Category: မိသားစု


by Myo Tha Htet on Saturday, 8 September 2012 at 23:48·

“သားကို အရပ်မြင့်မြင့် မွေးပေးထားတာ တခုနဲ့တင် ကျေးဇူးဆပ်လို့ မကုန်တော့ပါဘူး အမေ၊ ဒီ့အတွက် သားမွေးနေ့ အကြိုမှာ လက်ဆယ်ဖြာ ထိပ်မှာမိုးလို့ ရှိခိုးဦးချ ကန်တော့လိုက်ပါတယ်“

ဟုတ်ပါတယ်၊ ဒီတခုထဲနဲ့တင် ကျွန်တော်တော့ အမေ့သား ဖြစ်ရတာ တော်တော်တန်နေပြီလို့ အကြိမ်ကြိမ် တွေးမိပါတယ်။ ကျွန်တော်က အရပ်မြင့်ရတာကို ကြိုက်တယ်။ သိပ်အမြင့်ကြီးလည်း မဟုတ်ဘူး၊ လက်ရှိ အမြင့်လောက်ပဲ ဘ၀မှာ လိုချင်ခဲ့တယ်။ အခု အဲဒီ အရပ်နဲ့ လူလုပ်နေရတယ်၊ အဲဒါနဲ့တင် အမေ့ကျေးဇူးက တော်တော်ကြီးနေပါပြီ။

အမေက အဝေးရောက်သားကို အမြဲ သတိရတယ်လို့ ပြောတယ်။ အခု မွေးနေ့အတွက်လည်း ကြိုပြီး ဆရာတော် သမားတော်တွေကို သင်္ကန်းကပ်လှူပေးတယ်၊ လိုအပ်တဲ့ သူတွေကို သားကိုယ်စား လှူဒါန်ပေးတယ်။ ပြီးတော့ “မင်းက အဲဒီက သာဓုခေါ်ကွဲ့“ လို့လည်း ကုသိုလ်ကောင်းမှုတွေ ထပ်တူရဖို့ ပြောဆို ဆုံးမ အမျှပေးဝေပြန်တယ်။

ငယ်ငယ်ကထဲက ဘုရားကို ဘုရားမှန်း၊ တရားကို တရားမှန်း၊ သံဃာကို သံဃာမှန်း၊ မိဘကို မိဘမှန်း၊ ဆရာသမားကို ဆရာသမားမှန်း သိအောင် ပြောဆို၊ ဆုံးမ သွန်သင်ပြပေးခဲ့တယ်။ ဆွေမျိုး၊ မိတ်ဆွေ၊ ရပ်ကွက် ၀န်းကျင်နေသူတွေကို နိုင်သမျှ ကူရမယ်လို့လည်း ပြောဆိုခဲ့သလို ကိုယ်တိုင်လည်း ကူပြ၊ လမ်းပြ၊ ရှေ့ဆောင်ပြခဲ့တယ်။

တခါ ဘုရားရှိခိုးဖို့၊ တရားနိုင်သလောက်ထိုင်ဖို့၊ အခါကြီးရက်ကြီးမှာ ဘုရားကျောင်းကန် ဘုန်းတော်ကြီးကျောင်းသွားပြီး ဝေယျာဝစ္စ ကုသိုလ်ယူဖို့တွေကိုလည်း သားသမီးတွေကို တိုက်တွန်း၊ နှိုးဆော်သလို ကိုယ်တိုင်လည်း ရှေ့ကနေ အဦးအစ လုပ်ဆောင်ပြခဲ့တယ်။ “ငါ ပြောသလို လုပ်၊ ငါ လုပ်သလို မလုပ်နဲ့“ ဆိုတာမျိုး မဟုတ်ဘဲ “ငါ ပြောသလို လုပ်၊ ငါလည်း ရှေ့က လုပ်ပြမယ်“ ဆိုတဲ့ ဆရာနဲ့တူတဲ့ မိဘမျိုး ဖြစ်ပါတယ်။

တခါတလေ သားသမီးက အရွယ်ငယ်၊ အသိမကြွယ်လေတော့ ပင်ပန်းတယ်၊ ပျင်းတယ်၊ မလုပ်ချင်ဘူးလို့ အရွဲ့တိုက်၊ ဆိုးမိုက် လုပ်နေရင်လည်း ချော့တန်ချော့၊ ခြောက်တန်ခြောက်၊ ကြမ်းတန်ကြမ်း လုပ်ပစ်လိုက်တဲ့ အမေ့ကို ကျွန်တော်ကတော့ ကြောက်လည်း ကြောက်သလို ချစ်လည်း ချစ်ရပါတယ်။ ဆယ်တန်းတုန်းကဆို စာမကြည့်ဘဲ ယောင်တောင်တောင် လုပ်နေလို့ ဆံပင်ကိုဆွဲပြီး နံရံနဲ့ ဆောင့်ထည့်လိုက်တာ အလစ်အငိုက် (မလုပ်လောက်ဘူးလို့ ထင်နေတာကိုး) ခံလိုက်ရတယ်။

အမေ့ကို တခုကြိုက်တာက စကားများများ မပြောဘဲ ပြောသင့်သလောက်ပဲ ပြောပြီး၊ ကျွေးစရာရှိ ကျွေး၊ ပေးစရာရှိ ပေး၊ ခွေသွားအောင် သမစရာရှိ သမပစ်တာပါ။ အဲဒီတုန်းကတော့ အမေဟာ သားကို မချစ်ဘဲ ဘာဖြစ်လို့ ဒီလို ရိုက်နှက်တာလဲလို့ စိတ်မကောင်း ဖြစ်ခဲ့ဖူးပေမယ့် ဒီကနေ့မှာတော့ အမေ ဒီလိုတွေ ရိုက်နှက်ဆုံးမ၊ တွန်းတင်ထိုးတင်၊ မီးထိုးလွန်းခဲ့လို့သာ အခုလို အခြေအနေဘ၀ ရောက်ခဲ့တာပဲလို့ ဆင်ခြင်မိပြီး ကျေးဇူး အထပ်ထပ်တင်၊ ဦးအကြိမ်ကြိမ် ချမိပါတော့တယ်။

အမေ့အကြောင်း ပြောရရင်တော့ စာရေးဆရာ ချစ်စံဝင်းလိုပဲ စာတအုပ် ရမှာပါပဲ။ အများကြီးတော့ မပြောတော့ပါဘူး။ ၁၀ ချက်လောက်ပဲ ချုံးပြီး ပြောကြည့်ပါ့မယ်။

၁။ အမေက အလုပ်တဖက်နဲ့ အိမ်ထောင်ဦးစီး ထိန်းသိမ်းရသူဆိုတော့ သားသမီး ငယ်တုန်းကသာ သားသမီးတွေကို သေသေချာချာ ထိန်းသိမ်း စောင့်ရှောက်သလို အိမ်မှုကိစ္စတွေကိုလည်း ကိုယ်တိုင်လုပ်ခဲ့ရပေမယ့်လို့ ရှေ့နေ အလုပ်မို့ အလုပ်က များတဲ့အခါ အဖွားနဲ့ပဲ လွှဲထားတာ များပါတယ်။ ဒါပေမဲ့ အမေက ၀က်သားဟင်းချက် သိပ်ကောင်းတယ်။ အမေချက်တဲ့ ၀က်သနီချက်ဟာ အလွန်ကာင်းတယ်။ ဘာသာရေးကြောင့်လား မသိ၊ အမေဟာ ၀က်သားကို အဖေ့လောက် မက်မက်စက်စက် မရှိပေမယ့်လို့ သားသမီးတွေအတွက် ငယ်ငယ်က ချက်ကျွေးခဲ့တာကို ကျေးဇူးတင်မိတယ်။

၂။ အမေဟာ အလုပ် ဘယ်လောက်များများ ဘုရားစင် သန့်ရှင်းရေးကို အထူးပြု ဆောင်ရွက်တယ်။ ဘုရားပန်းကို အညှိုးနွမ်းမခံဘဲ ပုံမှန် ရေလဲတယ်၊ ပန်းအသစ် ၀ယ်ကပ်တယ်။ ရာသီအလိုက် ပေါ်တဲ့ သစ်သီးတွေကို ဆွမ်းကပ်လှူလေ့ ရှိတယ်။ လပြည့်နေ့တွေမှာ ပွဲထိုးပြီး ဆုတောင်းတယ်၊ သားသမီးတွေကိုလည်း တခုတ်တရခေါ်ပြီး ဘုရားအတူ ရှိခိုးခိုင်းတယ်၊ ထိုင်နိုင်သလောက် (ကြာကြာတော့ ထိုင်စေချင်ပုံရတယ်) တရားထိုင်ခိုင်းတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။

၃။ အမေဟာ သူ အလုပ် ဘယ်လောက် ပင်ပန်းပင်ပန်း အိမ်ကို တတ်နိုင်သလောက် သန့်ရှင်းအောင် ထားတယ်။ မိဘနှစ်ပါး၊ ကလေးသုံးယောက်ကို လောက်ငှအောင် ရှာဖွေကျွေးမွေးရတဲ့ အမေဟာ မိန်းမတယောက်တန်မဲ့ အလုပ်ကို တော်တော် လုပ်နိုင်တယ်။ မိန်းမတယောက်က လူခြောက်ယောက်စာ ရှာဖွေ ကျွေးမွေးရတာ ဘယ်လောက်တောင်မှ ပင်ပန်းနေမလဲဆိုတာ အလုပ်လုပ်နေတဲ့ ကျွန်တော် ကောင်းကောင်း သိပါတယ်။ ဒါပေမဲ့ အမေဟာ အိမ်ဖော် မထားဘူး၊ သားသမီးတွေကို တချို့ခိုင်းတယ်၊ တံမြက်စည်း သူကိုယ်တိုင် ကိုင်လှည်းတယ်၊ ကြမ်းကို သူကိုယ်တိုင် တိုက်တယ်၊ ရေအိမ်ကို ပြောင်လက်နေအောင် အမြဲတိုက်တယ်။ သားသမီးကိုလည်း လုပ်တတ်ဖို့ ခိုင်းတယ်။ ဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။

၎။ အမေက ပညာရေးကို အားပေးတယ်၊ ပညာရေးကိုသာ အမွေအဖြစ် ပေးနိုင်တယ်လို့ ခဏခဏ ပြောတယ်။ မင်းတို့ ဘွဲ့တွေ၊ ဂုဏ်ထူးတွေ ရအောင် လုပ်ကြ၊ အင်္ဂလိပ်စာကို တတ်အောင် သင်ကြဆိုတဲ့ စကားကို ကျွန်တော် လေး၊ ငါးတန်း လောက်ကနေ မနေ့၊ တနေ့ကအထိ ပြောနေတုန်းပါ။ ပညာရေးကို အင်မတန်မှ အမေ အားပေးတယ်။ ကျွန်တော် ကောလိပ်တက်ရင်း ကျောင်းတွေက ပိတ်လိုက်/ဖွင့်လိုက်နဲ့ တန်းလန်း ဖြစ်နေတုန်း ဘယ်နေ့ ပြန်ဖွင့်မယ်မှန်း မသိတဲ့ ကျောင်းကို စောင့်ရင်း ဟိုယောင်ယောင်/ဒီယောင်ယောင် လုပ်နေတော့ အမေက ဗြိတိသျှကောင်စီ စာကြည့်တိုက်သွားပြီး စာဖတ်ခိုင်းတယ် (ကျွန်တော်က မဖတ်ဘူး)၊ အမေရိကန်စင်တာ သွားပြီး အင်္ဂလိပ်စာ သင်တန်း တက်ခိုင်းတယ် (ကျွန်တော်က မတက်ဘူး)။ အမျိုးသားရေး စိတ်ဓာတ်အပြည့်နဲ့ အစိုးရ ကောလိပ်ကိုပဲ ဖွင့်တဲ့အထိ စိတ်ရှည်ရှည် စောင့်ပြီး အတန်းပြီးအောင် တက်ခဲ့တယ်။

ဒီတော့ ကျွန်တော် နောက်ပိုင်းမှာ အများကြီး ရုန်းကန် ကြိုးစားခဲ့ရတယ်။ အမေက ကြိုမြင်လို လမ်းပြတယ်၊ အတင်း တွန်းလျှောက် ခိုင်းတယ်။ သားက ခေါင်းမာတယ်၊ ခေါင်းခါတယ်။ အမေကလည်း မလျှော့လိုက်ဘဲ ဇွဲနပဲနဲ့ ဆင့်ကာဆင့်ကာ ထပ်ခါထပ်ခါ ပြောတော့ နောက်ဆုံးမှာ ခေါင်းအလွန်မာတဲ့ သားဟာ တဖြည်းဖြည်းနဲ့ လှုပ်လာပြီး လုပ်လာတယ်၊ သင်လာတယ်၊ တတ်လာတယ်။ ဒီအတွက်လည်း အမေ့ကို ကျေးဇူးတင်ပါတယ်။

၅။ အမေဟာ သားကို အင်မတန် မျှော်မှန်းတယ်။ မွေးပြီး မကြာခင်မှာပဲ သူ့သားဟာ ကြီးတဲ့အခါ ဆရာဝန် ဖြစ်ရမယ်လို့ ရည်မှန်းချက် ထားသတဲ့။ အမေလေ… မနေဘူး၊ ကြွားတာပေါ့။ သူ့သားဟာ ကြီးတဲ့အခါ ဆရာဝန် ဖြစ်စေရမယ်တဲ့…။ ပတ်ဝန်းကျင်က မေးငေါ့ကြတာပေါ့၊ ကြည့်ပါဦး… စားဖို့တောင် အတန်တန် ရုန်းနေကြရတာ… သူ့သားများ ကြီးတဲ့အခါ ဆရာဝန် ဖြစ်မတဲ့…။ ဒီလိုတွေ ပြန်ကြားတဲ့ အခါမှာလည်း အမေက မမှုပါဘူး၊ သူ့ ယုံကြည်ချက်နဲ့ သူ… ဒါပေမဲ့ သားက မတော်ဘူး၊ မကြိုးစားဘူး၊ ဒီတော့ ဆရာဝန် မဖြစ်ခဲ့ဘူး။

မကြိုးစားတဲ့ သားဟာ ဘယ်လိုမှ ဆရာဝန် မဖြစ်နိုင်မှန်း သိပြန်တော့ လက်တွေ့ကျတဲ့ အမေက တဆင့် လျှော့ပြန်တယ်။ မင်းက ဥာဏ်လည်း ကောင်းပါရဲ့နဲ့ အပျင်းက ထူ၊ လူက ယောင်ချင်တယ်။ တခေါက်လောက် ကြိုးစားစမ်းကွာတဲ့… စက်မှုတက္ကသိုလ်တော့ တက်ပြီး အင်ဂျင်နီယာလောက်တော့ လုပ်သင့်ပါတယ်တဲ့။ သားမောင် ကြောင်တောင် ယောင်တောင်ကတော့ စက်မှုတက္ကသိုလ်လည်း မတက်ချင်ပါဘူး၊ တကယ်ဆို ဘာကိုဘာမှ လုပ်ချင်ခဲ့သူ မဟုတ်ပါဘူး။ ဘ၀ဆိုတာ အခက်အခဲတွေ များလှတဲ့… ဆူးငြောင့်တွေပေါတဲ့ ခရီးလမ်းရှည်ကြီး ဆိုတာကိုလည်း ကြီးကြီးကျယ်ကျယ် မတွေးခဲ့မိပါဘူး။

ကျောင်းစာ မဟုတ်တဲ့ စာမှန်သမျှကို စိတ်ဝင်စားခဲ့သူ အငမ်းမရ ဖတ်ခဲ့သူ၊ ယောင်တောင်ပေါင်တောင် အတွေးနဲ့ တောင်ရေးမြောက်ရေး စာတွေ ရေးခဲ့သူ၊ နိုင်ငံရေးသမား ဖြစ်ချင်သလိုလို အတွေးအခေါ် ပညာရှင် ဖြစ်ချင်သလိုလို ဝေခွဲမရခဲ့တဲ့သူ… အမေဟာ သူ့သားကို ဘယ်လို လမ်းကြောင်းတည့်ရမလဲလို့ ဘယ်နှညတောင် စဉ်းစားခဲ့ရသလဲ၊ အိပ်မရတဲ့ ညတွေ အမေ့မှာ ဘယ်လောက် ရှိခဲ့သလဲ။ အမေဟာ တခြားနေရာသာ စကားမပြောရင်နေမယ်၊ သားပညာရေးအတွက်ကတော့ အဆက်မပြတ် တတွတ်တွတ်နဲ့ ပြောနေခဲ့တယ်၊ အကြံတွေ၊ ဥာဏ်တွေ ပေးနေခဲ့ပါတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။

၆။ ဒီလိုနဲ့ပဲ လိမ်ဖယ်လိမ်ဖယ်နဲ့ သားဟာ ကောလိပ်ပြီးခဲ့တယ်။ အလုပ်ဝင်ဖို့ ရှိလာတယ်။ အမေက ရှေ့နေဆိုတော့ သားကိုတော့ အနိမ့်ဆုံး ရှေ့နေတယောက်တော့ ဖြစ်စေချင်ခဲ့တယ်။ မလိမ္မာခဲ့တဲ့ သားဟာ ဥပဒေဘာသာရပ်နဲ့ တက္ကသိုလ်တက်ဖို့အတွက် အနိမ့်ဆုံး အမှတ်ကိုတောင် ၁၀ တန်းမှာ မဖွေရှာပေးခဲ့နိုင်ဘူး။ ဒီတော့လည်း နဂို ၀ါသနာပါရာ စာရေးသူ/ အယ်ဒီတာဖြစ်ဖို့ ကြိုးစား အလုပ်ရှာ/ အလုပ်ဝင်တော့လည်း တွန့်ဆုတ်လို့ မနေခဲ့ပါဘူး။ အတွန်းအတိုက်၊ အထုအထောင်း၊ လောကဓံ လှိုင်းတန်ပိုးမှာ မြုပ်မနစ်သွားဘဲ အလိုက်သင့် ပေါလောမျောနိုင်စေဖို့ ကာယခွန်အား၊ ဥာဏခွန်အား၊ စိတ္တခွန်အားတွေနဲ့ နောက်ကနေ နိုင်သလောက် ထောက်တည်ပေးခဲ့တယ်။ အမေ့ကြောင့် သားဟာ အားတွေချည်း တက်ခဲ့ရတယ်။ ကျေးဇူးတင်ပါတယ် အမေ…။

၇။ စာရေးတာ၊ ဘာသာပြန်တာ၊ အယ်ဒီတာလုပ်တာတွေကို ၀ါသနာပါတဲ့ သားကို ထပ်ဆင့် မြင့်စေဖို့ တခြားတပါး နိုင်ငံတွေသွားပြီး ပညာသင်ဖို့မှာလည်း အမေဟာ သွားမယ့် သားထက်ကို တက်ကြွနေခဲ့ပြန်တယ်။ တိုက်တိုက်တွန်းတွန်းနဲ့ အားတွေပေး၊ ပိုက်ဆံတွေ ပေး၊ တောင်းသမျှ မညည်းညူဘဲ ထောက်ပံ့လို့ချည်း ပေးနေခဲ့တယ်။ ရွာအပြင်ထွက်ဖို့ကို အမေကသာ များများ မသင်ပြခဲ့ရင် အပျင်းကြီး၊ အနေတတ်တဲ့သား ပေကပ်ခါ နေခဲ့ဦးမှာပါလေ။ အခုတော့ နားကြီး၊ မျက်စိကြီးရုံမက ခေါင်းကြီးပါ ကြီးကြီးလာလို့ တခါတခါ ဖြုတ်ထုတ်ပြီး ထားလိုက်ရတယ် အမေ…။ အရွှန်းအဖောက် ပြောတတ်ပေမယ့် သား ဒီတခါတော့ မနောက်တော့ပါဘူး အမေ…၊ ကျေးဇူးတင်ပါတယ်လေ။

၈။ အမေက ပညာရေး တိုးတက်ဖို့ အပြင်ထွက် စာသင်ဖို့ ပြောခဲ့ဖူးတယ်၊ တကြိမ်မှာတော့ အခွင့်သာလိုက်တဲ့အခါ အပြင်မှာသွား အလုပ် လုပ်ဖို့ ဖြစ်လာခဲ့တယ်။ အမေက ချစ်တဲ့သား၊ အမေ့ကို ချစ်တဲ့သား ခွဲခွာလို့ ကွဲကွာဖို့ ဖြစ်လာတဲ့ အခါမှာလည်း အမေက တွန့်ဆုတ် မနေပါဘူးလေ…။ ဘယ်မိဘကများ သားသမီးကို ကိုယ့်ရင်အုပ်ထဲကနေ ခွဲထုတ်လို့ သွားစေချင်ပါ့မလဲ။ ဒါပေမဲ့ ဒါဟာ သားအတွက် အားဆက်မယ့် ဇာတ်လမ်းဆိုတာကို အမေဟာ မကြည့်ဘဲ သိနေတာပဲလေ။ အမေက အမြဲ ပြောတတ်တယ်၊ “နင်တို့ အကြောင်းကို နင့်တို့ထက် ငါက ပိုသိပါတယ်လေ“ တဲ့။ ဘယ်ကနေ ဘယ်လို သိသွားသလဲ ဆိုတာကိုတော့ ကျွန်တော်လည်း မိဘ မဖြစ်ဘူးသေးတော့ မသိသေးဘူးပေါ့ အမေ၊ ဘာပဲဖြစ်ဖြစ် စွန့်လို့ ထွက်သွားတဲ့သားကို အမေ အားပေးခဲ့တာကိုလည်း ကျေးဇူးတင်ပါတယ် အမေ…။

၉။ အဝေးရောက်နေပေမယ့်လည်း သားက အမေ့ကို မမေ့ခဲ့ပါဘူး။ သားကတောင် မမေ့ဘူးဆိုမှတော့ အမေကတော့ အဆ ထောင်၊ သောင်း၊ သိန်း၊ သန်း ဘယ်လိုမှန်းမလဲလေ အမေ…။ ကျွန်တော် သိပါတယ်၊ “နေ့ဆိုရင် သတိရ၊ ညဆိုရင် မေ့လို့မရ“ ဆိုတာ ကျွန်တော်တို့ အိမ်မှာ ခဏခဏ ဖွင့်ခဲ့ဖူးတဲ့ သီချင်းတပုဒ်ထဲက စာသားလေးတကြောင်း ဖြစ်ပေမယ့်လို့ အမေကလည်း ကျွန်တော့်ကို အမြဲ သတိရ၊ မေ့မထားဘူးဆိုတာကို အမေကိုယ်တိုင် ကျွန်တော့်ကို ပြောပြလို့လည်း သိတယ်၊ စိတ်နဲ့လည်း ခံစားမိပါတယ် အမေ…၊ အဲဒီအတွက်ကိုလည်း ကျေးဇူးတင်ပါတယ် အမေ…။

၁၀။ အဲ… ရေးပဲရေးလာလိုက်တာ အမေ့အကြောင်းက ကုန်ဘဲမကုန်နိုင်ဘူး၊ နံပါတ် ၁၀ တော့ ထိုးသွားခဲ့ပြီ။ ဒါနဲ့ ကျွန်တော် စဉ်းစားတယ်။ အမေ ကိုးလလွယ် ဆယ်လဖွား သားအတွက် ပင်ပန်းဆင်းရဲခဲ့ရတယ်။ ရုံးအလုပ် သွားတဲ့အချိန် တနာရီ၊ ရုံးအပြန် တနာရီ… အိမ်နဲ့ရုံးကြား တနေ့ နှစ်နာရီလောက်သာ သယ်ရတဲ့ ရုံးလွယ်အိတ်ကလေးကိုလေ… အမေ့ထက် အရပ်တပေလောက် ပိုမြင့်ပြီး အမေ့ထက် ကိုယ်အလေးချိန် တဆခွဲလောက်ပိုလေးတဲ့ ယောက်ျားဘသား အမေ့ရဲ့သားကြီးက တခါတခါ လေးသလိုလို ဖြစ်လို့ ပစ်လို့တောင် ချထားလိုက်ချင်တဲ့ စိတ် တခါမက ဖြစ်ခဲ့ဖူးတယ် အမေ…။

အမေ့မှာတော့ လေး၊ ငါး ပေါင်မက လေးတဲ့ အသက်ပါတဲ့ အသားတုံး အသားစိုင်ခဲကြီးကို သားအမှတ်နဲ့ မိဘမေတ္တာအပြည့်နဲ့ ချစ်ခင်နေပြီး အစားအသောက် ရှောင်ရ၊ အထိုင်အထ ကြည့်ရ၊ ဘုရားစာတွေ ရွတ်လို့ အင်္ဂါခြေလက်စုံအောင် ဆုတောင်းရနဲ့ ပင်ပန်းကြီးလှပါပကောဗျာ။

အဲဒီအလုပ်တွေ လုပ်ရမှာစိုးလို့ ဒီအချိန် ဒီအရွယ်အထိ အပူရှောင် အူကြောင်ကြောင်လုပ်လို့ နေတတ်သလို ကျွန်တော် နေခဲ့တယ် အမေ…။ အမေကတော့ မနေခဲ့ဘူး၊ ဒီသားဦးကို အမေ မွေးခဲ့တယ်။ အမေ့ကြောင့် ကျွန်တော် ဖြစ်ခဲ့တယ် (အဲ… အဖေ တော်တာလည်း ပါတာပေါ့ အမေရယ်…) အဲဒီ ကျေးဇူးအဖုံဖုံ ဂုဏ်အ၀၀ကို သားမောင် မှန်းဆ တမ်းတလို့ အဝေးကနေပဲ စိတ်မှန်းနဲ့ အမေ့ ခြေအစုံမှာ ကျွန်တော့်မျက်နှာအပ်လို့ ရိုရိုကျိုးကျိုး ရှိခိုးကန်တော့လိုက်ပါတယ် အမေ၊ ကျေးဇူးကြီးလှပါတယ် အမေ…။

အမေ ကျန်းမာ ချမ်းသာပါစေ၊ ခန္ဓာကိုယ်ရဲ့ မမြဲခြင်းသဘော၊ ဆင်းရဲခြင်းသဘော၊ မဆိုင်မပိုင် အစိုးမရခြင်းသဘောတွေလည်း သိအောင် မိအောင် ကြိုးစား အားထုတ်နိုင်ပါစေလို့ ဆုမွန်တောင်းအပ် ဆက်လို့ကပ်ပါတယ် အမေ…။

၂၀၁၂ စက်တင်ဘာ ၈၊ ည ၁၁ နာရီ။

လန်ဒန်။

by Myo Tha Htet on Saturday, 8 September 2012 at 11:34·

ကျွန်တော့်မွေးနေ့ကား နီးလာလေချေပြီ၊ အော်… အသက်တနှစ် ထပ်ကြီးရဦး ပြန်မှာလားလို့… စဉ်းစားမိပါတယ်။ တလက်စထဲ အရွယ်တော် တဆိတ်ဟိုင်းလို့ ၂၀ ကျော် အစိတ်ပိုင်းထဲ ရောက်လာတဲ့ ကိုယ့်အသက်နဲ့အတူ ဘ၀လမ်းကြောင်းကိုလည်း ပြန်ကြော့ကြည့်မိသွားပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ညီငယ်ကလည်း ထုံးစံအတိုင်း (နှစ်စဉ်) မွေးနေ့အကြိုလက်ဆောင် ကဗျာတပုဒ် ပို့လာလို့ ဖတ်ကြည့်လိုက်တော့ အကိုဖြစ်သူကို သူက အသာအထိုးလေး ချီးပ ရေးထားပေးတာ တွေ့ရပါတယ်၊ ၀မ်းသာမိပါတယ်။

ဒါနဲ့ ညီငယ့်အကြောင်းလည်း ပြန်တွေး၊ ကိုယ့်အကြောင်းလည်း ပြန်စစ်ဆေး… ငယ်ဘ၀တွေကို ရောက်သွားပါတော့တယ်။ ဒီအခါ ကဗျာဥာဏ်၊ စာဥာဏ်ထက်တဲ့ ညီငယ်က ကျွန်တော့်ကို ပေးခဲ့တဲ့ နာမည်တွေကို အမှတ်တမဲ့နဲ့ ပြန်တူးဖော်မိပါတော့တယ်။ ဒါတွေဟာ လူသိနည်းနဲ့ ကိစ္စတွေမို့ ဖေ့စ်ဘုတ်မှာပဲ တိုးတိုးတိတ်တိတ် ဖတ်သူတွေ သိစေဖို့ လက်တို့ (အဲ… စာတို့) ကာ ပြောလိုက်ရပါတယ်။

ကျွန်တော် ခုနစ်တန်းလောက်က ထင်ပါတယ်၊ အားကစား နည်းနည်းလုပ်တယ်။ အဲဒါကတော့ အထက်တန်းကျောင်းဆင်းချိန် မိုးရွာရင် အိမ်ရှေ့ လမ်းပေါ် ဘောလုံးကန်ကြတာပါ။ ဘေးအိမ်က သူငယ်ချင်းတွေရယ်၊ ကျွန်တော်တို့ ညီအကိုရယ် ဟိုဘက်ဒီဘက် နှစ်သင်းခွဲပြီး ကန်ကြတာပေါ့။ ဒီတော့ ဘောလုံးကန်ရင်း ပြေးကျင့်လွှားကျင့် ရှိခဲ့ပါတယ်။

တခါသားမှာတော့ ဇန်န၀ါရီလဆန်းမှာ ကျွန်တော်တို့ရပ်ကွက်က လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ကျင်းပပါတယ်။ အမှန်တော့ နှစ်တိုင်းကျင်းပ နေတာပါ။ ကျွန်တော် ၀င်ပြိုင်မယ့် ပွဲမို့လို့ အထူးပြုပြီး ပြောနေတာပါ။ တာဝေးပေါ့လေ၊ ရပ်ကွက်သုံးပတ် ပြိုင်ရပါတယ်။ ရပ်ကွက်က ရန်ကုန်မြို့တော်ရဲ့ လမ်းမကြီး နှစ်လမ်းရဲ့ကြားမှာ ရှိပြီး၊ လမ်းသွယ် သုံးလမ်း၊ ရပ်ကွက်လမ်းမကြီးက တလမ်း ပါဝင်ဖွဲ့စည်း ထားပါတယ်။

လမ်းအလိုက် လူပျိုပေါက်တွေ (လူကြီးတန်းတော့ မဟုတ်ပါဘူး၊ လူလတ်တန်းပေါ့) ပြေးကြမယ့် တာဝေးပြိုင်ပွဲဆိုတော့ အရပ်မြင့်တဲ့ ကျွန်တော်နဲ့ ဘေးအိမ်က သူငယ်ချင်းနှစ်ယောက်က ကျွန်တော်တို့လမ်း ကိုယ်စား ၀င်ပြိုင်ဖို့ စာရင်းပေးလိုက်ပါတယ်။ အရပ်အမောင်းအရ ဆိုရင်တော့ ကျွန်တော်က အားလုံးမှာ အမြင့်ဆုံးထဲ ပါပါတယ်။

ပြေးဖို့ လေ့ကျင့်ထားတာ မဟုတ်ပေမယ့်လည်း လူငယ် ငတက်ကြွဆိုတော့ ရပ်ကွက်သုံးပတ်လောက်ကတော့ ဘာဝေးတာမှတ်လို့လို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသလို၊ ရပ်ကွက်ထဲက ရွယ်တူတွေကိုလည်း ဒီကောင်တွေ သုံးလှမ်း ငါ နှစ်လှမ်းပေါ့လို့ စိတ်ကြီးကလည်း ၀င်မိပါသေးတယ်။ ဒီလိုနဲ့ ဘာမှ လေ့ကျင့်ပြင်ဆင်မှု မရှိတဲ့ ကျွန်တော်… အလှည့်ကျတော့လည်း မနွဲ့စတမ်း ၀င်ပြေးပါတော့တယ်။

တကယ်တမ်းမှာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲ ဆိုတော့လည်း ကျွန်တော် ထင်ပါတယ်၊ ဘယ်သူမှ ထူးပြီးတော့ လေ့ကျင့်မထားကြပါဘူး။ ကန်တော်ကြီးနဲ့နီးတဲ့ ကျွန်တော်တို့ ရပ်ကွက်ထဲက လူကြီးတချို့သာ ဆောင်းတွင်း မနက် စောစောစီးစီး ကျန်းမာရေးအတွက် လမ်းထလျှောက်ကြတာမျိုးလောက်ပဲ ရှိပါတယ်။

ဆက်ရရင် ဘယ်မှာ သွားသိသာသလဲဆိုတော့ ကျွန်တော်နဲ့ ရွယ်တူတွေ၊ ကျွန်တော်နဲ့ အရွယ်တူပေမယ့် အသက်နည်းနည်း ကြီးနေသူတွေက အဲဒီအချိန်မှာ သူတို့ ပညာရေးက သိပ်မကောင်းတော့လို့ စပယ်ယာလုပ်သူက လုပ်၊ ရေထမ်းရောင်းသူက ရောင်း၊ လက်သမားလုပ်သူက လုပ်နဲ့ သူတို့က အတော်မာကြော သန်မာနေကြပါပြီ။ ကျွန်တော်မှာတော့ ကျောင်းနဲ့ အိမ် (ကျောင်းကလည်း အိမ်ကနေ မီတာ ၁၀၀ လျှောက်ရင်ပဲ ရောက်တဲ့ အကွာအဝေးမှာ)၊ အိမ်အလုပ်ဆိုတာကလည်း အိမ်ရှေ့စည်ပိုင်းထဲက ဒါမှမဟုတ် ရေပိုက်ခေါင်းက ရေဖွင့်ပြီး နောက်ဘက် ရေအိမ်သုံးဖို့ ဆွဲထည့်တာလောက်ပဲ လုပ်ထားတဲ့သူဆိုတော့ အကြီးအကျယ် ကွဲပါလေတော့တယ်။

ဒီလိုနဲ့ ရပ်ကွက်လူကြီးနေတဲ့ လမ်းထဲက တာထွက်ရာကနေ ခရာမှုတ်လို့ စပြေးလိုက်တာ သုံးလှမ်းလားပဲ ကျွန်တော် ရှေ့က ပြေးနိုင်လိုက်ပါတယ်။ လူ နှစ်ဆယ်၊ အစိတ်လောက်ဟာ အားလုံး ကျွန်တော့်ကို ကျော်ဖြတ် ကုန်ပါတယ်။ ဒါပေမဲ့ အားကစားဆိုတာ အရှုံးအနိုင်ထက် ယှဉ်ပြိုင်ခြင်းက အဓိကကျတယ် မဟုတ်လား (အဲဒီတုန်းက အဖေ မြှောက်ပေးထားတာကိုလည်း ယုံခဲ့မိတာကိုးဗျ)၊ ဒီတော့ ကျွန်တော်က နောက်ဆုံးကနေလိုက်ပြီး မပြေးကလည်း မပြေးနိုင်၊ တရပ်ကွက်လုံးကလည်း ထွက်ကြည့်နေကြတာဆိုတော့ ရှက်ရှက်နဲ့ မောမောကြီးပဲ ပြေးနေရပါတယ်။

ရပ်ကွက်ပတ်ပြေးတော့ သူများလမ်းတွေဘက် ပြေးနေတုန်း သိပ်ကိစ္စ မရှိပေမယ့် ကျွန်တော့်လမ်းဘက်ရောက်တော့ ဘယ်ထားရမှန်း မသိတဲ့မျက်နှာနဲ့ ခေါင်းကြီးငုံ့ပြီး ပင်ပန်းနေတဲ့ကြားက ခပ်သွက်သွက်ပြေးရပြန်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးကတော့ နောက်ဆုံးနေရာပါပဲ။

ဒီကြားထဲ ရှက်နေပါတယ်ဆိုမှ အမေအပါအ၀င် ညီ၊ နှမလေးနဲ့ အိမ်နီးနားချင်းတွေက လက်ခုပ်တီး အားပေးရင်း ပြေးထားကွ၊ ပြေးထားကွ လုပ်နေကြလို့ ကျွန်တော့်မှာ ဒေါသလည်းထွက်၊ ရှက်လည်းရှက်နဲ့ ကိုယ့်ဟာကိုယ်ယားပြီး ၀င်ပြေးခဲ့မိတာကို နောင်တရလို့ မဆုံးပါဘူး။

ချုပ်လိုက်ရင်တော့ ကျွန်တော်ရှေ့က တယောက်နဲ့ ကျွန်တော်ဟာ ပေ ၃၀ လောက် ပြတ်ပြီးမှ ကျွန်တော်တို့ ဘိတ်ချီးနှစ်ယောက်ဟာ ကျွန်တော်တို့ ရှေ့က ပန်းဝင်ခဲ့သူထက် သုံးမိနစ်လောက် အချိန် ပိုပြီးမှ ပန်းဝင်ခဲ့ကြပါတယ်။ ရပ်ကွက်လူကြီးကောင်းလို့ ဇွဲဆုဆိုလား ချိုချဉ်ထုပ် တထုပ်ရခဲ့တဲ့ သူဟာ ကျွန်တော်ပါ။ ကျွန်တော် အခုမှသာ စာရေးရင်း ရယ်နိုင်တာပါ၊ အဲဒီတုန်းကတော့ အဲဒီရပ်ကွက်ထဲမှာ ဆက်တောင် မနေချင်တော့ဘူးလို့ စိတ်ထဲ ဖြစ်ခဲ့မိပါတယ်။

ဒါနဲ့ ချိုချဉ်ထုပ်ကလေး ကိုင်ပြီး ငိုမဲ့မဲ့နဲ့ အိမ်ကို ပြန်လာတော့ လမ်းမှာပဲ ကျွန်တော့်ကို တောက်လျှောက် အားပေးခဲ့တဲ့ (မထင်ရင်လည်း မထင်သလို ဝေဖန်တတ်တဲ့) ညီငယ်က “မင်းကလည်းကွာ… ဘောလေးနေတာကိုးတဲ့၊ မြန်မြန်ပြေးတာ မဟုတ်ဘူး“ တဲ့။ “မင်းဟာ ဘောကြီးပဲ“ တဲ့။

ကျွန်တော် ဘယ်လောက် စိတ်ဆိုးသွားမလဲ စဉ်းစားကြည့်ပါ၊ တရပ်ကွက်လုံး လှည့်ပတ် မျက်မှာပြပြီး အရှက်ကွဲ ခံခဲ့ရပြီးပြီ။ အဲဒါကို ညီဖြစ်သူက အားမပေးတဲ့အပြင် ကျွန်တော့်ကို ဘောကြီးလို့ ပြောနေတော့ ကျွန်တော် စိတ်ဆိုးပြီး ညီငယ်ကို လိုက်ထိုးပါတော့တယ်။ ညီဆိုတော့လည်း နိုင်တာကိုးဗျ၊

ဒါပေမဲ့ ဒီကောင်က ပေါ့တော့ လှစ်ကနဲ ပြေး၊ ကျွန်တော့်မှာလည်း ရှက်ရှက်နဲ့သာ ရပ်ကွက်သုံးပတ် ပတ်ထားရတာ…၊ လူက ကိုယ့်ကိုယ်ကိုယ်တောင် မသယ်ချင်လောက်အောင် ပင်ပန်းနေတာမို့ ညီငယ့်ကို မိအောင် မလိုက်နိုင်ခဲ့ပါဘူး။ မမှီလေ သူက ဘောကြီး… ဘောကြီးနဲ့ အော်ပြေးဆိုတော့ ကျွန်တော့် သူငယ်ချင်းတချို့ပါ ကြားပြီး၊ လမ်းထဲက အကိုကြီးတချို့က ကျွန်တော့်ကို ဘောကြီးလို့ တခါတခါ ခေါ်ကြပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး ယူပေးခဲ့တဲ့ ကိုဘောကြီးကတော့ ကျွန်တော် အခု အသက်ကြီးလာမှ ကြားသိလာရတာပါ။ ကျွန်တော်နဲ့ သူ… ဘယ် ဘောကြီးက အရင်စောသလဲတော့ မသိပါဘူး။ အသက်အရွယ်အရဆိုရင်တော့ ကိုဘောကြီးက အပုံကြီးစောမယ်လို့တော့ ထင်တာပါပဲဗျာ။ ဒါက ဘောကြီးကိစ္စပါ။

ဒီညီငယ်ကပဲ ကျွန်တော့်ကို နောက်နာမည်တခု ဖျက်ပြန်ပါတယ်။ အဲဒါကတော့ ကျွန်တော်က ငယ်ငယ်ကထဲက လုပ်ဇာတ်နဲ့ အတ္ထုပ္ပတ်တွေကို ရုတ်ချည်း ပြင်တတ် ပြောတတ်ပါတယ်။ ရယ်စရာလည်း ပြောတတ်သလို၊ အမူအရာလည်း လုပ်တတ်ပါတယ်။ အိမ်မှာ အဲဒီလို လုပ်တတ် ပြောတတ်တော့ကာ မောင်နှမ သုံးယောက်မှာ အကြီးဆုံး ဖြစ်တဲ့ ကျွန်တော့်ကို ညီငယ်နဲ့ နှမကလေးက ပုံမှန်ဆို ကြောက်ပေမယ့်လို့ ကျွန်တော်ကိုယ်တိုင်က ပေါလွန်းတဲ့အခါ သူတို့က တခါတလေတော့လည်း နောက်တတ်ကြပါတယ်။

ကိုကြီး၊ ကိုလတ်၊ ညီမလေးဆိုပြီး မောင်နှမ သုံးယောက်ကို အဲဒီလို ခေါ်ဖို့ အမေက သင်ထားပေမယ့် ကျွန်တော် အပေါ၊ အပေါ့၊ အပျော်၊ အပြက်တွေကြောင့် ကိုကြီးပေါလို့ သူတို့က စိတ်ကောင်းဝင်ရင် ခေါ်ကြပြီး စိတ်ဆိုးရင်တော့ ငပေါကြီးလို့ ခေါ်ကြပြန်ပါတယ်။ အခု အသက်ကလည်း ကြီးလာ၊ အလုပ်ကလည်း တည်တည်တံ့တံ့ကလေးနဲ့ဆိုတော့ ဦးကြီးပေါ ဒါမှမဟုတ် ဦးပေါကြီးလို့ ခေါ်ကြပါတယ်။

ခေါ်စကတော့ အင်မတန် စိတ်ဆိုးလို့ လိုက်ထိုးခဲ့ပေမယ့် အခုတော့ ဒါလေးကိုက အရသာ ဖြစ်နေခဲ့ပါတယ်။ အဲဒါကိုလည်း သူ့ဟာသူသာ သိပ်ဖြစ်ထွန်းအောင် လုပ်ကိုင်လေ့ မရှိပေမယ့် ကျွန်တော့်ကို အမြဲစောင့်ကြည့် ဝေဖန်နေတတ်တဲ့ ကျွန်တော့်ညီငယ် (ကျွန်တော့်ဆရာ) ကပဲ ပေးခဲ့တာပါ။

နောက်တခုကတော့ ကျွန်တော်က ငယ်ငယ်ကထဲက ရပ်ကွက်ထဲမှာရော၊ ကျောင်းတုန်းက သူငယ်ချင်းတွေ ကြားမှာရော၊ နောက် လုပ်ငန်းခွင်ရောက်လို့ အလုပ်ထဲမှာရော ဘယ်နယ်ဖြစ်ဖြစ်ပါ ရင်းရင်းနှီးနှီး စိတ်ပေါင်းကိုယ်ပေါင်း ပေါင်းတဲ့ အပေါင်းအသင်း နည်းပါတယ်။

ရပ်ကွက်ထဲမှာတော့ ညီဖြစ်သူနဲ့ အတွဲညီပေမယ့်လို့ ကျောင်းမှာကျ ကိုရဲဆိုတဲ့ သူငယ်ချင်းတယောက်နဲ့ပဲ အတည်တကျ ပေါင်းပါတယ်။ စကားတူ၊ အတွေးတူ၊ အဂေါက်တူလို့ ပြောရမလားပါပဲ။ သူကလည်း ကမ္ဘာ့အဆင့်မီ မြန်မာ့ဂုဏ်ဆောင် သိပ္ပံပညာရှင်တယောက် ဖြစ်ဖို့လောက် မှန်းထားသူပါ။ ဒီတော့ အတန်းထဲမှာ ပြောလိုက်ရင် သူငယ်ချင်းချင်း နားမလည်တဲ့ စကားတွေနဲ့ အတွေးတွေကို သူက ပြောတတ်ပါတယ်။ အဲ… သူ့စကားကို နားလည်သူက တယောက်ထဲပါ၊ ဟုတ်ကဲ့… ကျွန်တော်ပါပဲ။

