Category: ခံစားမှုသက်သက်


by Myo Tha Htet on Sunday, 26 February 2012 at 11:19·

သူ့ကို မသွားစေချင်သေး၊ သူကလည်း သွားမယ် တကဲကဲ… စောနကဆို ပိုတောင်ဆိုးသေး၊ အခုပဲ တွေ့ပြီး အခုပဲ ထပြန်မယ်လို့ ပြောလားပြောရဲ့… ဒီဘက်ကို သူမကြည့်… နှစ်ယောက်အတူရှိပြီး တယောက်ထဲ လွမ်းနေရတဲ့ ဘ၀။ မညိုပြာဘ၀ဟာ ဘယ်တုန်းကမှ မလှခဲ့ဘူးလား။

ကိုယ့်ဘ၀ ကိုယ်သိတယ်၊ ကိုယ့်အလှမှာ ကိုယ်ထိတယ်။ သမုဒ္ဒယကို ဒုက္ခလို့ မြင်အောင် ကြည့်မိတာလည်း အကြိမ်ကြိမ်… ဒါပေမဲ့ ကိုယ်လည်းလေ လောကီသားပေမို့လား မသိ။ ချစ်မိတဲ့ဝန်တာ ခံရခက်သပေါ့။ ဒါကို ကောင်လေးက ငယ်သူမို့ မသိဘူးထင်ပါရဲ့…။ ပြောချင်တာပြော၊ ဆိုချင်တာဆို… ပွင့်ပွင့်လင်းလင်းဟန်နဲ့ ခင်စရာ ကောင်းတာကလွဲလို့ အစိမ်းသက်သက်လေး…။

“မင်း လက်ကလေးကို ကိုက်စားချင်လိုက်တာ… ကောင်လေးရယ်“

ထင်တဲ့အတိုင်း၊ မပြုံးတပြုံး ပြီတီတီနဲ့ အဲဒီအကြည့်က ဘာမှန်းမသိပါဘူး။ အမေပြောတဲ့ ခေါ်တောကြည့်ဆိုလားတော့ မသိ။

“ဘာရယ်တာလဲ၊ ရုပ်ကိုက… ကိုက်စားလိုက်ရမလား“

ဘာကြောင့်မှန်းမသိ၊ ကောင်လေးနဲ့ အတူ ရှိနေချိန်လေးက သာသာယာယာ ရှိနေပါတယ်။ အပြင်မှာ ပူနေပေမယ့် ရင်ထဲ အေးနေတယ်။ ဒါကို အချစ်လို့ ခေါ်မလား၊ ချစ်ရတာတွေက များနေတော့ ရှုပ်တောင်နေပါပြီ။ ကောင်လေးရဲ့ လက်ကလေးကို ဆုပ်၊ ဘာဖြစ်မှန်းမသိ… ခုနကလို စကားလုံးလေးတွေ နှုတ်က ထွက်ကြကုန်တယ်။

ရှိနေတဲ့ စကားလုံးတွေကို ရင်ထဲ ဒီအတိုင်း မထားရက်လို့ ထုတ်ဖော်လိုက်တယ်၊ ဘာဖြစ်သလဲ… ဘာမှမဖြစ်ပါဘူး။

စိတ်ထဲဖြစ်တယ်၊ နှုတ်ကထွက်တယ်… ကောင်လေး ရယ်တယ်။ ကြောက်သလိုလိုနဲ့ သူ့လက်ကို ရုပ်တယ်။ ငါ တကယ် ကိုက်မစားပါဘူးလို့လည်း စိတ်ထဲက တိုးတိုးလေး ပြောလိုက်တယ်။ တွေးနေရင်းနဲ့ကို ၀မ်းနည်းသွားသလိုလို…။ ဒီကောင်လေးကြောင့်တော့ ခက်နေပါပြီ။ အင်… ဟုတ်ပါရဲ့… ငါဟာ ဘယ်တုန်းကရော လွယ်ခဲ့ဖူးလို့လဲ၊ ခက်ခက်ကိုမှ လိုချင်တတ်သူ တယောက် မဟုတ်ဘူးလား။

သီချင်းသံက လွင့်လာပြန်တယ်။

“ဘာကြောင့်များ ကိုယ့်ပေါ်ကို မင်းတယောက် နိုင်ချင်သလဲ…“ တဲ့…။

တကယ်တော့ ကောင်လေးက မနိုင်ပါဘူး။ ပြီတီတီလုပ်တာကိုပဲ ကိုယ်က မုန်းမိနေတာပါ။
++++

လကွယ်မတိုင်မီ နှစ်ညဆိုတော့ လက မရှိသလောက် မှောင်တယ်၊ ကြယ်က မစုံဘူး။ ကိစ္စမရှိပါဘူး… ဒီည မလင်းတာကို ကျွန်တော် ဘယ်သူ့မှ အပြစ်မပြောလိုဘူး။ လေက နည်းနည်း တိုက်နေတယ်၊ ညနည်းနည်းတိုးနက်လာနေသလို ဖေဖော်ဝါရီလထဲမို့ အအေးက ရှိနေတုံး…။

“မအေးဘူးလား မညိုပြာ…“

ခပ်မှောင်မှောင်ထဲမှာပဲ မညိုပြာ မျက်ဝန်းတွေက တောက်နေတယ်။ သိပ်မလှတဲ့ မညိုပြာဟာ ဒီတညမှာ လှနေတယ်။ အေးနေလို့ ထင်ပါတယ်၊ ရင်ဘတ်ထဲက နှလုံးသားလေးက ထုံးစံအတိုင်းပဲ ခုန်တယ်။ ညဟာ တဖြည်းဖြည်းတော့ ကဗျာဆန်စ ပြုလာပါတယ်။ ကျွန်တော် ကဗျာဆရာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ညထဲက မညိုပြာ လှတာကိုတော့ ကျွန်တော်သိတယ်။

မညိုပြာက နည်းနည်းလေး ပိုပြုံးလိုက်ပြီး အင်း လို့ တလုံးထဲ ပြောတယ်။ ပြီးတော့ မကြည့်ချင်ကြည့်ချင်၊ မကြည့်ရက်ကြည့်ရက်၊ မကြည့်ရဲကြည့်ရဲ သုံးမျိုးပေါင်းထားတဲ့ အကြည့်တစုံနဲ့ ကျွန်တော့်ကို ကြည့်တယ်။ ကျွန်တော် ကောင်မလေးတွေရဲ့ အကြည့်ကို ကြာကြာရော၊ မကြာမကြာပါ အကြည့်ခံရဖူးတယ်။ မညိုပြာအကြည့်နဲ့တော့ နည်းနည်းမှ မတူ…။

“ညဟာ မလှဘူးလားဗျာ၊ ဟိုဘက်ကို လှမ်းကြည့်ပါဦး… မီးရောင်စုံတွေနဲ့ မလှဘူးလား“

မေးခွန်းနှစ်ခုကို ကျွန်တော့်နှုတ်က ဆက်တိုက်ထွက်သွားပေမယ့် အမဟာ လှလှလေးပဲ ပြုံးလို့နေဆဲ…။ ဒီကောင်လေးနဲ့ စကားပြောရတာ စိတ်ဝင်စားဖို့ ကောင်းတယ်လို့များ ထင်နေသလား၊ အူကြောင်ကြောင်လေးပါလားလို့ မြင်နေမလား။ မညိုပြာဟာ စကားနည်းပြီး အသိရခက်တာကတော့ အသေအချာ…။

“မင်းလှတယ်ဆို လှတယ်ပေါ့၊ မင်းမလှဘူးဆိုလည်း မလှဘူးပေါ့၊ မင်းပဲ ဆုံးဖြတ်တာပဲ ကောင်လေးရာ… အမတောင် မင်းက မလှဘူးလို့ ပြောတာပဲ မဟုတ်လား“

မညိုပြာ စိတ်များ စိုးလေရော့သလား၊ ဒါပေမဲ့ သူ ပြောတာ မှန်ပါတယ်။ ကျွန်တော်က အမကို မလှဘူးလို့ သေသေချာချာ မကြာခဏ ပြောခဲ့ဖူးပါတယ်။ ဒါကို သူကလည်း မှတ်ထားပြီး ကျွန်တော့်အလှ၊ ကျွန်တော့်ခံစားချက်ဟာ ကျွန်တော့်သဘောလို့ ပြောလာနေပါပြီ။ ဒါဆို သူ ပြောသလို တရားပဲ သေချာပေါက်နေပြီလား၊ အရာအားလုံးဟာ အခိုက်အတန့်တခု အတွင်းမှာပဲ ဖြစ်ပြီးပျက်တယ်လို့ သေသေချာချာ နားလည်လို့များ ကျွန်တော့်ကို လျှော့ပေးနေတာလား။ လျှော့ပေးလို့ နိုင်လိုက်ရတဲ့ အနိုင်တခုကို ကျွန်တော် မလိုချင်ပါဘူး။

“မဟုတ်ပါဘူး၊ အမှောင်ထဲမှာ မီးရောင်စုံတွေနဲ့မို့ လှတယ် ပြောတာပါ။ အေးလှပြီ“

ကျွန်တော် ဘာကို ဆိုလိုတယ်ဆိုတာကို အသက်ကြီးတဲ့ မညိုပြာ သိမှာပါ။ ကျွန်တော်တော့ ကျွန်တော့်စကားကို ကျွန်တော် သေသေချာချာ နားလည်ပါတယ်။ ဒါပေမဲ့ အမနဲ့တွေ့တိုင်း ကျွန်တော်ဟာ ရှက်နေဆဲပဲ၊ အမကလည်း ကျွန်တော့်ကို မရှက်နေပေမယ့် အကန့်အသတ်ဘောင်ကလေး တခုအတွင်းမှာပဲ အလှပဆုံး လှုပ်ရှားတယ်။ သူက စပြီး ဘာအကွက်မှ မရွှေ့ဘူး။ ကျွန်တော်ကလည်း အရဲမကိုးတဲ့ စစ်ထိုးသမားလို…။ ပတ်ဝန်းကျင် အကဲခတ်ရင်းနဲ့ပဲ တချက်မှကို မပစ်ဖောက်ခဲ့ဘူး။ အနည်းဆုံး ချောက်သလောက်တောင် မဖောက်ခဲ့ဘူး။
++++

“ခဏနေရင် ကျွန်တော် ပြန်မယ် အမ“

မညိုပြာ ရယ်တယ်။ ပြီးတော့ ပြောတယ်။

“မင်း ခဏခဏ ပြန်နေတာပဲလေ…“

“ဟင်“

ကျွန်တော် ဟင် တလုံးပဲ လိုက်နိုင်တယ်။

မိန်းမဆိုရင် ချောရင်ပြီးရော အရွယ်စုံကြိုက်တဲ့ ကျွန်တော့် ဘ၀မှာ မိန်းမတွေနဲ့ နီးနီးကပ်ကပ်၊ မနီးတကပ်၊ တနီးမကပ် နေခဲ့ဖူးပါတယ်။မညိုပြာလို တည်ငြိမ် ရင့်ကျက်တဲ့ အမျိုးသမီးမျိုးတော့ မတွေ့ခဲ့ဖူးဘူး။ ကျွန်တော် သဘောကျတဲ့ မိန်းကလေးမျိုးဟာ မညိုပြာလိုလား၊ ကျွန်တော် အခုထက်ထိတော့ တိတိပပ မဝေခွဲနိုင်သေး… ကျွန်တော် ဘာကို စောင့်နေတာလဲ၊ ကျွန်တော် ဘယ်သူ့ကို စောင့်နေတာလဲ၊ ကျွန်တော်ကိုယ်တိုင် ဝေေ၀၀ါးဝါး။ မညိုပြာဟာ ကျွန်တော့်အတွက် အဖြေလား၊ ပုစ္ဆာလား။

“အမ အေးအေးနေပါ၊ ကျွန်တော် ပြန်မယ်… ပြန်တော့မယ်နော်“

မညိုပြာ ကျွန်တော့်ဘေးမှာ ရပ်ရက်က နည်းနည်းခွာတယ်။ ဘာမှ မပြောဘူး။ ခေါင်းကို ငုံ့ထားတော့ မညိုပြာ့မျက်လုံးကို ကျွန်တော် မမြင်ရဘူး။

ကျွန်တော်စိတ်ထဲ တခုခုကို စိုးထိတ်နေဆဲ…။ ဘာကို ဘယ်လို ဘာကြောင့်မှန်း မသိ…။ ခဏခဏဟာ တဘ၀ရဲ့ အစိတ်အပိုင်းတွေပဲ မဟုတ်လား။ ကျွန်တော် စဉ်းစားရဦးမှာကိုပဲ စဉ်းစားနေမိတယ်။

“ကျွန်တော် ပြန်ရမယ် အမ၊ ကျွန်တော် ပြန်ရဦးမယ်။ ပြန်တော့မယ်နော်“

ဒုတိယမ္ပိ ပြန်တော့မယ်နော်လို့ ကျွန်တော် သာသာပျောင်းပျောင်း ပြောတယ်။

ကျွန်တော့်ကို မညိုပြာ ဖြည်းဖြည်းလေးလေး မော့ကြည့်လာတယ်၊ သူ့မျက်လုံးမှာ မျက်ရည်စတွေ ဝေ့သီဝဲလို့…။

ဆက်မကြည့်ရဲလို့ လှည့်ထွက်လိုက်တယ်။ ကျွန်တော် ပြန်ရမယ်လေ…။ တကယ် ကျွန်တော် ပြန်ရမယ်။

စိတ်ထဲကတော့ တိုးတိုးလေး ရွတ်လို့…။

မငိုပါနဲ့ မညိုပြာ

၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်၊ ညနေ ၆ နာရီ။

ဘန်ကောက်မြို့။

by Myo Tha Htet on Thursday, 23 February 2012 at 17:02·

သူ့ကို သတိရတယ် ပြောတိုင်း မပေါက်စီက ရယ်လေတယ်၊ သက်တင်စိုး စိတ်ညစ်လိုက်တာလည်း မပြောနဲ့… ရှက်ရယ်သာ သူ ရယ်လေသလော… ကိုယ်တိုင်လည်း ဗေဒင်ဆရာ မဟုတ်တော့ အတတ် မဟောနိုင်။ စိတ်ညစ်တယ် မပေါက်စီရယ်… ရယ်ချင်လည်း နောက်တခေါက်သာ ရယ်လို့ နေပါတော့… ဒီမှာတော့ တကယ်သတိရတယ်လို့ သက်တင်စိုး ညည်းညူလိုက်ပါတယ်။

ဖြူဖြူဖွေးဖွေး ဂွမ်းဆိုင်ကလေးလို မွေးလာတဲ့ သမီးမိန်းကလေးကို ပေါက်စီကြိုက်တဲ့ ဖခင်ကြီးက မပေါက်စီလို့ အမည်သညာ မှည့်ခေါ် လိုက်လေသောအခါ မပေါက်စီ နာမည်ဟာ မပေါက်စီလို့ တွင်သွားပါတော့တယ်။ အရပ်ထဲမှာလည်း မပေါက်စီ၊ ကျောင်းအပ်တော့လည်း မပေါက်စီ၊ ၁၀ တန်း ဖြေတော့လည်း မပေါက်စီ၊ မှတ်ပုံတင်လက်မှတ် ယူတော့လည်း မပေါက်စီ၊ နောက်ဆုံး အခု လုပ်နေတဲ့ လေယာဉ်မယ် ဖြစ်တော့လည်း မပေါက်စီ… မူလလက်ဟောင်း ဒါမှမဟုတ် သူသာ မပေါက်စီ အစစ် ဖြစ်လေတော့တယ်။

သက်တင်စိုးကတော့ ဂေါက်သီး… စာသမားလိုလို၊ ကဗျာသမားလိုလို၊ တရားသမားလိုလို… ဒီလိုပဲ လိုလိုတွေနဲ့ ပြည့်သူတယောက်တော့ မဟုတ်သေး။ ဒါပေမဲ့ တတ်ယောင်ကားလေး လုပ်တတ်ပါပေတယ်။ ဒီလိုနဲ့ သူ မပေါက်စီကို ဖမ်းထိန်းထားနိုင်တယ်။ တခြားနည်းနဲ့တော့ မဟုတ်၊ အကြည့်လေးတွေ၊ အညုလေးတွေ၊ အတီအတာလေးတွေနဲ့ဆိုတော့ သူငယ်မလေး မပေါက်စီက ကြွေတော့တာပေါ့။

တခြားလည်း ရှိပြန်သေးတယ်၊ ဟိုတနေ့ပဲ နာမည်ကြီး စာရေးဆရာဖြစ်မလိုလို၊ ဒီကနေ့ပဲ ကမ္ဘာကျော် ကဗျာဆရာဖြစ်မလိုလို၊ နောက်တရက်ပဲ ဈာန်အဘိညာဉ်တွေရပြီး ပျံပြနိုင်မလိုလိုတွေ သက်တင်စိုးတယောက် လုပ်နေတော့တာကိုး… အရိုးခံလေး မပေါက်စီခမျာ သကောင့်သား ကြော့ကွင်းထဲက မရုန်းနိုင်ရှာ…။

သူ့ဟာသူ ဘယ်လောက်ပဲ ကြိုက်ကြိုက် မပေါက်စီမှာ မိန်းမသားပီပီ သက်တင်စိုးကို သံသယလေးတော့ ရှိရှာပါတယ်။ အငြူအစူ၊ အစောင်းအမြောင်း၊ အချိတ်အတိတ်လေးတွေနဲ့လည်း သူ့ကို ချစ်မချစ် စစ်ဆေးတတ်ပြန်ပါတယ်။ နှစ်ဦးနှစ်ဘက် ချစ်ချစ်ခင်ခင် တွေ့ကြပြီးလို့ ပြန်မယ်ဆိုရင် မျက်လုံးအိမ်မှာ မိုးလေးအုံ့လို့ မပိုင်ခင်ခဏ ခွဲရမယ့် ချစ်သူလေးကို တငေးငေး တမှိုင်မှိုင် ကြည့်ချင် ကြည့်လိုက်သေးတယ်။

တခါတလေလည်း ခရီးဝေးကို သွားရတဲ့ မပေါက်စီက အလွမ်းတွေကို မသယ်နိုင်တဲ့ တနေ့မှာ ချစ်သူကို အွန်လိုင်းက စကားပြော ရှာတယ်။ များများစားစားလည်း မဟုတ်၊ သာကြောင်းမာကြောင်းနဲ့ အချစ်တွေ ဆပွားလို့ သတိတွေ အရများနေကြောင်းပါပဲ။ တခြားလူတွေ သိရင်တော့ အခါခါ ကြည့်ရတဲ့ ဗီဒီယိုကားလို ဟားခန်းရောက်လည်း မရယ်ရ၊ လွမ်းခန်းရောက်လည်း ပြုံးနေရနဲ့ ဆားပေါ့ဟင်း စားရသလို အရသာ ပျက်ပေတော့မယ်။ ဒါပေမဲ့ မပေါက်စီကတော့ ခပ်တည်တည်၊ လွမ်းစရာရှိလွမ်း၊ မှာစရာရှိမှာ၊ သူ့ချစ်သူကို သူရာခိုင်နှုန်းပြည့် ပိုင်တဲ့ အထာနဲ့…။

တခုပဲ ရှိတယ်၊ ဟိုတယောက်က သူ့ကို သတိရတယ်လို့ ပြောရင်တော့ သူ ဟက်ဟက်ပက်ပက် ရယ်တတ်တယ်။ စိတ်ထဲကလည်း ဟုတ်လည်းမဟုတ်ဘဲနဲ့ဆိုတဲ့ အတွေးကလေးက တခါတခါ ချစ်စရာ့နှုတ်ခမ်း စူနုထွေးလေးကတောင် ထွက်ကျသွားတတ်တယ်။ မိန်းမသားတို့ သဘာဝ… အရကို မရလုပ်၊ မရတာကိုမှ လိုချင်… ဟိုကလိုလိုချင်ချင် သတိရပါတယ် ပြောတာတောင် မဟုတ်တမ်းတရား လုပ်ကြံပြောတယ်ဆိုပြီး ကိုယ့်စွဲချက်ကိုယ်တင် ကိုယ့်လျှောက်လဲချက်ကိုယ်ပေး ကိုယ့်စီရင်ချက်ကိုယ်ချနဲ့ စိတ်ရှိတိုင်း လုပ်နေတဲ့ တရားခွင်လို အဲ့သဟာကိုပဲ အကျေနပ်ကြီး ကျေနပ်နေတော့တယ်။

အဲဒီလို မပေါက်စီနဲ့ သက်တင်စိုးတို့ဟာ မကြာမကြာဆိုသလိုတော့ ချစ်သူဘာဝ တွေ့ကြဆုံကြပြန်တယ်။ ရုပ်ရှင်အတူကြည့်၊ ပန်းခြံအတူသွား၊ ဈေးအတူပတ်နဲ့ ချစ်သူတို့နှလုံး ရွှင်ပြုံးအေးကြည်၊ သူတို့ပါမက ဘေးလူမြင်သမျှအတွက်ပါ အေးစေပြေစေ ချစ်စရာတွေ ဖြစ်နေတတ်တယ်။

တရက်တော့ ပန်းခြံတခု သူတို့ သွားကြတယ်။ မြစိမ်းရောင် ကောဇောအသွင် ခပ်ရွှင်ရွှင်ပေါက်နေတဲ့ မြက်ခင်းစိမ်းပေါ် ထင်သလောက် နင်းဖြတ်ပြီးတဲ့အခါ သန့်ရှင်းတဲ့ တနေရာလို့ ယူဆတဲ့ နေရာမှာ သူတို့ ထိုင်ကြတယ်။ ခင်စရာ သက်တင်စိုးက ချစ်သူ ထိုင်ရာ နေရာအတွက် သူ့လက်ကိုင်ပ၀ါလေး ဖြန့်ခင်းပေးတဲ့အခါ မပေါက်စီ သဘောကျတတ်တယ်။ ငနဲသားတော့ အိမ်ရောက်မှ ဆပ်ပြာ အထပ်ထပ်တိုက်လို့ လျှော်ပေရော့ပဲ… အခုတော့ ချစ်သူအပြုံး သူ့ဘ၀င်ဆုံးအထိ ငြိစေဖို့ အကယ်ဒမီဆန်ဆန် လုပ်ဆောင်ချက်တွေက ပိုင်သမှပိုင်၊ အမူအရာက ကွက်တိ… တလောလေးက အကယ်ဒမီ ရသွားတယ်ဆိုတဲ့ ပြေတီဦးထက်တောင် ဆယ်ဆလောက် သာချင် သာနေလိမ့်ဦးမယ်၊ ဟုတ်တယ်လေ… သူက အကျယ်ကြီးမှ အော်မနေတာ…။

လက်ကိုင်ပ၀ါလေး ခင်းပေးရုံနဲ့ ဒီအခင်းအကျင်းက ပြီးသွားပြီလို့ ထင်နေရင်တော့ မှားသွားပါလိမ့်မယ်။ ချစ်သူကို ကြင်ကြင်နာနာ ဖက်တတ်တဲ့ လက်ကလေးတွေ၊ နွေးနွေးထွေးထွေး ချိုချိုအီအီ နမ်းတတ်တဲ့ အနမ်းလေးတွေကို အလှအယင်ကို မြင်လိုသူတိုင်းက ဆင်ဆာ ဖြတ်ရက်မှာ မဟုတ်ပါဘူး။

မျက်လုံးလေးကို သက်တင်စိုး နမ်းတတ်တယ်၊ နဖူးကလေးကိုလည်း သူ သာသာယာယာ နမ်းလိမ့်မယ်။ လည်တိုင်လေးကိုလည်း သူ ချော့ကာမော့ကာ နမ်းပါမယ်။ ပါးပြင်ကလေးရယ်၊ မေးစေ့ကလေးရယ်၊ မေးစေ့ကနေ အထက်ကို တက်လို့ စူနုထွေးကလေးကိုလည်း သက်တင်စိုး နမ်းပါလိမ့်မယ်။ မပေါက်စီကတော့ မတုန်မလှုပ် ကျောက်ရုပ်ကြီးလို ငြိမ်ခံနေမယ်လို့များ ထင်လိုက်ရင်တော့ အထင်နဲ့အမြင် ပါစင်အောင် လွဲသွားပါလိမ့်မယ်။

တကယ်တော့ မပေါက်စီမှာ လက်စားချေ တုန့်ပြန်မှုကို အားပေးထားတဲ့ ဟန်မူရာဘီ ကိုဓ ဥပဒေကိုလည်း ကျင့်သုံးမယ့်သူ ဟုတ်ပုံတော့ မရပါဘူး။ ဒါပေမဲ့ ရဲရင့်ထက်မြက်သူ တခါ အမျိုးသမီး တန်းတူ အခွင့်အရေးကို ကိုယ်တိုင်လည်း လက်ခံ အားပေး ထောက်ခံသလို နိုင်သလောက်လည်း ရယူ တောင်းဆို ကျင့်သုံးသူ ဖြစ်လို့ သက်တင်စိုးတော့ ဒီနေရာမှာ မချောင်ပါချေ။ အလူးအလိမ့်တော့ မဟုတ်… ဘာလို့ဆို မပေါက်စီကလည်း အချစ်အတွက်ဆို နူးညံ့သူတယောက် ဖြစ်နေလို့ပါပဲ။

တကယ်တော့ ကျွန်တော်က ဘေးလူ၊ မပေါက်စီက ကျွန်တော့် အခင်ဆုံး သူငယ်ချင်း… သက်တင်စိုးက ကျွန်တော့် စာပေ ဆွေးနွေးဖက်၊ ဝေဖန်လေကန်ဖက်၊ အချစ်အကြောင်း၊ အာလူးအကြောင်း၊ ပန်းကန်ပြားပျံအကြောင်း ဟိုအကြောင်း ဒီအကြောင်းတွေ တွေ့တွေ့ထိထိ ဆွေးနွေးဆိုင်ဘက်…။ ကျွန်တော်ကိုယ်တိုင်လည်း သူတို့နှစ်ဦးရဲ့ အချစ်ကို အားကျနေရသူ…။

တခါတခါ သက်တင်စိုးက မပေါက်စီ အဝေးမှာ ရှိနေရင် အဆိပ်ထည့်ထားတဲ့ အမဲရိုး တလုပ်တဆုပ် စားမိတဲ့ သေမတတ် ခွေးအိုကြီးလို… ကျွန်တော်ကိုယ်တိုင်ပါ သူနဲ့အတူ ရောယောင်ပြီး လိုက်အိုသွားရဖူးတယ်။ တခါတခါတော့ သူ့အလွမ်းတွေကို ဖြေဖျောက်ဖို့အတွက်ဆိုပြီး ကျွန်တော့်ကိုပါ အခါးရည်တွေ သောက်ခိုင်းလို့မို့ အတူသောက်ရဖူးပြန်တယ်။

အသောက်များသွားချိန်မှာတော့ သက်တင်စိုးဟာ ခေါင်းငိုက်စိုက်… တခွန်းတည်းသော စကားကိုပဲ ၁၀၈ ကြိမ်မက ပြောတတ်တယ်။ ဒါကြောင့် ကျွန်တော် မှတ်မိနေတာပါ။ ဘာတဲ့… မရယ်ပါနဲ့ မပေါက်စီတဲ့။

မတတ်နိုင်ဘူး… ကျွန်တော်တော့ ရယ်မိတာ အကြိမ်ကြိမ်။

၂၀၁၂ ဖေဖော်ဝါရီလ ၂၃၊ သန်းခေါင်။

ဘန်ကောက်။

by Myo Tha Htet on Thursday, 16 February 2012 at 10:51·

စွံတာ ဟိုမှာဘက် ရောက်သွားတဲ့သူကို စွံပလွန်လို့ ကျွန်တော် ခေါ်ချင်တယ်။ သူများကို မဟုတ်… ကိုယ့်ကိုယ်ကိုယ်။ တကယ်တော့ မစွံ၊ မစွံတာမှ လုံးလုံးကို မစွံ… ကျွန်တော် စွံပလွန်…။

အသက်က ကြီးလာ၊ ကိုင်စရာ တွယ်စရာ မှီခိုအားထားရာက မရှိသေး။ ဒီတော့ ဟိုလိုလို ဒီလိုလိုနဲ့ အူကြောင်ကြောင်ဖြစ်… တောင်တွေး မြောက်တွေး၊ တောင်ရေး မြောက်ရေး…။ အသက်က လူ့သက်တမ်း ထက်ဝက်ကျိုးလာပြီ၊ ရည်းစားလေးတယောက်တောင် မရှိသေးတဲ့အဖြစ်… ဒါဆို ဘယ်နှယ့်စွံပလွန်လို့ ခေါ်နိုင်မလဲလို့ မေးစရာ မကောင်းဘူးလား။ သိပ်ကောင်းပေါ့။

မိန်းကလေးဆို ဘယ်အရွယ်မဆို ကြိုက်တတ်တဲ့ ကျွန်တော့်ကို သူငယ်ချင်းတွေကတော့ ပြောကြပါတယ်။ ပိုက်ကွန်ပစ်သလို ငါးမဖမ်းဖို့နဲ့ တကောင်ဆိုတကောင်ပဲ ငါးမျှားချိတ်နဲ့ ဖမ်းဖို့ သူတို့က ဆိုကြတယ်။ ဘယ်နှယ့်ဟာတွေမှန်း မသိပါဘူး၊ မိန်းမနဲ့ ငါး မဟုတ်က ဟုတ်က နှိုင်းပြကြတယ်။

ဒီလိုနဲ့ လူတကာ အစခံရ၊ အနောက်ခံရတဲ့ ကျွန်တော့်မှာ ရပ်ထဲလည်း ရပ်ထဲအလျောက်၊ အလုပ်မှာလည်း အလုပ်မှာအလျောက် သနားနေကြတဲ့ မျက်ဝန်းတွေ အောက်မှာ ရှင်သန် ရုန်းကန်နေရတယ်။ ကျွန်တော် မခံချင်ဘူးလေ၊ ကျွန်တော်လည်း စွံပါတယ်ဆိုတာကို ကြွားချင်နေမိတယ်။

နေပါဦးလေ… မကြွားခင်မှာ ရုံးက ဘေးချင်းကပ်ရက်ထိုင် အလုပ်လုပ်တဲ့ ရွယ်သူ သူငယ်ချင်း ဗီယက်နမ်မလေးက အကြံကောင်းတခု ပေးလာတယ်။ အကြောင်းရင်းကစလို့ ပြန်ပြောရရင် သူက ဟို ဖေဖော်ဝါရီ လလယ်ပိုင်း တရက်မှာ ဟ… မင်း ဒီနေ့ ဘယ်မှ မသွားဘူးလား၊ ပန်းလည်း မ၀ယ်၊ ချောကလက်လည်း မဆောင်… မင်း ဘာကောင်လဲလို့ မေးလာတာနဲ့ “မင်း မသိလို့ပါ…၊ ဒီနေ့အတွက် ငါ့မှာ ဘာမှလုပ်စရာ မရှိဘူး။ ငါ့ ဘ၀က သနားစရာပါ“ လို့ မျက်နှာသေလေးနဲ့ ပြောလိုက်တော့ သူက ခုလို အကြံပေးလာပါတယ်။

“မျိုး… မင်း မိန်းကလေးတွေရဲ့ ရင်းနှီးမှုကို ရချင်သလား၊ သူတို့ရဲ့ အတိုင်ပင်ခံလို ရင်းရင်းနှီးနှီး ဖြစ်ချင်သလား“

