by Myo Tha Htet on Wednesday, 14 March 2012 at 21:21·
ဖိုးလပြည့်ဆိုတဲ့ ကျွန်တော် စိတ်မကောင်း ဖြစ်နေမိတယ်၊ လွမ်းလို့ သေလောက်တယ်ဆိုတာကို အရင်ကတော့ မယုံကြည်… အခုတော့ ဟုတ်တယ်၊ တကယ် ခံစားရတယ်။ မမမိုးဟာ စိတ်ဆိုးချင်စရာ ကောင်းလောက်အောင် ချစ်ဖို့ကောင်းသူ ဖြစ်တယ်။ မိုးဖွဲဖွဲမှာ မမမိုးနဲ့ ကျွန်တော် တွေ့ခဲ့တယ်။
ညနေခင်းဟာ မှောင်ရီဝေမှာပဲ လရောင်ဖြူလေး မြင်နေရပြီ။ ငှက်လေးတွေက အုပ်လိုက်ဖွဲ့လို့ အိပ်တန်းပြန်ကြပြီ။ အလုပ်သမားတွေက ရပ်ကွက်ထဲ တစုပြီးတစု ပြန်ဝင်လာကြချိန်ပေါ့။ ကျွန်တော်ကတော့ အတွေးစိမ့်စိမ့်တွေးလို့…။ လရောင်အောက်က မြက်ခင်းစိမ်းပေါ်မှာ မမမိုးနဲ့ အတူထိုင်ကြမယ်။ “အနာဂတ်လမ်း“ဆိုတဲ့ ကဗျာလေးကို ရွတ်ပြမယ်လို့ မှန်းထားခဲ့တာ အခုတော့ ဘယ်လိုလုပ်ရပါ့မလဲ။
“အနာဂတ်လမ်း“
မူရာတွေ မပါပါဘူး
ကိုယ့်ဂစ်တာအိုးလေး မှောက်ရက်
တကိုယ်စာပဲ ချစ်ခဲ့တဲ့ ရက်တွေကနေ
အပြာလိုလို အရောင်တွေ လက်တဲ့အထိ
စိတ်နှလုံးမွေ့ကြည် အရာရာဟာ မင်း
ရာသီတွေ အစုန်အဆန် ဆင်းပါစေ
ချမ်းခိုက် အေးစို ခြောက်သယောင်း
မျောက်လောက်လေးတွေ တေးဆို
ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တဲ့
တရက်မှ သောက်မပျက်ပါဘူးဆို
မဟူရာညတွေလိုပဲ ရှိနေပါစေ
ဒီအဟုန်တွေကိုမှ ရင်တုန်တယ်ဆို
မောင့်ဟိုဘက်ကမ်းမှာ…
အနာဂတ်လမ်းကလေး ရှိတယ်။
သိတယ်၊ မျက်နှာလေး အူတူတူလေးနဲ့ နားမလည်ဘူးလို့ မမမိုးက ပြောလိမ့်မယ်။ ကျွန်တော်ကလည်း ရယ်မိလိမ့်မယ်။ ပြီးတော့ ဒီလိုပြောမယ်၊ ကျွန်တော်ကလည်း မမ နားလည်ဖို့ ရေးထားတာ မဟုတ်ပါဘူး၊ ကျွန်တော် နားလည်ဖို့နဲ့ မမ နားထောင်ဖို့… ဒါပဲ။
ဒီလိုနဲ့ ကျွန်တော် တောင်ရေးမြောက်ရေး ရေးခဲ့တဲ့ မမမိုးအတွက် ဖတ်ပြဖို့ ကဗျာတွေဟာ စာမျက်နှာ ၈၀ ပါတဲ့ စာတအုပ်မက ရှိခဲ့ပါပြီ။ မမမိုးနဲ့ တွေ့ပုံဆန်းတယ်လေ… အမှတ်မထင်လို့လည်း ပြောရတယ်၊ မမမိုးလို့ ခေါ်နေတာကို ကြည့်… ဒီအကြောင်းကိုတော့ ကျွန်တော် တသက်လုံး ၀ှက်ထားပါရစေ။ ကျွန်တော်က ကဗျာသမားလိုလို စာသမားလိုလိုနဲ့ စိတ်ကူး အင်မတန် ယဉ်တတ်သူ… မမမိုးက ဘ၀ကို လက်တွေ့ကျကျ တဆင့်ပြီး တဆင့် စနစ်တကျ ဖြတ်သန်းနေသူ။
