by Myo Tha Htet on Wednesday, 3 October 2012 at 01:16·

နယူးယောက်ကို ရောက်ဖူးချင်ခဲ့တယ်၊ နောက်တော့ ရောက်ဖူးခဲ့ရတယ်။ သတင်းသမားဘ၀ရဲ့ သဘောကျစရာ တချက်က လမ်းဘေးဈေးသည် အစ၊ ပြည့်တန်ဆာမ အလယ်၊ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တိုင်းပြည် ခေါင်းဆောင်အဆုံး သတင်းကိစ္စနဲ့ဆို ထွေးလုံး ရစ်ပတ်ခွင့် ရှိနေတယ်။ သမိုင်းစက်ဝန်းထဲ သူတို့ လှည့်ပတ်နေသလို သူတို့ကို လိုက်ကြည့်ရင်း ကိုယ်ပါ သမိုင်းစက်ဝန်းထဲ တို့ထိ ပါဝင်ခွင့် ရနေတယ်။ တချို့ကိစ္စတွေက ကိုယ့်မျက်စိရှေ့တင် မြင်နေ၊ ကြားနေ၊ သိနေ၊ ထိနေရတယ်။ အခုတခေါက်တော့ နယူးယောက်ကို ရောက်ခဲ့တယ်။

နယူးယောက်ကို ရောက်သူတွေထဲမှာ ခေါင်းဆောင်နှစ်ဦးလည်း ပါတယ်။ တဦးက နှစ်ပေါင်း ၅၀ ကျော်အတွင်းမှာ နယူးယောက်က ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ မိန့်ခွန်း တက်ပြောတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်၊ တဦးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်၊ သူ့အသက် ၂၀ ကျော်က အလုပ်လုပ်ခဲ့ဖူးတဲ့ ကုလသမဂ္ဂဆီ တကြော့ပြန် ရောက်လာတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၁ က ကုလသမဂ္ဂ အဆောက်အအုံကို ဒေါ်အောင်ဆန်းစုကြည် ရောက်လာတယ်။ တိုက်တိုက်ဆိုင်ဆိုင် စက်တင်ဘာ ၂၁ ဟာ နိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးနေ့ International Peace Day ဖြစ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်…။ အဲဒီနေ့ မနက်က ကုလသမဂ္ဂ အဆောက်အအုံရှိတဲ့ ပရ၀ဏ်ထဲမှာပဲ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေရဲ့ အလံတွေ ကိုင်ဆောင်ထားတဲ့ ကျောင်းသူ/ ကျောင်းသားတွေ ၀န်းရံလို့ နိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးနေ့ကို ကျင်းပခဲ့တယ်၊ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မိန့်ခွန်း မြွက်ကြားတယ်။

ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတွင်းရေးမှူးချုပ်တို့ တွေ့ဆုံ နှုတ်ဆက် စကားပြောဆို ဆွေးနွေးကြပြီး သတင်းစာ ရှင်းလင်းပွဲ ကျင်းပတယ်။ အဲဒီ ရှင်းလင်းပွဲ အခမ်းအနားမှာ မြန်မာ သတင်းထောက် သုံးဦး ရှိကြတော့ မြန်မာသတင်းထောက် တယောက်ယောက် မေးခွန်း မေးခွင့်သာရင် ကောင်းမှာပဲလို့ တွေးမိကြတယ်။ ထုံးစံအတိုင်း ကျန်သူတွေက ကျွန်တော့်ကို ဦးစားပေးလို့ ကျွန်တော့်မှာ မြန်မာ သတင်းသမား တယောက်အနေနဲ့ မေးမယ်လို့ တွေးဆထားခဲ့တယ်။

