မနက်က ရုံးထွက်လာတော့ လမ်းမှာ လူတယောက်နဲ့ တွေ့တယ်။ လမ်းထွက်လို့ လူတွေ့တာ ဆန်းသလားလို့တော့ မေးစရာရှိတယ်။ ဆန်းတာက ဒီလူက စပြီး လာစကားပြောတာပါ။ ပန်ချာပီ ဗောင်းထုပ်နဲ့ ခပ်ဖိုင့်ဖိုင့်၊ အရပ်ကတော့ ကျွန်တော့်အောက် နည်းနည်းနိမ့်တယ်လို့ ထင်မိတယ်။
သူက အင်္ဂလိပ်လို စကားစပြောလာတယ်။ “မင်း မျက်နှာကို ငါ ကြည့်နေတာ… မင်းက ကံကောင်းတဲ့ လူတယောက်ပဲကွ၊ အခုလလည်း ကံကောင်းတယ်၊ နောက်လမှာလည်း ကံဆက်ကောင်းဦးမယ်“ လို့ ကျွန်တော်နဲ့ တပေခွဲလောက် အကွာမှာ မျက်ဆိုင်ရပ်ပြီး စကားပြောလာတယ်။
ဒါမျိုးအကွက်တွေက ရိုးပါတယ်လေ၊ ကြုံရတာတွေလည်း များတော့ သိပ်တော့လည်း မထူးဆန်းတော့ပါဘူး။ အွန်လိုင်းမှာလည်း ဒါမျိုးတွေက ခဏခဏ ကြုံနေကြ၊ အောဖ့်လိုင်း ဒါမှမဟုတ် အပြင်လောကမှာလည်း တခါနဲ့တခါ မရိုးအောင် ကြုံနေကြဆိုတော့ ကျွန်တော့်အတွက်တော့ ထူးဆန်းမနေပါဘူး၊ ကံကောင်းတယ်လို့ ပြောလို့လည်း ထူးပြီး ၀မ်းမသာလှပါဘူး။
ကိုယ့်ဘာသာကိုယ်ပဲ စိတ်ညစ်မိပါတယ်။ ငါ့ရုပ်က အရိုးရုပ်၊ အ အ ရုပ်၊ ကြည့်တာနဲ့ ငဒူရုပ်…။ ဒီရုပ် ဘာကြောင့် ပေါက်နေရတာလဲ ဆိုတာကိုပဲ စိတ်မကောင်း ဖြစ်မိတယ်။ ဒီလိုလူတွေက… လူကဲခတ် ကောင်းတယ်။ ရိုးပုံရိုးလက်နဲ့ ပြောရင် နားထောင်မယ့်သူ ဆိုတာကို ကြည့်တာနဲ့ သိတယ်။ နောက်ပြီး မဟုတ်တာသာ လုပ်တာ၊ သမာဓိအား ကောင်းတယ်လို့ ပြောရမလား မသိဘူး။ လူတဖက်သား ကျအောင် ပြောတတ် ဆိုတတ် စည်းရုံးတတ်တယ်။
ခက်တာက ကျွန်တော်က နည်းနည်းပါးပါး ဘာသာရေးလေး ဘာလေးကလည်း လိုက်စားတော့ တော်နေကြာ ဘိုးတော်အစစ်နဲ့ တွေ့လို့ ကိုယ်က မယုံမကြည် မလေးမစား လုပ်နေမိရင်လည်း ဥုံဖွ ဆိုပြီး အ မခံရမယ့် အခွင့်အရေးလေးတွေ လွတ်သွားမှာကိုလည်း တဖက်က စိုးရိမ်ပူပန်မိနေသေးတယ်။
ဒါနဲ့ ဗောင်းထုပ်နဲ့ ပန်ချာပီကို ရယ်ကျဲကျဲလေး လုပ်ပြီး “ဒီတော့ ဘာဖြစ်သလဲဗျ၊ ကံတွေ နှစ်လ ဆက်တိုက် ကောင်းနေတော့ ဘာဖြစ်သလဲ“ လို့ လူကသာ ရယ်နေပေမယ့် စကားအတည်နဲ့ ထောက်ပြီး မေးလိုက်ပါတယ်။ ကိုယ်တော်ချောကလည်း ခေသူမဟုတ် ဆိုတော့ ပွဲက လှချင်သလိုလိုတောင် ဖြစ်သွားမယ့်ပုံ…။
