by Myo Tha Htet on Thursday, 3 May 2012 at 18:06·

ခုတလော တလအတွင်း ဘန်ကောက်-ရန်ကုန် နှစ်ခေါက်လောက် သွားဖြစ်လိုက်ပြီး၊ ဘန်ကောက်မှာ တာဝန်ချိန် ပြီးဆုံးသွားလို့ လန်ဒန် ပြန်ရောက် လာခဲ့ပါတယ်။ ရန်ကုန်-ဘန်ကောက်-လန်ဒန် ခရီးလမ်းပိုင်းက ကွာခြားချက်တွေကို ရုပ်ရှင်ကားထဲက အမြန်ပြကွက်တွေလို ခု ရက်ပိုင်းအတွင်းမှာပဲ လက်တွေ့၊ မျက်တွေ့ တဖျပ်ဖျပ် မြင်လိုက်ရတာမို့ စာလေး တပုဒ်လောက် အမှတ်တရ ရေးထုတ်ထားလိုက်ရင် ကောင်းမယ်လို့ ယူဆပြီး ဒီနုတ်ကလေးကို ရေးပါတယ်။

ပထမဆုံး လန်ဒန်ပြန်ရောက်တော့ ကိုယ့်မွေးရပ်မြေ မြန်မာနိုင်ငံက သန့်ရှင်းသပ်ရပ်တဲ့ ကျေးလက်က ရပ်ရွာလေးကို ပြန်ရောက်သွားသလို ခံစားလိုက်ရတယ်လို့ ပြောရင်တော့ လွန်နေမလားတော့ မသိပါဘူး။ လန်ဒန်ရဲ့ နွေရာသီ မေလဆန်း ဖြစ်ပေမယ့်လို့ မိုးက ရွာနေပါတယ်၊ အေးတာပေါ့လေ။ မြက်ခင်းတွေက စိမ်း… သစ်ပင်ကြီးတွေက များနဲ့ ကျွန်တော် ငယ်ငယ်က မွေးဖွား ကြီးပြင်းခဲ့တဲ့ ရန်ကုန်၊ တာမွေ၊ ကျောက်မြောင်းရပ်ကို သွားသတိရမိတယ်။

ကျွန်တော်တို့ ငယ်ငယ် ၁၉၇၉-၈၀ ကာလ တာမွေ ဘိုးလိန်းလမ်းမကြီးဟာ လမ်းလယ်ကျွန်းကြီးတွေက အကြီးကြီးတွေပါ၊ မျက်စိထဲ မြင်အောင် ပြောရရင် အခု ဦးဝိစာရလမ်းအတိုင်းပေါ့၊ အဲဒီထက်တောင် ကျယ်ပါလိမ့်ဦးမယ်။ ကျွန်းပေါ်မှာ မြက်ခင်းရှိတဲ့ နေရာရှိ၊ မြေကြီးပဲ ရှိတဲ့နေရာရှိ၊ ကျွန်းလယ်မှာတော့ သစ်ပင် နည်းနည်းပါးပါး ရှိတာလည်း ရှိတယ်။ ကျွန်းရဲ တဖက်တချက်မှာတော့ တောင်မြောက် ဖောက်လုပ်ထားတဲ့ ဘတ်စ်ကားတွေ ပြေးတဲ့ ပေတရာလမ်းမကြီးတွေပေါ့။

အဲဒီ ပေတရာ လမ်းမပေါ်မှာ ဘတ်စ်ကားတွေက စစ်ကျန်ကား ဒါမှမဟုတ် ချက်ပလက်လို့ခေါ်တဲ့ ဗိုက်ပူကားကြီးတွေပေါ့၊ ဖြည်းဖြည်းပဲ မောင်းနေကြပါတယ်။ လူတွေဟာ ဖြည်းဖြည်း သက်သာပဲ ခရီးသွားကြတယ်။ ဝေးတဲ့ ခရီးမို့သာ ကားစီးကြတာလေ။ ကားတွေကလည်း ဖြည်းဖြည်း၊ ကားစပယ်ယာတွေကလည်း ခရီးသည်တွေကို လေးလေးစားစား ဆက်ဆံကြတယ်။ အဲဒီ ကျွန်းတွေပေါ်မှာက ကလေးတွေ၊ လူငယ်တွေက ကစားနေကြတာလေ… စွန်လွှတ်သူက လွှတ်၊ လိုက်တမ်းပြေးတမ်း ကစားသူက ကစား၊ တချို့လည်း မိဘပါ၊ တချို့လည်း မိဘမပါ။ ဘယ်ကားကမှ တိုက်တယ်ပြုတယ်လို့ ကျွန်တော် မမှတ်မိဘူး။

