by Myo Tha Htet on Tuesday, 14 February 2012 at 10:39·
ချစ်သူများနေ့ဟာ ချစ်သူခင်သူတွေအတွက်တော့ အမှတ်ရစရာ ဖြစ်ပါတယ်။ ကျွန်တော့်အတွက် အမှတ်ရချက်ကတော့ တဘ၀စာပါပဲ။ ဒါတောင် တချက်တချက် မေ့ချင်ချင် ဖြစ်သွားတတ်ပါသေးတယ်။ သေသောသူ ကြာရင်မေ့ ဆိုတဲ့ စကားဟာ တကယ်များ သက်ဝင်ခဲ့ပြီလား။ ၁၉၉၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျွန်တော့်ရဲ့ ကျေးဇူးရှင် ဖခင်ကြီး ဆုံးပါးသွားခဲ့ပါတယ်။ လူပျိုပေါက်အရွယ် ကောလိပ်ပြီးလုလု ကျောင်းသားလေး ကျွန်တော် အသက် ၂၃ နှစ်၊ မျက်ရည်တွေ ခင်းကျင်းထားတဲ့ မမေ့နိုင်စရာ နေ့ကလေး တနေ့ပါပဲ။
အဖေ
ကလေးအရွယ်မှာ အဖေ့ကို ကျွန်တော် ချစ်ခဲ့တဲ့၊ အားကျခဲ့တဲ့ အကြောင်းအရာတွေ အတော်များများ ရှိခဲ့ပါတယ်။ မှတ်မိသလောက် ပြောရရင်တော့ ပထမဆုံး အဖေ့လက်ဖ၀ါးကြီးတွေကို ကျွန်တော် သဘောကျခဲ့တယ်။ ကျွန်တော့် အသက် ၅ နှစ်လောက် ရှိဦးမှာပေါ့။ ကျွန်တော့် လက်ဖ၀ါးလေးတွေက သေးသေးလေးတွေပေါ့၊ အဖေ့လက်ဖ၀ါးကြီးကို ကိုင်ကြည့်ပြီး အဖေ့လိုပဲ လက်ဖ၀ါး အကြီးကြီး ရှိချင်ခဲ့တယ်။ အဖေ့လက်ဖ၀ါးကြီးတွေကို ကိုင်ကြည့်လိုက်တဲ့ အခိုက်အတန့်မှာ ကျွန်တော့်ဆီမှာ အင်အားတွေ အများကြီး ရှိသွားသလိုပါပဲ။
အသက် ၇ နှစ်၊ ဒုတိယတန်းလောက်မှာတော့ အဖေ့ကို ကျွန်တော့် အားကျချက်က တောက်မယ့်မီးခဲ တရဲရဲ ဆိုသလိုပေါ့… အဖေ ဆေးပေါ့လိပ် သောက်တာကို အားကျခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သောက်ရပါမလဲလေ၊ အဗျင်းခံရမှာပေါ့။ ဒါနဲ့ပဲ အတုခိုးလို့ရတဲ့ဟာကို အတုခိုးခဲ့ ပါတယ်။
အဲဒါကတော့ မနက်မိုးလင်းတာနဲ့ အဖေက မျက်နှာသစ်ပြီး စောင့်နေချိန် သတင်းစာပို့သမား စက်ဘီး အနင်းမပျက် ပစ်ထည့်သွားတဲ့ သတင်းစာကို တနာရီလောက် ကြာအောင် မှင်နီ၊ မှင်ပြာနဲ့ တားရင်း ဖတ်တတ်တဲ့ အဖေ့အကျင့်ကို အတုခိုးခဲ့တာပါ။ ပထမတော့ စာလုံးပေါင်းဖတ်ပေါ့၊ နောက်ပိုင်းမှာတော့ သတင်းစာကို ခပ်သွက်သွက် ကျွန်တော် ဖတ်လာနိုင်ပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌကြီး ဦးနေ၀င်း၊ နိုင်ငံတော် သမ္မတကြီး ဦးစန်းယု စသဖြင့် နိုင်ငံတော်အဆင့် ခေါင်းဆောင်တွေ၊ ပြည်နယ်/တိုင်းအဆင့် ခေါင်းဆောင်တွေကို အဲဒီအချိန် ကထဲက ကျွန်တော်ရင်းနှီး ကျွမ်းဝင်နေခဲ့ပါပြီ။
