by Myo Tha Htet on Saturday, 8 September 2012 at 23:48·

“သားကို အရပ်မြင့်မြင့် မွေးပေးထားတာ တခုနဲ့တင် ကျေးဇူးဆပ်လို့ မကုန်တော့ပါဘူး အမေ၊ ဒီ့အတွက် သားမွေးနေ့ အကြိုမှာ လက်ဆယ်ဖြာ ထိပ်မှာမိုးလို့ ရှိခိုးဦးချ ကန်တော့လိုက်ပါတယ်“

ဟုတ်ပါတယ်၊ ဒီတခုထဲနဲ့တင် ကျွန်တော်တော့ အမေ့သား ဖြစ်ရတာ တော်တော်တန်နေပြီလို့ အကြိမ်ကြိမ် တွေးမိပါတယ်။ ကျွန်တော်က အရပ်မြင့်ရတာကို ကြိုက်တယ်။ သိပ်အမြင့်ကြီးလည်း မဟုတ်ဘူး၊ လက်ရှိ အမြင့်လောက်ပဲ ဘ၀မှာ လိုချင်ခဲ့တယ်။ အခု အဲဒီ အရပ်နဲ့ လူလုပ်နေရတယ်၊ အဲဒါနဲ့တင် အမေ့ကျေးဇူးက တော်တော်ကြီးနေပါပြီ။

အမေက အဝေးရောက်သားကို အမြဲ သတိရတယ်လို့ ပြောတယ်။ အခု မွေးနေ့အတွက်လည်း ကြိုပြီး ဆရာတော် သမားတော်တွေကို သင်္ကန်းကပ်လှူပေးတယ်၊ လိုအပ်တဲ့ သူတွေကို သားကိုယ်စား လှူဒါန်ပေးတယ်။ ပြီးတော့ “မင်းက အဲဒီက သာဓုခေါ်ကွဲ့“ လို့လည်း ကုသိုလ်ကောင်းမှုတွေ ထပ်တူရဖို့ ပြောဆို ဆုံးမ အမျှပေးဝေပြန်တယ်။

ငယ်ငယ်ကထဲက ဘုရားကို ဘုရားမှန်း၊ တရားကို တရားမှန်း၊ သံဃာကို သံဃာမှန်း၊ မိဘကို မိဘမှန်း၊ ဆရာသမားကို ဆရာသမားမှန်း သိအောင် ပြောဆို၊ ဆုံးမ သွန်သင်ပြပေးခဲ့တယ်။ ဆွေမျိုး၊ မိတ်ဆွေ၊ ရပ်ကွက် ၀န်းကျင်နေသူတွေကို နိုင်သမျှ ကူရမယ်လို့လည်း ပြောဆိုခဲ့သလို ကိုယ်တိုင်လည်း ကူပြ၊ လမ်းပြ၊ ရှေ့ဆောင်ပြခဲ့တယ်။

တခါ ဘုရားရှိခိုးဖို့၊ တရားနိုင်သလောက်ထိုင်ဖို့၊ အခါကြီးရက်ကြီးမှာ ဘုရားကျောင်းကန် ဘုန်းတော်ကြီးကျောင်းသွားပြီး ဝေယျာဝစ္စ ကုသိုလ်ယူဖို့တွေကိုလည်း သားသမီးတွေကို တိုက်တွန်း၊ နှိုးဆော်သလို ကိုယ်တိုင်လည်း ရှေ့ကနေ အဦးအစ လုပ်ဆောင်ပြခဲ့တယ်။ “ငါ ပြောသလို လုပ်၊ ငါ လုပ်သလို မလုပ်နဲ့“ ဆိုတာမျိုး မဟုတ်ဘဲ “ငါ ပြောသလို လုပ်၊ ငါလည်း ရှေ့က လုပ်ပြမယ်“ ဆိုတဲ့ ဆရာနဲ့တူတဲ့ မိဘမျိုး ဖြစ်ပါတယ်။

