by Myo Tha Htet on Monday, 23 January 2012 at 19:04·

အလန် အယ်လ်ဒါ (Alan Alda)

အလန် အယ်လ်ဒါ
အလန်ဟာ ရုပ်ရှင်သရုပ်ဆောင်၊ ရုပ်ရှင်ဒါရိုက်တာနဲ့ ရောင်းစွံတဲ့ စာအုပ်ရေးသူ ဖြစ်ပါတယ်။ ကမ္ဘာကျော် ရုပ်ရှင်ဒါရိုက်တာကြီး ၀ူဒီ အလန်ရဲ့ ရုပ်ရှင်ကား Crimes and Misdemeanors မှာလည်း အဓိက သရုပ်ဆောင်အဖြစ် ပါဝင် သရုပ်ဆောင်ဖူးပါတယ်။ အခုတော့ ဇနီးဖြစ်သူ အာလင်း (Arlene) အတူ သူဟာ အမျိုးသမီးနဲ့ ကလေးတွေအတွက် ရန်ပုံငွေပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက် နေပါတယ်။

ထူးချွန်အောင်လုပ်ပါ (Make Distinctions)

ကျွန်တော့်မှာ လမ်းညွှန်ဆရာတွေ၊ တွဲဖက်သရုပ်ဆောင်တွေ၊ စာရေးဆရာတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ သူ မပါဘဲ ဘာမှ လုပ်လို့ မရတာကတော့ ကျွန်တော့်မှာ တယောက်ထဲ ရှိပါတယ်။ ကျွန်တော့်မှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချဖို့လိုတိုင်း သူ့ကို တမိတာပါပဲ။ သာမန် ဆုံးဖြတ်ချက် ချဖို့ဆိုလည်း သူ့ လိုတာပါပဲ။ ဘာဖြစ်လို့လဲ သိလား… တခါတလေကျတော့ ဆုံးဖြတ်ချက် ငယ်တယ် ဆိုပေမယ့် မှားမိရင် ကိုယ် မထင်မှတ်တဲ့ အနေအထားမျိုးတွေ ဖြစ်သွားတတ်လို့ပါ…။

ဆရာကြီးလိုလို အာလူးပေးတတ်တဲ့ ညစာအတွက် စောစောလစ်တတ်တဲ့ လမ်းညွှန်ဆရာမျိုး ကျွန်တော် မလိုခဲ့ပါဘူး၊ ကျွန်တော် သဘော ကျတာက ကျွန်တော့်မျက်ခုံးပေါ် စင်္ကြံလျှောက်ဝံ့သူမျိုးပါ။ စွမ်းရည်တခု သက်မွေးဝမ်းကျောင်း ပညာတခု ရဖို့ဆိုတာ သင်ကြားရုံနဲ့ မရတတ်ပါဘူး။

ကျွန်တော်ချာတိတ်ဘ၀က သရုပ်ဆောင်တွေကို ကြည့်ခဲ့ပြီး ကျွန်တော် ဘာလုပ်စားမလဲ ဆိုတာကို သိခဲ့ပါတယ်။ ခပ်ငယ်ငယ်မှာပဲ ဒီ သရုပ်ဆောင် ပညာတွေကို ကျွန်တော် သင်ခဲ့တယ်။ ဇာတ်စင်ပေါ်မှာ ကြီးပြင်းခဲ့ပြီး မြင်သမျှလူကို ပရိသတ်လို့ ထင်နေတတ်တဲ့ ကျွန်တော့်ရဲ့ အခက်အခဲက မသေးလှပါဘူး။

တွေ့သမျှလူကို ကျွန်တော့်ခိုက်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို ကျွန်တော် သိခဲ့ပေမယ့် ကျွန်တော်လည်း သူတို့ အကြိုက် လုပ်နေရပါလားဆိုတာတော့ ကျွန်တော် မသိခဲ့ပါဘူး။ ဇာတ်စင်က ခွာပြေးလို့ သာမန် လမ်းပေါ်က လူတယောက်လို နေချင်ခဲ့တာ တကြိမ်မကပါ။

အမြင်တွေ ပြောင်းလဲအောင် ဖွင့်ပေးမယ့် လူတယောက် လူတိုင်းမှာ လိုသလို အဲဒီလိုတွေ့ဖို့ ကံလည်း ကောင်းရပါမယ်။ ကျွန်တော် ကံကောင်းခဲ့ပါတယ်။ ကျွန်တော် ငယ်ငယ်မှာပဲ ကျွန်တော့် လမ်းညွှန်ဆရာက ကျွန်တော့် အတွေးအခေါ်ကို ပြောင်းပစ်ခဲ့ပါတယ်။

