မြန်မာ့ဒီမိုကရေစီပန်းဖူးနဲ့အတူ အပြိုင်ဖူးရုံမက ပွင့်လို့ အာလို့ ကြွေဖို့တောင် တာဆူနေတာက သတင်းသမားတွေထဲက သတင်းသမားတွေပေါ့။ ဒါဆိုရင် အအာလွန်လို့ ကြွေသွားခဲ့ရင် အစားထိုးဖို့ ပြင်ဆင်ထားဖို့ လိုပေလိမ့်မယ်။ ဘယ်သူ သတင်းထောက် လုပ်ကြမလဲ၊ တကယ်တော့ ဘယ်သူမဆို သတင်းထောက် လုပ်နိုင်သားပဲ မဟုတ်လား။ ကြည့်ကြရအောင်ဗျာ။
နှစ်နှစ်ရွယ်ကစလို့ စကားစမ်းတယ်ဆိုပါစို့…၊ ပေပေ… မေမေနဲ့ စလိုက်ခဲ့ရင် နောက်တော့ ဖိုးဖိုး ဖွားဖွား ရလာလိမ့်မယ်၊ စားမယ်၊ သွားမယ်၊ ကောင်းတယ်ကနေ ကြိုက်ဘူး၊ ခါးတယ် အလယ်ထားလို့ ဒါဘာလဲ၊ ဘာဖြစ်တာလဲ အဆုံး မေးခွန်းတွေနဲ့ ထွေးလုံးလာတော့မယ်။ မဖြေနိုင်ရင် ဒါမှမဟုတ် စိတ်မရှည်တဲ့ မိခင်ငယ်လေးမျိုးက ကလေးငယ်လေး ခေါင်းကို တိန်ကနဲမည်အောင် ခေါက်လို့ “လျှာရှည်ဦး သေနာလေး… နင့်အဖေကို စိတ်ဆိုးရတဲ့အထဲ…“ ပြောတာမျိုးလည်း ဖြစ်သွားနိုင်တယ်။
ဆိုချင်တာက လူရယ်လို့ ဖြစ်လာရင် စကားပြောတတ်စ အရွယ်ကထဲက သူများပြောတဲ့ စကားတွေကို နားထောင်တယ်၊ မရှင်းရင် မေးတယ် ဒါမှမဟုတ် သိချင်တာကို မေးတယ်။ လက်မခံရင် ငြင်းတယ်။ သတင်းထောက်ကလည်း သတင်းရင်းမြစ် ပြောတာကို နားထောင်တယ်၊ မကျေလည်ရင် ထောက်တယ်။ မပြောသေးတာကို နှိုက်တယ်၊ လိမ်ညာပြောနေရင် အမှန်က ဒီလို မဟုတ်လားလို့ စောဒက တက်တယ်။
ဒါဆို ဘယ်သူမဆို သတင်းထောက် လုပ်လို့ မရဘူးလား။ လုပ်လေ… ရနိုင်တာပေါ့။ ဒီနေ့ခေတ်လို မြန်မာပြည်မှာ သတင်းစာတွေ၊ သတင်းဂျာနယ်တွေ၊ သတင်းနည်းနည်း စလွှင့်နေတဲ့ အက်ဖ်အမ် ရေဒီယိုလိုင်းတွေ၊ တိုက်ရိုက်တောင် မကြာခဏ ထုတ်လွှင့်လာနေပြီဖြစ်တဲ့ အစိုးရနဲ့ အစိုးရ-ပုဂ္ဂလိကဆက်စပ် ရုပ်သံလိုင်းတွေ များလွန်လွန်းလို့ သတင်းထောက်တွေ လိုမှလို၊ ကောင်းတဲ့ တော်တဲ့ လူတွေ မရလို့တောင် ရတဲ့လူနဲ့ လုပ်နေကြရတာ မြင်နေ/ ကြားနေရသားပဲ မဟုတ်လား။