ကျွန်တော်တခါက… အဲဒီတုန်းက ကျွန်တော့်အသက်က လေးနှစ်လောက် ရှိမှာပေါ့။ အမေက ဗိုလ်အုန်းသီး စက်ဘီး ၀ယ်ပေးထားတယ်။ ဗိုလ်အုန်းသီး စက်ဘီးဆိုတာ သိတယ်ဟုတ်… ကျွန်တော်တို့ ငယ်ငယ်ကတော့ အလွန်ခေတ်စားခဲ့တာပါပဲ။ သုံးဘီး စက်ဘီလေးပါ။ အရှေ့က တယောက်က ထိုင်းပြီး နင်းရတယ်၊ နောက်က ၀က်ခြံလို ထိုင်ခုံလေးမှာ ကလေးငယ်တယောက်က ထိုင်လိုက်လို့ရတယ်။ အဲဒီ စက်ဘီးအရောင်းဆိုင်ကလည်း အောင်မင်္ဂလာလမ်းထိပ်မှာလား ရှိတယ်၊ ကျွန်တော် မှတ်မိသေးတယ်။ ဒီတော့ ကျွန်တော်က အသက် သုံးနှစ်ရှိတဲ့ ညီငယ်ကို နောက်မှာတင်ပြီး ရှေ့က နင်းတယ်။ ခုနင်က ပေတရာလမ်းမကြီးတလျှောက် နင်းသွားတာပါပဲ။ ဘယ်သွားတာလဲ ဆိုတော့ ၁၄၈ လမ်းမှာရှိတဲ့ ကျွန်တော်တို့ အိမ်ကနေ အမေသွားတဲ့ ၁၄၆ လမ်းက အမေ့ဆရာအိမ်ကို အဲဒီ ပေတရာလမ်းမကနေ နင်းချသွားတယ်။ ဘာကားမှ မတိုက်ပါဘူး။ ကလေးကို နတ်စောင့်လို့တော့ ဆိုရမလား မသိဘူးပေါ့လေ။

အခုတော့ အဲဒီဘိုးလိန်းလမ်းက လမ်းလယ်ကျွန်းကြီးလည်း မရှိခဲ့တာကြာပေါ့။ လမ်းလယ်ကျွန်းပေါ်က သစ်ပင်တွေရော၊ ပေတရာလမ်းမဘေး ပလက်ဖောင်းပေါ်က သစ်ပင်ကြီးတွေရော၊ ရပ်ကွက်ထဲက ရပ်ကွက်ကို စိမ်းလန်းစိုပြေ အရိပ်ရစေတဲ့ အပင်တွေရော အားလုံးကုန်ပေါ့။ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ အမြော်အမြင် မရှိမှုကြောင့်ရော၊ ပြည်သူတွေရဲ့ ကိုယ့်ပိုင်ရာကို ရဲရဲဝံ့ဝံ့ မကာကွယ်နိုင်တာရော၊ ခေတ်ကာလနဲ့အညီ လမ်းဖောက်၊ တိုက်ဆောက် ပြုပြင်ပြောင်းလဲမှုတွေကြောင့်ပါ လန်ဒန်မှာ ကျွန်တော်မြင်တွေ့နေတဲ့ ကျွန်တော်တို့ ရန်ကုန်မှာ ကျွန်တော် ငယ်ငယ်က မြင်ခဲ့ဖူးတဲ့ စိမ်းလန်း စိုပြေမှုတွေဟာ ပျောက်ကွယ်ခဲ့တာကို တကယ် စိတ်မကောင်း ဖြစ်မိပါတယ်။

ဒါတောင် တနေ့ကဆို ကျွန်တော့် သူဌေးဟောင်း တယောက်က သူ့ဖေ့စ်ဘုတ်မှာ ဦးဝိစာရလမ်းက လမ်းလယ်ကျွန်းတွေကို ဖယ်ရှားနေတဲ့ အကြောင်း စိတ်ပူပူနဲ့ ရေးထားတာကို ဖတ်လိုက်မိပြီး စိတ်မကောင်း ဖြစ်ရသေးတယ်။ ကျွန်တော်တို့ ဘာလုပ်လုပ် အနာဂတ်အတွက် သေသေချာချာ စဉ်းစားဖို့ လိုနေပါပြီ။ အရင်က မသိခဲ့လို့ လုပ်ခဲ့တယ်ဆိုရင် ထားလိုက်လို့ ရပါသေးတယ်၊ ဒီနေ့ခေတ်မှာတော့ ကျွန်တော်တို့ သေသေချာချာ သိသင့်နေပြီ။ မသိဘဲနဲ့ အာဏာပိုင်တွေက မိုက်မိုက်ကမ်းကမ်း လုပ်နေတယ်ဆိုရင် ကျွန်တော်တို့အတွက် ကျွန်တော်တို့ သားသမီး မြေးမြစ်တွေအတွက် အော်ရပါမယ်၊ မဟုတ်တာ မလုပ်ဖြစ်အောင် တားရပါတော့မယ်။

ဘန်ကောက်မှာလည်း မြို့လယ်ကောင် မိုးထိတိုက်တာကြီးတွေ၊ မိုးပျံကားလမ်းတွေ၊ ရထားလမ်းတွေ ဆောက်ထားပေမယ့်လို့ ပန်းခြံတွေ သေသေချာချာ လုပ်ထားပါတယ်။ မြို့လယ်ကောင်က ကျွန်တော်တို့ ရုံးကနေ လှမ်းကြည့်ရင် တမိုင်တောင် မရှိတဲ့ အကွာအဝေး အတွင်းမှာပဲ စိမ်းလန်းစိုပြေနေတဲ့ ဂေါက်ကွင်းကြီးတခု ရှိပါတယ်။ ကျွန်တော် နေရတဲ့ မြို့စွန်နားက အိမ်နားမှာဆိုရင် သစ်ပင်တွေ အများကြီးရှိတယ်၊ အဲဒီသစ်ပင်တွေမှာနေတဲ့ ရှဉ့်ကလေးတွေတောင် ရှိပါတယ်။ ကျွန်တော်တို့ ရန်ကုန်မှာကျတော့ အဲဒီလို ရှိခဲ့တာတွေကို ကျွန်တော်တို့ ပျောက်အောင် လုပ်ခဲ့ကြပါတယ်။

