Category: စာနု


အချစ်ကြောင့် စိတ်ချမ်းသာတယ်

အချစ်ဟာ မျက်နှာပွင့်စေတယ်

အချစ်သံကြားရင် ပျော်ကြတယ်

အချစ်ဟာ ဈေးခေါ်ကောင်းတယ်

အချစ်ပါရင် ရောင်းကောင်းတာပဲ

အချစ်ကြောင့် ပတ်ဝန်းကျင်ပါ အရောင်ထွက်တယ်

အချစ်ကို စိတ်ဝင်စားကြတယ်

အချစ်ဟာ ပျော်ဖို့ကောင်းတယ်

အချစ်ကြောင့် ပျော်ကြတယ်

အချစ်ကြောင့် ချစ်ကြတယ်

ထပ်မပြောတတ်တော့ဘူး။

နိုဝင်ဘာ ၂၄၊ ၂၀၀၈။

စိတ်ဆိုတဲ့စိတ်

ချိတ်ကလေးလို

ချိတ်ချင်ရာချိတ်

သားဆိုးတွေလို

ဆိုးချင်သလိုဆိုး

မိန်းကလေးတွေလို

အမျိုးမျိုး

စိတ်ဆိုတဲ့စိတ်

သိပ်မနိပ်။

 

နိုဝင်ဘာ ၂၄၊ ၂၀၀၈။

အလုပ် လုပ်လုပ်

စကား ပြောပြော

ဟန်မူ ပြပြ 

ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံး

တက်ကြွရွှင်ဟန်သုံး

မင့်ဟန် မင့်မူ မင့်သွင်တူ ဘက်လူကူးစက်စေ

လောကပါ ရွှင်စေ

ဝန်းကျင် လန်းဖြာဝေ။

 

နိုဝင်ဘာ ၁၈၊ ၂၀၀၈။

ဆေးလိပ် မသောက်

အရက် မကြိုက်

ကွမ်း မစား

ဖဲ မချ

မိန်းမ မလိုက်

ထိုငမိုက်အား

မကြိုက်လည်းနေ

ဖယ်ကျဉ်စေ။

 

နိုဝင်ဘာ ၁၇၊ ၂၀၀၈။

တနင်္ဂနွေက မိုးရွာတယ်၊ ကျွန်တော့်မှာ ထီးမပါပါ

လမ်းထွက်ချင်တယ်၊ ကတ္တလမ်းမထက်မှာ မိုးစက်တွေ စက်စက်ပေါက်ပေါက်ကျတယ်

ကျွန်တော် ထီးဆောင်းလာတဲ့ကောင်မလေးတစ်ယောက် ထီးအောက်တိုးဝင်လိုက်တယ်

မျက်လုံးတစ်စုံလိုတာထက် ပြူးကျယ်သွားတယ်၊ ချက်ချင်းဆိုသလို ထီးကို ညာဖက်ကို ရုတ်တယ်

ကောင်မလေးဘယ်ဘက်မှာ ရောက်နေတဲ့ ကောင်ကလေးတစ်ယောက်ပေါ်ကို မိုးစက်တွေ ကျရောက်လာတယ်

“ရှင် ဘာလုပ်တာလဲ”

”မင်းကို တောင်းပန်ပါတယ်၊ ဘာလုပ်လို့လုပ်မိမှန်းကို မသိပါဘူး၊ အဓိက ကတော့ ကိုယ်သွားချင်လို့ပါ၊ ဟိုနားက မီးပွိုင့်လေးထိ လိုက်လို့မရဘူးလား၊ ထီးက မရှိဘူးလေ“

“အို ရှုပ်ရှုပ်ရှက်ရှက်၊ တော်တော်ကြောင်တာပဲ၊ ကိုယ်နဲ့လည်း မသိဘဲနဲ့၊ သွားပါ၊ လူတွေမြင်ရင် မကောင်းပါဘူး“

“ဒါဆို မလိုက်ရတော့ဘူးပေါ့၊ အင်း ကောင်းပါပြီ၊ ထားလိုက်ပါတော့၊ ကိုယ်မလိုက်တော့ပါဘူး“

ကျွန်တော်ရိုက်တဲ့ခွင်ဟာ မအောင်မြင်ခဲ့ပါဘူး၊ ကောင်မလေးက အစစ်လေးပါ၊ ရင့်ရင့်ရိုင်းရိုင်းလေးဖြစ်ပါတယ်၊ နောက်ပြန်ဆုတ်ခဲ့ရတယ်။

