြည်းစမ်းခွင့် ရတဲ့အခါ ဟာ… ငါတော့ အချစ်စစ်ကို တွေ့ပြီ၊ ကော်တာပဲလို့ တွေးကြပြီး ဒီအချစ်နဲ့ တသက်မခွဲ အတူလက်တွဲ ကြင်နာကြဖို့ ခပ်သွက်သွက် ဆုံးဖြတ်တတ်ကြပါတယ်။ အချစ်ကို ကိုယ့်ဘေးကနေ ပြေးမထွက်သွားစေချင်တော့ဘူး။ သေသေချာချာ ဂဃနဏ ခွဲခြမ်းစိတ်ဖြာ အချိန်ယူ သုံးသပ် လေ့လာ အကဲခတ် ဆုံးဖြတ်ကြည့်ဖို့ကို မလုပ်ချင်ကြတော့ဘူးလို့ အချစ်ဂုရု ဆရာမကြီး တာရီက ပြောပါတယ်။

တကယ်တော့ အိမ်ထောင်ရေးဆိုတာ ယုံကြည်မှု ကြိုးတချောင်း မဟုတ်ပါလား၊ ဒီ ကြိုးစည်းနှောင်အား ကောင်းသလောက် မြဲနေမယ်။ အဲ… ကြိုးက လျော့ရဲလာမယ်၊ ဒါမှမဟုတ် တင်းအားများလို့ ပြတ်တောက် သွားမယ်ဆိုရင် ပွဲက ပြီးဆုံးသွားပြီ မဟုတ်ပါလား။

တာရီကတော့ ကြိုးမချည်ကြခင် စစ်စစ်ပိုင်းပိုင်း မေးခွန်းတွေ မေးကြဖို့ကို ပြောခဲ့တာ ဖြစ်ပါတယ်။ အရမ်းကာရော ယုံကြည်တာမျိုး မဟုတ်ဘဲ မေးခွန်းတွေ ထုတ်လို့ ကျေလည်မှသာ ယုံတာမျိုးကို သူက ဆိုလိုတာ ဖြစ်ပါတယ်။ ဘာသာတရားကို ယုံကြည်တာမျိုးနဲ့တော့ မရောထွေးပါနဲ့လို့ သူက သတိပေးပါတယ်။

သူဆိုလိုတာက အိမ်ထောင်ကျပြီးနောက်မှာ ၀န်းကျင်သစ်က ဘယ်လို ဖြစ်လာမှာလဲ၊ လူတွေရဲ့ ကိုယ့်အပေါ် လက်ရှိ ဆက်ဆံရေးက ပုံစံအသစ်မှာ ဘယ်လို ဖြစ်သွားမှာလဲ၊ ကလေးယူမှာလား… ကလေးကို ဘယ်လို ပုံစံမျိုးနဲ့ တာဝန် ခွဲယူ ပျိုးထောင်ကြမလဲ၊ နှစ်ယောက်စလုံး ပရော်ဖက်ရှင်နယ် အလုပ်တွေကို ဆက်လုပ်ကြမှာလား၊ ဘယ်လို ပုံစံနဲ့ နေထိုင်ကြမှာလဲ (မယ်တရွာ မောင်တမြို့လား) စသဖြင့်ပေါ့လေ… မေးခွန်းတွေက အများကြီး ရှိလာနိုင်တာပဲလို့ တာရီက ထောက်ပြပါတယ်။

ဒီမေးခွန်းတွေကို နှစ်ယောက်စလုံး ယုံကြည်စွာနဲ့ အမှတ်ပြည့် မဟုတ်တောင် အောင်မြင်အောင် ဖြေဆိုထားရမယ် မဟုတ်ဘူးလား။

အချစ်ဂုရုကြီးကတော့ လက်တွေ့ကျကျ သုံးသပ်သူလို့ ပြောရမလား မသိပါဘူး။ “စီးပွားရေး ကန်ထရိုက် စာချုပ်တခု ချုပ်သလိုပေါ့“ လို့ ပြောပါတယ်။

ကွဲကြပြဲကြတာတွေရဲ့ တခုထဲသော အကြောင်းကတော့ စာချုပ် ပျက်သွားလို့ပါ၊ ဒါမှမဟုတ် ကြိုးပြတ်သွားလို့ပါ။ နှစ်ဘက်ကြား သဘောတူညီမှု ပျက်တယ်၊ စည်းနှောင်မှု မရှိတော့ဘူး ဆိုရင်တော့ အားလုံး ဘာဆိုဘာမှ မရှိတော့ဘူးပေါ့လို့ သူက ဆိုပါတယ်။

၂၀၁၂ ဇူလိုင် ၂၇၊ မနက် ၇ နာရီ။

လန်ဒန်။

ရည်ညွှန်း- London’s Metro Newspaper , July 26, 2012.

by Myo Tha Htet on Wednesday, 25 July 2012 at 21:25·

အသက် ၄၀ မှာ အချစ်ကို တွေ့တယ်၊ ၄၅ မှာ အချစ်က စွန့်သွားတယ်။ ဘာဖြစ်လို့ စွန့်သွားသလဲ…၊ ၂၅ နှစ် အရွယ် ကောင်မလေးနောက် ကောက်ကောက်ပါအောင် သူ လိုက်သွားခဲ့တယ်။ ဒီတော့ ဘ၀မှာ နဂိုနေ ပြန်ရောက်ဖို့ အချိန် တနှစ်ကျော် ပြန်ယူလိုက်ရတယ်။ ဒါပေမဲ့ အချစ်စစ်ကို တခေါက် ထပ်ရှာဖို့ စိတ်ထက်သန်နေတုန်းပဲ။ ဥာဏ်ထက်တယ်၊ အောင်မြင်တယ်၊ ကျန်းမာတယ်၊ ဆွဲဆောင်မှု ရှိတယ်၊ အဲ… ဒါပေမဲ့ တဖြည်းဖြည်း ဟိုင်းလာနေတဲ့ ထက်မြတ်တဲ့ မိန်းမတယောက်ကို ဘယ်သူကများ လိုချင်ပါဦးမလဲ။

မိတ်ဆွေ အပေါင်းအသင်းတွေက တဆင့် အချစ်ကို ရှာဖို့ကလည်း အများစုက ချာတိတ်မ ငယ်ငယ်ကို ကြိုက်တဲ့သူ ကြိုက်၊ မျိုးဆက်သစ် အတွက် ကလေးမွေးဖို့အထိ မျှော်မှန်းသူက မျှော်နဲ့ တကယ့်ကို စိတ်ညစ်ဖို့ ကောင်းပါတယ်။ ဒီတော့ လက်ရှိ ကျွန်မကို အတည်ကြံလို့ ချစ်မယ့်သူရော ရှိနိုင်ပါဦးမလား၊ အသက် ၄၅ နှစ် ကျော်လာတဲ့ မိန်းမတယောက်ဟာ သူ့ကို တကယ် ချစ်မယ့်သူ တယောက်ကိုရော ဒီဘ၀မှာ တွေ့နိုင်ပါဦးမလား။

၄၀ ကျော် မိန်းမတယောက်အတွက် အဖြေ

အချစ်ဟောင်းက ပေးတဲ့ ဝေဒနာကလည်း အတော်ကြီးသကိုးဗျာ၊ ကမ္ဘာကျော် မီတာ ၁၀၀ အပြေးသမား ရွှေတံဆိပ်ဆုရှင် ယူစိန် ဘို့ က သူ့စံချိန်ကို သူ ပြန်မရလို့ ဒုက္ခရောက်နေပုံနဲ့ တူနေပါလားဗျာ။ ပိုပြီး ခက်နေတာက ဘာမဆို ဖြစ်နိုင်တယ် ဆိုတာကိုတောင် ကိုယ်ကိုယ်တိုင်က သိပ်ပြီး မယုံမကြည် ဖြစ်သွားပုံ ရနေတယ်လို့ “ချစ်မှုရေးရာ နည်းပဒေသာ“ စာအုပ်ကို ရေးတဲ့ ဂျိမ်းစ် မက်ကောနယ်ချီ က ပြောပါတယ်။

ဒါပေမဲ့ ထောက်ပြတဲ့ အချက်လေးကတော့ ဒီကနေ့ခေတ် လူ့အသိုင်းအ၀ိုင်းက ယေဘူယျအားဖြင့် လက်ခံထားကြပြီး နှစ်လိုကြတဲ့ ပုံစံမျိုးလည်း ဖြစ်နေပါတယ်။ ဘာတဲ့… ယောက်ျားဆို အာဏာရင်လည်း ရှိမှ၊ ငွေရင်လည်း ရှိမှ မဟုတ်လား။ မိန်းမဆို ချောမှငယ်မှ၊ သားသမီး မွေးနိုင်ဖွားနိုင် ထွားထွားစိုစို နုနုပျိုပျိုဖြစ်မှလို့ ပြောကြတယ် မဟုတ်လား။

မိန်းမတယောက် ချောတယ်လှတယ် တော်တယ်ပြုတယ်ဆိုတာ ဒီမိန်းမဟာ ငယ်လည်းငယ်၊ အိမ်ထောင် သားမွေး ပြုနိုင်တယ် ဆိုတာကိုလည်း ဂုဏ်တရပ် အနေနဲ့ ထည့်တွက်ကြတယ် မဟုတ်လား။ မိန်းမတယောက်ရဲ့ ရုပ်သွင်ကို ကြည့်တဲ့အခါမှာ ခါးသေး ရင်ချီ ပဒုံမနီ ရင်ဖွံ့ထွားထွားနဲ့ သားကောင်းတို့ အမေ ဖြစ်နိုင်လေသလားလို့ တွက်ဆကြပုံကိုလည်း မက်ကောနယ်ချီက ပြောပါတယ်။

ဒါပေမဲ့ သေချာတာတခု ပြောနိုင်တာကတော့ အသက်အရွယ် ၄၅ ကျော်လို့ မတော်တဲ့ အရွယ်၊ တဆိတ်ဟိုင်းလို့ဆိုလည်း တခါ ဘဏ်စာရင်းမှာ ငွေမရှိ၊ ယောက်ျားကြိုက် ဘရာဆိုဒ် မဟုတ်ပေမယ့်လည်း အချစ်ဆိုတာကတော့ တွေ့နိုင်သားလို့ သူက ဆက်ပြောပါတယ်။

ကျွန်တော် သိသလောက်တော့ တချစ်၊ နှစ်ချစ်၊ သုံးချစ် စသဖြင့် အချစ်ကို သုံးလေးခါ ချစ်ဖူးခဲ့ကြသူတွေဟာ ဘ၀မှာ လက်ကျန် အချိန်တွေကို ဘယ်လို ကောင်းကောင်း အသုံးချရမလဲ၊ ဘယ်လို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး နေကြမလဲ ဆိုတာကို သိသူတွေပါလို့ “ကျားရဲ့ ကမ္ဘာ“ စာအုပ် အပါအ၀င် အချစ်၊ အလွမ်း၊ အကြမ်း ၀တ္ထုစာအုပ် တဒါဇင်ကျော် ရေးခဲ့တဲ့ ရူးပတ် စမစ် က ပြောပါတယ်။

သူ့သူငယ်ချင်းမ တယောက်ဆို ငါးဆယ်ကျော်မှ ကံပေါ်တယ်လို့ ဆိုချင်လည်း ဆိုစရာတဲ့၊ စိတ်တူကိုယ်တူ မိတ်ဆွေတယောက်ကို ဆုံခဲ့မိလို့ အဲဒီ အတွဲဆို ဆယ်ကျော်သက်တွေလို ပျော်လိုက်ရွှင်လိုက် တွဲလိုက်ကဲလိုက်သမှ လေးငါးနှစ်တောင် ချီလာပြီလို့ စမစ် က ပြောပါတယ်။

ဆက်ဆံရေး ပါရဂူ ဒေါက်တာ စစ္စလီယာ ဒီ ဖလစ်ကတော့ “၂၁ ရက် အတွင်း လူအသစ် တယောက်လို“ ဆိုတဲ့ ဖတ်ရှုပြီး ကိုယ်တိုင် လိုက်နာ ကျင့်ကြံနိုင်တဲ့ လူမှု ဆက်ဆံရေး စာအုပ်ကို ရေးခဲ့သူပါ။ လူတယောက်ကို ဘယ်လိုလူမျိုး ဖြစ်မလဲ ဆိုတာကို သိချင်ရင် သူ အရင် ဘာတွေ လုပ်ခဲ့သလဲ ဆိုတာကို လေ့လာကြည့်ပါလို့ ဒေါက်တာ စစ္စလီယာ က ပြောပါတယ်။

(ချို(ဂျို)ပါတဲ့ အကောင်က ဝှေ့နေတတ်သလို) အချစ်ကို တွေ့ဖူး၊ ခံစားဖူသူဟာလည်း နောက်တခါ ထပ်ပြီး ချစ်နိုင်၊ ခံစားနိုင်တာမျိုးပါလို့ သူက ဥပမာ ပေးပါတယ်။ ကိုယ်ကိုယ်တိုင်က ငါဟာ အချစ်သစ်ရှာဖို့ သိပ်ကို ကြီးလွန်းသွားပါပြီလို့ ထင်မှတ်နေရင် အချစ်သစ်ကို မတွေ့နိုင်တဲ့ ကမ္ဘာထဲ ရှင်သန်နေဖို့ ကိုယ့်ကိုယ်ကိုယ် ထည့်သွင်းထားသလို ဖြစ်နေမယ်လို့ စိတ်ပညာရှင်လည်း ဖြစ်တဲ့ ဒေါက်တာ မမက ပြောပါတယ်။

အပြင်မရှာခင် အတွင်းကို အရင်ကြည့်၊ သူများကို ထပ်မချစ်ခင် ကိုယ့်ဘာသာ အရင်ပြင်ဆင်ထားဖို့ကိုလည်း ဒေါက်တာ စစ္စလီယာ က ထောက်ပြပါတယ်။

အသက် ၄၀ မှာမှ အချစ်ကို တွေ့ခဲ့တယ်လို့ ပြောတယ်၊ ဘာကြောင့် ဒီလောက်အထိ စောင့်နေခဲ့တာလဲ၊ ကိုယ့်ကို ဘယ်သူကမှ မကြိုက်ကြဘူးလို့ ထင်နေခဲ့တာလားလို့ ဒေါက်တာ မမက ပုစ္ဆာရှင်ကို မေးခွန်း ထုတ်လိုက်ပါတယ်။ ကိုယ့်ဟာကိုယ် ကိုယ့်အတွေးထဲ ဘာကြောင့် ဖွက်နေမှာလဲ၊ ဘာကြောင့် အိုမှာကို ကြောက်နေသလဲလို့လည်း မေးရင်း တွန်းပေးပါတယ်။

ကိုယ့်ဘာသာ ကျေနပ် ပျော်ရွှင်နေတတ်တဲ့ သူတယောက် အတွက်ကတော့ အချစ်ဆိုတာ ရှာရခက်နေဦးမှာပဲလို့ သူက ထောက်ပြ သတိပေးခဲ့ပါတယ်။

ကဲ… အပေါ်မှာ ပြောခဲ့တာတွေ အားလုံးကို နားလည်ပြီး ဖြေရှင်းနိုင်မယ် ဆိုရင်တော့ အချစ်ရှာဖို့ သဘောထား အသစ် ရလာလိမ့်မယ်လို့ တနေ့ကို ယောက်ျား ၆၀ လောက်နဲ့ တယ်လီဖုန်းကနေ အခယူပြီး ချက်တင် ပြောပေးနေတဲ့ ဂျန်နီ အိန်းစလီ တန်နာက ပြောပါတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ မိန်းမမျိုးကိုတော့ ယောက်ျားတွေက သဘောကျကြပါတယ်၊ အဲ…မောက်မာတာ၊ အဆိုးမြင်တာကိုတော့ မကြိုက်ကြဘူးလို့ ဂျန်နီက ပြောပါတယ်။

ဒီတော့ ရှင်းရှင်း အကြံပေးရရင် ဘ၀ကို တစ်က ပြန်စပါ၊ လူတွေကြားမှာ နေပါ၊ ပွဲတွေ တက်ပါ၊ သူငယ်ချင်း မိန်းမချင်း နေတာကို လျှော့ပြီး ကိုယ်နဲ့ စိတ်တူတဲ့ လူတယောက်ကို မြန်နိုင်သမျှ မြန်မြန်ရှာပြီး မျှဝေ ခံစားပါ။ နူးညံ့စွာနဲ့ ပွေ့ဖက်လာမယ့် သူ့လက်တစုံကြောင့် ကိုယ့်ပခုံးလေးက ဂုဏ်ယူနေပါစေ (ရှင်းရှင်း ပြောရရင် များများ အဖက်ခံပါလို့ ပြောတာပါ) လို့ သူက ဆက်ပြောပါတယ်။

ယောက်ျားဘသား အများစုကတော့ မိန်းမငယ် မိန်းမချောတွေကို ကြိုက်ကြတာပါ၊ အဲ… ကိုယ်က အဲဒီ အများစုထဲ ပါနေဖို့ မလိုပါဘူး။ တကယ်လိုတာက တခုထဲပါ။ အသိဥာဏ် ထက်မြတ်တဲ့၊ အောင်မြင်နေတဲ့၊ ကျန်းမာတဲ့၊ ဆွဲဆောင်မှုရှိတဲ့ မိန်းမတယောက်ကို ရလိုက်တဲ့ ငါကွလို့ အမြဲ ဂုဏ်ယူနေတတ်မယ့် ယောက်ျားတယောက်ကို တွေ့လိုက်ဖို့ပါလို့ မက်ကောနယ်ချီ က ပြောပါတယ်။

၂၀၁၂ ဇူလိုင်၂၅၊ ည ၉ နာရီ။

လန်ဒန်။

ရည်ညွှန်း- London’s Metro Newspaper, Monday, July 23, 2012.

by Myo Tha Htet on Sunday, 29 April 2012 at 17:23·

သူက ကျွန်တော့်ကို မေးတယ်။ သူ့ကို ဘာလို့ ချစ်တာလဲတဲ့။ ရုတ်တရက်တော့ ကျွန်တော် အဖြေရ ကျပ်သွားပါတယ်။ မိန်းကလေးတွေက မထင်မှတ်တဲ့ မေးခွန်းတွေ မေးတတ်တယ်လား။ ကျွန်တော်က သိပ်မလည်ဝယ်သူ… မတတ်နိုင်။ ဟန်ကိုယ်ဖို့ မာန်သူ့ဖို့ ဆိုတဲ့ စကားအတိုင်း ကျွန်တော် ဖြေရပါတော့မယ်။

“မရဲ့ အပြုံးလေးကို ချစ်လို့ပါ“

သူက ရယ်တယ်။ ကျွန်တော်က ရိုးရိုးသားသား ဖြေလိုက်တာပေမယ့် သူက ကျွန်တော့်ကို လည်တယ်လို့ ထင်သွားပါတယ်။ မတတ်နိုင်ဘူး၊ ကျွန်တော့်စိတ်ထဲရှိတာကို ပြောချလိုက်တာ ဆိုတာကိုတော့ ကိုယ့်ဟာကိုယ် ယုံကြည်ပါတယ်။ မိန်းကလေးတွေကို ရင်မဆိုင်ရဲတဲ့ အချက် နှစ်ချက် ကျွန်တော့်မှာ ရှိတယ်။

တခုက မိန်းမတယောက်က ကျွန်တော့်ကို စူးစူးစိုက်စိုက် ရဲရဲတင်းတင်း ကြည့်ရင် ကျွန်တော် မခံနိုင်ဘူး၊ နောက်တခုက မိန်းကလေးတယောက်က ကျွန်တော့်ကို ကြည့်ပြီး ရယ်မယ်ဆိုရင် ကျွန်တော် မခံနိုင်ဘူး။ စိတ်ထဲမှာ နေမထိ ထိုင်မသာ ဖြစ်တတ်တယ်။ ယောက်ျားချင်းဆိုလို့ကတော့ အကြည့်ချင်းလည်း ဆိုင်လို့ရတယ်၊ အရယ်ချင်းလည်း ပြိုင်လို့ရတယ်။ မိန်းကလေးတွေနဲ့တော့ ကျွန်တော် မပြိုင်လိုဘူး။

မ က ကျွန်တော့်ကို ရယ်ပြီး မပြီးသေးဘူး၊ ဆက်ပြီး မေးခွန်းထုတ်တယ်။ သူ့အတွက်ချည်း သက်သက်ဟုတ်ဟန်တော့ မတူဘူး၊ တခုခုတော့ ထူးခြားမှု ရှိပုံပေါ်တယ်။

“ယူ… မိန်းကလေးတယောက်ကို ဘယ်အချက်တွေနဲ့ ရွေးချယ်တာလဲ“

ခက်တော့ ခက်နေပါပြီ။ မ က ကျွန်တော့်ကို ဘာကြောင့် ဒီမေးခွန်းမေးလာတာလဲဆိုတာတော့ ကျွန်တော် နားမလည်တော့ဘူး။ သူ ကျွန်တော့်ကို ရထားနှင့်ပြီပဲ။ ကျွန်တော့် အဖြေတွေက ဘာတန်ဖိုး ရှိဦးမှာလဲ။ တခု ဖြစ်နိုင်ချေ ရှိတာကတော့ သူနဲ့ ကွဲတဲအခါ တခြား သူတွေ ဒါမှမဟုတ် သူ့သူငယ်ချင်းတွေကို သူ့ဘဲဟောင်း အကြောင်း ပြောခဲ့ချင်လို့နဲ့ တူတယ်လို့ ကျွန်တော် အကောင်းဘက်က လှည့်တွေးတယ်။

ကျွန်တော်က နဂိုမူလကတည်းက မိန်းမတယောက် ဒါမှမဟုတ် မိန်းကလေးတယောက်ကို ဘာကြောင့် ကျွန်တော် ချစ်မှာလဲ၊ လိုချင်မှာလဲ၊ ယူမှာလဲလို့ အကြိမ်ကြိမ် တွေးပြီးသား ဖြစ်တယ်၊ ဒါကြောင့် ကျွန်တော့်မှာ ဖြေရမယ့် အဖြေက အဆင်သင့် ဖြစ်နေပါပြီ။ ဒါပေမဲ့ ကျွန်တော် မူလဂျီတွန်ဂျီ လုပ်ချင်ပြန်တယ်၊ တခြားကြောင့်တော့ မဟုတ်ပါဘူး၊ မ ကို စချင်လို့ပါ။

“မ ကိုတောင် ကျွန်တော် ကြိုက်နေပြီပဲ၊ ဒီ အဖြေကို မ မသိဘူးလား၊ ညံ့ပါ့“

သူ မျက်စောင်းထိုးတယ်၊ လှတယ်။ ကျွန်တော် သဘောကျတယ်။ ဒါပေမဲ့ သူ့မျက်နှာက ရုတ်ချည်း ဆိုသလို တည်သွားတယ်။ ဘာသဘောပါလိမ့်… တကယ်တော့ ကျွန်တော် မိန်းမကျမ်းကျေသူ ၀ါ မိန်းမအကြောင်း စင်းစင်းသိသူ မဟုတ်ပါဘူး။ ဟဲ ဟဲ… ခပ်တည်တည်တော့ ရွှီးတတ်တယ်၊ အိမ်ထောင်သည်တွေထက်တောင် ပိုပြောတတ်သေးတယ်။

“ယူ မနောက်နဲ့…၊ အတည်မေးနေတာပါ။ ပြောပါ၊ ဘယ်အချက်တွေနဲ့ မိန်းမတယောက်ကို ရွေးချယ်တာလဲ“

ဗုဒ္ဓေါ၊ သူ့ကို ကျွန်တော် ရွေးချယ်ခဲ့တာတောင် သူက မသိချင်ယောင် ဆောင်နေပြန်ပါတယ်။ ကျွန်တော့်မှာတော့ အဖြေက အဆင်သင့် ရှိပြီးသားပါ။ သူ့ကို ရွေးချယ်ခဲ့တာ ဒီအချက်တွေကြောင့်လို့ ပြောများပြရင် သူ စိတ်ဆိုးဦးမလား။ ကျွန်တော်က ခေါင်းမာသူမို့ ကျွန်တော့် စဉ်းစားချက်၊ ဆုံးဖြတ်ချက်ကို ပြောပြဖို့ ၀န်လေးသူ မဟုတ်…။

“မ… ကျွန်တော့်အတွက် နံပါတ်တစ် အရေးအကြီးဆုံးကတော့ မိန်းမတယောက်ဟာ ချောရမယ်“

သူ အံသြဟန်ပြတယ်။ အသံတောင် ထွက်သွားသေးတယ်၊ နောက်ဆက်တွဲ မေးခွန်းက တွဲပါလာတယ်။

“ဟင်… တော်ရမှာ မဟုတ်ဘူးလား“

“နိုး၊ ချောရမှာ… တော်တဲ့ မိန်းမထက် ချောတဲ့ မိန်းမကို ကျွန်တော် ပိုကြိုက်တယ်“

သူ နှုတ်ခမ်း စူတယ်၊ ဒုတိယမ္မိ မျက်စောင်း ထိုးတယ်။ မတတ်နိုင်ဘူးလေ… ကျွန်တော် ယုံကြည်တာကိုတော့ ဆက်ပြောရမှာပဲ မဟုတ်လား။

“ဒါဆို ဒုတိယ အချက်က…“

မိန်းမတယောက်အပေါ် ကျွန်တော့် ရှုမြင်ချက်၊ သတ်မှတ်ချက်၊ တိုင်းတာချက်တွေကို သူ သိပ်သိချင်နေပုံပေါ်တယ်။ ကျွန်တော့် နံပါတ် နှစ်၊ သုံး၊ လေး၊ ငါး တွေကို ဆက်သိချင်နေပုံရတယ်။

“ဒုတိယ အချက်က သူ့အတွက်ရော ကျွန်တော့်အတွက်ရော အရေးအကြီးဆုံး အချက်ပဲဗျ၊ ချစ်တတ်ရမယ်။ မချစ်တတ်သူဟာ ဆက်ဆံရေးရဲ့ တံတိုင်းပဲ၊ အတားအဆီးပဲ၊ ချောက်ပဲဗျ“

သူ ရယ်မလို မဲ့မလို လုပ်တယ်။ ကျွန်တော် ဆိုရင်တော့ အဲဒီလို မလုပ်တတ်ဘူး။ ရယ်ဆို ရယ်တတ်တယ်၊ မဲ့ဆို မဲ့တတ်တယ်။ အဲဒီ နှစ်ခုလုံးတော့ တပြိုင်နက် မလုပ်တတ်ဘူး။ ကျွန်တော်ရဲ့ နံပါတ်သုံးကို သူ ဆက်သိချင်နေတယ်ဆိုတာ သိပ်ကို ပေါ်လွင်နေပါတယ်။ ကျွန်တော့်ကို တည့်တည့် စိုက်ကြည့်နေတယ်။ ခက်တာက အဲဒီလို ကြည့်လာရင် ကျွန်တော်က မနေတတ်တော့ဘူး။

“ဆက်ပါဦး… ဆရာကြီးရဲ့…“

သူ့ပုံစံ ရွဲ့တဲ့တဲ့ ပုံစံ၊ ကျွန်တော်က နှစ်ပြန်ရွဲ့တတ်သူ…။ ဒါပေမဲ့ မိန်းမတယောက်နဲ့တော့ မလိုအပ်တဲ့ နေရာမှာ ကျွန်တော် မပြိုင်ချင်ဘူးလေ။ ကျွန်တော့်မှာ ရှိပြီးသား အဖြေတွေကို ဆက်ဖြေရတယ်။ သူကတော့ စိတ်ဝင်တစား ရှိနေဆဲပါ။ ချစ်သူတယောက်ကို ချစ်သူအဖြစ် အတော်ကြာအောင် ထားပြီးမှ၊ ချစ်တယ် ကြိုက်တယ် ပြောပြီးမှ အခုလို မေးခွန်းတွေ မေးလာ၊ ဖြေပေးတဲ့ အဖြေတွေကို သူက လေးလေးစားစား မှတ်သားနားထောင်နေတာ ကျွန်တော့်အတွက်တော့ တကယ့် ထူးခြားမှုကြီးပါပဲ။

“တတိယအချက်ကို ပြောပါဆိုရင်တော့ မပျင်းရဘူး။ မိန်းမတယောက်ပျင်းတယ်ဆိုရင် သွားပြီပဲ၊ သူ့အိမ်၊ သူ့ယောက်ျား၊ သူ့အိမ်ထောင် ပျက်ပြီပဲ“

သူ တည်တည်နေတယ်၊ စဉ်းစားနေပုံရတယ်။ သူ့မျက်လုံးတွေမှာတော့ အရောင် မရှိတော့ဘူး။ မ က တကယ်တော့ ချစ်ဖို့ ကောင်းတယ်၊ အလွန်လည်း တော်သူ တယောက်ဖြစ်တယ်။ ဒါပေမဲ့ ဘာကြောင့်မှန်း မသိ၊ ကျွန်တော်နဲ့ တွေ့တဲ့အခါ ဒါမှမဟုတ် ရှိနေတဲ့အခါမှာ သူဟာ ဘာမှမသိ၊ မတတ်သူ တယောက်လို လုပ်နေတာကတော့ တခါတလေ ကျွန်တော့်မှာတောင် သတိထား ပြောဆိုရတော့တယ်။ ဟုတ်တယ်လေ၊ ပညာစမ်းနေတာလား၊ အကွက်သစ်တွေ ထွင်နေတာလား၊ ကျွန်တော် မသိတော့ဘူး။

“မိန်းမတယောက် ပျင်းတယ် မပျင်းဘူးဆိုတာက အရေးကြီးလို့လား၊ ယူက မိန်းမတွေ မပျင်းရဘူးလို့ ဆိုချင်တာလား“

သိတယ်၊ ကျွန်တော် ပြောတိုင်း သူ လက်မခံတတ်ဘူး ဆိုတာကို ကျွန်တော် သိပါတယ်။ အခုလည်း သူက မေးခွန်း ပြန်ထုတ်လာပါတယ်။ ကျွန်တော်အတွက်တော့ ပျင်းတဲ့ မိန်းမနဲ့ မပျင်းတဲ့ မိန်းမ ခွဲရတာ အလွယ်လေးပါပဲ။ လူရော၊ အလုပ်ရော၊ အိမ်ရော ချပ်ချပ်ရပ်ရပ်၊ တင်းတင်းရင်းရင်း၊ သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်ထားနိုင်တဲ့ မိန်းမဟာ မပျင်းတဲ့ မိန်းမပါပဲ။ အဲဒီလိုမှ မဟုတ်ရင်တော့ ပြောင်းပြန်ပေါ့။ ဒါပေမဲ့ ကျွန်တော် မဖြေတော့ဘူး၊ စတုတ္ထအချက်ကို ဆက်ပြောလိုက်တယ်။

“နောက်တချက်ကတော့ စည်းကမ်းရှိတာပါ၊ စည်းကမ်းမရှိတဲ့ မိန်းမကို ကျွန်တော် မကြိုက်ဘူး“

စည်းကမ်းဆိုတာ သန့်ရှင်းတာကို ပြောတာပါ။ ကိုယ်၏ သန့်ရှင်းခြင်း၊ စိတ်၏ သန့်ရှင်းခြင်း ရှိတဲ့ မိန်းမတွေဟာ စည်းကမ်းရှိတဲ့ မိန်းမတွေပေါ့။ ဒါပေမဲ့ ကျွန်တော် မ ကိုတော့ ရှင်းမပြတော့ဘူး၊ ရှင်းပြဖို့လည်း မလိုဘူး ထင်လို့ပါ။ သူက တထွာပြရင် တတောင်မြင်တဲ့ သူပါ။ သူက ဒီတခါတော့ မျက်လုံး အရောင်တောက်တောက်နဲ့ ကျွန်တော့်ကို ရွှန်းရွှန်းစားစား ကြည့်တယ်။ ကျွန်တော့်ကို အမှတ်ပေးတဲ့ ပုံစံမျိုးပေါ့။ ထားပါလေ၊ ကျွန်တော် ကိုယ့်သာသာကိုယ် ထင်နေတာလည်း ဖြစ်နိုင်ပါတယ်။

ဒါနဲ့ ကျွန်တော်ရဲ့ နံပါတ်ငါး အချက်နဲ့ နောက်ဆုံးအချက်ကို ဆက်ပြောတယ်။ သူက အံ့သြနေတယ်။ ဟုတ်တယ်လေ… သူက နံပါတ်တစ် ထားချင်တာကို ကျွန်တော်က နောက်ဆုံးမှာ ထားလိုက်တာကိုးဗျ။ ရယ်တော့ ရယ်ရတယ်။ သူလည်း ရယ်နေတယ်၊ ကျွန်တော်လည်း အားပါးတရ ရယ်လိုက်တယ်။ ကိုယ့်ချင်းကိုယ့်ချင်းတွေ အနက်ဖွင့်ရတာ အားနာစရာ မဟုတ်လားဗျာ။

“မိန်းမတယောက် တော်ဖို့လိုတာကို ကျွန်တော်က နောက်ဆုံးမှာ ထားတယ်၊ တော်တော့တော် နောက်က တော်ပေါ့“

သူ တအားရယ်တယ်၊ ဟက်ဟက်ပက်ပက် ရယ်တယ်။ ကျွန်တော်လည်း လိုက်ရယ်မိတယ်။ ရှက်ရှက်နဲ့တော့ မဟုတ်၊ တကယ် သဘောကျလို့ ရယ်မိတာပါ။ ကျွန်တော်တို့ တော်တော်နဲ့ အရယ် မရပ်ကြဘူး။ မြွေမြွေချင်း ခြေမြင်တဲ့ သူတွေပီပီ ကျွန်တော်တို့နှစ်ယောက် ဘာကြောင့် ရယ်နေကြသလဲ ဆိုတာလည်း အချင်းချင်း သိကြတယ်။ ရယ်စရာ မကောင်းဘူးလားဗျာ။

“ဘာကြောင့် နောက်ဆုံးမှာ ထားတာလဲ၊ မောင့်ကို ပတ်တီးချမှာ စိုးလို့လား“

သူက မေးခွန်းထုတ်တယ်။ မေးခွန်းက ကြမ်းပေမယ့် ကြင်နာတဲ့ လေသံပါအောင် ကျွန်တော့်ကို မောင်လို့ သူ နာမ်စား သုံးတယ်။ ကျွန်တော် သတိထားမိတာကို သူလည်း သတိထားမိပုံရတယ်။ သူ့မျက်နှာ သွေးရောင်လွှမ်းသွားပြီး ရှက်နေတယ်။ သူက မောင်လို့ တော်ရုံ ကျွန်တော့်ကို မခေါ်တတ်ဘူး။ သူ ကျွန်တော့်ကို သိပ်ချစ်တယ်လို့ ထင်တဲ့အခါ ဒါမှမဟုတ် ကျွန်တော့် အပြုအမူ အပြောအဆို တခုခု သဘောကျတဲ့ အခါမှသာ ခေါ်တတ်တာပါ။ ဒါပေမဲ့ သူ့မေးခွန်းကို အခုလို ကျွန်တော် ပြန်ဖြေလိုက်တယ်။

“မဟုတ်ဘူး၊ ဆရာကြီး လုပ်မှာစိုးလို့… မိန်းမတယောက်က မလိုအပ်ပါဘဲ ဆရာလုပ်နေမှာကို ကျွန်တော် မကြိုက်ဘူး။ မိုက်မဲတဲ့ မိန်းမပဲ ကျွန်တော် လိုချင်တယ်“

သူ ကျွန်တော့်ကို လှမ်းရိုက်တယ်၊ ပါးစပ်ကလည်း ပွစိပွစိလုပ်တယ်။ ကျွန်တော် နားလည်လိုက်တယ်၊ ကျွန်တော့် နောက်ဆုံး စကားကို သူ မကြိုက်ဘူးဆိုတာကိုပါ။ ကျွန်တော်ကလည်း ရွဲ့တတ်တော့ သူ စိတ်ဆိုးအောင် စကားကို ဖြောင့်ဖြောင့်ပဲ ပြောလိုက်တယ်။ ကျွန်တော် စကားကို လှည့်တတ်ပတ်တတ် ကွေ့တတ်ကောက်တတ် အမျိုးမျိုး ပြောတတ်ပါတယ်။ ကိုယ့်ချစ်သူကိုတော့ မပြောချင်ဘူးလေ၊ ဒါကြောင့် ဘွင်းဘွင်းပဲ ပြောလိုက်တာပါ။

ဒါပေမဲ့ မိန်းမဟာမိန်းမပါပဲ။ သူသည်လည်း မိန်းမတယောက်မို့ ကျွန်တော့် စကားတွေကို သူ မကြိုက်ပါဘူး၊ မျက်နှာ ပျက်နေတယ်။ မတတ်နိုင်ပေးဘူး။ ကျွန်တော်တော့ မိန်းမတယောက် ကိုယ့်ကို ကျဖို့၊ ကြိုက်ဖို့ အာလူး၊ ဗူးသီး လျှောက်မပြောချင်တော့ဘူး။ အမှန်ပြောလို့ မချစ်ချင်လည်း နေပါစေတော့၊ ချစ်စေဖို့ ကျွန်တော် လျှောက်မပြောချင်ဘူး။

