by Myo Tha Htet on Wednesday, 21 March 2012 at 20:33·

ဒီညလည်း မနေ့ညကအတိုင်း သန်းခေါင်ကပ်လု… ရထားပေါ်မှာပဲ သန်းခေါင်တီးသွားမှာပဲလို့ ကျွန်တော် တွေးလိုက်သေးတယ်။ တခါတလေတော့ လူက လန်းနေသေးရင် အိတ်ထဲက စာတအုပ်ကို ကျွန်တော် ထုတ်ဖတ် နေတတ်တယ်။ ဒီညတော့ မလန်းတာလည်း မဟုတ်၊ လန်းတာလည်း မဟုတ်… လူကလည်း တခုခု လိုနေသလိုလို၊ ဒီကနေ့ လုပ်လို့ပြီးရမယ့် အလုပ်တခု မပြီးပြတ်ခဲ့လို့လား…၊ တခုခုတော့ တခုခုပါပဲ။

ရထားပေါ်မှာပဲ ဟိုကြည့်ဒီကြည့်နဲ့ ခြောက်မှတ်တိုင်ပြည့်အောင် ၁၂ မိနစ်လောက်တော့ သည်းခံစီးရမှာပဲလေ… ဒီလိုမျိုး ညတိုင်းလည်း စီးနေကြပါပဲ၊ အထူးတော့ မဟုတ်…။ တခါတခါ လူသိပ်ပါးနေရင်တော့ Ghost ဇာတ်ကားထဲက ဇာတ်ဝင်ခန်း တချို့ကို ကျွန်တော် သတိရနေမိတယ်။

ဇာတ်ကားထဲက မင်းသားက ရုတ်တရက် သေဆုံးပြီး သရဲ ဖြစ်သွားတယ်။ နောက်တော့ သူ့ချစ်သူရဲ့ အနားကပ်ရုံတင် အားမရတော့ ကိုင်ချင် ထိချင်လာတယ်။ အဲဒီမှာ အရာဝတ္ထုတွေ၊ လူတွေကို ထိလို့ရအောင် သူက ကျင့်ရတာကိုးဗျ၊ အဲဒီမှာ သရဲဆရာကြီး တယောက်ဆီကနေ သူက သင်ယူရတာပေါ့လေ။ ဘူတာက ရှင်းရှင်း၊ ဆရာကြီးကလည်း ဂျစ်ကန်ကန်… သူကလည်း ကျားကုတ်ကျားခဲ ကြိုးစားသင်…။

နည်းနည်းတတ်တာတော့ ဘူတာရုံကနေ ရထားထဲ ၀င်လိုက်ထွက်လိုက် လုပ်တယ်၊ အဲဒီလိုမျိုးများ သရဲတယောက်ယောက်က ၀င်လာပြီး ကိုင်လိုက်မလားလို့ ကျွန်တော့်မှာ တခါတခါ စိတ်ပူတတ်သေးတယ်။ မီးရောင်တွေ ရှိပေမယ့် သန်းခေါင်ညဆိုရင် သရဲတွေ ထွက်လာတတ်တယ်မို့လား။ ကျွန်တော့်မှာတော့ သန်းခေါင်ညတိုင်းကို ကြုံလို့…။

အိမ်နားက ဘူတာရုံရောက်လာတာနဲ့ ဘူတာကနေ အထွက်… ပိုက်ဆံအိတ်ထဲက ခရီးစဉ် အရေအတွက်အလိုက် ၀ယ်ထားတဲ့ ကတ်နဲ့ ထိလိုက်တော့ အော်တိုမစ်တစ် ဆင်နားရွက်တခါးလေးက ပွင့်သွားတယ်။ အပြေးအလွှားလေး အထွက်… နောက်ကနေ ဖတ်ဖတ်ဖတ် အသံနဲ့ အတူ ထပ်ချပ်မခွာ တယောက်ယောက်က လိုတာထက်ပိုပြီး အပြေးအလွှား ပုံစံ ကပ်လိုက်လာတာကို ချက်ချင်း သိလိုက်တယ်။

