မိုးက ပြေပြေကလေး ရွာနေလေတယ်၊ အဲဒါမှ ကျွန်တော်က ကြိုက်ပါတယ်။ မိုးရွာထဲ လမ်းလျှောက်ရတဲ့ အရသာက ကျွန်တော် ကြိုက်တဲ့ အရသာတွေထဲမှာ အကောင်းဆုံးထဲက တခု ဖြစ်ပါတယ်။

ကိုရဲမောင်နဲ့ အတူထိုင်ပြီး ထွက်လာတော့ လူကလည်း ကောင်းနေပါတယ်၊ ကောင်းနေတယ်ဆိုတာက မိုးရွာထဲ လမ်းလျှောက်မယ့် မတိုင်ခင်ကတတည်းက ကျွန်တော့်မှာ ကြိုက်တဲ့ အရသာတခုက ရှိနေပြီး ဖြစ်ပါတယ်။

ကိုရဲမောင် အိမ်ပြန်ဖို့ ကားဂိတ်လိုက်ပို့ရင်း ကားထွက်ချိန် စောနေသေးတာနဲ့ ကျွန်တော်တို့ ကားဂိတ်နားက ဆိုင်တဆိုင်မှာ ထိုင်ဖြစ်ကြတယ်၊ သိပ်ကောင်းလှတဲ့ ဆိုင်တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ အေးအေးဆေးဆေး စကားပြောလို့ ရတာနဲ့ ထိုင်ဖြစ်ကြတယ်။ ဆိုင်နာမည်လေးကတော့ လှတယ်… ဘာတဲ့… ချစ်သူတို့ည (Lovers’ Night)။

နောက်တော့ သောက်ရင်းစားရင်း စကားတွေ ပြောကြတယ်၊ ကားထွက်ချိန်နီးနီးအထိပေါ့။ ကိုရဲမောင်က နာမည်ရင်း မဟုတ်ပါဘူး၊ သူ့နာမည်ရင်းက တခြားတခုပါ၊ ဘာကြောင့်မှန်း မသိပါဘူး၊ သူနဲ့ ခင်ပြီးနောက်မှာ သူ့ အသံကောင်းလွန်းနေတာရယ်၊ တခါ သူ့ရုပ်ရည်ကလည်း သာမန်ထက်လွန်လို့ မင်းသား ရဲအောင်လိုလို ဘာလိုလိုဆိုတော့ အသံကောင်းတဲ့သူ မင်းသားရုပ်နဲ့တူတဲ့သူ့ကို ကျွန်တော်က ကိုရဲမောင်လို့ မှတ်ထားလိုက်တယ်။ သူတောင် မသိပါဘူး။ အဲဒီလို…။

ကျွန်တော်က ကျွန်တော် စိတ်ထဲ ထင်ချင်တာ ထင်တတ်တယ်၊ တွေးချင်တာ တွေးတတ်တယ်၊ လုပ်ချင်တာ လုပ်တတ်တော့ ကျွန်တော့် အတွက်ကတော့ အရာအားလုံးဟာ စိတ်ဝင်စားစရာတွေချည်း၊ အသစ်အဆန်းတွေချည်း ဖြစ်နေတတ်တယ်။

မင်းသားရဲအောင်ဆိုလို့ နာမည်ကျော် စာရေးဆရာမ ဂျုးရဲ့ အလွန် လူကြိုက်များတဲ့ ၀တ္ထုစာအုပ် မြစ်တို့၏မာယာကို ရန်အောင်၊ ရဲအောင်၊ မေသန်းနုတို့ရဲ့ ရိုက်ပါရောလား…။

အဲဒီမှာ ဇာတ်ဝင်ခန်းတခန်း ပါတယ်လေ၊ မင်းသားရဲအောင်က သူ့ဆွဲကြိုးလေးလား… မင်းသမီး မေသန်းနုရဲ့ ခြေကျင်းဝတ်မှာ ဆွဲပေးတာ… မလှဘူးလား။ ယောက်ျားတယောက် မိန်းမတယောက်ရဲ့ ခြေရင်း ထိုင်ရင်း ခြေကျင်းဝတ်မှာ… ကျွန်တော် ခံစားရတယ်၊ လှတယ်၊ မိုက်တယ်၊ ကြိုက်တယ်၊ ခိုက်တယ်။

