by Myo Tha Htet on Monday, 19 March 2012 at 20:54·

သူက နှင်းဆီတပွင့်လို လှတယ်၊ ရဲတယ် တင်းတယ် ကြွတယ်။ ကျွန်တော့်ကိုလည်း လွမ်းတတ်အောင် သင်ပေးတယ်။ အလွမ်းကို ချစ်တတ်သွားအောင် သူ လုပ်ခဲ့တယ်။ မိန်းကလေးတွေကို သေသေချာချာ မှတ်မိနေတာ ကျွန်တော့်ဘ၀မှာ များများစားစား မရှိပါဘူး။ အဲဒီထဲမှာမှ သူ တယောက်ပါတယ်ပေါ့။

နေဦးဗျ…၊ မမေ့ခင်လေး တခု ပြောလိုက်ဦးမယ်။ သူတို့ အကြောင်း တွေးလိုက်တိုင်း ကျွန်တော့်ကို ကျေနပ်စေသူ အမျိုးသမီးတွေထဲမှာ ဒီကနေ့ပဲ နောက်တယောက်ကို ထပ်တိုးလိုက်တယ်။ ဘယ်သူလို့ ထင်လို့လဲ…၊ ကျွန်တော်တို့ ရုံးက မန်နေဂျာမမပါ။ သူက အပျိုကြီး တယောက်ပါ၊ သူ့ကို အားရင် ဘာလုပ်သလဲလို့ တခါက မေးမိတော့ တရားထိုင်တယ်တဲ့…၊ သေရော…။ ခင်ဖို့တော့ ကောင်းပါတယ်။

ကျွန်တော်က မိန်းကလေးတွေနဲ့ သိပ်စိတ်မရှည်တတ်ဘူး။ တကယ်တော့ မိန်းကလေးမှ မဟုတ်ပါဘူး၊ ဘာကိုမှ သိပ်စိတ်ရှည်တာ မဟုတ်ပါဘူး။ တခါတလေ ကိုယ့်ဘာသာကိုယ်တောင် ကိုယ့်စိတ်နဲ့ကိုယ် ရန်ဖြစ်ချင် ဖြစ်နေတတ်သူမျိုးပါ။ ဒီတော့ ရုံးကိစ္စတွေ ဘာတွေ ဆိုလည်း စိတ်က သိပ်မရှည်တတ်ဘူး။ ကျွန်တော်က စိတ်မရှည်ရင် စကားလည်း မပြောတော့ဘူး၊ ဒီတော့ ရုံးက မမက ပြောတယ်၊ “မင်းကလဲကွာတဲ့… စိတ်ရှည်စမ်းပါ“တဲ့…။ ဒီနေ့တော့ သူက ကျွန်တော့်ကို ပြုံးပြီး ကြည့်နေတယ်။

ကျွန်တော်က အကောင်းမှတ်လို့…။ အပျိုကြီး ငါ့ကို လာကြည့်နေပါလားလို့ တွေးမိပြီး စိတ်ထဲမှာ ပျော်သလိုလို ဘာလိုလို ညာလိုလိုပေါ့။ စိတ်ကူးတွေ ဘာတွေတောင် အပြေးအလွှား ယဉ်လိုက်သေးတယ်။ ဟဲ ဟဲ… စိတ်သာ မရှည်တာပါ၊ စိတ်ကူးကတော့ အင်မတန် ယဉ်တတ်တဲ့ကောင်…။ နောက်မှ သိရတာက အပျိုကြီးက ပြုံးပြီး ကျွန်တော့်ကို ကြည့်နေတာက အကြောင်းက ရှိနေတာကိုးဗျ။ ကျွန်တော်က သူ ၀ယ်ထားတဲ့ သူ့ ကော်ဖီခွက်နဲ့ ဒီကနေ့ကျမှ ကော်ဖီဖျော်သောက်မိတာကိုး…။ ဟား ဟား ဟား… တကယ်ရယ်ရတယ်။ ဒါကြောင့် သူက ကျွန်တော့်ကို ပြောခဲ့ဖူးတာကိုး…။ မင်းကလဲကွာ… စိတ်ရှည်စမ်းပါတဲ့။

စိတ်ရှည်ဖို့ ပြောတဲ့အထဲမှာ ကိုလင်းလေးလည်း ပါတယ်ဗျ။ ကျွန်တော်တို့က တခါတခါ သောကြာညတွေမှာ လျှောက်လည်တတ်ကြတယ်။ လူငယ်လေးတွေပီပီဗျာ၊ တခါတလေလည်း ကလပ်လေး ဘာလေးသွား ဒန့်ကြတာပေါ့လေ။ အဲဒီမှာလည်း တခါတခါ အမိုက်စားလေးတွေ တွေ့ရတတ်တယ်။ ဒါပေမဲ့ ကျွန်တော့်မယ်… ဘယ်တော့မှ အလုပ်မဖြစ်ဘူး။ ဘာဖြစ်လို့လဲသိလား… စိတ်မရှည်လို့…။