တခါတလေ သားသမီးက အရွယ်ငယ်၊ အသိမကြွယ်လေတော့ ပင်ပန်းတယ်၊ ပျင်းတယ်၊ မလုပ်ချင်ဘူးလို့ အရွဲ့တိုက်၊ ဆိုးမိုက် လုပ်နေရင်လည်း ချော့တန်ချော့၊ ခြောက်တန်ခြောက်၊ ကြမ်းတန်ကြမ်း လုပ်ပစ်လိုက်တဲ့ အမေ့ကို ကျွန်တော်ကတော့ ကြောက်လည်း ကြောက်သလို ချစ်လည်း ချစ်ရပါတယ်။ ဆယ်တန်းတုန်းကဆို စာမကြည့်ဘဲ ယောင်တောင်တောင် လုပ်နေလို့ ဆံပင်ကိုဆွဲပြီး နံရံနဲ့ ဆောင့်ထည့်လိုက်တာ အလစ်အငိုက် (မလုပ်လောက်ဘူးလို့ ထင်နေတာကိုး) ခံလိုက်ရတယ်။

အမေ့ကို တခုကြိုက်တာက စကားများများ မပြောဘဲ ပြောသင့်သလောက်ပဲ ပြောပြီး၊ ကျွေးစရာရှိ ကျွေး၊ ပေးစရာရှိ ပေး၊ ခွေသွားအောင် သမစရာရှိ သမပစ်တာပါ။ အဲဒီတုန်းကတော့ အမေဟာ သားကို မချစ်ဘဲ ဘာဖြစ်လို့ ဒီလို ရိုက်နှက်တာလဲလို့ စိတ်မကောင်း ဖြစ်ခဲ့ဖူးပေမယ့် ဒီကနေ့မှာတော့ အမေ ဒီလိုတွေ ရိုက်နှက်ဆုံးမ၊ တွန်းတင်ထိုးတင်၊ မီးထိုးလွန်းခဲ့လို့သာ အခုလို အခြေအနေဘ၀ ရောက်ခဲ့တာပဲလို့ ဆင်ခြင်မိပြီး ကျေးဇူး အထပ်ထပ်တင်၊ ဦးအကြိမ်ကြိမ် ချမိပါတော့တယ်။

အမေ့အကြောင်း ပြောရရင်တော့ စာရေးဆရာ ချစ်စံဝင်းလိုပဲ စာတအုပ် ရမှာပါပဲ။ အများကြီးတော့ မပြောတော့ပါဘူး။ ၁၀ ချက်လောက်ပဲ ချုံးပြီး ပြောကြည့်ပါ့မယ်။

၁။ အမေက အလုပ်တဖက်နဲ့ အိမ်ထောင်ဦးစီး ထိန်းသိမ်းရသူဆိုတော့ သားသမီး ငယ်တုန်းကသာ သားသမီးတွေကို သေသေချာချာ ထိန်းသိမ်း စောင့်ရှောက်သလို အိမ်မှုကိစ္စတွေကိုလည်း ကိုယ်တိုင်လုပ်ခဲ့ရပေမယ့်လို့ ရှေ့နေ အလုပ်မို့ အလုပ်က များတဲ့အခါ အဖွားနဲ့ပဲ လွှဲထားတာ များပါတယ်။ ဒါပေမဲ့ အမေက ၀က်သားဟင်းချက် သိပ်ကောင်းတယ်။ အမေချက်တဲ့ ၀က်သနီချက်ဟာ အလွန်ကာင်းတယ်။ ဘာသာရေးကြောင့်လား မသိ၊ အမေဟာ ၀က်သားကို အဖေ့လောက် မက်မက်စက်စက် မရှိပေမယ့်လို့ သားသမီးတွေအတွက် ငယ်ငယ်က ချက်ကျွေးခဲ့တာကို ကျေးဇူးတင်မိတယ်။