အဲ… သတင်းထောက် အလုပ်ဆိုတာက ဆော့သလိုတော့ လုပ်ကောင်းတဲ့အရာ မဟုတ်ပြန်ပေဘူး။ တခါ သတင်းထောက် ဖြစ်သွားရင် တသက်လုံး သတင်းထောက် ဖြစ်တတ်တယ် ဆိုတဲ့ ဆိုရိုးစကားတခု ကြားဖူးတယ်။ စွဲစေတတ်တဲ့ အလုပ်တွေထဲမှာ သတင်းထောက် အလုပ်ကလည်း ပါပေတယ်။ စိတ်မပါလို့… စိတ်တွေ နောက်ကျိ ရှုပ်ထွေးလောက်အောင် ဖိအားတွေ များလာလို့ “တော်ပါပြီ၊ စိတ်ကုန်တယ်၊ တောထဲက သစ်ပင်ပေါ်မှာ သွားနေမယ်“ ဆိုတာမျိုးက တနှစ်မှာ တခါ၊ နှစ်ခါ (တချို့လည်း အခါခါပေါ့) ဖြစ်တတ်ပေမယ့် တခြား အလုပ်ကိုလည်း ဘယ်လိုမှ မလုပ်နိုင်လောက်အောင် စွဲလောက်ပါတယ်လို့ဆိုရင် မောင်ရာ… လွန်တာပေါ့ကွာလို့ ပြောကြမလားတော့ မသိပါဘူး။
မယုံရင် စမ်းကြည့်ပေါ့လို့ စိန်တော့ မခေါ်ဝံ့ပါဘူး၊ ဆက်ပါရစေဦး။ ဒီနေ့ခေတ်မှာက အင်တာနက်ကြောင့် ကွန်ပျူတာရှိသူတွေ၊ အခုဆို လက်ကိုင်တယ်လီဖုန်း ကောင်းကောင်းရှိသူတွေဟာ သတင်းအချက်အလက်တွေကို မြန်မြန်နဲ့များများ ရနေကြပါတယ်။ ဒီတော့ သတင်းကြောနပ်လာသလို၊ သတင်းပါးလည်း ၀လာကြပါတယ်။ ပြည်တွင်းရော နိုင်ငံတကာ သတင်းတွေကိုပါ အကြိမ်ကြိမ် အထပ်ထပ် ဖတ်နေ ကြည့်နေနိုင်တဲ့အတွက် တော်ရုံ သတင်းထက်ကို သုံးသပ် ဝေဖန် ပိုင်းခြားမှုတွေကိုလည်း သိလို ကြားလိုသလို ပြောခဲ့သလို ကြာလာတဲ့အခါမှာ ကိုယ်တိုင်လည်း မသိမသာကနေ သိသိသာသာ ပိုင်းခြားဝေဖန်သူ ဖြစ်လာပါတော့တယ်။
သတင်းထောက်အဆင့်သာမကတော့ဘဲ သတင်းကို ပိုင်းခြားဝေဖန်နိုင်သူအဆင့်အထိ တက်လာတာဟာ သတင်းကို စောင့်ကြည့်နေတဲ့အကျိုးနဲ့ စူးစမ်းစိတ်ဖြာ အားသန်မှုတို့ကြောင့် ဖြစ်ပါတယ်။ ဒီနေ့ခေတ်လို ၀က်ဘ် တူးပွိုင့် ဇီးရိုးခေတ်မှာ သတင်းထောက်ပေးတဲ့ သတင်းကို ယူရုံတင်မဟုတ်တော့ဘဲ ကိုယ်တိုင်ကပါ ပိုင်းခြား ဝေဖန် တုန့်ပြန်မှုတွေကို ချက်ချင်း လက်ငင်း လုပ်လာနိုင်တဲ့ အကျိုးဆက်တခုကလည်း ရှိလာပါတယ်။ သတင်းဌာနတွေ၊ သတင်းစာတွေ၊ ဂျာနယ်တွေ ကိုယ်တိုင်ကကို ပရိသတ်ကို အဲဒီ အခွင့်အလမ်း ပေးလာရပါတယ်။
