by Myo Tha Htet on Wednesday, 7 March 2012 at 18:45·
ရဲခေါင် ခုတလော ရင်တွေ ခုန်လွန်းနေတာ ကိုယ့်ကိုယ်ကိုယ်ပင် အံ့သြနေမိတယ်။ ဘ၀ကို ခြောက်ကပ်ကပ် အလျားလိုက် နေလာခဲ့ပြီးမှ ကန့်လန့်ဖြတ်ဖို့ ကြိုးစားနေမိတာ မှားများနေသလားလို့ စဉ်းစားမိပေမယ့် ချက်ချင်း ဟင့်အင်း လုပ်ပစ်လိုက်တယ်။ လပြည့်ဟာ သူ့ဘ၀ရဲ့ လမင်း… ထွန်းလင်းမှ လှမယ့် လမင်း….။ လင်းလိုက်စမ်းပါ စန္ဒာရယ်ပေါ့…။
မနက်ခင်းတိုင်း နေရောင်အောက်က စိမ်းစိုးနေတဲ့ ၀ါးရုံခင်းကို ကြည့်တိုင်း ၀ါးရုံပင်ဖျားမှာ Crouching Tiger Hidden Dragon ရုပ်ရှင်ကားထဲက တရုတ် မင်းသမီးလေး ကျန်ကျိယီ ဓားရေးပြ ကစားနေသလို လပြည့်လေးကို တွေ့တယ်။ မင်း ဖြည်းဖြည်းသွားနော်… ၀ါးရုံလေးတွေဟာ နွဲ့တယ် ပျော့တယ်ကွဲ့လို့ စိတ်ထဲပြောရင်း ရင်မောနေရမြဲ…။ အို… လူကို ရူးစေပါလားကွယ်။
သီချင်းတွေဟာ ငါ့နှုတ်ခမ်းဆီကို ဘာကြောင့် အလိုလို ရောက်လာနေသလဲ မသိ…။ မပွင့်တပွင့်နဲ့ ရုပ်မလှတဲ့ ငါဟာ လွန်လေတဲ့ မင်းသားဝင်းဦးလို ကိုယ်ကို ကြုံလှီရင်း ဆိုညီးနေမိတယ်။ ငါ အတ္တကြီးလား၊ ငါ မာနကြီးသလား၊ ငါ မစ္ဆရိယများသလား။ မင်းနဲ့တော့ ငါ့မှာ ဘာမှမရှိပါဘူးလို့ ရဲခေါင်တွေးတယ်။ မင်း ပါးပြင်လေးတွေ၊ သွယ်တန်းနေတဲ့ မျက်ခုံးလေးတွေ၊ ကော့ညွှတ်တဲ့ မျက်တောင်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ မျက်လုံး၊ နှုတ်ခမ်းဖူးဖူးလေးတွေ နမ်းမ၀ဘူး ဖြစ်ဖြစ်နေတာကိုက ရယ်စရာပါပဲ…။
လပြည့်ရယ်… နွမ်းရတဲ့ ညတွေကို လွန်ပါစေတော့ကွယ်၊ ဒီမှာ လွမ်းလှပေါ့…။ မြက်ခင်းစိမ်းတွေပေါ်မှာ နှင်းပုလဲတို့ တွဲခို၊ အရာရာဟာ မညီမမျှ ဖြစ်နေတာတော့ မဟုတ်ပါဘူး… တဦးက မေတ္တာ၊ တဦးက စေတနာ ဆိုသလိုပေါ့ကွာ…။ ညနက်ပြီးရင် မနက်ဆိုတာလည်း ရောက်လာဦးမှာပေါ့။ နက်တဲ့ညမှာ ပျော်အောင်နေကြဖို့ကပဲ လိုရင်း မဟုတ်လား။ အများကြီးတွေးရင် အားကြီးငေး သွားရမယ်လေ…။ ရောင်နီမလာခင် ၀အောင် ကကြစို့… ဒီ-ဂျေ ကောင်မလေးလည်း ဒီည လှတယ်… တွေ့တယ်မို့လား…။