ရှင်းလင်းပွဲစတော့ အတွင်းရေးမှူးချုပ်က မြန်မာ့ မျက်မှောက် နိုင်ငံရေး အပြောင်းအလဲတွေအတွက် သမ္မတ ဦးသိန်းစိန်ကိုရော ဒေါ်အောင်ဆန်းစုကြည်ကိုပါ ဂုဏ်ပြု ချီးကျူး စကား ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကုလသမဂ္ဂကို ပြန်လာလည်တဲ့အတွက် ကြိုဆိုပါတယ်လို့ ပြောတယ်၊ တခါ နိုင်ငံတကာမှာလည်း မြန်မာပြည်လို အပြောင်းအလဲနဲ့ အခွင့်အရေးတွေ ရဖို့ နိုင်တဲ့ဘက်က ကူပါဦးလို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်မဏ္ဍကပြုတယ်။ ပြီးတော့ သတင်းထောက်တွေ မေးကြပါဆိုတော့ ကုလ အတွင်းရေးမှူးချုပ်ရဲ့ အရာရှိကြီးက သူနဲ့ မျက်မှန်းတန်းနေကြ အေပီနဲ့ ဗီအိုအေ သတင်းယောက် နှစ်ယောက်ကို မေးမြန်းခွင့်ပြုပြီး သတင်းစာ ရှင်းလင်းပွဲကို အဆုံးသတ်လိုက်တော့တယ်။

ဒီတော့ ကျွန်တော်လည်း အော်ရတော့တာပေါ့၊ မြန်မာသတင်းထောက်တွေလည်း တက်တာမို့ မြန်မာသတင်းထောက် အနေနဲ့ မေးခွင့်ပြုဖို့ ပြောရတော့တာပေါ့။ ဟုတ်တယ်လေ… “ကုလသမဂ္ဂဟာ ခင်ဗျားတို့ အိမ်“ United Nations is your Home လို့ ရေးထားတဲ့ ဆောင်ပုဒ်ကြီးကို ကျွန်တော်က ဖတ်ထားမိမှကိုး…။ ဒီလို အော်လိုက်တော့လည်း မေးခွင့်ပြု ပါတယ်။ ဒါနဲ့ စောစောက ကျွန်တော် တင်ပြခဲ့တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးနေ့မှာ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် ကုလသမဂ္ဂ ရောက်နေတာမို့ ဘာများ အထူး ပြောစရာ ရှိသလဲပေါ့လေ… အဲဒီလို သဘောပါတဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်ကို အင်္ဂလိပ်ဘာသာနဲ့ မေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်ပီပီ “လူတွေရဲ့ နှလုံးသားကနေ အမုန်းတရားတွေကို အကုန်အစင် ထုတ်ပယ်နိုင်မှ ငြိမ်းချမ်းရေးဆိုတာ ရှိမယ့် အကြောင်း“ ပီပီပြင်ပြင် ဖြေကြားခဲ့ပါတယ်။ ငြိမ်းချမ်းရေးနေ့နဲ့ လိုက်ဖက်တဲ့ ငြိမ်းချမ်းရေးစကားကို ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်က ပြောလိုက်တာပဲ ဖြစ်ပါတယ်။ ကျွန်တော်က အဓွန့်တက်လို့ နောက်မေးခွန်းတခုပါ မေးဖို့ ကြိုးစားပါသေးတယ်။ နဂိုကထဲက ပြီးနေတဲ့ကြားက ကျွန်တော်က အော်ပြီး မေးထားတာဆိုတော့ တခွန်းထဲ ဖြေမယ်ဆိုလည်း ဘာမှ မတတ်နိုင်တော့ပါဘူး။

သတင်းစာ ရှင်းလင်းပွဲပြီးတော့ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ အရာရှိကြီးက ကျွန်တော့်ကို ကြည့်နေတာနဲ့ ကျွန်တော်လည်း သူ့နား ရောက်သွားပါတယ်။ မေးခွန်းမေးခွင့် ပြုတဲ့အတွက် ကျေးဇူးတင်ကြောင်းကိုလည်း ပြောလိုက်ပါတယ်။ ဒီလူဟာ ဘယ်လောက်ပါးတဲ့ သံတမန်ပီသတဲ့ သူလည်း ဆိုတာ အဲဒီမှာ ကျွန်တော် တွေ့လိုက်ပါတယ်။ ကျွန်တော် အဓွန့်တက် မေးခွန်းမေးတာကို သူမကြိုက်ခဲ့ပါဘူး၊ ဒါပေမဲ့ သူက အခုလို ပြောပါတယ်။

