သတင်းထောက်တယောက်ဟာ စာရေးဆရာတွေလို ဖွဲ့နွဲ့ပြီး ရေးတတ်ချင်မှ ရေးတတ်မယ်၊ ရေးတတ်ချင်ရင်လည်း ရေးတတ်မယ်။ အဓိက က သူ သိထားတာ၊ မေးမြန်းစုံစမ်းထားတာတွေကို သတင်းဖတ်သူ၊ သတင်းသိလိုသူတွေ အနေနဲ့ ရှင်းရှင်းလင်းလင်း သိမြင် နားလည် သဘောပေါက် သွားအောင် ပြောတတ်၊ ရေးတတ်ရပါတယ်။

ဟိုတရက်က ဘီဘီစီရဲ့ နာမည်ကြီး သတင်းထောက်နဲ့ ဘီဘီစီ ကမ္ဘာ့ရေးရာ အယ်ဒီတာ ဂျွန် ဆင်ပဆင်ရဲ့ စာအုပ်ပါးလေးကို ပြန်လှန်မိတယ်။ သူက အခု အသက် ၆၈ နှစ် ရှိပြီ၊ သူ့အသက် ၂၆ နှစ် က စလို့ ဘီဘီစီတခုထဲမှာပဲ သတင်းထောက်လုပ်လာလိုက်တာ အခုဆို သတင်းထောက်လုပ်သက်က နှစ်ပေါင်း ၄၀ ကျော်နေပြီ။ နိုင်ငံပေါင်း ၁၂၀ ကျော် သွားလို့ သတင်းတွေ လိုက်တယ်၊ ကမ္ဘာ့ခေါင်းဆောင်တွေကို အင်တာဗျူး လုပ်တယ်။

ဂျွန်က စစ်ဖြစ်နေတဲ့ နေရာ သုံးဆယ်ကျော်ကိုလည်း ရောက်ခဲ့တဲ့ သူ… အင်မတန် အတွေ့အကြုံ များသူပေါ့။ သူ့စာအုပ်ဆိုတာကအ Twenty Tales from the War Zone တဲ့။ စစ်ဇုန်ထဲက ဖြစ်ရပ် ၂၀ ဆိုပါစို့… စာအုပ်က တခြား အင်္ဂလိပ်စာအုပ်တွေထက် စာရင် ၁၀ ပုံ တပုံလောက်သာ ရှိတာပါ၊ တကယ့်ပါးပါးလေး… စာအုပ်အထူကြီးတွေကို မုန်းတဲ့ ကျွန်တော့်အတွက်တော့ အံကျပေါ့။

အဲဒါလေးတွေ ဖတ်ပြီးတော့ ဒါမျိုးလေးတွေ ငါလည်း ရေးတတ်လိုက်ချင်တာပေါ့၊ သူ ရေးတာလေးတွေက တကယ့်ပေါ့ပေါ့ပါးပါးလေး။ တကယ်တော့ ဂျာနယ်လစ် လုပ်တဲ့သူဟာ အမှတ်အသား ကောင်းဖို့ လိုတယ်၊ ကျွန်တော့်လို ဂျာနယ်လစ်လည်း လုပ်၊ စာတွေလည်း ရေးထုတ်ချင်တယ် ဆိုရင်တော့ ပိုလို့တောင် မှတ်မှတ်သားသား လုပ်ဖို့ လိုတယ်။ မှတ်တမ်းမှတ်ရာတွေ စနစ်တကျ ထားရမယ်။ ကျွန်တော်က အဲဒီလို မဟုတ်… ပေါ့လွန်းတယ်။