မိုးက ရွာနေတုန်းပါ၊ ကျွန်တော်လည်း ရွှဲရွှဲစိုသွားခဲ့ပါပြီ

ကောင်မလေးလည်း ဟိုးအဝေးကို ထွက်သွားခဲ့ပါပြီ။

 

နိုဝင်ဘာ ၁၄၊ ၂၀၀၈။

အချစ်တို့ဖြင့် ရွှမ်းရွှမ်းစို

နံနက်ခင်းဟာ လှတယ်

ပူပူလောင်လောင်ထဲ လျှောက်နေတာတောင် ကိုယ်ဟာ အေးမြနေတယ်

အချစ်တို့ဖြင့် နံနက်ခင်းဟာ လှနေတယ်

ကိုယ်ပြုံးလိုက်မိတယ်

ကိုယ့်အပြုံးကို ကောင်မလေးကြည့်သွားတယ်

ငှက်ကလေး မိသွားတယ်

ကောင်မလေးတွေရဲ့ ပေါင်လုံးလေးတွေ ဖြူဖြူဖွေးနေတာတွေ့တယ်

နှုတ်ခမ်းလေးတွေ ဆေးမကူဘဲ ရဲနေတယ်

နေပူပူထဲမှာပဲ နံနက်ခင်းဟာ အချစ်တွေနဲ့ ရွှမ်းရွှမ်းစိုနေတယ်

ကိုယ်ဟာ အရင်နေ့တွေက ဒီလောက်မပျော်ဘူးပါဘူး

ဒီနေ့တော့ ပျော်နေတယ်

စိတ်ဓါတ်တွေလည်း တက်ကြွလာတယ်

နံနက်ခင်းကို အချစ်တွေနဲ့စအပ်တယ်

နံနက်ခင်းတိုင်း အချစ်တွေနဲ့ ရွှမ်းရွှမ်းစိုစေကွယ်

ကိုယ် ရွှမ်းရွှမ်းစိုစေမယ်။

 

နိုဝင်ဘာ ၁၀၊ ၂၀၀၈။

တစ်ခါတစ်ခါတော့ ပျော်စရာအကောင်းသား

လောကဟာ စည်းလုံးညီညွတ်နေရင်လေ

အမေနဲ့သား အဖေနဲ့သမီး ညီရင်းအစ်ကို မောင်ရင်းနှမ

သူငယ်ချင်းဆွေရင်းများနဲ့

သာတူညီမျှ ဝေဖြာခံစား အလှတရားများ

ပျော်ပျော်ရွှင် စိတ်လက်ကြည်ကြည် ညီတူမော်ဖို့

စားကြပါသောက်ကြပါ မ၀ရေစာ မရှိစေရ

လိုသမျှပြည့် ကြံသမျှအောင် 

ညီညာလမ်းတို့ ဖြောင့်ဖြောင့်ဖြူး

လှပဖူးတို့ ဝေစည်နေ

အနာဂတ်ဟာ တို့လက်ထဲမှာသာပ

လ၀န်းအပြည့်ထွန်းပညသို့

လှပစေကြောင်း သွန်းမေတ္တာလျှံစေကြောင်း

မောင်ဆုတောင်း မေဆုတောင်း

သည်အရသာတို့ ဘ၀တာပြည့်ကာနေပါစေကြောင်း။

 

နိုဝင်ဘာ ၈၊ ၂၀၀၈။

ပြောစရာရှိတယ်

နားထောင်မလား

ပြေးရော..

အလွမ်းသမားရဲ့ဆု

နတ္ထိ

ကံကြီးကိုက မုန်းဖို့ကောင်းတယ်

ချစ်နိုင်ဘူးလား။

 