လူက ပင်ပန်းနေပေမယ့် အာရုံတွေကို နိုးကြားမှု အဆင့် ၁၀၀ မှာ အပြည့်ထားလိုက်တယ်။ နာနာဘာဝ ၀ိနာဘာဝလား၊ ဘာကြောင့် နောက်က ကပ်လိုက်လာတဲ့ အသံက လိုတာထက် ပိုပြီး နားထဲမှာ အကျယ်ကြီး ကြားနေရတာလဲ။ သတိကို ကြီးကြီးထားထားလို့ နောက်လို့ လှည့်ကြည့်လိုက်တော့ လိမ္မော်ရောင် တောက်တောက်နဲ့
မိန်းမတယောက်…။

မိန်းမတယောက်ကို ကြည့်တဲ့အခါ ယောက်ျားတယောက် အနေနဲ့ လက်ခံလို့ ရလောက်တဲ့ ရုပ်ရည် အနေအထား ရှိမရှိ ပထမဆုံး ကြည့်တတ်ကြတဲ့ ထုံးစံအတိုင်း ကျွန်တော် သူ့မျက်နှာကို ကြည့်လိုက်တယ်။ ယောက်ျားတွေက ဒီလိုပဲ… မိန်းကလေးတယောက်ကို ကြည့်တတ်ကြတယ် မဟုတ်လား။ လက်ခံလောက်တဲ့ ရုပ်မျိုး မဟုတ်ဘူးဆိုရင် သူတို့ ဆက်မကြည့်တော့ဘူး၊ စိတ်မ၀င်စားတော့ဘူး။

ကျွန်တော် ကြည့်လိုက်တဲ့ တခဏမှာလည်း လိမ္မော်ရောင် တောက်တောက်ပဲ သတိထားလိုက်မိတယ်။ ကျန်တာကတော့ ဘာမှ သတိမထားမိ… မျက်နှာတောင် ချက်ချင်းကို မမှတ်မိတော့… သေချာတာကတော့ ချောမောသူတယောက် လုံးဝ မဟုတ်…။ ကျွန်တော် တချက် ရပ်လိုက်တယ်၊ သူလည်း လိုက်ရပ်တယ်။ ပြဿနာပဲ…။

ကျွန်တော် ခပ်သွက်သွက် လျှောက်လိုက်တယ်၊ သူလည်း သွက်သွက် လိုက်လျှောက်တယ်။ ဘေးဘီကို ကျွန်တော် ကြည့်လိုက်တော့လည်း ဘယ်သူမှ မရှိ… ဒုက္ခပဲ။ သန်းခေါင်ကျော် ကာလ ဘန်ကောက်မြို့လယ်ခေါင် တည့်တည့် မဟုတ်တဲ့ တနေရာမှာ…။

ကျွန်တော် လှေကား ဆင်းရတော့မယ်…။ ဒီလှေကားက ကျွန်တော် နေ့တိုင်း တက်လိုက် ဆင်းလိုက် လုပ်နေကြ…။ အမေ တခါက ကျွန်တော့်ဆီ လာလည်တုန်းကလည်း ဒီကပဲ တက်ဆင်းခဲ့ရသေးတယ်။ အမေက လိုက်ပို့တဲ့နေရာတွေ၊ သားအမိ နှစ်ယောက် စားသောက်ကြတာတွေ အကုန် သဘောကျတယ်။ ဒီလှေကားကြီးကို ခြေလွတ်နဲ့ ဆင်း၊ တက် ရတာတော့ တယ်မကြိုက်လှခဲ့ဘူး။

ကျွန်တော်ကတော့ ကြိုက်တယ်၊ ကျွန်တော့်မှာ လေ့ကျင့်ခန်းဆိုလို့ တနေ့ အတက် တခေါက်၊ အဆင်း တခေါက် တက်ဆင်းရတဲ့ လေ့ကျင့်ခန်း ဒီတခုပဲ ရှိတယ်။ အတက်က ၄၇ ထစ်၊ အဆင်းက ၄၇ ထစ်၊ တနေ့ကို ကျွန်တော် ၉၄ ထစ်ကို တက်ဆင်း လုပ်နေတာ ဖြစ်တယ်။ တက်ဆင်းလိုက်တိုင်း ကောင်းကောင်း တက်ဆင်း မလုပ်ဘူး။ ပေါ့ပေါ့ပါးပါး ဖြစ်အောင် ကိုယ်ကို ဖော့ပြီး တက်ဆင်း လုပ်တယ်။ ခန္ဓာကိုယ်ကြီးက သယ်ရလေးတယ်လေ။ ဒီတော့ ကျွန်တော် ကိုယ်ဖော့ပညာ သင်ထားရတယ်။