“ထူးချွန်အောင်လုပ်“ လို့ ကျွန်တော့်ဆရာမက ပြောခဲ့တယ်။ ပထမတော့ ဆရာမ ပြောတာကိ ကျွန်တော် နားမလည်ခဲ့ပါဘူး။ နောက်တော့ ကျွန်တော် သိလာတာက လူတချို့ရဲ့ အပြုအမူတွေဟာ တုန့်ပြန်ချက် ပေးစရာ မလိုဘူး ဆိုတာပါပဲ။ နောက်ပြီး လူတွေမှာ ဘယ်လောက် အရည်အချင်း ရှိတယ်ဆိုတာကိုလည်း ကျွန်တော် အကဲဖြတ်လာနိုင်ပါတယ်။

ကျွန်တော့်သမီးလေး ဘွဲ့ရတော့ သူ့ကို ကျွန်တော် ဒီလို ပြောဖူးတယ်။ “အခွံမရှိဘဲ အသီးမဖြစ်ဘူး၊ ဆူးမရှိဘဲ အကောင် မဖြစ်ဘူး၊ မဟုတ်တာ မလုပ်ဘဲ လူမဖြစ်ဘူး။ တခုပဲ ရှိတယ်… ထူးချွန်မှ လူရာဝင်မယ်၊ လူတွေက သည်းခံလိမ့်မယ်၊ အမနာပ ပြောတာတွေက လွတ်လိမ့်မယ်“လို့…။

ဒါပေမဲ့ တကယ်က အဲဒါထက်တောင် ပိုသေးဗျာ၊ ဒါနဲ့ဆက်ပြီး “ထူးချွန်အောင် ကြိုးစားကျင့် ရှိသွားရင် ကိုယ့်ဘာသာ ကိုယ်တောင် ပြန်စိန်ခေါ်လိမ့်မယ်။ ကိုယ့်အတွေး ကိုယ့်အမြင်ဆိုတာကို ကမ္ဘာကြီးကို ကြည့်တဲ့ ပြတင်းပေါက်တွေပဲ၊ အဲ… ဒါပေမဲ့ တခါးမဖွင့်ဘဲ ဒါမှမဟုတ် ပြတင်းပေါက်ကို မတိုက်ချွတ် မသန့်ရှင်းထားဘဲနဲ့တော့ အလင်းမ၀င်ဘူး“လို့ သမီးကို ပြောလိုက်တယ်။

တကယ်တော့ ဒီအတွေး၊ ဒီအမြင်၊ ဒီအသိတွေက အလွန်စွမ်းတဲ့ လမ်းညွှန်ဆရာတယောက် မရှိဘဲနဲ့ ကျွန်တော် မရနိုင်ပါဘူး။ အဲဒီဆရာ့ကို ကျွန်တော် တွေ့ပြီး၊ ယုံယုံကြည်ကြည်နဲ့ ဆည်းကပ်ခွင့် ရခဲ့တော့ ကျွန်တော် ကံကောင်းခဲ့ပါတယ်။ ကျွန်တော့် အတိုင်းတိုင်း(မူရင်းစိတ်)ကို အဲဒီ လမ်းညွှန်ဆရာက လက်ခံခဲ့တယ်။ ကျွန်တော့်အစွမ်းအစကို ကျွန်တော့်ထက် သူက ပိုသိနေခဲ့တယ်။ ကျွန်တော့် အားသန်မှု လမ်းကြောင်းကိုလည်း မရောက်ရောက်အောင် ညင်ညင်သာသာလေးနဲ့ သူက တွန်းပို့နိုင်စွမ်းရှိတယ်။

ကျွန်တော် ပြောခဲ့သလို လမ်းညွှန်ဆရာမျိုးတယောက်လောက် တွေ့လို့ကတော့ ဘယ်သူမဆို လက်တွဲချိတ်ထားချင်မှာပဲ မဟုတ်လား။ ကျွန်တော်ကတော့ ချိတ်ထားခဲ့ပါတယ်။ ဘယ်လို လုပ်လိုက်သလဲသိလား… သူ့ကို ယူ(လက်ထပ်)လိုက်တာပေါ့…။

အလန် အယ်လ်ဒါ