by Myo Tha Htet on Tuesday, 20 March 2012 at 21:42·
ကျွန်တော်က ကျွန်းပိုင်ရှင်တယောက်ပါ။ ကာရစ်ဘီယံ ကျွန်းစုထဲက ကျွန်းတွေကို ပိုင်တာလား ဆိုရင်တော့ ကျွန်တော် ခပ်တည်တည် ငြင်းရပါလိမ့်မယ်။ ဒါဖြင့်ရင် အင်ဒိုနီးရှား ဘာလီကျွန်းစုထဲကလား ဆိုရင်လည်း ကျွန်တော် ဟင့်အင်း လုပ်မှာပါပဲ။ ဒါဖြင့်ရင် ဘယ်နေရာက ကျွန်းလဲလို့ မေးလာရင်တော့ ကျွန်တော် အေးအေးဆေးဆေး ဖြေပါ့မယ်။ ကျွန်တော့် လက်ဖ၀ါးပေါ်က လက္ခဏာရေးကြောင်းပေါ်က… ပွင့်ပွင့်လင်းလင်း ပြောရရင် နှလုံးလမ်းကြောင်းပေါ်က ကျွန်းတွေပေါ့လေ…။
အဆိုတော် စိုင်းထီးဆိုင်က အဲဒီသီချင်း ဆိုတယ်မို့လား… လက္ခဏာဆရာက ပြောတယ်မေရယ်… နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်… မိန်းမနဲ့ ပတ်သက်လာရင် အမြဲတမ်းပဲ ကံဆိုးနေမယ်… အခန့်မသင့်ရင် အချစ်အရေးအတွက် ကိုယ့်အသက်တောင် ရန်ရှာလိမ့်မယ်… မျက်ကန်း အချစ်သမားရယ်တဲ့…။
အရင်ကတော့ ကျွန်တော့်လက်ဖ၀ါးလေးတွေက သေးသေးလေးတွေပေါ့၊ အခုတော့ သမုဒ္ဒရာ ၀မ်းတထွာဆိုတဲ့ အရေးတွေကြောင့် လက်ဖ၀ါးလေးကလည်း လက်ဖ၀ါးကြီးဖြစ်လို့… နုထွေးတဲ့ လက်ဖ၀ါးလေးကလည်း ကြမ်းထော်လို့ ရင့်ရော်ခဲ့ပြီပေါ့လေ…။ ထူးခြားတာကတော့ အရေးအကြောင်းတွေပေါ်က ကျွန်းတွေကတော့ ပျောက်မသွားပါဘူး။ ကြီးတောင်လာခဲ့မှကော…။
ကျွန်တော်က ဗေဒင်လေး၊ လက္ခဏာလေးကလည်း နည်းနည်းပါးပါး မေးတတ်မြန်းတတ်တော့ မေးကြည့်ပါတယ်။ “ဟ… ဆရာသမားက ရုပ်ရည်ကလေးကတော့ သနားကမားနဲ့ နှလုံးလမ်းကြောင်းက ဖျက်နေတယ်တဲ့။ ဒါကြောင့် အသည်းကွဲရင်ကွဲ… မကွဲရင် သေမှာပဲ“ တဲ့…။ ကျွန်တော့်မှာ ကြောက်တာပေါ့လေ…။ ဒါဖြင့်ရင် ယကြာလေး ဘာလေး ချေလို့ မရဘူးလားလို့ ဆက်မေးရတော့တာပေါ့ဗျာ။