“သူ ကျွန်တော့်ကို ရက်စက်သလို ဖြစ်သွားတာကို တောင်းပန်ပါတယ်တဲ့၊ အခြေအနေအရပါ“ လို့ ဆိုပါတယ်။ ကျွန်တော်ကလည်း မေးခွန်းတောင် မေးလို့ပြီးခဲ့မှဟာ ဘယ်လိုမှ သဘောမထားပါဘူးလို့ ပြန်ပြောလိုက်ပါတယ်။ တလက်စထဲ စဉ်းစားမိတာကတော့ ကျွန်တော်တို့ မြန်မာပြည်မှာလည်း နောင်ဆို အာဆီယံ ထိပ်သီးစည်းဝေးပွဲတွေ၊ တခြား စည်းဝေးပွဲတွေ၊ တွေ့ဆုံမှုတွေ ရှိလာတော့မှာမို့ အဲဒီလိုများ သတင်းစာ ရှင်းလင်းပွဲတွေ ကျင်းပတဲ့ အခါမှာ မြန်မာသတင်းထောက်တွေကို သတင်းစာ ရှင်းလင်းပွဲ စီစဉ်သူ အနေနဲ့ အခွင့်အရေး ပိုပေးဖို့ လိုမလား၊ တန်းတူပဲ မေးခွင့်ပြုမလားလို့လည်း အတွေးပိုမိပါတယ်။

အဲ… ကျွန်တော် မမေးလိုက်ရတဲ့ ဒုတိယ မေးခွန်းလေးကတော့ “ဒေါ်အောင်ဆန်းစုကြည် (စက်တင်ဘာ ၂၁ ဆို) အမေရိက ရောက်နေတာလည်း လေး/ငါး ရက် ရှိပြီ၊ ကွန်ဂရက်က ရွှေတံဆိပ်ဆုလည်း လက်ခံရယူပြီးပြီ။ သမ္မတ အိုဘားမားနဲ့လည်း တွေ့ပြီးပြီဆိုတော့ ဒီ လေး/ငါး ရက်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိက ခရီးစဉ်အတွင်း အောင်မြင်မှုတွေက ဘာပါလဲ“ လို့ မေးချင်တာပါ။ မဖြေတော့ဘူးဆိုတော့လည်း ပြီးတာပဲပေါ့လို့ တွေးမိတယ်။ ဘာပဲဖြစ်ဖြစ် ရှားရှားပါးပါး မေးခွန်းတခွန်းတော့ မေးလိုက်နိုင်လို့ ကျေနပ်မိတယ်။

အဲဒီအခမ်းအနားမှာပဲ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူးလို့ ညွှန်းဆို သုံးနှုန်းသွားလို့ ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်ကို မေးခွင့်ရတဲ့အခါမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥက္ကဌအနေနဲ့ ဆိုပြီး ညွှန်းဆို မေးမြန်းလိုက်တော့ အတွင်းရေးမှူးချုပ်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိ ရာထူးအမှန်ကို တည့်မတ် ပြင်ဆင် ပေးပြီးသား ဖြစ်သွားတယ်လို့ ကိုယ့်ဟာကိုယ် သဘောကျ ကျေနပ်မိပါတယ်။

အဲဒီလိုမျိုး အရင်က ပြန်ကြားရေးဝန်ကြီးကိုလည်း တခါ ပြင်ပေးဖူးတာ အမှတ်ရမိတယ်။ တခါက ပြန်ကြားရေးဝန်ကြီးက ကျွန်တော်တို့ကို ခင်ဗျားတို့ ဂျာနယ်လစ်ဇင်တွေ… ခင်ဗျားတို့ ဂျာနယ်လစ်ဇင်တွေလို့ သုံးသုံးနေလို့… ၀န်ကြီး တခွက်/ နှစ်ခွက်ချပြီး အပေါ့သွားတဲ့အခါ ရေအိမ် အပြင်ဘက်ကနေ သွားစောင့်နေပါတယ်။ ၀န်ကြီးလည်း အပြင်ထွက်လာရော… “၀န်ကြီးခင်ဗျာ… ဂျာနယ်လစ်ဇင်က ပညာရပ် ဖြစ်ပါတယ်၊ လူကို ညွှန်းဆိုလိုရင်ဖြင့် ဂျာနယ်လစ်လို့ သုံးရပါတယ်။ ၀န်ကြီးက ကျွန်တော်တို့ကို ဂျာနယ်လစ်ဇင်လို့ ပြောပြောနေတာ လွဲနေပါတယ်“ လို့ ခပ်တည်တည် သွားပြောဖူးပါတယ်။ ၀န်ကြီးကတော့ ပြုံးပြီး ထွက်သွားပါတယ်။ မှန်မလား မှတ်ပါတယ်၊ နောက်တော့လည်း ခင်ဗျားတို့… ဂျာနယ်လစ်ဇင်လို့ပဲ ဆက်ညွှန်းပြီး ပြောပါတယ်။