“ကျွန်မတော့ မိုက်မဲတဲ့ မိန်းမ မလုပ်နိုင်ဘူး“

ဒီတခါတော့ ကျွန်တော် ရယ်တဲ့ အလှည့်ပါပဲ၊ သူက ပြူးတူးကြောင်တောင် ကျွန်တော့်ကို ကြည့်တယ်။ ရယ်စရာ မဟုတ်တာကို ကျွန်တော်က ဘာကြောင့် ရယ်နေသလဲ ဆိုတဲ့ မေးခွန်းပါတဲ့ အကြည့်မျိုးလို့ ကျွန်တော် ထင်တယ်။ ကျွန်တော် ရယ်တာကို ရပ်လိုက်တယ်၊ ကြောက်လို့တော့ မဟုတ်ပါဘူး။ ကျွန်တော် ချစ်ရတဲ့ မိန်းမတယောက်ကို ကျွန်တော့်ကြောင့် စိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူး။

“ကဲ… မ ကရော… ဖြေဦးလေ၊ ယောက်ျားတယောက်ကို ဘာကြောင့် လက်ခံတာလဲ၊ ရွေးတာလဲ“

သူ့ မျက်လုံးအရောင် လက်ကနဲ ဖြစ်သွားတယ်၊ စပြောဖို့ နှုတ်ခမ်းသပ်ပြီး ပြင်နေတယ်။ ကျွန်တော်က ဘာမပြော ညာမပြောနဲ့ သူ့ကို ဖက်ပြီး နမ်းလိုက်တယ်။

၂၀၁၂၊ ဧပြီ ၂၉။ ည ၁၁ နာရီ။

ဘန်ကောက်။

by Myo Tha Htet on Tuesday, 14 February 2012 at 10:39·

ချစ်သူများနေ့ဟာ ချစ်သူခင်သူတွေအတွက်တော့ အမှတ်ရစရာ ဖြစ်ပါတယ်။ ကျွန်တော့်အတွက် အမှတ်ရချက်ကတော့ တဘ၀စာပါပဲ။ ဒါတောင် တချက်တချက် မေ့ချင်ချင် ဖြစ်သွားတတ်ပါသေးတယ်။ သေသောသူ ကြာရင်မေ့ ဆိုတဲ့ စကားဟာ တကယ်များ သက်ဝင်ခဲ့ပြီလား။ ၁၉၉၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျွန်တော့်ရဲ့ ကျေးဇူးရှင် ဖခင်ကြီး ဆုံးပါးသွားခဲ့ပါတယ်။ လူပျိုပေါက်အရွယ် ကောလိပ်ပြီးလုလု ကျောင်းသားလေး ကျွန်တော် အသက် ၂၃ နှစ်၊ မျက်ရည်တွေ ခင်းကျင်းထားတဲ့ မမေ့နိုင်စရာ နေ့ကလေး တနေ့ပါပဲ။

အဖေ

ကလေးအရွယ်မှာ အဖေ့ကို ကျွန်တော် ချစ်ခဲ့တဲ့၊ အားကျခဲ့တဲ့ အကြောင်းအရာတွေ အတော်များများ ရှိခဲ့ပါတယ်။ မှတ်မိသလောက် ပြောရရင်တော့ ပထမဆုံး အဖေ့လက်ဖ၀ါးကြီးတွေကို ကျွန်တော် သဘောကျခဲ့တယ်။ ကျွန်တော့် အသက် ၅ နှစ်လောက် ရှိဦးမှာပေါ့။ ကျွန်တော့် လက်ဖ၀ါးလေးတွေက သေးသေးလေးတွေပေါ့၊ အဖေ့လက်ဖ၀ါးကြီးကို ကိုင်ကြည့်ပြီး အဖေ့လိုပဲ လက်ဖ၀ါး အကြီးကြီး ရှိချင်ခဲ့တယ်။ အဖေ့လက်ဖ၀ါးကြီးတွေကို ကိုင်ကြည့်လိုက်တဲ့ အခိုက်အတန့်မှာ ကျွန်တော့်ဆီမှာ အင်အားတွေ အများကြီး ရှိသွားသလိုပါပဲ။

အသက် ၇ နှစ်၊ ဒုတိယတန်းလောက်မှာတော့ အဖေ့ကို ကျွန်တော့် အားကျချက်က တောက်မယ့်မီးခဲ တရဲရဲ ဆိုသလိုပေါ့… အဖေ ဆေးပေါ့လိပ် သောက်တာကို အားကျခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သောက်ရပါမလဲလေ၊ အဗျင်းခံရမှာပေါ့။ ဒါနဲ့ပဲ အတုခိုးလို့ရတဲ့ဟာကို အတုခိုးခဲ့ ပါတယ်။

အဲဒါကတော့ မနက်မိုးလင်းတာနဲ့ အဖေက မျက်နှာသစ်ပြီး စောင့်နေချိန် သတင်းစာပို့သမား စက်ဘီး အနင်းမပျက် ပစ်ထည့်သွားတဲ့ သတင်းစာကို တနာရီလောက် ကြာအောင် မှင်နီ၊ မှင်ပြာနဲ့ တားရင်း ဖတ်တတ်တဲ့ အဖေ့အကျင့်ကို အတုခိုးခဲ့တာပါ။ ပထမတော့ စာလုံးပေါင်းဖတ်ပေါ့၊ နောက်ပိုင်းမှာတော့ သတင်းစာကို ခပ်သွက်သွက် ကျွန်တော် ဖတ်လာနိုင်ပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌကြီး ဦးနေ၀င်း၊ နိုင်ငံတော် သမ္မတကြီး ဦးစန်းယု စသဖြင့် နိုင်ငံတော်အဆင့် ခေါင်းဆောင်တွေ၊ ပြည်နယ်/တိုင်းအဆင့် ခေါင်းဆောင်တွေကို အဲဒီအချိန် ကထဲက ကျွန်တော်ရင်းနှီး ကျွမ်းဝင်နေခဲ့ပါပြီ။

အဖေက မအောင်မြင်တဲ့ နိုင်ငံရေးသမား၊ ရည်မှန်းချက်ပြင်းပြင်း မရှိတဲ့ သာမန်စာပေသမား ဖြစ်တာမို့ လေသာ များတယ်၊ အလုပ် မဖြစ်ဘူးလို့ ကျွန်တော် သုံးသပ်ခဲ့ပါတယ်။ အဖေ့ကိုလည်း ကျွန်တော် ဝေဖန်နိုင်စွမ်းရှိတဲ့ အသက်အရွယ်ကစလို့ ဝေဖန်ခဲ့ပါတယ်။ အဖေဆိုတော့ ပေါ်တင်ကြီးတော့ ပြောလို့ မရဘူးပေါ့လေ၊ ဟိုလိုလို ဒီလိုလို ပြောတာပေါ့။ သားပါးစပ် ဟလိုက်တာနဲ့ အူဘယ်နှခွေ ရှိတယ် ဆိုတာကို သိတဲ့အဖေက စကားပိတ် တခွန်းပြောလိုက်ရင် ကျွန်တော် အမြဲလိုလို ဇက်ပုသွားရပါတယ်။ “မင်းက အဖေလား၊ ငါက အဖေလား“ တဲ့။

အမေ့သားကျွန်တော်

တကယ်တော့ အမေနဲ့အဖေက ကျွန်တော် ၁၃ နှစ်သားမှာ ကွဲသွားကြတာပါ၊ သားကြီးဖြစ်တဲ့ ကျွန်တော်အပါဝင် သားသမီးသုံးယောက်က အမေနဲ့ အတူနေထိုင်ပြီး၊ အဖေကတော့ သူ့မိခင်ကြီးအိမ်မှာ အခန်းလေး တခုယူလို့ တယောက်ထဲ နေထိုင်ရတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ မပီပြင်တဲ့ နိုင်ငံရေးသမားနဲ့ အသည်းကွဲ စာပေသမားကြီးဟာ အရက်ကိုသာ ပဓာနအဖော်အဖြစ် မှီဝဲရင်း တကိုယ်တော်ဘ၀မှာ ၁၀ နှစ်ကြာ ရွက်လွှင့်ခဲ့ပြီး ဆုံးပါးခဲ့ပါတယ်။

အမေ့ရဲ့ အဖေ့ကို မုန်းတဲ့ အမုန်းတွေ၊ ခပ်ရဲရဲ ဝေဖန်သုံးသပ်ချက်တွေကို နေ့စဉ်ကနေ အမြဲလိုလို ကြားခဲ့ရတဲ့ သားကြီး ကျွန်တော်ကတော့ ယောက်ျားတယောက်ဟာ မအောင်မြင်ရင် ဂွမ်းပြီဆိုတဲ့ အသိတခုကိုတော့ ငယ်ငယ်လေးကထဲက ပိုင်ပိုင်နိုင်နိုင် ရရှိခဲ့ပါတယ်။ အဖေ့ကို အားမလို အားမရ ဖြစ်ခဲ့တဲ့ ကျွန်တော်ဟာ အမေ့ပုံစံ၊ အမေ့ဟန်တွေကိုပဲ အားကျခဲ့ပါတော့တယ်။ အဖေ့သားထက် အမေ့သား ကျွန်တော် ဖြစ်ခဲ့ပါတော့တယ်။

သားရယ် ဂုဏ်ယူစမ်းပါရစေကွာ

အဖေဟာ မအောင်မြင်သူမှန်း သူ့ကိုယ်သူလည်း သိပါတယ်။ သူဟာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာလည်း ဖတ်နိုင်၊ ရေးသားနိုင်ပါတယ်၊ အပြော အဟောလည်း ကောင်းပါတယ်၊ အရေးအသားကလည်း မညံ့တဲ့ထဲကပါ၊ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဘာကြောင့်လဲလို့ သားဖြစ်သူ ကျွန်တော့်အနေနဲ့ သုံးသပ်ကြည့်တော့ အဖေ့မှာ ပြင်းပြတဲ့ ရည်မှန်းချက် မရှိတာရယ်၊ တခုခု တဘက်ဘက်မှာ ပေါက်မြောက်အောင် ဆက်တိုက် အလုပ် မလုပ်ခဲ့တာရယ်ကို တွေ့မိပါတယ်။

အဲဒီလို အဖေက လူပျိုပေါက် ဖြစ်တော့မယ့် သားကြီးကို ဆုံးမဖို့ကျတော့ သူကိုယ်တိုင် မယုံမရဲ ဖြစ်နေခဲ့ပုံရပါတယ်။ အမေက အဖေနဲ့ တွေ့တာကို မကြိုက်ပေမယ့် သားဆိုတာမျိုးက အဖေကို အားကျတတ်တဲ့ အမျိုးဆိုတော့ ကျွန်တော်တို့ ညီအကိုဟာ အလှည့်ကျ ဆိုသလို အဖေနဲ့ ခိုးခိုးတွေ့တတ်ပါတယ်။ ညီငယ်ကတော့ အဖေ့လိုပဲ အပြောကောင်း၊ အဟောကောင်းဆိုတော့ သူတို့ ဘယ်လိုတွေ စကားပြောသလဲ ဆိုတာတော့ ကျွန်တော် မသိပါဘူး။ ကျွန်တော်နဲ့ ဆိုရင်တော့ အဖေက အင်မတန် လေးနက်နေပြီး၊ တခုခုကို ခံစားနေရတဲ့ အသွင်လည်း ဆောင်နေတတ်ပါတယ်။

ကျွန်တော်ကရော ဘာထူးဦးမှာလဲ၊ ကျွန်တော်ကလည်း အဖေနဲ့ တွေ့တဲ့အခါ ကြက်ကြီး လည်လိမ်ခံထားရသလို ခံစားနေရတာပေါ့…၊ စိတ်ထဲမှာ တွေးမိတာကတော့ ငါတို့ သားအဖ ကံနှယ်… ဆိုးလိုက်တာ၊ ဘာဖြစ်လို့များ ဒီလို အခြေအနေတွေ ဖြစ်လာတာလဲပေါ့။

နောက်ပြီးတော့ ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်တခုမှာ သားအဖ နှစ်ယောက် တွေ့ကြတာဆိုတော့ ရပ်ကွက်ထဲက လူတွေကလည်း ကျွန်တော်တို့ မိသားစု အကြောင်း သိနေကြတာပေါ့။ ဒီတော့ သူတို့ကလည်း ဂရုဏာသက်တဲ့ မျက်လုံးတွေနဲ့ ရှိကြတာပေါ့။ တကယ့်ကို အဆင့်မြင့် မြန်မာဗီဒီယိုဇာတ်ကားထဲက မျက်ရည်ချု ဇာတ်ကွက်တကွက်ပါပဲ။

အဖေကတော့ သူ့ရှိစုမဲ့စုလေးနဲ့ သား လက်ဖက်ရည်သောက်၊ အီကြာကွေးစား၊ မုန့်တွေ စားဖို့ ပြောတာပေါ့။ ကျွန်တော့်မှာတော့ အမေ မသိအောင် အချိန်လေး ခိုးပြုပြီး လာရတာ၊ အဖေ ပြောစရာရှိ ပြော၊ ကျွန်တော့်ကို ဆုံးမစရာ ရှိလည်း နားထောင်မယ်ပေါ့။ လူငယ်ဆိုတော့ စိတ်မကောင်းတာကတပိုင်း၊ စားစရာရှိတာလည်း ကြိတ်လိုက်တာပေါ့လေ။ ပြီးတော့ ငူတူတူနဲ့ ပါးစပ်လေး ဟပြီး အဖေ့ကို ကြည့်နေတာပေါ့။

အဖေက ပြောတယ်၊ ဆုံးမတယ် ဆိုတာတွေကလည်း အရင်တခေါက်တွေ အတိုင်းပါပဲ။ လိမ်လိမ်မာမာနေဖို့၊ အမေ စိတ်ဆိုးအောင် ဂျစ်ကန်ကန်တွေ မလုပ်ဖို့၊ ညီနဲ့ ညီမငယ်လေးကို အကိုကြီးပီပီ ကြည့်ရှုစောင့်ရှောက်ဖို့နဲ့ နောက်ဆုံးတခုကိုတော့ သူ လေသံတိုးတိုး အားလျော့လျော့နဲ့ ပြောတာပါ။ အဲ… တခုခု အကူအညီလိုရင် သူ့ကို ပြောဖို့ပေါ့၊ အဖေ မတတ်နိုင်ဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒီတော့ ဘယ်ပြောပါ့မလဲဗျာ… ဒါပေမဲ့ အဖေဆိုတော့လည်း သူ့အနေနဲ့ ပြောစရာရှိတာတွေတော့ ပြောတာပေါ့။

ပြောနေရင်းတန်းလန်းနဲ့ “သားကြီးကလဲကွာ… အဲဒီလို ပါးစပ်ကြီးဟပြီး မနေစမ်းနဲ့ကွာ… အဖေ မကြိုက်ဘူး“ တဲ့။ ပြီးတော့ အဖေဟာ တဖက်ကို လှည့်ပြီး ၀မ်းနည်းလာတဲ့ စိတ်ကို ထိန်းလိုက်ပုံ ရပါတယ်။ ပြီးတော့ ဆက်ပြောတယ် “နှုတ်ခမ်းကို တင်းတင်းစေ့ထားစမ်းကွာ၊ ယောက်ျားဆိုတာ ဘာမဆို လုပ်နိုင်ရတယ်ကွ၊ နောက်တခါ အဖေနဲ့ တွေ့တဲ့အခါ ပါးစပ်ကြီးဟပြီး ငေးနေတာမျိုး မတွေ့ချင်ဘူး“ တဲ့။ ကျွန်တော် တော်တော် အံ့သြသွားပါတယ်။

အဖေဟာ သူ့ ရင်ထဲမှာ သည်းလှိုက်အူလှိုက် ၀မ်းပန်းတနည်း ခံစားနေရပြီး ကျွန်တော့်ကို ပြောတာကျတော့ ဗိုလ်ချုပ်တယောက်က သူ့တပ်သားသစ်တယောက်ကို အမိန့်ပေးသလို ခိုင်းနေတာမျိုးပါ။ သူ့ သားကြီးကို ငေးငေးငိုင်ငိုင် ယောင်တောင်တောင် အားပျော့ပျော့ ချာတိတ်တယောက် ဖြစ်သွားမှာကိုတော့ သူလုံးဝကို မလိုလားပါဘူး။ ဒါကို ကျွန်တော် အဖေ့ဆီမှာ တွေ့လိုက်ရလို့ ၀မ်းသာပါတယ်။ အဖေ့ကိုလည်း တအားချစ်သွားပါတယ်။

အဲဒီကထဲကနေ ၁၄/၅ နှစ်သားလေးဟာ ကျွန်တော်ဟာ လိုအပ်လည်း တည်၊ မလိုအပ်လည်း တည်ပြီး နေခဲ့မိပါတော့တယ်။ အဖေ ငါ့ကို မြင်တိုင်း ဂုဏ်ယူ အားကိုးလောက်တဲ့ ယောက်ျားမျိုးပုံစံ ပေါက်နေစေရမယ်လို့လည်း ကိုယ့်ဘာသာ ဆုံးဖြတ်ခဲ့ပါတော့တယ်။

အဖေဟာ မဆုံးခင် တနှစ်၊ နှစ်နှစ်အတွင်းမှာတော့ အတော်ကြီးကို ကျသွားခဲ့ပါပြီ။ အသက် ၅၇၊ ၅၈ တွင်းလည်း ရောက်လာချိန်မှာပေါ့။ အဖေနဲ့အမေဟာ အရပ် ၅ ပေစီပဲ ရှိပါတယ်။ ကျွန်တော်တို့ မောင်နှမတွေက မျိုးဆက်တဆက် ခုန်ကျော်တဲ့ ဗီဇကို ရလို့ ထင်ပါတယ်။ သားသမီးတွေကျတော့ နှစ်ဘက် အဖိုးအဖွားတွေအတိုင်း အရပ်မြင့်ကြပါတယ်။ ကျွန်တော်ဆို ၅ ပေနဲ့ ၁၀ လက်မ မြင့်ပါတယ်။

ကျွန်တော့်အရပ်ကို ကြွားတာ မဟုတ်ပါဘူး။ ပြောပြချင်တာက ခုနလို တော်တော်ကျသွားတဲ့ အဖေဟာ သူ့ဆီ သွားလည်တဲ့အခါကျရင် သူ့သားကြီး ကောလိပ်ကျောင်းသားကို ဖြတ်သန်းသွားလာနေကြတဲ့ ရပ်ကွက်ထဲက သူ့မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ အမျိုးတွေကို ကြွားတတ်ပါတယ်။ ဒီကောင်က ကောလိပ်တက်နေတာ… ကျွန်တော့် သားကြီးပေါ့၊ စာသိပ်တော်တဲ့ကောင်ဆိုပြီး ကြွားတော့တာပါပဲ။

အမှန်က ကျွန်တော် ဒီလောက် မတော်ဘူးဆိုတာ ကျွန်တော်သာ အသိဆုံးပါ။ နောက်ပြီး အသက် ၅၀ ကျော် အဖိုးကြီးပေါက်စက အဲဒီလို စကားတွေ ပြောနေတာမှာ သူ့ဟာသူ ဘယ်လိုမှ မနေတဲ့အပြင် ပျော်နေတာကို တွေ့ရပါတယ်။ အသက် ၂၀ ၀န်းကျင် လူပျိုပေါက် ကျွန်တော်ကတော့ ရှက်နေပါတယ်။ အဖေ့ကို ကြောက်လို့သာ ဘာမှ မပြောတာပါ၊ ပြောခွင့်သာရင်တော့ အဖေရယ်၊ လျှောက်မပြောပါနဲ့ဗျာလို့ ပြောလိုက်ချင်တာပါ။

ဒါပေမဲ့ သုံးခေါက်လောက် အဖေ အဲဒီလို လုပ်ပြီးချိန်မှာ ကျွန်တော် စိတ်ပြောင်းသွားပါတယ်၊ ရှက်တဲ့ စိတ်လည်း မရှိတော့ပါဘူး။ နဂိုကလို ရယ်ကျဲကျဲ၊ မချိတိတိလည်း မလုပ်တဲ့အပြင် အဲဒီလူတွေကိုတောင် ကျွန်တော် နှုတ်ဆက်စကား ပြောလိုက်ပါသေးတယ်။ အဖေ့ကိုလည်း ခပ်တင်းတင်း ဖက်လိုက်မိပါတယ်။ အဖေ့ဦးခေါင်းဟာ ကျွန်တော့်ရင်ဘတ်ထဲမှာ ဖြစ်နေခဲ့ပါပြီ…။

အဖေက တကြိမ်မှာ ကျွန်တော့်ကို မေးခဲ့ဖူးပါတယ်။ မင်းက အဖေလား၊ ငါက အဖေလားတဲ့။ အခုတော့ အဖေ့ဟာ ကလေးလေး တယောက်လောက်ပဲ ရှိပါလားလို့ ကျွန်တော် တွေးခဲ့မိပါတယ်။ အဖေကတော့ နှုတ်ခမ်းတင်းတင့်စေ့ထားတဲ့အပြင် ထွားထွားကြိုင်းကြိုင်းကြီး ဖြစ်နေတဲ့ သူ့သားကြီးအတွက် အင်မတန်မှကို ဂုဏ်ယူနေခဲ့ပါတယ်။

ချစ်သူများနေ့ အဖေထွက်ခွာ

ကျွန်တော်ဟာ တနေ့သော ရက်တခုကို စိတ်တထင့်ထင့်နဲ့ စောင့်နေခဲ့ဖူးပါတယ်။ အဲဒါကတော့ တယောက်တည်း အထီးကျန်နေထိုင် နေရတဲ့ အဖေတယောက် ဆုံးပါးမယ့် အချိန်ပါ။ ကျွန်တော်တို့ မြန်မာရုပ်ရှင်တွေမှာ ကြည့်ဖူးသလို (စကားမစပ် ငယ်ငယ်က ကျွန်တော် မြန်မာရုပ်ရှင်ကားတွေ အကြည့်များခဲ့ပါတယ်) တယောက်ယောက်က “မင်း… အဖေ ဆုံးပြီ“ လို့ သတင်းစကား ပါးလာမယ့်နေ့ပါ။ အဖေနဲ့ ကျွန်တော်တို့ တနေရာစီ နေကြရတော့ အဖေဆုံးပြီဆိုရင် တယောက်ယောက်က အဲဒီလို ပြောလာမှာပဲဆိုပြီး စိတ်ပူပင်စွာနဲ့ စောင့်နေခဲ့တာပါ။

တကယ်ပဲ အဲဒီနေ့ဟာ ရောက်လာခဲ့ပါတယ်။ တညမှာ (၉ နာရီသာသာလောက်မှာ) အဖေ့မိတ်ဆွေ လူငယ်တယောက်က လမ်းထဲမှာ ကျွန်တော့် နာမည်ကို အကျယ်ကြီး အော်ခေါ်နေပါတယ်။ ပထမတော့ အိပ်မက် မက်နေတယ်လို့တောင် ထင်တာပါ။ နောက်မှ အမေက ဟဲ… နင့်နာမည် အော်နေတာပဲ၊ ထွက်ကြည့်စမ်းဆိုတော့မှ ကြောင်တောင်တောင် ဖြစ်နေရာကနေ ထွက်ပြီး မေးစမ်းကြည့်တော့ အဲဒီ အကိုက “မင်း အဖေ… အခြေအနေ မကောင်းတော့ဘူး၊ အမြန်လိုက်ခဲ့… ဆေးရုံတော့ ပို့သင့်တယ်“ လို့ ပြောပါတယ်။

ကျွန်တော်ကလည်း အသက် ၂၀ ကျော် အရွယ်သာဆိုတော့ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိဘူးပေါ့ဗျာ၊ နောက်ပြီး အဖေဟာ သူ့အမေအိမ်မှာ နေတာပဲ၊ ဘာဖြစ်လို့ အဲဒီအိမ်က လူတွေက မကြည့်တာလဲ၊ ဆေးရုံတွေ ဘာတွေ ဘာလို့ မပို့တာလဲလို့ တွေးမိပါတယ်။ အမှန်တော့ အဖေ့ မိခင်ကြီး၊ အဖေ့ အမ အပျိုကြီးတွေက ဆုံးပါးသွားပါပြီ။ ညီတွေ၊ ညီမတွေကလည်း စောစောပိုင်းက ကြည့်ကြပေမယ့် ကြာလာတော့ သူတို့လည်း မကြည့်ရှု၊ မစောင့်ရှောက်တော့ပါဘူး။

ဒီတော့ အဖေက သူ့တကိုယ်စာ စားလောက်အောင် သူ့သူငယ်ချင်း မုန့်ဖိုကနေ မုန့်ဟင်းခါးနဲ့ ခေါက်ဆွဲဖတ်တွေ ယူပြီး သူ့အခန်းလေး ရှေ့မှာ ရောင်းရပါတယ်။ သူ့အတွက်တော့ စားလောက်တာပေါ့လေ။ အခုလို သေရေး၊ ရှင်ရေးဖြစ်တော့ အဖေ့ ညီတွေ၊ ညီမတွေကလည်း သူတို့ ပိုက်ဆံကုန်မှာစိုးလို့ ထင်ပါတယ်၊ ဘာမှ မလုပ်ပေးကြပါဘူး။ သူတို့တွေကလည်း သားသမီးတွေ များပြီး သိပ်လည်း ပြေလည်ကြသူတွေ မဟုတ်တော့ ကျွန်တော်လည်း ဘယ်သူ့အပြစ်တင်ရမှန်း မသိတော့ပါဘူး။

နောက်တော့ အမေက ပိုက်ဆံတွေ ထုတ်ပေးပြီး “ကဲ… မင်းက သားကြီးပဲ၊ လိုက်သွား… မင်း အဖေကို ဆေးရုံပို့ပေါ့“ တဲ့။ ကျွန်တော်လည်း အမေ့ကို ကျေးဇူးတင်တဲ့ အကြည့်နဲ့ ကြည့်ပြီး ပိုက်ဆံကို လွယ်အိတ်တလုံးနဲ့ ထည့်လို့ လာခေါ်တဲ့ အကိုနဲ့အတူ အဖေ့အခန်း ပြန်ပြေးလာပြီး အဖေ့ကို ဆေးရုံတင်ရပါတော့တယ်။

အရက်တွေ သောက်တာများပြီး၊ ဦးနှောက်သွေးကြော ပြတ်သွားပုံရတဲ့ အဖေဟာ ဆေးရုံသွားနေတဲ့ အငှားကားပေါ်မှာပဲ သတိ မရှိတော့ပါဘူး။ “အဖေရေ… အဖေရေ… အားတင်းထားပါဦးဗျာ၊ အဖေအားကိုးတဲ့ သားကြီး အဖေ့ဘေးမှာ ရှိနေပြီလေ“လို့ အသံထွက်တဲ့အထိ ပြောပေမယ့်လည်း အဖေကြားမကြား ကျွန်တော် မသိတော့ပါဘူး။ အဖေဟာ မျက်စိလည်း မဖွင့်တော့ပါဘူး၊ အသိလည်း မရှိတော့ပါဘူး။

အဖေ့ကို ရန်ကုန်ဆေးရုံကြီး အရေးပေါ်တင်၊ နောက်တော့ ဦးနှောက်နဲ့ အာရုံကြောရောက်… အဖေ့ဟာ သတိပြန်မလည်လာတော့ဘဲနဲ့ သုံးရက်မြောက်နေ့မှာ ထင်ပါတယ်၊ ဆုံးပါးသွားပါတော့တယ်။ အဲဒီနေ့ဟာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ပါ။ ကျွန်တော့်ဘ၀ထဲက စိတ်အထိခိုက်ရဆုံး နေ့တနေ့ပါပဲ။

မနေ့ညကတော့ အမေနဲ့ အွန်လိုင်းမှာ တွေ့လို့ စကားပြောကြပါတယ်။ သာကြောင်းမာကြောင်းပြောဆိုပြီး အမေက အွန်လိုင်းကနေ ဆင်းသွားပါတယ်၊ ခဏနေတော့ အမေ ပြန်တက်လာပြန်ပါတယ်။ ဘာများ အရေးတကြီး ပြောစရာ ကျန်နေပါလိမ့်လို့ ကျွန်တော် စိတ်ထင့်သွားပါတယ်။ ဒါပေမဲ့ အမေ ပြောတာက ကျွန်တော် မေ့နေတဲ့ အဖေ့ အကြောင်းပါ။

“သားကြီး… မနက်ဖြန် မင်းအဖေ နှစ်ပတ်လည်ပဲ၊ အဖေ့ကို သတိတရ ရှိခိုးပြီး၊ မင်း ပြုခဲ့သမျှ ကုသိုလ်တွေကို အဖေ အမျှယူပါလို့ အမျှဝေပါ“ တဲ့။ အမေက ဒါပဲ ပြောပြီး အွန်လိုင်းကနေ ပြန်ဆင်းသွားပါတယ်။

အင်း… ကျွန်တော်လည်း တော်တော်ဆိုးတဲ့ သားပဲ၊ အဖေ့ကို မေ့သွားတယ်။ သေသောသူ ကြာရင် မေ့တဲ့၊ တကယ်တော့ မကြာသေးပါဘူး… လွန်ခဲ့တဲ့ ၁၃ နှစ်ကပါပဲ။ ကျွန်တော် အဖေ့အကြောင်း ပြန်စဉ်းစားလိုက်တိုင်း အဖေနဲ့ပတ်သက်တဲ့ အကြောင်းအရာတိုင်းဟာ လတ်လတ်ဆတ်ဆတ်ကြီးကို ခံစားနေရပါသေးတယ်။ အဖေရေ… သားကြီး တောင်းပန်ပါတယ်၊ ရိုရိုကျိုးကျိုးလည်း အဖေ့ကို ရှိခိုးပါတယ်၊ ကျွန်တော်ပြုခဲ့သမျှ ကောင်းမှုကုသိုလ်တွေအတွက်လည်း အမျှယူပါခင်ဗျာ။

၂၀၁၂ ဖေဖော်ဝါရီလ ၁၄ ရက်၊ ချစ်သူများနေ့။

မွန်းလွဲ တချက်တီး၊ အင်္ဂါနေ့၊ ဘန်ကောက်။

by Myo Tha Htet on Sunday, 5 February 2012 at 07:41·

“နှုတ်ခမ်းစူ မူတာ မိန်းကလေးတွေရဲ့ ရှေးရိုး အကျင့်စရိုက်လေးပါ“ (ဟေမာနေ၀င်း- ခွင့်လွှတ်နော်)။

သီချင်းလေး လိုက်နားထောင်ရင်း ကိုကို့ကို သတိရနေမိတယ်။ ဒီအချိန်ဆို ကိုကိုတယောက် ဘာလုပ်နေမှာပါလိမ့်…။ ပိုပိုတယောက်ထဲ တွေးမိပြီး ၀မ်းနည်းသလိုလို လွမ်းသလိုလို ဖြစ်လာတယ်။ ကိုကို့ကို ပိုပို ခဏခဏ နှုတ်ခမ်းစူ၊ စိတ်ကောက်လုပ်ခဲ့တာပဲ။ ဒါပေမဲ့ ဒီလူကြီးရဲ့ အချစ်ကို တစိတ်တသားမှ လျှော့လို့မရနိုင်ခဲ့… ကိုယ်ဆိုးလေ၊ သူက တိုးချစ်လေလား မသိပါဘူး။ တခါကဆို… သူ့ကို အပြတ်ကို မချစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ဖူးတယ်။

“ကိုကျော်လင်း… ကျွန်မတို့ ဒီနေရာမှာ ရပ်လိုက်ရင် ကောင်းမယ်။ ရှေ့ဆက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ နောက်ဆို… မခေါ်ပါနဲ့တော့လေ“

“ဘာဖြစ်လို့လဲ… ချစ်လေးရာ၊ ကိုယ် ဘာများ အမှားလုပ်မိလို့လဲ“

“အမှားတွေ၊ မမှားတာတွေ ပြောမနေပါနဲ့တော့… ကျွန်မတို့ လုပ်နေတာတွေ ရပ်မှဖြစ်မယ်။ အဖေသိသွားရင် မလွယ်ဘူး။ အဖေက ဘယ်နည်းနဲ့မှ သဘောတူမှာ မဟုတ်ဘူး“

“ချစ်လေး… ဘာတွေ ဖြစ်နေတာလဲ၊ နေမကောင်းပြန်ဘူးလား။ ရုတ်တရက်ကြီး ဘာတွေ ဖြစ်သွားတာလဲ။ နောက်မှ တွေ့ကြမလား၊ နားလိုက်မလား…၊ ဒါဆို ဘိုင်ဘိုင်လေ… နော်…၊ စာတွေချည်း တအားလုပ်မနေပါနဲ့… ကုလားကားလေး ဘာလေး သွားကြည့်ပါလား။ ပြီးခဲ့တဲ့ တပတ်က ရှာရွတ်ခန်ကားအသစ် ရုံတင်တယ်ဆို…“

“ကိုကျော်လင်း… လျှောက်မပြောနေနဲ့… ကျွန်မတို့ ဇာတ်လမ်းပြတ်ပြီ… ဒါပဲ“

ပိုပိုတို့ အွန်လိုင်းကနေ ဗီဒီယိုချက်တင် လုပ်နေကြတာပါ။ ကိုကိုလို့လည်း ပိုပိုက နာမ်စား မသုံး၊ ကိုကျော်လင်းလို့ ကိုကို့နာမည် အရင်းအတိုင်း ခေါ်ဆိုပြောဆိုမိခဲ့တယ်။ ပိုပို သိပ်များ တစိမ်းဆန်လို့ ရိုင်းသွားပြီလား။ တကယ်တော့ ပိုပိုလည်း ဆုံးဖြတ်ပြီးသားမို့ ကိုကို့ကို အပြတ်ပြောသာပြောလိုက်ရတယ်။ စိတ်ထဲမှာတော့ မကောင်း… ဒီနေ့ မိုးမရွာလို့ လိုင်းကြည်နေတာကြောင့် ကိုကို့မျက်နာကိုလည်း ကွန်ပျူတာ စကရင်မှာ အထင်းသား မြင်နေရပါတယ်။ သူ့မျက်နှာက ရွာတော့မယ့် မိုးလို မှိုင်းညို့လို့… တခါ သူ့ မျက်နှာလေး ဖြစ်ပျက်နေတာများ ဆီးရွက်လောက် ရှိတော့တယ်။ ပြောနေရင်းနဲ့ ပိုပိုလည်း တချက်တချက် မိုက်ကနဲ ဖြစ်ချင်နေတယ်။

ဒါပေမဲ့လို့ သံယောဇဉ်တွေ ဒီထက် တိုးလို့ မဖြစ်နိုင်တော့ဘူးလို့ ဆုံးဖြတ်ပြီး ဖြစ်တာကြောင့် ပိုပို အခုလို အပြတ်ကော၊ အပြတ်ပြောနေ ရတာ ဖြစ်ပါတယ်။ ကိုကိုက မေးလာပြန်တယ်။

“ချစ်လေးရယ်… ပြဿနာတိုင်းမှာ အဖြေဆိုတာ ရှိပါတယ်။ ဘာဖြစ်တာလဲဆိုတဲ့ အကြောင်းခံကို မပြောဘဲ နင်းကန်ကြီးကို မဖြစ်တော့ပါဘူး၊ ဇာတ်လမ်း ဒီတင် ရပ်ပါပြီလို့ ပြောနေတာ ဘာတွေများ ဖြစ်ကုန်လို့လဲ။ တခြားတယောက်များ တွေ့ထားနေလို့လား။ အိမ်က ဘာတွေများ လှမ်းပြောလို့လဲ… ဒီလူကို ဘာကြောင့် ဒီလောက် ရုတ်တရက် ခါးခါးသီးသီး ဖြစ်နေရတာလဲ။ ကိုယ့်မှာ ဘာအပြစ်ရှိလို့လဲ ချစ်လေးရာ… ပြောပြလို့ရရင် ပြောပြစမ်းပါလေ“

အို… ကိုကို့ အသံတွေ တုန်ယင်ဆို့နစ်နေပါလားလို့ ပိုပိုတွေးရင်း စိတ်မကောင်း ပိုဖြစ်မိတယ်။ ကမ္ဘာရဲ့ တခြားတဖက်မှာ ရှိနေတဲ့ ကိုကို တော်တော်ကြီးကို ခံစားနေရပါလားလို့လည်း ပိုင်ပိုင်ကြီး ပိုပို သဘောပေါက်လိုက်တယ်။ ဒီလူကြီးကိုက ခက်နေပါပြီ။ ဒီရင် အူနုကို သူ့ချစ် ကျွဲဂျိုကြီးနဲ့ ခတ်ချနေပါရော့လား။ အို့… ကိုကို ငိုလို့တောင် နေပါရော့လားရှင်… စိတ်မကောင်းလိုက်တာ…။

