Category: ခံစားမှုသက်သက်


by Myo Tha Htet on Tuesday, 2 October 2012 at 23:36·

ကြိုးတွေနဲ့ ဆွဲထားတယ်၊ ဆွဲတဲ့အတိုင်း လှုပ်ရတယ်၊ လှုပ်လိုက်မှ အလုပ်ဖြစ်တယ်၊ အဲဒါကိုပဲ အလုပ်လို့ခေါ်တယ်။ ကြိုးဆိုင်းတွေနဲ့ လူတယောက်ရှိတယ်။

သူ့မှာ အသက်မရှိဘူး၊ ဒီအတိုင်းတိုင်းဆို လှုပ်မှ မလှုပ်ဘဲ… ဒါကြောင့် အသက်မရှိဘူးလို့ ပြောတာပါ။ တခါ အရှက်လည်း မရှိပြန်ဘူး။ ပြောဆို ပြောတယ်၊ အော်ဆို အော်တယ်၊ ထိုင်ဆိုထိုင် ထဆိုထ… အရှက်ဆိုတာ ဘာလဲလို့တောင် ပြန်မေးမယ့်သူ… တစက်ကလေးမှကို မရှက်တတ်တဲ့သူ။ တခါ အခွက် မရှိဘူး၊ အဲ… မျက်ခွက်ကို ပြောင်လွန်လွန်းလို့ အဲဒီလိုတောင် ပြောကြတယ်။ မျက်ခွက်ဆိုတာ ဘယ်မှာ ထားထားမှန်းကို မသိတဲ့သူပါ။ အကပ် မရှိဘူး၊ ဒါကတော့ ထူးသလို ဆန်းသလို ရှိတယ်၊ ခိုင်းတာတွေ လုပ်ပေမယ့်လည်း တကယ်ဖြစ်ရင်တော့ သူပဲ ခံနေရတယ်၊ ဘယ်သူ့မှလည်း ကပ်မထားဘူး၊ ဘယ်သူ့ကမှလည်း သူ့ကို အကပ်မခံကြဘူး။

ခိုင်းတာလုပ်ဖို့ စိတ်တခုထဲနဲ့ သူ၊ သူ့ကို ကြည့်ရတာ ဘယ်တော့မှလည်း စိတ်ချမ်းသာမယ့်ပုံ မရှိဘူး။ အခုတော့ သူ နေမကောင်းရှာဘူး။ ချောင်းတွေက တဟွတ်ဟွတ်နဲ့… ဆေးကလည်း သောက်ပုံမရဘူး။ ဆေးလိပ်ကတော့ သောက်ပုံရတယ်။ သူ့ကို ကြည့်လိုက်ပါ၊ မသိရင် စက်ရုံခေါင်မိုးကြီး ဆောင်းထားသလိုလို…။ သေတော့မယ်နဲ့ တူပါရဲ့…။ သေသွားတော့လည်း အေးတာပဲလို့ သူ့ခမျာ တွေးထားပုံရတယ် ထင်ပါရဲ့…။ သူ့ကြည့်ရတာ ကြောင်တောင်တောင်နဲ့… ဘာခံစားမှုမှလည်း ရှိပုံ မရဘူး။ သူ့ဘေးက ကြိုးတွေကိုသာ တခါတခါ ၀ါးစားလိုက်၊ တခါတခါ ဖြည်နေလိုက်နဲ့ ကြိုးတွေနဲ့ပဲ အတူနေ၊ ရယ်လိုက် မောလိုက်… မြင်ရတာကိုက တကယ်ကို စိတ်ညစ်စရာ ကောင်းလှပါတယ်။

သူဟာ ကျောက်တုံးမျက်နှာပေးနဲ့ လူတွေကို တခါတခါ ကြည့်တတ်တယ်။ ကျောက်တုံးဆိုတော့ သိတဲ့အတိုင်း ထူထူထဲထဲ၊ လေးလေးပင်ပင်ကြီးပေါ့။ ဘာမှလည်း ခံစားချက်မရှိဘူး။ လူလို့သာ ပြောရတယ်၊ လူနဲ့လည်း တကယ်မတူတဲ့သူပဲ။ ဖြတ်သွားဖြတ်လာတွေက သူ့ကို ကြည့်ကြတယ်၊ စိတ်ညစ်ကြတယ်၊ နှာခေါင်းရှုံ့ကြတယ်။ သူကတော့ တခါတခါ မျက်လုံးကြီး ပြူးပြီးကြည့်တယ်၊ တခါတခါ ရယ်သလိုလို ပြုံးသလိုလို လုပ်တယ်၊ တခါတခါတော့ စသလို နောက်သလိုတောင် ပြန်လုပ်တယ်။ အရူးကြီးတယောက်လို ဖြစ်နေတဲ့သူပေါ့။

ဒါက သူ့ကို အများက မြင်နေရတဲ့ကိစ္စ၊ ကျွန်တော်လည်း အဲဒီလို မြင်သလို ကိုဖိုးထောင်လည်း ကျွန်တော့်လိုပဲ မြင်တာပဲ…၊ မခင်မိလည်း အလားတူ မြင်တာပါပဲ။ ရှင်းရှင်းသိသာတဲ့ အချက်ကတော့ သူဟာ ကြိုးဆွဲမှ ကတဲ့သူ ဖြစ်နေတယ်၊ ခိုင်းမှ လုပ်တယ်။ မဟုတ်ရင် ထူထူအအ၊ ကြောင်တောင်တောင်ပဲ… သူ့ဟာသူ တခုခု လုပ်တယ်ဆိုတာ ဘာမှမရှိဘူး။ ဘာမှလည်း မသိဘူး။ လူတယောက်နဲ့ တကယ်ကို မတူတဲ့လူ…။

ကျွန်တော်က သူ့ကို နောက်ဆုံးမှ တွေ့ဖူးမြင်ဖူးတာမို့ ကောင်းကောင်းမသိဘူး။ သွားရင်းလာရင်း တွေ့ဖူးတာလောက်ပဲ ရှိသေးတယ်။ သူ့ဘ၀ သူ့အကြောင်း ရှေ့ဘက်က ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာကိုလည်း ဟိုကြားဒီကြားပဲ ရှိတာ… သေသေချာချာ မသိပါဘူး။ ဒါပေမဲ့ သူ့ကို တွေ့တွေ့လာရတဲ့အခါ စိတ်ထဲ တမျိုးတမည်ဖြစ်ပြီး၊ အမျိုးအမည်မသိတဲ့ ဝေဒနာတခု ခံစားလာရသလို ရှိတယ်။ ကျွန်တော့်ရဲ့ လွန်ပြီဖြစ်တဲ့ အဘနဲ့ပဲ တူသလိုလို၊ ဦးကြီးညိုထွေးနဲ့ပဲ ဆင်သလိုလို၊ ကိုယ့်မျိုးကိုယ့်ရင်းထဲက တယောက်လိုလို စိတ်ထဲ ဖြစ်မိတယ်။

ဒါကြောင့် တဖြည်းဖြည်းနဲ့ သူ့ကို စိတ်ဝင်စားမှု ပိုလာတယ်ဆိုတာကိုတော့ ၀န်ခံချင်ပါတယ်။ ဘယ်သူ့ကမှ စိတ်မ၀င်စားတဲ့ လူတဦးကို ကျွန်တော်က ဘာကြောင့် စိတ်ဝင်စားနေတာလဲ၊ စိတ်ဝင်စားတော့ရော ဘာတွေ အကျိုးရှိမှာလဲလို့ ပြန်စဉ်းစားကြည့်မိတယ်။ တခါတခါ ကျွန်တော့်မှာလည်း စိတ်ရူးတခု ရှိတတ်တယ်။ ထင်ရာမြင်ရာ စွတ်တရွတ် လုပ်တတ်တဲ့အကျင့်ပဲ၊ ဘယ်တော့မှာလည်း ပြင်လို့ရမှာမဟုတ်တဲ့ အကျင့်ပါ။ စိတ်ဝင်စားချင်တာကို စိတ်ဝင်စားတယ်၊ အလဟဿ အချိန်ကုန်ခံနိုင်တယ်၊ အပင်ပန်းခံနိုင်တယ်။

ဒါနဲ့ ကျွန်တော် တနေ့တော့ ချောင်းပြီး အဲဒီကြိုးဆိုင်းတွေနဲ့လူကို စကားပြောကြည့်ဖြစ်တယ်။ သူက အဲဒီနေ့က နည်းနည်းသန့်နေသလိုပါပဲ၊ ပုံမှန်ဆိုရင်တော့ ဒီလူကြီး ကြည့်ရတာ အင်မတန်မှကို အကျည်းတန်လွန်းပါတယ်။ မဖြီးသင်တဲ့ ဆံပင်၊ မသုတ်သင်ထားတဲ့ မုတ်ဆိတ်၊ မျက်ပေါက်မှေးမှေးနဲ့ အလိုမပြည့်တဲ့ လူတယောက်လို အစဉ်အမြဲ ရှိနေသူ တယောက်ကို မြင်သူတိုင်းက မနှစ်မြို့ကြတာ အထူးအဆန်းလုပ် မပြောသင့်တဲ့ ကိစ္စပါ။ ဒါပေမဲ့ ကျွန်တော်နဲ့ စကားပြောဖြစ်တဲ့ နေ့ကတော့ သူဟာ တော်တော့်ကို လန်းလန်းဆန်းဆန်း ရှိနေပါတယ်။

“ဦးလေး… ကျွန်တော့်နာမည် မောင်ချိုလို့ ခေါ်ပါတယ်၊ တာဝတိန်သာလမ်းမှာ နေပါတယ်“

သူက ကျွန်တော့်ဘက်ကို လှည့်ပြီး ကြည့်တယ်၊ မျက်မှောင်တချက် ကုတ်တယ်။ ပြီးတော့ တဘက် ပြန်လှည့်သွားပြီး ကျောပေးရက်ကနေ စကားပြန်ပြောတယ်။

“မင်းနာမည်နဲ့ နေရပ်ပြောတော့ ငါက ဘာလုပ်ရမှာလဲ၊ ရှုပ်ရှုပ်ရှက်ရှက်…“

“ဒီလိုပါ၊ ကျွန်တော်က မိတ်ဆက်တာပါ၊ ဦးလေးကို ကျွန်တော့်အမျိုးတယောက်လို စိတ်ထဲ ခံစားရလို့ စကားလာပြောကြည့်တာပါ၊ ဦးလေးက ဘာဖြစ်လို့ ကြိုးဆိုင်းတွေနဲ့ ဖြစ်နေရတာလဲ“

စကားအပိုတွေ မပြောတတ်တဲ့ ကျွန်တော့်ဝသီအတိုင်း တိုက်ရိုက်ပဲ ပြောချလိုက်တယ်၊ ဟုတ်တယ်လေ… ဒီလူကြီးကို အထူးအထွေ ကျွန်တော် အချိန်ပေး မနေနိုင်ဘူး။ စကားပြောလို့ရရင် ပြောမယ်၊ မေးစရာရှိ မေးမယ်။ မဟုတ်ရင်လည်း ထားလိုက်ရုံပဲ၊ အဝေးကနေပဲ စိတ်ဝင်စားလိုက်ရုံပဲ။ ကျွန်တော့်ကိုလည်း ကျွန်တော်ဝေခွဲမရနိုင်ဘူး။ ကျွန်တော်ဟာ ဘာကြောင့် စိတ်မရှည်သူတယောက် ဖြစ်နေတာလဲ။ ကျွန်တော်ဟာ ဘယ်တော့မှ သည်းမခံနိုင်ဘူး။ ဘာကိုမဆို ချက်ချင်းတုန့်ပြန်တတ်တဲ့သူ ဖြစ်နေတတ်တယ်။

လူကြီးက ကျွန်တော့်ကို ကျောပေးရက်ကနေ လှည့်လာပြန်တယ်၊ ပြီးတော့ ကျွန်တော့်ကို တည့်တည့်ကြည့်တဲ့ပြီး…

“မင်းက ငါ့ကို ဘာဖြစ်လို့ စိတ်ဝင်စားရတာလဲ၊ ကြိုးဆိုင်းတွေနဲ့လူဟာ အရုပ်ပေါ့ကွာ… ငါဟာ အရုပ်တရုပ်ပေါ့ကွာ“ လို့ ပြန်ဖြေတယ်။

အရုပ်၊ အရုပ်… လူအရုပ်…။ လူဟာ အရုပ်လား၊ အရုပ်လို လူလား။ ကြိုးဆိုင်းတွေနဲ့ လူကြီးက သူဟာ အရုပ်တရုပ်ပါလို့ ပြောတယ်။ ကျွန်တော် သိတာကတော့ အရုပ်ဆိုတာ အရုပ်ပဲ၊ လူက လူပဲ။ အရုပ်နဲ့လူက တူမှ မတူတာပဲ။ အရုပ်ကို ကလေးတွေက ကစားကြတယ်။ လူကြီးတွေကတော့ ကြည့်ကြတယ်၊ သဘောကျတဲ့ အရုပ်ဆို သဘောကျစရာ ကောင်းတယ်လို့ ပြောကြတယ်။ သဘောမကျတဲ့ အရုပ်တွေဆို သူတို့ မကြည့်ချင်ကြဘူး။ ဒီလောက်ပဲ။ ဒီလူကြီးကတော့ အရုပ်တဲ့၊ ဒါပေမဲ့ စကားလည်း ပြောတယ်၊ အစားလည်း စားတယ်၊ ဆေးလိပ်တောင် တခါတလေ သောက်တာကို တွေ့ဖူးတယ်။

“ကြိုးတွေနဲ့ ဆိုင်းထားတဲ့ လူမို့ အရုပ်လို့ ပြောတာလား၊ ရုပ်သေးရုပ်လို ဖြစ်နေတဲ့ လူမို့ အရုပ်လို့ ပြောတာလား“

ကျွန်တော်က စိတ်ထဲ မရှင်းတာနဲ့ အဲဒီလိုပဲ မေးချလိုက်တော့တယ်။ သူက မျက်လုံးကြီးပြူးပြီး ကျွန်တော့်ကို ကြည့်တယ်။ ကျွန်တော် တွေးတာတွေဟာ သမားရိုးကျ အတွေးတွေထဲက ဖောက်မထွက်နိုင်သေးဘူးလို့များ ထင်နေသလား မသိပါဘူး။ (သူ တကယ် အဲဒီလို တွေးခဲ့ရင်လည်း ကျွန်တော် မတတ်နိုင်ဘူး၊ ကျွန်တော်က အချက်အလက်အပေါ် အခြေခံရတဲ့ အလုပ်လုပ်နေသူဆိုတော့ ကျွန်တော် ဖတ်ထား၊ မှတ်ထား၊ သိထားတာတွေ အပေါ်မှာပဲ သုံးသပ် ဆုံးဖြတ်တတ်တယ်၊ မေးခွန်းတွေ ဆင့်ကာဆင့်ကာ ထုတ်တတ်တယ်)။

“အရုပ်ဆိုကထဲက ရှင်းနေပြီးသားပဲ၊ ကိုယ်တိုင် မလှုပ်နိုင်ဘဲ သူများ လှုပ်ပေးမှ လုပ်နိုင်တာကို ခေါ်တာပဲကွ။ ကြိုးတွေနဲ့ ဆိုင်းထားတယ် ဆိုတာကလည်း အဲဒီလို လှုပ်နိုင်အောင် လုပ်နိုင်ဖို့ အတွက်ပဲ မဟုတ်လား။ ရှင်းနေတာတွေကို မင်းက ဘာကြောင့် ရှုပ်ချင်တာလဲ မောင်ချိုရ…“

ကျွန်တော် မိတ်ဆက်ထားတဲ့ နာမည်ကို ပထမဆုံး စခေါ်လာပြီ၊ ဒါဟာ ကျွန်တော့် အောင်မြင်မှုလို့ပဲ ကျွန်တော် တွေးတယ်။ လူတယောက်နဲ့ လူတယောက် နာမည်ခေါ်ပြီး ပြောဆိုလာကြပြီဆိုရင် ဒါဟာ တယောက်နဲ့တယောက် ချိတ်ဆက်မိသွားပြီလို့ ကျွန်တော် ယူဆတယ်။ ဒါဆိုရင် ဒီအရုပ်လူကြီးနဲ့ ကျွန်တော်လည်း ချိတ်ဆက်မိသွားကြပြီလား။ ချိတ်ဆက်တာ/ မချိတ်ဆက်တာ နောက်ထားရမယ့် အလုပ်ပဲ၊ တကယ့်အလုပ်က သူက ကျွန်တော့်ကို မေးခွန်းထုတ်နေပြီ၊ ရှင်းနေတာတွေကို ဘာကြောင့် ရှုပ်ဖို့ လုပ်သလဲတဲ့။

တချို့ကိစ္စတွေဟာ ဒီလူကြီး ပြောသလို ရှင်းနေသားပဲလို့ လူတွေက အထင်ရောက်တတ်ပါတယ်။ တကယ်ကတော့ ကျွန်တော့် အတွေ့အကြုံအရဆို… အဲဒါတွေဟာ တကယ် မရှင်းပါဘူး။ “မရှုပ်ပါဘူးလို့ ကျွန်တော်တို့က သက်သေ မပြမချင်း ရှင်းနေသားပဲ“ လို့ အလွယ်တကူ ပြောလို့ မရတတ်ပါဘူး။ ဒါကို အရှင်း/ အရှုပ်အကြောင်း ကောင်းကောင်းသိတဲ့ သူတွေ သိပါတယ်။ ကျွန်တော်လည်း သိပါတယ်၊ တချို့တော့ မသိကြဘူး။ အဲဒါကိုတော့ ကျွန်တော် သိနေပါတယ်။

ကျွန်တော် ဘာပြန်ဖြေရမလဲ၊ ကျွန်တော့်မှာ အဖြေရှိသလား။ ကျွန်တော်လည်း အရုပ်တရုပ်လား။ လှုပ်တဲ့သူရှိမှ လုပ်တဲ့သူလား။ ဒီအဖိုးကြီးဟာ ကျွန်တော့်ကို မေးနေပြီ၊ ကျွန်တော်ဟာ အင်မတန် စိတ်မြန်တဲ့သူ ဖြစ်တယ်၊ ယောက်ျားလေးတန်မဲ့ ဆတ်ဆတ်ထိ မခံတတ်သူလည်း ဖြစ်တယ်။ အရာရာကို တတ်သိနားလည်သူလို့လည်း အထင်ရောက်တတ်သူ ဖြစ်တယ်။ တချို့ကိစ္စတွေဆို သူများတွေ မသိခင် အရင်သိနေတတ်သူလို့လည်း ဂုဏ်ယူခဲ့ဖူးတယ်။ အခုတော့ ကျွန်တော် အခက်တွေ့ပြီ၊ ခက်နေပါပြီ။ ဘာတခုများ ကျွန်တော် ဖြေနိုင်ပါ့မလဲ။

ကြိုးဆိုင်းတွေနဲ့ လူကြီးကတော့ ကျွန်တော့်ကို ပြုံးပြုံးကြီးကြည့်ပြီး ဟိုဘက် ပြန်လှည့်သွားပြီ၊ သူ့ခေါင်းနားဆီကနေ မီးခိုးငွေ့တွေတောင် ထွက်လာတာကို ကျွန်တော် တွေ့နေရတယ်။ ဆေးလိပ် သောက်နေတာ ထင်ပါရဲ့…။ ခဏနေတော့ ချောင်းတွေ တဟွတ်ဟွတ်ဆိုးသံ ကြားရတယ်။ ကျွန်တော့်မှာတော့ ဆွံအနေဆဲ… အနေမတတ်၊ အထိုင်မတတ်၊ ဟိုစပ်စပ် ဒီစပ်စပ်လူ၊ ကိုယ့်ကိုယ်ကိုယ် သိပ်သွက်တယ်လို့ ထင်ခဲ့မိသူ၊ အခုတော့ ကိုယ့်ဒုက္ခနဲ့ကိုယ်… ကျွန်တော့်ပါးစပ်ဟာ စေးကပ်နေတယ်။

အဖြေကတော့ ရှင်းခဲ့ပြီ။ အော် ဟော် ဟော်… ကျွန်တော်ကိုယ်တိုင်သည်လည်း ကြိုးဆိုင်းတွေနဲ့ လူ…။

၂၀၁၂ အောက်တိုဘာ ၂၊ ည ၁၁ နာရီ။

လန်ဒန်။

by Myo Tha Htet on Friday, 7 September 2012 at 15:10·

ဟာသလေးတခု ရေးပြမလို့ပါ၊ ရိုင်းလိုက်တာလို့ ထင်မှတ်ခဲ့ပါရင် ဒီကောင် အခုတလော ဖေ့စ်ဘုတ်က စာတွေ တအား ဖတ်နေတာပဲလို့ မှတ်ပြီး နားနဲ့မနာ ဖ၀ါးနဲ့ နာကြပါလို့ တန်ပေါင်း (တောင်းပန်) ပါတယ်။ ဖ၀ါးနဲ့ နာဆိုတာ ပြောပြတဲ့ ဒီပါးစပ် (အဲ… ရေးပြတဲ့ ဒီရွှေလက်) ကို ဖနောင့်နဲ့ ပေါက်ခိုင်းတာတော့ မဟုတ်ဘူးလို့ မှတ်စေချင်ပါတယ်။

ရွာတရွာ… အဲ… မိုးဗြဲရွာ ဆိုပါတော့… လက်ဖက်ရည်ဆိုင် တဆိုင်ရှိတယ်။ ဆိုင်ရှင်က မြို့ကျောင်းတက်ပြီး တက္ကသိုလ်ရောက်၊ အဲဒီကနေ ဘွဲ့ရ၊ နောက်တော့ မြို့မှာ အလုပ်လေး၊ ဘာလေး ၀င်လုပ်ပြီးနောက်မှာ အဆင်မပြေတာနဲ့ ကိုယ့်ရပ်ကိုယ်ရွာမှာ အိမ်ထောင်ပြုရင်း အေးအေး လူလူ နေမယ်ဆိုပြီး မိုးဗြဲပြန်လာတယ် ဆိုပါတော့။

သူ့အစီအစဉ်အတိုင်း တနှစ်အတွင်းမှာပဲ ငယ်စာရင်းက သူငယ်ချင်းဖြစ်ခဲ့တဲ့ မချောမေနဲ့ အိမ်ထောင်ကျပြီးနောက် တခြားလည်း မလုပ်ချင်တာနဲ့ တခါ ကိုယ်လည်း သောက်ချင်နေတာနဲ့ လက်ဖက်ရည်လေး ဖွင့်လို့ လုပ်ကိုင် စားသောက်နေခဲ့တယ်။ အဲ… ဆိုင်ရှင် နာမည်က ကိုဖိုးရှုပ်တဲ့။

ကိုဖိုးရှုပ် လက်ဖက်ရည်ဆိုင်ဖွင့်စက သူ့လက်ဖက်ရည်ကို ဘယ်သူမှ မကြိုက်ကြပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ထန်းလျက်စား အကြမ်းသောက် နေတဲ့ ရွာမှာ မြို့ပုံစံ လက်ဖက်ရည်ဆိုင် ဖွင့်တော့ မကြိုက်ကြတာတော့ မဆန်းပါဘူး။ ဆန်းတာက ဒီလို… သူက သူ့ လက်ဖက်ရည် အရသာကို မပြောင်းလဲဘဲ ရွာလူတွေကိုပဲ မြို့အရသာ ခံစားတတ်အောင် ပြောင်းလဲပစ်လိုက်တာပါ။ လွယ်တော့ မလွယ်ဘူးပေါ့။

အဲဒါက လက်ဖက်ရည်ဆိုင်မှာ ဆိုင်ထိုင်သူတွေကို မြို့ကလိုပဲ ဂျာနယ်တွေ ဖတ်စေပြီး၊ ဝေဖန်ရေးနဲ့ လေကန်ရေးတွေကို လုပ်ခိုင်းလိုက်တာပါပဲ။ သူ့ဆိုင်က ရွာဆိုင်ကလေးဆိုတော့ ဂျာနယ်အသစ်တွေတော့ ဘယ်ဝယ်နိုင်ပါ့မလဲ။ မြို့ကို တပတ်တခါတက် လက်ဖက်ခြောက်တို့၊ ဆေးလိပ်တို့၊ နို့ဆီ၊ သကြား အခြောက်အခြမ်းတွေ အ၀ယ်ထွက်ရင်း လမ်းဘေးပုံထဲက အလတ်ဆုံး ဂျာနယ်တွေ ဆယ့်လေးငါးစောင် ၀ယ်ချလာခဲ့တာပါပဲ။

ကိုဖိုးရှုပ်က မြို့မှာက ဒါတွေ လုပ်ခဲ့တာဆိုတော့ အဲဒီ အရသာကို ရွာလူတွေ သိအောင် ထိအောင် ကြိုက်အောင် လုပ်ထည့်လိုက်တာပေါ့။ ပထမတော့ သူပဲဖတ်၊ သူပဲပြော ဒိုင်ခံလုပ်နေရာကနေ နောက်တော့ ရွာသားတွေလည်း အထောင်နားသက်သက်နဲ့ မခံနိုင်တော့အဆုံး မိဘပေးထားတဲ့ ပါးစပ်တွေကို ဟန်ပါပါ ပြောဆိုရာမှာ အသုံးချနိုင်ဖို့ ဂျာနယ်တွေ လိုက်ဖတ်ကြရတော့တာပေါ့။ ကိုဖိုးရှုပ်ကတော့ ဆိုင်စည် ပြီးရော၊ လာထိုင်သူ ဘယ်သူ့မဆို အလကား ပေးဖတ်တာပါပဲ။

ဒီလိုနဲ့ ကိုဖိုးရှုပ်ရဲ့ “ချော“ လက်ဖက်ရည်ဆိုင်ကလေးမှာ မနက်၊ နေ့ခင်း၊ ညနေ လူစည်တယ်ဆိုပါတော့…။ ချောကို တချို့ကလည်း ရှောလို့ ပြောကြတယ်၊ ဘာကြောင့်မှန်းတော့ မသိ။ ဥပမာ ကျွန်တော်က သံချောင်းအိမ် သွားရင် သံချောင်းအမေက ထွက်ကြည့်တဲ့ပြီး မင်းကောင်… ရှောသွားတယ်လို့ ပြောတယ်။ ကျွန်တော်က ပထမတော့ လန့်ဖြန့်သွားတာပေါ့။ မျက်လုံးကြီးပြူးသွားတာပေါ့၊ ကျွန်တော် ပြူးတော့… သံချောင်းအမေကလည်း လိုက်ပြူးတယ်။ နှစ်ယောက် ပြိုင်ပြူးကြပြီး အတန်ကြာမှ သံချောင်း ဘာဖြစ်တယ်လို့ ထပ်မေး၊ သူ့အမေက ရှောသွားတယ် ပြော… နောက်မှ လက်ဖက်ရည်ဆိုင် သွားတာလေဟယ်… မောင်တောက် ဘာဖြစ်နေတာလဲလို့ ဟောက်မှ ကျွန်တော်လည်း ဇာတ်ရည်လည်တော့တယ်။ အဲဒီလို နှစ်မည်ရ လက်ဖက်ရည်ဆိုင်ပါ။ အဲ… ကိုဖိုးရှုပ်တို့ဆိုင်။

ကျွန်တော်တို့ ချာတိတ်တွေက လက်ဖက်ရည်ဆိုင် ထိုင်တယ်ဆိုတာ ဘာရယ်တော့ မဟုတ်ပါဘူး၊ ကျောင်းပိတ်ရက်တွေဆို တခြားလည်း လုပ်စရာ မရှိ၊ လျှောက်သွားနေရင်လည်း နေကပူတော့ ကိုဖိုးရှုပ် လက်ဖက်ရည်ဆိုင် ၀င်ထိုင်၊ ပိုက်ဆံရှိလည်း သောက်၊ မရှိတော့လည်း ရေနွေးသောက်ပြီး သူတို့ အာပေါင်အာရင်းသန်သန် ဆွေးနွေးငြင်းခုန်တာတွေကို နားထောင်ရတာပေါ့လေ။ အရသာပါပဲ။

တရက်တော့ ကျောင်းဆရာ ကိုမြသာရယ်၊ ကျောင်းသားမောင် ဒိုးပတ်ဝိုင်းက ၀ိုင်းခေါင်းဆောင် ကိုဖေသန်းရယ်၊ ဦးလေးတင်မောင်တို့၊ ဦးမြကြီးတို့၊ ဦးဖင်နီတို့ စကားဝိုင်း ကောင်းနေကြတာကို တွေ့ရတယ်။ သူတို့က လာမယ့် သီတင်းကျွတ်ကျရင် ရွာဦးကျောင်းမှာ ခင်းကျင်းမယ့် ကထိန်ပွဲအကြောင်း ဆွေးနွေးနေကြတာပါ။ ကျောင်းသားမောင်နဲ့ တီးကြခတ်ကြမယ့် အစီအစဉ်လေး ပါတာကိုး။ နှစ်တိုင်းလည်း ထည့်နေကြတာပါ၊ မဆန်းပါဘူး။ ကျောင်းသားမောင် ဖွဲ့ထားတာလည်း ကြာမင့်ဟာ၊ ကျွန်တော်တို့ အဖေ လက်ထက်ထဲက ထင်ပါရဲ့…။

ပြဿနာက ကျောင်းသားမောင်ရဲ့ ၀ါးလက်ခုပ်တီး ကိုမြအောင်က ပြီးခဲ့တဲ့နှစ် ကထိန်အပြီးကလေးကပဲ မလေးရှားကို အလုပ်လုပ်ဖို့ ထွက်သွားခဲ့တာဆိုတော့ ၀ါးလက်ခုပ် ဘယ်သူတီးမလဲဆိုတဲ့ လူရွေးမှုကို လုပ်နေတာပါ။ အဲဒီမှာ ကျောင်းဆရာ ကိုမြသာရဲ့ဘေးက တချိန်လုံး ငြိမ်ပြီး နားထောင်နေတဲ့ မျက်နှာစိမ်းတယောက်ရဲ့ ခေါင်းက ဆတ်ကနဲ ထောင်မတ်လို့ မျက်လုံးတွေလည်း အရောင်တောက်တောက်နဲ့ လက်ဖက်ရည်ဝိုင်းက လူတွေကို လိုက်ကြည့်နေတာ ကျွန်တော် တွေ့လိုက်တယ်။ သူ ဘယ်သူလဲ။

နောက်မှ သိရတာက သူက ရွာအလည်လာနေတဲ့သူ၊ ကျွန်တော်က အဲဒါကို မသိလိုက်ဘူး။ ဒီနေ့ ဆိုင်လာမိမှ သိတာပါ။ ဆရာမြသာရဲ့ သူငယ်ချင်းတဲ့၊ မြို့ကလာတာဖြစ်ပြီး စာရေးဆရာလို့ သိရတယ်။ သူ့နာမည်က အရိန္ဒမာသစ္စာဆိုလား မသိပါဘူး။ ကျွန်တော်ဖြင့် တခါမှ မကြားဖူးပါဘူး။ ဒီလိုနဲ့ ငြိမ်ပြီး နားထောင်ကြည့်လိုက်တော့ ကထိန်ပွဲ ကျောင်းသားမောင် ၀ိုင်းအတွက် အဲဒီ စာရေးဆရာကို ၀ါးလက်ခုပ်တီး အနေနဲ့ပါဖို့ ခွင့်ပြုလိုက်ကြတယ်။ ဒါပေမဲ့ ခြွင်းချက်တခု ထားတယ်။

ဘာလဲဆိုတော့ ကိုမြအောင်က မလေးရှားမှာ အဆင်မပြေဘူးလိုလို ဖြစ်နေတယ်တဲ့၊ မပြောဘူးဆိုလား သတင်းစကားတွေ ကြားတော့ သူ့မိဘတွေကလည်း ပြန်လာခဲ့၊ လယ်မရွေးနိုင်လည်း ဖြစ်သလို လုပ်ကိုင်စားကြမယ်၊ မပူမပင်နဲ့ ပြန်လာခဲ့လို့ လှမ်းပြောထားကြတော့ သူက ကထိန်ပွဲအမီ ပြန်လာချင်လည်း ပြန်လာမယ်တဲ့။ ဒီတော့ ကိုမြအောင် ပြန်လာရင်တော့ ကျောင်းသားမောင်ဝိုင်းရဲ့ ပင်တိုင် ၀ါးလက်ခုပ်တီးပီပီ သူပဲ တီးလိမ့်မယ်၊ အဲ အချိန်မီ ပြန်မရောက်ရင်တော့ ဆရာကိုမြသာရဲ့ သူငယ်ချင်းက ၀င်တီးပေးလိမ့်မယ်။

အဲဒီမှာ ဆိုင်းမဆင့်ဗုံမဆင့်ဘဲ လက်ဖက်ရည်ဆိုင် တခုလုံး တုန်ထွက်သွားအောင် ရယ်သံကြီး သွန်ကျခဲ့တယ်။ အဲဒီ စာရေးဆရာက ဟာသ စာရေးဆရာလား မသိပါဘူး၊ စောန ပြောခဲ့သလို ဆုံးဖြတ်ချက်လည်း ပြီးရော သူက လက်ဖက်ရည်ဝိုင်းက လူတွေကို ပိုပြီး ရင်းနှီးသွားအောင်လား မသိဘူး၊ ပြုံးစစနဲ့ “အင်း… ကိုမြအောင် အချိန်မီ ပြန်မရောက်ခဲ့မှ ကျွန်တော်က တီးရမှာဆိုတော့ ကျွန်တော်က ကိုလိုတီးပေါ့နော်“ လို့ ပြောလိုက်ပါတယ်။

အဲဒီမှာ လေးလေး တင်မောင်က “ဗျာ…“ လို့ အကျယ်ကြီး အော်ရင်း မျက်လုံးကြီးပြူးလို့ စာရေးဆရာကို ကြည့်တယ်။ ပြီးတော့မှ ဘယ်လို ရယ်စရာတွေ ရေးနေမှန်း မသိရပေမယ့် ကြောင်အမ်းအမ်း ဖြစ်နေတဲ့ စာရေးဆရာကို ကြည့်ပြီးရင်းကြည့်လို့ “ကိုလိုတီး… ကိုလိုတီး“ လို့ ရွတ်ရွတ်ပြီး ရယ်တော့တာပါပဲ။ ပထမတော့ ၀ိုင်းထဲပါနေတဲ့ ဆိုင်ရှင် ကိုဖိုးရှုပ် အပါအ၀င် အားလုံး ကြောင်နေကြပေမယ့် နောက်မှ အကြာကြီး တည်ထားတဲ့ အမဲနှပ်အိုးလို တဖြည်းဖြည်း နပ်လာတဲ့ အရသာကို မိသွားလို့ သဘောပေါက်ကုန်ပြီး ရယ်လိုက်ကြတာ ပြောပြခဲ့သလို ဆိုင်ကြီးတခုလုံး တုန်ခါသွားမလား အောက်မေ့ရပါတယ်။

ကျွန်တော်လည်း တအောင့်နေမှ သဘောလိုက်ပေါက်ပြီး ရယ်မိပါတယ်၊ ဧည့်သည်စာရေးဆရာလည်း သူ့စကား အမြီးအမောက် မတည့်မှန်း သိသွားပေမယ့်လို့ တယောက်ထဲမို့လား မသိပါဘူး၊ ဇွတ်အတင်း လိုက်ပြင်မနေတော့ဘဲ သူလည်း လိုက်ရယ်နေပါတော့တယ်။

အဲ… ကထိန်ခင်းတဲ့နေ့ကျတော့ မထင်မှတ်တာနှစ်ခု ဖြစ်လာပါတယ်။ နဂိုစောင့်မျှော်နေတဲ့အတိုင်း ကိုမြအောင် မလေးရှားက အချိန်မီ ပြန်ရောက်လာခဲ့ပေမယ့်လို့ ရွာလုံးကျွတ် ကထိန်နဲ့ အလုပ်ရှုပ်နေရတဲ့ အချိန်မှာ ကိုမြအောင်က နှစ်ဘက်မိဘ သဘောတူသလို မတူသလို ဖြစ်နေတဲ့ သူ့ချစ်နေတဲ့ မနှင်းအေးကို ခိုးပြေးလိုက်တာပါ။ ခိုးပြေးတာက အရေးမကြီးပါဘူး၊ လူကြီးတွေ နောက်မှ ရှင်းရမယ့် ကိစ္စပါ။ အရေးကြီးတာက ကထိန်ပွဲကြီးအတွက် ကျောင်းသားမောင် ဒိုးပတ်ဝိုင်းအတွက် ၀ါးလက်ခုပ်တီး လိုနေတော့တဲ့ ကိစ္စပါ။