ဒီတော့ ဒီလို သူငယ်ချင်းနှစ်ယောက်မှ မရင်းရင် ဘယ်သူတွေက အခင်ဆုံး သူငယ်ချင်း ဖြစ်နိုင်မလဲလေ။ နောက်တော့လည်း သူ့အဖြစ်မှန် သူ သိသွားလို့လား မသိပါဘူး၊ ကိုရဲက ကျွန်တော် ကောလိပ်ပြီးလို့ အလုပ်ဝင်စမှာပဲ သင်္ဘော သုံးလေးခေါက် ဆင်းပြီးတဲ့ (သူက ၁၀ တန်း အောင်ပြီး ကထဲက အဝေးသင် တနှစ်လား တက်ပြီး သင်္ဘော တက်သွားတာကိုး၊ ကျွန်တော့်မှာသာ ပိတ်လိုက်ဖွင့်လိုက် ကျောင်းကြီးကို စိတ်ရှည်ရှည်နဲ့ စောင့်ပြီး မပြီးပြီးအောင် တက်နေခဲ့တာကိုးဗျ) ဓနရှင်ပေါက်စလိုလို ဖြစ်ပြီး အိမ်ထောင်ကျသွားပါတယ်။ အခုတော့ သားသမီးတွေ ပွားစီးလို့ အဖိုးကြီးပေါက်စ ဖြစ်နေပြီ ထင်ပါတယ်။

ဆိုချင်တာက ကျွန်တော်ဟာ သူများတွေ မပေါင်းနိုင်တဲ့သူကို ရင်းရင်းနှီးနှီး ပေါင်းလို့ ရပါတယ်။ သူများတွေ ကြောက်တဲ့ လူကိုလည်း ကျွန်တော်က မကြောက်တတ်ပါဘူး။ အလိုက်သင့် အလျားသင့် ကျွန်တော် နေတတ်၊ ဖြေတတ်၊ ပူးတတ်၊ ခွာတတ်ပါတယ်။ လူပေါင်းစုံနဲ့ အဆင်ပြေအောင် ပေါင်းသင်းတတ်တဲ့ လူတယောက်ဖြစ်အောင် လေ့ကျင့်ထားပါတယ်။ (တခါတလေ အတည်ပေါက်နဲ့ စတတ်/နောက်တတ်တာက လွဲလို့ပေါ့လေ)။

တချို့ကျလည်း ကျွန်တော့်ကို အချဉ်လို့ တွက်တော့ ကျွန်တော်ကလည်း ချဉ်ချဉ်လေးပဲ နေလိုက်ရပါတယ်။ တချို့ကလည်း အချိုမှတ်လို့ ကျွန်တော့်မှာ ချိုပျစ်လိုက်ပါတယ်။ တချို့ကလည်း အဖန်လေးမှတ်ပြီး ဖန်ကြည့်တော့ ကျွန်တော်ဟာ ဖန်သွားပြန်ပါတယ်။ ဒီလိုပဲ အစပ်၊ အငန်… ကြိုက်သလို အရသာနဲ့ အသုံးတော် ခံနိုင်သလို တချို့ကျတော့လည်း ဆက်ဆံလို့ လက်လန်သွားတဲ့ခါ ခါးခါးသီးသီး ဖြစ်သွားကြပါတယ်။ ကျွန်တော်က အဲဒီလို အရသာ ခြောက်ပါးနဲ့ ပြည့်စုံတဲ့ ချာတိတ်ကလေးဖြစ်အောင် ကြိတ်ကျင့်နေတဲ့သူလည်း ဖြစ်ပါတယ်။

အဲ… အဲဒါကို တခြားလူ မရိပ်မိပေမယ့် ကျွန်တော့်ဆရာ ညီငယ်က သိနေပြန်ပါတယ်။ ဒီငနဲက တခြားနေရာသာ မတော်ရင်နေမယ်၊ သူ့အကို ကျွန်တော့်ကိုတော့ မျက်စိထောင့်ထောက်ကြည့်နေတာဆိုတော့ သိသွားပြန်ပါတယ်။ မင်းက ငဖောပဲတဲ့…၊ အကုန်လုံးကို လိုက်ဖောနေတာပဲလို့ ကောင်းချီးပေးပါတယ်။ ဒီလိုနဲ့ ကျွန်တော်ဟာ ငဖော ဒါမှမဟုတ် ကိုဖောဖြစ်ခဲ့ပြန်ပါတယ်။

ကျွန်တော့်မှာ ဒီနာမည်တွေ ရှိခဲ့တယ်ဆိုတာ သိသူ နည်းပါတယ်၊ အခုတော့ လူလည်း ဆုံပြီမို့ (ပြည်တော်ပြန်များနဲ့ မဆိုင်ပါ) မွေးနေ့လည်း အသစ်တဖန် ရောက်လို့ လာတော့မယ့်အခါမှာ ဆရာသမား ညီငယ်ကို သတိရလို့ (သူ့ကဗျာလေး ဖတ်ပြီးနောက်မှာလည်း တခုခု ရေးချင်လာလို့) အလွမ်းအဆွေးနဲ့ ရေးလိုက်ရပါတယ်ခင်ဗျာ။

ညီငယ် ကျန်းမာ ချမ်းသာလို့ အလုပ်အကိုင်တွေ အဆင်ပြေပါစေ၊ အမေ့ကိုလည်း စောင့်ရှောက်နိုင်ပါစေဗျာ။

၂၀၁၂ စက်တင်ဘာ ၈၊ နံနက် ၁၁ နာရီ။

လန်ဒန်။

by Myo Tha Htet on Tuesday, 14 February 2012 at 10:39·

ချစ်သူများနေ့ဟာ ချစ်သူခင်သူတွေအတွက်တော့ အမှတ်ရစရာ ဖြစ်ပါတယ်။ ကျွန်တော့်အတွက် အမှတ်ရချက်ကတော့ တဘ၀စာပါပဲ။ ဒါတောင် တချက်တချက် မေ့ချင်ချင် ဖြစ်သွားတတ်ပါသေးတယ်။ သေသောသူ ကြာရင်မေ့ ဆိုတဲ့ စကားဟာ တကယ်များ သက်ဝင်ခဲ့ပြီလား။ ၁၉၉၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျွန်တော့်ရဲ့ ကျေးဇူးရှင် ဖခင်ကြီး ဆုံးပါးသွားခဲ့ပါတယ်။ လူပျိုပေါက်အရွယ် ကောလိပ်ပြီးလုလု ကျောင်းသားလေး ကျွန်တော် အသက် ၂၃ နှစ်၊ မျက်ရည်တွေ ခင်းကျင်းထားတဲ့ မမေ့နိုင်စရာ နေ့ကလေး တနေ့ပါပဲ။

အဖေ

ကလေးအရွယ်မှာ အဖေ့ကို ကျွန်တော် ချစ်ခဲ့တဲ့၊ အားကျခဲ့တဲ့ အကြောင်းအရာတွေ အတော်များများ ရှိခဲ့ပါတယ်။ မှတ်မိသလောက် ပြောရရင်တော့ ပထမဆုံး အဖေ့လက်ဖ၀ါးကြီးတွေကို ကျွန်တော် သဘောကျခဲ့တယ်။ ကျွန်တော့် အသက် ၅ နှစ်လောက် ရှိဦးမှာပေါ့။ ကျွန်တော့် လက်ဖ၀ါးလေးတွေက သေးသေးလေးတွေပေါ့၊ အဖေ့လက်ဖ၀ါးကြီးကို ကိုင်ကြည့်ပြီး အဖေ့လိုပဲ လက်ဖ၀ါး အကြီးကြီး ရှိချင်ခဲ့တယ်။ အဖေ့လက်ဖ၀ါးကြီးတွေကို ကိုင်ကြည့်လိုက်တဲ့ အခိုက်အတန့်မှာ ကျွန်တော့်ဆီမှာ အင်အားတွေ အများကြီး ရှိသွားသလိုပါပဲ။

အသက် ၇ နှစ်၊ ဒုတိယတန်းလောက်မှာတော့ အဖေ့ကို ကျွန်တော့် အားကျချက်က တောက်မယ့်မီးခဲ တရဲရဲ ဆိုသလိုပေါ့… အဖေ ဆေးပေါ့လိပ် သောက်တာကို အားကျခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သောက်ရပါမလဲလေ၊ အဗျင်းခံရမှာပေါ့။ ဒါနဲ့ပဲ အတုခိုးလို့ရတဲ့ဟာကို အတုခိုးခဲ့ ပါတယ်။

အဲဒါကတော့ မနက်မိုးလင်းတာနဲ့ အဖေက မျက်နှာသစ်ပြီး စောင့်နေချိန် သတင်းစာပို့သမား စက်ဘီး အနင်းမပျက် ပစ်ထည့်သွားတဲ့ သတင်းစာကို တနာရီလောက် ကြာအောင် မှင်နီ၊ မှင်ပြာနဲ့ တားရင်း ဖတ်တတ်တဲ့ အဖေ့အကျင့်ကို အတုခိုးခဲ့တာပါ။ ပထမတော့ စာလုံးပေါင်းဖတ်ပေါ့၊ နောက်ပိုင်းမှာတော့ သတင်းစာကို ခပ်သွက်သွက် ကျွန်တော် ဖတ်လာနိုင်ပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌကြီး ဦးနေ၀င်း၊ နိုင်ငံတော် သမ္မတကြီး ဦးစန်းယု စသဖြင့် နိုင်ငံတော်အဆင့် ခေါင်းဆောင်တွေ၊ ပြည်နယ်/တိုင်းအဆင့် ခေါင်းဆောင်တွေကို အဲဒီအချိန် ကထဲက ကျွန်တော်ရင်းနှီး ကျွမ်းဝင်နေခဲ့ပါပြီ။

အဖေက မအောင်မြင်တဲ့ နိုင်ငံရေးသမား၊ ရည်မှန်းချက်ပြင်းပြင်း မရှိတဲ့ သာမန်စာပေသမား ဖြစ်တာမို့ လေသာ များတယ်၊ အလုပ် မဖြစ်ဘူးလို့ ကျွန်တော် သုံးသပ်ခဲ့ပါတယ်။ အဖေ့ကိုလည်း ကျွန်တော် ဝေဖန်နိုင်စွမ်းရှိတဲ့ အသက်အရွယ်ကစလို့ ဝေဖန်ခဲ့ပါတယ်။ အဖေဆိုတော့ ပေါ်တင်ကြီးတော့ ပြောလို့ မရဘူးပေါ့လေ၊ ဟိုလိုလို ဒီလိုလို ပြောတာပေါ့။ သားပါးစပ် ဟလိုက်တာနဲ့ အူဘယ်နှခွေ ရှိတယ် ဆိုတာကို သိတဲ့အဖေက စကားပိတ် တခွန်းပြောလိုက်ရင် ကျွန်တော် အမြဲလိုလို ဇက်ပုသွားရပါတယ်။ “မင်းက အဖေလား၊ ငါက အဖေလား“ တဲ့။

အမေ့သားကျွန်တော်

တကယ်တော့ အမေနဲ့အဖေက ကျွန်တော် ၁၃ နှစ်သားမှာ ကွဲသွားကြတာပါ၊ သားကြီးဖြစ်တဲ့ ကျွန်တော်အပါဝင် သားသမီးသုံးယောက်က အမေနဲ့ အတူနေထိုင်ပြီး၊ အဖေကတော့ သူ့မိခင်ကြီးအိမ်မှာ အခန်းလေး တခုယူလို့ တယောက်ထဲ နေထိုင်ရတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ မပီပြင်တဲ့ နိုင်ငံရေးသမားနဲ့ အသည်းကွဲ စာပေသမားကြီးဟာ အရက်ကိုသာ ပဓာနအဖော်အဖြစ် မှီဝဲရင်း တကိုယ်တော်ဘ၀မှာ ၁၀ နှစ်ကြာ ရွက်လွှင့်ခဲ့ပြီး ဆုံးပါးခဲ့ပါတယ်။

အမေ့ရဲ့ အဖေ့ကို မုန်းတဲ့ အမုန်းတွေ၊ ခပ်ရဲရဲ ဝေဖန်သုံးသပ်ချက်တွေကို နေ့စဉ်ကနေ အမြဲလိုလို ကြားခဲ့ရတဲ့ သားကြီး ကျွန်တော်ကတော့ ယောက်ျားတယောက်ဟာ မအောင်မြင်ရင် ဂွမ်းပြီဆိုတဲ့ အသိတခုကိုတော့ ငယ်ငယ်လေးကထဲက ပိုင်ပိုင်နိုင်နိုင် ရရှိခဲ့ပါတယ်။ အဖေ့ကို အားမလို အားမရ ဖြစ်ခဲ့တဲ့ ကျွန်တော်ဟာ အမေ့ပုံစံ၊ အမေ့ဟန်တွေကိုပဲ အားကျခဲ့ပါတော့တယ်။ အဖေ့သားထက် အမေ့သား ကျွန်တော် ဖြစ်ခဲ့ပါတော့တယ်။

သားရယ် ဂုဏ်ယူစမ်းပါရစေကွာ

အဖေဟာ မအောင်မြင်သူမှန်း သူ့ကိုယ်သူလည်း သိပါတယ်။ သူဟာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာလည်း ဖတ်နိုင်၊ ရေးသားနိုင်ပါတယ်၊ အပြော အဟောလည်း ကောင်းပါတယ်၊ အရေးအသားကလည်း မညံ့တဲ့ထဲကပါ၊ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဘာကြောင့်လဲလို့ သားဖြစ်သူ ကျွန်တော့်အနေနဲ့ သုံးသပ်ကြည့်တော့ အဖေ့မှာ ပြင်းပြတဲ့ ရည်မှန်းချက် မရှိတာရယ်၊ တခုခု တဘက်ဘက်မှာ ပေါက်မြောက်အောင် ဆက်တိုက် အလုပ် မလုပ်ခဲ့တာရယ်ကို တွေ့မိပါတယ်။

အဲဒီလို အဖေက လူပျိုပေါက် ဖြစ်တော့မယ့် သားကြီးကို ဆုံးမဖို့ကျတော့ သူကိုယ်တိုင် မယုံမရဲ ဖြစ်နေခဲ့ပုံရပါတယ်။ အမေက အဖေနဲ့ တွေ့တာကို မကြိုက်ပေမယ့် သားဆိုတာမျိုးက အဖေကို အားကျတတ်တဲ့ အမျိုးဆိုတော့ ကျွန်တော်တို့ ညီအကိုဟာ အလှည့်ကျ ဆိုသလို အဖေနဲ့ ခိုးခိုးတွေ့တတ်ပါတယ်။ ညီငယ်ကတော့ အဖေ့လိုပဲ အပြောကောင်း၊ အဟောကောင်းဆိုတော့ သူတို့ ဘယ်လိုတွေ စကားပြောသလဲ ဆိုတာတော့ ကျွန်တော် မသိပါဘူး။ ကျွန်တော်နဲ့ ဆိုရင်တော့ အဖေက အင်မတန် လေးနက်နေပြီး၊ တခုခုကို ခံစားနေရတဲ့ အသွင်လည်း ဆောင်နေတတ်ပါတယ်။

ကျွန်တော်ကရော ဘာထူးဦးမှာလဲ၊ ကျွန်တော်ကလည်း အဖေနဲ့ တွေ့တဲ့အခါ ကြက်ကြီး လည်လိမ်ခံထားရသလို ခံစားနေရတာပေါ့…၊ စိတ်ထဲမှာ တွေးမိတာကတော့ ငါတို့ သားအဖ ကံနှယ်… ဆိုးလိုက်တာ၊ ဘာဖြစ်လို့များ ဒီလို အခြေအနေတွေ ဖြစ်လာတာလဲပေါ့။

နောက်ပြီးတော့ ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်တခုမှာ သားအဖ နှစ်ယောက် တွေ့ကြတာဆိုတော့ ရပ်ကွက်ထဲက လူတွေကလည်း ကျွန်တော်တို့ မိသားစု အကြောင်း သိနေကြတာပေါ့။ ဒီတော့ သူတို့ကလည်း ဂရုဏာသက်တဲ့ မျက်လုံးတွေနဲ့ ရှိကြတာပေါ့။ တကယ့်ကို အဆင့်မြင့် မြန်မာဗီဒီယိုဇာတ်ကားထဲက မျက်ရည်ချု ဇာတ်ကွက်တကွက်ပါပဲ။

အဖေကတော့ သူ့ရှိစုမဲ့စုလေးနဲ့ သား လက်ဖက်ရည်သောက်၊ အီကြာကွေးစား၊ မုန့်တွေ စားဖို့ ပြောတာပေါ့။ ကျွန်တော့်မှာတော့ အမေ မသိအောင် အချိန်လေး ခိုးပြုပြီး လာရတာ၊ အဖေ ပြောစရာရှိ ပြော၊ ကျွန်တော့်ကို ဆုံးမစရာ ရှိလည်း နားထောင်မယ်ပေါ့။ လူငယ်ဆိုတော့ စိတ်မကောင်းတာကတပိုင်း၊ စားစရာရှိတာလည်း ကြိတ်လိုက်တာပေါ့လေ။ ပြီးတော့ ငူတူတူနဲ့ ပါးစပ်လေး ဟပြီး အဖေ့ကို ကြည့်နေတာပေါ့။

အဖေက ပြောတယ်၊ ဆုံးမတယ် ဆိုတာတွေကလည်း အရင်တခေါက်တွေ အတိုင်းပါပဲ။ လိမ်လိမ်မာမာနေဖို့၊ အမေ စိတ်ဆိုးအောင် ဂျစ်ကန်ကန်တွေ မလုပ်ဖို့၊ ညီနဲ့ ညီမငယ်လေးကို အကိုကြီးပီပီ ကြည့်ရှုစောင့်ရှောက်ဖို့နဲ့ နောက်ဆုံးတခုကိုတော့ သူ လေသံတိုးတိုး အားလျော့လျော့နဲ့ ပြောတာပါ။ အဲ… တခုခု အကူအညီလိုရင် သူ့ကို ပြောဖို့ပေါ့၊ အဖေ မတတ်နိုင်ဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒီတော့ ဘယ်ပြောပါ့မလဲဗျာ… ဒါပေမဲ့ အဖေဆိုတော့လည်း သူ့အနေနဲ့ ပြောစရာရှိတာတွေတော့ ပြောတာပေါ့။

ပြောနေရင်းတန်းလန်းနဲ့ “သားကြီးကလဲကွာ… အဲဒီလို ပါးစပ်ကြီးဟပြီး မနေစမ်းနဲ့ကွာ… အဖေ မကြိုက်ဘူး“ တဲ့။ ပြီးတော့ အဖေဟာ တဖက်ကို လှည့်ပြီး ၀မ်းနည်းလာတဲ့ စိတ်ကို ထိန်းလိုက်ပုံ ရပါတယ်။ ပြီးတော့ ဆက်ပြောတယ် “နှုတ်ခမ်းကို တင်းတင်းစေ့ထားစမ်းကွာ၊ ယောက်ျားဆိုတာ ဘာမဆို လုပ်နိုင်ရတယ်ကွ၊ နောက်တခါ အဖေနဲ့ တွေ့တဲ့အခါ ပါးစပ်ကြီးဟပြီး ငေးနေတာမျိုး မတွေ့ချင်ဘူး“ တဲ့။ ကျွန်တော် တော်တော် အံ့သြသွားပါတယ်။

အဖေဟာ သူ့ ရင်ထဲမှာ သည်းလှိုက်အူလှိုက် ၀မ်းပန်းတနည်း ခံစားနေရပြီး ကျွန်တော့်ကို ပြောတာကျတော့ ဗိုလ်ချုပ်တယောက်က သူ့တပ်သားသစ်တယောက်ကို အမိန့်ပေးသလို ခိုင်းနေတာမျိုးပါ။ သူ့ သားကြီးကို ငေးငေးငိုင်ငိုင် ယောင်တောင်တောင် အားပျော့ပျော့ ချာတိတ်တယောက် ဖြစ်သွားမှာကိုတော့ သူလုံးဝကို မလိုလားပါဘူး။ ဒါကို ကျွန်တော် အဖေ့ဆီမှာ တွေ့လိုက်ရလို့ ၀မ်းသာပါတယ်။ အဖေ့ကိုလည်း တအားချစ်သွားပါတယ်။

အဲဒီကထဲကနေ ၁၄/၅ နှစ်သားလေးဟာ ကျွန်တော်ဟာ လိုအပ်လည်း တည်၊ မလိုအပ်လည်း တည်ပြီး နေခဲ့မိပါတော့တယ်။ အဖေ ငါ့ကို မြင်တိုင်း ဂုဏ်ယူ အားကိုးလောက်တဲ့ ယောက်ျားမျိုးပုံစံ ပေါက်နေစေရမယ်လို့လည်း ကိုယ့်ဘာသာ ဆုံးဖြတ်ခဲ့ပါတော့တယ်။

အဖေဟာ မဆုံးခင် တနှစ်၊ နှစ်နှစ်အတွင်းမှာတော့ အတော်ကြီးကို ကျသွားခဲ့ပါပြီ။ အသက် ၅၇၊ ၅၈ တွင်းလည်း ရောက်လာချိန်မှာပေါ့။ အဖေနဲ့အမေဟာ အရပ် ၅ ပေစီပဲ ရှိပါတယ်။ ကျွန်တော်တို့ မောင်နှမတွေက မျိုးဆက်တဆက် ခုန်ကျော်တဲ့ ဗီဇကို ရလို့ ထင်ပါတယ်။ သားသမီးတွေကျတော့ နှစ်ဘက် အဖိုးအဖွားတွေအတိုင်း အရပ်မြင့်ကြပါတယ်။ ကျွန်တော်ဆို ၅ ပေနဲ့ ၁၀ လက်မ မြင့်ပါတယ်။

ကျွန်တော့်အရပ်ကို ကြွားတာ မဟုတ်ပါဘူး။ ပြောပြချင်တာက ခုနလို တော်တော်ကျသွားတဲ့ အဖေဟာ သူ့ဆီ သွားလည်တဲ့အခါကျရင် သူ့သားကြီး ကောလိပ်ကျောင်းသားကို ဖြတ်သန်းသွားလာနေကြတဲ့ ရပ်ကွက်ထဲက သူ့မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ အမျိုးတွေကို ကြွားတတ်ပါတယ်။ ဒီကောင်က ကောလိပ်တက်နေတာ… ကျွန်တော့် သားကြီးပေါ့၊ စာသိပ်တော်တဲ့ကောင်ဆိုပြီး ကြွားတော့တာပါပဲ။

အမှန်က ကျွန်တော် ဒီလောက် မတော်ဘူးဆိုတာ ကျွန်တော်သာ အသိဆုံးပါ။ နောက်ပြီး အသက် ၅၀ ကျော် အဖိုးကြီးပေါက်စက အဲဒီလို စကားတွေ ပြောနေတာမှာ သူ့ဟာသူ ဘယ်လိုမှ မနေတဲ့အပြင် ပျော်နေတာကို တွေ့ရပါတယ်။ အသက် ၂၀ ၀န်းကျင် လူပျိုပေါက် ကျွန်တော်ကတော့ ရှက်နေပါတယ်။ အဖေ့ကို ကြောက်လို့သာ ဘာမှ မပြောတာပါ၊ ပြောခွင့်သာရင်တော့ အဖေရယ်၊ လျှောက်မပြောပါနဲ့ဗျာလို့ ပြောလိုက်ချင်တာပါ။

ဒါပေမဲ့ သုံးခေါက်လောက် အဖေ အဲဒီလို လုပ်ပြီးချိန်မှာ ကျွန်တော် စိတ်ပြောင်းသွားပါတယ်၊ ရှက်တဲ့ စိတ်လည်း မရှိတော့ပါဘူး။ နဂိုကလို ရယ်ကျဲကျဲ၊ မချိတိတိလည်း မလုပ်တဲ့အပြင် အဲဒီလူတွေကိုတောင် ကျွန်တော် နှုတ်ဆက်စကား ပြောလိုက်ပါသေးတယ်။ အဖေ့ကိုလည်း ခပ်တင်းတင်း ဖက်လိုက်မိပါတယ်။ အဖေ့ဦးခေါင်းဟာ ကျွန်တော့်ရင်ဘတ်ထဲမှာ ဖြစ်နေခဲ့ပါပြီ…။

အဖေက တကြိမ်မှာ ကျွန်တော့်ကို မေးခဲ့ဖူးပါတယ်။ မင်းက အဖေလား၊ ငါက အဖေလားတဲ့။ အခုတော့ အဖေ့ဟာ ကလေးလေး တယောက်လောက်ပဲ ရှိပါလားလို့ ကျွန်တော် တွေးခဲ့မိပါတယ်။ အဖေကတော့ နှုတ်ခမ်းတင်းတင့်စေ့ထားတဲ့အပြင် ထွားထွားကြိုင်းကြိုင်းကြီး ဖြစ်နေတဲ့ သူ့သားကြီးအတွက် အင်မတန်မှကို ဂုဏ်ယူနေခဲ့ပါတယ်။

ချစ်သူများနေ့ အဖေထွက်ခွာ

ကျွန်တော်ဟာ တနေ့သော ရက်တခုကို စိတ်တထင့်ထင့်နဲ့ စောင့်နေခဲ့ဖူးပါတယ်။ အဲဒါကတော့ တယောက်တည်း အထီးကျန်နေထိုင် နေရတဲ့ အဖေတယောက် ဆုံးပါးမယ့် အချိန်ပါ။ ကျွန်တော်တို့ မြန်မာရုပ်ရှင်တွေမှာ ကြည့်ဖူးသလို (စကားမစပ် ငယ်ငယ်က ကျွန်တော် မြန်မာရုပ်ရှင်ကားတွေ အကြည့်များခဲ့ပါတယ်) တယောက်ယောက်က “မင်း… အဖေ ဆုံးပြီ“ လို့ သတင်းစကား ပါးလာမယ့်နေ့ပါ။ အဖေနဲ့ ကျွန်တော်တို့ တနေရာစီ နေကြရတော့ အဖေဆုံးပြီဆိုရင် တယောက်ယောက်က အဲဒီလို ပြောလာမှာပဲဆိုပြီး စိတ်ပူပင်စွာနဲ့ စောင့်နေခဲ့တာပါ။

တကယ်ပဲ အဲဒီနေ့ဟာ ရောက်လာခဲ့ပါတယ်။ တညမှာ (၉ နာရီသာသာလောက်မှာ) အဖေ့မိတ်ဆွေ လူငယ်တယောက်က လမ်းထဲမှာ ကျွန်တော့် နာမည်ကို အကျယ်ကြီး အော်ခေါ်နေပါတယ်။ ပထမတော့ အိပ်မက် မက်နေတယ်လို့တောင် ထင်တာပါ။ နောက်မှ အမေက ဟဲ… နင့်နာမည် အော်နေတာပဲ၊ ထွက်ကြည့်စမ်းဆိုတော့မှ ကြောင်တောင်တောင် ဖြစ်နေရာကနေ ထွက်ပြီး မေးစမ်းကြည့်တော့ အဲဒီ အကိုက “မင်း အဖေ… အခြေအနေ မကောင်းတော့ဘူး၊ အမြန်လိုက်ခဲ့… ဆေးရုံတော့ ပို့သင့်တယ်“ လို့ ပြောပါတယ်။

ကျွန်တော်ကလည်း အသက် ၂၀ ကျော် အရွယ်သာဆိုတော့ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိဘူးပေါ့ဗျာ၊ နောက်ပြီး အဖေဟာ သူ့အမေအိမ်မှာ နေတာပဲ၊ ဘာဖြစ်လို့ အဲဒီအိမ်က လူတွေက မကြည့်တာလဲ၊ ဆေးရုံတွေ ဘာတွေ ဘာလို့ မပို့တာလဲလို့ တွေးမိပါတယ်။ အမှန်တော့ အဖေ့ မိခင်ကြီး၊ အဖေ့ အမ အပျိုကြီးတွေက ဆုံးပါးသွားပါပြီ။ ညီတွေ၊ ညီမတွေကလည်း စောစောပိုင်းက ကြည့်ကြပေမယ့် ကြာလာတော့ သူတို့လည်း မကြည့်ရှု၊ မစောင့်ရှောက်တော့ပါဘူး။

ဒီတော့ အဖေက သူ့တကိုယ်စာ စားလောက်အောင် သူ့သူငယ်ချင်း မုန့်ဖိုကနေ မုန့်ဟင်းခါးနဲ့ ခေါက်ဆွဲဖတ်တွေ ယူပြီး သူ့အခန်းလေး ရှေ့မှာ ရောင်းရပါတယ်။ သူ့အတွက်တော့ စားလောက်တာပေါ့လေ။ အခုလို သေရေး၊ ရှင်ရေးဖြစ်တော့ အဖေ့ ညီတွေ၊ ညီမတွေကလည်း သူတို့ ပိုက်ဆံကုန်မှာစိုးလို့ ထင်ပါတယ်၊ ဘာမှ မလုပ်ပေးကြပါဘူး။ သူတို့တွေကလည်း သားသမီးတွေ များပြီး သိပ်လည်း ပြေလည်ကြသူတွေ မဟုတ်တော့ ကျွန်တော်လည်း ဘယ်သူ့အပြစ်တင်ရမှန်း မသိတော့ပါဘူး။

နောက်တော့ အမေက ပိုက်ဆံတွေ ထုတ်ပေးပြီး “ကဲ… မင်းက သားကြီးပဲ၊ လိုက်သွား… မင်း အဖေကို ဆေးရုံပို့ပေါ့“ တဲ့။ ကျွန်တော်လည်း အမေ့ကို ကျေးဇူးတင်တဲ့ အကြည့်နဲ့ ကြည့်ပြီး ပိုက်ဆံကို လွယ်အိတ်တလုံးနဲ့ ထည့်လို့ လာခေါ်တဲ့ အကိုနဲ့အတူ အဖေ့အခန်း ပြန်ပြေးလာပြီး အဖေ့ကို ဆေးရုံတင်ရပါတော့တယ်။

အရက်တွေ သောက်တာများပြီး၊ ဦးနှောက်သွေးကြော ပြတ်သွားပုံရတဲ့ အဖေဟာ ဆေးရုံသွားနေတဲ့ အငှားကားပေါ်မှာပဲ သတိ မရှိတော့ပါဘူး။ “အဖေရေ… အဖေရေ… အားတင်းထားပါဦးဗျာ၊ အဖေအားကိုးတဲ့ သားကြီး အဖေ့ဘေးမှာ ရှိနေပြီလေ“လို့ အသံထွက်တဲ့အထိ ပြောပေမယ့်လည်း အဖေကြားမကြား ကျွန်တော် မသိတော့ပါဘူး။ အဖေဟာ မျက်စိလည်း မဖွင့်တော့ပါဘူး၊ အသိလည်း မရှိတော့ပါဘူး။

အဖေ့ကို ရန်ကုန်ဆေးရုံကြီး အရေးပေါ်တင်၊ နောက်တော့ ဦးနှောက်နဲ့ အာရုံကြောရောက်… အဖေ့ဟာ သတိပြန်မလည်လာတော့ဘဲနဲ့ သုံးရက်မြောက်နေ့မှာ ထင်ပါတယ်၊ ဆုံးပါးသွားပါတော့တယ်။ အဲဒီနေ့ဟာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ပါ။ ကျွန်တော့်ဘ၀ထဲက စိတ်အထိခိုက်ရဆုံး နေ့တနေ့ပါပဲ။

မနေ့ညကတော့ အမေနဲ့ အွန်လိုင်းမှာ တွေ့လို့ စကားပြောကြပါတယ်။ သာကြောင်းမာကြောင်းပြောဆိုပြီး အမေက အွန်လိုင်းကနေ ဆင်းသွားပါတယ်၊ ခဏနေတော့ အမေ ပြန်တက်လာပြန်ပါတယ်။ ဘာများ အရေးတကြီး ပြောစရာ ကျန်နေပါလိမ့်လို့ ကျွန်တော် စိတ်ထင့်သွားပါတယ်။ ဒါပေမဲ့ အမေ ပြောတာက ကျွန်တော် မေ့နေတဲ့ အဖေ့ အကြောင်းပါ။

“သားကြီး… မနက်ဖြန် မင်းအဖေ နှစ်ပတ်လည်ပဲ၊ အဖေ့ကို သတိတရ ရှိခိုးပြီး၊ မင်း ပြုခဲ့သမျှ ကုသိုလ်တွေကို အဖေ အမျှယူပါလို့ အမျှဝေပါ“ တဲ့။ အမေက ဒါပဲ ပြောပြီး အွန်လိုင်းကနေ ပြန်ဆင်းသွားပါတယ်။

အင်း… ကျွန်တော်လည်း တော်တော်ဆိုးတဲ့ သားပဲ၊ အဖေ့ကို မေ့သွားတယ်။ သေသောသူ ကြာရင် မေ့တဲ့၊ တကယ်တော့ မကြာသေးပါဘူး… လွန်ခဲ့တဲ့ ၁၃ နှစ်ကပါပဲ။ ကျွန်တော် အဖေ့အကြောင်း ပြန်စဉ်းစားလိုက်တိုင်း အဖေနဲ့ပတ်သက်တဲ့ အကြောင်းအရာတိုင်းဟာ လတ်လတ်ဆတ်ဆတ်ကြီးကို ခံစားနေရပါသေးတယ်။ အဖေရေ… သားကြီး တောင်းပန်ပါတယ်၊ ရိုရိုကျိုးကျိုးလည်း အဖေ့ကို ရှိခိုးပါတယ်၊ ကျွန်တော်ပြုခဲ့သမျှ ကောင်းမှုကုသိုလ်တွေအတွက်လည်း အမျှယူပါခင်ဗျာ။

၂၀၁၂ ဖေဖော်ဝါရီလ ၁၄ ရက်၊ ချစ်သူများနေ့။

မွန်းလွဲ တချက်တီး၊ အင်္ဂါနေ့၊ ဘန်ကောက်။

၂၀၀၉ ကနေ ၂၀၁၀ ကို ၀င်တော့ “လာပဟေ့… ၂၀၁၀ ဟာ ငါ့နှစ်ပဲ“ လို့ တွက်ခဲ့ဖူးပါတယ်။ ၂၀၁၀ မှာ ဘာလုပ်ပစ်မယ် ညာလုပ်ပစ်မယ်၊ ဘာဖြစ်စေရမယ်၊ ညာဖြစ်စေရမယ်ဆိုပြီး စိတ်ကြီးဝင်ခဲ့ဖူးတယ်၊ အတွေးလေလုံး ကြီးခဲ့ဖူးတယ်။ အခုတော့ ဖြတ်ကနဲ ကုန်ပြန်ပဟေ့လို့ အော်ရတော့မှာပါပဲ။ ကုန်သွားပြန်ပါပြီ။

တနှစ်အတွင်း ဘာတွေလုပ်ဖြစ်ခဲ့သလဲ၊ ဘာတွေချော်သွားခဲ့သလဲ။ ပြန်စဉ်းစားကြည့်မိတယ်။

သူငယ်ချင်း နှစ်ယောက်၊ သုံးယောက်က တနှစ်ကုန်ရင် အီးမေးလ်လေးတစောင် တစောင် ပို့တတ်တယ်။ ဘာရေးထားသလဲဆိုတော့ တနှစ်အတွင်း သူ့အကြောင်း၊ သူ့တို့ မိသားစုအကြောင်း တိုးတက်တာ၊ ဆုတ်ယုတ်တာတွေ ရေးထားတယ်။ ကလေးတယောက် ထပ်မွေးရင် ကလေးဓာတ်ပုံလေးပါ ထည့်ပေးလိုက်တာပေါ့။ အဲဒီ အီးမေးလ်လေးတွေ ရတတ်တယ်။

ဒါဆို ငါလည်း ဒါမျိုး စာတပုဒ်ရေးနိုင်သားပဲလို့ စိတ်ကူးပေါ်မိတယ်။ ဒါနဲ့ပဲ ရုပ်ရှင်ဇာတ်ကားထဲ နောက်ကြောင်းပြန်သလို ဇန်န၀ါရီကနေ စလို့ ၂၀၁၀ ကို ပြန်ကြည့်မိတယ်။

၂၀၁၀ မှာ အကြီးမားဆုံး ဆုံးရှုံးမှုလို့ ပြောနိုင်တာကတော့ စာတအုပ်ကို ဖြစ်ဖြစ်မြောက်မြောက် ဆုံးအောင် မဖတ်ဖြစ်ခဲ့တာပါပဲ။ စာတအုပ်ကို စိတ်ဝင်စားသလောက် ကောက်ဖတ်လိုက်၊ ပစ်ချထားလိုက်၊ နှစ်လလောက်ခြားပြီးမှတခါ ဖတ်ချင်ရင် ပြန်ဖတ်လိုက်နဲ့၊ တော်တော် အလုပ်မဖြစ်ခဲ့တာပါ။ စာအုပ်သာ တွေ့ရင် ၀ယ်ဖြစ်တယ်၊ မဖတ်ဖြစ်ခဲ့ပါ။

တခါ စာလည်း ထင်သလောက် မရေးဖြစ်ခဲ့ပါ၊ လန်ဒန်ရောက်ပြီးပြီးခြင်းမှာ ဇာတိကို လွမ်းမိလို့လား မသိပါ၊ ကိုယ့်ဘာသာကိုယ်တော့ မလွမ်းဘူး ထင်တာပါပဲ။ ဒါပေမဲ့ မသိစိတ်ကတော့ လွမ်းချင်လွမ်းနေမှာပေါ့လေ၊ အဲဒါမှာ ဘာထူးခြားသလဲဆိုတော့ ရောက်ရောက်ချင်းမှာ စာတော်တော် ရေးဖြစ်လိုက်ပါတယ်။ ဘလော့ဂ်မှာ ရေးတာကို ပြောတာပါ။ ၂၀၁၀ တွင်းမှာတော့ စာရေးနည်းခဲ့ပါတယ်။ တော်တော် စိတ်ပေါက်မှပဲ ရေးဖြစ်ပြီး ဒါတောင် တော်တော်အချိန်ဆွဲပြီးမှ ရေးဖြစ်ခဲ့တာပါ။

ရေးဖြစ်တော့လည်း ရေးတုန်းသာ ကြိုက်ပြီး၊ နည်းနည်းကြာလာတော့ မကြိုက်တော့ပါ။ ဘာ့ကြောင့်မှန်းလည်း မသိပါ။ ရေးဖြစ်သွားတဲ့အတွက်ပဲ ကျေနပ်မိပါတယ်၊ စာအရည်အသွေးကိုတော့ အားမရပါ။

၂၀၁၀ နောက်ပိုင်း ခြောက်လမှာတော့ သူငယ်ချင်းတွေနဲ့ ချက်တင် စကားပြောတာ တော်တော့ကို နည်းသွားပြီး၊ ဖေ့စ်ဘုတ်မှာ အချိန် တော်တော် ကုန်လာတာကို သတိထားမိပါတယ်။ ဖေ့စ်ဘုတ်မှာ သူငယ်ချင်းတွေ များလာတာကိုတော့ သဘောကျမိပါတယ်။ လူအစုံ စိတ်အစုံနဲ့ ပေါင်းသင်းကြည့် နိုင်တာကိုးဗျာ။

လူတွေနဲ့ စကားပြောရတဲ့ အလုပ်က စိတ်ဝင်စားစရာ ကောင်းတယ် မဟုတ်လားဗျာ။ ဖေ့စ်ဘုတ်ကနေ ရင်းနှီးပြီး အလုပ်အတွက် အကူအညီတွေလည်း ရခဲ့ပါတယ်။ ဖေ့စ်ဘုတ်ကိုလည်း ကျေးဇူးတင်ရပါတယ်။

၂၀၁၀ မှာတော့ အလုပ်တွေ ပိုလုပ်ဖြစ်ခဲ့ပါတယ်၊ ရောက်ကာစထက် အလုပ်ပိုလုပ်နိုင်လာတာကလည်း အကြောင်းတခု ဖြစ်ပါတယ်။ စကားအပြောအဆိုလည်း နည်းနည်း ပါးနပ်လာတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်မိပါတယ်။ ဒါပေမဲ့ မူရင်း အကျင့်ကတော့ ဖျောက်နိုင်ခဲပါတယ်။ လာထိလို့ကတော့ ချပစ်မယ်ဆိုတာကတော့ အငုံ့စိတ် ရှိနေတုန်းပါပဲ။ ကြိုးစား ဖျောက်ရပါဦးမယ်။

ဘာသာတရားလုပ်ကိုင်တာ၊ တရားထိုင်တာကတော့ ၂၀၁၀ နောက်ပိုင်းနှစ်ဝက်မှာ မလုပ်ဖြစ်တော့သလောက်တောင် နည်းသွားခဲ့ပါတယ်။ အဲဒါကိုတော့ အားမရပါ၊ မကြိုက်ပါ။ အလုပ်များတာ၊ ပင်ပန်းတာကို အကြောင်းပြပြီး ခန္ဓာကိုယ်ကြီးကို ကိုယ့်ဘာသာကိုယ် ညှာတာပြီး အနားပေးလိုက်တာပါပဲ။ အလုပ်က တော်တော် ပင်ပန်းတော့ ပြိုင်းသွားပါတယ်။

ကောင်းတာတွေဘက်ကို နည်းနည်းပြန်ကြည့်မယ်ဆိုရင်တော့ ၂၀၁၀ နှစ်သစ်ကို စိတ်ကူးထားတဲ့အတိုင်း လန်ဒန်မြို့မှာ ကူးနိုင်ခဲ့ပါတယ်။ မတ်လ အားလပ်ရက်မှာ ဥရောပကို ပထမအကြိမ်အဖြစ် သွားနိုင်ခဲ့ပါတယ်။ ပါရီမြို့ကို သွားလည်နိုင်တာဟာ အိပ်မက်ကို အကောင်အထည် ဖော်ခွင့်ရခဲ့လိုက်တာလို့ ပြောနိုင်ပါတယ်။ ဒီနေ့ခေတ် လူငယ်တွေအတွက်ကတော့ ဒါဟာ အိပ်မက် မဟုတ်တော့ပါဘူး၊ မလွယ်ပေမယ့် တကယ်ဖြစ်နိုင်တဲ့ ကိစ္စတခုပါပဲ။

ဥရောပကအပြန် စကော့တလန်ကို ဆက်သွားခဲ့ပါတယ်၊ အအေး စရော့လာတဲ့ အချိန်မို့ ခရီးသွားလို့တော့ ကောင်းပါတယ်။ ကိုယ်ရောက်ဖူးချင်တဲ့ နေရာတွေကို သွားလိုက်ရတာမို့လည်း ကျေနပ်မိပါတယ်။ ပိုက်ဆံတွေတော့ အတော်လေး ကုန်သွားတာပေါ့လေ။

တခါ လန်ဒန်မှာလည်း သွားချင်တဲ့နေရာလေးတွေ သွားဖြစ်ခဲ့သလို ရုပ်ရှင်ကိုလည်း နှစ်ဝက်ပထမပိုင်း တော်တော်လေး ကြည့်ဖြစ်လိုက်ပါတယ်။ ဒုတိယနှစ်ဝက် အားလပ်ရက် တခါရပြန်တော့ ရုပ်ရှင်တွေထဲကလို မြင်းစီးချင်တာကြောင့် လန်ဒန်ကနေ တနာရီသာသာ သွားရတဲ့ Berkshire နယ်မှာ မြင်းသွားစီး ဖြစ်သလို ငယ်ငယ်က ကျောင်းစာထဲ သင်ခဲ့ဖူးတဲ့ ဝေလမင်းသား အပိုင်စားတဲ့ ဝေလနယ်ဘက်လည်း ခရီးဆန့် ဖြစ်ခဲ့ပါတယ်။

ရောက်အောင်သွားဖို့ အားခဲခဲ့တဲ့ မြောက်အိုင်ယာလန်တော့ မရောက်ဖြစ်သေးပါဘူး။ နောက်တကြိမ်မှ သွားဖို့ စိတ်ကူးထားပါတယ်။ အိုင်ယာလန် သမ္မတနိုင်ငံကို သွားမယ်ဆိုရင်တော့ ဗီဇာ ထပ်ယူရမှာ ဖြစ်ပါတယ်။

