by Myo Tha Htet on Tuesday, 24 July 2012 at 22:07·

လန်ဒန်နွေက ပူလှပါတယ်။ ဒီနေ့ဆို အတော်လေး ပူပါတယ်၊ ၃၀ ဒီဂရီ စင်တီဂရိတ်တော့ အပျော့ ရှိမယ်လို့ ကဖိုးမှတ် (ကိုဖိုးမှတ်) တွေးလိုက်တယ်။ ဒီထက်ပိုပူတာက ဟဒယထဲ လောင်မြိုက်ပူနေတာ ဖြစ်ပါတယ်။ နေရထိုင်ရ ခက်လှသဗျာလို့ ညည်းချည်းနေတယ်။ ဘာနဲ့ တူသလဲဆိုတော့ တိုင်းရေးပြည်ရေးကို ဦးစီးဦးဆောင် လက်သီးလက်မောင်းတန်း ဆောင်ရွက် လုပ်ကိုင်နေတဲ့ နိုင်ငံရေး ခေါင်းဆောင်တဦး သူ့ သမီးချော လင်နောက် လိုက်သွားလို့ တအုံနွေးနွေး ခံစားနေရသလို ဖြစ်နေတယ်။

ဒီလိုမှ မျက်လုံးထဲ မပေါ်သေးဘူးဆိုလည်း တိုက်ပွဲတွေ အလီလီ အောင်ထားတဲ့ ရန်ဆိုးရန်ညှောင့်၊ လူဆိုး သူခိုးတွေကို ဓားချက်အောက် အသက်ပျောက်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ သူရဲကောင်းကြီးတယောက် ပိုးဟပ်ဖြူ တွေ့လို့ ထခုန်လိုက်တာကို မြင်ကြတဲ့ ငယ်သားတွေက အသံမထွက်၊ ကြိတ်ပြီး ပြုံးရယ်ကြတာကို မခံစားနိုင်ဘဲ အရှက်သလို ဖြစ်နေတာမျိုးလို့ ကဖိုးမှတ် နောက်တမျိုး တွေးကြည့်တယ်။ ဘယ်တခုမှ မကောင်းဘူး၊ စိတ်ညစ်ဖို့ပဲ ကောင်းတယ်။

ကိုဖိုးမှတ် လန်ဒန်ရောက်လို့ ဘာမှ မကြာပါဘူး၊ သူများ အားလပ်ရက် ခရီးထွက်ကြတယ်ဆို သူ လိုက်ထွက်ချင်တယ်။ သူများတွေ ဒီဇိုင်နာ (နာမည်ကျော် ကုန်အမှတ်တံဆိပ်ပါ အ၀တ်အထည်) မှ ၀တ်တယ်ဆို သူ လိုက်ဝတ်ချင်တယ်။ သူများက ဒီလိုဆိုင်မှာ စားတယ်ဆို သူ လိုက်စားချင်တယ်။ ဟိုလို ဒီလို နိုင်သလောက် လုပ်ပြီးနောက်မှာ သူများတွေ ကိုင်ကြတဲ့ လပေး နှစ်ချုပ် ကန်ထရိုက်ဖုန်း တလုံး သူ ၀ယ်ကိုင်လိုက်တယ်။ တလကိုတော့ နည်းနည်းချင်းပေးပေါ့၊ သတ်မှတ်ကာလက နှစ်နှစ် ကန်ထရိုက် စာချုပ် ချုပ်ရတယ်။

လန်ဒန်ဆိုတာတော့ သိတော်မူကြတဲ့အတိုင်း ဒီမိုကရေစီ ဘိုးအေကြီး ဖြစ်တဲ့ ဗြိတိသျှတို့ရဲ့ မြို့တော်၊ အရင်းရှင်းတွေ စီးပွားဖြစ်တဲ့ မြို့တော်၊ တကမ္ဘာလုံး စီးပွားကပ်ဆိုက်လို့ ဖြူကာပြာကာ ကျတာတောင်၊ ဘဏ္ဍာရေး အဖွဲ့အစည်းကြီးတွေ ယိုင်ထိုး ပြိုဆင်း မသွားအောင် အစိုးရတွေက ကျားကန် ကူထောက် ပေးတာကိုတောင် အဲဒီ အနှီ ဘဏ်သူဌေးကြီးတွေက ရသင့်ရထိုက်တဲ့ အပိုဆုကြေးငွေတွေကို တနင့်တပိုး ခံစားကြလို့ မီဒီယာတွေက ဆဲဟယ်ဆိုဟယ်နဲ့ ထောက်ပြ ဝေဖန်ရပါကောဗျာ၊ ကဖိုးမှတ် အဲဒါတွေကိုလည်း သတိလည် အမှတ်ရလာပြီး ဒေါသက ထွက်လာပြန်တယ်။

“သိတဲ့အတိုင်းပေါ့လေ၊ ဒီမိုကရေစီ ကျင့်သုံးတယ် ဆိုတော့ကာ လူ့အခွင့်အရေးကလည်း အပြည့်အ၀ ရတာကိုး… လူ့အခွင့်အရေးတို့၊ လူမျိုးရေး ခွဲခြားမှုတို့ နည်းနည်းလေးမှ သွားမထိပါးလိုက်နဲ့… ကွိကနဲ အဖမ်းအဆီးတောင် ခံရကိန်း ရှိတယ်လို့ မှတ်ရမယ်ကွဲ့… ကဖိုးမှတ်ရဲ့…“ စနစ်က အဲဒီလိုပါ… ဆရာတော်ကြီး တရားဟောနည်းနဲ့တောင် သင်ပေးလိုက်လို့ ရသေးတယ်။ ဒီမိုကရေစီ မရှိ၊ လူ့အခွင့်အရေး မဲ့တဲ့ ခေတ်ကာလမှာ မွေးဖွားလာခဲ့တဲ့ ကဖိုးမှတ်လည်း ဒါတွေကို အရှင်းအလင်း ဘယ်သိပါ့မလဲလေ၊ သူလည်း အဲဒါတွေကို ကြိုက်တယ်ဆိုတာပဲ သိတဲ့လူပါ၊ ဘယ်လို ထဲထဲဝင်ဝင် အရသာခံ ကြိုက်ရတယ် ဆိုတာမျိုးတော့ ဘယ်သိပါ့မလဲလေ။

