by Myo Tha Htet on Thursday, 4 October 2012 at 21:40·

လန်ဒန်ကို လွန်ခဲ့တဲ့ သုံးနှစ်ကျော်က စရောက်တော့ ဘယ်လိုမှ ထူးပြီးမနေခဲ့ပါ၊ ရန်ကုန်အသေးလေးကနေ ရန်ကုန်အကြီးကြီးဆီ ရောက်လာတယ်လို့ပဲ အလွယ်မှတ်လိုက်ပါတယ်။ ၀န်ဆောင်မှု ကွာတာတွေတော့ ရှိတာပေါ့၊ တယ်လီဖုန်းကို အလွယ်ဝယ်လို့ ရတယ်၊ လမ်းပန်းဆက်သွယ်ရေးက ကောင်းတယ်၊ အစားအသောက်တွေ သန့်သန့်ပြန့်ပြန့်ရောင်းတဲ့ စတိုးဆိုင်ကြီးတွေ ပေါတယ်။ အ၀တ်အစားတွေ ကောင်းကောင်းကန်းကန်း (ဈေးတော့ကြီးတာပေါ့) ၀ယ်ဝတ်နိုင်တယ်။ ဒါပေမဲ့ ရန်ကုန်သားအတွက် လန်ဒန်ဟာ အသားကျလွယ်တယ်။

တလောကတော့ အလုပ်ကိစ္စနဲ့ နယူးယောက်ကို ၁၀ ရက်လောက် ရောက်ခဲ့ရတယ်။ နယူးယောက်က မန်ဟန်တန် အရပ်မှာ နေရ၊ သွားရ၊ လာရ၊ စားရ၊ သောက်ရတော့ မန္တလေးမြို့ကြီးကို သတိရတယ်။ နယူးယောက်ဟာ မန္တလေးနဲ့ တူလှချည်လားလို့ စိတ်ထဲက ဖြစ်မိတယ်။ ဟိုနားဒီနား လိုက်ပို့ပေး၊ လိုသမျှကို ထောက်ကူပေးတဲ့ အကို ဖိုးထောင်နဲ့ မေးစမ်းကြည့်တော့လည်း “အေး… မင်း အထင်လည်း မမှားပါဘူး“ လို့ သူက ပြန်ပြောတယ်။

မန္တလေးနဲ့တူတယ်လို့ ဘာကြောင့် ပြောသလဲဆိုတော့ နယူးယောက်မြို့ကွက် (မန်ဟန်တန်အပိုင်းပေါ့လေ) က စတုဂံကွက် ဖော်ထားတာ ဖြစ်တယ်၊ လမ်းတွေက မန္တလေးလိုပဲ ရက်ဖောက်ထားတယ်။ တက္ကစီငှားပြီး တနေရာသွားမယ်ဆို ဘယ်လမ်းနဲ့ ဘယ်လမ်းထောင့်လို့ အလွယ်ပြောနိုင်တယ်။ အဲဒါဆို တန်းတန်းမတ်မတ်ကို ရောက်သွားတော့တာပါပဲ။ မန်ဟန်တန်မှာတော့ အပိုင်းနှစ်ပိုင်းရှိတယ်၊ ပဉ္စမရိပ်သာလမ်းက အရှေ့အနောက်ကို ပိုင်းခြားထားပြီး ကျန်တာကတော့ ရိပ်သာလမ်းတွေရယ်၊ နံပါတ်နဲ့ လမ်းတွေရတယ် ရှိတယ်။

လွန်လေတဲ့ သမ္မတဟောင်းနာမည်ပေးထားတဲ့ နယူးယောက်၊ ဂျေအက်ဖ်ကေ လေဆိပ်ကနေ နယူးယောက်၊ မန်ဟန်တန်ကို လာရင် မြစ်ကြီးတစင်းကို ဖြတ်ကျော်လာခဲ့ရတယ်။ ဒီမြစ်ကြီးကပဲ နယူးယောက်ကို ခွေရစ်ပြီး စီးဆင်းနေတယ်။ လေဆိပ်ကနေ ပထမ တံတားကို ကျော်ဖြတ်ပြီး မြစ်ကို ဖြတ်လာတဲ့အခါ အရှေ့အရပ်မှာရှိလို့ အရှေ့မြစ် East River လို့ ခေါ်သတဲ့၊ ဒီမြစ်ကြီးပဲ အနောက်ဘက်ကို ရောက်သွားတော့ ဟတ်ဆန်မြစ်လို့ ခေါ်သတဲ့။