ဒီတော့ ခြေပေါ့လက်ပေါ့ရှိတဲ့ ချာတိတ်တွေထဲက ချာတိတ်တယောက်ဖြစ်တဲ့ ကျွန်တော့်ကို ၀ိုင်းခေါင်းဆောင် ကိုဖေသန်းက ကျောင်းဆရာ ကိုမြသာရဲ့ သူငယ်ချင်း စာရေးဆရာကို ၀ါးလက်ခုပ်တီးဖို့ အပြေးခေါ်ခိုင်းတာပါ။ ကျွန်တော်လည်း ခိုင်းတော့ ပြေးရတာပေါ့၊ ကိုမြသာ လှမ်းအော် ပြောတာကို မကြားတ၀က်ကြားတ၀က်ပါ။ ဘာတဲ့… သူ့သူငယ်ချင်း ၀မ်းတွေသွားလို့ လှဲနေတယ်ဆိုလား။ မတတ်နိုင်ဘူးလေ၊ တနာရီသာသာလောက် ၀ါးလက်ခုပ်တီးတာတော့ မသေနိုင်လောက်ဘူးလို့တော့ ထင်တာပါပဲ။

ကျွန်တော့်မှာ ဆရာမြသာ အိမ်ရှေ့ကို ဒုန်းစိုင်းပြေးလာပြီးလို့ လှမ်းအော်ခေါ်နီးကာမှ သူ့နာမည်ကို မေ့လို့နေပါတော့တယ်။ ဒုက္ခပါပဲ။ ဒါနဲ့ မထူးဘူးဆိုပြီး အခုလို အကျယ်ကြီး အော်ခေါ်မိပါတယ်။

“ဆရာ ကိုလိုတီး… ဗျို့… ဆရာကိုလိုတီး…“

ဘာမှ ပြန်မထူးသေး… ဒါနဲ့ အသံကို ပိုမြှင့်ပြီး…

“ဆရာကိုလိုတီး… ကျောင်းသားမောင် ၀ိုင်းဆရာက ၀ါးလက်ခုပ်တီးဖို့ အပြေးလာပါတဲ့ဗျ“

ကျွန်တော် တော်တော်အော်မှ အင်္ကျီ၊ ပုဆိုးလဲပြီး အိမ်ထဲက ပြေးထွက်လာတဲ့ စာရေးဆရာကို တွေ့တယ်။

“ဆရာကိုလိုတီး… ၀ါးလက်ခုပ်တီးဖို့ လာခေါ်တာပါ“ လို့ ထပ်ပြောလိုက်တော့…

“အေးပါကွ… လခွီးတဲ့မှပဲ၊ မင်းက စွတ်အော်နေတာပဲ“ လို့ သူက ပြောရင်း ကျွန်တော်က ရှေ့က ခြေလှမ်းသွက်သွက်နဲ့ အပြေးအလွှား၊ သူကလည်း ခပ်လှမ်းလှမ်းကနေ ယိုင်ထိုးလို့ လိုက်ပါလာပါတော့တယ်။

အဲဒီတော့မှ ကျွန်တော်လည်း တာဝန်ကျေပြီဆိုပြီး ပြုံးမိပါတော့တယ်။

ဟုတ်ပါရဲ့… ကျွန်တော်က သူ့ဘာသာ ပေးပြီး၊ သူ မကြိုက်တဲ့ နာမည်ကိုမှ အကျယ်ကြီး အော်ခဲ့မိတာကိုး…၊ ဟဲ ဟဲ…။

၂၀၁၂ စက်တင်ဘာ ၇၊ မွန်းလွဲ ၃ နာရီ။

လန်ဒန်။

by Myo Tha Htet on Saturday, 1 September 2012 at 11:57·

“လောကမှာ လူရယ်လို့ ဖြစ်လာရင် လူတိုင်းမှာ ဘ၀ကိုယ်စီ ရှိကြတာမို့ သူ့ဘ၀ သူပိုင်သလို၊ သူ့ဆုံးဖြတ်ချက်နဲ့သူ ရပ်တည် ရှင်သန်ခွင့် ရှိဖို့ ကောင်းပါတယ်။ ဒီလိုပါပဲ ထမင်းအောက်က ချိုး(ဂျိုး) ကလည်း ထမင်းပါပဲ။ ချိုးကြိုက်တဲ့သူက စားပေမပေါ့“

တလောက ဖေ့စ်ဘုတ်မှာ အမျိုးသားဝတ်စုံနဲ့ ယောက်ျားနှစ်ယောက်တွဲပြီး မင်္ဂလာဆောင်တဲ့ ဓာတ်ပုံကို တွေ့လိုက်ရတော့ ထူးဆန်းနေခဲ့တယ်။ ထခါ ယောက်ျားနှစ်ယောက် အဓိက သရုပ်ဆောင်တဲ့ လိင်တူချစ် ကမ္ဘာကျော် ရုပ်ရှင် ဇာတ်ကားတွေလည်း ကြည့်ခဲ့ဖူးပေမယ့် တယောက်ကတော့ မိန်းမနေရာက နေမှာပဲလို့ ထင်ခဲ့မိပါတယ်။ တကယ်တော့ ကျွန်တော့် အသိထက် ပိုနေတာတွေကလည်း ရှိနေပြန်တယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က အင်္ဂလိပ်စာ အတူ သင်ယူခဲ့ဖူးတဲ့ ညီငယ် တယောက်နဲ့ မထင်မှတ်ဘဲ စကား ပြောမိတော့ ယောက်ျားချင်း အတူ အပေးအယူ ညီမျှတဲ့၊ အပြန်အလှန် ထောက်ပံတဲ့ ချစ်ခြင်းမျိုးတွေလည်း ရှိနေသေးပါတယ်လို့ သူက ပြောပြလာတယ်။

ဟုတ်တာပေါ့။ ညီအကိုချင်း၊ သူငယ်ချင်းချင်း ရှိနိုင်တာပေါ့။ ဒါပေမဲ့ အခုဟာက ဒီထက်တော့ ပိုတယ်၊ တစိမ်း ယောက်ျားသား နှစ်ဦးကနေ တဖြည်းဖြည်း ရင်းနှီးခင်မင် ချစ်ကြင်လာပြီး နှစ်ဦး တဘ၀ တည်ဆောက်ကြမယ့် ကိန်းပေါ့။ ညီငယ်ကတော့ သူ့ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ပြောထားပါတယ်။ အင်္ဂလိပ် ဘာသာစကား ကျွမ်းကျင်တဲ့ သူမို့ သူက အင်္ဂလိပ် ၀ါကျတွေနဲ့ ရေးထားပါတယ်။

ကျွန်တော်က စိတ်ဝင်စားလို့ ဖတ်ကြည့်မိတယ်၊ ကျန်တဲ့ သူတွေလည်း ဖတ်ပြီး သူ့အမြင် သူ့အတွေးတွေကို စဉ်းစား ဆင်ခြင် ဝေဖန်နိုင်အောင်လို့ ဘာသာပြန်ပေးလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ် လောက်ကတော့ အဲဒီ ညီငယ်လေး ဘာလိင်လဲ ဆိုတာကို မသိခဲ့ပါဘူး၊ ရုပ်တော့ အတော်ဖြောင့်တဲ့ ချာတိတ်ပဲလို့ အလွယ် မှတ်ခဲ့တယ်။ အခုတော့ သူက ပြောပါတယ်၊ သူဟာ လိင်တူချစ်သူ တယောက်ပါတဲ့။ ဒီတော့ သူ့အတွေးနဲ့ သူ့ပတ်ဝန်းကျင်ကို သူ ပြောထားတာလေး နားထောင် (အဲ… ဖတ်ကြည့်) ပါဦး။

The people who we are living with are still need to be educated. Many of them doesn’t understand of human rights and human sexuality. Sexuality can be different from one person to another. Why there’s so much debate about “Pre Gay Wedding Picture”? I think we should have the rights of our own if everyone have theirs. If anybody can marry, then why not we can? I call for emergency improvement to all of our civil society. This is the duty for all of the people who are working for “Human Rights”. As long as we are human, we deserve to have our own rights.

“ကျွန်တော်တို့ ၀န်းကျင်က လူတွေကို ပညာပေးဖို့ လိုနေပါသေးတယ်၊ သူတို့တွေထဲက အများစုဟာ လူ့အခွင့်အရေးကို နားမလည်ကြသေးသလို လူသားရဲ့ လိင်စိတ်ကိုလည်း နားမလည်ကြသေးပါဘူး။ လိင်စိတ်ဆိုတာက တယောက်နဲ့ တယောက် တူနိုင်တာမှ မဟုတ်တာဘဲ။“

ဒီနေရာမှာ တခု ကြားဖြတ် ပြောဖို့ လိုတာက အစပိုင်းမှာ ပြောပြခဲ့တဲ့ ဖေ့စ်ဘုတ်က အမျိုးသားဝတ်စုံဝတ် ယောက်ျားသားနှစ်ဦး ယှဉ်တွဲလို့ မင်္ဂလာဆောင်တဲ့ ပုံစံ ဓာတ်ပုံရိုက်ထားတာကို ဒီညီငယ်က ကိုယ်တိုင်လည်း ထောက်ခံသလို ၀မ်းမြောက်ကြောင်းကိုလည်း တရားဝင် ထုတ်ဖော် ပြောခဲ့သူပါ။

အဲဒီ ဓာတ်ပုံနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ၊ မှတ်ချက်စကားတွေကိုလည်း သူ စိတ်ညစ်ပုံရပါတယ်။ သူ ဆက်ပြောထားတာလေး ဖတ်ကြည့်ပါဦး။

“ဒီဓာတ်ပုံနဲ့ ပတ်သက်ပြီး ဘာဖြစ်လို့ လူတွေက စကားတွေ အများကြီး ပြောနေကြတာလဲ။ လူတိုင်းကိုယ်စီမှာ လူ့အခွင့်အရေး ရှိတယ်ဆိုရင် ကျွန်တော်တို့မှာလည်း ကျွန်တော်တို့ အခွင့်အရေးဆိုတာ ရှိရမှာပေါ့။ လူတိုင်းဟာ ကိုယ်နှစ်သက်သူနဲ့ အိမ်ထောင်ပြုခွင့် ရှိတယ်ဆိုရင် ကျွန်တော်တို့မှာလည်း ဘာကြောင့် မရှိနိုင်ရမှာလဲ“

ညီငယ်က သူ့ မကျေနပ်ချက်ကို ထုတ်ဖော် ပြောဆိုရုံနဲ့ မပြီးသေးပါဘူး။ သူ့အမြင်အရ ပတ်ဝန်းကျင်ကို (သူဆိုလိုချင်ပုံရတဲ့) ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ကိုလည်း တိုက်တွန်းတဲ့၊ တောင်းဆိုတဲ့ သဘောပါတဲ့ အခု ပြောဆိုချက်ကို ဆက်ပြောပါတယ်။

“လူမှုအဖွဲ့အစည်းတွေ အားလုံးကို ကျွန်တော် အခုပဲ ချက်ချင်း တောင်းဆိုချင်ပါတယ်၊ လူ့အခွင့်အရေးအတွက် အားကြိုးမာန်တက် ဆောင်ရွက်နေသူတွေ အားလုံးမှာ တာဝန်ရှိနေပါတယ်။ ကျွန်တော်တို့ဟာ လူသားတွေ ဖြစ်နေသရွေ့ ကျွန်တော်တို့နဲ့ ထိုက်တန်တဲ့ အခွင့်အရေးတွေ ရရပါမယ်“

ဒါနဲ့လည်း သူ့ဟာက မပြီးသေးပါဘူး။ သူတို့တွေ အနေနဲ့ သူတို့ ပတ်ဝန်းကျင်က လူ့အဖွဲ့အစည်းရဲ့ ရှေးရိုးစွဲအမြင်တွေကို ရိုက်ခတ် ခံစားရတုန်းနဲ့ တူပါတယ်။ (ဥပမာ ကျွန်တော်ကိုယ်တိုင်ကိုက ယောက်ျားချင်း ချစ်ကြတာကို အမျိုးအမည် ဘယ်လောက်များများ ရှိနိုင်တယ်ဆိုတာကို ထွေထွေပြားပြား ဖြစ်တုန်းပါပဲ)။

ကြည့်စမ်းပါဦး…၊ သူ့တောင်းဆိုချက်ကတော့ ခေတ်မီပါတယ်။ လွှတ်တော်ခေတ်မို့လည်း လွှတ်တော်စကား ပြောတယ်နဲ့ တူပါရဲ့…။

I urge a call to Parliament to take down the panel 377 code in Burma. I also call for to have that gay men will have same rights as other people does. We know that we can’t say that everyone has the human rights in Burma but gay men are suffering more than anybody else. I call for zero stigma and discrimination to all gay men in Burma and have the equal rights as other people.

“ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၇ မှာ ပြဌာန်းထားတဲ့ ပြဌာန်းချက်ကို ပယ်ဖျက်ပေးဖို့ လွှတ်တော်ကို တောင်းဆိုပါတယ်။ လိင်တူချစ်သူ အမျိုးသားတွေဟာ တခြားလိင်စိတ်ရှိသူတွေလိုပဲ အခွင့်အရေး တန်းတူညီမျှ ရနိုင်ဖို့ကိုလည်း အလားတူ တောင်းဆိုပါတယ်။“

ညီငယ်ဟာ သူတို့တတွေရဲ့ လက်ရှိ ခံစားမှု ဖြစ်ထွေကိုလည်း မဖုံးကွယ်ပါဘူး။ ဒါကြောင့် ထပ်ထပ်ခါခါ ဆိုသလို သူတို့ ပတ်ဝန်းကျင်က လူ့အဖွဲ့အစည်းကို တောင်းဆိုမှုတွေ အကြိမ်ကြိမ် လုပ်ပါတယ်။ ညီငယ်က သူတို့ကို လူ့အဖွဲ့အစည်းကြီး တခုလုံးက လက်ရေတပြင်တည်း ရှိကြဖို့ အဆုံးစွန် အခုလို တောင်းဆိုပါတယ်။

“မြန်မာပြည်က မြန်မာတိုင်းမှာ လူ့အခွင့်အရေးတွေ ရနေကြပြီလို့ မဆိုနိုင်ဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ လိင်တူချစ်သူတွေကတော့ အဆိုးတကာ့အဆိုးဆုံး ခံစားနေကြရတာပါ။ ဒါကြောင့် လိင်တူချစ်သူတွေနဲ့ ပတ်သက်ပြီး မြန်မာပြည်မှာ ခွဲခြားဆက်ဆံတာတွေ မလုပ်ကြဖို့၊ ရှေးရိုးစွဲအမြင်နဲ့ ခံစားချက်တွေကို ဖျောက်ဖျက်ပစ်ကြဖို့နဲ့ တခြားလူ တပါးသူတွေလို တန်းတူ အခွင့်အရေး ပေးကြဖို့ ကျွန်တော် အနေနဲ့ တောင်းဆိုပါတယ်“

ညီငယ်ကတော့ ပြောပါပြီ။

အဲ… ကျွန်တော်ကိုယ်တိုင်ကလည်း ငယ်ငယ်ကတော့ လိင်တူချစ်သူတွေကို ခါးခါးသီးသီး သဘောမတွေ့ခဲ့ပါဘူး။ အခု အသက်ကလေး နည်းနည်းရလာတော့… အင်း… သူတို့ဘ၀နဲ့ သူတို့အကြောင်း၊ သူတို့အဖြစ်နဲ့ သူတို့အချစ်၊ သူတို့အချင့်အတွေးနဲ့ သူတို့အခွင့်အရေးပဲလို့ နားလည်လာခဲ့ပါတယ်။ ရာခိုင်နှုန်းပြည့်လားဆိုတော့လည်း မဟုတ်သေးပါဘူး။

စာဖတ်သူတွေကရော…။

၂၀၁၂ စက်တာဘာ ၁၊ မနက် ၁၁ နာရီ။

လန်ဒန်။

by Myo Tha Htet on Thursday, 26 July 2012 at 01:01·

ဒီလူကို ကြည့်နေတာ ကြာပြီ၊ သေနေပြီလား မသိဘူး။ ကျွန်တော် ဆက်ကြည့်နေတယ်၊ လှုပ်လည်း မလှုပ်တော့ဘူး။ မနေ့ညကတော့ အဲဒီလူကို အခုလိုပဲ ကျွန်တော် စောင့်ကြည့်ခဲ့သေးတယ်။ ကွန်ပျူတာကြည့်လိုက် နည်းနည်းရေးလိုက်နဲ့ အလုပ်ရှုပ်နေပုံပေါက်ပါတယ်။ အခုတော့ သေသွားပြီ ထင်တယ်၊ မလှုပ်မယှက် ဖြစ်နေပြီ။ ဟုတ်လောက်ပါတယ်၊ ဒီလူ သေသွားပြီ။

အင်း… ဘာတွေ ဖြစ်ကုန်ပြီလဲတော့ မသိပါဘူး၊ လင်းရောင်ထွက်တာ ကြာပေါ့၊ နေတောင် ပြင်းပြင်းပူလာပြီပဲ။ ဟိုလူတော့ သေနေတုန်းပဲ၊ အင်း… ဒီလူပြောလိုက် ဟိုလူပြောလိုက်နဲ့ ကျွန်တော့်မှာ အဲဒီလူရဲ့ မျက်နှာကို ကြည့်မိတော့လည်း ကျွန်တော်နဲ့ တူနေတာကို တွေ့ရတယ်။ ကျွန်တော်က သေမှ မသေတာပဲ၊ သူက သေနေတာပဲ။ ဒါဆို ဘယ်လိုမှ ကျွန်တော်က သူ မဖြစ်နိုင်ဘူး။

သေတယ်ဆိုတာ ဘာလဲ။ အဖေက ငယ်ငယ်တုန်းက ပြောဖူးတာကတော့ သေတယ်ဆိုတာ အသက် မရှုတော့တာတဲ့။ အသက်မရှုတော့ အသက်မရှိတော့ဘူး၊ အသက်မရှင်တော့ဘူးတဲ့၊ အဲဒါကို သေတယ်လို့ ခေါ်တယ်တဲ့။ အသက်မရှုရင် သေသတဲ့၊ အဲဒီလိုပဲ ကျွန်တော် တသက်လုံး မှတ်ခဲ့ဖူးတယ်။

နောက် ကျွန်တော် အရွယ်နည်းနည်း ရလာတော့ အသက်ရှုပေမယ့် သေနေတဲ့ လူတွေလည်း ရှိသေးတယ် ဆိုတာကို တွေ့လာ ရပြန်တယ်။ သူတို့ကတော့ နာမည်သေသွားသူတွေ၊ ဘ၀သေသွားသူတွေနဲ့ အလုပ်သေသွားသူတွေ ဖြစ်တယ်။ သူတို့ဟာ နာမည်ကောင်းကို ဘယ်လိုမှ ပြန်တည်ဆောက်လို့ မရတော့ဘူး၊ သူတို့ဘ၀ဟာ တသက်လုံး မူလကလို မရှင်သန်တော့ဘူး၊ သူတို့ လုပ်ကိုင်ခဲ့ဖူးတဲ့ လုပ်ငန်းခွင်တွေထဲမှာ ဆက်လက် ရပ်တည် ရှင်သန်လို့ မရတော့ဘူး။

အခုကတော့ ဒီလူက ဒါမျိုးတော့ မဟုတ်လောက်ဘူး ထင်တယ်၊ တကယ် သေသွားတာလို့ ကျွန်တော် ထင်နေတယ်။ နေက တော်တော်တောင် ပြင်းလာမှပဲ။ ကျွန်တော့် မျက်လုံးတွေတောင် နေအရောင်ကြောင့် ပြာမှောင်လာတယ်။ ကျွန်တော့်အသက်က ဒီလောက်လည်း မကြီးသေးပါဘူး၊ ဘာဖြစ်လို့ နေရောင်ကို ကျွန်တော် ရင်မဆိုင်နိုင်သလဲ၊ နေပူလာရင် အလင်းရောင်များရင် ကျွန်တော့် အမြင်တွေ ဘာကြောင့် ၀ါးကုန်သလဲ။

သေလူကို ကြည့်ရင်း ကျွန်တော့်အဖြစ်ကို ပြန်ဆင်ခြင်နေတုန်း နှလုံးခုန် ရပ်မတတ် လန့်သွားတယ်။ အမယ်… ဟိုလူ တချက် လှုပ်သွားပါလား၊ ကျွန်တော့် မျက်လုံးကပဲ ၀ါးလေသလား၊ ဒါမှမဟုတ် စိတ်ကပဲ ထင်ယောင်မြင်ယောင်လိုက်တာလား၊ မထိတ်သာ မလန့်သာ ရှိလိုက်တာ… ကျွန်တော် ငယ်ငယ်က လမ်းထဲက လူပျို ကာလသားခေါင်းတွေ ပြောကြတာ ကြားဖူးတယ်လေ၊ မသာအိမ်မှာ ဖဲဝိုင်းလုပ် ဖဲရိုက်နေကြတုန်း မသာကြီးက ထထိုင်တယ်ဆိုတာမျိုး၊ ကျွန်တော်တို့မှာ အဲဒီအခါက လန့်လိုက်တာ မပြောပါနဲ့…။

အကိုကြီးတယောက်က ရှေ့ကနေ အပြောပိုင်ပိုင်နဲ့ ပြောနေတုန်း… ကျွန်တော်တို့ ချာတိတ်တွေကလည်း သူ့ စကားထဲ မျောပါ မိန်းမောနေတုန်း… ရင်ထဲမှာလည်း တုန်လှုပ်လို့ အသည်းတထိတ်ထိတ် ဖြစ်နေတုန်းပေါ့… အဲဒီမှာ စတတ်နောက်တတ်တဲ့ နောက်အကိုတယောက်က ကျွန်တော်တို့ ချာတိတ်တွေထဲက တယောက်ယောက်ရဲ့ ခြေထောက်ကို ရုတ်တရက် ဆွဲကိုင်လိုက်လို့ကတော့ အမေရေ့… ဆိုပြီး ခုနစ်သံချီ အော်ဟစ်ခဲ့ရတာတွေကို သတိရနေတုန်းပါပဲ။ ကျွန်တော်တို့ အမြဲတမ်း ခံရတယ်၊ နောက်တကြိမ် အဲဒီလို အခါကြုံတဲ့အခါလည်း ကျွန်တော်တို့ အငယ်တွေထဲက တယောက်မဟုတ် တယောက်ခံခဲ့ရတာချည်းပါပဲ။

အဲဒီလို ငယ်ငယ်က ကြောက်ခဲ့ဖူးတဲ့ အရှိန်က ဒီအရွယ်ကျမှ ကျွန်တော့်ဆီ ပြန်လာဟပ်လေသလား။ မဟုတ်ဘူး… တကယ်… ဟော ဟော ဒီလူက လှုပ်ရုံတင် မကဘူး၊ ထလာနေပြီပဲ။ အမယ်… ဒီလူ့ရုပ်က ကျွန်တော့်ရုပ်နဲ့ တထပ်တည်း ကျနေပါရော့လား။ ကျွန်တော့် အမေဟာ ကျွန်တော့်ကို မွေးဖွားခဲ့တုန်းက အမြွာမွေးတယ်ရယ်လို့လည်း မကြားမိပါဘူး။ ဒီတော့ ကျွန်တော့်မှာ ထလာတဲ့ သေလူလို့ ထင်ခဲ့ရသူလို့ တထိတ်တလန့်ကြည့်ရင်း ခေါင်းက ဆံပင်တွေ ထိုးထောင်လာနေတဲ့ကြားက မဟုတ်မဟပ်တွေ လျှောက်တွေးနေခဲ့မိတယ်။

ထလာတဲ့ သေလူကတော့ ကျွန်တော့်ကိုမှ ယောင်လို့တောင် ရှိတယ် မထင်ပါဘူး။ ပြေလျော့နေတဲ့ သူ့ပုဆိုးကို ပြင်ဝတ်ပြီး အ၀တ်ဗီရို တံခါးက အနံ တပေ၊ အလျား ခြောက်ပေလောက်ရှိတဲ့ မှန်ချပ်ကို တချက် လှမ်းကြည့်လိုက်ပြီး အခန်းတံခါးဖွင့်လို့ အပြင်ထွက်သွားတယ်။ အခန်းတံခါးကနေ တွက်ရင် ခြေလှမ်း သုံးလှမ်းထက် မပိုတဲ့ အကွာအဝေးက နောက်အခန်းတခုထဲကို ၀င်သွားပြီး သူတံခါး ပိတ်လိုက်တယ်၊ ပြီးတော့ အနက် တပေလောက်ရှိမယ့် အိုးတလုံးထဲ အပေါ်ကနေ ရေသွန်ချသလို အသံမျိုးကြားရပြီးနောက်မှာ အဲဒီအိုးထဲမှာ ရေတွေ အရှိန်တခုနဲ့ မွှေလိုက်သလိုမျိုး ကြားလိုက်ရသေးတယ်။

ခဏနေတော့ အဲဒီလူပြန်ဝင်လာပြန်တယ်၊ ပြီးတော့ သူ သုံးနေကြ ဖြစ်ပုံရတဲ့ တဘက်ကြီး အုပ်ထားတဲ့ ပြတင်းပေါက် အပြင်ဘက်ကို တချက်ချောင်းကြည့်လိုက်တာကို တွေ့ရတယ်။ အဲ… နောက်တော့ ကုတင်ပေါ်ကို မှောက်ရက်ကြီး ပြန်အိပ်သွားပြန်တယ်။ ဟ… ကျွန်တော့်ကို သရဲခြောက်တာလား မသိပါဘူး။ ထွက်သွားတယ်၊ ပြန်ဝင်လာတယ်၊ မှောက်သွားတယ်၊ မလှုပ်တော့ပြန်ဘူး။ အခုမှ တကယ် သေသွားပြီထင်ပါတယ်။

ကျွန်တော်လည်း ဒီလူ့မျက်နှာနဲ့ လှုပ်ရှားပုံကို ကြည့်ပြီး အတော်လေး အံ့သြသင့်နေမိတယ်။ ဘယ်နှယ့်လုပ် ကျွန်တော်နဲ့ ချွတ်စွပ်တူတဲ့ လူတယောက် ရှိနေပါလိမ့်လို့ စဉ်းစားမိတယ်။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် သေသွားရင် ဘယ်လို ဖြစ်မှာလဲ။ သရဲဖြစ်မလား၊ တစ္ဆေဖြစ်မလား၊ ပြိတ္တာပဲဖြစ်မလား၊ တခါတခါ စဉ်းစားနေတတ်တယ်။ အခုတော့ ပြဿနာတက်နေပြီ၊ ကျွန်တော်က မသေရဘဲ သေသူကို ကျွန်တော်က တွေ့နေသလို ဖြစ်နေတယ်။

ဒါပေမဲ့ အဲဒီလူက တကယ်သေတာလည်း မဟုတ်ပြန်ဘူး၊ မလှုပ်လိုက် လှုပ်လိုက် ဖြစ်နေတာမျိုးလို့ ပြောရမယ် ထင်ပါတယ်။ ကျွန်တော့် စကားက ရယ်စရာ ကောင်းနေသလားတော့ မပြောတတ်ဘူး။ တကယ်ခံစားရသလို ပြောလိုက်လို့ အူကြောင်ကြောင်တော့ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ခက်တာက… ကျွန်တော် ခုနလူကို ကြည့်ပြီး ကြောက်တောက်တောက် တုန်တုန်လှုပ် ဖြစ်နေပေမယ့် အဲဒီလူ ကျွန်တော့်ရှေ့ လုပ်သွားတဲ့ ဟာတွေ အားလုံးကို ကျွန်တော် အရင်ကလည်း အကြိမ်များစွာ တွေ့ဖူးပြီးသားလို ဖြစ်နေတယ်။ အဲဒါက ကျွန်တော့်ကို စဉ်းစားစရာ ဖြစ်စေခဲ့တယ်။

ကျွန်တော့်မှာ အဲဒီလို စဉ်းစားစရာ ဖြစ်စေခဲ့တဲ့ အကြိမ်ပေါင်းက အကြိမ်ပေါင်း များခဲ့ပြီ မဟုတ်လား၊ ဥပမာ ဆိုပါစို့ရယ်၊ ဒီကနေ့ထုတ် သတင်းစာတစောင်ကို ကောက်ဖတ်လိုက်တယ် ဆိုပါတော့… အဲဒီ သတင်းက လွန်ခဲ့တဲ့ တနှစ်လောက်က ကျွန်တော် ဖတ်ဖူးပြီးသား သတင်းတပုဒ် ဖြစ်နေခဲ့တယ်။ ဒီစာမျက်နှာမှာပဲ၊ ဒီလိုခေါင်းနဲ့ပဲ၊ ဒီလိုပဲ ကော်လံခွဲထားပြီး သတင်းဓာတ်ပုံကတောင် တိုက်တိုက်ဆိုင်ဆိုင် ဒီလိုပုံပါပဲ။

တခါကလည်း တခါမှ မတွေ့ဖူးသေးဘူးလို့ ထင်ရတဲ့ လူတယောက်ကို တခြားလူ တယောက်က မိတ်ဆက်ပေးလို့ ကျွန်တော် လက်ဆွဲနှုတ်ဆက်လိုက်တယ်၊ ခဏနေတော့ ကျွန်တော့် အတွေးထဲမှာ လူတယောက် ပြန်ပေါ်လာတယ်၊ အဲဒီလူပဲ… ခုနက ကျွန်တော် လက်ဆွဲ နှုတ်ဆက်ခဲ့တဲ့သူဟာ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ကျွန်တော်နဲ့ သိခဲ့တဲ့သူပဲ။

ကျွန်တော် တခါက ခရီးထွက်ရင်း ဆိုင်တဆိုင်မှာ ထမင်း ၀င်စားဖြစ်တယ်၊ သိပ်ကောင်းတဲ့ ဆိုင်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဆာနေလို့လား မသိဘူး၊ စားလို့ကောင်းတယ်။ ကျွန်တော် စားမယ်ဆို နောက်ထပ် တပန်းကန်လောက်ဖြစ်ဖြစ် ထပ်စားလို့ ရသေးတယ်၊ ခရီးသွားလာရင်း စားသောက်တာဖြစ်လို့ ကျွန်တော့်ရဲ့ အစာရမ္မက် လိုအင်ဆန္ဒကို အသာချိုးနှိမ်ပြီး ကျွန်တော် ရပ်တန့်လိုက်တယ်။

ခရီးသွားတယ်ဆိုတာ လူရော အစာအိမ်ပါ ပေါ့ပေါ့ပါးပါးနဲ့ သွားတာ ကောင်းတယ် မဟုတ်လား၊ တဖြဲနှစ်ဖြဲ စားသောက်ပြီး လေးပင် ငိုက်မြည်းနေမယ်ဆို တစုံတခု ဘေးအန္တရာယ် ရုတ်တရက် ပေါ်တဲ့အခါ ဒါမှမဟုတ် မမျှော်လင့်ဘဲ တခုခုကို ရင်ဆိုင်ရတဲ့အခါ ရုတ်တရက် ပြေးလွှားရှောင်တိမ်းဖို့ အတွက်မှာ ဒုက္ခရောက်နိုင်တယ် မဟုတ်လား။ ရုတ်စွအဆုံး အစားများပြီး အလေးအပင် သွားချင်လို့ နေရာလွယ်လွယ် မတွေ့ရင် မခက်ပါလားဗျာ။

ဒါကြောင့် ကျွန်တော် ခရီးသွားတဲ့အခါ အတတ်နိုင်ဆုံး ဗိုက်ထဲ မဆာဘဲ ပြည့်နေလောက်ရုံပဲ စားတယ်၊ အင့်သွားအောင် မစားဘူး။ ခက်တာက အဲဒီလိုမျိုး သတ်သတ်မှတ်မှတ်တွေးလို့ စားသောက်မိလိုက်တဲ့အခါတိုင်း ဟာ… ဒါမျိုးတွေကို ဒီနေရာမှာ ဒီလိုတွေးလို့ ဒီအစားအစာတွေ စားသောက်ခဲ့ဖူးနေပါလားလို့ အကြိမ်ကြိမ် ဖြစ်ဖူးတယ်၊ တိုက်ဆိုင်လိုက်တာများဗျာလို့လည်း ဟစ်ဟော့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်လို ရေရွတ်မိတတ်တယ်။

အဲဒီလို အချိန်တိုင်းမှာ ကျွန်တော့် နဘေးမှာများ သူငယ်ချင်း၊ မိတ်ဆွေ တယောက်ယောက် ပါလာခဲ့ရင် သူတို့တွေက ကြောင်တောင်တောင်နဲ့ ကျွန်တော့်ကို ကြည့်တတ်ကြတယ်၊ ကျွန်တော်ကတော့ ဆရာပေးတဲ့ သင်္ချာပုစ္ဆာတပုဒ်ကို နည်းပေါင်းစုံနဲ့ အမျိုးမျိုး စဉ်းစားတွက်ချက်ပြီးမှ နောက်ဆုံး ဖြေရှင်းနည်း အမှန်ကို တွေ့လို့ အဖြေထွက်သွားတဲ့ ကျောင်းသားတယောက်လို ရှင်းရှင်းလင်းလင်း အားရကျေနပ်မှုနဲ့ ကျန်ရစ်ခဲ့ရတာ အကြိမ်ကြိမ်…။

ကျွန်တော် အတွေးတွေ တော်တော်လွန်သွားခဲ့တယ်၊ အချိန်တွေ ဘယ်လောက်တောင် ကြာသွားသလဲတောင် မသိဘူး၊ အပြင်ဘက်မှာ မိုးတွေ ရွာနေတာကို ကြားရတယ်။ အစောပိုင်းက မြင်ခဲ့ရတဲ့ အလင်းတွေနေရာမှာ ကောင်းကင်ဟာ မှိုင်းမှုန်နေခဲ့ပြီ၊ ပြတင်းပေါက် အပြင်ဘက်မှာ မိုးစက်တွေ တွဲခို စီးကျနေကြတယ်။ တကယ်တော့ ကျွန်တော်က မိုးချစ်သူပါ၊ အမှိုင်းချစ်သူတော့ မဟုတ်ဘူး၊ မိုးအခါ အေးအေးမှာ အရိုင်းစိတ်တွေ ကြွရွခဲ့ဖူးတယ်။

ကျွန်တော်ဟာ အဝေးကို စိတ်နဲ့ပြေးလိုက်၊ အတိတ်ကို အပြင်းစား ဆွေးလိုက်၊ မိုးကို တွေ့လို့ ပျော်လိုက်၊ ဟိုးအဝေးကြီးကို မဟုတ်တဲ့ ကျွန်တော့် ဘေးက ဟိုလူကိုပဲ တချက်တချက် ငေးပြီး ကြောက်စိတ် ၀င်လိုက်နဲ့ ဖြစ်နေခဲ့တယ်။ ကြောက်ပါတယ်ဆိုကာမှ ဒီတယောက်က လှုပ်လာပြန်တယ်။ ခုနလိုပဲ ထတယ်၊ အခုတခါတော့ ပြတင်းအပြင်ဘက်ကို အရင်ကြည့်တယ်၊ ပြတင်းတံခါးက ခပ်ဟဟ ဖြစ်နေတာမို့ သူက ခပ်ပြင်းပြင်း တချက် ဆွဲစိလိုက်သေးတယ်။