ကိုလင်းလေးက ကျွန်တော့်ကို ဆုံးမတယ်။ “ခင်ဗျားကလဲဗျာ… နည်းနည်းတော့ စိတ်ရှည်မှပေါ့“ တဲ့။ “အခု ရေတွင်းတူး အခု ရေကြည်သောက်လို့တော့ ဘယ်ရမလဲ“ တဲ့။ သူ ပြောတာကလည်း ဟုတ်တုတ်တုတ်… သူကတော့ သိပ်စိတ်ရှည်တဲ့လူ…။ ကြာလာတော့ ကျွန်တော့်မှာ စိတ်မရှည်တဲ့ရောဂါ ရလာရောဆိုပါတော့ဗျာ။ စိတ်သာ မရှည်တာ ကျွန်တော်က အရယ်တော့ သန်သဗျ။

ကျန်သေးတယ်ဗျ၊ နောက်တယောက် ရှိသေးတယ်။ “မင်း… မိန်းမလိုချင်ရင် စိတ်ရှည်ရမယ်“ တဲ့။ ဦးသူရဆိုတဲ့ လူကြီးတယောက်က ပြောတာဗျ။ ကိုဇာဂနာကို ပြောတာ မဟုတ်ပါဘူး။ ကျွန်တော့် အသိတယောက်ပါ။ ကျွန်တော်တို့ တခါက အတူ လက်ဖက်ရည် သောက်ကြတုန်း ကျွန်တော်က ပြောလိုက်မိတာကိုးဗျ။ “ကျွန်တော်လည်း မိန်းမလေး ဘာလေး ယူရင် ကောင်းမလား မသိဘူးဗျာ“ လို့ ညည်းသလိုလို ဆွေးသလိုလို ပြောထွက်သွားတော့ သူက ခုနင်ကလို ကျွန်တော့်ကို ပြောတာပါ။

မိန်းမတွေက လူကို ယူတာ မဟုတ်ဘူးတဲ့၊ စိတ်ကို ယူတာတဲ့…။ အဲ အဲ… သူက အဲဒီလို ပြောသေးတာဗျ။ သူက စာလေးဘာလေးလည်း နည်းနည်းပါးပါး ရေးတယ်ဆိုတော့… နောက်ပြီး မိန်းမကလည်း နှစ်ယောက်လား (မိန်းမတယောက်နဲ့ ရည်းစားတယောက်လား မသိပါဘူး) ဆိုတော့ ကျွန်တော်က လေးလေးစားစားတော့ နားထောင်ခဲ့မိပါတယ်။ လိုက်တော့ မလိုက်နာဖြစ်သေးပါဘူး။ ဒီတော့… ဟုတ်တာပေါ့၊ အခုထိ လူပျိုပါပဲ။

အဲ… မသင်းကြည် ပြောတာလေးကိုလည်း မှတ်မိတုန်း ပြန်ပြောလိုက်ဦးမယ်နော်။ သူနဲ့က ပြောမနာ ဆိုမနာလည်း ဖြစ်၊ တရပ်ကွက်ထဲလည်း ဖြစ်တော့ ခင်နေတယ်လေ။ သူက ကိုယ့်ကို မောင်လေး အမှတ်နဲ့ ပြောပြတာပါ။ အိမ်ထောင်သည်လည်း ဖြစ်နေတော့ သူ့လင်တော်မောင် ကိုခင်အောင့်ဆီ သွားလည်တဲ့အခါ သူက တခါတခါ ခပ်တည်တည် ကျွန်တော်တို့ စကားဝိုင်းထဲ ၀င်ဝင်ပြီး လက်ချာရိုက်တတ်တယ်။ နောက်တော့ ကျွန်တော့်မှာ မသင်းကြည်ကို သံသယ ဖြစ်လာတာနဲ့ ကိုခင်အောင့်ဆီတောင် မသွားဖြစ်တော့ဘူး။ ဟုတ်တယ်လေ… သူ့ယောက်ျားကို သူ ပြောချင်တဲ့ စကားတွေကို ကျွန်တော်ကနေ တဆင့် (ကျွန်တော့်ကို ပြောသလိုလို သင်ပေးသလိုလိုနဲ့…) ပြောနေတယ်လို့ ခံစားရလာလို့ပါ။ ကျွန်တော် စိတ်မရှည်တော့ပြန်ဘူးလေ…။

