by Myo Tha Htet on Sunday, 22 January 2012 at 18:16

ကျွန်တော့်ဘ၀ကို ပြောင်းစေခဲ့သူများ (The Person who changed my Life) စာအုပ် ၂၀၁၂ (တတိယအကြိမ် ပြင်ဆင်) ထုတ်ကို မနေ့ကပဲ ၀ယ်ဖြစ်ပါတယ်။ ကျွန်တော့်အတွက် အခုတလော စာရေးချင်စိတ်မဲ့နေလို့ မဖြစ်မနေ ဖတ်ဖြစ်ပြီး၊ တခုခု ရေးဖြစ် (ဘာသာပြန်ဖြစ်အောင်) ၀ယ်ခဲ့ပါတယ်။

စာအုပ်ထဲပါသူတွေက အမေရိကမှာ နာမည်ကျော်ကြားသူတွေ ဖြစ်တာမို့ အများစုကို ကျွန်တော် မသိပါဘူး၊ ဒါပေမဲ့ သိသင့်တဲ့သူတွေ ဖြစ်ပြီး၊ သူတို့ ဘ၀ကို ပြောင်းလဲစေမယ့် (တိုးတက်ပြီး ကမ္ဘာကျော်စေအောင်) နောက်ကွယ်က တွန်းထိုးပေးခဲ့တဲ့ လူတွေအကြောင်းကို အရည်အချင်းနဲ့ အစွမ်းအစ ရှိသူပေါင်း ၇၈ ယောက်က ပြန်ပြောပြထားတာတွေကို ကျွန်တော် ဖတ်ရင်း ဘာသာပြန်ပေးပါ့မယ်။

အစီအစဉ်အလိုက်တော့ ကျွန်တော် ဘာသာပြန်မှာ မဟုတ်ပါဘူး၊ ကျွန်တော် ကြိုက်တဲ့ လူတွေကို အရင်ဖတ်ပြီး၊ ဘာသာပြန်သွားမှာ ဖြစ်ပါတယ်။ တနေ့တယောက်တော့ ရေးနိုင်အောင်လည်း ကြိုးစားပါ့မယ်။

ဖာရိ ဇာကရီးယား (Fareed Zakaria)

လူငယ်ဂျာနယ်လစ်တချို့ အားကျတဲ့ ဖာရိ ဇာကရီးယား
ကမ္ဘာကျော် အမေရိကန် ရုပ်သံသတင်းဌာန စီအင်န်အင်န်ရဲ့ နိုင်ငံတကာ သုံးသပ်ချက် အစီအစဉ် တခုဖြစ်တဲ့ နာမည်ကျော် Fareed Zakaria GPS အစီအစဉ် တင်ဆက်သူဖြစ်ပြီး၊ ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းရဲ့ နိုင်ငံတကာရေးရာ အယ်ဒီတာ၊ တနေ့ကပဲ သမ္မတ ဦးသိန်းစိန်နဲ့ ပထမဆုံး ပြင်ပမီဒီယာအဖြစ် အင်တာဗျူး ရခဲ့တဲ့ အမေရိကန်ထုတ် ၀ါရှင်တန်ပို့စ် သတင်းစာရဲ့ ပင်တိုင်ဆောင်းပါးရှင်နဲ့ နာမည်ကျော် အမေရိကန်ထုတ် နယူးယောက်ခ်တိုင်းမ်စ် သတင်းစာက ထုတ်ပြန်ထားတဲ့ ရောင်းအကောင်းဆုံး စာအုပ်ရေးသားသူ စတဲ့ နာမည်ကျော် ဂုဏ်ပုဒ်တွေနဲ့ တကယ် အလုပ်လုပ်သူ၊ ကမ္ဘာတ၀ှန်းက လူငယ်ဂျာနယ်လစ်တွေ အားကျရတဲ့ ကျွန်တော်တို့ အာရှဖွား အမေရိကန် ဂျာနယ်လစ် ဖြစ်ပါတယ်။

ဇာကရီးယားကို နာမည်ကျော် အက်စကွိုင်းယား Esquire မဂ္ဂဇင်းက ၁၉၉၉ ခုနှစ်မှာ တခေတ်မှာတယောက် ပေါ်ထွန်းတဲ့ နိုင်ငံခြားရေးရာ မူဝါဒ အကြံပေးလို့ သတ်မှတ် ဂုဏ်ပြုခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာလည်း နာမည်ကျော် မဂ္ဂဇင်းတွေဖြစ်တဲ့ Foreign Policy နဲ့ Prospect တို့က ကမ္ဘာ့ထိပ်တန်း ကျိုးကြောင်း ဆင်ခြင် သုံးသပ်နိုင်စွမ်းရှိသူ (Intellectuals)့ ၁၀၀ စာရင်းမှာ ထည့်သွင်း ဖော်ပြခဲ့ကြပါတယ်။