ဒီလူ မိုးအေးတဲ့ ဒဏ်၊ လေတိုးတဲ့ ဒဏ်ကို မခံနိုင်လို့ လူးလွန့်လှုပ်ရှား ထလာပုံရတယ်။ ပြီးတော့ အခန်းပြင်ထွက်သွားတယ်၊ ဒီမနက်ပိုင်းက ကျွန်တော် ကြားခဲ့ရတဲ့ ပုံစံလိုပဲ အိုးတခုထဲ ရေသွန်၊ ရေမွှေတာတွေကို ကြားရပြန်တယ်။ ဒီတခေါက် အခန်းထဲ ပြန်ဝင်လာတော့ အဲဒီလူက ကျွန်တော့်ရှေ့က ဖြတ်လျှောက်သွားပြီး စာရေးစားပွဲနောက်က ကုလားထိုင်မှာ ထိုင်ပြီး သူ့ ကွန်ပျူတာခလုတ်ကို နှိပ်လို့ ဖွင့်လိုက်တယ်။ တအောင့်စောင့်မှ ဖေ့စ်ဘုတ်ဆိုတာလား ပေါ်လာပြီး ကြည့်နေတယ်၊ သတင်းတွေ၊ ဓာတ်ပုံတွေကို သူ့ကြည့်နေတယ်။ တချက်တချက် ပြုံးလိုက်၊ ပြန်ကြည့်လိုက်၊ တခုခု ရေးလိုက်နဲ့ အဲဒီလူ အလုပ်တော့ ရှုပ်နေပြန်တယ်။ ဒါဆို ဒီလူ မသေဘူးပေါ့။ ကျွန်တော့် အမြင်တွေ၊ အတွေးတွေ တောက်လျှောက် မှားနေခဲ့တာပေါ့။

ခဏကြာတော့ အဲဒီလူက ရေနွေးတအိုး တည်နေတယ်၊ ရေနွေးရတဲ့အခါ အတော်ကြာနေလောက်မှ အသင့်သောက်သုံးနိုင်တဲ့ ကော်ဖီတခွက် ဖျော်လေတယ်။ သူ ကော်ဖီဖျော်တာက ဘယ်လို ပုံစံလဲ… သိသလား။ ကျွန်တော် တွေ့တာတော့ ကော်ဖီမှုန့် ဖောက်ထည့်၊ ရေနွေး ကြက်သီးနွေး ထည့်ပြီး မွှေလိုက်ရင်ရတဲ့ ကော်ဖီမျိုးလေ၊ ကြာကြာသောက်ရင် ကျန်းမာရေး ထိခိုက်နိုင်တယ်လို့ တခါတခါ ကျန်းမာရေး သတင်းတွေမှာ ဖတ်ရတတ်တဲ့ ကော်ဖီမျိုးပေါ့။

ဒီလူက သူ ကိုယ်တိုင် ဖျော်တဲ့ အဲဒီ ကော်ဖီကို သောက်တဲ့ပြီး ကျွန်တော်တို့ ငယ်ငယ်က စားခဲ့ဖူးတဲ့ ပြည်သူ့ကုန်တိုက်မှာ ၀ယ်လို့ရတဲ့ ကျိုက္ကဆံ ဘီစကစ်လိုမျိုးလေ… ဆယ်ချပ်လောက် ရှိမယ် ထင်ပါတယ်၊ တထပ်ကြီး ထုတ်စားနေတယ်။ ဘီစကစ် စားလိုက်၊ ကော်ဖီ သောက်လိုက်၊ ကွန်ပျူတာ ကြည့်လိုက်နဲ့… သူ့ပုံစံ ကြည့်ရတာ အထပ်ထပ် လေ့ကျင့်ထားပြီး ပွဲပေါင်း ရာထောင်ချီ ကဖူးထားတဲ့ ပြဇာတ်သရုပ်ဆောင် တယောက်လို… ကြည့်ပင်ကောင်းလို့ နေသေးတော့တယ်လို့ ပြောရနိုင်ပါတယ်။

နောက်တော့ မိုးက စုံးစုံးချုပ်သွားတယ်၊ ကွန်ပျူတာ မျက်နှာပြင်က ကန်လင်းနေတဲ့ အလင်းအားဟာ အဲဒီလူရဲ့ မျက်လုံးကို စူးစေတယ် ထင်ပါရဲ့… အခန်းရဲ့ တလုံးထဲတော့ မီးသီးကို လင်းလာအောင် သူ ထဖွင့်လိုက်တယ်။ ကွန်ပျူတာရှေ့ ပြန်ရောက်လာတဲ့အခါ အဲဒီလူက တခြား ၀က်ဘ်ဆိုက်တခုကို ဖွင့်လိုက်တယ်။ အရုပ်တွေ လှုပ်ရှားနေတယ်၊ တခါတခါ အသံထွက်တယ်။ အဆက်မပြတ် လှုပ်ရှားမှုနဲ့ အသံတွေ… ဘာတွေမှန်းကို မသိပါဘူး၊ အဲဒီလူ အဲဒါတွေကို သည်းသည်းမည်းမည်း ကြည့်နေတယ်။ ကျွန်တော်က ဘေးတစောင်း အနေအထားနဲ့ ဆိုတော့ ကောင်းကောင်း မမြင်ရဘူး။

အချိန်လည်း တော်တော်ကြာသွားပြီ၊ ညကလည်း တော်တော်မှောင်မည်းနေပြီ။ အသံကလည်း တခါတခါမှ ဖြတ်မောင်း ခုတ်မောင်းသွားတဲ့ ရထားသံကလွဲလို့ ဘာမှ မကြားရတော့ဘူး။ အပြင်မှာ မိုးလည်း မရွာတော့ဘူး မှတ်ပါတယ်။ ကျွန်တော်လည်း အပြင်ကို မမြင်ရတော့ သေချာမသိဘူးပေါ့။ ဒီလိုနဲ့ ကျွန်တော့်မှာ ရီဝေေ၀နဲ့ အိပ်ချင်သလိုတောင် ဖြစ်လာပြီ။ တကယ်က ကျွန်တော့်အတွက် အိပ်စရာ မလိုဘူးလို့ ထင်တာပဲ၊ အမယ်… ဒီညကျမှ ကျွန်တော့်မှာ ထူးထူးဆန်းဆန်း… လူက အိပ်ချင်သလိုလို ဘာလိုလို…။

ခုနလူရော… ဟုတ်ပ… ခုနလူရော…

အို… အဲဒီလူ သေသွားတယ်၊ ဟုတ်တယ်… သူ သေနေတာပဲ။

ဟင်…

အို့… သူ့ ကွန်ပျူတာက ဖွင့်ရက်ကြီးပါလား။

၂၀၁၂ ဇူလိုင် ၂၅၊ ညသန်းခေါင်။

လန်ဒန်။

by Myo Tha Htet on Friday, 13 July 2012 at 17:39·

သူက မုန်းတယ်ဆိုပြီး လှည့်ထွက်သွားတယ်၊ အကြိမ်ကြိမ် အမုန်းခံထားရနှင့်သူမို့ ထူးပြီးတော့ မအံ့သြ… မျက်လုံးစိုရုံတော့ ၀မ်းနည်းသွားမိတယ်။ ချစ်ခင်မှုကို ကံကောင်းချိန်က တကြိမ် ကြုံခဲ့ရပေမယ့် မုန်းတီးမှုကတော့ လွယ်လည်းလွယ် မြန်လည်းမြန်တာမို့ ဒီသဘော သိနှင့်ထားပြီးသူ အနေနဲ့ ထူးပြီး တွေမနေတော့ပါဘူး၊ ကံလို့သာ ယုံလိုက်တယ်။

ကျွန်တော် ရှင်းမပြတော့ဘူး၊ မုန်းသူဟာ ရှင်းချက်တွေကိုလည်း စိတ်ဝင်စားမှာ မဟုတ်တော့ဘူးလေ…။ အမုန်းလွယ် အချစ်ခက် ဒီလောကဟာ ရယ်စရာတောင် ကောင်းသေးဗျာ၊ နာမည်ကျော် စာရေးဆရာမ ဂျူးရဲ့ စာတအုပ် ရှိတယ်လေ “အမုန်းကြောင့်ဖြစ်သော စစ်ပွဲများ“ ဆိုလား။ မကြေညာတဲ့ စစ်မှာ ကျွန်တော် ရှုံးနိမ့်ခဲ့မင့်ပဲ။

မအောင်မြင်ခင်မှာ အကြောက်၊ အလန့်၊ အမုန်းတွေကို သင်ယူခဲ့ရသလို အောင်မြင်ပြန်တော့လည်း အကြောက်၊ အလန့်နဲ့ အမုန်းတွေကို ရင်ဆိုင်ရတတ်တဲ့ အနုပညာရှင် တယောက်တော့လည်း ကျွန်တော် မဟုတ်ပါဘူး။ ကိုယ့် ရိက္ခာလေးနဲ့ ကိုယ်၊ ကိုယ့်ရေဗူးလေးနဲ့ ကိုယ် နွေကန္တာကို ဖြတ်ကျော်နေသူ တယောက်… အချစ်မရှိတော့လို့ မချစ်တတ်တော့တဲ့သူကို သူ့အနာဂတ်လမ်းမှာ ထစ်ငေါ့ မနေစေချင်ပါဘူး၊ ကိုယ့်ဘ၀နဲ့ ကိုယ်လို့ပဲ ယုံထားလိုက်တယ်။

တခုတော့ ရှိတယ်၊ ကျွန်တော် မလွမ်းတတ်ဘူး။ ပြတ်သားတတ်သူ မဟုတ်ပေမယ့် ယုံမှားတတ်သူတော့ မဟုတ်ပြန်ဘူး။ အချစ်နဲ့ အမုန်းကို ကောင်းစွာ ခွဲခြားတတ်သူ မဟုတ်ပေမယ့် ခံစားတတ်သူ တယောက် ဖြစ်တာမို့ အချဉ် အခါး၊ အကျင် အခက်ကိုတော့ ရင်မှာ သိခဲ့ပြီ။ ဖွယ်ဖွယ်ရာရာ မပြောတတ်ပေမယ့် သိနေခဲ့သူမို့ ဒီအမုန်းဟာ ဒီတကြိမ် အဆုံးသတ်ပါတော့လို့ပဲ မယုံမကြည်နဲ့ တောင်းဆုချည်…။

လူတွေမှာကလည်း ကိုယ့်အမှန်တရားတွေ ကိုယ်စီ ရှိတယ်မို့လား၊ သဘောကျရင်… နှစ်သက်ရင်… ကြိုက်ရင်… ချစ်မယ်။ အလိုမကျရင် ဒါမှမဟုတ်ရင် အပိုကွလို့ မြင်ရင် အချစ်မ၀င်ဘဲ နေနိုင်တာပဲလေ။ ဒီထက် တဆင့်တိုးလို့ ချစ်ခဲ့မိသူမို့ ရုန့်ရင်းကြမ်းတမ်းတဲ့ ဖရုသ၀ါစာ နတ်မကြိုက်တဲ့ စကားလည်း ပြောထွက်ချင် ထွက်မယ်၊ လူပီပီမို့ လူလိုပဲ ဒေါသတော့ တခါတခါ ထွက်နိုင်ကြသားပဲ…။ အမြဲရှုံးစေဖို့ အသည်းနှလုံးတွေ ကြွေလို့ အတင်းအဓမ္မ မုန်းထည့်လိုက်ရတာမျိုး မဖြစ်ကြဖို့ဘဲ လိုတယ် မဟုတ်လား။ အားလုံးဟာ ကိုယ့်သဘောနဲ့ ကိုယ်…။

သူ့ဆန်စား ရဲရတဲ့သူကိုမှ မုန်းတယ်၊ မုန်းတယ်၊ မုန်းတယ်ချည်း အခါခါ ပြောလာချိန်မှာ နာတဲ့ နှလုံးသားဟာ အကာမဲ့မို့ သူ့အရိပ်တွေ မိုးထားပေမယ့်လည်း ဝေ့၀င်လာတဲ့ ဒေါသတွေပါတဲ့ မောဟလေတွေက အေးစေတခါ လောင်စေတလှည့်နဲ့ မနားတမ်း တိုက်ခတ်လာတဲ့အခါ သံသရာ ဒီစခန်းမှာ ဒီတလမ်းသာ ထွက်ပေါက်ရှိတယ်လို့ ဆိုချင်ဆို… နောက်ဆုတ်တော့ မပြေးဘူးဗျာ။ တသက်မှာ တခါပဲ ချစ်တတ်ခဲ့သူမို့…။

ဆဲတာက လွယ်ပါတယ်၊ ရဲဖို့သာ မလွယ်တာ မဟုတ်လားဗျာ။ ခံနိုင်တာ သတ္တိတဲ့ဗျ။ အလွယ်မုန်း… အလွယ်သုံး… အလွယ်ပေး… အလွယ်လေးတွေနဲ့… အလွယ်တွေ လွယ်တဲ့ခေတ်မှာ ကျွန်တော်က မလွယ်တဲ့ ရဲခြင်းကိုမှ နှစ်သက်သူ၊ ရဲရဲတောက် ရှုံးသူမို့ စိတ်ညစ်စရာတော့ အကောင်းသား… မျက်နှာမည်းပေမယ့် အတွင်းက ရဲအောင်လို့ ကြိုးစားနေပါတယ်… မုန်းသူရေ…။

အမုန်းတွေ အမြဲရခဲ့တယ်၊ အခုလည်း အမုန်းတွေ ချထားခဲ့တယ်။ နောင် အနာဂတ်မှာလည်း တခြား အမုန်းတွေ ရလာဦးမှာမို့ အမုန်းဆိုတာရယ် မကြားလိုပြန်တယ်လို့လည်း မဟုတ်ပါဘူး။ မမုန်းတတ်သူတွေကိုတော့ ဒီတသက် တွေ့ချင်ဖူးတာ အမှန်ပါဗျာ။ တုတ်ပြီးဓားပြီးထားသူတွေလို ကျွန်တော်က အမုန်းပြီးထားတဲ့သူလည်း မဟုတ်လေတာမို့ ဒီ အမုန်းဒဏ်တွေအောက် စိတ်မဖောက်ဘဲ နေနိုင်ဖို့ ကျွန်တော် အသက်တော့ ၀၀ရှုပါရစေဗျာ…၊

မုန်းချင်လည်း မုန်းလေ… ကျွန်တော် ရှင်းမပြတော့ဘူး…။

၂၀၁၂ ဇူလိုင် ၁၃၊ သောကြာ။ ညနေ ၅ နာရီခွဲ။

လန်ဒန်။

by Myo Tha Htet on Sunday, 13 May 2012 at 12:43·

မျက်နှာရဲ့ ဘယ်ဘက်ခြမ်း မျက်ခုံးမွှေး သုံးလေးပင်က လိုတာထက် ပိုရှည်နေပြီး မျက်လုံးရှေ့မှာ လာကျနေတော့ ကျွန်တော် ကွန်ပျူတာ ကြည့်တဲ့အခါ ရှုပ်သလို ခံစားရပါတယ်။ မျက်ခုံးမွှေးက ဒီလောက်တောင် ရှည်လာပြီ ဆိုတာဟာ အသက်ကြီးလာတာကိုလည်း တနည်းတလမ်းနဲ့ ခန္ဓာကိုယ်က ထုတ်ပြလိုက်တယ်လို့ ကျွန်တော် ထင်ပါတယ်။

တကယ်တော့ ကျွန်တော့် မျက်ခုံးမွှေးတွေကို ၂၀၀၉ သင်္ကြန်ကာလ ကမ္ဘောဒီယားနိုင်ငံ၊ မြို့တော် ဖနွမ်းပင်မှာ သင်္ကန်းဆီးတုန်းက ရိပ်လိုက်ရပါသေးတယ်။ (သူတို့ အယူအဆအရ သာသနာ့ဘောင် ၀င်တဲ့အခါမှာ ခေါင်းမွှေးရော မျက်ခုံးမွှေးပါ ရိပ်ရပါတယ်၊ အမွှေးနည်းလေ တဏှာ ရာဂပါးလေလို့ တွက်ဆကြသလားတော့ မသိပါဘူး)။ အဲဒီမတိုင်ခင်ကလည်း ကျွန်တော့် မျက်ခုံးမွှေးတချို့ နည်းနည်း ရှည်နေတာကိုတော့ သတိထားခဲ့မိပါတယ်။

ကျွန်တော်ငယ်ငယ်ကတော့ ဒီလို မျက်ခုံးမွှေးတွေ လိုတာထက် ပိုရှည်နေတဲ့ အဖိုးကြီးတွေ၊ နားရွက်ထဲက အမွှေးရှည်ကြီးတွေ ထွက်နေတဲ့ အဖိုးကြီးတွေကို တွေ့ခဲ့ဖူးပြီး၊ သဘောကျခဲ့ဖူးပါတယ်။ ငါလည်း တနေ့တော့ ဒီလိုပဲ ဖြစ်လာမှာပဲလို့လည်း ထင်ခဲ့မိပါတယ်။ အခုတော့ မျက်ခုံးမွှေး သုံးလေးပင်က သာမန်ထက်ပိုပြီး ရှည်နေတော့ မြင်ကွင်းမှာ ကန့်လန့်ခံနေသလို ဖြစ်လာပါတယ်။

ကျွန်တော့်မှာ ကိုယ့်ကိုယ်ကိုယ် ငါ အသက်ကြီးလာရင် ဘယ်လိုပုံပေါက်မလဲ၊ ဘယ်လို နေထိုင် စားသောက်မလဲလို့ အမြဲ စဉ်းစားပါတယ်။ ငယ်ငယ်ကထဲကနေ ရင်းရင်းနှီးနှီး နေခဲ့ဖူးတဲ့ ယောက်ျားသားတွေကလည်း များများစားစားတော့ မရှိ။ အဖိုး၊ အဖေ၊ ဦးလေးနဲ့ ကိုးကွယ်တဲ့ ဆရာတော်ဘုရားကြီး လူလေးဦးကို သွားတွေ့ပါတယ်။

အဖိုးက ဆစ်ခ်ပန်ချာပီမို့ အရပ်ခြောက်ပေလောက် မြင့်ပါတယ်။ လူကလည်း ပေါင် ၂၀၀ လောက် (မကချင်သာ နေပါလိမ့်မယ်) ရှိတော့ ငယ်ငယ်လေးတုန်းကဆို အဖိုးကို မော့ကြည့်ရတာ အလွန်မြင့်တဲ့ လူကြီးလို့ ထင်ခဲ့မိပါတယ်။ အဖေနဲ့အမေက အရပ် ငါးပေစီသာ မြင့်တာမို့ ကျွန်တော်တို့ မောင်နှမတွေ အခုလို အရပ်မြင့်နေတာဟာ အဖိုးဆီကနေ ဂျင်းန်(မျိုးရိုး)တဆင့် ခုန်ပျံကျော်လွှားလာတာ ဖြစ်နိုင်ပါတယ်။

အဖိုးဟာ အဖိုးကြီး ဖြစ်လာတော့ သူ့အရိုးအဆစ်တွေ ပြန်တိုသွားပုံ ရပါတယ်။ ဖြစ်ပုံက အရိုးအဆစ်တွေ တခုနဲ့တခု ကြားမှာ ထောက်မ ပင့်ထားတဲ့ အကြောတွေ၊ အဆီတွေ၊ အရည်တွေက ခမ်းလာ ပျောက်လာတော့ အရိုးချင်းထိကုန်ပြီး သွားလာရင်လည်း ပန်းတယ်၊ နာတယ် ဖြစ်ကုန်ပါတယ်။ အရပ်လည်း နိမ့်သွားပါတယ်၊ ခါးကလည်း ကုန်းလာပြီး လူကလည်း ပိန်ကျသွားပါတယ်။

အလုပ်တခုခု အားစိုက်လုပ်ရရင် (အိမ်အလုပ်တခုခုကို ပြောပါတယ်) အဖိုးဟာ မောနေပြီး ပါးစပ်ဟထား ရပါတယ်၊ အဲဒီအခါမှာ သွားရည်တွေလည်း ကျလာတတ်ပါတယ်။ ပုဆိုးဝတ်ပြီး ဆောင့်ကြောင့်ထိုင်လို့ နေတဲ့အခါမှာလည်း အောက်စတွေ ဘာတွေ လွတ်လာပါတယ်။ ထမင်းလည်း အများကြီး မစားနိုင်တော့တာကို သတိထားမိပါတယ်။

ငယ်ငယ်တုန်းက အမေနဲ့အဖွား ပြောတာ ကြားဖူးတာကတော့ အဖိုးဟာ ငယ်ငယ်က ဆိတ်သားဟင်းတွေ ဘာတွေဆိုရင် အများကြီးကို (ဟင်းတအိုးလုံး) စားပစ်လိုက်နိုင်တယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ အရွယ်ရောက်လို့ အဖိုးဆီ ထမင်း၊ ဟင်း သွားပို့ရင် ဖြစ်ဖြစ်၊ အဖိုးက အိမ်လာလည်လို့ ထမင်းကျွေးရင် ဖြစ်ဖြစ် အဖိုးဟာ ထမင်းတပန်းကန်ကိုတောင် တော်တော့်ကို အားစိုက်ရပြီး ဖြည်းဖြည်းချင်း စားတာကို တွေ့ပါတယ်။ အဖိုးဆုံးတော့ အသက်က ၇၉ နှစ် ဖြစ်ပါတယ်။

အဖိုးက စီးပွားရှာဖွေ လုပ်ကိုင်ခဲ့ဖူးတဲ့ သာမန်လူတဦးသာဖြစ်ပြီး အဖိုးနဲ့အသက် နည်းနည်းကြီးတဲ့ နောက်တဦးကတော့ ကျွန်တော်တို့ ကိုးကွယ်တဲ့ ဆရာတော် ဘုရားကြီး ဖြစ်ပါတယ်။ ဆရာတော်ကြီးက ကျွန်တော်တို့ ညီအကိုကို တခါတခါ သူ့ကျောင်းသားအဖြစ် ခေါ်ထားလေတော့ ဆရာတော့်နားမှာ ခြေဆုပ်လက်နယ်ပြုလို့ ၀တ်ဖြည့်ရပါတယ်။ တခါတခါလည်း ဆရာတော်ကြီးက မေးမြန်းတဲ့အခါ စကားလည်း ဘာလေး ပြောရပါတယ်။

ဆရာတော်ကြီးကျတော့ ငယ်ဖြူလည်းဖြစ်၊ အကျင့်သီလနဲ့လည်း ပြည့်စုံတော့ သက်တော် ၈၀၊ ၀ါတော် ၆၀ လောက်အထိကို သတိ အလွန်ကောင်းပြီး၊ တပည့်သားမြေးတွေအတွက် လောကီလောကုတ် နှစ်ဖြာသော အကျိုးတွေ ပြည့်ဝအောင် နိုင်သလောက် ဆိုဆုံးမ တာတွေ၊ လုပ်ကိုင် ဆောင်ရွက်ပေးတာတွေ တွေ့ခဲ့ရပါတယ်။ သာမန်လူနဲ့ အကျင့်သိက္ခာ ပြည့်ဝသူရဲ့ ကွာခြားချက်ကတော့ မိမိကိုယ် ထိန်းချုပ်နိုင်မှုနဲ့ သတိရှိတဲ့နေရာ ကွာတာကို ကျွန်တော် သတိထားမိခဲ့ပါတယ်။

ဆရာတော်ကြီးကို ကျွန်တော့်အဖိုးလို အနေအထိုင်မျိုး၊ မောနေတာမျိုး၊ လေးနေတာမျိုး တခါမှ မတွေ့ခဲ့ဖူးပါဘူး။ ဆရာတော်ကြီးဟာလည်း သက်တော် ၈၇ မှာ ပျံလွန်သွားတယ်လို့ မှတ်မိနေပါတယ်။

နောက်တဦးကတော့ အဖေ၊ အဖေက အရပ် ငါးပေသာမြင့်ပြီး ငါးပေနဲ့ လိုက်ဖက်တဲ့ ခန္ဓာကိုယ် အလေးချိန် ရှိပေမယ့်လို့ နောက်ပိုင်းမှာ ကံကြမ္မာမုန်တိုင်း တိုက်ခဲ့ပြီးနောက် အရက်ကို အဖော်အဖြစ် မှီဝဲခဲ့ရင်း နေထိုင်ခဲ့လေတော့ အသက် ၅၀ ကျော် အရွယ်မှာပဲ ခန္ဓာကိုယ် အလေးချိန်တွေ ကျဆင်းကာ သေးသေးကွေးကွေးလေး ဖြစ်လာတယ်လို့ ကျွန်တော်တော့ ထင်တာပါပဲ။

အဖိုးကြီးပုံပေါက်လာတဲ့ အဖေဟာ ကျွန်တော့်မျက်စိထဲ ပိုချစ်ဖို့ ကောင်းလာတယ်လို့ ထင်မိပေမယ်လို့ သွားတွေက မကောင်းတော့ပါဘူး၊ မျက်စိကလည်း တဖြည်းဖြည်း မွဲလာပါတယ်။ လူကလည်း အဟာရပြည့်ပြည့်၀၀ မစားရလေတော့ ခန္ဓာကိုယ်မှာ ခုခံနိုင်စွမ်း အင်အားက ယုတ်လျော့ကျဆင်းလာခဲ့ပြီး တခုသော ညမှာတော့ အရက်ကို အလွန်အကျွံ သောက်မိလိုက်ပုံ ရပါတယ်။ ဦးနှောက် သွေးကြောပြတ်ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ကွယ်လွန်ခဲ့ပါတယ်။ အဖေဆုံးတော့ ၅၉ နှစ်။

နောက်တဦးကတော့ ကျွန်တော့် ဦးလေးတယောက် ဖြစ်ပါတယ်။ ကျွန်တော်တို့ ညီအကိုကိုလည်း များစွာ ဂရုစိုက် စောင့်ရှောက်ခဲ့သူ ဖြစ်ပါတယ်။ သူလည်း ငယ်ငယ်က အားကစားကို အင်မတန် လိုက်စားခဲ့သလို၊ အလုပ်အကိုင်တခုကိုလည်း ကိုယ်တိုင် ဦးဆောင် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ဒါပေမဲ့ အရွယ်ကလည်း ၅၀ ကျော်လာ၊ အလုပ်အကိုင်တွေကလည်း အရင်လို အဆင် မပြေခဲ့ချိန်မှာတော့ ကံဆိုးစွာနဲ့ တီဘီရောဂါကပါ ဘယ်ကနေ ဘယ်လို ရောက်လာတယ် မသိပါဘူး၊ တီဘီရောဂါ ရပါတော့တယ်။

အရက်ကို တခါတခါမှသာ သောက်တတ်ပြီး ဆေးလိပ်လည်း မသောက်တဲ့ ဦးလေးဟာ တီဘီရောဂါပျောက်အောင် ဆေးရုံကိုသွားလို့ တီဘီဆေးတွေကို စနစ်တကျ စားပါသောက်ပါသော်လည်း ကောင်းမလာခဲ့ဘဲ ဆေးဒဏ်နဲ့ တဖြည်းဖြည်း ပိန်ချုံးလာခဲ့ပါတယ်။ နောက်ဆုံးတော့လည်း ဆုံးပါးသွားပါတော့တယ်။ အားကစားသမားတယောက်လို နေခဲ့တဲ့ ဦးလေးဟာ ပိန်ချုံးသွားချိန်မှာ အတော့်ကို အဖိုးကြီးပုံ ပေါက်သွားပါတော့တယ်။ ဦးလေးလည်း ၅၅ နှစ်လောက်မှာ ဆုံးပါးသွားခဲ့တယ်။

ဒါကတော့ ကျွန်တော်သိခဲ့တဲ့ ကျွန်တော့်ဘ၀ရဲ့ ရင်းရင်းနှီးနှီး အဖိုးကြီးတချို့ပါပဲ။ ကျွန်တော်တို့ လောကရဲ့ အဖိုးကြီးတွေထဲမှာတော့ ကျွန်တော် သဘောအကျဆုံးက သတင်းစာဆရာကြီး၊ ၀ါရင့်နိုင်ငံရေးသမားကြီး ဟံသာဝတီ ဦးဝင်းတင်ပဲ ဖြစ်ပါတယ်။ ဆရာကြီးဟာ အင်မတန်မှ စိတ်ဓာတ် မာကြောသူ တယောက် ဖြစ်ပါတယ်။ ရင်းရင်းနှီးနှီး မရှိပေမယ့်လို့ သူ့ ခံယူချက်၊ ပြောပုံဆိုပေါက်၊ စာအရေးအသားတွေကို ဖတ်ပြီး အဲဒီလို အဖိုးကြီးမျိုးတော့ ဖြစ်ချင်ခဲ့ပါတယ်။ အများကြီးတော့ ကြိုးစားရပါဦးမယ်။

နောက်တယောက် အဖိုးကြီးကို ပြပါဆိုရင်တော့ ကျွန်တော့် အင်္ဂလိပ်စာ ဆရာတဦးဖြစ်တဲ့ ဆရာဦးသိန်းလွင် (အင်္ဂလိပ်စာ) ပါပဲ။ ဆရာက သူ့ကို အဖိုးကြီးထဲ ထည့်ထားလို့ စိတ်ဆိုးနေမလားတော့ မသိပါဘူး။ ဆရာက အမေ့ရဲ့ဆရာလည်း ဖြစ်တာမို့ အဖိုးဆရာနေရာမှာ ဖြစ်နေလေတော့ အဖိုးကြီးလို့ ပြောလည်း မမှားလောက်ဘူး ထင်တာပါပဲ။

ဆရာက အသက်ကြီးမှ ဘာသာပြန်စာအုပ်တွေကို သူ့ကျောင်းသားတွေနဲ့ စာဖတ်သူတွေ လေ့လာကြလို့ ဗဟုသုတတွေ ရကြအောင် အင်္ဂလိပ်-မြန်မာနှစ်ဘာသာတွဲလို့ တွန်းရေး တွန်းထုတ်ပါတယ်။ ကျွန်တော် အမှတ်မမှားဘူးဆိုရင် ၁၀ နှစ်ကျော်အတွင်းမှာကို အုပ်ရေ ၁၀၀ ကျော် ရေးထုတ်ပစ်ပါတယ်။ (အခုဆိုရင်တော့ အုပ်ရေ ၁၅၀ လောက်တောင် ဖြစ်နေပြီလို့ ထင်ပါတယ်)။ တဖက်မှာ အင်္ဂလိပ်စာ သင်တန်းတွေကို ပို့ချနေရင်းကို တဖက်ကနေလည်း စာအုပ်တွေကို ဟောတအုပ် ဟောတအုပ် ရေးထုတ်နိုင်လောက်အောင် လုံလ ၀ီရိယ ကြီးကြီးနဲ့ကို အလုပ်လုပ်နိုင်တဲ့အတွက် ကျွန်တော် လေးစားပါတယ်။ ဆရာကတော့ တကယ့်အဖိုးကြီးတဲ့ အဖိုးကြီးပါပဲ။

နိုင်ငံရေးလောကမှာတော့ အဖိုးကြီးတဦးဖြစ်တဲ့ ပ-မ-ည-တ အမတ်ဟောင်း ၀ိဓူရ သခင်ချစ်မောင်ကို ရင်းနှီးဖူးခဲ့ပေမယ့် သူကျတော့ အသက်က သိပ်ကြီးသွားတော့ (ကျွန်တော်နဲ့ဆို အသက်က မတရား ကွာသွားလေတော့…) သေချာ မလေ့လာနိုင်ခဲ့ပါဘူး။ အခုတော့ သခင်ချစ်မောင်လည်း ဆုံးပါးသွားပါပြီ။ ဒါပေမဲ့ သူ့ကြည့်ရတာတော့ အနေအေးအေး၊ စိတ်ကြည်ကြည်၊ အတွေးရှင်းရှင်း ရှိပုံတော့ ပေါက်တယ်လို့ တွေးခဲ့မိဖူးတယ်။

ဒီမှာတော့ ရထားတွေ၊ ကားတွေစီးရင်းဖြစ်ဖြစ်၊ ပါ့ဘ်တွေ ဘာတွေမှာပဲဖြစ်ဖြစ် အဖိုးကြီးတွေကို တွေ့တဲ့အခါ သူတို့ဟာသူတို့ ဘ၀ကို အငြိမ်းစားယူရင်း အေးအေးဆေးဆေး ဖြတ်ကျော်နေတာကို တွေ့ရပါတယ်။ သူတို့ချင်း စမတ်ကျကျ ၀တ်စားဆင်ယင်လို့ သောက်ကြ၊ စားကြ၊ သွားကြ၊ လာကြနဲ့ မဆုံးပါးခင်မှာ ဘ၀ကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေကြပါတယ်။ ချမ်းသာသူတွေကလည်း ဖောင်ဒေးရှင်းတွေ ထူထောင်လို့ လူမှုအကျိုးပြု လုပ်ငန်းတွေ လုပ်ကြပါတယ်။

တလောကဆို ပါရဂူဘွဲ့ နှစ်ခုရ ပညာတတ် လူပျိုကြီး အဖိုးကြီးက ကျောင်းသားငယ်လေးတွေ လမ်းဖြတ်ကူးဖို့ ကားတားပေးတဲ့ အလုပ်ကို လုပ်ကိုင်နေသတဲ့။ ဘယ်လောက်မိုက်သလဲဗျာ။

ဒီတော့ ကျွန်တော် စဉ်းစားမိတယ်…၊ အသက်ကြီးလာတိုင်း အဖိုးကြီး ဖြစ်တာ မဟုတ်ဘူး၊ အသက်ကြီးလာသလို မသေဆုံးခင် ကျန်တဲ့ အချိန်တွေမှာလည်း အဖိုးတန်တဲ့ အလုပ်ကိုလုပ်မှ တကယ့်အဖိုးကြီး ဖြစ်မှာ မဟုတ်လား။ ကျွန်တော်လည်း ခဏနေတော့ အသက်ကြီးတဲ့ လူကြီးတယောက် ဖြစ်လာမှာပါပဲ။ အဖိုးလိုဖြစ်မလား၊ အဖေ့လိုဖြစ်မလား၊ ဘယ်လို အဖိုးကြီးဖြစ်မလဲ ဆိုတာကိုတော့ စိတ်ဝင်စားနေမိတယ်။

၂၀၁၂ မေ ၁၃၊ မွန်းတည့်။

လန်ဒန်။

by Myo Tha Htet on Friday, 11 May 2012 at 23:19·

ကျွန်တော့်မှာ ပြည်ပမှာနေထိုင်လို့ သုံးနှစ်လောက် အလုပ် လုပ်ကိုင်လိုက်တဲ့အခါ ပြင်ပမှာ တွေ့ဆုံ ခင်မင် ရင်းနှီးတဲ့ မိတ်ဆွေတွေထက် ခေတ်ကာလရဲ့ စေစားမှုအတိုင်း ဖေ့စ်ဘုတ်မိတ်ဆွေက ပိုများ လာပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာက အဲဒီ မိတ်ဆွေ အများစုဟာ မိန်းကလေးတွေ ဖြစ်ကြပါတယ်။ မိန်းကလေးတွေနဲ့ သူငယ်ချင်း ဖြစ်ရတာ ကျွန်တော်က ပိုသဘောကျပေမယ့်လို့ သူတို့ စိတ်ကိုတော့ ကျွန်တော့်မှာ ခန့်မှန်းရ ခက်လှပါတယ်။

ဥပမာအားဖြင့် တချို့က ကျွန်တော့်ကို လေးလေးစားစား ခင်မင်ကြပုံ ရပါတယ်၊ ဒါပေမဲ့ ခဏလည်း နေရော ကျွန်တော်က မိန်းမတွေကို စိတ်ဝင်စားသူမှန်း သိသွားတဲ့အခါမှာ “အော်… ဒီလူက နှာဘူးပဲ“ လို့ ထင်သွားကြပြီး ရှိရင်းစွဲ လေးစားသမှုလေးကို ဘယ်နားသွားထား ရမှန်းမသိ ဖြစ်သွားတတ်ပြန်ပါတယ်။