၂။ အမေဟာ အလုပ် ဘယ်လောက်များများ ဘုရားစင် သန့်ရှင်းရေးကို အထူးပြု ဆောင်ရွက်တယ်။ ဘုရားပန်းကို အညှိုးနွမ်းမခံဘဲ ပုံမှန် ရေလဲတယ်၊ ပန်းအသစ် ၀ယ်ကပ်တယ်။ ရာသီအလိုက် ပေါ်တဲ့ သစ်သီးတွေကို ဆွမ်းကပ်လှူလေ့ ရှိတယ်။ လပြည့်နေ့တွေမှာ ပွဲထိုးပြီး ဆုတောင်းတယ်၊ သားသမီးတွေကိုလည်း တခုတ်တရခေါ်ပြီး ဘုရားအတူ ရှိခိုးခိုင်းတယ်၊ ထိုင်နိုင်သလောက် (ကြာကြာတော့ ထိုင်စေချင်ပုံရတယ်) တရားထိုင်ခိုင်းတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။

၃။ အမေဟာ သူ အလုပ် ဘယ်လောက် ပင်ပန်းပင်ပန်း အိမ်ကို တတ်နိုင်သလောက် သန့်ရှင်းအောင် ထားတယ်။ မိဘနှစ်ပါး၊ ကလေးသုံးယောက်ကို လောက်ငှအောင် ရှာဖွေကျွေးမွေးရတဲ့ အမေဟာ မိန်းမတယောက်တန်မဲ့ အလုပ်ကို တော်တော် လုပ်နိုင်တယ်။ မိန်းမတယောက်က လူခြောက်ယောက်စာ ရှာဖွေ ကျွေးမွေးရတာ ဘယ်လောက်တောင်မှ ပင်ပန်းနေမလဲဆိုတာ အလုပ်လုပ်နေတဲ့ ကျွန်တော် ကောင်းကောင်း သိပါတယ်။ ဒါပေမဲ့ အမေဟာ အိမ်ဖော် မထားဘူး၊ သားသမီးတွေကို တချို့ခိုင်းတယ်၊ တံမြက်စည်း သူကိုယ်တိုင် ကိုင်လှည်းတယ်၊ ကြမ်းကို သူကိုယ်တိုင် တိုက်တယ်၊ ရေအိမ်ကို ပြောင်လက်နေအောင် အမြဲတိုက်တယ်။ သားသမီးကိုလည်း လုပ်တတ်ဖို့ ခိုင်းတယ်။ ဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။

၎။ အမေက ပညာရေးကို အားပေးတယ်၊ ပညာရေးကိုသာ အမွေအဖြစ် ပေးနိုင်တယ်လို့ ခဏခဏ ပြောတယ်။ မင်းတို့ ဘွဲ့တွေ၊ ဂုဏ်ထူးတွေ ရအောင် လုပ်ကြ၊ အင်္ဂလိပ်စာကို တတ်အောင် သင်ကြဆိုတဲ့ စကားကို ကျွန်တော် လေး၊ ငါးတန်း လောက်ကနေ မနေ့၊ တနေ့ကအထိ ပြောနေတုန်းပါ။ ပညာရေးကို အင်မတန်မှ အမေ အားပေးတယ်။ ကျွန်တော် ကောလိပ်တက်ရင်း ကျောင်းတွေက ပိတ်လိုက်/ဖွင့်လိုက်နဲ့ တန်းလန်း ဖြစ်နေတုန်း ဘယ်နေ့ ပြန်ဖွင့်မယ်မှန်း မသိတဲ့ ကျောင်းကို စောင့်ရင်း ဟိုယောင်ယောင်/ဒီယောင်ယောင် လုပ်နေတော့ အမေက ဗြိတိသျှကောင်စီ စာကြည့်တိုက်သွားပြီး စာဖတ်ခိုင်းတယ် (ကျွန်တော်က မဖတ်ဘူး)၊ အမေရိကန်စင်တာ သွားပြီး အင်္ဂလိပ်စာ သင်တန်း တက်ခိုင်းတယ် (ကျွန်တော်က မတက်ဘူး)။ အမျိုးသားရေး စိတ်ဓာတ်အပြည့်နဲ့ အစိုးရ ကောလိပ်ကိုပဲ ဖွင့်တဲ့အထိ စိတ်ရှည်ရှည် စောင့်ပြီး အတန်းပြီးအောင် တက်ခဲ့တယ်။