ပိုပို့ဘ၀မှာ မေမေရယ်၊ အဒေါ်တွေရယ် ကြားမှာသာ ကြီးပြင်းလာခဲ့တယ်။ ယောက်ျားသားဆိုလို့… ခပ်တန်းတန်း နေတတ်တဲ့ အဖေရယ်၊ သူ့ဟာနဲ့သူ အလုပ်တွေ ရှုပ်နေတတ်တဲ့ အကိုကြီးရယ်၊ တခြားတနေရာမှာနေတဲ့ အဖိုးရယ်… ဒီသုံးယောက်ပဲ ရင်းရင်းနှီးနှီး တွေ့မြင်ဖူး တာကိုး…။ ပြီးတော့ သူတို့တွေကို တခါဖူးမှ မျက်ရည်ကျတာမျိုး မတွေ့ဖူးခဲ့ဘူး။ အဖေဆို မာလိုက်သမှ အမြဲတမ်း ဟောက်ချည်းနေလို့ “အဖေရယ်… သမီး အချောအလှလေးကို မချစ်ဘူးလား“ လို့တောင် တွေးခဲ့မိသေးတယ်။ ကြားဖူးသမျှ အဖေတွေက သမီးတွေဆို ပိုလို့ ချစ်သတဲ့ ဆိုတာကိုးရှင်။

အခုတော့ ကိုကိုလို့ ပိုပိုက ခေါ်တတ်တဲ့ ကိုကျော်လင်းကြီးက မျက်ရည်တွေ တွေတွေကျလို့ စကားတွေတောင် မပီမသ ပြောနေပါပြီကိုး၊ ရင်ထဲ တဆစ်ဆစ်နာကျင်လို့… ခက်လှပါသရှင်။ ဒီလူကြီးတော့ ပိုပို့ဘ၀လေးကို လွှမ်းမိုးခြယ်လှယ်အား ကြီးတော့မယ် ထင်ပါရဲ့…။ ဘုရားသခင် ကယ်တော်မူပါ… ဒီလူဟာ တပည့်တော်မရဲ့ ဖူးစာဖက်ပါလား၊ ဒီလူကြီးဆီ အချစ်ဒီဂရီ ရေစီးတွေ တဖြည်းဖြည်းနဲ့ ကူးလူး စီးဆင်းနေပါပကော ဘုရား…။

ပိုပို သိလိုက်ပါပြီ။ ဒီနေ့ ကိုကိုနဲ့ ပြောဆိုမိတဲ့ စကားတွေဟာ မှားခဲ့တယ်ဆိုရင်တောင် တဘ၀စာအတွက် မှန်တဲ့ဘက်ကို ရောက်ဖို့ ဖြစ်သွားခဲ့ပြီဆိုတာ… ဒီလူကြီးရဲ့ အချစ်တွေဟာ ပိုပို့ကို လွှမ်းမိုးခဲ့ပြီ။ ဒီလူကြီးကို မုန်းဖို့၊ မေ့ဖို့၊ ပြတ်ဖို့၊ ဖြတ်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုတာ ပိုပိုသိလို့သွားပါပြီ။ ဒီလူဟာ ပိုပို့ရဲ့ တခြားတ၀က်ပေပဲ… ဘ၀ရဲ့ တခြားတ၀က်ကို တွေ့ခဲ့ပြီ။ ပိုပို တချက်ပြုံးလိုက်တယ်… ချစ်ရည်တွေ ၀လို့… စိတ်ထဲမှာလည်း တော်တော်ကြီးကို သက်သောင့်သက်သာ ရှိသွားတယ်။ တဘ၀မှာ တခါသာ ခံစားဖူးတဲ့ အရသာမျိုး…။ ကျေနပ် နှစ်သက်မှု အပြည့်…။

“ဟေ့… လူကြီး၊ မရှက်ဘူးလား… ယောက်ျားကြီးဖြစ်ပြီး မျက်ရည်တွေ ကျလို့… နှပ်တွေ သုတ်ပစ်ပါဦး… ရွံဖို့ကောင်းလိုက်တာ…“

မျက်လုံးကြီးပြူးလို့ ပိုပို့ကို မယုံမရဲ ကြည့်နေတဲ့ ကိုကို… အူကြောင်ကြောင်ဖြစ်လို့…၊ တကယ်ချစ်ဖို့ ကောင်းတဲ့ လူကြီး…။ ပိုပို ဘာမှ မတွေးနိုင်တော့… ကွန်ပျူတာ စကရင်ကြီးကို ကုန်းနမ်းလိုက်တော့တယ်။ တကယ်ဆိုးတဲ့ လူကြီး… ဒီရင်မှာ ဗြောင်းဆန်ကုန်ပြီ။
+++

မျက်ဝန်းလှ

ပြုံးတစဖြင့်

လွှမ်းမိုးခြယ်လှယ်

ငါ့တွေးနယ်သို့…

ကွန်ပျူတာ စကရင်က vzo အကောင့် ဗီဒီယိုချက်ကို မလုပ်ချင်လုပ်ချင်နဲ့ ကိုကျော်လင်း တယောက် sign out လုပ်လိုက်ရတယ်။ တယောက် တနိုင်ငံစီ ရောက်နေရတဲ့ ဘ၀ ဆိုးလှသဗျာ။ ဘေးနားမှာ ရှိနေတဲ့ ချစ်သူဆိုရင်တော့ နှာခေါင်းတခုလုံး ကျိုးကျေသွားပါစေ သူ့ပါးမှာအပ်ပြီး အနမ်းတွေ အားပါးတရ ချွေမိမှာပဲ။ အချစ်သူခိုးမလေး… အရမ်းဆိုးတာပဲ… ဒီလူကို စိတ်ဆင်းရဲအောင် လုပ်ရက်တယ်။ သူကိုယ်တိုင်လည်း ရှောင်ခွာပြေးနိုင်တာ မဟုတ်ဘဲနဲ့ ဘယ်သူ မြှောက်ပေး သင်ပေးလိုက်တဲ့ စကားတွေမှန်း မသိ… ဒီလူကြီး ရင်ကွဲအောင် ပြောရက်တယ်၊ ပြောထွက်တယ်။

ကိုယ်တိုင်လည်း ဘာကြောင့်မှန်း မသိ၊ အ၀မ်းနည်းကြီး ၀မ်းနည်းလို့ မျက်ရည်တွေဟာ တပေါက်ပေါက်ကျကုန်တယ်။ ဘ၀မှာ တခါမှ ဒီလို မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် မကျခဲ့ဖူးဘူး။ ကိုယ်တိုင်လည်း ထူးဆန်းနေသလို သဘောအကျကြီးလည်း ကျလို့… အချစ်ရဲ့စေ့ဆော်မှု၊ အချစ်ရဲ့တွန်းအား၊ အချစ်ရဲ့ စေစားမှုများ… မြားနတ်မောင်ရယ်… ဘာကြောင့်များ နှလုံးအိမ်ကို မပစ်ဘဲ မျက်လုံးကြီးကို ထိုးခတ်ခွင်းရက်သလဲ… ကွန်ပျူတာ စကရင်ရှေ့မှာ ကျသွားခဲ့တာဟာ မျက်ရည်တွေလား… နှလုံးသွေးစက်တွေလား…။

လွန်ခဲ့တဲ့ သုံးနှစ်ကျော်ကာလ ချစ်လေးနဲ့ ပထမဆုံး တွေ့တဲ့ အခိုက်အတန့်… ပိုင်စိုးမှု ဧကရီ အလှနတ်ဘုရားလေးတပါး…။ခုနက ရုတ်တရက် နှုတ်ထွက် ရွတ်ခဲ့တဲ့ ကဗျာလေးရဲ့ ပိုင်ရှင် အရှင်သခင်… ဒီမျက်နက်ဝန်းလေး၊ သွားဖွေးဖွေးလေးတွေပါတဲ့ အပြုံးလေး တကွက်၊ ဆံနွယ်လေးတွေ အ၀ဲ… ဘလောက်စ် အင်္ကျီလေးနဲ့ ဒူးအထက်တက်နေတဲ့ စကပ်တိုလေး… အဖြူရောင် ၀မ်းဆက်နဲ့ သန့်စင်တဲ့ နတ်သမီးလေးဟာ ပိုပိုဆိုတဲ့ ကျွန်တော်ရဲ့ ချစ်သူလေးပေါ့။

“ကိုကျော်လင်း… ငိုင်လှချည်လား၊ ဘာတွေ စဉ်းစားနေတာလဲ“

ကားမောင်းနေတဲ့ အကိုကြီးရဲ့ အမေးတခွန်းနဲ့ စကားပြောလာမှ ခေါင်းကို တချက် ခပ်သွက်သွက်ရမ်းရင်း ရယ်ကျဲကျဲနဲ့ နတ်သမီးအိပ်မက်ထဲက နိုးထွက်လိုက်ရတယ်။ စက္ကန့်ပိုင်းလောက် အခိုက်အတန့်လေးမှာကို နေ့ခင်းကြောင်တောင်ကြီး နွေလယ် အိပ်မက် ရုတ်တရက် မက်သွားခဲ့တာကိုး…။

“မဟုတ်ပါဘူး… အကိုကြီး၊ အို… ဟို ဟို… ကောင်မလေးက အချောလေးပဲဗျ… ချစ်စရာလေး“

“ကိုကျော်လင်း သဘောကျလား။ သူ့မိဘတွေက သူ့ကို အိမ်ထောင်ချပေးမလို့တဲ့“

“အော်…“

ကိုကျော်လင်းနဲ့ အကိုကြီးတို့ ဆိုတာက ညနေပိုင်း မဟာဘွဲ့တန်း အတူတက်ရင်း ကျောင်းသွားဖက်၊ စာဆွေးနွေးဖက် သူငယ်ချင်းတွေ ဖြစ်သလို အကိုကြီးက ပိုပိုလေးနဲ့လည်း တခြား သင်တန်းတခုမှာ အတူတက်နေကြသတဲ့။ စာအုပ်တအုပ် သွားငှားမလို့ လိုက်ခဲ့ပါဆိုတာနဲ့ ကိုကျော်လင်းက လိုက်လာဖြစ်ရင်း ပိုပိုလေးကိုတွေ့တော့ ဘ၀ါဘ၀က အဆက်ဆက် ပေါင်းဖက်ခဲ့တဲ့ ချစ်သူကို ပြန်တွေ့ရသလိုမျိုး ကိုကျော်လင်းမှာ ခံစားခဲ့ရတယ်။

အခုတော့ အိမ်ထောင်ချပေးမလို့ သူ့မိဘတွေက စီစဉ်နေကြတယ်ဆိုတဲ့ အကိုကြီးရဲ့ သတင်းစကားနောက်မှာ အော် တလုံးသာ သူ လိုက်နိုင်တော့တယ်။ တခုခုကို ဆုံးရှုံးရတော့မှာမို့ စိတ်ပူမိသလိုမျိုးလည်း တခါထဲ ခံစားလိုက်ရပြီး ကိုကျော်လင်းရဲ့ ဦးခေါင်းတခုလုံးဟာ အိုးထိန်းစက်လို ချာချာကို လည်လို့…။

“ကျွန်တော် သူ့ကို သဘောကျတယ် အကိုကြီးရာ…“

ဒီလို စကားမျိုး ပြောခဲတဲ့ ကိုကျော်လင်း သူ့နှုတ်က ရုတ်တရက် ထွက်သွားတာကို ကိုယ်တိုင်လည်း အံ့သြလို့… အကိုကြီးကလည်း ကားမောင်းရင်း ဘရိတ်ကိုတောင် ရုတ်တရက် ဆောင့်နင်းလိုက်ပြီး အံ့သြလို့…။ ပြီးမှ စားသောက်ကြဖို့ တခုခု ၀ယ်သွားရင် ကောင်းမလားလို့ လို့ မဆီမဆိုင် စကားတွေ ပြောလာတယ်။ လူကြီးဆိုတော့ ရယ်ကျဲကျဲ…။

ကိုကျော်လင်းမှာလည်း ပြီးခဲ့တဲ့ နာရီပိုင်းက အကောင်း… ခုတော့ မအီမသာ၊ မအီမလည်၊ မအီ… အို ဘာမှန်းလို့တောင် မပြောတတ်တော့ပါဘူး ဆိုတာလိုဖြစ်လို့…။ အို… ရှင်းသန့်တဲ့ နတ်သမီးလေးရယ်… ဘုံကြိုးပြတ်လို့ လူ့ပြည် ၀င်စားလေရော့သလားကွယ်…။

နောက်တော့ အကိုကြီးကောင်းမှု အကြောင်းပြုလို့ ကိုကျော်လင်းနဲ့ ပိုပိုတို့ ရင်းနှီးမှုဇာတ်လမ်း တစခန်းထဖို့ အကြောင်းဖန်လာတယ်။ အချစ်စစ်ရဲ့တန်ခိုးလို့ဆိုဆို… သူတော်ကောင်း နတ်ကောင်းမတယ်လို့ပြောပြော… မှန်ကန်တဲ့ အကြောင်းချင်းရာတွေ ဖြစ်လာတာကို ကိုကျော်လင်း ၀မ်းပန်းတသာကြိုဆို ပျော်မြူးနေခဲ့မိတယ်…။

ပိုပိုက ကလေးတွေကို အင်္ဂလိပ်စာပြတဲ့ ဆရာမ… အခုတော့ သူလေးက တနိုင်ငံ တရပ်ခြားမှာ ကိုကျော်လင်းတို့၊ အကိုကြီးတို့ သင်ယူနေတဲ့ မဟာဘွဲ့ကို သွားယူမတဲ့။ သူ့အဒေါ်တယောက်ကလည်း အဲဒီနိုင်ငံမှာ တာဝန်ကျနေတယ်ဆိုလား… အဲဒီကျောင်းဝင်ခွင့် အောင်မြင်ဖို့ ကိုကျော်လင်းက စာပြပေးရမယ်တဲ့။ ကိုကျော်လင်းခမျာ ပျော်လွန်လွန်းလို့ အစိုးရ အောင်ဘာလေထီ မင်္ဂလာစုံတွဲ ၁၂ တွဲ ဆက်တိုက် ပေါက်တယ်လို့ အောက်မေ့တာပါပဲ။ ဗြဟ္မာ့ပြည်က အပ်တစင်း လွှတ်ချခဲ့လို့ လူ့ပြည်က အပ်တစင်းနဲ့ ထိချင်ထိသွား နိုင်တယ်လေ… ဒီလို အခွင့်အရေးမျိုး ရဖို့ဆိုတာက မလွယ်မှ မလွယ်နိုင်တာကိုးဗျ။

“အိပ်မက်ဟာ တကယ် ဖြစ်လာတာ…“ လို့ သီချင်းပဲ ဆိုရမလို၊ အကိုကြီးလို ဂုဏ်သရေရှိ လူကြီးမျိုးနဲ့ ကျောင်းအတူတက်ခွင့်၊ ရင်းနှီး ခင်မင်ခွင့် ပေးထားတဲ့ ကံတရားကိုပဲ ကောင်းချီးပေးရမလိုလို ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ… မျောက်အုန်းသီးရတဲ့ ပျော်ရွှင်မှုမျိုးနဲ့… ကိုကျော်လင်းခမျာ… အကိုကြီး မဟုတ်တဲ့ တခြားလူတယောက်က တွေ့ရင်… ဥပမာ သူတို့ သူငယ်ချင်းတွေထဲက ရုပ်ချောသလောက် အပြောကောင်းတဲ့ ကိုမျိုးဆွေ တယောက်များ အခုလို ဖြစ်နေတဲ့ ကိုကျော်လင်းကြီးကို တွေ့ရင် အကိုကြီး ကားသော့ အပြေးတောင်းပြီး ရွာသာကြီး ပို့မယ်လို့ အတင်းလုပ်မှာ…။
++++

၁၅၀၀ သင်ခန်းစာ

ပိုပို့ကျောင်းဝင်ခွင့် အောင်မြင်ဖို့အတွက် စာပြပေးရမယ့် ပထမဆုံးနေ့ သင်ခန်းစာအတွက် နေရာက အကိုကြီးရုံးခန်း…၊ အိမ်က ကားကို အကို ယူသွားတာနဲ့ ကားငှားစီးလို့ အကိုကြီး ရုံးလာခဲ့တာ ကားခက မြန်မာငွေ ၁၅၀၀ ကျပ်တောင်းတော့ အတိတ်နမိတ်ကောင်းလို့ ယူဆပြီး လူပျိုကြီး ကိုကျော်လင်း ပြုံးပြုံးကြီး ဈေးမဆစ်တော့ဘဲ ပေးပစ်ခဲ့တာ… အဲဒီအပြုံးကြီးက တက္ကစီကားလေး အကိုကြီးတို့ ရုံးဖွင့်ထားတဲ့ ခြံထဲကို ၀င်လာတဲ့အထိ…။

အမယ် ဆရာ ကိုကျော်လင်း မရောက်ခင် ဆရာမ-တပည့်မလေးက ရောက်နေလို့ အကိုကြီးနဲ့ စကားတွေ ပြောနေကြတယ်။ ဆရာမ-တပည့်မလို့ ပြောရတာက အကြောင်းရှိတယ်။ သူ့ဟာသူဆို ကလေးတွေ အင်္ဂလိပ်စာသင်တဲ့ ဆရာမ၊ အခု ကိုကျော်လင်းနဲ့တွေ့တော့ သူကလေးက တပည့်မ။

တကယ်တော့ ကိုကျော်လင်းအတွက်လည်း သူကလေးက… ရှင်းသန့်နတ်သမီးလေးက ဆရာမလေးပါပဲ။ ဒီလူကြီး ရင်တွေ ခုန်လှုပ်အောင် အချစ်တွေ တဖန်နိုးကြားအောင် နှလုံးသား သင်ခန်းစာ အသစ်တွေ တက်ဖြစ်အောင် မျက်ဝန်းကြိမ် တရွှမ်းရွှမ်း၊ အပြုံးကြိမ်း တဟမ်းဟမ်းနဲ့ တွန်းထိုး သင်ကြားတော့မယ့်… မထင်မှတ်ချိန် စာမေးပွဲ စစ်မေးတော့မယ့် အချစ်ဆရာမလေးပါပဲ။ အနာဂတ်ဘ၀ရဲ့ လမ်းညွှန်ဆရာမလေးပါပဲ။ ဆရာမလေးရဲ့ဆရာ ကိုကျော်လင်းအတွေးတွေ လူကျွံဘော ဖြစ်နေပြီလားတော့ မသိ…။

ဒီလိုနဲ့ အကိုကြီးက ဘေးကနေ နားထောင်နေ… ကိုကျော်လင်းနဲ့ ပိုပိုတို့က သင်ခန်းစာ စာအုပ် လှန်လိုက်၊ ဖတ်လိုက်၊ ရှင်းလိုက်၊ တွက်လိုက် လုပ်နေကြတာပေါ့။ တကြိမ်မှာတော့ စီမံအုပ်ချုပ်မှုပညာနဲ့ ပတ်သက်လို့ စကားစပ်မိကြပြီး ကိုကျော်လင်းက မေးခွန်းထုတ် လိုက်တယ်။ အလွယ်တကူတော့ မဟုတ်… အသည်းတယားယား ရင်တလှပ်လှပ်နဲ့… သူ မနေနိုင်တော့ဘူး။ ဒီယုန်မြင်လို့ ဒီချုံထွင်မိပြီ။

စာတွေသာ သင်နေ၊ ရှင်းနေရတာကိုး… အချစ်အရှိန်တွေ ဇောတွေက ရွပိုးထိုး ကြွနေတော့ ရှင်းသန့်သူလေးသာ မသိရင်နေရော့မယ်။ ဒီလူမှာ နေမထိ ထိုင်မသာ ဖြစ်နေပြီလေ။ အသက်အရွယ်အရသာ ဟန်ကိုယ့်ဖို့ မာန်သူ့ဖို့ ထိန်းနိုင်မယ်၊ အချစ်တွန်းအား တန်ခိုးရှိန်ဝါကိုတော့ သူမလိမ်နိုင်တော့ဘူး။ စကားသံတွေလည်း တုန်လာပြီ၊ မျက်လုံးချင်းလည်း ဆိုင်မကြည့်ရဲတော့ဘူး… ရိပ်မိသွားလို့ နောက်နေ့တွေ မသင်တော့ဘူးဆိုရင် အခက်…။

“ပိုပို… ဒေတာနဲ့ အင်ဖော်မေးရှင်း ဘာကွာလဲ… သိသလား“

အင်္ဂလိပ်စာသင်နေတဲ့ ဆရာမလေးကို ပညာစမ်းမိပါပြီကော…။ Data နဲ့ Information…။ ဒီလူကြီး ဘာကြောင်တာလဲဆိုတဲ့ အကြည့် တချက်ထိတယ်။ ဒါပေမဲ့ အင်္ဂလိပ်စာသင်တဲ့ မြန်မာဆရာမလေးကလည်း သိသလိုလိုနဲ့ သေချာမသိ ဆိုသလို ဆရာ ကိုကျော်လင်းကို ဘာအဖြေ ပြန်ပေးရမှန်း မသိ၊ ပြူးလို့ကြည့်…၊ ပြီးတော့ ဒီလူကြီး ရင်တုန်လှုပ်ရှားအောင် ခေါင်းလေးခါလို့ ငုံ့ကနဲ တချက်အရယ်… အဖြူရောင် မြားလေးတွေ ဒီရင်ကို စိုက်ပြန်ပေါ့။

မရှိတဲ့ သမာဓိကို ဆရာဂုဏ်ဆိုတဲ့ ကြားဖူးနားဝကြီးနဲ့ ကြိုးစားထိန်း… သူ့အသံကို တည်ငြိမ်အောင် လုပ်ပြီး သကာလ ကိုကျော်လင်းက မေးခွန်းတွေနဲ့ စကားစတယ်။

“ပိုပို… ကျွန်တော် မေးတာတွေကို ဖြေကြည့်ပါ၊ ပြီးရင် ရှင်းသွားလိမ့်မယ်။ ကဲ… စမယ်၊ ပိုပိုတို့ နေတဲ့ ရပ်ကွက်က…“

“မေခအိမ်ရာ၊ ခြံနံပါတ် ++၊ သင်္ဃန်းကျွန်းမြို့နယ်“

“ဟုတ်ပြီ၊ မိဘတွေ အမည်၊ အလုပ်အကိုင်… မွေးချင်းတွေ အမည်၊ အလုပ်အကိုင်“

“ဦးစိုးပိုင်၊ ဒေါ်ခင်ပို၊ အကိုက ကိုထင်ပေါ်… အဖေနဲ့အကိုက ဆရာဝန်၊ အမေက အိမ်ရှင်မ“

“ပိုပိုနာမည်ရင်းနဲ့ အလုပ်အကိုင်လည်း ပြောလေ၊ အသက်ပါ ပြောလို့ရရင် ပြောပါ“

“ပိုပိုပိုင်၊ အလွတ် အင်္ဂလိပ်စာပြဆရာမ၊ အသက်က တကယ် ပြောရမှာလား… မပြောလို့ မရဘူးလား“

“ပြောပါ၊ အကြောင်းရှိလို့ပါ…“

“အင်း… ၂၆“

“ရည်းစားရော ရှိသလား“

“ရှင်…“

အကိုကြီးက ငိုက်နေလေပြီ။ ပိုပိုလေးကလည်း အံ့သြလို့… ရုတ်တရက် မျက်နှာကြီး နီမြန်းလာပြီး ရှက်နေလေပြီ။ ပိုလို့ မျက်နှာကြီး နီမြန်း ရှက်ရမ်းနေတာက ကိုကျော်လင်း…။ ဒါပေမဲ့ ဆရာဂိုက်နဲ့ မာန်တင်းထားဆဲ…။

“မဟုတ်ပါဘူး… ဒေတာနဲ့ အင်ဖော်မေးရှင်း ဘယ်လို ခြားနားသလဲ ဆိုတဲ့ အကြောင်း ပြောမလို့လေ… ကဲ ကဲ… ခုနင်ကဟာလေး ဖြေပြီးရင် ရှင်းတော့မယ်“

“ဟို ဟို… အဲ.. ဟဲ.. မ… ရည်းစားကလေ… မရှိသေးပါဘူး“

“ဟုတ်ပြီ၊ ရပြီ… အဲဒါလေး ရှင်းရှင်းလင်းလင်း ဖြစ်သွားရင် ရှင်းပြတော့မလို့ပါ“

ကိုကျော်လင်း အပျော်၊ အပြုံးက ဖုံးမရ ဖိမရ… လူပျိုကြီးတွေများ မိန်းကလေးတွေနဲ့ တွေ့ရင် ကြောင်တာ၊ ပြုတာ သိပ်သိသာတာပါပဲ ဆိုတာ ကွက်တိဖြစ်နေပါပြီ။

“ခုန ပိုပို ပြောသွားတာတွေက… အချက်အလက်တွေပေါ့လေ၊ ဒေတာလို့ ခေါ်သပေါ့။ ပိုပို့ရဲ့ အချက်အလက်တွေ၊ ဒေတာတွေကို ဒီအတိုင်းထားရင် ဒါမှမဟုတ် မသုံးတဲ့သူ၊ မလိုတဲ့သူဆီ သွားပေးထားရင်… ဥပမာ ကျွန်တော် ခုန ၁၅၀၀ ပေး စီးလာတဲ့ တက္ကစီသမားကို သွားပြောရင်… သူကလည်း ပိုပိုလေးကို သာမန် လူသားတယောက်လို့ပဲ သဘောထားရင် ဒါဟာ အချက်အလက်သက်သက်ပဲ၊ ရိုးရိုးဒေတာပဲ… ဟုတ်တယ်နော်…“

“အင်း…“

ပိုပိုက အင်းတလုံးလိုက်တယ်။ တကယ်ရော သဘောပေါက်ရဲ့လား မသိ။ ၁၅၀၀ တက္ကစီ… သူ့မှာ ရည်းစား ရှိ၊ မရှိ မေးခွန်း… အသုံးမတည့်သူကို ပေးရင် ဒေတာတဲ့… ထားပါတော့…။

“အဲ… ပိုပိုပြောတာတွေက ကျွန်တော့်အတွက်ကျတော့ တဆင့်မြင့်သွားပြီ။ ကျွန်တော်က အဲဒီဒေတာတွေကို သုံးမှာကိုး… ဒေတာကို သုံးတော့ အင်ဖော်မေးရှင်း ဖြစ်သဗျ။ ရှင်းသလား“

“ဟင်… ဘယ်ဒေတာတွေကို သုံးမှာလဲ။ ဘာလုပ်မှာလဲ“

“အမ်… ဘာမှ မလုပ်ဘူးလေ၊ ဒေတာနဲ့ အင်ဖော်မေးရှင်း ခြားနားတာကို ရှင်းပြတာလေ…။ သဘောပါရဲ့လား“

ဖြူစင်ရှင်းသန့်သူလေးက ကြောင်တိကြောင်တောင်… ပီဘိချစ်စရာလေး…. မိုးနတ်မင်းကြီးရေ… သားတော်ကြီးကို ကောင်းကောင်း စောင့်ရှောက်ပါပေတယ်၊ ကျေးဇူးကြီးပါပေတယ်။ ပိုပိုလေး ရှင်း၊ မရှင်းတော့ သူ့စိတ်ထဲ ကိုယ်လည်း ၀င်ကြည့်လို့ မရနိုင်တာမို့ ကိုကျော်လင်း သေချာ မသိနိုင်… သူကတော့ ကျိန်းသေပေါက် ရှင်းသွားပါတယ်လေ။ ရှင်းသန့် နတ်သမီးလေးမှာ ရည်းစား မရှိဘူးတဲ့…။

ကိုကျော်လင်းနဲ့ ပိုပိုတို့ ဒေတာနဲ့ အင်ဖော်မေးရှင်း ရှင်း၊ မရှင်း အငြင်းအခုံက နည်းနည်းညံသွားလို့လားတော့ မသိ၊ ငိုက်နေတဲ့ အကိုကြီး မျက်လုံးပြူးကြောင်လို့ သူတို့ နှစ်ယောက်ကို ကြည့်တယ်။ ခဏနေတော့ သူ့ဟာသူ ရှင်းသွားတဲ့ပုံနဲ့ ပြန်ငိုက်သွားပြန်တယ်။

ကိုကျော်လင်းကတော့ သူ့ဟာနဲ့သူ ကောင်းကောင်းကြီးကို ရှင်းလို့… အဲဒီလို ရှင်းလိုက်ရတာကိုလည်း အသံတွေ တုန်နေတဲ့ ကြားက ၀မ်းတွေသာလို့…။ ပိုပိုလေးကလည်း ဒီလူကြီး တခုခုတော့ တခုခုပဲ ဆိုတာကို ရိပ်မိသလိုလို ဖြစ်သွားပါပြီ… ရည်းစားဆိုတာကို တခါဖူးမှ မတခါဖူးရသေးတော့ ရိပ်မိသလိုလိုလောက်ပဲ ပိုပိုပြောနိုင်တာပေါ့။
++++

ခွင့်လွှတ်နော်

ဟေမာနေ၀င်းရဲ့ “ခွင့်လွှတ်နော်“ သီချင်းသံလေးက ပိုပို့အခန်းထဲမှာ ပျံ့လွင့်နေတယ်။ ကိုကို့ကိုလည်း သတိတွေရလို့… ညကျမှ တခေါက် တွေ့ရဦးမယ်။ နှစ်ယောက် နှစ်ကမ္ဘာ နှစ်နိုင်ငံ ခြားနေတော့ အချိန်တွေကလည်း နေ့တ၀က်လောက် ကွာနေလေတော့ ချစ်ရတာ ကိန္ဒရီ ချောင်းခြား… စိတ်ညစ်ဖို့ ကောင်းပါဘိ…။

စိတ်ညစ်နေတုန်းမှာပဲ စိတ်ကူးတွေကလည်း ရောက်ချင်ရာ ရောက်သွားပြန်တယ်။ ဒီလူကြီးတယောက် ဒီပြင့်ကောင်မလေးတွေနဲ့များ အကြည်ဆိုက်နေလေရော့သလား။ စကားပြောတတ်၊ စာသင်တတ်နဲ့ တပည့်မလေးတွေများ ထပ်များ ရနေလေရော့သလား။

ကိုကိုရေ… တူတူနေချင်လှပါပြီကော… တူတူနေရမှ ရင်ခွင်ထဲက မထွက်တမ်း ဖက်ထားလိုက်မယ်။ ကိုကိုသွားသမျှ လည်ဟီးခိုလို့ လိုက်မယ်၊ အပေါ့သွားရင်ကော… အို… ကိုရီးယားကားတွေထဲကလို ကျောကုန်းပေါ် ခွခုန်တက်ပြီး လိုက်မှာပေါ့။ ကြာလို့ ရိုးအီလို့များ “ဟာ… မင်းကလည်းကွာ… ခဏ ဝေးဝေးနေစမ်းပါလို့“ အော်ရဲဟစ်ကြည့်ပါလား… နှုတ်ခမ်းစူလို့ ခြေဆောင့်ပစ်လိုက်မှာပေါ့။

ဒီလူကြီး မျက်ရည်တွေကျအောင် အကြာကြီး မခေါ်လို့ ပစ်ထားလိုက်မှာပေါ့… နောက်ဆုံး ကုန်ကုန်ပြောမယ်… “ရှင့်ကို မချစ်ဘူးလို့“ အော်ကြီးဟစ်လိုက်မှာပေါ့လို့ ပိုပိုတယောက်ထဲ အတွေးခေါ်ရာနောက် လိုက်နေမိတယ်။တွေးရတာနဲ့တင် ပျော်ဖို့ကောင်းလိုက်တာ… သိပ်ချစ်တာပဲ ကိုကိုရယ်…၊ အို… ဟေမာနေ၀င်း အသံကလည်း ညံလိုက်တာ… သူချည်း ရှိနေတာ ကျနေတာပဲ။ ဘာတဲ့…။

“နှုတ်ခမ်းစူ မူတာ မိန်းကလေးတွေရဲ့ ရှေးရိုး အကျင့်စရိုက်လေးပါ“

၂၀၁၂ ဖေဖော်ဝါရီ ၅၊ နှစ်ချက်တီး တနင်္ဂနွေ။

ဘန်ကောက်။

by Myo Tha Htet on Saturday, 4 February 2012 at 07:29·

“ဘုရားရေ… ကျွန်မမှာ ကိုယ်ဝန်ရှိပေါ့၊ ကလေးအဖေ ဘယ်သူပါလိမ့်“ ကျွန်တော်က အဲဒီလိုလေး ရွတ်ရင်း ကြော့ကို ပြုံးပြီး ကြည့်တော့ သူ မရယ်…၊ တမင်ပင် ခပ်မဲ့မဲ့ ရွဲ့လိုက်သေးတယ်။ ဟား ဟား… ကြော့က တကယ့် ကလေးလိုပါပဲ။ အရင်တုန်းကတော့ ဒီကောလိပ်ကျောင်းသူလေးရဲ့ တော်ချက်ကို ကျွန်တော်တို့ အတူ ချီးကျူးခဲ့ဖူးတယ်။ ကျွန်တော်တို့ နှစ်ယောက်အတွက် ရယ်စရာ ဟာသလေး ဖြစ်ခဲ့ဖူးတယ်။

အခုတော့ အခြေအနေတွေက မတူတော့ပါလေ… ပြောမယ့်သာ ပြောရတာပါ၊ ကျွန်တော်က ကိုယ့်ဘာသာ ရယ်စရာအဖြစ် ပြောလိုက်တာ ဖြစ်ပေမယ့် ကြော့နဲ့ ကျွန်တော် မခေါ်ကြသေး…။ ကြော့က မချော့၊ ကျွန်တော်က ခပ်လျော့လျော့ပေမယ့် မပျော့၊ နှစ်ယောက်လုံးက ခပ်ကော့ကော့ မော့နေကြတယ်။

မခေါ်ကြချိန်မှာ တယောက်အကြောင်းတယောက် ပိုတွေးဖြစ်သလားမသိပါဘူး။ ကျွန်တော်မှတ်မိသေးတယ်… ကြော့ကို တခါက ကျွန်တော် ကန်စွန်းဥနှစ်ဥ ကျွေးဖူးတယ်။ စေတနာနဲ့ပါ… ရွှေကန်စွန်းဥတော့ မဟုတ်… ငချိတ်။ ဘာကြောင့်မှန်း မသိ၊ ကြော့က မစား… မစားတဲ့အပြင် ခုနင်ကလိုပဲ မဲ့လိုက်ရွဲ့လိုက်သေးတယ်။

ကျွန်တော်က အကောင်းနဲ့ ကျွေးခဲ့တာ ဖြစ်ပေမယ့် ကြော့က သူ့ဟာသူ ဘာအတွေးတွေ ပေါက်သလဲတော့ မသိ၊ ကျွန်တော့်ကိုလည်း ပြောလိုက်သေးတယ်… မဲ့ရွဲ့တဲ့ ကြားထဲကပဲပေါ့၊ ယောက်ျားလေးတန်မဲ့ ဥသိပ်ကြိုက်သလားတဲ့။ အဲဒီလိုခက်တဲ့ ကြော့။

သူက ချောကလက်စားချင်ပုံပေါ်ရဲ့… ဟဲ ဟဲ… ဆိုင်ဆိုင်မဆိုင်ဆိုင် ၁၄ ရက်ကလား နီးလာမင့်ကိုး…။ ကျွန်တော်ကတော့ မကြိုက်၊ ကြော့လိုပင် ကျွန်တော်လည်း ရွဲ့ချင်မဲ့ချင်တတ်တယ်။ ၁၄ ရက်နေ့ကျရင် ချောကလက်ထုပ်လို ထင်ရအောင် ထန်းလျက်တွေကို ထုပ်ပြီး ပေးရင်ကောင်းမလားလို့ ကျွန်တော် စဉ်းစားခဲ့တယ်။

အဲဒီလိုလုပ်ခဲ့ရင်တော့ ကျွန်တော်နဲ့ကြော့ကြားက ရှိစုမဲ့စု သံယောဇဉ်လေး အသေအချာ ပြတ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် အတပ် မပြောနိုင်… စမ်းသပ်ကြည့်ရင် ကောင်းမလားလို့တော့ ကျွန်တော် စဉ်းစားမိဖူးတယ်။ ကြော့က ထန်းလျက်ကော ကြိုက်ရဲ့လား… သူ ကြံသကာ ကြိုက်တယ်လို့တော့ တခါက ပြောဖူးတယ်။ ဘာတဲ့… ကြော့တို့ ငယ်ငယ်တုန်းက ထမင်းပူပူကို ဆီဆမ်း ဆားဖြူးပြီး ကြံသကာနဲ့ လွေးခဲ့ရတာ သိပ်ကောင်းဆိုပဲ…။

