by Myo Tha Htet on Tuesday, 2 October 2012 at 23:36·

ကြိုးတွေနဲ့ ဆွဲထားတယ်၊ ဆွဲတဲ့အတိုင်း လှုပ်ရတယ်၊ လှုပ်လိုက်မှ အလုပ်ဖြစ်တယ်၊ အဲဒါကိုပဲ အလုပ်လို့ခေါ်တယ်။ ကြိုးဆိုင်းတွေနဲ့ လူတယောက်ရှိတယ်။

သူ့မှာ အသက်မရှိဘူး၊ ဒီအတိုင်းတိုင်းဆို လှုပ်မှ မလှုပ်ဘဲ… ဒါကြောင့် အသက်မရှိဘူးလို့ ပြောတာပါ။ တခါ အရှက်လည်း မရှိပြန်ဘူး။ ပြောဆို ပြောတယ်၊ အော်ဆို အော်တယ်၊ ထိုင်ဆိုထိုင် ထဆိုထ… အရှက်ဆိုတာ ဘာလဲလို့တောင် ပြန်မေးမယ့်သူ… တစက်ကလေးမှကို မရှက်တတ်တဲ့သူ။ တခါ အခွက် မရှိဘူး၊ အဲ… မျက်ခွက်ကို ပြောင်လွန်လွန်းလို့ အဲဒီလိုတောင် ပြောကြတယ်။ မျက်ခွက်ဆိုတာ ဘယ်မှာ ထားထားမှန်းကို မသိတဲ့သူပါ။ အကပ် မရှိဘူး၊ ဒါကတော့ ထူးသလို ဆန်းသလို ရှိတယ်၊ ခိုင်းတာတွေ လုပ်ပေမယ့်လည်း တကယ်ဖြစ်ရင်တော့ သူပဲ ခံနေရတယ်၊ ဘယ်သူ့မှလည်း ကပ်မထားဘူး၊ ဘယ်သူ့ကမှလည်း သူ့ကို အကပ်မခံကြဘူး။

ခိုင်းတာလုပ်ဖို့ စိတ်တခုထဲနဲ့ သူ၊ သူ့ကို ကြည့်ရတာ ဘယ်တော့မှလည်း စိတ်ချမ်းသာမယ့်ပုံ မရှိဘူး။ အခုတော့ သူ နေမကောင်းရှာဘူး။ ချောင်းတွေက တဟွတ်ဟွတ်နဲ့… ဆေးကလည်း သောက်ပုံမရဘူး။ ဆေးလိပ်ကတော့ သောက်ပုံရတယ်။ သူ့ကို ကြည့်လိုက်ပါ၊ မသိရင် စက်ရုံခေါင်မိုးကြီး ဆောင်းထားသလိုလို…။ သေတော့မယ်နဲ့ တူပါရဲ့…။ သေသွားတော့လည်း အေးတာပဲလို့ သူ့ခမျာ တွေးထားပုံရတယ် ထင်ပါရဲ့…။ သူ့ကြည့်ရတာ ကြောင်တောင်တောင်နဲ့… ဘာခံစားမှုမှလည်း ရှိပုံ မရဘူး။ သူ့ဘေးက ကြိုးတွေကိုသာ တခါတခါ ၀ါးစားလိုက်၊ တခါတခါ ဖြည်နေလိုက်နဲ့ ကြိုးတွေနဲ့ပဲ အတူနေ၊ ရယ်လိုက် မောလိုက်… မြင်ရတာကိုက တကယ်ကို စိတ်ညစ်စရာ ကောင်းလှပါတယ်။

သူဟာ ကျောက်တုံးမျက်နှာပေးနဲ့ လူတွေကို တခါတခါ ကြည့်တတ်တယ်။ ကျောက်တုံးဆိုတော့ သိတဲ့အတိုင်း ထူထူထဲထဲ၊ လေးလေးပင်ပင်ကြီးပေါ့။ ဘာမှလည်း ခံစားချက်မရှိဘူး။ လူလို့သာ ပြောရတယ်၊ လူနဲ့လည်း တကယ်မတူတဲ့သူပဲ။ ဖြတ်သွားဖြတ်လာတွေက သူ့ကို ကြည့်ကြတယ်၊ စိတ်ညစ်ကြတယ်၊ နှာခေါင်းရှုံ့ကြတယ်။ သူကတော့ တခါတခါ မျက်လုံးကြီး ပြူးပြီးကြည့်တယ်၊ တခါတခါ ရယ်သလိုလို ပြုံးသလိုလို လုပ်တယ်၊ တခါတခါတော့ စသလို နောက်သလိုတောင် ပြန်လုပ်တယ်။ အရူးကြီးတယောက်လို ဖြစ်နေတဲ့သူပေါ့။

