Category: ရှင်းတမ်း/ကြော်ငြာ
The WordPress.com stats helper monkeys prepared a 2011 annual report for this blog.
Here’s an excerpt:
A New York City subway train holds 1,200 people. This blog was viewed about 3,700 times in 2011. If it were a NYC subway train, it would take about 3 trips to carry that many people.
Click here to see the complete report.
ကျွန်တော် ဆရာဝန်တယောက် မဟုတ်ပါဘူး၊ ကျောင်းဆရာလည်း မဟုတ်ပါဘူး၊ စာရေးဆရာလည်း မဟုတ်ဘူး။ မဟုတ်တာတွေချည်း ပြောနေတယ်၊ ဒါဖြင့် ခင်ဗျားက ဘာလဲလို့တော့ မမေးလိုက်ပါနဲ့… ကျွန်တော်က ဖြေချင်နေလို့ပါ။ ဟုတ်ကဲ့… ကျွန်တော် လူပျိုကြီးပါ။
လူပျိုကြီး ဖြစ်ရတာ ကောင်းပါတယ်။ ကျွန်တော်က ဒီလိုပြောလိုက်လို့ မဲ့ရွဲ့လို့ စကားတင်း မဆိုလိုက်ပါနဲ့နော်… တကယ်ကောင်းလို့ ကောင်းတယ် ပြောတာပါ။ ကျွန်တော်က သူငယ်ချင်းများ အထူးသဖြင့် ဖေ့စ်ဘုတ်မှာ သူငယ်ချင်းသစ်များ ရတဲ့အခါ မိတ်ဆက်တတ်ပါတယ်။ အဲဒီအခါမှာ ကျွန်တော့်နာမည်က ဘယ်သူပါ၊ အသက်က ဘယ်လောက်ပါ၊ အဲ… ပြီးတော့ ဘာပြောတယ် ထင်ပါသလဲ။ ဟဲ ဟဲ… ကျွန်တော် လူပျိုကြီးပါလို့…။ မပိုင်ဘူးလားဗျာ။
လူပျိုကြီး ဖြစ်ရတာ ကောင်းပါတယ်၊ ဂုဏ်ရည်တခုလည်း ရှိတယ်လို့ အလိုလို ထင်မိပါတယ်။ အထူးသဖြင့် တံဆိပ်ကပ်ထားတာ မခံရသေးတဲ့ ပစ္စည်း၊ ပိုင်ရှင် မရှိသေးတဲ့ အရာဝတ္ထု ဖြစ်တာမို့ လူတိုင်းမှာ အဲဒီပစ္စည်း၊ အဲဒီအရာကို ပိုင်ဆိုင်ခွင့် ရှိသလို လူတိုင်း ၀ယ်ချင်လာအောင် ဟိုလိုလို ဒီလိုလိုလည်း လုပ်လို့ ရပါတယ်။ ဟိုလိုလို ဒီလိုလို ဆိုတာက ပက်ကင် ပြောင်းထုပ်တာ၊ အရောင်တင်တာ၊ ဆေးခြယ်တာကို ပြောတာပါ။
ဒီတော့ ဟိုလိုလို ဒီလိုလို လုပ်ချင်တဲ့ စရိုက်ရှိတဲ့ ကျွန်တော်နဲ့ ဟိုလိုလို ဒီလိုလို လုပ်သာတဲ့ အခွင့်အရေးရှိတဲ့ လူပျိုကြီးဂုဏ်တို့ဟာ အံကျ ဖြစ်နေပါတော့တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် လူပျိုကြီးဆိုတော့ မျက်နှာတော့ နည်းနည်းပွင့်တာပေါ့လေ၊ ကျွန်တော့် အထင်ပေါ့။ ဟုတ်ချင်မှလည်း ဟုတ်မှာပါ၊ ဟုတ်ချင်လည်း တကယ် ဟုတ်နေမှာပါ။
ဒီနေရာမှာ အပျိုကြီးနဲ့ လူပျိုကြီး မတူပါဘူး။ နှိမ်တာတော့ မဟုတ်ပါဘူး… အပျိုကြီးဆိုတာက အိတ်စ်ပါရာ ဒိတ် ပါနေသလိုပါပဲ… ခဏနေ သိုးတော့မှာကိုးဗျ။ လူပျိုကြီးကတော့ အဲဒီလို မဟုတ်ပါဘူး… အဲဗား ရယ်ဒီဆိုတာမျိုးပါ။ ဒါကြောင့် နည်းနည်းတော့လည်း ဈေးကြီးတတ်ပါတယ်။ ဟဲ ဟဲ… ကျွန်တော်ကတော့ ဈေးမကြီးပါဘူး။ ပေါချောင်ကောင်းလေးပါ (ကြုံတုန်း ကြော်ငြာဝင်ထားတာပါ)။
ဆက်ရရင် ဖေ့စ်ဘုတ်မှာပဲဖြစ်ဖြစ်၊ ဂျီတော့ခ်မှာပဲဖြစ်ဖြစ် ကျွန်တော်က သူငယ်ချင်းတွေကို ရွှင်ရွှင်မြူးမြူးလေး စကားပြောလေ့ ရှိပါတယ်။ ဥပမာတခု ဆောင်ပြပါ့မယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက လန်ဒန်မှာ အဓိကရုဏ်းတွေဖြစ်ပြီး ဆိုးသွမ်းလူငယ်တချို့ ခိုးဆိုး လုယက်၊ ဖျက်ဆီး၊ ဆိုင်တွေ မီးရှို့ကြတော့ စိတ်ပူတဲ့ (ခင်တဲ့) သူငယ်ချင်းတချို့က လှမ်းမေးကြ၊ နှုတ်ဆက်ကြပါတယ်။
ကျွန်တော်က ဘာပြန်ပြောတယ် ထင်ပါသလဲ။ “မသေ သေးပါဘူးဗျာ“ “မာမာချာချာ ရှိနေပါသေးတယ်“ စသဖြင့် ပြောလိုက်တော့ သူငယ်ချင်းမ တယောက်က တကယ့်လူပျိုကြီးပဲလို့ စကားပြန်ဆိုပါတယ်။ အမယ်… လူပျိုကြီးဆို ဒီလို ပြန်ပြောသလား။ ကျွန်တော်တော့ မသိပါ၊ လူပျိုကြီးမို့ လူပျိုကြီး စကား ပြောလိုက်တာတော့ မဟုတ်ပါ။
ကျွန်တော်က စိတ်ထဲ ရှိတာကို ပြောတတ်ပါတယ်၊ ပေါ့ပေါ့ပါးပါး ရွှင်ရွှင်မြူးမြူး စကားပြောချင်ပါတယ်။ တနေကုန် (တနေ့ ၁၀ နာရီလောက်) အလုပ် လုပ်ထားပြီးပြီ၊ တော်ပြီပေါ့ဗျာ… မဟုတ်လား။ သူငယ်ချင်းတွေနဲ့ဆိုရင် ပေါ့ပေါ့ပါးပါး ရွှတ်ရွှတ်နောက်နောက် ပြောသင့်တယ် မဟုတ်လား။ ကျွန်တော်ကတော့ အဲဒီလိုပဲ ခံယူ ကျင့်သုံး ပြောဆိုပါတယ်။ အမြဲတမ်းတော့ မဟုတ်ဘူးပေါ့… ဒါပေမဲ့ အမြဲတမ်းနီးပါးပါပဲ။
ကျွန်တော် လူပျိုကြီးဖြစ်ရခြင်းအကြောင်း နောက်တချက်ကို ပြန်စဉ်းစားကြည့်တော့လည်း အဲဒီရွှတ်နောက်တတ်တာက ပြဿနာတခုအနေနဲ့ သွားရှိနေပါတယ်။ သူငယ်ချင်းတွေကတော့ ရွှတ်နောက်တယ်လို့ မခေါ်ပါဘူး၊ ပေါတယ်လို့ ပြောပါတယ်။ သူတို့က “ဟယ်… ပေါရဲလိုက်တာ“ တဲ့။ အဲဒီလို ပြောတတ်ပါတယ်။ ကျွန်တော်ကတော့ ပေါတယ်ဆိုတာ ရှားတာထက်တော့ လူတွေကို စိတ်ချမ်းသာစေတယ်လို့ ထင်တာပါပဲ။ ရှားတယ်ဆိုရင် လူတွေ အလွယ်မရနိုင်လို့ စိတ်ဒုက္ခ ရောက်ကြရတယ် မဟုတ်လား။
တကယ်တမ်းတော့ ကျွန်တော်ကသာ လူပျိုကြီး တန်မဲ့ ဟန်ဆောင် ပန်ဆောင်တောင် မလုပ်နိုင်တော့ဘဲ အကုန်ထုတ်ပြောနေတာ နေရာကျရဲ့လားတောင် မသိပါဘူး။ ကဲဗျာ… မထူးတော့ပါဘူး၊ ပြောလက်စနဲ့မို့ ဆက်ကြဲလိုက်ပါဦးမယ်။ ဒီနေရာမှာ ကျွန်တော် လူပျိုကြီး ဖြစ်ရတဲ့ အကြောင်း နောက်တကြောင်းလည်း ရှိပြန်ပါသေးတယ်။
အဲဒါကလည်း ကျွန်တော်ကသာ စိတ်ထဲ အတည်ကြံစည် တွေးတောမိလို့ တကယ်ပြောပေမယ့် အများအတွက်တော့ ရယ်စရာ ဖြစ်နေမှာပါ၊ မရှက်တော့ပါဘူး… ပြောပြပါဦးမယ်။ မြန်မာပြည်မှာ ကိုရီးယားယဉ်ကျေးမှု စတင်ရိုက်ခတ် ခေတ်စားလာတဲ့ ဂျွန်စော အွန်စောတို့ပါတဲ့ “ဆောင်းဦးရွက်ကြွေ ချစ်သက်သေ“ က စလို့ ကိုရီးယား ဇာတ်လမ်းတွဲတွေကို ကျွန်တော် တော်တော်များများ လိုက်ကြည့်ဖြစ်ပါတယ်၊ ကြိုက်လည်း ကြိုက်ပါတယ်၊ ခံလည်း ခံစားလို့ရပါတယ်။
ဒါပေမဲ့ ပြဿနာက အဲဒီမှာ ဇာတ်လိုက်မင်းသမီးလုပ်တဲ့ ကောင်မလေးတွေက မင်းသားလုပ်တဲ့ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ ဆရာ၊ ဦးလေးအရွယ် စသဖြင့်ကို ချစ်ကြောင်း ကြိုက်ကြောင်း စပြောပါတယ်။ “ဟ… တယ်မိုက်ပါလား“ လို့ ထခုန်မိမတတ် ကျွန်တော် ၀မ်းသာသွားပါတယ်။ ငါ့ လာပြောလို့ကတော့ အကိုက်ပဲ လို့လည်း တွေးမိပါတယ်။
အဲဒီ ကိုရီးယားဇာတ်လမ်းတွေဟာ ကျွန်တော် လူပျိုကြီး ဖြစ်သွားစေတဲ့ အဓိက အကြောင်းရင်း တခုဆိုရင် မမှားလောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို ဇာတ်လိုက်မင်းသမီးလေးလို အူကြောင်ကြောင်လုပ်ပြီး ပြောလာမယ့် ကောင်မလေးကို စောင့်နေရင်း ကျွန်တော် ဒုက္ခရောက်သွားတာပါ။ ကျွန်တော့် ပတ်ဝန်းကျင်က ကောင်မလေးတွေက တခြားအရာတွေ ဖြစ်တဲ့ ဘီယာသောက်ချင် သောက်မယ်၊ စကတ်တိုတို ၀တ်ချင်ဝတ်တယ်၊ ကျန်တဲ့ တခြား ကော်ပီတွေဆို အလွယ် ကူးတတ်ပေမယ့် ရည်းစားစကား စပြောဖို့ကြတော့ လိုက်မလုပ်ကြပါဘူး။ ဒါကြောင့် သူတို့ကို ကျွန်တော် အလွန်မုန်းပါတယ်။
အဲ… အွန်လိုင်းမှာကျတော့ တချို့ကောင်မလေးတွေက သိပ်ရဲပြန်ပါတယ်။ ကိုရီးယားဇာတ်လိုက် မင်းသမီးထက်တောင် အပြန်တရာလောက် သာနေပြန်ပါသေးတယ်။ “ဟေ့ လူကြီး… မပြေးနဲ့ ခင်ဗျားကို ရအောင်ယူမယ်“ တို့၊ “ခင်ဗျားကလည်းဗျာ… ယောက်ျားလေးဖြစ်ပြီး စကားနည်းလိုက်တာ“ တို့၊ “ခင်ဗျားကြီးက ဂေါ်တေး (ဂေး) ကြီးလား မသိပါဘူး“ တို့နဲ့ ကျွန်တော့်ကို နှိပ်စက်ကြပါတယ်။
အဲဒီလိုအခါမျိုးကျရင်တော့ ကျွန်တော် စိတ်ညစ်မိပါတယ်၊ အားလည်း ငယ်မိပါတယ်။ တကယ်တော့ အဲဒီကောင်မလေးတွေရဲ့ ပြင်းထန်လှတဲ့ ခြိမ်းခြောက်တဲ့ စကားတွေကို ကြောက်လို့ မဟုတ်ပါဘူး။ သူတို့ တကယ် မလုပ်ကြမှာစိုးလို့ စိတ်ညစ်တာရယ်… စကား စကား အွန်လိုင်းမှာပဲ ပျောက်သွားမှာ စိုးလို့ရယ်သာပါ။
အင်း… အချုပ်ပြောရမယ်ဆိုရင်တော့ ကျွန်တော်ကတော့ ခပ်တည်တည်ပါပဲ…။ ကျွန်တော့်နာမည်က ဘယ်သူပါ၊ အသက်က ဘယ်လောက်ပါ၊ ကျွန်တော်က လူပျိုကြီးပါလို့ အခုချိန်ထိ ပြောနေတုန်းပါပဲ။ အရသာ ရှိလိုက်တာဗျာ…။
၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်။
ည ၉ နာရီ။
လူတွေအကြောင်း တရားကျစရာလေးတွေကို ပြောပြချင်လို့ပါ၊ ဟဲ ဟဲ…၊ လူတွေထဲမှာ ကျွန်တော်လည်း ပါတယ်နော်၊ တော်ကြာ… ကျွန်တော့်ကို နတ်သား အောက်မေ့ပြီး ထုတ်ထားလိုက်မှာ စိုးလို့၊ ဘာတဲ့… လူတွေ… လူတွေ… လူတွေ…။
လူ့စိတ်က မျောက်နဲ့တူသတဲ့၊ ခုန်ဆွ ခုန်ဆွနဲ့… တောင်ရောက် မြောက်ရောက် ဟိုရောက် ဒီရောက်။ လောဘကလည်း ကြီးလိုက်သေး… ၀ါးနေတာက တတုံး၊ ပန်းကန်ထဲမှာ တတုံး၊ ခပ်နေတာ တတုံးလို့ ဆိုရမယ်။ ဒါတောင် စားပြီးရင် သုံးလေးတုံးလောက် ထုပ်(ထည့်)သွားဦးမှ ဆိုတာမျိုးက တွေးတတ်သေးတယ်။
ဥပမာဗျာ… ကျွန်တော့် သူငယ်ချင်းတွေထဲက အမကြီးတယောက်နဲ့ စကားလက်ဆုံကျမိတယ် ဆိုပါစို့၊ ဟေ့… ချာတိတ် အခုနေတဲ့ နေရာမှာ နေရထိုင်ရတာ အဆင်ပြေလားလို့ သူက မေးလာတယ် ဆိုရင် ကျွန်တော်က ဘာပြန်ဖြေမယ် ထင်သလဲ။
“ဟုတ်ကဲ့၊ မမ… အဆင်ပြေပါတယ်။ ကျွန်တော်တို့နားမှာ ကုလား စားသောက်ဆိုင်တွေ များတယ်လေ၊ ကျွန်တော်က ကုလားစာ ကြိုက်တော့ အိုကေ နေတာပေါ့၊ အာလူးကြော်နဲ့ ကြက်ကြော် ရောင်းတဲ့ ဆိုင်လည်း ရှိတော့ စားရေးသောက်ရေးလည်း မပူရဘူးလေ၊ ကျွန်တော်က ချက်မှ မစားတာ“
“အခန်းကရော အိုကေလား၊ မြန်မာတွေနဲ့လား“
“မြန်မာတွေနဲ့တော့ မဟုတ်ဘူးဗျ၊ နိုင်ငံစုံကပဲ… ၀င်လိုက်ထွက်လိုက်ပါပဲ၊ ကျွန်တော်သာ ကြာကြာနေနေတာ၊ အိမ်သူကြီး (တအိမ်လုံးကို တာဝန်ခံ ယူထားပြီး အခန်းတခန်းချင်း ပြန်ငှားစားသူ) တရုတ်မကလည်း မဆိုးပါဘူး။ တော်တော်လေး အသန့်ကြိုက်တယ်။ သူ့နားရက်ဆို အိမ်ပဲ ရှင်းနေတာပဲ… ကျွန်တော် ရောက်စကဆို ကျွန်တော့်အခန်းပါ လာပြီး ဖုန်စုပ်စက်နဲ့ လာစုပ်နေလို့ နေနေ ကျွန်တော့်ဘာသာ လုပ်မယ်ဆိုပြီး တားထားရတယ်“
“ကောင်းတာပေါ့ဟဲ့… ဘယ်လောက်ပေးရလဲ“
“အခန်းကတော့ ကျဉ်းတယ်ဗျာ၊ ၆ ပေ၊ ၁၀ ပေ လောက်ပဲ ရှိတယ်။ ကုတင်တလုံး စားပွဲတလုံးပဲ။ တပတ် ၇၅ ပေါင်“
“ဘယ်ဇုန်ထဲမှာလဲ“
“ဇုန် သုံး ဗျ“
“ဟယ်… များတာပေါ့“
“အင်း… နည်းနည်းတော့ များတယ်ထင်တယ်၊ ဒါပေမဲ့ အခန်းလေးက မဆိုးပါဘူး၊ အပေါ်ထပ်ဖြစ်ပြီး အရှေ့ဘက် မျက်နှာစာက လမ်းမကို မြင်ရတယ်လေ၊ နောက်ပြီး ခေါင်းရင်းက တံခါးမကြီးက ဆွဲဖွင့်လို့ ရတယ်။ နှစ်ရွက်တံခါးဗျ… နွေရာသီမှာ နေရသက်သာတာပေါ့“
ကျွန်တော်တို့ အပြန်အလှန် ပြောဖြစ်ကျတာကို ရေးပြလိုက်တာပါ။ ဟုတ်တယ်၊ အခန်းခက တက္ကစီဆရာက စလာပို့ ကတည်းက အခန်းကို တချက်ကြည့်ပြီး ဘယ်လောက်လဲ၊ ၆၅ ပေါင်လားတဲ့။ ကျွန်တော်က ၇၅ လို့ ပြန်ပြောလိုက်တော့ များတယ်ဗျတဲ့ ပြောဖူးတယ်။ ဘယ်တတ်နိုင်မလဲ၊ ကျွန်တော်ကလည်း အရေးပေါ် အခန်းရှာ ပြောင်းခဲ့ရတော့ မဆိုးဘူးဆိုပြီး ယူမိလိုက်တာပဲ။ ကျွန်တော်ကတော့ သဘောကျတယ်၊ ကျွန်တော်ကြိုက်ရင် ပြီးတာပဲ မဟုတ်လား။
ဆက်ရရင် ခုန မမနဲ့ နောက် သုံးလေးလလောက်ကျတော့ တခါ စကားပြောဖြစ်ပြန်တယ်။ ဟိုပြောဒီပြော ပြောနေရင်း မတ်တပ်ကနေ နေရေးထိုင်ရေး စားရေးသောက်ရေးဘက် ရောက်သွားပြန်တာပေါ့။ မမတွေက မောင်လေးအရွယ်ဆိုရင် ကလေးလေးလို သဘောထားတယ် မဟုတ်လား၊ တယောက်ထဲ နေရတဲ့ မောင်လေးကို သနားလို့နဲ့ တူပါတယ်၊ ခုနကလို အလားတူ စကားတွေ ပြန်မေးပြန်ပါတယ်။
“…. …. ….“
“…. ….“
“…. …. ….“
“တပတ် ၇၅ ပေါင်“
“ဟယ်… တန်တာပေါ့“
“ဟင်… ဟုတ်… ဟုတ်… ဟုတ်…“
ကျွန်တော် ပြောချင်တာက အဲဒါပါပဲ။ လူတွေ မဟုတ်လားဗျာ၊ စိတ်ပြောင်းသွားတာကိုး…။ ကျွန်တော့်မှာတော့ ဒုက္ခရောက်သွားတာပေါ့။ သူနဲ့ ပထမတခါ ဒီအကြောင်းအရာကိုပဲ ပြောဆိုထားခဲ့တော့ ကျွန်တော်က မှတ်မိနေတယ်လေ။ မမကြီးက မမှတ်မိတော့ဘူး။ သူပဲ မတန်ဘူးပြောလိုက်၊ တန်တယ်ပြောလိုက်နဲ့ ကျွန်တော့်မှာသာ…။
မမအကြောင်း ပြောပြီးတော့ ကျွန်တော့်အကြောင်း ဆက်ပြောမှ ဖြစ်မယ်။ ကျွန်တော်ကလည်း အွန်လိုင်းမှာ သူငယ်ချင်းလေးတွေနဲ့ စကားပြောတဲ့အခါ အရင်က သိသိ၊ ခုမှ သိသိ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောတတ်တယ်လေ။ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်အောင် တတ်သလောက် မှတ်သလောက် တဖက်တလမ်းက ကူညီပေးနေတာပါလို့ ပြောရင်တော့ နည်းနည်း ဖောင်းရာကျမယ်၊ ဆရာကြီး လုပ်ရာကျမယ်။ တကယ်တော့ ရည်ရွယ်ရင်းက အဲဒါပါပဲ။
အသက် ၂၀ ကို တော်တော် ကျော်သွားတဲ့ ယောက်ျားလေး၊ မိန်းကလေးတွေထဲက တချို့က ကြောက်ကြတယ်ဗျ။ ဘာမှမဟုတ်တဲ့ ဟိုအကြောင်း ဒီအကြောင်း တောအကြောင်း တောင်အကြောင်းကိုတောင် ပွင့်ပွင့်လင်းလင်း မပြောရဲကြဘူး၊ နိုင်ငံရေးတွေ မပါပါနဲ့တို့၊ ဦးလေးက နိုင်ငံရေး လုပ်နေတာလားလို့ ဘာတို့ ပြန်ပြန်မေးလာတတ်တယ်။ မဟုတ်ပါဘူးဗျာ… ဒီအကြောင်းအရာက ဘာမှလည်း မဟုတ်ပါဘူး၊ ပြောလို့ဆိုလို့ ရပါတယ်။ တကယ်လို့ မပြောချင်ဘူး ဆိုရင်လည်း ရပါတယ်၊ ဘာဖြစ်လို့ မပြောချင်တာပါ ဆိုတဲ့ ခိုင်လုံတဲ့ အကြောင်းတော့ ရှိရမှာပေါ့လို့ ကျွန်တော်ကလည်း ပြန်ပြောမိပါတယ်။
တချို့ကတော့ တခုခုများ ပြောမိရင် ဒုက္ခရောက်မှာ… အဖမ်းခံရမှာကို စိတ်ပူပုံ ရပါတယ်။ မိဘ၊ ဆရာသမား၊ ဆွေမျိုးနဲ့ သူငယ်ချင်းတွေကပဲ အဲဒီလို ပြောထား ခြောက်ထားသလားတော့ မသိပါဘူး။ ဒါမှမဟုတ် တယောက်ယောက်ကများ ပြောထားသလို ဖြစ်နေသလားတော့ မသိပါ၊ သူတို့ စိတ်ထဲ အဲဒီလို စွဲနေပါတယ်။ တကယ်တော့ ပွင့်ပွင့်လင်းလင်း ပြောဆို သုံးသပ်ခွင့်က လူတိုင်းမှာ မွေးကတည်းက ပါလာတဲ့ အခွှင့်အရေးပါ။ ဘာကိစ္စကိုပဲဖြစ်ဖြစ် ကိုယ့်စိတ်ထဲ ရှိတာကို ပြောနိုင်ပါတယ်၊ ငြင်းနိုင်ပါတယ်။ ဘယ်သူ တဦးတယောက်၊ အဖွဲ့အစည်း တခုခုကမှ လာပြီး ကန့်သတ် ပိတ်ပင် တားမြစ် အရေးယူလို့ မရပါဘူး။
ဒါကိုပဲ ဒီနေ့ခေတ်မှာ လက်တွေ့ ကျင့်သုံးနေတဲ့ လူတွေ အများကြီးပါ၊ အထူးသဖြင့် လူငယ်တွေပေါ့၊ တချို့များ ပြောလွန်လွန်းလို့ ကျွန်တော်ကတောင် သတိ ပြန်ပေးရပါသေးတယ်။ ခက်နေတာက တချို့က မလိုအပ်ဘဲ ကြောက်နေကြတာပါ။ ကျွန်တော်က အဲဒီလို ရှင်းပြ ပြောပြတော့ တချို့လည်း လက်ခံပါတယ်၊ တချို့လည်း ရှင်းပြလိုက်ကာမှ ဒီလူကြီး ငါ့ပါ စည်းရုံးနေပြီဆိုပြီး ကြောက်သွားကြလို့ စကားကို လာမပြောတော့ပါဘူး။
ကျွန်တော်နဲ့ စကားပြောဘက်တွေရဲ့ အကြောင်းတွေ ပြောပြီးတော့ ကျွန်တော့် စကားပြောပုံကို ဆက်ရပါမယ်။ ကျွန်တော်က အထက်က ဆိုခဲ့သလို ရင်းရင်းနှီးနှီး ပြောလိုက်တော့ ရင်းနှီးပြီးသား သိပြီးသား လူတွေကတော့ ဘာမှ မဖြစ်ဘူးပေါ့၊ သူတို့က ကျွန်တော့် ရင်ထဲကို မြင်နေကြတာကိုး။ သိပ်မရင်းနှီးတဲ့သူကျတော့ ဘယ့်နှယ့်ပါလိမ့်၊ မသိသား နားမလည် ဆိုးဝါးလှပါလား ဆိုပြီး လက်လန် သွားပါတော့တယ်။
ကျွန်တော်ကလည်း စတတ်နောက်တတ်တော့ အခုတမျိုး၊ တော်ကြာတမျိုး လုပ်တတ်တာမျိုးတွေလည်း ရှိပါတယ်။ တခါတလေ စကားကို ချိုချိုသာသာ ပြောတတ်ပေမယ့် တခါတလေ ဘုတော တတ်ပါတယ်။ စကားပြော လေ့ကျင့်နေတာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီစကား… ဒီစကားတွေပဲ ထပ်တလဲလဲ ပြောတတ်တဲ့ သူတွေထဲမှာတော့ ကျွန်တော် မပါချင်ပါဘူး။
ကျွန်တော်နဲ့ စကားပြောဖြစ်ရင်တော့ တခုခု ထူးဆန်းသွားရမယ်၊ တခုခု အငြင်းအခုံ ဖြစ်ရမယ်၊ တခုခုတော့ စဉ်းစားစရာ ဖြစ်သွားရမယ်… အဲဒါမျိုးကိုမှ ကျွန်တော်က ပြောချင်တာပါ။ ဒီတော့ ကျွန်တော်လည်း စဉ်းစားမိပါတယ်၊ ငါကလည်း သူများကိုသာ လျှောက်ဝေဖန်နေတယ်၊ ငါကိုယ်တိုင်ကလည်း အခုတမျိုး တော်ကြာတမျိုးပါလားလို့…။
ယဉ်ယဉ်ကျေးကျေး စကားပြောနိုင်တာ၊ တည်တည်ငြိမ်ငြိမ် စကားပြောတတ်တာ၊ စကားကို လိပ်ပတ်လည်အောင် ပြောတတ်တာ ကောင်းပါတယ်။ ဒါပေမဲ့ အဲဒါမျိုးတွေက ဟန်ဆောင်ပြီး ပြောနေလို့ မရပါဘူး။ လူ့စိတ်ဆိုတာက ကျွန်တော် ပြောခဲ့သလို ခုန်နေ၊ ပြောင်းနေတော့ သာတောင်မှ မလွယ်ပါသေးတယ်။
ယဉ်ယဉ်ကျေးကျေး ပြောလာပေမယ့် နည်းနည်းလေးလည်း ဆွလိုက်ရော ဆဲတော့တာပါပဲ၊ တခါ တည်တည်ငြိမ်ငြိမ် ရှိလှချည်လားလို့ အောက်မေ့မိပေမယ့် နောက်တခါ ပြောတော့ နောက်တမျိုး ဖြစ်နေတာလည်း တွေ့ဖူးပါတယ်။ တချို့များကျတော့လည်း စကားတွေသာ အများကြီး ပြောနေတာ ဘာပြောလို့ ဘာပြောနေမှန်း မသိတဲ့ သူတွေလည်း မြင်ရပြန်ပါတယ်။