လူကသာ ပုံမလာ ပန်းမလာလို့ ပြောချင်ပြောကြပါ၊ ကျွန်တော်က အင်မတန်မှ ခံစားတတ်သူကိုးဗျာ၊ အနုအရွ အလှအပ အပြုအပြ အသိမ်အမွေ့ အရှိန်အတွေ့ အင်မတန် ခံစားတတ်တယ်။ မှောက်မှောက်ရမ်းရမ်း မဟုတ်ပါဘူး၊ အလှတရားကို ခံစားတာကို ပြောတာပါ။

ထားပါတော့လေ… ကြော်ငြာလေး သင့်သလောက်ထိုးပြီးရင် ဇာတ်လမ်းကို ဆက်ပါဦးမှ… စကားပြောရင်း သောက်ရင်းနဲ့ အရှိန်ကောင်း သွားလိုက်ကြတာ အချိန်မေးမှ အမလေးတလို့ ကိုရဲမောင် ထပြေးရတယ်။ သူ့ ဘတ်စ်ကားက ထွက်တော့မှာကိုးဗျ။ အပြေးတပိုင်းနဲ့ ထထွက်သွားတဲ့ ကိုရဲမောင်ကို ကြည့်ပြီး လက်ကျန် သောက်လက်စလေး ဖြည်းဖြည်း ကျွန်တော် သောက်တယ်။

မိုးဖွဲလေးတွေ ကျနေမှရော… အရသာပေါ် အရသာဆင့်ပြန် တိုးပြီပေါ့လို့ တွေးလိုက်တယ်။ ဒီညဟာ အရင်ညတွေနဲ့ မတူပြန်ဘူးပေါ့။ ဒီအမှောင်ဟာ အရင်အမှောင်တွေနဲ့ မတူဘူးပေါ့။ ဒီညဟာ လှတဲ့ ညတညပေါ့။ ကျွန်တော်က ကဗျာဆရာ မဟုတ်ပါဘူး၊ ကဗျာဆန်သူလို့ ဆိုရင် လုံလောက်တဲ့သူပါ။

မိနစ်တချို့ကို ဆိုင်ထဲမှာ ထားခဲ့ပြီးနောက်မှာ ကျွန်တော် ပြန်ဖို့ပြင်တယ်၊ အော်… မိုးတောင် နည်းနည်းချုပ်နေမှကိုးလို့ တွေးလိုက်မိသေးတယ်။ မိုးရေဖွဲဖွဲထဲ လမ်းလျှောက်ရဦးမှာပေါ့… ကမ္ဘာကြီးဟာ တခါတခါမှာ သူ့ဟာသူ လှနေသားပဲလို့လည်း ကျွန်တော် တွေးလိုက်မိတယ်။ များသောအားဖြင့် ကမ္ဘာနဲ့ချီပြီး ကျွန်တော် တွေးလေ့ မရှိပါဘူး။

ဆိုင်ကနေ မိုးဖွဲ အရသာခံလို့ လျှောက်လှမ်းလာတာ ဘာမှတောင် မကြာသေးဘူး၊ ရှေ့က လူတယောက် ပိတ်ကာရပ်လိုက်တာကို လှစ်ကနဲ တွေ့လိုက်တယ်။ ကျွန်တော် သိုင်းသမား မဟုတ်ပါဘူး၊ ဒါပေမဲ့ အရှောင်အတိမ်း နည်းနည်းပါးပါး ရတယ်လေ၊ သောက်ထားတဲ့ အရှိန်ကလေးကလည်း ရှိနေတော့ အမယ် ရှောင်လိုက်တဲ့ အကွက်လေးက လှမှလှ…။