ဒါက သူ့ကို အများက မြင်နေရတဲ့ကိစ္စ၊ ကျွန်တော်လည်း အဲဒီလို မြင်သလို ကိုဖိုးထောင်လည်း ကျွန်တော့်လိုပဲ မြင်တာပဲ…၊ မခင်မိလည်း အလားတူ မြင်တာပါပဲ။ ရှင်းရှင်းသိသာတဲ့ အချက်ကတော့ သူဟာ ကြိုးဆွဲမှ ကတဲ့သူ ဖြစ်နေတယ်၊ ခိုင်းမှ လုပ်တယ်။ မဟုတ်ရင် ထူထူအအ၊ ကြောင်တောင်တောင်ပဲ… သူ့ဟာသူ တခုခု လုပ်တယ်ဆိုတာ ဘာမှမရှိဘူး။ ဘာမှလည်း မသိဘူး။ လူတယောက်နဲ့ တကယ်ကို မတူတဲ့လူ…။

ကျွန်တော်က သူ့ကို နောက်ဆုံးမှ တွေ့ဖူးမြင်ဖူးတာမို့ ကောင်းကောင်းမသိဘူး။ သွားရင်းလာရင်း တွေ့ဖူးတာလောက်ပဲ ရှိသေးတယ်။ သူ့ဘ၀ သူ့အကြောင်း ရှေ့ဘက်က ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာကိုလည်း ဟိုကြားဒီကြားပဲ ရှိတာ… သေသေချာချာ မသိပါဘူး။ ဒါပေမဲ့ သူ့ကို တွေ့တွေ့လာရတဲ့အခါ စိတ်ထဲ တမျိုးတမည်ဖြစ်ပြီး၊ အမျိုးအမည်မသိတဲ့ ဝေဒနာတခု ခံစားလာရသလို ရှိတယ်။ ကျွန်တော့်ရဲ့ လွန်ပြီဖြစ်တဲ့ အဘနဲ့ပဲ တူသလိုလို၊ ဦးကြီးညိုထွေးနဲ့ပဲ ဆင်သလိုလို၊ ကိုယ့်မျိုးကိုယ့်ရင်းထဲက တယောက်လိုလို စိတ်ထဲ ဖြစ်မိတယ်။

ဒါကြောင့် တဖြည်းဖြည်းနဲ့ သူ့ကို စိတ်ဝင်စားမှု ပိုလာတယ်ဆိုတာကိုတော့ ၀န်ခံချင်ပါတယ်။ ဘယ်သူ့ကမှ စိတ်မ၀င်စားတဲ့ လူတဦးကို ကျွန်တော်က ဘာကြောင့် စိတ်ဝင်စားနေတာလဲ၊ စိတ်ဝင်စားတော့ရော ဘာတွေ အကျိုးရှိမှာလဲလို့ ပြန်စဉ်းစားကြည့်မိတယ်။ တခါတခါ ကျွန်တော့်မှာလည်း စိတ်ရူးတခု ရှိတတ်တယ်။ ထင်ရာမြင်ရာ စွတ်တရွတ် လုပ်တတ်တဲ့အကျင့်ပဲ၊ ဘယ်တော့မှာလည်း ပြင်လို့ရမှာမဟုတ်တဲ့ အကျင့်ပါ။ စိတ်ဝင်စားချင်တာကို စိတ်ဝင်စားတယ်၊ အလဟဿ အချိန်ကုန်ခံနိုင်တယ်၊ အပင်ပန်းခံနိုင်တယ်။