တခြားအမှတ်ရစရာတွေကို စွက်ရမယ်ဆိုရင်တော့ စိတ်ကူးယဉ်ခဲ့ဖူးတဲ့ အာဆင်နယ် အသင်းပိုင်တဲ့ အမ်းမရိတ်ဘောလုံးကွင်းမှာ ဘောလုံးပွဲ ကြည့်ဖူးတာရယ်၊ အဆိုတော်ကြီး မာမာအေးနဲ့ ရင်းရင်းနှီးနှီး စကားပြောခွင့် ရခဲ့တာရယ်၊ န၀မမြောက် တိပိဋကဆရာတော် ဦးဂန္ဓမာလာ လင်္ကာရကို နီးနီးကပ်ကပ် ဖူးတွေ့ခွင့် ရတာရယ်၊ ရန်ကုန်မှာ ရင်းနှီး ခင်မင်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေကို ယူကေမှာ ပြန်ဆုံခွင့် ရတာရယ်၊ သူငယ်ချင်းတွေနဲ့အတူ နှစ်ခါ သုံးခါ ထမင်းချက်ပြုတ် စားသောက်တာရယ်တို့ ပါရမှာပါ။

မိသားစုရေး ထူးခြားချက်ကတော့ ညီမငယ်လေးက သမီးလေးတယောက် မွေးတာမို့ ဦးကြီး ဖြစ်လာခဲ့တာပါပဲ။ ကိုယ် မစွမ်းတော့ ညီမက ကျော်တက်သွားပြီး အမေ့အတွက် မြေးဦးကို ညီမက မွေးပေးခဲ့တာပေါ့လေ။

စိတ်ဝင်စားပြီး လုပ်ဖြစ်သွားတာ လုပ်ဖို့ အခွင့်အလမ်း ပေါ်သွားတာကတော့ ကိုယ့်မွေးနေ့မှာ သင်္ချိုင်းထဲမှာ နေ့တ၀က်သာသာ သွားနေဖြစ်ခဲ့တာနဲ့ ရေဒီယိုပြဇာတ် တခုမှာ ပါဝင်ခွင့် ရခဲ့တာပါပဲ။

အမှတ်တရ ဖြစ်ခဲ့တာကတော့ တနှစ်အတွင်း ကြုံခဲ့ရတဲ့ ဆောင်းတွင်းနှစ်ခုမှာ နှင်းတွေနဲ့ ဆက်တိုက် ကြုံခဲ့ရသလို ရောက်နေတဲ့ နိုင်ငံရော၊ ကိုယ့်ဇာတိနိုင်ငံရောရဲ့ ရွေးကောက်ပွဲတွေကို ကိုယ်တိုင် သတင်းလိုက် တင်ပြခွင့် ရခဲ့တာပါပဲ။

ဗြိတိန်မှာတော့ ၁၃ နှစ်ကြာ အာဏာ ရယူထားတဲ့ လေဘာအစိုးရ ပြုတ်ကျသွားပြီး၊ ပါတီနှစ်ခုရဲ့ ခေါင်းဆောင် လူငယ်လူလတ်နှစ်ဦး ဦးဆောင်တဲ့ ညွန့်ပေါင်း အစိုးရတက်လာတာကို မျက်ဝါးထင်ထင် မြင်ခွင့် ရခဲ့ပေမယ့်၊ ဇာတိနိုင်ငံမှာတော့ ၂၂ နှစ်ကျော် အာဏာ ယူထားပေမယ့် တခါ စနစ်ပြောင်းဖို့ ဘောင်းဘီချွတ်ပြီး ခေါင်းပေါင်း ပြောင်းဆောင်းတဲ့ ပုံစံတွေ့ခွင့် ရခဲ့တာပါပဲ။ ပညာရှင်တို့ မှန်းချက်နဲ့ နိုင်ငံရေးသမားတချို့ရဲ့ ထင်မြင်ချက်တွေ လွဲကုန်တာကိုလည်း သေသေချာချာ သိခွင့်ရခဲ့ပါတယ်။

ဂုဏ်ယူရတဲ့ အလုပ်တခု လုပ်ဖြစ်ခဲ့တာကတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်နဲ့ တယ်လီဖုန်းကနေတဆင့် ဆက်သွယ် မေးမြန်းခွင့် ရခဲ့တာပါပဲ။

ကိုယ့်ဘာသာကိုယ် ကျေနပ်မိတာကတော့ လူငယ်တချို့နဲ့ စကားပြောဖြစ်တဲ့အခါ သူတို့နဲ့ ယုံကြည်မှုရအောင် တည်ဆောက် နိုင်ခဲ့တာပါ။

စကားကို အပိုအလို (များများ) မပြောဖြစ်အောင် လေ့ကျင့်တာကလည်း နည်းနည်း ခရီးပေါက်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ စကားဆိုတာက များများပြောရင် မှားနိုင်ချေ ပိုများနိုင်တယ် မဟုတ်လားဗျာ။

စိတ်ကူးယဉ်အတွေးတွေကတော့ စိတ်ကူးယဉ်တုန်း အဆင့်ပါပဲလေ၊ အဲဒီစိတ်ကူးတွေကတော့ ချိုသမို့ ပျော်ပျော်ကြီး ၂၀၁၁ ဆီ သယ်ယူပါ့မယ်လေ…။

၂၀၁၀ ကို စာရင်းချုပ်ရင်တောာ့ ကျေနပ်စရာကောင်းတဲ့ ရလဒ်မျိုးတွေကို လက်ဆုပ်လက်ကိုင် မပြနိုင်ပေမယ့် အရင်းရှုံးတဲ့ ဟာမျိုးတော့ မဟုတ်ဘူးလို့ ကောက်ချက် ချနိုင်ပါတယ်။

တနှစ်စာကို တခဏ အချိန်ပေး ပြန်စဉ်းစားရင်း ကျွန်တော် မကြာမကြာ တွေးခဲ့ဖူးတဲ့ အတွေးက ခေါင်းထဲတခါ ပြန်ရောက် လာပြန်တယ်။

ဘ၀ဆိုတာက ရေးပြီးသား စာအုပ်တအုပ်လား၊ တရွက်ချင်းစီကို တနေ့ချင်း လှန်ဖတ်နေရတာလား။

ဟုတ်တယ်လို့ ကျွန်တော် အပြတ် ထောက်ခံ မပြောနိုင်သလို မဟုတ်ဘူးလို့လည်း ကျွန်တော် နင်းကန် မငြင်းရဲပါဘူး။

တဖက်ဖက်ကနေ အပြတ်ပြောနိုင်တယ်ဆိုရင်တော့ ကျွန်တော့်လည်း လက်တို့ လိုက်ပါဦးလေ။

ကျေးဇူးတင်ပါတယ်။

၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၅ ရက်၊ စနေည။ (ခရစ္စမတ်နေ့)
ည ၈ နာရီ။

အမေနဲ့ တနေ့က ဂျီတော့ခ်ကတဆင့် ဖုန်းပြောဖြစ်တော့ မင်း အဖိုးအဖွားဆုံးတာ ၁၅ နှစ်ပြည့်ပြီ၊ အမျှအတန်း ပေးဝေအုံးလို့ ဆိုလာပါတယ်။ အလုပ်တွေက များနေတာနဲ့ မေ့သလို ဖြစ်နေခဲ့တယ်။ အော်… ၁၅ နှစ်တောင် ရှိသွားပါပြီလား။ အမေကတော့ သူ့အမေနဲ့ အဖေကို တနေ့မှ မမေ့ဘူးလို့ ဆိုပါတယ်။ တကယ့် သမီးအလိမ္မာလေးပါပဲ။

တဦးတည်းသောသမီးက မိဘနှစ်ပါးကို အလွန်ချစ်တယ်၊ မိဘနှစ်ပါးကလည်း တဦးတည်းသော သမီးလေးကို အင်မတန် အားကိုးခဲ့ကြတယ်။ ဒီကနေ့တော့ အမေက သူ့မိဘနှစ်ပါးကို ရည်စူးလို့ သံဃာတော်တွေ အိမ်ပင့်ဖိတ် ဆွမ်းလုပ်ကျွေးပြီး ကုသိုလ်ပြု အမျှဝေတယ်လို့ ဆိုတယ်။

အမေက တက္ကသိုလ် ပထမနှစ်မှာ ကျွန်တော့်ကို၊ ဒုတိယနှစ်မှာ ညီလေးကို၊ စတုတ္ထနှစ်မှာ ညီမလေးကို မွေးတယ်။ ကျောင်းတဖက်နဲ့မို့ ၄၅ ရက်သားမှာပဲ ကျွန်တော့်ကို အဖိုးအဖွားဆီ ပို့လိုက်တယ်။ မြေးဦး ယောက်ျားလေးဖြစ်တဲ့ ကျွန်တော့်ကို အဖိုးအဖွားက သည်းသည်းလှုပ် ဖြစ်ခဲ့ ချစ်ခဲ့ကြတယ်။

စကားပြောတတ် အသံထွက်တတ်လာတော့ အဖိုးကို ဘာပူးလို့ ခေါ်ရတယ်၊ အဖွားကို မေကြီးလို့ ခေါ်ခဲ့ရတယ်။ အဖွားက သင်ပေးတာ ဖြစ်မှာပါ။ အဖေနဲ့ အမေက သူတို့ သားကြီးကို သတိရလို့ လာကြည့်တဲ့အခါ အဖိုးအဖွားက ကလေးကို ပြန်ခေါ်သွားမှာစိုးလို့ အဲဒါ တစိမ်းတွေ သိပ်မရောနဲ့လို့ ပြောတယ်တဲ့။ မမှတ်မိတော့ဘူးလေ… အမေပြန်ပြောပြလို့ သိခဲ့ရတာ…။

ဘာပူး နဲ့ မေကြီး

တကယ်တော့ ဘာပူးဆိုတာ ဟိန္ဒီဘာသာနဲ့ အဖေလို့ ခေါ်တာပါ။ ဆစ်ခ်ပန်ချာပီဖြစ်တဲ့ အဖိုးကို အမေက ဘာပူးလို့ ခေါ်တယ်။ အမေခေါ်သလိုပဲ ကျွန်တော်က လိုက်ခေါ် ခဲ့ပါတယ်။ အဖွားက အဲဒီလို သင်ပေးခဲ့ပုံရတယ်။ ကုလားလူမျိုးတွေက တရုတ်လူမျိုးတွေလိုပဲ ယောက်ျားလေးကို ပိုတန်ဖိုးထား အားကိုးကြတော့ မြေးဦး ယောက်ျားလေးဖြစ်တဲ့ ကျွန်တော့်ကိုလည်း အဖွားနဲ့ အဖိုးက သူတို့ သားငယ်ငယ်လေးလို့ ထင်နေသလားတော့ မသိပါဘူး။

အထူးသဖြင့် အဖွားက ပိုပြီး သည်းသည်းလှုပ်တော့ ဖြစ်တန်ရာပါတယ်။ သူ့ကိုလည်း မေကြီးလို့ ခေါ်ခိုင်းခဲ့ပါတယ်။ ကျွန်တော်တို့ မောင်နှမ သုံးယောက်စလုံး ကလည်း အဖွားလက်ပေါ် ကြီးပြင်းလာရတာ ဆိုတော့ အဖွားကို မေကြီးလို့ပဲ ခေါ်ခဲ့ပါတယ်၊ အဲဒီလို ခေါ်ရတာလည်း ကြိုက်ခဲ့ကြပါတယ်။

ဒီတော့ ကျွန်တော်က အမေ့ကိုတော့ ငယ်ငယ်က မေမေလို့ ခေါ်ခဲ့ပြီး လူပျိုပေါက် ဖြစ်လာတော့ မေမေလို့ ခေါ်ရတာ ခပ်ပျော့ပျော့နဲ့ ရှက်စရာပဲဆိုပြီး မားသားလို့ ခေါ်ပါတယ်၊ အမေ နည်းနည်း အသက်ကြီးလာတော့ ရာထူးထပ်တိုးပေးပြီး မားသားကြီးလို့ ခေါ်ခဲ့ပါတယ်။

အခုတော့ ချစ်ရတဲ့ အထူးသဖြင့် ကျွန်တော့်ကို အလွန်ချစ်ခဲ့တဲ့ အဖိုးနဲ့အဖွား ဘာပူးနဲ့ မေကြီးတို့ဟာ ကွယ်လွန်ခဲ့တာ ၁၅ နှစ်တောင် ရှိသွားခဲ့ပြီကိုး။

အဖိုးက ၁၉၉၅ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့မှာ ဆုံးသွားတယ်။ မြို့တော်ခန်းမကြီးနဲ့ ဆူးလေဘုရားရှေ့ မဟာဗန္ဓုလလမ်းနဲ့ မဟာဗန္ဓုလပန်းခြံလမ်းထောင့် ဧမာနွေလ ခရစ်ယာန် ဘုရားရှိခိုးကျောင်း မျက်နှာဝဘေး ပလက်ဖောင်းပေါ်က ရေစုပ်စက်လေး ဘေးနားမှာ ထိုင်ရက်နဲ့ အသက်ထွက်သွားခဲ့ပုံ ရပါတယ်။

အဖိုးက မြို့လယ်ခေါင် ၃၆ လမ်းနေတော့ ရန်ကုန်ဆိပ်ကမ်း ကမ်းနားဘက် နေအေးစ ညနေစောင်းလေး လမ်းလျှောက်ထွက်ရင်း လေသင်တုန်း (ကိုယ်ခန္ဓာ အစိတ်အပိုင်း စောင်းရွဲ့ခြင်း၊ အကြောသေခြင်း၊ ရုတ်တရက် အသက်သေခြင်းတို့ကို ဖြစ်စေတတ်သော ကိုယ်တွင်းလေတမျိုး) ဖြတ် အသက်ဆုံးပါးပုံ ရတယ်။ ချက်ချင်းဆိုသလို လေက ဆောင့်တက်ပြီး အသက်ကို နုတ်ယူလိုက်ပုံရတယ်။ ရုတ်တရက်တော့ အဖိုး တော်တော် ခံစားလိုက်ရမှာပဲ…။

အဖိုးဆုံးတော့ အဖိုးအသက်က ၇၉ နှစ်၊ ကျွန်တော့် အသက်က ၁၉ နှစ်။ အဖိုးနဲ့မြေး အသက် ၆၀ လောက် ကွာတယ်။ ကျွန်တော် ငယ်ငယ်တုန်းက အဖိုးက တကယ့် လူထွားကြီး၊ ခေါင်းကြီး လန်သွားအောင် မော့ကြည့်ခဲ့ရတယ်။ အဖိုးက အဖိုးကြီး ဖြစ်သွားတော့ ကျွန်တော့်အရပ်က အဖိုးကို ပြန်မိုးသွားတယ်။ အမေက အဲဒါကို ကြည့်ပြီး တခါတခါ စိတ်မကောင်း ဖြစ်တတ်တယ်။ ငါ့အဖေက အသက်ကြီးတော့ အရိုးတွေ ပြန်ကျုံ့ဝင်ပြီး ခါးကလည်း ကုန်းသွားတော့ သူ့မြေးထက်တောင် အရပ်နိမ့်သွားပါပေါ့လားတဲ့…။

အဖိုးလမ်းဘေး ဆုံးနေတာကို ဘယ်သူမှ ဘာမှ မလုပ်ပေးကြဘူးလေ၊ အဖိုးရဲ့ မိတ်ဆွေတယောက်က အိမ်လာပြောမှ အပြေးအလွှား လိုက်ကြရတယ်။ အဖိုးနဲ့ အဖွားက မြို့ထဲ နေတယ်၊ အမေနဲ့ ကျွန်တော်တို့ မောင်နှမ သုံးယောက်က ကျောက်မြောင်းမှာ နေကြတယ်။ အဖွားက တခါတခါ ကျွန်တော်တို့နဲ့ လာနေတော့ အဖိုးက မြို့ထဲအိမ်မှာ တယောက်တည်း နေရတာများတယ်။ သူ့ဘာသာသူ ချက်ပြုတ်စားသောက်တယ်။ အဖိုးက ထမင်းဟင်းချက်တာလည်း ကောင်းတယ်။

မှတ်မှတ်ရရ အဖိုးဆုံးတဲ့နေ့က သူစားဖို့ ထမင်းအိုးသစ် တလုံးတည်ထားတယ်၊ ကြက်ဥကြော်ထားတယ်။ အဖိုးကြော်တဲ့ ကြက်ဥကြော်က သိပ်စားလို့ ကောင်းတယ်။ ကြက်ဥသုံးလေးလုံးကို ဖောက်၊ ခေါက်၊ မွှေနှောက်ထား…၊ ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း ပါးပါးလှီးပြီး အဲဒါတွေကို ဆီထဲ ထည့်ကျော်၊ ကြက်လာပြီဆို ကြက်ဥခေါက်ထားတာကို ထည့်၊ ဆားထည့်၊ မဆလာ နည်းနည်းထည့်၊ အဲဒီကြက်ဥကြော်နဲ့ ထမင်းဖြူနဲ့ စားလိုက်လို့ကတော့ လျှာလည်သွားတာပါပဲ။

အဖိုး ကြက်ဥကြော်ထားတာကို တွေ့တိုင်း ယူစားမိတယ်။ အဖိုးလုပ်နေ ကိုင်နေ ကြော်နေတာကို သေချာ အစအဆုံး လိုက်ကြည့်ထားပြီး လိုက်ကြော်စားလည်း အဖိုးကြော်တဲ့ လက်ရာကိုတော့ မမှီတာ အမှန်ပါပဲ။ အဖိုးဟာ ထမင်းအိုးတည်ခဲ့၊ ကြက်ဥကြော်ခဲ့ပြီးမှ အပြင်ထွက်သွားပုံရတယ်၊ ပြန်လာမှ စားမယ့်ပုံလည်း ရှိခဲ့တယ်။ ဒါပေမဲ့ အဖိုးနောက်ဆုံး ချက်သွားတဲ့ ညစာကို အဖိုး မစားလိုက်ရဘူး။ မြေးကြီးဖြစ်တဲ့ ကျွန်တော်ပဲ ရင်နာနာနဲ့ မျက်ရည် နည်းနည်းဝဲပြီး နောက်ဆုံးအကြိမ် စားပစ်ခဲ့တယ်။

ဆက်ရရင်… အသက်ကြီးလာတော့ အဖိုးနဲ့ အဖွားဟာ စကားပြောဆိုတာ သိပ်အဆင်မပြေတော့ဘူး၊ ဒီတော့ အဖွားက သူ့မြေးတွေဖြစ်တဲ့ ကျွန်တော်တို့နဲ့ လာနေတယ်။ ရုပ်ရှင်ကြည့်၊ ဗီဒီယိုတွေကြည့်နဲ့ အဖွဲ့ကျနေတတ်တယ်။ အဖိုးကလည်း မြို့ထဲနေတော့ သူငယ်ချင်းတွေ အိမ်ခေါ်ပြီး သောက်ကြစားကြ၊ စကားပြောဆိုကြနဲ့ အဆင်ပြေသလို နေထိုင်တတ်တယ်။

ကျွန်တော်က မြို့ထဲ ကျူရှင်တို့ ဘာတို့ လာတဲ့အခါ အမေက သူ့အဖေကို ၀င်ကြည့်ခိုင်းလို့ပဲဖြစ်ဖြစ်၊ ကိုယ့်ဘာသာဝင်ပြီး မုန့်ဖိုးတောင်းဖို့ဖြစ်ဖြစ်၊ အဖိုး ချက်ပြုတ်ထားတာ စားချင်လို့ဖြစ်ဖြစ် အဖိုးဆီကို ၀င်လာတတ်တယ်၊ စားသောက်တတ်တယ်။ အဖိုးကလည်း အဲဒီလိုလာရင် သဘောကျတတ်တယ်။

အခုတော့ အဖိုးဆုံးပြီ။ ခုနပြောခဲ့သလို အဖိုး လမ်းဘေးမှာ ဆုံးပါးသွားခဲ့တာကို ကျောက်မြောင်းအိမ် လာပြောတော့မှ သမီးနဲ့ မြေးဦးက အပြေးအလွှား ကားငှားပြီး လိုက်ကြရတယ်။ အဖိုးဆီရောက်တော့ မြို့လယ်ခေါင် လူမြင်ကွင်း လမ်းပေါ် လူသေနေတာမို့ လူတွေက ၀ိုင်းအုံကြည့်နေ ကြတာပေါ့၊ အမေက လူအုပ်ထဲ ပြေးတိုးတယ်၊ အဖေ… အဖေဆိုပြီး အော်တယ် ထင်ပါရဲ့…၊

အချိန်က ညနေဆည်းဆာ ဖြစ်နေပြီ၊ လမ်းမီးတိုင်တွေ စလင်းလာပြီ၊ နေရောင်က တဖြည်းဖြည်း ဆုတ်သွားပြီ၊ ညက တဖြည်းဖြည်း တိုးဝင်လာပြီ။ တကယ့်ကို အလွမ်းဇာတ်ပါပဲ၊ အမေ ငိုသလား… ကျွန်တော် သေချာမသိဘူး။ ကျွန်တော်တော့ မျက်ရည်ဝဲမိတယ် ထင်တယ်၊ ငိုတော့ မငိုဖြစ်ဘူးလား မသိဘူး၊ အံ့သြနေတာပဲ ရှိတယ်၊ အဖိုး တကယ် သေသွားတာပဲ။

ကျွန်တော်လည်း အမေ့နောက်က ကပ်ရပ်လိုက်ပြီး လူအုပ်ထဲ ၀င်တိုးလို့ အဖိုးကို ကိုင်ကြည့်၊ စမ်းကြည့်၊ ဖက်ကြည့် လုပ်ရတာပေါ့။ အဖိုးဟာ ဒီအတိုင်း ထိုင်နေသလိုပါပဲ…၊ အသားဖြူဖြူ အရပ်မြင့်မြင့် အဖိုးဟာ သေတာတောင် ကြည့်လို့ ကောင်းနေတယ်လို့ ကျွန်တော် ထင်တယ်။

ထုံးစံအတိုင်း လူသေပြီး အတော်ကြာမှ ကျောက်တံတားရဲစခန်းက ရဲတယောက်လား၊ နှစ်ယောက်လား ရောက်လာတယ်။ ရဲအတွက်တော့ လူသေတယ်ဆိုတာ သိပ်ဆန်းမှာ မဟုတ်ပါဘူးလေ၊ ဆန်းတာက ကျွန်တော့်အတွက် ဆန်းတာ၊ အသက် ၁၀ သားလောက်ကတခါ အဖွားရဲ့အမေ အဘွား အိမ်မှာပဲ ဆုံးတယ်။ အသက် ၉၀ ကပ်နေပြီ ထင်ပါရဲ့… သေချာတော့ မမှတ်မိတော့ဘူး၊ ၈၉ လား မသိဘူး။ နောက်သုံးလေးနှစ်ကြာတော့ အဖွားအမ ဆုံးတယ်။ အဲဒီလောက်ပဲ မြင်ဖူးထားတော့ အဖိုး ဆုံးသွားတာ… ထူးဆန်းနေတယ်။ နောက်ပြီး လမ်းပေါ်မှာ…။

အဖိုးအလောင်းဘေးနားထိုင်ပြီး အမေကတော့ ရဲတွေနဲ့ စကားပြောနေတယ်၊ ဆေးရုံ ရေခဲတိုက်ပို့ဖို့ ရဲတွေကို ကားခေါ်ဖို့၊ ဘာဖို့ညာဖို့ပေါ့ ပြောနေတယ်။

ကျွန်တော်ကတော့ ရုပ်ရှင်ကားတကား ကြည့်နေရသလို… တကယ့်ရုပ်ရှင်ထဲက ဇာတ်ကောင်တွေလို ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ရင်း သေခြင်းတရားဆိုတာ ဒါလား… ဒီလို လွယ်လွယ်လေး သေသလားလို့ စဉ်းစားနေခဲ့မိတယ်။ အဲဒီတုန်းက ၁၉ နှစ်သားဆိုတော့ ဘာသိဦးမှာလဲ။ ဒါပေမဲ့ အဖိုးသေတာ ဆန်းနေတယ်၊ ဇာတ်ဆန်နေတယ်လို့ ထင်ခဲ့မိတယ်။

နောက်တော့ ဆေးရုံက အလောင်းသယ်တဲ့ကား ရောက်လာတယ်။ ပေါင်မုန့်ကားလို့ ရပ်ကွက်ထဲ ခေါ်ကြတဲ့ ဘောက်စ်ဝက်ဂွန်ကားပါပဲ။ ဆေးရုံက လူတွေက အလောင်းကို သယ်၊ ကားပေါ်တင်… ရဲအရာရှိက အမေ့ကို ခေါ်တယ်… ရှေ့ခန်းမှာ ထိုင်ခိုင်းတယ်။ ကျွန်တော်က အလောင်းသယ်တဲ့ လူတယောက်နဲ့ အဖိုး အလောင်းဘေးမှာပဲ ခပ်ကျပ်ကျပ် လိုက်ရတယ်။

အဲဒီအချိန်အထိ အဖိုးသေတယ်ဆိုတာ ထူးဆန်းတယ်လို့ပဲ ထင်နေတယ်။ အဖိုးလက်ကလေးကို ကိုင်ကြည့်တယ်၊ ပျော့ပျော့နွေးနွေးလေး ဖြစ်နေတုန်းပဲ၊ ငါ့မှာသာ အစွမ်းရှိရင် အဖိုး အသက်ပြန်ရှင်အောင် လုပ်နိုင်မယ်လို့လည်း တချက်တွေးလိုက်မိသေးတယ်။ ရုတ်တရက်များ အဖိုး မျက်လုံးတွေ ပြန်ပွင့်လာရင် ဘယ်လောက် ကောင်းမလဲလို့လည်း တွေးမိတယ်။ ဟိုလူတော့ ကြောက်ချင်ကြောက်သွားနိုင်တယ်၊ ငါကတော့ ပျော်မှာပဲလို့လည်း တွေးမိတယ်။

အမေက သမီးမိန်းကလေးမို့ သူ့အဖေကို ပိုချစ်တယ်ထင်တယ်။ အဖေကလည်း အားကိုးရတာကိုးဗျ၊ နော်။ ငယ်ငယ်ကတည်းကနေ တက္ကသိုလ်ရောက်တဲ့အထိ ထောက်ပံ့ပေးခဲ့သလို သားသမီးတွေရလာပြန်တော့လည်း ဒီအဖေကပဲ သားသမီးတွေကို အ၀တ်အစား ၀ယ်ပေး၊ ကျောင်းထားပေး လုပ်ခဲ့တာကိုး…။

အဖိုးကို ဆေးရုံက ရေခဲတိုက်ထဲ ထည့်တယ်၊ အမေက သူ့အဖေ ဘာကြောင့်သေတယ် ဆိုတာကို ခွဲစိတ် စစ်ဆေးပေးဖို့ ပြောတယ်၊ လမ်းပေါ် ဆုံးပါးတာဖြစ်တဲ့ အတွက် ရဲကလည်း စစ်ဆေးရမယ့် တာဝန်ရှိနေတယ်။ အမေဟာ သူ့အဖေကို သိပ်ချစ်တော့ ညအမှောင်ထဲမှာပဲ ရေခဲတိုက်ထဲမှာ သားကြီးနဲ့အတူ မကြောက်ဘဲ ရှိနေတယ်။

ဆေးရုံက ရန်ကုန်မြို့လယ်ခေါင် ဘုန်းကြီးလမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့် သရက်တောဘုန်းကြီးကျောင်းဝိုင်းတွေရှေ့က ဂျပန်ဆေးရုံလို့ခေါ်တဲ့ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၊ အဲဒီဆေးရုံရဲ့ ရေခဲတိုက်၊ ဆေးရုံကြီးက ကြီးမား ခမ်းနားလှတယ်။ လျှပ်စစ်မီးတွေက ဆေးရုံကြီးထဲ ထိန်ထိန်လင်း နေတယ်။ လူနာတွေ၊ လူနာစောင့်တွေ၊ သန့်ရှင်းရေးဝန်ထမ်းတွေ၊ အစောင့်တွေ၊ အငှားကားတွေ၊ သူနာပြုတွေ၊ ဆရာဝန်ကြီးငယ်တွေလည်း အလုပ်လုပ်နေ၊ အလုပ်ရှုပ်နေကြတယ်။

ဆေးရုံရောက်တော့ ဆရာဝန်က စစ်ဆေးပြီး ရေခဲတိုက်ကို ပို့လိုက်တယ်၊ အမေက ခွဲစိတ်စစ်ဆေးပေးဖို့ ပြောတယ်ထင်ပါရဲ့…။ နောက်တော့ ရေခဲတိုက်ကို လိုက်ကြရတယ်။ လွယ်လွယ်တော့ မဟုတ်ပေဘူး၊ ထုံးစံအတိုင်း အဆင့်ဆင့် ကျော်ဖြတ်ပြီးမှ ရေခဲတိုက်ကို ရောက်တယ်။ ဆေးရုံကြီးနဲ့ စာရင်တော့ ရေခဲတိုက်လေးက သေးတယ်လို့ ဆိုရမယ်။ ဆေးရုံက လူသိပ်မသေဘူးလို့ နာမည်ကောင်း လိုချင်လို့လား မသိပါဘူးလေ။

ရေခဲတိုက် ရင်ခွဲရုံက တထပ်တိုက်လေး၊ အဲဒီမှာ မီးလုံးလေး တလုံးတလေပဲ ထွန်းထားတယ်၊ ကြောက်စရာတောင် ကောင်းတယ်။ ခွေးလည်း တကောင် နှစ်ကောင်လောက် ရှိတယ်မှတ်တယ်။ ကိုယ့်အပူနဲ့ ကိုယ်ဆိုတော့ အမေ့ခမျာ မိန်းမသား ဖြစ်ပေမယ့်လည်း မကြောက်အားဘူး ထင်ပါရဲ့… အဖေရှိတဲ့ ရေခဲတိုက်ထဲ ကိုယ်တိုင် ၀င်တယ်။ ခွဲစိတ်မယ့် ဆရာသမားက အရက်သောက် သွားနေတယ်ဆိုလား… တော်တော်ကြာအောင် စောင့်ရတယ်။

ခွဲစိတ်တယ်ဆိုလို့ ဆရာဝန်တွေ၊ သူနာပြုတွေ မထင်လိုက်ပါနဲ့… အလောင်းခွဲစိတ် ကျွမ်းကျင်တဲ့ ကုလားလေးပါပဲ။ အဲ… ၁၉ နှစ်သား ကျွန်တော့် အတွက်တော့ ကုလားလတ်လို့ ပြောရမယ် ထင်တယ်။ ကျွန်တော်ကတောင် ယောက်ျားလေးတန်မဲ့ မရဲတရဲ မ၀ံ့တ၀ံ့ ဖြစ်နေသေးတယ်။ အမေဟာ သူ့အဖေဆိုတဲ့ စိတ်တခုတည်းနဲ့ လုံးဝကို အကြောက်အလန့် မရှိဘူး။

ဒီလိုပဲ စိတ်ရှည်ရှည် စောင့်ဆိုင်းပြီးတဲ့အခါ လက်ဖက်ရည်ဖိုး (အဲ.. မှားလို့ အရက်ဖိုး)လည်း ပေးပေါ့လေ၊ အဖိုးကို ရင်ဘတ်ကနေ ထက်ခြမ်း ခွဲချလိုက်တယ်၊ ဟာ… ဓားတွေကလည်း ကောင်းလိုက်တာ… လူတယောက်လုံးကို ၀က်တွေ၊ ဆိတ်တွေလိုပဲ ရင်ဘတ်ကို ထက်ခြမ်း ခွဲလိုက်တာပဲ။ နဖူးကနေ ဆီးစပ်အထိ ခွဲချလိုက်တာပဲ။ အူတွေဆိုတာ အထွေးလိုက် အရောင် ဖြူဖြူ ပြာပြာ ညိုညို မည်းမည်း သွေးသံရဲရဲတောင် သိပ်မတွေ့ရဘူး မှတ်တယ်။ အဖိုးကို တစစီ လုပ်နေတာပဲလို့ ကျွန်တော်တွေးတယ်။

ခွဲချလိုက်ပြီးတော့ ဆရာဝန်ကြည့်ပေးတယ် ထင်တယ်။ မိုးကလည်း တဖြည်းဖြည်း ချုပ်လာပြီ။ ၈ နာရီကျော် ၉ နာရီလောက်တောင် ဖြစ်လာပြီထင်တယ်။ ခွေးတွေကလည်း တခါတခါ အူတယ်။ သာမန်အချိန်ဆို သွားကြည့်ရဲမယ်၊ နေရဲမယ် မထင်ပါဘူး။ အမေကလည်း သူ့အဖေဆိုတဲ့ စိတ်နဲ့ ဇောနဲ့၊ ကိုယ်ကလည်း အမေ့ကို စောင့်ရှောက်ရမယ့် သားကြီး၊ နောက် ကိုယ်ချစ်ရတဲ့ အဖိုး၊ ကိုယ့်ကို အလွန်ချစ်ခဲ့ ဂရုစိုက်ခဲ့တဲ့ အဖိုးဆိုပြီးတော့ ဘာကြောင့်ဆုံးတာလဲဆိုတဲ့ အဖြေ သိချင်နေလို့ ခွဲစိတ်တာကို ကြည့်နေ စောင့်နေခဲ့တာ ဖြစ်မယ်။

နောက်တော့ သူများတွေ လုပ်ကြံတာတို့၊ ဘာတို့ကြောင့် မဟုတ်ပါဘူး။ ရိုးရိုး လေသင်တုန်းတို့၊ နှလုံးရောဂါတို့ကြောင့် ဆုံးတယ်ဆိုတဲ့ အဖြေလောက်ပဲ ရပါတယ်။ ဒါတောင် တိတိကျကျ ပြောဆိုတာမျိုး မဟုတ်ဘဲ အကြောင်းတခုခု ပြလိုက်တာပဲ ထင်ပါတယ်။ အမေစိတ်ပူသလို အဆိပ်ခပ်တာတို့၊ အကြောင်း တခုခုနဲ့ သူများ လုပ်တာတို့တော့ မဟုတ်ခဲ့ပါဘူးလေ…။

နောက်တော့ အဖိုးကို ခွဲစိတ်ထားတဲ့ ရင်ကို ပြန်ချုပ်လိုက်တယ်၊ ဒီလိုဆိုတော့လည်း အဖိုးရဲ့ ပုံပန်းက နဂိုအတိုင်း ပြန်ဖြစ်သွားပြန်ရော… မခွဲထားသလိုလို ဘာလိုလိုနဲ့… သေချာကြည့်မှသာ ချုပ်ရိုးကို မြင်ရတာ…၊ ကုလားလေးဟာ ခွဲတာ ချုပ်တာ တော်တော် ကျွမ်းကျင်ပုံရတယ်။

နောက်ဆုံးတော့ အဖိုး ဆုံးပါးသွားခဲ့ပြီပေါ့လေ၊ အမေဟာ ဆေးရုံမှာ တော်တော်ညည့်နက်တဲ့အထိ နေပြီးမှ ပြန်ခဲ့တယ်။ သူ့အဖေကို ဆေးရုံ ရေခဲတိုက်မှာ ထားလိုက်ခဲ့ရပြီကိုး…။

အဖိုးဆုံးတော့ အဖွားခမျာ စိတ်ကောင်းမယ် မထင်ဘူး၊ လူကြီးတွေဆိုတာ တယောက်ဆုံးပါးရင် နောက်တယောက်လည်း လိုက်ပါဆုံးပါး တတ်တယ်လို့ ကြားဖူးထားတာကိုးဗျ။ အဖွားက အဖိုးအောက် ၁၂ နှစ်လောက် ငယ်တယ်။ အဖိုးဆုံးတော့ အဖွားကြည့်ရတာ ပိုလို့တောင် လွတ်လပ်သွားတယ်လို့ ထင်ရတယ်။

ဗီဒီယို ခွေကြည့်လိုက်၊ မြေးတွေနဲ့ ဆော့လိုက်၊ စားလိုက်၊ ရန်ဖြစ်လိုက် ပျော်ပျော်ကြီးနေရင်း မတ်တပ်မှာပဲ တညမှာ အဖွား အကြီးအကျယ် ဖျားတယ်။ သွေးတိုးတယ် ထင်ပါတယ်။ နှလုံးလည်း ရှိတယ် ထင်ပါတယ်။ သိတဲ့အတိုင်း ဖြစ်မှသာ ခံကြရ၊ ထိကြတာကိုး… ပုံမှန် ကျန်းမာရေး စစ်ဆေးတယ် ဆိုတာမျိုးမှ မရှိတာကိုး…။

အမေကတော့ သူ့အမေကို အမြဲ ပြောပါတယ်။ ပိုက်ဆံယူသွားပြီး ဆေးစစ်ဖို့၊ လုပ်ဖို့ပြုဖို့… သူကိုယ်တိုင်ကတော့ အိမ်ရဲ့ ၀င်ငွေရှာဖို့၊ သားတွေသမီးတွေ ပညာရေး၊ သွန်သင်ဆုံးမရေး၊ ဘာရေးညာရေးနဲ့ အလုပ်က သိပ်များတာကိုးဗျာ။ အဖွားကလည်း ဆေးရုံဆေးခန်း သွားရမှာ အင်မတန် ကြောက်တော့ အဲဒီမှာပဲ ဆေးစစ်တာတွေ ဘာတွေက မလုပ်ဖြစ်ခဲ့ဘူး။

ဒါနဲ့… အဲဒီတညမှာ အဖွား အကြီးအကျယ် အန်တယ်။ ညည့်သန်းခေါင်ကြီးမို့ ဆေးရုံသွားဖို့ပဲ ရှိတယ်။ အဖွားကလည်း အန်လိုက်ရင် သက်သာသွားမယ်၊ ဆေးရုံတော့ ငါ မသွားချင်ဘူး ပြောတာနဲ့… အန်..အန်..အန် တော်တော် အန်ပြီးနောက်မှာ ပင်ပန်းလို့ ထင်ပါရဲ့…၊ အဖွား ခဏတော့ အိပ်ပျော်သွားတယ်။

ဒါနဲ့ပဲ မိုးလင်းသွားတော့ အဖွားကြည့်ရတာ နည်းနည်း သက်သာသလို တွေ့ရတယ်။ မနက် ၁၀ နာရီလောက်ကျတော့ အမေက အတင်းလွတ်တာနဲ့ အဖွားနဲ့ ကျွန်တော် ရပ်ကွက် သမ၀ါယမ ဆေးခန်းကို သွားပြကြတယ်။ အဖိုးပြနေကြ ဆေးခန်းပေါ့…။ အမေလည်း လိုက်လာတယ် ထင်ပါတယ်။

ဆရာဝန်နဲ့ ပြတယ်။ သွေးပေါင်ချိန်၊ နှလုံးစမ်း လုပ်လိုက်တော့ သွေးတွေ တိုးနေတယ်။ သွေးတိုးကျဆေး ပေးလိုက်မယ်တဲ့။ ဆရာဝန်မ ပြောတဲ့ သွေးတိုးကျဆေးက မရှိဘူး။ စာရေးမက ဆရာဝန်မကို ဟိုဆေးပေးလိုက်ပါလားလို့ ပြောတယ်၊ နောက်ဆေးတမျိုးပေါ့… ဆရာဝန်မကလည်း အေး… ပေးလိုက်တဲ့။ ဒါနဲ့ စာရေးမ ပြောတဲ့ ဆေး ယူလာ၊ ဘယ်အချိန် ဘယ်အချိန် တိုက်ရမယ်ဆိုတာ ကျွန်တော်က မှတ်သား…။ ပြန်လာကြတာပေါ့။

အဖွားက အဲဒီအချိန်တည်းက တော်တော်ဖြစ်နေပြီ ထင်ပါတယ်။ ဆေးရုံတက်လိုက်ရင် ကောင်းမယ်ထင်တယ်။ ဒါပေမဲ့ အဖွားက ဆေးရုံဆေးခန်း ကြောက်တော့ မသွားဖြစ်ခဲ့ဘူး၊ အခုတောင် သမီးရော မြေးရော အတင်းပြော အတင်းခေါ်လို့ လိုက်လာရတဲ့ သဘော…။

အဲဒီမှာပဲ ဆေးတိုက်တဲ့ တာဝန်ယူထားတဲ့ ကျွန်တော်ကလည်း နားမလည် ပါးမလည်နဲ့ သွေးကျဆေးတွေ အဖွားကို နင်းကန် တိုက်ပါလေရော… အဖွားကို မြန်မြန် ကောင်းစေချင်တဲ့ စေတနာပေါ့လေ။ လေးနာရီခြား တခါ တိုက်ရမှာကို လေးနာရီ မထိုးခင်ကတည်းက တိုက်လိုတိုက်တွေ ဘာတွေ လုပ်ပစ်လိုက်တော့ အဖွားမှာ ဆေးသောက် နေရင်းကနေ ကောင်းမလာဘဲ သွေးပေါင်ချိန် လုံးဝကျသွားပြီး အဲဒီညမှာပဲ မျက်ဖြူဆိုက်လုလု ဖြစ်သွားပါတယ်။

အဲဒီတော့မှ အိမ်နဲ့ အနီးဆုံးဖြစ်တဲ့ အဲဒီတုန်းက စိန်ပေါလ်ကျောင်းမှာ ဖွင့်ထားတဲ့ ပုဂ္ဂလိက ဆေးရုံဆီကိုပြေးကြတယ်၊ ဆေးရုံကလည်း သွေးပေါင်ချိန်တွေ အလွန်ကျနေတဲ့ လူနာကို ဂလူးကို့စ်သွင်းဖို့ အရေး၊ သွေးစစ်ဖို့ပြော၊ ပိုက်ဆံတောင်း၊ သွေးစစ်၊ အဖြေထုတ်နဲ့ အဲဒီမှာပဲ အချိန်တွေကြာ၊ ဂလူးကို့စ် သွင်းနေရင်း အခြေအနေ မကောင်းတော့မှန်းလည်း သိရော… သူ့ဆေးရုံမှာ ဆုံးပါးမှာ စိုးလို့ ထင်ပါရဲ့ (ဂလူးကို့စ်တော့ သွင်းလိုက်ပါသေးတယ်) ရန်ကုန်ဆေးရုံကြီးသာ သွားပါတော့လို့ ပြောလာပါတယ်။ အဲဒါလည်း ညနေဆည်းဆာပါပဲ၊ တဖြည်းဖြည်း နေ၀င်သွားပြီး အမှောင်ထုက တဖြည်းဖြည်း စိုးမိုးလာခဲ့ပါပြီ။

အဲဒါနဲ့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ရောက်၊ အဲဒီကနေ အထူးကြပ်မတ်ဆောင် ရောက်ပါတယ်၊ အဖွားဟာ တော်တော် သန်မာသူပါ။ ဆေးရုံဆေးခန်းကို ကြောက်တတ်ပေမယ့် ခံနိုင်ရည် ရှိပါတယ်။ အရေးပေါ် ရောက်ချိန်မှာ သွေးပေါင်ချိန် သုည ဖြစ်နေတာတောင် သတိ ရှိပါတယ်။ အရေးပေါ်ကနေ ဆေးရုံ အ၀တ်အစားတွေ လဲပြီး အထူးကြပ်မတ်စောင် ခေါ်ဖို့လုပ်တော့ သူဝတ်စားထားတဲ့ ရွှေထည်တွေကို သမီးနဲ့ မြေးကို ချွတ်ယူထားဖို့ ပြောနေခဲ့ပါသေးတယ်။