ရသမှ သိပ်သိပ်ရဆိုပြီး ဗေဒင်ဆရာတွေ၊ လက္ခဏာဆရာတွေ မျက်နှာတွေ ၀င်းလက်သွားတာများ နေ့ခင်ကြီး လမင်းတွေ ထွက်ပြူလာသလိုပါပဲဗျာ။ ဒီလိုနဲ့ ကျွန်တော် ယကြာဖိုးတွေ တော်တော်ကုန်ခဲ့ပေါ့။ ယကြာတွေပဲ စွမ်းလို့လား… ဗေဒင်နဲ့ လက္ခဏာဆရာတွေကပဲ သူတော်ကောင်းကြီးမို့ စောင့်ရှောက်လိုက်လေသလားတော့ မသိပါဘူးဗျာ…၊ အခုထက်ထိတော့ မာမာချာချာ ရှိနေတုန်းပါပဲ။
ဒီလိုနဲ့ ကြာလာတော့ ကျွန်တော် ယကြာ ဆက်မချေဖြစ်တော့ပါဘူး။ အသည်းကွဲမယ့်တူတူ သေသော်မှတည့် သြော်ကောင်း၏လို့ ပိုင်းဖြတ်ပြီး သကာလ ကျွန်တော် အေးအေးပဲ နေပါတော့တယ်။ တခုတော့ ကျွန်တော် လုပ်ပါတယ်။ ကျွန်တော့် လက်ဖ၀ါးပြင်ပေါ်က ကျွန်းတွေကို ပိုင်းခြားလေ့လာပြီး သူတို့ရဲ့ သက်တမ်းကို စိတ်မှန်းနဲ့ ကျွန်တော် တွက်ချက်ကြည့်တော့တာပါပဲ။ ကျွန်တော် ငယ်ငယ်က သင်္ချာတော်တယ်လေ… ဒါဆို တွက်နိုင်ရမှာပေါ့လို့ ကိုယ့်ကိုယ်ကိုယ် အားတင်းလို့ တွက်ကြည့်ပါတယ်။
ကျွန်တော့်နှလုံးလမ်းကြောင်းက လက်သန်း အခြေအောက် တလက်မ မရှိတရှိကနေ လက်ခလည်အောက် တည့်တည့် တလက်မ မရှိတရှိ အထိ ရှိနေတာမို့ နှလုံးလမ်းကြောင်းက အသက် ၅၅ နှစ်လောက်အထိ အလုပ်ဖြစ်မယ့် သဘောတော့ ရှိနေပါတယ်။ ဒါက ယေဘူယျ ကောက်ချက်ချကြည့်တဲ့ သဘောပါပဲ။ ဒီတော့ ကျွန်းတွေကို စီတန်းလို့ တွက်လိုက်မယ် ဆိုရင်တော့ ၁၀ ကျွန်း မက ရှိနေတယ်၊ ဒီတော့ တကျွန်းကို သုံးနှစ်နဲ့ တွက်မယ်ဆိုရင် ၃၆ နှစ်အထိကတော့ ကျွန်းခံတုန်းပါပဲ။ ဒါဆိုရင် သင်္ချာဗေဒအရ စီးကြည့်ရင်တော့ ၃၆ အလွန်မှာ ၃၇ ရှိတယ်။ ဒီတော့ ၃၇ က စပြီး ကျွန်းပျောက်ပြီလို့ ကျွန်တော် လက်ခမောင်း ခတ်လိုက်တယ်။
ဒါက ကျွန်တော့်ဘာသာ တွက်ထားတာပါ။ မှန်ချင်လည်း မှန်တယ်၊ မမှန်ချင်လည်း မှားမှာပေါ့။ မှားလည်းမှားပေါ့လေ… ဘာအရေးလဲ။ ကျွန်တော်က ပိုက်ဆံယူပြီး ဟောစားတဲ့ ဗေဒင်ဆရာလည်း မဟုတ်ဘူးလေ… ပြဿနာက ဟောစားပြီး မမှန်တဲ့ ဗေဒင်ဆရာတွေလည်း ရှိသေးတာပါပဲ။