သိပ်မလှတာက ရှေ့မှာ မြင်နေရတဲ့ ကောင်မလေးတယောက်၊ ရှိလှမှ ၂၀ ကျော်လေးပေါ့။ မျက်နှာလေးက နုနေတယ်၊ ကိုယ်လုံးကိုယ်ပေါက်ကတော့ ရွှေဘိုမင်းကြိုက်လို့ ဆိုရမလား၊ ခပ်ဖွံ့ဖွံ့ပါပဲ။ မချောဘူးလို့ ဘာကြောင့် ပြောရသလဲဆိုတော့ သောက်ထားတဲ့ ကြားကတောင် မလှမှန်း သိနေလို့ပဲဗျ။

မိန်းကလေးမြင်ရင် ခင်တတ်တဲ့ ဥာဉ်က ဖျောက်မရသေးဘူး၊ သည်းခံဖျောက်ကြည့်တာလည်း သည်းခံလိုက်ရတာပဲ အဖတ်တင်တယ်၊ ပျောက်တော့ မပျောက်သွားသေးဘူး။ ဒါနဲ့ ဘာလဲဟ… ဘာလဲဟ လို့ စိတ်မှာ နှစ်ခါလောက်ဖြစ်ပြီး ပါးစပ်ကလည်း ထွက်သွားတယ်၊ အဲဒီအတိုင်းပါပဲ… ဘာလဲဟပေါ့။

“ကျွန်မ နာမည် ဆိုနီပါ“

အဲဒါဘာဖြစ်သလဲ၊ ကျွန်တော်က ဘာလုပ်ရမှာလဲ။ ကျွန်တော်က လ၀က က အရာရှိလဲ မဟုတ်၊ ကိုယ့်အိမ်ကိုယ်ပြန်လာတဲ့သူတယောက်၊ ဖြစ်ချင်းဖြစ် သူက ကျွန်တော့်ကို စစ်ဆေးလာရင် ကျွန်တော်က ဖြေရမယ့် တာဝန်ရှိတာ မဟုတ်ဘူးလား၊ အခုတော့ ငါးဖယ်က ပြောင်းပြန်ဖြစ်နေတာကိုးဗျ။

ကျွန်တော် နည်းနည်းလည်း ရယ်ချင်သွားတယ်။ သူ ပြောလိုက်တဲ့ နာမည်က ကျွန်တော် သုံးနေတဲ့ ကင်မရာ တံဆိပ်။ မျက်နှာပိုး အသာသပ်လို့ သူ့မျက်လုံးထဲ ကျွန်တော် တည့်တည့်နဲ့ ရဲရဲ ကြည့်ပစ်လိုက်တယ်။ မိန်းကလေးတွေကို ပုံမှန်ဆို ကျွန်တော် ဒီလို ခပ်ရဲရဲ မကြည့်ရဲဘူး။ အခုတော့ အားဆေး မသောက်ထားပါဘဲ အားရှိနေသူလို… ခပ်ရဲရဲပဲ။

“ဟင်… ကျွန်တော် ဘာလုပ်ပေးရမလဲ၊ ဘာလုပ်မလို့လဲ“

သူက နာမည်ပဲ ပြောရသေးတယ်၊ ကျွန်တော်ရဲ့ ကူညီချင်စိတ်တွေက ဖောင်းကြွနေပြီ။ မိန်းကလေးကလည်း မလှဘူးဆိုပေမယ့် ရုပ်အဆိုးကြီးလည်း မဟုတ်ပါဘူး။ နောက်ပြီး သူ့မှာ ထီးလည်း မပါရှာပါဘူး၊ အေးနေပုံလည်း ရပါရဲ့… ပြီးတော့ ကျွန်တော့်လို မိုးကြိုက်သူရော ဟုတ်ရဲ့လား မသိပါဘူး။

“ဒီလိုပါ၊ ကျွန်မက ဒီမြို့က မဟုတ်ပါဘူး၊ တောင်ဘက်ပိုင်းက တခြားမြို့ကပါ။ အိမ်ပြန်ဖို့ ရှိတဲ့ ပိုက်ဆံလေးနဲ့ ရထားစီးဖို့ သွားတာ ရထားချိန် မမီဘူး ဖြစ်သွားတယ်၊ အဲဒါ အခု ကားနဲ့ ပြန်ဖို့ပါ။ ကားခကလည်း မရှိတော့ဘူး ဖြစ်နေတယ်။ ကားခလေး ၅၀ လောက် ကူညီနိုင်မလား“