ဒီကြားထဲ ကျွန်တော်က ဦးလေးလို ခင်ရတဲ့ လူကြီးတယောက်က ဒီကနေ့ပဲ ပြောပြပြန်တယ်။ “မင်း… လှေကားတက်တဲ့အခါ တင်ပါးကို လက်နဲ့မပြီး တက်ရင် ခန္ဓာကိုယ်ဟာ မလေးဘဲ သယ်ရသက်သာတယ်“ တဲ့။ လိုအပ်သလောက်ပဲ တင်ပါးရှိပြီး ချောမောတဲ့ မိန်းကလေးတွေ ဆိုရင်ရော လှေကားတက်တဲ့အခါ အဲဒီလိုကြီး အောက်ကနေ ပင့်လို့ လက်ကြီးနဲ့ မပြီး တက်နေကြရင် သင့်တော်ပါ့မလား။ ကျွန်တော့် တင်ပါးကရော ပင့်ဖို့ လိုနေပြီလား။

ကျွန်တော် နည်းနည်း စိတ်ညစ်သွားတယ်။ တကယ် ထိရောက်လို့ လူတွေကများ လိုက်နာ ကျင့်သုံးကြမယ်ဆိုရင် စဉ်းစားကြည့်ပါဦးဗျာ… လှေကားတက်တဲ့အခါ ခန္ဓာကိုယ် သယ်ရပေါ့အောင်လို့ ကိုယ့်ဖင်(တင်ပါး) ကိုယ်မပြီး တက်နေကြပုံတွေ…။ ကျွန်တော်တော့ အဲဒီလို လုပ်ဖို့ စဉ်းစားပါဦးမယ်၊ ဒါပေမဲ့လို့ အခုတလော ကျွန်တော့် ခန္ဓာကိုယ်ကြီး လေးလံလာတယ်လို့ ထင်နေမိတယ်။

အခုတခေါက်လည်း ကျွန်တော် ကိုယ်ကို အတတ်နိုင်ဆုံး ဖော့လိုက်ပြီး လှေကား တထစ်ချင်း ဆင်းလာခဲ့တယ်။ ကျွန်တော်ကတော့ ပေါ့နေတယ် ထင်တာပါပဲ။ တကယ်တမ်း ပေါ့မပေါ့ ဆိုတာကိုတော့ သာမန် အချိန်မှာ လေးတဲ့ ကျွန်တော့်ရဲ့ ကိုယ်အလေးချိန်နဲ့ ကိုယ်ဖော့ထားချိန်မှာ လေးတဲ့ ကိုယ်ခန္ဓာ အလေးချိန် နှစ်ခုကို နှိုင်းယှဉ် မကြည့်ထားလို့ သေချာတော့ ကျွန်တော် မပြောနိုင်ပါဘူး။

လိမ္မော်ရောင်လည်း အနောက်နေ လိုက်လာတုန်းပဲ…။ လှေကားအရင်းက ပလက်ဖောင်းပေါ် ရောက်ပြီ။ ကျွန်တော့် အပါ့မင့်ဘက် သွားမယ့် လမ်းဘက် ကွေ့လိုက်တယ်၊ သူကလည်း နောက်က တလှမ်းသာသာ ခွာပြီး လိုက်လာတုန်းပဲ။ အို့… ဘယ်နှယ့်လုပ်ရပါ့မလဲ။ ကျွန်တော် စဉ်းစားတယ်၊ ကျွန်တော့် အကြိုက် မိန်းကလေး တယောက်ဆိုရင်တော့ အဲဒီလို လိုက်နေရင် ကမ္ဘာအပြင်အထိ ထွက်ရပါစေ… အဲဒီညမှာပဲ ကျွန်တော် ထွက်သွားမှာ ဖြစ်ပါတယ်။ အခုက အဲဒီလို မဟုတ်ဘူးလေ…။

ဒီတော့ ကျွန်တော် ရပ်လိုက်တယ်၊ လှည့်လိုက်တယ်။ ပြီးတော့ မေးကြည့်တယ်။

“ဘာဖြစ်လို့လဲ၊ ဘာလိုလို့လဲ“

ကျွန်တော်က အင်္ဂလိပ်လို မေးတာပေါ့၊ what? what do u want?