အဖေက မအောင်မြင်တဲ့ နိုင်ငံရေးသမား၊ ရည်မှန်းချက်ပြင်းပြင်း မရှိတဲ့ သာမန်စာပေသမား ဖြစ်တာမို့ လေသာ များတယ်၊ အလုပ် မဖြစ်ဘူးလို့ ကျွန်တော် သုံးသပ်ခဲ့ပါတယ်။ အဖေ့ကိုလည်း ကျွန်တော် ဝေဖန်နိုင်စွမ်းရှိတဲ့ အသက်အရွယ်ကစလို့ ဝေဖန်ခဲ့ပါတယ်။ အဖေဆိုတော့ ပေါ်တင်ကြီးတော့ ပြောလို့ မရဘူးပေါ့လေ၊ ဟိုလိုလို ဒီလိုလို ပြောတာပေါ့။ သားပါးစပ် ဟလိုက်တာနဲ့ အူဘယ်နှခွေ ရှိတယ် ဆိုတာကို သိတဲ့အဖေက စကားပိတ် တခွန်းပြောလိုက်ရင် ကျွန်တော် အမြဲလိုလို ဇက်ပုသွားရပါတယ်။ “မင်းက အဖေလား၊ ငါက အဖေလား“ တဲ့။
အမေ့သားကျွန်တော်
တကယ်တော့ အမေနဲ့အဖေက ကျွန်တော် ၁၃ နှစ်သားမှာ ကွဲသွားကြတာပါ၊ သားကြီးဖြစ်တဲ့ ကျွန်တော်အပါဝင် သားသမီးသုံးယောက်က အမေနဲ့ အတူနေထိုင်ပြီး၊ အဖေကတော့ သူ့မိခင်ကြီးအိမ်မှာ အခန်းလေး တခုယူလို့ တယောက်ထဲ နေထိုင်ရတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ မပီပြင်တဲ့ နိုင်ငံရေးသမားနဲ့ အသည်းကွဲ စာပေသမားကြီးဟာ အရက်ကိုသာ ပဓာနအဖော်အဖြစ် မှီဝဲရင်း တကိုယ်တော်ဘ၀မှာ ၁၀ နှစ်ကြာ ရွက်လွှင့်ခဲ့ပြီး ဆုံးပါးခဲ့ပါတယ်။
အမေ့ရဲ့ အဖေ့ကို မုန်းတဲ့ အမုန်းတွေ၊ ခပ်ရဲရဲ ဝေဖန်သုံးသပ်ချက်တွေကို နေ့စဉ်ကနေ အမြဲလိုလို ကြားခဲ့ရတဲ့ သားကြီး ကျွန်တော်ကတော့ ယောက်ျားတယောက်ဟာ မအောင်မြင်ရင် ဂွမ်းပြီဆိုတဲ့ အသိတခုကိုတော့ ငယ်ငယ်လေးကထဲက ပိုင်ပိုင်နိုင်နိုင် ရရှိခဲ့ပါတယ်။ အဖေ့ကို အားမလို အားမရ ဖြစ်ခဲ့တဲ့ ကျွန်တော်ဟာ အမေ့ပုံစံ၊ အမေ့ဟန်တွေကိုပဲ အားကျခဲ့ပါတော့တယ်။ အဖေ့သားထက် အမေ့သား ကျွန်တော် ဖြစ်ခဲ့ပါတော့တယ်။
သားရယ် ဂုဏ်ယူစမ်းပါရစေကွာ