အဲဒီညမှာကတည်းက အဖွားဟာ တော်တော် ခံစားနေရပါပြီ။ ဆီးစပ်က မတရားနာနေတယ်လို့ ပြောပါတယ်။ တယောက်တလှည့် နှိပ်ပေးနေမှ အဖွားမှာ နည်းနည်း နေသာတယ် ထင်ပါတယ်။ သူချစ်တဲ့ မြေးကြီး၊ သမီးတို့နဲ့ နာရီပိုင်းအတွင်းမှာ ခွဲခွာရတော့မယ် ဆိုတာကိုလည်း သိနေပုံပါပဲ။ ဒီလိုနဲ့ပဲ နောက်တရက်မှာ အဖွားဆုံးပါး ပြန်ပါတယ်။ ၁၉၉၆ ခုနှစ်၊ ဇန်န၀ါရီလ ၁၄ ရက်ပါ။ အဖွားဆုံးတော့ အသက်က ၆၇ နှစ်၊ ကျွန်တော်ကတော့ ၁၉ နှစ်ပါပဲ။ အဖွားနဲ့ ကျွန်တော်က အသက် ၅၀ နီးပါး ကွာပါတယ်။ အဖိုးနဲ့ အဖွားဟာ တစ်လနဲ့ တစ်ပတ်တိတိပဲ ခြားပြီး ဆုံးပါးသွားပြန်ပါတယ်။

အမေဟာ မရူးရုံတမယ် ဖြစ်ကျန်ရစ်ပါတယ်။ တဦးတည်းသော သမီးဖြစ်တဲ့ သူ့ကို သူသိပ်ချစ်တဲ့ အဖေနဲ့ အမေတို့ဟာ တစ်လနဲ့ တစ်ပတ်သာ ခြားပြီး ရှေ့ဆင့် နောက်ဆင့် ကွယ်လွန်သွားကြ ပါတယ်။ အမေဟာ တရားဖက်ထားလို့သာ ဒီလို နေနိုင်တာ ဖြစ်ပါတယ်။ အဖေနဲ့ အမေ ဆုံးပါးပြီးနောက်မှာ နောက်တခါ ဆုံးပါးမယ့်သူဟာ သူပဲ ဆိုပြီး တရား သံဝေဂတွေရ၊ သေခြင်းတရားဟာ နီးနီးလေးပါလားလို့ ပိုသဘောပေါက်လာပြီး အလှူအတန်းနဲ့ ဘာသာရေးကို ဇောင်းပေးပြီး ပိုလုပ်လာတာ သတိထားမိပါတယ်။

ဒါပေမဲ့ တကယ်တမ်းဆုံးပါးသွားတာကတော့ အမေ မဟုတ်ပါဘူး။ သူ့ ခင်ပွန်း တော်စပ်ခဲ့ဖူးတဲ့ ကျွန်တော့် အဖေဖြစ်ပါတယ်။ အမေနဲ့ အဖေဟာ ကျွန်တော် အသက် ၁၃ နှစ် အရွယ်မှာ စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ ကွာရှင်းပြတ်စဲ ခဲ့ကြပါတယ်။ အမေက သားသမီး သုံးယောက်ကို ကြက်မကြီးလို ရင်အုပ်မကွာ ကာကွယ် စောင့်ရှောက်ခဲ့ပြီး၊ တကိုယ်တည်း အိမ်ပေါ်က ဆင်းသွားတဲ့ အဖေကတော့ သူ့မိခင် (အဖွား) အိမ်မှာ ပြန်နေထိုင်ခဲ့ပါတယ်။ အဲဒီလို နေရင်းကနေ အထီးကျန်ဖြစ်၊ အသည်းကွဲ ဝေဒနာသည်ကြီးဟာ အရက်သောက်တာ သိပ်များသွားတဲ့ တညနေမှာ ဦးနှောက် သွေးကြောပြတ်သွားခဲ့ပုံ ရပါတယ်။

အဲဒါကလည်း ဆည်းဆာပါပဲ၊ ညနေခင်းစောစော ထမင်းစားပြီးလို့ ကုတင်ပေါ် စာဖတ်နေရင်း ကျွန်တော့်နာမည်ကို လမ်းမပေါ်ကနေ ကျယ်ကျယ် အော်ခေါ်သံ ကြားရပါတယ်။ ကျွန်တော် မျှော်လင့် ထိတ်လန့်နေတဲ့ အသံနဲ့ အချိန်လည်း ဖြစ်ပါတယ်။ ရုပ်ရှင် သိပ်ဆန်နေပေမယ့် ဒါ တကယ်ဖြစ်ခဲ့တာပါ။ တကယ့် အဖြစ်အပျက်ပါ။

အဖွားအိမ်မှာနေတဲ့ အဖေ ဦးနှောက်သွေးကြောပျက်ပြီး သေအံ့မူးမူး ဖြစ်နေတာကို အိမ်မကြီးထဲ အတူနေ ညီအစ်ကို မောင်နှမတွေက မကြည့်ပေး၊ ဆေးရုံ မပို့ပေးကြဘဲ ပစ်ထားကြတော့ အဖေ့ကို ခင်မင်ရင်းနှီးပြီး အဖေကလည်း မှာထားပုံရတဲ့ သောက်ဖော်သောက်ဖက်လည်း ဖြစ်ပုံရတဲ့ အစ်ကိုကြီးတယောက်က (အဖေပြောထားပုံရတဲ့ လမ်းနံပါတ်နဲ့ အိမ်နံပါတ်လောက်ကို မှန်းပြီး) အိမ်ရှေ့နားလောက်က လာအော်နေတာပါ။

ကျွန်တော့်နာမည် ခေါ်သံကြားတော့ အိမ်ရှေ့ ကမန်းကတမ်းထွက်၊ ဘာဖြစ်လို့ အော်နေတာလဲလို့ မေးကြည့်တော့ “မင်း အဖေ သေတော့မယ်၊ ဘယ်သူမှ ကြည့်မယ့်သူ မရှိဘူး၊ မင်း လိုက်ခဲ့“ လို့ သူက ၀မ်းနည်းသံကြီးနဲ့ ပြောပါတယ်။ ကျွန်တော်လည်း ချက်ချင်းဝမ်းနည်းသွားပြီး အမေ့ကို ကြည့်တော့ အမေက ချက်ချင်း မျက်နှာတင်းပြီး “မင်း အဖေပဲလေ၊ လိုက်သွားပေါ့၊ ငါ ပိုက်ဆံပေးလိုက်မယ်၊ အကောင်ဆုံးဖြစ်အောင် မင်းလုပ်ပေါ့၊ မင်းလူကြီး ဖြစ်နေပြီပဲ“လို့ ပြောပါတယ်။ အမေဟာ သူနဲ့ သံယောဇဉ် တဖက်ကမ်း အပြတ်ဖြတ်ပြီးသား ဖြစ်ပေမယ့် သူ့သားကြီးနဲ့ သားသမီးတွေ မျက်နှာငယ်သွား ညှိုးသွားမှာကိုတော့ လုံးဝ လိုလားသူ မဟုတ်ပါဘူး။ သူနိုင်သလောက် ဒါမှမဟုတ် အဲဒါထက်ပိုပြီး အမြဲဖြည့်ဆည်းပေးနေတဲ့သူ ဖြစ်ပါတယ်။

ဒီလိုနဲ့ အမေပေးတဲ့ ပိုက်ဆံကို ယူ၊ ကားငှားပြီး အဖေ့ဆီ အမြန်ပြေး (အဲဒီအချိန် ကျွန်တော်တို့က အဖိုးအဖွား ဆုံးပါးပြီး ဖြစ်တော့ မြို့ထဲက အဖိုးအဖွားအိမ်မှာ ပြောင်းနေ နေကြပါပြီ) အဖေက ကျောက်မြောင်းက အဖွားအိမ်မှာ ဆိုတော့ ကျောက်မြောင်းကို ပြန်ပြေး ရတာပေါ့။ အဖိုးဆုံးတုန်းက ကျောက်မြောင်းကနေ မြို့ထဲကို အပြေးအလွှား လာခဲ့ကြရပြီး၊ အဖေဆုံးတော့ ကျွန်တော့်မှာ မြို့ထဲကနေ ကျောက်မြောင်းကို ပြန်ပြေးရပြန် ပါတယ်။

ဆည်းဆာနေ၀င်ချိန်မှာ အဖေ့ဆီရောက်တော့ အဖေနားမှာ ဘယ်သူ့မှလည်း မရှိပါလား၊ ဘယ်သူ့ကို အပြစ်တင်ရမလဲ၊ ဘယ်သူ့ကို တောက်ခေါက်ရမလဲ…။ ကျွန်တော် အပြစ်တင်နေ မအားဘူး၊ ဒေါသထွက်ဖို့လည်း အချိန်မရခဲ့ပါဘူး။ ငှားစီးလာခဲ့တဲ့ ကားနဲ့ပဲ အသိ မရှိတော့တဲ့ အဖေ့ကို ကားပေါ်တင် ရန်ကုန်ဆေးရုံကြီးကို မောင်းရပါတယ်။ အရေးပေါ်ကိုပေါ့…။ ကားက ကျောက်မြောင်းကနေ ကန်တော်ကြီးကို ဖြတ်ပြီး ရန်ကုန်ဆေးရုံကြီးဆီ မောင်းနေပါတယ်။

ကန်တော်ကြီးကန်ပတ်လမ်းမှာ လေတဖြူးဖြူး တိုက်တယ်၊ ကျွန်တော် အဲဒီတော့မှ လေရှုဖြစ်တယ်။ အဖေရေ… လေတ၀ ရှုလိုက်စမ်းပါဗျာ၊ အမူးပြေလိုက် စမ်းပါ၊ အဖေ့သား ကျွန်တော် အဖေ့ဘေးမှာ အဖေ့ကို ပွေ့ထားပါတယ်လို့ ကျွန်တော် အော်နေတယ်။ အသံတွေ မထွက်တော့ဘူး။ ကျွန်တော် ဦးနှောက်နဲ့ စိတ်ထဲမှာ စကားလုံးတွေ အပြည့်… ဒါပေမဲ့ အပြင်ကိုတော့ ဘယ်လိုမှ မထွက်နိုင်ခဲ့ကြဘူး။

အဖေကလည်း ကျွန်တော့်ကို တော်တော် အားကိုးခဲ့တယ်။ ငယ်ငယ်ကတည်းက အနေတည်တဲ့ အဖေဟာ ကျွန်တော် အသက် ၁၃ နှစ် အမေနဲ့ ခွဲခွာနေထိုင်ပြီး နောက်ကျတော့ သားသမီး သံယောဇဉ်ကြောင့် ကျွန်တော်တို့ကို ကျောင်းမှာ လာတွေ့၊ ရပ်ကွက်ထဲ လူကြုံနဲ့ စာပေးလို့ သူ့ကို လာတွေ့ဖို့ ခေါ်နဲ့ တွေ့ပါတယ်။

အမေကလည်း အဖေနဲ့ တွေ့တာကို မကြိုက်တာမို့ ခိုးကြောင်ခိုးဝှက် တွေ့ကြရင်း အချိန်တွေ လွန်လာလိုက်တာ ကျွန်တော်အသက် ၂၀ လောက်မှာ အဖေနဲ့ အရက် အတူသောက်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေ ဆွေးနွေးဖြစ်တော့ သူ့သားကို အားရနေပုံများ ကျွန်တော့်မျက်လုံးထဲက အခုထက်ထိ မထွက်ပါဘူး။

တယောက်တည်းနေ၊ အထီးကျန် တကိုယ်တော် အရက်သမားကြီး အလွမ်းအဆွေး သမားကြီး အဖေဟာ တဖြည်းဖြည်း ပိန်လှီလာလိုက်တာ ကျွန်တော် ပွေ့ထားရင် ကျွန်တော့်ရင်ဘတ်ထဲ မြုပ်နေတာပေါ့။ သားကို မော့ကြည့်ပြီး လမ်းသွားလမ်းလာ မှန်သမျှကို ဒါ… ကျွန်တော့် သားကြီးလေးလို့ ပြောတဲ့အခါ လူပျိုပေါက် ဂိုက်ပေးကြမ်းကြမ်း ကျွန်တော်က ပထမပိုင်း ရှက်တတ်နေပေမယ့် နောက်ပိုင်းကြတော့ အသားကျသွားခဲ့ပါတယ်။

အခုတော့ အဖေ့ပါးနဲ့ ကျွန်တော့်ပါး ကပ်၊ အဖေ့တကိုယ်လုံးကို နွေးသွားအောင် ထွေးပွေ့၊ အဖေ သတိပြန်လည် လာပါ၊ အဖေ မသေပါနဲ့ဦး… ကျွန်တော် အော်နေပေမယ့် ကျွန်တော့် အသံတွေလည်း ထွက်မလာ၊ အဖေလည်း မကြားတော့ပါဘူးလေ…။ ကျွန်တော် ဒီရက်ကို ရွံ့ရွံ့နဲ့ စောင့်နေတာ… အဖေ၊ တကယ်ကို ရောက်လာပါရောလားဗျာ။

ဒီလိုနဲ့ ဆေးရုံရောက်၊ အရေးပေါ်ကနေ အဖေ့ကို သုံးထပ်ကို ထမ်းတင်ကြ၊ တခါ ဦးနှောက်နဲ့ အာရုံကြောဘက် ရောက်… အဖေ ဘာမှ မသိတော့ပါဘူးလေ။ တရက် နှစ်ရက် သုံးလေးရက် နေတော့ အဖေ သေပြန်ပါပေါ့။ ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှာ အဖေဆုံးပါးသွားတယ်။ အဖေဆုံးတော့ အသက်က ၅၉ နှစ်၊ ကျွန်တော်က ၂၃ နှစ်။ အဖေနဲ့ ကျွန်တော်က အသက် ၃၆ နှစ် ကွာတယ်။ အဖေနဲ့ အမေက ၁၁ နှစ် ကွာတယ်။

သေခြင်းတရားဆိုတာ မဆန်းပါဘူး၊ နေ့တိုင်း လူတွေ သေနေကြတာပဲလေ။ ကျွန်တော့်အတွက်တော့ နည်းနည်းဆန်းတယ်။ ပုံမှန်အားဖြင့် ဆည်းဆာတွေဟာ လှတယ်၊ ရင့်ကျက်မှု အလှတရားရှိတယ်။ အခုတော့ ဆည်းဆာတွေမှာ ကျွန်တော့် အဖိုး၊ အဖွား၊ အဖေတို့ သေခဲ့ပြီပေါ့။

ဒီကနေ့တော့ အဖိုး ရုတ်တရက် ကွယ်လွန်ခဲ့တာ ၁၅ နှစ်ပြည့်တယ်။ အဖိုးနဲ့ အဖွား ကွယ်လွန်ခြင်း ၁၅ နှစ်ပြည့်အတွက် အမေက အလှူအတန်း လုပ်ပြီး သူ့မိဘတွေ အတွက် အမျှအတန်း ပေးဝေတယ်။ သားကြီး မြေးဦးဖြစ်တဲ့ ကျွန်တော့်ကိုလည်း ကျေးဇူးတရားတွေကို ရည်မျှော် အောက်မေ့လို့ အဖိုးအဖွားတို့ကို ရည်စူး အမျှဝေဖို့ အမေက လှမ်းသတိပေးတယ်။

သားချစ်တဲ့ ဘာပူးနဲ့ မေကြီးရေ… သားပြုတဲ့ ကုသိုလ်ကောင်းမှုတွေအတွက် အမျှ… အမျှ… အမျှ… ပေးဝေပါတယ်။ ရောက်ရာအရပ် ရောက်ရာဘ၀ကနေ ကြားသိလို့ သာဓုခေါ်ကြပါခင်ဗျာ…။

သားကြီးချစ်တဲ့ အဖေရေ… သားပြုတဲ့ ကုသိုလ်ကောင်းမှုတွေအတွက် အမျှ… အမျှ… အမျှ… ပေးဝေပါတယ်။ ရောက်ရာအရပ် ရောက်ရာဘ၀ကနေ ကြားသိလို့ သာဓုခေါ်ပါခင်ဗျာ…။

၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၇ ရက်။
ည ၉ နာရီခွဲ။
=========================================================================================
ဆည်းဆာ/ဆီးဇာ/န-၁၊ နေ၀င်ချိန်။ ၂၊ သာမန်အားဖြင့် တရက်အတွင်း အကူးအပြောင်း အချိန်လေးရပ် (နံနက်ဆည်းဆာ၊ မွန်းတည့်ဆည်းဆာ၊ ညနေဆည်းဆာ၊ သန်းခေါင်ဆည်းဆာ)

ကျွန်တော့် ဆည်းဆာကတော့ နေ၀င်ဆည်းဆာပေါ့ဗျာ၊ နေမင်းကြီးတွေ ကွယ်သွားခဲ့တဲ့ ဆည်းဆာတွေပေါ့…။

“ပန်ချာပီ“

“ဘုရာ့“

“ပဲဟင်း ဘယ်လို ချက်လဲကွ“
ွ
“ကုလားပဲချက်မလား၊ ပဲစင်းငုံချက်မလား၊ ပဲဝါလေးချက်မလား… ပဲရွေးရမယ် ဘုရား၊ ပဲ အမျိုးအစား ရွေးချယ်ပြီးရင် စားမယ့်သူ အရေအတွက်နဲ့ ပဲကိုယူ၊ အမှိုက်နဲ့ ခဲ စင်အောင် ပဲရွေး၊ ပြီးရင် ပဲကို ရေဆေးရပါမယ်ဘုရား၊ ပြီးတော့ ရေ အလောတော် ထည့်ပြီး မီးဖိုပေါ်တည်၊ ပွက်လောက်ရင် မဝေခင် အိုးဖုံးဖွင့် မွှေပေး၊ ပဲနူးနပ်တဲ့ အထိ စောင့်ပြီး ဆီသတ်လိုက်တဲ့အခါ ပဲဟင်း ရပါတယ်ဘုရား“

“အေးဟေ့..မင်းဟာက အလွယ်သားပါလား၊ အချိန်ကော ဘယ်လောက် ကြာသလဲကွ“

“ပဲပေါ်မူတည်ပြီး မီးကောင်းရင်တော့ နာရီဝက် တစ်နာရီအတွင်း ပဲဟင်းတစ်ခွက် ရပါပြီဘုရား“

“မင်းဟာက ပဲကုလားဟင်းတော့ မဟုတ်ဘူးကွ၊ အသီးအရွက်တွေ မထည့်ဘူးလားကွ“

“တပည့်တော်ဆိုရင်တော့ ပဲချည်းသက်သက်ချက်တဲ့ အလွတ်ကို ကြိုက်တယ်ဘုရား၊ တပည့်တော်ညီနဲ့ အိမ်ကတော့ သီးစုံပဲကုလားဟင်းလို အသီးအရွက်တွေ ထည့်တာကို ကြိုက်တယ်ဘုရာ့“

“အေး…ဒါဆို အသီးအရွက် ဘယ်အချိန် ထည့်သလဲကွ“

“ပဲချည်းသက်သက် ပြုတ်တဲ့အခါ ဆူပွက်လာပြီး ပဲနူးချိန်မှာ လှီးချွတ် ရေဆေးထားတဲ့ အာလူး၊ ခရမ်းသီး၊ ပန်းဂေါ်ဖီ၊ ပဲသီး၊ ဒန့်သလွန်သီး၊ ရုံးပတီသီး ကြိုက်ရာ ထည့်လို့ ရပါတယ်ဘုရား။ ပဲသီးတို့၊ ရုံးပတီသီးတို့က ပဲအိုးဆီသတ်ခါနီးမှ ကပ်ထည့်ရင် ရတယ်ဘုရား“

“အေးကွ၊ မင်းက တော်တော် ချက်တတ်တာပဲ၊ အသားဟင်းတွေရော ချက်တတ်လားကွ“

“ချက်တတ်ပါတယ် ဘုရား“

“အေး အေး၊ မင်းတို့ ညီအစ်ကိုတွေ တယ်တော်ပါလားဟေ့၊ မင်းညီက ပိုတောင် တတ်သေးကွ၊ ငါ့ ပဲဟင်းချက်ကပ်ဖို့တောင် လုပ်သေးတာ ဒီကောင်…“

ဒါတွေက ကိုယ်တို့ ကိုးကွယ်တဲ့ ဆရာတော်ဘုရားကြီး နေ့ဆွမ်း ဘုဉ်းပေးပြီး၊ ခဏနားပြီးနောက်မှာ ဆရာတော်ကြီးက ခိုင်းလို့ ၀တ်ဖြည့်ရင်း (၀တ်ဖြည့်=ရဟန်း သံဃာတော်များကို ခြေဆုပ် လက်နယ် ပြုသည်) ဆရာတော်ကြီးက မေးလို့ ပြန်ဖြေနေတာတွေ ရေးပြခဲ့တာပါ။

ဆရာတော်ကြီးက ကျောင်းနေ ကျောင်းသားတွေထဲက ကိုယ်တို့ ညီအစ်ကိုနှစ်ယောက်ကို ပန်ချာပီလေးတွေကို ခေါ်ပါတယ်။ ကိုယ်တို့ကလည်း ပန်ချာပီသွေး ပါနေတာကိုး။ ဒီတော့ ဘုန်းကြီးကျောင်းသွားရင် ကိုယ်တို့ညီအစ်ကိုဟာ ပန်ချာပီလေးတွေ ဖြစ်သွားပြီး၊ ဆစ်ခ်ဘုရားကျောင်းသွားရင်တော့ ဗမာလေးတွေ ဖြစ်သွားပြန်ပါတယ်။ ဒါတောင် မွန်ကျောင်း မသွားလို့…အဖြစ်က ဒီလို…။

******

“ကုလားလေးတွေ လာတယ်ဟေ့“

ဒါက အဖေ့ညီ ဦးလေးတစ်ယောက်က လှမ်းအော်ပြောလိုက်တာပါ။ ကိုယ့်အဖေက သူ့အမေ ကိုယ့်အဖွားအိမ်ကို လွှတ်လိုက်တာ ဖြစ်ပါတယ်။

“ကြီးဥ..နေကောင်းလား၊ အဖေလွှတ်လိုက်တာ၊ ငံပြာရည်နည်းနည်း ပေးလိုက်ပါ“တဲ့။

ဒါက ကြီးတော် အပျိုကြီးနှစ်ယောက်ထဲက အကြီးဖြစ်တဲ့ ကြီးဥကို တွေ့တော့ အဖုံးပါတဲ့ ကြွေရေသုတ်ခွက်လေး ကိုင်ရင်း ခပ်ရွံ့ရွံ့ လှမ်းပြောလိုက်တာပါ။

တကယ်တော့ အဖေတောင်းခိုင်းလိုက်တာ ငံပြာရည်ထက် ပိုတယ်ဆိုတာကို ကိုယ်သိနေပါတယ်။ ကိုယ်တောင်သိနေရင် ကိုယ့်ထက် အသက်ကြီးတဲ့သူတွေက ပိုလို့တောင် သိကြမှာပေါ့။

(ကိုယ်က ရန်ကုန်သားဆိုတော့ အဖေ၊ အမေကလည်း သေချာ မပြောထားတော့ အဖေနဲ့ အမေဘက်က ဆွေမျိုးတွေကို ဦးလေး၊ အဒေါ်၊ အရီး၊ ဘကြီး မခွဲတတ်၊ မခေါ်တတ်ဘူး ခင်ဗျ၊ နည်းနည်းကြီးမှ အဖေ့ အစ်ကိုဆို ဘကြီး၊ အဖေ့ညီဆို ဘထွေး၊ အဖေ့အစ်မ ဒါမှမဟုတ် နှမဆိုရင် အရီး ဒီလိုခေါ်ရမှာကိုး၊ ဒီလိုပဲ အမေ့ အစ်ကို ဒါမှမဟုတ် မောင်ဆိုရင် ဦးကြီး ဒါမှမဟုတ် ဦးလေး၊ အမေ့အစ်မဆိုမှ ဒေါ်ကြီး၊ ကြီးဒေါ်၊ အမေ့ညီမဆိုမှ ဒေါ်လေး၊ ဒီလိုခေါ်ရမှာကိုး)

“အမေ..မောင်မျိုးညွန့် သားနှစ်ကောင် လာတာ၊ ငံပြာရည် တောင်းခိုင်းလိုက်လို့တဲ့“။ ကြီးဒေါ် (နှုတ်ကျိုးနေပြီ၊ သိလည်း အရီးခေါ်မှာတော့ မဟုတ်ပါဘူး၊ မှားမှန်းသိရက်နဲ့ တောကျတယ် ထင်မှာစိုးလို့ ခေါ်ပါ့မလားလို့ အခု စာရေးရင်း တွေးမိတယ်၊ အခုတော့ တောကျတယ်လို့ မထင်တော့ပါ။ ဒီအညာလေတွေက တယ်လည်း ယဉ်ကျေးသကိုးဗျ)က သူ့အမေ ကိုယ့်အဖွားကို လှမ်းပြောလိုက်တယ်။

“အေးအေး၊ ထည့်ပေးလိုက်လေ၊ ၀က်သားဟင်းလည်း ရှိတယ်မို့လား။ ထည့်ပေးလိုက် တစ်ခွက်၊ မောင်မျိုးညွန့်က ၀က်သားဟင်း ကြိုက်တယ်“

“ဟုတ်ကဲ့ အမေ“

တကယ် ထိုင်ရာက ထပြီးထည့်ပေးတာက အဖေ့အစ်မ နောက်တစ်ယောက် အပျိုကြီးအငယ် ကြီးမြ။ အငယ်ဆိုတော့ သူက လုပ်ပေးရတာပေါ့။ သူတို့သား သူတို့မောင် ကိုယ့်အဖေကိုတော့ တော်တော် ချစ်ပုံရတယ်။ တကယ်တော့ အဖွားနေတဲ့ အိမ်ကို အိမ်ထောင်ဦးစီးလုပ်နေတာက ကြီးဥနဲ့ ကြီးမြ… အပျိုကြီး နှစ်ယောက်၊ အိမ်နဲ့ မလှမ်းမကမ်းက လမ်းပေါ်က ပျံကျဈေးမှာ ငရုတ်သီးမှုန့်၊ ဆနွင်းမှုန့်၊ ကြက်သွန်၊ အာလူး အခြောက်အခြမ်းလေးတွေ ဆိုင်ခင်း ရောင်းကြတယ်။

အဲဒီမှာ ကိုယ်တို့ ၃၊ ၄ တန်းအရွယ် ငယ်ငယ်က ငရုတ်သီးမှုန့်တို့၊ ဆနွင်းမှုန့်တို့ သွားဝယ်ရင် ကြီးဒေါ်တွေက မပေးနဲ့၊ မင်းတို့ မုန့်ဝယ်စားကြ ဆိုပြီး မယူကြဘူး။ ဒါပေမဲ့ အမေက သူများပစ္စည်း အလကားယူတာ မကြိုက်တော့ မုန့်ဖိုးလိုချင်ပေမယ့် ခဏခဏ သွားမ၀ယ်ရဲပြန်ဘူး။

ဆက်ရရင် အပျိုကြီးတွေ သူတို့ပိုက်ဆံသူတို့ ရှာနိုင်ပေမယ့် သူတို့အမေ မုဆိုးမ ကျွန်တော့်အဖွားရဲ့ ဆိုဆုံးမမှုအောက်မှာ ငြိမ်ငြိမ်ဝပ်ဝပ်ရှိကြတယ်။ တစ်ခါတလေ အခါကြီးရက်ကြီးတွေမှာ အလှူအတန်း လုပ်ကြတယ်။ နတ်ကလည်း အိမ်ရှေ့တည့်တည့်က နတ်စင်မှာ တစ်ခါတခါ ကကြသေးတယ်။

ကိုယ်တို့ငယ်ငယ်က နတ်ဒိုးတွေ နားထောင်၊ အရက်တွေ ကြက်တွေပါတဲ့ နတ်ကတာတွေကြည့်ပြီး မုန့်ဆီကြော် အဖြူ အနီတွေ စားရတာတော့ မှတ်မိနေသေးတယ်။ ၂ ရက်၊ ၃ ရက် ကကြတာကိုး…အဖေ့ညီ နောက်တစ်ယောက် ဦးလေးအငယ်တို့အဖွဲ့ဆို နတ်ဝင်ကတယ် ထင်တယ်၊ သေချာတော့ မမှတ်မိတော့ဘူး။

အဖေ့ညီ ကိုယ်တို့ဦးလေးက ခြေဆံလက်ဆံရှည်ပြီး မျက်လုံး မျက်ခုံးကောင်းတဲ့ ကိုယ်တို့ ညီအစ်ကိုနှစ်ယောက်ကို ကုလားလေးတွေလို့ ခေါ်တော့ ညီလေး စိတ်ထဲတော့ ဘယ်လိုနေတယ်မသိ၊ ကိုယ်ကတော့ ကိုယ့်ကို ကုလားလို့ခေါ်ရင် နည်းနည်းမှ မကြိုက်။ ငါ ကုလားမဟုတ်ဘူးလို့ချည်း တွေးနေမိတတ်တာ။

အခုအကွက်ကတော့ အဖေ့အကွက်မို့ အဖေ့သားဖြစ်တဲ့ ကိုယ်လည်း ခံလိုက်ရတာပေါ့။ မတတ်နိုင်ဘူးပေပဲ။ အဖေဟာ အစားကောင်းကြိုက်တယ်၊ ဖြစ်သလို မစားနိုင်ဘူး။ အမေကတော့ ဖြစ်သလို စားနိုင်တယ်။ သူများဆီက တောင်းမှ စားရတာမျိုးကို မကြိုက်ဘူး။ ဒါပေမဲ့ အိမ်ထောင်ဦးစီးဖြစ်တဲ့ အဖေက အလုပ်အကိုင် အတည်တကျမရှိတော့ အမေ ကြံဖန်ထားတဲ့ အစားအသောက်ကို မစားနိုင်၊ ဒီတော့ အဖေက သူ တစ်ယောက်တည်း လမ်းလျှောက်သလို ဘာလိုလုပ်ပြီး သူ့အမေအိမ် အ၀ သွားစားလိုက်တာပါပဲ။ သူ့အကွက်နဲ့သူတော့ လှနေတာပေါ့။

နောက်ပိုင်းကျတော့ အမေ့အိမ် အစ်မတွေဆီလည်း စားရတာရှက်လို့လား၊ သူသွားစားရင် သူတစ်ယောက်တည်းစားရမယ်။ သားကို လွှတ်ပြီးတောင်းခိုင်းလိုက်ရင် သူရော သားနှစ်ယောက်ရော စားရမယ်လို့ တွေးသလား မသိ။ ကိုယ်က အခုပြန်စဉ်းစားလည်း သေချာတော့ မသိပါဘူး။ ကိုယ်သိတာကတော့ ငယ်ငယ်ကထဲက အဲဒီလို သွားမတောင်းချင်ဘူး။

တောင်းရတာ အောက်ကျတယ်။ အမျိုးဆီကပဲ တောင်းတောင်း၊ ဘယ်သူ့ဆီကပဲ တောင်းတောင်း တောင်းရတာ မကောင်းဘူး။ ပေးရတာက ကောင်းတယ်။ တောင်းတဲ့အခါမှာလည်း ကျေးဇူးက ရှိသွားပြီ။ ခဏနေလို့ ကိုယ်က သဘောရိုးနဲ့ပဲမေ့မေ့၊ ဘ၀မြင့်လို့ပဲ(ဘ၀င်မြင့်လို့ပဲ)မေ့မေ့ ကိုယ့်က မေ့သွားတဲ့အခါ ငွေကြေး ဒါမှမဟုတ် တစုံတရာ အကူအညီပေးခဲ့ဖူးသူက ရယ်လိမ့်မယ်၊ ပြောလိမ့်မယ်။ ဟား ဟား…ဒီကောင်(မ) ငါ ကူညီခဲ့တဲ့ကောင်(မ)ပါလို့ ပြောတတ်ကြတယ်။

အမေကတော့ မာနကြီးတယ်။ အဖေ သူ့ဘာသာသူ တစ်ယောက်တည်း သူ့အမေအိမ် သွားစားတာလည်း မကြိုက်ဘူး။ သားတွေကို သွားတောင်းခိုင်းတာလည်း မကြိုက်ဘူး။ နောက်ပြီး ဘာပဲပါလာလာ သူဘယ်တော့မှ မစားဘူး။ ကိုယ်တို့ကတော့ ကလေးဆိုတော့ တောင်းရတာ အလွန်ရှက်ပေမယ့် စားရတာတော့ အလွန် သဘောကျတယ်။ အထူးသဖြင့် အဖေ့အစ်မတွေက ဟင်းချက်ကောင်းတော့ သူတို့ ဘာချက်ချက် စားလို့ကောင်းနေတာပေါ့။

နောက်ဘိတ်ဆုံး ဟင်းက မရှိတော့လို့ပဲဖြစ်ဖြစ်၊ သူတို့မောင် ကိုယ့်အဖေ မကြိုက်တဲ့ဟင်းဖြစ်နေလို့ပဲဖြစ်ဖြစ် ရာဝင်အိုးလေးတွေနဲ့ စိမ်ထားတဲ့ တညင်း(ဒညင်း)သီး ဆားရေစိမ်တော့ ပေးလိုက်တတ်တယ်။ ငါးခြောက်ကြော်လေး ထည့်ပေးလိုက်တတ်တယ်။

တခါ နောက် ဦးလေးတစ်ယောက် (အဖေတို့က သားချင်း များတယ်၊ အမျိုးနဲ့ပဲ ရွာတည်ခဲ့ပါတယ်။ အောက်ဘက်မှာ ရေးပြပါမယ်။ အဖေပြောပြလို့ မှတ်သားဖူးတာကတော့ အဖေ့အမေ ကိုယ့်အဖွားဟာ ကိုယ်ဝန် ၂၂ ခါ ဆောင်ပြီး၊ ကလေး ၁၇ ယောက် အဖတ် တင်သတဲ့) ရဲ့မိန်းမ အဖွားချွေးမတစ်ယောက်က ဘိတ်သူ(မြိတ်သူ) ဆိုတော့ သူမှာပေးလို့ ဘိတ်ကလာတဲ့ ငံပြာရည်ထင်ပါရဲ့။ အဖွားအိမ်က ငံပြာရည်က သိပ်ကောင်းတာပဲ။ ဒီအတိုင်း ထမင်းနဲ့ချည်း နယ်စားတာတောင် စားလို့ရတယ်၊ အရသာရှိနေတယ်။

ဘယ်လိုပဲဖြစ်ဖြစ် စားရသောက်ရပေမယ့် ကုလားလေးတွေလို့ အဖေ့ညီ ကိုယ်တို့ဦးလေး လုပ်သူက စ နောက် ခေါ်တာကိုတော့ ဘယ်လိုမှ မကြိုက်ခဲ့ပါ။ တစ်ခါတလေ မျက်ရည်တောင် ၀ဲမိပါရဲ့။ အဖွားအိမ်ကို ကိုယ်တစ်ယောက်တည်း မသွားရဲလို့၊ သွားရမှာ ရှက်လို့ အဖော်လိုက်ပေးတဲ့ ညီလေးကတော့ ဘယ်လို ခံစားရလဲ မသိ။ သူလည်း ခံစားကောင်း ခံစားရမှာပဲလေ။

ပန်ချာပီလေးတွေ…

ဒါနဲ့ ကိုယ်တို့ ဇာစ်မြစ်ကို ပြန်စစ်ကြည့်တော့ အမေ့အဖေ ကိုယ့်အဖိုးဟာ ဒုတိယကမ္ဘာစစ်ကာလ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်၊ ၇၀ နီးပါးက အင်္ဂလိပ် သိမ်းထားတဲ့ မြန်မာနိုင်ငံအောက်ပိုင်းကို ကုန်သည်အလုပ်နဲ့ စီးပွားရှာဖို့ ရောက်လာခဲ့တယ်။

အခုပါကစ္စတန်၊ အိန္ဒိယ နှစ်နိုင်ငံလုံးမှာ နယ်မြေတွေ ပါနေတဲ့ ပန်ဂျပ်ပြည်ကနေ ကိုယ့်လက်ရှိအသက်အရွယ် (အသက် ၃၀ ကျော်) လောက်မှာ အဖိုးဟာ ဆန်ရေစပါး၊ ကောက်ပဲသီးနှံ၊ ကျွန်းသစ်၊ ရေနံ ပေါကြွယ်ဝတယ်ဆိုတဲ့ မြန်မာနိုင်ငံကို စီးပွားရှာဖို့ စွန့်စားထွက်လာခဲ့တယ်။ အဖိုးငယ်ငယ်ကတော့ ကိုယ်တို့ စာမကျက်ရင် သူ့အကြောင်း ပြောပြတတ်တယ်။

“မင်းတို့ တော်တော်ညံ့တာပဲ။ မင်းတို့အရွယ်က ငါ နိုင်ငံခြားသွားဖို့၊ ပိုက်ဆံရှာဖို့ စဉ်းစားနေပြီ“တဲ့။ အဖိုးပြောတာပါ။

“ငါ ဒီကိုလာတော့ (ဗမာ) စကားလည်း မတတ်ဘူး၊ စာလည်း မတတ်ဘူး၊ အလုပ်ပဲ လုပ်တတ်တယ်“

အဲဒီတုန်းက အဖိုးမျက်နှာကို ကိုယ် ကြည့်ကြည့်တယ်။ အဖိုး မျက်ရည်လဲ့နေတယ်၊ မျက်နှာရဲနေတယ်။ ကိုယ်တို့ ညီအစ်ကိုအပေါ်မှာ အားမလိုအားမရဖြစ်တဲ့ စိတ်တွေ ကြီးစိုးနေတဲ့ အဖိုးမျက်နှာကြီးကို ကြည့်ရတာ ကိုယ်တော့ ရှက်နေခဲ့တယ်။

အဖိုးက သူပိုင်တဲ့ နွားတွေ မောင်းချလာခဲ့တယ်လို့ ပြောတယ်။ အဖိုးဟာ ဒီဘက်ကို ထွက်မလာခင်ကတည်းက ပန်ဂျပ်မှာ အလုပ်တွေ လုပ်နေပြီ။ သူပိုင်တဲ့ စီးပွား ဥစ္စာရှိနေပြီလို့ ဆိုတယ်။ မင်းတို့က အလကားပဲလို့ ကိုယ်တို့ကို ဆူတယ်။

အသက် ၄ နှစ်ခွဲ ၅ နှစ် အရွယ်က ပန်ဂျပ်မှာရှိတဲ့ အဖိုးရဲ့မိဘအိမ်ကို အလည်ရောက်ဖူးတဲ့ အမေကတော့ အဖိုးတို့ မိသားစုဟာ စည်းကမ်းကြီးတယ်၊ ချမ်းသာတယ်၊ အဲဒီနယ်က အုပ်ချုပ်သူ လူတန်းစားထဲ ပါတယ်လို့ သူ မှတ်မိတဲ့အကြောင်း ကိုယ့်ကို ပြောပြဖူးတယ်။

ပန်ဂျပ်ပြည်ဟာ အလွန်ကြီးမားတဲ့ ပြည်ကြီးတစ်ခုဖြစ်တယ်။ အခုတော့ ပါကစ္စတန်နိုင်ငံထဲ နယ်မြေတော်တော်များများပါနေပြီး တချို့အစိတ်အပိုင်းက အိန္ဒိယနိုင်ငံ ထဲရောက်နေတယ်။ ဗြိတိသျှဆီကနေ လွတ်လပ်ရေးရတဲ့အချိန်မှာ အိန္ဒိယနဲ့ ပါကစ္စတန် နယ်မြေတွေ ခွဲဝေယူတော့ ပန်ဂျပ်လည်း အဲဒီလို ကွဲသွားတာပဲ။

ကိုယ် အခု ပြန်ဖတ်ကြည့်တော့ ပန်ချာပီဆိုတာက ပန်ဂျပ်ပြည်မှာ နေတဲ့ မွေးတဲ့ လူမျိုးဖြစ်တယ်။ ဘာသာကတော့ ဟိန္ဒူအယူ ယူရင် ဟိန္ဒူပန်ချာပီ၊ ပါကစ္စတန်ထဲ နေပြီး အစ္စလာမ်ဘာသာ ကိုးကွယ်ရင်တော့ မွတ်ဆလင်ပန်ချာပီ၊ ခရစ်ယာန်ကို ယုံကြည်ရင် ခရစ်ယာန်ပန်ချာပီ၊ ဗုဒ္ဓဘာသာကို ယုံကြည်ရင် ဗုဒ္ဓဘာသာပန်ချာပီ၊ အဲ…အဖိုးကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀ လောက်ကမှ ပေါ်ပေါက်လာတဲ့ ဆစ်ခ် Sikh ဘာသာကို ကိုးကွယ်ယုံကြည်သူ ဖြစ်လေတော့ ဆစ်ခ်ပန်ချာပီ ဖြစ်ပါတယ်။

ခေတ်ဟောင်း မြန်မာရုပ်ရှင်ဇာတ်ကားတွေ ကြည့်ဖူးသူတွေကတော့ ဆရာဝန်အလုပ်ကို အမြဲသရုပ်ဆောင်တတ်တဲ့ ဆစ်ခ်ပန်ချာပီ သရုပ်ဆောင်ကို တွေ့ဖူးကြလိမ့်မယ်။

အိန္ဒိယသမိုင်းကို ဖတ်ထားတဲ့သူတွေကတော့ သိကြမှာပါ။ အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့ ခေတ်ပြိုင် တစ်ခါ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး ၀န်ကြီးချုပ် ဂျဝါဟလာ နေရူး Jawaharlal Nehru ရဲ့သမီး အဲဒီတုန်းက လက်ရှိဝန်ကြီးချုပ် (အိန္ဒိယရဲ့ ပထမဆုံးနဲ့ တစ်ဦးတည်းသော အမျိုးသမီးဝန်ကြီးချုပ်) အင်ဒီရာ ဂန္ဒီ Indira Gandhi ကို (သူတို့ရဲ့ အထွတ်အမြတ်ထားရာ ဘုရားရှိခိုးကျောင်း Golden Temple နဲ့ ပတ်သက်ပြီး) လုပ်ကြံသတ်ဖြတ်လိုက်တဲ့ ၀န်ကြီးချုပ် ကိုယ်ရံတော်တွေဟာ ဆစ်ခ်ပန်ချာပီတွေပါ။

အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှုတွေကို ဆောင်ရွက်ခဲ့သူ စီးပွားရေးပညာရှင်နဲ့ အခုလက်ရှိ အိန္ဒိယ၀န်ကြီးချုပ် မန် မိုဟန်ဆင်း Manmohan Singh ဟာလည်း ဆစ်ခ်တစ်ယောက် ဖြစ်ပါတယ်။ သူဟာ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး ဆစ်ခ်ဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။

အရင်ကတော့ မြန်မာမှာကော နိုင်ငံတကာမှာပါ ဆစ်ခ်တွေဟာ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ပညာတတ်တွေ၊ စီးပွားရေးသမားတွေ အများစု ဖြစ်ပေမယ့် အခုတော့ သိပ်မပြည့်စုံသူတွေလည်း တွေ့လာနေရပါတယ်။

နိုင်ငံရပ်ခြားမှာ စီးပွားရှာဖို့လာတဲ့ အဖိုးဟာ ပန်ဂျပ်ကနေ ခရီးမိုင် ၁၈၀၀ လောက်ရှိတဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့ကို ရောက်လာပြီး အဖွားနဲ့ ညားပါတယ်။ အဖိုး ဘာကြောင့် ကျိုက်ထိုလာသလဲဆိုတာကို ကိုယ် စဉ်းစားပါတယ်။

အင်္ဂလိပ်တွေက တပြည်လုံး သိမ်းထားတာဆိုတော့ ရန်ကုန်တို့၊ ပဲခူးတို့၊ မော်လမြိုင်တို့လည်း သွားလို့ရပါလျက်နဲ့ ဘာကြောင့် ကျိုက်ထိုကို သွားခဲ့ပါသလဲ။ အညာကို ဘာလို့မသွားခဲ့တာလဲ။ ပျော်ဘွယ်၊ ရမည်းသင်း ဒါမှမဟုတ် မြစ်ကြီးနား၊ မေမြို့ကို ဘာလို့ မသွားခဲ့တာလဲ။

မင်း…ဖြစ်လာဖို့အတွက်ပေါ့ကွာလို့ ဖြေရမှာလား။ မှန်ပါတယ်။ ဒါပေမဲ့ အဖိုးအရင် အဖိုးလိုပဲ အရှေ့ဘက်ထွက်လာတဲ့သူတွေ ဆစ်ခ်တွေ ကျိုက်ထိုကို အရင်ရောက်နှင့်ပြီး ဖြစ်ပါတယ်။ ဒါကြောင့် အဖိုးလည်း တဆင့်စကား တဆင့်နားနဲ့ ကျိုက်ထိုကို တန်းတန်းမတ်မတ် လာခဲ့ပုံရပါတယ်။