အခုတော့ အရသာ တွေ့ပြီ၊ အရသာက တကယ့် အရသာပါပဲ။ ကောင်းမှကောင်းလို့ အော်နေရအောင် ကောင်းတဲ့ အရသာပါပဲ။ ခုန ပြောခဲ့တဲ့ ဘဏ်စနစ်တွေက ကောင်း၊ ခေတ်မီ ဆက်သွယ်ရေးဖြစ်တဲ့ ဆန်းပြား ခေတ်မီတဲ့ လက်ကိုင်တယ်လီဖုန်း၊ မြန်ဆန် လွယ်ကူတဲ့ အင်တာနက် ဆက်သွယ်ရေး ဘာလေး လိုချင်ချင်၊ ဘာလေး ၀ယ်ချင်ချင် တယ်လီဖုန်းလေး တချက်ထိုး၊ ကွန်ပျူတာလေး တချက်ခေါက်နဲ့ ရနိုင် သုံးနိုင်နေတဲ့ ခေတ်ကိုး…၊ အထာ မကျသေးလို့ ဆိုင်တွေအထိ ခြေတိုအောင် သွားလာ လှည့်ပတ် ကြည့်ရှုပြီးမှ ၀ယ်တတ်တဲ့ ကဖိုးမှတ်တောင် တယ်လီဖုန်းကနေ မှာတာတို့၊ အွန်လိုင်းကနေ ၀ယ်တာတို့ ဖြစ်လာခဲ့တယ်။

အရင်းရှင် ဘဏ်အကြောင်း အရင် ပြောသင့်တယ်။ စီးပွားတွေကျလို့ လုပ်ငန်းတွေရပ်၊ အလုပ်သမားတွေ လျှော့ချိန်မှာ စံချိန်တင်တောင် အမြတ်တွေ ရခဲ့တာကတော့ ဘဏ်ကြီးတွေပါပဲ။ တလောကဆို ဘဏ်ဘဏ်ချင်း ချေးငွေနှုန်းတွေကို အမျိုးမျိုးယူပြီး ကစားခဲ့ကြလို့ ဘဏ်ဝန်ဆောင်မှု ယူသူတွေအထိ နစ်နာကိန်းတွေ ရှိလာတာမို့ နိုင်ငံတကာဘဏ်ကြီး တဘဏ်ဖြစ်တဲ့ ဘာကလေဘဏ်က ဘဏ်သူဌေးတွေ တယောက်ပြီးတယောက် နုတ်ထွက်ရပါရောလား။

ကဲ… သတင်းပြောတာထက် အရင်းကျတဲ့ ကဖိုးမှတ် အကြောင်း ဆက်ရရင် ကဖိုးမှတ်လည်း တခါက ဟောလီးဒေးထွက်ရင်း ညဘက် အပျင်းထတာမို့ ဒင်းက… အွန်လိုင်းကနေ ဟိုဒင်းဟိုဟာတွေ ကြည့်သတဲ့၊ တခါကြည့် တပေါင်… အရင်းကလည်း မများလှတာမို့ ကြည့်ပြီးမှတခါ ခြောက်လကြာ တလ ပေါင် ၂၀ လောက် သူ့ငွေစာရင်းထဲကနေ ဖြတ်ယူနေတာနဲ့ သိတဲ့အခါ ဘဏ်ကို သွားပြောတော့ ၀န်ဆောင်မှု ပေးသူက ကဖိုးမှတ်ဆီကနေ ပိုက်ဆံ ဆက်မယူတော့ပါဘူးပြောမှ သူတို့ဘဏ်က လစဉ် နုတ်ပယ်နေတာတွေကို ရပ်ဆိုင်းမယ်လို့ ဘဏ်က အကြောင်းပြန်ပါသတဲ့။

ဒါနဲ့… ငါက မင်းတို့ ဘဏ်ဝန်ဆောင်မှု ယူထားတဲ့ ကပ်စတန်မာ၊ ငါက ဒီဆိုက်တွေ ငါ့ဆီက မတရား အလကား ပိုက်ဆံယူနေတာမို့ ရပ်လိုက်ပါလို့ ပြောတာတောင် မင်းတို့က မရပ်နိုင်ပါဘူး၊ တပါးသူ မကျေနပ်ဘဲ ဒီလို လုပ်လို့ မရပါဘူး၊ ဘာညာနဲ့ ပြောနေတာ တရားသလားကွ… ဘာညာနဲ့ ခုနစ်သံချည်ဟစ်မှ ပွန်းဆိုက်ကို လိမ်ညာလှည့်ဖြားသူလို့ လက်ခံပြီး လျှို့ဝှက်နံပါတ် ပြောင်းထားတဲ့ ဘဏ်ကတ်ကို ပြောင်းပေးခဲ့ပါသတဲ့။ အဲဒီလို ဒီမိုကရေစီနိုင်ငံမို့ လက်ဖျားခါရတယ်လို့ ကဖိုးမှတ် တခါက မကျေမချမ်း ပြောဖူးတယ်။

