by Myo Tha Htet on Sunday, 29 April 2012 at 17:23·

သူက ကျွန်တော့်ကို မေးတယ်။ သူ့ကို ဘာလို့ ချစ်တာလဲတဲ့။ ရုတ်တရက်တော့ ကျွန်တော် အဖြေရ ကျပ်သွားပါတယ်။ မိန်းကလေးတွေက မထင်မှတ်တဲ့ မေးခွန်းတွေ မေးတတ်တယ်လား။ ကျွန်တော်က သိပ်မလည်ဝယ်သူ… မတတ်နိုင်။ ဟန်ကိုယ်ဖို့ မာန်သူ့ဖို့ ဆိုတဲ့ စကားအတိုင်း ကျွန်တော် ဖြေရပါတော့မယ်။

“မရဲ့ အပြုံးလေးကို ချစ်လို့ပါ“

သူက ရယ်တယ်။ ကျွန်တော်က ရိုးရိုးသားသား ဖြေလိုက်တာပေမယ့် သူက ကျွန်တော့်ကို လည်တယ်လို့ ထင်သွားပါတယ်။ မတတ်နိုင်ဘူး၊ ကျွန်တော့်စိတ်ထဲရှိတာကို ပြောချလိုက်တာ ဆိုတာကိုတော့ ကိုယ့်ဟာကိုယ် ယုံကြည်ပါတယ်။ မိန်းကလေးတွေကို ရင်မဆိုင်ရဲတဲ့ အချက် နှစ်ချက် ကျွန်တော့်မှာ ရှိတယ်။

တခုက မိန်းမတယောက်က ကျွန်တော့်ကို စူးစူးစိုက်စိုက် ရဲရဲတင်းတင်း ကြည့်ရင် ကျွန်တော် မခံနိုင်ဘူး၊ နောက်တခုက မိန်းကလေးတယောက်က ကျွန်တော့်ကို ကြည့်ပြီး ရယ်မယ်ဆိုရင် ကျွန်တော် မခံနိုင်ဘူး။ စိတ်ထဲမှာ နေမထိ ထိုင်မသာ ဖြစ်တတ်တယ်။ ယောက်ျားချင်းဆိုလို့ကတော့ အကြည့်ချင်းလည်း ဆိုင်လို့ရတယ်၊ အရယ်ချင်းလည်း ပြိုင်လို့ရတယ်။ မိန်းကလေးတွေနဲ့တော့ ကျွန်တော် မပြိုင်လိုဘူး။

မ က ကျွန်တော့်ကို ရယ်ပြီး မပြီးသေးဘူး၊ ဆက်ပြီး မေးခွန်းထုတ်တယ်။ သူ့အတွက်ချည်း သက်သက်ဟုတ်ဟန်တော့ မတူဘူး၊ တခုခုတော့ ထူးခြားမှု ရှိပုံပေါ်တယ်။

“ယူ… မိန်းကလေးတယောက်ကို ဘယ်အချက်တွေနဲ့ ရွေးချယ်တာလဲ“

ခက်တော့ ခက်နေပါပြီ။ မ က ကျွန်တော့်ကို ဘာကြောင့် ဒီမေးခွန်းမေးလာတာလဲဆိုတာတော့ ကျွန်တော် နားမလည်တော့ဘူး။ သူ ကျွန်တော့်ကို ရထားနှင့်ပြီပဲ။ ကျွန်တော့် အဖြေတွေက ဘာတန်ဖိုး ရှိဦးမှာလဲ။ တခု ဖြစ်နိုင်ချေ ရှိတာကတော့ သူနဲ့ ကွဲတဲအခါ တခြား သူတွေ ဒါမှမဟုတ် သူ့သူငယ်ချင်းတွေကို သူ့ဘဲဟောင်း အကြောင်း ပြောခဲ့ချင်လို့နဲ့ တူတယ်လို့ ကျွန်တော် အကောင်းဘက်က လှည့်တွေးတယ်။

ကျွန်တော်က နဂိုမူလကတည်းက မိန်းမတယောက် ဒါမှမဟုတ် မိန်းကလေးတယောက်ကို ဘာကြောင့် ကျွန်တော် ချစ်မှာလဲ၊ လိုချင်မှာလဲ၊ ယူမှာလဲလို့ အကြိမ်ကြိမ် တွေးပြီးသား ဖြစ်တယ်၊ ဒါကြောင့် ကျွန်တော့်မှာ ဖြေရမယ့် အဖြေက အဆင်သင့် ဖြစ်နေပါပြီ။ ဒါပေမဲ့ ကျွန်တော် မူလဂျီတွန်ဂျီ လုပ်ချင်ပြန်တယ်၊ တခြားကြောင့်တော့ မဟုတ်ပါဘူး၊ မ ကို စချင်လို့ပါ။