သူများသာ ပြောမိပါတယ်၊ ကျွန်တော်လည်း တခါတခါ အဲဒီလို ဖြစ်နေတယ်လို့ ဆရာသမားတွေက ဆုံးမကြပါတယ်။ မင်း ဘာကို ဆိုလိုမှန်း ငါ မသိဘူးတဲ့၊ ဆရာသမား တယောက်က ကျွန်တော့်ကို အဲဒီလို ပြောဖူးပါတယ်။ ကျွန်တော့်မှာတော့ ငါ ဆရာ့ကို အတော် ရှင်းရှင်းလင်းလင်း ပြောလိုက်နိုင်တာပဲလို့ အောက်မေ့တဲ့ အချိန်မှာ ဆရာက အဲဒီလို မှတ်ချက်ပြုလာတာ ဖြစ်ပါတယ်။
စကားပြောတာမှာ စနောက်ပြောရတာကလည်း ဒီဂရီတွေ ရှိပါတယ်။ လူတိုင်းက အချိန်တိုင်း အဆင်ပြေနေ ပျော်နေကြတာ မဟုတ်ပါဘူး၊ အများစုက ရုန်းဟယ် ကန်ဟယ်နဲ့ လုံးပန်းနေရတာပါ။ တခါ ဘ၀နောက်ခံ အကြောင်းတွေကလည်း တယောက်နဲ့တယောက် မတူကြပါဘူး။ လူတိုင်းကို ကိုယ့်လိုချည်းထင်ပြီး စကားတွေ စွတ်ပြောလို့လည်း မရပါဘူး။
စနောက်ပြောတာမှာ ဒီဂရီရှိတယ်ဆိုတာက ဒီစကား ဒီနောက်ပြောင် ပြောဆိုမှုကိုပဲ အချိန်တခုမှာ သူရောကိုယ်ပါ ရယ်နိုင်ပေမယ့် တခြားအချိန်တခုမှာတော့ သူ ဒါမှမဟုတ် ကိုယ်က မရယ်နိုင်တဲ့အပြင် ဒေါသဖြစ်တာမျိုးတောင် ရှိလာနိုင်ပါတယ်၊ ဒါမှမဟုတ် စိတ်မကြည်မလင် ဖြစ်သွားတာမျိုး ရှိနိုင်ပါတယ်။ ဟ… ဘယ်နှယ့် ဖြစ်တာလဲ၊ ဒါလေးကိုများ စိတ်ဆိုးစရာလားလို့ သွားပြောလို့ မရပါဘူး။
လူတွေက စိတ်ဆင်းရဲနေချိန်မှာ စိတ်ဓာတ်က ပုံမှန် အနေအထား မဟုတ်တော့ပါဘူး၊ ပိုပြီး စိတ်ကျလွယ်၊ စိတ်ထိခိုက်လွယ်၊ ဒေါသထွက်လွယ်ပါတယ်။ အဲဒီ အချိန်မှာ ကိုယ်က တခုခု ပေါ့ပေါ့ပါးပါး ပြောလိုက်ပေမယ့် တဖက်လူက အများကြီး ခံစားသွားရတတ်ပါတယ်။ ဘယ်တော့မှလည်း မမေ့တော့ဘဲ မှတ်ထားတတ် ပါတယ်။ မလိုအပ်ဘဲ မခေါ်နိုင် မပြောနိုင် ဒါမှမဟုတ် စိတ်ဝမ်းကွဲသွားနိုင်တဲ့ အခြေအနေပါ။
ကျွန်တော်ကတော့ မဖြစ်မနေ လျှော့လိုက်ရတဲ့ အခြေအနေမျိုးကလွဲလို့ ကျွန်တော့်ရဲ့ ယုံကြည်ချက်နဲ့ အယူအဆကို မလျှော့ပေးပါဘူး။ တုန့်ပြန်မှုကလည်း မြန်တတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ပြောခဲ့သလိုပါပဲ၊ ကျွန်တော်ကလည်း လူတွေထဲက လူပဲလေ… ကျွန်တော်လည်း စိတ်ပြောင်းလွယ် ပြင်လွယ်ပါတယ်။ ဘယ်အရာမှ အကြာကြီး မဟုတ်ဘူး ဆိုတာကိုလည်း နားလည်ထားပါတယ်။ ဒါကြောင့် ပိုတောင် ပြောင်းပါသေးတယ်။
ဒီတော့ ငါတော့ သတိထားမှ တော်မယ်၊ စိတ်အပြောင်းအလဲ များတာ မကောင်းဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် ကျွန်တော် ဆုံးမပါတယ်။ ဒါနဲ့ ကျွန်တော် လူပါးလေး လုပ်လိုက်မယ်၊ ပဲလေးနဲ့ ယဉ်ယဉ်ကျေးကျေး လိမ်လိမ်မာမာ ရိုရိုသေသေ ပြောဆို ဆက်ဆံမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ စကားကိုလည်း အနည်းဆုံး ပြောမယ်၊ လိုမှသာ ပြောမယ်လို့ ကိုယ့်ဘာသာ ဆုံးမလို့ လိုက်နာကြည့်ပါတယ်။ ဒါပေမဲ့လည်းလေ… လူတွေထဲက လူတယောက်မို့…။
၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်။
ည ၁၀ နာရီ။
ကျွန်တော့်မလဲ… စာကလည်း ရေးချင်… ဖွဲ့ဖွဲ့နွဲ့နွဲ့ကလည်း ရေးတတ်သူ မဟုတ်လေတော့ ခရီးသွားတဲ့အကြောင်း၊ အလုပ်အကြောင်း၊ မိသားစုအကြောင်း၊ ကျွန်တော့်အကြောင်း ဒါတွေပဲ လှည့်ရေးနေရတယ်။ အဲ… အဲဒီလို ရေးတယ်ဆိုရာမှာလည်း တကယ်တော့ ၀မ်းနည်းရတာတွေ၊ စိတ်ဒုက္ခ ကိုယ်ဒုက္ခ ခံစားရတဲ့ အကြောင်းတွေ မရေးချင်ဘူး၊ ဘာရေးချင်သလဲဆိုတော့ ရယ်စရာတွေ ရေးချင်တာဗျ။
ပြဿနာက စာရေးတာမှာ အဲဒီ ဟာသရသ (ရယ်စရာ)က အခက်ဆုံးလို့ စာရေးသူ ဆရာကြီးတချို့က ပြောကြတော့ ကျွန်တော့်မှာ အခက်တွေ့တာပေါ့ဗျာ။ ဒါပေမဲ့ လွယ်တာတခုရှိတာက ကျွန်တော်က အစအနောက်သန်တယ်၊ လူရွှင်တော်တွေလို အပင့်အထောက်၊ အဖြတ်အခုတ် နည်းနည်းပါးပါး ပြောတတ်တယ်။ ဒါပေမဲ့ ရုပ်ကအတည် အပြောက အရယ်ဆိုတော့လည်း တချို့က အတည်မှတ်ရမလား၊ အပြီလုပ်နေသလား စဉ်းစားနေကြတာနဲ့ပဲ ကျွန်တော် ပြောဆိုတာတွေက မရယ်ရတဲ့အပြင် ပဟေဠိတွေ ဖြစ်ကုန်တာလည်း ရှိပြန်ပါတယ်။ ကျွန်တော့်ကံလို့ပဲ ဆိုရမလား။
ပိုဆိုးတာက ကျွန်တော့်အတွေ့အကြုံအရ ပြောရမယ်ဆိုရင် ကျွန်တော်သွားပြီး စမိပြောမိတဲ့ (ယောက်ျားလေးက ထားပါတော့၊ ကျွန်တော်အနေနဲ့ စိတ်လည်း မ၀င်စားပါဘူး) မိန်းကလေးတွေက ကျွန်တော့်ထက် ကြီးသူဆိုရင် ကျွန်တော့်ကို လည်ပင်းညှစ်တော့တာပဲ (ခံခဲ့ရဖူးပါတယ်)၊ ငယ်တဲ့သူဆိုရင်တော့ ပက်ပက်စက်စက် ပြန်ပြော၊ ရန်ထောင်လုပ်ကြပါတယ် (ခံခဲ့ရဖူးပါတယ်)။ ကံဆိုးလှပါတယ်။
တခါ သူတို့က ကျွန်တော့်ကို (ကျွန်တော့်အပေါ်ကို) အတည်ပြောပေမယ့် ကျွန်တော် ပါးစပ်ပိတ်လို့ မရအောင် ရယ်မိတာက (အရှိုက်ထိလို့လား မသိဘူး၊ ဒါမှမဟုတ် အသက်အရွယ် ထောက်လာတဲ့ ကျွန်တော် လူကြီးရှက်တော့ ရယ်ဆိုသလို) “နှာဘူး“ လို့ အပြောခံရတဲ့ အခါမျိုးတွေမှာပါ။ ဒါရယ်စရာလား…။ နို့… နေပါဦး မဟုတ်ဘူးလား… ဆိုတော့ ဟုတ်နေပြန်ရော ဘုရားအမရေ့… လို့ ဆိုရမလိုပါပဲ။
ငယ်ငယ်က ရပ်ကွက်ထဲမှာ ကာလသားခေါင်း ကိုဇော်ကြီးဆိုတာရှိတယ်၊ ညနေတိုင်း သူ့ဆီ သွားသွားမော့ရတာပေါ့။ သူက လူငယ်လက်ချာရိုက်တယ်လေ… ယောက်ျားတို့ သိကောင်းစရာတွေ ပို့ချတာပေါ့…။ မိန်းကလေးတယောက်ကို နောက်ကကြည့်လိုက်… ခြေလှမ်း လေးငါးလှမ်း လှမ်းပါစေ… ပြီးရင် အပျိုလား အအိုလား တန်းပြောနိုင်ရမယ်။ တခါ မိန်းကလေးတယောက်ကို ကြည့်ရင် (အလှခံစားမယ်ဆိုရင်) ဘယ်ကနေ စကြည့်မလဲ၊ ဘယ်လို အဆင့်ဆင့် ကြည့်မလဲ… ဘာကို အရေးတကြီး ကြည့်မလဲ… စသဖြင့်ပေါ့လေ။ သူ ပြောတာတွေက အများကြီးပါပဲ၊ တချို့လည်း မေ့တေ့တေ့။
တရက်တော့ စကားဝိုင်းမှာ မော့နေတုန်း ကိုဇော်ကြီးက မင်းတို့ကို မေးစရာ ရှိတယ်ဆိုပြီး “မင်းတို့ နှာဘူးလား၊ ဂန်ဒူးလား“တဲ့။ ခက်ရော… ရုတ်တရက် ကျွန်တော် နားလည်လိုက်တာက နှစ်ခုစလုံးကတော့ အဓိပ္ပာယ် သိပ်မကောင်းလှဘူး။ တခုခုတော့ ဖြေရတော့မယ်ပေါ့။ ကျွန်တော့် သူငယ်ချင်း အများစုကတော့ သိတဲ့အတိုင်းပါပဲ… ရိုးသားကြပါတယ်၊ “ကျွန်တော် နှာဘူးပါပေါ့“ တယောက်ချင်းစီ ဖြေသွားကြတယ်။
“ဟေ့ကောင် အကြီးကောင်… မင်းရော“ တဲ့။ ကိုဇော်ကြီးက ကျွန်တော့်ကို မေးလေးထိုးပြီးတော့ မေးလာတယ်။ ကိုဇော်ကြီးက ကျွန်တော်တို့ကို သပ်သပ် ညစ်ပတ်တာ၊ အရှက်ခွဲတာလို့ ကျွန်တော် ခံစားရတယ်။ ဘယ်နှယ့်ဗျာ သူမေးတာ ဘယ်တခုက ကောင်းသလဲ။
အဲ… ကျွန်တော့်မှာ ညီတယောက်ရှိတော့ အိမ်မှာတော့ အမေက ကျွန်တော်တို့ကို ကိုကြီး၊ ကိုလတ်လို့ ခေါ်တယ်၊ အမှန်တော့ ညီအကို နှစ်ယောက်ထဲရှိတာ ကိုကြီး၊ ကိုလေးပဲ ဖြစ်ရမှာ မဟုတ်လား။ ဒီလိုဗျ… အမေက နောက်တယောက် ထပ်မွေးတော့ ကျွန်တော်တို့ ညီအကို နှစ်ယောက်မှာ ညီမတယောက် ထပ်တိုး လာတယ်။ အဲဒီမှာ ညီလေးက ကျွန်တော်တို့ မွေးချင်းသုံးယောက်မှာ အလတ်ဖြစ်သွားသလို အမေကလည်း အဲဒီတုန်းက မင်းသား ကျော်ဟိန်းပါတဲ့ ရုပ်ရှင်ဇာတ်ကားတကား သွားကြည့်တယ်ဆိုလား၊ ကျော်ဟိန်းရဲ့ ဇာတ်ကောင်နာမည်က ကိုလတ်တဲ့။ ဒါနဲ့ ကိုကြီး၊ ကိုလတ်ဖြစ်ရောဆိုပါတော့…။
ဒါပေမဲ့ အိမ်မှာတော့ ကိုကြီး၊ ကိုလတ်ပေါ့။ အင်း… သူငယ်ချင်းတွေထဲမှာလည်း ရွယ်တူတွေနဲ့ ငယ်သူတွေကတော့ ကိုကြီး၊ ကိုလတ်ပေါ့… ခေါ်ကြပါတယ်။ ရပ်ကွက်ထဲဆိုတော့ ကျောင်းနာမည် အပြည့်အစုံ မခေါ်ကြဘူးပေါ့။ တခြားသူငယ်ချင်းတွေဆိုလည်း သူတို့ရဲ့ ကျောင်းနာမည်ကို ကျွန်တော်တို့က မခေါ်ပါဘူး။ ဘာတဲ့… ဟာကင်း… ချူးမန်း… ဂျလားသင်း… ပီးပါ… ဖိုးသက်… ချားကလီး… ဘောစိ… ရတနာ… မိလဲ့ စသဖြင့်ပေါ့။ ရတနာနဲ့ မိလဲ့က ကောင်မလေးတွေပါ၊ စကားဝိုင်းထဲ သူတို့ မပါကြပါဘူး။ စဉ်းစားမိလို့ တခါထဲ ထည့်ရေးထားတာပါ။ ကျွန်တော်တို့ အိမ်နားမှာ မွတ်ဆလင် သူငယ်ချင်းတွေက အများစုဖြစ်နေတော့ အဲဒီနာမည်တွေပေါ့၊ အခုထက်ထိလည်း သူတို့ ကျောင်းနာမည်တွေကို ကျွန်တော် မသိပါဘူး။
ဆက်ရရင် ကျွန်တော်တို့ညီအစ်ကိုကလည်း လမ်းထဲမှာ တပူးတွဲတွဲ အမြဲရှိလေတော့ ကာလသားကြီးတွေနဲ့ သူငယ်ချင်းတွေထဲက ကျွန်တော်တို့ကို ခပ်ရင့်ရင့် ခေါ်ချင်တဲ့ကောင်တွေက အကြီးကောင်၊ အငယ်ကောင် စသဖြင့် ခေါ်ကြတာပေါ့လေ။ အမယ်… အခုထိတောင် ကျွန်တော့်ညီငယ်က အိမ်မှာဆို ကျွန်တော့်ကို အကြီးကောင်က ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ လုပ်သေးတာ…။ တကယ်တော့ ကျွန်တော့်ညီက ဒီ စာနယ်ဇင်းလောကထဲ အရင်ရောက်နှင့်ပြီး သူကလည်း ကျွန်တော့်ကို သွန်သင် ဆုံးမတာတွေဘာတွေ နည်းနည်းပါးပါး လုပ်ခဲ့ဖူးတော့ အကိုဖြစ်ပေမယ့်လည်း ကျွန်တော့်ကို မလေးစားဘူး ထင်ပါတယ်လေ။
အဲဒီတော့ ကိုဇော်ကြီးက မေးတယ်လေ… မင်းကဘာလဲပေါ့။ ကျွန်တော်က ရှေ့နေမသားပဲဗျာ… သူက ဘယ်လမ်းသွားစေချင်လို့ နှပ်ကြောင်းပေးမေးခွန်းနဲ့ ဒီလိုလာမေးနေတာလဲဆိုတာ ကျွန်တော် ရိပ်မိတာပေါ့။ ကျွန်တော် ဘယ်လို ဖြေတယ်မှတ်သလဲ… “ကျွန်တော်က ဘုန်းကြီးလုပ်မှာပါ“လို့…။ ကိုဇော်ကြီး နည်းနည်းတင်းသွားတယ်။ သူ ထင်ထားတာက ကျွန်တော်လည်း ဘူးဂိုဏ်းထဲ အလွယ် ၀င်မယ်လို့ မှတ်နေတာကိုး။
ကျွန်တော်က လူလည်ပဲ၊ သူများဘူးတိုင်း မဘူးနိုင်ဘူးလေ၊ သူ့ဆီက လိုချင်တဲ့ ပညာတချို့ ရဖို့သာ ကျွန်တော်တို့က မော့နေရတာကိုး၊ ပြောတိုင်းအမှန်လို့ ဘယ်လိုလုပ်ယုံကြည်နိုင်မလဲ… လက်တွေ့ လိုက်လုပ်ကြည့်ပြီးမှ ယုံသင့်တာ ချင့်ရုံရမှာ မဟုတ်ဘူးလား။ အဲဒီ အကိုကြီးတွေ၊ သူငယ်ချင်းကြီးတွေ သင်ပေးတာတွေက တချို့ဟာတွေက မမှန်ဘူးဗျ၊ တော်တော် အီစိမ့်အောင် ခံရတာတွေလည်း ရှိခဲ့ဖူးတာကိုး…။
ဒီနေရာမှာ တခုပြောစရာ ရှိတာက ကိုဇော်ကြီးရဲ့ အစွမ်းအစပါ၊ သူ့စကား ယုံကြည်ရမှု အတိုင်းအတာပေါ့။ ကျွန်တော်တို့ ရွယ်တူသူငယ်ချင်းတွေအားလုံးတင် မဟုတ်ဘဲ ကိုဇော်ကြီးရဲ့ သူငယ်ချင်းတွေ ကိုယ်တိုင်ကိုက လက်ခံထားတာက “ဇော်ကြီးက အာ (အာပလာ) မဟုတ်ဘူး၊ တကယ်စွမ်းတယ်ကွ“ ဆိုတာပါပဲ။
ဟုတ်ပါတယ်၊ ကိုဇော်ကြီးကို လာလာတွေ့ရတဲ့ သူ့ရည်းစားလို့ ပြောတဲ့ ကောင်မလေးတွေက တကယ့်အမိုက်လေးတွေပါ၊ ဒီနေ့ခေတ် မင်းသမီးတွေလို ပုံစံမျိုးတွေပါ၊ အလွန်ဂေါ်ပြီး (မိုက်ပြီး) ပြင်တတ်ဆင်တတ် ခြယ်သတတ်သူတွေပါ။ ဂျင်းဘောင်းဘီတို ဖင်ကျပ်၊ စွပ်ကျယ်အင်္ကျီ လက်ပြတ်အကျပ်၊ မွှေးကြိုင်နေအောင် ပြင်ဆင်ခြယ်သပြီး တော်တော်မိုက်ပါတယ်။ လူပျိုပေါက် ကျွန်တော်တို့ ခိုက်ကြတေဲ့ မမအရွယ်တွေပေါ့ဗျာ။
တခါတလေ “ကိုဇော်ကြီး… ဟီး.. ဟီး.. ဟီး…“ လို့ သူတို့ စကားပြောတဲ့ အနားသွားပြီး အဲဒီမမရဲ့ အလှအပနဲ့ အနံ့အသက်ကို အနီးကပ် ရှုစား ခံစား ရပါတယ်။ ကိုဇော်ကြီးက “ဟေ့ကောင်… ဘာလဲ… ဒိုး.. ဒိုး.. ဒိုး.. (သွား.. သွား.. သွား)“ လို့ အော်တတ်ပါတယ်။
ကိုဇော်ကြီးက ပြန်ပြောပါတယ်။ “ဟေ့ရောင်… ငါမေးတာ ဘုန်းကြီး မပါဘူး၊ မင်း မနောက်နဲ့… ကောင်းကောင်းဖြေ… ဒူးသလား၊ ဘူးသလား“ တဲ့။ အဲဒီတော့ ကျွန်တော့်မှာ အခက်တွေ့ရပါတယ်၊ စိုတဲ့လက်လည်း မခြောက်ချင်ဘူးလေ၊ ဟုတ်ဟုတ် မဟုတ်ဟုတ် သူ့ဆီက တချို့ပညာလေးတွေက ယူရ၊ ကြားနာရဦးမှာဆိုတော့ “ကိုဇော်ကြီးကလည်းဗျာ… မေးခွန်းက မမိုက်ပါဘူး၊ ဟုတ်ပြီဗျာ… မဖြစ်မနေ ဖြေရမယ်ဆိုရင်လည်း ဖြေပါ့မယ်၊ ဒါပေမဲ့ မဖြေခင်တော့ ဘူးတာက ဘာလဲ၊ ဒူးတာက ဘာလဲ အရင်ပြောပြမှပေါ့ဗျ“ လို့ ကျွန်တော်က အတွန့်(အထွန့်)တက်ပါတယ်။
“ဟေ့ရောင် သောက်(စောက်)ရူး မလုပ်နဲ့… မင်းဖွန်ကြောင်တယ်၊ မိန်းမကို စိတ်ဝင်စားတယ် မဟုတ်လား၊ အဲဒါ ဘူးတယ်လို့ ခေါ်တယ်။ ဒါမှမဟုတ် မင်းက အခြောက်… ယောက်ျားမှ ကြိုက်တယ်ဆိုရင် ဂန်ဒူး… ဒူးတယ်၊ ဒါပဲ… အပိုတွေ မပြောနဲ့… မင်းက ဘာလဲ“ လို့ မကျေမနပ်နဲ့… စကား ခပ်ဆတ်ဆတ် ပြောလို့ ထပ်မေးပါတယ်။
“ဒါဆိုလည်း… ဘူးဗျာ၊ နှာဘူး“။ ကျွန်တော့်မှာ အောက်သက်သက်နဲ့ အဖြေပေးခဲ့ရပါတယ်။
ဟိုတနေ့ကတော့ ဖေ့စ်ဘုတ်မှာ တင်ထားတဲ့ ကျွန်တော့်ပရိုဖိုင်း ဓာတ်ပုံတပုံရဲ့အောက်မှာ “အောင်မယ်လေး… အကြည့်နဲ့တင် နှာဘူးမှန်း သိသာတယ်“ လို့ သူငယ်ချင်းတယောက်က ကွန်မန့်ပေးလာတာကို ဖတ်လိုက်ရတော့ ကျွန်တော်ငယ်ငယ်က ရပ်ကွက်ထဲက ကာလသားခေါင်း ကိုဇော်ကြီးကို မဖြစ်မနေ ပေးခဲ့ရတဲ့ အဖြေများ မှန်နေပြီလားလို့ တွေးမိပါတယ်။
အခု စာဖတ်နေတဲ့ သူကရော ဘယ်လို ထင်သလဲဟင်…။
၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၉ ရက်။
မွန်းလွဲ ၃ နာရီ။
ဘ၀ဆိုတာ အချိန်ပဲလို့ နာမည်ကျော် စာရေးဆရာ စာဟောဆရာ အောင်သင်းက ပြောဖူးပါတယ်။ အချိန်မရှိရင် ဘ၀မရှိ… ဒါကြောင့် ဘ၀ကို တန်ဖိုးရှိချင်ရင် အချိန်ကို တန်ဖိုးရှိအောင် လုပ်ဖို့ ဆရာ အောင်သင်းက ကျွန်တော်တို့ လူငယ်တွေကို မှာပါတယ် ပြောပါတယ်၊ စိတ်ပူပါတယ်။
ဟုတ်ပါတယ်၊ မွေးရာကနေ မသေခင်ကြား အချိန်တခုကို ကျွန်တော်တို့ ပိုင်ဆိုင်ရတယ်၊ အဲဒါ ဘ၀တခုပါပဲ။ တချို့က အချိန်ကြာကြာ ရတယ်၊ တချို့က တိုတို… ဘယ်လိုပဲဖြစ်ဖြစ် ဘ၀တခုတော့ ကျွန်တော်တို့ ရကြတယ်။
ကျွန်တော် အခု လန်ဒန်မှာ နေလာတာ နှစ်နှစ်ပြည့်ပြီ၊ နှစ်နှစ်စခန်းလို့ ဆိုချင်ပါတယ်။ ဘာတွေ တိုးတက်ခဲ့သလဲ၊ ဘာတွေ သိမြင်လာခဲ့သလဲ၊ ဘာတွေ လုပ်နိုင်ခဲ့သလဲ။ နိုင်ငံကျော် ရွာစား စိန်ဗေဒါကတော့ ဒီကနေ့ စိန်ဗေဒါဟာ မနေ့က စိန်ဗေဒါထက် သာရမယ်လို့ ပြောခဲ့၊ ကျင့်ခဲ့ ဖူးတယ်လို့ ကျွန်တော် ကြားဖူးနားဝ ရှိပါတယ်။ ကျွန်တော်ရော နှစ်နှစ်တာ ကာလအတွင်း ဘာတွေ ကျင့်ခဲ့၊ သာခဲ့ပြီလဲ။ မွေးခွန်းထုတ်စရာ မကောင်းဘူးလား။
နှစ်နှစ်အတွင်း ကျွန်တော် ဘာ ပြောင်းလဲခဲ့သလဲ၊ ရုပ်ပိုင်းဆိုင်ရာပေါ့…။ အင်္ဂလိပ်တွေလို နဖူး ပိုပြောင်လာတယ်၊ ဆံပင် ပါးသွားတယ်၊ ကိုယ်တွေလက်တွေ ကိုက်ခဲနာကျင်လာတတ်တယ်၊ ခန္ဓာကိုယ်ရဲ့ ဖောက်ပြန် ပြောင်းလဲမှုတွေကို နည်းနည်း နည်းနည်း စပြီး သိလာခဲ့တယ်။ ပင်ပန်းတတ်လာတယ်။ အရင် သတင်းဂျာနယ် အယ်ဒီတာဘ၀မှာ ၃၆ နာရီ ဆက်တိုက် ကျွန်တော် မအိပ်ဘဲ အလုပ်လုပ်ဖူးတယ်။ အခု မရတော့ဘူး၊ အဲဒီလို မလုပ်နိုင်တော့ဘူး။
ကျွန်တော်က ဘာနက္ခတ်နဲ့ မွေးလိုက်သလဲတော့ မသိဘူး၊ အမြဲ စဉ်းစားတတ်တဲ့ တွေဝေတတ်တဲ့သူ တယောက်ဖြစ်တယ်။ ကျွန်တော်ဟာ အတတ်နိုင်ဆုံး ရိုးရိုးသားသား ပြောဆို ဆက်ဆံ ပေါင်းသင်း တတ်တယ်၊ ဒါပေမဲ့ ကျွန်တော် အယုံ မလွယ်ဘူး။ ကျွန်တော်ဟာ အတတ်နိုင်ဆုံး ပျော့ပြောင်း ချိုသာစွာ ပြောဆို ဆက်ဆံ တတ်တယ်၊ ဒါပေမဲ့ ယဉ်ကျေးသူ တယောက်တော့ မဟုတ်ဘူး။
ကျွန်တော်ဟာ နှစ်ခွစိတ်ထား၊ နှစ်ဘက်နှစ်ခြမ်း၊ နှစ်မျိုးသဘော၊ အကြိုက်နှစ်ခု၊ ရွေးချယ်စရာ နှစ်သွယ် နှစ်လမ်းတွေနဲ့ ပေါင်းစပ်ထားတဲ့သူ၊ တွေဝေတတ်တဲ့သူ… ဒါဆို ဒီလူရဲ့ နှစ်နှစ်စခန်းကရော…။
ရန်ကုန်မှာ ဘာသာပြန်တွေရေး၊ အင်တာဗျူး၊ အယ်ဒီတာလုပ် စသဖြင့် လုပ်ကိုင်ခဲ့တာ ၁၀ နှစ် နီးပါးလောက် ရှိလာချိန်မှာ နေရထိုင်ရ လုပ်ရကိုင်ရတာ မပျော်တော့ဘူး၊ ပျင်းလာတယ်၊ သူငယ်ချင်းတွေကလည်း တယောက်ပြီး တယောက် နိုင်ငံရပ်ခြား ထွက်လို့ ကျောင်းတွေ တက်ကြတယ်၊ ကျွန်တော်လည်း သူတို့လို နိုင်ငံတကာ ကျောင်းတခုမှာ ကျောင်း တက်ချင်တယ်၊ သူတို့ကလည်း သူငယ်ချင်းကောင်း ပီသစွာ ငယ်တုန်းရွယ်တုန်း အချိန်ရှိတုန်း သူတို့လို ကျောင်းတခုခု တက်ဖို့ တိုက်တွန်းကြတယ်။
ဒါနဲ့ ကျွန်တော် ကြိုးစားကြည့်တယ်၊ မလွယ်လှပါဘူး။ နိုင်ငံရပ်ခြားက အဆင့်မြင့် တက္ကသိုလ်တခုခု၊ ကျောင်းတခုခုမှာ အဆင့်မီမီ စာသင်နိုင်ဖို့ဆိုတာ ကျွန်တော့် အတွက်တော့ တော်တော့်ကို မလွယ်တဲ့ ကိစ္စပါ။ အင်္ဂလိပ်စာက ထိပ်တန်းအဆင့်မှာ ရှိမနေ၊ ကောလိပ်ကလည်း တကယ့်ကို တက်ခဲ့ရ၊ သင်ယူခဲ့ရတာမျိုး မဟုတ်ဘဲ အတန်းအောင်ရုံလောက် ဖြတ်သန်းခဲ့ရတာ ဆိုတော့ ကျွန်တော် ကျောင်းတွေ၊ သင်တန်းတွေ၊ အစီအစဉ်တွေ အများကြီး လျှောက်ခဲ့ပေမယ့် အပယ်ခံရတာပါပဲ။
နောက်တခုကလည်း ကျွန်တော်က ကျွန်တော့်ရဲ့ တကယ့်အရည်အချင်းကြောင့် ရတာမျိုးကိုပဲ အလိုရှိတာပါ၊ တဦးတယောက်ကြောင့် ရမယ့် အခွင့်အရေးမျိုးကို သိပ်ပြီး မလိုချင်ပါဘူး၊ ခက်တာကလည်း အဲဒီလိုမှ မယူရင်လည်း တချို့အခွင့်အရေးတွေက မရနိုင်တဲ့ ခေတ်ပါ။ ဒီတော့ နောက်ဆုံးမှာ ကျွန်တော် အခွင့်အရေး တခု ရပါတယ်။ အမေရိကမှာ ကျောင်းသွားတက်ဖို့ပါ။