သူက ခေါင်းခါတယ်။ ဒါနဲ့ ကျွန်တော် ပြောင်းမေးရပြန်တယ်။

“ဘာလုပ်ပေးရမလဲ“

အင်္ဂလိပ်လိုပါပဲ။ ဒါပေမဲ့ ကျွန်တော့် မေးခွန်းက မြန်မာလိုဆိုရင်တော့ တမျိုး အဓိပ္ပာယ် ပေါက်နေသလိုလိုလို့ ကိုယ့်ဘာသာ တွေးမိသွားပြန်တယ်။ how can i help you?

သူက ခေါင်းပဲ ခါတတ်တယ်နဲ့ တူပါတယ်။ ခေါင်းခါပြန်တယ်။ သတိတော့ ထားရမယ်ဗျ။

“ကုလားတွေ ခေါင်းခါက သဘောတူတာဗျ“ လို့ ကုလားအကြောင်း ကျင်လည်သူ တယောက်ကလည်း ကျွန်တော့်ကို ပြောထားဖူးသေးတယ်။ ဒီတော့ ဒီ လိမ္မော်ရောင်ကြီး ခါနေတာက နားမလည်တာလား၊ သဘောတူတာလား။ ကျွန်တော်တော့ နားလည်း မလည်တော့ဘူး၊ သူ လိုက်နေတာကိုလည်း သဘောမတူဘူး ဖြစ်နေပါတော့တယ်။

ငါ ပြောတာလည်း သူ နားမလည်၊ သူ (ခေါင်း) ခါနေတာလည်း ငါ အဓိပ္ပာယ် မသိ…။ ဒီတော့ ငါ ဘာလုပ်ရမလဲလို့ ကျွန်တော် စဉ်းစားတယ်။ ယောက်ျားတို့ ထုံး၊ နှလုံးမူလို့ပေါ့လေ…။ ပြီးတော့ ပြေးတာပဲဗျို့…။ တကယ်ကို ကျွန်တော် လုပ်ခဲ့တာပါ။

ကျွန်တော်က တွေးတာက ယောက်ျားတယောက်ရဲ့ အပြေးနှုန်းကိုတော့ မိန်းမတယောက်က မီအောင် မလိုက်နိုင်လောက်ဘူးလို့ တွေးမိတာကိုးဗျာ၊ နည်းနည်းလည်း စကြောက်လာတာလည်း ပါတာပေါ့လေ။ ကြိုက်ရင်တော့ ဘယ်လောက် မှောင်မှောင် မကြောက်ဘူးပေါ့လေ၊ ခုက ကြိုက်လည်းမကြိုက်၊ မှောင်ကလည်း နက်သထက်နက် လာပြီ ဆိုတော့ ပြေးတာက အကောင်းဆုံးလို့ တွေးထင်ခဲ့တာကိုး…။

ကျွန်တော်က ဘာလေ့ကျင့်ခန်းမှ ကြိုမလုပ်ထားပါဘဲ အခုမှ အသားကုန် ပြေးလိုက်တော့ မောလိုက်တာဗျာ၊ မပြောပါနဲ့တော့…။ အဝေးကြီး ကျန်ခဲ့လောက်ပါပြီလို့ ထင်ရတဲ့ အချိန်လောက်မှာ လှည့်ကြည့်တော့ သူက လက်တကမ်းတောင် မဝေးတဲ့ အကွာက…။ အမလေး… လန့်သွားလိုက်တာ မပြောပါနဲ့တော့…။ ပြီးတော့ သူ့ ကြည့်ရတာ မောပုံလည်း မရ၊ လှုပ်လိုက်ရတဲ့ ပုံတောင် မပေါ်… အေးအေးစက်စက်…။ ညက မအေးတော့တဲ့ အချိန်မို့ တော်တော့တယ်။