ကျွန်တော် တော်တော် အားတက်သွားတယ်။ သူ့ကိုလည်း ရွှန်းရွှန်းစားစား ကြည့်လိုက်တဲ့ ကျွန်တော့် မျက်လုံးတွေ အရောင်တောက်နေမယ်ဆိုတာ ကျွန်တော် အတပ်သိတယ်။ သူ ကိုယ်တိုင်ကလည်း မိန်းကလေး ဖြစ်တဲ့အပြင် ကျွန်တော့်ကိုလည်း တကယ် ခင်မင်ပုံ ရတာကြောင့် မိန်းမချင်းရဲ့ လျှို့ဝှက်ချက်တခုခုကို ကျွန်တော့်ကို ပြောတော့မယ်လို့ ထင်တာပေါ့။ ဒါနဲ့ ကျွန်တော် အလွန်ချိုပြုံးနဲ့ မျက်နှာနဲ့ သူ့ကို ပြန်ပြောလိုက်တယ်။

“ဟ… မင်း တကယ်ပြောတာလား၊ ဖြစ်ချင်တာပေါ့။ ဘာလုပ်ရမှာလဲ“

သူက ဟက်ကနဲ တချက် ရယ်တယ်။ ပြီးတော့ မျက်နှာ ပြန်တည်လိုက်တယ်။ ဘယ်လောက် အရေးတကြီး လျှို့ဝှက်ချက်လည်းတော့ မသိ။ ပြောသင့် မသင့် တချက် စဉ်းစားနေပုံလည်း ရပါတယ်။ ပြီးမှ ကျွန်တော့် စိတ်ဓာတ် ခိုင်မာ၊ မခိုင်မာ စမ်းသပ်ချင်သေးတယ် ထင်ပါရဲ့… သေချာအောင် ထပ်မေးပြန်တယ်။

“မင်း တကယ်ရော လုပ်နိုင်ပါ့မလား၊ ငါ တကယ် ပြောရမှာလား“

ကျွန်တော် အလွန် သိချင်နေပြီ၊ မိန်းကလေးတွေက ဘာကို ကြိုက်တာလဲ။ ကျွန်တော့်ကို ကြိုက်အောင် ကျွန်တော် ဘာတွေ ပြင်ဆင်ရမှာလဲ။ သူ ပြောတာ လုပ်ရင် မိန်းကလေးတွေက ကျွန်တော့်ကို တကယ်ပဲ ကြိုက်ကြမှာလား။ ကျွန်တော် စိတ်လှုပ်ရှားနေပြီ။ ပြောစမ်းပါ၊ ပြောလိုက်စမ်းပါကွာ… ဈေးကိုင် မနေပါနဲ့တော့လို့ ကျွန်တော့် ရင်ထဲမှာ အော်ဟစ်နေမိပြီ။ သူက ပြုံးလိုက်ပြီး တဖြည်းဖြည်းချင်း ပါးစပ်လှုပ်လာတယ်။

“ဒီလိုကွ မျိုးရ… မင်း အခြောက်လို လုပ်လိုက်… မိန်းကလေးတွေက အခြောက်တွေဆို ပိုခင်ကြတယ်“

“ဟင်“

ကျွန်တော် အတော် စိတ်ညစ်သွားပါတယ်၊ ပါးစပ်ကြီး ပိတ်ပြီး ကျွန်တော် ဘာမှ ဆက်မပြောနိုင်တော့ဘူး။ အလွန်လည်း စိတ်မကောင်း ဖြစ်သွားတယ်။ သူ ပြောပုံကိုလည်း ကြည့်ဦး၊ မိန်းကလေးတွေရဲ့ ရင်းနှီးမှုရအောင် ကျွန်တော် အခြောက်လုပ်ရမတဲ့။

“တကယ် ပြောတာ မျိုးရ… မိန်းကလေးတွေက အခြောက်တွေဆို ပိုရင်းနှီး ခင်မင်တယ်ကွ၊ အဲ… မင်းနဲ့ ရင်းနှီးလာတဲ့ အခါကျမှ လှုပ်ရှားလိုက်ပေါ့“

ဟ… သူ ပြောတာတော့ တကယ်လွယ်လှတယ်။ ကျွန်တော့်မှာ အခြောက်ဖြစ်ရမယ့် ကိန်း… ကျွန်တော် တော်တော် စိတ်ပျက်သွားတယ်။ သူ့ကို စကား ဆက်မပြောတော့ဘူး။ ကျွန်တော့်ကို အခြောက်တိုက် နှိမ်တာလို့လည်း ခံစားလိုက်ရပြီး ၀မ်းနည်းသွားမိတယ်။

တကယ်တော့ ကျွန်တော် စွံပါတယ်။ ဒီလောက် အရပ်ကလန်းကလားနဲ့ ထွားထွားကြီးဟာ မကြိုက်တဲ့သူ မရှိဘူးဆိုတာ ဘယ်သူမှ မယုံနိုင်။ ၂၀၁၃ ခုနှစ်က စပြီး မြန်မာနိုင်ငံကနေ လပေါ် တယောက်ကို မြန်မာငွေ ကျပ် ၁၀၀၀ နဲ့ သွားနိုင်တယ်၊ လပေါ်ကဟိုတယ်မှာ တညတောင် တည်းခိုခွင့် ရှိမယ်ဆိုတာကိုတောင်မှ ယုံချင်ယုံလိုက်ကြဦးမယ်။ ကျွန်တော့်မှာ ရည်းစား မရှိပါဘူးလို့ ပြောတာကိုတော့ ဘယ်သူမှ ယုံကြမှာ မဟုတ်ပါဘူး။ ကျွန်တော် ဒါကို သေချာ သိပါတယ်။

ကျွန်တော် စွံပလွန်ပါလို့ ပြောခဲ့သားပဲ… ကဲ… မရှက်တော့ပါဘူး။ ရှေ့မျက်နှာ နောက်ထားလို့ ဖွင့်ထုတ် ပြောလိုက်ပါတော့မယ်။

ခုနစ်တန်း၊ ရှစ်တန်းထဲက ကျွန်တော် စွံခဲ့တယ်။ မိန်းကလေးတွေနဲ့တော့ မဟုတ်၊ ဟဲ ဟဲ… ဘယ်သူ ကျန်သေးလဲ။ ဂေါ်တေးလို့ ခေါ်ရမယ့် ဂေးတွေပေါ့။ တခါက နာမည်ကျော် စာရေးဆရာ အတ္တကျော်က အဲဒီလို အကြောင်းတွေ ရေးပြတော့ ကျွန်တော် ပြုံးမိသေးတယ်။ ကျွန်တော်ကတော့ ဆရာ့လောက် မသွက်၊ ကြောက်ကလည်း ကြောက်တတ်တယ်။ သူတို့က လူမြင်ရင် ခင်ချင်နေတာကတော့ ကျွန်တော့် ကုသိုလ်လို ပြောရမလား မသိပါဘူး။ တလွဲကုသိုလ်…။

လိုင်းကားပေါ်မှာလည်း သူတို့က ကျွန်တော့်ကို ခင်ကြတယ်။ ရုပ်ရှင်ရုံမှာလည်း တခါတခါ အတင်း လိုက်လို့ ပြေးရတယ်။ အလုပ်ခွင်ထဲ ရောက်တာတောင် လုပ်ငန်းလုပ်ဖော်ချင်း ခရီးတွေထွက်ကြတော့ ကျွန်တော့်မှာ မလွတ်… အံ့ပင် သြရတယ်။ ဘယ်နှယ့်ကြောင့်များ ကောင်မလေးတွေက မကြိုက်ဘဲ ဂေါ်တေးကြီးတွေက ကြိုက်ရသလဲပေါ့။ ပြီးတော့ ကျွန်တော့်ကြိုက်သူတွေက အခုနောက်ပိုင်း ဖေ့စ်ဘုတ်မှာ တွေ့ရတဲ့ မိန်းမရှုံးလောက်တဲ့ လေဒီဘွိုင်းတွေလို ချောချောမောမောလေးတွေ မဟုတ်… ကျားကျားလျားလျား ဗလမောင်ကြီးတွေ…။

“တို့ကို မင်း အချစ်တွေ ပေးရင်ပေး… မပေးချင်လို့ ပြေးရင်တော့ သေပြီသာ မှတ်“ ဆိုသလို ဟာမျိုးကြီးတွေ ဆိုတော့ ကျွန်တော့်မှာ မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ ချော့မော့လို့ ချွေးသိပ်ပြီး လစ်ရပါတယ်။ ကျွန်တော့်အဖြစ်က တကယ့်ကို မလွယ်ခဲ့တာပါပဲ။

တခါသား ကောလိပ်ကျောင်းသားဘ၀က အင်းစိန်ဘက်ကနေ မြို့လယ် ဆူးလေရပ်က ကျွန်တော့်အိမ်ကို ပြန်လာတဲ့ လိုင်းကားပေါ်မှာ ဂေါ်တေးကြီး တယောက်နဲ့ ဆုံကြလေတော့တယ်။ တကယ့် ဗလကြီး၊ အင်မတန်မှကို ကြည့်လို့ ကောင်းအောင် ချောတဲ့ လူကြီး၊ ဂေး မဟုတ်လို့ကတော့ မင်းသားတောင် လုပ်လို့ ရတယ်။ (အဲ… ဂေး ဖြစ်တော့ရော… အင်း… လုပ်လို့ ရသေးတာပဲ မဟုတ်လား)။

လိုင်းကားကလည်း အကြီးကြီး မဟုတ်ပါဘူး၊ ၄၈ လိုင်း ဟိုင်းလပ်စ်ကားပါ။ ကားကကျပ်ကျပ် သူနဲ့ကိုယ်နဲ့က ဘေးချင်းကပ်ရပ်၊ တဖြည်းဖြည်းနဲ့ ကိုယ့်ဆရာက အချစ်စိတ်တွေ ရုတ်တရက် နိုးလာတယ် ထင်ပါ့။ သူရဲ့ သန်မာတဲ့ ညာဖက်လက်တွေက ကိုယ့်ရဲ့ တနေရာကို ဦးတည်လိုနေတယ်။ ရှောင်မရ ပြုမရ… ကျွန်တော့်မှာ ဆောင်းတွင်းကြီး ချွေးတွေ ပြန်လာပါတယ်။

တနေ့ကပဲ သတင်းတပုဒ် ဖတ်လိုက်ရတယ်။ ရန်ကုန်မှာ အမျိုးသမီး သီးသန့် ဘတ်စ်ကားတွေ စမ်းသပ် ပြေးဆွဲ နေသတဲ့။ အမျိုးသမီးတွေက ၀မ်းမြောက်ကြပြီး အားပေးကြသတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ကားကျပ်ကျပ်တွေပေါ်မှာ အမျိုးသားတချို့ရဲ့ နှောင့်ယှက် စော်ကားမှုတွေကနေ လွတ်ပြီဆိုပြီး ကျေနပ်အားရကြသတဲ့။ စမ်းသပ်ပြေးဆွဲတဲ့အဆင့်ကနေ အမြဲပြေးဆွဲပေးဖို့ လိုလားသတဲ့။

ကျွန်တော်တို့လို ဂေါ်တေးကြီးတွေအကြိုက် ရုပ်ဖြောင့်ဖြောင့် အမျိုးသားလေးတွေ ကျတော့ရောလို့ ကျွန်တော် စိတ်ထဲက မေးခွန်း ထုတ်လိုက်မိတယ်။ အမျိုးသမီးတွေက ထောက်လှမ်းရေးကို ကြောက်သတဲ့…။ ကျွန်တော်ကတော့ စမ်းသပ်ရေးသမားတွေကို အဲဒီ အချိန်တွေက သိပ်လန့်ခဲတာပေါ့။

နောက်ပြီး တခုရှိတာက ငယ်ငယ်တုန်းက ကျွန်တော်က ဂေါ်တေးတွေကို သိပ်မုန်းခဲ့တယ်၊ လူကလည်း ရင့်ကျက်မှု မရှိသေးဘူးလေ။ အခုတော့ မမုန်းတော့ပါဘူး။ သူတို့လည်း ကိုယ့်လိုပါပဲဆိုတဲ့ တန်းတူစိတ်ကို ထားနိုင်နေပါပြီ။ ပြောချင်တာက အဲဒီတုန်းက သည်းသည်းလှုပ်မုန်းနေချိန်ဆိုတော့ အဲဒီလို ဂေါ်တေးကြီးတွေက တကယ့်ကို မုန်းစရာ ကောင်းခဲ့ပါတယ်။

ကိုယ်ကသာ မုန်းနေတာ စောနပြောတဲ့ ၄၈ ဟိုင်းလပ်စ်ပေါ်က မင်းသားကြီးကတော့ စမ်းလိုက်သပ်လိုက်နဲ့ ကျွန်တော့်မှာ ပြေးပေါက်ပိတ်နေခဲ့တယ်။ ကျွန်တော် အော်လိုက်ရင် ကောင်းမလားလို့လည်း စဉ်းစားခဲ့တယ်၊ ဟ… အော်လိုက်ရင် ရှက်စရာကြီးလို့လည်း တွေးမိပြန်တယ်။ ဒီလူကြီးကလည်း အကိုင်အတွယ် ကျင်လည်နေတော့ စဉ်းစားသာ ကြည့်ပါတော့ဗျာ။ ချွေးတွေဆိုတာ နစ်လို့…။

စွံပလွန်လေး ကျွန်တော် အဲဒီလို ဗလကြီးတွေနဲ့ မကြာမကြာ ဆုံခဲ့ပြန်တယ်။ ကျွန်တော် ဘာလုပ်သလဲ၊ တန်းနေအောင် ပြေးတာပါပဲ။ မပြေးနိုင်ရင်လည်း ပေးမကိုင်ပါဘူး…။ တကယ်ပါ၊ အဟုတ်ပါ… ယုံကြည်ပါ။

ကျွန်တော် စွံပလွန်သက်သက်… ယိုထိုးပစ်ချင်သူတွေအတွက် အစမ်းသပ်ခံ မဟုတ်ဘူးလေ… နော်…။

၂၀၁၂ ဖေဖော်ဝါရီ ၁၆၊ ကြာသပတေး။

မွန်းလွဲ တချက်တီး။

ဘန်ကောက်။

မှတ်ချက်။ တကယ့်စွန်ပလွံသီးက အခုရေးခဲ့သလို စာလုံးပေါင်းပါတယ်၊ ကျွန်တော်က စွံပလွန်လို့ ပေါင်းခဲ့ပါတယ်။ စာလုံးပေါင်းအမှန်က စွန်ပလွံဖြစ်ပါတယ်။

by Myo Tha Htet on Tuesday, 14 February 2012 at 04:18·

မတရုတ်မဆိုတော့ ဇာတ်လမ်းက နည်းနည်းကြမ်းမယ်လို့ ထင်ကြလိမ့်မယ်၊ လုံးဝ မဟုတ်ပါဘူး။ အနူးအညံ့လေးပါပဲ… တခုပါပဲ သူက နည်းနည်းပွင့်လင်းတယ်။ မတရုတ်မလို့ အများခေါ်လို့သာ ကျွန်တော်လည်း လိုက်ခေါ်မိတာပါ။ သူ့ နာမည်အရင်းက ကေသီနွယ်ပါ။ အခုတော့ ကေသီနွယ်ပျောက်လို့ မတရုတ်မပဲ ဖြစ်နေတော့တယ်၊ ဟုတ်ပါတယ်… ကျွန်တော်ရဲ့ မတရုတ်မပေါ့။

ခက်တာက ကျွန်တော့်မှာ သူ့ကို ချစ်စနိုးနဲ့ ရုတ်ရုတ်လို့လည်း ခေါ်လို့မရ၊ တတလို့လည်း လုပ်လို့မဖြစ်၊ မ လို့ လုပ်ဖို့ကလည်း ကျွန်တော့်အောက် ငယ်သူလေးဆိုတော့ မတရုတ်မပဲ ကောင်းပါတယ်။ သူက အသက်ငယ်တဲ့အပြင် ပုပြီး၊ နုနေတော့ မသိရင် ကျွန်တော်ကပဲ ကလေးလေး ကြိုက်သလို ဖြစ်နေပါသေးတယ်။

မတရုတ်မကို မကြိုက်တဲ့ အဓိက အချက်ကတော့ အကျယ်ကြီး ရယ်တတ်တာပါပဲ။ ဘယ်လိုမှ သတိပေး၊ ထိန်းကြောင်း၊ ပြင်ခိုင်းလို့လည်း မရပါဘူး။ သူ သဘောကျပြီဆိုတာနဲ့ တဟားဟားနဲ့ အကျယ်ကြီး ရယ်တော့တာပါပဲ။ ကျွန်တော်တောင် သူ့လို အားရပါးရ မရယ်တတ်ပါဘူး။ အဲဒါဟာ ကျွန်တော့်အတွက်တော့ အရေးတကြီး ပြဿနာပါ၊ ကျွန်တော်က မိန်းကလေးဆို အီစီဂလီ မလှုပ်တလှုပ်၊ တွန်းမှရွေ့တဲ့ဟာမျိုးကိုမှ တန်ဖိုးရှိတဲ့ဟာလို့ မှတ်ထားလေတော့ မတရုတ်မက ကျွန်တော့် မျက်လုံးထဲမှာတော့ တကယ့်ကန့်လန်ပါပဲ။

ဒါက ကျွန်တော် သူ့ မကြိုက်တဲ့အကြောင်းကို ဗြောင်ကြီးကို ဖွင့်ချလိုက်တာပါ… မင်းကွာ သူများ သားသမီးကို ပျစ်ပျစ်နှစ်နှစ် ပြောရက်လိုက်တာ…၊ ကောင်းတာလေးများ မပြောတော့ဘူးလား ဆိုရင်တော့ ပြောစရာတွေ တပုံတလင် အစုံအလင် ရှိပါတယ်။ ကောင်းတာတွေ ပြောလိုက်လို့ ကျွန်တော့်ဆီက လုယူသွားမှာတောင် စိုးမိပါတယ်။ အပိုတွေလို့ မဆိုနိုင်ပါဘူး၊ တချက်နှစ်ချက်ပဲ အရင်ပြောပြပါမယ်။ သုံးလေးချက် ပြောလို့မရလောက်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ စိတ်ပူမိတယ်။

ပထမတချက်က မတရုတ်မက Dirty Dancing ဆိုတဲ့ ခပ်ကြမ်းကြမ်းကတဲ့ စုံတွဲအကလေ သိတယ်မို့လား၊ အဲဒါကတာ ကျွမ်းတယ်ဗျ။ အဲ… ကျွန်တော်က မကျွမ်းဘူး။ မကျွမ်းလည်း အရေးမကြီးပါဘူး။ သူလုပ်သလို လုပ်၊ သူလှုပ်သလို လှုပ်၊ သူ ရွှေ့သလိုရွှေ့လိုက်တော့ မတရုတ်မနဲ့ ကျွန်တော်အတွက်တော့ ကပွဲသွားတဲ့အခါ တော်တော်လေး ပျော်စရာ ကောင်းပါတယ်။

နောက်တချက်က မတရုတ်မ နာမည်ကြားကထဲက သိသင့်တဲ့အချက်က သူဟာ ၀က်သားဟင်းချက် ကောင်းတယ်။ ကျွန်တော်က ၀က်သားဟင်း အလွန်ကြိုက်တယ်။ တော်ပြီ… နောက်အချက်တွေ မပြောတော့ဘူး။ ဆက်ပြောချင်တာက မတရုတ်မ ကျွန်တော့်ကို စိတ်ကောက်နေတဲ့ အကြောင်းပဲ ဆက်ပြောတော့မယ်။

မတရုတ်မက နာမည်ကသာ အရပ်ထဲ ရိုမန် မတစ်တာ… ဒီလိုရက်မှာတော့ သူက ပတ်ဝန်းကျင် တခုလုံးက ငေးမော ကြည့်ရအောင် ရိုမန် တစ်ချင်သတဲ့။ စဉ်းစားကြည့်ပါဗျာ… ပြီးခဲ့တဲ့ လေးငါးရက်ပတ်က ရည်းစားစဖြစ်လို့ ဒီနေ့လို ရက်မှာ ဂေါ်မယ်၊ ပျော်မယ်၊ မော်မယ် ဆိုရင်တော့ ကျွန်တော်ကတောင် ရှေ့က ကဲမှာပါ။ အခုတော့ လေးငါးနှစ်တောင် မကတော့တဲ့ဟာ… သူ တစ်ချင်သလောက် ကျွန်တော်က စိတ်မပါတော့ဘူးလေ…။

ပြီးတော့ ဒီကိစ္စတွေက ချာတိတ်တွေ၊ ချာတိတ်မတွေ ကိစ္စ မဟုတ်လားဗျာ။ ကျွန်တော့်လို နဂိုကထဲကမှ အဖိုးကြီးက ထပြီး ကလေးလေးနဲ့ တွဲနေတယ်လို့ ဝေဖန်မှုတွေ ရှိနေတဲ့ကြားက ဒီနေ့လိုမှာ ကော့ကော့ ကော့ကော့တွေ လျှောက်လုပ်နေရင် ဒီအဖိုးကြီးဟာလေ ပြောတော့မိုး၊ ထိုးတော့မြေကြီးဆိုပြီး ဝေဖန်ကြတော့မပေါ့။ သူများ တံတွေးခွက်မှာ ပက်လက်မျောကိန်း ဆိုက်သွားမှာပေါ့။

ဒါနဲ့ ကျွန်တော် မတရုတ်မ တင်သွင်းတဲ့အဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်ရတယ်။ ဒါပေမဲ့ တရုတ်တို့၊ ရုရှတို့လို ဟိုလိုလို ဒီလိုလို စကားတွေ ကျွန်တော် မပြောပါဘူး။ သူ ကြိုက်လောက်မယ့် စကားလေး တလုံးပဲ ပြောလိုက်ပါတယ်။ “တို့အချစ်ကို တကယ်သင့်တဲ့ နေရာမှာပဲ ပြကြပါစို့ကွာ“ လို့…။ အမယ်… မတရုတ်မက မျက်စောင်းထိုးတယ်ဗျ။ ထိုးတဲ့မျက်စောင်း လှသလား မလှဘူးလား ဆိုတာတော့ ကျွန်တော်လည်း မတွေးသာတော့ဘူး၊ ကိုယ့်ဟာကိုယ်လည်း ဘာကိုမှန်း မသိ၊ စိတ်ဆိုးနေမိတာကိုးဗျ။

တကယ်တမ်း ဒီနေ့လို နေ့မျိုးမှာ ကျွန်တော် လုပ်ချင်တာက မတရုတ်မကို ကဗျာလေးတွေ ဖတ်ပြဖို့ပါပဲ။ ဟုတ်တယ်လေ… သူက စာဖတ် ပျင်းတာကိုး၊ ကျွန်တော်ကလည်း ကိုယ့်အလုပ်နဲ့ ကိုယ်ဆိုတော့ သူ့ကို ပုံမှန် စာဖတ် မပြနိုင်သလို ကိုယ်တိုင်လည်း ဖတ်ဖို့ အချိန်က သိပ်ရှိတာ မဟုတ်ဘူး။

ဒီတော့ ဒီနေ့လို အချစ်သင်္ကေတလေးတွေ ထုံမွှမ်းတဲ့နေ့မှာ အချစ်ကဗျာလေးတွေ၊ မေတ္တာဘွဲ့လေးတွေ ပြောပြချင်တာပေါ့။ ဒါမှမဟုတ် အချစ်ကို ဖော်ညွှန်းထားတဲ့ ရုပ်ရှင်ကားလေး တကားလောက် အေးအေးဆေးဆေး ကြည့်ချင်တာပေါ့။ စကားလုံးမြင့်မြင့်နဲ့ ပြောနေကြတဲ့အတိုင်း ပြောရရင် လူကြီးချစ် ချစ်ချင်တာပါ။ မတရုတ်မကတော့ နည်းနည်းလေး ဆိုးချင်ပုံရတယ်။

အခုတော့ ကျွန်တော် ခွကျနေပြီ။ ဒီနေ့ ၀က်သားဟင်းလည်း စားရပါတော့မလား မသိဘူး။ စာကောင်းကောင်း ကဗျာကောင်းကောင်း ဖတ်ချင်မှလည်း ဖတ်ရတော့မယ်။ အခုတော့ နည်းနည်းစောသေးတော့ မတရုတ်မ ဘာတွေ ကြံနေလဲဆိုတာ ကျွန်တော် သေချာ မသိသေးဘူး။ စိတ်ကြီးတဲ့ မတရုတ်မကတော့ အလျှော့ပေးမယ့်ပုံ မပေါ်ပါဘူး။ သူ တခုခုတော့ လုပ်ပါလိမ့်မယ်… စိတ်ဆိုးနေတာကြောင့် ကျွန်တော် မကြိုက်တာကို တမင်ရွေးလို့ လုပ်ပါလိမ့်မယ်။

ကျွန်တော်လည်း စိတ်ညစ်နေပါပြီ။ အမှန်တော့ ဒီနေ့လို နေ့မှာ စိတ်မညစ်သင့်ဘူး မဟုတ်လား။ အဲဒီအချိန်မှာပဲ မတရုတ်မက တဟားဟားနဲ့ အားပါးတရ ရယ်လိုက်ပါတယ်။ ဟာ… မတရုတ်မ… ကျွန်တော့်ဆီ တည့်တည့်ကြီး တဟားဟား ရယ်လို့ လာနေပါပြီ။

၂၀၁၂ ဖေဖော်ဝါရီ ၁၄၊ အင်္ဂါ။
မနက် ၁၀ နာရီ။
ဘန်ကောက်။

by Myo Tha Htet on Saturday, 4 February 2012 at 12:13·

ကိုမောင်ဦးဟာ ကျွန်တော် သိသမျှ လူတွေထဲမှာတော့ အတော်ခင်စရာကောင်းတဲ့ လူပျိုကြီးတဦး ဖြစ်ပါတယ်။ သူ့ဆီက သတင်း ပုလင်းလေးတွေ ကြားရတတ်သလို သူ့ရဲ့ အတွေးအခေါ် အဆန်းအပြားတွေကလည်း ပြောဆို ငြင်းခုန်လို့ ကောင်းပါတယ်။ တချို့ကိစ္စတွေမှာ သူ ကြံဖန်ဂုဏ်ယူတတ်တာမျိုးကိုတော့ ကျွန်တော်က မကြိုက်တတ်… ဥပမာ အရင် စစ်အစိုးရ လက်ထက် ပြည်ထဲရေး ၀န်ကြီး ဗိုလ်ချုပ်မောင်ဦးနဲ့ သူ့နာမည်တူတာကို သူက ဂုဏ်ယူချင်တတ်တာမျိုးကျတော့ ကျွန်တော် လက်ခံလို့မရ။ (လက်ရှိ အစိုးရသစ်လက်ထက် ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီးမှာ ဒုတိယဗိုလ်ချုပ်ကြီး ကိုကို ဖြစ်ပါတယ်။ စကားချပ်)

လူပျိုကြီး ဖြစ်တာကြောင့် ခင်စရာ ကောင်းပေမယ့်လို့ တခါတလေကျတော့ သူက ညစ်တီးညစ်ပတ်တွေ၊ အလွယ်တကူ လိုက်မမီတဲ့ စကားမျိုးတွေ ပြောတတ်ပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်ကလည်း အရွယ်တော် တဆိတ်ဟိုင်းလို့ နှစ်ဆယ်ကျော် အစိတ်ပိုင်းထဲ ရောက်လာပြီဆိုတော့ သူ့လောက် အပြောအဆို မတတ်၊ အရွှန်းအဖောက် မကျွမ်းကျင်သေးတဲ့အတွက် ကျွန်တော့်မှာ လူပျိုကြီး ကိုမောင်ဦးကို ကြိတ်အားကျရင်း သူ့အမူအရာ ဟန်ပန်နဲ့ အပြောအဆိုလေးတွေကို မသိမသာကနေ တခါတလေ သိသိသာသာကြီးကို အတုခိုးနေမိပါတော့တယ်။

ကျွန်တော်တို့ထက် ၁၀ နှစ်လောက် အသက်ကြီးတဲ့ သူ့ကို ကျွန်တော်က တခါ ဒီလို မေးဖူးပါတယ်။

“ကိုဦး… ဘာဖြစ်လို့ မိန်းမ မယူတာလဲဗျ၊ ခင်ဗျား ဒီလောက် အပြောကောင်းတဲ့ဥစ္စာ… မိန်းကလေးတွေ ကျရောပေါ့“

“ဒီလိုဗျ… ကိုမျိုးရ၊ ကျွန်တော်က ကျွန်တော့်ကို မိန်းကလေးတွေက ကျောရရုံ ကျန်စေချင်တာ… သူတို့က အတည်လုပ်နေကြတယ်“

“ဗျာ“

ကျွန်တော်မှာ ဗျာတလုံးနဲ့ အာမေဋိတ်ပြုရင်း ရှေ့ဆက်စကားမဲ့သွားခဲ့တယ်။ အနက်ပွားတွေလည်း တသီကြီးတွေးပစ်လိုက်တာ ဘာစကား ဆက်ရမှန်း မသိအောင် ဖြစ်သွားခဲ့ဖူးတယ်။ ဒါပေမဲ့ ကိုမောင်ဦးကတော့ ခပ်ပျော်ပျော်ပါပဲ၊ အလုပ်လုပ်တယ်၊ သောက်စားတယ်၊ ရွယ်တူသူငယ်ချင်းတွေ ချာတိတ်တွေနဲ့ ပေါင်းတယ်။ တခါတခါ သူနဲ့ရွယ်သူ မိန်းကလေးတွေနဲ့ တွဲသွားတွဲလာ လုပ်တယ်။ ကျွန်တော်တို့ လူငယ်တသိုက်မှာ ကိုမောင်ဦးကြီးကို အားကျလို့… ကျွန်တော်ကတော့ အဆိုးဆုံး အားကျသူပေါ့လေ။

ကျွန်တော်ဟာ အသက်တနှစ်ကြီးလာလေ၊ ကိုမောင်ဦးနဲ့ ပိုတူလာလေလို့ ကိုယ့်ကိုယ်ကိုယ် ခံစားမိတယ်။ ဒါပေမဲ့ ဒီလူကြီးက သိပ်သန့်ရှင်းတဲ့ လူကြီးမဟုတ်တော့လည်း တူလည်းတူချင် မတူလည်းမတူချင်တဲ့ စိတ်နှစ်မျိုးနှစ်ခွ ခံစားရပြန်တယ်။ ကိုမောင်ဦးရဲ့ ပြောတာဆိုတာ သွက်လက်တာ၊ အကြောင်းအရာမျိုးစုံ နှံ့စပ်တာ၊ ဟဒယရွှင်တာမျိုးကို ကြိုက်ပေမယ့် တုတ်ထိုးအိုးပေါက် ပြောတတ်တာ၊ ညစ်တီးညစ်ပတ် ပေါက်ပေါက်ရှာရှာ ပြောတာမျိုးကျတော့ ကျွန်တော့်စိတ်က လက်ခံလို့ မရပြန်ဘူး။

ဒီတော့ ကိုယ်ပေါင်း စိတ်ခွာလေး လုပ်ရတယ်၊ မပေါင်းလို့လည်း မရဘူးလေ… သိချင်တာရှိ သူ့ပဲ မေးရတာကိုးဗျာ။

တရက်မှာတော့ ကိုမောင်ဦးက ပုံပြင်တပုဒ်ပြောပြတယ်။ “ပုံပြင်လို့ ငါ ပြောတယ်နော်“ လို့လည်း သူက စကားပလ္လင် ခံသေးတယ်။ အဖြစ်မှန် မဟုတ်လောက်ဘူးလို့ ဆိုလိုချင်ပုံ ရတယ်လို့ နားလည်လိုက်ရတယ်။ ဒါပေမဲ့ တကယ်ပြောတော့ သူ့အမေက သူ့အတွက် မိန်းမစပ်တဲ့အကြောင်း ဖြစ်နေတယ်။ ဒီတော့ တကယ့် အဖြစ်အပျက်လို့လည်း ထင်စရာ ဖြစ်နေပြန်တယ်။ ကျွန်တော်တို့ အတွက်တော့ တယ်မထူးတော့ဘူး။ အဲဒီလို ပြောတတ်တာကိုက ကိုမောင်ဦးစတိုင်ဖြစ်နေပါပြီ။ အဲဒီလိုလူ ကိုမောင်ဦးက ပြောပြတဲ့ မောင်ဦးပုံပြင်လို့ပဲ ဆိုကြစို့ရယ်။