မမှတ်ထားပေမယ့် တခြားလူတွေလိုပဲ ရင်ကိုခတ်လာတဲ့ အကြောင်းအရာလေးတွေကျတော့ ဘယ်အချိန် စဉ်းစားစဉ်းစား မှတ်မိနေတတ်တယ်။ ဘီဘီစီက တိုက်ဆိုင်လာတဲ့ အခါတိုင်း အထူးအစီအစဉ်တွေ လုပ်နေရတာဆိုတော့ အမျိုးသမီးများ အကြမ်းဖက်ခံရမှုမှ ဆန့်ကျင်ကာကွယ်ရေး Violence Against Women အတွက် အထူး အစီအစဉ်လေးတခု ကျွန်တော် လုပ်ဖူးတယ်၊ မှတ်မိနေတယ်။

“အားကိုးရတဲ့သူ (အဖွဲ့အစည်း) ရှိရင် သူ့အခက်တွေကို ဖွင့်ဟတိုင်ပင်ချင်တယ်“ လို့ သူနာပြု ဆရာမလေး တယောက်က အထူးအစီအစဉ်အတွက် ကျွန်တော့်ကို ပြောပြတယ်။ ဆရာမလေးက အချစ်ကို တွေ့တယ်၊ အချစ်ကို ခံစားတယ်၊ နောက်တော့ အချစ်ကို ကိုးကွယ်လိုက်တယ်။ အချစ်ကို သူက ဆေးလို့ ထင်တယ်၊ တကယ်တမ်း ဘေးကျတော့ သူ မခံစားနိုင်တော့ဘူး။ သူများကို ဝေဒနာသက်သာအောင် ပြုပေးနေသူက အချစ်ဆေးစားမှားလို့ ဝေဒနာတွေ မခံမရပ်နိုင်လောက်အောင် ဆင့်ကာဆင့်ကာ တိုးခဲ့တယ်။ အဆုံးမတော့… မအောင်မြင်တဲ့ အိမ်ထောင်ရေးမှာ သူအကြီးအကျယ် ဖျားနာနေခဲ့တယ်။

အချစ်တခုရဲ့ သက်တမ်းဟာ အိမ်ထောင်မကျခင်မှာ ဆွဲနိုင်သလောက် ဆန့်ထားနိုင်ပေမယ့်လို့ အိမ်ထောင်ကျတဲ့အခါ အချစ်ဟာ လုံးပါးပါးပြီး ဆုံးပါးသွားတတ်တယ်လို့ အချစ်ရှုံးသမားတချို့က ဆိုကြတယ်၊ အိမ်ထောင်ဟာ အချစ်ရဲ့ သင်္ချိုင်းလို့တောင် တချို့က စုတ်ချက်ကြမ်းကြမ်း ရေးထားတဲ့ ပန်းချီကားတချပ်လို ဖွဲ့ဆိုကြတတ်သေးတယ်။

မြန်မာအမျိုးသမီးတဦးဟာ သူ ချစ်တဲ့သူကို တရားဝင် အတူနေခြင်းဆိုတဲ့ ကစားပွဲ (အိမ်ထောင်ပြုခြင်း) နဲ့ မိမိကံတရားနဲ့ ကိုယ်စိတ်နှစ်ပါးကို အလဲအထပ်ပြုပြီး လောင်းကစားလိုက်တဲ့အခါ အောင်တဲ့အခါ တော်ပါသေးရဲ့၊ အရင်းကျတဲ့အခါ မထောင်းသာသေးဘဲ ရှုံးတဲ့အခါမှာတော့ မျက်ရည်နဲ့မျက်ခွက် ဖြစ်သွားတတ်ပါတယ်။ ကုန်ရှုံး တခေါက်၊ လင်ကုန်ရှုံး တသက်လုံးမှောက်လို့ စကားပုံထားတွေ ရှေးက ရှိခဲ့တယ်။