ကျွန်တော် ငယ်ငယ်က အမေက သားကြီးမို့ ပညာရေး ကောင်းစေချင်တယ်။ ကန်တော်လေးက ဗေဒင်ရော လက္ခဏာပါ ရတဲ့ နာမည်ကျော် ဗေဒင်ဆရာကြီး တယောက်ဆီမှာ သွားမေးတယ်။ အဲဒီတုန်းက အခုလောက် ဗေဒင်တို့ ဘာတို့ ကျွန်တော် မယုံသေးဘူး။ ကိုယ် လုပ်မှ ကိုယ်ဖြစ်တာဆိုပြီး ခပ်မာမာ သဘောထား ရှိတဲ့ အချိန်ပေါ့။
အဲဒီဆရာက ကျွန်တော့် မွေးနေ့ တောင်းပြီး တွက်လိုက်တယ်၊ လက္ခဏာလည်း တချက် ဖမ်းကြည့်လိုက်သေးတယ်။ ပြီးတော့ ခပ်တည်တည် ဟောချလိုက်တယ်။ မင်း ပညာရေး ဆုံးခန်း မတိုင်ဘူးတဲ့။ အမေ့မှာ မျက်ရည်လေး ဘာလေး ၀ဲပေါ့ဗျာ၊ ကျွန်တော်က ရယ်နေတယ်။ ကျွန်တော့်လောက် စာတော်တဲ့ ကောင်ကိုမှ ဒီဆရာ တလွဲဟောတယ်လို့…။
ဒါပေမဲ့ ဟုတ်တုတ်တုတ်တော့ ပြောရမလား မသိပါဘူးဗျာ၊ ၁၀ တန်းအောင်ပြီး ၁၀ နှစ်ကြာမှ ဘွဲ့တခု ရခဲ့ပါတယ်။ အမေ့ ယကြာတွေများ ကောင်းသွားလို့လားလည်း မဆိုနိုင်ပါဘူး။ အဲဒီ ဆရာကပဲ ဆက်ဟော သေးသဗျာ… “ဟ… မင်းက နိုင်ငံခြား သွားမယ့် ကောင်ပဲ“ တဲ့…။ ကျွန်တော်ကလည်း ကိုယ့် အဖေ အရွယ်လောက် ရှိတဲ့ ဗေဒင်ဆရာ ဆိုပေမယ့် ခပ်ရွတ်ရွတ်သမား ဆိုတော့ “ဟုတ်လားဆရာ… နိုင်ငံခြား ဘယ်လို သွားရမှာလဲ“ လို့ ပြန်မေးတာပေါ့။
ကျွန်တော် မေးတာက ကျောင်းသွားတက်ရမှာလား၊ သင်္ဘောတက်ရမှာလား (ကျွန်တော်တို့ခေတ်က သင်္ဘောသား ခေတ်စားတယ်လေ၊ ကျွန်တော့် သူငယ်ချင်းတွေ တော်တော်များများက ၁၀ တန်းအောင်ပြီး ခဏနေတော့ သင်္ဘောတက်ကုန်ကြတာပဲလေ)၊ ဘာသွားလုပ်ဖို့ နိုင်ငံခြား သွားရမှာလဲပေါ့၊ အဲဒီလို မေးမိတာပါ။ အဲဒါကို ဆရာက ပိုင်နိုင်တဲ့ အာလုပ်သံကြီးနဲ့ ရွဲ့တာလားတော့ မသိပါဘူး၊ ခပ်တည်တည် ပြန်ဖြေပါတယ်… အခုလို…။
“နိုင်ငံခြားကို လေယာဉ်စီးသွားရတယ်“ တဲ့။ ကျွန်တော်က မျက်လုံးပြူးပြီး တခွန်းပဲ ပြောနိုင်လိုက်တယ်။
