by Myo Tha Htet on Saturday, 4 February 2012 at 07:29·

“ဘုရားရေ… ကျွန်မမှာ ကိုယ်ဝန်ရှိပေါ့၊ ကလေးအဖေ ဘယ်သူပါလိမ့်“ ကျွန်တော်က အဲဒီလိုလေး ရွတ်ရင်း ကြော့ကို ပြုံးပြီး ကြည့်တော့ သူ မရယ်…၊ တမင်ပင် ခပ်မဲ့မဲ့ ရွဲ့လိုက်သေးတယ်။ ဟား ဟား… ကြော့က တကယ့် ကလေးလိုပါပဲ။ အရင်တုန်းကတော့ ဒီကောလိပ်ကျောင်းသူလေးရဲ့ တော်ချက်ကို ကျွန်တော်တို့ အတူ ချီးကျူးခဲ့ဖူးတယ်။ ကျွန်တော်တို့ နှစ်ယောက်အတွက် ရယ်စရာ ဟာသလေး ဖြစ်ခဲ့ဖူးတယ်။

အခုတော့ အခြေအနေတွေက မတူတော့ပါလေ… ပြောမယ့်သာ ပြောရတာပါ၊ ကျွန်တော်က ကိုယ့်ဘာသာ ရယ်စရာအဖြစ် ပြောလိုက်တာ ဖြစ်ပေမယ့် ကြော့နဲ့ ကျွန်တော် မခေါ်ကြသေး…။ ကြော့က မချော့၊ ကျွန်တော်က ခပ်လျော့လျော့ပေမယ့် မပျော့၊ နှစ်ယောက်လုံးက ခပ်ကော့ကော့ မော့နေကြတယ်။

မခေါ်ကြချိန်မှာ တယောက်အကြောင်းတယောက် ပိုတွေးဖြစ်သလားမသိပါဘူး။ ကျွန်တော်မှတ်မိသေးတယ်… ကြော့ကို တခါက ကျွန်တော် ကန်စွန်းဥနှစ်ဥ ကျွေးဖူးတယ်။ စေတနာနဲ့ပါ… ရွှေကန်စွန်းဥတော့ မဟုတ်… ငချိတ်။ ဘာကြောင့်မှန်း မသိ၊ ကြော့က မစား… မစားတဲ့အပြင် ခုနင်ကလိုပဲ မဲ့လိုက်ရွဲ့လိုက်သေးတယ်။

ကျွန်တော်က အကောင်းနဲ့ ကျွေးခဲ့တာ ဖြစ်ပေမယ့် ကြော့က သူ့ဟာသူ ဘာအတွေးတွေ ပေါက်သလဲတော့ မသိ၊ ကျွန်တော့်ကိုလည်း ပြောလိုက်သေးတယ်… မဲ့ရွဲ့တဲ့ ကြားထဲကပဲပေါ့၊ ယောက်ျားလေးတန်မဲ့ ဥသိပ်ကြိုက်သလားတဲ့။ အဲဒီလိုခက်တဲ့ ကြော့။

သူက ချောကလက်စားချင်ပုံပေါ်ရဲ့… ဟဲ ဟဲ… ဆိုင်ဆိုင်မဆိုင်ဆိုင် ၁၄ ရက်ကလား နီးလာမင့်ကိုး…။ ကျွန်တော်ကတော့ မကြိုက်၊ ကြော့လိုပင် ကျွန်တော်လည်း ရွဲ့ချင်မဲ့ချင်တတ်တယ်။ ၁၄ ရက်နေ့ကျရင် ချောကလက်ထုပ်လို ထင်ရအောင် ထန်းလျက်တွေကို ထုပ်ပြီး ပေးရင်ကောင်းမလားလို့ ကျွန်တော် စဉ်းစားခဲ့တယ်။

အဲဒီလိုလုပ်ခဲ့ရင်တော့ ကျွန်တော်နဲ့ကြော့ကြားက ရှိစုမဲ့စု သံယောဇဉ်လေး အသေအချာ ပြတ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် အတပ် မပြောနိုင်… စမ်းသပ်ကြည့်ရင် ကောင်းမလားလို့တော့ ကျွန်တော် စဉ်းစားမိဖူးတယ်။ ကြော့က ထန်းလျက်ကော ကြိုက်ရဲ့လား… သူ ကြံသကာ ကြိုက်တယ်လို့တော့ တခါက ပြောဖူးတယ်။ ဘာတဲ့… ကြော့တို့ ငယ်ငယ်တုန်းက ထမင်းပူပူကို ဆီဆမ်း ဆားဖြူးပြီး ကြံသကာနဲ့ လွေးခဲ့ရတာ သိပ်ကောင်းဆိုပဲ…။