နဂိုက ကိုယ်ချည်းပြောတယ်၊ ပေးတယ်။ အခုကျ ယူသူဘက်က အကောင်း/အဆိုး၊ ကျေနပ်၏/မကျေနပ်၏၊ လက်ခံတယ်/လက်မခံပါ ဆိုတာတွေကိုလည်း တပြိုင်နက်တည်း ပြန်လို့ လက်ခံလာရပါတယ်။ ဒီတော့ သတင်းဝိုင်းဟာ ပိုမြိုင်လာတယ်၊ မြိုင်လာသလို ဆူညံသံတွေလည်း ပါလာပါတယ်။ ရင်ထဲအရိုးခံ ဝေဖန် သုံးသပ်သူ ပါသလို၊ ဟုတ်ဟုတ် မဟုတ်ဟုတ် အော်မယ့်သူလည်း ၀င်လာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သတင်းနဲ့စပ်လို့ အသံတွေ ပိုများလာတာကတော့ သေချာပါတယ်၊ အရင်နဲ့ကို လုံးဝ မတူတော့ပါဘူး။
ဟုတ်ပြီ၊ ဒီတော့ အခုလို အသံစုံတဲ့ခေတ်မို့ စောနပြောခဲ့သလို သတင်းကို လက်ခံယူနေကြတဲ့ သူတွေရော သတင်းထောက် အလုပ်ကို မလုပ်နိုင်ဘူးလား။ သိပ်လုပ်နိုင်တာပေါ့၊ တချို့လည်း လုပ်နေကြပါတယ်။ နိုင်ငံသားသတင်းထောက် အင်္ဂလိပ်လို စီတီဇင် ဂျာနယ်လစ် စီ-ဂျေတွေ ပေါမှပေါ မဟုတ်ဘူးလား၊ တခါတလေ သူတို့ကတောင် မြန်လွန်လွန်းလို့ အံ့သြလေးစားနေကြရတယ်။ ဒါပေမဲ့ သူတို့က သူတို့ တတ်သလောက်၊ မှတ်သလောက် လုပ်တာဖြစ်လို့ ဆိုခဲ့ပါအတိုင်း ပိုင်းခြားဝေဖန်မှုနဲ့ ချင့်ချိန်ဆက်စပ် စဉ်းစားရမယ့် တာဝန်ဟာ လက်ခံသူ၊ ယူသူမှာ ရှိလာတတ်တယ်။ ဒါက တပိုင်း…။
ဒုတိယတပိုင်းကကျတော့ စီ-ဂျေ လုပ်တာမျိုး မဟုတ်ဘဲ တကယ့် သတင်းထောက်တွေ ကိုယ်တိုင်ကိုက ပိုင်းခြား ဝေဖန်မှု၊ သုံးသပ် ပြောဆိုမှုအထိ မသွားပါနဲ့ဦး…၊ ကိုယ်လိုက်ခဲ့တဲ့ သတင်းတပုဒ်၊ ရေးထုတ်လိုက်တဲ့ စာတပုဒ်ကိုပဲ ဖတ်သူ စိတ်ဝင်စားအောင်၊ အငြင်းထွက် စဉ်းစားတတ်အောင်၊ လက်ခံမှု/ငြင်းပယ်မှုတွေနဲ့ ငြိတွယ်သွားအောင် ရေးတတ်ဖို့မှာကိုပဲ အားနည်းနေသေးတာကို တွေ့တွေ့နေရပါတယ်။