မြန်မာပြည်မှာက ၂၀၁၀ ရွေးကောက်ပွဲအပြီးကျမှသာ အဘက်ဘက်က ပွင့်လင်းမှုတွေ တဖြည်းဖြည်းချင်း လန်းဆန်းလာခဲ့တယ်၊ အစိုးရအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ လှုံ့ဆော်ရေးမှူးတွေ၊ အနုပညာရှင်တွေ၊ စာပေပညာရှင်တွေနဲ့ သတင်းစာဆရာတွေက မှန်တယ်ထင်တာကို ရဲရဲဝံ့ဝံ့လုပ်ခွင့် ရခဲ့ကြတယ်။ ဒါတောင် မလုပ်ရဲသူတွေ၊ အရိုးစွဲကြောက်နေသူတွေ၊ ချင့်ချိန်စောင့်ကြည့်နေသူတွေကလည်း အများကြီးမှ အများကြီး ကျန်နေကြသေးတယ်။

ဒီအချိန်မှာ လုပ်ရဲသူ၊ စွမ်းတဲ့သူတွေက အမျိုးသမီး အခွင့်အရေးတွေကို တွင်တွင်ကျယ်ကျယ် ပြောလာဆိုလာကြတော့ မြန်မာအမျိုးသမီးတွေရဲ့ အိမ်တွင်းအကြမ်းဖက်ခံရမှုဆိုတဲ့ အကြောင်းအရာဟာလည်း ကျွဲကူးရေပါဆိုသလို ဒီအပြောင်းအလဲ ရေစီးမှာ ပါလာခဲ့တယ်၊ အသံတွေ ထွက်လာကြတယ်။ မိန်းမတွေက မိန်းမတွေအကြောင်း ပြောကြဆိုကြတော့ တခါတခါ အသံတွေက ထွက်လွန်လွန်းလို့ ညံလာသလိုတောင် ဖြစ်ခဲ့တယ်။

ကိုယ့်အမျိုးသမီးက တပါးသူနဲ့ ဖောက်ပြားနေရင်တောင် (မျောက်မထား) ရှူးရှူးဒိုင်းဒိုင်းနဲ့ သတ်မယ်ဖြတ်မယ် လုပ်စရာ မလိုပါဘူး၊ စည်းကမ်းနည်းလမ်းတကျ အေးအေးဆေးဆေး ဖျောင်းဖျ ဒါမှမဟုတ် လမ်းခွဲဖို့ကို ပြောရမယ်၊ သူ့အခွင့်အရေး လူ့အခွင့်အရေးတွေ ရှိတယ်လို့ ဟောပြော သွန်သင်တာတွေကို လက်မခံဘူးလို့ ပြောဆိုတဲ့ ယဉ်ကျေးမှုသစ်ကို စိုးရွံ့သူတွေလည်း ရှိကြတယ်။

မြန်မာ့ယဉ်ကျေးမှုမှာက “သားကို သခင်၊ လင်ကို ဘုရား“ ဆိုတဲ့ ကျားလွှမ်းမိုးမှုကို အားပေးထားတဲ့၊ လက်ခံထားတဲ့ အယူအဆ ရှိတယ်။ ကျားတွေက ဒါကို သဘောကျကြပေမယ့် မိန်းမတွေ အများစုကလည်း ဒါကို သည်းသည်းသန်သန် မပယ်လိုပါဘူး။ ဒါပေမဲ့ လွန်ကျူး စော်ကားတာမျိုးကိုတော့ သူတို့ ဘယ်လိုမှ နှစ်မြို့မှု မရှိကြဘူး။ အခုတော့ အိမ်တွင်းအကြမ်းဖက်မှုကို အမျိုးမျိုး အစားစား ခွဲကြပြန်လေတော့ အကြမ်းဖက်မှုတွေက အများကြီးမှ အများကြီး ရှိလာတယ်။

အိမ်တွင်းအကြမ်းဖက်မှုတွေကို တချို့ကလည်း သိသိနဲ့ လုပ်ကြတယ်၊ တချို့ကလည်း မသိလို့ လုပ်ကြတယ်။ မိန်းမတွေဘက်ကျ တချို့က သိရက်နဲ့ အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကို အကြောင်းကြောင်းကြောင့် ထောက်ထားပြီး သကာလ ဘာမှ ခွန်းတုံ့မပြန်ဘဲ ဒူးနဲ့မျက်ရည် သုတ်ကြတယ်၊ တချို့ကျလည်း ကိုယ်ခံနေရလို့ ခံနေရမှန်းတောင် မသိကြဘူး။

