“မင်းထားတဲ့နေရာ သွားပါ့မယ်…
မင်းစားတဲ့အစာ စားလိုက်မယ်…
မင်းပြောရမှာ တခုတည်း… သိလားကွယ်…
ဦးလေးကြီးကို ချစ်ပါ့မယ်… ဦးလေးကြီးလို ချစ်ပါ့မယ်…

ကျွန်တော်က ဘာရယ်မဟုတ် ကျွန်တော် နားရည်ဝနေတဲ့ သံစဉ်မှာ ထည့်ချင်တဲ့ စာသားထည့်ပြီး သီချင်းညည်းတတ်သည်။ ဗိုလ်မက သဘောကျပြီး ရယ်လေသည်။ ဦးဗိုက်ပူက ရယ်စရာ ကောင်းတယ်လို့လည်း ပြောလေသည်။ သူပြောတာကို ကျွန်တော် နားထောင်ပြီး ကျွန်တော့်မှာ ရယ်ရလေသည်။

အသက်ကြီးလာတော့ ကောင်မလေးငယ်ငယ်လေးတွေကို ပိုသဘောကျလာမိသည်၊ အရင်ကလည်း အသက်ကြီးကြီး အမျိုးသမီးများကို သဘောမကျခဲ့ပါ။ ယောက်ျားတယောက်အတွက် မိန်းမအဖြစ် ယူရမည့် အမျိုးသမီးမှာ ဒွေးချိုး လေးတိုးဟု ငယ်ငယ်ကတည်းက ကြားဖူးသည်။ ကျွန်တော်တွက်ကြည့်သည်။

ကျွန်တော့်အသက်က ၄၀၊ ဒွေးချိုးလိုက်တော့ ၂၀၊ ၂၀ ကို လေးတိုးလိုက်တော့ ၂၄၊ ကျွန်တော့်အသက် ၄၀ မှာ အသက် ၂၄ နှစ်အရွယ် မိန်းကလေးကို ယူလိုက်လျှင် စာချိုးနှင့် ညီလိမ့်မည်။ အခု သူငယ်ချင်း မိတ်ဆွေများထဲက အသက် ၂၈၊ ၂၉၊ ၃၀ အရွယ် အမျိုးသမီးများကို ကြည့်ကြည့်သည်၊ (ဓာတ်ပုံကြည့်တာကို ပြောတာပါ)။ အိုစာလွန်းသည်ဟု စိတ်ထဲ ထင်မိသည်။ သူတို့က ကျွန်တော့်အတွက် မဟုတ်တော့… အသက် ၅၀ အရွယ် ဘဘကြီးများအတွက်သာ ဖြစ်နိုင်ပေတော့မည်။ မတတ်နိုင်၊ သူ့ကုသိုလ်ကံနဲ့ သူပေါ့လေ၊ သတ္တ၀ါတခု ကံတခုပေါ့။

မြတ်စွာဘုရားတောင် သတ္တ၀ါတိုင်းကို ချေချွတ်ကယ်တင်သည်မဟုတ်ဟု ကြားဖူးသည်။ ကျွန်တော့်လို အမှိုက်က ပိုတောင် ဆိုးပေတော့ မပေါ့။

ဒီတော့ ကျွန်တော့်ဇာတ်ကွက် ကျွန်တော် ရေးမှ တော်ကာကျမည်၊ ဦးလေးကြီး ဂိုက်ဖမ်းကာ ကောလိပ်ပြီးကာစ၊ အလုပ်ဝင်ကာစ ချာတိတ်မတွေကို ဖန်မှ သင့်တော်မည်ဟု တွေးမိသည်။ ခက်တာက… ချာတိတ်မတွေက ကိုယ်က မဖန်ရသေး၊ ဘဲက တဗွေမက ရနေနှင့်ကြပြီ။

ခက်တော့ ခက်နေပြီ၊ ငယ်ငယ်က သင်္ချာတော်ခဲ့တိုင်း ဇွတ်လုပ်လို့မဖြစ်။ အချစ်က တွက်လို့မရဟုလည်း ဆရာသမားတယောက်က ဆုံးမ ဖူးသည်။ မလှူတတ်ရင် ဈေးရောင်းဟု ဈေးသည်တွေက နောက်သလိုလို အတည်လိုလို ပြောဖူးသည်။ မချစ်တတ်ရင် ဘာလုပ်ရရင် ကောင်းမလဲ၊ ဘာရောင်းရရင် ကောင်းမလဲ…။

