by Myo Tha Htet on Thursday, 23 February 2012 at 17:02·

သူ့ကို သတိရတယ် ပြောတိုင်း မပေါက်စီက ရယ်လေတယ်၊ သက်တင်စိုး စိတ်ညစ်လိုက်တာလည်း မပြောနဲ့… ရှက်ရယ်သာ သူ ရယ်လေသလော… ကိုယ်တိုင်လည်း ဗေဒင်ဆရာ မဟုတ်တော့ အတတ် မဟောနိုင်။ စိတ်ညစ်တယ် မပေါက်စီရယ်… ရယ်ချင်လည်း နောက်တခေါက်သာ ရယ်လို့ နေပါတော့… ဒီမှာတော့ တကယ်သတိရတယ်လို့ သက်တင်စိုး ညည်းညူလိုက်ပါတယ်။

ဖြူဖြူဖွေးဖွေး ဂွမ်းဆိုင်ကလေးလို မွေးလာတဲ့ သမီးမိန်းကလေးကို ပေါက်စီကြိုက်တဲ့ ဖခင်ကြီးက မပေါက်စီလို့ အမည်သညာ မှည့်ခေါ် လိုက်လေသောအခါ မပေါက်စီ နာမည်ဟာ မပေါက်စီလို့ တွင်သွားပါတော့တယ်။ အရပ်ထဲမှာလည်း မပေါက်စီ၊ ကျောင်းအပ်တော့လည်း မပေါက်စီ၊ ၁၀ တန်း ဖြေတော့လည်း မပေါက်စီ၊ မှတ်ပုံတင်လက်မှတ် ယူတော့လည်း မပေါက်စီ၊ နောက်ဆုံး အခု လုပ်နေတဲ့ လေယာဉ်မယ် ဖြစ်တော့လည်း မပေါက်စီ… မူလလက်ဟောင်း ဒါမှမဟုတ် သူသာ မပေါက်စီ အစစ် ဖြစ်လေတော့တယ်။

သက်တင်စိုးကတော့ ဂေါက်သီး… စာသမားလိုလို၊ ကဗျာသမားလိုလို၊ တရားသမားလိုလို… ဒီလိုပဲ လိုလိုတွေနဲ့ ပြည့်သူတယောက်တော့ မဟုတ်သေး။ ဒါပေမဲ့ တတ်ယောင်ကားလေး လုပ်တတ်ပါပေတယ်။ ဒီလိုနဲ့ သူ မပေါက်စီကို ဖမ်းထိန်းထားနိုင်တယ်။ တခြားနည်းနဲ့တော့ မဟုတ်၊ အကြည့်လေးတွေ၊ အညုလေးတွေ၊ အတီအတာလေးတွေနဲ့ဆိုတော့ သူငယ်မလေး မပေါက်စီက ကြွေတော့တာပေါ့။

တခြားလည်း ရှိပြန်သေးတယ်၊ ဟိုတနေ့ပဲ နာမည်ကြီး စာရေးဆရာဖြစ်မလိုလို၊ ဒီကနေ့ပဲ ကမ္ဘာကျော် ကဗျာဆရာဖြစ်မလိုလို၊ နောက်တရက်ပဲ ဈာန်အဘိညာဉ်တွေရပြီး ပျံပြနိုင်မလိုလိုတွေ သက်တင်စိုးတယောက် လုပ်နေတော့တာကိုး… အရိုးခံလေး မပေါက်စီခမျာ သကောင့်သား ကြော့ကွင်းထဲက မရုန်းနိုင်ရှာ…။

သူ့ဟာသူ ဘယ်လောက်ပဲ ကြိုက်ကြိုက် မပေါက်စီမှာ မိန်းမသားပီပီ သက်တင်စိုးကို သံသယလေးတော့ ရှိရှာပါတယ်။ အငြူအစူ၊ အစောင်းအမြောင်း၊ အချိတ်အတိတ်လေးတွေနဲ့လည်း သူ့ကို ချစ်မချစ် စစ်ဆေးတတ်ပြန်ပါတယ်။ နှစ်ဦးနှစ်ဘက် ချစ်ချစ်ခင်ခင် တွေ့ကြပြီးလို့ ပြန်မယ်ဆိုရင် မျက်လုံးအိမ်မှာ မိုးလေးအုံ့လို့ မပိုင်ခင်ခဏ ခွဲရမယ့် ချစ်သူလေးကို တငေးငေး တမှိုင်မှိုင် ကြည့်ချင် ကြည့်လိုက်သေးတယ်။