ဟ… အလာကြီးပါလားလို့ စိတ်က တွေးမိပြီး ဒေါသက နည်းနည်းတောင် ထွက်သွားတယ်။ ပိုက်ဆံ ၅၀ နည်းသလား၊ အရပ်ကတို့…။ ဈေးချတဲ့ အချိန် ကံကောင်းရင် ဖိနပ်တရံနဲ့ ဘောင်းဘီတထည် ရနိုင်တဲ့ဟာကို…။ ပြီးတော့ သိလည်း မသိပါဘဲ ပိုက်ဆံ လာတောင်းရက်တယ်။

ကဇော်သမားတွေကတောင် စေတနာရှိသလောက်လေး ပေးပါ၊ အကြွေလေး ရှိရင် ပေးပါဆိုလာတာတောင် ကိုယ်က စေတနာရှိလှသူ မဟုတ်ပါဘူး။ တခါတလေ အဖေအရွယ်၊ အဖိုးအရွယ် တွေ့ရင်တော့ အေးကလည်း အေးနေတယ်ဆိုရင် ထိုင်နေတဲ့ ဇွဲကို ဆုပေးတဲ့ အနေနဲ့… တခါ စိတ်ကောင်းကလည်း ၀င်နေတဲ့ အချိန်ဆိုရင် တကျပ်တပြား စွန့်ကျဲတတ်သူပါ။ အဲဒါမျိုး အကြိမ် ၅၀ လောက် သဒ္ဓါကြီးမားသူကြီးအဖြစ် လှလှပပ ကလို့ရတဲ့ ဇာတ်မျိုးကို တချီတည်းနဲ့ ပွဲဖျက်လိုက်မယ့် လုပ်ပွဲ (လက်ဝှေ့ပွဲ) လို ကောင်မလေးက လာလုပ်တဲ့ အထာက မညက်လိုက်တာလို့လည်း တွေးရင်းနဲ့ ဘာပဲဖြစ်ဖြစ် အလှဘက် ဇောင်းပေး ကြည့်တတ်သူ ကျွန်တော်ရင်ဟာ သည်းသည်း လှုပ်ခတ်လို့…။

ညကလည်း ကင်းဘတ်ဖြူစပေါ် ဆေးမည်းအထပ်ထပ် ဆွဲသလို ပိုပိုမှောင်လာတယ်၊ မှောင်သလောက် လှလာတာမျိုးတော့ မဟုတ်ဘူး၊ ရင့်သွားတာမျိုး…။ အရင့်ကြိုက်သူတွေကတော့ ကြိုက်မှာပေါ့လေ… ကျွန်တော်က အပေါ့ကြိုက်သူ၊ ပေါ့ပေမယ့် ပါးပြီး လျှပ်တာမျိုးကို ကြိုက်တဲ့သူ…။

ကောင်မလေးက ခပ်ထူထူ ဖြစ်ပုံရရဲ့… သေချာပြီ၊ ကျွန်တော့် အကြိုက်မျိုးတော့ မဟုတ်၊ ဒါပေမဲ့ ခင်သွားတယ်။ သူပြောပုံဆိုပေါက်၊ ကြည့်ပုံရှုပေါက်က လှနေတယ်။ ကိုရဲမောင်ကြီးကိုတောင် လှမ်းသတိရလိုက်သေးတယ်။ ဒီလူကြီးတော့ ကားပေါ်မှာ ဇိမ်ကျနေလောက်ပြီ၊ အိပ်တောင် ပျော်နေပြီလား မသိဘူးလို့…။

“မင်းဟာက ဘယ်ကို ပြန်မှာမို့လို့လဲကွ၊ ငွေ ၅၀ တောင်မှလား၊ များလှချည်လား“

သူက မျက်နှာကို ပိုတည်ပစ်လိုက်ပြီး ပြန်ပြောတယ်။

“မများပါဘူး၊ အိမ်ရောက်တဲ့အထိဆို ၅၀ အနည်းဆုံး ကုန်မှာပဲ၊ ပေးပါလား… ပြန်ချင်လှပြီ၊ အေးကလည်း အေးလိုက်တာ…“