တကယ်တော့ ကြော့က မလှပါ။ ဒါဖြင့်ရင် လှတာကို အလွန်အမက် ကြိုက်တဲ့ ကျွန်တော်က ကြော့ကို ဘာဖြစ်လို့ တခုတ်တရ ဖြစ်နေတာလဲလို့ မေးစရာ ရှိပါတယ်။ ကျွန်တော့်မှာ အဖြေ အဆင်သင့် ရှိပါတယ်။ ကြော့က သတ္တိရှိလို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်က လှတဲ့ မိန်းကလေးတွေကို အလွန် သဘောကျသလို သတ္တိရှိတဲ့ မိန်းကလေးကိုတော့ တမြတ်တနိုး လေးစားတတ်ပြန်တယ်။

မိန်းမတယောက်ကို လေးစားပြီး ချစ်နေရတာက တကယ်တမ်းကျတော့ သိပ်မမိုက်ပြန်… ယောက်ျားမာန ကျိုးရလေတယ်။ အခုပဲကြည့်… ကြော့က ခေါင်းမာနေပြီလေ။ မခေါ် မပြော အရေးမလုပ်… ဒီရင်နုနု နာလုပြီ။ ရယ်သွမ်းသွေးရင်း ငိုချင်လာနေမိ…။ ကြော့ကို ကျွန်တော် မုန်းလိုက်ရ ကောင်းမလား…။

စောစောပိုင်းကတော့ ကျွန်တော့် သူငယ်ချင်း မိန်းကလေးတွေကို ယောက်ျားယူဖို့ချည်း၊ အရွယ်ကောင်းတုန်း ကလေးမွေးဖို့ချည်း ကျွန်တော် တောက်လျှောက် တိုက်တွန်းနေခဲ့မိပါတယ်။ မိန်းကလေးတယောက်က အရွယ်တော် တဆိတ်ဟိုင်းလောက်တဲ့အထိ ပိုက်ဆံတွေရှာ၊ ပညာတွေသင်၊ အလုပ်တွေ ပိနေအောင်လုပ်… ဘာလုပ်မှာလဲလို့ ကျွန်တော် တွေးခဲ့ဖူးတယ်။

တင့်တောင့်တင့်တယ် ကိုယ့်ကို ထားနိုင်မယ့် အမျိုးကောင်းသား ယောက်ျားတယောက်ကို ယူ၊ ကလေးတွေ မွေး၊ ပျော်စရာ မိသားစု ဘ၀လေး တည်ဆောက်နိုင်ရင် မကောင်းဘူးလားလို့ သူတို့ကို မေးခွန်းထုတ်ခဲ့ဖူးတယ်။ မိန်းမတယောက်ဟာ သိပ်တော်ဖို့ မလိုပါဘူး၊ ယောက်ျားတယောက်ကို သူဟာ မိန်းမတယောက်ရဲ့ အခိုင်းခံနေရမှန်း မသိရလောက်အောင် ပါးပါးနပ်နပ် စည်းရုံး ပြောဆို သိမ်းသွင်းထားနိုင်တဲ့ အိမ်ထောင်ရှင်မဘ၀ဟာ မလုံခြုံ မအေးဆေးဘူးလားလို့ သူတို့ကို ကျွန်တော် ပြောဆိုခဲ့ဖူးတယ်။

အခုတော့ ဒီလိုအမေး၊ ဒီလိုအတွေးတွေကို ကျွန်တော် ပြောင်းလိုက်ရတော့မှာလား။ ကြော့ဟာ ဘယ်လိုမိန်းမမျိုးလဲ… ကျွန်တော်ဖြင့် တခါမှတော့ မတွေ့ဖူးသေးဘူး မှတ်တာပဲ။ တခုပဲ ကျွန်တော် ပြောနိုင်တာက ကြော့ဟာ သတ္တိရှိတယ်။ သတ္တိရှိတဲ့ မိန်းကလေး… ဒါပဲ… ဒီတလုံးထဲ ကျွန်တော် ပြောနိုင်တယ်။

တကယ်တော့ ယောက်ျားတယောက်နဲ့ မိန်းမတယောက်တို့ ချစ်ကြပြီဆိုရင် ဘာတွေ ပြိုင်သင့်တာလဲ။ အချစ်တွေ၊ အကြင်နာတွေ၊ အထွေးအပွေ့ အယုအယတွေ ပြိုင်သင့်တာ မဟုတ်ဘူးလား။ နားလည်မှုတွေ၊ စာနာမှုတွေ၊ ဖြည့်ဆည်းပေးမှုတွေ ကဲလွန် ပြိုင်ဆရမှာ မဟုတ်ဘူးလား။

ကျွန်တော်တို့က ဘာကြောင့် ပညာတွေ ပြိုင်နေကြရတာလဲ။ ဘာကြောင့် တယောက်နဲ့တယောက် မဲ့ရွဲ့ သွမ်းသွေးနေကြတာလဲ။ ကြော့ကပဲ သိပ်ရဲနေတာလား၊ ကျွန်တော်ကပဲ သိပ်ကဲနေတာလား။ ဘာဖြစ်လို့ နှစ်ယောက်စလုံးကလည်း ဒီပုံစံကိုပဲ ကြိုက်နေကြရတာလဲ။ ကြော့ မမောသေးဘူးလားတော့ မသိ၊ ကျွန်တော်ဖြင့် တခါတခါ ပန်းလှပြီ။

ကြော့က ကျွန်တော့်ကို ချော့မယ်လို့ မထင်တော့ပါ။ ကျွန်တော်ကလည်း ကျွန်တော့်ကိုယ်ကျွန်တော် အလွန် အထင်ကြီးတဲ့ကောင် ဖြစ်ပါတယ်။ ကျွန်တော်တို့ကြားက သံယောဇဉ်ကြိုးလေးတွေ အမျှင်လေးတွေမှာ လျော့ဖို့ မမြင်တော့ပါ။ ပြတ်လုလုပင် တင်းမာနေခဲ့ပြီလား မသိပါ။ နှစ်ယောက်စလုံးက မရှိသင့်တဲ့ မာနတွေကို ပြိုင်နေကြတာဟာ ချစ်သူတွေလို့တောင် ပြောဖို့ ခပ်ခက်ခက် ဖြစ်ပါတယ်လေ…။

ကျွန်တော့်ကိုယ်ကျွန်တော်လည်း အားမရ၊ ကြော့ကိုလည်း ဘာမှမပြောသာ… သောင်မတင်ရေမကျ ဘ၀ဟာ နေရခက်လှပါသဗျာ…။ တခုတော့ ရှိပါတယ်။ ကြော့ကို လှပ နူးညံ့တဲ့ မိန်းကလေးအသွင် ရောက်အောင် အဖ ဘုရားသခင်က ပြောင်းလဲပေးပါမယ်လို့ မဟာဂရုဏာတော်နဲ့ စိတ်ဆင်းရဲနေတဲ့ ကျွန်တော့်ကို မိန့်မြွက်လာရင်တောင် ဘုရားသခင်ကို တောင်းပန်တိုးလျှိုးလို့ ကျွန်တော် ပယ်လျှောက်ပါလိမ့်မယ်။

ကြော့ကို သတ္တိပဲ ရှိစေချင်ပါတယ်။ သတ္တိရှိတဲ့ မိန်းကလေးပဲ ဖြစ်စေချင်ပါတယ်။ ကျွန်တော့်ကို မခေါ်တော့လည်း နေပါစေတော့…၊ ကျွန်တော့်ကို မချော့လေလည်း ရှိပါစေတော့… ကျွန်တော့်ဘ၀နဲ့ ကျွန်တော်ပဲ ထားလိုက်ပါတော့… ကြော့ ရင်ကလေး ကော့နေပါစေ၊ ကြော့ ခေါင်းကလေး မော့နေပါလေ…။

၂၀၁၂ ဖေဖော်ဝါရီ ၄၊ မွန်းလွဲ နှစ်ချက်တီး

ဘန်ကောက်။

“ဟေ့လူကြီး စကားကောင်းကောင်းပြောပါဗျ“

“ဟ ငါက ဘာ မကောင်းပြောလို့လဲ“

“ခင်ဗျား စိတ်မကောင်းတော့ဘူးထင်တယ်၊ ခင်ဗျားပဲ မချောကလက်နဲ့မညားတဲ့ဇာတ်လမ်းအကြောင်း ပြောပြမယ်ဆို“`

“ချောကလျာ လုပ်စမ်းပါ နတ်သမီးရယ်၊ နင့်ကြောင့်တော့ ခက်ပါတယ်။ နင်ကလေ ထင်ရာတွေ လျှောက်ပြောနေတာပဲ၊ ညားရအောင် သူနဲ့ ဘာမှတောင် မဘာမ လိုက်ရဘူး။ ချာတိတ် မင်းကောင်းကောင်း နားထောင်ရင် ပုံပြင်တစ်ခု ပြောပြမယ်။ ဒါပေမဲ့ ပြီးသွားရင်တော့ ဟာ…ခင်ဗျားဟာက တကယ်လည်း မဟုတ်ဘဲနဲ့လို့ မပြောရဘူး။ ဘယ်နှဲ့လဲ“

“အိုကေ…ဒါပေမဲ့ ဟေ့လူကြီး ပေါက်တတ်ကရတော့ မပြောရဘူးနော်၊ ပြီးတော့ မညစ်ပတ်ရဘူး။ ညစ်ပတ်ရင် မေမေနဲ့တိုင်ပြောမယ်“

“ဟား ဟား ဟား၊ အလည်လေးပဲကွ။ ပုံပြင်ပါဆိုမှ ကလေးတွေနားထောင်တာပေါ့ကွ၊ ဘယ်လိုလုပ် ညစ်ပတ်မလဲ၊ ကဲ နားထောင်…အိပ်တော့ မသွားနဲ့နော်၊ မင်းကို ငါ မချီနိုင်ဘူး“

“မအိပ်ပါဘူး၊ ဒါပေမဲ့ မျက်စိတော့ မှိတ်ထားမယ်၊ ခင်ဗျားသာ ကောင်းကောင်းပြော…ခင်ဗျားပုံပြင်ထဲ နတ်သမီးဝင်ကြည့်ချင်တယ်“

“ဟုတ်ပါပြီ ကလေးမရယ်၊ ပုံပြင်နာမည်လေးက ချစ်သူလက်တွင် ပန်းနားနေသည် တဲ့ဗျ“

“ဟာ စလုပ်ပြီ၊ ဘိုးတော်ကလဲ…လိပ်ပြာ နားနေသည် လုပ်စမ်းပါ၊ စပြောကတည်းက လွဲနေပြီ ထင်ပါတယ်ဗျာ၊ ခင်ဗျားဟာက တကယ့်ပုံပြင်ရော ဟုတ်လို့လားဗျာ“

“ချာတိတ်ကလည်းကွာ၊ မပြောရသေးဘူး ပြဿနာက စရှင်းနေရပြီ။ ပုံပြင်ပါဆိုမှ ပုံပြင်ပေါ့ကွာ။ ပန်းနားတယ်ဆိုတာ ပင်ပန်းသွားတဲ့အခါ ချစ်သူလက်ကလေးနဲ့ ကိုင်တွယ်ပွေ့ဖက်ပေးထားတာကို ခံယူရင်း အနားယူနေတာကို ပြောတာကွ၊ ကလေးလေးရ“

“ဟာ ခင်ဗျားကြီး ညစ်ပတ်ပြီဗျာ၊ ဘာတွေ ပြောနေတာလဲ…တော်ပြီ ဆက်နားမထောင်တော့ဘူး။ ခင်ဗျားကြီးနဲ့ မခေါ်ချင်တာ အဲဒါတွေ ပါတယ်၊ ပြောလိုက်ရင် မဟုတ်တာတွေချည်းပဲ… ပြန်တော့မယ်“

နတ်သမီးဟာ သူ့ဟာသူ ထင်ရာတွေး၊ အတွေးပေါက်ရာ ပါသွားပြီး ထပြန်လေပြီ။ နတ်သမီးကို ကိုယ်ဘယ်လိုမှ မထိန်းနိုင်တော့။ သူနားမထောင်လည်း ကိုယ်ကတော့ ကိုယ့်ပုံပြင်ထဲ ပြန်ခုန်ဝင်ရလေပြီ။ ချောကလျာမင်းကို သတိရလာပြန်ပါတယ်။

“မင်း လက်ကလေးတွေက ချစ်စရာကောင်းလိုက်တာ၊ သွယ်ကော့နေတာပဲ၊ အမေပြောတဲ့ သူဌေးလက်ဆိုတာများလား မသိဘူးနော်၊ ကိုယ့်လက်ကို ကြည့်ပါဦး…မာတောင့်နေတာပဲ၊ ပြီးတော့ လက်ဖ၀ါးကြီးက ကြီးပြီး လက်ချောင်းတွေက တိုတုတ်နေတာပဲ… နော်“

“အော်…စိုးရယ် စိုးက ယောက်ျားလေးပဲ၊ ဒီလောက်တော့ ရှိမှာပေါ့။ အဓိက က စိတ်ပါပဲ၊ စိတ်ထားနူးညံ့ပြီး မင်းကို ချစ်ရင် ပြီးတာပါပဲ၊ မဟုတ်ဘူးလား။ စိုးရဲ့ အချစ်တွေနဲ့ပဲ မင်းဘ၀ဟာ ပြည့်စုံနေပါပြီ“

“မင်း အပြောကောင်းလှချည်လား…။ မင်းလက်ကလေးတွေ လှရုံတင်မကဘူး။ နားရွက်ကလေးတွေကလည်း သိပ်လှတာပဲ။ ကိုယ်လေ…ဘာဖြစ်လို့ နားရွက်တွေကို ချစ်သလဲမသိဘူး။ မင်း နားရွက်ကလေးကို ကိုယ်အရမ်းချစ်တယ်၊ ကိုင်မယ်နော်…။“

“စိုးက အဆန်းပဲ၊ တော်တော်ရယ်ရတယ်။ နားရွက်တင် မဟုတ်ဘူးသိလားရှင့်…အကုန်ကိုင်လို့ရတယ်။ တကယ်ပဲ ဟပ်…ဟပ်…ဟပ်“

ချောကလျာမင်းဆိုတဲ့ ကောင်မလေးက ခပ်ခြောက်ခြောက်ရယ်သွမ်းလေတယ်။ ကိုယ်ကလည်းကိုယ်၊ ခံစားချက်တစ်ဖက်ကမ်းတင်လွန်းသူ..ထင်ရာမြင်ရာ စွတ်ပြောသူ၊ လုပ်သူ။ သူများရည်းစားအတွဲတွေလို ကောင်မလေးကို ကိုယ့်ရင်ခွင်မထည့်၊ ကိုယ်က သူ့ရင်ခွင်ထဲ ရောက်အောင်နေတယ်၊ ပြီးတော့ ချစ်သူလက်ကလေးနဲ့ ကိုယ်နဲ့ပွေ့ဖက်ထားတာကို ခံယူတယ်၊ ပြီးတော့ ချစ်သူကို ကိုင်တယ်တဲ့…နားရွက်။ ကောင်မလေး သဘောကောင်းလို့ တော်သေးတယ်။ ဒါပေမဲ့ သူ့စိတ်ထဲတော့ တွေးကောင်းတွေးနိုင်တယ်၊ ငါ့ဘဲကတော့ ခပ်ဂေါက်ဂေါက်ပဲလို့။ ဒါဆိုလည်း ဘာဖြစ်သလဲဗျာ၊ သူလည်း ဂေါက်ချစ်သူ ဖြစ်သွားတာပေါ့၊ မဟုတ်ဘူးလား။

ကိုယ်က ငယ်ငယ်က အမေ့သိပ်ချစ်ခဲ့တယ်။ အမေကလည်း ကိုယ့်သိပ်ချစ်ခဲ့တယ်။ ဒီတော့ အရွယ်ရောက်တော့ ဘာဖြစ်လဲ၊ ဘာမှ မဖြစ်ပါဘူး။ ဒီလို..။

ကောင်မလေးရှာတော့ အမေနဲ့တူတဲ့ ကောင်မလေးမျိုးပဲ ရှာခဲ့တယ်။ အမေနဲ့တူတယ်ဆိုတာ ရပ်ရည်ကော၊ ပြောပုံဆိုပေါက်ကော၊ ကိုယ့်ကို ဂရုစိုက်တာကောပေါ့။

ပုပုလုံးလုံးနဲ့ အသားဖြူဖြူကောင်မလေးတွေ၊ မျက်နှာချိုချိုနဲ့ ပါးချိုင့်ပါတဲ့ကောင်မလေးတွေ၊ စကားကို ခပ်ဆတ်ဆတ် ခပ်ပြတ်ပြတ် ဂျစ်တစ်တစ် ပြောတတ်တဲ့ ကောင်မလေးတွေကို သိပ်သဘောကျတယ်။ အဓိက က မိန်းမတန်မဲ့ မူယာမာယာ မများဖို့နဲ့ စိတ်မကောက်တတ်ဖို့ပဲ။ ဘာဖြစ်လို့ ဒီလိုရွေးရသလဲဆိုတော့ ကိုယ့်က အဲဒါတွေ လုပ်မှာမို့လေ။

ကိုယ်က ချွဲမယ်၊ နွဲ့မယ်။ မူယာမာယာ ပလီပလာများမယ်။ စိတ်ဆိုး စိတ်ကောက်လုပ်မယ်။ အသားမည်းမည်း အရပ်ကလန်ကလားကိုယ်က အရပ်ပုပု ကိုယ်လုံးပြည့်ပြည့် အသားလတ်လတ် ကောင်မလေးကို ကြိုက်မယ်။ ဒီလိုနဲ့ ချောကလျာမင်းနဲ့ တွေ့တာပဲ။ သူကလည်းသူပဲ၊ နာမည်ကသာ ချောကလျာ ပုံစံကတော့ လုံးဝကို ဒေါက်မကျိုးပါဘူး၊ သွယ်ပျော့မှု ရှိမနေခဲ့ပါဘူး။ ဟဲ ဟဲ…ကိုယ်နဲ့က လွဲလို့ပေါ့လေ။ ရုပ်ရည်ကတော့ ကိုယ်လိုချင်တဲ့ပုံစံနဲ့အကိုက်၊ စိတ်မာတာ ဆတ်တာကတော့ ကိုယ့်ထက်တောင် ယောက်ျားဆန်တယ်လို့ ပြောရတယ်။

သူနဲ့ကိုယ်ဟာ ဖူးစာရေးနတ်ဖက်သလား၊၊ နတ်သိကြားမသလားလို့ ထင်ခဲ့တာပါ။ ကျား/မရုပ်လွဲပြီး စိတ်ကွဲတာပဲ ရှိတယ်။ စုံတွဲလုပ်ဖို့တော့ အင်မတန် သင့်တော်တယ်လို့ပဲ ပြောရမှာပါ။ ကိုယ်အလုပ်မှာ စိတ်ညစ်ရင်ပဲဖြစ်ဖြစ်၊ နေမကောင်းရင်ပဲဖြစ်ဖြစ် နားခိုရာရင်ခွင်ကတော့ မင်းရဲ့ရင်ခွင်လို့ဆိုရမဲ့ ချစ်သူ့ရင်ခွင်ပါပဲ။

ချစ်သူ့ရင်ခွင်ဟာ နွေးထွေးမှုပေးတယ်၊ လုံခြုံမှုပေးတယ်၊ စိတ်ဓာတ်ခွန်အားကို တိုးပွားစေတယ်။ ကိုယ့်ရင်ထဲက တင်းကျပ်နေတဲ့ကိစ္စတွေ၊ မွန်းကျပ်နေတဲ့ ဖြစ်ရပ်တွေ၊ ဖောက်ခွဲထုတ်ပစ်ရမဲ့အမှိုက်တွေ၊ မောင်းထုတ်ရမဲ့ပြဿနာတွေဟာ ချစ်သူနဲ့တွေ့မှ။ ချစ်သူလက်ကလေးနဲ့ပွေ့ဖက်ထားပေးမှ အေးလျော့ သက်သာစေတာ မဟုတ်လား။

မင်းက သိပ်ချစ်ဖို့ကောင်းတယ်၊ မင်းက အလိုလိုက်တယ်၊ မင်းက အကြိုက်ဆောင်တယ်၊ မင်းဟာ အရာရာပါပဲ။ မင်းဟာ ကိုယ့်ဘ၀ပဲလို့ ဒီလိုပဲ မှတ်သားခဲ့ပါတယ်။

မင်းကလည်း နိုင်သလောက်ကောင်းခဲ့ဖူးပါတယ်။ ချစ်သူသက်တမ်းတလျှောက် အလွန်နှစ်လိုဖွယ်ကောင်းခဲ့ပါတယ်။ ဆိုးတာက ကိုယ်ပါ၊ ဗိုလ်ကျတာက ကိုယ်ပါ။ အနိုင်ကျင့်တာက ကိုယ်ပါ။ ယောက်ျားမဆန်တာက ကိုယ်ပါ။ မိန်းကလေးဘက် မကြည့်ခဲ့တာက ကိုယ်ပါ။ ချစ်သူက ထားခဲ့တာမဟုတ်ပါ။ ကိုယ်ကသာ ရှက်ရှက်နဲ့ ထွက်ခဲ့တာပါ။

မင်းဘ၀နဲ့ မင်းပျော်ဖို့သာ ကိုယ်ထွက်လာတာပါလို့ပြောရင်တော့ မင်းစိတ်မကောင်းဖြစ်နေဦးမလား။ ကိုယ်လိုချင်တာတွေ ကိုယ်ရချင်တာတွေ မင်းမှာ ရှိနေတာ၊ မင်းက ပေးနေတာ မှန်ပေမဲ့ ကိုယ်ယောက်ျားဆန်ရမယ်၊ ကိုယ်တစ်ကိုယ်ကောင်း မဆန်ရဘူးလို့ ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ပြီးချိန်မှာတော့ ကိုယ် မင်းအနားကနေ ထွက်ခဲ့ပါတယ်။

ဒီကနေ့တော့ မင်းကို သတိရလိုက်တာ၊ မင်းကကော ကိုယ့်ကို သတိရနေဦးမလား။

မျက်ရည်ဝဲနေတဲ့မျက်လုံးတွေကိုတော့ ကိုယ်ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး မင်းရယ်၊ မင်းဘ၀မှာ ကိုယ့်ထက် ယောက်ျားပီသတဲ့၊ ယောက်ျားဆန်တဲ့ ယောက်ျားအမှန်တစ်ယောက် ရပါစေလို့ ကိုယ်အမြဲဆုတောင်းပါတယ်။ သတိရတာကတော့ မတတ်နိုင်ပေဘူး။ အထူးသဖြင့် မင်းလက်ကလေးတွေ၊ နားရွက်ကလေးတွေပေါ့။

အင်း…တော်ပါသေးရဲ့၊ ကိုယ်မျက်ရည်တွေကျနေတာ နတ်သမီး မတွေ့ပေလို့။ တော်နေကြာ…ခင်ဗျားက အခြောက်ကြီးပဲလို့ ပြောနေဦးမှာ သေချာပါတယ်။

၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်၊ ည ၉ နာရီခွဲ။

မြန်မာစာအဖွဲ့ဦးစီးဌာနက ထုတ်ဝေတဲ့ မြန်မာအဘိဓာန်က “အချစ်“ကို အဓိပ္ပာယ် မဖွင့်ပါ။ “က“ကနေ“အ“အထိ စကားလုံးတည်ပုဒ်ပေါင်း သောင်းချီကို အဓိပ္ပာယ်ပြန်ပေးပေမဲ့ အချစ်ကိုတော့ ဆရာ့ဆရာကြီးတွေ အဓိပ္ပာယ်မဖွင့်ကြ။

မတတ်လို့လား၊ မဟုတ်ပါဘူး။ မချစ်ဘူးလို့လား၊ မဟုတ်ပါ။ အချစ်ဆိုတဲ့အရာက ဒြပ်မဲ့သဘောဆောင်လို့ အဓိပ္ပာယ်ဖွင့်ရခက်ခြင်းပင်။ ရှင်းလင်းတိကျတဲ့ အနက်ကို မပေးနိုင်လို့ မဖွင့်ဆိုကြတာလည်း ဖြစ်နိုင်ပါတယ်။ စိတ်နဲ့ အာရုံနဲ့မှ ခံစားလို့ရတဲ့ အရာတွေကို အဓိပ္ပာယ်ဖွင့်ရ ခက်ပါတယ်။

အချစ်ဆိုတာဘာလဲဆိုရင် ဂျာအေးသူ့အမေရိုက်ကိန်းဖြစ်သွားနိုင်ပါတယ်။ မေတ္တာထားတာပါ၊ သူကောင်းစားဖို့ စီမံဆောင်ရွက်ပေးတာ၊ ဖြည့်ဆည်းပေးတာပေါ့၊ နှစ်ကိုယ်တူခံစားချက်တစ်ခုကို ပူးတွဲဆောင်ရွက်တာပေါ့။

မေတ္တာဆိုတာဘာလဲ ပြန်မေးတော့ ချစ်ခင်တာပါပဲ။ သူကောင်းစားဖို့ စီမံပေးတယ်ဆိုတာလည်း ချစ်လို့ပါပဲ။ အမူအရာအားဖြင့် လက်တွေ့အားဖြင့် လူမြင်သာအောင် ပြောဆို ပြဆိုနိုင်ပေမယ့်လည်း အဓိက ကတော့ ချစ်ခြင်းဆိုတာကို စိတ်နဲ့ ဒါမှမဟုတ် ရင်ဘတ်ကြီး(နှလုံးသား) နဲ့မှ ခံစားလို့ရပါတယ်။

လူတစ်ယောက်နဲ့ လူတစ်ယောက်ချစ်ဖို့ ခင်ဖို့ လွယ်သလား၊ ခက်သလား။

ဘယ်သူ့ကို ချစ်ဖို့လဲ၊ ဘယ်လိုချစ်ဖို့လဲ။

အမေ့ကို ချစ်တာပေါ့၊ မောင်လေးကို ချစ်တာပေါ့၊ ချစ်သူကို ချစ်တာပေါ့၊ သူငယ်ချင်းကို ချစ်တာပေါ့။

ပေးခြင်းက ချစ်ခြင်းကို ဖြစ်စေသလား။

အမေ့ကို သားက ချစ်တယ်၊ ချစ်မှာပေါ့ အမေက သားကို အမြဲအရိပ်တကြည့်ကြည့်နဲ့ လိုတာ မှန်သမျှ အချိန်မဆိုင်းဘဲ ဖြည့်ဆည်းပေးနေတာကိုး။

ချစ်သူက ကိုယ့်ကို ချစ်တယ်၊ ချစ်မှာပေါ့…ကိုယ့်ကြောင့် ချစ်သူ တစ်စက္ကန့်တောင် ငြိုငြင်ဖူးလို့လား။

သူငယ်ချင်းချင်းချစ်တယ်။ ချစ်မှာပေါ့ သွားအတူ လာအတူ စားအတူ ကောင်းအတူ ဆိုးအတူ နေကြတာကိုး။

မျှဝေခြင်းက ချစ်ခြင်းကို ဖြစ်စေသလား။ သေချာတာပေါ့။ မျှဝေတယ်ဆိုတာကလည်း ပေးတာပါပဲ။

ချစ်ချင်ရင် ဒါမှမဟုတ် အချစ်ခံချင်ရင် များများသာပေးပါ၊ ပိုက်ဆံတတ်နိုင်ရင် ပိုက်ဆံပေးပါ၊ လုပ်အားတတ်နိုင်ရင် လုပ်အားပေးပါ၊ လေတတ်နိုင်ရင် လေပေးပါ။

ပေးတာက ပျော်စရာကောင်းတယ်လား။ ပေးတာနဲ့ ယူတာ ဘယ်ဟာက ပိုပျော်စရာကောင်းသလဲ။

ပေးသူနဲ့ ယူသူ ဘယ်သူက ပိုတက်ကြွသလဲ။

တစ်ယောက်ချင်း အတွေး၊ အနေအထား၊ ဆောင်ရွက်ပုံတွေကတော့ နည်းလမ်းတူကြမှာ မဟုတ်ပါဘူး။ အဖြေကလည်း အမှန်တစ်ခုတည်း မဟုတ်ပါဘူး။

ပေးတာကို ၀မ်းမြောက်တဲ့သူက အမြဲပေးတယ်၊ မရှိရင် ပေါင်နှံချေးငှားပြီး ပေးတယ်။ ပေးရတာကို သူက ပျော်နေတာ၊ ပေးစရာမရှိရင် စိတ်ဆင်းရဲရတယ်။

ယူတာကို သဘောကျတဲ့သူကလည်း ရတိုင်း ပျော်နေတာ၊ မရရင် စိတ်ဆင်းရဲရတယ်။

ဒီတော့ ကိုယ်ဟာ အယူသမားလား၊ အပေးသမားလားဆိုတာကို အယူ-အပေး/စိတ်ချမ်းသာမှု-စိတ်ဆင်းရဲမှုနဲ့ တိုင်းရမယ်။

ပေးဖို့ဆိုတာ တကယ်တော့ မလွယ်ပါဘူး။ ပေးလိုက်တယ်၊ ပေးနိုင်တယ်ဆိုတာ တကယ်တော့ စွန့်လွှတ်လိုက်ရတာပါ။ ဘယ်သူမှ အလကား မစွန့်လွှတ်နိုင်ကြပါဘူး။

စွန့်လွှတ်နိုင်တယ်ဆိုလည်း အသုံးမတည့်တာ၊ စုတ်နေတာ၊ ကိုယ့်မှာပိုနေတာတွေကိုပဲ စွန့်လွှတ်တယ်ဆိုရင် တကယ့်စွန့်လွှတ်ခြင်းတော့ မဟုတ်ပါဘူး။ မည်ကာမတ္တ စွန့်လွှတ်ခြင်းလောက်ပဲဖြစ်ပြီး အကျိုးလည်း သိပ်မရှိပါဘူး။

ပေးတဲ့လက်က ဖြူပြီး ယူတဲ့လက်က မည်းပါတယ်။ ပေးတဲ့လက်က နွေးပြီး ယူတဲ့လက်က အေးပါတယ်။ ပေးတဲ့လက်က ရဲတင်းသလောက် ယူတဲ့လက်က တွန့်ပါတယ်။ ပေးတာက မြင့်မြတ်ပြီး ယူတာက နိမ့်ကျပါတယ်။

ချစ်တယ်ဆိုတာ ပေးတဲ့သဘောရှိပါတယ်။ မေတ္တာက အေးတဲ့သဘောရှိပါတယ်။ အေးတဲ့အရာတွေကို ပေးနေတယ်(အေးချမ်းသာယာစေဖို့ အကျိုးလိုလား မေတ္တာဝေနေတယ်)ဆိုရင် ချစ်မေတ္တာတွေနဲ့ ဝေစည်နေမှာပါ။ ဒါပေမဲ့ ပေးတယ်ဆိုတာ မြင့်မြတ်တာကိုမှ ပေးဖို့လိုပါတယ်။ ကောင်းတာကို ပေးဖို့လိုပါတယ်။

ချစ်မေတ္ထာသင်ခန်းစာကို အလွယ်တကူဆိုရင် အပေးသင်ခန်းစာလို့တောင် ခေါ်လို့ရပါတယ်။

မချစ်တတ်သူ(ချစ်သူမရှိသူ)ကို ချစ်တတ်စေချင်(ချစ်သူရစေချင်)ရင် အများကြီးသင်ပေးနေစရာမလိုပါဘူး၊ ပေးတတ်အောင် အရင် သင်ပေးလိုက်ရုံပါပဲ။

မပေးသရွေ့တော့၊ ကပ်စေးနှဲနေလို့ကတော့ သေသာသွားရော ချစ်ခြင်းမေတ္တာဆိုတာ ဘာမှန်းတောင် သိလိုက်မှာ မဟုတ်ပါဘူး။

၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၂ ရက်၊ နံနက် ၂ နာရီ။

“ယဿနုဘာဝတော ယက္ခာ
နေ၀ ဒေဿန္တ ဘီသနံ
ယဥှိစေ၀ါ နယုဉ္ဇန္ထော
ရတ္တိန္ဒိဝ မတန္ဒိတော။“

ဆရာမက တိုင်ပေး၊ တပည့်တွေက လိုက်ဆို။

စတုတ္ထတန်းအတန်းတင်စာမေးပွဲကြီးအပြီး အတန်းပိုင်ဆရာမက တပည့်တစ်ယောက်အိမ်မှာ ကျန်တဲ့တပည့်တွေကို ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ခန်းစာကို သင်ပေးနေတာပါ။ ဒီနေ့တော့ ပရိတ်ကြီး ၁၁ သုတ်ထဲက မေတ္တာသုတ်ရဲ့ ၁၂ ပိုဒ်ရှိတာမှာ ပထမ ၆ ပိုဒ်ရအောင်ဆိုပြီး ဆရာမက ချပေး၊ တပည့်တွေက လိုက်ဆို နေကြတယ်လေ။

လေးတန်းကျောင်းသူကျောင်းသားတွေဆိုတော့ ၉ နှစ်၊ ၁၀ နှစ်ဝန်းကျင် အရွယ်လေးတွေပေါ့။ ဆရာမကလည်း ရှိလှမှ အသက် အစိတ် သုံးဆယ်အရွယ်ပေါ့။

ဆရာမ အပျိုကြီးဆိုတော့ နွေရာသီကျောင်းပိတ်ရက်မှာ အအားမနေဘဲ ကိုယ့်တပည့်လေးတွေ ယဉ်ကျေးလိမ္မာစေဖို့ ကုသိုလ်စိတ်ထားနဲ့ စေတနာထား သင်ပေးတာဖြစ်နိုင်သလို၊ ကျောင်းအုပ်ဆရာမကြီး ခိုင်းထားလို့ဖြစ်ဖြစ်၊ ရည်းစားမရှိသေးလို့ အပြင်တွေဘာတွေလည်းသွားခွင့် လျှောက်လည်ခွင့် မရှိသေးတာနဲ့ တပည့်တွေနဲ့ရှိနေတာ အပျင်းပြေတယ်ဆိုပြီး သင်ပေးနေတာလည်း ဖြစ်နိုင်ပါတယ်။

တပည့်တွေက ငါးယောက် အင်း… ခြောက်ယောက်ရှိတယ်၊ ယောက်ျားလေး ၂ ယောက်၊ မိန်းကလေး ၄ ယောက်ပါတယ်။ မိန်းကလေးတွေထဲမှာ သင်တန်းပေးခွင့် ပြုတဲ့အိမ်က ကောင်မလေးက ချစ်စရာလေး။ အသားဖြူဖြူလေး ဆံပင်ဖြောင့်လေးနဲ့၊ နဖူးပေါ်ကျနေတဲ့ ဆံစလေးတွေကို မျက်ခုံးပေါ်မရောက်တရောက်မှာ တိတိကျကျညှပ်ထားတယ်။ မျက်နှာဝိုင်းဝိုင်း ပါးဖောင်းဖောင်း ပါးအို့လေးပေါ်မှာ ရှင်မတောင်သနပ်ခါးလေးလိမ်းပြီး လေးကွက်ကြားပါးကွက်လေး ကွက်ထားတယ်။

မေတ္တာသုတ်ကို ဆရာမပြီးရင် အကျယ်ဆုံးလိုက်အော်ဆိုနေတဲ့ ကောင်လေးတစ်ယောက်က ခုနသနပ်ခါးလိမ်းထားတဲ့ ကောင်မလေးနဲ့ အနီးဆုံးရောက်အောင် မသိမသာရော သိသိသာသာရော ကပ်ထိုင်ပြီး၊ ကောင်မလေးပါးက သနပ်ခါးနံ့ကို ခိုးရှုနေတယ်။ ကလေးအရွယ်တွေမို့ ဘာစိတ်မှမရှိသေးဘူးလို့ထင်ရပေမယ့် အဖိုအမဓာတ်သဘောနဲ့ ဆွဲငင်အားကိုတော့ လူကြီးတွေအနေနဲ့ အဲဒီအချိန်ကစပြီး သတိပြုဖို့ကောင်းနေပါပြီ။

အိမ်ရှင်ကောင်မလေးနာမည်က စိုးသူဇာလှိုင်ဖြစ်ပြီး၊ မဟုတ်တရုတ်စပြီးလုပ်တတ်နေပြီဖြစ်တဲ့ ကောင်လေးနာမည်ကတော့ မျိုးဆက်မောင်တဲ့။ အိမ်နာမည် မောင်မောင်ပေါ့လေ။

@@@@

ကျောင်းမှာလည်း သူငယ်ချင်းဖြစ်၊ တစ်ရပ်ကွက်တည်းနေ သူငယ်ချင်းလည်းဖြစ်တော့ သူတို့တွေ ရင်းနှီးကြတယ်လေ။ ခက်တာက သူတို့အားလုံးက ကျောင်းမှာ အတော်ဆုံးစံပြကျောင်းသားတွေဖြစ်တော့ တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင်သိပ်များတယ်။ အထူးသဖြင့် မိဘတွေက ကိုယ့်သားသမီးကို တော်စေချင်တော့ တွန်းကြတာပေါ့လေ။ တွန်းတဲ့အခါမှာလည်း မိန်းကလေးတွေက မိဘစကားကို ပိုနားထောင်ပြီး ကြိုးစားကြတာပေါ့။ မောင်မောင်ကတော့ သာမန်ပဲကြိုးစားတာ တွေ့တာပဲ။ ဒါပေမဲ့ အတန်းထဲမှာတော့ မောင်မောင်က ထိပ်ကချည်းရှိတာများတယ်။