အခုတော့ အစောက ပြောခဲ့သလို လူတွင်ကျယ် လုပ်ချင်လို့ နှစ်ချုပ် လပေး ကန်ထရိုက်ဖုန်းလေး ၀ယ်ကိုင်လိုက်တာ နှစ်နှစ်စေ့ရော ဆိုပါတော့လေ၊ နှစ်နှစ်လည်း စေ့ရော အရင်းရှင် စီးပွားရေး ဈေးကွက် လည်လိုက်သမှ ပါးနေတာဆိုတော့ တရက်တောင် အစွန်း မခံဘူး၊ ဖုန်းကို ဖြတ်ပစ်လိုက်ပါလေရော… တင်ကြိုလည်း စာလေးနဲ့တောင် အကြောင်းမကြားဘူး။ ကဖိုးမှတ်လည်း ဖုန်းမရတော့မှ လန့်ဖြန့်ပြီး စုံစမ်းကြည့်တော့ အမယ် သူ့ဖုန်းကို အပ်ဂရိတ် (အဆင့်မြှင့်တင်) လိုက်သတဲ့။

ဘယ်သူက မြှင့်တင်လိုက်တာလဲလို့ သူ ၀န်ဆောင်မှု ရယူသုံးစွဲနေတဲ့ မိုဘိုင်းလ် ၀န်ဆောင်မှုပေးတဲ့ အောရင့်မိုဘိုင်းလ် ၀န်ဆောင်မှုကို ကဖိုးမှတ် မေးကြည့်တော့မှ သူကိုယ်တိုင်ပဲလို့ သိလိုက်ရပါတယ်။ ဒီတော့ ကဖိုးမှတ်လည်း သူ မယူတဲ့ အကြောင်း၊ ဘာ အပ်ဂရိတ်မှ မလုပ်တဲ့ အကြောင်းတွေ ငြင်းရ၊ ရှင်းရတော့တာပေါ့။ သူ့နာမည်၊ သူ့အကောင့်နဲ့ ယူသွားတာကလည်း ကြည့်ပါဦး၊ အိုင်ပက်က တလုံး၊ အိုင်ဖုန်း ဖိုး က တလုံးတဲ့။ ကဖိုးမှတ် မျက်လုံး၊ မျက်ဆံ ပြူးထွက် ကျယ်ပြော သွားတာများ… မြင်လို့တောင် မကောင်းပါဘူး။

ဒါနဲ့ ကဖိုးမှတ်လည်း တောင်မင်းမြောက်မင်း ကယ်ပါဦးလို့ လုပ်တာပေါ့လေ။ ခမျာလေး ကြည့်ရတာ “အားပေးကြပါဦးရှင်၊ အကိုကြီးများရဲ့ မိမော်လွင်“ အကလေးနဲ့လိုပေါ့လေ။ ဟိုဘက်ပြေးလိုက်… မေးလိုက်၊ ဒီဘက် ပြေးလိုက် တွေးလိုက်နဲ့… ငါ့ဟာတွေတော့ ကုန်ပါပြီပေါ့ ဆိုတဲ့ အထာမျိုးနဲ့… အတော်လေး သနားစရာ ကောင်းနေပါတယ်။ အော်… ဥစ္စာဓနများ… တယ်ကြောက်ဖို့ ကောင်းပါလားလို့… နည်းနည်းလေးများ ဖဲ့ပါသွားတာကိုများ ခံစားနေလိုက်တာ ကြည့်လို့တောင် မကောင်းပါလား ကဖိုးမှတ်ရယ်လို့ ပြောယူရနိုင်ပါတယ်။

ကဖိုးမှတ် မိတ်ဆွေတွေကလည်း အားပေးရှာပါတယ်။ “ဟုတ်တယ်ကွ… ဒီမိုဘိုင်းလ်ဖုန်း ၀န်ဆောင်မှု ပေးတဲ့ ကုမ္ပဏီတွေက နှစ်ဘက် ချုပ်ထားတဲ့ ကန်ထရိုက် ကုန်သွားလည်း ကန်ထရိုက်ကို ဆက်သွားနေတတ်တယ်၊ လှမ်းသာ မပိတ်ရင် ကန်ထရိုက်အသက် ဆက် ရှင်နေသလို ဖြစ်နေလိမ့်မယ့် ကိုယ့်လူ…“လို့ ပြောသူက တမျိုး ဝေဖန်ချက်ပေးတယ်။

ဒါဆိုလည်း ဘယ်သူမှန်းမသိ ယူသွားသူအတွက် လစဉ် ကိုယ့်အကောင့်ထဲက ဖြတ်လာတော့မယ့် ငွေအတွက် မယူနိုင်အောင် ဘဏ်ကနေ ပိတ်ပင်တားမယ်ဆိုရင်ကော… ကဖိုးမှတ် အမေး… သူ့ပါးစပ်မှ မစေ့ခင်ကို “အဲဒီလိုလည်း အရမ်းမလုပ်နဲ့ မောင်ရင်… အကျေအလည် ရှင်းပြီးမှ ကိုယ့် အကောင့်ထဲက မဖြတ်နဲ့တော့လို့ ပြောမှ ဖြစ်လိမ့်မယ်၊ ရမ်းပြီး ကြိုပိတ်လိုက်လို့ အရင်းသာမက အတိုးပါ ပေးနေရမယ်၊ ကန်ထရိုက် စာချုပ်လေးလည်း ပြန်ဖတ်ပါဦး“ လို့ အကြံပြုတာက တဖုံနဲ့မို့ နဂိုကမှ နွေနေပူမှာ ခေါင်းခြောက်ခြောက် လူကြောက်ကြောက် ဖြစ်နေတဲ့ ကဖိုးမှတ်မျက်ခွက် ဆီးရွက်တောင်မဟုတ်၊ ဆီးစေ့လောက် ရှိတော့သာရယ်ပေါ့။