ကျွန်တော်က တခါ ထမင်းတခါ စားပြီး သုံးရက်လောက် ဘာမှ မစားလည်း ရတယ်၊ မမမိုးက အချိန်မှန်စား အချိန်မှန်နား အချိန်မှန် သွားသူ ဖြစ်တယ်။ ကျွန်တော်က အသိသစ် အတွေးသစ် ခံစားမှုသစ်တွေကို ကြိုက်တယ်။ မမမိုးက နေရာသစ်၊ လူသစ်၊ အခွင့်ရေးသစ်တွေကို ရှာသူ ဖြစ်တယ်။ ကျွန်တော်တို့ဟာ တယောက်မှာ မရှိတဲ့ဟာကို တယောက်က ယူသူတွေ ဖြစ်တယ်။ ဒါကိုပဲ အချစ်လို့ ကင်ပွန်းတပ်ခဲ့ကြတယ်။
တခါတုန်းက မြစ်နဘေးက မြို့လေးတမြို့ကို အလည်သွားကြတော့ ဆိုင်ကယ်တစီးငှားပြီး လျှောက်လည်ကြဖို့ မမမိုးက ပြောတယ်။ ပြီးတော့ သူကပဲ ဦးဆောင်ပြီး ငှားလိုက်သေးတယ်၊ ပြီးတော့ ကျွန်တော့်ကို မောင်းတဲ့…။ ခက်တော့နေပါပြီ၊ ကျွန်တော်က ဆိုင်ကယ် မပြောနဲ့၊ စက်ဘီးတောင် နင်းတတ်သူ မဟုတ်၊ ငယ်ငယ်က ခဏသင်တုန်း ဒူးပြဲသွားလို့ သွေးတွေ ထွက်လာတာမှာ ငါ စက်ဘီးစီးမယ့် ကောင် မဟုတ်ဘူးဆိုပြီး ဆက်မသင်ဖြစ်တော့ဘူး။ ဒီလိုမောင်…။
“ဟ.. ကျွန်တော်မှ မမောင်းတတ်ဘဲ“
မမမိုးက သော့ကွင်းကို လက်ညှိုးနဲ့ လှည့်နေပြီး ရယ်တယ်။ ပြီးတော့ အနီရောင် ဆိုးထားတဲ့ နှုတ်ခမ်းလေး တချက်တွန့်ပြုံးလိုက်ပြီး
“ဟင်… ဒါဖြင့် ရှင့် တင်မောင်းရမယ်ပေါ့“
အမှန်တော့ ကျွန်တော် စိတ်ဆိုးချင်တယ်။ နည်းနည်းလေးလည်း ဆိုးမိတယ်။ ကျွန်တော်က မြစ်ရိုးတလျှောက် လမ်းလျှောက်လို့ရတဲ့ နေရာလေးမှာ မမမိုး လက်ကလေး တွဲပြီး လျှောက်မယ်၊ မြစ်ပြင်ကြီးကို ငေးမယ်၊ မြစ်ပြင်ကို ဖြတ်တိုက်လာတဲ့ လေကို ရှုရှိုက်ကြမယ်။ အဲဒီမှာ ကျွန်တော် စိတ်ပါလို့ သီချင်း ဆိုချင်လည်း ဆိုမယ်လေ… မမမိုးက နားထောင်ပေါ့၊ ပြီးရင် တနေရာရွေးလို့ ထိုင်ကြပြီး ကျွန်တော့်ရဲ့ အချစ်အကြောင်းတွေကို သပ်သပ်ရပ်ရပ် ပြောပြမယ်၊ လှလှပပလေး နမ်းချင်လည်း နမ်းမှာပေါ့။ အားလုံးကို ခံစားမှု ပေါ်တဲ့အတိုင်း လုပ်ချင်သလို လုပ်မယ်၊ ဒါပေမဲ့ ချစ်စရာကောင်းပြီး ကဗျာဆန်နေလိမ့်မယ်။ သွားပြီ… အခုတော့ သေပြီဆရာပဲ။