တခါတလေလည်း ခရီးဝေးကို သွားရတဲ့ မပေါက်စီက အလွမ်းတွေကို မသယ်နိုင်တဲ့ တနေ့မှာ ချစ်သူကို အွန်လိုင်းက စကားပြော ရှာတယ်။ များများစားစားလည်း မဟုတ်၊ သာကြောင်းမာကြောင်းနဲ့ အချစ်တွေ ဆပွားလို့ သတိတွေ အရများနေကြောင်းပါပဲ။ တခြားလူတွေ သိရင်တော့ အခါခါ ကြည့်ရတဲ့ ဗီဒီယိုကားလို ဟားခန်းရောက်လည်း မရယ်ရ၊ လွမ်းခန်းရောက်လည်း ပြုံးနေရနဲ့ ဆားပေါ့ဟင်း စားရသလို အရသာ ပျက်ပေတော့မယ်။ ဒါပေမဲ့ မပေါက်စီကတော့ ခပ်တည်တည်၊ လွမ်းစရာရှိလွမ်း၊ မှာစရာရှိမှာ၊ သူ့ချစ်သူကို သူရာခိုင်နှုန်းပြည့် ပိုင်တဲ့ အထာနဲ့…။

တခုပဲ ရှိတယ်၊ ဟိုတယောက်က သူ့ကို သတိရတယ်လို့ ပြောရင်တော့ သူ ဟက်ဟက်ပက်ပက် ရယ်တတ်တယ်။ စိတ်ထဲကလည်း ဟုတ်လည်းမဟုတ်ဘဲနဲ့ဆိုတဲ့ အတွေးကလေးက တခါတခါ ချစ်စရာ့နှုတ်ခမ်း စူနုထွေးလေးကတောင် ထွက်ကျသွားတတ်တယ်။ မိန်းမသားတို့ သဘာဝ… အရကို မရလုပ်၊ မရတာကိုမှ လိုချင်… ဟိုကလိုလိုချင်ချင် သတိရပါတယ် ပြောတာတောင် မဟုတ်တမ်းတရား လုပ်ကြံပြောတယ်ဆိုပြီး ကိုယ့်စွဲချက်ကိုယ်တင် ကိုယ့်လျှောက်လဲချက်ကိုယ်ပေး ကိုယ့်စီရင်ချက်ကိုယ်ချနဲ့ စိတ်ရှိတိုင်း လုပ်နေတဲ့ တရားခွင်လို အဲ့သဟာကိုပဲ အကျေနပ်ကြီး ကျေနပ်နေတော့တယ်။

အဲဒီလို မပေါက်စီနဲ့ သက်တင်စိုးတို့ဟာ မကြာမကြာဆိုသလိုတော့ ချစ်သူဘာဝ တွေ့ကြဆုံကြပြန်တယ်။ ရုပ်ရှင်အတူကြည့်၊ ပန်းခြံအတူသွား၊ ဈေးအတူပတ်နဲ့ ချစ်သူတို့နှလုံး ရွှင်ပြုံးအေးကြည်၊ သူတို့ပါမက ဘေးလူမြင်သမျှအတွက်ပါ အေးစေပြေစေ ချစ်စရာတွေ ဖြစ်နေတတ်တယ်။

တရက်တော့ ပန်းခြံတခု သူတို့ သွားကြတယ်။ မြစိမ်းရောင် ကောဇောအသွင် ခပ်ရွှင်ရွှင်ပေါက်နေတဲ့ မြက်ခင်းစိမ်းပေါ် ထင်သလောက် နင်းဖြတ်ပြီးတဲ့အခါ သန့်ရှင်းတဲ့ တနေရာလို့ ယူဆတဲ့ နေရာမှာ သူတို့ ထိုင်ကြတယ်။ ခင်စရာ သက်တင်စိုးက ချစ်သူ ထိုင်ရာ နေရာအတွက် သူ့လက်ကိုင်ပ၀ါလေး ဖြန့်ခင်းပေးတဲ့အခါ မပေါက်စီ သဘောကျတတ်တယ်။ ငနဲသားတော့ အိမ်ရောက်မှ ဆပ်ပြာ အထပ်ထပ်တိုက်လို့ လျှော်ပေရော့ပဲ… အခုတော့ ချစ်သူအပြုံး သူ့ဘ၀င်ဆုံးအထိ ငြိစေဖို့ အကယ်ဒမီဆန်ဆန် လုပ်ဆောင်ချက်တွေက ပိုင်သမှပိုင်၊ အမူအရာက ကွက်တိ… တလောလေးက အကယ်ဒမီ ရသွားတယ်ဆိုတဲ့ ပြေတီဦးထက်တောင် ဆယ်ဆလောက် သာချင် သာနေလိမ့်ဦးမယ်၊ ဟုတ်တယ်လေ… သူက အကျယ်ကြီးမှ အော်မနေတာ…။