နယူးယောက် ခရီးစဉ်မှာပဲ ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့လုံခြုံရေးနဲ့ မူဝါဒရေးရာဆိုင်ရာ မဟာဗျူဟာမြောက် အကြံပေး၊ အကြံပြု အဖွဲ့အစည်းကြီးဖြစ်တဲ့ အတ္တလန္တိတ်ကောင်စီက ချီးမြှင့်ပေးအပ်တဲ့ ကမ္ဘာ့နိုင်ငံသားဆု Global Citizen Awards ပေးပွဲ တက်ရောက်ပါတယ်။ အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိက ခရီးစဉ်တခုလုံးမှာ အလှဆုံးဝတ်စုံကို ၀တ်ထားတယ်လို့ ထင်မှတ်မိတာပါပဲ။ အစိမ်းရောင် အင်္ကျီနဲ့ ပုလဲပုတီး နှစ်ဆင့်ဆွဲလို့… မိတ်ကပ်ရောင် နှင်းဆီ သုံးပွင့် ဆင့်ပန်ပြီး နှုတ်ခမ်းနီရဲရဲ ဆိုးထားတာ အလွန်ကို ကျက်သရေရှိပြီး တင့်တယ်လှပနေတာပါပဲ။

ကံကောင်းချင်တော့ ဆုပေးပွဲ မပြီးခင် ည ၁၀ နာရီလောက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြန်နှင့်ပါတယ်။ နောက်တနေ့ မနက်မှာလည်း နယူးယောက်က မြန်မာမိသားစုတွေနဲ့ တွေ့ရမှာမို့ ပြင်ဆင်စရာရှိတာ ပြင်ရအောင်လို့ စောစောပြန်တယ်လို့ပဲ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပြန်နဲ့ ကျွန်တော်ကလည်း အောက်အဆင်း ပက်ပင်းတိုးတော့ ဓာတ်ပုံရိုက်ပါရစေလို့ ခွင့်တောင်းပြီး ဓာတ်ပုံရိုက်တော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြုံးပြီး ခွင့်ပြုပါတယ်။ ကံမကောင်းချင်တော့ ညဘက်ထားရမယ့် ကင်မရာဆက်တင်ကို သေချာ မလုပ်ထားတော့ ဓာတ်ပုံရိုက်ခွင့် ရလိုက်ပေမယ့် ဓာတ်ပုံကောင်းကောင်းတော့ မရလိုက်ပါဘူး။

တခါ နယူးယောက်ကို သမ္မတဦးသိန်းစိန် ရောက်တဲ့နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က နောက်တကြော့ ပြန်ရောက်လာပြီး သမ္မတကို သူ တည်းခိုရာ ဟိုတယ်မှာ လာနှုတ်ဆက်ပါတယ်။ ဒီသတင်းကလည်း မြန်မာတွေ အားလုံး ၀မ်းသာရမယ့် သတင်း ဖြစ်တာမို့ သတင်းဓာတ်ပုံ ရိုက်ခွင့်ရရင် ကောင်းမှာပဲလို့ တွေးမိပြီး စောင့်စားနေခဲ့ပါတယ်။

တကယ်တမ်းကျတော့ စောင့်နေတဲ့ကြားက ဒေါ်အောင်ဆန်းစုကြည်က လေအလျင်လို ဟိုတယ်ထဲ ၀င်ရောက်လာလို့ (အသက်အရွယ်နဲ့ မမျှအောင် တကယ်မြန်ပါတယ်) ဓာတ်ပုံ ရိုက်ချိန်တောင် မရလိုက်ပါဘူး။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်ရှု စောင့်ရှောက်ကြတဲ့ အမေရိကန် အထူး ထောက်လှမ်းရေးအဖွဲ့ဟာ တကယ့်ကို အသေးစိတ် လုံခြုံရေး ယူပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အင်မတန်ကိုမှ သွက်တဲ့သူဆိုတော့ သူတို့ဟာ တောက်လျှောက်ကို အထူး စောင့်ရှောက်ကြရပါတယ်။ နောက်ဆုံး ရေအိမ် ၀င်တာကိုတောင် သူတို့က အရင်ဝင်၊ စစ်ဆေးပြီး စိတ်ချရမှ ၀င်စေတယ်လို့ မျက်မြင်တယောက်က ပြောပြပါတယ်။