ဒီတော့ ကျွန်တော် နောက်ပိုင်းမှာ အများကြီး ရုန်းကန် ကြိုးစားခဲ့ရတယ်။ အမေက ကြိုမြင်လို လမ်းပြတယ်၊ အတင်း တွန်းလျှောက် ခိုင်းတယ်။ သားက ခေါင်းမာတယ်၊ ခေါင်းခါတယ်။ အမေကလည်း မလျှော့လိုက်ဘဲ ဇွဲနပဲနဲ့ ဆင့်ကာဆင့်ကာ ထပ်ခါထပ်ခါ ပြောတော့ နောက်ဆုံးမှာ ခေါင်းအလွန်မာတဲ့ သားဟာ တဖြည်းဖြည်းနဲ့ လှုပ်လာပြီး လုပ်လာတယ်၊ သင်လာတယ်၊ တတ်လာတယ်။ ဒီအတွက်လည်း အမေ့ကို ကျေးဇူးတင်ပါတယ်။

၅။ အမေဟာ သားကို အင်မတန် မျှော်မှန်းတယ်။ မွေးပြီး မကြာခင်မှာပဲ သူ့သားဟာ ကြီးတဲ့အခါ ဆရာဝန် ဖြစ်ရမယ်လို့ ရည်မှန်းချက် ထားသတဲ့။ အမေလေ… မနေဘူး၊ ကြွားတာပေါ့။ သူ့သားဟာ ကြီးတဲ့အခါ ဆရာဝန် ဖြစ်စေရမယ်တဲ့…။ ပတ်ဝန်းကျင်က မေးငေါ့ကြတာပေါ့၊ ကြည့်ပါဦး… စားဖို့တောင် အတန်တန် ရုန်းနေကြရတာ… သူ့သားများ ကြီးတဲ့အခါ ဆရာဝန် ဖြစ်မတဲ့…။ ဒီလိုတွေ ပြန်ကြားတဲ့ အခါမှာလည်း အမေက မမှုပါဘူး၊ သူ့ ယုံကြည်ချက်နဲ့ သူ… ဒါပေမဲ့ သားက မတော်ဘူး၊ မကြိုးစားဘူး၊ ဒီတော့ ဆရာဝန် မဖြစ်ခဲ့ဘူး။

မကြိုးစားတဲ့ သားဟာ ဘယ်လိုမှ ဆရာဝန် မဖြစ်နိုင်မှန်း သိပြန်တော့ လက်တွေ့ကျတဲ့ အမေက တဆင့် လျှော့ပြန်တယ်။ မင်းက ဥာဏ်လည်း ကောင်းပါရဲ့နဲ့ အပျင်းက ထူ၊ လူက ယောင်ချင်တယ်။ တခေါက်လောက် ကြိုးစားစမ်းကွာတဲ့… စက်မှုတက္ကသိုလ်တော့ တက်ပြီး အင်ဂျင်နီယာလောက်တော့ လုပ်သင့်ပါတယ်တဲ့။ သားမောင် ကြောင်တောင် ယောင်တောင်ကတော့ စက်မှုတက္ကသိုလ်လည်း မတက်ချင်ပါဘူး၊ တကယ်ဆို ဘာကိုဘာမှ လုပ်ချင်ခဲ့သူ မဟုတ်ပါဘူး။ ဘ၀ဆိုတာ အခက်အခဲတွေ များလှတဲ့… ဆူးငြောင့်တွေပေါတဲ့ ခရီးလမ်းရှည်ကြီး ဆိုတာကိုလည်း ကြီးကြီးကျယ်ကျယ် မတွေးခဲ့မိပါဘူး။