တချို့ကျတော့လည်း အမြင်က တမျိုးဖြစ်ပြန်ပါတယ်၊ လူကို ခင်မင် ရင်းနှီးလာရာကနေ နှာဘူး ကြီးကြီးထစေချင်ပေမယ့် ကျွန်တော်က သိပ်မလှုပ်တဲ့အခါ မြင်းက မလှုပ်၊ ခုံက လှုပ်ဆိုသလို ဖြစ်လာတတ်ပြီး ဒီလူကိုလည်း မကျေနပ်၊ သူ့ကိုယ်သူလည်း မကျေနပ် ဖြစ်လာပြီးနောက်မှာ အခုလို မြည်တွန်တတ်ပြန်ပါတယ်။ “ဒီလူဟာ အခြောက်ကြီး ဖြစ်လိမ့်မယ်“ တဲ့။

ကိစ္စတော့ မရှိ၊ လူတခု ပူမှုရယ်တဲ့ ဆယ်ကုဋေမဟုတ်လားဗျာ။ သူ့စိတ် ကိုယ့်စိတ်၊ သူ့အပူ ကိုယ့်အပူ မတူ ဖြစ်တတ်တာမျိုးက ရှိတတ်တယ် မဟုတ်လားဗျာ။ တချို့တလေကလည်း စကားပြောဆို မိတ်ဆက်ရတာကို စိတ်ဝင်စားတယ်၊ သူငယ်ချင်းလို ခင်မင်လိုကြတယ်။ ခင်ပေါ့… ကောင်းတာပေါ့။ ဒါပေမဲ့လို့ တခါတလေ ကျွန်တော်က အလုပ်များလို့ စကားဖက်ပြိုင် မပြောနိုင်တဲ့အခါ မာနကြီးသူလို့ ထင်ကြပြန်တယ်။ ကျွန်တော့်မှာ မာနမင်းသား တံဆိပ်ကပ် ခံရပြန်ပေါ့။ မင်းသား ကျော်သူတော့ မဟုတ်…။

ခါတလေများကြတော့ ကံကုသိုလ်ထူးပုံက တမျိုးပါ။ ကိုယ့်မှာ အလုပ်လေးက ပါး၊ အချိန်အားလေးက ရှိ၊ စိတ်ကလေးလည်း ရွှင်ဆိုတော့ စိတ်လိုလက်ရလေး သူငယ်ချင်းများနဲ့ စကားလေး ဘာလေး ပြောလို့ အာရိုက်ချင်တာပေါ့။ ဒီအခါမှာ သွက်သွက်လက်လက်နဲ့ လက်က စာရိုက်လို့ အာရိုက်မိတဲ့အခါ တဖက်က မိတ်ဆွေများက စကားနာထိုးလို့ ဒီလို မေးခွန်း တက်လာပြန်ပါ့သဗျာ။ “မသထ အစစ်မှ ဟုတ်ကဲ့လား“ တဲ့။

မဖြေရေးချ မဖြေပါလေ…။

အခုတော့ ကျွန်တော့်အသက်က နေရမယ့် သက်တမ်းရဲ့ ထက်ဝက်ကျော်လာတဲ့အခါ ပြင်ပမိတ်တွေဖြစ်ဖြစ်၊ ဖေ့စ်ဘုတ်မိတ်ဆွေဖြစ်ဖြစ် ခင်ခင်မင်မင် နေလိုတဲ့ စိတ်ကူးလေးက ရှိလာပါတယ်။ နေရတဲ့ တနေ့ကို အချည်းနှီးမဲ့ မကုန်ဆုံး စေချင်ပါဘူး၊ တယောက်ယောက်ကို နိုင်သလောက် ကူညီလိုက်ရတာပဲဖြစ်ဖြစ်၊ ကိုယ့်ကြောင့် တယောက်ယောက် အကျိုးရှိ ဒါမှမဟုတ် စိတ်ချမ်းသာ ဖြစ်သွားတာမျိုးပဲဖြစ်ဖြစ်နဲ့ ကုန်လွန်စေချင်ပါတယ်။

နေရတဲ့ ကျွန်တော့် အသက်တရက်ကို ကျွန်တော် ကျေနပ်ချင်တဲ့ စိတ်ကလေး… လောဘစိတ်ကလေးလို့ ခေါ်ရမလား… ရှိလာပါတယ်။ နေရတဲ့ တရက်ဟာ နောင်တရက် တရက် မဖြစ်ချင်ခဲ့တော့တာပါ။ ခဏနေ သေတော့မယ်လို့ မဆိုလိုပါဘူး၊ ဒါပေမဲ့ နေရက်တွေကိုတော့ စိတ်တိုင်းကျချည်း ကျော်ဖြတ်ချင်နေမိတော့တယ်။

ကျွန်တော်ဟာ ကျွန်တော်ပဲ ဖြစ်ချင်ခဲ့တော့တယ်။ တခြားလူ မဖြစ်ချင်ဘူး၊ သူများ မဖြစ်ချင်ဘူး။ ဒီနေရာမှာ ကျွန်တော် လေးစားအားကျတဲ့ သတင်းစာဆရာကြီး ၀ါရင့်နိုင်ငံရေးသမားကြီး ဟံသာဝတီ ဦးဝင်းတင်ကတော့ သူများအတွက် စိတ်ထားလေးနဲ့ သူ အသက်ရှင်နေပါသတဲ့၊ ကျွန်တော်ကတော့ သူများ မဖြစ်ချင်ဘူး၊ ကျွန်တော်ဟာ ကျွန်တော် ဖြစ်တယ်ဆိုတဲ့ စိတ်ထားလေးနဲ့ အသက်ရှင်ချင်ပါတယ်။

ဒီတော့ ကျွန်တော်ဟာ ကျွန်တော်ဖြစ်တဲ့အကြောင်း နေတယ်၊ ပြောတယ်၊ ပြတယ်။ ဟန်မဆောင်ထားဘူး၊ အကျိုးဆက်က နေရတာ ပျော်တယ်၊ ပေါ့တယ်။ သူငယ်ချင်းကောင်းတယောက်ကတော့ မနေနိုင် မထိုင်နိုင်လို့ ဆုံးမတယ်။ လူ့ရပ်ရွာထဲ နေရင် ဟန်ဆောင်တတ်ရတယ်၊ ဟန်ဆောင်ကောင်းရတယ်တဲ့။ ကျွန်တော်က ပြန်ပြောလိုက်တယ်… ခုန ပြောခဲ့သလိုပေါ့။ “ငါ… သူများ မဖြစ်ချင်ဘူး“ လို့…။

ကျွန်တော်က သိထားတာတွေကို မေးလာရင် ပြောပြချင်တယ်၊ တိုင်ပင်လာရင် အတိုင်ပင်ခံ လုပ်ချင်တယ်။ အဲ… ရန်မူလာရင်တော့ ရင်ဆိုင်ရတာကို သဘောကျပြန်တယ်။ လွယ်လွယ်နဲ့ နိုင်လိုက်တာမျိုးကို မကြိုက်တတ်သူလည်း ဖြစ်တယ်။ ခက်ခက်ကိုမှ လိုချင်တယ် ဆိုတဲ့ အမျိုးထဲမှာ ကျွန်တော်လည်း ပါတယ်။

လွယ်တော့ ပေါတယ်လို့ တချို့က ထင်ကြပြန်တယ်၊ စိတ်ရင်းအတိုင်းနေသူမို့ တချို့က မှန်းဆရ လွယ်တယ်လို့ ထင်ကြတယ်။ မိန်းကလေး သူငယ်ချင်းတွေနဲ့က သူတို့ သဘောဖမ်းခက်၊ အကဲဆုပ်ခက်ပေမယ့် ယောက်ျားလေး သူငယ်ချင်းများနဲ့တော့ ကျွန်တော်က ရင်းပြန်တယ်။ အဖွင့်စိတ်နဲ့ဆို ပေါင်းရတာ လွယ်တယ်မို့လား။

ခင်မင်တဲ့ အကိုကြီးတယောက်က ကျွန်တော့်မျက်နှာကို တည့်တည့်ကြည့်ပြီး ပြောလာတယ်။ “ငါက အင်္ဂ၀ိဇ္ဇာ ကောင်းကောင်း ကြည့်တတ်တယ်ကွ၊ မင်းမျက်နှာကို ကြည့်ပြီး ငါ… ပိုင်ပိုင်နိုင်နိုင် ပြောနိုင်တာ တခုရှိတယ်၊ ပြောပြရမလား“ တဲ့။ အမယ်မင်း… ကံကောင်းလို့ ဗေဒင်ဆရာနဲ့ တည့်တည့်တိုးပါပေါ့လားလို့ ကျွန်တော် အဦး တွေးတယ်၊ ပြီးတော့ ဖြေလိုက်တယ်၊ ပြောပြပါပေါ့…။

“မင်းက နှာဘူး“ ပဲတဲ့။

ကျွန်တော့်မျက်နှာ ရဲကနဲဖြစ်… ဟန်မဆောင်တတ်သူမို့ ရှက်ကလည်း ရှက်၊ ဟုတ်ကလည်း ဟုတ်နေတော့ ခက်ကပြီ။ မတရား ပြောတာလည်း မဟုတ်…၊ ဟဲ ဟဲ… ဒါပေမဲ့ တရားဆိုတာကြီးကလည်း တရားတိုင်း သိပ်ကောင်းတာတော့ မဟုတ်…။ ကျွန်တော့်မှာ အမှန်ကို အမှန်အတိုင်း ရင်မဆိုင်ဝံ့သူကြီး တခဏဖြစ်လို့…။

အဲဒီလို ယောက်ျားလေး သူငယ်ချင်းတွေနဲ့ အဆင်ပြေတဲ့ ကျွန်တော်…။ ညီငယ်လေးတွေက ကျွန်တော့်ကို အားကျကြတယ် ထင်ပါရဲ့… မေးခွန်းတွေ မေးကြတယ်၊ တိုင်ပင်စရာ ရှိ တိုင်ပင်ကြတယ်။ ဒီတော့ ကျွန်တော်ကလည်း အာစရာရှိ အာ၊ ပြောစရာရှိ ပြော၊ သင်စရာရှိ သင်လုပ်လေတော့ တချို့ကလည်း ခင်ကြတယ်။ အဲ… အာ၊ ပြော၊ သင်သာ လုပ်တာ… ဆက်ဆံရေးကြတော့ ကြိုးတချောင်းကို သိပ်မရင်းနှီးလေအောင် ကာတတ်တဲ့ အကျင့်ကလည်း ကျွန်တော့်မှာ ရှိပြန်တော့ ဆက်ဆံရေးက တရင်းတနှီး မဟုတ်တော့ဘဲ တရင်းမနှီး ဖြစ်သွားတော့တာပါပဲ။

ညီလေးလိုခင်တဲ့ သူငယ်ချင်းတယောက်ကဆို သူ နေထိုင်မကောင်းလို့ စိတ်အညစ်ကြီး ညစ်နေချိန်မှာ အခုလို စကားပြောလာတယ်။

“အကို… ကျွန်တော် လေနေတယ်၊ ဆေးစစ်ကြည့်တော့ အခြေအနေ မကောင်းဘူး ပြောတယ်။ အသက်ရှည်ချင်ရင် လိမ်လိမ်မာမာ နေရမယ်တဲ့“

ကျွန်တော်က ခပ်ဟဟလေး ရယ်တယ်။ သူ့ကိုလည်း ကျွန်တော့်လိုပဲ ရယ်စေချင်တယ်။

“မင်း အသက် ဘယ်လောက်ရှိပြီလဲကွ“

“၂၆ အကို“

“သေမယ်ဆို သေလို့ ရနေပါပြီကွာ… မဟုတ်ဘူးလား၊ သိပ်လည်း ကြောက်မနေပါနဲ့…“

“ဗျာ…“

သူ့ခမျာ… ဗျာသာ ဗျာနေရတာ အတော်တော့ လန့်သွားမယ်ဆိုတာ ကျွန်တော် သိပါတယ်။ လူတယောက်က နေမကောင်းလို့ စိတ်မကောင်းဖြစ်ပြီး စိတ်ဆင်းရဲနေချိန်မှာ ကျွန်တော် ပြောခဲ့တဲ့ စကားတွေက အားရစရာ တခုမှ မရှိတဲ့အပြင် ရေနစ်သူ ၀ါးကူ ထိုးသလို ဖြစ်ခဲ့မှာပါ။ ဒါပေမဲ့ သူ့ကို ကျွန်တော် စိတ်မဆင်းရဲစေချင်ဘူး။ လူတယောက်ဟာ ဘ၀မှာ တခြားလည်း ထူးထူးခြားခြား လုပ်စရာ မရှိဘူး၊ ရည်မှန်းချက်လည်း ကြီးကြီး မရှိဘူးဆိုရင် သေရမှာက သူ့အတွက် အခက်ခဲဆုံးနဲ့ ကြောက်စရာ အကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ်။

သေလိုက်ပါတော့ကွာ… သေဖို့ တန်နေပါပြီလို့ တွက်မိသွားရင်တော့ ကျန်တာကို ဘာကိုမှ ဂရုစိုက်မှာ မဟုတ်တော့ပါဘူး၊ အဲဒီစိတ်ကလေး တခုကို ကျက်မိအောင်၊ သွင်းထားတတ်အောင် ကျွန်တော်က ညီလေးလို ခင်ရတဲ့ မိတ်ဆွေကလေးကို ပြောပြလိုက်တာ ဖြစ်ပါတယ်။ “ငါသည် မုချ သေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်“ လို့ မိုးကုတ် ဆရာတော် ဘုရားကြီးက သူ့တပည့် ဒကာဒကာမတွေကို စိတ်ထဲစွဲအောင် သင်ကြားပို့ချခဲ့တယ် မဟုတ်လားဗျာ။

ရန်လိုမနေနဲ့… မနာလိုနေနဲ့… ခဏနေ သေတော့မှာ…၊ ပျော်အောင်နေ… တန်အောင်နေ… တရက်နေ တရက်သေသလို မဖြစ်စေနဲ့လို့ ကျွန်တော့်မှာ မနက်မိုးလင်းတိုင်း ကိုယ့်ကိုယ်ကိုယ် ဆုံးမရတယ်။ တခါတခါတော့ နှာဘူးစိတ်ကလေး မရှိသေးခင်မှာ ဘုန်းကြီးလိုလို ဘာလိုလို…။

သူငယ်ချင်းတချို့က မေးတယ်၊ “ခင်ဗျား ဂိုးလ်က ဘာလဲ“ တဲ့။ ဂိုးလ်ဆိုတာ ရည်မှန်းချက်ကို ပြောတာပါ။ ကျွန်တော်က မျက်နှာအေးအေးနဲ့ အခုလို ဖြေတယ်။

“ဘုန်းကြီး“

မေးသူတွေ အများစုက ဟက်ဟက်ပက်ပက် ရယ်တယ်။ “ခင်ဗျားဗျာ… အတော်နောက်တဲ့လူ“ လို့ ပြောတဲ့လူက ပြောတယ်။ “ဟုတ်လဲဟုတ်ဘဲနဲ့… လျှောက်ပြောနေတယ်“ လို့ ဆိုသူက ဆိုတယ်။ ကျွန်တော်ကတော့ ကျွန်တော့်အဖြေအတွက် ကျွန်တော် တျေနပ်နေဟန်နဲ့ ရယ်ကျဲကျဲ လုပ်နေမိတယ်။

ခုန စကားက ပြတ်သွားလို့ ပြန်ဆက်ရရင် တချို့ ချာတိတ်တွေက အခုလို မေးတတ်ပြန်တယ်။

“အကို့ကို အားကျတယ်ဗျာ၊ အကို့လိုဖြစ်အောင် ဘယ်လိုလုပ်ရမလဲ“ တဲ့။

ကျွန်တော်က အခုလို ပြန်ဖြေတော့ သူတို့က ကျွန်တော့်ကို မယုံကြပြန်ဘူး။

“ဟာဗျာ… ခင်ဗျားကတော့ လုပ်ပြီ။ ကျွန်တော်က ခင်ဗျားတို့ကို အားကျနေတာပါ။ လူငယ်ပဲဗျာ… စိတ်ထဲ လုပ်ချင်တာသာ လုပ်စမ်းပါ၊ ရှေ့နောက် ဘာမှကို မစဉ်းစားနဲ့ဗျာ… လုပ်ချင်တာသာ လုပ်လိုက်စမ်းပါ။ အားလုံးဟာ အတွေ့အကြုံတွေချည်း မှတ်ပါ။ ရဲရဲသာ လုပ်လိုက်စမ်းပါ… ကျွန်တော် မလုပ်ခဲ့ရလို့ပါ“

ကျွန်တော်က အဲဒီလို ပြန်ပြောတော့ သူတို့က ကျွန်တော့်ကို အံ့အားသင့်တဲ့ပုံစံ ပြကြ၊ ပြောကြတယ်။ ဒီလူကြီး တို့ကို ကျပ်နေတာလားလို့ မယုံမရဲ ရှိသူတွေက ရှိကြတယ်။ ကျွန်တော်ကလည်း တွန်းလိုက်တာကိုးဗျာ၊ တွန်းတယ်ဆိုတာ အားထည့်ပြီး ရွေ့အောင် လုပ်လိုက်တာတော့ မှန်ပါတယ်၊ ဒါပေမဲ့ အရွေ့မှန်အောင်၊ ကိုယ်လိုတဲ့ဘက် ရောက်အောင် လမ်းကြောင်းထိန်းရမှာတော့ သူတို့ ကိုယ်တိုင် မဟုတ်ဘူးလားဗျာ။

“အချိန်ဆိုတာ တံတားအောက်ကို စီးဆင်းသွားတဲ့ ရေတွေလိုပါပဲ၊ စက်ဝိုင်းပုံ လှည့်ပတ်စီးဆင်းနေအောင် လုပ်မထားဘူးဆိုရင် ဒီတံတားအောက်ကို ဖြတ်စီးသွားတဲ့ရေဟာ ဒီတကြိမ်ပဲ ဖြစ်မှာပါပဲ။ ဒီလိုပါပဲ… ကျွန်တော်တို့ ပိုင်ဆိုင်ထားတဲ့ အချိန်တွေဟာလည်း နှစ်ခါ ပြန်မရနိုင်တော့မယ့် အချိန်တွေပဲ ဖြစ်ပါတယ်။ တန်ဖိုးကြီးပါတယ်၊ မကြောက်တမ်း မရွံတမ်း ဒီအချိန်တွေကို သုံးဖို့ လိုသလို ကုန်သွားတဲ့ အချိန်တွေ အတွက်လည်း ကျေနပ်ဖို့ လိုပါတယ်၊ ပျော်ဖို့ လိုပါတယ်“

ကျွန်တော်က ကျွန်တော့်မိတ်ဆွေတွေကို ဆရာကြီးလုပ်ပြီး အခုလိုပဲ ခပ်တည်တည် ရွှီးပါတယ်။ တချို့လည်း လေးလေးစားစားပေါ့၊ တယ်ဟုတ်ပါလား… ဒီလူ အိုင်ဒီယာမဆိုးဘူးတဲ့…၊ တချို့ကလည်း ဒီလူက လူပေါကြီးပါကွာတဲ့…။ ဘယ်လို လုပ်မလဲ… ဒီစကားလုံးတွေပဲ… ဒီအရွယ်တွေကိုပဲ ပြောတာ… အကောင်း ပြောတဲ့သူ ရှိသလို… ဖောက်ပြောတဲ့သူလည်း ရှိတာပါပဲ။

ကျွန်တော် အခြေစိုက်ပြီး အလုပ်လုပ်ရတဲ့ ဒေသတခုကနေ တခြားဒေသတခုကို ပြောင်းပြီး နှစ်ဝက်လောက် အလုပ်လုပ်ဖူးတယ်။ သတ်မှတ်ဒေသမှာ သတ်မှတ်အချိန်ပြည့်တော့ မူလ အခြေစိုက်တဲ့ ဒေသကို ပြန်ပြောင်းရွှေ့လို့ ရောက်လာပြန်တယ်။ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့ ပြန်တွေ့မှာမို့ ကျွန်တော် ပျော်တယ်။

လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့ ပြန်တွေ့တဲ့ ပထမဆုံးနေ့ပေါ့…။ အမျိုးသမီး လုပ်ဖော်ကိုင်ဖက်နှစ်ယောက်က အခုလို နှုတ်ဆက်တယ်။

“အို… မင်း… ပြန်လာပြီပဲ၊ ကြည့်စမ်းပါဦး… ၀ လာလိုက်တာ…။ ဟိုမှာ အတော် ပျော်ခဲ့တယ်နဲ့ တူတယ်“

စက္ကန့်ပိုင်းခြားပြီး နောက်တယောက်က နှုတ်ဆက်ပြန်တယ်။

“ဟင်… မသထ ပြန်ရောက်နေပါလား၊ နေမကောင်းဘူးလား… ပိန်သွားလိုက်တာ လွန်လို့…“

ကျွန်တော် ဘာပြောရမလဲ၊ ပြုံးရမှာလား… မဲ့ရမှာလား…။ ကျွန်တော် တချက်တော့ ရယ်လိုက်မိတယ်…။

တကယ်တော့… အားလုံးဟာ ကျွန်တော့် မိတ်ဆွေတွေ ပါပဲလေ…။

၂၀၁၂၊ မေ ၁၁။ ည ၁၁ နာရီ။

လန်ဒန်။

by Myo Tha Htet on Sunday, 6 May 2012 at 22:44·

ဒီဇာတ်လမ်းလေးကို ကျွန်တော်ရေးတော့ ပထမတော့ ဘယ်သူမှ သိပ် စိတ်မ၀င်စားကြပါ၊ နောက်တော့ ဖတ်ကြည့်သူ တယောက်စ၊ နှစ်ယောက်စက မင်း ရေးထားတာ မဆိုးဘူးလို့ ပြောလာတော့ ကျွန်တော့်မှာ ပျော်လိုက်ရတဲ့ ဖြစ်ခြင်း… ကလို့တောင် နေလိုက်ပါသေးတယ်။ တခါ ခင်ရသူတဦးက ဆိုလာပြန်ပါတယ်။ “မောင်ရင်က… လုံးချင်းအထိတောင် ရေးမလို့လား၊ မကောင်းပါဘူး။ ဇာတ်သိမ်းလိုက်ပါတော့…“ တဲ့။ အဲဒီလို အားရပါးရ အားပေးလာလေတော့ ကျွန်တော့်မှာ ရယ်ကာမောကာ နေလိုက်ရပါတော့တယ်။

ဟုတ်ပါတယ်၊ မူလကတော့ အခုလို အပိုင်းလေးတွေ ခွဲရေးသွားပြီး အပိုင်း ၂၀ လောက် ဆိုရင် ငါတော့ စာတအုပ် ထုတ်လိုက်နိုင်မှာပဲလို့ ကျွန်တော့်မှာ စိတ်ကူးလေးတော့ ခပ်တည်တည် တခေါက် ယဉ်လိုက်ဖူးပါသေးတယ်။ ဒါပေမဲ့ မဖြစ်နိုင်ပါ၊ သို့မို့ကြောင့် ကျွန်တော် ဒီဇာတ်လမ်းရိုးကြီးကို အခုပဲ သိမ်းလိုက်ပါတော့မယ်လေ…။

ကျွန်တော်က မ ပြုံးရယ်တာကို စောင့်လို့ ငေးရင်း ကြည်နူးရပါတယ်။ ကိုယ် ချစ်ရသူ၊ ခင်ရသူတဦး ရယ်မောနေတာလေးကို ကြည့်နေရတာကိုက အရသာပါ။ အချစ်ရဲ့အရသာ၊ မေတ္တာဓာတ်ရဲ့အရသာလို့ ပြောရမလား။ ကျွန်တော်တော့ ခံစားလို့ သိပ်ကောင်းတာပါပဲ။

“မ… ပြုံးရင် သိပ်လှတာပဲဗျာ၊ ကျွန်တော်နဲ့တွေ့ရင် အမြဲပြုံးနေပါလား“

ကျွန်တော် ပြောလိုက်ကာမှ သူက ဈေးကိုင်ပါလေတော့တယ်။ ရုတ်ချည်း တည်သွားပြီး ကျွန်တော့်ကို မျက်နှာတည့်တည့် စိုက်ကြည့်ပါတော့တယ်။ ကျွန်တော့်မှာ မျက်နှာလွှဲရပြန်လေတယ်။ မိန်းကလေးတယောက်ကို ခင်တဲ့ချစ်တဲ့ နေရာမှာ ကျွန်တော်က အင်မတန် ဇီဇာကြောင်တဲ့သူ ဖြစ်ပါတယ်။ ကျွန်တော် ချစ်တဲ့ခင်တဲ့ မိန်းကလေးတွေကို ဘယ်လို ရွေးသလဲဆိုတာကို ပြန်စဉ်းစားမိတယ်။

ကောလိပ်တက်တဲ့ အချိန်က စလို့ပေါ့။

ကျွန်တော် ကောလိပ်ကျောင်းသားဘ၀က ကျွန်တော်နဲ့ ခင်မင်ခဲ့တဲ့ မမတွေ ရှိခဲ့ပြန်တယ်။ တယောက်ကဆို အခု သရီးဒီနဲ့ ပြန်ပြနေတဲ့ ကမ္ဘာကျော် အချစ်ဇာတ်ကား တကားဖြစ်တဲ့ တိုင်တန်းနစ် ရုပ်ရှင်ဇာတ်ကားထဲက သရုပ်ဆောင် မင်းသမီး ကိတ် ၀င်းစလက်နဲ့ တူတယ်။ တယောက်ကတော့ ဂျပန်ကာတွန်း ဇာတ်ကောင်ပုံစံနဲ့ တူတယ်။ ထားပါတော့…။

သူတို့တွေက ထင်သလောက် လှသူတွေတော့ မဟုတ်ကြ၊ ဒါပေမဲ့ ကျွန်တော်က မိန်းကလေးတယောက်ကို ရွေးတဲ့ နေရာမှာ လှတာကို နံပါတ်စဉ် တစ် ရေးထိုးလို့ ရွေးချယ်ခဲ့သူ…။ ဒီတော့ ဒီနေရာမှာ ၀ိရောဓိ ဖြစ်ချင်စရာ ကောင်းနေပါတယ်။ နောက်ပြဿနာတခုကလည်း အလှဆိုတာ ကြည့်သူပေါ်မှာ မူတည်တယ်လို့ ဆိုကြပြုကြပြန်လေတော့ ကျွန်တော့် မျက်စိထဲ လှသူတွေဟာ တခြားသူတွေ အတွက်ရော လှပါရဲ့လားဆိုတဲ့ မေးခွန်းတခု ထွက်လာပြန်တော့တယ်။

ကျွန်တော်ခုန ပြောတဲ့ မမနှစ်ယောက်ကတော့ အများအတွက် မလှပေမယ့် ကျွန်တော့်အတွက် လှပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ လှပတဲ့ အပြုံးတွေ ရှိကြတယ်။ ကျွန်တော်က မိန်းမတယောက်ရဲ့ အပြုံးကို အကြိုက်ဆုံး ဆိုတာကို သွားတွေ့ပါတယ်။ ကျွန်တော့် သူငယ်ချင်း တယောက်က ကျွန်တော့်ကို တခါက မေးဖူးပါတယ်။ မိန်းမတယောက်ရဲ့ အလှဟာ ဘယ်နေရာမှာ ရှိတာလဲတဲ့။ သူက နည်းနည်းလည်း စဉ်းစားဥာဏ်ကြီးတဲ့သူဆိုတော့ ကျွန်တော်လည်း ပေါ့ပေါ့တော့ မဖြေရဲပါဘူး။

“အမျိုးမျိုးပေါ့ကွာ… တချို့က မျက်နှာလေးကို ကြိုက်ကြတယ်၊ တချို့က ကိုယ်လုံးကို ကြည့်ကြတယ်။ တချို့ကတော့ အမူအရာ၊ အပြောအဆို…။ တယောက်ယောက်နဲ့ တယောက်တော့ ဘယ်တူပါ့မလဲ“

ကျွန်တော်က အဲဒီလို ဖြေခဲ့ဖူးတယ်။ သူငယ်ချင်းလည်း ခေါင်းတငြိမ့်ငြိမ့်နဲ့ စကားဆက် မလာတော့ဘူး။ ကျွန်တော့်အဖြေကို လက်ခံသွားသလား၊ ဒါမှမဟုတ် ကျွန်တော့်အဖြေက သိပ်ကို ကလေးဆန်နေလို့များ ထည့်မတွက်ချင်လောက်တောင် ချုချာတဲ့ အတွေးအခေါ်ပဲလို့ သူ့ဘာသာ ယူဆပြီး ဆက်မမေးတော့တာလား မသိပါဘူး၊ ကျွန်တော်ဟာ သူ့ ဆွေးနွေးဖက် ဖြစ်မလာခဲ့ပါဘူး။

ဒါပေမဲ့ ကျွန်တော်အကြိုက်ဆုံးကတော့ မိန်းမတယောက်ရဲ့ အပြုံးပါပဲ။ မရဲ့ အပြုံးဟာ ကျွန်တော့်ရင်ကို နွေးထွေးစေပါတယ်၊ ခန္ဓာကိုယ်ကို ပိုပြီး သန်မာစေပါတယ်၊ အမိုက်ဆုံးကတော့ ကျွန်တော့်စိတ်ကို ကြည်ကြည်နူးနူး လွင့်လွင့်မြူးမြူး ရှိလာစေတယ်။ အခုတော့ မ က တည်သွားပါတယ်။ ပြီးတော့ ကျွန်တော့်ကို ကြည့်နေတယ်။

“ယူလည်း ပြုံးလိုက်ရင် လှပါတယ်၊ ပါးချိုင့်လေးတောင် ပါသေးတယ်“

မ က ကျွန်တော့်ကို တောက်လျှောက်ကြည့်နေပြီး ပြောလာပါတယ်။

“ယူ က သိပ်စဉ်းစားတာပဲ၊ တခါတလေ ပေါ့ပေါ့ပါးပါးလေး နေစမ်းပါကွ။ ယူပဲ ချောတဲ့ မိန်းကလေးတွေကို ကြိုက်တယ်ဆို… အဲဒီ မိန်းကလေးတွေက သိပ်လေးလေးနက်နက် ထားစရာ မလိုပါဘူး“

မ က ဘာဖြစ်လို့ ဒီစကား ပြောသလဲလို့ ကျွန်တော် လိုက်စဉ်းစားမိသေးတယ်။ ချောတဲ့ ကောင်မလေးတွေကို သူ မနာလို ဖြစ်နေပုံ ရတယ်လို့ ကျွန်တော် တွေးမိတယ်။ ဒါပေမဲ့ တခုရှိတာက မ ဟာ ကျွန်တော့်ကိုပဲ စိတ်ဝင်စားပြီး၊ ကျွန်တော် တခြား မိန်းကလေးတွေနဲ့ ပြောတာဆိုတာ ရင်းရင်းနှီးနှီး ရှိတာကိုတော့ လုံးဝ စိတ်ဝင်စားဟန်လည်း မပြဘူး၊ ဘာမှလည်း မပြောဘူး။ သူ့ကိုယ်သူ ယုံကြည်မှုအပြည့် ရှိဟန်တူပါတယ်။

“ဟဲ ဟဲ… ဘာတွေ ပြောနေတာလဲဗျ။ ချောလည်းချော တော်လည်းတော်တဲ့ မိန်းမတွေလည်း အများကြီးပါဗျာ။ မ လိုပေါ့“

သူက ကျွန်တော့်ကို မျက်စောင်းထိုးပြန်တယ်။ ကျွန်တော်တို့ဟာ တယောက်နဲ့တယောက် ပြောမနာဆိုမနာလည်း ရှိကြတယ်။ သင့်တင့်တဲ့ အရွယ်အသက်တွေလည်း အသီးသီး ရှိကြပြီမို့ ပွင့်ပွင့်လင်းလင်း စကားပြောလို့ ရတာကိုက အရသာတခုလည်း ဖြစ်ပါတယ်။ မလိုအပ်ပါဘဲ အာလူး၊ ဗူးသီးတွေ အများကြီး ပေးနေ၊ ပြောနေစရာ မလိုတာကိုက ကျွန်တော်တော့ အလွန် သဘောကျတာပါပဲ။

“ယူက အပြောလည်း ကောင်းတယ်၊ စာရေးလည်း ကောင်းတယ်။ ကိုယ်တို့တွေ အကြောင်းကိုတော့ ပေါက်ကရတွေ လျှောက်မရေးပါနဲ့…“

ကျွန်တော် စာလေးဘာလေး တခါတခါ ရေးတာကို မ က ဖတ်ကြည့်ပြီး ဝေဖန်တတ်တယ်။ အခုလို ကျွန်တော်တို့ ဆွေးနွေးဖြစ်တာတွေကို စာထဲ ထည့်ရေးမှာကိုလည်း သူက သိနေပုံပါပဲ။ အဲဒီလို ရေးတဲ့အခါမှာလည်း တခါတလေကျတော့ စာဖတ်သူ ဖတ်လို့ကောင်းအောင် စာချောအောင် နည်းနည်းပါးပါး လိုတိုးပိုလျှော့ ရေးရတာတွေ ရှိတာကိုလည်း သူက သိနေပုံပါပဲ။ သူ့ဘက်က အတွေးတွေကို စာဖတ်သူ မြင်အောင် တွေ့အောင် ရေးထည့်လိုက်မှာကို သူက စိတ်ပူပန်နေပုံပါ၊ လျှောက်မရေးနဲ့နော်လို့ ထည့်တောင် ပြောလာပါတယ်။ ကျွန်တော်က ဘာတွေကို လျှောက်ရေးရမှာတုံးဗျာ…။

“မ က ဘာဖြစ်လို့ ချောတဲ့ ယောက်ျားကို မကြိုက်တာလဲ“

ကျွန်တော်က သူ့ကို စချင်တာနဲ့ အဲဒီ မေးခွန်းကို မေးလိုက်ပါတယ်။ သူက တည့်တည့်ကြီး ကျွန်တော့်ကို ကြည့်ပြန်တယ်။ ပြီးတော့ ကျွန်တော့် ခေါင်းလေးကို အသာလေး ကိုင်တယ်။

“ချောတဲ့ ယောက်ျားတွေက ပွေတတ်ရှုပ်တတ်တယ်ကွ၊ အဲဒီတော့ အလကားနေရင်း ကိုယ်က ဒုက္ခများတာပေါ့။ မဟုတ်ဘူးလား“

ကျွန်တော်က ခေါင်းကို လာပွတ်နေတဲ့ သူ့လက်ကလေးကို ကယုကယင်ကိုင်ရင်း ကျွန်တော့်ပါးနဲ့ အပ်လိုက်တယ်။ ပြီးတော့ ရယ်ရယ်မောမောနဲ့ အခုလို ပြောလိုက်တယ်။

“မ က သိပ်အစွန်းရောက်တာပါပဲ၊ ခုနင်ကလည်း ချောတဲ့ ကောင်မလေးတွေကို အလေးအနက် ထားစရာမလိုဘူးလို့ ပြောတယ်။ အခုလည်း ချောတဲ့ ဘဲတွေကြတော့ ပွေတတ်ရှုပ်တတ်တယ်လို့ ပြောပြန်တယ်။ သူတို့တွေ ကြားရင်တော့ မ ကို မုန်းနေကြမှာပဲ။ ဘာဖြစ်လို့ အလွတ်ကြီး သူများကို အပုပ်ချရတာလဲ“

သူ့မျက်နှာ တည်တည်လေး ဖြစ်သွားတယ်။ တကယ်တော့ ကျွန်တော်က မ ကို ပြုံးစေချင်တာပါ။ အခုလို စကားတွေ ပြောနေကြတယ် ဆိုတာလည်း အလေးအနက်တွေ မဟုတ်ပါဘူး။ ကျွန်တော့်ဟာ မ ကို သက်သက်မဲ့ ထောက်နေ ငြင်းနေတာလားလို့တောင် တွေးမိသေးတယ်။ တကယ်တော့ ကျွန်တော်က စ တတ်တယ်၊ မ ကတော့ ကျွန်တော့်ကို လေးလေးစားစားနဲ့ အတည်ကြီး ဆက်ဆံ ပြောဆိုနေတယ်။ ကျွန်တော့်ရဲ့ အားနည်းချက်က ချစ်တဲ့ခင်တဲ့သူတွေကို အဲဒီလိုပဲ ခပ်တည်တည်ကြီး ပြောဆို ဆက်ဆံလို့ စ နေတတ်တယ်။