ဟိုဘက်ဒီဘက်လွန်ဆွဲတတ်တဲ့ ကျွန်တော့်ဘ၀မှာ အမြဲလိုလို အခွင့်အရေးနှစ်ခုက တပြိုင်နက်တည်း ရတတ်ပါတယ်။ ရှစ်တန်းတုန်းက သင်္ချာကျူရှင် တက်တော့ အတန်းထဲက တရုတ်မလေးတယောက်ကို သူ့ နှုတ်ခမ်းဖူးဖူးလေးကို ကြည့်ကြည့်မိပြီး ကျွန်တော် သဘောကျမိပါတယ်၊ အဲ… သူနဲ့အတူ ကျူရှင် လာတက်တဲ့ သူ့သူငယ်ချင်း ကုလားမလေးကိုလည်း မျက်ခုံးလေးကို စွဲမိပြီး သဘောကျပြန်ပါလေရော… ဒါနဲ့ပဲ နှစ်ယောက်စလုံးကို ဆက်ပြီး သဘောမကျဖို့ ဇွတ် အတင်း ဆုံးဖြတ်လိုက်ရပါတယ်။
ဒါပေမဲ့ တရုတ်မလေးကိုတော့ လမ်းမှာတွေ့ရင် မစဘဲ မနေနိုင်ပါဘူး၊ သူကလည်း အစွာကလေးပါ… ကျွန်တော့်ကို ပြစ်ပြစ်နှစ်နှစ် နာနာကျင်ကျင် ပြောပါတယ်။ သူ့ကြောင့်ပဲ နောက်နောင် ဘယ်ကောင်မလေးကိုမှ မစရဲတော့ပါဘူး။ ကျွန်တော်က ကျွန်တော့်ကို နာနာကျင်ကျင် ဖြစ်အောင် ပြောလာရင် ဘယ်လောက်ချောချော အရေးမစိုက်တော့ပါဘူး။
ကျွန်တော် အမေရိကကို သွားဖို့ပဲ ရှိတယ်လို့ ထင်ခဲ့ပေမယ့် လန်ဒန်ကို ရောက်လာခဲ့ပါတယ်။ ဥရောပကို အရင်က မရောက်ခဲ့ဖူးပါဘူး။ ဥရောပကို ရောက်မယ်ဆိုလည်း အလည်လောက်ပဲ ရောက်မယ်လို့ ထင်ထားခဲ့ပေမယ့် လန်ဒန်ကို အလုပ်လုပ်ဖို့ ရောက်လာခဲ့တာဟာ ကျွန်တော် ပြောခဲ့တဲ့ ကျွန်တော့်ဘ၀ရဲ့ ရွေးချယ်စရာ နှစ်ခု တပြိုင်နက်ရတတ်တဲ့ သဘောထဲက တခုပါပဲ။
မိန်းမ မရတာလည်း ဒါကြောင့်ပဲလို့ ထင်ပါတယ်၊ တယောက်ကို ထားခဲ့ရမှာပဲ ဆိုတဲ့ စိတ်ကြမ်းကြမ်း လူကြမ်းကြမ်းကြီး မလုပ်နိုင်သေးလို့ ဖြစ်ပါလိမ့်မယ်။ (ဟဲ ဟဲ…)။
ဒီတော့ နှစ်နှစ်စခန်းမှာ ထူးခြားတာ ဘာတွေရှိပါသလဲ။ ဒီနေရာမှာ ထပ်ကြွားစရာ တခုရှိပြန်ပါတယ်။ ကျွန်တော်က ကျွန်တော့်အသံကို တော်တော် ကောင်းတယ်လို့ ထင်ထားတာပါ၊ “ဒီအသံမျိုး ရေဒီယိုမှာ သုံးလိုက်လို့ကတော့ကွာ“ ဆိုပြီး အမြဲတမ်း တကြိမ်းကြိမ်း ကြိမ်းထားခဲ့သူပါ။ တကယ်တော့လည်း အလုပ်က စတား ပရီစင်တာတွေနဲ့ သူတင်ကိုယ်တင် ပြောကြည့်တဲ့အခါ ကျွန်တော့်အသံက ဘယ်လိုမှ လိုက်မမီတော့တာကိုတော့ ရှက်ရှက်နဲ့ ၀န်ခံရမှာပါပဲ။
လန်ဒန်ကို ရွေးချယ်ခဲ့တဲ့ တချက်ကလည်း ကိုယ် တလေးတစား နားထောင်ခဲ့ရတဲ့ ဒီ စတား ပရီစင်တာတွေနဲ့ အလုပ်အတူ လုပ်ခွင့်ရမှာမို့ပါ။ ကျွန်တော့်မှာ ထင်ပေါ် ကျော်ကြားလိုတဲ့ စိတ်ကလေး နည်းနည်းရှိတယ် ဆိုတာကိုတော့ ၀န်ခံရမှာပါပဲ။ ကျွန်တော်က ကျွန်တော်လုပ်နေတဲ့ အလုပ်တခုကို လူတွေက သိနေတာ၊ လေးစားနေတာ၊ သဘောကျ အားပေးနေတာ… ဆိုတဲ့ အာရုံစိုက်ခံရမှု (၀ါ) အသိအမှတ်ပြုခံရမှုကို လိုချင်တတ်တဲ့ သူမျိုးပါ။ တခြားလူတွေကတော့ အဲဒီလိုမျိုး တောက်လျှောက် မျက်စိထောင့်ထောက် ကြည့်ခံနေရတာမျိုးကို မလိုလားကြပါဘူး၊ စိတ်အနှောင့်အယှက်တောင် ဖြစ်တတ်ကြတယ်လို့ ဆိုပါတယ်။ ကျွန်တော်ကတော့ အဲဒါမျိုးကို ကြိုက်တတ်တာပါ။
ပြိုင်ရဆိုင်ရ စိန်ခေါ်ရတာမျိုးကိုလည်း ကြိုက်တဲ့သူပါ၊ ဘာသာပြန်ပေါက်စ ဘ၀က ကျွန်တော် ဘာသာပြန်လိုက်တဲ့ အမှားတခုကို သူငယ်ချင်း အယ်ဒီတာ တယောက်က ဝေဖန်ပါတယ်၊ မှားနေတာကို ထောက်ပြပြီး အမှားကို ခံယူလို့ ပြင်ဆင်စေပါတယ်။ သူက စေတနာနဲ့ ပြောပြတာပါ၊ အသာလေး နေလိုက်တယ်ဆိုရင် လည်း ကျွန်တော်က ကျွန်တော့်ဘာသာ မှန်နေတယ်ထင်ပြီး ဆက်မှားနေဦးမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ချာတိတ်ဖြစ်တဲ့ ကျွန်တော်က ငယ်သေးတော့ သွေးနားထင် ရောက်နေတဲ့အချိန်… သူငယ်ချင်းကို ကျေးဇူးတင်ကြောင်း၊ နောက်နောင် ထပ်မမှားတော့ဘဲ ပြင်ဆင်လိုက်မယ့်အကြောင်း ပြောရမယ့်အစား အဲဒီလို မပြောတဲ့အပြင် လကဖက်ရည်ဝိုင်းက တခြားသူငယ်ချင်းတွေ ရှေ့မှာပဲ “ဒါဆို… ခင်ဗျားနဲ့ ကျွန်တော် အင်္ဂလိပ်စာတပုဒ်ကို လက်တန်း ဘာသာပြန်ရအောင်… မှားတဲ့စာမူကို မီးရှို့ကြေး“လို့ မလိုအပ်ပါဘဲ အပိုတွေ ပြောမိခဲ့ပါတယ်။
ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးတာက မကောင်းသလို ကိုယ့်ကိုယ်ကိုယ် အားငယ်နေတတ်တာကလည်း မကောင်းပါဘူး။ တော်တဲ့လူ ကြိုးစားတဲ့လူတွေဟာ ငါလုပ်ရင် ဖြစ်ရမယ်၊ ငါက လုပ်နိုင်တယ်လို့ အမြဲ တွေးကြပြီး လူတွေရဲ့ ဝေဖန်တာ၊ ပြောဆိုတာတွေကိုလည်း သိပ်အာရုံ မထားတတ်ကြပါဘူး။ ဒါဟာလည်း တဖက်စွန်း ရောက်ပြန်ပါတယ်။
တော်တဲ့ ထက်မြက်တဲ့ စည်းရုံးရေးကောင်းတဲ့ ခေါင်းဆောင်တွေကျတော့ ဝေဖန်တာကို လေးစားပါတယ်၊ တန်ဖိုးထားပါတယ်၊ ကောင်းကောင်းမွန်မွန် အချိန်ပေး နားထောင်ပြီးမှ တုန့်ပြန် ပြောဆို ဆုံးဖြတ် လုပ်ကိုင်ပါတယ်။ ခေါင်းဆောင်ဆိုတာမျိုးက ကိုယ်ကချည်း ပြောရတာမျိုး မဟုတ်ဘဲ နားထောင်စွမ်းရည် ထက်မြက်ဖို့ ကလည်း အရေးကြီးပါတယ်၊ သမ္မတ အိုဘားမားဟာ နားထောင်စွမ်းရည် အလွန်ကောင်းတယ်လို့ ချီးကျူးခံရပါတယ်။
လန်ဒန်မှာ နေခဲ့တဲ့ နှစ်နှစ်အတွင်း ပြောစရာတွေကတော့ အများကြီး ရှိပါတယ်။ တချို့ကိုလည်း ရေးပြပြောခဲ့တာတွေ ရှိခဲ့ပါတယ်။ မတူတဲ့ ဘာသာစကား ၃၅၀ ကျော်ကို ပြောဆို နေထိုင်နေကြတဲ့ ကမ္ဘာတ၀န်းက လာကြတဲ့ လူမျိုးစုံ အရောင်စုံ အသွေးစုံ အလှစုံနဲ့ ပြည့်နှက်နေတဲ့ လန်ဒန်မြို့တော်ဟာ အင်္ဂလိပ်တွေ မြို့ကွက်ချ တည်ဆောက်ခဲ့တဲ့ ရန်ကုန်မြို့နဲ့ တူတယ်လို့တော့ ကျွန်တော် ခံစားရပါတယ်။
အိမ်တအိမ်မှာရှိတဲ့ အခန်းတွေမှာ ကမ္ဘာအရပ်ရပ်က လာကြတဲ့ လူမျိုးမတူ၊ ယဉ်ကျေးမှု ခြားနားတဲ့ လူတွေ အေးအေးသက်သာ စည်းကမ်းရှိရှိ နေထိုင်နိုင်ကြတာကို အံ့သြမိပါတယ်။ ဘာအန္တရာယ်မှ မရှိ၊ ဘာပစ္စည်းမှ ပျောက်ဆုံးမှု မရှိဘဲ မေးထူး ခေါ်ပြောနေမလား၊ ရင်းရင်းနှီးနှီးနေမလား… အဲဒီလို ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေနေနိုင်တာတခုကိုတော့ လန်ဒန်မှာ ကျွန်တော် အကြိုက်ဆုံးပါပဲ။
ကျွန်တော်ဆို နှစ်နှစ်အတွင်း မြန်မာချင်း နေဖူးသလို ရုရှ၊ အီရန်၊ အီတလီ၊ တရုတ်၊ ပြင်သစ်၊ အိန္ဒိယ၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ အာဖရိက၊ အင်္ဂလန်၊ သြစတြေးလျ၊ ဟောင်ကောင်၊ ရိုမေးနီးယားစတဲ့ (ကျန်ပါသေးတယ်… တချို့ဆို ကျွန်တော် မမှတ်မိတော့ပါဘူး) အရပ်ဒေသတွေက လာကြတဲ့ သူတွေနဲ့ တအိမ်တည်းမှာ အတူနေဖူးပါတယ်။ ဒါတောင် နှစ်နှစ်အတွင်းမှာ ကျွန်တော် အိမ် နှစ်အိမ်ပဲ ပြောင်းပါတယ် (တနှစ် တအိမ်ပေါ့လေ…) ခုန ပြောတဲ့ သူတွေကတော့ အချိန်ကာလ နှစ်ပတ်ကနေ သုံးလ၊ ခြောက်လ စသဖြင့် နေကြတာပေါ့။ ကျွန်တော် ရောက်စကတော့ အလုပ်က စီစဉ်ပေးတဲ့ အဆောင်မှာ ခဏနေခဲ့ရပါသေးတယ်။
အရင်က တက္ကသိုလ်ကျောင်းသားတွေ ယောက်ျားလေး၊ မိန်းကလေး တအိမ်ထဲ အတူနေတာကို အထူးအဆန်း ဖြစ်ခဲ့တဲ့ ကျွန်တော်… အခုလို ကမ္ဘာအရပ်ရပ်ကနေ လန်ဒန်မှာ ကျောင်းလာတက်၊ အလုပ်လာလုပ်ကြတဲ့သူတွေ တအိမ်ထဲ အတူနေ၊ မီးဖိုချောင်၊ ဧည့်ခန်းနဲ့ ရေချိုးခန်း အတူသုံးကြတဲ့ လှလှပပ ပေါင်းစည်းမှုကို အလွန် သဘောကျမိပါတယ်။ ချစ်ခင်စရာကောင်းပြီး သွက်လက်ဖျတ်လတ်တဲ့ တယောက်တည်းသမားတွေဆိုရင် တအိမ်တည်း အတူနေရင်းနဲ့ကို အတွဲတွေတောင် ဖြစ်နိုင်ခွင့် ရှိပါတယ်။
ရုပ်ကလည်း ဆိုး၊ သဘောကလည်း မကောင်း၊ အပြောကလည်း ညောင်ညည့်ညည့် (ပျော့စိစိ၊ ချည့်နဲ့နဲ့) ဆိုတော့ ကျွန်တော်မတော့ တကိုယ်တည်း လာနေကြတဲ့ မိန်းမချောလေးပေါင်းများစွာနဲ့ ဆုံစည်းလိုက်ရပေမယ့်လို့ တခါမှကို မတခါရသေးပါဘူး။ ဒါပေမဲ့နော်… ကျွန်တော် လက်မလျှော့သေးပါဘူး။
အစားအသောက်ကရော နှစ်နှစ်အတွင်း ဘာတွေ စားသောက်ခဲ့သလဲ၊ ကျွန်တော်က ငယ်ငယ်ကတည်းက အရသာခံ စားတာထက်ကို များများနဲ့ မြန်မြန်စားတတ်တဲ့ သူပါ။ ဒါက အဖေ့ဆီက ရတာနဲ့ တူပါတယ်။ ငယ်ငယ်က ထမင်းစားရင် စစ်ထဲမှာ ပြေးလွှားဖူးတဲ့ အဖွားက မြန်မြန်စားခိုင်းပါတယ်၊ “ဟဲ့… စစ်ဖြစ်ရင် ပျော့တိ ပျော့ဖတ် လုပ်နေလို့ မရဘူး“တဲ့။ အဖေကလည်း သူနဲ့အတူ စားရင် သူ့အရှိန် လိုက်မီအောင် စားရတော့ ကျွန်တော့် ထမင်းစားနှုန်းက မြန်ပါတယ်။
ငံပြာရည်နဲ့ နယ်ထားတဲ့ ထမင်းတဇလုံ၊ ဟင်းရည်နှစ်ဇွန်း၊ ကြက်သားတတုံး ငါးမိနစ်အတွင်း ကုန်သွားတတ်ပါတယ်။ ဒါတောင် လက်နဲ့ ဇလုံဆေးပြီးတဲ့ အချိန်အထိပါ။ နောက်တော့ “ငါက သားသမီးတွေထဲမှာ အကြီးဆုံးပဲ…၊ လူကောင်ကလည်း ထွားတယ်၊ ကြက်သားတတုံးတည်းနဲ့ ကျေနပ်နေလို့ ဘယ်ဖြစ်မလဲ“ ဆိုပြီး တွေးမိလို့ ကျွန်တော့်ကို အကြီးဆုံးမို့ နှစ်တုံးပေးပါလို့ အဖွားကို တောင်းဆို တိုက်ပွဲဝင်ရပါတယ်။
အဖွားက ကျွန်တော့်ကို မြေးဦးမို့ အချစ်ဆုံးပါ၊ ဒါပေမဲ့ မနက်၊ ည တိုင်းထွာ ချက်ထားရတာမို့ သူက မပေးနိုင်ပါ၊ ဟင်းရည်လောက်သာ အဆစ် ပေးပါတယ်… ဒီတော့ ကျွန်တော်က ထမင်းစ စားတာနဲ့ ကြက်သားကို အရင် စားပစ်လိုက်ပါတယ်၊ နောက်တော့မှ ထမင်း၊ ဟင်းရည်နည်းနည်းနဲ့ ငံပြာရည် နယ်ထားတဲ့ တဇလုံကို ဒီအတိုင်း စားပါတယ်၊ အဖွားမြင်အောင်လည်း အဲဒီလို စားပြပါတယ်။
အဖွားက သူ ချစ်တဲ့ မြေး ထမင်းနဲ့ ဟင်းရည်နယ်ထားတာချည်း တဇလုံ စားနေတော့ ဘယ်စိတ်ကောင်းပါ့မလဲ၊ နောက်တော့ နင် တော်တော်ဆိုးတာပဲ ဆိုပြီး ကြက်သား နောက်တတုံး ထပ်ပေးပါတယ်၊ ကျွန်တော့် မျက်နှာကို မြင်ယောင်ကြည့်ပါ၊ မျက်လုံးတွေ ၀င်းလက်တောက်ပြောင်ပြီး အားပါးတရ ပျော်ရွှင်သွားတာပါ။ အဘွားကတော့ ညစာမှာ ထမင်းနဲ့ ဟင်းရည်ကိုပဲ နယ်စားလိုက်ရသလား ဆိုတာကိုတော့ အဲဒီတုန်းက ငယ်သေးတဲ့ ကျွန်တော် မသိတတ်ခဲ့ပါဘူး။
ကျွန်တော်လိုချင်တာကို ဖြစ်အောင် တောင်းဆို တိုက်ပွဲ ၀င်နိုင်ခဲ့တာကိုပဲ ကျွန်တော်က ကျေနပ်ခဲ့မိပါတယ်။ အဖွား ဒါမှမဟုတ် မိဘလုပ်သူတွေဘက်မှာလည်း ပြဿနာက အကြီးကို လိုက်လျောရင် အငယ်တွေကလည်း အလားတူ တောင်းဆိုလာနိုင်မယ်ဆိုတဲ့ အချက်ပါ၊ အဲဒါတွေကိုလည်း ကျွန်တော် မတွေးတတ်ခဲ့ပါဘူး။
တော်သေးတာက ကျွန်တော့်ညီငယ်က ငယ်ငယ်ကတည်းက အိမ်အပေါ်ကို သိတတ်ခဲ့ပြီး အစားအသောက်ဆိုလည်း သူက အမြဲ လျှော့စားပါတယ်၊ ကျွန်တော့်ဆိုလည်း အကိုကြီးမို့ဆိုပြီး ဦးစားပေးခဲ့ပါတယ်၊ နောက်တယောက်ကလည်း ညီမငယ်မို့ မိန်းကလေးဆိုတော့ အဖွားပြောဆိုတာကို အထွန့်မတက်ရဲပါဘူး။ သူကလည်း ခေါင်းကတော့ ကျွန်တော့်လိုပဲ မာတဲ့သူပါ။
အမှန်က ကျွန်တော်က ကြက်သားချည်း အရင်စားပစ်ပြီး ထမင်းနဲ့ ငံပြာရည်နယ်ကို အေးအေးဆေးဆေး စားပြတယ်ဆိုတာ ကျွန်တော်ကလည်း စားနိုင်လို့ပါ၊ ကျွန်တော် ထမင်းစားတာက အရသာခံဖို့ထက် ဗိုက်ပြည့်ဖို့ စားတာပါ၊ ကျွန်တော်က ငယ်ငယ်ကထဲက အဲဒီလို ခပ်တည်တည် ခပ်ပေါပေါ အကျင့်မျိုးတွေကို အများကြီး (ဥပမာ မွေ့ရာပေါ် မအိပ်ဘဲ ကြမ်းပြင်ပေါ် ဖျာခင်းအိပ်ခဲ့တာမျိုး) ကျင့်တတ်ခဲ့တဲ့သူပါ။
အဖွားဆီက တောင်းဆိုတာကလည်း ငါက ကြီးတဲ့သူမို့ ပိုရရမယ်လို့ ခေါင်းထဲ ဘယ်က ဘယ်လို ပေါ်လာတဲ့ စိတ်ကူးလဲတော့ မသိပါဘူး၊ အဲဒီ စိတ်ကူးကို ကျွန်တော်က လက်တွေ့ အကောင်အထည် ဖော်ခဲ့တာပါ၊ နည်းနည်းကြီးလာမှ ကျွန်တော် သိတာက ကြီးတဲ့သူက အောက်ကလူ ငယ်တဲ့သူကို ညှာရမယ် ဆိုတာကိုပါ။
ဒါမှ ခေါင်းဆောင်ကောင်း လူကြီးလူကောင်း ဖြစ်မှာကိုးဗျာ၊ ကိုယ်ကချည်း အသားချည်း စားချင်ပြီး အောက်ကလူ ငယ်တဲ့သူကို တောင်ပံရိုးလေးလောက်၊ လည်ချောင်းရိုးလေးလောက်မှ မပေးချင်တဲ့ လူကြီးတွေလည်း ရှိတယ်ဆိုတာ သိလာတော့ ကျွန်တော်လည်း ငယ်ငယ်က ကျွန်တော့် အဖြစ်ကို ပြန်စဉ်းစား မိတတ်ပါတယ်။
ကျွန်တော့် စိတ်ထားကတော့ ရှင်းပါတယ်၊ ကျွန်တော်က အရိုးကိုက်တာ ၀ါသနာ ပါပေမယ့် ကျွန်တော်လည်း အသားစားချင်တယ်၊ သူများကိုလည်း အသားပဲ စားစေချင်ပါတယ်၊ ကျွန်တော်ကိုယ်တိုင်တော့ အသားစားနိုင်အောင် လုပ်နိုင်ပါပြီ၊ သူများတွေ အသားစားနိုင်အောင်တော့ ကျွန်တော် တတ်နိုင်သလောက် ကူညီပေးနေပါတယ်၊ ဒီထက်ပိုပြီး ကူညီပေးဖို့ လိုမယ်ဆိုတာကိုလည်း အမြဲခေါင်းထဲထည့်ထားပါတယ်။
ပြောချင်တာက လန်ဒန်မှာ နေရတဲ့ နှစ်နှစ်အတွင်းမှာ အစားအသောက်ကြောင့် ကျွန်တော် စိတ်ညစ်ရတာ၊ စိတ်ဆင်းရဲရတာမျိုး မဖြစ်ခဲ့ပါဘူးလို့ ဆိုလိုတာပါ။ အိမ်နားက ကုလားဆိုင်တွေမှာပဲ စားရမလား၊ ကြက်ကြော် အာလူးကြော် ဟမ်ဘာဂါ စားမလား၊ ရောက်စကလို နွားနို့တွေ လီတာလိုက်သောက်ပြီး ပေါင်မုန့် အထုပ်လိုက် ၀ယ်၊ ကြက်ဥ အကတ်လိုက် ၀ယ်… စားမလား၊ တရုတ်တန်းမှာ သွားစားမလား၊ ထိုင်းဆိုင်မှာ စားမလား။
တခါ ရုံးက အမတွေ အကိုတွေ ဦးဦး ဒေါ်ဒေါ်တွေ ချက်ပြုတ်လာတာကို ကပ်စားမလား၊ ရုံးမှာ ဖွင့်ထားပေးတဲ့ စားသောက်ဆိုင်ကနေ ၀ယ်စားမလား၊ အိမ်က တရုတ်မ တခါတခါ ခေါ်ကျွေးတာကို စားမလား (သူကလည်း တယောက်တည်းဆိုတော့ တခါတခါ ချက်စားပါတယ်၊ ချက်စားတိုင်းလည်း မင်း မစားရသေးရင် စားပါဆိုပြီး ကျွေးပါတယ်၊ ကျွန်တော်ကလည်း အင်း… မစားရသေးဘူးဆိုပြီး အမြဲလိုလို စားပါတယ်) စတိုးဆိုင်တွေမှာ အသင့်ချက်ပြုတ် ရောင်းချတာတွေ စားမလား၊ ကျွန်တော် ကြိုက်တာ ကြိုက်သလို စားနိုင်ပါတယ်။ အစားအသောက်က လုံးဝ ပြဿနာ မရှိခဲ့ပါဘူး။
အနေ အစားပြီးတော့ အလုပ်…၊ အလုပ်ကတော့ ကျွန်တော် လုပ်ချင်တဲ့အလုပ် လုပ်ရတာမို့ အထူးပြောစရာ မရှိပါဘူး။ အလုပ်လုပ်တဲ့နေ့တိုင်း ဖိအားတွေနဲ့ ဆုံးဖြတ်စရာတွေကို မဖြစ်မနေ ရင်ဆိုင် ဖြတ်သန်း လုပ်ကိုင်ရတာက လွဲလို့ အမြဲ အဆင်ပြေနေခဲ့တာပါပဲ။ နှစ်နှစ်အတွင်း လုပ်တာကိုင်တာ အရည်အသွေးကတော့ နည်းနည်း နည်းနည်း တက်လာတယ်လို့ ကိုယ့်ဘာသာ အကောင်းမြင် တွေးမိပါတယ်။ သင်ယူစရာတွေ၊ ဖြတ်သန်းစရာတွေကလည်း သင့်သလောက်တော့ ကျန်ပါသေးတယ်။ နောက်တခု ပြောစရာက ဟိုးအရင် အဝေးက နားထောင်ရင်း လေးစား အားကျခဲ့ရတဲ့ စတား ပရီစင်တာတွေနဲ့အတူ ကျွန်တော် အခု လက်တွေ့ လုပ်ကိုင်နေရပြီ မဟုတ်လားဗျာ။
အနားယူတာကော… လန်ဒန်မှာတော့ တပတ်ကို နှစ်ရက် ကျွန်တော် နားပါတယ်၊ ရောက်စက ရုပ်ရှင်ရုံတွေမှာ အချိန်ကုန်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကိုယ့်အခန်းလေးထဲမှာပဲ စာရေး၊ စာဖတ်၊ ရုပ်ရှင်ကြည့်၊ သတင်းကြည့်နဲ့ အချိန်ကုန်ပါတယ်။ တနှစ်ကို တလရတဲ့ အားလပ်ရက်မှာ ဥရောပဘက် သွားခဲ့ပါတယ်၊ ယူကေထဲမှာလည်း ကိုယ် မရောက်ဖူးသေးတဲ့ လန်ဒန် အပြင်ဘက် မြို့ရွာတွေကို သွားပါတယ်၊ အမေ့ရှိတဲ့ ရန်ကုန်ကို တခေါက်ပြန်ပါတယ်။
နှစ်နှစ်စခန်းဟာ ကျွန်တော့်အတွက်တော့ လန်းလန်းဆန်းဆန်း ရှိနေဆဲပါ၊ ဟုတ်ကဲ့… ကျွန်တော် နေကောင်းပါတယ်၊ စိတ်လည်း ကောင်းပါတယ်။
၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၄ ရက်။
မွန်းလွဲ ၂ နာရီ။
ကျွန်တော်က မေ့တတ်တယ်၊ ဒါပေမဲ့ ပြန်သတိရတတ်တယ်။ အသက်ကလေးက စကားပြောလာပြီ ထင်ပါတယ်။ မေ့လိုက်… သတိရလိုက်ပေါ့။ ချိုချဉ်မျက်နှာကို မူလကတည်းက သုံးပုဒ်ရေးမယ်လို့ တေးထားခဲ့တယ်။ နှစ်ပုဒ်ရေးပြီးတော့ တတိယနဲ့ နောက်ဆုံးအပုဒ်ဖြစ်လာမယ့် အခုအပုဒ်ကို မေ့သွားတယ်။ တခြားစာလေးတွေ ကြားမှာ ကြိုကြားကြိုကြား ရေးဖြစ်တယ်။ ချိုချဉ်မျက်နှာ ၃ ရေးဖို့ကိုတော့ မေ့နေခဲ့တယ်။ အခုတော့ သတိရပြီ။
ငယ်ငယ်ကတည်းက လူကြီး၊ မိဘ၊ ဆရာသမားတွေ ဆိုဆုံးမရင် မျက်လုံးလေး ကလယ်ကလယ်နဲ့ ဖြစ်နေတတ်တာက ကျွန်တော်ပါ။ ငယ်ငယ်ကတော့ လူကြီးစကား နားမထောင်မိတာ မှားလေခြင်းလို့ ဖြစ်မိတယ်၊ ၀မ်းနည်းတတ်တယ်။ နောက်တခါဆိုရင်တော့ မမိုက်တော့ဘူး၊ ငါ့ကို ဒီလောက် လူကြီးသူမ မိဘဆရာသမားတွေက စေတနာ ရှေ့ထား၊ မေတ္တာ ပွားကြလို့ ဆုံးမတာပဲ… ဒီလူကြီးတွေရဲ့ စေတနာကို အသိအမှတ် ပြုတဲ့ အနေနဲ့ ငါ လိမ္မာတော့မယ်လို့ သံဝေဂတွေရ၊ အကြီးအကျယ် ဆင်ခြင်မိတာလည်း ကျွန်တော်ပါပဲ။ အဲဒီလို စဉ်းစားတတ်ခဲ့တာ… အသက် ၈ နှစ်၊ ၉ နှစ် လောက်ကတည်းကပါ။
ဒါဖြင့် လိမ္မာလိုက်တာလို့တော့ ကျွန်တော့်ကို အချီးကျူး မစောကြပါနဲ့ဦး ပရိသတ်ကြီးတို့… အချိန်ခဏလေး အတွင်းမှာသာ မျက်ရည်လေးဝဲ၊ ခေါင်းကလေး ညိတ်၊ ရိုရိုသေသေ ကုပ်ကုပ်ကလေး နေခဲ့တဲ့ ကျွန်တော်ဟာ ခဏနေတော့လည်း ဒုံရင်းဒုံရင်း ပြန်ရောက်လို့ ကိုယ်လုပ်ချင်တာ လုပ်ခဲ့တာ ဒီကနေ့ အထိပါပဲ။
