by Myo Tha Htet on Sunday, 22 January 2012 at 20:34·

လယ်ရီ ကင်း (Larry King)

ကမ္ဘာကျော် ရုပ်သံ တင်ဆက်သူ

ကမ္ဘာကျော် ရုပ်သံသတင်းဌာန စီအင်န်အင်န်ရဲ့ Larry King’s Live အစီအစဉ် တင်ဆက်သူဟောင်း ဖြစ်ပါတယ်။ စီအင်န်အင်န်ရဲ့ လူကြည့် အများဆုံး အစီအစဉ်တခု ဖြစ်ခဲ့ပြီး၊ ကမ္ဘာ့ပထမဆုံး တိုက်ရိုက် ရုပ်သံ မေးမြန်း ဆွေးနွေးခန်း အစီအစဉ်လည်း ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ အသံလွှင့် လုပ်ငန်းမှာ လုပ်ကိုင်သက် ရွှေရတု (နှစ် ၅၀ ပြည့်) ပွဲ ဆင်နွှဲခဲ့သူ ဖြစ်ပြီး၊ အမ်မီဆုကို ရခဲ့တဲ့ မစ္စတာကင်းဟာ စာအုပ်တွေ အများကြီးလည်း ရေးခဲ့ပါတယ်။

သူ့ကို TV Guide မဂ္ဂဇင်းက ထာဝရ အကောင်းဆုံး ရုပ်သံ ဆွေးနွေးခန်း တင်ဆက်သူ အဖြစ် သတ်မှတ်ခဲ့ပြီး၊ ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်းကတော့ မိုက်ကရိုဖုန်း သခင် (master of the mike) လို့ ညွှန်းဆိုခဲ့ဖူးပါတယ်။

ပင်ကိုယ်သိကို ယုံကြည်ပါ (Trust your Instincts)

“ကျွန်တော့်ရဲ့ လမ်းညွှန်ဆရာတွေက စွန့်စားဖို့ကို ဘယ်တော့မှ မကြောက်ဖို့၊ ကိုယ့်တန်ဖိုးကို ဘယ်တော့မှ မလျှော့ဖို့နဲ့ သူငယ်ချင်း (မိတ်ဆွေ)ကို ဘယ်တော့မှ မလိမ်ညာဖို့ သင်ကြားခဲ့ပါတယ်။ နောက်ဆုံးတခု သူတို့ ပြောတာက အားလုံးဟာ အချိန်တန်တော့လည်း ပြီးသွားမှာပါပဲတဲ့“__ လယ်ရီ ကင်း

ကျွန်တော်ငယ်ငယ်ကထဲက ရေဒီယိုမှာ ပြောချင်ဆိုချင်သူတယောက် ဖြစ်ခဲ့ပါတယ်၊ ကျွန်တော် အကြိုက်ဆုံးနဲ့ ကျွန်တော့်အပေါ် အလွှမ်းမိုးဆုံး အသံလွှင့်တင်ဆက်သူ နှစ်ဦးကတော့ အာသာ ဂေါ့ဖရီ (Arthur Godfery) နဲ့ ရက်ဒ် ဘာဘာ (Red Barber) တို့ပဲ ဖြစ်ပါတယ်။

အာသာက စံနှုန်းတွေ၊ တန်ဖိုးတွေကို ပုံတိုပတ်စတွေနဲ့ ပြောတာ သိပ်ကောင်းတယ်၊ နောက်ပြီး စွန့်စား လုပ်ကိုင်ရတာကို သဘောကျတဲ့သူ တယောက်ဖြစ်ပြီး ဥပဓိ ရည်မွန်သူလည်း ဖြစ်တယ်။ စာတကြောင်းတည်းနဲ့ သူ့ကို ပြောမယ်ဆိုရင် “အာသာက အာသာပဲ ဖြစ်တယ်“ ဆိုတဲ့ လူမျိုးပါ။