“သူများကို အပုပ်ချတာ မဟုတ်ပါဘူး၊ ယူ သိအောင် ပြောပြတာပါ။ တော်တဲ့ အရည်အချင်းရှိတဲ့ ယောက်ျားပဲ ကိုယ်လိုချင်တယ်။ ဒါပါပဲ… ကိုယ့်ဘဲက ချောဖို့ မလိုပါဘူး၊ တကယ်ပါ“

ဒီတခါတော့ ကျွန်တော့်မှာ အောင့်သက်သက် ဖြစ်သွားရပါတယ်။ မချိသွားဖြဲလေးနဲ့ စကားဆက်ရပြန်ပါတယ်။

“မ က ပြုံးရင် သိပ်လှတယ်၊ ဒီတော့ မ ပြုံးဖို့အတွက် ကျွန်တော် သီချင်းဆိုပြမယ်… ဘယ်နှယ့်လဲ“

သူက ရယ်တယ်၊ ပြီးတော့ မျက်လုံးလေးတွေ လက်အောင် ပြုံးရင်း ကျွန်တော့်ကို စူးစူးစိုက်စိုက်ကြည့်တယ်။ မ အကြည့်က အားပါတယ်၊ အပြုံးက ရဲနေတယ်။ နောက်တော့ ကျွန်တော့်အကြိုက် ချစ်စရာလေး ထပ်ပြုံးရင်း ဘာသီချင်း ဆိုမှာလဲလို့ ကျွန်တော့်ကို မေးတယ်။

“ဆု ပေါ့“

“ဟဲ ဟဲ“

မ က လွတ်လွတ်ကလေး ရယ်တယ်။ ကျွန်တော်ကတော့ ဆိုလေပြီ…။

“စိတ်မဆိုးနဲ့နော်… ခွင့်လွှတ်ပါကွယ်… ကိုယ် ရိုင်းနေရင်… ကိုယ့် စိတ်က အရင်ဒီလို မဟုတ်ဘူးကွယ်၊ မင်းနဲ့မှ ပြောင်းလဲ ကုန်ပြီ။ အားလုံးလည်း ငါ မယုံနိုင်… မင်းလေးကို ဘယ်သူ့မှ မပေး… မပေး မပေးနိုင်ဘူး။ မင်းလေးဟာ ငါ့အချစ်ပဲ၊ မင်းလေးဟာ ငါ့အတွက်ပဲ… လွန်တယ်လို့ မင်းမထင်နဲ့…“

အားလုံးပျော်ရွှင်ကြပါစေ။

၂၀၁၂၊ မေ ၆။ ည ၁၀ နာရီ။

လန်ဒန်။

by Myo Tha Htet on Friday, 4 May 2012 at 07:29·

ကျွန်တော့်မှာ ကျွန်တော့်နုတ်တွေကို ဖတ်နေတဲ့ စာဖတ်ပရိသတ်တယောက် ရှိတယ်၊ သူက ကျွန်တော့်ကို ပုဂ္ဂိုလ်ရေးလည်း ရင်းနှီးပြီး ကျွန်တော် အာလူး၊ ဗူးသီး ရေးတာတွေကိုလည်း သေချာ စောင့်ဖတ်နေသူလို့ ပြောပါတယ်။ ပြီးတော့ အခု ရေးတာလေးက ဖတ်လို့ ကောင်းသားလို့ မြှောက်ပေးလာပြန်ပါတယ်။ ဒါနဲ့ပဲ အခု တတိယပိုင်းကို ထိုးဇာတ်ခင်းလို့ ကိုရီးယား ရုပ်သံ ဇာတ်လမ်းတွဲတွေလို မရှည်ရှည်အောင် ဆွဲဆန့်ပြီး ရေးရပြန်ပါတယ်။ မြှောက်ပေးလို့ကတော့ လက်မခေသူပါလို့ ပြောရမလားပါပဲဗျာ။

မ က ကျွန်တော့်ကို စူးစိုက်ကြည့်ပြန်တယ်၊ ဒီတကြိမ်လည်း အကြည့်လွှဲရပြန်သူက မူလလက်ဟောင်း ကျွန်တော်ပဲပေါ့။ ဘာကို ကြည့်တာလဲ၊ ဘာဖြစ်လို့ ကြည့်တာလဲ။ သံသယဆန်တဲ့ မေးခွန်းများစွာ ကျွန်တော့်ရင်မှာ…၊ တည်ငြိမ်ဟန်ဆောင်ထားတဲ့ ကျွန်တော်ဟာ မသိမသာ ရင်ထဲ လှုပ်ခတ်လာနေတာကို သတိကြီးကြီး ရှိတတ်တဲ့ ကျွန်တော် ပထမဆုံးအကြိမ် သတိထားလိုက်မိပါတယ်။

မြွေတကောင်ဟာ သူစားမယ့်အကောင်ကို ပထမအဆင့်အနေနဲ့ ညှို့ယူလိုက်သလို မ က ကျွန်တော့်ကို ညှို့နေပြီလား။ ဒါဆို ကျွန်တော့်ကို ၀ါးမြိုဖျက်ဆီးတော့မှာလား။ ကျွန်တော့်စိတ်က အဲဒီလိုပဲ၊ မဟုတ်က ဟုတ်က တွေးတဲ့ နေရာမှာ နှစ်ယောက် မရှိသူပါ။ တကယ်တော့ မ က ကျွန်တော့်ကို ကြည့်နေတာ အကြောင်းရှိပါတယ်။ သူက ညှို့ချင်တာထက် ညှိချင်လို့ ဖြစ်ပါတယ်။

“ယူ က ချောတာကို ဘာဖြစ်လို့ ထိပ်ဆုံးမှာ ထားရတာလဲ၊ ကျွန်မဖြင့် လုံးလုံး နားမလည်ဘူး“

ကျွန်တော် သိပါတယ်၊ သူ ဘယ်လိုမှ မနေနိုင်တော့လို့ ဒီမေးခွန်းကို ထုတ်မေးလာတယ်ဆိုတာ… နောက်ပြီး သူ့အလှတရားမှာ သူ သေချာ မယုံကြည်လာလို့လည်း ဖြစ်နိုင်ပါတယ်။ သူ့ကို လက်ရှိ ချစ်ခင်နေသူ ယောက်ျားတဦးက ချောတာကိုမှ နံပါတ်တစ် ဦးစားပေး ရွေးချယ်သူပါလို့ တိတိလင်းလင်း ဆိုလာတော့… ကိုယ်ကိုယ်တိုင်က မိန်းမတယောက် မာနဖြစ်လောက်အောင် ချောတာမျိုး မဟုတ်ဘူး ဆိုရင် ယုံကြည်မှု နည်းနည်းဖြစ်ဖြစ် ကျဆင်းသွားတတ်တာ ဓမ္မတာပဲ မဟုတ်လားဗျာ။

ကျွန်တော့် အဖြေကလည်း ရှင်းပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့် ရင်ထဲမှာ နှစ်နှစ်ကာကာ ယုံကြည်ထားချက် ဖြစ်နေတာကိုးဗျာ။

“ဟ… ဒါ အရှင်းလေးပဲဗျ၊ ကိုယ်နဲ့အတူ နေ့ရော ညပါ ရှိနေမယ့် မိန်းမတယောက်ဟာ ချောမောလှပသူ တယောက် မဟုတ်ဘဲနဲ့ ကျွန်တော် ဘယ်လိုလုပ် အကြာကြီး သူနဲ့အတူ နေနိုင်မလဲဗျ။ ဒီ မေးခွန်းဟာ မေးစရာ မလိုတဲ့ မေးခွန်းပဲ“

ကျွန်တော်က အဲဒီလို ခပ်တည်တည် ပြောလိုက်တော့… မ က ကျွန်တော့် မျက်နှာကိုတော့ မကြည့်တော့ဘူး၊ မျက်စိကို မှိတ်လိုက်တာလည်း မဟုတ်ဘူး။ မျက်နှာကို အပေါ်ဘက်ကို မော့လို့ စဉ်းစားနေတယ်။ ကျွန်တော်ကလည်း သူ ဘာကို စဉ်းစားနေသလဲလို့ လိုက်စဉ်းစားတယ်။ စဉ်းစားမှုတွေဟာ သူနဲ့ ကျွန်တော့်ကြားမှာ ရှိနေတော့တယ်။

“တကယ်တော့ ချောတာဟာ ရေရှည်မခံဘူးပါကွာ၊ ချောတာဟာ တန်ဖိုးမရှိပါဘူး။ တော်တာကမှ တကယ့် အရည်အချင်းပါ“

မ က သူ့အဖြေကို တကယ်ယုံကြည်ဟန်နဲ့ ပြောတယ်လို့တော့ ကျွန်တော် မထင်ဘူး၊ သူ့စကားတွေက ပျော့တော့တော့ ညှင်းတင်းတင်းနဲ့ ထွက်လာတာကို ကျွန်တော် သတိထားမိနေလို့ပဲ။ မ ဟာ ကျွန်တော့်မျက်လုံးထဲမှာတော့ ချောမောလှပတဲ့ မိန်းမတယောက်ပါပဲ။ ဒါပေမဲ့လို့ သူ့အလှကိုတော့ သူ ပြတ်ပြတ်သားသား ယုံကြည်ပုံ မရဘူးလို့ ကျွန်တော် ထင်ပါတယ်။ သူက ကိုယ်တိုင်တော့ ထက်မြက်သူ တယောက်ဖြစ်လို့ တော်တာကို ဇောင်းပေးချင်ပုံ ရပါတယ်။ ဒီတော့ ကျွန်တော်က ကွန်ပလိန်းတက်ရတယ်။

“မဟုတ်ဘူး၊ ချောတာဟာလည်း မိန်းမတယောက်အတွက် အရည်အချင်းတခုပဲ။ မွေးရာပါ အရည်အချင်းလို့ ဆိုချင်ဆို… ပြုပြင်ဖန်တီးထားတဲ့ အရည်အချင်းလို့ ပြောချင်ပြော…၊ မိန်းမတယောက်ဟာ ချောမော လှပဖို့ အရေးကြီးပါတယ်“

ကျွန်တော်က ဆက်ပြောပြန်တယ်။

“အရင်ကဆို “က္ကတ္ထိ ရူပံ ဓနံ“ မိန်းမတို့ အဆင်းသည် ချမ်းသာမည်၏ လို့တောင် ဆိုကြသေးတယ် မဟုတ်လား။ မိန်းမတယောက် ရုပ်ချောတာဟာ သူ့ရဲ့ အရင်းအနှီးပဲ၊ ချမ်းသာပဲဗျ“

ကျွန်တော်က ကျမ်းကိုးနဲ့ လွှတ်လိုက်တော့ မ က မျက်စောင်းထိုးတယ်၊ ကျွန်တော့်အတွက်တော့ နတ်မိမယ်လေးရဲ့ မျက်စောင်းပါပဲ။ သူကတော့ လုံးဝ ကျေနပ်ပုံ မရပါဘူး။ မိန်းမတို့ သဘောအတိုင်း သူ့အလို မလိုက်လို့ မကျေနပ်ချက်တွေ သူ့စိတ်ထဲ တိုးနေမယ်ဆိုတာကို ကျွန်တော်တော့ ရိပ်မိနေပါပြီ။ ဒါပေမဲ့ ကျွန်တော်ကလည်း ပေတေတေ ကပ်တပ်တပ် ချာတိတ်မို့ သူ့ကို ဆက်လို့သာ ထိထိမိမိလေး ခံစားစေဖို့အတွက် နောက်တဆင့်တိုး တိုက်ခိုက်ဖို့ စစ်ကြောင်း ဖွင့်ပြန်ပါတယ်။

“နေပါဦး… မ ကရော ဘာဖြစ်လို့ တော်တာကို နံပါတ် တစ် ထားရတာလဲ၊ ကိုယ့်ကိုယ်ကိုယ် သိပ်တော်တယ်လို့ ယုံကြည်လွန်နေလို့လား၊ ဒါမှမဟုတ် ကိုယ်က မတော်နေလို့ တော်တဲ့သူကို လိုချင်လို့လား“

ကျွန်တော့် မေးခွန်းက နှစ်ခွ ဖြစ်နေပါတယ်၊ စစ်တုရင် ကစားသမား တယောက် အနေနဲ့ ပြောရရင်တော့ ခွချက်လိုက်တာပါပဲ။ ကဲ… ဘယ်ပြေးမလဲ မိချိုသဲ။ ဒုတိယမ္ပိ မျက်စောင်းထိုးပြန်ပါတယ်၊ ဒီတခါတော့ နည်းနည်းပြင်းတယ်။ ကျွန်တော်လည်း မပြုံးမရယ် ခပ်တည်တည်နဲ့ သူ့ အဖြေကို စောင့်တယ်။ စိတ်ထဲမှာတော့ အလွန်ရယ်ချင်နေမိတယ်။ မိန်းမတယောက်ဟာ ယောက်ျားတယောက်ကို အနိုင်လိုချင်တယ်၊ ဒါပေမဲ့ ဘယ်လို နိုင်အောင် လုပ်ရမယ်ဆိုတာကို မ က မသိရှာသေးဘူး။ အဲဒါကိုပဲ ကျွန်တော်က သဘောကျနေတာပါ။

“ယူ့ မေးခွန်းက ဘာဆိုတာကို ကျွန်မ သိပါတယ်၊ ကျွန်မကတော့ ယူ့လို စကားမတတ်ပါဘူး။ ရှင်းရှင်းပဲ ပြောပါ့မယ်၊ ကျွန်မကို ဦးဆောင်မယ့် ယောက်ျားတယောက်ဟာ တော်ဖို့ လိုတယ်။ ကြံရည်ဖန်ရည် လုပ်ရည်ကိုင်ရည် ရှိရမယ်။ ကျွန်မ ယုံကြည်လောက်တဲ့ အရည်အချင်း မရှိတဲ့၊ မတော်တဲ့ ယောက်ျားတယောက်နဲ့ ဘယ်လိုလုပ် ရေရှည်စခန်း သွားနိုင်မှာလဲ“

မ က ဖြေရုံတင် မဟုတ်ဘူး၊ မေးခွန်းပါ ပြန်ထုတ်နေတယ်။ ဒါပေမဲ့ ကျွန်တော် ရိပ်စားမိပါတယ်။ သူ့ အဖြေက ရိုးရှင်းပေမယ့်လို့ မေးခွန်းကို ဖြေရုံတင် မဟုတ်ဘူး၊ ကျွန်တော့်ကိုပါ ချည်နှောင်နေတယ်ဆိုတာကိုပါ။ တကယ်တော့ ကျွန်တော်က သူ ပြောသလောက်လည်း မတော်ပါဘူး၊ ဂျစ်တစ်တစ် ချာတိတ်တယောက်ပါပဲ။ သတင်းလေး ဘာလေး ဖတ်ဖို့ မှတ်ဖို့ ၀ါသနာပါတဲ့သူမို့ စကားကြီး စကားကျယ် နည်းနည်းပါးပါး ပြောတတ်သူလို့ ယေဘူယျ အနေနဲ့ ဆိုနိုင်သူ တယောက်ပါပဲ။

ဒါဆိုရင် မိန်းမတယောက်အတွက်က တော်တဲ့၊ အရည်အချင်းရှိတဲ့ ယောက်ျားတယောက်ကို ရဖို့ လိုသတဲ့လား။ ကျွန်တော့် ကိုယ်တွေ့ အတွေ့အကြုံအရ ဆိုရင်တော့ တချို့ ယောက်ျားလေးတွေဟာ မ ပြောသလောက်လည်း အရည်အချင်းတွေ၊ တော်တာတွေ ရှိတာကို သိပ်မတွေ့မိပါဘဲ ရည်းစားတွေ ရနေတာပါပဲ၊ အိမ်ထောင်တွေ ကျနေတာပါပဲ။ ဒါဆို မိန်းကလေးတိုင်းက မ လို မစဉ်းစားကြဘူးလား။ ကျွန်တော်ဟာ မ နဲ့ အတူ ရှိနေရင်းကနေ မေးခွန်းတွေကြား ရုတ်တရက် ရောက်သွားပြန်တယ်။

ကျွန်တော် မောလျသွားတယ်၊ မိန်းမဆိုတာ ယောက်ျားတယောက်ကို သူ ကြိုက်ချင်သလို ကြိုက်တာပဲ ထင်ပါရဲ့ဗျာ။ ကျွန်တော် အနေနဲ့ ဂေါက်သီးလို့ မြင်တဲ့ ယောက်ျားတယောက်ကိုလည်း ကြိုက်တဲ့ မိန်းမ ရှိနေတာပဲ၊ ဆေးဘဲလို့ လူတွေ သိကြတဲ့ ယောက်ျား တယောက်ကိုလည်း ကြိုက်တဲ့သူက ကြိုက်တာပါပဲ။ ဘာမှ လက်ကြော မတင်းဘဲ တေလေ ပွေရှုပ်တဲ့သူကိုလည်း ကြိုက်တဲ့မိန်းမက ကြိုက်တာပါပဲ။ ဘယ်နှယ့်လုပ်မလဲ၊ ယောက်ျားက အရည်အချင်းရှိမှ၊ တော်မှ မိန်းမက ကြိုက်တယ်၊ ကြိုက်မယ်ဆိုတာကိုတော့ ကျွန်တော် သိပ် လက်မခံချင်ဘူး။

တခုတော့ ရှိတယ်၊ မိန်းမတွေထဲမှာလည်း အမျိုးမျိုး ရှိမှာပေါလေ့။ တချို့က တဘ၀စာကို စဉ်းစားတယ်၊ တချို့က ခဏတာကို သာယာပြီး ယစ်မူး ပျော်ရွှင်လိုပုံရတယ်။ ရေတိုစဉ်းစားတဲ့ မိန်းမနဲ့ ရေရှည်စဉ်းစားတဲ့ မိန်းမလို့ နှစ်မျိုးခွဲခြားမလား။ နှလုံးသားကို ရှေ့တန်းတင်ထားတဲ့ မိန်းမနဲ့ ဦးနှောက်ကို စစ်ဦးစီးတင်တဲ့ မိန်းမလို့ ပြောမလား။ ဒါမှမဟုတ် နှလုံးသား ၅၀၊ ဦးနှောက် ၅၀ ပေါင်းစပ်ထားတဲ့ မိန်းမလို့ ဆိုမလား။

မ နဲ့ စကားပြောနေရင်းကနေ ကျွန်တော့်အတွေးတွေက စက္ကန့်ပိုင်းအတွင်းမှာပဲ တော်တော်လွန်သွားတယ်။ မ ကို ကြည့်လိုက်တော့ ကျွန်တော့်ကို ငေးရီကြည့်နေတယ်။ သူ့မျက်ဝန်းလေးတွေကလည်း လေးလေးပင်ပင်၊ နွမ်းနွမ်းလျလျ…။ သူလည်း ကျွန်တော့်ကိုသာ ကြည့်နေတာပါ၊ စိတ်က တခြားတပါးမှာ ရောက်နေ တွေးနေပုံရတယ်။ ကျွန်တော်တို့နှစ်ယောက် မှားပြီး တွေ့နေကြတာလား၊ တွေ့ပြီး မှားနေကြတာလား။ အတော်ပြိုင်နေကြတာလား၊ ပညာပြိုင်နေကြတာလား။ မဟုတ်ဘူး… ကျွန်တော်တို့ ညှိနေကြတာပါ။ ဟုတ်ပြီ…။

ဒါဆိုရင် နံပါတ်တစ်ကို ကျွန်တော်တို့ ကျော်လိုက်ကြရအောင်…။ မ က ဘာမှ မပြောတော့ဘူး။ ကျွန်တော်တို့ စိတ် မသက်မသာနဲ့ဘဲ ကျော်လိုက်ကြတယ်။ နံပါတ် နှစ် ကတော့ သဘောညီကြတော့ အထူး ဆွေးနွေးစရာ မလိုတော့ဘူး။ ဒါတောင် ပြဿနာ ဖြစ်စေနိုင်တာက ဘာကြောင့် နံပါတ် နှစ်ကို နံပါတ် တစ် နေရာမှာ နှစ်ယောက်စလုံးက မထားခဲ့ကြတာလဲ။ တကယ်တော့ နံပါတ် နှစ် က အရေးအကြီးဆုံး ဖြစ်မနေသင့်ဘူးလား။

ကျွန်တော်က မြတ်စွာဘုရား ဟောကြားတဲ့ အကြောင်းအကျိုး သီဝရီကို ယုံကြည်တယ်လေ၊ အကြောင်းကြောင့် အကျိုးဖြစ်တာ မဟုတ်လား။ ဒါကြောင့် နံပါတ် တစ်ကြောင့် နံပါတ် နှစ် ဖြစ်တာပဲလို့ ကျွန်တော့်မှာ အကြောင်းပြချက် ရှိတယ်။ တခုတော့ ရှိတာပေါ့လေ၊ နံပါတ် တစ်နဲ့ နံပါတ် နှစ် ဟာ တချိန်တည်း တပြိုင်တည်း ဖြစ်သွားတာမျိုးလည်း ဖြစ်နိုင်တာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ နံပါတ် တစ် ဟာ အကြောင်းတော့ မှန်ပါတယ်၊ ဒါပေမဲ့ အတူတူ နံပါတ် တစ် တွေ အများကြီးထဲကမှ ဘာဖြစ်လို့ အဲဒီ နံပါတ် တစ် ကပဲ တကယ့် နံပါတ် တစ် ဖြစ်လာသလဲ ဆိုတဲ့ မေးခွန်းပေါ့။ ရှုပ်ထွေးသွားပါသလား၊ တခါတလေတော့ အဲဒီလို ရှုပ်ထွေးရတာကိုက လူ့ဘ၀ အရသာပဲ မဟုတ်လားဗျာ။

ဒီတခါတော့ မေးခွန်းကို စမေးလာသူက မ ဖြစ်ပါတယ်။ ကျွန်တော့် နံပါတ် သုံး နဲ့ လေး ကို သူက တပြိုင်နက်ထဲ မေးလာတာပါ။

“မပျင်းဖို့နဲ့ စည်းကမ်းရှိဖို့ကို ဘာဖြစ်လို့ သုံးနဲ့ လေးမှာ ထားတာလဲ… ယူ က…“

ကျွန်တော့်မှာ ဖြေပြီးသား အဖြေကိုပဲ ထပ်ပေးရပါတော့တယ်။

“မိန်းမတယောက်ဟာ မပျင်းမှ သူ့ကိုယ်သူ၊ သူ့အိမ်နဲ့ သူ့အိမ်ထောင်ကို နိုင်နိုင်နင်းနင်း ထိန်းသိမ်းနိုင်မယ် မဟုတ်ဘူးလား။ နောက်တခုကတော့ စည်းကမ်းရှိမှ တိုးတက်မယ်လေ… မဟုတ်ဘူးလား။ စည်းကမ်း မရှိရင် ပျက်စီးမှာပေါ့လို့“

ကျွန်တော့် အဖြေက အလွန် ယေဘူယျ ကျတာကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ မှန်လည်း မှန်နေတာကိုး… မ က အထူး မပြောတော့ပါ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ နံပါတ် ငါး နဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ် မေးခွန်းကို တင်လာပါလေတော့တယ်။

“ယူက မိန်းမတယောက် တော်တာကို ဘာဖြစ်လို့ လက်မခံနိုင်ရတာလဲ။ ဘာဖြစ်လို့ နောက်ဆုံးမှာ ထားတာလဲ။ မိန်းမက တော်နေရင် ယူ့ကို ထိန်းနေ ချုပ်နေမှာ စိုးလို့လား“

မ မေးခွန်းက အဖြေတွေပါ ပါနေသလိုပါပဲ။ ကျွန်တော့်မှာလည်း အဖြေက ဖြေစရာ များများ မရှိ။ ဟုတ်တယ်လေ… ကိုယ့်အကြောင်းနဲ့ ကိုယ်ဆို…။ ဒီတော့ ကျွန်တော့်မှာ ရယ်လို့သာ နေရပါတော့တယ်။

“ဘာရယ်နေတာလဲ၊ မေးနေတာ ဖြေလေ…“

အင်း… အဲ… နဲ့ ကျွန်တော့်မှာ မျက်နှာပိုး မသေဘဲ ရူးကြောင်ကြောင် လုပ်နေရတာ ရှက်ဖို့ပင် ကောင်းလှပါတော့တယ်။ ဟုတ်တယ်လေ၊ ကျွန်တော့် အဖြေက ရှင်းရှင်းလေးပဲ မဟုတ်လား။ မပြောလည်း သိနေပြီးတဲ့ ဥစ္စာ…။

“ဟုတ်တယ်၊ မိန်းမတွေ သိပ်တော်ရင် ပွားမယ်၊ အာမယ်၊ ဆရာကြီး လုပ်မယ်လေ။ ကျွန်တော် အဲဒါတွေကို မခံနိုင်ဘူး။ ဆုံးမစာတွေ မသင်ယူချင်တော့ဘူး။ ကျွန်တော့်ကို တေးဆို ချော့သိပ်မယ့် မိန်းမပဲ လိုချင်တာ… အာလူး၊ ဗူးသီး ရောင်းမယ့် မိန်းမကို မကြိုက်ဘူး“

ဒီတခါ ကျွန်တော့် ပယ်ပယ်နယ်နယ် အဖြေကို ဟက်ဟက်ပက်ပက် ရယ်မောနေသူက မ ပဲပေါ့။ မ က မတည်ဘဲ အဲဒီလို ရယ်လိုက်ရင် သိပ် လှတာပါပဲ။ သွားလေးတွေက ဖွေးဖွေးဖြူဖြူ သန့်သန့်စင်စင်… ခံတွင်းနံ့လေးတွေကလည်း အမြဲမွှေးကြိုင်လို့… အခုလို အရယ်အပြုံး စွက်ချိန်ဆို နတ်သမီးတွေက အမ ခေါ်ရမယ့် အချိန်အခါပေါ့ဗျာ။ မ က ရယ်နေရင်း ကျွန်တော့်ကို တည့်တည့်ကြည့်ပြီး ပြောတယ်…။

“ယူက အရူးပါးပဲ“ တဲ့။

ကျွန်တော်လည်း လှစ်ကနဲ တချက် ရယ်တယ်၊ ဟုတ်တယ်… တချက်ပဲ ရယ်လိုက်တယ်…။ ပြီးတော့ ကျွန်တော့်ရဲ့ မ ကို ပြုံးပြီး ဆက်လို့ ကြည့်နေမိတယ်။ အရမ်းလှတာပါပဲဗျာ… ကျွန်တော် ပြောမပြတတ်တော့ပါဘူး။

မ ကိုလည်း သူ့သတ်မှတ်ချက် လက်ကျန်စံတွေအကြောင်း ကျွန်တော် ဆက် မမေးတော့ပါဘူး။ ဘာဖြစ်လို့ဆို မ ရယ်တာတွေ ရပ်သွားမှာ စိုးလို့ပါ။

၂၀၁၂၊ မေ ၄၊ နံနက် ၇ နာရီ။

လန်ဒန်။

by Myo Tha Htet on Monday, 30 April 2012 at 03:29·

မက ကျွန်တော့်ကို အတင်းတွန်းဖယ်ပါတော့တယ်။ သူက ပြောချင်နေသူ၊ ကျွန်တော်က နှုတ်ပိတ်ထားချင်သူ။ မတတ်နိုင်တော့…၊ သူ ပြောလိုရာ ပြောပါစေတော့လို့ ကျွန်တော် သဘောထားပြီး နားထောင်ပေးဖို့ လုပ်ရတော့တယ်။ ယောက်ျားတယောက်ကို သူ ဘာကြောင့် ကြိုက်ရမှာလဲ ဆိုတဲ့ အချက်တွေကို ပြောပြမယ်တဲ့။ ကျွန်တော့်ရင်တွေ ခုန်နေပေါ့၊ ဒါဟာ ကျွန်တော့်ကို သူ ဘာကြောင့် ရွေးခဲ့သလဲ ဆိုတဲ့ အဖြေကို ပြောတော့မှာ မဟုတ်လား။ ခက်ပြီ။

“ယောက်ျားတယောက်ဟာ တော်ဖို့ အရေးအကြီးဆုံးပဲ၊ ကျွန်မတော့ အဲဒီလိုပဲ ယုံကြည်တယ်“

ကျွန်တော် ဘ၀င်ပဲ မြင့်ရမလား။ ဒုက္ခပဲ… ငါကိုတော့ ချုပ်နေပြီလို့ သတိကြီးကြီးပဲ ထားရမလား။ အကျပ်ရိုက်နေခဲ့ပြီ။ မိန်းမတယောက်ကို ရွေးချယ်တဲ့ နေရာမှာ တော်တာကို နောက်ဆုံးမှာ ထားခဲ့မိသူ ကျွန်တော့်ကို သူ စိတ်များဆိုးလို့ ဒီလို ပြောလေသလား။ ကျွန်တော့်မှာ မဲ့မဲ့လေး ပြုံးလို့ သူ့ကို ကြည့်နေမိတယ်။ သူက ဖွဖွလေး ရယ်နေတယ်။

“ဘယ်လို ဖြစ်နေတာလဲ… ရုပ်ကြီးကိုက…။ ဟုတ်တယ်လေ အရည်အချင်း မရှိတဲ့ ယောက်ျား၊ မတော်တဲ့ ယောက်ျားတယောက်က မိန်းမတယောက်ကို ပျော်အောင် ဘယ်လို ထားမလဲ၊ အိမ်ထောင်တခုကို ဘယ်လို ဦးဆောင်မလဲ“

မ က သူ့အဆိုကို သူ ထောက်ခံရင်း ဆက်ပွားနေပါတယ်။ မ က ခေတ်မီ ယဉ်ကျေးသူ ဖြစ်ပေမယ့်လို့ ရှေးရိုးဆန်တဲ့ အတွေးအခေါ်တွေကိုလည်း နှစ်သက်လက်ခံသူ ဖြစ်ပုံရပါတယ်။ သူ့စကားထဲမှာ အိမ်ထောင်ကို ဦးဆောင်မယ့်သူဟာ ယောက်ျားလို့ ယုံမှတ် လက်ခံထားပုံရတယ်။ သူဟာ ခေတ်လွန် ခေတ်ဟောင်း အတွေးအခေါ် နှစ်ခုကြားမှာ ချောက်ကျနေသူတော့ မဟုတ်လောက်ပါဘူး။

“ဒါဆို ကျွန်တော်က တော်တာပေါ့“

သူ အားပါးတရ ရယ်တယ်။ ပြီးတော့ ပြည်တည်တည်နဲ့ အခုလို ပြောတယ်။

“နိုး… ယူက အတုံးလေးပါ“

ဒီတခါ အကျယ်ကြီး ရယ်မိသွားတာက ကျွန်တော်ပါ။

“ဟား ဟား ဟား“

ကျွန်တော်က ရယ်ရင် ကျယ်တယ်၊ ကြာတယ်။ သူ ပြောတာ စဉ်းစားလိုက် ရယ်လိုက်နဲ့ မရပ်တော့ဘူး။ သူတောင် အူကြောင်ကြောင် ဖြစ်လာတဲ့ အထိ…။ မိန်းမတွေက သနားစရာတော့ ကောင်းတယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော် အဲဒီလို ရယ်လိုက်တဲ့အခါ မ ဟာ ပြူးပြူးပြာပြာ ဖြစ်လာပြီး သူ့ကိုယ်သူ ယုံကြည်မှု အတန်ငယ် ကျလာတာကို ကျွန်တော် သတိထားမိတယ်။ သူ ပြောလိုက်တဲ့အထဲ ဘာမှားတာ ပါသွားသလဲလို့ အားနာ ရှက်ရွံ့ မလုံမလဲ ဖြစ်နေရှာတယ်။ ဒါနဲ့ ကျွန်တော် အရယ်ရပ်လိုက်ပါတယ်။

မိန်းမတွေကို ခင်ရတာ၊ ချစ်ရတာကို ကျွန်တော် သဘောကျတာ အဲဒါကြောင့်ပဲ။ သူတို့မှာ တဖက်သားကို အားနာတတ်တဲ့ စိတ်၊ ရှက်ရွံ့တတ်တဲ့ စိတ်၊ မလုံမလဲ ဖြစ်တတ်တဲ့ စိတ် ၀ါ သံသယ စိတ် ရှိနေတတ်တယ်။ နည်းတာနဲ့ များတာပဲ ကွာမယ်။ ရှိတော့ ရှိကြတယ်။ ယောက်ျားတွေမှာတော့ ယုံကြည်မှု လွန်ကဲလေ လူတွေကို မထီမဲ့မြင်ပြုလေ၊ လူတွေနဲ့ ဝေးလေ၊ အကြင်နာ ခေါင်းပါးလေ ဖြစ်ကြတယ် မဟုတ်လား။ ထားပါတော့…။

“ယူ ဘာဖြစ်လို့ ဒါလောက်တောင် ရယ်လိုက်တာလဲ၊ သဘောကျလို့လား… သဘောမကျလို့လား“

ကျွန်တော် မျက်နှာတည်တည်ပဲ ဆက်နေလိုက်တော့တယ်။

“ဘာမှ မဟုတ်ပါဘူး၊ ကျွန်တော့်ဘာသာ ကျွန်တော့်အကြောင်း စဉ်းစားမိပြီး ရယ်တာပါ၊ ဆက်ပါဦး ဒုတိယ အချက်က…“

ဒီတော့မှ သူ နည်းနည်း ပြန်ရွှင်လာတယ်၊ သနားပါတယ်။ ကျွန်တော် ရယ်လိုက်တာ လွန်သွားတာကိုးဗျာ။

“ဒုတိယ အချက်ကတော့ ယူနဲ့ တူတူပါပဲ၊ ချစ်တတ်တဲ့ ယောက်ျား ဖြစ်ဖို့ပေါ့။ မချစ်တတ်တဲ့ ယောက်ျားက ဘယ်နှယ့်လုပ် ကောင်းတော့မလဲ၊ မဟုတ်ဘူးလား“

ဒုတိယမ္ပိ ပြည်တည်တည် သူ လုပ်ပြန်တယ်။ ရွှင်တဲ့ မျက်လုံး၊ ပြုံးနဲ့ မျက်နှာနဲ့ ကျွန်တော့် မျက်လုံးကို သူ တည့်တည့်ကြည့်ပြီး ပြောလာပြန်တယ်။ ကျွန်တော် ပြန်ပြုံးကြည့်ပြီး အကြည့်လွှဲရတယ်။ မိန်းကလေးတွေရဲ့ မျက်လုံးကို ကျွန်တော် ဆိုင်မကြည့်ရဲဘူးဗျ။ ကျွန်တော် မဟုတ်တာတွေ မလုပ်ထားပါဘူး။ ဒါပေမဲ့ ကျွန်တော် မကြည့်ချင်ဘူး၊ မကြည့်ရက်ဘူး။

“အချစ်ကို ဒုတိယ နေရာမှာ ထားလိုက်လို့ ကျွန်တော်က ကျေးဇူးတင်ပါသဗျာ။ လုပ်ပါဦး တတိယ အချက်လေး…“

သူ ယုံကြည်မှု ၁၀၀ ရာခိုင်နှုန်း အပြည့် ပြန်ရသွားသူ တယောက်လို ဖြစ်လာပြန်တယ်။ မိန်းမတွေက စိတ်အတက်အကျ မြန်တယ်လား။ ခုန သူနဲ့ အခု သူ မတူတော့ပြန်ဘူး။ ကျွန်တော်လည်း တဖြည်းဖြည်း ပြန်ရွှင်လာသလို ခံစားရပြန်တယ်။ ကိုယ့်ဘေးက မိန်းမတယောက်က ပျော်နေတာမှာ ကျွန်တော်လည်း လိုက်ပျော်နေတာဟာ တယ်ခံစားလို့ ကောင်းတဲ့ အရသာပဲဗျာ။

