ဂီတဆရာလည်း တွေ့ရဲ့…

တေးသံသာတွေ ဖန်တီးသူပေါ့။

 

စကားတွေလည်း ဖောင်ဖွဲ့နေလေရဲ့…

သားရေးသမီးရေး ဆွေရေးမျိုးရေး

သူ့အကြောင်း လူ့အကြောင်းလည်း ပါမှာပေါ့။

 

နေရာလိုချင်သူတွေလည်း ရှိရဲ့…

အညောင်းပြေ အညာပြေ သက်သာအောင်ပေါ့။

 

စာဖတ်နေသူလည်း ပါရဲ့…

သတင်းတွေ၊ အတင်းတွေ၊ အပျင်းဖြေတာလည်း ဖြစ်မှာပေါ့။

 

အလုပ် လုပ်နေသူလည်း ရှိရဲ့…

အိမ်စာ၊ ရုံးစာ၊ အလုပ်စာ၊ အရှုပ်စာတွေနဲ့ပေါ့။

 

အော်ဟစ်သံတွေလည်း ဆူညံနေလေရဲ့…

လူငယ်တွေ၊ လူကြီးတွေ၊ မူးနေသူတွေနဲ့ ရူးနေသူတွေပေါ့။

 

ဘယ်လိုလဲ၊ ဘယ်ကိုလဲ…

ရထားကြီးကတော့ တဘူတာပြီး တဘူတာပေါ့။

 

ရပ်လိုက်၊ တက်လိုက်၊ ထွက်လိုက်၊ ရပ်လိုက်

မောင်းသူက မောင်း၊ စီးသူက စီး

တက်သူက တက်၊ ထွက်သူက ထွက်

သူလည်း တခါ၊ ကိုယ်လည်း တလှည့်ပေါ့။

 

အတွေးက တောင်ရောက် မြောက်ရောက်

အရှေ့ အနောက် ကွဲပြားမှု စဉ်းစားခန်းနဲ့

ရထားသံနဲ့ လူသံ၊ ကြားလိုက် မကြားလိုက်

ကျွန်တော်ကတော့ တယောက်ထဲပေါ့။

 

နိုဝင်ဘာ ၃၊ ၂၀၁၂။ နံနက် ၈ နာရီ ၁၅ မိနစ်။

လန်ဒန်။