ကျွန်တော်တို့ သိသလောက်တော့ ကိုမောင်ဦးက အစိုးရရုံးတရုံးမှာ မန်နေဂျာဆိုလား ကြီးကြပ်ရေးမှူးဆိုလား လုပ်တယ်၊ ငွေစကြေးစလေး ရွှင်တဲ့ ဌာနလို့လည်း သိရတယ်။ အဟုတ်လည်း ဖြစ်လောက်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သာမန်လူလတ်တန်းစား သူတို့မိသားစုထဲမှာမှ ကိုမောင်ဦး ၀တ်စား၊ နေထိုင်၊ သုံးစွဲပုံတွေက သူဌေးသားတယောက်လို ဖြစ်နေတာကိုးဗျ။

ဒါနဲ့ ဆက်ရရင် အသက် ၃၀ ကျော်၊ ၄၀ နီးလာတဲ့ ကိုမောင်ဦးအတွက် သူ့အမေ ဒေါ်ခင်ပြုံးက မိန်းမ စပ်သတဲ့။ စပ်တာကလည်း ဒီလို… သူတို့လူကြီးချင်း (အမေတွေ) က ကလေးတွေရဲ့ ဓာတ်ပုံတွေ ပြပြပြီး စပ်ကြတာတဲ့… ကိုမောင်ဦးကတော့ သူ့အမေပြတဲ့ ဓာတ်ပုံတပုံကြည့်လိုက် ခေါင်းခါလိုက်… နောက်တခါပြလာလိုက် ဟင့်အင်းလုပ်လိုက်… လုပ်နေတာတဲ့။ တော်တော် ဇီဇာကြောင်တဲ့ ကိုမောင်ဦးပေါ့လေ။ အဲ… တခုတော့ ရှိတယ်၊ ကိုမောင်ဦးက ကျွန်တော်တို့ ကြိုက်တဲ့ မင်းသမီး သက်မွန်မြင့်ကိုတော့ ကြိုက်ပြန်သဗျ။

ကိုမောင်ဦးက အဲဒီလို ဟင့်အင်းလုပ်လိုက် ခေါင်းခါလိုက်… နောက်ဘာခါစရာ ရှိသေးလဲ… ထားပါတော့လေ…. အဲဒီလိုပဲ တငြင်းငြင်း လုပ်နေတော့ သူ့အမေက တက္ကနစ် (နည်း) ပြောင်းလိုက်သတဲ့။ တညနေတော့ ကိုမောင်ဦး ရုံးအဆင်း အိမ်ပြန် အရောက်မှာ သားရေ… အမေတို့ မိတ်ဆွေတယောက် ဘုရားပင့်ထားတာ အဲဒါ လာဖူးကြပါဦးလို့ ဖိတ်ထားလို့ လိုက်ခဲ့ပါကွယ်ဆိုပြီး ကားပေါ်တင် ခေါ်သွားသတဲ့။ အလည်လွန်တဲ့ ကိုမောင်ဦး ဒီတခါတော့ အငိုက်မိပြီး တကယ့် ဘုရားဖူးမှတ်ပြီး လိုက်သွားရတာပေါ့။

ဘုရားဖူးတော့ ဘုရားဖူးပါပဲ၊ ဒါပေမဲ့ လိပ်ဥတူးတဲ့ ကိစ္စလေးကလည်း နောက်ဆက်တွဲ ပါနေတာကို ဟိုရောက်မှ သိသတဲ့။ အဲဒါကတော့ ဘုရားကြွနေတဲ့ အဲဒီအိမ်က ကညာမဒီလေးနဲ့ ကိုမောင်ဦးကို ရွှေလမ်းငွေလမ်းပါ ဒေါ်ခင်ပြုံးကြီးက ဖောက်လိုက်တာကိုးဗျာ။ မိန်းမတွေ သက်စေ့ တွဲလာတဲ့ ကိုမောင်ဦးက သူ့အမေအကွက်ကို အဲဒီအခါမှ သိလိုက်တဲ့အခါမှာလည်း သူ တအံ့တသြကြီးတော့ ဖြစ်မသွားပါဘူးတဲ့… စောဖေတို့ နောကျေလို့ အထာနဲ့ပေါ့လေ။

ပြီးတော့ သူ့အမေပြတဲ့ အိမ်ရှင် ကောင်မလေးကလည်း တရုတ်ကပြားမလေးဆိုတော့ လုံးလုံးကစ်ကစ် ချစ်စရာလေးဆိုလား၊ ကိုမောင်ဦးထက်လည်း ၁၀ နှစ် လောက် ငယ်သေးသတဲ့ဗျာ။ ဒါနဲ့ စကားစမြည် ပြောကြရင်း လူငယ်ချင်းချင်း လွတ်လွတ်လပ်လပ် စကားပြောခိုင်းကြည့်ကြသတဲ့။ အဲဒီမှာ ကိုမောင်ဦး လက်ချာ အရိုက်ခံရတော့သတဲ့။

ပြည်တွင်းမှာနေ ပြည်ချစ်သားလုပ် အစိုးရ အရာရှိဘ၀နဲ့ ၀င်ငွေလမ်းဖြောင့်နေတဲ့ ကိုမောင်ဦး သူငယ်ချင်း သင်္ဘောသားတွေလို အပြာရောင် မြင်ရင် ရူးချင်ချင်လို့လည်း မဖြစ်၊ ရဲပုန်း ရွာရှောင် စတေးရှောင်ရတာတွေ မလုပ်ရဘူးတော့ နိုင်ငံခြားဆိုတဲ့ အတွေ့အကြုံတမျိုးတော့ အားနည်းသပေါ့လေ။ တခြား အစိုးရအရာရှိတချို့ နိုင်ငံရပ်ခြား လေ့လာရေးတို့၊ သင်တန်းတို့ သွားခွင့်ရဖို့ အထက်လူကြီး ကပ်ရပ်တာတွေ ကိုမောင်ဦး တွေ့နေ မြင်နေပေမယ့်လည်း သူတခါမှ လိုလိုလားလားကြီး မကြိုးစားခဲ့ဖူးသလို သွားလည်းမသွားချင်ခဲ့ဘူးတဲ့။

ဒီတော့ သူခံရတော့တာပေါ့၊ အဲဒီ လုံးလုံးကစ်ကစ် ကညာမဒီလေးက စင်ကာပူပြန်ဆိုလား၊ အသက်ငယ်ငယ်နဲ့ စင်ကာပူမှာ အမ်ဘီအေ ယူပြီး ပြန်လာတာတဲ့။ နိုင်ငံခြား အိတ်စပိုရှာ (အမြင်အတွေ့) ရှိသူပီပီ ကိုမောင်ဦးကို ဘယ်လို အမြင်ကျယ်ဖို့လိုကြောင်း၊ ကြိုးစားဖို့ လိုကြောင်းတွေ ပြောသတဲ့။ မဟုတ်ရင် နောင်ငါးနှစ်၊ ၁၀ နှစ်ကြာတဲ့အခါမှာ ကိုမောင်ဦးတယောက် ယက်ကန်ယက်ကန်နဲ့ ကျန်ခဲ့မတဲ့ဗျာ။

နောက်ပြီး အဲဒီ မဒီလေးက ဆက်ပြောသေးဆိုပဲ… မြန်မာပြည်က လူငယ်တွေ ကြည့်လိုက်ရင် ရည်မှန်းချက် သေးပြီး၊ ကြိုးစားရုန်းကန်မှု နည်းတယ်၊ နှေးတယ်ဆိုလားလည်း ပြောပြီး အဲဒီ ပညာတတ်မလေးက ဝေဖန်ရေး လေကန်ရေး လုပ်သတဲ့။ ကျွန်တော်တို့ကို ဦးဆောင်ပြီး ပြောတဲ့ သူ့စိတ်ကြိုက် စကားဝိုင်းမျိုး မဟုတ်ဘဲ ကိုမောင်ဦးကြီး မရှုမလှ အရေးနိမ့်တဲ့ စကားပြောပွဲမျိုးပေါ့ဗျာ။ ကျွန်တော် ကိုယ်ချင်းစာနိုင်ပါတယ်လေ… ကျွန်တော်လည်း တခါတခါ အဲဒီလို ပညာတတ်မလေးတွေနဲ့ စကားပြောဖူးတာကိုးဗျာ။

အဖြစ်က မနှစ်ကနဲ့ မတူဆိုသလို… အဲဒီမှာ မပြီးသေးဘူးတဲ့၊ ဇာတ်လမ်းက အခုမှ စမှာ… ခုနကဟာတွေက ခြေဆင်းလောက် ရှိသေးတာကိုးဗျ။ အဲဒီလို နှမကလေးနဲ့ မောင်ကြီး စကားဝိုင်းကောင်းနေတုန်း ဗြုန်းဆို… မိုးရွာတာ မဟုတ်ပါဘူး၊ ကစ်ကစ်လေးရဲ့အဖေ အမောဖောက်ပြီး ခေါက်ကနဲ လဲသတဲ့။ ဘုရားက အိမ်ပင့်ထား၊ ဘုရားဖူးမိတ်ဆွေတွေလည်း နေ့ည မပြတ်လာနေတော့ သူ့အဖေကြီးက အိမ်ရှင့်ကောင်းပီပီ ဧည့်ကျေနပ်အောင် ဧည့်ဝတ်ပြုရင်းက အသက်ကလည်း ကြီး၊ အားကလည်း နည်း၊ နဂိုကလည်း နှလုံးရောဂါ အခံ ရှိလို့နဲ့ တူပါရဲ့… ရုတ်တရက် မတ်တပ်ကနေ လဲသတဲ့။

ဒီတော့ တအိမ်လုံးပြူးပြူးပြာပြာဖြစ်ကြပေါ့လေ… ခက်တာက အဲဒီအိမ်မှာကလည်း ယောက်ျားသားဆိုလို့ အဲဒီ အိမ်ထောင်ဦးစီး ဖခင်ကြီး တဦးတည်းသာ ရှိသတဲ့။ နောက်ပြီး ကိုမောင်ဦးတို့ ဘုရားဖူး (လိပ်ဥတူး ကဲစမ်းမဲ အစီအစဉ် ပါဝင်ပါတယ်) လာတုန်းမှာကလည်း တခြား ယောက်ျားသားဆိုလို့ ကိုမောင်ဦး တဦးတည်းသာ ရှိသတဲ့။ ဒီတော့ တတ်သည့်ပညာ မနေသာ အစွမ်းပြရတော့တာပေါ့လေ။

အဲဒီတော့ ယောက္ခမလောင်းကြီးကို ကိုမောင်ဦး ကိုယ်တိုင် ထမ်းပိုးလို့ နှစ်အိမ်ကျော်က သူတို့ ပြနေကျ ဆေးခန်းကို ပြေးပို့ရပါသတဲ့။ ဟိုရောက်မှ ဆေးခန်းက ပိတ်ထားလို့ အိမ်ကို တခေါက် ထမ်းပိုးပြီး ပြန်လာရပါသတဲ့။ အိမ်ရောက်ပြန်ကာမှ အသင့် ရောက်လာတဲ့ ဆိုက္ကားနဲ့တခါ နောက်ဘက်လမ်းက ဆေးခန်းတခုကို ထမ်းပိုးလို့ ပို့ရပြန်သတဲ့။ ဆေးခန်းရောက်မှ ဆေးတလုံးထိုး၊ သက်သာ မသာ စောင့်ကြည့်… တော်တော်ကြာမှ အိမ်ကို ပြန်ပိုးလို့ တခါသယ်… သူနဲ့ ဂိုက်တူဆိုက်တူ ကိုယ်လုံးကြီးကို ကိုမောင်ဦးကြီး ဗလတောင့်တောင့်နဲ့ သယ်လိုက်ရတာ သူပါ ကြွက်တက်တဲ့အထိ ဖြစ်ရောလို့ ဆိုပါတယ်။

ကိုမောင်ဦးက မောင်ဦးပုံပြင်ကို အတည်ကြီး ခံစားချက် အပြည့်နဲ့ ပြောပြနေချိန်မှာ ကျွန်တော်တို့ထဲက တချို့လည်း ပြုံးစိစိလုပ်၊ အဲ… အရယ်သန်တဲ့ ကျွန်တော်ကတော့ တဟားဟားနဲ့ ရယ်ချလိုက်တာပါပဲ။ ကိုမောင်ဦးကတော့ ကျွန်တော့်ကို ပြူးကြည့်ပြီး အေးပါ… ရယ်ထားပေါ့… ကောင်လေးရာဆိုတဲ့ အထာတဲ့ လုပ်နေတာကို တွေ့ရပါတော့တယ်။

အဲဒီပုံပြင်ကို ကိုမောင်ဦးကြီး ပြောရင်း အဆုံးသတ်လိုက်တဲ့ စကားလေးကိုတော့ အခုထက်ထိ ကျွန်တော် မှတ်မိနေပါသေးတယ်။ ရင်နာနာနဲ့ ပြောတယ်လို့လည်း ခံစားရတယ်လေ…။ သူက ဘာပြောတယ်မှတ်သလဲ…။

“ကောင်လေးတို့… ငါ့ပုံပြင် မတ်ဆေ့ခ်ျက ဒီလိုပါ၊ ကစ်ကစ်ကိုပဲ မကြည့်နဲ့… ကစ်ကစ်ရဲ့ ချစ်ချစ်ကြီးတွေလည်း ကြည့်ကြတဲ့“ ဗျ။

ကိုမောင်ဦးကတော့ အဲဒီလိုပါပဲဗျာ… ပြောလိုက်ရင် ဒုတ်ဒုတ်ထိပါပဲ… တခါတလေတော့လည်း အနက်ပွားလေးတွေ ဖမ်းယူလို့ လိုက်ဆင်ခြင်ကြည့်ရတာပေါ့လေ။ သူ ပြောလိုက်ရင် ပညာသားတော့ ပါတာချည်းပါပဲ။

ကျွန်တော် ဒီနေ့တော့ ဘာကြောင့်မှန်းမသိ (မိုးရွာလို့ ဖြစ်နိုင်ပါတယ်) မောင်ဦးပုံပြင်ကို ပြန်သတိရမိပြီး ကိုမောင်ဦးကြီးကို လွမ်းလွမ်းမောမော သတိရနေမိတယ်။ ကိုမောင်ဦးတယောက် သူ့ကစ်ကစ်ရဲ့ ချစ်ချစ်ကြီးတွေနဲ့ပဲ ပျော်နေလေသလား၊ ဒါမှမဟုတ် အဲဒီအဆင့်ကနေ ခြေစစ်ပွဲအောင်လို့ ဘယ်နှဂိုးသွင်း အဲလေ… ကလေးတွေ ဘယ်နှယောက်တောင် ရကုန်ပြီလဲ မသိတော့ပါဘူးလေ… ကျွန်တော်ကလည်း အဝေးကွင်း… မဟုတ်ပါဘူး၊ အဝေးမြေရောက်နေတာကိုးဗျာ။

၂၀၁၂ ဖေဖော်ဝါရီ ၄၊ ည ၆ နာရီ

ဘန်ကောက်။

by Myo Tha Htet on Saturday, 4 February 2012 at 07:29·

“ဘုရားရေ… ကျွန်မမှာ ကိုယ်ဝန်ရှိပေါ့၊ ကလေးအဖေ ဘယ်သူပါလိမ့်“ ကျွန်တော်က အဲဒီလိုလေး ရွတ်ရင်း ကြော့ကို ပြုံးပြီး ကြည့်တော့ သူ မရယ်…၊ တမင်ပင် ခပ်မဲ့မဲ့ ရွဲ့လိုက်သေးတယ်။ ဟား ဟား… ကြော့က တကယ့် ကလေးလိုပါပဲ။ အရင်တုန်းကတော့ ဒီကောလိပ်ကျောင်းသူလေးရဲ့ တော်ချက်ကို ကျွန်တော်တို့ အတူ ချီးကျူးခဲ့ဖူးတယ်။ ကျွန်တော်တို့ နှစ်ယောက်အတွက် ရယ်စရာ ဟာသလေး ဖြစ်ခဲ့ဖူးတယ်။

အခုတော့ အခြေအနေတွေက မတူတော့ပါလေ… ပြောမယ့်သာ ပြောရတာပါ၊ ကျွန်တော်က ကိုယ့်ဘာသာ ရယ်စရာအဖြစ် ပြောလိုက်တာ ဖြစ်ပေမယ့် ကြော့နဲ့ ကျွန်တော် မခေါ်ကြသေး…။ ကြော့က မချော့၊ ကျွန်တော်က ခပ်လျော့လျော့ပေမယ့် မပျော့၊ နှစ်ယောက်လုံးက ခပ်ကော့ကော့ မော့နေကြတယ်။

မခေါ်ကြချိန်မှာ တယောက်အကြောင်းတယောက် ပိုတွေးဖြစ်သလားမသိပါဘူး။ ကျွန်တော်မှတ်မိသေးတယ်… ကြော့ကို တခါက ကျွန်တော် ကန်စွန်းဥနှစ်ဥ ကျွေးဖူးတယ်။ စေတနာနဲ့ပါ… ရွှေကန်စွန်းဥတော့ မဟုတ်… ငချိတ်။ ဘာကြောင့်မှန်း မသိ၊ ကြော့က မစား… မစားတဲ့အပြင် ခုနင်ကလိုပဲ မဲ့လိုက်ရွဲ့လိုက်သေးတယ်။

ကျွန်တော်က အကောင်းနဲ့ ကျွေးခဲ့တာ ဖြစ်ပေမယ့် ကြော့က သူ့ဟာသူ ဘာအတွေးတွေ ပေါက်သလဲတော့ မသိ၊ ကျွန်တော့်ကိုလည်း ပြောလိုက်သေးတယ်… မဲ့ရွဲ့တဲ့ ကြားထဲကပဲပေါ့၊ ယောက်ျားလေးတန်မဲ့ ဥသိပ်ကြိုက်သလားတဲ့။ အဲဒီလိုခက်တဲ့ ကြော့။

သူက ချောကလက်စားချင်ပုံပေါ်ရဲ့… ဟဲ ဟဲ… ဆိုင်ဆိုင်မဆိုင်ဆိုင် ၁၄ ရက်ကလား နီးလာမင့်ကိုး…။ ကျွန်တော်ကတော့ မကြိုက်၊ ကြော့လိုပင် ကျွန်တော်လည်း ရွဲ့ချင်မဲ့ချင်တတ်တယ်။ ၁၄ ရက်နေ့ကျရင် ချောကလက်ထုပ်လို ထင်ရအောင် ထန်းလျက်တွေကို ထုပ်ပြီး ပေးရင်ကောင်းမလားလို့ ကျွန်တော် စဉ်းစားခဲ့တယ်။

အဲဒီလိုလုပ်ခဲ့ရင်တော့ ကျွန်တော်နဲ့ကြော့ကြားက ရှိစုမဲ့စု သံယောဇဉ်လေး အသေအချာ ပြတ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် အတပ် မပြောနိုင်… စမ်းသပ်ကြည့်ရင် ကောင်းမလားလို့တော့ ကျွန်တော် စဉ်းစားမိဖူးတယ်။ ကြော့က ထန်းလျက်ကော ကြိုက်ရဲ့လား… သူ ကြံသကာ ကြိုက်တယ်လို့တော့ တခါက ပြောဖူးတယ်။ ဘာတဲ့… ကြော့တို့ ငယ်ငယ်တုန်းက ထမင်းပူပူကို ဆီဆမ်း ဆားဖြူးပြီး ကြံသကာနဲ့ လွေးခဲ့ရတာ သိပ်ကောင်းဆိုပဲ…။

တကယ်တော့ ကြော့က မလှပါ။ ဒါဖြင့်ရင် လှတာကို အလွန်အမက် ကြိုက်တဲ့ ကျွန်တော်က ကြော့ကို ဘာဖြစ်လို့ တခုတ်တရ ဖြစ်နေတာလဲလို့ မေးစရာ ရှိပါတယ်။ ကျွန်တော့်မှာ အဖြေ အဆင်သင့် ရှိပါတယ်။ ကြော့က သတ္တိရှိလို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်က လှတဲ့ မိန်းကလေးတွေကို အလွန် သဘောကျသလို သတ္တိရှိတဲ့ မိန်းကလေးကိုတော့ တမြတ်တနိုး လေးစားတတ်ပြန်တယ်။

မိန်းမတယောက်ကို လေးစားပြီး ချစ်နေရတာက တကယ်တမ်းကျတော့ သိပ်မမိုက်ပြန်… ယောက်ျားမာန ကျိုးရလေတယ်။ အခုပဲကြည့်… ကြော့က ခေါင်းမာနေပြီလေ။ မခေါ် မပြော အရေးမလုပ်… ဒီရင်နုနု နာလုပြီ။ ရယ်သွမ်းသွေးရင်း ငိုချင်လာနေမိ…။ ကြော့ကို ကျွန်တော် မုန်းလိုက်ရ ကောင်းမလား…။

စောစောပိုင်းကတော့ ကျွန်တော့် သူငယ်ချင်း မိန်းကလေးတွေကို ယောက်ျားယူဖို့ချည်း၊ အရွယ်ကောင်းတုန်း ကလေးမွေးဖို့ချည်း ကျွန်တော် တောက်လျှောက် တိုက်တွန်းနေခဲ့မိပါတယ်။ မိန်းကလေးတယောက်က အရွယ်တော် တဆိတ်ဟိုင်းလောက်တဲ့အထိ ပိုက်ဆံတွေရှာ၊ ပညာတွေသင်၊ အလုပ်တွေ ပိနေအောင်လုပ်… ဘာလုပ်မှာလဲလို့ ကျွန်တော် တွေးခဲ့ဖူးတယ်။

တင့်တောင့်တင့်တယ် ကိုယ့်ကို ထားနိုင်မယ့် အမျိုးကောင်းသား ယောက်ျားတယောက်ကို ယူ၊ ကလေးတွေ မွေး၊ ပျော်စရာ မိသားစု ဘ၀လေး တည်ဆောက်နိုင်ရင် မကောင်းဘူးလားလို့ သူတို့ကို မေးခွန်းထုတ်ခဲ့ဖူးတယ်။ မိန်းမတယောက်ဟာ သိပ်တော်ဖို့ မလိုပါဘူး၊ ယောက်ျားတယောက်ကို သူဟာ မိန်းမတယောက်ရဲ့ အခိုင်းခံနေရမှန်း မသိရလောက်အောင် ပါးပါးနပ်နပ် စည်းရုံး ပြောဆို သိမ်းသွင်းထားနိုင်တဲ့ အိမ်ထောင်ရှင်မဘ၀ဟာ မလုံခြုံ မအေးဆေးဘူးလားလို့ သူတို့ကို ကျွန်တော် ပြောဆိုခဲ့ဖူးတယ်။

အခုတော့ ဒီလိုအမေး၊ ဒီလိုအတွေးတွေကို ကျွန်တော် ပြောင်းလိုက်ရတော့မှာလား။ ကြော့ဟာ ဘယ်လိုမိန်းမမျိုးလဲ… ကျွန်တော်ဖြင့် တခါမှတော့ မတွေ့ဖူးသေးဘူး မှတ်တာပဲ။ တခုပဲ ကျွန်တော် ပြောနိုင်တာက ကြော့ဟာ သတ္တိရှိတယ်။ သတ္တိရှိတဲ့ မိန်းကလေး… ဒါပဲ… ဒီတလုံးထဲ ကျွန်တော် ပြောနိုင်တယ်။

တကယ်တော့ ယောက်ျားတယောက်နဲ့ မိန်းမတယောက်တို့ ချစ်ကြပြီဆိုရင် ဘာတွေ ပြိုင်သင့်တာလဲ။ အချစ်တွေ၊ အကြင်နာတွေ၊ အထွေးအပွေ့ အယုအယတွေ ပြိုင်သင့်တာ မဟုတ်ဘူးလား။ နားလည်မှုတွေ၊ စာနာမှုတွေ၊ ဖြည့်ဆည်းပေးမှုတွေ ကဲလွန် ပြိုင်ဆရမှာ မဟုတ်ဘူးလား။

ကျွန်တော်တို့က ဘာကြောင့် ပညာတွေ ပြိုင်နေကြရတာလဲ။ ဘာကြောင့် တယောက်နဲ့တယောက် မဲ့ရွဲ့ သွမ်းသွေးနေကြတာလဲ။ ကြော့ကပဲ သိပ်ရဲနေတာလား၊ ကျွန်တော်ကပဲ သိပ်ကဲနေတာလား။ ဘာဖြစ်လို့ နှစ်ယောက်စလုံးကလည်း ဒီပုံစံကိုပဲ ကြိုက်နေကြရတာလဲ။ ကြော့ မမောသေးဘူးလားတော့ မသိ၊ ကျွန်တော်ဖြင့် တခါတခါ ပန်းလှပြီ။

ကြော့က ကျွန်တော့်ကို ချော့မယ်လို့ မထင်တော့ပါ။ ကျွန်တော်ကလည်း ကျွန်တော့်ကိုယ်ကျွန်တော် အလွန် အထင်ကြီးတဲ့ကောင် ဖြစ်ပါတယ်။ ကျွန်တော်တို့ကြားက သံယောဇဉ်ကြိုးလေးတွေ အမျှင်လေးတွေမှာ လျော့ဖို့ မမြင်တော့ပါ။ ပြတ်လုလုပင် တင်းမာနေခဲ့ပြီလား မသိပါ။ နှစ်ယောက်စလုံးက မရှိသင့်တဲ့ မာနတွေကို ပြိုင်နေကြတာဟာ ချစ်သူတွေလို့တောင် ပြောဖို့ ခပ်ခက်ခက် ဖြစ်ပါတယ်လေ…။

ကျွန်တော့်ကိုယ်ကျွန်တော်လည်း အားမရ၊ ကြော့ကိုလည်း ဘာမှမပြောသာ… သောင်မတင်ရေမကျ ဘ၀ဟာ နေရခက်လှပါသဗျာ…။ တခုတော့ ရှိပါတယ်။ ကြော့ကို လှပ နူးညံ့တဲ့ မိန်းကလေးအသွင် ရောက်အောင် အဖ ဘုရားသခင်က ပြောင်းလဲပေးပါမယ်လို့ မဟာဂရုဏာတော်နဲ့ စိတ်ဆင်းရဲနေတဲ့ ကျွန်တော့်ကို မိန့်မြွက်လာရင်တောင် ဘုရားသခင်ကို တောင်းပန်တိုးလျှိုးလို့ ကျွန်တော် ပယ်လျှောက်ပါလိမ့်မယ်။

ကြော့ကို သတ္တိပဲ ရှိစေချင်ပါတယ်။ သတ္တိရှိတဲ့ မိန်းကလေးပဲ ဖြစ်စေချင်ပါတယ်။ ကျွန်တော့်ကို မခေါ်တော့လည်း နေပါစေတော့…၊ ကျွန်တော့်ကို မချော့လေလည်း ရှိပါစေတော့… ကျွန်တော့်ဘ၀နဲ့ ကျွန်တော်ပဲ ထားလိုက်ပါတော့… ကြော့ ရင်ကလေး ကော့နေပါစေ၊ ကြော့ ခေါင်းကလေး မော့နေပါလေ…။

၂၀၁၂ ဖေဖော်ဝါရီ ၄၊ မွန်းလွဲ နှစ်ချက်တီး

ဘန်ကောက်။

မြင့်မောင်က နှုတ်ခမ်းကြီးကို စူထားလိုက်တယ်၊ သူတခုခုကို မကျေနပ်ရင် ဒါမှမဟုတ် လေးလေးနက်နက် စဉ်းစားစရာရှိရင် အဲဒီလိုမျိုး လုပ်တတ်တယ်။ အခုရော… စိတ်ဆိုးနေတာလား၊ စဉ်းစားနေတာလား။

ပြဿနာက သူက မျက်နှာတည်ကြီးနဲ့လည်း နေတတ်တယ်၊ တခါတခါတော့ ကွယ်လွန်သူ ရုပ်ရှင်မင်းသားကြီး ၀င်းဦးလိုလို အိုက်တင် လုပ်တတ်ပြန်သေးတယ်။ ဟန်ပန်က အစ လက်ကလေးပင့်၊ ကိုယ်လုံးလေး ၀င့်ပြီး လုပ်ပြတတ်တယ်။ စကားပြောရင်လည်း နည်းနည်းခေါချင်နေတဲ့ အပေါ်သွားတွေကို အပေါ်နှုတ်ခမ်းနဲ့ပဲ လုံအောင်ကာပြီး မပွင့်တပွင့် ပြောတတ်တော့ သူ့ကြည့်ရတာ ၀င်းဦးကို အတင်းကြီးရော အဓမ္မပါ တုပသလို ဖြစ်နေသေးတော့တယ်။

တခါ မြင့်မောင်က တကယ်တော့ ဘာကြောင့်မှန်း မသိပါဘဲ အင်္ဂလိပ် ပရီးမီးယားလိဂ်က ချယ်လ်ဆီးအသင်းကို အားပေးတယ်။ ပထမတော့ မော်ရင်ဟို မန်နေဂျာ လုပ်တုန်းက သဘောကျပြီး အားပေးခဲ့တာလို့ ပြောတတ်ပါတယ်။ နောက်တော့လည်း မော်ရင်ဟို မရှိပေမယ့်လည်း သူ ချယ်လ်ဆီးကိုပဲ ဆက်အားပေးနေတာပါ။

ချယ်လ်ဆီး ကစားသမားတွေက တွန်းတွန်းတိုက်တိုက် ကစားလို့များလား…။

အဲဒါက နှုတ်ခမ်းကြီး စူထားတဲ့ မြင့်မောင် စဉ်းစားနေတဲ့ အကြောင်းလား…။

မြင့်မောင်က အရပ်ကလန်ကလားနဲ့ ငယ်ငယ်ကတည်းက ဘောလုံးကန်ခဲ့တယ်၊ လူချတယ်၊ ကြမ်းတယ်။ သူကစားတာက အကွက်လည်း သိပ်တော့ မရှိပါဘူး။ ပြေးတယ်၊ ကန်တယ်၊ နင်းတယ်၊ ကျော်တယ်၊ အရပ်ရှည်တာကို အခွင့်အရေး အနေနဲ့ သုံးပြီး တွန်းတွန်းတိုက်တိုက် ကစားတာပါပဲ။ ဥာဏ်မပါပါဘူး… မလှပါဘူး။ အဲ… အဲဒီလို ကစားရတာကိုပဲ သူ့ဟာသူတော့ ပျော်နေတတ်တယ်။

အခုတော့ အသက်ကြီးလာတဲ့ မြင့်မောင်တယောက် နည်းနည်းပါးပါး ပြေးရလွှားရတာကိုပဲ မောတတ်နေပါပြီ၊ ဘောလုံးကန်ဖို့ ဆိုတာကတော့ ဝေလာဝေးပေါ့လေ…။ ဒါပေမဲ့ မြင့်မောင်က နည်းနည်းလည်တော့ ဘောလုံးပွဲ ကြည့်တာပေါ့… ဘောလုံးပွဲမှ သူက အင်္ဂလိပ် ပရီးမီးယားလိဂ်ကို ကြည့်ပါတယ်။

အားပေးတာကတော့ ခုန ပြောသလို တွန်းတွန်းတိုက်တိုက် ကစားတတ်တဲ့ ချယ်လ်ဆီးအသင်း… နည်းနည်းကြမ်းတဲ့ အသင်းပေါ့။ ပြီးတော့ အဲဒီ အသင်းက သူကြိုက်တဲ့ အရောင်ဖြစ်တဲ့ အပြာရောင် အင်္ကျီဝတ်ပြီး ကစားကြတယ်။