ကျောင်းစာ မဟုတ်တဲ့ စာမှန်သမျှကို စိတ်ဝင်စားခဲ့သူ အငမ်းမရ ဖတ်ခဲ့သူ၊ ယောင်တောင်ပေါင်တောင် အတွေးနဲ့ တောင်ရေးမြောက်ရေး စာတွေ ရေးခဲ့သူ၊ နိုင်ငံရေးသမား ဖြစ်ချင်သလိုလို အတွေးအခေါ် ပညာရှင် ဖြစ်ချင်သလိုလို ဝေခွဲမရခဲ့တဲ့သူ… အမေဟာ သူ့သားကို ဘယ်လို လမ်းကြောင်းတည့်ရမလဲလို့ ဘယ်နှညတောင် စဉ်းစားခဲ့ရသလဲ၊ အိပ်မရတဲ့ ညတွေ အမေ့မှာ ဘယ်လောက် ရှိခဲ့သလဲ။ အမေဟာ တခြားနေရာသာ စကားမပြောရင်နေမယ်၊ သားပညာရေးအတွက်ကတော့ အဆက်မပြတ် တတွတ်တွတ်နဲ့ ပြောနေခဲ့တယ်၊ အကြံတွေ၊ ဥာဏ်တွေ ပေးနေခဲ့ပါတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။

၆။ ဒီလိုနဲ့ပဲ လိမ်ဖယ်လိမ်ဖယ်နဲ့ သားဟာ ကောလိပ်ပြီးခဲ့တယ်။ အလုပ်ဝင်ဖို့ ရှိလာတယ်။ အမေက ရှေ့နေဆိုတော့ သားကိုတော့ အနိမ့်ဆုံး ရှေ့နေတယောက်တော့ ဖြစ်စေချင်ခဲ့တယ်။ မလိမ္မာခဲ့တဲ့ သားဟာ ဥပဒေဘာသာရပ်နဲ့ တက္ကသိုလ်တက်ဖို့အတွက် အနိမ့်ဆုံး အမှတ်ကိုတောင် ၁၀ တန်းမှာ မဖွေရှာပေးခဲ့နိုင်ဘူး။ ဒီတော့လည်း နဂို ၀ါသနာပါရာ စာရေးသူ/ အယ်ဒီတာဖြစ်ဖို့ ကြိုးစား အလုပ်ရှာ/ အလုပ်ဝင်တော့လည်း တွန့်ဆုတ်လို့ မနေခဲ့ပါဘူး။ အတွန်းအတိုက်၊ အထုအထောင်း၊ လောကဓံ လှိုင်းတန်ပိုးမှာ မြုပ်မနစ်သွားဘဲ အလိုက်သင့် ပေါလောမျောနိုင်စေဖို့ ကာယခွန်အား၊ ဥာဏခွန်အား၊ စိတ္တခွန်အားတွေနဲ့ နောက်ကနေ နိုင်သလောက် ထောက်တည်ပေးခဲ့တယ်။ အမေ့ကြောင့် သားဟာ အားတွေချည်း တက်ခဲ့ရတယ်။ ကျေးဇူးတင်ပါတယ် အမေ…။

