by Myo Tha Htet on Monday, 23 January 2012 at 17:29 ·

ခရစ်ရှန် အမန်ပူး (Christiane Amanpour)

ခရစ်ရှန် အမန်ပူး
အမေရိက က အေဘီစီ သတင်းရုပ်သံလွှင့်ဌာနရဲ့ တနင်္ဂနွေနံနက်ခင်းတိုင်း တင်ဆက်တဲ့ နိုင်ငံရေးဆိုင်ရာ အစီအစဉ် This Week with Christiane Amanpour ရဲ့ အစီအစဉ် တင်ဆက်သူ ဖြစ်ပါတယ်။ အဲဒီ မတိုင်ခင်ကတော့ ကမ္ဘာကျော် စီအင်န်အင်န် ရုပ်သံသတင်း ဌာနရဲ့ နိုင်ငံတကာရေးရာ သတင်းထောက်ချုပ်နဲ့ နေ့စဉ် တင်ဆက်တဲ့ နာရီဝက် အင်တာဗျူး အစီအစဉ် Amanpour ကို တင်ဆက်ခဲ့သူလည်း ဖြစ်ပါတယ်။

အမန်ပူးဟာ ကမ္ဘာတ၀ှန်းက အရေးကြီးတဲ့ သတင်းကြီးတွေဖြစ်တဲ့ အီရတ်၊ အာဖဂန်နစ္စတန်၊ အီရန်၊ ပါကစ္စတန်၊ ဆိုမာလီယာ၊ အစ္စရေး၊ ပါလက်စတိုင်း၊ ရ၀မ်ဒါ၊ ဘောလ်ကန်ဒေသနဲ့ အမေရိကမှာတော့ ကတ်ထရီနာ မုန်တိုင်းတိုက်တုန်း စသဖြင့် သတင်းတွေကို ကိုယ်တိုင် သွားပြီး သတင်းလိုက်ခဲ့သူ ဖြစ်ပါတယ်။

ဒါကြောင့် အသံလွှင့်လုပ်ငန်းနဲ့ဆိုင်တဲ့ ထင်ရှားတဲ့ ဆုတံဆိပ်ပေါင်းများစွာ သူ ရခဲ့ပါတယ်။ ထင်ရှားတဲ့ ဆုတွေကတော့ နှစ်စဉ်ချီးမြှင့်တဲ့ ရုပ်သံအကယ်ဒမီဆု အပါအ၀င် သတင်းနဲ့ သတင်းမှတ်တမ်းအတွက် အမ်မီဆု ကိုးဆု ရခဲ့ပါတယ်။ ဂုဏ်ထူးဆောင်ဒီဂရီဘွဲ့ ကိုးခုလည်း သူ လက်ခံရရှိခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာတော့ အမေရိကန် ၀ိဇ္ဇာနဲ့ သိပ္ပံ အကယ်ဒမီက အမန်ပူးကိုး အဖွဲ့ဝင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

လမ်းကြောင်းပေါ်မှာ ရှိနေပါ (Staying the Course)

“လဲကျတိုင်း ကိုယ့်ဘာသာ ပြန်ထ၊ ဖုတ်ဖက်ခါ ဆက်လျှောက်“__ ခရစ်ရှန်း အမန်ပူး။

အီရန်နိုင်ငံမှာ ကြီးပြင်းခဲ့တဲ့ ကျွန်မ ငယ်ငယ်က မြင်းစီးသင်တန်း တက်ပါတယ်။ သင်တန်းဆရာက အရင် စစ်တပ်က မြင်းစီး အရာရှိ တယောက်ဖြစ်ပါတယ်။ ကျွန်မတို့ကို သင်တော့ သူ့နည်းလမ်းတွေက သိပ်ကို အနောက်တိုင်းဆန်ပါတယ်။ မြင်းစီးတာဟာ ကျွန်မအတွက် အားကစားတခု ဖြစ်လာခဲ့ပြီး၊ မြင်းပြေးပြိုင်ပွဲတွေမှာလည်း ၀င်နွှဲခဲ့ပါတယ်။ နောက်ဆုံး ဂျော်ကီ (မြင်းစီးပြိုင်ပွဲဝင်) တယောက် ရှိရမယ့် အရပ်နဲ့ ကိုယ်ခန္ဓာ အလေးချိန် ကျော်ပြီးနောက်မှာမှ ကျွန်မ ရပ်နားလိုက်တာ ဖြစ်ပါတယ်။

ကျွန်မ ငါးနှစ်သမီး ကထဲက မြင်းစစီးခဲ့ပါတယ်၊ တပတ်ကို အကြိမ်တော်တော်များများ မြင်းကြီးပေါ်ကို တက်စီးခဲ့ရတာပါ၊ ကလေးမို့ မြင်းငယ်လေး(ပိုနီ) မဟုတ်ခဲ့ပါဘူး။ အဲဒီကထဲက အရွယ်သာငယ်တယ်၊ အခက်အခဲ အကြီးတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကျွန်မ လုပ်နိုင်မယ်လို့လည်း မိဘတွေက ထင်မြင်ခဲ့ကြပါတယ်။