နယူးယောက်က တက္ကစီတွေက အ၀ါရောင်တွေ ဖြစ်တယ်၊ Yellow Cab လို့ ခေါ်ကြတယ်။ လန်ဒန်မှာတော့ တက္ကစီတွေက အနက်ရောင်တွေ ဖြစ်တယ်၊ Black Cab လို့ ခေါ်ကြတယ်။ ရန်ကုန်နဲ့ မန္တလေးက တက္ကစီတွေကတော့ အရောင်စုံတွေပဲ ဖြစ်တယ်။ ဒါတောင် မန္တလေးက လေးဘီးတွေ သုံးတော့ အပြာရောင်တွေ များတယ်လို့ ပြောလို့ရတယ်။ Blue Cab ပေါ့။

နယူးယောက်မြို့ကြီးက တကယ်တော့ အပိုင်းငါးပိုင်းနဲ့ ဖွဲ့စည်းထားတာ ဖြစ်တယ်။ မန်ဟန်တန်၊ ဘရောင့်စ်၊ ကွင်းစ်၊ ဘရွတ်ကလင်းနဲ့ စတိတ်တန်အိုင်လန်းတို့ ဖြစ်တယ်။ ကျွန်တော်တော့ ၁၀ ရက် အတွင်းမှာ မန်ဟန်တန်နဲ့ ကွင်းစ်ကိုပဲ သွားခဲ့လာခဲ့ရတယ်။ နယူးယောက်ဟာ လူဦးရေ ၈ သန်းကျော် မှီတင်းနေထိုင်ပြီး ၀ီကီပီဒီးယား အဆိုအရ ဘာသာစကားပေါင်း ၈၀၀ လောက်ကို ပြောဆိုသူတွေ နေကြတယ်လို့ ဆိုပါတယ်။

လန်ဒန်ကလည်း လူဦးရေ ၈ သန်းကျော် နေထိုင်ပြီး ဘာသာစကားပေါင်း ၃၀၀ ကျော်ကို ပြောဆိုကြတယ်။ ရန်ကုန်ကတော့ အခုဆို လူဦးရေ ၆ သန်းနီးပါး နေထိုင်လာကြပြီလို့ ဆိုတယ်။ ရန်ကုန်မှာ မတူတဲ့ ဘာသာစကားကွဲ ဘယ်နှမျိုးလောက် ပြောဆိုကြမလဲ။ အလွန်ဆုံး လေးငါးဆယ်ပေါ့၊ ကျွန်တော်တို့မှာ တိတိကျကျ စာရင်းကောက်ယူထားတာတော့ မရှိသေးဘူး။ မန္တလေးကရော… နေထိုင်သူဦးရေ နှစ်သန်းဝန်းကျင် ဒါမှမဟုတ် နှစ်သန်းအောက် ရှိမယ်လို့ ခန်းမှန်းရတယ်။ ဘာသာစကားပေါင်း ဘယ်နှမျိုးလောက် ပြောဆိုကြသလဲ၊ သေသေချာချာ မပြောနိုင်ဘူး (ကျွန်တော် မသိဘူး)။

နယူးယောက်မှာဆို တိုင်းစကွဲယား၊ ကုလသမဂ္ဂ အဆောက်အဦး၊ လေဘာတီရုပ်၊ အခုနောက်ပိုင်း ၉/၁၁ တာဝါကြီး စသဖြင့် တိုးရစ်တွေ သွားလာကြည့်ကြတဲ့ နေရာတွေ ရှိတယ်။ လန်ဒန်မှာဆိုလည်း ပါလီမန်၊ လန်ဒန်နာရီစင်၊ ၀န်ကြီးချုပ်နေအိမ် (အမှတ် ၁၀၊ ဒေါင်းနင်းလမ်း)၊ လန်ဒန်ရဟတ်ကြီး၊ မဒမ်တူးဆော့ ဖယောင်းပြတိုက်၊ ဂရင်းနစ်စံတော်ချိန်နာရီ စသဖြင့် သွားလာ လည်ပတ်စရာ နေရာတွေ ရှိတယ်။ အဲဒါတွေကို ကြည့်ဖို့ပြုဖို့ တိုးရစ်တွေ သန်းပေါင်းများစွာ တနှစ်တနှစ် လာနေကြတယ်။

