by Myo Tha Htet on Saturday, 4 February 2012 at 12:13·

ကိုမောင်ဦးဟာ ကျွန်တော် သိသမျှ လူတွေထဲမှာတော့ အတော်ခင်စရာကောင်းတဲ့ လူပျိုကြီးတဦး ဖြစ်ပါတယ်။ သူ့ဆီက သတင်း ပုလင်းလေးတွေ ကြားရတတ်သလို သူ့ရဲ့ အတွေးအခေါ် အဆန်းအပြားတွေကလည်း ပြောဆို ငြင်းခုန်လို့ ကောင်းပါတယ်။ တချို့ကိစ္စတွေမှာ သူ ကြံဖန်ဂုဏ်ယူတတ်တာမျိုးကိုတော့ ကျွန်တော်က မကြိုက်တတ်… ဥပမာ အရင် စစ်အစိုးရ လက်ထက် ပြည်ထဲရေး ၀န်ကြီး ဗိုလ်ချုပ်မောင်ဦးနဲ့ သူ့နာမည်တူတာကို သူက ဂုဏ်ယူချင်တတ်တာမျိုးကျတော့ ကျွန်တော် လက်ခံလို့မရ။ (လက်ရှိ အစိုးရသစ်လက်ထက် ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီးမှာ ဒုတိယဗိုလ်ချုပ်ကြီး ကိုကို ဖြစ်ပါတယ်။ စကားချပ်)

လူပျိုကြီး ဖြစ်တာကြောင့် ခင်စရာ ကောင်းပေမယ့်လို့ တခါတလေကျတော့ သူက ညစ်တီးညစ်ပတ်တွေ၊ အလွယ်တကူ လိုက်မမီတဲ့ စကားမျိုးတွေ ပြောတတ်ပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်ကလည်း အရွယ်တော် တဆိတ်ဟိုင်းလို့ နှစ်ဆယ်ကျော် အစိတ်ပိုင်းထဲ ရောက်လာပြီဆိုတော့ သူ့လောက် အပြောအဆို မတတ်၊ အရွှန်းအဖောက် မကျွမ်းကျင်သေးတဲ့အတွက် ကျွန်တော့်မှာ လူပျိုကြီး ကိုမောင်ဦးကို ကြိတ်အားကျရင်း သူ့အမူအရာ ဟန်ပန်နဲ့ အပြောအဆိုလေးတွေကို မသိမသာကနေ တခါတလေ သိသိသာသာကြီးကို အတုခိုးနေမိပါတော့တယ်။

ကျွန်တော်တို့ထက် ၁၀ နှစ်လောက် အသက်ကြီးတဲ့ သူ့ကို ကျွန်တော်က တခါ ဒီလို မေးဖူးပါတယ်။

“ကိုဦး… ဘာဖြစ်လို့ မိန်းမ မယူတာလဲဗျ၊ ခင်ဗျား ဒီလောက် အပြောကောင်းတဲ့ဥစ္စာ… မိန်းကလေးတွေ ကျရောပေါ့“

“ဒီလိုဗျ… ကိုမျိုးရ၊ ကျွန်တော်က ကျွန်တော့်ကို မိန်းကလေးတွေက ကျောရရုံ ကျန်စေချင်တာ… သူတို့က အတည်လုပ်နေကြတယ်“

“ဗျာ“

ကျွန်တော်မှာ ဗျာတလုံးနဲ့ အာမေဋိတ်ပြုရင်း ရှေ့ဆက်စကားမဲ့သွားခဲ့တယ်။ အနက်ပွားတွေလည်း တသီကြီးတွေးပစ်လိုက်တာ ဘာစကား ဆက်ရမှန်း မသိအောင် ဖြစ်သွားခဲ့ဖူးတယ်။ ဒါပေမဲ့ ကိုမောင်ဦးကတော့ ခပ်ပျော်ပျော်ပါပဲ၊ အလုပ်လုပ်တယ်၊ သောက်စားတယ်၊ ရွယ်တူသူငယ်ချင်းတွေ ချာတိတ်တွေနဲ့ ပေါင်းတယ်။ တခါတခါ သူနဲ့ရွယ်သူ မိန်းကလေးတွေနဲ့ တွဲသွားတွဲလာ လုပ်တယ်။ ကျွန်တော်တို့ လူငယ်တသိုက်မှာ ကိုမောင်ဦးကြီးကို အားကျလို့… ကျွန်တော်ကတော့ အဆိုးဆုံး အားကျသူပေါ့လေ။