“ဟင်“ လို့…။ အဲဒီလို ဟောစားတဲ့ ဗေဒင်ဆရာမျိုးလည်း ကျွန်တော် ကြုံဖူးပါတယ်။ သူကပဲ ဟောပါသေးတယ်၊ မင်း အခုနှစ်ထဲ (၁၉၉၃) နိုင်ငံခြား သွားရမှာတဲ့။ ကျွန်တော့်မှာ ရင်တွေပန်းတွေတောင် ခုန်ခဲ့ရသေးတယ်။ စိတ်ထဲကတော့ ဟုတ်မှလည်း လုပ်ပါဆရာရာလို့ ပြန်ပြောလိုက်မိသေးတယ်။ လူက ၁၀ တန်းလောက် ရှိသေးတာကိုးဗျ။
အဲ… တခုတော့ ရှိတယ်၊ ကျွန်တော်တို့ တိုက်ခန်း အောက်ဆုံးထပ်က သင်္ဘော အင်ဂျင်နီယာ ရခိုင်သားကြီးကလည်း ကျွန်တော့်ကို နိုင်ငံခြားသွားဖို့ တအားကို အားပေးနေချိန်ဆိုတော့ ကျွန်တော့်မှာ တကယ်ပဲ ငါများ နိုင်ငံခြား သွားရတော့မှာလားလို့လည်း တွေးမိသေးတယ်။
ရခိုင်ကြီးက ဒီလို… တညနေခင်းမှာ သူက ရက်ဒ်လေး ဖြည်းဖြည်းသောက်လို့ ကောင်းနေပုံရပါတယ်။ သူ့အခန်းရှေ့က ဖြတ်တော့ လှမ်းခေါ်တယ်။ ဒါနဲ့ သူ့အိမ်ထဲ ၀င်သွားတော့ သူ့မိန်းမက သူ့ဘေး မလှမ်းမကမ်းမှာ ထိုင်နေတယ်။ သူတို့မှာက သားသမီးငယ်လေးတွေလည်း ရှိပုံရပါတယ်။
သူက ပြောတယ်။ “မင်း အရပ်အမောင်းနဲ့ဆို သင်္ဘောသား လုပ်လို့ကောင်းတယ်“ တဲ့။
“ဟ… ဘာမှလည်း မဆိုင်ပါလားကွ“ လို့ ကျွန်တော့်စိတ်ထဲ တွေးတယ်။
သူက မေးပြန်တယ်။ “မင်းအသက် အခု ဘယ်လောက်လဲ“ တဲ့။
“၁၇“ ကျွန်တော်က ဖြည်းဖြည်း ဖြေတယ်။
“ဟ… ကောင်းလိုက်တာကွာ“ တဲ့။ ရခိုင်သားကြီးက နည်းနည်းတော့ တကယ်ကောင်းနေပုံလည်း ရပါတယ်။
ပြီးတော့ ဆက်ပြန်တယ်။
“မင်း စဉ်းစားကြည့်လေ… ဒီအရွယ်လောက်ကနေ စပြင်ဆင်ပြီး သင်္ဘော တက်လိုက်မယ်ဆိုရင် ပထမတခေါက် သုံးနှစ်၊ မင်းပြန်လာ စာမေးပွဲ ဖြေ၊ နောက်တခေါက်တက် သုံးနှစ်၊ ပြန်လာ စာမေးပွဲ ဖြေ၊ ဘယ်လောက် ရှိသွားပြီလဲ“
ကျွန်တော့်မှာ ဒုက္ခရောက်ပါတော့တယ်။ သူက သင်္ဘောသားလည်း ကျွန်တော့်ကို ဖြစ်စေချင်ပုံ ရတယ်။ အင်ဂျင်နီယာပီပီ သင်္ချာတွေလည်း အတင်းတွက်ခိုင်းပါတော့တယ်။
