Category: ကဗျာ


အနုပညာ

ဘာဖြစ်လို့ တင်ပါးတွေ တုတ်အောင် ပြေးရတာလဲ
လှုပ်ရုံလေး လှမ်းပါ
မင်းဟာ ငါ့ အနုပညာ
ငါ သန့်သန့်လေး ခံစားပါရစေလား။

ဘာဖြစ်လို့ တည်တည်လေး ငုံ့ထားရတာလဲ
ပြုံးရုံလေး ပန်ပါ
မင်းဟာ ငါ့ အနုပညာ
ငါ အဖြူထည် ကြည့်ပါရစေလား။

ဘာဖြစ်လို့ စိတ်တွေကို ကျုံ့ထားရတာလဲ
ပွင့်ရုံလေး ပြပါ
မင်းဟာ ငါ့ အနုပညာ
ငါ နက်နက်နဲ တွေးပါရစေလား။

ဘာဖြစ်လို့ အချစ်တွေကို ထုတ်ထားရတာလဲ
ဥစ္စာခြောက် ကလေးရာ
မင်းဟာ ငါ့ အနုပညာ
ကြည့်နေရင်း… ငါကိုယ်တိုင် မင်းရဲ့ အနုပညာ…။

၂၀၁၁ ခုနှစ်၊ ဇွန်လ ၃၀ ရက်။ ည ၁၀ နာရီ။

ခြေလှမ်းပါပဲ
ဒါပေမဲ့ စကပ်အနားတွေ တွန်းထိုးလှုပ်ရမ်းနေပုံက
ဒီလူရင်ခုန်သံနဲ့အပြိုင်…။

ဘာမှလည်း ပြောတာ မဟုတ်ဘူး
လူကိုတောင် မကြည့်ဘူး
အဲဒီအနားတွေနဲ့တော့ ဆက်ထားသလိုမျိုး…။

အနိမ့်အမြင့် အတက်အကျ
အပိုအလို မရှိ၊ နေသားကျလိုက်ပုံက
၂၄ နာရီတပတ် လည်နေသလို…။

ခက်တာက ခံစားတတ်တာ၊ သိမှတ်လွန်းတာ
ဒီလူလည် ခံရသမှ ဟက်တက်ကိုကွဲ
အဲဒီ အနားပတ်လည်လေးမှာ…။

၂၀၁၁ ခုနှစ်၊ ဇွန်လ ၈ ရက်။ ဗုဒ္ဓဟူးနေ့။
ည ၁၁ နာရီ။

ဒီကဗျာကို ရေးခွင့်ရဖို့ မွေးဖွားပေးခဲ့တဲ့
မိဘနှစ်ပါးကို ကျေးဇူးတင်ပါတယ်

ပညာသင်ပေး ဘ၀မြှင့်တင်ပေးခဲ့တဲ့
မေမေ့ကို ကျေးဇူးတင်ပါတယ်

ငွေကြေးအထောက်အပံ့ နေစရာအထောက်အပံ့ပေးခဲ့တဲ့
အဖိုးကို ကျေးဇူးတင်ပါတယ်

အလုပ်လုပ်ခွင့် လမ်းကြောင်းဖွင့်ပေးခဲ့တဲ့
လက်ဦးဆရာကို ကျေးဇူးတင်ပါတယ်

မျက်စိကြီး နားကျယ် အသိပိုး ကြွယ်စေဖို့
တိုင်းတပါးပို့ စာသင်စေခဲ့တဲ့
ဆရာအရှင်ကို ကျေးဇူးတင်ပါတယ်

လုပ်ချင်ရာရာ တက်တက်ကြွကြွ လုပ်ခွင့်ပေးခဲ့တဲ့
အလုပ်ရှင်ကို ကျေးဇူးတင်ပါတယ်

စိတ်ဓာတ်ကျတက် ခံစားချက်ပြင်း
သူ့မျက်နှာကဲ အမြဲထောက်ရှု ဝေဖန်မှုပြုခဲ့တဲ့
မေမေ့ကို ကျေးဇူးတင်ပါတယ်

နိုင်ငံရပ်ခြား တိုင်းတပါးမှာ အလုပ်လုပ်ချင်တဲ့ သူ့အတွက်
လက်တွဲခေါ်ယူခဲ့သူကို ကျေးဇူးတင်ပါတယ်

ဝေးရပ်မြေမှာ နွေးထွေးရပ်ဝန်း ဖော်ဆောင်ထားတဲ့
လုပ်ဖော်ကိုင်ဖက်တွေကို ကျေးဇူးတင်ပါတယ်

ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်

ရထားပေါ်မှာ ခွေးနက်တကောင်
မမြင်ရသခင် ငါမြင်ရစဉ်
ပိုင်ဆိုင်ရသော မျက်လုံးတွေအတွက်
ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်

ရုပ်သံသတင်း နားစွင့်စိုက်ရင်း
ဖန်သားပြင်ထောင့် လူရုပ်ငယ်လေး လက်များလှုပ်ခတ်
မကြားရသူများအတွက် အကြားစကား ပြောကြားနေခိုက်
ကြားခွင့်ရနေတဲ့အတွက်
ကံကြမ္မာကို ကျေးဇူးတင်ပါတယ်

မွှေးနံ့ချိုအီ အလီလီသော ရသာအပေါင်း
ခံစားနိုင်ကြောင်း ဒီနှာခေါင်း
ကောင်းကောင်းမှန်မှန် သုံးနိုင်ရန်အတွက်
ကျေးဇူးတင်ပါတယ်

ကျန်းမာပါးစပ် ရွှေပါးစပ် ငွေပါးစပ်
ရမ္မက်အစုံ စုပ်ယူနိုင်မယ့်
ဒီနှုတ်ခမ်းနှစ်လွှာအတွက်
ကျေးဇူးတင်ပါတယ်

ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်

မပျက်မှတ်ဥာဏ်
စိတ်ကိုယ်ကပ်ငြိ
မှားမှန်ခွဲခြား အသိများတွက်
မိဘ ဆရာတို့အား ကျေးဇူးတင်ပါတယ်

ကျေးဇူးရှိက ကြေးသိပါလေ
စကားဆုံးမ သင့်ရာကြောင်းပြ ထိုနှစ်ဝတွက်
ကျေးဇူးအထူး တင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၆ ရက်။ နံနက် ၈ နာရီ။

တရား မတရား
လူအများသိပါစ
သူများသိသိ မသိသိ
ကိုယ်တိုင်သိပါ၏လေ…။

ဥပဒေအထက် မည်သူမျှမစွက်ရ
ခုတော့…
ဥပဒေဆိုတာ ရယ်စရာကောင်း…
ကောင်းသပေါ့
ဥပဒေဆိုတာ ငါလုပ်တာကွလို့အော်
မိုက်လို့ဆော်တာ ဘာဖြစ်သလဲလုပ်
အော်…ထိုက်သူစံသတဲ့လားကွယ်
ဘုရားကလဲ ခုထိ မရိုက်သေးဘူး…။

တပ်သားတစ်သင်းတစ်အုပ်နဲ့နေ
လက်နက်ခဲယမ်းမီးကျည်အပြည့်
မျက်နှာတွေ မဲ့ကာရွဲ့ကာ
မတူမတန်သလိုလုပ်
စကားများရင် ဧည့်လာမလုပ်နဲ့ကွာလို့
ဗြောင်ကိုဆော်ထည့်မှတော့
မှတ်ပလားကွ…ဒါ ငါဒို့ ဗမာ(မြန်မာ)လို့ ကြံဖန်ပဲ ဂုဏ်ယူရတော့မလို
ကမ္ဘာ့အလယ် အာဏာငမ်းသူတွေကြောင့်
ရှက်ပါဘိ အော့နှလုံးနာမိ…။

မြင်သမျှဟာ ရွှင်ပြစရာ တစ်ကွက်မှမရှိ
မိန်းမသားတစ်ယောက်အတွက်နဲ့
ယောက်ျားကြီးတွေ…
ဘောင်းဘီချွတ်ရ
တစ်ခါ ဥပဒေစကားလုံး လှိုင်လှိုင်သုံးလို့
သူခိုးလူလူ ဟစ်…
အင်း…လုပ်သမျှဖြစ်နေတဲ့ခေတ်ဆိုတော့လဲ
ရိုင်းကြစမ်းပေါ့ကွာ…။

လူမိုက်ထုတ်တဲ့ မိုက်ကြေးခွဲဥပဒေရယ်
မလိုက်နာရင် ရိုက်မယ်ပုတ်မယ် ညှင်းဆဲမယ်ဆိုတဲ့
စိတ်ကြိုက်အသာစီး လိုရာဆွဲတဲ့ဟာကို
ဒီကမ္ဘာမယ် မင်း ရှာကြည့်ဦးဆိုတော့…
ကောသလ္လအိပ်မက်ကယ်
ပြည်မြန်မာဝယ် ထွန်းပြီထင်ပါ့
လူမိုက်များ ကောင်းစားလို့
ပညာရှင်တို့ ရိုင်းသူထံမှောက် အခစားရောက်ပါပေါ့လေး…။

မိန်းမသားကို နေရာပေး
မိခင်လောင်းလေးတွေ ချစ်တဲ့နေရာမှာ
မြန်မာထက်သာတဲ့နိုင်ငံ…
ဟိုတုန်းကလဲ မရှိခဲ့၊ ခုထိလဲ ရှိအုံးမမြင်
ဒင်းတစ်သိုက်သာ ရိုင်းမိုက်တဲ့အကြံနဲ့
နှမချင်းလဲမစာနာ၊ မိခင်လိုမြင်ဖို့တော့ ဝေးလာဝေး
ဘာများသုံးစားရမလဲ၊ ဘယ်လိုများထိုးကျွေးရမလဲ
ခေါင်းခြောက်အောင်စဉ်းစား
ရန်များလိုက်တာကဖြင့်…
က္ကဿာ၊ မစ္ဆရိယ ကြောက်စရာကောင်းပုံများ
သူတို့တွေ မြန်မာမှဟုတ်ပါလေစ…
ဗုဒ္ဓတရားထွန်းကားတဲ့နိုင်ငံတဲ့
ဟား ဟား ဟား လို့တောင် ရယ်လိုက်ချင်သပဗျာ…။

ကြည့်ပါဦး ဒီနိုင်ငံ…
မိုးနဲ့မြေနှိုင်းစရာလားလို့ မပြောပါနဲ့
သေနာများက လုပ်ချင်ရာလုပ်ရင်တော့ နိုင်ငံတကာနဲ့နှိုင်း
ယှဉ်ကြည့်ကြစမ်းပါလေ…ဒို့လုပ်တာလွန်သလားတဲ့
အဲ…နိုင်ငံတကာနဲ့ပဲ ပြန်နှိုင်းပြီး ဒါလေးတော့ ပေးပါဗျာလို့တောင်းရင်…
ခုမှ ဒီမို(ကရေစီ)အစမို့ ဒါတွေတောင်းတော့ လွန်သပေါ့တဲ့လေ
မိုက်ခဲတို့ သားရေကွင်းဥပဒေ
လိပ်ဥပဒေ တောဥပဒေလို့ပဲ ခေါ်ဖို့ကောင်း
အားကြီးသူနိုင် ကိုယ့်ဖက်အပိုင်လုပ်ထားမှတော့…
ဝင်ပြိုင်သူ တစ်အိမ်လို ဖဲဝိုင်း ၀င်ထိုင်သလိုပ…။