သတင်းကြေညာသူ ရက်ဒ်ကတော့ ကျွန်တော် ငယ်ငယ်က သူ့ကို စွဲပြီး နားထောင်ဖြစ်ရုံတင် မဟုတ်ဘူး၊ လိုက်တုပြီးပါ ပြောခဲ့ရသူပါ။ မှတ်မိပါသေးတယ်… ကျွန်တော် ၁၀ နှစ်သားလောက်က သူ့ကိုတုပြီး ကျွန်တော့်ဘာသာထွင်လို့ အားကစားသတင်း ကြေညာခဲ့ဖူးတယ်။

နောက်ပိုင်းမှာတော့ အဲဒီပုဂ္ဂိုလ်ကြီးနှစ်ဦးနဲ့ဆုံပြီး အလုပ်တောင် အတူလုပ်ခဲ့ဖူးပါတယ်။ အိပ်မက်ထဲ ရောက်နေခဲ့သလိုပါပဲဗျာ…။

ကျွန်တော့်ရဲ့ ရေဒီယိုအသံလွှင့်သမားဘ၀မှာ အဲဒီဆရာကြီးနှစ်ဦးက အတော်လေး လွှမ်းမိုးထားခဲ့ပါတယ်၊ သူတို့ကလည်း အများကြီး သင်ကြားပေးခဲ့တာကိုးဗျာ။ သူတို့ဆီက အရေးတကြီးနဲ့ အမှတ်ရအောင် သင်ခဲ့တာကတော့ ကိုယ်ပိုင်(ဟန်)ဖြစ်ဖို့နဲ့ စွန့်(စား)လုပ်ရဲဖို့ပါပဲ။

ကျွန်တော်တို့ အသံလွှင့်လုပ်ငန်းမှာ တခုတည်းသော လျှို့ဝှက်ချက်က ဘာလျှို့ဝှက်ချက်မှ မရှိဘူး ဆိုတာကို သူတို့က သင်ပေးခဲ့ပါတယ်။ အဲဒီထက် ပိုအရေးကြီးတာကတော့ ကိုယ့်ရဲ့ ပင်ကိုယ်သိကို ယုံကြည်ရမယ်လို့ ဆိုပါတယ်။ သူတို့ ပြောတဲ့ အကောင်းဆုံးနဲ့ အရိုးရှင်းဆုံး အကြံဥာဏ်ကတော့ “အကောင်းဆုံးလုပ်ကွာ“တဲ့။

အလုပ်နဲ့မဆိုင်တဲ့ ပုဂ္ဂလိကဘ၀မှာတော့ ကျွန်တော့်အပေါ် လွှမ်းမိုးထားတဲ့ လူတွေ အများကြီး ရှိခဲ့ပါတယ်။ ကျွန်တော်နဲ့ အလွန် ရင်းနှီးတဲ့ အရမ်းတော်တဲ့ မာရီယို ကူအိုမို (Mario Cuomo)က ကျွန်တော့်ကို မာဖို့ (အကြမ်းခံဖို့) သင်ပေးခဲ့တယ်။ ကျွန်တော် အခင်မင်ဆုံး တယောက်ကတော့ ဘေ့စ်ဘော ကစားသမား စတန် မူဆီရယ်လ် (Stan Musial)ပါ။

ကျွန်တော့်အပေါ် အကြီးအကျယ် လွမ်းမိုးထိန်းချုပ်ထားသူကတော့ တရားခွင်မှာ အလွန်တော်တဲ့ ကျွန်တော့် အခင်ဆုံး သူငယ်ချင်းနဲ့ အကြံပေး အက်ဒွပ် ဘန်းနက် ၀ီလီယံစ် (Edward Bennett Williams)ပါ။ သူ့ရှိနေတာနဲ့ကို ကျွန်တော့်မှာ အားရှိနေခဲ့ပါတယ်။

အက်ဒွပ်က အမှန်တရားကို ဥပမာ ဥပမေယျနဲ့ ရှင်းတာမှာ တော်တယ်၊ ပြီးတော့ တဖက်သားကို ကိုယ်ခံစားနေရတာ ပြောဖို့၊ ပြဖို့ ရှက်စရာ မလိုဘူးလို့ သင်ပေးခဲ့တယ်။ အက်ဒွပ်နေခဲ့ရတဲ့ အခိုက်အတန့်လေးတခုကို အခုထိ မှတ်မိနေတယ်။

