Category: ကဗျာ


ကစားပွဲ

အရှုံး အနိုင် သရေ သုံးမျိုးတည်း မဟုတ်ပါဘူး

ကစားဖြစ်တယ် ကစားတယ် တွေ့တယ် ဆုံတယ် အဲဒါတွေပါ ထည့်သွင်းရမယ်

ပျော်ရင်လည်း ပျော်မယ်

အဖြည့်အဖြစ် နိုင်သူပျော်ဖို့ ပါရင်လည်း ပါရမယ်

ဒါကြောင့် ကစားဖို့လိုတယ်

အားကစားလောကမှာတော့ အားကစားစိတ်ဓါတ်လို့ သုံးနှုန်းတယ်

ရှုံးမှာမို့ မကစားဘူးလား

သရေမလိုချင်လို့ မကစားဘူးလား

မကစားနဲ့ပေါ့

ကစားခြင်းရဲ့ အရသာကိုတော့ လွဲချော်သွားလိမ့်မယ်

သိပ်မြင့်သွားသူတွေကတော့ ပုံပြင်ဆန်သွားတယ်

နိုင်ပေမယ့် နိမ့်သူဘက်ဖြည့်တွေးပြီး

အလျှော့ပေးလို့ ပျော်စေလိုက်တယ်

နိမ့်သူကလည်း တော်သူကို နိုင်အောင် အတင်းကစားတတ်တယ်

သရေလုပ်ပြီး ညီညွတ်မှုယူ အပျော်ခွဲယူ လိုက်တာမျိုးကလည်း ရှိသေးတယ်

ရှုံးသူကတော့ မျက်ရည်စက်လက် အံတကြိတ်ကြိတ်ပေါ့။

တစ်ခေါက်ဖြစ်ဖြစ်တော့ ကစားကြည့်လိုက်ဖို့ကောင်းတယ်။

နိုဝင်ဘာ ၁၄၊ ၂၀၀၈။

အိပ်ချင်နေတဲ့ ဒီမျက်လုံးတွေမြင်လည်း

ဟိုဘက်လှည့်နေတော့

စိန်မခေါ်ပါဘူး

တစ်ယောက်တည်းပဲ အိပ်ပါ့မယ်။

စိတ်မထင်ဘဲ လုပ်ချင်ရာ လုပ်တတ်သူမို့

ကြိတ်ချင်လည်း ကြိတ်ထည့်လိုက်ပေရော့

နက်မှောင်တဲ့ ဒီလမ်းမပေါ် ငါအိပ်နေခဲ့တယ်။

ခေါင်းချည်းပဲ မာရုံတင် မဟုတ်ဘူး

စိတ်ကလည်း မနှံ့တဲ့သူမို့

ခေါင်းနဲ့စိတ် ဟက်တက်ကွဲအောင် ရိုက်ထည့်သွားပေါ့။

အူရိုင်း န- ၁။ အရက်မသောက်ဖူးသူ ၂။ (ဥပစာ)အချစ်ကိစ္စစသည်တို့တွင် အတွေ့အကြုံမရှိသေးသူ။

နိုဝင်ဘာလ ၂၄၊ ၂၀၀၈။

လှတယ်
ဒါပေသိ မမြင်ရဘူး
မြင်တတ်မှ ဒါမှမဟုတ် ကြုံကြိုက်မှ မြင်ရတာမျိုး

ဟန်ပန်က သွက်တစ်မျိုး ငြိမ်တစ်မျိုးမို့
ခန့်မှန်းရခက်တယ်
ဒါကပဲ အထာတစ်မျိုးဖြစ်လို့

အသက်အရွယ်တွေ ရကုန်မှတော့
ခံစားချက်သက်သက်သာ ကျန်တယ်
လွယ်သလိုလိုနဲ့ လွမ်းဖို့ကောင်းတယ်

ငြိမ်ငြိမ်နေတဲ့ ညမှာမှ တွေ့တတ်တယ်
ညက်ညက်ကလေးနဲ့ ရက်စက်တယ်
အဲဒါကိုကပဲ လှပတယ်

လှပါလေ
ဒီညတွေထဲ လှပါလေ
လှပါလေ။

ဧပြီ ၄၊ ၂၀၀၉။

စိတ်ကိုအတုလုပ်လိုက်တယ်
စိတ်က အတုဖြစ်သွားတယ်
သရုပ်ဆောင်တွေ သရုပ်ဆောင်သလိုမျိုး
အတုတွေနဲ့ အစစ်ဟန်လုပ်တာ
ကိုယ်ကိုယ်တိုင်လည်း အတုတစ်ယောက်ပါပဲ
သရုပ်ဆောင်တွေလို အများအကြည့်မခံရတာပဲရှိတယ်
ကိုယ်ကိုယ်တိုင်ပြန်ကြည့်ရင်း
စုတ်တသပ်သပ်ဖြစ်နေရတယ်
အတုကြီးနဲ့ဟန်လုပ်ကောင်းနေလို့လေ
ရယ်နေတာကိုပဲ ကြည့်ရင်း ရယ်နေရတော့တယ်။