မြင့်မောင်က နှုတ်ခမ်းကြီး စူထားဆဲပါပဲ… တခုခုကို မကျေနပ်နေပုံတော့ ရပါတယ်။ လူတွေဟာ ပျော်နေချိန်မှာ မပြုံးတောင် ကြည့်ပျော် ရှုပျော် ရုပ်ခံရှိတတ်ကြတယ်မို့လား၊ အခုက နှုတ်ခမ်းကြီး ထော်လို့ စူထားတော့ မြင့်မောင် ပျော်နေတာ မဟုတ်ဘူး ဆိုတာကတော့ သိသာပါတယ်။

ရုပ်ကလည်း နဂိုကထဲကမှ ကြည့်ကောင်းလှတဲ့သူ မဟုတ်တော့ မြင်ယောင်သာ ကြည့်လိုက်စမ်းပါဗျာ… ဘယ်လိုမှ မလှတဲ့ရုပ်… သနားစရာ ကုလားမသာလို့တောင် ပြောလို့ မရပါဘူး။

သူ စဉ်းစားနေတာကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဘာတဲ့… ဘောလုံး ဖျောက်ပြီး လူတွေ တွန်းတွန်းတိုက်တိုက် လုပ်နေကြတာ ဘာကြောင့်လဲဆိုလား။

ဘောလုံးကွင်းဆိုတဲ့ သတ်မှတ်စည်းကမ်းနဲ့ သတ်မှတ်ဧရိယာရှိတဲ့ နေရာတခုမှာ ဘောလုံးဆိုတဲ့ မြင်သာတဲ့ အရာတခုကို အားထုတ်မှုရှိတဲ့ ပြေးလွှား လုယူမှု ပေါင်းထည့်ပြီး ရည်ရွယ်ချက်ဆိုတဲ့ ဂိုးထဲရောက်အောင် (ဒါမှမဟုတ် မရောက်အောင် မ၀င်အောင်) ခြေညီ အားညီ ကြိုးစားနေကြတာကို ဘောလုံး ဖျောက်ကြည့်လိုက်တော့ ဘယ်လို ဖြစ်သွားမလဲဆိုတာ…။

နည်းနည်းတော့ ဂေါက်ပါတယ်ဆိုတာကတော့ အထူး ပြောစရာတောင် မလိုတော့ပါဘူး။ ဒါပေမဲ့ တချို့နေရာတွေမှာ တချို့အချိန်တွေမှာ တချို့ လူတွေဟာ အဲဒီလို တွန်းတွန်းတိုက်တိုက် လုပ်နေကြသလားလို့ မြင့်မောင်က စဉ်းစားတာ…။

အလဲ့… တယ်ဟုတ်ပါလားလို့တော့ အတွေးမစော၊ အချီးကျူး မစောလိုက်ပါနဲ့…။ သူ စဉ်းစားတာက ဟုတ်မလိုလိုနဲ့ မဟုတ်ပါဘူး။ တကွက် လိုနေပါသေးတယ်။

တွန်းတယ် တိုက်တယ် ဆိုတာက ဘောလုံးကစားနည်း တခုတည်းမှာမှ ရှိတာမှ မဟုတ်တာလေ… ဒီတချက်ကို မြင့်မောင် ချော်တွေးနေတာက ပြဿနာတခုပါ။ သူ့မှာက ဘောလုံးအတွေ့အကြုံလောက်သာ ခိုင်ခိုင်မာမာ ရှိနေတာကိုး…။

တချို့ကိစ္စတွေက ဘောလုံးပွဲမှ မဟုတ်တာ…။

ဒီနေရာမှာ တွန်းတွန်းတိုက်တိုက်ဆိုတဲ့ စကားလုံးကိုယ်၌ကိုက စိတ်ဝင်စားဖို့ မကောင်းဘူးလားဗျာ။

တွန်းတယ်… ရွေ့အောင်လုပ်တာ၊ ဖယ်ပစ်တာ၊ သူများကို ဒုက္ခရောက်အောင်လုပ်တာ၊ အားထည့်လုပ်တာ… ဒီလိုတွေ ရှိတယ်မဟုတ်လား။

တိုက်တယ်ဆိုတာကတော့ ရှင်းပါတယ်။ တိုက်ခိုက်တာ၊ ထိုးတာ၊ တွန်းပစ်တာ၊ မညီညွတ်အောင်လုပ်တာ၊ ဒုက္ခပေးတာ၊ တည့်တည့်တိုးတာ ဆိုတော့ နည်းနည်းတော့ ပြင်းထန်တဲ့ အဓိပ္ပာယ်တွေ ရှိနေတာပေါ့လေ။

တကယ်တော့ မြင့်မောင်က တွန်းတွန်းတိုက်တိုက် ဆိုတာကို ကစားတာမှာ ကြိုက်ခဲ့သူပဲ… ဒါဆို ဘယ်အရာမှာ မကြိုက်တာလဲ…။

ဝင်းဦးနဲ့တူအောင် တခါတခါ လုပ်တတ် ပြောတတ်တဲ့ မြင့်မောင်ကတော့ နှုတ်ခမ်းကြီးကို စူထားဆဲပါပဲ…။

ဘယ်လိုမှ ကြည့်လို့ မကောင်းပုံများလေ…။

ပြချင်လိုက်တာဗျာ…။

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်။
မနက် ၁ နာရီ၊ ဘန်ကောက်။

အမေက ချစ်ရည်လျှမ်းတဲ့ မျက်လုံးတွေနဲ့ ၀အောင်ကြည့်ပြီး ခေါ်လိုက်တဲ့ နာမည်ကြားရတိုင်း အေးမင်း အမေ့ကို အလွန်စိတ်ဆိုးပါတယ်။ ဟုတ်တယ်လေ… သူ့ကို ဘာကြောင့် ဒီနာမည်ကြီး လာလာခေါ်နေမှန်းကို မသိဘူး၊ ကြားရတဲ့ တခြားအိမ်သားတွေကလည်း သူ မကြိုက်မှန်း သိလို့ ၀ါးလုံးကွဲ မရယ်တောင် ပြုံးစိစိတော့ လုပ်ကြတာချည်း။ ဘာတဲ့… မြောက်အိုးကွဲတဲ့။

ခက်တော့လည်း ခက်ပါတယ်၊ စိတ်ညစ်လို့ ပြောမိတာပါ။ အေးမင်းတို့ ဆွေမျိုးသားချင်းတသိုက် နေထိုင်ကြတဲ့ နှစ်ဆောင်ပြိုင် ပျဉ်ထောင် အိမ်ကြီးရဲ့ နောက်ဖေး မီးဖိုဆောင် အကူးနေရာမှာ သောက်ရေအိုး နှစ်အိုး ချထားပါတယ်။ ကလေးအိုး၊ လူကြီးအိုး ခွဲခြားတာ မဟုတ်ပါဘူး။ မိသားစုများလို့ သောက်ရေအိုး နှစ်အိုးထားတာပါ၊ ဒါကလည်း ပြဿနာ မဟုတ်ပါဘူး။ ပြဿနာက တောင်ဘက်မှာ ထားတဲ့ အိုးကို တောင်အိုး၊ မြောက်ဘက်မှာ ထားတဲ့ အိုးကို မြောက်အိုးလို့ လူကြီးတွေက သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။

အေးမင်းကို အဲဒီအိမ်ကြီးမှာပဲ မွေးခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အေးမင်း လူ့လောထဲကို အထွက်၊ ဘာကြောင့်မှန်းလည်း မသိပါဘဲ မြောက်အိုးကြီးက ဂွမ်းကနဲနဲ့ကို ကျကွဲသွားခဲ့ပါတယ်။ အဲဒီကနေစလို့ ယောက်ျားလေးဖြစ်တဲ့ အေးမင်းဟာ အေးမင်းဆိုတဲ့ နာမည်မရခင်ကတည်းက အိမ်နာမည် မြောက်အိုးကွဲ ဖြစ်ခဲ့ရပါတော့တယ်။

မြောက်အိုးကွဲလို့ သူငယ်ချင်းတွေက မခေါ်ကြလို့တော့ အေးမင်းတယောက် စိတ်ချမ်းသာခဲ့ရပါတယ်။ ဒါပေမဲ့ ဒီစိတ်ချမ်းသာမှုကလည်း အကြာကြီးတော့ မဟုတ်ပြန်ပါဘူး။ စိုးထိတ် တိုးတိတ်နဲ့ ကြောက်နေရတာမျိုးပါ။ ဘယ်အချိန်များ လူကြားထဲ အမေက ငါ့ကို အဲဒီ နာမည် ခေါ်လိုက်မလဲလို့ အေးမင်း အမြဲ စိတ်ပူတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေဟာ လူကြားထဲရောက်ရင် ပါးစပ်တပြင်ပြင်နဲ့ တော်တော်ကြာအောင် လုပ်ပြီးမှ အေးမင်းကို အေးမင်းလို့ ခေါ်တတ်ပါတယ်၊ အမေ့ဆီက အေးမင်းလို့ ပီပီသသ အသံ ထွက်မလာမချင်း အေးမင်းဟာ ငရဲကျနေတာပါပဲ။

ပိုဆိုးပြန်တာက အေးမင်းက အဖုတ်လည်း ကြိုက်ပြန်ပါသေးတယ်။ ယောက်ျားလည်း တန်မဲ့ ခရမ်းသီးမီးဖုတ်တို့၊ ပြောင်းဖူးဖုတ်တို့၊ တညင်းသီးမီးဖုတ်တို့ အလွန်ကြိုက်ပါတယ်။ အမေက စပြန်ပါတယ်။ အဖုတ်ကြိုက်ကလေးတဲ့…။ တခါတခါ အမေ စိတ်ဆိုးရင် အေးမင်းကို “မြောက်အိုးကွဲ အဖုတ်ကြိုက်“လို့ ခပ်တည်တည်ကြီး ခေါ်တတ်ပါတယ်။

ဇ ကလေးနဲ့ လူလို့တော့ အေးမင်းကို မပြောကြပါနဲ့…၊ အေးမင်းဟာ ငယ်ငယ်ကလေးတည်းက အဖုတ်ကြိုက်တာပါ။ မီးကျည်ခဲ နီနီရဲပေါ် တင်ထား ကင်ထားရာကနေ ချလိုက်တာနဲ့ အေးမင်းလက်က လှမ်းနေပြီ ပြင်နေပြီ ဖြစ်တာကြောင့် ငယ်ငယ်ကထဲက လက်ကိုရော လူကိုပါ အမေက ရိုက်တတ်ပါတယ်။

“မြောက်အိုးကွဲ ကောင်လေးက တော်တော် အဖုတ်ကြိုက်တာပဲဟဲ့…၊ ကြီးလာမှ အဖုတ် စားစမ်းပါ လူကလေးရယ်၊ အဖုတ်စားတယ် ဆိုတာ အပူလောင် တတ်တယ်။ လက်ပူ အာပူ ဖြစ်တတ်တဲ့ ဟာကို… နင်ပဲ ကြိုက်ကြိုက်လွန်းတယ်“ လို့ အမေက အေးမင်းကို ခရား ရေလွှတ် ပြောတတ်တယ်။

အေးမင်းကလည်း ပြောတုန်း ခဏသာ လက်ရော၊ ပါးစပ်ပါ ငြိမ်နေလိုက်တာ… လူလည်းလစ်ရော သူကြိုက်တဲ့ ဟာ… သူ စားတော့တာပါပဲ။ အမေ့ စကားနဲ့ဆိုရင်တော့ မြောက်အိုးကွဲ အဖုတ်ကြိုက်ကလေးပေါ့လေ။

တကယ်တော့ လူဆိုတာက လူတကိုယ် အကြိုက်တမျိုး မဟုတ်လား။ အဖုတ်ကြိုက်တဲ့သူ ရှိသလို၊ အပြုတ်ကြိုက်တဲ့သူလည်း ရှိနိုင်တာပဲ။ ဒီလိုပဲ တချို့က အကြော် ကြိုက်တယ်၊ တချို့က အလှော်ကို မက်တယ်။ တချို့က အစိမ်းစားတယ်၊ တချို့က အပျော်အပြဲမှ စားတယ်။ ကြိုက်ကြပေါ့၊ ကိုယ်ကြိုက်တာ ကိုယ်စားကြပေါ့… အေးမင်းကတော့ အဲဒီလိုပဲ ခံယူထားပါတယ်။

အဲဒီကြားကမှ တခါ အေးမင်းချစ်ရတဲ့ ယုယခင်က အသုတ်ကြိုက်တယ်။ အသုတ်ကိုမှ စားတဲ့အခါ ရှူးရှူးရှဲရှဲ အသံမြည်အောင် စပ်မှ စားလို့ရတဲ့ အသုတ်မျိုးကို ကြိုက်တယ်။ အစပ်စားချက်က ရက်စက်တယ်၊ နောက်တနေ့ မနက်အထိ ဝေဒနာ ခံစားရတာမျိုးကို အလိုရှိသူလို့ ပြောလည်း စိတ်ဆိုးတတ်သူ မဟုတ်…။

ဒီလို ချစ်သူမျိုး ချစ်ရတာ နည်းနည်းတော့ ကြောက်စရာ ကောင်းတယ် မဟုတ်လား။ သူ စားသလို ကိုယ်လိုက်စားလို့ကတော့ ကိုယ်ပါ ရင်ရော ဘာရော ညာရော ပူရမယ့် အဖြစ်…မြောက်အိုးကွဲ အချစ် နံပါတ်တစ်က အသုတ်ကြိုက်သူ ဖြစ်နေတော့ တခါတခါ အေးမင်းမှာ ဘာမှ မစားရပါသေးဘဲ ဟိုနေရာက ပူနေသလို ဒီနေရာက ပူနေသလို ဖြစ်ဖြစ်နေရတတ်တယ်။

ပူတဲ့အထိ ချစ်ရသူ ယုယခင်ကို တချိန်မှာ ယောက္ခမ တော်ရမယ့် အေးမင်းမအေကလည်း ချစ်ရှာပါတယ်။ ယုယခင်ကလေးကလည်း ဖင်ပေါ့ စကားတတ်ကလေးဆိုတော့ အဖွားကြီးက အရည်လည်တဲ့အထိ မျက်လုံးထဲ အပြုံးတွေပေါ်အောင် ပြုံးပြီး သမီး သမီးနဲ့ နေတာပါပဲ။

မသိရင်ဘဲ ချွေးမလောင်းနဲ့ ယောက္ခမလောင်း ချန်ပီယံလုဖို့ ပညာပြိုင်နေသလား အောက်မေ့ရပါတယ်၊ အေးမင်းကတော့ ပျော်တပြုံးပြုံး၊ မော်မဆုံးပေါ့လေ…။ သူတို့နှစ်ယောက် အဆင်ပြေလေ… ငါ အနေချောင်လေပဲလို့ တွေးတတ်သူပါ။ အေးမင်းနဲ့အတူ အိမ်ပါလာတိုင်းလည်း ယုယခင်ခမျာ အဖွားကြီးနဲ့ပဲ အချိန်ကုန်တာ များပါတယ်။ ဘာလုပ်ကြသလဲ သိလား၊ မိန်းမနှစ်ယောက် အသုတ် တမျိုးမျိုး သုတ်နေကြတော့တာပါပဲ။

အဲဒီနေရာမှာပဲ ရပ်နေရင် အေးမင်းက ၀မ်းသာမိမှာပါပဲ၊ ဒါပေမဲ့ အမေလေ… အမေ သိတယ်မို့လား၊ ချွေးမကို လက်သိပ်ထိုးလေး သင်ရှာတယ်၊ သူ့သားကလေးက ဘယ်လို အဖုတ်ကြိုက်ကြောင်းပေါ့လေ၊ ငယ်ငယ်လေးထဲက အဖုတ်ကို ဘယ်လို ကြိုက်ခဲ့တာ စသဖြင့်ပေါ့လေ…။ ပြီးတော့လည်း သမီးယောက္ခမ တဟီးဟီး တဟားဟားနဲ့ ရယ်လိုက်ကြသေးတယ်။ အဲဒီလို ရယ်သံကြားရင် မြောက်အိုးကွဲ အေးမင်းကလည်း နပ်ပြီးသားပါ၊ ဒါဟာ သူ့အကြောင်းကလွဲလို့ တခြားလူအကြောင်း ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးဆိုတာ…။

အဲ… ယုယခင်လေး ပြန်သွားရင်တော့ အမေက သားကို စကားလာပြောတတ်တယ်။ မင်း ကောင်မလေးက မဆိုးပါဘူး ဘာညာလည်း လုပ်တတ်တယ်။ သဘောကျကြောင်းလည်း စကားအပြင် အမူအရာနဲ့လည်း ပြောတတ်တယ်။ အဲဒီအထိ အေးမင်းကလည်း သွားရည်ကျ မတတ် သဘောတွေ ကျလို့ပေါ့။ အဲဒီနောက်ဆုံး အမေ့ ကောက်ချက်ကြားမှသာ ဟာ… အမေကလဲ ဖြစ်ဖြစ်သွားတတ်တာပါ။

မြောက်အိုးကွဲလေးက အဖုတ်ကနေ အသုတ်ကြိုက်ကြိုက်လာပြီဟဲ့… သိကြရဲ့လား၊ သူ့ကောင်မလေးက အသုတ် သုတ်တာ သိပ်ကောင်းတာပဲ။ စပ်လိုက်တာလည်း လွန်လို့…၊ ရှက်လိုက်တာလည်း စွံဖို့၊ တတ်လိုက်တာလည်း ချွန်လို့ လို့ ပြောတတ်တယ်။ ငါကတော့ ကောင်မလေးကို သူ့နာမည် ခေါ်ရတာထက် အသုတ်လေးလို့ပဲ ခေါ်ချင်တော့တယ်။ မြောက်အိုးကွဲရဲ့ အသေးခလုတ်ပေါ့။ အသေးခလုတ်ဆိုတာ အသုတ်က(ခ)လေးလို့ အမေက နောက်တာပါ။

ရယ်တော့ ရယ်ရတယ်၊ အိမ်မှာဆို ပွဲစားအဖေထက် ပွဲစားကတော် အမေက ပိုပြီး နှုတ်ရေးနှုတ်ရာ ကျွမ်းကျင်တယ်။ အဖေကတော့ မယားသဘော မယားသဘောနဲ့ အလကားပြောလည်း စကားတောထဲ ကျွံဝင်မှောက်တက်နေတတ်တယ်။ အေးမင်း အမေဟာ အေးအေးကလေးနဲ့ အေးမင်း အဖေကို ကိုင်ထားသလို ဖြစ်နေတော့တယ်။

အခုတလောတော့ အေးမင်းမှာ ရပ်ကွက်ထဲ တယောက်ထဲ အထီးကျန်နေသလို ခံစားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့သူငယ်ချင်းတွေက သူ့ကို အပြုတ်တိုက်နေကြလို့ပါ။ အပြုတ်တိုက်တယ်ဆိုတာ သီတင်းကျွတ်မှာ သူငယ်ချင်းတွေ အလှူအတန်း လုပ်ဖို့ ကြိုတင်စဉ်းစား ထားတဲ့အတိုင်း မိဘမဲ့ကျောင်း တကျောင်းမှာ အုန်းနို့ ဆန်ပြုတ် တိုက်ကျွေးတဲ့ အလှူလုပ်ကြရင်း အလှူရှင်တွေပါ ၀ိုင်းသောက်ကြတော့ အေးမင်းကိုလည်း အပြုတ်တပွဲ သောက်ပါလားလို့ သူငယ်ချင်းတွေက မေးတာကို မင်းတို့ကလည်းကွာ ကလေးတွေ အတွက်ဟာကိုလို့ ပြောမိသွားတာနဲ့… သူ့ကို ၀ိုင်းဆဲကြပါရောလား။

အမှန်တော့ တက္ကသိုလ် တက်တဲ့ တောက်လျှောက်မှာ ခေါက်ဆွဲပြုတ်ချည်း ဖိသောက်ခဲ့ရတဲ့ အေးမင်းက အပြုတ်သောက်တာတို့၊ အပြုတ်တိုက်တာတို့ကို အင်မတန် စိတ်ကုန်ခဲ့သူပါ။ အခု သူငယ်ချင်းတွေက အပြုတ်တိုက်လာတော့ သူ စိတ်မကောင်းတောင် ဖြစ်လို့…၊ သူက အဖုတ်ကြိုက်သူ၊ ငယ်ငယ်ကလေးထဲကကို အဖုတ်ကြိုက်သူလို့ဆိုရင် သူငယ်ချင်းမတွေက မျက်စောင်းထိုးဦးမလား မသိပါဘူး။

နောက်တခု အပြုတ်တိုက်တာကို မကြိုက်တဲ့တခုက နိုင်ငံရေးပဲလုပ်လုပ်၊ လူမှုရေးပဲလုပ်လုပ်၊ သာရေးနာရေး ဘာပဲလုပ်လုပ် အေးမင်း မြင်ရတဲ့ လူတွေက မအောင်မြင်ခင် နာမည်မရခင်ကတော့ တွန်းလုပ် ထိုးလုပ် အတင်းကာရော လုပ်တဲ့ကြပြီး နာမည်လေးထွက် နေရာလေးလည်း ရရော သူလုပ်လို့ ငါလုပ်လို့နဲ့ ကွဲချင် ပြဲချင် ဖြစ်လာကြ၊ ကွဲကြ ပြဲကြ အဲဒီထက် ဆိုးတာက တယောက်ရဲ့ ငယ်ကျိုး ငယ်နာ တယောက် ဖော်လို့ နောက်ဆုံး အပြိုင်ချကြ အပြုတ်တိုက်ကျတာတွေ ဖြစ်လာတော့ အဲဒါတွေကို မြင်ရ ကြားရ ကြည့်ရတိုင်းမှာ အေးမင်းမှာ ခေါင်းတခါခါ လည်တခါခါကို ဖြစ်လို့…။

ဒီကြားထဲ အကြော်ဇယား အဖန်ဇယားတွေက ရှိပါသေးတယ်။ အေးမင်း ဖခင်ကြီး ပွဲစားကြီး ဦးဌေးမင်းဆိုလည်း အကြော်အလှော် သိပ်ကြိုက်သလို သူကိုယ်တိုင်ကလည်း အကြော်အလှော် ရပါတယ်။ အိမ်မှာဆို အေးမင်းဟာ အမေ ချက်တာ စားရတာထက် အဖေချက်တာကို စားရတာက ပိုများပါတယ်။

အဖေဟာ အပြင်မှာ ပိုက်ဆံရှာတဲ့အခါ ပွဲစားမို့ ပါးစပ်နဲ့ ကြော်တယ်၊ လှော်တယ်။ ပွဲညွှန့်စားတယ်၊ ဈေးတင်ရိုက်တယ်၊ ဖြတ်တယ်၊ ခုတ်တယ်၊ ကြော်တယ်၊ လှော်တယ်… အကုန်လုပ်ပါတယ်။ အိမ်မှာကျတော့ အိမ်ရှင်မကောင်း မပီသတဲ့ အမေ့ကို ချစ်လွန်လွန်းလို့ ကြော်ရ၊ လှော်ရပြန်ပါတယ်။ အကြော်ဇယားကျသူဟာ အကြော်မတတ်ပေမယ့် ကြံတတ်တဲ့ မယားကျတော့ ခံရတဲ့ဘက်မှာပဲ ရှိနေတာကတော့ ဘယ်သူ့ဘယ်သူမှ ဂိုးမသွင်းနိုင်သေးပါဘူးလို့တော့ ပြောလို့ မရပါဘူး။ အေးမင်းတို့ မောင်နှမ ငါးယောက် ထွက်ခဲ့တာကိုသာ ကြည့်ကြပါတော့…။

အေးမင်းရဲ့ အကိုကြီး ကိုရာဇာကျတော့ အစိမ်းစားတတ်တယ်။ သူကျတော့ မကျက်လည်း ရတယ်၊ မချက်လည်း ရတယ်။ ကိုရာဇာက ဘယ်လိုမှကို မနေပါဘူး။ သူက စားမယ်ဆိုတာချည်းပါပဲ… အစိမ်းလေးက ပိုတောင် လတ်ဆတ်သေးလို့ သူက ဆိုတတ်တယ်။ ဟင်းသီး ဟင်းရွက်တွေ၊ သစ်သီး သစ်ဥတွေများ တခါတခါ ရေတောင် မဆေးတော့ဘဲ ဂျိုးဂျွက် ဂိုးဂွက်နဲ့ ၀ါးထည့်လိုက်လို့ အမေက သူချစ်တဲ့ သားကြီးကို ရိုက်ပြုပြီး နင့်ဟာက ရေလေးတော့များ ဆေးစမ်းပါဦးဟဲ့လို့ ပြောရတဲ့သူပါ။

မနှင်းစန္ဒာကတော့ အေးမင်းရဲ့ အထက်က အမပါ၊ ရုပ်ချောသလောက် သူကျတော့ အပျော့အပြဲ လူမကြိုက်တာမျိုးကိုမှ အဟုတ်မှတ်လို့ အရသာတွေ့တတ်သူပါ။ ထမင်းတောင် ပျော့တဲ့နေ့ဆို သူက ပျော်ပါတယ်။ အသီးအနှံတွေ ၀ယ်တာများပြီး စားတာနည်းလို့ စားမကုန်တဲ့အခါ ပျော့သွား ပျော်သွားတာမျိုးကို အများက မကြိုက်ချိန်မှာ မစန္ဒာက ပျော်ပျော်ကြီး စားတဲ့သူပါ။

လူစုံ စရိုက်စုံတွေ ပြည့်နေတဲ့ အေးမင်းတို့အိမ်ကလေးက ပျော်စရာပါ။ နောက်ဆို ပိုတောင် ပျော်ရဦးမယ်လို့ အေးမင်းထင်ပါတယ်။ နောင်များ ကံကောင်းလို့ သူ ကလေးရခဲ့ရင် သားကလေးတယောက်နဲ့ သမီးကလေးတယောက် သူရချင်တယ်လို့ တွေးမိတယ်။

သူ့သားကလေးဟာလည်း သူ့လိုပဲ အဖုတ်ကြိုက်လာပြီး သူ့သမီးလေးဟာလည်း သူ့အမေဖြစ်လာမယ့် သူကလေးလို အသုတ်တွေ ကြိုက်နေဦးမှာလို့ သူ့ဟာသူ တယောက်ထဲ တွေးပြီး အဲကွန်းကို အအေးဆုံးဖွင့်ပြီး တညလုံး အိပ်လိုက်တာ မနက်ကျတော့ မြောက်အိုးကွဲလေး အေးမင်းဟာ… လေဖြတ်ပါလေရောဗျို့…။

အဲဒီကတည်းက အေးမင်းဟာ အဖုတ်တွေ မစားနိုင်တော့ပါဘူး၊ အစပ်လည်း မစားနိုင်တော့ပါဘူး…။ ဒါပေမဲ့ သွားရည်တွေတော့ ကျလို့…။

၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်။
မနက် ၁ နာရီ။

မိုးက ပြေပြေကလေး ရွာနေလေတယ်၊ အဲဒါမှ ကျွန်တော်က ကြိုက်ပါတယ်။ မိုးရွာထဲ လမ်းလျှောက်ရတဲ့ အရသာက ကျွန်တော် ကြိုက်တဲ့ အရသာတွေထဲမှာ အကောင်းဆုံးထဲက တခု ဖြစ်ပါတယ်။

ကိုရဲမောင်နဲ့ အတူထိုင်ပြီး ထွက်လာတော့ လူကလည်း ကောင်းနေပါတယ်၊ ကောင်းနေတယ်ဆိုတာက မိုးရွာထဲ လမ်းလျှောက်မယ့် မတိုင်ခင်ကတတည်းက ကျွန်တော့်မှာ ကြိုက်တဲ့ အရသာတခုက ရှိနေပြီး ဖြစ်ပါတယ်။

ကိုရဲမောင် အိမ်ပြန်ဖို့ ကားဂိတ်လိုက်ပို့ရင်း ကားထွက်ချိန် စောနေသေးတာနဲ့ ကျွန်တော်တို့ ကားဂိတ်နားက ဆိုင်တဆိုင်မှာ ထိုင်ဖြစ်ကြတယ်၊ သိပ်ကောင်းလှတဲ့ ဆိုင်တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ အေးအေးဆေးဆေး စကားပြောလို့ ရတာနဲ့ ထိုင်ဖြစ်ကြတယ်။ ဆိုင်နာမည်လေးကတော့ လှတယ်… ဘာတဲ့… ချစ်သူတို့ည (Lovers’ Night)။

နောက်တော့ သောက်ရင်းစားရင်း စကားတွေ ပြောကြတယ်၊ ကားထွက်ချိန်နီးနီးအထိပေါ့။ ကိုရဲမောင်က နာမည်ရင်း မဟုတ်ပါဘူး၊ သူ့နာမည်ရင်းက တခြားတခုပါ၊ ဘာကြောင့်မှန်း မသိပါဘူး၊ သူနဲ့ ခင်ပြီးနောက်မှာ သူ့ အသံကောင်းလွန်းနေတာရယ်၊ တခါ သူ့ရုပ်ရည်ကလည်း သာမန်ထက်လွန်လို့ မင်းသား ရဲအောင်လိုလို ဘာလိုလိုဆိုတော့ အသံကောင်းတဲ့သူ မင်းသားရုပ်နဲ့တူတဲ့သူ့ကို ကျွန်တော်က ကိုရဲမောင်လို့ မှတ်ထားလိုက်တယ်။ သူတောင် မသိပါဘူး။ အဲဒီလို…။

ကျွန်တော်က ကျွန်တော် စိတ်ထဲ ထင်ချင်တာ ထင်တတ်တယ်၊ တွေးချင်တာ တွေးတတ်တယ်၊ လုပ်ချင်တာ လုပ်တတ်တော့ ကျွန်တော့် အတွက်ကတော့ အရာအားလုံးဟာ စိတ်ဝင်စားစရာတွေချည်း၊ အသစ်အဆန်းတွေချည်း ဖြစ်နေတတ်တယ်။

မင်းသားရဲအောင်ဆိုလို့ နာမည်ကျော် စာရေးဆရာမ ဂျုးရဲ့ အလွန် လူကြိုက်များတဲ့ ၀တ္ထုစာအုပ် မြစ်တို့၏မာယာကို ရန်အောင်၊ ရဲအောင်၊ မေသန်းနုတို့ရဲ့ ရိုက်ပါရောလား…။

အဲဒီမှာ ဇာတ်ဝင်ခန်းတခန်း ပါတယ်လေ၊ မင်းသားရဲအောင်က သူ့ဆွဲကြိုးလေးလား… မင်းသမီး မေသန်းနုရဲ့ ခြေကျင်းဝတ်မှာ ဆွဲပေးတာ… မလှဘူးလား။ ယောက်ျားတယောက် မိန်းမတယောက်ရဲ့ ခြေရင်း ထိုင်ရင်း ခြေကျင်းဝတ်မှာ… ကျွန်တော် ခံစားရတယ်၊ လှတယ်၊ မိုက်တယ်၊ ကြိုက်တယ်၊ ခိုက်တယ်။

လူကသာ ပုံမလာ ပန်းမလာလို့ ပြောချင်ပြောကြပါ၊ ကျွန်တော်က အင်မတန်မှ ခံစားတတ်သူကိုးဗျာ၊ အနုအရွ အလှအပ အပြုအပြ အသိမ်အမွေ့ အရှိန်အတွေ့ အင်မတန် ခံစားတတ်တယ်။ မှောက်မှောက်ရမ်းရမ်း မဟုတ်ပါဘူး၊ အလှတရားကို ခံစားတာကို ပြောတာပါ။