ရန်ကုန်မှာဆိုရင်တော့ အထွတ်အမြတ် ရွှေတိဂုံစေတီတော်မြတ်ကြီး၊ ရန်ကုန်ဆိပ်ကမ်း (ဒလဘက်ကမ်း)၊ အင်းလျားကန်/ ကန်တော်ကြီး၊ (ရန်ကုန်တက္ကသိုလ်ကရော ပါရဲ့လားမသိ)၊ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ (၀န်ကြီးများရုံးလည်း မပါလောက်သေးဘူး)၊ တချို့ ဧည့်လမ်းညွှန်တွေကတော့ အခုနောက်ပိုင်း ကမ္ဘာကျော် ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အိမ်ကို လိုက်ပြရတယ်လို့ ပြောကြတယ်။

မန္တလေးရော… မန္တလေးကမှ ပြစရာ၊ ကြည့်စရာ ပိုများတယ်လို့ ထင်မိတယ်။ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၊ မန္တလေးတောင်၊ မန္တလေးနန်းနဲ့ ကျုံး၊ ဦးပိန်တံတား၊ ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီး၊ တခြား အနုအမွတ် ကျောင်းတိုက်ကြီးတွေ၊ နှုတ်ခမ်းမွှေး လူပြက်ညီအကိုတွေ စသဖြင့် ပြစရာ/ ပြောစရာ၊ ရှင်းပြစရာတွေ များမယ်လို့ ထင်မိတယ်။ ခြေမျက်စိ မရောက်တရာက်အထိ ထဘီဝတ်ပြီး ရွှေခြေချင်း ၀တ်ထားတဲ့ မန္တလေးသူတွေကိုရော တိုးရစ်တွေ တွေ့ရဦးမှာလား၊ သိပ်တော့ မတွေ့ရနိုင်တော့ဘူး။

နယူးယောက်ကို ကုလသမဂ္ဂ နှစ်ပတ်လည် အစည်းအဝေးကျင်းပချိန်သွားတော့ ဟိုတယ်ခန်းတွေက အင်မတန်ကျတယ်/ ကျပ်တယ်။ ဟိုတယ်ခန်းရဖို့တောင် မနည်းရှာခဲ့ရတယ်။ ၁၀ ပေ ပတ်လည်လောက် စားပွဲ၊ ကုလားထိုင်မပါ အခန်းလေး (အိမ်သာ/ ရေချိုးခန်းက အများနဲ့ မျှဝေ သုံးစွဲရတယ်) ကို တည ဒေါ်လာ ၂၀၀ နီးပါးတောင် ကျသင့်တယ်။ ရေသန့်သောက်ချင်ရင် စက်ကနေ ၀ယ်သောက်ရတယ်။ ရေဗူးသေးတဗူးကို ဆင်ဂယ်နုတ်လို့ခေါ်တဲ့ တဒေါ်လာပေးပေတော့ပဲ။

အမေရိကန်စတိုင်လို့ ခေါ်ရမယ့် အားလုံးကို ကိုယ်တိုင်လုပ်ပေပဲ၊ ဟိုတယ်နေတယ်ဆိုပေမယ့် ဘာမှကို ၀န်ဆောင်မှု အပိုတောင်းလို့ မရဘူး။ ဟိုတယ်က ခပ်သေးသေးဆိုတော့ ဟိုတယ်တခုလုံးကို ကောင်တာက လူတယောက်ထဲထိုင်ပြီး စီမံခန့်ခွဲနေတယ်။ သောက်ရေရမလားလို့ မေးရင် အောက်ဆုံးထပ် (မြေအောက်ထပ်မှာ) ရေသန့်၊ အချိုရည် ရောင်းတဲ့ စက်ထားထားတယ်၊ အဲဒီမှာ ကိုယ်တိုင်ဝယ်ပါလို့ ပြောတယ်။