“ယောက်ျားတယောက်ဟာ… အထူးသဖြင့် ကျွန်မ ရွေးချယ်တဲ့ ယောက်ျားတယောက်ဟာ ရုပ်ချောဖို့ မလိုပါဘူးလေ…“

“ဟိုက်… သေရော“

ကျွန်တော် ချက်ချင်း အသံထွက် အာမေဋိတ်ပြုမိသွားတယ်။ ဘာကြောင့်မှန်း မသိ၊ သူ့ရဲ့ တတိယ မဟုတ်တဲ့ အချက်မှာ ကျွန်တော် ကျဆုံး သွားတယ်။ ကျဆုံးသွားတယ်ဆိုတာ ဥပမာနဲ့ တင်စားပြောလိုက်တာပါ၊ ဆိုလိုတာက ဖော်လိုမလိုက်နိုင်တော့ဘဲ ချောင်းပစ်ခံလိုက်ရသူ တယောက်လို ခံလိုက်ရတယ်လို့ ပြောချင်တာ ဖြစ်ပါတယ်။

သူရွေးချယ်တဲ့ ယောက်ျားတယောက်ဟာ ရုပ်ချောဖို့ မလိုဘူးတဲ့။ ဒါဖြင့်ရင် ကျွန်တော်က ရုပ်ဆိုးသူ တယောက်ပေါ့၊ ဒီလိုပဲ သွယ်ဝိုက် အဓိပ္ပာယ်ပေါက်နေပြီ မဟုတ်လား။ အဲ… ကျွန်တော်က ကိုယ့်ဟာကိုယ် လျှော့ပြောနေတာပါ၊ တိုက်ရိုက် ထုတ်ပြောလိုက်တာပဲ မဟုတ်လား။ ဘယ်နှယ့်ဟာလဲ…။ သူကတော့ ပြုံးပြုံးလေးနဲ့ ကျွန်တော့်ကို ကြည့်လို့… ကျွန်တော် မနေနိုင်တော့ဘူး၊ ဒီတခါ မတည်မငြိမ် ဖြစ်နေတာ ကျွန်တော်ပဲ မဟုတ်လား။ ဒါနဲ့ မေးခွန်းတခုကို အရဲကိုးလို့ မေးလိုက်တယ်။

“ဟာ… ဒါဆို ကျွန်တော်က မ ပြောတဲ့အတိုင်းဆို… ရုပ်ဆိုးတာပေါ့“

သူက ပါးချိုင့်လေးတွေ ပေါ်သွားအောင် လှလှလေး ရယ်တယ်။ အဲဒီ ပါးချိုင့်လေးတွေနဲ့ အပြုံးကို ကျွန်တော် အချစ်ဆုံးပဲ။ ဘယ်နှယ့်လုပ်မတုံး… သူ ရယ်နေတယ်။

“ယူက ကြည့်ကောင်းပါတယ်။ အချောကြီးတော့ မဟုတ်ဘူးပေါ့“

မိန်းမတယောက်ရဲ့ စကားတခွန်းကြောင့် ကျွန်တော် စိတ်သက်သာ ရသွားဖူးတယ်။ ဒီတခါ ပထမဆုံးအကြိမ်လားတောင် မသိပါဘူး။ အခုမှ နေသာထိုင်သာ ရှိသွားတော့တယ်။ မ ဟာ ကျွန်တော့်ကို စိတ်ကသိကအောင့် ဖြစ်အောင် လုပ်နိုင်သလို စိတ်သက်သာရာ ရအောင်လည်း လုပ်နိုင်ပါလားလို့ ကျွန်တော် ရိုးရိုးသားသား စ တွေးမိတယ်။

“ကျေးဇူးတင်ပါတယ်ဗျာ… ကျွန်တော် မချောတာတော့ ကိုယ့်ဘာသာ သိပါတယ်လေ၊ အခု ပြောနေတာက မ က ယောက်ျားတယောက်ကို ကြိုက်ရင် လိုချင်တဲ့ အချက်တွေ ပြောနေတာ မဟုတ်လား။ ဘာကြောင့် မလိုချင်တဲ့ အချက်ကို တိုးဝင်ပြီး ထည့်ပြောရတာလဲ“

သူ ပြုံးနေရာကနေ အမ်းတမ်းတမ်း ဖြစ်သွားတယ်။ သူ့စကား သူ ပြောနေတဲ့ အချက်တွေက နည်းနည်း လွဲသွားတယ် ဆိုတာကိုလည်း ကျွန်တော် ထောက်ပြလိုက်မှ သူ သတိထားမိသွားပုံရတယ်။ မိန်းမတွေဟာ စကားကို ပြောချင်ရာ ပြောတာလား၊ ယောက်ျားတွေလို စည်းကမ်းဘောင်နဲ့ မပြောတတ်တာလား၊ ကျွန်တော့်အတွက် မေးခွန်းတခု ၀ါ ပုစ္ဆာတပုဒ် ဖြစ်လာပြန်တယ်။ ကျွန်တော်ကရော စကား အထအန ကောက်တတ်သူလား။

“ဟမ်… ဆောရီး၊ ချောတာက ကျွန်မအတွက် အရေးမကြီးဘူးလို့ ပြောတာပါ“

“ဟင်… ရုပ်ဆိုးတဲ့ ယောက်ျားကြီးလည်း ယူချင်ယူမှာပေါ့၊ ဟုတ်လား“

ကျွန်တော် စ ချင်တာရော မနေနိုင်တာရောကြောင့် အဲဒီလို မေးလိုက်တယ်။ သူ ကျွန်တော့်ကို ရိသဲ့သဲ့ လုပ်တယ်လို့ ခံစားနေရလို့လည်း ဖြစ်ပါတယ်။ မ က လှလှကလေး ပြုံးတယ်။ ပြီးမှ…

“မဟုတ်ပါဘူး၊ ချောတဲ့ ယောက်ျားရတာ ကောင်းတာရော ဆိုးတာရော ရှိတာပေါ့။ ကျွန်မအတွက် အရေးမကြီးဘူးလို့ ပြောတာပါ။ ယူ့လို နံပါတ်တစ် နေရာက မထားချင်တာကို ပြောတာပါ။ ကျွန်မက နံပါတ်ငါး နေရာမှာပဲ ချောတာကို ထားမယ်“

သူက အရှည်ကြီး မနားတမ်း ပြောပြီး သူ့ စကားအနက်ကို ဆက်ဖွင့်ပြန်တယ်။

“ချောတဲ့ ယောက်ျား အများစုက ပလေးဘွိုင်းတွေ ဖြစ်တတ်တယ်၊ မိန်းမတွေကို ကစားချင်ကြတယ်။ ဟိုလူ့ စလိုက်၊ ဒီလူ့ ဆိတ်လိုက် လုပ်ချင်ကြတယ်။ အဲဒါဆိုရင် ကျွန်မစိတ်နဲ့ဆို သတ်မိမှာပဲ“

ကျွန်တော် နည်းနည်းတောင် လန့်သွားတယ်။ သူ့မှာ မူလ အတွေ့အကြုံတွေများ ရှိနေမလားလို့တောင် ချက်ချင်း သံသယ၀င်ပြီး တွေးမိ လိုက်သေးတယ်။ မ က မျက်နှာတည်တည် စကားတည်တည် ပြောနေတဲ့အခါမျိုးမှာ ကျောင်းဆရာမ တယောက်နဲ့တူပြီး၊ ခပ်ရွှင်ရွှင် စကားပြောတဲ့အခါမှာ အောက်က ပရိသတ်နဲ့ အထာကျနေတဲ့ စင်ပေါ်က အဆိုတော်ပုံစံမျိုး ပေါက်သွားလို့ ခပ်ပြည်ပြည် စကားပြောရင်တော့ သဘောကောင်းတဲ့ သူနာပြုနဲ့ တူနေတာကို သတိထားမိတယ်။ အခုတော့ ဆရာမကြီးလို…။

“တော်ပြီ၊ အဲဒါကို မပြောတော့ဘူး။ ချောတဲ့ယောက်ျားတွေကို မုန်းလို့တော့ မဟုတ်ပါဘူး။ ကျွန်မ စိတ်ရင်းကကို ချောတဲ့ ယောက်ျား မကြိုက်တာပါ။ ကိုယ် ကြိုက်တဲ့ ယောက်ျား ချောတာက ကောင်းတာပါပဲ၊ ဒါပေမဲ့ နံပါတ်ငါးမှာပဲ ထားပါတယ်“

သူ က ဆက်ပြောပြန်တယ်။

“နံပါတ်သုံးနေရာက ကျွန်မရဲ့ သတ်မှတ် ရွေးချယ်မှုကတော့ ရိုးသားမှုပါပဲ။ ယောက်ျားတယောက်ဟာ သူ ချစ်တယ်လို့ဆိုတဲ့ မိန်းမ တယောက်ကို မလိမ်ရဘူး၊ မညာရဘူး“

ကျွန်တော့်မျက်လုံးကို တည့်တည့်ကြီးကြည့်ပြီး ပြောလာပြန်တော့ ကျွန်တော် မျက်နှာ လွှဲရပြန်တယ်။ ငါတော့ ဒုက္ခပါပဲလို့လည်း တဆက်တည်း တွေးလိုက်မိသေးတယ်။ ကျွန်တော်ကရော လိမ်တတ်သလား၊ ကျွန်တော်ဟာ အတတ်နိုင်ဆုံး မလိမ်တတ်သူ တယောက် ဖြစ်ပါတယ်။ လိမ်ညာထားပြီးရင်လည်း ကိုယ့်ဘာသာကိုယ် နေလို့ထိုင်လို့ မထိတဲ့ သူတယောက် ဖြစ်သွားပါတယ်။

“ရိုးတဲ့ ယောက်ျား ရှိလို့လား“

လက်ဝှေ့ကြိုးဝိုင်းထဲမှာ တွေ့ရတတ်တဲ့ ပင့်လက်သီးကို ကျွန်တော် သိပ်ကြိုက်တယ်။ ဒါကြောင့် ပင့်လက်သီးနဲ့တူတဲ့ စကားလုံး တလုံးကို မ ဆီကို ကျွန်တော် ပြန်ပစ်ထည့်လိုက်တာ ဖြစ်ပါတယ်။ ရုတ်တရက်မို့ ထင်တယ်၊ သူ အံ့သြသွားတယ်။

“ရှိရမှာပေါ့၊ ရှိတာပေါ့။ ကျွန်မ ကြိုက်တဲ့ ယောက်ျားဟာ ရိုးသားရမယ်“

ကျွန်တော် ပြုံးပြုံးလေးပဲ နေပေးလိုက်ပါတယ်။ လွန်လေတဲ့ ရုပ်ရှင်မင်းသား ၀င်းဦးလို ငါးခူပြုံးလေးများ ဖြစ်နေမလားပဲ။ ထားလိုက်ပါတော့…။

“ဒါဖြင့် နံပါတ်လေးက… နံပါတ်ငါးကတော့ သိပြီးပြီလေ“

သူ စဉ်းစားနေတယ်။ မ မှာ နံပါတ်လေး ရှိပုံ မရဘူး။ ချောတာကိုတော့ သူ မကြိုက်လို့ နံပါတ်ငါး လုပ်ပစ်ထားပုံရတယ်။ ပြီးမှ ဖြည်းဖြည်းချင်း ပြောလာတယ်။

“နံပါတ်လေးဆိုပြီး အထူးတလည် စဉ်းစားထားတာတော့ မရှိပါဘူး။ ယူ့စာရင်းထဲက ကြိုက်တာလေး တခုကိုတော့ သဘောကျလို့ ယူလိုက်ချင်တယ်။ မပျင်းတာပေါ့… ကြိုးစားတဲ့ ယောက်ျားမျိုးကို ကြိုက်တယ်“

သူ့စာရင်းလည်း ငါးခု ပြည့်သွားပါပြီ။ “တော်၊ ချစ်၊ ရိုး၊ ကြိုး၊ ချော“ လို့ အလွယ် မှတ်ရမယ်။ မ ရဲ့ စံက ယောက်ျားတယောက်ဟာ တစ်နံပါတ် တော်ရမယ်၊ နှစ်နံပါတ် ချစ်တတ်ရမယ်၊ သုံးနံပါတ် ရိုးသားရမယ်တဲ့ (မဖြစ်နိုင်တာ)၊ လေးနံပါတ်က ကြိုးစားရမယ်လို့ ဆိုပြီး၊ ငါးနံပါတ်ကတော့ သူ မကြိုက်ဆုံး တခုဖြစ်တဲ့ ချောတဲ့လူတဲ့။

ကျွန်တော်ကတော့ ရယ်ချည်း နေမိတယ်။ တကယ်ပါ… အဲဒီ ညနေခင်းလေးမှာလေ… မ ဟာ မျက်နှာငယ်လေးနဲ့ သိပ်လှနေတာပါပဲ။ သူ့ စံတွေနဲ့ ကျွန်တော်…၊ ရယ်စရာ မကောင်းဘူးလားဗျာ။

၂၀၁၂၊ ဧပြီ ၃၀။ နံနက် ၉ နာရီ။

ဘန်ကောက်။

by Myo Tha Htet on Thursday, 22 March 2012 at 19:26·

ကျွန်တော်က တခါတလေ စိတ်ပါရင် စာတွေ ရေးတတ်တယ်။ ဘယ်သူဖတ်ဖတ် မဖတ်ဖတ် ရေးတာပါပဲ။ ရေးရတာကလည်း အကြောင်း နှစ်ကြောင်း ရှိပါတယ်။ တကြောင်းက ကျွန်တော် ရေးချင်လို့…၊ ဒုတိယက မှတ်မှတ်သားသားလေး ရှိချင်လို့ပါ။ အသက်က ကြီးလာတော့ ခံစားမှုတွေက တဖြည်းဖြည်း မတူတော့ဘူး၊ မှတ်ထားရမှာတွေကျ မေ့သွားတတ်ပြန်တယ်။ ဒီတော့ ငါ အရင်က ဒီလိုလေး ခံစားခဲ့ရဖူးတယ်၊ ဒီလိုလေး ဖြစ်ခဲ့ဖူးတယ် ဆိုတာတွေကို နောင်အခါ ကိုယ့်ဘာသာ ကိုယ်ပြန်ဖတ်နေရင် မှတ်မိနေစေဖို့ပါ။

ဖေ့စ်ဘုတ်က သူငယ်ချင်းတချို့က ကျွန်တော် ရေးတဲ့ နုတ်တွေကို ဖတ်ကြတယ်ဆိုတော့လည်း သဘောကျမိတာပါပဲ။ တချို့လည်း ဖတ်ပြီး သဘောကျတော့ ကောင်းတယ်လို့ ပြောကြတယ်။ တချို့ကျလည်း အလုပ်တွေက များကြတော့ ဖတ်ဖို့ အချိန် မရကြဘူးနဲ့ တူပါရဲ့…။ ဘာမှ ပြောမလာဘူး။ ကျွန်တော့်လိုပေါ့၊ စာဖတ်ဖို့ အမြဲခေါင်းထဲ ထည့်ထားပေမယ့် အားမှသာ ဖတ်ဖြစ်တော့တယ်။

ကျွန်တော်က တကယ်ပြောတာပါ၊ အချစ်ဇာတ်လမ်းလေးတွေ၊ ခံစားမှုပါတဲ့ စာလေးတွေ တခါတခါ သိပ်ဖတ်ချင်တာပါပဲ။ တခါလောက်များ ဖတ်လိုက်ရရင်ကို ကျွန်တော့်မှာ အာသာပြေသွားတော့တာပါပဲ။ (ကြီးပွား တိုးတက်ဦးမယ့် အတိတ် နိမိတ်တွေပေါ့လေ…)။

တခါ ဖတ်ပြီးတဲ့ သူငယ်ချင်းတချို့က ဖတ်ပြီး နေရုံနဲ့ အားမရပြန်ဘူး ထင်ပါရဲ့… ဒါမှမဟုတ် ကျွန်တော့်ကိုလည်း မယုံကြည်လို့နဲ့ တူပါရဲ့… နည်းနည်းတော့ တောက်ကြည့်ဦးမှဆိုပြီး ထောက်ကြည့်ချင်တဲ့အတွက် မေးခွန်းတချို့ မေးကြတယ်။ အထူးသဖြင့် အကြောင်းသိတွေပေါ့လေ၊ “မင်းကွာ ဟုတ်ရဲ့လား“ တဲ့။ “အဲဒါက တကယ်လား“ တဲ့။

မေးခွန်းတွေ့ရင် ကျွန်တော်က ပြုံးမိတယ်။ ပြီးတော့ “ကျွတ် ကျွတ်“ လို့ စုတ်သပ်လိုက်တယ်။

“အေး… ဒါဖြင့်လည်း ပြီးတာပဲကွာ၊ မင်းက ကိုယ့်ကိုယ်ကိုယ် သိပ်ထင်နေလည်း နေပေါ့“ လို့တော့ ကျွန်တော့်ကို မထားခဲ့လိုက်ပါနဲ့ဦးနော်…။ အဲဒါလေး ရေးပြချင်သေးလို့ ထပ်ပြောဦးမယ်လေ။

ကျွန်တော်က သူတို့ကို ပြောပြတယ်၊ အခု လက်ရှိ အလုပ်ကို လုပ်နေပြီးနောက်မှာတော့ မေးရတာက ကျွန်တော့် အလုပ် ဖြစ်နေတယ်။ ဖြေရတာက ကျွန်တော့် အလုပ် မဟုတ်တော့ဘူး၊ ဒါကြောင့် မဖြေနိုင်ပါဘူးလို့ ပြောမိတယ်။ သိချင်လို့ မေးတာကို မဖြေနိုင်ပါဘူး ဆိုတော့ ကျွန်တော် အပါအ၀င် ဘယ်သူမှတော့ ကြိုက်ကြမှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ မတတ်နိုင်ဘူး။

ဒီတော့ တချို့ကလည်း ပြောတယ်။ “မင်းဟာက အင်ကြီးပါကွာ“ တဲ့။ တချို့ကျတော့ “အင်း… သိပါတယ်နော်“ တဲ့။ တချို့ကတော့ မျှမျှတတ မြင်တတ်ပုံရတဲ့ သူလားတော့ မသိပါဘူး၊ “ငါးဆယ် ငါးဆယ်မို့လား“ တဲ့။ ကဲ… ကျွန်တော် ဘယ်လို ဖြေရမလဲ… ပြော…။ ဘယ်လို ဖြေမှ ကြိုက်မှာလဲ ပြော…။ ပြောခိုင်းတာနော်…၊ ကျွန်တော် ဖြေမယ်လို့ ပြောတာ မဟုတ်ပါဘူး။

အဓိက က… ကျွန်တော် ရေးချင်တာလေးတွေ ရေးနေတာက ရင်ခုန်နေအောင် ရေးတာပါပဲ။ မနက်ဖြန်တွေမှာ ရင် ဆက်ခုန်နေအောင် ရေးတာပါပဲ။ ဒီအရွယ်အသက်မှ ရင်ခုန်သံတွေ နှေးသွား အေးသွားမယ်ဆိုရင် ဘ၀ဟာ ရွှင်ဖို့ မကောင်းတော့ပါဘူး။ ဒါကြောင့် သူများတော့ မသိ… ကျွန်တော့် ရင်တွေ ခုန်နေစေဖို့ ဒီစာလေးတွေ ရေးရပါတယ်။ မိန်းကလေး ချောချောလေးတွေရဲ့ ဓာတ်ပုံလေးတွေလည်း ကြည့်ရပါတယ်။ ရင်ခုန်နေစေဖို့လေ…။

ပြီးတော့လည်း တယောက်တည်း ရင်ခုန်နေရတာလည်း မတရားဘူးလို့ တွေးမိပြန်တာကြောင့် ဒီကနေ့ခေတ် လူမှုကွန်ရက် ၀က်ဘ်ဆိုက်ဖြစ်တဲ့ ဖေ့စ်ဘုတ်မှာ ရှယ်ဖြစ်ပြန်ပါတယ်။ မျက်စိတော့ နောက်ကြပေလိမ့်မယ်၊ ဒါပေမဲ့ ရင်ခုန်ဖို့တော့ လိုတယ် မဟုတ်လားဗျာ…။

ကျွန်တော် စာရေးပုံကလည်း အဆန်းပါ။ ပတ်ဝန်းကျင်ကို မျက်စိနဲ့ မြင်အောင် ကြည့်တယ်၊ မြင်တာတွေကို စိတ်နဲ့ ခံစားတယ်၊ ရင်နဲ့ခံစားတယ်၊ ပြီးရင် ဦးနှောက်ကို ပို့ပြီး လက်ကနေ ကွန်ပျူတာပေါ် ရိုက်ချလိုက်တယ်။ ပတ်ဝန်းကျင်ကို မြင်အောင်ကြည့်တဲ့ အချိန်က ကြာတယ်၊ စိတ်နဲ့ ခံစားတာက မြန်တယ်။ ဦးနှောက်က (စိစစ်ပြီး) ရှင်းအောင် လုပ်လိုက်ပြီး လက်ကနေ ထုတ်လိုက်တာကတော့ အရင်ထက်တော့ အခု မြန်လာပြီလို့ ပြောလို့ ရပါတယ်။

မြင်အောင်ကြည့်ပြီး ရေးတာတော့ ဟုတ်ပါပြီ၊ မင်းက နားတော့ ဘာလို့ မထောင်လဲလို့ မမေးထိုက်ဘူးလား။ မေးပါ… ရပါတယ်။ မမေးလည်း ဒီတခါတော့ ကျွန်တော့်မှာတော့ အဖြေက အဆင်သင့်ပါ။ ကျွန်တော်ရဲ့ အာရုံ ခံစားမှု နားမကောင်းလို့ မြင်တာကိုသာ ခံစားနိုင်ပါတယ်လို့…။ ဒီတော့ တွေ့ပါလိမ့်မယ်။ ကျွန်တော့် စာတွေမှာ မြင်သာမြင်နိုင်ပြီး မကြားရသလို ဖြစ်နေပါတယ်။ အသံတွေ လိုနေတာပေါ့။ အဲဒါဟာ အဖြေတခုဆိုရင် မေးခွန်းတွေ ကျွန်တော်ရတာ နည်းသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်က တကယ်တော့ မဖြေချင်သူပါ။

မေးခွန်းတွေ မေး၊ စကားတွေ ဖောင်အောင် ပြောတတ်တဲ့ ကျွန်တော်က စကား စကား ပြောပါများ၊ စကားထဲက (စာထဲက) ဇာတိပြ ဆိုသလို ဖြစ်နေပြန်တော့ ကျွန်တော့်စာ ဖတ်တဲ့ လူကြီး၊ သူမတွေကတော့ သဘောပေါက်ကြတာပေါ့။ ဒီကောင် ဘာရေးသလဲ၊ ဒီကောင် ဘာပြောသလဲ ဆိုတာ ချက်ချင်း ဆိုသလို သဘောပေါက် ခြုံမိကြတာပေါ့။ အဲဒီလို ကျတော့ တခါတလေတော့လည်း ရှက်များတောင် ရှက်မိပါတယ်။

စကားထဲက ဇာတိပြဆိုလို့ မသိသေးရင်တော့ ပြောပြလိုက်ချင်ပါသေးတယ်။ ရန်ကုန်ကပါ…။ ရန်ကုန် အကြွား…၊ မန္တလေး စကား…၊ မော်လမြိုင် အစား… ဆိုတဲ့ စကားပုံလိုလို ဇာတိချင်းပြိုင် ဂုဏ်ချင်းပြိုင်တဲ့ အဆိုတခုကလည်း ရှိနေသေးတော့ကာ ဒီအဆိုပါ မှန်မယ်ဆိုရင် ကျွန်တော် ရန်ကုန်သားဆိုတာ ပေါ်လွင်လှမယ်လို့လည်း မှတ်ပါတယ်လေ…။

မနက်ဖြန်အတွက် ခံစားမှု မသေအောင် ရင်ခုန်နေအောင်လို့ စာရေးတတ်တဲ့ ကျွန်တော်က မပျော်တာ တခုကတော့ စိတ်ထဲပေါ်တိုင်း လက်က မရေးနိုင်တာကိုပါ။ ဦးနှောက်က စိစစ်ရေး လုပ်နေတာကိုးဗျ။ စိတ်နဲ့က ခံစားနိုင်ပြီ၊ လှနေပြီ ဖြစ်ပေမယ့်လို့ လက်က လိုက်မရေးနိုင်တာဟာ ဦးနှောက်ရဲ့ အင်အားက ကြီးနေလို့ပဲ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်မှာ ခံစားမှု အနုအရွ၊ အလှအပလေးတွေ ရှိပါတယ်။ မြင်အောင်လည်း ကြည့်နိုင်တာမို့ စိတ်ထဲမှာရော ရင်ထဲမှာပါ တလှပ်လှပ်နဲ့ ခံစားလို့ အလွန်ကောင်းပါတယ်။ သဘောလေး အမြည်းပြောရရင် လေထဲမှာ ပျံနေရသလိုလို… ရေထဲမှာ မျောနေသလိုလို… နေထဲမှာ ဖြာရွှန်းနေသလိုလို… တောက်ပ လွင့်မျော လှိုက်ဖိုစရာပါ။ ဒါပေမဲ့ ဦးနှောက် ဆင်ဆာ မပေးတော့ သူတို့ကို လက်က ထုတ်မပေးနိုင်ပါဘူး။ ဒီတော့ ဦးကြီးတို့၊ ဒေါ်လေးတို့လည်း မဖတ်နိုင်တော့ဘူးပေါ့။

မဖတ်ရတော့လည်း ကောင်းတာပေါ့ဗျာ၊ မှုတ်ဘူးလား… မျက်စိညောင်း အချိန်ကုန် သက်သာတာပေါ့။ တခုပဲ ရှိတယ်၊ ကျွန်တော့်မှာတော့ ရင်ခုန်ခွင့် မသာတော့ဘူးပေါ့။

ကျွန်တော်ကတော့ ဖြစ်နိုင်ရင် ဘယ်သူ့ကိုမှန်းမသိ တိုင်တည်လို့ ခပ်တည်တည် ခပ်မိုက်မိုက် အကြောင်းအား ဘာမှ မပြဘဲ အကျိုးဆု တခုကို တောင်းဆိုပါတယ်၊ မနက်ဖြန်တွေအတွက် ကျွန်တော့်ကို ရင်ခုန်ခွင့်ပြုပါ။

၂၀၁၂ မတ် ၂၃၊ နံနက် ၁ နာရီ။

ဘန်ကောက်။

by Myo Tha Htet on Wednesday, 21 March 2012 at 20:33·

ဒီညလည်း မနေ့ညကအတိုင်း သန်းခေါင်ကပ်လု… ရထားပေါ်မှာပဲ သန်းခေါင်တီးသွားမှာပဲလို့ ကျွန်တော် တွေးလိုက်သေးတယ်။ တခါတလေတော့ လူက လန်းနေသေးရင် အိတ်ထဲက စာတအုပ်ကို ကျွန်တော် ထုတ်ဖတ် နေတတ်တယ်။ ဒီညတော့ မလန်းတာလည်း မဟုတ်၊ လန်းတာလည်း မဟုတ်… လူကလည်း တခုခု လိုနေသလိုလို၊ ဒီကနေ့ လုပ်လို့ပြီးရမယ့် အလုပ်တခု မပြီးပြတ်ခဲ့လို့လား…၊ တခုခုတော့ တခုခုပါပဲ။

ရထားပေါ်မှာပဲ ဟိုကြည့်ဒီကြည့်နဲ့ ခြောက်မှတ်တိုင်ပြည့်အောင် ၁၂ မိနစ်လောက်တော့ သည်းခံစီးရမှာပဲလေ… ဒီလိုမျိုး ညတိုင်းလည်း စီးနေကြပါပဲ၊ အထူးတော့ မဟုတ်…။ တခါတခါ လူသိပ်ပါးနေရင်တော့ Ghost ဇာတ်ကားထဲက ဇာတ်ဝင်ခန်း တချို့ကို ကျွန်တော် သတိရနေမိတယ်။

ဇာတ်ကားထဲက မင်းသားက ရုတ်တရက် သေဆုံးပြီး သရဲ ဖြစ်သွားတယ်။ နောက်တော့ သူ့ချစ်သူရဲ့ အနားကပ်ရုံတင် အားမရတော့ ကိုင်ချင် ထိချင်လာတယ်။ အဲဒီမှာ အရာဝတ္ထုတွေ၊ လူတွေကို ထိလို့ရအောင် သူက ကျင့်ရတာကိုးဗျ၊ အဲဒီမှာ သရဲဆရာကြီး တယောက်ဆီကနေ သူက သင်ယူရတာပေါ့လေ။ ဘူတာက ရှင်းရှင်း၊ ဆရာကြီးကလည်း ဂျစ်ကန်ကန်… သူကလည်း ကျားကုတ်ကျားခဲ ကြိုးစားသင်…။

နည်းနည်းတတ်တာတော့ ဘူတာရုံကနေ ရထားထဲ ၀င်လိုက်ထွက်လိုက် လုပ်တယ်၊ အဲဒီလိုမျိုးများ သရဲတယောက်ယောက်က ၀င်လာပြီး ကိုင်လိုက်မလားလို့ ကျွန်တော့်မှာ တခါတခါ စိတ်ပူတတ်သေးတယ်။ မီးရောင်တွေ ရှိပေမယ့် သန်းခေါင်ညဆိုရင် သရဲတွေ ထွက်လာတတ်တယ်မို့လား။ ကျွန်တော့်မှာတော့ သန်းခေါင်ညတိုင်းကို ကြုံလို့…။

အိမ်နားက ဘူတာရုံရောက်လာတာနဲ့ ဘူတာကနေ အထွက်… ပိုက်ဆံအိတ်ထဲက ခရီးစဉ် အရေအတွက်အလိုက် ၀ယ်ထားတဲ့ ကတ်နဲ့ ထိလိုက်တော့ အော်တိုမစ်တစ် ဆင်နားရွက်တခါးလေးက ပွင့်သွားတယ်။ အပြေးအလွှားလေး အထွက်… နောက်ကနေ ဖတ်ဖတ်ဖတ် အသံနဲ့ အတူ ထပ်ချပ်မခွာ တယောက်ယောက်က လိုတာထက်ပိုပြီး အပြေးအလွှား ပုံစံ ကပ်လိုက်လာတာကို ချက်ချင်း သိလိုက်တယ်။

လူက ပင်ပန်းနေပေမယ့် အာရုံတွေကို နိုးကြားမှု အဆင့် ၁၀၀ မှာ အပြည့်ထားလိုက်တယ်။ နာနာဘာဝ ၀ိနာဘာဝလား၊ ဘာကြောင့် နောက်က ကပ်လိုက်လာတဲ့ အသံက လိုတာထက် ပိုပြီး နားထဲမှာ အကျယ်ကြီး ကြားနေရတာလဲ။ သတိကို ကြီးကြီးထားထားလို့ နောက်လို့ လှည့်ကြည့်လိုက်တော့ လိမ္မော်ရောင် တောက်တောက်နဲ့
မိန်းမတယောက်…။

မိန်းမတယောက်ကို ကြည့်တဲ့အခါ ယောက်ျားတယောက် အနေနဲ့ လက်ခံလို့ ရလောက်တဲ့ ရုပ်ရည် အနေအထား ရှိမရှိ ပထမဆုံး ကြည့်တတ်ကြတဲ့ ထုံးစံအတိုင်း ကျွန်တော် သူ့မျက်နှာကို ကြည့်လိုက်တယ်။ ယောက်ျားတွေက ဒီလိုပဲ… မိန်းကလေးတယောက်ကို ကြည့်တတ်ကြတယ် မဟုတ်လား။ လက်ခံလောက်တဲ့ ရုပ်မျိုး မဟုတ်ဘူးဆိုရင် သူတို့ ဆက်မကြည့်တော့ဘူး၊ စိတ်မ၀င်စားတော့ဘူး။

ကျွန်တော် ကြည့်လိုက်တဲ့ တခဏမှာလည်း လိမ္မော်ရောင် တောက်တောက်ပဲ သတိထားလိုက်မိတယ်။ ကျန်တာကတော့ ဘာမှ သတိမထားမိ… မျက်နှာတောင် ချက်ချင်းကို မမှတ်မိတော့… သေချာတာကတော့ ချောမောသူတယောက် လုံးဝ မဟုတ်…။ ကျွန်တော် တချက် ရပ်လိုက်တယ်၊ သူလည်း လိုက်ရပ်တယ်။ ပြဿနာပဲ…။

ကျွန်တော် ခပ်သွက်သွက် လျှောက်လိုက်တယ်၊ သူလည်း သွက်သွက် လိုက်လျှောက်တယ်။ ဘေးဘီကို ကျွန်တော် ကြည့်လိုက်တော့လည်း ဘယ်သူမှ မရှိ… ဒုက္ခပဲ။ သန်းခေါင်ကျော် ကာလ ဘန်ကောက်မြို့လယ်ခေါင် တည့်တည့် မဟုတ်တဲ့ တနေရာမှာ…။

ကျွန်တော် လှေကား ဆင်းရတော့မယ်…။ ဒီလှေကားက ကျွန်တော် နေ့တိုင်း တက်လိုက် ဆင်းလိုက် လုပ်နေကြ…။ အမေ တခါက ကျွန်တော့်ဆီ လာလည်တုန်းကလည်း ဒီကပဲ တက်ဆင်းခဲ့ရသေးတယ်။ အမေက လိုက်ပို့တဲ့နေရာတွေ၊ သားအမိ နှစ်ယောက် စားသောက်ကြတာတွေ အကုန် သဘောကျတယ်။ ဒီလှေကားကြီးကို ခြေလွတ်နဲ့ ဆင်း၊ တက် ရတာတော့ တယ်မကြိုက်လှခဲ့ဘူး။

ကျွန်တော်ကတော့ ကြိုက်တယ်၊ ကျွန်တော့်မှာ လေ့ကျင့်ခန်းဆိုလို့ တနေ့ အတက် တခေါက်၊ အဆင်း တခေါက် တက်ဆင်းရတဲ့ လေ့ကျင့်ခန်း ဒီတခုပဲ ရှိတယ်။ အတက်က ၄၇ ထစ်၊ အဆင်းက ၄၇ ထစ်၊ တနေ့ကို ကျွန်တော် ၉၄ ထစ်ကို တက်ဆင်း လုပ်နေတာ ဖြစ်တယ်။ တက်ဆင်းလိုက်တိုင်း ကောင်းကောင်း တက်ဆင်း မလုပ်ဘူး။ ပေါ့ပေါ့ပါးပါး ဖြစ်အောင် ကိုယ်ကို ဖော့ပြီး တက်ဆင်း လုပ်တယ်။ ခန္ဓာကိုယ်ကြီးက သယ်ရလေးတယ်လေ။ ဒီတော့ ကျွန်တော် ကိုယ်ဖော့ပညာ သင်ထားရတယ်။

ဒီကြားထဲ ကျွန်တော်က ဦးလေးလို ခင်ရတဲ့ လူကြီးတယောက်က ဒီကနေ့ပဲ ပြောပြပြန်တယ်။ “မင်း… လှေကားတက်တဲ့အခါ တင်ပါးကို လက်နဲ့မပြီး တက်ရင် ခန္ဓာကိုယ်ဟာ မလေးဘဲ သယ်ရသက်သာတယ်“ တဲ့။ လိုအပ်သလောက်ပဲ တင်ပါးရှိပြီး ချောမောတဲ့ မိန်းကလေးတွေ ဆိုရင်ရော လှေကားတက်တဲ့အခါ အဲဒီလိုကြီး အောက်ကနေ ပင့်လို့ လက်ကြီးနဲ့ မပြီး တက်နေကြရင် သင့်တော်ပါ့မလား။ ကျွန်တော့် တင်ပါးကရော ပင့်ဖို့ လိုနေပြီလား။

ကျွန်တော် နည်းနည်း စိတ်ညစ်သွားတယ်။ တကယ် ထိရောက်လို့ လူတွေကများ လိုက်နာ ကျင့်သုံးကြမယ်ဆိုရင် စဉ်းစားကြည့်ပါဦးဗျာ… လှေကားတက်တဲ့အခါ ခန္ဓာကိုယ် သယ်ရပေါ့အောင်လို့ ကိုယ့်ဖင်(တင်ပါး) ကိုယ်မပြီး တက်နေကြပုံတွေ…။ ကျွန်တော်တော့ အဲဒီလို လုပ်ဖို့ စဉ်းစားပါဦးမယ်၊ ဒါပေမဲ့လို့ အခုတလော ကျွန်တော့် ခန္ဓာကိုယ်ကြီး လေးလံလာတယ်လို့ ထင်နေမိတယ်။

အခုတခေါက်လည်း ကျွန်တော် ကိုယ်ကို အတတ်နိုင်ဆုံး ဖော့လိုက်ပြီး လှေကား တထစ်ချင်း ဆင်းလာခဲ့တယ်။ ကျွန်တော်ကတော့ ပေါ့နေတယ် ထင်တာပါပဲ။ တကယ်တမ်း ပေါ့မပေါ့ ဆိုတာကိုတော့ သာမန် အချိန်မှာ လေးတဲ့ ကျွန်တော့်ရဲ့ ကိုယ်အလေးချိန်နဲ့ ကိုယ်ဖော့ထားချိန်မှာ လေးတဲ့ ကိုယ်ခန္ဓာ အလေးချိန် နှစ်ခုကို နှိုင်းယှဉ် မကြည့်ထားလို့ သေချာတော့ ကျွန်တော် မပြောနိုင်ပါဘူး။

လိမ္မော်ရောင်လည်း အနောက်နေ လိုက်လာတုန်းပဲ…။ လှေကားအရင်းက ပလက်ဖောင်းပေါ် ရောက်ပြီ။ ကျွန်တော့် အပါ့မင့်ဘက် သွားမယ့် လမ်းဘက် ကွေ့လိုက်တယ်၊ သူကလည်း နောက်က တလှမ်းသာသာ ခွာပြီး လိုက်လာတုန်းပဲ။ အို့… ဘယ်နှယ့်လုပ်ရပါ့မလဲ။ ကျွန်တော် စဉ်းစားတယ်၊ ကျွန်တော့် အကြိုက် မိန်းကလေး တယောက်ဆိုရင်တော့ အဲဒီလို လိုက်နေရင် ကမ္ဘာအပြင်အထိ ထွက်ရပါစေ… အဲဒီညမှာပဲ ကျွန်တော် ထွက်သွားမှာ ဖြစ်ပါတယ်။ အခုက အဲဒီလို မဟုတ်ဘူးလေ…။

ဒီတော့ ကျွန်တော် ရပ်လိုက်တယ်၊ လှည့်လိုက်တယ်။ ပြီးတော့ မေးကြည့်တယ်။

“ဘာဖြစ်လို့လဲ၊ ဘာလိုလို့လဲ“

ကျွန်တော်က အင်္ဂလိပ်လို မေးတာပေါ့၊ what? what do u want?