ကျွန်တော့် ကိုယ်တွေ့ကတော့ သမ္မတဦးသိန်းစိန်ဆီ လာတာ အဲဒီ အမေရိကန် ထောက်လှမ်းရေးကြီးတွေက အရပ်အမောင်း မြင့်မြင့်မားမားနဲ့ ကွယ်ထားကြတော့ ဓာတ်ပုံရိုက်ပေမယ့် သူတို့ ကျောကုန်းတွေသာ ထင်တဲ့ ပုံတွေပဲ ရပါတော့တယ်။ တော်ပါသေးရဲ့… သမ္မတအခန်းထဲထိ ၀င်ရိုက်ခွင့်သာတဲ့ ပြန်ကြားရေးနဲ့ စကိုင်းနက်က အကိုတွေ စောင်မမှုနဲ့ ဓာတ်ပုံတွေ ရလို့ ကျွန်တော့် သတင်းဌာနရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ရှယ်ခွင့်ရခဲ့ပါတယ်။

တခါ သမ္မတဦးသိန်းကိုလည်း သတင်းထောက် တယောက်အနေနဲ့ မေးမြန်းခွင့် ရခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်က အမေရိက ခရီးစဉ်မပြီးဆုံးခင် တရက်မှာ မြန်မာသတင်းထောက်တွေနဲ့ သီးသန့်တွေ့ဆုံပြီး မေးသမျှတွေကို စိတ်ရှည်လက်ရှည် ဖြေပေးပါတယ်။ ဒါဟာ တကယ့်ကို ကောင်းတဲ့ အစီအစဉ် ဖြစ်ပါတယ်။ သတင်းထောက်တွေဆိုတာက သာမန်သူကိုတောင် မေးမြန်းချင်နေတာ… နိုင်ငံတော် သမ္မတကို မေးရမယ်ဆိုတော့ ဘယ်လောက်တောင် ၀မ်းသာမလဲ ဆိုတာ အလွယ် စဉ်းစားလို့ ရပါတယ်။

မြန်မာနိုင်ငံရဲ့ ခေတ်အဆက်ဆက်သော ခေါင်းဆောင်တွေက မီဒီယာတွေနဲ့ ရင်းနှီးမှု အားနည်းပါတယ်။ ဖဆပလခေတ်က ၀န်ကြီးချုပ် ဦးနုကတော့ မီဒီယာသမားတွေ၊ သတင်းစာဆရာတွေနဲ့ ရင်းနှီးပါတယ်။ ဘယ်လောက်တောင် ရင်းနှီးသလဲဆိုတော့ ၀န်ကြီးချုပ်အိမ် သတင်းထောက် ဆိုတာတောင် ရှိတယ်လို့ ကြားဖူးပါတယ်။ အမေရိကမှာလည်း အိမ်ဖြူတော် သတင်းထောက်ဆိုတာ ရှိပါတယ်။ သတင်းတွေ အမြဲထုတ်နေတော့ လူထုနဲ့လည်း ခေါင်းဆောင်ဟာ ရင်းနှီးနေပြီး တသားထဲ ရှိနေတာပေါ့လေ။ အခု သမ္မတဦးသိန်းစိန်က အဲဒီလောက်အထိ မဟုတ်သေးပေမယ့် နှစ်ပေါင်း ငါးဆယ် အတွင်းမှာ မီဒီယာတွေနဲ့ အရင်းနှီးဆုံး နိုင်ငံ့ခေါင်းဆောင်လို့ ပြောနိုင်မလား၊ ပြောဖို့ နည်းနည်း စောသေးလားတော့ မသိပါဘူး။