အခန်းကို သန့်ရှင်းရေး ၀င်လုပ်ပြီး ရေချိုးတဲ့အခါ သုံးဖို့ တဘက်တွေ ထားမသွားဘူး၊ တယ်လီဖုန်း ဆက်ပြီး တောင်းတဲ့အခါ “ငါ… လာ မပေးနိုင်ဘူး၊ မင်း အောက်ရောက်တဲ့အခါ ယူပါ“ တဲ့။ မနက် ဘယ်နှနာရီ ကားမှာထားချင်တယ်ဆိုတော့ “မင်း ဘယ်အချိန်သွားမှာလဲ၊ အဲဒီအချိန် လမ်းပေါ်က yellow cab တားလိုက်ရုံပဲတဲ့၊ yellow cab က ၂၄ နာရီ အလုပ် လုပ်ပါတယ်“ တဲ့။ မိုက်တယ်၊ အားလုံးက ကိုယ့်အားကိုယ်ကိုး ကိုယ့်အလုပ်ကိုယ်လုပ်ပဲ။ ဟိုတယ်နေတယ်ဆိုပြီး စိတ်ကူးယဉ်ဖို့ မကြံလေနဲ့ပဲ။

တခုတော့ ကောင်းတယ်၊ အားလုံး ကိုယ့်ဘာသာ လုပ်ရတော့ ၀န်ဆောင်ခ မပေးရတော့ဘူး။ မဟုတ်ရင် အမေရိကမှာက ဘာစားစား၊ ဘယ်သွားသွား၊ ဘာလုပ်လုပ် ၀န်ဆောင်မှု တခုခုကို ယူလိုက်တိုင်း ကျသင့်ငွေရဲ့ ၁၀ ကနေ ၁၅ ရာခိုင်နှုန်းအထိကို ၀န်ဆောင်ခဆိုပြီး သက်သက်ပေးရသေးတယ်။ ဥပမာ တက္ကစီငှားစီးလို့ ၁၀ ဒေါ်လာ ကျင့်သင့်တယ်ဆို အနည်ဆုံး ၁၁ ဒေါ်လာ ပေးရမယ်။ အစားအသောက် တခုခုမှာစားလို့ ဒေါ်လာ ၃၀ ကျသင့်တယ်ဆို ပိုက်ဆံရှင်းတဲ့အခါ ၃၅ ဒေါ်လာလောက် ပေးရမယ်။ အဲဒီလို ရှိတယ်။

တချို့လည်း အကြောင်းမသိတော့ ၀န်ဆောင်ခ ၁၀ ကနေ ၁၅ ရာခိုင်နှုန်း မပေးမိကြဘူး၊ ဒါမှမဟုတ် ပေးဖို့ လက်တွန့်ကြတယ်။ ဒီတော့ ရောင်းသူ/ ၀န်ဆောင်မှုပေးသူက ဘာလုပ်သလဲ ဆိုတော့ အူတူတူမှန်း/ အထာမသိမှန်း သိရင် ဘေလ်တောင်းတဲ့အခါ တခါထဲ ၀န်ဆောင်ခပါ ရေးချထားလိုက်တယ်။ ရန်ကုန်နဲ့ မန္တလေးမှာက အများစုက ပေးမှ မပေးရဘဲ၊ အရက်သောက်တဲ့အခါမှသာ စားပွဲထိုးက အလိုက်သိပြီး အပြုအစုကောင်းနေရင် ပြန်တဲ့အခါ ကျပ် ၅၀၀ မျိုး၊ ၁၀၀၀ မျိုး ပေးတာပဲ ရှိတာ မဟုတ်လား။ ဒါတောင် ပေးချင်မှ ပေးတာပါ၊ မပေးလည်း ဘာမှမဖြစ်ပါဘူး။

အမေရိက ကတော့ မရဘူး၊ ပေးကို ပေးရတယ်။ ၂၀၀၇ က တခါ အမေရိကန်- အာဆီယံ ဆက်ဆံရေး နှစ် ၃၀ ပြည့် အမေရိကန် နိုင်ငံခြားရေးဌာနက ဖိတ်ကြားလို့ တခေါက်သွားဖူးတယ်။ မသွားခင်ကထဲကကို ရန်ကုန်က အမေရိကန်သံရုံးက သေချာမှာပါတယ်၊ အမေရိက ရောက်တဲ့အခါ အဲဒီလို ၀န်ဆောင်ခများကို ချီးမြှင့်ပေးကမ်းဖို့ လိုတယ်လို့ သေသေချာချာ မှာကြားလိုက်ပါတယ်။