သူက ခေါင်းခါတယ်။ ဒါနဲ့ ကျွန်တော် ပြောင်းမေးရပြန်တယ်။

“ဘာလုပ်ပေးရမလဲ“

အင်္ဂလိပ်လိုပါပဲ။ ဒါပေမဲ့ ကျွန်တော့် မေးခွန်းက မြန်မာလိုဆိုရင်တော့ တမျိုး အဓိပ္ပာယ် ပေါက်နေသလိုလိုလို့ ကိုယ့်ဘာသာ တွေးမိသွားပြန်တယ်။ how can i help you?

သူက ခေါင်းပဲ ခါတတ်တယ်နဲ့ တူပါတယ်။ ခေါင်းခါပြန်တယ်။ သတိတော့ ထားရမယ်ဗျ။

“ကုလားတွေ ခေါင်းခါက သဘောတူတာဗျ“ လို့ ကုလားအကြောင်း ကျင်လည်သူ တယောက်ကလည်း ကျွန်တော့်ကို ပြောထားဖူးသေးတယ်။ ဒီတော့ ဒီ လိမ္မော်ရောင်ကြီး ခါနေတာက နားမလည်တာလား၊ သဘောတူတာလား။ ကျွန်တော်တော့ နားလည်း မလည်တော့ဘူး၊ သူ လိုက်နေတာကိုလည်း သဘောမတူဘူး ဖြစ်နေပါတော့တယ်။

ငါ ပြောတာလည်း သူ နားမလည်၊ သူ (ခေါင်း) ခါနေတာလည်း ငါ အဓိပ္ပာယ် မသိ…။ ဒီတော့ ငါ ဘာလုပ်ရမလဲလို့ ကျွန်တော် စဉ်းစားတယ်။ ယောက်ျားတို့ ထုံး၊ နှလုံးမူလို့ပေါ့လေ…။ ပြီးတော့ ပြေးတာပဲဗျို့…။ တကယ်ကို ကျွန်တော် လုပ်ခဲ့တာပါ။

ကျွန်တော်က တွေးတာက ယောက်ျားတယောက်ရဲ့ အပြေးနှုန်းကိုတော့ မိန်းမတယောက်က မီအောင် မလိုက်နိုင်လောက်ဘူးလို့ တွေးမိတာကိုးဗျာ၊ နည်းနည်းလည်း စကြောက်လာတာလည်း ပါတာပေါ့လေ။ ကြိုက်ရင်တော့ ဘယ်လောက် မှောင်မှောင် မကြောက်ဘူးပေါ့လေ၊ ခုက ကြိုက်လည်းမကြိုက်၊ မှောင်ကလည်း နက်သထက်နက် လာပြီ ဆိုတော့ ပြေးတာက အကောင်းဆုံးလို့ တွေးထင်ခဲ့တာကိုး…။

ကျွန်တော်က ဘာလေ့ကျင့်ခန်းမှ ကြိုမလုပ်ထားပါဘဲ အခုမှ အသားကုန် ပြေးလိုက်တော့ မောလိုက်တာဗျာ၊ မပြောပါနဲ့တော့…။ အဝေးကြီး ကျန်ခဲ့လောက်ပါပြီလို့ ထင်ရတဲ့ အချိန်လောက်မှာ လှည့်ကြည့်တော့ သူက လက်တကမ်းတောင် မဝေးတဲ့ အကွာက…။ အမလေး… လန့်သွားလိုက်တာ မပြောပါနဲ့တော့…။ ပြီးတော့ သူ့ ကြည့်ရတာ မောပုံလည်း မရ၊ လှုပ်လိုက်ရတဲ့ ပုံတောင် မပေါ်… အေးအေးစက်စက်…။ ညက မအေးတော့တဲ့ အချိန်မို့ တော်တော့တယ်။

ကျွန်တော် ဆက်မပြေးရဲတော့ဘူး။ အသာ အရှိန်လျှော့လို့ ခဏနေတော့ ပုံမှန်ပဲ လမ်းလျှောက်နေလိုက်တယ်။ ရှေ့နားရောက်တော့ လမ်းဆုံတခု တွန်းလှည်းလေးနဲ့ မီးချောင်းလေးတွေ ထွန်းလို့ ရောင်းနေတဲ့ အစားအသောက် ရောင်းတဲ့ ဆိုင်တဆိုင် တွေ့တယ်။ တကယ်တော့ ဒီဘက်ကို ကျွန်တော် တခါမှ မရောက်ဖူးပါဘူး။ ကျွန်တော့် အပါ့မင့်ဘက်လည်း ကျော်လာခဲ့ပါပြီ။ တမင်ကို ကျွန်တော့် အပါ့မင့်ဘက် မသွားခဲ့တာပါ။ ကျော်ပြီး လာခဲ့တော့ ကျွန်တော် အရင်က မရောက်ဖူးတဲ့ နေရာတခုကို ရောက်လာခဲ့တယ်။

ဆိုင်ကို ရောက်တယ်။ ဆိုင်ကလူတွေကို အရင်ကြည့်ရသေးတယ်။ သန်းခေါင်က ကျော်နေပြီလေ…။ ဒါပေမဲ့ သူတို့က လူတွေပါ။ တရုတ်လိုလို ထိုင်းလိုလိုပါပဲ…။ မြန်မာပြည်မှာ ဆိုရင်တော့ ညှပ်ခေါက်ဆွဲကြော်လိုလိုဟာပေါ့။ သူတို့က ဖတ်ထိုင်းလို့ ခေါ်တာပေါ့လေ။ ကြက်သား၊ ကြက်ဥ၊ ပုစွန် စသဖြင့် မစို့မပို့လေး ထည့်လို့ ညှပ်ခေါက်ဆွဲ၊ ပဲပြား၊ မြေပဲ၊ ပဲပင်ပေါက်၊ ကြက်သွန်မိတ်၊ ဟိုနည်းနည်း ဒီနည်းနည်း ဆီမနည်းမများနဲ့ ပလာတာ ကျော်တဲ့ ဒယ်ပြားပေါ်မှာ ကျော်ထားတာပါ။

ငှက်ပျောအူတို့၊ ကြက်သွန်မိတ်တို့၊ ပဲပင်ပေါက်တို့နဲ့ အုပ်ထည့်(စား)ရတယ်။ ကျွန်တော်က ကြိုက်ပါတယ်။ ငန်ပြာရည် နည်းနည်းထပ်ထည့်၊ ငရုတ်သီး အကျက်မှုန့်ထည့်ပြီး သံပရာ တစိတ်ညှစ်လို့ အုပ်ထည့်လိုက်ရင် ချွေးပြိုက်ပြိုက် ကြရတယ်။ ပြီးရင် ရေခဲများများနဲ့ အရောင်ပါတဲ့ အချိုရည် ပျော့ပျော့ကို ရွှေတိဂုံ ဘုရားမှာ ဥပုသ်နေ့ အအေးလှူသလို ဒန်ချိုင့်ကြီးနဲ့ ထည့်ထားတဲ့ အထဲက ပလတ်စတစ်ခွက်နဲ့ တခွက် ခပ်သောက်လိုက်ရရင် အင်မတန်မှကို အရသာ ရှိလှပါတယ်ဗျာ။ ပြီးတော့ ဘတ် ၃၀ လောက် ပေးရတာပါ။ စားလို့လည်း ဗိုက် ၀တယ်၊ ဈေးလည်း မများဘူး။

ကျွန်တော့်မှာ ဆိုင်ထဲ ၀င်ထိုင်လို့ လက်ညှိုးတညှိုးထောင်လို့ တပွဲမှာစားနေရပေမယ့် အရင်တခါတွေလို စားလို့လည်း မကောင်းပါဘူး။ ကြောက်ကလည်း ကြောက်နေသေးတာမို့ ထင်ပါရဲ့…။ လိမ္မော်ရောင်ကိုတော့ မမြင်ရတော့ဘူး။ ကျွန်တော်လည်း စားနေရင်းနဲ့ ဟိုလှည့်ဒီလှည့်တော့ ကြည့်သေးတယ်။ မတွေ့တော့ဘူး။ အဲ… ပိုက်ဆံပေးပြီးလို့ ထခါနီးကျမှ အို့… ဟိုဘက် ကားလမ်းကူးလို့ ကျွန်တော့်ကို စောင့်ကြည့်နေသေးတာပဲ။ ဒုက္ခတော့ လှလှတွေ့ပါပေါ့။

ကျွန်တော် ဆုံးဖြတ်လိုက်တယ်၊ အပါ့မင့်တော့ ပြန်လို့ မဖြစ်ဘူးလို့…။ တနေရာတော့ သွားမှဖြစ်မယ်။ လူတွေ အုပ်လိုက် ရှိတဲ့ တနေရာကို သွားမှ ဖြစ်မယ်။ တကယ်တော့ မနက်ဖြန်လည်း ရုံးတက်ရဦးမှာမို့ ဒီလို ကြားရက်တွေမှာ ကျွန်တော် ညဘက် အပြင်ထွက်လေ့ မရှိပါဘူး။ အခုကတော့ ထိတ်လန့်စရာ ကောင်းတဲ့၊ မယုံနိုင်စရာ အဖြစ်အပျက်တခု ဖြစ်နေပြီလေ။

ကျွန်တော့် အပါ့မင့်က သူဌေးတွေ နေတဲ့ ခြံဝင်းတွေနဲ့ နီးတယ်၊ အရာရှိ အရာခံကြီးတွေလည်း နေကြပုံရတယ်။ နိုင်ငံတော် အလံတွေ၊ ဘာတွေ လွှင့်ထားတာ… ကားကြီး ကားကောင်းတွေ ၀င်ထွက်နေတာကို တွေ့ရတာကိုး…။ ဒီတော့ နည်းနည်း လူပြတ်တယ်။ ညကလည်း မှောင်တယ်။ အဲဒီနားမှာတော့ ကျွန်တော် အမြဲဖြတ်နေကြ ကလပ်တခုတော့ ရှိတယ်။ လူကုံထံတွေ လာကြတဲ့ ကလပ်လည်း ဖြစ်တယ်။

ကျွန်တော် သတိထားမိတာတခုလည်း ရှိသေးတယ်ဗျ။ ဘန်ကောက်မှာက ကားသမားတွေ၊ ဆိုင်ကယ်သမားတွေက ရန်ကုန်က တချို့ကားဆရာ၊ ဆိုင်ကယ် ဆရာတွေလိုပဲ တအားမောင်းတယ်၊ လမ်းပေါ် ပလက်ဖောင်းပေါ်က လူကို မညှာဘူး။ ပလက်ဖောင်းပေါ်မှာ ဆိုင်ကယ်တွေ ကြိုက်သလို မောင်းနေကြတော့ ရောက်စက ကျွန်တော့်မှာ နောက်ကျော မလုံဘူး ဖြစ်နေတယ်။ နောက်က ဆိုင်ကယ်က ငါ့ကို သမသွားမလားလို့တဲ့ စိုးစိတ်ကြီးနဲ့ ကြောက်နေခဲ့ရတယ်။

နောက်တော့ ကျွန်တော် လူမိုက် အလုပ်လုပ်တယ်၊ တိုက်ရဲတိုက်ကြည့်စမ်းဆိုပြီး… လမ်းလည်း မဖယ်တော့ဘူး၊ ခပ်တည်တည်နဲ့ ဆက်လျှောက်နေတော့တယ်။ ဟုတ်တယ်လေ… ပလက်ဖောင်းဆိုတာ လူလျှောက်ဖို့ ထားတာ မဟုတ်လား။ ဈေးရောင်းဖို့ မဟုတ်သလို ဆိုင်ကယ် မောင်းဖို့လည်း မဟုတ်ဘူးလေ…။

အဲဒီ ကလပ်ရှေ့တိုင်းက ဖြတ်တိုင်းတော့ ကျွန်တော့်မှာ ကျေနပ်တဲ့ အရသာကို ရခဲ့တယ်။ “အော်… လူချမ်းသာတွေဟာ လူတင် ချမ်းသာတာ မဟုတ်ပါလား၊ စိတ်ပါ ချမ်းသာကြပါလား“ လို့လည်း တွေးမိတယ်။ အဲဒီကလပ်ကို ၀င်ထွက်တဲ့ ကားတွေဟာ တကယ့်ကို အကောင်းစား ကားကြီးတွေပါ။ မောင်းလာတဲ့ လူတွေကလည်း သက်လတ်ပိုင်း လူတွေ ဖြစ်ပါတယ်။

ကျွန်တော့်ကို တွေ့တာနဲ့ ၀င်တဲ့ကားဖြစ်ဖြစ်၊ ထွက်တဲ့ကားဖြစ်ဖြစ် ရပ်ပေးပါတယ်။ ကျွန်တော် ဖြတ်လျှောက်ပြီးမှ သူတို့ ၀င်ထွက်ပါတယ်။ ကျွန်တော်တော့ သိပ်သဘောကျတာပါပဲ။ သူ ချမ်းသာတယ်၊ ကားလည်း သိပ်ကောင်းတယ်၊ ဒါပေမဲ့ လမ်းပေါ်က လူကို သူ လေးစားတယ်၊ နေရာပေးတယ်။ ဒါကို ကျွန်တော် ကြိုက်တယ်။ ကားလမ်းပေါ် အတင်းမောင်းတဲ့ ကားတွေ၊ ပလက်ဖောင်းပေါ် မောင်းချင်သလို မောင်းနေတဲ့ ဆိုင်ကယ်တွေနဲ့ မောင်းသူတွေ အတွက်ကိုတော့ ကျွန်တော့်မှာ ကောင်းတဲ့ ခံစားချက် မရှိပါဘူး။

ကျွန်တော် အဲဒီကလပ်ထဲ ၀င်ဖို့ စဉ်းစားကြည့်တယ်။ ဒါပေမဲ့ မဖြစ်နိုင်ဘူး။ ပထမတချက်က ကျွန်တော့်မှာ ပိုက်ဆံ အလုံ အလောက် မရှိဘူး။ ဒီကလပ်တွေ သွားဖို့ ပိုက်ဆံ
အများကြီး သုံးဖို့ လိုသလို အ၀တ်အစားကလည်း ကျကျနန အနောက်တိုင်းဆန်ဆန် ၀တ်စားရမယ်။ ကျွန်တော့်လို အလုပ်က ပြန်လာတဲ့ ရွဲနေတဲ့ ပုံစံမျိုးနဲ့ လုံးဝ မဖြစ်နိုင်ဘူး။

ဒုတိယတချက်က ဒီကလပ်တွေက ကောင်းကောင်း ကတတ်ရမယ်။ တန်ဂိုဆိုလည်း တန်ဂို၊ တခြား အကတွေဆိုလည်း အကျေအလည် ကတတ်မှ ဖြစ်မယ်။ ကျွန်တော်က စည်းချက်အတိုင်း စိတ်ပါသလို လှုပ်တတ်တဲ့ကောင်ဆိုတော့ မဖြစ်လောက်ဘူး။ ဒီနှစ်ချက်ကြောင့် အဲဒီထဲ ၀င်ဖို့လည်း ကျွန်တော် ရှောင်လိုက်ပါတယ်။

အခုက ရေးပြလိုက်လို့သာ… ကျွန်တော့်အဖြစ်က တခုပြီးတခု ဖြစ်နေပုံ ပေါ်တာပါ။ တကယ်တော့ အဲဒီအရာအားလုံးဟာ သန်းခေါင်ကျော် ၄၅ မိနစ်အတွင်းလောက်မှာ ဖြစ်ပျက်ခဲ့တာပါ။ နောက်ဆုံးတော့ ကျွန်တော် ဖြစ်ချင်ရာဖြစ်ဆိုပြီး အပါ့မင့်ကို လာခဲ့ပါတော့တယ်။ ညဥ့်သန်းခေါင်ကျော်လို့ တချက်တောင် တီးတော့မယ်။ ကျွန်တော်လည်း ပန်းနေပြီ၊ နားချင်နေပြီ။

ကိုယ့်အခန်း၊ ကိုယ့်အိမ်လောက် ဇိမ်ရှိတဲ့နေရာက လောကမှာ မရှိဘူးမို့လား။ ပြီးတော့လည်း အပါ့မင့်က လုံခြုံရေးတွေ ဘာတွေလည်း ရှိတယ်ဆိုတော့ ရှင်းလို့ ရလောက်ပါတယ်လို့လည်း ကျွန်တော့် အတွေးက လင်းကနဲ ဖြစ်သွားတယ်။

“ဘာကြောက်စရာ ရှိသလဲ“ လို့ စိတ်ထဲ တင်းပြီး အသက်ကို ပုံမှန်ရှုလိုက်တယ်၊ ကျွန်တော် ဖြည်းဖြည်းချင်း လျှောက်လာခဲ့တယ်။ နောက်ကိုလည်း ကျွန်တော် ပြန်လှည့်မကြည့်တော့ဘူး။ ဒီအခါမှာ ကျွန်တော် လမ်းလျှောက်ရတာက ပေါ့လည်း မနေဘူး၊ လေးလည်း မနေဘူး၊ မြန်လည်း မမြန်ဘူး၊ နှေးလည်း မနှေးဘူး။ ပန်းရာကနေ တဖြည်းဖြည်း လန်းလာသလိုတောင် ဖြစ်လာတယ်။

ကတ္တရာလမ်းမကနေ အပါ့မင့်ထဲ ၀င်တဲ့လမ်းအတိုင်း ကျွန်တော် ကွေ့ဝင်ပြီး လျှောက်လိုက်တယ်၊ နောက်တော့ လှည့်မကြည့်တော့ဘူး။ နောက် မီတာ ၁၀၀ ဆိုရင် ကျွန်တော့် အပါ့မင့်ရှေ့ရောက်ပြီ။ လမ်းနဲ့ မှန်တံခါးကြားမှာတော့ ၁၀ ပေ အကျယ်လောက်အတွက် ခင်းထားတဲ့ ကျောက်ပြားကွက်တွေ ရှိတယ်။ အဲဒါတွေကို ဖြတ်ပြီး လျှောက်လို့ မှန်တံခါးကို တွန်းလို့ ၀င်လိုက်ရင် ကျွန်တော့်အပါ့မင့် အဆောက်အဦထဲ ရောက်သွားပြီ။ လုံခြုံမှု အပြည့် ကျွန်တော်ရပြီ။

မှန်တံခါးဆီ မသွားခင်မှာ ကျွန်တော် နောက်ကို တချက် လှမ်းကြည့်လိုက်တယ်။ ဟိုး… အဝေး မီတာ ၁၀၀ လောက်မှာ လူတယောက် ရပ်နေတယ်။ လိမ္မော်ရောင်လိုလို အပြာရောင်လိုလိုနဲ့… လမ်းမီးတိုင်တွေ ရှိပေမယ့် ညဘက် မှောင်နေတာရော မီတာ ၁၀၀ လောက် ဝေးတာကြောင့် ရောမို့… မမှတ်မိထားတဲ့ မျက်နှာ… သေချာ မမြင်ရဘူး။ ဒါပေမဲ့ သူ ရယ်နေတယ်လို့တော့ ကျွန်တော် ခံစားလိုက်ရတယ်။ ဟုတ်တယ်… သူ အဝေးကြီးကနေ ကျွန်တော့်ကို ကြည့်ပြီး ရယ်နေသလိုပဲ…။

ကျွန်တော်လည်း တချက် ပြုံးလိုက်တယ်။ ဒါဟာ တနာရီအတွင်းမှာ ကျွန်တော် ပထမဆုံး ပြုံးနိုင်ခဲ့တာပဲ…။ ငါးလှမ်း ခြောက်လှမ်းလောက် လှမ်းအပြီးမှာတော့ ကျွန်တော် မှန်တံခါးကို တွန်းဖွင့်လို့ ၀င်လိုက်တယ်။ နောက်မှန်တံခါး တချပ်… ပိုက်ဆံအိတ်ကို တံခါး လက်ကိုင်နေရာ (တွန်းတဲ့နေရာ) နားက ဆန်ဆာမှာ ကပ်လိုက်မှ ပွင့်တယ်။ နောက်တော့ ဓာတ်လှေကားစီးလို့ ကျွန်တော့် အခန်းဆီ လာခဲ့တယ်။ တံခါးဖွင့်ပြီး ၀င်လိုက်တယ်၊ မီးဖွင့်လိုက်တယ်။

ရုတ်တရက်… တိုင်ကပ်နာရီက“ဒေါင်“ လို့ တချက်မြည်တယ်။

ကျွန်တော် အရမ်း လန့်ဖျပ်သွားတယ်။

၂၀၁၂ မတ် ၂၂၊ မနက် ၂ နာရီ။

ဘန်ကောက်။

by Myo Tha Htet on Monday, 19 March 2012 at 20:54·

သူက နှင်းဆီတပွင့်လို လှတယ်၊ ရဲတယ် တင်းတယ် ကြွတယ်။ ကျွန်တော့်ကိုလည်း လွမ်းတတ်အောင် သင်ပေးတယ်။ အလွမ်းကို ချစ်တတ်သွားအောင် သူ လုပ်ခဲ့တယ်။ မိန်းကလေးတွေကို သေသေချာချာ မှတ်မိနေတာ ကျွန်တော့်ဘ၀မှာ များများစားစား မရှိပါဘူး။ အဲဒီထဲမှာမှ သူ တယောက်ပါတယ်ပေါ့။

နေဦးဗျ…၊ မမေ့ခင်လေး တခု ပြောလိုက်ဦးမယ်။ သူတို့ အကြောင်း တွေးလိုက်တိုင်း ကျွန်တော့်ကို ကျေနပ်စေသူ အမျိုးသမီးတွေထဲမှာ ဒီကနေ့ပဲ နောက်တယောက်ကို ထပ်တိုးလိုက်တယ်။ ဘယ်သူလို့ ထင်လို့လဲ…၊ ကျွန်တော်တို့ ရုံးက မန်နေဂျာမမပါ။ သူက အပျိုကြီး တယောက်ပါ၊ သူ့ကို အားရင် ဘာလုပ်သလဲလို့ တခါက မေးမိတော့ တရားထိုင်တယ်တဲ့…၊ သေရော…။ ခင်ဖို့တော့ ကောင်းပါတယ်။

ကျွန်တော်က မိန်းကလေးတွေနဲ့ သိပ်စိတ်မရှည်တတ်ဘူး။ တကယ်တော့ မိန်းကလေးမှ မဟုတ်ပါဘူး၊ ဘာကိုမှ သိပ်စိတ်ရှည်တာ မဟုတ်ပါဘူး။ တခါတလေ ကိုယ့်ဘာသာကိုယ်တောင် ကိုယ့်စိတ်နဲ့ကိုယ် ရန်ဖြစ်ချင် ဖြစ်နေတတ်သူမျိုးပါ။ ဒီတော့ ရုံးကိစ္စတွေ ဘာတွေ ဆိုလည်း စိတ်က သိပ်မရှည်တတ်ဘူး။ ကျွန်တော်က စိတ်မရှည်ရင် စကားလည်း မပြောတော့ဘူး၊ ဒီတော့ ရုံးက မမက ပြောတယ်၊ “မင်းကလဲကွာတဲ့… စိတ်ရှည်စမ်းပါ“တဲ့…။ ဒီနေ့တော့ သူက ကျွန်တော့်ကို ပြုံးပြီး ကြည့်နေတယ်။

ကျွန်တော်က အကောင်းမှတ်လို့…။ အပျိုကြီး ငါ့ကို လာကြည့်နေပါလားလို့ တွေးမိပြီး စိတ်ထဲမှာ ပျော်သလိုလို ဘာလိုလို ညာလိုလိုပေါ့။ စိတ်ကူးတွေ ဘာတွေတောင် အပြေးအလွှား ယဉ်လိုက်သေးတယ်။ ဟဲ ဟဲ… စိတ်သာ မရှည်တာပါ၊ စိတ်ကူးကတော့ အင်မတန် ယဉ်တတ်တဲ့ကောင်…။ နောက်မှ သိရတာက အပျိုကြီးက ပြုံးပြီး ကျွန်တော့်ကို ကြည့်နေတာက အကြောင်းက ရှိနေတာကိုးဗျ။ ကျွန်တော်က သူ ၀ယ်ထားတဲ့ သူ့ ကော်ဖီခွက်နဲ့ ဒီကနေ့ကျမှ ကော်ဖီဖျော်သောက်မိတာကိုး…။ ဟား ဟား ဟား… တကယ်ရယ်ရတယ်။ ဒါကြောင့် သူက ကျွန်တော့်ကို ပြောခဲ့ဖူးတာကိုး…။ မင်းကလဲကွာ… စိတ်ရှည်စမ်းပါတဲ့။

စိတ်ရှည်ဖို့ ပြောတဲ့အထဲမှာ ကိုလင်းလေးလည်း ပါတယ်ဗျ။ ကျွန်တော်တို့က တခါတခါ သောကြာညတွေမှာ လျှောက်လည်တတ်ကြတယ်။ လူငယ်လေးတွေပီပီဗျာ၊ တခါတလေလည်း ကလပ်လေး ဘာလေးသွား ဒန့်ကြတာပေါ့လေ။ အဲဒီမှာလည်း တခါတခါ အမိုက်စားလေးတွေ တွေ့ရတတ်တယ်။ ဒါပေမဲ့ ကျွန်တော့်မယ်… ဘယ်တော့မှ အလုပ်မဖြစ်ဘူး။ ဘာဖြစ်လို့လဲသိလား… စိတ်မရှည်လို့…။

ကိုလင်းလေးက ကျွန်တော့်ကို ဆုံးမတယ်။ “ခင်ဗျားကလဲဗျာ… နည်းနည်းတော့ စိတ်ရှည်မှပေါ့“ တဲ့။ “အခု ရေတွင်းတူး အခု ရေကြည်သောက်လို့တော့ ဘယ်ရမလဲ“ တဲ့။ သူ ပြောတာကလည်း ဟုတ်တုတ်တုတ်… သူကတော့ သိပ်စိတ်ရှည်တဲ့လူ…။ ကြာလာတော့ ကျွန်တော့်မှာ စိတ်မရှည်တဲ့ရောဂါ ရလာရောဆိုပါတော့ဗျာ။ စိတ်သာ မရှည်တာ ကျွန်တော်က အရယ်တော့ သန်သဗျ။

ကျန်သေးတယ်ဗျ၊ နောက်တယောက် ရှိသေးတယ်။ “မင်း… မိန်းမလိုချင်ရင် စိတ်ရှည်ရမယ်“ တဲ့။ ဦးသူရဆိုတဲ့ လူကြီးတယောက်က ပြောတာဗျ။ ကိုဇာဂနာကို ပြောတာ မဟုတ်ပါဘူး။ ကျွန်တော့် အသိတယောက်ပါ။ ကျွန်တော်တို့ တခါက အတူ လက်ဖက်ရည် သောက်ကြတုန်း ကျွန်တော်က ပြောလိုက်မိတာကိုးဗျ။ “ကျွန်တော်လည်း မိန်းမလေး ဘာလေး ယူရင် ကောင်းမလား မသိဘူးဗျာ“ လို့ ညည်းသလိုလို ဆွေးသလိုလို ပြောထွက်သွားတော့ သူက ခုနင်ကလို ကျွန်တော့်ကို ပြောတာပါ။

မိန်းမတွေက လူကို ယူတာ မဟုတ်ဘူးတဲ့၊ စိတ်ကို ယူတာတဲ့…။ အဲ အဲ… သူက အဲဒီလို ပြောသေးတာဗျ။ သူက စာလေးဘာလေးလည်း နည်းနည်းပါးပါး ရေးတယ်ဆိုတော့… နောက်ပြီး မိန်းမကလည်း နှစ်ယောက်လား (မိန်းမတယောက်နဲ့ ရည်းစားတယောက်လား မသိပါဘူး) ဆိုတော့ ကျွန်တော်က လေးလေးစားစားတော့ နားထောင်ခဲ့မိပါတယ်။ လိုက်တော့ မလိုက်နာဖြစ်သေးပါဘူး။ ဒီတော့… ဟုတ်တာပေါ့၊ အခုထိ လူပျိုပါပဲ။

အဲ… မသင်းကြည် ပြောတာလေးကိုလည်း မှတ်မိတုန်း ပြန်ပြောလိုက်ဦးမယ်နော်။ သူနဲ့က ပြောမနာ ဆိုမနာလည်း ဖြစ်၊ တရပ်ကွက်ထဲလည်း ဖြစ်တော့ ခင်နေတယ်လေ။ သူက ကိုယ့်ကို မောင်လေး အမှတ်နဲ့ ပြောပြတာပါ။ အိမ်ထောင်သည်လည်း ဖြစ်နေတော့ သူ့လင်တော်မောင် ကိုခင်အောင့်ဆီ သွားလည်တဲ့အခါ သူက တခါတခါ ခပ်တည်တည် ကျွန်တော်တို့ စကားဝိုင်းထဲ ၀င်ဝင်ပြီး လက်ချာရိုက်တတ်တယ်။ နောက်တော့ ကျွန်တော့်မှာ မသင်းကြည်ကို သံသယ ဖြစ်လာတာနဲ့ ကိုခင်အောင့်ဆီတောင် မသွားဖြစ်တော့ဘူး။ ဟုတ်တယ်လေ… သူ့ယောက်ျားကို သူ ပြောချင်တဲ့ စကားတွေကို ကျွန်တော်ကနေ တဆင့် (ကျွန်တော့်ကို ပြောသလိုလို သင်ပေးသလိုလိုနဲ့…) ပြောနေတယ်လို့ ခံစားရလာလို့ပါ။ ကျွန်တော် စိတ်မရှည်တော့ပြန်ဘူးလေ…။

သူက ဘာပြောတာလဲဆိုတော့ “မောင်မျိုးရေ… မိန်းကလေး တယောက်ကို ချစ်မယ် ခင်မယ်ဆို သူ့ကို ကိုယ်က လေးစားရဲ့လားဆိုတာ ကိုယ့်ကိုယ်ကိုယ် အရင်မေးပါ“ တဲ့။ “မလေးစားဘဲနဲ့များတော့ သွား မချစ်လေနဲ့တဲ့“ လေ။ ကျွန်တော့်မယ် “ခင်ဗျားကိုရော… ကိုခင်အောင်က လေးစားရဲ့လား“ လို့ မေးလိုက်ချင်တာ အာကို ယားနေတော့တာပါပဲဗျာ။ နောက်တော့ မမေးဖြစ်တော့ပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ကိုခင်အောင့် ဟန်ပန်ကလည်း မ.ယ.က လိုလို ဘာလိုလိုဆိုတော့လေ။

တခုပဲ ရှိတယ်။ ကျွန်တော့်အတွက် အားပါးတရ ရယ်လိုက်ရတယ်။ ဖြစ်ပုံက ဒီလို… မသင်းကြည်ကို ပြန်မမေးခဲ့ရ၊ မပြောခဲ့ရတော့ စိတ်ထဲ ကသိကအောင့်ဖြစ်နေပြီး နောက်ဆုံး မနေနိုင်တာနဲ့ လက်ဖက်ရည်ဆိုင်မှာ တခါ ကိုတုတ်ကြီးကို ပြန်ပြောပြမိတာကိုး…။ “မသင်းကြည်ကဗျာ၊ ကျွန်တော့်ကို အဲဒီလို သင်တယ်ဗျာ“ လို့ ကိုတုတ်ကြီးကို ပြောတော့ ကိုတုတ်ကြီး ပြန်ပြောတဲ့ စကားကြောင့် ကျွန်တော့်မှာ ရယ်လိုက်တာ ရေနွေးကို သီးရော…။ “အေးပေါ့ကွာ၊ သိပ်လေးစားရအောင်… အသက်ကြီးကြီးကို ယူပေါ့၊ ဒီတော့လည်း အိပ်ရာမ၀င်ခင်လေးမှာ ရှိခိုးကန်တော့ပြီး ၀င်လိုက်ပေါ့“ တဲ့။

အဲဒါတွေကတော့ စိတ်မရှည်ဘဲနဲ့ အရယ်သန်တဲ့ ကျွန်တော့်အကြောင်းတွေပေါ့။ ဒါပေမဲ့ ကျွန်တော်က မနှမ်းဆီကိုတော့ အခုတွေး အခုခင်နေဆဲပါပဲ။ တကယ်တော့ သူ့နာမည်က မနှင်းဆီပါ။ ကျွန်တော်နဲ့ ခင်လာတော့ တရက်မှာ ဘာကြောင့်မှန်း မသိ… ကျွန်တော်က သူ့ကို မနှမ်းဆီလို့ ခေါ်မိသွားတယ်။ ကျွန်တော့် အလုပ် သဘာဝကြောင့် စကားကို အမြဲဆိုသလို ပီပီသသ ကြိုးစားပြောတတ်တဲ့ ကျွန်တော်ဟာ မနှင်းဆီကို မနှမ်းဆီလို့ သွားခေါ်မိတယ်။ သူက စိတ်မဆိုးပါဘူး။ ကျွန်တော်က သူ့ကို နောက်တယ်လို့ ထင်နေတာပေါ့။