ပြောပါရစေဦး
ဒီမှာများ…မနေ့ကအထိ ပြိုင်ဘက်
ထိုးချက်နှက်ချက် အပြတ်အသတ်ကိုလုပ်တာ
အဲ..နောက်တစ်ရက်ကျတော့
ညွန့်ပေါင်းအစိုးရ အတူဖွဲ့သတဲ့
David နဲ့ Nick အပြုံးမပျက် အလုပ်အတူလုပ်နိုင်သတဲ့
နိုင်ငံ့အကျိုး ပြည်သူ့အကျိုးကြည့်သတဲ့
တည်ငြိမ် အားကောင်းတဲ့ အစိုးရဖြစ်ဖို့တဲ့လေ…။

အော်…အရင်ကတော့ ကောင်းသွားမှာပါလေ
ကြောင်ကြာကြာ ရေမငုပ်ပါဘူး
မုန်တိုင်းပြီးရင် လေပြည်လာမှာပါနဲ့…
အကောင်းမြင်သမား လုပ်လိုက်ရတာ
အစိုးရများ ထိခိုက်စကားပြောလာရင်
ကြားကနေ စိတ်မကောင်းဖြစ်လိုက်ရတာ
ရုပ်ကြမ်းစိတ်ကြမ်းတွေမို့
စကားချိုချို အပျော့ဆွဲနဲ့ ဆက်ဆံကြည့်ဖို့ တိုက်တွန်းကြည့်ခဲ့ရတာ…။

ခုတော့…
မှားပေါ့..မှားပါပေပေါ့
ကျောချမှ ဓားပြမှန်းသိပါပေါ့
ဝါးရင်းတုတ်စာမိမှ တကယ်ရိုက်ပါပေါ့
ကျည်ဆန်တွေဖောက်ကာဝင်မှ တကယ်ပစ်ပါပေပေါ့နဲ့
မြန်မာ့ရာဇ၀င်မှာ မသတီစရာ စာတင်အောင်ရိုင်းမဲ့ ဗြောင်လိမ်တွေ…
မိအေးအော်တာသာ သိတယ်
ဒီမောင်တွေရိုင်းချက် ဆိုးညစ်ချက် အချက်ရာထောင် ပလီပလာ ရယ်စရာတွေကို
သားတရာကျမှသိမဲ့ ယောင်တွေလို မဖြစ်စေဖို့
အဖြူအမဲကွဲကြဖို့အရေး
ဒီကဗျာစီကာ ဖွဲ့ရပါကြောင်း…မြန်မာတို့…။

၂၀၁၀ ပြည့်နှစ်၊ မေလ ၁၅ ရက်။ စနေ ည ၉ နာရီ။

ကလေးက ငို
သေးက စို
ဥတုက ပူ
သေးစို လျှော်ဖို့ ရေမရှိ
ပူ ငို နံ သိ
မေ့မျက်နှာ ဆီးရွက်အကြည့်

အော်…
ပြည်သူများနှယ်
မိ မကယ်နိုင်၊ ဖ မကယ်နိုင်
ဆရာ မကယ်နိုင်၊ သိကြား မကယ်နိုင်
သမား မကယ်နိုင်
ဘုရား မကယ်နိုင်တော့ဘူးလား

တောပျက်လို့ တောင်ကတုံး
အင်းကောပြီး အိုင်ပျက်
ရက်စက်ချက် နွေအပူ
သားငယ်တို့ မတုနိုင်ဘူး
ဘွားရွယ်တို့ သက်စွန့်ကာ ကူး

ကပ်ကမ္ဘာ ပြည်မြန်မာ ရောက်လာပြီလော
ရေပေးပါ ရေပေးပါ
မိုးရွာပါ မိုးလာပါ
သတ္တ၀ါဝေနေယျာတို့ အပူမီးငြိမ်းဖို့
မေတ္တာပေးပါ ရေပေးပါ
မိုးရွာပါ မိုးလာပါ
မိုးလာပါ၊ မိုးရွာပါ

ဘုရားအစ…
သိကြားဝိဇ္ဇာ၊ နတ်ဝိဇ္ဇာတို့ မှိုင်းမလို့
စေတနာရှင် အလှူရှင်တွေ
ဝိုင်းကြသိုင်းကြလို့
(ဆု)မတောင်းဘဲပြည့်တဲ့ ဒီအလှူ
ဆယ်ပါးအပြား မခြားဘဲရမဲ့ ဒီအလှူ
မေတ္တာပေးပါ၊ ရေပေးပါ
ရေပေးပါ၊ မေတ္တာပေးပါ
မေတ္တာပေးပါ၊ ရေပေးပါ
မိုးရွာပါ၊ မိုးလာပါ။

၂၀၁၀ ပြည့်နှစ်၊ မေလ ၁၅ ရက်။ စနေ၊ နံနက် ၂ နာရီခွဲ။

အမေက တနယ်တကျေးရောက် သားကလေးအတွက် စိတ်ပူတယ်
နေမှကောင်းရဲ့လား
အဆင်မှပြေရဲ့လား
အထီးကျန်နေမလား
မိဘအတွက် အိမ်အတွက်မို့
စိတ်ဆင်းရဲပြီး မနိုင်ဝန် ထမ်းနေရသလား
အို…စုံလို့
အမေဆိုတဲ့ မိန်းမသားဟာ သားငယ်အတွက် ပူရှာပေါ့။