တစ်ခုတော့ရှိတာက မောင်မောင့်အမေက ထက်တယ်၊ မောင်မောင့်ကို ကျောင်းလောက်တင်မဟုတ်ဘူး၊ မြို့နယ်အဆင့် တိုင်းအဆင့်လောက်အထိကို အဆင့်အတန်းမြင့်မြင့်နဲ့ အောင်မြင်ပေါက်မြောက်စေချင်တယ်။ ခက်တာက ကလေးက တော်သာတော်တယ်၊ ငပျင်းလေးဖြစ်နေတယ်။ ဒီတော့ အမေက တွန်းလိုက်၊ သားက အိပဲ့အိပဲ့နဲ့ မရွေ့ချင်ရွေ့ချင်နဲ့ ရွေ့လိုက်ပေါ့လေ။ နေဦး နောက်မှ သူတို့သားအမိအကြောင်း တစ်ပုဒ်ရေးလို့ရသေးတယ်။

မောင်မောင်က အတွေးသမားလေး၊ ငယ်ငယ်လေးကတည်းက သိပ်တွေးတယ်၊ စိတ်ကူးယဉ်တယ်။ လူကြီးမိဘတွေ ပြောဆိုဆုံးမရင် သူတို့ဘာလို့ နာ့ကို ဒီလိုပြောသလဲလို့ တွေးတတ်တယ်။ ပြီးတော့မှ သူမှားပြီ၊ လူကြီးတွေပြောတာမှန်တယ်ဆိုပြီး မျက်ရည်တွေ တွေတွေကျပြီး ငိုတတ်တယ်။ စိတ်ခံစားမှုအားကြီးတဲ့ ကလေးပေါ့လေ။

ဒါနဲ့ မောင်မောင်ဟာ စိုးသူဇာလှိုင်ဆိုတဲ့ကလေးမလေးကို မျက်စိကျခဲ့တယ်ဆိုပါတော့။ မျက်နှာဝိုင်းဝိုင်းလေးရယ်၊ အရောင်ထွက်အောင် လက်နေတဲ့ ချစ်စရာ မျက်လုံးပြူးပြူးလေးရယ်၊ အမေ့ပါးဆိုရင် တအားနမ်းဖြစ်လိုက်မှာလို့ မောင်မောင်တွေးနေတဲ့ အသားဖြူဝင်းတဲ့ သနပ်ခါးတင်ထားတဲ့ ပါးပြင်လေးရယ်၊ ဆံစကို နဖူးပေါ်မှာ တိတိကျကျလေးညှပ်ထားပြီး သန်စွမ်းနက်မှောင်တဲ့ ဆံပင်ကို နောက်ကစုချည်သိမ်းဆည်းထားတဲ့ ငယ်ငယ်ကလေးက ဆွဲဆောင်မှုရှိတဲ့၊

အဖြူရောင်ဘလောက်စ်အင်္ကျီလေးနဲ့ ခါးကနေအောက်ကိုကားသွားတဲ့ စကပ်မဟုတ်ဘဲ တိုက်စကပ်လိုခေါ်တဲ့ အခုခေတ် ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတွေဝတ်တဲ့ စကပ်မျိုး အစိမ်းရောင်လေးဝတ်ထားတဲ့ စိုးသူဇာလှိုင်ဟာ မောင်မောင်ဆိုတဲ့ ၁၀ နှစ်သားလေးရင်ထဲ တစ်ခါတခါ ရောက်နေတတ်တယ်။

@@@@

အချိန်တွေဟာ အကုန်မြန်တယ်။ နောက်ထပ် ၁၀ နှစ်ကြာသွားတယ်။ မောင်မောင်ဟာ အသက် ၂၀ တွင်းကို ရောက်လာပြီ။ မူလတန်းကျောင်းတုန်းက ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတချို့လည်း ဆုံးပါးကုန်ပြီ။ ဒါပေမဲ့ ပျင်းတဲ့ကောင်လေးတစ်ယောက်ဖြစ်တဲ့ မောင်မောင့်ရဲ့ သနပ်ခါးနဲ့ကောင်မလေးက ၁၀ နှစ်အကြာမှာ ပိုတောင် ချစ်ဖို့ ကောင်းလာတယ်။ ငယ်ငယ်တုန်းကလိုတော့ ပါးဖောင်းဖောင်းလေး မဟုတ်တော့ဘူးပေါ့၊ ခန္ဓာကိုယ် ပိန်ပိန်ပါးပါးနဲ့ မျက်နှာသွယ်သွယ်ဖြစ်ပြီး ခပ်ကျစ်ကျစ် ကောင်မလေးတစ်ယောက်လို တွေ့လာရတယ်။

ငယ်ငယ်ကတော့(၁၀ နှစ်အရွယ်လောက်က) မောင်မောင်ကတောင် သိပ်မထွားဘဲ သူငယ်ချင်းမတွေက ပိုပြီးထွားကျိုင်းသလိုမျိုး ဖြစ်ခဲ့တယ်။ မိန်းကလေးမို့ စောစောဖွံ့သလားတော့ မသိပါဘူး။

အခုတော့ မောင်မောင်က အရပ်ကြီးကလန်ကလားနဲ့ဖြစ်နေချိန်မှာ သူ့သူငယ်ချင်းမတွေက သူ့အောက်ခေါင်းတစ်လုံးနိမ့်နေကြတာကို တွေ့ရပါတယ်။ သနပ်ခါးမလေးဟာ အခုဆို တရုတ်မင်းသမီးဂေါင်းလီလိုလို လှနေတော့ မြန်မာဂေါင်းလီလို့တောင် ခေါ်ရမယ်ထင်တယ်လို့ မောင်မောင်က တွေးတယ်။

မောင်မောင်က ငယ်ငယ်ကတော့ စိုးသူဇာလှိုင်လေးကို သဘောကျခဲ့ပေမယ့် အခုကျတော့ သူက အထာနည်းနည်းကိုင်ချင်ပုံရတယ်၊ သူ့ကိုယ်သူလည်း အထင်နည်းနည်းကြီးတာပါမှာပေါ့လေ။

မောင်မောင်ဟာ သူ့ကိုယ်သူ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို့ သဘောထားနေခဲ့တယ်၊ နှင်းဆီခိုင်ဟာ ဘယ်လောက်ပဲ ရေထောင်ထားထား၊ ဘားပလက်စ်ကျွေးကျွေး ခဏနေကြွေမှာပဲဆိုတာကို မောင်မောင် သိပုံမရတာလား၊ မသိချင်ယောင်ဆောင်တာလား ဆိုတာကိုတော့ သူကိုယ်တိုင်မှ သိနိုင်မှာပဲဗျာ။

အတွေ့အကြုံမရှိဘဲ တရားဟောချင်ပုံရတဲ့ မောင်မောင့်ကို ထောင်ထောင် ထောင်ထောင်နဲ့ ရပ်ကွက်ထဲ ပြန်တွေ့ရချိန်မှာ သဘောကျနေခဲ့တာကတော့ သနပ်ခါးမလေးပါပဲ။ သနပ်ခါးမလေးက အခုတော့ မိတ်ကပ်တွေ သုံးတတ်နေပြီလေ။ မိတ်ကပ်ကို ပါးပါးလိမ်း၊ နှုတ်ခမ်းနီကို အရောင်ဖျော့ဖျော့ဆိုး၊ သူ့ကိုယ်တိုင်ကလည်း သူ့ကိုယ်လုံးခပ်ကျစ်ကျစ်နဲ့လိုက်ဖက်အောင် ၀တ်စားတတ်တဲ့ စိုးသူဇာလှိုင်ဟာ ချစ်ဖို့ကောင်းပါတယ်။

@@@@

စိတ်ခံစားမှုအားကောင်းတဲ့မောင်မောင်က ကျောင်းပြီးတဲ့ အဲဒီ ၂၀ အရွယ်မှာပဲ ကံတရားဖေးမလို့ သတင်းထောက်လေးဖြစ်လာခဲ့တယ်။ သူ့သူငယ်ချင်းကောင်မလေး ကလည်း နာမည်ကြီးဈေးကွက်ရှာဖွေရေးကုမ္ပဏီတစ်ခုမှာ ဈေးကွက်ရှာဖွေရေးအမှုဆောင်(တကယ်တော့ဝန်ထမ်းပါပဲလေ)ဖြစ်လာခဲ့တယ်။ အရည်အချင်းအသီးသီး ရှိသူတွေမို့ လပိုင်းအတွင်းမှာပဲ သူတို့အသီးသီးရဲ့အလုပ်ဌာနတွေမှာ နေရာရလာကြတယ်။

မောင်မောင်တို့သတင်းစာနဲ့ အဲဒီကြော်ငြာလုပ်ငန်းလည်းလုပ်တဲ့ စိုးသူဇာလှိုင်တို့ကုမ္ပဏီဟာ ကူးလူးဆက်ဆံမှုတွေရှိတော့ သူငယ်ချင်းနှစ်ယောက် မကြာခဏ ဆိုသလို ဆုံဖြစ်ကြတယ်။ ဆုံဖြစ်တိုင်းလည်း စိုးသူဇာလှိုင်က ရင်းရင်းနှီးနှီး ခင်ခင်မင်မင် ဖော်ဖော်ရွေရွေရှိသလောက် မောင်မောင်က ကြောင်အမ်းအမ်း ရွံ့တွန့်တွန့်ဖြစ်နေတတ်တယ်။

စိုးသူဇာလှိုင်ကိုမြင်ရင် မောင်မောင်က လွန်ခဲ့တဲ့ ၁၀ နှစ်က သနပ်ခါးမလေးကို လွမ်းတတ်တယ်။ သနပ်ခါးနံ့ခိုးရှုဖူးတာလေးကို အမှတ်ရရင် သူ့ဟာသူပြုံးတတ် တယ်။ မဟုတ်တာလုပ်ထားတဲ့သူဟာ ကိုယ်မဟုတ်တာလုပ်ခဲ့တဲ့ကိစ္စ၊ လုပ်ခဲ့တဲ့လူအပေါ် အမြဲစိုးရိမ် ကြောက်လန့် နောင်တရနေတတ်တယ်။ မောင်မောင်ကတော့ စိုးသူဇာလှိုင်နဲ့ပတ်သက်ပြီး မဟုတ်တာလုပ်ခဲ့ဖူးတာကိုတော့ နောင်တရပုံ၊ စိုးရွံ့ပုံ တယ်မတွေ့ရလှဘူး။

စိုးသူဇာလှိုင်ဟာ မောင်မောင်ကြောင်တောင်တောင်၊ အူတူတူလုပ်ပုံတွေကို ကြာရှည်သည်းမခံပါဘူး။ သူ့ကို မောင်မောင်ငယ်ငယ်က စိတ်ထဲကြိတ်ခဲ သဘောကျဖူး တာကိုလည်း မိန်းကလေးပီပီ သိခဲ့ပုံပေါ်ပါတယ်။ အခုလူကြီးဖြစ်လာတော့လည်း လူတွေကို ကျအောင်ပြောဆိုလုပ်ကိုင်နေရသူဆိုတော့ လူ့အကြောလူ့သဘော နပ်ပုံရပါတယ်။

“မောင်မောင်၊ အလုပ်တယ်များပါလားကွ၊ နာ့ကိုတောင် စကားကောင်းကောင်းမပြောနိုင်ပါလား“

“မဟုတ်ပါဘူး မိစိုးရယ်“

“ဘာ မဟုတ်ရမှာလဲ၊ နင် အူကြောင်ကြောင်လုပ်နေတာ သိတယ်၊ နင့်မှာ ရည်းစားရှိလို့လား၊ ဘယ်တစ်ယောက်လဲ နာ့ကို ပြစမ်း“

“ဟာ့ ဘာလို့ရှိရမှာလဲ၊ ဘာတွေလာပြောနေတာလဲ၊ ကိုယ့်သတင်းကိုယ်လိုက်နေရတာနဲ့တင် အားတာမဟုတ်ဘူး၊ နင်တို့လို ပဲလေးများပြီး ဘဲကြီးတွေ ကြွေအောင်လုပ်ပြီး အလှလေးပြင်လို့ အေးအေးလူလူလုပ်ရတာမဟုတ်ဘူး၊ ပြေးရလွှားရ အဆူအဟောက်ခံရ အဆဲအဆိုခံရ အကြမ်းပတမ်းလုပ်ရတာဟဲ့၊ နားလည်း လည်မှာ မဟုတ်ပါဘူး“

“အောင်မာ အောင်မာ၊ ဘာလို့နားမလည်ရမှာလဲ မောင်မောင်ရာ၊ ဖုန်းလေးဆက်၊ ရီကော်ဒါလေးထုတ် တောင်မေးမြောက်မေး မေး၊ ပြန်ကူးပြီး ရေးရတာများ၊ နာတို့လို ချက်(ဂျက်)နဲ့လက်နဲ့ သူများလက်ခံလာအောင် အာပေါက်အောင်ပြောရတာမျိုးလည်း မဟုတ်ပါဘူး၊ တီထွင်တွေးပြီး စိတ်မ၀င် ၀င်စားအောင် ပြောဆိုရတာလည်း မဟုတ်ပါဘူး။ နင့်လိုဆို နင့်နှစ်ယောက်စာ နာတစ်ယောက်တည်း လုပ်နိုင်တယ်“

စိုးသူဇာလှိုင်လေးက စွာတေးလေးဖြစ်လာပါရောလား၊ သူ့အလုပ်ကပဲ သူ့ကို ဒီလိုစွာလာအောင် သင်ပေးလိုက်သလား၊ မိန်းကလေးတွေ ကြီးလာရင် ဒီလိုပဲ စကားများလာတတ်သလားလို့ မောင်မောင်တွေးတယ်။ အဲဒီလိုသွက်သွက်လက်လက်လေး သူ့ကိုပြန်ပြောတာကို မောင်မောင်က သဘောကျတယ်။ သူ့မှာ သတင်းထောက်သာလုပ်နေတာ၊ စိတ်ခံစားမှုက အားကောင်းလွန်းသူမို့ ခံစားမှုမပါအောင် တော်တော်ကြီးကို ထိန်းနေရသူ၊ စဉ်းစားဆုံးဖြတ်ရာမှာလည်း သိပ်မမြန်သူဖြစ်နေတတ်တယ်။

စိုးသူဇာလှိုင်သာ သတင်းထောက်လုပ်ရင် နာမည်ကြီးအမျိုးသမီးသတင်းထောက်ဖြစ်သွားမှာလို့တောင် မောင်မောင်က တွေးလိုက်သေးတယ်။ ဒီလိုသုံးလေးခါလောက် ရင်းရင်းနှီးနှီးစကားပြောလာတော့ သူငယ်ချင်းနှစ်ယောက် သိပ်ပြီး ရှိန်းတိန်းဖိန်းတိန်းဖြစ်မနေတော့၊ အမှန်တော့ နဂိုကတည်းက စိုးသူဇာလှိုင်က ဖြစ်မနေဘူး၊ ကိုယ်တော်ချောကသာ ပဲတွေများပြီး ထွက်ထွက်ပြေးနေတာ။

အဲ ခုနောက်ပိုင်းတွေ့ဆုံမှုတွေမှာတော့ ဟိုတစ်ယောက်ခမျာ ဖောက်လိုက်ရတဲ့ရေမြောင်း၊ ဒီဘက်က လူက ရေမစီးရုံတင်မကဘူး၊ ဖောက်ထားတဲ့ရေမြောင်းထဲ မြောင်းနှုတ်ခမ်း ဟိုဘက်ဒီဘက်တင်ထားတဲ့ မြေစိုင်မြေခဲတွေကို ပြန်တွန်းချဖို့လုပ်နေတော့ ဒီနေ့ခေတ်ရဲ့ သမီးပျိုလေးက ရဲတယ်လေ။ ဇာတ်က လန်းတယ်။

@@@@

“ဟ ဟ၊ ဘာလုပ်တာလဲ“

“နမ်းတာလေ“

“ငါ့ကို ဒီလို မနမ်းပါနဲ့ စိုးသူဇာလှိုင်“

မောင်မောင်က မိစိုးလို့တောင် မခေါ်နိုင်တော့၊ အတည်အတန့်ပြောနေတာကြီးကိုး။ ဟိုတစ်ယောက်ကလည်း မခံ။

“အောင်မာ ငပြူးကပဲ ပြဲရသေးတယ်၊ မောင်မောင် နင်ဘာဖြစ်နေတာလဲ“

“ဟ၊ ဘယ်သူက ပြူးတာလဲ၊ ဘယ်သူက ပြဲတာလဲ၊ ငါ့ကို ဒီလို မနမ်းနဲ့လို့ပြောတာ“

မောင်မောင်တို့နှစ်ယောက် ရုံးနားက စားသောက်ဆိုင်တစ်ခုမှာ စားတာ သုံးလေးခါရှိနေပြီ။ အဲဒီဆိုင်က ငါးပိထမင်းကြော်အစပ်နဲ့ ၀က်လက်မြေအိုးပေါင်းဆိုတာ ကောင်းတယ်။ ဆိုင်က လမ်းမကနေ မြေအောက်ထပ်လိုဖြစ်နေတဲ့နေရာလေးကို လှေကားကနေဆင်းပြီးမှ စားရတယ်။ လေအေးစက်ဖွင့်ထားပြီး စတစ်ကာကပ်ထားတဲ့မှန်တံခါးတွေကြောင့် အလင်းရောင်ကောင်းကောင်းမရပေမယ့် အတွင်းမှာလည်း မီးကိုလင်းနေအောင် မထွန်းဘဲ မှိန်ပြပြပဲ ထွန်းထားတာမို့ အတွဲတချို့ထိုင်တတ်ကြတယ်။

ပတ်ဝန်းကျင်အနေအထားက နည်းနည်းလွတ်လပ်တဲ့သဘောလည်း ရှိတာမို့ အလစ်မှာ စိုးသူဇာလှိုင်က မောင်မောင့်ကို ဘေးချင်းယှဉ်ထိုင်ရက်ကနေ အလစ်နမ်းလိုက်တာပါပဲ။

မမျှော်လင့်တဲ့အချိန်မှာ တိုက်ခိုက်ခံလိုက်ရတဲ့ သူရဲကောင်းလို ဓားကို ရုတ်ချည်းဆွဲထုတ်လိုက်ပေမယ့် တိုက်ခိုက်သူက အလစ်တိုက်ခိုက်ပြီး ဘယ်ရောက်သွားမှန်း မသိအောင် မြန်ဆန်လှတာမို့ ရှက်ရှက်နဲ့ပဲ အနီးအနားက ၀ါးရုံကိုပဲ ခုတ်လိုက်ရသလို မောင်မောင့်မှာလည်း အူကြောင်ကြောင်လုပ်ခဲ့သမျှ စိုးသူဇာလှိုင်နဲ့ကျမှ ဒုက္ခနဲ့လှလှတွေ့ပြီဆိုပြီး ပြောမိပြောရာပြောလိုက်တာပါ။ ဒါပေမယ့် သူကလည်း သတင်းထောက်ဆိုတော့ သိပ်အတုံးကြီးတော့ မဖြစ်တန်ရာ။

“နာ့ကို ပါးစပ်နဲ့ နမ်းတာ မကြိုက်ဘူး“

“ပါးစပ်က ကြုံရာတွေ ၀ါးနေစားနေတာ ညစ်ပတ်တယ်၊ နမ်းတယ်ဆိုတာ နှာခေါင်းနဲ့ နမ်းရတာ မဟုတ်ဘူးလားဟဲ့၊ နမ်းတယ်ရှိုက်တယ်ဆိုတာ အငွေ့အနံ့ရှုတာပဲဟဲ့၊ ရေမွှေးနံ့၊ သနပ်ခါးနံ့ မွှေးတယ်၊ နမ်းတယ်၊ နမ်းရှိုက်တယ်၊ ဒီလိုပဲပေါ့၊ ဘယ်နှယ့် ပါးစပ်ကြီးနဲ့ လုပ်လို့ဖြစ်မလား“

“အမေ့ကဆို နှာခေါင်းနဲ့ပဲ နာ့ကို နမ်းတယ်၊ နာလည်း အမေ့ပါးကို နှာခေါင်းနဲ့ နမ်းတာပဲလေ၊ နင့်ကျမှ….၊ နင် ဟောလီးဝုဒ်ကားတွေကြည့်ပြီး အရမ်းလုပ်လို့ဖြစ်မလား“

မောင်မောင်က ပြောချင်ရာတွေပြောပြီး စိုးသူဇာလှိုင်ကို အနမ်းလက်ချာရိုက်နေတယ်။ တောက်လျှောက်သွက်လာတဲ့ ကောင်မလေးခမျာ မောင်မောင့်ကိုကြည့်ပြီး မှင်သက်မိနေတယ်။ နာကြိုက်မဲ့ကောင်တော့ တကယ့်ကြောင်တောင်တောင်ကောင်ထဲက ဖြစ်နေပါပေါ့လားဆိုပြီး တွေးနေသလား၊ မိန်းကလေးတန်မဲ့ သူ့ကိုလည်း နမ်းရသေး၊ လူပါးလည်း ၀ခံရသေးဆိုပြီး ကြိတ်ပြီးဆဲရေး စိတ်ဆိုးနေတာလားတော့ မသိပါဘူး။

“အောင်မာ၊ သတင်းထောက်အစုတ်ပလုပ် လျှောက်ပြီးကြီးကြီးကျယ်ကျယ်တွေပြောမနေနဲ့၊ နမ်းတယ်ဆိုတာ ချစ်ခင်ကြောင်းပြတာ၊ ကိုယ်ချစ်တယ်ဆိုတာကို ထုတ်ဖော်ပြတာ၊ ဘယ်လိုနမ်းနမ်း အရေးမကြီးဘူး။ နှာခေါင်းနဲ့ နမ်းတယ်ဆိုတာ ကုလားတွေမှ နမ်းတာမဟုတ်ဘူးလား။ ကုလားအကြောင်း နှာခေါင်းသက်သေ လို့တောင် ဆိုကြတယ်မဟုတ်လား“

“မဟုတ်ဘူး၊ နာကြည့်ရတဲ့ ကုလားကားတွေမှာတော့ အမေ့နဖူးကို သားကနမ်းရင် ပါးစပ်နဲ့နမ်းတာပဲ။ အနမ်းကို ကြည့်တာနဲ့ အချစ်နဲ့နမ်းတာလား၊ ရမ္မက်နဲ့ နမ်းတာလားဆိုတာ ခွဲလို့ရပါတယ်“

“မောင်မောင်၊ အရူး သောက်ကြီးသောက်ကျယ် လျှောက်မပြောနဲ့“

စိုးသူဇာလှိုင် ရှက်ရမ်းရမ်းလေပြီ။ မောင်မောင်ကို အလွန်စိတ်ဆိုးလေပြီ။ သူ့လက်ကိုင်အိတ်ကိုယူ၍ ဆိုင်ပြင်ထွက်ဖို့လုပ်သည်။

မောင်မောင် ဘာလုပ်ရမည်နည်း။

ဘာလုပ်သည် ထင်ပါသလဲ။

ဇာတ်က အလွမ်းဇာတ်ဖြစ်နေပါသည်။

ဘုန်းကြီးဖြစ်မဲ့သူက ဆိုင်ထဲကနေ စိတ်ဆိုးမာန်ဆိုးနဲ့ ထွက်ခွာတော့မဲ့ဆဲဆဲ မျက်ရည်ဝဲ၀ဲကောင်မလေးကို စကားတစ်ခွန်း ပြောသည်။

“နောက်ကို ဒီလို မနမ်းပါနဲ့ စိုးသူဇာလှိုင်“တဲ့။

၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်၊ နံနက် ၀၀း၁၀ နာရီ။

“အပျိုကြီးများ စိတ်ကူးယဉ်၊ လင်လိုချင်တာ သူ့ထက်ကဲ“ ဆိုသလိုမျိုး ကြားဖူးပေမယ့် ကိုယ်တိုင်လည်း အတွေးလွန်းအားကြီးတာကို ကိုယ်တိုင် သိနေတာကြောင့် အပျိုကြီးတွေကိုသာ ခင်သူတွေက အစအနောက်သန်သန်နဲ့ ပြောဆိုတတ်ကြပုံတွေကို ပြန်ကြားယောင်ရင်း ဂျန်ဒါ(ကျား/မ လိင်ခွဲခြားတဲ့ကိစ္စ)က ကြီးနေတုန်းပဲဆိုတာ သတိထားလိုက်မိပါတယ်။

အော် ဒီလိုမျိုး လိုက်တွေးမိတာကြောင့် လူပျိုသိုးကြီးကလေ…စိတ်တယ်နုတတ်ပါလားနော်လို့ ငိုချင်းကြီးတောင် ချလိုက်ချင်ပါရဲ့။

ဒီဇာတ်လမ်းလေးရေးဖို့ အားထုတ်နေတာ နှစ်ပတ်လောက်တောင် ရှိသွားပါပြီ။ တစ်ရက်ပြီးတစ်ရက်သာ ရက်တွေရွှေ့လာတယ်၊ မုဒ်(mood ဈာန်လို့လည်းပြောလို့ရတာပေါ့လေ)က ဘယ်လိုမှ သွင်းမရဘူးဖြစ်နေတယ်။ စာရေးရင် မုဒ်ရှိမှကောင်းတယ်ဆိုတာ အကြိမ်ကြိမ်ကြုံခဲ့ဖူးလို့ သိနေပေမယ့် ဒီလိုသာရက်တွေဆက်ရွှေ့နေရင် ရေးဖြစ်တော့မှာ မဟုတ်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ်လည်း အတတ်ပြောနိုင်တာကြောင့် ဖြစ်ညှစ်ရေးထုတ်လိုက်ရပါတယ်။ လိုအပ်သလို ဝေဖန်ကြပါကုန်။
============================================

“ဒီဘက်တိုးထိုင်လေ…ဘာလို့အဝေးကြီးရွှေ့ထိုင်နေတာလဲ“

နီနီက ရင်းရင်းနှီးနှီး ရဲရဲတင်းတင်းကြီး စိုက်ကြည့်ပြီး ပြောလာတော့ မျိုးမင်းတောင် တစ်မျိုးဖြစ်သွားတယ်။

“ရပါတယ်..ဒီဘက်က ရှုခင်းတွေ ပိုကောင်းလို့“

ဒီလိုပဲ မျိုးမင်း ပြန်ဖြေလိုက်တယ်။

ရိုးမပေါ်တက်လာပြီး တောင်ကြောတွေထဲ ဖြတ်သန်းမောင်းနှင်နေတဲ့ တိုယိုတာဖိုးဝှီးဒရိုက်(လေးဘီးယက်)ကားနောက်ဘက် အထုပ်အပိုးတွေပေါ် သတိထားလိုက်ပါလာရင်း နီနီနဲ့ မျိုးမင်းတို့နှစ်ယောက် ရှုခင်းတွေကြည့်လို့ လိုက်လာကြတာဖြစ်တယ်။

ရိုးမထဲက ခုတ်လို့ကုန်သွားတဲ့ သစ်တောတွေနေရာမှာ သစ်ပင်ပေါက်တွေ ပြန်စိုက်ရင်း သစ်တောထိန်းသိမ်းရေးတွေလုပ်နေတဲ့ အနာဂတ်မြန်မာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ဦးမောင်ကြည်က ခေါ်လို့ နီနီတို့ လိုက်လာကြတာ..ဦးမောင်ကြည်က နိုင်ငံခြားသားအလှူရှင် တစ်ယောက်ကိုပါ ခေါ်လာတော့ ရှေ့ခန်းမှာ ကားဆရာရယ်၊ ဦးမောင်ကြည်ရယ်၊ နိုင်ငံခြားသားရယ်ဆိုတော့ ကျပ်သွားပြီ။

နီနီနဲ့ မျိုးမင်းက နောက်ဘက်က ထိုင်လိုက်ရတယ်။ ထိုင်ခုံလည်း ရှိတာတော့ မဟုတ်ဘူး။ ရိုးမထဲမှာရှိတဲ့ ရုံးခန်းအတွက် လိုအပ်တဲ့ပစ္စည်းတွေ၊ အခုခရီးစဉ်အတွက် လိုအပ်တဲ့ပစ္စည်းတွေ သယ်လာလို့ ကားနောက်ဘက်ကလည်း မို့ဖောင်းနေတာပါပဲ။ အဲဒီအပေါ်ကနေပဲ နီနီရော မျိုးမင်းပါ ထိုင်လိုက်လာကြတာ၊ တကယ့်ဖြစ်သလိုပါပဲ။

သတင်းထောက်တွေဆိုတော့လည်း ကိန်းကြီးခန်းကြီးနိုင်တဲ့ ခရီးစဉ်တွေလည်း လိုက်ရသလို အခုလို ဖြစ်သလို လိုက်ပါရတဲ့ ခရီးစဉ်တွေလည်း ရှိတတ်တယ်ဆိုတာ မျိုးမင်းတော့ နဖူးတွေ့ဒူးတွေ့ ကြုံလိုက်ရပြီ။ အခုခရီးစဉ်ကတော့ ဦးမောင်ကြည်က နီနီ့ကို ခေါ်တာကို နီနီက မျိုးမင်းကို လိုက်မလားလို့ ပြန်မေးရင်း အယ်ဒီတာဆီ တင်ပြခွင့်တောင်းပြီး လိုက်လာခဲ့တာပါပဲ။

ရိုးမ၀န်းကျင် စိမ်းလန်းစိုပြေရေး နှစ် ၃၀ စီမံကိန်းထဲက ပထမငါးနှစ်စီမံကိန်းဖြစ်တဲ့ ကျွန်းပင်တစ်သိန်း စနစ်တကျစိုက်ပျိုးရေးရဲ့ ပထမနှစ် စိုက်ပျိုးရေးအတွေ့အကြုံများ နှီးနှောဖလှယ်ပွဲကို သတင်းယူရင်း သူတို့အဖွဲ့အစည်းက ဒေသခံတွေကို စည်းရုံးလို့ အနာဂတ်အတွက် သစ်တောတွေကို တစ်ခါပြန်ပြီး လက်တွေ့တည်ထောင် ထိန်းသိမ်းလုပ်ဆောင်နေကြတဲ့အကြောင်း သဘာဝပတ်ဝန်းကျင်ဆောင်းပါး ရေးဖို့လိုက်လာကြတာဖြစ်ပါတယ်။

မျိုးမင်း နိုင်ငံခြားကနေ ဂျာနယ်လစ်ဇင်ဒီပလိုမာယူပြီး ပြန်လာတော့ အမေက ဂျာနယ်တစ်ခု ထောင်ဖို့စည်းရုံးတယ်။ မျိုးမင်းက စိတ်ညစ်ရမယ်၊ မလုပ်ဘူးဆိုပြီး ခဏ အမောဖြေနေသေးတယ်၊ နိုင်ငံခြားက ကောလိပ်တက်ပြီး ပြန်လာတဲ့သူတချို့ရဲ့ သဘာဝအတိုင်း ထိုးပုံအပ်လည်း နေပါဦး လေ့လာပါရစေဦးလို့ဆို၊ ဟိုဟာလုပ်ပါလားဆိုလည်း ကျွန်တော်က အကြီးကြီးတွေ စဉ်းစားနေတာလို့ လျှောက်ပြောရင်း နောက်ဆုံးတော့ ကံအကြောင်းလှစွာနဲ့ “ကောင်းကင်“သတင်းဂျာနယ်ကို ရောက်လာခဲ့ပါတော့တယ်။

အဲဒီမှာ အယ်ဒီတာလုပ်နေတဲ့ ကိုမင်းဒင်နဲ့သိတဲ့ အစ်ကိုတစ်ယောက်က ဆက်သွယ်ပေးလို့ရောက်လာတာပါ။ ကိုမင်းဒင်ကလည်း အယ်ဒီတာလုပ် နေတာ နှစ် ၂၀ လောက်ရှိပြီ၊ အင်္ဂလိပ်စာအဓိကနဲ့ နေ့ကျောင်းတက်ပြီး(သူတို့ခေတ်က စာပေးစာယူ/အခုတော့ အဝေးသင်ပေါ့လေ/က သိပ်ခေတ်မစားသေးဘူး) ၀ါသနာပါရာကို ၀င်လုပ်နေတာ။ သူ စလုပ်တာကတော့ Working People Daily ဆိုတဲ့အစိုးရရဲ့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်တဲ့သတင်းစာပေါ့။ ဒီဘက်ခေတ်ရောက်မှသာ အစိုးရအလုပ်က အနားယူပြီး(အထုတ်ခံရတာလား မသိပါဘူး) ကောင်းကင်သတင်းဂျာနယ်မှာ အယ်ဒီတာ ၀င်လုပ်နေတာတဲ့။

ကိုမင်းဒင်က မျိုးမင်းကိုတော့ သူတောင်မရထားတဲ့ ဂျာနယ်လစ်ဇင်ဒီပလုံး(အော် ဟုတ်ပါဘူး ဒီပလိုမာ)ရတယ်ဆိုပြီး အထင်တွေကြီးနေလို့၊ လုပ်စမ်းပါ ညီလေးရာဆိုပြီး အိမ်ပါ အတင်းလာခေါ်တာကတကြောင်း၊ စမ်းလုပ်ကြည့်တာပေါ့ဆိုပြီး လုပ်ကြည့်တာကတကြောင်း၊ ကောင်းကင်ဆိုတဲ့နာမည်ကိုကြိုက်ပြီး ငါ့လောက် ကြီးကျယ်သူကလည်း ကောင်းကင်လောက်နဲ့မှ ဆံ့မှာပါဆိုပြီး အတိတ်နမိတ်တဘောင်တွေယူပြီး သကာလ လုပ်တာပေါ့ ကိုမင်းဒင်ရာဆိုပြီး ရုံးဖွင့်တဲ့ တနင်္လာတစ်ရက်မှာ ဂျာနယ်တိုက်ကို မယောင်မလည်နဲ့ စရောက်တာခဲ့တာပါပဲ။

ဂျာနယ်တိုက်ရောက်မှ မျိုးမင်း ဖျားသွားတယ်၊ “ဟာ ဂျာနယ်တိုက်က အကြီးကြီးပါလား၊ လူငယ်တွေ ချာတိတ်တွေ အများကြီးနဲ့ အလုပ်လုပ်နေ တာပဲဆိုပြီး အံ့သြသွားပါတယ်။ တကယ်တော့ မျိုးမင်းလည်း ချာတိတ်ကြီးတစ်ယောက်ပါပဲ၊ ဟိုတစ်လောကမှ ၂၅ နှစ်ပြည့်ခဲ့တဲ့ဟာ။ ဒါပေမယ့် သူ့ကိုယ်သူတော့ အသက် ၃၀ လောက် ပုံဖမ်းထားပြီး မျက်နှာသေသေ မှင်သေသေနဲ့ လူကြီးပုံစံဖမ်း စကားပြောတတ်အောင် လေ့ကျင့်ထားခဲ့ တယ်။

ကိုမင်းဒင်က သူ့ရုံးကို ပထမဆုံးရောက်တဲ့နေ့မှာပဲ ထိုင်ဖို့ စားပွဲနဲ့ကုလားထိုင်တစ်လုံး စီစဉ်ပေးတယ်၊ ရုံးက လူတွေနဲ့ အကုန်လုံးကို မိတ်ဆက်ပေးတယ်။ မိတ်ဆက်ပေးပြီး တအောင့်လောက်ကြာတဲ့အခါမှာ အဲဒီမှာ အနာဂတ်ထွန်းပြောင်ဦးမယ့်၊ မိဘကို လုပ်ကျွေးပြုစုနိုင်ဦးမယ့် သားကောင်းရတနာလေး မျိုးမင်း မျက်စိထဲ ကျန်တာ ဘာမှ မမြင်နိုင်လောက်တော့အောင် သူ့မျက်လုံးထဲရော၊ ခေါင်းထဲရော၊ ဦးနှောက်ထဲရော၊ စိတ်ထဲရော၊ ကိုယ်ထဲအထိ (ကြက်သီးတောင်ဖြန်းဖြန်းထသွားတာကိုး)ပါ ၀င်ရောက်သွားသူကတော့ တောင့်တောင့်ဖြောင့်ဖြောင့် ကိုယ်လုံးနဲ့ အရပ်မြင့်မြင့် ကြည့်ကောင်းတဲ့ အဲဒီနေ့က အနီရောင်ဝမ်းဆက် ၀တ်ထားတဲ့ ရုံးမှာ အပျိုကြီးပေါက်စ စာရင်းဝင် နီနီပဲ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ရုံးရောက်တဲ့ ပထမနေ့မှာ နတ်ပြည်ကို အရှင်လတ်လတ်ရောက်သွားသလို နှလုံးတုန် ရင်တုန်နဲ့ ပြောသမျှစကားတွေ တစ်နေ့လုံးလွဲအောင် ပြောနေခဲ့သူကတော့ မျိုးမင်းဆိုတဲ့ အခုကားပေါ်မှာပါနေတဲ့ သတင်းထောက်လက်သစ်ပဲ ဖြစ်ပါတယ်။