ဆစ်ခ်တွေ ကျိုက်ထိုကို အရင်လာခဲ့ပုံရတယ်လို့ ဘာကြောင့်ပြောနိုင်သလဲဆိုတော့ အဖွားအမေ ကျိုက်ထိုသူ မွန်မကြီးဟာ ဆစ်ခ်ပန်ဂျာပီကိုပဲ ယူခဲ့လို့ပါ။ သူ့မိခင်ကြီး အဖွားရဲ့အဖွား ဖြစ်သူက ဆစ်ခ်ပန်ချာပီ ယူမယူ သေချာမသိပါ။ ဒါပေမဲ့ အဲဒီတုန်းကတော့ ဆစ်ခ်တွေ ကျိုက်ထိုကို မရောက်လောက်သေးဘူးလို့ ယူဆရပါတယ်။

ဒီတော့ အဖွားရဲ့အမေကို မွန်အစစ်လို့တွက်ပြီး သူ့ယောက်ျားကို ဆစ်ခ်ပန်ချာပီလို့တွက်ရင် အဖွားဟာ မွန်+ဆစ်ခ်ပန်ချာပီ(ကပြား) ဖြစ်ပါပြီ။ အဖွားနဲ့ အဖိုးအကြောင်းပါတော့ အမေ့ကို မွေးတဲ့အခါ (မွန်+ဆစ်ခ်ပန်ချာပီ)+ဆစ်ခ်ပန်ချာပီ ဖြစ်တာမို့ အမေဟာ (မွန်တစ်မတ် ၂၅၊ ဆစ်ခ် သုံးမတ် ၇၅) ဖြစ်ခဲ့ပါတယ်။

အဖိုးဟာ ကျိုက်ထိုမှာ စီးပွားရေးအဆင်ပြေတော့ တခါ ရန်ကုန်တက် စီးပွားနယ်ချဲ့ပါတယ်။ အမေ့ကို ရန်ကုန်မြို့လယ်က ဆေးခန်းတစ်ခု (အဖွားက လတ္တာလမ်းလို့ အသံထွက်ပါတယ်၊ အခုတော့ တရုတ်တန်းက လသာလမ်းဖြစ်ပါတယ်) မှာ မွေးပါတယ်။ အမေပြထားလို့ အဲဒီဆေးခန်းနေရာကို သိပါတယ်။

အမေက ဆယ်တန်းအောင်ပြီးစမှာ အိမ်ထောင်ကျ၊ ယောက်ျားရပြီးမှ အိမ်ထောင်ကျတာ (လင်ယူမိတာ) မှားပြီဆိုပြီး ညည်းတတ်ပေမယ့် ပထမနှစ်ကျောင်းသူ ဘ၀မှာ ကျွန်တော်၊ ဒုတိယနှစ်မှာ ညီလေး၊ စတုတ္ထနှစ်မှာ ညီမလေး မွေးပါတယ်။

ဥပဒေကျောင်းသူ အမေက အိမ်ထောင်ကျပြီးမှ တက္ကသိုလ်တက်ရတာမို့ စာပေးစာယူ (ကိုယ်တို့ခေတ်ကျတော့ အဝေးသင်လို့ ခေါ်ပါတယ်) ငါးနှစ် တက်ခဲ့ရပါ တယ်။ အမေရာ…အဖေ့ကို စိတ်ဆိုးလို့ပဲ တော်တော့တယ်ဗျာ၊ မဟုတ်ရင် နောက်ထပ် ညီတွေ၊ ညီမတွေ ထပ်ရနေဦးမယ်လို့ ကိုယ်က စတော့ ပထမတော့ စိတ်ဆိုးပါတယ်၊ နောက်တော့ ဘာမှ မပြောတော့ပါဘူး။

တက္ကသိုလ်ကျောင်းတက်တော့ ပိုက်ဆံကုန်၊ အိမ်ထောင်ဦးစီး ယောက်ျားက အလုပ်မရှိ၊ ကလေးတွေက တစ်ယောက်ပြီးတစ်ယောက် များလာတော့ အမေ့မှာ သူ့အဖေဆီကပဲ ပိုက်ဆံတောင်းရပါတော့တယ်။ “နင်တို့ကို ငါ့အဖေပိုက်ဆံနဲ့မွေးတာ…“လို့ အမေက စိတ်ဆိုးရင် ပြောတတ်ပါတယ်။

ဆစ်ခ်ပန်ချာပီဖြစ်တဲ့ အဖိုးကလည်း သမီးမွေးထားတော့ သမီးကနေမှ ဖြစ်လာတဲ့ မြေးယောက်ျားလေး ကိုယ်တို့ ညီအစ်ကို ကို အလွန်ချစ်ပါတယ်။ မြေးဦးဖြစ်တဲ့ ကိုယ့်ဆို တကယ့် အသည်းအသန် ချစ်ပါတယ်။ အဖွားကဆို ပိုဆိုးပါတယ်။ အဖွားက ကိုယ့်ဆို အလွန် အလိုလိုက်ပါတယ်။

ဆစ်ခ်ပန်ချာပီဆိုတော့ ကုလား၊ တရုတ်တို့လိုပဲ သမီးထက် သားကို ပိုအလေးထားတာကိုးဗျာ။ တက္ကသိုလ်ကျောင်းလည်း တက်နေရတော့ အမေဟာ ကိုယ် ၄၅ ရက်သားမှာပဲ အဖိုးအဖွားဆီ ပို့လိုက်ပါတော့တယ်။ နောက် ကိုယ်တို့သွားနိုင်လာနိုင်တဲ့အရွယ်ရောက်တော့ အဖိုးရဲ့ အကူအညီတွေ အထောက်အပံ့တွေ အများကြီး ယူထားတဲ့ အမေဟာ သူ့အဖေ စိတ်ကျေနပ်အောင် ကိုယ်တို့ကို ဆစ်ခ်ဘုရားကျောင်း ထည့်ပေးပါတယ်။

ကိုယ်တို့ဟာ အဖိုးနဲ့အတူ ရန်ကုန်မြို့၊ သိမ်ဖြူလမ်းပေါ်မှာရှိတဲ့ စိန်ပေါကျောင်းရှေ့က ဆစ်ခ်ဘုရားကျောင်းကို တနင်္ဂနွေနေ့တွေမှာ တက်ရပါတယ်။ အဲဒီကျတော့ ကိုယ်တို့ ညီအစ်ကို ကို ဗမာလေးတွေတဲ့။ ဘုန်းကြီးကျောင်းသွားတော့ ကုလားလေးတွေ တစ်နည်း ပန်ချာပီလေးတွေ၊ ဆစ်ခ်ဘုရားကျောင်းသွားတော့ ဗမာလေးတွေ ဖြစ်ပြန်ပါရော…။

ဟုတ်ပါတယ်လေ၊ ဗမာတွေကြားမှာတော့ ဗမာအစစ်ရုပ် မဟုတ်တာက သိသာနေသလို၊ နှုတ်ခမ်းမွှေးတွေ၊ မုတ်ဆိတ်တွေ၊ ခေါင်းပေါင်းတွေနဲ့ ဆစ်ခ်တွေကြားမှာလည်း ကိုယ်တို့ရုပ်တွေက ဗမာလေးတွေပါပဲ။ တစ်ကိုယ် နှစ်ဘ၀ပေါ့လေ။ အဖိုးကျေနပ်အောင် ကိုယ် ဆယ်တန်းဖြေပြီးကာစက တခါ မေမြို့မှာ ဖွင့်လှစ်တဲ့ ဆစ်ခ်ဘာသာရေး အခြေခံသင်တန်းကို တက်ခဲ့ရပါသေးတယ်။ အဖိုးပေးတာ ကျွေးတာတွေ စားခဲ့၊ အဖိုးပြင်တာ ဆင်တာတွေ ၀တ်ခဲ့၊ အဖိုးထားပေးတဲ့ ကျောင်းမှာ နေခဲ့ရတော့လည်း ဒီလောက်တော့ ပြန်ကျေးဇူးဆပ်ရတာပေါ့လေ။

ဆစ်ခ်ဘာသာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀ လောက် (၁၅ ရာစု) က ပန်ဂျပ်ပြည်မှာ စတင်ပေါ်ပေါက်လာတာပါ။ ကမ္ဘာပေါ်က အဓိက ဘာသာကြီးလေးခု (ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်) ပြီးရင် ပဉ္စမမြောက် ကိုးကွယ်ယုံကြည်သူ အများဆုံးဘာသာလို့ ၀ီကီမှာတော့ ရေးထားပါတယ်။ ဆစ်ခ်ဆိုတာဟာ ဆရာသခင်ရဲ့ အဆုံးအမကို လိုက်နာသူများလို့ အဓိပ္ပာယ်ရပါတယ်။

သူတို့ဟာ ဘုရားသခင်ဆိုတာကို ယုံကြည်ပြီး၊ ဆရာသခင် (ဂုရု) ဆယ်ပါးကို ကိုးကွယ်လို့ သူတို့ရဲ့ အဆုံးအမတွေကို လိုက်နာကျင့်သုံးပါတယ်။ ဆရာသခင် အဆက်ဆက် လမ်းညွှန်ဆုံးမ ရေးသားထားတာတွေကို နောက်ဆုံးဂုရုက ပြန်ရေးသား တည်းဖြတ်ပြီး စာတစ်အုပ်ရေးထုတ်လိုက်တော့ အဆုံးအမပေါင်းချုပ် ဖြစ်လာပါတယ်။ အဲဒါကို ဘာသာရဲ့လမ်းညွှန်(ဓမ္မ)အဖြစ် ခံယူထားကြသူတွေပါ။ ဗုဒ္ဓကိုလည်း ရိုသေလေးစားပြီး ဂုရုတစ်ပါးအဖြစ် အသိအမှတ်ပြုပါတယ်။

အမေဟာ ဆစ်ခ်သွေး ၇၅ ရာခိုင်နှုန်းပါပေမယ့် ဆစ်ခ်ဘုရားကျောင်းကို သူငယ်ငယ်က သွားတာကလွဲလို့ မသွားတော့ပါ။ အမေဟာ ငယ်ငယ်က အတူနေတဲ့ (ကိုယ့်အဖွားရဲ့အမ) သူ့ကြီးတော်၊ သူ့အမတွေနဲ့ နွေရာသီ ဗုဒ္ဓဘာသာ တရားစခန်းဝင်တာစကလို့ နေ့စဉ်ဘုရားရှိခိုးတာ၊ ဘုရားဆုတောင်းတာ၊ ဘုရားကို အလွန်ယုံကြည်တာ စသဖြင့် ဗုဒ္ဓဘာသာကို နှစ်နှစ်ကာကာ သက်ဝင်ယုံကြည်ပါတယ်။

ဗမာအစစ်ဖြစ်တဲ့ အဖေ့ထက်တောင် ဗုဒ္ဓဘာသာကို ပိုပြီး သက်ဝင် ယုံကြည်ပါတယ်။ အဖေကတော့ စာတွေဖတ်ပြီး ဘာသာရေးနဲ့ပတ်သက်လို့ အများကြီး သိထားပေမယ့် အမေ့လို တကယ်ယုံကြည်သလို လက်တွေ့ကျင့်ကြံ အားထုတ်တာမျိုး သိပ်မတွေ့ရခဲ့ပါဘူး။

အမေ့ဘက်က ဇာစ်မြစ်ကို တူးပြီးပြန်တော့ ကိုယ့်အဖေဘက် လှည့်ရမယ်ဆိုရင် အဖေ့ကတော့ ဗမာအစစ်ဖြစ်ပြီး စောနပြောခဲ့တဲ့ အဖွားယောက်ျား ကိုယ့်အဖိုးက သူကြီး ဖြစ်ပါတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ဖျာပုံမြို့ဘက်ကနေ ရန်ကုန်တက်လာပုံရပြီး အခြေချဖြစ်တဲ့အခါ တစ်ရပ်လုံးက အမျိုးတွေဖြစ်လေတော့ အဖိုးက သူကြီး လုပ်ပါတယ်။ ရန်ကုန် ကျောက်မြောင်းရပ် အရိုးကုန်းလို့ ခေါ်တဲ့နေရာက ဖြစ်ပါတယ်။

အမေတို့ သားအမိနှစ်ယောက်က အဖိုးနဲ့ အဆင်မပြေဖြစ်တုန်း ကျောက်မြောင်းရပ်က အဖေ့မိဘအိမ်မှာ အိမ်ငှားအဖြစ် ခေတ္တခဏ လာငှားနေလေတော့ ကိုယ့်လိုမဟုတ်ဘဲ စကားချိုချိုသာသာ ပြေပြေပြစ်ပြစ် ပြောတတ်တဲ့ အဖေဟာ အကယ်ဒမီရှော့တွေ ဘယ်လောက်လုပ်လိုက်တယ် မသိပါဘူး။ ကိုယ့်တို့တတွေဖြစ်လာမယ့် ဇာတ်လမ်းဖန်ခဲ့ပါတော့တယ်။

ဒီတော့ ကိုယ်တို့မောင်နှမတွေဟာ (မွန်တစ်မတ် ၂၅ + ဆစ်ခ်သုံးမတ် ၇၅)+ဗမာ ၁၀၀ ပေါင်းထားတဲ့ သွေးစပ် ဖြစ်သွားပါတော့တယ်။ အဖြေထုတ်လိုက်ရင်တော့ ကိုယ်ဟာ ဗမာ ငါးမူး ၅၀+ ဆစ်ခ်ပန်ချာပီ တစ်မတ်ကျော် ၃၇.၅ + မွန် အ၀က်သား ၁၂.၅ ဖြစ်ပါတယ်ခင်ဗျ။

ဆစ်ခ်ပန်ချာပီသွေး အဖိုးဆီကပါလာတော့ အရပ် ၅ ပေစီပဲရှိတဲ့ မိဘနှစ်ပါးက မွေးတဲ့ကိုယ်ဟာ မျိုးဗီဇ တဆင့်ခုန်ကျော်ပြီး၊ ၅ ပေ ၁၀ လက်မ အရပ် ရလိုက်ပါတယ်။ မာတာမိခင် ကျေးဇူးရှင်အမေရဲ့ များလှစွာသော ကျေးဇူးတွေထဲမှာ အရပ်မြင့်မြင့်မွေးထားတာ တစ်ခုထဲနဲ့တင် ကျေးဇူးကျေအောင် ဘယ်လို ဆပ်ရမှန်း မသိသေးပါ။

အရပ်မြင့်တော့ မြန်မြန်အိုစာတယ်လို့ ပြောလို့ရပေမယ့် ဝေးဝေးမြင်နိုင်တာပေါ့လေ။ ဝေးဝေးမြင်ချင်ရင် အမြင့်တက်ကြည့်ရတယ်လို့ ဆိုတယ်မဟုတ်လားဗျာ။

ပျံလွန်တော်မူသွားပြီဖြစ်တဲ့ ဆရာတော်ကြီးက သူ့ကျောင်းသားကို ခေါ်တဲ့ “ပန်ချာပီ“ဆိုတဲ့ စကားသံကတော့ တစ်ခါတရံ ကြားယောင်ဆဲပါဗျာ။

၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၃၀ ရက်။ ညနေ ၆ နာရီခွဲ။

စာမရေးဖြစ်တာ လနဲ့တောင် ချီသွားပါပေါ့လား၊ ဒီနေ့တော့ နိုင်ငံတကာအမေနေ့ ဖြစ်တာမို့ အမေ့အကြောင်းလေး ရေးမယ်ဆိုပြီး “မေမေ“လို့ ခေါင်းစဉ်တပ် လိုက်ပါတယ်။

“မေမေ“လို့သာ တပ်လိုက်တာ၊ ပြောရဦးမယ်။ မေမေ့ကို မေမေလို့ အသက် ၁၀ နှစ် မတိုင်ခင်အထိတော့ ခေါ်ခဲ့ဖူးတယ်ထင်တယ်။ အဲဒီနောက်တော့ ကိုယ့်ကိုယ်ကိုယ် လူကြီး အတင်းလုပ်ပြီး၊ မေမေ့ကို မေမေလို့ ခေါ်တာ ငါဟာ နုလိုက်တာ၊ ငါက လူကြီးဖြစ်နေပြီပဲ၊ တင်းပြတ်တဲ့ အခေါ်အဝေါ်နဲ့ ခေါ်မှတင့်တယ်မယ်ဆိုပြီး အမေလို့ ခေါ်တယ်။ ဟား ဟား..ကိုယ့်ဘာသာကိုယ် တွေးခေါ်ပြီး လူတတ်လုပ်တာလေ။

နောက်ထပ် ငါးနှစ်၊ ခြောက်နှစ်လာရှိလာပြန်တော့လဲ အမေဆိုတာက နည်းနည်းပျော့နေပြန်တယ်။ ဒီတော့ အင်္ဂလိပ်ဘာသာစကား Mother ကို တိုက်ရိုက် စကားလုံး ဖလှယ်ပြီး မားသားလို့ ခေါ်ပြန်ပါတယ်။ အမေကတော့ သူ့ကို ဘယ်လိုခေါ်ခေါ် ဘာမှ မပြောပါ၊ သူက ဘယ်လိုအခေါ်ခံချင်တယ်လို့လဲ မတောင်းဆိုပါ။

မေမေကလဲ မိန်းမသားအများအပြားလို သိပ်နူးညံ့တဲ့ မိန်းမတစ်ယောက်တော့ မဟုတ်ပါ၊ ခပ်မာမာ ခပ်ပြတ်ပြတ်ပါပဲ။ လိုတာထက်ပိုပြီး စကားပြောသူမဟုတ်တော့ စိတ်ကြည်လင်တဲ့အခါ ကိုယ်တို့ ညီအစ်ကိုကို သားကြီး၊ သားငယ်လို့ ခေါ်တတ်ပေမဲ့ ပုံမှန်ဆက်ဆံတဲ့ အခါမျိုးမှာဆိုရင် သူပေးထားတဲ့(မှည့်ခေါ်ထားတဲ့) နာမည်ရင်းအတိုင်းပဲ ခေါ်ပါတယ်။ ကိုယ်ကလဲ အဲဒီလိုခေါ်တာကို ကြိုက်ပါတယ်။ ပြတ်သားတာကို ကြိုက်တဲ့သူဆိုတော့ အမေနဲ့သားဟာ အခေါ်အဝေါ်မှာ သိပ်ပြင်တည့်နေစရာ မလိုခဲ့ပါဘူး။

နောက်တော့ အခြေအနေတွေအရ သားကြီးနဲ့ မေမေဟာ ပိုရင်းနှီးလာခဲ့ပါတယ်။ ဆိုးတိုင်ပင်ကောင်းတိုင်ပင် ဖြစ်လာတဲ့အခါ သားကိုလဲ ဓားတစ်လက် အနေနဲ့ တစ်မျိုး၊ အားကိုးစရာ တိုင်ပင်စရာ အကြံပေးတစ်သွယ်ထားလာတာကြောင့် သားကြီးလို့ ခေါ်တာများလာသလို ကျွန်တော်ကလဲ မားသားကနေ မားမားလို့ ခပ်ချိုချို ပျော့ပျော့ ခေါ်လာပါတယ်။

အခုထက်ထိလဲ မားမားလို့ခေါ်တာများပါတယ်၊ မေမေလို့တော့ မခေါ်ချင်သေးပါဘူး။ သိပ်မနုချင်လို့ပါ။ ထားတော့ ဒါက အခေါ်အဝေါ်ကိစ္စ။

အမေနေ့ကိစ္စကတော့ wiki သွားကြည့်တဲ့အခါ မြန်မာကိုလဲ နိုင်ငံတကာ အမေများနေ့မှာ နိုင်ငံအများစုလက်ခံထားတဲ့ မေလ ဒုတိယပတ် တနင်္ဂနွေထဲ ထည့်ထားတာ တွေ့ရပါတယ်။ အဲဒီ နိုင်ငံ ၇၇ နိုင်ငံစာရင်းထဲမှာ မြန်မာက သဘောတူပြီးပါတာလား၊ သဘောမတူဘဲပါတာလား ဘယ်လိုပါတာလဲတော့ မသိ၊ ပါဝင်နေပါတယ်။ ကျန်နိုင်ငံတွေကတော့ သူ့နေ့နဲ့သူ သတ်မှတ်ထားကြတာ တွေ့ရပါတယ်။ နေ့တစ်နေ့ကိုပဲ အတူတူ ၀ိုင်းသတ်မှတ်ထားတဲ့ နိုင်ငံစုတွေလဲ တွေ့ပါတယ်။

မြန်မာနိုင်ငံမှာတော့ ရုပ်ရှင်ဒါရိုက်တာကြီး၊ စာရေးဆရာကြီး၊ လူမှုရေးသမားကြီး ဦးသုခ ဦးဆောင်လှုပ်ရှားပြီး မြန်မာပြက္ခဒိန်က ပြာသိုလပြည့်နေ့ကို အမေနေ့လို့ သတ်မှတ်ထားပါတယ်။ နှစ်စဉ် နိုင်ငံတကာသုံးပြက္ခဒိန်အရဆိုရင်တော့ နှစ်ဆန်း ဇန်န၀ါရီလထဲ ကျရောက်မှာပေါ့လေ။ြ

ပြာသိုလဟာ အေးချမ်းတဲ့လမို့ အမေ့မေတ္တာဟာလဲ အေးချမ်းတာမို့ ရက်ရွေးတဲ့အခါ ပြာသိုလပြည့်နေ့ကို ရွေးပါတယ်လို့ ဦးသုခ ပြောဖူးသလား မသိပါ၊ ကျွန်တော်မှတ်မိနေသလိုပါပဲ။ လပြည့်ကတော့ အမေ့မေတ္တာ၊ အမေ့မျက်နှာပေါ့လေ၊ ပြည့်ပြည့်ဝန်းဝန်းကြီးပေါ့။ ကျွန်တော်တော့ ဦးသုခရဲ့ အမေနေ့ကို ပိုသဘောကျပါတယ်။

အမေနဲ့ပတ်သက်ပြီး အမှတ်ရဆုံးတွေ၊ ဆုံးမတာတွေကို ဒီနေ့ ပြန်စဉ်းစားတော့ အများကြီး ဖြစ်နေပါတယ်။ အခု ကိုယ်က အမေနဲ့အဝေးမှာ ရောက်နေသူဆိုတော့ အမေ အမြဲ လှမ်းလှမ်းမှာတတ်တာတွေထဲက ခေါင်းထဲ အရင်ဆုံး ပြေးလွှားဝင်ရောက်လာတာက “သား…လူတွေကို မယုံပါနဲ့“ တဲ့။

သား.. လူတွေကို မယုံနဲ့…

ခက်ပြီ၊ ကိုယ်က လူတွေကို အလွန်ယုံတယ်။ ယုံလို့ ခံရတာတွေလဲ မနည်းတော့…။ ကိုယ်လုပ်နေရတဲ့ အလုပ်ကလဲ လူတွေကို ယုံမှ လုပ်လို့ရတဲ့ အလုပ်။ နောက်တစ်ခု ယုံကြည်မှုဆိုတာက အပြန်အလှန် သွားတာ(ရှိတာ)မျိုးပါ။ သူ့ယုံမှ ကိုယ့်ယုံမှာပါ။ သူ့မှ ကိုယ်မယုံရင် ကိုယ့်ကိုလဲ သူယုံမှာ မဟုတ်တော့ပါ။

အမေက ကိုယ့်ထက် အသက်နှစ်ဆလောက် ကြီးတယ်၊ ဘ၀အတွေ့အကြုံများတယ်၊ ပညာလဲ ပိုတတ်တယ်၊ သတ္ဆိလဲ ပိုရှိတယ်။ အဲဒီလိုလူက လူတွေ မယုံနဲ့ လို့ပြောတာဟာ အကြောင်းမဲ့တော့ မဖြစ်တန်ရာ…၊ သူ့သားအကြောင်း သိလို့လဲ ဖြစ်မယ်။ သူ့သားက လူသိပ်ယုံတာကိုးနော်။

နောက်တစ်ခု အမေထပ်မှာတာက (ခဏခဏမှာတာက) တရားထိုင်ဖို့နဲ့ ဘာလုပ်လုပ် သတိလေး ကပ်ထားဖို့ပါ။

ကိုယ့်အလုပ်က ခေါင်းမဖော်နိုင်အောင် လုပ်ရတာ ဖြစ်ပါတယ်။ တစ်နေကုန် အလုပ် လုပ်ပြီးတဲ့အခါမှာ လူက နောက်အလုပ်တစ်ခုမှာ အာရုံမစိုက်နိုင်တော့ လောက်အောင် ဒေါင်း သွားပါပြီ။

တရားထိုင်တယ်ဆိုတာကလဲ စိတ်လက် ကြည်လင် လန်းဆန်းနေမှ သမာဓိကောင်းတာမျိုး၊ ဝေဒနာကို နည်းနည်းခံနိုင်ရည်ရှိပြီး ဖြစ်ပျက်ကို ဥာဏ်နဲ့ လိုက်ကြည့်နိုင်တာမျိုးပါ၊ မဟုတ်ဘဲ အတင်းထိုင်မယ်ဆိုရင် ထိုင်ရက် အိပ်ပျော်ရင်ပျော်၊ မဟုတ်ရင်လဲ ထိုင်တောင် မထိုင်နိုင်တော့ဘဲ ထိုးအိပ်ဖြစ်တော့တာပါပဲ။

တတိယတစ်ခု နားထဲပြန်ဝင်လာတာကတော့ ကျန်းမာရေးပါပဲ၊ ကျန်းမာရေးကို ဂရုစိုက်ဖို့ပါ။ သားက တစ်ယောက်ထဲ အဝေးမှာရောက်နေတာမို့ စိတ်ပူပုံရပါတယ်။ အမြဲ ဒါကိုပဲ မှာနေပါတယ်။ ကိုယ်ကလဲ စိတ်မပူဖို့ အမြဲပြန်ပြောဖြစ်ပါတယ်။

အမေဆိုတာက သားသမီး ဘယ်အရွယ်ရွယ်ရောက်ရောက် သူတို့အတွက်ကတော့ ကလေးလေးပါပဲ၊ ချာတိတ်လေးပါပဲ၊ မလိမ်မိုးမလိမ်မာလေးပါပဲ။ အမြဲမှာကြား ဆုံးမနေမှ တော်ကာကြတယ်လို့ ထင်မှတ်နေကြပါတယ်။

ကိုယ်ကတော့ ကိုယ့်ဘာသာကိုယ် သားလိမ္မာလို့ ခံယူထားပေမဲ့ ကိုယ်တိုင်မိဘဘ၀ မရောက်သေးတာမို့တကြောင်း၊ အသက်အရွယ် ငယ်ရွယ်သေးတာမို့တကြောင်း၊ အကြောင်းနှစ်ရပ်အရင်းတည်လို့ အမေနဲ့တော့ ထပ်တူစိတ်မျိုး မရှိသေးပါဘူး။ တစ်ခါတလေတော့ အမေ့နှယ် ပူတတ်ရန်ကောလို့ စိတ်ထဲတွေးမိတတ်ပါတယ်၊ ထုတ် တော့မပြောပါဘူး။

အမေပြောတဲ့ အဓိက သုံးခုကို ပြန်ချုပ်ရရင် လူတွေ မယုံနဲ့ဆိုတာက ပေါင်းသင်းဆက်ဆံရေးအတွက် ဆုံးမတာပါ။ သူ့သားဟာ တနယ်တကျေးမှာ သူ့မျက်ကွယ်မှာ လုပ်ကိုင်စားသောက်နေရသူဖြစ်တော့ ဒါကို သူပြောတာပါ။ ရင်းနှီးပြီးသူတွေနဲ့ကော၊ ခုမှတွေ့တဲ့ သူစိမ်းတစ်ရံဆံတွေနဲ့ကော မဖြစ်မနေ ပေါင်းသင်းဆက်ဆံနေ ရမှာပဲ၊ အတူတကွ ပြောဆိုလုပ်ကိုင်နေရမှာပဲဆိုပြီး စိတ်ပူလို့ မှာပုံရပါတယ်။ လူဆိုကလဲ ကြာကြာပေါင်းကြည့်မှ သေချာသိလေဆိုတဲ့အမျိုးဆိုတာကို သူက ဘ၀ကို နှစ်ပေါင်းများစွာ တင်ကြိုဖြတ်သန်း သိနှင့်ထားနှင့်တာကိုးဗျာ..နော်။

တရားထိုင်ဖို့မှာတာကတော့ လူတွေဟာ အသက်ငယ်ငယ် ကြီးကြီး အချိန်မရွေး ကွယ်လွန်နိုင်တာမို့ အနည်းဆုံးတော့ တရားထိုင်ထားရင်၊ ရုပ်နာမ်ကွဲလို့ ဖြစ်ပျက်လေးများ သိထားရင် သူ့သားလေးဟာ အပ္ပါယ်ငရဲတော့ မကျနိုင်လောက်တော့ဘူးရယ်လို့ တွေးထားပြီး စိတ်ပူပန်လို့ မှာပုံရပါတယ်။ သားရဲ့ လောကုတ္တရာရေးအတွက် တင်ကြိုပြီး အခါမလပ် သတိပေးနေတာကိုးဗျနော်။

ကျန်းမာရေးအတွက်မှာတာကတော့ အခုလို တနယ်တကျေးမှာ လုပ်ကိုင်စားသောက်နေရတဲ့ခါ ကိုယ်ကျန်းမာ စိတ်ကျန်းမာနေမှ အလုပ်ကို ထိထိရောက်ရောက် ပီပီ ပြင်ပြင်လုပ်နိုင်မယ်မဟုတ်လားဗျာ။ အနီးကပ်နေကြတာဆိုရင် အရေးလား၊ အင်း…နေမကောင်းဘူး၊ အင်း…ဆေးခန်းမသွားချင်ဘူး၊ အင်း…ဟိုဟာ စားချင်တယ်၊ အင်း…စကားလာမပြောပါနဲ့ စသဖြင့် နေထိုင်မကောင်းရင် အင်မတန် ဂဂျီဂဂျောင်ကျတတ်တဲ့ သူ့သားကို ပြောပြောဆိုဆိုနဲ့ အမြန်နေကောင်းအောင် ပြုစုနေကြမို့ အခုဒီသားဟာ အဝေးမှာရောက်နေတာဆိုတော့ စိတ်ပူပုံရပါတယ်။

နိုင်ငံတကာအမေများနေ့မှာ အမေ့အတွက် တစ်ခုခုရေးချင်တာနဲ့ (အမေ့ကိုတော့ နေ့တိုင်းသတိရနေတာပါပဲလေ) အမေနဲ့စကားပြောဖြစ်တိုင်း ကိုယ့်ကိုဆုံးမတဲ့ အမြဲ အထပ်ထပ် သတိပေးပြောနေတဲ့ အမေ့အမှာစကားသုံးခွန်းကို သတိရပြီး ပြန်ရေးပြရပါတယ်။ အမေကျန်းမာ ချမ်းသာလို့ တရားဓမ္မတွေ ပွားစီးနိုင်ပြီး စိတ်ကြည်လင် အေးချမ်းနေပါစေ၊ တရားအရသာ မေတ္တာဓာတ်တွေနဲ့ နေနိုင်ပြီး ရန်ကုန်အပူဒဏ်ကို ကျော်လွှားနိုင်ပါစေလို့ လက်ဆယ်ဖြာ ယှက်ဖြာ အုပ်မိုးလို့ ဆုတောင်း ကန်တော့ လိုက်ပါတယ်အမေ။

သားမောင်။

၂၀၁၀ ပြည့်နှစ်၊ မေလ ၉ ရက်။ တနင်္ဂနွေနေ့ မွန်းလွဲ ၂ နာရီ။

ကိုယ်က အမေ တက္ကသိုလ်တက်နေတုန်း ပထမနှစ်မှာပဲ မွေးတာဖြစ်တော့ စာမေးပွဲဖြေကာနီးမှာ အမေက ကိုယ့်ကို သူ့အဖေအမေ(ကိုယ့်အဖိုးအဖွား)ဆီကို ပို့လိုက်ပါတော့တယ်။ ဒီတော့ အမေ့နို့နဲ့စောစောပြတ်လပ်ပြီး အဖိုးမွေးထားတဲ့ နွားတွေကထွက်တဲ့ နွားနို့ကိုပဲ အားပါးတရသောက်သုံးခဲ့ရတော့ အဖိုးနည်းတူ ခြေဆံလက်ဆံ ရှည်ထွက်လာသလားတော့ မသိပါဘူး။

တခါ အဖိုးအဖွားက လက်ဖက်ရည်ကြိုက်သူများဖြစ်တော့ ကိုယ်နည်းနည်းသိတတ်တဲ့အရွယ်ရောက်လာတဲ့အခါ နွားနို့အရောင်ဖြူဖြူထက်စာရင် အဲဒီနွားနို့ခွက်ထဲကို လက်ဖက်ခြောက် အချိုခြောက်နှပ်ရည်(အကျိုက်ရည်)ခပ်ပြင်းပြင်း ထည့်ထားတဲ့ နွားနို့ကဲတဲ့ လက်ဖက်ရည်ကို စောစောစီးစီးကြိုက်တတ်လာပါတယ်။

နောက်တခါ ၇ နှစ်၊ ၈ နှစ် ရောက်တော့ အဖိုးသောက်ဖို့ ဘရန်ဒီတို့၊ အရက်ဖြူ၊ အရက်နီတို့ ၀ယ်ပေးရင်းကနေ အဖိုးညစာစား အရက်သောက်တော့ အဲဒီအနံ့ကိုရှု၊ နှစ်သက်သဘောကျ၊ အဖိုးက နည်းနည်းလေးပျော်ပြီး လျှာဖျားလေးနဲ့ ကိုယ့်ကို တို့ကြည့်စေတဲ့အခါ လျှာဖျားလေးပူပူလောင်လောင်ဖြစ်သွားတာကို သဘောကျ၊ အဖိုးနဲ့ ထမင်းတွေ အများကြီးလိုက်စား ဒီလိုပဲ ပျော်စရာလေးတွေနဲ့ နေခဲ့ဖူးတယ်။

အခုတော့ ကိုယ့်ကိုသိပ်ချစ်တဲ့အဖိုးလည်း မရှိတော့ဘူး၊ အဖွားလည်း တိမ်းပါးသွားပြီ။ နွားနို့ကဲတဲ့ လက်ဖက်ရည်ပူပူကိုလည်း ကြေးခွက်ကြီးနဲ့ထည့်ပြီး မသောက်ရတော့ဘူး။ အဖိုးအမြဲသောက်တဲ့ ငါးကြေးခွံဖန်ခွက်ကြီးထဲက အဖြူရောင် အနီရောင် အရက်နံ့ပြင်းပြင်းတွေကိုလည်း ရှုရှိုက်ခွင့်မသာတော့ဘူး။ အဖိုးနဲ့အဖွားကို တစ်ခါတခါ သိပ်သတိရတယ်။

အဖေနဲ့အမေ အဆင်မပြေတော့ ကိုယ်တို့က လူမမည်လေးတွေ၊ နောက်တော့ လူကြီးတွေကွဲကွာပြီး ခွဲခွာနေထိုင်ကြ။ ကိုယ်တို့က အရွယ်မရောက်သေးသူတွေ ဖြစ်တော့ မိခင်ရဲ့အုပ်ထိန်းမှုအောက်မှာနေရတယ်၊ အဖေကတော့ သူ့မိဘအိမ်ရိပ်မှာ တစ်ယောက်တည်းပြန်နေတယ်။ သားအဖဆိုတော့ သွေးကစကားပြောတာမို့ အကြာကြီး ခွဲခွာမနေနိုင်ဘူး၊ ဒီလိုပဲ တွေ့ကြဆုံကြ ဆုံးမစကားပြောတာနာခံရတာပေါ့။

သားသမီးဆိုတာ မိစုံဖစုံနဲ့နေတာ အကောင်းဆုံးပါပဲ၊ နို့ပေမဲ့လည်း တစ်ခါတခါတော့ အိမ်ထောင်ရေးဆိုတဲ့ ဆေးဝါးချိုချိုက ဘေးထွက်ဆိုးကျိုးပါလာတဲ့အခါ ဒီဆေးဝါးရဲ့ အချိုဖုံးထားတဲ့ ဆေးခါးကို သားသမီးတွေကပါ မနှစ်သက်ပေမဲ့လည်း ၀ါးမြိုကြရတာမျိုးလည်း ရှိတတ်တာပဲလေ။ ဘယ်သူ့ဘယ်သူမှ အပြစ်မရှိကြဘူး ဆိုရင်တောင် ခံနိုင်ရည်နည်းသူလေးတွေမှာတော့ ပိုထိခိုက်ခဲ့ရတာပေါ့။

နောက်တော့ အဖေနဲ့တစ်ခါတလေတွေ့တယ်။ ကျောင်းမှာတွေ့တယ်၊ ရပ်ကွက်ထိပ်က လက်ဖက်ရည်ဆိုင်မှာ တွေ့တယ်။ နောက်တော့ အဖေ့နေတဲ့ အဖွားအိမ်မှာ တွေ့တယ်။

အဖေက သားကြီးကို အားကိုးတယ်။ သားကြီးကို ဆုံးမလိုက်ရင် အငယ်တွေပါ ဆုံးမပြီးသားဖြစ်မယ်လို့လည်း အဖေက တွက်ပုံရတယ်။ ကိုယ်က ငယ်ငယ်ကတည်းက အတွေးကဲသူဖြစ်တယ်။ ဘာကြောင့် ဘယ်လို ဘယ်ဖြစ်လို့ ဆိုတာတွေကို အမြဲလိုက်စဉ်းစားတယ်။

လွယ်တာကိုလည်း မကြိုက်ဘူး။ လွယ်လွယ်လေးတစ်ခုခုဖြစ်သွားရင် တစ်ခုခုပဲမှားနေသလိုလို ကိုယ်ကထင်တတ်တယ်။ ဒီတော့ ကိုယ့်ပုံစံက သွက်သွက်လက်လက် မရှိဘူး။ ငေးငေးမှိုင်မှိုင်ပုံစံဖြစ်နေတယ်။ လူကြီးတွေတစ်ခုခုပြောတာကို နားထောင်ရင်ပဲဖြစ်ဖြစ်၊ ကိုယ်က တစ်ခုခုကို အာရုံဝင်စားနေရင်ဖြစ်ဖြစ် ပါးစပ်ကြီးဟပြီး သတိလက်လွတ်လို ဖြစ်နေတတ်တယ်၊ တစ်ခါတလေ သွားရေတွေတောင် ကျနေတတ်တယ်။

ဒါကို အဖေက လုံးဝမကြိုက်ဘူး။ အဖေက စာလည်း အလွန်ဖတ်သူဖြစ်လေတော့ ဒါဟာ သူ့သားမှာ သိမ်ငယ်စိတ်ရှိနေတာ၊ သူ့ခမျာ အဖေနဲ့အတူမနေရလို့ စိတ်အားငယ်နေတာ၊ ဒါကြောင့် ဒီလိုဖြစ်တာပဲဆိုပြီး စိတ်မကောင်းဘူး။ သူမကောင်းလို့ မိန်းမနဲ့ကွဲနေလို့ သားသမီး(အထူးသဖြင့် သူရဲ့သားကြီး)မှာ အခုလို သိမ်ငယ်စိတ်ရှိနေတယ်ဆိုပြီး ရပ်ကွက်ထိပ်က လက်ဖက်ရည်ဆိုင်ကလေးမှာ တွေ့တဲ့တစ်ခေါက်တုန်းက အဖေက မျက်ရည်ကလေးတောင်ဝဲလို့။

“သားကြီးရာ…မင်းက ယောက်ျားပဲ၊ ယောက်ျားဆိုတာ တင်းတင်းတည်တည်ရှိရတယ်ကွ။ တုံးတိုက်တိုက် ကျားကိုက်ကိုက် ချရတယ်ကွ။ ဘယ်တော့မှ အရှုံးမပေးရဘူး။ မင်း ဘယ်တော့မှ မရှုံးရဘူး။ မင်း ခပ်မတ်မတ် ပြင်ထိုင်စမ်း…၊ နှုတ်ခမ်းကို တင်းတင်းစေ့ထားစမ်း…၊ အေး အဲဒီလိုနေ…ငါ့သားဟာ ဘယ်တော့မှ အားငယ်တဲ့ယောက်ျားမဖြစ်ရဘူး“

အဖေက အဲဒီလို ကိုယ့်ကို ဆုံးမဖူးတယ်။ အဖေက သူကိုယ်တိုင်သာ အားငယ်ချင်ငယ်မယ်၊ သူကိုယ်တိုင်သာ သူဖြစ်ချင်တာမဖြစ်လို့ စိတ်ကြေကွဲချင်ကြေကွဲမယ်။ သူ့သားကြီးဖြစ်တဲ့ကိုယ့်ကိုတော့ ခုနလို သူလိုချင်တဲ့ပုံစံကို ရိုက်သွင်းပစ်လိုက်တယ်။ ကိုယ်က အဖေ့ကိုချစ်တယ်။ သားဆိုတာ အဖေ့ကို အတုခိုးတာပါပဲ။ ကိုယ်လည်း အဖေ့ကို အမြဲအတုခိုးခဲ့တာပါပဲ။ အခုတောင် တစ်ခါတလေ ကိုယ့်ကိုယ့်ကိုယ် မှန်ထဲကြည့်တဲ့အခါ အဖေ့ကိုမြင်ရသလိုပါပဲ။ ကိုယ်ဟာ အခုဆို တဖြည်းဖြည်းနဲ့ အဖေ့အရွယ်တောင် ရောက်လာနေပါပေါ့လား။

ငယ်ငယ်ကတော့ အဖေ့လက်ဖ၀ါးကြီးတွေကို ကိုင်ကြည့်ရတာ အားရလိုက်တာလေ၊ အဖေ့လက်ဖ၀ါးကြီးတွေက ကိုယ့်လက်ဖ၀ါးသေးသေးလေးတွေနဲ့စာရင် ဘာမှမှမဆိုင်တာ…အကြီးကြီးတွေမှကိုး။ အခုတော့ အဲဒီလိုလက်ဖ၀ါးကြီးတွေ ကိုယ့်မှာရှိနေပြီလေ။ အဖေ့ကို သတိရတယ်။

တစ်ခါတလေ ကိုယ့်စိတ်ပျက်အားငယ်မိတယ်ဆိုရင် အဖေ့ကို သတိရပြီး ကိုယ့်နှုတ်ခမ်းထူထူကြီးကို တင်းတင်းစေ့ပြီး(ထော်ထော်ကြီးဖြစ်ပြီး စူပုပ်သွားတာပေါ့လေ) ခန္ဓာကိုယ်ကြီးကို ထောင်မတ်ထားလိုက်တာ မသိတဲ့လူတွေကတော့ ဒီကောင် သိပ်ဘ၀င်မြင့်တယ်လို့ ထင်ကြလိမ့်မယ်။

ကိုယ့်နဂိုပုံစံက ရယ်ပြုံးနေတတ်ပြီး သိပ်သဘောကောင်းပုံရတဲ့ မျက်နှာချိုလေးကိုး၊ ခုနလို တင်းတည်လိုက်တဲ့အခါမှာတော့ ဆယ်နှစ်လောက်အသက်ပိုကြီးသွားတဲ့ မျက်နှာတင်းတင်းကြီး ရုတ်ချည်းဖြစ်သွားတတ်တယ်။

ပြောရဦးမယ်၊ အဖေဟာ သူ့အမေအိမ်က သူ့အတွက်ရတဲ့ အခန်းလေးတစ်ခန်းထဲမှာ တစ်ယောက်တည်းနေရတော့ အဖော်မဲ့ပြီး အရက်ကိုပဲ အဖော်ပြုရရှာတယ်။ ဒီတော့ ကိုယ်က ကောလိပ်ကျောင်းက လစ်လစ်ပြီး အဖေ့ဆီသွားရင် အဖေက သိပ်ပျော်တယ်။ စကားပြောဖော်၊ ရွှီးဖော်ရွှီးဖက်ရသလိုပါပဲ။ သားကြီးကို လူရာသွင်းပြီး သူ့မိတ်ဆွေတစ်ယောက်လို စကားစပြောပြီ။ ဆုံးမစကားပြောတာမျိုးမဟုတ်တော့ဘဲ ဆွေးနွေးဖော်အဆင့်တိုးမြှင့်ပေးလာပြီ။