“ခင်ဗျားက ဆရာကြီးလုပ်ပြီး ခပ်တည်တည် ငှားတာကိုး၊ မေးပါလား အရင်… မောင်းတတ်လားလို့…“
“အို… သူကပဲ စိတ်ဆိုးနေသေးတယ်၊ ဘာ ခင်ဗျားလဲ… ငရဲကြီးဦးမယ်။ ယောက်ျားလေးဖြစ်ပြီး ဆိုင်ကယ်တောင် မစီးတတ်ဘူး“
မမမိုးက ရယ်နေဆဲ…။ ကျွန်တော့်မျက်နှာက ပုပ်နေပြီ။ စိတ်ဆိုးရတာ တော်တော်ပင်ပန်းပါတယ်၊ မမမိုးကို ကျွန်တော်က ချစ်ချင်သူပါ၊ စိတ်ဆိုးဖို့ မပြောနဲ့၊ စိတ်နဲ့တောင် ညစ်ချင်သူ မဟုတ်ပါ။ အခုတော့ ကျွန်တော့်မှာ ညစ်နေရပြီလေ။ မိန်းကလေးတယောက် မောင်းတဲ့ ဆိုင်ကယ်နောက် ကျွန်တော် ခပ်တည်တည် ရှက်ရှက်နဲ့ စီးရပါတော့မယ်။
“နောက်က ထိုင်လိုက်… ခါးတော့ အတင်းမဖက်နဲ့… ဟုတ်လား“
ပြောပုံက ကြည့်… အဲဒီလို၊ ဒီချာတိတ်ကို ငါ လုပ်ချင်ရာ လုပ်မယ် လုပ်နိုင်တယ်လို့ မမမိုးက ထင်နေပုံရပါတယ်။ ကျွန်တော့်ကို ခဏခဏလည်း စတတ် ပါတယ်။ ကျွန်တော်က စတာနောက်တာကို မကြိုက်၊ ကျွန်တော့်ကို တည်တည်တံ့တံ့ ဆက်ဆံတာကို ကြိုက်ပါတယ်။ မမမိုးနဲ့ဆို ကျွန်တော်က အဖိုးကြီးလိုလို ဖြစ်နေတတ်တယ်။
“တပေလောက် ခွာထိုင်လိုက်မယ် သိလား“
ပြောမယ့်သာ ပြောရတာ၊ ဆိုင်ကယ်လေးနဲ့ သွားရတာကလည်း အရသာတမျိုး ရှိပါတယ်လေ… လေအဟုန်ကို ခွင်းပြီး ပြေးနေတဲ့ ဆိုင်ကယ်ပေါ်မှာလည်း မမမိုးဆီက ရတဲ့ ရေမွှေးနံ့နဲ့ မလိုအပ်ပါဘဲ ဆိုင်ကယ်ကို တုန့်ကနဲတုန့်ကနဲ လုပ်လိုက်တာကြောင့် ကျွန်တော်က ခါးတင်မဟုတ်၊ လူချင်းတောင် ကပ်ကပ်မိ သွားသေးတော့ အားတောင် နာရပါတယ်။ ဒါ တမင်လုပ်တာတော့ မဟုတ်လောက်ပါဘူး။
“ဘာလို့ ဘရိတ် ခဏခဏ ဆွဲနေတာလဲ၊ လဲဦးမယ်ဗျ“
“မင်းကမှ ဖက်မထားတာ…“