ရေဒီယိုနဲ့ ရုပ်သံသတင်းထောက်တချို့ဆို ပိုဆိုးသေးပေါ့၊ ပြောခဲ့သလို လူနဲ့ အလုပ်မှာ အလုပ်နေရာ လိုအပ်ချက်က ပိုနေပြီး လူက ရှားနေလေတော့ သတင်းရွှေခေတ်လို့ ဆိုနိုင်တဲ့ ဒီချိန်ဒီခါမှာ တီဗီကင်မရော ရှေ့မှောက်မှာတောင် စကားလုံးကွဲ ပီပီပြင်ပြင် ခရားရေလွှတ် မပြောနိုင်သေးတာ တွေ့ရပါတယ်။ သတင်းထောက်ဝါ အနည်းဆုံး လေးငါးနှစ် ရှိပြီးသူတွေတောင် အဲဒီလို မပြောတတ်ဘူးဆိုရင် မနေ့တနေ့ကမှ ၀င်လုပ်တဲ့ သူတွေဆို ဘယ်လိုလုပ်ကြမလဲလို့ စဉ်းစားစရာ ကောင်းပါတယ်။
လူတိုင်းတော့ လုပ်နိုင်တယ်၊ ဒါပေမဲ့ နေရာရပြီးသူတောင် သပ်သပ်ရပ်ရပ် မလုပ်နိုင်သေးတာ တွေ့ရတော့… အခုတလော စိတ်ထဲ အာသီသ ပေါ်မိတာကတော့ ဖေ့စ်ဘုတ်ပေါ်ကနေ တည့်တည့်ရော ဆင်ခြင်သိနဲ့ပါ ကျွန်တော် ပညာယူနေရတဲ့ လူငယ်၊ လူလတ်၊ လူကြီးတွေများ ဒီနေရာတွေ ၀င်ပြီး၊ လစ်နေ လပ်နေတဲ့ မီဒီယာတာဝန်ကို ဦးထမ်းပဲ့ထမ်းလိုက်ကြရင် ဘယ်လောက် ကောင်းလေမလဲလို့ ရိုးရိုးသားသား ဖြစ်မိတာပါပဲ။
တော်တဲ့သူဟာ ဘာလုပ်လုပ် ဖြစ်အောင်/ကောင်းအောင်/ထူးချွန်အောင် လုပ်တတ်ပါတယ်။ ဒီတော့ ကျွန်တော် မြင်နေရတဲ့လူတွေလည်း လုပ်ရင် ဖြစ်ကြမှာပါပဲ။ ဒီလောက်ကြီး မဟုတ်တဲ့ လူတွေတောင် လုပ်လို့ ဖြစ်သေးတယ်ဆိုရင် အများကြီး တတ်ထား၊ မှတ်ထား၊ လေ့လာထားတဲ့ သူတွေ အခြေခံ သတင်းထောက် လုပ်ဆောင်ချက်ကိုပဲ နည်းနည်းလောက် ဆ၀ါးကြည့်လိုက်ရင်ပဲ လုပ်လို့ ဖြစ်ကြမှာပါလို့ ဆိုချင်ပါတယ်။ တကယ်သာ လုပ်နိုင်ကိုင်နိုင်သူ ဖြစ်ပါစေလေ၊ အခွင့်အလမ်းနဲ့ ခံစားခွင့်တွေက တခြားအလုပ်တွေအောက် မလျော့ဘူး ဆိုတာကိုလည်း အာမခံနိုင်ပါတယ်။
ကျွန်တော် ယုံပါတယ်၊ စကားပြောတတ်သူ နားကြားသူ စာရေးစာဖတ်တတ်သူတိုင်း လေ့လာ ကြိုးကုတ်မှုနဲ့ အားထုတ် ဖန်တီးမှု ရှိမယ်ဆို သတင်းထောက်ကောင်း ဖြစ်နိုင်ပါတယ်။ စိတ်ဝင်စားလို့ လုပ်မယ်ဆိုရင်တော့ သေချာ စဉ်းစား ဆုံးဖြတ်လိုက်ပါလေ… တခုတော့ ထပ်ပြီး သတိပေးလိုက်ပါရစေ… ဒီအလုပ်က စွဲတတ်ပါသလေ။
၂၀၁၂ နိုဝင်ဘာ ၂၂၊ ည ၁၁ နာရီခွဲ။လန်ဒန်။