အဲဒီတုန်းက လွဲတာတွေကို ကားစီးလာရင်း လေတဖြူးဖြူးကို အရသာခံပြီး မျိုးမင်း ပြန်တွေးမိပါသေးတယ်။ ပြီးတော့ သူ့ဟာသူရယ်၊ နောက်တော့ နီနီကိုကြည့်၊ သူ့ဟာသူ အကြည့်လွှဲပြီး ရှက်နေ၊ နီနီ့ကို ကြည့်တုန်းကတော့ နီနီမျက်နှာ သိပ်မကောင်းတာ သတိထားလိုက်မိသေးတယ်။ ဒါပေမယ့် မျိုးမင်း ကိုယ့်အတွေးနဲ့ကိုယ်…ဘာကိုမှ ထပ်ပြီး သတိထားမနေနိုင်တော့ဘူး။

အဲဒီတုန်းက ကိုမင်းဒင်က “မင်းမင်း မင်း ဘာလုပ်မှာလဲ“လို့ မေးတာကို မျိုးမင်းက မျက်စိထဲရော၊ စိတ်ထဲရော၊ ပါးစပ်ထဲပါ ချက်ချင်းရောက်သွားတဲ့ (ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် သူ့ကိုတွေ့ပြီးပြီးချင်း ကိုယ့်ဘာသာ ချက်ချင်းနာမည်ပေးလိုက်တာကိုး)“နီနီ့ကို လုပ်မယ်“လို့ ယောင်လည်းယောင်တတ်ပါဘဲနဲ့ ပါးစပ်က လွှတ်ကနဲထွက်သွားတော့ တစ်ရုံးလည်း ၀ိုင်းရယ်လိုက်ကြတာ ၀ါး ၀ါး ဆိုပြီး ထွက်လာတဲ့ အသံကြီးက မုန်တိုင်းကြီးတစ်လုံးစာလောက်ရှိခဲ့ပါတယ်။

အဲဒီမှာပဲ ရပ်မနေပါဘူးခင်ဗျာ…ကိုမင်းဒင်နဲ့ စကားပြောပြီး ခဏနေတော့ သတင်းထောက် ၀ဏ္ဏတို့အဖွဲ့နဲ့ အဖွဲ့ကျပြီး ပထမဆုံး မေးဖြစ်တဲ့ မေးခွန်းကတော့ သတင်းတွေလိုက်ရတာ အဆင်ပြေလားတို့၊ ကျွန်တော့်လည်း သွန်သင်ပေးကြဦးနော်တို့၊ တစ်ပတ် ဘယ်နှပုဒ်လောက် ရေးရလဲဗျ တို့မဟုတ်ပါဘူး။ နောက်ထပ် ၀ါးလုံးကွဲအောင် ရယ်သံတွေထွက်သွားတဲ့ ဒုတိယမြောက် မေးခွန်းအမှားကတော့…

“ဟို နီနီလေးက ဘယ်သူလဲဗျ“တဲ့

ဗျာ..၀ါး..ဟား..ဟား ဆိုပြီး ရယ်သံတွေ ထွက်ပြန်ပါတယ်။

ဟဲ ဟဲ ဆိုပြီး စပ်ဖြဲဖြဲမျက်နှာပေးနဲ့ မျိုးမင်းက “ရယ်ပါနဲ့ဗျာ၊ အဲဒီ နီနီ့ နာမည် ဘယ်လိုခေါ်သလဲ“ဆိုပြီး ထပ်လုပ်ပြန်ပါရော။

ကောင်းကင်ဂျာနယ်က မသိရင် တကယ်ရယ်ရတဲ့အငြိမ့်ခွေတွေ တစ်ခွေပြီးတစ်ခွေ လှိမ့်ရိုက်နေသလိုပါပဲ။ ရယ်သံတွေချည်း ဆက်တိုက်ထွက်နေပါ တယ်။ သတင်းထောက်တွေခမျာလည်း ဘယ်လောက်တောင် အရယ်ငတ်နေလဲ မသိပါဘူး၊ ရယ်လိုက်တာ ခွက်ထိုးခွက်လှန်။ နီနီဆိုတဲ့ ခပ်တောင့်တောင့်ကောင်မလေးကတော့ အသစ်ရောက်လာတဲ့ လူစိမ်းတစ်ယောက်ကိုရော..သူ့သူငယ်ချင်းတွေဖြစ်တဲ့ သတင်းထောက်တွေကိုတော့ ခပ်တည်တည်စိုက်ကြည့်ပြီး(ခုနကားပေါ်မှာ ကြည့်တဲ့အကြည့်မျိုးပါပဲ) ကိုမင်းဒင်ဆီ သွားတာကို တွေ့လိုက်ပါတယ်။

နီနီ့အကြောင်းတွေးရတာ ဘယ်အချိန်တွေးတွေး စိတ်ချမ်းသာရတယ်လို့တော့ မျိုးမင်းထင်မိတာပဲ။

ကားက ၃ နာရီလောက် မောင်းလာပြီးတဲ့အခါ စားသောက်ဆိုင်တစ်ဆိုင်မှာ နေ့လယ်စာ စားဖို့ရပ်လိုက်တယ်။ ခုနက လေတဖြူးဖြူးနဲ့ တစ်ချက်ငိုက်သွားတဲ့ မျိုးမင်းကို နီနီက “ဟိတ်..ဆင်းမယ်“ဆိုမှ ဟိုဘက်ဒီဘက် အပြေးအလွှားကြည့်ပြီး မျိုးမင်း ကားအောက်ဆင်းလိုက် တယ်။ နီနီကလည်း လိုက်ဆင်းတယ်။

မျိုးမင်းက ဂျင်းဘောင်းဘီ၊ တီရှပ်အနက်လက်ရှည်၊ ဂျင်းဂျက်ကတ်၊ ရှုးဖိနပ်နဲ့ဆိုတော့ သူ့အရပ်ကလန်ကလားနဲ့ ကြည့်ကောင်းပြီး ပေါ့ပေါ့ပါးပါးရှိနေတယ်။ နီနီကတော့ ကာကီရောင်စတိုင်ဘောင်းဘီနဲ့ ဘလောက်စ်အင်္ကျီနက်ပြာမှာ ဖြူနီစင်းကြောင်းလေးတွေနဲ့ ၀တ်ထားပြီး အပေါ်ကတော့ အနက်ရောင်ဂျက်ကတ်တစ်ထည် ၀တ်ထားတယ်။ ကားအောက်အဆင်းမှာ မျိုးမင်းက နီနီဆင်းရလွယ်အောင် လက်ကလေး ကူကမ်းကိုင်ထိန်းပေးလိုက်သေးတယ်။

စားသောက်ဆိုင်ဆီကို မျိုးမင်းက ရှေ့ကနေလျှောက်လာခဲ့ပြီး အနောက်ကို ၀င်တယ်၊ နီနီလည်း ၀င်သွားတာကိုတော့ တွေ့လိုက်တယ်။ နောက်တော့ မျိုးမင်းက ထမင်းတစ်ပွဲကို ၀က်သားဟင်းနဲ့ မှာစားတယ်။ နီနီလည်း ပြန်ရောက်လာပြီး မျိုးမင်းထိုင်တဲ့စားပွဲမှာထိုင်တယ်။

ရာသီဥတုက နည်းနည်းပူနေပြီ။ နီနီက နောက်ဘက်ကနေ ပြန်ထွက်အလာမှာ သူ့ဂျက်ကတ်ရဲ့ ကိုယ်ထည်ကို တင်ပါးဖုံးပြီး ဂျက်ဂတ်ရဲ့ လက်နှစ်ဖက်ကို ခါးမှာစည်းလာတာ မျိုးမင်းသတိထားမိလိုက်တယ်။ ထိုင်တော့လည်း အဲဒီအတိုင်းထိုင်တယ်။ နီနီက ပြောတယ်။ ခေါင်းလည်း မူးတယ်၊ ဗိုက်လည်းအောင့်တယ်၊ အန်ချင်သလိုပဲ၊ ဘာမှလည်း မစားချင်ဘူးလို့ပြောပြီး Coke တစ်ဗူးမှာသောက်တယ်။

မျိုးမင်းကတော့ နီနီ့ပုံစံတွေကို အကဲခတ်လိုက်ပြီး အင်း…မိန်းကလေးရဲ့ အခြေအနေတွေကြည့်ရတာ မိန်းကလေးတို့ တစ်လတစ်ခါဖြစ်တဲ့ သဘာဝဖြစ်မယ်လို့ သူ့ဟာသူ တွေးလိုက်တယ်။ ဒါကြောင့် နီနီက ဒီလိုလေးဖြစ်နေတာပေါ့လို့ သူက လူတတ်ကြီးလုပ်ပြီး တွေးလိုက်တာ ဖြစ်ပါတယ်။

မျိုးမင်းက နီနီ့ကို စိတ်ထဲကနေ ကြိတ်ပြီးသနားနေသေးတယ်။ တကယ်တော့ နီနီက မျိုးမင်းထက် ၃ နှစ်လောက်ကြီးတယ်။ သတင်းထောက် လုပ်လာတာလည်း ၅ နှစ်လောက်ရှိပြီ၊ တကယ်ဆို သူ့ရုပ်သူ့ရည် သူ့အရပ်နဲ့ဆို ၀ါသနာပါရင် မော်ဒယ်လ် ကောင်းကောင်းလုပ်လို့ရတာပေါ့။ ခုတော့ သတင်းထောက်အလုပ်ကိုပဲ စိတ်ဝင်စားလို့ သတင်းထောက်ပဲလုပ်နေတာ ၀ါက ရင့်နေပြီ။ ပြည်တွင်းကော ပြည်ပကော ခရီးတွေ၊ သင်တန်းတွေလည်း လေးငါးဆယ်ခါမကဘူး၊ သွားပြီးနေပြီ။ အခုခရီးစဉ်မှာလည်း နီနီက ဆရာ၊ မျိုးမင်းက အဖော်လိုလိုက်လာခဲ့ရတာ၊ တောထဲရောက်ဖူးချင်တာရော…သဘာ၀၀န်းကျင်အကြောင်းလက်တွေ့ကျကျသိချင်တာရောပေါင်းပြီး ကိုမင်းဒင်ဆီ ခွင့်တောင်းပြီး မျိုးမင်း လိုက်လာခဲ့တာဖြစ်တယ်။

တောထဲလိုက်ရတာမို့ ကားသာဖြစ်သလိုစီးလိုက်လာပေမယ့် စားတာသောက်တာကုန်ကျတာမှန်သမျှ ရုံးကစရိတ်ထုတ်ခဲ့ပြီးသား၊ ဒါကြောင့် စားသောက်ဆိုင်မှာ ဦးမောင်ကြည်တို့နဲ့ မထိုင်ဘဲ သူ့တို့ဘာသာနှစ်ယောက်သက်သက်ထိုင်ကြတာ၊ ခုနတောင် ဦးမောင်ကြည်က နီနီ့ဆီလာပြီး “ကားစီးရတာ အဆင်ပြေရဲ့လား၊ အဆင်မပြေကလည်း တောင်းပန်ပါကြောင်း၊ နဂိုက နီနီ့ကို ရှေ့ခန်းမှာ သူနဲ့အတူ လိုက်ဖို့ လျာထားခဲ့ပေမယ့် အလှူရှင်နိုင်ငံခြားသားက အရေးပေါ်ရောက်လာပြီး လိုက်ချင်တယ်ဆိုတာနဲ့ ခေါ်ခဲ့ရကြောင်း၊ တောင်းပန်ပါကြောင်း သုံးလေးခေါက် ထပ်ကာ ထပ်ကာ ပြောပြီး“ပြန်ထွက်သွားပါတယ်။

မျိုးမင်းမှာ နိုင်ငံခြားသားကို အလွန်ကျေးဇူးတင်ရပါတယ်။ နဂိုဇာတ်ညွှန်းအတိုင်းဆို မျိုးမင်းခမျာ မင်းသမီးထဘီထုပ်ဆွဲကိန်း၊ နီနီက ရှေ့ခန်းက ကြော့ကြော့လေး ဦးမောင်ကြည်ဆိုတဲ့လူကြီးနဲ့ စကားလေးတပြောပြော ရယ်သံလေးတနှောနှောနဲ့ သွားမယ့်ပုံ၊ သူကတော့ ကားနောက်ဘက် အထုပ်တွေပေါ်မှာ ဘုန်းမောင့်တစ်ကိုယ်တည်းရယ်နဲ့ လွမ်းရမယ့်ဇာတ်။ အော်စကာရလုလု တော်တော်ကြီးကို နာမယ့်ဇာတ်။ အော် ဘုရား၊ သိကြား၊ နတ်ကောင်းနတ်မြတ်များ အမှန်တကယ် စောင့်ရှောက်ကြပါကလားလို့ စိတ်ထဲအကျယ်ကြီးအော်ဟစ်လိုက်ရင်း မျိုးမင်း ပျော်ပျော်ကြီး တွေးနေမိတယ်။

“ဟိတ်..ဟိုမှာ ကားထွက်တော့မယ်၊ လာ..သွားမယ်“ဆိုပြီး နီနီက ပြောမှ မျိုးမင်းလည်း အတွေးပင်လယ်ထဲမှာ မေခလာအကယ်စောင့်နေချိန် ကနေထွက်ပြီး နီနီ့နောက်က လိုက်ရပါတယ်။ ကားပေါ်ရောက်တော့ နီနီကလည်း သူ့ဟာသူ ငြိမ်ငြိမ်လေးထိုင်၊ သူ့ဝေဒနာသူခံစား၊ မျိုးမင်းလည်း ကားအရှိန်နဲ့ လေတဖြူးဖြူးတိုက်တဲ့အရသာကို ခံလိုက်၊ သစ်ပင်ပေါက်လေးတွေ အညွန့်တလူလူတက်နေတာကို ကြည့်လိုက်၊ တွေးချင်ရာ တွေးလိုက်နဲ့ လိုက်ခဲ့ပါတော့တယ်။

နီနီက မျိုးမင်းကို ပုံမှန်အတိုင်းပဲ ဆက်ဆံပါတယ်။ မိန်းကလေးမို့ ဟန်ဆောင်ကောင်းတာလား၊ သူ့ခမျာ ဝေဒနာခံစားနေရလို့လား မသိပါ၊ ရွှင်ရွှင်ပြပြ မရှိတော့သလို ငြိမ်ငြိမ်သက်သက်ပဲ ရှိနေပါတယ်။ ပုံမှန်အတိုင်းမဟုတ်ဘဲ ဂနာမငြိမ်ဖြစ်နေတာက မျိုးမင်းပါ။ သူက နီနီ့ကြိုက်နေတာကိုး၊ ရောက်တာကလည်း တစ်လလောက်ပဲရှိသေးတော့ ပြောလည်းမပြောရဲ၊ ပြောရကောင်းမလား ဒီအတိုင်းပဲ သူတော်ယောင်ဆောင်ပြီးကြောင်နေရမလားဆိုတာလည်း မဝေခဲနိုင်။ တစ်ခါတလေတော့ လင်းတကြီးမှိုင်သလို ဘယ်လိုမှ ပေါ့ထရိတ်(ပုံတူပန်းချီ)ရေးလို့မကောင်းတဲ့ ရုပ်ကြီးလုပ်လုပ်နေလို့၊ ၀ဏ္ဏတို့၊ စည်သူတို့၊ ဥက္ကာတို့နောက်တာကို ခံရတာလည်း အကြိမ်ကြိမ်။ မပေါက်သေးတဲ့ နှစ်လုံး(ထီ)သမားလို့ တခွင်တည့်နိုး တခွင်တည့်နိုးစောင့်ရင်း လိုက်နေရတဲ့ ဘူနေတဲ့ရုပ်နဲ့ နည်းနည်းလေးမှ(အို ဘယ်လိုမှ)ကြည့်လို့ မကောင်းပါဘူး။

နောက်တော့ အနာဂတ်မြန်မာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ရုံး(ရိုးထဲက အခြေခိုက်စခန်း)ကိုရောက်မှ အထုပ်အပိုးတွေ ကိုယ်စီချပြီး ဦးမောင်ကြည်ပေးတဲ့ သစ်လုံးအိမ်လေးတွေဆီကို ရောက်လာကြတယ်။

သစ်လုံးအိမ်တစ်ထပ်တစ်အိမ်မှာ ရှေ့ဘက်က ကပြင်လေး(၀ရန်တာပုံလေး)မှာ ထိုင်ခုံတွေ ချထားတယ်။ အထဲမှာ အိပ်ခန်း ၃ ခန်းရှိတယ်။ နှစ်ယောက်အိပ်ခန်း တစ်ခန်း၊ တစ်ယောက်အိပ်ခန်း ၂ ခန်း၊ တစ်ယောက်အိပ်ခန်း တစ်ခန်းမှာ သစ်တောကျောင်းဆင်း ပညာရှင်တစ်ယောက် နေတယ်လို့ သိရတယ်။ ဒီတော့ နီနီက နှစ်ယောက်အိပ်ခန်းကို ယူလိုက်ပြီး မျိုးမင်းကတော့ အိမ်ကပြင်လေးနဲ့ အနီးဆုံးက တစ်ယောက်အိပ်ခန်းမှာ နေရယူလိုက်တယ်။

ဦးမောင်ကြည်ကတော့ သူ့အလှူရှင်ကို ဂရုစိုက်နေရပြီး ဟိုဘက်က သစ်လုံးအိမ်လေးမှာပဲ နေရာယူပုံရတယ်။ အိပ်ခန်းလေးက အိပ်ရာခင်းအဖြူရောင် ခင်းထားတဲ့ ကုတင်တစ်လုံး၊ စာကြည့်စားပွဲနဲ့ကုလားထိုင်၊ တစ်ယောက်စာဗီရိုအသေးတစ်လုံး ဒါပဲရှိတယ်။ ဒါနဲ့ပဲ အခန်းလေးက ပြည့်နေတယ်။ စာကြည့်စားပွဲမှာ စာကြည့်မီးတစ်လုံးပဲရှိတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မို့လား မသိဘူး၊ အခန်းထဲမှာ အဲဒီမီးလုံးတစ်လုံးပဲရှိတယ်။ အခန်းထဲ အိမ်သာမရှိဘူး။

နီနီ့အခန်းထဲမှာတော့ အိမ်သာကော၊ ရေချိုးခန်းပါ ရှိတယ်လို့သိရတယ်။ နောက်ဘက်ဝင်ကြည့်ရင်း အိမ်သာရှိမရှိကြည့်တော့ နီနီ့အခန်းကျော်ပြီးမှ အိမ်သာနဲ့ရေချိုးခန်းတွဲပြီးပါတဲ့ အခန်းတစ်ခန်းတွေ့တယ်။ နောက်တစ်ခန်းဖြစ်တဲ့ သစ်တောကအစ်ကိုအခန်းမှာလည်း အိမ်သာပါတယ်ဆိုတော့ မျိုးမင်းရတဲ့အခန်းက စာကြည့်ခန်း(စာဖတ်ခန်း)ကိုများ ကုတင်ထည့်ပြီးထားလိုက်တာလားလို့ တွေးမိသေးတယ်။

ခဏနေတော့ နီနီက မျိုးမင်းအခန်းလာကြည့်ပြီး “ဟိတ်..ဘာလုပ်နေလဲ“လို့ မေးတယ်။ ညနေ ၄ နာရီတောင် မထိုးသေးဘူး မိုးရိပ်ကြောင့် ပတ်ဝန်းကျင်က မှောင်ချင်နေပါပြီ၊ ကားစီးလာရတာ ပင်ပန်းပေမယ့် အိပ်ရာပေါ်လည်း ပစ်မလှဲချင်ပါဘူး။ အခန်းထဲတစ်ယောက်ထဲလည်း မနေချင်ပြန်ဘူး။ နီနီလည်း ဒါကြောင့်မို့ သူဘာလုပ်နေလဲ လာကြည့်တာထင်တယ်လို့ မျိုးမင်း တွေးလိုက်မိတယ်။

“ဘာမှမလုပ်ပါဘူး နီနီ၊ ကျွန်တော်လည်း ဘာလုပ်ရင် ကောင်းမလဲလို့ စဉ်းစားနေတာ“လို့ ပြန်ပြောလိုက်တယ်။

နီနီက မျိုးမင်းထက်ကြီး(အသက်)ပေမယ့် နီနီလို့ပဲ ရုံးမှာ အားလုံးခေါ်သလိုပဲ လိုက်ခေါ်လိုက်ပါတယ်။ သူကလည်း သူ့ကို အဲဒီလိုခေါ်တာကြိုက် တယ်လို့ တစ်ရုံးလုံးကိုပြောထားတာမို့ မျိုးမင်းကလည်း မနီတွေဘာတွေလုပ်မနေတော့ပါဘူး။

ခဏနေတော့ မိုးရိပ်ကြောင့် စောစောစီးစီးရိုးထဲ အေးစိမ့်နေတဲ့ညနေခင်းလေးမှာ နီနီနဲ့ မျိုးမင်းတို့နှစ်ယောက် နီနီယူလာတဲ့ ချက်(စစ်တုရင်)ကို ကပြင်လေးပေါ်မှာပဲ ကစားကြပါတယ်။ သုံးလေးပွဲ ကစားပြီးတော့ မျိုးမင်းခမျာ ကစားသာ ကစားနေရတယ် သိပ်စိတ်ပါလှတာ မဟုတ်ပါဘူး။

သူ့စိတ်ထဲမတော့ ဒီလို ဘောလုံးသမားအကြိုက်ရာသီဥတုမှာ နီနီ့လို တောင့်တောင့်ဖြောင့်ဖြောင့် ကောင်မလေးနဲ့ ချစ်ကစား(ချစ်ဘုရင်မ တင်မြှောက်လို့ ကျွန့်စာရင်း ကိုယ့်ဘာသာ ဇွတ်သွင်း)နေတာကို နီနီ့တစ်ယောက် သိကောသိရဲ့လားလို့ တွေးနေမိပါတယ်။

ဒါမှမဟုတ် ဟိုတစ်ယောက်ကလည်း ဒီယုန်မြင်လို့ ဒီချုံထွင်တာလားဆိုတာကိုတော့…… သူတို့နှစ်ဦးသာ အသိဆုံးဖြစ်မှာပါပဲ……။

အတွေးတိမ်တဲ့ လူပျိုကြီးခမျာ အဲဒီနား(ချက်ကစားပွဲ)ကနေ ဆက်မတွေးဝံ့တော့ဘဲ ကလနားသပ်ကာ ဇာတ်နားလိုက်ပါတော့တယ်။

ဖတ်သူတွေ ဇိမ်မကျခဲ့ရင်ဖြင့် ရှက်မူယာပိုနေသူကြီး မောင့်ကို လှိမ့်ပြီးသာ ကြိတ်ကြိတ်ဆဲကြပါကုန်။

ည ၁၀ နာရီခွဲ၊ အောက်တိုဘာ ၂၆၊ ၂၀၀၉။

ဒုတိယမြောက် စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်

လွန်ခဲ့တဲ့တစ်နှစ်လောက်က ရေးခဲ့တာ၊ ဒီနေ့ဇာတ်လမ်းတစ်ပုဒ်ရေးမလို့ဟာ ဘယ်လိုမှ ရေးလို့မရတာနဲ့ အဟောင်းလေးပြန်ရှာ တင်ထားလိုက်တာ။
———————————————————————————————

”ငါ..နေမကောင်းဘူး၊ မင်းကို သတိရတယ်” ဟု မောင်မောင် ဂျီတော့ခ်မက်ဆေ့ဂ်ျတင်ထားလိုက်သည်။

တခဏမှာပဲ ခင်သန့်စင်ဆီက စာတစ်ကြောင်း ပြန်ဝင်လာသည်။

”ဘာဖြစ်တာလဲ၊ လာကြည့်ရမလား၊ ဆေးမသောက်ဘူးလား”ဆိုပြီး မက်ဆေ့ဂ်ျတွေ တစ်ကြောင်းပြီးတစ်ကြောင်း အပြေးအလွှားတက်လာတော့ မောင်မောင့်မျက်နှာ ရွှင်သွားသည်၊ ခေါင်းကိုက်နေတာ တစ်ဝက်လောက် ချက်ချင်းသက်သာသွားသလို ခံစားလိုက်ရသည်။

နောက်မက်ဆေ့ဂ်ျတစ်ကြောင်းတက်လာတော့ သူရွှင်ရုံတင်မကတော့ဘူး၊ ဟက်ကနဲတစ်ချက်ရယ်မိတာကြောင့် ချိုသဲက ပြုံးပြီးလှမ်းကြည့်သည်။

ချိုသဲအကြည့်က ဒီကောင်တော့ ကြောင်နေတာပဲဆိုတဲ့အထာနဲ့၊ မရယ်ရဘူး လားဆရာတို့..ကျွန်တော့်ကောင်မလေး ရေးလိုက်တာကိုလည်း ခံစားနားလည်ပေးပါဦး။

”စင် လာမှ အနမ်းပေးမယ်၊ ချစ်တစ်ခါထဲ နေလို့ကောင်းသွားမယ်” တဲ့လေ။

*******************************

မောင်မောင့်မှာ ခုမှ တော်တော်ပေါ့ပေါ့ပါးပါးဖြစ်သွားသည်။ ခုနတုန်းကတော့ တော့်တော့်ကို ခေါင်းတွေကိုက်ခဲနေပြီး မလှုပ်ချင်မရှားချင်ပင်ဖြစ်မိ သည်။ ချစ်သူ့ရင်ခွင်ထဲ မှေးအိပ်လိုက်ရရင် ဘယ်လောက်ကောင်းမလဲဟုပင် တွေးမိခဲ့သည်။

ငယ်ငယ်တုန်းကတော့ တစ်ခုခုလိုချင်လျှင် စားချင်လျှင် မေမေ့ရင်ခွင်ထဲ ခေါင်းခွေ့ခဲ့သည်ချည်း၊ အခုတော့ အမေ့ရင်ခွင်နှင့် ဝေးနေတာပင်ကြာခဲ့ ပေါ့။ တစ်ခုခုလိုချင်လျှင် ပူဆာချင်လျှင် အမေ့ထက် ချစ်သူကို အရင်သတိရနေမိတတ်သည်။

မောင်မောင့်အလုပ်က စောင်ရေများသောပုဂ္ဂလိကသတင်းဂျာနယ်တစ်စောင်မှ အကြီးတန်းသတင်းထောက်တစ်ယောက်ဖြစ်သည်။ နေ့စဉ်ဖြစ်ပျက် နေသောသတင်းများကို ထောက်လှမ်းရေးသားတင်ပြနေရသူဖြစ်သည်။

ငယ်ငယ်ကတည်းက စုံထောက်အလုပ်၊ စာရေးရသောအလုပ်များကို စိတ်ဝင်စားပြီးဝါသနာပါခဲ့သော မောင်မောင့်အတွက် ဒီသတင်းထောက်အလုပ် က သိပ်စိတ်ဝင်စားဖို့ကောင်းခဲ့သည်။ အယ်ဒီတာများကလည်း ငယ်ရွယ်ပြီးတော်သူများဖြစ်သဖြင့် မောင်မောင်တို့ဂျာနယ်အဖွဲ့သားများမှာ ပျော်ပျော်ပါးပါးဖြင့် လုင်ကြကိုင်ကြနှင့် ပျော်ရွှင်စရာပတ်ဝန်းကျင်လေးဖြစ်နေတော့သည်။

ဒါပေမယ့် အယ်ဒီတာတွေက မောင်မောင်တို့ကို ရုံးချိန်အတွင်း ချက်တင်မလုပ်ပါနဲ့၊ သတင်းကိစ္စနဲ့ဆိုင်တာကိုပဲလုပ်ပါဟု စည်းကမ်းထုတ်ထားသ ဖြင့် သတင်းနောက်ခံအတွက် အချက်အလက်ရှာမလို့ပါဟုပြောရင်း အလစ်မှာ ဂျီတော့ခ်ကို ခဏ၀င်လိုက်ခြင်းဖြစ်သည်။ ချစ်သူရှိနေတာကို တွေ့တော့ခုနလို မက်ဆေ့ဂ်ျတင်လိုက်ရာ ချစ်သူ ပျာပျာသလဲ ဖြစ်သွားခြင်းဖြစ်သည်။

***********************************

မောင်မောင့်ချစ်သူ ခင်သန့်စင်က ဆော့ဖ်ဝဲများကို လုပ်ငန်းလိုအပ်ချက်နှင့်အညီရေးသားပေးသော ကုမ္ပဏီတစ်ခုတွင် ဈေးကွက်ရှာဖွေရေးအရာရှိ ဖြစ်သည်။ မောင့်ထက်လပိုင်းသာ အသက်ကြီးသော်လည်း သုံးလေးနှစ်ကြီးသူလို စိတ်ပူတတ်၊ အစိုးရိမ်ကြီးတတ်ပြီး အစ်မတစ်ယောက်လို မောင့်မေမေလို မောင့်ကို အလွန်ချစ်သူဖြစ်သည်။

သူတို့ကုမ္ပဏီတွင် အလုပ်များများရှာပေးနိုင်သူဖြစ်သည့်အားလျော်စွာ ကုမ္ပဏီလူကြီးများ၏ မျက်နှာသာပေးခံရသူလည်းဖြစ်သည်။ စင်စင်တို့ကုမ္ပဏီ က ၀က်ဘ်ဆိုက်ဒီဇိုင်းများကိုလည်း ရေးသားပေးသောဝန်ဆောင်မှုလည်း ပေးသေးသည်ဟုသိရသည်။

”အပြင်ထွက်ဦးမလို့လား၊ မထွက်နဲ့တော့…နားနေလိုက်၊ ညနေကျရင် စင်လာခဲ့မယ်” ဟု ချစ်သူက မက်ဆေ့ဂ်ျပို့ပြန်သည်။

”ညနေမှ တွေ့မယ်” ဟု မောင်က စာပြန်ရိုက်လိုက်ပြီး အကောင့်ဆိုင်းအောက်(ပြန်ထွက်)လိုက်သည်။ ဒါတောင် အယ်ဒီတာအစ်မကြီးက လှမ်းကြည့်နေပြီး မျက်စောင်းထိုးနေသေးသည်။

”အော်…ဒါကြောင့် ဒီဘွားဒေါ်..ရည်စားမရဘဲ အပျိုကြီးဖြစ်နေတာ..” ဟု မောင့်စိတ်ထဲ ကြိတ်တွေးကာ ရယ်ပြလိုက်သည်။

နောက်မှတစ်ခါ google news သို့ဝင်ပြီး myanmar ဟု ရိုက်ကာ မြန်မာသတင်းဘာတွေများထူးသလဲ ၀င်ကြည့်လိုက်သည်။

ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး ဘင်္ဂလားဒေ့ရှ်သွားသည့်အကြောင်း၊ ဂုဏ်ပြုညစားစားပွဲ တက်ရောက်သည့်အကြောင်း၊ ဒါကာ-မြန်မာ-တရုတ် လမ်းဖောက်ရန်ဆွေးနွေးကြသည့်အကြောင်းတွေ အကြမ်းဖျင်းဖတ်ကြည့်လိုက်သည်။

ကုန်သည်/စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ပါသွားကြောင်းပါသိလိုက်သဖြင့် တစ်ရက်နှစ်ရက်ကြာလျှင် ကုန်သည်/စက်မှုအသင်းချုပ်ဘက်သွားဦးမည်ဟု ခေါင်းထဲ ထည့်ထားလိုက်သည်။

မောင်ကြိုက်သည့် ၀က်ဘ်ဆိုက်နှစ်ခုကို တစ်ချက်စီ ခပ်သွက်သွက်ကြည့်လိုက်သေးသည်၊ ကိုကြာကြီးက ဘေးရောက်လာပြီး သူလည်း အင်တာနက်ခဏကြည့်ချင်ကြောင်းပြောသဖြင့် ခဏလေးဟုပြောပြီး လက်စသတ်ကာ ထပေးလိုက်သည်။

ကိုကြာကြီးမှာ မောင်တို့က နာမည်ပြောင်ခေါ်ခြင်းဖြစ်ပြီး နာမည်ရင်းမှာ ကိုခင်မောင်တင့်ဖြစ်သည်။ မောင်တို့ သူငယ်ချင်းတစ်သိုက် တက်ကြွ ပျော်ရွှင်ဖွယ်ကောင်းသောလုပ်ငန်းတစ်ခု စိတ်တူကိုယ်တူဆောင်ရွက်ကြစဉ်က သူက အချိန်အကြာဆုံးဖြစ်သောကြောင့် မောင်တို့
အားလုံးက လေးစားဂုဏ်ပြုကာ ကိုကြာကြီးဟု ခေါ်ခဲ့ကြခြင်းဖြစ်သည်။

ပထမပိုင်းက သူ့မှာ စိတ်ဆိုးရခက် လိုက်ရယ်ရခက်(အိမ်သာသွားချင်သောမျက်နှာပေးကြီးဖြင့် မဲ့ပြုံးပြုံးကာ)ဖြင့်ရှိနေခဲ့ပြီး ယင်းနာမည်ကို သိပ်လက်မခံချင်ခဲ့သော်လည်း နောက်ပိုင်းတွင် သူ့ကိုယ်သူ ယုံကြည်ချက်ပြည့်ဝလာ၍လော၊ သက်သောင့်သက်သာဖြစ်လာ၍လော မပြောတတ် အဆင်ပြေသွားခဲ့သည်။

ယခုတော့ တစ်ရုံးလုံးတွင် ကိုခင်မောင်တင့်ဟု ခေါ်သူမှာ စာရင်းကိုင်မချောတစ်ယောက်သာရှိတော့သည်။ ယောက်ျား၊ မိန်းကလေး အကုန်လုံးက သူတို့လည်း ရာဇ၀င် သေချာသိပါဘဲလျှက် ကိုကြာကြီးလုပ်နေကြတော့သည်။

သူတို့လိုက်ခေါ်စမှာတော့ မောင်တို့က အသံထွက်မိသည့်အထိ လိုက်လိုက်ရယ်မိကြသည်။ အခုတော့လည်း မောင်တို့ကိုယ်တိုင်ပင် ထူးထူးခြားခြား တစ်ခါတရံမှလွဲလျှင် အမှတ်မရကြတော့။

**************************

ကွန်ပျူတာစားပွဲမှထ၍ မောင့်နေရာ ကိုယ်ပြန်လာပြီး စားပွဲပေါ်က ဂျာနယ်တစ်စောင်ကို မောင်လှန်လှောကြည့်မိသည်။

”ဟာ..” ဟု နှုတ်က လွှတ်ကနဲ အသံထွက်သွားသည်။ မောင်မေးမြန်းစုံစမ်းထားသော သတင်းတစ်ပုဒ်က ဒီနေ့ထွက်ယင်းသတင်းဂျာနယ်တွင် ပါသွားခဲ့သည်။

မောင်က အချက်အလက်များပြည့်စုံစေရန် နှစ်ရက်ခန့်အချိန်ယူလိုက်စဉ်တွင် ဂျာနယ်စိစစ်ရေးတင်ရာ၌ နောက်ဆက်တွဲထည့်ရန် အချိန်မမီတော့ဘဲ နောက်တစ်ပတ်အတွက်ထားလိုက်ခဲ့ရသော သတင်းတစ်ပုဒ်ဖြစ်သည်။

ဒီလို တစ်ခါတစ်ခါဖြစ်တတ်သည်၊ အတော်လေး ခံစားရသည်၊ ခေါင်းတောင်ပြန်ကိုက်လာသည်။ ဆက်လှန်ကြည့်မိသည်၊ စိတ်တောင် မပါတော့၊ တခြားသတင်းတစ်ပုဒ်ကတော့ မောင်ပြီးခဲ့သည့်အပတ်က ရေးပြီးပါပြီးသား သတင်းတစ်ပုဒ်၊ သူတို့က ဒီတစ်ပတ်မှ ထည့်ထားသည်။

တင်ပြပုံရှုထောင့် နည်းနည်းကွဲသည်မှလွဲ၍ သတင်းက တော်တော်များများတူနေသည်။ မောင်ရေးသည့်သတင်းက ပိုပြည့်စုံသည်ဟုတော့ ကိုယ့်ဘာသာကိုယ် ကြိတ်အမှတ်ပေးလိုက်သည်။