“မ ကိုတောင် ကျွန်တော် ကြိုက်နေပြီပဲ၊ ဒီ အဖြေကို မ မသိဘူးလား၊ ညံ့ပါ့“

သူ မျက်စောင်းထိုးတယ်၊ လှတယ်။ ကျွန်တော် သဘောကျတယ်။ ဒါပေမဲ့ သူ့မျက်နှာက ရုတ်ချည်း ဆိုသလို တည်သွားတယ်။ ဘာသဘောပါလိမ့်… တကယ်တော့ ကျွန်တော် မိန်းမကျမ်းကျေသူ ၀ါ မိန်းမအကြောင်း စင်းစင်းသိသူ မဟုတ်ပါဘူး။ ဟဲ ဟဲ… ခပ်တည်တည်တော့ ရွှီးတတ်တယ်၊ အိမ်ထောင်သည်တွေထက်တောင် ပိုပြောတတ်သေးတယ်။

“ယူ မနောက်နဲ့…၊ အတည်မေးနေတာပါ။ ပြောပါ၊ ဘယ်အချက်တွေနဲ့ မိန်းမတယောက်ကို ရွေးချယ်တာလဲ“

ဗုဒ္ဓေါ၊ သူ့ကို ကျွန်တော် ရွေးချယ်ခဲ့တာတောင် သူက မသိချင်ယောင် ဆောင်နေပြန်ပါတယ်။ ကျွန်တော့်မှာတော့ အဖြေက အဆင်သင့် ရှိပြီးသားပါ။ သူ့ကို ရွေးချယ်ခဲ့တာ ဒီအချက်တွေကြောင့်လို့ ပြောများပြရင် သူ စိတ်ဆိုးဦးမလား။ ကျွန်တော်က ခေါင်းမာသူမို့ ကျွန်တော့် စဉ်းစားချက်၊ ဆုံးဖြတ်ချက်ကို ပြောပြဖို့ ၀န်လေးသူ မဟုတ်…။

“မ… ကျွန်တော့်အတွက် နံပါတ်တစ် အရေးအကြီးဆုံးကတော့ မိန်းမတယောက်ဟာ ချောရမယ်“

သူ အံသြဟန်ပြတယ်။ အသံတောင် ထွက်သွားသေးတယ်၊ နောက်ဆက်တွဲ မေးခွန်းက တွဲပါလာတယ်။

“ဟင်… တော်ရမှာ မဟုတ်ဘူးလား“

“နိုး၊ ချောရမှာ… တော်တဲ့ မိန်းမထက် ချောတဲ့ မိန်းမကို ကျွန်တော် ပိုကြိုက်တယ်“

သူ နှုတ်ခမ်း စူတယ်၊ ဒုတိယမ္မိ မျက်စောင်း ထိုးတယ်။ မတတ်နိုင်ဘူးလေ… ကျွန်တော် ယုံကြည်တာကိုတော့ ဆက်ပြောရမှာပဲ မဟုတ်လား။

“ဒါဆို ဒုတိယ အချက်က…“

မိန်းမတယောက်အပေါ် ကျွန်တော့် ရှုမြင်ချက်၊ သတ်မှတ်ချက်၊ တိုင်းတာချက်တွေကို သူ သိပ်သိချင်နေပုံပေါ်တယ်။ ကျွန်တော့် နံပါတ် နှစ်၊ သုံး၊ လေး၊ ငါး တွေကို ဆက်သိချင်နေပုံရတယ်။

“ဒုတိယ အချက်က သူ့အတွက်ရော ကျွန်တော့်အတွက်ရော အရေးအကြီးဆုံး အချက်ပဲဗျ၊ ချစ်တတ်ရမယ်။ မချစ်တတ်သူဟာ ဆက်ဆံရေးရဲ့ တံတိုင်းပဲ၊ အတားအဆီးပဲ၊ ချောက်ပဲဗျ“