အဖေဟာ မအောင်မြင်သူမှန်း သူ့ကိုယ်သူလည်း သိပါတယ်။ သူဟာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာလည်း ဖတ်နိုင်၊ ရေးသားနိုင်ပါတယ်၊ အပြော အဟောလည်း ကောင်းပါတယ်၊ အရေးအသားကလည်း မညံ့တဲ့ထဲကပါ၊ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဘာကြောင့်လဲလို့ သားဖြစ်သူ ကျွန်တော့်အနေနဲ့ သုံးသပ်ကြည့်တော့ အဖေ့မှာ ပြင်းပြတဲ့ ရည်မှန်းချက် မရှိတာရယ်၊ တခုခု တဘက်ဘက်မှာ ပေါက်မြောက်အောင် ဆက်တိုက် အလုပ် မလုပ်ခဲ့တာရယ်ကို တွေ့မိပါတယ်။
အဲဒီလို အဖေက လူပျိုပေါက် ဖြစ်တော့မယ့် သားကြီးကို ဆုံးမဖို့ကျတော့ သူကိုယ်တိုင် မယုံမရဲ ဖြစ်နေခဲ့ပုံရပါတယ်။ အမေက အဖေနဲ့ တွေ့တာကို မကြိုက်ပေမယ့် သားဆိုတာမျိုးက အဖေကို အားကျတတ်တဲ့ အမျိုးဆိုတော့ ကျွန်တော်တို့ ညီအကိုဟာ အလှည့်ကျ ဆိုသလို အဖေနဲ့ ခိုးခိုးတွေ့တတ်ပါတယ်။ ညီငယ်ကတော့ အဖေ့လိုပဲ အပြောကောင်း၊ အဟောကောင်းဆိုတော့ သူတို့ ဘယ်လိုတွေ စကားပြောသလဲ ဆိုတာတော့ ကျွန်တော် မသိပါဘူး။ ကျွန်တော်နဲ့ ဆိုရင်တော့ အဖေက အင်မတန် လေးနက်နေပြီး၊ တခုခုကို ခံစားနေရတဲ့ အသွင်လည်း ဆောင်နေတတ်ပါတယ်။
ကျွန်တော်ကရော ဘာထူးဦးမှာလဲ၊ ကျွန်တော်ကလည်း အဖေနဲ့ တွေ့တဲ့အခါ ကြက်ကြီး လည်လိမ်ခံထားရသလို ခံစားနေရတာပေါ့…၊ စိတ်ထဲမှာ တွေးမိတာကတော့ ငါတို့ သားအဖ ကံနှယ်… ဆိုးလိုက်တာ၊ ဘာဖြစ်လို့များ ဒီလို အခြေအနေတွေ ဖြစ်လာတာလဲပေါ့။
နောက်ပြီးတော့ ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်တခုမှာ သားအဖ နှစ်ယောက် တွေ့ကြတာဆိုတော့ ရပ်ကွက်ထဲက လူတွေကလည်း ကျွန်တော်တို့ မိသားစု အကြောင်း သိနေကြတာပေါ့။ ဒီတော့ သူတို့ကလည်း ဂရုဏာသက်တဲ့ မျက်လုံးတွေနဲ့ ရှိကြတာပေါ့။ တကယ့်ကို အဆင့်မြင့် မြန်မာဗီဒီယိုဇာတ်ကားထဲက မျက်ရည်ချု ဇာတ်ကွက်တကွက်ပါပဲ။
အဖေကတော့ သူ့ရှိစုမဲ့စုလေးနဲ့ သား လက်ဖက်ရည်သောက်၊ အီကြာကွေးစား၊ မုန့်တွေ စားဖို့ ပြောတာပေါ့။ ကျွန်တော့်မှာတော့ အမေ မသိအောင် အချိန်လေး ခိုးပြုပြီး လာရတာ၊ အဖေ ပြောစရာရှိ ပြော၊ ကျွန်တော့်ကို ဆုံးမစရာ ရှိလည်း နားထောင်မယ်ပေါ့။ လူငယ်ဆိုတော့ စိတ်မကောင်းတာကတပိုင်း၊ စားစရာရှိတာလည်း ကြိတ်လိုက်တာပေါ့လေ။ ပြီးတော့ ငူတူတူနဲ့ ပါးစပ်လေး ဟပြီး အဖေ့ကို ကြည့်နေတာပေါ့။