သူ့အိမ်ရှေ့က ဖြတ်သွားဖြတ်လာမှန်သမျှကိုလည်း “ဒါ ကျွန်တော့်သားကြီးပေါ့၊ ကောလိပ်တက်နေတာလေ၊ သိပ်တော်တဲ့ကောင်ပေါ့“လို့ မိတ်ဆက်ပေးပြောနေတော့တာကိုး၊ ပထမတော့ ကိုယ်က အဖေ့ကို အဲဒီလိုမပြောစေချင်ဘူး။ နည်းနည်းရှက်သလိုခံစားရတယ်။ ဒါပေမဲ့ အဖေက အားရပါးရ ဂုဏ်ယူပြီးပြောနေတာဆိုတော့ နောက်ပိုင်းမှာတော့ အဖေတစ်ခါပြောလိုက်တိုင်း ကိုယ်ကပါ ရင်ဘတ်ကြီးကော့ပြီး မျက်နှာတည်တည်အေးအေးနဲ့ ပြုံးပြနေတတ်ခဲ့ပြီ။

အဖေ့ထက်ခေါင်းတစ်လုံးမြင့်တဲ့သားကတော့ ငယ်ငယ်ကအဖိုးအဖွားတိုက်တဲ့နွားနို့တွေကြောင့်လားတော့ မသိ၊ ကိုယ်ကာယအားဖြင့် တကယ်ဖြစ်ခဲ့ပြီ။ နောက်တစ်ခုက ကိုယ်နဲ့အဖေနဲ့က အသက်အားဖြင့် ၃၇ နှစ်တောင်ကွာလေတော့ ကိုယ်ကောလိပ်ရောက်တော့ အဖေက တော်တော်အိုနေပါပြီ။ တစ်ယောက်တည်းနေရတာရော အရက်ကိုအဖော်ပြုရတာရော ပေါင်းလိုက်တော့ ပိုလို့တောင် အအိုစော(အိုစာ)တာပေါ့လေ။ နုထွားကြီးကိုယ်က အဖေ့ကိုတောင် ရင်ခွင်ထဲထား ပြန်ပွေ့ထားလို့ရနေပါပြီ။

နောက်ပိုင်း ကောလိပ်ကျောင်းကအပြန် အဖေ့ဆီရောက်တဲ့အခါ ညနေစောင်းလည်းဖြစ်တော့ အဖေစတင်သောက်သုံးနေတဲ့အချိန်တွေ ဖြစ်နေတတ်ပါပြီ။ မုန့်ဟင်းခါးဖတ်၊ ခေါက်ဆွဲဖတ်လေးရောင်းပြီး ကိုယ့်လုပ်စာလေးနဲ့ကိုယ်ရပ်တည်ရတဲ့ တစ်ကိုယ်ရေဘ၀မို့ အဖေဟာ သူ့အခန်းဝလေးမှာပဲ မနက်စောစော အာရုံမတက်ခင်လေးကစပြီး ဈေးဆိုင်ထဖွင့် ရောင်းချရမှာမို့ ညနေခင်းစောစောထဲက တစ်ခွက်တစ်ဖလား စတင်လိုက်ပြီး သတ်မှတ်ပမာဏပြည့်ရင် စောစောစီးစီးအိပ်ရာဝင်တတ်နေပါပြီ။

အဲဒီတော့ ပုလင်းဖွင့်ခါနီး ဒါမှမဟုတ် ပထမတစ်ခွက်သောက်ထားပြီးစ ကိုယ်ရောက်သွားတဲ့အခါ အဖေ့မှာ ပထမပိုင်းတော်တော် ဒုက္ခရောက်ရပါတယ်။ သားကြီးကလည်း ရောက်လာလို့ ပျော်လည်းပျော်၊ စကားပြောဖက် ဆွေးနွေးဖက်လည်းရပြီမို့ ပြောစရာစကားတွေကလည်း ရှိနေတယ်၊ အရက်ကလည်း သူ့အချိန်နဲ့သူ သောက်မှဖြစ်မယ်။ သားရှေ့မှာလည်း ပေါ်တင်ကြီးမသောက်ချင်တော့ အဖေ့ခမျာ တော်တော်လေး စိတ်ညစ်ရပုံပေါ်ပါတယ်။

ကိုယ်ကလည်း အဲဒီတုန်းက ချာတိတ်ဆိုတော့ အထာမနပ်၊ လျှာမသွက်ဆိုတော့ အဖေသောက်နေတာသိပေမဲ့ ခပ်တည်တည်ပဲ စကားတွေထိုင်ပြောနေမိတယ်။ အဖေကလည်း သားလာတော့ စကားပြောတာပေါ့။ အရက်တောင် ထမသောက်ပါဘူး။ အဲ…နောက်နှစ်ခါသုံးခါကြတော့ အဖေက သူ့အခန်းလေးထဲ ခဏခဏ ပြန်ပြန်ဝင်သွားတယ်၊ ခပ်မြန်မြန်သွားချလာတာပေါ့လေ။ ဒီတော့ အဖေက ကိုယ်နဲ့စကားပြောလို့လည်း ပိုကောင်းလာတာပေါ့။

ဒီနေရာမှာ အဖေ့နေတဲ့အခန်းလေးအကြောင်း စာဖွဲ့ပြချင်သေးတယ်။ အဖေနေတာက စောနကပြောခဲ့သလို သူ့အမေအိမ်။ အိမ်က နှစ်ထပ်သစ်သားအိမ်ဖြစ်တာမို့ အပေါ်ထပ်မှာက အခန်းတွေဖွဲ့ပြီး ကျန်တဲ့မောင်နှမတွေ နေကြတယ်။ အောက်ထပ်မှာက နှစ်ခန်းဖြစ်အောင် အလယ်က ကန့်ပြီး၊ တစ်ခန်းကိုတော့ သမီးတစ်ယောက်(အဖေ့ညီမ)က အိမ်လခပြန်ပေးပြီးနေသလို၊ နောက်တစ်ခန်းကတော့ အိမ်ငှားမိသားစုတစ်ခုနေကြတယ်။

အိမ်ခေါင်းရင်းက မြေပိုမြေစွယ်လေးထွက်နေတာမှာ ကားဂိုထောင်လောက်အခန်းလေးတစ်ခန်းဆောက်ပြီး မူလက ဘော်တယ်ကုလားကို ငှားစားခဲ့ပေမဲ့ တစ်အိမ်လုံးဖျက်ပြီး ကန်ထရိုက်တိုက်ပြန်ဆောက်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘော်တယ်ကုလားကို ပထုတ်လိုက်ပြီးနောက်မှာ အဖေက အဲဒီအခန်းမှာ နေပါတယ်။

အခန်းပေါက်ဝမှာရှိတဲ့ စည်ပင်မြောင်းကိုခွပြီး ဈေးဆိုင်ခုံကြီးချပြီး အဖေက ဈေးရောင်းတယ်။ ဈေးဆိုင်ခုံရှေ့ကနေ ကတ္တရာလမ်းမရောက်တဲ့အထိ သစ်ပင်လေးတွေမျိုးစုံကို အဖေကိုယ်တိုင် ၀ယ်ပြီးတစ်မျိုး၊ တောင်းပြီး ဒါမှမဟုတ် တခြားတစ်နေရာက ယူလာပြီးတစ်ဖုံ စိုက်ထားတာကြောင့် စိမ်းစိမ်းစိုစိုရှိတယ်၊ တချို့သစ်ပင်တွေမှာဆို ပန်းလေးတွေတောင် ပွင့်လို့လှနေတတ်တယ်။

အဖေက ရေလည်းတတ်နိုင်သလောက်လောင်းပေးတော့ သစ်ပင်လေးတွေက စည်ပင်ရှာတယ်။ သစ်ပင်တွေဝိုင်းနေတဲ့ကြားမှာမှ သူ့သားသမီးတွေလာရင် ဒါမှမဟုတ် မိတ်ဆွေသူငယ်ချင်းတွေလာရင် စကားပြောကြတဲ့အခါ ထိုင်နိုင်အောင်လို့ မြေစိုက်တိုင်လေးနှစ်တိုင်ပေါ် သစ်သားကျွန်းပြားလေးတစ်ချပ် ပစ်တင်ရိုက်ထားလိုက်တော့ လူတစ်ရပ်လောက်မြင့်တဲ့ သစ်ပင်အုပ်လေးကြားထဲမှာ ခုံတန်းလေးတစ်ခုရှိနေတယ်။

ခုံတန်းလေးက လူနှစ်ယောက်ထိုင်လို့ရပေမဲ့ ကိုယ်သွားရင်တော့ အဖေက သူ့သားလူကောင်ကြီးက ကြီးသမို့ တစ်ယောက်ထဲ လွတ်လွတ်လပ်လပ်ထိုင်စေတယ်၊ ကိုယ်ကလည်း အဲဒီလိုထိုင်ရတာ သဘောကျတယ်။ အဖေကတော့ ထိုင်ခုံတစ်လုံးနဲ့ထိုင်ပြီး သူ့အခန်းထဲဝင်လိုက်ထွက်လိုက်နဲ့ သူကြိုက်တဲ့အရက်ကို သောက်သုံးမယ်။ ပထမတော့ သူမသောက်ပေမဲ့ နောက်ကျတော့ သူသောက်လာပြီ။ ခဏနေတော့ ဘာလုပ်တယ်ထင်ပါသလဲ။

အဖေဟာ သားကြီးကို သူနဲ့တန်းတူထားလိုက်ပြီ။ ကောလိပ်ကျောင်းသားဖြစ်နေပြီဖြစ်တဲ့ ကိုယ့်ကို “ဟေ့ကောင် မင်းကော ချမလား“လို့ မေးလာပြီ။ ကိုယ်က ဘယ်လိုပြန်ဖြေရမလဲ။

“ဟာ…ကျွန်တော် မသောက်ပါဘူး“ဆိုရင် အဖေက သားကို အရက်သောက်ဖို့ စခေါ်တဲ့ ဖျက်ဆီးတဲ့ လူမိုက်လိုအဖေဖြစ်ပြီး၊ သားကတော့ လိမ္မာတဲ့ ကံငါးပါးလုံး မကျိုးမပေါက်အောင် စောင့်ထိန်းနိုင်တဲ့ သားသူတော်ကောင်းဖြစ်မယ်။

ဒါမှမဟုတ် “ကြာသလားလို့အဖေ…ကျွန်တော်က အဖေ့အခေါ်စောင့်နေတာ“လို့ဆိုရင် အဖေက “အော်..ငါ့သားက ကောလိပ်ကျောင်းသားတောင်မှ ဖြစ်ကာစရှိသေးတယ်၊ အရက်ကောင်းကောင်းသောက်တတ်နေပါပေါ့လား၊ အဖေတူသား အရက်သမား..စာမကြိုးစားတဲ့ကောင်ဖြစ်နေပါပေါ့လား“ဆိုရင် သူ့သားသူ ချောက်ကမ်းပါးထဲတွန်းချနေသူ ဖခင်ဆိုးဖြစ်မယ်၊ ကိုယ်က မကောင်းတာဆို နှစ်ခါမခေါ်ရတဲ့၊ မကောင်းတာလုပ်ဖို့ အမြဲအသင့်ရှိနေတဲ့ မလိမ္မာတဲ့ သားဖြစ်မယ်။

ဒီတော့ အဖေမေးတဲ့ “မင်းကော ချမလား“ဆိုတာကို မကြားချင်ယောင်ဆောင်ပြီး ဘယ်လိုဖြေရင်ကောင်းမလဲလို့ အပြေးအလွှားစဉ်းစားနေရတယ်။ အဲဒါကို အဖေက ကိုယ်မကြားဘူးထင်ပြီး “သားကြီး မင်းကော သောက်မလားလို့ မေးတာ၊ မကြားဘူးလား“လို့ ထပ်မေးပြော ပြောလာတော့ အဖေ့ကို မျက်လုံးချင်း ဆိုင်ကြည့်ပြီး ခပ်ပြုံးပြုံးမျက်နှာအနေအထားနဲ့ အခုလို ကိုယ်ပြောလိုက်ပါတယ်။

“အဖေ..ကျွန်တော် တစ်ခွက်ပဲ သောက်မယ်“

ကိုယ့်အဖြေက အရက်အတူသောက်ဖို့ သားအဖနှစ်ယောက်ကြားက အကောင်းဆုံးနဲ့ ကွက်တိကျတဲ့ အဖြေဖြစ်ခဲ့တယ်။ သားအဖနှစ်ယောက် မိတ်ဝတ်မပျက်(အပြုံးမပျက်) အရက်အတူသောက်နိုင်ခဲ့သလို အဖေကလည်း ဒီသားဟာ အရက်ကို မက်မက်စက်စက်ကြီး သောက်မဲ့သူ မဟုတ်ဘူးလို့ ကောင်းကောင်း ပိုင်ပိုင် တင်ကြို ဆုံးဖြတ်ထားနိုင်လိုက်တယ်။ မကောင်းဘူးလားဗျာ။

တကယ်တော့ ကိုယ်က အဲဒီမတိုင်ခင်ကတည်းက အရက်ကောင်းကောင်းသောက်တတ်နေပါပြီ။ ဒါပေမဲ့ အဖေကိုတော့ ကိုယ့်အနေနဲ့ အကောင်းဆုံးလို့ထင်ရတဲ့ အဖြေပေးပြီး အဖေနဲ့ပထမဆုံးအကြိမ် သားအဖနှစ်ယောက် အရက်အတူသောက်ဖြစ်ခဲ့တာဖြစ်ပါတယ်။

အဲဒီညနေခင်းလေးမှာတော့ အဖေ့ပန်းခြံလေးက ပိုပြီးလှနေခဲ့သလို အဖေကလည်း သူ့သားနဲ့ပထမဆုံးသောက်တဲ့ညနေခင်းမို့လား မသိပါဘူး။ တစ်ခွက်ပဲသောက်မဲ့ သားကြီး(ကိုယ်)မြည်းဖို့တောင် ငါးဥကြော်လေး အပြေးအလွှားသွားဝယ်ခဲ့ပါသေးတယ်။

အဲဒီနောက်တော့ အဖေမဆုံးခင်အထိ သားအဖနှစ်ယောက် သုံးလေးခါလောက် သောက်ဖြစ်ခဲ့ပါသေးတယ်။ သုံးလေးခါပဲ သားကြီးနဲ့အဖေ အရက်အတူ သောက်ဖြစ်ခဲ့တဲ့ အဓိကအကြောင်းကတော့ သားကြီးနေရာကို သားငယ်လေး(ကိုယ့်ညီ)က ခပ်သွက်သွက်ဝင်ယူလိုက်လို့ပါပဲ။

နောက်ဆုံးတော့ အဖေဟာ အရက်ကြောင့်ပဲ ဆုံးပါးသွားခဲ့ပါတယ်။ ကိုယ် ကောလိပ်နောက်ဆုံးနှစ် အသက် ၂၃၊ အဖေက အသက် ၆၀ အရွယ်မှာပေါ့။

(အဖေ့ကို သတိရလို့ရေးပါတယ်။)

၂၀၁၀ ပြည့်နှစ်၊ မတ်လ ၆ ရက်၊ ည ၁၁ နာရီခွဲ။

အခုတလော ညီမငယ်တစ်ယောက်က သူငယ်ငယ်က အကြောင်းတွေ ရေးထားတာလေးကို ပေးဖတ်လို့ သဘောကြရတယ်။ အဲဒီကောင်မလေးက စာရေးတော်တော် ကောင်းတယ်၊ စကားနည်းနည်းပြောကြည့်တော့ စကားပြောလည်း ကောင်းတယ်။ တော်တဲ့ထက်တဲ့သူဆိုတာ သိရတယ်။

တစ်ခါ သူငယ်ချင်းတွေက ပို့ပို့ပေးတဲ့ ဖော်ဝပ်အီးမေးလ်ကရတဲ့ ဟာသတွေကို ဖတ်ရတဲ့အခါ ကိုယ်အလွန်သဘောကျတဲ့ ဟာသလေးတစ်ပုဒ်ကိုတော့ အမြဲမှတ်မိ နေတယ်။ ကလေးလေးက ကျောင်းမှာ ကွန်မြူနစ်စနစ်၊ အရင်းရှင်စနစ်၊ ပြည်သူ၊ အစိုးရ စသဖြင့်သင်ရတော့ ဆရာက တပည့်လေး နားလည်လွယ်အောင် အဖေက ဘာ၊ အမေက ဘာ၊ သားသမီးက ဘာ၊ အိမ်မှာ ကူဖော်လောင်ဖက် ကောင်မလေးက ဘာ စသဖြင့် စွဲအောင် ခွဲခြမ်းစိတ်ဖြာ သင်ပေးလိုက်တာပေါ့။ ဒါကို ကလေးလေး တရေးနိုးတဲ့အခါ မြင်ရတာတွေကို နောက်တစ်နေ့ကျောင်းမှာပြန်ပြောပြတဲ့ အကွက်ကလေးပါ၊ ရယ်လည်း ရယ်ရတယ်၊ ခေတ်နဲ့လည်းညီတယ်၊ ထိလည်း ထိမိတယ်ပေါ့။ ဖတ်ဖူးကြမှာပါ။

ဒီကိစ္စနှစ်ခုပေါင်းလိုက်တော့ ဒီစာစုလေးဖြစ်လာတာပါပဲ။

ငယ်ငယ်က မမေ့နိုင်စရာဇာတ်ကွက်လေးတစ်ခုရှိတယ်၊ ဒါကို ခု ပြန်သတိရတယ်။ ရုပ်ရှင်ရိုက်မယ်ဆိုရင်တော့ အကယ်ဒမီပေးတဲ့ အကဲဖြတ်အဖွဲ့အကြိုက်အကွက် ပေါ့။

ဇာတ်က ဒီလို…။

ကိုယ် ၁၃ နှစ်အရွယ်မှာ အဖေနဲ့အမေ အဆင်မပြေလို့ ကွဲကွာသွားကြတယ်။ ပြောရရင် အမေက သိပ်ထက်တယ်၊ လက်တွေ့ကျတယ်။ ကိုယ်လုပ်မှ ကိုယ်စားရမယ်၊ ကိုယ်ရှာဖွေနိုင်မှ ကိုယ်ပိုင်မယ်ဆိုတဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုကို ဇောင်းပေးတဲ့သူဖြစ်တယ်။ ကိုယ်ဒီအချိန်ကျမှ ပြန်လေ့လာကြည့်တော့ အမေက အရင်းရှင်ပေပဲ။

တစ်ခါ အဖေက စာတအားဖတ်တယ်၊ စာရေးတယ်၊ နိုင်ငံရေးဝါသနာပါတယ်။ ကိုယ်အခုလို စာရေးတယ်၊ စာဖတ်တယ်၊ စာပေနဲ့ဆက်နွယ်တဲ့အလုပ်လုပ်တာဆိုတာ အဖေ့ဆီကသွေးပါလာလို့ပဲ၊ အဖေ့ကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အဖေက ဘာအလုပ်မှ ထိရောက်အောင် မလုပ်နိုင်ဘူး၊ အားလူးနည်းနည်းများတယ်လို့ ပြောလို့ရတယ်။

ဒါပေမဲ့ ဟိုခေတ်က ပညာသေချာမတတ်တဲ့ နိုင်ငံရေးသမားတိုင်း ဒီလိုပဲဆိုတာ ကိုယ်အခု ပြန်လေ့လာတွေ့မိတယ်။ သူတို့က ဆိုရှယ်လစ်ဝါဒကို ယုံကြည်တယ်၊ အများအကျိုးကို ရှေးရှုရမယ်၊ တစ်ယောက်ချင်းအတွက်ပဲ ကြိုးစားတာဟာ သိမ်ဖျင်းတဲ့အလုပ်၊ လူ့ဘောင်လူ့လောကကို ဖျက်လိုဖျက်ဆီးလုပ်တဲ့အလုပ်လို့ ယူဆတယ်။

ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကွန်မြူနစ်စနစ်က သဘောတရားရေးရာအရပဲ အောင်မြင်တယ်၊ လက်တွေ့ကျတော့ အိမ်မှာဆို မိန်းမဖြစ်သူက အိမ်ထောင်ကို တကယ် ဦးစီးလုပ်ကိုင် ရှာဖွေရတာမျိုးဖြစ်နေတယ်။

ဒီတော့ အနှစ်ချုပ်လိုက်ရင် အရင်းရှင်နဲ့ ကွန်မြူနစ်တိုက်ပွဲ၊ လေသမားနဲ့ လက်သမားတိုက်ပွဲ၊ အစာအိမ်အလွတ်နဲ့ ထမင်းဟင်းတိုက်ပွဲဖြစ်သွားတယ်။ သားသမီး ဆိုတာ အဖေ့လည်းချစ်တာပဲ၊ အမေ့လည်းချစ်တာပါပဲ။ ကိုယ့်ကို အလိုလိုက် အကြိုက်ဆောင်တဲ့မိဘဆို ပိုတောင်သဘောကျပါသေးတယ်။

အမေက ရှေ့နေပါ၊ ဒေါင်းတင်းမောင်းတင်ပဲ၊ အမေ့ကိုကြည့်လိုက်ရင် အမြဲအားရနေရတယ်၊ အလုပ်နဲ့လက် ပြတ်တယ်လို့ကို မရှိဘူး။ သိပ်အလုပ်လုပ်တယ်၊ သိပ်ကြိုးစားတယ်။ သူတင် ကြိုးစားတာမဟုတ်ဘူး။ သူ့သားသမီးတွေကိုလည်း အမြဲတမ်း မောင်းနေတော့တာပါပဲ။ တကယ်တမ်းပြောရရင် ကိုယ်က ၇ နှစ်၊ ၈ နှစ်သားလောက်ကတည်းက အဖေ့ပုံစံတစ်ပုံစံတည်း ၀င်နေပါပြီ။

မှတ်မိသေးတယ်၊ အဖေက မိုးလင်းတာနဲ့ စက်ဘီးစီးရင်း စက်ဘီးကို မရပ်ဘဲပစ်ထည့်သွားတဲ့ သတင်းစာသမားပို့တဲ့ သတင်းစာကို ကောက်၊ ဆေးပေါ့လိပ်ကို ဖွာ၊ သတင်းစာတစ်စောင်ဖတ်တာ…မှင်နီသားတာနဲ့ဘာနဲ့ဆိုတော့ ၄၅ မိနစ်ကနေ ၁ နာရီအထိကြာပါတယ်။ မိုးလင်းတာနဲ့ ဘာမှမလုပ်သေးပါဘူး သတင်းစာ အရင် ဖတ်တာပါ။ ကလေးတွေက လက်ဖက်ရည်ဝယ် အမေနဲ့ မနက်စာစားပြီးရင်သာ စားပြီးသွားမယ်။ အဖေက သူ့အလုပ်သူလုပ်နေတာပါပဲ။

ကိုယ်က မုန့်စားပြီးတာနဲ့ အဖေချသွားတဲ့သတင်းစာကို ကောက်ကိုင်ပြီး အဖေပုံစံခိုးပြီး လိုက်ဖတ်တာပါပဲ။ ဆေးပေါ့လိပ်တော့ မပါဘူးပေါ့၊ အဖေ့လိုတော့ မှင်နီတွေနဲ့ မသားတတ်သေးဘူးပေါ့။

ဒီလိုနဲ့ ကိုယ်ဟာ ၂ တန်း၊ ၃ တန်းမှာပဲ နိုင်ငံတော်အဆင့်လူကြီးတွေ၊ ၀န်ကြီးတွေ၊ ကောင်စီဥက္ကဌနာမည်တွေကို မှတ်သားမိနေပြီး ရင်းနှီးနေပါပြီ။ အဖေတို့လူကြီး တွေ တစ်ခါတလေ ညဖက် လက်ဖက်ရည်ဝိုင်းဖွဲ့ကြရင် ကိုယ်ကဘေးကနေ နားထောင်တဲ့အခါ အဖေတို့ ဆွေးနွေးပြောဆိုနေကြတဲ့ အကြောင်းအရာ တစ်ဝက်ကျော်ကျော်လောက်ကို ကောင်းကောင်းလိုက်နားထောင်နိုင်ပါတယ်၊ ကောင်းကောင်းသဘောပေါက်နေပါတယ်၊ သတင်းစာဖတ်တဲ့အကျိုးတွေကိုးဗျနော်၊ ဖအေတူသားလေး ကျွန်တော်…။

သားဆိုတာမျိုးက အဖေကို သိပ်အတုခိုးတာပေါ့။ အဖေကသာ တကယ့်လူကြီး၊ အဖေကသာ သူရဲကောင်း၊ အဖေ့လက်ဖ၀ါးကြီးတွေက အကြီးကြီးတွေပဲ။ အဖေက အရပ်ကလည်း အမြင့်ကြီးပဲ၊ တကယ့်လူ အကြီးကြီးပဲလို့ တွေးခဲ့တာပါ။ အဖေ့လက်ဖ၀ါးကြီးကိုလည်း ကိုင်ကိုင်ကြည့်ရတာ အားမရခဲ့၊ မ၀ခဲ့ပါဘူး။

အဖေ့ကို ချစ်ပေမဲ့လည်း ကြောက်တော့ကြောက်ရပါတယ်၊ ယောက်ျားဆိုတော့ စိတ်က သိပ်မရှည်တတ်ဘူးမို့လား၊ ငယ်ငယ်ကဆို ကိုယ်က ဂျီကျလို့ အဖေက ကိုယ့်ကိုဆွဲယူပြီး လွှင့်ပစ်လိုက်သတဲ့၊ အမေက ပြန်ပြောပြတာပါ။ အမေကလည်း ဘာကြောင့်မှပြောတာတော့ မဟုတ်ပါဘူး၊ ဒီလိုပဲ စကားစပ်ရင်းပြောလိုက်တာပါ၊

ကိုယ်ကလည်း အဖေက ဒီလိုလုပ်တယ်လားဆိုပြီး အဖေ့ကိုလည်း စိတ်မဆိုးခဲ့ပါဘူး။ ကိုယ်ဆိုလည်း လုပ်ချင်လုပ်မှာပါပဲ။ ကိုယ်တိုင်ကလည်း ဂျီကျခဲ့ဖူးသလို ဂျီကျတဲ့ကလေးတွေကိုလည်း တွေ့ခဲ့ဖူးတော့ လူကြီးတွေ ဒေါသထွက်တတ်တာ ကိုယ့်အတွက်တော့ အဆန်းမဟုတ်တော့ပါဘူး။

အဖေ့ကို ယောက်ျားကြီးမို့ ကြောက်ရပေမဲ့ အဖေထက်စာရင် အိမ်မှာ အမေက ပိုပါဝါရှိနေသလို တကယ်ဗျင်းတာကလည်း အမေပါ၊ ဒီမှာ တစ်ခုသင်ခန်းစာရတာက ယောက်ျားဟာ ဘယ်လောက်တော်တော် အားလူးတော့ မဖြစ်ရဘူး၊ နောက်တစ်ခုက ငွေမရှာနိုင်ရင် အစွယ်မပါတဲ့ကျားဖြစ်မယ်ဆိုတဲ့ သင်ခန်းစာတွေရခဲ့တာပါ။ ဒါက အရင်းရှင်နဲ့ ကွန်မြူနစ်စနစ်ကို ဘ၀နဲ့ရင်းလို့ငယ်ငယ်ကတည်းက သင်ယူခဲ့တာကို ပြန်ပြောပြတာပါ။

အမေက တကယ်ထက်တဲ့အမျိုးသမီးပါ၊ အခုတော့ အသက် ၆၀ တွင်းမှာမို့ တရားဖက်နေပြီပေါ့လေ။ အမေ့ကိုကြည့်ပြီး အမေ့လိုမိန်းမ လိုက်ရှာနေလို့လားတော့ မသိပါဘူး၊ ကိုယ်လည်း မတွေ့နိုင်သေးဘူးဖြစ်နေတယ်။ ဟဲ ဟဲ။ အမေကို သိပ်ကိုးကွယ် သိပ်ချစ်တဲ့သားတွေကိုလည်း မိန်းမတွေက သဘောမကျဘူးလို့တော့ ကြားဖူးထားတာပဲလေ။ အမေ့အကြောင်းတော့ ဆက်ပြောရလိမ့်ဦးမယ်။ ဘယ်လောက်တွယ်တဲ့အကြောင်းတွေပေါ့။

တကယ်ဆို ကိုယ်က အဖေ့လို အားလူးတစ်လုံးဖြစ်လာဖို့ရှိတာပါ။ စာရေးစာဖတ်ဝါသနာပါတယ်၊ ဆရာလုပ်ချင်တယ်။ စကားဝိုင်း ထိုင်ပြောနေရရင် ဘယ်လောက် ကြာကြာ နားထောင်နိုင်တယ်၊ လိုက်ထောက်ပေးနိုင်တယ်၊ လိုက်ပြောနိုင်တယ်။ အဲ တစ်ခုခု ထလုပ်၊ သွားလုပ်ပါဆိုရင်တော့ မလုပ်ရေးချ မလုပ်ဘဲ။ တစ်နေကုန် အားလူးဖုတ်နေလို့ ရတယ်၊ တစ်ခုခုထလုပ်ဖို့ကိုတော့ တွန့်ဆုတ်သူမျိုးဖြစ်တယ်။

အမေကတော့ ဒီလိုမဟုတ်ဘူး၊ ပြောနေတာကြာတယ်၊ အခုထလုပ်၊ ခဏနေ ရလဒ်ထွက်အောင်လုပ်ပြ။ ထီထိုးထားလို့ သိန်းဆုထွက်လာရင် ကံကောင်းလို့ သိန်းဆုနဲ့ တည့်တည့်တိုးရင် ရမဲ့ငွေတစ်သိန်းကို ထိုင်မျှော်နေတာထက် ဒီနေ့ပဲထပြီး ပွဲစားပဲလုပ်လုပ်၊ စာပဲသင်သင်၊ ဈေးပဲရောင်းရောင်း တစ်ခုခုထလုပ်လိုက်လို့ ရလာမဲ့ ငွေ ၅ ကျပ်၊ ၁၀ ကို တန်ဖိုးထားသူမျိုးပါ။

နောက်တစ်ခုက ကိုယ်တို့မောင်နှမတွေကို ဘွဲ့တွေရ၊ အလုပ်အကိုင်တွေရ၊ အရာရှိတွေ၊ ပြည့်စုံကြွယ်ဝသူတွေ ဖြစ်စေချင်တယ်။ သူ့လိုပင်ပန်း ရုန်းကန်ရတာမျိုး မဖြစ်စေချင်ဘူး၊ အိမ်ထောင်ရေးမှာလည်း မအောင်မြင်တဲ့အိမ်ထောင်ရေးမျိုးနဲ့ ကြုံရမှာမျိုးကို မမြင်ချင်မတွေ့ချင်ဘူး၊ အဲဒီတော့ ဘာလုပ်တယ်ထင်ပါသလဲ။

အဲ ကိုယ်တို့ ၇ တန်း၊ ၈ တန်းလောက်ကတည်းက အမေက သူ့ဝင်ငွေနဲ့ကိုက်ပြီး ထိုက်သင့်တဲ့ ကျုရှင်ထား၊ ကိုယ်တိုင်ကြီးကြပ်၊ စာသေချာမဖတ်ရင် ကောင်းကောင်းဆော်ပလော်တီး လုပ်ပစ်တယ်။

နောက်တစ်ခုက အိမ်အလုပ်လည်း ခိုင်းတာလုပ်ရတယ်။ အ၀တ်လျှော်ဆို လျှော်ပဲ၊ ဈေးဝယ်ဆို ၀ယ်ပဲ၊ ထမင်းဟင်း ချက်ထားဆို ချက်ထားပဲ။ စကားကို နှစ်ခွန်းသိပ်မပြောဘူး၊ ကိုင်တော့တာပဲ။ သူ့မှာလည်း မိန်းမသားတစ်ယောက်တည်းတန်မဲ့နဲ့ မိဘနှစ်ပါးရယ်၊ ကလေးသုံးယောက်ရယ်၊ အိမ်နှစ်အိမ်တာဝန်ကို တစ်ယောက်တည်း ထမ်းရတာဆိုတော့ စဉ်းစားကြည့်ပေါ့။ ကိုယ်တို့ ခုခေတ်မှာ ကိုယ့်တစ်ယောက်စာတောင် အနိုင်နိုင်ရှာနေရတာမို့လား။

အမေက ဒီလိုတွေ လုပ်ရပေမဲ့ လုံးဝမညည်းညူဘူး။ သူလုပ်ရမဲ့အလုပ်ကို လုပ်နေရတာပဲလို့ မှတ်တယ်။ ကိုယ်တို့ကသာ အရွယ်ကငယ်သေးတော့ ပျင်းတာပေါ့၊ အိမ်အလုပ် မလုပ်ချင်ဘူး၊ ကျောင်းစာ မကျက်ချင်ဘူး။ ဘောလုံးကန်ချင်တယ်၊ ကာတွန်းစာအုပ်ဖတ်ချင်တယ်။ ရုပ်ရှင်တွေဘာတွေကြည့်ချင်တယ်။

မှတ်မှတ်ရရ ၆ တန်း ၇ တန်းမှာပဲ အိမ်ရှေ့က မာလကာပင်မှာ ညီအစ်ကိုနှစ်ယောက်ကို ကြိုးချည်နေလှန်းအပြစ်ပေးတယ်။

ဟား ဟား…ကိုယ်တို့က ရပ်ကွက်ထဲက လမ်းသွားလမ်းလာတွေကို “သနားကြပါ၊ သနားကြပါခင်ဗျာ၊ ကျွန်တော်တို့အမေ ကျွန်တော်တို့ကို နေလှန်းအပြစ်ပေး ထားပါတယ်၊ ဒီလောက်နုနုငယ်ငယ်လေးတွေကို ဒီလိုပြင်းထန်တဲ့အပြစ်ပေးတဲ့အမေ့ကို ဖျောင်းဖျနားချပေးကြပါခင်ဗျာ“လို့ ပါးစပ်က ထုတ်မပြောပေမဲ့ မျက်ရည်ဝိုင်းနေတဲ့ သနားစရာမျက်လုံးလေးတွေနဲ့ ညီအစ်ကိုနှစ်ယောက်က လိုက်လိုက်ကြည့်နေတော့ နောက်ဆုံး သူများသားသမီး ကိုယ့်သားသမီး မဟုတ်ဘူးဆိုပေမဲ့ ရပ်ကွက်လေ သိတယ်မို့လား၊

အဲဒီမှာ လူကြီးတချို့က အမေ့လည်း ရှေ့နေဆိုတော့ ကြောက်လည်းကြောက်တယ်၊ ဟုတ်တယ်လေ ကျွန်မသားသမီး ကျွန်မဆုံးမတာ ရှင်တို့အပူလားဆို သူတို့လည်း အခက်တွေ့မယ်မို့လား၊ အမေက အဲဒီလိုတော့ တစ်ခါမှ မရိုင်းပါဘူး။ ကိုယ်စဉ်းစားမိတာလေး ရေးပြတာပါ။

ဒီတော့ နောက်ဆုံး အဲဒီလိုလူကြီးသုံးလေးယောက်ကပြောမှ နင်တို့ကြောင့် ငါပါ အပြောခံရတယ်လို့ ထပ်မံဆူပူပြီးမှ ကြိုးဖြည်ပေးပါတယ်။ အဖွားကတော့ မျက်ရည်လေး စမ်းစမ်းနဲ့ပေါ့။ နေလှန်းထားတုန်းက ကိုယ်ကတော့ ညီအစ်ကိုနှစ်ယောက်မှာ အကြီးဆိုတော့ ကြိတ်ခံပေါ့။ ဒါပေမဲ့ ညီငယ်ကလည်း ခေသူမဟုတ်ပါ၊ သူကလည်း ပိုတောင် သတ္တိရှိပါတယ်။

ငယ်ငယ်က ကိုယ့်အသက် ၄/၅ နှစ်လောက်က ကိုယ့်ကို ရွယ်တူကလေးတစ်အုပ်က ရိုက်နှက်လွှတ်လိုက်တော့ ငိုပြီးပြန်လာတာပေါ့။ အဖိုး အဖွားနဲ့အတူ နေတာဆိုတော့ အဖွားကတော့ ပြာနေတာပေါ့၊ ငါ့မြေးကို ဘယ်သူလုပ်သလဲ ပြောစမ်း..ပြောစမ်း..ဘယ်က ကလေးတွေလဲ၊ သူတို့မိဘနဲ့ သွားတိုင်မယ်ဆိုပြီး ပြောနေ၊ အဖိုးကတော့ လူကြီးဆိုတောာ့ ကလေးချင်းဒီလိုပဲ ရိုက်ကြနှက်ကြ အနိုင်ကျင့်ကြဖြစ်နေကြ၊ ဒါပေမဲ့ သူလည်း သူ့မြေးငိုပြီးပြန်လာတော့ စိတ်မကောင်း ဖြစ်ပေမဲ့ အဖွားလိုတော့လှုပ်လှုပ်ရှားရှားမဖြစ်ဘူး။

အဲဒီမှာ ညီငယ်က ဘာလုပ်တယ်ထင်ပါသလဲ သူက ၃ နှစ်လောက်ရှိဦးမှာပေါ့၊ အုတ်ခဲထက်ပိုင်းကျိုးကို မနိုင့်တနိုင်လက်နှစ်ဖက်ကို ကုန်းကောက်ကိုင်ပြီး ကိုယ့်ကိုလည်း“ဟေ့ကောင်..မင်းကို ချတာ ဘယ်သူလဲ၊ ငါ့ကိုပြ ပြန်ချမယ်“ဆိုတဲ့ အကောင်မျိုးပါ။ အဖိုးက အဲဒါက အမြဲပြန်ပြန်ပြောပြီး အမြဲခွက်ထိုး ခွက်လှန်ရယ်တယ်။ ကိုယ့်မှာတော့ အဖိုး အဲဒီလိုပြောလိုက်တိုင်း အရယ်ခံရတိုင်း မျက်နှာကြီးအောက်ချလို့၊ ရှက်လို့။ အခုထက်ထိတောင် ရှက်နေတုန်း။ အဲဒီလို သတ္တိခဲမောင်။

အမေက စကားသိပ်များများ မပြောဘူး၊ မမှန်တာလည်း မပြောဘူးလေ။ သားသမီးကို ကောင်းတာမှန်တာဖြစ်အောင် လုပ်နေတာ၊ သားသမီးက ဂျစ်ကန်ကန် လုပ်နေတော့ သူလည်း သူတတ်တဲ့နည်း၊ နိုင်တဲ့နည်း၊ ကြောက်သွားစေမဲ့နည်း၊ နောင်ကျဉ်စေမဲ့နည်းတွေနဲ့ ဆုံးမတာပေါ့လေ။

ကွန်မြူနစ်ညီအစ်ကိုနှစ်ယောက်ကလည်း ဘယ်လောက်ပဲဖိနှိပ်ပါစေ၊ လွတ်လပ်ရေးမရမချင်းတိုက်မယ်၊ အရင်းရှင်စနစ်ကြီးလဲပြိုတဲ့အထိ ဆန့်ကျင်မယ်ဆိုပြီး ကလန်ကဆန်လုပ်တော့ အမေက သူထိန်းမရတဲ့အဆုံး တစ်နေ့မှာတော့ “အေး..မင်းတို့ အဖေဆီ သွားနေကြတော့“ဆိုပြီး အိမ်ပေါ်က နှင်ချလိုက်တော့တာပါ ပဲဗျာ။

အကယ်ဒမီဇာတ်ကွက်က အခုမှလာပါပြီ။

ညီအစ်ကိုနှစ်ယောက်ကလည်း အမေ့တော့ နောင်ကျဉ်သွားအောင် ပညာတော့ နည်းနည်းပေးဦးမှဆိုပြီး အရင်းရှင်စနစ်ကို တိုက်ဖျက်ဖို့အရေး ကွန်မြူနစ်နဲ့ပေါင်းပြီး တန်ပြန်တိုက်စစ်ဆင်ဖို့အတွက် နည်းလမ်းရှာဖို့ အဖေ့ဆီ အားကိုးတကြီး ဆင်းလာခဲ့ပါတော့တယ်။

အဖေနဲ့အမေကွဲကြတယ်ဆိုပေမဲ့ ဟိုဘက်ရပ်ကွက် ဒီဘက်ရပ်ကွက်နေကြတာပါ။ ကိုယ်တို့ကလည်း အမေမကြိုက်ပေမဲ့ အဖေနဲ့ ခိုးခိုးတွေ့နေကြပါ။ ဒီတော့ အဖေ့ဆီ ဘယ်လိုသွားရမလဲဆိုတာ သိနေတော့ လွယ်လွယ်လေး ဆင်းလာလိုက်တာပါပဲ။

အမှန်က အမေက သူ့သားတွေကို သိပ်ချစ်ပါတယ်။ အမေဆိုတော့ သားကို ပိုချစ်တာပေါ့။ ဒါပေမဲ့ သားတွေက ဂျစ်တွေမို့ ပြောမရလို့ သူလည်း မနိုင်တော့တာနဲ့၊ ရပ်ကွက်ကလည်း သူ့ကို မေတ္တာပို့ကြပြီလေ။ ဒီတော့ မောင်းချလိုက်တာကောင်းတယ်ဆိုပြီး ခေတ္တမောင်းချလိုက်တာပါ။ ကိုယ်တို့ကလည်း ကလေးဆိုတော့ အရိပ်အခြေလည်း နားမလည်ပါဘူး၊ ဘာ..အရေးလဲကွာ၊ အဖေ့ဆီ သွားနေလိုက်ရုံပေါ့လို့ အေးအေးသက်သာတွေးခဲ့တာပါ။

အဖေ့ဘက်က ဇာတ်(အခြေအနေ)ကိုလည်း ပြန်ခင်းထားဖို့လိုပါတယ်။ အဖေက ငယ်ငယ်ကတည်းက ညီငယ်လိုပါပဲ လက်ခပ်သွက်သွက်နဲ့ အပေါင်းအသင်းခင်တဲ့ သူပါ။ အပေါင်းအသင်းဆို သူက အနစ်နာခံပေါင်းပါတယ်။ ကိုယ်က ကိုယ့်ကို ကြောတယ်လို့ထင်ရင် ထင်တဲ့ခဏမှာပဲ ချက်ချင်းဖြတ်ချလိုက်ပါတယ်၊ မကောင်းတဲ့ စိတ်ပါ၊ အကျိုးမရှိရင် မပေါင်းဘူးဆိုတော့ အရင်းရှင်စိတ်လို့တောင် ခေါ်ရမလား မသိပါဘူး။

အဖေက ငယ်ငယ်ကတည်းက တေဇလူငယ်၊ လမ်းစဉ်လူငယ်၊ မဆလ စသဖြင့် လှုပ်ရှားမှုတွေမှာပါလာတော့ ခဏတော့ မြို့နယ်သမ၀ါယမမှာ လူကြီးဖြစ်ပါတယ်။ သိတဲ့အတိုင်း သမလူကြီးဆိုတော့ ရေနည်းနည်းလျှံတာပေါ့။ အဲဒီအချိန်တုန်းက သူ့အိမ်ကို ကောင်းကောင်းစောင့်ရှောက်နိုင်ခဲ့တာပေါ့။ အမေ၊ အစ်မအပျိုကြီး နှစ်ယောက်၊ အောက်က ညီတွေ၊ နှမတွေကို တတ်နိုင်သလောက် စောင့်ရှောက်ခဲ့တာပေါ့။

ဒီတော့ မိန်းမနဲ့ကွဲလာပြီးတဲ့အခါ မိဘအိမ်ပေါ်ကို အေးအေးဆေးဆေး ပြန်တက်လာနိုင်ပြီး မပူမပင် မကြောင့်မကြ စားသောက်နေနိုင်ခဲ့ပါတယ်။ အမေနဲ့ အပျိုကြီးအစ်မတွေကလည်း သူတို့သားလေး၊ မောင်လေး မိန်းမနဲ့ကွဲလာပြီး စိတ်ဆင်းရဲနေတယ်ဆိုပြီး ကောင်းကောင်းစောင့်ရှောက်ထားတာပေါ့လေ။ မကြာပါဘူး၊ ကုသိုလ်ကံများ အတွဲလိုက်လာတယ်ဆိုသလို မိန်းမနဲ့ရှင်ကွဲ ကွဲရုံတင်မကဘူး၊ အမေကြီး၊ အပျိုကြီးအစ်မတွေနဲ့ သေကွဲကွဲပါတော့တယ်။ အမေနဲ့အစ်မတွေ တစ်ယောက်ပြီးတစ်ယောက် ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ကုန်ကြပါတယ်။