ရဲခေါင်က စကားလုံး အစုံသုတ် ရောင်းချချင်သူ… ကမ္ဘာပေါ်မှာ ဒီအစုံသုတ် ရောင်းချသူ များများ မရှိသေးဘူးလို့ ထင်ထားသူပါ။ သံစဉ်တွေနဲ့ညမှာတော့ သူ့စကားလုံး အသုတ်ဟာ ရောင်းရဖို့ မမြင်…။ လူတွေမှာက အချိုကြိုက်သူ များတယ်မို့လား… ချွေးသံတရဲရဲ ကျစေမယ့် စကားလုံး အသုတ်ကို ဘယ်သူမှ မကြိုက်…။ ကြိုက်လို့စားသူတောင် စိတ်မနှံ့သူလို့ အထင်ခံရမှာ သေချာပါတယ်။
ရဲခေါင်ကတော့ မရဲဘဲ ကျွဲပြဲစီးချင်သူပါ၊ လောကကို တခါတခါ အကောင်းမြင်၊ တခါတခါ တယောက်ထဲ စိတ်ဓာတ်တွေကျ၊ တခါတခါတော့ ၀င်းပနေတဲ့ လပြည့်ကလေးနဲ့ နေရတာကိုပဲ လောကနိဗ္ဗာန်လို့ ထင်… သူကလေး နေမကောင်းချိန်၊ စိတ်ကောက်ချိန်မှာတော့ တလောကလုံးကို အမုန်းစိတ်နဲ့ မြင်…။ ကမ္ဘာဟာ လင်းရက်နဲ့ မှောင်နေသလိုလို…။ အားလုံးဟာ နေသားတကျ မရှိတော့… သူ့ကြည့်ရတာကိုက ရဲခေါင်ဟာ ရဲခေါင် မဟုတ်တော့သလို…။
ကိုဝတုတ်သာ မဝေဖန်ခဲ့ဘူးဆိုရင် ရဲခေါင်ဟာ သူ့စကားလုံးအလုပ်ကို အဟုတ်မှတ်နေဦးမယ်။ သူ့မှာ လုပ်စရာ ရှိတာဆိုလို့ စိတ်ကူးယဉ်တာရယ်၊ တဖြည်းဖြည်း ပူလာနေတဲ့ ဗိုက်ကို ကျမသွားအောင် ဘီယာလေး ပုံမှန်သောက်ပေး နေရတာရယ်၊ နိုင်ငံရေးသမားလိုလို စာပေသမားလိုလို တောင်ပြောမြောက်ပြော၊ တောင်ရေးမြောက်ရေး၊ တောင်ဆွေးနွေး မြောက်ဆွေးနွေး လုပ်ရတာရယ်… ကမ္ဘာထဲမှာပဲ ကမ္ဘာခြားနေတဲ့ လူသားတယောက်လို…။
လပြည့်က သူ့ကို ပြောတတ်တယ်၊ အလုပ်ကို သေချာလုပ်ဖို့… အနာဂတ်ဆိုတာကို လက်ရှိအခြေအနေတွေကနေ တဖြည်းဖြည်း တိုးမြှင့် တည်ဆောက်ဖို့… အချိန်တွေ မဖြုန်းဘဲ တခုခုကို ဖြစ်ဖြစ်မြောက်မြောက် ဖြစ်အောင် လုပ်ဖို့…။ အချိန်တွေ ကုန်နေသလောက် တဘူတာပြီး တဘူတာ ရောက်နေလို့… ခရီးပေါက်ဖို့ကို လပြည့်က သတိပေးတတ်တယ်၊ ဆုံးမတတ်တယ်။