ဒေါက်တာ ဇာကရီးယားဟာ ပထမဘွဲ့ (ဘီအေ ၀ိဇ္ဇာဘွဲ့)ကို အမေရိကန်၊ ယေးလ်ကောလိပ်က ရခဲ့ပြီး၊ ပါရဂူဘွဲ့ကိုတော့ နာမည်ကျော် ဟားဗတ် တက္ကသိုလ်က ရခဲ့ပါတယ်။ နယူးယောက်ခ်မြို့မှာ မိသားစုနဲ့ နေထိုင်ပြီး၊ ဇနီး၊ သားတဦးနဲ့ သမီးနှစ်ဦး ရှိပါတယ်။

ဖာရိ ဇာကရီးယား ပြောပြတဲ့ သူ့ဘ၀ကို ပြောင်းလဲစေခဲ့သူ နှစ်ယောက် အကြောင်းကတော့ ဒီလိုပါခင်ဗျာ။

ကိုယ်ဖြစ်ချင်တဲ့ ဖြစ်နိုင်တာတွေကို မြင်ယောင်ပါ (Visualize the Possibilities)

“ကားဘန်ပါမှာ ကပ်တတ်တဲ့ ဆောင်ပုဒ်တခုရဲ့ နောက်ကွယ်မှာ တကယ့်ကို မယုံကြည်နိုင်စရာ ရှုပ်ထွေး သိမ်မွေ့တဲ့ သမိုင်းဝင် ဖြစ်စဉ်ကြီးတခု ရှိနေတယ်။ ဒါပေမဲ့ အဲဒီလို သိဖို့တော့ ဆောင်ပုဒ်ကို လိုက်ဖတ်နေရုံနဲ့တော့ မဖြစ်နိုင်ဘူး၊ အများကြီး စဉ်းစား သုံးသပ်ကြည့်ဖို့တော့ လိုလိမ့်မယ်“__ ဖာရိ ဇာကရီးယား။

ကျွန်တော် အိန္ဒိယမှာ မွေးဖွား ကြီးပြင်းခဲ့တယ်၊ တကယ်တော့ အိန္ဒိယဆိုတာ ကမ္ဘာကြီးနဲ့ အများကြီး အဆက်ပြတ်နေခဲ့တဲ့ နေရာတခုပေါ့။ ကျွန်တော့်ဘ၀မှာ အမှတ်ရစရာ ပုဂ္ဂိုလ်ကြီး နှစ်ဦး ရှိခဲ့တယ်၊ ဖြစ်နိုင်ချေတွေ ပြည့်လျှမ်းနေတဲ့ အပြောကျယ်တဲ့ ပြင်ပကမ္ဘာကြီးတခု ရှိနေတယ်ဆိုတာကို အထီးကျန်ရပ်ဝန်းထဲက ကျွန်တော့်ကို ပြတ်ပြတ်ထင်ထင် မြင်အောင်၊ ဧရာမ စိတ်ကူးစိတ်သန်းတွေ ဖြစ်ပေါ်အောင် သူတို့ တွန်းထိုး ပြသပေးခဲ့တယ်။

ပထမတယောက်က ကျွန်တော့်အမေရဲ့ ဆရာ ခရစ်ခ်ျရှဝမ်း ဆင် (Khushwant Singh) တဲ့။ အိန္ဒိယရဲ့ အတော်ဆုံး သတင်းစာဆရာ တယောက်နဲ့ နာမည်ကျော် ၀တ္ထုရေးဆရာပေါ့၊ သူက အင်္ဂလိပ်စာကို သိပ်တန်ဖိုးထားသူ တယောက် ဖြစ်ပါတယ်။ ကျွန်တော် ငယ်ငယ်တုန်းကဆို သူက ကျွန်တော့်ကို အင်္ဂလိပ်ကဗျာတွေ ရွတ်ဆိုပြပြီး၊ ကျွန်တော့်ကို လိုက်ရွတ်စေတယ်။ နောက်တခါ အဲဒီကဗျာတွေကို အလွတ်ရွတ်ခိုင်းတယ်၊ အတင်းအကျပ် ခိုင်းတာမျိုး မဟုတ်ဘဲ “ကဲ… ရွတ်ပြပါဦး… မင်း ဘယ်လောက် မှတ်မိသလဲ ကြည့်ရအောင်“ ဆိုပြီးပေါ့။

လူတယောက်ရဲ့ စွမ်းရည်ကို တဖြည်းဖြည်းနဲ့ အဆုံးမဲ့ မြှင့်တင်လို့ ရနိုင်တယ်လို့ ဆရာကြီးက နှစ်နှစ်ကာကာ ယုံကြည်တယ်။ ကျွန်တော့်ကို တင်းနစ်ရိုက်တာ သင်ပေးတယ်၊ ရေကူး သင်ပေးတယ်။ သူက တကယ့်ကို သဘာဝကို ချစ်မြတ်နိုးသူ တဦးလည်း ဖြစ်ပါတယ်။