တကယ်တော့ ကျွန်တော်က သင်္ဘောတက်ရမှာကို အသေကြောက်နေတာပါ။ ဒီလောက် ပင်လယ်ပြင် အကျယ်ကြီးထဲမှာဗျာ… သင်္ဘောက ဘယ်လောက်ကြီးကြီး ပိစိကွေးလေးပဲ မဟုတ်လား၊ လှိုင်းတွေ လေတွေထဲ သွားနေတာ တခုခု ဖြစ်သွားရင် ကျွန်တော် ရှောမှာလေ… ဥစ္စာကံစောင့် အသက်ဥာဏ်စောင့် မဟုတ်လား၊ ကျွန်တော်တော့ မချမ်းသာချင်ရင်လည်း နေပါစေ၊ သင်္ဘောသားတော့ မလုပ်ဘူးလို့ တွေးပြီး ကြောက်နေတယ်။ ဒါနဲ့ ကျွန်တော့်ဆီက အဖြေ အမှားရော အမှန်ပါ တခုမှ မရတော့ ရခိုင်သားမို့လားဗျာ၊ သူ့ဟာသူ ရအောင်တွက်ပါတယ်။
“မင်း ၂၃၊ ၂၄ ဆို အရာရှိ ဖြစ်ပြီ၊ စဉ်းစားလေ… သင်္ဘောကုန်းပတ် အရာရှိ လုပ်မလား၊ ငါ့လို အင်ဂျင်နီယာလိုင်း လိုက်မလား။ ကြိုက်တာရွေးပေါ့။ မင်း စာမေးပွဲတွေ တခုပြီးတခု အောင်ရင် ၃၀ ကျော်မှာပဲ သင်္ဘော ကပ္ပတိန်ဖြစ်မယ်။ ဘယ်လောက်ကောင်းသလဲ“
သူကတော့ တကယ့်တွက်ကိန်းနဲ့ တကယ်လည်း ကောင်းနေပါတယ်။ ကျွန်တော့်မှာတော့ ပင်လယ်ရေပြင် အပြာကြီးကို စိတ်နဲ့ပဲ မြင်အောင် ကြည့်ပြီး ကြောက်နေပါပြီ။ ပင်လယ်ပြင်ကိုလည်း ကြောက်တယ်၊ ဒီရခိုင်ကြီးနဲ့လည်း နောက်တခါ မတွေ့အောင် ရှောင်မှလို့ ကိုယ့်ကိုယ်ကိုယ် သတိလည်း ပေးရင်းနဲ့ ပြန်ဖို့ လုပ်ရတယ်။
“ဟုတ်ကဲ့၊ ကောင်းပါတယ်ခင်ဗျာ။ အမေနဲ့လည်း တိုင်ပင်ကြည့်ပါဦးမယ်။ အမေက သားကြီးဆိုတော့ အားကိုးတယ် ထင်ပါရဲ့ဗျာ။ ဘယ်မှ ဝေးဝေးကွာကွာ မသွားစေချင်ဘူး ထင်ပါရဲ့“ လို့ အမေ့ဘက် လွှဲချပြီး ကျွန်တော်လည်း အသာထလာခဲ့မိတယ်။
“အေး အေး… ငယ်တုန်းကြိုးစားကွ၊ မင်း တကယ် တက်မယ်ဆို ငါ့ ကုမ္ပဏီကနေ သေချာ စီစဉ်ပေးမယ်၊ ဟုတ်လား“ တဲ့။ ရခိုင်ကြီးကား အဲဒီညနေက အကြီးအကျယ် စိတ်ကောင်းဝင်နေခဲ့ပုံ ပေါ်ပါတယ်။ ပိန်ပိန်ရှည်ရှည် ကလန်ကလား ကျားကျားယားယားမို့ သူ့ဘာသာသူ ကျွန်တော့်ကြည့်လို့ အားရနေပြီး ကျွန်တော့် အနာဂတ်ရေး အခမဲ့ လမ်းညွှန်ပေးခဲ့သူ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ အာဂယောက်ျားပီပီ သင်္ဘောတက်ဖို့ အလွန် ကြောက်ခဲ့ပါတယ်။