ဒုတိယ အကြောင်းအရာကတော့ တက္ကစီ ဖြစ်ပါတယ်။ လန်ဒန်မြို့ကို ကျွန်တော် ပြန်ရောက်တော့ တက္ကစီကို အွန်လိုင်းကနေ မှာထားပြီးသားဖြစ်လို့ လေဆိပ်မှာ ကျွန်တော့်နာမည်ပါတဲ့ ဆိုင်းဘုတ်လေးနဲ့ လာကြိုနေပါတယ်။ ကြိုတဲ့သူ နောက်ကို လိုက်သွားတော့ ကားစတင်း (ကားရပ်တဲ့နေရာ) ကို ရောက်ပါတယ်။ လေယာဉ်က နာရီဝက် နောက်ကျပြီးမှ ဆိုက်လို့ လေဆိပ် ရောက်တာနဲ့ ကိုတိကျ ကျွန်တော်က တက္ကစီကို နာရီဝက် နောက်ဆုတ်ပြီး လာကြိုဖို့ ဖုန်းဆက်လိုက်မိပါတယ်။ ဒီတော့ ကျွန်တော်လည်း ကားစတင်းမှာ ၁၅ မိနစ် စောင့်မှ ကားက ရောက်လာပါတော့တယ်။ ခရီးသည် ကြိုဆိုသူက ကားဆရာကို မင်း ဘာလို့ အချိန်အတိုင်း မလာတာလဲလို့ စကားနာ ထိုးတော့ ကုမ္ပဏီက ငါ့ကို နာရီဝက် နောက်ကျပြီးမှ ကြိုပါလို့ ဖုန်းဝင်လာလို့ပါတဲ့။ ကျွန်တော် ကိုယ့်ဘာသာကိုယ်ပဲ အပြစ်တင်လိုက်မိပါတော့တယ်။

ဒီနေရာမှာ ကျွန်တော် ပြောချင်တာက ကားဆရာက ကျွန်တော့်အိတ်တွေကို ကားပေါ်ကို သူကိုယ်တိုင် တင်ပါတယ်။ ကျွန်တော့်မလဲ ဘန်ကောက်မှာ ခြောက်လနေပြီး လန်ဒန်ကို ပြန်လာတာမို့ ပစ္စည်းက များပါတယ်။ အိတ်က သုံးအိတ်ပါ။ အိတ်ကြီးက ကီလို ၂၉ ရှိတယ်၊ အိတ်သေး နှစ်လုံး ၁၃ နဲ့ ၁၅ ကီလို အသီးသီး ရှိပါတယ်။ ကားဆရာက အဘိုးကြီးပါ။ အနည်းလေး အသက် ခြောက်ဆယ် ရှိပါတယ်။ သူ့နာမည် မေးကြည့်တော့ Ray လို့ ပြောပါတယ်။ ရောင်စဉ်ပေါ့ကွာတဲ့။ မြန်မာပြည်မှာလိုပါပဲ… လန်ဒန်မှာလည်း ကားမောင်သူတချို့က အရင်တုန်းက ကုန်သည် လုပ်ဖူးသူတွေ၊ ဘဏ်ဝန်ထမ်းဟောင်းတွေ၊ စစ်သားဟောင်းကြီးတွေ ဖြစ်ပါတယ်။ ကားဆရာ (တက္ကစီ ၀န်ဆောင်မှု ပေးသူဟာ) ကားကို ကြော့ကြော့လေး မောင်းရုံတင် မကပါဘူး၊ ခရီးသည်ကို ကူဖို့၊ စိတ်ချမ်းသာစေဖို့၊ အဆင်ပြေစေဖို့ ၀န်ဆောင်မှု ပေးရတာ ဖြစ်ပါတယ်။

ကားဆရာက သူကိုယ်တိုင် အငှားလိုက်တာပဲဖြစ်ဖြစ်၊ ကုမ္ပဏီကနေတဆင့် အလုပ်ရလို့ မောင်းပို့ရတာပဲဖြစ်ဖြစ် ထိုက်သင့်တဲ့ကြေး ရပြီး ဖြစ်လို့ အလုပ်ပေးသူကို ကျေးဇူးရှင် ၀ါ ပိုက်ဆံပေးသူလို့ သဘောထားပြီး အကောင်းဆုံး ၀န်ဆောင်မှု ပေးရတာ ဖြစ်ပါတယ်။ ဒါဟာ အလွန် အခြေခံကျတဲ့ သဘောတရားပဲ ဖြစ်ပါတယ်။ လန်ဒန်ဆိုတော့ ကားတွေကတော့ အထူး ပြောစရာ မလိုတော့ပါဘူး၊ အသင့်အတင့် ကောင်းတဲ့ကားနဲ့ သေသေချာချာ ကောင်းတဲ့ ကားတွေပါပဲ။ ရန်ကုန်မှာတော့ အဲဒီလို မဟုတ်ပါဘူး။ တက္ကစီ ဆိုတဲ့ ကားတွေကလည်း တော်တော် စုတ်ပါတယ်။ တခါက ကျွန်တော် ငှားစီးတဲ့ ကား… မောင်းနေရင်း မတ်တပ် ၀ါယာရှော့ဖြစ်ပြီး မီးခိုးတွေ ထွက်လာပါတယ်။ ကားဆရာကလည်း သူ့ပိုက်ဆံ မပေးဘဲ ဆင်းသွားမှာစိုးလို့ ကားကို မရပ်ဘဲ အတင်းမောင်းပါတယ်။ ကားပေါ်ပါသူ ခရီးသည် ထိတ်လန့်နေမှာ၊ ခရီးသည်ရော သူရဲ့ အသက်အန္တရယ်ကိုပါ မကြည့်တော့ပါဘူး။ အတင်းပြောမှ ကားရပ်ပြီး ပြင်ပါတယ်၊ ပြင်တယ်ဆိုတာလည်း ဖြစ်သလို လုပ်ထည့်လိုက်ပြီး ဆက်မောင်းတာပါပဲ။