တကယ်တော့ ကြော့က မလှပါ။ ဒါဖြင့်ရင် လှတာကို အလွန်အမက် ကြိုက်တဲ့ ကျွန်တော်က ကြော့ကို ဘာဖြစ်လို့ တခုတ်တရ ဖြစ်နေတာလဲလို့ မေးစရာ ရှိပါတယ်။ ကျွန်တော့်မှာ အဖြေ အဆင်သင့် ရှိပါတယ်။ ကြော့က သတ္တိရှိလို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်က လှတဲ့ မိန်းကလေးတွေကို အလွန် သဘောကျသလို သတ္တိရှိတဲ့ မိန်းကလေးကိုတော့ တမြတ်တနိုး လေးစားတတ်ပြန်တယ်။

မိန်းမတယောက်ကို လေးစားပြီး ချစ်နေရတာက တကယ်တမ်းကျတော့ သိပ်မမိုက်ပြန်… ယောက်ျားမာန ကျိုးရလေတယ်။ အခုပဲကြည့်… ကြော့က ခေါင်းမာနေပြီလေ။ မခေါ် မပြော အရေးမလုပ်… ဒီရင်နုနု နာလုပြီ။ ရယ်သွမ်းသွေးရင်း ငိုချင်လာနေမိ…။ ကြော့ကို ကျွန်တော် မုန်းလိုက်ရ ကောင်းမလား…။

စောစောပိုင်းကတော့ ကျွန်တော့် သူငယ်ချင်း မိန်းကလေးတွေကို ယောက်ျားယူဖို့ချည်း၊ အရွယ်ကောင်းတုန်း ကလေးမွေးဖို့ချည်း ကျွန်တော် တောက်လျှောက် တိုက်တွန်းနေခဲ့မိပါတယ်။ မိန်းကလေးတယောက်က အရွယ်တော် တဆိတ်ဟိုင်းလောက်တဲ့အထိ ပိုက်ဆံတွေရှာ၊ ပညာတွေသင်၊ အလုပ်တွေ ပိနေအောင်လုပ်… ဘာလုပ်မှာလဲလို့ ကျွန်တော် တွေးခဲ့ဖူးတယ်။

တင့်တောင့်တင့်တယ် ကိုယ့်ကို ထားနိုင်မယ့် အမျိုးကောင်းသား ယောက်ျားတယောက်ကို ယူ၊ ကလေးတွေ မွေး၊ ပျော်စရာ မိသားစု ဘ၀လေး တည်ဆောက်နိုင်ရင် မကောင်းဘူးလားလို့ သူတို့ကို မေးခွန်းထုတ်ခဲ့ဖူးတယ်။ မိန်းမတယောက်ဟာ သိပ်တော်ဖို့ မလိုပါဘူး၊ ယောက်ျားတယောက်ကို သူဟာ မိန်းမတယောက်ရဲ့ အခိုင်းခံနေရမှန်း မသိရလောက်အောင် ပါးပါးနပ်နပ် စည်းရုံး ပြောဆို သိမ်းသွင်းထားနိုင်တဲ့ အိမ်ထောင်ရှင်မဘ၀ဟာ မလုံခြုံ မအေးဆေးဘူးလားလို့ သူတို့ကို ကျွန်တော် ပြောဆိုခဲ့ဖူးတယ်။

အခုတော့ ဒီလိုအမေး၊ ဒီလိုအတွေးတွေကို ကျွန်တော် ပြောင်းလိုက်ရတော့မှာလား။ ကြော့ဟာ ဘယ်လိုမိန်းမမျိုးလဲ… ကျွန်တော်ဖြင့် တခါမှတော့ မတွေ့ဖူးသေးဘူး မှတ်တာပဲ။ တခုပဲ ကျွန်တော် ပြောနိုင်တာက ကြော့ဟာ သတ္တိရှိတယ်။ သတ္တိရှိတဲ့ မိန်းကလေး… ဒါပဲ… ဒီတလုံးထဲ ကျွန်တော် ပြောနိုင်တယ်။