အမယ် သူကလည်း ပိုင်လိုက်တာလို့ ကျွန်တော့်မှာ စိတ်ထဲက ရယ်လိုက်မိတယ်၊ မျက်နှာမှာတော့ မပေါ်စေပါဘူး။ ကျွန်တော့်ကို လူတချို့က အပိုင်တွက်တတ်ကြတယ်။ ဒီငတိက သဘောကောင်းတဲ့ပုံပါကွာ၊ အကူအညီတောင်းလိုက်စမ်းပါ၊ ကူညီပါလိမ့်မယ်လို့ ရင်းနှီးသူတွေက ထင်တတ်ကြပါတယ်။

မဟုတ်ဘူးလားဆိုတော့ မဟုတ်ဘူးလို့လည်း မငြင်းချင်ပါဘူး၊ ဟုတ်တယ်လားဆိုတော့ ဟုတ်တယ်လို့လည်း မပြောဝံ့ပါဘူး။ ၅၀ ၅၀ လို့ပဲ စီးပွားရေးသမားဆန်ဆန် ပြောရပါ့မလား။ ခိုင်းကြည့်ပေါ့လေလို့ သံတမန်ဆန်ဆန်ပဲ စကားတ၀က် အဓိပ္ပာယ်တ၀က် ထုတ်ထား/ဖွက်ထားရမလား ကျွန်တော်တော့ ကိုယ့်ဘာသာ တခါတခါရှုပ်လို့…။

“မင်းက ပိုင်လှချည်လားကွ၊ မင်းနဲ့ တခါမှ မသိတဲ့ ယောက်ျားတယောက်ဆီကနေ ပိုက်ဆံ ၅၀ အလွယ် လာတောင်းနေတာပဲ။ မင်း ဘယ်နှခါ အဲဒီလို ရစမ်းဖူးသလဲ ပြောပြပါဦး“

သူကလေး တချက်ငေးတယ်၊ စိတ်မကောင်းလည်း ဖြစ်သွားပုံပါပဲ။ ဘာဆက်ပြောလို့ ဘာဆက်လုပ်ရမှန်းလည်း မသိအောင် ဖြစ်သွားပုံပါပဲ။ အသက် ၂၀ ကျော်ရွယ် မိန်းကလေးတယောက်ရဲ့ ညဘက်စခန်းဟာ သူ့ဟာသူ မဟုတ်တော့ဘဲ တယောသံ အီအီလေး နောက်ခံထားသလိုပါပဲ။ လွမ်းပဲ လွမ်းရမလိုလို၊ မျက်ရည်ပဲ ၀ဲရမလိုလို… ညဟာ သူ့ဟာနဲ့သူတော့ လှနေတာပါပဲ၊ အေးလာတာ တခုပဲ ပိုလာတာပါ။

သူလေးလည်း အေးရှာမယ်၊ ကျွန်တော်လည်း အေးနေပါပြီ။ နှစ်ယောက်ရပ်ပြီး ပုစ္ဆာတပုဒ်ကို အတူတွက်နေသလို… လူကလည်း အသွား အလာ မရှိသလောက်ပါပဲ။ လမ်းတဖက်ခြမ်းမှာ အဝေးပြေးကားဂိတ်ဝင်း၊ တခါ ကျွန်တော် လျှောက်မယ့်အရပ်ဆီ ဆက်လျှောက်ရင် ဘူတာရုံ ရောက်မယ်၊ လာခဲ့တဲ့ နောက်ဘက် ခပ်လှမ်းလှမ်းကို ပြန်လျှောက်ရင် ခုန ထိုင်ခဲ့တဲ့ ဆိုင်ကို ပြန်ရောက်မယ်။

ကောင်မလေးက ငိုင်ငေးသွားပြီးနောက်မှာ စကားဆက်တယ်။

“ကျွန်မမှ တခါမှ မတောင်းဘူးပဲ၊ အခုလည်း အရမ်း ဒုက္ခရောက်နေလို့ တောင်းတာပါ၊ နောက်ပြီး ရှင် ကူညီလိမ့်မယ်လို့ စိတ်ထဲက သိနေလို့ပါ“