လူကြီး၊ မိဘ၊ ဆရာသမားတွေ ရှေ့မှာတော့ ကျွန်တော်ဟာ အင်မတန် ပိရိတယ်၊ ဟန်ဆောင်ကောင်းတယ်၊ အကယ်ဒမီ ရလောက်တယ်။ ဆိုဆုံးမတဲ့ လူကြီး၊ မိဘ၊ ဆရာသမားတွေကလည်း ၀မ်းတွေ သာပေါ့… ဒီကောင်ကလေး စာဖတ်ပုံရတယ် ထင်ပါ့၊ ကြည့်စမ်း… ပြည့်ဝလိုက်တာပေါ့။ အလွယ်ပြော တကယ် နားလည်တဲ့ ကလေးပဲပေါ့…။
ထားပါတော့… ကျွန်တော့်ဆိုလိုရင်းက စကားပလ္လင်ခံတာနဲ့ ပျောက်သလောက် ဖြစ်နေပြီ။ ကျွန်တော် ပြောချင်တာက ကျွန်တော်ဟာ လူကြီး၊ မိဘ၊ ဆရာသမားတွေနဲ့ အကျွမ်းဝင်တယ်၊ သူတို့က ကျွန်တော့်ကို ချစ်ခင်ကြတယ် ဆိုတာပါပဲ။ အထူးသဖြင့် အသက်ကြီးတဲ့ လူကြီးတွေပေါ့၊ ကျွန်တော့် ပါရမီကလည်း ကျွန်တော့်ထက် အသက်ကြီးတဲ့ လူကြီးသူမတွေနဲ့ ရေလိုက်ငါးလိုက် နေတတ် ထိုင်တတ်တဲ့ နေရာမှာ ရှိတယ်လို့ ဆိုနိုင်ပါတယ်။ လူကြီးတွေက ကျွန်တော့် အနေအထိုင်၊ အပြောအဆိုကို သဘောကျတတ်တယ်၊ နှစ်သက်တတ်ကြတယ်။ လူကြီးချစ်တဲ့ ချာတိတ်ကလေးလို့ ဆိုချင်ဆို…။
တရက်သားတော့ ကျွန်တော် ရုံးက ပြန်လာတာ ညဘက် ၉ နာရီခွဲ၊ ၁၀ နာရီလောက် ရှိပြီ။ ခရစ္စမတ် မတိုင်ခင် တပတ်လောက်က ထင်ပါတယ်။ ရုံးက တင်ဆက်တဲ့ ပြဇာတ်တခုမှာ ကျွန်တော်က ဇာတ်ကောင် တနေရာက ပါရမယ်၊ မင်းသားအောက်ဆွဲ ဇာတ်ပို့နေရာကပေါ့ဗျာ၊ ဇာတ်လမ်းတပုဒ်လုံးမှာမှ သုံးလေးကြောင်း ၀င်ပြောရုံတင်ပါ။
အဲဒီမှာ ကိုယ့်ကိုယ်ကိုယ် အမြဲ အထင်ကြီးတတ်တဲ့ ကျွန်တော်… ဒီလောက်တော့ ငါ ပိုင်ပါတယ်ကွာဆိုပြီး လုပ်ကြည့်တာ… တကယ်လုပ် အဟုတ်ခက်နေတာကို တွေ့ရောပဲဗျို့။ ဘယ်နေလိမ့်မလဲ… ပြင်ဆင်ပြီပေါ့ဗျာ ဒီငနဲ ကျွန်တော်… နဂိုကမှ လူကြီးကြိုက်အောင် နေတတ်တဲ့ဥစ္စာ…။ ဒါနဲ့ နောက်တရက် ပြောဆိုရမယ့် စာကြောင်းလေးတွေ အပြောပိုင်ပိုင် ပြောနိုင်ဆိုနိုင် အက်တင်လုပ်နိုင်အာင် ကျင့်မှလို့ ဆိုတဲ့ပြီး ကျွန်တော့်အတွက် ရထားတဲ့ ဇာတ်ညွှန်းစာအုပ်ကို အိမ်အထိ မလို့ ယူလာတယ်။ ရထားပေါ်မှာ ဖတ်မယ်ပေါ့။
ရထားပေါ်ရောက်တော့ နေရာလေးတခုရှာတယ်၊ အမယ် ခရစ္စမတ်နား နီးလို့လား မသိဘူး၊ လူတွေ တယ် အသွားအလာ များပါလားဗျာ၊ ည ၁၀ နာရီ ထိုးလုနီးတောင် ကျွန်တော် တက်လိုက်တဲ့ ရထားတွဲမှာက ထိုင်စရာ နေရာ အလွတ်က များများ မရှိဘူးဗျ။ ဒါနဲ့ သင့်တော်တဲ့ နေရာတခု ရွေးလို့ ထိုင်၊ လွယ်အိတ်ထဲက ဇာတ်ညွှန်းစာအုပ်လေး ထုတ်၊ ကိုယ့် အခန်းလေးကို ဇာတ်ရည်အောင် ဖတ်နေတာပေါ့ဗျာ။ ရေဒီယို ဇာတ်လမ်းဆိုတော့ အသံနဲ့သာ သရုပ်ဆောင် ရမှာမို့ အသံ အက်တင်ကလည်း လိုသေးဗျာ။
အက်တင်ဆိုတာကလည်း အပြောအက်တင် ဆိုတော့ သီချင်းဆိုသလို ကိုယ်တယောက်တည်းနဲ့ ပြီးတာ မဟုတ်ဘူးဗျ၊ အပေးအယူ အထောက်အမ အပံ့အပိုး ဟိုဘက်ဒီဘက် အသွားအလာ ဒီလို ပြောဆို ရတာကိုး… ဒီတော့ ကိုယ်နဲ့ အပြန်အလှန် ပြောဆိုမယ့် အဓိက ဇာတ်ကောင်၊ တခြား ဇာတ်ကောင်တို့ ပြောမယ့် ဆိုမယ့် အကြောင်းအရာနဲ့ စကားလုံးကိုလည်း ကြည့်ရ ဖတ်ရ ရွတ်ကြည့်ရသေးတာကိုးဗျာ။
သူတို့ အော်မလား၊ ပျော်မလား၊ ဖော့မလား၊ လျှော့မလား။ ကိုယ်က အခံပြောရမလား၊ အမာ ပြောရမလား၊ လှောင်ရမှာလား၊ ဟောင်ရမှာလား၊ ကလိရမှာလား၊ ညှိရမှာလား စသဖြင့် ဆန်းစစ်ဖတ်ရှုထားဖို့ လိုတယ်မို့လားဗျာ။ ဒါနဲ့ စာရွက်လေး ဟိုဘက်လှန်လိုက် ဒီဘက်လှန်လိုက်နဲ့ ဖတ်တာပေါ့ဗျာ။ နာမည်ကျော် မင်းသား နေတိုးတို့တောင် ကျွန်တော့်လောက် ကြိုးစားကြပါ့မလား မသိဘူးလို့ မဆီမဆိုင် တွေးလိုက်မိသေးတယ်။ ကျွန်တော် ဖတ်နေတဲ့ အေဖိုး စာရွက်ဖြူဖြူပေါ်မှာက အကိုတို့၊ အမတို့ အခုဖတ်နေရတဲ့ စာလုံးတွေလိုမျိုး စာလုံးဝိုင်းဝိုင်းလေးနဲ့ ရေးထားတဲ့ မြန်မာစာပေါ့ဗျာ။
အဲဒီမှာ ဘေးမှာ ထိုင်နေတဲ့ ဘွားတော်က (၆၀ လောက်ရှိရောပေါ့) “ဟိတ်… ကိုရမ် ဖတ်နေတာလား“ လို့ လုပ်ပါရောဗျ။ ကျွန်တော့်ရုပ်ကြည့်ပြီး နက္ခတ်ဗေဒင် ဆယ်နှစ်ဆယ်မိုး သင်ထားတဲ့ ပညာရှင်နဲ့ ၀ါသနာရှင် စပ်ထားတဲ့ ဟိတ်ဟန်နဲ့ ဘွားတော်က မပြုံးမရယ် ခပ်တည်တည် လုပ်လို့ ကျွန်တော့် နားနားကပ် ပြောလာတဲ့အခါ ကျွန်တော် နည်းနည်းတော့ ကြောင်သွားပါတယ်။ သူငယ်ချင်းတချို့က ကျွန်တော့်ကို ပြောဖူးတယ်လေ၊ ဟို… ဘောလီးဝုဒ်က ကမ္ဘာကျော် မင်းသား ရှာရွတ်ခန်းနဲ့ တူတယ်ဆိုလား၊ ထားပါ… ကြွားရာကျနေပါမယ်။
ဆက်ရရင် ကြောင်သွားတဲ့ ကျွန်တော်က စိတ်ထဲကနေ ဟာ… ခက်တော့ဖြင့် နေပြီ။ မှားပါတယ်… ခုန ထိုင်ခုံမှာ စထိုင်ကတည်းက ဘီယာနံ့စူးစူးရတာ ရှေ့ကလူဆီက မှတ်တာ၊ ဘွားတော်ဆီက ဖြစ်နေတာကိုးလို့ အဲဒီတော့မှ သေချာ သိလိုက်ပါတယ်။ ဘေးဘီကို ထောက်လှမ်းစူးစမ်းတဲ့ နေရာမှာ အင်မတန် တော်တဲ့ ကျွန်တော်…။ ဒါနဲ့ ကျွန်တော်လည်း တချက်ပြုံးရယ်ပြပြီး ဇာတ်ညွှန်းကို ကျွန်တော် ဆက်ဖတ်နေတော့ ခုန သူ မေးတဲ့ မေးခွန်းကို ကျွန်တော် မကြားဘူး အောက်မေ့လို့နဲ့ တူပါတယ်… ဘွားတော်က ထပ်မေးပြန်တယ်။
ကျွန်တော့် ရှေ့၊ နောက်၊ ၀ဲ၊ ယာမှာလည်း လူတွေက ရှိတယ်။ သိတဲ့အတိုင်း ဒီနိုင်ငံမှာက လူတွေက မြန်မာပြည်က လူတွေလို စိတ်ဖြူ၊ သဘောကောင်းတွေ ဟုတ်ဟန် မတူဘူး။ ဘေးနား ဒါမှမဟုတ် မျက်ဆိုင်သာ ထိုင်ချင်ထိုင်နေမယ်၊ ဒါပေမဲ့ ကြည့်ချင်မှလည်း ကြည့်မယ်၊ စိတ်လည်း ၀င်စားကြတာလည်း မဟုတ်ဘူး။ ဒီတော့ ဘွားတော် ကျွန်တော့်ကို စကားလာပြောနေတာကို သူတို့က တချက်တော့ ကြည့်လိုက်တယ်၊ နောက်တော့ သူတို့က အေးဆေးပဲ… မအေးဆေးတာက ကျွန်တော်။
ထိုင်ခုံကလည်း နှစ်ယောက် ကပ်ထိုင်ထားတယ်၊ ကျွန်တော့် လက်ထဲက စာလုံးလေးတွေကလည်း ချစ်ဖို့ကောင်းတဲ့ စာလုံးလေးတွေ (မြန်မာစာ)၊ တခါ ဘွားတော်ကလည်း ရဲတင်းစေတတ်သော အရည်တခုကို ပမာဏတခုအထိ သောက်သုံးထားလေသူ ဖြစ်လေတော့ ယုတ္တိဗေဒနည်းနဲ့ စဉ်းစားလိုက်ရင် အကိုတို့၊ အမတို့ သိမှာပါလေ… ကျွန်တော် ဘာလုပ်မလဲဆိုတာ… လူကြီး၊ မိဘ၊ ဆရာသမား အထာ နပ်တဲ့ ချာတိတ်လေးလေ။
“ဒီလိုပါ၊ ကျွန်တော်က မြန်မာပါ၊ မြန်မာနိုင်ငံက ပါခင်ဗျာ၊ နောက်ပြီး ကျွန်တော် ဖတ်နေတာက မြန်မာစာပါ… ကိုရမ် မဟုတ်ပါဘူး“ လို့ ပြောတော့ ဘွားတော်က ကျွန်တော် ပြောတာရော၊ ကျွန်တော့် နိုင်ငံကိုရော သေချာ မကြား၊ မသိဘူး ထင်ပါတယ်။
“ကိုရမ်တော့ မဖတ်ပါနဲ့ကွာ… ရထားပေါ်မှာ“လို့ ပြန်ပြောပါတယ်။ ကျွန်တော် ရိပ်မိလိုက်ပါပြီ။ ဘွားတော် နည်းနည်းတော့ ရေချိန်ကိုက်နေပြီ ဆိုတာပါ။ အဲ… ကျွန်တော်ကလည်း နည်းနည်း ဖောင်းခဲ့တာ ရှိပါတယ်။ ခုန ကျွန်တော် ဇာတ်ညွှန်း စာကြောင်းတွေ ဖတ်နေတုန်းက မဆိုစလောက်လေး အသံထွက်မိသွားပါတယ်။ ဒါပေမဲ့ အရက်သောက်ထားတဲ့ လူပဲဗျာ၊ သိပ် အကဲဆတ်နေချိန်ပေါ့… ဘွားတော်က ကျွန်တော့်အသံကို ကောင်းကောင်းကြားသွားပါတယ်။ ဒီတော့ သူက တန်းကနဲ ဆုံးဖြတ် ပြောချလိုက်တော့တာက… ကျွန်တော် ကိုရမ် ဖတ်နေပါတယ်လို့…။
ဇာတ်လမ်းက မပြီးသေးဘူးဗျ၊ ဘွားတော်က ကျွန်တော့်ကို စိုက်စိုက်ကြည့်ပြီး ခင်လာပုံ ရပါတယ်။ သေရည်လေးကလည်း ၀င်ထားတာကိုးဗျာ။ သူ့နာမည်နဲ့ (ကျွန်တော် မေ့သွားပြီ) မိတ်ဆက်ပြီး ဂျာမနီကပါလို့ ပြောပါတယ်။ သူငယ်ချင်းတွေက ဖိတ်လို့ ခရစ္စမတ် မိတ်ဆုံပွဲ (အမှန်တော့ ခရစ္စမတ် မရောက်သေးပါဘူး) သွားစားခဲ့ပြီး ပြန်လာတာပါတဲ့။ ငါ နည်းနည်းတော့ သောက်ခဲ့တယ်တဲ့။ ကျွန်တော်က အဲဒီလို “ငါ နည်းနည်းတော့ သောက်ခဲ့တယ်“လို့ ပြောတတ်တဲ့ လူကြီးတွေ အများကြီး တွေ့ထားဖူးတော့… ဟဲ ဟဲ… ပြန်ပြုံးပြလိုက်ပြီး ရပါတယ်လို့ လုပ်လိုက်တာပေါ့။
ဒီတော့ ကျွန်တော်လည်း ဇာတ်ညွှန်းစာအုပ်လေး အသာပိတ်လို့ သူနဲ့ စကားပြောရတာပေါ့။ ကျွန်တော်ကလည်း ကျွန်တော့်နာမည် “မျိုး“ ပါပေါ့၊ မြန်မာနိုင်ငံကပါပေါ့။ ဒါနဲ့ ခင်ဗျား မြန်မာနိုင်ငံဆိုတာ သိသလားလို့ မေးတော့… သိပ်သိတာပေါ့ မောင်ရာလို့ ဘွားတော်က ပြန်ပြောတယ်ဗျ။ ကျွန်တော်တော့ အတော်လေး ၀မ်းသာသွားမိတယ်။ ကျွန်တော်နဲ့ စကားပြောဖူးတဲ့ နိုင်ငံခြားသား တော်တော်များများက မြန်မာလို့ပြောရင် (Burma ပြောပြော၊ Myanmar ပြောပြော) မသိကြပါဘူး။ ဘွားတော်က သိတယ်လို့ ပြောတော့ မူးလို့များ ပြောလေသလားပေါ့ ကျွန်တော့်မှာ မယုံတယုံ…။
သူက မြန်မာကို သိတယ်၊ အရှေ့တောင်အာရှက နိုင်ငံတခုဆိုတာလည်း သိတယ်။ ဒါပေမဲ့ ထိုင်းရယ်၊ မလေးရှားရယ်၊ အင်ဒိုနီးရှားရယ်၊ ဖိလစ်ပိုင်ရယ်နဲ့ မြန်မာကို ဘယ်သူ့ဘယ်နားဆိုတာကို နည်းနည်းေ၀၀ါး နေပုံရတယ်။ သောက်ထားတဲ့ အရှိန်ကြောင့်လည်း ဖြစ်ရင်ဖြစ်မယ်၊ ဒါမှမဟုတ် ကျောင်းတုန်းက သင်ခဲ့ဖူးတဲ့ သမိုင်းစာကို မေ့တေ့တေ့ ဖြစ်နေတာလည်း ဖြစ်ရင်ဖြစ်မယ်၊ ဒါမှမဟုတ် သိပ်မသိတတ်သေးတဲ့ ကလေးအရွယ်လောက်မှာ အာရှဘက်တခေါက် ရောက်ဖူးခဲ့လို့လည်း ဝေေ၀၀ါးဝါး မှတ်မိနေတာလည်း ဖြစ်ချင်ဖြစ်မယ်။
သူများကို ဆရာလုပ်ဖို့… ရှင်းလင်းစေဖို့ သိပ်ဝါသနာထုံတဲ့ ကျွန်တော်က ခပ်သွက်သွက်ပဲ အေဖိုးအရွယ် စက္ကူတွေနဲ့ ချုပ်ထားတဲ့ ဇာတ်ညွှန်းစာအုပ် နောက်ကျော ဘက်ကို လှန်ပြီး စက္ကူဖြူပေါ်မှာ လွယ်အိတ်ထဲက ဘောလ်ပင်ထုတ်ပြီး မြေပုံအကြမ်း ဆွဲလိုက်တယ်။ ပြီးတော့ အင်္ဂလိပ်လို နာမည်တွေ ရေးပြီး ရှင်းပြလိုက်တယ်။
ဒါက တရုတ်၊ ဒါက အိန္ဒိယ အဲဒီနိုင်ငံကြီး နှစ်ခုကြားက နိုင်ငံ… အဲဒါ ကျွန်တော်တို့ရဲ့ မြန်မာ၊ ဒီဘက်က ဒေါ်ဒေါ်ပြောတဲ့ ထိုင်းလန်း၊ ဒီအောက်က မလေးရှား၊ ဒီဘက်က အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် စသဖြင့် ပြောလိုက်တော့… သောက်ထားသူတွေရဲ့ ထုံးစံအတိုင်း… “ငါ သိပါတယ်ကွ“ဆိုပြီး ကျွန်တော့်ကို သေချာ စိုက်ကြည့်လို့… “မင်းက… ခင်ဖို့ ကောင်းတယ်ကွ“ ဆိုပြီး လှမ်းဖက်လို့ ကျွန်တော့်မှာ အလိုက်သင့်လေး နေပေးလိုက်ရသေးတယ်။ ဘီယာချဉ်စူးစူးနံ့တော့ ခံရတာပေါ့လေ။
စိတ်ထဲမှာတော့ “ငါ့ကံကလည်းကွာ၊ ဘွားတော့်မြေး အရွယ်လေးလောက်နဲ့တော့ ဒီလိုခင်ခင်မင်မင် မနေရဘူး၊ ဘွားတော်ကြီးနဲ့မှ အတင်းလာခင်နေရတယ်“လို့ မဆီမဆိုင် တွေးမိပြီး ကိုယ်ဖြစ်ချင်တာလေးကို လှမ်းတမ်းတလိုက်မိပါသေးတယ်။ ကျွန်တော့်အဖြစ်က ကံက ကောင်းပေမယ့် တလွဲကောင်းတဲ့ပုံ ဖြစ်နေပါတယ်။
ကျွန်တော်နဲ့ ဘွားတော်နဲ့ ချက်ချင်း အဖွဲ့ကျပြီး အော်ကြီးဟစ်ကျယ် ပြောဆိုနေတာကို မျက်နှာချင်းဆိုင် ထိုင်နေတဲ့ ကုလားလေး နှစ်ယောက်ကတော့ သဘောတွေ ကျနေတယ်။ ကျန်တဲ့လူတွေကလည်း ဒီနှစ်ယောက် အဖွဲ့ကျသွားပြီလို့ တွေးထင်နေကြပုံပဲ။ ကျွန်တော်လည်း ရထားပေါ်မှာ သူများတွေ (အထူးသဖြင့် ကုလားတွေ၊ အာဖရိကန်တွေ) အော်ကြီးဟစ်ကျယ် စကားပြောရင် မကြိုက်သလောက်၊ ကျွန်တော်လည်း မပြောရဲသလောက် ဖြစ်ပေမယ့် အဲဒီညကတော့ ဘွားတော်ကို ခင်မင်မိသွားပြီး ကိုယ့်အသံ ဘယ်လောက် ကျယ်နေမှန်းတောင် သတိမထားမိတော့ဘဲ စကားတွေ ပြောနေမိတယ်။
ဇာတ်လမ်းက မပြီးသေးဘူး… နည်းနည်း ကျန်သေးတယ်ဗျ၊ ရထားက ရုံးနားက ဘူတာကနေ အိမ်နားက ဘူတာအထိ ၃၅ မိနစ်လောက် စီးရတာမို့ ကျွန်တော်တို့ နှစ်ယောက်သား စကား တော်တော် ပြောဖြစ်လာခဲ့တယ်။ ဒါတောင် ဘွားတော်က သောက်ထားတဲ့သူတွေရဲ့ ထုံးစံအတိုင်း မင်းဖတ်တာ ကိုရမ် မဟုတ်ပါဘူးနော်လို့ ထထ လုပ်သေးတယ်။
ထားပါတော့… ခုနတုန်းက မြေပုံရေးတုန်းကဗျာ… စာရွက်နဲ့ ဘောလ်ပင် တွေ့သွားတော့ကာ… ဘွားတော်က “မင်းနဲ့ငါ… ကျားနဲ့ကြယ် ကစားရအောင်“ လို့ ပြောပါတယ်။ ဒီနေရာမှာ ကျွန်တော် နည်းနည်း ရွှီးတာပါ၊ သူက နာမည် တခုပြောတယ်၊ ကျွန်တော်က မသိပါဘူး။ ဒါနဲ့ ဘာကစားနည်းလဲပေါ့… ပြန်မေးတယ်။ သူက ထပ်ပြောတယ်၊ ပြောရင်းကနေပဲ စိတ်မရှည်တော့ဘဲ ကျွန်တော့် လက်ထဲက ဘောလ်ပင်ကို ဆွဲလုပြီး ဗေဒင်ဆရာတွေ မဟာဘုတ်တိုင်ထူဖို့ အကွက်ချသလို အကွက်ရေးပြီး တကွက်မှာ သုည စထည့်လိုက်တယ်။ အဲဒီမှာ ကျွန်တော်က အခုလို နာမည် ကောက်ပေးလိုက်တာပါ။ “ကျားနဲ့ကြယ်“… မလှဘူးလားဗျာ။
ကျွန်တော်တို့ ကစားခဲ့ကြတယ်
ကျွန်တော် သိလိုက်ပါပြီ၊ အဲဒါ ကျွန်တော် ငယ်ငယ်က စကားခဲ့တဲ့ ကစားနည်းပဲ။ ကျောင်းမှာ သူငယ်ချင်းချင်း ကစားရင် အမြဲရှုံးနေကျ၊ အိမ်မှာတော့ ညီလေးနဲ့ ညီမလေးကို နိုင်အောင် ကစားပြီး ကိုယ့်ကိုယ်ကိုယ် သိပ်တော်တဲ့သူလို့ ထင်ထားခဲ့တဲ့ ကျွန်တော်ပဲ၊ ဘယ်ရလိမ့်မလဲ… ချက်ချင်းဆိုသလို ဘွားတော်ဆီက ဘောလ်ပင် ပြန်ယူလိုက်ပြီး တခြားတကွက်မှာ ကြက်ခြေခတ်လိုက်တယ်။ ဘွားတော်က ကျွန်တော့်လက်ထဲက ဘောလ်ပင် ပြန်ယူ… တခြားတကွက်မှာ ၀လုံး ဆွဲတယ်။
နောက်တကွက်မှာ ကျွန်တော် ကြက်ခြေခတ်တယ်၊ ဘွားတော် ဇီးရိုးထည့်တယ်။ ကျွန်တော် ကြက်ခြေခတ်တယ်။ ဘွားတော် ၀လုံးထည့်… ဟာ.. ဘွားတော် နိုင်သွားတယ်ဗျ။ အဲဒီမှာ ကျွန်တော် နည်းနည်း လန့်သွားတယ်။ အသက်က ကြီးနေပြီ၊ ရေချိန်မှန်အောင် သောက်ထားတယ်၊ ကျွန်တော်က ဥာဏ်ထက်နေတဲ့ လူငယ်… ဒီကစားနည်းကလည်း ကျွန်တော် ကျွမ်းတဲ့ ကစားနည်း၊ နိုင်သွားတော့ ဘွားတော်ဆိုတော့ ဟာ… ဘွားတော်က ဆရာကြီးပေပဲလို့… နာမည်ကျော် တက္ကသိုလ်ကြီးတခုက သင်္ချာပါမောက္ခများလားလို့တောင် ကျွန်တော် ယောင်တောင်တောင် တွေးဖြစ်သွားတဲ့အထိ…။
ဘွားတော်က စိတ်မကောင်းပါဘူးကွာ… နောက်တပွဲ မင်းကံကောင်းရင် နိုင်ချင်နိုင်မှာပါလို့ အားပေးတဲ့ အကြည့်၊ ရင်းနှီးနွေးထွေးနဲ့ အနှစ်အသိမ့်လေးနဲ့ နောက်တပွဲအတွက် အကွက်ချပြန်တယ်။ ဘွားတော် နိုင်ပြန်ရော… နောက်တပွဲ… ဘွားတော်ပါပဲ။
ကျွန်တော် စိတ်ညစ်သွားတယ်၊ ဘယ်နှယ့်ဖြစ်ပါလိမ့်ပေါ့… ငါ လက် တော်တော်ပျက်နေတာပဲလို့လည်း တွေးလိုက်မိသေးတယ်။ တကယ်တော့ ဒီကစားနည်းကို ကျွန်တော် မကစားဖြစ်တော့တာ နှစ် ၂၀ ကျော် သွားပြီ။ ဘွားတော်လည်း ကျွန်တော့်လိုပဲ ငယ်ငယ်ကသာ ကစားဖူးတာမှန်ရင် အနှစ် ၄၀ မက ကျော်နေလောက်ပြီ။
ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့ စိတ်ကလေးက အမြဲရှိလေတော့… အင်း လက်ပျက်တာနဲ့ တူပါတယ်လို့ပဲ လျှော့တွေးလိုက်မိတယ်။ စောင်းသမား စောင်းနဲ့ကွာသလို၊ လေးသမား လေးနဲ့ကွာသလိုပေါ့လေ၊ ကျွန်တော်လည်း လက်ပျက်တာပဲ ဖြစ်မှာပါ။ အဲဒီလိုနဲ့ နောက် နှစ်ပွဲလောက် သရေကျပြီးနောက်မှာ ကျွန်တော်ချည်းနိုင်တော့တာက… အေဖိုးစာရွက် လေးငါးရွက်ပေါ်က အကွက်တိုင်းမှာ ဖြစ်လာတယ်။
ဘွားတော်က သူ့လက်ရည်ကို တမင်ပဲ လျှော့ချလိုက်လေသလား၊ ကျွန်တော်ပဲ တကယ့်လက်ရည်(ဥာဏ်ရည်)အမှန် ပြန်ရလာလေသလား ဆိုတာကိုတော့ ဘွားတော်ပဲ သိမှာပါ။ ကျွန်တော် သိတာကတော့ ကျွန်တော် နိုင်လိုက်တိုင်း… “မင်းက သိပ်တော်တာပဲကွာ၊ နည်းနည်းတော့ ငါ့ကို ညစ်သလားလို့ ခံစားရတယ်“ဆိုပြီး လှမ်းလှမ်းဖက်၊ ပါးချင်းအပ်(ကပ်)တာကို ခံရတာပါပဲ၊ အဲဒီအခါတိုင်းမှာလည်း ဘီယာနံ့စူးစူးကို ကျွန်တော် ရှုလိုက်ရတယ်။ ဘီယာနံ့ကိုတော့ ကျွန်တော်က ဘာမှ မဖြစ်ပါဘူးလေ… ကျွန်တော်လည်း ကြိုက်တဲ့ဟာပဲ၊ မကြိုက်တာက ဘွားတော်ကြီး ဖြစ်နေတာကိုပါ။
နောက်တော့ ကျွန်တော် ဆင်းရမယ့် ဘူတာ ရောက်လာတယ်၊ အဲ… ဘွားတော်ကလည်း ကျွန်တော့်နောက်က လိုက်ထလာပြီး ငါလည်း ဆင်းရမှာလို့ ပြောတယ်။ ကျွန်တော် နည်းနည်း ကြောက်သွားတယ်၊ ဟာ… ပြဿနာပဲ၊ လိုက်လာမလား မသိဘူးလို့ တွေးမိတယ်။ ဒါပေမဲ့ ဘွားတော်က ထိုင်ခုံက ထလိုက်တဲ့ အချိန်ကစပြီး သူ့ကိုယ်သူ အကောင်းဆုံး ထိန်းသိမ်း တည့်မတ်လိုက်တယ်။ အားလုံးကို သတိအနေအထားနဲ့ ရှိနေလိုက်တာကို ကျွန်တော် သတိထားလိုက်မိတယ်။
ဘူတာဆိုက်လို့ ရထား တံခါးလည်း ဖွင့်ရော… ဘွားတော်က အရင် အပြေးကလေး ထွက်လိုက်တယ်၊ ပြီးတော့ လှေကားကို ခပ်သွက်သွက် တက်သွားတယ်။ ကျွန်တော်က သူ့နောက်က ခြေလှမ်း သုံးလှမ်းလောက်ကနေ လိုက်ကြည့်ရင်း လိုက်ကြည့်ရင်းနဲ့ပဲ ဘွားတော်က ကားလမ်းကူးပြီး ထိုးဆိုက်လာတဲ့ ဘတ်စ်ကားနီနီကြီးပေါ်ကို ပြေးတက်သွားတယ်။
ကျွန်တော်ကတော့ ကျွန်တော့်အခန်းကျဉ်းကျဉ်းလေးဆီကို ဖြည်းဖြည်းချင်း ပြန်လျှောက်လာခဲ့တယ်၊ ရင်ထဲမှာတော့ ပျော်သလိုလို…။