နိုဝင်ဘာ ၈၊ ၂၀၀၈။

လန်းအောင်လုပ်ခဲ့ပေမယ့် မကြာပြန်ဘူး

ခဏနေတော့ မျက်မှောင်ကုပ်မိတာပဲ

ဘ၀ဆိုတာ အလုပ်တွေနဲ့ ရှုပ်နေတာကိုပြောတာ

နှစ်ဘက်နှစ်လမ်းရွေးစရာတွေများတဲ့အခါ

စာမေးပွဲဖြေရသလိုပေါ့

ဒါပေမယ့် တစ်ခါတလေ မှား/မှန် ရွေးရတာထက်ပိုတယ်

နာကတော့ ရယ်မိတာပဲ

ဖြေပြီးသားပုစ္ဆာတွေဟာ အကြိမ်တစ်ရာထပ်ဖြေလည်း မမှန်နိုင်သေးဘူး

လူက အိုလို့သေတော့မယ်

မသိသေးဘူး

ခက်လို့ကောင်းတုန်း

အငယ်လေးတွေကတောင် ရယ်ကုန်ကြပြီ

မျက်မှောင်ကြီး ကျုံ့လို့ကောင်းတုန်း

တကယ်တမ်းတော့ 

မြောက်များစွာတွေထဲက ထွက်ပစ်ဖို့ပါပဲ

တောနက်နက်ထဲ ငိုနေဆဲ။

 

နိုဝင်ဘာ ၇၊ ၂၀၀၈။

နည်းနည်းလေး မညိုလိုက်နဲ့

ဒီက ငိုချင်ပြီးသား

ယောက်ျားကြီးတန်မဲ့ မျက်ရည်လွယ်တတ်သူမို့

မခင်ထွေးလို့ ကြင်သူပြေးလည်း

နှုတ်ထွက်မရဲဘဲ နေပါ့မယ်

တော်ရာမှာတော်ပေမယ့် ရှော်ရာမှာလည်း နှစ်ယောက်မရှိတဲ့သူ

မောင်တော်တော်ညံ့ပါလားလို့

ပြောကြည့်လိုက်ပါ

မျက်ရည်ဝိုင်းရစ် အောက်ငိုက်စိုက်တဲ့မျက်နှာ

ကျီးကြည့်ကြောင်ကြည့်မျက်နှာ

အသက်မပါတဲ့ ခပ်ထူထူမျက်နှာ

အဲဒီမျက်နှာတွေအားလုံးလုပ်နေတဲ့သူ

မင်းထားလို့ပြေးပါ။

 

နိုဝင်ဘာ ၇၊ ၂၀၀၈။

မျက်နှာချေ(မိတ်ကပ်)ထူထူနဲ့ ခပ်တည်တည်လည်း ကျွန်တော်ကတတ်တယ်

တဟားဟားနဲ့ လူမုန်းအောင်လည်း ကျွန်တော်ရယ်တတ်တယ်

ခပ်ရင့်ရင့်စကားလုံးတွေနဲ့ မိန်းမတွေရွံကြောက်သွားအောင်လည်း ကျွန်တော်ပြောတတ်တယ်

ဟား ဟား ပြဇာတ်မင်းသား၊

 

မိုးအလင်းပေါက်အောင် ကခဲ့လေသလား

နှစ်ပါးလည်းသွားလိုက်သေး

မျက်နှာချေအနံ့အခုတိုင်အောင်ရ

တကယ်လုပ်ဖြစ်ခဲ့တာပဲ၊

 

ရယ် ကြမ်း မော ငို

အမျိုးမျိုးပြောဆို

ကြာ ပလာတွေလည်း လွှမ်း

ရမ်းချက်ကတော့ လူမိုက်တွေအားလုံး ရှုံးတဲ့အထိ

ကျွန်တော်ပြဇာတ်မင်းသား

တစ်ခါလောက် တွဲကချင်ပါသလား

မိန်းကလေးများ။

 

နိုဝင်ဘာ ၁၊ ၂၀၀၈။

ကြည့်သွားလိုက်တာ ဖြည်းဖြည်းလေးပါပဲ

ဒါပေမဲ့ ပဲ့ပါသွားတယ်မှတ်တယ်

ကြောက်ကြောက်လွန်းတော့တယ်

အပြုံးပါပေမဲ့ အကြည့်ကြမ်းတယ်

ကုတင်ကြည့်တင်တွေဟာ တစ်ခါတစ်ခါ ရင်ကိုထိလွန်းတယ်

တောင့်တမိတဲ့ ကြောင့်ကြတဲ့အသိတွေ

ခက်တယ်

မလုပ်ရဲပါဘူး ကြောက်လွန်းတာဟိုဘက်ကမ်းထိဆီ့

သား ငုံ့ကာပြေး။

 

နိုဝင်ဘာ ၁၊ ၂၀၀၈။

ခက်တာက ကြောက်တတ်နေတာပဲ

တစ်ခါတစ်ခါမှသာ သတ္တိက ထွက်ထွက်လာတတ်တာ

ပြင်ဆင်ထားလည်း ကြောက်တတ်တာက သဘာဝလိုတောင်ဖြစ်နေပြီ

ဘယ်လို စီးရပါ့မလဲ ဒီလှိုင်းကို….