ဒါမှမဟုတ် ၂၀၁၁ ဘာလီ အာဆီယံ ထိပ်သီး အစည်းအဝေးအပြီး ပြည်တွင်းသတင်းထောက်တချို့ ပြောသလို… (အဲဒီတုန်းကလည်း သမ္မတဦးသိန်းစိန်က အာဆီယံထိပ်သီး အစည်းအဝေးပွဲ ကျင်းပရာ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းက သူ တည်းခိုရာ ဟိုတယ်အခန်းမှာ မြန်မာသတင်းထောက်တွေနဲ့ တွေ့ပါတယ်) “သမ္မတက ခင်ဗျားတို့သာ ရင်းနှီးတာဗျ၊ ကျုပ်တို့ကျ ဘယ်နားရှိမှန်းတောင် သိတာမဟုတ်ဘူး၊ ဘာမှလည်း မေးလို့မရဘူး“ လို့များ ပြောကြမလား မသိပါဘူး။

စက်တင်ဘာ ၂၈ မှာ ကျင်းပတဲ့ သမ္မတဦးသိန်းစိန်နဲ့ မြန်မာသတင်းထောက်တွေ တွေ့ဆုံပွဲမှာတော့ လတ်တလော ဖြစ်နေတဲ့ မြန်မာပြည်တွင်းက အရေးတကြီး ကိစ္စတွေကို မေးမြန်းခွင့် သာခဲ့ပါတယ်။ ဒါကြောင့် ခုတလော ပြည်သူတွေကြား စိတ်ဝင်တစား ရှိကြတဲ့ လက်ပံတောင်း ကြေးနီတောင် စီမံကိန်းကို မြစ်ဆုံစီမံကိန်းလို သမ္မတကြီး ဦးဆောင်ပြီး တခုခု ဆောင်ရွက်ပေးနိုင်မလားလို့ ကျွန်တော် မေးဖြစ်ပါတယ်။

သမ္မတက ဒီကိစ္စမှာ ပယောဂတွေ ပါတယ်လို့ ပြောပါတယ်။ နောက်တခုက ကျေနပ်တဲ့ ရွာသားတွေ ရှိသလို၊ ရွာ သုံးရွာလောက်ကတော့ မကျေနပ်မှုတွေ ရှိနေတယ်။ သူ အမေရိက မထွက်လာခင်လေးမှာပဲ အတတ်နိုင်ဆုံး ပြေလည်အောင် ဆောင်ရွက်ပေးဖို့နဲ့ ဘယ်လို ဆောင်ရွက်နိုင်တယ်ဆိုတဲ့ အကြောင်းတွေကိုလည်း ပြောထားခဲ့တယ်လို့ ပြန်ဖြေခဲ့ပါတယ်။

တခါ ကချင်ပြည်နယ်မှာ တိုက်ခိုက်နေကြတာကို သမ္မတအနေနဲ့ ဘယ်လို ဆောင်ရွက်ပေးနိုင်မလဲလို့ မေးကြည့်ပြန်တော့ ကချင်ဒေသက စစ်မက်ဖြစ်ပွားနေတာကိုလည်း အတတ်နိုင်ဆုံး ငြိမ်းချမ်းရေးရဖို့ ထိန်းသိမ်း ဆောင်ရွက်နေတဲ့ အကြောင်းနဲ့၊ ကေအိုင်အေ/ ကေအိုင်အိုဘက်ကလည်း ကိုယ့်တပ်တွေကို အပစ်ရပ်ဖို့ အမိန့်ထုတ်ပြန်ဖို့ လိုအပ်တဲ့ အကြောင်း သမ္မတက ထောက်ပြ ပြောဆိုခဲ့ပါတယ်။

ငြိမ်းချမ်းရေး ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖို့ ကမ်းလှမ်း မလားလို့ မေးတာကိုတော့ သမ္မတက ၀န်ကြီး ဦးအောင်မင်းတို့ ဆောင်ရွက်နေတဲ့ ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း သိတဲ့အကြောင်းနဲ့ ထိုက်သင့်တဲ့ အကြံပေး ပြောဆိုမှုတွေ ရှိတဲ့ အကြောင်းကို ဖြေကြားပေးပါတယ်။