၂၀၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်၊ ကြာသပတေးနေ့။
မနက်စောစော ၁ နာရီ။
ကျွန်တော့်ဘ၀တွင် လုပ်ချင်ရက်နဲ့ မလုပ်ခဲ့ရသော အလုပ်နှစ်ခု ရှိပါတယ်။ ကျောင်းဆရာအလုပ်နဲ့ သရုပ်ဆောင်အလုပ် ဖြစ်ပါတယ်။ သရုပ်ဆောင်အလုပ်ကတော့ အရူးထခဲ့တယ်လို့ ဆိုနိုင်ပါတယ်၊ ကျောင်းဆရာကတော့ တဲတဲလေးလွဲခဲ့ရတာပါ။ ကျောင်းဆရာဖြစ်ခဲ့ရင် အခုလို ဆယ်နှစ်အကြာမှာ ဘာဖြစ်နေမှာပါလိမ့်လို့ တခါတလေ တွေးမိတယ်။
တကယ်ပြန်စဉ်စားနေမိတာက သရုပ်ဆောင်အလုပ်ပါ၊ လူတွေ ငိုအောင် ရယ်အောင် တခုခု ခံစားသွားရအောင် ရှေ့ကနေ လုပ်ပြရတဲ့ အလုပ်၊ အဲဒီအလုပ်ကို စိတ်ဝင်စားခဲ့ဖူးတယ်။ အရူးအမူးတော့ မဟုတ်၊ တို့ထိတို့ထိလောက်ပေါ့။ အခု မင်းသား ခန့်စည်သူတို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ရုပ်ရှင်သရုပ်ဆောင် သင်တန်းတက်တုန်းကတခါ ကျွန်တော်လည်း တက်ဖို့ နည်းနည်း ကြိုးစားကြည့်သေးတယ်။ ရုပ်ရှင်အစည်းအရုံးရှေ့တောင် ရောက်နေပြီ၊ မလုပ်ပါနဲ့ကွာ… မလွယ်လောက်ပါဘူးလို့ ကိုယ့်ဘာသာ ဆုံးမပြီး ပြန်လာခဲ့တယ်။
ငွေကြေး၊ ပံ့ပိုးမှု၊ အသိုင်းအ၀ိုင်း၊ ကိုယ်တိုင်ကြိုးစားမှု၊ ကံ၊ စန်း၊ မီဒီယာ၊ ဆရာသမား အများကြီးမှ အများကြီး၊ အဲ… မဖြစ်ဖြစ်အောင် လုပ်မယ်၊ ရူးသွပ်တယ် ဆိုရင်တော့ တမျိုးပေါ့လေ၊ ဘေးကလူတောင် မနေနိုင် မထိုင်နိုင် ကူညီရမယ့်အပေါက်မျိုး အထိတော့ မရူးသွပ်ဖူးပါဘူး။ ဒါကြောင့်လည်း မဖြစ်လာတာ ဖြစ်နိုင်ပါတယ်။ ပရိသတ်တွေလည်း ကံကောင်းသွားတာပေါ့လေ၊ မဟုတ်ရင် မြန်ုမာ့သရုပ်ဆောင်လောကရဲ့ ရုပ်အဆိုးဆုံးနဲ့ အချာဆုံး သရုပ်ဆောင် တယောက်ကို ကြည့်နေရမယ့် အဖြစ်။
တခါသားမှာတော့ အမေ့မိတ်ဆွေကြီးတယောက်ရဲ့ အကူအညီနဲ့ ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးတဲ့ ဗီဒီယိုဇာတ်လမ်းတခုမှာတော့ နေ့တွက်ကြေးနဲ့ သရုပ်ဆောင် သွားလုပ်မိသေးတယ်။ အို့ အို အို… သရုပ်ဆောင်အလုပ်၊ ရင်ရှုပ်စေတဲ့ ရုပ်ရှင်အလုပ် မလုပ်ခဲ့မိတာ ကောင်းတယ်ဆိုတဲ့ အတွေး ပေါ်ခဲ့ဖူးတယ်။
အဲဒီတုန်းက မင်းသားနဲ့ မင်းသမီးက သူထူးစံနဲ့ ဆုရွှန်းလဲ၊ မှတ်မိနေသေးတယ်။ အမေ့မိတ်ဆွေက အရင်က တိုင်းတရားသူကြီးပေပဲ၊ ပင်စင်ယူပြီးနောက်မှာမှ ၀ါသနာ ဗီဇက ထလာကြွလာလေတော့ သူအပိုင်နိုင်ဆုံး ဇာတ်ရုပ်ဖြစ်တဲ့ တရားသူကြီးတို့၊ ရှေ့နေခန်းတို့မှာ ပါနေကြ၊ မြန်မာဗီဒီယိုကားတွေတိုင်းမှာ တရားသူကြီးခန်း ပါပြီဆိုရင် သူပါပဲ။
သူက မင်းဝါသနာပါရင် တခါလောက် စမ်းကြည့်ပေါ့ကွ ဆိုတာနဲ့ သူ့လက်ထောက် ရှေ့နေကလေးလား၊ ဆရာ့အိတ်ဆွဲလား မသိပါဘူး လုပ်ရမယ်တဲ့၊ ဖုန်းဆက် ခေါ်တာနဲ့ တထည်တည်းသော တိုက်ပုံအနက် ယူပြီး ကီလီ ၆ (ရုပ်ရှင်ရိုက်ကွင်းများ တည်ရာ) ကို အပြေးလိုက်သွားခဲ့မိတယ်။ တခန်းလား ဘက်ဂရောင်းက ပါဖို့အတွက် တနေကုန်ပါရောလား။
ဒါက အတွေ့အကြုံကို အသောနှောလို့ ပြောပြတာပါ၊ အခုတော့လည်း စဉ်းစားမိတာက… ပရိသတ်အတွက်သာ သရုပ်ဆောင်သီးသန့် မဖြစ်ခဲ့တာလို့… ငါဟာ နေ့တိုင်း သရုပ်ဆောင် ဖြစ်နေပါပေါ့လားပေါ့။ ဟုတ်တယ်လေ… ပြုံး၊ ရယ်၊ မဲ့၊ ငို၊ စကားတင်းဆို၊ ဒေါသထိုထို၊ မကျေနပ်လိုက်၊ ချေဖျက်လိုက်နဲ့ အမျိုးမျိုး နေ့စဉ်မှာကို ပြောင်းလဲ လှုပ်ရှား နေရတာမို့လား။
အခု အကောင်း၊ ခဏနေတော့ ဆိုးတော့တယ်။ အခု ပျော်နေရင်း ခဏနေတော့ စိတ်တွေ လေးနေတယ်။ ဘယ်အရာမှ အကြာကြီး မဟုတ်ပါဘူးဆိုတာကို သိသိနဲ့ပဲ ရင်မောနေတော့တယ်။ တခါတလေတော့ တယောက်ထဲ ဟက်ဟက်ပက်ပက် ရယ်မော၊ ရူးများသွားသလားလို့တောင် ထင်မှတ်ရတယ်။ ရယ်နေတာ အကောင်းမထင်နဲ့လို့ ပြောတတ်တဲ့ သူငယ်ချင်းတယောက်ကိုလည်း အမှတ်ရတယ်။
ပျော်လို့ ရယ်တာ မဟုတ်ဘူးလား၊ စိတ်ညစ်လည်း ထွက်ပေါက်အနေနဲ့ ရယ်ကြသလား။ စိတ်ညစ်တိုင်း ကျွန်တော်ကတော့ ရယ်ချည်း နေမိတယ်။ ခက်တာက သရုပ်ဆောင်ပါး မ၀သေးတာပါပဲ၊ ဒီတော့ ရယ်သာရယ်တယ်၊ ရယ်နေတာနဲ့ မတူဘူး… ရယ်ရတယ်ဆိုတာမျိုးကို ဖြစ်ရော…။
ကိုယ့်ဟာကိုယ်တော့ အဟုတ်ချည်းပေါ့၊ ထင်တလုံးနဲ့ပေါ့။ တကယ့်တကယ် သူတင်ကိုယ်တင်ကြတော့မှ အမယ်မင်းရယ်နဲ့မှဆိုတဲ့ အဖြစ်… ရယ်တာကိုက ရယ်ချင်စရာ ကောင်းနေခဲ့တယ်၊ ခုနပြောသလိုပေါ့… အကောင်းတော့ မထင်လေနဲ့။
ဘာမှမဖြစ်ချင်ခဲ့လို့ ဘာမှမဖြစ်ခဲ့ရင် ဘာမှဖြစ်မှာ မဟုတ်ဘူးလေ၊ အခုတော့ ကိုယ့်ကိုယ်ကိုယ် ပိုင်သလိုလို နိုင်သလိုလို တတ်သလိုလို နပ်သလိုလို လူကြည့်များတဲ့ လောကဇာတ်ခုံပေါ်တက်လာတော့လည်း ဖြဲရဲ ပဲရွေးသလို ကြည့်၊ ခဲနဲ့တမျိုး ဆဲရေးလို့တဖုံ အမျိုးမျိုး အားပေးတော့လည်း ဟဟ… လုပ်ကြပါဦး ဇာတ်ထုပ်နဲ့ ကန့်လန့်ကာနောက် ပြေးဝင်မှောက်ရင်တော့ စင်ရှေ့ ခဲထိတာကမှ ပွဲကြည့်များက ရယ်ဦးမယ်၊ ကံစွပ်ကံဖျား ပရိသတ် ရသွားဦးမယ်။
အခုတော့ ရှေ့က ခဲ ကြောက်လို့ နောက်ကိုတိုး မှောက်ထိုးလဲမှ ဗျောက်အိုးနဲ့ ပစ်တာပါလို့ဆိုလည်း ခေါက်ချိုးမည်းသွားတဲ့ စိတ်ကိုပြင်ရင်း ဒီတသက်တော့ ငါ (ဘယ်နေရာမှာမှ) သရုပ်ဆောင် မဖြစ်တော့ဘူးရယ်လို့ပဲ စိတ်သွင်းရတော့တာပါပဲ။
သရုပ်ဆောင်ချက်များ ဘယ်တကွက်မှ မလွယ် ခက်ပါလားနော်…။
၂၀၁၁ ခုနှစ်၊ မတ်လ ၁၄ ရက်။
ည ၁၀ နာရီ။
အခု​တေ​လာ စာ​မေ​ရး​ျ​ဖ​စ​္ေ​ပ​မ​ယ​့္ ေ​ဖ့စ္ဘုတ္ရဲ႕ status ေ​န​ရာ​မွာ မ​တ​္ေ​ဆ့ဂ်​္ေ​လး​ေ​တြ ေ​ရး​ျ​ဖစ္တ​ယ​္၊ အလုပ္က သ​တ​င​္းေ​တြ ဖတ္ရ၊ သ​တ​င​္းေ​တြ ဘာသာ​ျ​ပန္ရ​ဆို​ေ​တာ့ ႏိုင္ငံ​တကာက အေ​ၾ​ကာ​င​္းအရာစုံေ​တြ ဖတ္ရ​တဲ့​အခါ ကို​ယ့်နိုင်ငံ​နဲ့​​ယှ​ဥ်ြ​ပီး စ​ဥ်း​စား​မိ​တာ​ေ​လး​ေ​တြ ရွိ​လာ​တ​ယ​္၊ အဲ​ဒါ​ေ​တြ​နဲ​႔ ပတ္သ​က်ြ​ပီး ပွ​င့်​ပွ​င့်​လ​င်း​လ​င်း ကို​ယ့်​အျ​မ​င​္ေ​လး​ေ​တြ ေ​ရး​မိ​တ​ယ​္။ ေ​ရး​မိ​ေ​တာ့ ဘာ​ျ​ဖစ္သ​လဲ…။
ပြန်ဆက်ရ​ရ​င် န​ည်း​န​ည်းေ​တာ့ ၀​မ်း​သာ​မိတယ်၊ ရယ်မိတယ်။ ရယ်မိတယ်ဆိုတာ ပါးစပ်လေး ဟလိုက်တာကို ပြောတာပါ။ ကျွန်တော် ရန်ကုန်မှာ ရှိတုန်းက ကိုရီးယား ဇာတ်လမ်းတွဲတွေ အကြည့်များခဲ့တာကိုးဗျာ၊ အဲဒီမှာ ဇာတ်ဆောင်တွေက တခုခုကို စိတ်ညစ်၊ စိတ်ပျက်သွားရင် ဟက်ကနဲ တချက် ရယ်လိုက်ကြတယ်လေ၊ ပါးစပ်လေးဟပြီး “ဟ ဟ“ ဆိုတဲ့ သဘောမျိုးလုပ်တယ်လေ၊ မချိပြုံးလို့ ဆိုရမလား။ ကျွန်တော်လည်း ကိုယ့်စိတ်နဲ့ သဘောမတွေ့တာလေးတွေ တွေ့ခဲ့ရင် အဲဒီလို လုပ်တတ်နေတယ်၊ အကျင့်တောင် ပါနေပြီ။
ဒီတော့ အပြင်မှာများ ကျွန်တော် အဲဒီလို ရယ်မိတာတွေ့ရင် သတိထားရမှာက “ဒီကောင် ငါတို့ကို မကြည်တော့ဘူး“ ဆိုတာပါ၊ ရယ်တယ်ထင်လို့ အကောင်းမမှတ်ကျလင့်လို့ သတိပေးတာပါ။ ဟဲ ဟဲ…။ ကုလားလူမျိုးတွေ ခေါင်းတခါခါ လည်တခါခါ လုပ်နေတာ ရက်စ်လို့ အနက်ထွက်သလိုပေါ့။
သိတယ်နော်… ကုလားလူမျိုးတွေက သဘောတူတယ်၊ လက်ခံတယ်၊ နှစ်ခြိုက်တယ်၊ စားမယ်ဆိုရင် ခေါင်းတခါခါ လည်တခါခါ လုပ်တယ်လေ၊ အဲဒါကို ကိုယ်က သူတို့အကြောင်း မသိတော့ ဒီကောင် ငါ့မကြိုက်ဘူးလား မသိဘူး၊ ငါပြောတာ လက်မခံဘူးလား မသိဘူးဆိုပြီး ပြောင်းပြန် စဉ်းစားမိမှာ စိုးလို့ ကြုံလို့ ထည့်ပြောလိုက်တာပါ။ သူ့လူမျိုး၊ သူ့ယဉ်ကျေးမှု၊ သူ့စရိုက်၊ သူ့အကျင့်ပေါ့လေ… ကျွန်တော်ကတော့ စိတ်ပျက်လေ… ပိုရယ်မိလေပါပဲ။
တကယ်တော့ ကျွန်တော်က အချစ်ဝတ္ထု သိမ်သိမ်မွေ့မွေ့လေးတွေ ရေးချင်တာပါ၊ ခက်တာက ကိုယ်က မချစ်ဘူးတော့… တခါ အချစ်လည်း မခံရဘူးတော့ ရေးရတာ အသက်မပါသလို ဖြစ်နေတယ်၊ အသက်မပါမှတော့ ၀တ္ထုက သေနေမယ်လေ၊ ဇာတ်လမ်းက ရွှင်မှာ မဟုတ်တော့ဘူး၊ လွမ်းစရာလည်း ကောင်းမှာ မဟုတ်တော့ဘူး။ ဒါနဲ့ပဲ အဲဒီဘက်ကို ကျွန်တော် လက်ရှောင်ထားလိုက်တယ်။
သတင်းဆာင်းပါးကျတော့လည်း အလုပ်အတွက်သာ ရေးဖြစ်တာလေ… သက်သက်အချိန်ပေးပြီး ရေးဖို့ကျတော့လည်း မဖြစ်နိုင်ပြန်ဘူး။ ဒီတော့ ကိုယ်တွေ့လေးတွေ၊ ကိုယ်ခံစား သုံးသပ်မိတာလေးတွေကိုပဲ ချရေးဖြစ်တယ်။ ဒီမှာလည်း အဓိက က မေးခွန်းတွေပေါ့၊ ကိုယ့်ကိုယ်ကိုယ်မေးတဲ့ မေးခွန်းတွေကို ကိုယ့်ဘာသာ ပြန်ဖြေကြည့်ပြီး သူများတွေရော ဒီလိုတွေးကြသလားဆိုတာကို သိချင်လို့ ကျွန်တော်က တင်လိုက်တာပေါ့လေ၊ အဲဒီမှာ ဖတ်တဲ့သူတွေဆီကနေ ကိုယ်နဲ့တူတယ်၊ မတူဘူး တခုခု သဘောထားတုန့်ပြန်သံ ရမှာပဲလို့ ကျွန်တော်က ယူဆတယ်။
တချို့ကလည်း ဗြောင်ကို ပြောဆိုဝေဖန်တယ်ပေါ့၊ တချို့ကလည်း တိုးတိုးတိတ်တိတ် ဆုံးမတယ်ပေါ့။ ချဲ့လင်လုပ်တဲ့အခါလည်း ရှိတာပေါ့။ ကျွန်တော်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကြိုက်ပါတယ်။ ဒီလိုပဲ အပြန်အလှန် ပြောဆိုဝေဖန်ကြမှ တိုးတက်တယ်လို့လည်း ထင်ပါတယ်။
တခါ စာရေးမယ်ဆိုတော့ သူများတွေ ဘာတွေ ရေးနေကြသလဲဆိုတာကိုလည်း လိုက်ဖတ်ရသေးတယ်ဗျ၊ ကိုယ်ကချည်း ထင်ရာ လျှောက်ရေးနေလို့ မဖြစ်ဘူးလေ၊ သိပ်တော်တဲ့သူများကျတော့ တမျိုးပေါ့လေ၊ သူတို့ကျတော့ တကူးတကတောင် စောင့်ဖတ်နေကြရတာကိုးဗျာ။ ကျွန်တော်ကတော့ သာမန် ဒါမှမဟုတ် သာမန်အောက်အဆင့်လေးဆိုတော့ စာမပေါ့အောင် စာကျစာနကောင်းအောင် နည်းနည်းတော့ လေ့လာစောကြော ရသေးတာပေါ့။ မဟုတ်ဘူးလား…။
ကျွန်တော်က လူတွေကိုပဲ စိတ်ဝင်စားတာဆိုတော့ လူတွေအကြောင်း ရေးဖြစ်တာများတယ်၊ ဥပမာ ကိုယ့်အကြောင်း၊ ကိုယ့်အလုပ်ထဲက လူတွေအကြောင်း၊ ကိုယ့်သူငယ်ချင်း မိတ်ဆွေတွေအကြောင်း၊ နောက် အိမ်နဲ့ရုံးကြားက လူတွေအကြောင်း ဒါတွေကို မှတ်သားလေ့လာ ထူးအောင် မြင်အောင်ကြည့်ပြီး အာလူးနည်းနည်းရော ရေးရတာပေါ့ဗျာ။
ဟင်းချက်တဲ့အခါ ကြက်သားချည်းဆို ဘယ်စားကောင်းလိမ့်မလဲ၊ အီတီတီဖြစ်နေမှာပေါ့၊ အာလူးလေး သုံးလေးလုံးထည့်ထားလိုက်တော့ အဲဒီ အာလူးလေးကိုတောင် လိုက်လုစားရတယ်မို့လား။ အဲဒီလိုပေါ့ စာရေးတော့လည်း မြင်သမျှ၊ တွေ့သမျှချည်း ရေးပြတာထက်စာရင် နည်းနည်းလေး အပိုအလို ဖြည့်စွက်ခံစားပြီး အာလူးလေး၊ ဆားလေး၊ သကြားလေး ထည့်ရတာပေါ့။
တခါ သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောဖြစ်တာလေးတွေကို ပြန်ရေးဖို့လည်း စဉ်းစားမိတယ်၊ တခါတလေ ပြောဆိုတာတွေမှာ အများကြီး အနှစ်သာရ ပါတာတွေ ရှိနေတာကိုးဗျာ။ အဓိက ကတော့ ကျွန်တော့်ကို ဆုံးမကြတာ များပါတယ်။ ကိုယ်က မကျေလည်ရင် ပြန်ပြန်မေးပေါ့လေ၊ မေးတဲ့အလုပ်ကလည်း ကိုယ့်အလုပ်လို ဖြစ်နေတော့ သူတို့မှာလည်း ကျွန်တော်နဲ့စကားပြောရင် တော်တော် အားစိုက်ရမယ် ထင်ပါတယ်။ အမေးအမြန်းထူတာကိုးဗျာ… နော်။ ကျေးဇူးတင်ပါတယ်ဗျာ။
ကျွန်တော်ကတော့ ကြွားတာတော့ မဟုတ်ပါဘူးဗျာ၊ အဲဒီကျွန်တော့် အတွေးတွေကို ဖမ်းနိုင်တဲ့ ရစ်ကော်ဒါတလုံးတော့ လိုချင်မိတာပါပဲ။
၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ ၂၄ ရက်။
နံနက် ၁၀ နာရီ။
ခုတလော စာအလွန်ရေးချင်နေပြီး ဘယ်ကစရေးရမှန်းမသိ ဖြစ်နေပါတယ်။ အတွေးထဲမှာတော့ ဟုတ်တုတ်တုတ်၊ ဒါပေမဲ့ တကယ်တမ်း ရေးဖို့လုပ်တော့ စာတစ်ပုဒ် ဖြစ်လောက်အောင် အကြောင်းအရာက မများဖြစ်နေပြန်ပါတယ်။ ခက်ပြီ…တစ်ခါမှ အခုလို မဖြစ်ဖူးဘူး။ ဒီတော့ ခုတလော တွေးနေမိတဲ့ အတွေးတွေကိုပဲ နံပါတ်စဉ်ထိုးလို့ ချရေးလိုက်ရပါတယ်။ တကယ်တော့ ဒီစာပုဒ်ဟာ ကြော်ငြာတော့ ဆန်နေမလားမသိပါ။ ကိုယ့်အတွေးနဲ့ ကိုယ့်အကြောင်းတွေ ဖြစ်နေလို့ပါပဲ။
၁။ ရိုးသားမှု
ရိုးသားမှုကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုရမလဲ မသိ။ လူတိုင်းကတော့ ကိုယ့်ကိုယ်ကိုယ် အကောင်းချည်း ထင်ကြတာပါပဲ။ ကိုယ့်လောက် သဘောကောင်းသူ မရှိ၊ ကိုယ့်လောက် စေတနာ ထားနိုင်သူ မရှိ၊ ကိုယ့်လောက် ပွင့်လင်းသူ မရှိ၊ ကိုယ့်လောက် ရိုးသားသူ မရှိ။ ကိုယ့်ဘက်က ကြည့်တော့ ကိုယ်ဟာ အတော်ဆုံး၊ အကောင်းဆုံး ဖြစ်နေတတ်တာကလဲ သဘာဝတော့ အကျသား။ ခက်တာက ရိုးသားမှုဆိုတာ ဘာလဲ။ ဒီတော့ ရိုးသားမှုကို အဓိပ္ပာယ် အရင် ဖွင့်ဆိုရပါမယ်။
ရိုးသားတယ်ဆိုတာဟာ မလိမ်တာ မညာတာ မညစ်ပတ်တာ မကောက်ကျစ်တာကို ခေါ်တာပါ။ အဲဒါတွေ တစ်နည်းမဟုတ် တစ်နည်း လုပ်တတ်သူက မရိုးသား သူပေါ့။
ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် ပွင့်လင်းသူ တစ်ယောက်လို့ ထင်တာပါပဲ၊ စကားကို ကွယ်ရာမှာ မပြောပါဘူး။ ဗြောင်ပဲ ပြောတတ်ပါတယ်၊ ရင်းနှီးသူတွေဆိုရင် ပိုတောင် ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ ဒီတော့ အကျိုးဆက်က ပထမတော့ ခင်ကြတယ်။ ရိုးသားလို့ ပွင့်လင်းလို့…အဲ နောက်တော့ မကြည်ကြတော့ဘူး၊ ဆဲကြရော၊ သိပ်ပွင့်လင်းသွားလို့လားတော့ မသိပါဘူး။ ခက်တော့ ခက်နေပါပြီ။ ကံပေါ့။
၂။ ချီးကျူးတာ
ကျွန်တော်က ချီးကျူးခံရတာကို သိပ်ကြိုက်တယ်။ ငယ်ငယ်က အမေက ချီးကျူးတာကို သိပ်သဘောကျတယ်။ ငါ့သားက သိပ်တော်တာပဲ ဆိုရင် ကျွန်တော့်မှာ နေလို့ထိုင်လို့ မရအောင် ပျော်တာဗျာ။ ကျောင်းတက်တော့ ဆရာမတွေရဲ့ ချီးကျူးတာကို လိုချင်ပြန်ရော…စာတော်တဲ့ကျောင်းသားအုပ်စုထဲပါတော့ တစ်ခါတခါ ချီးကျူးခံရတာပေါ့။ ပျော်လိုက်တာဗျာ။ ချီးကျူးခံရတာ တော်တော်ကောင်းတာပဲနော်။ အလုပ်ထဲရောက်တော့လဲ ဒီလိုပါပဲ…ကြိုးစားတော့ ဆရာသမားတွေက ချီးကျူးပြန်ရော …ဒီတော့လဲ လုပ်ပြီးရင်းလုပ် ကြိုးစားပြီးရင်းကြိုးစားပေါ့ဗျာ။ ၀န်ထမ်းကောင်းလေးပေါ့။ အဲဒီလို ချီးကျူးတာကို မက်စက်ခဲ့တာပါ။
ကိုယ်တိုင်လဲ သူများကို ချီးကျူးပါတယ်၊ ထောက်ပြစရာရှိလဲ တပါထဲထောက်ပြလိုက်ပါတယ်။ တစ်ခါတလေတော့ ကိုယ်က ချီးကျူးပေမဲ့ တချို့က နောက်တယ် ထင်ကြတယ်။ မခံယူဝံ့ကြဘူး။ တကယ်ကို ချီးကျူးပါတယ်လို့ ပြောယူရတယ်။ တချို့ကျတော့လဲ သူတို့ကိုယ်သူတို့ နှိမ့်ချလို့လား(သူတော်ကောင်းစိတ်ထားလား)မသိ၊ ဒါမှမဟုတ် ယောမင်းကြီးစိတ်ဓာတ်နဲ့ စိတ်ညစ်နေလို့လား မသိ။ ကြုံရတာလေးများ ပြောပါတယ်။
၃။ မျှတတာ
တချို့က မျှတတယ်၊ ကိုယ်ချင်းစာတရား ရှိတယ်။ တချို့က အုပ်စုဖွဲ့တယ်။ မှန်မှန်မှားမှား မဝေခွဲတော့ဘူး၊ ကိုယ့်လူလား သူမှန်တယ်…ကိုယ့်အုပ်က မဟုတ်ဘူး လား၊ မှားတယ်..ဒိုးတော့။ ကျွန်တော်ကတော့ ဘယ်တုန်းကမှ အုပ်မဖွဲ့ခဲ့ဘူး၊ အုပ်နဲ့ မနေခဲ့ဘူး။ ဘယ်သူနဲ့မဆို တည့်အောင် ပေါင်းခဲ့တယ်၊ ကျွန်တော့်အလုပ်ကလဲ ရန်သူ များလို့ မရဘူး၊ မိတ်ဆွေများမှ ကောင်းတယ်။ ဒါပေမဲ့ ခေါင်းငုံ့ခံပြီးတော့လဲ မိတ်ဆွေမဖွဲ့ခဲ့ဘူး။ ပြောစရာရှိပြောတယ်၊ မကြိုက်ဘူးထင်ရင်တော့ နောက် မပြောတော့ဘူး။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ရတဲ့သူနဲ့ ဆွေးနွေးတယ်၊ မရဘူးထင်ရင် မဆွေးနွေးတော့ဘူး။
မျှတတာကိုတော့ ကြိုက်နေတုန်းပဲ။ ကိုယ်တိုင် မမျှမတ လုပ်ထားရင်လဲ ကိုယ်ဘက်က ဘယ်လောက် အသာစီးရနေပါစေ ကိုယ်ဘာသာကိုယ် အေးအေးသက်သာ ခံစားလို့ မရတော့ဘူး… စိတ်မကောင်းဖြစ်နေတာ။ ဒီတော့ အခုနောက်ပိုင်း မမျှတတာ ဘာမှ မလုပ်တော့ဘူး၊ အရင်ကလဲ မမျှတတာကို တတ်နိုင်သလောက် မလုပ်ခဲ့ပါဘူး၊ အခုတော့ ပိုပြီး သတိထားပြီး မလုပ်တော့ဘူး။
မျှတတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ထပ်ပြီး ရှင်းရရင်တော့ ကိုယ်နဲ့တန်တဲ့ အခွင့်အရေးကိုယူပြီး ကိုယ်နဲ့မတန်တဲ့ အခွင့်အရေးကို မယူတာကို ပြောတာပါ။ ဒီလိုပဲ တခြား လူရသင့်တဲ့ အခွင့်အရေးကိုလဲ ကိုယ်၏စောင်မခြင်း၊ နှုတ်၏စောင်မခြင်းနဲ့ ကူညီတာမျိုးလဲ ပါတာပေါ့လေ။
၎။ မိန်းကလေးကိစ္စ
မိန်းကလေးတွေနဲ့ စကားပြောတဲ့အခါ ဘယ်တော့မှ သူတို့အကြိုက် လိုက်မပြောပါ၊ ကိုယ်ခံစားရတာကိုပဲ ပြောပါတယ်။ အကြိုက်လိုက်ပြောရင် သဘောကျလိမ့်မယ် ဆိုတာကို သိပါတယ်။ ဒါပေမဲ့ အဲဒီလို မပြောချင်ပါ။ ဒီတော့ တချို့က စိတ်ဆိုးကြတယ်၊ တချို့ကလဲ သဘောပေါက်တယ်၊ နားလည်ပေးတယ်။ ဒီလူကြီးက ပါးစပ် သာ ဆိုးတာ၊ စိတ်ကောင်းတော့ ရှိပါတယ်(ကြော်ငြာ)ဆိုပြီး တစ်ခါတခါ စကားလာပြောကြတယ်။ ကိုယ်ကလဲ အားရက် နားရက်မှာပဲ စကားကောင်းကောင်း ပြောနိုင်တော့ စိတ်မကောင်းဘူး။ အားလုံးကိုတော့ ခင်ခင်မင်မင် ဆက်ဆံပြောဆိုပါတယ်။
၅။ ပွင့်ပွင့်လင်းလင်း