ကျွန်တော် ဆက်မပြေးရဲတော့ဘူး။ အသာ အရှိန်လျှော့လို့ ခဏနေတော့ ပုံမှန်ပဲ လမ်းလျှောက်နေလိုက်တယ်။ ရှေ့နားရောက်တော့ လမ်းဆုံတခု တွန်းလှည်းလေးနဲ့ မီးချောင်းလေးတွေ ထွန်းလို့ ရောင်းနေတဲ့ အစားအသောက် ရောင်းတဲ့ ဆိုင်တဆိုင် တွေ့တယ်။ တကယ်တော့ ဒီဘက်ကို ကျွန်တော် တခါမှ မရောက်ဖူးပါဘူး။ ကျွန်တော့် အပါ့မင့်ဘက်လည်း ကျော်လာခဲ့ပါပြီ။ တမင်ကို ကျွန်တော့် အပါ့မင့်ဘက် မသွားခဲ့တာပါ။ ကျော်ပြီး လာခဲ့တော့ ကျွန်တော် အရင်က မရောက်ဖူးတဲ့ နေရာတခုကို ရောက်လာခဲ့တယ်။

ဆိုင်ကို ရောက်တယ်။ ဆိုင်ကလူတွေကို အရင်ကြည့်ရသေးတယ်။ သန်းခေါင်က ကျော်နေပြီလေ…။ ဒါပေမဲ့ သူတို့က လူတွေပါ။ တရုတ်လိုလို ထိုင်းလိုလိုပါပဲ…။ မြန်မာပြည်မှာ ဆိုရင်တော့ ညှပ်ခေါက်ဆွဲကြော်လိုလိုဟာပေါ့။ သူတို့က ဖတ်ထိုင်းလို့ ခေါ်တာပေါ့လေ။ ကြက်သား၊ ကြက်ဥ၊ ပုစွန် စသဖြင့် မစို့မပို့လေး ထည့်လို့ ညှပ်ခေါက်ဆွဲ၊ ပဲပြား၊ မြေပဲ၊ ပဲပင်ပေါက်၊ ကြက်သွန်မိတ်၊ ဟိုနည်းနည်း ဒီနည်းနည်း ဆီမနည်းမများနဲ့ ပလာတာ ကျော်တဲ့ ဒယ်ပြားပေါ်မှာ ကျော်ထားတာပါ။

ငှက်ပျောအူတို့၊ ကြက်သွန်မိတ်တို့၊ ပဲပင်ပေါက်တို့နဲ့ အုပ်ထည့်(စား)ရတယ်။ ကျွန်တော်က ကြိုက်ပါတယ်။ ငန်ပြာရည် နည်းနည်းထပ်ထည့်၊ ငရုတ်သီး အကျက်မှုန့်ထည့်ပြီး သံပရာ တစိတ်ညှစ်လို့ အုပ်ထည့်လိုက်ရင် ချွေးပြိုက်ပြိုက် ကြရတယ်။ ပြီးရင် ရေခဲများများနဲ့ အရောင်ပါတဲ့ အချိုရည် ပျော့ပျော့ကို ရွှေတိဂုံ ဘုရားမှာ ဥပုသ်နေ့ အအေးလှူသလို ဒန်ချိုင့်ကြီးနဲ့ ထည့်ထားတဲ့ အထဲက ပလတ်စတစ်ခွက်နဲ့ တခွက် ခပ်သောက်လိုက်ရရင် အင်မတန်မှကို အရသာ ရှိလှပါတယ်ဗျာ။ ပြီးတော့ ဘတ် ၃၀ လောက် ပေးရတာပါ။ စားလို့လည်း ဗိုက် ၀တယ်၊ ဈေးလည်း မများဘူး။

ကျွန်တော့်မှာ ဆိုင်ထဲ ၀င်ထိုင်လို့ လက်ညှိုးတညှိုးထောင်လို့ တပွဲမှာစားနေရပေမယ့် အရင်တခါတွေလို စားလို့လည်း မကောင်းပါဘူး။ ကြောက်ကလည်း ကြောက်နေသေးတာမို့ ထင်ပါရဲ့…။ လိမ္မော်ရောင်ကိုတော့ မမြင်ရတော့ဘူး။ ကျွန်တော်လည်း စားနေရင်းနဲ့ ဟိုလှည့်ဒီလှည့်တော့ ကြည့်သေးတယ်။ မတွေ့တော့ဘူး။ အဲ… ပိုက်ဆံပေးပြီးလို့ ထခါနီးကျမှ အို့… ဟိုဘက် ကားလမ်းကူးလို့ ကျွန်တော့်ကို စောင့်ကြည့်နေသေးတာပဲ။ ဒုက္ခတော့ လှလှတွေ့ပါပေါ့။