တကယ်တော့ အမေက
စစ်အစိုးရအောက် နေနေရသူ
မီးက ဘုရားစူးလာတယ်
ရေက လာတဲ့အခါလဲလာ မလာတဲ့အခါလဲမလာ
နေက ပူတာများ ကြောက်စရာ
သေကြတာများက …
နာရေး နှစ်မျက်နှာတဲ့၊ သတင်းစာထဲပါတယ်ပြောတာပါ
လွတ်လပ်တယ်ဆိုတာ အစာအိမ်ပဲ ရှိတယ်
ပြည်သူတွေ အဆင်မပြေလို့ အစာအိမ်ဟာ
လွတ်နေလပ်နေရှာတယ်။

တကယ်တော့ အမေ…အမေ့သားက
ဒီမိုကရေစီဘိုးအေဆိုတဲ့ နိုင်ငံမှာနေတယ်
အခန်းကျဉ်းထဲ နေရာတာကလွဲလို့
ရေ၊ မီး စုံတယ်
အိမ်သာသန့်သန့်နဲ့ နေရတယ်
အင်တာနက်နဲ့ ကမ္ဘာအနှံ့ အချိန်မရွေးရောက်တယ်
ရထား၊ ကား လမ်းပန်းဆက်သွယ်ရေး အလွန်ကောင်းတယ်
အိုင်ဖုန်းတကားကားနဲ့ ဟန်များကကြွယ်
အစားအသောက် မရှားပါးတဲ့အပြင်
အာဟာရပြည့်လွန်းလို့ လျှော့စားနေရတယ်

မပူပါနဲ့ အမေရယ်
ကျွန်တော် နေကောင်းပါတယ်
ကျန်းမာရေးအတွက်လဲ ပူစရာမလိုပါဘူး
ပညာရေးကလဲ ကမ္ဘာ့ထိပ်တန်းပါပဲ
စီးပွားကြပ်ခေတ်ထဲအတူတူ အလုပ်အကိုင် အဆင်ပြေပါတယ်
စည်းကမ်းနည်းလမ်းကျ လုပ်ရပေမဲ့ လွတ်လပ်ပါတယ်

ကျွန်တော်တကယ်ပူတာက
မြန်မာပြည်အလယ်ပိုင်းလိုပူနေတဲ့ ရန်ကုန်မှာ
အမေဘယ်လိုနေနေသလဲ
ရန်ကုန်ထက်ပိုပူနေတဲ့ မြန်မာပြည်အလယ်ပိုင်းက
သွေးချင်းတွေ ဘယ်လိုနေနေသလဲ
သေတဲ့သူတွေတော့ သေကုန်ပြီကြားတယ်
အော်…ပြည်သူတွေရယ်
ဆိုးညစ်တဲ့ အစိုးရကတစ်မျိုး
တိုးနှစ်တဲ့ ရာသီဥတုဖောက်ပြန်မှုက တဖုံမို့
မြန်မာပြည်လူဖြစ်ရ ကံသာလှဆို…
အခုတော့ ရူးမတတ်ခံနေရတာကို
သားမျက်စိ မြင်အောင်ကြည့်ရင်း

ဗုဒ္ဓဘုရားရှင်ထံတော်ပါး
ကျွန်တော့်ဇာတိရပ်ရွာ ပြည်မြန်မာမှာ
ခုနစ်နေ့နံသားသမီးတွေ စိတ်ဝမ်းအေးစေဖို့
ခန္ဓာ ကိုယ်လက်လန်းစေဖို့
သီးနှံ အထွက်သန်စေဖို့
မိုးမြန်မြန်ရွာပါစေကြောင်း…
ဆုမွန်တောင်းရပါတယ်အမေ
အမေစိတ်ချမ်းသာပါစေကြောင်း…….။

၂၀၁၀ ပြည့်နှစ်၊ မေလ ၁၅ ရက်။ စနေ၊ နံနက် ၂ နာရီ။

ဖေတို့ခေတ်က ဖေက ပြောတယ်
သား ကျားဆိုတာ စုံရသတဲ့
ဘာလာလာ ရယ်ဒီပဲတဲ့
ပေးမလား ယူမလား
အပိုပေးမလား လိုသေးသလား
အဆစ်ယူမလား ညစ်သူလား

အခုခေတ်တော့ သန့်သန့်လေးရယ်
တလိုင်းထဲတွေ များကြတယ်
ဆေးလား
ရေးလား
ပြေးလား
ဘေးလား
ဒါမှမဟုတ် အေးဆေးလား

ခေတ်ကိုက အလွဲကြီးလွဲ
တချို့က ခေတ်ကိုပုံ
ဒီအချိန်ဟာ စီးပွားအဖြစ်ဆုံးတဲ့
တချို့က ခေတ်ကိုယုံ

မိန်းကလေးတွေကို မကြည့်တော့ဘူး
လုံးဝကို မရှိတော့ဘူး
နပုန်းမတွေ ဆတ်ဆော့လူး
စုန်းမတွေ ချစ်တော့ဘူး

ကိုယ့်ဘ၀ဟာ ထူးတော့ဘူး
မူးမှောက်တာ မကောင်းပါဝူး
ရူးသလောက် ငါ
မမိုက်ပါဘူး ကြိုက်စရာဆူး စိုက်ကာလူး
အချိန်တွေကုန် ရင်တွေတုန် ဆင်ခြေဟုန်
ငါ နောက်တစ်ခါဆို…
….
……..
တလိုင်းကြောင်…။

၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၁၈ ရက်၊ ည ၁၁ နာရီ။

ငါ စိတ်ပူနေခဲ့တာပါ
အခုတော့ ပူတဲ့အတိုင်းဖြစ်ခဲ့ပြီ
ငါ အစိုးရိမ်လွန်ခဲ့လေသလား
ရမ်းထင်မှန်းထင် ကမ်းမမြင်ခဲ့တာလား
မဟုတ်ပါဘူး
ဘယ်လိုမှ ကောင်းလာမှာ မဟုတ်ဘူးလို့ သေချာသိနေခဲ့တာပါ
ဘယ်လိုသိလဲ
မသိဘူး
အလိုလိုသိတယ်