သူ ရယ်မလို မဲ့မလို လုပ်တယ်။ ကျွန်တော် ဆိုရင်တော့ အဲဒီလို မလုပ်တတ်ဘူး။ ရယ်ဆို ရယ်တတ်တယ်၊ မဲ့ဆို မဲ့တတ်တယ်။ အဲဒီ နှစ်ခုလုံးတော့ တပြိုင်နက် မလုပ်တတ်ဘူး။ ကျွန်တော်ရဲ့ နံပါတ်သုံးကို သူ ဆက်သိချင်နေတယ်ဆိုတာ သိပ်ကို ပေါ်လွင်နေပါတယ်။ ကျွန်တော့်ကို တည့်တည့် စိုက်ကြည့်နေတယ်။ ခက်တာက အဲဒီလို ကြည့်လာရင် ကျွန်တော်က မနေတတ်တော့ဘူး။

“ဆက်ပါဦး… ဆရာကြီးရဲ့…“

သူ့ပုံစံ ရွဲ့တဲ့တဲ့ ပုံစံ၊ ကျွန်တော်က နှစ်ပြန်ရွဲ့တတ်သူ…။ ဒါပေမဲ့ မိန်းမတယောက်နဲ့တော့ မလိုအပ်တဲ့ နေရာမှာ ကျွန်တော် မပြိုင်ချင်ဘူးလေ။ ကျွန်တော့်မှာ ရှိပြီးသား အဖြေတွေကို ဆက်ဖြေရတယ်။ သူကတော့ စိတ်ဝင်တစား ရှိနေဆဲပါ။ ချစ်သူတယောက်ကို ချစ်သူအဖြစ် အတော်ကြာအောင် ထားပြီးမှ၊ ချစ်တယ် ကြိုက်တယ် ပြောပြီးမှ အခုလို မေးခွန်းတွေ မေးလာ၊ ဖြေပေးတဲ့ အဖြေတွေကို သူက လေးလေးစားစား မှတ်သားနားထောင်နေတာ ကျွန်တော့်အတွက်တော့ တကယ့် ထူးခြားမှုကြီးပါပဲ။

“တတိယအချက်ကို ပြောပါဆိုရင်တော့ မပျင်းရဘူး။ မိန်းမတယောက်ပျင်းတယ်ဆိုရင် သွားပြီပဲ၊ သူ့အိမ်၊ သူ့ယောက်ျား၊ သူ့အိမ်ထောင် ပျက်ပြီပဲ“

သူ တည်တည်နေတယ်၊ စဉ်းစားနေပုံရတယ်။ သူ့မျက်လုံးတွေမှာတော့ အရောင် မရှိတော့ဘူး။ မ က တကယ်တော့ ချစ်ဖို့ ကောင်းတယ်၊ အလွန်လည်း တော်သူ တယောက်ဖြစ်တယ်။ ဒါပေမဲ့ ဘာကြောင့်မှန်း မသိ၊ ကျွန်တော်နဲ့ တွေ့တဲ့အခါ ဒါမှမဟုတ် ရှိနေတဲ့အခါမှာ သူဟာ ဘာမှမသိ၊ မတတ်သူ တယောက်လို လုပ်နေတာကတော့ တခါတလေ ကျွန်တော့်မှာတောင် သတိထား ပြောဆိုရတော့တယ်။ ဟုတ်တယ်လေ၊ ပညာစမ်းနေတာလား၊ အကွက်သစ်တွေ ထွင်နေတာလား၊ ကျွန်တော် မသိတော့ဘူး။

“မိန်းမတယောက် ပျင်းတယ် မပျင်းဘူးဆိုတာက အရေးကြီးလို့လား၊ ယူက မိန်းမတွေ မပျင်းရဘူးလို့ ဆိုချင်တာလား“

သိတယ်၊ ကျွန်တော် ပြောတိုင်း သူ လက်မခံတတ်ဘူး ဆိုတာကို ကျွန်တော် သိပါတယ်။ အခုလည်း သူက မေးခွန်း ပြန်ထုတ်လာပါတယ်။ ကျွန်တော်အတွက်တော့ ပျင်းတဲ့ မိန်းမနဲ့ မပျင်းတဲ့ မိန်းမ ခွဲရတာ အလွယ်လေးပါပဲ။ လူရော၊ အလုပ်ရော၊ အိမ်ရော ချပ်ချပ်ရပ်ရပ်၊ တင်းတင်းရင်းရင်း၊ သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်ထားနိုင်တဲ့ မိန်းမဟာ မပျင်းတဲ့ မိန်းမပါပဲ။ အဲဒီလိုမှ မဟုတ်ရင်တော့ ပြောင်းပြန်ပေါ့။ ဒါပေမဲ့ ကျွန်တော် မဖြေတော့ဘူး၊ စတုတ္ထအချက်ကို ဆက်ပြောလိုက်တယ်။

