by Myo Tha Htet on Saturday, 8 September 2012 at 11:34·

ကျွန်တော့်မွေးနေ့ကား နီးလာလေချေပြီ၊ အော်… အသက်တနှစ် ထပ်ကြီးရဦး ပြန်မှာလားလို့… စဉ်းစားမိပါတယ်။ တလက်စထဲ အရွယ်တော် တဆိတ်ဟိုင်းလို့ ၂၀ ကျော် အစိတ်ပိုင်းထဲ ရောက်လာတဲ့ ကိုယ့်အသက်နဲ့အတူ ဘ၀လမ်းကြောင်းကိုလည်း ပြန်ကြော့ကြည့်မိသွားပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ညီငယ်ကလည်း ထုံးစံအတိုင်း (နှစ်စဉ်) မွေးနေ့အကြိုလက်ဆောင် ကဗျာတပုဒ် ပို့လာလို့ ဖတ်ကြည့်လိုက်တော့ အကိုဖြစ်သူကို သူက အသာအထိုးလေး ချီးပ ရေးထားပေးတာ တွေ့ရပါတယ်၊ ၀မ်းသာမိပါတယ်။

ဒါနဲ့ ညီငယ့်အကြောင်းလည်း ပြန်တွေး၊ ကိုယ့်အကြောင်းလည်း ပြန်စစ်ဆေး… ငယ်ဘ၀တွေကို ရောက်သွားပါတော့တယ်။ ဒီအခါ ကဗျာဥာဏ်၊ စာဥာဏ်ထက်တဲ့ ညီငယ်က ကျွန်တော့်ကို ပေးခဲ့တဲ့ နာမည်တွေကို အမှတ်တမဲ့နဲ့ ပြန်တူးဖော်မိပါတော့တယ်။ ဒါတွေဟာ လူသိနည်းနဲ့ ကိစ္စတွေမို့ ဖေ့စ်ဘုတ်မှာပဲ တိုးတိုးတိတ်တိတ် ဖတ်သူတွေ သိစေဖို့ လက်တို့ (အဲ… စာတို့) ကာ ပြောလိုက်ရပါတယ်။

ကျွန်တော် ခုနစ်တန်းလောက်က ထင်ပါတယ်၊ အားကစား နည်းနည်းလုပ်တယ်။ အဲဒါကတော့ အထက်တန်းကျောင်းဆင်းချိန် မိုးရွာရင် အိမ်ရှေ့ လမ်းပေါ် ဘောလုံးကန်ကြတာပါ။ ဘေးအိမ်က သူငယ်ချင်းတွေရယ်၊ ကျွန်တော်တို့ ညီအကိုရယ် ဟိုဘက်ဒီဘက် နှစ်သင်းခွဲပြီး ကန်ကြတာပေါ့။ ဒီတော့ ဘောလုံးကန်ရင်း ပြေးကျင့်လွှားကျင့် ရှိခဲ့ပါတယ်။

တခါသားမှာတော့ ဇန်န၀ါရီလဆန်းမှာ ကျွန်တော်တို့ရပ်ကွက်က လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ကျင်းပပါတယ်။ အမှန်တော့ နှစ်တိုင်းကျင်းပ နေတာပါ။ ကျွန်တော် ၀င်ပြိုင်မယ့် ပွဲမို့လို့ အထူးပြုပြီး ပြောနေတာပါ။ တာဝေးပေါ့လေ၊ ရပ်ကွက်သုံးပတ် ပြိုင်ရပါတယ်။ ရပ်ကွက်က ရန်ကုန်မြို့တော်ရဲ့ လမ်းမကြီး နှစ်လမ်းရဲ့ကြားမှာ ရှိပြီး၊ လမ်းသွယ် သုံးလမ်း၊ ရပ်ကွက်လမ်းမကြီးက တလမ်း ပါဝင်ဖွဲ့စည်း ထားပါတယ်။