ဒါနဲ့ နောက်ဆုံးတော့ အောရင့် မိုဘိုင်းလ် ၀န်ဆောင်မှု ကုမ္ပဏီကို အကြိမ်ကြိမ် တယ်လီဖုန်းဆက်၊ စက်သမား (အသံသွင်း ဖြေကြားစက်) နဲ့ အကြိမ်ကြိမ် ပြောပြီးနောက် ၀ိပဿနာ တရားထူး ပေါက်နိုင်လောက်အောင် အလွန်တရာ စိတ်ရှည်ပါမှ လူသား စင်စစ်နဲ့ စကားပြောခွင့် ရတဲ့အခါ ကဖိုးမှတ်က ဒီလို ပြောရှာသတဲ့။

“ငါက မဟုတ်တာ လုပ်တာကို ခံရတာကွ၊ ငါလည်း ကန်ထရိုက် သက်တမ်းတိုးတာ မဟုတ်ဘူး။ ဘာပစ္စည်းမှလည်း ထပ်မရပါဘဲ မင်းတို့က ငါကပဲ သက်တမ်းတိုးတယ်၊ ပစ္စည်းကလည်း နှစ်ခုတောင် ယူသွားတယ်လို့ ပြောနေတော့ ရဲတိုင်မယ်“ လို့ ကဖိုးမှတ်က ကြံရာမရ ဖြစ်တဲ့အခါ အဲဒီလို ထုတ်ကြိမ်းလိုက်သတဲ့။

အောရင့် မိုဘိုင်းလ် သုံးစွဲသူ ၀န်ဆောင်မှု ပေးသူကလည်း “သူလည်း ဘာမှ မတတ်နိုင်ဘူး၊ လိမ်ညာခံရတဲ့အတွက် စုံစမ်း စစ်ဆေးရေး ဌာနကို သတင်းပို့ပေးမယ်၊ လတ်တလောမှာတော့ သူ လုပ်ပေးနိုင်တာ ဒါ အကုန်ပဲ… ခုန ဆရာသမား ပြောသလို ရဲစခန်း သွားမယ် ဆိုလည်း ကောင်းပါတယ်၊ သွားတိုင်ပါ“ လို့ ပင့်မ ပေးလိုက်လေတော့ “ယောက်ျားစကား… ထွက်ပြီးသား နှုတ်ထွက်၊ တည်ရမယ်ဟေ့“ လို့ ကဖိုးမှတ် ကြွေးကြော်မိသတဲ့။

တခုကလည်း ဒီလန်ဒန်ရဲတွေဟာ အတော်အားကိုးရတယ်လို့ ကဖိုးမှတ်က မှတ်ထင်ထားတာကိုး…၊ အဲ… မှတ်သာ ထင်တယ်၊ တကြိမ်ကလည်း အချိုးအပိုး မကျတဲ့ပုံ ပေါက်ခဲ့လို့လား မသိ၊ ကဖိုးမှတ် လန်ဒန်မှာ ရဲဆွဲတာ တခါ ခံရသေးတယ်။ အဲဒီတုန်းက အကြမ်းဖက်သမားတွေ လန်ဒန်ရောက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတုန်းပေါ့။ အင်း… ပြီးခဲ့တာတွေ… ပြီးပါစေလေ… အခုကတော့ တကယ့်ကို အကူအညီ လိုနေပြီ၊ အောရင့်မိုဘိုင်းလ် သုံးစွဲသူ ၀န်ဆောင်မှု ပေးသူကလည်း ရဲစခန်း သွားလိုက်ပါလေလို့ ချွန်ထားလေတော့ အားကိုးတကြီးနဲ့ နီးရာရဲစခန်း စုံစမ်းမေးမြန်းလို့ ကဖိုးမှတ် သွားလိုက်သေးလို့ ဆိုပါတယ်။

ရဲစခန်းရောက်တော့ သူ့ရှေ့မှာက တိုင်ကြားနေသူ မိသားတစုရယ်၊ မြို့လယ်မှာ ဈေးဝယ်နေရင်း မုန့်စားနေတုန်း အိပ်ပျောက်သွားတဲ့ ခရီးသွားတစုရယ်၊ လင်စုံမယားဘက် လန်ဒန်အလည်ထွက်ရင်း မိန်းမပျောက်သွားလို့ တယောက်ထဲ ယောင်လည်လည်နဲ့ ဘယ်မှလည်း မသွားတတ်၊ အင်္ဂလိပ်စကားလည်း မပြောတတ်တဲ့ ဘရာဇီးက အဖိုးကြီးတယောက်ရယ်၊ အဖိုးကြီးကို ကူပေးနေတဲ့ အင်္ဂလိပ်စကားတတ်ပြီး ဘရာဇီး အဖိုးကြီး ပြောတတ်တဲ့ ပေါ်တူဂီစကားကို မတတ်တဲ့ အင်္ဂလိပ် မဟုတ်တဲ့ ဥရောပ အရှေ့ပိုင်းက အမျိုးသမီး တယောက်ရယ်နဲ့ မစည်ကားသင့်တဲ့ နေရာလို့ မြန်မာတို့ ယူမှတ်တတ်ကြတဲ့ ရဲစခန်းလေးဟာ လူမျိုးစုံ၊ ဘာသာစကားစုံ၊ အရှုပ်ထုပ်အစုံနဲ့ ရှုပ်ရှုပ်ထွေးထွေး ရပ်ဝန်းလေးတခု ဖြစ်နေခဲ့ပါတယ်။