အဖေက ပြောတယ်၊ ဆုံးမတယ် ဆိုတာတွေကလည်း အရင်တခေါက်တွေ အတိုင်းပါပဲ။ လိမ်လိမ်မာမာနေဖို့၊ အမေ စိတ်ဆိုးအောင် ဂျစ်ကန်ကန်တွေ မလုပ်ဖို့၊ ညီနဲ့ ညီမငယ်လေးကို အကိုကြီးပီပီ ကြည့်ရှုစောင့်ရှောက်ဖို့နဲ့ နောက်ဆုံးတခုကိုတော့ သူ လေသံတိုးတိုး အားလျော့လျော့နဲ့ ပြောတာပါ။ အဲ… တခုခု အကူအညီလိုရင် သူ့ကို ပြောဖို့ပေါ့၊ အဖေ မတတ်နိုင်ဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒီတော့ ဘယ်ပြောပါ့မလဲဗျာ… ဒါပေမဲ့ အဖေဆိုတော့လည်း သူ့အနေနဲ့ ပြောစရာရှိတာတွေတော့ ပြောတာပေါ့။
ပြောနေရင်းတန်းလန်းနဲ့ “သားကြီးကလဲကွာ… အဲဒီလို ပါးစပ်ကြီးဟပြီး မနေစမ်းနဲ့ကွာ… အဖေ မကြိုက်ဘူး“ တဲ့။ ပြီးတော့ အဖေဟာ တဖက်ကို လှည့်ပြီး ၀မ်းနည်းလာတဲ့ စိတ်ကို ထိန်းလိုက်ပုံ ရပါတယ်။ ပြီးတော့ ဆက်ပြောတယ် “နှုတ်ခမ်းကို တင်းတင်းစေ့ထားစမ်းကွာ၊ ယောက်ျားဆိုတာ ဘာမဆို လုပ်နိုင်ရတယ်ကွ၊ နောက်တခါ အဖေနဲ့ တွေ့တဲ့အခါ ပါးစပ်ကြီးဟပြီး ငေးနေတာမျိုး မတွေ့ချင်ဘူး“ တဲ့။ ကျွန်တော် တော်တော် အံ့သြသွားပါတယ်။
အဖေဟာ သူ့ ရင်ထဲမှာ သည်းလှိုက်အူလှိုက် ၀မ်းပန်းတနည်း ခံစားနေရပြီး ကျွန်တော့်ကို ပြောတာကျတော့ ဗိုလ်ချုပ်တယောက်က သူ့တပ်သားသစ်တယောက်ကို အမိန့်ပေးသလို ခိုင်းနေတာမျိုးပါ။ သူ့ သားကြီးကို ငေးငေးငိုင်ငိုင် ယောင်တောင်တောင် အားပျော့ပျော့ ချာတိတ်တယောက် ဖြစ်သွားမှာကိုတော့ သူလုံးဝကို မလိုလားပါဘူး။ ဒါကို ကျွန်တော် အဖေ့ဆီမှာ တွေ့လိုက်ရလို့ ၀မ်းသာပါတယ်။ အဖေ့ကိုလည်း တအားချစ်သွားပါတယ်။
အဲဒီကထဲကနေ ၁၄/၅ နှစ်သားလေးဟာ ကျွန်တော်ဟာ လိုအပ်လည်း တည်၊ မလိုအပ်လည်း တည်ပြီး နေခဲ့မိပါတော့တယ်။ အဖေ ငါ့ကို မြင်တိုင်း ဂုဏ်ယူ အားကိုးလောက်တဲ့ ယောက်ျားမျိုးပုံစံ ပေါက်နေစေရမယ်လို့လည်း ကိုယ့်ဘာသာ ဆုံးဖြတ်ခဲ့ပါတော့တယ်။
အဖေဟာ မဆုံးခင် တနှစ်၊ နှစ်နှစ်အတွင်းမှာတော့ အတော်ကြီးကို ကျသွားခဲ့ပါပြီ။ အသက် ၅၇၊ ၅၈ တွင်းလည်း ရောက်လာချိန်မှာပေါ့။ အဖေနဲ့အမေဟာ အရပ် ၅ ပေစီပဲ ရှိပါတယ်။ ကျွန်တော်တို့ မောင်နှမတွေက မျိုးဆက်တဆက် ခုန်ကျော်တဲ့ ဗီဇကို ရလို့ ထင်ပါတယ်။ သားသမီးတွေကျတော့ နှစ်ဘက် အဖိုးအဖွားတွေအတိုင်း အရပ်မြင့်ကြပါတယ်။ ကျွန်တော်ဆို ၅ ပေနဲ့ ၁၀ လက်မ မြင့်ပါတယ်။