ဒါပေမဲ့ ညီမတစ်ယောက်နဲ့ ညီအငယ်ဆုံးလေးတစ်ယောက်က ဆက်ပြီး အစ်ကိုကြီးဖြစ်တဲ့ အဖေ့ကို ဆက်စောင့်ရှောက်ထားပုံရပါတယ်။ ကိုယ်တို့အိမ်ပေါ်က ဆင်းလာတဲ့အချိန်မှာ အဖေက ညီ၊ ညီမတွေရဲ့ အထောက်အပံ့နဲ့ စားသောက်နေရချိန်ဖြစ်နေပါပြီ။

သိတဲ့အတိုင်း အောက်ကနေပြန်ထောက်တာကို စားနေရချိန်ဆိုတာ အပေါ်ကနေ မေတ္တာ၊ ဂရုဏာ၊ အကြင်နာ ယိုဖိတ်လို့ ကျွေးတာမျိုး မဟုတ်တော့ဘဲ၊ တစ်ခါတရံမှာ ငြူစူဆောင့်အောင့် ကျွေးတာမျိုး ဖြစ်ချင်ဖြစ်နေလောက်ပါပြီ။

အဖေနေနေတာက မိဘအိမ်ဖြစ်တဲ့ နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးရဲ့ အပေါ်ထပ် ဘုရားခန်းရှေ့မှာပါ။ အိမ်ထောင်သည် မောင်နှမတွေကတော့ အောက်ထပ်မှာနေတဲ့ သူနေ၊ အပေါ်ထပ်မှာပဲ အခန်းတွေ ပြန်ကန့်ပြီး နေသူနေပေါ့။ အဖေကတော့ လူလွတ်လိုဖြစ်နေတော့ ခုနပြောသလို ညဘက် ဘုရားခန်းမှာ ဖျာခင်း၊ မွေ့ရာခင်း အိပ်ပေါ့။ နေ့ဘက်ကတော့ ဟိုနားထိုင် ဒီနားထိုင်ပေါ့၊ ဒါမှမဟုတ်လည်း သူငယ်ချင်းတွေဆီသွား၊ ဟိုနားဒီနားသွားပေါ့။

လာပြီ၊ သားနှစ်ယောက်က အဖေဆိုပြီး အိမ်ပေါ်ကို လှေကားကနေ ခပ်တည်တည်နဲ့ တက်လာပြီ။ ဒါ သူ့အဖေအိမ်လေ..ဘာဖြစ်လဲ၊ အေးဆေးပေါ့။ သားနှစ်ယောက်ကတော့ ခပ်တည်တည်ပဲ။ အဖေက ထိတ်ကနဲ ဖြစ်သွားပေမဲ့ သားတွေက အရင်ကလည်း ဒီလိုပဲ တစ်ခါတလေ လာနေကြဆိုတော့ လူကြီးပုံစံ ဟန်မပျက်ထိန်းပြီး ခပ်တည်တည်ပေါ့။

သားနှစ်ယောက်က အဖေနဲ့တွေ့ပြီး အဖေ့လက်ကြီးကို ကိုင်ပြီး ခဏနေတော့ ညီအစ်ကိုနှစ်ယောက် မတိုင်ပင်ရပါဘဲ မျက်ရည်တွေ တွေတွေကျလာပြီး “အဖေ…အမေ ကျွန်တော်တို့ကို အိမ်ပေါ်က နှင်ချလိုက်တယ်“လို့ပြောပြီး ငိုလိုက်ကြတာ၊ ရှိုက်လိုက်ကြတာ မပြောပါနဲ့တော့။ ကလေးသာသာတွေဆိုတော့ အဖေနဲ့တွေ့တော့ အားကိုးတွေ့ပြီဆိုပြီး ငိုကြတာ…။

ခုနကတော့ အမေ့ကို ခပ်တည်တည် ခပ်မိုက်မိုက်လုပ်ခဲ့ပြီး ခင်ဗျားကြီးကို ဂရုမစိုက်တော့ဘူး၊ အရေးမလုပ်တော့ဘူးဆိုပြီး ရင်ကော့ခေါင်းမော့ ဆင်းလာပေမဲ့ ဒီမှာကြတော့ အဖေ့ရင်ခွင်ထဲ ခေါင်းခွေ့လိုက်၊ အဖေ့လက်ဖ၀ါးကြီးကိုကိုင်ပြီး ငိုလိုက်နဲ့ လုပ်နေကြတာ။

ဝိုင်းကြည့်နေကြတဲ့ ကိုယ်တို့ရဲ့ အစ်ကိုအစ်မ၀မ်းကွဲတွေ၊ ဦးလေးအဒေါ်တွေကလည်း စိတ်မကောင်းဖြစ်ကြတာပေါ့။ ဒါမှမဟုတ် နောက်ထပ် အိမ်ပေါ်တက် စားသောက်မဲ့ ပါးစပ်ပေါက်နှစ်ပေါက်တော့ လာပြန်ပဟဆိုပြီး စိတ်ညစ်နေတာလည်း ဖြစ်ချင်ဖြစ်မှပေါ့။

အဲဒီမှာ ကိုယ်တို့ညီအစ်ကိုနှစ်ယောက်ထက်ပိုပြီးဝမ်းနည်း၊ ပိုပြီးငိုနေတဲ့သူကတော့ အဖေပါပဲ။ အဖေလုပ်နေတဲ့၊ သားတို့အတွက် လက်ဖ၀ါးအကြီးကြီးနဲ့ လူကြီးတစ်ယောက်ဖြစ်လို့သာ သူ့မျက်လုံးက ထွက်ကျလာမဲ့မျက်ရည်တွေကို မျက်တောင်တွေကို ပုတ်ခတ်ပြီး သူကြိုးစားထိန်းထားတာပါ။ သူ့ရင်ထဲက မျက်ရည်ရေကာတာကြီးကတော့ ကျိုးကျသွားခဲ့ပါပြီ။

ဇနီးဟောင်းဖြစ်တဲ့သူကို လုပ်ရက်လေခြင်းလို့ စိတ်ဆိုးချင်လည်း ဆိုးနေမယ်၊ ဒါမှမဟုတ် အားကိုးတကြီးပြေးလာတဲ့ သားနှစ်ယောက်ကို ကျေနပ်လောက်အောင် နှစ်သိမ့်ပေးနိုင်စွမ်းမရှိတဲ့ အဖေဆိုပြီး သူ့ကိုယ်သူလည်း ယူကျုံးမရဖြစ်နေသလားတော့ မသိပါဘူး။

အဖေဟာ တော်တော်ကြီးကို ထိထိခိုက်ခိုက်ခံစားနေရပါတယ်။ နောက်တော့ အဖေ ဟန်မဆောင်နိုင်တော့ပါဘူး၊ သားတွေနဲ့အတူ သူ ငိုတော့တယ်။ သူ့မျက်လုံးက မျက်ရည်တွေကလည်း တရဟော ကျလာခဲ့ပါပြီ။

အဖေဟာ မောင်နှမတွေ မျက်နှာကို ကြည့်ပြီး မှီခိုစားသောက်နေရသူတစ်ယောက်၊ သူ့သားနှစ်ယောက်ဟာ မှီခိုသူရဲ့မှီခိုသူများ အဖြစ်ရောက်လာတော့မဲ့ လူမမယ် ဘ၀လေးတွေ၊ အလွန်ဝမ်းနည်းစရာကောင်းတဲ့ အခိုက်အတန့်လေးပါပဲ။ ဘ၀မှာ ဘယ်တော့မှ မေ့မှာမဟုတ်တဲ့ အချိန်တွေပါပဲ။

ညီအစ်ကိုနှစ်ယောက်ဟာ ကြမ်းပြင်မှာ ၀ပ်ဝပ်လေးထိုင်နေကြတယ်၊ တင်ပျဉ်ခွေတောင် ထိုင်နေတာ မဟုတ်ပါဘူး။ တင်ပျဉ်ခွေထိုင်တယ်ဆိုတာ ပိုင်ဆိုင်မှုသဘော(possessive)ပါပြီး ရဲတင်းပါတယ်၊ အခုက ပုဆစ်တုပ်ပုံစံနဲ့ ခပ်ဝပ်ဝပ်ထိုင်နေကြတာပါ။ ငိုပြီး ၀မ်းနည်းနေတာပါ။ အဖေဟာ သားနှစ်ယောက်ကို ဖက်ထားပြီး အသက်ရှုသံတွေပြင်းပြီး တစ်ကိုယ်လုံးတုန်နေပါတယ်။

အဖေ့နှမတစ်ယောက်ကတော့ ညဖက်ကြီးဆင်းလာတဲ့ ကိုယ်တို့ညီအစ်ကိုနှစ်ယောက်ကို ထမင်းကော စားပြီးပြီလားလို့ မေးတယ်၊ နောက်တော့ သူ့အစ်ကိုကြီး ကိုလည်း နှစ်သိမ့်တာပေါ့လေ၊ ဘယ်တတ်နိုင်မလဲ၊ အကောင်းဆုံးလုပ်ကြတာပေါ့၊ ဘာညာပေါ့။ ကျန်တဲ့သူတွေကလည်း စိတ်မကောင်းဖြစ်ကြပေါ့။

ဒီနေရာမှာ ကိုယ့်ဆီမှာ အဖေ့အမျိုးတွေကို အပြစ်တင်တဲ့လေသံလုံးဝမပါဘူးဆိုတာကို ပြောလိုပါတယ်။ သူတို့လည်း မပြေလည်ကြတဲ့သူတွေမို့ ပါးစပ်ပေါက်တွေ နောက်ထပ်တိုးလာမှာကို မလိုလားတာကိုတော့ လုံးဝလက်ခံပါတယ်။

အဖေကတော့ အဲဒီအချိန်မှာ အများကြီးတွေးနေ၊ စဉ်းစားနေမယ်လို့ ထင်ပါတယ်။ နောက် သူထသွားပြီး စာအုပ်ဗီရိုနားရပ်ပြီး မျက်ရည်ပြည့်နေတဲ့ မျက်လုံးတွေနဲ့ သားနှစ်ယောက်ကို ကြည့်နေပါတယ်။

အဖေဟာ အိမ်ပေါ်က ဆင်းသွားတော့ သူ့ပိုင်တဲ့စာအုပ်တွေရယ်၊ အ၀တ်အစားရယ်ပဲ ယူသွားတာပါ၊ နောက်တော့လည်း ဘာမှမလုပ်တတ်တော့ သူသိပ်ချစ်တဲ့ သူပိုင်တဲ့ စာအုပ်တွေပဲ ရောင်းစားရတာပေါ့။ အခုတော့ သားနှစ်ယောက် အိမ်ပေါ်က ဆင်းလာတဲ့အချိန်မှာ ရောင်းစရာစာအုပ်ကလည်း မကျန်သလောက်ဖြစ်နေ ပါပြီ။

သားကြီးဖြစ်တဲ့ကိုယ်က စတင်ရိပ်စားမိလိုက်ပါပြီ၊ ညီငယ်ကလည်း လူပါးပါပဲ၊ ဒါပေမဲ့ အဲဒီအချိန်က သူရိပ်စားမိလား မမိလားတော့ ကိုယ်လည်း မသိပါ။

ကိုယ်ရိပ်စားမိတယ်ဆိုတာက ဖခင်ရဲ့ အခြေအနေ မဟန်ဘူးဆိုတာပါ၊ သူတောင် သည်းခံပြီး အဆင်ပြေသလို နေထိုင်နေရတာဆိုတော့ ကိုယ်တို့ကို သူဘယ်လို လက်ခံ မထားနိုင်ပါဘူး၊ အားလုံး ဒုက္ခရောက်မဲ့ကိန်းပါ။

အခြေအနေတစ်ရပ်ဟာ တစ်ခါတလေ သူ့ဟာသူတည့်သွားတတ်ပါတယ်။ တည့်သွားပါတယ်။ နောက်ဆုံးတော့ အဖေနဲ့ရော အမေနဲ့ပါ ရင်းနှီးတဲ့ကြားက မိတ်တွေတစ်ယောက်(ဦးလေးကို ကျေးဇူးတင်ပါတယ်)ရဲ့ကောင်းမှုအကြောင်းပြုပြီး အမေ့ကိုတောင်းပန်၊ ရှိခိုးဦးချလို့ အလံဖြူပြပြီးနောက်မှာ ခပ်ဆိုးဆိုး ညီအစ်ကိုနှစ်ယောက် အမေ့အိမ်ပေါ် ပြန်ရောက်လာခဲ့ကြောင်းပါ။ ပုံပြင်လေးကတော့ ဒါပါပဲခင်ဗျာ။

အဆုံးမတော့ အရင်းရှင်စနစ်ကပဲ နိုင်သလိုလိုဖြစ်သွားပါတယ်၊ ကိုယ်လုပ်မှ ကိုယ်ရ၊ ကိုယ်ကြိုးစားမှ ကိုယ်စားရမှာ မဟုတ်လားဗျာ။

အမေနဲ့အဖေ့ကို ဒီစာစုနဲ့ ကန်တော့ပါတယ်။ အဖေရေ…သား ပြုတဲ့ ကုသိုလ်ကောင်းမှုတွေကို အမျှ…အမျှ…အမျှ…ယူပါခင်ဗျာ။

၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၃၁ ရက်၊ ည ၁၁ နာရီခွဲ။

အောက်တိုဘာ ၁၅

“ဒီနေ့ဟာ ဘာနေ့ပါလိမ့်“လို့ တစ်နေ့လုံး ခဏခဏ စဉ်းစားဖြစ်တယ်။ ဒီနေ့ဟာ တစ်ခုခုတော့ ထူးပါတယ်လို့ လည်း စိတ်ထဲဖြစ်မိတယ်။

အလုပ်တွေနဲ့ ချာလပတ်ရမ်းနေတဲ့ လောကီထုပ္ပတ်လူ့တို့ဇာတ်မို့ သားမောင်ခမျာ မွေးမိခင် မာတာသခင် ကျေးဇူးရှင်ကြီးရဲ့ မွေးနေ့ကိုတောင် အမှတ်မရနိုင်ခဲ့ဘူးဖြစ်ခဲ့တယ်။

အလုပ်ကနေ အိမ်ပြန်ရောက်လို့ သေသေချာချာ အေးအေးဆေးဆေး စဉ်းစားတော့မှ “ဟာ.. ဒီနေ့ မားမား (မေမေ့ကို မားမားလို့ခေါ်ပါတယ်)မွေးနေ့ပဲ“ဆိုပြီး သိမှတ်လိုက်ရပါတယ်။

ရေမိုးချိုးပြီး ဘုရားရှိခိုး၊ မွေးမိခင်ကို မှန်းရော်ရည်မှတ် ရှိခိုးဦးတင်၊ မေတ္တာပို့သ ဆုမွန်ကောင်းတောင်း၊ တရားမှတ်ရှု ထိုထိုကုသိုလ်အမှုတွေအတွက်လည်း အမျှဝေငှလိုက်ရပါတယ်။

ဂုဏ်ယူစရာ မိခင်မာတာ

မိခင်ဟာ ကိုယ့်အတွက်တော့ သူရဲကောင်းပဲ၊ လေးစား အားကျ အတူယူစရာ စံပြပုဂ္ဂိုလ်(Role Model)ပဲ ဖြစ်ခဲ့ပါတယ်။

မိခင်ဆီက ဘာတွေ သင်ယူခဲ့သလဲ၊ ဘာတွေအတုခိုးခဲ့သလဲဆိုရင်…

၁။ ဘာသာတရားကို ရိုသေလေးစား ကိုင်းရှိုင်းဖို့
၂။ စည်းကမ်းရှိဖို့နဲ့ မပျင်းဖို့
၃။ ငွေကြေးစစ်စီသုံးစွဲဖို့
၎။ အစားအသောက် အအိပ်အနေ မလွန်ကျုးဖို့
၅။ လိမ္မာယဉ်ကျေးဖို့
၆။ (ဒါပေမယ့်) မကြောက်ဖို့
၇။ တော်အောင် ကြိုးစားဖို့
၈။ အင်္ဂလိပ်စာတော်အောင်လုပ်ဖို့
၉။ မိဘရိုသေဖို့
၁၀။ ဆွေမျိုးမိတ်ဆွေ ကျေးဇူးရှင်တွေကို သိတတ်စောင့်ရှောက်ဖို့
စသဖြင့် ၁၀ ချက်လောက်တော့ ရုတ်ချည်း မှတ်မိ၊ ချရေးနိုင်ပါတယ်။ တတွတ်တွတ်နဲ့ အမြဲပြောဆို ဆုံးမနေတတ်တာမို့ တခြားအချက်တွေလည်း အများကြီး ကျန်ရှိပါသေးတယ်။

မားမားက အခုတော့ ၆၀ တွင်းကို ချင်းနင်းဝင်ရောက်လာပြီ၊ အဝေးရောက်တော့ ပိုလို့တောင် လွမ်းလှ၊ သတိရလှတယ်။

မားမား ကြိမ်းမောင်းဆဲဆို ဆွဲတင်တွန်းထိုး အားထည့်မြှင့်တင်မြှောက်စားလို့ သားမောင်အခုလို တောက်ကြွားခဲ့တဲ့ အကြောင်းတွေကိုလည်း အမြဲဆင်ခြင်အောက်မေ့မိတယ်။

မားမား ကျန်းမာချမ်းသာပြီး ဘေးဘယာဝေးကွာလို့ ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောဖော်ညွှန်ပြ ဆိုဆုံးမထားတဲ့ မဂ္ဂင်ရှစ်ရပ်အကျင့်မြတ်တရားတွေကိုလည်း တတ်နိုင်သမျှ အားထည့်လိုက်နာကျင့်သုံးဖို့ကိုလည်း ဆုတောင်းပေး တယ်။

မားမားဟာ သူ့မွေးနေ့မှာ အဝေးရောက်နေတဲ့ သူ့သားကြီးကို သတိရနေမှာပဲဆိုတာကိုလည်း ခြွင်းချက်မရှိယုံ တယ်။ မွေးနေ့မှာ ဒါန၊ သီလ၊ ဘာဝနာကောင်းမှုကုသိုလ်တွေကိုလည်း တတ်အားသမျှ ပြုနေမှာပဲဖြစ်တယ်။

မားမားမွေးနေ့ကို သတိရပြီးနောက် တစ်ဆက်တည်းမှာပဲ ဆက်တွေးကြည့်ပြန်တော့ စိတ်ဝင်စားစရာကောင်းပြန် တယ်။

လွန်ခဲ့တဲ့ ၆ လတိတိ အခုလိုအချိန် ဧပြီ ၁၅ ရက်မှာ ကိုယ်ဟာ သင်္ကန်းဝတ်ကြီးနဲ့ ကမ္ဘောဒီးယားနိုင်ငံ၊ အရှေ့မြောက်ပိုင်းက ရတနာဂီရိ(ရတနာထွက်တဲ့တောင်၊ သူတို့အခေါ် ကီရိ၊ မြန်မာအခေါ် ဂီရိက တောင်ပေါ့လေ) ပြည်နယ်အစွန်က ရွာလေးတစ်ရွာရဲ့ ဘုန်းကြီးကျောင်းလေးတစ်ကျောင်းမှာ ဒုလ္လဘရဟန်းအဖြစ်ရှိနေခဲ့တယ်။

ဖနွမ်းပင်မြို့တော်မှာ ရဟန်းဖြစ်မြောက်ခဲ့ပြီး၊ ရွာစွန်လေးရဲ့ ဘုန်းကြီးကျောင်းထဲက တစ်ပါးတည်းသီတင်းသုံးရတဲ့ အခန်းထဲမှာ တတ်အားသရွေ့တရားရှုမှတ်ပြီးနေခဲ့တယ်။ ဆရာတော်ဘုရားရဲ့မိန့်မှာချက်နဲ့ ခမာလင်မယားဟာ ဆွမ်းချက်ကပ်လို့ စားသောက်နေထိုင်ပြီး တရားဓမ္မကို ကြိုးစားအားထုတ်ခဲ့တယ်ဆိုတာကို ပြန်မှတ်မိလာတယ်။

ဘယ်သူကမှ ကမ္ဘောဒီးယားကိုသွား တရားအားထုတ်လို့ပြောတာ မဟုတ်ပါဘူး၊ သူ့အချိန်ကျ သူ့ဟာသူ (ကံဇာတ်ဆရာအလိုလို့ပြောရမလား) အဆင်ပြေပေါ်ပေါက်လာပြီး ဖြစ်သွားတာပါ။ အဲဒီ့အရင်ကဆို ရတနာဂီရိက ရွာကလေးမှာ ဘုန်းကြီးအဖြစ် တရားအားထုတ်ရလိမ့်မယ်လို့ တွေးထင်ထားခဲ့တာမျိုး လုံးဝမရှိခဲ့ပါဘူး။

အဲဒီမှာတရားအားထုတ်ပြီးနောက်လည်း နောက်ထပ် ၆ လလောက်ကြာတဲ့အခါ လန်ဒန်မြို့ရောက်လို့ အလုပ်တွေလုပ်နေရလိမ့်မယ်လို့လည်း သေသေချာချာမတွေးခဲ့ပါဘူး။ ပြန်စဉ်းစားကြည့်တော့ ဘ၀ဆိုတာ ရေးပြီးသားစာအုပ်တစ်အုပ်လို၊ ရေးပြီးသားစာတွေကို ပြန်လှန်ဖတ်နေရတာလားမသိဘူးဆိုတာပါပဲ။

ဒါပေမယ့် တစ်ခုသေချာတာကတော့ စာအုပ်တစ်အုပ်လို နားမလည်လို့ပဲဖြစ်ဖြစ် ပြန်အရသာခံချင်လို့ပဲဖြစ်ဖြစ် ပြန်လှန်ဖတ်လို့(နောက်ပြန်ဖတ်လို့) မရတော့ပါဘူး။ ရှေ့သို့(ရှေ့စာမျက်နှာ)ကိုပဲ ဆက်လှန်ဆက်ဖတ်ရတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် ကံတရားကို အရင်းခံပြောရရင်ဖြင့် သူ့ဟာသူဖြစ်လာတာတွေရှိသော်ငြားလည်း အရာအားလုံးကိုတော့ သူ့ဟာသူဖြစ်လာမှာပါပဲဆိုပြီး စိတ်ကိုလျှော့ထား၊ ဖော့ထားကာနဲ့ သက်သာအောင်နေလို့တော့မဖြစ်ပါဘူး။

တန်ဖိုးရှိတဲ့ဘ၀တိုတိုလေးအတွင်းမှာ စိတ်ပိုင်းကိုယ်ပိုင်းနာကျင်ထိခိုက်အောင် အမှားမခံဘဲ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကိုတော့ ကုန်စင်အောင်(ဒါမှမဟုတ် နိုင်သလောက်)လုပ်ခဲ့ဖို့လိုမယ်လို့ တွေးမိကြောင်းပါခင်ဗျား။

မားမားမွေးနေ့အမှတ်တရ။

ည ၁၁ နာရီ၊ အောက်တိုဘာ ၁၅၊ ၂၀၀၉။

လူရယ်လို့ဖြစ်လာကတည်းက အဲဒီလူသားတွေရဲ့ ရာခိုင်နှုန်းပြည့်နီးပါးမှာ မိသားစုရှိကြပါတယ်။ သိပ်ကံမကောင်းတဲ့ သနားစဖွယ်ကလေးငယ်တချို့သာ မွေးမွေးပြီးချင်း စွန့်ပစ်ခံရလို့ မိသားစုမဲ့၊ မိမဲ့ဘမဲ့ ရှင်သန်လာကြရတာဖြစ်ပါတယ်။

မိသားစုဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ မိဆိုတဲ့ မိဘရယ်၊ သားဆိုတဲ့ သားသမီးရယ်ပါဝင်ပါတယ်။ ဇနီးမောင်နှံ နှစ်ဦးတည်းနဲ့ မိသားစုလို့ခေါ်လို့မရပါဘူး။ သား သို့မဟုတ် သမီး သို့မဟုတ် သားရောသမီးပါ ပါမှ မိသားစုဖြစ်လာတာပါ။

မိသားစုတစ်စုလို့ အခြေခံသတ်မှတ်ဖို့ဆိုရင် မိဘရယ် သားသမီးရယ်ပါဝင်ပြီး၊ အဘိုးအဘွားနဲ့ မြေးမြစ်တွေပါ ပါလာပြီဆိုရင်တော့ မိသားစုကြီးလို့ ခေါ်ရမှာပါ။ ဒီလိုဆို ပိုလို့နွေးထွေးပြီး အမြင်စုံ ခံစားမှုစုံတဲ့ နားလည် မျှဝေ မှုတွေကို ရရှိနိုင်ကြမှာဖြစ်ပါတယ်။

မိသားစုတန်ဖိုးဆိုတာလည်း ရှိပါတယ်။ နေ့စဉ်ရှင်သန်နေထိုင်ရတဲ့ ဘ၀မှာ လွတ်လပ်မှုရှိပြီး စိတ်ထဲရှိသမျှ လက်တွေ့ ထုတ်ဖော်တင်ပြနိုင်တာက မိသားစုမှာပါ။ ကိုယ့်မိသားစုနေထိုင်တဲ့ အိမ်မှာပါ။ တခြားနေရာတစ်နေရာ မှာဆိုရင်တော့ ကိုယ့်ခံစားချက်၊ ကိုယ့်ထင်မြင်ယူချက်၊ ကိုယ်ဖြစ်နေတာတွေကို အပြည့်အ၀ ထုတ်ဖော်နိုင်ခြင်း မရှိပါဘူး။ နည်းနည်းလေးတော့ မပေါ့မပါးနဲ့ ဟန်ဆောင်ပန်ဆောင် နေရပါတယ်။ အလိုက်အထိုက်လုပ်ရပါတယ်။

မိသားစုမှာတော့ အဲဒီလို လုပ်စရာမလိုပါဘူး။ ကိုယ်ပျော်ရင် ပျော်သလို၊ စိတ်ညစ်ရင် စိတ်ညစ်သလို၊ ၀မ်းနည်းရင် ၀မ်းနည်းသလို၊ ရယ်စရာရှိ အားရပါးရရယ်သလို စိတ်ကြိုက်နေထိုင်လို့ ရပါတယ်။ မိသားစုကလည်း လိုက်ပါခံစားလို့ ပျော်ပေး၊ စိတ်ညစ်ပေး၊ ၀မ်းနည်းပေး၊ ရယ်ပေးကြပါတယ်။ မိသားစု မဟုတ်ရင်တော့ ကိုယ့်ခံစားချက်ကို အပြည့်အ၀ လိုက်ပါခံစားနှစ်သိမ့်ပေးနိုင်မှာ မဟုတ်ပါဘူး။

မိသားစုနဲ့အနီးစပ်ဆုံး ခံစားမျှဝေပေးနိုင်တာကတော့ မိတ်ဆွေသူငယ်ချင်းတွေပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ ကိုယ်တို့တတွေဟာ အနာဂတ်ရေး၊ မိသားစုရေး မျှော်ကာတွေးလို့ ကိုယ့်ရဲ့မူရင်းမိသားစုကို ခွဲခွာပြီး အခြားတစ်ပါး ရပ်ရွာဒေသတွေမှာ သွားရောက်နေထိုင် လုပ်ကိုင်စားသောက်ရတာတွေ ရှိလာပါတယ်။ ဒီအချိန်မှာတော့ ကောင်းမွန်တဲ့မိတ်ဆွေအပေါင်းအသင်း ရရှိရေးဟာ အလွန်အရေးကြီးပါတယ်။

မိသားစုတွင်း အစည်းအဝေး၊ ပြဿနာတစ်ခုပေါ်ပေါက်လာရင် ၀ိုင်းဝန်းညှိနှိုင်းတိုင်ပင်ရတဲ့ ကိစ္စ၊ အထိမ်းအမှတ်တစ်ခုကို အတူတူပူးတွဲဝေမျှခံစားကြတာ၊ တစ်ယောက်နဲ့တစ်ယောက် ဖေးဖေးမမ စာစာနာနာ မျှဝေခံစားပေးနိုင်တာတွေဟာ မိသားစုရဲ့အရေးအကြီးဆုံး အစိတ်အပိုင်းနဲ့တန်ဖိုးတွေပဲဖြစ်ပါတယ်။

မနေ့ကတော့ အိမ်နဲ့စကားပြောဖြစ်ပါတယ်။ အမေ၊ နှမနဲ့ ညီငယ်တို့နဲ့ စကားပြောဆိုတိုင်ပင်ဆွေးနွေး မျှဝေဖြစ်ခဲ့ကြပါတယ်။ အိမ်ကိစ္စတစ်ခုကို အရေးတကြီးတိုင်ပင်ကြတာပါ။

အရေးကြီးတဲ့နေရာ တစ်နေရာရောက်တဲ့အခါ မျက်နှာကြောတွေ တင်းမာသွားတဲ့အထိ အကြိတ်အနှယ်ဆွေးနွေးရပါတယ်။ နောက်တစ်ခါ ရယ်စရာပေါ်လာတဲ့အခါမှာလည်း အားရပါးရ ရယ်မောလိုက်ကြတာ မျက်ရည်တွေပါတွေ ထွက်တဲ့ အထိပါပဲ (မျက်ရည်ပဲထွက်တာပါ)။

အဲဒီလို တစ်နာရီလောက်စကားပြောပြီးချိန်(ခံစားချက်တွေ အပြန်အလှန်သွန်ချ ဝေမျှပြီးချိန်)မှာ သက်သောင့်သက်သာဖြစ်သွားတဲ့ ခံစားချက်ဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး။ မိသားစုအရသာဆိုတာ အဲဒါပါပဲ။ လူသားတွေအတွက် အလွန်ပွင့်လင်းလွတ်လပ်တဲ့နေရာတစ်နေရာ ရှာကြည့်မယ်ဆိုရင် မိသားစုအပြင်ဘက်မှာ သိပ်တွေ့နိုင်မှာ မဟုတ်ပါဘူး။ ဒီလိုအရသာ ဒီလိုခံစားမှုကို မိသားစုထဲမှာပဲ ရအောင်ကြိုးစားရှာဖွေ ကြရမှာဖြစ်ပါတယ်။

လုပ်ငန်းခွင်မှာလည်း ဒီပုံစံမျိုး ပြဌာန်းလုပ်ကိုင်လို့ရပါတယ်၊ တကယ်စစ်မှန်တဲ့လုပ်ငန်းခွင်၊ မိသားစုဆန်တဲ့လုပ်ငန်းတွေမှာ ခုနပြောခဲ့သလိုမျိုး စစ်စစ်မှန်မှန်တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ တကယ်လုပ်နိုင်မယ်ဆိုရင်တော့ သိပ်ကောင်းပါတယ်။

ခက်တာက လုပ်ငန်းခွင်တွေမှာက တစ်ခါတလေအပြိုင်အဆိုင်တွေ၊ ကိုယ့်တာကိုယ် ကာကွယ်ရတာတွေ၊ တစ်ယောက်နဲ့တစ်ယောက် အလိုလို မကျေမနပ်ဖြစ်နေတာတွေ၊ မုဒိတာမပွားနိုင်တာတွေ ရှိနေနိုင်တာမို့ ခုနပြောတဲ့ မိသားစုလို အပြည့်အ၀ မရနိုင်တာ ဖြစ်ပါတယ်။

မိသားစုမှာတော့ အချင်းချင်း သနားကြင်နာမှု၊ မေတ္တာထားမှု၊ မုဒိတာပွားမှု၊ စေတနာထားမှု၊ တိုးတက်ဖြစ်ထွန်း ကြီးပွားစေလိုမှု၊ အားရကျေနပ်မှု၊ မျှဝေခံစားပေးနိုင်မှု စတာတွေတာ ထွန်းကားနေတာကြောင့် ပိုပြီးလွတ်လပ် ပိုပြီးအရသာရှိနေတာဖြစ်ပါတယ်။

မိသားစုမှာ ဒီလိုတရားတွေ ထွန်းကားအောင် မိဘတွေက ပြုစုပျိုးထောင်ပေးရသလို သားသမီးတွေကလည်း လိုက်နာကျင့်သုံးရပါတယ်။ ဒါပေမယ့် အခိုက်အတန့်ဆိုသလို မိသားစုတွင်းမှာလည်း မပြေလည်မှုတွေ၊ စိတ်ဆိုးနာကျည်းမှုတွေ၊ နောက်ဆုံး ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့အဆုံး ခွဲခွာ ကွဲထွက်သွားတာတွေလည်း ရှိနိုင်ပါတယ်။

အတ္တဗဟိုပြုထားတဲ့ လူသားတွေပီပီ ကိုယ့်အတ္တကို အနိမ့်ဆုံးနှိမ့်ချထားခဲ့ပါရက်နဲ့ အဲဒီအောက်အထိ ထပ်မံတာင်းဆိုတာကိုခံခဲ့ရပြီဆိုရင်တော့ လူသားဟာပေါက်ကွဲသွားနိုင်ပြီး ခွဲထွက်ဖို့လမ်းကို ရွေးချယ်သွားနိုင်တယ်ဆိုတာကိုလည်း သဘောပေါက်ထားရမှာဖြစ်ပါတယ်။

နောက်တစ်ခု စိတ်ဝင်စားဖို့ကောင်းတာကတော့ မိသားစုဆိုတာကလည်း တစ်မိသားနဲ့ တစ်မိသားပေါင်းစပ်ပြီး နောက်ထပ်မိသားစုတစ်ခု ဖြစ်တည်လာတာဖြစ်ပါတယ်။ ဆိုတော့ ပေါင်းစပ်မှုမှာ အခြေခံကောင်းတဲ့ ခိုင်မာတဲ့ ပေါင်းစပ်မှုမျိုးမဟုတ်ရင် တစ်ခါတလေမှာ ဘယ်လိုမှ ဆက်စပ်လို့မရနိုင်တော့ဘဲ အခြေတစ်ရပ်မှာ ကွဲကွာ သွားနိုင်ကြပါတယ်။ ဒါလေးကိုလည်း သတိထားကြရမှာဖြစ်ပါတယ်။

လုပ်ငန်းခွင်တွေ၊ အသင်းအဖွဲ့တွေ၊ နောက်ဆုံး အစိုးရဖွဲ့စည်းတဲ့အထိ မိသားစုတန်ဖိုးတွေကို အခြေခံပြီး ဖွဲ့စည်းနိုင်ခဲ့မယ်ဆိုရင် အလွန်ကောင်းမွန်တဲ့ အကျိုးရလဒ်ကို ခံစားရမယ်ဆိုတာကိုတော့ နှစ်နှစ်ကာကာ ယုံကြည်မိပါကြောင်းပါခင်ဗျာ။

မွန်းတည့် ၁၂ နာရီ၊ အောက်တိုဘာ ၁၁၊ ၂၀၀၉။

ဒီအကြောင်းအရာသုံးခုကို သုံးပုဒ်ခွဲရေးသင့်တာပါ၊ ဒါပေမယ့် အကြောင်းအရာသုံးခုကို တပြိုင်နက်စဉ်းစားမိတာက တကြောင်း၊ ဆက်စပ်နေမယ်လို့ ယူဆတာကကြောင်းတို့ကြောင့် တစ်ပုဒ်ထဲမှာပဲ ပေါင်းရေးလိုက်ပါတယ်။

အခုရက်ပိုင်းမှာပဲ ရန်ကုန်က ကိုယ့်အိမ်ရှိတဲ့လမ်းထဲက လမ်းသားတစ်ယောက်၊ အလုပ်လုပ်ခဲ့ဖူးတဲ့ လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက် တစ်ယောက်၊ တက်ခဲ့ဖူးတဲ့ကျောင်းက ဆရာတစ်ယောက် ဆုံးပါတယ်။

နေ့စဉ်လုပ်နေရတဲ့ အလုပ်ကလည်း တစ်နေ့တစ်နေ့ ဒါပဲလုပ်နေရတော့ သုံးလလောက်ကြာလာတဲ့အခါမှာ ဘ၀ဆိုတာ ဘာလဲကွဆိုတဲ့ ဒေါသကလေး ထွက်လာတာကို သတိထားမိတယ်။

တစ်ချိန်တည်းမှာပဲ ငယ်စဉ်က အားကျလေးစားချစ်ခဲ့ရတဲ့ ဖခင်ကြီးကိုလည်း သတိရသွားတယ်။ ဒါနဲ့ပဲ ဒါကို ရေးဖြစ်တယ်လို့ ဆိုရမှာပါပဲ။

သေခြင်းတရား

မိဘဆွေမျိုးအရင်းထဲက ကိုယ့်မျက်စိရှေ့တင် ဆုံးပါးသွားတာတွေက အဘွား(အဖွားအမေ)၊ အမေကြီး(အဖွား)၊ အဖေတို့ဖြစ်ပြီး ဆုံးဆုံးချင်းရောက်ဖြစ်တာကတော့ အဘိုးနဲ့ အမေကြီးအစ်မတို့ပဲဖြစ်ပါတယ်။

အားလုံးက အသက် ၆၀ နဲ့ အသက် ၆၀ အထက်တွေဖြစ်လို့ အရွယ်တွေရနေပြီပဲလို့ ပြောလို့ရပေမယ့် အလွန်စိတ်မကောင်းဖြစ်ရပါတယ်။ ကိုယ်အနားရင်းရင်းနှီးနှီးနေပြီး ကိုယ့်ကို အလွန်ချစ်တဲ့ အမေကြီး ဆုံးသွားတုန်းက တော်တော်စိတ်မကောင်းဖြစ်ခဲ့ပါတယ်။ ခဏ ခဏလည်း သတိရခဲ့ပါတယ်။

အဖေဆုံးတုန်းကတော့ အဖေမရှိတော့ဘူးဆိုတဲ့စိတ်နဲ့ စိတ်မကောင်းဖြစ်ခဲ့ရဖူးသလို အားငယ်ရပါတယ်။

ဒီလိုပါပဲ အမေ့မိတ်ဆွေသူငယ်ချင်းတွေ၊ ကိုယ်ကျောင်းပိတ်တိုင်း သွားပြီး ဘုန်းကြီးကျောင်းသားလုပ်ခဲ့ရတဲ့ ဘုန်းကြီးကျောင်းက ခင်မင်ရင်းနှီးခဲ့ရတဲ့ မိတ်ဆွေသင်္ဂဟတွေ၊ လမ်းထဲက လမ်းသူလမ်းသားတွေ ဆုံးတိုင်းလည်း တစ်ယောက်တော့ သွားပြန်ပြီဆိုပြီး စိတ်မကောင်းဖြစ်ရ၊ သေခြင်းတရားကို သတိတစ်ခါရ ဖြစ်ရပါတယ်။

အခုလည်း တစ်ခါ သေခြင်းတရားကို ဆင်ခြင်ရပြန်ပါတယ်။ ကိုယ့်အလှည့်လည်း အနှေးနဲ့အမြန်ဆိုသလို ရောက်လာတော့မှာဖြစ်တယ်လို့ တွေးမိပါတယ်။ သေခြင်းက အသက်အရွယ်မရွေးဘူး၊ ကျန်းမာတယ် မကျန်းမာဘူး မရွေးဘူးဆိုတာကိုလည်း ရိပ်စားမိလာပါတယ်။

ဒါကြောင့် တတ်နိုင်သမျှ အချိန်လေးရအောင် ရှာပြီး “မင်း သေဖို့အဆင်သင့်ဖြစ်သလား၊ သေရမှာကြောက်လား“လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြန်မေးပါတယ်။

ဘာဖြစ်လို့လဲတော့ မသိပါ၊ သေရမှာကိုလည်း ကြောက်မနေပါ၊ အခုသေသွားလည်း ဘာမှ မဖြစ်ပါလို့လည်း ရဲတင်းနေတတ်ပါတယ်။ ဒါပေမယ့် မသေခင် အချိန်ကလေးတစ်ခုမှာတော့ ကိုယ်လုပ်ချင်သေးတဲ့ အလုပ်လေးတွေလုပ်ချင်တယ်လို့တော့ ဖြေလျော့တွေးမိပါတယ်။

ဘ၀အဓိပ္ပာယ်

အလုပ်လုပ်လာတာ ၁၀ နှစ်ကျော်လာတဲ့အခါ ဘယ်အရွယ်အထိ အလုပ်လုပ်ရမှာလဲလို့ တွေးမိပါတယ်။ အခု ဒီမှာက Tory လို့ခေါ်တဲ့ ကွန်ဆာဗေးတစ်ပါတီက မဲဆွယ်နေတဲ့အခါ ပင်စင်အသက်ကို လက်ရှိ ၆၅ ကနေ ၂၀၁၆ ခုနှစ်ကစပြီး ၆၆ အထိ တိုးမြင့်ဖို့လုပ်နေပါတယ်။

ဒီအနောက်နိုင်ငံတွေမှာ လူတွေက အသက်တွေရှည်လာကြပြီး အခုမွေးတဲ့မျိုးဆက်တွေဆို အသက် ၁၀၀ အထိ နေကြရမှာလို့ သတင်းစာ တစ်စောင်မှာ တစ်နေ့ကပဲ ဖတ်လိုက်ရပါတယ်။

ဒီမှာ အသက်တွေရှည်လာတာနဲ့အမျှ ဘ၀ဟာ အလုပ်လုပ်ဖို့ အချိန်တွေများလာပြီး ပျင်းလောက်အောင်နေရတော့မှာဖြစ်ပါတယ်။

ကိုယ်တွေးမိတာကတော့ နေ့စဉ်နဲ့အမျှ တိုးတက်အောင်ကြိုးစား၊ လိုအပ်ချက်တွေ ပြည့်မှီအောင်လိုက်ဖြည့်နဲ့ ကြိုးစားလိုက် ဖြည့်လိုက် လိုက်လိုက်နဲ့ ဘယ်တော့မှ မပြည့်လောက်အောင် များလာနေပါတယ်။ ဒါကို ဒီအတိုင်းလိုက်နေရင်တော့ ဘယ်တော့မှ ပြည့်မှာမဟုတ်သလို ကျေနပ်အားရမှာလည်း မဟုတ်ပါဘူး။

ဒီတော့ ကိုယ်လိုချင်တဲ့ ဘ၀တစ်ခုကို ကိုယ့်ဘာသာ ပိုင်းခြားသတ်မှတ်မှ ရပါတော့မယ်ဆိုပြီး ဆုံးဖြတ်လိုက်မှပဲ မျက်နှာမှာရှိတဲ့ အရေးအကြောင်းတွေက လျော့လာပြီး ပြုံးရွှင်လာနိုင်ပါတော့တယ်။

လူတိုင်းဟာ သူဖြစ်ချင်တာ ဖြစ်ခွင့်ရှိပေမယ့် အဲဒီလိုဖြစ်အောင်လည်း သူကိုယ်တိုင်ပဲ လုပ်ယူရတာဖြစ်ပါတယ်။ ပိုလိုချင်လည်း သူကိုယ်တိုင်ပဲ ထပ်လုပ်ရတာပဲဆိုတော့ အားလုံးဟာ သူကိုယ်တိုင်ရဲ့အပေါ်မှာပဲ မူတည်နေတာကို တွေ့ရပါတယ်။

အဖေ့အကြောင်း

အဖေနဲ့ ကိုယ်တို့ နီးနီးကပ်ကပ် နေခွင့်ရတဲ့အချိန်တွေက နည်းလှပါတယ်။ ငယ်ငယ်ကတော့ ကိုယ်ဂျီကျနေတာနဲ့ အဖေက မြေကြီးက လှေကားနှစ်ဆင့် တက်ရတဲ့ ပျဉ်ထောင်အိမ်ထဲကနေ မြေကြီးပေါ်ရောက်တဲ့အထိ ဆွဲယူလွှင့်ပစ်လိုက်ဖူးတယ်တဲ့၊ ကိုယ်တိုင်ခံလိုက်ရတာ ဖြစ်ပေမယ့် ငယ်လွန်းတော့ မမှတ်မိတော့သလို နည်းနည်းသိတတ်လာလို့ အမေပြောပြတော့လည်း အဖေ့ကို လုံးဝစိတ်မဆိုးခဲ့ပါဘူး။