လမ်းအလိုက် လူပျိုပေါက်တွေ (လူကြီးတန်းတော့ မဟုတ်ပါဘူး၊ လူလတ်တန်းပေါ့) ပြေးကြမယ့် တာဝေးပြိုင်ပွဲဆိုတော့ အရပ်မြင့်တဲ့ ကျွန်တော်နဲ့ ဘေးအိမ်က သူငယ်ချင်းနှစ်ယောက်က ကျွန်တော်တို့လမ်း ကိုယ်စား ၀င်ပြိုင်ဖို့ စာရင်းပေးလိုက်ပါတယ်။ အရပ်အမောင်းအရ ဆိုရင်တော့ ကျွန်တော်က အားလုံးမှာ အမြင့်ဆုံးထဲ ပါပါတယ်။

ပြေးဖို့ လေ့ကျင့်ထားတာ မဟုတ်ပေမယ့်လည်း လူငယ် ငတက်ကြွဆိုတော့ ရပ်ကွက်သုံးပတ်လောက်ကတော့ ဘာဝေးတာမှတ်လို့လို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသလို၊ ရပ်ကွက်ထဲက ရွယ်တူတွေကိုလည်း ဒီကောင်တွေ သုံးလှမ်း ငါ နှစ်လှမ်းပေါ့လို့ စိတ်ကြီးကလည်း ၀င်မိပါသေးတယ်။ ဒီလိုနဲ့ ဘာမှ လေ့ကျင့်ပြင်ဆင်မှု မရှိတဲ့ ကျွန်တော်… အလှည့်ကျတော့လည်း မနွဲ့စတမ်း ၀င်ပြေးပါတော့တယ်။

တကယ်တမ်းမှာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲ ဆိုတော့လည်း ကျွန်တော် ထင်ပါတယ်၊ ဘယ်သူမှ ထူးပြီးတော့ လေ့ကျင့်မထားကြပါဘူး။ ကန်တော်ကြီးနဲ့နီးတဲ့ ကျွန်တော်တို့ ရပ်ကွက်ထဲက လူကြီးတချို့သာ ဆောင်းတွင်း မနက် စောစောစီးစီး ကျန်းမာရေးအတွက် လမ်းထလျှောက်ကြတာမျိုးလောက်ပဲ ရှိပါတယ်။

ဆက်ရရင် ဘယ်မှာ သွားသိသာသလဲဆိုတော့ ကျွန်တော်နဲ့ ရွယ်တူတွေ၊ ကျွန်တော်နဲ့ အရွယ်တူပေမယ့် အသက်နည်းနည်း ကြီးနေသူတွေက အဲဒီအချိန်မှာ သူတို့ ပညာရေးက သိပ်မကောင်းတော့လို့ စပယ်ယာလုပ်သူက လုပ်၊ ရေထမ်းရောင်းသူက ရောင်း၊ လက်သမားလုပ်သူက လုပ်နဲ့ သူတို့က အတော်မာကြော သန်မာနေကြပါပြီ။ ကျွန်တော်မှာတော့ ကျောင်းနဲ့ အိမ် (ကျောင်းကလည်း အိမ်ကနေ မီတာ ၁၀၀ လျှောက်ရင်ပဲ ရောက်တဲ့ အကွာအဝေးမှာ)၊ အိမ်အလုပ်ဆိုတာကလည်း အိမ်ရှေ့စည်ပိုင်းထဲက ဒါမှမဟုတ် ရေပိုက်ခေါင်းက ရေဖွင့်ပြီး နောက်ဘက် ရေအိမ်သုံးဖို့ ဆွဲထည့်တာလောက်ပဲ လုပ်ထားတဲ့သူဆိုတော့ အကြီးအကျယ် ကွဲပါလေတော့တယ်။