အခန်းအပေါ်ထပ် ပြန်တက်ခဲ့ပြီးနောက်မှာတော့ အမေ့ကို ပြောပြရပါတယ်။ အမေရေ… အောက်ထပ်က သင်္ဘော အင်ဂျင်နီယာကြီးကတော့ ဒီလိုဒီလို ပြောတယ်ပေါ့။ ကျွန်တော် စဉ်းစားပေါ့၊ သင်္ဘောတက်မယ်ဆို သူ သေချာ ကူညီပေးမယ်လို့ ပြောတယ်ပေါ့၊ ကျွန်တော်က အမေ့ကို ပြန်ဖောက်သည် ချလိုက်တယ်။ အမေဆိုတော့ သားကို ချစ်တယ်မို့လား၊ မလုပ်ပါနဲ့ကွယ်… အန္တရာယ် များပါတယ်… ဘာညာ သရကာ အချိုအချော့လေးများ ကြားရမယ် မှတ်ထားတာပေါ့လေ။ အမေလေ… ကျွန်တော့် အမေလေ… သိတယ်မို့လား။ တကယ်ပါပဲဗျာ။
“မင်း သဘောပဲလေ၊ လုပ်ချင်လုပ်ပေါ့၊ ယောက်ျားပဲကွာ“ တဲ့။
ကျွန်တော့်မှာတော့ “ဟာ… ဒုက္ခပါပဲ“ လို့ စိတ်အတော်ကြီးကို ဆင်းရဲသွားပါတော့တယ်။ ကြောက်ပါတယ်ဆိုမှ ဖြဲခြောက်သလိုကြီး ဖြစ်နေတာပေါ့ဗျာ။ အဲဒီလို ကျွန်တော်ပါ၊ ပင်လယ်လည်း မသွားရဲ ကျွန်းတွေကိုလည်း မကပ်ရဲခဲ့သူ တယောက် ဖြစ်ပါတယ်။
အဲဒီလို နိုင်ငံခြားသွားဖို့ အခွင့်အလမ်း ပေါ်ခဲ့ပေမယ့် ကြောက်နေတဲ့ (မျိုးချစ်စိတ်ကြောင့် တိုင်းပြည်က မခွာတာ မဟုတ်ပါ၊ သင်္ဘောတက်ရမှာ ကြောက်လို့ပါ) ကျွန်တော်ဟာ ၁၉၉၃ မှာ နိုင်ငံခြား သွားရမယ်လို့ ဟောလာတဲ့ ဗေဒင်ဆရာကို အယုံအကြည် မရှိခဲ့ပါ။ လူကဲခတ် မညံ့တဲ့ ဗေဒင်ဆရာကလည်း ကျွန်တော့် သူ့မယုံတာ (သူ့စကားကို မယုံတာ) ကို သိပါတယ်။ သူက ဆက်ပြန်ပါတယ်။
“ထပ်ပြောလိုက်မယ်ကွာ… ၉၃ မှာ မသွားရရင် ၉၄ မှာ သွားရလိမ့်မယ်၊ ကျိန်းသေပဲ“ တဲ့။
ပြောလည်း ပြော၊ ကျွန်တော့်လက်ကိုလည်း တချက် ဆွဲယူပြီး ထပ်ကြည့်လိုက်သေးတယ်။ ကျွန်တော်ကလည်း လူပျိုပေါက် သိပ်ရစ်တတ်တဲ့ အရွယ်လေဗျာ။ အမေ ထိန်းရခက်နေတဲ့ အရွယ်ပေါ့။ ဒါနဲ့ ကျွန်တော်က ဗေဒင်ဆရာကို အငေါ်တူးလိုက်တယ်။
“၉၄ မှာ မသွားရရင်ကော ဆရာ“
ဗေဒင်ဆရာဟာ အင်မတန်လည်ပါတယ်၊ လျင်လည်း လျင်ပါတယ်။ ဧကန္တတော့ ကျွန်တော့်လို အချဉ်လေးတွေ အရင်ကလည်း တယောက်မက တွေ့ခဲ့ပြီးပြီ ထင်ပါတယ်။ လူရွှင်တော် နှစ်ယောက် အချီအချ အတိုင်အဖောက်နဲ့ ဟာသတွေကို တလုံးပြီးတလုံး ပြက်ပြီး ပရိသတ် တဟားဟား ဖြစ်အောင် လုပ်နေသလိုပါပဲ။ ပက်ကနဲ ကျွန်တော့်ကို ပြန်ပြောပါတယ်။