 

အသိပညာတွေစီးပိုး လှတပတဖြစ်အောင် အနုပညာနဲ့ တယောထိုးလည်း

ခံစားချက်မဲ့တော့ အသက်မပါလှဘူး

မြင်စမ်းချင်လွန်းတဲ့မြင်ကွင်းတွေ ကောင်းကင်မည်းအောက်မှာ ပျောက်ဆုံး

ငိုချင်းတွေသာ တွင်တွင်ချလို့

ဘယ်လိုမှ မရယ်ရဲတော့ဘူး….

 

နောက်များမှပေါ့လို့ထားရင်း ကြွေးတွေတင်ခဲ့တာများပေါ့

တတ်မှမတတ်နိုင်ခဲ့တာပဲ

အခုတော့ ငါ့စိတ်ကို ငါသိအောင်လုပ်ရင်း

ဘ၀တွေရင်းလို့ ပျော်အောင်ပဲနေတတ်ခဲ့ပြီ။

 

အောက်တိုဘာ ၂၉၊ ၂၀၀၈။

ထိုနေ့ညက ကျွန်တော်မအိပ်ဖြစ်ပါ၊ ချစ်သူအကြောင်း တွေးနေသောကြောင့်ဖြစ်သည်။

ကျွန်တော်တွေးသော အကြောင်းမှာ ထူးဆန်းသည်ဟု မဆိုသာသော အကြောင်းဖြစ်သော်လည်း ကျွန်တော့်အတွက်တော့ အရေးတကြီး ရှိလွန်းလှသည်။

ကျွန်တော့်တွင် စွဲလန်းတတ်သော အကျင့်တစ်ခုရှိသည်။ ကလေးချစ်တတ်သည်၊ ကိုယ်ဝန်ဆောင်မိန်းမတွေကို သဘောကျသည်၊ မျက်နှာအစိတ်အပိုင်းများတွင် ကျွန်တော်သဘောအကျဆုံးနေရာမှာ နားရွက်ဖြစ်သည်။

ကောင်မလေးများ၏ နားရွက်ကို ဆွဲရခြင်းမှာ ကျွန်တော့်အိပ်မက်ဖြစ်သည်။ ကောင်မလေးများက နားရွက်ဆွဲခံရခြင်းကို မကြိုက်တတ်၊ တခြားအရေးကြီးသော အရာများကို လုပ်စေချင်သော်လည်း ကျွန်တော်ကတော့ နားရွက်ကိုသာ အမက်မောဆုံးဖြစ်သည်။

ဝက်ခေါင်းသုပ်တွင် ကျွန်တော်အကြိုက်ဆုံးမှာ စားလိုက်လျှင် ထုတ်ထုတ် ထုတ်ထုတ်နှင့် အရသာရှိသော အကြောလေးများပါသည့် ၀က်နားရွက်ပင်ဖြစ်သည်။

ချစ်သူအကြောင်းစဉ်းစားရာတွင်တော့ သူ့နားရွက်မဟုတ်ခဲ့ပါ၊ သူ့ကျောရိုးလေးအကြောင်းဖြစ်ပါသည်။

မြန်မာ့ရိုးရာ ပြောဆိုမှုတွင် မိန်းမပျင်းခြေဆင်း၊ ယောက်ျားပျင်းကျောခင်း ဆိုသောစကားတစ်ရပ်ရှိပါသည်။

မိန်းကလေးခြေဆင်းထိုင်ခြင်းကို ဆန်ကွဲကို ပြာထုတ်ပြီး စပါးလုံးကောက်ခြင်း၊ ကလေးမြူခြင်း၊ ကလေးထမင်းခွံ့ခြင်း၊ မိန်းမချင်း သန်းတုပ်ခြင်းတို့တွင် တွေ့ရဖူးပါသည်။

ကျွန်တော်အကြိုက်ဆုံး မိန်းကလေးခြေဆင်းထိုင်သော နေရာများမှာ ရေကူးကန်နှင့် ပင်လယ်ကမ်းခြေတို့ ဖြစ်ပါသည်။