ဒါနဲ့ ကျွန်တော် တနေ့တော့ ချောင်းပြီး အဲဒီကြိုးဆိုင်းတွေနဲ့လူကို စကားပြောကြည့်ဖြစ်တယ်။ သူက အဲဒီနေ့က နည်းနည်းသန့်နေသလိုပါပဲ၊ ပုံမှန်ဆိုရင်တော့ ဒီလူကြီး ကြည့်ရတာ အင်မတန်မှကို အကျည်းတန်လွန်းပါတယ်။ မဖြီးသင်တဲ့ ဆံပင်၊ မသုတ်သင်ထားတဲ့ မုတ်ဆိတ်၊ မျက်ပေါက်မှေးမှေးနဲ့ အလိုမပြည့်တဲ့ လူတယောက်လို အစဉ်အမြဲ ရှိနေသူ တယောက်ကို မြင်သူတိုင်းက မနှစ်မြို့ကြတာ အထူးအဆန်းလုပ် မပြောသင့်တဲ့ ကိစ္စပါ။ ဒါပေမဲ့ ကျွန်တော်နဲ့ စကားပြောဖြစ်တဲ့ နေ့ကတော့ သူဟာ တော်တော့်ကို လန်းလန်းဆန်းဆန်း ရှိနေပါတယ်။

“ဦးလေး… ကျွန်တော့်နာမည် မောင်ချိုလို့ ခေါ်ပါတယ်၊ တာဝတိန်သာလမ်းမှာ နေပါတယ်“

သူက ကျွန်တော့်ဘက်ကို လှည့်ပြီး ကြည့်တယ်၊ မျက်မှောင်တချက် ကုတ်တယ်။ ပြီးတော့ တဘက် ပြန်လှည့်သွားပြီး ကျောပေးရက်ကနေ စကားပြန်ပြောတယ်။

“မင်းနာမည်နဲ့ နေရပ်ပြောတော့ ငါက ဘာလုပ်ရမှာလဲ၊ ရှုပ်ရှုပ်ရှက်ရှက်…“

“ဒီလိုပါ၊ ကျွန်တော်က မိတ်ဆက်တာပါ၊ ဦးလေးကို ကျွန်တော့်အမျိုးတယောက်လို စိတ်ထဲ ခံစားရလို့ စကားလာပြောကြည့်တာပါ၊ ဦးလေးက ဘာဖြစ်လို့ ကြိုးဆိုင်းတွေနဲ့ ဖြစ်နေရတာလဲ“

စကားအပိုတွေ မပြောတတ်တဲ့ ကျွန်တော့်ဝသီအတိုင်း တိုက်ရိုက်ပဲ ပြောချလိုက်တယ်၊ ဟုတ်တယ်လေ… ဒီလူကြီးကို အထူးအထွေ ကျွန်တော် အချိန်ပေး မနေနိုင်ဘူး။ စကားပြောလို့ရရင် ပြောမယ်၊ မေးစရာရှိ မေးမယ်။ မဟုတ်ရင်လည်း ထားလိုက်ရုံပဲ၊ အဝေးကနေပဲ စိတ်ဝင်စားလိုက်ရုံပဲ။ ကျွန်တော့်ကိုလည်း ကျွန်တော်ဝေခွဲမရနိုင်ဘူး။ ကျွန်တော်ဟာ ဘာကြောင့် စိတ်မရှည်သူတယောက် ဖြစ်နေတာလဲ။ ကျွန်တော်ဟာ ဘယ်တော့မှ သည်းမခံနိုင်ဘူး။ ဘာကိုမဆို ချက်ချင်းတုန့်ပြန်တတ်တဲ့သူ ဖြစ်နေတတ်တယ်။

လူကြီးက ကျွန်တော့်ကို ကျောပေးရက်ကနေ လှည့်လာပြန်တယ်၊ ပြီးတော့ ကျွန်တော့်ကို တည့်တည့်ကြည့်တဲ့ပြီး…

“မင်းက ငါ့ကို ဘာဖြစ်လို့ စိတ်ဝင်စားရတာလဲ၊ ကြိုးဆိုင်းတွေနဲ့လူဟာ အရုပ်ပေါ့ကွာ… ငါဟာ အရုပ်တရုပ်ပေါ့ကွာ“ လို့ ပြန်ဖြေတယ်။