ဧပြီ ၄၊ ၂၀၀၉။

ဝေဒနာဟာ ကြေညာစရာမလိုဘဲလာတယ်
သေရာအောင် ပါမလားမှတ်တယ်
ခေါင်းတစ်ခုလုံးဟာ အုံခဲကိုက်လို့
နာကျင်မှုဟာ ရင်မှာပြည့်တယ်
နာဟာ ရနေရင်း လိုနေသူဖြစ်တယ်
တရားသိရင်း တရားမဲ့နေသူဖြစ်တယ်
ဘ၀ဟာပေါ့ပေါ့နေသလောက် ခက်နေတယ်
ဘယ်လိုပျော်အောင်နေနေ မပျော်ဘူးဖြစ်နေတယ်
ဟိုဟာလိုသလိုလို
ဒီဟာလိုသလိုလိုနဲ့
ရင်ဟာပြည့်ပြည့်နေတတ်တာ နေလို့တောင်မကောင်းဘူး
တွေးတွေးရင် ခေါင်းကိုက်တယ်
ရင်အောင့်တယ်
ဖြေဆေးမတွေ့သေးတဲ့ သေအံ့မူးမူးအဆိပ်မိသူလို
နေအလွန်ပူတဲ့နေ့တွေကြားမှာ
အအိပ်အစားမြန်ရင်း
နာ ရူးနေတယ်။

ဧပြီ ၃၊ ၂၀၀၉။

မဖြေထားတဲ့ မေးခွန်းတွေ
နာ့ကို စောင့်နေ
ဘယ်သွားမှာလဲ
ဘာလုပ်မှာလဲ
အကြိမ်ကြိမ်
လိမ်

အခုထိ ဇွဲကောင်းကောင်းနဲ့ စောင့်နေကြတုန်း
နာကလည်း ပြေးဆဲ

ခက်ခဲလွန်းလှချည်းလား
မျက်ရည်ရစ်ဝဲ
ဘ၀ထဲ။

ဧပြီ ၁၊ ၂၀၀၉။

DREAM!

ပန်းချင်းထိလို့ အိသလိုမျိုး
ကြွေတဲ့ နွမ်းတဲ့အထိ
ကျွန်တော် မဆာပါဘူး
ရင်ထဲမှာပဲ မြင်တယ်၊

မခံစားဖူးဘူး
ဒါပေသိ သိတယ်
ဒီဟန်လေးတွေပါပဲ
ရူးပေါ့၊

ကိုယ့်ဟာကိုယ်ပြန်ရှာရင်း
အဲဒီမှာတွေ့တယ်
ကြောက်နေတာနဲ့
မတိုးရဲတော့ဘူး၊

ရောင်နီဖြန်းချိန်
အပူတိုးချိန်
ဘယ်လိုမှသည်းမခံနိုင်တော့တဲ့အဆုံး
လန့်နိုးလိုက်တယ်။

ဧပြီ ၁၊ ၂၀၀၉။

ရှ

ပန်းနွယ်ခွေလေး စမ်းနှယ်တကယ်အေး
ဒီပုံအတိုင်း ရှာရခက်ပေါ့
မောင်ရင်ဟာ အရင်လိုမဟုတ်
တဒုတ်ဒုတ်နဲ့တိုးတဲ့ သွေးဟာ ပူလောင်ဆူမြိုက်
မမထိုးတဲ့ အရှိုက်ဟာ ထိတယ်
မမသေးသေးအပြုံးမှာ ညိတယ်

ထူးဆန်းမှုဟာ ဟိုဘက်ကမ်းမှာ ရှိတယ်
နေမထိ ထိုင်မသာ ဘ၀မျိုး
တစ်စက္ကန့်လေးမှတောင် မတမ်းတခဲ့သူမှာ
အချိန်ပျောက်သွားသယောင် ရူးတယ်
သူမကတော့ အခုထက်ထိ မသိသေး
လှပ်လှပ်ကလေး လုပ်နေဆဲ

အတွေးထဲမှာလည်း တဖျပ်ဖျပ်
နန်းဆန်ဆန်လေး ပေါ်လာတတ်ပြီ
ဟိုအရင်ခံစားဖူးတာတွေနဲ့ မတူတော့ခက်ပြီ
ဒီဂရီတိုးပုံကတော့ ကြောက်စရာကောင်းနေပြီ
ရူးပြီ