မကြိုဆိုချင်တော့ဘူး
တမင်တကာ လုပ်တာလည်း မဟုတ်ဘူး
ရှုပ်တာလည်း မဟုတ်ဘူး
ဖုတ်ခါလည်း မထူးတဲ့ဘ၀တွေ
ထူးမယ်ထင်ပြီး ကြိုပါပြီတဲ့
တကယ်က မထူးပါဘူး
အော် ရူးရချည်ရဲ့

အဖြေသိပြီးသား ပုစ္ဆာ
တွက်ရတာ အရသာမရှိတော့သလိုမျိုး
ဒီကြားထဲ ခဲဖျက်က လိုသလောက်မရ
အရူးက သူ့ဆရာဝန်ကို အရူးလို့ ပြန်ခေါ်သလိုဖြစ်နေတော့
ဘယ်လိုမှ ရယ်စရာမကောင်းပါဘူးလေ
ဒါနဲ့များ ဘယ်လိုစိတ်မျိုးနဲ့ ကြိုရဦးမလဲ

ကွယ်လွန်သူတွေ ကောင်းရာမွန်ရာရောက်ကြပါစေ
ကိုယ့်ဆုတောင်း ကိုယ်မယုံရဲ
ဘယ်လိုမှ ကောင်းရာမွန်ရာရောက်မဲ့ပုံမမြင်
ကျန်ခဲ့သူတွေ ရင့်နင့်အောင်ခံစားကြရမှာ
ငါ နှလုံးအောင့်ပြီး မျက်နှာမည်းလာတယ်
အော် ငါပဲ သေတာကမှ ကောင်းပါဦးမယ်
မယုံမရဲကြိုနေရမှာထက်စာရင်

ဘ၀ဟာ ဘ၀မဆန်မှတော့ ဘာများ ဆက်လုပ်ရတော့မလဲ
အလကားအသုံးမကျတဲ့ဘဝ
ပညာ သိက္ခာ ဘိတ်ကွာ ချိတ်ဟာ ထိပ်မှာ
ပြိတ္တာတွေလမ်းသလားပြီး လိပ်စာတွေ ပြောင်းကုန်မှတော့
ဘာလို့များ ကြိုဆိုနေဦးမှာလဲ
မကြိုဆိုဘူးကွာ
မကျေနပ်လဲ လဲသေလိုက်။

၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၁၆ ရက်။ ညဥ့်သန်းခေါင်၊ ၁၂ နာရီ။

ပစ်ပစ်ခါခါ မလုပ်ပါနဲ့ကွာ
နစ်နစ်နာနာကြီး ခံစားရတာမို့
မင်းကို မုန်းဖို့ စဉ်းစားလိုက်တိုင်း
ငါ့ကိုယ်ငါမုန်းဖြစ်သွားတာ အကြိမ်ကြိမ်တိုင်းမှာ

စိုက်စိုက်မကြည့်လိုက်ပါနဲ့
ခိုက်ခိုက်ထိအောင် အောင့်အင့်သွားတာ ဒီမှာ
နောက်ကိုပဲ လှည့်လှည့်ကြည့်ပြီး
ငါ့ကို ကြည့်တာမဟုတ်ပါစေနဲ့လို့ ဆုတောင်းမိခါခါ

ရိုက်ပါနှက်ပါ မင်းကြိုက်သလို ဆုံးမပါ
စကားမပြောဘဲနဲ့တော့ မနေပါနဲ့ကွာ
ဒီကမ္ဘာမှာ ငါ့အတွက် နေစရာ မရှိတော့လို့ပါ
ငါ အပြီး ထွက်ခွာသွားရမှာလား

အေး သေလိုက် အဲဒီကနေ ခုန်ချပြီး သေလိုက်လို့ မဆိုပါနဲ့လား
မင်း ဟိုဘက်မလှည့်ခင် ခုန်ချပြီးဖြစ်နေမှာနော်
ငါ မရူးပါဘူး မင်းအတွက် ထူးနေမယ်ဆိုရင်
အသက် ၅၀၀ ဘ၀ ၅၀၀ ငါ့အတွက် ရယ်စရာပါကွာ

သေသွားရင်ကော မင်းကို မချစ်တော့ဘူးလို့များ ထင်သလားဗျာ
ပေါ့ပေါ့ မတွေးပါနဲ့လားကွာ
မင်းကိုယ်ထဲ ၀င်လိုက် ခွာလိုက်နဲ့
မင်း လန့်ဖျပ်ပြီး ဘုန်းကြီးတွေ ပင့်တဲ့အထိ
ငါ ချစ်နေဦးမှာပါ
ငါ ချစ်နေဦးမှာပါ
ငါ ချစ်နေဦးမှာပါ….။

၂၀၁၀ ပြည့်နှစ်၊ ဧပြီ ၁၆။ ည ၁၀ နာရီ။

ဟိုဘက်ဒီဘက် ရွှေ့ရွှေ့နေရတာတင်
အဲဒီထဲမှာ ကျပ်နေတယ်
ဘာမှ မရှိဘူးလို့ ပြောမလား
အားလုံးရှိတယ်လို့ ပြောမလား ရတယ်

စိတ်မွန်းကျပ်ရင် ပြတင်းတံခါးဖွင့်
အေးတဲ့အခါ ပြန်ပိတ်
သတင်းကြည့်တဲ့အခါ ကြည့် လူမှုကွန်ရက်ကြည့်တဲ့အခါ ကြည့်
ကိုယ့်ဘာသာ ပျင်းရင်တော့ ရေရောပေါ့