အရုပ်၊ အရုပ်… လူအရုပ်…။ လူဟာ အရုပ်လား၊ အရုပ်လို လူလား။ ကြိုးဆိုင်းတွေနဲ့ လူကြီးက သူဟာ အရုပ်တရုပ်ပါလို့ ပြောတယ်။ ကျွန်တော် သိတာကတော့ အရုပ်ဆိုတာ အရုပ်ပဲ၊ လူက လူပဲ။ အရုပ်နဲ့လူက တူမှ မတူတာပဲ။ အရုပ်ကို ကလေးတွေက ကစားကြတယ်။ လူကြီးတွေကတော့ ကြည့်ကြတယ်၊ သဘောကျတဲ့ အရုပ်ဆို သဘောကျစရာ ကောင်းတယ်လို့ ပြောကြတယ်။ သဘောမကျတဲ့ အရုပ်တွေဆို သူတို့ မကြည့်ချင်ကြဘူး။ ဒီလောက်ပဲ။ ဒီလူကြီးကတော့ အရုပ်တဲ့၊ ဒါပေမဲ့ စကားလည်း ပြောတယ်၊ အစားလည်း စားတယ်၊ ဆေးလိပ်တောင် တခါတလေ သောက်တာကို တွေ့ဖူးတယ်။

“ကြိုးတွေနဲ့ ဆိုင်းထားတဲ့ လူမို့ အရုပ်လို့ ပြောတာလား၊ ရုပ်သေးရုပ်လို ဖြစ်နေတဲ့ လူမို့ အရုပ်လို့ ပြောတာလား“

ကျွန်တော်က စိတ်ထဲ မရှင်းတာနဲ့ အဲဒီလိုပဲ မေးချလိုက်တော့တယ်။ သူက မျက်လုံးကြီးပြူးပြီး ကျွန်တော့်ကို ကြည့်တယ်။ ကျွန်တော် တွေးတာတွေဟာ သမားရိုးကျ အတွေးတွေထဲက ဖောက်မထွက်နိုင်သေးဘူးလို့များ ထင်နေသလား မသိပါဘူး။ (သူ တကယ် အဲဒီလို တွေးခဲ့ရင်လည်း ကျွန်တော် မတတ်နိုင်ဘူး၊ ကျွန်တော်က အချက်အလက်အပေါ် အခြေခံရတဲ့ အလုပ်လုပ်နေသူဆိုတော့ ကျွန်တော် ဖတ်ထား၊ မှတ်ထား၊ သိထားတာတွေ အပေါ်မှာပဲ သုံးသပ် ဆုံးဖြတ်တတ်တယ်၊ မေးခွန်းတွေ ဆင့်ကာဆင့်ကာ ထုတ်တတ်တယ်)။

“အရုပ်ဆိုကထဲက ရှင်းနေပြီးသားပဲ၊ ကိုယ်တိုင် မလှုပ်နိုင်ဘဲ သူများ လှုပ်ပေးမှ လုပ်နိုင်တာကို ခေါ်တာပဲကွ။ ကြိုးတွေနဲ့ ဆိုင်းထားတယ် ဆိုတာကလည်း အဲဒီလို လှုပ်နိုင်အောင် လုပ်နိုင်ဖို့ အတွက်ပဲ မဟုတ်လား။ ရှင်းနေတာတွေကို မင်းက ဘာကြောင့် ရှုပ်ချင်တာလဲ မောင်ချိုရ…“

ကျွန်တော် မိတ်ဆက်ထားတဲ့ နာမည်ကို ပထမဆုံး စခေါ်လာပြီ၊ ဒါဟာ ကျွန်တော့် အောင်မြင်မှုလို့ပဲ ကျွန်တော် တွေးတယ်။ လူတယောက်နဲ့ လူတယောက် နာမည်ခေါ်ပြီး ပြောဆိုလာကြပြီဆိုရင် ဒါဟာ တယောက်နဲ့တယောက် ချိတ်ဆက်မိသွားပြီလို့ ကျွန်တော် ယူဆတယ်။ ဒါဆိုရင် ဒီအရုပ်လူကြီးနဲ့ ကျွန်တော်လည်း ချိတ်ဆက်မိသွားကြပြီလား။ ချိတ်ဆက်တာ/ မချိတ်ဆက်တာ နောက်ထားရမယ့် အလုပ်ပဲ၊ တကယ့်အလုပ်က သူက ကျွန်တော့်ကို မေးခွန်းထုတ်နေပြီ၊ ရှင်းနေတာတွေကို ဘာကြောင့် ရှုပ်ဖို့ လုပ်သလဲတဲ့။