ကျွန်တော်ဟာ အသက်တနှစ်ကြီးလာလေ၊ ကိုမောင်ဦးနဲ့ ပိုတူလာလေလို့ ကိုယ့်ကိုယ်ကိုယ် ခံစားမိတယ်။ ဒါပေမဲ့ ဒီလူကြီးက သိပ်သန့်ရှင်းတဲ့ လူကြီးမဟုတ်တော့လည်း တူလည်းတူချင် မတူလည်းမတူချင်တဲ့ စိတ်နှစ်မျိုးနှစ်ခွ ခံစားရပြန်တယ်။ ကိုမောင်ဦးရဲ့ ပြောတာဆိုတာ သွက်လက်တာ၊ အကြောင်းအရာမျိုးစုံ နှံ့စပ်တာ၊ ဟဒယရွှင်တာမျိုးကို ကြိုက်ပေမယ့် တုတ်ထိုးအိုးပေါက် ပြောတတ်တာ၊ ညစ်တီးညစ်ပတ် ပေါက်ပေါက်ရှာရှာ ပြောတာမျိုးကျတော့ ကျွန်တော့်စိတ်က လက်ခံလို့ မရပြန်ဘူး။

ဒီတော့ ကိုယ်ပေါင်း စိတ်ခွာလေး လုပ်ရတယ်၊ မပေါင်းလို့လည်း မရဘူးလေ… သိချင်တာရှိ သူ့ပဲ မေးရတာကိုးဗျာ။

တရက်မှာတော့ ကိုမောင်ဦးက ပုံပြင်တပုဒ်ပြောပြတယ်။ “ပုံပြင်လို့ ငါ ပြောတယ်နော်“ လို့လည်း သူက စကားပလ္လင် ခံသေးတယ်။ အဖြစ်မှန် မဟုတ်လောက်ဘူးလို့ ဆိုလိုချင်ပုံ ရတယ်လို့ နားလည်လိုက်ရတယ်။ ဒါပေမဲ့ တကယ်ပြောတော့ သူ့အမေက သူ့အတွက် မိန်းမစပ်တဲ့အကြောင်း ဖြစ်နေတယ်။ ဒီတော့ တကယ့် အဖြစ်အပျက်လို့လည်း ထင်စရာ ဖြစ်နေပြန်တယ်။ ကျွန်တော်တို့ အတွက်တော့ တယ်မထူးတော့ဘူး။ အဲဒီလို ပြောတတ်တာကိုက ကိုမောင်ဦးစတိုင်ဖြစ်နေပါပြီ။ အဲဒီလိုလူ ကိုမောင်ဦးက ပြောပြတဲ့ မောင်ဦးပုံပြင်လို့ပဲ ဆိုကြစို့ရယ်။

ကျွန်တော်တို့ သိသလောက်တော့ ကိုမောင်ဦးက အစိုးရရုံးတရုံးမှာ မန်နေဂျာဆိုလား ကြီးကြပ်ရေးမှူးဆိုလား လုပ်တယ်၊ ငွေစကြေးစလေး ရွှင်တဲ့ ဌာနလို့လည်း သိရတယ်။ အဟုတ်လည်း ဖြစ်လောက်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သာမန်လူလတ်တန်းစား သူတို့မိသားစုထဲမှာမှ ကိုမောင်ဦး ၀တ်စား၊ နေထိုင်၊ သုံးစွဲပုံတွေက သူဌေးသားတယောက်လို ဖြစ်နေတာကိုးဗျ။

ဒါနဲ့ ဆက်ရရင် အသက် ၃၀ ကျော်၊ ၄၀ နီးလာတဲ့ ကိုမောင်ဦးအတွက် သူ့အမေ ဒေါ်ခင်ပြုံးက မိန်းမ စပ်သတဲ့။ စပ်တာကလည်း ဒီလို… သူတို့လူကြီးချင်း (အမေတွေ) က ကလေးတွေရဲ့ ဓာတ်ပုံတွေ ပြပြပြီး စပ်ကြတာတဲ့… ကိုမောင်ဦးကတော့ သူ့အမေပြတဲ့ ဓာတ်ပုံတပုံကြည့်လိုက် ခေါင်းခါလိုက်… နောက်တခါပြလာလိုက် ဟင့်အင်းလုပ်လိုက်… လုပ်နေတာတဲ့။ တော်တော် ဇီဇာကြောင်တဲ့ ကိုမောင်ဦးပေါ့လေ။ အဲ… တခုတော့ ရှိတယ်၊ ကိုမောင်ဦးက ကျွန်တော်တို့ ကြိုက်တဲ့ မင်းသမီး သက်မွန်မြင့်ကိုတော့ ကြိုက်ပြန်သဗျ။