ဒီလိုဆိုတော့လဲ နေလို့ဖြစ်သားပေါ့
ဘ၀ကြီးဟာ… ပျော်ပါတယ်၊ နေသာရင် နေစရာပါပဲ
ဟိုအဝေးကြီးက ကမ္ဘာကို ကြည့်တဲ့အခါ ဘော့လုံးလေး သာသာ
ကိုယ်ဟာ မမြင်ရတဲ့ စိတ်ထဲက လူတစ်ယောက် ခပ်မှောက်မှောက်လေး ရှိနေမှာပေါ့

ပြန်ကောက်ရရင်တော့ ဒီထဲမှာနေ ဒီထဲမှာမွှေ
စိတ်က ခဏနေ ရန်ကုန်ရောက်လိုက်၊ ဟိုဘက် ရောက်လိုက် ဒီဘက် ရောက်လိုက်
ပြန်ကောက်လိုက် ဖုတ်ဖက်ခါလိုက် ထောင်ထောင်ထလိုက်
ရယ်လိုက် ငိုလိုက် ပြုံးလိုက် မဲ့လိုက်
တစ်ယောက်ထဲကို ဖြစ်ချင်တိုင်းဖြစ်နေတာ အဲဒီအခန်းလေးထဲမှာ

ရှုပ်ပေပွနေတာကတော့ ပြောမနေပါနဲ့တော့ အမှိုက်ပုံလို
နေသာသလို နေတာလဲတကြောင်း တခြားအရေးကြီးတာတွေ လုပ်နေတာလဲတကြောင်းမို့
ကိုယ့်အနံ့တောင် ကိုယ်မသိတဲ့ပုံစံ လုပ်ထားတာ ကြာဖြင့်ကြာလှပေါ့
တစ်ပါးသူတွေအားနာပေမဲ့ ကိုယ့်အကြောင်းနဲ့ကိုယ်လေ
အချိန်ကိုက လောက်မှဖြင့်မလောက်ပေပဲကိုး တစ်နေ့ ၂၄ နာရီ

စာဖတ်လိုက် ဘလော့ဂ်ဖတ်လိုက် သတင်းကြည့်လိုက် သီချင်းညှိလိုက်နဲ့
ခပ်အေးအေးနေလိုက် ခပ်ဆွေးဆွေးကြွေလိုက်နဲ့
ကိုယ်တိုင်ဒါရိုက်တာ ကိုယ်တိုင်မင်းသား ဇာတ်ညွှန်းကလဲ ကျေပြီးသားဆိုတော့
ဘာပြောကောင်းမလဲဗျာ အကယ်ဒမီရှော့ခ်တွေချည်း လုပ်နေတာ
သေလောက်တယ် ဘ၀ ၂၀ စာလောက်

အထီးကျန်ခြင်းကို ပျော်မွေ့သူပါဆိုတော့ ဘုန်းကြီးဖြစ်မဲ့သူလို့ပဲ ဆိုချင်ဆို
ကိုယ့်အချိန်ကို နောက်တစ်ယောက်ကို မပေးနိုင်ဘူး
အလုပ်ကိုပေးရတာတောင် ပိုက်ဆံရနေလို့သာ
ဒီလောက်အတ္တကြီးမှတော့ ဒီအခန်းနဲ့ပဲတန်ပါတယ်လို့တော့ မဲ့ရွဲ့ကာ မဆိုလိုက်ပါနဲ့
ဟားတိုက်လို့ ပြန်မရယ်ဝံ့ပါဘူး ကိုယ့်အကြောင်းနဲ့ကိုယ်

ဒီအခန်းထဲနေ ဒီအခန်းထဲလေနေတော့ ဒီအခန်းလေးကိုပဲ ချစ်လာတာ
တစ်ခါတခါ အပြင်တောင် မထွက်ဝံ့တော့ဘူး
သူကလေး ပျင်းကျန်ရစ်မယ်ဆိုပြီး သက်ရှိတစ်ယောက်လို
အခန်းသံယောဇဉ်ကြီးလိုက်ပုံများ
ရယ်စရာကောင်းအောင် ရူးပါ့လို့ သြချကြမှာသိတယ်

ခက်တယ်လေ ဒီအခန်းလေးဟာ ငယ်တယ်ဆိုရင်တောင်
ကမ္ဘာကြီးကိုလည်း ဒီအခန်းထဲကပဲ မြင်နေရတာမို့ ကိုယ့်အတွက်တော့
ငယ်တာထက် ကျယ်လွန်းလိုက်တာလို့ပဲ ပြောရမှာပဲလေ
ဘာလို့ဆို မြင်အောင် ကုန် မကြည့်နိုင်လို့ပဲ

ပြောရမှာတော့ ရှက်တယ်
ရှက်ပေမဲ့ ပြောရမှာပါပဲ၊ လွတ်လပ်ခြင်းတွေ၊ တစ်ကိုယ်ရေဆန္ဒတွေ
ခံစားမှုတွေ၊ အလွမ်းတွေ၊ လွတ်လွတ်လပ်လပ် ရယ်လိုက်နိုင်တာတွေ
အားလုံးပေါ့ တကယ့်ကို အားလုံးပေါ့
ကိုယ့်အတွက် လတ်တလော လိုအပ်တဲ့ အရာအားလုံးဟာ
အဲဒီ ၁၀ ပေ ပတ်လည် အခန်းလေးထဲမှာရှိတယ်။

၂၀၁၀ ပြည့်နှစ်၊ ဧပြီ ၁၀ ရက်။ မွန်းတည့် ၁၂ နာရီ။

သားဖြစ်တုန်းမှာ သားကောင်းတစ်ယောက် ဖြစ်အောင်လုပ်မှ
သားကောင်းတိုင်းပြည် စည်ပင်ပေလိမ့်
သားကောင်းမဖြစ် သားညစ်ဖြစ်က
ကမ္ဘာပြောင်းရေး သိပ်မတွေးနှင့် သားကောင်းအရင် ပြုကျင့်ရာတည့်။