ကျွန်တော်ထင်တဲ့အတိုင်းပါပဲ၊ မမမိုးက အဲဒီလို… တော်တော်ဆိုးတယ်။ အဲဒီနေ့က ကျွန်တော့် အစီအစဉ်ပျက်ပေမယ့်လို့ တော်တော် ပျော်ခဲ့ကြတယ်။ အဲဒီမမမိုးကို အခုတော့ ကျွန်တော် လွမ်းနေရတယ်။ ကျွန်တော်က ချစ်တတ်သူ ဆိုတော့ အချစ်လည်း ပြိုင်ရဲတယ်၊ အလွမ်းလည်း ပြိုင်ရဲတယ်။ မမမိုးကတော့ ဒီလို မဟုတ်ပါဘူး။ သူ့ကိုယ်သူ လှအောင်ပြင်ဖို့ရယ်၊ သူ့ အလုပ်တွေ အဆက်မပြတ် လုပ်နေဖို့ရယ် ဒါကိုပဲ စိတ်ဝင်စားသူဖြစ်တယ်။ ကျွန်တော် မကျေမနပ်ပါဘူး။
တခါကလည်း လရောင်အောက်မှာ ကျွန်တော် ရူးနေခဲ့ဖူးတယ်။ လရယ် ညရယ်ဟာ သိပ်လှတဲ့ အတွဲ မဟုတ်လား။ ကျွန်တော့်အခန်းက ကြည့်လိုက်ရင် လရယ်၊ ညရယ်၊ သစ်ပင်အရိပ်ကြီးတွေရယ်ဟာ ကျွန်တော့်ကို စောင့်နေသလိုပါပဲ။ သူတို့ရဲ့ ဘော်ဒါ ချာတိတ်လေးဟာ အခန်းထဲ တယောက်ထဲ ဘာလုပ်နေပါသလဲ၊ ပျင်းနေသလားလို့ သူတို့ တွေးနေပုံ ရပါတယ်။ ဒါနဲ့ ကျွန်တော်က သီချင်းလေး တပုဒ် ကောက်ညည်းရင်း ပြတင်းကို ဖွင့်ရတယ်။
လဟာ ငြင်ငြင်သာသာလေး လင်းလို့… လကလေး လင်းဖို့ ညဟာ မှောင်ထားပေးတယ်၊ မှောင်တာမှ တကယ့်ကို နက်နက်ကလေး…။သစ်ပင်ကြီးတွေကတော့ ဇာတ်ပို့ဇာတ်ရံတွေပေါ့ဗျာ၊ လေတိုးတိုင်း ယိမ်းပေးရတာကိုက သူတို့ပါရတဲ့ အကွက် ပျော်ပျော်ကြီး သရုပ်ဆောင်နေသလိုမျိုး။ ကျွန်တော်က တွေးရင်း ရယ်မိတယ်။ ဒါနဲ့များ သူတို့ ဘာလို့ ကျွန်တော့်ကို မျှော်သလဲပေါ့။
တကယ်က သူတို့က ကျွန်တော့်ကို ဒါရိုက်တာနေရာက ပါစေချင်တာလေ…။ ကဗျာဆန်တဲ့ ရုပ်ရှင်တကား ရိုက်ဖို့ပေါ့။ ဖိုးလပြည့် ရိုက်ကူးသည် ဆိုရင် ရုံပြည့်ရုံလျှံ ဖြစ်သွားမှာ မဟုတ်လား။ လက မင်းသား၊ ညက မင်းသမီး၊ သစ်ပင်ကြီးတွေနဲ့ အတွဲညီလိုက်လို့ ကျွန်တော် စေလိုရာကို သူတို့က သရုပ်ဆောင်မတဲ့… တကယ့်ဝါရင့်ကြီးတွေပုံစံ…။ တွေးနေကြပုံကိုက အသည်းယားစရာ…။
ရောင်စုံမီးလေးတွေ ထွန်းပြီး သီချင်းအေးအေးလေး နောက်ခံဖွင့်လို့ ရောင်းတတ်တဲ့ အအေးဆိုင်ကလေးမှာ မမမိုးနဲ့ ကျွန်တော် ညဥ့် သိပ်မနက်ခင် တညက ထိုင်ဖူးတယ်။ ကျွန်တော်က ထောပတ်သီးဖျော်ရည် အကြိုက်ဆုံး၊ ဒါပေမဲ့ အဲဒီနေ့က အဲဒီဆိုင်မှာ ထောပတ်သီး ဖျော်ရည် မရတာနဲ့ မမမိုးသောက်တဲ့ သရက်သီးဖျော်ရည် လိုက်သောက်လိုက်ရတယ်။ သီချင်းက ရဲသွင်ရဲ့ “ချစ်ပြီးမှတော့“တဲ့…။