ထားပါတော့လေ… ကြော်ငြာလေး သင့်သလောက်ထိုးပြီးရင် ဇာတ်လမ်းကို ဆက်ပါဦးမှ… စကားပြောရင်း သောက်ရင်းနဲ့ အရှိန်ကောင်း သွားလိုက်ကြတာ အချိန်မေးမှ အမလေးတလို့ ကိုရဲမောင် ထပြေးရတယ်။ သူ့ ဘတ်စ်ကားက ထွက်တော့မှာကိုးဗျ။ အပြေးတပိုင်းနဲ့ ထထွက်သွားတဲ့ ကိုရဲမောင်ကို ကြည့်ပြီး လက်ကျန် သောက်လက်စလေး ဖြည်းဖြည်း ကျွန်တော် သောက်တယ်။

မိုးဖွဲလေးတွေ ကျနေမှရော… အရသာပေါ် အရသာဆင့်ပြန် တိုးပြီပေါ့လို့ တွေးလိုက်တယ်။ ဒီညဟာ အရင်ညတွေနဲ့ မတူပြန်ဘူးပေါ့။ ဒီအမှောင်ဟာ အရင်အမှောင်တွေနဲ့ မတူဘူးပေါ့။ ဒီညဟာ လှတဲ့ ညတညပေါ့။ ကျွန်တော်က ကဗျာဆရာ မဟုတ်ပါဘူး၊ ကဗျာဆန်သူလို့ ဆိုရင် လုံလောက်တဲ့သူပါ။

မိနစ်တချို့ကို ဆိုင်ထဲမှာ ထားခဲ့ပြီးနောက်မှာ ကျွန်တော် ပြန်ဖို့ပြင်တယ်၊ အော်… မိုးတောင် နည်းနည်းချုပ်နေမှကိုးလို့ တွေးလိုက်မိသေးတယ်။ မိုးရေဖွဲဖွဲထဲ လမ်းလျှောက်ရဦးမှာပေါ့… ကမ္ဘာကြီးဟာ တခါတခါမှာ သူ့ဟာသူ လှနေသားပဲလို့လည်း ကျွန်တော် တွေးလိုက်မိတယ်။ များသောအားဖြင့် ကမ္ဘာနဲ့ချီပြီး ကျွန်တော် တွေးလေ့ မရှိပါဘူး။

ဆိုင်ကနေ မိုးဖွဲ အရသာခံလို့ လျှောက်လှမ်းလာတာ ဘာမှတောင် မကြာသေးဘူး၊ ရှေ့က လူတယောက် ပိတ်ကာရပ်လိုက်တာကို လှစ်ကနဲ တွေ့လိုက်တယ်။ ကျွန်တော် သိုင်းသမား မဟုတ်ပါဘူး၊ ဒါပေမဲ့ အရှောင်အတိမ်း နည်းနည်းပါးပါး ရတယ်လေ၊ သောက်ထားတဲ့ အရှိန်ကလေးကလည်း ရှိနေတော့ အမယ် ရှောင်လိုက်တဲ့ အကွက်လေးက လှမှလှ…။

သိပ်မလှတာက ရှေ့မှာ မြင်နေရတဲ့ ကောင်မလေးတယောက်၊ ရှိလှမှ ၂၀ ကျော်လေးပေါ့။ မျက်နှာလေးက နုနေတယ်၊ ကိုယ်လုံးကိုယ်ပေါက်ကတော့ ရွှေဘိုမင်းကြိုက်လို့ ဆိုရမလား၊ ခပ်ဖွံ့ဖွံ့ပါပဲ။ မချောဘူးလို့ ဘာကြောင့် ပြောရသလဲဆိုတော့ သောက်ထားတဲ့ ကြားကတောင် မလှမှန်း သိနေလို့ပဲဗျ။

မိန်းကလေးမြင်ရင် ခင်တတ်တဲ့ ဥာဉ်က ဖျောက်မရသေးဘူး၊ သည်းခံဖျောက်ကြည့်တာလည်း သည်းခံလိုက်ရတာပဲ အဖတ်တင်တယ်၊ ပျောက်တော့ မပျောက်သွားသေးဘူး။ ဒါနဲ့ ဘာလဲဟ… ဘာလဲဟ လို့ စိတ်မှာ နှစ်ခါလောက်ဖြစ်ပြီး ပါးစပ်ကလည်း ထွက်သွားတယ်၊ အဲဒီအတိုင်းပါပဲ… ဘာလဲဟပေါ့။

“ကျွန်မ နာမည် ဆိုနီပါ“

အဲဒါဘာဖြစ်သလဲ၊ ကျွန်တော်က ဘာလုပ်ရမှာလဲ။ ကျွန်တော်က လ၀က က အရာရှိလဲ မဟုတ်၊ ကိုယ့်အိမ်ကိုယ်ပြန်လာတဲ့သူတယောက်၊ ဖြစ်ချင်းဖြစ် သူက ကျွန်တော့်ကို စစ်ဆေးလာရင် ကျွန်တော်က ဖြေရမယ့် တာဝန်ရှိတာ မဟုတ်ဘူးလား၊ အခုတော့ ငါးဖယ်က ပြောင်းပြန်ဖြစ်နေတာကိုးဗျ။

ကျွန်တော် နည်းနည်းလည်း ရယ်ချင်သွားတယ်။ သူ ပြောလိုက်တဲ့ နာမည်က ကျွန်တော် သုံးနေတဲ့ ကင်မရာ တံဆိပ်။ မျက်နှာပိုး အသာသပ်လို့ သူ့မျက်လုံးထဲ ကျွန်တော် တည့်တည့်နဲ့ ရဲရဲ ကြည့်ပစ်လိုက်တယ်။ မိန်းကလေးတွေကို ပုံမှန်ဆို ကျွန်တော် ဒီလို ခပ်ရဲရဲ မကြည့်ရဲဘူး။ အခုတော့ အားဆေး မသောက်ထားပါဘဲ အားရှိနေသူလို… ခပ်ရဲရဲပဲ။

“ဟင်… ကျွန်တော် ဘာလုပ်ပေးရမလဲ၊ ဘာလုပ်မလို့လဲ“

သူက နာမည်ပဲ ပြောရသေးတယ်၊ ကျွန်တော်ရဲ့ ကူညီချင်စိတ်တွေက ဖောင်းကြွနေပြီ။ မိန်းကလေးကလည်း မလှဘူးဆိုပေမယ့် ရုပ်အဆိုးကြီးလည်း မဟုတ်ပါဘူး။ နောက်ပြီး သူ့မှာ ထီးလည်း မပါရှာပါဘူး၊ အေးနေပုံလည်း ရပါရဲ့… ပြီးတော့ ကျွန်တော့်လို မိုးကြိုက်သူရော ဟုတ်ရဲ့လား မသိပါဘူး။

“ဒီလိုပါ၊ ကျွန်မက ဒီမြို့က မဟုတ်ပါဘူး၊ တောင်ဘက်ပိုင်းက တခြားမြို့ကပါ။ အိမ်ပြန်ဖို့ ရှိတဲ့ ပိုက်ဆံလေးနဲ့ ရထားစီးဖို့ သွားတာ ရထားချိန် မမီဘူး ဖြစ်သွားတယ်၊ အဲဒါ အခု ကားနဲ့ ပြန်ဖို့ပါ။ ကားခကလည်း မရှိတော့ဘူး ဖြစ်နေတယ်။ ကားခလေး ၅၀ လောက် ကူညီနိုင်မလား“

ဟ… အလာကြီးပါလားလို့ စိတ်က တွေးမိပြီး ဒေါသက နည်းနည်းတောင် ထွက်သွားတယ်။ ပိုက်ဆံ ၅၀ နည်းသလား၊ အရပ်ကတို့…။ ဈေးချတဲ့ အချိန် ကံကောင်းရင် ဖိနပ်တရံနဲ့ ဘောင်းဘီတထည် ရနိုင်တဲ့ဟာကို…။ ပြီးတော့ သိလည်း မသိပါဘဲ ပိုက်ဆံ လာတောင်းရက်တယ်။

ကဇော်သမားတွေကတောင် စေတနာရှိသလောက်လေး ပေးပါ၊ အကြွေလေး ရှိရင် ပေးပါဆိုလာတာတောင် ကိုယ်က စေတနာရှိလှသူ မဟုတ်ပါဘူး။ တခါတလေ အဖေအရွယ်၊ အဖိုးအရွယ် တွေ့ရင်တော့ အေးကလည်း အေးနေတယ်ဆိုရင် ထိုင်နေတဲ့ ဇွဲကို ဆုပေးတဲ့ အနေနဲ့… တခါ စိတ်ကောင်းကလည်း ၀င်နေတဲ့ အချိန်ဆိုရင် တကျပ်တပြား စွန့်ကျဲတတ်သူပါ။ အဲဒါမျိုး အကြိမ် ၅၀ လောက် သဒ္ဓါကြီးမားသူကြီးအဖြစ် လှလှပပ ကလို့ရတဲ့ ဇာတ်မျိုးကို တချီတည်းနဲ့ ပွဲဖျက်လိုက်မယ့် လုပ်ပွဲ (လက်ဝှေ့ပွဲ) လို ကောင်မလေးက လာလုပ်တဲ့ အထာက မညက်လိုက်တာလို့လည်း တွေးရင်းနဲ့ ဘာပဲဖြစ်ဖြစ် အလှဘက် ဇောင်းပေး ကြည့်တတ်သူ ကျွန်တော်ရင်ဟာ သည်းသည်း လှုပ်ခတ်လို့…။

ညကလည်း ကင်းဘတ်ဖြူစပေါ် ဆေးမည်းအထပ်ထပ် ဆွဲသလို ပိုပိုမှောင်လာတယ်၊ မှောင်သလောက် လှလာတာမျိုးတော့ မဟုတ်ဘူး၊ ရင့်သွားတာမျိုး…။ အရင့်ကြိုက်သူတွေကတော့ ကြိုက်မှာပေါ့လေ… ကျွန်တော်က အပေါ့ကြိုက်သူ၊ ပေါ့ပေမယ့် ပါးပြီး လျှပ်တာမျိုးကို ကြိုက်တဲ့သူ…။

ကောင်မလေးက ခပ်ထူထူ ဖြစ်ပုံရရဲ့… သေချာပြီ၊ ကျွန်တော့် အကြိုက်မျိုးတော့ မဟုတ်၊ ဒါပေမဲ့ ခင်သွားတယ်။ သူပြောပုံဆိုပေါက်၊ ကြည့်ပုံရှုပေါက်က လှနေတယ်။ ကိုရဲမောင်ကြီးကိုတောင် လှမ်းသတိရလိုက်သေးတယ်။ ဒီလူကြီးတော့ ကားပေါ်မှာ ဇိမ်ကျနေလောက်ပြီ၊ အိပ်တောင် ပျော်နေပြီလား မသိဘူးလို့…။

“မင်းဟာက ဘယ်ကို ပြန်မှာမို့လို့လဲကွ၊ ငွေ ၅၀ တောင်မှလား၊ များလှချည်လား“

သူက မျက်နှာကို ပိုတည်ပစ်လိုက်ပြီး ပြန်ပြောတယ်။

“မများပါဘူး၊ အိမ်ရောက်တဲ့အထိဆို ၅၀ အနည်းဆုံး ကုန်မှာပဲ၊ ပေးပါလား… ပြန်ချင်လှပြီ၊ အေးကလည်း အေးလိုက်တာ…“

အမယ် သူကလည်း ပိုင်လိုက်တာလို့ ကျွန်တော့်မှာ စိတ်ထဲက ရယ်လိုက်မိတယ်၊ မျက်နှာမှာတော့ မပေါ်စေပါဘူး။ ကျွန်တော့်ကို လူတချို့က အပိုင်တွက်တတ်ကြတယ်။ ဒီငတိက သဘောကောင်းတဲ့ပုံပါကွာ၊ အကူအညီတောင်းလိုက်စမ်းပါ၊ ကူညီပါလိမ့်မယ်လို့ ရင်းနှီးသူတွေက ထင်တတ်ကြပါတယ်။

မဟုတ်ဘူးလားဆိုတော့ မဟုတ်ဘူးလို့လည်း မငြင်းချင်ပါဘူး၊ ဟုတ်တယ်လားဆိုတော့ ဟုတ်တယ်လို့လည်း မပြောဝံ့ပါဘူး။ ၅၀ ၅၀ လို့ပဲ စီးပွားရေးသမားဆန်ဆန် ပြောရပါ့မလား။ ခိုင်းကြည့်ပေါ့လေလို့ သံတမန်ဆန်ဆန်ပဲ စကားတ၀က် အဓိပ္ပာယ်တ၀က် ထုတ်ထား/ဖွက်ထားရမလား ကျွန်တော်တော့ ကိုယ့်ဘာသာ တခါတခါရှုပ်လို့…။

“မင်းက ပိုင်လှချည်လားကွ၊ မင်းနဲ့ တခါမှ မသိတဲ့ ယောက်ျားတယောက်ဆီကနေ ပိုက်ဆံ ၅၀ အလွယ် လာတောင်းနေတာပဲ။ မင်း ဘယ်နှခါ အဲဒီလို ရစမ်းဖူးသလဲ ပြောပြပါဦး“

သူကလေး တချက်ငေးတယ်၊ စိတ်မကောင်းလည်း ဖြစ်သွားပုံပါပဲ။ ဘာဆက်ပြောလို့ ဘာဆက်လုပ်ရမှန်းလည်း မသိအောင် ဖြစ်သွားပုံပါပဲ။ အသက် ၂၀ ကျော်ရွယ် မိန်းကလေးတယောက်ရဲ့ ညဘက်စခန်းဟာ သူ့ဟာသူ မဟုတ်တော့ဘဲ တယောသံ အီအီလေး နောက်ခံထားသလိုပါပဲ။ လွမ်းပဲ လွမ်းရမလိုလို၊ မျက်ရည်ပဲ ၀ဲရမလိုလို… ညဟာ သူ့ဟာနဲ့သူတော့ လှနေတာပါပဲ၊ အေးလာတာ တခုပဲ ပိုလာတာပါ။

သူလေးလည်း အေးရှာမယ်၊ ကျွန်တော်လည်း အေးနေပါပြီ။ နှစ်ယောက်ရပ်ပြီး ပုစ္ဆာတပုဒ်ကို အတူတွက်နေသလို… လူကလည်း အသွား အလာ မရှိသလောက်ပါပဲ။ လမ်းတဖက်ခြမ်းမှာ အဝေးပြေးကားဂိတ်ဝင်း၊ တခါ ကျွန်တော် လျှောက်မယ့်အရပ်ဆီ ဆက်လျှောက်ရင် ဘူတာရုံ ရောက်မယ်၊ လာခဲ့တဲ့ နောက်ဘက် ခပ်လှမ်းလှမ်းကို ပြန်လျှောက်ရင် ခုန ထိုင်ခဲ့တဲ့ ဆိုင်ကို ပြန်ရောက်မယ်။

ကောင်မလေးက ငိုင်ငေးသွားပြီးနောက်မှာ စကားဆက်တယ်။

“ကျွန်မမှ တခါမှ မတောင်းဘူးပဲ၊ အခုလည်း အရမ်း ဒုက္ခရောက်နေလို့ တောင်းတာပါ၊ နောက်ပြီး ရှင် ကူညီလိမ့်မယ်လို့ စိတ်ထဲက သိနေလို့ပါ“

ဟား ဟား ဟား… အော်ရယ်ဖို့ပဲ ကောင်းပါတော့တယ်။ ဒီကောင်မလေး ဈေးကွက်အရောင်းမြှင့်တင်ရေး အမှုဆောင်အရာရှိ လုပ်ရင် ပေါက်မှာ… (ပေါက်မှာဆိုတာ အောင်မြင်မှာလို့ ပြောတာပါ)။ ကိုယ့်ပစ္စည်း ၀ယ်ချင်အောင်၊ ကျအောင်၊ တဖက်လူ နှလုံးပီတိ ဂွမ်းဆီထိအောင် ပြောတတ်လိုက်တာ (ဒါမှမဟုတ် အတည်ပေါက်နဲ့ နောက်တတ်လိုက်တာ) လို့ တွေးလိုက်မိတယ်။ ရယ်တော့ မရယ်ပါဘူး… တကယ်။

နောက်မှတခါ ထပ်တွေးမိတာက လွှတ်တော်အမတ်လုပ်ရင်လည်း ဖြစ်လောက်တယ်လို့… ဟုတ်တယ်လေ… အခုလို အပြောအဆိုမျိုးဆို မဲဆန္ဒရှင်တွေက ကြိုက်ကြမှာပဲ။ အခု ကျွန်တော်တောင် ခန္ဓာကိုယ်တွင်းမှာ အရသာတခု၊ ခန္ဓာကိုယ်ပြင်ပမှာ ကျွန်တော်ကြိုက်တဲ့ အရသာတခု နှစ်ခု ရထား၊ ခံစားထားနှင့်နေတာတောင် ကောင်မလေး အပြောတလုံးမှာ တခေါင်းလုံး စဉ်းစားလို့…၊ သူတောင်းတာ ပေးလိုက်တော့မလားလို့ပေါ့။

အလှကြိုက်သူ၊ အသည်းနုသူ၊ အသွေးမကြွယ်သူ မနူးမနပ်လေး ကျွန်တော် သူကလေးရဲ့ အရူးကွက်မှာ မိတော့မှာတော့ စက္ကန့်ပိုင်းအလို ဖြစ်နေပါပေါ့လား။ ညမှောင်နေတော့ ဘယ်သိကြားမှလည်း လာမကယ်နိုင်၊ ဘယ်ရဲသားမှလည်း အရောက်မလာနိုင်တော့ပါလားလို့ ကောင်မလေးကိုတောင် မညှာတာလို့ ကိုယ့်ဘက်ကိုယ်ယက် တွေးမိတယ်။

“မင်းက တယ်အပြောကောင်းပါလား၊ ပိုက်ဆံပေးချင်အောင် ပြောတတ်တယ်“

“တကယ် ပြောတာပါ၊ ကျွန်မ တကယ်ပြောတာပါ“

သူကလေးကလည်း ခေသူမဟုတ်ထဲကပေပဲ။ ကျွန်တော့် စိတ်ကူးက ရုတ်တရက် ညအမှောင်နဲ့ ထပ်တူကျသွားတယ်။

“ငါ့ အိတ်ထဲမှာတော့ ပိုက်ဆံမပါဘူး၊ ဟိုး ဘူတာ မရောက်ခင် လမ်းထောင့်ကလေးမှာတော့ စတိုးဆိုင်တဆိုင် ရှိတယ်၊ အဲဒီမှာ ထုတ်ပေးမယ်။ ဒါပေမဲ့…“

ဆက်မပြောရဲသေးဘူး၊ ကျွန်တော့်မှာ ရှက်ကလည်းရှက် ကြောက်ကလည်း ကြောက်နေတယ်။ ကျွန်တော် စကားပြောရင်း ရင်တွေ ခုန်နေတယ်။ အခုဟာက ပိုက်ဆံပေးမယ့် ကိစ္စပါ၊ ချစ်စကား ကြိုက်စကားလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ အဲ… ဒါပေမဲ့နောက်က စကား ဆက်ပြောဖို့ ကြောက်ရွံ့တုန်လှုပ်နေတော့တယ်။

ဒီစကားကို ဆက်ပြောသင့်သလား၊ ဒီစကားဟာ ယောက်ျားစကားလား၊ ဒီစကားဟာ အခွင့်အရေးသမားရဲ့စကားလား။ ကောင်မလေးရဲ့ တွေဝေမှုလိုပဲ ကျွန်တော်လည်း ထပ်တူတွေဝေနေရပြီ။

“ဒါပေမဲ့ ဘာဖြစ်သလဲရှင့်“

“အင်း… မင်းကို ပိုက်ဆံ ထုတ်မပေးခင် အဲဒီလမ်းထောင့်လေး မရောက်ခင်မှာတော့ ငါ မင်းကို တချက် နမ်းလိမ့်မယ်။ မင်း သဘော တူရင်ပေါ့“

ကောင်မလေး မျက်နှာတချက် ငုံ့သွားတယ်၊ ပြီးတော့ ချက်ချင်း ပြန်လှန်ကြည့်တယ်။ စူးစူးစိုက်စိုက်ကြည့်တယ်။ ပြီးတော့ ရယ်သလို မရယ်သလို ချက်ချင်းဆိုသလို မျက်နှာမှာ လှစ်ကနဲလုပ်ပြီး ခေါင်းပြန်ငုံ့တယ်။ ခေါင်းတခေါက် ပြန်မော့တော့ မျက်ရည်လေးတောင် ရစ်ဝဲသီဝေလို့…။

“ကောင်းပြီလေ၊ လမ်းထောင့်မရောက်ခင် နမ်းမယ်၊ ပြီးရင် လမ်းထောင့်က စတိုးဆိုင်မှာ ပိုက်ဆံထုတ်ပေးမယ်၊ ပြီးရင် ပြီးပြီ မဟုတ်လား“

အမယ်… အပေးအယူဆန်သွားသလို သူကလေးကလည်း စကားပြော ရဲတင်းသွားတယ်။ ချက်ချင်းကြီးကို ပြောင်းလဲသွားတာ… ကြည့်ပါဦး။ ခုနကတော့ အဲဒီလို မဟုတ်ဘူး။ အခုတော့ သူ့ပုံစံက ရှယ်ယာပဲ စပ်တူလုပ်တဲ့ လုပ်ဖော်ကိုင်ဖက် လုပ်ငန်းရှင် သူငယ်ချင်းလိုလို ဘာလိုလို…။

ကျွန်တော့်မှာသာ ပြောပြီးစလစ် နံပါတ်တစ် ဖြစ်နေလို့… ဘယ်လိုနမ်းရမလဲ၊ တကယ်နမ်းရမလား၊ မနမ်းဘဲနဲ့ ပိုက်ဆံပဲ ဒီအတိုင်းတိုင်း ဘာဖြစ်ဖြစ်ဆိုပြီး ပေးလိုက်ရမလား။ လုံးဝ သူတော်ကောင်းကြီးပဲ လုပ်လိုက်ရမလား။ ဒါမှမဟုတ် တခါမှ မနမ်းဘူးသေးတဲ့ အနမ်းဦးလေးကို ပိုက်ဆံနဲ့ ပေးဝယ်လိုက်ရမလား။ လားပေါင်းများစွာနဲ့ မျက်စိစပ်လို့… ကိုယ်တွင်းက အရသာက အခုအခါမှာ ပျောက်လုလု…။

ပျောက်လုလုဆိုတာက ဦးနှောက်ထဲ တွန်းထိုးပြေးဝင် ရောက်သွားလို့ကိုးဗျ။ ဦးနှောက်ကတော့ ပြောနေတယ်၊ နမ်းသာနမ်းလိုက်စမ်းပါကွာ၊ ပိုက်ဆံလည်း ပေးမယ့်ဟာပဲ၊ ဘာမှမဖြစ်ပါဘူးတဲ့။ မင်းလည်း အတွေ့အကြုံရသွားတာပေါ့တဲ့။ နမ်းတာကို ဟောလီးဝုဒ်ရုပ်ရှင်တွေကြည့်ပြီး မျက်တွေ့သင်ထားတဲ့ကောင် လာလေရော့…။

အဲဒီလမ်းထောင့်လေး မရောက်ခင်ကနေ လမ်းထောင့်ကလေးရောက်၊ စတိုးဆိုင်ဘေးက စက်ကလေးမှာ ပိုက်ဆံထုတ်၊ သူ့ကို လှမ်းပေးလိုက်တယ်။

“ရော့ ၅၀၊ သွားတော့…“

“ကျေးဇူး၊ ဖုန်းနံပါတ်လေး ပေးပါလား“

အမယ်၊ ဇာတ်လမ်းက မပြီးသေးပါလား။ ပေါက်ကားဆိုပြီးတော့ နံပါတ် ၂ ရိုက်ချင်သေးပုံရတယ်။ အလည်ထက် အဖျံလေးလား မသိဘူးလို့တောင် စိတ်ပူသွားမိတယ်။

“မဟုတ်ပါဘူး၊ နောက်တခေါက် ကျွန်မ ဒီလာရင် ရှင့် ပိုက်ဆံ ပြန်ပေးရအောင်ပါ။ တခုတော့ ရှိတယ်၊ အဲဒီအချိန်ကျရင် ရှင်လည်း ကျွန်မလိုပဲ နာကျင်အောင် အနမ်းခံရလိမ့်မယ်“

သူကလေးက မရယ်မပြုံးနဲ့ အတည်ပြောတာပါ။ ခံစားချက် အပြည့်နဲ့ ပြောနေတာဆိုတော့ သူကလေး အများကြီး စိတ်ဆိုးသွားပြီ ထင်ပါတယ်။

ဟာ…၊ ကျွန်တော် စိတ်မကောင်း ဖြစ်သွားတယ်။ ကျွန်တော် သိပ်ကြမ်းသွားခဲ့ပြီလားလို့လည်း တွေးလိုက်မိတယ်။ သိပ်ကြမ်းသွားသလား၊ မကြမ်းပါဘူးလို့လည်း ကိုယ့်ဘာသာမေး… ကိုယ့်ဘာသာဖြေမိတယ်။ ကောင်မလေးကတော့ ကျွန်တော့် အငိုင်ကို ပြုံးပြုံးလေး ကြည့်နေတယ်။ ဒါပေမဲ့ သူ့ဟာက မဲ့နေသလိုလို…။

“မပေးဘူးလား၊ ဒါဆို ကျွန်မ သွားတော့မယ်၊ ကျေးဇူးတင်ပါတယ်။ ကောင်းသောညပါ“

ကျွန်တော် အဲဒီနေရာမှာ ရပ်နေတုန်းပဲ၊ မိုးကလည်း ဖွဲဖွဲလေးပါပဲ ကျနေတုန်းပဲ။

ကောင်မလေး လက်ကလေးကို ကိုင် (ထင်ထားတာထက် နူးညံ့နေတဲ့ လက်ကလေးတစုံ)၊ ပြီးတော့ ပခုံး၊ ကိုယ်လုံးလေးကို ဖျစ်ညှစ်… ပြီးတော့ သူ့ရဲ့ ထူထူထဲထဲ နှုတ်ခမ်း…။ ကျွန်တော်… တော်တော် မောသွားတဲ့ အထိ…၊ ကောင်မလေး မျက်ရည် ရစ်ဝဲ…၊ သူ့မျက်လုံးတွေ နီရဲသွားတဲ့အထိ…။

မိုးလေးက ဖွဲဖွဲရွာနေဆဲ… ကျွန်တော့် ပါးပြင်ထက်မှာတော့ စမ်းချောင်းလေး နှစ်ကြောင်း စီးဆင်းသွားခဲ့ပြီ၊ ညကတော့ သူ့အလုပ် သူလုပ်တုန်း… မဲမဲကို မှောင်လို့…။

၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်။
ညသန်းခေါင်၊ ဘန်ကောက်။

“မင်းထားတဲ့နေရာ သွားပါ့မယ်…
မင်းစားတဲ့အစာ စားလိုက်မယ်…
မင်းပြောရမှာ တခုတည်း… သိလားကွယ်…
ဦးလေးကြီးကို ချစ်ပါ့မယ်… ဦးလေးကြီးလို ချစ်ပါ့မယ်…

ကျွန်တော်က ဘာရယ်မဟုတ် ကျွန်တော် နားရည်ဝနေတဲ့ သံစဉ်မှာ ထည့်ချင်တဲ့ စာသားထည့်ပြီး သီချင်းညည်းတတ်သည်။ ဗိုလ်မက သဘောကျပြီး ရယ်လေသည်။ ဦးဗိုက်ပူက ရယ်စရာ ကောင်းတယ်လို့လည်း ပြောလေသည်။ သူပြောတာကို ကျွန်တော် နားထောင်ပြီး ကျွန်တော့်မှာ ရယ်ရလေသည်။

အသက်ကြီးလာတော့ ကောင်မလေးငယ်ငယ်လေးတွေကို ပိုသဘောကျလာမိသည်၊ အရင်ကလည်း အသက်ကြီးကြီး အမျိုးသမီးများကို သဘောမကျခဲ့ပါ။ ယောက်ျားတယောက်အတွက် မိန်းမအဖြစ် ယူရမည့် အမျိုးသမီးမှာ ဒွေးချိုး လေးတိုးဟု ငယ်ငယ်ကတည်းက ကြားဖူးသည်။ ကျွန်တော်တွက်ကြည့်သည်။

ကျွန်တော့်အသက်က ၄၀၊ ဒွေးချိုးလိုက်တော့ ၂၀၊ ၂၀ ကို လေးတိုးလိုက်တော့ ၂၄၊ ကျွန်တော့်အသက် ၄၀ မှာ အသက် ၂၄ နှစ်အရွယ် မိန်းကလေးကို ယူလိုက်လျှင် စာချိုးနှင့် ညီလိမ့်မည်။ အခု သူငယ်ချင်း မိတ်ဆွေများထဲက အသက် ၂၈၊ ၂၉၊ ၃၀ အရွယ် အမျိုးသမီးများကို ကြည့်ကြည့်သည်၊ (ဓာတ်ပုံကြည့်တာကို ပြောတာပါ)။ အိုစာလွန်းသည်ဟု စိတ်ထဲ ထင်မိသည်။ သူတို့က ကျွန်တော့်အတွက် မဟုတ်တော့… အသက် ၅၀ အရွယ် ဘဘကြီးများအတွက်သာ ဖြစ်နိုင်ပေတော့မည်။ မတတ်နိုင်၊ သူ့ကုသိုလ်ကံနဲ့ သူပေါ့လေ၊ သတ္တ၀ါတခု ကံတခုပေါ့။

မြတ်စွာဘုရားတောင် သတ္တ၀ါတိုင်းကို ချေချွတ်ကယ်တင်သည်မဟုတ်ဟု ကြားဖူးသည်။ ကျွန်တော့်လို အမှိုက်က ပိုတောင် ဆိုးပေတော့ မပေါ့။

ဒီတော့ ကျွန်တော့်ဇာတ်ကွက် ကျွန်တော် ရေးမှ တော်ကာကျမည်၊ ဦးလေးကြီး ဂိုက်ဖမ်းကာ ကောလိပ်ပြီးကာစ၊ အလုပ်ဝင်ကာစ ချာတိတ်မတွေကို ဖန်မှ သင့်တော်မည်ဟု တွေးမိသည်။ ခက်တာက… ချာတိတ်မတွေက ကိုယ်က မဖန်ရသေး၊ ဘဲက တဗွေမက ရနေနှင့်ကြပြီ။

ခက်တော့ ခက်နေပြီ၊ ငယ်ငယ်က သင်္ချာတော်ခဲ့တိုင်း ဇွတ်လုပ်လို့မဖြစ်။ အချစ်က တွက်လို့မရဟုလည်း ဆရာသမားတယောက်က ဆုံးမ ဖူးသည်။ မလှူတတ်ရင် ဈေးရောင်းဟု ဈေးသည်တွေက နောက်သလိုလို အတည်လိုလို ပြောဖူးသည်။ မချစ်တတ်ရင် ဘာလုပ်ရရင် ကောင်းမလဲ၊ ဘာရောင်းရရင် ကောင်းမလဲ…။

ခန္ဓာကိုယ်တွင် ဈေးကွက်တင် ရောင်းစရာ ဘာရှိသလဲဟု လေ့လာကြည့်မိသည်။ ဆံစကနေ ခြေဖျားအထိ… မိန်းကလေး ကျလောက်စရာ၊ ကြိုက်သလောက်စရာ ဖြစ်ဖြစ်မြောက်မြောက် အစွမ်းအစ ပြစရာတွေက များများစားစား ရှိမနေ၊ များများစားစား မရှိတော့ နည်းနည်းရှားရှား ရှိလေသလား။

ဝဲဘက်ရင်အုံအောက်က ဖြူသော နုသော သစ်သော အတွေ့အကြုံ မရှိသော နှလုံးတခုသာ ရောင်းစရာ ရှိသည်။ သို့ပေမယ့် အစမ်းသပ် မခံနိုင်၊ နမူနာ မပေးနိုင်။ ခက်တော့ ခက်ပါပြီ။

