by Myo Tha Htet on Friday, 13 July 2012 at 16:44·

တရုတ်ကြီး နာမည်တော့ မဟုတ်၊ ကျွန်တော် ၀င်စားသော အကြောင်းအရာတခု…။ အောင်မြင်သူတွေဟာ အချိန်ကို တန်ဖိုးထားသူများ၊ ကောင်းစွာ အသုံးချတတ်သူများတဲ့၊ အင်း… ဟုတ်တာပေါ့။ ကျွန်တော်လည်း အတတ်နိုင်ဆုံး ကြိုးစားလိုက်နာကြည့်တယ်။ အကြောင်းမဲ့ အချိန်တွေ မကုန်အောင် အခု နောက်ပိုင်း သတိထား နေထိုင်ခဲ့တယ်။ အချိန်တိုင်း အဖိုးတန်အောင်နေတော့ ပင်ပန်းတာပေါ့။

အားချိန်၊ နားချိန် နည်းသွားတာပေါ့။ လူပင်ပန်း စိတ်ပင်ပန်းမှုတွေ များတဲ့အခါ အနားယူဖို့ လိုတယ် မဟုတ်လားဗျာ။ ကျွန်တော် ဆိုလိုတာက စိတ်ရော ကိုယ်ပါ အနားယူတာမျိုးပါ။ တခွက်တဖလားလောက် သောက်တတ်သူက သောက်၊ သီချင်း အေးအေး နားထောင်သူက ထောင်၊ တကြော်ကြော် ဟစ်ကြွေးတတ်သူက အော်… ဒီလိုဆို အချိန်တွေ ဖြုန်းတယ်လို့ မှတ်ရမလား။ ကိုယ့်ဟာကိုယ် ၀ါးတားတားနဲ့ မကွဲမပြား ဖြစ်ခဲ့ဖူးချိန်လည်း ရှိခဲ့တယ်။

တခါ တရားဘက် လှည့်ကြည့်ဖြစ်တော့လည်း “ငါသည် မုချ သေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်၊ အသေ မဦးခင် ဥာဏ်ဦးအောင် အားထုတ်ပါတော့မည်“ ဆိုတဲ့ မိုးကုတ်ဆရာတော် ဘုရားကြီး အဆုံးအမမှာ သေဖို့က အချိန်ပိုင်းပဲ လိုတော့တာတဲ့။ ဟုတ်တာပေါ့… ဆန့်သောလက် မကွေးခင်၊ ကွေးသောလက် မဆန့်ခင် သေသွားနိုင်တယ်လို့ ပညာရှိတွေကလည်း မိန့်ဆိုထားတာကိုး…။ ဒါကြောင့် ပညာရှိကြီးက ကြံကို အရင်းက အရင် စုပ်စားခဲ့တယ်မို့လား။

ပညာရှိတွေကြားမှာလည်း အမျိုးမျိုးကွဲဦး မပေါ့ဗျာ၊ ကြံဖျား အရင် စားမလား၊ ကြံရင်း မဆွ စားမလားလို့ တွေးကောင်း တွေးနိုင်ပါတယ်။ ကျွန်တော်ကလည်း ကြံရင်း အဦးစားမယ့်ထဲက ပါပဲ…၊ ဒါကိုပဲ ရင့်ရင့်သီးသီး ပြောကြမယ်ဆိုရင်တော့ အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစားလို့ ပြောရမယ် ထင်ပါရဲ့…။ တကယ်တော့ လျှော့ပြော ချော့ပြောရင်တော့ အချိန်သိသူ၊ အရှိန်မိသူလို့ ဆိုနိုင်သားကလား…။