လန်ဒန်မှာတော့ ကျွန်တော်စားတဲ့ ဆိုင်လေးတွေက သေးတာကတကြောင်း၊ တယောက်ထဲ သွားစားဖြစ်တာကတကြောင်းမို့ ၀န်ဆောင်ခက ထူးပြီး ပေးစရာ မလိုပါဘူး။ အဲ… လန်ဒန် တရုတ်တန်းက တရုတ်စားသောက်ဆိုင်မှာတော့ တယောက်ထဲစားရင် ပေးစရာ မလိုပေမယ့် နှစ်ယောက်ကနေအထက် စားရင်တော့ သူလည်း အနည်းဆုံး ၁၀ ရာခိုင်နှုန်းလောက်တော့ ၀န်ဆောင်ခ ပေးခဲ့မှ ကိုရွှေစားပွဲထိုးတွေက မျက်နှာထားကြည်ပါပေတယ်။

ရန်ကုန်၊ မန္တလေးက တချို့ဆိုင်တွေက ၀န်ဆောင်မှု ကောင်းပေမယ့်လို့ ဆိုင်တချို့ကတော့ ၀န်ဆောင်မှုညံ့ပါတယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် သူရောင်းတဲ့ဈေး/ တောင်းတဲ့ဈေးလည်း ပေးစား (၀န်ဆောင်မှု ရယူ) ပါရက်နဲ့ တခါတခါ ပေးတဲ့ ၀န်ဆောင်မှုတွေက တော်တော်ဆိုးပါတယ်။ ဥပမာ အစားအသောက်မှာရင် ပူပူလောင်လောင် ဖြစ်မနေတာ၊ စားပွဲထိုးတွေရဲ့ မျက်နှာထား အချိုးအပိုးနဲ့ စားသုံးသူကို မလေးမစား လုပ်တာမျိုးတွေ တွေ့ရတတ်ပါတယ်။ အဆိုးဆုံးတခုကတော့ မြန်မာချင်းကို ပမာမခန့်လုပ်ပြီး နိုင်ငံခြားသားကျတော့ လိုတာထက် ပိုပြီး ၀န်ဆောင်မှုတွေ ပေးနေတာမျိုး ဖြစ်ပါတယ်။

တကယ်တော့ နိုင်ငံခြားသားတိုင်းက ပိုက်ဆံသုံးနိုင်တာ မဟုတ်ပါဘူး။ တကယ်တမ်းဆိုရင် မြန်မာတွေကမှ ပိုက်ဆံပိုကျတာပါ၊ ပိုက်ဆံပိုသုံးတာပါ။ တကယ်တမ်းသာ ၀န်ဆောင်မှု ကောင်းကောင်းပေးပါ၊ မြန်မာတွေက ကျပ် ၅၀၀၊ ၁၀၀၀ ပေးဖို့ဆိုတာ ဘယ်လိုမှ မနေပါဘူး။ ကျွန်တော့် သူငယ်ချင်းတချို့ဆို တခါတလေများ သူတို့နဲ့ သွားလာတဲ့အခါ ကျပ် ၃၀၀၀၊ ၅၀၀၀ ဒီအတိုင်း ပေးပစ်နေတာမျိုး တွေ့ဖူးပါတယ်။ အဲ… နည်းနည်းလေးတော့ ၀င်ထား/ သောက်ထားတဲ့အခါမျိုးတွေမှာပေါ့လေ။

တကယ်တော့ အထူးအထွေလုပ်ပြီး ရေးစရာလည်း များများစားစား မရှိပါဘူး၊ ကြုံတွေ့ခံစားရတာလေးတွေကို သူများမြို့နှစ်မြို့၊ ကိုယ့်မြို့နှစ်မြို့ ယှဉ်ပြီး ရေးကြည့်ချင်စိတ် ပေါ်လာတာနဲ့ ရေးချလိုက်မိတာပါ။ လန်ဒန်ကို နေရထိုင်ရတာ အေးဆေး တည်ငြိမ်တယ်ဆိုပြီး ကျွန်တော် နှစ်သက်မိပါတယ်၊ ဒါပေမဲ့ ကိုယ့်ဇာတိဖြစ်တဲ့ ရန်ကုန်ကိုတော့ ပိုချစ်ပါတယ်။ နယူးယောက်ကိုတော့ လန်ဒန်ထက်စာရင် လှုပ်ရွ ရင်ဖိုစေတယ်ဆိုပြီး သဘောကျမိပါတယ်။ ဒါပေမဲ့ အနုအလှ အယဉ်အကျေး ပြည့်တဲ့ မန္တလေးကိုတော့ ပိုကြိုက်ပါတယ်။

၂၀၁၂၊ အောက်တိုဘာ ၄။ ည ၉ နာရီခွဲ။

လန်ဒန်။

Advertisements