ဒီလိုနဲ့ ရပ်ကွက်လူကြီးနေတဲ့ လမ်းထဲက တာထွက်ရာကနေ ခရာမှုတ်လို့ စပြေးလိုက်တာ သုံးလှမ်းလားပဲ ကျွန်တော် ရှေ့က ပြေးနိုင်လိုက်ပါတယ်။ လူ နှစ်ဆယ်၊ အစိတ်လောက်ဟာ အားလုံး ကျွန်တော့်ကို ကျော်ဖြတ် ကုန်ပါတယ်။ ဒါပေမဲ့ အားကစားဆိုတာ အရှုံးအနိုင်ထက် ယှဉ်ပြိုင်ခြင်းက အဓိကကျတယ် မဟုတ်လား (အဲဒီတုန်းက အဖေ မြှောက်ပေးထားတာကိုလည်း ယုံခဲ့မိတာကိုးဗျ)၊ ဒီတော့ ကျွန်တော်က နောက်ဆုံးကနေလိုက်ပြီး မပြေးကလည်း မပြေးနိုင်၊ တရပ်ကွက်လုံးကလည်း ထွက်ကြည့်နေကြတာဆိုတော့ ရှက်ရှက်နဲ့ မောမောကြီးပဲ ပြေးနေရပါတယ်။

ရပ်ကွက်ပတ်ပြေးတော့ သူများလမ်းတွေဘက် ပြေးနေတုန်း သိပ်ကိစ္စ မရှိပေမယ့် ကျွန်တော့်လမ်းဘက်ရောက်တော့ ဘယ်ထားရမှန်း မသိတဲ့မျက်နှာနဲ့ ခေါင်းကြီးငုံ့ပြီး ပင်ပန်းနေတဲ့ကြားက ခပ်သွက်သွက်ပြေးရပြန်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးကတော့ နောက်ဆုံးနေရာပါပဲ။

ဒီကြားထဲ ရှက်နေပါတယ်ဆိုမှ အမေအပါအ၀င် ညီ၊ နှမလေးနဲ့ အိမ်နီးနားချင်းတွေက လက်ခုပ်တီး အားပေးရင်း ပြေးထားကွ၊ ပြေးထားကွ လုပ်နေကြလို့ ကျွန်တော့်မှာ ဒေါသလည်းထွက်၊ ရှက်လည်းရှက်နဲ့ ကိုယ့်ဟာကိုယ်ယားပြီး ၀င်ပြေးခဲ့မိတာကို နောင်တရလို့ မဆုံးပါဘူး။

ချုပ်လိုက်ရင်တော့ ကျွန်တော်ရှေ့က တယောက်နဲ့ ကျွန်တော်ဟာ ပေ ၃၀ လောက် ပြတ်ပြီးမှ ကျွန်တော်တို့ ဘိတ်ချီးနှစ်ယောက်ဟာ ကျွန်တော်တို့ ရှေ့က ပန်းဝင်ခဲ့သူထက် သုံးမိနစ်လောက် အချိန် ပိုပြီးမှ ပန်းဝင်ခဲ့ကြပါတယ်။ ရပ်ကွက်လူကြီးကောင်းလို့ ဇွဲဆုဆိုလား ချိုချဉ်ထုပ် တထုပ်ရခဲ့တဲ့ သူဟာ ကျွန်တော်ပါ။ ကျွန်တော် အခုမှသာ စာရေးရင်း ရယ်နိုင်တာပါ၊ အဲဒီတုန်းကတော့ အဲဒီရပ်ကွက်ထဲမှာ ဆက်တောင် မနေချင်တော့ဘူးလို့ စိတ်ထဲ ဖြစ်ခဲ့မိပါတယ်။

ဒါနဲ့ ချိုချဉ်ထုပ်ကလေး ကိုင်ပြီး ငိုမဲ့မဲ့နဲ့ အိမ်ကို ပြန်လာတော့ လမ်းမှာပဲ ကျွန်တော့်ကို တောက်လျှောက် အားပေးခဲ့တဲ့ (မထင်ရင်လည်း မထင်သလို ဝေဖန်တတ်တဲ့) ညီငယ်က “မင်းကလည်းကွာ… ဘောလေးနေတာကိုးတဲ့၊ မြန်မြန်ပြေးတာ မဟုတ်ဘူး“ တဲ့။ “မင်းဟာ ဘောကြီးပဲ“ တဲ့။