ကိုမောင်ဦးက အဲဒီလို ဟင့်အင်းလုပ်လိုက် ခေါင်းခါလိုက်… နောက်ဘာခါစရာ ရှိသေးလဲ… ထားပါတော့လေ…. အဲဒီလိုပဲ တငြင်းငြင်း လုပ်နေတော့ သူ့အမေက တက္ကနစ် (နည်း) ပြောင်းလိုက်သတဲ့။ တညနေတော့ ကိုမောင်ဦး ရုံးအဆင်း အိမ်ပြန် အရောက်မှာ သားရေ… အမေတို့ မိတ်ဆွေတယောက် ဘုရားပင့်ထားတာ အဲဒါ လာဖူးကြပါဦးလို့ ဖိတ်ထားလို့ လိုက်ခဲ့ပါကွယ်ဆိုပြီး ကားပေါ်တင် ခေါ်သွားသတဲ့။ အလည်လွန်တဲ့ ကိုမောင်ဦး ဒီတခါတော့ အငိုက်မိပြီး တကယ့် ဘုရားဖူးမှတ်ပြီး လိုက်သွားရတာပေါ့။

ဘုရားဖူးတော့ ဘုရားဖူးပါပဲ၊ ဒါပေမဲ့ လိပ်ဥတူးတဲ့ ကိစ္စလေးကလည်း နောက်ဆက်တွဲ ပါနေတာကို ဟိုရောက်မှ သိသတဲ့။ အဲဒါကတော့ ဘုရားကြွနေတဲ့ အဲဒီအိမ်က ကညာမဒီလေးနဲ့ ကိုမောင်ဦးကို ရွှေလမ်းငွေလမ်းပါ ဒေါ်ခင်ပြုံးကြီးက ဖောက်လိုက်တာကိုးဗျာ။ မိန်းမတွေ သက်စေ့ တွဲလာတဲ့ ကိုမောင်ဦးက သူ့အမေအကွက်ကို အဲဒီအခါမှ သိလိုက်တဲ့အခါမှာလည်း သူ တအံ့တသြကြီးတော့ ဖြစ်မသွားပါဘူးတဲ့… စောဖေတို့ နောကျေလို့ အထာနဲ့ပေါ့လေ။

ပြီးတော့ သူ့အမေပြတဲ့ အိမ်ရှင် ကောင်မလေးကလည်း တရုတ်ကပြားမလေးဆိုတော့ လုံးလုံးကစ်ကစ် ချစ်စရာလေးဆိုလား၊ ကိုမောင်ဦးထက်လည်း ၁၀ နှစ် လောက် ငယ်သေးသတဲ့ဗျာ။ ဒါနဲ့ စကားစမြည် ပြောကြရင်း လူငယ်ချင်းချင်း လွတ်လွတ်လပ်လပ် စကားပြောခိုင်းကြည့်ကြသတဲ့။ အဲဒီမှာ ကိုမောင်ဦး လက်ချာ အရိုက်ခံရတော့သတဲ့။

ပြည်တွင်းမှာနေ ပြည်ချစ်သားလုပ် အစိုးရ အရာရှိဘ၀နဲ့ ၀င်ငွေလမ်းဖြောင့်နေတဲ့ ကိုမောင်ဦး သူငယ်ချင်း သင်္ဘောသားတွေလို အပြာရောင် မြင်ရင် ရူးချင်ချင်လို့လည်း မဖြစ်၊ ရဲပုန်း ရွာရှောင် စတေးရှောင်ရတာတွေ မလုပ်ရဘူးတော့ နိုင်ငံခြားဆိုတဲ့ အတွေ့အကြုံတမျိုးတော့ အားနည်းသပေါ့လေ။ တခြား အစိုးရအရာရှိတချို့ နိုင်ငံရပ်ခြား လေ့လာရေးတို့၊ သင်တန်းတို့ သွားခွင့်ရဖို့ အထက်လူကြီး ကပ်ရပ်တာတွေ ကိုမောင်ဦး တွေ့နေ မြင်နေပေမယ့်လည်း သူတခါမှ လိုလိုလားလားကြီး မကြိုးစားခဲ့ဖူးသလို သွားလည်းမသွားချင်ခဲ့ဘူးတဲ့။