ဟား ဟား ဟား… အော်ရယ်ဖို့ပဲ ကောင်းပါတော့တယ်။ ဒီကောင်မလေး ဈေးကွက်အရောင်းမြှင့်တင်ရေး အမှုဆောင်အရာရှိ လုပ်ရင် ပေါက်မှာ… (ပေါက်မှာဆိုတာ အောင်မြင်မှာလို့ ပြောတာပါ)။ ကိုယ့်ပစ္စည်း ၀ယ်ချင်အောင်၊ ကျအောင်၊ တဖက်လူ နှလုံးပီတိ ဂွမ်းဆီထိအောင် ပြောတတ်လိုက်တာ (ဒါမှမဟုတ် အတည်ပေါက်နဲ့ နောက်တတ်လိုက်တာ) လို့ တွေးလိုက်မိတယ်။ ရယ်တော့ မရယ်ပါဘူး… တကယ်။

နောက်မှတခါ ထပ်တွေးမိတာက လွှတ်တော်အမတ်လုပ်ရင်လည်း ဖြစ်လောက်တယ်လို့… ဟုတ်တယ်လေ… အခုလို အပြောအဆိုမျိုးဆို မဲဆန္ဒရှင်တွေက ကြိုက်ကြမှာပဲ။ အခု ကျွန်တော်တောင် ခန္ဓာကိုယ်တွင်းမှာ အရသာတခု၊ ခန္ဓာကိုယ်ပြင်ပမှာ ကျွန်တော်ကြိုက်တဲ့ အရသာတခု နှစ်ခု ရထား၊ ခံစားထားနှင့်နေတာတောင် ကောင်မလေး အပြောတလုံးမှာ တခေါင်းလုံး စဉ်းစားလို့…၊ သူတောင်းတာ ပေးလိုက်တော့မလားလို့ပေါ့။

အလှကြိုက်သူ၊ အသည်းနုသူ၊ အသွေးမကြွယ်သူ မနူးမနပ်လေး ကျွန်တော် သူကလေးရဲ့ အရူးကွက်မှာ မိတော့မှာတော့ စက္ကန့်ပိုင်းအလို ဖြစ်နေပါပေါ့လား။ ညမှောင်နေတော့ ဘယ်သိကြားမှလည်း လာမကယ်နိုင်၊ ဘယ်ရဲသားမှလည်း အရောက်မလာနိုင်တော့ပါလားလို့ ကောင်မလေးကိုတောင် မညှာတာလို့ ကိုယ့်ဘက်ကိုယ်ယက် တွေးမိတယ်။

“မင်းက တယ်အပြောကောင်းပါလား၊ ပိုက်ဆံပေးချင်အောင် ပြောတတ်တယ်“

“တကယ် ပြောတာပါ၊ ကျွန်မ တကယ်ပြောတာပါ“

သူကလေးကလည်း ခေသူမဟုတ်ထဲကပေပဲ။ ကျွန်တော့် စိတ်ကူးက ရုတ်တရက် ညအမှောင်နဲ့ ထပ်တူကျသွားတယ်။

“ငါ့ အိတ်ထဲမှာတော့ ပိုက်ဆံမပါဘူး၊ ဟိုး ဘူတာ မရောက်ခင် လမ်းထောင့်ကလေးမှာတော့ စတိုးဆိုင်တဆိုင် ရှိတယ်၊ အဲဒီမှာ ထုတ်ပေးမယ်။ ဒါပေမဲ့…“

ဆက်မပြောရဲသေးဘူး၊ ကျွန်တော့်မှာ ရှက်ကလည်းရှက် ကြောက်ကလည်း ကြောက်နေတယ်။ ကျွန်တော် စကားပြောရင်း ရင်တွေ ခုန်နေတယ်။ အခုဟာက ပိုက်ဆံပေးမယ့် ကိစ္စပါ၊ ချစ်စကား ကြိုက်စကားလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ အဲ… ဒါပေမဲ့နောက်က စကား ဆက်ပြောဖို့ ကြောက်ရွံ့တုန်လှုပ်နေတော့တယ်။