ကျွန်တော်တို့ ဘယ်လောက် ပွင့်လင်းကြသလဲ။ ကိုယ့်ဘက်က ရိုးသားတယ်၊ ပွင့်လင်းတယ်၊ မျှတတယ်ဆိုပြီး နှုတ်ကချည်း စွတ်ပြောနေလို့ ဖြစ်မလား။ ဒါက ကျွန်တော် ပြန်စဉ်းစား ကြည့်တာပါ။ မိန်းကလေးတွေ အပါအ၀င် အားလုံးပေါ့လေ။ တချို့က အသက်အရွယ်အားဖြင့် ကျွန်တော့်အောက် ငယ်ကြတယ်၊ တချို့က ကျွန်တော့်ထက် ကြီးတယ်။ ပွင့်လင်းတာတော့ ဟုတ်ပြီ…ဘယ်လောက်အထိ ပွင့်လင်းမလဲဆိုတာက ရှိပြန်တယ်။
သိပ်ပွင့်လင်းပြီး ဒုတ်ထိုးအိုးပေါက်တွေချည်း လုပ်လို့တော့မဖြစ်ပါဘူး၊ လောကအရေးက ရှိသေးတာကိုးဗျာ။ ဒီတော့ ကျွန်တော် စဉ်းစားလိုက်တယ်။ ဟုတ်ပြီ၊ မပြောခင် မရေးခင် နှစ်ခါ၊ သုံးခါ၊ လေးခါ၊ ငါးခါ ပြန်စဉ်းစားပြီးမှ ပြောမယ်၊ ရေးမယ်။ မပြောဘဲ နေလို့ရရင် မပြောဘဲနေလိုက်မယ်၊ မပြောမဖြစ်လို့ ပြောချင်ရင် ဒါမှမဟုတ် သိပ်ယားလို့ ပြောချင်ရင် ခုနပြောသလို အကြိမ်ကြိမ်စဉ်းစားပြီးမှပြောမယ်။ လူ့ရပ်လူရွာထဲနေတော့ မပြောလို့တော့ မဖြစ်ချေဘူး၊ ပြောတော့ပြောရမယ်၊ ဒါဆို ကျွန်တော်တို့ ဒီဂရီအတိုးအလျှော့နဲ့ ပွင့်လင်း ကြမယ်ပေါ့။
ဘာဖြစ်လို့ ဒါကို ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောသလဲဆိုတော့ ကျွန်တော်တို့ ပြောသမျှဟာ ကိုယ်ကသာ မေ့ချင်မေ့သွားတတ်တာကိုး၊ ကိုယ့်စကားကို မှတ်သား ထားတဲ့သူတွေ၊ ကိုယ့်စကားကို လိုက်နာကျင့်သုံးတဲ့သူတွေ ရှိချင်ရှိနိုင်တယ်။ ကိုယ့်ကိုချစ်လို့ပဲဖြစ်ဖြစ်၊ မုန်းလို့ပဲဖြစ်ဖြစ်၊ လေးစားလို့ပဲဖြစ်ဖြစ်၊ ကြောက်လို့ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ခွင်ကြုံရင် ပြန်နှိမ့်ဖို့ပဲဖြစ်ဖြစ် ကျွန်တော်တို့ပြောတဲ့ စကားတွေကို မှတ်ထားကြတဲ့သူတွေ ရှိတယ်။ ဒါကြောင့် ကျွန်တော်က ပြောခဲ့တာပေါ့၊ ပွင့်ပွင့် လင်းလင်းကြီး မြန်မြန်ဆန်ဆန် ပြောဆိုတာမျိုးထက်စာရင် ကိုယ့်စကားကိုယ်တာဝန်ယူရမယ်၊ ကိုယ့်စကားကြောင့် တခြား တစ်ယောက်၊ တစ်ဖွဲ့မှာ အကျိုးရှိ၊ အကျိုးမဲ့ဖြစ်နိုင်တယ် ဆိုတာကို သဘောပေါက်ပြီး ပြောဆိုနိုင်ကြဖို့ အကြောင်းဖြစ်ပါတယ်။
၆။ ဘာသာတရားကိစ္စ
ကျွန်တော်တို့ အဆုံးစွန် ကိစ္စတွေ လုပ်ကြတယ်၊ အရသာအရှိဆုံး အစားအသောက်ကို စားတယ်၊ အကောင်းဆုံးတံဆိပ်နဲ့ အ၀တ်အစားကို ၀တ်တယ်၊ အကောင်းဆုံး ကားလို့ထင်တဲ့ ကားကို စီးတယ်၊ အကောင်းဆုံးလေကြောင်းလိုင်းက လက်မှတ်နဲ့ ခရီးသွားတယ်၊ အကောင်းဆုံးဟိုတယ်မှာ တည်းချင်တယ် စသဖြင့်ပေါ့လေ… ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးကိုပဲ လုပ်ချင် ရချင် ခံစားချင်ကြတယ်။ အဲဒီရဲ့ ဟိုမှာဘက်မှာ ဘာရှိသလဲ…ခုနဟာတွေ မရှိတော့ဘူး။
ဟုတ်တယ်လေ…မိုက်ကယ်လ်ဂျက်ဆင် အကောင်းဆုံးတွေ စားတာ၊ သောက်တာ၊ နဲဗားလန်းခြံကြီးနဲ့နေတာ…ဟော နောက်တော့ ရုတ်တရက်သေတယ်။ ကျွန်တော်တို့ မျက်စိရှေ့မှာ စစ်ပွဲတွေဖန်တီးလိုက်တဲ့ အမေရိကန်သမ္မတ ဂျော့ဘုရှ်နဲ့ ဗြိတိန်ဝန်ကြီးချုပ် တိုနီဘလဲ…ဒိုးသွားပြီ၊ အဘိုးကြီးတွေ ဖြစ်သွားပြီ။ တစ်ခေတ်ကတော့ တကယ့်ဆရာကြီးတွေပေါ့။ မြန်မာဗုဒ္ဒဘာသာ ဘုန်းတော်ကြီးတွေ ဟောတဲ့တရားတွေမှာလဲ ဒါမျိုးတွေ မမြဲတာတွေ၊ အနိစ္စသဘောတွေ ကျွန်တော် အများကြီးနာဖူးပါတယ်။
ဟိုတစ်နေ့ကတော့ တိဗက်က ဘုန်းတော်ကြီး ဒလိုင် လားမားကို တီဗီအင်တာဗျူးတစ်ခုမှာမေးတယ်၊ “ဘုန်းတော်ကြီး အခုကမ္ဘာကြီးဟာ ပျက်စီးဆုံးရှုံးမှုတွေ သိပ်များတယ်၊ ဆူနာမီဖြစ်တယ်၊ မုန်တိုင်း တိုက်တယ်၊ ငလျင်တွေ လှုပ်တယ်၊ မီးတောင် ပေါက်တယ်၊ လူတွေ သိန်းချီ သေတယ်၊ ခုနောက်ဆုံး မြစ်ထဲမှာ ရေနံတွေ ဖိတ်တယ်၊ ဘာကြောင့် ဒီလိုဖြစ်သလဲ ဘုရား“လို့ မေးတယ်။ ဘုန်းတော်ကြီးက “ဒါတွေဟာ ခေတ္တခဏဖြစ်တာတွေပါကွာ“လို့ ဖြေပြီး ဒီနေ့ခေတ် ကမ္ဘာကြီး ဟာ အရင် နှစ် ၁၀၀၊ နှစ် ၂၀၀ ကထက်စာရင် အများကြီး ကောင်းလာပါပြီလို့ လားမားကြီးက ပြန်ဖြေပါတယ်။
မြန်မာဘုန်းတော်ကြီးတွေက အနိစ္စ၊ မမြဲဘူးလို့ ဟောပါတယ်၊ လားမားကြီးက ခဏပါလို့ ပြောပါတယ်။ လူသိန်းချီသေတာကိုတောင် ခေတ္တခဏပါ၊ ပြီးတော့လဲ ပြီးသွားတာပါပဲလို့ဆိုရင် ကျွန်တော်တို့ တစ်ယောက်ချင်းစီရဲ့ အောင်မြင်မှု၊ ဆုံးရှုံးမှု၊ အနိမ့်အမြင့် အတက်အကျတွေဟာ ပိုတောင် ခဏဖြစ်သေးတာပေါ့၊ အမြဲမဟုတ်ဘူးပေါ့။ ဒီအခြေခံလေးကို ကျွန်တော် သဘောပေါက် လိုက်ပါတယ်။ ဘာသာတရား အခြေခံလို့ ဆိုချင်တာပါ။
အနိစ္စနောက်က ဒုက္ခကိုတော့ အဖျားအနားပဲ သိပါတယ်။ ထဲထဲဝင်ဝင် မသိသေးပါ။ ဒါကြောင့် ကျွန်တော် လောဘ၊ ဒေါသ၊ မောဟ ကြီးနေတုန်း၊ ခဏခဏ ကြီးမိတုန်းပါ။ အခွင့်အရေးရလိုက်တာနဲ့ ဒုက္ခလို့ မမြင်တော့ဘဲ လိုချင်တာ(လောဘ)၊ မရရင်စိတ်ဆိုးတာ(ဒေါသ)၊ တစ်ခါတလေ လိုချင်တဲ့ လောဘစိတ်များပြီး၊ ဒါမှမဟုတ် ဒေါသထွက်ပြီး ဘာမှမဟုတ်တဲ့ ကိစ္စလေးတွေမှာ အမှန်အမှား ခွဲခြားမသိတာ(မောဟ) ဒါမှမဟုတ် ဘာမှမလုပ်နိုင်တော့ဘဲ တွေဝေတာ(မောဟ)တွေလဲ အကြိမ်ကြိမ် ဖြစ်နေတုန်းပါ။
အဆိုးဆုံးတစ်ခုကတော့ ငါကွ ဆိုတဲ့ (အတ္တ)ဆိုတာကို မပယ်နိုင်သေးတာပါပဲ၊ ငါလုပ်တာ၊ ကျွန်တော်လုပ်တာလေ၊ ကျွန်တော်ပြောတာပေါ့၊ ဒါ ကျွန်တော် ရေးတာလေ လို့ ပြောရင်း ချီးကျူးခံချင်လိုက်၊ ဂုဏ်ယူလိုက်၊ ပျော်လိုက်၊ ၀မ်းနည်းလိုက်၊ စိတ်ဆိုးလိုက်နဲ့ အမျိုးမျိုးပါပဲ၊ သူရူးတစ်ယောက်လို ကျွန်တော်ဟာ အကြိမ်ကြိမ် ဖြစ်နေတုန်းပါ။ ကျွန်တော် အနတ္တဆိုတာ မြင်ဖို့ဝေးစွ၊ ဘယ်နားနေမှန်းတောင် မသိပါဘူး။ ကိုယ့်အတ္တတွေနဲ့ ကိုယ်နပန်းလုံး ပြုံးလိုက်မဲ့လိုက် ဖုံးလိုက်ခွာလိုက် ရှုံးလိုက်မာလိုက် ထင်တိုင်းကြဲနေတုန်းပေါ့။
၇။ မျှော်လင့်ချက်
မျှော်လင့်ချက်မရှိရင် ကျွန်တော်တို့ ဘာမှလုပ်ကြမှာ မဟုတ်တော့ပါဘူး။ ဥပမာ နောက် ၆ လ ကြာရင် သေမယ်ဆိုရင် ဘာမျှော်လင့်ချက်မှ မရှိတော့တာမို့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ တည်တည်ငြိမ်ငြိမ်နဲ့ သေသွားမှာလား။ မသေခင် အချိန်လေးမှာ ရသမျှ ဆိုးမိုက်ဦးမှာလား၊ ဒါမှမဟုတ် မသေခင် ရိက္ခာယူတယ်ဆိုပြီး လောကီ စည်းစိမ်တွေကို အတင်းအဓမ္မ ခံစားကြမှာလား။ ဒါမှမဟုတ် မိသားစုတွေ သိုက်သိုက်ဝန်းဝန်းနဲ့ တစ်နေကုန် ၀မ်းနည်းပူဆွေးနေကြမှာလား။
ကျွန်တော်အပါအ၀င် လူတော်တော်များများကတော့ သက်တမ်းစေ့တော့ နေရမှာပါလေဆိုပြီး ရုန်းကန်လှုပ်ရှားနေကြတာ မဟုတ်လား။ ပညာတွေတတ်ဖို့၊ ကြီးပွား ချမ်းသာဖို့၊ ဒါမှမဟုတ်လဲ အများကောင်းကျိုး ဆောင်ရွက်လိုလို့ နေနေကြတာပါပဲ၊ ကိုယ့်ရည်မှန်းချက်ကလေးနဲ့ကိုယ် ကိုယ့်မျှော်လင့်ချက်ကလေးနဲ့ကိုယ် ကြိုးစားကြ ပျော်အောင်နေကြတာပဲ မဟုတ်လား။ မျှော်လင့်ချက်သာ မရှိတော့ရင် ဘာမှလုပ်ကြတော့မှာ မဟုတ်ပါဘူး။ ဒီတော့ မျှော်လင့်ချက်ကလဲ အရေးကြီးနေ ပြန်ပါတယ်။
မျှော်လင့်ချက်မှာက လောကီရေးရာ မျှော်လင့်ချက်နဲ့ လောကုတ္တရာရေးရာ မျှော်လင့်ချက် ဆိုပြီးတော့လဲ ရှိပြန်ပါတယ်။ လောကီရေးရာ မျှော်လင့်ချက်ကတော့ တချို့လဲ ကြီးကြီးမားမား မျှော်လင့် မထားပါဘဲနဲ့ ပေါက်ရောက်သွားတာတွေ ရှိပြန်ပါတယ်။ ဥပမာ တချို့နိုင်ငံခေါင်းဆောင် ဖြစ်လာသူတွေဆိုရင် မမျှော်လင့်ဘဲ ဖြစ်လာသူတွေရှိသလို အရည်အချင်းလဲရှိ အကြိမ်ကြိမ်လဲ ကြိုးစားပါရက်နဲ့ ဘယ်သောအခါမှ နိုင်ငံခေါင်းဆောင် မဖြစ်ခဲ့ရသူတွေလဲ ရှိပါတယ်။ မြန်မာရာဇ၀င်မှာ ဆိုရင် “မရွယ်ဘဲ စော်ကဲ မင်းဖြစ်“ဆိုတဲ့ စကားပုံတောင် ရှိပါတယ်။ လက်ရှိနိုင်ငံ့ခေါင်းဆောင်ကို ကြည့်ပါ။
လောကုတ္တရာကတော့ ဒီလိုမဟုတ်ပါဘူး၊ တကယ်ကို ရည်မှန်းချက်ကြီးကြီး မျှော်လင့်ချက်ကြီးကြီး ထားရသလို တကယ်တမ်းလဲ ကျားကုတ်ကျားခဲ ဇွဲသန်သန်နဲ့ လုပ်မှဖြစ်တာမျိုးပါ။ လောကုတ္တရာ ရည်မှန်းချက် ထားသူများကျတော့ တော်တော်ကြီးကို လေးစားဖို့ကောင်းပါတယ်။ ဥပမာ အရှင်ဆန္ဓာဓိက ဆိုရင် ရဟန်းဖြစ်ချင် လို့ကို ရဟန်းပြုတာလို့ သိရပါတယ်။
တချို့တော့ ရှိပါတယ်၊ လင်သေ၊ သားဆုံး၊ စီးပွားတွေ ပျက်ပြီး ဒုက္ခရောက်နေလို့ ဘာသာတရား အဆုံးအမ အားကိုးနဲ့ နေတော့မယ်ဆိုပြီး ပြောင်းလဲ နေထိုင် လာသူတွေ ရှိတတ်ပါတယ်။ ဒါပေမဲ့ သူတို့တွေက တကယ်တမ်း သံဝေဂ ရပြီးကာမှ ရည်မှန်းချက် ကြီးကြီးနဲ့ ကြိုးစားတာမျိုး မဟုတ်ခဲ့ဘူး ဆိုရင်တော့ ဘာမှ မဖြစ်လာကြပါဘူး။ လောကုတ္တရာ ရည်မှန်းချက် မျှော်လင့်ချက်က ပိုကြီးတာမို့ ပါရမီတောင် အဆစ်ထည့်ရမလို ဖြစ်နေပါတယ်။ အဆက်ဆက်သော ပါရမီပါသူ ရှိသူများသာ အခုလဲ ကြိုးစားကြတယ်၊ နောင်လဲကြိုးစားကြတယ်လို့ ကြားဖူးပါတယ်။
ဒါတွေက လတ်တလော စိတ်ထဲမှာ ရှိနေတာတွေ အမြဲတွေးမိနေတာလေးကို ရေးချလိုက်တာပါ၊ စဉ်းစားဆင်ခြင် ကြည့်ကြပါကုန်။ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
၂၀၁၀ ပြည့်နှစ်၊ မေလ ၂၂ ရက်၊ စနေည ၁၀ နာရီခွဲ။
ကျွန်တော်တို့ ကိုးကွယ်တဲ့ ဆရာတော်ကြီး အမြဲသုံးတဲ့ စကားတစ်လုံး ကျွန်တော်မှတ်ထားတယ်၊ ကြိုက်လည်းကြိုက်တယ်။ ဘာလဲဆိုတော့ “နောက်တီးနောက်ချာ“ တဲ့။ ကျွန်တော်တို့ ဘုန်းကြီးကျောင်းသားတွေ မလိမ္မာရင်၊ ခိုင်းတဲ့အတိုင်း ကောင်းကောင်းမလုပ်တတ်ရင်(မလုပ်နိုင်ရင်) မင်းတို့တွေက နောက်တီးနောက်ချာကောင်တွေပဲလို့ ဆရာတော်ကြီး(ကျွန်တော်တို့က ဘာဘာကြီး၊ ဘဘုန်းကြီးလို့ ခေါ်ပါတယ်)က မိန့်ကြားတတ်ပါတယ်။
ဟုတ်ပါတယ်၊ ကျွန်တော်ဟာ နောက်တီးနောက်ချာဖြစ်ခဲ့ဖူးပါတယ်။ အဖြစ်က ဒီလိုပါ။
လမ်းထဲမှာ ကာလသားခေါင်းတစ်ယောက်ရှိတယ်၊ “ကိုဇော်“ပဲဆိုကြပါစို့ရယ်၊ ကိုဇော်က စကားကောင်းကောင်း ပြောတတ်တယ်၊ သူမသိတာ မရှိသလောက်ပဲ။ ကျွန်တော်တို့ထက် အသက် ၁၀ နှစ်လောက်တောင် ကြီးမယ်ထင်ပါတယ်။ ရုပ်ကတော့ ကြည့်ပျော်ရှုပျော်ပါပဲ၊ ဒါပေမဲ့ သူက စကားပြောကောင်းတော့ ကျွန်တော်တို့က ညနေတိုင်ကျရင် သူရှိရာ(သူ့အိမ်ရှေ့က) ခုံတန်းလေးမှာ သူပြောတာဆိုတာတွေကို သွားသွားပြီးမော့ရတယ်။ သူပြောတာ ရွှီးတာတွေကို ကျွန်တော်တို့ အသည်းခိုက်(အသည်းစွဲ) နားထောင်ရတာပေါ့။
သူက ခေါ်တာ၊ စည်းရုံးတာ မဟုတ်ပါ။ ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက်ကသာ သူ့ဆီသွားပြီး သူပြောတာတွေ နားထောင်ရတာပါ၊ သူပြောတာတွေဟာ အဆန်းတွေချည်းပါပဲ၊ ကျွန်တော်တို့ မသိသေးတဲ့ အတွေ့အကြုံတွေ၊ အကြောင်းအရာတွေကို သူက သိထား၊ တွေ့ထား၊ မြည်းထားနှင့်ပြီဆိုတော့ ကျွန်တော်တို့က မော့ရတော့တာပေါ့။ အဲ..တစ်ခါတလေတော့ ကျွန်တော်(တို့)မေးတာတွေကို သူက သေချာနားလည်သွားအောင် ရှင်းရှင်းလင်းလင်း ပြန်ဖြေတယ်။
တကယ်တော့ အကြောင်းအရာတိုင်းတော့ သူက စုံတကာစေ့အောင် ဘယ်သိနိုင်မလဲလေ၊ တချို့ဟာတွေက သူ့စိတ်မှန်းနဲ့ ရွှီးတာ၊ ရမ်းတုတ်တာတွေလည်း ပါချင်ပါမှာပေါ့။ ဒါပေမဲ့ သူ့ပင်ကိုယ် စကားပြောကောင်းတာရော၊ စကားကို တစ်ဖက်သားနားဝင်အောင် ပြောတတ်တာရော၊ ရယ်စရာလေးတွေ ပြောတတ်တာရယ်ကြောင့်ပါ ကိုဇော့်ကို(နောက်တော့ ကိုဇော်ကြီးလို့ ကျွန်တော်တို့ ခေါ်ကြတယ်၊ အသံထွက်ကတော့ ကိုဇော်ရီးပေါ့လေ) ကျွန်တော်တို့ ချာတိတ်တစ်သိုက်ခင်ခဲ့ကြတယ်။
နောက်တစ်ခုက ကိုဇော်က ဂစ်တာတီးလည်းကောင်းတော့ သီချင်းအော်ဆိုချင်တဲ့သူတွေ၊ ဂစ်တာတီးသင်ချင်တဲ့ကောင်တွေ၊ ခပ်တည်တည်နဲ့ စီးရီးအသစ်တွေ ထွက်ရင် ဝေဖန်ရေး၊ လေကန်ရေး လုပ်ချင်တဲ့ကောင်တွေကလည်း ညနေတိုင်း ဆုံကြ၊ ပြောကြ၊ ဆိုကြ၊ ဆွေးနွေးကြပေါ့။
ကျွန်တော် မှတ်မိတဲ့ အယ်လ်ဘမ်တစ်ခုကတော့… အဆိုတော် ရဲသွင် ပေါက်သွားတဲ့ “အချစ်ရူး၊ အချစ်ရူး…ဒီလိုအပြောမျိုးလဲ ခံမှာပဲ…နင် ဘာကြောင့် ဟန်ဆောင်နေတာလဲကွယ်..“စတဲ့ သီချင်းပါတဲ့ခွေကို သေချာဝေဖန်ခဲ့ကြသေးတယ်။ ကျွန်တော်ကတော့ သူတို့ဝေဖန်ရေးကို နားထောင်တာပေါ့။ ဒါပေမဲ့ ကျွန်တော် အဲဒီ ရဲသွင်အခွေကို ကြိုက်ခဲ့တယ်။ လိုက်လိုက်လည်း အော်ဆိုခဲ့တယ်။
တစ်ခါ ကိုဇော်ကပဲ ကျွန်တော်တို့ ဒဗလျူလို့ခေါ်တဲ့ သားရေဘောလုံးသေးသေးလေး(ဂိုးကလည်း သံဂိုးတိုင် ကျဉ်းကျဉ်းလေး၊ အမြင့်ခြောက်လက်မသာသာ၊ အကျယ် တစ်ပေသာသာ အပေါက်ထဲ(ဂိုးအိမ်ထဲ) ခုနပြောတဲ့ အချင်းလေးလက်မလောက်ရှိတဲ့ သားရေဘောလုံးလေး ကန်ထည့်ရတာ)ကန်တာကလည်း ကောင်းတော့ ဂစ်တာဝိုင်းမစခင် ညနေခင်းလေးမှာ ကျွန်တော်တို့ ဘောလုံးပွဲလေးတစ်ပွဲ အရင်ကန်တတ်ကြပါသေးတယ်။
ဂိုးကကျဉ်းကျဉ်း၊ ဘောလုံးက သေးသေး၊ လူကောင်တွေက အကြီးကြီးတွေ၊ ပြေးရ လွှားရ တွန်းရ တိုက်ရနဲ့ ကတ္တရာလမ်းပေါ် ဘောလုံးဆွဲပြေးပြီး အင်းစတက်(ချက်ချင်း)ကစ်လို့ခေါ်တဲ့ ကစ်နဲ့ ခြေဖျားကြီးနဲ့ သားရေဘောလုံးကို အပီကစ်ထည့်လိုက်ရင် ဘာပြောကောင်းမလဲ အရသာရှိလိုက်တာပေါ့ဗျာ။
ခက်တာက အဲဒီဂိုးရှေ့မှာ ခြေထောက်ကြီးတဲ့သူကများ ရပ်နေရင် အဝေးက ကစ်ထည့်ရင် ခြေမမှန်တဲ့ ကစ်ချက်ဆို ဂိုးမ၀င်ဘဲ ဂိုးစောင့်သူရဲ့ ညီလေးဆီ တည့်တည့်ရောက်ပြီး ဒီကောင်ကောက်ကွေး အောက်မှောက်သွားမယ်၊ ဒါမှမဟုတ် စတိုင်ပေး လမ်းသလားတဲ့ မမတစ်ယောက် တင်ပါးဆီ တည့်တည့်ရောက်ရင် နှုတ်ခမ်းထူထူစူပြီး အသံတိတ်ဆဲဆိုတာကို ခံရမယ်၊ အခန့်မသင့်ရင် ရပ်ကွက်ကောင်စီရုံးရောက်မယ်။ ကျွန်တော်တို့အတွက် လမ်းမပေါ် ဘောလုံးကန်တဲ့အလုပ်ဟာ စွန့်စားခန်းတစ်ရပ်ပါ၊ ဒါပေမဲ့ အားကစားဝါသနာပါတော့လည်း ခက်ပါတယ်လေ။
ခုနပြောတဲ့ အင်းစတက်ကန်ကောင်းလို့ ကျွန်တော့်ညာဘက်ခြေချောင်းလေးတွေအားလုံး ကတ္တရာလမ်းနဲ့ အရှိန်ပြင်းပြင်း တရကြမ်းပွတ်ဆွဲခံရပြီး စုတ်ပြတ်ခံရဖူးသလို၊ ဘယ်သူကန်လိုက်မှန်းမသိတဲ့ သားရေဘောလုံးလေးက ရပ်ကွက်ထဲက ရုပ်ချောချော ဗီဒီယိုမင်းသမီးပေါက်စ တင်ပါးကို သွားနမ်းမိလို့ ကျွန်တော်တို့သူငယ်ချင်းတစ်သိုက် ရပ်ကွက်ကောင်စီရုံးလည်း သွားလည်ခဲ့ဖူးပါတယ်။
ဒဗလျူကန်တယ်ဆိုတာက မူးယစ်ဆေးဝါး(ဆေးပြား)သုံးတာကိုလည်း ခေါ်တာရှိခဲ့ဖူးပါတယ်။ ဒီတော့ ကျွန်တော်တို့ သူငယ်ချင်းဘော်ဒါတွေ ကြားမှာတော့ ဒဗလျူကန်တယ်ဆိုတာကို ခပ်ကျယ်ကျယ်မပြောပါ၊ ရောထွေးသွားမှာစိုးလို့ပါ။ ကျွန်တော်ကတော့ အဲဒီ ဒဗလျူဆိုတာကို တစ်ခါမှ မချဘူးပါ၊ ငယ်ကလည်း ငယ်သေးသကိုးလေ။
ပြောချင်တာက ဒီလိုပါ၊ ကျွန်တော်တို့တွေဟာ ကိုဇော်နဲ့ ဘောလုံးကန်တယ်၊ ဂစ်တာတီးတယ်၊ သူပြောတာတွေ နားထောင်တယ်၊ ကိုယ်မေးချင်တာမေးတယ်။
သိတဲ့အတိုင်း လူပျိုပေါက် ချာတိတ်တွေ မေးတာတွေကတော့ အစုံပါပဲ။ အများစုကတော့ မိန်းမအကြောင်းနဲ့ လိင်မှုဆိုင်ရာတွေအကြောင်း၊ အရက်သေစာနဲ့ မူးယစ်ဆေးဝါးအကြောင်း၊ တစ္ဆေသရဲအကြောင်း၊ နိုင်ငံရပ်ခြားအကြောင်း၊ တက္ကသိုလ်အကြောင်း၊ ရုပ်ရှင်၊ ဂီတနဲ့ ဘောလုံးအပါအ၀င် အားကစားလောက အကြောင်း စတာတွေပဲဖြစ်ပါတယ်။ နိုင်ငံရေးတော့ မပါခဲ့ပါဘူး။
မိန်းမအကြောင်း ကိုဇော့်မေးရတာလည်း သဘာဝကျပါတယ်၊ အထင်ကြီးလို့ မေးရတာကိုး။ ကိုဇော့်အပြောအရဆိုရင် သူ့မှာ ရည်းစား ၁၀ ယောက်မက ရှိ(ခဲ့)တယ်လို့ ပြောပါတယ်။ ကျွန်တော့်မျက်စိနဲ့တင် သုံးယောက်လောက်တွေ့ဖူးပါတယ်။ သူကသာ ရုပ်ရည်က သာမန်လောက်ရှိတာ၊ သူတွဲလာတဲ့ သူ့ဆီလာတဲ့ ကောင်မလေးတွေကတော့ လမ်းထဲက ဗီဒီယိုမင်းသမီးနီးနီး ဒါမှမဟုတ် သူ့ထက်တောင် သာချင်သာပါလိမ့်မယ်။
ကျွန်တော်ငယ်ငယ်ကတော့ မိန်းမ(မိန်းကလေး)လှတယ်ဆိုတာ မျက်နှာကြည့်ပြီး ပြောတာပါပဲ၊ နောက်ပိုင်းကျမှ မိန်းမလှတယ်ဆိုတာ မျက်နှာတစ်ခုတည်းကြည့်ရုံနဲ့ မလုံလောက်ဘူးဆိုတာ သိခဲ့ရပါတယ်။
ကိုဇော်နဲ့ ကျွန်တော်တို့အဖွဲ့ကျပေမဲ့ ကျွန်တော်တို့ညီအစ်ကိုကတော့ အနီးကပ်(အရင်းနှီး)ဆုံး ခင်မင်ခွင့်ရသူတွေတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့က ညနေတိုင်ကျရင် သူနဲ့အလကားတွေ့၊ အလကားစကားနားထောင်၊ မေးချင်တာမေးဆိုတော့ သူဌေးသား ကိုသက်တို့လောက်တော့ မရင်းနှီးပါဘူး။ ကိုသက်တို့က ကားယူချင်ယူလာပြီး ကိုဇော်ကြီးကို တင်လို့ တစ်နေရာ သွားချင်သွား၊ စားချင်စားနိုင်တာဆိုတော့ ကိုသက်ကတော့ ကိုဇော်နဲ့ ပိုရင်းနှီးတယ်လို့ ပြောလို့ရပါတယ်။