ဒီတော့ သူခံရတော့တာပေါ့၊ အဲဒီ လုံးလုံးကစ်ကစ် ကညာမဒီလေးက စင်ကာပူပြန်ဆိုလား၊ အသက်ငယ်ငယ်နဲ့ စင်ကာပူမှာ အမ်ဘီအေ ယူပြီး ပြန်လာတာတဲ့။ နိုင်ငံခြား အိတ်စပိုရှာ (အမြင်အတွေ့) ရှိသူပီပီ ကိုမောင်ဦးကို ဘယ်လို အမြင်ကျယ်ဖို့လိုကြောင်း၊ ကြိုးစားဖို့ လိုကြောင်းတွေ ပြောသတဲ့။ မဟုတ်ရင် နောင်ငါးနှစ်၊ ၁၀ နှစ်ကြာတဲ့အခါမှာ ကိုမောင်ဦးတယောက် ယက်ကန်ယက်ကန်နဲ့ ကျန်ခဲ့မတဲ့ဗျာ။

နောက်ပြီး အဲဒီ မဒီလေးက ဆက်ပြောသေးဆိုပဲ… မြန်မာပြည်က လူငယ်တွေ ကြည့်လိုက်ရင် ရည်မှန်းချက် သေးပြီး၊ ကြိုးစားရုန်းကန်မှု နည်းတယ်၊ နှေးတယ်ဆိုလားလည်း ပြောပြီး အဲဒီ ပညာတတ်မလေးက ဝေဖန်ရေး လေကန်ရေး လုပ်သတဲ့။ ကျွန်တော်တို့ကို ဦးဆောင်ပြီး ပြောတဲ့ သူ့စိတ်ကြိုက် စကားဝိုင်းမျိုး မဟုတ်ဘဲ ကိုမောင်ဦးကြီး မရှုမလှ အရေးနိမ့်တဲ့ စကားပြောပွဲမျိုးပေါ့ဗျာ။ ကျွန်တော် ကိုယ်ချင်းစာနိုင်ပါတယ်လေ… ကျွန်တော်လည်း တခါတခါ အဲဒီလို ပညာတတ်မလေးတွေနဲ့ စကားပြောဖူးတာကိုးဗျာ။

အဖြစ်က မနှစ်ကနဲ့ မတူဆိုသလို… အဲဒီမှာ မပြီးသေးဘူးတဲ့၊ ဇာတ်လမ်းက အခုမှ စမှာ… ခုနကဟာတွေက ခြေဆင်းလောက် ရှိသေးတာကိုးဗျ။ အဲဒီလို နှမကလေးနဲ့ မောင်ကြီး စကားဝိုင်းကောင်းနေတုန်း ဗြုန်းဆို… မိုးရွာတာ မဟုတ်ပါဘူး၊ ကစ်ကစ်လေးရဲ့အဖေ အမောဖောက်ပြီး ခေါက်ကနဲ လဲသတဲ့။ ဘုရားက အိမ်ပင့်ထား၊ ဘုရားဖူးမိတ်ဆွေတွေလည်း နေ့ည မပြတ်လာနေတော့ သူ့အဖေကြီးက အိမ်ရှင့်ကောင်းပီပီ ဧည့်ကျေနပ်အောင် ဧည့်ဝတ်ပြုရင်းက အသက်ကလည်း ကြီး၊ အားကလည်း နည်း၊ နဂိုကလည်း နှလုံးရောဂါ အခံ ရှိလို့နဲ့ တူပါရဲ့… ရုတ်တရက် မတ်တပ်ကနေ လဲသတဲ့။

ဒီတော့ တအိမ်လုံးပြူးပြူးပြာပြာဖြစ်ကြပေါ့လေ… ခက်တာက အဲဒီအိမ်မှာကလည်း ယောက်ျားသားဆိုလို့ အဲဒီ အိမ်ထောင်ဦးစီး ဖခင်ကြီး တဦးတည်းသာ ရှိသတဲ့။ နောက်ပြီး ကိုမောင်ဦးတို့ ဘုရားဖူး (လိပ်ဥတူး ကဲစမ်းမဲ အစီအစဉ် ပါဝင်ပါတယ်) လာတုန်းမှာကလည်း တခြား ယောက်ျားသားဆိုလို့ ကိုမောင်ဦး တဦးတည်းသာ ရှိသတဲ့။ ဒီတော့ တတ်သည့်ပညာ မနေသာ အစွမ်းပြရတော့တာပေါ့လေ။