ဒီစကားကို ဆက်ပြောသင့်သလား၊ ဒီစကားဟာ ယောက်ျားစကားလား၊ ဒီစကားဟာ အခွင့်အရေးသမားရဲ့စကားလား။ ကောင်မလေးရဲ့ တွေဝေမှုလိုပဲ ကျွန်တော်လည်း ထပ်တူတွေဝေနေရပြီ။

“ဒါပေမဲ့ ဘာဖြစ်သလဲရှင့်“

“အင်း… မင်းကို ပိုက်ဆံ ထုတ်မပေးခင် အဲဒီလမ်းထောင့်လေး မရောက်ခင်မှာတော့ ငါ မင်းကို တချက် နမ်းလိမ့်မယ်။ မင်း သဘော တူရင်ပေါ့“

ကောင်မလေး မျက်နှာတချက် ငုံ့သွားတယ်၊ ပြီးတော့ ချက်ချင်း ပြန်လှန်ကြည့်တယ်။ စူးစူးစိုက်စိုက်ကြည့်တယ်။ ပြီးတော့ ရယ်သလို မရယ်သလို ချက်ချင်းဆိုသလို မျက်နှာမှာ လှစ်ကနဲလုပ်ပြီး ခေါင်းပြန်ငုံ့တယ်။ ခေါင်းတခေါက် ပြန်မော့တော့ မျက်ရည်လေးတောင် ရစ်ဝဲသီဝေလို့…။

“ကောင်းပြီလေ၊ လမ်းထောင့်မရောက်ခင် နမ်းမယ်၊ ပြီးရင် လမ်းထောင့်က စတိုးဆိုင်မှာ ပိုက်ဆံထုတ်ပေးမယ်၊ ပြီးရင် ပြီးပြီ မဟုတ်လား“

အမယ်… အပေးအယူဆန်သွားသလို သူကလေးကလည်း စကားပြော ရဲတင်းသွားတယ်။ ချက်ချင်းကြီးကို ပြောင်းလဲသွားတာ… ကြည့်ပါဦး။ ခုနကတော့ အဲဒီလို မဟုတ်ဘူး။ အခုတော့ သူ့ပုံစံက ရှယ်ယာပဲ စပ်တူလုပ်တဲ့ လုပ်ဖော်ကိုင်ဖက် လုပ်ငန်းရှင် သူငယ်ချင်းလိုလို ဘာလိုလို…။

ကျွန်တော့်မှာသာ ပြောပြီးစလစ် နံပါတ်တစ် ဖြစ်နေလို့… ဘယ်လိုနမ်းရမလဲ၊ တကယ်နမ်းရမလား၊ မနမ်းဘဲနဲ့ ပိုက်ဆံပဲ ဒီအတိုင်းတိုင်း ဘာဖြစ်ဖြစ်ဆိုပြီး ပေးလိုက်ရမလား။ လုံးဝ သူတော်ကောင်းကြီးပဲ လုပ်လိုက်ရမလား။ ဒါမှမဟုတ် တခါမှ မနမ်းဘူးသေးတဲ့ အနမ်းဦးလေးကို ပိုက်ဆံနဲ့ ပေးဝယ်လိုက်ရမလား။ လားပေါင်းများစွာနဲ့ မျက်စိစပ်လို့… ကိုယ်တွင်းက အရသာက အခုအခါမှာ ပျောက်လုလု…။

ပျောက်လုလုဆိုတာက ဦးနှောက်ထဲ တွန်းထိုးပြေးဝင် ရောက်သွားလို့ကိုးဗျ။ ဦးနှောက်ကတော့ ပြောနေတယ်၊ နမ်းသာနမ်းလိုက်စမ်းပါကွာ၊ ပိုက်ဆံလည်း ပေးမယ့်ဟာပဲ၊ ဘာမှမဖြစ်ပါဘူးတဲ့။ မင်းလည်း အတွေ့အကြုံရသွားတာပေါ့တဲ့။ နမ်းတာကို ဟောလီးဝုဒ်ရုပ်ရှင်တွေကြည့်ပြီး မျက်တွေ့သင်ထားတဲ့ကောင် လာလေရော့…။