တယောက်တည်း နေလာတာ နှစ်ပေါင်း ၄၀၊ ပျင်းပျင်းသွေ့သွေ့ ရှိနေချေပြီ။ ဘီယာကလေးက အဖော်လုပ်လို့ တော်ပေသေးသည်။ အစားကောင်းဆိုတာကလည်း တယောက်တည်းစားတော့ အရသာ မထူး၊ ဗိုက်ပြည့်ရုံရှိတော့ ဗိုလ်မကပင် ဦးဗိုက်ပူလို့ ခေါ်သည်။ ကျွန်တော့်ဗိုက်ကလည်း အကျင့်မကောင်း၊ အရုပ်ဆိုးလှသည်။ များများစားစား မစားရသေး၊ ဗိုက်က အရင်ပူနှင့်သည်။ မိန်းကလေး မဟုတ်လို့သာ တော်တော့သည်၊ မဟုတ်ရင် ဘာမှလည်း မလုပ်ရပါဘဲ ဗိုက်ပူနေတော့ အဝေဖန် အပြစ်ပြောခံရနိုင်လေသည်။

ရင်းရင်းနှီးနှီးစကားပြောနေကြ သူငယ်ချင်းမတယောက်က မေးဖူးသည်။ “ကိုယ့်စိတ်ထဲ မောင်ရင့်ကို ဂေးများလားလို့… မောင်ရင်က ရုပ်ရည်လေးကလည်း သနားကမား၊ အလုပ်အကိုင်လေးကလည်း ရှိတယ်၊ ဥာဏ်ရည်ဥာဏ်သွေးလေးကလည်း အညံ့စားအထက် အပေါ်နား ကပ်ရပ်လောက် ရှိပါရက်နဲ့ ရည်းစားသနာလေးတောင်မှ မူးလို့ရှုစရာ မရှိတာဟာ မိန်းကလေးထက် ယောက်ျားတွေများ ကြိုက်နေသလားလို့“တဲ့။

မတတ်နိုင်၊ ကိုယ်ကိုယ်တိုင်ကမှ မပိုင်းပြ မခုတ်ပြနိုင်တော့… ဓားတုံးကြီးပါကွာလို့ ပြောတာမျိုးကိုတော့ သည်းခံရပေလိမ့်မည်။ သူ့ကို ကျွန်တော် ပြန်မငြင်းတော့…၊ ကိုယ့်ဘ၀နဲ့ကိုယ် ရှိပါစေတော့လို့ တွေးသည်။ စိတ်သက်သာရာ သက်သာကြောင်းတွေးတော့ ကြီးတော် အပျိုကြီး ပြောတာ နားထဲ ကြားယောင်ပြန်သည်။

“ဒို့ အပျိုကြီးဖြစ်တာ ယူမယ့်သူ မရှိလို့ဖြစ်တာ မဟုတ်ဘူး၊ ကြိုက်တဲ့လူ ခေါင်းခေါက်ယူလို့ရတယ်၊ မယူချင်လို့ ထွက်ပြေးနေတာဟဲ့“ တဲ့။ ပြီးတော့ ဆက်ပြောပြန်တယ်။ “ဒို့များက ဗြဟ္မာပြည်က လာတာဆိုတော့ တဏှာပေမ ကိစ္စတွေ လုပ်လို့မရဘူး၊ ဘုရားနဲ့ တရားနဲ့ နေပြီး ကိလေသာ ခေါင်းပါးအောင်ပဲ နေရတာ၊ သူ့ကုသိုလ်နဲ့ သူပေါ့၊ မြင့်မြတ်တဲ့ဘ၀က လာတော့ မြင့်မြတ်တဲ့ လူလိုပဲ နေရတာပေါ့“ တဲ့။ လုပ်သေးသည်၊ အမှန်က သူပွားတာကို သူ့ကြိုက်ဖို့ ပြင်နေတဲ့ သူတွေက မခံနိုင်ဘဲ ကြောက်ပြီး ပြေးကြတာ များပါသည်။

ကျွန်တော်ကတော့ ဒီကြီးတော်လို မဟုတ်၊ ဗြဟ္မာပြည်က လာတယ် မလာဘူး ဆိုတာကိုလည်း အပိုင် မပြောနိုင်။ တခုတော့ ရှိသည်။ကျွန်တော် အခုထက်ထိ တယောက်တည်း ဖြစ်နေရခြင်းတွင် အချိန်မပေးနိုင်တာလည်း ပါသည်၊ မစွံတာလည်း ငြင်းမရနိုင်၊ ကြောက်တတ်တာကိုတော့ မဖြစ်မနေ ထည့်ရမည်။ စိတ်ကတော့ အမြဲရှိသည်၊ လူကသာ မလှုပ်ဖြစ်တာ…။ စိတ်ကူးနှင့်လည်း ရူးခဲ့ဖူးသည်။ ဒါတွေကပင် လူပျိုကြီး ဇာတ်လမ်းကို ဇာတ်ညွှန်း ရေးလိုက်သလို ဖြစ်နေပေတော့သည်။

ဒီတော့ အရှက်ပြေ ဘုန်းကြီးပဲ ၀တ်မလိုလို၊ လောကကြီးကိုပဲ စိတ်ကုန်သလိုလိုတွေ ပြောမိလုပ်မိပြန်သည်။ ငယ်သေးလို့ စိတ်မတည်ငြိမ်တာပါဟု ကိုယ့်ကိုယ်ကိုယ် စောကြောမိသည်။ အချိန်တန်တော့လည်း အိမ်ပြန်မှာပါဟု ကိုယ့်ဘာသာ ဇာတ်လမ်းကို ဆုံးထားသည်။ ရယ်စရာတော့ ကောင်းသည်၊ ရထားသည့် သီချင်းသံစဉ်က ခေါင်းထဲ ပေါ်လာပြန်သည်၊ နောက်မှ ဒွေးချိုး လေးတိုး ဆုံးမစာက လိုက်လာပြန်သည်။

ဒီတော့ ရုံးကိုအထွက် ဘူတာအတက်မှာ လေးလေးပင်ပင်နှင့်ပင် ဖြည်းဖြည်းလေး ညည်းမိသည်။ ဘာကြောင့်မှန်း မသိ၊ အသံထွက်သွားသည်… ထိုင်းမလေးက လှည့်ကြည့်သည်၊ သူတော့ နားလည်မယ် မထင်…။ ကျွန်တော့်အသံက မြန်မာသံလေ… ဘာတဲ့…

“မင်းထားတဲ့နေရာ သွားပါ့မယ်…
မင်းစားတဲ့အစာ စားလိုက်မယ်…
မင်းပြောရမှာ တခုတည်း… သိလားကွယ်…
ဦးလေးကြီးကို ချစ်ပါ့မယ်… ဦးလေးကြီးလို ချစ်ပါ့မယ်…။

ထိုင်းမလေးက အူကြောင်ကြောင်နဲ့ ကျွန်တော့်ကို ကွက်ကြည့်ကွက်ကြည့် ကြည့်နေသေးသည်၊ ရထားက မလာသေး… ကျွန်တော် မသိချင်ယောင် ဆောင်နေလိုက်သည်။

၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်။
မနက် ၂ နာရီ။

သတင်းထောက်ဆိုတာက အချက်အလက်ပေါ် အခြေခံရတယ်။ မျက်မြင်တွေ့ဖို့၊ ကိုယ်တိုင် စကားပြောခွင့်သာဖို့၊ မေးလို့မြန်းလို့ ရဖို့ကို အဓိကထား ကြိုးစား လေ့လာ အသုံးချရပါတယ်။ ဒါတောင် အပြောကောင်း အဟောကောင်းနဲ့ သတင်းထောက်ကို လှည့်စားနိုင်သူနဲ့ တွေ့ရင် ခံလိုက်ရတဲ့အခါ ရှိနိုင်သလို၊ သတင်းစာကို အသုံးချသွားတဲ့ သူတွေလည်း ရှိပြန်ပါတယ်။ ဒါက တပိုင်းပါ…။

တခါ ကျွန်တော်ကလည်း စိတ်ကူးသာ ယဉ်တတ်တာ… အလုပ်လုပ်တာမှာတော့ အင်မတန် လက်တွေ့ကျသူပါ။ ကိုယ်လုပ်နိုင်တာကို လုပ်နိုင်တယ်လို့ ပြောပါတယ်၊ မလုပ်နိုင်တာကိုလည်း မလုပ်နိုင်ဘူးလို့ ပြောပါတယ်။ ကျွန်တော် မရှင်းတာ သိချင်တာရှိရင် ဒါမှမဟုတ် ကျွန်တော် လုပ်ရမှာကို ပြတ်ပြတ်သားသား သိချင်ရင် ပွင့်ပွင့်လင်းလင်း မေးတတ်သူပါ။ ဒါကြောင့် တခါတခါမှာ ကျွန်တော့် အပြောအဆို အမေးအထောက်တွေက ရိသလို ရွဲ့သလိုတောင် ဖြစ်တတ်သွားပါတယ်။ ဒါက ဒုတိယတပိုင်းပါ။

အလုပ်ကော စိတ်ဓာတ်ပါ အဲဒီလိုရှိသူကို တခြားတယောက်က သူ့အိပ်မက်တခု ပြောပြလာရင် ဘယ်လိုဖြစ်မယ် ထင်ပါသလဲ။ စိတ်ဝင်စားစရာကောင်းလို့ အခုမှ ပြန်ရေးပြတာပါ။

ဖေ့စ်ဘုတ်သုံးစွဲလာတာ သုံးနှစ်ကျော် ရှိလာသလို သူငယ်ချင်းတွေကလည်း ထောင်နဲ့ချီ ရှိလာတော့ သူ့အက်ဒ်တာရော ကိုယ့်အက်ဒ်တာပါနဲ့ဆိုရင် ကျွန်တော့်သူငယ်ချင်းတွေထဲမှာ နိုင်ငံရေးသမားတွေ၊ စာပေပညာရှင်တွေ၊ အနုပညာရှင်တွေ၊ သတင်းစာဆရာတွေ၊ သံတမန်တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ကျောင်းသားတွေ၊ ပြည်တွင်းပြည်ပမှာ အလုပ်လုပ်ကိုင်နေသူတွေ စသဖြင့် အစုံရှိနေကြပါတယ်။

တရက်တော့ ခင်နေတဲ့ မင်းသမီးတယောက်က ပြောလာပါတယ်။

“အကို… ကျွန်မ အိပ်မက် မက်တယ်“

“ဟုတ်သလား၊ အိပ်မက် မက်တယ်လား“ ကျွန်တော်က တလွဲချော်တွေးတယ်၊ မင်းသမီးဆိုတာ ပလီတတ်တယ်လို့ မြန်မာရုပ်ရှင်တွေ ကြည့်ပြီး ကျွန်တော့်မှာ ကြိုတင်အထင် Prejudice ရှိနေခဲ့ပါတယ်။

“တကယ် ပြောတာပါ၊ ထူးဆန်းတယ်။ တခါမှလည်း အဲဒီလို မမက်ဘူးပါဘူး“

သူက ဆိုပြန်တယ်။

“ဟုတ်သလား၊ ထူးတယ်ဆို ပြောပါဦး“

“အိပ်မက်ထဲမှာ အမျိုးသမီး နိုင်ငံရေးခေါင်းဆောင်တဦးက ကျွန်မကို ခိုင်းတယ်၊ လူတယောက်ကို ဆံပင်ညှပ်ပေးလိုက်တဲ့၊ ဒီခေါင်းဆောင်ကိုလည်း စိတ်ထဲကနေ ရင်းရင်းနှီးနှီး သိနေခဲ့ပေမယ့် တခါဖူးမှ အိပ်မက်ထဲ မမက်ဘူးပါဘူး၊ ထူးဆန်းတာပေါ့။

ဒီတော့ ညှပ်ဆိုလည်း ညှပ်ရတာပေါ့ဆိုပြီး ညှပ်ပေးလိုက်တယ်။ အဲဒီလူမျက်နှာကိုတော့ ရေးတေးတေးပါပဲ၊ ဆံပင်ပုံစံကိုတော့ ကိုယ်ညှပ်တာဆိုတော့ သိတာပေါ့၊ ဒါပေမဲ့ အိပ်မက်ဆိုတော့လည်း အိပ်မက်ပေါ့လေ“

မင်းသမီးက ကျွန်တော့်ကို အတည်ကြီး ပြောပြနေတယ်။ မင်းသမီးကလည်း အလုပ်များသူမို့ အွန်လိုင်းမှာ အမြဲရှိနေတဲ့ ကျွန်တော်က သူ့ကို တခါတခါမှသာ စကားပြောခွင့် ကြုံတာပါ။ သူကလည်း ကျွန်တော့်ကို ခင်ပုံရတော့ သူ ဖေ့စ်ဘုတ် ၀င်ကြည့်တဲ့အခါမှာ တခါတခါ သာကြောင်း မာကြောင်း အပြန်အလှန် ပြောဆိုတတ်ကြပါတယ်။ ဒီတခေါက်ကတော့ ထူးထူးဆန်းဆန်း သူ့အိပ်မက်ကို လာပြောပြနေပါတယ်။

ထူးဆန်းတာပေါ့လေ၊ သူ ပြောတဲ့ စကားဆက်ကိုလည်း ကြည့်ပါဦး။

“အိပ်မက်ဆိုပေမယ့် အခု ဖေ့စ်ဘုတ် ၀င်ကြည့်တော့မှ ဟိုက်ရှားဘား ဖြစ်သွားတယ် အကို“

“`ဟင်“

ဒါက ကျွန်တော် ဖြစ်သွားတာပါ၊ မင်းသမီးကတော့ သူ့အိပ်မက်ကို တမ်ပို (ဇာတ်ရှိန် အမြင့်ဆုံး) ဆွဲတင်လိုက်ပြီလို့လည်း ကျွန်တော် ဆက်တွေးဖြစ်သွားပါတယ်။

သူက ဆက်ပြောပြန်ပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ ဖေ့စ်ဘုတ်မှာ အကို့ ဓာတ်ပုံနဲ့ ဆံပင်ပုံစံအသစ်ကို တွေ့လိုက်တော့ ဟာ… အိပ်မက်ထဲမှာ ငါ ဆံပင်ညှပ်ပေးခဲ့တာ အကိုပဲ၊ ဒီဆံပင်ပုံစံပဲလို့ အံ့သြသွားတာဗျ“

“အို့…“

သူက ယောက်ျားလေးတယောက်လို စကားပြောတတ်ပါတယ်၊ ကျွန်တော်က တခါတခါ အူကြောင်ကြောင် တွေးတတ်တယ်။ သူများတွေ အတည်ပြောတာကို တခါတခါ ကျွန်တော်က ရယ်ချင်ရယ်နေတတ်ပြီး သူများက ရုတ်တရက် ရယ်စရာပြောလာရင်လည်း ကျွန်တော်က ရှေ့ဖြစ်နောက်ဖြစ် ချိန်ဆလို့ ဆက်စပ်တွေးချင်တွေးနေမိတတ်တယ်။ အခုလည်း ဒီလိုပဲပေါ့။

မင်းသမီးက လေးလေးနက်နက်နဲ့ အတည်ပြောပြတာကို ကျွန်တော်က နောက်ချင်နေတယ်၊ ပြီးတော့ မဖြစ်နိုင်တာဘဲလို့ ကျွန်တော်က ချက်ခြင်းတွေးပစ်လိုက်တယ်။ တကယ်တော့ “မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား“ ဆိုတဲ့ စာအုပ်ကို ကျွန်တော်လည်း မြည်းစမ်းကြည့်ဖူးတာပဲ၊ ဘာဖြစ်လို့ အဲဒီလို ချက်ချင်းတွေး ဖြစ်သွားသလဲတော့ မသိပါဘူး။ မင်းသမီးစကားဆိုတော့ ပိုပြီး မယုံမကြည် ဖြစ်ရမယ်လို့ အထက်က ဆိုခဲ့တဲ့ ကျွန်တော့် ကြိုတင်အထင်ကြောင့်များလား မသိပါဘူး။

နောက်ဆုံးတော့ ကျွန်တော်က

“အင်း… အိပ်မက်ကောင်းပါပဲ၊ ကျန်းမာချမ်းသာပါစေဗျာ“

ကျွန်တော်က ဘုန်းကြီးလိုလို ဘာလိုလိုနဲ့ ဆုတောင်းပေးလိုက်သေးတယ်။ မင်းသမီးပြောတာကိုလည်း ဆိုခဲ့သလို ကျွန်တော် ပေါ့ပေါ့ပဲ ထားလိုက်ပါတယ်။

ရက်နည်းနည်း ကြာသွားပြီးတော့ တခါ မင်းသမီးနဲ့ ဖေ့စ်ဘုတ်မှာ တွေ့ပြန်တယ်။ ဒီလိုပါပဲ… မင်းသမီးက စကားလာပြောတာပါပဲ။ ကျွန်တော် ဘ၀င်မြင့်ပြီး ပြောနေတာမဟုတ်ပါဘူး။ ခင်နေတဲ့ သူတွေကတော့ ကျွန်တော့်အလုပ်အကြောင်းကို နားလည်ကြပါတယ်။

ကျွန်တော့်ကို ခေါ်ကြည့်လိုက်တယ်၊ စကားပြန်ပြောတယ်ဆိုရင် ကျွန်တော် နည်းနည်းအားနေတယ်၊ အချိန်အားနည်းနည်း ရှိနေတယ် ဆိုတာကို သူတို့ သိလိုက်ကြတယ်၊ ခဏတဖြုတ်စကားပြောဖြစ်ကြတယ်။ အပြန်အလှန် လေးစားနားလည်မှု ကျွန်တော်တို့ ကြားမှာ ရှိကြတယ်။

ကျွန်တော် ဘ၀င်မမြင့်တတ်ပါဘူး၊ အခုထိပေါ့လေ… နောက်ပိုင်းတော့ အာမ မခံနိုင်ပါဘူး၊ ဒါတောင် ကျွန်တော့် သူငယ်ချင်းမကြီး တယောက်က ကျွန်တော့်ကို ဆီးသီးသည်လေး မဗျိုင်းလို့ ခေါ်တတ်တယ်၊ ကိုရင်ဗျိုင်းလို့ ဆိုလိုချင်တာပေါ့လေ၊ ထားပါတော့…။

“အကို… ကျွန်မ အိပ်မက် မှန်တယ်မို့လား“

မင်းသမီးက လေပြေပြေ ပျော့ပျော့လေးနဲ့ မေးလာပါတော့တယ်။

“ဗျာ…“

“အို့…“

အဲဒီတော့မှ ကျွန်တော် ပြန်သတိရတယ်၊ ပြန်စဉ်းစားကြည့်ရတယ်။ မင်းသမီးက ကျွန်တော် ရန်ကုန်မှာ သတင်းယူတုန်း ရိုက်ထားတဲ့ ဓာတ်ပုံတပုံကို ဖေ့စ်ဘုတ်ကနေ တွေ့ပြီး မေးလာတာကိုးဗျ။

အင်း… အခုဆိုရင်တော့ မင်းသမီး အိပ်မက်ကတော့ တကယ်ကို တိုက်ဆိုင်လွန်းနေပါတယ်၊ ဒါကို မင်းသမီး သိတယ်၊ ကျွန်တော်လည်း သိတယ်။ အခုတော့ အားလုံးသိအောင် ပြန်ရေးပြတာပါ။

တကယ်တော့ သတင်းထောက်ဆိုတာ အချက်အလက်ကို အခြေခံရတာပါ၊ ကိုယ်တိုင် တွေ့မေး စစ်ဆေး အကဲခတ်ပြီးမှ ရေးရသားရ ဟောရပြောရတာပါ။ ဒါကြောင့် ပါးတဲ့လူတွေနဲ့ တွေ့ရင် တခါတခါ ပွန်းသွားတတ်ပါသေးတယ်။ နောက်တခုက အိပ်မက်တွေ၊ ဗေဒင်တွေဆိုတာ မှန်ချင်တဲ့အခါ မှန်သလို မှားချင်တဲ့အခါလည်း မှားတတ်တယ်ဆိုတာကို ကျွန်တော် သိပါတယ်။

အခုတော့ ကျွန်တော့်မှာ အူကြောင်ကြောင်ကြီးကို ဖြစ်လို့… မင်းသမီးလေးကတော့ ပျော်နေမလား မသိပါဘူး။

ကျွန်တော် သတင်းထောက်ပါ၊ အချက်အလက်ကိုပဲ အခြေခံပါတယ်။ ကျေးဇူးတင်ပါတယ်။

၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်။
မနက် ၁၁ နာရီ။

ကျွန်တော် လန်ဒန်ရောက်နေတာ နှစ်နှစ်ကျော်သွားလေပြီ၊ တိတိကျကျဆိုရပါမူ နှစ်နှစ်နှင့် နှစ်လ။ လန်ဒန်ရောက်ပြီး မကြာမီ တခုသော ဆောင်းကို ဖြတ်ခဲ့ရပါတယ်။ အဲဒီဆောင်းမှာ နှင်းတွေ ကျပါတယ်၊ အဲဒီနှင်းတွေနဲ့ အသားကျပြီးတဲ့နောက်မှာ ကျွန်တော့်ကိုယ်ကျွန်တော် လန်ဒန်နာ (Londoner) လို့ ခံယူလိုက်ပါတယ်။ လန်ဒန်မှာ နေသူပေါ့။

အခုတော့ လန်ဒန်ကို ခဏတဖြုတ် ကျွန်တော် ခွဲရတော့မယ်။ အဲဒီတော့မှ လွမ်းသလိုလို ဆွေးသလိုလို… ဘာကိုဘာလို့ လွမ်းမှန်းမသိ…။

လန်ဒန်ရောက်စက အံ့သြသလားလို့ သူငယ်ချင်းတွေက မေးတော့ မအံ့သြဘူးလို့ ဖြေမိတယ်။ ကျွန်တော့်စိတ်ထဲတော့ လန်ဒန်ဟာ ရန်ကုန်ကို အကြီးချဲ့ထားသလို။ ထူးထူးဆန်းဆန်း တောက်တောက်ပြောင်ပြောင် ချွန်ချွန်ထက်ထက် အဆောက်အအုံမျိုးတွေ မတွေ့ရ၊ ရန်ကုန်လိုပဲ အဟောင်းအမြင်း အဆောက်အအုံတွေ၊ ထုကြီး ထည်ကြီး အဆောက်အဦတွေ၊ မီးခိုးရောင် ဒါမှမဟုတ် အ၀ါခြောက်ရောင် အရောင်မှိန်မှိန်တွေပဲ အတွေ့ရများတယ်။ လန်ဒန်ဟာ တည်တည်ငြိမ်ငြိမ် လှနေသလို…။

အမိမြေနဲ့ခွဲလို့ နိုင်ငံရပ်ခြားမှာ နှစ်ပေါက်အောင် နေဖူးတာ ဒီတခေါက်မှပါ။ နိုင်ငံတချို့ကို ရောက်ဖူးခဲ့ပေမယ့် ရက်ပိုင်း၊ သီတင်းပတ်ပိုင်း၊ လပိုင်းလောက်ပဲ နေခဲ့ဖူးပါတယ်။ အခုတခေါက်တော့ နှစ်ပေါက်အောင် နေလိုက်ရပြီ။ အဲဒီကမှတခါ ခွဲရတော့မယ်ဆိုတော့ ဘာလိုလို ညာလိုလို…။

တကယ်တော့ အဆန်းအသစ် အရောအပြွန်း အလှအပ အနုအရွတွေ များတဲ့ နေရာကို ကျွန်တော် သွားရတော့မှာပဲ၊ ဘာမှ အဟောင်းအမြင်း အရင့်အထော် အခြောက်အခန်းတွေအတွက် လွမ်းနေစရာမှ မဟုတ်တာ…။ ကြွတက်နေရမှာပေါ့၊ အခုတော့… တမျိုး၊ လန်ဒန်နာ လွမ်းနေသတဲ့။

၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်။
၀၀း၀၀ နာရီ။

“ဦး စွာ“ဆိုလို့ မြန်မာတယောက်လို့ မထင်လိုက်ပါနဲ့… မြန်မာမဟုတ်ပါဘူး၊ ကုလားလည်း မဟုတ်ပါဘူး၊ အင်္ဂလိပ်လည်း မဟုတ်ပါဘူး၊ ဘာလူမျိုးမှန်းတော့ မသိဘူး၊ ကတုံးကေနဲ့.. မုတ်ဆိတ်ကျင်စွယ် နည်းနည်းနဲ့ ဂျင်းဘောင်းဘီနဲ့ တီရှပ်နဲ့ ဂျက်ကတ်တထည်နဲ့… လူတယောက်၊ ကျွန်တော်တို့ ရပ်ကွက်ထဲကပါပဲ၊ တိတိကျကျ ပြောရရင် လမ်းထောင့်က စတိုးဆိုင်သေးသေးလေးက ၀ိုင်းလုပ်ဝိုင်းစား သာမန်အလုပ်သမား တယောက်ပါပဲ၊ မထင်မရှား လူတယောက်ပါ။ ကျွန်တော်ကတော့ ခိုက်တယ်၊ သူ့နာမည် ဦးစွာ… ဘယ်သူမှ ပေးတာ မဟုတ်ဘူး၊ ကျွန်တော် ပေးထားတာ… မမိုက်ဘူးလား။

“ဂေါ်လီအထာနဲ့ တော်ကီမပါဘဲ
စော်ကြည်တာလဲ ဦးစွာ… ဦးစွာ“

ဟစ်ဟော့ပ်ပုံစံ သီချင်းတပိုင်းတစဟာ ဦးစွာကို မြင်ပြီးနောက်မှာ ကျွန်တော့်နှုတ်ဖျားက အံ့စရာ ထွက်ကျလာတာပါ။ မသိဘူး… သူ့ကို ကြည့်နေရင်း အလိုလို နှုတ်ခမ်းဖျားပေါ် ဒီတေးသွား ရောက်လာတာပါပဲ။ တကယ်တော့ ဦးစွာကို ကျွန်တော် စကားလေးတောင် ပြောဖူးတာ မဟုတ်ပါဘူး။ ဖြတ်သွားဖြတ်လာ မျက်လုံးချင်း ဆိုင်ကြည့်မိရင် ပြုံးပြနှုတ်ဆက်ရုံပါပဲ။

ခုန သီချင်းတပိုင်းတစလေး ပြန်ကောက်ရမယ်ဆိုရင် ဦးစွာကို တခါတခါ ပိုးလ်မလေး (ပိုလန်သူ) တွေနဲ့ အထာတွေ လန်းနေတာ တွေ့ရမယ်၊ မကြာမကြာ ကုလားမလေးတွေနဲ့ ဖလန်းဖလန်း ထချင်ထနေလိမ့်မယ်။ တော်ကီမပါဘူး… ဦးစွာပြုံးနေမယ်၊ ရယ်နေမယ်။ သူ့မျက်မှန်ကြီးကို ကျော်ပြီး ပိုးလ်မလေးရဲ့ ရင်ဘတ်ကို ကြည့်ချင်ကြည့်နေမယ်။ ကျွန်တော့်ကို မင်းက… ဘယ်လိုလုပ် သိသလဲလို့ လာမမေးနဲ့… အကြည့်ချင်းဆုံရင် ရန်သူဖြစ်တတ်တာ သဘာဝပဲ။

ခက်တော့ ခက်တယ်… ကျွန်တော့်ကိုယ် ကျွန်တော် ပြောပါတယ်။ ကျွန်တော် အားကျတဲ့ လူတိုင်းကိုတော့ စာဖတ်သူတွေ အနေနဲ့ လိုက်ပြီး အားမကျစေချင်ဘူး။ ဆိုပါစို့ရဲ့… ကျွန်တော် ဗိုလ်ချုပ်အောင်ဆန်းကို အားကျတယ်။ အင်း… ဒါကောင်းတယ်လေ၊ မဟုတ်ဘူးလား။ ကျပေါ့… ဗိုလ်ချုပ်ကို အားကျတာပဲ ကောင်းတာပေါ့။ ဗိုလ်ချုပ်… ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးဖခင်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ တော်တဲ့သူ၊ ရိုးဖြောင့်သူ… တိုင်းပြည်အပေါ် သစ္စာရှိသူ။ အိုကေ…။ မဟုတ်ဘူးဗျ၊ ဗိုလ်ချုပ်နဲ့ ကျွန်တော် မပြီးချင်သေးဘူး။

တခါ ကျွန်တော်က ဓာတ်ရှင်မင်းသားကြီး ညွန့်ဝင်းကိုလည်း အားကျပြန်သေးတယ်။ ညွန့်ဝင်းက ချောတယ်လေ (ကျွန်တော် ငယ်ငယ်ကထဲက သူ့ ဘလက်အင်န် ၀ှိုက် ရုပ်ရှင်ကားတွေနဲ့ ကြီးလာခဲ့ရတာကိုး)၊ သူ့ရဲ့ အထိုးအသတ် ကားတွေလည်း ကောင်းတယ်၊ အချစ်ကားတွေလည်း မိုက်တယ်၊ သီချင်းဆိုတာကလည်း ကောင်းတယ်။ ညွန့်ဝင်းကို ကျွန်တော် ကြိုက်တယ်။

အဲ… ခက်တာက အကယ်ဒမီပေးပွဲတခုမှာ ညွန့်ဝင်းကို ကျွန်တော် ဆက်ကြိုက်ရ မကြိုက်ရ ဝေခွဲမရ ဖြစ်ဖူးတယ်။ အဲဒီနှစ်က ရုပ်ရှင်ဒါရိုက်တာ ကြည်စိုးထွန်း ရိုက်ကူးတဲ့ “သူ့ကျွန်မခံပြီ“ ဇာတ်ကားနဲ့ မင်းသားကြီး ညွန့်ဝင်း ခုနစ်ကြိမ်မြောက်လား၊ ရှစ်ကြိမ်မြောက်လား အကယ်ဒမီ ရတယ်။ ရပေါ့… သရုပ်ဆောင် ကောင်းတဲ့သူပဲ၊ ရသင့်လို့ ရတာပဲ… ကျွန်တော် မုဒိတာ ပွားတယ်။

ဒါပေမဲ့ ပြဿနာက အကယ်ဒမီလည်း ရပြီးရော ညွန့်ဝင်း ဖောက်သွားတယ်။ “သခင်မျိုးဟေ့… ဒို့ဗမာ“ ဆိုလား သူက တိုင်ပြီး ပရိသတ်ကို သူ့နောက်က လိုက်ရွတ် ခိုင်းတယ်။ ဟ… သွားပြီ၊ ဘိုးတော် နောက်ပြီလို့ ကျွန်တော် တွေးခဲ့မိတယ်။ ကျွန်တော့်ထက် ပိုပြီး စိတ်ညစ်စိတ်ရှုပ်သွားပုံရတာက ဗိုလ်ချုပ်ကြီးခင်ညွန့်…။ အဲဒီတုန်းက နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီ (စစ်အစိုးရ)ရဲ့ အတွင်းရေးမှူး ၁ ပဲ၊ နိုင်ငံတော်ရဲ့ နံပါတ် ၃ အဆင့်ရှိပုဂ္ဂိုလ်၊ ကျွန်တော်နဲ့တော့ ဘာမှမဆိုင်ပါဘူး။

ဗိုလ်ချုပ်ကြီးခင်ညွန့်က ၀ါသနာအရ အကယ်ဒမီပွဲကို လာတက်ရောက် ချီးမြှင့်တယ်၊ မင်းသားကြီးညွန့်ဝင်းက အကယ်ဒမီရပြီး ကောင်းကောင်းမနေဘူး၊ လျှောက်အ်ာတယ်။ သူက “သခင်မျိုးဟေ့…“ လား အော်တယ်၊ အကယ်ဒမီပွဲတက် ပရိသတ်က အူကြောင်ကြောင်တွေဖြစ်ပြီး “ဒို့ဗမာ…“ ဆိုတာကို အသံထွက်ချင်သလိုလို မထွက်ချင်သလိုလိုနဲ့ အိညှောက်အိညှောက် လိုက်အော်ရတယ်။ တကယ့်ကို သနားစရာကောင်းတဲ့ ပွဲတက်ပရိသတ်…။ ကျွန်တော်က အိမ်က ရုပ်သံကနေ တိုက်ရိုက်ကြည့်နေတာပါ။

ခုနပြောတဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်မျက်နှာက ဆီးရွက်လောက်ပဲ ရှိတော့တယ်။ သူနဲ့ ညွန့်ဝင်းနဲ့က နဂိုကထဲက ခင်မင်ပုံလည်း ရတယ်။ သူတို့ကို ရုပ်မြင်သံကြားကနေ ကျွန်တော် မြင်နေရတယ်။ ဗိုလ်ချုပ်ကြီးဟာ မင်းသားကြီးညွန့်ဝင်းရဲ့ အပြုအမူကြောင့် ထပဲပြေးရမလိုလို၊ ခပ်တည်တည်ပဲ ဆက်ထိုင်နေရမလို၊ လက်ခုပ်လက်ဝါးတီးပြီး လိုက်အော်ဟစ်ရမလို… ဟုတ်တယ်၊ သူ့ဘက်က နည်းနည်းလေး စဉ်းစားကြည့် ပေးပါလေ… နိုင်ငံတော်မှာ တတိယအဆင့်အမြင့်ဆုံး အာဏာအရှိဆုံးပုဂ္ဂိုလ်…။ တခါ အနုပညာရှင်တွေရဲ့ စွမ်းပကားက သိပ်ကြီးပါတယ်၊ ပရိသတ်ကို ဂယောင်ချောက်ခြားဖြစ်အောင် လုပ်နိုင်စွမ်းရှိပါတယ်။ သိပ်တော်တဲ့ အနုပညာရှင်မှာ မှော်အတတ် ရှိတယ်လေ…။

ဗိုလ်ချုပ်ကြီးခင်ညွန့်ကတော့ ထောက်လှမ်းရေးဗိုလ်ချုပ်ကြီးမို့ တူပါတယ်၊ တည်တည်ငြိမ်ငြိမ်ဘဲ စိတ်မသက်မသာနဲ့ ရင်ဆိုင်သွားရှာတယ်။ သူ့စိတ်ထဲကတော့ ဒီလို ဖြစ်မယ်ထင်ပါတယ်… “အော်… ကိုညွန့်ဝင်း… တော်တော်နောက်တာပဲ“ လို့…။

ထားတော့… ညွန့်ဝင်းနဲ့စပ်လို့ လူကြမ်းမင်းသားကြီးမြင့်နိုင်ကိုလည်း ကျွန်တော် အလွန်ကြိုက်ခဲ့တာပဲ။ အထူးသဖြင့် ရုပ်ရှင်ထဲမှာ မင်းသမီးကို အဓမ္မကြံတော့မယ့် အခန်း… နဖူးက ချွေးတွေကျ၊ မျက်လုံးက တဏှာမီးဝင်းဝင်းတောက်… ကြာပြုံးခေါ်မလား… ဘီးလူးပြုံး သရဲပြုံးခေါ်မလားနဲ့ မင်းသမီးကိုကြည့်ပြီး “မင်း… ငါ့လက်ခုပ်ထဲက ရေပါ“ ဆိုတဲ့ အိုက်တင်… အခုထိ မျက်စိထဲက မထွက်ဘူး။ တခါတခါ မင်းသမီး အင်္ကျီဖြဲပစ်လိုက်တဲ့ အခန်းမျိုးတောင် ပါတတ်သေးတယ်၊ ကံကောင်းတဲ့အခါ ကြုံရင်ပေါ့လေ…။ ကျွန်တော်က ကြိုက်လိုက်ရင် အဲဒီလိုတလွဲ… ဘာပဲဖြစ်ဖြစ် ကျွန်တော် ကြိုက်တယ်လေ။

အလကား စကားတွေ ခင်းနေတာမဟုတ်ဘူး၊ ကျွန်တော်ကြိုက်ချင်လို့ ကြိုက်တဲ့ လူ့စရိုက်တွေ ရှိတယ်လို့ ပြောချင်တာပါ။ ဒါကြောင့် သာမန်အလုပ်သမား လမ်းထောင့်က ကုန်စုံဆိုင်က ၀ိုင်းလုပ်ဝိုင်းစား ဦးစွာကို ကျွန်တော် ကြိုက်တာကိုလည်း အပြစ်မမြင်စေချင်ပါဘူး။ ကဲ… ဒါဖြင့် ဟုတ်ပြီ၊ ကြိုက်စမ်းပါ၊ မင်းဘာသာ ကြိုက်တာပဲ၊ သေအောင်ကြိုက်စမ်းပါ၊ အေး… ဒါပေမဲ့ ဘာကို ကြိုက်တာလဲ ဆိုတာတော့ ပြောပြစမ်းပါဆိုရင်တော့ ဒီလိုလေး ပြောလိုက်ချင်ပါတယ်။

ဦးစွာ လမ်းလျှောက်တဲ့ပုံကို ကျွန်တော် ကြိုက်တယ်။ အရပ်က ကလန်ကလား (ခြောက်ပေလောက် ရှိရော့မယ်)၊ လူက ပိန်ပိန်ပါးပါး၊ ဗိုက်ကလည်း ပိန်ပိန်လေး (ဗိုက်ပူပူ ကျွန်တော့်အတွက်တော့ အင်မတန် အားကျစရာ ကောင်းတဲ့ ကိုယ်လုံးပိုင်ရှင်)၊ ဂျင်းဘောင်းဘီ အပြာရောင်အနွမ်းနဲ့… အပေါ်က ရှပ်အင်္ကျီ ဒါမှမဟုတ် တီရှပ်နဲ့ ဂျက်ကတ်ထပ်ဝတ်ထားတဲ့ ဦးစွာ လမ်းလျှောက်တဲ့ပုံဟာ အဝေးကနေ ကြည့်ရင်တောင် ရေလည်လန်းနေပါတယ်။

ကျွန်တော့် ဘကြီးတယောက် လမ်းလျှောက်ပုံနဲ့တောင် နည်းနည်းတူပါတယ်။ ဘကြီးကလည်း အရပ်ကလန်ကလားပါပဲ၊ ဒါပေမဲ့ နည်းနည်းဖိုင့်တယ်။ အဲဒီမှာ သူက လက်ပြင်ကို ကုန်းလိုက်ပြီး ပခုံးဘေး တဖက်တချက်မှာ ချထားရတဲ့ လက်တွေကိုလည်း ခပ်ကားကား လုပ်ပစ်လိုက်တယ်။ ပြီးမှ လက်ပြင်ကုန်းကုန်း လက်ကားတဲ့ ပုံစံ လမ်းလျှောက်တာ… သိပ်ကြည့်လို့ကောင်းတယ်လို့တော့ ကျွန်တော် ထင်တာပါပဲ။ ငယ်ငယ်ကလည်း အဲဒီလို ထင်ခဲ့တယ်၊ အခုလည်း ထင်နေဆဲ…။ ဘာတဲ့… ဟောလီးဝုဒ် မင်းသားကြီး ဂရီဂိုရီပက် Gregory Peck လမ်းလျှောက်တဲ့ဟန်တဲ့၊ ကြိုက်လိုက်တာ သေရော…။

ကြုံလို့ပြောရဦးမယ်၊ မင်းသားကြီး ၀င်းဦး သီချင်းဆိုရင်း အိုက်တင်လုပ်တဲ့အခါ ဂုတ်နဲ့ ခေါင်းနောက်စေ့ကို ကပ်ပြီး၊ မျက်ခုံးတွန့် မျက်မှောင်ကုပ်လို့ ပခုံးမြှင့်လိုက်ပြီး ဟိုဘက်ကြည့်လိုက် ဒီဘက်ကြည့်လိုက် လုပ်တဲ့ အိုက်တင်မျိုးတွေ၊ ရင်ဘတ်ကြီးမို့ပြီး လက်မောင်းကို ကွေးပြ၊ ဆန့်ပြ၊ လက်ဖျံကိုပြတဲ့ ပုံစံတွေ… စန္ဒရားပေါ် ထိုင်သလို မထိုင်သလိုလုပ်ပြီး ခပ်ကျပ်ကျပ်ဝတ်ထားတဲ့ ဘောင်းဘီနဲ့အတူ ပေါင်လုံးပြတာတွေကို ကြိုက်မိခဲ့ပြန်တယ်။ အော်… ဒါကြောင့်လည်း မောင်ဝင်းဦးလေးကို ဘွားတော်ကြီးတွေက ကြိုက်နေကြတာကိုးလို့လည်း အသက်နည်းနည်းကြီးလာတော့ တွေးတတ်လာခဲ့တယ်။

ပြောရင်း ဟိုရောက်ဒီရောက်နဲ့ ကျွန်တော့် ဦးစွာ ပျောက်သွားပါဦးမယ်၊ ဟိုစတိုင်ကြိုက် ဒီစတိုင်ကြိုက်တတ်တဲ့ ကျွန်တော့်အတွက် ကျွန်တော်အားကျတဲ့ ယောက်ျားတွေထဲမှာ ဦးစွာက အခုလို မထင်မှတ်ဘဲ ပါလာခဲ့တယ်။ ကြိုက်တယ်ဆိုလို့ တလွဲမတွေးပါနဲ့ဦး၊ ဘာစိတ်ညာစိတ် မဟုတ်ပါဘူး။ ကြိုက်တယ် ခိုက်တယ်ဆိုတာ အဓိပ္ပာယ် ဖွင့်ရရင် အလိုလိုနေရင်း ခင်မင်နေတယ်၊ လေးစားတယ်၊ အားကျတယ်ဆိုတာမျိုးပါ။ ပြဿနာက သိပ်တော်လို့လည်း မဟုတ်ဘူး (ဗိုလ်ချုပ်ကတော့ ချွင်းချက်ထားပေးပေါ့ဗျာ)၊ သူရဲကောင်း ဖြစ်နေဖို့လည်း မလိုဘူး၊ ကျွန်တော် သဘောကျချင်လို့ ကျတယ်၊ ဒါပဲ။

ဒီတော့ ကျွန်တော် သဘောကျတဲ့ ဦးစွာကို အဲဒီ လမ်းထောင့် ကုန်စုံဆိုင်လေးရှေ့က ကျွန်တော် ရုံးသွားရုံးပြန် ဖြတ်ရတိုင်း သတိထားကြည့်မိတယ်၊ အမြဲတွေ့တာမျိုးလည်း မဟုတ်ဘူး။ တခါတလေလည်း မျက်လုံးချင်းဆုံတဲ့အခါတော့ ပြုံးပြနှုတ်ဆက်ပေါ့။ အမှတ်မထင်လည်း သူ့အမူအရာတွေ၊ အိုက်တင်တွေ၊ လမ်းလျှောက်ပုံတွေကို လေ့လာမှတ်သားပေါ့။ အလကားမှတ်နေတာ မဟုတ်ဘူးလေ၊ ကျွန်တော်က ၀တ္ထုလေးတပုဒ်လောက် ရေးချင်တာပေါ့၊ အဲဒီ ဦးစွာအကြောင်းကိုလေ…။

တရက်တော့ ကျွန်တော် မနက်စောစော ရုံးအသွား ရထားပေါ်မှာ… လူကလည်း ရှင်းနေတာနဲ့… ဦးစွာ ပုံရိပ်ကို စိတ်အာရုံထဲ ဖမ်းခေါ်ထည့်ပြီး ဇာတ်လမ်း ဖော်ကြည့်တယ်။ သူ့လှုပ်ရှားပုံ၊ ပြုမူပုံ၊ မျက်နှာပေး အမူအရာတွေက အလွှတ်ရပြီးသား ကျွန်တော်က များများ တွေးစရာမလိုဘူး၊ ဦးစွာ မင်းသားဖြစ်သွားပြီ… ကျွန်တော့် ဇာတ်လမ်းထဲမှာလေ… ဟိုစဉ်းစား ဒီစဉ်းစားနဲ့ ကျွန်တော် ဇာတ်အိမ်ဆင်လိုက်… ဇာတ်ကွက်ချလိုက်… ဇာတ်ပန္တွက်ရိုက်လိုက်နဲ့ ကျွန်တော်… ကျွန်တော့် ဇာတ်လမ်းထဲက မင်းသား ဦးစွာ… ကျွန်တော့် ဦးစွာကို သဘောကျလွန်းလို့ တခွီးခွီးနဲ့ ရယ်နေမိတယ်။

ရထားတွဲထဲမှာကလည်း လူကနှစ်ယောက်တည်း… ကျွန်တော်ရယ်… မျက်စောင်းထိုးနေရာမှာ ထိုင်နေတဲ့ ကောင်မလေးရယ်…။ ကောင်မလေးက ကြောင်အမ်းအမ်းဖြစ်လို့… စိုးထိတ်ကြောက်ရွံ့သွားပုံလည်းရရဲ့… ကျွန်တော်ကတော့ ကောင်မလေးကို တခေါက်ထက်ပိုလို့တောင်မှ မကြည့်ဖြစ်ခဲ့ပါဘူး။ ကျွန်တော့်ဘာသာ အလုပ်တွေရှုပ်လို့… ကျွန်တော်ခိုက်တဲ့ ဦးစွာနဲ့ပေါ့…။

၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်။
မနက် ၀၀း၃၀ နာရီ။

ကျော်လွင်ဦး ရင်တွေ ခုန်နေတယ်၊ ဘာကြောင့်လဲ… ခရီးထွက်ရမှာမို့၊ ဘယ်သူနဲ့လဲ… ဘုန်းကြီးနဲ့။ ဟား… ဟား… ရယ်စရာ မကောင်းပါသလား၊ ဘုန်းကြီးနဲ့ ခရီးထွက်ရမှာကို ဘာကြောင့် ရင်ခုန်နေသလဲ။ မိဘ ဆွေမျိုးတွေ မပါဘဲ တယောက်ထဲ သွားလာခွင့် ရမှာမို့ ဖြစ်ပါတယ်။

ဘုန်းတော်ကြီး ဦးဇ၀နက သံတွဲမြို့ကနေ လှေတတန်၊ ကားတတန် သွားရတဲ့ ဆင်ခေါင်းရပ်မှာ သီတင်းသုံးတယ်။ ရန်ကုန်က အပြန် တပည့်ကျော် ကျော်လွင်ဦးကို အလည်ခေါ်တယ်။ ရန်ကုန်သား ခေါ်သွားတော့ နည်းနည်းပါးပါး သူ ခိုင်းလို့ရမယ်၊ နောက် ငယ်ငယ်က တရားသင်ပေးထားတဲ့ကောင် ရခိုင်ဓလေ့လည်း နားလည် သွားတာပေါ့လို့ ဘုန်းကြီးက တွေးတယ်။

ဘုန်းကြီး ဦးဇ၀နက အလုပ် အလွန်များတယ်၊ သီတင်းသုံးရာ နယ်ပယ်မှာ ကျော်ဇောကိတ္တိရှိဖို့လည်း သူ အားထုတ်တယ်။ ရန်ကုန်အပြင် မြန်မာပြည်အနှံ့ မြို့ရွာတွေ သူ ကြွရောက်တတ်တယ်။ ရန်ကုန်ကတော့ အ၀င် ခလုတ်၊ အထွက် ခလုတ်ပေါ့။ ရန်ကုန်ကြွတဲ့ အခါတိုင်းလည်း မြို့လယ်ခေါင်မှာ ရှိတဲ့ ကျော်လွင်ဦးတို့အိမ် ကြွမြဲ၊ ခိုင်းစရာရှိရင်လည်း တပည့်ကျော်ကို ခိုင်းတတ်တယ်။

အခုလည်း ရခိုင်ပြည်၊ သံတွဲ ဆင်ခေါင်းပြန်လာတော့ တပည့်ကျော်ကို အပါခေါ်လာခဲ့ပြီ။ ကားလက်မှတ်က ခက်တော့ ဆရာတပည့် တကွဲတပြားစီ၊ ဘုန်းတော်ကြီးမို့ ဦးဇ၀နကတော့ ဒရိုင်ဘာနောက်က ခုံမှာ နေရာရတယ်။ ကျော်လွင်ဦးကတော့ ရန်ကုန်-တောင်ကုတ်-သံတွဲ ပြေးတဲ့ အဆင့်မြင့် ဘတ်စ်ကားတစီးရဲ့ ခါးလယ်လောက်မှာ… ဆရာဘုန်းကြီးနဲ့ အတူ မထိုင်ရတာကိုတောင် ကျော်လွင်ဦးက ပျော်လို့… အတော်ကြီးပွားတိုးတက်ဦးမယ့် တပည့်…။

ကားက ညနေမစောင်းတစောင်းမှာ ထွက်တယ်၊ ရန်ကုန်ကနေ ပြည်၊ ပြည်ကနေ ဧရာဝတီ န၀ဒေး တံတားဖြတ်၊ ခရီးဆက်တော့ ရိုးမကို ရောက်ပြီ။ ရိုးသည် ရင်ကို ရိုင်းစေခဲ့ပြီ။

ရခိုင်ရိုးမကို ဖြတ်ကျော်ချိန်မှာ ညသန်းခေါင်… ဘယ်လိုသန်းခေါင်မျိုးလဲ… လပြည့်ည သန်းခေါင်…။ မိန်းကလေးတယောက်ကို အလှဆုံး ဖြစ်စေလို့ ယောက်ျားတယောက်ကို ကာမဆန္ဒ အကြွဆုံး ဖြစ်စေခဲ့ပြီ။

ကျော်လွင်ဦး ရန်ကုန် အဝေးပြေးကားဂိတ်မှာ ကားမထွက်ခင် ကိုယ့်ထိုင်ခုံ ကိုယ်ထိုင်နေတုန်း ဘေးနားမှာ မိန်းကလေးတယောက် လာထိုင်ဖို့၊ အဲဒီမိန်းကလေးက ကြည့်ပျော် ရှုပျော်တဲ့ ရုပ်ကလေး ဖြစ်စေဖို့ ဆုတောင်းခဲ့တယ်။

အရင်ကတော့ ကျော်လွင်ဦးက သူ့အမေနဲ့ ခရီးတွေ သွားဖူးသလို တယောက်တည်းလည်း အလုပ်နဲ့ သွားလာဖူးတယ်။ အဲဒီလို သွားတဲ့အခါတိုင်း သူ့ဘေးမှာ အလွန်တရာ ၀သူ၊ အရက်သေစာ မှီဝဲထားသူ၊ ကလေးပါတဲ့ သားသည်မိခင်၊ အဖိုးကြီး အဖွားကြီးတွေနဲ့ အကြိမ်ကြိမ် ထိုင်ဖူးတယ်၊ ကျဖူးတယ်။ ကျော်လွင်ဦး စိတ်ကုန်လွန်းလှပြီ။ တချို့များ ယောက်ျားချင်း ခပ်တည်တည် ပခုံးပေါ် ခေါင်းတင်မှီ အိပ်တာမျိုးက ရှိသေးတယ်။

အခုတော့ ကျော်လွင်ဦး ဆုတောင်းပြည့်ခဲ့ပြီ။ ဘေးခုန်မှာ လာထိုင်သူက တက္ကသိုလ် ကျောင်းပိတ်လို့ ရခိုင်ပြည် ပြန်မယ့် တက္ကသိုလ် ကျောင်းသူလေးတယောက်၊ တရုတ်ကပြားမလေး၊ အသားဖြူဖြူ နှာခေါင်းပြားပြား မျက်ပေါက်ကျဉ်းကျဉ်း…။ ဒါပေမဲ့ အလုံးအထည်လေးနဲ့ ၀တ်ပုံစားပုံကြောင့် ကြည့်ပျော်ရှုပျော်ထက်တောင် ပိုချင်သလိုလို… ကျော်လွင်ဦး ပီတိက ဘုန်းကြီးကျောင်းသားပီပီ နှစ်နာရီကျော် တရားထိုင်ခဲ့ပေမယ့် တခါမှ မပြင်ရဘဲ စိတ်ရော ကိုယ်ပါ ပေါ့ပါးနေသလို…။

ရိုးပတ်နေတဲ့ ဘတ်စ်ကားက ဒီလောက် အကောင်းကြီး မဟုတ်၊ ဒါပေမဲ့ ဒရိုင်ဘာက ကားမောင်းကျွမ်းပုံရတယ်။ ရိုးက အကွေ့အ၀ိုက် များလှတယ်။ ကားကလည်း အရှိန်နဲ့ ကွေ့တာဆိုတော့ ၀ှီးကနဲ ၀ှိက်ကနဲ ဂျိမ်းစ်ဘွန်း ကားမောင်းသလို ရှိန်းကနဲ ဖိန်းကနဲ ဖြစ်စေတယ်… ကျော်လွင်ဦး အပါအ၀င် ရန်ကုန်သား တချို့က ပြူတူးကြောင်တောင်… ကြောက်ကြောက်လန့်လန့်… ရင်တွေဖိုဖို…။

ရခိုင်သူ ရခိုင်သား ခရီးသွားတွေကတော့ ကားမောင်းတာ ဒရိုင်ဘာအလုပ်၊ ညဆိုတာ သူတို့ အိပ်ဖို့ သဘောထားလို့ အားလုံးက အိပ်မောကျလို့… ဘတ်စ်ကား တစီးလုံး တိတ်ဆိတ် ငြိမ်သက်… ခရီးတွေ အိပ်နေလို့ ကားမီး အမှောင်ချ… လပြည့်ည လရောင်ကလေးကသာ တိမ်တွေ စင်တာနဲ့ လင်းလိုက်… သစ်ပင်ကွယ်တာနဲ့ ပျောက်လိုက်… ကျော်လွင်ဦးနဲ့ လိုက်တမ်း ပြေးတမ်း ကစားနေသလို…။

ဘေးက ကောင်မလေးကို ကျော်လွင်ဦး ကြည့်လိုက်တယ်။ ကြည့်ပျော် ရှုပျော် တရုတ်ကပြား မလေးဟာ ပြတင်းပေါက်ဘက်မှာ ထိုင်တာကြောင့် ပြတင်းပေါက်ဘက်ကို ခေါင်းစောင်းလို့ အိပ်နေတယ်။ အိပ်ပျော်သလား မပျော်သလားတော့ သူမှ သိလိုက်မယ်။ ကျော်လွင်ဦးကတော့ သူကလေးကို ကြည့်တယ်… မျက်နှာလွဲတယ်၊ ကြည့်တယ်… ခိုးကြည့်တယ်… ကြည့်တယ်။

ဘုန်းကြီးလည်း တရားနှလုံးသွင်းလို့ ကြိမ်းနေပြီလား မသိ၊ ဒရိုင်ဘာကတော့ ဝှေ့ကနဲ ၀ှိက်ကနဲ မောင်းနိုင်ဖို့ စတီယာရင်ပေါ်မှာသာ သူ့စိတ်တွေ ရှိနေလိမ့်မယ်။ ကားတစီးလုံးရဲ့ ခရီးသည် ၉၀ ရာခိုင်နှုန်းကတော့ မျက်လုံးတွေ ပိတ်ထားကြလို့ တခြားကမ္ဘာကို ရောက်နေကြလောက်ပြီ။ ကားပေါ်မှာ မျက်လုံးဖွင့်လို့ သူခိုးအလုပ် လုပ်နေသူက ကျော်လွင်ဦး။

ကြည့်ပျော် ရှုပျော် တရုတ်ကပြားမလေးက ဥမ္မာဒန္တီ ဖြစ်သွားရော… ပပ၀တီဆိုရင်တော့ ခုနစ်ဆောင် တိုက်ခန်း မီးမထွန်းဘဲ လင်းတယ်ဆိုလား…။ ဥမ္မာဒန္တီကတော့ ကြည့်ဥူ (ယောက်ျားလေးတွေ) ရူးအောင် လှတဲ့သူ…။ လရောင်ကြောင့် ရိုးက ကျော်လွင်ဦး ရင်ကို ရိုင်းစေလေတော့တယ်။

တရုတ်ကပြားမလေးဟာ မျက်စိဖွင့်ထားတဲ့ ဘတ်စ်ကားပေါ်က ကျော်လွင်ဦးအတွက် အရှင်လတ်လတ် ဥမ္မာဒန္တီ၊ သူ့ပါးဟာ ဥမ္မာဒန္တီရဲ့ အလှတွေ… ရူးပြီပေါ့…။ ရူးတယ်ဆိုတာ အသိစိတ်ကင်းမဲ့သွားတာ… လုပ်ချင်ရာ ပြောချင်ရာပြော ကြံစည်ချင်တာ ကြံစည်ပေါ့။ ကျော်လွင်ဦး မှားတော့မယ်၊ မှားဖို့နီးနေပြီ၊ မှားခါနီးနေပြီ။

ရိုးကို ကွေ့တာ ၆၄ ကြိမ်မြောက်တဲ့အခါမှာ ကျော်လွင်ဦး နှာခေါင်း တရုတ်ကပြားမလေးရဲ့ ပါးပေါ် ကမိတယ်။ တရုတ်မလေး နိုးတယ် (အိပ်ချင်ယောင် ဆောင်ရာကနေ မျက်လုံးဖွင့်လေသလားတော့ မသိ) ၀င်းဝင်းတောက်တဲ့ မျက်လုံးတွေနဲ့ ကျော်လွင်ဦးကို ကြည့်တယ်။ ပြီးမှ ကိလေသာ ထကြွ သောင်းကျန်သူတွေရဲ့ ဘေးရန်က ကာကွယ်နိုင်စေဖို့ ခံတပ်တခု ရုတ်ချည်း တည်လိုက်သလို ပါးအပါအ၀င် မျက်နှာတခုလုံးကို ပုဝါစနဲ့ ခြုံလို့ ပြတင်းပေါက်ဘက် ခေါင်းလေးကို စောင်းပြီး ပြန်နေတယ်။

ကျော်လွင်ဦး ဘာဖြစ်မှန်းမသိ၊ ဒိန်းတလိန်းနတ်တို့ သူ့ရင်ဘတ်ထဲ ကခုန်နေသလို… သူ့လုပ်ရပ် အမှန်အမှား မခွဲခြားနိုင်၊ ကိလေသာ အမှိုက်မှောင်တွေ ဖုံးနေဆဲ၊ ဘုန်းတော်ကြီးရဲ့ တရားဟောပြောချက်တွေ သူ့နားမှာ ကြားတချက် မကြားတချက်။ ကောင်မလေးပါးကို နောက်တကြိမ် သူ နမ်းချင်နေမိတယ်။ ရိုးမဟာ သူ့ကို ဗိုက်ရာဂရာတွေ တိုက်ကျွေး ထားလိုက်ပြီ။

ရိုးနဲ့ လဟာ ဆန်းနေတယ်၊ ကျော်လွင်ဦးမှာ ပန်းနေတယ်၊ ကဗျာရွတ်အကတွေ လန်းနေတယ်။ အချိန် ချိန်သီးကတော့ ရမ်းနေတယ်။ အချစ်ဟာ အားလုံးကို ကန်းစေတယ်။ အခုတော့ ရိုးကြောင့် ကျော်လွင်ဦးကို နမ်းစေခဲ့တယ်။

ခဏနေတော့ တောင်ကုတ်ကို ကားဝင်တယ်၊ ခရီးသည်တွေ အစစ်ဆေးခံဖို့ အားလုံး အောက်ဆင်းပေးရတယ်။ ကားအပြင်ဘက်မှာ အေးလိုက်တာ မပြောပါနဲ့တော့၊ ခြုံကွယ်မှာ အခင်းလေးသွားတဲ့ ကျော်လွင်ဦး ရေစတွေမှာ အငွေ့တထောင်းထောင်းတွေ့တယ်။ ပြီးတော့ တရုတ်ကပြားမလေးကို တွေ့တယ်၊ ဟာ… တရုတ်ကပြားမလေးမှာ နောက်ထပ် သူငယ်ချင်းတယောက် ပါနေသေးတယ်။ သူတို့ တီးတိုးတီတိုး သဖန်းပိုး လုပ်နေတယ်၊ ငါ့အကြောင်းလား၊ သူတို့ တိုင်များ တိုင်လိုက်မလား… ဘယ်သူ့ကို တိုင်မှာလဲ၊ ဘုန်းကြီးလား၊ ကားဆရာတွေလား။

ကျော်လွင်ဦး ရင်တွေ ခုန်နေတယ်၊ ရှေ့က ကော်ဖီမစ်ကို တချက် စုပ်ငုံလိုက်တယ်။ အား… ပူလိုက်တာ၊ ချမ်းလွန်းလို့ သောက်ချလိုက်ပေမယ့် အပူက လည်ချောင်းကနေ ရုတ်တရက် မျိုချလိုက်တာ အူတလျှောက်ကို ပူနေရော… အစာအိမ်ထဲအထိ ပူသွားမယ်ထင်တယ်။ ကောင်မလေးရေ… ငါ့ကို သနားပါကွယ်… ကျော်လွင်ဦးဟာ ကွယ်လွန်သူ လူကြမ်းမင်းသားကြီး အံ့ကျော် မဲ့လိုက်တဲ့ အိုက်တင်မျိုးနဲ့… ရယ်ရတယ်။

နောက်တရက်စောစော သံတွဲရောက်တယ်၊ အဲဒီကနေ ဘုန်းတော်ကြီးအိတ်နဲ့ ကိုယ့်အိတ်နဲ့ တဖက်ဆီ ဆွဲထားတဲ့ ကျော်လွင်ဦး… ဆင်ခေါင်းရောက်တယ်။ ဆင်ခေါင်းမှာ ရေလုပ်ငန်းတွေ လေ့လာတယ်၊ ဘုန်းတော်ကြီးကို ကူစရာရှိ ကူတယ်။ နောက်တော့ ကားပေါ်က ကောင်မလေးကို သူ သတိရနေတတ်တယ်။ ဘုန်းကြီးကျောင်းဝင်းထဲ ရောက်နေတဲ့ သူ့စိတ်တွေ အခုတော့ ရိုင်းမနေတော့ပါဘူး။

ကောင်မလေးရဲ့ပါးမှာ သံလိုက်ဓာတ်တွေ ရှိပုံရတယ်၊ သူ့နှာခေါင်းဟာ အခုထက်ထိ နီနေဆဲပါ။ ဘုန်းတော်ကြီးရဲ့ တရားတော်တွေဟာ ကျော်လွင်ဦးကို မဖမ်းစားနိုင်တော့ဘူး၊ သူ့ကို ဖမ်းစားနိုင်တာက ရိုးရယ်၊ လပြည့်ညရယ်၊ ဖြူဖွေးတဲ့ ပါးပြင်လေးတဖက်ရယ်၊ ရင်ခုန်သံတွေရယ်…။

နောက်တော့ ဘုန်းကြီးက နည်းနည်းပြည့်စုံတဲ့ သူ့တပည့်တွေကို တာဝန်ပေးလို့ ရန်ကုန်က ခေါ်လာတဲ့ တပည့်ကို ငပလီပို့ပေးတယ်။ ငပလီမှာ သင်္ကြန်ကျနေပြီ။ သံတွဲကနေ ငပလီကို စက်ဘီးနဲ့ ကျော်လွင်ဦးတို့ သွားကြတယ်။ ခရီးက မနီးဘူး၊ နေက ပူသေးတယ်။ ဒါပေမဲ့ ခရီးဆုံးရင် ငပလီ ရောက်မယ်ဆိုတာကြောင့် ချွေးစီးချွေးပေါက်ကြားကနေ စက်ဘီးနင်းကြတယ်။