အဲဒီတော့ ယောက္ခမလောင်းကြီးကို ကိုမောင်ဦး ကိုယ်တိုင် ထမ်းပိုးလို့ နှစ်အိမ်ကျော်က သူတို့ ပြနေကျ ဆေးခန်းကို ပြေးပို့ရပါသတဲ့။ ဟိုရောက်မှ ဆေးခန်းက ပိတ်ထားလို့ အိမ်ကို တခေါက် ထမ်းပိုးပြီး ပြန်လာရပါသတဲ့။ အိမ်ရောက်ပြန်ကာမှ အသင့် ရောက်လာတဲ့ ဆိုက္ကားနဲ့တခါ နောက်ဘက်လမ်းက ဆေးခန်းတခုကို ထမ်းပိုးလို့ ပို့ရပြန်သတဲ့။ ဆေးခန်းရောက်မှ ဆေးတလုံးထိုး၊ သက်သာ မသာ စောင့်ကြည့်… တော်တော်ကြာမှ အိမ်ကို ပြန်ပိုးလို့ တခါသယ်… သူနဲ့ ဂိုက်တူဆိုက်တူ ကိုယ်လုံးကြီးကို ကိုမောင်ဦးကြီး ဗလတောင့်တောင့်နဲ့ သယ်လိုက်ရတာ သူပါ ကြွက်တက်တဲ့အထိ ဖြစ်ရောလို့ ဆိုပါတယ်။

ကိုမောင်ဦးက မောင်ဦးပုံပြင်ကို အတည်ကြီး ခံစားချက် အပြည့်နဲ့ ပြောပြနေချိန်မှာ ကျွန်တော်တို့ထဲက တချို့လည်း ပြုံးစိစိလုပ်၊ အဲ… အရယ်သန်တဲ့ ကျွန်တော်ကတော့ တဟားဟားနဲ့ ရယ်ချလိုက်တာပါပဲ။ ကိုမောင်ဦးကတော့ ကျွန်တော့်ကို ပြူးကြည့်ပြီး အေးပါ… ရယ်ထားပေါ့… ကောင်လေးရာဆိုတဲ့ အထာတဲ့ လုပ်နေတာကို တွေ့ရပါတော့တယ်။

အဲဒီပုံပြင်ကို ကိုမောင်ဦးကြီး ပြောရင်း အဆုံးသတ်လိုက်တဲ့ စကားလေးကိုတော့ အခုထက်ထိ ကျွန်တော် မှတ်မိနေပါသေးတယ်။ ရင်နာနာနဲ့ ပြောတယ်လို့လည်း ခံစားရတယ်လေ…။ သူက ဘာပြောတယ်မှတ်သလဲ…။

“ကောင်လေးတို့… ငါ့ပုံပြင် မတ်ဆေ့ခ်ျက ဒီလိုပါ၊ ကစ်ကစ်ကိုပဲ မကြည့်နဲ့… ကစ်ကစ်ရဲ့ ချစ်ချစ်ကြီးတွေလည်း ကြည့်ကြတဲ့“ ဗျ။

ကိုမောင်ဦးကတော့ အဲဒီလိုပါပဲဗျာ… ပြောလိုက်ရင် ဒုတ်ဒုတ်ထိပါပဲ… တခါတလေတော့လည်း အနက်ပွားလေးတွေ ဖမ်းယူလို့ လိုက်ဆင်ခြင်ကြည့်ရတာပေါ့လေ။ သူ ပြောလိုက်ရင် ပညာသားတော့ ပါတာချည်းပါပဲ။

ကျွန်တော် ဒီနေ့တော့ ဘာကြောင့်မှန်းမသိ (မိုးရွာလို့ ဖြစ်နိုင်ပါတယ်) မောင်ဦးပုံပြင်ကို ပြန်သတိရမိပြီး ကိုမောင်ဦးကြီးကို လွမ်းလွမ်းမောမော သတိရနေမိတယ်။ ကိုမောင်ဦးတယောက် သူ့ကစ်ကစ်ရဲ့ ချစ်ချစ်ကြီးတွေနဲ့ပဲ ပျော်နေလေသလား၊ ဒါမှမဟုတ် အဲဒီအဆင့်ကနေ ခြေစစ်ပွဲအောင်လို့ ဘယ်နှဂိုးသွင်း အဲလေ… ကလေးတွေ ဘယ်နှယောက်တောင် ရကုန်ပြီလဲ မသိတော့ပါဘူးလေ… ကျွန်တော်ကလည်း အဝေးကွင်း… မဟုတ်ပါဘူး၊ အဝေးမြေရောက်နေတာကိုးဗျာ။

၂၀၁၂ ဖေဖော်ဝါရီ ၄၊ ည ၆ နာရီ

ဘန်ကောက်။