တချို့ကားတွေက တံခါးဖွင့်မရပါဘူး၊ တချို့ကားတွေက ပစ္စည်း ကိရိယာ အစုံအလင် မရှိတော့ပါဘူး။ ကားက ထားလိုက်ပါတော့… နိုင်ငံ ဆင်းရဲလို့… လူတွေ မချမ်းသာလို့လို့ ဖော့တွေးလိုက်လို့ ရပါတယ်…။ ကျွန်တော်လည်း မြန်မာပဲမို့ ဖော့တွေး၊ လျှော့တွေး၊ ဖြည့်တွေးတာတွေက အကျင့်လိုတောင် ဖြစ်နေပါပြီလေ…။ အဲ… ရန်ကုန်က အဲဒီ ကားဆရာတွေကရော… ကားငှားစီးသူ ထမင်းရှင်ကို ၀ါ ပိုက်ဆံပေးသူကို လူလို့ရယ်လို့တောင် သတ်မှတ်ပါလေစလို့ ဆိုတာကတော့ တကယ့်ကို တွေးစရာပါ။ အိတ်ဝိုင်းမဆွဲပါဘူး၊ ပစ္စည်း အတင်အချ ၀ိုင်းမကူပါဘူး။ ငါက ကားမောင်းတာလေ… မင့်ပစ္စည်း အတင်အချကို လုပ်ရမှာလားလို့ စိတ်ထဲမှတ်ထင်နေသူတွေပါ။ “ဟေ့ကောင် အချဉ်မထင်နဲ့…၊ ကိုယ်ပိုင်ကားနဲ့ မောင်းနေတာကွ“ လို့ ပြောကောင်းပြောနိုင်ပါတယ်။ ဒါမှမဟုတ် ၀န်ထမ်းအကြီးအကဲ ညွှန်ကြားရေးမှူးအဆင့်ကနေ အငြိမ်းစားယူပြီး တခြားလည်း မလုပ်ချင်တာနဲ့ ကားမောင်းစားနေတာလို့လည်း ပြောချင်ပြောနိုင်ပါသေးတယ်။ ဒါမှမဟုတ် ကုန်သည်လုပ်နေရင်း တခြားအလုပ်တွေက ခေါင်းစားတာမို့ ကားမောင်းနေတာလို့ ဆိုချင်ဆိုပါလေ။ ဒါပေမဲ့ အခု ကားမောင်းစားနေပြီ မဟုတ်လား၊ ကားစီးသူ ခရီးသည်ကို အကောင်းဆုံး ၀န်ဆောင်မှု ပေးဖို့ လိုပါတယ်။

အခုတော့ အဲဒီလို မဟုတ်ပါဘူး။ ကားဒက်ရှ်ဘုတ်ပေါ်မှာ “ဆေးလိပ်မသောက်ရ“ လို့ လိုင်စင် ၀င်တုန်းက အတင်းရောင်းပြီး ကပ်ခိုင်းထားလို့ ကပ်ထားရတဲ့ စာတမ်းကြီး ရှိနေပါရက်နဲ့ ကားဆရာက ရှေ့ကနေ ဆေးပေါ့လိပ်ကြီး ခဲနေ သောက်နေပါတယ်။ အဲ… ပိုဆိုးတာက ကားနောက်ခန်းမှာက ကားငှားစီးတဲ့ အမျိုးသမီးတွေ၊ ကလေးတွေပါမယ်ဆိုရင် အဲဒီ ရှေ့က ကားဆရာ အတ္တဘောကြီး သောက်သမျှကို ထိုင်ရှုပေတော့ပဲ၊ နောက်ပြီး တချို့ကားတွေရဲ့ ကားနောက်ခန်း မှန်တွေက အသေပါ၊ တင်လို့ချလို့ ဖွင့်မရပါဘူး။ သေပါလေတော့… သေပါတော့ပဲ။

ကားဆရာတွေနဲ့ ၀တ်ပုံစားပုံနဲ့ နေထိုင်ပုံတွေကလည်း အများစုက စိတ်ပျက်စရာပါပဲ။ မြန်မာပြည်က လူတွေ အားလုံး ဖိစီးမှုတွေ၊ စိတ်လက် မချမ်းသာမှုတွေနဲ့ ပြည့်နှက်နေတယ် ဆိုတာကို ကျွန်တော်လည်း မြန်မာတယောက်ပေမို့ ကောင်းကောင်း သိပါတယ်။ ဒါပေမဲ့ ကိုယ်က တပါးသူကို ၀န်ဆောင်မှုပေးပြီး စားရသောက်ရသူ ဆိုရင် ၀န်ဆောင်မှု ကောင်းကောင်းပေးဖို့ လိုပါတယ်၊ စော်ကားတဲ့ အပေါက် မဖြစ်ဖို့ လိုပါတယ်။ ကိုယ့်မိသားစုမှ အရေးစိုက်ရမှာ မဟုတ်ပါဘူး၊ ကိုယ့်ပိုက်ဆံပေးတဲ့ ကိုယ့်ကျေးဇူးပြုတဲ့ ဘယ်သူ့ကိုမဆို ထိုက်တန်တဲ့ ၀န်ဆောင်မှု ပေးဖို့ လိုအပ်ပါတယ်။