ကျွန်တော် ဆုံးဖြတ်လိုက်တယ်၊ အပါ့မင့်တော့ ပြန်လို့ မဖြစ်ဘူးလို့…။ တနေရာတော့ သွားမှဖြစ်မယ်။ လူတွေ အုပ်လိုက် ရှိတဲ့ တနေရာကို သွားမှ ဖြစ်မယ်။ တကယ်တော့ မနက်ဖြန်လည်း ရုံးတက်ရဦးမှာမို့ ဒီလို ကြားရက်တွေမှာ ကျွန်တော် ညဘက် အပြင်ထွက်လေ့ မရှိပါဘူး။ အခုကတော့ ထိတ်လန့်စရာ ကောင်းတဲ့၊ မယုံနိုင်စရာ အဖြစ်အပျက်တခု ဖြစ်နေပြီလေ။

ကျွန်တော့် အပါ့မင့်က သူဌေးတွေ နေတဲ့ ခြံဝင်းတွေနဲ့ နီးတယ်၊ အရာရှိ အရာခံကြီးတွေလည်း နေကြပုံရတယ်။ နိုင်ငံတော် အလံတွေ၊ ဘာတွေ လွှင့်ထားတာ… ကားကြီး ကားကောင်းတွေ ၀င်ထွက်နေတာကို တွေ့ရတာကိုး…။ ဒီတော့ နည်းနည်း လူပြတ်တယ်။ ညကလည်း မှောင်တယ်။ အဲဒီနားမှာတော့ ကျွန်တော် အမြဲဖြတ်နေကြ ကလပ်တခုတော့ ရှိတယ်။ လူကုံထံတွေ လာကြတဲ့ ကလပ်လည်း ဖြစ်တယ်။

ကျွန်တော် သတိထားမိတာတခုလည်း ရှိသေးတယ်ဗျ။ ဘန်ကောက်မှာက ကားသမားတွေ၊ ဆိုင်ကယ်သမားတွေက ရန်ကုန်က တချို့ကားဆရာ၊ ဆိုင်ကယ် ဆရာတွေလိုပဲ တအားမောင်းတယ်၊ လမ်းပေါ် ပလက်ဖောင်းပေါ်က လူကို မညှာဘူး။ ပလက်ဖောင်းပေါ်မှာ ဆိုင်ကယ်တွေ ကြိုက်သလို မောင်းနေကြတော့ ရောက်စက ကျွန်တော့်မှာ နောက်ကျော မလုံဘူး ဖြစ်နေတယ်။ နောက်က ဆိုင်ကယ်က ငါ့ကို သမသွားမလားလို့တဲ့ စိုးစိတ်ကြီးနဲ့ ကြောက်နေခဲ့ရတယ်။

နောက်တော့ ကျွန်တော် လူမိုက် အလုပ်လုပ်တယ်၊ တိုက်ရဲတိုက်ကြည့်စမ်းဆိုပြီး… လမ်းလည်း မဖယ်တော့ဘူး၊ ခပ်တည်တည်နဲ့ ဆက်လျှောက်နေတော့တယ်။ ဟုတ်တယ်လေ… ပလက်ဖောင်းဆိုတာ လူလျှောက်ဖို့ ထားတာ မဟုတ်လား။ ဈေးရောင်းဖို့ မဟုတ်သလို ဆိုင်ကယ် မောင်းဖို့လည်း မဟုတ်ဘူးလေ…။

အဲဒီ ကလပ်ရှေ့တိုင်းက ဖြတ်တိုင်းတော့ ကျွန်တော့်မှာ ကျေနပ်တဲ့ အရသာကို ရခဲ့တယ်။ “အော်… လူချမ်းသာတွေဟာ လူတင် ချမ်းသာတာ မဟုတ်ပါလား၊ စိတ်ပါ ချမ်းသာကြပါလား“ လို့လည်း တွေးမိတယ်။ အဲဒီကလပ်ကို ၀င်ထွက်တဲ့ ကားတွေဟာ တကယ့်ကို အကောင်းစား ကားကြီးတွေပါ။ မောင်းလာတဲ့ လူတွေကလည်း သက်လတ်ပိုင်း လူတွေ ဖြစ်ပါတယ်။