ကျွန်တော်တို့ကတော့ ဒုတိယဆင့် ခင်မင်ခွင့်ရသူတွေလို့ ပြောရမဲ့စာရင်းထဲ ပါပါတယ်။ ပိုက်ဆံရှိမှကောင်းတယ်ဆိုတာ အဲဒီမတိုင်ခင်ကထဲကတော့ ကျွန်တော် သိနေခဲ့ပါပြီ။ ဒါပေမဲ့ ကိုသက်ကလည်း ကျွန်တော်တို့နဲ့ ရွယ်တူပါ၊ ဒါကြောင့် ညနေပိုင်း၊ ညပိုင်း စကားဝိုင်းဖွဲ့မှုတိုင်းကို ဖျက်စီးတာတော့ မဟုတ်ပါဘူး။ သူတို့ တစ်နေရာရာ သွားမယ်ဆိုရင် နေ့ခင်းပိုင်းသွားကြတာများပါတယ်။ ညနေပိုင်းကတော့ သိတဲ့အတိုင်း ဘောကန်၊ ရေချိုး၊ ထမင်းအပြေးအလွှားစား၊ ဂစ်တာတီး၊ ဂစ်တာတီးနားချိန်မှာ တော်ကီပွားဆိုတော့ ညနေခင်းကနေ ညအိပ်တန်းတက်ချိန်(အဲဒီလိုပဲ ကျွန်တော်တို့ သုံးပါတယ်)အထိ များသောအားဖြင့် ကျွန်တော်တို့ အတူရှိခဲ့ကြပါတယ်။
တစ်ခါတလေများ ထမင်းတောင် ၀အောင်မစားနိုင်ပါဘူး၊ မြန်မြန်စားသောက်ပြီး တစ်ခုခုလွတ်သွားမှာစိုးလို့ စကားဝိုင်းမစမီ ကျွန်တော်တို့စုရပ်ကို ပြန်ပြေးရပါတယ်။ အိမ်ကလည်း ညဘက်လမ်းထွက်တာတော့ သိပ်ကြိုက်လှတာ မဟုတ်ပါဘူး၊ ဒါပေမဲ့လည်း ဒီလိုပဲ ထွက်ထွက်ခဲ့တာပါပဲ။
ကိုဇော်က စကားပြောကောင်းတဲ့သူဆိုတော့ သူကချည်း စကားပြောနေတာတော့ မဟုတ်ပါဘူး။ မျက်လုံးချင်းဆိုင်ကြည့်ပြီး သူပြောနေတာတွေကို စိတ်ဝင်တစား နားထောင်မထောင်ကြည့်ပြီး ချာတိတ်တွေကို မေးခွန်းပြန်မေးစေတာ၊ သူပြောတာတွေကို ချာတိတ်တွေ ယုံမယုံ ချက်ကင်(စစ်ဆေး)တာတွေ လုပ်ပါတယ်။ တစ်ခါ တလေ မင်းဆိုရင် ဘယ်လိုလုပ်မလဲတို့၊ ဘယ်လိုကျော်ဖြတ်မလဲတို့ စသဖြင့် ဥာဏ်စမ်းလေးတွေ မေးတတ်ပါတယ်။
ကျွန်တော်က တော်တဲ့သူဆို အားကျတတ်တာမျိုးဆိုတော့ “ငါ…ကိုဇော်ကြီးလိုဖြစ်ရင် သိပ်ကောင်းမှာပဲ“လို့ တွေးခဲ့ဖူးပါတယ်။ အခုဆို ကိုဇော်ကြီးလည်း လေးဆယ်ကျော် ငါးဆယ်တွင်းကို ရောက်နေပြီပေါ့။ မျက်နှာချိုချို ပြုံးပြုံး ပြုံးပြုံးနဲ့ သတိရလှတယ်၊ ကိုဇော်ကြီးကို ငယ်ဆရာ(ဟုတ်တာရော မဟုတ်တာရော သင်ပေးသူ)စာရင်းသွင်းလည်း ရတာပဲလေ။
“ဘီယာဟာ ခါးတယ်“ဆိုတာမျိုး၊ “မင်းတို့ယူမဲ့မိန်းမ မင်းတို့ကို ကြိုက်စေချင်ရင် အခုကထဲက ဒိုက်များများထိုးထား“ဆိုတာမျိုးတွေ ကိုဇော်ကြီးဆီက ကျွန်တော်တို့ ကြားခဲ့ဖူးပါတယ်။ အရွယ်ရောက်လာတော့ ဘီယာကို မြည်းစမ်းကြည့်တဲ့အခါ ကျွန်တော်ကတော့ ကြိုက်တာပါပဲ၊ ကျွန်တော်ပဲ ကံကောင်းလို့လား၊ ကိုဇော်ကြီးပဲ ရွှီးခဲ့လေသလားမသိ၊ ကျွန်တော့်ပါးစပ်ထဲတော့ ဘီယာဟာ တစ်ခါမှ မခါးသေးပါဘူး။
မိန်းမကတော့ မမြည်း(အို့…ရည်းစားလေးတောင် မရှိရှာတာမို့) ရင်းရင်းနှီးနှီးမရှိဘူးသေးတော့ သူပြောတာ မှန်မမှန် မသိသေးပါဘူး။ ဒိုက်ကတော့ ဘောလုံးကန်တုန်းက ကိုယ့်ဘက် တစ်ဂိုးသွင်းခံရတိုင်း လူမြင်ကွင်းလမ်းလယ်ကောင် ကတ္တရာလမ်းပေါ်မှာပဲ ငါးခါ ဒိုက်ထိုးခဲ့ရတာပါ။ ကိုဇော်ကြီးက မိန်းမကြိုက်အောင် ဘယ်နှခါထိုးခိုင်းသလဲတော့ မမှတ်မိတော့ပါဘူး။ ကိုဇော်ကြီးရော…မိန်းမကြိုက်အောင် ဒိုက်ထိုးနေတုန်းလားမသိ…။
ကိုဇော်ကြီးက တစ်ခါတခါတော့ ညစ်ပတ်သလိုရှိပေမဲ့ စိတ်ဝင်စားဖွယ်မေးခွန်းတွေလည်း ကျွန်တော်တို့ကို မေးပြန်ပါတယ်။ ဒါမျိုးမေးခွန်းတွေပေါ့လေ။
“ဟေ့ရောင်..သူတောင်းစား ထမင်းဝတော့ ဘာဖြစ်သလဲ သိလား“
ကျွန်တော်က “ရှောက်ချိုသီး စားချင်တယ်လား“ လို့ ပြန်မေးတော့…ကိုဇော်ကြီးက “င အ“ဆိုတဲ့ အထာနဲ့ ကျွန်တော့်ကိုကြည့်ရင်း ပြုံးပြုံးလေးရယ်ပြီး သူ့ခေါင်းကို ခါတယ်။
“ဘာလီ သကြားလုံး မြုံ့ချင်တယ်လား“ လို့ ကျွန်တော် ထပ်မေးတော့ သူ နည်းနည်းတော့ တင်းသွားပုံရတယ်။ ကျွန်တော့်ကို မျက်လုံးချင်းဆိုင်ကြည့်ပြီး ခပ်မာမာလေသံနဲ့(ကိုဇော်ကြီးက စကားအပြောအဆိုကောင်းတယ်ဆိုတဲ့နေရာမှာ အဲဒီလေသံ(တုန်း) အနိမ့်အမြင့်ကပါ ပြောင်းသွားတာကိုက စိတ်ဝင်စားစရာ ကောင်းပြီး ဆွဲဆောင်မှုရှိနေတတ်တယ်)“ဟေ့ရောင် မင်းထမင်းစားပြီးတော့ ဘာလုပ်လဲ“
“စာဖတ်တယ်လေ“ကျွန်တော် ရိုးရိုးလေးပဲ ဖြေတယ်။
“အေး…သူတောင်းစားလည်း စာဖတ်၊ အေး စာဖတ်၊ စာဖတ် လုပ်တယ်“တဲ့။
ခုနပြောသလိုပါပဲ၊ သူပြောတာကို ရေးပြတော့ စာလုံးတွေနဲ့ပဲ ရေးပြလို့ ရတယ်၊ အသံနဲ့တော့ လိုက်ရေးပြလို့ မရနိုင်ဘူး။ အသံနိမ့်မြင့် တုန်း၊ ကာလာ သိပ်အရေးကြီးတယ်လေ။ အဲဒါမှာ အဓိပ္ပာယ်တွေက ပြောင်းကုန်တာကိုး။
ကျွန်တော်ကတော့ အခုထက်ထိ ထမင်းဝတဲ့အခါ စာဖတ်နေတုန်းပါပဲ။ ဗိုက်ပြည့်ထားတော့ စာရေး၊ စာဖတ်ကောင်းကောင်း လုပ်နိုင်တယ်လေ၊ မျက်လုံးလေးတွေ မှေးပြီးစင်းလာတော့လည်း အိပ်လိုက်ရုံပေါ့။ ဟုတ်ဘူးလားဗျာ။
ကိုဇော်ကြီးပြောခဲ့တာတွေကို မှတ်မိသလောက်တချို့ဟာတွေ ပြန်စဉ်းစားရင် ကိုဇော်ကြီးဟာ နောက်တီးနောက်ချာတွေ လုပ်ခဲ့တာပါပဲ။
ကျွန်တော်ကတော့…။ အဲ.. ကျွန်တော်ကလည်း သိပ်ကောင်းလှတာတော့ မဟုတ်ပါဘူး။ ကျွန်တော် မကောင်းပါဘူး။
ကျွန်တော် မကောင်းဘူး။
၂၀၁၀ ပြည့်နှစ်၊ မတ်လ ၂၄ ရက်၊ ည ၁၁ နာရီခွဲ။
“မင်း တစ်ခါမှ တကယ် မတစ်ခါဖူးဘူးလား“ရုံးက အစ်မက မေးလာတော့ ကိုယ်တော်တော် အံ့အားသင့်သွားပါတယ်။ အစ်မက ဘာဖြစ်လို့ ဒီလိုမေးတာလဲလို့ ချက်ချင်း တွေးလိုက်ပြီး ပြုံးရင်းခေါင်းခါပြလိုက်တယ်။
ကိုယ့်ခေါင်းက အလုပ်တွေအများကြီး တစ်ခါတည်းလုပ်သွားတယ်။ ဘာကိုမေးတာလဲ၊ ငါက ဘာကိုဖြေတာလဲ။ ငါက ဘယ်အထိဆက်တွေး နေသလဲ။ အို…ချက်ချင်းကို မူးနောက်သွားတာပါပဲ။
ရုံးမှာက ကိုယ်က အိမ်ထောင်မရှိတာအပြင် အတွဲလေးဘာလေးတောင်မှ မရှိတဲ့သူဖြစ်လေတော့ ကိုယ့်ကို အားလုံးက စကြနောက်ကြတယ်၊ ဒါကိုပဲ ကိုယ့်မှာက ရယ်မော ပျော်ရွှင် ဖြတ်သန်းနေကြ၊ အဆင်ပြေနေတယ်။ ရယ်သလိုလိုမောသလိုလို ရောသလိုလိုဖောသလိုလို လုပ်နေကြဆိုတော့ ဒီအကွက်က အလွှတ်တောင် ရနေပါပြီ၊ ဘာမှ မထူးဆန်း။
ထူးဆန်းတာက ခုနအစ်မက ကွက်တိဒက်ထိ မျက်နှာချင်းဆိုင် ဒုတ်ဒုတ်ထိ မေးလာတော့ ကိုယ့်ကျင်လည်ရာအတွေးဝန်းကျင်အထိ ဆန့်တန်းဆွဲတွေးပစ်လိုက်မိပြီး တစ်မျိုးတောင် ဖြစ်သွားတယ်၊ နောက်မှ ကိုယ့်ဟာကိုယ် သဘောကျရင်း ရယ်ရတယ်၊ တကယ်တော့ ရယ်တယ်ဆိုတာလည်း ရှုံးနေတာပါပဲလေ။
“တကယ်ကို တစ်ခါမှ မတစ်ခါဖူးဘူးလား“ဒါက အိမ်ပြန်ရောက်မှ ကိုယ့်ဘာသာကိုယ် ပြန်မေးတာ။
ဘာကိုပြောတာလဲ၊ နောက်မှ သေချာအေးအေးဆေးဆေး ပြန်စဉ်းစားတော့ အစ်မမေးတာက ဒီလို “မင်း…မိန်းကလေးတစ်ယောက်ကို တစ်ခါမှ မတွဲဖူးဘူးလား၊ ဘ၀မှာ ချစ်သူ တကယ်ကို တစ်ခါမှ မရှိဖူးဘူးလား“လို့ မေးတာပါ၊ ကိုယ်က ကိုယ့်ကိုယ်ကိုယ် လူလည်ကြီးလို့ အမြဲတွေးထားတော့ သုံးလေးကွက်ကျော်တွေး တာနဲ့ ရှုပ်ကုန်တာပါ၊ လိုင်းပူးသွားတယ်လို့ ခေါ်ရမလား။
ဒါနဲ့ ပြန်စဉ်းစားကြည့်တော့ ၇ တန်းလောက်အထိ ကိုယ်ဟာ တကယ့်ကို ကလေးသာသာပါပဲ။ ထမင်းအများကြီး စားဖို့ရယ်၊ ကျောင်းဆင်းရင် အိမ်အလုပ်ကို အပြေးအလွှားလုပ်ပြီး ဘောလုံးကန်ဖို့ရယ်၊ မြန်မာရုပ်ရှင်ကားသစ်တွေကို တစ်ခါတခါကြည့်ချင်တာရယ် ဒီလောက်ပဲရှိခဲ့တယ်။
အဲဒီအချိန်တုန်းက သူများကလေးတွေလို ဆရာဝန်ကြီးဖြစ်ဖို့လည်း စပြီးမစဉ်းစားခဲ့ပါဘူး၊ အင်ဂျင်နီယာဆိုတာလည်း အိမ်ဆောက်တယ်ဆိုတာလောက်ပဲ သိထားသူပါ။ တစ်ခုကတော့ အိမ်က ရေဒီယို၊ ကားကတ်ဆတ်၊ ဆောင်းဘောက်စ်၊ အင်ပလီဖိုင်ယာ၊ စားပွဲတင်နာရီစတာတွေကိုတော့ တစ်စစီဖြုတ်၊ ပြီးတော့ ပြန်လည်းမတပ်တတ်၊ ဘာဆက်လုပ်ရမှန်းလည်း မသိတော့ ခပ်တည်တည်ပဲ အိတ်တစ်လုံးထဲထည့်ပြီး မသိချင်ယောင် ဆောင်နေလိုက်တာပါပဲ။ အဲဒီလို ကိုယ့်တာဝန် ကိုယ်ယူတတ်သူမျိုးပါ။ ခပ်တည်တည်နေတတ်ထိုင်တတ်တာက အဲဒီကစတယ်လို့ပြောရင် မမှားပါဘူး။
အမေနဲ့အဖေကလည်း ပိုက်ဆံရှာရ၊ အိမ်အလုပ်လုပ်ရဆိုတော့ ကိုယ်နဲ့ ကိုယ့်ညီနဲ့ ညီမကို သိပ်အာရုံမထားနိုင်ပါဘူး။ အဖွားသာ ကိုယ်တို့ဘက်တော်သားဖြစ်ပြီး ပြန်မတိုင်ဘူးဆိုရင် ကိုယ်တို့ မဟုတ်တာလုပ်သမျှ အမေနဲ့အဖေခမျာ ဘာမှသိမှာမဟုတ်ပါဘူး။
ဒါပေမဲ့ ၈ တန်းရောက်တော့ သင်္ချာနဲ့ အင်္ဂလိပ်စာ အပြင်ကျူရှင်နှစ်ခု စတက်ရာက ကောင်မလေးတွေကို အနီးကပ်ကြည့်ခွင့် တွေ့ခွင့်သာခဲ့ပါတယ်။ အော် ၅ တန်းကစပြီး တက်ရတာက အိမ်ရှေ့နားက ယောက်ျားလေးအထက်တန်းကျောင်းလေ၊ ယောက်ျားလေးကျောင်းလည်းဖြစ်ပြန်၊ ကိုယ်တို့အခန်းအပါအ၀င် ကိုယ်တို့နေတဲ့ တန်းလျားကြီးရှေ့က ကျောင်းလည်းဖြစ်တော့ သိပ်လှုပ်လို့မရသလို ကျောင်းမှာကလည်း မိန်းကလေးဆိုလို့ ကျောင်းအုပ်ဆရာမကြီးနဲ့ ကျောင်းဆရာမတွေပဲ ရှိပါတယ်။
ဒီတော့ ကျူရှင်တက်ပြီးမှ ကောင်မလေးတွေကို တွေ့တွေ့ပြီး သဘောကျလာပါတော့တယ်၊ ပါးဖောင်းဖောင်းကောင်မလေးရယ်၊ ပါးကွက်ကလေးနဲ့ကောင်မလေး ရယ်၊ နှုတ်ခမ်းနီပါးပါးလေးဆိုးထားတဲ့ကောင်မလေးရယ်၊ အသားဖြူဝင်းတဲ့ကောင်မလေးရယ်၊ ညိုပြီး မျက်ခုံးထူထူလေးနဲ့ကောင်မလေးရယ်၊ ပန်းပွင့်အနီတွေပါတဲ့ စကပ်ဝတ်ထားတဲ့ကောင်မလေးရယ် ဘယ်သူ့ရွေးရမှန်း ဘယ်သူ့ကြိုက်ရမှန်း ဘယ်သူ့ကိုသဘောကျရမှန်း ကိုယ့်ဘာသာကိုယ် မဆုံးဖြတ်နိုင်ခဲ့ဘူး။ အားလုံးကို လည်း တစ်မျိုးစီသဘောကျနေပြန်တယ်။
တစ်ခါ သူတို့ကို သဘောကျနေပေမဲ့ သူတို့နောက်က တကောက်ကောက်လိုက်တာမျိုးလည်း မလုပ်ချင်ဘူး။ ကိုယ်တို့ခေတ်ကတော့ “လိုက်ကောတယ်“ “လိုက်ပြောတယ်““လိုက်ဖောတယ်““လိုက်ရောတယ်““လိုက်အာတယ်“အမျိုးမျိုးပြောကြတာပေါ့။
ကိုယ်က ဘာတစ်ခုမှ မလုပ်ပါဘူး။ ကိုယ်က လိုက်မှရတာမျိုးကို ပင်ပန်းတယ်လို့ထင်တယ်။ ကိုယ့်ဆီကို အာရုံစိုက်(Attention)လာအောင် ဘယ်လိုဖမ်းစားရမလဲ လို့ အဲဒီကတည်းက တွေးတာ၊ အဲဒီအချိန်ကတည်းက ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးနေပြီ(နည်းနည်းချောင်နေပြီလို့ပြောရင်လည်းရတယ်)။
သူများတွေက လျှောက်၊ ပြန်၊ သံပေး၊ ခြေအေး၊ ၀မ်းရောင် လုပ်နေတဲ့အချိန်၊ ခဏကြာရင် ကိုယ်စီကိုယ်စီအတွဲလေးတွေ ရသွားချိန်မှာ ကိုယ်က အတန်းရှင်း(Attention)ရအောင် အူကြောင်ကြောင်အကွက်တွေ သုံးပြီး ဗလာဆိုင်းနဲ့ တစ်ကိုယ်တော် ကနေတုန်း။ ၉ တန်း၊ ၁၀ တန်း၊ ပိုဆိုးပေါ့။ မင်းသားရူးလိုလို၊ သူ့အိုက်တင်နဲ့သူ တစ်ခါခါရှုပ်ရှက်ခတ်လို့၊ အခုပြန်စဉ်းစား အခုရယ်စရာကောင်းနေတယ်၊ ဒါပေမဲ့ အဲဒီတုန်းက လုပ်ခဲ့တာတွေက ရယ်စရာမဟုတ်ဘူး။ အတည်..အတည်၊ တကယ့် အတည်။
နောက် ဂျီတီအိုင်ရောက်တယ်။ ပုံစံက မပြောင်းဘူး။ ကောင်မလေးတွေကို မလိုက်ဘဲ သူက ပြန်ထောင်ချောက်ဆင်နေတာ…။ ရပါလိမ့်မယ်..အားကြီးကြီး။ အဲဒီတုန်းက ကိုရီးယားဇာတ်လမ်းတွဲတွေကလည်း အခုလို အုံနဲ့ကျင်းနဲ့ သိပ်အားမကောင်းသေးဘူးလေ။ ဒီတော့ သူ့ဇာတ်လမ်းက ဘယ်လိုလုပ်ရောင်းတန်းဝင် ဖြစ်မလဲ၊ အရင်းထုတ်လိုက် အရင်းပြုတ်လိုက်ဖြစ်နေတာပေါ့။ ပြောရရင် ခေတ်ရှေ့များ သိပ်ပြေးသွားလို့လားမသိဘူးလို့ ပြောလို့ရတယ်။ တကယ်ရယ်ရတယ်။
ကိုယ်တော်ချောက အတည်လည်း မဟုတ်ပြန်ဘူး၊ ခုနပြောသလို သူက မလိုက်ဘူး၊ ရတယ်။ ၀ါ ၂၀ ရ ဆရာတော်ကြီးဟန်ပန်နဲ့နေလည်း အပြစ်မဟုတ်ဘူးဆိုပြီး ထားလိုက်လို့ရတယ်။ မရတာက ကိုယ့်လာစကားပြော၊ ခင်ခင်မင်မင်နေတော့လည်း “အမယ်၊ တစ်ယောက်တော့ လာစနေပြီ၊ ငါတော့ ခပ်တည်တည်နေမှ..၊ ငါမှန်းတာက ဒီလောက်မဟုတ်ဘူး“ဆိုပြီး မုန့်ဆီကြော် ဘယ်နေမှန်း မသိဘူး၊ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလားကိန်းလုပ်တော့ ဒေါက်ဖိနပ်ချွတ် ပါးမရိုက်သွားတာ ကံကောင်းလို့ ပြောရမယ်၊ ဒါတောင် သိပ်သွက်တဲ့ သိုင်းဆရာမနဲ့ တွေ့သွားတော့ တစ်ခါသားမှာ လည်ပင်းညှစ်ခံရပါရောလား၊ အဲဒီလို အစွမ်းအစရှိတဲ့မောင်။ မင်းသားလိုလို ဘာလိုလို လုပ်ပေမဲ့ တကယ်တမ်း ဗွေးတုတ်နဲ့တွေ့တဲ့အခါမတော့ အပြေးသုတ်ရပါရောလား။
ဒီလိုနဲ့ ဂျီတီအိုင်ပြီးပြန်တော့ အလုပ်ဝင်…အင်း အလုပ်ထဲလဲ ဒီလိုပါပဲ အူကြောင်ကြောင်လုပ်၊ ဟိုလိုလို ဒီလိုလိုလုပ်၊ ဇာတ်မင်းသားကြီး အိုင်တင်ထုတ်လို့ သီတာ၊ ၀ါဝါ၊ ဖြူပြာ၊ နီတာတို့နဲ့ တပြိုင်နက်တည်း နှစ်ပါးခွင် ၁၂ ခွင်လောက် ဆင်ယင်နွှဲချင်သကိုး…။ ခါချဉ်ကောင် မာန်ကြီးပေမဲ့ ခါးကမသန် ဇာတ်မျိုးသွားလုပ်တော့ ဒါရိုက်တာ အော်ငေါက်တာကို ခံရတာကလွဲလို့ အကယ်ဒမီဆိုတာ ဝေလာဝေး၊ ဖိနပ်ပျံ ခဲပျံမလာခင် ဇာတ်စင်ကနေ ဆင်းပြေးရပါရော့လား။ ဒီလိုလူပါ…တကယ့်ကို ကြောင်တောင်တောင်။
အရူး၊ ဘ၀င်မြင့်သူ၊ တောင်တွေးမြောက်တွေး၊ အူကြောင်ကြောင်၊ မာယာများသူ၊ လှည့်ဖျားသူ၊ ကိုယ့်ဟာကိုယ် ဘာမှန်းမသိသူ၊ ကိုယ်ဘာလိုချင်မှန်း ကိုယ့်ဘာသာ မသိသူ၊ အလိမ္မာတုံးကြီး၊ သားလိမ္မာကြီး၊ ဘုန်းကြီး၊ ကြောင်သူတော်၊ အထုပ်ကြီး၊ ဒီလိုနာမည်များစွာကို ပိုင်ဆိုင်ပြီးသကာလ ခိုင်ခိုင်ကြီးနေရတဲ့ဘ၀မှာ ယိုင်ယိုင်ပြီး လဲစေမဲ့ ခုန အစ်မမေးတဲ့စကားမျိုးတွေနဲ့ မရှောင်နိုင်လို့ တည့်တည့်တိုးမိရင်တော့…သောက်ကျိုးကို နည်းပါရောလားဗျာ။ ဘာတဲ့…။
“မင်း တစ်ခါမှ တကယ် မတစ်ခါဖူးဘူးလား“တဲ့။ သေ…ကတ်။
၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၃၁ ရက်၊ ည ၉ နာရီ။
my last post here was ”this is it” a michael jackson’s rehearsal documentary movie. right after a few days of posting that my pc was breakdown unexpectedly. i did not know why but might be i had not shut it down properly for three months and i had ever closed my room tightly so ventilation was not good at all in the room.
i was very sad for that that was not only using computer and internet at home but also not posting new posts for you all. i wanted you to understand clearly what’s my problem was that i could not use my laptop that i called my first love for almost a month. after that i bought a new one which am using everyday. the new one is also sony vaio and its model is nw20sf. it’s a good one and i really like it.
actually i’ve never written my posts in english cause i’m not very good at english and at the same time most of my friends are happy to read my posts in burmese. and again i like to write my posts in burmese too cause it can express utmost my deepest feeling and my creative thoughts and ideas.
am not sure in the future i may be trying to write my posts in english but i think that it would be interesting too because everyone of my friends around the world can read what i write here and what i feel in these days. but i know that the task is not easy and i need to improve my english a lot first.
here sometimes i even could not catch their, native english speakers, essence easily and had to ask again and again and very often i just nodded my head and tried to pretend that i got them what they meant. ha ha ha! do u think am naughty? sure, i do sometimes like that.
so after i bought the new computer i don’t need to write my posts in english at all and i can write in burmese. but u know i did already write this piece for posting here and later that means after i got my new lover i thought again that whether i should post it.
that’s my weak point you know what i always think two ways, good or bad, to do or not to do. that’s why i kept it for a while and then again i just saw it and wanted to put here again.
so i post it now and please read it my friends! thank u. bye for now.
date 30/11/2009 time 7:24 am. i should say here that its last year post or the old one. ha ha!