ခန္ဓာကိုယ်တွင် ဈေးကွက်တင် ရောင်းစရာ ဘာရှိသလဲဟု လေ့လာကြည့်မိသည်။ ဆံစကနေ ခြေဖျားအထိ… မိန်းကလေး ကျလောက်စရာ၊ ကြိုက်သလောက်စရာ ဖြစ်ဖြစ်မြောက်မြောက် အစွမ်းအစ ပြစရာတွေက များများစားစား ရှိမနေ၊ များများစားစား မရှိတော့ နည်းနည်းရှားရှား ရှိလေသလား။

ဝဲဘက်ရင်အုံအောက်က ဖြူသော နုသော သစ်သော အတွေ့အကြုံ မရှိသော နှလုံးတခုသာ ရောင်းစရာ ရှိသည်။ သို့ပေမယ့် အစမ်းသပ် မခံနိုင်၊ နမူနာ မပေးနိုင်။ ခက်တော့ ခက်ပါပြီ။

တယောက်တည်း နေလာတာ နှစ်ပေါင်း ၄၀၊ ပျင်းပျင်းသွေ့သွေ့ ရှိနေချေပြီ။ ဘီယာကလေးက အဖော်လုပ်လို့ တော်ပေသေးသည်။ အစားကောင်းဆိုတာကလည်း တယောက်တည်းစားတော့ အရသာ မထူး၊ ဗိုက်ပြည့်ရုံရှိတော့ ဗိုလ်မကပင် ဦးဗိုက်ပူလို့ ခေါ်သည်။ ကျွန်တော့်ဗိုက်ကလည်း အကျင့်မကောင်း၊ အရုပ်ဆိုးလှသည်။ များများစားစား မစားရသေး၊ ဗိုက်က အရင်ပူနှင့်သည်။ မိန်းကလေး မဟုတ်လို့သာ တော်တော့သည်၊ မဟုတ်ရင် ဘာမှလည်း မလုပ်ရပါဘဲ ဗိုက်ပူနေတော့ အဝေဖန် အပြစ်ပြောခံရနိုင်လေသည်။

ရင်းရင်းနှီးနှီးစကားပြောနေကြ သူငယ်ချင်းမတယောက်က မေးဖူးသည်။ “ကိုယ့်စိတ်ထဲ မောင်ရင့်ကို ဂေးများလားလို့… မောင်ရင်က ရုပ်ရည်လေးကလည်း သနားကမား၊ အလုပ်အကိုင်လေးကလည်း ရှိတယ်၊ ဥာဏ်ရည်ဥာဏ်သွေးလေးကလည်း အညံ့စားအထက် အပေါ်နား ကပ်ရပ်လောက် ရှိပါရက်နဲ့ ရည်းစားသနာလေးတောင်မှ မူးလို့ရှုစရာ မရှိတာဟာ မိန်းကလေးထက် ယောက်ျားတွေများ ကြိုက်နေသလားလို့“တဲ့။

မတတ်နိုင်၊ ကိုယ်ကိုယ်တိုင်ကမှ မပိုင်းပြ မခုတ်ပြနိုင်တော့… ဓားတုံးကြီးပါကွာလို့ ပြောတာမျိုးကိုတော့ သည်းခံရပေလိမ့်မည်။ သူ့ကို ကျွန်တော် ပြန်မငြင်းတော့…၊ ကိုယ့်ဘ၀နဲ့ကိုယ် ရှိပါစေတော့လို့ တွေးသည်။ စိတ်သက်သာရာ သက်သာကြောင်းတွေးတော့ ကြီးတော် အပျိုကြီး ပြောတာ နားထဲ ကြားယောင်ပြန်သည်။