ရုံးအဆင်း ညနေစောင်းမှာ ရဲစခန်း ရောက်သွားခဲ့တာမို့ အဲဒီအချိန်မှာ တာဝန်ကျနေသူတွေကတော့ ရဲ၀၀ အမျိုးသမီးချည်း သုံးဦးဖြစ်ပြီး၊ တဦးကတော့ ယောက်ျားလျာ (ယောက်ကျယှာလို့ အသံထွက်ပါတယ်) ပုံစံပေါက်ပါတယ်။ သူတို့ရှေ့က အင်္ဂလိပ်စကား မတတ်တဲ့သူတွေအတွက် ကမ္ဘာ့မြို့တော်ကြီး ဖြစ်တဲ့အတိုင်း ရဲစခန်းက စကားပြန် လှမ်းခေါ်ပေးပေမယ့်လည်း ရတဲ့ပုံ မပေါ်ပါဘူး။ အိတ်ပျောက်တဲ့ အမျိုးသမီးအုပ်ကလည်း တယောက်ထဲသော အင်္ဂလိပ်စကားတတ်သူ အမျိုးသမီး အကူအညီနဲ့ ဘယ်နားမှာ ပျောက်ခဲ့တယ်၊ အိတ်က ဘယ်လိုပုံစံ၊ ဘာညာ ပြောဆို တိုင်ကြားပြီး ပြန်သွားကြတယ်။

ဘရာဇီး အမျိုးသားကြီးကလည်း ဘာစကားမှ မပြောတတ်လေတော့ သူ့အိတ်ထဲ ပါလာတဲ့ တည်းခိုခန်းသော့ရယ်၊ တည်းခိုခန်းက ယူလာပုံရတဲ့ လန်ဒန်မြို့တွင်း နေ့ချင်းသွားလာလည်ပတ်နိုင်တဲ့ နေရာတွေကို ပြောထားတဲ့ ကြော်ငြာစာရွက်တွေ ထင်ပါတယ်၊ အဲဒါတွေကို ထုတ်ပြပြီး အကူအညီ တောင်းနေတော့ ရဲမေတယောက်က အဖိုးကြီး တည်းနိုင်ပုံရတဲ့ တည်းခိုခန်းတွေကို တယ်လီဖုန်း တောက်လျှောက် ဆက်နေပါတယ်။

ဒါပေမဲ့ ရဲတွေ လုပ်ကိုင်နေပုံတွေ အားလုံးက အလျှင်လိုခြင်း အလျဉ်းမရှိဘဲ အေးအေးဆေးဆေးပါပဲ၊ မျက်စိထဲမြင်အောင် ပမာထပ်ပြရရင် မြန်မာရဲတွေနဲ့ အတူတူပဲလို့ ကဖိုးမှတ် ခံစားလိုက်ရတယ်။ သူ့အလှည့်ရောက်ဖို့ မိနစ် ၂၀ မက စောင့်လိုက်ရတယ်။ တလောတကြီး လုပ်ကိုင်ဆောင်ရွက်တတ်တဲ့ ကဖိုးမှတ်အတွက် တကမ္ဘာလောက် ကြာသွားတယ် အောက်မေ့ရတယ်လို့ ဆိုပါတယ်။

ရဲမေဆီမှာ တိုက်ချက်ဖွင့်ပုံရတဲ့ မိသားစု ပြန်သွားလို့ ချက်ချင်းဝင်လိုက်တော့ ရဲမေက အေးအေးဆေးဆေးပုံစံနဲ့ “ငါ… အဆင်သင့် မဖြစ်သေးဘူး၊ ငါ ခေါ်မှ ၀င်လာပါလို့“ ပြောပြန်လို့ တအောင့်နေမှ ၀င်ရတဲ့အခါ ကဖိုးမှတ်မှာ “ကူညီပါရစေ“ လို့ ဆောင်ပုဒ်ထောင် ကူညီတတ်တဲ့ မြန်မာ့ရဲသားကြီးတွေကို ပြန်လည် လွမ်းဆွတ် မြင်ယောင်လာခဲ့တယ်လို့ ပြောပါတယ်။

ရဲမေမမ အခေါ်လွှတ်မှ ခစားသလို ၀င်ရောက်ခဲ့ရတဲ့ ကဖိုးမှတ်ဟာ ရဲမေနဲ့ ၁၅ မိနစ်လောက် စကားတွေ ပြောခဲ့ရပေမယ့် အဆင်မပြေဘူးလို့ ဆိုပြန်ပါတယ်။

“ဘာဖြစ်သလဲ ဆရာသမား၊ ဘာကူညီရမလဲ“

ရဲမေမမက အဲဒီလို ကူညီပါရစေလို့ မေးလာတဲ့အခါ ကဖိုးမှတ်က အခုလို ဇာတ်စုံခင်းသတဲ့။

“ကျွန်တော့် နာမည် ကဖိုးမှတ်ပါ၊ စက်ဝိုင်းနားမှ လုပ်ပါတယ်။ ဖုန်းတလုံးကို နှစ်နှစ်သုံးတယ်၊ အခုတော့ အသစ်တိုးလာတယ်။ အဲဒီ ကန်ထရိုက် ကျွန်တော် မတိုးပါ၊ ရှင်းရှင်းပြောရင်… အိုင်ပက် တလုံးနဲ့ အိုင်ဖုန်း တလုံး ကျွန်တော် မသိဘဲ ပါသွားတယ်“ လို့ ရက်ပါ မျိုးကျော့မြိုင် အလိုက်နဲ့ တောက်လျှောက်ကို ရှင်းပြလိုက်သတဲ့။