အခုမှ တချို့က အသံတွေ ထွက်လာတယ်၊ အော်ဟစ် ထုတ်ဖော်လာကြတယ်၊ ဆိုင်ရာတွေကို တိုင်တန်းလာကြတယ်။ အခုဆို အမျိုးသမီးတွေကိုယ်တိုင် မြန်မာ့အရိုးစွဲ ယဉ်ကျေးမှု အဟောင်းတွေကနေ သစ်လွင်တဲ့ ယဉ်ကျေးမှုဘက် (ကောင်းတဲ့ ယဉ်ကျေးမှုသစ်) ဆီ ချီတက်ကြဖို့ ကြံဆလာကြတယ်။ အမျိုးသမီး အခွင့်အရေးအတွက် အမျိုးသမီးတွေ ကိုယ်တိုင်ကသာ ပါဝင် ဆောင်ရွက် တောင်းဆိုကြမယ်ဆို မရနိုင်စရာမှ မရှိတာဘဲ…၊ ကိုယ့်အခွင့်အရေး ကိုယ်သိလို့ ကိုယ်တောင်းဖို့ပဲ ရှိတာ မဟုတ်ပါလား။

မိန်းမတယောက်ဟာ ခင်ပွန်းဆိုးနဲ့ ကံဆိုးစွာ နေထိုင်ခဲ့ရပြီးနောက် သူရဲ့ မူလလူသားအခွင့်အရေး ပြန်ရနိုင်ဖို့ ကံကောင်းသွားချိန်၊ ဘုရားသခင်နဲ့ မိဘဆရာသမားတွေ စောင့်ရှောက်လာချိန်၊ မိတ်ဆွေ မောင်ဘွားတွေရဲ့ ကူညီမှု ရသွားချိန်မှာ အဲဒီ လင်ယောက်ျားနဲ့ ကွာရှင်းခွင့် ရသွားခဲ့လို့ ပထမဆုံး အိပ်စက်ရတဲ့ ညဟာ အင်မတန်မှကို နှစ်နှစ်ခြိုက်ခြိုက် ရှိလွန်းလှသတဲ့။ ကိုယ်ကာယအားဖြင့်သော် လည်းကောင်း၊ စိတ်အားဖြင့်သော် လည်းကောင်း နှိပ်စက်ခံရတဲ့ ဘေးဒဏ်ကနေ လွတ်မြောက်ခဲ့ရသူတိုင်းက ဒီအရသာကို နားလည်နိုင်မယ်လို့ ထင်ပါတယ်။

မိန်းမတွေရဲ့ အခွင့်အရေးဟာ လူ့အခွင့်အရေးပါပဲ၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ တန်းတူ ပါဝင် ဆောင်ရွက်ခွင့်၊ ဘဏ္ဍာရေး လွတ်လပ်ခွင့်နဲ့ ယောက်ျားတွေ ဆောင်ရွက်နိုင်တဲ့ ကိစ္စတော်တော်များများကို လူသားတယောက် အနေနဲ့ တန်းတူဆောင်ရွက်ခွင့် ရဖို့၊ ယူဖို့ပဲ ဖြစ်ပါတယ်။