မရေရာမှုတွေ များသထက်များလာ
သေချာနေတာတစ်ခုကတော့
အချိန်တိုးသရွေ့ ခံစားမှုတိုးလာမှာကိုသာ
ဘယ်လိုလုပ်ရပါ့လိမ့်
ဘာဆေးစားရပါလိမ့်
တသိမ့်သိမ့်နဲ့ ရူးရတာ မကောင်းလိုက်တဲ့အမျိုး
နောက်ကျောဓားထိုးခံရသလို
ဒီဘ၀တော့ ဆဲရင်းသေရတော့မယ်ထင်ပါ့။

မတ် ၃၁၊ ၂၀၀၉။

လိမ်ဖွဲ့ဖို့ ကြိုးစားပေမဲ့ ရှိန်ရတဲ့ဘ၀မှာမို့ ထိန်ခဲ့ရတဲ့အကြိမ်ပေါင်းမှ မနည်းတော့တာ
ညှို့ရက်နိုင်အားတယ် ရိုးရိုးလေးနဲ့
ရိုင်းခဲ့တဲ့မျက်လုံးတွေကိုလည်း မထိန်းနိုင်ခဲ့ဘူး ငြိမ်ရတဲ့ဘ၀မှာ
အိပ်မက်ဟာ အကြိမ်ကြိမ်ဆိုတော့ ထူးပြီးဆန်းနေတာချည်းဖြစ်လို့
မယုံခဲ့လို့ မလုံခဲ့လို့ မထုံခဲ့လို့ မကစားတော့တာပါ
ဒီလိုနဲ့ အချိန်တွေဝေးသွားမှာ မလိုလားပေမဲ့ ဒီအတိုင်းပဲကုန်တယ်
အားမရဘူး ကိုယ့်ကိုယ်ကိုယ်
ဘယ်အချိန်များမှာမှ ဒီအင်အားတွေ ရှိလာမယ်
ခုတွင်းချင်းကို သတိရနေပြန်ပေါ့ သူ မပြေးပေမဲ့ ဝေးနေသလို ခံစားရတဲ့ဘ၀ဟာ မမိုက်ဘူး
အောက်တယ် မချစ်ရတဲ့ဘ၀ဟာ ကြောက်တယ်။

မတ် ၃၁၊ ၂၀၀၉။

ဘုရားတရားတလို့ မနေရတဲ့နေ့

စိတ်မညစ်ရတဲ့နေ့

ကြည်နူးရတဲ့နေ့

ဒီလိုနေ့တွေမှာ အားရှိတယ်၊

 

နောက်တစ်ခါ

တက်ကြွတဲ့အခါ

သူနဲ့တွေ့တဲ့အခါ

ရယ်မောမိတဲ့အခါ

အားရှိနေပြန်တယ်၊

 

မထားခဲ့ပါနဲ့

မသွားလိုက်ပါနဲ့

ဘေးနားလေးနေ

တီးတိုးစကားပြော

လက်ကလေးကို ဆုပ်ထား

အားရှိနေဖို့၊

 

ရယ်ကလေးရယ်

နူးညံ့မှုလေးတွေနဲ့

သွက်သွက်ကလေး နေပေးပါ

သေအောင်တုန်ပစေ

အားရှိလွန်းလို့ပါ။

 

မတ် ၂၅၊ ၂၀၀၉။

ထားခဲ့ဖူးတဲ့သစ္စာ

ဒီဘ၀မှာ နင်တစ်ယောက်တည်း

မပြောင်းမလဲချစ်မှာ။

အခုတော့များကွာ

ဝက်သားတုတ်ထိုးစားသလို

ကြိုက်ချက်က များလိုက်တာ

အကုန်လုံး စားချင်နေတာပါပဲ။

ထားခဲ့တဲ့ သစ္စာ

ပြင်ရမလိုလိုပါပဲ

အခုတော့

နာကျည်းစရာကောင်းအောင် 

မထတမ်းစားချင်နေတာပါပဲ။

 

မတ် ၂၄၊ ၂၀၀၉။

တစ်ရက်သားမှာ

မှန်ရှေ့ထိုင်ရင်း ကိုယ့်ရုပ်ကိုယ်ရှု

မျက်ခုံး မျက်လုံး နှာခေါင်း နှုတ်ခမ်း

စောကြောဝေဖန်

ကောက်ချက်လှလှ ဖော့ဖော့ချ၏

လူချောလေးပါတကား။

 