ကျွန်တော် ဘယ်လောက် စိတ်ဆိုးသွားမလဲ စဉ်းစားကြည့်ပါ၊ တရပ်ကွက်လုံး လှည့်ပတ် မျက်မှာပြပြီး အရှက်ကွဲ ခံခဲ့ရပြီးပြီ။ အဲဒါကို ညီဖြစ်သူက အားမပေးတဲ့အပြင် ကျွန်တော့်ကို ဘောကြီးလို့ ပြောနေတော့ ကျွန်တော် စိတ်ဆိုးပြီး ညီငယ်ကို လိုက်ထိုးပါတော့တယ်။ ညီဆိုတော့လည်း နိုင်တာကိုးဗျ၊

ဒါပေမဲ့ ဒီကောင်က ပေါ့တော့ လှစ်ကနဲ ပြေး၊ ကျွန်တော့်မှာလည်း ရှက်ရှက်နဲ့သာ ရပ်ကွက်သုံးပတ် ပတ်ထားရတာ…၊ လူက ကိုယ့်ကိုယ်ကိုယ်တောင် မသယ်ချင်လောက်အောင် ပင်ပန်းနေတာမို့ ညီငယ့်ကို မိအောင် မလိုက်နိုင်ခဲ့ပါဘူး။ မမှီလေ သူက ဘောကြီး… ဘောကြီးနဲ့ အော်ပြေးဆိုတော့ ကျွန်တော့် သူငယ်ချင်းတချို့ပါ ကြားပြီး၊ လမ်းထဲက အကိုကြီးတချို့က ကျွန်တော့်ကို ဘောကြီးလို့ တခါတခါ ခေါ်ကြပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး ယူပေးခဲ့တဲ့ ကိုဘောကြီးကတော့ ကျွန်တော် အခု အသက်ကြီးလာမှ ကြားသိလာရတာပါ။ ကျွန်တော်နဲ့ သူ… ဘယ် ဘောကြီးက အရင်စောသလဲတော့ မသိပါဘူး။ အသက်အရွယ်အရဆိုရင်တော့ ကိုဘောကြီးက အပုံကြီးစောမယ်လို့တော့ ထင်တာပါပဲဗျာ။ ဒါက ဘောကြီးကိစ္စပါ။

ဒီညီငယ်ကပဲ ကျွန်တော့်ကို နောက်နာမည်တခု ဖျက်ပြန်ပါတယ်။ အဲဒါကတော့ ကျွန်တော်က ငယ်ငယ်ကထဲက လုပ်ဇာတ်နဲ့ အတ္ထုပ္ပတ်တွေကို ရုတ်ချည်း ပြင်တတ် ပြောတတ်ပါတယ်။ ရယ်စရာလည်း ပြောတတ်သလို၊ အမူအရာလည်း လုပ်တတ်ပါတယ်။ အိမ်မှာ အဲဒီလို လုပ်တတ် ပြောတတ်တော့ကာ မောင်နှမ သုံးယောက်မှာ အကြီးဆုံး ဖြစ်တဲ့ ကျွန်တော့်ကို ညီငယ်နဲ့ နှမကလေးက ပုံမှန်ဆို ကြောက်ပေမယ့်လို့ ကျွန်တော်ကိုယ်တိုင်က ပေါလွန်းတဲ့အခါ သူတို့က တခါတလေတော့လည်း နောက်တတ်ကြပါတယ်။

ကိုကြီး၊ ကိုလတ်၊ ညီမလေးဆိုပြီး မောင်နှမ သုံးယောက်ကို အဲဒီလို ခေါ်ဖို့ အမေက သင်ထားပေမယ့် ကျွန်တော် အပေါ၊ အပေါ့၊ အပျော်၊ အပြက်တွေကြောင့် ကိုကြီးပေါလို့ သူတို့က စိတ်ကောင်းဝင်ရင် ခေါ်ကြပြီး စိတ်ဆိုးရင်တော့ ငပေါကြီးလို့ ခေါ်ကြပြန်ပါတယ်။ အခု အသက်ကလည်း ကြီးလာ၊ အလုပ်ကလည်း တည်တည်တံ့တံ့ကလေးနဲ့ဆိုတော့ ဦးကြီးပေါ ဒါမှမဟုတ် ဦးပေါကြီးလို့ ခေါ်ကြပါတယ်။