မနက်က ဦးတင်ကိုကြီးနှင့် မေးလာတာတွေကို အမှတ်ရပြီး မှတ်စုစာအုပ်ကို ပြန်ထုတ်လိုက်သည်။ ဦးတင်ကိုကြီးက ခရီးသွားလုပ်ငန်းတစ်ခုက မန်နေဂျာဖြစ်သည်။ မောင့်ကို ချာတိတ်တစ်ယောက်လို၊ တူတစ်ယောက်ကို ခင်မင်နေသူ ဖြစ်သည်။

ယခုတလော ခရီးသွားလုပ်ငန်းအကြောင်း သတင်းကော၊ သတင်းဆောင်းပါးတွေပါ ရေးဖြစ်နေရာ ဦးတင်ကြီးထံ မကြာခဏဆိုသလို ရောက်ဖြစ် နေသည်။ မောင်က ရင်းနှီးလာသောကြောင့် ဦးတင်ကိုကြီးကို ဦးတင်ကြီးဟု ခေါ်တတ်လာခဲ့ရာ ဦးတင်ကြီးက ”ဟာကွာ…မင်းက ငါ့နာမည်ဖျက် တယ်။ ငါက ပိန်ပိန်ရှည်ရှည်ပြားပြားပါကွာ၊ မင်းက တင်ကြီးခေါ်လို့ဘယ်ဖြစ်ပါ့မလဲ” ဟု အတည်နှင့်ပြန်နောက်တတ် သည်။

*************************

တစ်ခါတလေ မောင်တို့သတင်းထောက်တွေ နှစ်ယောက်ပေါင်းပြီး ဆောင်းပါးတစ်ပုဒ်ရေးထုတ်ကြသည်။ အခုလည်း ကြည်ကြည်နွယ်နှင့် နှစ်ယောက်ပေါင်းပြီး ခရီးသွားလုပ်ငန်းအကြောင်းဆောင်းပါးရေးကြရန်ဖြစ်သည်။

ကြည်ကြည်နွယ်နှင့် မောင်က အလုပ်တစ်ရက်တည်းဝင်သူတွေဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက်လည်း ရင်းနှီးကြပြီး ပြောမနာဆိုမနာတွေ ဖြစ်သည်။ ကြည်ကြည်မာက မိန်းကလေးပင်မင့် ယောက်ျားလေးတစ်ယောက်လို ရဲရင့်ပွင့်လင်းသည်။

တစ်ခါက အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဆောင်းပါးတစ်ပုဒ်ရေးရန် သက်ဆိုင်ရာသတင်းရင်းမြစ်များဆီ သွားပြီးနောက် ဂျာနယ်တိုက်သို့ ပြန်လာပြီး သူက ကွန်ဒုံးတွေ လာဝေနေသေးသည်။

အိုခေ…ကိုယ့်မှာ လုံလောက်သောအချက်အလက်တွေ ပြည့်နေပြီ၊ ကြည်နွယ်နှင့်ပေါင်းသော်(ဆောင်းပါးညှိနှိုင်းတိုင်ပင်ရေးမည်ကို ဆိုလိုပါသည်) ဆောင်းပါးကောင်းတစ်ပုဒ်ဖြစ်ပြီ။ ကြည်နွယ့်မှာက လက်ရှိသည်၊ လက်ရှိသည်ဆိုတာက စာရေးကောင်းသည်၊ သတင်းဆောင်ပါးအရေးကောင်း သည်ဟု ဆိုလိုခြင်းဖြစ်သည်။

မောင်တို့ သတင်းထောက်ဆိုတာက သတင်းရေးရေး၊ သတင်းဆောင်းပါးရေးရေး ကိုယ့်ထင်မြင်ချက်တွေ ထည့်ရေးလို့မရ၊ သတင်းရင်းမြစ်ကို မေးချင်မေး၊ နောက်ခံအချက်အလက်ရှာဖြည့်ချင်ဖြည့်၊ ကိုယ်တွေ့မျက်မြင်ကို ထည့်ချင်ထည့် ရသည်။

လုပ်ကြံမှုတွေ ၊ ဖြစ်ချင်တာတွေ ထည့်ရေးလို့ မရ၊ ၀တ္ထုလိုစိတ်ကူးယဉ်ပြီး ရေးဖွဲ့လို့မရ၊ အရှိအရှိအတိုင်း အဖြစ်အပျက်ကို အဖြစ်အပျက်တိုင်း ရေးရသည်၊ ဟိုဘက် ဒီဘက် ဘယ်ဘက်ကမှ မလိုက်ရ၊ ကြားနေရာက နေရသည်။

ဒါပေမယ့် သတင်းအချက်အလက်တွေကိုချည်း စွတ်ပေးပြန်လည်း ဖတ်သူက ညည်းငွေ့မည်၊ ကြော်ငြာစာသားတွေသက်သက်ဖတ်နေရသလို၊ နားလည်ရခက်သော ပညာရပ်ဆိုင်ရာ စာတမ်းဖတ်နေရသလိုဖြစ်မည်။

ထို့ကြောင့် နည်းနည်းတော့ ပညာထည့်ရသည်၊ ဆောင်းပါးအစကို အနက်ဒုတ်(anecdote)ဟုခေါ်သည့် ဇာတ်ဆောင်ပါ တကယ့်ဖြစ်ရပ်ဇာတ် လမ်းလေးဖြင့် စလို့ရသည်၊ တစ်ခါတစ်ခါ မျက်တောင်အဖွင့်အပိတ်(”……..”)ထဲထည့်ထားသော အားကောင်းသောစကားပြောဖြင့် စလိုက်သည်။

သပ်ရပ်လှပသော လက်ကမချချင်လောက်အောင် စွဲမက်ဖွယ်ကောင်းသည့် သတင်းဆောင်းပါးကောင်းတစ်ပုဒ်ရေးနိုင်ဖို့ဆိုတာမျိုးကလည်း အခုမှစရေးသူဆိုလျှင်မရ၊ ဘယ်လိုမှမရ။ ဆောင်းပါးပေါင်းအပုဒ်ရေများစွာ ရေးလာခဲ့ပြီးမှ ကျွမ်းကျင်လာတာမျိုးဖြစ်သည်။

နဂိုကတည်းက စာရေးကောင်းသော ကြည်နွယ်မှာ ဆောင်းပါးရေးကောင်းသူအဖြစ် မောင်တို့ဂျာနယ်တွင် နေရာရခဲ့သည်။ မောင်နှင့်လည်း ဆောင်းပါးဆယ်ကြိမ်မက တွဲရေးခဲ့ဖူးပြီ။

***************************

ကြည်မာက ဒီနေ့တွံတေးအထိ သတင်းလိုက်သွားမည်ဟုပြောသွားတော့ ညနေရုံးပြန်ဝင်မည့်ပုံမရှိတော့၊ မနက်ဖြန်စောစောလာပြီး ရေးကြရန် ညှိပြီးဖြစ်သည်။ မောင် နာရီကို ကြည့်တော့ ၆ နာရီတောင် ထိုးတော့မည်။ ချစ်သူ ရောက်လာတော့မည်ဟု တွေးလိုက်သည်။

ရုံးမှာတောင် အယ်ဒီတာအစ်ကိုကြီး ကိုမော်ကြီးနှင့် ဘာသာပြန်အစ်ကိုကြီး ကိုချစ်စိုးတို့ နှစ်ယောက်သာ ကျန်တော့သည်။

”မောင်..မင်း ကောင်မလေးဆီ မသွားဘူးလား” ဟု ကိုချစ်က မေးနေသည်။

”သိပ် နေမကောင်းလို့ အစ်ကိုရ၊ ခေါင်းတွေကိုက်ပြီး အာရုံသိပ်စိုက်လို့မရဘူး၊ ဆေးလိပ်တွေသောက်တာ များသွားလို့ထင်တယ်” ဟု မောင် က တရစပ်ပြောရင်း ရှင်းပြလိုက်သည်။

”မင်းက တယ်နုတဲ့ကောင်ကိုးကွ၊ သတင်းထောက် လုပ်နေပြီးမှကွာ နုမနေစမ်းပါနဲ့” ဟု ကိုချစ်က နှိပ်တော့သည်။

ကိုချစ်က ဘာသာပြန်အလွန်ကောင်းသည်၊ သူရေး(ပြန်ဆို)သည်များကို စောင့်ဖတ်သော ပရိသတ်က သီးသန့်ရှိသည်။ အင်္ဂလိပ်ကော မြန်မာပါ နှစ်ဘာသာလုံး ကျွမ်းကျင်နိုင်နင်းသည်။

မောင်တို့ နားမလည်သည့် အင်္ဂလိပ်စာလုံးများကို ကိုချစ်ကိုမေးလျှင် ချက်ချင်းဖြေပေးသည်။ စိတ်မြန်သူပီပီ ဖြေပြီးနောက် ချက်ချင်းပင် ”မင်းတို့ကလည်းကွာ အဘိဓာန်လေးဘာလေးလည်း လှန်ပါဦးကွ၊ အပျင်းထူလိုက်တာ” ဆက်ပြောတတ်သည်။ ဒါပေမယ့် အဖြေကိုလည်း အမြဲတမ်းအရင် ပေးနေကျဖြစ်သောကြောင့် မောင်တို့က ”ဟုတ်ကဲ့ ဟုတ်ကဲ့” လိုက်ရင်း တစ်ကြိမ်မေးခြင်းအမှုကို အပြီးသတ်လိုက်ကြသည်။

************************

မောင် ရုံးအောက်ဆင်းလာတော့ ဆေးလိပ်က သောက်ချင်လာပြန်သည်။ ဆေးလိပ်သောက်သောကြောင့် ခေါင်းတွေကိုက်ပြီး အကြောအချင်တွေ နာသလို ကိုက်သလိုဖြစ်နေသောကြောင့် မသောက်တော့ဘူးကွာ ဟု စိတ်တင်းလိုက်သည်။ ပါးစပ်ထဲတစ်မျိုးဖြစ်နေသည်နှင့် ကော်ဖီတစ်ခွက် ၀ယ်သောက်လိုက်သည်။

မောင်တို့ရုံးအောက်တွင်ပင် တစ်ခွက်ကို ၂၀၀ ကျပ် နှင့်ရောင်းချပေးသော ကော်ဖီဆိုင်ရှိသည်။ ဖော့ခွက်ကလေးဖြင့်ထည့်ပေးသည်။ ရေနွေးပူပူဖြင့် ချိုချိုခါးခါး(ကိုယ်နှစ်သက်သလို)သောက်နိုင်သဖြင့် မောင်တစ်ခါတစ်လေ သောက်ဖြစ်သည်။

မောင်တို့က တစ်နေ့တစ်ခါ လေကန်ရသည်ကို စိတ်ဝင်စားသူများဖြစ်သဖြင့် အများအားဖြင့်တော့ လက်ဖက်ရည်ဆိုင်ပဲ ထိုင်ဖြစ်ကြတာများသည်။

အခုတော့ ကော်ဖီပူပူကို မှုတ်သောက်ရင်း ချစ်သူကို စောင့်နေမိသည်။ နဖူးပေါ်ဆံစအစပ်များနှင့် အပေါ်နှုတ်ခမ်းထက်တွင် ချွေးစို့လာသည်။ နောက်တော့ ခန္ဓာကိုယ်တွင်ပါ ချွေးစို့လာသည်။ လူလည်း နေသာထိုင်သာရှိလာပြန်သည်။

ချစ်သူ မလာသေးပါလား၊ ကားများ ပြတ်နေလို့လား (စင်စင်စီးသော လမ်းကြောတွင် တစ်ခါတရံ ညနေပိုင်းလိုင်းကား နည်းသွားတတ်သည်)ဟု တွေးမိသည်။ ကမ္ဘာအေးဘုရားလမ်းပေါ်တွင်ရှိသော စင်စင်တို့ရုံးမှဆိုလျင် မောင့်ဂျာနယ်တိုက်သို့လာမည်ဆိုလျှင် ယခုကဲ့သို့ ညနေပိုင်းအချိန်များ တွင် နာရီဝက်ထက်ပိုကြာလေ့မရှိ။

ညနေပိုင်းရုံးဆင်းချိန်ဆိုလျှင် လိုင်းကားတွေက မြို့ထဲမှ မြို့ပြင်ဘက်သို့သာ ကားကြပ်သည်မဟုတ်လား၊ မောင့်ဆီလာသည့် ချစ်သူက မြို့ထဲဘက် လာရမည်ဖြစ်သဖြင့် ကားလမ်းချောသည်၊ ကားချောင်သည်။

***************************

၆ နာရီခွဲကျတော့ မြို့လယ်မှာရှိသော မောင့်ဆီ ချစ်သူ စင်စင်ရောက်လာသည်။ အချစ်ကိုတွေ့တော့ အားရှိသွားသည်။ ၆ နာရီခွဲကနေ ၇ နာရီခွဲ အထိ တစ်နာရီနီးပါး မောင်တို့အချိန်ရမည်။

ပန်းဆိုးတန်းမှတ်တိုင်မှ စင်စင့်အိမ်ဖြစ်သော ပုဇွန်တောင် ရေကျော်ရပ်သို့ စကားပြောရင်း လမ်းလျှောက်ကြမည်ဆိုလျှင် နာရီဝက်ခန့် အချိန်ပေးရ မည်၊ တစ်ခါတစ်ခါတော့ မောင်က ချစ်သူအိမ်နားအထိ လိုက်ပို့တတ်သည်။

”ဘာဖြစ်တာလဲ ချစ်၊ ..စိတ်ပူလိုက်ရတာ” မောင့်နား အပြေးအလွှားပြေးကပ်ရင်းပြော၊ လက်ကလည်း နဖူးဆီတိုးကပ်စမ်း၊ အို..သွက်လိုက်သည့် လက်နှင့်ပါးစပ်၊ လူပျို့လက်ဟုဆိုသည့် မောင့်လက်တောင် ဒီလိုလူမြင်ကွင်းလမ်းမလယ်တွင် စင်စင့်လက်လောက် သွက်သွက်လက်လက်ထွက် သွားလိမ့်မည် မဟုတ်၊ အချစ်အင်ဂျင်ကြောင့်များ စင်စင့်လက် ဒီလောက်သွက်တာများလားဟု မောင်တွေးပြီး ကျေနပ်မိသည်။ ဒါကြောင့်လည်း မောင့်မှာ စင်စင့်ကို ချစ်လိုက်ရသည့်ဖြစ်ခြင်း။

မောင့်နဖူးကို စမ်းတော့ တစ်လက်မခွဲဒေါက်မြင့်ဖိနပ် စီးထားသော စင်စင်က ခြေဖျားထောက်ရသေးသည်။ ယောက်ျားလေးနှင့် မိန်းကလေးက ခေါင်းတစ်လုံးကွာမှ ကြည့်ကောင်းတာကွဟု မောင်လူပျိုပေါက်က ဖေဖေပြောဖူးတာကို အမှတ်ရသည်။

အဲသည်တုန်းကတော့ မောင်က ”ဟာ.. ဖေဖေကလည်း ဆိုက်တူ ဂိုက်တူကမှ ပိုကောင်းတာပေါ့၊ မဟုတ်ဘူးလား၊ တော်ကြာ ကောင်မလေးကို နမ်းရင် ခေါင်းကြီးငုံ့၊ ခါးကြီးကိုင်းပြီး နမ်းနေရမှာပေါ့” ဟု အထွန့်တက်ခဲ့မိဖူးသည်။ တတ်လို့နပ်လို့တော့မဟုတ်၊ အချစ်ဝတ္ထုတွေဖတ်ကာစဖြစ် သဖြင့် ခပ်တည်တည်လူကြီးကို ပြန်ရွှီးခဲ့ခြင်းဖြစ်သည်။

ဖေဖေက မင်းမသိသေးပါဘူးသားရယ် ဟု ပြောပြီး ရယ်နေသည်။ ဖေဖေသည် မေမေ့ထက်ခေါင်းတစ်လုံးပိုမြင့်လေသည်။ ထိုစဉ်က မေမေကို လှမ်းကြည့်ဖြစ်တော့ မေမေက ရယ်လေသည်။ ပြီးတော့ ”ကိုကြီး..ကလေးကို ဘာတွေ လျှောက်ပြောနေတာလဲ၊ ဟိုကောင်လေးကလည်း ဖေဖေ့ကို ဘာတွေပြောနေတာလဲ” ဆိုပြီး တည်လည်းတည်ပြီလည်းပြီနေသည့်မျက်နှာနှင့် မောင်တို့သားအဖကို မေမေပြောဖူးတာ အမှတ်ရ လိုက်သည်။

ဟုတ်သည်၊ စင်စင်နှင့်မောင်ကလည်း ခေါင်းတစ်လုံးနီးပါးကွာသည်။ မောင်က ဖေ့ဖေ့နီးပါးအရပ်မြင့်လာပြီး စင်စင်ကလည်း မေမေ့ထက် အရပ်ပိုမြင့်ပုံရသည်။ မောင့်စိတ်ထဲတော့ မောင့်အချစ်မှာ နာမည်ကျော်မင်းသမီးများဖြစ်သော သဉ္ဇာဝင့်ကျော်တို့၊ သက်မွန်မြင့်တို့ထက်တောင် လှသည်ဟု ခံစားရသည်။

မင်းသမီးများ မောင်မောင့်စကားကြောင့် စိတ်ညစ်ပြီး ရေကူးကန်ထဲခုန်ဆင်းလည်း မတတ်နိုင်ပြီ၊ ရေကူးကန်တွင် စောင့်ကြည့်နေသော ဆရာရေတွေ.. မင်းသမီးတွေကိုတော့ စောင့်ရှောက်ပေးလိုက်ပါဗျာဟုသာ ပြောနိုင်ပါတော့မည်။

***********************

”ကော်ဖီသောက်မလား..ချစ်” ဟု ချစ်သူလေးက မေးသည်။

”ဟင့်အင်း..ခုနပဲ ကော်ဖီတစ်ခွက်သောက်လိုက်တယ်၊ ချွေးနည်းနည်းတောင်ထွက်ပြီး နေသာထိုင်သာရှိသွားတယ်ကွ”

မောင့်ထက်လပိုင်းအသက်ကြီးသော ချစ်သူကို မောင်က အစ်မတစ်ယောက်လိုလည်းချစ်ပြီး စကားပြောရာတွင်လည်း မောင်နှမလိုပင် ရင်းရင်းနှီးနှီး စီးစီးပိုင်ပိုင်ပြောပါသည်။

”ကိုယ့်ချစ်သူလေးက” ဟုလည်းကောင်း၊ ”စင်စင်ကလည်းကွာ” ဟုလည်းကောင်း၊ ”မင်းက ဘာလဲကွ” ဟု လည်းကောင်း နာမ်စားသုံးကာ ပြော ဆိုတတ်သည်။ မောင့်စကားအသုံးအနှုန်းအပြောင်းအလဲကပင် မောင့်စိတ်ကို ဖွင့်ဆိုပြခြင်းဖြစ်ရာ မောင်နှင့်ပတ်သက်လျှင် ပါးနပ်လိမ္မာလွန်းသော စင်စင်က မောင့်စိတ်ပုံမှန်ဖြစ်သွားအောင် အလွယ်တကူပင် ပြုပြင်စီရင်နိုင်လေသည်။ မောင့်နဂိုစိတ်ခံကလည်း ဖြူစင်ရိုးဖြောင့်သည်ကို စင်စင်သိပြီး ဖြစ်ပါလိမ့်မည်။

မောင်မောင့်နာမည်အရင်းကိုက မောင်မောင်ဖြစ်သည့်အတွက် မောင်မောင်ကော၊ မောင်ကောမခေါ်ချင်ဟု ဆိုကာ ”ချစ်” ဟု သီးသန့်ဖြစ်အောင် ခင်သန့်စင်ဆိုသော ချစ်သူလေးက ခေါ်ဆိုလာသောအခါ မိန်းမဆန်သည်ဆိုပြီး သိပ်မနှစ်သက်ပါသော်လည်း ထပ်မံပြဆိုလာသော အကြောင်းပြ ချက်ကြောင့် အောင့်သက်သက်နှင့်လက်ခံခဲ့ရပြီး အခုတော့လည်း နားအရသာတွေ့လျက်ရှိတော့သည်။

”အို..ချစ်တို့ရုံးက ချစ်ရဲ့သူငယ်ချင်းမတွေက မောင်မောင်တို့၊ မောင်တို့ခေါ်ကြမှာပဲလေ၊ ကိုယ်ကပါ အဲဒီလိုခေါ်တော့ ဘယ်ကွဲပြားတော့မှာလဲ၊ ချစ်လို့ပဲ ခေါ်မယ်၊ အဲဒါကောင်းတယ်” ဟု သူ့ဟာသူ အဆိုတင်သွင်း၊ သူ့ဟာသူ အကြောင်းပြချက်ပေး၊ သူ့ဟာသူထောက်ခံကာ အတည်ပြုလိုက် ပြီး ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။

ဟုတ်လည်း ဟုတ်သည်။ မောင့်နာမည်ကြောင့် မောင့်မှာသွားလေရာ လူချစ်လူခင်များပြီး စနောက်ခြင်းကိုလည်း ခံရသည်၊ အစ်မကြီးအစ်မငယ် မိန်းကလေးများကြားတွင်လည်း မောင်..မောင်..မောင်..နှင့် အမြဲခေါ်ခဲ့ကြသည်။

ရုံးမှ သူဇာမ(နာမည်ရင်းမှာ သူဇာမြင့်ဖြစ်သည်)ဆိုလျှင် အပြင်သို့ သူနှင့်အတူတွဲသွားသောအခါများတွင် လူထူသည်နှင့် မောင်မောင် မောင်မောင်နှင့် တမောင်မောင်ထဲ ပြောစရာအကြောင်း မရှိပါဘဲနှင့် ခေါ်နေတတ်သည်။ သူက နောက်ပြောင်ခေါ်ဆိုခြင်းဖြစ်သော်လည်း တချို့က ကောင်မလေးနှယ် ကဲရန်ကောဆိုသည့် အနေနှင့် သူဇာမကို မျက်စောင်းထိုးသွားတတ်သည်။ သူက မရှက်တတ်ဘဲ အဲဒါကိုပဲ ဂုဏ်ယူသည်လား မပြောတတ်၊ တစ်ခါတလေရုံးမှာ အချင်းချင်းစကားထိုင်ပြောနေသည့်အခါတွင်ပင် မောင်..မောင်..နှင့် လာလုပ်နေတတ်သည်။

***********************

ချစ်သူကိုတော့ စင်စင်ဟုခေါ်ခြင်းမှာ ငယ်စဉ်ကတည်းက ထိုနာမည်ကို ရင်းနှီးနှစ်သက်နေသောကြောင့်ဖြစ်သည်။ စင်စင်မှာ မောင်တို့လမ်းထိပ်က ဖက်ရှင်ဆိုင်နာမည်ဖြစ်သည်။ ဆိုင်နာမည်ကို စာလုံးကြီးများနှင့်ရေးထားသည်။ မောင်က ငယ်စဉ်ကတည်းက ထိုစာလုံးကြီးများကို တွေ့တိုင်း အားပါးတရဖတ်ရင်း စင်စင်ဆိုသောနာမည်ကို နှစ်သက်နေမိသည်။

မောင့်တွင် ခင်သန့်စင်ဆိုသော ချစ်သူတစ်ယောက်ရလာသောအခါ စင်စင်ဟုခေါ်ရန်သာ စဉ်းစားမိတော့သည်။

”ခင်ခင်” ဟု ခေါ်လျှင် ပြည်လှဖေတို့၊ မောင်တင်မောင်တို့လက်ထက်များ ပြန်ရောက်သွားလေမလား တွေးကြောက်ခဲ့သလို၊ သန့်သန့်ဟုခေါ်လိုက် လျှင်လည်း ”အစာ မစားမီ လက်ကိုစင်ကြယ်စွာဆေးပါ၊ အိမ်သာမှ ဆင်းလျှင် လက်ကို စင်ကြယ်အောင်ဆေးပါ” ဆိုသည်များ ခေါင်းထဲ ပြေးဝင် လာသဖြင့် အချစ်များထွက်ပြေးကုန်သည်ဟု ခံစားမိခဲ့ဖူးသောကြောင့် ငယ်စိတ်ကူးနှင့်ကြီးချစ်ဦးပေါင်းစပ်စိမ့်သောငှာ ”စင်စင်”ဟုသာ ခေါ်ဆိုဖြစ်ခဲ့ သည်။

စင်စင်ကတော့ သူ့ကို အိမ်မှာ မသန့်ဟု ခေါ်ကြောင်း၊ သောကြာသမီးလည်းဖြစ်ကြောင်း၊ ကျောင်းမှာတော့ သူငယ်ချင်းများက ခင်ခင်တစ်မျိုး၊ ခင်ဟုတစ်သွယ်ခေါ်ဆိုကြကြောင်းပြောပြရှာသည်။ ကန့်ကွက်ခြင်းကိုကား မျက်နှာသွင်ပြင်အားဖြင့်သော်လည်းကောင်း၊ နှုတ်အားဖြင့်သော် လည်းကောင်း နည်းနည်းမှမပြရှာ။

သို့နှင့် ထိုစဉ်က မောင်လည်း ရဲတင်းခဲ့ပြီးသည်နှင့် ”အို..စင်စင်ကလည်း မသန့်ဆိုမှတော့ ညစ်ပတ်တာပေါ့၊ ချစ်သူကို ရှေ့နောက်ဝဲယာ ပတ်လည် လှည့်ကြည့်လိုက်ပြီးမှ ကိုယ့်ချစ်သူက မညစ်ပတ်ပါဘူး” ဟု ပြောတော့ ချစ်သူက မျက်စောင်းထိုးရင်း ရိုက်မလိုလုပ်သည်။ တကယ်မရိုက်ခဲ့ပါ။

”ခင်ခင်လို့လည်း မခေါ်ချင်ဘူးကွာ၊ မောင်ရာဇ၀င်ထဲ ပြန်မသွားချင်ဘူး၊ ကိုယ့်ချစ်သူကိုလည်း ရာဇ၀င်ထဲမှာ မထားခဲ့နိုင်ဘူး” ဟု အတည်ပေါက်နှင့် နောက်ရာ ချစ်သူခမျာ မျက်လုံးလေးပေကလပ်ပေကလပ်ဖြစ်ကာ ကြောင်တောင်တောင်နှင့်ကြည့်ရှာသည့်မျက်နှာကို အခုပြန်တွေး အခုအမှတ်ရနေ မိတော့သည်။

ဒီတော့ ချစ်သူ့မျက်နှာသေကိုကြည့်ကာ မောင် ရယ်မနေနိုင်ပြန်၊ ပြောပြရသည်။ ခင်ဆိုတာက မိန်းကလေးများကို ရည်ညွှန်းသုံးသော ဘုံစကားလုံး ဖြစ်နေပြီး၊ မြန်မာ့ရုပ်ရှင်ခေတ်ဦးက မင်းသားကြီးများ အဆိုတော်ကြီးများဖြစ်သော ပြည်လှဖေ၊ မောင်တင်မောင်နှင့် မေရှင်တို့ခေတ်က သီဆိုသော သီချင်းများတွင် ”ခင်” ဆိုသော စကားလုံးကို အတွေ့ရများကြောင်း ပြောပြရသည်။

တကယ်တော့ ”ခင်” ဆိုသည့် စကားလုံးလေးကလည်း လှပပြီး အဓိပ္ပါယ်ကြွယ်ဝပါလေသည်။ ချစ်ခင်ခြင်း၊ ခင်မင်ခြင်း အနက်ဆောင်သည်။ မြန်မာမင်းများလက်ထက်က မှူးမတ်သမီးများကို ခင်ခင်ဟုခေါ်ကြောင်း အဘိဓာန်ဖတ်ရင်း မှတ်သားဖူးသည်။

ခင်ခင်မွတ်မွတ်ဆိုသည်မှာ မက်မောတမ်းတလျှက်၊ ချစ်ခင်မြတ်နိုးလျှက်ဟု အနက်ထွက်လေသည်။ သို့ပါသော်လည်း စင်စင်ကို စွဲမိသူပီပီ ချစ်သူ ခင်သန့်စင်ကို စင်စင်ဟုသာ မောင်ခေါ်ခဲ့သည်။

ချစ်သူကလည်း မောင်(သူ့ချစ်သူ)နှင့်စကားပြောလျှင် သူ့ကိုယ်သူ စင် သို့မဟုတ် စင်စင်ဟု နာမ်စားသုံးပြီး မောင့်ကိုတော့ ချစ် ဟု ရည်ညွှန်းတတ် သည်။ သူ့အိမ်မှတော့ ”သန့်” ဟု သူ့ကိုယ်သူ ခေါ်ဆိုပြောဆိုကြောင်းသိရသည်။

************************

ချစ်သူလက်ကို အပြန်အလှန်ကိုင်စွဲ လှမ်းလျှောက်လာသော မောင်တို့နှစ်ယောက် ရန်ကုန်ဘူတာကြီးကိုဝင်သော ရထားလမ်းများပေါ် ခွကျော်တည် ဆောက်ထားသော ဆူးလေခုံးကျော်တံတားအတိုင်း ဖြတ်ကျော်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း အနောက်မှအရှေ့ဘက်သို့ မှောင်ရီပျိုးချိန် ညနေစွန်းစ ညသစ်ဦးတွင် တဖြည်းဖြည်းလျှောက်လာကြသည်။

ဝဇီရာ၊ ဘုရင်၊ သွင် စသည့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်က ရုပ်ရှင်ရုံများကို တစ်ရုံပြီးတစ်ရုံဖြတ်သန်းတော့ လူတွေကြားမှ တိုးရသည်။

ပလက်ဖောင်းပေါ်တွင် သွားရေစာရောင်းချနေသူများ၊ ထမင်းဟင်းရောင်းနေသူများ၊ စာအုပ်အဟောင်း ဂျာနယ်အဟောင်း ရောင်းနေသူများ၊ ဈေးဆိုင်များကို မောင်တို့ ငေးဝေရီရင်း လူအုပ်ကြားထဲ အလိုက်သင့် မျောပါနေကြရသည်။

ညသစ်ဦးတွင် လေနုအေးက တစ်ချက်ချက် မောင်တို့နှစ်ဦးကြား တိုးဝင်ချင်နေသည်။

”သွင် ”ရုပ်ရှင်ရုံရှေ့ရောက်တော့ နောက်ဆုံးပွဲစဉ်(ကိုးနာရီခွဲပွဲ)အတွက် ရုပ်ရှင်ကြည့်မည့်သူများပင် ရောက်နေကြပြီ။ ၇ နာရီ မထိုးတတ်သေး၊ ၆ နာရီခွဲက တစ်ပွဲပြလိုက်ပြီဖြစ်သည်။

ကားက ဟာသကား၊ ”အချစ်က လန်းတယ်” တဲ့။ ဒီကားက တော်တော်ပေါက်သည်။ ဒီနေ့လို ရုံးဖွင့်ရက်များမှာတောင် ငါးပွဲလုံး လူဝင်သည်၊ မနက်ပိုင်းပွဲတွေက လက်မှတ်တောင် ၀ယ်ရခက်သည်။ နောက်ဆုံးပွဲစဉ်တစ်ခုသာ လက်မှတ်လွယ်သည်။ ဒါတောင် ဒီနေ့တော့ ၇ နာရီကတည်းက လူတွေက ရုပ်ရှင်ရုံရှေ့ပြည့်နေသည်။ မောင်တို့က ဒုတိယပတ်က လန်းခဲ့ကြသည်၊ ရုံတင်ဒုတိယပတ်က ကြည့်ခဲ့ကြခြင်းဖြစ်သည်။ ယခုတတိယ ပတ်မြောက်၊ ပရိသတ်တွေ လန်းလို့ကောင်းကြတုန်း။

မောင်တို့ ဖြည်းဖြည်းဖြတ်သန်းလျှောက်လှမ်းလာကြသည်။ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်က စိန့်မေရီဘုရားရှိခိုး ကျောင်းကြီးဘေးမှဖြတ်သန်းကြတော့ အမှောင်ရင့်လာသည်။

ချစ်သူ့လက်ကို တင်းတင်းဆုပ်လိုက်တော့ ချစ်သူခေါင်းက မောင့်ရင်ခွင်နားကပ်လာသည်။ ပူပူနွေးနွေးနှင့်အရသာတစ်မျိုးရသည်။ ချစ်ခြင်း၏ ချိုမြိန်သောအရသာ။

၄၆ လမ်း ကားမှတ်တိုင်က မြေအိုးမြီးရှည်ဆိုင်ရောက်တော့ ၇ နာရီ ၁၅ မိနစ်။ မြေအိုးမြီးရှည်တစ်ခွက်စီ ပူပူလောင်လောင် မှာစားကြသည်။ မောင်ကတော့ ချွေးပြိုက်ပြိုက်ကျအောင် ပူပူလောင်လောင်ကို စားပစ်လိုက်ရာ နေရထိုင်ရတာ တော်တော်ပေါ့သွားသည်။

ချစ်သူက သူ့အိုး(မြေအိုး)ထဲမှပါ အသားဖတ်ကလေးတွေ၊ အသည်းဖတ်ကလေးတွေ ခပ်ထည့်ပေးနေသည်။ မိန်းကလေးတို့၏ ချစ်စရာကောင်း သော အချက်များတွင် သူတို့ကသာ လျှော့စားကာ ချစ်သူကို ပိုကျွေး(၀အောင်ကျွေး)တာများ ပါနေသလားမသိ။ မိန်းကလေးတွေဆိုတာ အလားအလာရှိသော မိခင်လောင်း(potential mummy)တွေမို့ မိခင်စိတ်ရှိနေတာကြောင့် ချစ်သူကို သားအရာထားလို့ ဂရုစိုက်တာလားမသိ။

ပထမတော့ အဲဒီလို သူ့ပန်းကန်ထဲကနေ ခပ်ခပ်ထည့်ပေးနေတာတွေကို မကြိုက်ခဲ့၊ အပိုလုပ်နေတာ ဂရုစိုက်ချင်ဟန်ဆောင်နေတာ၊ မင်းအလိမ်ခံရတော့မယ် ငတုံး သတိထားဟု ကိုယ့်ကိုယ်ကိုယ် သတိတွေပေးခဲ့ဖူးသည်။ အခုနောက်ပိုင်းတော့ စင်စင်ကများ တစ်ခုခုစားလို့ စားကောင်းသွားပြီး ကိုယ့်ပန်းကန်ထဲ ထည့်ပေးဖို့ မေ့သွားလျှင် စားရတာအရသာပင် မရှိတော့၊ စိတ်ဆိုးချင်သလိုလိုတောင် ဖြစ်တတ်ခဲ့ပြီ။

အခုတော့ ချစ်သူထည့်ပေးတာရော ဗိုက်ဆာနေတာရော ပေါင်းလိုက်လို့လား မသိ၊ ဒီနေ့တော်တော်စားလို့ကောင်းနေသည်။

ရေသန့်တစ်ပုလင်းမှာသောက်ပြီးတော့ ၈ နာရီတောင် ထိုးတော့မည်၊ ချစ်သူက ဒီနေ့တော့ မောင်နေမကောင်းဘူးဆိုထားလို့လားမသိ၊ အေးအေးပဲ နေရှာပါသည်။ အရင်ကဆိုရင်တော့ ၈ နာရီထိုးလို့မှ သူတို့လမ်းထိပ် မရောက်သေးလျှင် သူ့ခမျာ နေလို့မရတော့၊ ဒီနေ့တော့ သွေးအေးနေလေ သည်၊ အချစ်က လူတို့ကို အေးအေးသက်သာဖြစ်စေသည်လေ။

ပိုက်ဆံရှင်းပြီးထွက်လာကြသည်။ လမ်းတလျှောက်မှာတော့ လေက ပိုအေးသွားပြီး ဖြည်းဖြည်းလေးတိုက်ပြနေတော့ အနားကနေ ယပ်တောင်ယပ် ပေးနေသကဲ့သို့ဖြစ်ရာ ပူပူလောင်လောင်စားထားပြီး အရသာရှိနေတော့သည်။

************************

ချစ်သူတို့လမ်းထိပ်ရောက်တော့ ထုံးစံအတိုင်း မှောင်နေသည်။ မောင်တို့နှစ်ယောက် မျက်နှာချင်းဆိုင် ရပ်လိုက်ကြသည်။ အိတ်ကိုယ်စီလွယ်ထား ကြသည်။ ချစ်သူ ထမင်းချိုင့်အိတ်က အုတ်ခုံလေးပေါ်ခေတ္တရောက်သွားသည်။ ပထမလက်ချင်းဆုပ်ထားကြသည်။ နောက်တော့…

ချစ်သူသည် ရိုးဖြောင့်သူဖြစ်ပြီး မောင့်ကို အလွန်ချစ်လေသည်။ မောင့်ကို အင်အားသစ်တွေရရှိစေပြီး ယောက်ျားဂုဏ်သိက္ခာကို ပိုမိုပီပြင်စေသည်။ မောင့်လိုအင်များကိုလည်း တတ်စွမ်းသမျှ ဖြည့်ဆည်းပေးသည်။