၇။ စာရေးတာ၊ ဘာသာပြန်တာ၊ အယ်ဒီတာလုပ်တာတွေကို ၀ါသနာပါတဲ့ သားကို ထပ်ဆင့် မြင့်စေဖို့ တခြားတပါး နိုင်ငံတွေသွားပြီး ပညာသင်ဖို့မှာလည်း အမေဟာ သွားမယ့် သားထက်ကို တက်ကြွနေခဲ့ပြန်တယ်။ တိုက်တိုက်တွန်းတွန်းနဲ့ အားတွေပေး၊ ပိုက်ဆံတွေ ပေး၊ တောင်းသမျှ မညည်းညူဘဲ ထောက်ပံ့လို့ချည်း ပေးနေခဲ့တယ်။ ရွာအပြင်ထွက်ဖို့ကို အမေကသာ များများ မသင်ပြခဲ့ရင် အပျင်းကြီး၊ အနေတတ်တဲ့သား ပေကပ်ခါ နေခဲ့ဦးမှာပါလေ။ အခုတော့ နားကြီး၊ မျက်စိကြီးရုံမက ခေါင်းကြီးပါ ကြီးကြီးလာလို့ တခါတခါ ဖြုတ်ထုတ်ပြီး ထားလိုက်ရတယ် အမေ…။ အရွှန်းအဖောက် ပြောတတ်ပေမယ့် သား ဒီတခါတော့ မနောက်တော့ပါဘူး အမေ…၊ ကျေးဇူးတင်ပါတယ်လေ။

၈။ အမေက ပညာရေး တိုးတက်ဖို့ အပြင်ထွက် စာသင်ဖို့ ပြောခဲ့ဖူးတယ်၊ တကြိမ်မှာတော့ အခွင့်သာလိုက်တဲ့အခါ အပြင်မှာသွား အလုပ် လုပ်ဖို့ ဖြစ်လာခဲ့တယ်။ အမေက ချစ်တဲ့သား၊ အမေ့ကို ချစ်တဲ့သား ခွဲခွာလို့ ကွဲကွာဖို့ ဖြစ်လာတဲ့ အခါမှာလည်း အမေက တွန့်ဆုတ် မနေပါဘူးလေ…။ ဘယ်မိဘကများ သားသမီးကို ကိုယ့်ရင်အုပ်ထဲကနေ ခွဲထုတ်လို့ သွားစေချင်ပါ့မလဲ။ ဒါပေမဲ့ ဒါဟာ သားအတွက် အားဆက်မယ့် ဇာတ်လမ်းဆိုတာကို အမေဟာ မကြည့်ဘဲ သိနေတာပဲလေ။ အမေက အမြဲ ပြောတတ်တယ်၊ “နင်တို့ အကြောင်းကို နင့်တို့ထက် ငါက ပိုသိပါတယ်လေ“ တဲ့။ ဘယ်ကနေ ဘယ်လို သိသွားသလဲ ဆိုတာကိုတော့ ကျွန်တော်လည်း မိဘ မဖြစ်ဘူးသေးတော့ မသိသေးဘူးပေါ့ အမေ၊ ဘာပဲဖြစ်ဖြစ် စွန့်လို့ ထွက်သွားတဲ့သားကို အမေ အားပေးခဲ့တာကိုလည်း ကျေးဇူးတင်ပါတယ် အမေ…။

၉။ အဝေးရောက်နေပေမယ့်လည်း သားက အမေ့ကို မမေ့ခဲ့ပါဘူး။ သားကတောင် မမေ့ဘူးဆိုမှတော့ အမေကတော့ အဆ ထောင်၊ သောင်း၊ သိန်း၊ သန်း ဘယ်လိုမှန်းမလဲလေ အမေ…။ ကျွန်တော် သိပါတယ်၊ “နေ့ဆိုရင် သတိရ၊ ညဆိုရင် မေ့လို့မရ“ ဆိုတာ ကျွန်တော်တို့ အိမ်မှာ ခဏခဏ ဖွင့်ခဲ့ဖူးတဲ့ သီချင်းတပုဒ်ထဲက စာသားလေးတကြောင်း ဖြစ်ပေမယ့်လို့ အမေကလည်း ကျွန်တော့်ကို အမြဲ သတိရ၊ မေ့မထားဘူးဆိုတာကို အမေကိုယ်တိုင် ကျွန်တော့်ကို ပြောပြလို့လည်း သိတယ်၊ စိတ်နဲ့လည်း ခံစားမိပါတယ် အမေ…၊ အဲဒီအတွက်ကိုလည်း ကျေးဇူးတင်ပါတယ် အမေ…။