ခေါ်စကတော့ အင်မတန် စိတ်ဆိုးလို့ လိုက်ထိုးခဲ့ပေမယ့် အခုတော့ ဒါလေးကိုက အရသာ ဖြစ်နေခဲ့ပါတယ်။ အဲဒါကိုလည်း သူ့ဟာသူသာ သိပ်ဖြစ်ထွန်းအောင် လုပ်ကိုင်လေ့ မရှိပေမယ့် ကျွန်တော့်ကို အမြဲစောင့်ကြည့် ဝေဖန်နေတတ်တဲ့ ကျွန်တော့်ညီငယ် (ကျွန်တော့်ဆရာ) ကပဲ ပေးခဲ့တာပါ။

နောက်တခုကတော့ ကျွန်တော်က ငယ်ငယ်ကထဲက ရပ်ကွက်ထဲမှာရော၊ ကျောင်းတုန်းက သူငယ်ချင်းတွေ ကြားမှာရော၊ နောက် လုပ်ငန်းခွင်ရောက်လို့ အလုပ်ထဲမှာရော ဘယ်နယ်ဖြစ်ဖြစ်ပါ ရင်းရင်းနှီးနှီး စိတ်ပေါင်းကိုယ်ပေါင်း ပေါင်းတဲ့ အပေါင်းအသင်း နည်းပါတယ်။

ရပ်ကွက်ထဲမှာတော့ ညီဖြစ်သူနဲ့ အတွဲညီပေမယ့်လို့ ကျောင်းမှာကျ ကိုရဲဆိုတဲ့ သူငယ်ချင်းတယောက်နဲ့ပဲ အတည်တကျ ပေါင်းပါတယ်။ စကားတူ၊ အတွေးတူ၊ အဂေါက်တူလို့ ပြောရမလားပါပဲ။ သူကလည်း ကမ္ဘာ့အဆင့်မီ မြန်မာ့ဂုဏ်ဆောင် သိပ္ပံပညာရှင်တယောက် ဖြစ်ဖို့လောက် မှန်းထားသူပါ။ ဒီတော့ အတန်းထဲမှာ ပြောလိုက်ရင် သူငယ်ချင်းချင်း နားမလည်တဲ့ စကားတွေနဲ့ အတွေးတွေကို သူက ပြောတတ်ပါတယ်။ အဲ… သူ့စကားကို နားလည်သူက တယောက်ထဲပါ၊ ဟုတ်ကဲ့… ကျွန်တော်ပါပဲ။

ဒီတော့ ဒီလို သူငယ်ချင်းနှစ်ယောက်မှ မရင်းရင် ဘယ်သူတွေက အခင်ဆုံး သူငယ်ချင်း ဖြစ်နိုင်မလဲလေ။ နောက်တော့လည်း သူ့အဖြစ်မှန် သူ သိသွားလို့လား မသိပါဘူး၊ ကိုရဲက ကျွန်တော် ကောလိပ်ပြီးလို့ အလုပ်ဝင်စမှာပဲ သင်္ဘော သုံးလေးခေါက် ဆင်းပြီးတဲ့ (သူက ၁၀ တန်း အောင်ပြီး ကထဲက အဝေးသင် တနှစ်လား တက်ပြီး သင်္ဘော တက်သွားတာကိုး၊ ကျွန်တော့်မှာသာ ပိတ်လိုက်ဖွင့်လိုက် ကျောင်းကြီးကို စိတ်ရှည်ရှည်နဲ့ စောင့်ပြီး မပြီးပြီးအောင် တက်နေခဲ့တာကိုးဗျ) ဓနရှင်ပေါက်စလိုလို ဖြစ်ပြီး အိမ်ထောင်ကျသွားပါတယ်။ အခုတော့ သားသမီးတွေ ပွားစီးလို့ အဖိုးကြီးပေါက်စ ဖြစ်နေပြီ ထင်ပါတယ်။