“ဘာဖြစ်သလဲဆိုတော့ ဖြစ်တာပေါ့၊ ပြောပြချင်လို့ လာခဲ့တာပဲ“
“မပြောနဲ့တော့… မပြောနဲ့တော့… ရတယ်၊ မပြောနဲ့တော့… ရုံးသွားစရာ ရှိတယ်။ သွားပြီ“ ဆိုပြီး ကျွန်တော် ထွက်လာခဲ့တယ်။
မိုးပျံရထား (အမှန်တော့ ကားလမ်းမထက် ဖောက်ထားတဲ့ ရထားလမ်းက ပြေးတာကို မိုးပျံရထားလို့ ခေါ်တာပါ) ဘူတာပေါ်တက် ရုံးကို ဆက်ထွက်လာပြီး ရထားပေါ်မှာ ကျွန်တော် ဆက်စဉ်းစားကြည့်တယ်။ ကျွန်တော် အထူးတလည် ကံမကောင်းချင်ပါဘူး။ ကံကောင်းတယ်ဆိုတာကလည်း အလုပ်ကောင်းမှ ကံကောင်းတာပါ၊ အလုပ်မကောင်းရင် ကံမကောင်းပါဘူး။ ဘယ်သူမှ မလှုပ်ရှားဘဲ ထမင်း မစားရပါဘူး။
ကျွန်တော် တယောက်တည်း ကံကောင်းနေလို့လည်း ဘာမှ ထူးပြီး ပျော်စရာ မကောင်းပါဘူး။ မိသားစုရော၊ သူငယ်ချင်းတွေရော၊ လုပ်ဖော်ကိုင်ဖက်တွေရော၊ ဆွေမျိုး မိတ်သင်္ဂဟတွေရော၊ ဆရာသမားနဲ့ လူကြီးမိဘတွေရော၊ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းရော ရပ်ရွာကစလို့ တတိုင်းပြည်လုံး ကံကောင်းပါမှ အားလုံးပျော်ကြရမှာပဲလို့ ကျွန်တော် ဘူတာစဉ် ခြောက်ခုအတွင်းမှာ စဉ်းစားဖြစ်သွားတယ်။
တလောကပဲ (ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ) မြန်မာပြည် တခေါက်ရောက်ပြီး ပြန်လာခဲ့သူမို့ ရင်ခုန်စရာ အပြောင်းအလဲတချို့ မြင်ပြန်လာရတယ်၊ စိတ်ထဲမှာလည်း သဘောကျသလိုလို ဖြစ်မိတယ်။ ဒါပေမဲ့ ဒီထက်ပို ပြောင်းလဲရမှာတွေ၊ တကယ့် အပြောနဲ့ အလုပ် ညီညွတ်ရမှာတွေ ကျန်နေသေးတယ်။ နောက်တခုက အစိုးရ တခုတည်းထက် ဆိုင်ရာလူတွေ အားလုံးက တက်ညီလက်ညီနဲ့ ၀ိုင်းလုပ်ကြဖို့၊ အဲဒီလို လုပ်ခွင့်တွေ သာနေဖို့ကလည်း လိုနေသေးတယ်။ အပြောင်းအလဲရဲ့ အစကို ဒါမှမဟုတ် အစွန်အဖျားကို အခြေခံ ပြည်သူတွေကလည်း မြည်းစမ်းခံစားခွင့် ရဖို့ကလည်း ကျန်နေသေးတယ်။
ဆိုချင်တာက မြန်မာပြည်ကို ကံကောင်းစေချင်တယ်။ ဟိုးရှေးရှေးက ဟာတွေကို ထားလိုက်ပါတော့… အဝေးကြီးပြောပြီးေ၀၀ါးနေရင် မကောင်းပါဘူး။ လွတ်လပ်ရေးရတဲ့ ၁၉၄၈ က စပြီး တိုင်းသူ ပြည်သားတွေခမျာ ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်း နေရတာမျိုးထက် အမျိုးမျိုး ရုန်းကန် ရှင်သန်နေကြတာက များပါတယ်။