ဝန်ကြီး ဦးစိုးသိန်းကလည်း စက်တင်ဘာ ၂၉ နယူးယောက် မြန်မာမိသားစုတွေနဲ့ တွေ့စဉ်က ကချင်ငြိမ်းချမ်းရေး ကိစ္စအတွက် ၀န်ကြီး ဦးအောင်မင်းဟာ အသက်ကိုပင် ပဓာန မထားဘဲ ရဲရဲဝံ့ဝံ့ ကေအိုင်အေ/ ကေအိုင်အို ထိန်းချုပ် နယ်မြေတွေအထိ သွားပြီး၊ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်။ တောလမ်း ခရီးသွားရတာဖြစ်လို့ ပင်ပန်း ဆင်းရဲမှုတွေ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အသက်ထောက်လာပြီဖြစ်လို့ အဲဒီလိုတွေ သွားလာဖို့ မဖြစ်နိုင်ဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း သိတယ်၊ ဒါပေမဲ့ ငြိမ်းချမ်းရေးကိစ္စ အစိုးရက ဆောင်ရွက်နေတာတွေကို ဒေါ်အောင်ဆန်းစုကြည်လည်း အကုန်အစင် သိနေတယ်လို့ မြန်မာ မိသားစုတွေကို ဦးစိုးသိန်းက ရှင်းပြပါတယ်။

ဝန်ကြီး ဦးစိုးသိန်းရဲ့ နယူးယောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံ ရှင်းလင်းမှုတွေဟာ ဒီမိုကရေစီခေတ်ကို သွားနေတဲ့ အစိုးရရဲ့ ၀န်ကြီးတပါးအနေနဲ့ တော်တော်လေး ပွင့်ပွင့်လင်းလင်း ရှိတာကို သတိထားမိတယ်။ ဘယ်လောက်ပဲ သိထားတဲ့ ၀န်ကြီးဖြစ်ဖြစ် ဒီလို ပွင့်ပွင့်လင်းလင်း ပြောတာမျိုး ရှားတယ်။ အစိုးရအဖွဲ့ထဲမှာ ဦးစိုးသိန်းတို့၊ ဦးအောင်မင်းတို့လို ဗြောင်ကျကျ ပြောတတ်/ဆိုတတ်တဲ့ ၀န်ကြီးတွေ ရှိပေမယ့်လို့ လက်ချိုးရေလို့ ရသေးတယ်။

နောက်တခုက ၀န်ကြီး ဦးစိုးသိန်းတို့၊ ဦးအောင်မင်းတို့ဟာ ဒီနေ့ခေတ် အပြောင်းအလဲတွေကို သိမီနေသလို၊ လူထုက ဘယ်လို စကားမျိုး ကြိုက်တယ်ဆိုတာကိုလည်း သိထားပြီး၊ အဲဒါတွေနဲ့ လိုက်ဖက်ညီအောင် ကိုယ်တိုင် ပြင်ယူ/ ပြောင်းယူတာမျိုး တွေ့ရတယ်။

ပွင့်လင်းတဲ့ တခြားဝန်ကြီးတချို့တောင် စကားတော့ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်ပေမယ့်၊ ရင်ထဲက အခု/အခံတွေကတော့ အရင်အတိုင်းပဲ ရှိသေးတာမျိုးလည်း တွေ့ရတယ်။ တကယ် ခေတ်ပြောင်းတယ်ဆိုရင် သူတို့တွေရဲ့ ရင်ထဲက အခု/ အခံတွေကိုလည်း ရှင်းထား/ ပြောင်းထား ရမယ် မဟုတ်ဘူးလား။

မီဒီယာတွေနဲ့ ရင်းနှီးမှု ဘယ်လောက်ရှိရှိ၊ ဒါမှမဟုတ် အတွေ့အကြုံ များသူတွေမို့ စကားပြော ဘယ်လောက်ကောင်းကောင်း ရင်ထဲက အခု/ အခံတွေကို မရှင်းထားသေးဘူး၊ နဂို အစွဲအတိုင်း ရှိသေးတယ် ဆိုရင်တော့ ဟန်ဆောင်မှုတွေဟာ တကြိမ်မှာတော့ ပေါ်လာတတ်တာပဲ ဆိုတာကို နယူးယောက်မှာ ၁၀ ရက်အတွင်း မြင်ခဲ့၊ တွေ့ခဲ့၊ သတင်းလိုက်ခဲ့တုန်းမှာ သတင်းထောက် တယောက်အနေနဲ့ ဆိုခဲ့သလို ဆ၀ါးမိပါတယ်လို့ စကားပို မပြောဘဲ အရင်းအတိုင်း ဖွင့်ချလိုက်ပါတယ်။

၂၀၁၂၊ အောက်တိုဘာ ၃၊ နံနက် ၁ နာရီ။

လန်ဒန်။