တောင်ကုန်းတွေ တောတန်းတွေဆီကို အဝေးကြီး လမ်းလျှောက်မယ်၊ လမ်းတလျှောက်က သစ်ပင်တိုင်းကို ဘယ်ဟာက ဘာအပင်ဆိုတာ သူ ခွဲခြားနိုင်စွမ်းရှိတယ်၊ ငှက်ကလေးတွေရဲ့ အော်သံကို နားထောင်ပြီး ဘာငှက်ဆိုတာကို ပြောနိုင်စွမ်းရှိတယ်။

ဆရာကြီးအကြောင်းကို ဒီထက်ပိုပြီး ကျွန်တော် မပြောနိုင်တော့ဘူး (မမှတ်မိတော့ဘူး)၊ ဒါပေမဲ့ တခုကို စွဲစွဲထင်ထင် မှတ်မိနေတာက သူ ကျွန်တော့်ဘ၀လမ်းကြောင်းကို ပြပေးခဲ့တယ်။ သူက မင်းကြီးလာရင် ဘာလုပ်မလဲတဲ့၊ နောက်ပြီး မင်း ဘာကို လုပ်ချင်သလဲတဲ့၊ အဲဒီနှစ်ခုဟာ ထပ်တူကျနိုင်တယ်တဲ့။

နောက်ထပ် တယောက်ကလည်း အိန္ဒိယရဲ့ ထိပ်တန်း သတင်းစာဆရာ တယောက်ပါပဲ၊ သူ့နာမည်ကတော့ ဂီရီလယ် ဂျိန်း (Girilal Jain)ပါ။ သူက ကျွန်တော့် အသိအမြင်ရော၊ ကြောင်းကျိုး ဆက်စပ် ဆင်ခြင်နိုင်စွမ်းကိုပါ ကြီးမားအောင် လမ်းဖွင့်ပေးခဲ့သူပါ။

သူကတော့ လူမှုသိပ္ပံနဲ့ ရှုပ်ထွေးတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကို ကြောင်းကျိုး ခွဲဖြာ လေ့လာနိုင်စွမ်း ရှိတာကို အလွန်အမင်း သက်ဝင် ယုံကြည်သူ ဖြစ်ပါတယ်။

ကျွန်တော် သေသေချာချာ မှတ်မိနေတာကတော့ အကြောင်းအရာတခုကို သူ ရှည်လျားစွာနဲ့ ပြောမယ်၊ ပြီးရင် ခွဲခြမ်း စိတ်ဖြာမယ်။ သမိုင်းကြောင်းကို အထောက်အထားပြုပြီး လူ နားလည်အောင်၊ အသုံးတည့်အောင် ပြောပြမယ်။

ဗီယက်နမ်စစ်ပွဲနဲ့ ပတ်သက်ပြီး ကျွန်တော်က သူ လက်ခံလောက်တဲ့ မှန်ကန်တဲ့ သုံးသပ်ချက်နဲ့ သွက်သွက်လက်လက် ပြောပြလိုက်ပြီးတဲ့အခါ သူက သဘောကျပြီး မေးတယ်။ “မင်း… သေချာ နားလည်လို့လားကွ“တဲ့။ မေးပြီးတာနဲ့ တခါထဲ ၁၉၅၀ ပြည့်လွန်နှစ်များကစလို့ သမိုင်းသင်ခန်းစာ အရှည်ကြီးကို အသေးစိတ် ပြောပြတော့တာပါပဲ။

ဒါ ဆရာကြီးနဲ့ ပတ်သက်ပြီး အမှတ်ရစရာ အများကြီးထဲက ကျွန်တော် ခေါင်းထဲ ရုတ်တရက် ပေါ်လာတာကို ရေးပြလိုက်တာပါ။ တကယ်တော့ ကားဘန်ပါမှာ ကပ်တတ်တဲ့ ဆောင်ပုဒ်တခုရဲ့ နောက်ကွယ်မှာ တကယ့်ကို မယုံကြည်နိုင်စရာ ရှုပ်ထွေး သိမ်မွေ့တဲ့ သမိုင်းဝင် ဖြစ်စဉ်ကြီးတခု ရှိနေတယ်။ ဒါပေမဲ့ အဲဒီလို သိဖို့တော့ ဆောင်ပုဒ်ကို လိုက်ဖတ်နေရုံနဲ့တော့ မဖြစ်နိုင်ဘူး၊ အများကြီး စဉ်းစား သုံးသပ်ကြည့်ဖို့တော့ လိုလိမ့်မယ်။

အခု ကျွန်တော် ဘာရေးရေး နိုင်ငံရေးသိပ္ပံပညာတို့၊ သမိုင်းကြောင်းနောက်ခံ အသေးစိတ်တို့၊ တခါ ကြားခံ မီဒီယာအဖြစ် အင်္ဂလိပ်စာတို့ကို အသုံးပြုနေရတိုင်း မိုင် ၈၀၀၀ အဝေးမှာရှိတဲ့ ကျွန်တော့်ဘ၀ရဲ့ လမ်းညွှန် ဆရာကြီးနှစ်ယောက်ကို သတိရနေမိတော့တယ်။

ဖာရိ ဇာကရီးယား