၁၀။ အဲ… ရေးပဲရေးလာလိုက်တာ အမေ့အကြောင်းက ကုန်ဘဲမကုန်နိုင်ဘူး၊ နံပါတ် ၁၀ တော့ ထိုးသွားခဲ့ပြီ။ ဒါနဲ့ ကျွန်တော် စဉ်းစားတယ်။ အမေ ကိုးလလွယ် ဆယ်လဖွား သားအတွက် ပင်ပန်းဆင်းရဲခဲ့ရတယ်။ ရုံးအလုပ် သွားတဲ့အချိန် တနာရီ၊ ရုံးအပြန် တနာရီ… အိမ်နဲ့ရုံးကြား တနေ့ နှစ်နာရီလောက်သာ သယ်ရတဲ့ ရုံးလွယ်အိတ်ကလေးကိုလေ… အမေ့ထက် အရပ်တပေလောက် ပိုမြင့်ပြီး အမေ့ထက် ကိုယ်အလေးချိန် တဆခွဲလောက်ပိုလေးတဲ့ ယောက်ျားဘသား အမေ့ရဲ့သားကြီးက တခါတခါ လေးသလိုလို ဖြစ်လို့ ပစ်လို့တောင် ချထားလိုက်ချင်တဲ့ စိတ် တခါမက ဖြစ်ခဲ့ဖူးတယ် အမေ…။

အမေ့မှာတော့ လေး၊ ငါး ပေါင်မက လေးတဲ့ အသက်ပါတဲ့ အသားတုံး အသားစိုင်ခဲကြီးကို သားအမှတ်နဲ့ မိဘမေတ္တာအပြည့်နဲ့ ချစ်ခင်နေပြီး အစားအသောက် ရှောင်ရ၊ အထိုင်အထ ကြည့်ရ၊ ဘုရားစာတွေ ရွတ်လို့ အင်္ဂါခြေလက်စုံအောင် ဆုတောင်းရနဲ့ ပင်ပန်းကြီးလှပါပကောဗျာ။

အဲဒီအလုပ်တွေ လုပ်ရမှာစိုးလို့ ဒီအချိန် ဒီအရွယ်အထိ အပူရှောင် အူကြောင်ကြောင်လုပ်လို့ နေတတ်သလို ကျွန်တော် နေခဲ့တယ် အမေ…။ အမေကတော့ မနေခဲ့ဘူး၊ ဒီသားဦးကို အမေ မွေးခဲ့တယ်။ အမေ့ကြောင့် ကျွန်တော် ဖြစ်ခဲ့တယ် (အဲ… အဖေ တော်တာလည်း ပါတာပေါ့ အမေရယ်…) အဲဒီ ကျေးဇူးအဖုံဖုံ ဂုဏ်အ၀၀ကို သားမောင် မှန်းဆ တမ်းတလို့ အဝေးကနေပဲ စိတ်မှန်းနဲ့ အမေ့ ခြေအစုံမှာ ကျွန်တော့်မျက်နှာအပ်လို့ ရိုရိုကျိုးကျိုး ရှိခိုးကန်တော့လိုက်ပါတယ် အမေ၊ ကျေးဇူးကြီးလှပါတယ် အမေ…။

အမေ ကျန်းမာ ချမ်းသာပါစေ၊ ခန္ဓာကိုယ်ရဲ့ မမြဲခြင်းသဘော၊ ဆင်းရဲခြင်းသဘော၊ မဆိုင်မပိုင် အစိုးမရခြင်းသဘောတွေလည်း သိအောင် မိအောင် ကြိုးစား အားထုတ်နိုင်ပါစေလို့ ဆုမွန်တောင်းအပ် ဆက်လို့ကပ်ပါတယ် အမေ…။

၂၀၁၂ စက်တင်ဘာ ၈၊ ည ၁၁ နာရီ။

လန်ဒန်။

Advertisements