ရဲမေမမ ၀၀လှလှက သေချာ နားထောင်ပြီး မင်း ပိုက်ဆံ ပါသွားပြီလားလို့ ကဖိုးမှတ်ကို မေးတယ်၊ အောရင့် မိုဘိုင်းလ် ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီကိုလည်း ဆက်ပြီးပြီလားလို့ မေးတယ်၊ အိုင်ပက်နဲ့ အိုင်ဖုန်း မင်းယူသလားလို့လည်း ထပ်မေးတယ်။ ကဖိုးမှတ်ကလည်း အဖြေတွေ အားလုံးကို နိုးလို့ ဖြေလိုက်တယ်တဲ့။

“အေးလေ… ဒါဖြင့် မင့် အပြစ်မှ မဟုတ်တာ… အောရင့်နဲ့ ဆိုင်တဲ့ ကိစ္စပဲ။ ဒါ ရဲ အလုပ်လည်း မဟုတ်ဘူး၊ ရဲကလည်း ဘာမှ လုပ်လို့ မရဘူး“ လို့ ပြောတယ်။ ကဖိုးမှတ်ကိုလည်း ပြန်စေချင်ပုံရတယ်တဲ့။

ကဖိုးမှတ်ကလည်း အလုပ်ကြီး အကိုင်ကြီး လုပ်တဲ့သူဆိုတော့ ဘယ်ခံပါ့မလဲ။ ပြန်ပက်တာပေါ့။

“အေး… မင်းတို့ကို အားကိုးတကြီးနဲ့ ငါ လာခဲ့တာ… အခုက ငါ့မှာက ကူကယ်ရာမဲ့ ဖြစ်နေတယ်။ ဘာပစ္စည်းမှလည်း ငါ မယူဘူး၊ ဘာကန်ထရိုက်မှလည်း ငါ မချုပ်ဘူး၊ အခုတော့ ငါ့ အကောင့်ထဲက ပိုက်ဆံတွေ တလတကြိမ် အလှူကြီးပေးသလို ထွက်တော့မယ်၊ ငါ ပထမ သတင်းပေး တိုက်ချက် (အက်ဖ်အိုင်အာ) ဖွင့်လို့ မရဘူးလား“

ရဲမေမမ စိတ်ရှုပ်ထွေးသွားတယ်။ ပြီးတော့ ကဖိုးမှတ်ကို ငေါက်ပါတော့တယ်တဲ့။

“ဒီမယ်… ဒါ ရဲ အရေးပိုင်တဲ့ ကိစ္စ မဟုတ်ဘူးလို့ ပြောနေတယ်။ ရှင့် ဖုန်း ပျောက်သလား“

ကဖိုးမှတ်က ဖြေရပြန်တယ်။

“မပျောက်ဘူး“

“ရှင့် ပိုက်ဆံတွေ ပါသွားပြီလား“

ကဖိုးမှတ် မျက်လုံးကြီး ပြူးပြီး ပြန်ပြောရပြန်တယ်။

“အခုတော့ မပါသေးဘူးပေါ့၊ နောက် ပါသွားရင် ဘယ်နှယ့် လုပ်မလဲ၊ အောရင့်ကလည်း ရဲစခန်းသွားလို့ လွှတ်လိုက်တာပဲ“

ရဲမေက မျက်နှာ စူပုပ်ပုပ်နဲ့ ကဖိုးမှတ် ထိုးပေးထားတဲ့ အောရင့် မိုဘိုင်းလ်ဖုန်း ကုမ္ပဏီနဲ့ အရင်နှစ်နှစ်က ချုပ်ထားတဲ့ ကန်ထရိုက် စာချုပ်ရယ်၊ အောရင့်က နောက်ဆုံးလာတဲ့ ဘီလ်စာရွက်ရယ်ကို ကိုင်ပြီး အောရင့်ကို ဖုန်းလှမ်းဆက်တယ်။ ကဖိုးမှတ်ကတော့ အားကိုးရပြီဆိုတဲ့ မျက်နှာငယ်လေးနဲ့ ရဲမေမမကြီးကို ကြည့်နေခဲ့တယ်တဲ့။

ရဲမေမမ လုပ်ပုံကိုင်ပုံကလည်း ရဲပီပီ ညနေစောင်းလာလို့ အားလျော့လာပုံရပါတယ်။ တယ်လီဖုန်းကို မဆက်ချင် ဆက်ချင်နဲ့ ဆက်တယ်။ ပြော… မင်း ဖုန်းနံပါတ်ပြောဆိုပြီး ကဖိုးမှတ်ကို မေးပြီး ပြန်ပြောတယ်။ သိတဲ့အတိုင်း စက်နဲ့ စကားပြောရတာဆိုတော့ ရဲမေလည်း ကြောင်တောင်တောင်တွေဖြစ်ပြီး ငါ့ကို စကားတောင် ကောင်းကောင်း ပြန်မပြောဘူးဆိုပြီး ဖုန်းချလိုက်တယ်။ ကဖိုးမှတ်ကို လန်ဒန်ရဲမေကြီးက သူ ကူညီကြောင်း ပြလိုက်ပုံ ရပါတယ်။ အရပ်စကားနဲ့ ပြောရရင်တော့ ချွေးသိပ်လိုက်ပုံပါပဲ။ ချွေးသိပ်တာနဲ့ပင် ပြီးသွားရင်တော့ ကောင်းပါတယ်၊ လူပါ ထမသိပ်ခင် ကဖိုးမှတ် ရဲစခန်းထဲကနေ ထွက်ပြေးလာခဲ့ရသတဲ့။