“ချစ်ပြီးမှတော့… တို့ နောက်ဆုတ်ဖို့ မလိုတော့ဘူးကွယ်…
ချစ်ပြီးမှတော့… ရှေ့ဆက်ချစ်ဖို့ ပြင်ဆင်ရမယ်
မင်းရဲ့နှလုံးသား ခိုင်မြဲအောင် ကြိုးစားထား…“ တဲ့…။
ကျွန်တော်က ရဲသွင်ကို ကြိုက်တယ်။ မမမိုးကျတော့ သိပ်အော်တာပဲကွယ်တဲ့…။ တကယ်ကို ဘာမှ နားမလည်တဲ့သူ…။ သရက်သီး ဖျော်ရည်ဟာ ပိုချဉ်လာတယ်လို့ ကျွန်တော် ခံစားလိုက်ရတယ်။ မမမိုးဟာ အချစ်ဆိုတာကို တခြားအဓိပ္ပာယ်တခုလို့ ခံယူထားပုံ ရတယ်။
မမမိုးမှာ ချစ်စရာကောင်းတာဆိုလို့ သူ စိတ်ပါတဲ့အခါ ကျွန်တော့် နဖူးလေးကို ကြင်ကြင်နာနာ နမ်းတတ်တာ တခုပဲ ရှိပါတယ်။ ကျန်တဲ့ အချိန်တွေမှာတော့ တကယ်ကို ပေါ့ပျက်ပျက် နိုင်လွန်းပါတယ်။ ကျွန်တော်နဲ့ တွေ့တဲ့ အချိန်တွေမှာ မမမိုးဟာ ချစ်သူနဲ့ ရှိနေတာလို့ ထင်ပုံ မရဘဲ ခေတ္တခဏ အလုပ်ခွင်က ထလာပြီး ကော်ဖီသောက်သူလို၊ ဆေးလိပ်သောက်သူလို အနားယူတာမျိုးလားလို့ ကျွန်တော် တွေးမိတာလည်း အကြိမ်တရာ မကတော့ဘူး။
အခုတော့ မမမိုးလည်း ကျွန်တော့်ဘ၀မှာ မရှိတော့ပါဘူး၊ လနဲ့ ညဟာလည်း ကျွန်တော့်ကို အရင်လောက် မခင်ကြတော့ပါဘူး။ ကျွန်တော် ကိုယ်တိုင်တောင် ကဗျာမဆန်တော့တာ ဘယ်လောက် ကြာခဲ့ပြီလဲ။ ရဲသွင်လည်း အဖိုးကြီး ဖြစ်သွားပြီ ထင်ပါတယ်။ သီချင်းတွေတောင် ဆက်ဆိုတာ မကြားရတော့ဘူး။
မမမိုးကိုတော့ တခါတခါ သတိရနေဆဲပါပဲ။ ကျွန်တော့်ကိုတော့ မမမိုးက သတိရချင်မှ ရနေတော့မှာပါ။ အဲ… ခပ်တည်တည်ကြီးနဲ့ ရှင့်ကို သိပ် သတိရတာပဲလို့လည်း ပြောချင်ပြောနေဦးမှာပါ။ မမမိုးက နောက်တီးနောက်တောက်လည်း လုပ်တတ်ပြီး ကျွန်တော့်ကို စချင်တဲ့အခါမျိုးမှာ သူပြောချင်ရာကို ပြောတတ်တာကိုးဗျာ။ သူက နောက်ပေမယ့် ကျွန်တော်က မနောက်ဝံ့သူပါ။
မေးရရင်တော့ မေးလိုက်ချင်ပါတယ်လေ။
လ လောက် လွမ်း လို့ လား လို့…။
၂၀၁၂ မတ် ၁၅၊ မနက် ၃ နာရီ။
ဘန်ကောက်။