လက်ကိုင်ပ၀ါလေး ခင်းပေးရုံနဲ့ ဒီအခင်းအကျင်းက ပြီးသွားပြီလို့ ထင်နေရင်တော့ မှားသွားပါလိမ့်မယ်။ ချစ်သူကို ကြင်ကြင်နာနာ ဖက်တတ်တဲ့ လက်ကလေးတွေ၊ နွေးနွေးထွေးထွေး ချိုချိုအီအီ နမ်းတတ်တဲ့ အနမ်းလေးတွေကို အလှအယင်ကို မြင်လိုသူတိုင်းက ဆင်ဆာ ဖြတ်ရက်မှာ မဟုတ်ပါဘူး။

မျက်လုံးလေးကို သက်တင်စိုး နမ်းတတ်တယ်၊ နဖူးကလေးကိုလည်း သူ သာသာယာယာ နမ်းလိမ့်မယ်။ လည်တိုင်လေးကိုလည်း သူ ချော့ကာမော့ကာ နမ်းပါမယ်။ ပါးပြင်ကလေးရယ်၊ မေးစေ့ကလေးရယ်၊ မေးစေ့ကနေ အထက်ကို တက်လို့ စူနုထွေးကလေးကိုလည်း သက်တင်စိုး နမ်းပါလိမ့်မယ်။ မပေါက်စီကတော့ မတုန်မလှုပ် ကျောက်ရုပ်ကြီးလို ငြိမ်ခံနေမယ်လို့များ ထင်လိုက်ရင်တော့ အထင်နဲ့အမြင် ပါစင်အောင် လွဲသွားပါလိမ့်မယ်။

တကယ်တော့ မပေါက်စီမှာ လက်စားချေ တုန့်ပြန်မှုကို အားပေးထားတဲ့ ဟန်မူရာဘီ ကိုဓ ဥပဒေကိုလည်း ကျင့်သုံးမယ့်သူ ဟုတ်ပုံတော့ မရပါဘူး။ ဒါပေမဲ့ ရဲရင့်ထက်မြက်သူ တခါ အမျိုးသမီး တန်းတူ အခွင့်အရေးကို ကိုယ်တိုင်လည်း လက်ခံ အားပေး ထောက်ခံသလို နိုင်သလောက်လည်း ရယူ တောင်းဆို ကျင့်သုံးသူ ဖြစ်လို့ သက်တင်စိုးတော့ ဒီနေရာမှာ မချောင်ပါချေ။ အလူးအလိမ့်တော့ မဟုတ်… ဘာလို့ဆို မပေါက်စီကလည်း အချစ်အတွက်ဆို နူးညံ့သူတယောက် ဖြစ်နေလို့ပါပဲ။

တကယ်တော့ ကျွန်တော်က ဘေးလူ၊ မပေါက်စီက ကျွန်တော့် အခင်ဆုံး သူငယ်ချင်း… သက်တင်စိုးက ကျွန်တော့် စာပေ ဆွေးနွေးဖက်၊ ဝေဖန်လေကန်ဖက်၊ အချစ်အကြောင်း၊ အာလူးအကြောင်း၊ ပန်းကန်ပြားပျံအကြောင်း ဟိုအကြောင်း ဒီအကြောင်းတွေ တွေ့တွေ့ထိထိ ဆွေးနွေးဆိုင်ဘက်…။ ကျွန်တော်ကိုယ်တိုင်လည်း သူတို့နှစ်ဦးရဲ့ အချစ်ကို အားကျနေရသူ…။

တခါတခါ သက်တင်စိုးက မပေါက်စီ အဝေးမှာ ရှိနေရင် အဆိပ်ထည့်ထားတဲ့ အမဲရိုး တလုပ်တဆုပ် စားမိတဲ့ သေမတတ် ခွေးအိုကြီးလို… ကျွန်တော်ကိုယ်တိုင်ပါ သူနဲ့အတူ ရောယောင်ပြီး လိုက်အိုသွားရဖူးတယ်။ တခါတခါတော့ သူ့အလွမ်းတွေကို ဖြေဖျောက်ဖို့အတွက်ဆိုပြီး ကျွန်တော့်ကိုပါ အခါးရည်တွေ သောက်ခိုင်းလို့မို့ အတူသောက်ရဖူးပြန်တယ်။

အသောက်များသွားချိန်မှာတော့ သက်တင်စိုးဟာ ခေါင်းငိုက်စိုက်… တခွန်းတည်းသော စကားကိုပဲ ၁၀၈ ကြိမ်မက ပြောတတ်တယ်။ ဒါကြောင့် ကျွန်တော် မှတ်မိနေတာပါ။ ဘာတဲ့… မရယ်ပါနဲ့ မပေါက်စီတဲ့။

မတတ်နိုင်ဘူး… ကျွန်တော်တော့ ရယ်မိတာ အကြိမ်ကြိမ်။

၂၀၁၂ ဖေဖော်ဝါရီလ ၂၃၊ သန်းခေါင်။

ဘန်ကောက်။