သူက ဘာပြောတာလဲဆိုတော့ “မောင်မျိုးရေ… မိန်းကလေး တယောက်ကို ချစ်မယ် ခင်မယ်ဆို သူ့ကို ကိုယ်က လေးစားရဲ့လားဆိုတာ ကိုယ့်ကိုယ်ကိုယ် အရင်မေးပါ“ တဲ့။ “မလေးစားဘဲနဲ့များတော့ သွား မချစ်လေနဲ့တဲ့“ လေ။ ကျွန်တော့်မယ် “ခင်ဗျားကိုရော… ကိုခင်အောင်က လေးစားရဲ့လား“ လို့ မေးလိုက်ချင်တာ အာကို ယားနေတော့တာပါပဲဗျာ။ နောက်တော့ မမေးဖြစ်တော့ပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ကိုခင်အောင့် ဟန်ပန်ကလည်း မ.ယ.က လိုလို ဘာလိုလိုဆိုတော့လေ။

တခုပဲ ရှိတယ်။ ကျွန်တော့်အတွက် အားပါးတရ ရယ်လိုက်ရတယ်။ ဖြစ်ပုံက ဒီလို… မသင်းကြည်ကို ပြန်မမေးခဲ့ရ၊ မပြောခဲ့ရတော့ စိတ်ထဲ ကသိကအောင့်ဖြစ်နေပြီး နောက်ဆုံး မနေနိုင်တာနဲ့ လက်ဖက်ရည်ဆိုင်မှာ တခါ ကိုတုတ်ကြီးကို ပြန်ပြောပြမိတာကိုး…။ “မသင်းကြည်ကဗျာ၊ ကျွန်တော့်ကို အဲဒီလို သင်တယ်ဗျာ“ လို့ ကိုတုတ်ကြီးကို ပြောတော့ ကိုတုတ်ကြီး ပြန်ပြောတဲ့ စကားကြောင့် ကျွန်တော့်မှာ ရယ်လိုက်တာ ရေနွေးကို သီးရော…။ “အေးပေါ့ကွာ၊ သိပ်လေးစားရအောင်… အသက်ကြီးကြီးကို ယူပေါ့၊ ဒီတော့လည်း အိပ်ရာမ၀င်ခင်လေးမှာ ရှိခိုးကန်တော့ပြီး ၀င်လိုက်ပေါ့“ တဲ့။

အဲဒါတွေကတော့ စိတ်မရှည်ဘဲနဲ့ အရယ်သန်တဲ့ ကျွန်တော့်အကြောင်းတွေပေါ့။ ဒါပေမဲ့ ကျွန်တော်က မနှမ်းဆီကိုတော့ အခုတွေး အခုခင်နေဆဲပါပဲ။ တကယ်တော့ သူ့နာမည်က မနှင်းဆီပါ။ ကျွန်တော်နဲ့ ခင်လာတော့ တရက်မှာ ဘာကြောင့်မှန်း မသိ… ကျွန်တော်က သူ့ကို မနှမ်းဆီလို့ ခေါ်မိသွားတယ်။ ကျွန်တော့် အလုပ် သဘာဝကြောင့် စကားကို အမြဲဆိုသလို ပီပီသသ ကြိုးစားပြောတတ်တဲ့ ကျွန်တော်ဟာ မနှင်းဆီကို မနှမ်းဆီလို့ သွားခေါ်မိတယ်။ သူက စိတ်မဆိုးပါဘူး။ ကျွန်တော်က သူ့ကို နောက်တယ်လို့ ထင်နေတာပေါ့။

ဒါပေမဲ့ ကျွန်တော်က အမြဲတမ်း အဲဒီလိုပဲ ခေါ်ခဲ့တော့တယ်။ သူကလည်း တခါဖူးမှ “ဟေ့… ငါ့နာမည်က မနှင်းဆီကွ၊ မနှမ်းဆီ မဟုတ်ဘူး“ လို့ တခါမှ မပြောခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်က သူနဲ့ နှစ်ယောက်တည်း တွေ့မှပဲ မနှမ်းဆီလို့ ခေါ်တာပါ၊ လူကြားထဲမှာဆို တခါဖူးမှ အဲဒီလို မခေါ်ပါဘူး။ ကျွန်တော်တို့ ကွဲသွားတဲ့အထိလည်း လူကြားထဲမှာ ခေါ်တာရော၊ နှစ်ကိုယ်ကြား ခေါ်တာမှာပါ တခါဖူးမှ မမှားခဲ့ဖူးပါဘူး။ ကျွန်တော် တော်တာကို ပြောချင်တာ မဟုတ်ပါဘူး၊ နှုတ်ခမ်းလေးက သူ့နေရာ သူသိပြီး မှန်မှန်ကန်ကန် အလုပ် လုပ်သွားတာကို ပြောပြတာပါ။