ကျွန်တော့်ကို တွေ့တာနဲ့ ၀င်တဲ့ကားဖြစ်ဖြစ်၊ ထွက်တဲ့ကားဖြစ်ဖြစ် ရပ်ပေးပါတယ်။ ကျွန်တော် ဖြတ်လျှောက်ပြီးမှ သူတို့ ၀င်ထွက်ပါတယ်။ ကျွန်တော်တော့ သိပ်သဘောကျတာပါပဲ။ သူ ချမ်းသာတယ်၊ ကားလည်း သိပ်ကောင်းတယ်၊ ဒါပေမဲ့ လမ်းပေါ်က လူကို သူ လေးစားတယ်၊ နေရာပေးတယ်။ ဒါကို ကျွန်တော် ကြိုက်တယ်။ ကားလမ်းပေါ် အတင်းမောင်းတဲ့ ကားတွေ၊ ပလက်ဖောင်းပေါ် မောင်းချင်သလို မောင်းနေတဲ့ ဆိုင်ကယ်တွေနဲ့ မောင်းသူတွေ အတွက်ကိုတော့ ကျွန်တော့်မှာ ကောင်းတဲ့ ခံစားချက် မရှိပါဘူး။

ကျွန်တော် အဲဒီကလပ်ထဲ ၀င်ဖို့ စဉ်းစားကြည့်တယ်။ ဒါပေမဲ့ မဖြစ်နိုင်ဘူး။ ပထမတချက်က ကျွန်တော့်မှာ ပိုက်ဆံ အလုံ အလောက် မရှိဘူး။ ဒီကလပ်တွေ သွားဖို့ ပိုက်ဆံ
အများကြီး သုံးဖို့ လိုသလို အ၀တ်အစားကလည်း ကျကျနန အနောက်တိုင်းဆန်ဆန် ၀တ်စားရမယ်။ ကျွန်တော့်လို အလုပ်က ပြန်လာတဲ့ ရွဲနေတဲ့ ပုံစံမျိုးနဲ့ လုံးဝ မဖြစ်နိုင်ဘူး။

ဒုတိယတချက်က ဒီကလပ်တွေက ကောင်းကောင်း ကတတ်ရမယ်။ တန်ဂိုဆိုလည်း တန်ဂို၊ တခြား အကတွေဆိုလည်း အကျေအလည် ကတတ်မှ ဖြစ်မယ်။ ကျွန်တော်က စည်းချက်အတိုင်း စိတ်ပါသလို လှုပ်တတ်တဲ့ကောင်ဆိုတော့ မဖြစ်လောက်ဘူး။ ဒီနှစ်ချက်ကြောင့် အဲဒီထဲ ၀င်ဖို့လည်း ကျွန်တော် ရှောင်လိုက်ပါတယ်။

အခုက ရေးပြလိုက်လို့သာ… ကျွန်တော့်အဖြစ်က တခုပြီးတခု ဖြစ်နေပုံ ပေါ်တာပါ။ တကယ်တော့ အဲဒီအရာအားလုံးဟာ သန်းခေါင်ကျော် ၄၅ မိနစ်အတွင်းလောက်မှာ ဖြစ်ပျက်ခဲ့တာပါ။ နောက်ဆုံးတော့ ကျွန်တော် ဖြစ်ချင်ရာဖြစ်ဆိုပြီး အပါ့မင့်ကို လာခဲ့ပါတော့တယ်။ ညဥ့်သန်းခေါင်ကျော်လို့ တချက်တောင် တီးတော့မယ်။ ကျွန်တော်လည်း ပန်းနေပြီ၊ နားချင်နေပြီ။

ကိုယ့်အခန်း၊ ကိုယ့်အိမ်လောက် ဇိမ်ရှိတဲ့နေရာက လောကမှာ မရှိဘူးမို့လား။ ပြီးတော့လည်း အပါ့မင့်က လုံခြုံရေးတွေ ဘာတွေလည်း ရှိတယ်ဆိုတော့ ရှင်းလို့ ရလောက်ပါတယ်လို့လည်း ကျွန်တော့် အတွေးက လင်းကနဲ ဖြစ်သွားတယ်။