ဖခင်ဖြစ်ထိုက် ဖြစ်လိုက်ရလည်း ဖခင်ကောင်းလုပ် သားကောင်းထုတ်လေ
ဖကောင်းမဟုတ် လမ်းမှားဖောက်လို့
တိုင်းရေးပြည်ရာ ကျိုးပြုပါဘဲ
ကမ္ဘာပြောင်းရေး သိပ်မတွေးနှင့် ဖကောင်းအရင် ပြုကျင့်ရာတည့်။

တပည့်ဖြစ်နေ သင်ယူပေလေ မာန်စွယ်နှိမ့်ချ ပညာဝသို့
ဆရာ့စကား ဆရာ့အားကို လိုက်နာ မှီးယူ ထူးချွန်ပစေ
တပည့်ဆိုးယုတ် လူမိုက်လုပ်ပြီး
ကမ္ဘာပြောင်းရေး သိပ်မတွေးနှင့် တပည့်အရင် ကျင့်ကြံလေတည့်။

ဆရာဖြစ်လာ ဖြစ်နေခိုက်မှာ ဆရာကျင့်ဝတ် ကျေပွန်စေ
တတ် ပဲ့ သိပ္ပ ဘေးကာ လမ်းပြ ကိုယ့်ကျင့်သီလ မြဲပါစေ
ဆရာမိုက်မျိုး လွန်စွာဆိုးပြီး
ကမ္ဘာပြောင်းရေး သိပ်မတွေးနှင့် ဆရာကောင်းစေ ပြုကျင့်လေ။

နောက်လိုက်ဖြစ်လာ ဖြစ်ခိုက်မှာလည်း စကားလိုက်နာ
သင့်ရာတင်ပြ စည်းလုံးကြမှ လုပ်ငန်းအောင်မြင် ပန်းတိုင်ဝင်အံ့
စကားမနာ လိုက်မလာဘဲ ကန့်လန့်လုပ်ပြီး
ကမ္ဘာပြောင်းရေး သိပ်မတွေးနှင့် နောက်ကောင်းအရင် ဖြစ်ပါစေလေ။

ခေါင်းဆောင်အရာ ရခဲ့ပါလည်း ခေါင်းဆောင်ပီပီ တည်တည်ကြည်မှ
ငယ်သားအကျိုး ၀န်းကျင်အကျိုး များသကို
မမျှခေါင်းဆောင် ကိုယ်ကျိုးဆောင်ပြီး
ကမ္ဘာပြောင်းရေး သိပ်မတွေးနှင့် ခေါင်းကောင်းအရင် လုပ်ပါလေ။

မိတ်ဆွေဘ၀ မိတ်ဆွေဖြစ်တုန်း မိတ်ကောင်းကျင့်ရာ ပြုကျင့်ပါလေ
မိတ်ကောင်းမဟုတ် အတ္တထီးအုပ် ထင်ရာလုပ်လို့
ဝန်းကျင်အရေး မတွေးပါဘဲ
ကမ္ဘာပြောင်းရေး သိပ်မတွေးနှင့် မိတ်ကောင်းအရင် ကျင့်ကြံလေ။

ခင်ပွန်းဖြစ်လာ အိမ်ထောင်လာလည်း ဇနီးမောင်နှံ ရာသက်နှံဖို့
မေတ္တာ သစ္စာ ယှက်ဖောက်ဖြာလော့
သို့မဟုတ်ဘဲ ဖောက်ပြန်သမား ဖြစ်နေသားနဲ့
ကမ္ဘာပြောင်းရေး သိပ်မတွေးနှင့် လင်ကောင်းအရင် ဖြစ်အောင်နေဖို့။

မယားအရာ ရောက်လာပါလျှင် နှစ်ကိုယ်မောင်နှံ နှစ်ရာချီဖို့
သမီးသားနဲ့ စီးပွား ပွားစီး ဒိုးတူဘောင်ဘက် သည်းခံချီတက်
မဟုတ်ပါဘဲ ပျင်းရိလေးလံ ဇိမ်ခံနေမြဲ ပျော့ပျော့ရွဲနဲ့
ကမ္ဘာပြောင်းရေး သိပ်မတွေးနှင့် ဇနီးကောင်းအရင် ကျင့်ပါလေ။

အများတကာ ဝေဖန် ကဲ့ရဲ့ ရေးသား စာပြု စကားစုနဲ့ ထိုးနှက် တိုက်ခိုက်
ငမိုက်အလုပ် လွယ်လွယ်ပြုနဲ့
လူကောင်းတစ်ယောက် ဆယ်ယောက်တစ်စု ရာထောင်ပြုလို့
ကောင်းဝန်းကျင်စု ကောင်းမှုကမ္ဘာ လောကကောင်းဖို့
ကိုယ်က အရင် စကြစို့။

၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၉ ရက်။ ညနေခင်း ၄ နာရီ။

လှမ်းမတွေးနဲ့ ပန်းဝေးလွန်းတယ်
ဒီပုံစံ ဒီခေတ် ဒီလူတွေနဲ့တော့ ဘယ်လိုမှ ဇာတ်သိမ်းကောင်းဖို့မမြင်
အဖြေမရှိတဲ့ ဥာဏ်စမ်း ကြိုက်သလိုလှည့်
ပေးချင်တဲ့အဖြေပေး
ဟန်ကလေးနဲ့ ခေါင်းကလေးခါ “မမှန်သေးဘူး“လို့ ပြော

ညစ်သူက ပတ်တယ်
တတ်သူက ပျက်တယ်
ခပ်ထူထူငနဲတွေကလည်း အာလူးတွေ ရောင်းတယ်
လူတွေကလဲ ဒူဝေေ၀တော့ မဟုတ်ပါဘူး
ဒါပေမဲ့ ဒီ ညနေစာအရေးက ပိုအရေးကြီးတယ်လေ