ဒီနေရာမှာ ကျွန်တော့်ဘာသာ တခါခါေ၀၀ါးနေတတ်ပြန်တာက အချိန်ဆိုတာ စီရင်ပြီးသား အမိန့်တွေပါပဲလို့… ဒီအချိန်မှာ ဒါဖြစ်လို့ ဟိုအချိန်မှာ ဟိုဟာ ဖြစ်မယ်ဆိုတာကိုပေါ့။ ဒီအချိန်မှာ ဟိုဟာ မဖြစ်ဘဲ ဟိုအချိန်မှာ ဒါတွေ မဖြစ်ခဲ့တာတွေကို ထောက်လို့ မှန်းဆ ကြည့်မိတာပါ။ မျက်ရမ်းမှန်းဆလို့ ဆိုချင်ဆိုပါ၊ ယူဆမိတဲ့ အယူအဆ တရပ်မို့ တရားသေလို့လည်း အပြတ်တော့ မပြောနိုင်ပါဘူး။

ဒါဖြင့်ရင် အချိန်ကို ဘယ်သူ ပိုင်ပါသလဲ၊ တရုတ်ကြီး အချိန်ကိုတော့ သူ့မိန်းမ ပိုင်ချင် ပိုင်နိုင်ပေမယ့် ကျွန်တော့် အချိန်တွေကိုတော့ ကျွန်တော် ပိုင်ရမယ် မဟုတ်ဘူးလား။ ကျွန်တော့် အချိန်တွေကို ငွေအဖြစ် လဲတန်လဲမယ်၊ ကျွန်တော့်ဘ၀အတွက် တိုးတက်ရေး သုံးတန် သုံးမယ်၊ အပျော်အပါးအတွက် တချို့သုံးမယ်၊ သူငယ်ချင်းနဲ့ လူမှုရေးအတွက်လည်း သုံးမယ်။ လူတိုင်း တနေ့ ၂၄ နာရီ တူတူ ရထားတာမို့ ကိုယ့် ၂၄ နာရီကိုတော့ စိတ်ကြိုက် စီမံခန့်ခွဲနိုင်မယ် မဟုတ်ဘူးလား။

ဒါပေမဲ့ ဒီ တရက် ၂၄ နာရီတွေထဲမှာလည်း သူ့အချိန်နဲ့ ကိုယ့်အချိန် တိုက်တာတွေ၊ ဒါမှမဟုတ် ကြိုတင် ကိုက်ထားရချိန်တွေကြောင့် တူတာတွေ ရှိသလို ကွဲတာတွေလည်း ရှိနေပြန်တော့ ငါ့အချိန် ၂၄ နာရီ၊ ဘယ်သူ့မှ လာမထိနဲ့လို့ ကာထား ကွေထားလို့ မရနိုင်တာကလည်း ပြဿနာရင်း တခု ဖြစ်ပြန်ပါတယ်။

အချိန်ကို သတ်မှတ်တာကလည်း စဉ်းစားစရာ ရှိပြန်ပါတယ်။ ခေတ်က ၂၄ နာရီ ပတ်လုံး ပြောင်းလဲနေတဲ့ ခေတ်ဖြစ်တာမို့ ၂၄ နာရီချင်း တွန်းတိုက်တိုးရင်း နည်းနည်းကွာကနေ ဝေးဝေးကွာကလည်း ရှိပြန်လေတော့ ကိုယ့် နေ့ပိုင်း အချိန်တွေက သူများရဲ့ ညပိုင်း အချိန်တွေ ဖြစ်နေပြန်ပါတယ်။ သူ့အချိန် ကိုယ့်အချိန် တိုက်မိချိန်တွေကလည်း ဆွေးနွေးစရာ ဖြစ်ပြန်ပါတယ်။

