by Myo Tha Htet on Sunday, 2 September 2012 at 21:41·

ငယ်ငယ်က ဇာတ်ပွဲတွေကြည့်တော့ ဇာတ်သိမ်းခန်း (၀ါ) ဇာတ်ပေါင်းခန်း ရောက်လာရင် ဆိုင်ရာအခန်း အသီးသီးက ကခဲ့ကြတဲ့ သရုပ်ဆောင်တိုင်းက ဇာတ်စင်ရှေ့ ပြန်ထွက်လာကြပြီး ပရိသတ်ကို လက်အုပ်ချီမိုး နှုတ်ဆက်ကြတယ်။ အားပေးချီးမြှင့်ပါတဲ့ အတွက် ကျေးဇူးတင်ပါတယ်ပေါ့၊ ထမင်းရှင်ကြီးများကို ဂါရ၀တရား၊ မေတ္တာတရားထားလို့ သာပါစေကြောင်း၊ မာစေကြောင်း ဆုတောင်းမွန်ခြွေ ပြုတတ်ကြပါတယ်။

အခုလည်း အစိုးရသစ်သက်တမ်း စလိုက်တဲ့ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ကနေ စရေတွက်လိုက်မယ်ဆိုရင် ပြီးခဲ့တဲ့လကုန် သြဂုတ် ၃၀ ကဆို ၁၇ လ တင်းတင်း ပြည့်ခဲ့ပြီပေါ့။ ၁၇ လ ကြာ မနားတမ်း အသုံးတော်ခံ၊ စွမ်းဆောင် လုပ်ကိုင်၊ ပြောဆို ဝေဖန်၊ တွေးခေါ် ကြံဆ၊ ကျရာနေရာ ကြုံရာ အခန်းကနေ ပါဝင်ခဲ့ကြသူတွေ ဇာတ်ပေါင်းခန်း ရောက်ပြီလားလို့ တွေးမိပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ မျက်မှောက်မြန်မာ့နိုင်ငံရေးမှာ ထဲထဲဝင်ဝင်ပါနေကြတဲ့ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီတွေ၊ ပွင့်လင်း လူမှုဝန်းကျင် ထွန်းကားရေး ကြိုးပမ်းဆောင်ရွက်နေသူတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံတကာက သံတမန်တွေ၊ နိုင်ငံတကာက အဖွဲ့အစည်းတွေ၊ ပြည်ပနေ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေ၊ မီဒီယာတွေ၊ စာဟောဆရာတွေ သူ့ထောင့်သူနေရာကနေ ပါဝင်သူတွေ အားလုံး ဒါမှမဟုတ် အားလုံးနီးပါးဟာ ရန်ကုန်မှာ ဆုံကြပြုကြ၊ ပြောကြဆိုကြ၊ ဆွေးနွေးကြ တိုင်ပင်ကြ လုပ်နေကြပါပြီ။

တလက်စထဲမှာပဲ အရင့်အရင်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ၊ သဘောကွဲမှုတွေ၊ လမ်းခွဲမှုတွေ၊ ကိုယ်ပေါင်း စိတ်ခွာ၊ စိတ်ပေါင်း ကိုယ်ခွာ၊ တမြေခြားနေတဲ့ ညီအကိုတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ရဲဘော်ရဲဘက်တွေ၊ ရန်ဘက်ကန်ဘက်တွေ အစုံတကာ့အစုံဆုံးလို့ ပြောနိုင်မယ့် အနေအထားတခု ဖြစ်လာခဲ့ပါပြီ။

ဒါဟာ အချိန်ကျလို့ ဖြစ်လာခဲ့တာလား၊ အချိန်ကျစေဖို့ ဖြစ်စေခဲ့တာလား ဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရှင်းရလင်းရမယ့် ကိစ္စတွေ ရှိနေသလို၊ အဲဒါတွေကို ဘေးဖယ်လို့ အဖြစ်နိုင်ဆုံးနဲ့ အဖြစ်သင့်ဆုံးကနေ စတင် လှမ်းလျှောက်ရမယ့် လုပ်ငန်းတွေကလည်း ရှိနေမှာ ဖြစ်ပါတယ်။ အားလုံးပေါင်းလုပ်မှရမယ့် အရေးကြီးလွန်းတဲ့ ကိစ္စတွေ ရှိနေသလို၊ ကိုယ်နဲ့ဆိုင်ရာ ကိုယ်ကျွမ်းကျင်ရာ ကိုယ်လိမ္မာရာကနေ ထမ်းရွက်ရမယ့် အလုပ်သဘောတွေလည်း ပါနေတယ်လို့ ဆိုနိုင်ပါတယ်။