ကင်ဆာရောဂါနဲ့ သေတော့မယ်လို့ သူကိုယ်တိုင် သိနေတဲ့ အက်ဒွပ်နဲ့ သူမသေခင် နှစ်ပတ်လောက်က ကွန်နက်တီကပ် ရိပ်သာလမ်းမှာ လမ်းလျှောက်နေတုန်း သူကပဲ ကျွန်တော့်ကို အားပေးနေခဲ့တယ်။ ကျွန်တော့် အလုပ်ဟာ ဘယ်လောက်ကောင်းကြောင်း၊ ကျွန်တော့် ဘ၀ဟာ ဘယ်လောက်နေပျော်ဖွယ် ရှိကြောင်း သူကပဲ ပြောနေခဲ့တယ်။ ကျွန်တော် သူ့ကို တခွန်းပဲ မေးလိုက်တယ်။ “ခင်ဗျား သေရမှာ မကြောက်ဘူးလား“လို့…။

အက်ဒွပ်ဟာ ဘုရားကျောင်း ပုံမှန်သွားတဲ့ ရိုသေကိုင်းရှိုင်းတဲ့ ကတ်သလစ် ဘာသာဝင်တယောက်ပါ။ ဒီဘ၀က ဒါပဲဆိုရင် ဘာလုပ်မလဲ၊ဘုရားပေးသလောက်ပေါ့လို့ ပြန်ဖြေတယ်။ “ဘာတွေ လျှောက်လုပ်မလဲ၊ ဘာကြောင့် လုပ်မလဲ“တဲ့။ ကမ္ဘာပေါ်မှာ ကျွန်တော်တို့ ဘ၀တွေထက် ကြီးမြတ်တဲ့ဟာတွေ ရှိနေသေးတယ်လို့ သူ ယုံကြည်ပုံရတယ်၊ သေခြင်းကို သူ တည်တည်ငြိမ်ငြိမ်ပဲ လက်ခံသွားခဲ့တယ်။

ဘ၀ဆိုတာ ဘာမှမဟုတ်ဘူး ဆိုတာထက်တော့ အက်ဒွပ် ယုံကြည်တာက သူ့အတွက် ပိုသဘာဝကျတယ်လို့တော့ ကျွန်တော် ထင်တာပါပဲ။ ဘုရားသခင်ကို မယုံကြည်သူ ကျွန်တော့်အတွက်တော့ အက်ဒွပ် ပြောသွားတာတွေက တန်ဖိုးရှိပါတယ်။ အခုထက်ထိ သူ ပြောတဲ့ စကားသံ (စကားလုံးအတိုင်း) ကြားယောင်နေတုန်းပဲ။

တခါ အချစ်ဆုံးနဲ့ အကောင်းဆုံး သူငယ်ချင်းတယောက်ကတော့ ကျွန်တော်တို့ ကိုးနှစ်သား ခင်ခဲ့တဲ့ ဟာ့ဘ် ကိုဟင် (Herb Cohen)ပါ။ ဘယ်အရာမဆို အဆင်ပြေအောင် ညှိလို့နှိုင်းလို့ ရတယ်လို့ ဟာဘီက ကျွန်တော့်ကို သင်ပြခဲ့တယ်။ ကျွန်တော့်ကို ဒုက္ခရောက်အောင် လုပ်ခဲ့ပြီး အဲဒီ ဒုက္ခတွင်းထဲကနေ သူပဲ ပြန်ထုတ်ပြတယ်။

ကျွန်တော်တို့နှစ်ယောက် ၁၇ နှစ်သားက တညမှာ နှစ်ယောက်သား လမ်းလျှောက်ပြန်လာတုန်း ရဲကားတစီး နောက်ကနေ ထိုးစိုက်လာပြီး မကြာသေးခင်က အဲဒီနား ဖြစ်ခဲ့တဲ့ လုယက်မှုတွေနဲ့ ပတ်သက်ပြီး မေးတော့စမ်းတော့တာပဲ။ ကျွန်တော်တို့ ရုပ်တွေကလည်း သူတို့ပြောတဲ့ လုယက်သူတွေနဲ့ ဆင်နေတယ်တဲ့။