ချစ်သူကျောရိုးလေးမှာ ရှည်လျားနေပါသည်။

ကျောရိုးရှည်သော မိန်းကလေးများကို တချို့က အကောင်းမမြင်ပါ၊ ကာမဂုဏ် အာရုံကြီးတတ်သည်ဟု ပြောတတ်ကြပါသည်။

ကျွန်တော်ကတော့ ချစ်သူကျောရိုးကို တပ်မက်မောနေမိပါသည်။ ချစ်သူကျောရိုးသည် တောင်တန်းပြေပြေလေးနှင့် တူသည်ဟု ကျွန်တော်ထင်မှတ်မိပါသည်။

အကောက်အကွေ့များပါသော ချစ်သူကျောရိုးလေးကို သူမ မှောက်လျက်အိပ်နေချိန်တွင် ကောင်းကင်မြင်ကွင်းမှ ကြည့်ရသည့်အရသာကို ကျွန်တော် အကြိုက် တွေ့နေပါသည်။ ဘေးမြင်ကွင်းမှကြည့်လျှင်မူ ချစ်သူကျောရိုးလေးမှာ ဖြောင့်တန်းနေပါသည်။

ချစ်သူကျောရိုးလေးမှာ ကျွန်တော် လျှောက်လှမ်းသောလမ်းလည်းဖြစ်သည်၊ ကျွန်တော်မောင်းသော ကားလမ်းလည်းဖြစ်သည်၊ စပါးကွင်းကြီးလည်းဖြစ်သည်၊

ချစ်သူကျောရိုးမှတဆင့် ကျေးလက်မြင်ကွင်းများကို ကျွန်တော်မြင်ရလေသည်၊ ချစ်သူကျောရိုးလေးတွင် ကျွန်တော် တော်တော်ပျော်မြူးလေသည်။ ဆော့လှိမ့် ကစားသည်၊ ပြေပြစ်ချောမောနူးညံ့သိမ်မွေ့သော အသားအရေနှင့် ချုပ်လုပ်ထားသောကြောင့် မွှေးရနံ့များနှင့်တကွ စွဲမက်လွန်းဖွယ်ရှိလေသည်။

ချစ်သူထံပါးနေရခိုက်တွင် ကျွန်တော်ပျော်မွေ့သောအပိုင်းမှာ ချစ်သူကျောရိုးလေးပင်ဖြစ်သည်။

ကျွန်တော့်ချစ်သူအကြောင်းကို ပြောပြရသည်မှာ တကယ်တော့ ရှက်၊ ရှက်လှပါသည်။

၂၀၀၈ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်။

မိုးလေးဖွဲဖွဲကျတယ်၊ ညက တဖြည်းဖြည်းမှောင်လာတယ်၊ အေးအေးလာတော့ အခန်းထဲဝင်ဖို့ကောင်းနေပြီ။
ကိုယ်တို့ ဟန်ဆောင်နေကြတုန်းပဲ၊ သူမဟာ ပိုပိုလှလာလာတယ်လို့ ခံစားရတယ်၊ အလိုလိုခံစားရတာ..အံ့သြဖို့တောင် ကောင်းတယ်။
ကိုယ်အကွက်တွေကို မတွက်ဘဲရွှေ့နေမိတော့တယ်၊ တကယ်တမ်းပြောရရင် အပန်းဖြေကစားနေတဲ့ ချက်စ်အပေါ်မှာ အာရုံဝင်စားမှု မရှိတော့ဘူး။
သူမကို အားရပါးရဖက်တားပြီး အချမ်းဖြေချင်စိတ်ပဲ ရိတော့တယ်၊ ဒါပေမယ့် သူမနဲ့ကိုယ်နဲ့က ဘာမှဖြစ်ကြသေးတာမှ မဟုတ်တာ၊
စလုံးရေစတောင် မစရသေးဘူး မဟုတ်လား။
လေတွေ ပိုတိုက်လာတယ်၊ အအေးပိုလာတယ်၊ ကိုယ်တို့အထဲဝင်ဖို့ကောင်းနေပြီ၊ ဓါတ်ဘူးထဲက ထွက်လာတဲ့ရေနွေးဟာ ခဏလေးနဲ့အေးအေးသွားတယ်။
သူမဟာ ဘယ်လိုမှန်းမသိအောင် လှတယ်
ချစ်စရာကောင်းတယ်
အားလုံးဟာ သူမက စခဲ့တာပါပဲ
အဲဒီညမှာပဲ အချစ်ကို တွေ့ခဲ့တာပဲ။
ချိုသောည…..။