ဒါပေမဲ့ ကျွန်တော်က အမြဲတမ်း အဲဒီလိုပဲ ခေါ်ခဲ့တော့တယ်။ သူကလည်း တခါဖူးမှ “ဟေ့… ငါ့နာမည်က မနှင်းဆီကွ၊ မနှမ်းဆီ မဟုတ်ဘူး“ လို့ တခါမှ မပြောခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်က သူနဲ့ နှစ်ယောက်တည်း တွေ့မှပဲ မနှမ်းဆီလို့ ခေါ်တာပါ၊ လူကြားထဲမှာဆို တခါဖူးမှ အဲဒီလို မခေါ်ပါဘူး။ ကျွန်တော်တို့ ကွဲသွားတဲ့အထိလည်း လူကြားထဲမှာ ခေါ်တာရော၊ နှစ်ကိုယ်ကြား ခေါ်တာမှာပါ တခါဖူးမှ မမှားခဲ့ဖူးပါဘူး။ ကျွန်တော် တော်တာကို ပြောချင်တာ မဟုတ်ပါဘူး၊ နှုတ်ခမ်းလေးက သူ့နေရာ သူသိပြီး မှန်မှန်ကန်ကန် အလုပ် လုပ်သွားတာကို ပြောပြတာပါ။

မနှမ်းဆီကို အမြဲမှတ်မိနေတာက သနပ်ခါးရောင် ဂါဝန်လေးရယ်၊ ကျွန်တော် ပေးလိုက်တဲ့ နှင်းဆီပွင့်လေး တပွင့်ရယ်၊ သူပေးလိုက်တဲ့ အလွမ်းလေးရယ်၊ ကျွန်တော်တို့ ငြင်းခုန်ကြတဲ့ စကားလေးတွေရယ် ဖွဲ့သီထားတဲ့ မြက်ခင်းစိမ်းပေါ်က ညနေခင်းလေးတွေနဲ့ တဆက်တည်း တွဲလို့ပေါ့။ နှင်းဆီပွင့်လေးဟာ တကယ်တော့ ကျွန်တော့်လိုပဲ စိတ်ရှည်သူ တယောက် မဟုတ်ပါဘူး။ ကျွန်တော်နဲ့ကျမှ စိတ်ရှည်ခဲ့သူပါ၊ ဒါပေမဲ့ အကြာကြီး စိတ်မရှည်တတ်သူပီပီ အချိန်တခုမှာတော့ ကျွန်တော့်ကို အလွမ်းတွေ ဆုအဖြစ်ပေးလို့ ထားရစ်ခဲ့ပါတယ်။

“ဟေ့… ကိုယ်လှဖို့တောင် စိတ်မရှည်လို့ ဒေါက်မြင့် ဖိနပ်တောင် မစီးဘူးကွ… သိလား“ တဲ့။ ကျွန်တော်က ဘယ်နှယ့်သိမလဲ။ ဒေါက်မြင့်ဖိနပ်စီးရင် လှသလားလို့ ကျွန်တော်က ပြန်မေးမိသေးတယ်။ မနှမ်းဆီက မျက်စောင်းထိုးတာပေါ့။ နောက်မှ မသီတာကို မေးကြည့်ရတယ်။ သူ ဖြေတာလည်းကြည့်ဦး၊ ဒေါက်မြင့်ဖိနပ်စီးတော့ ခြေသလုံးနာတာပေါ့ကွာတဲ့။ ကျွန်တော်လည်း ဆက် မစုံစမ်းတော့ပါဘူး။

အခုတလောတော့ မနှမ်းဆီကို ကျွန်တော် သတိရနေတော့တယ်။ ပိုဆိုးသွားတာက ပြီးခဲ့တဲ့ သောကြာညက ဘယ်မှ မသွားဖြစ်ဘဲ အိမ်ကို အလုပ်ကနေ တန်းတန်းမတ်မတ် ပြန်လာခဲ့တဲ့ ည…။ သန်းခေါင်တောင် ကျော်နေပြီပေါ့…။ ကားလမ်းတွေ အပေါ်က ဖောက်ထားတဲ့ ရထားလမ်းပေါ် ပြေးနေတဲ့ နောက်ဆုံး ရထားထဲမှာ… သနပ်ခါးရောင် ဂါဝန်၊ နှင်းဆီပန်းနီနီလေး တပွင့်ကို ကိုင်လို့… လွမ်းလွမ်းဆွေးဆွေး မျက်နှာလေးနဲ့ ကျွန်တော် အမြဲ သတိရနေတတ်တဲ့… ရတိုင်းလည်း ကျွန်တော့်ကို ပြုံးမိစေတဲ့ သူ… မနှမ်းဆီ…။

ကျွန်တော်က သူ့ကို ကြည့်တယ်၊ ကျွန်တော့် မျက်လုံးတွေ စက်ကွင်းမိသွားတယ်။ သူက ကျွန်တော့်ကို ကြည့်တယ်၊ မျက်နှာလွှဲသွားတယ်။ တယောက်ကို တယောက်ကြည့်ပြီး မတွေ့ဘူး ဖြစ်နေကြတယ်။ ကျွန်တော် လွမ်းသွားတယ်… ဒီတခါလည်း ကျွန်တော် စိတ်မရှည်ခဲ့ပြန်ဘူး…။

ခြေသံ မကြားတဲ့ ခြေသံ… ဒါပေမဲ့ ခြေရာနဲ့…။

၂၀၁၂ မတ် ၂၀၊ မနက် ၂ နာရီ။

ဘန်ကောက်။

by Myo Tha Htet on Wednesday, 14 March 2012 at 21:21·

ဖိုးလပြည့်ဆိုတဲ့ ကျွန်တော် စိတ်မကောင်း ဖြစ်နေမိတယ်၊ လွမ်းလို့ သေလောက်တယ်ဆိုတာကို အရင်ကတော့ မယုံကြည်… အခုတော့ ဟုတ်တယ်၊ တကယ် ခံစားရတယ်။ မမမိုးဟာ စိတ်ဆိုးချင်စရာ ကောင်းလောက်အောင် ချစ်ဖို့ကောင်းသူ ဖြစ်တယ်။ မိုးဖွဲဖွဲမှာ မမမိုးနဲ့ ကျွန်တော် တွေ့ခဲ့တယ်။

ညနေခင်းဟာ မှောင်ရီဝေမှာပဲ လရောင်ဖြူလေး မြင်နေရပြီ။ ငှက်လေးတွေက အုပ်လိုက်ဖွဲ့လို့ အိပ်တန်းပြန်ကြပြီ။ အလုပ်သမားတွေက ရပ်ကွက်ထဲ တစုပြီးတစု ပြန်ဝင်လာကြချိန်ပေါ့။ ကျွန်တော်ကတော့ အတွေးစိမ့်စိမ့်တွေးလို့…။ လရောင်အောက်က မြက်ခင်းစိမ်းပေါ်မှာ မမမိုးနဲ့ အတူထိုင်ကြမယ်။ “အနာဂတ်လမ်း“ဆိုတဲ့ ကဗျာလေးကို ရွတ်ပြမယ်လို့ မှန်းထားခဲ့တာ အခုတော့ ဘယ်လိုလုပ်ရပါ့မလဲ။

“အနာဂတ်လမ်း“

မူရာတွေ မပါပါဘူး

ကိုယ့်ဂစ်တာအိုးလေး မှောက်ရက်

တကိုယ်စာပဲ ချစ်ခဲ့တဲ့ ရက်တွေကနေ

အပြာလိုလို အရောင်တွေ လက်တဲ့အထိ

စိတ်နှလုံးမွေ့ကြည် အရာရာဟာ မင်း

ရာသီတွေ အစုန်အဆန် ဆင်းပါစေ

ချမ်းခိုက် အေးစို ခြောက်သယောင်း

မျောက်လောက်လေးတွေ တေးဆို

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တဲ့

တရက်မှ သောက်မပျက်ပါဘူးဆို

မဟူရာညတွေလိုပဲ ရှိနေပါစေ

ဒီအဟုန်တွေကိုမှ ရင်တုန်တယ်ဆို

မောင့်ဟိုဘက်ကမ်းမှာ…

အနာဂတ်လမ်းကလေး ရှိတယ်။

သိတယ်၊ မျက်နှာလေး အူတူတူလေးနဲ့ နားမလည်ဘူးလို့ မမမိုးက ပြောလိမ့်မယ်။ ကျွန်တော်ကလည်း ရယ်မိလိမ့်မယ်။ ပြီးတော့ ဒီလိုပြောမယ်၊ ကျွန်တော်ကလည်း မမ နားလည်ဖို့ ရေးထားတာ မဟုတ်ပါဘူး၊ ကျွန်တော် နားလည်ဖို့နဲ့ မမ နားထောင်ဖို့… ဒါပဲ။

ဒီလိုနဲ့ ကျွန်တော် တောင်ရေးမြောက်ရေး ရေးခဲ့တဲ့ မမမိုးအတွက် ဖတ်ပြဖို့ ကဗျာတွေဟာ စာမျက်နှာ ၈၀ ပါတဲ့ စာတအုပ်မက ရှိခဲ့ပါပြီ။ မမမိုးနဲ့ တွေ့ပုံဆန်းတယ်လေ… အမှတ်မထင်လို့လည်း ပြောရတယ်၊ မမမိုးလို့ ခေါ်နေတာကို ကြည့်… ဒီအကြောင်းကိုတော့ ကျွန်တော် တသက်လုံး ၀ှက်ထားပါရစေ။ ကျွန်တော်က ကဗျာသမားလိုလို စာသမားလိုလိုနဲ့ စိတ်ကူး အင်မတန် ယဉ်တတ်သူ… မမမိုးက ဘ၀ကို လက်တွေ့ကျကျ တဆင့်ပြီး တဆင့် စနစ်တကျ ဖြတ်သန်းနေသူ။

ကျွန်တော်က တခါ ထမင်းတခါ စားပြီး သုံးရက်လောက် ဘာမှ မစားလည်း ရတယ်၊ မမမိုးက အချိန်မှန်စား အချိန်မှန်နား အချိန်မှန် သွားသူ ဖြစ်တယ်။ ကျွန်တော်က အသိသစ် အတွေးသစ် ခံစားမှုသစ်တွေကို ကြိုက်တယ်။ မမမိုးက နေရာသစ်၊ လူသစ်၊ အခွင့်ရေးသစ်တွေကို ရှာသူ ဖြစ်တယ်။ ကျွန်တော်တို့ဟာ တယောက်မှာ မရှိတဲ့ဟာကို တယောက်က ယူသူတွေ ဖြစ်တယ်။ ဒါကိုပဲ အချစ်လို့ ကင်ပွန်းတပ်ခဲ့ကြတယ်။

တခါတုန်းက မြစ်နဘေးက မြို့လေးတမြို့ကို အလည်သွားကြတော့ ဆိုင်ကယ်တစီးငှားပြီး လျှောက်လည်ကြဖို့ မမမိုးက ပြောတယ်။ ပြီးတော့ သူကပဲ ဦးဆောင်ပြီး ငှားလိုက်သေးတယ်၊ ပြီးတော့ ကျွန်တော့်ကို မောင်းတဲ့…။ ခက်တော့နေပါပြီ၊ ကျွန်တော်က ဆိုင်ကယ် မပြောနဲ့၊ စက်ဘီးတောင် နင်းတတ်သူ မဟုတ်၊ ငယ်ငယ်က ခဏသင်တုန်း ဒူးပြဲသွားလို့ သွေးတွေ ထွက်လာတာမှာ ငါ စက်ဘီးစီးမယ့် ကောင် မဟုတ်ဘူးဆိုပြီး ဆက်မသင်ဖြစ်တော့ဘူး။ ဒီလိုမောင်…။

“ဟ.. ကျွန်တော်မှ မမောင်းတတ်ဘဲ“

မမမိုးက သော့ကွင်းကို လက်ညှိုးနဲ့ လှည့်နေပြီး ရယ်တယ်။ ပြီးတော့ အနီရောင် ဆိုးထားတဲ့ နှုတ်ခမ်းလေး တချက်တွန့်ပြုံးလိုက်ပြီး

“ဟင်… ဒါဖြင့် ရှင့် တင်မောင်းရမယ်ပေါ့“

အမှန်တော့ ကျွန်တော် စိတ်ဆိုးချင်တယ်။ နည်းနည်းလေးလည်း ဆိုးမိတယ်။ ကျွန်တော်က မြစ်ရိုးတလျှောက် လမ်းလျှောက်လို့ရတဲ့ နေရာလေးမှာ မမမိုး လက်ကလေး တွဲပြီး လျှောက်မယ်၊ မြစ်ပြင်ကြီးကို ငေးမယ်၊ မြစ်ပြင်ကို ဖြတ်တိုက်လာတဲ့ လေကို ရှုရှိုက်ကြမယ်။ အဲဒီမှာ ကျွန်တော် စိတ်ပါလို့ သီချင်း ဆိုချင်လည်း ဆိုမယ်လေ… မမမိုးက နားထောင်ပေါ့၊ ပြီးရင် တနေရာရွေးလို့ ထိုင်ကြပြီး ကျွန်တော့်ရဲ့ အချစ်အကြောင်းတွေကို သပ်သပ်ရပ်ရပ် ပြောပြမယ်၊ လှလှပပလေး နမ်းချင်လည်း နမ်းမှာပေါ့။ အားလုံးကို ခံစားမှု ပေါ်တဲ့အတိုင်း လုပ်ချင်သလို လုပ်မယ်၊ ဒါပေမဲ့ ချစ်စရာကောင်းပြီး ကဗျာဆန်နေလိမ့်မယ်။ သွားပြီ… အခုတော့ သေပြီဆရာပဲ။

“ခင်ဗျားက ဆရာကြီးလုပ်ပြီး ခပ်တည်တည် ငှားတာကိုး၊ မေးပါလား အရင်… မောင်းတတ်လားလို့…“

“အို… သူကပဲ စိတ်ဆိုးနေသေးတယ်၊ ဘာ ခင်ဗျားလဲ… ငရဲကြီးဦးမယ်။ ယောက်ျားလေးဖြစ်ပြီး ဆိုင်ကယ်တောင် မစီးတတ်ဘူး“

မမမိုးက ရယ်နေဆဲ…။ ကျွန်တော့်မျက်နှာက ပုပ်နေပြီ။ စိတ်ဆိုးရတာ တော်တော်ပင်ပန်းပါတယ်၊ မမမိုးကို ကျွန်တော်က ချစ်ချင်သူပါ၊ စိတ်ဆိုးဖို့ မပြောနဲ့၊ စိတ်နဲ့တောင် ညစ်ချင်သူ မဟုတ်ပါ။ အခုတော့ ကျွန်တော့်မှာ ညစ်နေရပြီလေ။ မိန်းကလေးတယောက် မောင်းတဲ့ ဆိုင်ကယ်နောက် ကျွန်တော် ခပ်တည်တည် ရှက်ရှက်နဲ့ စီးရပါတော့မယ်။

“နောက်က ထိုင်လိုက်… ခါးတော့ အတင်းမဖက်နဲ့… ဟုတ်လား“

ပြောပုံက ကြည့်… အဲဒီလို၊ ဒီချာတိတ်ကို ငါ လုပ်ချင်ရာ လုပ်မယ် လုပ်နိုင်တယ်လို့ မမမိုးက ထင်နေပုံရပါတယ်။ ကျွန်တော့်ကို ခဏခဏလည်း စတတ် ပါတယ်။ ကျွန်တော်က စတာနောက်တာကို မကြိုက်၊ ကျွန်တော့်ကို တည်တည်တံ့တံ့ ဆက်ဆံတာကို ကြိုက်ပါတယ်။ မမမိုးနဲ့ဆို ကျွန်တော်က အဖိုးကြီးလိုလို ဖြစ်နေတတ်တယ်။

“တပေလောက် ခွာထိုင်လိုက်မယ် သိလား“

ပြောမယ့်သာ ပြောရတာ၊ ဆိုင်ကယ်လေးနဲ့ သွားရတာကလည်း အရသာတမျိုး ရှိပါတယ်လေ… လေအဟုန်ကို ခွင်းပြီး ပြေးနေတဲ့ ဆိုင်ကယ်ပေါ်မှာလည်း မမမိုးဆီက ရတဲ့ ရေမွှေးနံ့နဲ့ မလိုအပ်ပါဘဲ ဆိုင်ကယ်ကို တုန့်ကနဲတုန့်ကနဲ လုပ်လိုက်တာကြောင့် ကျွန်တော်က ခါးတင်မဟုတ်၊ လူချင်းတောင် ကပ်ကပ်မိ သွားသေးတော့ အားတောင် နာရပါတယ်။ ဒါ တမင်လုပ်တာတော့ မဟုတ်လောက်ပါဘူး။

“ဘာလို့ ဘရိတ် ခဏခဏ ဆွဲနေတာလဲ၊ လဲဦးမယ်ဗျ“

“မင်းကမှ ဖက်မထားတာ…“

ကျွန်တော်ထင်တဲ့အတိုင်းပါပဲ၊ မမမိုးက အဲဒီလို… တော်တော်ဆိုးတယ်။ အဲဒီနေ့က ကျွန်တော့် အစီအစဉ်ပျက်ပေမယ့်လို့ တော်တော် ပျော်ခဲ့ကြတယ်။ အဲဒီမမမိုးကို အခုတော့ ကျွန်တော် လွမ်းနေရတယ်။ ကျွန်တော်က ချစ်တတ်သူ ဆိုတော့ အချစ်လည်း ပြိုင်ရဲတယ်၊ အလွမ်းလည်း ပြိုင်ရဲတယ်။ မမမိုးကတော့ ဒီလို မဟုတ်ပါဘူး။ သူ့ကိုယ်သူ လှအောင်ပြင်ဖို့ရယ်၊ သူ့ အလုပ်တွေ အဆက်မပြတ် လုပ်နေဖို့ရယ် ဒါကိုပဲ စိတ်ဝင်စားသူဖြစ်တယ်။ ကျွန်တော် မကျေမနပ်ပါဘူး။

တခါကလည်း လရောင်အောက်မှာ ကျွန်တော် ရူးနေခဲ့ဖူးတယ်။ လရယ် ညရယ်ဟာ သိပ်လှတဲ့ အတွဲ မဟုတ်လား။ ကျွန်တော့်အခန်းက ကြည့်လိုက်ရင် လရယ်၊ ညရယ်၊ သစ်ပင်အရိပ်ကြီးတွေရယ်ဟာ ကျွန်တော့်ကို စောင့်နေသလိုပါပဲ။ သူတို့ရဲ့ ဘော်ဒါ ချာတိတ်လေးဟာ အခန်းထဲ တယောက်ထဲ ဘာလုပ်နေပါသလဲ၊ ပျင်းနေသလားလို့ သူတို့ တွေးနေပုံ ရပါတယ်။ ဒါနဲ့ ကျွန်တော်က သီချင်းလေး တပုဒ် ကောက်ညည်းရင်း ပြတင်းကို ဖွင့်ရတယ်။

လဟာ ငြင်ငြင်သာသာလေး လင်းလို့… လကလေး လင်းဖို့ ညဟာ မှောင်ထားပေးတယ်၊ မှောင်တာမှ တကယ့်ကို နက်နက်ကလေး…။သစ်ပင်ကြီးတွေကတော့ ဇာတ်ပို့ဇာတ်ရံတွေပေါ့ဗျာ၊ လေတိုးတိုင်း ယိမ်းပေးရတာကိုက သူတို့ပါရတဲ့ အကွက် ပျော်ပျော်ကြီး သရုပ်ဆောင်နေသလိုမျိုး။ ကျွန်တော်က တွေးရင်း ရယ်မိတယ်။ ဒါနဲ့များ သူတို့ ဘာလို့ ကျွန်တော့်ကို မျှော်သလဲပေါ့။

တကယ်က သူတို့က ကျွန်တော့်ကို ဒါရိုက်တာနေရာက ပါစေချင်တာလေ…။ ကဗျာဆန်တဲ့ ရုပ်ရှင်တကား ရိုက်ဖို့ပေါ့။ ဖိုးလပြည့် ရိုက်ကူးသည် ဆိုရင် ရုံပြည့်ရုံလျှံ ဖြစ်သွားမှာ မဟုတ်လား။ လက မင်းသား၊ ညက မင်းသမီး၊ သစ်ပင်ကြီးတွေနဲ့ အတွဲညီလိုက်လို့ ကျွန်တော် စေလိုရာကို သူတို့က သရုပ်ဆောင်မတဲ့… တကယ့်ဝါရင့်ကြီးတွေပုံစံ…။ တွေးနေကြပုံကိုက အသည်းယားစရာ…။

ရောင်စုံမီးလေးတွေ ထွန်းပြီး သီချင်းအေးအေးလေး နောက်ခံဖွင့်လို့ ရောင်းတတ်တဲ့ အအေးဆိုင်ကလေးမှာ မမမိုးနဲ့ ကျွန်တော် ညဥ့် သိပ်မနက်ခင် တညက ထိုင်ဖူးတယ်။ ကျွန်တော်က ထောပတ်သီးဖျော်ရည် အကြိုက်ဆုံး၊ ဒါပေမဲ့ အဲဒီနေ့က အဲဒီဆိုင်မှာ ထောပတ်သီး ဖျော်ရည် မရတာနဲ့ မမမိုးသောက်တဲ့ သရက်သီးဖျော်ရည် လိုက်သောက်လိုက်ရတယ်။ သီချင်းက ရဲသွင်ရဲ့ “ချစ်ပြီးမှတော့“တဲ့…။

“ချစ်ပြီးမှတော့… တို့ နောက်ဆုတ်ဖို့ မလိုတော့ဘူးကွယ်…

ချစ်ပြီးမှတော့… ရှေ့ဆက်ချစ်ဖို့ ပြင်ဆင်ရမယ်

မင်းရဲ့နှလုံးသား ခိုင်မြဲအောင် ကြိုးစားထား…“ တဲ့…။

ကျွန်တော်က ရဲသွင်ကို ကြိုက်တယ်။ မမမိုးကျတော့ သိပ်အော်တာပဲကွယ်တဲ့…။ တကယ်ကို ဘာမှ နားမလည်တဲ့သူ…။ သရက်သီး ဖျော်ရည်ဟာ ပိုချဉ်လာတယ်လို့ ကျွန်တော် ခံစားလိုက်ရတယ်။ မမမိုးဟာ အချစ်ဆိုတာကို တခြားအဓိပ္ပာယ်တခုလို့ ခံယူထားပုံ ရတယ်။

မမမိုးမှာ ချစ်စရာကောင်းတာဆိုလို့ သူ စိတ်ပါတဲ့အခါ ကျွန်တော့် နဖူးလေးကို ကြင်ကြင်နာနာ နမ်းတတ်တာ တခုပဲ ရှိပါတယ်။ ကျန်တဲ့ အချိန်တွေမှာတော့ တကယ်ကို ပေါ့ပျက်ပျက် နိုင်လွန်းပါတယ်။ ကျွန်တော်နဲ့ တွေ့တဲ့ အချိန်တွေမှာ မမမိုးဟာ ချစ်သူနဲ့ ရှိနေတာလို့ ထင်ပုံ မရဘဲ ခေတ္တခဏ အလုပ်ခွင်က ထလာပြီး ကော်ဖီသောက်သူလို၊ ဆေးလိပ်သောက်သူလို အနားယူတာမျိုးလားလို့ ကျွန်တော် တွေးမိတာလည်း အကြိမ်တရာ မကတော့ဘူး။

အခုတော့ မမမိုးလည်း ကျွန်တော့်ဘ၀မှာ မရှိတော့ပါဘူး၊ လနဲ့ ညဟာလည်း ကျွန်တော့်ကို အရင်လောက် မခင်ကြတော့ပါဘူး။ ကျွန်တော် ကိုယ်တိုင်တောင် ကဗျာမဆန်တော့တာ ဘယ်လောက် ကြာခဲ့ပြီလဲ။ ရဲသွင်လည်း အဖိုးကြီး ဖြစ်သွားပြီ ထင်ပါတယ်။ သီချင်းတွေတောင် ဆက်ဆိုတာ မကြားရတော့ဘူး။

မမမိုးကိုတော့ တခါတခါ သတိရနေဆဲပါပဲ။ ကျွန်တော့်ကိုတော့ မမမိုးက သတိရချင်မှ ရနေတော့မှာပါ။ အဲ… ခပ်တည်တည်ကြီးနဲ့ ရှင့်ကို သိပ် သတိရတာပဲလို့လည်း ပြောချင်ပြောနေဦးမှာပါ။ မမမိုးက နောက်တီးနောက်တောက်လည်း လုပ်တတ်ပြီး ကျွန်တော့်ကို စချင်တဲ့အခါမျိုးမှာ သူပြောချင်ရာကို ပြောတတ်တာကိုးဗျာ။ သူက နောက်ပေမယ့် ကျွန်တော်က မနောက်ဝံ့သူပါ။

မေးရရင်တော့ မေးလိုက်ချင်ပါတယ်လေ။

လ လောက် လွမ်း လို့ လား လို့…။

၂၀၁၂ မတ် ၁၅၊ မနက် ၃ နာရီ။

ဘန်ကောက်။

by Myo Tha Htet on Wednesday, 7 March 2012 at 18:45·

ရဲခေါင် ခုတလော ရင်တွေ ခုန်လွန်းနေတာ ကိုယ့်ကိုယ်ကိုယ်ပင် အံ့သြနေမိတယ်။ ဘ၀ကို ခြောက်ကပ်ကပ် အလျားလိုက် နေလာခဲ့ပြီးမှ ကန့်လန့်ဖြတ်ဖို့ ကြိုးစားနေမိတာ မှားများနေသလားလို့ စဉ်းစားမိပေမယ့် ချက်ချင်း ဟင့်အင်း လုပ်ပစ်လိုက်တယ်။ လပြည့်ဟာ သူ့ဘ၀ရဲ့ လမင်း… ထွန်းလင်းမှ လှမယ့် လမင်း….။ လင်းလိုက်စမ်းပါ စန္ဒာရယ်ပေါ့…။

မနက်ခင်းတိုင်း နေရောင်အောက်က စိမ်းစိုးနေတဲ့ ၀ါးရုံခင်းကို ကြည့်တိုင်း ၀ါးရုံပင်ဖျားမှာ Crouching Tiger Hidden Dragon ရုပ်ရှင်ကားထဲက တရုတ် မင်းသမီးလေး ကျန်ကျိယီ ဓားရေးပြ ကစားနေသလို လပြည့်လေးကို တွေ့တယ်။ မင်း ဖြည်းဖြည်းသွားနော်… ၀ါးရုံလေးတွေဟာ နွဲ့တယ် ပျော့တယ်ကွဲ့လို့ စိတ်ထဲပြောရင်း ရင်မောနေရမြဲ…။ အို… လူကို ရူးစေပါလားကွယ်။

သီချင်းတွေဟာ ငါ့နှုတ်ခမ်းဆီကို ဘာကြောင့် အလိုလို ရောက်လာနေသလဲ မသိ…။ မပွင့်တပွင့်နဲ့ ရုပ်မလှတဲ့ ငါဟာ လွန်လေတဲ့ မင်းသားဝင်းဦးလို ကိုယ်ကို ကြုံလှီရင်း ဆိုညီးနေမိတယ်။ ငါ အတ္တကြီးလား၊ ငါ မာနကြီးသလား၊ ငါ မစ္ဆရိယများသလား။ မင်းနဲ့တော့ ငါ့မှာ ဘာမှမရှိပါဘူးလို့ ရဲခေါင်တွေးတယ်။ မင်း ပါးပြင်လေးတွေ၊ သွယ်တန်းနေတဲ့ မျက်ခုံးလေးတွေ၊ ကော့ညွှတ်တဲ့ မျက်တောင်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ မျက်လုံး၊ နှုတ်ခမ်းဖူးဖူးလေးတွေ နမ်းမ၀ဘူး ဖြစ်ဖြစ်နေတာကိုက ရယ်စရာပါပဲ…။

လပြည့်ရယ်… နွမ်းရတဲ့ ညတွေကို လွန်ပါစေတော့ကွယ်၊ ဒီမှာ လွမ်းလှပေါ့…။ မြက်ခင်းစိမ်းတွေပေါ်မှာ နှင်းပုလဲတို့ တွဲခို၊ အရာရာဟာ မညီမမျှ ဖြစ်နေတာတော့ မဟုတ်ပါဘူး… တဦးက မေတ္တာ၊ တဦးက စေတနာ ဆိုသလိုပေါ့ကွာ…။ ညနက်ပြီးရင် မနက်ဆိုတာလည်း ရောက်လာဦးမှာပေါ့။ နက်တဲ့ညမှာ ပျော်အောင်နေကြဖို့ကပဲ လိုရင်း မဟုတ်လား။ အများကြီးတွေးရင် အားကြီးငေး သွားရမယ်လေ…။ ရောင်နီမလာခင် ၀အောင် ကကြစို့… ဒီ-ဂျေ ကောင်မလေးလည်း ဒီည လှတယ်… တွေ့တယ်မို့လား…။

ရဲခေါင်က စကားလုံး အစုံသုတ် ရောင်းချချင်သူ… ကမ္ဘာပေါ်မှာ ဒီအစုံသုတ် ရောင်းချသူ များများ မရှိသေးဘူးလို့ ထင်ထားသူပါ။ သံစဉ်တွေနဲ့ညမှာတော့ သူ့စကားလုံး အသုတ်ဟာ ရောင်းရဖို့ မမြင်…။ လူတွေမှာက အချိုကြိုက်သူ များတယ်မို့လား… ချွေးသံတရဲရဲ ကျစေမယ့် စကားလုံး အသုတ်ကို ဘယ်သူမှ မကြိုက်…။ ကြိုက်လို့စားသူတောင် စိတ်မနှံ့သူလို့ အထင်ခံရမှာ သေချာပါတယ်။

ရဲခေါင်ကတော့ မရဲဘဲ ကျွဲပြဲစီးချင်သူပါ၊ လောကကို တခါတခါ အကောင်းမြင်၊ တခါတခါ တယောက်ထဲ စိတ်ဓာတ်တွေကျ၊ တခါတခါတော့ ၀င်းပနေတဲ့ လပြည့်ကလေးနဲ့ နေရတာကိုပဲ လောကနိဗ္ဗာန်လို့ ထင်… သူကလေး နေမကောင်းချိန်၊ စိတ်ကောက်ချိန်မှာတော့ တလောကလုံးကို အမုန်းစိတ်နဲ့ မြင်…။ ကမ္ဘာဟာ လင်းရက်နဲ့ မှောင်နေသလိုလို…။ အားလုံးဟာ နေသားတကျ မရှိတော့… သူ့ကြည့်ရတာကိုက ရဲခေါင်ဟာ ရဲခေါင် မဟုတ်တော့သလို…။

ကိုဝတုတ်သာ မဝေဖန်ခဲ့ဘူးဆိုရင် ရဲခေါင်ဟာ သူ့စကားလုံးအလုပ်ကို အဟုတ်မှတ်နေဦးမယ်။ သူ့မှာ လုပ်စရာ ရှိတာဆိုလို့ စိတ်ကူးယဉ်တာရယ်၊ တဖြည်းဖြည်း ပူလာနေတဲ့ ဗိုက်ကို ကျမသွားအောင် ဘီယာလေး ပုံမှန်သောက်ပေး နေရတာရယ်၊ နိုင်ငံရေးသမားလိုလို စာပေသမားလိုလို တောင်ပြောမြောက်ပြော၊ တောင်ရေးမြောက်ရေး၊ တောင်ဆွေးနွေး မြောက်ဆွေးနွေး လုပ်ရတာရယ်… ကမ္ဘာထဲမှာပဲ ကမ္ဘာခြားနေတဲ့ လူသားတယောက်လို…။

လပြည့်က သူ့ကို ပြောတတ်တယ်၊ အလုပ်ကို သေချာလုပ်ဖို့… အနာဂတ်ဆိုတာကို လက်ရှိအခြေအနေတွေကနေ တဖြည်းဖြည်း တိုးမြှင့် တည်ဆောက်ဖို့… အချိန်တွေ မဖြုန်းဘဲ တခုခုကို ဖြစ်ဖြစ်မြောက်မြောက် ဖြစ်အောင် လုပ်ဖို့…။ အချိန်တွေ ကုန်နေသလောက် တဘူတာပြီး တဘူတာ ရောက်နေလို့… ခရီးပေါက်ဖို့ကို လပြည့်က သတိပေးတတ်တယ်၊ ဆုံးမတတ်တယ်။

ရဲခေါင်က ခပ်ဟဟရယ်တယ်၊ မိန်းမတယောက်ကများ သူ့ကို ဆုံးမရတယ် ရှိသေးတယ်လို့လည်း မခံချိမခံသာဖြစ်တတ်တယ်။ ဒါပေမဲ့ ဒီမိန်းမက တခြားသူမဟုတ်… သူ ချစ်ရတဲ့သူ၊ သူရဲ့လမင်း… ထွန်းလင်းကောင်းကင်… စကားလုံးကြယ်လင်းတွေ ခစားရတဲ့သူ…။ ကဗျာတွေတောင် သူ့လောက်ကဗျာမဆန်၊ နတ်သမီးတွေ ငေးရတဲ့သူ၊ ရဲခေါင်ကို ရူးစေသူလို့ အဆုံးသတ်လည်း မမှားတဲ့ စကား…။

ဒါပေမဲ့ ရဲခေါင်သိနေတယ်။ ယောက်ျားတယောက်ကို ခပ်ပေါ့ပေါ့ မြင်တတ်တဲ့ မိန်းမတယောက်ဟာ တသက်လုံး ဒီယောက်ျားကို ဒီလိုပဲ မြင်သွားလိမ့်မယ် ဆိုတာကို… သူကတော့ မိန်းမတယောက်ကို လေးလေးစားစားနဲ့ပဲ ချစ်ချင်တယ်၊ ရင်ခုန်သံတွေ တုန်တုန်နဲ့ အယောင်ယောင် အမှားမှားဖြစ်လို့… အခု လပြည့်ကို ချစ်နေရသလိုမျိုး လေးလေးစားစား ချစ်ချင်နေတယ်။ ချောင်ချောင်ချစ်လို့ ပြောရမလားတော့ မသိပါဘူး… လပြည့်ကြောင့် သူ့ဦးနှောက်တွေဟာ တဖြည်းဖြည်း အလုပ် မလုပ်တော့ဘူး ထင်ပါရဲ့…။

လပြည့်ဟာ အခုတလော သူ့ကို စကား သိပ်မပြောတော့ဘူးလို့ ရဲခေါင် ခံစားရတယ်။ ဒီညဟာ လပြည့်ည… သိပ်လှတဲ့ လပြည့်ညပေါ့။ ဘယ်လောက်လှလှ သူမှ မထွန်းလင်းရင် အလကားပါပဲလို့ ရဲခေါင်တွေးတယ်။ စိတ်ထဲမှာလည်း မချင့်မရဲ… မပိုင်ဝက်မွေး ဘ၀မို့ ဘ၀ဟာ ဆိုးလှတယ်လို့ ကိုယ့်ကိုယ်ကိုယ် မှန်ပြန်ကြည့်ပြီး ခေါင်းငိုက်စိုက်မိတာ အကြိမ်ကြိမ်… မျက်နှာတောင် အခုတလော မည်းမည်း လာတယ်။

လပြည့်ရယ်… ကလိုက်စမ်းပါ…။ ငါ့စကားလုံးတွေကို ပစ်ပေါက် ဟစ်ကြွေးလိုက်ပါရစေ… ဂီတသံစဉ်တွေကို စိတ်ကြိုက် သီကျူးခွင့်ပေးပါ။ ပြန်မရတော့မယ့် အချိန်တွေမို့ အများကြီး မစဉ်းစားစမ်းပါနဲ့… အများကြီး မတွေးစမ်းပါနဲ့…၊ ငါ့ကိုလည်း အများကြီး မတွန်းထိုးပါနဲ့…။ မကျေနပ်လို့ အသေသတ်ချင်လည်း သတ်ပါ၊ ဒါမှမဟုတ် အနေခက်လို့ ဒီကမ္ဘာမှာ ငါ့ကို ထားလို့ တခြားကမ္ဘာကို သွားလိုလည်း သွားပါ။ တခုတော့ တောင်းဆိုပါရစေ… ၀င်းပစမ်းကွယ်… လပြည့်ရယ်…။

၂၀၁၂၊ မတ် ၇။ တပေါင်းလပြည့်၊ ညသန်းခေါင်။

ဘန်ကောက်။