တကယ်တော့ အချိန်ဆိုတာက အရွေ့သဘာဝပါ၊ ရပ်မနေတဲ့ သဘောလည်း ရှိပါတယ်။ ဒီတော့ ကိုယ်က ရပ်နေမယ်၊ မရွေ့တော့ဘူးဆိုရင် အချိန်နဲ့ အသားကျဖို့က မလွယ်ပါဘူး။ အချိန်က ကိုယ့်ကို မစောင့်ပါဘူး၊ ကိုယ်ကသာ အချိန်ကို စောင့်ရတာမျိုး ရှိတာပါ။ အချိန်ကို စောင့်ခဲ့ရင်တောင်မှ အတိအကျ တွေ့ဖို့ဆိုတာက ခက်နိုင်တာမျိုးပါ။ အချိန်ကို စေစားနိုင်ဖို့ဆိုတာ ကျွမ်းကျင်မှုနဲ့လည်း ဆိုင်ပြန်ပါတယ်။ မဟုတ်ရင် အချိန်အောက်မှာပဲ ပြားပြားမှောက်ရမယ့် သဘောရှိပါတယ်။

ကျွမ်းကျင်သူတွေမှာလည်း စောင့်ရတဲ့ အခိုက်အတန့်တွေ ရှိပြန်ပါတယ်၊ ကိုယ်ကချည်း ကျွမ်းနေလို့ ရတာမျိုး မဟုတ်ဘဲ ကျင်သူတွေ၊ လည်သူတွေနဲ့လည်း ချိတ်ဆက်လို့ အချိန်ကိုက် လုပ်ဆောင်ရတာမျိုးတွေ ရှိနေပြန်ပါတယ်။ အချိန်က ဘုံ၊ လည်သူတွေက လာဆုံရတာမျိုး၊ တိုင်ပင်တခုလို အ၀င်အထွက်နဲ့ ကခုန်ရတာမျိုး၊ စကားနာထိုးနေပေမယ့် သည်းခံရတာမျိုးတွေဟာ အချိန်နဲ့ ဆိုင်ပါတယ်။

အချိန်ဆိုတာ လုပ်ယူရတာမျိုးပါလို့ အတွေ့အကြုံများသူတချို့ကလည်း ဆိုပြန်ပါတယ်။ ကျွန်တော်တို့လို့ အွန်လိုင်းမှာ အချိန်ကုန်သူတွေက လုပ်ယူဖို့ လုပ်နေတုန်းမှာပဲ ကုန်ကုန်သွားတတ်ပါတယ်။ ဆိုချင်တာက ပြင်ပကမ္ဘာမှာ သူငယ်ချင်း အပေါင်းအသင်းနဲ့ တွေ့ချိန်၊ မိဘနဲ့ တွေ့ချိန်၊ ချစ်သူ ရည်းစား သမီးသား မယားကြင်ယာနဲ့ တွေ့ချိန် ဆုံချိန်တွေဟာ တခါတခါ လုပ်ယူရတာမျိုး မဟုတ်လားဗျာ။

နာမည်ကျော် အိုင်းရစ် ပြဇာတ်ဆရာကြီး ဂျော့ ဘားနတ် ရှောက အချိန်နဲ့ ပတ်သက်ပြီး ပြောထားတာလေး တခုက မိုက်ပါတယ်။ “လူတိုင်းဟာ ဘာမဆို ဖြစ်နိုင်ပါတယ်တဲ့၊ စောစော ဖြစ်မှာနဲ့ နောက်ကျတာပဲ ကွာတာပါတဲ့… အဲ… လုံလောက်တဲ့ အချိန်ရှိဖို့တော့ လိုတယ်“ တဲ့။

မူရင်းက ဒီလိုပါ…

Everything happens to everybody sooner or later if there is time enough.

George Bernard Shaw

ကျွန်တော်တော့ ဘာမှ မဖြစ်ချင်တော့ပါဘူး။ အချိန်မှန်တဲ့ နာရီတလုံးပဲ ဖြစ်ချင်တော့တယ်။

အချိန်မှန်တဲ့ နာရီဟာ လူတွေကို စားစေချိန် စားစေသလို စေစားချိန် စေစားတယ် မဟုတ်လား… ဗျာ။

၂၀၁၂၊ ဇူလိုင် ၁၃။ သောကြာ။

ညနေ ၄ နာရီခွဲ။

Advertisements