“၉၅ ပေါ့ဗျာ“ တဲ့…။ သေရော…။
ကျွန်တော်လည်း ပညာထပ်မစမ်းတော့ပါဘူး။ ကျွန်တော် ငြိမ်ခံလိုက်တာတော့ မဟုတ်ပါဘူး။ ကျွန်တော် ဗေဒင်ဆရာကို အစွမ်းကုန် စိတ်ကုန်သွားလို့ပါ။ ကျွန်တော့်အနေနဲ့ အမြန်ဆုံး ဗေဒင်ဆရာအခန်းကနေ ထွက်ခွာချင်နေပါပြီ။ ဆုတ်ခွာခြင်းပေါ့လေ။ ကျွန်တော် မရှုမလှ ရှုံးနေပြီကိုးဗျာ။
ကျွန်တော် လျှော့လိုက်မှန်းသိတော့ ဗေဒင်ဆရာက ထပ်အနိုင်ယူပါတယ်။ သူက ဒီလို ဆက်ဟောပါတယ်။
“မင်း သေချာ မှတ်ထားလိုက်စမ်းပါကွာ… ၉၅ မဟုတ်ရင် ၉၆၊ ၉၆ မှ မဟုတ်သေးရင် ၉၇၊ ၉၇ မဟုတ်ရင် ၉၈ ကွာ… ၉၈ မဟုတ်ရင် ၉၉။ ငါ ကိန်းတွေ မြင်လို့ တကယ် ဟောနေတာပါကွာ၊ မင်း တကယ် နိုင်ငံခြား သွားရမှာပါ“ တဲ့။
ကျွန်တော်ကတော့ ဗေဒင်ဆရာဟာ လူရွှင်တော်လုပ်ရင် ကိုဇာဂနာတို့လို သိပ်အောင်မြင်မှာပဲလို့ တွေးမိပါတယ်။ ဟုတ်တယ်လေ… ကျွန်တော်တို့ ငယ်ငယ် အရေးအခင်းကြီးပြီးစက ဇာဂနာတို့၊ အရိုင်းတို့ အတွဲက သိပ်နာမည်ကြီးပြီး ရယ်ရတာကိုးဗျာ။ မိုးဒီနဲ့ မော့စ်တို့ အတွဲကလည်း ရှိသေးတယ်။ အခု ဗေဒင်ဆရာကလည်း အဲဒီလိုပါပဲ၊ အင်မတန် ရယ်ရပါတယ်။
ကျွန်တော် စိတ်ညစ်ညစ်နဲ့ ဘာမှလည်း မပြောတော့ပါဘူး၊ ဘာမှလည်း ပြောချင်စိတ်လည်း မရှိတော့ပါဘူး။ ဗေဒင်ဆရာရှေ့ကနေ အသာထလို့ အခန်းပြင် ထွက်ခဲ့ပါတယ်။ ဧည့်ခန်းမှာ ခဏထိုင်ပြီး စာတအုပ် ဆွဲယူဖတ်နေလိုက်ပါတယ်။ အမေကတော့ ကျွန်တော့် အောက်က အငယ်နှစ်ယောက်အတွက် ဆက်မေးနေတုန်း…။
ကျွန်တော့်ကို ခုနစ်နှစ်ဆက်တိုက် တနှစ်မဟုတ်တနှစ် နိုင်ငံခြားသွားရမယ်လို့ အတင်းဟောတဲ့ ဗေဒင်ဆရာရဲ့ အဟော တမင်တကာ မမှန်အောင်လို့ ကျွန်တော် နိုင်ငံခြား မထွက်တာတော့ မဟုတ်ပါဘူး။ တကယ်ကို မသွားခဲ့ရပါဘူး။ ၉၉ အထိလည်း နိုင်ငံခြားဆိုတာ ဘာမှန်း မသိပါဘူး။ ၂၀၀၀ ပြည့်နှစ်မှာလည်း မထွက်ရပါဘူး။