ကျွန်တော့်အရပ်ကို ကြွားတာ မဟုတ်ပါဘူး။ ပြောပြချင်တာက ခုနလို တော်တော်ကျသွားတဲ့ အဖေဟာ သူ့ဆီ သွားလည်တဲ့အခါကျရင် သူ့သားကြီး ကောလိပ်ကျောင်းသားကို ဖြတ်သန်းသွားလာနေကြတဲ့ ရပ်ကွက်ထဲက သူ့မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ အမျိုးတွေကို ကြွားတတ်ပါတယ်။ ဒီကောင်က ကောလိပ်တက်နေတာ… ကျွန်တော့် သားကြီးပေါ့၊ စာသိပ်တော်တဲ့ကောင်ဆိုပြီး ကြွားတော့တာပါပဲ။
အမှန်က ကျွန်တော် ဒီလောက် မတော်ဘူးဆိုတာ ကျွန်တော်သာ အသိဆုံးပါ။ နောက်ပြီး အသက် ၅၀ ကျော် အဖိုးကြီးပေါက်စက အဲဒီလို စကားတွေ ပြောနေတာမှာ သူ့ဟာသူ ဘယ်လိုမှ မနေတဲ့အပြင် ပျော်နေတာကို တွေ့ရပါတယ်။ အသက် ၂၀ ၀န်းကျင် လူပျိုပေါက် ကျွန်တော်ကတော့ ရှက်နေပါတယ်။ အဖေ့ကို ကြောက်လို့သာ ဘာမှ မပြောတာပါ၊ ပြောခွင့်သာရင်တော့ အဖေရယ်၊ လျှောက်မပြောပါနဲ့ဗျာလို့ ပြောလိုက်ချင်တာပါ။
ဒါပေမဲ့ သုံးခေါက်လောက် အဖေ အဲဒီလို လုပ်ပြီးချိန်မှာ ကျွန်တော် စိတ်ပြောင်းသွားပါတယ်၊ ရှက်တဲ့ စိတ်လည်း မရှိတော့ပါဘူး။ နဂိုကလို ရယ်ကျဲကျဲ၊ မချိတိတိလည်း မလုပ်တဲ့အပြင် အဲဒီလူတွေကိုတောင် ကျွန်တော် နှုတ်ဆက်စကား ပြောလိုက်ပါသေးတယ်။ အဖေ့ကိုလည်း ခပ်တင်းတင်း ဖက်လိုက်မိပါတယ်။ အဖေ့ဦးခေါင်းဟာ ကျွန်တော့်ရင်ဘတ်ထဲမှာ ဖြစ်နေခဲ့ပါပြီ…။
အဖေက တကြိမ်မှာ ကျွန်တော့်ကို မေးခဲ့ဖူးပါတယ်။ မင်းက အဖေလား၊ ငါက အဖေလားတဲ့။ အခုတော့ အဖေ့ဟာ ကလေးလေး တယောက်လောက်ပဲ ရှိပါလားလို့ ကျွန်တော် တွေးခဲ့မိပါတယ်။ အဖေကတော့ နှုတ်ခမ်းတင်းတင့်စေ့ထားတဲ့အပြင် ထွားထွားကြိုင်းကြိုင်းကြီး ဖြစ်နေတဲ့ သူ့သားကြီးအတွက် အင်မတန်မှကို ဂုဏ်ယူနေခဲ့ပါတယ်။
ချစ်သူများနေ့ အဖေထွက်ခွာ
ကျွန်တော်ဟာ တနေ့သော ရက်တခုကို စိတ်တထင့်ထင့်နဲ့ စောင့်နေခဲ့ဖူးပါတယ်။ အဲဒါကတော့ တယောက်တည်း အထီးကျန်နေထိုင် နေရတဲ့ အဖေတယောက် ဆုံးပါးမယ့် အချိန်ပါ။ ကျွန်တော်တို့ မြန်မာရုပ်ရှင်တွေမှာ ကြည့်ဖူးသလို (စကားမစပ် ငယ်ငယ်က ကျွန်တော် မြန်မာရုပ်ရှင်ကားတွေ အကြည့်များခဲ့ပါတယ်) တယောက်ယောက်က “မင်း… အဖေ ဆုံးပြီ“ လို့ သတင်းစကား ပါးလာမယ့်နေ့ပါ။ အဖေနဲ့ ကျွန်တော်တို့ တနေရာစီ နေကြရတော့ အဖေဆုံးပြီဆိုရင် တယောက်ယောက်က အဲဒီလို ပြောလာမှာပဲဆိုပြီး စိတ်ပူပင်စွာနဲ့ စောင့်နေခဲ့တာပါ။