တကယ်တော့ ယောက်ျားတယောက်နဲ့ မိန်းမတယောက်တို့ ချစ်ကြပြီဆိုရင် ဘာတွေ ပြိုင်သင့်တာလဲ။ အချစ်တွေ၊ အကြင်နာတွေ၊ အထွေးအပွေ့ အယုအယတွေ ပြိုင်သင့်တာ မဟုတ်ဘူးလား။ နားလည်မှုတွေ၊ စာနာမှုတွေ၊ ဖြည့်ဆည်းပေးမှုတွေ ကဲလွန် ပြိုင်ဆရမှာ မဟုတ်ဘူးလား။

ကျွန်တော်တို့က ဘာကြောင့် ပညာတွေ ပြိုင်နေကြရတာလဲ။ ဘာကြောင့် တယောက်နဲ့တယောက် မဲ့ရွဲ့ သွမ်းသွေးနေကြတာလဲ။ ကြော့ကပဲ သိပ်ရဲနေတာလား၊ ကျွန်တော်ကပဲ သိပ်ကဲနေတာလား။ ဘာဖြစ်လို့ နှစ်ယောက်စလုံးကလည်း ဒီပုံစံကိုပဲ ကြိုက်နေကြရတာလဲ။ ကြော့ မမောသေးဘူးလားတော့ မသိ၊ ကျွန်တော်ဖြင့် တခါတခါ ပန်းလှပြီ။

ကြော့က ကျွန်တော့်ကို ချော့မယ်လို့ မထင်တော့ပါ။ ကျွန်တော်ကလည်း ကျွန်တော့်ကိုယ်ကျွန်တော် အလွန် အထင်ကြီးတဲ့ကောင် ဖြစ်ပါတယ်။ ကျွန်တော်တို့ကြားက သံယောဇဉ်ကြိုးလေးတွေ အမျှင်လေးတွေမှာ လျော့ဖို့ မမြင်တော့ပါ။ ပြတ်လုလုပင် တင်းမာနေခဲ့ပြီလား မသိပါ။ နှစ်ယောက်စလုံးက မရှိသင့်တဲ့ မာနတွေကို ပြိုင်နေကြတာဟာ ချစ်သူတွေလို့တောင် ပြောဖို့ ခပ်ခက်ခက် ဖြစ်ပါတယ်လေ…။

ကျွန်တော့်ကိုယ်ကျွန်တော်လည်း အားမရ၊ ကြော့ကိုလည်း ဘာမှမပြောသာ… သောင်မတင်ရေမကျ ဘ၀ဟာ နေရခက်လှပါသဗျာ…။ တခုတော့ ရှိပါတယ်။ ကြော့ကို လှပ နူးညံ့တဲ့ မိန်းကလေးအသွင် ရောက်အောင် အဖ ဘုရားသခင်က ပြောင်းလဲပေးပါမယ်လို့ မဟာဂရုဏာတော်နဲ့ စိတ်ဆင်းရဲနေတဲ့ ကျွန်တော့်ကို မိန့်မြွက်လာရင်တောင် ဘုရားသခင်ကို တောင်းပန်တိုးလျှိုးလို့ ကျွန်တော် ပယ်လျှောက်ပါလိမ့်မယ်။

ကြော့ကို သတ္တိပဲ ရှိစေချင်ပါတယ်။ သတ္တိရှိတဲ့ မိန်းကလေးပဲ ဖြစ်စေချင်ပါတယ်။ ကျွန်တော့်ကို မခေါ်တော့လည်း နေပါစေတော့…၊ ကျွန်တော့်ကို မချော့လေလည်း ရှိပါစေတော့… ကျွန်တော့်ဘ၀နဲ့ ကျွန်တော်ပဲ ထားလိုက်ပါတော့… ကြော့ ရင်ကလေး ကော့နေပါစေ၊ ကြော့ ခေါင်းကလေး မော့နေပါလေ…။

၂၀၁၂ ဖေဖော်ဝါရီ ၄၊ မွန်းလွဲ နှစ်ချက်တီး

ဘန်ကောက်။