9/11 လို့ ထင်ရှားတဲ့ ၂၀၀၁ စက်တင်ဘာ အမေရိကန် ပြည်ထောင်စု၊ နယူးယောက်ခ်မြို့က ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ အမြွာမျှော်စင်ကြီးကို ဘင်လာဒင်တို့ တိုက်ခိုက်ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ ကျွန်တော့်ရဲ့ ပထမဆုံး နိုင်ငံခြား ခရီးဖြစ်တဲ့ ကမ္ဘောဒီယားကို ထွက်ခဲ့ရပါတယ်။ အဲဒီအချိန်မှာတော့ ဗေဒင်ဆရာကိုလည်း ကျွန်တော် မမှတ်မိတော့ပါဘူး။
အဲဒီလို ကျွန်းကို ရှောင်လို့ ပင်လယ် မထွက်ရဲခဲ့သူ၊ ကံကြမ္မာကို ဗေဒင်ဆရာနဲ့ ဆော့ကစားခဲ့သူ ကျွန်တော်ဟာ အခုတလောမှာတော့ လက်ဖ၀ါးပြင်ပေါ်က အရေးအကြောင်း နိမိတ်တွေကို တွက်ချက် စစ်ဆေးနေမိပါတော့တယ်။ အဆိုးအပြစ် အကျိုးအဖြစ်တွေကိုလည်း သင်္ချာနည်းနာတွေနဲ့ ခုနှစ်ရစ်ပိုင်းလို့ ဂဏန်းပြန်ကိုင်နေမိပါတယ်။
ဗေဒင်ဆရာကို ရစ်ခဲ့တာတွေက ၀ဋ်ပြန်လည်ပြီးလားတော့ မသိပါဘူး… ကျွန်တော့်ကို ကျွန်တော်လည်း ဟောခဲ့တာတွေ တနှစ်ပြီးတနှစ်သာ ကုန်လာတယ်၊ တခါမှတော့ မမှန်သေးပါဘူး။ သင်္ဘောအင်ဂျင်နီယာ ရခိုင်ကြီးကို နောက်တောက်တောက် လုပ်ခဲ့တာတွေကလည်း အကျိုးပေးလာပြီ ထင်ပါရဲ့… ပြေးမရတော့ဘူး…။ အခုတော့ ကျွန်တော် ကျွန်းပိုင်ရှင်ကြီး…။
တခါတခါတော့ ကျွန်တော် ဘာကြောင့်မှန်း မသိဘူး… ယူကျူ့ကို ရောက်ရောက်သွားတတ်တယ်။ ပြီးတော့ သီချင်းလေးတပုဒ်ကို ရှာလို့ ဖွင့်လိုက်တယ်။ ဟုတ်ပါတယ်… ကျွန်တော်တို့လို့ ချာတိတ်တွေ အတွက်တော့ ဘိုဖြူပေါ့…။
လက္ခဏာဆရာက ပြောတယ်မေရယ်… နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်… မိန်းမနဲ့ ပတ်သက်လာရင် အမြဲတမ်းပဲ ကံဆိုးနေမယ်… အခန့်မသင့်ရင် အချစ်အရေးအတွက် ကိုယ့်အသက်တောင် ရန်ရှာလိမ့်မယ်… မျက်ကန်း အချစ်သမားရယ်တဲ့…။
၂၀၁၂ မတ် ၂၁၊ မနက် ၃ နာရီ။
ဘန်ကောက်။