“နောက်တချက်ကတော့ စည်းကမ်းရှိတာပါ၊ စည်းကမ်းမရှိတဲ့ မိန်းမကို ကျွန်တော် မကြိုက်ဘူး“

စည်းကမ်းဆိုတာ သန့်ရှင်းတာကို ပြောတာပါ။ ကိုယ်၏ သန့်ရှင်းခြင်း၊ စိတ်၏ သန့်ရှင်းခြင်း ရှိတဲ့ မိန်းမတွေဟာ စည်းကမ်းရှိတဲ့ မိန်းမတွေပေါ့။ ဒါပေမဲ့ ကျွန်တော် မ ကိုတော့ ရှင်းမပြတော့ဘူး၊ ရှင်းပြဖို့လည်း မလိုဘူး ထင်လို့ပါ။ သူက တထွာပြရင် တတောင်မြင်တဲ့ သူပါ။ သူက ဒီတခါတော့ မျက်လုံး အရောင်တောက်တောက်နဲ့ ကျွန်တော့်ကို ရွှန်းရွှန်းစားစား ကြည့်တယ်။ ကျွန်တော့်ကို အမှတ်ပေးတဲ့ ပုံစံမျိုးပေါ့။ ထားပါလေ၊ ကျွန်တော် ကိုယ့်သာသာကိုယ် ထင်နေတာလည်း ဖြစ်နိုင်ပါတယ်။

ဒါနဲ့ ကျွန်တော်ရဲ့ နံပါတ်ငါး အချက်နဲ့ နောက်ဆုံးအချက်ကို ဆက်ပြောတယ်။ သူက အံ့သြနေတယ်။ ဟုတ်တယ်လေ… သူက နံပါတ်တစ် ထားချင်တာကို ကျွန်တော်က နောက်ဆုံးမှာ ထားလိုက်တာကိုးဗျ။ ရယ်တော့ ရယ်ရတယ်။ သူလည်း ရယ်နေတယ်၊ ကျွန်တော်လည်း အားပါးတရ ရယ်လိုက်တယ်။ ကိုယ့်ချင်းကိုယ့်ချင်းတွေ အနက်ဖွင့်ရတာ အားနာစရာ မဟုတ်လားဗျာ။

“မိန်းမတယောက် တော်ဖို့လိုတာကို ကျွန်တော်က နောက်ဆုံးမှာ ထားတယ်၊ တော်တော့တော် နောက်က တော်ပေါ့“

သူ တအားရယ်တယ်၊ ဟက်ဟက်ပက်ပက် ရယ်တယ်။ ကျွန်တော်လည်း လိုက်ရယ်မိတယ်။ ရှက်ရှက်နဲ့တော့ မဟုတ်၊ တကယ် သဘောကျလို့ ရယ်မိတာပါ။ ကျွန်တော်တို့ တော်တော်နဲ့ အရယ် မရပ်ကြဘူး။ မြွေမြွေချင်း ခြေမြင်တဲ့ သူတွေပီပီ ကျွန်တော်တို့နှစ်ယောက် ဘာကြောင့် ရယ်နေကြသလဲ ဆိုတာလည်း အချင်းချင်း သိကြတယ်။ ရယ်စရာ မကောင်းဘူးလားဗျာ။

“ဘာကြောင့် နောက်ဆုံးမှာ ထားတာလဲ၊ မောင့်ကို ပတ်တီးချမှာ စိုးလို့လား“

သူက မေးခွန်းထုတ်တယ်။ မေးခွန်းက ကြမ်းပေမယ့် ကြင်နာတဲ့ လေသံပါအောင် ကျွန်တော့်ကို မောင်လို့ သူ နာမ်စား သုံးတယ်။ ကျွန်တော် သတိထားမိတာကို သူလည်း သတိထားမိပုံရတယ်။ သူ့မျက်နှာ သွေးရောင်လွှမ်းသွားပြီး ရှက်နေတယ်။ သူက မောင်လို့ တော်ရုံ ကျွန်တော့်ကို မခေါ်တတ်ဘူး။ သူ ကျွန်တော့်ကို သိပ်ချစ်တယ်လို့ ထင်တဲ့အခါ ဒါမှမဟုတ် ကျွန်တော့် အပြုအမူ အပြောအဆို တခုခု သဘောကျတဲ့ အခါမှသာ ခေါ်တတ်တာပါ။ ဒါပေမဲ့ သူ့မေးခွန်းကို အခုလို ကျွန်တော် ပြန်ဖြေလိုက်တယ်။