မနှမ်းဆီကို အမြဲမှတ်မိနေတာက သနပ်ခါးရောင် ဂါဝန်လေးရယ်၊ ကျွန်တော် ပေးလိုက်တဲ့ နှင်းဆီပွင့်လေး တပွင့်ရယ်၊ သူပေးလိုက်တဲ့ အလွမ်းလေးရယ်၊ ကျွန်တော်တို့ ငြင်းခုန်ကြတဲ့ စကားလေးတွေရယ် ဖွဲ့သီထားတဲ့ မြက်ခင်းစိမ်းပေါ်က ညနေခင်းလေးတွေနဲ့ တဆက်တည်း တွဲလို့ပေါ့။ နှင်းဆီပွင့်လေးဟာ တကယ်တော့ ကျွန်တော့်လိုပဲ စိတ်ရှည်သူ တယောက် မဟုတ်ပါဘူး။ ကျွန်တော်နဲ့ကျမှ စိတ်ရှည်ခဲ့သူပါ၊ ဒါပေမဲ့ အကြာကြီး စိတ်မရှည်တတ်သူပီပီ အချိန်တခုမှာတော့ ကျွန်တော့်ကို အလွမ်းတွေ ဆုအဖြစ်ပေးလို့ ထားရစ်ခဲ့ပါတယ်။

“ဟေ့… ကိုယ်လှဖို့တောင် စိတ်မရှည်လို့ ဒေါက်မြင့် ဖိနပ်တောင် မစီးဘူးကွ… သိလား“ တဲ့။ ကျွန်တော်က ဘယ်နှယ့်သိမလဲ။ ဒေါက်မြင့်ဖိနပ်စီးရင် လှသလားလို့ ကျွန်တော်က ပြန်မေးမိသေးတယ်။ မနှမ်းဆီက မျက်စောင်းထိုးတာပေါ့။ နောက်မှ မသီတာကို မေးကြည့်ရတယ်။ သူ ဖြေတာလည်းကြည့်ဦး၊ ဒေါက်မြင့်ဖိနပ်စီးတော့ ခြေသလုံးနာတာပေါ့ကွာတဲ့။ ကျွန်တော်လည်း ဆက် မစုံစမ်းတော့ပါဘူး။

အခုတလောတော့ မနှမ်းဆီကို ကျွန်တော် သတိရနေတော့တယ်။ ပိုဆိုးသွားတာက ပြီးခဲ့တဲ့ သောကြာညက ဘယ်မှ မသွားဖြစ်ဘဲ အိမ်ကို အလုပ်ကနေ တန်းတန်းမတ်မတ် ပြန်လာခဲ့တဲ့ ည…။ သန်းခေါင်တောင် ကျော်နေပြီပေါ့…။ ကားလမ်းတွေ အပေါ်က ဖောက်ထားတဲ့ ရထားလမ်းပေါ် ပြေးနေတဲ့ နောက်ဆုံး ရထားထဲမှာ… သနပ်ခါးရောင် ဂါဝန်၊ နှင်းဆီပန်းနီနီလေး တပွင့်ကို ကိုင်လို့… လွမ်းလွမ်းဆွေးဆွေး မျက်နှာလေးနဲ့ ကျွန်တော် အမြဲ သတိရနေတတ်တဲ့… ရတိုင်းလည်း ကျွန်တော့်ကို ပြုံးမိစေတဲ့ သူ… မနှမ်းဆီ…။

ကျွန်တော်က သူ့ကို ကြည့်တယ်၊ ကျွန်တော့် မျက်လုံးတွေ စက်ကွင်းမိသွားတယ်။ သူက ကျွန်တော့်ကို ကြည့်တယ်၊ မျက်နှာလွှဲသွားတယ်။ တယောက်ကို တယောက်ကြည့်ပြီး မတွေ့ဘူး ဖြစ်နေကြတယ်။ ကျွန်တော် လွမ်းသွားတယ်… ဒီတခါလည်း ကျွန်တော် စိတ်မရှည်ခဲ့ပြန်ဘူး…။

ခြေသံ မကြားတဲ့ ခြေသံ… ဒါပေမဲ့ ခြေရာနဲ့…။

၂၀၁၂ မတ် ၂၀၊ မနက် ၂ နာရီ။

ဘန်ကောက်။