တကယ်ပဲ အဲဒီနေ့ဟာ ရောက်လာခဲ့ပါတယ်။ တညမှာ (၉ နာရီသာသာလောက်မှာ) အဖေ့မိတ်ဆွေ လူငယ်တယောက်က လမ်းထဲမှာ ကျွန်တော့် နာမည်ကို အကျယ်ကြီး အော်ခေါ်နေပါတယ်။ ပထမတော့ အိပ်မက် မက်နေတယ်လို့တောင် ထင်တာပါ။ နောက်မှ အမေက ဟဲ… နင့်နာမည် အော်နေတာပဲ၊ ထွက်ကြည့်စမ်းဆိုတော့မှ ကြောင်တောင်တောင် ဖြစ်နေရာကနေ ထွက်ပြီး မေးစမ်းကြည့်တော့ အဲဒီ အကိုက “မင်း အဖေ… အခြေအနေ မကောင်းတော့ဘူး၊ အမြန်လိုက်ခဲ့… ဆေးရုံတော့ ပို့သင့်တယ်“ လို့ ပြောပါတယ်။
ကျွန်တော်ကလည်း အသက် ၂၀ ကျော် အရွယ်သာဆိုတော့ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိဘူးပေါ့ဗျာ၊ နောက်ပြီး အဖေဟာ သူ့အမေအိမ်မှာ နေတာပဲ၊ ဘာဖြစ်လို့ အဲဒီအိမ်က လူတွေက မကြည့်တာလဲ၊ ဆေးရုံတွေ ဘာတွေ ဘာလို့ မပို့တာလဲလို့ တွေးမိပါတယ်။ အမှန်တော့ အဖေ့ မိခင်ကြီး၊ အဖေ့ အမ အပျိုကြီးတွေက ဆုံးပါးသွားပါပြီ။ ညီတွေ၊ ညီမတွေကလည်း စောစောပိုင်းက ကြည့်ကြပေမယ့် ကြာလာတော့ သူတို့လည်း မကြည့်ရှု၊ မစောင့်ရှောက်တော့ပါဘူး။
ဒီတော့ အဖေက သူ့တကိုယ်စာ စားလောက်အောင် သူ့သူငယ်ချင်း မုန့်ဖိုကနေ မုန့်ဟင်းခါးနဲ့ ခေါက်ဆွဲဖတ်တွေ ယူပြီး သူ့အခန်းလေး ရှေ့မှာ ရောင်းရပါတယ်။ သူ့အတွက်တော့ စားလောက်တာပေါ့လေ။ အခုလို သေရေး၊ ရှင်ရေးဖြစ်တော့ အဖေ့ ညီတွေ၊ ညီမတွေကလည်း သူတို့ ပိုက်ဆံကုန်မှာစိုးလို့ ထင်ပါတယ်၊ ဘာမှ မလုပ်ပေးကြပါဘူး။ သူတို့တွေကလည်း သားသမီးတွေ များပြီး သိပ်လည်း ပြေလည်ကြသူတွေ မဟုတ်တော့ ကျွန်တော်လည်း ဘယ်သူ့အပြစ်တင်ရမှန်း မသိတော့ပါဘူး။
နောက်တော့ အမေက ပိုက်ဆံတွေ ထုတ်ပေးပြီး “ကဲ… မင်းက သားကြီးပဲ၊ လိုက်သွား… မင်း အဖေကို ဆေးရုံပို့ပေါ့“ တဲ့။ ကျွန်တော်လည်း အမေ့ကို ကျေးဇူးတင်တဲ့ အကြည့်နဲ့ ကြည့်ပြီး ပိုက်ဆံကို လွယ်အိတ်တလုံးနဲ့ ထည့်လို့ လာခေါ်တဲ့ အကိုနဲ့အတူ အဖေ့အခန်း ပြန်ပြေးလာပြီး အဖေ့ကို ဆေးရုံတင်ရပါတော့တယ်။