အဖေ့ကိုတော့ အားနာလို့ “အဲဒီတုန်းက တကယ်လုပ်လိုက်တာလား အဖေ“လို့ နောက်ပိုင်း ကိုယ် အသက်ကြီးလာတော့လည်း ထပ်မမေးတော့ပါ။ ငါ ဆိုရင်လည်း ကလေး သိပ်ဂျီကျလာရင် ဒီလိုပဲလုပ်ဖြစ်မှာပဲလို့ တွေးမိလို့ပါ။

ကိုယ်အသက် ၇ နှစ်လောက်မှာတော့ အမေနဲ့အဖွားက မြန်မာပြည်အနှံ့ ဘုရားဖူးထွက်ကြတဲ့အခါ အဖေက သားသမီးသုံးယောက်နဲ့အတူ အိမ်စောင့်ကျန်ရစ်ပါတယ်။ အဖေက သားသမီးတွေကို ထမင်းဟင်းချက်ကျွေးရပြီး တစ်ကြိမ်မှာတော့ အဖေက ထမင်းကိုပဲ မြေပဲဆံနဲ့ ဆီနဲ့ ရောနယ်ပြီး ကျွေးပါတယ်။ အဲဒီအရသာကို အခုထက်ထိမှတ်မိနေသလို သတိရနေမိပါတယ်။

(အမေကြီးကလည်း တစ်ခါတခါ အဲဒီလိုပဲ ထမင်းနဲ့ ငါးပိရည်ခပ်စပ်စပ်ငန်ငန်ကို ရောနယ်ပြီး ကျွေးတဲ့အရသာကို စွဲနေအောင် မှတ်မိနေ ပါတယ်။)

အဖေနဲ့ ကိုယ်က အသက် ၁၃ နှစ်အထိပဲ အတူနေခဲ့ဖူးပါတယ်။ အဲဒီအချိန်တွေမှာလည်း အတော်ကြောက်ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖေက အနေတည်လို့ဖြစ်ပါတယ်။ တစ်ခါတခါကျမှပဲ ထွေးလားလုံးလား သားအဖတွေ ကုတင်နဲ့ ကွပ်ပစ်ပေါ် ကစားဖူးပါတယ်။ အဲဒါကလည်း သိပ်ကို တစ်ခါနှစ်ခါတည်း ဖြစ်ပါတယ်။

၁၃ နှစ်ကစပြီး အမေတစ်ယောက်ထဲနဲ့ အတူနေကြီးပြင်းလာရတဲ့အခါ တစ်ခါတခါတော့ စိတ်အားငယ်ခဲ့ရသလို “ငါ ပိုကြိုးစားရမယ်၊ ဒါမှ ငါ့မိသားစုကို ငါ တာဝန်ယူစောင့်ရှောက်နိုင်မယ်“ဆိုတဲ့ စိတ်ကောင်းကလေး တစ်ခါတခါ ၀င်လာတတ်ပါတယ်။

ဒါပေမယ့်လည်း လူငယ်ဆိုတော့ စားလိုက်သောက်လိုက် ပျင်းလိုက်ပျော်လိုက်နဲ့ နေခဲ့ပြီး၊ တော်တော်ကြီးနောက်ကျမှ မိခင်တစ်ယောက်ရဲ့ အင်အားတွေ စောင့်ရှောက်မှုတွေ၊ မျှော်လင့်ချက်တွေကို သိလိုက်ရတဲ့အခါကျတော့ နောက်တီးနောက်ချာ မလုပ်ဝံ့တော့ပါဘူး။

ကိုယ့် အသက် ၂၃ (အဖေမဆုံးမီ) အထိတော့ အဖေနဲ့ တစ်ခါတခါ တွေ့ရတတ်ပါတယ်။ အဖေနဲ့ စကားပြောတဲ့အခါ ပါးစပ်လေးဟပြီး နားထောင်နေတတ်တဲ့သားကို “သားရယ်… မင့် နှုတ်ခမ်းကို တင်းတင်းစေ့ထားစမ်းကွာ၊ ခန္ဓာကိုယ်ကို မတ်မတ်ထိုင်ပြီး စကားတည်တည် တန့်တန့်ပြောစမ်းကွာ“ဆိုပြီး အားမရစွာနဲ့ ဆုံးမပါတယ်။

ကိုယ့်မျက်နှာလျော့ကျသွားတိုင်း အဖေ ကိုယ့်မျက်လုံးတည့်တည့်ကို ကြည့်ပြီး ပြောခဲ့(ဆုံးမ)တာကို သတိရ၊ အဖေပြောခဲ့တဲ့စကားလုံးတွေကို သတိရပြီး တင်းထားရတဲ့မျက်နှာဟာ အပြုံးတော်တော်လျော့ပါးသွားခဲ့တာ ကိုယ်ကိုယ်တိုင်သာ အသိဆုံးဖြစ်ခဲ့ပါတယ်။

နောက်ပိုင်းမှာ အဖေ့အားကိုးနဲ့ စည်းကမ်းတင်းကျပ်ပြီး ပဒေသရာဇ်ဆန်တယ်ဆိုတဲ့ယူဆချက်ကို ကိုင်စွဲလို့ အမေ့ကိုတော်လှန်ပြီး အိမ်ပေါ်က ဆင်းတဲ့အခါ မျက်ရည်တွေတွေတွေကျနေတဲ့ အဖေ့မျက်နှာ၊ ခေါင်းငုံ့ထားရတဲ့ ကျောက်ရုပ်ခံစားမှုတွေဟာ ခါးသီးလှသလို ရုပ်ရှင်ဆန်လွန်းလှ ပါတယ်။

အကယ်ဒမီ ရလောက်အောင်ကောင်းတဲ့ စစ်မှန်တဲ့သရုပ်ဆောင်ချက်တွေဟာ တကယ့်ဘ၀တွေထဲက လာတာပါ။ ကိုယ်တို့မှာလည်း အဲဒီလို ရသမြောက်လှတဲ့ အချိန်တွေ ရှိခဲ့ဖူးတာပေါ့။ အဆိုးတွေဆို မေ့တတ်လိုက်တဲ့ လူ့စရိုက်ကြောင့်သာ အတိတ်မှာ မသိချင်ယောင်ဆောင် ထားပစ်လိုက်ခဲ့ကြတာပေါ့။

အဲဒီတုန်းကတော့ အားပြတ်လုဖြစ်သွားခဲ့ဖူးတဲ့ အဖေ့ကို အားမရစွာကြည့်မိရင်း စိတ်ထဲဝင်လာမိတာက “မင်းမလိမ္မာရင် မင်းခွေးဖြစ်သွားမယ် ချာတိတ်လေး“ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ဆုံးမဖူးခဲ့တဲ့ အတွေးလေးပါပဲ။

ကိုယ် ကောလိပ်ရောက်တဲ့အခါ အဖေဟာ တော်တော်အိုစာသွားပါပြီ။ အရပ် ၅ ပေပဲရှိတဲ့ အဖေဟာ အရပ် ၅ ပေ ၈ လက်မလောက်ရှိလာပြီ ဖြစ်တဲ့ လူပျိုထွားသားကြီးကို ကြည့်ပြီး အားရနေပါတယ်။

“ဒါ…ငါ့သားကြီးကွ“ဆိုပြီး တခြားဘာအရည်အချင်းမှ မကြည့်တော့ဘဲ အရပ်က သူ့ထက် ခေါင်းတစ်လုံးပိုမြင့်ပြီး သူ့ထက်ကိုယ်အလေးချိန် ပိုကာ ထွားကျိုင်းနေတဲ့သားကိုကြည့်ပြီး အားရနေတာကို အဖေ့မျက်လုံးတွေမှာ တွေ့ခဲ့ရပါတယ်။

အဖေ့ဆီသွားလည်တဲ့အခါ အဖေက ဖြတ်သွားဖြတ်လာ သူ့သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကို “ဒါ…ကျွန်တော့် သားကြီးလေ“ဆိုတာ ကြွားရတာအမောပေါ့။

အသက် ၂၀ ၀န်းကျင်အရွယ်သားဟာ ပထမတော့ သိပ်ရှက်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ “ဟုတ်ကဲ့၊ ကျွန်တော့် အဖေ့သားပါ၊ အဖေ့ဆီ လာလည်တာပါ“လို့ ရဲရဲဝင့်ဝင့် အလိုလို ပြောတတ်လာတာ၊ ပြောထွက်လာတာဟာ “အဖေ့ကို ကျွန်တော်ချစ်ပါတယ်“လို့ ပြောတာထက် အများကြီးပိုတာသွားတယ်လို့ နောက်ပိုင်းမှာ သိသွားခဲ့လို့ပါပဲ။

အဖေဟာ ညနေကျရင် အရက်သောက်တတ်ပြီး တစ်ခါတလေ ကိုယ်က အဖေပုလင်းဖွင့်ချိန်ရောက်သွားရင် အစပိုင်းတော့ အဖေက ပုလင်းကို အပြေးအလွှား ဖွက်လိုက်တတ်ပေမယ့် နောက်ပိုင်းကျတော့ အဖေလည်း အကြာကြီး ဟန်မဆောင်နိုင်တော့သလို ကိုယ့်ကိုလည်း အဖေက သားတစ်ယောက်ထက် သူ့ရဲ့အရင်းနှီးဆုံးနဲ့အားအကိုးဆုံး မိတ်ဆွေတစ်ယောက်အဖြစ် သတ်မှတ်လိုက်တဲ့အခါ “မင်း နည်းနည်း သောက်မလား“လို့ မေးလာပါတော့တယ်။

ကိုယ်ဟာ အသက် ၂ နှစ် ၃ နှစ်သားလောက်ကတည်းက အဖိုးမိတ်ဆက်ပေးလို့ အရက်ဆိုတာကို ကြိုက်တတ်သောက်တတ်နေတဲ့သူ၊ အဖေကလည်း အရက်ကြိုက်တဲ့သူ၊ နောက်ပြီး ကိုယ်က အဲဒီတုန်းက ဂျီတီအိုင်ကျောင်းလေးကိုလည်း တက်ရောက်နေသူမို့ အရက်ဆိုတာကို တော်တော်ကြီးရင်းနှီးနေသမို့ လက်ချိုးရေလို့ရတဲ့ ညနေခင်းတချို့မှာ အဖေနဲ့သားဟာ ၀ိုင်းဖွဲ့ခဲ့ဖူးပါတယ်။

သစ်ပင်တချို့ကို ချုံဖြစ်လုနီး စိုက်ပျိုးထားတဲ့ အဖေ့ပန်းခြံလေးထဲမှာ ၀က်ဆီဖတ်၊ ငါးမုန့်ကြော်၊ မုန့်ဟင်းခါးဟင်းရည်တို့နဲ့ မြည်းရတဲ့ အရက်တစ်ခွက်နှစ်ခွက်ကို သားအဖနှစ်ယောက် သောက်ကြပြီး ဘ၀အကြောင်း၊ စာပေအကြောင်း၊ နိုင်ငံရေးအကြောင်း ပြောရတာတွေ၊ ကိုယ်သိချင်တာတွေ အဖေ့ကို မေးရတာတွေ၊ အဖေက သူ့ဘ၀နဲ့ယှဉ်ပြီး ကိုယ့်ကို ဆုံးမတာတွေဟာ ဘာနဲ့မှလဲလို့မရတဲ့ ဘ၀ခံစားမှုနဲ့ အတွေ့အကြုံတွေပါပဲ။

အဖေဟာ တစ်ဘ၀လုံးတော့ သူ့မိခင်၊ သူ့အစ်မကြီးတွေ၊ ညီအစ်ကိုမောင်နှမတွေကို တတ်နိုင်သလောက်စောင့်ရှောက်ခဲ့သလို သူ့မောင်နှမတွေကလည်း သူ့ကို နိုင်သလောက်ပြန်စောင့်ရှောက်ခဲ့ကြပါတယ်။ အဖေဟာ သူ့ဘ၀ကို သူ့မိသားစုထက် သူ့မိတ်ဆွေ သူငယ်ချင်းတွေအတွက် ပိုပေးဆပ်ခဲ့တယ်လို့တော့ ကိုယ်ကတော့ ထင်တာပါပဲ၊ အဲဒီလိုစိတ်မျိုးတွေကို ကိုယ့်ညီငယ်ဆီမှာလည်း တွေ့နေရပါတယ်။

ယောက်ျားတစ်ယောက်ဟာ အောက်ဆုံးအထိရောက်အောင် ကျဆုံးနေဦးတော့ ယောက်ျားမာနတော့ ရှိနေပါသေးတယ်။ အဖေ့မျက်နှာမှာ အဖေ့မျက်လုံးထဲမှာ အဲဒီမာနတွေကို တွေ့နေရသေးတဲ့အခါ “ဒါမှ ငါ့အဖေကွ“လို့ စိတ်ထဲက ရဲရဲကြီးကျေနပ်နေမိပါတော့တယ်။

အဖေဟာ တစ်ခါတခါ သူ့အနာဂတ်ကို ပြောပြတတ်တယ်၊ သားသမီးတွေနဲ့ပတ်သက်တဲ့ သူ့မျှော်မှန်းချက်ကို ပြောပြတတ်တယ်။

ကိုယ်က အဲဒီအချိန်ကတည်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေတာက တကြောင်း၊ စပြီး အဖေ့ကို ပြောရဲဆိုရဲ မေးခွန်းထုတ်ရဲနေပြီဖြစ်တာက တကြောင်းမို့ ပြန်လှန်မေးခွန်းတွေ မေးတတ်နေပါပြီ။ အဖေပြောတာအားလုံးကို ကြောက်ကြောက်ရွံ့ရွံ့နားထောင်ရတဲ့ သားတစ်ယောက် မဟုတ်ခဲ့တော့ပါဘူး။

အဲဒါကိုပဲ အဖေက အားရနေတတ်ပါပြီ၊ “မင်းကိုတော့ အားရတယ်ကွာ“ဆိုတဲ့ စကားမျိုး ပြောလာပါပြီ။ အဖေ့ဆီက ဒီစကားမျိုး ကြားရဖို့ ကိုယ့်မျက်နှာဟာတင်းခဲ့ရပြီး ကိုယ့်နှုတ်ခမ်းတွေဟာ တင်းတင်းစေ့ခဲ့ရတာကြာခဲ့ပေါ့၊ အထူးသဖြင့် အဖေ့ရှေ့ရောက်တိုင်း မျက်လုံးက အရောင်တွေလက်နေရပြီး ခန္ဓာကိုယ်ကလည်း စစ်သားတစ်ယောက်ကို တောင့်မတ်ထားရတာ အသားသေတဲ့အဆင့်တောင်ရောက်ခဲ့ပေါ့။

နောက်ပိုင်း အဖေ့ဆီ ကိုယ်သွားလည်တဲ့အခါ တော်တော်ဟောင်းနေပြီဖြစ်တဲ့ အညိုရောင်တက်ထရွန် လေးထောင့်ကွက်ကြီး ပုဆိုးတိုတိုနဲ့ စစ်ရောင်စွပ်ကျယ်ဂျိုင်းပြတ်လေး ၀တ်ထားတဲ့ ဆေးပေါ့လိပ်လက်ကြားညပ်ထားတဲ့ အသားညိုခြောက်ခြောက် ခပ်ပိန်ပိန် အသားခပ်ပျော့ပျော့ ဖြစ်နေတဲ့ အဖေဟာ အမေဆင်ထားတဲ့ ဂျင်းဘောင်ဘီရှည်နဲ့ ရှပ်အင်္ကျီအပေါ်က ထပ်ဝတ်ထားတဲ့ဂျာကင်အင်္ကျီနဲ့ဆိုတော့ ကုလားမင်းသားနဲ့ တူနေတဲ့ အရပ်မြင့်မြင့်သားကို မျက်လုံးမှုန်ဝါးဝါးနဲ့ ကြည့်နေတဲ့ မြင်ကွင်း၊ “ဟာ သားကြီး“လို့ ခေါ်လိုက်တဲ့အသံတို့ဟာ အခုထိ မြင်ယောင်ကြားယောင်ဆဲပါ။

ကိုယ်ကတော့ “အဖေ…ကျွန်တော်“လို့ ပြောပြီး အဖေ့ပခုံးကို ပွေ့ဖက်လိုက်တဲ့အခါ အဖေဟာ ကိုယ့်ရင်ခွင်ထဲမှာ ညီအငယ်ဆုံးလေး တစ်ယောက်လို ရှိနေပါတော့တယ်။ ကိုယ်က ထွားထွားလူကြီးဖြစ်လာပြီး အဖေက သေးသေးလူလေးဖြစ်သွားပါလားလို့ စိတ်ထဲမကောင်းပါဘူး။ အဖိုးနဲ့လည်း တစ်ခါ အဲဒီလိုစိတ်မျိုးဖြစ်ဖူးပါတယ်။

အမေ့အဖေ(အဖိုး)ဟာ အရပ် ၆ ပေလောက်မြင့်ပါတယ်။ ငယ်ငယ်ကဆို အဖိုးကို ကိုယ်တို့ခေါင်းကြီးလန်သွားတဲ့အထိ မော့ကြည့်ခဲ့ရတာပါ။ အဖိုးနဲ့ငယ်ငယ်ကတည်းကအတူနေ၊ အဖိုးက ငယ်ငယ်ကတည်းက ကိုယ်တို့ကို ကျွေးမွေးစောင့်ရှောက်၊ အဖိုးကပဲ ကျောင်းထားပေး၊ အဖိုးကြောင့်ရှင်သန်လာခဲ့ရတဲ့ ကိုယ်တို့မိသားစုဟာ အဖိုးကို တစ်ခါပြန်စောင့်ရှောက်ရတဲ့အခါမှာလည်း အမေဟာ သူ့အဖေနဲ့အမေကို အစွမ်းကုန်ပြုစုစောင့်ရှောက်ပါတယ်။ သူ့မိဘတွေရှေ့က အမေဟာ မားမားမတ်မတ်နဲ့ အမြဲရပ်တည်ခဲ့ပါတယ်။

တစ်ရက်တော့ အဖိုးဟာ ကန်ထရိုက်တိုက် ၃ လွှာမှာရှိတဲ့ ကိုယ်တို့အိမ်ကို အလည်လာပါတယ်။ အဲဒီတုန်းက ကိုယ်က ၁၀ တန်း၊ အဖိုးက ၇၇ နှစ်။ အသက်ကြီးလာရင် အရိုးတွေဟာ ပြန်ကျုံ့ဝင်သွားပါတယ်။ အဖိုးကို ကားဂိတ်ပြန်လိုက်ပို့တဲ့အခါ အမေက အိမ်ပေါ် ၀ရံတာကနေ ကြည့်နေပါတယ်။

ငယ်ငယ်တုန်းက မော့ကြည့်ခဲ့ရတဲ့အဖိုးဟာ ခါးလေးကုန်းသွားတာမို့ အဖိုးပခုံးဟာ ကိုယ့်ပခုံးအောက်နိမ့်သွားပြီလို့ အမေက ကိုယ်ပြန်လာတော့ ပြောပြပါတယ်။ “အဖေဟာ ခါးကုန်းသွားပြီ၊ မင်းက အဖေ့ထက် မြင့်သွားပြီ“လို့ သူ့အဖေအတွက် စိတ်မကောင်းစွာနဲ့ အမေဟာ ပြောရှာပါ တယ်။

အဖိုးနဲ့ အဖေတို့ရဲ့ ဘ၀တွေကို စောကြောလေ့လာ နားလည်အောင်ကြည့်တဲ့အခါ၊ ကွယ်လွန်သွားပြီဖြစ်တဲ့ အဖိုး၊ အဖေနဲ့ ဦးချစ်(ကိုယ့်ဘ၀ထဲ က ကျေးဇူးရှင်တစ်ဦး)အပါအ၀င် ကွယ်လွန်သွားတဲ့သူတွေကို အောက်မေ့တဲ့အခါ၊ သေခြင်းကို သတိရရနဲ့ဆင်ခြင်မိတဲ့အခါ၊ ကိုယ်နေ့စဉ် ရှင်သန်နေထိုင်နေရတဲ့ဘ၀ကို တစ်ခါတခါ မကျေမနပ်ဖြစ်တဲ့အခါ၊ “မင်း…ဘာလဲကွ“လို့ ကိုယ့်ကိုယ်ကိုယ်မေးခွန်းတွေ တရစပ်မေးမိတဲ့အခါ၊ ကျွန်တော် ဒီလိုစာလေးရေးဖြစ်သွားပါတယ်။ သက်သာလို သက်သာငြားပေါ့။

လူကြီးမင်းရော လက်ရှိနေထိုင်နေရတဲ့ နေ့စဉ်ဘ၀မှာ အဆင်ပြေပါရဲ့လား။ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။

အောက်တိုဘာ ၈ ၂၀၀၉၊ ည ၉ နာရီခွဲ။

ကျွန်တော့်မှာ ညီတစ်ယောက်ရှိတယ်။ တစ်နှစ်တစ်လနဲ့ငါးရက်တိတိ ကျွန်တော့်အောက်ငယ်တယ်။ အစ်ကိုကြီးဖြစ်တဲ့ ကျွန်တော့်ကို သူ တော်တော်ချစ်တယ်။ ငယ်ငယ်ကတော့ တော်တော်ချစ်ခဲ့ကြပေမယ့် ကြီးလာတဲ့အခါကျတော့ ချစ်ခင်မှုတွေ သိပ်မပြကြတော့ဘဲ တစ်ယောက်နဲ့တစ်ယောက် ခပ်တည်တည်ပဲနေကြတယ်။ ယေဘူယျအားဖြင့် အသက်သိပ်မကွာတဲ့ညီအစ်ကိုတွေဟာ ကြီးလာတဲ့အခါမှာ သူငယ်ချင်းတွေလောက် ရင်းနှီးမှုမရှိတော့ကြတာကို တွေ့ရတယ်။

ညီလေးဟာ ကျွန်တော့်ဆရာလည်းဖြစ်တယ်။ စာပေအနုပညာလောကထဲကို ကျွန်တော့်ထက်စောရောက်တယ်။ စာပေလောကမှာ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဒီဇိုင်းလုပ်၊ ကိုယ်တိုင်ဖြန့်ချိတဲ့ အချစ်ဟာသ လုံးချင်းဝတ္ထုသုံးအုပ်ကိုလည်း ထုတ်ဝေခဲ့တယ်။

ညီလေးနဲ့ကျွန်တော်ဟာ ငယ်ငယ်ကတော့ အမြွှာညီအစ်ကိုလို့ ထင်ရလောက်အောင် အမေကလည်း ဆင်တူအင်္ကျီဘောင်းဘီလေးတွေ ပေးဝတ်ခဲ့တယ်။ တူတူစား၊ တူတူကစား၊ တူတူကျောင်းသွား၊ တူတူအိမ်အလုပ်လုပ်နဲ့ ချစ်ချစ်ခင်ခင်ရှိခဲ့ကြတယ်။

နည်းနည်းကြီးလာတော့ ကျွန်တော်က လူကြီးနေရာနေပြီး သူ့ကိုခိုင်းတာများလာတယ်၊ ညီငယ်ကလည်း အစ်ကို့ကိုချစ်တော့ ခိုင်းတာကို လုပ်ပေးပါတယ်။ တစ်ခါတလေတော့ ကျွန်တော်ဖြစ်စေချင်တဲ့ဟာ သူကမလုပ်တဲ့အခါကျတော့ ကျွန်တော်က ငါက အကြီးပဲ ငါပြောတာကို မင်းလုပ်ရမယ်လို့ အတင်းအကြပ်ခိုင်းတဲ့အခါ ပြဿနာဖြစ်၊ ရန်ဖြစ်ရတတ်တယ်။ အများအားဖြင့်တော့ ညီလေးက သူပဲအနစ်နာခံ လုပ်ပေးပါတယ်။

နောက်တစ်ခု ညီငယ်က ကျွန်တော့်ထက် ပိုပြီး သတ္တိရှိတယ်။ မဟုတ်မခံလည်း ဖြစ်တယ်။ ကျွန်တော်ကတော့ လူပါး၊ ကိုယ်မနိုင်တဲ့ လူဆိုရင် ရှောင်တယ်၊ အဲဒီလိုလူနဲ့ ဘယ်တော့မှ ရန်မဖြစ်ဘူး။ နိုင်တဲ့လူဆိုရင်တော့ ပိုင်ပိုင်နိုင်နိုင် ထိုးသတ်တယ်။ ဒါတောင် ရန်ဖြစ်ရင် ကျွန်တော်ခံရတာတွေ ရှိခဲ့ဖူးတယ်။

ညီငယ်နဲ့ပတ်သက်ရင် ကျွန်တော်ညီအစ်ကိုကို သိပ်ချစ်ပြီး ကျွန်တော်တို့မိသားစု အလွန်အားကိုးရတဲ့ အမေ့ဘက်မှ အဖိုးရယ်၊ အဖွားရယ်၊ အမေရယ် အမြဲပြန်ပြန်ပြောပြီး ရယ်ကြတဲ့ ဖြစ်ရပ်တစ်ခု ရှိဖူးတယ်။ ဒီလိုပါ၊ ကျွန်တော်တို့ ငယ်ငယ်က ရန်ကုန်၊ ဂွတ္တလစ်ဘက်က အဇစ်ခြံမှာ နေကြတယ်၊ အဖိုးက အဇစ်ခြံပိုင်ရှင် အဇစ်ဘာဘူနဲ့ သူငယ်ချင်းတွေဖြစ်ပြီး အဲဒီမှာ နွားတွေ မွေးတာကိုး။ (အခုတော့ အဇစ်ခြံမရှိတော့ဘူး၊ တက္ကသိုလ်ရိပ်သာလမ်းသစ်ကြီး ဖောက်လိုက်တာမှာ အစိုးရအသိမ်းခံလိုက်ရတယ်၊ အဇစ်ဘာဘူမိသားစုတွေတောင် ကျန်တဲ့မြေနေရာလေးမှာ ကန်ထရိုက်တိုက်တွေ ဆောက်ကြတာ အခုထိ ပြည့်ပြည့်စုံစုံ ရှိကြတုန်း။) ကျွန်တော်တို့ ညီအစ်ကိုက ၄/၅ နှစ်လောက်ရှိဦးမှာပေါ့၊ အဖိုးအဖွားနဲ့အတူနေတယ်။ ညီမလေးကတော့ ကျောက်မြောင်းမှာ အမေအဖေနဲ့နေတယ်။

တစ်ရက်တော့ ကျွန်တော့်ကို တစ်ယောက်ယောက်က ဆော်ထည့်လိုက်တာဖြစ်မှာပေါ့လေ၊ ငိုပြီး အဖိုးအဖွားဆီ ပြန်လာတယ်တဲ့။ အဖိုးအဖွားကတော့ ကလေးချင်းဆော့ရင်း တွန်းကြထိုးကြရင် ဒီလိုပဲ ထိခိုက်တတ်၊ ငိုကြွေးတတ်တယ်ဆိုတာကို သိထားတော့ မြေးလေး ဘယ်နေရာများ ထိခိုက်မိသွားလဲဆိုပြီး စိတ်တော့ပူမှာပေါ့လေ….အဲဒီမှာ ညီငယ်ကတော့ အုတ်ခဲထက်ပိုင်းကျိုး (၄/၅ နှစ်သားတစ်ယောက် အတွက် အုတ်ခဲက တော်တော်ကို သယ်မရမှာပေါ့နော်) ကို ကောက်ကိုင်ပြီး “ဘယ်မလဲ၊ ဘယ်ကောင် ငါ့ အစ်ကိုကို ရိုက်သလဲ´´ဆိုပြီး ကျွန်တော့်ကို ချလိုက်တဲ့ ကောင်တွေ(ကလေးတွေ) ဆီ ပြန်သွားခိုင်းပြီး၊ သူက ဆော်မယ်ချမယ် လုပ်သတဲ့။ အဲဒီလို ညီငယ်မျိုးပါ။ ဒီအဖြစ်အပျက်လေးကို ကျွန်တော်သေချာ မမှတ်မိတော့ပေမယ့် အဖိုး၊ အဖွားနဲ့ အမေတို့က ပြန်ပြောပြီး သဘောကျကြရင် ကျွန်တော်ကတော့ “ကျွန်တော့်ညီဟာ သတ္တိရှိတယ်၊ ကျွန်တော့်အတွက်လည်း ခုခံကာကွယ်ပေးလိုစိတ်ရှိတယ်၊ ကျွန်တော့်ကို တော်တော်ချစ်တယ်“ ဆိုပြီး ကျေနပ်လို့ မဆုံးပါဘူး။

ကျွန်တော်တို့ညီအစ်ကိုမှာ ညီမလေးတစ်ယောက်လည်း ရှိပြန်တော့ ညီလေးဟာ အလယ်အလတ်ဖြစ်သွားရှာတယ်။ မိဘက သားကြီးမို့ အားကိုးတယ်၊ နေရာပေးတယ်။ သမီးလေးကျတော့ သမီးလေးမို့ တစ်ယောက်တည်းမို့ ဂရုစိုက်ရတယ်။ ဒီတော့ ညီလေးဟာ တစ်ခါတလေတော့ အလယ်ကမို့ လတ်ရရှာတယ်။

ဒါကို သူက သိတယ်၊ လက်မခံချင်ဘူး၊ အတင်းနေရာယူ၊ အတင်းဆရာလုပ်တယ်၊ အိမ်မှာဆို ကျယ်ကျယ် ကျယ်ကျယ် လုပ်တယ်။ အိမ်က အရေးပါတဲ့ နေရာမှာ သူက ပါချင်တယ်။ ခက်တာက အရေးပါတဲ့နေရာမှာနေဖို့ကျတော့ သူက မကြိုးစားပြန်ဘူး။ သူက သဘောကောင်းတယ်၊ စိတ်ထားဖြူတယ်။ ဒါပေမယ့် အောင်အောင်မြင်မြင်တစ်ခုခုဖြစ်အောင် မလုပ်တဲ့အခါကျတော့ အမေက သိပ်အားမရဘူး။

ညီလေးက အဖေ့လိုပဲ နည်းနည်းသောက်တတ်တယ်။ သောက်ပြီးတဲ့အခါကျရင်တော့ သူက အိမ်မှာ ဗိုလ်ဖြစ်သွားပြန်တယ်။ အားလုံးက သူ့ကို ကြောက်ကြရတယ်။ သူပြောတာနားထောင် လိုက်နာရတယ်။ သူကလည်း ရဲဆေးမှီဝဲထားတဲ့သူဆိုတော့ ရဲရဲတင်းတင်းနဲ့ အကုန်လုံးကို ညွှန်ကြားပြသနိုင်တယ်။ ဒီအချိန်မှာ သူပြောတာတွေ၊ သူ့ခံစားချက်တွေဟာ သူ့ဘက်က လုံးဝမှန်နေတာ တွေ့ရတယ်။ တစ်ခါတလေကျတော့ ကိုယ်ဘက်က တွေးတောဆုံးဖြတ်တာတွေက သူ့ဘက်ကကြည့်တော့ လုံးလုံးမမှန်ပါလားဆိုတာ တွေ့ရတယ်။

ညီလေးဟာ ကိုယ့်ကို ဒီထက်မြင့်မြင့်မားမားနဲ့ ပိုအောင်မြင်စေချင်တဲ့စိတ်ရှိတယ်။ တစ်ခါတခါလည်း ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်လိုက်ပါလားလို့ တိုက်တွန်းလမ်းညွှန်တတ်တယ်။ ကိုယ်ကတော့ ညီငယ်ဖြစ်တာမို့ ဒီကောင် ငါ့လောက်တတ်တာ မဟုတ်ပါဘူးလို့ ထင်တတ်ပေမယ့် သူပြောတာ တချို့ကတော့ မှန်နေတာတွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက အရာတော်တော်များများကို ရိုးရိုးသားသားမြင်ကြည့်တာဖြစ်ပြီး ကိုယ်ကတော့ အရာတော်တော်များများကို ကျော်ကြည့်ခွကြည့်တာကြောင့် မမြင်ဘဲကျော်ခဲ့တာတွေ ရှိနေလို့ပဲဖြစ်ပါတယ်။

အခုတော့ ညီလေးဟာ အလုပ်တစ်ခုမှာပဲ စွဲစွဲမြဲမြဲလုပ်ကိုင်ကြိုးစားနေလို့ အစ်ကိုတစ်ယောက်အနေနဲ့ အလွန်ဝမ်းသာရတယ်။ သူငယ်ချင်းတွေနဲ့ တစ်ပါးသူအပေါ်အလွန်ကောင်းတတ် တာဝန်ကျေတတ်တဲ့ ညီလေးကို အားလုံးကလည်း ချစ်ခင်ပြီး သဘောကျကြတယ်။ သူ့မှာ ကောင်မလေး တစ်ယောက်လည်းရှိတော့ သူ့ဘ၀လေးဟာ သူ့ဟာနဲ့သူတော့ ပြည့်စုံနေတာပဲပေါ့။

တကယ်တော့ ညီလေးဟာ သူ့အစ်ကိုကိုချစ်သလိုပဲ ညီမလေးနဲ့အမေကိုလည်း အလွန်ချစ်သူဖြစ်ပါတယ်။ သူ့မိသားစုဝင်တွေ တစ်ခုခုဒုက္ခခံစားရမယ်ဆိုရင် သူကသာ ခံစားလိုက်ချင်တဲ့သူပါ။ သူဟာ စိတ်ညစ်တာကို မခံစားနိုင်သူတစ်ယောက်တော့ဖြစ်ပါတယ်။ စိတ်ညစ်ရမယ့် ကိစ္စတွေသမျှ ရှောင်တဲ့သူဖြစ်ပါတယ်။ ကိုယ်ကာယအားဖြင့် ဘယ်လောက်ပင်ပန်းချင်ပင်ပန်းပါစေ၊ စိတ်တော့ အညစ်မခံနိုင်ပါဆိုတဲ့သူမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် မိသားစုအပေါ်မှာသာ သူက ပွင့်ပွင့်လင်းလင်း သူ့ဆန္ဒဖော်ထုတ်တတ်ပေမယ့် အများသူငါအပေါ်မှာတော့ သူ့ဆန္ဒတွေကို ချိုးနှိမ် မျိုသိပ် သည်းခံပြီး စေတနာထားလုပ်ကိုင်ပေးတတ်သူ ဖြစ်ပါတယ်။

အခုတော့ ကိုယ်က အိမ်နဲ့ အဝေးမှာ ရောက်နေတာဖြစ်တော့ သူကပဲ အိမ်မှာ အိမ်ထောင်ဦးစီးအဖြစ်နေထိုင်ပြီး ဆရာကြီးလုပ်နေတာပေါ့လေ။ အမေနဲ့ ညီမငယ်ကတော့ သူ့စကားတွေ ပိုပြီးနားထောင်နေရမှာပဲလို့ တွေးမိပါတယ်။ ကိုယ်ကတော့ ညီငယ်ရဲ့ လမ်းညွှန်မှုတွေ၊ အဆူအဆဲတွေနဲ့ ဝေးနေရတော့ လွမ်းမိပါသေးတယ်။

၂၀၁၆ အိုလံပစ် အားကားပြိုင်ပွဲကို ဘရာဇီးနိုင်ငံ၊ ရီယိုဒီ ဂျနေရိုးမြို့က အိမ်ရှင်အဖြစ်ကျင်းပခွင့်ရပါတယ်။ ဘရာဇီးရဲ့ ကမ်းခြေတစ်ခုမှာ ထောင်သောင်းချီတဲ့ ပရိသတ်တွေက သူတို့နိုင်ငံ၊ သူတို့မြို့ရွေးချယ်ခံရတာကို ရုပ်မြင်သံကြားမြင်ကွင်းအကျယ်ကြီးကနေ တိုက်ရိုက်ကြည့်ကြပြီး အောင်ပွဲခံခဲ့တာကို ဘီဘီစီက ရိုက်ပြတာမှာ အောင်ပွဲခံသူတစ်ယောက်က ညီငယ်နဲ့တူနေတာမို့ ညီလေးကို သတိရပြီး ရေးပါတယ်။

အောက်တိုဘာ ၃၊ နံနက် ၉ နာရီ၊ မိနစ် ၄၀။

မွေးသမိခင် ကျေးဇူးရှင် အတွက် ကျေးဇူးတင် စကား ၃၃ ခွန်း

(၃၃ နှစ် ပြည့် မြောက်တဲ့ မွေးနေ့မှာ ကျေးဇူး ထပ်လောင်း ဆိုပါ၏။)

မေမေ…

သားကို လူဖြစ်အောင် မွေးခဲ့တဲ့ အတွက် ကျေးဇူး တင်ပါတယ်။

တပြွတ်ပြွတ်နဲ့ ငယ်ငယ် ကတည်းက ငတ်တဲ့ သားကို နို့ချို တိုက်ကျွေး ခဲ့တဲ့ အတွက် ကျေးဇူး တင်ပါတယ်။

လေးငါးနှစ် ကတည်းက ဂျီကျ စိတ်ဆိုး အတောင်း အဆို များတဲ့ သားကို ချစ်တဲ့ အတွက် ကျေးဇူး တင်ပါတယ်။

ပညာတတ်ကြီး ဖြစ်အောင် ရည်မှန်းချက် ကြီးကြီးထား ပညာ သင်ပေးခဲ့တဲ့ အတွက် ကျေးဇူး တင်ပါတယ်။

ကျောင်းထားလိုက်ပေမယ့် စိတ်ပူ နေပြီး အနီးကပ် ကြည့်နေ၊ လိုတာတွေ ထပ်သင် ပေးခဲ့တဲ့ အတွက် ကျေးဇူး တင်ပါတယ်။

ဘာသာရေး ကိုင်းရှိုင်းအောင် ငယ်စဉ် ကတည်းက ပုံသွင်း ဆုံးမခဲ့တဲ့ အတွက် ကျေးဇူး တင်ပါတယ်။

ငယ်စဉ် ကတည်းက လိမ္မာ ယဉ်ကျေးပြီး ဘုန်းတော်ကြီး တွေနဲ့ ပြောဆို ဆက်ဆံ တတ်အောင် သင်ပေးခဲ့တဲ့ အတွက် ကျေးဇူး တင်ပါတယ်။

တရား မှတ်ရမယ်၊ တရား ထိုင်ရမယ်လို့ ငယ်ငယ် ကတည်းက တရား စခန်းပို့၊ လက်တွေ့ သင်ကြား ပေးခဲ့တဲ့ အတွက် ကျေးဇူး တင်ပါတယ်။

ဘယ်လောက် သင်သင်၊ အရွယ် ငယ်သေး လူဆိုးလေးမို့၊ နည်းမျိုးစုံ သုံး ဆုံးမ ပေးခဲ့တဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။

လူပျိုပေါက် ဖြစ်လာ၊ တောင်တောင် အီအီ ထင်ရာ လုပ်တတ်တာမို့ စိတ်ပူ ထိန်းသိမ်း ခဲ့တဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။

ဆယ်တန်း နှစ်ချင်း ပေါက်အောင်ဖို့ အတင်း တိုက်တွန်း၊ အတင်း တွန်းထိုး ခဲ့တဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။

သားလူတော် ငပျင်းကို အမြဲတမ်း မီးထိုး ကြိမ်းမောင်း နေပေမယ့် မေတ္တာ စစ်စစ် ထားခဲ့တဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။

တချိန်ကျရင် မင်းအတွက် သိပ် လိုအပ်မယ် ဆိုပြီး အင်္ဂလိပ်စာကို အတင်း သင်ခိုင်း ခဲ့တဲ့ အတွက် ကျေးဇူး တင်ပါတယ်။

အလုပ် လုပ်တော့လည်း အခက်အခဲတွေ တွေ့ရင် စိတ်ဓါတ် မကျဖို့ အမြဲ ဆုံးမ အားပေးခဲ့တဲ့ အတွက် ကျေးဇူး တင်ပါတယ်။

သူ့သားမောင် လုပ်ဖော် ကိုင်ဖက်တွေနဲ့ အဆင်ပြေစေကြောင်း အမြဲ မေတ္တာပို့၊ ဆုတောင်း ပေးခဲ့တဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။

သားကို အမြဲတမ်း တိုးတက် စေချင်နေတဲ့ အတွက် အမြဲ ထောက်ပြ ဝေဖန် နေခဲ့တဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။

ဘမျိုး ဘိုးတူ ဇ ကလေးနဲ့မို့ အမြဲ သတိပေး ဆုံးမပေးတဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။

သူ့ သားမောင်ကို အမြဲ အားကိုး၊ အမြဲ အထင်ကြီး၊ အမြဲ ချီးမွမ်း အားပေးခဲ့တဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။

သားမောင် နိုင်ငံရပ်ခြား ပညာသင် သွား၊ အလုပ်အကိုင် အတွက် သွား၊ အဲဒီလို သွားလာ ရတာတွေ အတွက် ဂုဏ်ယူ တတ်လို့လည်း ကျေးဇူး တင်ပါတယ်။

လူတွေ ထူတိုင်း မိဘ ကျေးဇူး သိတတ်တဲ့ သား၊ အိမ်ကို စောင့်ရှောက်တဲ့ သား ဆိုပြီး ထုတ်ဖော် ဂုဏ်ပြု ပြောကြားတဲ့ အတွက် ကျေးဇူး တင်ပါတယ်။

အနီးနေနေ အဝေး ရောက်ရောက် အမြဲ မေတ္တာ ဖြန့်ကျက်၊ လွှမ်းခြုံ ပေးထား နွေးထွေးထားတဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။

မေမေ…

စံပြ အမျိုးသမီး တစ်ယောက် အဖြစ် နေထိုင် ပြခဲ့တဲ့ အတွက် ကျေးဇူး တင်ပါတယ်။

အနန္တဂိုဏ်းဝင် ကျေးဇူးရှင် မိခင် တစ်ယောက် အသွင် ပီပီပြင်ပြင် ပြဆိုခဲ့တဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။

အဘိုးအဘွားတို့ကို ချစ်ခင် စောင့်ရှောက်၊ ရှေ့နေ အဖြစ် ရှေ့က မားမား မတ်မတ် ရပ်တည်ခဲ့တဲ့ အတွက် ကျေးဇူး တင်ပါတယ်။

မိဘဆိုတာ ဒီလို စောင့်ရှောက် ရတယ်ကွဲ့လို့ ပြသခဲ့ လို့လည်း ကျေးဇူး တင်ပါတယ်။

မိတ်ဆွေ အပေါင်းအသင်း ဆိုတာ ဒီလို ပေါင်းသင်း စောင့်ရှောက် ရတယ်လို့ ပြသ ပြောဆို သင်ပြခဲ့တဲ့ အတွက် ကျေးဇူး တင်ပါတယ်။

ဆရာသမားဆို ဒီလို ကျေးဇူး သိတတ် စောင့်ရှောက် ရတယ်လို့ လက်တွေ့ ပြသ စောင့်ရှောက် ခဲ့တဲ့အတွက် ကျေးဇူး တင်ပါတယ်။

အနားယူရမယ့် အရွယ် အထိ မိသားစုကို ဦးဆောင် လမ်းညွှန် နေဆဲ ဖြစ်တဲ့ အတွက် ကျေးဇူး တင်ပါတယ်။

ဘာသာတရား အဆုံးအမ တွေကို လိုက်နာ ကျင့်ကြံ ပြတဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။

မေတ္တာတရား သစ္စာတရား ဂရုဏာတရား ဥပေက္ခာတရား တို့ကို လက်တွေ့ ကျင့်ကြံ ပြခဲ့တဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။

သားသမီးတွေကို အလွန် ချစ်ပြီး အလွန် စောင့်ရှောက်တဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။

အဖေ့ကို ယူခဲ့တဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။

သားမောင်ရဲ့ မာတာ မိခင် ကျေးဇူးရှင် ဖြစ်နေတဲ့ အတွက်လည်း ဂုဏ်ယူ ၀မ်းမြောက် ကျေးဇူး တင်ပါတယ်… မေမေ။

ချစ်ခင် လေးစားစွာဖြင့်

သားမောင် မျိုးသာထက်

၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။
နံနက် ၆ နာရီ ၅၅ မိနစ်။
(၃၃ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် မွေးမိခင်ကို ကျေးဇူး တင်သဖြင့် ခံစား ရေးဖွဲ့သည်။)