ထပ်ဆင့်ဆိုရရင် ပညာတန်းတူ သင်ကြားခွင့် (သတ်မှတ် အမှတ်တန်းတူနဲ့ တက္ကသိုလ် ဘာသာရပ် ရွေးချယ် လျှောက်ထားပိုင်ခွင့်)၊ အရည်အချင်းညီရင် အလုပ်အကိုင် ရာထူး၊ လုပ်ခ/ လစာ တန်းယူ ရယူပိုင်ခွင့်၊ အရိုးစွဲ ယဉ်ကျေးမှုကြောင့် နောက်ချန်နေရာကနေ ယဉ်ကျေးမှုသစ်မှာ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး နေရာစုံမှာ တန်းတူ အနေအထားတူ ရယူပိုင်ခွင့်တွေ ရကြရမယ် မဟုတ်ပါလား။

ယဉ်ကျေးမှုတရပ်၊ တော်လှန်ရေးတရပ်ဟာ ဘယ်သောအခါမှ လွယ်ကူခဲ့တာတော့ မရှိပါဘူး။ အတွန်းအတိုက်၊ အထိုးအခုတ်၊ အပြေးအလွှားနဲ့ သွေး၊ ချွေး၊ ကိုယ်ဒုက္ခ၊ စိတ်ဒုက္ခတွေ ရင်းနှီး၊ ပေးဆပ်၊ ကျော်လွှား ဖြတ်သန်းရတာချည်း ဖြစ်ပါတယ်။ ရောင်နီ မလာခင် ညဥ့်နက်တွေ ဖြတ်ကျော်ရတာ သဘာဝကြီးထဲက သဘာဝလေးတခုပါ။

ယဉ်ကျေးမှုတွေ၊ နှုန်းစံတွေ၊ တရားဥပဒေတွေ၊ သဘာဝတွေ၊ အမြင်တွေ၊ အယူတွေဟာ လူတွေက ပြဌာန်းလို့ လူတွေကိုယ်တိုင်က လိုက်နာ ကျင့်သုံးကြတာမျိုးပါ။ ဒါတွေကို ပြောင်းဖို့က လူတွေကပဲ ပြောင်းရမှာ မဟုတ်ဘူးလား။ မြန်မာဟာ ယဉ်ကျေးတဲ့ လူမျိုး၊ ညှာတာ ထောက်ထား၊ သနားကြင်နာတတ်တဲ့ လူမျိုး၊ သဘောဖြူ အူစင်းတဲ့ လူမျိုး၊ မိခင်ကို ရိုသေ လေးစားတဲ့ လူမျိုးဆိုရင် အမျိုးသမီးတွေကိုလည်း တန်းတူထား လေးစားကြရမှာ မဟုတ်ဘူးလား။

အိမ်တွင်းအကြမ်းဖက်မှုတွေ မရှိတဲ့နိုင်ငံ၊ အမျိုးသမီးတွေကို ထိပါးစော်ကားတာ ဘာလဲဆိုတာ မသိတဲ့နိုင်ငံ၊ အဖြူရောင် ချစ်ခြင်းမေတ္တာတွေကို အရောင်မဆိုးတဲ့နိုင်ငံ၊ ရွှေရောင်သစ်တဲ့ အနာဂတ်အတွက် ခွန်အားပြည့်တဲ့ ပြည်သူတွေကို မွေးထုတ်မယ့် အဖိုးထိုက်တဲ့ ၀မ်းကြာတိုက်ပိုင်ရှင်တွေ ပျော်ရွှင်စွာ နေထိုင်ကြတဲ့ နိုင်ငံဖြစ်စေဖို့ဆိုရင် သူနာပြုဆရာမလေးလို သူကလေးတွေ စိတ်လက် အေးချမ်းစွာ ရှင်သန်နေကြဖို့ လိုတယ် မဟုတ်လားဗျာ။ သူတို့ ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာ အိပ်စက်နားနေနိုင်မယ်ဆို ကျွန်တော်တို့ ချမ်းသာတာ မဟုတ်ဘူးလား၊ ကျွန်တော်တို့ တိုင်းပြည် ချမ်းသာတာ မဟုတ်ပါလားဗျာ။

၂၀၁၃ ဧပြီ ၂၂၊ မွန်းလွဲ ၂ နာရီ။
လန်ဒန်။
Image