“မဟုတ်ဘူး၊ ဆရာကြီး လုပ်မှာစိုးလို့… မိန်းမတယောက်က မလိုအပ်ပါဘဲ ဆရာလုပ်နေမှာကို ကျွန်တော် မကြိုက်ဘူး။ မိုက်မဲတဲ့ မိန်းမပဲ ကျွန်တော် လိုချင်တယ်“

သူ ကျွန်တော့်ကို လှမ်းရိုက်တယ်၊ ပါးစပ်ကလည်း ပွစိပွစိလုပ်တယ်။ ကျွန်တော် နားလည်လိုက်တယ်၊ ကျွန်တော့် နောက်ဆုံး စကားကို သူ မကြိုက်ဘူးဆိုတာကိုပါ။ ကျွန်တော်ကလည်း ရွဲ့တတ်တော့ သူ စိတ်ဆိုးအောင် စကားကို ဖြောင့်ဖြောင့်ပဲ ပြောလိုက်တယ်။ ကျွန်တော် စကားကို လှည့်တတ်ပတ်တတ် ကွေ့တတ်ကောက်တတ် အမျိုးမျိုး ပြောတတ်ပါတယ်။ ကိုယ့်ချစ်သူကိုတော့ မပြောချင်ဘူးလေ၊ ဒါကြောင့် ဘွင်းဘွင်းပဲ ပြောလိုက်တာပါ။

ဒါပေမဲ့ မိန်းမဟာမိန်းမပါပဲ။ သူသည်လည်း မိန်းမတယောက်မို့ ကျွန်တော့် စကားတွေကို သူ မကြိုက်ပါဘူး၊ မျက်နှာ ပျက်နေတယ်။ မတတ်နိုင်ပေးဘူး။ ကျွန်တော်တော့ မိန်းမတယောက် ကိုယ့်ကို ကျဖို့၊ ကြိုက်ဖို့ အာလူး၊ ဗူးသီး လျှောက်မပြောချင်တော့ဘူး။ အမှန်ပြောလို့ မချစ်ချင်လည်း နေပါစေတော့၊ ချစ်စေဖို့ ကျွန်တော် လျှောက်မပြောချင်ဘူး။

“ကျွန်မတော့ မိုက်မဲတဲ့ မိန်းမ မလုပ်နိုင်ဘူး“

ဒီတခါတော့ ကျွန်တော် ရယ်တဲ့ အလှည့်ပါပဲ၊ သူက ပြူးတူးကြောင်တောင် ကျွန်တော့်ကို ကြည့်တယ်။ ရယ်စရာ မဟုတ်တာကို ကျွန်တော်က ဘာကြောင့် ရယ်နေသလဲ ဆိုတဲ့ မေးခွန်းပါတဲ့ အကြည့်မျိုးလို့ ကျွန်တော် ထင်တယ်။ ကျွန်တော် ရယ်တာကို ရပ်လိုက်တယ်၊ ကြောက်လို့တော့ မဟုတ်ပါဘူး။ ကျွန်တော် ချစ်ရတဲ့ မိန်းမတယောက်ကို ကျွန်တော့်ကြောင့် စိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူး။

“ကဲ… မ ကရော… ဖြေဦးလေ၊ ယောက်ျားတယောက်ကို ဘာကြောင့် လက်ခံတာလဲ၊ ရွေးတာလဲ“

သူ့ မျက်လုံးအရောင် လက်ကနဲ ဖြစ်သွားတယ်၊ စပြောဖို့ နှုတ်ခမ်းသပ်ပြီး ပြင်နေတယ်။ ကျွန်တော်က ဘာမပြော ညာမပြောနဲ့ သူ့ကို ဖက်ပြီး နမ်းလိုက်တယ်။

၂၀၁၂၊ ဧပြီ ၂၉။ ည ၁၁ နာရီ။

ဘန်ကောက်။