တချို့ကိစ္စတွေဟာ ဒီလူကြီး ပြောသလို ရှင်းနေသားပဲလို့ လူတွေက အထင်ရောက်တတ်ပါတယ်။ တကယ်ကတော့ ကျွန်တော့် အတွေ့အကြုံအရဆို… အဲဒါတွေဟာ တကယ် မရှင်းပါဘူး။ “မရှုပ်ပါဘူးလို့ ကျွန်တော်တို့က သက်သေ မပြမချင်း ရှင်းနေသားပဲ“ လို့ အလွယ်တကူ ပြောလို့ မရတတ်ပါဘူး။ ဒါကို အရှင်း/ အရှုပ်အကြောင်း ကောင်းကောင်းသိတဲ့ သူတွေ သိပါတယ်။ ကျွန်တော်လည်း သိပါတယ်၊ တချို့တော့ မသိကြဘူး။ အဲဒါကိုတော့ ကျွန်တော် သိနေပါတယ်။

ကျွန်တော် ဘာပြန်ဖြေရမလဲ၊ ကျွန်တော့်မှာ အဖြေရှိသလား။ ကျွန်တော်လည်း အရုပ်တရုပ်လား။ လှုပ်တဲ့သူရှိမှ လုပ်တဲ့သူလား။ ဒီအဖိုးကြီးဟာ ကျွန်တော့်ကို မေးနေပြီ၊ ကျွန်တော်ဟာ အင်မတန် စိတ်မြန်တဲ့သူ ဖြစ်တယ်၊ ယောက်ျားလေးတန်မဲ့ ဆတ်ဆတ်ထိ မခံတတ်သူလည်း ဖြစ်တယ်။ အရာရာကို တတ်သိနားလည်သူလို့လည်း အထင်ရောက်တတ်သူ ဖြစ်တယ်။ တချို့ကိစ္စတွေဆို သူများတွေ မသိခင် အရင်သိနေတတ်သူလို့လည်း ဂုဏ်ယူခဲ့ဖူးတယ်။ အခုတော့ ကျွန်တော် အခက်တွေ့ပြီ၊ ခက်နေပါပြီ။ ဘာတခုများ ကျွန်တော် ဖြေနိုင်ပါ့မလဲ။

ကြိုးဆိုင်းတွေနဲ့ လူကြီးကတော့ ကျွန်တော့်ကို ပြုံးပြုံးကြီးကြည့်ပြီး ဟိုဘက် ပြန်လှည့်သွားပြီ၊ သူ့ခေါင်းနားဆီကနေ မီးခိုးငွေ့တွေတောင် ထွက်လာတာကို ကျွန်တော် တွေ့နေရတယ်။ ဆေးလိပ် သောက်နေတာ ထင်ပါရဲ့…။ ခဏနေတော့ ချောင်းတွေ တဟွတ်ဟွတ်ဆိုးသံ ကြားရတယ်။ ကျွန်တော့်မှာတော့ ဆွံအနေဆဲ… အနေမတတ်၊ အထိုင်မတတ်၊ ဟိုစပ်စပ် ဒီစပ်စပ်လူ၊ ကိုယ့်ကိုယ်ကိုယ် သိပ်သွက်တယ်လို့ ထင်ခဲ့မိသူ၊ အခုတော့ ကိုယ့်ဒုက္ခနဲ့ကိုယ်… ကျွန်တော့်ပါးစပ်ဟာ စေးကပ်နေတယ်။

အဖြေကတော့ ရှင်းခဲ့ပြီ။ အော် ဟော် ဟော်… ကျွန်တော်ကိုယ်တိုင်သည်လည်း ကြိုးဆိုင်းတွေနဲ့ လူ…။

၂၀၁၂ အောက်တိုဘာ ၂၊ ည ၁၁ နာရီ။

လန်ဒန်။

Advertisements