အောင်မင်္ဂလာ အဝေးပြေးကွင်းကများ အိမ်ပြန်ဖို့ တက္ကစီ စီးရရင်တော့ ပြောမနေပါနဲ့တော့ဗျာ၊ ငရဲပြည်ကို အရှင်လတ်လတ် ရောက်သွားသလိုပါပဲ။ တကြောင်းထဲနဲ့ သူဌေးဖြစ် ကြံစည်ချင်တဲ့ ကိုရွှေတက္ကစီ ဆရာတွေကို မေတ္တာပို့ရင်းနဲ့ပင် မလောက်ချင်တော့ဘဲ ထိုးချင် ကြိတ်ချင် ရိုက်နှက်ချင်လောက်တဲ့အထိ ဖြစ်သွားပါလိမ့်မယ်။ မြန်မာချင်း အတော့်ကို ရင့်သီး ရိုင်းစိုင်းသူတွေလို့ ကျွန်တော်တော့ လွန်လွန်ကျူးကျူးကို ပြောချလိုက်ချင်ပါတယ်။ ပရိုက်ဗိတ် တက္ကစီဆိုတာ သီးသန့်သဘော၊ ကိုယ်လိုရာနေရာကို တိတိကျကျ ရောက်အောင် သွားနိုင်ဖို့ ငှားစီးတာ ဖြစ်ပါတယ်။ ဟိုပတ်မောင်း ဒီပတ်မောင်း ဟိုလူ့ ဟိုနေရာချ၊ ဒီလူ့ ဒီလမ်းထိပ်ချနဲ့ ဖြစ်သလို ပစ်ချခဲ့ရတာမျိုး မဟုတ်ပါဘူး။ ဒါတွေဟာ စာတတ်တာ၊ ပညာတတ်တာတွေနဲ့လည်း မဆိုင်ဘူးလို့တော့ ကျွန်တော် ထင်ပါတယ်လေ၊ လူ့ အသိတရားလေး နည်းနည်းလေး ရှိတာနဲ့တင်ကို သဘောပေါက်နိုင်တာမျိုးလို့ ကျွန်တော်တော့ ယူဆတာပါပဲ။

ဘန်ကောက်မှာတော့ တက္ကစီတွေက ကောင်းမှကောင်းပါပဲ။ ကားထဲ ၀င်လိုက်ရင် အေးလည်း အေးပါတယ်၊ ကားတွေကလည်း နေ့စဉ် ကြံ့ခိုင်ရေး စစ်ထားလို့ ကောင်းမှကောင်းပါပဲ။ ဒါပေမဲ့ ဘန်ကောက်ကလည်း ရန်ကုန်နဲ့ အနီးအနားမို့ ရန်ကုန်ဓာတ်ကူးတယ်လို့ ဆိုရမလား မသိပါဘူး၊ ယုတ်တာလေးတွေ ရှိပါတယ်။ သူတို့ဆီမှာက တက္ကစီက တက်တာနဲ့ ၃၅ ဘတ်က ချိုးပြီး ဖြစ်တာမို့ နည်းနည်း ဝေးရင် မလိုက်ချင်ပါဘူး။ သူက နီးတဲ့ခရီးဆို ၃၅ ဘတ် နှစ်ခါ ချိုးလို့ ရနေတာကိုးဗျာ။

နောက်တခုက ခရီးတခုကို အသွားအပြန် တခါထဲ ငှားစီးတယ်ဆိုရင်… ရှင်းအောင် ပြောရရင် ပွိုင့် အေ ကနေ ပွိုင့် ဘီ ကို သွားတယ် ဆိုပါစို့။ ပွိုင့် အေ က ထွက်လို့ တခါ ၃၅ ဘတ် ချိုးလိုက်ပြီး ပွိုင့် ဘီ ရောက်လို့ တယောက် ဆင်းပြီး ပွိုင့် အေ ဘက် ပြန်လှည့်တာနဲ့ နောက်ထပ် တခါ ၃၅ ဘတ် ထပ်ချိုး ပြန်ပါတယ်။ အဲဒီလိုပါ…။ “ဟ… မင်း ကားကို ငါ တောက်လျှောက် ငှား ထားတာပဲ“ ဆိုလည်း မရပါဘူး။ အဲ… ညဘက်ကျရင်တော့ တချို့ကားတွေက မီတာကို ပိတ်ထားလိုက်ပြီး ပါးစပ်ထဲ ပေါ်တဲ့ ဈေးကို တောင်းပါတယ်။ ခုန ပြောတဲ့ ခရီးသည်ကို ကူတာ၊ ၀န်ဆောင်မှု ပေးတာကတော့ ကမ္ဘာလှည့်များပေမယ့် ရန်ကုန်နဲ့ နီးလို့လား မသိပါဘူး။ ကူတဲ့ ကားဆရာက ကူတတ်ပြီး မကူတဲ့ ကားဆရာကတော့ ရန်ကုန်က တက္ကစီ ဆရာတွေလိုပါပဲ… မကူကြပါဘူး။