ယခုညတွင်လည်း အစောပိုင်းက ဂျီတော့ခ်မက်ဆေ့ဂ်ျတွင် ပေးပို့ထားခဲ့သလို ကတိတည်ရှာသည်။ ခင်ခင်မွတ်မွတ် ရှိရှာသည်။

ညသစ်ဦး၏အနက်ရင့်ရောင် အမှောင်ထဲတွင် မျက်ရည်ရစ်ဝိုင်းနေသော ရွှန်းလဲ့လင်းလက်သည့် ချစ်သူမျက်ဝန်းမှာ မောင့်နှလုံးအိမ်ထက်တွင် တစ်သက်စာစွဲထင်သွားအောင် လှပနေခဲ့သည်။

ခဏချင်းတွင်ပင် နွမ်းနယ်သွားဟန်ရှိသော ချစ်သူက ထောင်မောင်းစွာဖြင့် တင်းရင်းကြံ့ခိုင်နေသည့် မောင့်ကို မေးသည်။

”ဘယ်လိုနေလဲ၊ နေလို့ကောင်းရဲ့လား၊ စင် ၀င်တော့မယ်…နော်”

ချစ်သူကလေးသည် မောင့်ကို လှည့်ကြည့်လှည့်ကြည့်နှင့် အလင်းဖျော့နေသော သူတို့လမ်းကလေးထဲသို့ ဖြည်းဖြည်းချင်းဝင်သွားခဲ့သည်။

မောင်သည် စူးရဲတောက်ပကာ ရွှင်လန်းနေသော ကျေးဇူးတင်အပြုံးဖြင့် ညာဖက်လက် လက်ညှိုးနှင့် လက်ခလယ်နှစ်ချောင်း ထောင်ပြလိုက်လေ သည်။

စကားလုံး မလို၊ အသံ မလို၊ ချစ်သူ မြင်သွားပါလေစ….။

ညသည် ခပ်မဆိတ်ပင် မှောင်မြဲမှောင်လျှက်ရှိသည်။

***************************************************************************

လွန်ခဲ့တဲ့တစ်နှစ်နီးပါးက ရေးထားခဲ့သော နည်းပညာ(ချက်တင်အကြောင်း)နည်းနည်းပါသော ဒီစိတ်ကူးယဉ်ဝတ္ထုလေးမှာ နည်းပညာအသင်းတစ်ခု ၏ နှစ်ပတ်လည်မဂ္ဂဇင်းတွင် သုံးပေးမည်ပြောပြီး အပယ်ခံခဲ့ရသည်။ စိတ်မကောင်းဖြစ်ပြီး ထားထားရင်း နည်းပညာမဂ္ဂဇင်းသစ်တစ်စောင် ထုတ် မည့်သူတစ်ဦးက စာမူတောင်းသဖြင့် ဖတ်ကြည့်ပါဟုပြောကာ ပေးလိုက်ပြန်သည်။ သူ့မဂ္ဂဇင်းအသစ်သာ ထွက်လာသည်။ ကိုယ့်စာမူက ပါမလာ၊ ဒါနဲ့ ပြန်ပေးပါဗျာဟုပြောပြီး ပြန်တောင်းထားလိုက်ရသည်။ အခုတော့ ဒီနေရာမှာ ပြန်တင်ထားလိုက်သည်။ ဖတ်ကြည့်ကြပါဦး။

ည ၁၂ နာရီခွဲ၊ အောက်တိုဘာ ၁၉၊ ၂၀၀၉။

ကိုယ်မစွံတာကို ကိုယ်ကိုယ်တိုင်တစ်ယောက်တည်း သိတာမဟုတ်ပါဘူး၊ အိမ်ကမိသားစုကော သူငယ်ချင်းတွေကပါ သိကြပါတယ်။

အဲဒီတော့ အခုလိုအချစ်ပါတဲ့ ခပ်နုနုဇာတ်လမ်းလေးတစ်ပုဒ် ရေးလိုက်မယ်ဆိုရင် ဘယ်သူကမှ အဖက်လုပ်ပြီး ယုံကြမှာ မဟုတ်တာကို ကြိုသိတဲ့အတွက် ခေါင်းစဉ်ကို ဇာတ်ကူးယဉ်ဇာတ်လမ်းလို့ပဲ ပေးပါတယ်။ တကယ်လည်း စိတ်ကူးယဉ်သကိုးဗျာ။

တကယ်တော့ ဇာတ်လမ်းနာမည်က မီရှယ်လ် ဖြစ်ရမှာပါ။ ဇာတ်လမ်းထဲမှာပါတဲ့ ဇာတ်လိုက်ကောင်မလေးရဲ့ နာမည်က မီရှယ်လ်ကိုဗျ၊ ဇာတ်လမ်းလေးက ဒီလို….။

ဝတ္တုရေးကြည့်ချင်တာ ၁၀ တန်းအောင်ပြီးနောက် ဂျီတီအိုင်တက်ကတည်းက ဆိုပါတော့၊ ၁၉၉၅၊ ၁၉၉၆ လောက်ကပေါ့။ ဒါနဲ့ရေးကြည့်တယ်၊ ဆရာမတွေနဲ့ သူငယ်ချင်းတွေကို ပေးဖတ်တယ်။

အဲဒီမှာ ကိုယ်ကိုယ်တိုင်ခံစားပြီး ရေးထားတဲ့ ကိုယ့်ရဲ့အချစ်ဇာတ်လမ်းလေးဟာ ရယ်စရာဖြစ်ဖြစ်သွားတယ်။ အဲဒီတုန်းက အကြည်တော်တောင် မပေါ်သေးဘူး။ အချစ်ဇာတ်လမ်းမလုပ်တော့ဘဲ ကိုယ့်ခံစားချက်ကို စတေးလို့ ရယ်စရာအဖြစ်ပဲ သဘောထားပြီး စာအုပ်ထုတ်ဝေဖြစ်ခဲ့ရင် ကိုယ်ကတောင် အရင်နာမည်ကြီးခဲ့ဦးမှာ၊ ထားပါတော့။

ကိုယ့်ခံစားချက်တွေအားလုံး သဲထဲရေသွန်၊ ဒါနဲ့ပဲ စိတ်ဓါတ်ကျပြီး အချစ်ဇာတ်လမ်း လုံးဝမရေးတော့ဘူး။ စာရေးချင်လွန်းတဲ့ လက်ကိုလည်း ဒဏ်ခတ်နဲ့အနေနဲ့ တခြားနေရာမှာပဲ သုံးခွင့်ပေးလိုက်တော့တယ်။ အဖြစ်က အဲဒီလို….။

နောက်ပိုင်း ၂၀၀၁ ခုနှစ်လောက်ကျတော့ စိတ်ကူးထဲ ဇာတ်လမ်းတစ်ခုက အမြဲရောက်ရောက်လာတယ်၊ စိတ်ဝင်စားဖို့လည်း ကောင်းတယ်။ အခုလက်ရှိအခြေအနေတွေရဲ့ နိမိတ်များလားတောင် မသိပါဘူး။ အဲဒီတုန်းက တော့ ဘာနားလည်မှာလဲ၊ ထူးဆန်းတာပဲ သိခဲ့တာ။ အခုတော့ အော် အဲဒီလိုလား မသိဘူး၊ တော်တော် တိုက်ဆိုင်တာပဲဆိုပြီး ပြန်စဉ်းစားမိတာပါပဲ။

မြေနီတောင်ကုန်းကလေးတစ်ခုပေါ် အပြေးတပိုင်း ရယ်ရယ်မောမော ပြေးတက်နေတဲ့ စုံတွဲတစ်တွဲ၊ တစ်ယောက်က ဘိုမလေး၊ တစ်ယောက်ကတော့ ကုလားမင်းသားလို အရှည်ရပ်ရပ် အသားညိုညို။ တောင်ကုန်းကလေးထိပ်မှာ စေတီတစ်ဆူရှိတယ်၊ ဘုန်းကြီးကျောင်းရှိတယ်၊ ဘုန်းတော်ကြီးတစ်ပါးရှိတယ်။

ဘိုမလို့ပြောရတာက ငယ်ငယ်ကတည်းက ညီမလေးကစားတဲ့ ဘိုမရုပ်ကလေး တွေ့ဖူးတယ်။ ပိန်ပိန်ရှည်ရှည် အသားဖြူဖြူ၊ ဆံပင်အနီရောင်(ရွှေအိုရောင်လည်းဖြစ်ချင်ဖြစ်မှာပေါ့)၊ အပြုံးကလေးနဲ့ ဘလောက်စ်အင်္ကျီနဲ့ ဒူး ခေါင်းလောက်ရောက်တဲ့ စကတ်ကလေးနဲ့၊ အင်္ကျီနဲ့စကတ်က ဆင်တူ၊ အဖြူရောင်ပေါ်မှာ ခရမ်းရောင်နဲ့ အစိမ်းရောင် သစ်သီးလေးတွေ အပွင့်လေးတွေပါတဲ့ အရှုပ်အရှက်ဒီဇိုင်းလေးနဲ့၊ ဒီလောက်ပဲမှတ်မိတော့တယ်။ ညီမလေးရဲ့ ဘိုမအရုပ်ကလေး ပြောပါတယ်။

အခု အသံရှုသံပြင်းပြင်းကြားလောက်အောင် မောမောနဲ့အပြေးတစ်ပိုင်းတက်နေတဲ့ ဘိုမလေးကတော့ အနက်ရောင် တိုက်စကတ်(ကုမ္ပဏီဝန်ထမ်းအမျိုးသမီးတွေဝတ်တဲ့စကတ်)၀တ်ထားတယ်၊ ဘလောက်စ်မ၀တ်ဘဲ အတွင်းခံဝတ်ပြီး ကောင်လေးရဲ့အဖြူရောင်ရှပ်အင်္ကျီတစ်ထည်ကို ၀တ်ထားတယ်။ အောက်ပိုင်းက ကိုယ်လုံးလေးပေါ်အောင် သပ်သပ်ရပ်ရပ်လေးဖြစ်နေပေမယ့် အပေါ်ပိုင်းကတော့ ရှပ်အင်္ကျီက သူနဲ့ပွနေတာမို့ ခပ်ချောင်ချောင်နဲ့ ကပိုကရိုလေးဖြစ်နေတယ်။ ကောင်လေးရဲ့မျက်စိထဲမှာတော့ အဲဒီကပိုကရိုပုံစံလေးကပဲ တစ်မျိုးချစ်စရာကောင်းနေတယ်လို့ မြင်ပုံရတယ်။ ခြေထောက်ကတော့ Nike လား၊ Adidas လား မသိဘူး၊ ရှုးစီးထားတယ်။

ဒီနေရာမှာ ပြောစရာရှိတာက သူ့ကို ဘိုမကလေးနဲ့တူတယ်လို့ပဲ သိနိုင်တယ်။ အင်္ဂလိပ်လား၊ အမေရိကန်လား၊ သြစတြေးလျကလား၊ တခြားဥရောပနိုင်ငံတစ်ခုခုကလား၊ ရုရှကလားဆိုတာ မသိနိုင်ဘူး။

အခု ကိုယ်ကိုယ်တိုင် လန်ဒန်ရောက်နေပေမယ့်လည်း အသားဖြူဖြူ ဆံပင်ရွှေရောင်နဲ့ ကောင်မလေးတွေ တွေ့ရင် အင်္ဂလိပ်မလား၊ ပြင်သစ်မလား၊ စပိန်မလား၊ ရုရှမလား၊ ဥရောပ အရှေ့ပိုင်းကလား မခွဲနိုင်သေးဘူး။ ရုံးကလူတွေကတော့ ခွဲနိုင်ကြတယ်ပြောတယ်။ ကိုယ့်အတွက်တော့ အားလုံးဟာ ညီမလေးကစားခဲ့တဲ့ ဘိုမရုပ်ကလေးတွေလိုပါပဲ။ ၀၀ပုပုဗိုက်ပူပူဘိုမနဲ့ အရုပ်ကလေးလို ပိန်ပိန်ရှည်ရှည်ဘိုမ ဒါပဲကွာတယ်။

တော်ပါသေးရဲ့ ကုလားမ(အိန္ဒိယသူ)ရယ်၊ ဂျပန်မရယ်၊ တရုတ်မရယ်၊ ထိုင်းမရယ်၊ မြန်မာမရယ်ကိုတော့ ခွဲခြားသိလို့၊ ဒါတောင် ရုပ်ချည်း အားကိုးလို့ မရဘူး၊ စကားသံလေးပါ နားထောင်ခွဲမှ ရတယ်။ မိန်းမကျမ်း အဲဒီလို ကျေတဲ့သူ။ အဟတ် ဟတ် ဟား။

ဇာတ်လမ်းပြန်ဆက်ရရင် အနောက်တိုင်းကောင်မလေးက အသက် ၂၇၊ ၂၈ လောက်ရှိမယ်၊ လှတယ်။ ကိုယ့်မျက်စိထဲ လှတယ်ပြောတယ်။ အလှတရားဆိုတာကလည်း ကြည့်ရှုခံစားသူပေါ်မှာလည်း မူတည်တယ်လို့ ဆိုတာကိုးဗျနော်၊ ဒါကြောင့် ကိုယ့်မျက်စိထဲလှတယ်လို့ပြောထားတာ။

အဲ..ကောင်မလေးနဲ့ အတူရှိနေတဲ့ နောက်တစ်ယောက်ကတော့ ကိုယ်ပဲ။ ကိုယ့်စိတ်ကူးထဲက ဇာတ်လမ်းမှာ ကိုယ်ကိုယ်တိုင် မင်းသားဖြစ်တာကတော့ မဆန်းပါဘူးနော်။ တော်ပြီ မဖတ်တော့ဘူးလို့တော့ မလုပ်ပါနဲ့ဗျာ။ တကယ့်အဖြစ်အပျက်ကို ပြန်ရေးပြနေတာပါ။ ဖတ်ကြည့်ပါဦး။

ဒီလိုလေ တကယ့်အဖြစ်အပျက်ဆိုတာ ၀တ္ထုရေးချင်တဲ့စိတ်နဲ့ ဒီဇာတ်လမ်းက အမြဲပေါ်ပေါ်လာပြီး မြင်ယောင်နေတယ်လို့ ဆိုတာပါ။

ဆက်ပြောပါရစေဦး..ကိုယ်က စိတ်ကူးထဲမှာ အသက် ၂၅၊ ၂၆ လောက်ရှိမယ်။ ကောင်မလေးအောက် ၂ နှစ်လောက်ငယ်တယ်။ မမနဲ့မောင်လေးဇာတ်လို့ ပြောလည်းရတယ်။ ဇာတ်လမ်းထဲက ကိုယ့်ရုပ်ရည်အကြောင်း ပြောဖို့လိုသေးတယ်။ ကိုယ်ကတော့ အင်း… ဘယ်လိုပြောရမလဲ၊ ကိုယ့်အကြောင်း စာဖတ်သူ ပြောပြရတာ သိပ်မကောင်းပါဘူး။ ကြွားသလိုဖြစ်မှာလည်း စိုးရတယ်၊ မပြောပြန်လည်း ဇာတ်လမ်းက မပီပြင်တော့ဘူး ဖြစ်နေမယ်၊ ဇာတ်လမ်းမှာ ဇာတ်လိုက်မင်းသားနဲ့ ဇာတ်လိုက်မင်းသမီးနှစ်ဦးလုံးကို ပရိသတ်က ကောင်းကောင်း သိမှ ဖြစ်မှာကိုးနော့ဗျာ။

ကိုယ်ကတော့ အလွယ်ပြောရရင် အဲ.. ကုလားမင်းသားပဲထားပါ၊ ပိန်ပိန်ရှည်ရှည် အသားညိုလိုပေါ့ဗျာ၊ ကုလားမင်းသားဆိုတာ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးမပါတဲ့ မင်းသားကို ပြောတာနော်၊ တော်ကြာ စိတ်ထဲ မြင်ကြည့်လို့ ဟာ..အမွှေးတွေနဲ့ဆိုပြီး ရုပ်ဆိုးတယ်ထင်သွားရင် မကောင်းဘူး။ စောစောစီးစီး ဇာတ်နာသွား နိုင်တယ်။

ဇာတ်လမ်းထဲက မင်းသားမင်းသမီး မွှန်းပြီးရင် ဇာတ်ကို ပြန်ပြောရမယ်။ ဇာတ်လမ်းက ဒီလို…။

ဝတ္ထုဇာတ်လမ်းရေးဖို့ စိတ်ကူးထဲ ၂၀၀၁ ခုနှစ်လောက်ကစပြီး အမြဲပေါ်နေတဲ့ ဇာတ်လမ်းကို အခု ပြောပြနေတာနော်။ တကယ့်အဖြစ်အပျက် မဟုတ်ဘူး။ ဟိုက် ရှလပတ်…ဆိုပြီး အထင်တွေကြီးနေမှာစိုးလို့ နှစ်ကြိမ်မြောက် ပြန်သတိပေးလိုက်တာ။

အသားဖြူဖြူဘိုမရုပ်လိုကောင်မလေးနဲ့ ကုလားမင်းသားလိုကောင်ကလေးတို့ဟာ တောင်ကုန်းပေါ်ပြေးတက်လာ တယ်။ သူတို့လာတဲ့လိုရင်းက နံနက်စောစော နေအထွက်မှာ အဲဒီတောင်ကုန်းပေါ်ကနေ ပတ်ဝန်းကျင် ရှုခင်းတွေ ကို ကြည့်ချင်တာကြောင့်ပဲ။

ရာသီဥတုက မိုးအကုန်ဆောင်းအကူး၊ မိုးလည်း နည်းနည်းကျန်သေးတော့ တစ်ခါတခါ ရွာသေးတယ်၊ ညဘက်ကျလည်း တော်တော်အေးလာပြီ၊ လွမ်းချင်လွမ်းစရာကောင်းပြီး စုံတွဲတွေအတွက်လည်း ရာသီဥတုက ဘောလုံးသမားတွေ အကြိုက်ပေါ့ခင်ဗျာလို့ ပြောရမယ့်အနေအထား။

နေရာက တောတောင်တွေရှိတဲ့ ကျေးလက်တောဘက်၊ ကျေးလက်ကလည်း မြေနီလမ်းကလေးတွေနဲ့၊ တည်းခိုခန်းလိုနေရာတချို့၊ ဆေးရုံ၊ မူလတန်းကျောင်းနဲ့ ရုံးအဆောက်အဦတချို့နဲ့ ကြေးရတတ်ရွာမျက်နှာဖုံး တချို့ရယ်သာ ဒေသလုပ်အုတ်နဲ့ ဆောက်ထားတဲ့ တိုက်လိုအဆောက်အဦတွေမှာ နေနိုင်တာ၊ အများစုကတော့ ၀ါးတိုင်၊ မဒမတိုင်တို့နဲ့ တိုင်ထောင် ၀ါးကပ်ကာ၊ ဓနိမိုး၊ ထန်းရွက်မိုး အိမ်ပုံစံတွေပါပဲ။

ရွာလမ်းကလေးက မြေနီလမ်းကလေးဆိုတော့ မိုးကလေးစပ်စပ်ရွာရင် ရွံ့ဖြစ်သွားလို့ လမ်းသွားရင် ချော်မလဲအောင် သတိထား သွားကြရတယ်။ ကလေးတွေကတော့ ဘာအရေးအလဲ ပြေးကြလွှားကြသွားလာ ကြပေါ့။

စိတ်ကူးယဉ်ဇာတ်လမ်းဆိုတော့ ဟိုရောက်ဒီရောက်တော့ နည်းနည်းဖြစ်တတ်တယ်၊ သည်းခံပေးပါ။ ဇာတ်ကိုသိုင်းနေ၀ိုင်းနေရတော့ တစ်ခါတလေဒီလိုပဲဖြစ်တတ်တယ်။ ကိုယ်ကတော့ ကာယကံရှင်ဆိုတော့ အကုန်သိတာပေါ့လေ၊ စာဖတ်သူတို့ အသိနည်းနည်းလိုသွားမှာ၊ ပြည့်ပြည့်၀၀မခံစားနိုင်မှာ၊ မတင်မကျဖြစ်သွားမှာကို စိတ်ပူမိလို့ သတိရတိုင်း ပြန်ပြန်ဖြည့်ပြောပေးနေတာပါ။ အပိုလို့ မထင်ကြပါနဲ့။

ပြန်ဆက်ပါဦးမယ်။ နှစ်ယောက်သား မောမောနဲ့ပြေးတက်ပေါ့လေ…လေကလေးတစ်ချက်တစ်ချက် သုတ်လိုက်ရင် အပန်းပြေတာပေါ့။ လေအတိုက်မှာ တစ်ခါထွက်လာတဲ့ ဆည်းလည်းသံလေးကလည်း ဘာသာတရားနဲ့စပ်ဆိုင်တဲ့ အသံလို့ဆိုပေမယ့် သူတို့နှစ်ဦးကို အပန်းပြေ လန်းရွှင်သွားစေတယ်တဲ့။

ကောင်မလေးက ပထမတော့ မသိဘူး။ ဟိုဒီမော့ကြည့်ပြီး တစ်ခုခုကို လိုက်ရှာနေပုံလုပ်နေတော့ နောက်ပိုင်းကျမှ ကောင်လေးက သဘောပေါက်သွားပြီး ပြောပြလိုက်တယ်။ ကောင်မလေးက အဲဒါကို သိပ်သဘောကျတယ်။

သူတို့နှစ်ဦးလား၊ အင်္ဂလိပ်လိုပြောကြတာပေါ့။ ဘိုမလေးပါဆိုမှ ဘယ်လိုလုပ် တခြားစကားတတ်မလဲ။ တချို့သင်ထားသူတွေကတော့ တတ်မှာပေါ့လေ။ သူကတော့ မတတ်ဘူး။ သူတို့နှစ်ယောက် အင်္ဂလိပ်လိုပဲ ပြောကြတယ်။

သူတို့နှစ်ယောက် အပြေးအလွှားလေးတက်လိုက်၊ ဖြည်းဖြည်းလှမ်းလျှောက်လိုက်လုပ်နေပြီး တစ်ခါတခါ တစ်ယောက်နဲ့တစ်ယောက် လက်တွဲထားကြတယ်။ လက်ချင်းကိုင်ထားကြတယ်လို့ပြောတာ၊ နောက်ပြီး တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီး ပြုံးကြတယ်။ နောက်တစ်ခါ လက်ဖြုတ်လိုက်ပြီး ခပ်သွက်သွက်ပြေးကြပြန်တယ်။

နောက် ခဏနေတော့ အမောဖြေလမ်းလျှောက်တက်တဲ့အခါ လက်ချင်းပြန်တွဲလိုက်ပြန်တယ်။ ကောင်မလေးက ကောင်လေးကို အားကိုးတဲ့ပုံစံနဲ့တော့ နေထိုင်ပြနေတာပဲ၊ ကြည့်ရတာလေ…ရွှန်းရွှန်းစားစား ကြည့်ပုံတွေ၊ လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်လိုက်ပုံတွေကလေ။

ကောင်လေးကတော့ အေးအေးသက်သာပုံပဲ၊ ဒီအနေအထား ဒီအခိုက်အတန့်လေးလောက်ကိုပဲ သူက ကျေနပ်အားရနေပုံ ရတယ်။ သူတို့နှစ်ယောက်လုံးကို မဟုတ်ဘဲ ကောင်းလေးတစ်ယောက်ထဲကိုသာ ဂရုတစိုက်ကြည့်နေရင် ကောင်လေးရဲ့ရင်ဘတ်(ရင်အုပ်)ဟာ မသိမသာကနေ တဖြည်းဖြည်းကော့လာနေတဲ့ ပုံစံမျိုး၊ ရှင်းရှင်းပြောရရင် အမြင်ကတ်စရာ ငါကွဆိုတဲ့ ပုံစံမျိုးဖြစ်လာနေတယ်။

စိတ်ကူးယဉ်တယ်ဆိုတာ မျက်စိထဲပေါ်လာအောင်မြင်ကြည့်ပြီး စိတ်နဲ့နောက်က အသေးစိတ်လိုက်ပြန်ကြည့် တာကိုးဗျ၊ ဒါကြောင့် အကုန်လုံးစေ့စေ့စပ်စပ်တွေ့နေရတာပေါ့။

နောက်ဆုံးတော့ သူတို့တောင်ကုန်းကလေးထိပ်ရောက်သွားတယ်။ ဘုန်းတော်ကြီးကျောင်းတွေ့တော့ ၀င်သွားကြတယ်၊ တစ်ခါ ကပ္ပိယတွေကနေတဆင့် ဘုန်းတော်ကြီးကို သွားရောက် ၀တ်ချကန်တော့ကြပြီး ဘုန်းတော်ကြီးနဲ့စကားစမြည်ပြောကြတယ်။

ဘုန်းတော်ကြီးဆိုပေမယ့် ဘုန်းကြီးက အသက်သိပ်မကြီးသေးဘူး။ သက်တော် ၄၀ ၀န်းကျင်လောက်ပဲရှိသေး တယ်။ ခေတ်ပညာတတ်၊ အိန္ဒိယမှာဆိုလား စာသွားသင်ထားတာ၊ မဟာဘွဲ့တွေ ဘာတွေယူထားပုံရတယ်။ ဒီတော့ အင်္ဂလိပ်လိုပြောလို့ဆိုလို့ရပြန်တာပေါ့။

ဘုန်းကြီးနဲ့ကောင်လေးကတော့ ကောင်းကောင်းမွန်မွန် ဆရာဒကာပုံစံအချီအချ ပြောဆိုကြတယ်။ သံဃာနဲ့ စကားပြောရင် မေးမြန်းလျှောက်ထားရင် လေးလေးစားစား ရိုရိုသေသေနဲ့ ပုံစံတစ်မျိုးနဲ့ပြောဆိုရတယ်မို့လား။

ကောင်မလေးကတော့ ဘေးကနေကြည့်ပြီး သဘောကျနေတယ်။ သူသိချင်တာရှိရင် အင်္ဂလိပ်လို ၀င်ပြောတယ်၊ မေးတယ်။ ဘုန်းကြီးကလည်း သူ့ဆီ ဒီလိုမျိုး နိုင်ငံခြားသားတစ်ခါမှ မလာဘူးတော့ သဘောကျနေပုံရတယ်။

အရင်ကတော့ လာတော့လာဖူးမယ်လေ၊ အခု ဆရာတော် ကျောင်းထိုင်ဖြစ်ပြီးမှတော့ လာဖူးပုံမပေါ်ဘူး။ အေးအေးဆေးဆေး နေပါလားတို့ဘာတို့တောင်ပြောနေသေးတယ်။ နောက်ပြီး သူ့ဝေယျာဝစ္စဒကာ ဒကာမတွေ ခေါ်ပြီး ဧည့်သည်တွေကို ကျွေးမွေးပါဦးဟဲ့ဆိုပြီး အတင်းကျွေးခိုင်းနေတယ်။

နေထွက်ချိန်နေတက်ချိန်လောက်ရောက်သွားတာဖြစ်တော့ ဘုန်းကြီးက နံနက်အာရုဏ်ပွဲကျတွေလားမသိပါဘူး၊အတင်းကို ထမင်းတွေဟင်းတွေ စားခိုင်းနေပေမယ့် ကောင်မလေးကော ကောင်မလေးကြောင့် ကောင်လေးကကော ကော်ဖီနဲ့ ဘီစကစ်မုန့်လေး တစ်ခုနှစ်ခုလား စားကြပါတယ်။

ကောင်မလေးက ကောင်လေးကို ဘုန်းကြီးကို တစ်ခုခု မလှူဘူးလားလို့ မေးနေပြောနေပါသေးတယ်။ သူတို့နှစ်ယောက်က နံနက်စောစော လမ်းလျှောက်လာကြရင်း တောင်ကုန်းလေးပေါ် တက်လာကြတာဖြစ်တော့ ပိုက်ဆံတွေဘာတွေလည်း ပါလာကြပုံမရပါဘူး။

ဒီတော့ ကောင်လေးက အသာနေပါ၊ ရပါတယ်။ ဘုန်းကြီးဆိုတာ ဒီလိုပဲ၊ တပည့် ဒကာဒကာမတွေကို ကျွေးတယ်၊ ဘာမှမဖြစ်ဘူး။ စိတ်ထဲ ဘယ်လိုမှ မနေပါနဲ့လို့ ကောင်မလေးကို ပြောရတယ်။

ဘုန်းကြီးကလည်း ကောင်လေးနဲ့ကောင်မလေးကို ခင်မင်လို့ သူ့ ဒကာဒကာမတွေကို ဧည့်ခံကျွေးမွေးခိုင်းတာ ဖြစ်ပုံရပါတယ်။ တခြားဘာမျှော်လင့်ချက်မှ ရှိပုံမရပါဘူး။

ဘုန်းကြီးဆို လှူရမယ်ချည်း ထင်နေသူတွေလည်း ရှိတာကိုးဗျနော်။ ဘုန်းကြီးကလည်း တပည့်ကျောင်းသားနဲ့ လိုအပ်နေသူတွေကို ပြန်ပြီးချီးမြှောက်ထောက်ပံ့တာတွေ ရှိပါတယ်။

ရှေးရှေးဆရာတော်ကြီးတွေဆို ကိုယ်နဲ့ဘာမှ ကြာကြာမထားဘူး၊ ရသမျှ လှူသမျှကို ပြန်လည်ဝေငှ ပေးလှူပစ်လိုက်တာပဲ။ ရှိနေရင် ဒုက္ခဆိုတာကို ဆရာတော်ကြီးတွေက ကောင်းကောင်းသိတာပေါ့။

ဆရာတော်ကြီးတွေပဲ ဒီတရားတွေ ဟောကြားဆုံးမနေတဲ့ဥစ္စာ။ လုပ်သမျှ ဒုက္ခ၊ ရှာသမျှ ဒုက္ခ၊ ရသမျှ ဒုက္ခ ဆိုပြီး ဒုက္ခနဲ့ ဘာမှ မကင်းပုံတွေကို ဆရာတော်ကြီးတွေပဲ နိဗ္ဗာန်ရောက်ကြောင်းတရားတွေ ဟောတဲ့အခါ အမြဲထည့်ပြီး ဟောနေတာပဲဥစ္စာ။

ကောင်လေးက ဘုန်းကြီးကျောင်းသားလည်း လုပ်(စား)ဖူးတော့ ဒါတွေလည်း သူက သိနေတာပါပဲ။ ကောင်မလေးကတော့ ဘိုမလေးဆိုတော့ သူများ(ဘုန်းကြီး)ကျွေးတာ အလကားစားရတာ အားနာနေတယ်။

ဟဲ ဟဲ သူတို့လည်း အားနာတတ်တာပဲနော်။ ကောင်လေး သိထားတာက နိုင်ငံခြားသားတွေရဲ့ အဘိဓာန်မှာ အားနာတယ်ဆိုတဲ့ စကားလုံးမရှိဘူးတဲ့။ အခုတော့ သူ့ကောင်မလေး ဘုန်းကြီးကို အားနာနေတာကို ကြည့်ပြီး သူက သဘောတောင် ကျနေသေးတယ်။

ဆိုရရင်တော့ဗျာ၊ ကိုယ့်ဇာတ်လမ်းလေးကို အနားပြန်သီရရင် ကောင်လေးနဲ့ကောင်မလေးဟာ နေခြည်ဖြာ နံနက်ခင်းကလေးမှာ တစ်ယောက်နဲ့တစ်ယောက် ကြင်နာမြတ်နိုးခြင်းတွေကိုပြလို့ အသက်ရှုသံတွေပြင်းလာတဲ့ အထိ တောင်ကုန်းကလေးပေါ် အပြေးတစ်ပိုင်းတက် ကြတယ်။

အပေါ်ရောက်တဲ့အခါ ဘုရားထီးတော်ကမြည်တဲ့ ဆည်းသည်းသံလေးတွေ ကြားရလို့ ၀မ်းမြောက်ဝမ်းသာဖြစ်ပြီး ရွှင်လန်းမှုတွေရကြတယ်။ နောက်ပြီး တက်လာတဲ့ နေမင်းကြီးကို ကြည့်ကြ၊ ပတ်ဝန်းကျင် ရှုခင်းတွေကို ကြည့်ကြတယ်။

တောင်ကုန်းတောင်တန်းတစ်ဝိုက် မိုးရွာထားလို့ စိမ်းမြလန်းဆန်းနေတဲ့သစ်ပင်တွေကို နေမင်းကြီးက ရွှေရောင်တွေ ပက်ဖြန်းယှက်သန်းပေးလိုက်တဲ့အခါ ၀ါဝါစိုစိုဖြစ်သွားတဲ့ ပတ်ဝန်းကျင်ရှုခင်းတွေဟာ ကြည့်မ၀အောင် သိပ်လှတာပါပဲ။

တစ်ခါ သူတို့ဟာ ဘုန်းတော်ကြီးနဲ့တွေ့လို့ ဆရာဒကာ စကားပြောကြ၊ မေးမြန်းလျှောက်ထားကြ၊ ဆရာတော်တိုက်ကျွေးတဲ့ ကော်ဖီနဲ့မုန့်စားကြတယ်။

နောက် သူတို့နှစ်ယောက် ဘုန်းကြီးကျောင်းဝိုင်းကလေးကို လှည့်ပတ်ကြည့်ကြသလို ကျောင်းက ဒကာဒကာမတွေနဲ့လည်း စကားပြောကြတယ်။ ကောင်လေးကတော့ ပိုပြောနိုင်တာပေါ့လေ၊ ကောင်မလေးကတော့ တစ်ချက်တစ်ချက်ပြောလိုက်၊ မေးလိုက်၊ သူ့ကောင်လေးကိုပဲ ရွှန်းရွှန်းစားစားကြည့်လိုက်ပေါ့လေ။ ဒါပဲလုပ်နေတာတွေ့ရတယ်။

နေအတော်မြင့်လာတော့ ပူလာပြီ၊ ဆောင်းအ၀င်မှာတောင် နေပူလာတဲ့အခါ နေလို့မကောင်းတော့ဘူး၊ ဒါတောင် သူတို့က အေးတဲ့တောင်ပေါ်နေရာလေး ရောက်နေတာနော်။

သူတို့နေရာပြန်ရောက်တဲ့အထိဆို တော်တော်ပြန်ဆင်းရဦးမှာမို့ ကောင်မလေးက သွားရအောင်လို့ပြောတယ်။ ကောင်လေးကလည်း လက်ခံပြီး အားလုံးကို နှုတ်ဆက်တယ်။ ဘုန်းတော်ကြီးကိုတော့ ခုနပဲ သူတို့သေချာဝတ်ဖြည့်ခဲ့ကြပြီးသား။ ဖိနပ်(ရှုး)တွေ လည်း ၀တ်ပြီးကြပြီမို့ ဘုန်းတော်ကြီးဆီ နောက်တစ်ခေါက်ပြန်မသွားလိုကြတော့ဘူး။

ဒါနဲ့ ကောင်လေးနဲ့ ကောင်မလေးတို့ နှစ်ယောက်သား တဖြည်းဖြည်းပြန်ဆင်းလာကြတယ်။ ကောင်မလေးက ကောင်လေးဘယ်ဘက်လက်မောင်းကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ဖက်တွယ်ထားလို့။

ကောင်လေးက ကောင်မလေးဘက် ခေါင်းကလေးငဲ့ကြည့်လိုက်ရင် သူ့ကို မော့ပြီး မျက်ဆန်လေး အရည်လဲ့လို့ ကြည့်နေတဲ့ ကောင်မလေးမျက်ဝန်းလေးတွေ တွေ့ရတယ်။

ဇာတ်လမ်းက အဲဒီမှာပဲ ဆုံးသွားတယ်။ စိတ်ကူးက အဲဒီနားမှာ ပြတ်သွားတယ်။ ဘာမှဆက်ပြီး မပေါ်တော့ဘူး။ ဘာမှလည်း ဆက်စဉ်းစားလို့ မရတော့ဘူး။

အဲဒီရသလောက်လေးနဲ့ ဘာများရေးလို့ ရမလည်းဆိုပြီး ကြံဖန်ကြည့် စဉ်းစားကြည့်တာလည်း အကြိမ်ကြိမ်ပဲ။ ဘာမှ ဆက်လုပ်လို့မရဘူး။ ပြောပြကြည့်ပါဦး၊ အကြံပေးကြည့်ပါဦး…ပရိသတ်ကြီးရယ်။

တစ်ခါမှတော့ အခုလို ချမရေးကြည့်ဖူးပါဘူး။ အခုမှ ကိုယ်ပိုင် နှစ်နဲ့ချီ သိမ်းထုပ်ထားတဲ့ဇာတ်လမ်းကို ပရိသတ်ကြီးကို ခင်လို့ဝေငှလိုက်တာပါ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

စိတ်ကူးယဉ်/ကြိယာ/ဖြစ်ချင်သောအရာတို့ကို တွေးတောသည် (မြန်မာအဘိဓာန် ဝေါဟာရဖွင့်ဆိုချက်)

ည ၁၀ နာရီ မိနစ် ၄၀၊ အောက်တိုဘာ ၁၁၊ ၂၀၀၉။