ငပလီ မရောက်ခင် မဏ္ဍပ်တခုမှာ တရုတ်ကပြားမလေးကို ကျော်လွင်ဦး ပြန်တွေ့တယ်၊ ပထမတော့ သူ နှုတ်ခမ်းစူတယ်၊ ကောင်မလေးဟာ ကျော်လွင်ဦးကို စိုက်ကြည့်တယ်… ကြည့်တယ်… ကြည့်တယ်… သူ့မျက်နှာလေးက တဖြည်းဖြည်း ကြည်လင်လာတယ်၊ ရိုးပေါ်က လမင်းကြီး သံတွဲအလွန် တနေရာ ရောက်နေပါပြီ၊

ဖလားကို ကိုင်တယ်၊ ရေခပ်တယ်…. ဒီလူကြီးကို လောင်းလိုက်တယ်…၊ သူက ကျော်လွင်ဦး… ဘုန်းကြီးကျောင်းသား… အကောင်းစားတော့ မဟုတ်… အနမ်းခိုးစားသူ… သူ့အပြစ်ချည်းတော့ မဟုတ်… ရိုးမမှာလည်း အပြစ်ရှိတယ်… ရိုးက ကျော်လွင်ဦး ရင်ကို ရိုင်းစေသကိုး…။

၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၆ ရက်။
၀၀း၃၀ နာရီ။

ကျွန်တော်က ကဗျာဆရာကြီး ဒဂုန်တာရာကို သဘောကျတယ်။ သူက စကားလုံးတွေ တီထွင်တယ်၊ စကားလုံး အလှတွေ သုံးတယ်၊ ကဗျာစပ်တယ်။ ဘ၀ကို နူးနူးညံ့ညံ့လေး နေထိုင်တယ်။ ငြိမ်းချမ်းရေးကို လိုလားတယ်။ စန္ဒရား တီးခတ်တယ်။ ဆရာကြီးကို လေးစား အားကျတဲ့ တပည့်တပန်းတွေက များလှတယ်၊ တချို့လည်း မကြိုက်ကြဘူး၊ ဝေဖန်ကြတယ်။

ဆရာကြီးက အနုအရွ အလှအပ ကြိုက်ပေမယ့် အိမ်ထောင်တော့ မပြုဘူး၊ လူပျိုကြီးဘ၀နဲ့ပဲ နေထိုင်တယ်။ ကိုယ့်စာ ကိုယ့်အတွေး ကိုယ့်အရေးနဲ့ပဲ ဆရာကြီးမှာ ချာလည်ပတ်လည် ဖြစ်နေတာမို့ နောက်တယောက်အတွက် နေရာမပေးနိုင်တော့ဘူးလို့ ထင်မိတာပဲ။ နောက်တခုက သူက မျက်မှန်အထူကြီးနဲ့ ဖြစ်နေတယ်၊ ဆံပင်အရှည် ထားတယ် (မဂ္ဂဇင်းတွေမှာ တွေ့ဖူးတာပါ၊ အပြင်မှာ တခါမှ မတွေ့ဖူးပါဘူး)၊ သူ့ကို ကြည့်တာနဲ့တင် ကဗျာဖြစ်နေတယ် ထင်တာပဲ။

ရေဒီယိုမှာ သူ့ကို အင်တာဗျူးမေးတာ ဖြေတာတွေ ကြားရတော့ လူကသာ နုပုံ၊ အနုပညာဆန်ပုံ ရပေမယ့် စကားပြော မပျော့ဘူး၊ သူ ပြောချင်တာကို ထိထိမိမိ ပြောတတ်တယ်၊ သူ ပြောတဲ့ အကြောင်းအရာတွေအတွက် သူ့မှာ အကြောင်းပြချက်တွေ ရှိနေပြီးသား ဖြစ်နေတယ်။ ကိုယ့်တာကိုယ်လုံအောင် လုပ်ထားတတ်သူလို့ သတိထားမိတယ်။

ကျွန်တော်က ဆရာကြီး ဒဂုန်တာရာအကြောင်းကို ပြောမှာ မဟုတ်ပါဘူး။ ကျွန်တော့်အကြောင်းကို ပြောမှာပါ။ အခုတလော စာဖတ်ဖို့ ကြိုးစားပေမယ့် စာအုပ် ကိုင်လိုက်တာနဲ့ တခုခု ရေးချင်စိတ်က ပေါ်ပေါ်လာတယ်၊ အမှန်က များများဖတ် နည်းနည်းရေး ဖြစ်ရမှာ… ၀မ်းစာပြည့်မှ စာကောင်းထွက်မှာ မဟုတ်လား။ အခုက တွေးချင်စိတ်နဲ့ ရေးချင်စိတ်က များနေတယ်။ ဒါမျိုးက တခါတခါမှ ဖြစ်တတ်တော့လည်း မုဒ်လေးဝင်တုန်း ရေးမှဆိုပြီး စာအုပ်တွေ၊ သတင်းစာတွေ ဘေးချပြီး အတွေးလေးတွေကို စီကာစဉ်ကာ ရေးချမိတော့တာပေါ့။

ကျွန်တော်က ငယ်ငယ်ကတည်းက အတွေးသမား ဖြစ်လေတော့ ကဗျာဆရာ သိပ်ဖြစ်ချင်ခဲ့ပါတယ်။ ကဗျာဆရာဘ၀ဟာ တော်တော်လေးကို လှပမယ်လို့လည်း ထင်ခဲ့ပါတယ်။ ရှစ်တန်း၊ ကိုးတန်းလောက်မှာတော့ တောင်တွေးမြောက်တွေး တောင်ရေးမြောက်ရေး ရေးတတ်နေပါပြီ။ မှတ်မှတ်ရရ ဂျီတီအိုင် တက်တဲ့အခါမှာတော့ ကဗျာဆရာ စာရေးဆရာတယောက်နဲ့ အဖွဲ့ကျပြီး ကဗျာတွေ များများရေးဖြစ်လာပါတယ်။ သူကလည်း လက်ဖက်ရည်ဝိုင်းမှာ ကျွန်တော်တို့ သူငယ်ချင်းတွေကို ပို့ချတာပေါ့လေ။

သူက မော်ဒန်က ဘာ… ပို့စ်မော်ဒန်က ဘာ… ဆာရီရယ်လစ်ဇင်က ဘာ… အိတ်ဇစ်စတန်ရှယ်လစ်ဇင်က ဘာ… စသဖြင့်ပေါ့။ ကျွန်တော်တို့ကလည်း စာသင်ခန်းထဲမှာတော့ ကျောင်းစာ လက်ချာလိုက်၊ လက်ဖက်ရည်ဝိုင်းမှာတော့ ကဗျာဆရာရဲ့ လက်ချာလိုက်ပေါ့။ တခါတလေလည်း ပြန်ဆွေးနွေးရင်း မေးခွန်းတွေ ပြန်လှန်ထုတ်ရင်း တပည့်များဖြစ်ကြတဲ့ ကျွန်တော်တို့က ကဗျာဆရာနဲ့ပြိုင်ပြီး အငြင်းအခုံပြုလို့ပေါ့။ အင်းစိန်ဂျီတီအိုင်ကြီးရဲ့ မျက်နှာစာတန်း လက်ဖက်ရည်ဆိုင် (နာမည်တော့ မမှတ်မိတော့ဘူး)မှာ ခုံပုလေးတွေနဲ့ ထိုင်လို့တမျိုး၊ ခုံမြင့်နဲ့ တခါတခါ ထိုင်လို့တဖုံ အမျိုးမျိုး ပြောဆိုခဲ့ကြတာတွေဟာ အခုအချိန်မှာ ကဗျာတပုဒ် ဖြစ်နေခဲ့ပြီပေါ့။

အဲဒီလို ကဗျာမုဒ်သွင်းပေးခဲ့တဲ့ ကဗျာဆရာ ဦးဆောင်တဲ့ စကားဝိုင်းတွေဟာ အင်မတန် အရသာရှိနေခဲ့တာကို အဲဒီအချိန်ကတည်းက ကျွန်တော် ကောင်းကောင်း ခံစားမိခဲ့တယ်။ ကဗျာဆရာဟာလည်း ဆရာကြီး ဒဂုန်တာရာကို ချစ်တယ်ထင်ပါရဲ့… အင်မတန် နူးနူးညံ့ညံ့လေး နေထိုင်တယ်၊ စကားအပြောအဆို အင်မတန် ညင်သာတယ်၊ ဒေါသထွက်ခဲတယ်။ ကဗျာဆရာကိုယ်၌က ကဗျာဆန်နေတာပါ။ ကျွန်တော် သိပ်ကံကောင်းခဲ့တာပေါ့။ ကဗျာဆရာက သိသင့်သိထိုက်တာတွေကို ပို့ချရင်း သူ ရေးထားတဲ့ ကဗျာတွေကို ဖတ်ခိုင်းတတ်တယ်၊ ဒါက မော်ဒန်ပေါ့၊ ဒါကတော့ ပို့စ်မော်ဒန်ပေါ့၊ ဒါကတော့ အိတ်ဇစ်စတန်ရှယ်လစ်ဇင်ပေါ့၊ ဒါကတော့ ဆာရီရယ်ပေါ့။

နောက် ကျွန်တော်တို့ နည်းနည်းနားရည်ဝလာတော့… ပြီးတော့ သူ့လိုပဲ လိုက်ရေးနိုင်လာတော့ ကဗျာဆရာက ကျွန်တော်တို့ သူငယ်ချင်းတွေကို ရန်ကုန်မြို့လယ် ၃၃ လမ်း (အထက်) ဓမ္မာရုံရှေ့ မျက်နှာစာလေးမှာ ဖွင့်ထားတဲ့ လေထန်ကုန်းလို့ခေါ်တဲ့ လက်ဖက်ရည်ဆိုင်လေးကို ခေါ်လာခဲ့တယ်။ အဲဒီမှာ ကဗျာဆရာတွေ၊ စာရေးဆရာတွေ ထိုင်ကြတယ်၊ လေကန်ကြတယ်၊ တွေ့ဆုံပြီး ကဗျာတွေ၊ စာမူတွေ အပြန်အလှန်ပြကြ၊ ဖတ်ကြ၊ ငြင်းခုံကြ၊ စာမူပေးကြ၊ စာမူခယူကြ၊ မဂ္ဂဇင်း ဂျာနယ်တွေ စာအုပ်တွေ လက်ဆောင်ပေး၊ ယူကြပေါ့။

ကျွန်တော်တို့လည်း စားပွဲတ၀ိုင်းယူပြီး လက်ဖက်ရည်ကျစိမ့် တခွက်စီ မှာယူကြတယ် (ကျစိမ့်ကလည်း ကဗျာဆရာတွေ သောက်ကြတာ များတယ်လို့ ကဗျာဆရာက ဆိုသေးတာကိုး)၊ ကဗျာဆရာကတော့ စီးကရက်သောက်သေးတယ် ထင်တယ်၊ ကျွန်တော်က မသောက်ဘူး၊ ဒီလိုနဲ့ ကျွန်တော်တို့လည်း ရောက်တတ်ရာရာ ပြောဆိုကြတာပေါ့။

အဲဒီအချိန်က ကဗျာဆရာက မြှားနတ်မောင်မဂ္ဂဇင်းမှာ ကဗျာလေးတွေ ပါနေပြီ၊ ခံစားမှုဆောင်းပါးလေးတွေလည်း ပါတတ်တယ်။ တခြား မဂ္ဂဇင်းတွေကိုလည်း စာမူတွေ ပို့တဲ့အခါ ပို့တတ်တယ်လို့ ဆိုတယ်။ အဲဒီလိုပို့လို့ ပါတဲ့အခါကျရင်လည်း ကျောင်းကို သူ့စာမူတွေ၊ ကဗျာတွေပါတဲ့ မဂ္ဂဇင်းတွေ ယူလာပြီး ကြွားရတာ ကဗျာဆရာမှာ မောမဆုံး ပြောမဆုံးပေါ့။ သူငယ်ချင်းတွေဖြစ်တဲ့ ကျွန်တော်တို့ကလည်း ကဗျာဆရာနဲ့အတူ ၀ိုင်းပျော်ရ၊ အားကျကြနဲ့ပေါ့။

ပြောချင်တာက အဲဒီလို ကဗျာပါဖူး စာပါဖူးတဲ့ ကဗျာဆရာဟာ အယ်ဒီတာတချို့၊ စာရေးသူတချို့နဲ့လည်း သိနေတာပေါ့၊ လေထန်ကုန်းမှာ ထိုင်ကြတော့ ဟိုဘက်ဝိုင်း ဒီဘက်ဝိုင်းမှာ ကဗျာဆရာနဲ့ သိတဲ့သူတွေဆိုရင် သူက ထထနှုတ်ဆက်တယ်၊ ကျွန်တော်တို့နဲ့လည်း မိတ်ဆက်ပေးတယ်။ တချို့လည်း နာမည်ကြီးတွေပါ၊ တချို့လည်း ကဗျာဆရာ မိတ်ဆက်ပေးမှ ကြားဖူးတဲ့ ဆရာတွေလည်း ပါတာပေါ့လေ။

ကဗျာဆရာတွေ စာရေးဆရာတွေကလည်း ချာတိတ်တွေ၊ ကျောင်းသားတွေဆိုတော့ ပြုံးပြနှုတ်ဆက်ပြီး သူတို့ဘာသာသူတို့ စကားဆက်ပြော၊ အလုပ်ဆက်လုပ်ပေါ့လေ။ ကျွန်တော်တို့လည်း စကားဆက်ပြောကြတာပေါ့။ အဲဒီလို လေထန်ကုန်းထိုင်ပြီး စကားပြောရတာကလည်း အရသာတခုလို့ ကဗျာဆရာက ပြောထားတော့ ကျွန်တော်တို့လည်း လက်ဖက်ရည်လေး သောက်လိုက်၊ စကားပြောလိုက်နဲ့ အရသာ ခံတာပေါ့လေ။ ကျွန်တော်က အဲဒီအခါကလည်း အရသာ ခံခဲ့တာပါပဲ။

အဲဒီလို စာပေလောကထဲက စာရေးဆရာတွေ ကဗျာဆရာတွေနဲ့ နှုတ်ဆက် ခင်မင်တဲ့အထဲမှာ ကျွန်တော် မှတ်မှတ်ရရ ရှိနေတဲ့ တယောက်ကတော့ တမျက်နှာ ၀တ္ထုတို အရေးကောင်းတဲ့ ကိုမြင့်အောင်ပါ (နောက်တော့ သူက သူ့သားလေး နာမည်ဖြစ်တဲ့ မောင်မိုးဦးနဲ့ အရေးများတယ်)၊ သူက တကယ့်ကို နူးညံ့တဲ့သူပါ၊ ဘ၀ကို ရိုးရိုးလေး မြင်တတ်၊ ကြည့်တတ်သူလို့ အဲဒီကတည်းက ကျွန်တော် ခံစားရတယ်။ သူ့စိတ်က လှနေတယ်လို့ ကျွန်တော်ထင်တယ်။

ကဗျာဆရာရဲ့ စိတ်ကလည်း ချိုချိုလေးပဲ… ကျွန်တော်တို့ သူငယ်ချင်းတသိုက် ကံကောင်းကြတာပေါ့။ ကိုမြင့်အောင်က ကျွန်တော်တို့ကျောင်းလည်း တခါ လိုက်လာဖူးတယ်၊ ကျွန်တော်တို့ကို ကျောင်းသားဆိုပြီး ချာတိတ်တွေလို့ သူ မတွက်ဘူး၊ လေးလေးစားစား ဆက်ဆံတယ်။ ကျွန်တော်မေးလို့ ၀တ္ထုတို (တမျက်နှာဝတ္ထု) ရေးပုံကို ပြောပြဖူးတယ်။

ကျွန်တော်တို့ သူငယ်ချင်းတသိုက်ထဲမှာ အားလုံးကလည်း ကိုယ့်နည်းကိုယ်ဟန်နဲ့ ကဗျာလေးတွေ ရေးကြတယ်။ ကဗျာဆရာကတော့ အများဆုံး ရေးနိုင်တာပေါ့၊ နောက်ပြီး သူရေးတဲ့ ကဗျာတွေက ကျွန်တော်တို့ လိုက်မီခံစားရသလောက် အလွန်ကောင်းတဲ့ ကဗျာတွေပဲ။ နောက် သူငယ်ချင်းတွေထဲကဆို ကောင်းညွန့်ဝင်းတို့၊ ကိုကျော်မင်းဦးတို့ ရှိတယ်။ ကောင်းညွန့်ဝင်း ကဗျာလေးတွေက နူးညံ့တယ်၊ လှတယ်၊ ပူးကပ်ခံစားနိုင်စွမ်းရှိတယ်။ ကိုကျော်မင်းဦး ကဗျာတွေက ရဲတယ်၊ ပြတ်တယ်လို့ ကျွန်တော်ထင်တယ်၊ သူက နည်းနည်းပဲ ရေးတယ်၊ ရေးတာလေးတွေကလည်း ကောင်းတယ်။

ကျွန်တော်ကတော့ ကဗျာဆရာကို လိုက်တုရေးတာပေါ့လေ၊ များများလည်း ရေးတယ်၊ မော်ဒန်ပုံစံထွက်အောင်လည်း ရေးတယ်။ ကျွန်တော် အခုထက်ထိ မှတ်မိနေတဲ့ ကျွန်တော်ကဗျာတကြောင်းက ဒီလို… “ပြိုကျသွားတဲ့ သဲနံရံကြီး ပြန်ထောင်ဖို့ လှေကားတစင်း လိုပါတယ်“ တဲ့။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ကျွန်တော် ရေးခဲ့တဲ့ စာတကြောင်း ကျွန်တော် အခုထက်ထိ မှတ်မိနေတယ်။ အဲဒီကဗျာလေး အပါအ၀င် ကျွန်တော့်ကဗျာ သုံးပုဒ်လား ကျွန်တော်တို့ ထုတ်တဲ့ ကဗျာစာအုပ်ထဲမှာ ပါခဲ့တယ်။

အဲဒီကဗျာစာအုပ် အဖုံးကို ကဗျာဆရာကပဲ လုပ်တယ်၊ အဖုံးဒီဇိုင်းက ကောက်ကြောင်းတွေနဲ့ ရေးထားတယ်။ ကောက်ကြောင်းတွေကြားမှာ အရောင်တွေ (ရောင်စုံ) ဖြည့်ရတယ်။ ဆော့ပင်တကတ် ၀ယ်ပြီး တယောက်တလှည့် ဖြည့်ကြတာပဲ။ တယောက်ကို ၁၀ ဖုံးစီလောက် အရောင်ဖြည့်ခွင့်ရတယ်၊ ကျန်တာကိုတော့ ကဗျာဆရာက လုပ်တယ်။ ကဗျာစာအုပ် မျက်နှာဖုံးကိုက မော်ဒန်ဖြစ်နေတာလေ… အဖုံးက တအုပ်နဲ့တအုပ် လုံးဝ မတူဘူး။ ကျွန်တော်တို့ အုပ် ၁၀၀ လောက် ထုတ်တယ်မှတ်တာပဲ၊ မမှတ်မိတော့ဘူး (၅၀ လောက်တော့ မဖြစ်နိုင်ပါဘူး)။

ကဗျာလည်း ကိုယ့်ဘာသာရေး၊ စာရိုက်ခ၊ စက္ကူခ၊ မိတ္တူကူးခတွေလည်း အားလုံး အချိုးကျ ၀ိုင်းထည့်ပြီး လုပ်ကြတာပါ၊ ပျော်စရာကောင်းပါတယ်။ နောက်တော့ ကုန်ကျစရိတ်ကို အချောထွက်လာမယ့် စာအုပ်အရေအတွက်နဲ့ စားပြီး၊ စာအုပ်တန်ဖိုး တွက်ချက်သတ်မှတ်လို့ ရောင်းချကြပါတယ်။ မားကတ်တင်းပိုင်းလည်း မကျွမ်းကျင်ပါဘူး။

ဒါပေမဲ့လည်း သိတဲ့အတိုင်း ကျွန်တော်တို့ သူငယ်ချင်း ကောင်မလေးတွေက ဒီကောင်တွေ (ကျွန်တော်တို့) ဘာတွေများ ပေါက်တတ်ကရ ရေးထားမလဲလို့ ဖတ်ကြည့်ချင်တာနဲ့ တယောက်တအုပ် ၀ယ်ကြတာပါပဲ။ ဒါတောင် ၀ယ်ချင်တဲ့သူက ၀ယ်ချင်တာတောင် ကျွန်တော်တို့မှာ တုန်တုန်ယင်ယင်နဲ့ ကောင်မလေးတွေ ထိုင်နေတဲ့ နေရာကို မသွားရဲ၊ မရောင်းရဲ ဖြစ်ကြသေးတယ်။ နောက်တော့လည်း ရှေ့မျက်နှာ နောက်ထား ရောင်းလိုက်တော့လည်း ပြီးသွားတာပါပဲ။

ကဗျာစာအုပ်နာမည်က “ခရမ်းရောင် မြစ်တစင်း တည်ဆောက်ခြင်း“ ဆိုလား။ ကဗျာဆရာပေးတဲ့ နာမည်ပါပဲ။ ကဗျာဆရာက တော်တော်များများကို ဦးဆောင်လုပ်သွားပါတယ်။ သူက အတွေ့အကြုံရှိတာကိုး။ ကျွန်တော်တို့ကတော့ သူ့နောက်လိုက်… သူခိုင်းတာကို လုပ်ပေါ့။ လိုအပ်တဲ့ အကြံဥာဏ်နဲ့ ဖြည့်စွက်ချင်တာလေးတွေကိုတော့ ကျွန်တော်တို့က ပြောပြကြတာပေါ့။

ကဗျာဆရာက ကောင်းတာက အဲဒီကတည်းက ဒီမိုကရေစီကို ကျင့်သုံးတယ်၊ လူ့အခွင့်အရေးကို ပြဌာန်းပေးတယ်။ သူက ခေါင်းဆောင် ဆိုပေမယ့် လုပ်ချင်တာ မလုပ်ဘူး၊ ကျွန်တော်တို့ကို သေချာရှင်းပြတယ်။ ထောက်ခံလား၊ သဘောတူလား သေချာမေးတယ်။ ကျွန်တော်တို့ကိုလည်း နေရာစုံမှာ နည်းနည်း နည်းနည်းစီ ပါဝင်ခွင့်ပေးတယ်။ ကျွန်တော်တို့ကို ပြောရေးဆိုခွင့်ပေးတယ်။ ကဗျာဆရာဟာ တကယ်နူးညံ့တယ်၊ ကျွန်တော်တို့ကို ကဗျာအကြောင်းတွေတင် မကဘူး၊ နူးညံ့မှုကိုပါ သင်ပေးလိုက်တယ်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို သူ တရားမဟောဘူး၊ လက်တွေ့ကျင့်သုံးပြသွားတယ်။

ကျွန်တော်ဟာ ကဗျာဆရာကို အများကြီး လေးစားအားကျခဲ့တယ်။ သူ့လိုဖြစ်ချင်ခဲ့တယ်။ သူနဲ့ပတ်သက်ပြီး လှပတဲ့ နောက်ခံ ဇာတ်ကြောင်း တခုကလည်း မှတ်မှတ်ရရ ရှိနေသေးတယ်။ သူ့မိသားစုနဲ့ သူကိုယ်တိုင်က ကဗျာဆရာဟာ စစ်အတွင်းက သေတဲ့ ဂျပန်ဝင်စားတာလို့ ယုံကြည်တယ်။ ဂျပန်ကပြား အနုပညာရှင် တဦးဖြစ်တဲ့ အဆိုတော် ခင်ဝမ်းကိုလည်း ကဗျာဆရာဟာ အားကျပုံရတယ်။ ကဗျာဆရာကတော့ အသည်းညိုသူ မည်းသူဆိုတော့ ဂျပန်ဝင်စားတာ ဆိုရင်တောင် ဂျပန်မည်းပဲ ဖြစ်မယ်လို့ ကျွန်တော် အခု စာရေးနေရင်း တွေးမိတယ်။ အဲဒီတုန်းကတော့ သူ့ကို ဂျပန်ဖြူ (ဂျပန်ပါပဲ… ကျွန်တော်က ခပ်တည်တည် ဂျပန်ဖြူတွေဘာတွေ လုပ်နေမိတယ်) မှတ်ခဲ့တာပါပဲ။

ကဗျာဆရာက မှော်ဘီမှာ နေသူ ဖြစ်တယ်။ မှော်ဘီကနေ အင်းစိန်ကို နေ့ချင်းပြန် ကျောင်းလာတက်ရတဲ့ ကဗျာဆရာဟာ အတော်ပင်ပန်းမှာပါပဲ။ သူက ကျောင်းအားရက်တွေမှာ ဂျပန်ကင်ဒို(ဓား) ကစားတယ်လို့ ပြောပြဖူးတယ်။ ဒီတော့ ကဗျာဆရာဆိုတာ လိုအပ်လာရင်လည်း ရဲရင့်နေဖို့ ထက်မြက်နေဖို့ စိတ်ဓာတ်အင်အား သာမကဘဲ ရုပ်ပိုင်းဆိုင်ရာလည်း တောင့်တင်း ကြံ့ခိုင်နေဖို့ လိုတယ်လို့ ကဗျာဆရာက မသင်ဘဲ သင်ပြနေသလို ကျွန်တော် ခံစားရပြန်တယ်။

ပိုပြီးထူးဆန်းတာက ကဗျာဆရာဟာ သူ့ဆံပင်ပုံစံကို ဂျပန်ဆာမူရိုင်းပုံစံ ထားလိုက်တာပါပဲ။ ဂျပန်ဆာမူရိုင်းပုံစံက ဘယ်လိုပါပဲ၊ ဆံပင်ကို ခေါင်းလုံးအလယ် တည့်တည့်လောက်ကနေ နဖူးစပ်အထိ ဆံပင်ကို ကတုံး ရိပ်ထားရတယ်၊ ခေါင်းကို ကတုံးတခြမ်း ရိတ်ထားတာပါပဲ၊ နောက်စေ့ပါတဲ့ ခေါင်းရဲ့ နောက်ဘက်ခြမ်းမှာသာ ဆံပင်ရှိတယ်။ အဲဒီ နောက်က ဆံပင်တွေက လည်ပင်းအထိ ရှည်လျားကျနေမယ်၊ နားရွက်ကို ဖုံးထားလိမ့်မယ်။

ရှေ့ဘက်ကနေ ကြည့်လိုက်ရင်တော့ ကတုံး၊ နောက်ဘက်ကနေ ကြည့်ရင် ဆံပင်ရှည်ပုံစံဖြစ်နေတယ်၊ အဲဒါ ဂျပန်ဆာမူရိုင်းတွေ ထားတဲ့ ဆံပင်ပုံစံပဲ၊ ပြီးရင် ကီမိုနိုဝတ်ပြီး ကင်ဒိုကို ကိုင်ပြီး ပြေးမယ်၊ ဂျပန်ဆာမူရိုင်းကားတွေ ကြည့်ဖူးတယ် မဟုတ်လား၊ ကဗျာဆရာဟာ အဲဒီ ဆံပင်ပုံစံနဲ့ ကျောင်းကို အပြီးအထိ တက်သွားတယ်။ တော်ရုံ ယုံကြည်မှု၊ တော်ရုံ သတ္တိနဲ့ မှော်ဘီ-အင်းစိန် နေ့တိုင်း သွားလာနေဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ လမ်းသွားနေတုန်းတော့ သူ ဦးထုပ် ဆောင်းထားတတ်တယ်လို့ မှတ်ပါတယ်။ ကဗျာဆရာက ယုံကြည်တာကို သတ္တိရှိရှိလုပ်ဖို့ မပြောဘဲ ကျွန်တော့်ကို ပြောပြန်ပါတယ်။

ကျွန်တော်ဟာ ကဗျာဆရာဖြစ်ဖို့ကို အကြိမ်ကြိမ် တွေးခဲ့ဖူးပါတယ်။ ကဗျာလေးတွေလည်း ကျွန်တော်ရေးတတ်သလို ပုံစံနဲ့ ရေးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ လေထန်ကုန်းမှာ ခဏခဏ ထိုင်ခဲ့ဖူးတဲ့ ကျွန်တော်၊ ကဗျာဆရာတွေကို အနီးကပ် တွေ့ခဲ့ဖူးတဲ့ ကျွန်တော်၊ အယ်ဒီတာတွေနဲ့ စကားပြောခဲ့ဖူးတဲ့ ကျွန်တော်… ကဗျာဆရာ လုပ်ဖို့ကို စိုးကြောက်ခဲ့ပါတယ်။ ကဗျာဆရာဆိုတာ တော်ရုံသတ္တိနဲ့ လုပ်လို့မရပါဘူး။ အထူးသဖြင့် ကျွန်တော် စိတ်ပူတာကတော့ ငွေကြေးအားဖြင့် လုံးဝ မခိုင်တဲ့ ကိစ္စပါပဲ။

မိသားစုမှာ သားကြီးဖြစ်တဲ့ ကျွန်တော့်မှာ မိသားစုအတွက်၊ အိမ်အတွက် လုပ်ကိုင်ရှာဖွေ ကျွေးမွေးရမယ့် တာဝန်က ရှိပါတယ်။ ဒီတော့ ငွေကြေး ခိုင်မာတဲ့ သေချာတဲ့ အလုပ်တခု လုပ်မှ ဖြစ်မှာပါလို့ တွေးမိလိုက်တိုင်း ကျွန်တော် ကဗျာဆရာ ဖြစ်ဖို့ကို ကြောက်ကြောက် သွားပါတယ်။ ကျွန်တော် ဆိုလိုတာက ကဗျာဆရာအဖြစ် လုံးဝ ခံယူနေထိုင်ဖို့ကို ကျွန်တော် မရဲဘူးလို့ ပြောတာပါ။

ကဗျာဆရာတယောက်မှာ ကျွန်တော်သဘောကျတဲ့ အပိုင်းကတော့ အတွေးရှင် ဖြစ်နေတာကိုပါ။ အတွေးမှာ မျောနေ လွင့်နေရတဲ့ အရသာက အင်မတန်မှ ကောင်းမွန်လွန်းပါတယ်။ နောက်သဘောကျတဲ့ အချက်တခုကတော့ စကားလုံးတွေနဲ့ ဆော့ကစားခွင့် ရှိနေတာပါ။ တော်ရုံလူ ပုံမှန်စာရေးဆရာမှာ အဲဒီအခွင့်အရေး မရထားပါဘူး။ အတွေးကို ကြိုက်သလို တွေးနိုင်ပြီး စကားလုံးကို စိတ်ကြိုက် သုံးနှုန်း စေစားပိုင်ခွင့်ရှိတဲ့ ဘ၀ကို ကျွန်တော် တမ်းတမိတာ အပြစ်မဟုတ်လောက်ပါဘူးနော်။

“မညာပါနဲ့ မေ“

ပြည့်ပြည့်လေး ပဲတင်းနေပါ
စွေ့စွေ့လေး လျှောက်လာလှမ်းလေ
ဘောလုံးပုံ သစ်ပင်တန်းတွေမှာ
မောင် ကန်းနေလိုက်မယ်… ဘာမှ မဖြစ်ဘူး။

မြက်ခင်းပြင် အကျယ်ကြီးမှာမှ
ဒီပန်းတွေ ခရမ်းရောင် ရင့်ပုံက
မောင့်နန်းကို စိန်ခေါ်နေသလိုပ…
ဆဲပစ်ချင်ပေမယ့် ဒီလူက ပြောမထွက်ပြန်ဘူး။

မပြေးပါနဲ့လေ စိတ်ထဲမှာ မရှိဘူးဆိုလည်း
ရင်ထဲမှာ မစိဘူးဆိုလည်း
ဒီလမ်းကို နောက်ပြန်လှမ်းလိုက်မယ်
မျက်နှာအထူကြီးနဲ့ ကိုယ့်ကိုယ်ကိုယ် အသိဆုံး…။ ။

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်။
ည ၉ နာရီ။