၂၀၁၀ ဟာ ဖျတ်ကနဲရောက်လာခဲ့တယ်၊ သတိတောင် မထားမိလိုက်နိုင်အောင်ပါပဲ။ နေရာသစ်မှာ အခြေကျဖို့ ဟိုရွှေ့ဒီရွှေ့နဲ့ အထိုင်ချနေတုန်းမှာပဲ ၂၀၁၀ ရောက်လာခဲ့တယ်။
သူ့ကို ကောင်းကောင်းမကြိုဆိုအားလိုက်ဘူး၊ သူ့အတွက် ဖွယ်ဖွယ်ရာရာ မပြင်ဆင်ထားလိုက်နိုင်ဘူး။ မူလကတော့ အဲဒီလို မဟုတ်ခဲ့ဘူး။ ၂၀၁၀ ကို အများကြီး လေးလေးစားစားကြိုဖို့ လုပ်ထားတာလေ။
ဝ(သုည)နဲ့ဆုံးတဲ့နှစ်တွေကို ပြည့်နှစ်လို့ခေါ်ကြတယ်၊ ၂၀၁၀ ဆိုတော့ သူလည်းပြည့်နှစ်ပဲလေ။ ပြည့်ဝခြင်းတွေကို ယူဆောင်လာတဲ့နှစ်လို့ မူလက ရင်ခုန်ခဲ့တာပေါ့။ သိပ်ချစ်ခဲ့တာပေါ့။
အခုကျတော့ ရုတ်တရက်ရောက်လာခဲ့တယ်လို့ ခံစားနေရဆဲမို့ တစိမ်းတွေလိုပါပဲလားလို့ ဆိုရလောက်အောင် ၂၀၁၀ နဲ့ ကိုယ်ဟာ စိမ်းစိမ်းကားကားပဲ ရှိနေပါသေးတယ်။ သူ့ခမျာလည်း အလွန်လို့တော့ မဆိုသာပါဘူး။ သူလာရမဲ့အချိန်မို့ ရောက်လာတာပါကလား၊ ကိုယ့်ဘက်ကသာ အဆင်မပြေဖြစ်သွားခဲ့တာကိုး။
လွန်ခဲ့တဲ့ ၉ လ ဒီအချိန်မှာ ကိုယ်ဟာ သင်္ကန်းဝတ်နဲ့ ရှိနေခဲ့တယ်၊ အဲဒီတုန်းကတော့ နောက်တစ်နှစ်မှာ ဘာတွေဖြစ်လာမလဲလို့ ကိုယ်သေချာ မတွေးဖြစ်ခဲ့ဘူး၊ တရားပဲ နိုင်သလောက် မှတ်ခဲ့တယ်။
ကမ္ဘောဒီးယားနိုင်ငံရဲ့ မြောက်ဘက်ပြည်နယ်တစ်ခုဖြစ်တဲ့ ရတနာဂီရိပြည်နယ်က နည်းနည်းခေါင်တဲ့ ရွာလေးတစ်ရွာရဲ့ ဘုန်းကြီးကျောင်းထဲက တစ်ပါးနေ အခန်းလေးထဲမှာ ကိုယ်ရောက်နေခဲ့တယ်လေ။
နောက်တစ်ခါ ရန်ကုန်ပြန်ရောက်တယ်၊ အယ်ဒီတာအလုပ်ကို လုပ်နေခဲ့တယ်။
နောက်တစ်နှစ် ဘာတွေဖြစ်လာမလဲဆိုတာကို ကိုယ်သေချာ မစဉ်းစားနိုင်ခဲ့ဘူး။ ကိုယ့်အလုပ်တွေကိုပဲ မှန်မှန်လေး လုပ်နေခဲ့တယ်။ ဒါပေမယ့် ခဏနေတော့ ကိုယ်တဖြည်းဖြည်း အာရုံရလာတာက ၂၀၁၀၊ ပြည့်ဝသောနှစ်တစ်နှစ်ဟာ ရောက်လာတော့မယ်ဆိုတာပါပဲ။
လာခြင်းကောင်းသောနှစ်ကလေးကို ကြိုခြင်းကောင်းသောကြိုဆိုခြင်းနဲ့ ကြိုနိုင်ရင်သိပ်ကောင်းမှာပဲ၊ သူလည်းဝမ်းသာ ကိုယ်လည်းချမ်းသာ ဖြစ်မှာပဲလို့ တွေးခဲ့မိတယ်။
အခုတော့ ၂၀၁၀ ရေ၊ မင်းအတွက် ကိုယ်အဆင်သင့်မဖြစ်ခဲ့တဲ့အတွက် နည်းနည်းစိတ်မကောင်းဖြစ်ရပါတယ်၊ ကိုယ်အလုပ် သိပ်များသွားလို့ပါကွာ လို့တော့ မပြောချင်တော့ပါဘူး။ ဘယ်လိုပဲကြိုဆိုကြိုဆို ဧည့်သည်ကတောင် အိမ်ထဲရောက်နှင့်နေမှကိုးနော်ကွယ်။
ဒါဆို မင်းနဲ့ငါ ဘာလုပ်ကြမလဲ၊ ၂၀၁၀ ရေ…မင်းကတော့ ထုံးစံအတိုင်း အလှပဆုံးမာယာတွေ ထုတ်သုံးလို့ ကိုယ့်ကို ညှို့ယူဖမ်းစားတော့မယ်ဆိုတာကိုတော့ ကိုယ်သံသယဖြစ်မထားပါဘူး။ မင်းနဲ့ပေါင်းသင်းဖို့ ကိုယ့်တာကိုယ်လုံအောင်တော့ ပြင်ဆင်ထားရမယ်ဆိုတာကိုလည်း ယုံကြည်ပြီးသားပါ။ ဒါဆို ငါ ဘာတွေလုပ်ရမလဲ။
မင်းနဲ့အတူ ရှိနေရခိုက်မှာတော့ မင်းကို စိတ်ကျေနပ်မှုတွေ ပေးစွမ်းခွင့်ရချင်သလို ငါကိုယ်တိုင်လည်း ကိုယ့်အောင်မြင်မှုတွေ ကိုယ်ပြန်ကြည့်ပြီး ပီတိဖြစ်နေချင် တာကိုတော့ မရှက်တမ်းဝန်ခံပါတယ်ကွာ။
ဒီလိုနဲ့ပဲ ခဏနေရင်တော့ မူယာမာယာ ပလီပလာ တီတီတာတာလုပ်လို့ မင်းထွက်သွားဦးမယ်ဆိုတာကိုလည်း ငါ ယုံကြည်ထားပါတယ်။ ဒါဆို ငါ ဘာလုပ်ရမလဲ၊ ငါ ဘာ လုပ် ရ မှာ လဲ။
ငါတို့ အလုပ်က တစ်ရက်ပြီးတစ်ရက် ကုန်တာသိပ်မြန်တယ်၊ မင်းကို ဘယ်လောက်ပဲ စိတ်ထဲထည့်ထားတယ်ဆိုဦးတော့ ငါ့နာရီတွေ ငါရောင်းနေရဦးမှာပဲလေ။ ငါ ဘာလုပ်ရမလဲ၊ ငါ ဘာ လုပ် ရ မ လဲ။
ငါ သိပ်သဘောကောင်းတာ၊ စိတ်ဖြောင့်တာ၊ သိပ်ချစ်တတ်တာကိုလည်း မင်းမသိတာမှ မဟုတ်တာပဲလေ၊ ဒါပေမဲ့ ခက်တာက ငါ ဘယ်က စလုပ်ရမလဲဆိုတာကို မသိတာပဲကွ။ ငါ ဘာလုပ်ရမလဲ၊ ငါ ဘာ လုပ် ရ မ လဲ။
သူငယ်ချင်းတွေကလည်း ငါ့ကို စကြ၊ နောက်ကြဦးမှာပဲ၊ ငါကလည်း သူငယ်ချင်းတွေကို ခေါ်လိုက် ကောက်လိုက်လုပ်ဦးမှာပါပဲ။ ဒါနဲ့တစ်ခါ မင်းက ငါ့ကြည့်လိုက်၊ ငါက မင့်သတိရလိုက်နဲ့ မဖြစ်ဘူး ၂၀၁၀ ရေ၊ ငါ ဘာလုပ်ရမလဲ၊ ငါ ဘာ လုပ် ရ မ လဲ ကွာ။
၂၀၁၀…မင်း ငါပြင်ဆင်ချိန်နည်းနေတုန်းမှာပဲ အလစ်ဝင်လာခဲ့တယ်၊ အခု မင်းက ငါ့အိမ်ထဲကိုတောင် ရောက်နေခဲ့ပြီ၊ ငါ့ကိုလည်း ပြုံးပြုံးပြီး ခဏခဏ ကြည့်နေတယ်၊ မင်း ငါ့ကို အိမ်ပေါ်တက် အနိုင်ကျင့်နေပြီလား။ ဒါဆို ငါ ဘာလုပ်ရမလဲ။ ငါ ဘာ လုပ် ရ မ လဲ။
ပရိသတ်ရေ…ကျွန်တော် ဘာ လုပ် ရ မ လဲ။
ဇန်န၀ါရီလ ၁၅ ရက်၊ ၂၀၁၀ ပြည့်နှစ်။ ည ၁၀ နာရီ၊ ၁၀ မိနစ်။
ကျွန်တော်ရေးတာတွေကို တကယ်လားလို့ မေးလာတဲ့သူငယ်ချင်းများသို့ အမှတ်တရ…။
ရေဒီယိုမှာ အလုပ်လုပ်နေပေမယ့် စာရေးချင်စိတ်ဖျောက်မရလို့ အချိန်အားလေးရှိတဲ့အခါ ရေးပါတယ်၊ ဖတ်ပေးတဲ့ သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်တယ်။ ရေးအားရှိတာပေါ့။ မဖတ်လည်း ရေးမှာပါပဲ၊ ရေးချင်လွန်းလို့ ဆိုသူလေးကိုး။
တချို့များကျပြန်တော့ ဖတ်ပြီးပေမယ့် မကျေနပ်နိုင်သေးဘူး၊ ဒီလူကြီး ဒါမှမဟုတ် ဒီချာတိတ်ကို တစ်ခုခုတော့ ပြောမှတော်မယ်ဆိုပြီး သင့်မသင့်၊ တော်မတော်၊ ရှော်တာတွေရောပေါ့ မှတ်ချက်ပြုသွားတော့လည်း ၀မ်းသာရပြန်တယ်။
ပရိသတ်ရဲ့ လက်ခုပ်သံတစ်ချက်ဟာ ကျွန်တော်တို့ အနုပညာသမားတွေအတွက် အားဆေးတစ်ခွက်ပါပဲ၊ ဘာညာနဲ့လဲ ဘ၀င်လေမုန်တိုင်း မတိုက်ချင်ပါဘူး။ “အမှန်က ဟိုက သူ့ဟာသူ ခြင်ရိုက်တာ၊ ကိုယ်က ကိုယ့်ဟာကိုယ် ကြားပြီး သူ့အတွက်ပဲ လက်ခုပ်တီးသလိုလို ဘာလိုလို လုပ်ယူလိုက်တာပေါ့“။
ကျွန်တော်က အဲဒီလိုမျိုးလည်း ကြံဖန်ပြီး ဂုဏ်မယူတတ်ပါဘူး၊ ညံ့သကွာလို့ ထောက်ပြဝေဖန်တာမျိုးကိုပဲ ပိုကြိုက်တဲ့သူပါ။ ကြုံတုန်းလေး နှိမ့်ချသလိုလိုနဲ့ ကြွားတယ်လို့ထင်လည်း ဒီမောင်မတတ်နိုင်ပါဘူး။
အဲဒီတော့ ရေးတာတွေ တကယ်လားလို့ တစ်နေ့က သတင်းစာထဲပါတဲ့ အမျိုးသားစာပေဆုရတဲ့ စာရေးဆရာကြီးတွေကို မေးသလို မေးလာရင်ဖြင့်…
အရင်ကလည်း သူငယ်ချင်းတစ်ယောက်မေးလို့ ဖြေဖူးတာက “ဒီလိုရှိတယ်ကွ၊ စာရေးတယ်ဆိုတာ ဖတ်ထားတာနဲ့ အတွေ့အကြုံပေါင်းရေးကြတာ များတယ်၊ စိတ်ကူးစိတ်သန်းကတော့ ကွန့်မြူးရတာပေါ့မောင်၊ ဒါမှလည်း လူက ဖတ်ချင်မှာပေါ့ကွ၊ ဖတ်ထားတာတွေပဲ စွတ်ရေးရင် အသားတွေချည်းပါပြီး အာလူးမပါတဲ့ အရသာမဲ့ ဆီလုံပြုတ်(ဆီတွေများလွန်းနေလို့)ဟင်းလို စားချင်မှာ မဟုတ်ဘူး၊
ဒီလိုပဲ အတွေ့အကြုံချည်းရေးတော့လည်း အစပ်အဟပ်နဲ့ အဆာသေချာမထည့်ဘဲ သုပ်ထားတဲ့ ရှောက်သီးသုပ်လို မြင်ရုံနဲ့ သရေကျပေမယ့် တကယ်စားတော့ “ဖူး“ဆိုပြီး ထွေးထုတ်ချင်ထုတ်၊ ဒါမှမဟုတ် မျက်လုံးကြီးပြူးပြီး မြိုချချင်မြိုချ အဲဒီလိုဖြစ်တယ်ပါတယ်ကွာ၊
ဒီတော့ အကောင်းဆုံးကတော့ လက်သုပ်သုပ်တာပဲဖြစ်ဖြစ်၊ ဟင်းချက်တာပဲဖြစ်ဖြစ် သုပ်သူလုပ်သူကိုယ်တိုင်က ကိုယ်သုပ်တာ ကိုယ်ချက်တာကို စိတ်လေးဝင်စား၊ စားတဲ့သူတွေ ကြိုက်ကြပါစေ၊ ပျော်ရွှင်ပါစေဆိုတဲ့ စိတ်ကလေးထည့်ပြီး တီထွင်ဖန်တီးမှုလေးနဲ့ စိတ်ကူးကောင်းရင်ကောင်းသလို ပေါင်းစပ်လိုက်မှ ကောင်းတဲ့ အသုပ်ကလေး၊ ဟင်းကလေးတစ်ခွက် ရတာပေါ့ကွာ “လို့ ရှည်ရှည်ဝေးဝေး ရှင်းပြလိုက်တော့…
ပိုရှုပ်သွားပုံရတဲ့ သူငယ်ချင်းမျက်နှာရိပ်ကို ကိုယ်က ဖမ်းမိလိုက်ပေမယ့် ရိုးသားမှု သိပ်မရှိတဲ့ သူငယ်ချင်းကတော့ နားလည်သွားတဲ့ ဂိုက်အပြည့်ဖမ်းပြီး “အေး…မင်း ရှင်းပြတော့လည်း ဂလိုပါလားလို့ သိသွားတာပေါ့“ဆိုပြီး လုပ်လာတော့ ကျွန်တော့်မှာ သူရှက်သွားမှာစိုးလို့ ရယ်ချင်စိတ်ကို မြိုသိပ်ပြီး မျက်နှာပိုး သပ်ထားရုံမှတစ်ပါး ဘာများတတ်နိုင်ပါမလဲခင်ဗျာ။
(လက်ဖက်သုပ်တစ်ပွဲကိုလည်းကြည့်ဗျာ၊ လက်ဖက်ကလည်း ကောင်းမယ်၊ အညွှန့်လေးတွေက အဖန်အနေတော်၊ ငရုတ်သီးက စပ်ရုံလေး၊ အချဉ်အနေတော်လေးနဲ့ နှပ်ထားတာ၊ အချိုမုန့်လေးက ပါတယ်ဆိုရုံ၊ ထည့်မဲ့အဆာတွေကလည်း ကြွပ်ကြွပ်ကလေးတွေ၊ နှစ်ပြန်ကြော်ဆိုလည်း ကြော်ပေါ့၊ ပဲဆီသန့်ကောင်းကောင်းလေး သုံး၊ ပုဇွန်ခြောက်က အရောင်ကော အချိုကော ကောင်းတာလေးသုံး၊ ကြက်သွန်ဖြူနဲ့ ရေနွေးကြမ်းကိုလည်း လုပ်ထားဗျာ၊ အချဉ်ကြိုက်သူ အလွန်အစပ်ကြိုက်သူ အတွက် သံပုရာစိတ်နဲ့ စပ်ရုံငရုတ်သီး အပွတောင့်ကိုသုံးထားမယ်။
တီထွင်တယ်ဆိုတာကတော့ ခရမ်းချဉ်သီး အစိမ်းသုံးမလား၊ အနီသုံးမလား (ကျောက်စိမ်းသုပ်လား၊ ပတ္တမြားသုပ်လား)၊ ဂေါ်ဖီ ဘယ်အရွယ် လှီးမလဲ၊ ဘဲဥပြုတ် လှီးထားတာ ထည့်သုပ်မလား၊ အပေါ်က တင်မလား ဆိုတာတွေပေါ့၊ အဲဒီလို စေတနာအပြည့်နဲ့ ပြင်ထား၊ သုပ်ထား၊ ဖန်တီးထားတဲ့ လက်ဖက်သုပ် လူမနှိုက်တော့ ကြိုက်သလိုပြောဗျာ။ မဟုတ်ဘူးလား။ စားချင်တာတွေ ထည့်ရေးလိုက်တာပါ၊ လက်ဖက်သုပ်နည်း သင်ပေးတာတော့ မဟုတ်ပါဘူးဗျာ။)
အခုဖတ်နေသူ သူငယ်ချင်းလည်း ကျွန်တော့်ကို စိတ်ထဲက ကြိတ်ပြီးသာ တစ်ချက်လောက်ဆဲရေးလိုက်ပါ၊ ကျွန်တော်ရှင်းပြတာကို မကြိုက်ခဲ့ရင်လေ…။
ပြန်ဆက်ရရင် အခုလည်း လာပြန်ပါပြီ။ ကျွန်တော့်သူငယ်ချင်းမတစ်ယောက်က ကျွန်တော့်ကို အခုလိုမေးလာပါတယ်။
“ဟိုတစ်ပုဒ်က တကယ်မှတ်လား“
“တစ်ဝက်မှန်ပါ“
“ဒါဆို တကယ်ပေါ့“
“အတွေးတော့ နည်းနည်းထည့်ရတာပေါ့“
“ဟ…အတွေးဆို တကယ်ပေါ့“
“ဟင်“
“ဟုတ်တယ်လေ၊ အတွေးဆိုတာ တကယ်ဖြစ်တာကို တွေးကြတာပဲ“
သူ့အတွေးနဲ့ ကျွန်တော့်အတွေး မတူပါလားဆိုတာပဲ ကျွန်တော်နားလည်လိုက်တော့တယ်။ သူငယ်ချင်းမကတော့ သူ့ဟာသူ နိုင်အောင်ပြောသွားခဲ့တာကလား။
ကြုံတုန်းကြွားရရင်ဖြင့် ကျွန်တော် ကံကောင်းတယ်လို့ ပြောရမယ်။ ကျွန်တော့်မှာ စကားပြောဖော် သူငယ်ချင်းမတွေ (အွန်လိုင်းမှာ) ရှိတယ်၊ ပွင့်ပွင့်လင်းလင်း ပြောကြဆိုကြတယ်၊ ယောက်ျားလေး သူငယ်ချင်းတွေနဲ့လည်း ပြောပါတယ်။ ဒါပေမယ့် သဘာဝအရ ဆန့်ကျင်ဘက်လိင်ချင်းက စကားပြော ပိုဖြောင့်တယ်ဆိုတဲ့ သဘာဝအတိုင်းပဲ သူငယ်ချင်းမတွေနဲ့ ကျွန်တော်လည်း စကားပိုပြောဖြစ်တယ်။ နောက်တစ်ချက်ကလည်း အမျိုးသမီးတွေက စကားပိုပြောကြတယ်ဆိုတဲ့ သိပ္ပံနည်းကျ အချက်ကလည်း ရှိသေးတယ်မဟုတ်လား။
အမျိုးသားချင်းကြတော့ ခင်တော့ခင်တယ်၊ ခပ်တည်တည်ပဲ(ပုံမှန်ပဲ) ရှိတတ်ကြတဲ့ သဘာဝက ရှိတယ်မဟုတ်လား။ ယောက်ျားချင်းကျတော့ မဟုတ်တာလုပ်မှသာ ရင်းနှီးတတ်ကြတာကိုးဗျ။ တလွဲမတွေးကြပါနဲ့ဦးခင်ဗျ၊ အရက်အတူတူသောက်၊ ကြက်အတူတူတိုက်(ဘောပွဲအတူတူရှုံးလို့ပြောရင် ခေတ်နဲ့များ ရင်ပေါင်(ဘောင်မဟုတ်)တန်းမလား မသိဘူး၊ စာရေးတယ်ဆိုတာ ခေတ်ကိုလည်း ကြည့်ရသေးတာကိုးဗျ၊ ခေတ်နဲ့ မျက်ခြည်(ချေမဟုတ်)ပြတ်လို့မှ မရတာလေ၊ နော့။
အဲဒီလို သူငယ်ချင်းမတွေနဲ့ စကားပြောပေမယ့် ကျွန်တော်က ချော့မပြောပါဘူး၊ မြှောက်လည်း မပြောပါဘူး။ ကိုယ်ထင်ရာ ကိုယ်မြင်ရာ ကိုယ်ခံစားရာသာ ပြောတတ်တာမို့ သူတို့တွေနဲ့လည်း အမြဲအဆင်ပြေတာတော့ မဟုတ်ပါဘူး။ တချို့သူငယ်ချင်းမ လေးငါးဆယ်ယောက်ဆို ကျွန်တော်နဲ့ စကားမပြောကြတော့ပါဘူး။ သူတို့ကလည်း အထအနကောက်တဲ့အချိန် ကိုယ်ကလည်း ဒုတ်ဒုတ်ထိပြောမိသွားချိန်မှာတော့ သူငယ်ချင်းချင်း အဖုအထစ်လေးတွေ ဖြစ်တတ်ကြတာကလားဗျာ။
သောကြာသားလား မသိဘူး၊ စကားများတယ်လို့တော့ မထင်ပါနဲ့။ တကယ်လည်း စကားတော့ များသလိုဖြစ်နေခဲ့ပါပြီ။
တကယ်တော့ ကျွန်တော်ဟာ ပုံပြောသူတစ်ယောက်သက်သက်မျှသာပါ။
ပုံဆိုမှတော့ အမှန်စင်စစ်လို့ ဘယ်လိုပြောနိုင်တော့မှာလဲခင်ဗျာ။ မဟုတ်ဘူးလား။
ဒါပေမဲ့ တစ်ခုသိထားရမှာက အစစ်အမှန်တွေကို ရှေ့လူတွေက ပြောပြခဲ့လို့ နောက်လူတွေက ပုံလို့ မှတ်လိုက်ကြတာလည်း ရှိသေးတယ်ဆိုတာပါပဲ။
ကျေးဇူးတင်ပါတယ်။
၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်၊ နံနက် ၁ နာရီ။
၃၃၃၃ သိပါစေသား။
ငယ်စဉ်ကနေ ယခုတိုင် သည်းမခံနိုင်သော အကြောင်းများ ပြန်စဉ်းစားမိသောအခါ စိတ်ဝင်စားဖွယ် ကောင်းနေသည်ကို တွေ့ရသည်။
အစားအစာကို တပ်မက်ခြင်းတွင် သည်းမခံနိုင်။ အစာစားချိန်တန်လို့မှ မစားရလျှင် ဒေါသထွက်ခြင်း၊ ရန်လိုခြင်း၊ အော်ဟစ်ခြင်း၊ ခြေလက်တုန်ခြင်း၊ စာဖတ်စာရေး သို့မဟုတ် အလုပ်လုပ်ကိုင်နေရာတွင် အာရုံမ၀င်စားနိုင်ခြင်းတို့ ဖြစ်လေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဆာသမျှအချိန်တိုင်း စာသာနာနာဖတ်နေသည်ဟု စာပေတွင် ဖတ်ရှုရသောအခါ ဗိုလ်ချုပ်၏ ခံနိုင်ရည်နှင့် စိတ်စွမ်းအားကြီးမားမှုကို အားကျမိတော့သည်။ ထို့ထက်ဆိုးသည်က ယခုထက်တိုင် ဗိုက်ဝနေစေဦးတော့၊ အစားအသောက်အကြောင်းပြောလျှင် သို့မဟုတ် တစ်ပါးသူအစားအသောက် စားနေသည်ကိုတွေ့လျှင် သို့မဟုတ် အစားအသောက်တစ်ခုခုကို မြင်နေရလျှင်ပင် စိတ်ကမခိုင်။
စာအုပ်ကိုတွေ့မိကြည့်မိလျှင် လိုချင်စိတ်က သည်းမခံနိုင်။ စာဖတ်နှေးပင်နှေးငြားသော်လည်း စာအုပ်မြင်လျှင် မနေနိုင်မထိုင်နိုင် ရင်တဖိုဖိုဖြစ်နေပြီ၊ ဖတ်တာမဖတ်တာနောက်ထား လိုချင်သည့်စာအုပ်ကို မိမိလက်ဝယ်ပိုင်ပိုင် ရရှိထားမှ စားဝင်အိပ်ပျော်တော့သည်။
ရသမျှလခ ၀င်သမျှဝင်ငွေထဲမှ အသုံးဆုံး(အဖြုန်းဆုံး)မှာ စာအုပ်များကို ၀ယ်ယူခြင်းပင်ဖြစ်သည်။ တခြားနေရာများတွင်သာ
ကပ်စေးနှဲသော်လည်း စာအုပ်ဝယ်ခြင်းတွင်တော့ ထောင်ဂဏန်း သောင်းဂဏန်း(ကျပ်)တန်ဖိုးအထိ လက်မတွန့်ဘဲ ၀ယ်ယူတတ်လေသည်။ မိခင်ထံမှရငွေ မိမိဝင်ငွေတို့ဖြင့် ၀ယ်ယူခဲ့သော စာအုပ်တန်ဖိုးများကို တန်ဖိုးချကြည့်လျှင် သိန်းဆယ်ဂဏန်းအထိပင် ရှိနေလေပြီ။
မိမိကိုယ်မိမိ အထင်ကြီးမှုတွင် သည်းမခံနိုင်ပေ။ တစ်ပါးသူဘယ်လောက်ကောင်းအောင် လုပ်ထားလုပ်ထား မိမိလုပ်တာလောက် မကောင်းဟု ထင်မြင်တတ်သူ၊ တစ်ပါးသူဘယ်လောက်တော်တော် မိမိလောက်မတော်ဟုယူဆတတ်သူ၊ မိမိမလုပ်တတ်သောအလုပ်ဘာမှမရှိ၊ မိမိမလုပ်သေး၍ မိမိမလုပ်ချင်၍ မဖြစ်သေးတာသာရှိသည်ဟု မိမိကိုယ်မိမိအလွန်အမင်း အထင်ကြီးခြင်း(ဘ၀င်မြင့်ခြင်း)ကို မည်သို့မျှ မလျှော့နိုင်သေးပေ။ မည်မျှ ပင် တရားစိတ်ဝင်ဝင် မည်သူက တရားချချ ခဏတဖြုတ်သာ ဟုတ်ပါတယ်လေ၊ မှန်ပါပေ၏ဆိုကာ ခဏသာ နားလည်သမှု ဟန်ဆောင်ပြုသော် ငြားလည်း အတွင်းစိတ်ကမူ ငါသာအတတ်ဆုံး ငါသာအသိဆုံး ငါသာအစွမ်းဆောင်နိုင်ဆုံးဟူသော အတ္တမာန(မာန်)ကလေးက ချ၍မရသေးပေ။
စိတ်မြန်ခြင်း(တုန့်ပြန်မှုမြန်ဆန်ခြင်း)ကို သည်းခံ၍ မရသေးချေ။ မည်မျှပင် သေးဖွဲသောကိစ္စဖြစ်စေ၊ မည်သို့မျှ အရေးမကြီးသောကိစ္စဖြစ်စေ၊ မိမိကိုလည်း လုံးဝမထိခိုက်သောကိစ္စဖြစ်ပစေ မိမိထံဝင်ရောက်လာသော ရည်ရွယ်သော မရည်ရွယ်သော အကြောင်းအချက်သေးသေးငယ်ငယ် ကြီးကြီးမားမား အကုန်လုံးကို လက်ခံတတ်ပြီး တုန့်ပြန်ချင်သော ဥာဉ်ဆိုးအား မည်သို့ပင် ပြုပြင်စေကာမူ ပြုပြင်၍ကား မရနိုင်ပေ၊ သည်းခံထားက နေနိုင်သယောင်ရှိနေသော်ငြား စိတ်ထဲတွင်ယားကျိကျိဖြစ်နေသည်နှင့် မခံနိုင်သည့်အဆုံး တစ်ခုခုတစ်နည်းနည်းဖြင့် တုန့်ပြန်ဖြစ်အောင် တုန့်ပြန်တတ်သည်။
စိတ်နူးညံ့မှုကိုလည်း သည်းမခံနိုင်။ လူခန္ဓာကိုယ်ကသာ ကြီးမားသော်လည်း စိတ်က အင်မတန်ဖြူနုသူဖြစ်သည်။ အရောင်စွန်းလွယ် ထိခိုက်လွယ်သူ ဖြစ်သည်။ နည်းနည်းလေးစိတ်မကောင်းစရာ အဖြစ်အပျက်ကြားရုံနှင့် အရင်ဝမ်းနည်းနေတတ်သူဖြစ်သည်။ မိုးကလေးညို့ရုံနှင့်ပင် လွမ်းလိုက်သမှ ရည်ပျော်လုလုဖြစ်နေပြီ။ တစ်ဘက်က မျက်နှာလွှဲလိုက်သည်နှင့် ဒီဘက်က မျက်ရည်ဆီးသီးလုံးလောက်ကျပြီး ဖြစ်နေသည်။ ခြောက်လိုက်လျှင်လည်း လွယ်လွယ်ကြောက်ပြီး ဟောက်လိုက်လျှင်လည်း နေစရာမရှိသူဖြစ်သည်။ ကိုယ့်စိတ်ကိုယ်မနိုင်မပိုင်လောက်အောင် ကူးလူးခံစား ပြင်လွယ်ပြောင်းလွယ်သူဖြစ်သည်။
ပြောင်းပြန်တွေးခြင်း ဆန့်ကျင်တွေးခြင်းများကို မပြုဘဲ(မတွေးဘဲ)နေခြင်းကို သည်းမခံနိုင်သူဖြစ်သည်။ သူများတွေ အရေးကြီးလို့ သွေးပျက်လုနီးဖြစ်နေချိန် သူက အေးဆေးနေဟန်ပြသည်။ သူများက သေရေးရှင်ရေးအသက်လုပြေးချိန် သူက သေသွားတော့ ဘာအရေးလဲလုပ်ချင်သူဖြစ်သည်။ တိုက်တန်းနစ်သင်္ဘောနစ်ချိန်၊ ရောမမြို့ကြီးမီးလောင်ချိန်တို့တွင် တယောအထိုးမပျက်သူများလို ခပ်ကြောင်ကြောင်နိုင်သူဖြစ်သည်။ သူများက အေးအေးသက်သာ အနားယူအပန်းဖြေချိန်တွင် သူကပူပူလောင်လောင်နှင့် အလုပ်ထလုပ်ချင်လုပ်နေတတ်သူဖြစ်သည်။ အခြေအနေ အချိန်အခါ နားမလည်သူ၊ အများနှင့်လိုက်လျောညီထွေမရှိသူ၊ လူထူးလူဆန်းဖြစ်ချင်သူ(ထိုသို့အထင်ခံချင်သူ)ဖြစ်သည်။ သူ့ကြည့်ပြီး သူ့အကြောင်းတွေးပြီး သူများက ပြုံးရယ်ကြသည်ကိုပင် ငါ့ကြောင့် လူတွေစိတ်ချမ်းသာနေကြတယ်လားဟုတွေးပြီး ဘ၀င်မြင့်ချင်သူဖြစ်သည်။
သန်းခေါင်၊ အောက်တိုဘာ ၂၁၊ ၂၀၀၉။