ခဏတွင်း၌

စိတ်တွင် အတွေးပေါ်မိပြန်သည်

နာ့ မျက်ခုံးလှုပ်၍ ရသလား 

ရ၏

မျက်လုံးမျက်တောင် ခပ်၍ ရလား

ရ၏

တစ်ခါ…

နှာခေါင်း၊ နှုတ်ခမ်း

နေ့စဉ် ရှုရှိုက် စားသောက်နေတာ

သွက်သွက်တောင် လှုပ်ရ၏

ကျန်သည့် အပိုင်းများကော

အလှုပ်ကြီးနဲ့ အလှုပ်လေးသာ ကွာသည်

ရပါ၏

နားရွက်တစ်ခုကျန်၏

နာ့ ဆရာ

ရပြန်၏

ထူးပေ၏ ဆန်းပေ၏

ဤကား ကျွန်ုပ်ဂေါက်ပြီးနောက် အဖြစ်အပျက်တစ်ခုပေတည်း။

 

မတ် ၁၉၊ ၂၀၀၉။

၁၃ သောကြာ

ဖေဖော်ဝါရီမှာ တစ်ကြိမ်

မတ်မှာ တစ်ကြိမ်

လာမယ့် နိုဝင်ဘာမှာ တစ်ကြိမ်

တစ်နှစ်မှာ သုံးကြိမ်

အို ဒီနှစ်မှာ အများဆုံးပေါ့

၁၃ သောကြာ သုံးကြိမ်ပါ နှစ်တစ်နှစ်ထဲမှာ

လာမယ့်နှစ် ၂၀၁၀ မှာတော့ တစ်ကြိမ်သာပါ

သြဂုတ် ၁၃ မှာ

၁၃ သောကြာ လှလိုက်တာ

အစဦးကို စလိုက်တာ

ကဗျာလေး ပွင့်လာတာ

မင်းကလေး သိစေချင်ပါဗျာ။

 

မတ် ၁၃ (သောကြာ)၊ ၂၀၀၉။

အမှတ်တရ အမှတ်မထင် တွေ့ရှိမှု။

နောက်ဆုံးစကားတစ်ခွန်းလား

ပြောလိုက်တဲ့စကားတွေ

နောက်ဆုံးအမှတ်တရလား

ထင်ကျန်အောင်လုပ်ခဲ့တာတွေ

မကြောက်ဘူးလား

ပြောချင်ရာပြော လုပ်ချင်တာလုပ်နေတာ

ခေါင်းငိုက်စိုက် ခေါင်းမော့လိုက်

စိတ်ထဲရှိတဲ့အတိုင်း 

ထင်ရာစိုင်းနေတာများ

ပေါ့ပေါ့ပါးပါးရှိလွန်းတယ်

နှုတ်ခမ်းများ တပြင်ပြင်နဲ့

ပြောမယ်ချည်း ဆဲမယ်ချည်း

အမယ် အားရှိလှချည်လား

အားရလှချည်လား

နည်းနည်းနောက်ဆုတ်ကြကွယ်

တစ်ပတ်ကျွမ်းလည်း ထိုးဦးမယ်ဆိုပဲ

ရဲသမှရဲ 

ကိုရဲကြီးကတောင် အဖေခေါ်ရဦးမယ်

ကံဇာတာချုချာလာပုံက

ရူပါတောင် နုံချာသွားတော့တယ်

ဘ၀ဇာတ်ဆရာရယ်

ပို့လိုက်တော့ ဟိုဘက်ထဲ

ဒီမှာ မင်းသားဆဲ နေတယ်

………………….

………………….

…………………..

ကြားတာတော့

ဘာဖြစ်ချင်သလဲ တဲ့။

 

မတ် ၁၃၊ ၂၀၀၉။

အချိန်မရွေးဘူး

နေရာမရွေးဘူး

အရွယ်မရွေးဘူး

အကြောင်းမရွေးဘူး

ချက်ချင်း သေနိုင်တယ်

ခဏနေ သေနိုင်တယ်

နောက်ကျမှ သေနိုင်တယ်

သူ့မှာ ဆန်းကြယ်မှုတွေ ရှိတယ်

မာမာချာချာကြီးလည်း သေတယ်

သွက်သွက်လက်လက်ကလေးလည်း သေတယ်

အိုကြီးအိုမ သေတာကတော့ ပြောစရာမလို သေတယ်

ဆရာဝန်ကြီး အင်တာဗျူးဖြေရင်း သေတယ်

ကြွက်သားသန်စွမ်း ကြံ့ခိုင်သူကြီး သင်္ဘောမှောက်လို့သေတယ်

ဗုံးခွဲခံရလို့ သေတယ်

မိသားတစ်စုလုံးကို သတ်၊ ကိုယ့်ကိုယ်ကိုယ်လည်း သတ်၊ သေတယ်

သေခြင်းကို မေ့ထားလို့ရတယ် 

ကျော်လွှား(သွား)လို့တော့ မရတယ်

သေတယ်

သေတယ်

သေမယ်။

 

မတ် ၁၃၊ ၂၀၀၉။