ကိုယ်ကလွဲလို့ တခြားလူ ဒါမှမဟုတ် တိရစ္ဆာန်နဲ့ ဆက်ဆံတဲ့အခါ အများကြီး တောင်းဆိုတတ်ကြတာ လူ့သဘာဝတခုပါပဲ။ ကျွန်မကတော့ မြင်းတွေကို အလကား တိရစ္ဆာန်တွေလို့ မှတ်လို့ မရဘူးဆိုတာကို သိခဲ့ပါတယ်။ ကိုယ့်မြင်းရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ရချင်ရင် ကျွန်မမြင်းစီးသင်ဆရာ ပြောခဲ့တာကတော့ မြင်းကို ခင်ပြီး၊ မရိုက်၊ မကန်၊ မအော်၊ ကြာပွတ် မသုံး၊ မြင်းပါးစပ်နာအောင် ဇက်ကို ချက်ချင်း မတုံ့ဘဲ သူနဲ့ အလုပ်အတူလုပ်၊ စွန့်စားမှုအတူလုပ်နေပုံ ဖမ်းထားပေမယ့် မြင်းစီးသူဟာ ခိုင်းစေသူဆိုတဲ့ အထာကို မြင်းနားလည်အောင် လုပ်နိုင်တာမျိုးလို့ ပြောပါတယ်။

ကျွန်မ မြင်းပေါ်ကနေ ခဏခဏ လိမ့်ကျဖူးပါတယ်၊ ကျသွားပေမယ့် မြင်းစီးလေ့ကျင့်ခန်းကို ရပ်လိုက်တာ၊ မြင်းစီးတာကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်တာမျိုး တခါမှ မလုပ်ခဲ့ဖူးပါဘူး။ ကျွန်မ မြင်းစီးသင်ဆရာကလည်း ကျွန်မ မြင်းပေါ်က ပြုတ်ကျခဲ့ရင် ကျွန်မ ပါးလေးကို သူ့ လက်ဝါးလေးနဲ့ သပ်လို့ ချော့ပြီး မြင်းပေါ် ပြန်တင်တာပါပဲ။

အဲဒီတုန်းက ကြောက်တယ်ဆိုတာကိုလည်း ကျွန်မ နားမလည်ခဲ့ဖူး ထင်ပါရဲ့…၊ ကျွန်မရဲ့ ပထမဆုံး သင်ခန်းစာကတော့ “လမ်းကြောင်းပေါ်မှာ ရှိနေပါစေ“ ဆိုတာပါပဲ။ လဲကျတိုင်း ကိုယ့်ဘာသာ ပြန်ထ၊ ဖုတ်ဖက်ခါ ဆက်လျှောက်… ဒါပါပဲ။

မြင်းစီးရင်း ရခဲ့တဲ့ သင်ခန်းစာတွေက အခု ကျွန်မ ဘာလုပ်မလဲ၊ စစ်ဖြစ်နေတဲ့ နေရာတွေသွား သတင်းယူမလား၊ ဘေးဒုက္ခ ရောက်နေတဲ့ ဒေသတွေ သွားမလား… အသုံးတည့်နေတုန်းပါပဲ။

ဒါပေမဲ့ တခုတော့ ရှိပါသေးတယ်၊ မြင်းစီးခဲ့တဲ့ သင်ခန်းစာတွေအပြင် အဖေနဲ့ အမေ့ဆီက သင်ယူထားခဲ့တဲ့ ဟာတွေကိုလည်း ကျွန်မ သုံးပါတယ်။ ကျွန်မအဖေက အီရန်က မွတ်ဆလင်၊ အမေက ကတ်သလစ်ဘာသာ ယုံကြည်သူ အင်္ဂလိပ်… အဖေနဲ့ အမေဆီက ရလိုက်တာကတော့ သည်းခံရမယ်၊ ဘာသာမတူ လူမျိုးကွဲ နိုင်ငံခြားပေမယ့် အတူယှဉ်တွဲ နေနိုင်တယ် (နေလို့ ရရမယ်)။

သတင်းထောက် ကျွန်မက မတူတဲ့ ယဉ်ကျေးမှု၊ ဘာသာတရား၊ လူမျိုးတွေ အကုန်ဆီသွား သတင်းယူ သတင်းပို့တာပါပဲ။ ကျွန်မတို့ရဲ့ အားတွေဟာ ကွဲပြားမှုတွေ အပေါ်မှာ တည်ဆောက်ထားတာ မဟုတ်ပါဘူး၊ မတူတဲ့ကြားက အားကို ယူပြီး (ယုံကြည်ပြီး) တည်ဆောက် ထားကြတာပါ။

ခရစ်ရှန် အမန်ပူး