အရက်တွေ သောက်တာများပြီး၊ ဦးနှောက်သွေးကြော ပြတ်သွားပုံရတဲ့ အဖေဟာ ဆေးရုံသွားနေတဲ့ အငှားကားပေါ်မှာပဲ သတိ မရှိတော့ပါဘူး။ “အဖေရေ… အဖေရေ… အားတင်းထားပါဦးဗျာ၊ အဖေအားကိုးတဲ့ သားကြီး အဖေ့ဘေးမှာ ရှိနေပြီလေ“လို့ အသံထွက်တဲ့အထိ ပြောပေမယ့်လည်း အဖေကြားမကြား ကျွန်တော် မသိတော့ပါဘူး။ အဖေဟာ မျက်စိလည်း မဖွင့်တော့ပါဘူး၊ အသိလည်း မရှိတော့ပါဘူး။
အဖေ့ကို ရန်ကုန်ဆေးရုံကြီး အရေးပေါ်တင်၊ နောက်တော့ ဦးနှောက်နဲ့ အာရုံကြောရောက်… အဖေ့ဟာ သတိပြန်မလည်လာတော့ဘဲနဲ့ သုံးရက်မြောက်နေ့မှာ ထင်ပါတယ်၊ ဆုံးပါးသွားပါတော့တယ်။ အဲဒီနေ့ဟာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ပါ။ ကျွန်တော့်ဘ၀ထဲက စိတ်အထိခိုက်ရဆုံး နေ့တနေ့ပါပဲ။
မနေ့ညကတော့ အမေနဲ့ အွန်လိုင်းမှာ တွေ့လို့ စကားပြောကြပါတယ်။ သာကြောင်းမာကြောင်းပြောဆိုပြီး အမေက အွန်လိုင်းကနေ ဆင်းသွားပါတယ်၊ ခဏနေတော့ အမေ ပြန်တက်လာပြန်ပါတယ်။ ဘာများ အရေးတကြီး ပြောစရာ ကျန်နေပါလိမ့်လို့ ကျွန်တော် စိတ်ထင့်သွားပါတယ်။ ဒါပေမဲ့ အမေ ပြောတာက ကျွန်တော် မေ့နေတဲ့ အဖေ့ အကြောင်းပါ။
“သားကြီး… မနက်ဖြန် မင်းအဖေ နှစ်ပတ်လည်ပဲ၊ အဖေ့ကို သတိတရ ရှိခိုးပြီး၊ မင်း ပြုခဲ့သမျှ ကုသိုလ်တွေကို အဖေ အမျှယူပါလို့ အမျှဝေပါ“ တဲ့။ အမေက ဒါပဲ ပြောပြီး အွန်လိုင်းကနေ ပြန်ဆင်းသွားပါတယ်။
အင်း… ကျွန်တော်လည်း တော်တော်ဆိုးတဲ့ သားပဲ၊ အဖေ့ကို မေ့သွားတယ်။ သေသောသူ ကြာရင် မေ့တဲ့၊ တကယ်တော့ မကြာသေးပါဘူး… လွန်ခဲ့တဲ့ ၁၃ နှစ်ကပါပဲ။ ကျွန်တော် အဖေ့အကြောင်း ပြန်စဉ်းစားလိုက်တိုင်း အဖေနဲ့ပတ်သက်တဲ့ အကြောင်းအရာတိုင်းဟာ လတ်လတ်ဆတ်ဆတ်ကြီးကို ခံစားနေရပါသေးတယ်။ အဖေရေ… သားကြီး တောင်းပန်ပါတယ်၊ ရိုရိုကျိုးကျိုးလည်း အဖေ့ကို ရှိခိုးပါတယ်၊ ကျွန်တော်ပြုခဲ့သမျှ ကောင်းမှုကုသိုလ်တွေအတွက်လည်း အမျှယူပါခင်ဗျာ။
၂၀၁၂ ဖေဖော်ဝါရီလ ၁၄ ရက်၊ ချစ်သူများနေ့။
မွန်းလွဲ တချက်တီး၊ အင်္ဂါနေ့၊ ဘန်ကောက်။