“ဒို့ အပျိုကြီးဖြစ်တာ ယူမယ့်သူ မရှိလို့ဖြစ်တာ မဟုတ်ဘူး၊ ကြိုက်တဲ့လူ ခေါင်းခေါက်ယူလို့ရတယ်၊ မယူချင်လို့ ထွက်ပြေးနေတာဟဲ့“ တဲ့။ ပြီးတော့ ဆက်ပြောပြန်တယ်။ “ဒို့များက ဗြဟ္မာပြည်က လာတာဆိုတော့ တဏှာပေမ ကိစ္စတွေ လုပ်လို့မရဘူး၊ ဘုရားနဲ့ တရားနဲ့ နေပြီး ကိလေသာ ခေါင်းပါးအောင်ပဲ နေရတာ၊ သူ့ကုသိုလ်နဲ့ သူပေါ့၊ မြင့်မြတ်တဲ့ဘ၀က လာတော့ မြင့်မြတ်တဲ့ လူလိုပဲ နေရတာပေါ့“ တဲ့။ လုပ်သေးသည်၊ အမှန်က သူပွားတာကို သူ့ကြိုက်ဖို့ ပြင်နေတဲ့ သူတွေက မခံနိုင်ဘဲ ကြောက်ပြီး ပြေးကြတာ များပါသည်။

ကျွန်တော်ကတော့ ဒီကြီးတော်လို မဟုတ်၊ ဗြဟ္မာပြည်က လာတယ် မလာဘူး ဆိုတာကိုလည်း အပိုင် မပြောနိုင်။ တခုတော့ ရှိသည်။ကျွန်တော် အခုထက်ထိ တယောက်တည်း ဖြစ်နေရခြင်းတွင် အချိန်မပေးနိုင်တာလည်း ပါသည်၊ မစွံတာလည်း ငြင်းမရနိုင်၊ ကြောက်တတ်တာကိုတော့ မဖြစ်မနေ ထည့်ရမည်။ စိတ်ကတော့ အမြဲရှိသည်၊ လူကသာ မလှုပ်ဖြစ်တာ…။ စိတ်ကူးနှင့်လည်း ရူးခဲ့ဖူးသည်။ ဒါတွေကပင် လူပျိုကြီး ဇာတ်လမ်းကို ဇာတ်ညွှန်း ရေးလိုက်သလို ဖြစ်နေပေတော့သည်။

ဒီတော့ အရှက်ပြေ ဘုန်းကြီးပဲ ၀တ်မလိုလို၊ လောကကြီးကိုပဲ စိတ်ကုန်သလိုလိုတွေ ပြောမိလုပ်မိပြန်သည်။ ငယ်သေးလို့ စိတ်မတည်ငြိမ်တာပါဟု ကိုယ့်ကိုယ်ကိုယ် စောကြောမိသည်။ အချိန်တန်တော့လည်း အိမ်ပြန်မှာပါဟု ကိုယ့်ဘာသာ ဇာတ်လမ်းကို ဆုံးထားသည်။ ရယ်စရာတော့ ကောင်းသည်၊ ရထားသည့် သီချင်းသံစဉ်က ခေါင်းထဲ ပေါ်လာပြန်သည်၊ နောက်မှ ဒွေးချိုး လေးတိုး ဆုံးမစာက လိုက်လာပြန်သည်။

ဒီတော့ ရုံးကိုအထွက် ဘူတာအတက်မှာ လေးလေးပင်ပင်နှင့်ပင် ဖြည်းဖြည်းလေး ညည်းမိသည်။ ဘာကြောင့်မှန်း မသိ၊ အသံထွက်သွားသည်… ထိုင်းမလေးက လှည့်ကြည့်သည်၊ သူတော့ နားလည်မယ် မထင်…။ ကျွန်တော့်အသံက မြန်မာသံလေ… ဘာတဲ့…

“မင်းထားတဲ့နေရာ သွားပါ့မယ်…
မင်းစားတဲ့အစာ စားလိုက်မယ်…
မင်းပြောရမှာ တခုတည်း… သိလားကွယ်…
ဦးလေးကြီးကို ချစ်ပါ့မယ်… ဦးလေးကြီးလို ချစ်ပါ့မယ်…။

ထိုင်းမလေးက အူကြောင်ကြောင်နဲ့ ကျွန်တော့်ကို ကွက်ကြည့်ကွက်ကြည့် ကြည့်နေသေးသည်၊ ရထားက မလာသေး… ကျွန်တော် မသိချင်ယောင် ဆောင်နေလိုက်သည်။

၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်။
မနက် ၂ နာရီ။