ကျွန်တော့်မှာ ရဲတွေ ပြောတာလည်း ကြားရော… ထိတ်လန့်တကြား ဟစ်အော်မိတော့တာပဲ၊ ဟာဘီကတော့ အေးဆေးလုပ်ပြီး ပြစ်မှုတွေကို သူ လုပ်ခဲ့ပါတယ်ဆိုပြီး ၀န်ခံနေခဲ့တယ်။ ရဲစခန်းကို လိုက်သွားရမှာကို ပျော်စရာလို့ သူက သဘောထားခဲ့တယ်။ ဟာဘီဟာ ခပ်ကြောင်ကြောင် လုပ်တတ်တယ်၊ အခုထက်ထိလည်း အဲဒီအတိုင်းပါပဲ၊ ကျွန်တော်ကတော့ ဟာဘီကို ကျွန်တော့် သူငယ်ချင်း အရင်းဆုံး တယောက်လို့ မှတ်ထားပါတယ်။

ဟောလီးဝုဒ်က နာမည်ကျော် မင်းသားကြီး ပေါလ် နယူးမင်း (Paul Newman)က တခါသားမှာ ကျွန်တော့်ကို ပြောဖူးတယ်။ စိုင်ကော်လို့ ချုံပေါ်ရောက်တဲ့ သူတွေဟာ ကံတရားရဲ့ စေစားမှုကို သတိမထားမိကြဘူးတဲ့။ ကျွန်တော်ကတော့ ကျွန်တော့်မှာ မွေးရာပါ အစွမ်းအစ တချို့ ပါလာခဲ့တယ်၊ ကျွန်တော်ဟာ ကျွန်တော့် အိပ်မက်တွေကို လက်တွေ့ဖြစ်အောင် လုပ်နိုင်ခဲ့တယ်၊ အဲ… ဒါပေမဲ့ ကျွန်တော့် အောင်မြင်မှုတွေ အများစုကတော့ ကံတရားကြောင့်လို့ ပြောရမလားပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ်ပါလေ… ကျွန်တော့်ဘ၀တလျှောက်မှာ ရှိခဲ့တဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ အကြံပေးတွေရဲ့ လွှမ်းမိုးမှုကတော့ ကျွန်တော့်ကို ပိုပြီး မာစေ၊ အခက်အခဲတွေကို ရင်ဆိုင်နိုင်စွမ်း ရှိစေခဲ့ပါတယ်။

ဒီလူတွေနဲ့ ထိတွေ့ ဆက်ခံခဲ့တဲ့ ကျွန်တော် ပြောနိုင်တာကတော့ အခြေအနေတွေက ပြောင်းနိုင်ပါတယ်၊ လူ(မိတ်ဆွေစစ်)ကတော့ မပြောင်းလဲဘူး ဆိုတာပါပဲ။ ကိုယ့်သူငယ်ချင်း (မိတ်ဆွေရင်း) ကိုတော့ မလိမ်ညာမိပါစေနဲ့လေ… မိတ်(ဆွေ)ကောင်းဆိုတာ ကိုယ့်မှာ (လူတယောက်မှာ) ရှိနိုင်တဲ့ တန်ဖိုးအကြီးဆုံး အရင်းအနှီးပါပဲ။

သူငယ်ချင်းကောင်း (မိတ်ဆွေကောင်း) တယောက်ရှိတယ်ဆိုရင် ဒီလူ ကံကောင်းတယ်လို့ ပြောနိုင်ပါတယ်။ ကျွန်တော်ကတော့ အလွန် ကံကောင်းတယ်လို့တောင် ပြောနိုင်ပါတယ်၊ ဘာလို့ဆို ကျွန်တော့်မှာ မိတ်ကောင်းက သုံးလေးယောက်တောင် ရှိတာကိုးဗျာ… ဟာဘီကတော့ အရင်းနှီးဆုံး သူငယ်ချင်းပါပဲ။