ဒါကိုပဲ ဇာတ်ပေါင်းခန်းလားလို့ တွေးထင်မိပေမယ့် အခုမှ ဇာတ်လမ်းက စတာလို့ ပြောဆိုမယ့်သူလည်း ရှိနေနိုင်ပါတယ်။ အဓိက မျက်နှာမူ သင့်တာကတော့ တမော့မော့နဲ့ တသက်တာလုံး စောင့်ခဲ့ရတဲ့ ပွဲကြည့်သူ ပြည်သူပါပဲ။ ပွဲခွင်ဟာ နိုင်ငံလို့ဆိုရင် ပွဲကြည့်သူဟာ ပြည်သူပါပဲ။

ဒီကနေ့ ဒီမိုကရေစီ ဇာတ်ပေါင်းခန်းထဲ ပါလာကြတဲ့ ခေါင်းဆောင်တွေ၊ ပရိသတ်အမာခံ ရှိသူတွေ၊ ပန်းကုံးတွေ လည်ဆွဲ ဆုတံဆိပ်တွေ ဆွဲထား၊ ချိတ်ထားသူတွေဟာ ပြည်သူတွေ မော့နေ (ဒါမှမဟုတ် ၀ရံတာပါတဲ့ အထပ် အဆင့်ဆင့် ဇာတ်ရုံအမြင့်ကြီးက ကြည့်တယ်ဆို ငိုက်(စိုက်)ကြည့်နေ) တာကိုတော့ သိကြရမှာပါ။

ဇာတ်သမားကတော့ မှတ်သားစရာတွေ ထားခဲ့ပေမယ့် စာချုပ်ကြေးတွေ၊ ၀င်ကြေးတွေ၊ ဂရုဏာကြေး၊ မေတ္တာကြေး၊ လက်ဆောင်ကြေးတွေ ယူထားပြီးပြီမို့ လက်ဆယ်ဖြာအုပ်မိုးလို့ ရှိခိုးဦးတင် နှုတ်ဆက်ရင်း နောက်နှစ်ခါ ဆက်ဆက် ဆုံကြပါစေကြောင်း အသာအပို စကားချိုတွေနဲ့ လက်ပြနှုတ်ဆက်သွားကြမှာပါ။ ဇာတ်ပွဲလာ ပရိသတ်ကလည်း ဒီအကြော နောကျေအောင် သိပင်သိငြား ဒီတညမှာဖြင့် စိတ်ကျေနပ်ခဲ့ပြီမို့ ကိုယ်တိုင်ကပင် ၀မ်းမြောက်စွာ တုန့်ပြန် နှုတ်ဆက် နိုင်ကြမှာ ဖြစ်ပါတယ်။

အဲ… တကယ့် ဒီမိုကရေစီဇာတ်ပေါင်းခန်းကျတော့ ဒီလို မဟုတ်ပေဘူး။

ဒါကြောင့်…

“အားလုံးက အမျှော်လင့်ကြီး မျှော်လင့်ထားခဲ့ရသူတွေ

တခါ တိုင်းပြည်နဲ့ လူထု အကျိုးအတွက်

အချုပ်၊ ထောင်၊ တန်း

အဟုတ်ရှောင် ဇာတိလွမ်းတွေနဲ့

၂၀ ကျော် နှစ်ကာလတွေ ခြားအောင်

မြန်မာမြေမှာ ပွင့်ကာပ ဒီလမ်းဖွင့်ဖို့

ဒီမိုကရေစီပင်ပျိုပန်းကိုလ

အသက်၊ သွေး၊ ချွေး ထွေထွေ ကမ်းလို့ရယ်

စိုက်ခဲ့ကြတယ်။

ဒီတော့…

ဒီတကြိမ် ဖူးမယ် ကြံပြီမို့…

အနှောင့်အယှက် ဘေးဘယက်တွေ

အဝေးထွက်စေဖို့

စာပန်းချီ ခြယ်သူ ဒီမောင်က…

ကြောင့်ကြရယ် တောင့်တရယ် နှစ်ထွေယှက်ပါလို့…

ဆုမွန်ခါခါတောင်း…

ဒီမိုကရေစီ တရာအလီလီ သာစေကြောင်း…။

၂၀၁၂ စက်တင်ဘာ ၂၊ ည ၉ နာရီ။

လန်ဒန်။