“ကဲ… ငါ ဖုန်းလည်း ဆက်ပြီးပြီ၊ မရဘူး။ မင်းကို ဒါဟာ ရဲအရေးမပိုင်တဲ့ အမှုလို့လည်း ပြောပြီးပြီ၊ မင်းကလည်း အောရင့်ကို အကြောင်းစုံ သတင်းပို့ပြီးပြီလို့ ဆိုတယ်၊ ဒါဆို သူတို့ ဘာသာ ဆက်လက် စုံစမ်း စစ်ဆေး အဖြေရှာဖို့ပဲ လိုတော့တယ်၊ ဟုတ်ပြီနော်“

ရဲမေမမက စိတ်မရှည်တဲ့ပုံနဲ့ ကဖိုးမှတ်ကို ပြောလာတယ်။ ပြီးတော့ သူကိုယ်တိုင်လည်း စိတ်ရှုပ်ထွေးနေဟန်တူတယ်။ ကဖိုးမှတ်နဲ့ ရဲမေတို့ အခြေအတင် ပြောကြဆိုကြတုန်းမှာ စောနက ပြောပြခဲ့တဲ့ ယောက်ျားလျာက ရဲမေမမ ၀၀နောက်နားမှာ မယောင်မလည်နဲ့ လာထိုင်နေတယ်။ ကဖိုးမှတ်က သူတို့ပြောတဲ့ စကား ကောင်းကောင်း နားမထောင်ရင် သူ့ရဲမေဘက်ကနေ ၀ိုင်းဗျင်းမလို့လားတော့တောင် ကဖိုးမှတ် ယောင်ရမ်းတွေးလိုက်သေးတယ်တဲ့။

သူ တွေးနေတုန်းမှာပဲ နောက်က ထိုင်နေတဲ့ ယောက်ျားလျာ ရဲက ရုတ်တရက်ထလာလို့ ကဖိုးမှတ်တောင် ရွံ့တွန့်တွန့် ဖြစ်သွားသေးတယ်ဆိုပဲ။ နောက်မှ သူ ပြောလိုက်တဲ့ စကားကြားလို့ နည်းနည်း အကြောက်သက်သာသွားခဲ့တယ်လို့ ဆိုတယ်။

“လက်ဖက်ရည် သွားဖျော်ဦးမယ်၊ တခွက် သောက်မလား“ တဲ့။

ကဖိုးမှတ်ကို မေးတာ မဟုတ်ပါဘူး၊ ကဖိုးမှတ်နဲ့ စကားပြောနေတဲ့ ရဲမေမမ ၀၀လှလှကို မေးတာပါတဲ့။

ရဲမေမမ ၀၀လှလှကလည်း ကဖိုးမှတ်ကို ပြောတဲ့အသံမျိုးနဲ့ မဟုတ်ဘဲ ပြန်ပြောလိုက်တယ်ဆိုပဲ။

“အေးကွယ်… တခွက်လောက် သောက်ရရင် ကောင်းမှာပဲ“ တဲ့။

သူတို့ကတော့ အားကိုးတကြီးလာသူကို တည်တည်ကြီး ရှေ့မှာထားလို့ လက်ဖက်ရည်တောင် ပျော်ပျော်ကြီး သောက်ကြတော့မယ်။ ကဖိုးမှတ် ဘာလုပ်ရမလဲ၊ ဘာလုပ်ခဲ့လေသလဲ။ ရှေ့နေရှေ့ရပ်တွေ၊ တရားခွင် တရားရုံးတွေနဲ့လည်း အကျွမ်းဝင်ခဲ့တဲ့သူမို့ ကဖိုးမှတ် တခု စဉ်းစားမိတယ်၊ စဉ်းစားမိတဲ့အတိုင်းလည်း ချက်ချင်း ရဲကို ပြောလိုက်တယ်တဲ့။

“ရဲစခန်းကို ကျွန်တော် လာတယ်၊ ရဲစခန်းက ငါတို့နဲ့ မဆိုင်သေးဘူး၊ မကူနိုင်ဘူးလို့ ပြောတယ်။ ဒါဆို ကျွန်တော့် ပိုက်ဆံတွေ ပါသွားပြီးမှ ပြေးလာရမယ်… အဲဒီလိုလား၊ ဟုတ်သလား“ လို့ ကဖိုးမှတ်က မေးတယ်လို့ ဆိုတယ်။ ရဲမေကလည်း လူထု ဆက်ဆံရေး ဘာသာရပ်မှာ ဂုဏ်ထူးထွက်ခဲ့ဖူးသူမို့လား မသိပါဘူး။

“မင်း… ငါ မေးတာတွေ မဖြေဘဲ ပြောချင်တာတွေ လျှောက်ပြောနေတယ်၊ ပြန်တော့… ပြန်တော့“ လို့ ကဖိုးမှတ်ကို ကြိမ်းပါတော့တယ်။

ကဖိုးမှတ်ကလည်း တကယ့် ကဖိုးမှတ်ပါပဲ၊ အင်မတန်ကို မှတ်တတ်သားတတ်တဲ့သူပါ။ ဒါနဲ့ ရဲကို ပြန်ပက်လိုက်တယ်တဲ့။

“မနေစေချင်လို့ ပြန်ဆိုလည်း ပြန်ပါ့မယ်၊ မနေပါဘူး။ အဲ… တချိန်တခါကျမှ အမှုအခင်းတွေ ဖြစ်လာခဲ့ရင် ကျွန်တော့်ဘက်က တင်ပြနိုင်အောင်လို့ ဒီနေ့ ဒီရက် ဒီအချိန်မှာ ရဲစခန်းကို အားကိုးတကြီးနဲ့ ကျွန်တော် ရောက်လာပြီး အဖြစ်သနစ်စုံကို တင်ပြခဲ့ပါတယ်ဆိုတဲ့ စာတစောင် ရေးပေးပါ“ လို့ ကဖိုးမှတ်က အသနားခံတဲ့ မျက်နှာသေလေးနဲ့ တောင်းဆိုလိုက်တယ်တဲ့။