အဲဒီလမ်းထောင့်လေး မရောက်ခင်ကနေ လမ်းထောင့်ကလေးရောက်၊ စတိုးဆိုင်ဘေးက စက်ကလေးမှာ ပိုက်ဆံထုတ်၊ သူ့ကို လှမ်းပေးလိုက်တယ်။

“ရော့ ၅၀၊ သွားတော့…“

“ကျေးဇူး၊ ဖုန်းနံပါတ်လေး ပေးပါလား“

အမယ်၊ ဇာတ်လမ်းက မပြီးသေးပါလား။ ပေါက်ကားဆိုပြီးတော့ နံပါတ် ၂ ရိုက်ချင်သေးပုံရတယ်။ အလည်ထက် အဖျံလေးလား မသိဘူးလို့တောင် စိတ်ပူသွားမိတယ်။

“မဟုတ်ပါဘူး၊ နောက်တခေါက် ကျွန်မ ဒီလာရင် ရှင့် ပိုက်ဆံ ပြန်ပေးရအောင်ပါ။ တခုတော့ ရှိတယ်၊ အဲဒီအချိန်ကျရင် ရှင်လည်း ကျွန်မလိုပဲ နာကျင်အောင် အနမ်းခံရလိမ့်မယ်“

သူကလေးက မရယ်မပြုံးနဲ့ အတည်ပြောတာပါ။ ခံစားချက် အပြည့်နဲ့ ပြောနေတာဆိုတော့ သူကလေး အများကြီး စိတ်ဆိုးသွားပြီ ထင်ပါတယ်။

ဟာ…၊ ကျွန်တော် စိတ်မကောင်း ဖြစ်သွားတယ်။ ကျွန်တော် သိပ်ကြမ်းသွားခဲ့ပြီလားလို့လည်း တွေးလိုက်မိတယ်။ သိပ်ကြမ်းသွားသလား၊ မကြမ်းပါဘူးလို့လည်း ကိုယ့်ဘာသာမေး… ကိုယ့်ဘာသာဖြေမိတယ်။ ကောင်မလေးကတော့ ကျွန်တော့် အငိုင်ကို ပြုံးပြုံးလေး ကြည့်နေတယ်။ ဒါပေမဲ့ သူ့ဟာက မဲ့နေသလိုလို…။

“မပေးဘူးလား၊ ဒါဆို ကျွန်မ သွားတော့မယ်၊ ကျေးဇူးတင်ပါတယ်။ ကောင်းသောညပါ“

ကျွန်တော် အဲဒီနေရာမှာ ရပ်နေတုန်းပဲ၊ မိုးကလည်း ဖွဲဖွဲလေးပါပဲ ကျနေတုန်းပဲ။

ကောင်မလေး လက်ကလေးကို ကိုင် (ထင်ထားတာထက် နူးညံ့နေတဲ့ လက်ကလေးတစုံ)၊ ပြီးတော့ ပခုံး၊ ကိုယ်လုံးလေးကို ဖျစ်ညှစ်… ပြီးတော့ သူ့ရဲ့ ထူထူထဲထဲ နှုတ်ခမ်း…။ ကျွန်တော်… တော်တော် မောသွားတဲ့ အထိ…၊ ကောင်မလေး မျက်ရည် ရစ်ဝဲ…၊ သူ့မျက်လုံးတွေ နီရဲသွားတဲ့အထိ…။

မိုးလေးက ဖွဲဖွဲရွာနေဆဲ… ကျွန်တော့် ပါးပြင်ထက်မှာတော့ စမ်းချောင်းလေး နှစ်ကြောင်း စီးဆင်းသွားခဲ့ပြီ၊ ညကတော့ သူ့အလုပ် သူလုပ်တုန်း… မဲမဲကို မှောင်လို့…။

၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်။
ညသန်းခေါင်၊ ဘန်ကောက်။

Advertisements