ဈေးဝယ်တဲ့ အကြောင်းလေးလည်း နည်းနည်းတော့ ပြောကြည့်ရအောင်ဗျာ။ လန်ဒန်ပြန်ရောက်ရောက်ချင်းဆိုတော့ စားဖို့သောက်ဖို့က ဘာမှ မရှိလေတော့ ဈေးဝယ်ရပါတယ်။ ဈေးဝယ်တော့လည်း မြန်မာပြည်သားပဲဗျာ… သက်သာတဲ့ ဆိုင်မှာ ၀ယ်တာပေါ့လေ။ ဘာဝယ်ဝယ် တပေါင်ဆိုတဲ့ ဆိုင်တွေက ကျွန်တော် နေတဲ့ အရပ်မှာ များမှများပါပဲ။ ဒါနဲ့ ကျွန်တော်လည်း လိုအပ်တဲ့ ကော်ဖီ၊ ဘီစကွတ်၊ ခေါက်ဆွဲခြောက်၊ ဖျော်ရည်၊ အားလူးကြော်၊ တခါ တကိုယ်ရည် သန့်ရှင်းရေးအတွက် လိုအပ်တဲ့ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာ၊ မုတ်ဆိတ်ရိတ်ဓား၊ ခံတွင်းသန့်ရှင်းဆေးရည်၊ အိမ်သာသုံးစက္ကူ၊ ဘာညာ သာရကာ ၀ယ်ရတာပေါ့လေ။ အများစုကတော့ ဆိုခဲ့ပါအတိုင်း တခုယူ တပေါင်ပေးပေါ့။ ဒါနဲ့ ပစ္စည်းတွေ အိုင်တမ်(item) ပေါင်း ၂၀ ကျော် ၀ယ်ပြီး သကာလ ပိုက်ဆံပေးပြီး ထွက်လာခဲ့တယ်။ အိမ်ရောက်မှ ၀ယ်လာတဲ့ စာရင်းကို ဘာကြောင့်မှန်း မသိ ပြန်ကြည့်တော့ ကောင်တာက ဆရာက ပိုက်ဆံပိုယူလိုက်တာကို သတိထားမိတယ်။ (ပုံမှန်ဆို ကျွန်တော်က ၀ယ်ပြီး ပြီးရော… ထားလိုက်တတ်သူပါ၊ ဒီတခေါက်တော့ ငါ့ဆီက ပိုက်ဆံများ ပိုယူလိုက်သလားလို့ စိတ်ထဲက ထင်တာနဲ့ သေချာ စစ်ကြည့်လိုက်တာ… အဟုတ်ပါပဲ၊ ပိုယူလိုက်ပါတယ်)။

စိတ်ထဲ ထောင်းကနဲ ဒေါသထွက်သွားသလို တဖက်ကလည်း ချက်ချင်း စိတ်ပြန်ထိန်းပြီး “ဒါ… မင်းညံ့တာပဲ၊ မင်း ၀ယ်ပြီးတာနဲ့ ကောင်တာက အထွက်မှာ ပြန်စစ်ရမှာ မဟုတ်လား။ အခု အိမ်ရောက်မှ စစ်တော့ ဘာတတ်နိုင်မလဲ။ ပြီးတော့ သုံးပေါင်တောင် မပြည့်တာ ထားလိုက်ပါတော့၊ သင်ခန်းစာပေါ့“ လို့ ကိုယ့်ကိုယ်ကိုယ် နောက်တကိုယ်က ကိုယ်ခွဲပြီး ဆုံးမပါသေးတယ်။ ဒါပေမဲ့လို့ မရပါဘူး။ မူလကိုယ် အော်ရီဂျင်နယ်ကိုယ်က အင်မတန် ခေါင်းမာပြီး တဇွတ်ထိုး လုပ်တတ်သူ ဖြစ်လေတော့ ဈေးဆိုင်ကို ပြန်သွားသင့် မသင့် အဖန်ဖန် စဉ်းစားပြီး ပြန်သွားပါတယ်။ ပြန်သွားတာမှာ အကြောင်းနှစ်ချက် ရှိပါတယ်။ တချက်က ကိုယ်က သူ့ဆိုင်မှာ ၀ယ်ရင် ဈေးသင့်တယ်၊ ဒါမှမဟုတ် သက်သာတယ်ထင်လို့ ၀ယ်တာ… အခုလို ပတ်တီးချခံလိုက်ရတော့ ဘာထူးတော့မလဲ။ ဒီလိုဆိုရင် နဂိုကထဲက စိန့်စ်ဘူရီတို့၊ တက္ဆကိုတို့မှာ ၀ယ်မှာပေါ့လို့ တွေးမိတာကတကြောင်း၊ နောက်တခုကတော့ အခုလို ပြန်သွားပြောရင် သူတို့ ဘယ်လို ဖြေရှင်းပေးမလဲလို့ သိချင်တာကတကြောင်း… အကြောင်းနှစ်ကြောင်းနဲ့ ပြန်သွားခဲ့ပါတယ်။