ရဲခေါင်က ခပ်ဟဟရယ်တယ်၊ မိန်းမတယောက်ကများ သူ့ကို ဆုံးမရတယ် ရှိသေးတယ်လို့လည်း မခံချိမခံသာဖြစ်တတ်တယ်။ ဒါပေမဲ့ ဒီမိန်းမက တခြားသူမဟုတ်… သူ ချစ်ရတဲ့သူ၊ သူရဲ့လမင်း… ထွန်းလင်းကောင်းကင်… စကားလုံးကြယ်လင်းတွေ ခစားရတဲ့သူ…။ ကဗျာတွေတောင် သူ့လောက်ကဗျာမဆန်၊ နတ်သမီးတွေ ငေးရတဲ့သူ၊ ရဲခေါင်ကို ရူးစေသူလို့ အဆုံးသတ်လည်း မမှားတဲ့ စကား…။
ဒါပေမဲ့ ရဲခေါင်သိနေတယ်။ ယောက်ျားတယောက်ကို ခပ်ပေါ့ပေါ့ မြင်တတ်တဲ့ မိန်းမတယောက်ဟာ တသက်လုံး ဒီယောက်ျားကို ဒီလိုပဲ မြင်သွားလိမ့်မယ် ဆိုတာကို… သူကတော့ မိန်းမတယောက်ကို လေးလေးစားစားနဲ့ပဲ ချစ်ချင်တယ်၊ ရင်ခုန်သံတွေ တုန်တုန်နဲ့ အယောင်ယောင် အမှားမှားဖြစ်လို့… အခု လပြည့်ကို ချစ်နေရသလိုမျိုး လေးလေးစားစား ချစ်ချင်နေတယ်။ ချောင်ချောင်ချစ်လို့ ပြောရမလားတော့ မသိပါဘူး… လပြည့်ကြောင့် သူ့ဦးနှောက်တွေဟာ တဖြည်းဖြည်း အလုပ် မလုပ်တော့ဘူး ထင်ပါရဲ့…။
လပြည့်ဟာ အခုတလော သူ့ကို စကား သိပ်မပြောတော့ဘူးလို့ ရဲခေါင် ခံစားရတယ်။ ဒီညဟာ လပြည့်ည… သိပ်လှတဲ့ လပြည့်ညပေါ့။ ဘယ်လောက်လှလှ သူမှ မထွန်းလင်းရင် အလကားပါပဲလို့ ရဲခေါင်တွေးတယ်။ စိတ်ထဲမှာလည်း မချင့်မရဲ… မပိုင်ဝက်မွေး ဘ၀မို့ ဘ၀ဟာ ဆိုးလှတယ်လို့ ကိုယ့်ကိုယ်ကိုယ် မှန်ပြန်ကြည့်ပြီး ခေါင်းငိုက်စိုက်မိတာ အကြိမ်ကြိမ်… မျက်နှာတောင် အခုတလော မည်းမည်း လာတယ်။
လပြည့်ရယ်… ကလိုက်စမ်းပါ…။ ငါ့စကားလုံးတွေကို ပစ်ပေါက် ဟစ်ကြွေးလိုက်ပါရစေ… ဂီတသံစဉ်တွေကို စိတ်ကြိုက် သီကျူးခွင့်ပေးပါ။ ပြန်မရတော့မယ့် အချိန်တွေမို့ အများကြီး မစဉ်းစားစမ်းပါနဲ့… အများကြီး မတွေးစမ်းပါနဲ့…၊ ငါ့ကိုလည်း အများကြီး မတွန်းထိုးပါနဲ့…။ မကျေနပ်လို့ အသေသတ်ချင်လည်း သတ်ပါ၊ ဒါမှမဟုတ် အနေခက်လို့ ဒီကမ္ဘာမှာ ငါ့ကို ထားလို့ တခြားကမ္ဘာကို သွားလိုလည်း သွားပါ။ တခုတော့ တောင်းဆိုပါရစေ… ၀င်းပစမ်းကွယ်… လပြည့်ရယ်…။
၂၀၁၂၊ မတ် ၇။ တပေါင်းလပြည့်၊ ညသန်းခေါင်။
ဘန်ကောက်။