ကျွန်တော့်ဘ၀ အခုလို ဖြစ်ခဲ့ဖို့ ကျွန်တော့်ရဲ့ ပုဂ္ဂလိကဘ၀နဲ့ အလုပ်ထဲက စံပြုရသူတွေဟာ တကယ်တော့ ကျွန်တော့် မိသားစုဝင်တွေ မဟုတ်ကြပါဘူး။ ကျွန်တော် ကိုးနှစ်ခွဲမှာ အဖေ ဆုံးတယ်၊ ဒီတော့ ကျွန်တော့်အတွက် ရှေ့ဆောင်လမ်းပြ အမျိုးသားကောင်း တယောက် ရှိဖို့နဲ့ ကောင်းတာတွေ လမ်းညွှန်ပြဖို့ သိပ်အရေးကြီးခဲ့ပါတယ်။

သားသမီးကို ချစ်တဲ့ အလွန်ခံနိုင်ရည်ပြည့်တဲ့ အမေက ညီလေးနဲ့ ကျွန်တော့်ကို ပြုစု ပျိုးထောင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် လူတလုံး သူတလုံးဖြစ်ဖို့ အတွက်ကျတော့ မိသားစုဝင် မဟုတ်တဲ့ အပြင်က လူတွေက ကျွန်တော့်ကို မြှင့်တင်ပေးခဲ့ကြတယ်။

ကျွန်တော် ပြောခဲ့တဲ့ အမျိုးသားလေးယောက်ဟာ သူတို့ရဲ့ အတွေ့အကြုံတွေ၊ ကျွန်တော်နဲ့ ခင်မင်ရင်းနှီးမှုတွေကနေ ကျွန်တော့်ကို အရေးကြီးတဲ့ သင်ခန်းစာတွေ အများကြီး သင်ကြားပေးခဲ့ကြတယ်။ လေးယောက်စလုံးက ကျွန်တော့်အပေါ် လွှမ်းမိုးမှု ရှိခဲ့တယ်။

သူတို့က စွန့်စားဖို့ကို ဘယ်တော့မှ မကြောက်ဖို့၊ ကိုယ့်တန်ဖိုးကို ဘယ်တော့မှ မလျှော့ဖို့နဲ့ သူငယ်ချင်း (မိတ်ဆွေ)ကို ဘယ်တော့မှ မလိမ်ညာဖို့ သင်ကြားခဲ့ပါတယ်။ နောက်ဆုံးတခု သူတို့ ပြောတာက အားလုံးဟာ အချိန်တန်တော့လည်း ပြီးသွားမှာပါပဲတဲ့။

ကျွန်တော်ဟာ သတင်းဝေဖန်သူတယောက်ပါ၊ ဦးနှောက် ခွဲစိတ်တဲ့ ဆရာဝန် မဟုတ်ပါဘူး။ ဒါကြောင့် လူတွေရဲ့ အသက်ကိုလည်း ကျွန်တော် မကယ်ပါဘူး။ ကျွန်တော်ဟာ ဘယ်သူ့ထက်မှလည်း ပိုပြီး အရေးပါသူ တယောက် မဟုတ်ဘူး ဆိုတာကိုလည်း သိပါတယ်။

ကျွန်တော် ကိုးနာရီမှာ တိုက်ရိုက်ရုပ်သံ စလွှင့်ပြီး ၁၀ နာရီမှာ ပြီးပါတယ်၊ အားလုံးကို ပုံမှန်အတိုင်းပဲ မြင်ပါတယ်။ ကိုယ်ရွေးချယ်ခဲ့တဲ့ အလုပ်မှာ ဘ၀မှာ မြင့်တဲ့ နေရာ ရောက်သွားသူတိုင်း (ရောက်နေသူတိုင်း) ဒါကို (ဒီသဘောကို) နားလည် သဘောပေါက်ဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တက်ပြီးရင် ကျတတ်တယ်၊ အကျဟာ ပိုပြီး နာတတ်ပါတယ်။

လယ်ရီ ကင်း