တော်လောက်ပါပြီ၊ လွန်သင့်ပါပြီလို့ စိတ်ထဲက တကယ်ဖြစ်မိတယ်။ ကောင်းဖို့ စိတ်ဆန္ဒရှိပြီးရင် ဖြစ်အောင်လုပ်ရင် ဖြစ်ရမှာပေါ့လို့လည်း အကြိမ်ကြိမ် စဉ်းစားမိတယ်။ ဗုဒ္ဓဘာသာဝင်လည်းဖြစ်လို့ ကံနဲ့ ကံရဲ့အကျိုးကိုလည်း ယုံကြည်သူ ဖြစ်တာကြောင့် ဒီတချီတော့ မြန်မာပြည် ကံကောင်းပါစေလို့ ဆုတောင်းမိပါတယ်။ ဆုတောင်းသလိုလည်း ၀ိုင်းလုပ်ဖို့လည်း လိုတာပေါ့လေ…။
ကံကောင်းဖို့ဆိုတာကလည်း အလုပ်ကောင်းဖို့ကလည်း အရေးကြီးပြန်တယ်။ အပြောလေးနဲ့ ကံကောင်းစေလို့ မရဘူး မဟုတ်လား၊ အလုပ်ကလေးကလည်း ရှေ့က ဦးဆောင်ပြပါမှ ကံကလေးက နောက်က လိုက်မှာကိုးဗျာ။ အခုတော့ အလုပ်ထက် အပြောတွေက များကြတာကို တွေ့နေရပြန်တော့ အားတော့ တယ်မရလှပါဘူး။
အပြောကတော့ လွယ်တယ်၊ အလုပ်က ခက်တယ်။ ဒါပေမဲ့ အပြောက အရင် စရတတ်တယ်၊ အလုပ်က နောက်က လိုက်ရတတ်တယ်။ မပြောဘဲလုပ်နေရင်လည်း မလုပ်ဘူးလို့ ထင်တတ်ကြတယ်။ ဒီတော့ ပြောလည်းပြော လုပ်လည်းလုပ်၊ ပြောသလောက် လုပ်၊ ဒါမှမဟုတ် ပြောတာထက် ပိုလုပ်ကြရင်တော့ မြန်မာပြည် ကံကောင်းနိုင်တယ်လို့ မုချမှတ်ပါတယ်။
အခုကတော့ ဘယ်နေရာမဆို ပြောသူက များတယ်၊ များတဲ့အပြင် ပြောလို့ကို မ၀နိုင်ကြဘူး ဖြစ်ကြတယ်။ ပြောရတာက လွယ်တာကိုးဗျ၊ မ၀နိုင်တာကတော့ အခုမှ ပြောခွင့်သာကြလို့ပေါ့၊ နို့ဖြင့် အရင်ကရော… အရင်ကတော့ ဒီလောက် ပြောခွင့် မသာဘူး။ အခုတော့ တအား သာတယ်၊ ပြောချင်ရာ ပြောကြတယ်။ ပြောတတ်တဲ့သူက ပိုပြောတယ်၊ မပြောတတ်တဲ့သူကလည်း ပြောတတ်သလောက် ပြောတယ်။
အပြော အလုပ်ကနေ အဟုတ်ဖြစ်ကြစေဖို့
အကောင်းဘက် အပေါင်းထပ်ဆောင်လို့
ရွှေမြန်မာတို့ အလုပ်ညီတူ စုလုပ်ကြရင်း
မြန်မာပြည် ကံကောင်းပါစေလို့
ရိုးစေတနာနဲ့ မြန်မကြာ တိုးဖြာဝေစေဖို့
ဆုမွန်တောင်းလိုက် ရပါကြောင်း…။
၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်။
မနက် ၁ နာရီ၊ ဘန်ကောက်။