ဆိုချင်တာက ကျွန်တော်ဟာ သူများတွေ မပေါင်းနိုင်တဲ့သူကို ရင်းရင်းနှီးနှီး ပေါင်းလို့ ရပါတယ်။ သူများတွေ ကြောက်တဲ့ လူကိုလည်း ကျွန်တော်က မကြောက်တတ်ပါဘူး။ အလိုက်သင့် အလျားသင့် ကျွန်တော် နေတတ်၊ ဖြေတတ်၊ ပူးတတ်၊ ခွာတတ်ပါတယ်။ လူပေါင်းစုံနဲ့ အဆင်ပြေအောင် ပေါင်းသင်းတတ်တဲ့ လူတယောက်ဖြစ်အောင် လေ့ကျင့်ထားပါတယ်။ (တခါတလေ အတည်ပေါက်နဲ့ စတတ်/နောက်တတ်တာက လွဲလို့ပေါ့လေ)။

တချို့ကျလည်း ကျွန်တော့်ကို အချဉ်လို့ တွက်တော့ ကျွန်တော်ကလည်း ချဉ်ချဉ်လေးပဲ နေလိုက်ရပါတယ်။ တချို့ကလည်း အချိုမှတ်လို့ ကျွန်တော့်မှာ ချိုပျစ်လိုက်ပါတယ်။ တချို့ကလည်း အဖန်လေးမှတ်ပြီး ဖန်ကြည့်တော့ ကျွန်တော်ဟာ ဖန်သွားပြန်ပါတယ်။ ဒီလိုပဲ အစပ်၊ အငန်… ကြိုက်သလို အရသာနဲ့ အသုံးတော် ခံနိုင်သလို တချို့ကျတော့လည်း ဆက်ဆံလို့ လက်လန်သွားတဲ့ခါ ခါးခါးသီးသီး ဖြစ်သွားကြပါတယ်။ ကျွန်တော်က အဲဒီလို အရသာ ခြောက်ပါးနဲ့ ပြည့်စုံတဲ့ ချာတိတ်ကလေးဖြစ်အောင် ကြိတ်ကျင့်နေတဲ့သူလည်း ဖြစ်ပါတယ်။

အဲ… အဲဒါကို တခြားလူ မရိပ်မိပေမယ့် ကျွန်တော့်ဆရာ ညီငယ်က သိနေပြန်ပါတယ်။ ဒီငနဲက တခြားနေရာသာ မတော်ရင်နေမယ်၊ သူ့အကို ကျွန်တော့်ကိုတော့ မျက်စိထောင့်ထောက်ကြည့်နေတာဆိုတော့ သိသွားပြန်ပါတယ်။ မင်းက ငဖောပဲတဲ့…၊ အကုန်လုံးကို လိုက်ဖောနေတာပဲလို့ ကောင်းချီးပေးပါတယ်။ ဒီလိုနဲ့ ကျွန်တော်ဟာ ငဖော ဒါမှမဟုတ် ကိုဖောဖြစ်ခဲ့ပြန်ပါတယ်။

ကျွန်တော့်မှာ ဒီနာမည်တွေ ရှိခဲ့တယ်ဆိုတာ သိသူ နည်းပါတယ်၊ အခုတော့ လူလည်း ဆုံပြီမို့ (ပြည်တော်ပြန်များနဲ့ မဆိုင်ပါ) မွေးနေ့လည်း အသစ်တဖန် ရောက်လို့ လာတော့မယ့်အခါမှာ ဆရာသမား ညီငယ်ကို သတိရလို့ (သူ့ကဗျာလေး ဖတ်ပြီးနောက်မှာလည်း တခုခု ရေးချင်လာလို့) အလွမ်းအဆွေးနဲ့ ရေးလိုက်ရပါတယ်ခင်ဗျာ။

ညီငယ် ကျန်းမာ ချမ်းသာလို့ အလုပ်အကိုင်တွေ အဆင်ပြေပါစေ၊ အမေ့ကိုလည်း စောင့်ရှောက်နိုင်ပါစေဗျာ။

၂၀၁၂ စက်တင်ဘာ ၈၊ နံနက် ၁၁ နာရီ။

လန်ဒန်။