“ဘာကြောက်စရာ ရှိသလဲ“ လို့ စိတ်ထဲ တင်းပြီး အသက်ကို ပုံမှန်ရှုလိုက်တယ်၊ ကျွန်တော် ဖြည်းဖြည်းချင်း လျှောက်လာခဲ့တယ်။ နောက်ကိုလည်း ကျွန်တော် ပြန်လှည့်မကြည့်တော့ဘူး။ ဒီအခါမှာ ကျွန်တော် လမ်းလျှောက်ရတာက ပေါ့လည်း မနေဘူး၊ လေးလည်း မနေဘူး၊ မြန်လည်း မမြန်ဘူး၊ နှေးလည်း မနှေးဘူး။ ပန်းရာကနေ တဖြည်းဖြည်း လန်းလာသလိုတောင် ဖြစ်လာတယ်။

ကတ္တရာလမ်းမကနေ အပါ့မင့်ထဲ ၀င်တဲ့လမ်းအတိုင်း ကျွန်တော် ကွေ့ဝင်ပြီး လျှောက်လိုက်တယ်၊ နောက်တော့ လှည့်မကြည့်တော့ဘူး။ နောက် မီတာ ၁၀၀ ဆိုရင် ကျွန်တော့် အပါ့မင့်ရှေ့ရောက်ပြီ။ လမ်းနဲ့ မှန်တံခါးကြားမှာတော့ ၁၀ ပေ အကျယ်လောက်အတွက် ခင်းထားတဲ့ ကျောက်ပြားကွက်တွေ ရှိတယ်။ အဲဒါတွေကို ဖြတ်ပြီး လျှောက်လို့ မှန်တံခါးကို တွန်းလို့ ၀င်လိုက်ရင် ကျွန်တော့်အပါ့မင့် အဆောက်အဦထဲ ရောက်သွားပြီ။ လုံခြုံမှု အပြည့် ကျွန်တော်ရပြီ။

မှန်တံခါးဆီ မသွားခင်မှာ ကျွန်တော် နောက်ကို တချက် လှမ်းကြည့်လိုက်တယ်။ ဟိုး… အဝေး မီတာ ၁၀၀ လောက်မှာ လူတယောက် ရပ်နေတယ်။ လိမ္မော်ရောင်လိုလို အပြာရောင်လိုလိုနဲ့… လမ်းမီးတိုင်တွေ ရှိပေမယ့် ညဘက် မှောင်နေတာရော မီတာ ၁၀၀ လောက် ဝေးတာကြောင့် ရောမို့… မမှတ်မိထားတဲ့ မျက်နှာ… သေချာ မမြင်ရဘူး။ ဒါပေမဲ့ သူ ရယ်နေတယ်လို့တော့ ကျွန်တော် ခံစားလိုက်ရတယ်။ ဟုတ်တယ်… သူ အဝေးကြီးကနေ ကျွန်တော့်ကို ကြည့်ပြီး ရယ်နေသလိုပဲ…။

ကျွန်တော်လည်း တချက် ပြုံးလိုက်တယ်။ ဒါဟာ တနာရီအတွင်းမှာ ကျွန်တော် ပထမဆုံး ပြုံးနိုင်ခဲ့တာပဲ…။ ငါးလှမ်း ခြောက်လှမ်းလောက် လှမ်းအပြီးမှာတော့ ကျွန်တော် မှန်တံခါးကို တွန်းဖွင့်လို့ ၀င်လိုက်တယ်။ နောက်မှန်တံခါး တချပ်… ပိုက်ဆံအိတ်ကို တံခါး လက်ကိုင်နေရာ (တွန်းတဲ့နေရာ) နားက ဆန်ဆာမှာ ကပ်လိုက်မှ ပွင့်တယ်။ နောက်တော့ ဓာတ်လှေကားစီးလို့ ကျွန်တော့် အခန်းဆီ လာခဲ့တယ်။ တံခါးဖွင့်ပြီး ၀င်လိုက်တယ်၊ မီးဖွင့်လိုက်တယ်။

ရုတ်တရက်… တိုင်ကပ်နာရီက“ဒေါင်“ လို့ တချက်မြည်တယ်။

ကျွန်တော် အရမ်း လန့်ဖျပ်သွားတယ်။

၂၀၁၂ မတ် ၂၂၊ မနက် ၂ နာရီ။

ဘန်ကောက်။