လူတိုင်းကလဲ သူ့ဒုက္ခနဲ့သူ သူ့ယုံကြည်ချက်နဲ့သူ
အားလုံးကတော့ “ငါမှန်နေသားပဲ“ဆိုတဲ့ စိတ်ကလေးတွေနဲ့
အခုလုပ်နေသမျှ အားလုံးဟာ
နောင် သမိုင်းဆရာတွေ အလုပ်လို့
ခပ်လေးလေး ဗလုံးဗထွေးပြောရုံက လွဲလို့
ဘယ်သူ့ ဘယ်သူ့ကိုမှ နာမည်တပ် မဆဲလိုတော့ဘူး

ရသမျှလိုချင်သူက အမှိုက်ပုံတောင် ချမ်းသာမပေးတဲ့ခေတ်မို့
ညဥ့်နက်အလယ်မှာ ဖောက်သည်ရှာဆဲ ကောင်မလေးတွေကို သနားလဲ
ကိုယ်ကိုယ်တိုင်ပဲ အရင်တက်ကြည့်ပါဦးမယ်လေဆိုတဲ့
လှေကားရှာသူတွေ များလာလိုက်တာများ
နေ စား ချောင် သူတွေမှာ စိတ်ပူပန်ရတာက လွဲလို့
ဝ လာလိုက်ကြတာ
မိစ္ဆာကြီးတွေလား ထင်မှတ်မှားရတော့တာပဲ

မတွေးလိုက်တာပဲ ကောင်းပါတယ်
တွေးလိုက်တာနဲ့တင် မထိတ်သာ မလန့်သာရှိတယ်
သစ္စာမရှိသူတွေများ လိမ်ချင် ပတ်ချင်သူတွေများတာမို့
ရောက်လာမဲ့နေ့ရက်တိုင်းအတွက်
ကောင်းတာတွေတော့ တစ်စက်မှ မမြင်ပါဘူး

လျှော့ လျှော့ လျှော့ဆိုပြီး
ခန္ဓာကိုယ်ထဲက လေတွေကိုပဲ
ဆောင့်ကြီးအောင့်ကြီး မောင်းထုတ်နေတော့တယ်
ဖြစ်သမျှအကြောင်း
ကံ ကို အပ်လို့ပုံ။

၂၀၁၀ ပြည့်နှစ်၊ မတ်လ ၂၇ ရက်။ ည ၈ နာရီခွဲ။

လန်ဒန်မြို့ကြီးကိုတဲ့
ဒီမောင်ငယ် ရောက်လာခဲ့တယ်
ကြုံတုန်းပဲ တကယ် တကယ်
ဖွင့်ထုတ်ချလို့ ပြောပြလိုက်မယ်
မှတ်သားကြည့်စမ်းကွယ်…

လန်ဒန်မြို့ကြီးကိုတဲ့
ဒီမောင်ငယ် ရောက်လာခဲ့တယ်
ကြုံတုန်းပဲ တကယ် တကယ်
ဖွင့်ထုတ်ချလို့ ပြောပြလိုက်မယ်
မှတ်သားကြည့်စမ်းကွယ်…

လျှောက်ပင်လျှောက်ရှာပါတယ်
ဖြူပြာတွေ ပေါပေမင့်
စိတ်ထဲက မြင်ဆဲပါကွယ်
သူ့ကိုပဲ…စိတ်ထဲက မြင်ဆဲပါကွယ်

ဒါဆို ဘယ်လိုလုပ်မတုံး
ကူညီကြပါဦးကွယ်
အကြံလေးများ ရှိသေးရင် တကယ်
မြန်မနှေးဘဲ ကယ်ကြပါကွယ်…

ဒီမောင် ယောင်ယောင်နဲ့
လူညာမိမှာ စိုးရတယ်
မခင်ဘဲလည်း ရယ်တတ်ပြန်တယ်
မကြင်ဘဲလည်း ခင်ကြပြန်တယ်

အဲဒါကြောင့်ပဲ
ရန်ကုန်သူကို
မောင်လွမ်းမိတော့တယ်။

ဇန်န၀ါရီလ ၁၅ ရက်၊ ၂၀၁၀။ ည ၉ နာရီ၊ ၄၀ မိနစ်။

ကျွန်တော် ပြောမယ်

ကျွန်တော် ဟန်ဆောင် မပြောတတ်ဘူး

ကျွန်တော် မပြောတတ်ဘူး

ဟန်ဆောင် ကျွန်တော် မပြောတတ်ဘူး

မပြောတတ်ဘူး ဟန်ဆောင် ကျွန်တော်

မပြောတတ်ဘူး

မပြောတတ်တော့ဘူး။

မတ် ၂၅၊ ၂၀၀၉။

ရစ်ခွေလှိုင်းသန်း အနွယ်အရစ် အပင့်အသွယ် တင့်တင့်တယ်တယ်

လှလိုက်တာများ အဆန်းတကြယ်

လှစ်ကနဲ လက်ကနဲ ပြက်ပြက်ဖြိုးကြွယ်

မောမောပြီး ကျန်ခဲ့သူမယ် သူရက်စက်တယ်

ပြုံးပြုံးပြီးကြည့်သွားတဲ့မျက်ဝန်းမှာ အသက်ရှိတယ်

ပဟေဠိပါတဲ့ နောက်ကျောဟာ ခက်လှတယ်

ဒီလိုနဲ့ ညတွေ တစ်ညပြီးတစ်ည ဖြတ်ကွယ်

ဘ၀ဆုံးတဲ့အထိဆို……..

ကြောက်လှပါတော့တယ်။

မတ် ၃၁၊ ၂၀၀၉။