ကံက ဆိုးချင်တော့ ဆိုင်က ပိတ်သွားပါပြီ။ Wilkinson ဆိုင်မို့ တနင်္လာကနေ စနေနေ့အထိ ည ၇ နာရီမှာ ဆိုင်ပိတ်တာ ဖြစ်ပါတယ်။ ကျွန်တော်က ဒီအတိုင်း တင်းတင်းနဲ့ ထွက်ခဲ့တော့ အချိန် ဘယ်လောက် ရှိနေမှန်းလည်း မသိပါဘူး။ ကိုယ့်ဘာသာကိုယ်တော့ စောသေးတယ် ထင်ခဲ့တာပေါ့။ ဆိုင်ရှေ့ကို ၇ နာရီ ၁၀ မိနစ်လောက် ရောက်သွားပေမယ့်လို့ သူတို့က ဆိုင်ကို အလုံပိတ်ပြီး ပစ္စည်းနဲ့ ငွေစာရင်း ရှင်းလင်းရေးတွေ လုပ်နေပြီ ဖြစ်ပါတယ်။ ဒီဘက်မှာက အချိန်နဲ့ စည်းကမ်းကို သိပ်တိကျပြီး လိုက်နာကြတော့ အဲဒီကနေ ဘာကိုမှ ကျော်မလုပ်ဘူး ဆိုတာကိုလည်း သိထားတော့ ကျွန်တော်လည်း မနက်ဖြန်မှ လာတာပေါ့ကွာဆိုပြီး စိတ်ပျက်လက်ပျက်နဲ့ ကိုယ့်တပ် ကိုယ်ခေါက်ပြီး ပြန်လာခဲ့ရပါတော့တယ်။

နောက်တရက်ကျတော့ မိုးလင်းတာနဲ့ ဆိုင်ဖွင့်ချိန်စောင့်ပြီး ကျွန်တော် သွားပါတယ်။ ရုံးဖွင့်ရက်မို့ ဆိုင်မှာကလည်း လူရှင်းနေပါတယ်။ ဈေးဝယ်ကလည်း တယောက်၊ နှစ်ယောက်ပဲ ရှိပါတယ်။ ကျွန်တော်က စတွေ့တဲ့ ၀န်ထမ်းတယောက်ကို မနေ့က ဈေးဝယ်တာ… ပိုက်ဆံ ပိုယူလိုက်ပါတယ်။ အဲဒါ ပိုက်ဆံ ပြန်လိုချင်ပါတယ်လို့ ပြောလိုက်တော့ သူက နှစ်မိနစ်စောင့်ပေးပါ၊ စီစီတီဗီ ပြန်ကြည့်လိုက်ပါမယ်။ ပြီးတာနဲ့ ရှင်းပေးပါမယ်ဆိုပြီး ကျွန်တော့်ကို စောင့်ခိုင်းပြီး သူကတော့ စီစီတီဗီ ဖိုင်တွေကို ပြန်ကြည့်ဖို့ ထွက်သွားပါတယ်။ လုပ်ငန်း မကျွမ်းတာပဲလား၊ သေချာပဲ စစ်ဆေးနေလို့လား မသိပါဘူး။ သူက နှစ်မိနစ်လို့ ပြောသွားပေမယ့် ၁၀ မိနစ်ကြာမှ ပြန်ရောက်လာပါတယ်။ ပြီးတော့ ကျွန်တော် ပြောတဲ့ အိုင်တမ် နှစ်ခုမှာ ပိုယူတယ်ဆိုတာ မဟုတ်ဘဲ တခုမှာပဲ ပိုယူလိုက်တာပါ၊ တခုကတော့ သူတို့ မှန်ပါတယ်လို့ ပြောပါတော့တယ်။ အဲဒီမှာ ကျွန်တော်လည်း ငိုမဲ့မဲ့နဲ့ စိတ်ပိုတိုသွားပြီး “ဟေ့လူ ကျုပ်က သေချာ စစ်ဆေးလာတာ…၊ ခင်ဗျားတို့ ပစ္စည်းနှစ်ခုမှာ အရေအတွက်ကို ပိုပြပြီး ပိုက်ဆံပိုယူလိုက်တယ်“ လို့ အော်တော့မှ အလုပ်ကြပ် ဖြစ်ဟန်တူသူ နောက်တယောက် ရောက်လာပြီး “ကျွန်မ ရှင်းပေးပါ့မယ်၊ နှစ်မိနစ်လောက် ထပ်စောင့်ပါ“ ဆိုပြီး သူလည်း သွားပြန်ကြည့်ပြန်ပါတယ်။