ဘ၀ါဘ၀က ခါးသီးခြင်း၊ မုန်းတီးခြင်း၊ ရက်စက်ခြင်း၊ ရေစက်တွေရယ် ပေါင်းစုလိုက်ရင် ရန်ကုန်က ကန်တော်ကြီးလောက်များ များခဲ့လို့လား မသိပါဘူး။ လန်ဒန်က ရဲမေကတော့ သူ့စားပွဲအောက်က ခလုတ်ကို နှိပ်လိုက်ပြီး စစ်ဆေးနေတဲ့ အခန်းတံခါးကို ဖွင့်လိုက်တယ်။ ပြီးတော့ ကဖိုးမှတ်ကို အော်ငေါက် မောင်းထုတ်ပါတော့တယ်တဲ့။

“ကဲ… ကဲ… လူကြီးမင်း ကြွတော့၊ မြန်မြန်လစ်တော့… ဘယ်လိုဟာနဲ့ လာတွေ့နေမှန်း မသိဘူး“ လို့ ပြောပြီး ကဖိုးမှတ်ကို ဒရောသောပါး ပြန်ပါလေတော့… ပြန်ပေတော့လို့ လုပ်လိုက်ပါတော့တယ်။ နောက်ပြီးမှ သူ့နောက်က ယောက်ျာလျာဘက်လှည့်ပြီး နာမည်ခေါ်လို့ ငါ့ကို ပါရာစီတမောလေး ဘာလေး ရှိရင် ပေးစမ်းပါလို့ ပြောလိုက်တာကို ကဖိုးမှတ် ကြားဖြစ်အောင် ကြားခဲ့သေးတယ်တဲ့။

ကဖိုးမှတ်လည်း စိတ်လျှော့ပြီး အိမ်ပြန်လာခဲ့လိုက်တယ်တဲ့၊ သူ လုပ်စရာရှိတာလည်း စွမ်းသလောက် လုပ်ခဲ့ပြီးပြီပဲတဲ့။ အိမ်ရောက်တော့လည်း သူ့ဘဏ်အကောင့်ကို အွန်လိုင်းကနေ တိုက်ရိုက် လစဉ် ပေးနေတာတွေကို ရပ်ဆိုင်းပစ်လိုက်တယ်တဲ့။ ဘယ်သူမှန်း မသိရတဲ့ အိုင်ပက်နဲ့ အိုင်ဖုန်း ယူသွားသူတွေကတော့ ပျော်နေလေမလား၊ သူတို့တွေဟာ သူများ နာမည်နဲ့ ဘဏ်အကောင့်ကို မတရားသုံးစွဲပြီး အချောင်ရယူသွားကြတဲ့ သူခိုးတွေ မဟုတ်ဘူးလား။

ဒီမိုကရေစီကို အဦးအဖျား ကျင့်သုံးခဲ့တဲ့ နိုင်ငံ၊ ဘာသာစကား အမျိုးပေါင်း ၃၅၀ ကျော် ပြောတဲ့ တကမ္ဘာလုံးက လူတွေ နေထိုင်နေတဲ့ မြို့တော်၊ အိမ်တလုံးထဲမှာ တယောက်နဲ့တယောက် တခါမှ မသိမကျွမ်း မခင်မင်တဲ့ လူတွေ ဘာပြဿနာမှ မဖြစ်ဘဲ ကိုယ်နေတဲ့ အခန်းတံခါးတွေလည်း သော့မပိတ်ဘဲ ဘာပစ္စည်းမှ မပျောက်မရှ မယုတ်မလျော့ နေလို့ရတဲ့ လူအချင်းချင်း လွတ်လပ် ယုံကြည်မှုတွေ ကြီးစိုး လွှမ်းမိုးတဲ့ အခြေအနေမှာ ဒီလို သူခိုးတွေလည်း ရှိသေးသလား။

အောရင့်မိုဘိုင်းလ် ၀န်ဆောင်မှု ကုမ္ပဏီကလည်း လုံခြုံရေး ဒီလောက်တောင် ညံ့ဖျင်းသလား၊ ကာယကံရှင် မဟုတ်တဲ့ လူတယောက်က ဒါမျိုးတွေ လုပ်ချသွားတာကို လက်ခံသလား။ ဒါမှမဟုတ် ကဖိုးမှတ်ပဲ ညံ့သလား၊ ဖျင်းသလား။ သူခိုးတွေပဲ လူ့အခွင့်အရေးတွေ အပြည့် ရနေတဲ့ ခေတ်လေလား၊ သူခိုးက လူဟစ်နိုင်တဲ့ အချိန်အခါလား။ ဒီမိုကရေစီရဲ့ အခက်၊ အရင်းရှင်တို့ အချက် ဖြစ်လေသလား။ ဘာပဲဖြစ်ဖြစ် ကဖိုးမှတ် အဖြစ်ကတော့ မနှစ်ကနဲ့ မတူဆိုသလို ရိုးဆန်း နှစ်ထွေနဲ့ ကိုးစင်းနေ ထွက်သလိုကို ပူလောင်နေတာကတော့ အမှန်ပါပဲဗျာ။

၂၀၁၂ ဇူလိုင် ၂၄၊ ည ၉ နာရီ။

လန်ဒန်။

Advertisements