အဲ… အဲဒီတယောက်ကတော့ သုံးမိနစ်အကြာမှာ ပြန်ရောက်လာပါတယ်။ ဒီတခါတော့ ကျွန်တော်က အရင် အော်ထားတော့တာပါပဲ။ “မင်းတို့ဆိုင်က ဈေးသင့်တယ်လို့ ငါက ယူဆပြီး ဈေးလာဝယ်တာပဲ၊ အခုတော့ မင်းတို့ကို ငါ မယုံတော့ဘူး။ ရေရေလည်လည် စိတ်ပျက်ဖို့ ကောင်းတယ်“ လို့ ကျွန်တော်က ပြောလိုက်တော့… အဲဒီ အမျိုးသမီးက ကျွန်တော့်ကို သူတို့ ပိုယူလိုက်တဲ့ ပိုက်ဆံ ပြန်အမ်းဖို့ ပြင်ရင်း “ကျွန်မ တောင်းပန်ပါတယ်ရှင်၊ ကောင်တာ ၀န်ထမ်းက အာရုံစိုက်မှု လျော့နည်းသွားလို့ ဖြစ်သွားတာပါ။ တောင်းပန်ပါတယ်ရှင်“ လို့ နှစ်ခါလောက် ပြောပါတယ်။ ကျွန်တော်လည်း စိတ်ဆင်းရဲရတာနဲ့ အချိန်ကုန်တာနဲ့စာရင် မကာမိပေမယ့်လို့ ဒီလို သူတို့ အမှားကို ကိုယ်က ပြန်တောင်းဆိုခဲ့ရင် ဘယ်လို ရှင်းလင်းသလဲ ဆိုတာကို သိချင်လို့ သွားခဲ့တာဖြစ်ပြီး သူတို့ ပိုယူထားခဲ့တဲ့ ပိုက်ဆံကိုတော့ ပြန်ရအောင် ယူလာနိုင်ခဲ့ပါတယ်။ အခု ကျွန်တော့်ကိစ္စက ပိုက်ဆံပိုယူလိုက်လို့ သွားပြန်တောင်းခဲ့တာပါ၊ အဲဒီဆိုင်က ပစ္စည်းကို ၀ယ်ပြီးမှ မကြိုက်တော့ရင် တလအတွင်း ပြန်ပေးလို့ရပြီး သူတို့က အဲဒီ ပစ္စည်းတန်ဖိုးကို ပြန်အမ်းပေးပါတယ်။

ရန်ကုန်မှာ ဈေးဝယ်ရင်ရော… “၀ယ်ပြီး ပစ္စည်း ပြန်မလဲပါ“ “ပစ္စည်း၊ ပိုက်ဆံ စစ်ပြီး ယူပါ၊ ဒီကောင်တာမှ ထွက်ရင် တာဝန်မယူပါ“ လို့ ရေးထားတဲ့ စာတွေကို တွေ့ရမှာ ဖြစ်တဲ့အပြင် သူတို့ဆီက တခုခု ၀ယ်လို့ သုံးလို့ အဆင်မပြေလို့၊ ပျက်လို့ ပြုလို့ ရှိခဲ့ရင်လည်း ဘာ တာဝန်မှ မယူပေးပါဘူး။ ရောင်းပေးတာကိုပဲ ကျွန်တော်တို့တတွေက ကျေးဇူးတင်နေရမှာပါ။ အမှန်က ဈေးဝယ်က ကျေးဇူးရှင် ဒါမှမဟုတ် ကိုယ့်ကို အမြတ်အစွန်းတွေ လာပေးသူ မဟုတ်ဘူးလား။ မြန်မာတွေဟာ သူတပါး ကျေးဇူးကို အထူးသိတတ်တယ်၊ ကျေးဇူးရှင်ကို အမြဲ မေတ္တာပို့ပြီး စောင့်ရှောက် ဆက်ဆံတယ်ဆို… တကယ်တော့ မဟုတ်ပါဘူးလို့တောင် ဆိုရမလားပါပဲ။ အခြေခံနယ်ပယ်တွေမှာတောင် လိုက်နာ ကျင့်ကြံမှုအား နည်းပါးလွန်းလှပါတယ်။

ဘန်ကောက်ကတော့ ဈေးဝယ်ကောင်းတဲ့မြို့၊ ဈေးဝယ်ထွက်တဲ့မြို့မို့ အထူး မပြောလိုတော့ပါဘူး။ ပစ္စည်းတွေကို စိတ်တိုင်းကျ ရွေးချယ် ၀ယ်ယူနိုင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က အပေါစား ကင်မရာ တလုံးဝယ်တာမှာ ဆိုင်က ချာတိတ်လေးက VAT ပြန်ရဖို့ အပါအ၀င် လုပ်ကိုင်ပေးနေလိုက်တာ ၀ယ်တဲ့သူတောင် အဲဒီလောက် စိတ်မရှည်တော့ပါဘူး။ သူတို့က အဲဒီလို စိတ်ရှည်လက်ရှည်နဲ့ကို ရောင်းပါတယ်။ အာမခံကတ်တွေလည်း ပေးပါတယ်။ သူငယ်ချင်းတယောက် လက်ကိုင်ဖုန်း ၀ယ်တာမှာလည်း ရောင်းတဲ့ မိန်းမက ချိုလိုက်တာမှ သကြားက အမ ခေါ်ရလောက်ပါပေတယ်။ ကိုယ့်ကို ပိုက်ဆံလာပေးတဲ့သူ အမြတ်အစွန်း လာပေးတဲ့သူကို ဘယ်လို ဆက်ဆံရတယ် ဆိုတာကို သူတို့တွေ ကောင်းကောင်း နားလည်ကြပါတယ်။ အဲ… ပြောခဲ့သလိုပါပဲ… ဘန်ကောက်ကလည်း ရန်ကုန်နဲ့နီးလေတော့လေ… ရန်ကုန်မှာ တွေ့ရတဲ့ စိတ်ဓာတ်နဲ့ ဈေးရောင်းသူတွေကိုလည်း တခါတခါမှာတော့ တွေ့ရတတ်ပါကြောင်းဗျာ။

၂၀၁၂၊ မေ ၃၊ ညနေ ၅ နာရီ။

လန်ဒန်။